❝ ပုဆိုးတန်းတင် ❞
( ညိုထွန်းလူ )
တစ်ခါတစ်ရံ တော့ ည သည် လှနေတတ်သည် ။ ထိုအခါ သူ သည် လှ သော ည ကို ငေးရီ ခံစားကြည့် နေမိပြန်သည် ။ လှသော ည ၊ ကြယ်စုံ ည ၊ နှင်းမှုန် တွေ နှင့် အတူ လရောင် ပြေပြေလျော့လျော့ ယှက်ဖြာနေသည့် ည ၊ သူ့ အတွက် တမ်းတ တိမ်းမူးစရာ ညတွေကများ စွာ ။
ဆောင်းဝင်စ အချိန် ဖြစ်၍ နေ့တာ က အကုန် မြန်သည် ။ နေလုံး ပျောက်ပြီး မကြာခင် မှာ အမှောင်ထု နှင့် အတူ နှင်းတွေ ပြိုကျလာသည် ကို တွေ့ရသည် ။ ဒီည သိပ် အေးမယ် ထင်တယ်နော် ။ မီးဖို ပေးရမလား ။ အမျိုးသမီး က အိပ်ခန်း ထဲ မှ ထွက်လာရင်း သူ့ ကို မေးလိုက်သည် ။ သူ က အင်း မလှုပ် ၊ အဲမလှုပ် ၊ မကြားသလို နဲ့ အပြင်ဘက် ဆီသို့ ငေးမော ကြည့် နေဆဲ ။ တစ်ခဏတာမျှ တိတ်ဆိတ် ငြိမ်သက် သွားခဲ့သည် ။ သူ့ ကို နားလည်မှု ခက်ခဲတာတော့ အမှန်ပင် ။ အေးစက်စက် ထုံတေတေ နှင့် အတ္တကြီး သူလား ၊ ဒေါသစိတ် ကို မြုပ်ကွယ်ကာ ပျော်ရွှင်မှု တစ်ခု ကို မျှော်ငေးနေ သူလား ၊ ဝေခွဲ မရနိုင် ။ ဒါပေမဲ့ သူ့ ရင်အုံနွေးနွေး ထဲသို့ နားခိုလိုက်မိပြန် တော့လည်း မွတ်သိပ် ပြင်းပြသည့် အနမ်းတွေ ကို ခံစားလိုက်ရသည် ။ ပြီးတော့ ကလေး တစ်ယောက် လို ရယ်မောပျော်ရွှင် သွားရင်း ကရားရေ လွှတ် အဆက်မပြတ် ပြော နေသည့် စကားသံများ သူ ပြောတာတွေ အားလုံး နားလည်ဖို့ ကြိုးစားရင်း နှင့် အိပ်ပျော် သွားခဲ့ရသည် ။
နံရံ ပေါ်မှာ ချိတ်ဆွဲ ထားသည့် နာရီလက်တံတွေ က စည်းချက် မှန်မှန် မြည်ရင်း ရွေ့လျားလျက် ရှိသည် ။ ဒီလို နဲ့ တစ်စက္ကန့် ၊ တစ်မိနစ် ၊ တစ်နာရီ ၊ တစ်နေ့တာ ၊ ပြီးတော့ အသက်ဇီဝ ၏ နေ့ရက်များ ။ အမျိုးသမီး သည် စိတ်မရှည်တော့ ဟန်ဖြင့် သူ့ အနီး မှ ဖြတ်လျှောက် သွား ကာ ပြတင်းတံခါးတွေ ကို ဆွဲပိတ် လိုက်သည် ။ ထိုအချိန်တွင် အိမ်ရှေ့ သို့ ရောက် လာသည့် မော်တော်ကား တစ်စီး စက်သံ ကို ကြားရသည် ။
ဧည့်သည် လာဟန် တူတယ် ။ အမျိုးသမီး က သူ့ အနီးသို့ ရောက်လာ ကာ ပြောနေစဉ် မှာ ပင် “ ဟေး ၊ အိမ်ရှင်တို့ အိပ်ကုန်ကြ ပြီလား ” ဆိုသည့် အသံ နှင့် အတူ ကြိမ်ဆွဲခြင်း တစ်လုံး ကို သယ်လာသည့် ဒေါက်တာကျော်စိုး တို့ ဇနီးမောင်နှံ အား တွေ့လိုက်ရ၍ အံ့အားသင့် သွားရလေ၏ ။
“ ဟာ ... ကိုကျော်စိုး ဘယ်တုန်းက ရောက် လာတာလဲ ”
သူ က ဝမ်း သာအားရဖြင့် လှမ်း မေးလိုက်သည် ။ မမျှော်လင့်ဘဲ မိတ်ဆွေဟောင်း တစ်ဦးကို တွေ့လိုက်၍ ပျင်းရိငြီးငွေ့ နေသည့် စိတ်အာရုံများ က လွင့်ပြယ် သွားခဲ့သည် ။ အခုတော့ လည်း ပေါ့ပေါ့ပါးပါး ရွှင်ရွှင်မြူးမြူး သွက်သွက် လက်လက် ။
“ မနေ့ ကတည်း က မန္တလေး ကို ရောက် နေတာဗျို့ ။ ခင်ဗျား ရဲ့ ကျေးဇူး ကြောင့် ဟိုမှာ လည်း ရောက်ကတည်းက အစစအရာရာ အဆင် ပြေတယ် ။ ဘယ့်နှယ်လဲ ကိုယ့် လူကြီး ၊ မိသားစု အားလုံး ကျန်းမာကြရဲ့ လား ၊ ကျွန်တော်လည်း ခင်ဗျား နဲ့ အေးအေးဆေးဆေး စကား ပြောချင်တာနဲ့ ကလေးတွေ ထားခဲ့ပြီး ထွက်လာခဲ့ရတာဗျ ”
ဒေါက်တာ ကျော်စိုး က သူ့ လို မဟုတ် ။ အမြဲတမ်း ပွင့်ပွင့်လင်းလင်း နှင့် ပျော်ပျော်ရွှင်ရွှင် နေတတ်သူ ၊ ခင်မင်နှစ်လိုဖွယ် ကောင်းသည့် ဆရာဝန် တစ်ဦး ဖြစ်သည် ။ ကလေးတွေ ပါလာလျှင် အနှောင့်အယှက် ဖြစ်မှာ စိုး၍ အားနာစိတ်ဖြင့် ခေါ် မလာခဲ့ခြင်း ဖြစ်ဟန် တူသည် ။ မည်သို့ပင် ဖြစ်စေ ၊ အိမ် က ကလေးတွေ က လည်း အိပ်ရာ စောစော ဝင်ကြတာကြောင့် နား အေးပါးအေး ဖြင့် စကား ပြောရမည့် ဒေါက်တာကျော်စိုး အစီအစဉ် ကို သူ သဘောကျသွားသည် ။
စားပွဲ ပေါ်မှာ တင် ထားသည့် ကြိမ်ဆွဲခြင်း ကို နားမလည်နိုင် ဟန်ဖြင့် ငေးကြည့်လိုက်သည် ။ ခြင်းထောင်း ထဲ က ပေါင်းတင်းချောင်းများ ကို တွေ့လိုက်ရ၍ လည်း အံ့သြသွားခဲ့ရသည် ။
“ ကျွန်တော့် ရဲ့ ရွာ အပြန် လက်ဆောင်တွေပဲ ကိုရေချမ်း ရေ ။ ပေါင်းတင်း ရယ် ၊ ခေါစီခေါပုတ် ရယ် ၊ ခင်ဗျား ကြိုက်ပါဦးမလား မသိဘူး ”
ဒေါက်တာကျော်စိုး က ပြုံးစေ့စေ့ ဖြင့် ပြောလိုက်သော အခါ အမှတ်မထင် ဟက်ခနဲ ရယ်မိပြန်သည် ။ သူ့ မှာ ယခုလို ပေါ့ပေါ့ပါးပါး မရယ်ဖြစ် သည် မှာ ကြာပြီပဲ ။ ဒေါက်တာကျော်စိုး ရဲ့ ဇနီး နှင့် စကား လက်ဆုံ ကျနေ သည့် အမျိုးသမီး က သူ့ ကို မျက်စောင်းထိုး လိုက်သည် ။ သူ က သတိမပြု မိဟန်ဖြင့် နေလိုက်သည် ။ ဒေသထွက် အစားအစာများ ကို တွေ့လိုက်ရ သောအခါ သူ့ ရဲ့ ငယ်ဘဝလေး နှင့် ဘူတာစုရွာလေး ကို မှတ်မှတ်ရရ ရှိ သွားခဲ့ပြန်သည် ။
သတိလက်လွတ် ဖြစ်သွားရင်း ခြင်းတောင်း ထဲ က အေးစက်စက် ခေါစီထုပ်တွေ ကို ကိုင်ကြည့် နေသည့် သူ့ လက်တွေ က မသိမသာ တုန်ယင် နေလျက် ရှိသည် ။
“ ဘူတာစု ဟာ ခင်ဗျား ငယ်ငယ်တုန်း က လိုပဲ သိပ် မပြောင်းလဲဘူး ။ စီဒီအိုကေတွေ နဲ့ ဗီဒီယိုရုံတွေ ပဲ အသစ် တိုးလာတယ် ”
စိတ်အာရုံတွေ လွင့်မျော နေ၍ ဒေါက်တာကျော်စိုး စကား ကို သဲသဲကွဲကွဲ မကြားလိုက်ရ ။ လွန်ခဲ့သည့် ၆ လ လောက် က ဖြစ်မည် ။ သူငယ်ချင်း တစ်ယောက် က မိတ်ဆက် ပေး၍ ဒေါက်တာ ကျော်စိုး နှင့် သိကျွမ်းခဲ့သည် ။
သူငယ်ချင်း ကိုကျော်စိုး က “ မင်း ငယ်ငယ်တုန်းက နေခဲ့တဲ့ ဘူတာစု ရဲ့ တိုက်နယ်ဆေးရုံ မှာ တာဝန် ကျလို့ ကွ ။ မရောက်ဖူးသေးတော့ အဲဒီ ရွာ အကြောင်း မင်း ပြောနိုင်မလားလို့ ကူညီစမ်းပါဦးကွာ ”
သူ က မသိသော ပြုံးရယ်လိုက်ရင်း ခေါင်းညိတ် ပြ လိုက်မိသည် ထင်၏ ။ မွေးရပ်မြေ မဟု တ်ပေမယ့် နှစ်ကာလများ စွာ နေခဲ့ရသည့် ရွာလေး တစ်ရွာ အကြောင်း သူ့ ရင်ထဲမှာ အမြဲ တည်ရှိ နေပါသည် ။ ဘယ်နေရာ ရောက်တော့ ဘယ်လို ကွေ့ ၊ ဘယ်လမ်းမှာ တော့ ဘယ်လိုချိုး ၊ မျက်စိမှိတ် သွားရင်တောင် အမှတ်အမှား မရှိဘဲ အားလုံး သိပါသည် ။ ဒါပေမဲ့ ရွာ အကြောင်း ပြောဖို့ အတွက် စကားအစ ရှာရ ခက်မိပြန်သည် ။ ဒေါက်တာကျော်စိုး အား ငေးကြည့် နေသည့် မျက်လုံးအိမ် ထဲ တွင် ဘူတာစုရွာလေး ရဲ့ ပုံရိပ်များ က ထင်ဟပ် လာခဲ့သည် ။
မန္တလေး မြစ်ကြီးနား မီးရထားလမ်း နံဘေးက ဘူတာရုံ သေးသေးလေး နှင့် ရွာလေး တစ်ရွာ ။ မန္တလေး မှ မီးရထား စီးသွားခဲ့လျှင် ထို နေရာ သို့ ညနေစောင်း မှ ရောက် တတ်သည် ။ ကုက္ကိုပင်ကြီး တွေ စီတန်း အုပ်ဆိုင်း နေသည့် ဘူတာရုံလေး ။ ခပ်လှမ်းလှမ်း မှာ တော့ တစ်နေရာ နှင့် တစ်နေရာ ထိစပ်ကာ တပြန့်တပြော ကျယ်ဝန်းသည့် လယ်ကွင်းကြီးများ ။ ပြီးတော့ ဟိုးအဝေး ဆီက တောအုပ် နှင့် တောင်တန်းများ ။ မြူခြေ နှင့် တောအုပ် ။ နှင်းဇာပဝါပါး နှင့် တောင်တန်း ။ တချို့က တောင် ကို မှီး၍ တ ချို့ကျတော့ တောင် ကို ထိုးလျက် ။ ညနေစောင်း နေအို သွားသည့် အခါ တောင်တန်းကြီးများ က မှိုင်းပြာ သွားတတ်သည် ။ တောင်တန်း နှင့် လယ်ကွင်းများ ဆီသို့ ငေးရီ ကြည့်နေသည့် သူ့ စိတ်အာရုံ ထဲသို့ အသံ တစ်ခု တိုးဝင်လာခဲ့သည် ။ အစ ကနေဦး တော့ မသဲမကွဲ ဝိုးတဝါး ။ အသံရှင် က သူ့ ဆီသို့ နီးကပ် လာခဲ့သည် ။ ဆတ်ခနဲ သူ လှည့် ကြည့်လိုက်သည် ။
“ ဟေး ... ဆရာလေးသား ၊ ရေတိုက် သွားမလို့ လိုက်မလား ”
ရေစည်လှည်း ပေါ် မှ တကြော်ကြော် အော်ခေါ် နေသည့် နွားမောင် ။ အတန်းတူ ကစားဖော် ကစားဖက် သူငယ်ချင်း ။ အဖေ က သည် ရွာလေး မှ ကျန်းမာရေးမှူး အဖြစ် တာဝန်ထမ်းဆောင် နေတာကြောင့် တစ်ရွာလုံး က အဖေ ကို လေးစားချစ်ခင်စိတ် ဖြင့် ဆရာလေး ဟု ခေါ် ကြသည် ။ ထို အခါ သူ သည် လည်း အလိုအလျောက် ဆရာလေးသား ဆိုသည့် အမည် တွင် သွားရချေ၏ ။
ရေစည်လှည်း ပေါ်သို့ စွေ့ခနဲ ခုန်တက်လိုက်သည် နှင့် နွားမောင် က “ ဟား ” ခနဲအော်သံ ပေးကာ ကြိမ်တံပြာ ဝဲ၍ သွက်သွက်လက်လက် မောင်းနှင် တော့သည် ။ သည် နေရာ တစ်ဝိုက်တွင် မိုး ကို မျှော်၍ စပါး စိုက်ပျိုး ကြသည် ။ မိုး အခါမှာ တော့ ရေတွေ က များ မှ များ ။ ချောင်းရေမြောင်းရေတွေ လျှံတက်ကာ လယ်ကွင်းတွေ လည်း ရေတဖွေးဖွေး နှင့် ကွင်းပြင်ကျယ်ကြီး အသွင်သို့ ပြောင်းလဲ သွားခဲ့သည် ။ ဒါပေမဲ့ နွေ ရောက်တော့ ရေတွေ ခန်းခြောက် သွားခဲ့လေပြီ ။ သောက်သုံးရေ အခက်အခက် ရှိ လာ သောကြောင့် တစ်တိုင်ခန့် ဝေးမည့် တောင်ခြေ ရှိ စမ်းကျတွင်းများ ဆီ သို့ လှည်းတွေ နှင့် ရေတိုက် သွားကြရစမြဲ ဖြစ်သည် ။
ရိတ်သိမ်းပြီးစ လယ်ကွင်းများ ကို ဖြတ်သန်း နေသည့် လှည်းလမ်းကြောင်း အတိုင်း သူတို့ ရေစည်လှည်း က ဒုံးဒုံးဒေါင်းဒေါင်း အသံတွေ ပေးကာ ခရီး နှင်နေလျက် ၊ ကျနေရောင် က လည်း ရိုးပြတ် လယ်ကွင်းပြင် မှာ ရွှေရောင်များ ပက်ဖျန်း နေဆဲ ။ အချို့နေရာ မှာ တော့ စိမ်းညို့ညို့ သစ်ပင်အုပ်စု နှင့် ယိုင်နဲ့ နေသည့် လယ်စောင့်တဲ ။ ကျိုးတိုးကျဲတဲ ပေါက် နေသည့် သစ်ပင်တွေ က ကွင်းပြင်ကျယ် တစ်ခုလုံး ။ အဝါ ထဲ မှာ အစိမ်းရောင် ဆေးစက်တွေ ချထားသည့် နှယ် ။ ညနေခင်း လေပြည် သည် လယ်ကွင်းပြင် ကို ဖြတ်သန်းကာ ညင်ညင်သာသာလေး တိုက်ခတ် လာခဲ့သည် ။ လယ်ကွင်း ထဲ မှာ ဖြတ်သန်း မောင်းနှင်နေသည့် လှည်းတွေ နောက် မှာ ဖုန်လုံးကြီးတွေ ကို မိုးကောင်ကင် သို့ လွင့်တက် နေလျက်ရှိသည် ။ တစ်ခါတစ်ရံ တော့ ချုပ်ရိုးကြောင်း သဖွယ် တည်ရှိ နေသည့် မီးရထားသံလမ်း ဆီ က ကုန်တင်မီးရထား တစ်စီး ခုတ်မောင်း သွားသည် ကို မှုန်မှုန်ပျပျ တွေ့မြင်ရ တတ်သည် ။ မီးသွေးစက်ခေါင်း ဆီမှ မှုတ်ထုတ် လိုက်သော မီးခိုးမည်းများ သည် နေရောင် ထဲတွင် အရိပ်သဏ္ဌာန် ဖြစ်ပေါ် လျက် လယ်ကွင်းများ ပေါ်သို့ တရိပ်ရိပ် လွင့်မျောလျက် ရှိသည် ။
