Sunday, November 24, 2024

အချို ရှာ တမာ တွေ့ ( သိန်းဖေမြင့် )


 ❝ အချို ရှာ တမာ တွေ့ ❞

     ( သိန်းဖေမြင့် )


( ၁ )


ကုက္ကိုစုရွာကလေး မှာ အလွန်တရာမှ ချောင်ကျလေ၏ ။ ရွာအရှေ့ဘက် တစ်တိုင် ခရီးမျှ သွားမှ ဆုံကုန်း ဆိုသော မီးရထားဘူတာရွာ သို့ ရောက် ၏ ။ ရွာ အနောက်ဘက် သုံးတိုင် ခရီးမျှ သွားပါ မှ ရွှေစာရေးဝန်ဘို ဆိုသော ချင်းတွင်းကမ်းပါးရွာများ သို့ ရောက်၏ ။ ရွာ မြောက်ဘက် ခရီး နှစ်တိုင် မျှ သွားနိုင်မှ မြို့အုပ်မင်း ရုံးစိုက်တော်မူရာ ဘုတလင်မြို့ သို့ ရောက်၏ ။ ကုက္ကိုစုသူ ဒေါ်ပန်းခက် မှာ မြို့ ဆို၍ ဘုတလင်မြို့ ကိုပင် တစ်ခါ တစ်ခေါက်မျှ မရောက်ဖူးချေ ။


ကုက္ကိုစု ဟု အမည်ပေးထားသော်လည်း ရွာတွင်း နှင့် ရွာနီးနား တစ်ဝိုက်တွင် ကုက္ကိုပင် ဟူ၍ကား တစ်ပင်တလေမျှ မတွေ့မြင်ရပေ ။ နောင်လာနောက်သား လူအများတို့အား ဗဟုသုတ ပေးပါရန် ၊ ကုက္ကိုစုနေ ဆွေမျိုးများ ထံ အလည်အပတ် ရောက်သွားသော ကျွန်တော်တို့ က ကျွန်တော်တို့ အဘိုး ဦးပေါက်ကြိုင်း ၏ နှမ ၊ ကျွန်တော်တို့ ၏ ဘွားကလေး ဖြစ်ထသော မမှိုပွင့် အား ချဉ်းကပ် မေးမြန်းသောအခါ “ ဘောက်မယ့် ခေါ်တယ်လို့တော့ သိပါဖူးဟယ် ၊ တို့များငယ်ငယ်တုန်း ကတည်းက ကုက္ကိုစုပဲ ခေါ်ကြတာဘဲဟဲ့ ” ဟုသာ ဥပလက္ခိတံ ခဲ့ကြရလေသည် ။


ရွာ မှာ အိမ်ခြေ ငါးဆယ်ကျော် ခြောက်ဆယ် မျှ ရှိ၍ စာသင်ကျောင်း မရှိ ။ ဘုန်းကြီးကျောင်း မျှ ပင်မရှိ ။ အတန်းစာ သင်ချင်လျှင် ကျည်းပင်ချောင် ဆရာကျင် ၏ လောကဓာတ် ကျောင်းသို့ သွားရသည် ။ သာရေးနာရေး ဘုန်းကြီး ပင့်လိုလျှင် ယုန်လှေးကုန်း ၊ ဆုံကုန်း စသော ရွာများသို့ သွား၍ပင့်ရလေသည် ။


ချစ်ပို ကား စာပေ လိုလားသော အမျိုးကောင်းသား တစ်ယောက် ဖြစ်သည့် အားလျော်စွာ ကျည်းပင်ချောင် ဆရာကျင် ၏ ကျောင်း တွင် ၃ တန်း အောင်သည် အထိ သင်ခဲ့ဖူး၏ ။ ၎င်းနောက် ယုန်လှေးကုန်းဘုန်းကြီး ဦးသုဓမ္မကျောင်း တွင် ကိုရင် ဝတ်လျက် သုံးနှစ်မျှ စာသင်ကြားခဲ့ရာ သင်္ဂြိုဟ်ကိုးပိုင်း ကုန်သည်အထိ ပေါက်မြောက်စွာ တတ်ခဲ့၏ ။ သဒ္ဒါ ၊ ဝိနည်း ၊ ကျမ်းကြီး ကျမ်းငယ်များ ဆက်လက်သင်အံ၍ အသက်ရောက် လူလားမြောက် လျှင် လူ့ ဘဝ၏ ဒုလ္လဘ ဖြစ်ပေသော ရဟန်း အဖြစ်ကိုပင် နှစ်ဝါတန်သည် ၊ သုံးဝါတန်သည် ခံယူရန် ရည်သန် နှလုံး သွင်းနေဆဲ ဖခမည်းတော်ကြီး စုတေမနေ ကွယ်လွန်လေ၏ ။ ထို့ကြောင့် ယင်းအကြံ ကို လက်လျှော့ပြီး မိခင်ကြီး မဇလပ် နှင့် နှမလေး ချစ်မိ တို့အား လုပ်ကျွေးသမှု ပြုရန် လူဝတ်လဲရလေတော့၏ ။


ဖခင် ဦးဖူးညို ပိုင်သော ယာတော မှာ ကုက္ကိုစုရွာ ၏ အနောက်မြောက် တစ်ခေါ် လောက်ဝေးသည့် လက်ပံပင်ကြီး နှင့် ရေငန်ချောင်းကြီး တွင် တည်ရှိလေသည် ။ ရေငန်ချောင်းကမ်းဘေး တွင် သဲဆပ်ပြာများ ပွင့်လျက် ရှိပြီး ရေများ ငန်နေတတ်သဖြင့် ရေငန်ချောင်း ဟု ခေါ်စမှတ်ပြုကြသည် ။ ရေငန်ချောင်းဘေးတွင် တည်ရှိ သဖြင့် ဦးဖူးညို ၏ ယာတော ကို ရေငန်ချောင်းယာတော ဟု ခေါ်ကြသည် ။ ထိုရေငန်ချောင်း ယာတောမှာ ၂ ဧက နှင့် ဒသမ ၃၅ အကျယ်အဝန်း ရှိ၍ ၎င်း၏ အရှေ့ဘက် တွင် ရှားပင်များဖြင့် ပြည့်နှက်နေသော မြေရိုင်းတစ်ကွက် ရှိလေသည် ။


အနောက်ဘက် မှ ကပ်လျက်မှာကား ကျွန်တော်တို့ ၏ ဦးကြီး ဦးစိုးရ ဇနီးဒေါ်ရွှေမယ် တို့ လုပ်ကိုင်ကြသော ငှက်ပျောခြံ တစ်ခု ရှိလေသည် ။


ဦးဖူးညို ကွယ်လွန်သော အချိန်၌ ရေငန်ချောင်း ယာတောဖြင့် သန်တုန်းမြန်တုန်း နွားတစ်ရှဉ်း ၊ ကိုယ်လေးလက်ဝန် နှင့် နွားမတစ်ကောင် ၊ လှည်းတစ်စီး ၊ ထွန်တစ်တုံး စသည်ဖြင့် အရင်းအနှီး ပြည့်ပြည့်စုံစုံ ကျန်ရစ်လေသည် ။


ကျွန်တော် အင်္ဂလိပ်ကျောင်း မပြောင်းခင် မြန်မာစာသင်ကျောင်း ၄ တန်းတွင် သင်ကြားနေစဉ် ကျွန်တော်တို့  ဘုတလင် မှာ ပလိပ်ရောဂါ ဖြစ်ပွားလေသည် ။ ထိုအခါ ကျွန်တော်တို့ မှာ ဘုတလင် မှ ထွက်ပြေးခဲ့ရပြီး ကုက္ကိုစုရွာမြောက်ဘက်ရှိ အဆိုပါ ဦးကြီး ဦးစိုးရ တို့ ငှက်ပျောခြံတွင် ခိုလှုံနေကြရလေ၏ ။ ထိုစဉ်အခါက ပဉ္စင်း မတက်ရသေးမီ ကိုရင် လူထွက် ဖြစ်ခဲ့ရသော ကိုချစ်ပို သည် ဖခင်ကြီး ဦးဖူးညို ၏ အမွေကို ဆက်ခံပြီး တောင်သူကြီး ဖြစ်၍ နေလေပြီ ။


