Tuesday, November 19, 2024

အိပ်မက်စရန်


 

❝ အိပ်မက်စရန် ❞ 

အလွန်ပင် ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလှ၏ ။

မိန်းမသား တစ်ယောက် ၏ မာန နှင့် ဆန္ဒ တို့ ပြင်းထန်စွာ လွန်ဆွဲ အားပြိုင်ရာ မှ ရင်တွင်း ပေါက်ကွဲမှု တစ်ခု စတင်ခဲ့ခြင်း ဖြစ်လေသည် ။

နေရာတိုင်း တွင် ဆန္ဒများ လွန်ကဲ လွန်း လျှင် လောဘစိတ် နှင့် ပူလောင်ရ သကဲ့သို့ မာနကြီး လွန်း လျှင် လည်း ဒေါသစိတ် တို့ က လောင်မြိုက်နိုင်တတ်ကြောင်း သူမ ကောင်းကောင်းကြီး သိခဲ့ရပါပြီ ။

ရှားရှားပါးပါး လူသိရှင်ကြား အောင်မြင်မှု တစ်ခု ကို ပွေ့ဖက် ထားလိုသော အပြင်းစား ဆန္ဒ နှင့် လူမသိ သူမသိ အစော်ကား ခံရခြင်း အတွက် တစ်စစီ လွင့်စင် သွားတော့သည် ။

•••••   •••••   •••••

“ ကိုယ့် လက် ထဲ မှာ ဆုပ်ကိုင် မိ ပြီးသား အခွင့်အရေး တစ်ခုကို  လွယ်လွယ် နဲ့ လွှတ်မချ နိုင်တော့တာ အပြစ်လား ချိုရယ် ၊ တို့ ဘဝတွေ က အပြစ် တင်ချင် သပ ဆိုရင် လည်း ဖြစ်ချင်ရာ ဖြစ် ဇွတ် နှစ် ရမယ့် အခြေအနေ လေ ”

“ ငါ က နင့် လို မာနကြီး တစ်ခွဲသား နဲ့ နောက်ပြန် လှည့်ဖို့ ဆိုတာ က လည်း လမ်း မရှိတော့ဘူး မိချို ရဲ့ ။ ငါ က ဖောင်ဖျက်ခဲ့ ပြီးသား ။ ငါ့ ကို ခွင့်မလွှတ်ပါနဲ့တော့ ဟာ ”

သူမ ရင် က တစစ်စစ် နာကျင် ရ လွန်းသော အခါ နှုတ်ခမ်းသားတွေ အေးခဲ စေးကပ်လာ တော့၏ ။ သူငယ်ချင်း ကို ပြောချင် နေသော စကားလုံးများ က စိတ် ထဲ မှာ ပလုံစီ နေ သော်လည်း နှုတ်ခမ်းများ က ဆွံ့အပိတ်ဆို့ နေသည် ။

နှမြောလိုက်တာ နှမြောလိုက်တာ စိမ်း ရယ် ။ လက်လွှတ်လိုက်ရမယ့် ငါးစာ အကြီးကြီး ထက် ငါးမျှား ချိတ် မှာ တန်းလန်း ပါ သွားတော့မယ့် နင့် ရဲ့ စိတ်တွေ ကို နှမြောတယ် ။

အဆိပ်ရည် လူး ထားတဲ့ အခွင့်အရေး တစ်ခု ကို လွယ်လွယ် နဲ့ လွှတ်မချ နိုင်ရင်လည်း ခက်ခက်ခဲခဲ အားတင်းပြီး ကျောခိုင်း ရမှာပဲ ။ ဖဲမွေ့ရာ ပေါ် မှာ အဆိပ်သင့် နေမယ့် အစား မီးပင်လယ် ကို ခြေဗလာ နဲ့ ဖြတ်ချင် ဖြတ် ရစေဦး .... ။ ဇွဲနပဲ နဲ့ ကူးခပ်သင့်တာပဲ မဟုတ်လား ။

သတိ ဝင်စမ်းပါ ။ အသိ ရှိစမ်းပါ သူငယ်ချင်း ရယ် ။

သူမ စိတ်ထဲ မှ အပြင်းအထန် အော်ဟစ် နေမိ၏ ။ အသံ မထွက်သော ပေါက်ကွဲမှု မျိုးနှင့် ။

ရွှေရောင် တဝင်းဝင်း လက် နေသော အနာဂတ်အိပ်မက် ကို အစာ လုပ်ပြီး ဖုံးအုပ် ထားသည့် အတွင်းပိုင်း က အေးစက်စက်ချွန်မြမြ မြားချိတ် ထိပ်ဖျား မှာ ဝိညာဉ်နုတ် မည့် အဆိပ်တွေ လူး ထားသည် ဆိုတာ သူငယ်ချင်း မက မသိလေရော့ သလား ။ သိသိလျက် နှင့် ပင် “ ငါ့ ဝမ်း ပူဆာ မနေသာ ” လေပြီ လား ။

