Wednesday, November 27, 2024

ဓာတ်ပုံ


 ဓာတ်ပုံ

( အေးမင်းစော )


သူ နှင့် ခင်မောင်ဝင်း တို့ အခန်းဆီး ကို လှပ်၍ အထဲ ဝင်မည် ပြုစဉ် ဒေါ်လေးမခင်မေ က ရှေ့မှ ဦးဆောင်၍ ခပ်သုတ်သုတ် ဝင်ရင်း ခေါင်းရင်း ပြတင်းပေါက် ကို ဖွင့်ပေး သည် ။ ရုတ်တရက် ဝင်လာသော ပြင်ပ အလင်းရောင် အောက်တွင် အခန်း က ဆလိုက်ထိုး ခံလိုက်ရ သလို လင်းကျင်းသွားလေသည် ။ ကျယ်ဝန်းသော နှစ်ယောက်အိပ် ခုတင် ပေါ်တွင် ရှိနေသော အဖြူရောင် အိပ်ရာခင်း က ဆန့်ရန့်လျက်ရှိ၏ ။ ခုတင် နှင့် ကပ်လျက် စာရေးစားပွဲ ပေါ် မှာတော့ ဦးလေးတို့ လင်မယား ၏ ပုံ ထည့်ထား သော ဓာတ်ပုံမှန်ပေါင် ရှိနေ၏ ။ ဓာတ်ပုံ ထဲ မှာတော့ အရယ်အပြုံး နည်းသော ဦးလေးကိုတင်မောင် ၏ အပြုံး က အသက်ဝင် နေသလို ဒေါ်လေး ၏ ပခုံးပေါ် လက် တစ်ဖက် ပင် တင်ထားသေးသည် ။ သည် အခင်းအကျင်း သည်ပင် မုဆိုးမပူပူနွေးနွေး တစ်ယောက် ပိုင်ဆိုင်သမျှ အခန်း ဖြစ်လိမ့်မည် ။


သူ နှင့် ခင်မောင်ဝင်း တို့က ခုတင် ဘေးရှိ သေတ္တာ တွေကို မချပြီး အထဲ က ပစ္စည်းတွေ ကို ရှင်းရင်း ခြတွေ ဘာတွေ ဝင်နေမလား စစ်ရသည် ။ သေတ္တာတွေ ထဲ မှာ တော့ တရားစာအုပ်တွေ ၊ ဦးလေး ရှိစဉ် စုဆောင်းထားသည့် သူ ဝါသနာပါရာ ဓာတ်ပုံစာအုပ်တွေ နှင့် ဓာတ်ပုံ တွေ ရှိ နေ၏ ။ နောက်သေတ္တာတွေ ထဲမှာတော့ ဦးလေး ၏ မိဘတွေ သုံးခဲ့သော အသုံးအဆောင်ပစ္စည်းတွေ ရှိနေသည် ။


သည်လိုဖြင့် နောက်ဆုံး သေတ္တာကြီး အလှည့် ရောက်တော့ သော့ခတ်ထား၍ ဒေါ်လေး က ခါးမှာ ထိုး ထားသော သော့တွဲ ကို ဖြုတ်ကာ သေတ္တာ ရှေ့ထိုင်သည် ။ သော့ မှာ ရှေးတုန်းက ကြေးသော့ ဖြစ်ပြီး သော့တံထည့် သည့် အပေါက် မှာ အပေါ်မှ အံကလေး ကို အပေါ်သို့ တွန်းတင်ပြီး သော့တံ ကို ထိုးသွင်းသည် ။ ထိုသို့ဖြင့် တစ်ချောင်းချင်း ထိုး ထည့်ပြီး လှည့်ရာ စတုတ္ထမြောက် သောတံ နှင့် မှ သော့ က ပွင့်သွားသည် ။


သူ က ထင်းရှူးသေတ္တာ ၏ အဖုံးကို ဆွဲ မတော့ ဟောင်းနွမ်းဆွေးမြည့်ခြင်း ၏ ရနံ့ က အပြင် သို့ ပျံ့ထွက် လာလေသည် ။ အပေါ်ဆုံး မှာ သေသပ်စွာ ခေါက်ထား သော ကနားဖျင်းစ ရှိနေသည် ။


ကနားဖျင်း အောက် မှာတော့ စာအုပ် တချို့ နှင့် အတူ ဒိုင်ယာရီ လေးငါးအုပ်ကွေ့ တော့ ဒေါ်လေး က တစ်အုပ် ပြီး တစ်အုပ် ယူကြည့်သည် ။ သူ က ဒေါ်လေးချထားသော ဒိုင်ယာရီတွေ ကောက်ယူကြည့်တော့ အထဲ မှာ ဦးလေး ရွာတွေ ဘက် မြေတိုင်း ထွက်စဉ် ရေးမှတ် ထားတာ တွေက အများစု ဖြစ်ပြီး အချို့ စာမျက်နှာတွေ မှာတော့ အသေးသုံး စာရင်းတွေ ကို တွေ့ရသည် ။ ဒိုင်ယာရီ ပေါ် က ခုနှစ်တွေ အရ သူ့ အသက် နှင့် မတိမ်းမယိမ်း ရှိနေသော စာအုပ်တွေ ဟု နားလည်ရသည် ။ အထဲ က စာရွက်တွေ က တော့ ကာလ ၏ စွန်းထင်းမှုဖြင့် အတော်ပင် ဝါကျင့် နေပြီ ။ ဒေါ်လေး က ထိုစာရွက်များပေါ်ရှိ ခင်ပွန်းသည် ၏ ညီညာသော လက်ရေးများ ကို ကြည့်ရင်း ပြုံးသည် ။ 


