မဖြူစင်
( ပုံပြင် )
ရှေးရှေးတုန်း က တောရွာကလေး တစ်ရွာ မှာ သိပ် လှပြီး သိပ် သဘော ကောင်းတဲ့ မိန်းကလေး တစ်ယောက် ရှိသတဲ့ ။ အဲဒီ မိန်းကလေး နာမည် က မဖြူစင် တဲ့ ။ နာမည် နဲ့ လိုက်အောင် ဖြူစင်တဲ့ စိတ်ထားရှိသူကလေး ဖြစ်တယ် ။ ပြီးတော့ သူတစ်ပါး ကို ကြင်နာ တတ်တယ် ။ ကိုယ်ချင်းစာ တတ်တယ် ။ ဒါကြောင့် မဖြူစင်လေး ကို ရွာလေး အနီး မှာ ရှိကြတဲ့ ယုန်ကလေး တွေ ရှဉ့်ကလေး တွေ ၊ ငှက်ကလေးတွေ နှင့် မဖြူစင်လေး တို့ ခင်မင်ကြတယ်တဲ့ ။ ဒီ တိရစ္ဆာန်ကလေး တွေက မဖြူစင်လေး ရဲ့ ကစားဖော်ကလေး ဖြစ်ကြတာပေါ့ကွယ် ။ မဖြူစင်လေး ရဲ့အကြောင်း သိကြတဲ့ ရွာသူရွာသားတွေ က သူတို့ရဲ့ သားသမီးတွေ ကို ဆုံးမရင်တောင် မဖြူစင်လေး နဲ့ တန်းတူ လိမ္မာအောင် ဆိုပြီး သူ့ ကို ပမာ ပေးပြီး ဆုံးမလေ့ ရှိကြတယ် ။ ဘယ်လို မိဘ ပဲ ဖြစ်ဖြစ် ကိုယ့် သားသမီးတွေ ကိုတော့ လူတော် လူကောင်းလေး တွေ ဖြစ်စေချင် ကြတာပေါ့ကွယ် ။
မဖြူစင်ကလေး သည် သိပ်လှ ၊ သိပ် သဘော ကောင်းပေမယ့် ဆင်းရဲရှာ သတဲ့ ။ မဖြူစင်ကလေး သည် သူ့ အမေ မုဆိုးမကြီး ကို တတ်နိုင်သ၍ ကူညီရှာတာပေါ့ ။ ဒါတွေကြောင့် အမေ မုဆိုးမကြီး က သူ့ သမီး မဖြူစင်လေး ပင်ပန်းတာ ကို မရှုရက်တာနဲ့ အနောက်ဘက် ရွာ က မုဆိုးကြီး တစ်ယောက် နဲ့ နောက် အိမ်ထောင် ပြုလိုက်သတဲ့ကွယ် ။ အဲဒီအချိန် က စပြီး မဖြူစင်လေး တစ်ယောက် ဟာ မပျော်တော့ဘူးတဲ့ ။ သူ မြတ်နိုးချစ်ခင် နေတဲ့ သတ္တဝါကလေးတွေ ကို မုဆိုးကြီး က သ,တ်မှာကိုး ။
တစ်နေ့တော့ မဖြူစင်လေး တော ထဲ မှာ တစ်ယောက် တည်း ဟင်းရွက် ခူးရင်း တစ်ခု သော ချောင်းလေး ရဲ့ ဘေး ရောက်ရင်ပဲ သူ့ ပထွေးမုဆိုးကြီး ထောင် ထားတဲ့ ညွတ်ကွင်း ထဲ မှာ မိ နေတဲ့ သမင်ကလေး တစ်ကောင် ကို တွေ့ရောတဲ့ ။ သမင်ကလေး က မဖြူစင်ကလေး ကို မြင် တော့ အကူအညီ တောင်းခံတဲ့ အကြည့် နဲ့ ကြည့်နေတယ် ။ ဒီတော့ မဖြူစင်ကလေး က သမင်ကလေး ကို သိပ် သနား သွားတာပေါ့ ။ နဂိုက မှ သနားစိတ် ရှိတဲ့ မဖြူစင်လေး ဟာ ပထွေးမုဆိုးကြီး စိတ်ဆိုးမှာ ထက် သမင်လေး ကို သနားတဲ့ စိတ် က ပိုတာမို့ သူ့ ပထွေးမုဆိုးကြီး ရဲ့ ဆူခံ ထိချင် ထိပါစေတော့ ဆိုပြီးတော့ သမင်ကလေး ကို ညွတ်ကွင်း က လွှတ်လိုက်သတဲ့ကွယ် ။ “ သမင်လေး ရေ ၊ လွတ်ရာ ကို ပြေးပေရော့ ” လို့ ပြောလိုက်သေး သတဲ့ ။ ဒီတော့ သမင်ကလေး က မဖြူစင်ကလေး ကို ကျေးဇူးတင် တဲ့ အကြည့် နဲ့ ကြည့်ပြီး တော ထဲ ကို ထွက်ပြေး သတဲ့ ။ ဒါတွေကို တစ်နေရာ က မြင်ရတဲ့ မဖြူစင်လေး ၏ ပထွေး မုဆိုးကြီး က မဖြူစင် ကို ရိုက်တာပေါ့ ။ ပြီးတော့ “ နင့် ကြောင့် ငါ ထောင်ထားတဲ့ သမင် လွတ်သွားပြီ ၊ နင်တော့ ကောင်းကောင်းကြီး သတိထား ” ဆိုပြီး ကြိမ်းတယ် ၊ မုဆိုး ဆိုတာ ရက်စက်တဲ့ စိတ် ရှိတာပေါ့ကွယ် ၊ ဒါနဲ့ မဖြူစင်လေး ဟာ ငိုပြီး အိမ် ကို ပြန်သွားသတဲ့ ။
အိမ် ရောက်တော့ မဖြူစင် လေး ဟာ မိခင်ကြီး မသိအောင် ဘာမှ မပြောဘူးတဲ့ ။ မိခင် ကို ချစ်တဲ့ သားသမီး ဆိုတာ ဘယ်တော့မှ မိခင် ကို စိတ် မချမ်းသာအောင် မလုပ်ကြဘူးကွယ် ။ ညနေ ရောက် တော့ ပထွေးမုဆိုးကြီး ရောက်လာပြီး မဖြူစင်လေး ကို အိမ် က နှင်လိုက်တယ် ။ သူ့ မိခင်ကြီး က ဘယ်လိုပင် တားပေမယ့် တစ်ယူသန် မုဆိုးကြီး ၏ ဆုံးဖြတ်ချက် ကို ပြင်ဖို့ မတတ် နိုင်ရှာဘူး ။ ဒါနဲ့ မဖြူစင်လေး ခမျာ မိခင်ကြီး နှင့် ပထွေး ကို ကန်တော့ပြီး အိမ် က ထွက်သွားရတာ ပေါ့ကွယ် ။
အဲဒီ အချိန်မှာ မဖြူစင် ရဲ့ သူငယ်ချင်းကလေးတွေ ဖြစ်တဲ့ ယုန်ကလေး တွေ ၊ ငှက် ကလေး ၊ ရှဉ့်ကလေး တွေ က သူတို့ ၏ မိတ်ဆွေ မဖြူစင်လေး အတွက် စိတ်မကောင်း ဖြစ်ကြတာ ပေါ့ ။ မဖြူစင်ကလေး စမ်းချောင်းနား မှာ ထိုင် ငို နေတုန်း သူ့ သူငယ်ချင်းကလေးများ ရောက် လာပြီး ငှက်ကလေးတွေ က သာယာတဲ့ တေးသီချင်း တွေ ဆိုကြပြီး မဖြူစင်လေး ကို နှစ်သိမ့် ကြသတဲ့ ။ ဒီအချိန်မှာ မဖြူစင်လေး ညွတ်ကွင်း က ကယ်ခဲ့တဲ့ သမင်ကလေး ရောက် လာပြီး သူ့ နားမှာ ရပ် သတဲ့ ။ ဒီတော့ မဖြူစင်လေး က သမင်ကလေး ကိုဖက်ပြီး သူ့ ဖြစ်ရပ်တွေ ကို ပြောပြီး ငိုတယ် ။ ဒီလို မဖြူစင်လေး ငိုရင်ပဲ သမင်လေး က လည်း မျက်ရည်တွေ ကျလာတာပေါ့ ။ သနား တာကိုး ။ ဒီတော့ သမင်လေး မျက်ရည်တွေ နှင့် မဖြူစင်ကလေး မျက်ရည်တွေ ပေါင်းပြီး မြက်ခင်းကလေး ပေါ်တွင် ကျ သတဲ့ ။
ဒီလို မျက်ရည်တွေ ပေါင်းစပ်ရင် ပဲ ဗြုန်းဆို သမင်ကလေး ဟာ သိပ် လှတဲ့ မင်းသားလေး အဖြစ် ပြောင်း သွားတယ် ။ ဒီတော့ မဖြူစင်လေး အတွက် သီချင်း ဆိုနေကြတဲ့ ငှက်ကလေး တွေ ၊ ယုန်ကလေး တွေ ၊ ရှဉ့်ကလေး တွေ ဟာ လန့်ပြီး ထွက်ပြေးမယ် လို့ ဟန် ပြင်ရော ၊ မင်းသားလေး က မဖြူစင် ကို ဖမ်းပြီး “ ကျေးဇူးရှင် နှမတော် မကြောက်ပါနဲ့ ကွယ် ” လို့ တောင်းပန်တာ ပေါ့ကွယ် ။ ပြီးတော့ “ ကျေးဇူးရှင် နှမတော်လေး ဒီလို ဒုက္ခ ရောက်ရတာလဲ ၊ မောင်တော် ကြောင့် ပါလို့ ဆက်ပြီး တောင်းပန်ရင်ပဲ အကြောက် မပြေသေးတဲ့ မဖြူစင်ကလေး က ကြောက်ကြောက် ရွံ့ရွံ့ နှင့် မင်းသားကလေး ၏ ထူးဆန်းတဲ့ အဖြစ်တွေ ကို မေးသတဲ့ကွယ် ။ အဲဒီ အချိန်မှာ ထွက်ပြေး ကြတဲ့ မဖြူစင် လေး ၏ မိတ်ဆွေတွေ ပြန် လာကြပြီး မင်းသားလေး နှင့် မဖြူစင်လေး ကို ရွှင်လန်းစွာ ကြည့်နေကြ သတဲ့ ။
ဒီတော့ မင်းသားလေး က သူ ဟာ မဖြူစင်လေး တို့ ၏ တိုင်းပြည် က ဘုရင်ကြီး ၏ သားတော် ဖြစ်ကြောင်း အစချီ ပြီးတော့ သူ့ အကြောင်း ကို ပြောပြသတဲ့ ။
ဖခမည်းတော် ဘုရင်ကြီး က တစ်ပါးတည်း သော သားတော် မင်းသားလေး ကို သိပ် ချစ်တယ် ။ သိပ် ပြီးတော့ ရဲစွမ်းသတ္တိ နဲ့ ပြည့်စုံတဲ့ အဲဒီ မင်းသားလေး ကို အားလည်း ကိုးတယ်တဲ့ ။ တစ်နေ့ တော့ ဘုရင်ကြီး မှာ ထူးဆန်းတဲ့ ခေါင်းကိုက် ရောဂါ စွဲကပ်သတဲ့ကွယ် ။ နန်းတွင်း က သမားတော် အကျော်အမော်တွေ ဘယ်လို ကုပေမယ့် ဘုရင်ကြီး ၏ ခေါင်းကိုက် ရောဂါဟာ မသက်သာလာဘူး ။ ဒီတော့ တိုင်းပြည် ထဲ မှာ ဘုရင်ကြီး ၏ ရောဂါ ပျောက်ကင်းအောင် ကုနိုင်တဲ့ သမားတော် ကို မောင်းကြေးနင်း တီးပြီး ကြေညာတော့ မှ တောနယ် မှ အဘိုးအိုကြီး တစ်ယောက် က ဟိုတောကြီး ထဲ မှာ ရှိတဲ့ အာယုသစ်ပင် မှ ရွှေရောင်ပန်း ၏ ရနံ့ ကို ရှူရင် ပျောက်ကင်းကြောင်း လျှောက်ထားတယ်တဲ့ ။
