သူခိုး မရှိတဲ့ မြို့
( ကိုသာမန် )
ကျုပ် က “ မင်း ဒီ ကိုယ်ဝန် က ကိုယ် နဲ့ ရတဲ့ ကိုယ်ဝန် လား ” ဆိုတော့ သူ က “ ညီမ လည်း တပ်အပ် မပြောနိုင် ဘူး ” တဲ့ ။
ဘာ တတ်နိုင်မှာလဲ ဗျာ ။ ကျုပ်တို့ နှစ်ယောက် က လက်တွဲ ဖြုတ်လို့ မှ မဖြစ်တာ ။ သူ က ခိုကိုးရာမဲ့ ၊ ကျုပ် က တစ်ကောင်ကြွက် ၊ တစ်ယောက် နဲ့ တစ်ယောက် ကျွန်း ကိုင်းမှီ ကိုင်း ကျွန်းမှီ နေကြရတာ မဟုတ်လား ။ သူ ဒုက္ခ ရောက်တဲ့ အခါ ကျုပ် က သူ့ ရှေ့ က မားမားမတ်မတ် ရပ်လို့ ပေါ့ ။ ဒါမျိုးမှ ယောက်ျား ပီသ မှာ မဟုတ်လားဗျာ ။ ကိုယ့် မိန်းမ ဒုက္ခ ရောက် နေချိန်မှာ မသိချင်ယောင် ဆောင် ပြီး မျက်နှာလွှဲ ခဲပစ် လုပ်နေရင် ဒီလို ယောက်ျားမျိုး ဘယ် သုံးစားရပါတော့မလဲ ဗျာ ။ မဟုတ်ဘူးလား ။
ဒီလိုပါ ၊ သူ ဒုက္ခ ရောက်နေချိန် ဆိုတာက အချုပ် ကျ နေတာ ကို ပြောတာပါ ။ သူ အချုပ် ထဲ ရောက်သွား တဲ့ အခါ ကျုပ် က ကျုပ်တို့ လင်မယား ရပ်ကွက်ရုံး မှာ လက်မှတ်ထိုး ထားတဲ့ လက်ထပ်စာချုပ်ကလေး ယူ ပြီး အာမခံ ရအောင် သွား လုပ်ရတာပါ ။ နောက်ပိုင်း အမှုချိန်း က တော့ အလှူရှင်လေး ဘာလေး ရှာပြီး လိုက်ရ တာပေါ့ဗျာ ။ တစ်ခါတစ်ရံ လည်း ကွင်းလုံးကျွတ် လွတ် သွားတာလည်း ရှိတယ် ။ အများအားဖြင့် တော့ လပိုင်း လောက် ကျသွားတာက များ ပါတယ် ။
အံမယ် တစ်ခါတစ်ရံ ကံ ကောင်းချင်တော့ အလှူရှင် က တရားသူကြီး တို့ ၊ ဥပဒေအရာရှိ တို့ ဖြစ်နေတတ် တယ်ဗျ ။ ခင်ဗျားတို့ ယုံချင် မှ ယုံမယ် ။ ကျုပ် မိန်း မက အတော် ချောတာကိုး ဗျ ။
ဒီလိုပါ ၊ ကျုပ်တို့ လင်မယား က ကျူးကျော်ရပ်ကွက် ထဲ မှာ အခန်း ငှား နေတာပါ ။ ကျုပ် သူ့ ကို စ တွေ့ တာက ရပ်ကွက် နာရေး ဖဲဝိုင်း တစ်ခု မှာပါ ။ ကျုပ် က လည်း မူးမူး နဲ့ ဖဲဝင် ရိုက်တာပါ ။ အမှန်က ဖဲ အကြောင်း ကျုပ် မသိပါဘူး ။ သုံးချပ်ပေါင်း ကိုးမီး လောက်ပဲ သိတာ ။ ကျုပ် ငွေတစ်သောင်း ကျော် လောက် ပါတယ် ။ ခွက်ခွက် လန်အောင် ရှုံး တာပါပဲ ။ ကျုပ် အမူး ပြေချင် သလိုလို ဖြစ် လာတယ် ။ ကျုပ် လက် ထဲ နှစ်ထောင် ပဲ ကျန်တော့တယ် ။ အဲဒီ အချိန်မှာ ဒိုင် လုပ်တဲ့ ငတိ က သုံးချပ်မြောက် သူ့ ဖဲ ကို အောက် က ဆွဲလိုက်တယ် ။
“ ဟေ့ကောင် မင်း အောက်ဖဲ ဆွဲတာ ငါ မြင်လိုက် တယ် ” လို့ ပြော မနေတော့ဘူး ။ ပြော လည်း ငြင်းကြ ခုံကြနဲ့ ပွဲ ပြီးသွားမှာ ၊ ဖဲထုပ် ထားတဲ့ ကြွေပန်းကန်ပြား က အတော် ကြီးတယ်ဗျ ။ ကျုပ် ပန်းကန်ပြား ကောက် ယူပြီး အဲဒီ ငတိ ကို ခေါင်း ရိုက်ပစ်လိုက်တယ် ။ ငတိခေါင်း က သွေးတွေ ဖြာကျ လာတယ် ။ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ် ။ ကျုပ် က သူ အောက်ဖဲ ဆွဲတာ မြင် လိုက် ကြောင်း ပြောတယ် ။ ထိုးသား တစ်ယောက် က ဖဲထုပ် ပြည့် မပြည့် စစ်တယ် ။ နှစ်ချပ် လျော့နေတယ် ။ သူ့ ကို ဝိုင်း ရှာတော့ သူ့ ခါးကြား မှာ တွေ့တယ် ။ အားလုံး ထိုးမယ် ကြိတ်မယ် နဲ့ အဲဒီမှာ နာရေး အိမ်ရှင် ရောက် လာပြီး အားလုံး ပိုက်ဆံ ပြန် ပေးခိုင်းတယ် ။ အဲဒီ အထဲ မှာ ကျုပ် မိန်းမ လည်း ပါတယ် ။ အဲဒီ ည က ကျုပ် ဖဲဝိုင်း က ပြန်လာ ပြီး အရက်ဆိုင် ထပ် သွားတယ် ။ လမ်း မှာ သူ နဲ့ တွေ့ တော့ “ ဘယ်သွား မလို့လဲ ” တဲ့ ၊ ကျုပ် အရက်ဆိုင် လို့ ပြောတော့ သူ လည်း လိုက်မယ်တဲ့ ။ ဒါပါပဲ ။
စောစောက ကျုပ် ပြောတဲ့ ကိုယ်ဝန် ကိစ္စ ကို ကျုပ် မိန်းမ က ဖျက်ပါမယ် တကဲကဲ လုပ်နေတယ် ။ ကျုပ် က “ ဖျက် မနေပါနဲ့ မိန်းမရာ ၊ အန္တရာယ် လည်း များတယ် ။ ကြီးကြီးကျယ်ကျယ် ဖြစ်လာရင် တို့ က ငွေ ရှိတာ မဟုတ် ဘူး ။ ဒီအတိုင်း ရှောရှောရှူရှူ မွေးပါကွာ ။ ကလေး ကံ က လည်း ရှိသေးတယ် မဟုတ်လား ။ မိုက်တိုင်ဆန် တောင် ဖအေ မပေါ်ဘဲ မွေးလာတာ မဟုတ်လား ။ ယောက်ျားလေး ဆိုရင် ပြောလို့ မရဘူး ။ တို့ ဆီမှာ တော့ မိုက်တိုင်ဆန် လို ကမ္ဘာကျော် ဖြစ်ဖို့ အခွင့်အလမ်း မရှိ ပေမဲ့ လွှတ်တော်ကိုယ်စားလှယ် လောက် တော့ ဖြစ်ချင် ဖြစ်လာမှာ ” လို့ ပြောပြီး မိန်းမ ကို တား ထား ရသေးတယ် ။