တောင်သူကြီး အလုပ် နှင့် ညီညွတ်အောင် သူ ၏ ကိုယ်ကာယတို့ သည် ထွားကျိုင်း ၏ ။ ခြေလက် ကြီးမား၍ ရင်ဘတ် ကျယ်ပြန့်၏ ။ တိုတောင်းစွာ ဝတ်ထားသော ဖျင်ကြမ်း လုံချည်၏ အောက်တွင် ကြွနေ သော ခြေသလုံးကြွက်သားကြီးများကို မြင်နိုင်ပေ၏ ။ သို့သော် မျက်နှာ ကား တောင်သူကြီး မျက်နှာ မပီသရုံမက လူကြီး မျက်နှာပင် မပေါ်သေးချေ ။ အချို့က ချစ်ပို ရဲ့မျက်နှာ က ကလေးကြီးမျက်နှာ နဲ့ တူသဟဲ့ ဟု ဆိုကြကုန်၏ ။ ကိုချစ်ပို သည် သျှောင် ထုံး နိုင်လောက်အောင် ကလည်း ဆံပင် က မရှည်သေး ။ သည်တိုင်း ထား ပြန် ကလည်း ထိုးထိုးထောင် ထောင်ဖြင့် သူ့ ဆံတို ကို လက်ကိုင်ပဝါဖြင့် အမြဲစည်းထားလေသည် ။


ထို အခေါက် တွင် ကိုချစ်ပို နှင့် ကျွန်တော် တော်တော် ရင်းနှီးကြလေ၏ ။ သူ့ ယာတော အရှေ့ဘက်ရှိ ရှားပင်များဖြင့် ပြည့်နှက်နေသော မြေရိုင်းတွင် ရှားပင် အချို့ကို ခုတ်ထွင်၍ ယာတဲကလေး တစ်ခု ဆောက် ထားလေရာ နေ့ခင်းနေ့လယ်များတွင် ကျွန်တော် သွား၍ လည်ပတ်လေ့ ရှိ၏ ။ ကိုချစ်ပို နှင့်အတူ လက်ဖက်ရည်ကြမ်း နှင့် ပဲလှော် ကို လည်းကောင်း ၊ တစ်ခါတစ်ရံ အမဲသားခြောက် ၊ သမင်သားခြောက် စသည်ကိုလည်းကောင်း နေ့လယ်စာ စားလေ့ရှိပေ၏ ။ ကိုချစ်ပို အား ကျွန်တော် မမေ့နိုင်သည့် အကြောင်း တစ်ခုမှာ ကျွန်တော် သည် နံနက်ခင်းများ တွင် လည်းကောင်း ၊ ညနေခင်းများ တွင် လည်းကောင်း ကျွန်တော်တို့ တည်းခိုရာ ငှက်ပျောခြံ မှ နေ၍ လေတံခွန် ( စွန် ) လွှတ်လေ့ ရှိ၏ ။ လေက တဟီးဟီး တိုက်လျက် ရှိပြီး ပြောင်းခင်းကြား လေ တိုးဝှေ့၍ တဝှီးဝှီးမြည်သံ ၊ ငှက်ပျောလက်ကြား လေတိုးဝှေ့၍ တဖျပ်ဖျပ်မြည်သံ နှင့် လေတံခွန် ထိုးတက်လိုက် ၊ စိုက်ဆင်းလိုက်လုပ်ရင်း ဖြစ်ပေါ်လာသော တရွှမ်းရွှမ်း အသံ ၊ ထိုသို့သော အသံတို့ ကို နာခံရင်း စိတ်ကို လေတံခွန်နှင့်အတူ ကောင်းကင်သို့လွှတ်၍ လွင့်ပျံစေရသည် မှာ ပျော်မဆုံးစရာပင် ဖြစ်တော့၏ ။


တစ်နံနက်ခင်းတွင် ကျွန်တော် ၏ လေတံခွန် သည် စိုက်ဆင်း သွားရာ ကျွန်တော် ထိန်း၍ မရတော့ချေ ။ ၎င်းနောက် လက်ပံပင်ကြီး တွင် ကြိုးငြိပြီး ပြတ်သွားလေ၏ ။ လေတံခွန် မှာ လက်ပံပင်ခေါင်ဖျားတွင် ချည်တုပ်မိလျက်သား ဖြစ်ပြီး တရွှမ်းရွှမ်း လူးနေလေ၏ ။ ထန်းပင် နှစ်ဖျား ခန့် မြင့်ပေရာ ကျွန်တော့် မှာ ပြန်ရဖို့ အခက်ကြုံနေရလေ၏ ။ သည့်ထက် ခက်ပြန်သည်မှာ လေတံခွန် အသစ် လုပ်ရန် နောက်ထပ် စက္ကူ မရှိခြင်း ဖြစ်၏ ။ ကိုချစ်ပို သည် ဘာမပြော ၊ ညာမပြောနှင့် ခါးတောင်း မြောင်လှအောင် ကျိုက်လျက် လက်ပံပင်ကြီးကို တက်ပါလေ၏ ။ ခေါင်ဖျား နတ်နေကိုင်းအနီး ထိတက်၍ လေတံခွန် ဖြုတ်ချ ပေးရလေသည် ။ ကျွန်တော် ကား ကိုချစ်ပို အား ထိုစဉ်က ဘာမျှ မပြောမိသော်လည်း သို့မဟုတ် မပြောတတ် သော်လည်း စိတ်တွင်း မှာ ကျိတ်လျက် သူ ၏ သတ္တိကို ကြည်ညို၍ မငြီး ၊ သူ ၏ သစ်ပင်တက် ကျွမ်းကျင်မှု ကို ချီးကျူး၍ မကုန် ၊ သူ့ အား ကျေးဇူးတင်၍ လည်း မပြီးပါ ။


တစ်ခါတစ်ရံ ကိုချစ်ပို က အရီးမအေးပုံ ၏ သမီး မစက်ကြည်ကလေး အကြောင်းကို ပြောတတ်ပါသည် ။ မစက်ကြည် ကား စမ်းရေပြင်ကဲ့သို့ ဝိုင်းစက်ကြည်သော မျက်နှာ နှင့် မျှစ်စို့ကြီး ကဲ့သို့ နုပျိုထွားကျိုင်း လှပသော ကိုယ်လုံးကိုယ် ပေါက်ရှိသဖြင့် ကုက္ကိုစု တွင် မက ရွာနီးချုပ်စပ် တွင်ပါ ကွမ်းတောင်ကိုင် ဖြစ်လေသည် ။ ကိုချစ်ပို သည် မစက်ကြည် အား ကိုရင်ဘဝ တုန်းကပင် မေတ္တာ ပိုခဲ့ပေရာ ကိုရင်လူထွက် သော အခါ ပိုသော မေတ္တာ ကို သစ္စာဖြင့် ခိုင်မြဲနိုင်ရန် အတည့်အလင်း ခွင့်ပန်ခဲ့ပေ၏ ။ မစက်ကြည် မှာ ပြောင်းရိတ် ၊ မြေပဲကောက် ၊ ပေါင်းသင် ၊ ဝါးခြွေ ၊ ထင်းခွေ ၊ ရေခပ် တောသူတို့ တတ်အပ်သမျှကို ပိုင်နိုင်စွာ တတ်သည့်အပြင် သမင်မကလေး လို ဖျတ်လတ်ရကား ကိုချစ်ပို ၏ မိခင်ကြီး မဇလပ် ကိုယ်တိုင် က ပင် အလွန်တရာ လိုလားလေသည် ။


( ၂ )


ညနေစောင်း အချိန် ဖြစ်သည် ။


နေကား အတော်ပင် ကျနေပြီ ဖြစ်သော်လည်း တိမ်တောင်တိမ်စွယ် အကာအကွယ် မရှိသဖြင့် ဝင်းထိန် တောက်ပလျက်ပင် ရှိသေး၏ ။ ရေငန်ချောင်း နံဘေးတွင် သဲပြင်ကလေး တစ်ခု ရှိ၏ ။ ထိုသဲပြင်တစ်ခြမ်းကို အနီးရှိ ဒဟတ်ပင်ရိပ် က မိုးထား၍ တစ်ခြမ်း မှာ နေရောင်တွင် ဖြူဝင်း၍ နေလေ သည် ။ ဒဟတ်ပင်ရိပ် ကျနေသော သဲပြင်ပေါ်တွင် ကိုချစ်ပို သည် ငြိမ်သက်စွာ အလျား မှောက်လျက် ၊ ချောင်းတစ်ဖက် ကမ်းချုံများဆီသို့ စူးစိုက်၍ ကြည့်နေလေသည် ။ ဆီးသီးများမှာ အချို့ မှည့်နေကြပြီးဖြစ်၍ အချို့က ဝါဝင်းလျက် အချို့မှာ နီရဲနေ၏ ။ ဆီးပင် အောက်များတွင် ကြွေကျပြီးသား ဆီးသီးများ ရှိလေ၏ ။ ကိုချစ်ပို ခြေရင်းဘက်တွင်ကား ပြောင်းခင်းကြီး ရှိ၏ ။ ပြောင်းပင်များမှာ လက်တစ်ဖောင်ခန့်မြင့်၍ အနှံတဝင့်ဝင့် နှင့်ဖြစ်၏ ။