အမှန်တော့ သူမ စိတ် ထဲ မှ စကားများ ကို အစောပိုင်း ကတည်း က စိမ်း ကို အထပ်ထပ် ပြောခဲ့ပြီး ဖြစ်ပါသည် ။ သို့ပေမဲ့ စိမ်း က နောက် မဆုတ်နိုင် ။ ရှေ့ သာ ဆက် တိုး တော့မည် တဲ့ ။

အခန်းဖော်လေး ၏ အကြောင်းပြချက် မျိုးစုံ ကို သူမ က တော့ စာနာ သော်လည်း လက် မခံနိုင်ခဲ့ပါ ။ နွံ ထဲ ကျွံ ဝင်တော့မည့် ခြေလှမ်းတွေ ကို လက်ပိုက် ကြည့်နေနိုင် လောက် သည့် ဥပက္ခော နှလုံးသား က သူမ လို သူငယ်ချင်းကောင်း ပီသချင်သူ ထံ မှာ မရှိသင့်ဘူး မဟုတ်လား ။

တကယ်ဆို နွံ ထဲ ကျွံ မည့် ခြေ တစ်လှမ်း ကို လှမ်း ဖို့ ရွယ်ခဲ့မိတာ က တော့ သူမ တို့ သူငယ်ချင်း နှစ်ယောက် အတူတူ ရယ်ပါ ။ အဲသည်တုန်း က နွံ့ မှန်း မသိသေး ။ ရွှေရောင် တဝင်းဝင်း လက်နေသည့် ပွင့်အာရန် အားယူဆဲ ဖူးငုံ နှစ်ပွင့် သည် လည်း အပြင်းသား ဆန္ဒတစ်စုံ ကို ပွေ့ ပိုက် ကာ တန်းစီ နေခဲ့မိသည်ပေါ့ ။

အပြင်းစား ဆန္ဒ တစ်စုံ ။

ဟုတ်သည် ။ ထို အပြင်းစား ဆန္ဒ တစ်စုံ သည် ခုတော့ လောဘမီး အဖြစ် ပြောင်းလဲ ကာ စိမ်း ကို အလျှံညီးညီး ဝါးမျို ပေတော့မည် ။

•••••   •••••   •••••

ထိုစဉ်က ချွေးစေးများ ဖြင့် စေးထန်း နေခဲ့သော စိမ်း လက်ကလေး တွေ သည် သူမ ၏ လက် ကို မလွှတ်ချင် လွှတ်ချင် နှင့် ဆန့်တငင်ငင် ထားရစ် ကာ စင်မြင့် ထက် မှ မိုက္ကရိုဖုန်း ဆီ ကို ခပ်တင်းတင်း ပြောင်း ဆုပ် ခဲ့လေ၏ ။

စိမ်း အသံလေး က နွဲ့နွဲ့ကလေး နှင့် ချစ်စရာ ကောင်းသည် ။

စိတ် လှုပ်ရှားနေမှန်း သိသာစွာ မိုက္ကရိုဖုန်း ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ထားသော လက်ကလေး တွေ က အကြောတင်းတင်းလေး ပင် ပေါ် နေ သော်လည်း အသံ က တော့ ညင်းညင်းညံ့ညံ့ နှင့် တည်ငြိမ် လှ၏ ။

ဒါဟာ သူ လျှောက်ချင် လှသည့် လမ်း ဆိုတာ ကို သေချာ ပိုင်နိုင် နေသည့် ယုံကြည်မှုမျိုး နှင့် ။

စိမ်း အလှည့် ပြီးတော့ သူမ အလှည့် ။ သူမ က စိမ်း လောက် တုန်လှုပ်တတ်သူ မဟုတ်လေ တော့ ဇောချွေး လည်း မပြန် ။ လက်ကြော လည်း မတင်း ၊ ပေါ့ပေါ့ပါးပါး ၊ သွက်သွက်လက်လက် ခြေလှမ်းများ နှင့် ခပ်မြူးမြူး အနှစ်ပြည့်ပြည့် အသံ အကြား မှာ အားလုံး၏ အာရုံများ က ငြိမ်သက်ကာ စူးစိုက်ကျ လာ၏ ။

မှင်တက်သည် ပဲ ပြောရမည်လား ၊ ဝင်စားသည် ပဲ ပြောရမည်လား .. နောက်တော့ မှ လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ကျလာတော့သည် ။

သူမ ရင် ထဲ မှာ တော့ ပီတိ လှိုင်းဂယက်များ ။

နဂိုက တည်ငြိမ် နေသော ရင် သည် ယခု မှ ပင် လှုပ်ရှားချင် လာ သလိုလို ။

သည်လောက် ချီးမြှောက်မှုလေး ကပင် ဒီလောက် မက်မောစရာ ကောင်းလှပါ လျှင် ..

သူမ တို့ အနာဂတ် သည် သူမတို့ မျှော်လင့်အိပ်မက် နေ သလိုများ ဖြစ်ခဲ့ပါ လျှင် ...

