ကျော်ကြား
ဦးချိုချို မောင်း တဲ့ ကားကလေး က မော်လမြိုင်မြို့လယ်ပိုင်း က စည်ကားတဲ့ နေရာတွေ ကို ဖြတ်သွား နေတယ် ။ ဦးချိုချို ရဲ့ ဘေး မှာ ကျွန်တော် ထိုင်ပြီး လိုက်လာပါတယ် ။
မော်လမြိုင်မြို့ က မြို့မိမြို့ဖ လူကြီး တစ်ဦး ဖြစ်တဲ့ ဦးချိုချို နဲ့ ကျွန်တော် က အချင်းချင်း ဖုန်း ဆက်ပြီး ရင်းနှီးနေတာ ။ ယခုမှ လူချင်း တွေ့ဖူးတာ ။ မော်လမြိုင် ကို ကျွန်တော် ရောက်တော့ ဧည့်သည် ဖြစ်တဲ့ ကျွန်တော့် ကို ဦးချိုချို က မြို့ခံတွေ နဲ့ မိတ်ဆက် ပေးတယ် ။
လမ်းထောင့် တစ်နေရာ မှာ ဈေးဝယ်တွေ စည်ကား နေတဲ့ ဆောက်လုပ်ရေး ပစ္စည်းဆိုင် ကို ညွှန်ပြပြီး “ အဲဒါ ဦးတင်လှိုင် ဆိုင် ပေါ့ ” လို့ ဦးချိုချို က ပြောတယ် ။ ဦးတင်လှိုင် ( ယခု အသက် ၄၈ နှစ် ) ဟာ ခြေဖဝါး လက်ဖဝါး သာ အရင်းအနှီး ရှိတဲ့ ဆင်းရဲသား လူငယ်လေး ဘဝ က နေ ယနေ့ အချိန် မှာ မော်လမြိုင်မြို့ ရဲ့ ထိပ်ဆုံး စာရင်းဝင်သူများ ထဲက တစ်ဦး အဖြစ် ဘဝ ကို ထူထောင်လာခဲ့သူ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ည က ဦးတင်လှိုင် နဲ့ မိတ်ဆက်ခဲ့ ပြီးသားပါ ။
ဟိုင်းဝေးလမ်းမကြီး အတိုင်း မြို့ပြင်ဘက် ကို ကျွန်တော်တို့ ထွက်လာခဲ့တယ် ။ မြို့ဆင်ခြေဖုံး လမ်းမကြီး က ကျော်ကြား ဆောက်လုပ်ရေးပစ္စည်းဆိုင် ရှေ့ မှာ ကား ရပ်တယ် ။ ဦးတင်လှိုင် နဲ့ ထပ် တွေ့ဖို့ လာတာပါ ။
တိုက်တန်းလျားရှည်ကြီး မှာ ဆိုင်ဖွင့် ထားတယ် ။ ဆိုင် ဘယ်ဘက်ခြမ်း မှာ အစောင့်တဲ လိုလို အဆောက်အအုံလေး တစ်ခု ရှိပါတယ် ။ အစောင့်တဲ မဟုတ်ဘူး ။ နားနေဆောင် ၊ ကြွေပြား ခင်းထားတယ် ။ ဘေးပတ်လည် မှာ ထိုင်စရာ အဆင်ပြေပြေ လုပ် ထားတယ် ။ ဂမုန်းအနွယ်အဝင် အပင်စိမ်းစိမ်းတွေ စိုက် ထားလို့ မျက်စိ အေးတယ် ။