အရင်တုန်း က တော့ ကျုပ် လုပ်ငန်း က ဝင်ငွေ ကောင်းပါတယ် ။ ခိုးရာပါ ပစ္စည်းတွေ ကို လက်ခံပြီး ရောင်း ပေးတာပါ ။ ငွေရှင် က သူခိုးတွေ နဲ့ တိုက်ရိုက် မဆက်ဆံချင်ဘူး ။ ဒါကြောင့် ကျုပ် ကို ကြားလူ ထား ပြီး ဝယ်ခိုင်း တာပါ ။ ဝယ်လက် ဖျောက် ချင်တာလည်း ပါ မှာပေါ့ ။ ပြဿနာ တက် လာရင် ကိစ္စ မရှိဘူး ။ ဝယ်လက် က ဖြူသလား ၊ မည်းသလားတောင် သူတို့ မသိဘူး ။ ကျုပ် ကို လည်း လက်ညှိုး မထိုးရဲဘူး ။ ကျုပ် အကြောင်း သူတို့ သိတယ် ။ ဒီတော့ သူတို့ က ဈေး ထဲ က တွေ့တဲ့ ဆိုင် ကို လက်ညှိုး ထိုးတယ် ။ အရင် က သူတို့ ရောင်းခဲ့ဖူးတဲ့ ဆိုင် လည်း ပါ ရင် ပါမှာပေါ့ ဗျာ ။ အခုတော့ အဲဒီ သူခိုးတွေက လည်း ထောင် ထဲ မှာ ။ အပြင်မှာ အခု ရှိ နေတဲ့ သူငယ်ချင်းတွေ က လိုင်းပေါ် နဲ့ ဈေး ထဲ မှာ လုပ် စား နေကြတာ ။ ခါးပိုက်နှိုက် ပေါ့ ဗျာ ။ သူတို့က ကျုပ် ကို ခေါ်ပါတယ် ။ ကျုပ် က ပြင်ပပစ္စည်း ကို မနှိုက်တတ် ပေမဲ့ လက်ဆင့်ကမ်း အစဖျောက် ပေါ့ ဗျာ ။ ဒါပေမဲ့ ကျုပ် မလုပ်ချင်တော့ဘူး ။ အသက် က လည်း လေးဆယ် ကျော် ပြီ ။ ကျုပ် မိန်းမ က လည်း ကိုယ်ဝန်ကြီး နဲ့ ။ နောက်ပြီး ဖောက်ထွင်းသမားတွေ ရှိ သေးတယ် ။ သူတို့ က လည်း (Witcher ) ပေါ့ ခေါ်ပါတယ် ။
အခုတော့ ခင်ဗျားတို့ သိတဲ့ အတိုင်းပဲလေ ။ နည်းပညာတွေ က တိုးတက် နေတယ် ။ ဒစ်ဂျစ်တယ်သော့ တွေ ရော ၊ စီစီတီဗီကင်မရာ တွေ ရော ၊ သူတို့ ကန့်သတ် ထားတဲ့ ဧရိယာ ထဲ ရောက်သွားတာ နဲ့ အချက်ပေး ခေါင်းလောင်း တွေ ရော ၊ ကျုပ်တို့ က ဘာပညာအရည်အချင်း ရှိလို့လဲ ။ ဒါတွေ ကျုပ်တို့ ဘယ် ကိုင် တတ်ပါ့ မလဲ ။ ကမ္ဘာကျော်ဘောလုံးသမားဘက်ခမ်း ရဲ့ ကား ကို သူခိုး က ကွန်ပျူတာ နဲ့ ခိုးသွား ကတည်း က ကျုပ် ဒီ လောက ကို စိတ် ကုန်သွားတယ် ။ ကျုပ်တို့ မှာ က ကွန်ပျူတာ ဆိုတာ ချို နဲ့ လား လို့ မေး ယူရမယ့် ဘဝမျိုး ။ အဲ ကျုပ် မိန်းမ က တော့ စောစောက ကျုပ် ပြောတဲ့ ဖောက် ထွင်းသမားတွေ နဲ့ အဆက်အသွယ် ရှိတယ် ။ အမှန်အတိုင်း ပြောရရင်တော့ ကျုပ် မိန်းမ က သူ ဝင်ထွက်ဖူးတဲ့ တိုက်ခန်း ၊ အိမ်တွေ ကို ဖောက်ထွင်းသမားတွေ ဆီ လမ်းပြမြေပုံ ရောင်းစားတာပါ ။ လမ်းပြမြေပုံ ရောင်းစားတယ် ဆိုပြီး ကျုပ် မိန်းမ ကို ရက်စက်လိုက်တာလို့ မပြောလိုက် ပါနဲ့ ဗျာ ။ ဟိုတုန်းက ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် က လည်း ကျုပ်တို့ နိုင်ငံ ကို လမ်းပြမြေပုံ ရောင်းစားဖူးခဲ့တယ် မဟုတ်လား ။
တစ်ရက် မှာ ကျုပ် မိန်းမ က “ ကို ရေ ၊ ချို အချီကြီး တစ်ခု တွေ့ထားတယ် ။ ချိုတို့ နှစ်ယောက် လုပ်မှ ဖြစ်မယ် ။ ကြီးတာ မှ တော်တော့် ကို ကြီးတယ် ။ လွယ်တာ က လည်း တော်တော် လွယ်တယ် ။ ငှက်ပျောသီး အခွံ နွှာတာကမှ ခက်ဦးမယ် ” တဲ့ ။ သူ ပြောတာက ဒီလိုဗျ ။ အဘိုးကြီး တိုက်ခန်း မှာ တစ်ယောက် တည်း နေတယ် ။ အသက် ခြောက်ဆယ် ကျော်ပြီ ။ စနေ ၊ တနင်္ဂနွေ တွေ မှာ သား သမီး ၊ မြေးတွေ အလည် လာ တတ်တယ် ။ အဘိုးကြီး က အရင် ရွှေတူးလုပ်ငန်း လုပ်ကိုင် လာတာ ဆိုတော့ ခုတော့ သူ့ သားသမီးတွေ က တရားဝင် ကုမ္ပဏီ ထောင်ပြီး ဆက် လုပ်နေတယ် ။ ကျုပ် မိန်းမ က မီးခံသေတ္တာရှိတဲ့ နေရာ လည်း သိတယ် ။ မီးခံသေတ္တာ က ရှေးတုန်းက အမျိုးအစားပါ ။ ဘာမှ မခက်ဘူး ရိုးရိုသော့ နဲ့ ပဲ ဖွင့်တာ တဲ့ ။ ကျုပ် စဉ်းစားရပြီ ။ ဒါမျိုး မျက်နှာချင်းဆိုင် ဗြောင် ကြီး မလုပ်ဖူးတာ တော့ အမှန်ပဲဗျ ။ အမှန်တော့ ဓားပြတိုက် တာပေါ့ ဗျာ ၊ ကျုပ် မိန်းမ ပြောသလို က လည်း အတော်ကလေး ချောင်တယ် ။ လမ်း ပေါ် ကောက်ရတဲ့ အတိုင်းပဲ ။ ကျုပ် ဒီ အလုပ် ကို လုပ်မယ်လို့ ဆုံးဖြတ် လိုက်တယ် ။ ဆုံးဖြတ်လိုက်ရတာ လည်း ဒီလိုပါ ။ ကျုပ် မိန်းမ နဲ့ ပတ်သက် နေတော့ ကျုပ် မသိစိတ် က မနာလို ဖြစ်ဟန် တူရဲ့ ။ နောက်ပြီး အဘိုးကြီး က အသက်ကြီး နေတဲ့ အတွက် ကျုပ် နဲ့ ယှဉ်ပြိုင် တိုက်ခိုက်စရာ မလိုဘူး ။ ကျုပ် မိန်းမ နဲ့ လည်း ပတ်သက်ခဲ့ ဖူးတော့ ခြိမ်းခြောက် အကျပ်ကိုင် လို့ ရတာပေါ့ ဗျာ ။
ကျုပ် နဲ့ မိန်းမ အတွက် စတိုးဆိုင် က ရော်ဘာ အရုပ် မျက်နှာဖုံး နှစ်ခု ၀ယ် လိုက်တယ် ။ အိမ် က ကလေး တွေ အတွက် လိုလို ဘာလိုလို ပေါ့ဗျာ ၊ သင်္ကြန် က လည်း နီးပြီ မဟုတ်လား ။ နောက် ဂျပ်ဖာတွေ ပိတ် တဲ့ တိပ်ခွေ တစ်ခု အဘိုးကြီး ကို ငြိမ် သွားအောင် လုပ်ဖို့ပါ ။ နောက် ဓားမြှောင် တစ်ချောင်း ဒါက ကျုပ်တို့ ဟာ အလှူခံတွေ မဟုတ်ဘူး ဆိုတဲ့ သင်္ကေတ သဘောမျိုး နဲ့ အဘိုးကြီး ကို ခြောက်လှန့်ဖို့ ပါ ။
ကျုပ်တို့ လင်မယား နှစ်ယောက် အသေးစိတ် အစီအစဉ် ဆွဲကြတယ် ။ မျက်နှာဖုံး အရုပ်တွေ က ချင်ပန်ဇီမျောက်ရုပ်တွေ ဆိုတော့ ကြောက်စရာ မကောင်းဘဲ ရယ်စရာများ ဖြစ်နေ မလားပဲ ။ အမှန်အတိုင်း ပြောရရင် ကျုပ် ရော ကျုပ် မိန်းမ ပါ ဒီလို တစ်ခါမှ လုပ်ဖူးကြတာ မဟုတ်ဘူး ။ နှစ်ယောက် စလုံး စိတ် ထဲ ကတော့ လန့် နေ ကြတယ် ။ ဒါပေမဲ့ ဒါကို တစ်ယောက် နဲ့ တစ်ယောက် ဖုံးကွယ် နေကြတယ် ။
ကျုပ်တို့ အစီအစဉ် အတိုင်း နေ့လယ် ဆယ့်နှစ်နာရီ နောက်ပိုင်း တစ်နာရီ အတွင်း အိမ်ထဲ အရောက် ဝင်ဖို့ ပါ ။ အဲဒီ အချိန် က အဘိုးကြီး စားသောက်ပြီး အောက် မြေညီထပ် မှာ ဂျာနယ် ဆင်း ဝယ်တာပါ ။ သူ ဂျာနယ် ဝယ် ပြီး အပြန် မှာ နောက် က မယောင်မလည်ကပ် လိုက်သွား ဖို့ နဲ့ သူ့ အခန်းတံခါး ဖွင့် မှ ကျုပ်တို့ မျက်နှာဖုံးတပ် လုပ်ငန်း စ ဖို့ ဖြစ်ပါတယ် ။ လွယ်ပါတယ် ။ နေ့ခင်း အချိန် တွေ မှာ ကွန်ဒိုတိုက်ခန်းတွေ က လူ ရှိတာမှ မဟုတ်တာ ။ အစောင့် အဘိုး ၊ အဘွား တွေ ရှိချင် ရှိမယ် ။ ဒါမှ မဟုတ် သော့ခလောက်တွေ ပဲ ရှိမယ် ။ ဒီနည်း မှ အဆင် မပြေ ရင် တော့ နောက်ဆုံး ကျုပ် မိန်းမ ကို မျက်နှာဖုံးမသုံးတော့ဘဲ အခန်း ရှေ့က ဘဲလ်ကို နှိပ်ပြီး ‘ အစ်ကိုကြီး ’ လို့ ခပ်ညုညုလေး ခေါ် လိုက်ရုံပါပဲ ။ ဒီနည်း က တော့ ကိစ္စ ပြီး သွားရင် ကျုပ်တို့ ဒီ မြို့မှာ နေလို့ မရတော့ဘူးပေါ့ဗျာ ။ နောက်ပြီး အဘိုးကြီး မှာ ရှိတဲ့ ပစ္စည်း က အနည်းအကျဉ်း ဆိုရင်တော့ ကျုပ် မိန်းမ နဲ့ ပတ်သက်ပြီး ဒီ ကိစ္စကို ဖော်ရဲ လိမ့်မယ် မထင်ဘူးဗျ ။ ဘာကြောင့်လဲ ဆိုတော့ သူ့ မှာ သားကြီး ၊ သမီးကြီး တွေ ရှိနေပြီး ဒီ မြို့ မှာ ထင်ရှားတဲ့ မိသားစု လည်း ဖြစ်နေတယ် ။ နောက်ပြီး အဘိုးကြီး က န.အ.ဖခေတ် က ငွေ သိန်းပေါင်း များစွာ လှူပြီး ဘာဘွဲ့ ညာဘွဲ့တွေ လည်း ယူထားသေးတယ် ဗျ ။
ကျုပ်တို့ မြေညီထပ် လက်ဖက်ရည်ဆိုင် ကနေ အဘိုးကြီး ဆင်းအလာ ကို စောင့်နေတာ တစ်နာရီ တောင် ထိုး သွားပြီ ။ ဆင်း မလာသေးဘူးဗျ ။ ကျုပ်တို့ က လက်ဖက်ရည်ဆိုင် ကို ဆယ့်နှစ်နာရီ မထိုးခင် က ရောက် နေ တာပါ ။ ကျုပ် မိန်းမ ကို ဘယ်လို လုပ်ကြမလဲ မေးကြည့် တော့ သူ သွား ကြည့်လိုက်မယ် တဲ့ ။ ပြောပြောဆို မိန်းမ ထ သွားတယ် ။ အဘိုးကြီး က ဒုတိယထပ် မှာ ပါ ။ သိပ် မကြာခင် မိန်းမ ပြန် ရောက်လာတယ် ။ သူ က ကျုပ် အနား ကပ်ပြီး တိုးတိုး ပြောတယ် ။ “ ထူးတော့ ထူးဆန်းတယ် ကို ရေ ... တံခါး က သော့ ခတ် မထားဘူး စေ့ ထားတာ ” တဲ့ ။ ဒါနဲ့ ကျုပ်တို့ နှစ်ယောက် လက်ဖက်ရည်ဆိုင် ပိုက်ဆံ ရှင်းပြီး ထ လာခဲ့ကြတယ် ။