အောင်မြင် ကျော်ကြားမှု သည် ငွေကြေး ချမ်းသာမှု ထက် ပင် သူမ တို့ လို ဝါသနာရှင်များ အတွက် မက်မော ဖွယ် ဆွဲဆောင် နိုင်လှ၏ ။

နောက်ဆုံးတွင် တော့ လက်ရွေးစင် ငါးယောက် စာရင်း ၌ စိမ်း ရော သူမ ပါ ထိပ်ဆုံး မှ ပါဝင်ခွင့် ရခဲ့ပါ သည် ။ လွယ်လွယ်ကူကူ တော့ မဟုတ်ခဲ့ပါ ။ ဝါသနာရှင် အယောက် ငါးဆယ် ကျော် မှ သည် ဆန်ခါတင် နှစ်ဆယ် ။ ထိုမှ ဆန်ခါ့ ဆန်ခါတင် တစ်ဆယ် ။ နောက်ဆုံး မှ လက်ရွေးစင် ငါးယောက် ။ ဤသို့ အဆင့်ဆင့် ရင်တဖိုဖို အကြိတ်အနယ် ဖြတ်ကျော် ခဲ့ရပါ၏ ။

တစ်ဆင့် ထက် တစ်ဆင့် ပြိုင်ပွဲ က အကြိတ်အနယ် ကြည့် ကောင်း လာလေ လာအားပေးသည့် ပရိသတ် က ပို များလာလေ ။ တဖြည်းဖြည်း တစ်ဆင့် စကား တစ်ဆင့် နား ဖြင့် သတင်း ပျံ့ သွားလေရာ နောက်ဆုံး အဆင့် တွင် ခန်းလုံး ပြည့်လျှံ လက်ခုပ်သံများ သောသောညံ နေ ရတော့ သည် ။

•••••   •••••   •••••

ခုတော့ဖြင့် လောကဓံ ရှစ်ပါး တွင် တစ်ပါး အပါ အဝင် ဖြစ်သော ချီးမွမ်း ခံရခြင်းသည် လည်း ကြံ့ကြံ့မခံ နိုင် ပါ က ဖြူစင်သော စိတ်ဓာတ်များ ကို ပျက်စီး ဆုံးရှုံး စေတတ်ကြောင်း သူမ မျက်ဝါးဝါး ထင်ထင် ကြုံရလေပြီ ။

ထိုနေ့က သက်တံရောင် တောက်ပနေသော ကောင်းကင် သည် သူမ ခြေရင်း သို့ ရုတ်တရက် ကြေမွ ကာ လွင့်ကျ လာခဲ့၏ ။

“ ကယ်တင်ရှင် ” ဟု ကိုးကွယ်ချင် ခဲ့ မိသော အမျိုးသမီးကြီး သည် သူမ ၏ ရှေ့ မှ သံပရာရည်ခွက် ထဲသို့ ဘယ်အချိန် ကတည်း က ခုန်ဆင်း သွားမှန်း မသိခဲ့ လိုက် ။
အအေးဆိုင် အတွင်း မှ နံရံများ သည် ရုပ်ရှင် ထဲ မှ အနှေးပြကွက် လို သံဆူးချွန်များ တပ်ဆ င်ထားကာ သူမ ဆီ သို့ တရွေ့ရွေ့ တိုးလာ နေသလား ဟု ပင် ကယောင်ကတမ်း စိတ် တို့ က အတိမ်းတိမ်း အပွေပွေ ။

“ အန်တီ ပြောတာ သမီး နားမရှင်းဘူး ထင်တယ် ။ ပွင့်ပွင့်လင်းလင်း ပြော ရရင် စပွန်ဆာ ... ”

“ ဟိုး .. ဟိုး .... ”

သူမ က ဖျတ်ခနဲ အမြန် လက်ကာယမ်း လျက် အမျိုးသမီးကြီး ၏ နတ်ဆိုးကျိန်စာ ကို နောက် တစ်ခေါက် မမန်းမှုတ် နိုင်ရန် ဟန့်တား လိုက်ရ၏ ။

ဘယ်လောက်များ ယုတ်ညံ့ လိုက်သည့် စကားမျိုးပါလိမ့် ။

သည်လို စော်ကားမှုမျိုး သည် တစ်ခေါက်လောက် မျှ နှင့်ပင် သိပ် ကို အကျည်းတန် လွန်းလှပြီ မဟုတ်လား ။

“ ကျွန်မ အတွက် စပွန်ဆာ မလိုပါဘူး ။ နောင် လည်း ဘယ်တော့မှ လိုမှာ မဟုတ်ပါဘူး ။ အန်တီ့ မှာ သမီး မွေး ထားရင် တော့ ကျွန်မတို့ ထက် မငယ်လောက်ဘူး ထင်ပါ တယ် ။ မိန်းမပျိုလေး တစ်ယောက် အတွက် ဘယ်လို အကူအညီမျိုး ဟာ ဝေဒနာ ဖြစ်နိုင်မယ် ဆို တာ အန်တီ သိသင့်တယ်လို့ ထင် တာပဲ ”

သူမ ရင် ထဲ မှ အမှန်တကယ် ပေါက်ကွဲမှု နှုန်း အောက် စိတ် ကို လျှော့ချ ကာ ပြောခဲ့သည် ဆိုသော်လည်း သိပ်တော့ ဖြင့် ယဉ်ကျေးဖွယ်ရာ အသံမျိုး ထွက် နိုင်ခဲ့ မည် မထင်ပါ ။