ဦးတင်လှိုင် ရဲ့ အဝတ်အစား အနေအထိုင် က အညာသားပုံ ပေါက်တယ်လို့ ကျွန်တော် ထင်လို့ ဇာတိ ကို မေးတော့ မော်လမြိုင် က ပဲ လို့ ပြောတယ် ။ ဦးတင်လှိုင် ရဲ့ ငယ်ဘဝ ကို ကျွန်တော် မေးကြည့် ပါတယ် ။
“ မူလတန်း က တော့ ဒိုင်းဝန်ကွင်း ကလျာဏီသိမ်ကျောင်း မှာ နေတာ ။ ဆရာကြီး ဦးသိန်းဇံ ကျောင်း ။ အဲဒီမှာ လေးတန်း အထိ နေပြီး အမှတ် -၂ အထက မှာ နေတယ် ။ ခုနစ်တန်း အထိ နေတယ် ။ ပြီးတော့ ကျောင်း ထွက်လိုက်တယ် ”
“ ဘာကြောင့်လဲ ”
“ အဆင် မပြေတာပေါ့ ။ မိဘစီးပွားရေး အဆင် မပြေဘူး ။ အသက် ၁၃ - ၁၄ လောက် ရှိမယ် ၊ မိဘ ကို ကူပြီး ဈေး ရောင်းတာ ။ ကျွန်တော်တို့ မှာ ညီအစ်ကို မောင်နှမ ခြောက်ယောက် ရှိတယ် ။ ကျွန်တော် တို့ အဖေ က တော့ ကျွန်တော် ငယ်ငယ် ကတည်း က သစ်လုပ်တာ ၊ တော က နေ အိမ်ဟောင်းတွေ သွား ဝယ်တယ် ။ ဖျက်ယူလာပြီး မြို့ပေါ် မှာ လိုက် ရောင်း တာပေါ့ ။ အစ်ကိုတွေ က ရေရောင်းတာတို့ ၊ ဘာတို့ လုပ်တယ် ။ ကျွန်တော် က ပြောင်းဖူးပြုတ် ရောင်းတယ် ။ အမေ က ပြုတ် ပေးတယ် ။ ကျွန်တော် က ဈေးတွေ ထဲ မှာ လည် ရောင်းတယ် ။ ညကျ ပွဲဈေးတန်း မှာ ရောင်းတယ် ”
“ ပွဲ က အမြဲတမ်း ရှိသလား ”
“ မော်လမြိုင်ဒိုင်းဝန်ကွင်း မှာ မြို့ပေါက်ဝပွဲ ဆိုတာ ရှိတယ် ။ ဘိုးဘိုးကြီး ကို ပသတဲ့ ပွဲပေါ့ ။ ဟိုတုန်းက ဆို တစ်ဇာတ် ကို နှစ်ည ၊ သုံးည နဲ့ ဆယ်ဇာတ် လောက် ကတာ ။ တစ်လ လောက် ကြာ တတ်တယ် ။ သဇင်ပန်းပွင့် တဲ့ နတ်တော်ပြာသို ပေါ့ ။ အဲဒီ ပွဲရက် မှာ ရောင်းတာ ”
ကျွန်တော့် စိတ် ထဲမှာ လူပျိုပေါက် ယောက်ျားလေး တစ်ယောက် အနေ နဲ့ ပြောင်းဖူးပြုတ်ဗန်း ကို ခေါင်း မှာ ရွက်ပြီး ဈေးထဲ ၊ ပွဲဈေး ရောင်းရတာ ရှက်မှာလား တွေးမိလို့ ဦးတင်လှိုင် ကို မေး ကြည့်တော့ ...
