Friday, November 22, 2024

ဝေဒနာ လှိုင်းတို


 

📻 ဝေဒနာ လှိုင်းတို
      ( ဆူးငှက် )

သည် နေ့ မနက် လက်ဖက်ရည်ဆိုင် မှာ ထိုင်ဖြစ်ကြတော့ ကနဦး ပြောမိကြ တာ ကျွန်တော့ ငယ်ချစ်ဦး ဇေယျာကမ်းအလှပန်းချီ အကြောင်း ပဲ ဖြစ်ပါသည် ။

တကယ်တော့ ကျွန်တော် နှင့် ကိုတွတ် တို့ ရေဒီယိုလေး တစ်လုံး နှင့် ပတ်သက်ပြီး ခံတွင်းတွေ့ မြိန်ယှက်စွာ စကားပြော ဖြစ်တာ က အစ ဖြစ်သည် ။ ဆယ်တန်း အောင်သည့် နှစ်မှာ အစ်မအကြီးဆုံး က ဝယ် ပေး သော နေရှင်နယ် အမျိုးအစား ရေဒီယိုကလေး ။

အိမ်တော်ရာ သင်္ကန်းတန်း ရှိ သမဝါယမဆိုင် က ရေဒီယိုကလေး ကို ငွေသုံးရာ နှင့် ဝယ်ပြီး အိမ်ယူ လာ ကတည်း က ကောင်းကင်ဧရိယာကြိုး တွေ မလိုအပ်ဘဲ ဆင် ၊ မြေကြီး ထဲ က ဝါယာတွေ မြှုပ် ၊ တစ်နေကုန် အလုပ် ရှုပ် ကာ ရေဒီယိုလေး နား က မခွာဘဲ ည ဆို “ ကမ္ဘာမကြေ ” ဆုံးသည် ထိ နားထောင်သည့်အကြောင်း ဖွဲ့ကာ နွဲ့ကာ ပြောပြတော့ ကိုတွတ် က ခြူး ဆေးပေါ့လိပ် ဖွာရင်း နားထောင် နေသည် ။

ထိုစဉ် ရေဒီယိုလေး ကို စွဲစွဲမြဲမြဲ နားထောင် ဖြစ်ကာ သောတရှင် လိုရာကြောင့်လား ၊ စနေ နေ့လယ် ရုပ်ရှင်သီချင်းကြောင့်လား ၊ ဒါပေမဲ့ ခင်သစ်လွင် ၏ ပန်းရည်ဘဏ်တိုက် သီချင်းလေး ကို အခုထိ သတိတရ ဖြစ် နေတာ က ရေဒီယိုလေး ကျေးဇူး ကြောင့် ဖြစ်ပါသည် ။ နေခဲ့ရသည့် အိမ်ကလေး မှာ လျှပ်စစ်မီး မရှိ ၊ ထို့ကြောင့် ရေဒီယိုကလေး ကို ခြောက်ဗို့ ဘက်ထရီလေး နှင့် ဖွင့်ရ သည် ။ ဘက်ထရီလေး ကြာကြာခံအောင် ရေအေးအေး လောင်း ပေးတာ ၊ ဘက်ထရီ ညှပ်ကလစ် တွေ ချေး မတက် အောင် ရေနွေး စိမ်တာ ... နေ့စဉ် အလုပ် ပို ဖြစ်နေသည် ။

