◾အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို
🌾 ကောက်စိုက်မ မြခင်
“ ကောက်စိုက်မ မြခင် ” ဝတ္ထုတို ၏ ဇာတ်လမ်း မှာ ဘာမှ ပြောပ လောက်အောင် မရှိပါ ။ ဝါကျ တစ်ခုတည်း နှင့် ပင် ရေးပြလိုက် နိုင်ပါသည် ။
မြို့နယ် ကောက်စိုက် ပြိုင်ပွဲ တွင် မြခင် ဗိုလ်စွဲသော ကြောင့် ဆု အဖြစ် ခြင်ထောင်ဇာ နှစ်အုပ် ၊ လုံချည် ၊ ရွှေဝါဆပ်ပြာတောင့်များ ကို ရ သဖြင့် ပိတ်ခြင်ထောင် ၊ ဇာခြင်ထောင် နှင့် တစ်ခါမျှ မအိပ်ခဲ့ဖူးသည့် မြခင် မှာ ဇာခြင်ထောင် နှင့် အိပ်ရတော့မည် ဟု ဝမ်းသာမိ ရှာသည် ။ ဇာတ်လမ်း မှာ ဤမျှသာ ဖြစ်သည် ။ ဘဝ အမြင် ၊ လောက အမြင် သင်ခန်းစာ လည်း တစ်စုံတစ်ရာ မပါရှိပါ ။ သို့ပါလျက် ကျွန်တော့် စိတ် ကို ဖမ်းစား နိုင်ခဲ့ပါသည် ။ ဖမ်းစား နိုင်ခဲ့ သော အချက် ကို ပြန်လည် သုံးသပ် ကြည့်လိုက်သော အခါ သဘာဝ ယုတ္တိတန်မှုကလေးများကြောင့် ဖြစ်သည် ဟု ဆုံးဖြတ်ချက် ချမိပါသည် ။
ဝတ္ထု ဆို ကတည်း က တကယ့် အဖြစ်မှန် မဟုတ် ကြောင်း ကျွန်တော်တို့ သိကြပြီး ဖြစ်ပါသည် ။ သို့သော် လည်း တကယ် အမှန် ဖြစ်နေဘိ သကဲ့သို့ ( ဝါ ) အဖြစ်မှန် ကို ရေးထားဘိ သကဲ့သို့ ထင်စား လာရအောင် ရေးနိုင်ခြင်း ကို ပင် အသင့် ယုတ္တိ ရှိသည် ဟု ဆိုကြရမြဲ ဖြစ်ပါသည် ။
ဘယ်နည်းနဲ့ မျှ တကယ် မဖြစ်နိုင်သော အကြောင်း အရာ ကို ဝတ္ထု ရေးစေဦး တော့ ဖြစ်နိုင်လေယောင် ၊ တင်စား ယုံကြည် လာအောင် ရေးရခြင်း သည် ဝတ္ထုဆရာ တို့ အတွက် အရေးကြီး လှသော လုပ်ငန်းကြီး ဖြစ်ပါသည် ။ “ ကျုပ် နာမည် ကို ကြာကြီးစိန် လို့ ခေါ်ကြတယ် ၊ ကျုပ် သခင် က ပေးတဲ့ နာမည်ပါပဲ ၊ သူ့ တစ်သက် မြင်းလှည်း မောင်း ခဲ့သမျှ ကျုပ် နဲ့ ကျမှ အကျိုး အပေးဆုံး ဆိုပြီး ၊ ကျုပ် ကိုလဲ အတော်လေး ဂရုစိုက်ပါတယ် ” စသည် ဖြင့် ရေး လိုက်လျှင် ဇာတ်ကြောင်း ပြောသူမှာ မြင်းကြီး တစ်ကောင် ဖြစ်နေကြောင်း စာဖတ်သူ က သိပါသည် ။ မြင်းကြီး တစ်ကောင် က ဝတ္ထု ပြန် မရေးနိုင်ကြောင်း လည်း သိပါသည် ။ သို့သော် အဖြစ်အပျက်များ ၊ ဇာတ်ကောင် ခံစားမှုများ စသည်တို့ ယုတ္တိ တန်လျှင် တကယ် မဟုတ်မှန်း သိပါလျက် စာဖတ်သူ တို့ နှစ်သက်မြဲ ဖြစ်ပါသည် ။
ဝတ္ထု စိတ်ဝင်စားသူများ ၊ လက်သင် ဝတ္ထုရေးဆရာ များ ၊ ဝတ္ထု ရေးရန် စိတ်ဝင်စားသူများ အတွက် စကားချီး အနည်းငယ် ရှည်လိုက်ပါရစေ ။ ( ဤသို့ ခွင့်တောင်းရ သည် မှာ ကျွန်တော့် မိတ်ဆွေ ဆရာကြီး ၊ ဆရာလေးများ က “ ကိုယ့်လူ က ကျောင်းဆရာ ပီပီ တယ် လျှာရှည်တာ ကိုး ” ဟု မကြာခဏ အပြော ခံရသောကြောင့် ဖြစ်ပါ သည် ။ )
အသင့် ယုတ္တိရှိမှု အတွက် အားကိုးအားထား ပြု ရသော အချက်ကြီး သုံးချက် ရှိသည် ဟု ပညာရှင်များ က ညွှန်းပြ ကြပါသည် ။ ထို အချက်များ ကို ဝတ္ထု နောက်ခံ ခေတ် အခြေအနေ နှင့် လိုက်လျောအောင် ထည့်သွင်း ကြရပါသည် ။ ထို သုံးချက် မှာ ...
