ပွင့်လင်းချင်လှတယ်
( လွန်းထားထား - ဆေးတက္ကသိုလ် )
၁ ။
မောင် သမု ကို စိတ်ပျက်သည်း မခံနိုင် ဖြစ်နေတာ ကို ရှင်းပြဖို့ အခြေ အနေဆို တာ သမု ဆီ ကို ဘယ်တော့မှ ရောက်မလာနိုင်တော့ဘူး ထင်ပါ ရဲ့ ။ တစ်နေ့ ထက် တစ်နေ့ စိတ်ဓာတ် ယိုယွင်းကျဆင်းလာပုံရတဲ့ မောင့် ကို အရိပ်ကြည့် အသနားခံရုံက လွဲလို့ သမု ဘာမှ မတတ်နိုင်မှာ သေချာပါတယ် ။ သမု ကို အမြဲ အကူအညီ ပေးနေတဲ့ ချစ် သူငယ်ချင်းတွေ လည်း ဘာမှ မစွမ်းနိုင်တော့ဘူး ထင်ပါရဲ့ ။
အရာရာ မှာ ရှက်ကြောက် အားငယ်တတ်တဲ့ သမု ရဲ့ အားနည်းချို့တဲ့ ချက်ကို မောင် ဘယ်ကာလအထိ စိတ်ရှည်နိုင်ပါမလဲ ဆိုတဲ့ အတွေးကို သမု အမြဲတွေးတော တတ်ခဲ့ ၊ ကြောက်ရွံ့တတ်ခဲ့တာပါ ။ တစ်စုံတစ်ရာ ကို စိုးရွံ့ကြောင့် ကြစိတ်နှင့် မလွတ်မလပ် ထုံအနေရတဲ့ သမု ကို သူငယ်ချင်းတွေ က ဘေးကနေ အမြဲ ဖေးမဝန်းရံ ပေးနေ ကြရတဲ့ အမှီကိုးခံ ဘဝ ကို တကယ်တော့ မောင့် ကို ပေးအပ်ချင်တာပါ ။ ဒါပေမဲ့ မောင်ရယ် ... အဲ ဒီဘဝ ကို မောင် သိသွားရင် မောင် သမု ကို စွန့်ခွာ ထားရစ်လိုက်မှာ ကို လည်း သမု စိုးကြောက်မိပါတယ် ။
မောင် မြတ်နိုးခဲ့တဲ့ သမု ရဲ့ ဣန္ဒြေရ သိမ်မွေ့နူးညံ့တဲ့ ပုံစံလေး ဆိုတာ တွေဟာ တကယ်တော့ ချွတ်ယွင်းချက် တစ်ခု ကို ဖုံးကွယ်ထားတဲ့ အဆောင်အယောင်တွေ ပဲမို့ မောင် ဝေဒနာသံသယတွေ နဲ့ ယိုင်နဲ့ ယိုယွင်းလာတာ မဆန်းလှပါဘူး ။ ဒါပေမဲ့ သမု ကို ခွဲတော့ မခွဲလိုက်ပါနဲ့ မောင်ရယ် ။
အေးဆေးပျော့ပျောင်းပြီး လေးလေးနက်နက် ခံစားချက်ကြီးမားတတ်တဲ့ ၊ စကား ကို အလွန်တိုးညက်သိမ်မွေ့စွာ ပြောတတ်တဲ့ မောင့် ကို စွန့်လိုက်ရရင် သမု ရင်ကွဲရမှာ ။
ဒါပေမဲ့ သမု ရင်ကွဲရတော့မယ့် အချိန် တစ်ချိန် ဟာ အလွန်တရာ ကို နီးကပ်နေပြီ ဆိုတာ ပြိုကွဲကျဆင်းလာတဲ့ မောင့် အခြေအနေတွေကြောင့် သမု ရိပ်မိနေခဲ့ပါတယ် ။ မောင် စိတ်ပျက်ငြီးငွေ့နေတဲ့ အချက်တွေ ကိုလည်း သမု သိနေခဲ့တယ် ။ ဒါပေမဲ့ မောင် ... ။
မောင် စိတ်အပျက်ကြီး ပျက်သွားစေမယ့် သမု ရဲ့ ချွတ်ယွင်းချက် တစ်ခု ကို သမု ဖွင့်ဟ ဝန်မခံရဲပါဘူး ။ အဲဒီနည်းနဲ့ မောင် လမ်းခွဲသွားမှာ ကို သမု အစိုးရိမ်ဆုံး ၊ အကြောက်ရွံ့ဆုံးပါ မောင်ရယ် ။
ooooooooooooooo
၂ ။
မောင် သမု ကို မချင့်မရဲ ဖြစ်နေခဲ့တဲ့ အချက်တွေ ထဲမှာ ပထမဆုံး ပါဝ င်တာက သမု သူငယ်ချင်းတွေကြောင့် မဟုတ်လား ။ မောင် သမု ကို လိုက်ခဲ့စဉ်ကရော ၊ အဖြေ ပေးပြီး မောင် နဲ့ ချစ်သူတွေ ဖြစ်သွားပြီးတဲ့ အထိ ရော တစ်ရက် မှ မပျက်မကွက် သမု ဘေးမှာ ဝန်းရံစောင့်ကြပ် ပေးနေကြ တာ ကို မောင် က ခံပြင်းပုံပါပဲ ။
တကယ်ဆို ချစ်သူ နှစ်ဦးတည်း တိတ်ဆိတ်အေးချမ်းစွာ ချစ်စကား ဆိုရင်း ရယ်မော ရင်ခုန်ရတဲ့ အရသာ ကို မောင် မက်မောရှာတာ ။ သမု လက်ဖျားကလေး ကို ဖွဖွဆုပ်ပြီး တိုးလွနူးညံ့တဲ့ အသံလေး နဲ့ မောင် က သမု ကို စကားဆိုချင်ရှာတာ ။ ရှည်လျားလှတဲ့ သမု ဆံပင် နက်နက်တွေ ကို ဆော့ကစားရင်း သမု ကို တမေ့တမော ငေးစိုက်မြတ်နိုးချင်ရှာတာ ။
အခုတော့ သမု အနားက ဘယ်တော့မှ မခွာဘဲ တိုးသက်လွန်းတဲ့ မောင် ပြော သမျှစကားတွေကို သမု သူငယ်ချင်းတွေက ကျယ်လောင်ကျယ်လောင်နဲ့ ထပ်မံပြော တတ်တာကို မောင် သိပ်မုန်းမှာ ပါပဲ ။ မောင် နဲ့ သမု နှစ်ယောက်တည်း တိုက်ရိုက်စကား ဆိုခွင့် တစ်ခါမှ မောင် မရခဲ့ ဘူး မဟုတ်လား ။ မောင့် အမြင်မှာ သမု သူငယ်ချင်းတွေ က ချစ်သူ ကြားမှာ ဝင်ရောက်နှောင့်ယှက် ချယ်လှယ်နေကြတယ်လို့ ထင်မှာ ပဲ ။ မောင် သဘောမကျဆုံး ဖြစ်နေတာကတော့ သူငယ်ချင်းတွေကို သမု ကိုယ်တိုင် အားကိုး တကြီး ခိုကပ်မှီတွယ် နေတာပါပဲ ။ မောင့်ကို အရမ်းချစ်ရသလောက် မောင့်ကို ရင်ဆိုင်ဖို့ ခက်ခဲနေရတတ်တဲ့ သမု ရဲ့ ပုံ စံကို မောင် စိတ်ပျက်နေမှာ ကိုလည်း သမု သိနေပါ တယ် မောင်ရယ် ။ မထုံတတ်သေးဖြစ်နေမယ့် သမု ပုံစံ ကို မောင် က သွေးအေးတယ်လို့ စွပ် စွဲခဲ့တာ မောင် မမှားပါဘူး ။
မောင် ပြောသမျှ စကားတွေကို သူငယ်ချင်းတွေ ထပ်အပြော ကို စောင့်ပြီးမှ သမု စကား ပြန်တတ်တဲ့ ထုံးစံ ကို မောင် ဘယ် သည်းခံနိုင်ပါ့မ လဲ ။ ချစ်သူ နှစ်ဦးတည်း ငြိမ်းချမ်းစွာ ချစ်ခင်စကားပြောခွင့် မရတာလောက် ကြေကွဲနာကျင်စရာ ကောင်းတာကို သမု လည်း ခံစားကြေကွဲရတာပါပဲ ။
တစ်ခါတစ်ရံ အလစ်ဖမ်းဖမ်းပြီး သမု ကို မောင် စမ်းသပ်တိုင်း မှားယွင်းစွာ ခေါင်းညိတ် ခေါင်းခါတွေ ဖြစ်ခဲ့ရတာ ။ အို ... ဒါတွေကို မောင် သိပ် ခံပြင်းနေမှာ ပါပဲ ။
“ မင်း ဘယ်ဆီ စိတ်ရောက်နေသလဲကွာ ”
လို့ ခပ်ကျယ်ကျယ် အော်ဟစ်ဆူပူလေ့ရှိတိုင်း စိတ်မှာ ဒဏ်ရာ ပိုရခဲ့ ရပါတယ် ။ သမု ရဲ့ ချွတ်ယွင်းချက်ကို မောင် သိသွားရင်တော့ ပစ်ပစ်ခါခါ ကို စွန့်ခွာသွားမှာ ပဲ ဆိုတဲ့ စိတ္တဇတွေ လည်း ရင့်သန်ခဲ့ရပါတယ် မောင် ရယ် ။
oooooooooooo
၃ ။
“ မောင် သမု ကို စိတ်ဆိုးနေလား ”
အခါများစွာက လိုပဲ မောင်နဲ့ သမု အကြားမှာ မပြေမလည် ဖြစ်သွားပြီးရင် မောင် ရှိရာ အတန်းကို သမု တို့ လိုက်ကြရ တော့တာပါပဲ ။ မောင် က ခဏ စိတ်ဆိုးရာက နေ အပြီးအပြတ် လမ်းခွဲလို က်မှာ ကို သမု အစိုးရိမ်ဆုံးပါနော် ။ သမု က ချော့ရင် မောင် စိတ်ဖြေလိုက်မြဲပဲ ။ ဒါပေမဲ့ တရိပ်ရိပ် ဆွေးအိပဲ့ကျတော့မတတ် ပြိုယွင်းလာတဲ့ မောင့် သည်းခံနိုင်စွမ်းအား ကို ဖြေသိမ့်ပြုပြင်နိုင်စွမ်းတော့ သမု မရပါ ဘူး ။ ဒါ ပေမဲ့ မောင်ရယ် မောင် နဲ့ နေခွင့်ရသမျှ အချိန်ကလေးမှာ မောင် နဲ့ အနီးကပ်ဆုံး ၊ အပြေလည်ဆုံးလေး နေချင်ပါတယ် ။ မောင် လမ်းခွဲ သွားတဲ့ အခါလည်း အနူးညံ့ဆုံး ၊ အတိုးတိတ်ဆုံးလေးနဲ့ အ မုန်းကင်းစွာ လမ်းခွဲသွားစမ်းပါ ။ တိတ်ဆိတ်တဲ့ လွမ်းဆွတ်မှု နဲ့ မျိုသိပ်စွာ မျက်ရည်ကျရင်း သမု ကျန်ခဲ့ပါရစေ ။ သမု ရဲ့ ချွတ်ယွင်းချက် ကို မောင် သိရှိသွားပြီး ရှက်နာကြည်းစွာ ပေါက်ပေါက်ကွဲကွဲ စိတ်ပျက် ကျောခိုင်းသွားခြင်းမျိုးကို သမု ဘယ်သောအခါမှ ရင်မဆိုင်ပါရစေနဲ့နော် ။