တောင်ခြေ ကို ရောက်တော့ နေလုံးကြီး သည် အနောက် မိုးကုပ်စက်ဝိုင်း သို့ နစ်မြုပ် သွားခဲ့လေပြီ ။ သစ်ရိပ်ဝါးရိပ် ကြောင့် တဖြည်းဖြည်း လွင့်မျော လာသည့် အမှောင် နှင့် အတူ အအေးဓာတ် ကို ခံစားရသည် ။ တောင်ခြေ တောတန်းတစ် လျှောက် ပိုးပုရစ်တွေ က သံစုံအော်မြည် နေကြသည် ။ သစ်ပင်မြင့်မြင့် ပေါ်တွင် အစာရှာ ထွက်တော့မည့် ဇီးကွက်တစ်ကောင် က အလှုပ်အရှား ကင်းမဲ့စွာ ခိုနား နေလျက် ။ စမ်းကျ တွင်း မှာ ရေစည်တိုက် လာကြသည့် လှည်းတွေ လေးငါးစီးခန့် ဆုံ တတ်သည် ။ တစ်ခါတလေတော့ လည်း သူတို့ လှည်း တစ်စီး တည်းသာ ၊ ရေစည်လှည်း ကို အလျင်အမြန် ရေဖြည့် လိုက်ကြသည် ။ ပြီးမှ တွင်းနှင့် မလှမ်းမကမ်း တွင် ဆယ်ဝင်ပုံး ဖြင့် ရေဆွဲ သယ်ပြီး တဗွမ်းဗွမ်း လောင်းချ ရေချိုးကြသည် ။ အေးမြသည့် စမ်းကျရေ ကြောင့် တစ်ခဏချင်း လန်းဆန်း သွားသည် ။ ရေချိုးရတာ ပင် မဝ ။
“ သွားကြစို့ဟ ၊ သိပ် မှောင်သွားရင် မကောင်းဘူး ”
နွားမောင် က သတိပေး လိုက်မှ ကပျာကယာ လက်စသ,တ် လိုက်ရလေသည် ။
လာလမ်း အတိုင်း ရေစည်လှည်း သည် လေးလံဖင့်နွဲ့စွာဖြင့် ရွေ့လျား လျက်ရှိသည် ။ လဆုတ်ရက် ဖြစ်တာ ကြောင့် မိုးကောင်းကင် တစ်ခုလုံး ပိတ်စမည်းကြီး ဖြန့်ခင်း ထားသလို အမှောင်ထု ဖြင့် ဖုံးလွမ်း နေပါသည် ။
ဖျိုးဖျိုးဖျပ်ဖျပ် လင်းလက် နေသည့် ကြယ်လေးတွေ ကို မြင်တွေ့ရ သော်လည်း အမှောင် ကို ခွင်း၍ အလင်း မဆောင်နိုင် ။ ရေစည်လှည်း ဆွဲလာသည့် နွားနှစ်ကောင် က လှည်းလမ်းကြောင်း အတိုင်း သွားနေရာ မှ ဗွေဖောက်ကာ နံဘေးသို့ ဖဲ့ဆင်းသွားသည် နှင့် တစ်ပြိုင်တည်း လယ်ကန်သင်း ရိုး နှင့် လှည်းဘီးတွေ မိတ်ဖွဲ့ သွားကြလေသည် ။ ထိုအခါ ရေစည် ကို ကားလျားခွ ထိုင်နေသည့် သူ့ ခမျာလည်း ရာဇဣန္ဒြေ ပျက် သွားသည် ။ ရေစည် ထဲ ရှိ ရေတွေ ကလည်း ဘောင်ဘင်သံ ပေးရင်း လှုပ်ခါကာ အပြင် သို့ လျှံထွက် သွားသည် ။
လှည်းဆရာ နွားမောင် ဒေါပွ လေပြီ ။ ဒိုးတူပေါင်ဖက် ရုန်းကန်လာ သည့် နွားနှစ်ကောင် ကို အမျက်တော် ရှကာ မအေနှင့် ကိုင်တုတ် လိုက်ရင်း မူလ လှည်းလမ်းကြောင်း နေရာသို့ ပြန် တည့်မတ်ပြီး နောက် ကြိမ်တံဖျားဖြင့် တဖုန်းဖုန်း တွယ် လေတော့သည် ။ နွားနှစ်ကောင် ခမျာ လည်း ကျောပြင် ပေါ်သို့ ကျရောက်လာသည့် ကြိမ်စကြာဒဏ် ကို မခံနိုင် တော့ ။ ရှေ့သို့ ခြေကုန်သုတ် ပြေးကြသည် ။ သူ သည် လည်း အောက် ကို ပြုတ်ကျ မသွားအောင် ရေစည် ကို သာ အမိအဖ သဖွယ် အားကိုးတကြီး ဖက်တွယ်ထားသည် ။ ဤသို့ဖြင့် ခရီး နှင်ရင်း လှည်းဆရာ လည်း လက်ပန်းကျ ၊ နွားနှစ်ကောင် လည်း မောသွားကြသည် ။
ရွာ ဆီ မှ မီးရောင် လက်လက် ကို တွေ့မြင် ရသည် ။ သည် တစ်ခါတော့ ဗွေဖောက်သူ က လှည်းဆရာ နွားမောင် ။ လက်ထဲ မှ ကြိမ်တံဖျား ကို အသာချကာ ရေစည် ကို မှီ၍ ခပ်လျှော့လျှော့ ထိုင်လိုက်ရင်း သီချင်း တစ်ပုဒ် ကို ကောက်ကာငင်ကာ ဆိုလိုက်ပါတော့သည် ။ သူ က လည်း အားကျမခံ နွားမောင် နှင့် အတူ သံပြိုင် ဟစ်ကြွေးသည် ။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံး သီချင်း ကို အစအဆုံး မရကြ ။ ဆို၍ ရသည့် သီချင်းအပိုဒ် ထဲမှာ ပဲ ထပ်ကာထပ်ကာ နှင့် သံသရာ လည်နေကြ၏ ။ ရွာခြေ သို့ ချဉ်းကပ်လာ တော့ မှ သီချင်းသံ ရပ်သွားသည် ။
လွမ်းရပါသည် ။ ပထမ အရွယ် ငယ်ဘဝ ရဲ့ ပုံရိပ်တွေ ကို ငေးမောမိ တိုင်း ဘူတာစုရွာလေး နှင့် ငယ်ပေါင်းတွေ ကို လွမ်းရပါသည် ။ မီးရထား ကို မျှော်နေသည့် ဘူတာရုံလေး နှင့် လယ်ကွင်းတွေ တောင်တန်းတွေ ကို လည်း သတိရသည် ။ ကျွန်းတိုင်လုံးကြီးများ နှင့် ခြေတံရှည် သက်ငယ်မိုး အလယ်တန်းကျောင်းအိုလေး ကို လည်း တမ်းတ မိသည် ။ ထိုနေရာလေး မှာ အတူတကွ စာသင် ခဲ့ကြသည့် အောင်ထွေး ၊ နွားမောင် ၊ ဗိုလ်ထွန်း ၊ လှဖေ ၊ မောင်လတ် နှင့် ကြည်ကြည်ဝင်း ၊ ဆိတ်တင် ၊ မိပဲ ၊ ခင်မြင့် စသည့် သူငယ်ချင်းများ ၊ ပြီးတော့ မခင်ဝိုင်း .... ။
အတွေး အာရုံ ထဲ တွင် မခင်ဝိုင်း ကို တွေ့လိုက်ရသော အခါ စိတ် အနည်ထိုင်သည့် အရွယ် ရောက်ပေမယ့် ရင် တစ်ခုလုံး လှုပ်ခါ သွားခဲ့ရသည်ကော ...
“ ဘူတာစု မှာ အထက်တန်းကျောင်းခွဲ ရပြီဗျ ။ မနှစ်က ဆယ်တန်း အောင်ချက် ကောင်းတယ်တဲ့ ။ ခင်ဗျား ကျောင်းနေဖက်သူငယ်ချင်းတွေ ကို လ ည်း တွေ့ခဲ့ရတယ် ။ သူတို့ က ခင်ဗျား ရွာ ကို တစ်ခေါက်တစ်ကျင်း အလည် လာခဲ့ဖို့ မှာ ကြသေးတယ် ”
စကား တရစပ် ပြော နေသည့် ဒေါက်တာ ကျော်စိုး ကို သူ ငေးကြည့် နေမိသည် ။ သူ့ စိတ်အာရုံသည် တည်ငြိမ်မှု မရှိ တော့ဘဲ အတိတ်ကာလ ဆီ လွင့်မျော သွားတတ်သည် ။ ဒေါက်တာကျော်စိုး စကားသံတွေ ကြားရမှ အိပ်မက် ထဲ မှ လန့်နိုး သွားပြန်သည် ။ စိတ် နှင့် ခန္ဓာကိုယ် သည် အမြဲ တွဲဖက် မရှိနိုင်တော့ ။ တစ်ခါတစ်ရံ တော့ ပူးတုံခွာတုံ ။
မျက်လုံးအိမ် ပေါ်မှာ ပုံရိပ် ထင်နေသည့် ကျောင်းအိုကြီး ကို ငေးမော နေစဉ်မှာ ပင် သူငယ်ချင်းတွေ နှင့် အတူ မခင်ဝိုင်း ကို တွေ့လိုက်ရပါ၏ ။
မခင်ဝိုင်း သည် ဘူတာစုရွာလေး နှင့် တစ်မိုင်ခန့် ကွာဝေးမည့် သင်တောရွာသူ ။ မူလတန်း အောင်၍ သူတို့ အလယ်တန်းကျောင်း သို့ ပြောင်းရွှေ့ လာ ခဲ့ခြင်း ဖြစ်သည် ။
အစ ကနဦးတော့ ရိုးရိုးအေးအေးလေး နေတတ်သည့် မခင်ဝိုင်း ကို မေ့လျော့နေခဲ့မိသည် ။ အခြား သူငယ်ချင်းတွေနှင့် အတူ ဆော့ခဲ့ ပျော်ခဲ့ကြရင်း စာသင်နှစ်တွေ တစ်နှစ် ပြီး တစ်နှစ် ကုန်ဆုံး သွားခဲ့သည် ။ သည်လိုနှင့် ၈ တန်း နှစ် သို့ ရောက် လာခဲ့သည် ။ ထိုအခါ မခင်ဝိုင်း ကို သူ သတိ ပြုလိုက်မိသည် ပေါ့ ။ အဲသည့် အချိန်က ကျေးလက်ဒေသတွေ မှာ ကျောင်းနေ နောက်ကျ တတ်၍ အသက်အရွယ် နှင့် အတန်း က လိုက်ဖက် မမျှ ။ အတန်း က ငယ်၍ စာသင်သားတွေ က အသက် ကြီး နေတတ်သည် ။ ခန္ဓာကိုယ် ဖွံ့ထွား လာပြီး လှချင် တိုင်း လှ နေသည့် မခင်ဝိုင်း ကို အမှတ်မထင် မြင်တွေ့ လိုက်ရသောအခါ အံ့သြမင်တက် သွားခဲ့သည် ။
မျက်ခုံး ထူထူ အသား ဖြူဖြူ ဆံရစ်ဝိုင်းကြီး နှင့် မခင်ဝိုင်း ၊ ခန္ဓာကိုယ် က အနည်းငယ် တုတ်ခိုင် နေသယောင် ရှိသော်လည်း သူ့ အချိုးအစား နှင့် သူ ပြေပြစ်သည် ။ ဝိုင်းစက်၍ အရည်လဲ့ နေသည့် မျက်ဝန်းများ သည် သူ့ ကို ညှို့ငင်ဆွဲယူ နေခဲ့ပြန်သည် ။ သူ့ အသက် ငယ်ပါ သေးသည် ။ အချစ် အကြောင်းလည်း နားလည်နိုင်စွမ်း မရှိသေးပါ ။ ဒါပေမဲ့ မခင်ဝိုင်း နှင့် အတူ ကျောင်းတက်ရ လျှင် ပျော်သည် ။ စာသင် နေရင်း ဖြင့် ထောင့်စွန်း နေရာလေးမှာ ထိုင်နေသည့် မခင်ဝိုင်း ကို တိတ်တခိုး ငေးကြည့် နေတတ်၏ ။ ဗလာစာရွက် ဖြူဖြူပေါ်မှာ လည်း မခင်ဝိုင်း အမည်တွေ ကို ရေးပြီးမှ မလုံမလဲ ဖြစ်သွားကာ စာရွက် ကို လုံးချေ လွှင့်ပစ်ခဲ့ရလေ၏ ။ လေးငါးဆယ်ခန့် ရှိမည့် အတန်း ထဲ တွင် ဆူညံအော်ဟစ် ဆော့ကစား နေကြပေမယ့် မခင်ဝိုင်း နှင့် နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး မတွေ့ ဆုံခဲ့စဖူး ။ မခင်ဝိုင်း သည် လှသည် ။ ရိုးသည် ။ စကားနည်းသည် ။ တစ်ယောက် တည်း အေးအေး နေတတ်သည် ။ တစ်ခါတစ်ရံတော့ မျက်တောင်ကော့ကြီးတွေ ကို တဖျပ်ဖျပ် ခတ်ကာ သူ့ ဆီသို့ စောင်းငဲ့ ကြည့်တတ်သည် ။ အဲသည် အခါမှာ တော့ ရင်ခုန်လှုပ်ရှား စိတ်မောသွားခဲ့ ရပြန်သည် ။
အတန်း မြင့် လာသောကြောင့် ဖတ်စရာ ၊ မှတ်စရာတွေ က များ လာ သည် ။ ထိုအခါ သင်္ချာ တွက်ရင်း အဖြေ ရှာ မရသည့် မခင်ဝိုင်း သည် သူ့ ဆီ သို့ ရောက်လာခဲ့၏ ။ သူ က လည်း အကူအညီ ပေးခဲ့ရပါ၏ ။ သူ က အတန်း ထဲ တွင် အမြဲတမ်း အဆင့်တစ် ရနေသူ ။ စာတော်သည့် ကျောင်းသား ၊ စာညံ့သူတိုင်း ကို အကူအညီ ပေးခဲ့ရပါ၏ ။ နားလည်သမျှ ကို ရှင်းပြသည် ။ မခင်ဝိုင်း အတွက်တော့ အထူး ဆိုဖွယ်ရာမရှိပြီ ။ တခြားသူ တွေ ထက် စေတနာတွေ က ပိုသည် ။ မေတ္တာ လည်း ပါ၏ ။ မုဒိတာ လည်း ပါ၏ ။ အကြင်နာ ကရုဏာလည်း ပါ၏ ။ ဤသို့သော စေတနာ မေတ္တာ အကြင်နာ တွေ ရေစီးကမ်းပြို ဖြစ်ကာ မမောနိုင် မပန်းနိုင်ဘဲ သင်္ချာတွေ တစ်ပုဒ် ပြီး တစ်ပုဒ် တွက်ပြ ရှင်းပြ သည် ။ မခင်ဝိုင်း က လည်း သူ့ အနား မှာ ယုန်ရုပ်လေး ချထား သလို ငြိမ်ငြိမ်သက်သက်လေး ထိုင်နေ ရှာသည် ။ အသက်ရှူသံ ငွေ့ငွေ့လေး ကို ကြားရသည် ။ ကိုယ်သင်းရနံ့လေး က လွင့်ပျံ့လာခဲ့ သည် ။ အဲသည် အခါ ကျတော့လည်း သင်္ချာဆရာ ခမျာ စိတ်တွေ ဖောက်ပြားသွားကာ အဖြေ မထုတ်နိုင်ဘဲ တဝဲဝဲရယ်တဲ့ တလည်လည် ဖြစ်သွားရှာသည် ။
မခင်ဝိုင်း က သူ့ ကို ကိုရေချမ်း ဟု ခေါ်သည် ။ ဘာကြောင့် သူ အမည် ရှေ့ က “ ကို ” တပ် ခေါ်သည် မှန်း မသိပါ ။ ခင်မင်ရင်းနှီး သွားတော့လည်း ညနေ ကျောင်းဆင်းချိန် တိုင်း မခင်ဝိုင်း တို့ ရွာ အပြန်တွင် အကြောင်းပြချက် တစ်ခုခု ရှာကာ ရွာထိပ် အထိ လိုက်ပို့လေ့ ရှိစမြဲ ။ နောက် တစ်နေ့မ နက် လင်းတော့ ကျောင်း ပေါ်မှ မခင်ဝိုင်း ကို မျှော်နေမိပြန်သည် ။ ထမင်းချိုင့်လေး ဆွဲ၍ ကျောင်းသို့လာနေတာကို တွေ့လိုက်ရသော အခါ သူ ပျော်သွားသည် ။ ယခုတော့ ကိုရေချမ်း သည် မခင်ဝိုင်း ကို မခွဲနိုင်တော့ပြီ ။ စာရွက်ဖြူ တစ်ရွက်ပေါ်မှာ သူ့ အမည် နှင့် မခင်ဝိုင်း အမည် ကို ရေးလိုက်သည် ။ ပြီးတော့ သူတို့ နှစ်ယောက် အလယ် မှာ အပေါင်းလက္ခဏာ တစ်ခု ဖြည့်စွက်လိုက်သည် ။ ကိုရေချမ်း အပေါင်း မခင်ဝိုင်း ၊ ကိုရေချမ်း အပေါ င်း မခင်ဝိုင်း ။ တစ်ရက်တော့ တိတ်တခိုး ရေးထားသည့် အဲသည့် စာကြောင်းလေး ကို မခင်ဝိုင်း တွေ့သွားခဲ့သည် ။ “ ဟင် ... ” ဆိုသည့် စကားသံ က သူ့ ရင်ထဲ သို့ ဆောင့် တိုး သွားခဲ့ချေသည် ။ မခင်ဝိုင်း က စကား တစ်ခွန်းမျှ မဆိုဘဲ သူ့ အား မျက်လုံးရွှဲကြီး နှင့် ကြည့် နေသည် ။ သူ့ခမျာ လည်း အပြစ် ကျူးလွန်သူ တစ်ယောက် လို ခေါင်းငိုက်စိုက် ကျသွား ခဲ့သည် ။ အတန်ကြာ မှ သက်ပြင်းငွေ့ငွေ့ ရှိုက်ထုတ်သံ ကို ကြား လိုက်ရသည် ။