( ၁ ) ဩကာသဝန်းကျင် ကြောင်းရာများ
နေရာဒေသ ၊ တောတောင်ရေမြေ သဘာဝ ၊ ချောင်းမြောင်း ပင်လယ် စသည် တို့၏ အနေအထား ၊ မုန်တိုင်းကျခြင်း ၊ ငလျင်လှုပ်ခြင်း ၊ မိုးကြီးခြင်း ၊ ရေလျှံခြင်း ၊ သစ်ပင်ပန်းမန် သီးနှံ စသည်တို့ ဖြစ်ပါသည် ။ ဤကိစ္စများ နှင့် ပတ်သက်၍ လက်တွေ့ လေ့လာခြင်း ၊ မှတ်စုမှတ်တမ်း တေး ထားခြင်း ၊ သက်ဆိုင်ရာ စာအုပ်စာတမ်းများ ဖတ်ရှု လေ့လာခြင်း စသည်တို့ ဖြင့် ဆည်းပူးကြရပါသည် ။
( ၂ ) လူတို့ ဖန်တီးသော ပစ္စည်းများ
တိုက်တာ အိုးအိမ် အဆောက်အအုံများ ၊ အဝတ် အဆင် ၊ အစားအသောက် အသုံးအဆောင်များ ၊ ပရိဘောဂ များ ၊ ယာဉ်များ ၊ ကိရိယာများ ၊ ဓားလှံ စသော လက်နက် ပစ္စည်းများ စသည်တို့ အကြောင်း ကို ဆည်းပူး ရပါသည် ။
( ၃ ) လူမှု ဆက်ဆံရေး ဝန်းကျင်များ
လူမှု ဆက်ဆံရေး ၊ နိုင်ငံရေး ၊ လူကြီးလူငယ် မိဘသားသမီး ဆက်ဆံရေး ၊ အမူအကျင့်များ ၊ အပြော အဆိုများ စသည် တို့ ကိုလည်း ဆည်းပူး ရပါသည် ။
ထို အချက်များ ကို တတ်နိုင်သမျှ အသေးစိတ် သိထားအောင် ဆည်းပူး ရပါသည် ။ တစ်ဖန် ထိုကဲ့သို့ အသေးစိတ် သိထားခြင်းသည် ဝတ္ထုရေးသူ အဖို့ အန္တရာယ် ကြီး လည်း ဖြစ်လာ တတ်ပါသည် ။ အသေးစိတ် သိနေ သောကြောင့် မလိုအပ်ဘဲ အသေးစိတ် ရေးနေ မိလျှင် ဝတ္ထု ကို ထိခိုက် သွားတတ်သောကြောင့် ဖြစ်ပါသည် ။
ထို့ကြောင့် အသေးစိတ် ထည့်ရမည့် နေရာ ကို သိ ခြင်း ၊ မည်မျှသာ ထည့်ရမည် ကို သိခြင်း သည် ဝတ္ထုဆရာကောင်း တို့၏ လက္ခဏာ ဖြစ်သည် ။ တစ်နည်းအားဖြင့် ဝတ္ထု ဆရာကောင်း တို့သည် အသေးစိတ် ကို နေရာတကျ လည်း ထည့်တတ်သည် ။ အတိုင်းအတာ ကို လည်း သိသည် ဟု ဆိုရပါမည် ။
ထွဏ်းလူအောင် ( သဲကုန်း ) သည် ထိုအချက် ကို အတန်အသင့် အားဖြင့် နားလည်သောကြောင့် သာ လျှင် ဇာတ်လမ်း မည်မည်ရရ မပါသော ၊ ဘဝအမြင် လောက အမြင် မြိုးမြိုးမြက်မြက် လည်း မပါသော ဤ ဝတ္ထုလေး သည် ကျွန်တော့် ကို ဆွဲဆောင်နိုင်ခြင်း ဖြစ်သည် ဟု ဆိုချင် ပါသည် ။
ပြိုင်ပွဲ အတွက် မြခင် ရင်ခုန် နေပုံဖြင့် ဝတ္ထု ကို စ ဖွင့်သည် ။ မြခင် ချောက်ချားနေသည် ကို မြို့နယ် လမ်းစဉ်လူငယ် တွဲဖက် အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့အေး က လည်း သိသည် ။ ထို့ကြောင့် ...
**********
“ မမြခင် စိုက်တဲ့ အခါ ကျရင် ဘာကိုမှ ကြောက်နေစရာ မလိုဘူးနော် ၊ စိတ်လဲ မလော နဲ့ သိလား ၊ ခါတိုင်း စိုက် သလိုသာ စိုက်ချ ”
ကပ်လျက် ဘယ်ဘက် ကန်သင်း ဆီမှ အသံ ခပ်အုပ်အုပ် ထွက်လာ သဖြင့် ခေါင်းငဲ့ ကြည့် လိုက်သည် ။
ဒေါ်နွဲ့နွဲ့အေး ။
မြခင်တို့ မြို့နယ် လမ်းစဉ်လူငယ် တွဲဖက် အတွင်းရေးမှူး ဖြစ်သည် ။ မြခင် က ပြုံး၍ ခေါင်း တစ်ချက် ညိတ် ပြလိုက်သည် ။ ပြုံးပြသည့် နှုတ်ခမ်း က ပင် ဆိုင်းတွတွကြီး ဖြစ်နေသည် ဟု မြခင် ထင်၏ ။ ခေါင်း ပြန် ငုံ့ နေလိုက်သည် ။ ဥက္ကဋ္ဌကြီး ၏ မိန့်ခွန်းသံ က အသံချဲ့စက် အော်လံဝ မှ မြခင် နားထဲ သို့ ကြည်ကြည်လင်လင် ဝင်လာပြန် သည် ။
“ ကျွန်တော်တို့ နိုင်ငံ ဟာ စိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့ အတွက် လယ်ယာကဏ္ဍ က ဆန်စပါးစိုက်ပျိုးရေး ကို အားသွန်ခွန်စိုက် လုပ်ဆောင် သွားကြရမှာ ဖြစ်ပါတယ် ”
