ကျော်
မော်လမြိုင်မြို့ ကို ရောက်တုန်းရောက်ခိုက် မြို့သူမြို့သားတွေ စုပေါင်း တည်ဆောက် ထားတဲ့ သုသာန်အအေးတိုက် ကို သွား ကြည့်မိပါတယ် ။ ပုဂ္ဂလိက တွေ စေတနာ နဲ့ စုပေါင်း တည်ဆောက် ထားတဲ့ အအေးတိုက်မျိုး မော်လမြိုင် မှာ ပဲ ရှိသေးတယ် ။ မော်လမြိုင် မြန်မာသုသာန်အအေးတိုက် မှာ ရုပ်အလောင်း ဆယ်ခု တစ်ပြိုင်တည်း ထားနိုင်တယ် ။
မော်လမြိုင် - ကျိုက်မရော ကားလမ်းမ ဘေး မှာ ရှိတဲ့ အအေးတိုက် က အပြန် မှာ ဦးချိုချို ရဲ့ မော်လမြိုင် ကွန်ကရစ်ကျောက်တိုင်လုပ်ငန်း မှာ ခဏ နားတယ် ။ ကျွန်တော့် ကို အအေးတိုက် လိုက် ပြ တာက ဦးချိုချို နဲ့ ဦးမင်းသိန်းမြင့် ပါ ။ သူတို့ နှစ်ယောက် က ကျော် အော့ဖ်ဆက်လုပ်ငန်းပိုင်ရှင် ဦးမောင်ငယ် ရဲ့ ကြိုးစားခဲ့ပုံတွေ ပြန် ပြောပြ ကြတယ် ။ ကျွန်တော် က တွေ့ချင်တယ် ပြောတော့ ဦးမင်းသိန်းမြင့် က ဖုန်း ဆက် ပြီး ချိန်းဆို ပေးတယ် ။
ကျွန်တော်တို့ သုံးယောက် ဗဟိုလမ်း နဲ့ ဝတ်ကြည်ဘုရားလမ်း ထောင့် မှာ ရှိတဲ့ ကျော်အော့ဖ်ဆက် ပုံနှိပ်တိုက် ကို သွားကြတယ် ။ နှစ်ထပ်တိုက် အောက်ထပ် မှာ ပုံနှိပ်လုပ်ငန်း နဲ့ ဗီနိုင်းစက် ရှိတယ် ။ ကျွန်တော်တို့ အိမ် အပေါ်ထပ် ကို တက်ခဲ့ ကြပြီး ဆိုဖာ မှာ ထိုင်ကြပါတယ် ။ ကိုယ့် ကိုယ် ကိုယ် မိတ်ဆက် ၊ သူ့ ဘဝ အကြောင်း ရေးချင်တဲ့ ရည်ရွယ်ချက် ကို ပြောပြီး ဦးမောင်ငယ် ရဲ့ ငယ်ဘဝ ကို ကျွန်တော် က စ မေးတယ် ။
“ မွေးတာ ကတော့ ချောင်းဆုံမြို့နယ် ၊ မူးရစ်ကလေးကျေးရွာ ပေါ့ ။ ပြောရရင် တော့ အမေ့ ဘက် က အဘိုးတွေ က လယ်ပိုင်ရှင် ၊ ရော်ဘာခြံ တွေ ရှိတယ် ။ အမေ က အဲဒီ ရွာသူ ။ အဖေက မော်လမြိုင် ၊ ဒေါင်းမင်းရပ်ကွက် က ။ အမေ့ ရွာ သွား မွေးတာ ၊ အဖေ က မြို့ မှာပဲ စီးပွားရေး လုပ်မယ် ဆိုပြီး မော်လမြိုင် မှာ အခြေချ နေကြတာ ”
“ မိဘတွေ က ဘာ အလုပ် လုပ်တာလဲ ”
