လူပျိုပါပဲ ခင်ရယ်
( ထွန်းသိင်္ဂါ )
မောင်တင် သည် ကောလိပ်ကျောင်း မှ ထွက်ပြီးစ ၊ အလုပ်အကိုင် ရှာဖွေ၍ နေသော လူပျိုကလေး တစ်ယောက် ဖြစ်လေ၏ ။ အလုပ်သည် ကား ရှာ မှ ရှား၏ ။ စပါးဈေး မကောင်း၍ ပိုက်ဆံ ရှား ၊ ပိုက်ဆံ ရှား၍ အလုပ်အကိုင် ရှား သဖြင့် ငွေကုန်လူပန်း အင်္ဂလိပ်စာ ကို အမြတ်တနိုး ထား၍ သင်ကြားခဲ့ကြ သူ မြန်မာလူငယ်ကလေးများသည် ကျောင်းမှာ နေစဉ်က စိတ်ကူး နှင့် လွမ်း၍ အလိုလို သွေးကြီး ခဲ့ကြသမျှ ယခုအခါ ဘိန်းစား အိပ်မက် မက် သလို အထင် နှင့် အမြင် ကွာခြား ၊ ဘီအေ အောင်သူတွေ တစ်လ ငါးဆယ် ရသော အလုပ် ကို လုပ်ချင်၍ မှ မလုပ်ရ ၊ ပိုက်ဆံရှင် သားသမီးများ မှာ မူကား အလုပ် မလုပ် လို့ အရေး မကြီး ၊ အရှိန် ကြီးသော မိဘဆွေမျိုး တို့၏ အရိပ်အာဝါသ ကို ခိုလှုံ၍ အိမ်မှာ အိပ်ပြီး ( ဟုမ်းမင်းသား ) လုပ်နိုင်ကြ သော်လည်း ဆင်းရဲနွမ်းပါးသော မိဘ တို့ ၏ သားသမီးများ မှာ မူကား အလုပ် မရှိလျှင် အသပြာ ပြတ်သဖြင့် ခါနာငတ်ဖို့ သာ ရှိလေရာ ဆင်းရဲသားဂိုဏ်းဝင် မောင်မောင်တင် သည် အိုင်အေ အောင်ပြီး နောက် အလုပ် ရှာရာ အလုပ် မရနိုင်သဖြင့် နှာခေါင်းမှာ ကျည်ပွေ့ တွေ့ပြီး ရန်ကုန်မြို့ကြီး၌ တစ်ကောင်ကြွက် တစ်မျက်နှာ အလုပ် အတွက်ကြောင့် ရတက် ဖြာပြီး မသက်မသာ ဖြစ်၍နေရရှာလေသတည်း ။
အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အောက်အထက် အရပ်ခြောက် မျက်နှာသို့ မောင်တင် သည် အလုပ် အတွက် မျက်စိ နှစ်လုံး ကို ဖွင့်၍ နား နှစ်ဖက် စွင့်ထားပါသော်လည်း အဘယ်မှာမှ အလင်းရောင် ကို မတွေ့ရ ၊ ကံဆိုး မိုးမှောင်ကျ၍ နားနှစ်ဖက် မှာလည်း ဘယ်အခါမဆို အလုပ်မရှိဟူသော ဗုံးသံ ၊ အမြောက်သံ တို့ကိုသာ ကြားရသဖြင့် မိမိ ကိုယ်ကို မိမိ စိတ်တိုင်းမကျ လှပဲ ၊ တစ်ခါတစ်ခါ ကိုယ့် အသက်ကိုယ် သ,တ်ပစ်ရန် ကြံစည်မိလေ၏ ။ သို့ရာတွင် မိမိ အသက်ကို မိမိ သ,တ်၍ အဖန် ငါးရာ ငါးကမ္ဘာ သံသရာ မှာ မခံ လျှင် တော်သေး၏ ။ ယခုမူကား သေလျှင်လည်း သံသရာဝန် လေးလှ၏ ။ ထို့ကြောင့် နေလျှင်လည်း အခက် ၊ သေလျှင်လည်း တစ်မျိုး ခက်သဖြင့် ဒုက္ခ ဆင်းရဲတွင်းမှ ရှောင်တခင် မဖယ်သာ သဖြင့် မောင်တင် သူငယ် မှာ ရူးလု မတတ် ဖြစ်၍နေရှာလေ၏ ။ အပေါ် မျှော်ကြည့်လျှင် မိုး ကိုသာ မြင်၍ အောက် သို့ ငုံ့ကြည့်ပြန်လျှင်လည်း မြေကြီး ကိုသာ မြင်ရလေရာ အလုပ် လက်မဲ့သူ လူပျိုကလေး မှာ ထမင်းတစ်လုတ် အတွက် ပေးစရာ ငွေမရှိ ၊ ပြေးစရာ လည်း မြေမရှိ သဖြင့် ဖြေမချိအောင် ဖြစ်ရလေသတည်း ။
ယနေ့အထိ မောင်တင် ထမင်း မစားရသည် မှာ သုံးရက် ရှိလေပြီ ၊ ပထမနေ့၌ ကု,လားများ ရောင်းသော ကု,လားပဲပြုတ် ဖြင့် နှစ်နပ် အတွက် ပြီးခဲ့ရ၏ ။ ဒုတိယ မနက် ၌ နံပြားတစ်ချပ် ကို သကြား အနည်းငယ် နှင့် စားပြီး နေခဲ့ရ၏ ။ ည အဖို့မှာမူ နှစ်ပြားတန် ပေါက်စီ ကို လက်ဖက်ရည်ကြမ်း နှင့် သုံးသောက်ခဲ့ရ၏ ။ တတိယနေ့ နံနက်၌ ကောက်ညှင်းပေါင်း နှစ်ပြားဖိုးကို ငပေါင်းကြော် တစ်ပြားဖိုးနှင့် ကိစ္စချောခဲ့၏ ။ ၎င်းနေ့ည အဖို့မှာ မူကား ဖရေဇာလမ်း က ကု,လားဆိုင်တစ်ဆိုင်မှ ဗယာကြော် ပူပူနွေးနွေး ကို ရေ တစ်ခွက်နှင့် လွေးခဲ့ရလေသတည်း ။
ယခု စတုတ္ထနေ့ နံနက်၌ မောင်တင် မှာ ကြေးပြားတစ်ပြား မှ မရှိချေ ။ ဝမ်းထဲမှ အစာအိမ်သည် ကမ္ဘာမီးလောင်၍ နေလေ၏ ။ အူသေး ၊ အူမတို့သည် ဆာတယ် ၊ လောင်တယ်ဟူ၍ အော်ဟစ်ကာ နေကြလေ၏ ။ အစာ မရှိလေ သောကြောင့် ပျော့၍ ချောင်နေသော ရင်ခေါင်းထဲ၌ ပူလောင်သော လေသည် တသုန်သုန် တိုက်ခတ်၍ နေလေသတည်း ။
လမ်းနံဘေးရှိ တရုတ်ဆိုင် ၊ ကု,လားဆိုင်များ အနီးကပ်၍ လျှောက်သွားသော အခါ ယောက်မခေါက်သံ ၊ ဇွန်းခက်ရင်းများ ချသောအသံ ၊ ပန်းကန် ပြားများ ဆေးကြောသော အသံများနှင့် မွှေးပျံ့သင်းကြိုင် ရနံ့လှိုင်သော ဝက်ဆီနံ့ ၊ ဂရမ် မဆလာနံ့များ ကို ရသောအခါ ရင်ခေါင်း ၊ ဝမ်းခေါင်းထဲ၌ ဆာလောင်ခြင်းတည်းဟူသော သူပုန်မြူတစ်နီးသည် တိုးတက်သောင်းကျန်း ထကြွ၍လာလေ၏ ။ ထိုအခါ မောင်တင် ၏ အားအင်နည်းပါးသော လက် နှစ်ဖက်သည် ထိုသူပုန် စစ်သည်တို့ကို နှိမ်နင်းသောအနေဖြင့် ဝမ်းဗိုက်ကို အတင်းနှိပ်၍ ထားရလေ၏ ။
သို့ရာတွင် ထိုသူပုန်တို့သည် ဖိနှိပ်၍မရ ၊ ဖိလေလေ ထလေလေဖြစ်၍ နေလေ၏ ။ မောင်တင် မှာ သန်မာသော ဇွဲရှိသူဖြစ်၍ ဆာလောင်ခြင်းဒဏ်ကို တင်းခံလျက် ချည့်နဲ့သော ခြေထောက်များကို အားစိုက်၍ သယ်ခဲ့လေရာ သိမ်ကြီးဈေးသို့ ရောက်ခဲ့လေ၏ ။
