Wednesday, November 27, 2024

အခွံများ


 အခွံများ

( သန်းမြင့်အောင် )


အနှစ်သာရ မဲ့သော အပေါ်ယံ အပြုံးများ နှင့် နှလုံးသား မပါသော လှုပ်ရှားမှု မှန်သမျှကို သတ်မှတ်ချက် တစ်စုံတစ်ရာ တော့ ပေးဖို့ လိုအပ်နေကြောင်း ကျွန်မ မကြာခဏ သတိရ နေမိသည် ။


စိတ်ကူးများစွာ နှင့် လျှောက်လာနေရင်းမှ အမှတ်မထင် ရပ်တန့်သွားသော ခြေလှမ်း အချမှာ ရုတ်တရက် သတိပြုမိသော အရာ ကတော့ တစ်ချိန်သော ကာလ က မော်တော်ယာဉ်များ ရပ်တန့်ပေးရ လောက်အောင် လူစည်ကား ခဲ့သော လူသုံးကုန်ပစ္စည်းများ ပြည့်လျှံ နေခဲ့ဖူးသော ထို အဆောက်အအုံသစ်ကြီး ၏ အောက်နား အရောက် မှာ ပင် ဖြစ်သည် ။


ooooooooooooo


မကြာခင် မှတ်တိုင် တစ်ခု ဆီသို့ ကျွန်မ ရောက်လာခဲ့သည် ။ ဘတ်စ်ကား စောင့်နေစဉ် အတွင်း မှာ ပင် မိတ်ဟောင်းဆွေဟောင်း တစ်ယောက် မောင်းလာသော ကား တစ်စင်း က ကျွန်မ အနီး မှာ ရပ်ပြီး ကျွန်မ အား လမ်းကြုံ လိုက်ရန် ခေါ်သည် ။ သူတို့ ဇနီးမောင်နှံ ၏ ဖိတ်ခေါ်ချက် ကို ငြင်းပယ်လိုက်ခြင်း က ရိုင်းရာကျသွားခြင်း ရှိ ၊ မရှိ ထက် ကျွန်မ စဉ်းစားမိသည် က ကိုထွန်းလွင် ဆိုသော လူတစ်ယောက် အကြောင်း သာ ဖြစ်သည် ။ ကိုထွန်းလွင် ဆိုသူကား သူတို့ ဇနီးမောင်နှံ ၏ အားကိုး အားထားပြုခဲ့ဖူး သော မိတ်ဆွေစစ်ကြီး တစ်ယောက် ဖြစ်သည် ။ ကျွန်မ သူငယ်ချင်း ဖြစ်သော ထို အမျိုးသမီး ကို မပြည့်မစုံ နှင့် အိမ်ထောင် ပြုလိုက်သော ထို အမျိုးသား ( စောစောက