“ ဆေးရွက်ကြီး ပွဲရုံ ၊ ကျွန်တော့် မှာ ကျောင်းပညာ အရည်အသွေး ကတော့ နည်းတယ် ။ ရှစ်တန်း လောက် အထိပဲ ကျောင်း နေခဲ့ရတယ် ။ ကျွန်တော် ၁၃ နှစ် ၊ ၁၄ နှစ် လောက် မှာ အမေ ဆုံးသွားတယ် ။ အမေ ဆုံးသွား ပြီးတော့ အိမ်ကိစ္စ လုပ်တာတို့ ဘာတို့ ကူ လုပ်ပေးရတယ် ။ အဖေ နဲ့ ညီအစ်ကို အရင်း ဦးလေး နဲ့ အဖေ က ရှယ်ယာ ထည့်ပြီး ပုံနှိပ်စက် ထောင် ထားတယ် ။ ရွှေဝါပုံနှိပ်တိုက် မှာ အလုပ်သင် အဖြစ် ၁၄ နှစ်သား မှာ အစပျိုး လုပ်ရတယ် ”
“ ဘာတွေ လုပ်ရတာလဲ ”
“ လက်ဖက်ရည် ဝယ်ခိုင်း ၊ တံမြက်စည်း လှည်းခိုင်း ၊ အမှိုက် ပစ်ခိုင်း ဒါလောက်ပါပဲ ။ အဲဒါ တစ်နှစ် ကျော် ကြာတယ် ။ ကျွန်တော် က ဟိုစပ်စပ် ဒီစပ်စပ် နိုင်တော့
အလုပ်သမားတွေ ထမင်းစား ပြန်ရင် စက် ဝင်ရိုက် ၊ စာစီသမား ပြန်စားရင် စာစီ ဝင် လုပ်ပေါ့ ။ တိတ်တိတ်ကလေး ဝင် ဝင် လုပ်တာ ”
ပြောနေရင်း သူ က ရယ်ပါတယ် ။
“ ကိုယ် က ကလေးပဲ ရှိသေးတာ ။ စက်တွေ ဝင် ရိုက်တော့ အမှားအယွင်း မဖြစ်ဘူးလား ”
“ စက်သမားတွေ က ကျွန်တော့် ကို ကာလာ တော့ ပေးမရိုက်ဘူး ။ ဆောလစ်တွေ ၊ အကြမ်းတွေ ရိုက်ကြည့် ၊ လက်သားတွေ မာဂျင်တွေ ကိုက်ပြီး မှ ၊ မှန်လာ မှ ပင် ချိန်တာတို့ ၊ အရောင် နှစ်ရောင် သုံးရောင် ရိုက်တာတို့ သင်ပေးတယ် ။ တစ်ခါတလေ ကာလာ ရိုက်တာ လွဲ သွားရော ။ လွဲသွားတဲ့ အခါ အလုပ်သမားတွေ က မင်း ရိုက်တာနော် ၊ မင်း ရိုက်တာနော် နဲ့ ”
သူ က ပြောရင်း ပြုံးတယ် ။
“ အရွက် လေးငါးဆယ် လွဲ သွားတာ ဖယ်ရတာပေါ့ ။ လုပ်ရင်း လုပ်ရင်း
တဖြည်းဖြည်း နဲ့ တော်တော် လုပ်တတ် လာတယ် ။ အလုပ်တွေ အလျင် လို လာရင် ၊ အလုပ်သမား တစ်ယောက် ဖျားနာလို့ မလာနိုင်ရင် ဝင် လုပ်တယ် ”
“ ဦးလေး က လုပ်ခ မပေးဘူးလား ”
“ မုန့်ဖိုး တစ်လ ငါးဆယ် ( ကျပ် ၅၀ ) ပေးတယ် ။ လခ ကို သုံးလ တစ်ကြိမ် ရှင်းပေးတယ် ။ ရတဲ့ ငွေ တစ်ရာ့ငါးဆယ် ဘယ်လို လုပ်သလဲ ဆိုတော့ စက္ကူ ဝယ်တယ် ။ လျှောက်လွှာဆိုက် တွေ ရသလောက် ဝယ်ထားတာ ၊ စုထားလိုက်တာ သုံးလေးနှစ် ကြာတော့ စက္ကူတွေ ပြန်ရောင်းတာ ငွေ တစ်သောင်း တစ်ထောင် လားပဲ ရတယ် ”
ဦးမောင်ငယ် က စိတ်ပါလက်ပါ ပြောပြ နေချိန်မှာ ကျွန်တော် က သူ့ ရဲ့ အသက်ဝင်တဲ့ ဓာတ်ပုံ ကို ရဖို့ ကင်မရာ ထုတ် လိုက်တိုင်း သူ က ကိုယ်ရှိန်သ,တ်ပြီး ခပ်တောင့်တောင့် ပြန် ထိုင်ကာ ဓာတ်ပုံ အရိုက်ခံတယ် ။
“ ဘယ်အရွယ် အထိ ပုံနှိပ်လုပ်ငန်း လုပ်သလဲ ”
“ ၁၉ နှစ်သား မှာ ကျွန်တော် မိန်းမ ခိုးပြေး သွားတယ် ။ ကျွန်တော့် အမျိုးသမီး နဲ့ ကျွန်တော် က ငယ်ငယ် က ကျောင်းနေဖက် သူငယ်ချင်း ၊ ကျောင်း သွားလည်း အတူတူပဲ ။ ကျောင်းသွားတာချင်း တူပေမယ့် ကြိုက်တယ် ပြုတယ် တော့ မရှိပါဘူး ။ ကိုယ် က ရှစ်တန်း က ကျောင်းထွက် ခဲ့ရတာ ။ သူ ဆယ်တန်း ရောက်တော့ ကျွန်တော့် စိတ် မှာ အရမ်း ခံစားရတယ် ။ ကျွန်တော် က ပညာ ကို ဘွဲ့ရတဲ့ အထိ သင်ချင်တယ် ။ ဒါပေမဲ့ အကြောင်း အမျိုးမျိုး ကြောင့် ကျောင်း ဆက် မနေရဘူး ။ သူငယ်ချင်းတွေ ကျောင်း သွားတာ တွေ့ရင် ရှက်လို့ အလုပ်ခန်း ထဲ ဝင်ပြီး ကျွန်တော် ပုန်းနေတယ် ။
ကျွန်တော့် အမျိုးသမီး နာမည် က ဒေါ်မြလွင် ၊ ကျွန်တော် အိမ်ထောင် ပြုရင် ကိုယ် နဲ့ လူမျိုးတူ တဲ့ မွန် ပဲယူမယ် ဆုံးဖြတ် ထားတာ ။ နောက်ဆုံးတော့ သူ့ ကို ခိုးပြေးတာပဲ ”
“ မိဘတွေ က သဘော မတူလို့လား ”
“ ကျွန်တော့် အဖေ က ရည်ရွယ်ထား တာ ရှိတယ် ။ ကျွန်တော် က ကိုယ် ကြိုက်တာ ကိုယ် ယူတော့ ကိုယ့် ဘဝ ကိုယ် ထူထောင်ပေါ့ ။ မွန်ထုံးစံ အတိုင်း မင်္ဂလာဧည့်ခံပွဲ တွေ လုပ် ၊ အဖေ့ အိမ် မှာ ၁၅ ရက် လောက် နေပြီး အမျိုးသမီး ရဲ့ မိဘအိမ် ကို ရွှေ့ခဲ့တယ် ။ သူ့ အိမ် မှာက သူ့ အဖေ တစ်ယောက် တည်း ရှိတာ ။ အဲဒီ အချိန် မှာ ပိုက်ဆံ က ငါးရာ့ခြောက်ဆယ် ( ကျပ် ၅၆၀ ) ပဲ ပါတယ် ။ ကျွန်တော် ဘာလုပ်သလဲ ဆိုတော့ ရှိတဲ့ ငွေလေး နဲ့ ကာကီစက္ကူညိုတွေ ဝယ်တယ် ။ စာအိတ်လေးတွေ ချိုးပြီး သွား သွင်းတယ် ။ ကျွန်တော် စ လုပ်တဲ့ အချိန် မှာ တစ်ရက် ဝင်ငွေ က ငါးကျပ် ကနေ တစ်ဆယ်
ကြား ရတယ် ။ အိမ်စရိတ် က တစ်ရက် ပျှမ်းမျှ ငါးကျပ် လောက် ပဲ ကုန်တယ် ။ အိမ်တိုင် မှာ ကျွန်တော် စာ ရေး လိုက်တယ် ။ တစ်လ ပြည့် ရင် ငွေ တစ်ထောင် ရအောင် စုမယ် ”
