Saturday, November 16, 2024

မိုင်ပေါင်းကုဋေ


 

💗 မိုင်ပေါင်းကုဋေ
        ( မနှင်းဖွေး )

သူ့ ကို ကျွန်မ ချစ်မိပြီ ဟု သိရသော အချိန်တွင် သူ သည် ကျွန်မ နှင့် မိုင်ပေါင်း တစ်သောင်း နီးပါး ကွာဝေးသော နေရာတွင် ရောက်နေချိန် ဖြစ်သည် ။

ဟုတ်သည် ။ ချစ်မိသည် ။ ချစ်မိသည် ဆိုသော စကားလုံး ကို ပဲ သုံးပါရစေတော့ ။

သူ နှင့် ကျွန်မ တစ်ခါဖူးမျှ မဆုံခဲ့ဖူးပါ ။ မကျွမ်းခဲ့ဖူးပါ ။ မဆုံဖူး ၊ မတွေ့ဖူး ၊ မကျွမ်းဖူးပါ လျက် ဘာကြောင့်များ ချစ်ရတာလဲဟင် ဟု တစ်ယောက်ယောက် က များ မေးလာလျှင် ကျွန်မ မည်သို့ ပြောရမည် မသိ ။ သို့သော် ကျွန်မ သူ့ ကို ချစ်နေပြီ ဆိုတာတော့ အမှန်ပင် ဖြစ်သည် ။

ကျွန်မ သူ့ ကို မတွေ့ဖူးပေမယ့် ကျွန်မ သူ့ ကို ကောင်းကောင်း ကြီး သိ နေသည် ။ သူ့ မွေးနေ့ က စ သူ့ ငယ်နာမည် က စ ၊ သူ ငယ်ငယ် က ချူချာသည် ဆိုတာ က စ ၊ သူ ဘာ အရောင် ကြိုက်တတ်သည် ကစ ၊ သူ ဘာဟင်း နှင့် ဆို ထမင်း မြိန်တတ်သည် ဆိုတာ က စ ၊ ထမင်း စား ပြီးလျှင် ကော်ဖီခါးခါး ကျကျလေး ကို သောက်တတ်တာ က စ ၊ သူ့ ရည်းစားဦး ၏ အမည် က စ ၊ သူ ရေနှစ်ခါ နစ်ဖူးသည် က စ ကျွန်မ အကုန် သိနေသည် ။

ဤသို့ သူ့ အကြောင်း ကို ခရေစေ့တွင်းကျ ကျွန်မ သိနေခြင်း မှာ စင်စ စ် ဆန်းတော့ မဆန်းပါ ။

ကျွန်မ ငှားနေသော အိမ်ရှင် အန်တီ သည် သား ကို ချစ်တတ်သော မိခင် အလွန် ပီသရကား ၊ သူ့ သား အကြောင်း ကို တမ်းတမ်းတတ နှင့် ကျွန်မ ကို မကြာခဏ ပြောပြော ပြ နေသောကြောင့် ဖြစ်လေသည် ။

“ သား ကိုသက် ဆီ က စာ လာတယ် မေဦး ရေ ၊ သူတို့ ဆီမှာ အခု သိပ် အေး နေပြီတဲ့  ၊ နှင်းတွေ ကျ ၊ ရေတွေ ခဲ ၊ လမ်းတွေ ပိတ်ကုန်လို့ ကျောင်း တွေ တောင် ခဏ ပိတ်ထားရတယ် ဆိုပဲ ၊ ကောင်လေး နေထိုင် မကောင်း ဖြစ်နေရင် ဒုက္ခ ”

“ ငယ်ငယ်လေး ကတည်း က သူ ခဏခဏ အဆုတ်အအေး ပတ်တတ်တာ ၊ ဆောင်းတွင်း ဆို အမြဲ ဖျားတယ် ၊ အဲဒီမှာ ဖျား ရင် ပြုစုပေးမယ့် သူ ရှိပါ့မလား ၊ ဗမာကျောင်းသားတွေ တော့ သူ နေတဲ့ မြို့ မှာ ရှိတယ် ပြောတာပဲ ”