ကားပိုင်ရှင် ဇနီးမောင်နှံ ) တို့ ၏ အိမ်ထောင်ဦး ကို ကိုထွန်းလွင် ဆိုသော နောင်အခါ သူတို့ မိတ်ဆက် ပေး၍ မိတ်ဆွေ ဖြစ်ခွင့်ရခဲ့သော သူ က အစစအရာရာ ကူညီထူထောင် ပေးခဲ့ကြောင်း ကျွန်မတို့ အသိုင်းအဝန်း တစ်ခုလုံး သိခဲ့ရသည် ။ သူတို့ အိမ်ထောင်သက် ၏ သုံးပုံ တစ်ပုံ ခန့် မှာ ကိုထွန်းလွင် ၏ အကူအညီ အထောက်အပံ့ နှင့် ထူမတ် လာခဲ့ပြီး ကိုယ့်အိမ် ၊ ကိုယ့်ရာ ၊ ကိုယ့်လုပ်ငန်း နှင့် အခြေတကျ ရှိသော အခါတွင် တော့ ကိုထွန်းလွင် ဆိုသူ လူတစ်ယောက် ကို သူတို့ မေ့ထားခဲ့ကြသည် ။ ကင်ဆာရောဂါ နှင့် ဆေးရုံ တင်ရသော ကျွန်မ ၏ ဘကြီး တစ်ယောက် ထံ အသွား တွင် ဆေးရုံကြီး ကင်ဆာဝဒ် ၌ အမှီအတွယ်မဲ့ ဝေဒနာသည် ကိုထွန်းလွင် ကို ကျွန်မ အမှတ်မထင် တွေ့စဉ်ကတော့ သူတို့ နှစ်ယောက် ထံ တကူးတက အကြောင်း ကြား ပေးခဲ့မိသေးသည် ။ ဆေးရုံ မှာ နှစ်လ တာ မျှ နေခွင့် ရသော ဘကြီး ထံ သွားတိုင်း ကိုထွန်းလွင် ထံ ကျွန်မ ဝင်ဖြစ်သော်လည်း ကိုထွန်းလွင် ဆုံးသွားသည် အထိ သူတို့ ရောက်မလာကြကြောင်း သိရသည့် အခါ မှာ တော့ လူ အချို့၏ တုံ့ပြန်အား ကို ကျွန်မ အတော်လေး ထိတ်လန့် တုန်လှုပ်ခဲ့ရသည် ။


oooooooooooo


သူတို့ နှစ်ယောက် နှင့် ကိုထွန်းလွင် အကြောင်း စဉ်းစားနေဆဲ မှာ ပင် မှတ်တိုင် သို့ ဘတ်စ်ကား တစ်စီး ထိုးဆိုက်လာ၍ ကျွန်မ အတွေးစများ ပြတ်သွားကာ ဘတ်စ်ကား ပေါ်သို့ တက် ရပ်လိုက် သည် ဘတ်စ်ကား ပေါ်မှာ မတ်တတ်ရပ် လိုက်ပါရင်း မရေမရာ အတွေးများ က ကျွန်မ ရင်ထဲသို့ စီးမျော၍ ဝင်လာကြပြန်သည် ။


တာမွေ မှ လမ်းမတော် သို့ လိုက်ပါလာသော အများသုံး ဘတ်စ်ကား တစ်စီး ပေါ်က ကျွန်မ နှင့် တက္ကစီ တစ်စင်း ကို လက် တားပြီး သက်သောင့်သက်သာ

လိုက်ပါလာသော မိန်းမ တစ်ယောက် ၏ အဓိက ကွာခြားချက် မှာ မပြောပလောက်သော အချိန်ကွာခြားမှု နှင့် ပြောပလောက်သော ခရီးစရိတ် ခြားနားမှု မှ လွဲ၍ ရောက်ရှိသွားသော နေရာဒေသ က တော့ အတူတူ ပင် ဖြစ်ပါသည် ။ သို့သော် အများသုံး ကုန်တိုက် တစ်ခု နှင့် ပုဂ္ဂလိက စတိုးဆိုင် တစ်ခု အတွင်းသို့ ဝင်ရောက် ဆက်ဆံကြည့်သော အခါတွင် တော့  အရာရာ မှာ ထူးထွေခြားနားမှု မည်သို့မျှ ရှိမနေတာ ကတော့ အံ့ဩစရာ တစ်ခု ဖြစ်နေ ပြန်သည် ။