ဟုတ်တယ်ဗျ ၊ တံခါး က စေ့ ထားတာ ။ ကျုပ်တို့ အထဲ ဝင်ပြီး မျက်နှာဖုံး စွပ်လိုက်ကြတယ် ။ မိန်းမ က အိပ်ခန်း ဘက် လက်ညှိုး ထိုးပြတယ် ။ ကျုပ် ဓား ကို ထုတ် လိုက်ပြီး အိပ်ခန်း ထဲ သတိ နဲ့ ဝင်လိုက်တယ် ။ မိန်းမ က ကျုပ် နောက် က ပါလာတယ် ။ “ ဟိုက် မြတ်စွာဘုရား ” ကျုပ် မိန်းမ နဲ့ ကျုပ် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက်ကြပြီး မှင်တက် မိ နေကြတယ် ။ ခင်ဗျားတို့ မြင်စေချင်တယ် ဗျာ ။ အဘိုးကြီး ခုတင် ပေါ် မှာ မှောက်လျက်ကြီး ။
ကျော မှာ လည်း ဓားဒဏ်ရာ က နှစ်ချက် လား သုံးချက်လား မသိဘူး ။ ခုတင် ပေါ် မှာလည်း သွေးတွေ အိုင်ထွန်းလို့ ။ ကျုပ် အဘိုးကြီး အနား အနီးကပ် သွား ကြည့် တယ် ။ ဟုတ်ပါတယ် ၊ သေ နေပြီ ။ ကျုပ် မိန်းမ က ရုတ်တရက် တခြား အခန်းဘက် ပြေးသွားတယ် ။ ကျုပ် နောက် က လိုက် သွားတော့ ဟုတ်တယ် ။ သူ ထင်တဲ့ အတိုင်းပဲ ။ မီးခံသေတ္တာကြီး က ပွင့် နေတယ် ။ အထဲ မှာ ဘာမှ မရှိတော့ဘူး ။ စာရွက်စာတမ်းတွေ ပဲ ရှိတယ် ။ ဘာ စာချုပ်တွေ မှန်း မသိဘူး ။
ကျုပ်တို့ ဒီ နေရာ က မြန်မြန် ထွက်ကြဖို့ မတိုင်ပင် ရဘဲ ကိုယ့် မျက်နှာဖုံး ကိုယ် ချွတ်ကာ အခန်းပြင် ဘက် ကသောကမျော ထွက် ခဲ့ကြတယ် ။ အပြင်လှေကား ထိပ် လည်း ရောက်ရော ကျုပ်တို့ လင်မယား နှစ်ယောက် ခြေလှမ်းတွေ တုံ့သွားပြီး ကမ္ဘာကြီး လည်း ကျွမ်းထိုး မှောက်ခုံ ဖြစ်သွားတယ် ။ အောက် မှာ ရဲကား တစ်စီး ၊ ရဲ နှစ်ယောက် က ကျုပ်တို့ လင်မယား ကို သေနတ် နဲ့ ချိန် ထား တယ် ။ အရာရှိ လို့ ထင်ရတဲ့ တစ်ယောက် က ခါးထောက် ရပ် နေတယ် ။ ဘေး မှာ အရပ်ဝတ် တစ်ယောက် နဲ့ ကျန် ရဲ နှစ်ယောက် က ကျုပ်တို့ ရှိရာ တက် လာပြီး ၊ ကျုပ်တို့ ကို လက်ထိတ်ခတ် လိုက်ကြတယ် ။
ကျုပ်တို့ ရုံး ထုတ်တဲ့ နေ့မှာ ကျုပ် မိန်းမ နဲ့ ပြန် တွေ့ ရတော့ ကျုပ် ကြားရတဲ့ သတင်း ကို ကျုပ် မိန်းမ ကို ပြန် ပြောပြတယ် ။ စကားလုံးတွေ က တော့ ကြီးတယ် ။ ဒါပေမဲ့ ကျုပ် ကြားခဲ့တဲ့ အတိုင်း ပြောတာပါ ။ အိုင်စတိုင်း ရဲ့ ရီလေတီဗတီ သီအိုရီ ကိစ္စပါ ။ အချိန် နဲ့ ဟင်းလင်းပြင် ဟာ အကြွင်းမဲ့ တည်ရှိ နေတဲ့ အရာများ ဆိုတာနဲ့ ပတ်သက်ပါတယ် ။ ရူပဗေဒသုတေသနဌာနများမှာ အချိန် ဟာ ပြောင်းပြန် စီးဆင်းနိုင်ခြင်း ရှိ မရှိနဲ့ ရပ်တန့်နိုင်ခြင်း ရှိ မရှိ ကို လေ့လာ စူးစမ်း နေကြပါတယ် ။ အခုတော့ အချိန် ဟာ ပြောင်းပြန် စီးဆင်း လို့ ရတယ် ဆိုတာကို တွေ့ရှိ သွား ပါပြီ ။ အနောက်နိုင်ငံကြီး တွေ မှာ တော့ နှစ်ပေါင်း သန်း ခြောက်ဆယ် လောက် အထိ အတိတ်ကာလ သွား ချင်သူများ ကို အခကြေးငွေ နဲ့ ပို့ဆောင် ပေးနေတဲ့ ကုမ္ပဏီကြီး တွေ တောင် ရှိပါတယ် ။
ကျုပ်တို့ ဆီ မှာတော့ စမ်းသပ်ဆဲ ကာလ မို့ ရက် ၊ လ ၊ သုံးလေးနှစ် လောက် ပဲ သွားနိုင်ပါသေး သတဲ့ ။ ဒါ့ အပြင် စမ်းသပ်ဆဲ ကာလ ဖြစ်တဲ့ အတွက် အတိတ်ကာလ ကို ပြန်သွားချင်သူများ ကို အခမဲ့ လိုက်ပါခွင့် ပြု သတဲ့ ။ လွန်းပျံယာဉ် ရှိတဲ့ နေရာ က တော့ နေပြည်တော် မှာ ပါ ။