ဒီတော့ သားတော် မင်းသားကလေး က ဖခမည်းတော် အတွက် သူ ပဲ ဒီ ပန်း ကို ဆောင်ကြဉ်းပါရစေ လို့ သူ့ ဖမည်းတော်ကြီး ကို လျှောက်တင်တော့ ရဲစွမ်းသတ္တိ နှင့် ပြည့်စုံသည့် အတွက် ခမည်းတော် က ခွင့်ပြုလိုက် သတဲ့ ။ မင်းသားလေး လည်း ဖခမည်းတော် ထံ မှ ခွင့်ရတာ နဲ့ တစ်ပြိုင်နက် စီးတော်မြင်း ကို စီးပြီး တောထဲ ဒုန်းစိုင်း သွားတာပေါ့ ။ တော ထဲ ရောက်ရင်ပဲ အာယုဆေးပင် ကို ဘယ်မှ ရှာ မတွေ့ဘဲ တော ထဲတွင် မျက်စိ လည်နေတယ် ။ ည မိုးချုပ်ခါနီးရောက် တော့ အင်မတန် ဟောင်းနွမ်း နေတဲ့ ရဲတိုက်ကြီး တစ်လုံး ကို မင်းသားလေး တွေ့ရသတဲ့ ။ မင်းသားလေး ကတော့ တစ်ညတာ တည်းခိုခွင့် တော့ ရပြီ ဆိုပြီး ဝမ်းသာအားရ ရဲတိုက်ကြီးဆီ သို့ သွားတာပေါ့ ။
မင်းသားလေး ရဲတိုက်ကြီး ၏ အပေါက်ဝ ရောက်ရင်ပဲ တော်တော် မှောင်နေပြီတဲ့ ။ ဒီ အချိန်မှာ ရဲတိုက်ကြီး ထဲက အမယ်အိုကြီး တစ်ယောက် ထွက်လာပြီး “ မောင်ရင် ၊ ဘာ အလိုရှိ သလဲ ” ဆိုပြီး အသံပြတ် နှင့် မေးသတဲ့ ။ ဒီတော့ မင်းသားလေး က “ ကျွန်တော့် ကို တစ်ညတာ တည်းခိုခွင့် ပြုပါ ” လို့ ချေချေငံငံ ခွင့်တောင်း တာပေါ့ကွယ် ။ အမယ်အိုကြီး က လည်း မထိ နှင့် မခူး နှင့် ဆိုတဲ့ ကတိ တောင်းပြီး မင်းသားလေး ကို တည်းခို ဖို့ အခန်းတစ်ခန်း ပေး သတဲ့ ။ မင်းသားလေး က လည်း တောင်းတဲ့ ကတိ ကို လွယ်လွယ်ကူကူပဲ ပေး ပြီးတော့ ခရီး ပန်းတာနဲ့ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် သွားရှာတာပေါ့ကွယ် လို့ မင်းသားကလေး က မဖြူစင်ကလေး ပြောပြ သတဲ့ ။ မနက် မိုးလင်း တော့ မင်းသားကလေး က တစ်ညတာ အိပ်ထားရ တာကြောင့် အင်အား ပြည့်ပြီး လန်းနေတာပေါ့ ။ ရဲတိုက် ပြတင်းပေါက် က ကြည့်လိုက်တော့ လား ... လား နေရောင်ခြည် အောက် မှာ သူ ရှာနေတဲ့ အာယုပင် ၏ ရွှေရောင် အပွင့်ဆန်း လှလှကြီး တွေ ကို မြင်တွေ့ရတာကိုး ။