“ မောင် ဘာကို စိတ်ဆိုးရမှာ လဲ ”
အနည်းငယ်ပြုံးပြီး မောင် တစ်ခုခုပြောလိုက်တာကို သိရစဉ် သမု သူငယ်ချင်း မေမီ က ပြုံးပြုံးလေးနဲ့
“ ကဲ ငါပြောတယ် မဟုတ်လား ၊ ကိုကောင်း က စိတ်မဆိုးတတ်ပါဘူး လို့ ” ဝင် ပြောတော့မှ မောင့် စကားကို သမု သိခွင့်ရပါသည် ။ မောင်က တော့ ထုံးစံအတိုင်း သူ့စကားကို ထပ်ပြောသော မေမီ့ ကို တစ်ချက် လှည့်ကြည့်ကာ မလိုလားပုံ ပြလေသည် ။ သို့ပေမဲ့ ပြေလည်စမို့ မောင် အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံထားပုံလည်း ရှိသည် ။
မောင် မောင့် အသံဟာ သာမန်ထက် ပိုကျယ်ခဲ့ရင် မောင် နဲ့ သမု ကြား မှာ ဖုထစ်ထုံးပြစ် အနည်းငယ် ရှားသွားနိုင်ပါလိမ့်မယ် ။ ဒါဆို သမု သူငယ်ချင်းတွေ လည်း မောင့် စကားခွန်းတိုင်းကို ထပ်မံပြောပြဖို့ မရှိတော့ ဘူးပေါ့ ။ မောင်ပြောသမျှ စကားတိုင်း ကို မေမီတို့ က သမု အနား ကပ်ပြီး ခပ်ကျယ်ကျယ် ပြန် သံယောင်လိုက်ပေးကြတာ မောင် လုံးဝ မနှစ်မြို့နိုင်မှန်း သိပေမဲ့ အလွန် တိုးသက်လှတဲ့ မောင့် အသံကြောင့် ရယ် ၊ သမု ချွတ်ယွင်းချက် ကို မောင် သိရှိ ရိပ်မိမှာ စိုးစိတ်နဲ့ မောင့် ကို ရင်မဆိုင်ရဲစွာ ထာဝစဉ် ငုံ့ကျထားတတ်တဲ့ သမု မျက်နှာ ဘေးက နားကလေး မှာ အကြားအာရုံတချို့ ချွတ်ယွင်းချို့တဲ့ နေတာကြောင့် ရယ် ၊ ဒီအချက်တွေကြောင့် သမု ဘာမှ မတတ်နိုင်ခဲ့ပါ ဘူး ။ လုံးဝ မကြားရတာ မျိုး မဟုတ်ပေမဲ့ တစ်ချက်တစ်ချက် လစ်ဟာသွားတတ်တာ ၊ ခပ်ကျယ်ကျယ် ပြောရင်တော့ ကြားရတတ်တာ တစ်ချိန်မှာ သမု နားတွေ လုံးဝ အာရုံကင်းမဲ့သွားရင် နားကြပ်ကို အသုံးပြုရတော့မှာ ။ မွေးရာပါ နားမကြားတာမျိုး မဟုတ်ပေမဲ့ သူ့အလိုလို နားမှာ လာထိခိုက်ခဲ့တာမို့ သမု သိပ်ရှက်ခဲ့ရတာပါ ။ သမု သူငယ်ချင်းတွေ က လွဲလို့ ဘယ်သူမှ တောင် မသိတဲ့ ဒီကိစ္စကို မောင် သိသွားရင် စိတ်ပျက်သွား ၊ ရှက်သွားမှာ ကို သမု အစိုးရွံ့ဆုံးပါပဲ ။ ဒါကြောင့် မောင် နဲ့ စ ချစ်ခဲ့ ကတည်း က မေမီတို့ နဲ့ တိုင်ပင်ပြီး သမု ချွတ်ယွင်းချက် ကို မောင် မသိအောင် ဝိုင်းဝန်း ဖုံးကွယ် ထားခဲ့မိတာပါ ။
မောင့် ကို မချစ်သင့်မှန်း သိပေမဲ့ မချစ်ဘဲ မနေရက်လို့ ချစ်ခဲ့မိတာ ။ မောင် နဲ့ သမု မတန်မရာလှပေမဲ့ မောင့်ရဲ့ ချစ်ခွင့်ကလေး ကို ပိုင်ဆိုင်ချင် မိပါတယ် ။ သမု နဲ့ ပတ်သက်လို့ မကြာခဏ မောင် စိတ်တိုရ ၊ စိတ်ဆင်းရဲ ရတာတွေ များ လာတိုင်း ပိုင်ဆိုင်ခွင့်ကလေး ဆုံးရှုံးသွားမှာ ကိုလည်း ထိတ်ကြောက်မိပါတယ် ။ သမု ရဲ့ ချွတ်ယွင်းချက် အတွက် ပိုမို အားငယ် တတ်လာတာ ၊ အဲဒီ ချွတ်ယွင်းချက်ကို မောင် သိရှိစိတ်ပျက် သွားမှာ ကို ရင်မဆိုင်ရဲဆုံးပါပဲ မောင်ရယ် ။
“ တစ်ခုခု သွား စားရအောင် သမု ”
သိပ် တိုးလွန်းတာမို့ မောင် စကား ပြောလိုက်တယ် ဆိုတာကို မောင့် မျက်နှာကို အရိပ်ကြည့် မနေရင် သိမှာ မဟုတ် ။ မိုး က ရယ်ပြီး