ကျုပ် စဉ်းစားမိတာ က ဒီလိုပါ ။ ကျုပ်တို့ အဖမ်း ခံ ရတာ တစ်လ ကျော်ပါပြီ ။ ကျုပ်တို့ ဒီ အချုပ် ကနေ လွတ်မြောက်အောင် ထွက်ပြေးပြီး ကျုပ်တို့ ပြစ်မှု ကျူးလွန် တဲ့ နေ့ ၊ ရက် ရဲ့ မကျူးလွန်ခင် က နံနက်ခင်း ဆီ ကို ပြန် သွားချင်တာပါ ။ အဲဒီမှာ ကျုပ် တို့ က စနစ်တကျ တစ် ကနေ ပြန် စချင်လို့ပါ ။ ဒါကို မိန်းမ ကို ပြောပြတော့ ‘ ထွက်ပြေးဖို့ ဘယ်လို ကြံမလဲ ’ တဲ့ ။ ‘ ထွက်ပေါက် ဆိုတာ တစ်နေရာ ရာ မှာ တော့ ရှိမှာပေါ့ ’ လို့ ကျုပ် က ပေါ့ပေါ့ဆဆ ပြော လိုက်တာပါ ။ ဒါပေမဲ့ တစ်ခါတစ်ရံ ကံတရား ဆိုတာ က လည်း ဆန်းကြယ်တယ်မဟုတ်လားဗျာ ။ ဒီလိုပါ ။ ကျုပ်တို့ အချုပ်ကား ရုံး ထုတ်လာတော့ ရထားလမ်း အကူး မှာ ရထား နဲ့ ချိတ်မိ သွားတယ် ။ ကျုပ် တို့ ကား နှစ်ပတ် လောက် လိမ့် သွားတယ် ။ ကား ထဲ က အချုပ်သားတွေ လည်း ချက်ချင်း ငရဲပြည် သွား သလိုပဲ ။ ပွက်လောညံ သွားတယ် ။ ဒီ ရထားဂိတ် က ယာဉ် အသွားအလာ နည်း တဲ့ ဂိတ်ပါ ။ ရထားမောင်း ပိတ်တံ မရှိဘူး ။ အလံပြ တော့ ရှိတယ် ။ အဲဒီ လူ က ထွက်ပြေး သွားပြီ ။ လူ တချို့ ကျုပ်တို့ ကား ဆီ ပြေးလာကြတယ် ။ အချုပ်သား အချို့ လည်း သေမယ် နဲ့ တူတယ် ။ ကျုပ် လက်ပြင် နဲ့ နံရိုးတွေ နာနေတယ် ၊ ကျုပ် မိန်းမ အခြေအနေ ကို ကြည့် လိုက်တယ် ။ သူ့ ကိုယ် ပေါ် မှာ သွေးတွေ နဲ့ ၊ လူ တစ်ယောက် က သူ့ အပေါ်က ထပ် လဲကျ နေတယ် ။ ကျုပ် အဲဒီ လူ ကို ဆွဲဖယ် ပြီး ကျုပ် မိန်းမ ကို ဆွဲ ထုတ်တယ် ။ ကား က ဘယ်ဘက် ဘေးစောင်း လဲ နေတာ ဆိုတော့ တံခါးပေါက် က အပေါ် မှာ ၊ မိန်းမ က သတိ ကောင်း တယ် ၊ ဘာမှ မဖြစ်သလိုပဲ ။ နောက်မှ သိရတာ က သူ့ ကိုယ် ပေါ်က သွေးတွေ က တခြား တစ်ယောက် ရဲ့ သွေး တွေ ဖြစ် နေတယ် ။
ကျုပ်တို့ နဲ့ အတူ လိုက်တဲ့ ရဲ သုံးယောက် လည်း သေ သလား ၊ ရှင် သလား မသိဘူး ။ သွေးတွေ နဲ့ သတိ လစ် နေတယ် ။ ခေါင်းခန်း ထဲ က ဒရိုင်ဘာ နဲ့ အရာရှိ တစ်ယောက် သူတို့ တော့ ဘယ်လို နေမယ် မသိဘူး ။ အချုပ်သား တွေ လည်း သတိလစ်သူ ၊ သွေးအလိမ်းလိမ်း နဲ့ ကယ်ပါယူပါ ညည်း နေသူ ၊ အချို့က ပက်လက် ၊ အချို့ က မှောက်လျက် ၊ ကား က အရင် ကတည်းက တံခါးတွေ မရှိတာပါ ။ တံခါး နေရာမှာ ကြိုး တစ်ချောင်း ကန့်လန့်ဖြတ် ချည် ထားပြီး ရဲတွေ က တံခါးပေါက်ဝ က အဲဒီ ကြိုးတန်း ဆွဲပြီး လိုက် ကြတာပါ ။
အခုခေတ် မီဒီယာတွေ က မြန်တယ် မဟုတ်လား ။ မကြာခင် ရဲကားတွေ ရောက်လာကြတော့မယ် ။ ကျုပ် မိန်းမ ကို လူအုပ် ကြား ထဲ က ဆွဲ ခေါ်ပြီး အနီးအနား က ရပ်ကွက် ထဲ ဝင်လိုက်တယ် ။ ရပ်ကွက် ထဲ က လူတွေ က ကျုပ်တို့ လင်မယား ကို သတိ မထားမိကြဘဲ ကား မှောက် တဲ့ နေရာ ကို အပြေးအလွှား သွားနေကြတယ် ။ ရပ်ကွက် က ဆင်းရဲသား ရပ်ကွက် ပါ ။ အိမ်တွေ ပြွတ်သိပ် နေပြီး လမ်းတွေ က ဝင်္ကပါ ထဲ သွား နေရတဲ့အတိုင်းပဲ ။ ဒီ ရပ်ကွက် ထဲ မှာ ကျုပ် အသိ တစ်ယောက် ရှိတယ် ။ သူ့ အိမ် ရောက်တော့ သူနဲ့ တန်း တွေ့တယ် ။ သူ က ကျုပ်တို့ သတင်း ကြားပြီးပြီ နဲ့ တူပါတယ် ။ ဘာမှ အထွေအထူး မေး မနေပါဘူး ။ ကျုပ် မိန်းမ အတွက် ကိုယ်လက် သန့်စင်ပြီး သူ့ ညီမ ရဲ့ အင်္ကျီ ၊ လုံချည်တွေ ထုတ်ပေးတယ် ။ ကျုပ် အတွက် ကတော့ သူ့ ဆီ က ခပ်လတ်လတ် ပုဆိုး တစ်ထည် လဲ ဝတ်ခဲ့တယ် ။ သူ က ပဲ ဆိုင်ကယ်တက္ကစီ ငှား ပေးလို က်တယ် ။
ကျုပ်တို့ လင်မယား နေ့ခင်း ၁၂ နာရီ ထိုး လောက် ရောက် သွားပြီး ကာလလွန်းပျံယာဉ်စခန်း ကို မေးမြန်း စုံစမ်း ပြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာခဲ့ကြတယ် ။ စခန်း တာဝန်ရှိ ပုဂ္ဂိုလ်ကြီး က ဖော်ရွေစွာ ကြိုဆိုတယ် ။ “ အတိတ် ကို သွားကြမှာလား ။ လာ လာထိုင်ပါဦး ။ ဘာ စားပြီးပြီလဲ ။ တစ်ခု ခု စားပါဦးလား ” တဲ့ ။ ကျုပ်တို့ စားပွဲဝိုင်း တစ်ခု မှာ ဝင် ထိုင်လိုက်တယ် ။ ပုဂ္ဂိုလ်ကြီး က ကျုပ် တို့ အတွက် လက်ဖက်ရည် နဲ့ ပေါင်မုန့် အနည်းငယ် ယူ လာပြီး ချ ပေးတယ် ။ “ စားပါဦး ၊ လွန်းပျံယာဉ် စီးတဲ့ အခါ အစာ မရှိရင် မူးနေလိမ့်မယ် ” တဲ့ ။