( ဤနေရာတွင် ဝတ္ထု ရေးသူ က မိန့်ခွန်းကို အတော်ရှည်ရှည်လေး ရေးထားပါသည် ။ ပြီးမှ ဆက်၍ )
အချို့ စကားလုံးများ သည် မြခင် နှင့် ရင်းနှီးလှသည် မဟုတ်သော်လည်း တိုင်းပြည် အတွက် တာဝန် ကို စွမ်းစွမ်းတမံ လုပ်ဆောင် ပေးနေကြသူတွေ စာရင်း မှာ သူ လည်း အပါအဝင် ဖြစ်ကြောင်းတော့ နားလည်မိသည် ။ အားတက်သလို ရှိလာ သည် ။
သို့သော်လည်း ခြေသလုံး တစ်ပတ်ရစ်မျှ ရှိသော တမန်းမြေ ညက်ညက် အောက် မှ ခြေမ နှင့် ခြေညှိုး ကို အဘယ် အကြောင်းကြောင့် တစ်ခု နှင့် တစ်ခု ပွတ်မိနေပါလိမ့် ။ ဒူး အထိ တင်ဝတ်ထား သော တက်ထရွန်ထဘီ အသစ်စက်စက် ခေါက်ရိုးသည် လေ မတိုက်ပါဘဲ အဘယ့်ကြောင့် တစ်ဖျပ်ဖျပ် ခတ်နေရပါသနည်း ။
***********
ထွဏ်းလူအောင် သည် မြခင် ၏ ရင်ခုန် ချောက်ချားနေခြင်း ကို ဖော်ပြရင်း အခြားသော အခြေအနေများ ကိုပါ ပူးတွဲ ပါဝင်လာအောင် ဖော်ပြသွားသည် ။ ဝတ္ထုတို ရေးရာ၌ စကားလုံး ခြိုးခြံမှု ဖြစ်စေရန် ဤသို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် နည်း ကို သုံးကြရပြီ ဖြစ်သည် ။ မြခင် ဒူးတုန် နေပုံလည်း ပေါ်လွင်သည် ။ တက်ထရွန်ထဘီ အသစ်စက်စက် နှင့် ကောက်စိုက် နေသည် ကိုလည်း ပေါ်လွင်စေသည် ။ မြခင် လို သာမန် ကောက်စိုက်သမ တစ်ဦး က သာမန် အချိန်တွင် သည် ထဘီမျိုး ကို ကောက်စိုက် ရာတွင် ဝတ်ပါမည်လား ။ နောက် တစ်နေရာ ရောက်မှ ...
**********
ငန်းထိပ် တွင် ရပ်လိုက်မိသည် နှင့် မြခင် က ထဘီ ကို စောစော က ထက် တိုအောင် ဝတ် လိုက်သောကြောင့် ဒူး အပေါ်နားရောက် သွားသည် ။ ဒေါ်နွဲ့နွဲ့အေး က ကန်သင်း ပေါ် မှ နေ၍ “ မမြခင် ရယ် ၊ ထဘီ က တိုလှချည့် ” ဟု ပြောသံကို မြခင် မကြား လိုက်တော့ ။
ထဘီတိုတို ဝတ်ရသည့် အကြောင်း က နှစ်ကြောင်း ရှိသည် ။ ပထမ အကြောင်း က ထဘီ တို မှ တမန်း ထဲ မှာလှုပ်လို့ရှားလို့ ကောင်းသည် ။ လွတ်လပ်သည် ။ ဒုတိယ အကြောင်း က တက်ထရွန်ထဘီ အသစ်စက်စက် ကို မဝတ်ရက်သောကြောင့်တည်း ။
**********
ဤသို့အားဖြင့် မြခင် ၏ ဘဝ အခြေအနေ ကို လည်း ပေါ်လွင် စေသည် ။ သက်ဆိုင်ရာ အသင်းအဖွဲ့ တို့၏ ကြိုးပမ်းမှု ၊ မြှောက်စားမှု ကို လည်း ပေါ်လွင်စေသည် ။
ထွဏ်းလူအောင် သည် တစ်ချက်ခုတ် နှစ်ချက် ပြတ်ရေးနည်း ကို မကြာခဏ အသုံးပြုသည် ။ တစ်နည်း အားဖြင့် စာ ရေနည်း ပရိယာယ် ကို စိတ်ဝင်တစား အားထုတ်သည် ဟု ဆိုသင့်သည် ။ ထို ကောက်စိုက်ပြိုင်ပွဲ သို့ အရေးကြီး ပုဂ္ဂိုလ်များ တက်ရောက်ကြပုံ ကို တိုက်ရိုက်ရေး ဖွဲ့ခြင်း မပြု ။ သူတို့ တစ်တွေ က မြခင် တို့ ကို အရေးတယူ ပြုကြသည် ဟု တိုက်ရိုက် ရေးဖွဲ့ခြင်း မပြု ။ ကြောက်လန့် ဒူးတုန် နေသော မြခင် ကို သရုပ်ဖော်ရင်း ပေါ်လွင် သွား စေသည် ။
**********
ဘာမျှ ကြောက်စရာ ရှာမတွေ့ဘဲ ကြောက်နေမိသည် က ဒုက္ခ ။ ငါ့ နှယ့် နော် ဟု မြခင် သည် ကိုယ့် ကိုယ် ကို မကျေနပ် ။
ဟီးနေအောင် ထိုးထားသည့် မဏ္ဍပ်ကြီး ကို ကြောက်နေမိတာလား ။ အိုးစည်ဝိုင်း ဒိုးပတ်ဝိုင်း တွေ နှင့် မြေညွှတ် ခမန်း အားပေးကြမည့် လူထုကြီး ကို လား အဖွင့် မိန့်ခွန်း ပြောနေသည့် နယ်ခံပါတီ ယူနစ်ဥက္ကဋ္ဌကြီး ကို လား ၊ ကု,လားထိုင် တွေနှင့် ထိုင်နေကြသည့် တောက်တောက် ပြောင်ပြောင် ရှိလှသော အရာရှိ ၊ အရာခံ လူကြီးတွေကိုလား ၊ စစ်ဗိုလ်အဝတ်အစား များဝတ်ထားသည့် တပ်မတော်အရာရှိ ကြီးငယ်တွေ ကို လား ။ ဒါတွေ အားလုံး ထဲမှာ ကြောက်စရာ ရှာ မရ ။ သည်လို ပုဂ္ဂိုလ်ကြီးတွေ ကိုယ်နှိုက် က ပင် မြခင် တို့ကို အယ်လဲဝမ်းသာ မိတ်ဟောင်းဆွေဟောင်း တွေ နှင့် တွေ့ရသလို ကြိုကြိုဆိုဆို ဂရု တစိုက် ။ အစား အနေ ၊ လိုလေသေး မရှိ ။
