❝ အုပ်ထိန်းသူ ❞
( သက်ဦးမောင် )
ဧည့်ခန်းထဲ ရှိ ဆိုဖာ ပေါ်တွင် ဦးတူး တစ်ယောက် သက်သောင့်သက် သာ ထိုင်၍ ပုတီးစိပ် နေသည် ။ မျက်စိ ကို စုံမှိတ် ထား၏ ။ နှုတ်ခမ်းများ က တလှုပ်လှုပ် ။ ဝတ်ဆင် ထားပုံ က လည်း တည်ငြိမ် အေးချမ်း လှသော ဣန္ဒြေ နှင့် လိုက်ဖက် လွန်းလှ ပေသည် ။ တိုက်ပုံအင်္ကျီ က ရှားရောင် ။ ပုဆိုး က အဖြူဘက်များများ နှင့် စားပွဲခင်း လို ကွက်ကဲကြီး ။ အားလုံး ကို ယေဘုယျ ခြုံကြည့်လျှင် လေးစား ကြည်ညိုဖွယ်ရာ ဣန္ဒြေ သမ္ပတ္တိ နှင့် ပြည့်စုံလှသော အသက် ၆ဝ ကျော် သူတော်ကောင်းကြီး တစ်ဦး ။
အပြင်ပန်း အမူအရာများ က လည်း တည်ငြိမ် အေးချမ်းလွန်းလှသော ဦးတူး ၏ အတွင်းစိတ် တော့ တကယ် တမ်းကျ မအေးချမ်းနိုင်ပါ ။ ရင်ဘတ် ပေါ် ရေအိုး တင်လိုက်လျှင်ပင် ပွက်ကျ မတတ်လောက်အောင် ပူလောင် နေ၏ ။ ပုတီး ပေါ် တွင်လည်း ဘာ အာရုံ မှ မမိ ။ ဘာ သမာဓိ မျှ လည်း မရ ။ တစ်ချက် တစ်ချက် မျက်လုံး ကို မှေးမှေးလေး ဖွင့်၍ ပတ်ဝန်းကျင် ကို အကဲခတ် နေသည် ။
အခြေအနေ အစစ်အမှန် က ဦးတူး ပုတီးစိပ်ချင် ယောင် ဆောင် နေခြင်းသာ ။
× × × × × ×
ဦးတူး က ပင်စင်စား တစ်ဦး ။ ဆွေမျိုး အသိုင်းအဝိုင်း နည်းသည် ။ အောင်ကျော် ဟု ခေါ်သော သား တစ်ယောက် တည်း သာ ရှိ၍ သားအဖ နှစ်ယောက် တည်း နေကြခြင်း သာ ။ ဇနီး ဖြစ်သူ ဆုံးပါးခဲ့သည် က တော့ ၅ နှစ်ခန့် ရှိခဲ့ပေပြီ ။
သို့သော် အောင်ကျော် ဆိုသည့် တစ်ဦးတည်း သော သားလေး က ရတနာ ဟု ဆိုလောက်ပါပေသည် ။ စီးပွားရေး ကို ပါရမီရှင် ဟု ခေါ်လောက်အောင်ပင် နားလည်တတ်ကျွမ်း ထူးချွန်လှပေ၏ ။ တစ်သက်လုံး ပေါ့တီးပေါ့လျှပ် နှင့် လူအို ဖြစ်ခဲ့သော ဖခင် ဦးတူး က ဘာ ပံ့ပိုးမှုမျှ မပေးနိုင်ခဲ့ပါ ။ လမ်းဘေး တွင် စာအုပ်အဟောင်း ရောင်းသော ဘဝ နှင့် စတင် ရုန်းကန်ခဲ့ပြီး ပုံနှိပ်ဖြန့်ချိထုတ်ဝေ စသည်ဖြင့် အကိုင်းအခက် ဝေဖြာလှသော စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်နေခဲ့ပေပြီ ။ လုပ်ငန်းများ အားလုံး ကို အိမ် နှင့် တွဲဖက်၍ တစ်နေရာတည်း တွင် စုစည်း လုပ်ကိုင်သည် ။ အလုပ်တိုက် နှင့် အိမ် ရောထွေး နေသောကြောင့် လုပ်ငန်း ၏ ကြီးကျယ်ပုံ ကို ဦးတူး မြင်နေရ၍ သား ၏ အရည်အချင်း ကို ပီတိ နှင့် မျက်လုံး ပြူးရလေသည် ။
လိမ္မာသော သား ဖြစ်သောကြောင့် ဖခင် ကို လိုလေသေး မရှိ ထား၏ ။ ဦးတူး ၏ ဘဝ တစ်သက်တာ တွင် ယခု ကဲ့သို့ သော စည်းစိမ်မျိုး နှင့် မနေခဲ့ဖူး ။ အခု တော့ သားသမီး ၏ ကျေးဇူးကြောင့် လုပ်ငန်းရှင် သူဌေး အဖေ အဖြစ် ခန့်ခန့် ကြီး နေနိုင်ခဲ့ပေပြီ ။