“ ငါးမြင်း ကို အခုလို ခရမ်းချဉ်သီး များများလေး နဲ့ ရေစပ်စပ် ၊ ဆီစပ်စပ်လေး ချက်ထားရင် ကိုသက် သိပ် ကြိုက်တာပေါ့ ။ သည်လို အရသာလေးမျိုး ကို သူ တမ်းတ နေရှာမလား ၊ ပြောရင်း နဲ့ ကလေး ကို အောက်မေ့ လှပြီကွယ် ” 

သည် နေ့ ကိုသက် မွေးနေ့လေ ၊ ဒါကြောင့် သူ ကြိုက်တဲ့ အုန်းထမင်း နဲ့ ဘုရားဆွမ်းကပ်တာ ၊ အဲဒီ နှင်းဆီပန်း အနီ က လည်း ကိုသက် ကြိုက်တဲ့ ပန်းပဲ ၊ အိမ် ထဲ ဝင်လာတာ နဲ့ ဘုရားစင် က နှင်းဆီပန်းနံ့ကလေး ရလိုက် ရင် အမော ကို ပြေသွားတာပဲ တဲ့ ၊ ကိုသက် ပြောလေ့ ရှိခဲ့တဲ့ စကား

“ အဲဒီ မိန်းကလေးပေါ့ ၊ ကိုသက် ဆယ်တန်းကျောင်းသား ဘဝ က ရည်းစား ၊ သား အိပ်ရာ အောက် မှာ ရည်းစားစာ မိတာ့ အန်တီ ဖြင့် ငိုလိုက် ရတာလေ ၊ တခြား မဟုတ်ပါဘူးကွယ် ၊ သည် အရွယ် နဲ့ ရည်းစား ထား တော့ ပညာရေး မှာ ထိခိုက်မှာ စိုးလို့ ပါ ။ ဒါပေမဲ့ သား က တော်ရှာပါတယ် ၊ အန်တီ က မကြိုက်ဘူး ဆိုတာနဲ့ ချက်ချင်း ဖြတ် လိုက်ပါတယ် ။ သား တက္ကသိုလ် မှာ တတိယနှစ် လား ရောက်တော့ အဲဒီ မိန်းကလေး လည်း တခြား လူ နဲ့ အိမ်ထောင်ကျ သွားပါတယ် ။ အခုတော့ ကလေး နှစ်ယောက် လား ၊ သုံးယောက် လား မသိဘူး ရ နေပြီ ”

ကိုသက် ဆိုသော အမည်နာမ နှင့် အတူ သူ့ အကြောင်း ခြင်းရာများ သည် ကျွန်မ နားဝယ် ပြည့်လျှံလျက် ရှိနေပြီ မို့ သူ့ အပေါ် ကျွန်မ အနှစ်နှစ် အလလ က သိကျွမ်း လာခဲ့သူ လို နားလည် ခံစားမိတာ ဆန်းပါသလား ။ သူ့ အပေါ် ကျွန်မ ငယ်ပေါင်းကြီးဖော် လို သံယောဇဉ် ငြိတွယ်မိတာ က ကော အံ့ဩစရာလား ။

အဲ ... အလှပြင် မှန်ဗီရို ပေါ် က မျက်လုံးရီရီ ၊ သွားညီညီကလေးများ ပေါ်သည် အထိ အားရပါးရ ပြုံးရယ် နေသော သူ့ ဓာတ်ပုံ ကို အမြဲလိုလို တွေ့မြင်ရုံနှင့် သူ့ ကို ကျွန်မ ချစ်သွားရသည် ဆိုတဲ့ အဖြစ် က နည်းနည်း တော့ ဆန်းကောင်း ဆန်းပေလိမ့်မည် ။

ကျောင်း တုန်းကတော့ အချစ် ကို မရှာဘဲ တက္ကသိုလ် ကျောင်းသူ ဘဝ ကို ကျွန်မ ရိုးစင်းစွာ ဖြတ်သန်းခဲ့ပါသည် ။