တစ်ခါတစ်ရံ စနေ ၊ တနင်္ဂနွေ လို ကျောင်းပိတ်ရက်တွေ မှာ နေ့လည် နှစ်နာရီ ကျော် ပေမယ့် နိုင်ငံခြားအသံ တွေ လှည့် ဖမ်းရင်း သူတို့ သီချင်း တွေ နားထောင် တော့ ဈေးရောင်း အပြန် တစ်မှေး နှစ်မှေး အိပ်ချင်သော အမေ က လှမ်းပြီး စူငေါက် တတ်သည် ။ ဒါပေမဲ့ အဖေ က မူ ဗုဒ္ဓဟူး တစ်ပတ်ခြား စာဟော နှင့် ကြာသပတေးနေ့ ဆိုင်းအဖွဲ့ ဖျော်ဖြေခန်း မှာ ဆို ပင်တိုင် ပရိတ်သတ် ဖြစ်နေပါ သည် ။ ကြာသပတေးနေ့ တစ်ည မှာ တော့ မန္တလေး ဆိုင်း တစ်ဖွဲ့ ရေဒီယို က လာသည် ။ ထို ဆိုင်းအဖွဲ့ နှင့် ပတ်သက် ၍ ပုဂ္ဂိုလ်စွဲ ကြီးလွန်းသော အဖေ မှာ ညနေ ကတည်း က ရေဒီယိုလေး နား တစ်ရစ်ဝဲဝဲ ဖြစ် နေပြီ ။ ဘက်ထရီလေး အားပြည့် မပြည့် စမ်း နေတာလည်း အလီလီ ။ ည ရှစ်နာရီ ထိုး တော့ အိမ်နီးနားချင်းများ ပါ မကျန် အိမ် ရှေ့ ကွပ်ပျစ်လေး ပေါ်ရောက် နေကြပြီ ။ ကိုး နာရီ ထိုး သွား သောကြောင့် အသိမ်း တီးလုံးလေး ကို ပင် ဆုံးအောင် လွှင့် မသွားသော မြန်မာ့အသံ ကို တဖျစ်တောက်တောက် ပြော မပြီး ဖြစ်ခဲ့ကြဖူးသည်  ။

ထိုကဲ့သို့ ရေဒီယိုလေး ဆီ လူတွေ ဝိုင်းအုံ နေကြတာမျိုး တစ်နှစ် တစ်ခါ လွှင့်တတ်သော တိုင်းဘောလုံးပွဲ ရာသီ ဆို ကြုံရတတ်သည် ။ ထိုအခါ မျိုး မှာ လည်း ရေဒီယိုလေး မှာ မန္တလေးတိုင်း နိုင် လျှင် မျက်နှာပန်း လှ၍ ရှုံး လျှင် အထုအရိုက် ခံရလုနီးပါး ဖြစ်တတ်သည် ။

အမေ က မူ အခါကြီး ရက်ကြီးတွေ မှာ လွှင့် တတ်သည့် ရွှေမန်းတင်မောင် ၏ ဖွားတော်မူခန်း ၊ တောထွက်ခန်းများ ဆို လျှင် တုံးလုံးပတ်လက် လှဲ ရင်း ယပ်တဘုံးဘုံး ခတ်ကာ နားထောင် တက်သည် ။ ရေဒီယိုလေး နှင့် ပတ်သက်၍ မူ ကျွန်တော် ညံ့ဖျင်းမှု မှာ သီချင်းတွေ တော်တော်များများ ကို မမှတ်မိခြင်း ပင် ဖြစ်သည် ။

သို့သော် ဒီ သီချင်းလေး ကို မူ ရေဒီယိုလေး မှ ကြား ကတည်း က စွဲလမ်းရ ၊ မက်မောရ တာ ဒီနေ့ ထိ ဖြစ်သည် ။ အခုအချိန် ပြန် ကြားမိတိုင်း လွမ်းဆွတ်ဖွယ် ရနံ့လေ    တွေ ထုံယစ် နေဆဲ .. ။