အမှန် လည်း ယဉ်ကျေးမှု ရှိ သယောင် ဆောင်ကာ ရွှေမှုန်ကြဲ ထားသော နောက်ချေးပုံ ထဲ က နောက်ချေးပိုး တစ်ကောင် ၏ ရှေ့ တွင် သူမ က ရော အဘယ်မျှ လောက် မွန်ရည်နိုင်ပါမည်နည်း ။

အလစ်အငိုက် မိကာ ပြုတ်ကျ သွားသော မင်းသမီး မျက်နှာဖုံးစွပ် ကို ကမန်းကတန်း ကောက် စွပ်ကာ ဘီလူးမကြီး က တော့ ဘယ်လို ဆိုင်းမျိုး နှင့် တပ် ပြန် ခေါက်သွား မှန်း ပင် မသိလိုက်ပါ ။

သူမ ရင်တွင်း မှာ တော့ တစ်လောကလုံး အမှောင်တိုက် တွင်း သို့ ပြိုဆင်း နေခဲ့သည်မှာ အချိန်ကာလ မဲ့ မတတ် ။

မှာယူ ထားသော စားသောက်ဖွယ်ရာများ ကို တစ်စက်မျှ မတို့ထိ ခဲ့ ရ သော်လည်း ပြည့်ကျပ် တစ်ဆို့ နေသော ရင်ခွင် ကို ပိုက် ကာ သူမ အဆောင် ကို ပြန် ရောက်လာ တော့ အခန်းလေး ထဲ ၌ အမှောင်ထု ပင် ကြီးစိုး နေခဲ့ပြီ ။

ရောက်ရောက်ချင်း စကားတစ်ခွန်း မှ မဆိုနိုင်ဘဲ မျက်နှာထား ခက်ထန်စွာ နှင့် အိပ်ရာ ပေါ်တွင် ထောင် ထားသော ဂစ်တာ ကို ကောက် ကိုင်ကာ ဂစ်တာကြိုးများ ပေါ် သို့ သာ အငြိုးတကြီး ပြေးလွှား ပေါက်ကွဲ နေသော သူမ ၏ လက်ချောင်းများ ကို စိမ်း က အကဲခတ် သလို ကြည့် နေခဲ့လေသည် ။

“ အနုပညာ တစ်ခု အပေါ်  ငါတို့ ရဲ့ ရူးသွပ် ခုံမင်ခြင်း အတွက် ရလဒ် က အစော်ကားခံရဖို့တဲ့ လား ။ ရက်စက် လိုက်ကြတဲ့ လူတွေ ကွာ .... အသည်းနှလုံး မှ ရှိကြသေးရဲ့လား ”

ဂစ်တာ ၏ ပေါက်ကွဲသံ ထက် မလျော့သော သူမ ၏ ရင်ကွဲသံ က အဆောင်ခန်းကျဉ်းလေး ထဲ မှ ဖိတ်အန် ကျ ကာ ကော်ရစ်ဒါ တစ်လျှောက် ပျံ့နှံ့ သွားပုံ ရ၏ ။ ဘေးခန်း မှ ထွက် ကြည့် သူ ကြည့် ၊ အဆောင်ဘေး လမ်း ကြား မှ လှည့် ကြည့်သူ ကြည့် နှင့် တီးတိုး ဝေဖန် ကုန်ကြ သည် ။

“ စိတ် လျှော့ပါ ချို ရယ် ... မြေနိမ့်ရာ ကို မှ လှံ စိုက်ချင် ကြတဲ့ ဒီ လောကကြီး ထဲ မှာ စိုက် လာတဲ့ လှံ ကို သာ အမိ အရ ဆွဲပြီး ပြန် ထ နိုင်အောင် အမြင့် ကို တက်ဖို့ ကြိုးစား ရအောင်ပါ ။ ဒါဟာ တို့ အတွက် စိန်ခေါ်မှု တစ်ခု ပါ ။ စိမ်း က တော့ စိန်ခေါ်ရင် ဘွာမခတ် စတမ်းဘဲ ”

ဘုရား ရေ ... စိမ်း ပြောလိုက်သည့် စကား က တစ်မျိုးကြီး ပါလား ။

စိမ်း မျက်နှာ ကို ထိတ်လန့်တကြား ကြည့် လိုက်တော့ စိမ်း ၏ မျက်လုံး ထဲ တွင် အန္တရာယ် အငွေ့အသက် တစ်စုံတရာ ကို သူမ က ခဏချင်း မှာ ပင် ရှာ တွေ့ သွားခဲ့၏ ။ ရင် ထဲ မှာ ဒဏ်ရာ ကို လက် နှင့် လည်ချောင်း ပေါင်း ကာ ဖောက်ခွဲ နေမိသော သူမ ၏ လက်မောင်း ကို စိမ်း က ခပ်ဖွဖွ လာ ဆုပ်ကိုင်တော့ စိတ် ထဲ မှာ ကျဉ်ခနဲ ဖြစ်သွား ရလေသည် ။