ခက်နေသည် က တစ်သက်လုံး ပေါ့ပေါ့ပါးပါး နေခဲ့သော ဦးတူး ယခု ကဲ့သို့ ဣန္ဒြေကြီး တစ်ခွဲသားနှင့် နေရ သော ဘဝ တွင် ကျဉ်းကျပ်လွန်း သဖြင့် မနေနိုင်ခြင်းပင် ။
ဦးတူး တွင် စိတ်တူညီမျှ အပေါင်းအသင်း တစ်ဦး ရှိ၏ ။ သူ့ နာမည် က ဦးလှမင်း ။ ဘဝချင်း ကလ ည်း တစ်ထပ်တည်း နီးပါး တူ၏ ။ ဦးလှမင်း လည်း မုဆိုးဖို တစ်ဦးပင် ။ သို့သော် သားသမီး က သုံးယောက် ။ အကြီးဆုံး သမီး က တရားသူကြီး ၊ ဒုတိယသား က ဆရာ ဝန် ၊ အငယ်ဆုံးသမီး က လက်ထောက် ကထိက ။
သူ က လည်း ဦးတူး နှင့် ရောဂါ တူသည် ။ တရားသူကြီး ၊ ဆရာဝန် တို့၏ အဖေ ဟူသော ဂုဏ်သိက္ခာ နှင့် ညီမျှ အောင် နေရမည် ကို ဝဋ်ကြွေး တစ်ခု ကဲ့သို့ အောက်မေ့သူ ပင် ။ ထို့ကြောင့် သူတို့ နှစ်ဦး ပေါင်းမိကြခြင်း ဖြစ်လေသည် ။
တစ်ဦးချင်း ဆိုလျှင် ရှိန်းတိန်းတိန်း ဖြစ်နိုင် သော်လည်း နှစ်ယောက် ပေါင်းမိလိုက်သော အခါတွင် တော့ ပြိုင်မြင်း ကို မီးခဲလွှတ် တင်လိုက် သကဲ့သို့ ပင် ။ အချုပ်အနှောင် ခံထားရသော စိတ် တို့ ဇက်ကြိုးမဲ့ လွတ်ထွက် ကုန်ကြလေ တော့သည် ။
KTV ၊ မာဆတ် ၊ ဘာညာသာရ ကာ မရောက်ဖူးသည့် နေရာ ဟူ၍ မရှိ ။ ကာရာအိုကေများ တွင် “ ပန်းကုံးစွပ် ကြမ်းသော ချစ်ဘိုးဘိုး နှစ်ဦး ” ဟု နာမည်ကြီး၏ ။ အမူး လွန်ပြီး လူငယ် များ နှင့် ရိုက်ပွဲ ဖြစ်သောကြောင့် ရဲစခန်း သို့ သား ဖြစ်သူ လိုက် ထုတ်ရသည် က ခဏခဏ ။ ထို့ကြောင့် အပြင် မထွက် ရန် ချော့မော့၍ အိမ် ထဲ တွင် လိုလေသေး မရှိအောင် စီစဉ်ပေးထားပြန်တော့လည်း အိမ်မှုကိစ္စ လုပ်မည့် အိမ်ဖော် ထား၍ မရ ။ မည်မျှပင် ရုပ်ဆိုးသည့် အိမ်ဖော် ကို ရှာ ခေါ်ထားသည် ဖြစ်စေ ၊ အချိန်တန် လျှင် ကျိတ် လျော်လိုက်ရသည်ချည်းပင် ။ ယခု လက်ရှိ စားဖိုမှူးကိုပေါက် ကို ပင် အတင်း တောင်းပန်၍ ခေါ်ထားရခြင်း ဖြစ်၏ ။ ကိုပေါက် ၏ အပြော အရ ဆိုလျှင် ဦးတူး ၏ သတင်း ကို ကြားရရုံဖြင့် ယောက်ျားချင်း ပင် ကြက်သီးထသည် ဟူ သတည်း ။
ဤမျှ သတင်းမွှေးသော ဦးတူး ပါပေ ။