သူ က သေတ္တာ ထဲရှိ အညိုရောင် စာအိတ် ကို ဆွဲယူ ပြီး အထဲ ဘာတွေ ပါမလဲ စေ့ငုမိသည် ။ ဦးလေး ၏ မိဘ များပုံတွေ ပါ သလို ဦးလေး ငယ်စဉ် က ရိုက်ထားသည့် ပုံတွေ စုစုပေါင်း ၁၅ ပုံ ခန့် ရှိမည် ။ သည့်နောက် မီတာခ ဖြတ်ပိုင်း အချို့နှင့် အတူ ဓာတ်ပုံ တစ်ပုံ ထွက်လာသည် ။ သူ က ဓာတ်ပုံ ကို ကြည့်ရင်း သည် မျက်နှာ ကို ရင်းရင်းနှီးနှီး သိခဲ့ဖူးသလို ခံစားရသည့် တိုင် နာမည် ကို ရုတ်ချည်း ဖော်မရ ။ ပုံထဲ မှာ အမျိုးသမီး က ထိုခေတ် ဓာတ်ပုံဆိုင် တွေမှာ ရှိတတ်သော ထောင်လိုက်မြောင်းကလေးများ ဖော်ထားသော သစ်သားထိုင်ခုံပေါ်မှာ ကိုယ်ကို ဘေးစောင်း မကျတကျ ထိုင်နေသည် ။ သူမ က ပြေပြစ်သော ခန္ဓာကိုယ် အချိုးအစား နှင့် လိုက်ဖက်စွာ ဘဲဥပုံ မကျတကျ မျက်နှာနှင့် ဖြစ်ပြီး ကင်မရာ ဆီ လှည့်ရင်း ပြုံးလျက် ။ အတန်ငယ် မို့သည့်တိုင် တောက်ပသော မျက်လုံးများ နှင့် အဖျားကော့နှာတံ ၊ ထူဝန်းသော နှုတ်ခမ်း အစုံတို့ ပေါင်းစပ်ထားသော မျက်နှာ က ပင် လှသည် ထက် ချော သည် ဟုပင် ပြောဆိုနိုင်သည့် အနေအထား ။ သူ က ပုံကို ကြည့်ရင်း မှတ်ဉာဏ်အဖွဲ့ ကို နောက်ပြန်လှည့်ရင်း စဉ်း စားသည် ။ ဘယ်သူလဲ .. ။ ငါ သေသေချာချာ သိဖူးသလိုပဲ .. ၊ ဘယ်တုန်းကလဲ ... ။ သည်လို လဲပေါင်းများ စွာနှင့် လုံးချာလိုက်ရင်း လက်လျှော့ရတော့ မလို ဖြစ်နေ ချိန် သူ့ မှတ်ဉာဏ်က ငယ်ဘဝ ၏ အချို့သော နေ့ရက် များဆီ ပြန်လည် ဆိုက်ကပ်စဉ် ... ။


“ ဟာ ”

 

သူ က စိတ်မှာ ထင်သော အသံကို ကြိုးစားထိန်းချုပ် ရင်း ဓာတ်ပုံ ကို မူလစက္ကူအိတ်ထဲ အမြန် ပြန်ထည့်ဖို့ ပြင်သည် ။ သည်မှာပင် သူ ၏ ဆုတ်ဆိုင်းတွေဝေမှု က အားတုံ့အားနာ ဖြစ်မှု တစ်ခု ကို ခေါ်ဆောင်လာခဲ့လေပြီ ။ စာအိတ် ထဲ အမြန် ပြန်သွင်းရန် ပြင်နေသော ဓာတ်ပုံ ၏ အစွ န်းတစ်ဖက်ဆီ လှမ်းလာသော ပြည့်ဖောင်းသည့် လက်တစ်ဖက် ... ။


“ ပြစမ်း ဒေါ်လေး ကို ”


သူ က အားတုံ့အားနာဖြစ်မှု နှင့် အတူ ခဏတာ ဆွံ့အ သွားစဉ် ဓာတ်ပုံ က ဒေါ်လေး ၏ လက်ထဲသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိသွားခဲ့ပြီဖြစ်သည် ။


oooooooooooo


သူ က ဦးလေးကိုတင်မောင် ကို သတိရ နေသည် ။ ဦးလေး က အမေတို့ နှင့် ဆိုလျှင် မောင်နှမ သုံးဝမ်းကွဲ လောက် တော်စပ်သည် ။ သို့သော် သွေးချင်း အတော်အတန် ဝေးသည့်တိုင် ခင်ရာဆွေမျိုး ဆိုသလို အိမ်ချင်း ကလည်း မျက်နှာချင်းဆိုင် ဖြစ်နေရာ အမေတို့ အတွက် ဦးလေး က သွေးရင်းတစ်ဦး ပမာ ရှိခဲ့လေသည် ။ အခြား အကြောင်း အနေ နှင့် မူ ဆယ့်ရှစ်နှစ်သား အရွယ် မှာ ပင် ဦးလေး တစ်ယောက် မိဘမဲ့ ဖြစ်ခဲ့ရခြင်း ကလည်း အမေ တို့နှင့် ရင်းနှီးမှုကို အရင်းအချာပမာ ပို၍ ခိုင်ကျည်စေခဲ့ ခြင်းဖြစ်သည် ။


သည်တုန်းက ဦးလေး မှာ ဖခင် ဖြစ်သူ၏ ကောင်းမှုဖြင့် မြေတိုင်းစာရေး အလုပ် ကို ဝင်ခါစ ဖြစ်သည် ။ မကြာခဏ ဆိုသလို အလုပ်စောစော သွားရသည့် အခါများ၌ အိမ် ကပင် သူ့ အတွက် ထမင်းဟင်း စီစဉ်ပေး ခဲ့ရသည် ။ အချို့နေ့များ မှာတော့ အိမ်ရှေ့ မှာ ဖခင့် အမွေ ရာလေး စက်ဘီးအိုကြီး ကို အမြန် ဒေါက်ထောက်ရင်း လက် တစ်ဖက်မှာ ထမင်းဖြူ ထည့်ထားသော ချိုင့် နှင့် အပြေး ဝင်လာပြီး အမေတို့ မီးဖို ထဲက ဆီးထည့် ပေးသမျှ ချိုင့်ထဲ ဖြစ်သလိုထည့်ပြီး ဒရောသောပါး သွားရသည်များ လည်း ရှိသည် ။ သည်လိုပင် ဦးလေး ကလည်း အိမ် မှာ ရှိသမျှ ကိစ္စကြီးငယ်မရွေး ကူညီသည် ။