“ ဟေး ကိုကောင်းကြီး ကျွေးတော့မယ်ပေါ့လေ ၊ သမု စားရသောက် ရဦးမယ် ”
ဟု ခပ်ကျယ်ကျယ် အော်လိုက်မှ သမု မောင် ပြောတာကို သိခွင့်ရ တော့တာပါ ။ မောင့် လက် ကို တွဲလိုက်ပြီး လမ်းလျှောက်လာတဲ့ အခါမှာ တော့ သမု ဘဝဟာ အသာယာဆုံးပေါ့ ။ အမြဲ ပြေလည်နေစေဖို့ မောင် သမု ကို ခပ်တိုးတိုး စကားတွေ သိပ်မပြောစေချင်ဘူး ။ မေးခွန်းတွေ မ မေးစေချင်ဘူး မောင်ရယ် ။ သမု ကိုယ်တိုင် မောင့် ပါးစပ် အလှုပ်ကိုသာ မြင်ရပြီး ခံစားချက်ကင်းမဲ့တဲ့ အကြားအာရုံကြောင့် ဘာ တစ်ခုမှ တုံ့ပြန် အဖြေမပေးနိုင်စွမ်းတဲ့ အခါ ၊ ခေါင်းညိတ် ခေါင်းခါတွေ မှားယွင်းသွားတဲ့ အခါမှာ
“ မင်း ဘယ်ဆီ စိတ်ရောက်နေသလဲ ”
လို့ မောင် ဒေါသနဲ့ အကျယ်ကြီး အော်လိုက်မှ ပဲ သမု ကြားခွင့်ရခဲ့ ၊ တုန်လှုပ်ခဲ့ဖူးပါတယ် ။ သူငယ်ချင်းတွေ ကို အားကိုးတကြီး မှီခိုနေရတဲ့ သမု ဘဝ ကို မောင် သိ သွားရင် ဘယ်လို ဆုံးဖြတ်လိုက်မလဲ ဆိုတာ တွေးရဲလောက်အောင် ပါပဲ ။ အဲဒီအချက်တွေကြောင့် ပဲ သမု မပွင့်လင်း ရဲတော့တာပေါ့ ။
ooooooooooooo
၄ ။
မောင့်ရဲ့ စကားသံ တိုးတိုးလေးတွေကို မကြားရတဲ့ သူငယ်ချင်းတွေ က ဘေးကနေ ခပ်ကျယ်ကျယ် ထပ်ပြောပေးမှ ကြားခွင့်ရတဲ့ သမု ရဲ့ အခြေအနေကြောင့် မောင်နဲ့ သမု တစ်ခါမှ တိုက်ရိုက် စကားပြောခွင့် မရခဲ့ပါဘူး ။ အဲဒီအတွက်တော့ မောင် သိပ်ခံပြင်း အောင့်သက်နေမှာ ပါ ။ တစ်ခါတုန်းကတော့ မိုးတို့ အလစ် မှာ မောင် က သမု နားကပ်ပြီး ခပ်တိုးတိုး စကားပြောလိုက်ပြီး မေးလေး ဆတ်ပြခဲ့တယ် ။ တစ်ခု ခု မေးနေပြီ ဆိုတာ သိလိုက်ပြီး သမု သိပ်ကို တုန်လှုပ် သွားခဲ့တာလေ ။ မိုးတို့ ကို အားကိုးတကြီး လှမ်းကြည့်မိတော့ မိုးတို့ က
“ ကိုကောင်း ဘာပြောလိုက်တာလဲဟင် ၊ မိုးတို့ မကြားလိုက်ဘူး ”
လို့ ပြန်မေးပေမဲ့ မောင် ထပ်မပြောပြခဲ့ဘူး ။ သမု ကိုပဲ အတင်းကြည့်ပြီး
“ သမု ဖြေလေ ”
လို့ ခပ်ကျယ်ကျယ် အော်ပါရော ။ အဲဒီတုန်းကတော့ သမု အတွက် ဖြေစရာ အဖြေ မရှိတာမို့
“ သမု မသိဘူး ”
လို့ ဖျောက်ဖျက်ပစ်ခဲ့မိတာမို့ မောင် စိတ်အပျက်ကြီး ပျက်သွားခဲ့ဖူးပါတယ် ။ နောက်မှ မောင်က
“ မင်းကွာ ချစ်လားလို့ မေးတာ ကို တောင် မသိဘူးလို့ ဖြေရက်တယ် ”
လို့ နွမ်းနွမ်းလျလျ ညည်းလိုက်တယ် ဆိုတာကိုတော့ မေမီ ရဲ့
“ အေးလေ သမု ကလည်း ကိုကောင်း က ချစ်လားလို့ မေးတာကို မသိ ဘူးတဲ့ တော် ဟာသပဲ ”
ဆိုတဲ့ စကားကြောင့် သမု သိခွင့်ရခဲ့တာပါ ။ အဲဒီလိုပေါ့မောင်ရယ် ၊ သူငယ်ချင်းတွေက အချိတ်အဆက်တွေ နဲ့ မောင့် စကားတွေ ကို သမု သိ လာအောင် စွမ်းဆောင်ပေးမှ မောင့်ကို စကားပြောခွင့်ရတဲ့ သမု ကို မောင် ဘယ်သည်းခံချင်ပါတော့မလဲ နော် ။ အဲဒီတုန်းက
“ အလကား စတာ ၊ မောင့် ကို သမု အရမ်းချစ်တယ် ၊ အရမ်းချစ်တယ် နော် သိလား ”