သိမ်ကြီးဈေးရှိ ငရုတ်သီး ၊ ကြက်သွန်ရောင်းသော ဆိုင်တစ်ဆိုင်၌ မိန်းမကြီးတစ်ယောက်နှင့် လုံးကြီးပေါက်လှ အပျိုကြီး တစ်ယောက်သည် ဈေးဝယ်၍ နေလေ၏ ။
မောင်တင် သည် ၎င်းတို့ နှင့် မနီးမဝေး တွင် ရပ်ကာ အမောဖြေ၍ နေလေ၏ ။ ဆာလည်းဆာ ၊ မောလည်းမောသောကြောင့် ချွေးများသည် ဒလဟော စီးဆင်း၍ ကျကြကုန်၏ ။ လှုပ်ရှား၍ နေသော ကမ္ဘာလောကဓာတ် သည် ဒုက္ခိတလုလင်ပျိုအား ဥပေက္ခာရှု၍ ထားလေသတည်း ။
“ ကြည့်မြင်တိုင် ၊ စမ်းချောင်း ၊ ရေကျော် ၊ ပုဇွန်တောင် ” ဟူ၍ ဟစ်အော် ၍ နေကြသော မော်တော်ကား စပယ်ယာကလေးများကို လည်းကောင်း ၊ “ ကွမ်းယာ ၊ ဆေးလိပ် ၊ ဆိတ်ကြီးပဲလှော် ” ဟူ၍ တကြော်ကြော် ရှိနေကြသော သခင်အလုပ် ကို လုပ်နေကြသူ လူငယ်များကို လည်းကောင်း ၊ “ မြန်မာ့အလင်း ၊ သူရိယ ၊ မြန်မာ့ဇေယျာ ၊ ဗန္ဓုလ ၊ ဒီးဒုတ် ” စသည်ဖြင့် ဟစ်အော်နေကြသော သတင်းစာ ရောင်းသော လူငယ်များကို လည်းကောင်း တွေ့မြင်ရသောအခါ မောင်တင် သည် များစွာ စိတ်အားငယ်၍ ဝမ်းနည်းမိလေ၏ ။ ၎င်းတို့သည် ကိုယ်၌ ဆင်းရဲသော်လည်း စိတ်၌ချမ်းသာကြကုန်၏ ။ ငါနှင့်နှိုင်းယှဉ်လျှင် ၎င်းတို့၏စိတ်သည် စိတ်ညစ်ခြင်းတည်းဟူသော မြူတိမ် ကင်းစင်လျက် အလွန်ပင်ကြည်လင် တောက်ပလျက် ရှိနေကြပေမည် ။ ၎င်းတို့သည် ငါကဲ့သို့ တက္ကသိုလ်ကျောင်း သို့ ရောက်ဖူးကြသူများ မဟုတ် ၊ ၎င်းတို့ကား အင်္ဂလိပ်စာ မတတ်၍ စိတ်နေ မမြင့်ကြဘဲ ဖြစ်လေရာဘဝမှာ ပျော်နိုင်ကြကုန်၏ ။ ငါ့မှာ မူကား ကောလိပ်ကျောင်းထွက် အင်္ဂလိပ်စာ တတ်၍ ခွေးဖြစ်နေရလေပြီ ၊ ဤစာကို မသင်မိလျှင် ငါသည်လည်း ၎င်းတို့ကဲ့သို့ စိတ်၏ပျော်ရွှင်ခြင်းကို ခံစားရမည်အမှန် ဖြစ်လေသည် ။ ယခုမူကား ငါ့မှာ ဗုံမဟုတ် ၊ ပတ်မဟုတ် သောကြောင့် ဒြပ်မထုတ်နိုင်ဘဲ အငတ်ဇာတ်ထုပ် ခင်းနေရပါပကောဟု တွေးတော၍ နေစဉ် -
အထက်ပါ မိန်းမနှစ်ယောက် တို့ အနီး၌ ကူလီကု,လားသည် ထိုမိန်းမ နှစ်ယောက်တို့၏ မော်တော်ကား ပေါ်သို့ တင်ပေးရန် ကူလီတောင်းကြီး ကို မ၍ ကြိုးစားအားခဲနေသည်ကိုတွေ့ ရလေ၏ ။ မိန်းမနှစ်ယောက်တို့ မှာကား အထက်တန်းစားများ ဖြစ်သောကြောင့် လေးလံသော ကူလီတောင်း ကို ဝိုင်းဝန်း၍ မပင့်ကြဘဲ အကူအညီ လိုသည့် ဟန်ဖြင့် တောင် ၊ မြောက်လေးပါး သို့ ကြည့်ရှု၍ နေကြလေ၏ ။