တစ်ရက် မှ ငါးကျပ် လောက်ပဲ ဝင်ငွေ က ပိုနိုင်တဲ့သူ က တစ်လ ကို ငွေကျပ် ၁ဝဝဝ စုဖို့ ဆိုတာ အလှမ်း ကွာလွန်းတယ်လို့ ကျွန်တော် တွေး နေ မိပါတယ် ။
“ တစ်ရက် မှ ငါးကျပ် ၊ တစ်လ မှ တစ်ရာ့ငါးဆယ် ဆိုတော့ ဘယ်လို လုပ်ရင် ကောင်းမလဲပေါ့ ။ အဲဒီ အချိန် က ဆီးပြား တို့ ၊ ရှာမီတော်ဖီ တို့ ရှိတယ် ။ ရုံးသုံးစက္ကူဟောင်းတွေ ကို ပုံနှိပ်ပြီး မုန့် ထုပ်တာ ။ တစ်ရက် ကျတော့ မွှေး ဆိုတဲ့ ဆီးပြားတိုက် ကျွန်တော် ရောက်တယ် ။ စက္ကူဟောင်းတွေ ကို ဘယ်လို ဝယ်သလဲ မေးတော့ တစ်ပိဿာ သုံးကျပ်ခွဲ ၊ လေးကျပ် ဝယ်ရတယ်တဲ့ ။ အဲဒီလို ဝယ်တော့ စက္ကူ က အထူအပါး အစုံပါတယ် ။ ရွက်ရေ ၅ဝဝ လောက် ဆို ဝယ်ရင် အဆင် ပြေမှာလား မေးတော့ သူ က သဘောကျတယ် ။ ကျွန်တော် က ရွက်ရေ ၅၀၀ ပါတဲ့ အစည်းတွေ စည်းပြီး အရွက် ၄၀၀၀ တစ်ထုပ် ကို အစိတ် ( ၂၅ ကျပ် ) နဲ့ ရောင်းပေးတယ် ”
ကျွန်တော်တို့ အတွက် လီမွန်တီး နဲ့ ကိတ်မုန့်တွေ လာချတယ် ။ ကျွန်တော် က သူ့ ရဲ့ တစ်လ တစ်ထောင် စုမယ့် စီမံကိန်း ကို ပိုပြီး စိတ်ဝင်စား နေတယ် ။
“ စက္ကူ ဘယ်က ရမှာလဲ ကျွန်တော် စဉ်းစားတော့ ရုံးတွေ က ရမယ် ။ ရုံးတွေ မှာ စက္ကူလေလံ သာ သွား ဆွဲရမယ် ငွေ က မရှိဘူး ။ ကျွန်တော့် အမျိုးသမီး ရဲ့ အဖေ ကို ပြောပြတော့ သူ က တစ်ဆယ်တန် အသစ် ရာစည်း တစ်စည်း ထုတ် ပေးတယ် ။ ပိုက်ဆံ တစ်ထောင် ( ကျပ် ၁ဝဝဝ ) ပေါ့ ။ အဲဒီတော့ အရမ်း ပျော်သွားတယ် ။ ရုံးတွေ က စက္ကူတွေ လေလံဆွဲ ၊ ပြန်ရောင်း နဲ့ သုံးလ အတွင်း မှာ ကျွန်တော့် အရင်းအနှီး က တစ်သောင်း ( ကျပ် ၁ဝဝဝဝ ) လောက် ဖြစ်သွားတယ် ”
“ နောက်တော့ကော ” လို့ ကျွန်တော် က စကား ထောက် ပေးပါတယ် ။
“ အရင်းအနှီး ရှိလာတော့ ရန်ကုန် တက်ပြီး စက္ကူအဟောင်း ဝယ်တယ် ။ ကုန်ကား နဲ့ မော်လမြိုင် တိုက်ပြီး အလုပ်သမားတွေ နဲ့ ရွေးခိုင်းတယ် ။ အလုပ်သမား တစ်ယောက် ကနေ နှစ်ယောက် ၊ နှစ်ယောက် ကနေ တဖြည်းဖြည်း နဲ့ ဆယ်ယောက် လောက် ဖြစ် လာတယ် ။ စက္ကူတွေ ကို အကြမ်း က တစ်မျိုး ၊ အဖြူ က တစ်မျိုး ၊ အညို က တစ်မျိုး ၊ ဘယ်ညာ က တစ်မျိုး ရွေးပြီး ပြန် ရောင်းတယ် ။ အဲဒါ လေး ၊ ငါးခြောက်လ ကြာတော့ ကျွန်တော့် အရင်း က ခုနစ်သောင်း ( ကျပ် ၇၀၀၀၀ ) ကျော်ကျော် ဖြစ်သွားတယ် ”
