Saturday, November 30, 2024

ပုဏ္ဏားကြီး စိတ်ဆိုးသလား

 

ပုဏ္ဏားကြီး စိတ်ဆိုးသလား
          ( ပုံပြင် )

ဟို ရှေးရှေးတုန်း က ငပေ ၊ ငတေ လို့ ခေါ်တဲ့ ညီအစ်ကို နှစ်ယောက် ရှိသတဲ့ကွယ် ။ အစ်ကို ဖြစ်တဲ့ ငပေ က ရိုးသားပြီး အားနာ သလောက် ညီငယ် ဖြစ်တဲ့ ငတေ က တော့ အလွန် ပါးနပ်ပြီး လူပါးဝသတဲ့ ။ သူတို့ ရဲ့ မိဘနှစ်ပါး ကွယ်လွန် သွားကြတဲ့ အခါမှာ အမွေပစ္စည်း အနေ နှင့် နွားမ တစ်ကောင် ရယ် ၊ စောင် တစ်ထည် ရယ် ၊ ဓားမ တစ်ချောင်း ရယ် ကို ရလိုက်ကြတယ်ကွယ့် ။ ဒီ အမွေပစ္စည်း ကို ညီအစ်ကို နှစ်ယောက် ခွဲဝေပြီး အသုံးပြု နေကြရတယ် ။ ညီငယ် ဖြစ်သူ ငတေ  က ဒီလို နှစ်ယောက် မျှပြီး အသုံးပြု နေရတာကို မကျေမနပ် ဖြစ်လာပါရောကွယ် ။ ဘာလို့လဲ ဆိုရင် နွားမ က ရတဲ့ နွားနို့ ကို လည်း တစ်ယောက် တစ်ဝက်စီ ၊ စောင် ကို လည်း အတူတူ ခြုံရ ၊ ဓား ကို လည်း တစ်လှည့်စီ အသုံးပြု ရတော့ လောဘကြီး တဲ့ ငတေ အဖို့ မလုံလောက်ဘူး ဆိုပါတော့ ကွယ် ။ တစ်နေ့ကျတော့ ငတေ က အစ်ကို ဖြစ်သူ ငပေ ကို “ အစ်ကိုရယ် ၊ ဒီ အမွေ ပစ္စည်းတွေ ကို ကျွန်တော်တို့ နှစ်ယောက် မျှ သုံးနေတာ မကောင်းပါဘူး ၊ ဒီတော့ နွားမ ကို အစ်ကို က ခေါင်းပိုင်း ယူပါ ၊ ကျွန်တော် က ဖင်ပိုင်း ယူမယ် ၊ စောင် ကိုလည်း အစ်ကို က နေ့ မှာ ယူပါ ၊ ကျွန်တော် က ညမှာ ယူမယ် ၊ ဓားမ ကို လည်း အစ်ကို က ည မှာ ယူပါ ၊ ကျွန်တော် က နေ့မှာ ယူမယ် လို့ ပြောသတဲ့ကွယ် ။ ငတေ က အကြံသမား ကိုးကွယ့် ။ နွားမ ရဲ့ ဖင်ပိုင်း ရတဲ့ သူ ကတော့ နွားနို့ သောက်ရပြီး ခေါင်းပိုင်း ရတဲ့ ငပေ က အစာ ကျွေးရမှာကိုးကွယ့် ။ ဒါမှ သူ တစ်ယောက်တည်း နွားနို့တွေ အကုန်လုံး သောက်ရမှာကွယ့် ။ စောင် နဲ့ ဓားမ ကို လည်း ထိုနည်းလည်းကောင်း ပေါ့ကွယ် ။ အစ်ကို ဖြစ်သူ ငပေ ကို တော့ အသုံး မချရတဲ့ အချိန်တွေမှာ ပေးထားတာပေါ့ ။