မောင်တင် သည် ၎င်းတို့ အနီးသို့ ပြေး၍ သွားပြီးလျှင် ကူလီကု,လားနှင့် အတူ တောင်းကြီး ကိုပင့်လျက် ခံ့ညားသော မော်တော်ကားကြီးပေါ်သို့ တင်၍ ပေးလိုက်လေရာ မိန်းမနှစ်ယောက်မှာ ၎င်းအား ကျေနပ်ခြင်း တစ်မျိုးဖြင့် ကြည့်၍ နေကြပြီးမှ မိန်းမကြီး က-
“ မောင်ရင် က ဘာတုံး မြန်မာကူလီလား ”
မိန်းမပျိုသည် ထိုအခိုက်မှာ မောင်တင် ကို အကဲခတ်၍ နေလေ၏ ။ မိန်းမကြီး ၏ စကားကို ကြားလျှင် မောင်တင် ၏ ပါးရိုးများ ပေါ်၍ နေသော မျက်နှာသည် ပြုံးလျက် -
“ အခုတော့ ကူလီထက် ဆင်းရဲနေပါတယ် ၊ အိုင်အေ အောင်ပြီး အလုပ် ရှာ မရနိုင်လို့ အင်မတန်မှ ဆင်းရဲနေပါတယ် ၊ ရန်ကုန်မြို့မှာ အသိမိတ်ဆွေ လည်း တစ်ယောက်မှ မရှိ ၊ ဆွေမျိုး ဆိုတာတော့ ဝေးရော ၊ အိပ်တော့ ဇရပ် ၊ သောက်တော့ ရေအိုးစင် ဆိုသလိုပါပဲ ”
ဟု ပြောလေရာ မိန်းမကြီး နှင့် မိန်းမပျိုတို့သည် အံ့အားသင့်၍ နေကြ လေပြီးမှ မိန်းမပျိုသည် မိန်းမကြီးဘက်သို့ လှည့်ကာ သနားကြင်နာခြင်း အမူအရာ ကို ပြလေ၏ ။
မောင်တင် သည်ကား ဦးခေါင်း ကို ငုံ့၍ နေလေ၏ ။
ထိုအခါ မိန်းမကြီးသည် သက်ပြင်းကြီး ချလျက် “ အလုပ် က ရှားတယ် မောင်ရင် ၊ နို့ပေမဲ့ အခါအခွင့် မကြုံသေးလို့ မရတာပါ ၊ စိတ်တော့ မပျက်နဲ့ လေ ၊ သတ္တဝါတစ်ခု ကံတစ်ခုပဲ ၊ ဖြစ်လာလိမ့်မပေါ့ ၊ ရော့ .. မောင် သုံးဖို့ ငွေ ( ၅ိ ) ယူလိုက်ပါ ၊ နောက်လည်း ကြုံရင် ပေးပါဦးမယ် ” ဟု ပြောရင်း ( ၅ိ ) တန် ငွေစက္ကူတစ်ချပ်ကို ပေးရာတွင် မောင်တင် သည် မိန်းမပျိုအား ရှက်သော အမူအရာနှင့် ကြည့်နေပြီးမှ လှမ်း၍ ယူလိုက်လေ၏ ။ ထိုအခိုက်မှာ မိန်းမပျို ၏ မျက်လုံးများသည် မောင်တင် ၏ မျက်နှာ ကို တစ်သက်မှာ မမေ့ နိုင်လောက်သော ကြည့်ခြင်းမျိုးဖြင့် ကြည့်လိုက်သည် ကို လုလင်ပျိုသည် သတိထား မိလေ၏ ။