ပြိုင်ပွဲ စသည့် နေ့ က သူမ ကို အားကိုးတကြီး တင်းတင်း ဆုပ်ကိုင် ထားခဲ့သော စိမ်း ၏ လက်ကလေး တွေ သည် ခုတော့ ချွေးစေးတွေ က ခြောက်သွေ့ သွားခဲ့ပြီလား ။

“ အို ဒါဖြင့် ... နင့် ကို လည်း သူတို့ မျှား ခဲ့ ပြီးပြီပေါ့ ”

သူမ ၏ ကယောင်ကတမ်း အမေး ။ စိမ်း ၏ ခပ်လေးလေး ခေါင်း အညိတ် ။

သူမ ရင် ကို ထက်ခြမ်းခွဲ ကာ စိတ်ဓာတ်အင်အား များ အားလုံး မတ်မတ် ရပ်တည်မနေနိုင် လောက်အောင် နောက်ပြန် လဲကျ သွားစေတော့သည် ။ ရင်ကွဲပက်လက် မှ ချေမွ ခံ လိုက်ရသော အိပ်မက် တစ်စုံပင် အဆစ် ပါလိုက်သေး၏ ။

•••••   •••••   •••••

“ နင့် အတွေး တွေ မှား နေပြီ စိမ်း ။ မြေနိမ့်ရာ ကို မှ လှံ စိုက်တာမျိုး ကို နောက် တစ်ခါ အစိုက် မခံရအောင် နိမ့် နေ တဲ့ မြေ ကို သာ ဖို့ပြီး မြှင့် ပေးရမှာလေ ။ စိုက် လာတဲ့ လှံ ကို အမိအရ ဆွဲ ဖမ်းပြီး အားယူ ထ လိုက်မယ် ဆိုရင် လှံသွား က နင့် ရင်ဝ ထဲ ကို ပို စိုက် ဝင်ပြီး သွေးချင်းချင်း ရဲသွားမှာပေါ့ စိမ်း ရဲ့ .. ”

သူမ က ဘယ်လိုပင် ကြိုးစား၍ နားလည်အောင် ပြောပြော ... စိမ်း ပုံစံ က နောက်ဆုတ်တော့မည့် ဟန် မပေါ်ပါ ။

သူမ ဘယ်တုန်း က မှ တွေးထင် မထားခဲ့သော ပျော့ညံ့ညံ့ မိန်းကလေး တစ်ယောက် ၏ တလွဲ မာန သည် အင်မတန် မှ ခေါင်းမာ နေခဲ့လေသည် ။

အမှန်တော့ မာန ဆိုသည် ထက် ရုန်း မထွက်နိုင် သည့် အမှန် ဘဝ ၏ ဆန္ဒများ က ပို ဆိုး နေခဲ့ခြင်း ဖြစ်လိမ့် မည်ထင်သည် ။

“ ချို ရယ် .. ရပြီးသား အခွင့်အရေး ကို ငါ မှ အဆုံးအရှုံး မခံနိုင်တော့ဘဲ ။ ငါ့ အဖြစ် က ရှေ့ တိုး လည်း တံပိုး ၊ နောက် ဆုတ်လည်း လှည်းရိုး ပါဟယ် ။ သူတို့ ပေးထား တဲ့ စရန်ငွေ ငါးသောင်း ကို လည်း ရွာ က အမေ့ ဆီ မောင် နဲ့ ညီမ အတွက် ကျောင်းစရိတ် ဆိုပြီး ပို့ ပြီးခဲ့ပြီ ။ ပွဲနေ့ ကျရင် ထပ် ပေးမယ့် တစ်သိန်းခွဲ ကို လည်း ပို့ ပေးဦးမယ်လို့ အမေ့ ကို ပြော လိုက်တော့ အကြွေးတွေ ဆပ်နိုင်ပြီ လို့ ပြောရှာ တဲ့ မုဆိုးမကြီး ရဲ့ ဝမ်းသာဝမ်းနည်းသံကြီး ကို ငါ ဘယ်လို ဥပေက္ခာ ပြုရက်နိုင်မလဲ ”

“ တို့တွေ အဆင့် နဲ့ ရော လေးည ဖျော်ဖြေရုံ နဲ့ နှစ်သိန်း ဆိုတဲ့ ငွေ ကို ဘယ်လို သွား ရှာရမလဲ ။ နင့် ဆုံးဖြတ်ချက် ကို တော့ ငါ လည်း အားကျပါရဲ့  ။ နင့် ကို လည်း ငါ့ လမ်း အတိုင်း လျှောက်ဖို့ ငါ ဘယ်တော့မှ တိုက်တွန်း မှာ မဟုတ်ဘူး ချို ”

“ ဆင်းရဲကြတာ ချင်း တူပေမဲ့ နင် က မိစုံဖစုံ ၊ ဒီ နွံ က ရုန်းနိုင် လောက်တဲ့ ခွန်အားရှိသေးတယ် ။ ငါ့ မှာ က .. ”

ပြော နေရင်း တိမ်ဝင် တိုးသက် သွားသော စိမ်း အသံ က သူမ ရင် ကို ထုတ်ချင်းခတ် စိုက်ဝင် သွား၏ ။