ဒင်္ဂါးတစ်ချပ် တွင် ခေါင်း နှင့် ပန်း ရှိသလို ဒါတွေက ဦးလေး ၏ မျက်နှာစာတစ်ဖက် ဖြစ်လျှင် အခြားသော မျက်နှာစာ တစ်ခုလည်း ရှိသေးသည် ။ လောကတွင် ရံဖန်ရံခါ တချို့ သူများ၏ စိတ်ဝင်စားမှု က အဆန်းတကြယ် နှင့် အံ့သြဖွယ်ရာတွေ ဖြစ်နေတတ်တာ ရှိသည် ။ ဥပမာ အားဖြင့် သူတို့ လမ်းထိပ်က ကွယ်လွန်သွားပြီ ဖြစ်သော အဘိုးဦးစိန် ဆိုလျှင် တံဆိပ်ခေါင်း စုတာ ဝါသနာပါ သည် ။ အဘိုး ထံ မှာ ပြည့်တွင်းပြည်ပ တံဆိပ်ခေါင်းတွေ ကို သေသေချာချာ ဖြတ်ညှပ်ပြီး ကပ်ထားသော ဗလာ စာအုပ် ဆယ်အုပ် မက ရှိတာ သူတွေ့ဖူးသည် ။ နောက် တစ်ဦးကတော့ သူတို့ မြောက်ဘက် ၂ လမ်း ကျော် က ဆရာ ဦးသိန်းနိုင် ဖြစ်သည် ။ သီချင်း သုံးလေး ပုဒ်သာ ထိုးနိုင်သူ ဖြစ်သော်လည်း တယောတွေ ကို ဝယ် စုသည် ။ အစဉ်ဆက် ကြွယ်ဝသူ တစ်ဦး ဖြစ်သူ ဦးသိန်းနိုင် နောက်ဆုံး ဝယ်ခဲ့သော တယော မှာ ငွေ ၅ သိန်း ကျော် ပေးရသည်ဟု သူ ကြားဖူးသည် ။ 


ဦးလေးကိုတင်မောင် ကတော့ သူတို့နှင့် မတူဘဲ တစ်ဘာသာ ဖြစ်သည် ။ ဦးလေး စိတ်ဝင်စားသည်က ဓာတ်ပုံ တွေဖြစ်သည် ။ ဓာတ်ပုံ တစ်ပုံ မတွေ့လိုက် နှင့် ထို ဓာတ်ပုံကို အာရုံစူးစိုက်ပြီး အချိန် အတန်ကြာ ကြည့်မည် ။ ထို အချိန်တွင် ဦးလေး ၏ မျက်လုံးတွေ က သိသာစွာ အရောင် တောက်ပလျက် ရှိနေတတ်သည် ။ သည်လို ဓာတ်ပုံတွေ ကို စိတ်ဝင်စားသည့် အားလျော်စွာ မြို့ မှာ တစ်ခုတည်းသော ဓာတ်ပုံဆိုင် ဖြစ်သည့် ‘ မင်္ဂလာ ’ ဓာတ်ပုံ ဆိုင်က ဦးသန်း ဆီမှာ ဓာတ်ပုံပညာ သင်သည် ။ ဓာတ်ပုံ နှင့် ပတ်သက်တာတွေ ပါသော စာအုပ်တွေ ဝယ်ဖတ်သည် ။ သည်အထဲ ထိုစဉ်က လစဉ် ဓာတ်ပုံပြိုင်ပွဲတွေ လုပ်ပေးသော ‘ မြဝတီ ’ လို မဂ္ဂဇင်း လည်း ပါသည် ။ သည်လိုပင် ဘယ်က ဖြုတ်ထားမှန်း မသိသော ဓာတ်ပုံ များစွာ ကိုလည်း စက္ကူဖိုင်တွေ ဖြင့် တွဲချုပ်ထားတာ လေး ငါးအုပ် မက ရှိသည် ။ သူ နှစ်သက်သော ဓာတ်ပုံတစ်ခု ရမလာလိုက်နှင့် အိမ်ဘက် ကူးလာပြီး အမေတို့ ကို ဓာတ် ပုံ အယူအဆက ဘယ်လို ၊ အလင်းအမှောင်ပေးထားပုံ က ဘယ်ပုံ စသည်ဖြင့် တမေ့တမော ရှင်းပြနေတတ် ရာ အမေတို့ မှာ ကောင်းကောင်း နားမလည်သည့်တိုင် သူစိတ်ကျေနပ်အောင် ခေါင်း တွင်တွင်ညိတ်ရင်း ' အင်း ' လိုက်ရတတ်သည် ။


ဤသို့ဖြင့် ဦးလေး က သူတို့ မိသားစု အတွက် သာ မက လမ်းထဲရှိ သူများ အတွက်ပါ ဓာတ်ပုံကိစ္စ နှင့် ပတ် သက်လျှင် ဦးတိုက်ရသူ တစ်ဦးဖြစ်နေခဲ့သည် ။ လိုင်စင် ဓာတ်ပုံလား ၊ အလှပုံလား ၊ မိသားစုပုံပဲလား ဦးလေး နှင့် တိုင်ပင်ရသည် ။ ဦးလေး က ဓာတ်ပုံဆိုင် က အပြန် မှာ ရက်ချိန်း ပေးမည် ။ အကယ်၍ ထိုနေ့မှာ ဦးလေး ရှိနေလျှင် ကိုယ်တိုင် ရိုက်ပြီး မရှိလျှင်လည်း ဆိုင်မှာ ရှိသူထဲက မည်သူမည်ဝါ က တာဝန်ယူ ရိုက်ပေးလိမ့်မည် စသည် ဖြင့် အကြောင်းပြန်မည် ။ ဆိုင်ပိုင်ရှင် ဦးသန်း ဆိုသည်မှာ လည်း နဂိုကပင် အပျော်အပါး ခပ်များများမှာ နောက် ပိုင်း ဖဲကို အစွဲကြီးစွဲရင်း မြို့ အနှံ့ ဖဲဝိုင်းရှိရာများ၌သာ စတည်းချနေတတ်ရာ ဆိုင်ကိစ္စ အဝဝက တပည့်ဖြစ်သူ ဦးလေးကိုတင်မောင့် ခေါင်းပေါ် ရောက်လာသည် ။ 