လေးနှစ်တာ ကာလ အတွင်း ကျွန်မ ရရှိခဲ့သော အချိန်တော်တော်များများ ကို ကျောင်းစာ ထဲ မှာ မြှုပ်နှံခဲ့ပါသည် ။ အားသည့် အခါ ဝတ္ထုလေး ဘာလေး ဖတ်၍ ရုပ်ရှင် ကို တစ်ခါတစ်ရံ ကြည့်ဖြစ် သည် ။ ရံဖန်ရံခါ တက္ကသိုလ် အနုပညာအသင်း မှ သူများ တွေ ကကြ ၊ ခုန်ကြ ၊ ဆိုကြ ၊ တီးကြသည် ကို သွားရောက် ငေးမော နေတတ်သည် ။ ကျောင်းပိတ်ရက်များ တွင် ဝတ္ထုတိုလေးများ ၊ ကဗျာလေးများ စမ်းရေး ၍ ဟို မဂ္ဂဇင်း ၊ သည် မဂ္ဂဇင်း ပို့တတ်သည် ။ အမြဲတမ်း တွဲသော မိန်းကလေး သူငယ်ချင်း နှစ်ယောက် ရှိသည် ။ ပိုးပန်းချစ်ရေး ဆိုသူ ခုနစ်ဦး ရှိခဲ့သည် ။ ဤမျှသာ ပဲ ၊ ရည်းစားသနံ ရယ် ဟု တစ်ခါမျှ မထားဖူးခဲ့ပါ ။

ကျောင်း ပြီး၍ ဘွဲ့တွေ ဘာတွေ ရ ၊ စာရင်းစစ် ဟူသော အလုပ်တာဝန် ဖြင့် သည် မြို့ငယ်လေး ကို ရောက် လာပြီး ပင်စင်စား အဘိုးကြီး ၊ အဘွားကြီး နှစ်ဦး သာ နေသော အိမ်ကျယ်ကြီး ၏ တစ်စိတ်တစ်ပိုင်း ကို ငှားရမ်း နေမိတော့ မှ ကျွန်မ နှလုံးသား သည် အချစ် ကို မွတ်သိပ်စွာ တမ်းတ လာမိတော့သည် ။

သူငယ်ချင်းတွေ နှင့် လည်း တစ်ကွဲတစ်ပြား ဖြစ်ကာ မိဝေးဖဝေး နေရ သောကြောင့် အားကိုး မှီတွယ်စရာ သံယောဇဉ် အစအန ကို စိတ်ကူး နှင့် ရှာဖွေမိတာလား မပြောတတ် ။

ကျွန်မ စိတ်ကူးတွေ က တော့ ကလေးဆန် ၍ အနည်းငယ် ရူးနှမ်း သလို ဖြစ်နေတာ ကို တော့ ရှက်ရှက်နှင့်ပဲ ဝန်ခံရပါမည် ။ သို့ပေမယ့် ဓာတ်ပုံလေး ကြည့်ပြီး သူ့ ကို ချစ်နေမိတာကတော့ မတတ်နိုင် ။

ကျွန်မ သူ့ အကြောင်း ကို ပဲ တွေးနေချင်သည် ။ သူ့ အကြောင်းတွေ ကို ကြားနေချင်သည် ။ ကျွန်မ သူ့ ကို မကြာခဏ အိပ်မက် မက်သည် ။ မျက်လုံး တောက်တောက်လေး နှင့် လှပစွာ ရယ် နေသော သူ နှင့်ကျွန်မ အိပ်မက် ထဲ မှာ မကြာခဏ စကား ပြောရသည် သူ့ အကြောင်း အိပ်မက် မက်ပြီး နိုးလာရသော နေ့မျိုး ဆိုလျှင် ကျွန်မ တစ်နေ့လုံး ပျော် နေသည် ။

သူ့ ကို မြင်ယောင်ပြီး ကျွန်မ ကဗျာတွေ ၊ ဝတ္ထုတွေ အတော်များများ ရေးဖွဲ့ ဖြစ်သည် ။ ကျွန်မ ဝတ္ထု ထဲ မှ ဇာတ်ကောင်များ သည် များ သော အားဖြင့် သူ ၏ ပုံရိပ်များ သာ တည်း ။