“ ကိုရေချမ်း ရယ် ... ကျွန်မတို့ က သူငယ်ချင်းတွေ ပါ နော် ။ စာ တတ်ချင်လွန်းလို့ အဝေးကြီး က ကျောင်း လာ တက်တဲ့ ကျွန်မ ကို နားလည်ပေးပါလားရှင် ”
စာတတ်ဖို့ ကြိုးစား နေသော မခင်ဝိုင်း သည် စကားတော့ တတ်သည် ။ ပြောချင်တာတွေ ကို လှလှပပ နှင့် စကား ဆင်တတ်သည် ။
“ ကျွန်တော် .... ကျွန်တော် ... ”
သူ့ ခမျာ ရှေ့ မဆက်နိုင်တော့ဘဲ ထစ်ထစ်အအ ဖြစ်နေရှာသည် ။ ရင် ထဲ မှာ လည်း ဟာလာဟင်းလင်း ။ မခင်ဝိုင်း တစ်ယောက် သူ့ အနီး မှ တိတ်တဆိတ် ထွက်ခွာသွားသော အခါ ငိုချင်သွားသည် ။ ယခုတော့လည်း သင်္ချာဆရာ အတွက် မှား ရင်း မျက်ရည် တောက်တောက် ယိုခဲ့ရလေပြီ ။
လွမ်းခဲ့ရပါသည် မခင်ဝိုင်း ။ ရှစ်တန်း အောင် သွားသည့် အခါ မှာ တော့ ဘူတာစုရွာလေး ကိုခွဲခွာ၍ မန္တလေး သို့ ရောက်သွား ခဲ့သည် ။ အစကနဦး တော့ မန္တလေး မှာ နေရတာ အဆင် မပြေ ။ ကျုံးမြို့ရိုးကြီး ကို ငေး မောရင်း ဘူတာစုရွာလေး နှင့် တောင်တန်းကြီးတွေ ၊ လယ်ကွင်းတွေ ကို သတိရ တမ်းတ နေမိသည် ။ အဖေ က ၁၀ တန်း ဖြေပြီးမှ ပြန်လာခဲ့တော့ ဟူသော အမှာ စကား ကြောင့် နွေကျောင်းပိတ်ရက် အချိန် တွင် နေ မထိ ထိုင် မသာ ဖြစ်ခဲ့ရသည် ။ မန္တလေးဘူတာကြီး ဆီ က မီးရထား ဥသြဆွဲသံ ကြားလိုက်ရသော အခါ ဟိုအဝေး ဆီ က ဘူတာရုံလေး ကို မှတ်မှတ်ရရ ရှိသွားခဲ့လေသည် ။ မီးရထား လာတော့မည့် အချက်ပေး သံချောင်းမွှေသံ ကြားလိုက်လျှင် သူ့ ခြေလှမ်းတွေ ဘူတာရုံလေး ဆီသို့ ရောက်သွား စမြဲ ။ ဘာရယ် မဟုတ် ။ ဘူတာရုံလေး မှာ သူငယ်ချင်းတွေ ဆုံကြသည် ။ ပြီးတော့ ထိုးဆိုက်လာသည့် ရထားတွဲ က ခရီးသည် များ ကို ငေးမော ကြည့်ရှုကြသည် ။ မီးရထား က ဘူတာရုံလေး မှ ဆက်လက် ထွက်ခွာ သွားသောအခါ သူတို့ လည်း အိမ်သို့ ပြန်ခဲ့သည် ။ သည်လိုနှင့် ည ( ၉ ) နာရီ လောက် ရောက်သောအခါ ဘူတာရုံလေး ဆီသို့ တစ်ခေါက်တစ်ကျင်း ရောက်လာခဲ့ပြန်သည် ။ အဲသည် အချိန် ဆိုလျှင် အထက်ရထား လို့ ခေါ်သည့် မြစ်ကြီးနား မန္တလေး အစုန်ရထား ဝင် လာလေ့ရှိသည် ။
ဘူတာရုံဝန်းကျင် တစ်ခုလုံး အမှောင် ထဲမှာ အိပ်မောကျလျက် ရှိသည် ။ ည တာဝန်ကျသည့် ရုံပိုင်လေး အခန်း ဆီ က မှန်အိမ် အလင်းရောင် ကလည်း အမှောင်ထု ကို တိုးခွဲ မလင်းနိုင် ။ သူတို့ က ထိုင်ခုံတန်းလေး ပေါ်မှာ ထိုင်ရင်း စကားကောင်း နေကြသည် ။ ပြောကြသည့် စကားတွေ က လည်း ရေးကြီးခွင်ကျယ် မဟုတ် ။ ရောက်တတ်ရာရာ ။ တစ်ခါတစ်ရံ ရထားသံလမ်း ပွိုင့်ခွဲ သွားမည့် ဂျမဒါ ကိုအုန်းမောင် ကလည်း အချက်ပြ မှန်အိမ် ကို ဆွဲရင်း သူတို့ အနီးသို့ ရောက် လာလေ့ရှိသည် ။ ထို့နောက် မလွတ်တမ်း ခဲထားသည့် ဆေးလိပ် ကို မီးခိုးထောင်းထောင်း ထ အောင် ဖွာလိုက်ကာ သူတို့ ပြောနေသည့် စကားကို ဖြတ်ပြီး “ မင်းတို့ များ သိချင်ကြမလား မသိဘူး ၊ တစ်နေ့က အတွေ့အကြုံလေးပေါ့ကွာ ” ဟူသော နိဒါန်းလေးဖြင့် အစချီ လိုက်သည် ။ ဘာတွေ ပြောမည်မှန်း မသိ ပေမယ့် သူတို့ အားလုံး ကိုအုန်းမောင် အနားသို့ တိုးတပ်သွားကြသည် ။ အဲဒီ လူ က လည်း စကား ပြောတာ က တကယ်ကောင်း ၊ အတွေ့အကြုံတွေ ကလည်း စုံသည် ။ ပြောသမျှ အကြောင်းအရာများ သည် သူတို့ အတွက် တော့ အံ့ဖွယ် ၊ ဆန်းဖွယ် ၊ တစ်ခါတလေ နားထောင်ရင်း နှင့် မျက်လုံး တွေ ကျယ်ကာ ရင်တုန် သွားရပါဘိသည် ။ သို့ပေမဲ့ သစ်ပင်တွေ ပေါ်မှာ တစီစီ အော်မြည် နေကြသည့် ပုစဉ်းရင်ကွဲသံများ ကြောင့် ကိုအုန်းမောင် ရဲ့ အသံ က မသဲမကွဲ ။ တိုး သွားလိုက် ။ ကျယ် သွားလိုက် ။ ရထား ဝင်ချိန် နီးကပ်လာတာကြောင့် ဘူတာရုံ ဆီမှ ဒုံးဒုံး ဆိုသည့် လက်မှတ်ထုသံ က သူ တို့ စကားဝိုင်း ထဲသို့ လွင့်မျောလာတတ်သည် ။ ပတ်ဝန်းကျင် တစ်ခုလုံး ပုစဉ်းရင်ကွဲသံ နှင့် ခပ်အုပ်အုပ် စကားပြောသံ မှ လွဲ၍ အားလုံး တိတ်ဆိတ်ငြိမ်သက်နေလျက် ၊ မီးရထားသံလမ်းခွဲ ပေါ်မှာ ရှိနေကြသည့် ကုန်တွဲ တွေ က လည်း ပျင်းရိငေးငိုက်နေလျက် ။
မြောက်ဘက် ကောင်းကင်ပြင် တွင် မှိန်ပျပျ အလင်းရောင် ကို တွေ့ရ သည် ။ တောင်ကို ကျော်၍ ခုတ်မောင်း လာသည့် မီးရထားစက်ခေါင်း ဆီ က လျှပ်စစ်မီးရောင် ဖြစ်သည် ။ ဘူတာစု ဘူတာရုံလေး သည် တောင်ခြေ မှာ တည်ရှိသည် ။ အလင်းရောင် သည် မှိန်ဖျော့ နေရာ မှ လင်း လာခဲ့သည် ။ သည်လိုနှင့် တဖြည်းဖြည်း ကျယ်ပြန့် သွားကာ မြောက်ဘက် မိုးကုပ်စက်ဝိုင်း တစ်ခုလုံး အလင်းရောင်တွေ ဖုံးလွှမ်း သွားခဲ့သည် ။ တစ်ခဏ အကြာ တောင်ဆင်းလမ်း အတိုင်း ခုတ်မောင်း လာသည့် ရထားစက်ခေါ င်းမီး ကို တွေ့မြင် လိုက်ရသည် ။ ကိုအုန်းမောင် လည်း အဲသည် တော့ မှ ပြောလက်စ စကားတွေ ကို ဖြတ်ကာ မှန်အိမ်ကြီး ကို ဆွဲရင်း သံလမ်းခွဲ ပွိုင့် ရှိရာသို့ သုတ်သုတ်လေး သွားလေသည် ။ သူ က ဘူတာ ထဲ သို့ဝင်လာသည့် မီးရထားကြီး ကို ရည်ရွယ်ချက် မရှိ ငေးမော နေမိသည် ။ မီးရထား က ဘူတာရုံလေး မှာ ကြာကြာ မရပ်နား ။ ဂါတ်ဗိုလ်တွဲ ဆီမှ မီးရောင်စိမ်းသည် နှင့် ဥဩသံ ပေးကာ ရှေ့ဆီ သို့ ဆက်လက် ထွက်ခွာ သွားသည် ။ ထို့နောက် ဘူတာရုံလေး သည် ယခင် က လိုပင် တိတ်ဆိတ်ငြိမ်သက် သွားခဲ့ပြန်စမြဲ ။ အချိန်တန်၍ အိမ်ပြန် ခြေလှမ်းများ ကို ခပ်မှန်မှန် သွားလိုက်ရင်း တစ်နေ့တာ ပြီးဆုံးသွားပြန်ပေါ့ ဟု တွေးလိုက်သည် ။
ဘူတာရုံလေး နှင့် သူ့ အတွက် နေ့ညများ အမြဲတမ်း မြင်တွေ့ နေရသည့် ခံစားမှုဖြစ်သည် ။ ဒါပေမဲ့ တစ်ချိန်တစ်ခါ တော့ ဘူတာရုံလေး မှာ ပင် ရင်ခုန်လှုပ်ရှားရင်း စာပို့ရထားကြီး ကို စောင့်မျှော်နေရမှာ မတွေးတော မိလေခဲ့ ။ ၁၀ တန်း ဖြေပြီး လျှင် ပြီးချင်း အထုပ်အပိုးတွေ သိမ်းကာ ဘူတာစု သို့ သူ အမြန် ပြန်လာခဲ့သည် ။ တောင်တန်းများ လယ်ကွင်းများ ၊ ဘူ တာရုံလေးနှင့် သူ့ သူငယ်ချင်းများ ။ သည် မြင်ကွင်း သည် ရနံ့တွေ ထဲ သို့ ပြန်လည် တိုးဝင်ခဲ့ရသောအခါ သူ ပျော်သွားသည် ။ ဝါးမျို သွားသည့် အချိန်ကာလ နေ့ရက်များ သည် ငယ်ရွယ်သူ တို့ ၏ ဘဝများ ကို ကစဉ့်ကလျား တကွဲတပြား ဖြစ်သွားစေခဲ့ပြီ ။
နွားမောင် က ကျောင်း ထွက်ပြီး လယ်လုပ်သည် ။ ညီအောင် က စပါးဒိုင်မှူး ၊ ဆိတ်တင် နှင့် မပဲ တို့ က သားဖွားဆရာမသင်တန်း တက်နေကြသည် ။ ထိုအခါ သူ သည် ပင့်သက် ကို အကြိမ်ကြိမ် ချရင်း မခင်ဝိုင်း ကို သတိတရ မေးမြန်းမိပါ၏ ။ တိကျသေချာသည့် သတင်းအချက်အလက်များ ကို စုံစမ်းထောက်လှမ်းရပါ၏ ။ စိတ်အမောတွေ ပြေပျောက်ဖွယ်ရာ ၊ မခင်ဝိုင်း သည် ရာသီစာ ဒေသ ထွက်ကုန်များ နှင့် ကသာမြို့ သို့ ကုန်ကူး သွားလေ့ ရှိသည် တဲ့ ။ တစ်ခါတစ်ရံ မီးရထား အရမ်း နောက်ကျလျှင် ရွာသို့ မပြန်တော့ဘဲ ဆွေမျိုး မကင်းသည့် နွားမောင် တို့ အိမ် မှာ အိပ်တတ်သည် တဲ့ ။ ထိုသောအခါ တွင် သူ သည် ညအချိန် ရောက်သည် နှင့် ဖင်တကြွကြွ ဖြစ်ကာ ဘူတာရုံလေး ဆီ သို့ အမြန် သွားချင်နေမိသည် ။ အုံ့ပုန်းပူ လူသိ မခံနိုင်သည့် အနေအထား ။ ညစဉ်ညတိုင်း စာပို့ရထားကြီး နှင့် ပါလာမည့် မခင်ဝိုင်း ကို မျှော်နေခဲ့ရ လေသည် ကော ။
စွဲလမ်းတမ်းတသည့် စိတ်အာရုံများ က စိုးမိုးနိုင် လွန်းသည် ။ တွေ့ချိန် မြင်ချိန် နီးကပ်လာသော အခါ အလွမ်းစိတ်တွေ က ပိုသည် ။ တောင်တန်းများ နောက်မှ ခပ်ရေးရေး ပေါ်လာမည့် မီးရထားစက်ခေါင်း အလင်းရောင် ကို လှမ်းမျှော် ငေးကြည့် နေတတ်သည် ။ တရွေ့ရွေ့ နီးကပ်လာသည့် ရထားစက်ခေါင်း မီးရောင် နှင့် အတူ ရထား ခုတ်မောင်းသံများ က မျှော်ရှာသူ ကို စိတ်အမောပြေ ပျောက်စေခဲ့လေမည်လား ။ ရထားတွဲ ပေါ် မှ ဆင်းလာမည့် မခင်ဝိုင်း ကို မြင်လိုက်ရသောအခါ လိုချင်တာ ရလိုက် သည့် ကလေး တစ်ယောက် ပမာ မြူးကြွလှုပ်ရှားနေလျက် ။ ဘူတာရုံ အခန်းလေး ဆီက ပွင့်အန်ကျ နေသည့် မှန်အိမ် အလင်းရောင် ထဲ မှာ ရပ်နေသည့် မခင်ဝိုင်း ကို ငေးကြည့်နေမိပါသည် ။ နှလုံးသား ထဲ မှာ စွဲနစ်တည်ရှိ နေသည့် ချစ်ခြင်း ၏ ရနံ့ ကို ခံစားရှာဖွေ တွေ့ရှိခဲ့ရ လေပြီ ။ မခင်ဝိုင်း သည် လှပနေဆဲ ။ ယခင် က လို ဖူးပွင့်စ ပန်းတစ်ပွင့်၏ အလှမျိုး မဟုတ်တော့ ဘဲ ဣန္ဒြေသိက္ခာ ပြည့်ဝ လာသည် ဟု ထင်သည် ။ တစ်ခဏချင်း မှာ ပင် စိတ်ကို အစိုးမရ နိုင်တော့ဘဲ အနီးသို့ လျင်မြန်စွာ တိုးကပ် သွားခဲ့သည် ။ ပြီးတော့ မခင်ဝိုင်း ကို တိုးတိုးလေး ခေါ်လိုက်မိသည် ။ ရုတ်တရက်မို့ အထိတ်တလန့် ဖြစ်သွားရှာသည် ထင့် ။ ယုန်ငယ်လေးတစ်ကောင် လို ဖျက်ခနဲ တုန်ယင် သွားကာ အသံ ကြားရာဆီ သို့ လှည့်ကြည့်သည် ။ တစ်ခြမ်း စွန်း ကျနေသည့် အလင်းရောင် ထဲက သူ့ ကို တွေ့လိုက်ရသောအခါ အံ့အားသင့် သလို ဖြစ်သွားရှာသည် ။ ထို့နောက် အရည်လဲ့ နေသည့် မျက်လုံးတွေ ဝိုင်းဝိုင်းလည် သွားရင်း “ ဟင် .. ကိုရေချမ်း ” ဟု တအံ့တသြ ဆိုလိုက်ရှာသည် ။
မီးရထား ထွက်ခွာ သွားသည် နှင့် တစ်ပြိုင်နက်တည်း တိတ်ဆိတ် သော အမှောင်ထု ထဲတွင် ပုစဉ်းရင်ကွဲသံများ က ဆူညံလာခဲ့ပြန်သည် ။ ဘူတာရုံရှေ့ မျက်နှာစာ တစ်ဝိုက်မှာ တော့ လက်နှိပ်ဓာတ်မီးရောင်များ က တဝင်းဝင်း တလက်လက် ။ မုန့်ပုံးခွံ ထဲမှာ ထည့်ထားသည့် ရေနံဆီမီး ခွက် အလင်းရောင်တွေ ကလည်း မြေပြင် မှာ လင်းဖြာ နေလျက် ။