ကျုပ် မိန်းမ က ကျုပ် နား ကပ်ပြီး လေသံတိုးတိုး နဲ့ “ သဘော ကောင်းလိုက်တာနော် ၊ ယာဉ်စီးခ လည်း မယူ ဘူး ၊ မုန့် လည်း ကျွေး ၊ လက်ဖက်ရည် လည်း တိုက်သေး တယ် ” လို့ သူ က ပြောတယ် ။ “ နင့် အမေလွှား တဲ့ ဒါက စမ်းသပ်ခံ ကာလကိုး ၊ လွန်းပျံယာဉ်စက် ချွတ်ယွင်းပျက် ကျ သွားရင် တို့ က အတိတ် လည်း မရောက် ၊ ပစ္စုပ္ပန် လည်း ပြန်မရောက် နဲ့ ဟင်းလင်းပြင် ထဲ မှာ နိဂုံး ချုပ် ရမှာ ၊ တို့ ဟာ အစမ်းသပ်ခံ ကြွက်တွေ ပေါ့ ” လို့ ကျုပ် က ပြောလိုက်တယ် ။
“ ဒါနဲ့ နေပါဦး အန်ကယ် ၊ အတိတ် ကို ပြန် သွား မယ့် အခြား လူတွေရော ရှိရဲ့လားဗျ ”
“ အား အများကြီး ရှိတာပေါ့ တူမော င်ရာ ၊ အမျိုးမျိုးပေါ့ ၊ အချို့ က လည်း ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ သွားကြမယ် ။ အချို့ က လည်း ပရဟိတ လုပ်ငန်းပေါ့ ၊ နိုင်ငံရေးသမားတွေ လည်း ပါ တယ် ။ သမိုင်းသုတေသီတွေ လည်း ပါတယ် ။ ရွှေ တူးမယ့် သူတွေ နဲ့ သင်္ဘောပျက် ရှာမယ့် သူတွေ လည်း ပါ တယ် ”
“ ဒါနဲ့ နေပါဦး ၊ နိုင်ငံရေးသမားတွေ က ဘာ သွား လုပ်မှာလဲ ”
“ ဪ ဒီလိုကွဲ့ သူတို့ က တော့ မြန်မာပြည်သူတွေ လည်း ကယ်တင်ရာ ရောက်အောင် ၊ မြန်မာ့တပ်မတော်သား တွေ လည်း သူတို့ ရဲ့ တပ်မတော် ဖခင် အရင်း ကို မြင်ဖူးအောင် ၁၉၄၇ ခုနှစ် ကာလ ကို သွားပြီး ဗိုလ်ချုပ်အောင်ဆန်း ကို ဂဠုန်ဦးစော လက်တွင်း က ကယ်တင် မတဲ့ ကွယ် ”
“ ဒါနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ နဲ့ သွားကြမယ့်သူ တွေ က ရော အန်ကယ် ”
“ အင်း သူတို့ က တော့ သူတို့ ရဲ့ ဘဝနိဂုံး ကို ဒီ ပစ္စုပ္ပန် မှာ ကို မနေချင်တော့ဘူး တဲ့ ။ အသည်း နာ သတဲ့ ။ လယ်သမား နဲ့ အလုပ်သမားတွေ က တော့ အင်္ဂလိပ်ကျွန် ဖြစ်ချင်ဖြစ်ပါစေတော့ ၁၈၉၀ ခုနှစ် အတိတ်ကာလ ဆီ ကို ပြန် သွားတော့မယ် တဲ့ ။ အဲ လူကြီး ပိုင်း က တော့ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ဦးနု အုပ်ချုပ် တဲ့ ခေတ်ဆီ ကို ပဲ ပြန် သွားပြီး အရိုး ထုတ်တော့မယ်တဲ့ ကွယ် ၊ သမိုင်းသုတေသီတွေ က တော့ တူမောင် သိတဲ့ အတိုင်းပဲလေ ၊ ဒီ ပစ္စုပ္ပန် မှာ မှန်းဆ နေရတာ ထက် အတိတ် ကို သွားပြီး အချက်အလက် စုဆောင်းရတာ က ပို အဆင်ပြေမယ် မဟုတ်လား ။ အခု ဦး တို့ လွန်းပျံယာဉ် က ဆယ်နှစ်ဝန်းကျင် လောက် အတိတ်ကာလ ကို သွား လို့ ရ နေပါပြီ ၊ နောင် နှစ်ပေါင်း တစ်ထောင် လောက် သွား နိုင်တဲ့ အခါ ဦး ထင်ပါတယ် ၊ ဦးတို့ မြန်မာ လူထု သန်း ခြောက်ဆယ် စလုံး အနော်ရထာ ရဲ့ ဘုန်းရိပ် မှာ ခိုလှုံကြလိမ့်မယ် နဲ့ တူပါရဲ့ကွယ် ”
ကျုပ် စဉ်းစားရင်း ခေါင်းတွေ ချာချာလည် နေ တယ် ။ ကျုပ် မိန်းမ က တော့ ငေး လို့ ၊ ဘာမှ နားလည်ပုံ မရဘူး ။ ဒီအချိန် မှာ ပုဂ္ဂိုလ်ကြီး က “ ဒါနဲ့ တူမောင် တို့ က ဘယ်ကာလ အထိ သွားချင်တာလဲ ”
“ နီးနီးလေး ပါ အန်ကယ် ၊ ဒီနေ့ က စပြီး သုံးလ နဲ့ ဆယ့်နှစ်ရက် ရှိတဲ့ မတ်လ ၁ဝ ရက် နံနက်ခင်း ကို အရောက် သွားချင်တာပါ ”
“ အို နီးနီးလေးပဲ ၊ ရပါတယ် ။ ဘာမှ မပူနဲ့ အရောက် ပို့ပေးမယ် ။ အဲ တစ်ခု သတိထားရ မှာ က အန်ကယ်တို့ လွန်းပျံယာဉ် အပြန် မှာ တူမောင် တို့ ကို ချပေးတဲ့ နေရာ သံမဏိလမ်း ပေါ် က ပဲ စောင့်ပါ ၊ ဒါပါပဲ ။ ဒီည ရှစ်နာရီ လွန်းပျံယာဉ် ထွက်မယ် ”