မင်းသားလေး ဟာ သူ့ ခမည်းတော် ရောဂါ အတွက် ဆေး တွေ့တော့ စောစောက အမယ်အိုကြီး ကို ပေးထားတဲ့ ကတိ ကို မေ့ပြီး အာယုပင် က ရွှေရောင်ပန်း ကို ခူးလိုက် သတဲ့ ။ ဒီလို ခူးလိုက်ရင် ဘဲ မင်းသားလေး တစ်ကိုယ်လုံး ဟာ တုန်လှုပ်ပြီး သမင်ကလေး ဖြစ်သွားရှာသတဲ့ ကွယ် ။ အဲဒီ အချိန် မှာ ရဲတိုက်ကြီး ထဲ က အမယ်ကြီး က “ သိပ်လှ ၊ သိပ် သဘောထား ကောင်းတဲ့ မိန်းကလေး တစ်ဦး ရဲ့မျက်ရည် နဲ့ မင်း မျက်ရည် မပေါင်းစပ် သ၍ ကာလပတ်လုံး သမင်ကလေး ဘဝ နဲ့ ပဲ နေပေတော့ ” လို့ အော်ပြီး ပြောလိုက်ရင်ပဲ သမင်ကလေး ဟာ ရဲတိုက်ကြီး က ဝေးရာ ကို ထွက်ပြေး ရှာတာပေါ့ကွယ်လို့ မင်းသားလေး က မဖြူစင်ကလေး ကို ဖြစ်ကြောင်းကုန်စင် ပြော ပြတယ် ။ ပြီးတော့ ရဲတိုက်ကြီး က လည်း စုန်းမကြီး တစ်ယောက် ရဲ့ရဲတိုက် ပဲ တဲ့ ။
နောက်တော့ မင်းသားလေး က မဖြူစင်ကလေး ခေါ်ပြီး တိုင်းပြည် ကို ပြန်တာပေါ့ ။ လမ်း ရောက်တော့ ဘုရင်ကြီး ကံတော်ကုန်ပြီ မို့ နန်းမွေ ဆက်ခံမယ့် သားတော် ကို ရှာဖို့ ထွက်ရှာ တဲ့ အထောက်တော်တွေ နဲ့ တွေ့ကြရောတဲ့ ။ တိုင်းပြည် ရောက်တော့ မင်းသားကလေး က ကျေးဇူးရှင် မဖြူစင်လေး ကို လက်ဆွဲပြီး နန်းသိမ်းပွဲ ခံတယ် ။ နောက်တော့ မဖြူစင် ယလေး တို့ ရွာက သူ့ မေမေ နဲ့ ပထွေးမုဆိုးကြီး ကို ခေါ်ပြီးနန်းတော် မှာ ကောင်းကောင်းမွန်မွန် ပြုစုလုပ်ကျွေး သတဲ့ ကွယ် ။
တိုင်းသူပြည်သားတွေ က လည်း သူတို့ မိဖုရားလေး ဟာ စိတ်ထား ကောင်းတာတွေ ၊ မိဘတွေ ကို လုပ်ကျွေးတာတွေ ကို သိ ကြတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသတဲ့ကွယ် ။ စိတ် ကောင်းထားသူ ၊ ပြီးတော့ မိဘ ကို ပြုစုလုပ်ကျွေးတဲ့ လူတွေ ဟာ နောက်ဆုံး ရောက်တော့ ချမ်းသာသုခ တွေ့ကြတတ်တာပဲပေါ့ကွယ် ။
တက္ကသိုလ်လှသန်း
ရှုမဝ မဂ္ဂဇင်း
၁၉၆၃ ၊ ဖေဖော်ဝါရီ
No comments:
Post a Comment