“ အဲဒီလို မတွက်ပါဘူး ။ အဆင် မပြေတော့လည်း ရောင်းရတာပေါ့ ” လို့ သူ က ပြောတယ် ။ ပြီးတော့ သူ ပြောင်းဖူးပြုတ် ရောင်းခဲ့တဲ့ အကြောင်း ကို ဆက် ပြောတယ် ။
“ အိမ် က မနက် ရှိတာစား ၊ ၁ဝးဝဝ နာရီ လောက်ကျ ပြောင်းဖူးပြုတ်ဗန်း ခေါင်းပေါ် တင်ပြီး ဈေး ထဲ လည် ရောင်းတာပဲ ။ မကုန် ကုန်အောင် ရောင်းရတာ ။ ညနေ ၃းဝဝ နာရီ လောက် တော့ ကုန်တာပဲ ။ နေ့လယ်စာ တော့ မစားရဘူး ။ ပြောင်းဖူးပြုတ် ရောင်း ကုန်တော့ အိမ် ပြန်တယ် ။ ပြောင်းဖူးပြုတ် ရောင်းတာ သုံးနှစ် လောက်ကြာတယ် ”
“ အဲဒီနောက် ကျ … ”
“ အဲဒီနောက် ကျတော့ အအေးဆိုင် တစ်ဆိုင် မှာ လခစား ဝင်လုပ်တယ် ။ ဒိုင်းဝန်ကွင်း မှာ ဂျိုဂျိုအအေးဆိုင် ၊ လခစား ဆိုပေမယ့် အလုပ် ဆင်းတဲ့ ရက် ခုနစ်ကျပ် ပေးတယ် ။ နေ့စား လပေး ၊ လ ကုန်ရင် ငွေရှင်းတယ် ။ အသက် က ၁၆ နှစ် ၊ ၁၇ နှစ် ရှိလာပြီ ။ ဆိုင် မှာ လုပ်တာ အပြင် ရေခဲမုန့် တစ်စည် အလွတ် လှည့်ရင် ဘောက်ဆူး ခုနစ်ကျပ် ပေးတယ် ။ ဆိုင် အတွက် ကတော့ ပုံမှန် ပေးတဲ့ လခ ထဲ ကပဲ လုပ်ရတယ် ။ မင်္ဂလာဆောင်တွေ ဘာတွေ ရှိလို့ အပို ထပ် လှည့်ရရင် တစ်စည် ခုနစ်ကျပ် ပေးတယ် ။ သူများ တစ်စည် လှည့်ရင် ကျွန်တော် နှစ်စည် လှည့်တယ် ”
စည် ထဲ က ရေခဲမုန့်တွေ ညက်ကျေ သမ သွားအောင် မွှေပုံ ကို ဦးတင်လှိုင် က ညာဘက် လက် နဲ့ လှည့်ပြရင်း သူများ က ဒီလို လှည့်တယ် ။ ကျွန်တော် က ဒီလို လှည့်တယ် ဆိုပြီး ဘယ်လက် ရော ၊ ညာလက် ပါ လက် နှစ်ဖက် စုံလှည့် ပြရင်း ရယ်ပါတယ် ။
“ တစ်လ တစ်ခါ ငွေရှင်း ပေးရင် ကျွန်တော် က အိမ် ကို ဆန်တစ်တင်း ဝယ်ပေး ရတယ် ။ ဆန်တစ်တင်း က ၃၅ ကျပ် ၊ ၄ဝ လောက် ရှိတယ် ။ ငွေ တစ်ရာ့ငါးဆယ် ( ကျပ် ၁၅၀ ) လောက် တော့ ပိုတယ် ။ တစ်နှစ် လုပ်တော့ ဘောက်ဆူး နဲ့ ဘာ နဲ့ ကျပ် ၁၈ဝဝ ၊ ၂ဝဝဝ လောက် စုမိတယ် ။ ဆိုင်ရှင် ကို ပြောတယ် ။ ကျွန်တော် အပြင် မှာ အလုပ် ထွက်လုပ်မယ် ။ ထွက် လုပ်လို့ ကုန်သွားရင် အအေးဆိုင် မှာ ပြန်လာ လုပ်မယ် ”