ချစ်ပို ၏ ရှေ့တွင် ရှိသော ချောင်းရေမှာ နှစ်တောင်မျှ သာ ကျယ်ပြီး အနက် တစ်ထွာသာသာမျှသာ ရှိပေလိမ့်မည် ။ ရေစီး မှာ လည်း မရှိသလောက်ပင် ဖြစ်၏ ။ သူ့ လက်တွင်း မှာ ဒူးလေးနှင့်မြား ကိုင်စွဲလျက် သူ့ ဘေးတွင် ဓားရှည်တစ်ချောင်းချထား၏ ။


ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်လှပေ၏ ။ လေပြည်ကလေး လာသဖြင့် မြက်ပင်ကလေးများ ယိမ်းသွားသော်လည်း ပြောင်းပင်များ ကိုမူ မလှုပ်နိုင်ရကား ဘာသံမျှ မကြားရပေ ။ ထို့နောက် ခဏကြာသော် “ ဘိုတိုတောက် ၊ ဘိုတိုတောက် ” နှင့် အသံသည် ပေါ်လာ ပေ၏ ။ ထိုညနေခင်း ၊ ထိုယာတောအလယ် ၊ ထိုသို့သော တိတ်ဆိတ်ခြင်းဝယ် ပေါ်လာသော ဘိုတိုတောက် အသံသည် ပွဲခင်းကြီး အလယ်ပရိသတ်က တုတ်တုတ်မျှ မလှုပ်ဘဲ အာရုံစိုက် နေကြဆဲ ပေါ်လာသော ချွတ်နင်းသံ နှင့် တူလှပေတော့၏ ။


သမင်ကလေး တစ်ကောင် သည် ချုံကြား ထဲမှ ထွက်လာ၏ ။ ဟိုဟို သည်သည် လည်ထောင် ချိုမော့ကာ ကြည့်၏ ။ ချစ်ပို သည် အသက်မျှ နာနာ မရှူဘဲ ငြိမ်ဆိတ်စွာ အလျား မှောက်မြဲ မှောက်နေ၏ ။ သမင်ကလေးကား ဆီးသီးများ ကို ကောက်စားလေ၏ ။ ဘိုတိုတောက် ၊ ဘိုတို တောက် ။ နောက်တစ်ကောင် ထွက်လာပြန်သည် ။ ၎င်းသည်လည်း ဟိုဟိုသည်သည် လည်ထောင် ချိုမော့ ကာ ကြည့်ပြန်၏ ။ ချစ်ပို ကား ငြိမ်ဆိတ်စွာပင် အလျားမှောက်လျက် ။ သမင်ကလေး သည် ရေ ငုံ့သောက် လေ၏ ။


ပထမ သမင် မှာ ခပ်ညိုညို ဖြစ်၍ လည်ပင်းမှာ အဖြူကလေးများ ပါသည် ။ ဒုတိယ သမင်ကား အုန်းခွံရောင်ဖြစ်၏ ။ ချစ်ပို သည် သာယာသော ညနေချမ်းရှုခင်းဝယ် ပန်းပုပန်းခက်သဖွယ် တင့်တယ်သော ဦးချို များကို လှုပ်၍လှုပ်၍ စားသောက်နေကြသော ထို သမင်ကလေးများ ကို မြင်ရသောအခါ ကြည်နူးခြင်းဖြင့် လွှမ်းမိုးပြီး ဒူးလေး ကို ပင် မောင်းမတင် မိဘဲ ရှိလေ၏ ။


ထိုအခိုက်တွင် စက်ကြည် သည် ပြောင်းခင်း ထဲမှ ဘွားခနဲ ပေါ်လာ၏ ။ သူ့ လက် တစ်ဖက်တွင် ပြောင်းဖူး ဆယ့်လေးငါးဖူး ကို ဖက်ချင်း တွဲချည်၍ ကိုင်ထား၏ ။ အခြားတစ်ဖက်တွင် ကား နွားနှင်တံ တစ်ချောင်း ကို ကိုင်ထား၏ ။ စက်ကြည် သည် ဘွားခနဲ ပြောင်းခင်းမှ အထွက် အားလျားမှောက် နေသော ယောက်ျားပျို တစ်ယောက်အား နဖူးတွေ့ဒူးတွေ့ တွေ့ သွားသဖြင့် အံ့အားသင့်ကာ ငေးနေမိလေ၏ ။ သို့ အံ့အားသင့်ကာ ငေးနေမိသည်မှာ ခပ် ကောင်းကောင်းပင် ဖြစ်၏ ။ အကြောင်းမူကား ညနေစောင်း ရှုခင်း ၏ အလှဝယ် အလွန်တင့်တယ်သော သမင်ကလေး များ ၏ စားသောက်မှု ကို လည်းကောင်း ၊ ဒူးလေး တင်ရန် သတိမေ့ လျော့ပြီး ငေးကြည့်နေမိသော ချစ်ပို ၏ ကြည်နူးမှု ကို လည်းကောင်း ဘွားခနဲထွက်ပေါ်လာသော စက်ကြည် က အနှောင့်အယှက် မဖြစ်စေ သောကြောင့်တည်း ။


စက်ကြည် သည် နောက် တစ်ခဏ၌ အလျားမှောက် နေသူ မှာ အခြားသူ မဟုတ် ၊ ချစ်ပို  ဖြစ်ကြောင်းသိသဖြင့် စိတ်ထဲမှာ ရှက်တက်တက် ဖိန်းတိမ်းတိမ်း ဖြစ်လာပြီး ပြောင်းခင်း ထဲသို့ ပြန်လှည့်ကာ ဝင်ချင်သလိုလို ဖြစ်လာ၏ ။ သို့သော် သူမ ၏ မျက်စိအစုံ ကို သမင်မ ကလေးတစ်ရှဉ်း က ဆွဲထားသည် ။ သူမ ၏ ခြေများ ကို ချစ်ပို တည်း ဟူသော စပါးကြီးချက် က ညှို့ထားသည် ။


“ ကိုချစ်ပို ကြီး တစ်ယောက်တည်းရယ် ၊ အလျားကြီး မှောက်လို့ ဘာလုပ်မလို့ပါလိမ့် ။ အမယ် တော့် လက် ထဲ မှာလည်း ဒူးလေးကြီး နဲ့ ။ ကြည့်စမ်း ကြည့်စမ်း ”


စက်ကြည် သည် နွားနှင်တံ ကိုင်ထားသော လက်ဖြင့် သူ့ ရင်ကို မ,မိ၏ ။


ချစ်ပို ကား ဒူးလေးကြီး ကို တင်လိုက်ပြီး မြားကို လွှတ်တော့မည် ။ သမင်ကလေး တစ်ကောင် မှန်တော့မည် ။ အသည်းဖောက်မိလျှင်တော့ သမင်ကလေး လဲရှာတော့မည် ။ တစ်ကောင် ကတော့ ကြောက်အားလန့်အား လှည့်ပြေးပြီး ချုံနှင့် ချိုနှင့် ငြိကာ ရုန်းနေတုန်းကို ချစ်ပို က မြား တစ်စင်း ထပ်လွှတ်ဦးမည် ။


စက်ကြည် သည် ဝါးတစ်ရိုက်မျှကွာဝေးသော ချစ်ပို အလျား မှောက်နေရာသို့ လှစ်ခနဲ ခြေဖျား ထောက်၍ ပြေးပြီး ချစ်ပို ၏ဘေးတွင် ဗြုန်းခနဲ အလျားထိုး ချလိုက်၏ ။ ၎င်းနောက် မြားလွှတ်ရန် ဟန်ပြင်နေ သော ချစ်ပို ၏ လက်ကို ဆွဲထားလိုက်လေ၏ ။ သမင်ကလေးများ သည် ဗြုန်းခနဲ လှည့်ကာ ခုန်ပေါက်ပြေးလွှားကြ၏ ။ ချုံ ထဲ အတင်း တိုးဝင်ကြ၏ ။


ချစ်ပို သည် မျက်လုံးပြူးပြူး ၊ မျက်ဆန်ပြူးပြူး ၊ ပါးစပ်အဟောင်းသား နှင့် စက်ကြည် ကို လှည့်ကြည့်လိုက်၏ ။ စက်ကြည် ကား ရင် တဒိတ်ဒိတ် ခုန်နေ၏ ။ ဟိုက်နေအောင် မောနေ၏ ။ ခဏလေး ကြာမှ လေသံကလေး ဖြင့် -


“ သနားပါတယ်တော် ၊ မပစ်ပါနဲ့ ”


