∆ ပလက်ဖောင်း စီးပွါးရေး သူဌေး ဖြစ်နိုင်ပါမလား ∆
ကျွန်တော် မောင်ချမ်းသာ အောင်လံသား တောသားကလေး သည် အသက် ၂ဝ အရွယ် ၁၉၆၃ ခုနှစ် တွင် ရန်ကုန် သို့ ရောက်လာလေ၏ ။
ကျွန်တော့် မြင်ကွင်း ။
ရန်ကုန်မြို့လယ် အနော်ရထာလမ်း တစ်လျှောက် ၊ မဟာဗန္ဓုလလမ်း တစ်လျှောက် ၊ ဗိုလ်ချုပ်လမ်း တစ်လျှောက် ပစ္စည်းမျိုးစုံ ကို အော်ဟစ် ရောင်းချ နေကြသော လမ်းဘေး ဈေးသည်များ ၊ ဈေးသည်များ ။
၁၉၆၃ ခုနှစ် မှ ၁၉၇၈ ခုနှစ် အ ထိ ရန်ကုန် မှာ နေခဲ့ပါ၏ ။
ပလက်ဖောင်းဈေးသည်များ အရမ်း တိုးပွား လာခဲ့ပါ၏ ။ လစ် ရင် ရောင်း ၊ ဖမ်း ရင် ပြေး လမ်းဘေး ဈေးသည် များ ၊ ဈေးသည် များ ၊ နောင်သော် ကျွန်တော် ပါ လမ်းဘေး ဈေးသည် ဖြစ်သွားပါလေ၏ ။
၁၉ရ၈ အောင်လံ သို့ ပြန် ပြောင်း ၊ ရန်ကုန်သို့ ခဏခဏ ပြန်ရောက် ။
လမ်းဘေး မြင်ကွင်း မပြောင်းပါ ။
ဟော အခုနှစ် ( ၂ဝဝ၆ ခုနှစ် ) နိုဝင်ဘာလ ၁ ရက်နေ့ က ရန်ကုန် သို့ ရောက်ပါ၏ ။ ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံလမ်း မှာ တည်းပါ၏ ။
ကျွန်တော် မောင်ချမ်းသာ လမ်းဘေး မှာ မုန့်စားပါ၏ ။ လမ်းဘေး မှာ လက်ဖက်ရည်သောက် ပါ၏ ။ ဖရဲသီး ၊ သင်္ဘောသီး စားပါ၏ ။ ထမင်းစားပါ၏ ။
ည ရောက်သော် ၁၉ လမ်း သို့ သွား၍ လမ်းပေါ် မှာ လမ်းကျကျပဲ စားပါ၏ ။ ဘီယာ သောက်ပါ၏ ။
ရန်ကုန် လမ်းဘေး မှာ ကျက်စား ကျင်လည်ခဲ့သော ကျွန်တော့် အသက် ၂ဝ မှ ယခု ၆၅ နှစ် အထိ သက်တမ်း တစ်လျှောက် လမ်းဘေးသည် တစ်နေ့ ထက် တစ်နေ့ ပို စည်ကား လာပါ၏ ။ လမ်းဘေး ကို လုကြကုန်၏ ။ တချို့ တိုက်ဆိုင်ကြီးများ သည် မိမိ ဆိုင်ရှေ့ လမ်းပေါ် သို့ ရောက်အောင် ဆိုင်ခင်း၍ လမ်းဘေးဈေးကွက် ကို ဝင်လု လာရသည် အထိ လမ်းဘေးဈေးသည် ကြီးကျယ်တိုးပွား လာလေ၏ ။
လမ်းဘေးဈေးသည် ၊ တစ်နည်း ပလက်ဖောင်း ဈေးသည် သည် ကြီးပွား နိုင်ပါသလား ၊ ချမ်းသာ နိုင်ပါသလား ၊ သူဌေး ဖြစ် နိုင်ပါသလား ။
ကျွန်တော် ရန်ကုန် ရောက်သည့် အခါတိုင်း ထို မေးခွန်း ခေါင်း ထဲ ဝင်လာပါ၏ ။