တစ်ခါတစ်ရံ သူ ထိုင် စာကျက်နေကျ ဟု ဆိုသည့် ခြံ ထဲ က ပိတောက်ပင်ကြီး အောက် တွင် ကျွန်မ တစ်ယောက်တည်း သွား ထိုင်ကာ သူ့ ကို လွမ်းဆွတ် နေတတ်သည် ။

ထိုအခါမျိုး တွင် ကျွန်မ သည် ကက်ဆက် ထဲ သို့ ဖြူသီ ၏ သီချင်းခွေ ထည့် ကာ ကက်ဆက် ကို ရင်ခွင် ထဲ ပိုက်၍ ခပ်တိုးတိုး ဖွင့်သည် ။

ရင်ထဲ မှ နင့်နင့်နဲနဲ ထွက်ပေါ်လာသော အသံ ဖြင့် တေးများ ကို ဆိုညည်း တတ်သော ဖြူသီ ၏ “ မိုင်ပေါင်းကုဋေ ”  သီချင်း သည် ကျွန်မ အတွက် သီးခြား စပ်ဆိုထားသလား ဟူသော ထင်မှားစိတ် ဖြင့် မျက်လုံး စုံမှိတ်၍ ရင်ခုန်လှိုက်မောစွာ ကျွန်မ နားထောင်လေ့ ရှိသည် ။

“ တူနှစ်ကိုယ် ... ပင်လယ်ကြီး ခြားလို့ နေနေ ... ကန္တာ ... မြိုင်ခြေ တော ဆီးလို့ ကာပါစေ ... ရင်မှာ ... တူမကွာ... . အမြဲ အချစ်ရှိနေရင်... ဝေးစမ်းပါစေ ... မိုင်ပေါင်းကုဋေ ”

ထိုအပိုဒ် သည် ကျွန်မ ၏ နှလုံးသား ကို အထိအရှ အလှုပ်ခက်ဆုံး ဖြစ်သည် ။

ရင် ထဲ မှာ အချစ် ရှိနေလျှင် မိုင်ပေါင်းကုဋေ အထိ ဝေးချင် ဝေးစမ်းပါ စေတဲ့ ။

နယ်သာလန်နိုင်ငံ နှင့် မြန်မာပြည် သည် မိုင်ပေါင်း ကုဋေ အထိ တော့ မဝေးသေးပါဘူးနော် ကိုသက် ။

•••••   •••••   •••••

ပညာသင် ကာလ ပြီးဆုံးပြီ မို့ ပြည်တော်ပြန် သားကို ကြိုဆိုဖို့ အန်ကယ် ရော ၊ အန်တီ ပါ ရန်ကုန် ဆင်း သွားကြသည် ။

သွားခါနီး ကြည်နူး ဂုဏ်ယူစိတ် ဖြင့် ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်နေသော မိဘ နှစ်ပါး ၏ ဖြစ်အင် ကို သူ မြင်စေချင်သည် ။

ကျွန်မ မှာ လည်း အဘိုးကြီး အဘွားကြီး အတွက် ဝန်စည်စလယ်များ ကူညီ ထုပ်ပိုးပေးရင်း ဝမ်းသာ ရင်ခုန် နေမိသည် ။

အန်တီ က တစ်အိမ်လုံး ကျွန်မ ကို အပ်ခဲ့သည် ။ မရောက်တာ ကြာပြီ ဖြစ်၍ ရန်ကုန် မှာ ဘုရား လည်း ဖူးရင်း သား နှင့် အတူ အေးအေးဆေးဆေး နေဦးမည် တဲ့ ။

ကျွန်မ သည် ရုံး မှ စာရေးမလေး နှစ်ဦး ကို အဖော် ခေါ်ထားပြီး သူ့ အိမ် မှာ အိမ်ရှင်မကြီး သဖွယ် နေထိုင်ရသည့် ဘဝ ကို ကျေနပ်နေမိသည် ။

တစ်လ လောက် တွင် အန်ကယ် နှင့် အန်တီ ပြန်ရောက်လာသည် ။ ရောက်သည် နှင့် အန်တီ က နိုင်ငံခြားဖြစ် ပစ္စည်းများ ၊ အဝတ်အထည်များ ၊ ဓာတ်ပုံများ တပြပြ နှင့် သူ့ အကြောင်း ကို စီကာပတ်ကုံး ပြောပြပြန်သည် ။