  •••••   •••••   •••••

တကယ်တော့ ထို ရေဒီယို သီချင်းလေး သည် ကျွန်တော် တို့ ဒုတိယနှစ် သင်္ချာ မှ အတန်းဖော် မိန်းကလေး တစ်ဦး အား စွဲလန်းစေမှု အပေါ် ဆပွား အားမြှင့် စေခဲ့သည် ။ ထို မိန်းကလေး က သွယ်လျသည် ၊ ဆံပင်ရှည်သည် ၊ မြန်မာဆန်သည် ၊ ဂန္ထဝင်ဟန် ကဲသည် ။ သူ့ ကို စတင် စွဲငြိချိန် မှာ ရေဒီယိုလေး က ရီရီသန့်၏ “ ဇေယျာကမ်းအလှပန်းချီ ” သီချင်း ကို စတင် ကြားဖူးချိန်ပဲ ဖြစ်သည် ။ သည် ကတည်း က မိမိ ၏ အုံ့ပုန်းစိတ် သည် ဇေယျာကမ်းအလှပန်းချီ မှာ တော့ ကဲလွန်း ၊ သဲလွန်း နေတတ်သည်  ။ ဤသို့ဖြင့် သူ နှင့် နီးစပ်ခွင့် မကြုံသော ( ကြုံရန်လည်း အစွမ်းအစ မရှိ သော ) ကျွန်တော် သည် “ ဇေယျာကမ်း ၊ အလှပန်းချီ ” ကိုမူ မကြားရ မနေနိုင် ဖြစ်ရတော့သည် ။

မန္တလေး မှ မြစ်ကူး ၊ ချောင်းခြား တံတားကြီး ပေါ် က သွားရတဲ့ ငြိမ်သက် မြို့လေး တစ်မြို့ မှာ သူ နေထိုင်သောကြောင့် သည် သီချင်းလေး ကို ဖြင့် စွဲမိပြီပေါ့ ။

“ ဘယ်ဝယ်ဆီ တမ်းတကာ ၊ မှန်းဆကာ လွမ်းရတော့မည် ၊ ဘယ်ဝယ်  ၊ ဘယ်ဆီ ၊ တမ်းတကာ ၊ မှန်းဆကာ လွမ်း ... လွမ်းရမည် ... ” လို့ အသံထွက် နေသော ရေဒီယိုလေး ကို ငေးစိုက် ကြည့် နေမိတဲ့ ကျွန်တော့ အာရုံ မှ သူ့ ရုပ်ပုံလွှာလေး ကို ရုပ်ရှင်ကားပိုင်းတိုလေး ပမာ တဖျပ်ဖျပ် မြင်ယောင် လာမိသည် ။ မနက် ခုနှစ်နာရီခွဲ အချိန် “ သည် နေ့ တစ်နေ့တာ အစီအစဉ် ” ကို မလွတ်တမ်း နားထောင် မိပြီး သောတရှင် လိုရာ မှ ဖြစ်စေ ၊ စစ်သည် တို့ လိုရာမှ ဖြစ်စေ “ ဇေယျာ ကမ်းအလှပန်းချီ ” များ ပါလျှင် ထိုနေ့ အဖို့ ရေဒီယိုလေး ကို ရင်ထဲ မှာ ပဲ ထည့်ထားချင် တော့သည်  ။

သီချင်းလေး လာတော့မည့် အချိန် ( လာနေဆဲ အချိန် ) မိသားစုထမင်း ဝိုင်း ဆုံ လျှင်ပင် ဗိုက် ထဲ က မွတ်သိပ်မှု က ပြင်းထန် ပေမယ့် နှလုံးသားမွတ်သိပ်မှု ကို မလွန်ဆန်နိုင်ဘဲ ရေဒီယိုလေး နား မှာ ရှိ နေဖို့ ကြိုးစား နေမိ သည် ။

တစ်ခုသော စနေနေ့ ကို တော့ အခုထိ အမှတ်ရ နေသည် ။ နေ့လည်ပိုင်း စစ်သည် တို့ လိုရာ အစီအစဉ် တွင် “ ဇေယျာကမ်းအလှပန်းချီ ” သီချင်း လာ မှာ မနက် ခုနှစ်နာရီခွဲ ကတည်း က ကြို သိနေ ပါသည် ။ ဖြစ်ချင် တော့ သည် နေ့ မှာ ပဲ သူငယ်ချင်း တစ်ယောက် ၏ အဖေ ဈာပန လိုက် ပို့ ဖို့ ကိစ္စ က ပေါ်နေသည် ။ မပို့လို့ ကလည်း မဖြစ် ၊ သီချင်းလေး လည်း နားထောင်ချင် ။ ထိုအခါ ဈာပန မချခင်ကလေး မှာ ပဲ သူငယ်ချင်းအိမ် နှင့် အနီးဆုံး စာတိုက်ကြီး ရှေ့ က ကြံရည်ဆိုင်လေး မှာ ကြံရည် တစ်ခွက် မှာ သောက် ရင်း ထို ဆိုင်ရှိ “ ဟိုင်ဖိုင် ” အမျိုးအစား မီးလုံး ရေဒီယိုကြီး ကို ဖွင့်ခိုင်း ရတော့ သည် ။