ဦးတင်လှိုင် က ပြောရင်း ရယ်ပါတယ် ။ သူ့ ပုံစံ က ပွင့်ပွင့်လင်းလင်း ရှိပါတယ် ။ ရယ်ပုံ ကလည်း ဟက်ဟက်ပက်ပက်ပဲ ။
“ အရင်းအနှီး ရပြီ ဆိုတော့ သစ် ထွက်လုပ်တာ ။ ကျွန်တော်တို့ ငယ်ငယ် ကတည်း က အဖေ က ရွှေဂွန်း တို့ ၊ ကမမောင်း တို့မှာ အိမ်ဟောင်းတွေ ဖျက် သယ်တာ ။ ဒါကြောင့် လမ်းကြောင်းတွေ သိတယ် ။ အဲဒီ က နေ လှေတွေ ငှား ၊ တောတိုက် လို့ ခေါ်တဲ့ သစ်လုံးကလေးတွေ ဝယ် သယ်တာ ။ ပျဉ်းကတိုးတွေ ၊ သစ် က ခုတ်ပြီး ကမ်းနဖူး ချထားတာ ။ ဝယ်ပြီး မော်လမြိုင် သယ် ရောင်းတာ ။ ကျွန်တော် မသိတာ က သစ် ကို လိုင်စင် ယူ ပြီးမှ လုပ်ရတယ် ဆိုတာပဲ ။ နှစ်ခေါက် သုံးခေါက်တော့ လွတ်သေးတယ် ။ နောက် တစ်ခေါက် ကျမှ သစ်တောဂိတ် က ဖမ်းတားရော ၊ ညှိရမှန်း ကိုယ် ကမသိဘူး ”
ပြောနေရင်း ဦးတင်လှိုင် က ရယ်မောတယ် ။
“ သူတို့ က မရဘူး ၊ ဖမ်းရမယ်တဲ့ ။ ကိုယ် က မသိလို့ လုပ်တာပါ ပြောတော့ လည်း ဖမ်းမယ်ပဲ ပြောနေတာ ။ အဲဒီ အခေါက် ပြီး သွားတော့ နောက် တစ်ခေါက် တက်ပြန်တယ် ”
“ ညှိရမှန်း သိသွားပြီပေါ့ ”
သူ ရယ် ပြန်ပါတယ် ။
“ ရှိတဲ့ ငွေလေး ရင်းပြီး နောက် တစ်ခေါက် တက်ပြီး အပြန် မှာ လှေ မြုပ်တယ် ။ လှေ က ပြန် ဖော်လို့ ရပေမယ့် သစ်တွေ က ရေ ထဲပါသွားရော ။ ကျွန်တော် လည်း အအေးဆိုင် မှာ လခစား ပြန် ဖြစ်သွားရော ”
“ ဆိုင်ရှင် က လိုလိုလားလား ပြန် လက်ခံသားပဲ ”
“ ကျွန်တော် လုပ်စဉ် ကာလ ကတည်း က သူ က ကြိုက်တယ် ။ ကျွန်တော် တစ်ယောက် လုပ်တာ လေးယောက် လောက် ကျွန်တော့် လုပ်အား ကို မမီဘူး ။ အအေးဆိုင် မှာ တစ်နှစ် ပြန်လုပ်တယ် ။ ငွေကျပ် ၂၀၀၀ - ၃၀၀၀ ရတော့ လှေ ငှား ပြီး သမဝါယမ စပါး သယ်တယ် ။ ဟိုး ချောင်းဖျား ချောင်းနှစ်ခွ တို့ ၊ ကြာအင်းဆိပ်ကြီး တို့ မှာ စပါး ၄၀၀ ပါ ၊ ၅ဝဝ ပါ လှေကြီးတွေ ရှိတယ် ။ အဲဒီ လှေကြီးတွေ သွား ငှားပြီး အဟောက် တို့ ၊ ကျားဗိုလ် တို့ ပင်လယ်ကမ်းစပ် ရွာ က သမဝါယမစပါးတွေ မော်လမြိုင် ကို အခစား သယ်ပေးတာ ။ အလုပ် တော့ စုံတယ် ”