အန်တီ ၏ ရယ်သလို မောသလို နှင့် ပြော လိုက်သော စကား တစ်ခွန်း ကို လည်း ကျွန်မ မျက်နှာ ပူစွာ ၊ ရင်ခုန်စွာ နားထောင်လိုက်ရသေးသည် ။

“ ကိုသက် ကို တော့ ပြောခဲ့တာပဲ ၊ အိမ် မှာ မေမေ့ အတွက် သမီး တစ်ယောက် တော့ ရနေပြီ လို့  ။ သိပ် ချောပြီး သိပ် သိမ်မွေ့ တဲ့ မိန်းကလေး လို့ ၊ သား ခွင့်ယူသာတဲ့ နေ့ ခွင့်ယူပြီး လာ ကြည့်လှည့်ပါဦးလို့ ”

ကျွန်မ အသာအယာ ရယ်မော နေလိုက်ပါသည် ။

ဘာပဲ ဖြစ်ဖြစ် ၊ ယခု အချိန်မှာ တော့ သူ နှင့် ကျွန်မ သိပ် မဝေးကြတော့ပါ ။ မိုင်သုံးရာ ခန့်သာ ဝေးကွာပါတော့သည် ။

•••••   •••••   •••••

မြန်မာပြည် ကို ပြန် ရောက်ပြီး တစ်နှစ် နီးပါး ကြာမြင့် မှ သူ သည် သူ့ ဇာတိ မြို့ကို ပြန်လာသည် ။

သူ လာတော့မည် ဟူသော သတင်း ကြား ကတည်း က ကျွန်မ ညတိုင်း အိပ် မပျော်တော့ပေ ။

သူ ရောက်လာမည့် နေ့ ကလည်း ကျွန်မ ရုံး ကို ခပ်စောစောပဲ ထွက်ခဲ့သည် ။

သူ့ ကို အလွန်အမင်း တွေ့ချင်ပါလျက် နှင့် ရှက်ရွံ့စိတ်ဖြင့် မတွေ့ဝံ့ လည်း တမင် ရှောင်ထွက် ခဲ့ရသည် ။ ရုံး မှာ လည်း တစ်နေ့လုံး အယောင်ယောင် အမှားမှား အလုပ် လုပ်ရင်း စိတ် လှုပ်ရှား နေသည် ။

ညနေ ရုံးဆင်းချိန် အိမ် ပြန်ရသော အခါလည်း ခြေထောက်များ က လေးလံ တုံ့ဆိုင်း နေသည် ။ ရှက်ရွံ့စိတ်ကြောင့် ပဲ ဖြစ်မည် ထင်သည် ။

အိမ် ရောက်သည် နှင့် ကျွန်မ သည် ကျွန်မ အခန်း သို့ ခပ်သုတ်သုတ် ပြေးဝင်ခဲ့သည် ။ ပြီးတော့မှ ခုတင်တိုင် ကို နွဲ့မှီ ၍ မောဟိုက် နေသည် ။

ထမင်းစားခန်း ဘက်တွင် သူတို့ သားအမေ တစ်တွေ ရယ်ရယ်မောမော ပြောဆို နေကြသော စကားသံ ကို ကြားနေရသည် ။

ဪ .... သူ့ အသံ ကို ကျွန်မ နား နှင့် ဆတ်ဆတ် ကြားရ ပေပြီကော ။

သူ နှင့် ကျွန်မ သည် အမိုးအကာ တစ်ခုတည်း အောက် တွင် နီးကပ်စွာ အတူ ရောက်နေပြီ ဟူသော အတွေး ကို တွေး မိပြီး ကြက်သီး ဖြန်းခနဲ ထ သွားပါသည် ။

•••••   •••••   •••••

“ မေဦး အကြောင်း ကို ကျွန်တော် နိုင်ငံခြား က ပြန်ရောက် ကတည်း က ပြောပြလို့ ကြားဖူး နေပါတယ် ”