ထိုနောက် မိန်းမကြီး က “ ကိုင်း ... သွားလိုက်ဦးမယ် မောင်ရင် ၊ ကြိုးစား ပြီး ရှာတာပေါ့ ၊ ကိုင်း ... မြရီ ကားပေါ်တက်ဟေ့ဟု ပြောဆိုသဖြင့် မြရီ ခေါ် မိန်းမပျိုသည် ရွှေခြေကျင်းကလေးပေါ်အောင် ထဘီအပြာကလေး ကို စွန်တောင်ဆွဲလျက် ကားပေါ်သို့ တက်ပြီးနောက် မော်တော်ကားသည် စက်နှိုး၍ ထွက်သွားသည် နှင့် တစ်ပြိုင်နက် မောင်တင် သည် လမ်းနံဘေး၌ ပိုးလက်ကိုင် ပဝါကလေး ကျကျန်ရစ်သည်ကို တွေ့၍ ကောက်ယူကြည့်ရှုရာ ' ရီရီ ' ဟူသော စာလုံးကလေးကို တွေ့သည်နှင့် တစ်ပြိုင်နက် ရိုရိုသေသေ ခေါက်ကာ အိတ် ထဲသို့ ထည့်ထားလိုက်လေသတည်း ။
မောင်တင် ၏ အဖို့ ဤနေ့သည် အလွန် ထူးခြားသော နေ့ကြီးဖြစ်၏ ။ မတွေ့ ဖူးသော သူကို တွေ့ ရ၏ ။ မတောင့်တသော ငွေ ( ၅ိ ) ကိုလည်းရ၏ ။ လှပသော အပျိုကလေး၏ ကရုဏာဖြင့် ကြည့်ခြင်း ကိုလည်း ခံရ၏ ။ ၎င်း၏ ကိုယ်စား ပိုးပဝါကလေး ကိုလည်း ဆက်ခံရ၏ ။ မောင်တင် သည် မည်မျှ ဝမ်းသာမည်နည်း ၊ ရှေးဦးပထမ မောင်တင် မှာ ပိုက်ဆံတစ်ပြားမှ မရှိ ၊ ယခု အခါ ငွေ ( ၅ိ ) ( ဝါ ) ပိုက်ဆံ အပြားပေါင်း ( ၃၂၀ ) ကို ပိုင်ဆိုင်၍လာသူ ဖြစ် လေရာ မောင်တင် သည် ဝမ်းမသာဘဲ နေပါမည်နည်း ။
ထို့ကြောင့် မောင်တင် သည် တရုတ်ထမင်းဆိုင် တစ်ဆိုင်သို့ ပြေးလေ ၏ ။ ထမင်းက တစ်မူးဖိုး ၊ ခေါက်ဆွဲကြော်က တစ်ခွက် ၊ ဝက်ဘဲပေါင်းက တစ်ပန်းကန် ၊ ၆ နပ်တိတိ မစားရသော အာဟာရကို မြိန်ရှက်စွာ စားလေ သတည်း ။
ထမင်း စားပြီးနောက် လက်ဖက်ရည် တစ်ခွက်ကို မှာယူလေ၏ ။ လက်ဖက်ရည်သည် ပူလောင်လျက်ရှိသဖြင့် အနွေးကို စောင့်ဆိုင်း၍ နေစဉ် ဆံထုံးထွားထွားမှာ ဆံမြိတ်ကို ဖွားဖွားချလျက် မျက်လုံးကလေးရီရီ ၊ ကြာ ကလေး ချီပြီးလျှင် ပြုံးကြည့်သော သူငယ်မ၏ မျက်နှာကလေး သည် လက်ဖက်ရည် ပန်းကန်ထဲမှ အခိုးအငွေ့ များနှင့်အတူ ပေါ်ထွက်၍ လာလေရာ မောင်တင် မှာ ထိုရူပါရုံကို အဟုတ် အကောင်အထည် ထင်မှတ်ကာ တွေးတော ခြင်း ရေယဉ်ကြော၌ မျောပါ၍ နေခဲ့ပြီးနောက် ချစ်ခြင်းတည်းဟူသော လောင်စာမီးသည် သူ၏နှလုံးသားကို လောင်မြိုက်စ ပြုလေသတည်း ။
သို့ဖြစ်၍ မောင်တင် သည် အိတ်ထဲမှ ပိုးပဝါကလေး ကိုထုတ်၍ နှာခေါင်းဝ မှာ တေ့ကြည့်သောအခါ သင်းပျံ့အေးကြိုင် စွဲမက်စရာ ရနံ့လှိုင် သော ဂန္ဓာဓာတ်သည် သူငယ်မ ၏ ကိုယ်စား အချစ်သွေးကို လှုံ့ဆော် ထကြွစေ လေသတည်း ။