ပြောပြရင်း ဦးတင်လှိုင် ရယ်တယ် ။
“ ခေါင်းဆေးကျွန်း ဟိုဘက် ထိပ် မှာ ပဲ့နင်း မကောင်းတော့ စပါးလှေ မှောက်ရော ။ လှေ မှောက်တော့ လျော် လိုက်ရတာ စုဆောင်း ထားသမျှ ကုန်ပါလေရော ”
သူ ရယ်မော ပြန်တယ် ။ သူ ရယ်နေပုံ ကို ကြည့်ပြီး လောကဓံ ကို ထီမထင်တဲ့ သူ တစ်ယောက်ပဲ ။ ဒါကြောင့်လည်း လဲ နေရာ က ပြန် ထပြီး ထိပ်ဆုံး ကို တက်နိုင်ခဲ့တာလို့ ကျွန်တော့် အတွေး ထဲ မှာ မှတ်ချက် ချနေမိတယ် ။
“ ကုန်ပြီးတော့ အအေးဆိုင် ပြန်လာ လုပ်ရတယ် ၊ အအေးဆိုင် မှာ စားပွဲထိုး ရတယ် ။ အအေး ဖျော် ရတယ် ။ ရေခဲမုန့် လှည့် ရတယ် ။ အရင်းအနှီးလေး စုမိတော့ ကျွန်တော် ကြက်မွေးတယ် ။ အအေးဆိုင် ပိုင်ရှင် ကလည်း ကျွန်တော် နဲ့ တွဲပြီး ပါတယ် ။ တစ်ယောက် တစ်ဝက် ၊ အသားစားကြက် အကောင် ၅ဝဝ မွေးတာ ။ ကိုယ် မကျွမ်းကျင် တာလည်း ပါမှာပေါ့ ။ နှစ်နှစ် လောက် လုပ်တာ တောင် အရင်း ပဲ ရတယ် ၊ ဒါနဲ့ ရပ်လိုက်ရတယ် ”
“ အဲဒီ ခေတ် က မော်လမြိုင်ဘက် မှာ မှောင်ခိုခေတ် ကောင်းတယ် ၊ မှောင်ခိုလိုင်း ဘာကြောင့် မလုပ်တာလဲ ”
“ ကိုယ် နဲ့ နီးစပ်တဲ့ လူ မရှိလို့ ဖြစ်မယ် ။ အဲဒီ ဘက် မရောက်ဘူး ။ အသက် ၂၄ နှစ်မှာ ကျွန်တော် အိမ်ထောင် ကျတယ် ။ အမျိုးသမီး ဒေါ်သန်းသန်းဝင်း ရဲ့ ရွာ ပေါင်မြို့နယ် ကတွန်ရွာ လိုက်နေတယ် ။ အဲဒီ အချိန် မတိုင်မီ ၁၉၈၅ ခုနှစ် လောက် မှာ အထက်အညာ မှာ ဆန်ရှားပါးမှု ဖြစ်တယ် ။ ဒါကြောင့် ဆန် သယ်ယူခွင့် လွတ်လပ်စွာ ခွင့်ပြု လိုက်တယ် ၊ ပေါင်မြို့နယ် က အညာ ကို ပထမဆုံး ဆန်သွားတာ ကျွန်တော် ၊ ဆန်ကြိတ် ပြီး ကား တစ်စီး နဲ့ သွားတယ် ။ ရွာ က လူတွေ က လည်း ဦးတင်လှိုင် သွားမယ် ဆိုရင် သူတို့ လည်း ပါချင်တယ် ဆိုပြီး ဆန်အိတ် သုံးလေးငါးဆယ် ဝိုင်း ထည့်ပြီး သွားတာ ပထမဆုံး မြင်းခြံ ကို သွားတယ် ”
“ မြင်းခြံ ဘက် မှာ အဆက်အစပ် ရှိလို့လား ”