ချစ်ပို ကား အံ့အားသင့်ရာမှ ဒေါသရောင်သန်းလာ၏ ။ သို့သော် ချစ်ပို ၏ ဒေါသရောင်ကား စက်ကြည် ၏ အနီး၌ ပင်လယ်ရေပြင် တွင် ကျသော မီးဖွားကလေး သဖွယ်သာ ဖြစ်၏ ။ နောက် တစ်ခဏ ၌ ပြုံးလိုက်မိ၏ ။


စက်ကြည် သည် ချစ်ပို ၏ အပြုံး ကို မြင်တော့မှ သူ့ ကိုယ် သူ သတိရတော့ကာ ဆွဲကိုင် ထားသော ချစ်ပို ၏ လက် ကို လွှတ်လိုက်လေ၏ ။ မောဟိုက်နေသော လေသံနှင့် ပင် -


“ သနားပါတယ်တော် ၊ မပစ်ပါနဲ့ ” ဟု ထပ်မံ ပြောပြီး ဘေးချင်း ယှဉ်၍ အလျားမှောက် နေမိရာမှ ရုတ်တရက် ထပြီး ထိုင်၏ ။ ချစ်ပို လည်း ထ ထိုင်လိုက်ရာ စက်ကြည် နှင့် ယှဉ်ထိုင်မိလျက်ပင် နေလေ၏ ။ သူတို့ နှစ်ယောက်သား သည် ရင်တဒိတ်ဒိတ် ခုန်နေကြ၏ ။ မျက်နှာမှာ လည်း ထူပူ နေကြလေ၏ ။ အတန်ကြာသော် စက်ကြည် က ဤအကြိမ်တွင် ကား စကား မရှိ စကားရှာ ပြောသော သဘောမျိုးဖြင့် ထပ် ပြောပြန်၏ ။


“ သနားပါတယ်တော် ၊ မပစ်ပါနဲ့ ”


ထိုသို့ စက်ကြည် က စကားပြောလိုက်ခြင်းသည် ချစ်ပို အား ရဲဆေး ထိုးပေးလိုက်သည် နှင့် တူလေ၏ ။ ချစ်ပို သည် ရုတ်တရက် ပြုံးလိုက်ပြီး


“ သမင် တော့ သနားတတ်တယ် ။ ကျုပ် ကို တော့ မသနားတတ်ဘူး ”


စက်ကြည် သည် အတန်ငယ် တွေသွား၏ ။


နောက်မှ - “ ဘာပြောတယ် တော့် ”


“ အေး ... သမင် ကိုတော့ သနားတတ်တယ် ။ ကျုပ် ကိုတော့ မသနားတတ်ဘူးလို့ ပြောတာ ”


စက်ကြည် က တစ်ကျော့ ထပ်၍ တွေနေပြီး နောက် ၊ အတန်ကြာ မှ -


“ သနားပါတယ်တော် ။ အခုလောက် ဒုက္ခခံ စောင့်နေရပြီး ကျုပ်ကြောင့် သမင်သား မစားရတော့ဘူး ။ သနားပါတယ်တော် ဒုက္ခပဲ ”


ချစ်ပို သည် မျက်နှာ ကို ရှုံ့မဲ့လိုက်သည် ။ နောက်မှ ညှိုးငယ်သော အမူအရာပြုလျက်-


“ ဒါပြောတာ မဟုတ်ဘူး စက်ကြည် ရဲ့ ။ ကျုပ် ကို စက်ကြည် မသနားဘူး ။ ကျုပ် က စက်ကြည် ကို ကြိုက်တယ် ။ စက်ကြည် က ခုထိ ချိုသည်ခါးသည် ပြန်မပြောဘူး ။ အဲဒါ ပြောတာ ”


စက်ကြည် က မပြုံးမမဲ့ တကယ့် တည်ငြိမ်သော မျက်နှာဖြင့် ငေးနေသည် ။ ချစ်ပို သည် စက်ကြည် ဘက် ကိုယ် ကို ယိမ်း၍ ကပ်လိုက်ပြီး -


“ နားလည်ရဲ့လား ။ ဒါကြောင့် ကျုပ် ကို တော့ မသနားတတ်ဘူးလို့ ပြောတာ ”


စက်ကြည် သည် တစ်ကိုယ်လုံး သွေးရောသားရော တဆတ်ဆတ် တုန်နေ၏ ။ အရှက်လှိုင်း ကြားတွင် မူးဝေ၍ နေ၏ ။ သို့ မူးဝေ နေစဉ်ပင် ချစ်ပို အနားမှ တစ်ဖဝါးမျှ မခွာနိုင်လောက်အောင် အညှို့ခံ နေရလေ၏ ။


“ ပြောလေ ၊ မသနားဘူး မဟုတ်လား ”


“ တော့်ကို  မသနားဘူးလို့ ဘယ်သူက ပြောလို့တုံး ”


“ သနား ရင် ကျုပ် ကြိုက်သလို စက်ကြည် က လည်း ကြိုက်တယ်လို့ ပြောပါလား ”


စက်ကြည် သည် အရှက်လှိုင်းကြားတွင် မူးဝေနေရာ မှ အမူး လွန်လာပြီး ရဲစိတ်ကလေးများပင် ဝင်လာ၏ ။ သို့ကြောင့် ပြုံးလိုက်၏ ။


“ ကဲ .. ပြောလေ ”


စက်ကြည် သည် ခစ်ခနဲ ရယ်လိုက်၏ ။ ပြီးမှ


“ ကျုပ် က လည်း တော့်လိုပါပဲ ”


ချစ်ပို သည် ထ၍ ခုန်လိုက်၏ ။ သမင်ကလေးတွေ နှင့် အပြေး ပြိုင်လို၏ ။ သို့သော် စက်ကြည် အနားမှ တစ်ဖဝါးမျှ မခွာနိုင်အောင် သံလိုက် ဓာတ် မိနေ၏ ။ ထို့ကြောင့် ပြုံးပြုံးကြီး လုပ်ပြီး စက်ကြည်အား ‘ ဆီးဖြူ ဖန်ခါးလိုဖြင့် ငုံထားပါရဲ့ ’ ဆိုသော သဘောမျိုးဖြင့် ကြည့်နေလေ၏ ။ စက်ကြည် ကား ပြောင်းဖူးစည်းကို ရင်ဝယ်ပိုက်ပြီး ပြောင်းဖူးမွေးကလေး များ ကို သျှောင်ပေစူးကလေးတွေ ဖြစ်အောင် ထုံးပေးနေလေ၏ ။ သူတို့ သည် အချစ်ဝင်္ကပါတွင် နှစ်ယောက်သား ဝင်ကြပြီး လမ်းစ ပျောက်သွား သည့် တိုင်အောင် ကြည်နူး နေကြပေရာ တစ်ယောက် ကို တစ်ယောက် ဘာပြော၍ ဘာဆိုရမည် ကိုပင် အ စရှာ မရအောင် ဖြစ်နေကြလေ၏ ။


ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေပြန်၏ ။ နေမင်းကား ဝင်တော့မည်ဖြစ်သဖြင့် နီရဲသော မျက်နှာဝန်းကြီးပြလျက် နှုတ်ဆက်နေပေ၏ ။ ချစ်ပို နှင့် စက်ကြည် တို့၏ အချစ်လှိုင်းဂယက်သည် ရေငန်ချောင်း တစ်ဝိုက်လုံး ပျံ့နှံ့သွားဟန်ရှိသည့်ပြင် ချုံနွယ်ပိတ်ပေါင်းတို့ ကြားသို့ ထိုးဖောက်ကာ စောစောက ထိတ်လန့်၍ ပြေးဝင်သွားကြသော သမင်ကလေး တို့အား ရိုက်ခတ်ဟန်တူလေသည် ။ ‘ ဘိုတိုတောက် ၊ ဘိုတို တောက် ’  အသံများ စည်းချက်ညီညီနှင့် ပေါ်လာပြန်၏ ။ သမင်ကလေး နှစ်ကောင် ပင် ပေါ်လာပြန်သည် ။ နှစ်ကောင်စလုံး ပြိုင်တူ လည်တိုင် ကို မော့ ၊ ချို ကိုကော့ကာ ဟိုဟိုသည်သည် ကြည့်ကြသည် ။ ချစ်ပို နှင့် စက်ကြည် ကား မလှုပ်မရှား သမင်ကလေးများကို ကြည့် နေကြသည် ။ စက်ကြည် သည် ပြောင်းဖူးမွေးကလေးတွေ ကိုပင် မကစားရဲတော့သည် အထိ ငြိမ်ဆိတ်စွာ ထိုင်နေ၏ ။