လို့ မောင့် ပခုံးစွန်းကို ခြေဖျားထောက် လှမ်းပုတ်လိုက်ရင်း ချော့မော့ နှစ်သိမ့်ခဲ့ တဲ့ စကားဟာ အဲဒီ ကတည်း က မောင့် အတွက် အရာမရောက် နိုင်တော့တာ သမု သိနေခဲ့ပါတယ် ။ ခံစားချက်တွေ ရောပြွမ်းပြည့်သိပ် နေတဲ့ မောင့် မျက်နှာ မှာ သည်းခံကြင်နာရိပ်ဆိုတာ မရှိနိုင်တော့လောက် အောင် ရှားပါးနေခဲ့ပြီး စိတ်ပျက် ငြီးငွေ့ ရိပ်တွေ ၊ ဆွေးမြည့် နာကျင်ခြင်း တွေသာ နေရာယူလာခဲ့တယ် ။
တစ်နေ့ နေ့မှာ မောင် သမု ကို စွန့်ခွာတော့မယ် ဆိုတဲ့ စိုးရိမ်စိတ်ဟာ ဆိုးရွားဖိစီးစွာ သမု ရင် ကို လှိုက်စား ဖဲ့ခြွေခဲ့ပါတယ် မောင်ရယ် ။ သမု အကြောက်ဆုံး အချိန်ဟာ သမု မသိလိုက်ဘဲ ကုန်ဆုံးသွားခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲနော် ။ သမု ပေါက်ကွဲမှုကို ရင်မဆိုင်ရဲဘူး ။
ooooooooooo
ထုံးစံအတိုင်း အတန်းရှေ့ဆုံးမှာ နေရာယူလေ့ ရှိသော သမု ကို အဖော်ကင်းစွာ တစ်ယောက်တည်း တွေ့လိုက်ရတာမို့ ကောင်းမိုး တအံ့တသြရှိသွားရသည် ။ အေးဆေး နူးညံ့ကာ ဆံပင်ရှည်ကြီးများ တစ်ဖက်တစ်ချက် မှာ ပြိုကျအုံ့ဆိုင်းနေသော ခပ်ငုံ့ငုံ့မျက်နှာ လေးကို ကောင်း မြတ်နိုးခြင်း တစ်ဝက် စိတ်ပျက်ငြီးငွေ့ခြင်း တစ်ဝက် ရှိခဲ့တာ ကြာပြီပဲ ။ စချစ် ကတည်းကပဲ ဖြစ်၏ ။ သူ့ သူငယ်ချင်းတွေ ချယ်ချယ်လှယ်လှယ် ရှုပ်ရှုပ်ခတ်ခတ် နှင့် ပုံစံ ကို ကိုကောင်း သိပ်ကို ဒေါသထွက်ခဲ့တာ ။ ပြီးတော့ မထုံတက်သေးနှင့် အေးစက်ခံစားချက်မဲ့လှသော သမုဒယ ကိုလည်း မုန်းချင်စိတ် ပင် ဝင်ခဲ့တာ ။
အခုတော့ စချစ်ကတည်းက ဒီကနေ့ အထိ ကာလအတွင်းမှာ ကောင်း တောင်းတခဲ့ရသော ရှားပါးရခဲသည့် ဒီအခွင့်အရေးကို ပထမဆုံးအကြိမ် ရလိုက်တာမို့ တက်ကြွဖျတ်လတ် လာသည် ။ တစ်ယောက်တည်း ၊ သမုဒယကလေး တစ်ယောက် တည်း လေ ။
“ သမု လေး ”
ရနေကျ ရနံ့သင်းကလေး တစ်ခုကြောင့် သမု မော့အကြည့် နှုတ်ခမ်းကလေး လှုပ်သွားသော ရယ်ပြုံးပြုံး မောင့်မျက်နှာလေး ကို မြင်လိုက်ရ သဖြင့် သမု တုန်လှုပ်သွားရသည် ။ ဒီနေ့မှ သမု တစ်ယောက်တည်း စောကြီး ရောက်လာရသည့် အဖြစ် ကို နောင်တရသည် ။ နှုတ်ခမ်းလေး တုန်ခတ်စွာနှင့် ထိုင်လေမောင် ဟု ဆိုလိုက်ရင်း ငိုချင်လာသည် ။
သမု အကြောက်ဆုံးအချိန်ဟာ ဒီနေရာမှာ ဖြစ်ပေါ်မလာပါစေနဲ့ နော် ။ မောင် ဘာစကားမှ မဆိုဘဲ သမု ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်ပါ ။ ပေါက်ကွဲမှုတွေကို သမု မုန်းလိုက်တာ ။ မိုးတို့ အမြန်ဆုံးရောက်လာပါ စေ ၊ ဘုရားသခင် သမီးတော် ကို မောင် စကားပြောဖို့ မကြိုးစားအောင် ထိန်းချုပ်ပေးထားတော်မူပါ ။
မောင် တစ်ခုခုပြောလိုက်ရင် မကြားရမည့် သမု နားကြောင့် အဖြေ တွေ မှားယွင်းသွားမှာ ၊ မောင် ရိပ်မိသိရှိသွားမှာ ၊ ပေါက်ကွဲမှုတွေ လျှပ် တစ်ပြက် ဖြစ်ထွန်းလာ မှာ ၊ အို ... သမု ရင်မဆိုင်ရဲပါ ။
“ သမု နေကောင်းလား ”
တွန့်ဆုတ် ပင့်သက်ဖြာနေသော သမုဒယ ကို ကောင်း မျက်မှောင်ကုပ်ချင်လာသည် ။ ကိုယ်နှင့် ရင်ဆိုင်ဖို့ ခက်ခဲနေပုံမျိုး ..