လူအ ဖြစ်တဲ့ ငပေ ကတော့ မသိရှာတာ နဲ့ ခေါင်းညိတ် လိုက်တာပေါ့ ။ ငတေ က သူ တစ်ယောက်တည်း နွားနို့တွေ လည်း သောက်ရ ၊ စောင်လည်း ည မှာ တစ်ယောက်တည်း ဇိမ်ရှိရှိ နဲ့ကြုံရ ၊ ဓားမ လည်း တစ်ယောက်တည်း အသုံးပြု နေရတော့ စားကောင်း သောက်ကောင်း နဲ့ ဝဖြိုး နေတာပေါ့ကွယ် ။ အစ်ကို ဖြစ်သူ ငပေ မှာတော့ တစ်နေ့တခြား အားနည်းပြီး ပိန်ခြောက်လာရှာ သတဲ့ ။ ဒီအဖြစ် ကို မြင်သိရတဲ့ ရွာသားတွေ ဟာ ငပေ ဘက်က မခံနိုင် ဖြစ်လာကြတော့တယ် ။ ဒါနဲ့ ငပေ ကို အကြံပေးကြ သတဲ့ ။ “ ဟေ့ ... ငပေ ၊ မင်း သိပ် အတဲ့ ကောင်ပါလား ၊ နွားမ ကို ငတေ  နို့ညှစ် နေတုန်း ခေါင်း က ရိုက်ရိုက်ပေးကွ ၊ ဒါမှ ငတေ့ ကို နွားကန်ပြီး နို့ မညှစ်ရမှာ ” လို့ အကြံပေး ကြတယ် ။ ငပေ ကလည်း ရွာသားတွေ ပြောတဲ့ အတိုင်း လုပ်တော့ ငတေ ခမျာ နွားကန်ခံရပြီး နွားနို့ မရဘဲ နေတာပေါ့ကွယ် ။ ငပေ ကို ခေါင်း မရိုက်ဖို့ ပြောပေမယ့် ငပေ က “ ငါ ပိုင်တဲ့ ခေါင်း ငါ ရိုက်တာ မင်း နဲ့ ဘာဆိုင်သလဲကွယ့် ” လို့ ပြန်ပြောသတဲ့ ။ ဒီတော့ ငတေ လည်း မတတ်နိုင်တာနဲ့ “ အစ်ကိုရယ် ၊ ကျွန်တော် ညှစ်ရတဲ့ နွားနို့ တစ်ဝက် ပေးပါ့မယ် ၊ နွားခေါင်း ကို မရိုက်ပါနဲ့ ” လို့ ပြော ရတော့တာပေါ့ကွယ် ။ စောင် ကို လည်း ရွာသားတွေ က အကြံပေးတဲ့ အတိုင်း တစ်နေ့လုံး အင်တုံ တစ်လုံး ထဲ မှာ ရေစိမ် ထားသတဲ့ ။ ည အိပ်ခါနီး ငတေ က စောင် တောင်းတဲ့ အခါ ရေစို နေ တဲ့ စောင် ကို အင်တုံ ထဲ က ဆယ်ပေး လိုက် သတဲ့ ။ ဓားမ ကို လည်း ငပေ က ည သူ ပိုင်တဲ့ အချိန်မှာ ကျောက်တုံးတွေ ကို လိုက်ခုတ်ထားသတဲ့ ။ ကျောက်တုံးတွေ ခုတ် ထားတော့ ဓားသွားတွေ လိပ် ကုန်တာပေါ့ကွယ် ။ နေ့အခါ ငတေ က တောင်းတဲ့အခါ လိပ်နေတဲ့ ဓားမ ကို ယူပေး လိုက်တာပေါ့ ။ ငတေ လည်း မတတ်နိုင်တာ နဲ့ ငပေ နဲ့ အတူတူ အသုံးပြုရ ပြန်တာပေါ့ကွယ် ။ ဒီလို တစ်ယောက် တစ်ဝက် အသုံးပြု နေရတာကို ငတေ က ဘယ် ကြိုက်နိုင်မလဲကွယ် ။ သူ တစ်ယောက်တည်း အသုံးပြုရအောင် ဘယ်လို လုပ်ရပါ့မလဲလို့ အကြံထုတ် နေတာပေါ့ကွယ် ။ တစ်နေ့ ကျတော့ ပုဏ္ဏားကြီး တစ်ဦး နဲ့ သွားတွေ့တာနဲ့ သူ ဟာ ငပေ့ ကို ငွေတစ်ထောင် နဲ့ ရောင်းခဲ့သတဲ့ ။ ဒီလို ရောင်းရာ မှာ တစ်ဦး နဲ့ တစ်ဦး ဘယ်လိုပဲ ပြုမူပြုမူ စိတ်ဆိုးရင် နောက်ထပ် ငွေတစ်ထောင် ပေးရ မယ် ” လို့ ကတိကဝတ် ပြုခဲ့ကြတယ် ။ ငပေ ကတော့ သိပ်ပြီး အတဲ့လူ မဟုတ်လားကွယ့် ။ ပုဏ္ဏားကြီး ခိုင်းသမျှ လုပ် ၊ ကျွေးသမျှ စား နဲ့ပဲ နေရရှာတယ် ။ ပုဏ္ဏားကြီး က သူ့ကို အလုပ် အများကြီး ခိုင်းပေမယ့် အစား ကျတော့ ကောင်းကောင်း မကျွေးဘူးတဲ့ ။ ဒါကြောင့် ငပေ ဟာ တစ်နေ့တခြား ပိန်ချုံးလာတယ် ။ ဒီအကြောင်း ရွာသားတွေ က သိကြတော့ ငတေ့ ဆီသွားပြီး ငတေ ရယ် ၊ မင်း အစ်ကို လူအ သနားပါတယ်ကွယ် ။ သူ နဲ့ မင်း နဲ့ လဲလိုက်ပါ ။ မင်းက လူပါး ဆိုတော့ ပုဏ္ဏားကြီး  ပြုသမျှ ခံရမှာ မဟုတ်ပါဘူး ” လို့ ချော့မော့ ပြောကြတယ် ။ ငတေ လည်း ငပေ ကို သနားလာတာ နဲ့ လဲ လိုက်တယ် ။ ငပေ လည်း ဒီတော့မှပဲ အေးအေးချမ်းချမ်း နေရတော့တယ်ကွယ့် ။

ပုဏ္ဏားကြီး ကလည်း ငတေ ကို ငပေ လို ပဲ မှတ်ပြီး အလုပ် ကို နင်းကန် ခိုင်းတာပေါ့ ကွယ် ။ တစ်နေ့ကျတော့ သူ နဲ့ ပုဏ္ဏားကြီး  မြက်ရိတ် သွားကြသတဲ့ ။ မြက်ရိတ်ရင်း ငတေ ဟာ မြက်ခြင်း ထဲ မှာ မြက်တွေ နဲ့ ဖုံးပြီး အသာလေး ပုနေ သတဲ့ ။ ပုဏ္ဏားကြီး ဟာ ငတေ ထွက်ပြေးပြီ ထင်ပြီး စိတ်ဆိုးဆိုး နဲ့ မြက်ခြင်း ကို တစ်ယောက် တည်း ထမ်းလာရသတဲ့ ။ လူ တစ်ယောက်လုံး ခြင်း ထဲ မှာ ပါနေတော့ သိပ် လေးတာပေါ့ကွယ် ။ ပုဏ္ဏားကြီး လည်း ငတေ ကို တက်တခေါက်ခေါက် နဲ့ အိမ် ရောက်အောင် ထမ်းလာရတာပေါ့ကွယ် ။ အိမ်ပြန် ရောက်လို့ မြက်ခြင်းကြီး ထဲ က ငတေ  ထွက်လာတာတွေ့ရတော့ ပုဏ္ဏားကြီး ဟာ ဒေါသ ထွက်လွန်းလို့ မျက်နှာကြီး ကို နီနေတာပေါ့ ကွယ် ။ ဒါကို ငတေ က ကြည့်ပြီး တဟားဟား ရယ်ရင်း “ ပုဏ္ဏားကြီး ၊ စိတ်ဆိုး နေသလား ” လို့ မေး သတဲ့ကွယ် ။ ပုဏ္ဏားကြီး လည်း စိတ်ဆိုးရင် ငွေတစ်ထောင် ပေးရမှာ ဆိုတော့ ခေါင်းကြီးရမ်းပြီး “ မဆိုးပါဘူး ၊ မဆိုးပါဘူး ” လို့ ဖြေရရှာသတဲ့ ။