သမင်ကလေးများ သည် ပြိုင်တူပင် ရေသောက်ကြ၏ ။ ရေသောက်ပြီးနောက် အထီး က လည်တိုင်ကလေးဆန့်လိုက် ၊ အမ က လည်တိုင်တွန့်ပြီး ချိုကလေး ဝင့်ကာ တို့၍ ထိ၍ ကျီစယ်လိုက် ။ အမ က လည်တိုင်ဆန့်လိုက် ၊ အထီး က လည်တိုင်တွန့်ပြီး ချိုကလေး ဝင့်ကာ တို့၍ ထိ၍ ကျီစယ်လိုက် လုပ်နေကြလေသည် ။ ချစ်ပို နှင့် စက်ကြည် တို့မှာ ထိုအခြင်းအရာ ကို မြင်သောအခါ ရယ်ချင်တုန်း ကလိထိုး ခံရသလို ဖြစ်သွားကြလေ၏ ။


ချစ်ပို သည် ဗြုန်းခနဲ ဆိုင်းမဆင့် စည်းမတောဘဲ စက်ကြည် ၏ ပါးပြင်ကို ဘယ်ပြန် ညာပြန် နမ်းလိုက်မိလေ၏ ။ စက်ကြည် ကား ဗြုန်းခနဲ ပြောင်းဖူးစည်း ကို ပစ်ချပြီး လက်နှစ်ဖက်နှင့် စုံကန်၍ ချစ်ပို ၏ ရင်ဘတ်ကြီး ကို တဗုန်းဗုန်း ထုမိလေ၏ ။ သမင်ကလေးများ မှာမူ ထိတ်လန့် တကြားနှင့် ချစ်စနိုး ကျီစယ်မှုများ ကို စွန့်လွှတ်ပြီး ချုံများ ထဲသို့ အတင်း ပြေးဝင်ကြလေ၏ ။ စက်ကြည် သည် ပြောင်းဖူးစည်း ကို ဘယ်လက် မှာ ဆွဲပြီး ညာလက် မှာ နှင်တံ ကို ကိုင်လျက် မတ်တတ် ရပ်လိုက်၏ ။ ချစ်ပို မှာ ရယ်ရမလို ၊ ဒေါသဖြစ်ရမလို နှင့် အားမလို အားမရဖြစ်ပြီး ထိုင်ရာမှပင် စက်ကြည် အား မော့ကြည့်နေလေ၏ ။ အတန်ကြာမှ စက်ကြည် သည် သူ့ အား ပြုံးသယောင်ယောင်နှင့် မျက်စောင်းချိတ် ကြည့်လျက်


“ ကဲ .... ထ ၊ နေဝင်လုပြီ ။ ရွာ ထဲ ဝင်ကြစို့ရဲ့ ”


“ စက်ကြည် ဟာ ကျုပ် ကို မသနားဘူးလို့ ဒါကြောင့် ပြောတာပဲ ”


“ သနားတာ နဲ့ ဒါနဲ့ ဘာဆိုင်သလဲ ။ တကတဲမှပဲ ဖြစ်နေလိုက်တာ ။ ကဲ ... ထ ၊ ရွာထဲ သွားမယ် ။ မှောင်လာရင် အမေ က ပြောနေဦးမယ် ”


စက်ကြည် သည် ပြောပြောဆိုဆို ပြောင်းခင်း ထဲ သို့ ဝင်သွားလေ၏ ။ ချစ်ပို လည်း ကပျာကယာ မတ်တတ်ရပ်ကာ ဒူးလေး နှင့် ဓားများကို ဆွဲကိုင်ပြီး ပြောင်းခင်း ထဲသို့ပင် ဝင်၍ စက်ကြည် နောက်မှ လိုက်သွား လေ၏ ။ ပြောင်းပင်ကြီးများကား လက်တစ်ဖောင် သာသာ မြင့်၍ ပြောင်းနှံ များက တဝင့်ဝင့် ဖြစ်နေလေ၏ ။ မကြာမီ လက်ပံပင်ခေါင်ဖျားဝယ် ယီးလေးခို နေသော နေရောင်ခြည်သည် ပျောက်ကွယ်သွားလေ၏ ။


( ၃ )


“ အဲဒီနေရာပေါ့ မောင်ရ ၊ စက်ကြည် နဲ့ ငါ အဝှာ ဖြစ်တာ ” ဟု ဆိုလျက် ကိုချစ်ပို က ကျွန်တော့် အား ရေငန်ချောင်း သည်ဘက်ဘေး ဒဟတ်ပင် အောက်က သဲပြင် နှင့် ဟိုဘက်နားက ဆီးပင်များ ညွှန်ပြပါ သည် ။


ဘုတလင် မှာ ပလိပ်ရောဂါ ကင်းစင်ပြီ ဖြစ်သဖြင့် ကျွန်တော်တို့  ပြန်ကြပြီး နောက်များ မကြာမီပင် ကျွန်တော် သည် မုံရွာမြို့အင်္ဂလိပ်ကျောင်း သို့ ပြောင်းရွှေ့နေရပါသည် ။ ထိုအခါမှ စ၍ ကျွန်တော် သည် ကိုချစ်ပို ကို တွေ့ရန် ခဲယဉ်းလာပါတော့သည် ။ သို့သော် တစ်ခုသော နွေရာသီ ကျောင်းပိတ်ရက်ရှည် တွင် ကုက္ကိုစုသို့ သွားရောက် လည်ပတ်လေရာ ကိုချစ်ပို ကို တွေ့ရပါသည် ။


“ ဘယ့်နှယ်လဲ ကိုချစ်ပို ၊ မစက်ကြည် ကော ရှိရဲ့လား ” ဟု အိမ်ရှေ့ တွင် ပြောင်းရိုး စဉ်းနေသော ကိုချစ်ပို အား ကျွန်တော် က သူ့ အိမ်ထဲ ရောက်သည် ဆိုလျှင်ပင် မေးလိုက်မိသည် ။


ကိုချစ်ပို သည် ပြောင်းရိုးစဉ်းသည် ကို ရပ်ပြီး ကျွန်တော့် အား ကြည့်လိုက်၏ ။ ကျွန်တော့် အမေး ကို မဖြေဘဲ ပြုံးပြုံးကြီး လုပ်နေပါသည် ။ သူ့ အပြုံး မှာ ပါးစပ် အပြုံးသာ မဟုတ် တစ်မျက်နှာလုံး အပြုံးဖြစ်သည် ။ မုန့်ကြိုးလိမ် သကြားဖြူးထားသော အချိုမျိုး မဟုတ် ။ တင်လဲအိုး မှ အချိုမျိုး ဖြစ်သည် ။


ကျွန်တော် သည် သူ့ အိမ်ခလောက်ဆွဲ ဝယ် ခြေတွဲလွဲ ချ၍ ထိုင်လိုက်သည် ။ သူ က မူ ပြောင်းရိုးစဉ်းဓားမကြီး ကို အိမ်ထရံကပ်ကြား မှာ ထိုးလိုက်သည် ။


“ ဘယ့်နှယ်လဲ ကိုချစ်ပို  ၊ မစက်ကြည် ဘယ်မှာလဲ ”


“ သူ့ အမေ အိမ်မှာပေါ့ ကိုရင် ရဲ့ ”


“ ဟင် ... ခင်ဗျားတို့ အိမ်ထောင် မကျသေးဘူးလား ”


“ မကျသေးဘူး ”


“ ဘာဖြစ်လို့တုံး ၊ ပျက်သွားကြလို့လား ”


“ မပျက်ပါဘူး ၊ မင်္ဂလာဆောင် ဖို့ စရိတ် မရှိလို့ ”


ကျွန်တော့် မှာ မယုံနိုင်လောက်အောင် အံ့သြခြင်း ဖြစ်ရလေသည် ။


သူ့ မှာ ၂ ဧက ဒသမ ၃၅ ကျယ်ဝန်းသော ရေငန်ချောင်းယာတော ရှိသည်မဟုတ်လော ။ လှည်းနွားအစုံ ရှိသည် မဟုတ်ပါလော ။ ကျွန်တော် မယုံနိုင်ဖြစ်နေသည်ကို ယုံစေရန် တိုက်တွန်းဘိသည့်အလား ကိုချစ်ပို က ထပ်ဆက်ပြန်သည် ။


“ ခဲဖိုး ပေးဖို့တောင် မရှိဘူး ။ နောက်ထပ် ကြွေးချေးလို့လည်း မရနိုင်ဘူး ”


“ ဟင် ... ခင်ဗျား မှာ အရင်က ကြွေးတင်ပြီးသားမို့ နောက်ထပ် ကြွေးယူလို့ မရတာလား ။ ကျွန်တော် ဖြင့် သိ မသိပေါင်ဗျာ ”