အပ်ထည် အတွက် အလှကြယ်သီးများ ကို ရှာဖွေရင်း မှ ရောင်စုံ ချိတ်ဆွဲထားသော ပိတ်စ ဒီဇိုင်း လှလှများ ကို မြင်ရသော အခါတွင် တော့ ကျွန်မ ထံ ဒီဇိုင်းသစ် ပေါ်တိုင်း အင်္ကျီ အတော်များများ အပ်လေ့ ရှိသည့် ဖောက်သည် အမျိုးသမီး ခပ်ချောချော တစ်ယောက် ကို သတိပြေး ရလိုက်သည် ။ ကျွန်မ တပည့်မလေး တစ်ယောက် က ‘ ဂန္ဓာရုံကြီး ’ ဟု အမည်ပေး ထားသော ထို အမျိုးသမီး အင်္ကျီ လာ အပ်လျှင် လူရောက် မလာခင် အကောင်းစား ရေမွှေးနံ့များ က ကျွန်မတို့ ကို အရင် နှုတ်ဆက်လေ့ ရှိသည် ။ အင်္ကျီ တစ်ခါ အပ်လျှင် ခြောက်စုံ၊ ခုနစ်စုံ အပ်လေ့ ရှိသော ထိုအမျိုးသမီး က အင်္ကျီ တိုင်း ပေး သောအခါတွင် တော့ ဘယ်တော့မှ

မပြောင်းလဲသော အညိုရောင် ပါးလွှာဟောင်းနွမ်း နေသော အိမ်တွင်းဝတ် ဘလောက်စ် တစ်ထည် သာဖြစ်သည် ကိုယ်တိုင်း တိုင်းလျှင် လည်း လက်မခံ ၊ အခြား အင်္ကျီများ နှင့်လည်း စိတ်တိုင်း မကျဘဲ အဆင်အသွေး ဘယ်လောက် ပြောင်းပြောင်း အရောင် ဘယ်လောက်စုံစုံ ချုပ် သမျှ အင်္ကျီများ အတွက် ထို တစ်ထည်တည်း သော အတိုင်းအင်္ကျီ ကြောင့် ညှပ်ပေး ရသော တပည့်မလေးများ မကြာခဏ စိတ်ကသိကအောင့် ဖြစ်ခဲ့ရဖူးသည် ။ ပြန် ပြောလျှင် ယုံနိုင်စရာ မရှိသော မလျှော်မဖွပ်ဘဲ အမြဲတစေ ယူလာ ပေးတတ်သည့် ယင်း အင်္ကျီ အညို စိုထိုင်းထိုင်း ကလေး ထဲ မှ ကိုယ်နံ့ ဆိုးဆိုးများ က မီးပူ နှင့် ဖိပြီး ပုံချလိုက်သည့် အခါတိုင်း အငွေ့ ပြန်ပြီး တက်လာသည့် အော်ဂလီဆန်စရာ လက်ပပ်စော် အနံ့ကြောင့် ကျွန်မ မှာ မကြာခဏ ပျို့အန်ချင်စိတ် ကို မျိုသိပ်ကာ အသက်အောင့် နေခဲ့ရဖူးသည် ။ 


ကိုယ် ဝတ်ပြီးသား အင်္ကျီ တစ်ထည်ကို မလျှော်မဖွပ်ဘဲ ကိုယ်တိုင်း လာ ပေးတတ်သော ၎င်း ၏ စာနာစိတ် နှင့် ရှက်ရွံ့မှု ကို ကျွန်မ နားမလည်နိုင်၊ ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်လုံး တောင့်တောင့် မျက်နှာကျ လှလှ နှင့် ထို မိန်းမ ပြန်ထွက်သွားတိုင်း ‘ သူ့ရုပ် သူ့ ရည်လေး နဲ့ သည်လောက် ညစ်ပတ်ပြီး အားမနာတတ်တဲ့ အကြောင်း ကျွန်မတို့ ပြောပြရင် ဘယ်သူ ယုံမှာ လဲနော် ’ ဟု ပြောတတ်သည့် တပည့်မလေး ၏ စကား ကို ကျွန်မ အမြဲတစေ မချိပြုံး နှင့် ပင် တုံ့ပြန်ခဲ့မိပါသည် ။ ထိုသို့ ပြုံးနေရင်း နှင့် ပင် သူ ပေးထားသော အင်္ကျီအတိုင်း ဘလောက်စ် အညိုရောင်လေး ကို ကိုင်တွယ်တိုင်းထွာ နေရင်းမှ ကျွန်မ ၏ အတွေးအိမ် ထဲ မှာ ပြစ်မှုများ ကျူးလွန်နေမိသည် က အခါခါပင်။ ၎င်း အင်္ကျီ ကို နောက် တစ်ခါ အတိုင်း ပေး၍ မရတော့ အောင် ကတ်ကြေး ဖြင့် အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ညှပ်ပစ် နေမိခြင်း နှင့် မီးကျွမ်းသွားအောင် မီးပူ နှင့် အကြာကြီး ကပ်ထားကာ ဖျက်ဆီး ပစ်လိုက်ခြင်းတို့ ဖြစ်သည် ။