သားဖြစ်သူ အောင်ကျော် က လိမ္မာရေးခြား ရှိသော သားပီပီ ဖခင် ကို လိုလေသေး မရှိ ထားခဲ့ပါသည် ။ မီးခံသေတ္တာသော့ ကို ( ဖခင် အရာ ထား၍ ) ဦးတူး ထံတွင် အပ်နှံ ထား၏ ။ ဦးတူး ကတော့ သော့ကိုင် ပီသစွာ မနေ ။ မိမိ ၏ စိတ်သန်ရာတွင် ဗုံးပေါလအော သုံးပစ်၏ ။ ရပ်ကွက် အတွင်းရှိ ပဲပြုတ်သည် ၊ ကွမ်းယာသည် ၊ ဟင်းရွက်စုံသည် မကျန် “ အန်ကယ်ကြီး ” ဟု ခေါ်လိုက်သည် နှင့် ပိုက်ဆံ ချေးတော့သည် ။ စာကလေးဗေဒင်သည် အရှာဘီ ပင် မချန် ။ ပြန် ရသည် ဟူ၍ လည်း မရှိခဲ့ ။ ကာရာအိုကေ မှ အဆိုတော်လေးများ ကား လူငယ်လေးများ ထက် ဦးတူး တို့ကို မျှော်တတ် နေပြီ ။ ရက်စတောရင့်များ က ဦးတူး တို့ နှစ်ယောက် လာလျှင် ဘုရင်ခံ ကြွလာ သည့် အလား ပျာယာခတ် ကုန်တော့၏ ။ ဘောက်ဆူး ပေးက ကြမ်းသည်ကိုး ။
မီးခံသေတ္တာ ထဲ မှ ငွေများ သဲ ကမ်းပါး ပြိုကျ သလို ကုန်သွားသော အခါ အောင်ကျော် တစ်ယောက် သော့ ကို ပြန် မသိမ်း၍ မရတော့ ။ တောင်း သလောက် ပေးမည် ဟူသော စနစ် ကို မဖြစ်မနေ ချမှတ် လိုက်ရပေတော့သည် ။ တောင်း သလောက် ပေးသည် ဟု ဆိုသော် လည်း ယခင် လောက် တော့ မလွယ် တော့ ။ ခေါင်းစဉ်တပ် တောင်းရသည် မဟုတ်လား ။ ဦးတူး သုံးမည့် ကိစ္စများ က သား ဖြစ်သူ ကို ခေါင်းစဉ်တပ် တောင်းရန် ဘယ်လိုမျှ မသင့်တော်သော အကြောင်းအရာတွေ ဖြစ်နေသည် ။ ထို့ကြောင့် သင့်တော်သလို ခေါင်းစဉ် ရှာရသည် ။ ဘယ်နေရာမှာ မှန်း မသိသော ဓမ္မာရုံကြီး တည်ဆောက် ရာ တွင် လှူဒါန်းရန် ၊ ပရဟိတ လူငယ်ကျောင်း တွင် ငွေပဒေသာပင် စိုက်ထူရန် ၊ မျက်မမြင်ကျောင်း တွင် တီဗီလှူရန် ၊ ဘိုးဘွားရိပ်သာ အားကစားကွင်း ဆောက်ရန် ၊ မတည်ရသေးသော စေတီတော်ကြီး တွင် လျှပ်စစ်မီး ပူဇော်ရန် စသည်ဖြင့် ပေါက်ကရ ခေါင်းစဉ်များ ရှာဖွေရတော့၏ ။ များလွန်းမက များ လာတော့ တောင်းရသူ ဘက် က စိတ် မလုံတော့ ။
ယနေ့ လည်း ဦးလှမင်း က ဖုန်း ဆက်ထား၏ ။ နှစ်ယောက်သား ဘိုင် ပြတ်နေ၍ မရောက်တာ ကြာပြီ ဖြစ်သော နေရာ တစ်ခုတွင် အသစ်အဆန်းလေး များ ရောက်နေ သတဲ့ ။ ဦးတူး ဂနာမငြိမ် နိုင်တော့ ။ ဖုန်း ချလိုက်ပြီး ကတည်း က မျောက်ငါးပိ ကိုင်မိသလို ဖြစ်နေခဲ့သည် ။ သို့သော် သား ဖြစ်သူ ရိပ်မိ မှာ လည်း ကြောက်ရသေး၏ ။ ထို့ကြောင့် ရင် ထဲ တွင် ပျာလောင်ခတ် နေသော်လည်း ယခုပင် အရှင် ထွက်တော့မည့် သူ တစ်ဦး ကဲ့သို့ ဣန္ဒြေ ဆည် ထားရလေသည် ။
ဦးလှမင်း လာခေါ်လျှင် လိုက်ကို လိုက်မှ ဖြစ်မည် ။ သို့သော် သည်အတိုင်း လိုက်၍ မရ ။ ငွေ ပါ မှ ဖြစ်မည် ။ ဦးတူး လက်ထဲ တွင် ငွေ မရှိ ။ မနေ့က အဝတ် အငှား လျှော်သော မစောဝင်း ကျိတ် တောင်းသွားသောကြောင့် သား ဆီ မှ ကစ်ထားသမျှ ခြစ်ခြုတ်၍ ပေးလိုက်ရသည် ။ မလောက်၍ သား ဆီမှပင် မိတ်ဆွေ တစ်ယောက် ၏ အိမ် မီးလောင် သွား ၍ ကူရမည် ဟု အကြောင်း ပြ၍ တောင်းပေး လိုက်ရသေး၏ ။ ယနေ့ အတွက် မည်သည့် ခေါင်းစဉ် တပ်၍ တောင်းတောင်း မသင့်တော်တော့ ။ သည်တော့ ဘာလုပ် မည်နည်း ။ ဦးတူး အတွက် လွယ်ပါသည် ။