ဦးလေး သည် နဂိုကပင် ဓာတ်ပုံကို စိတ်ဝင်စားသူ ဖြစ်၍ ပထမတော့ သူ့ဆရာ ၏ လစ်ဟာမှုများကို တတ်စွမ်းသမျှ ကြိုးစားဖြည့်ဆည်းခဲ့သေးသည် ။ မနက် စောစော ထ၍ ရွာတွေဆီ ကွင်းဆင်းပြီး အပြေး ပြန်လာ၍ ဆိုင် အလုပ်တွေ ကို သိမ်းကျုံး လုပ်သည် ။ သို့ရာတွင် ဆိုင် မှာ လူ ရှိချိန် ဟူ၍ တစ်နေ့ လေးနာရီ မျှသာ ဖြစ်ရာ စီး ပွားရေး လုပ်ငန်း ဟူသည် ရေရှည် ရပ်တည်နိုင်ဖို့ မလွယ် ။ ဒါကို သတိပြုမိသည့် အားလျော်စွာ ဆရာ ဖြစ်သူကို ဖျောင်းဖျသော်လည်း မရ ။ သည်လိုဖြင့်ပင် နောက်ဆုံးမှာ ဦးသန်း တစ်ယောက် ဖဲကြွေးနစ်ရာမှ ဆိုင် နှင့် ပစ္စည်းတွေ ကြွေးရှင် လက်ထဲ ထိုးအပ်လိုက်ရပြီး မင်္ဂလာဓာတ်ပုံဆိုင် လည်း နိဂုံးကမ္ပတ် အဆုံးသတ်လေ သည် ။


ooooooooooooo


သူ တစ်ခါတလေ ဦးလေး ဘာကြောင့်များ ဓာတ်ပုံတွေကို သည်လောက် စွဲလမ်းရသလဲ တွေးမိသည် ။ လူတိုင်းတွင် မိမိတို့ စိတ်ဝင်စားရာ ဘာသာရပ်တစ်ခုစီ ရှိနေနိုင်မှန်း သိသည့်တိုင် သူ့ ရှေ့မှာ ရှိနေသော ဦးလေး ကတော့ စွဲလမ်းမှုကို လွန်၍ အရူးအမူး အနေအထား ဟု သူ ထင်သည် ။ ဒါနှင့်ပတ်သက်ပြီး သူ အထက်တန်း ကျောင်းသား ဘဝ က မှတ်မိနေခဲ့တာ တစ်ခု ရှိသည် ။ တစ်ရက် မှာ ညနေစောင်း အချိန် အိမ် မှာ အားလုံး ရှိ ခိုက် ဦးလေး တစ်ယောက် ဒေါသတကြီး ဖြင့် အိမ် ထဲ ဝင်လာသည် ။ သူ့ လက်ထဲ မှာတော့ ဓာတ်ပုံ လေးငါးပုံ ကို ကိုင်လျက် ။ 


“ အစ်မ ဘယ်မှာလဲ ”


ဦးလေး ၏ အပြုအမူက ထူးဆန်းနေသလို အသံမှာ လည်း စိတ်လှုပ်ရှားမှုဖြင့် လှုပ်ခတ်လျက် ။ အမေ က မီးဖိုထဲကနေ အပြေးတစ်ပိုင်း ထွက်လာတော့ ဦးလေး က လက်ထဲရှိ ဓာတ်ပုံတွေ ကို အမေ့ ရှေ့ပြသည် ။ 


“ အစ်မ ... အဲဒါကတော့ မဟုတ်သေးပါဘူးဗျာ ” 


သူတို့ အားလုံး အံ့အားသင့်စွာဖြင့် အမေ့ ဘေး ကပ် ကြည့်တော့ အိမ်က အဘိုး နှင့် အဘွားပုံတွေ ဖြစ်နေသည် ။ ဖြစ်ပုံက ထိုနေ့ နံနက်ပိုင်းမှာ အိမ် ရှင်းပြီး မလိုတာတွေကို ပစ်ဖို့ တောင်းထဲ ထည့်စဉ် သည် ဓာတ်ပုံတွေ က မထင်မှတ်ဘဲ ရောပါ သွားခြင်း ဖြစ်သည် ။ ထို အမှိုက်တောင်း ကို သူ ကိုယ်တိုင် ဦးလေးတို့ အိမ်ထောင့်က အမှိုက်ပုံ မှာ သွား သွန်ခဲ့ခြင်း ဖြစ်သည် ။ ဒါကို အပြင် မှ အပြန် တွင် ဦးလေး က တွေ့ပြီး ဒေါသတကြီး နှင့် ပေါက်ချလာခြင်း ဖြစ်သည် ။ သည်တော့ အမေ လည်း ဦးလေး စိတ်ကို သိ သည့် အားလျော်စွာ တောင်းပန်ရသည် ။ အမေ က ဓာတ်ပုံတွေ ကို သိမ်းမည် ပြုတော့ လက်မခံ ။


“ အစ်မတို့ ဆီ ထားရင် နောင်လည်း ဒီလိုပဲ ပျောက် ဦးမှာပဲ ကျွန်တော် ပဲ သိမ်းမယ် ... ကြည့်ချင်သပ ဆိုရင် အိမ် သာ လာကြည့်ကြပေတော့ ”


ဦးလေး က အမေ့ လက်ထဲ ရှိ ဓာတ်ပုံတွေ ကို ဆတ် ခနဲ ဆွဲယူပြီး ပြန်သွားသည် ။


ဒါက ဦးလေး ၏ ဓာတ်ပုံများ နှင့် ပတ်သက်၍ ထိရှ တတ်မှုပင် ဖြစ်သည် ။ 


ထို့နေ့က ကိစ္စ ဖြစ်ပြီး နောက်ပိုင်း ဦးလေး သည် အိမ်ဘက် ခြေဦး မလှည့်ဘဲ နေခဲ့သည် ။ 


“ အစ်မမောင် အစ်မ တို့ ကို စိတ်ဆိုးနေတယ် ” 