“ မရှိဘူး ။ ကျွန်တော် က ကားရှေ့ က ကြိုသွားမယ် ၊ ( နေပြည်တော် ) ပျဉ်းမနား ၊ မိတ္ထီလာ ၊ မြင်းခြံ အဲဒီ သုံးမြို့မှာ ကြို စပ်မယ်ပေါ့ ။ အဲဒီကနေ စ ၊ စ ... စ ... စပြီး မန္တလေး ၊ မြင်းခြံ ၊ မိတ္ထီလာ ၊ ပျော်ဘွယ် တောက်လျှောက် ကျွန်တော် ဆန် လုပ်တယ် ။ ကျွန်တော် ကုန်သည် ဖြစ်သွားတယ် ။ ၁၉၈၈ ကျ ဆန်လုပ်ငန်း ရပ်သွားတယ် ”
“ ဘယ် လုပ်ငန်းကို ပြောင်း လုပ်သလဲ ”
“ ၁၉၈၉ မှာ တစ်နိုင်ငံလုံး ပုဂ္ဂလိက လိုင်စင်တွေ ထုတ်ပေးတယ် ။ မည်သူမဆို လိုင်စင် နဲ့ သစ်ထုတ်ခွင့် ရှိတယ် ။ ကျွန်တော် သစ်လုပ်ငန်း လုပ်တယ် ။ တော ထဲ က ကိုယ်တိုင် ထုတ်တယ် ။ ၁၉၈၉ မှာ သူများ စက် နဝလီ ခွဲတယ် ။ ၁၉၉ဝ မှာ ကိုယ်ပိုင် သစ်စက် တည်တယ် ။ တဖြည်းဖြည်း နဲ့ ကိုယ့် ကရိန်းတွေ နဲ့ ကိုယ် ထုတ်တဲ့ အဆင့် ကို ရောက်သွားတယ် ”
ကျွန်တော်တို့ စကား ထိုင် ပြောနေတဲ့ ကျော်ကြား ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေးဆိုင် တိုက်တန်းရှေ့ ကို ကားတွေ ရပ်လာပြီး ပစ္စည်းတွေ ချလိုက် ၊ ဈေးဝယ် လာတဲ့ ကားတွေ ၊ ထော်လာဂျီတွေ က ပစ္စည်းတွေ တင်ပြီး ထွက်သွားလိုက် နဲ့ အရောင်းအဝယ် ဖြစ်နေတာ ကို ကျွန်တော် ကြည့်ရင်း မုဒိတာ ပွားမိတယ် ။
“ ဆောက်လုပ်ရေး ပစ္စည်းလိုင်း ဘက် ကို ဘယ်လိုကြောင့် ကူးခဲ့တာလဲ ”
“ ၁၉၈၉ ၊ ၉ဝ ၊ ၉၁ ၊ ၉၂ - ၁၉၉၂ အထိ ကျွန်တော် ဘာ စဉ်းစားမိသလဲ ဆိုတော့ သစ် နဲ့ ဆောက်လုပ်ရေး ပစ္စည်း တွဲရင် ဖြစ်နိုင်ခြေ ရှိတယ် ။ နောက် တစ်ခု က ကျွန်တော် ဘာ စဉ်းစားသလဲ ဆိုတော့ လူဦးရေ တိုးတက်နှုန်း ကို စဉ်းစားတာ ။ ကျွန်တော်တို့ အဘိုးအဘွားတွေ က မွေးလိုက်တာ ကျွန်တော့် အဖေတို့ ခြောက်ယောက် ။ အဖေတို့ ခြောက်ယောက် က ကျွန်တော်တို့ ကို မွေးတာ ၃၆ ယောက် ဖြစ်လာတယ် ။ လူ့သဘာဝ အရ လူ တစ်ယောက် ဟာ အိမ်ထောင် ကျ ပြီးရင် မိဘ နဲ့ အတူ နေရင် တစ်နှစ် ၊ နှစ်နှစ် ။ ပြီးရင် အိမ်ခွဲ နေမယ် ။ အိမ်ခွဲ နေရင် အိမ် ဆောက်ရမယ် ။ အိမ် ဆောက်ရင် သစ်တွေ ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ လိုမယ် ။ လူဦးရေ တိုးနှုန်း မြင့်မားလာလေ ၊ လိုအပ်ချက် ရှိလေ တက်နေမှာပဲ ။ ဒါကြီးက မတိမ်ကောဘူး ဆိုပြီးတော့ အိမ်ဆောက်ပစ္စည်း ကို ရွေးတာ ”