အရေးထဲ မီးလုံးရေဒီယို တို့ ထုံးစံ အတိုင်း မီးအား က တော်တော် နှင့် မပြည့်သောကြောင့် ရင်မောစရာ ကောင်းအောင် စောင့်ရသေးသည် ။

စက္ကန့် အနည်းငယ်ကြာ မှ သီချင်းသံ က ထွက်လာသည် ။

“ ရေဇလာနဒီ xx ဧရာ၀တီ xx သက်သေ ညွှန်းဆိုပြုမည် နောက်တစ် ခါဆို xx အတူဖူး ပါရစေ .. ”

ကျွန်တော့ မှာ တော့ သီချင်းကလေး နားထောင်ရင်း အိမ်တွင်းပုန်း လွန်း သော ရည်းစား ကို ခိုး တွေ့ ရသလို ခံစား နေရသည်  ။ ကြံရည် က လည်း အချို ပေါ့ လွန်း ကာ ကျဲတောက်တောက် နိုင်လွန်း သည် ။ ကြံရည် ကို တစ်ဝက်နီးပါး သောက် ပြီးချိန် ၊ သီချင်းလေး က လည်း “ ခွန်းချိုတေးဖွဲ့သီ ၊ ငှက် မောင်နှံ ပျော်မြူးကြတော့သည် ” ဟူသော အပိုဒ် မှာ ပင် ( ၈၁ ) လမ်း တစ်လျှောက် တောင်ဖက် ဆီ မှ “ အနိစ္စရယ်တဲ့ မှ .. ၊ ဒုက္ခာ ” ဟူသော မြမန်း အသံချဲ့စက် ၏ ဈာပန ဘာဝနာတရားသံ ကို ကြားရတော့သည် ။ သီချင်းလေး ဆုံးလု ခင် ဈာပန ယာဉ်တန်း လည်း ကြံရည်ဆိုင်လေး အား ဖြတ်ကျော် ဆဲ အချိန် တစ်ဝက် သာသာ ကျန်သော ကြံရည်ခွက် အောက် ကျပ်တန် တစ်ရွက် ထိုး ထည့်ကာ ( ထိုစဉ် ကြံရည် တစ်ခွက် တစ်ကျပ် ဖြစ်သည် ။ ) နောက်ဆုံး ဈာပန ပို့ ဘက်စ်ကား ပေါ် ပြေး တက် သွား တော့ ဆိုင်ရှင် က အူကြောင်ကြောင် ကြည့်ကာ ကျန်ရစ်သည် ။

သည် အကြောင်းလေး ကို ၀တ္ထုတို တစ်ပုဒ် ပမာ ဖွဲ့ကာ နွဲ့ကာ ပြောပြ တော့ ကိုတွတ် မှာ ဆေးလိပ် ဖွာလိုက် ၊ ချိုပေါ့ လက်ဖက်ရည် သောက်လိုက် နှင့် ခေါင်းတညိတ်ညိတ် နားထောင် နေ သည် ။ ပြီးတော့ လက်ကျန် လက်ဖက်ရည် ကို တစ်ကျိုက်တည်း သောက်ပြီး ဆေးလိပ်လေး ဖွာ ကာ ငြိမ် နေသော ကိုတွတ် ကို ကြည့် ရင်း ကျွန်တော့် ရေဒီယို ဝေဒနာလေး ကို သူ လည်း မျှဝေခံစား နေ ပေပြီ ဟု အောက်မေ့နေမိသည် ။ ခဏ နေ တော့ ရေနွေးကရား မ ကာ အေးစက်စက် ရေနွေးတွေ ကို ပန်ကန်ထဲ ငှဲ့ ရင်း “ ကျွန်တော် တောင် ရေဒီယိုလေး တစ်လုံး ဝယ်မလို့ ဗျာ .. အဲဒါ ” ဟု တိုးညှင်း သော လေသံ နှင် ကိုတွက် က ပြောလိုက်သည် ။