ညချမ်း အခါသို့ ရောက်သောအခါ တန်ဆောင်မုန်းလဆန်း ၁၃ ရက် လကလေးသည် မြူတိမ်ကင်းစင်သော ကောင်းကင်ဗိမာန်ဝ မှ ထွက်၍ အေးမြ သော ရောင်ခြည်တို့ဖြင့် ကမ္ဘာလောကဓာတ်ကြီးအား ထွန်းလင်းလျက် နေစဉ် ကမာရွတ်ရှိ ခြံကြီး တစ်ခြံအတွင်း သက်ငယ်အိမ်ကလေး တစ်အိမ်ရှေ့ရှိ ကွပ်ပျစ်ကလေး ပေါ်၌ထိုင်လျက် လမင်း၏ သီတဓာတ် ကို ခိုလှုံရင်း မောင်တင် သည် ငေးမှိုင်၍ နေလေသတည်း ။
လထဲမှာ မျက်နှာချင်း ဆုံစို့ကွယ် ဆိုသကဲ့သို့ မောင်တင် သည် ဝိုင်းစက်သော ဖိုးလမင်းငွေမှန် ၌ ချစ်သူမိန်းမပျိုကလေး၏ ကျက်သရေ ရှိသော မျက်နှာကို မြင်ရလေရာ ၊ ထိုအချိန် ၊ ထိုအခါ ၊ ထိုနာရီ၌ မြရီ ဆိုသော မိန်းကလေးသည် လည်း မောင်တင် ၏ မျက်နှာကို တရေးရေး မြင်ယောင် လျက်ရှိပြီးလျှင် အချစ်၏ မြားစကြာဖြင့် ပစ်ခွင်းခြင်းဒဏ်ချက်ကို အခံခက်၍ နေမည်ဆိုတာ မည်သူသည် သိနိုင်ပါမည်နည်း ။
မောင်တင် သည် သူငယ်မ၏ အမည်ကို သိ၏ ။ မျက်နှာကလေးကို မှတ်မိ၏ ။ သို့သော် အဘယ်အရပ် ၊ အဘယ်ဒေသမှာ နေသည်ကို မသိရခြင်း မှာ ဆိုးဝါးလှပေသည်တကား ၊ ချစ်ခြင်းတည်းဟူသော ရောဂါသည် တစ်နေ့ တခြား ရင့်၍ လာလေသတည်း ။
၅ ရက်မျှ ကုန်လွန်ခဲ့လေ၏ ။ မောင်တင် သည် အလုပ် ရှာရခြင်း ဒုက္ခ က တစ်မျိုး ၊ မြရီဆိုသော မိန်းမပျိုကို ရှာဖွေရခြင်း ဒုက္ခ က တစ်မျိုး ၊ ဒုက္ခ နှစ်ခု ၏ ဖိညှပ်ခြင်းကို ယခုအခါ ခံစား၍နေရလေသတည်း ။
ညတစ်ည တိတ်ဆိတ်ငြိမ်သက်သော ပြည်လမ်း၌ လက်နှစ်ဖက်ကို နောက်သို့ ပစ်လျက် ဦးခေါင်းကို အောက်သို့စိုက်ကာ စဉ်းစားသော အမူအရာ ဖြင့် ဖြည်းညင်းစွာ လျှောက်၍ လာသော လူတစ်ယောက်ကို မြင်ရလေ၏ ။
ထိုသူသည် ကား မောင်တင် ဖြစ်လေ၏ ။ သူ သည် ကမာရွတ်နေ ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် ၏ အိမ်၌ နေထိုင်လျက် ရှိပြီး လသာ သော ဤည၌ စိတ်ပြေလက်ပြေ ခြေဦးတည့်ရာ လျှောက်လာခဲ့ခြင်း ဖြစ်လေ ၏ ။ ၎င်း၏ ပွ၍ နေသော ဘိုကေနှင့် အောက်စိုက်နေသော မျက်နှာ ၊ လက် များကို နောက်ပစ်၍ မလှုပ်ချင် သကဲ့သို့ လျှောက်လာသော ခြေလှမ်းတို့ကို ထောက်ရှု အကဲခတ်ရခြင်းအားဖြင့် ၎င်း၏ စိတ်ဆင်းရဲခြင်းမှာ မည်မျှ ကြီးကျယ်သည်ကို သိသာထင်ရှားလှပေ၏ ။