“ သစ် အဖမ်းခံရ ၊ သစ်လှေ မြုပ်တုန်းက စိတ်ဓာတ် မကျဘူးလား ”
“ မကျဘူး ။ အဲဒီတုန်းက ပိုက်ဆံ ရချင်တာပဲ သိတယ် ။ ဒီနေ့ ကုန်ရင် အမှား ကို ပြန်ကြည့်တယ် ။ အလုပ် လုပ်ပြီး ပြန်ရှာမယ် ။ သစ် ကို တရားမဝင် လုပ်လို့ ငါ အဖမ်း ခံရတယ် ။ တရားဝင်လမ်းကြောင်း ငါ လုပ်မယ်ပဲ ”
“ ဆောက်လုပ်ရေးပစ္စည်း ကနေ တခြား လိုင်းသစ် ချဲ့ဖို့ စိတ်ကူး ရှိသလား ”
“ အခု ကျွန်တော် ဆောက်လုပ်ရေး ပစ္စည်းရောင်းတယ် ။ ကျွန်တော့် ကို ရွှေ ရောင်းပါ ပြောရင် ကျွန်တော် မရောင်းဘူး ။ ကျွန်တော် မကျွမ်းကျင်တဲ့ လိုင်း ဖြစ်နေလို့ ။ တချို့ ပေါ်ပင် လုပ်တဲ့ သူတွေ ရှိတယ် ။ ဒါ ကျွန်တော် စိတ် မဝင်စားဘူး ။ ကျွန်တော် စိတ်ဝင်စားတာ က မိမိ ကျွမ်းကျင်တဲ့ လုပ်ငန်း အပေါ် မှာ ပဲ ”
“ ဆောက်လုပ်ရေး ပစ္စည်း ကိုပဲ တခြား မြို့ ၊ ဥပမာ - ရန်ကုန် မှာ ဆိုင်ကြီး သွား ချဲ့တာမျိုး စိတ်ကူးကော ”
“ တချို့က ဒီ မြို့မှာ နေရင်း အလုပ် လုပ်တာ သိန်း ၁ဝဝဝ ရှိတယ် ။ နောက် သိန်း ၂ဝဝဝ ရှိလာတော့ ရန်ကုန် သွားတယ် ။ သိန်း ၅ဝဝဝ လောက် ရှိလာတော့ စင်ကာပူ သွားရော ။ အခြေခံ တဲ့ ကိုယ့် ဆီ က ဘာမှ ဖြစ်မလာဘူး ။ တချို့က ပြောတယ် ။ ငါ့ မှာ သိန်း ၅ဝဝဝ ရှိတယ် ။ ဒီမှာ ဘာ ရင်းမှာလဲတဲ့ ။ ရဲရဲ ရင်းပါ ၊ ဒီပေါ်မှာ အကျိုး ဖြစ်လာမှာ ။ ကိုယ့် ပြည်နယ် မှာ ပဲ လို သလောက် ဝယ်နိုင်ရင် ဒီ ပြည်နယ် က လူ ရန်ကုန် ကို ဘာသွား ဝယ်ဖို့ လိုမှာလဲ ။ ယခု ပုဂ္ဂလိက ဆေးရုံကြီးတွေ ပေါ် လာတယ် ။ လုပ်ပါ ၊ လုပ်ရင် ကိုယ့် ပြည်နယ် ဖွံ့ဖြိုးလာမယ် ။ ဒီက လူတွေ အလုပ် ရကြမယ် ”
“ ဆိုင် ဘယ်နှဆိုင် ရှိသလဲ ”
“ ကျွန်တော်တို့ ငါးဆိုင် ရှိတယ် ။ ဂိုဒေါင်တွေ လည်း ရှိတယ် ။ ShowRoom ( အရောင်းခန်းမ ) လည်း ဆောက်နေတယ် ”