“ ဆိုစမ်းပါဦးဗျ ၊ ဘာ အမျိုးအစားလဲ .. ” ဟူသော ကျွန်တော့် အမေး မှာ ကိုတွတ် က သူ့ ရေဒီယိုလေး အကြောင်း ပြောပြတော့သည် ။

“ ကျွန်တော် လည်း လခ ထုတ်ဖို့ ပုသိမ်ကြီး အသွား မှာ ကိုစိုးရ ဆိုတဲ့ လူ က ရေဒီယိုလေး တစ်လုံး ရောင်းစရာ ရှိတယ် ဆိုပြီး စကား စပ်ပါရောလား ၊ ပြောကြစို့ ဆိုရင် ကျွန်တော် လည်း ငယ်ငယ်က ရေဒီယို စွဲခဲ့ဖူးသူ ကိုး ၊ ဘာရယ်လို့ တော့ မဟုတ်ပါဘူးဗျာ ၊ သီချင်းလေး တွေ ချစ်တာပါ ၊ အခု အချိန်မှာ တော့ ရေဒီယိုလေး တစ်လုံး တော့ လိုအပ် နေတာ အမှန်ဆိုတော့ ကိုစိုးရ ရေဒီယိုလေး ကို တီးခေါက် ကြည့်ရတော့ တာပေါ့ ၊ သူ ဝယ်တာ တော့ ကြာပြီတဲ့ ၊ တစ်ရာ့အစိတ် ပေးရတာ တဲ့ ၊ ဒီ နောက် ပြင်တာ က တစ်ရာ တဲ့ ၊ အခု နှစ်ရာ့ငါးဆယ် ရရင် ရောင်းမယ် လို့ ပြောတာဗျ ”

ကိုတွတ် က ရေနွေးကရား အဖုံး ကို တချပ်ချပ် လုပ် ကာ စားပွဲထိုး ကောင်လေး ကို ခေါ်ပြီး ရေနွေး ဖြည့် ခိုင်းသည် ။ ပြီးတော့ စားပွဲ ပေါ် က မီး သေ သွားသော ဆေးလိပ် ကို  မီး ထပ် ညှိ၏ ။

“ စဉ်းစားကြည့်ဗျာ ၊ အဲဒီ အချိန် ကျွန်တော့ လက် ထဲ လခလေး ထုတ် ထားတာ အပြင် ခရီးစရိတ် တွေ ပါ ရှောရှောရှူရှူ ရ ထားတော့ နှစ်ရာ့ငါးဆယ် ဆိုတဲ့ ငွေ က လွယ်နေတာ မဟုတ်လား ၊ နဂို ကတည်း က လိုချင်တဲ့ ဆန္ဒလေး လည်း ရှိနေရော  ၊ ဒါနဲ့ ကိုစိုးရ ကို ခင်ဗျား ရေဒီယို က ကောင်းရဲ့ လား ဆိုတော့ ကောင်းသလား မမေး နဲ့ သတင်းများ လာ ရင် လူ ထိုင် ပြော နေသလား အောက်မေ့ရ သတဲ့ ၊ သီချင်း လာ ရင် လည်း အသံကြည်ပုံ က ချောင်း တစ်ချက် ဟန့်သံ မကြားရဘူး တဲ့ ၊ ပြီးတော့ ဓာတ်ခဲ က သုံးခဲ ပဲ ထည့် ရတဲ့ အိတ်ဆောင်လေး ဆိုတော့ ကြိုက်ပြီ ဗျာ ၊ နက်ဖြန်ခါ ခင်ဗျား နေတဲ့ ရွှေကျင်တဲတန်း လာ ကြည့်ပြီး ယူ လှည့်မယ်လို့ ပြောလိုက်ရော ဗျို့ ”