မောင် ဘာပြောလိုက်မလဲ စောင့်ကြည့်နေမိသော သမု က မောင့်နှတ်ခမ်းလေး လှုပ်သွားတာမို့ စတင် တုန်လှုပ်စပြုလာသည် ။ ကျယ်ကျယ်လေး ပြောလိုက်စမ်းပါ မောင်ရယ် ။ ဟော ငုံ့ကြည့် ရယ်ရွှင်ကာ မေး လေးဆတ်ပြနေသဖြင့် တစ်ခုခုမေးတာ နေမှာ ပဲ ။ ခေါင်းကလေးလှုပ်ရုံ ညိတ်ပြလိုက်ပြီး မှားသွားမည်လား စိုးရိမ်စွာ မောင့်ကို မော့ကြည့်နေမိ ဆဲ မောင့်အပြုံး မပျက်ကွယ်သေးတာမို့ သမု အဖြေ မမှားသေးတာ သိရ ၏ ။ သက်ပြင်းကလေး ရှိုက်ကျသွားဆဲ
“ မိုးတို့ မလာသေးဘူး မဟုတ်လား ၊ တစ်နေရာရာသွားရအောင် ”
တစ်ခုခု ပြောလိုက်ပြန်ပြီ ။ သမု ဘာ တစ်ခုမှ မကြားရသော မောင့်စကား အတွက် တုံ့ပြန်စရာ ရှာမတွေ့ဘဲ မောင့်ကို တိုးလျှိုးစွာကြည့်ရင်း ရင်တဒိတ်ဒိတ်ခုန် လာ၏ ။
“ နော် သမု ထလေ ”
ဝိုင်းစက်ကာ ကြောက်ရွံ့နေပုံရသော သမု မျက်လုံးများကို အတတ်နိုင်ဆုံး ဥပေက္ခာပြုကာ လက်ကမ်းပေးလိုက်သည် ။
အို လက်ကမ်းပေးနေ တာပါလား ။ မောင် တစ်နေရာရာသို့ သွားဖို့ ခေါ်နေတာ များ လားဟု တွေးယူ၍ သမု လန့်သွားရသည် ။ ဘယ်ဖြစ်ပါ့ မလဲ ၊ ဘယ်ဖြစ်ပါ့မလဲ မောင်ရယ် ။ နှစ်ယောက်တည်း သွားလို့ မဖြစ်ဘူး ။
“ မိုးတို့ မလာသေးဘူးမောင်ရယ် ခဏလေး ”
အခု အချိန်မှာ သမု အဖြစ်က ခက်ခဲရှုပ်ထွေးလှသော မေးခွန်းများ ကို ဖြေနေရ သူတစ်ဦးရဲ့ အမှား ကို စိုးရွံ့စောင့်စားနေရသလိုပဲ စေးထန်းလာတဲ့ ချွေးများ ထဲမှာ တုန်လှုပ်ခြင်းတွေ အပြည့် ရှိနေရပါတယ် ။
“ မိုးတို့ မလာတာ ဘာလုပ်ရမှာ လဲ ၊ မင်းနဲ့ တို့ နှစ်ယောက်တည်းပဲ သွားမယ် ၊ သမု မင်းကိုပဲ တို့ လိုအပ်တာ ”
စိတ်တိုလာပုံနှင့် မျက်နှာနီရဲလာသော မောင့် ကို ငေးရင်း သမု ငိုချင် လာတယ် ။ နှုတ်ခမ်းတွေ တင်းမာစွာ လှုပ်ရှားနေတာ ၊ အို မောင် သမု ကို တစ်ခု ခု မမေးလိုက် ပါနဲ့ မောင်ရယ် ။
“ လာ ထ ၊ အင်းလျားဘက်သွားရအောင် ။ အင်းလျား ဆိုတာ ချစ်သူနှစ်ယောက်တည်း သွားရတဲ့ နေရာ ၊ ကဲ ထ ”
မောင် အတင်း ခေါ်နေတာ သေချာနေပါပြီ ။ အတင်းမလုပ်ပါနဲ့ မောင်ရယ် ။ ပြီးတော့ လေသံ တိုးတိုးလေးတွေနဲ့ ပေါက်ကွဲဖို့ အစပျိုးမနေပါ နဲ့ ၊ ပြေလည်ပါစေ မောင်ရယ် ။
“ ဘာကြောင့် ဒီလောက် ကြောက်ဆုတ်နေတာတုံး သမု ၊ ဟင် တို့ နဲ့ နှစ်ယောက်တည်း သွားဖို့ ကို မင်း ဘာလို့ အမြဲငြင်းဆန်နေခဲ့သလဲ ၊ တို့ သိက္ခာကိုတော့ မင်း လေးစားဖို့ ကောင်းတယ် ၊ မင်း လေးစားဖို့ ကောင်းတယ် ။ မင်း သိပ်အေးစက်နေတာ ဘာသဘောလဲကွ ”
အို မောင့် နှုတ်ခမ်းတွေ ၊ မောင့်မျက်လုံးတွေမှာ သမု ကြောက်ရွံ့သော မုန်းတီး နာကြည်းရိပ်များ ယှက်သန်းလျက် ။ မောင့် အသံကတော့ ကိုးမြဲပါပဲ ။ ကျေးဇူးပြုပြီး တဆိတ်လောက် ကျယ်လောင်စွာ အော်ပစ် လိုက်ပါ မောင်ရယ် ၊ မောင် ဦးတည်နေတဲ့ စကားတွေ ထဲက တစ်စိတ် တစ်ဒေသလောက် သမု သိပါရစေ ။ သမု ကို မုန်းတီးစကား တွေ ဆိုနေတာ လား ၊ စွပ်စွဲတဲ့ သံသယစကားတွေနဲ့ ပစ်ပေါက်နေတာလား ၊ သမု ရဲ့ ချွတ်ယွင်းချက် ကို မောင် ရိပ်မိနေပြီလို့ ပေါက်ကွဲစွာ ရေရွတ်နေတာလား ၊ ကြားပါရစေ မောင်ရယ် ။