ပိတောက်ပင်ကြီး ၏ အရိပ် ကျရာ နေရာ တွင် ကု,လားထိုင် ချ၍ ဇာထို င်ထိုး နေသော ကျွန်မ ထံ သူ လျှောက်လာ၍ ကျွန်မ အနီးတွင် မတ်တတ် ရပ်ကာ စကား ဆိုသည် ။

ကျွန်မ သည် ထိုးလက်စ ဇာအပ် ကို အထိုး ရပ်၍ သူ့ ကို အသာ မော့ကြ ည့်မိသည် ။

သူ သည် ဓာတ်ပုံ ထဲ က လို မြင့်သွယ်သော ကိုယ်နေ မဟုတ်တော့ဘဲ အနည်းငယ် ဝဖိုင့်ကာ ဓာတ်ပုံ ထဲ ထက် လည်း နည်းနည်း ရင့်နေသည် ကို တွေ့ရသည် ။

သူ လည်း ကျွန်မ အိပ်မက် မက်ခဲ့သော သွားညီညီလေးများ ပေါ် သည် အထိ ရယ်ပြုံး၍ ကျွန်မ နှင့် မလှမ်းမကမ်း တွင် ရှိသော ကု,လားထို င်လွတ် တစ်လုံး တွင် ဝင် ထိုင်သည် ။

“ မေဦး က ရန်ကုန်ဇာတိ နော် ”

“ ဟုတ်ကဲ့ ”

“ သည် မြို့လေး မှာ နေရတာ စိတ် မပျက်ဘူးလား ”

“ ဟင့်အင်း .. မပျက်ပါဘူး ၊ မေဦး ပျော်ပါတယ် ၊ ရောက်စ က သာ နေရာသစ် မို့ လို့  ၊ မိဘ နဲ့ ခွဲလာရတာ မို့ လို့ စိတ်နည်းနည်း ညစ် သလို ရှိခဲ့တာပါ ၊ မေဦး က ရန်ကုန်သူ ဆိုပေမယ့် သည်လို အေးအေးဆေးဆေး နေရ တဲ့ နေရာမျိုး ကို ကြိုက်တယ် ”

သူ က ကျွန်မ မျက်နှာ ကို စေ့စေ့ ကြည့်၍ ပြုံးသည် ။

“ ပြီးတော့ အန်တီ တို့ အန်ကယ် တို့ လည်း သဘော ကောင်းကြတယ် မဟုတ်လား ၊ ရုံး မှာ လည်း အလုပ် လုပ်ရတာ အဆင် ပြေတယ်လေ ၊ လူကြီးတွေ ကရော ၊ လုပ်ဖော်ကိုင်ဖက်တွေ က ပါ ကူညီစောင့်ရှောက် ကြ ပါတယ် ”

ကျွန်မ က တမင်ပဲ ရှင်းပြ လိုက်မိသည် ။

“ ချီးကျူးတယ်ဗျာ ၊ ကျွန်တော် က တော့ ကိုယ့် မိဘ အသက်ထင်ရှား ရှိ နေသေးလို့ သာ မြို့ ပြန်ရတာ ၊ သိပ် စိတ်ပျက်တာပဲ ၊ လမ်းပန်း က လည်း ခက် ၊ ဖုန် က လည်း ထူ ၊ ပျော်စရာ က လည်း ထူးထူးခြားခြား မရှိ ၊ ဘယ်နေ ရာ ကြည့်ကြည့် ခြောက်ကပ်ကပ် ” 

“ ဟင် ... ”

ကျွန်မ သည် အံ့ဩ ထိတ်လန့်စွာ သူ့ မျက်နှာ ကို လှမ်းကြည့်မိသည် ။ သူ ကတော့ ကျွန်မ ၏ အာမေဍိတ်သံ ကို လည်းကောင်း ၊ ကျွန်မ အမူအရာ ကို လည်းကောင်း ဂရုပြုမိဟန် မတူ ။ သူ့ စကား ကို ဆက် ပြောသည် ။