“ ကျွန်တော့်ကို မှတ်မိပါ့မလား လို့ စိတ်ပူ နေရတာ ။ မန္တလေး မှာ တုန်း က မခင်ဝိုင်း ကို သတိ လည်း ရ ၊ နေ့တိုင်း လည်း လွမ်းမိတယ် ”
အသက်အရွယ် နှင့် မြို့မှာ နှစ်နှစ်တာ နေခဲ့သည့် အတွေ့အကြုံတွေ ကြောင့် ကိုရေချမ်းသည် ယခင် က နှယ် မဟုတ်ချေပြီ ။ တွေ့ လျှင် တွေ့ချင်း လွမ်းစကား ဆိုသည် ။ သံယောဇဉ် အမျှင်အတန်းတွေ ယှက်နွယ်ကူးလူးချင်သည် ။
ဒါပေမဲ့ မခင်ဝိုင်း သည် လည်း လောကထိုထို ၏ ပရိယာယ်များ ကို အကျွမ်းတဝင် ရှိနေခဲ့ပြီပဲ ။ သူ့ ဆီမှ ပစ်လွှတ် လိုက်သော မြားတစ်စင်း ကို အငြိအတွယ် မရှိအောင် ရှောင်တိမ်းသည် ။
“ ဘာလို့ မမှတ်မိရမှာ လဲ ၊ ငယ်သူငယ်ချင်းတွေ ပဲ မဟုတ်လား ” တဲ့ ။
ခက်ရပါပြီကော ။ စည်းသုံးတန် တား ထားသည် ကို ဖောက်၍ ချွတ်နင်းဝင်ရောက်ဖို့ ဟန်ပြင်ပေမယ့် စကား အလိမ္မာ ဖြင့် ရှောင်ဖယ်တာ ကို တွေ့ရပြန်တော့ စိတ်မောလက်မော ဖြစ်သွားရလေ၏ ။ “ မောင် ကြံရွယ် သည့် စံပယ်ကုံး မင်းဘယ်သို့တုံး ” ဟူ၍ သာ မေးရမယ့်နှယ် ။ ထိုအခိုက် “ ဟေး မခင်ဝိုင်း တို့ ရေ ရထားနဲ့ ပါလား ” ဆိုသည့် အော်ခေါ်သံ ကြားလိုက်တာကြောင့် စိတ် အနှောင့်အယှက် ဖြစ်သွားရသည် ။ မခင်ဝိုင်း နှင့် အတူ ပါလာသည့် အဖော် က “ ဒီမှာ ဟေ့ ၊ ဒီမှာ ရှိတယ် ” ဟု အသံ ပြုလိုက်သည် ။ သူကတော့ ထိုအရာတွေ ကို သတိပြုနိုင်စွမ်း မရှိတော့ပါ ။ ပြောချင် သည့် စကားတွေက ရင်နှင့် အမျှ ။
“ ကျွန်တော့် ကို သူငယ်ချင်း အဆင့်ထက် မပိုတော့ဘူးလားဗျာ ” ဟူသည့် စကားတွေ က ပွင့်အန် ထွက်လာခဲ့ရသည် ။ လာရောက် ကြိုသူများ က သူတို့ နှင့် တဖြည်းဖြည်း နီးကပ် လာသည် ။ နှစ်ခဲထိုး လက်နှိပ်ဓာတ်မီး ခေါင်း ကို လက်ဖဝါး ခံပြီး အလင်း ထွက်အောင် တဆတ်ဆတ် ထုနေရာမှ မခင်ဝိုင်း မသိမသာလေး စောင်းငဲ့ ကြည့်လိုက်သည် ။ ဒါပေမဲ့ အဲဒီ ညက သူ လိုချင်သည့် အဖြေ ကိုတော့ မရခဲ့ ။
ရွာ တောင်ဘက်ပိုင်း မှ အသံချဲ့စက်သီချင်းသံ က ညဉ့်လေအေးနှင့် အတူ လွင့်မျောလာသည် ။ ရေမြေတောတောင်ဆုံးစေ ကမ္ဘာမြေအနှံ့ ခြေ ဆန့်ကာ ချစ်သူပျောက်ကို ရှာဖွေ နေသည့် သီချင်းဖြစ်သည် ။ ကံကြမ္မာ အလှည့်ပေး မှ သာ ချစ်သူတို့ ပြန်လည် ဆုံဆည်းနိုင်ဖွယ်ရှိပါသည် ။ နှစ်ကိုယ်တူ နီးဖို့ အရေး က မျှော်လင့်စိတ်ကူး သလို လွယ်ကူချောမွေ့နိုင်ပါမည်လား ။ သူ မတွေးတတ် တော့ပြီ ။ ယခုတော့ လည်း ညတို့ သည် လျင်မြန်စွာ ကုန်ဆုံးသွားဖို့ ခက်ခဲလှချည့် ။ ခရီး က ပြန်လာမည့် မခင်ဝိုင်း ကို မျှော်သည် ။ တစ်ခါတလေ ရထား အဝင် နောက်ကျ တာကြောင့် ရွာ ကို မပြန်တော့ဘဲ နွားမောင် တို့ အိမ် တစ်ညတာ အိပ်နားသည့် အခါ ပျော်လိုက်ရသည့် ဖြစ်ခြင်း ။ ချစ်သူ မျက်နှာ လဝန်းပမာ ဆိုသည့် အတိုင်း မြင်တွေ့ရ တော့လည်း ရင်အေး သွားရပါ ဘိသည် ။ ဆောင်းရက်များ က ကုန်ဆုံးသွား သော်လည်း အအေးဓာတ် က လွင့်ပြယ် မသွားနိုင်သေး ။ လဝန်း က ကောင်းကင် မှာ ရွှန်းရွှန်းမြမြ သာလျက် ရှိသည် ။ အဲသည် လို ညတွေ က ရှားတောင့် ရှားပါး ရှိပေမယ့် ပျော်စရာ လွမ်းစရာ ကောင်းသည် ။ လူတစ်ရပ် သာသာ ခြေတံရှည်အိမ်မြင့် က အဖီ ချထားသည့် သက်ငယ်မိုးအောက် ဝရံတာမှာ ထိုင်ရင်း နွားမောင် တို့ နှင့် အတူ စကားလက်ဆုံ ပြောခဲ့ကြသည် ။ သူတို့ အနီး သို့ မခင်ဝိုင်း ရောက်လာသည့် အခါ ည မိုးချုပ်သည့် တိုင် မင့် မောင်ကြီး မပြန်နိုင် ဖြစ်ရသည် ။ မြို့ မှာ အနေကြာ သွားတာကြောင့် မြို့ကြီးသား ဟန်ပန် အမူအရာများ က သူ့ ကိုယ် ပေါ်မှာ လွှမ်းမိုး ၍ နေချပြီ ။ ငယ်ငယ်တုန်း က နှင့် မတူ ။ ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက် နှုတ်ရေးကြွယ်လျက် ။ ပြောစရာ အကြောင်းတွေ ကလည်း များ မှ များ ။ နွားမောင် ခမျာတော့ သူ့ စကား ထဲမှာ နစ်မျောရင်း ပါးစပ်ဟောင်းလောင်း ပွင့်နေရှာသည် ။ သူ ကလည်း ပီယဝါစာဖြင့် စကားပြောကလည်း ကောင်းသည် ကိုး ။ ထူးခြားအံ့ဩစရာတွေ ကို နားထောင်သူ စိတ်ဝင်စား အောင် ဆွဲဆောင်နိုင်သည့် အတတ်ပညာတွေ ကို ဘယ်က ဘယ်လို ရခဲ့လေသနည်း ။
စကား ပြောနေရင်း ဖလန်နယ်အနွေးထည်လေး ဝတ်ကာ ကျုံ့ကျုံ့လေး ထိုင်နေသည့် မခင်ဝိုင်း ဆီ သို့ မျက်လုံး အကြည့်တွေ က ရစ်ဝဲ နေလျက် ။ တစ်ခါတစ်ခါတော့ လည်း သတိလက်လွတ် ဖြစ်ရင်း ငေးမောမိလျက် ။ မခင်ဝိုင်း က စကား နည်းသည် ။ ပြောမှ မေးမှ တုံ့ပြန် စကားဆိုသည် ။ ဒါပေမဲ့ သူ့ ကို မျက်လွှာ ပင့်ကာ ကြည့်လိုက် ပြန်တော့ ရင်ထဲ နွေး ထွေးသွားရင်း ကြားလိုလှသည့် စကား ရဲ့ အရိပ်သဏ္ဌာန် ကို ရှာဖွေတွေ့ ရှိလိုက်သည် ။
“ ဟေ့ကောင် ... ရေချမ်း... မင်းတို့ မန္တလေးသူတွေ က လှဆို ။ မင်း မှာ ရည်းစားများ မရခဲ့ဘူးလား ”
နွားမောင် က ရိုးရိုးသားသား မေး လိုက်ပေမယ့် သူ့ အတွက်တော့ မမျှော်လင့်ဘဲ အခွင့်အရေး တစ်ခု ရလိုက်သည့် နှယ် ။ အသံ ထွက်အောင် ရယ်မိလိုက်သည် ။
“ လှ မလှ မသိပါဘူးကွ ၊ တစ်ယောက် မှ လည်း စိတ်မဝင်စားဘူး ။ ငါ့ ရင် ထဲ မှာ သူတို့ အတွက် နေရာမ ရှိဘူးကွ ဟဲ ဟဲ ” ဟု ရယ်ရယ်မောမောဖြင့် ပခုံးတွန့်လိုက်ရင်း ပျာပျာသလဲ ငြင်းဆန် ပြလိုက်သည် ။ အသာအသာ အိမ်ရိပ်ကို နင်း လို့ မင်းက ဘယ်က လာ ဟူသည့် သီ ချင်းလေး ကိုပင် ဆိုပြ လိုက်ချင်သေးသည် ။ သူ့ စကားတွေ က ဘယ်ဆီကို ရည်ရွယ်၍ တမင်တကာ ငြင်းပြလေမှန်း သိသာလှသည် ။ နှုတ်ခမ်း ထောင့်စွန့်လေးတွေ က ကွေးညွတ်သွားကာ မခင်ဝိုင်း က ပြုံးရယ်လိုက် သည် ကို တွေ့ရသည် ။ ထို့နောက် စိတ်မဝင်စား ဟန် ပြုကာ ရွာလမ်းမ ဆီ သို့ ငေးမော ကြည့်နေသည် ။ ညအခါ လသာသာ လမင်း နှင့် အပြိုင် ပြုံးရယ် နေသည့် ချစ်သူမျက်နှာ ။
တွေ့ကြဆုံကြ လှသော ည တွေက ကုန်လွယ်လှသည် ကော ။ သူ့ အတွက်တော့ အမှတ်တရ ညတွေက များ သည် ။ ဒါပေမဲ့ ရင်ခုန်လှုပ်ရှားရ ဆုံး ထို တစ်ည ကိုတော့ တွေးမိလေတိုင်း အသက်ရှူ မှားကာ ဇောချွေးများ ပင် စို့တက်သွားခဲ့ရသည် ။ အဲသည့် ည က နွားမောင် တစ်ယောက် အိမ်မှာ မရှိ ၊ တော ထဲ သို့ ထင်းခုတ် သွားသည် ။ ဝရန်တာ မှာ သူ တို့ နှစ်ယောက်တည်း ။
“ မိုးချုပ်လှပြီ ။ ပြန်တော့နော် ”
လို့ တိုးတိုးလေး သတိပေး လိုက်၍ သာ အလိုက်တသိ ခေါင်းညိတ် ပြ လိုက်ရသည် ။ သည် သောင်ယံမှ မခွာနိုင်သေး ။ အိမ် အပြန်ခက်လှသည် ။ မခင်ဝိုင်း က အိမ်ဝင်း တံခါး အထိ လိုက်ပို့ ပေးသည် ။ အတွေး ကိုယ်စီဖြင့် လာကြရင်း နှစ်ယောက်သား စကား မဆိုမိကြ ။ ချစ်သူတို့ ချိန်းတဲ့ ည မဟုတ် သော်လည်း ရွှေလရောင် က မြူ မဖုံး ၊ တိမ်မကွယ် ဘဲ ထိန်ထိန် သာနေလျက် ရှိသည် ။ ကမ္ဘာ မြေပြင် တစ်ခွင်လုံး လှုပ်ရှားသံ မကြားရ လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည် ။ ည က လှသည် ။ ည၏ ပန်းရနံ့တွေ က လည်း မွှေးမြမြ ။ ဝင်းတံခါး ဖွင့်ဖို့ ဟန်ပြင် နေသည့် မခင်ဝိုင်း အနီးသို့ အမှတ်မထင် တိုးကပ် သွားခဲ့သည် ။ ထို့နောက် လေသံသဲ့သဲ့ လေးဖြင့် ခေါ်လိုက်သည် ။ အသက်ရှူသံ မျှဉ်းမျှဉ်း ကို ကြားရသည် ။ သူ့ ရင်ထဲ မှာ လည်း နှလုံးခုန်သံများ မြည်ဟည်းတုန်ခါနေလျက် ။ အထိတ်တလန့် နှင့် ကြည့်နေသော မျက်လုံးဝိုင်းကြီးများ ကို ရင်ဆိုင် လိုက်ရသော အခါ စိတ်အာရုံများကို ချုပ်တည်း နိုင်စွမ်း မရှိတော့ ။ မမျှော်လင့်ဘဲ ခန္ဓာကိုယ်လေး ကို ဆွဲယူ ထွေးပွေ့ လိုက်မိတော့သည် ။
“ အို ကိုရေချမ်း ”
မခင်ဝိုင်း သည် သူ့ ရင်ခွင် ထဲ သို့ ရောက်လာသည် ။ ပူနွေးနူးညံ့နေသည့် ခန္ဓာကိုယ်လေး က တုန်ရီ နေလျက် ။ သူ က စကားတွေ ကို တရစပ် ပြောသည် ။ ထို့နောက် နုညက်နေသည့် ပါးပြင်လေး ကို အထပ်ထပ်အခါခါ နမ်းရှိုက်သည် ။ လည်တိုင်ကြော့ကြော့လေး မှာ လည်း အနမ်းတွေ နေရာများစွာ ။ တင်းတင်းကျပ်ကျပ်ဖက်ထားရင်း သူ့ အနမ်း တွေက ကြမ်းတမ်းချင်လာခဲ့သည် ။ သူ့ တစ်ကိုယ်လုံး ပေါက်ကွဲလွင့်စဉ် ကာ ဟင်းလင်းပြင်ထဲ ရောက်နေ ရ သလိုလို ၊ အေးမြနေသည့် လရောင် ထဲ မှာ နှစ်ဦးသား လွင့်မျော နေလျက် ။ မခင်ဝိုင်း သည် ရုန်းထွက်ဖို့ ကြိုး စားရင်း သူ့ ရင်ခွင်ထဲ မှာ ပျော့ခွေလဲ သွားရှာခဲ့သည် ။ “ ကိုရေချမ်း ရယ် ပြန်ပါတော့နော် ” သူ့ ရင်အုံ ကို မျက်နှာ ဝှက်ရင်း အထိတ်တလန့် ဖြင့် ပြော ရှာသည် ။ ဘဇာမျှ သူ မသိ ။ ကြား လည်း မကြားမိ ။ စောင့်ဆိုင်းခဲ့ရသည့် ညများ အတွက် သမုဒယနယ် မှာ ခိုနားလိုက်ချင်သည် ။ တစ်ခဏတာ မျှ မိန်းမော နေကြပြီး ပူးကပ်နေသည့် ခန္ဓာကိုယ် နှစ်ခု ရုန်းခွာ လိုက်ကြသည် ။ သူ့ ရှပ်အင်္ကျီ မှာ တော့ မျက်ရည်များ က ရွှဲစိုနေလျက် ။ အိမ် ဆီ သို့ ပြေးထွက် သွားသည့် မခင်ဝိုင်း ကို ငေးငိုင်ကာ ကြည့်နေမိသည် ။ အာစေး ထည့်ထား သလို စကား တစ်ခွန်းမျှ မပြောနိုင် ။ ဝင်းတံခါးဝ မှာ ကျောက်ရုပ်ကြီး တစ်ရုပ် ချထားသည့် ပမာ ခပ်တောင့်တောင့်ကြီး ရပ် နေဆဲ ။ ညဉ့်လွှာရုံ ကို ထိုးဖောက်၍ စူးစူးနစ်နစ် ဆွဲငင်လိုက်သည့် မီးရထားဥသြသံကြောင့် အိပ်မက် ထဲမှ လန့်နိုး သွားခဲ့ရသည် ။ သူ သည် အယောင်ယောင် အမှားမှားနှင့် စိုရွှဲအေးစက် နေသည့် ရင်အုံနေရာ ကို လက်ဖဝါး ဖြင့် ထိကပ် ထားလိုက်သည် ။ အဆုတ် ထဲ မှာ လေမကျန်လိုက် သလို မွန်းကျပ်တစ်ဆို့ ၍ အသက်ရှူ မှားသွားခဲ့ ။ မျက်ရည်တွေ မျက်ရည်တွေ ။ ဪ အခုတော့လည်း သည် မျက်ရည်တွေ က နှလုံးအိမ် တစ်ခုလုံး ကို ပိတ်ဖုံး သွားခဲ့လေပြီကော ။