“ တို့ ကို မင်း လုံးဝအားမကိုးဘူး ၊ အထင်မကြီးဘူး ။ တို့ ကို ဘယ်တုန်းကမှ လွတ်လပ်ခွင့် မင်း မပေးခဲ့ဖူးဘူး ။ အပေါင်းအသင်းတွေကို အမြဲ အားကိုးတွယ်ကပ်နေတာ ၊ တို့ ကို အေးစက်ပြနေတာ မင်းကို တို့ က ဘာများ လုပ်မှာ မို့လဲ သမု ။ မင်းရဲ့ ဒီလိုတုံ့ပြန်ချက်တွေကို ငါ သည်းမခံ နိုင်တော့ဘူး ”
သည်းမခံနိုင်တော့ဘူးတဲ့ ။ အဲဒီအစွန်းကလေးတော့ သမု ကြားသွားသည် ။ မောင့် အသံလေး အဲဒီ နေရာမှာ ကျယ်သွားတာပဲ ။ သိပ်ကို လှုပ်ရှား ပေါက်ကွဲချင်ပုံရသော မောင့်မျက်နှာ ကို သမု ရင်မဆိုင်ရဲပါ ။ မောင် ဘာကို သည်းမခံနိုင်တော့တာပါလိမ့် ၊ ဘာကို သည်းမခံနိုင်တော့ တာပါလိမ့် ။ ဟင့်အင်း ခွဲသွားဖို့ တော့ ဒီအချိန်မှာ မဆုံးဖြတ် လိုက်ပါနဲ့ မောင်ရယ် ။ ဒီလိုပေါက်ကွဲမှုမျိုးနဲ့ မောင် ကျောခိုင်းသွားမှာ ကို သမု ရင် မဆိုင်ပါရစေနဲ့ ။
“ တောက် ငါ့ကို မင်း ဆက်ညှဉ်းမထားစမ်းနဲ့ သမု ရယ် ။ မင်း ပြတ်ပြတ်သားသား တစ်ခု ခု ပြောလိုက်စမ်း ။ မင်း ငါ့ ကို စိတ်မပါတော့ဘူး မဟုတ်လား ။ မင်း လမ်းခွဲချင်နေပြီ မဟုတ်လား ။ မင်း ငါ့ ကို မချစ်တော့ဘူး မဟုတ်လားဟင် ပြောစမ်း ”
မေးစေ့လေး တဆတ်ဆတ် ခတ်နေပုံက တစ်ခုခုကို ပြတ်သားလှစွာ သိရှိလိုပုံမျိုး ၊ တစ်ခု ခု ကို မောင် အပြင်းအထန် မေးနေပြီပဲ ။ ဘာပါလိမ့် ၊ ဘာကို မေးနေတာပါလိမ့် မောင်ရယ် ။ မောင့်အသံက တိမ်ဝင်သွားသလို တိုးပျောက်သွားလိုက် ။ ကြိတ်မနိုင်ခဲမရ ပုံစံမို့ အသံကို သိပ်ကို စုစည်း သိပ်သည်းစွာ တိုးလျလိုက်နှင့် သမု နားဆီ ဘာခံစားချက် မှ ရိုက်ခတ်မလာပါ ။
တစ်ခု ခု တော့ မေးနေတာပဲ ။ အို ....အပြင် လိုက်ခဲ့ဖို့ ခေါ်နေတာများလား ၊ ဟုတ်မယ်ထင်ပါရဲ့ ။ မောင် မကြာခဏ တောင်းဆိုဖူးတာလည်း နှစ်ဦးတည်း စကား ပြောခွင့်ရဖို့ ကိုပဲ ။
ခပ်ပြင်းပြင်းအရိုက်ခံထားရသလို နီကြင်နေသော မောင့်မျက်နှာမှာ အကြော နီနီများ ထင်းပြလာသော မျက်သားတစ်စုံက တစ်ခု ခု မှားယွင်း လိုက်လျှင် ဝုန်းခနဲ ပေါက်ကွဲကျလိုက်ဖို့ အရှိန်ယူနေဟန် ။ ဒါ ဆိုရင် တော့ မောင် အပြင်သွားဖို့ ခေါ်နေတာ မှန်လျှင် သမု ငြင်းပစ်လိုက်ဖို့ မဖြစ် ။ အရဲစွန့်ပြီး ခေါင်းညိတ် လိုက်လျောပစ်လိုက်ရ တော့မှာ အ ခု အချိန် မှာ မောင် မပေါက်ကွဲဖို့ က အရေးကြီးဆုံးပါပဲ ။
“ ဖြေလေ သမု မင်း လမ်းခွဲတော့မလား ”
မေးလေးဆတ်ပြပြီး တစ်စုံတစ်ခု မေးလိုက်ပြန်ပြီ ။ မောင် ဘာဖြစ် လို့ များ တိုးလွညံ့သက်တဲ့ အသံ ကို ပိုင်ဆိုင်ခဲ့ရတာပါလိမ့် ။ ဘာမှ မကြားရတဲ့ သမု ချွတ်ယွင်း ချက်ကိုတော့ မောင် သိလို့ မဖြစ် ။ ဒါဆို သမု အတွေးနဲ့ ယူဆထားတဲ့ မောင် အပြင်လိုက်ခဲ့ဖို့ ခေါ်နေတာကို သမု ခေါင်းညိတ်ပြီး ဖြစ်ချင်ရာဖြစ် လိုက်ခဲ့ပါ့မယ် ။ မောင် စိတ်ကျေနပ်စေဖို့ လေ ။ ဟန်ဆောင်ခြင်းဟာ ပင်ပန်းလှပါလား မောင်ရယ် ။ မပွင့်လင်းခဲ့တဲ့ သမု ရှေ့ဆက် ဟန်ဆောင်ခြင်းကိုပဲ ဆက်လက် ဖက်တွယ်ထားဦးတော့ ယ် ထင်ပါရဲ့ ။