“ ငါ ဆုံးဖြတ်ချက် ချ ပြီးပြီ ချို ... ငါ့ မောင်တွေ ညီမ တွေ အတွက်  ငါ့ ဘဝ ကို စတေးတော့မယ် လို့ ... ၊ ရွှံ့ဗွက် ဗရပွ လမ်း မှာ ငါ့ ခန္ဓာ နဲ့ တံတားခင်း ပေးလိုက်မှ သူတို့ ကလေးတွေ မျက်စိ ပိတ် နား ပိတ် နေတဲ့ ဘဝ က နေ ကမ္ဘာကြီး နဲ့ ဆက်သွယ် နိုင်မယ့် ကတ္တရာလမ်း ပေါ် ကို ရောက် လာနိုင်မှာ ။ ငါ့ ကိုယ် ငါ စတေး လိုက်ရင် ငါ့ တစ်ဘဝ ပေါ့ ချို ရယ် .... ငါ့ တံတား ပေါ် က နေ မောင်ညီမ သုံးယောက် နဲ့ ငါ့ အမေ ။ အဲဒီက တစ်ဆင့် သူတို့ မျိုးဆက် တွေ ... ငါတို့ ရွာသား တွေ ... ”

စိမ်း ၏ သူရဲကောင်းပုံပြင် ကို သူမ က ဆက် နားထောင်ရန် ခွန်အား မရှိတော့ပါ ။ စိမ်း ၏ ဘဝ အခြေအနေ ကို အတွင်း ကျကျ အသိဆုံး က လည်း သူမ ပေပဲမို့ အလွန် အားငယ် ကြောက်ရွံ့ တတ်သော သူငယ်ချင်းမလေး က သည်လို ဆုံးဖြတ်ချက် မျိုး ချရန် ဘယ်လောက် အားတင်း ခဲ့ရမလဲ ဆိုတာ သူမ စာနာ နိုင်ပါလေ၏ ။

သွေးမတော် သားမစပ် တစ်နယ်စီ ဆို သော်လည်း ဘဝ ကို သမားရိုးကျ အခြေနေ တစ်ခု မှ ရုန်းထွက် လိုသည့် ဆန္ဒချင်း တူ ခဲ့သော သူမ တို့ နှစ်ယောက် သည် ဤ အဆောင် အမိုး အောက် တွင် ရေစက်ဆုံ ကတည်း က ညီအစ်မ အရင်း တမျှ ချစ်ခင်တွယ်တာ ခဲ့ကြသည် ။

ကြုံရာကျရာ အလုပ်ကလေးတွေ မှာ စရိတ် ကာ မိရုံ ၊ ဝမ်းမီးကလေး ငြိမ်း နိုင်ရုံ ရုန်းကန် လှုပ်ရှား နေကြရင်း တူညီသော ဝါသနာလေး ကြောင့် ဖက်ရှင်ရှိုး တစ်ခု အတွက် အဆို ပြိုင်ပွဲ ကို အတူတူ ဝင် ပြိုင်ခဲ့ကြ၏ ။

လူ ကြောက်တတ်သော စိမ်း ကို စင် ပေါ် တက်ရန် အား အမျိုးမျိုး ပေးခဲ့ရသော သူမ က ခုတော့ သူငယ်ချင်း ကို စင် ပေါ် မှ ဆင်း လာရန် ဘယ်လို ဖျောင်းဖျရမည် မသိ တော့ ။

သည်လို ၊ စင် မျိုး ပေါ် ကို တော့ စိမ်း ကို မတက်စေချင် ပါ ။ စိမ်း မှ သာ မဟုတ် ၊ ဘယ် မိန်းကလေး ကို မှ လည်း မတက်စေချင်ပါ ။

•••••   •••••   •••••

မျှော်လင့် ထားပြီးသား ကိစ္စ ဆိုသော်လည်း ထို အရာ က မိမိ အတွက် အရှုံး ဖြစ်နေသော အခါ မည်သူ က များ ပြုံးပျော် နိုင်ပါမည်နည်း ။

“ အခု လုပ်မယ့် ဖက်ရှင်ရှိုး က တော်တော်လေး ခမ်းနားကြီးကျယ်တာမို့ နာမည်ကျော် အဆိုတော်တွေ ကို ပဲ သုံးဖို့ ကုမ္ပဏီ က စီစဉ်လိုက်လို့ တဲ့ ။ ပြိုင်ပွဲ မှာ ရွေး ထားတဲ့ လူ စုံအောင် အလှည့် မပေးနိုင်တော့ဘူး တဲ့ ”

“ ဒါနဲ့ နေပါဦး .... အရွေး ခံထားရတဲ့ ငါးယောက် စလုံး ကို ပေး မဆိုတော့တာလား ။ ကျွန်မ တစ်ယောက် တည်း ကို ပယ် တာလား ”

“ အဲဒါတော့ ကျွန်တော် လည်း မသိဘူး ခင်ဗျ ။ အန်တီလှိုင် ပြောခိုင်းတာ ကို လာပြောရတာပါ ”

“ လောလောဆယ် ဒီ အဆောင် မှာ လာ ပြောရမှာ ကျွန်မ တစ်ယောက်တည်း လား ”