ကျုပ်တို့ လင်မယား နှစ်ယောက် လွန်းပျံယာဉ်ကြီး ကို ကြည့် လိုက်တယ် ။ စက်ကြီး မှာ ကြီးမားတဲ့ သံမဏိ ကိုယ်ထည်များ ဖြင့် တည်ဆောက် ထားပြီး သံမဏိ ယက်မ ၊ တန်းများ ၊ ကွန်ပျူတာဖန်သားပြင် နဲ့ ဆက်သွယ် ထားတဲ့ ဝါယာကြိုးများ ဖြင့် ရှုပ်ထွေးလျက် ရှိပြီး ရောင်စုံမီးများ က ပြိုးပြိုးပြက်ပြက် လင်းလျက် ရှိတယ် ။ စက်ခန်း နောက် နံရံဖန်သားပြင် ပေါ် မှာ ပစ္စုပ္ပန် မှ စက္ကန့် ၊ မိနစ် ၊ နာရီ ၊ ရက် ၊ လ ၊ နှစ်များ တစ်စတစ်စ မှုန်ဝါး ပျောက်ကွယ် သွားကြပြီး စက်ယန္တရားကြီး ဟာ ရုတ်တရက် ပြောင်းပြန် လည်ပတ်သွားတယ် ။ အနောက်မှ နေလုံးများ က အရှေ့ဘက် ဆီ ကို လျင်မြန်စွာ ကူးပြောင်း နေကြတယ် ။ လများ မှာ မတူညီသော တည်နေရာ အရပ် မှ အရှေ့ဘက် ဆီ သို့ ခုန်ပျံကျော်လွှား နေကြပြီး လွန်းပျံယာဉ်ကြီး က တဝီးဝီး မြည်နေတယ် ။
လွန်းပျံယာဉ် ပေါ် မှာ ကျုပ်တို့ လင်မယား နှစ်ယောက် ၊ ယာဉ်မောင်း နှစ်ယောက် ၊ ဂျပန်နိုင်ငံ မှ ငှား ထားတဲ့ သိပ္ပံပညာရှင် နှစ်ယောက် အပြင် အတိတ်သွား ခရီးသည် ငါးဦးပါသေးတယ် ဗျာ ၊ သူတို့ က တော့ ဘယ်လို အကြောင်းကိစ္စ နဲ့ လဲတော့ မသိဘူးပေါ့ ။ ခက်တာ က ကျုပ်တို့ မြန်မာလူမျိုးတွေ က သိတဲ့ အတိုင်းပဲလေ ။ အချိန် တွေ က လည်း ပို နေတယ် ။ ချားရဟတ် တွေ တောင် ပိုက်ဆံပေး စီးရတာ ဆိုတော့ ရောက် ချင် ရာ ရောက် ၊ ပေါက် ချင် ရာ ပေါက် ဆိုပြီး စီး နေကြသလား မသိပါဘူး ဗျာ ။
ကာလယန္တရားကြီး က တဝီးဝီး မြည် နေတယ် ။ ကျုပ်တို့ နဲ့ မျက်နှာချင်းဆို င်ရှိ နံရံဖန်သားပြင် ပေါ် မှာ တီဗီဇာတ်ကား တစ်ကား ကို နောက်ပြန် ရစ် သလို အတိတ် က စက္ကန့် ၊ မိနစ် ၊ ရက် ၊ လတို့ စသည် ဖြင့် ပေါ် လာတယ် ။ တစ်လ ၊ နှစ်လ ၊ သုံးလ ၊ တစ်ရက် ... ဆယ့်နှစ်ရက် ၊ နံနက် ၆ နာရီ လွန်းပျံယာဉ်စက်သံ လည်း တဖြည်းဖြည်း ငြိမ်သက် သွားတယ် ။
နောက်ပြန် လည်ပတ် နေတဲ့ နေလုံးကြီး လည်း ရပ် တန့် သွားတယ် ။ ကျုပ်တို့ ရဲ့ ညာဘက် တံခါး က အလိုလို ပွင့် သွားတယ် ။ နံရံ ဖန်သားပြ င်ဘေး မှ ရေဒီယို က “ သုံး လ ၊ ဆယ့်နှစ်ရက် သွားမယ့် အတိတ် ခရီးသည် နှစ်ဦး ကံကောင်းပါစေ ” ၊ ကျုပ်တို့ လင်မယား နှစ်ယောက် စလုံး မှင်တက် မိ နေကြတယ် ။ နောက်မှ အသိ ဝင် လာကာ တံခါးအပြင် ကို ခုန်ထွက် လိုက်ကြတယ် ။
ကျုပ်တို့ မြို့လေး ကို ဆယ်နာရီ မှာ ရောက်တယ် ။ ရောက်ရောက်ချင်း ပဲ အဘိုးကြီး ရှိတဲ့ မြေညီထပ် က လက်ဖက်ရည်ဆိုင် ကို ပြေး ကြတယ် ၊ လက်ဖက်ရည်ဆိုင် မှာ စားသောက်ရ င်း ကျုပ် မိန်းမ ကို “ တို့ ဆယ့်တစ်နာရီ မှာ စမယ် ၊ မင်း မျက်နှာ ဖုံးစရာ မလိုဘူး ။ တံခါး က ဘဲလ် နှိပ်ပြီး အဘိုးကြီး ကို ခေါ်ရမှာ ” မိန်းမ က မုန့် စားရင်း ခေါင်းညိတ် ပြတယ် ။
လက်ဖက်ရည်ဆိုင် နာရီ က ဆယ့်တစ်နာရီ ထိုးဖို့ ဆယ်မိနစ် လိုသေးတယ် ။ ဒါပေမဲ့ ကျုပ် စောင့် ရတာ သည်းမခံ နိုင်တော့ဘူး ။ ကျုပ်တို့ အဘိုးကြီး ရှိရာ တိုက်ခန်း ဆီ ကို တက်လာခဲ့ကြတယ် ။ မိန်းမ က သူ့ ကိုယ်ပေါ် က အဝတ်စားများ ကို လက် ဖြင့် ဖြေဖြန့်ကာ ပြုပြင်ပြီး တံခါးဝ က ဘဲလ် ကို နှိပ် လိုက်တယ် ။
ကျုပ် မိန်းမ သရုပ်ဆောင်ပုံ များ ခင်ဗျား တို့ မြင်စေ ချင်တယ် ဗျာ ။ ဘဲလ် နှိပ် အပြီးမှာ အထဲ က တံခါး ဖွင့်သံ ကြား တော့ သူ့ မျက်နှာ က ချက်ချင်း ကြာရုပ် ပေါ်သွား တယ် ။ ကျုပ် တစ်ဖက် နံရံဆီ ပြေး ကပ်လိုက်တယ် ။
“ x x x x ”
“ ဘာလဲ ၊ မခေါ်ဘဲ နဲ့ မလာရဘူးတဲ့ လား ”
“ x x x x ”
“ ဖုန်း က ငွေဖြည့်ကတ် ကုန် နေတယ် ။ ကဲပါ ဖွင့်စမ်းပါ ”
ကျုပ် မျက်နှာဖုံးစွပ် ထုတ်ပြီး ဝင် သွားတော့ အဘိုးကြီး ကျုပ် ကို မြင်တော့ လန့် သွားတယ် ။ သူ က ကျုပ် မိန်းမ ကို မကျေနပ်တဲ့ မျက်လုံး နဲ့ ကြည့်တယ် ။ ကျုပ် ဒေါသထွက်ပြီး သူ့ မျက်နှာ ကို ဓား နဲ့ လှမ်း ပက် လိုက် တယ် ။ ခြောက် လိုက်တာပါ ။ အဲဒီမှာ မိန်းမ က ဝင် တား တယ် ။ နောက် တစ်ခါ သူ့ ဗိုက် ကို ထိုး ဖို့ ဟန်ရေး ပြလိုက်တယ် ။ မိန်းမ က မလုပ်ဖို့ ဝင် တားပြန်တယ် ။ အဘိုးကြီး မျက်နှာမှာ သွေး မရှိတော့ဘူး ။