ကိုချစ်ပို က ခေါင်းညိတ် လိုက်သည် ။ သူ ခေါင်းညိတ်ပုံမှာ ကြွေတော့မည့်ပန်း ငိုက်စိုက်ကျသွားသည် နှင့် တူတော့၏ ။


ကိုချစ်ပို ၏ ဖခင် ဦးဖူးညို ကွယ်လွန်သော အခါ သူတို့ တွင် ငွေသား တစ်ကျပ် တစ်ပြား မျှ မရှိချေ ။ နှမ်း ၁၅ တောင်း နှင့် ပဲတစ်ပုတ် လောက်သာ အလွယ်တကူ ထုခွဲနိုင်သော ပစ္စည်း ရှိလေသည် ။ သို့သော် မသာစရိတ် အတွက် ရုတ်တရက် ရောင်းမရနိုင် သဖြင့် မဒေါင်းမေ ထံမှ ငွေ ၈ဝ ကျပ် ချေးယူရလေသည် ။ နောက်မှ နှမ်းနှင့် ပဲကို ထုခွဲ ရောင်းချရန် ကြိုးစားပါသော်လည်း ဈေးမကောင်းသည် က တစ်ကြောင်း ၊ ရသမျှ ထဲ မှလည်း ငါးပိ ၊ ကြက်သွန် စသော အသုံးအဆောင်များ ကို ဖဲ့ဝယ်ရသဖြင့် တစ်ကြောင်း မဒေါင်းမေ ထံမှ ငွေ ကို အကျေအလည် မဆပ်နိုင်ခဲ့ပေ ။ အတိုးအရင်း လေးငါးနှစ် ဖဲ့ဆပ်ခဲ့သော်လည်း ၄ဝ ကျပ် မျှ ကျန်နေ သေးသည် ။


ထို အကြွေးဟောင်း မပြေသည့် အပြင် အကြွေးသစ်တွေ ထပ်၍ တင်စရာသာ အကြောင်း ဖြစ်လာခဲ့၏ ။ လက်ဦးနှစ် တွင် မြေခွန်တော် ပူ သဖြင့် နှမ်း ၊ ပဲ ၊ ပြောင်း စသည်တို့ကို အပူတပြင်း ရောင်းရရာ ဈေးကောင်း ကောင်းမရချေ ။ နောက် တစ်နှစ် တွင် လည်း ထိုနည်းလည်းကောင်းပင် ဖြစ်လေ၏ ။


နောက် သည်ထက် သည် အခြေအနေ ဆိုးလာခဲ့လေသည် ။ တစ်ပြည်လုံး အရောင်းအဝယ် ကျပ်တည်းသည် ဟု ကိုချစ်ပို တို့ ကြားရသည် ။ ဘာကြောင့် ကျပ်တည်းသည် ၊ ဘယ်သူက ကျပ်အောင်လုပ်သည် စသည်ဖြင့် ကား ကိုချစ်ပို တို့ နားမလည် ။ ကျပ်ခြင်း၏ ဒဏ် ကိုသာ ကုန်းခံရလေ၏ ။ အရောင်းအဝယ် ကျပ်ကုန်သဖြင့် ဘုတလင် က ပွဲစားကြီး ကိုမြင့်လည်း နှမ်း မဝယ်နိုင် ။ မုံရွာ က သားရေကုမ္ပဏီ ဦးဘ က လည်း သားရေ မကောက်နိုင် ။ ကိုချစ်ပို ၏ နှမ်းတွေ အရောင်းရ ခက် ။ ဦးစိုးရ တို့၏ သားရေတွေ မှိုတက် ။ ဆီးသီး ကောက်၍ ရထားတွဲ နှင့် တင်ရန်လည်း မလွယ်ကူ ဖြစ်နေလေ၏ ။ သို့ရာတွင် မြေဆီမြေခ အခွန် အတုတ်တို့ကား ပေါ့သွားသည် မရှိ ။ ပို၍သာ လေးလာခဲ့၏ ။


နောက်ဆုံး ကိုချစ်ပို ၏ နွားမကြီး တစ်ကောင် ၊ နွားသိုး တစ်ကောင် နှင့် နွားငယ်ကလေး တစ်ကောင်တို့ကို ရောင်းလိုက်ရုံသာမက ရေငန်ချောင်း တောင်ယာတော ကို မဒေါင်းမေ ထံ မှာ အပေါင်ထား၍ ငွေချေးရ သည့် အဖြစ်သို့ ရောက်ခဲ့လေ၏ ။ ကိုချစ်ပို မှာ ယာပိုင်သည် ဟူသော နာမည် သာ ရှိသော်လည်း ပိုင်သာပိုင် မဆိုင် ဖြစ်နေတော့သည် ။ 


“ အေးလေဗျာ ၊ ကြွေးမယူဘဲ ခပ်ကျဉ်းကျဉ်းရုံးပြီး မင်္ဂလာဆောင် လိုက်ကြပေါ့ဗျာ ”


“ ကျဉ်းတာပဲ ကိုရင် ရဲ့ ။ ဒါပေမဲ့ ဝတ်စုံ တစ်စုံမှ လက်မဖွဲ့ နိုင်ရင် ဘယ် ကောင်းမလဲ ။ ပြီးတော့လည်း မင်္ဂလာ ဆိုတာ တစ်သက်တစ်ခါ ဆောင်ရသဟာပဲ ။ ပျော်ပျော်ပါးပါး ဆွေမျိုးတွေ ၊ သူငယ်ချင်းတွေ မကျွေး မမွေးဘဲ လုပ်ရရင် ကျုပ် ရော မစက်ကြည် ပါ တစ်သက်လုံး ဘယ်မယ် စိတ်ကောင်းမလဲ ။ သူငယ်ချင်းတွေ ခဲဖိုး မပေးရင်ကော ကောင်းမလား ကိုရင်ရ ”


ကျွန်တော်က ချွေတာရေးတရားတွေ ၊ သာရေးနာရေးတွေမှာ စရိတ်မကုန်အောင် ချွေတာဖို့တွေ ၊ ပြည်ဦးခ၏ ချွေတာရေးစာအုပ်မှ ကောက်နုတ်ချက်များ ပါ ထည့်ဟောလေရာ -


“ လူရယ် ဖြစ်လာရင် သာရေးနာရေး ဆိုတာ ကြုံမြဲပ ။ ကြုံရင် ကုန်မြဲပ ကိုရင် ။ သဟာကြောင့် ခက်တာပဲ ” ဟု ကိုချစ်ပို က ငြင်းချက်ထုတ်ပါသည် ။ ကျွန်တော် ကလည်း မရှင်းတတ်ပါ ။ အဘယ်ကြောင့် ဆိုသော် လူ့အရေး သည် စားရေး ၊ နေရေး ၊ ဝတ်ရေးမျှသာ မကသောကြောင့် တည်း ။


ကိုချစ်ပို သည် ကျွန်တော့် အား လက်ဖက်ရည်ကြမ်း ငှပေး၏ ။ အမဲခြောက်ဖုတ်ကို ဖဲ့ပြီး ဆီဆမ်းကာပေး၏ ။ ထိုအခါ ကျွန်တော် သည် ရေငန်ချောင်း ယာတော ၊ ရှားပင်တွေ အလယ်ကောင်ရှိ တဲကလေး တွင် ကိုချစ်ပို နှင့် ကျွန်တော် သည်လိုပင် စကား တပြောပြော နှင့် လက်ဖက်ရည်ကြမ်း သောက်ကြသည်ကို ပြေးသတိရလေသည် ။


“ ကိုချစ်ပို ရေငန်ချောင်း ယာထဲ က တဲ ကို သွား လည်ကြဦးစို့ဗျာ ။ ကျွန်တော် တော့ မုံရွာ တုန်း က အဲဒီ တဲကလေး ကို ခဏခဏ သတိရတာပဲ ”


“ ယာထဲက တဲကို ဖျက်လိုက်ရပြီကော ကိုရင်ရ ”


“ ဟင်... ဘာကြောင့်တုံး ”


“ ဆရာစံ သူပုန် ထတယ် မဟုတ်လား ။ ဘယ်မှာတဲ့လေ ( နဖူး ကို လက်ဖနောင့် နှင့် ပေါက်ရင်း ) ဘယ်မှာတဲ့လေ ”


“ သာယာဝတီ မှာလေ ၊ ဂဠုန်ဆရာစံ သူပုန်ထတာ ”


“ အေး အေး ၊ သာယာဝတီ ၊ သာယာဝတီ ။ အဲဒီသူပုန် ထတုန်းကပေါ့ ။ ဆုံးကုန်းသူကြီး နဲ့ ကျုပ်တို့ ရွာက ရွာခေါင်း က အမိန့် ထုတ်တယ် ။ ရွာအပြင်မှာ ဘယ်သူမှ မနေရဘူးတဲ့ ။ ရွာအပြင် တဲတွေ ကို ဖျက်ရမတဲ့ ။ သူပုန်တွေ ခိုမှာ စိုးရသတဲ့ ကိုရင် ရ ။ သဟာ့ကြောင့် ကျုပ် တဲကလေး ဖျက်ရတာပ ”