**********
ဤသို့အားဖြင့် ဥက္ကဋ္ဌကြီး ၏ မိန့်ခွန်း ပြီးဆုံး သွားသည် ။ လက်ခုပ်သံများ ကွင်းလျှံ သွားသည် ။ မြခင် လက်ခုပ် မတီးလိုက်မိ ကြောင်ပြီး ကြည့် နေမိသည် ။ သည့်နောက် ကောက်စိုက် ပြိုင်ပွဲ စပြီ ။
**********
အသံချဲ့စက် မှ ဒိုင်ချုပ် ၏ အချက်ပေးသံ ပေါ်ထွက် လာသည်နှင့် မြခင် ခါးကိုင်း လိုက်သည် ။
ဘယ်ဘက် လက်မှ ဖျဉ် ပေးသော ပျိုးဖတ် ကို ညာလက်ဖြင့် ယူရသည် မှာ လွယ်လွယ်လေး ဆိုသော်လည်း သိပ် အပေါက်အလမ်း မတည့်ချင် ။ ပျိုးပင် အဖျားလေးတွေ ဖျပ်ဖျပ်ခါ နေသည်ကို မြခင် သိသည် ။ တမန်း အိအိ ထဲ ဝင်သည့် လက် က တုံ့ဆိုင်းဆိုင်း ဖြစ်နေသည် ကို မြခင် သတိထားမိသည် ။ ထိန်း မရ ။
“ မြခင် ... စိတ်အေးအေး ထားစိုက် ၊ ဘာ ကြောက် နေတာလဲ ”
ဘယ်သူ အော်လိုက်သည့် အသံ ရယ် မသဲကွဲ သော်လည်း ထို အသံသည် အိုးစည်ဒိုးပတ်သံတွေ တဆူဆူကြားမှ မြခင် နားထဲ သို့ တိုးဝင်လာသည် ။
မြခင် ခါး ပြန် မတ် လိုက်သည် ။ ဘေးသို့လည်း တစ်ချက် ဝေ့ ကြည့်လိုက် မိသေးသည် ။ မည်သူမျှ သူ့ လို ခါးပြန် မတ် သူ မရှိ ။ မှန်သည် ။ စိုက်မည် မှ မကြံရသေး ခင် ခါး ပြန် မတ်သည့် နောက် သည် ကောက်စိုက်မ အသုံးကျတော့မည် မဟုတ် ။
**********
“ စိုက်မည် မှ မကြံရသေးခင် ခါး ပြန်မတ်သည့် နောက် သည် ကောက်စိုက်မ အသုံးကျတော့မည် မဟုတ် ” ဟူ သော စကားလေး မှာ ကျွန်တော် အထက် စကားချီး တွင် တင်ပြခဲ့သည့် ယုတ္တိ အထောက်အကူပြု အသေးစိတ်ကလေးမျိုး။ပင် ဖြစ်ပါသည် ။ ကောက်စိုက်မတို့ ၏ ပင်ပန်းမှု ၊ အားထုတ်မှုကို ဖော်ပြနေပါသည် ။
**********
သို့သော် မြခင် ခါး ပြန်မတ်လိုက်သည် က အခြား မဟုတ် ။ လေ ကို တဝကြီး ရှူထုတ် ပစ် လိုက်သည် ။ အောက်နှုတ်ခမ်း ကို အပေါ်သွား ဖြင့် ကိုက်၍ အံတင်းတင်း ကြိတ် လိုက်သည် ။
“ မမြခင် ဘာဖြစ်လို့လဲ ”
ဒေါ်နွဲ့နွဲ့အေး သည် ရှေ့ကန်သင်း ပေါ် သို့ အပြေး ရောက်လာ၏ ။ မြခင် က ခေါင်းခါ ပြလိုက်ပြီး ခါးပြန်ကိုင်း လိုက်သည် ။
**********
ဤ အရေးအဖွဲ့ သည် မြခင် ၏ မာန်တင်းမှု ၊ ဒေါ်နွဲ့နွဲ့အေး ၏ ပူပန်နေမှု ကို ပေါ်လွင်စေသည် ။ ဒေါ်နွဲ့နွဲ့အေး ကိုယ်တိုင် က မြခင် ကို အားပေး နေရသော်လည်း ကိုယ့် မြို့နယ် က နိုင်ချင် ဇော နှင့် စိတ် ပူပန်နေကြောင်း ပေါ်လွင်လှပါပေသည် ။
**********
“ သူများတွေ တောင် ငါ့ ထက် မနည်း ကျောသွားပါရော့လား ”
မြခင် စိတ်ထဲ မခံချင်စိတ် အစ ထောင် လာသည် ။
ဒူးဆစ် နည်းနည်း ပို ခိုင်လာသည် ထင်၏ ။ ဘယ်ဘက် လက်ချောင်းလေးများ ထဲတွင် ဆုပ်ထားသော ပျိုးဖတ်ကို ဖျဉ်ပေး သည့် လက်မ သည် လည်း အားသစ် ဝင်လာသလို ဆတ်ခနဲ ဆတ်ခနဲ တောက်ထုတ် လာနိုင်သည် ။ ညာလက် က အလိုက်သင့် ဆွဲကာ တမန်း အိအိ ထဲသို့ တစ်ဖတ်ချင်း ထိုး နှစ်လိုက်သည် ။ တမန်းရည် နံ့ က နှာခေါင်းဝ သို့ ဝေ့တက် လာ၏ ။