“ ဒီမှာ အဘိုးကြီး ဒါက ကျုပ် မိန်းမ ၊ ခင်ဗျား ကျုပ်တို့ ကို အမှုဖွင့် ရင် ကျုပ် က မယားခိုးမှု နဲ့ ပြန် တရားစွဲမယ် ။ နားလည်လား ။ ခင်ဗျား ရဲ ကို တိုင်ရဲ တိုင်ကြည့် ၊ ခင်ဗျား လည်း သောက်ရှက် ကွဲ သွားမယ် ”
ကျုပ် က စကားလုံး နဲ့ ခြိမ်းခြောက်တာပါ ။
ကျုပ် အဘိုးကြီး ကို တိပ် နဲ့ ပါးစပ် ကို ပိတ်လိုက် တယ် ။ အဘိုးကြီး က ဝူးဝူးဝါးဝါး လုပ်နေတယ် ။ နောက် လက်နှစ်ဖက် ကို နောက်ပြန် တိပ် နဲ့ ပတ်ချည် လိုက်တယ် ။ နောက် သူ့ အိပ်ရာ ပေါ် မှောက်လျက် ထားပြီး ခြေထောက် နှစ်ဖက် ပါ တိပ် ပတ် လိုက်တယ် ။ မိန်းမ က တီဗီ စင် အံဆွဲ ထဲ က သော့ ယူပြီး တစ်ဖက်ခန်း ထဲ ပြေးဝင် သွားတယ် ။ ကျုပ် အဘိုးကြီး ကို တစ်ချက် ကြည့်ပြီး မိန်းမ အခန်း ဘက် ဆီ လိုက်သွားတယ် ။
ရွှေချောင်း က ရှစ်ချောင်း ပါ ။ ပိုက်ဆံအုပ် ကတော့ ဆယ့်ငါးအုပ် ရတယ် ။ ငါးထောင်တန် အုပ် လည်း ပါ တယ် ။ တစ်ထောင်တန် အုပ် လည်း ပါတယ် ။ ဘယ်လောက် ရှိမယ်မပြောတတ်ဘူး ။ ကျုပ်တို့ အဘိုးကြီး အခန်း ထဲ က ကျောပိုးအိတ် တစ်လုံး နဲ့ ပစ္စည်းတွေ ထည့် ပြီး အခန်း ထဲ က ခပ်တည်တည် ထွက် လာခဲ့ကြတယ် ။ ကျုပ်တို့ မြေညီထပ် ရောက်တော့ ကျုပ် ကွမ်းယာဆိုင် မှာ ဆေးလိပ် ဝင် ဝယ်တယ် ။ မိန်းမ က ကျုပ် ကို နား မလည်တဲ့ ပုံစံ နဲ့ ကြည့်နေတယ် ။ ကျုပ် ကွမ်းယာဆိုင် က အထွက် အဘိုးကြီး တိုက်ခန်းလှေကား ဘက် လှမ်း ကြည့် လိုက်တယ် ။ လူ တစ်ယောက် အင်္ကျီဘောင်းဘီ နက်ပြာရောင် ၊ လျှာထိုးဦးထုပ် နဲ့ ခပ်သုတ်သုတ် တက် သွားတာ မြင် လိုက်တယ် ။ ကျုပ် ကွမ်းယာဆိုင် ဘေး က ဝက်သားတုတ်ထိုး ဆိုင် ဝင်ပြီး တစ်ကင် ချင်း အချဉ်ရည် တို့ ကာ စား နေလိုက်တယ် ။ မိန်းမ မျက်နှာ စူပုပ်ပြီး ကျုပ် ကို ချိုကြည့် ကြည့် နေတယ် ။ ကျုပ် သိပါတယ် ။ သူ က ဒီ နေရာ က ထွက်ပြေးချင် လှပြီ ။ ကျုပ် က သူ့ ကို တုတ်ထိုး စားဖို့ အတင်း ခေါ်တယ် ။ အဲဒီ အချိန် မှာ ရဲ ကား တစ်စီး ဥသြ ဆွဲပြီး ရောက်လာတယ် ။ မိန်းမ မျက်နှာ မှာ သွေး မရှိတော့ဘူး ။ ရဲသား သုံးလေးယောက် က တိုက်ခန်း လှေကား ပေါ် သေနတ် ကိုယ်စီ နဲ့ ပြေး တက် သွားတယ် ။ လှေကားရင်း မှာ လည်း ရဲတွေ စောင့်နေ တယ် ။ အရာရှိ တစ်ယောက် လည်း ပါတယ် ။ မကြာခင် ဆေးရုံကား တစ်စီး လည်း ရောက်လာတယ် ။ လက်ဖက် ရည်ဆိုင် ၊ ကွမ်းယာဆိုင် ၊ အခြားဆိုင်များ မှ လူတွေ က လှေကားရင်း ဆီ သွားပြီး ဝိုင်းအုံ ကြည့် နေကြတယ် ။ ကျုပ်တို့ လင်မယား နှစ်ယောက် မယောင်မလည် နဲ့ လူအုပ် နောက် က တိုး ကြည့်တယ် ။ စောစောက အင်္ကျီ ဘောင်းဘီနက်ပြာ လျှာထိုး ဦးထုပ် နဲ့ လူ ကို ရဲများ က လက်ထိတ် ခတ် ခေါ် လာတယ် ။ အခြား ရဲနှစ်ယောက် က အဘိုးကြီး ကို တွဲ ခေါ်လာတယ် ။ အဘိုးကြီး ကို ကား ပေါ် က ဆေးရုံ၀န်ထမ်းတွေ က ဆီးကြို ပွေ့ခေါ် ယူတယ် ။ လက်ထိတ်ခတ် တရားခံ ကို တော့ ရဲကားနောက်ခန်း ထည့် ပြီး ဘေး တစ်ဖက်တစ်ချက် စီ ရဲ နှစ်ယောက် ဝင် ထိုင်ပြီး ကားတံခါး ကို ပိတ် လိုက်တယ် ။
သံမဏိ လမ်းမကြီး ပေါ် မှာ ကျုပ်တို့ လင်မယား နှစ်ယောက် တစ်ယောက် လက် တစ်ယောက် မြဲမြဲ ခိုင် တွဲ လို့ ၊ ပစ္စုပ္ပန် ပြန် သွားမယ့် ယာဉ်ကြီး ဆီ ကို ခပ်သုတ်သုတ် သွား နေကြတယ် ။
“ ကို ... ချို ကလေး မွေးရင် အထူးကု မှာ တက် မွေး မှာ နော် .. ”
“ ဒါပေါ့ ဒီလိုပဲ ဖြစ်ရမှာ ပေါ့ ”
“ ဒါနဲ့ ကို ... ချို တို့ ဟို ရောက်ရင် ဘယ်မြို့ကို သွား ကြမှာလဲ ဟင် .... ”
“ သူခိုး မရှိတဲ့ မြို့ ပေါ့ကွယ် ”
အရာရာတိုင်း ဟာ သူ့ နေရာ နဲ့ သူ နေသားတကျ ဖြစ်လို့ ။
ကိုသာမန်
Trcasure Land မဂ္ဂဇင်း
ဧပြီ ၊ ၂၀၁၄
No comments:
Post a Comment