ဒေါ်လေး မခင်မေ က အမေတို့ ကို အားတုံ့အားနာဖြင့် လေပြေထိုး သည် ။ သည်လို ရှိစဉ် သုံးလေးရက် အကြာ မှာ သူ က အင်္ဂလိပ်စာ နားမလည်တာမေးဖို့ ဦးလေးတို့ အိမ်ဘက် ကူးခဲ့သည် ။ ဦးလေး ကတော့ ဧည့်ခန်း မှာ ဓာတ်ပုံတွေ နှင့် အလုပ် ရှုပ် လျက်ရှိသည် ။ သူ က သိချင်တာ မေးပြီးသော် လည်း မပြန်သေးဘဲ ဘေးမှာ ရှိနေသော ပုံတွေ ကို ယူ ကြည့်သည် ။ သည်မှာပင် ဦးလေး က ဓာတ်ပုံတွေ ကို ပြရင်း သူ့ကို  ဓာတ်ပုံ အယူအဆတွေ ရှင်းပြနေရာ သူ က နားမလည်ပေမဲ့ ‘ အင်း ’ လိုက်ရသည် ။ နောက်ဆုံး ပုံ ကို ပြအပြီးမှာတော့ သူ့ကို မေးသည် ။


“ ဓာတ်ပုံတွေမှာ ဘာရှိတယ်လို့ မင်းထင်သလဲ ”


သူ က ဦးလေး စကား မှာ ရုတ်တရက် မင်တက်မိ သွားပြီး စဉ်းစားသည် ။ ဓာတ်ပုံ ဆိုတာ မှတ်ပုံတင် မှာ ကပ်ဖို့ ဖြစ်ဖြစ် ၊ အမှတ်တရ သိမ်းဖို့ပဲ ဖြစ်ဖြစ် ရိုက်တာပေါ့ ဓာတ်ပုံတွေ မှာ ဘာရှိသလဲ ဆိုတော့ လူတွေ တိရစ္ဆာန် တွေ က အစ တော တောင် ရေ မြေတွေ လည်း ရှိချင် ရှိ မှာပေါ့ ... ။


“ မှတ်ထား... ဓာတ်ပုံတွေမှာ သတိရခြင်း လွမ်းဆွတ်တသခြင်းတွေ ရှိနိုင်သလို သမိုင်း လည်း ရှိတယ်ကွ ”


သူ က ဦးလေး စကားကို သိပ် နားမလည်စွာ ကြည့် တော့ ဦးလေး က ပြုံးနေသည် ။ မည်သို့ဆိုစေ ဤဓာတ်ပုံများကပင် ဦးလေး ၏ နှလုံးသားရေးရာ နှင့် တစ်စိတ် တစ်ပိုင်း ဆက်စပ်နေခဲ့မှာတော့ သူ ထိုစဉ်က မစဉ်းစား မိခဲ့ပေ ။


ooooooooooooo


ဒေါ်လေးစန်းစန်းဝင်း က အမေ့ အောက် တစ်ယောက်ခြား ဒေါ်လေးငယ် နှင့် ငယ်သူငယ်ချင်း ဖြစ် သည် ။ သူ မမှာ မိဘတွေ က ပြည့်စုံသော မြို့မျက်နှာဖုံး တွေ ဖြစ်သလို ကိုယ်တိုင် ကလည်း ရုပ်ရည်ပြေပြစ်မှု ကြောင့် အထက်တန်း ကတည်း က ကျောင်းသားကြီးများ ကြား ရေပန်းစားခဲ့သူ ဖြစ်သည် ။ ထို ကျောင်းသားကြီး တွေ ကြား ထဲမှာ ဦးလေးကိုတင်မောင် သည် လည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့ဖူးသည် ။ သို့ရာတွင် ထိုစဉ်က အခြေအနေ မှာ ဦးလေး အတွက် မိဘတွေ ကွယ်လွန် ၊ ကိုယ်တိုင် လည်း ကျောင်းက ထွက်ပြီး အလုပ်ခွင် ထဲ ရောက် စသည် ဖြင့် ကြီးမားသော အလှည့်အပြောင်းတွေ ကို မျက်မှောက် ပြုနေရချိန် ဖြစ်ရာ သူမ အပေါ် ထားရှိသော စိတ်ဝင်စား မှုကို မျိုသိပ်ရင်း မတတ်သာ၍ ခပ်ခွာခွာ နေရ ဆိုသလို ကျင့်ခဲ့ရဟန် တူသည် ။


သို့ရာတွင် ကံတရား က အကောင်းလား အဆိုးလား မသိနိုင်စွာပင် ဦးလေး အနား သို့ တစ်ဖန် ပြန်လည် ရောက် ရှိလာခဲ့သည် ။ ဒါကတော့ ကျောင်းပိတ်ရက်မှာ မြို့သို့ ပြန်လာသော ဒေါ်လေးစန်းစန်းဝင်း တစ်ယောက် လက်ထဲ မှာ ကင်မရာ တစ်လုံးဖြင့် အိမ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည် ။ သည် ကင်မရာ က သူမ ၏ အစ်ကို နိုင်ငံခြား ပညာတော်သင် မှ အပြန် ဝယ်ခဲ့ခြင်း ဖြစ်ပြီး ကိုယ်တိုင် က ကင်မရာ အကြောင်း ကောင်းစွာ နားမလည်သည့် အားလျော်စွာ ဒေါ်လေးငယ် မှ တစ်ဆင့် မြို့ပေါ် က နာ မည်ရဓာတ်ပုံသမား ဦးလေး ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည် ။