“ နိုင်ငံခြား မှာ နည်းနည်း အနေ ကြာ သွားလို့ လား မသိဘူးဗျာ ၊ တော မှာ ကို မနေချင်တော့ဘူး ၊ ရန်ကုန် လောက် ဆို တော်သေးတယ် ”

ကျွန်မ ရင်ထဲ ဘုရားတ မိသည် ။

ကျွန်မ အလွန်အမင်း ဝမ်းနည်း စိတ်ပျက် ၍ သွားပါသည် ။ ခန္ဓာကိုယ် မှာ လည်း အားအင်တွေ ကုန်ဆုံး သွား သလို ခံစားလိုက်ရသည် ။

ကျွန်မ မျှော်လင့်ခဲ့သော ၊ ကျွန်မ ချစ်မြတ်နိုးခဲ့ရသော ၊ ကျွန်မ စိတ်ကူးယဉ် ခဲ့သော ကိုသက် မှာ သည်လို ရေပေါ်ဆီ အတွေးအခေါ်တွေ ရှိခဲ့ လိမ့်မည် ဟု လုံးဝ မထင်မှတ်ခဲ့ ။ သဘော ပြည့်၍ တည်ကြည်လေးနက် သူ အဖြစ် သာ ကျွန်မ စွဲမှတ်ခဲ့သည် ။

ခုတော့ အိပ်မက် ထဲ က ကိုသက် နှင့် အပြင် က ကိုသက် တို့ သည် တခြားစီပါလား ။

“ ကျွန်တော် က ဘယ်နေရာ ရောက်ရောက် သူများ ထက် တော့ သာ ရ မှ ဗျ ၊ ကျောင်း မှာ ပဲ ဖြစ်ဖြစ် ၊ အားကစား မှာ ပဲ ဖြစ်ဖြစ် အလုပ်ခွင် ထဲ မှာ ပဲ ဖြစ်ဖြစ်ပေါ့ ”

အထင် ကြီး ပြီးသားပါ ကိုသက် ရယ် ။ ဘာဖြစ်လို့ ကလေးဆန်ဆန် ကိုယ်ရည်သွေး နေရတာလဲ ဟု ကျွန်မ စိတ်ထဲ သူ့ ကို မချင့်မရဲ ပြောနေမိသည် ။

“ ရုံး မှာ လည်း အတိုက်အခိုက် က များ သဗျာ ၊ လူတွေ က တယ် မနာ လိုတတ်ကြတာပဲ ၊ ကျွန်တော် အလုပ် ဝင်ပြီး သိပ် မကြာခင် နိုင်ငံခြား သွားရတာ က စ ၊ လုပ်သမျှ အောင်မြင် နေတာက စ ပေါ့ ၊ သူ တို့ ကြည့် မရကြဘူး ၊ ကျွန်တော့် ကို တွန်းကြ ၊ တိုက်ကြတယ် လေ ။ ဒါပေမဲ့ ကျွန်တော့် လို အရည်အချင်း ရှိတဲ့ လူမျိုး ကို သူတို့ ဘယ် ကျောလို့ ရမှာ လဲ ”

ကျွန်မ သည် သူ့ စကားများ ကို နားထောင်ရင်း မျက်နှာ ပူလာသည် ။ စိတ်ပျက် လာသည် ။ သူ့ အပေါ် အထင်သေးချင် လာသည် ။

အခုမှ တွေ့သည့် မိန်းကလေး တစ်ယောက် ကို သည်လို စကားမျိုး ပြောသင့်သလားကွယ် ။

ကြွားဝါးခြင်း သည် စိတ်ပိုင်းဆိုင်ရာ တစ်စုံတစ်ခု ချွတ်ယွင်းသူများ ၏ အပြုအမူ အပြောအဆို ဖြစ်သည် ကို နိုင်ငံခြားပြန် ခေတ်ပညာတတ် တစ်ယောက် ဖြစ်သော ကိုသက် မသိလေရော့ သလား ။

မိမိ ကို အထင်ကြီးစေ လိုသော စိတ် ဖြင့် ကြွားဝါလိုက်သည် နှင့် တစ်ပြိုင်နက် မိမိ သည် တစ်ပါးသူ ၏ အထင်သေးခြင်း ကို ချက်ချင်း ခံသွားရသည် ဆိုသော အချက် ကို ရော ကိုသက် တစ်ယောက် မကြားဖူး ဘူးလား ။