တကယ်တော့ တိုရှီဘာတွေ ၊ နေရှင်နယ်တွေ ၊ ဆိုနီတွေ အပေါ်စက် အောက်စက်တွေ ခေတ် မှာ ကျွန်တော့ မိတ်ဆွေလေး ကိုတွတ် ၏ နှစ်ရာ့ ငါးဆယ် တန် ရေဒီယို ဝယ်ခြင်း ကိစ္စ မှာ ရိုးစင်း နေပေသည် ။ ရေဒီယိုပိုင်ရှင် ကိုစိုးရ က လည်း ရောင်ချင်သည် ။ ကိုတွတ် က လည်း ဝယ် ချင်သည် ။ ဈေး လည်း ကြိုက်သည် ။ ဒီလိုနဲ့ ရွှေကျင်တဲတန်း က ရေဒီယိုလေး သည် နောက်နေ့ မှာ ဖြင့် မြောက်ပြင် ထားဝယ်ရပ် က သပြေစာအုပ်ဆိုင်လေး ထဲ မှာ သီချင်း တကြော်ကြော် ၊ သတင်း တစာစာ ဖြစ် နေရော့မည် ။ အိပ်ရာ ထ ပျင်းသော ကိုတွတ် ၊ နှင်းတွေ ဝေ နေသည့် ဒီဇင်ဘာလ တွင် နံနက် ခြောက်နာရီ ကတည်း က စောင်ခြုံထဲ က နေ ရေဒီယိုလေး ကို ကလိ ပြီး သတင်း နားထောင်တော့ ကိုတွတ် ကတော် “ ခင်မေစီ ” တစ်ယောက် အိပ်ရေး ပျက်ပြီး စူအောင့် နေမှာ သေချာသည် ။ ဘာပဲ ပြောပြော ၊ ကျုံးထိပ်တန်း က နှစ်ဖက်လှဆိုင် မှာ ဖြစ်စေ ၊ စည်သာလမ်း က သိန်း အောင်ကြီး မှာ ဖြစ်စေ ကိုတွတ် တစ်ယောက် အခါတိုင်း လို သူများ ပြောမည့် သတင်းပလင်းတွေ စောင့် နားထောင်တော့ မှာ လည်း မဟုတ်တော့ပြီ ။ ဒီလိုနဲ့ ကိုစိုးရ နဲ့ တွေ့ ပြီး နောက် ရက် မှာ ရေဒီယိုလေး သွား ယူပြီး သူများ တွေ မထခင် ကတည်း က ခင်မေစီ နှိုး လို့ ကိုတွတ် နိုး နေပြီ ။

အိတ် ထဲ ငွေ နှစ်ရာ့ငါးဆယ် ထည့်ပြီး အိမ် ထွက် လာတော့ မနက် ခုနှစ်နာရီ လောက်ပဲ ရှိဦးမည် ။ မြင်းပြိုင်ကွင်းဘေး က ဘန်ဘူး စားပွဲရုံနား ရောက် မှ နှင်းမှုန်ကြား က နေခြည်လက်တံ တချို့ မန္တလေးတောင် ပေါ် တွယ်တက် နေကြပြီ ။ ဟို ... ဂေါက်ကွင်း ဆီ မှာ လည်း ရောင်စုံထီးတွေ ၊ လေးပင်အိတွဲ ကာ ရွေ့လျား နေကြသည် ။ အိမ် က အထွက် ချမ်း နေပေမင့် စက်ဘီး နင်း လိုက်ရလို့ ချွေးလေး စို့လာသည် ။ ဂေါက်ကွင်းအ လွန် ကုန်း အတက် မှာ အဖေ့ အမွေ ရာလေးလက်ဟောင်း က ချေးမဆေး ၊ ဆီ မထည့် တာ ကြာလို့ ချွေးဥတွေ နဖူးဆီသီး ကာ လှမ့်ဆင်းလာသည် အထိ နင်းလိုက် ရသည်  ။ ဒါပေမယ့် မြောက်စောင်းတန်း မရောက်ခင် ပဲ လမ်း က ပြေ သွားပြီး သက်သက်သာသာ နင်း သွား ရုံပဲ ဖြစ်သည် ။