ဤကဲ့သို့ လျှောက်သွားရင်း ခြံကြီး တစ်ခြံရှေ့သို့ ရောက်သောအခါ တစ်စုံတစ်ခုသော အရာကို မြင်၍ ထိတ်လန့်ကာ ရပ်၍ နေလေ၏ ။
ကြောင်ဖြူဖြူကလေး တစ်ကောင် သည် ခြံတံခါးဝမှ ပြေး၍ ထွက်လာ လေ၏ ။ မောင်တင် မှာ ငယ်စဉ်က မိမိ၌ ဤကဲ့သို့ ကြောင်ဖြူ ကလေး တစ်ကောင် ရှိသည်ကို အမှတ်ရလေ၏ ။ မိမိ ကြောင်ကလေးမှာ မော်တော် ကား ကြိတ်၍ သေဆုံးသည် ကိုလည်း သတိရလေ၏ ။ ထို သတိရသော စိတ်ကြောင့် မောင်တင် သည် ထိုကြောင်ကလေးကို ငုံ့၍ ဖမ်းယူမိလေ၏ ။
ထိုခဏ၌ “ ပူစီ ... ပူစီ ” ဟူသော မိန်းမအသံ နှင့် တူသော သေးငယ် သော အသံ တစ်ခု ကို ကြားရသဖြင့် မောင်တင် သည် ကြောင်ကလေးကို ပိုက်ပြီး အသံလာရာ ဘက်သို့ မျှော်၍ ကြည့်လေ၏ ။ “ ပူစီ .. ပူစီရေ ” ဟု အော် သော အသံသည် တဖြည်းဖြည်း နီးကပ်၍ လာပြီးနောက် မကြာမီ ခြံဝသို့ မိန်းမပျို တစ်ယောက် ထွက်လာသည် ကို တွေ့ ရလေ၏ ။
မောင်တင် သည် ကြောင်ကို ပိုက်ရင်း မိန်းမပျိုကို ကြည့်၍ နေလေ၏ ။ မိန်းမပျိုသည် လည်း ၎င်းကို ကြည့်၍ နေလေ၏ ။ ၎င်းတို့ နှစ်ယောက် ကြည့်ကြ ပုံမှာ တစ်ယောက် ကို တစ်ယောက် ရှေးက မြင်ဖူး၍ ကြည့်ခြင်းနှင့် တူလေ သတည်း ။
“ ကျွန်မ ကြောင်လေး ပြန်ပေးပါရှင် ” ဟူ၍ပြောရင်း ကြောင်ကို လိုချင် ဇောနှင့် မိန်းမပျိုသည် ရှေ့သို့ ခြေတစ်လှမ်း တိုးခဲ့လေရာ မျက်နှာသည် တိုး၍ ထင်ရှားလာသဖြင့် မိန်းမပျို ၏ မျက်လုံးများ သည် မြရီ ၏ မျက်လုံးများ ဖြစ်နေသည် ကို မောင်တင် ချက်ချင်း သိရှိလေ၏ ။ ထိုအခါ မောင်တင် သည် မိန်းမပျို ၏ အနီးသို့ ကပ်၍ သွားပြီးနောက် -
“ ကြောင်ကလေး ပေးရမယ်လား ၊ မပေးနိုင်ဘူးလေ ”
မိန်းမပျိုသည် ဦးခေါင်းကို ငုံ့လျက် ဖြူဆွတ်သော ခြံတံခါးကို လက် ကလေးဖြင့် တွန်းကာ တွန်းကာ နေလေ၏ ။
“ မပေးနိုင်ဘူးဆိုလို့ ဘယ့်နှယ့် ဖြစ်ပါ့မလဲရှင့် ၊ ကျွန်မ ကြောင် ကျွန်မ ပြန်ပေး ရမှာပေါ့ ။ ”
“ မပေးဘူး ဆိုရင် တရားစွဲမယ်ပေါ့လေ ဟုတ်လား ၊ မမြရီ ဆင်းရဲသား မို့ ညှဉ်းချင်တဲ့ စိတ်ကြောင့် ဒီလိုပြောတာလား ၊ တရားစွဲချင်လည်းစွဲလေ ၊ ကြောင်တော့ ပြန်မပေးနိုင်ဘူး ”