သို့သော် ကျွန်မ ထံ တွင် အသုံးငွေ ပြတ်သွားသည့် နေ့ရက်များ တွင် တော့ အနံ့ဆိုးဆိုး တစ်ခု နှင့်အတူ ထို အင်္ကျီအညိုရောင် စိုထိုင်းထိုင်းကလေး တစ်ထည် ကို သယ်ဆောင် လာမည့် မျက်နှာပန်း လှလှ နှင့် မိန်းမ တစ်ယောက် လာမည့် လမ်း ကို ကျွန်မ မျှော်နေမိပြန်သည် ပင်။


ဖဲပြားများ နှင့် အလှကြယ်သီးမျိုးစုံ ရောင်းသော ကုန်တိုက် ပထမထပ် မှ ဆိုင်တစ်ဆိုင် အရောက် တွင် တော့ ကျွန် မအတွက် လိုအပ်သော အရောင်အသွေး နှင့် အလှကြယ်သီးများ ကို ရှာဖွေ တွေ့ရှိပြီ မို့ ဝယ်ယူပြီး အောက်ထပ်သို့ ပြန် ဆင်းလာစဉ် မမျှော်လင့်ဘဲ အစ်ကို အရင်း ကဲ့သို့ ချစ်ခင် လေးစားရသော ကျွန်မ ၏ ခဲအို နှင့် သွား ဆုံသည် ။ ကျွန်မ ကို တကယ် မမြင်တာလား ၊ မမြင်ဟန် ဆောင်ပြီး ကွေ့ပတ် ကျော်ဖြတ်သွားသည် လား မသိသောသူ နှင့် လက်ချင်း ချိတ်ထားသော ရွှေတွေ သီး နေအောင် ဝတ်ထားသည့် အမျိုးသမီး က တော့ ကျွန်မ ၏ အစ်မ မဟုတ်တာ သေချာလွန်း နေ သည် ။ မမ နှင့် သူ ၏ သမီး ကို ချစ်လွန်းလှသော သမီးလေး နာဖျား နေလျှင် မျက်ရည် လည်အောင် ခံစားရတတ်သော သူ့ ကို တော့ ကျွန်မ လူ မှား ရလောက်အောင်တော့ ညံ့ဖျင်းမှု မရှိပါ။ နေရာ မှာ ခဏ ရပ်ပြီး ထူပူစွာ နှင့် ဘာလုပ်ရမှန်း မသိအောင် ကျွန်မ ဖြစ်သွားခဲ့သည် ။ ထို မိန်းမ ကို သူ့ မှာ ဇနီး နှင့် သမီး ရှိမှန်း မသိအောင် ဖုံးကွယ်ပြီး အလိုဆန္ဒ တစ်ခုခုကြောင့် ချဉ်းကပ် ခံရသော ယုံကြည်လွယ်သူ ထို မိန်းမ ကို ကျွန်မ စာနာကြည့် နေမိရင်း ပလက်ဖောင်း ပေါ်သို့ ရောက်လာသည် ။