အဲဒီ ကာလ က ဆိုရှယ်လစ် စီးပွားရေးခေတ် မှာ သမဝါယမ စီမံကိန်း အပါအဝင် စီးပွားရေး စီမံကိန်းကြီး တွေ အများကြီး ရေးဆွဲ နေကြချိန် ဖြစ်လို့ ရုံးတွေ က ပြန်ရောင်းတဲ့ စက္ကူတွေ ဟာ ဦးမောင်ငယ် အတွက် တော့ ရတနာပုံဆိုက် နေမှာပဲလို့ ကျွန်တော် တွေးနေမိတယ် ။
“ အဲဒီလောက် ဖြစ်သွားတဲ့ အချိန် မှာ ဆေးလိပ်ခုံတွေ က ဆေးလိပ် နောက်ပတ် စက္ကူဖြတ်စလေးတွေ လိုတာ ကျွန်တော် သွင်း ပေးတယ် ။ လုပ်ငန်း အသစ်ပေါ့ ။ အဲဒါ တစ်နှစ် လောက် ရှိတော့ အရင်း က တစ်သိန်း ( ကျပ် ၁ဝဝဝဝဝ ) လောက် ဖြစ်သွားတယ် ”
“ အဲဒါ ၁၉၈၁ ခုနှစ် ဝန်းကျင်လား ”
“ အဲဒီ အချိန်လောက်ပဲ ။ ကျွန်တော် စက္ကူ အချောလိုင်း ပါ ရောင်းမယ် လို့ စဉ်းစားတယ် ။ ရန်ကုန် တက်သွားပြီး ၃၂ လမ်း က စစ်တောင်းစက္ကူ ၊ နော်ဝေစက္ကူ ၊
ကာကီစက္ကူ တွေ ဝယ်ပြီး မော်လမြိုင် မှာ ဆိုက်ကား နှစ်စီး ပေါ် တင်တယ် ။ ပုံနှိပ်တိုက်တွေ ကို ဆိုက်ကား နှစ်စီး နဲ့ ပတ် သွားတယ် ။ မော်လမြိုင် မှာ ပုံနှိပ်တိုက် ၃၃ တိုက် ရှိတယ် ၊ ဒါတွေကို စက္ကူ လည် ရောင်းတယ် ။ ရောင်းတော့ ကျွန်တော် က တော်တော် ရောင်းရတယ်ဗျ ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် က ဈေးနှုန်း လည်း မှန်တယ် ၊ အိမ်တိုင်ရာရောက် လည်း ပို့ပေးတယ် ။ အဲဒီ အချိန်တုန်းက ပုံနှိပ်တိုက်တွေ အစိုးရ ဆီက ခွဲတမ်း ရတယ် ။ တချို့ ပုံနှိပ်တိုက် က မဝယ်နိုင်ဘူး ။ ကျွန်တော် က ပုံနှိပ်တိုက်တွေ ကို စက္ကူလိုက် ရောင်းရင်း သူတို့ ဆီက ခွဲတမ်း ပြန် ဝယ်တယ် ။ အဲဒီမှာ ပုံနှိပ်ဆေးဘူးတွေ ပါတယ် ။ စက္ကူ အမျိုးစုံပါတယ် ။ အဲဒီ အချိန်က အစိုးရ ထုတ်ပေး လိုက်တဲ့ ပစ္စည်း ကို သုံးလေးလ လောက် ထားလိုက်ရင် ဈေးက တက် သွားရော ”
အဲဒီ ကာလ က ခေတ်စား ခဲ့တဲ့ ဆိုရှယ်လစ် အသီးအပွင့်တွေ ကို ခံစားရမယ် ဆိုတဲ့ စကား ကို သတိရမိသွားတယ် ။