ကျွန်တော်တို့ ဦးတင်လှိုင် ရဲ့ ကျော်ကြား ဆောက်လုပ်ရေးပစ္စည်း အရောင်း ခန်းမ နဲ့ ဂိုဒေါင် တွေ ဆောက်နေတဲ့ လုပ်ငန်းခွင် ကို သွား ကြည့်ကြတယ် ။ အဝေးပြေး ကားကွင်း နဲ့ မျက်နှာချင်းဆိုင် လမ်း တစ်ဖက် မှာ ဆောက် နေတာပါ ။
“ ဆိုင်ဖွင့်တဲ့ အခါ ဆိုင်နေရာ ကို ဘယ်လို ရွေးသလဲ ”
“ ကျွန်တော်တို့ ငယ်ငယ် က အဖေ က ပြောဖူးတယ် ။ ဘာဘူကု,လားတွေ အိန္ဒိယ က လာတော့ ကွမ်းယာ တို့ ၊ တိုလီမိုလီ တို့ ရောင်းရင် ဘယ်လို နေရာ ရွေးသလဲ ဆိုတော့ လမ်းဆုံလမ်းခွ ပဲ ရွေးတယ် ၊ မင်း ဈေးရောင်းမယ် ဆိုရင် လမ်းဆုံလမ်းခွ နေရာ ပဲ ရွေးပါလို့ အဖေ က အမြဲ ပြောတယ် ။ ကု,လားကြီးတွေ လမ်းဆုံ မှာ ကွမ်းယာ ရောင်း ၊ ကုန်စုံ ရောင်း ပြီး အဲဒီက နေ ကုမ္ပဏီကြီးတွေ ထောင်သွားတာပဲတဲ့ ”
ဦးတင်လှိုင် ရဲ့ အရောင်းခန်းမ နဲ့ လမ်း ပဲ ခြားတဲ့ အဝေးပြေး ကားကွင်း မှာ ကားတွေ က ဝင်ချည် ထွက်ချည် ။ အဝေးပြေး ကားကွင်း ကလည်း ဟိုင်းဝေးလမ်း ပေါ်မှာ ရှိပြီး ကျိုက္ခမီ ၊ သံဖြူဇရပ် ၊ ထားဝယ် ၊ မြိတ် ၊ ကော့သောင်း အထိ လမ်း ပေါက်တယ် ။
“ မော်လမြိုင် မှာ ကျွန်တော့် ဆိုင် က ဈေးကြီး မှာ ။ အဝေးပြေးကားကွင်း ဆောက်တော့ ၁ဝ ဘီး ၊ ၁၂ ဘီးကားကြီးတွေ မြို့ ထဲ ဝင်လို့ မရတော့ဘူး ။ လုပ်ငန်း ရဲ့ သဘောက ကျယ်ပြန့်လာ မှာ မို့ ဒိုင်းဝန်ကွင်း ကို ကျွန်တော် မရွေးဘူး ။ ဟိုဘက် မှာ မြစ် ပဲ ရှိတယ် ။ ကျွန်တော် ဗန်ကောက် ရောက် တော့ ဟိုင်းဝေးလမ်းမ ပေါ်မှာ ကုမ္ပဏီကြီး တွေ ရှိတယ် ။ ဟိုင်းဝေးလမ်းမ က တစ်နေ့ ကောင်းလာမယ့် အချက်အချာ နေရာပဲ ဆိုတာ စဉ်းစားပြီး ဒီပေါ် မှာ ကျွန်တော် အခြေချတာ ”
ဦးတင်လှိုင် ရဲ့ လုပ်ငန်း ကို မြင်ရတာ အများကြီး တိုးတက်ဦးမယ့် ပုံစံ ပေါ်နေတယ် ။ သူ့ ကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ထွက်ခွာ လာခဲ့ကြပါတယ် ။
ကျော်ရင်မြင့်
ဘဝကြေးမုံ အဖြစ်စုံ
No comments:
Post a Comment