***********
“ တမန်းရည်နံ့ က နှာခေါင်းဝ သို့ ဝေ့တက် လာ၏ ” ဟူ သော စကားလေး ကို ကျွန်တော် အလွန်သဘောကျပါသည် ။ ကောက်စိုက်မတို့ ၏ လုပ်ငန်းဝန်းကျင် ရနံ့ ကိုပါ ရိပ်စားမိ စေသော အသေးစိတ် ထည့်သွင်းချက်ကလေး များ ဖြစ်ပါသည် ။ ထို့ကြောင့် ဝတ္ထု ၏ ယုတ္တိ ကိုလည်း ပိုမို အားကောင်း စေပါသည် ။
ထွဏ်းလူအောင် သည် ကောက်စိုက်မတို့ ရင်ဆိုင် ရသော လုပ်ငန်းဝန်းကျင် ကို သာ မက လူဝန်းကျင် ကို လည်း သရုပ်ပေါ် အောင် ရေးဖွဲ့နိုင်စွမ်း ရှိပါ သေးသည် ။
**********
မြခင် ကောက်စိုက် လျှင် ပြိုင်ပွဲ မှ သာ ကြိုးစားသည် မဟုတ် ။ ဘယ်နေရာ မဆို ကြိုးစားသည် ။
ထို့ကြောင့်ပင် ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း ကောက်စိုက်မ တို့ က “ မိမြခင် ရယ် ၊ နင့် လုပ်စာ နင် မစားရဘဲ ဖြစ်သွားလိမ့်မနော် ” ဟု ပြောကြသည် ။ သည်လောက် လုပ်မှတော့ သေရောပေါ့ အဓိပ္ပာယ် ။ အချို့ ကလည်း “ သူဌေး မဖြစ်ပါဘူး မြခင်ရယ် ” ဟု ဆိုကြသေးသည် ။
ရှိစေ ၊ သူဌေး မဖြစ်တာ ဖြစ်တာ ထက် ထမင်း စားရဖို့ပင် ခပ်ခက်ခက်မှန်း မြခင် ကိုယ် မြခင် အသိဆုံး ။ ကိုယ့် ဘဝ ကိုယ် မသိဘဲ ရှိပါမည်လား ။ ပြောကြသည့် ကောင်မတွေ ကရော ဘာ ထူးလို့တုံး ။ ကန်သင်း တက် ငွေချေ ဆိုသည့် အတိုင်း နေ မှောင်၍ ငန်း ပိတ်ကာ ကန်သင်း ပေါ် တက်သည် နှင့် လယ်ရှင် က ချေသော ငွေလေး ရှစ်ကျပ် ကို ဆုပ်တဲ့ပြီး ရွာ ထဲက ကုန်စုံဆိုင်ကလေး ပြေးလို့ ဆီ တစ်ကျပ်ဖိုး ၊ ရေနံဆီ သုံးမတ်ဖိုး စသည်ဖြင့် ဝယ်ရသည့် အထဲ သည်ကောင်မတွေ လည်း အပါ ။
“ ကောက်စိုက်ခလေး ရတုန်း ကြွေးလေး မြီလေးလဲ ဆပ်ဖို့ စိတ်ကူး ထည့်ကြဦး ” ဟု အပြော ခံရသူတွေ ထဲ သူတို့ လည်း နံပါတ် တစ် ။ ကိုယ် လည်း နံပါတ် တစ် ။ ဒါနှင့်များ အလုပ် လုပ်တော့ ဖင်လှည့် ခေါင်းလှည့် ။
***********
ဤ စာပိုဒ်များ တွင် မြခင် ၏ ရန်ထောင် နေသံ ကို ကြားရ သယောင် ရှိသည် ။ ထို့အတူ သူတို့ ၏ ဆင်းရဲလှသော ဘဝ ကို လည်း ဖော်ပေသေးသည် ။ ဆင်းရဲသော ဘဝ ကို သာ မက ထွဏ်းလူအောင် က ပင်ပန်းလှသော ဘဝ ကို လည်း ဖော်ပြနိုင်စွမ်း ရှိပါသည် ။
**********
မြခင်တို့ က သည်လို မဟုတ် ။ တမန်း ထဲ ဆင်း လိုက်ပြီဟေ့ ဆိုသည်နှင့် ထဘီတိုတို ပေါင်လည် လောက် ဝတ်ကာ ဒေါင်းတင် မောင်းတင် ၊ အိမ် ကျမှ မထ နိုင် လျှင် လည်း နေရော့ ။ ဖျတ်ကယ် ဖျတ်ကယ် နှင့် စိုက်ချလိုက်သည်ပဲ ။
စိုက်စ ရက်တွေ ဆို လှုပ်တောင် မလှုပ်ချင် ။ ဒါကလည်း ကောက်စိုက်မ တိုင်း ကန်သင်းပေါ် တက်လာပြီ ဆို ကုန်းကုန်း ကွကွ နှင့် ။ လမ်းတောင် ကောင်းကောင်း မလျှောက်ချင် ၊ တရေးနိုး မှ ဖြင့် ကိုက်လိုက် ခဲလိုက် သည်မှာ အမယ်လေး တ,ရသည် ။
သို့သော်လည်း အုန်းမောင်း ခေါက်သည် နှင့် ကျိုးကျိုးကျွတ်ကျွတ် စုပ်သပ်ရင်း တဖျဉ်းဖျဉ်း နာနေသည့် ကျော နှင့် ခြေသလုံး ကို နှိပ်ကာ အိပ်ရာ မှ ထ ရသည် ။ ထမင်းအိုး တည် ၊ ငါးပိလေး စလောင်းကပ် ကင် ။ ဆီလေး မျှင်မျှင် ဆမ်း ပြီး ထမင်းကြမ်း အတွက် စီစဉ် ရသေး၏ ။
**********
ကောက်စိုက်မတို့ ၏ ပင်ပန်းလှသော ဘဝ ပေါ်လွင်လှပါ သည် ။ ကောက်စိုက်စ တွင် ကိုယ်တွေ လက်တွေ နာ နေတတ်ပုံ ကို ထည့် လိုက်သည် မှာ ယုတ္တိ အထောက်အကူ ပြု အသေးစိတ်ကလေးများ ဖြစ်သည် သာ မက စကား နည်းနည်း နှင့် ပင်ပန်းလှသော ဘဝ ကို ပေါ်လွင်စေသော အချက် လည်း ဖြစ်ပါပေသည် ။