အခုနေ ကိုစိုးရကြီး စောင့် နေ လောက်ပြီ ။ အပြန် မှာ လွယ်အိတ်ကလေး ထဲ ရေဒီယိုလေး ထည့် လာ ရုံပဲဖြစ်သည် ။ အိမ် ရောက်ရင် ကြံတိုင်းအောင်စတိုး မှာ ဓာတ်ခဲ အသစ်လေးတွေ ဝယ် ဦး မည် ။ ဒီလို စိတ်ကူးလေး နှင့် ကိုတွတ် စက်ဘီး နင်းလာ တာ မတ္တရာလမ်းမ ဘေး က ရွှေကျင် တဲတန်းလေး တွေ ဆီ ရောက် လာပြီ ။ ရေအိုးစင်လေး နှင့် တမာပင်လေး ကျော် တော့ စက်ဘီးလေး အရှိန် သတ်ပြီး လမ်း အရှေ့ဖက် က တဲကလေး ရှေ့ မှာ ရပ် လိုက်သည် ။ တဲကလေး ထဲ က ရေဒီယို အသံ ကြားနေရ သည် ။ ကိုစိုးရ ပြော တာ မှန်သားပဲ ။ ရေဒီယိုသံလေး က ကြည်လို့ ။ ကိုတွတ် စက်ဘီး ထောက်သံ ကြား တော့ နောက်ကျော ပေး ထင်းခွဲ နေတဲ့ ကိုစိုးရ က လှည့် ကြည့်ပြီး “ ကိုယ့်လူ ပေါ်လာ ပြီကိုး ” ဆိုကာ တဲလေး ထဲ ကို ကိုတွတ် အား ခေါ်သွားသည်  ။

အဝင်ပေါက် ဝါးကြမ်းစင်လေး ခြေရင်း က တိုင်လေး မှာ ချိတ် ထား သော ရေဒီယိုလေး က သီချင်း ဆိုနေသည် ။ ကိုတွတ် က ရေဒီယိုလေး ကို မြင်တော့ မိတ်ဟောင်းဆွေဟောင်း တွေ့ သလို ခံစားမိသည် ။ တိုင်ကလေး က ဖြုတ်ပြီး အတိုးအကျယ်ခလုတ် ကို ကစား နေမိသည် ။ ရေဒီယိုသံလေး အပြောင်းအလဲ မှာ ဝါးကြမ်းစင် ၏ မှောင်မည်းမည်း ထဲ က လှုပ်ရှားသံ ကြား လိုက်ရပြီး စောင်ခြုံ ထဲ က လူ တစ်ဦး က “ စိုးရ လား ” လို့ အသံ ပေး လိုက်သည်  ။ သည်တော့မှ တဲကလေး ထဲ မှာ အဖိုးအို တစ်ယောက် ရှိ နေမှန်း ကိုတွတ် သတိထား မိသည် ။ ကိုးစိုးရ က ဟုတ်တယ် အဖေ လို့ ပြန် အဖြေ မှာ ခေါင်းမြီးခြုံ ထားသော စောင် ထဲ က “ ရေဒီယို က ဘာ လုပ်မလို့ လဲ ” ဆိုတော့ “ မနေ့က ပြောထားတဲ့ လူ လာလို့ အဖေ ” ဟု ဆိုသည်  ။ “ ဟင်း ” ခနဲ လေးပင်ပင် သက်ပြင်းချသံ နှင့် အတူ အဖိုးအို သည် စောင်ခြုံ မပျ က် အသာလေး ပြန်လှဲ အိပ်သွားသည် ။