အောင်ကျော် အပြင် သွားခါနီး တွင် အမှတ်တမဲ့ ချထားသော အတက်ချီကေ့စ် ထဲမှ ၅၀၀ တန် တစ်အုပ် ကို အသာလေး နှိုက် ယူထားလိုက် ရုံပင် ။ မတော်တဆ သိသွားခဲ့ လျှင်လည်း ဘူး ခံ၍ ငြင်းရုံပင် ။ ဖခင် ကို ရဲ တိုင်၍ စစ်ခိုင်း မည်တော့ မဟုတ်မှန်း သိနေသည် မဟုတ်လား ။ သည်တော့ အပြင် မသွားခင် မိမိ ကို မမေးလျှင် ပြီးရော ။ ကိုယ် သွားချင် ရာ သွား ၊ လုပ်ချင် ရာ လုပ်ပြီးမှ အချေ အတင် ပြောရလည်း ကိစ္စ မရှိ ။ အခုတော့ မပြောနိုင်သေး ။ ထို့ကြောင့် မျက်စိ ကို စုံမှိတ်၍ အောင်ကျော် အပြင် မသွား မချင်း ပုတီး စိပ်ချင်ယောင် ဆောင်နေရ ခြင်းဖြစ်၏ ။
× × × × × ×
အောင်ကျော် ၏ ဒေါသများ ဆီ ကို ပလတ်စတစ် နှင့် ထည့်ထား သလို ဖြစ် နေ၏ ။ ( တစိမ့်စိမ့် ထွက်နေခြင်း ကို ဆိုလို သည် ။ ) ယနေ့ မြို့ ထဲ သို့ ထွက်ပြီး စာရင်း ရှင်းစရာ ရှိသည်များ ကို ရှင်းပေးရန် ပိုက်ဆံများ ကို ရေတွက်၍ အတက်ချီကေ့စ် ထဲ သို့ မနေ့ည ကတည်းက အဆင်သင့် ထည့်ထားခဲ့၏ ။ ရုံးခန်း ထဲ သို့ ရောက်ပြီး မှ ကားသော့ မေ့ နေ သဖြင့် အတက်ချီကေ့စ် ကို ဧည့်ခန်း စားပွဲ ပေါ် တွင် ချပြီး အိပ်ခန်း ထဲ ပြန် ဝင်ယူရသည် ။ ထိုခဏလေး အတွင်း မှာ ငါးသောင်းထုပ် တစ်ထုပ် ပျောက်သွား၏ ။ ဖခင် ကို ကြည့် လိုက်တော့လည်း မျက်စိ စုံမှိတ်၍ တုတ်တုတ်မျှ ပင် မလှုပ် ။ ဖခင်ကြီး ၏ အကျင့် ကို သိထား သော်လည်း အတိအကျ စွပ်စွဲ၍ကား မဖြစ်သေးပြန် ။ အလုပ်တိုက် နှင့် အိမ် က တွဲလျက်ဖြစ် သောကြောင့် အလုပ်သမားများ ကလည်း ဥဒဟို ဝင်ထွက် နေသည် မဟုတ်လား ။ ထိုအထဲတွင် လက်ဆော့သူများ ပါ ကောင်း ပါနိုင်သည် ။ ဘာပဲဖြစ်ဖြစ် ဖခင်ကြီး ကို မေးတော့ ကြည့်ရပေမည် ။
ခက်နေသည် က ပုတီးစိပ် နေသော ဖခင် ဖြစ်သူက သည် တစ်သက် မျက်လုံး ဖွင့်တော့မည့်ပုံ မပေါ် ။ အောင်ကျော် ဆုံးဖြတ်ချက် ချ လိုက်သည် ။ မမေးရမချင်း အပြင် မသွားတော့ဟု ။ ထို့ကြောင့် ဖခင်ကြီး ၏ ရှေ့တည့်တည့် မှ ခုံတွင် ဝင် ထိုင်လိုက်၏ ။
အခြေအနေ အားလုံး ကို မျက်လုံး မှေးမှေးကလေး အကဲခတ် နေသော ဦးတူး သိသည် ။ သား ၏ မျက်နှာ အမူအရာ ကို ကြည့်ခြင်း ဖြင့် ပိုက်ဆံ ပျောက် သည်ကို အတော်ပင် ဒေါသ ဖြစ်နေကြောင်း ၊ မိမိ ကို မေးတော့မည့် အကြောင်း ကျိန်းသေနေပြီ ။ ထို့ကြောင့် မျက်လုံး ဖွင့်ရန် မဖြစ်နိုင်တော့ ။ အောင်ကျော် အပြင် မသွားမချင်း ပုတီး ကို ပေကတ် စိပ်နေရန် ဆုံးဖြတ်ချက် ချထားလိုက်၏ ။
ဦးတူး ၏ အခြေအနေ ကို အောင်ကျော် က သားအဖချင်း မို့ သဘော ပေါက်လိုက်သည် ။ မိမိ ထိုင် နေ သရွေ့ မျက်လုံး ဖွင့်မည့်ပုံ မပေါ်တော့ ။ ပုတီး ကို ဟန်ဆောင် စိပ်နေမှန်း သိသော်လည်း အဖေ ဖြစ်နေသောကြောင့် အတင်းအဓမ္မ ခေါ်ပြော၍ မကောင်း ။ ထို့ကြောင့် ဗျူဟာ ပြောင်းရန် စဉ်းစားရသည် ။
အောင်ကျော် မတ်တတ် ရပ်လိုက် ပြီး အတက်ချီကေ့စ် ကို ကောက် ဆွဲလိုက်သည် ။ ပြီးတော့ အလုပ်ခန်းတိုက် ဘက် သို့ ခြေသံပြင်းပြင်း နှင့် လျှောက်ထွက် လာခဲ့၏ ။ လေး ၊ ငါးလှမ်းခန့် လှမ်းပြီး ချိန်တွင် ခြေ ကို ဖော့၍ အသာလေး နောက်ပြန် လှည့် လိုက်သည် ။ ဦးတူး ၏ ခုံနောက်သို့ တိတ်တိတ်လေး ပြေးဝင် ကပ်ပြီး အသက်ရှူသံမျှ ပင် မထွက်ရ အောင် သတိနှင့် ထိန်း၍ ပုန်းအောင်း နေလိုက်၏ ။
ဦးတူး မျက်လုံး မှေးမှေးလေး ဖွင့်ကြည့် ပြန်သည် ။ သား ဖြစ်သူ မရှိ တော့ ။ ပျော်ရွှင် ကျေနပ်စွာ ပြုံးလိုက် ပြီး သေချာအောင် ခေါင်းကို အနည်းငယ် ဝေ့၍ ကြည့်လိုက်ပြန်သည် ။
“ ဟား ... ဟား .. ဟား ” စိတ်လွတ်ကိုယ်လွတ် ရယ်ချ လိုက်မိ၏ ။ ဘာအာရုံမျှ မရှိဘဲ မျက်စိ စုံမှိတ်၍ ငြိမ်ငြိမ်ကြီး ထိုင်နေခဲ့ရသည်မှာ ပင်ပန်းလှပြီ မဟုတ်လား ။ အားရဝမ်းသာ အပြုံးဖြင့် အညောင်း ဆန့်လိုက်စဉ် မှာပင် ...
“ အဖေ ”
“ သောက်ပလုတ်တုတ် မိအေး ငုတ်တုတ် ”
နောက်ကျော မှ ထင်မှတ် မထား သော ခေါ်သံကြောင့် ဆံပင်များ ထောင် ထ မတတ် တုန်တက် သွားပြီး အထိတ်တလန့် ယောင်လိုက်မိ၏ ။ ချက်ချင်းပင် ဣန္ဒြေ ကို ပြန် ထိန်းလိုက်ရင်း ...
“ အာ .. လူလေးရာ ၊ လန့်လိုက်တာ ၊ မင်း ငါ့ နောက်ကျော အနား ကပ်ပြီး ဘာတွေ လုပ်နေတာလဲ ၊ စောစောစီးစီး အမွေတွေ လိုချင်လို့ အဇာတသတ်လို ကြံစည်နေတာများလားကွာ ”
မွေးသဖခင် ကျေးဇူးရှင် ဂိုက် ဆိုက် ကို အပီအပြင် ဖမ်း၍ ပြောလိုက်ရ သော်လည်း သူ ရှာဖွေစုဆောင်းထား ခဲ့သည် ဟူ၍ ဘာ စည်းစိမ်မျှ မရှိ ။ ပင်စင် ယူချိန် အထိ စုဆောင်း ရှာဖွေခဲ့သမျှ ကို ခြစ်ခြုတ် စာရင်းတင်ကြည့်မှ တီဗွီ အစုတ် တစ်လုံးသာ ရှိ၏ ။ ရှိသမျှအားလုံး အောင်ကျော် ရှာဖွေ ခဲ့သမျှချည်းပင် ။
“ အဖေ လည်းဗျာ ၊ မေးစရာ ရှိလို့ပါ ၊ သား အခန်းထဲ ဝင်သွားတုန်း ဒီ ဧည့်ခန်းထဲ ကို ဘယ်သူ ဝင်လာသေးလဲ ”
မည်သူမျှ မဝင်ဘူးဆိုလျှင် ဖခင်ကြီး ယူသည် မှာ သေချာပေပြီ ။ ဦးတူး ဤမျှလောက် အထိ မအပါ ။
“ ဘာဖြစ်လို့လဲ သား ၊ ခြေသံတွေတော့ ကြားနေ သလိုပဲ ၊ အဖေ လည်း အာရုံလေး မိတုန်း ပုတီး ကို ဝါယမစိုက် နေရတာနဲ့ ဘယ်သူတွေ မှန်းတောင် သတိ မထား လိုက်မိပါဘူးကွာ ”
သွားပြီ ။ သဲလွန်စ ရှာမရတော့ လောက်အောင် အခြေအနေ ကို ရှုပ်ထွေး သွားစေသည့် အဖြေမျိုး ။ ဘာရမလဲ ။ မျက်စိ စုံမှိတ်ထားတုန်းက ကြိုတင် စဉ်းစားထားသော စကားလုံးများ မဟုတ်လား ။
“ သား မေးစရာ ရှိလို့ အဖေ ”
အောင်ကျော် တဲ့ ကိုင်ပြီ ။ ဦးတူး ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏ ။ သို့ သော် သတိ ကို လက်လွှတ် မထားသဖြင့် အမူအရာ ကတော့ မပျက် ။
“ မေးလေ သား ၊ မေးပေါ့ ၊ ဘာ သိချင်လို့လဲ ၊ ဖခင် ဆိုတာ သားသမီး ရဲ့ လက်ဦးဆရာ ပဲ မဟုတ်လား ၊ သား မသိ တာ လမ်းညွှန်သင်ပြပေးရ မှာ ဖေဖေ့ တာဝန်လေ ၊ ကဲ ... မေး မေး ”
ဆရာကြီး ၊ ပညာရှိကြီး ဂိုက် အပြည့် နှင့် ပြောသော ဖခင် ၏ အမူအရာ ကြောင့် အောင်ကျော် ၏ မျက်နှာ ခရမ်း သီးမီးဖုတ် ကြက်ယက် ထား သကဲ့သို့ အစွမ်းကုန် ရှုံ့မဲ့ သွားရလေသည် ။ တစ်သက်လုံး အပူအပင် ကင်းကင်း နှင့် ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့သော ဖခင်ကြီး ထံတွင် မိမိ ကို သင်ပြ နိုင်လောက်သော ပညာ ဘာမျှ မရှိကြောင်း သားအဖ ချင်း အတွင်းသိ အစင်းသိ မဟုတ်လား ။
“ မဟုတ်ပါဘူး အဖေ ရာ ၊ သား အိတ် ချထားတုန်း ပိုက်ဆံ ပျောက်သွား လို့ မသင်္ကာစရာ လူများ တွေ့လိုက် သလားလို့ပါ ”
ဦးတူး က မျက်မှောင် ကြုတ်၍ မသိ နားမလည် သလို ပုံစံမျိုးနှင့် ..
“ မဖြစ်ဘူးနော် ၊ အဖေ ပုတီး ထဲ မှာ အာရုံ နှစ် ထားတာလည်း ငါ့ သား မြင်သားပဲ ၊ ဟုတ်ရော ဟုတ်ရဲ့လားကွာ ၊ အရေ မှားတာလည်း ဖြစ်ပါဦးမယ် ”
“ ဘယ်က အရေ မှားရမှာလဲ အဖေ ရာ ၊ သေသေချာချာ စာရင်း နဲ့ အင်း နဲ့ တွက်ချက်ပြီး မှ ထည့်ထားတဲ့ ဟာကို ၊ ပိုက်ဆံ ကို နှမြောလို့ မဟုတ်ပါဘူး ၊ ခြေဆော့ လက်ဆော့ စည်းမဲ့ ကမ်းမဲ့ နိုင်တာ ကို စိတ်တိုတာပါ ၊ အလုပ်သမားတွေ ထဲက တစ်ကောင်ကောင် ပဲ နေမှာ ၊ တော်တော် အောက်တန်းကျတဲ့ ကောင်တွေ ”
အောင်ကျော် ၏ မကျေမချမ်း ရေရွတ်သံက ဦးတူး ကို တွန့်ခနဲ ဖြစ်သွား၏ ။
“ သားရယ် ၊ ဖြစ်ပြီးသွားပြီ ဆိုရင် လည်း ပြောမနေပါ နဲ့တော့ကွာ ၊ တော် ကြာ ဥစ္စာပျောက် ငရဲရောက် ဖြစ်နေပါဦးမယ် ”
“ အို .. ရောက်ပါစေဗျာ ၊ ပြော ရမှာပဲ ၊ အဝီစိ ချိုးကပ်ချင် ကပ်ပါစေ စမ်း ၊ တော်တော် စာရိတ္တ ချို့ယွင်းတဲ့ ကလေကချေ အောက်တန်းစား အုတ်ကြားမြက်ပေါက်တွေ ”
ဦးတူး မျက်နှာငယ်လေး နှင့် ...