ပျော်ခဲ့ရသည် က တစ်ခဏ တာ ။ စိတ်မောလူမော ဖြစ်ရသည် က ကာလ မည်မျှကြာရှည် လေမည် မသိ ။ အလင်း ပြီးတော့ အမှောင် ။ အမှောင်ဆုံး တော့ အလင်း ။ တစ်ပြန် တစ်လှည့်စီ နှင့် လမိုက်ညများ သို့ ရောက်ခဲ့ရ ပြန်လေပြီ ။ ကြယ်ပွင့်လေးများ က အနက်ရောင် ကတ္တီပါစ ပေါ် မှာ စိန်ပွင့်လေးများ ဖြန့်ကြဲထားသည့် ပမာ တဖျပ်ဖျပ်နှင့် လင်းလင်းလက်လက် ။ ဘူတာရုံ ဆီမှ ထွက်ခွာ လာသည့် မီးရထားကြီး ကို အဝေးဆီ မှ လှမ်းမျှော် ငေးကြည့်မိသည် ။ မီးရထားကြီး သည် အရှိန် ကို မြှင့်တင်၍ အမှောင်ထု ထဲသို့ တိုးဝင် ခုတ်မောင်း လျက် ရှိသည် ။ သံလမ်း ပေါ်မှာ တော့ မီးရထားတွေ က အထက်အောက် စုန်ဆန်ကာ တစ်စီး ပြီး တစ်စီး ခုတ် မောင်းနေကြ စမြဲ ။ သည်လိုနှင့် ညတွေ ကလည်း တစ်ည ပြီး တစ်ည ကုန်ဆုံး သွားခဲ့သည် ။ စိတ်ရှုပ်ထွေး နေတာကြောင့် နေ့စဉ် သွားနေကျ ဘူတာရုံလေး ဆီသို့ ခြေဦး မလှည့်ဖြစ်တာ ကြာလေပြီ ။ ထို့အတူ နွားမောင် တို့ အိမ် ကို လည်း မရောက်ဖြစ်ခဲ့ ။ ယခုအချိန် မှာ မခင်ဝိုင်း တစ်ယောက် ဘယ်ဆီ မှာ ရှိနေမည်လဲ ။ သူ တွေးဆ မရနိုင် ။ တွေ့ချင်မြင်ချင် မိပေမယ့် အပြစ် တစ်ခု လို ခံစား နေရ၍ ဤခရီး နီးပါလျက် သွားရမှာ မဝံ့မရဲဖြစ် နေရပါ၏ ။
အမေ က ငြိမ်ချက်သား ကောင်းနေသည့် သူ့ ကို ကြည့်ကာ အံ့ဩ နေဟန် ရှိသည် ။ အကျိုးအကြောင်း တစ်ခွန်းမျှ မမေး ။ မသိမသာ အကဲခတ် လျက်ရှိသည် ။ မူပျက် နေသည့် ကိုယ့် အခြေအနေ ကိုလည်း သတိ မထား ခဲ့ ။ ငူလျက် ၊ ငိုင်လျက် ၊ ငေးလျက် ၊ တွေးလျက် ၊ စိတ်အာရုံ ထဲ မှာ မခင်ဝိုင်း ရှိသည် ။ အိပ်မက် ထဲမှာ လည်း တွေ့ရသည် ။ ဪ ခက်ရများ ခက်ရပါတော့သည် ။ တကယ်တော့ အမေ သည် နှုတ်မှ မဖွင့်မဟ မမေး သော်ငြားလည်း အနည်းအကျဉ်း တော့ သတိထား ရိပ်စားမိသည် ။ သူ သည် အမေ ရဲ့ တစ်ဦးတည်း သော သား ပဲ မဟုတ်လား ။ အမေ့ မေတ္တာများ သည် သူ့ အတွက် ချည်းသာ ။ သူ သည် အဖေ နှင့် အမေ ၏ မျှော်လင့်ချက်ဖြစ်သည် ။ အဲသည့် အခါ ကျတော့ လည်း အမေ့ ဆီမှ မျှော်လင့်မထားသည့် စကား ကို ကြားခဲ့ရ ချေသည် ။
“ နောက်နှစ် ရောက်ရင် မင်း အဖေလည်း ပင်စင် ယူတော့မယ် သား ရဲ့ ။ ၁၀ တန်း အောင်စာရင်း ထွက်ရင် သား လည်း တက္ကသိုလ် တက်ရတော့ မှာ ဆိုတော့ မန္တလေး ကို ပြန်ပြီး နေကြတော့မယ် ။ သား သဘောကျရဲ့ နော် ”
သူ က အမေ့ ကို စကား တစ်ခွန်းမျှ မပြောမိဘဲ ခပ်မဆိတ် နေလိုက်ခဲ့သည် ။ အမေ သည် မိသားစု အတွင်းရေး ကို သူ့ အား အသိ ပေးနေခြင်း မဟုတ် ။ သတိ ပေး နေသည် မှန်း နားလည် လိုက်သည် ။ အဖေ ပင်စင်ယူပြီး မိသားစု သုံးယောက်စလုံး မန္တလေး မှာ ပြောင်းရွှေ့ ပေမယ့် နေရေးထိုင်ရေး အတွက် မခက်ခဲလှ ။ အမေ့ ဘက် က အမွေ ရသည့် ။ အိမ် ကို အိမ်ငှား တင်ထား၍ မန္တလေး ရောက်လျှင် အိမ်စပေါ်ငွေ ပြန်အမ်း ပြီး ကိုယ့် အိမ် ကိုယ် ပြန်နေလိုက်ရုံသာ ။ အမေ သည် သူ့ ဘဝ တစ်လျှောက် လုံး အဖေ ပြောင်းရွှေ့ရာ နောက်သို့ တကောက်ကောက် လိုက်ကာ ပျော်ရာမှာ မနေ ၊ တော်ရာမှာ နေ ခဲ့ရပေမယ့် သား အရွယ် ရောက် လာချိန်မှာ တော့ ဆွေမျိုးသားချင်းတွေ ရှိနေသည့် မန္တလေး မှာ အခြေချဖို့ ဆုံးဖြတ် လိုက်လေပြီ ။ သည်တော့ သူ့ ကို ဘူတာစုရွာလေး တွင် သံယောဇဉ် အနှောင်အဖွဲ့ မရှိရလေအောင် စောစော ကတည်း က စကား ပရိယာယ် သုံး၍ ဟန့်တား နေခြင်း ဖြစ်သည် ။ စိတ်မော ရပါဘိသည် ။ မှန်းဆ မရနိုင်သည့် ရှေ့ရေးကို တွေးလိုက်မိသောအခါ ရင်တစ်ခုလုံး ဗလောင်ဆူ သွားခဲ့သည် ။ အနား မှာ မခင်ဝိုင်း မရှိခဲ့ဟု ဆိုလျှင် .. ခွဲခွာကြ တော့မည် ဟု ဆိုလျှင် စုံကန္တာ သည် ခရီး မှာ ဘယ်ထီး မှ မောင် မပါဘဲ တစ်ယောက်တည်း လျှောက်လှမ်းရမည့် အရေး ကို တွေးပင် မတွေးဝံ့မိလေခဲ့ ။
လဝန်း သည် အရှေ့ဘက် တောင်စဉ် တောင်တန်းတွေ ဆီမှ ထွက်ပြူလာသည့် တစ်ည တွင် နွားမောင် တို့ အိမ်သို့ မဝံ့မရဲ ရောက်ခဲ့ရပြန်ပါ၏ ။ စိတ်အားတင်း၍ လာသာ လာ လိုက်ရသော်လည်း ခြေလှမ်းတွေ က ယခင် က နှယ် သွက်သွက်လက်လက် မရှိခဲ့ ။ သူ့ ကို မြင်မြင်ချင်း နွားမောင် တစ်ယောက် မျက်လုံးမျက်ဆံတွေ ပြူးကျယ် သွားသည် ။
“ ရော် ရေချမ်းပါလား ။ ဘယ်ပျောက်နေတာလဲ မောင် ”
တအံ့တသြဖြင့် ဝမ်းသာအားရ အော် ပြောလိုက်သည့် အသံ ။
“ ဟုတ်ပါ့ဟယ် ၊ မောင်ရေချမ်း လည်း ပေါ်မလာတာ ကြာပြီကော ဥစ္စာ ။ ခရီး ထွက်နေလို့ လား ညယ် ”
နွားမောင် ရဲ့ အမေ က လည်း ထင်းခွဲ နေရင်း နှင့် လှမ်းမေးသည် ။ ကလေးတွေ က လည်း သူ့ အနီးသို့ ဝိုင်းအုံ လာကြသည် ။ သည်နှယ် ရိုးသားဖြူစင်သည့် သူငယ်ချင်း မိသားစု ကို ကြည့်ရင်း လိပ်ပြာ မလုံ ၊ အနေခက်သွားခဲ့သည် ။ အားလည်း အားနာသည် ။ မိတ်ကောင်းဆွေကောင်းတို့ ၏ နှလုံးသား သည် မေတ္တာစိတ် ဖြင့် သန့်စင်ကြည်လင် စမြဲ ။ အဲဒါကို သူ မေ့လျော့ နေခဲ့ပါ၏ ။
အစ တစ်ခဏ ၌ စကား ပြောရတာ ခပ်ရှိန်ရှိန် ဖြစ်နေပေမယ့် နောက် တော့လည်း ယခင်အတိုင်း ရင်းရင်းနှီးနှီး ရယ်ရယ်မောမော ဖြင့် လွတ်လပ်ပေါ့ပါး သွားခဲ့သည် ။ စကားအရှိန် ကောင်းနေဆဲမှာ ပင် အိမ်ခန်းထဲ မှ ထွက်လာသည့် မခင်ဝိုင်း အား မမျှော်လင့်ဘဲ တွေ့လိုက်ရ၍ ရုတ်တရက် အံ့သြမင်တက်မိသွားခဲ့သည် ။
“ ဌေးကြွယ် တို့ အလှူပွဲ ရှိလို့ လာတာ ဟ ။ မနက်ဖြန် အလှူ ဝင်လေ ”
ကြား က ဝင် ဖြေရှင်းချက် ပေးသည့် နွားမောင် စကား အဆုံးတွင် “ ဪ ” ဟု သာ ဆိုလိုက်ရသည် ။ အလွမ်းစိတ်တွေ အဖန်တလဲလဲ ခံ စားနေရတာကြောင့် တပြုံးပြုံး ထုနေသည့် ရွာထိပ် ဆီက ဗြောသံ ကို ပင် သတိ မပြုနိုင်ခဲ့လေပြီကော ။ တစ်ရွာ မှာ အလှူမင်္ဂလာပွဲ တစ်ခု ခု ရှိခဲ့လျှင် ကျန်သည့် ရွာတွေ က ညအိပ်ညနေ လာရောက် ဝိုင်းဝန်း ကူညီကြသည့် ဓလေ့ထုံးထမ်း ကို မေ့လျော့ နေမိခဲ့သည် ။ ဗြောသံ ဗြောသံ ။ ထိုထိုသော အသံ သည် သူ့ အတွက် မင်္ဂလာဗြောသံ ဖြစ်ပါက ကောင်းလေစွ ဟု မခင်ဝိုင်း ကို ကြည့်ကာ မဆီမဆိုင်စိတ်ကူးယဉ် လိုက်မိသေးသည် ။ ချစ်သူ ကို ငေးမိပြန်တော့ ပြောလက်စ စကားတွေက တုံ့နှေးသွားခဲ့သည် ။ နွားမောင် ပြောသမျှတွေကို အင်း ... အဲ လိုက်နေရ သော်လည်း သူ့ မျက်လုံးတွေ ကတော့ နယ်ကူး၍ တိတ်တခိုး အလည် ရောက်၍ သွားတတ်သည် ။ မတွေ့ရ မမြင်ရတာ ရက် အနည်းငယ် ကြာသွားသည့် တိုင် အရင် က နှယ် လှပနေဆဲ ။ ရွှန်းလဲ့လဲ့ မျက်ဝန်းများ ကလည်း သူ့ ကို ဖမ်းစားနေဆဲ ။ ဆန်းသစ်စ လရောင် ကို တိမ်ပုပ်မည်းတွေ က ဖုံးအုပ် သွား၍ အမှောင်ရိပ် ဆိုင်းသွားသည့် အခါတွင် စိတ်ထဲ မှာ မချင့်မရဲ ဖြစ်သွားခဲ့ရသည် ။
အိမ်ခေါင်းရင်း သစ်ပင်ထိပ် ဆီမှ တောင်ပံဖျန်းဖျန်း ရိုက်ရင်း ကြက် တွန်သံ ကြားရတော့မှ အိမ် ပြန်ဖို့ သတိရတော့သည် ။ မခင်ဝိုင်း နှင့် အတူ အိမ်ရှေ့ ဝင်းတံခါး ဆီသို့ တိတ်ဆိတ်စွာ လျှောက်လာခဲ့ ကြသည် ။ နွေ ရောက် လာပြီဖြစ်၍ နှင်းတို့ လည်း လွင့်ပြယ် သွားခဲ့လေပြီ ။ ညဉ့်လေပြည် တစ်ချက် သုတ်လိုက်သောအခါ ပန်းနွယ် ပန်းခက်လေးတွေ ကလည်း လေယူရာတိမ်း၍ ယိမ်းချင် နွဲ့ချင်ကြသည် ။ တံခါးချက် ကို ဖြုတ်လိုက်ရင်း မခင်ဝိုင်း က ကိုရေချမ်း ဟု ခေါ်လိုက်လေ၏ ။ သူ့ခမျာ လည်း ထိတ်ခနဲ ဖြစ်သွားရင်း လှည့်ကြည့် လိုက်မိပါ၏ ။ တစ်ည က မြင်ကွင်းကို တွေးမိပြန်တော့ အပြစ် ရှိ၍ ဆရာရှေ့မှောက် ရောက်နေရသည့် တပည့်ငယ် ပမာ လက်ညိုးငေါက်ငေါက် ထိုး၍ ပြစ်တင် စကား ပြောလျှင် လည်း ခေါင်းငုံ့ကာ နာယူပါမည် ။ ဆိုသမျှ ပြောသမျှတွေ အားလုံး မေတ္တာစိတ်ဖြင့် သာ လွှမ်းခြုံစေခဲ့ပါသည် ။ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ မုန်းစကား ဆိုမှာ ကိုပဲ ကြောက်လှသည် ။ မခင်ဝိုင်း က တော့ စိတ်အနေ မမှန် ၊ ကယောင်ကတမ်း ဖြစ်နေရှာသည့် သူ့ ကို သတိထားမိဟန် မရှိ ။ မျက်လွှာ ချ ကာ ရှေ့တူရှု သို့ ငေးစိုက်ကြည့်နေရင်း “ မနက်ဖြန် နေ့ခင်းမှာ အားရင် အိမ် ခဏလောက် လာခဲ့ပါလား ” ဟု တည်တည်ငြိမ်ငြိမ် ပြော လိုက်လေသည် ။ အစဉ်းစားရ ခက်လှပါ၏ ။ မနက်ဖြန် အတွက် ကံကြမ္မာသည် အကောင်းလော ၊ အဆိုးလော ။ အဲသည့် ည က အတွေးများ ဖြင့် လုံးထွေးရစ်ပတ်ကာ တစ်ညလုံး အိပ်လို့ မပျော်တော့ပါ ။ မနက်ဖြန် အတွက် ကိုပဲ စိ တ်စော နေမိသည် ။ မျှော်လင့်သလို ဖြစ်မှာ လား ၊ သို့မဟုတ် ဆန့်ကျင်ဘက်လေလား ။ သက်ပြင်း အခါခါ ချရသည် ။ အိပ် မပျော်၍ လူးလိမ့် နေရင်း
လက်ဝဲ နံစောင်း သို့ ပြောင်းသည် ။ မခင်ဝိုင်း ကို တွေ့ရသည် အတန်ကြာတော့ လက်ယာဘက် သို့ လှည့်လိုက်ပြန်သည် ။ အတွေးတွေ ထဲ မှာ သူ့ ရုပ်ပုံလွှာက လွင့်ပြယ် မသွား ။ အသိစိတ် ထဲမှာ လည်း စိုးရိမ်ပူပန်မှုတွေ က တစိမ့်စိမ့်တိုးဝင်လျက်ရှိသည် ။ ကြယ်များ ပျောက်ကွယ်၍ သန့်စင်ကြည်လင်သည့် အရုဏ်ဦး နံနက်ခင်း က အိပ်ခန်း ထဲသို့ တိုးဝင် လာသည့် တိုင် စိတ်အမောမပြေ ။
နွေဦးကာလ ၏ နေ့လယ်ခင်း ။ ကောင်းကင် မှာ တိမ်စိုင်တိမ်လိပ်တွေ ပြန့်ကျဲနေ၍ နေရှိန် က ပူပြင်းခြင်း မရှိလှ ။ သစ်ရွက်ကြွေသည့် တောအုပ် ဆီ မှ ဥသြငှက် တေးဆိုသံ က လွင့်မျော လာခဲ့သည် ။ လေတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း သစ်ရွက်တွေ ကြွေကျသွားကြသည် ။ ရွက်ဟောင်းတို့ နေရာတွင် ရွက်နုတွေ ထွက်လာ၍ ရော်ရွက်ဝါ အချို့ကတော့ မြေပြင် မှာ မသက်ဆင်းနိုင်သေးဘဲ ပင်အို မှာ တွဲလဲ ခိုင်မာနေဆဲ ။ ပုရစ်ဖူးတို့ ပြေ၍ မြူဝန်းတို့ ရစ်သိုင်းကာ မြရောင် ရွှေရောင်ယှက် နေသည့် သည် နွေ ။ ချစ်သူ အိမ် ဆီသို့ စိုးတထိတ်ထိတ်လေး လာနေရသော သူ့ ကို စံပယ်ပွင့်လေး များ က တိတ်တခိုး ကြည့် နေကြသည် ။ အိမ်ထောင့်ရှိ ကက္ကိုပင်ရိပ် အောက်က ခုံတန်းရှည်လေး မှာ ထိုင်ရင်း မခင်ဝိုင်း က သူ့ ကို စောင့်ကြိုနေပါ ၏ ။ နွားမောင် တို့ မိသားစု အားလုံး မြေပဲ ချဖို့ အတွက် လယ်တဲ မှာ ရောက်နေကြသည် ။ အိမ် မှာ သူတို့ နှစ်ယောက်တည်း သာ ။