သည်နေရာမှာ တော့ ဒေါ်လေး မခင်မေ အကြောင်း ထည့်ပြောရလိမ့်မည် ။ ဒေါ်လေးက မြို့မှ နေ့ဝက်ခရီး ခန့် ရှိသည့် မန်ကျည်းကုန်းရွာ ဇာတိ ဖြစ်သည် ။ ဒေါ်လေး ၏ မိဘများ က ရွာမှာ လယ်တွေ ၊ ကိုင်းတွေ အတော်များများ ပိုင်ပြီး ကြွယ်ဝမှု၌ ရွာ မှာ ဒုတိယတန်း ရှိသူများ ဖြစ်သည် ။ သူတို့ နှင့် အိမ် က အဘိုးအဘွား တို့မှာ ရှေးယခင် ကတည်း ကပင် ပဲနှမ်းအရောင်းအဝယ် ကိစ္စများဖြင့် ရင်းနှီးဆက်ဆံမှုများ ရှိရာ ဒေါ်လေး တစ်ယောက် မြို့မှာ စက်ချုပ်သင်မည့် ကိစ္စ၌လည်း အဘွား တို့ ကပင် ကမကထ ပြု စုံစမ်းရင်း ဦးလေးကိုတင်မောင် တို့ အိမ် အနောက်ဘက် တစ်အိမ်ကျော် က ဒေါ်ကြွယ် ထံ တွင် အပ်နှံပေးခဲ့ခြင်း ဖြစ်သည် ။ သည်မှာပဲ အားလပ်ချိန် တွင် အိမ်ဘက် ကူးလာတတ်သော ဒေါ်လေးမခင်မေ နှင့် ဦးလေးကိုတင်မောင် တို့ ဆုံမိခဲ့လေသည် ။ 


အားလပ်ချိန်တွင် အိမ်ဘက် ကူးလာတတ်သော ဒေါ်လေးမခင်မေ နှင့် ဦးလေး တို့၏ တွေ့ ဆုံမှုက ပထမတော့ သာမန် ဟု ဆိုနိုင်သည့်တိုင် နောက်ပိုင်းမှာ ဦးလေး အိမ် မှာ ရှိနေသည့် အချိန်မျိုး မှာ ချိန်ကိုက် ရောက်ရှိလာမှု တွေက သာမန်ထက် ပိုသော တိုက်ဆိုင်မှုများ အဖြစ် အားလုံးက ရိပ်စားမိလာသည် ။ ဤအချက်ကို အတည်ပြု သည်က ဒေါ်လေး ၏ မျက်နှာရိပ်နှင့် အပြုအမူများပင် ဖြစ်သည် ။ သို့ရာတွင် ဦးလေး က ဒါကို မသိတာပဲလား ၊ သိလျက်နှင့် တစ်ဖက်သား အနေခက်မည် စိုး၍ မသိချင် ယောင် ဆောင်ခြင်းပဲလား မပြောတတ် ၊ အလိုက်အထိုက် သာ ဆက်ဆံခဲ့သည် ။ ပြောရလျှင် ထိုစဉ် ဒေါ်လေးငယ် တို့ က ဦးလေး ကို ဒေါ်လေးမခင်မေ ရှေ့ မှာပင် ဒေါ် လေးစန်းစန်းဝင်း နှင့် စနောက်လေ့ ရှိရာ ဒေါ်လေးမခင်မေ ကလည်း ဦးလေး ၏ စိတ် ကို မသိတော့ မရှိနိုင် ။ သို့ရာတွင် မေတ္တာရေး ဟူသည်က အခါအတော်များများ မှာ တွက်ဆရ ခက်သည့် ကိစ္စမျိုးဖြစ်ရာ ဒေါ်လေးမခင်မေ က နောက်ပိုင်း ရွာ မှ အပြန် ဆီတစ်ပုလင်း ၊ ပဲတစ်ပြည် မှ အစ ပေးရင်း ပြုရင်း ဦးလေး၏ အိမ် ဝင်ထွက်သွားလာခဲ့သည် ။


တစ်ချိန်တည်းမှာပင် ဦးလေး ၏ စိတ်ကတော့ ဒေါ်လေးစန်းစန်းဝင်း ထံ ပျံဝဲလျက် ရှိနေသည် ။ မကြာခဏ ဆိုသလိုပင် အိမ် က ဒေါ်လေးငယ် ကို ကြားခံထားလျက် ဒေါ်လေးစန်းစန်းဝင်း နှင့် အိမ်နောက်ဖေး ကိုင်း ထဲ သွား ကာ ဓာတ်ပုံတွေ ရိုက်သည် ။ မေမြို့ပန်းခင်း အလယ် က ဒေါ်လေးစန်းစန်းဝင်း ။ ကြက်မောက်ပန်းခင်း အလယ်က ဒေါ်လေးစန်းစန်းဝင်း ။ ပန်းမုံလာခင်းတွေ ကြားက .. ။ စသည်ဖြင့် ဦးလေး ၏ နှလုံးသား ရေချိန် မြင့်တက်လာမှု တွင် သူ လည်း တစ်ခန်းကဏ္ဍမှ ပါဝင်ခဲ့ရတာ မှတ်မိ သည် ။ ညနေစောင်း အချိန်တိုင်း ဦးလေး က သူ့ ကို စက်ဘီးဘားတန်း ပေါ် တင်၍ မြို့ ထဲကို ပတ်သည် ။ သည်မှာ ဈေးထောင့် က တိုက်ကြီးနား ရောက်တိုင်း ဘဲလ် ပုံမှန် တီးသည် ။ ဒါကို ပထမ တော့ ကလေး ဖြစ်သည့် အားလျော်စွာ သတိ မထားမိ ။ သို့ရာတွင် သုံးလေးရက် ကြာလာချိန်တွင် ဘယ်ကနေ ဘယ်လို သတင်း ပေါက်ကြားသည် မသိ အမေ က ဦးလေး ကို စသည် ။ 


“ ဈေးထောင့် မှာ ခုနက ဘဲလ်တီးသံ ကြားလိုက်သလိုပဲဟေ့ ”


သည်အခါမှာတော့ နဂိုက အရှက်အကြောက်ကြီး သော ဦးလေး ‘ ဟာဗျာ ’ ဟု ရေရွတ်ရင်း ထွက်ပြေးတတ်သည် ။