“ အရောင်းအဝယ်တွေ လုပ်ရင်း လုပ်ရင်းနဲ့ ၁၉၈၆ ခုနှစ် ရောက်တော့ အဆင်ပြေ သွားပြီ ၊ နေတဲ့ အိမ်ကို ပျဉ်ထောင်အိမ် ကနေ တိုက်ကလေး ဆောက် လိုက်ပြီ ၊ အဲဒီ အချိန်မှာပဲ ဒူးယားစီးကရက် စက်ရုံမှူး က ဆေးလိပ်ဘူး ရိုက်ဖို့ ဆေးဘူးသင်္ဘော အချိန်မီ ဝင် မလာလို့တဲ့ မော်လမြိုင် ဆင်းလာတယ် ။ ဆေးဘူး မှာခိုင်းတယ် ။ ဆေးဘူး နမူနာ ပေးလိုက်ပြီး ယိုးဒယား မှာ စုံစမ်း ခိုင်းတော့ ရှိတယ်တဲ့ ။ ကျွန်တော် က ကြားခံပြီး ငါးကျပ်စား နဲ့ ဝယ်ပေး လိုက်တယ် ”
ရုံးသုံးစက္ကူဟောင်း ကို စာအိတ်ချိုး ရောင်းတဲ့ ဘဝ ကနေ နိုင်ငံရပ်ခြား က ပစ္စည်း မှာ ရောင်းပေးတဲ့ အဆင့် ကို တက်လှမ်း လာတဲ့ ဦးမောင်ငယ် ကို လေးစားစိတ် နဲ့ ကျွန်တော် ကြည့်မိတယ် ။ အသားညိုညို ဆံပင်ခပ်တိုတို ၊ မျက်နှာထားချိုချို ။
“ အဲဒီ နှစ်မှာပဲ ဘယ်လို ဖြစ်သလဲ ဆိုတော့ Calendar ( ပြက္ခဒိန် ) ရိုက်တဲ့ အတ်ပေပါ က ရန်ကုန် မှာ အရမ်း ရှား သွားတယ် ။ သူငယ်ချင်း တစ်ယောက် က ယိုးဒယား က အတ်ပေပါ လာ ပြတယ် ။ ရန်ကုန် မှာ စုံစမ်း လိုက်တော့ တစ်ထုပ် တစ်ထောင့်ငါးရာ ( ကျပ် ၁၅၀ဝ ) ။ ဖြစ်ပုံက အဲဒီ လူ ကလည်း ပိုစတာ မှာတာပါ ၊ ပိုစတာ အစား ဗြောင်တွေ ပါလာတာ ။ ရန်ကုန် က ငြိမ်းချမ်းရေးပိုစတာ နဲ့ အဲဒီ လူ ကို ကျွန်တော် က ဂျွိုင်း ပေးတယ် ၊ ယိုးဒယားစက္ကူလိုင်း ကျွန်တော့် အတွက် ပွင့် သွားတယ် ။ ရန်ကုန် က စက္ကူဆိုင်ကြီးတွေ နဲ့ ပုံနှိပ်တိုက်ကြီးတွေ ကို တောင်ပေါ်လိုင်း က စက္ကူ ချပြီး တောက်လျှောက် ပို့ပေးရတာ ။ အဲဒီမှာ ကျွန်တော် တက် သွားတာ ။ ၁၉၈၆ ခုနှစ် မှာ ကျွန်တော့် ပိုင်ဆိုင်မှုက သိန်း ရာ နဲ့ ဖြစ်သွားပြီ ”
စကား ပြောတာ ခဏ နားပြီး ကျွန်တော်တို့ လက်ဖက်ရည် သောက်ကြတယ် ။
“ အရေးအခင်း ဖြစ် ပြီးတော့ ယိုးဒယားစက္ကူ သွင်းတာ သိပ် ခွင် မဝင်တော့ဘူး ။ အဲဒါနဲ့ ပီနန်လိုင်း ၊ ကျွန်တော်တို့ က လှေလိုင်း ခေါ်တယ် ။ လှေလိုင်း သွား လုပ်တာ ကျွန်တော် အရင်း ပြုတ်သွားတယ် ”
“ ဘာဖြစ်တာလဲ ”