“ လှံဖျား ပုစဉ်း နားတာနဲ့ ကျီးကန်း က ချေးပါ ဆိုတာပါဗျာ ။ သာယာဝတီ နဲ့ ကုက္ကိုစု အဝေးကြီးပါပဲ ”


“ ဒါထက် ရွှေဘို မှာတောင် နည်းနည်း ထလိုက်သေးတယ် ဆို မဟုတ်လားကိုရင် ရ ”


“ မထပါဘူး ၊ အစိုးရ က နှိမ်ကောင်းအောင်လို့ လှန့်တာပါ ။ ဘုတလင် ကို တောင် ကု,လားတပ်တွေ ရောက်လာသေးတယ်ဗျ ။ အားပြ တာပေါ့လေ ”


“ အိမ်း ၊ တယ် ဉာဏ်များသနော့ ။ ( အသံ ကို တိုးပြီး ) ဒါထက် ဂဠုန် သူပုန်တုန်း က ကျုပ်တို့ လို တောင်သူလယ်သမားတွေ ဓားဆွဲပြီး ထတာဆို မဟုတ်လား ။ အတက်လည်း သိပ်ရဲဆိုပဲ ”


“ မြန်မာ့သွေးကိုဗျ ၊ ရဲတာပေါ့ ”


“ အိမ်း... ဟုတ်တယ် ။ ( ပို အသံတိုးလျက် ) ကိုရင် ဘယ်သူ့မှတော့ မပြောနဲ့နော် ။ ကျုပ်တို့ တောင် ဖြစ်လာရင် ထချဖို့ ဓားသွေးထားတယ် ။ တွင်းတောင် က ကိုညိုအေး တို့ ပြောလို့ လေးမြေဘုန်းကြီး ဆီက ပြီးဆေးလေး ဘာလေး ထိုးထားဖို့ ကြံသေးတယ် ။ အခြေ မလှလို့ ငြိမ်နေ လိုက်ရတာ ကိုရင်ရ ”


ကျွန်တော့် မှာ ရင်တဒိတ်ဒိတ် ခုန်လာပါသည် ။ အံ့သြခြင်း နှင့် ချီးကျူးခြင်း သည် ကျွန်တော့် အား တစ်လှည့်စီ ပူးနေကြသည် ။


“ အဟုတ်လား ၊ ကျွန်တော်တို့  ကျောင်းသားတွေ လည်း ငြိမ်မနေပါဘူး ။ ကြည့်စမ်း ၊ ကျွန်တော့်ခေါင်း ”


ကျွန်တော်က ကျွန်တော့် ခေါင်းတုံးကို ပြသည် ။ ကိုချစ်ပို က ခေါင်း တုံး ကို သေသေချာချာ တစ်စုံတစ်ရာ ရှာဖွေသလို ကြည့်ပြီး


“ ကိုရင်တို့ လည်း ပြီးဆေးများ ထိုးထားသလား ၊ ဘယ်မလဲ ”


“ မဟုတ်ဖူး ၊ အင်္ဂလိပ် ကို မုန်းတဲ့ အထိမ်းအမှတ် နဲ့ ရန်ကုန် က ကျောင်းသားတွေ က စပြီး ခေါင်းတုံး တုံးကြတာ ။ ခု ကျွန်တော်တို့  မုံရွာ ကလည်း လိုက်လုပ်ကြတယ်လေ ။ စီးကရက် လည်း သပိတ်မှောက် တာပဲဗျ ”


“ ဟေ .. ဟုတ်လား ” ဟု ပြောပြီး ကိုချစ်ပို သည် တွေတွေကြီး ကြည့်ကာ ငေးနေပါသည် ။


“ တောက် ၊ ဖြစ်ချင်ဖြစ် ကိုရင် ရာ ။ ခုလို ဒုက္ခ ခံနေရတာထက် ဓားဆွဲ သူပုန်ထရတာ က ကောင်းဦးမယ် ”


ကျွန်တော် ကား ကုက္ကိုစု က သာ ပြန်လာခဲ့ပါတော့သည် ။ ကိုချစ်ပို အား ဘာမျှ မပြောခဲ့တော့ပါ ။ ဟုတ်ပါလိမ့်မည် ။ ကိုချစ်ပို အဖို့ ကြွေးကလည်း ဘယ်တော့မှ ကျေစရာအကြောင်း မရှိ ။ ယာမြေ တို့ တွင် နဖူး က ချွေး ခြေမ ကျအောင် အလုပ် လုပ်ရသည် ။ သို့လုပ်ပြီး နောက် ယာသီး ယာနှံ ကား အတိုး ဆပ်၍ အခွန်ဆောင်ဖို့ လိုလိုသာ ဖြစ်နေသည် ။ မစက်ကြည် အား ဝတ်စုံတစ်စုံ တင်၍ တောင်းနိုင်အောင် ချောင်ချိရန်မှာ ခက်လှဘိတောင်း ။ သမင်ကလေးက ကလိသဖြင့် မစက်ကြည် အား နမ်းမိရာ သူ့ ရင်ဘတ်ကို ဗုန်းဗုန်းထုရိုက်ခဲ့သော မစက်ကြည် ၏ လက် အစုံ ကို မလွှတ်တမ်းဆွဲ၍ အချစ်ပွဲဝင်ရန်ကား ခက်လှဘိတောင်း ။


( ၄ )


တစ်နွေကုန်၍ တစ်မိုးဝင်ခဲ့၏ ။


ချစ်ပို လည်း တစ်မိုးလုံး အလုပ်ခွင် ဝင်ရ၏ ။ ရေငန်ချောင်းယာ တောတစ်ဝက်တွင် ပြောင်းစိုက်၍ တစ်ဝက် တွင် နှမ်းစိုက်သည် ။ ချောင်း ကမ်းနား ကပ်၍ကား ခရမ်းတောင့်ရှည် နှင့် ရုံးပတီသီးများ စိုက်၏ ။ တစ်မိုးကုန်၍ တစ်ဆောင်းဝင်ခဲ့ပြန်သည် ။


ချစ်ပို သည် တစ်ဆောင်းတွင်းလုံး အလုပ်ခွင် ဝင်ရပြန်၏ ။ ရေငန်ချောင်း ယာတော တစ်ခုလုံး ကု,လားပဲ စိုက်၏ ။ ချောင်းကမ်းနားမှာကား ပြောင်းဖူးနှင့် ခရမ်းချဉ်များ စိုက်လေ၏ ။


နှင်းတဝေဝေ ဖြစ်နေ၏ ။ ကု,လားပဲပင်များမှာ နှင်းဖွဲများနှင့် ရွှဲနေလေ၏ ။


ချစ်ပို သည် ယခင် က တဲထိုး ခဲ့ရာနေရာတွင် မီးဖို၍ ကု,လားပဲသီးများကို အပင်လိုက် မီးဖုတ်ကာ စားနေလေသည် ။ သူ သည် ကွင်းနင်းလာ မည့် မြေတိုင်းစာရေးကြီး ကို စောင့်နေခြင်း ဖြစ်သည် ။


နေထန်းတစ်ဖျားလောက် ရှိ၍ နှင်းလုံးလုံး စဲချိန်တွင် စာရေးကြီး နှင့် နောက်လိုက် နှစ်ယောက် ရောက်လာလေသည် ။ စာရေးကြီး ကား ကာကီ ရောင် သက္ကလတ်ဦးထုပ် ဆောင်းလျက် ရွက်ထည်ဘွပ်ဖိနပ်ကြီး ကို စီးထားလေသည် ။ ဖိနပ်ကြီး မှာ ကု,လားပဲပင် မှ နှင်းရည်များလူးသဖြင့် စိမ်းနေလေ၏ ။ လက် မှာ မြေပုံလိပ်ကြီးပါ၏ ။ နောက်လိုက်တစ်ယောက် ကား မြေပုံ ပုံးရှည်ကြီးကို ထမ်း၍ အခြား နောက်လိုက်ကား လွယ်အိတ် ကို လွယ်လျက် ရေဘူးတစ်ခု ကို ဆွဲလာ၏ ။ လွယ်အိတ် ထဲတွင် အရက် ပုလင်းပါ၏ ။


“ ဦးပိုင်နံပါတ် ၇၁ အမည် ငချစ်ပို  ။ အဖအမည် ငဖူးညို ။ ဟုတ် သလား ” 