“ ဟုတ်တယ်ဗျ ... ဒီ အဆောင် မှာ အစ်မ တစ်ယောက် ကို ပဲ ပြော ခိုင်းတာ ”

ဒီလောက် အရိပ် ပြ ရင်တော့ သူမ က လည်း အကောင် မြင် တတ်ပါပြီ ။

စိမ်း ရော သူမ ပါ ရှိသည့် ဒီ အဆောင် မှာ အမျိုးသမီးကြီး ၏ စပွန်ဆာ ဆက်သွယ်ပေးမှု ကို ငြင်းဆန် လိုက် သည် က သူမ တစ်ယောက် သာ ပဲ ရှိသည် ကိုး ။

ဒါဖြင့် သူတို့ အစီအစဉ် ကို ငြင်းပယ်သူ အား သူတို့ က လည်း ဖယ် ထုတ် ပြီပေါ့ ။

မဖြစ်နိုင်မှန်း သိ သော်လည်း အားလုံး ကို ဖယ်ထုတ် ရ လေ မိန်းကလေးများ ၏ အနာဂတ် အတွက် ပို ကောင်းလေ ဟု သူမ တွေး နေဖြစ်၏ ။

သို့ပေမဲ့ သူမ လို ကျော်ကြားမှု ကို စွန့်လွှတ်နိုင် မည့် သူ ၊ မက်လုံးပေးမှု များစွာ ကို ကျောခိုင်း နိုင်မည့်သူ မိန်းကလေး ထဲ က ဘယ်နှယောက်များ ရှိမှာ ပါလိမ့် ။

စပွန်ဆာ ပေးမည့် သူ သည် အသက်ကြီးကြီး ၊ အရုပ်ဆိုးဆိုး ၊ ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း သူ နှင့် အတူ နေရမည့် တိုက်ခန်း ၊ သူ နှင့် ဆက်သွယ်ရန် ဖုန်း ၊ သူ့ ဆီ က သဘော ကျရင် ကျ သလို ပေးကမ်း လာမည့် လက်ဆောင်ပစ္စည်းများ ၊ စီးတော်ယာဉ် မော်တော်ကား များ ကို ပါ အရုပ်ဆိုး အကျည်းတန်သည် ဟု သိမြင်နိုင် လာ ဖို့ မိန်းကလေး အားလုံး ကို အသိဉာဏ် ပြည့်စုံစေချင် လှသည် ။

“ စရန် ငါးသောင်း ကို အခု ပြန် ပေးလိုက်ရမှာလား ”

“ အော် .. ဒါကိုတော့ ဘာမှ မပြောလိုက်ဘူးဗျ ။ စရန် ဆိုတာ အလုပ် မဖြစ်တော့ရင် သူတို့ ဘက် က စ ဖျက် တာမို့ ထုံးစံ အတိုင်း ဆို ရင်တော့ ပြန် ပေးစရာ မလိုတော့ ပါဘူး ”

ထို သူ ပြော ကာမှ စရန် ပြန်ပေးစရာ ငွေ မကျန်တော့ သည်ကို အကြောင်းပြချက်ပေး ခဲ့သော စိမ်းမျက်နှာလေး ကို ဖျတ်ခနဲ မြင်ယောင် သွားရ၏ ။

စိမ်း က အဆိုပြိုင်ပွဲ တွင် အရွေး ခံရ၍ စရန်ငါးသောင်း ရလာ ကတည်းက အဆင် မပြေလှသည့် လုပ်လက်စ အလုပ် ကို ချက်ချင်း ထွက် ပစ်ခဲ့သူ ။ ဒါကြောင့်လည်း ဖောင် ဖျက်ခဲ့ပြီ ဟု နောက်ကြောင်းပြ န်မလှည့်ချင်ခဲ့ ။

စီးရီး ထုတ် ပေးမည် ဆိုသော အပြော မှာ လည်း အမျောကြီး မျောနေသူ ။ အန်တီကြီး ၏ ကယ်တင်ရှင် ယောင် ယောင် ဟန်ဆောင် အပြုံး အောက် မှာ အမှန် မမြင်နိုင် လောက် အောင် လောဘ အမှောင် ဖုံး နေသူ ။

အမှန်တကယ် လည်း သည်လိုမျိုး လမ်းကြောင်း မှ တက်သွားသူတွေ က ရှိခဲ့သည် ပဲ ကိုး ။ ခုလို အကြံအဖန် ငခုံးမ တစ်ကောင် ကြောင့် သူမ တို့ ချစ်သော အနုပညာ လောက မှာ အပုပ်နံ့ ထွက်ရသည် မှာ အသည်း နာစရာ ကောင်းလှသည် ။

တကယ်တော့ မောင်လေး ညီမလေး တို့ အတွက် အနာဂတ် မျှော်လင့်ချက် သည် စိမ်း ၏ အပြင်းစား ဆန္ဒ အဖြစ် မှ လောဘ အသွင် ပြောင်းသွားခြင်း ဖြစ်လိမ့်မည် ထင်၏ ။