“ အို .. ရှင် လူကောင်း တစ်ယောက် မဟုတ်လား ၊ ရှင် ပညာရှိ ဆိုရင် သူများ ဥစ္စာကို ဗလက္ကာရ ဘာပြုလို့ လိုချင်ရတာလဲ ၊ ပြန်ပေးပါရှင် ၊ ကျွန်မ အသက်လောက် ကျွန်မ ချစ်နေတဲ့ ကြောင်ကလေးပါရှင် ”
“ တကယ် အသက်လောက် ချစ်ရဲ့လား ”
“ အဟုတ်ပါပဲရှင် ”
“ ဒါဖြင့် မမြရီရဲ့အသက်ကို လူတစ်ယောက်က တောင်းရင် ကြောင် ငဲ့ပြီး ထိုလူရဲ့ တောင်းတဲ့ အရာကို ပေးနိုင်ပါ့မလား ”
“ ပေးနိုင် ” ဟု ရုတ်ခနဲ ထွက်ပြီး မြရီ သည် ရပ်တန့်၍နေပြီးနောက် အနီး ရှိ စပယ်ဖူးကလေး တစ်ဖူး ကို ဆိတ်နယ် ကစား၍ နေလေ၏ ။
ထိုအခါ မောင်တင် သည် မြရီ အနီးသို့ တိုး၍ ကပ်သွားပြီး နောက် “ ဒါဖြင့် ရော့ ၊ ကြောင်ကို ပြန်ပေးနိုင်ပါတယ် ” ဟု ပြောရင်း ကြောင်ကလေး ကို ကမ်းပေး သဖြင့် မြရီ က လှမ်းယူလိုက်သောအခါ မောင်တင် က ရှေ့ တည့်တည့်မှ နေ၍ မြရီ ၏ လက်မောင်း နှစ်ဖက်ကို ဆုပ်ကိုင်၍ ထားလိုက်ပြီးနောက် ( “ ကိုင်း ၊ ကြောင်တော့ ပေးပြီးပြီ ၊ မင်း က ဘာပြန်ပေးမလဲ မြရီ ) ” ဟု ပြောရာ မြရီသည် ကြောင်ကလေး ကို ရင်ခွင်မှာ ပိုက်ပြီး ငြိမ်သက်စွာ ရပ်၍ နေလေလျှင် ၎င်းတို့ နှစ်ယောက်သည် တဖြည်းဖြည်း တရွေ့ရွေ့ ခြံအတွင်းရှိ လရောင်များ ကွက်ကျား ကွက်ကျား ကျရောက်၍ နေသော မယ်ဇလီပင်ကြီး အောက်သို့ ရောက်သွားကြ သဖြင့် မောင်တင် သည် ကြောင်ကို ပေးရသဖြင့် မြရီ ကို ယူလို သောကြောင့် မြရီ ၏ ကိုယ်လုံးကလေး ကို အားရပါးရ ပွေ့ယူ လိုက်လေရာ မြရီကညာ မှာ “ ဟင့် ... အလို ကြည့်ပါလား ၊ အို .. ” စသည်ဖြင့် ခြေကန် လက်ကန် ငြင်းဆန်၍ နေပြီးမှ ချစ်သူ နှင့် အလိုကျ တွေ့သဖြင့် ကြောင်ကလေး ကို မေ့ပြီး မထေ့တထေ့ အဆိပ်ငွေ့ ထိပြီး မှ “ တော်ပါ ရှင့်မှာ မယားနဲ့ ယုံရမှာ လား သိမ်ကြီးဈေး တွေ့တုန်းက ဘာဖြစ်သတုံး ” ၊ “ ကြိုက်တယ်လေ ၊ ချစ်တယ် လေ ” “ ဟော ... ထုလိုက်ရ ၊ အလည် .. လည်လည် ရှင်နော် ၊ ရှင် တော် ယုံဘူးရှင့် ၊ ရှင် လူပျို ဆိုတာ ယုံရမှာလား ” ဟု တီတီတာတာ ပလီခရာ ၍ နေ သောကြောင့် “ အို .. လူပျိုပါပဲ ခင်ရယ် ၊ အစစ်ပါ ” ဟု ပြောရင်း နှစ်ယောက် သား ငြိမ်သက်၍ နေကြလေတော့ သတည်း ။
ထွန်းသိင်္ဂါ
ဗန္ဓုလဂျာနယ် ဝတ္ထုများ
No comments:
Post a Comment