ဒါတွေက ဦးလေးကိုတင်မော င်၏ နှလုံးသားရေးရာ အပိုင်းအစများ ဟုပဲ ဆိုရလိမ့်မည် ။ နောက်ဆက်တွဲ အနေနှင့်မူ ထိုသို့ သူ့ ကို စက်ဘီးပေါ် တင်ရင်း မြို့ထဲ ပတ် နေစဉ်မှာပဲ တစ်ရက် မှာ ဦးလေးကိုတင်မောင် တစ်ယောက် ဒေါ်လေးမခင်မေ ကို ရုတ်တရက် ခိုးပြေးခြင်း ဖြင့် အဆုံးသ.တ်သည် ။


မည်သို့ဆိုစေ ဦးလေး က အိမ်ထောင်ရေး ကံကောင်းသူ တစ်ဦး ဖြစ်ခဲ့တာတော့ သေချာသည် ။ ဦးလေးတို့ လင်မယား ကြား မှာ ရန်ဖြစ်ဖူးတာ ဆိုလို့ မှတ်မှတ်ရရ တစ်ကြိမ်သာ ကြားဖူးသည် ။ ဒေါ်လေး ဘက် က သားချင်းတစ်ဦး၏ အလှူပွဲ မှ အပြန် စကားများကြခြင်း ဖြစ်သည် ။ သည်တုန်းက ဒေါ်လေး တစ်ယောက် ဦးလေး နှင့် စိတ်ဆိုး ပြီး ရွာ မှာ တစ်လခန့် သွား နေခဲ့ဖူးသည် ။


ဒေါ်လေးငယ် ၏ စကားအရ သည်တုန်းက အပြန်အလှန် ခွန်းတုံ့ပြန်စဉ် ဒေါ်လေးမခင်မေ ၏ တုံ့ပြန်မှုထဲ ဒေါ်လေးစန်းစန်းဝင်း ၏ နာမည်သုံးလေးကြိမ်မက ပါခဲ့ ဖူးကြောင်း သိရသည် ။ ဒါက လွဲလို့ အိမ်ထောင်သက် တစ်လျှောက်လုံး ဒေါ်လေး က ဦးလေးကိုတင်မောင် ကို အရိပ်လို ကြည့်ရင်း အစစ လိုလေသေးမရှိ ပြုစုခဲ့သူ ဖြစ် သည် ။ ဟင်းဆို သုံးလေးခွက် နှင့် လက်လျှိုစားရုံ ၊ ရွာ သွားမည် အပြင်ထွက်မည် ဆိုလျှင် ကော့နေအောင် မီးပူ တိုက်ထားသော အင်္ကျီပုဆိုး က အဆင်သင့် ထုတ်ပြီး သား ။ ဒေါ်လေး ကို ကြည့်ရသည်မှာ အစစအရာရာ ဦးလေး ၏ မျက်နှာရိပ် မျက်နှာကဲ ကို ကြည့်နေရခြင်းသည် ပင်လျှင် အိမ်ထောင်ရေး ၏ အမြိုက်အရသာ တစ်ပါး ဟု မှတ်ယူနေသလား ထင်ရလောက်အောင်ပင် ဖြစ်သည် ။ ဦးလေး လေဖြတ်၍ အိပ်ရာထဲ လဲစဉ် ချေးသေးကလူ ပြုစုရတာ က အစ အပြုံးမပျက်တာ ဒေါ်လေး ပဲ ဖြစ် သည် ။ ဦးလေး အတွက် ကောင်းမည် ထင်သမျှ အင်္ဂလိပ်ဆေး ဗမာဆေး ငွေကြေး ကို ဂရုမစိုက်ဘဲ ရအောင် ရှာ သည် ။ နောက်ဆုံး အိပ်ရာ ထဲ လဲနေသော လင်သား ၏ စိတ်အာဟာရ အဖြစ် သူ နှင့် တိုင်ပင်လျက် ခေတ်ပေါ် ဒစ်ဂျစ်တယ်လ် ကင်မရာတစ်လုံး ဝယ်၍ ဖြည့်ဆည်းသည် ။ သည်တုန်းက ဦးလေး တစ်ယောက် ဘဝမှာ ပထမဆုံး ပိုင်ဆိုင်ဖူးသော ကင်မရာ ကို ကိုင်ရင်း ကြည်နူးနေတာ တွေ့ တော့ ဒေါ်လေး မျက်ရည်ကျသည် ။ ဦးလေး က သိပ်မလှုပ်ရှားနိုင်တာမို့ သစ်သီးတွေ ဝယ်ပြီး ဦးလေး ပြော သလို ပန်းကန် ထဲ နေရာချကာ ဘေးက စားပွဲ ပေါ် တင်ပြီး ရိုက်သည် ။ ပြီးတော့ ဦးလေး စိတ်တိုင်းကျ ပန်းအိုး ထိုးပေးပြီး ရိုက်စေ သည် ။ ခုတော့ ထို ပုံရိပ် အားလုံးက ကွယ်ပျောက်လျက် သည်အခန်းထဲ ကျန်ရစ်ခဲ့ သမျှ ဒေါ်လေး အတွက် သတိရစရာတွေနှင့်ချည်း ပြည့်နှက် နေပေလိမ့်မည် ။


ဦးလေး က “ ဓာတ်ပုံတွေ မှာ သမိုင်း ရှိတယ် ” ဟု ပြော ခဲ့သည် ။ သည်လိုပင် လောက မှာ ယဉ်ကျေးမှု အရ ၊ စာနာ ထောက်ထားမှု နှင့် ငဲ့ညှာမှု အရ မမြင်သင့် မမြင်အပ်သော အရာတွေ ရှိနေတာ သေချာသည် ။ ဒါတွေက အခြေအနေ နှင့် အချိန်အခါ ပေါ် လဲလျောင်း တည်ရှိနေတတ်သည် ဟု သူ က ယူဆသည် ။ သူ က ဒါကို စဉ်းစားမိချိန် နုံနဲ့သော ကိုယ့် မှတ်ဉာဏ်အဖွဲ့ ကို ပြန်၍ အပြစ် တင်မိသည် ။