သူမ က တော့ သေတ္တာ ထဲ တွင် တစ်ရွက် မလျော့ သိမ်းထားဆဲ ဖြစ်သော မသုံးဖြစ်သေးသည့် စရန်ငွေလေး တွေ က စပွန်ဆာ ကမ်းလှမ်းမှု ကို ငြင်းချက်ထုတ်ဖို့ ခွန်အားများ ဖြစ်ခဲ့သည်လား မသိ ။

ဒါဖြင့် စရန် ပြန် ပေးစရာ မလိုတော့ လျှင် စိမ်း အနေ ဖြင့် ငြင်းလို့ ရသွားပြီပေါ့ ။

ရုတ်တရက် သူမ လှိုက်ခနဲ ဝမ်းသာ သွား သော် လည်း ပျော်ရွှင်မှု က ကြာကြာ မခံပါ ။ စိမ်း ကို အချည် နှောင် ခံနေရသည့် စရန် က တစ်ခု တည်း မှ မဟုတ်ဘဲ ။

စရန် ဆိုသည် က လက်ခံသူ ဘက် က ပျက်ကွက်ခြင်း မဟုတ်လျှင် လျော်စရာ မလိုသော်လည်း လက်ခံ ယူထား သူ က စတင် ငြင်းဆို ပျက်ကွက် ပါ က စရံ ၏ နှစ်ဆ ပြန် လျော်ပေးရသည် ဟု သူမ ကြားဖူးခဲ့လေသည် ။

သူမ က အန်တီကြီး ၏ စပွန်ဆာ လက်ဆောင်ကို  သာ ငြင်းဆိုခဲ့ သော်လည်း သီချင်း ဆိုမည့် အစီအစဉ် ကို စ ဖျက်ခဲ့သူ မဟုတ် ။ သည်တော့ စရန် ပြန် ပေးရန် မလို ။ သို့သော် သူမ ၏ စိတ်ကူးအိပ်မက် ထဲ တွင် နှလုံး သား နှင့် စရန်သတ် ထား ပြီးသော ရွှေရောင်အနာဂတ် ကို သူမ က မငြင်းဆန်ပါဘဲ နှင့် သူတို့ က စတင် ဖျက်ပစ်ခဲ့ သည်လေ ။ ဒါဖြင့် စရန် နှစ်ဆ အလျော် ရရန် သူမ မည်သူ့ ဆီ က တောင်းရမည်နည်း ။

ခုနက နတ်ဆိုးမကြီး ၏ တမန်တော်နတ် ကို ဖျက်ခနဲ သတိ ရ သွားသည့် အခိုက်မှာ တော့ သေတ္တာ ထဲ မှ စရန်ငွေ ကို ကိုင် ကြည့်ရင်း မသတီလှ သော သည်လို ငွေမျိုး ကို မာနကြီးကြီး ဖြင့် ပြန် ပေးလိုက်ရင် ကောင်းမလား ဟု ချီတုံ ချတုံ ဖြစ်နေသော သူမ သည် တစ်ဟုန်ထိုး ထ ပြေးမိ တော့၏ ။

တောင်းရဦးမည် မဟုတ်လား ... ရွှေရောင်တောက် နေခဲ့သော အနာဂတ် အိပ်မက်စရန် အတွက် လျော်ကြေးနှစ်ဆ ။

မလိမ့်တပတ် နှင့် လူလည် ကျ သွားသော ဟို လူ သည် ခပ်ဝေးဝေး ရောက်နိုင်ဦးမည် မထင် ။

မိန်းကလေးတွေ ၏ အနာဂတ်အိပ်မက် ကို စရန် ယူ ထားပြီး ကတိ ပျက်သည့် သူတွေ လက်လွတ်ခံလို့ မဖြစ် ။

ပြေး .. ပြေး မီ အောင်လိုက် ။

လမ်းမ ပေါ် သူမ ရောက် လာတော့ အေးစက်စက် မိုးရေများက ဖြန်းခနဲ သူမ ကို ရွှဲစို သွားစေသည် ။

ဟင့်အင်း.. မဟုတ်ဘူး ... ဒါ မိုးရေစက်တွေ မဟုတ်ဘူး ။

အနာဂတ်အိပ်မက် ကို ကတိ မတည် အဖျက်သိမ်း ခံရသူတွေ ရဲ့ မျက်ရည် တွေ .... ။

ထိုအခိုက် တစ်ကိုယ်လုံး မိုးရေ တွေ ထဲ နစ်ဝင် တုန် ခိုက်နေသော သူမ ကိုယ်လုံးလေး နှင့် ဆန့်ကျင်စွာ ပါးပြင် တစ်လျှောက် မှ ပူနွေးသော အထိအတွေ့ က ချော်ရည် စီးကြောင်း လို ... ။

မိုး က လည်း သဲသဲမဲမဲ ရွာ နေဆဲ ။

သူမ က လည်း စရန်လျော်ကြေး တစ်ခု တောင်းဆိုရန် လမ်းမ ပေါ် မှာ ပြေး နေဆဲ ။

◾ဝေ ( စီးပွါးရေးတက္ကသိုလ် )

📖 ပေဖူးလွှာ မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၂၀၁၃

2024/11/19 16:27
.

No comments:

Post a Comment