ငတေ ကို ထမင်း ကျွေးတဲ့ အခါမှာလည်း ပုဏ္ဏားကြီး က ကပ်စေးနဲ တော့ ပဲဟင်း နဲ့ပဲ ကျွေးတယ် ။ ငတေ ကလည်း ပဲဟင်း တစ်ခွက်တည်း စားရတဲ့ အခါများ ဆိုရင် “ ပုဏ္ဏားကြီး ကြောင်အိမ် ထဲ မှာ ဝက်သားချက် နဲ့ ငရုတ်သီးကြော် ရှိပါတယ် ၊ ထုတ်ပေးပါ ” လို့ တောင်းတယ် ။ ပုဏ္ဏားကြီး က ထုတ်မပေးဘဲ ငြင်းနေရင် သူ ကိုယ်တိုင် ကြောင်အိမ် လှပ်ပြီး ရှိသမျှ ဟင်းတွေ အကုန် စားပစ်တာပဲတဲ့ ။ ပြီးတော့ သူ က ပြောင်စပ်စပ် နဲ့ ပုဏ္ဏကြီး စိတ်ဆိုးသလား လို့ မေးတယ် ။ စိတ်ဆိုး ပေမယ့် ငွေတစ်ထောင် လျော်ရမှာ ကြောက်တဲ့ ပုဏ္ဏားကြီး က မဆိုးပါဘူး ၊ မဆိုးပါဘူးနဲ့ ခေါင်းကြီး ရမ်းပြီး ဖြေရရှာတယ်ကွယ့် ။ နောက် တစ်နေ့ ကျ ပုဏ္ဏားကြီး နဲ့ ငတေ ဟာ တော ထဲ ကို မြက်ရိတ် သွားကြပြန်တယ် ။ ပုဏ္ဏားကြီး က အရင် တစ်ခါ ငတေ ကို သူ ကိုယ်တိုင် ထမ်းခေါ်လာရ တာကို အခဲမကြေ ဖြစ်နေရှာတယ် ။ ဒီတစ်ခါတော့ သူ ကိုယ်တိုင် မြက်တောင်း ထဲဝင်လိုက်မယ် ဆိုပြီး ငတေ အလစ် ကို ကြည့်နေ သတဲ့ ။ ငတေ တစ်ဖက် လှည့် မြက်ရိတ် နေတုန်း ပုဏ္ဏားကြီး က မြက်တောင်း ထဲ အသာ ဝင်ပြီး ပုလိုက်သတဲ့ကွယ် ။ ဒါပေမယ့် လူပါး ဖြစ်တဲ့ ငတေ က မြင် လိုက်တယ် ။ သူ လည်း သူ့ အကြံနဲ့မို့ မမြင်ချင်ယောင် ဆောင်နေလိုက်သတဲ့ ။ ငတေ ဟာ ပုဏ္ဏားကြီး  မြက်တောင်း ထဲမှာ ရှိတာ သိတော့ မြက်တွေကို နင်းကန် သိပ် ထည့်တာပဲပေါ့ ။ အထဲ က ပုဏ္ဏားကြီး ခမျာလည်း သည်းခံပြီး ငြိမ်ငြိမ်လေး နေရတာပေါ့ ။ ငတေ က ပြန်တော့မယ် လုပ်ပြီး ပုဏ္ဏားကြီး ကို အော်ခေါ်တယ် ။ ဟန်ဆောင် တာပေါ့ကွယ် ။ “ ထူးသံလည်း မကြားပါဘူး ၊ ငါ့ ဆရာ ပုဏ္ဏားကြီး တော့ ကျားများ ဆွဲသွားပြီ ထင်ပါရဲ့ ၊ ဒုက္ခပါပဲလေ ၊ အိမ်ကျရင် ပုဏ္ဏား ကတော်ကြီး ဘယ်လိုများ ပြောရပါ့မလဲ ” လို့ ငိုသံပါကြီး နဲ့ ညည်း သတဲ့ ။ မြက်တောင်း ထဲ က ပုဏ္ဏားကြီး ကတော့ ငတေ  ငါ့ ကို တကယ် ပျောက်ပြီ ထင်နေတယ် ဆိုပြီး ပြုံး သတဲ့ ။ အဲလိုနဲ့ ငတေ က မြက်တောင်းကြီး ကို ထမ်းပြီး အိမ်ပြန် လာတယ် ။ လမ်း လည်း ကျပါရောကွယ် ငတေ ဟာ “ တော်တော် လေးတဲ့ မြက်တောင်းကြီး ၊ ခွေးဝင် အိပ်နေတဲ့ အတိုင်းပဲ ” လို့ ပြောပြီး မြက်တောင်းကြီး ကို ပစ်ချလိုက် သတဲ့ ။ အထဲ က ပုဏ္ဏားကြီး တော့ တော်တော် အောင့် သွားတာပေါ့ ။ ငတေ ဟာ ပစ်ချရုံတင် အားမရသေးဘဲ “ လေးဦး ဟာ ၊ လေးဦး ဟာ ” ဆိုပြီး မြက်တွေ ကို ခြေ ထောက်နဲ့ ဆောင့်ဆောင့် နင်း သတဲ့ကွယ် ။ အထဲ က ပုဏ္ဏားကြီး မှာတော့ နာလွန်းလို့ ကျိတ်မှိတ်ခံ နေရရှာတယ် ။ ဒီလိုနဲ့ အိမ် ရောက်ခဲ့တယ် ။