“ မြခင် ဟေ့ ၊ မြခင် ကွ ၊ မြခင် ”
မြခင် နာမည် ကွင်းလုံး ညံလာ သည် ။ ဒူး နှစ်ဖက် ကို ဆုံလည် ထားကာ ရွှေ့ကာနှင့် မြခင် စိုက်နေပုံ ကို မြင်ရသူတိုင်း အားမပေးဘဲ မနေနိုင် ။
“ လာစမ်း ၊ သိကြားမင်း ဆင်းစိုက် စမ်း ၊ ဘာရမလဲကွ ၊ မြခင်တဲ့ ဟေ့ ၊ မြခင် နဲ့ ယှဉ်လို့တော့ မာတလိနတ် ခွေးယောင် ဆောင် ပြတာတောင် နားရွက် နည်းနည်း ကုပ်သေး ဆိုတာမျိုးလို ဖြစ်သွားမယ် ”
အားပေးသံ အဆုံး၌ တသောသော ရယ်သံ ကို ပါ မြခင် ကြားလိုက်ရသည် ။ ရယ်စရာတော့ အတော် ပြောတဲ့ လူကြီး ။ သည် အသံကို မြခင် မသိဘဲ နေပါမည် လား ။ မြခင်တို့ ခွေရဲအုပ်စု ပြည်သူ့ ကောင်စီဥက္ကဋ္ဌ ဦးမြတ်စံ အသံ ။
ဤသို့လျှင် ကျေးရွာ သဘာဝ အပြိုင်အဆိုင် အား ပေးကြပုံကို ပေါ်လွင်စေသည် ။ ထို့နောက် အသေးစိတ် ကလေး တစ်ချက် သွင်းလိုက်ပုံ ကို ကြည့်စေချင်ပါသည် ။
တမန်း ထဲ နစ် နေသည့် ခြေထောက် ၏ အထိအတွေ့ က လယ်ကန်သင်း နား ကပ်လာပြီ ဖြစ်ကြောင်း သိနေရသည် ။ လက် ကို အားကုန် နှင်ပစ်လိုက်သည် ။
**********
လယ်ကန်သင်း နား ကပ် လာလျှင် တမန်း က သိသာလာ တတ်ကြောင်း ကျွန်တော်တို့ မသိပါ ။ ကောက်စိုက်သမ များ အဖို့တော့ သိသာ နေပါလိမ့်မည် ။ မြခင် ပြီးခါနီးပြီ ။ အားပေးပုံ ကို လည်း ကြည့်ပါ ။ အောင်မြင်သွားပုံကို လည်း ကြည့်ပါ ။
**********
“ အို ဘာတဲ့တုန်း ၊ စိန်စတင်း လက်သံ ထက် တောင် သွက်လှပါလား ၊ ငါ့ တူမရဲ့ ”
ဦးမြတ်စံ အသံကုန် ဟစ် နေသည် ။ လက်ခုပ်သံတွေ ဆူညံသွား၏ ။
မြခင် ခါးဆန့် လိုက်သည် ။ ဒေါ် နွဲ့နွဲ့အေး က ကန်သင်းလမ်း အတိုင်း ပြေး လာသည် ။ သူ စီးနေကျ ဖိနပ်ဖြူဖြူလေး ပင် မပါ ။ မ,ထားသည့် ထဘီ အောက်မှ ခြေသလုံး ဝင်းဝင်းလေး ရွှံ့တွေ အစင်စင် နှင့် ။ လက် တစ်ဖက် ကလည်း လက်ကိုင်ပဝါလေး ဝှေ့လို့ ။ ဒေါ်နွဲ့နွဲ့အေး က မြခင် ၏ ချွေးအရွှဲရွှဲ ပခုံးကို အားရပါးရ ဖက်လျက် မဏ္ဍပ် ဆီ ခေါ်သွားသည် ။
မြခင် တို့ မဏ္ဍပ်နား ရောက်သည့် အခါ မဏ္ဍပ် ထဲမှာ လက်ခုပ်သံတွေ တစ်ဖြောင်းဖြောင်း နှင့် ထပ်၍ ဂုဏ်ပြု ချီးကျူး လိုက်ကြပြန်သည် ။ နယ်ခံ ပါတီ ယူနစ် ကော်မတီဝင် အစ်မကြီး က စပါကလင် ဘိလပ်ရည်ပုလင်း ကို ကိုယ်တိုင် ဖွင့်လျက် ယူလာပြီး မြခင် ကို တယုတယ ပေးသည် ။
“ တကယ့် ကို တော်တဲ့ ငါ့ ညီမ ရယ် ၊ ကြည့်စမ်း အားလုံး အပြတ်အသတ် ပဲ ”
***********
ထို့နောက် ဆုပေးပွဲ ။ ဆုပေးပွဲ တွင် အသေးစိတ် ထည့်သွင်း သွားပုံ ကို လည်း သတိ ပြုမိပါသည် ။
မြခင် လက်သို့ ဆု လှမ်းလိုက်သည် နှင့် ရိုက်လိုက်သည့် ဓာတ်ပုံတွေ က တဖျပ်ဖျပ် တလင်းလင်း တလက်လက် .. ။
ထိုင်ခုံ တွင် ထိုင်သားတကျ ရှိ တော့မှ ဆုများ ကို ကြည့်မိရသည် ။ မြို့နယ် အလိုက် ပြိုင်ပွဲ ပေမို့ ပေးသည့် ဆု က
မသေး ။ မြခင် ရသော ပထမဆု အတွက် ခြင်ထောင်ဇာ က နှစ်အုပ် ၊ မျက်နှာသုတ် ပဝါကြီး က တစ်ထည် ၊ ရှီတင်ပွင့်ရိုက် ထဘီ က တစ်စ ၊ ရွှေဝါဆပ်ပြာ က ငါးတောင့် ။
ခြင်ထောင်ဇာအုပ် ကို မြင် ကတည်း က မြခင် ပို ပျော် သွားသည် ။ သည့်အပြင် ဟာတွေ မရချင် နေပါစေ ခြင်ထောင်ဇာအုပ် ရသည် ကို က နတ် မတာပဲ ဟု မြခင် တွေးလိုက်မိသည် ။ အကြောင်း ကား ...