“ စက္ကူ လုပ်တာပဲ ။ စက်လှေ အဖမ်း ခံရလို့ ပြုတ်တာ ။ ကျွန်တော့် မှာ ဘာတွေ ကျန်သလဲ ဆိုတော့ အိမ် ကျန်တယ် ၊ ရွှေ ကျန်တယ် ၊ ကား ကျန်တယ် ။ ကျွန်တော့် မှာ ကျန်သမျှ ငွေ အားလုံး ပြန် စုလိုက်တော့ ငွေ ၁၅ သိန်း လောက်ရှိတယ် ။ အဲဒီ ငွေ ၁၅ သိန်းလုံး ကို လှူ ပစ်လိုက်မယ်ပေါ့ ။ ရှိတဲ့ ပိုက်ဆံ နဲ့ လှူမယ် ဆိုပြီး လှူတာ ၄ဝဝဝဝ လောက် အကြွေး တင် သွားတယ် ။ အဲဒီတုန်းက ရွှေဈေး က တစ်သောင်းနှစ်ထောင် ( ကျပ် ၁၂ဝဝဝ ) လား ၊ တစ်သောင်းသုံးထောင် ( ကျပ် ၁၃၀၀၀ ) လား ရှိတယ် ။ မိန်းမ ရဲ့ရွှေတွေ ရောင်းပြီး လှူတဲ့ အထဲ ထည့်လိုက်တယ် ”
“ ကိုယ့် မှာ စက်လှေ အဖမ်း ခံရလို့ အရင်းပြုတ် နေတဲ့ အချိန် မှာ ရှိတဲ့ ငွေ ကို ကုတ်ကတ် ထားပြီး အရင်း လုပ်ဖို့ စိတ် မကူးဘူးလား ”
“ ကျွန်တော် ကောင်းတဲ့ အလုပ် မလုပ်ရသေးဘူး ။ ငွေတွေ ဒါလောက် အများကြီးတောင် မှ ဆုံးရှုံး သေးတာ ။ ၁၅ သိန်း လောက် ဘာကြောင့် မလှူနိုင်ရမှာလဲ ဆိုပြီး လှူပစ်တာ ။ အဲဒီလိုမျိုး လှူလိုက်တဲ့ အခါ မမြင်ရတဲ့ အားတွေ ယုံကြည်မှုတွေ ပိုပြီး တက်လာတယ် ။ ကိုယ် ရတဲ့ ငွေ ကို တန်ဖိုး ရှိတဲ့ နေရာမှာပဲ သုံးတော့မယ် ။ အဲဒါ ၁၉၉၃ ၊ ကျွန်တော့် အသက် က လည်း ၃၃ နှစ် လောက်ပဲ ရှိသေးတယ် ။ နောက်ထပ် စမယ့် အချိန် ဟာ ဘဝ အတွက် အကောင်းဆုံး လို့ပဲ သဘော ထားတယ် ။ ၁၉၉၃ မှာ ကျွန်တော် အော့ဖ်ဆက် စလုပ်တယ် ”
“ အော့ဖ်ဆက် လုပ်တော့ ရှိတဲ့ ငွေကို ထုခွဲရတာလား ”
“ မဟုတ်ဘူး ။ ရန်ကုန် က ဌေးအောင် ဆိုတဲ့ သူငယ်ချင်း က ဆဲဗင်း ဆိုတဲ့ စက်ကလေး တစ်လုံး ကို ငါးသိန်း နဲ့ အကြွေး ဝယ်ပေး လိုက်တာ ။ သုံးလ ပဲ ကြာတယ် ။ စက်ကလေး အရင်း ကျေ သွားတယ် ။ အော့ဖ်ဆက် လုပ်ရင်း ရတာလှူသွား လိုက်တာ ခုဆို ၁၈ နှစ် ။ ပြောရင် ယုံမှာတောင် မဟုတ်ဘူး ။ ၁၉၉၉ ခုနှစ် မှာ သိန်း ၂ဝဝ ကျော် လှူပြီးသွားတယ် ။ ခုလည်း အများကြီး လှူနေတုန်းပဲ ”
ကျွန်တော်တို့ စကား ထိုင် ပြောနေတာ နည်းနည်း ကြာသွားပြီ ။ အပြင် မှာ မှောင် နေပြီ ။ ဦးမောင်ငယ် က ခပ်ငေးငေး ခပ်တွေးတွေး လုပ်နေရာက စကား ဆက် ပြောတယ် ။
“ ကျွန်တော် စဉ်းစားတာ က ကျွန်တော် သေသွားရင် ကျွန်တော် နဲ့ ဘာမှ ပါသွားမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ကျွန်တော် ကောင်းတာ ၊ မကောင်းတာ တွေ က ကျွန်တော့် သားမြေးတွေ အပေါ်မှာ ခံစားမှုတွေ ရှိနေမှာ ။ ဒါကြောင့် ကျွန်တော့် ကိုယ်ကျင့်တရား နဲ့
စိတ်ကောင်းစေတနာ ကို အပျက် မခံဘူး ”
မိုး လည်း ချုပ်လာပြီမို့ သူ့ ကို နှုတ်ဆက်ပြီး ကျွန်တော် တည်းခိုရာ ကို ပြန်လာခဲ့တယ် ။ နောက်နေ့ မနက်ခင်း မှာ ဦးချိုချို ၊ ဦးမင်းသိန်းမြင့် တို့နဲ့ အတူ ကျိုက္ခမီလမ်း မှာ ရှိတဲ့ ဦးတင်လှိုင်ရဲ့ ကျော်ကြား ဆောက်လုပ်ရေးပစ္စည်းဆိုင် ကို သွား လည်တယ် ။ ဦးမောင်ငယ် လည်း ရောက် လာတယ် ။ ဆိုင်ရှေ့ မှာ ဦးတင်လှိုင် က စိတ်ကူးကောင်းကောင်း နဲ့ လုပ်ထားတဲ့ နားခိုစရာ နေရာလေး မှာ ကျွန်တော် တို့ ထိုင်မိကြတော့ ဦးမောင်ငယ် ကြုံခဲ့ဖူးတဲ့ အခက်အခဲတွေ အကြောင်း စကား စပ်မိသွားတယ် ။
“ ယိုးဒယား ကနေ ပစ္စည်းတွေ ဝယ်ချလာတဲ့ အခေါက်ပေါ့ ။ ချောင်းနှစ်ခွ မှာ ကျွန်တော့် ပစ္စည်းတွေ ဓားပြတိုက် ခံရတယ် ။ ညနေ ၅းဝဝ နာရီ လောက် မှာ ကျွန်တော့် ပစ္စည်းတွေ က ဈေး ထဲကို ကယ်ရီတွေနဲ့ တန်းစီ ဝင်လာတယ် ၊ ကျွန်တော် က ဈေး ထဲ မှာ ဘယ်လို မှာထားသလဲ ဆိုတော့ ဟောဒီလိုမျိုး ဆေးပုံးတွေ တစ်ပုံး တွေ့ရင် တစ်ပုံး ငါးရာ ( ကျပ် ၅၀ဝ ) နှုန်းနဲ့ ဈေး ရောက်လာသမျှ ဆေးပုံး အားလုံး အတွက် ပေးမယ် လို့ ပြောထားတယ် ။ ဖြစ်ချင်တော့ အလုပ်သမား တစ်ယောက် က ဆရာ တွေ့ပြီလို့ လာ ပြောတယ် ။ ဆေးပုံးတွေ လာချတဲ့ ဆိုင် ကို ကျွန်တော် ဝယ်လာတဲ့ စာရင်း နဲ့ ပြလိုက်တယ် ။ အဲဒီ အချိန်မှာပဲ ရဲအရာရှိ ကိုမောင်မောင် ကလည်း ဈေး ထဲ ရောက်နေတယ် ။ ဓားပြတိုက် ထားတဲ့ လူတွေ က ပစ္စည်း ချပြီး ပြေးပါလေရော ”
ဦးမောင်ငယ် က ပြောရင်း ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။
ကျော်ရင်မြင့်
ဘဝကြေးမုံ အဖြစ်စုံ
No comments:
Post a Comment