အိမ် ရောက်တော့ ငတေ က အကြောင်းစုံ ပြောပြတာနဲ့ ပုဏ္ဏားမကြီး ကလည်း သူ့ လင် ပုဏ္ဏားကြီး ကို တပြီး ငိုတာပေါ့ကွယ် ။ ငတေ ကလည်း မြက်တွေ ဆွဲလိုက်ပါရော ၊ တောင်း ထဲ က ဒဏ်ရာ အညိုအမဲတွေ နဲ့ ပုဏ္ဏားကြီး က ထွက်လာတော့တယ် ။ ငတေ လည်း ပုဏ္ဏားကြီး ကို ကြည့်ပြီး တဟားဟား ရယ် လိုက်တယ် ။ နောက်ပြီးတော့ “ ပုဏ္ဏားကြီး ၊ စိတ်ဆိုးသလား လို့ မေး တယ် ” ပုဏ္ဏားကြီး လည်း စိတ်ဆိုးပေမယ့် မဆိုးပါဘူး ၊ မဆိုးပါဘူး ” လို့ ဖြေလိုက်ရှာတယ် ။

တစ်နေ့မှာ ပုဏ္ဏားကြီး က ငတေ ကို မိတ်ဆွေအိမ် တစ်အိမ် ကို ခေါ်သွားတယ် ။ မိတ် ဆွေအိမ် က ရွာ တစ်ရွာ မှာ ဆိုတော့ သူတို့ ညအိပ် ရမှာပေါ့ကွယ် ။ မိတ်ဆွေ အိမ် ရောက်ပြီး ပုဏ္ဏားကြီး က သူ့ မိတ်ဆွေ နဲ့ စကား ပြောနေတုန်း ငတေ ဟာ မီးဖိုချောင် ထဲ တွင် ဝင်သွားတယ် ။ ညစာ ချက်နေတဲ့ ထမင်းချက် နား သွားပြီး “ ခင်ဗျား ၊ ဘာတွေ ချက်မလို့လဲ ၊ ကျုပ် ဆရာ ပုဏ္ဏားကြီး က တော့ ပဲဟင်းချို နဲ့ ငရုတ်သီးကြော် က လွဲပြီး ဘာမှ မစားဘူးဗျ ” လို့ ပြောတယ် ။ ထမင်းချက် က လည်း ကောင်းပါပြီဗျာ ၊ ပုဏ္ဏားကြီး ကြိုက်တဲ့ ဟင်းတွေ ချက်ထား လိုက်ပါမယ် ၊ ခင်ဗျား ကကော ဘာဟင်း ကြိုက်သလဲ ” လို့ မေးသတဲ့ ။ “ ကျုပ် ကတော့ဗျာ ၊ ဝက်သား ဆိုလည်း လာခဲ့ ၊ ကြက်သား ဆိုလည်း လာခဲ့ ၊ ငါး ဆိုလည်း လာခဲ့ပဲဗျ ၊ ဟင်းသီးဟင်းရွက် တော့ မစားဘူး ” လို့ ငတေ က ပြန် ဖြေလိုက်တယ် ။ ထမင်းချက် ကလည်း ကောင်းပါပြီ ၊ ခင်ဗျား ကြိုက်တဲ့ ဟင်းတွေ ချက်ပါ့မယ်လို့ ပြန်ပြောလိုက်တယ် ။ ညနေစာ ထမင်းကျွေးတော့ အကြိုက်ချင်း မတူတဲ့ ပုဏ္ဏားကြီး နဲ့ ငတေ ကို ခွဲကျွေးတာပေါ့ကွယ် ။ အိမ်ရှင် မိတ်ဆွေ က လည်း သူ့ တပည့် ထမင်းချက် ပြောပြထားတဲ့ အတွက် ပုဏ္ဏားကြီး  ပဲဟင်း နဲ့ ငရုတ်သီးကြော် ပဲ စားတယ်လို့ တကယ် ထင် နေတာပေါ့ ။ ပုဏ္ဏားကြီး  ကတော့ အိမ်ရှင် ကျွေးသလိုပဲ စားရတာပေါ့ ။ ငတေ က ဝက်သားတုံးကြီး ကို ကော်ပြီး အားရပါးရ လွေးလိုက်တိုင်းပုဏ္ဏားကြီး ခမျာ မှာ  ပဲဟင်းချိုတွေ ကို ဇွန်း နဲ့ ခပ်ပြီး အားရပါးရ သောက်လိုက်ရရှာ သတဲ့ ။ စားသောက် ပြီးစီးတော့ ပုဏ္ဏားကြီး က ငတေ့ ကို “ ငတေ ရေ ၊ ငါ တော့ ပဲဟင်းချိုတွေအားရ ပါးရ သောက်ထားတာ ညကျရင် ထရလိမ့်မယ် ထင်တယ် ၊ အိမ်ရှင့် ဆီ က နောက်ဖေးအိုး ယူ ထားပါကွာ ” လို့ မှာထားတယ် ။ စိတ်ချပါ ဆရာလို့ ငတေ က ပြောပေမယ့် ယူမထားဘူးကွယ့် ။ အဲဒီလိုနဲ့ သန်းခေါင် လောက် ကျတော့ ပုဏ္ဏားကြီး က ငတေ ကို နှိုးပြီး နောက်ဖေးအိုး တောင်းတာ ပေါ့ကွယ် ။ ငတေ လည်း အိပ်မှုန်စုံမွှား နဲ့ ထပြီး သောက်ရေအိုးစင် က ရေ မရှိတဲ့ သောက်ရေအိုးကြီး ကို ယူပေး လိုက်တယ် ။ ပုဏ္ဏားကြီး လည်း သောက်ရေအိုး မှန်း သိပေမယ့် ဗိုက် က နာလွန်းလို့ မတတ်နိုင်တော့ ပါချရတာပေါ့ ။ ပြီးတော့ ငတေ့ ကို “ အိမ်သားတွေ မနိုးခင် မနက်စောစော ထပြီး သွန်ပါကွာ ၊ ဒါမှ နေရာ မပျက် ပြန် ထားနိုင်မှာ ” လို့ မှာသတဲ့ ။ မနက် မိုးမလင်းခင် ပုဏ္ဏားကြီး က ငတေ ကို နှိုးတော့ စောပါသေးတယ် လို့ ပြောပြီး ပြန် အိပ်နေတယ် ။ ဘယ်လို နှိုးနှိုး မရတာနဲ့ ပုဏ္ဏားကြီး လည်း သူ ကိုယ်တိုင် အိုးကြီး ထမ်းပြီး အိမ် အောက် ဆင်းတာပေါ့ ။ လှေကား မှာ နိုးနှင့် နေတဲ့ မိတ်ဆွေသမီး က မြင်တော့ “ အို .. ပုဏ္ဏားကြီး ကလည်း ရှင် ၊ ရေကုန် နေလို့လား ၊ ကိစ္စမရှိ ပါဘူး ၊ ကျွန်မတို့ ခပ်မှာပေါ့ ၊ မခပ်ပါနဲ့ ” လို့ ပြောပြီး ရေအိုး ကို အတင်း ဆွဲ သတဲ့ ။ ပုဏ္ဏားကြီး က လည်း အမှန် ပြောရမှာ ခက်နေတော့ “ ဟာ ... ကိစ္စ မရှိပါဘူး ၊ ကျုပ် ပဲ သွား ခပ်လိုက်ပါ့မယ် ” လို့ ဆိုပြီး ရေအိုးကြီး ကို အတင်း ပြန်လုသတဲ့ ။ ဒီလို သူတို့ နှစ်ယောက် လုလိုက်ကြတာ ကြား ထဲ က ရေအိုးကြီး ကျကွဲပြီး မစင်တွေ ဖိတ် ကုန်ပါလေရောကွယ် ။ ပုဏ္ဏားကြီး လည်း ရှက်လွန်းတာ နဲ့ အိမ် ပြန် ပြေး သွား သတဲ့ ။ ငတေ လည်း နောက် က လိုက်လာပြီး “ ပုဏ္ဏားကြီး ၊ စိတ်ဆိုးသလား ” လို့ မေးတယ် ၊ ပုဏ္ဏားကြီး လည်း “ မဆိုးပါဘူး ၊ မဆိုးပါဘူး ” လို့ ပြန်ဖြေရတာပေါ့ကွယ် ။