အိုး က ပြည့်နေပါလျက် ဘာကြောင့် ဘောင်ဘင် ခတ်ချင်သလဲ ကိုသက် ။

နောက်ပိုင်း သူ အားရပါးရ ကိုယ်ရည်သွေး ပြောဆို နေသော စကားများ ကျွန်မ နားထဲ ဝင် တစ်ချက် ၊ မဝင် တစ်ချက် ။

ကျွန်မ သက်ပြင်း ရှိုက်မိသည် ။

သူ နှင့် ကျွန်မ တစ်ထိုင် စကား ပြော နေစဉ် အတွင်း သူ့ အပေါ် ကျွန်မ အထင် ကြီးခဲ့သမျှ အကုန်လုံး လျော့ပါး ပျောက်ဆုံး ကုန်သည် ။

သူ့ အပေါ် ငြိတွယ်မိသော သံယောဇဉ်ကြိုးတွေ လည်း တစ်စ တစ်စ နှင့် ပြေလျှော့ ကုန်ပြီ ။ ကျွန်မ တွေးမိတွေးရာ တွေး နေစဉ် ကျွန်မ မျက်နှာ ကို တည့်တည့် ကြည့်၍ သူ တစ်စုံတစ်ခု ကို မေးလိုက် သလို ခံစားလိုက်ရသည် ။

“ ရှင် ... ဘာ ... ဘာ မေးတာလဲ ”

“ ဪ ... မေဦး က ဝတ္ထုတွေ ၊ ကဗျာတွေ ရေးနေတယ် ဆိုတာ ဟုတ်သလားလို့ မေးတာပါ ”

“ ဟုတ် ... ဟုတ်ကဲ့ ၊ နည်းနည်းပါးပါး ပါ ”  

“ ဘယ်မှာ ရေးတာလဲ ”

“ ဟို ... မဂ္ဂဇင်းတွေ ထဲမှာ ”

“ ဘယ်နာမည် နဲ့ ရေးတာလဲ ”  

“ ခင်မေဦး နဲ့ ပါပဲ ”

“ အေးဗျာ ၊ ကျွန်တော် က လည်း ဝတ္ထုတို့ ဘာတို့ မဖတ်တော့ မသိဘူး ဗျ ”

“ ဪ ... ”

“ ကျွန်တော် က ကျောင်းစာ နဲ့ လုပ်ငန်းခွင် ထဲ က စာ က လွဲရင် တိုင်း ( မ ) ( စ ) ၊ နယူး( စ ) ဝိ ( ခ ) လောက်ပဲ ဖတ်ဖြစ်တယ် ၊ အားကစား မှာ ဝါသနာကြီး သလောက် အနုပညာ မှာ တော့ ပါရမီ လည်း မရှိဘူး ၊ ဝါသနာ လည်း မပါဘူး ၊ သီချင်း လည်း တစ်ပုဒ် မှ ဆုံးအောင် မရဘူး ၊ အဲ ... အရက်မူး လာပြီ ဆိုရင် ဟိုတစ်စ ၊ သည် တစ်စ လျှောက် အော်တော့တာပဲ ”

သူ ထိုင်နေသည့် ကု,လားထိုင် ပေါ်သို့ နေရောင် စောင်း ကျ လာသဖြင့် သူ သည် နေရိပ် ရှိရာသို့ ကု,လားထိုင် ကို ရွှေ့ထိုင်သည် ။

ထိုအခါ ကျွန်မ တို့ နှစ်ယောက် ပိုမို နီးကပ်သွားသည် ။

သို့သော် .......

သူ နှင့် ကျွန်မ သည် တဖြည်းဖြည်း နှင့် ပို၍ ပို၍ ဝေးသွားကြသည် ဟု ကျွန်မ ခံစားမိသည် ။

⎕ မနှင်းဖွေး

📖 ပေဖူးလွှာ မဂ္ဂဇင်း
     ၁၉၈၉ ခု ၊ ဇူလိုင်လ
.

No comments:

Post a Comment