အခုလည်း ဟန်ဆောင်ပြီး မောင့် စကားကို နားလည်သလို မောင် ခေါ်နေတာကို ခေါင်းညိတ်ပြတော့မယ် ။ သမု မပွင့်လင်းသမျှ မော င်မရိပ်မိအောင် ဟန်ဆောင်ရဦးမှာ ပဲ ။ အခုတော့ တစ်ခု ခု မေးနေပုံရ သော မောင့်ကို ဖြည်းလေးစွာ ခေါင်းညိတ်ပြလိုက်ရင်း ခေါင်းငုံ့ချထားလိုက်သည် ။ မှားယွင်းသွားမှာ လား ။ အို ... မှန်ပါစေကွယ် ။ မောင် ခေါ်တဲ့ နေရာ ကို သမု အရာအားလုံး ကို စွန့်ပြီး လိုက်မယ်လို့ ခေါင်းညိတ် ပြလိုက်ပြီ ။ အို.. တိတ်ဆိတ်လွန်းလှပါလား ၊ မောင် ဘာလုပ် နေသလဲ တိတ်ဆိတ်စွာ ။ ပြီးတော့ ကြည်နူးစွာ ပြုံးကြည့်နေမှာ လား ။ ရှေ့ဆက် ဘာတွေဖြစ်လာဦးမှာ လဲ ။
သမု ခေါင်းမော့ ကြည့်လိုက်စဉ်မှာ တော့ အလွန်တရာ ကြောက်မက် ဖွယ် ကောင်းတဲ့ ပေါက်ကွဲ နေသော မျက်နှာစိမ်း တစ်ခုကို တွေ့ရလေသည် ။ ပြီးတော့ အဆမတန် သိပ်သည်း နက်နဲသော မျက်ရည်စက်က လေး တစ်စ ခိုတွယ် နေသော မျက်ဝန်း တစ်စုံ အကြီးအကျယ် ဆုံးရှုံးလို က်ရပုံမျိုးနှင့် ကြေကွဲဆွေးမြည့်နေသော မျက်ဝန်းတွေ ပေါ့ ။ ဟင် .. ဒါ ဆို မောင့် မေးခွန်းဟာ တစ်နေရာရာ ကို ခေါ်ပြီး လိုက်ခဲ့ခိုင်းတာ မဟုတ်ဘူး ပေါ့ ။ ခေါင်းခါစေလိုသော မေးခွန်း တစ်ခု ကို မောင် မေးခဲ့ပြီဆိုတာ သိလိုက်ရပြီး ပြင်ဆင်ဖို့ အချိန်ကတော့ သမု ဆီ ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ် .. ။
“ မောင် ... ”
ထိတ်လန့်တုန်လှုပ်စွာ သမု မောင့် လက်ဖျားလေး ကို ဆွဲကိုင်မိစဉ်မှာ တော့ မောင် က နာကြည်းစွာ ရုန်းထွက်သွား၏ ။ ပြီးတော့ အလွန်ကြောက်စရာ ကောင်းသော အပြုံးတစ်ခု ပြုံးပြပါသည် ။ သမု သိလိုက်ပြီ ။ သမု သိပ်ကြောက်တဲ့ နောက်ဆုံးအချိန်ဟာ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီပဲ ။ မောင် ဘာများ မေးခဲ့ပါလိမ့်ကွယ် ။
ပေါက်ကွဲမှု ကို ကြောက်ရွံ့ခဲ့မိသော သမု ရှေ့မှာ မောင် အသံတိတ် ပေါက်ကွဲနေတာကို ကြာမြင့်စွာ တွေ့နေရတော့သည် ။ ပြင်းထန်သော မုန်းတီးခြင်းတွေ ၊ ပေါက်ကွဲနေသော နာကြည်း ခံပြင်းခြင်း တွေ ၊ အဆုံးစွန်သော စိတ်ပျက်ခြင်းတွေ ၊ ပြီးနောက်မှာ တော့ ပြင်းထန် ကျယ်လောင်လှသော ပေါက်ကွဲသံ တစ်ခု ကို သမု နောက်ဆုံးကြားခဲ့ရသည် ။ သမု လိုလားသော မောင့်အသံ ကျယ်ကျယ်ကလေး .. ။ သို့သော် ထို အသံလေးထဲမှာ တော့ သမု ကို ရူးသွပ်သေဆုံးသွားစေသော အဆိပ်များ ပါဝင်လာခဲ့သည် ။
“ မင်း ကို ငါ မုန်းလိုက်ပြီ သမု ”
တဲ့ ။ အိုး ... သမု လူသေတစ်ယောက် လို ဝိညာဉ်လွင့်စဉ်သွားတော့သည် ။ ထိုစဉ် သမု ကြောက်လန့်မိခဲ့သော ပေါက်ကွဲစွာ မောင် ကျောခိုင်း ထွက်ခွာသွားခြင်း ကို ရင်ဆိုင်ခဲ့ရလေသည် ။
သမု ပြင်းပြင်းပြပြ ငိုကြွေးနေမိချိန်မှာ တော့ မောင်သည် အလွန်တရာ ပြတ်သားမာကျောစွာ သမု နှင့် ဆန့်ကျင်ဘက် ဆီသို့ ဝေးကွာသွား တော့သည် ။ ဟင့်အင်း အဲဒီလောက် အထိ မြန်ဆန် စောစီးစွာ မောင် ပေါက်ကွဲသွားလိမ့်မယ်လို့ သမု ထင်မထားခဲ့ပါဘူး ။ ဘာအတွက် နဲ့ မောင် သမု ကို မုန်းသွားခဲ့သလဲ ။ သမု ကြားခွင့်ရချင် လိုက်တာ မောင်ရယ် .... ။
လွန်းထားထား ၊ ဆေးတက္ကသိုလ် ၊
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၂၆
ဒီဇင်ဘာလ ၊ ၁၉၉၁ ခုနှစ်
No comments:
Post a Comment