ဘာလို့များ ဒီ ပုံကို ချက်ချင်း မမှတ်မိနိုင်ခဲ့တာလဲ ... ၊ ဘာ လို့များ မှတ်မိချင်း အိတ်ထဲ အမြန် ပြန် မထည့်နိုင်ခဲ့သလဲ ။ အားတုံ့အားနာ ဖြစ်ခြင်းက ဒေါ်လေး ရှေ့မှာ အနေရ အထိုင်ရ ကျပ်သလို ခံစားစေသည် ။ သို့ရာတွင် ဒေါ်လေး ကတော့ ဘေးဘီ ကို သတိ မရဘဲ လက် ထဲ က ဓာတ်ပုံ ကို စေ့ငုနေလေသည် ။ ဓာတ်ပုံ ၏ နောက်ကျော ဘက်ကို ကြည့်စဉ် ရက်စွဲ တစ်ခုကို တွေ့တော့ အသေအချာ ကြည့်သည် ။ ရက်စွဲအရ သူ ၈ နှစ်သား အရွယ် ခန့်ကပုံဖြစ်ပြီး သုံးထားသည့် အနက်ရောင် မင်သား သည် ပင် နဂိုအသွေး ပြယ်လျက် မှိန်ဖျော့နေပြီ ။ 


“ ကြည့်ပါဦး တော်တော် လှတဲ့ အမျိုးသမီး ”  


ဒေါ်လေး က သည်စကား ကို သူတို့ ဆီ တိုင်တည်တာ လား တစ်ကိုယ်တည်း ရေရွတ်ခြင်းလား မသိနိုင်စွာ မျက်နှာ က တစ်စုံတစ်ရာ ကို နှစ်သက်သဘောကျသလို ပြုံးသည် ။


“ ကြည့်ပါဦး မင်း ဦးလေး မပြောနဲ့ ဒေါ်လေး သာ ယောက်ျားသား ဖြစ်လည်း ကြိုက်မိမှာ သေချာတယ် ” 


ဒေါ်လေး က ဓာတ်ပုံ ထိုးပြတော့ သူ က အလိုက်သင့် ကြည့်ရသည် ။ ဆေးသားကြောင့်ပဲဖြစ်ဖြစ် ဓာတ်ပုံ ထဲ က ဒေါ်လေးစန်းစန်းဝင်း ၏ ပုံရိပ်သည် နှစ်များစွာ ကြာ သည့်တိုင် ကြည်လင်ပြတ်သားဆဲ ရှိ၏ ။ ဘဲဥပုံ မျက်နှာ ပေါ်မှာ ဆွဲဆောင်မှု ရှိသော နှုတ်ခမ်းထူထူ နှင့် စူးရဲ တောက်ပသော မျက်လုံးအစုံ ။ ဓာတ်ပုံတွေ ဓာတ်ပုံ တွေ ... ၊ သည်မနက်ခင်းမှာ သူ နှင့် ခင်မောင်ဝင်း တို့ ဧည့် ခန်းထဲမှာ ဖုန်တွေ ၊ ပိုးအိမ်တွေ ကို ဖယ်ရှားပြီး ရေခပ်ထပ် ထပ်ဖြင့် ပွတ်တိုက် သန့်စင်ခဲ့ရသော ပုံတွေ.. ။ ဦးလေး ၏ သေတ္တာတွေ ထဲ ဟို တစ်အိတ် သည် တစ်အိတ်ဖြင့် အများအပြား ရှိနေခဲ့သော ဓာတ်ပုံတွေ ... ။ ပြောရလျှင် ထိုဓာတ်ပုံတွေ ထက် ယခု ဒေါ်လေး လက်ထဲတွင် ရှိနေ သော ပုံနှင့် ပတ်သက်ပြီး နောက်ကြောင်း ရာဇဝ င်ကို သူ မစဉ်းစားချင်တော့ ။ ယခုအချိန် သူ သိသည်က ဒေါ်လေး အတွက် သူ့ စိတ်မှာ အားတုံ့အားနာ ဖြစ်နေခဲ့ခြင်း ပင် ။ ဒါနဲ့ပင် သူ က ဒေါ်လေး လက်ထဲ က ဓာတ်ပုံ ကို ယူမည် ပြင်သည် ။


“ ဒေါ်လေး ဒါတွေ ကို ရှင်းမယ့် အိတ်ထဲ ထည့်လိုက်မယ် ” 


သူ က ပုံ ကို ယူတော့ ဒေါ်လေး က သူ့ လက် ထဲ က ပုံကို ပြန်ဆွဲယူသည် ။


“ မလုပ်ပါနဲ့ကွယ် အဲဒါ မလုပ်ကောင်းပါဘူး ... မင်း ဦးလေးတောင် ချစ်နိုင်သေးတာ ဒေါ်လေး ကလည်း ဘာ လို့ မချစ်နိုင်ရမှာလဲ .. မဟုတ်ဘူးလား ” 


ဒေါ်လေး က လက်ထဲရှိ ဓာတ်ပုံ ကို လက်ချောင်းများ ဖြင့် အသာအယာ တို့ထိ ပွတ်သပ်သည် ။ ပြီးတော့ ဘေး မှာ ရှိနေသော ဦးလေး ပုံ နှင့် အတူ ရော၍ မူလ စာအိတ် ထဲ သေသေချာချာ ပြန်ထည့်သည် ။ ထိုအချိန်တွင် သူ က ဒေါ်လေး ၏ စကား တွင် ဆွံ့အ လျက် ။ ပြည့်သော မျက် နှာ နှင့် ရယ်လိုက်တိုင်း ပါးစုံနှစ်ဖက် ပေါ်ပေါ်လာတတ် သော ဒေါ်လေး သည် ပြုံးလျက် ။


အေးမင်းစော 


ကလျာမဂ္ဂဇင်း

အောက်တိုဘာ ၊ ၂၀၁၄


No comments:

Post a Comment