ကိုတွတ် က ရေဒီယိုလေး ကိုင်ရင်း အိမ် ရှေ့ ကို ထွက် လာကာ အပေါက် ဘေး က ခုံလေး မှာ ထိုက်လိုက်သည်  ။ ကိုစိုးရ က “ ရေဒီယို ကတော့ ဗျာ အဖေ တစ်ယောက် ပဲ ကလိ နေတာ ၊ မနက်လင်း အိပ်ယာ နိုး ကတည်း က ကု,လားသံ ၊ တရုတ်သံ ဖွင့်တာ ၊ ခြောက်နာခွဲ တော့ သတင်း ၊ ပြီးတော့ မြန်မာ့ အသံ ၊ ည လည်း တစ်ညလုံး သီချင်း နားထောင်လိုက် ၊ သတင်း နားထောင်လိုက် နဲ့ ၊ ဆက်တိုက် ဖွင့် တာပဲဗျို့ ”  ဟု အပြော မှာ ကိုတွတ် က ရေဒီယိုလေး ကိုင် ရင်း အိတ် ထဲ က ပိုက်ဆံခေါက်လေး စမ်း ကာ ထုတ် ပေးဖို့ ပြင်သည် ။

ထိုစဉ် ကိုစိုးရ ဆက် ပြောလိုက်သော စကား တစ်ခွန်း က ကိုတွတ် ရင် ကို လှုပ်ခါရမ်းသွား စေ တာ ကိုစိုးရ တော့ ရိပ်မိဟန် မတူ ။ သည်တော့လည်း ကိုတွတ် က လက် ထဲ ကိုင် ထားသော ရေဒီယိုလေး ကို ကိုစိုးရ လက် ထဲ အလန့်တကြား ပြန် ထည့်လိုက်ပြီး ထိုင်ရာ မှ ထသည် ။

“ ဘယ်လိုလဲ ကိုယ့် လူ ရဲ့ ကြိုက်ကဲ့ မဟုတ်လား ” ဟူသော ကိုစိုးရ ၏ အမေး ကို ပင် ကတိုက်ကရိုက် နှင့် “ ကျွန်တော် က စားပွဲတင် ရေဒီယိုလေးမျိုး ပို ကြိုက်တယ် ” ဟု ပြော ရင်း စက်ဘီး နင်း ထွက်လာတော့သည် ။ ရေဒီယိုလေး ကို ကိုင် ရင်း ကိုစိုးရ ကျန်ခဲ့သည် ။

ကိုတွတ် မှာ တော့ စက်ဘီး စီးရင် ကိုစိုးရ ၏ စကားလေး တစ်ခွန်း က ရင် မှာ ပဲ့တင်ထပ် ဗလောင်ဆူ နေဆဲ ဖြစ်သည်  ။ ဘာတဲ့ ... ။

“ အဖေ လည်း မျက်စိ နှစ်လုံး ကွယ် ကတည်း က ရေဒီယိုလေး ပဲ အဖော် လုပ်နေရတာ ... ”

“ အဖေ လည်း မျက်စိ နှစ်လုံး ကွယ် ကတည်း က ... ” 

“ အဖေ လည်း ... ”

  •••••   •••••   •••••

သည် နေ့ မနက် လက်ဖက်ရည်ဆိုင် ထိုင်ပြီး အပြန် မှာ ပါ လာတဲ့ ဝေဒနာလေး က ကျွန်တော့ ငယ်ချစ်ဦး “ ဇေယျာကမ်းအလှပန်းချီ ” နှင့် မပတ်သက်တော့ တာ သေချာပါသည် ။

ဆူးငှက်

မန္တလေး ရသစာပေ ( ၂ )
၁၉၉၄ ခုနှစ် ၊ မတ်လ

No comments:

Post a Comment