“ စောစောလေး က မှ ကျွန်မ လည်း အလှူ က ပြန် ရောက်လာတာ ။ တစ်အိမ်လုံး ဘယ်သူမှ မရှိကြတော့ ကိုရေချမ်း ကြိုရောက်နှင့် ရင် လွဲသွား မှာ စိုးလို့ တောင် စိတ်ပူရသေးတယ် ”
သစ်ရိပ် ထဲ သို့ လျှောက်လာသည့် သူ့ ကို အမောပြေ စကား ဆိုသည် ။ နေ့လယ်ခင်း ဖြစ် သော်လည်း တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ။ ကျေးလက်တောရွာတို့ ၏ ဓလေ့အတိုင်း မနက်လင်း သည် နှင့် လယ်တဲတောထဲ သွားကြတာကြောင့် ကျီးစောင့်ကြက်နှင် သက်ကြီးရွယ်အို အချို့သာ အိမ်စောင့် အဖြစ် ကျန်ရစ်လေ့ရှိသည် ။ ယခုလည်း မနက်ပိုင်း အ လှူဝင်ပြီးနောက် လုပ်ငန်းခွင် သို့ ခရီးဆက်ကြရသည် ။ ထိုအခါ အိမ်ဝိုင်း ကျယ်ကျယ်ထဲမှ ခြေတံရှည် သက်ငယ်မိုးအိမ်လေး တော်တော် များများမှာ ပူပြင်းခြောက်သွေ့ နွေကာလ တွင် အသက်ဝိညာဉ် ကင်းမဲ့သ လို လှုပ်ရှားမှုကင်းမဲ့လျက် နေဝင်ချိန် သခင် လာရာလမ်း ဆီသို့ ငေးမျှော် နေကြလေ့ရှိစမြဲ ။ နွားမောင် တို့ အိမ်ဝိုင်း က ကျယ်သည် ။ အိမ်ဝင်း ပတ်ပတ်လည်မှာ လည်း သီးပင်စားပင်တွေ နှင့် ငှက်ပျောပင်တွေ ချထား၍ နွေ ကာလ ရောက်သည့် တိုင် သစ်ရိပ်ဝေဆာ၍ အေးမြလျက်ရှိသည် ။ သူ က နေရာကွက်လပ် မရှိအောင် စီတန်း ပေါက်နေကြသည့် အိမ်ခြံစည်း ကို အမှတ်မထင် ကြည့်လိုက်မိသည် ။ အုံ့ဆိုင်း နေကြသည့် သစ်ရိပ်များကြောင့် လည်း တစ်အိမ် တစ်အိမ် အလွယ်တကူ လှမ်းမြင်ဖို့ ခက်ခဲသည် ။ ထိုသော အခါတွင် မခင်ဝိုင်း အနီး သို့ ပူးကပ် နေလိုက်ချင်သည့် စိတ်ဆန္ဒ က မရိုးမရွ တိုးဆွ လာခဲ့စေသည် ။ တောအရပ် တောဒေသ ဆိုတာ မြို့ လို မဟုတ် ၊ အနေအထိုင် အပြောအဆို က အစ ကဲ့ရဲ့ စရာ မဖြစ်အောင် သတိ ထားဆင်ခြင်ရသည် ။ သမီးရည်းစား ဖြစ်ခဲ့ကြ ပေမယ့် မမြင်ကွယ်ရာ မ ဟုတ်ခဲ့လျှင် ပဝါတစ်ကမ်း လက်တစ်ကမ်း အကွာတွင် နေကြရလေ့ ရှိစမြဲ ။ အဲသည့် အတွေးတွေ ကြောင့် သူ့ ခြေလှမ်းတွေ က တွန့်ဆုတ် သွားခဲ့သည် ။ အလှသွေး ကြွယ်သည့် ပန်းပွင့်ကလေး အနီးမှာ ခို နားစရာ ရှာရင်း တဝဲဝဲရယ် တဲ့ တလယ်လယ် ဖြစ်နေသည့် လိပ်ပြာလေး ပမာ အကြံရ ခက်နေပါဘိတော့သည် ။ ခြေစုံရပ်ကာ တွေနေသည့် သူ့ အခက်အခဲကို သတိထားမိရှာသည် ထင့် ။ မသိမသာ ပြုံးယောင်သန်း သွား ခဲ့ရင်း အနား မှာ ရှိနေသည့် ကြိမ်ဆွဲခြင်းလေး ကို အောက်သို့ ချလိုက်ကာ ခုံ ထောင့်စွန်း ဆီသို့ နေရာ ရွှေ့ ပေးလိုက်သည် ။
ကိန္နရီ ကိန္နရာ မောင်နှံ ပမာ ချစ်သူတို့ ကြား တစ်ဆံခြည်မျှ ဝေးသည် ကိုပင် မြစ်များ ၊ ချောင်းများ ကာဆီး ထားသလို ခံစားနေရပါ၏ ။ သနပ်ခါးရနံ့လေး က သူ့ ဆီ သို့ တိုးဝှေ့နမ်းရှိုက် သွားခဲ့သည် ။ အလှူ က ပြ န်လာခဲ့သည် မို့ မှုန်နံ့သာ ခြယ်ကာသသည့် မျက်နှာလေး ကို ငေးမောကြည့်နေမိသည် ။ ကြည့်မဝ ရှုမဝ ကြည့်တိုင်းလှ ။ မလှမ်းမကမ်း မှာ ရှိနေ သည့် ကျားဘို ကတော့ သူ့ အဖြစ်ကို မသိနိုင် ။ စပါး ထည့်ထားသည့် ပုတ် အောက် ကို ထွက်ပြေး သွားသော ကြွက် ကိုသာ သဲသဲမဲမဲ ချောင်းနေလျ က်ရှိသည် ။ နွေလေရူး တစ်ချက် ဝှေ့ယမ်း သွားသည် နှင့် ကုက္ကိုရွက်ဖတ် များက တသောသော ကြွေကျ သွားသည် ။ ခပ်လှမ်းလှမ်းက ပိန္နဲပင် ပေါ် မှာ တော့ ပုတ်သင်ညို တစ်ကောင် ။ ကျောကုန်း နှင့် ခေါင်းတစ်လျှောက်မှာ စိမ်းပြာပြာအရောင်စွန်းနေသည့် ပုတ်သင်ညို သည် ပင်စည်ကို ဖက်တွယ်ကာ ခေါင်းတမော့မော့ ဖြင့် ငြိမ်သက်၍ နေသည် ။ ငယ်ငယ်တုန်းကတော့ ထိုသတ္တဝါလေးကို တွေ့ လေတိုင်း “ ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိတ် ခေါင်းညိတ် ” လို့ ဘာမှန်း မသိ အော်ခဲ့ကြ သည် ။ ယခုတော့ တစ်ချိန်ကလို ပျော်ပျော်ရွှင်ရွှင် မရှိနိုင်ခဲ့တော့ ။ သူ ကိုယ်တိုင် ပုတ်သင်ညို ဖြစ်နေခဲ့ရပါပြီကော ။
တစ်သက် တစ်ဘဝ ရဲ့ အချစ် ဆိုတာ မခင်ဝိုင်း နားလည်စေချင်ပါသည် ။ ကြိုက်မိပြန်တော့လည်း ချစ်သူ ရှိရာ ဆီသို့ စိုက်စိုက်လာခဲ့မိသည် ။ နီးဖို့ ရာအချိန်ကာလ ကိုလည်း မျှော်မှန်း မိခဲ့သည် ။ လိုချင်သည့် အဖြေ ကိုလည်း စောင့်စားခဲ့ရသည် ။ သို့စဉ်လျက် မခင်ဝိုင်း သည် အဘယ်သို့ကြောင့် မသိကျိုးကျွန် ပြုနေရပါသနည်း ။
“ မနေ့က ကိုရေချမ်း ကို မှာ လိုက်ရတာက အရေးတကြီး ကိစ္စကြောင့် တော့ မဟုတ်ပါဘူး ။ လက်ဆောင်လေး တစ်ခု ပေးချင်လို့ ပါ ”
မထင်မှတ်သည့် စကား ပြောလိုက်သဖြင့် အံ့အားတသင့် ဖြစ်သွားခဲ့ သည် ။ ရုတ်တရက်မို့ ဘာပြန်ပြောရမှန်းမသိ ။ ကြားလိုလှသည့် စကား ကို မျှော်လင့်မိခဲ့သော်လည်း မျှော်သူ သာ ပင်ပန်း နေရလေပြီ ။ စိတ်ပျက် နွမ်းနယ်မှုတွေ က သူ့ မျက်နှာမှာ အထင်းသား ပေါ်လွင်နေလျက်ရှိသည် ။
“ ဟိုတစ်လော က ကသာ ကို ရောက်တော့ ကိုရေချမ်း ကို သတိရတာနဲ့ ပုဆိုးလေး တစ်ထည် ဝယ်လာခဲ့တယ် ။ ဘာရယ် မဟုတ်ပါဘူး ၊ အမှတ်တရ ပေါ့ ။ ကိုရေချမ်း ရယ် .... ”
မခင်ဝိုင်း က သူ့ အဖြစ်ကို သတိပြုမိဟန် မရှိဘဲ မြေပြင် မှာ ရှိနေသည့် ခြင်းတောင်း ထဲ က စက္ကူအိတ်လေး တစ်လုံး ကို လှမ်းယူလိုက်သည် ။ ခပ် ငေးငေး ကြည့်နေရာမှ အဝါခြောက် ထဲ မှာ ခရမ်း ဖောက်ထားသည့် လုံချည်လေး ကို တွေ့လိုက်ရ သောအခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ။ နည်းနည်းတော့ ထူးဆန်းသည် ။ စိတ်မောလက်မော ဖြင့် အလိုမကျခဲ့ သော်လည်း ရှုပ်ထွေးနေသည့် စိတ်အာရုံတွေ က လွင့်ပျောက်သွားပြီး အားတုံ့အားနာ စိတ်တွေက လျှပ်တစ်ပြက် ဝင်ရောက် လာခဲ့သည် ။ အဲဒါ က အချစ် ဆိုသည့် အရာ မှာ ရစ်နှောင် ထားသည့် အမျှင်အတန်း ဖြစ်သည်လား ၊ သူ မသိ ။ တကယ်တော့ အချစ် ဆိုသည် မှာ ရယူခြင်း မဟုတ် ၊ ပိုင်ဆိုင်ခြင်း မဟုတ် ၊ ပေးဆပ်ခြင်း မဟုတ် ၊ ညီမျှစွာ ပေါင်းစည်းထားခြင်း ပင် ဖြစ်သည် ။ မခင်ဝိုင်း ရဲ့ ပင်ပန်းဆင်းရဲမှု ကို မြင်တွေ့ရသည့် ဘဝ အမောတွေ ကြားမှာ တွန်းထိုးရုန်းကန်နေရသည့် မိန်းမသား တစ်ဦး ဆီမှ ချစ်ခြင်း ကို သာ တောင့်တသည် ။ တခြား ဘယ်အရာမျှ တမ်းတမှု မရှိခဲ့ ။ သည် တော့ အမှတ်တရ လက်ဆောင် ကို လက်ခံလိုက်ခဲ့လျှင် သူ့ နှလုံးသားသည် စိုးရွံ့စိတ်များ ဖြင့် ပူလောင် နေပါလိမ့်မည် ။ သည့် အတွက် မခင်ဝိုင်း နားလည်နိုင်မည် ဟု မျှော်လင့်မိသည် ။ သူ က ငေးငိုင်နေရင်း တိတ်တခိုး သက်ပြင်းရှိုက်ထုတ်လိုက်စဉ်မှာ ပင် အမှတ်မထင် အမေ့ ကို သတိရ လိုက်မိသည် ။ အမေ သည် ယခုထိ တိုင် သူ့ ကို ကလေးငယ် တစ်ဦး လို ထင်မှတ်နေဆဲ ။ ထမင်းခွံ့ မကျွေးရုံတမယ် ၊ အမြဲတမ်း လိုလို စိတ်မချနိုင်ဘဲ ဂရုတစိုက် ရှိလှသည် ။ သည်တော့ သေတ္တာ ထဲမှာ အဆင်ဆန်း သည့် လုံချည်လေး ကို တွေ့မြင်လိုက်လျှင် သင်္ကာ မကင်း ဖြင့် စူးစမ်း မေးမြန်းလိုသည့် မျက်လုံးများ က သူ့ ထံသို့ ကျရောက် လာတော့ မှာ ဖြစ်သည် ။ ထိုအခါ အမေ့ စကား ကို လျစ်လျူရှု ကာ သံယောဇဉ် ဖွဲ့ချင်သည့် သူ နှင့် မခင်ဝိုင်း တို့ ဇာတ်လမ်းသည် လည်း .. ။
မောပန်းနွမ်းလျနေသည့် နှလုံးအိမ် ကို စိုးရိမ်သောကစိတ်များ က ဖိစီးလာခဲ့ပြန်သည် ။ အမှန်တော့ သူတို့ နှစ်ယောက် အနေအထား က သူငယ်ချင်း အဆင့် က ပိုလွန်းသေးတာ မဟုတ် ။ သို့ပေမဲ့ သည်သို့သည်နှယ် သည် လိုရှိပါတယ် အမေ ဟု ဟုတ်တိုင်းမှန်ရာ ပြောခဲ့သည့် တိုင် အမေ မယုံကြည်မှာ သေချာသည် ။ ထိုအခါ ပန္နက်ရိုက် အစပျိုးချိန် မှာ ပင် ပြည်ဖုံးကား ချလိုက်ရုံသာ ရှိတော့သည် ။ မောသည် ။ အဖြေ ရှာ မရသည့် ပုစ္ဆာ တွက်နေရသလို အတွေးများ က ဦးနှောက် ထဲမှာ လွန်းထိုး ပြေးလွှား နေရင်း ပူထူနေရကာ ကြံရာမရ ဖြစ်နေရှာသည် ။ သူ က နွမ်းလျစွာ ပြုံး လိုက်ရင်း မခင်ဝိုင်းရယ် ဟု မသက်မသာဖြင့် တိုးတိုးလေး ညည်း လိုက်မိ လေ၏ ။
“ ကျွန်တော် ...... ကျွန်တော် ငြင်းတာတော့ မဟုတ်ပါဘူးနော် ။ ဒီလ က်ဆောင်လေးကို မယူပါရစေနဲ့ လား ”
စိတ်အလို မပါသည့် စကားတွေ ပြောရသည့် အတွက် ကန္တာရခရီး ထဲ လျှောက်လှမ်းရသလို ဆင်းရဲပင်ပန်းရပါသည် ။ သူ့ အပေါ် မှာ နားလည် ခွင့်လွှတ်နိုင်ကောင်းရဲ့ ဟု တွေးခဲ့သည် ။ သို့ပေမဲ့ မခင်ဝိုင်း ကို ကြည့်ရင်း ပြင်မရသည့် အမှား တစ်ခု ကျူးလွန်မိခဲ့ပြီမှန်း အသိ နောက်ကျစွာ နောင်တ ရလိုက်သည် ။ အသက် နှင့် အမျှ စောင့်ထိန်း လာခဲ့သည့် ဣန္ဒြေ ကို စကား တစ်ခွန်းဖြင့် ထိနှက်ရိုက်ချိုး ခံလိုက်ရသည့် နှယ် သူကို အံ့အားတသင့် ငေးမော နေရင်း မျက်နှာ တစ်ခုလုံး သွေးဆုတ်သလို ဖြူရော်သွားသည် ကို တွေ့ရသည် ။ နီပြေပြေ အောက်နှုတ်ခမ်းလွှာသည် လည်း တုန်ယင် နေလျက် ။ ပြီးတော့ သူ့ နှလုံးသားမှာ ပုံရိပ်ပမာ ထင်နေသည့် အရည် လဲ့ နေသော မျက်လုံးများ ၊ အဲသည့် မျက်လုံး အကြည့် တွေ ထဲမှာ သူ တမ်းတမ်းတတ လွမ်းခဲ့ရသော ကြင်နာနွေးထွေးမှုများ ကို မတွေ့မြင်ခဲ့ရ တော့ပြီ ။ ရင် ထဲသို့ အဆိပ်လူး ထားသည့် ဆူးတစ်ချောင်း စူးဝင်သွားသ လို အေးစက်၍ နာကြည်းမှုတွေ စွန်းထင်း နေသည့် မျက်လုံးတွေ ကြောင့် တုန်လှုပ် သွားခဲ့ရသည် ။ ထိုအချိန် ထိုအခါက ကမ္ဘာမြေကြီး သည် အိုးထိန်းစက် ပမာ သွက်သွက်ခါအောင် မွှေ့ယမ်း လိုက်ရင်း သူ သည် လည်း စကြဝဠာ အပြင်ဘက် သို့ လွင့်သွားလိုက်စေချင်တော့၏ ။ အမှား တစ်ခု ပြုခဲ့ရခြင်း အတွက် ရွှေနားတော်သွင်း ဧချင်းဖြင့် ဆင်ခြေဆင်လက်တွေ မပေးလိုပါ ။ ရှေးအစဉ်အလာ ကို စောင့်ထိန်း နေ ခဲ့သည့် သည် အရပ် သည် ဒေသ ၏ ယဉ်ကျေးမှုဓလေ့ ကို မသိခဲ့ရိုး အမှန် ပါ ။ တစ်ချိန်တစ်ခါက အကြောင်းကိစ္စ တစ်ခုခု ကို မေ့ဖျောက်ထားဖို့ ကြိုး စားခဲ့သော်လည်း မခင်ဝိုင်း ရဲ့ ပြုံးတမဲ့မဲ့ နှင့် ခပ်လှောင်လှောင် ရယ်မောသံများ က ကျောက်ဆောင် ကို လှိုင်းပုတ် သလို အဆက်မပြတ် ရိုက်ခတ် နေဆဲဖြစ်သည် ။