မီးပွိုင့် တစ်နေရာ အရောက် မှာ စိမ်း နေသော အချက်ပြမီး နှင့် အရှိန်မြှင့်မောင်းနှင်လာသော ကားတန်းကြီး ကို ရပ်တန့် စောင့်ဆိုင်းနေစဉ် ပလက်ဖောင်း နှုတ်ခမ်း ကို ကျော်ပြီး ကားလမ်းမ အစပ် နားကို ' ဘုတ် ' ခနဲ ကျလာသော အသံကြောင့် ငုံ့ကြည့် မိလိုက်တော့ ငှက်ပျောခွံ သုံးလေးခု ကို တွေ့ လိုက်သည် ။ ဘေးဘီ ဝဲယာ ကို ကြည့်လိုက်တော့ ငှက်ပျောခွံ ပစ်သူ ကို ရုတ်တရက် မတွေ့မိ ၊ နောက်တော့မှ အနောက်ဘက် မှ ဆိုင်ခန်းတစ်ခု ဘေးတွင် ကပ်ပြီး ရပ်နေသော လူတစ်ယောက် နှင့် သူ့ လက် ထဲ မှ စားလက်စ ငှက်ပျောသီး တစ်လုံး ... ကျွန်မ ရင် ထဲ မှ ' တော်တော် စည်းကမ်း မရှိတဲ့ လူပဲ၊ ကားလမ်း ကူးတဲ့ နေရာ ကို မှ ငှက်ပျောခွံ ပစ်ရတယ်လို့ ၊ တစ်ယောက်ယောက်များ အရှိန် နဲ့ ကူးပြီး ပစ်လဲ သွားတုန်း ကားကြိတ်မိရင် ဒုက္ခပဲ ' လို့ တွေးနေတုန်းမှာ ကျွန်မ ဘေးက ကျော်ဖြတ်သွားတဲ့ အသားဖြူဖြူ ခပ်ငယ်ငယ် ကောင်လေး တစ်ယောက် က ရှေ့ကို နည်းနည်း ကျော်သွားပြီး တော့မှ ငှက်ပျောခွံတွေ ကျနေတဲ့ နေရာ ကို ပြန်ငဲ့ ကြည့်ပြီး နောက်ကြောင်း ပြန်လှည့်ပြီး တစ်ခု စီ လိုက် ကောက်ကာ ခပ်လှမ်းလှမ်း က အမှိုက်ပုံး ထဲကို သွားထည့်လိုက်တယ်။ သူတို့ နှစ်ယောက် ရဲ့ လှုပ်ရှားမှု ကို အမှတ်မထင် မြင်လိုက်ရတဲ့ ကျွန်မ နဲ့ ကားလမ်းကူးမယ့် သူ အချို့ ရှေ့မှာ ပဲ အဲဒီ လူ က ရှက်ရမ်းရမ်းပြီး ကောင်လေး ကို -


“ ဟေ့ကောင် မင်းက ဘာ လူတွင်ကျယ် လုပ်တာလဲကွ၊ ငါ လူကွ ၊ အသိတရား ရှိတယ် ၊ တော်ကြာရင် အမှိုက်ကျုံးတဲ့ လူ လာတော့မှာ မို့ ပစ်ချထားတာကွ ၊ နားလည်လား၊ ဒီနေရာ မှာ သူတော်ကောင်း လာ လုပ်မနေနဲ့ ”


လို့ လှမ်း ဟောက် လိုက်တဲ့ လူကြီး ကို ကောင်လေး က ရုတ်တရက် ကြောင်ပြီး ကြည့်နေပြီး တော့မှ ဘာမှ မပြောဘဲ ချာခနဲ လှည့်ထွက်သွားတာကို ကြည့်နေရင်း ကျွန်မ လူ နှစ်ယောက် ဆီမှာ ပါလာတဲ့ ဦးနှောက် တစ်စုံ ထဲ က အခွံအကာ နဲ့ အနှစ်အသား ကို ပိုင်းခြား နေမိသည် ။