ဆရာကြီး ဘောဂဗေဒ ပညာရှင်ကြီး မောင်စူးစမ်း က တော့ လမ်းဘေးဈေးသည် တွေ နဲ့ လမ်းဘေး က ဈေးဆိုင်တွေ ကို small and medium enterprise ဟု အနက် အဓိပ္ပာယ် ဖွင့်ဆိုပါ၏ ။ စာအုပ်ကြီး ထဲ က သီအိုရီတွေ လို ဖြစ်နေတာ မဟုတ် ၊ non-text book case ဟု ဆိုပါ၏ ။
ကိုယ့် ဟာ ကိုယ် ဘာသာပြန် ကြည့်ကြ ။ ကျွန်တော် လည်း သူ့ ဆောင်းပါး ထဲ က ကူးချ ထားတာ ။ အဲသည် လမ်းဘေးဈေးသည် ပလက်ဖောင်းဈေးသည် ဆိုတာ ဘာမျှ မဟုတ်ဘူးဗျာ ၊ သူ ဖြစ်ချင် တာ လျှောက်ဖြစ်သွားတာ ၊ လိုအပ်ချက် နဲ့ အညီ လျှောက် ဖြစ်သွားတာ ။
ချမ်းသာ နိုင်သလား ၊ သူဌေး ဖြစ်နိုင်သလား ။
သည် မေးခွန်း ကို ဖြေဖို့ အတွက် ၂၀၀၆ ခုနှစ် ဇွန်လ ၂ဝ ရက် နေ့ ကျွန်တော် ရန်ကုန် ရောက်တော့ ၊
လမ်းဘေး မှာ နာနတ်သီး စိတ် ပြီး ရောင်း နေသော ဈေးသည်မ ၊ လမ်းဘေး မှာ ငှက် ပျောကြော် ကြော် ရောင်းနေသော ဈေးသည်မ များ နှင့် ကျွန်တော် မောင်ချမ်းသာ ။
“ ဘယ်လိုလဲ အဆင်ပြေ ရဲ့လား ”
“ စားရရုံပဲ ”
တစ်ယောက် က ဖြေပါ၏ ။
“ သူများ ကို လုပ်ကျွေး နေတာပါ ”
နောက် တစ်ယောက် က ဖြေပါ၏ ။
“ သေချာ နားလည်အောင် ရှင်းပြပါဦးဟယ် ”
“ နားလည်ချင်ရင် ညနေ ၄းဝဝ နာရီ ၅းဝဝ နာရီ တစ်ခေါက် ထပ်လျှောက်ခဲ့ ”
“ မိုးရွာနေ ဘယ့်နှယ့် လုပ်မလဲ ဟယ် ညနေတော့ တစ်ခေါက် မလာပါရစေနဲ့တော့ ”
အကြော်သည်မ ဆိုလိုသော စကား ကို နာနတ်သီးသည် က ရှင်းပြပါ၏ ။
“ ဒီ အရင်းအနှီးတွေ က များသောအားဖြင့် ကိုယ်ပိုင် မဟုတ်ကြဘူး ဦးလေး ၊ နေ့ပေး နဲ့ ယူပြီး ရင်း ထားကြတာ ၊ ညနေ ၄းဝဝ နာရီ ၊ ၅းဝဝ နာရီ ဆို နေ့ပေးသမားတွေ နေ့ပေး ကောက်ရအောင် လာကြမှာ ”
“ ဒီမှာ က စားဖို့ ထက် အတိုးပေးဖို့ ”
“ သဘောပေါက်ပြီ ကလေးမ ”
မောင်ချမ်းသာ လည်း ၁၉၇၅ မှ ၁၉၇၈ အထိ လမ်းဘေး မှာ ဈေးရောင်း သော ပလက်ဖောင်း ဈေးသည် ဖြစ်ခဲ့ဖူးပါ၏ ။
နောက်ဆုံး တွက်ခြေ မကိုက် သဖြင့် ပလက်ဖောင်း ဈေးသည် ဘဝ မှ တပ်ခေါက်၍ အောင်လံ သို့ ပြန် လစ်ခဲ့ရပါ၏ ။
ကဲ သည်လို ဆိုပါလျှင် ညပိုင်း တစ်ခေါက် လျှောက်ကြည့်ချင်ပါသေးသလား ။
မောင်ချမ်းသာ
ကုမုဒြာ ဂျာနယ်
No comments:
Post a Comment