ဘုရားစူးလွတ် ပြောရမည် ဆိုလျှင်တော့ မြခင် တို့ မိသားဖသား ငါးယောက် သည် ခြင်ထောင် နှင့် အိပ်ရပါသည် ဟု ပြောရမည် ဖြစ်သော်လည်း စင်စစ်မူ မြခင် ခြင်ထောင် ဖြင့် မအိပ်ဖူးခဲ့ ။
အဘယ်ကြောင့် ဆိုသော် မြခင် တို့ မိသားစု အိပ်ရသော ခြင်ထောင် သည် “ နွားခြင်ထောင် ” ဖြစ်သောကြောင့် တည်း ။
မြခင် ၏ ယောက်ျား ကိုသာလှ မှာ လည်း သူရင်းငှား လုပ်ရသည် ။ တစ်မိုင် သာသာ ဝေးသော ရွာ ရှိ လယ်ရှင်အိမ် တွင် လယ် မပြီး မချင်း နေရသည် ။ အိမ်တွင် ရှိသော ကလေး သုံးယောက် ဘုစုခရု နှင့် မြခင် က ကျန်ရစ်သည် ။ သောင်းကျော် တန် နွားပြေး ၊ နွားနင်း ပြိုင်နွားများ အတွက် ဂုန်နီဖျင်ပါးပါး ကို ခြင်ထောင် ချုပ်ထား သည်ကို ကိုသာလှ မြင်ဖူးသည် ။
ထို ခြင်ထောင် ကို တု ၍ ကိုသာလှ ချုပ်သော အခါ သူ့ လယ်ပိုင်ရှင် ကဲ့သို့ ကု,လားဆိုင် မှ ဂုန်နီဖျင်ပါး ကို မဝယ်နိုင် ။ ဆန် ထည့် သည့် အိတ် ၊ စပါး ထည့် သည့် အိတ် အဟောင်း တွေ ကို လယ်ပိုင်အိမ် မှ တောင်း၍ ဖျက် ချုပ် ရသည် ။
မချုပ်လို့ က လည်း မိုးတွင်း အခါ ဆို ည မအိပ်နိုင် ။ မြခင်တို့ အရပ် က နေ ဝင်ပြီ ဆိုသည် နှင့် ဖွဲနှင့် ဆုပ်၍ ပတ်သည် ကဲ့သို့ ကိုက်တတ်သည့် ... ။ သည်တော့ လည်း ဂုန်နီအိတ် ခြင်ထောင် ထဲ တွင် တစ်ပြုံလုံး ဝင်၍ ခြင် လွတ်ရာ ကြံ ရသည် ။
ခြင် တော့ လုံပါ၏ ။ သို့သော် လုံလွန်း သဖြင့် ဒုက္ခ ၊ ဂုန်နီဖျင် က ပူပူ ၊ ရာသီဥတု က အိုက်စပ်စပ် ၊ အိတ် က အဟောင်းတွေ ဆိုတော့ လည်း အနံ အစော် က မကောင်း ။ မွှန် သလိုလို ၊ အောက်စော် နံ သလိုလို ။
**********
ဆုပေးပွဲကြီး ပြီးသည့် နောက် ရွာ သို့ ရောက်လာသော အခါ မြခင် တစ်ယောက် အိမ် သို့ အပြေးအလွှား ပြန် လာခဲ့သည် ။ လမ်း တွင် တွေ့ လို့ သူများ က ဆုပစ္စည်းတွေ ကို ကြည့်ချင် မေးချင် ကြသည်ကို ပင် စိတ် မရှည်နိုင် ။ ချစ်လင် ကိုသာလှ ကို ပြချင် ပြောချင် လှသည် ။ အိမ် သို့ အော်ရင်း ခေါ်ရင်း ရောက်သွားသော အခါ ကလေး နှစ်ယောက် က ပြေးကြို ကြသည် ။ ကိုသာလှ က ဝါးယောက်မ ကို လက် က ကိုင်ရင်း တဲမီးဖိုဝ က ပြုံးစစ ကြည့် နေသည် ။
**********
မြခင် က တဲ ဝါးကြမ်းခင်း ပေါ်သို့ ခပ်ပစ်ပစ် ထိုင်ချ လိုက် သဖြင့် ဆင့်ဝါးလုံး ဝါးကြမ်းခင်း ထိသံ ဂျုံးဂျုံးမြည် သွားသည် ။
“ ဖြည်းဖြည်း လုပ်ပါဟ ၊ ကလေး အိပ် နေတာ နိုးသွားပါ့မယ် ”
“ နိုးနိုး တော် ၊ နိုး ရင် နို့တိုက် တာပေါ့ ”
မြခင် က နို့စို့ကလေး အိပ်နေရာ သို့ လှမ်း ကြည့်ရင်း ပြောသည် ။
ကလေး ကို မမြင်ရ ။ ညိုမည်းမည်းကြီး နှင့် အိတွဲတွဲ ပုံကျနေသော ဂုန်နီအိတ် ခြင်ထောင်ကြီး ကို သာ မြင်ရ၏ ။ ထို ခြင်ထောင်ကြီး ကို မြခင် မဲ့ ပြ လိုက်သည် ။ နင် နေနှင့်ဦး ။