လူ့ လောကကြီး ထဲမှာ အနေ ကြာလာတာနှင့် အမျှ မကြာခဏ လွဲချော် နေတတ်သော အတွေ့အကြုံများ ကို စကားဝိုင်းဖွဲ့ ပြောမိတတ်သည့် အခါများ တွင် သူငယ်ချင်း တစ်ယောက် ထံမှ ကြားရတတ်သော -


“ တချို့ လူတွေ ဟာ ဦးနှောက် မပါဘဲ အသည်းနှလုံး မပါဘဲ၊ စာနာမှု မပါဘဲ၊ အပေါ်ယံ အကာလေး တစ်ခုတည်း နှင့် ရှင်သန် နေနိုင်ကြတယ်၊ အဲဒီလူတွေဟာ သိပ် စိတ်ဝင်စားဖို့ ကောင်း တယ် ”


ဆိုသည့် စကား တစ်ခွန်း ကို သွား သတိရသည် ။ ပလက်ဖောင်း တစ်နေရာ တွင် ရှင်းလင်း ကျယ်ပြန့်နေသော ရောင်စုံကျောက်ပြားများ ကို ဖြတ်ကျော် နင်းလျှောက်လာစဉ် မျက်နှာချင်းဆိုင် အရှေ့တူရူ မှ လျှောက်လာသော အရပ် ထဲ မှ လူကြီးလူကောင်း ဟု သတ်မှတ်ခြင်း ခံထားရသည့် ပုဂ္ဂိုလ်ကြီး တစ်ဦး ၏ ငြင်သာသိမ်မွေ့သော နှုတ်ဆက်ပြုံး ကို တွေ့ထိခံစားလိုက်ရသည့် ခဏ ကျွန်မ ချက်ချင်းပင် သံစဉ်မဲ့ အပြုံး တစ်ခုဖြင့် တုံ့ပြန် ဖြစ်လိုက်သည် ။ ကျွန်မ ၏ မြင်ကွင်း ထဲမှ ထိုပု ဂ္ဂိုလ် ကွယ်ပျောက်သွားသည် နှင့် တစ်ပြိုင်နက် ကျွန်မ ၏ အပြုံးများ လည်း ပျောက်ကွယ် သွားပြီး သူ့ ရပ်ရွာ နှင့် ဆွေမျိုးသားချင်းများကြား တွင် ကျိုးပဲ့ပျက်စီး လာခဲ့သော သူ ၏ ကိုယ်ကျင့်တရား နှင့် ဂုဏ်သိက္ခာ များ ကို ကျွန်မတို့ ပတ်ဝန်းကျင် တွင် လာပြီး ပြန်လည် တည်ဆောက် နေသော သူ ၏ ကြိုးပမ်းမှုများ ကို သတိရ သွားသော အခါ၌ ကား ဆန့်ကျင်ဘက်များ နှင့် တည်ဆောက်ထားသော လောကကြီး ထဲ မှ အခွံ များ က ကျွန်မ အတွက် စိတ်ဝင်စားစရာ ပို ကောင်းလာသည် ။


အခွံများ အကြောင်း ကို စဉ်းစားတွေးတောလာ မိရင်း နောက်ဆုံး သတိပြု မိသော အကြောင်းအရာ တစ်ခု က တော့ စောစောက ပုဂ္ဂိုလ်ကြီး ကို ခံစားမှု မပါဘဲ ပြုံးပြလိုက် မိသော ကျွန်မ ကိုယ်တိုင် တစ်ခါတစ်ရံ အခွံ တစ်ခုံ ဖြစ်သွားတတ်သော ကိစ္စ ကို ပဲ ဖြစ်သည် ။


သန်းမြင့်အောင်


စံပယ်ဖြူမဂ္ဂဇင်း


ဝတ္ထုတိုပေါင်းချုပ်


No comments:

Post a Comment