ပုဏ္ဏားကြီး လည်း ငတေ ကို ဒီလို ထားလို့တော့ မဖြစ်တော့ဘူးလို့ စဉ်းစားပြီး စာ တစ် စောင် ရေးတယ် ၊ စာအိတ် ထဲ မှာ ထည့် ပိတ်ပြီးတော့ ငတေ့ ကို ရွာ တစ်ရွာ က သူ့ မိတ်ဆွေ အိုးဖုတ် သမား ဆီ သွားပေးဖို့ ခိုင်းတယ် ။ ငတေ လည်း ထွက်လာပြီး လမ်းက မုန့်ဆိုင် တစ်ဆိုင် မှာ နားနေ တော့ ကုန်သည်ကြီး တစ်ယောက် နဲ့ တွေ့တယ် ။ ငတေ က စာလေး ကို ထုတ်ပြီး ဖတ်ပြစမ်းပါလို့ ပြောသတဲ့ ။ ငတေ က စာ မတတ်ဘူးကွယ့် ။ “ သို့ မိတ်ဆွေကြီး ၊ ယခု လာသော သူငယ် အား မိတ်ဆွေ ၏ အိုးဖုတ်သော ဖို ထဲ တွင် ထည့်၍ သ,တ်လိုက်ပါ ” လို့ ဖတ်ပြ လိုက်တယ် ။ ငတေ က လည်း ချက်ချင်း ကုန်သည်ကြီး ကို တောင်းပန်ပြီး “ ယခု လာသော သူငယ် အား မိတ်ဆွေ ၏ သမီး နှင့် ထိမ်းမြား ပေးလိုက်ပါ ” လို့ ရေခိုင်းသတဲ့ကွယ် ။ ကုန်သည်ကြီး ကလည်း ငတေ့ ကို သနားပြီး ရေးပေးလိုက်တာပေါ့ကွယ် ။ ငတေ လည်း စာ ကို ယူသွားပြီး အိုးဖုတ်သမား ကို ပေးတာပေါ့ ။ အိုးဖုတ်သမား ကလည်း “ အင်း ... ငါ့ မိတ်ဆွေ ပုဏ္ဏားကြီး က တော်သင့်တဲ့ သူငယ်လေးမို့ ရေး ပေးလိုက်တာပဲ ” ဆိုပြီး သူ့ သမီး နဲ့ ထိမ်းမြား ပေးလိုက်သတဲ့ ။ ဒါနဲ့ ငတေ့ တို့ ဇနီးမောင်နှံ လည်း လှည်းယဉ်လေး စီးပြီး ပုဏ္ဏားကြီး ဆီ ကန်တော့လာကြ သတဲ့ ။ ပုဏ္ဏားကြီး က ငတေ တို့ ကို မြင် တော့ သိပ်ပြီး အံ့ဩနေတာပေါ့ ။ ငတေ က ပြုံးရယ်ပြီး “ ပုဏ္ဏားကြီး  ၊ စိတ်ဆိုးသလား ” လို့ မေး တာပေါ့ ။ ဒီတော့ ပုဏ္ဏားကြီး လည်း ခေါင်းကြီး ရမ်းပြီး “ မဆိုးပါဘူး ၊ မဆိုးပါဘူး ” လို့ ပြန် ဖြေလိုက် ရှာသတဲ့ကွယ် ။ အဲဒီ နေ့ က စပြီး ငတေ တို့ ဇနီးမောင်နှံ ပျော်ပျော်ရွှင်ရွှင် နဲ့ အသက်ထက်ဆုံး နေ သွားကြတယ် ။

▢ မိုး - ရွှေညာမြေ

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၃ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment