Tuesday, November 26, 2024

ပုံပြင်ဆန်သော ဆောင်းနိဒါန်း ( ဆင်ဖြူကျွန်းအောင်သိန်း )

 ပုံပြင်ဆန်သော ဆောင်းနိဒါန်း

( ဆင်ဖြူကျွန်းအောင်သိန်း )



“ ဟော ... ကိုဆေးရိုး တို့ပါလား ”


တောင်သူလယ်သမားကြီးတို့ ၏ ထုံးဓလေ့ မှတ်သားချက်အရ ဆိုလျှင် မိုးလသည် တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့ တွင် ကုန်ဆုံးသည် ဟု ဆိုစ မှတ်ပြုကြ၏ ။ ပထဝီဝင် အားဖြင့် မိုးရေချိန်လက်မ အနည်းဆုံး ဖြစ်သည့် ဤမိုးခေါင်ရေရှားဒေသ အတွက် မှာ မူ မိုးရာသီရယ် နွေရာသီရယ် ဟူ၍ ဟုတ်ဟုတ်ငြား ငြား ကွဲပြားမှု မရှိလှပါပေ ။ သည်တစ်နှစ် သည်လည်း သဲကန္တာရ ဆန်သော ပူပြင်းခြောက်ကျွမ်းခြင်း ဖြင့် တစ်မိုး ကုန်၍ တစ်ဆောင်းငွေ့ ၌ ပြောင်းရွှေ့ခိုလှုံပါငြား လည်း နှင်းငွေ့နှင်းသက်များ က မလျှောဆင်းလာ သေးပေ ။ သည်သဘော ကား မိုးအကုန် ဆောင်း အကူး၌ ဖြစ်မြဲပင်တည်း ။ ယုတ်စွအဆုံး နှင်းခါးကလေးများ သော်မှ မပက်ဖျန်းလာသေးပေ ။ ထို့ကြောင့် ကိုဆေးရိုးတို့ ၏ တန်ဆောင်မုန်း မှာ အိုက်စပ်၍ မဆုံး ပူလောင်ချက် ပြင်းတုန်းမှာပင် ရှိသေး၏ ။ 


“ အားလုံး ကြားကြသရွေ့ ပုရပိုက်တန်းရွာ နေ ကိုအောင်ဘော် ၊ မမယ်မ တို့က နက်ဖြန်ခါ နေ့ဆွမ်း စားပြီး အချိန်တွင် သရက်ချင်မြောက်ကျောင်း သို့ ကထိန်တရားတော်နာ ကြွတော်မူကြပါတဲ့ဗျို့ ”


ကိုသာဟန် ၏ အသံ က ရမ်းဘိုကုန်းရွာ အရှေ့ ဖျား တွင် ပျံဝဲလာ၏ ။ မီးရောင်ကလေးတွေ ကိုယ်စီ နှင့် ဆူညံနေသော အိမ်များ မှ ကလေးငိုသံ ၊ ဆဲဆိုသံ ၊ အိုး ပုတ်သံ ၊ အော်သံ ၊ ငေါက်သံများ သည် ဗျိုး .. သံကြောင့် တဒင်္ဂမျှ ငြိမ်သက်သွားကြ၏ ။ ကိုသာဟန် သည် ဗျိုး သံ အဆုံးတွင် ချောင်းသံတဟပ်ဟပ် ၊ ဆေးလိပ်မီး တဝင်းဝင်း နှင့် ဆက်လျှောက်သွားသောအခါ ရွာငယ် ၏ ဆူညံသံများက ပြန်လည် ထွက်ပေါ်လာပြန်၏ ။ 


“ သမီးရေ ... အဖေ့ ရှပ်အင်္ကျီကို လျှော်ဦးမှပဲဟေ့ ” 


ကိုဆေးရိုး သည် နောက်ဘက်မှ အူယားဖားယား ပြေးဝင်လာသည် ။ မျက်လုံး က သမီးချောစိန် ကို တစ်လှည့် မကျီးဒန် ကို တစ်လှည့် ကြည့်နေသည် ။ ခါးတောင်းကျိုက်ထားသော သူ့ ခန္ဓာကိုယ် အောက်ပိုင်း တွင် ရေများဖြင့် ရွှဲစိုနေကာ ညိုမှောင်သော အသား က မှောင်မည်းနောက်ခံ ထက်ဝယ် မီးရောင်ဖြင့် လက်နေသည် ။


“ ဘာများ ဒါလောက်တောင် အလောတကြီး ဖြစ် လာရတာလဲ ကိုဆေးရိုး ရဲ့  ၊ တော့်မလဲ”


“ ဟယ် နင့်မလဲ ငါ့ ကို မာန်ဖို့ချည်း ကြည့်နေ တာပဲ ။ နေ့လယ်တုန်း က လယ်ချတဲ့ ဆီကို ဝတ်သွား တာ အင်္ကျီတစ်ထည်လုံး ရွှဲရွဲစို နေတာဟ ၊ အဲဒါကို အခုနေ က လျှော်ထားမှ ဖြစ်တော့မပေါ့ဟ ”


“ မနက် ကျမှ လျှော်တော့ကော ဘာဖြစ်လဲ ”


မကျီးဒန် က အိပ်ရာ ဘေးရှိ ယန်းခေါက်ဖာအစုတ် ကို ဖွင့်ရင်းက ကိုဆေးရိုး ဘက်သို့ မျက်စောင်းထိုး ကာ မေးလိုက်ပြန်၏ ။


“ ကဲ ... ကဲ မိကျီးဒန် ၊ ခင်ဗျား ကို ကျုပ် ပြောတာ မဟုတ်ပါဘူး ၊ သမီး ကို ခိုင်းနေတာပါ ”


ကိုဆေးရိုး မှာ စိတ်မရှည်တော့သဖြင့် မကျီးဒန် ကို ပြန်၍ အော်ပြောလိုက်လေရာ


“ မအော်ပါနဲ့တော့် ”


“ အော်တာ မကြိုက်ရင် အသာနေ ”


“ အို ... အမေ ကလည်း ဟုတ်သားပဲ ၊ အမေ က အလကား နေရင်း အဖေ စိတ်တိုအောင် ပြောပြော နေတာကိုး အမေရဲ့ ”


ချောစိန် မှာ အနီးတွင် ဆောင့်ကြောင့် ထိုင်လျက် ပဲကြီးရေစိမ်များ ကို ညှစ်နေရာ က အဖေ နှင့် အမေ ဖြစ် သူတို့ ၏ ရန်ပွဲကို ဝင်ရောက် ဖျန်ဖြေပေးလိုက်သည် ။ ထို့နောက် ကိုဆေးရိုး ဘက် သို့လှည့်ပြီး 


“ အဖေ့ မလည်း ရေတွေ စိုလို့ပါကလား ၊ မတော်တဆ အအေးမိသွားပါ့မယ် အဖေရာ ၊ ကျုပ် က ပြီး လောက်ပြီ ထင်နေတာ ။ ကဲကဲ အခု လျှော်လိုက်မယ် လေ ၊ အဖေ ကော ရေမချိုးသေးဘူးလား ” 


ချောစိန် က ပဲကြီးအင်တုံ နှင့် တောင်းကလေး နှစ်လုံး ကို လွတ်ရာ နေရာတွင် ရွှေ့ထားလိုက်ပြီး နေရာမှ ထ လိုက်၏ ။


“ ပြီးပါပြီ ၊ သာဟန့် အသံ ကြားလို့ အင်္ကျီ ကို အမှတ်ရတာ နဲ့ ဝင်လာတာပါ သမီးရဲ့ ”


“ ကဲပါ အဖေ အအေးမိ နေပါ့မယ် ”


ချောစိန်က ဘုရားစင်တွင် ချိတ်ထားသော အင်္ကျီ ကို ဖြုတ်ယူ လိုက်လေသည် ။ ကိုဆေးရိုး သည် တဲ နောက်ဘက်ရှိ မှောင်ကွယ် ထဲ သို့ ဝင်ရောက်သွား လေသည် ။ ကိုဆေးရိုး မှာ တဲနောက်ဖေး ချောင်းကမ်း ပါး ရှိ ကုန်းမို့ကလေး ပေါ်တွင် ပျိုးထားသော ကြက်သွန်ခင်းကလေး ကို ရေလောင်း နေရာမှ ကိုသာဟန် ၏ ဗျိုးသံ ကို ကြားရသောကြောင့် ဝင်လာခဲ့ခြင်းဖြစ်သည် ။ အင်္ကျီ က သည် တစ်ထည်တည်း သာ ကောင်းကောင်း မွန်မွန် ရှိတော့သည် ။ သည်တစ်ထည် သာ ရှိတော့ခါမှ သွားစရာ လမ်းများက ခဏခဏ ပေါ်လာသည် ။ သွား စရာ လမ်းရှိ၍ ဝတ်လိုက်ပြန်ပါမူ ကိုဆေးရိုး တို့လို အဝတ် ကပ်လေ့ ကပ်ထ မရှိသော လူများ ၏ ခန္ဓာကိုယ်မှ ချွေးများသည် တာကျိုး သလို သွန်ကျလာလေ့ရှိ၏ ။ ခဏခဏ လျှော်ဖွပ်ပြန်ပါ က စုတ်သွားမည်  စိုးသဖြင့် မလျှော်ဘဲ ထားပြန်ပါလျှင်လည်း ချွေးစားပြီး စုတ်ပြဲ သွားမှာ ကို စိုးရိမ်ရပြန်လေသည် ။


“ ဟယ် .. နောက်ခါကျမှ နောင်ခါ ရောက်ရား ပေါ့ ၊ စုတ်သွား လည်း မဝတ်ဘဲနေရုံပေါ့ ။ လူတွေ ကြား ထဲမှာ ချွေးနံ့ကြီး တလှိုင်လှိုင်နဲ့ အားနာစရာကြီး ”


သို့ကြောင့်ပင် နေ့လယ် က ဝတ်သွားခဲ့သော အင်္ကျီ ကို နက်ဖြန် ကာလအတွက် လျှော်ဖွပ်ရန် လိုအပ်လာ လေသည် ။ မဖြစ်စေချင်တာများ ကလည်း အကျဉ်း အကျပ်များ နှင့် ကြုံလာလျှင် ကြံကြံဖန်ဖန် တွေ့ ရတတ် ၏ ။ ကိုဆေးရိုး မှာ သည်လို အတွေ့အကြုံများ က သင်ကြားထားပြီး ဖြစ်သဖြင့် တစ်ထည်တည်းသော အင်္ကျီ ကို ကြိုတင် လျှော်ဖွပ်ထားစေခြင်းဖြစ်၏ ။ ဟုတ်သည် နက်ဖြန် နံနက် ကျမှ လျှော်လျှင်ကော မခြောက်သွေ့ နိုင် ပေဘူးလော ။ ခြောက် တော့ ခြောက်နိုင်ပါသည် ။ သို့သော် နေမသာ မိုးအုံ့ နေခဲ့သော် မည်သည့်အင်္ကျီ ကို ဝတ်သွားရပါမည်နည်း ။ 


“ ဆေးရိုးရေ ”


“ ဟေ ... ဘာလဲဟ ”


ကိုဆေးရိုး မှာ နံနက် လင်း လာလျှင် လင်းလာချင်း မျက်နှာ ပင် မသစ်အားသေး ။ သူ ၏ ကြက်သွန်ပျိုးခင်းကလေးများ ၏ ကြားသို့ ရောက်လာကာ အရိပ်အခြည် ကို ကြည့်ရသည်မှာ ဝတ္တရား တစ်ခု ဖြစ်နေသည် ။ လူ အတွက် အသုံးဝင်သော ကြက်သွန်ပင်ကလေးများ မှာ အပ်ဖျား လောက် ဘဝ မှ တိုးတက်ဖွံ့ထွားလာသည် မရှိ ဟု ထင်ရ၏ ။ မြက်ပင် နှင့် ခရာပင်များ မှာ သော်ကား ကြွားရွားသန်မြန်စွာ ပေါက်နေကြ၏ ။ ကိုဆေးရိုး မှာ ကြက်သွန်ပျိုးခင်း နားသို့ ရောက်လာလျှင် တော်တော် နှင့် မခွာနိုင်တော့ချေ ။ အမြင်မတော်သော ပေါင်းပင်ကလေးများ ကို ဆွဲနုတ်ဖယ်ရှား နေမိတတ်သည်သာ ဖြစ်၏ ။


“ မင့် ပျိုးပင်ကလေးတွေ ဘယ့်နှယ်လဲဟေ့ ”


ကျောပြောင်ပြော င်တွင် လုံချည်စုတ် တစ်ထည်ကို ပခုံး တင်ထားသည့် ကိုသာမောင် က တဲနောက်ဖေး ဘက်သို့ လျှောက်လာသည် ။


“ ငါ တော့ ကြည့်ရင်းကြည့်ရင်း နဲ့ပဲ တစ်နေ့တခြား မြေကြီး ထဲ ကို ဝင်ကုန်ပြီထင်တယ်ကွာ ” 


“ ဟေ ... ငါ့မလဲ ဒီလိုပဲဟ ”


ကိုသာမောင် က တအံ့တသြ ဖြစ်သွားရဟန်ဖြင့် ကိုဆေးရိုး ၏ အနီးတွင် လာ၍ရပ်သည် ။ 


“ လင်းနို့ချေး ကျွေးရရင် ဘယ်လို နေမလဲကွ ”


“ ကောင်းသားပဲ ၊ ငါတော့ ဘတ် ( နှမ်းဖက် ) ပုပ်ရေ လောင်းကြည့်ချင်တယ်ကွာ ”


“ ကောင်းတော့ ကောင်းတာချည့်ပဲကွ ဘယ်ဟာ က ပိုကောင်းမလဲမသိဘူးကွ ”


ကိုဆေးရိုး က ဟင်းခနဲ သက်ပြင်း ချလိုက်ပြီး ထိုင် နေရာမှ ထ လိုက်သည် ။ မြသားသွယ်နွဲ့နွဲ့ကလေးများ မှာ ပုလဲရည်မိုးနှင်းဥကလေးများ ချိတ်စီထား၏ ။ ကိုဆေးရိုး မှာ သူ ၏ ကြက်သွန်ပင်ကလေးများ အတွက် အားမလို အားမရ ဖြစ်နေသည် ။ ရွှန်းရွှန်းကြော့ကြော့ မရှိ ။ စိမ်းစိမ်းလွင်လွင် မရှိ ။ ကုပ်ချည့်ချည့် ဖြစ်နေသော အပင်ကလေးများ အတွက် အလိုလို နေရင်း မောနေရ၏ ။ 


“ ခက်ပါသကွာ ”


“ ဟေ့ ... ”


ကိုသာမောင် က ရုတ်တရက် ခေါ်လိုက်သဖြင့် ကိုဆေးရိုး မှာ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည် ။ ကိုသာမောင် က အကြံတစ်ခု ရဟန်ဖြင့် ခါးကို ညွှတ် ကိုင်းပြီး မျက်မှောင်ကို ကြုတ် ပစ်လိုက်ကာ


“ ဟေ့ ငါ တော့ ရေဖြတ် ထားမယ်လို့ စိတ်ကူးထားတယ်ကွ ၊ သုံးလေးရက် လောက် ရေဖြတ် ထားရင် ကြက်သွန်ပင်ကလေးတေဟာ တစ်ခါတည်း ပြာနှမ်း ကုန်မယ်ကွ သိလား ၊ အဲဒီတုန်းမှာ ဗြုန်းခနဲ ရေပြန် လောင်းလိုက်ရင် ဟုန်းခနဲ တက်လာလိမ့်မယ် ထင် တယ်ကွ ” ဟု အားပါးတရ ပြောလိုက်သည် ။ 


“ ဟန်မယ် မထင်ပါဘူး သာမောင် ရာ ၊ အစိုကိုက် သွားမှာ စိုးလို့ တစ်ရက်တလေ ဖြတ်ထားတာ ဆိုရင် တော်သေးရဲ့ ”


“ ဟ .... ဆေးရိုးရ ၊ အဲဒီ နည်း က လူပြော များတယ်ကွ ”


“ များ များကွာ ၊ လင်းနို့ချေး ပဲ စမ်းကြည့်မယ် ”


ကိုဆေးရိုး က ချောင်းပြင်တွင်း ရှိ ပြိုလဲ နေသော ကိုင်းပင်များ ကို ငေးမောကြည့်နေရာ က ပြန်ပြောနေ သည် ။ တစ်ဆောင်း နှင့် တစ်နွေလုံးလုံး မင်းမူပင့်ကြွား နေခဲ့သော ကိုင်းတောကြီး မှာ ချောင်းရေ ၏ လွှမ်းမိုး ဖိနှိပ်မှုကြောင့် သောင်ပြင်ဝယ် ပြားပြားကပ် နေကြ၏ ။ ရွှံ့နှစ် အခြောက်များသည် နေရောင်ဖြင့် ဝင်းလက်နေ ၏ ။ ချောင်းရေ မှာလည်း တစ်နေ့တခြား လျော့ပါးလာ ပြီ ဖြစ်ရာ ဝါးဖောင်များ ကို အနည်းအကျဉ်း မျှ တွေ့မြင် နေရလေပြီ ။


“ အင်း .. နိမ့်တုံ မြင့်တုံ ဤလူ့ဘုံပါကလား ”


“ ဟကောင် အောင်မယ် ... တရားတွေ ဘာတွေ ကျလို့ပါကလားဟ ”


ကိုဆေးရိုး ၏ ညည်းတွားသံကြောင့် ကိုသာမောင် ကပါ ချောင်းပြင် အတွင်းသို့ လှမ်းမျှော်ကြည့်လိုက်မိသည် ။ ချောင်းပြင် အတွင်းဝယ် မွမွညက်ကြေ လဲ လျောင်းနေခဲ့ရသော ကိုင်းပင်များ သည် ယခုမူ ထောင်တက်တိုးခွင့် လာကြပြန်သည် ။ သို့တစေလည်း ကိုဆေးရိုး တို့ ၊ ကိုသာမောင် တို့ ၏ ဘဝလှေအိုကြီး မှာကား ရေယိုလျက် နှင့် ပင် ရေဆန် ကိုသာ တွေ့နေကြ ရ၏ ။ သူတို့ အတွက် ရေစုန်သည် အဘယ်မှာပါနည်း ။ 


“ ကဲ .. မင်း ဘာသာ မင်း အာပေါကသိုဏ်း ပဲ ရှုရှု ၊ ပြာသောကသိုဏ်း ပဲ ရှုရှု ရှုနေခဲ့တော့ဟေ့ ”


“ သွားတော့မလားကွ ”


“ အေးကွာ ၊ လယ်ပြင် ကို သွားရဦးမယ်ကွ ”


ကိုဆေးရိုး မှာမူ ကိုင်းပင် နှင့် သူ့ ဘဝကို ယှဉ်တွဲ ကြည့်နေမိပြန်လေသည် ။ အမွဲမွဲ နှင့် ဆင်းရဲခဲ့ရသ ည်မှာ ကြာညောင်းခဲ့ပါပြီကော ။ 


“ အင်း ... ကံပဲပေါ့ ကျီးဒန် ရာ ”


မတတ်သာသည့် အဆုံးဝယ် ကံ ကို သာ ပစ်ချပုံ အပ်ရလေ့ရှိ၏ ။ ကဲ့ရဲ့ခြင်း နှင့် ဆင်းရဲခြင်း တို့ ရှိလျှင် ချီးမွမ်းခံရခြင်း နှင့် ချမ်းသာခြင်း တို့ ရှိရမည်မှာ မှန်ကန် သော သစ္စာတရား ဖြစ်သော်လည်း ကိုဆေးရိုး တို့  မှာမူ ချမ်းသာခြင်း ၏ အရိပ်အယောင်ကလေး ကို သော်မှ မမြင်ရ ။ သစ္စာတရား ပင် ယိုယွင်းနေသလော ။ လူတို့ သည် ပင် မှားယွင်းသလော ။ 


“ မြက်ပင် နဲ့ တို့ ဘဝ ဘယ်တော့များမှ အတူတူ ဖြစ်နိုင်ပါ့မလဲကွယ် ၊ ဟင်း ... ” 


ချောင်းပြင်တွင်း မှ ဂယက်ကွက် တို့ သည် ကိုဆေးရိုး ၏ ညှိုးအိုနွမ်းရော်သော မျက်နှာ ကို ရောင်ပြေးကလေးများ ဖြင့် ထိုးရိုက်ပေးနေကြသည် ။ ကိုဆေးရိုး ၏ သက်မလှိုက်ပြင်းပူလောင်သော ထွက်သက်သည် ချောင်းပြင်ကွင်းရှိ လှိုင်းကွန့်ကလေးများ ကို ပျက်ပြယ် စေလေသည် ။



“ ရွှေဘိုချဉ်ပေါင် ဖူးခေါင်ဝေလို့ ဖြိုးဟေဟေ ... ”  


ကိုဆေးရိုး သည် လင်းနို့ချေးအိတ် ကို ပခုံး တွင် ထမ်းလျက် ရွာတွင်း သို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ညာသံ တလှိုင်လှိုင်ဖြင့် အိုးစည်သံ ကို ဦးစွာကြားရ၏ ။ 


“ ငါးမည်ရ ... ငါးမည် ရပြည်ရွှေဘို ၊ ဘေးရန်ကပြို ” 


ကိုဆေးရိုး သည် အိမ်ဝိုင်းတွင်း သို့ ဝင်လာကာ ပခုံးပေါ် မှ လင်းနို့ချေးအိတ် ကို ပစ်ချလိုက်၏ ။ 


“ ကျီးဒန့် ရေ ၊ ကလေးတွေ ရောက်ပလားဟေ့ ”


“ မရောက်သေးဘူး တော်ရေ့ ... ၊ ရောက်ချိန်တော့ နီးပါပြီ ” 


မကျီးဒန် က လက်တွင် ဆေးပေါ့လိပ်ကြီး ကို ကိုင် ကာ တဲပြင် သို့ ထွက်လာ၏ ။


“ ကဲ တစ်ခုခု နဲ့ ဖြန့်ပြီး နေလှန်းလိုက်စမ်းဟာ ”


“ အဖေရေ ... အဖေ အဖေ ” 


သားငယ် ၏ အသံ ကို ကြားရသဖြင့် တဲပေါက်ဝ သို့ ခေါင်းငဲ့ နားထောင် နေစဉ်မှာပင် ဘညိန်း က ပြေးဝင်လာကာ


“ အဖေ ၊ ကျုပ် သင်ပုတ်ကြီး တင် လိုက်သွားဦးမယ်နော် ”


အူယားဖားယား ပြောလိုက်သည် ။ 


“ ဘယ်တော့လဲ သား ရဲ့ ”


“ နက်ဖြန် မနက်ပေါ့ အဖေရဲ့ ၊ အခု တီးနေတာလေ ”


ကိုဆေးရိုး က သားငယ် ၏ မျက်နှာ ကို မော့ကြည့် လျှင် သား ဖြစ်သူ၏ ရွှင်လန်းကြွရွနေသော အသွင်ကို မြင်ရသဖြင့် သနားကရုဏာစိတ်များ ဝင်လာရကား ငြင်းပယ်လိုက်မည် ဟူသော နေရာတွင် ခေါင်းညိတ်ခြင်း က အနိုင်ယူသွားလေသည် ။ သို့ရာတွင် 


“ သမီး ကော .. လိုက်ဦးမှာလား ”


ကိုဆေးရိုး က ရေချိုးရန် ပြင်ဆင်နေသော သမီးပျို ကို လှမ်း၍ မေးမြန်းလိုက်၏ ။


“ မလိုက်ချင်ပါဘူး အဖေရာ ” ဟူသော ဖြေသံ ကို ကြားရမှ ရင်ထဲ ဝယ် ပေါ့ပါး သွားလေသည် ။ တော်ပါသေးရဲ့ ဟု အောက်မေ့လိုက်မိသည် ။ အရုဏ်တက်ချိန် တွင် ထ သွားပြီး အရုဏ်ဆွမ်း ကပ် တင်ရသော သည် သင်ပုတ်ပွဲတော် ကြီး ကို အကြောင်းသိသော အားဖြင့် ကိုဆေးရိုး က သိသည် ။


“ သမီးရေ ... အဖေ့ အင်္ကျီကောဟေ့ ”


“ ရှိတယ် အဖေ ”


ချောစိန် က ရေသောက် နေရာမှ ခပ်သွက်သွက်ကလေး လှမ်းပြီး ခေါင်းအုံး အောက်မှ အင်္ကျီကလေး ကို ထုတ်ယူပေး လိုက်၏ ။


“  ဟေး ... ပိတ်စ ၊ တရားနာ မသွားဘူးလားဟ ”


“ ခဏဟေ့ ခဏ ဟိုဘက်က ဘအောင် တို့ လည်း အသံ ပြုလိုက်ပါဦး ”


ကိုဆေးရိုး အင်္ကျီဝတ် နေစဉ်တွင် တရားနာ သွားကြမည့် လူများ ၏ အသံသည် တဲတွင်း သို့ ချင်းနင်း ဝင် ရောက် လာလေ၏ ။


“ ဟေ ဆေးရိုး ၊ သွားရအောင်ဟေ့ ”


“ အေးဟေ့ ... လာပြီလာပြီ ”


ကိုဆေးရိုး မှာ အော်အော်ပြောပြော နှင့် ပင် ဖျင်တဘက်ကို ခေါင်းမှာ ရစ်ပတ်ရင်း တဲအပြင်ဘက် သို့ ပြေး ထွက်လာသည် ။


“ မင့်မေကလွှားပဲ ၊ ကြာလိုက်တဲ့ ကောင်တွေ ”


မဆဲရလျှင် ထန်းလှီး ၍ မဖြောင့်နိုင်သော ကိုပိတ်စ က ကိုဆေးရိုး ကို ဆီးကြို၍ ဆဲလိုက်သေးသည် ။ 


“ ဟော ... ကောင်းဆေးရိုးတို့ပါလား ”


ကိုဆေးရိုး တို့ ၏ အရင် ရောက်နှင့်သော သီးကုန်းရွာ မှ ဘသန်း က ဆီးကြို နှုတ်ဆက်လိုက်လေရာ “


“ ဟ ဘသန်း ပါလား ၊ နေထိုင်ကောင်းကြရဲ့ မှုတ်လား ”


“ ဟုတ်ကဲ့ ကောင်းပါတယ် ၊ ကောင်းဆေးရိုး ကလေးတွေကော အိမ်ထောင်ကျကုန်ပလား ၊ အားလုံးပဲ နေထိုင် ကောင်းကြရဲ့နော် ”


“ အေးကွာ ကောင်းကြပါတယ် ၊ အိမ်ထောင် မရှိကြသေးပါဘူးကွာ ”


“ သြ ... အင်းအင်း ၊ ကျုပ် က တော်တော် ကြီးကြကုန်ပလားလို့ ”


ဘသန်း တို့ ရွာမှာ ကိုဆေးရိုး တို့ ရွာ ၏ တောင်ဘက် နှစ်မိုင် ခန့်ဝေးသည် ။ အပြောအဆို အသုံးအနှုန်း မှာ တစ်မူ ထူးခြားကာ ဦးလေး နှင့် နောင်ကြီးဟူသော နှစ်လုံး ၏ အကြားတွင် ' ကောင်း ' ဟူသော စကားသစ် တစ်လုံး ကို ဖြည့်သွင်း သုံးစွဲကြ၏ ။ နောင်ကြီး အရွယ် လည်း မက ၊ ဦးလေး အရွယ် လည်း မရောက်သေးသော ကိုဆေးရိုး အား ‘ ကောင်းဆေးရိုး ’  ဟု ခေါ်လိုက်ခြင်း ကို နားဝေးသူများ အတွက် ဆန်းပြားရယ်မောဖွယ် ဖြစ်နေ၏ ။ စင်စစ်မူကား သူ့ အရပ် နှင့် သူ့ ဓလေ့ ဖြစ်ရာ ရယ်မောပြောင်လှောင်ဖွယ် လုံးဝ မရှိပါ ။ 


ကိုဆေးရိုးတို့ ရွာ၏ အနောက်မြောက်ထောင့် ရှိ နှစ်ဖာလုံခန့် ဝေးသောနေရာတွင် ရှားတော ဟူသော ရွာ တစ်ရွာ ရှိပေသည် ။ တစ်ရွာလုံး မှာ ‘ ရှ ’  အသံထွက် မည့် နေရာ တွင် ‘ ဆ ’ ကို အမြဲတမ်း ထည့်သွင်း ပြော ဆိုကြ၏ ။ ဤသည်ကား ရေမြေ နှင့် ဓလေ့ကွဲပြားမှု ကြောင့် ဖြစ်တော့သည် ။ 


“ လယ်တွေ ကော ဘယ်နှယ်နေလဲဟေ့ ”


“ ဒီလိုချည်းပဲပေါ့ ကောင်းဆေးရိုး ရာ ၊ သည် တစ်မြောင်းတည်း သောက်တဲ့လူချင်း က ဘယ်မှာ ပိုပြီး ကောင်းနေနိုင်ပါ့မလဲ ”


ကိုဆေးရိုး က လက်ဖက်စား အပြီးတွင် လက်သုတ်စရာ မရှိသဖြင့် လက်သုတ်ပဝါ ပေးရန် အော်၍ တောင်း နေစဉ်တွင် ဘသန်း ထပ်မံ ပြောပြန်၏ ။ 


“ ဒါဖြင့် နွေစာ အတွက် ဘာများ လုပ်မယ်ကြံသလဲဗျ ”


“ မျိုး နဲ့ ရိုးဖြတ် လုပ်တတ်မှ ကျန်မယ့် ဘဝကလားကွ ၊ ချောင်းတိမ်ယာကလေး တစ်ကွက်တော့ ရှာထားတာပဲကွ ”


“ နို့ အိုး လုပ်တာကကော ကောင်းဆေးရိုး ရ ”


“ ဟာကွာ ကူလီခ ဆိုမှ ကူလီခ ပဲ ကျန်တာ ပေါ့ ။ တော တက်ပြီး ကိုယ်တိုင် ထင်းခုတ် နိုင်ရင် ထင်းဖိုး ကို ပါ ကိုယ် ရသကွ ။ ထင်းဖိုး လိုချင်လွန်းလို့ အရဲစွန့်ပြီး တောတက် သွားတုန်းများ ဓားပြ နဲ့ တွေ့ ရင်တော့ နွား ရော လှည်း ရော အဆုံးပေါ့ကွာ ”


“ ဒီလိုပုံဖြင့် အခက်သားပါကလား ”


ဘသန်း က ဆေးလိပ်မီးခိုး နှင့် အတူ ထန်ပြင်း သော သက်မ ကို ချလိုက်လေသည် ။ ကိုဆေးရိုး တို့လို လက်မှုပညာသည် တစ်ပိုင်း ၊ လယ်သမား တစ်ပိုင်းများ အဖို့ အသက်ရှူပေါက် ပိတ်ဆို့ စေဆို ပါ က လယ်ကူလီ နှင့် လယ်သမားစစ်စစ်များ အဖို့ ကား ဆိုဖွယ်ရာ မရှိပါတော့ချေ ။


“ ဒီချောင်းတိမ်ယာ က ကော ဘာ စိုက်ဖို့တုံးဗျ ”


ခေတ္တမျှ ငြိမ်သက်ငေးမောနေရာ က ဘသန်း ၏ အသံကြောင့် ကိုဆေးရိုး မှာ ပြန်လည် လှုပ်ရှားလာရကား


“ ကု,လားကြက်သွန် စိုက်မလို့ကွ ”


“ ချောင်းပြင် ထဲတော့ ဘာဖြစ်လို့ ချ မစိုက်လဲ ၊ ရေ လည်း မလောင်းရဘူး ”


“ အဲ ... မင်း က ဒါတစ်ခုတည်း မြင်တာကိုးကွ ၊ ချောင်း ထဲ မှာ ချ စိုက်မယ် ဆိုရင် ပထမဦးဆုံး စောင်ရန်းတန်း ကာ ဖို့ တောတက်ရတော့မယ်ကွာ ။ မဝယ် နိုင်ရင်တော့ စွန့်တက်ရတော့မှာပဲ ။ ဒုတိယ နွားချေး ချရဘော့မယ် ၊ အဲဒီ နွားချေး က သက်သက် ဆုံးတာပဲ ကွ ။ လယ်ထဲ ချ သလို ယာထဲ ချ သလို တစ်နှစ်ထက် တစ်နှစ် တိုးပြီး မြေကောင်းလာစေတာ မဟုတ်ဘူးကွ ”


“ ဟုတ်တယ်ဗျို့ ကျုပ် ကောင်းဆေးရိုး ပြောမှ သဘောပေါက်တော့တယ်ဗျို့”


အနားသို့ ဘယ်အချိန်က ရောက်နေမှန်း မသိ သော ဒိုင်းခေါင်းကုန်း မှ ထွန်းအံ့ ၏ အသံ ကို ကြားမှ ကိုဆေးရိုး မှာ လှည့်ကြည့်လိုက်မိ ကာ


“ ဘယ့်နှယ်လဲဟေ့ မင့် အဖေ တို့ အမေ တို့ ကော နေကောင်းကြရဲ့လား ။ သူတို့ မလာကြဘူးလား ”


“ ကောင်းပါတယ် ”


“ ကဲဗျာ ပြောပါဦး ၊ ကောင်းဆေးရိုးရာ ”


ဘသန်း က နားထောင်လက်စ စကား ကို ပြန်ဆက်ခိုင်းသည် ။


“ နောက် အရေးကြီးဆုံး ကတော့ ရေစမ်းတတ် ဖို့ပဲကွ ။ ရေ ချက်ချင်းဆုတ်သွားမယ့် နေရာမျိုးပဲ ။ သဲ ကြမ်းလွန်းတဲ့ နေရာမျိုးပေါ့ကွာ ”


ကိုဆေးရိုး မှာ အာခြောက် လာပြီ ဖြစ်သဖြင့် ကပျာကယာ ထပြီး ရေသောက်လိုက်ရသည် ။


“ ငါ့လခွေးတဲ့ မှ တယ်ပြီး အာခြောက် သကိုးကွ ။ ဟော ... နောက်ဆုံး တစ်ချက်ကတော့ အချိန်မဟုတ် ၊ အခါမဟုတ် နဲ့ ချောင်းရေတွေ ကျလာရင် ကြက်သွန် တွေ ရော ၊ စောင်ရန်းတန်း တွေ ပါ ရေထဲ ပါ ကုန်ပြီး တစ်ခါတည်း ခွေးဇာတ်ခင်းတော့တာပဲကွာ ”


တဖြည်းဖြည်း နှင့် တရားနာပရိသတ်များမှာ များသည် ထက် များလာပြီး အုတ်အုတ်ကျက်ကျက် ဖြစ် လာသည် ။


“ ဪ ... ကောင်းဆေးရိုး ကို တစ်ခု မေးရဦးမယ် ။ ကြက်သွန်စေ့ နဲ့ ခရာစေ့ က တကယ်တူသလားဗျ ”


“ ဟ တူတာပေါ့ကွ ။ သေသေချာချာ တစ်စေ့ စီ ယူပြီး ကြက်သွန်စေ့ နဲ့ ယှဉ်ကြည့် မှ သာ ကြက်သွန်စေ့ မဟုတ်မှန်း သိနိုင်တယ် ”


“ ကိုထွန်းခင်ကြီး ကို ကောင်းဆေးရိုး သိလား ” 


“ ဘာဖြစ်လို့လဲ ၊ သိတော့ သိတယ် ၊ ဒါပေမဲ့ သိပ် မကျွမ်းဘူးကွ ”


“ သူပေါ့ ကောင်းဆေးရိုး ရ ၊ မနှစ်တုန်းက မျိုး ယူဖို့ ဆိုပြီး ကြက်သွန်စေ့ တစ်ပြည်လား ပဲ ဝယ်လာတယ် ။ ပေါက် လာတော့ ခရာပင်တွေ ချည့် ဖြစ်နေလို့ ကော် ကော်ပြီး ဆဲလိုက်တာ ကောင်းဆေးရိုး ရာ ”


ထွန်းအံ့ က သူ ၏ စကားအဆုံး တွင် အားရပါးရ ရယ်မောပစ်လိုက်သည် ။


“ အဲဒါ ခရာစေ့ ရောပြီး ရောင်းတဲ့ လူက အ လို့ ကွ ၊ ခိုး လည်း ခိုးချင်ရဲ့ ၊ မိုးလည်း မခိုးတတ်တဲ့ ကောင် မျိုးပဲ ။ ခရာစေ့တွေ ကို မီး သင်းပြီး ရောင်းလိုက်စမ်း ပါကွာ ။ ခရာစေ့တွေ မှန်းလည်း မသိ ၊ တစ်ပင် မှ လည်း ပေါက်မလာတော့ဘူး ”


“ ဟင် ... ဘယ်ဖြစ်မလဲ ကောင်းဆေးရိုး ရဲ့ ”


“ ဟ ... ဖြစ်တာပေါ့ကွ ။ ပျိုးတဲ့လူ အသုံးမကျလို့ မပေါက်တာ ဆိုရင် ပြီးတာပဲ ။ ငါ ဖြင့် ဒါမျိုးနဲ့ ခံခဲ့ရ ပေါင်း များလှပြီ ”


“ ကောင်းဆေးရိုး တို့ ဘက်တော့ မသိဘူး ၊ ကျုပ်တို့ ဘက်ဖြင့် တယ်ပြီး မြွေပေါတယ်ဗျို့  ။ မနေ့တုန်း က ပဲ ဆောင်းချမ်းကုန်း က နှစ်ယောက် ထိလာခဲ့ပြီဗျာ ”


“ အေးပေါ့ ၊ သတိ နဲ့ သွားလာကြဟေ့ ။ ဒါမျိုးဆိုတာ များသောအားဖြင့် သေတာများတယ်ဟေ့ ”


ထို့နောက် ကိုဆေးရိုး သည် တွေဝေနေ၏ ။ ကိုဆေးရိုး မှာ မည်မျှကြာအောင် စိတ်လွင့်ငေးစိုက် နေ မိသည် မသိ ။ သီလ ယူရန် ၊ ကန်တော့ရန် အတွက် လက် တွင်း သို့ တစ်စုံတစ်ယောက် က ဆန်ပန်းရောင်စုံများ လာ ထည့်မှ သတိရလေတော့သည် ။ 


“  ကဲ ... ကဲ ကန်တော့ကြရအောင်ဗျို့”


တစ်ကိုယ် ကြား မျှ သာ ရွတ်ဆို ကန်တော့ကြသော အသံများ က ကျောင်းဆောင် တစ်ခုလုံးဝယ် လိုဏ်သံ ဖြစ်ကာ ဟိန်းသွားလေတော့သည် ။ ကိုဆေးရိုး မှာကား သီလ ပေးတာ ကို လည်း ဖြောင့်ဖြောင့် မယူနိုင် ၊ ပရိတ် ရွတ်သံ လည်း ခပ်ဝါးဝါး မျှသာ ဖြစ်နေရသည် ။ စိတ် က အိမ် သို့ သာ ရောက်ရှိနေတော့သည် ။


မိမိတို့ လူကြီး ဖြစ်သော အခါမှာလည်း ဒါကိုပင် တစ်ဆင့် ပြန်ပြီး ဖောက်သည်သာ ချနေရလေပြီ ။ ယင်းသို့ ထူးမြတ်လှသော ကထိန်တရား ကို ဇွတ်မှိတ်ပြီး နာသော်လည်း ကိုဆေးရိုး မှာ ဖြင့် အိမ် သို့ သာ ပြန် ရောက်နေ၏ ။


“ ဘုရား ... ဘုရား ၊ ဘာတွေများဖြစ်ကုန်ပါလိမ့် ”


“ ကိုဆေးရိုး ရေ ၊ ကိုသာမောင်တို့ ကော ” 


“ နောက်မှာ ပါ ပါတယ်ဟ ”


“ ကျုပ်တို့ အိမ် က ဟာကော ဘယ် ထန်းတော ဝင်နေခဲ့သလဲ ”


“ မဝင်ပါဘူးဟ မယ်မ ရ ၊ လာနေပါပြီ ”


ကိုဆေးရိုး မှာ အိမ်ဝိုင်း ထဲ သို့ မဝင်မီ ကပင် မကျီးဒန် ကို လှမ်း၍ မြင်နေရသဖြင့် အနည်းငယ် စိတ်အေး သွားရသည် ။ သား နှင့် သမီး ကိုပါ အိပ်ပျော်နေသည် မြင်ရသဖြင့် သက်မ ကို ဟင်းခနဲ ချလိုက်မိသည် ။ 


“ ကျီးဒန် ရေ ၊ ကနေ့ ငါ့ စိတ် ဘာဖြစ်သလဲမသိ ၊ တရားတောင် မှ ဖြောင့်အောင် မနာနိုင်ဘူး ၊ စိတ် က လေးလိုက်တာ ၊ ဘယ်လို လေးမှန်းမသိဘူး ။ ရေစက်ချ ပြီးပြီးချင်းပဲ အဖော်တွေ တောင် မစောင့်နိုင်ဘူးဟေ့ ”


ကိုဆေးရိုး က ထွန်းအံ့တို့ ၊ ဘသန်း တို့ နှင့် စကား လက်ဆုံ ကျရာ က လယ်များ တွင် မြွေပူသည့် အကြောင်း သို့ ရောက်သွားပြီး တစ်ချိန်လုံး မြွေအကြောင်း ဖြင့် သာ သောက ရောက်ခဲ့ရပေါင်း ကို ပြန်ပြောင်း၍ ပြောကြား လိုက်၏ ။


“ အင်း ကံသီလိုပေါ့ တော် ၊ အဲဒါ တော့် ကို နတ်တွေ ၊ သိကြားတွေ က နှိုးဆော်တာတော့် ”


“ ဟေ .. ဘာဖြစ်ပြန်လို့လဲဟ ”


“ လူကလေးပေါ့ ၊ သီချင်း တညည်းညည်း နဲ့ နွားစာ စဉ်း နေလိုက်တာ တိုင်နားမှာ စုနေတဲ့ နွားစာတွေကို လက်နဲ့ ဖယ်ပစ်လိုက်တော့ မှ နွားစာတွေ ဟာ ဖျပ်ဖျပ် ဖျပ်ဖျပ် ခုန် လို ခုန် ၊ တလွန့်လွန့် တလူးလူး ဖြစ် လို ဖြစ် နဲ့ လန့်ပြီး အော်ပြေး လာလိုက်တာ ”


“ အဲဒါ ဘာဖြစ်သလဲ ”


“ မြက် ထဲ ရောပြီး မြွေပါ သွားတာပေါ့ ။ အဲဒါကို ခုတ် မိတော့ အပိုင်းပိုင်းအတစ်တစ် ဖြစ်ကုန်တော့တာပေါ့ ”


“ အမယ်လေး ... ဘုရား... ဘုရား ၊ ကံကောင်းလို့ပါလား ”


ကိုဆေးရိုး မှာ ရင်ထဲ တွင် အေးခနဲ ဖြစ်သွားရသည် ။ အကယ်၍ မြွေသည် လူကိုင် ထားသည့် မြက်ဆုပ် ၏ အတွင်း မှာ မနေဘဲ လက် နှင့် ကိုင်လိုက်မိလျှင် ကိုယ်ကျိုး မနည်းပါ ပြီလော ၊ မြွေသည် ဤအချိန်တွင် ရောက်ရှိလာနိုင်သည့် အပြင် မြက် များကို စုစည်း ဖွဲ့နှောင်ရန် စီစဉ်လိုက်သောအခါ အထုံး ဝယ် နေသော ကြောင့် ထပ်မံ ရိတ်ဖြတ် နေခိုက်တွင် မြွေရောက်လာ ပြန်နိုင်သည့်အတွက် အရှင်ကြီး နှင့် ပညာသည်များ ၏ ဖန်ဆင်းချက် မဟုတ်ကြောင်း လယ်သမားများ သိရှိ နေကြသည် ။


သည်အခိုက်တွင် တဲရှေ့လမ်း မမှ ဆူဆူညံညံ အသံများ ကို ကြားရသဖြင့် ကိုဆေးရိုး က တဲဝ အပြင် ဘက်သို့ ထွက်ကြည့်လိုက်သည် ။ ထဘီဖြင့် အုပ်ထား သော လူနှစ်ယောက် ကို မြင်လိုက်ရသဖြင့် ကိုဆေးရိုး ရင်ထဲ တွင် ထိတ်ခနဲ ဖြစ်သွားရလေသည် ။ 


“ ကျီးဒန်ရေ ... ဘာဖြစ်လာကြတာလဲ မသိဘူးဟေ့ ၊ ငါ သွားချေဦးမယ် ”


ကြုံမှ ကြုံရတတ်လေသည် ။ ရွာလယ်ပိုင်း မှ ချစ်မြ နှင့် လှမေ တို့ သမီးရည်းစားနှစ်ယောက် မှာ လယ် ပိုး ထိ၍ ပြိုင်တူ သေပွဲဝင်သွားကြရလေသည် ။ စာမေးပွဲ ကျ၍ လည်းကောင်း ၊ လခ မလောက်င၍ လည်းကောင်း စွမ်းပကား မရှိသောသူများ ပမာ အရှုံးပေး ထွက်ပြေးကြသောသူများ ၏ သေခြင်းထက် ကား ဖော်ပြနိုင်ခြင်းငှာ မစွမ်းသော မြင့်မြတ်သည့် သေဆုံး ကြရခြင်း ဖြစ်သည် ။


ချစ်မြ နှင့် လှမေ တို့ ချစ်ကျွမ်းဝင် လာခဲ့သည်မှာ သုံးနှစ် ခန့် ရှိပေပြီ ။ သည်ကြားထဲ လှမေ ကို လက်နက် ပြပြီး သိမ်းပိုက်ခြင်း ခံရသော အခါ ချစ်မြ မှာ တိုင်တန်းစရာ အရပ်တို့ ကုန်ဆုံးခဲ့၏ ။ အသည်း ဆတ်ဆတ်ခါ နာရလေသည် ။ သုံးလခန့် ကြာသောအခါတွင်မူ လှမေ မှာ စွန့်ပစ်ခြင်း ခံရ၏ ။ သို့ရာတွင် ချစ်မြ က လက်ထပ် ယူမည် ပြုသော အခါတွင်မူ လက်နက် ဖြင့် ခြိမ်းခြောက် ဟန့်တားခြင်း ခံရသည့် အတွက် ချစ်သူ နှစ်ဦး မှာ သစ္စာတရား နှင့် ဘုရားကိုသာ အားကိုးထားပြီး ခါးကုန်းခံခဲ့ ကြရလေသည် ။



သူတို့ နှစ်ဦး ၏ အလောင်း ကို မြင်သော ဖိုးအောင် ၏ ခန့်မှန်းချက် အရ ဆိုလျှင် ချစ်မြ နှင့် လှမေ တို့မှာ မွန်းတိမ်းစ အချိန်ခန့်ကပင် သေနေကြပြီ ဟု ယူဆဖွယ် ရှိပေ၏ ။


“ ချစ်မြ နဲ့ လှမေ ဟာ အောက်ပိုင်း ကို အစောကြီး ကတည်း က ဆင်းသွားကြတာဗျ ။ ကျုပ် ကတော့ နီးနီးနားနား မှာပဲ ရှာရိတ်မယ်ဆို ပြီး နေခဲ့တာ ”


ချစ်မြ နှင့် လှမေ တို့မှာ ဆွမ်းစားခေါင်းလောင်း ထိုးသံ ထွက်ပေါ်လာလျှင် မြက်များ ကို အသီးသီး ထုံးဖွဲ့ကြပြီးလေပြီ ။ လှမေ က သူ ၏ မြက်ထုံးကို ရွက်ပြီး ရှေ့မှ သွားကာ ချစ်မြ က မြက်ထုံး နှစ်ထုံး ကို ထမ်းပိုး ဖြင့် ဖောက်၍ ထမ်းပြီး နောက်မှ လိုက်လာသည် ။ လယ်ကန်သင်း တစ်ခုကို လှမ်း၍ နင်းလိုက်သောအခါ လှမေ မှာ စွေ့ခနဲ လဲကျသွား၏ ။ ချစ်မြ ပြေးလာပြီး ပွေ့ထူသောအခါတွင် လှမေ မှာ စကား မေးမရတော့ ချေ ။ လှမေ အနားတွင်ကား လက်ကောက်ဝတ်ခန့် တုတ်သော မြွေပွေး တစ်ကောင်က ခွေနေသည် ။ ချစ်မြ က ချစ်သူအတွက် ဒေါသအဟုန် ဖြင့် မြွေကို တံစဉ်ဖြင့် ပေါက်သ,တ်လိုက်ကာ လှမေ ကို ထမ်းယူလာရာ ရှေ့ သုံးကိုက်လောက် ဝေးသော နေရာတွင် ပဲရင်းပင်အုပ်ကလေး ပေါ်သို့ ခြေချော် နင်းမိပြီး ပဲချုံ ထဲ မှ မြွေ၏ ကိုက်လိုက်ခြင်းခံရပြန်ကာ နှစ်ယောက်လုံး လဲကျ မေ့မြော သွားရလေတော့သည် ။


ခေါင် က လည်း ခေါင်လွန်းသော အရပ် ဖြစ်သည့် ပြင် လူ ဟူ၍လည်း သူတို့ နှစ်ယောက်သာ ရှိရာ တဖြည်းဖြည်း နှင့် အဆိပ်တက်ပြီး အသက်ပျောက် သွားကြရလေတော့သည် ။


ဘဝ တည်မြဲရေး အတွက် ရိုးသားစွာ ရှာကြံ စားသောက်နေရာမှ သူတစ်ပါး ၏ စော်ကားနှိပ်စက်ခြင်း ကို ခေါင်းငုံ့ ခံနေရသော ချစ်သူနှစ်ဦး မှာ အေးချမ်းစွာ အိပ်ပျော် သွားကြလေပြီ ။ သို့တည်းမဟုတ် သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များကပဲ ရိုင်းစိုင်းယုတ်မာသော ၊ လူ့လောက အတွင်း မှ သနားစရာ လူသတ္တဝါ နှစ်ဦး၏ ဒုက္ခ ကို မရှုရက်နိုင်ကြသောကြောင့် အေးငြိမ်းရာ သို့ ပင် ခေါ်ဆောင်သွားကြလေသလော ။ မည်သို့ပင် ဖြစ်စေ ၊ ချစ်မြ နှင့် လှမေ တို့မှာ ဘဝ ၏ဒ ဏ်ကို ကြံ့ကြံ့ခံ ခုခံရုန်းကန်ရင်း ဆုံးရှုံးနစ်မွန်း သွားခဲ့ကြရသည် ။


“ ကျုပ် လည်း ထမင်း စားပြီးလို့ တစ်ခေါက် ပြန် ရိတ်ရအောင် အောက်ဘက်ကို ဆင်းသွားတော့ လှမေ က လယ်ကွက်ထဲ ကောက်ပင်တွေ ပေါ်မှာ ပက်လက် ကြီး သေနေပြီ ၊ ချစ်မြ က တော့ ခြေထောက်တစ်ချောင်း က ကန်သင်း ပေါ်မှာ တင်ပြီး အထက်ပိုင်း က တော့ လယ်ကွက် ထဲမှာ ကျရက်သားကြီး သေတာ ပဲဗျာ ။ ဒါနဲ့ ကျုပ် လည်း နောက်ကြောင်းပြန် လှည့်လာ ပြီး ချစ်ထွန်း တို့ ၊ ငဘ တို့ ကို ခေါ်ပြီး ထမ်းလာခဲ့ရတာ ”


ဖိုးအောင် က နားမချမ်းသာစရာ ဇာတ်လမ်း ကို ပြောပြလိုက်ပြီး နောက် ကိုဆေးရိုး ထံ မှ ဆေးလိပ်မီး တောင်း ကာ ညှိနေ၏ ။


“ ချစ်မြ က တော့ ပိုး ထိလို့ သေတာ မဟုတ်ဘူးဗျ ၊ ပိုး ထိလို့ မေ့ပြီး ကျတုန်းမှာ လယ်ကွက် ထဲမှာ ခေါင်း ကျပြီး ရေနစ် သေတာဗျ ”


ဖိုးအောင် က ကိုဆေးရိုး ၏ ဆေးလိပ် ကို ပြန် ပေး ရင်း က သူ ၏ ထင်မြင်ချက် ကို ထပ်မံ ပြောပြနေ၏ ။ ကိုဆေးရိုး မှာ ဖိုးအောင် ပြန်ပေးသော ဆေးလိပ် ကို ပင် လှမ်းယူရမှန်း မသိ ။ မြွေဆိပ် တက်ကာ ငြိမ် နေသော “ မိလှမေကလေး ” ၏ အလောင်း ကို ရင်နာစွာ နှင့် ငေးမော ကြည့်နေမိရှာ၏ ။


ဆင်ဖြူကျွန်းအောင်သိန်း


ကိုဆေးရိုး ပေါင်းချုပ် 


No comments:

Post a Comment