“ သားရယ် ၊ ဒီလောက်ဆို တော် လောက်ပါပြီကွာ ” ဟု ချော့ပြန်သည် ။
“ မတော်နိုင်ဘူး အဖေ ၊ လက်ငင်း ပိုက်ဆံ ဆုံးရှုံး ထားရတာ သား ဗျ ၊ ကျုပ် ပိုက်ဆံ ယူတဲ့သူ နေလို မီးလို ပူပြီး အေ ကိုက် သေပါစေဗျာ ”
“ သား တော်ပြီလေ ”
ဦးတူး ကျောရိုး ထဲ မှ ကြက်သီး ဖြန်းခနဲ ထ၏ ။
ထိုအချိန်တွင် အိမ်ရှေ့ မှာ ကား တစ်စင်း ထိုး ရပ်လိုက်သံကြောင့် သား အဖ နှစ်ယောက်စလုံး တုံ့ခနဲ ရပ်သွားပြီး အာရုံ က အိမ်ရှေ့ သို့ ရောက် သွားကြသည် ။
“ ဒိုးရတော့မယ် ... အချစ်ရယ် ၊ အာဟား အာဟား နှုတ်ဆက်ခဲ့ပါတယ် ၊ အဟား ... အဟား ... ကိုယ် တကယ် မခံစားနိုင်ဘူး အချစ်ရယ် ၊ အာဟား ... အာဟား ... ကိုယ်လေ အဝေးသို့သွားမယ် ဒိုးတော့မယ် ၊ အာဟား ... အာ ဟား ”
ကားတံခါး ဖွင့် ဆင်းသံ နှင့် အတူ ကြားလိုက်ရသော သီချင်းညည်းသံကြောင့် အောင်ကျော် ၏ ဒေါသ လစ်မစ် ပို တက် သွားရတော့သည် ။ အခြား သူ မဟုတ် ။ ဦးလှမင်း ၏ အသံ ပင် ။ အိမ် အတွင်း သို့ သီချင်းသံ နှင့် အတူ ရက်ပါ စတိုင် နှင့် ဝင်လာသော ဦးလှမင်း တစ်ယောက် အောင်ကျော် ကို မြင်သည် နှင့် အရာ အားလုံး ကို ဆန့်ကျင်ဘက် အမူအရာ သို့ ပြောင်းချ လိုက်သည် ။
“ အင်း .. အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ”
ဣန္ဒြေ မဆည်လို့ လည်း မဖြစ် ။ အောင်ကျော် က သူ့ ဖခင် သည် မိမိ နှင့် ပေါင်းသောကြောင့် ပျက်စီးသွားသည် ဟု စွဲမှတ်ထားကြောင်း ဦးလှမင်း သိနေ သည် ။ မိမိ ကို မကြည်မှန်း သိသော ကြောင့် ဖော်ရွေသော အပြုံးလေး နှင့် ရောဖျော်လိုက်ပြီး ...
“ ဪ ... မောင်အောင်ကျော် ပါ လား ၊ ပုံစံ ကြည့်ရတာ အပြင် သွားတော့မလို့ ထင်တယ် ”
နှုတ်ဆက်လိုက်သည် ။ အောင်ကျော် က ဘာမျှ မပြောဘဲ စိန်းစိန်းကြီး ပြန် ကြည့်နေသောကြောင့် ကြောင်အအကြီး ဖြစ် သွားရသည် ။ ထို အခြေအနေ ကို ဦးတူး က ဝင် ထိန်းသည့် အနေနှင့် အတင်း ဝင် နှုတ်ဆက်သည် ။
“ သူငယ်ချင်း လာကွာ ၊ ထိုင် ၊ ကိစ္စ ရှိလား ၊ အေးအေးဆေးဆေးပေါ့ကွာ ”
ဦးလှမင်း လည်း ထိုအချိန် ကျမှ အကျဉ်းအကျပ် ၏ ထွက်ပေါက် ကို ရရှိ တော့သည် ။
“ ကိစ္စရယ်လို့တော့ အထူး မရှိပါ ဘူးကွာ ၊ ငါ နာနေတဲ့ ဝိပဿနာ အလုပ်စခန်း တရားခွေလေး က အနှစ် ပါလွန်းလို့ မင်း ကို လာပေးတာကွ ”
“ ဟုတ်လား ၊ အေးကွာ ၊ ကျေးဇူးပါပဲ ”
အောင်ကျော် က သူငယ်ချင်း နှစ်ဦး အပြန်အလှန် ပြောနေသံ ကို နားထောင် ၍ နှုတ်ခမ်း ကို အစွမ်းကုန် မဲ့ ထား လေသည် ။ တရားဓမ္မ နှင့် ဘယ်လိုမျှ မနီးစပ်သော သူတို့ နှစ်ဦး အကြောင်းကို အာမခံ ခဏခဏ လုပ်ပေး နေရသော အောင်ကျော် က အသေးစိတ် သိပြီးသား မဟုတ်လား ။
“ သား မြို့ထဲ သွားဦးမယ် အဖေ ၊ သား မရှိတုန်း အိမ် နဲ့ အလုပ်တိုက် ထဲကို ခဏ စောင့်ကြည့်နေလိုက်ပါဦး ၊ ဘယ်မှ သွားဖို့ မစဉ်းစားပါနဲ့နော် ”
အောင်ကျော် မကျေနပ်သော လေသံ ပါအောင် တမင်ပင် ပြတ်ပြတ်မာမာ ပြောပြီး ခြေလှမ်းကျဲကျဲကြီး နှင့် ထွက်ခွာသွားတော့၏ ။