**********
ဤနေရာ တွင် ကျွန်တော် သတိ ပြုမိသော အချက် ကို တင်ပြလိုပါသည် ။ မြခင် သည် ဆင်းရဲသည် ။ ပင်ပန်းသည် ။ ဆင်းရဲပင်ပန်းခြင်း ကို ငိုကြွေး ရင်ဆိုင်သူ လည်း ရှိသည် ။ အံကြိတ် ရင်ဆိုင်သူ လည်း ရှိသည် ။ ထွဏ်းလူအောင် က မြခင် ကို လန်းဆန်း တက်ကြွစွာ ရင်ဆိုင်သူ အဖြစ် ဖန်တီး ထားကြောင်း သတိ ပြုမိပါသည် ။
မြခင် က ကိုသာလှ ကို အမောတကော ဝမ်းသာ အားရ ပြောနေသော စကား တစ်ပိုဒ် တွင် အခြေအနေများများ ပေါ်လွင်အောင် ထည့်သွင်း လိုက်ပါသည် ။ သတိထား ဖတ် ကြည့် လျှင် ထို စကားပြောကွက်ကလေး ကို အရသာ တွေ့ကြ လိမ့်မည် ထင်ပါသည် ။
**********
“ ကြည့်စမ်း ကိုရင် ၊ ဒီမှာ ဒါကို ချုပ်မယ် ၊ ဘယ်လောက် ကောင်းလိုက်တဲ့ ခြင်ထောင်ဇာ လဲ ၊ ခြောက်လွှားလေ ကိုရင် ရဲ့ ၊ ခြောက်လွှား တဲ့ ၊ သိလား ၊ ဟော့ဒီ ထဘီ နဲ့ ဟော့ဒီ မျက်နှာသုတ်စောင်ကို ရောင်း လိုက်ရင် ချုပ်ခ ဖြစ်ကရောပေါ့ အမြန်ဆုံး
ချုပ်ရမယ် ၊ ဒါမှ ဟောဟို ငရဲခန်းကြီး ထဲ မှာ အိပ်ရတဲ့ ဝဋ် က ... အလိုလေး ဟဲ့ ... ဟဲ့ သမီးရဲ့ ၊ ဩော် ... ဒုက္ခပါပဲ ၊ ပေးစမ်း ... ပေးစမ်း ၊ အဲဒါ မုန့် မဟုတ်ဘူးဟဲ့ ၊ ဆပ်ပြာခဲ ၊ ဆပ်ပြာခဲ ၊ သေတော့မှာပါပဲ ၊ ပေး ”
**********
မြခင် ဆက်တိုက် အများကြီး ပြောသွားသည် ။ ထို့အတူ ထွဏ်းလူအောင် က လည်း အများကြီး ပြောသွားပါသည် ။
ဤ ဝတ္ထုလေး ကို ဖတ်ရသည် မှာ သနားစရာ လည်း ကောင်းပါသည် ။ ပျော်စရာ လည်း ကောင်းပါသည် ။ အားတက်စရာ လည်း ကောင်းပါသည် ။
အထက်တွင် ကျွန်တော် ဆိုခဲ့သည့် အတိုင်း ဤ ဝတ္ထု တွင် ဇာတ်လမ်း မည်မည်ရရ မရှိပါ ။ ဘဝအမြင် လောကအမြင် ထူးထူးခြားခြား မပါပါ ။ သို့သော် လူအချင်း ချင်း ထောက်ထား စာနာတတ်စေနိုင်သော ခံစားမှု ကို ကား ပေးပါသည် ။
ထို့အပြင် ကျွန်တော်တို့ သည် ဘောလုံးပွဲ ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ ၊ ဘော်လီဘောပြိုင်ပွဲ ၊ ဂေါက်သီးရိုက် ပြိုင်ပွဲ စသည်တို့ ကိုသာ အာရုံစူးစိုက် နေကြသည် ။ သမုဒ္ဒရာ ဝမ်းတစ်ထွာပေါင်း များစွာ ကို ကျွေးမွေးရန် ပြိုင်ဆိုင် နေကြ သော ပြိုင်ပွဲကြီးများ ရှိနေကြောင်း လည်း သတိ ပြုမိလာပါသည် ။
ထို့ပြင် ကျွန်တော်တို့ ပါးစပ် လှုပ်နိုင်ရန် မြခင်တို့
လက်လှုပ် နေရှာပေသည် တကား ဟူသော အသိ ဖြင့်
မမြင်ဖူးသော မြခင် ကို လှမ်းပြီး ကျေးဇူး တင် လိုက်မိပါသည် ။ ထို့ကြောင့် ဒီအချိန် လောက် ဆိုရင် မြခင် ဇာခြင်ထောင် နှင့် အိပ်ရလောက်ပေပြီ ဟု မုဒိတာ ဆုတောင်း လည်း ပြုမိပါသည် ။
◾အောင်သင်း
📖 သဘင်မဂ္ဂဇင်း
ဇွန် ၊ ၁၉၈၄
No comments:
Post a Comment