“ အဲဒီဒေသ ရဲ့ ဓလေ့ က ချစ်ဖို့ ကောင်းတယ် ကိုရေချမ်း ။ ရှေးတုန်း က လိုပဲ အမျိုးသမီး တစ်ယောက် က ချစ်သူ ရွေးပြီး အိမ်ထောင် ပြုတော့မယ် ဆိုရင် သူတို့ ရဲ့ အိမ်ထောင်ဖက် ကို လုံချည် နဲ့ ရွေးတာ ။ သူ့ ကြိုက်တဲ့ ကာလသားတွေ က ကိုယ့် ရဲ့ လုံချည် ကို နေ မဝင်ခင် မှာ အဲဒီ အပျိုအိမ် ကို ပို့ထားရတယ် ။ မနက် လင်း တော့ ရွေး မရွေး အောင်စာရင်း သွား ကြည့်ရ တယ် ။ အမျိုးသမီး က ဖူးစာရှင် အဖြစ် သတ်မှတ်ရင် လုံချည် ကို အိပ်ခန်း ပြတင်းပေါက် က ကြိုးတန်း မှာ ချိတ်ဆွဲ ထားတာဗျ ။ ဒါက ဘယ်သူ့ ကို ပန်းကုံးစွပ်တယ် ဆိုတာ တစ်ရွာလုံး သိအောင် ကြော်ငြာ လိုက်တာ ၊ သိပ်လှတယ်ဗျာ ”
တအံ့တသြ ပြောနေသည့် ဒေါက်တာကျော်စိုး ရဲ့ စကားသံတွေ က ဝေးသွားလိုက် ၊ နီးလာလိုက် ။ စိတ်အာရုံများ က ခန္ဓာကိုယ် ကို နောက်ချန် ထားခဲ့ကာ အဝေးဆီ သို့ ခရီး နှင်လျက်ရှိသည် ။ သည် စခန်း အတွက် သည် လမ်း က လာစချင်ပါသည် ။ မခင်ဝိုင်း သည် သူ မျှော်လင့်စောင့်စား နေခဲ့ရသည် ကို လုံချည်လေး တစ်ထည် လက်ဆောင် ပေးပြီး သွားလမ်း လာလမ်း ဖြောင့်ဖြူးအောင် လက်ယပ် ခေါ်ခဲ့သည် ။ သူ့ အပေါ်မှာ ယုံယုံကြည်ကြည် ဖြင့် စေတနာ မေတ္တာစိတ်တွေ ပုံခဲ့သည် ။ ထို အကြောင်း ကို ငမိုက်သား က နားမလည် ။ ယူ ပြန်လိုက်ရင် လည်း ကြိုက်သည် လို့ ဆိုလိမ့်မယ် ။ မယူ ပြန်လိုက်ရင်တော့ မိုက်သည် လို့ ဆိုပါမယ် ဟူသည့် သီချင်း က လှောင်ပြောင်ရယ်သွမ်းသွေးလျက်ရှိသည် ။
ဪ ... ကြိုက်လည်း ကြိုက်ခဲ့ရပေမယ့် မသိ နားမလည်သောကြောင့် မိုက်မဲမိခဲ့ပါ၏ ။ ဖူးစာ မပါသောကြောင့် ရေစက်မဆုံ မကြုံခဲ့ရတော့သည် လား မတွေးတတ်တော့ပြီ ။
စိတ်တွေရှုပ်ထွေးနောက်ကျိ နေသောကြောင့် အမှားအမှန် ကို ခွဲခြားစွာ မသိမြင်နိုင်ခဲ့ ။ စိတ်သက်သာရာ ရလို ရငြား မန္တလေး ကို ရုတ်တရက် ပြန် သွားခဲ့သည် ။ သင်္ကြန်ကာလ ဖြစ်၍ မန္တလေး တစ်မြို့လုံး သင်္ကြန်တေးသံများ ဖြင့် လွင့်မြူး စည်ကားလျက် ရှိသည် ။ နှစ်ကူးချိန်မို့ အားလုံး ရွှင်ရွှင်လန်းလန်း ပျော်ပျော်ရွှင်ရွှင် ။ သို့သော်လည်း အေးမြ သော အတာရေသည် လွမ်းနာကျနေရှာသည့် သူ့ ကို ကုစား မပေးနိုင်ခဲ့ပါ ။ သည် လိုနှင့် ပျော်စရာ ကောင်းသည့် သင်္ကြန် ပြီးဆုံးသွားသည် ။ စက္ကန့် ၊ မိနစ် ၊ နာရီ ၊ နေ့ရက်များ ၊ တစ်နေ့ ပြီး တစ်နေ့ ၊ တစ်ည ပြီး တစ်ည ။ နွေရက်များ လည်း တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြန်ပြီ ။ မန္တလေး မှာ ရောက် နေသော်လည်း စိတ်အာရုံတွေက အဝေးဆီ မှာ ။ နေရတာ ပျော်ရွှင်မှု မရှိ တော့ ။ ဘယ့်နှယ့်များ လုပ်ရချေမည်နည်း ။ တစ်ရက်တော့ စိတ်အား တင်း၍ ဘူတာစု သို့ ပြန်လာခဲ့သည် ။
အပူရှိန်ပြင်းသော နွေကို အန်တုရင်း သစ်ပင်တွေ က စိမ်းမြနေလျက် နေအို သွားချိန်တွင် တောင်တန်းကြီးတွေ ကလည်း ညိုမှိုင်း သွားလျက် ။ မီးရထားတွေ က လည်း ခရီး နှင် နေလျက် ။ မခင်ဝိုင်း တစ်ယောက် အိမ်ထောင်ဖက် ရွေးချယ်လိုက်ပြီတဲ့ ။ နွားမောင် ဆီက သတင်းစကား ကို နားထောင်ရင်း ကြောင်အ သွားခဲ့သည် ။ ကြားကြားရချင်း ယုံကြည်ဖို့ ခက်ခဲလှသည် ။ အရှိုက်ကို ထိုးနှက် ခံလိုက်ရသည့် နှယ် အက်စစ်လောင်မီးတွေ ကို မျိုခဲ့ရသည့် အလား သောကစိတ် ဖြင့် ရင်တစ်ခုလုံး ပူလောင် လျက်ရှိသည် ဘယ်သူလဲ ၊ ဘယ်သူ့ ကို ရွေးချယ်တာလဲ ။ နားထောင်ရ မှာ မဝံ့ရဲ သော်လည်း သိချင်စိတ် ဖြင့် ထပ်ကာထပ်ကာ မေးဖြစ်သည် ။ နွားမောင် ကတော့ အမူအရာ ပျက် နေသည့် သူ့ ကို သတိ ထားမိဟန် မတူ ။ ပါးစောင် မှာ ခဲထားသည့် ဆေးပေါ့လိပ်ကြီး ကိုသာ မီးခိုးထောင်းထောင်းထအောင် ဖွာနေသည် ။
“ ရော် ငါ လည်း မသိပါဘူးကွယ် ။ ရွေးတဲ့ ပုဆိုးပိုင်ရှင် မပေါ်သေးဘူး ဆိုလားပဲ ”
နှလုံးသားတွေ ရုတ်တရက် ဆောင့်တိုး သွားရသည် ဟု ထင်ရ သည် ။ အနား က ၀ရန်တာ လက်ရန်းကို ကျစ်ကျစ်ပါအောင် ချုပ်ကိုင် ထားရင်း အသက်ပြင်းပြင်း ရှိုက်ထုတ် လိုက်သည် ။
“ စာကလေးတွေ တောင် အသိုက် ဆောက်ကုန်ကြ ပြီကွ ။ ဒီနှစ် မိုးကျ တာ စောမယ်ထင်တယ် ”
အိမ်တံစက်မြိတ် အောက်က သက်ငယ်မျှင်စလေးတွေကို ချီသွားသည့် စာကလေးငှက်တွေ ကို ကြည့်ရင်း နွားမောင် က ပြောသည် ။ သူ က လည်း “ အင်း ” ဟု သာ ဆိုလိုက်ရသည် ။ စိတ် အ မောတွေက မပြေနိုင် ။ ကြိုးတန်းပေါ်မှာ တင်ထားသည့် အဆင်သွေးလှလှ လုံချည်လေး ကို သာ စိတ်ကူးဖြင့်တွေးကာ မြင်ယောင်မိ နေဆဲ ။ ကောင်းကင် သည် တိမ်စိုင်တိမ်လိပ်တွေစုခဲလာသည့် အခါတွင် ရုတ်တရက် မှိုင်းပျပျ ဖြစ်သွားတတ်သည် ။ အချစ်ဆုံး သူငယ်ချင်း နွားမောင် ။ ဆံပင် ဖွာလန်ကြဲ လျက် ညိုမောင်တုတ်ခိုင်နေကာ တကယ့် လယ်သမားကြီး ဖြစ်နေလေပြီကော ။ စိတ်အာရုံတွေ အားလုံး လယ်ကွင်း ထဲ မှာ မြှုပ်နှံ ထားသည် ။ မိုးလေဝသ အခြေအနေ ကို ကြိုတင် ခန့်မှန်းသည် ။ ပြက္ခဒိန် ကို ကြည့်ရင်း စိုက်ပျိုးရမည့် နေ့ရက်များကို တွက်ဆသည် ။
သူ့ မှာ သာ ။ ထန်းပင်ထိပ်ဖျား ဆီ က တွဲလဲခိုစီးနေကြသည့် စာဘူး တောင်း အသိုက်ကလေးတွေ က လေ တိုး လိုက်တိုင်း ယိမ်းခါ၍ နေသည် ။ တစ်အိုးတစ်အိမ် တစ်မိသားစု မည်သူမျှ သမုဒယနယ် မှ ရုန်းမထွက် နိုင်ဘဲ အသိုက်အမြုံ တွေ တည်ဆောက်ကြစမြဲ ။ ပျော်တာတွေ ဝမ်းနည်းကြေကွဲမှုတွေ အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ ရသည် ။ စာဘူးတောင်း ထဲက စာကလေးတွေ ပြန်သွားသည် ကို မြင်ရသည် ။ အသိုက်အမြုံ ပိုင်ရှင် ဖြစ်ဟန်တူသည် ။ အထီး က အရှေ့ မှ ဦးဆောင် ပျံသန်း နေလျက် အမ က နောက်မှ ထက်ကြပ် မကွာ မောင် ခေါ်ရာသို့ လိုက်ပါ သွားသည် ။ တူစုံမောင်မယ် ။ သူ့ အတွက် အတိတ်နိမိတ် ကောင်းစေသည့် မြင်ကွင်း ။ ကောက်ကာငင်ကာ ဖြင့် နွားမောင် ကို “ ပြန်ဦးမယ်ကွာ ” ဟု ပြောလိုက်မိသည် ။
ခပ်သွက်သွက် လှမ်း နေသည့် သူ့ ခြေလှမ်းတွေ က အိမ် ဆီသို့ မဟုတ် တော့ ။ အဝေး တစ်နေရာ ဆီသို့ ဦးတည်လျက် ရှိသည် ။ ရွာအပြင် ဘက် ရောက်သောအခါ တစ်ခဏမျှ ရပ်နားသည် ။ နေလုံးနီနီ ညနေစောင်း သည့် အချိန် ။ တောအုပ် ဆီမှ နေဝင်စ ချိုးမရယ် ကူသံ ပေးနေလေပြီ ။ မျက်စိတစ်ဆုံး သို့ ငေးမျှော် ကြည့်သည် ။ မြေပြင် က မညီညာ ။ တချို့ နေရာမှ ကုန်းမြင့်ကမူလေးတွေ သွယ်တန်း နေလျက် ၊ ပပ်ကြားအက် နေသည့် လယ်ကွင်းများ ။ ပြီးတော့ ရွက်ခြောက်တွေ တသောသော ကြွေကျ နေသည့် ဝါးရုံတော ။ ကျွန်းပင်တွေ ၊ အင်ကြင်းပင်တွေ နှင့် ရောနှော နေသည့် တောအုပ် က ဟိုအဝေး ဆီမှာ ။ မိုးကုပ်စက်ဝိုင်း အဆုံး ဆီ သို့ ငေးကြည့် နေသည့် သူ့ မျက်လုံး ထဲ တွင် ရွာလေး တစ်ရွာ ကို မြင်တွေ့ရသည် ။ ဆင်းရဲသော ရွာငယ်လေး ။ အိမ်ကြီးအိမ်ကောင်း ရှားပါး၍ သက်ငယ်မိုးထရံ ကာ ခြေတံရှည် အိမ်ကလေးတွေ များ သည် ။ အိမ်တိုင်း လိုလိုပင် အပွင့် တွေ ဝေဆာ နေသည့် ပန်းခြံလေးများ ၊ အုန်းပင် ၊ သရက်ပင်များ ဝေဆာ အုံ့ဆိုင်းနေကာ ကိုယ့်ဝင်း ကိုယ့်ခြံ နှင့် နေချင်စဖွယ် ဖြစ်သည် ။ အဲသည် မှာ မခင်ဝိုင်း ရှိနေသည် ။ ရစ်ခွေစီးဆင်း နေသည့် ချောင်းကမ်း နံဘေး က နေကြာခင်းတွေ ရဲ့ အဆုံးမှာ မခင်ဝိုင်း ရဲ့ အိမ်လေး ရှိသည် ။ တစ်ခါတစ်ခေါက်သာ ရောက်ခဲ့ဖူးပေမဲ့ နှစ်ကာလ ရှည်ကြာစွာ နေခဲ့ရသူ လို စိတ် မှာ စွဲမြဲ နေပါသည် ။ ယခုတော့ ဘယ်အရာ ကိုမျှ တွေးတောပူပန် နေတော့ပြီ ။ စုံနံ့သာမြိုင် ရှာပုံတော် ခရီး မဟုတ်သော်လည်း တွေ့မြင်လို ဇောဖြင့် ချစ်သူ ရှိရာ ဆီသို့ တိတ်တဆိတ် လာခဲ့ရလေပြီ ။
ဝါးရုံတောလေး ထဲ က ကွေ့ကွေ့ကောက်ကောက် လူသွားလမ်းလေး အတိုင်း ကလေးငယ် တစ်ဦး လို ဒုန်းစိုင်း ပြေးနေမိပါ၏ ။ ညအိပ်တန်းဝင် တော့မည့် ငှက်တွေ က လူရိပ် မြင်တွေ့ရတာကြောင့် အလန့်တကြား ထ ပျံကြသည် ။ ချုံနွယ်များ က လူသွားလမ်း ကို ပိတ်ဖုံးလုနီးပါး ။ တချို့ နေရာများ တွင် ဝါးရုံကိုင်းများ က ညွတ်ကျကာ မျက်စိလည် လမ်းမှား အောင် လှည့်စားလျက် ။ သို့သော်လည်း သူ့ ခြေလှမ်းများ က တွန့်ဆုတ် မသွား ။ အားသွန် ပြေး နေရာမှ အနည်းငယ် မောလာသည့် အခါ အရှိန် လျှော့လိုက် ရင်း ခပ်သွက်သွက် လှမ်းသည် ။ ဝါးရုံတော ကို လွန်သည် နှင့် ရိုးပြတ် လယ်ကွက်များ ကို တွေ့ရသည် ။