အောင်ကျော် ထွက်သွားသည် နှင့် အဘိုးကြီး နှစ်ဦး က ဂိုးသွင်း လိုက်သော ပရီမီးယားဘောလုံးသမား တို့ အမူအရာ အတိုင်း ပျော်ရွှင်ဟန် ပြုလိုက်ကြတော့သည် ။
“ မင်း ဖုန်းဆက်တဲ့ ကိစ္စ က တကယ်လား သယ်ရင်း ”
“ အမှန်အကန်ပါ သယ်ရင်း ရ ၊ ငါ တောင် တစ်ခေါက် ဒိုးပြီးပြီ ၊ ရေလည် လန်းတယ်ကွာ ၊ ငါ တော့ ဟတ်ထိသွား တာပဲ ”
“ ဘရာဗို ... မင်း ဖုန်းဆက် လိုက် ကတည်း က ငါ လှုပ်နေတာကွ ၊ သွားချင် လွန်းလို့ သား ဆီ က တောင် ရေ ဘတ် လိုက်ရသေးတယ် ၊ ဟိုကောင် က ငါ ဘတ် တာ ရိပ်မိပုံ ရတယ်ကွ ၊ ကွိုင် ရှာ နေတုန်း မင်း ရောက်လာလို့ ရပ်သွားတာ ”
“ ဒါဆိုလည်း လုပ်ကွာ ၊ ရွေ့ရ အောင် ၊ ဟတ် က အစာတောင်း နေပြီကွ ”
“ အိုကေ ...ခဏလေး စောင့် ၊ ဒရက်ဆင်း ကို အမှည့် ကိုင်လိုက်ဦးမယ် ”
“ လုပ်ရမှာပေါ့ကွ ၊ ငါ လည်း ဒီမှာပဲ လဲရမှာ ၊ အိမ် က သားသမီးတွေ ကို ဘုရားတက်မယ် ပြောပြီး ထွက်ရတာ ဆိုတော့ ရခိုင်ပုဆိုး နဲ့ တိုက်ပုံဝတ် ထွက် ရတာပေါ့ကွာ ၊ မင်း ဆီ ရောက်မှ လဲမယ် ဆိုပြီး အလန်းဆုံး တစ်စုံ ကို ခိုးထည့် လာ ရတာ ၊ နေဦး .. ကား ထဲ မှာ သွားယူ လိုက်ဦးမယ် ”
သူငယ်ချင်း နှစ်ဦး လွတ်လပ်ပေါ့ပါးစွာ နှင့် ပခုံး ဖက်၍ ဦးတူး ၏ အိပ်ခန်း အတွင်းသို့ ဝင် သွားကြလေသည် ။ ၁၅ မိနစ်ခန့် အကြာတွင် တံခါး ပြန် ပွင့်လာသည် ။ လူတွေ က ထွက်မလာသေး ။ အရင်ဆုံး လုံးခနဲ ထွက် လာသည်က အမွှေးရနံ့ မုန်တိုင်းကြီး ပင် ။ တိုက်ရိုက် ထိတွေ့လိုက် သူ တိုင်း မူးမေ့ သွားနိုင်လောက်သည် အထိ ပြင်းထန်လွန်း လှ၏ ။
သူငယ်ချင်း နှစ်ဦး ပခုံး ဖက်၍ ထွက်လာပါ ချေပြီ ။ ပုံစံများ ကို ကြည့်ပါ ဦး ။ ဦးတူး က ရှားညိုရောင် ကမ်းမဲလ် သရီးကွာတား ၊ အိုင်လပ်ဖ်ယူ ဟူသော စာတန်း နှင့် ရွှေရောင် စတစ်ကာကပ် တီရှပ် ၊ ဝေါ့ကင်းရှူး အဖြူရောင် ၊ NIKE လျှာထိုးဦးထုပ် နှင့် ။ ဦးလှမင်း က ဂျင်းမှိုတက် ဘောင်းဘီရှည်အနက် ပေါ်တွင် ဖန်စီစတီး ကြိုးများ ရှုပ်ယှက်ခတ်စွာ တွဲလွဲကျလျက် ။ အရိုးခေါင်းပုံ အပြောင် စတစ်ကာ ရင်ကျော အပြည့် တီရှပ် ၊ လက်မခန့် စတီးဆွဲကြိုး နှင့် ။
နှစ်ယောက်စလုံး ရင် အတွင်း မှ အသံတိတ် ဂီတများ နှင့် စည်းချက် ညီစွာ ခန္ဓာကိုယ် ကို ငြိမ့်၍ ငြိမ့်၍ လှုပ်ခါရင်း ထွက် လာခဲ့ကြသည် ။ ဧည့်ခန်း ထဲ အရောက် တွင် မျက်နှာချင်းဆိုင် ရပ် လိုက်ကြပြီး တစ်ဦး ကို တစ်ဦး ခြေဆုံး ခေါင်းဆုံး ကြည့်ရှု အကဲခတ်ကြသည် ။ ထို့နောက် ကျေနပ်အားရစွာ တဟားဟား အော်ရယ် လိုက်ကြပြီး လက်ဝါးချင်း မြှောက်၍ ဆိုင် ရိုက် လိုက်ကာ ကား ဆီ သို့ ထွက်သွားကြလေတော့သည် ။ သူတို့ နှစ်ဦး ၏ ကား တရကြမ်းမောင်း သွားသံ နောက်တွင် ထီ ရောင်း သော ကား မှ အသံများ ကဲ့သို့ သီချင်းသံများ ပြန့်ကျဲလွင့်ကျ ကျန်နေခဲ့လေသည် ။
“ မင်းတို့ ရဲ့ လက်တွေ လေထဲ ကို မြှောက် ထားလိုက် ”
▢ သက်ဦးမောင်
📖 ရယ်စရာ မဂ္ဂဇင်း
စက်တင်ဘာလ ၊ ၂၀၁၂
Nov 21, 2024 16:21
No comments:
Post a Comment