အဲသည် တစ်ဖက်မှာ တော့ ကျွန်းတောအုပ်ကြီး ရှိသည် ။ လာချင် တော့လည်း အနီးကလေး ။ ခရီးလမ်း က လည်း ချောမွေ့နေပါဘိ ။ ရွက်ခြောက်များ ကို နင်းခြေ လိုက်သည့် အသံကြောင့် တိတ်ဆိတ် နေသော ပတ်ဝန်းကျင် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ။ သစ်ပင် တွင် အပြိုင်းအရိုင်း ထူထပ်သိပ်သည်းစွာ ပေါက်နေသည့် တောအုပ် ထဲ မှာ မြွေလိမ်မြွေကောက် လူသွားလမ်းလေးများကို နေရာအနှံ့ တွေ့ရသည် ။ အံ့သြစရာတော့ ကောင်းသည် ။ မျက်စိ လည်ချင်စရာ ဖြစ်သော်လည်း တစ်စုံတစ်ရာ က ဦးဆောင် ဆွဲငင် နေသလို အမှားအယွင်း မရှိဘဲ ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်ခဲ့သည် ။ တောအုပ် အဆုံးတွင် စိုက်ခင်းများ ကို ဘွားခနဲ တွေ့မြင် လိုက်ရ၏ ။ နေညိုချိန် ညနေခင်း အကွက် ကျကျ စိုက်ပျိုးထားသည့် စိုက်ခင်းများ ပေါ်တွင် နေရောင် က စွေစောင်း ကျကာ စိမ်းလွင်၍ နေသည် ။ စိုက်ခင်း အချို့မှာ တော့ အမှောင်ရိပ်လု စိမ်းညို့ညို့ရှုခင်း ကို ရေးခြယ် ထားသည် ။ သူ က ကိုယ်ရှိန်သ,တ်လို က်ရင်း ရှေ့ဆီသို့ လှမ်းမျှော် ကြည့် လိုက်မိပါသည် ။
စိုက်ခင်းများ ကို အနားသ,တ်ကာ ကွေ့ဝိုက် စီးဆင်းနေကြသည့် ချောင်းတစ်ဖက်ကမ်း ဆီ မှာ တော့ အဝါရောင် ဆေးပြောက်များ ပြန့်ကျဲနေသ ည့် နေကြာခင်း ရှိသည် ။ မျက်စိတစ်ဆုံး ကြည့်နေရင်း ဖြင့် စိတ်လှုပ်ရှား လာရသည် ။ နေရောင် ကို ကျောပေးကာ ခြေတံရှည်အိမ်လေး တစ်အိမ် ကို ရေးရေးရိပ်ရိပ် မြင်ရသည် ။ နေကြာပွင့်ဝါဝါတွေ က အိမ်လေး ဆီသို့ မျက်နှာမူ နေကြသည် ။ သူ သည် ဆင်ခြေလျှောလေး အတိုင်း စိုက်ခင်းများကို ဖြတ်ကာ ပြေးဆင်း သွားသည် ။ မမောနိုင် ၊ မပန်းနိုင် ။ ခြေလှမ်းများက မြန်ဆန်သွက်လက်စွာ ။ တစ်ခဏ အကြာတွင် ချောင်း ထဲ က သောင်ပြင် ပေါ်သို့ ရောက်သွားသည် ။ နွေကာလ ဖြစ်၍ ချောင်း သည် မာန်စွယ် ကျိုးကျ နေလေပြီ ။ ခြေမျက်စိ မြုပ်ရုံမျှ စမ်းချောင်းလေး က သဲသောင်ပြင်များ ကို ကွေ့ကာရစ်ကာ စီးဆင်း လျက် ရှိသည် ။ လေပြည်ငယ် သုတ်တော့ ရွှေဘုတ်ကယ် အီပါသည် ။ အဝေးဆီမှ ဘုတ်အီသံ နှင့် အတူ လေပြည်လေညင်းလေး က တိုးဝှေ့သွားသည် ။ မျက်လုံးတွေကို မှိတ်လိုက်ရင်း အငမ်းမရ အသက်ရှူ လိုက်သည် ။ ခန္ဓာကိုယ် က ငြိမ်သက် နေသော်လည်း စိတ်အာရုံတွေ က ထွေပြား နေလျက် ။ ရှက်ရွံ့ နာကြည်းမှု တွေ ရောထွေး နေသည့် မျက်လုံးအကြည့် ။ အဝါရောင် နှင့် ခရမ်းရောင် ဖောက် ထားသည့် လုံချည် တစ်ထည် ။ မီးရထား အလာ ကို မျှော်နေသည့် အမှောင်ထု ထဲ က ဘူတာရုံလေး ။ အတွေးများ က စီကာစဉ်ကာ မဟုတ် ။ တစ်ပိုင်း တစ်ခု ။ မှုန်မှုန်ဝါးဝါး ၊ ကြောက်ရွံ့စိတ်တွေ က ခန္ဓာကိုယ် ထဲသို့ ရောက် လာသည် ။ သူ သည် ချောင်းကမ်းပါး ထိပ်ရှိ နေကြာခင်း ဆီ သို့ အားစိုက် ပြေးတက် သွားခဲ့သည် ။ နေဝန်းက အနောက်ဘက် တောင်တန်းများ နောက်သို့ တဖြည်းဖြည်း နစ်ဝင် လျက် ။ ချောင်းကမ်းစပ် မှာ ရွာအဝင်လမ်းလေး ရှိသော်လည်း ခရီး ဖင့်မှာ စိုးတာကြောင့် အဲသည် က တစ်ဆင့် သွားဖို့ စိတ် မကူးတော့ ။ အမှောင် မရောက်ခင် မှာ ကြိုးတန်း ပေါ်က လုံချည်လေး ကို မြင်တွေ့လိုလှသည် ။ ပြီးတော့ ချစ်သော မခင်ဝိုင်း နေ့ညတွေ ကုန်ဆုံးသွားခဲ့သည့် တိုင် သူ့ ကို စောင့်ကြိုနေမည် ဟု ယုံကြည်သည် ။ စိ တ်လှုပ်ရှားလွန်းနေ၍ အသက် ရှူရတာကို မဝ ။ သူ့ တစ်ကိုယ် လုံး လည်း ချွေးတွေ က လောင်းချ ထားသလို ရွှဲစိုနေလျက် ။ သူ သည် အံ တစ်ချက် ကြိတ်လိုက်ရင်း နေကြာခင်း ထဲသို့ ကမူးရှူးထိုး ပြေးဝင် သွားခဲ့သည် ။ ခြေ တစ်လှမ်း ရှေ့သို့ တိုးလိုက်တိုင်း ခရီးအဆုံး နှင့် တရွေ့ရွေ့ နီးကပ်လာခဲ့ လေပြီကော ။ တိုးဝှေ့ သွားနေသည့် သူ့ ကို နေကြာပွင့်လေးများ က ထိတ်လန့်တကြား ဝိုင်းကြည့် နေကြသည် ။ သူ့ ခန္ဓာကိုယ် မှာ လည်း ခြစ်ရာ တွေ နှင့် ဒဏ်ရာ ဗရပွ ။ ထိုအရာတွေ ကို ဂရုမစိုက်နိုင် ။ ငိုင်ကျ နေသည့် နေကြာပင်တွေ ကို တွန်းဖယ်ကာ ရှေ့သို့ ဇွတ်တိုးသည် ။ သူ သွားရာလမ်း တစ်လျှောက် တွင် လေပွေမွှေသည့် နှယ် နေကြာပင်တွေ ခမျာ အလဲလဲ အပြိုပြို ။ သူ ကိုယ်တိုင် ကလည်း နေကြာလှိုင်းတွေ ကြားမှာ မြုပ်ချည် ပေါ်ချည် ။
အိမ်ခြေရင်း ဘက်ရှိ အခန်း ပြတင်းပေါက် က ကြိုးတန်း ပေါ်မှာ တင် ထားသည် လုံချည်လေး ကို လှမ်း မြင်လိုက်ရသော အခါ လှုပ်ရှား နေသော ခြေလှမ်းများ ကို ရုတ်တရက် ရပ်တန့် ပစ်လိုက်သည် ။ ရင်ခုန်သံများ က မြန်ဆန် လာသည် ။ နေကြာပွင့်တွေ က သူ့ ပါး ထိနမ်း နေကြသည် ကိုပင် သတိ မမူနိုင်ဘဲ မြင်ကွင်း မှ ပျောက်ကွယ် သွား မှာ စိုးသည့် အလား စူးစိုက် ကြည့်နေမိသည် ။ အနည်းငယ် အလှမ်းဝေး နေတာကြောင့် သဲသဲကွဲကွဲ မမြင်တွေ့ ရသေးသည့် တိုင် မျှော်လင့် စောင့်စားတာတွေ ပြီးပြည့်စုံ သွား သလို ခံစားရသည် ။ နေရောင် က ဆုတ်ဆိုင်း၍ လာချေပြီ ။ အလင်း ဖျော့ဖျော့ မိုးကောင်းကင် သည် တစ်နေ့တာအတွက် နိဂုံးချုပ်ကာ အဆုံးသ,တ်ပေတော့မည် ။ “ ကိုရေချမ်း ကို သတိရတာနဲ့ ပုဆိုးလေး တစ်ထည် ဝယ်လာခဲ့သည် ။ အမှတ်တရ ပေါ့ ကိုရေချမ်းရယ် ” လို့ တစ်ခါ က ကြားခဲ့ ရသည့် စကား ။ သူ့ ရင် ထဲမှာ စိုးရိမ်ပူပန်မှုတွေ ၊ ပျော်ရွှင်ကြည်နူးမှုတွေ က အရောရော အထွေးထွေး ။ တန်းပေါ် တင်ထားသည့် လုံချည်လေး က သူ့ အား လက်ယပ် ခေါ်ယူနေသည့် နှယ် ။ နေကြာခင်း ဆုံးသည် နှင့် အိမ် အနီး သို့ ချဉ်းကပ် မိတော့မှာ ဖြစ်သည် ။ သူ သည် လေ ကို အားပါးတရ ရှူသွင်းလိုက်ပြီး နောက် ရှေ့ဆီ သို့ တစ်ဟုန်ထိုး ပြေးသွားခဲ့ ပြန်သည် ။ နေကြာပင်တွေ ကာဆီး ထားသောကြောင့် ခရီး မတွင် သော်လည်း နီးဖို့ ရန် အချိန် မဝေးတော့ပြီမှန်း တွေးမိလေ၍ ပျော်ရွှင် ပေါ့ပါးသွားခဲ့သည် ။ နေရောင် ကွယ်ပျောက် သွားခဲ့ သော်လည်း အလင်းရောင် က ကျန်ရှိ နေဆဲ ။ သည် တစ်ခါတော့ မခင်ဝိုင်း အနားမှာ မခွာနိုင်တော့ပြီ ။ ဖြစ်လိုရာ ဖြစ်စေ ကြုံတွေ့သမျှတွေ ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်မည် ။
အိမ် နှင့် အနီးကပ်ဆုံး နေရာ ရောက်သောအခါ ခြေအစုံ ရပ်တန့်လိုက် ကာ ပြတင်းပေါက် နေရာ ဆီသို့ ငေးမောကြည့်လိုက်သည် ။ ထိုစဉ် သူ့ မျက်လုံးများ သည် မယုံကြည်နိုင်မှုတွေ ဖုံးလွှမ်းသွားကာ အံ့အားတသင့် ငေးကြောင် သွားစေခဲ့တော့သည် ။ စောစောက ကြိုတင် စိတ်ကူး ကြည်နူးမှုတွေနှင့် ဖီလာဆန့်ကျင် ။ ဇာတ်လမ်း ပြီးဆုံး သွားသော အခါ တောင်ကြီး တစ်တောင်လုံး ပြိုလဲကျ သွားသလို မျှော်လင့်ချက် ထားရ သမျှတွေ အလုံးစုံ ပျောက်ဆုံး သွားခဲ့ပြီမှန်း သိလိုက် ရသည် ။ ခရီးပန်းနွမ်းနယ် နေသည့် ခြေထောက်တွေ က မတ်မတ်ခိုင်ခို င် မရပ်တည် နိုင်တော့ ။ အနား မှာ ရှိသည့် နေကြာပင်များ ကို စု၍ ဆုပ်ကိုင်ရင်း ယိမ်းယိုင်လဲကျ မသွားအောင် ထိန်းထားရသည် ။ တစ်စတစ်စ အုပ်ဆိုင်း လာသည့် အမှောင်ရိပ် ကို သတိမပြုနိုင်ဘဲ ကြိုးတန်း ပေါ်က အ ရောင်မွဲမွဲ ဖျင်ကြမ်းလုံချည်လေး ကို သာ ငေးစိုက် ကြည့်နေမိသည် ။ ရက်စက် လိုက်တာ မခင်ဝိုင်း ရယ် ၊ ရက်စက် လိုက်တာဗျာ ဆိုသည့် အသံတွေ က သူ့ ရင် တစ်ခုလုံးမှာ တုန်ခါ ပဲ့တင်ထပ် ၍ နေသည် ။ မလှုပ်မယှက် ရပ်တန့်နေရ သော်လည်း ဝမ်းနည်းကြေကွဲမှု ကိုတော့ ထိန်းချုပ် ထားနိုင်စွမ်း မရှိတော့ ။ သူ ငိုချင်သည် ။ ကလေး တစ်ယောက် လို ရှိုက်ကြီးတငင်ငင် ငိုလိုက် ချင်သည် ။ ဖုန်သဲတွေ လူးပေနေသည့် ပါးပြင် ပေါ် တွင် မျက်ရည် တွေ လိမ့်ဆင်း ကျလာခဲ့သည် ။ အဲသည့် နောက်တော့ ခံစားမှု အားလုံး စုပ်ယူ လိုက် သလို ရင်ထဲ မှာ ဟာလာဟင်းလင်း ကျန်ရစ်ခဲ့သည် ။ သည်နေ ရာမှာ ပင် အချိန်ကာလ မည်မျှ ကြာအောင် ရပ်တန့် နေခဲ့မှန်း မသိ ။ မိုး ကောင်းကင် ထဲတွင် ကြယ်ရောင်များ က မှုန်ပျပျ ။ အမှောင် ပိတ်ဖုံးထား သည့် ဝန်းကျင် တစ်ခုလုံးမှာ အပ်ကျသံ မကြား လောက်အောင် တိတ်ဆိတ် နေရင်း သူ တစ်ယောက် တည်း သာ ရှိနေသည့် နှယ် ။ တကယ်တော့ အိမ် အပေါ်ထပ် ဆီ မှာ ပုန်းကွယ်ရင်း သူ့ ကို ငေးမော ကြည့်နေသည့် အရိပ်သဏ္ဌာန် တစ်ခု ကို မတွေ့ရှိလိုက်ပါ ။ နေကြာခင်း ထဲ သို့ တိုးဝင် လာ နေစဉ်မှာ ပင် ရုတ်ခြည်းပျောက်ကွယ် သွားပြီး တခြား တစ်ထည် အစားထိုး လိုက်တာ ကို လည်း မသိခဲ့ရှာပါ ။ ခေါင်း ငိုက်စိုက် ကျ၍ အမှောင်ထု ထဲသို့ တိုးဝင်ပျောက်ကွယ် သွားသည့် သူ့ အား ကြည့်ရင်း တိတ်တဆိတ် ငိုရှိုက်သံသဲ့သဲ့ ထွက်ပေါ် လာခဲ့သည် ။ ထို တစ်ည က ကြယ် မစုံ ၊ လ မသာ ။ ချစ်သူတို့ မျက်ရည်တွေ ချောင်းခြား ကာ ဝေးခဲ့ရပါလေ၏ ။
ဒေါက်တာကျော်စိုး တို့ ပြန်သွားခဲ့ သော်လည်း အိပ်စက် မပျော်နိုင်ဘဲ ဧည့်ခန်း ထဲ မှာ သူ တစ်ယောက်တည်း ငေါင်းစင်းစင်း ကျန်ရစ် နေရှာသည် ။ အပြင် မှာ တော့ နှင်းတွေ ဖြင့် မှုန်မှုန်ဝေဝေ ။ မခင်ဝိုင်း ကို သတိရသည် ။ တမ်းတခဲ့သည် မဟုတ်ပေမယ့် လွမ်းတော့ လွမ်းနေဆဲ ။ အိပ်ခန်း ဆီ မှ နို့စို့သမီး ၏ ငိုသံ ကြားလိုက်ရ မှ အတွေး အိပ်မက် မှ လန့်နိုး သွားခဲ့ရသည် ။ တချက်ချက် မြည်၍ ရွေ့လျား နေသည့် နာရီလက်တံ တို့ က တစ် ဂဏန်း ဆီသို့ ညွှန်ပြ၍ နေသည် ။ အိပ်စက် အနားယူဖို့ အချိန်တန် ပြီပေါ့ ။ အိပ်ခန်း ဆီ သို့ လျှောက်လာစဉ် အမှတ်မထင် သတိရ လိုက်၍ သူ့ ကိုယ် သူ ငုံ့ကြည့်လိုက်ရင်း “ ဪ ငါ့ နှယ် ” ဟု တိုးတိုးလေး မြည်တမ်း လိုက်သည် ။ ညအိပ်ရာဝင် အဝတ်အစား မလဲရသေး ။ ရှူးဖိနပ် နှင့် ခြေအိတ် ကို ချွတ်သည် ။ ဘောင်းဘီရှည်ကြယ်သီး ကို ဖြုတ်ရင်း ခပ်လှမ်းလှမ်း နေရာဆီ သို့ အမှတ်တမဲ့ လှမ်း ကြည့်သည် ။ ကြိုးတန်း ပေါ် မှာ ခေါက်တင် ထားသည့် အပြာနုရောင် ရေလဲလုံချည်လေး ကို တွေ့ရချေ၏ ။
◽ညိုထွန်းလူ
📖 မဟေသီ မဂ္ဂဇင်း
📖 ရုက္ခစိုး နှင့် အခြား ဝတ္ထုတိုများ
No comments:
Post a Comment