“ ဟုတ်ပါတယ် ” ဟု ချစ်ပို က ဖြေလိုက်၏ ။


“ အင်း ... ကု,လားပဲလုပ်ထားတယ် ။ တယ် ကောင်းပါလား ။ ချောင်းကမ်းဘေး မှာ လည်း ပြောင်းဖူးတွေ စိုက်ထားသကိုး ။ တယ် ကောင်းတယ် ။ မြေဧက ၂ ဒသမ ၃၅ အားလုံး အောင်တယ် ”


ချစ်ပို သည် မဲ့သွားလေ၏ ။


“ စာရေးကြီး ရယ် မအောင်ဘူးလို့ ဖျက်ပေးပါခင်ဗျား ”


“ ဟေ့ ... မင်း ငါ့ကို အလုပ်ပြုတ်သွားစေချင်သလား ။ ရွာနား နီးတော့ အင်စပက်တော်က စစ်ချင်စစ်မှာကွ ”


“ စာရေးကြီး ရယ် ၊ ကြည့်ပါဦး ။ ကျုပ် မှာ လည်း ဆင်းရဲလွန်းလို့ သက်သာအောင် လုပ်ပါဦး ။ ကျေးဇူး ကျေးဇူး ” 


စာရေးကြီး သည် ဖြန့်ထားသော မြေပုံ ကို လိပ်လိုက်ပြီး


“ ကိုင်း .. မင်း ငွေငါးကျပ် ပေးမလား ”


ချစ်ပို မှာ မျက်လုံး ပြူးသွားလေ၏ ။


“ ငါးကျပ်တော့ များပါတယ် စာရေးကြီး ရာ ။ သုံးကျပ် လောက်တော့ တတ်နိုင်ပါရဲ့ ”


“ ဘာလဲ ၊ မင်းက ဈေးဆစ် နေပြန်ပြီ ”


“ မတတ်နိုင်လို့ပါ ခင်ဗျာ ”


“ မင်း မတတ်နိုင်တာ ငါက ဘာတတ်နိုင်မှာတုံး ဟကောင် ။ ကု,လားပဲ ထပ်ဖုတ်ဦးကွာ ”


စာရေးကြီး သည် မီးဖိုနား သွားထိုင်လေ၏ ။ ချစ်ပို သည် ကု,လားပဲ ပင်များနုတ်ပြီး မီးဖုတ်လေ၏ ။ တပည့်တစ်ယောက်က စာရေးကြီးအား ချက်အရက် ငှဲ့၍ တည်ခင်းလေ၏ ။ စာရေးကြီး သည် အရက်သောက် လိုက် ၊ ကု,လားပဲမီးဖုတ် မြည်းလိုက် လုပ်ပြီး ဖုန်ခါ၍ ထပြီးသော် -


“ ဟကောင် ၊ ပိုက်ဆံ ဘယ်တော့ပေးမလဲ ”


“ ညကျတော့ စာရေးကြီး တည်းတဲ့အိမ် လိုက်ပေးပါ့မယ် ”


“ အေး ... ဒါဖြင့် ညကျတော့ ဖျက်ပေးမယ် ။ ညကျရင် ပြောင်းဖူး ချိုးခဲ့စမ်း ”


စာရေးကြီး သည် အတန်ငယ် ဝေးကွာ သွားအောင် ထွက်ခွာသွားပြီး နောက်မှ ထိုင်နေရစ်သော ချစ်ပို ဆီသို့ ပြန်လှည့် လာပြန်လေ၏ ။ ချစ်ပို ကား ကပျာကယာ ထပြီး သူ့ ဆီ သွား တွေ့လေ၏ ။


“ မင်း မနေ့က ဆုံကုန်းတရားပွဲ ကို သွားသေးသလား ”


“ ဘာ တရားပွဲတုံး စာရေးကြီး ရဲ့ ”


“ ခွဲရေးတွဲရေး တရားပွဲလေကွာ ”


ချစ်ပို မှာ ကြောက်ကြောက်ရွံ့ရွံ့ဖြစ်သွားပြီး လက်ယှက်၍ ရှိခိုးတော့မလိုဟန်မျိုးဖြင့်


“ မသွားမိဘူး စာရေးကြီးရဲ့ ”


“ အင်း ... မင်းတို့ ကောင်တွေ ဒါကြောင့် မသိနားမလည် ဖြစ်နေ တာပဲ ။ တွဲရေး မကောင်းဘူး နားလည်လား ။ တို့ပြည်မှာ ကု,လားတွေ ဘယ်လောက် ကြီးစိုးနေသလဲ မြင်ရဲ့လား ။ သူတို့နဲ့ တွဲနေရင် တို့တော့ ကျွန် အောက် သပေါက် ဘဝက ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး ။ သူတို့ နဲ့ ခွဲလိုက်ရင် တို့မှာ ရေအိုးနှစ်လုံး ရွက်ထားရတာ တစ်လုံးကို ချပစ်လိုက် ရသလို ပေါ့သွားမှာပဲ ၊ နားလည်လား ။ ဒီတော့ ခွဲရေးဘက်က မဲပေးရမယ် နားလည်လား ။ ပြီးတော့ ခွဲရေးအမတ်လောင်း ဦးမောက်စိန် ဟာ တွဲရေး အမတ်လောင်း ဦးလူဖေ ထက် ပညာရှိတယ်ကွ ။ ဆွေဂုဏ်မျိုးဂုဏ်လည်း ရှိတယ် ။ ကဲ ... ကြားလား ” 


“ ဟုတ်ကဲ့ စာရေးကြီး ”


စာရေးကြီးသည် ခွဲရေးတရား ဟောပြီး ထွက်ခွာသွားပြန်လေ၏ ။ ချစ်ပို မှာ ပါးစပ် အဟောင်းသား နှင့် ကျန်ရစ်ခဲ့လေ၏ ။


တစ်နေ့က ကုက္ကိုစုရွာ သို့လာ၍ ဦးတုတ်ပေါ တို့ အိမ်မှ နေပြီး ဟောပြောသွားသော ကျည်းပင်ချောင်ရွာမှ ဦးအာလောက နှုတ်ကပတ်တော် အရမူကား တွဲရေးဘက်မှ မဲပေးရ မည်ဆို၏ ။ အိန္ဒိယပြည် မှ မြန်မာပြည် ကို ခွဲထုတ်လိုက်လျှင် အင်္ဂလိပ်သည် အားငယ်သွားသော မြန်မာပြည် ကို ထင်သလို ကျင့်ကြံလိမ့်မည် ။ အိန္ဒိယ ကို လွတ်လပ်ရေး ပေးသော်လည်း မြန်မာ ကို လွတ်လပ်ရေး မပေးဘဲ ထားလိမ့်မည် ဟု ဆိုလေသည် ။


ချစ်ပို အဖို့ တွဲရေး နှင့် ခွဲရေးသည် ဘယ်ဘက်မှ ချိန်ခွင်လျှာမသာ အောင် ဖြစ်နေပေ၏ ။


တွဲရေးခွဲရေး ကြားထဲတွင် အမတ်လောင်း ဦးဖိုးကူး လည်း ရှိသေး ၏ ။ ဦးဖိုးကူး ၏ အဆိုမှာ


“ တွဲရေး ခွဲရေး ထက် ပို အရေးကြီးသည်မှာ နယ်အရေး ဖြစ်သည် ။ နယ်အတွက် အကျိုး ဆောင်ရေး ကိုသာ ပဓာနထားမည် ။ တွဲရေးခွဲရေး တွင် မီးစင် ကြည့်၍မဲပေးမည် ” စသည် ဖြင့် ဖြစ်လေသည် ။ ၎င်းပြင် ဦးဖိုးကူး က သူ့ အား မဲထည့်သူ ကို တစ်ယောက် သုံးကျပ် ပေးမည် ဟု သတင်း ဖြစ်နေပြန်၏ ။


“ အင်း ... ကိုဖိုးကူး ကို မဲပေးလိုက်ရင်ကောင်းမယ် ။ မဲပေးပွဲ ကလည်း ကနေ့ပဲ ဖြစ်ပါတော့ဗျာ ။ ကနေ့ သာ ဆိုရင် စာရေးကြီး ကို ပေးဖို့ ငွေသုံးကျပ် တခြား မှာ မရှာဘဲ ရမှာပဲ ” ချစ်ပို ခမျာမှ ခွဲရေးတွဲရေးတွင် လမ်းသုံးခွ တွေ့နေရပြီး မဲပေးခက်နေလေ၏ ။ သို့သော် တွဲရေးခွဲရေး သည် အကျိုး တစ်ခုတော့ ဖြစ်လာ၏ ။ တောင်သူလယ်သမား ကြား တွင် သာယာဝတီသူပုန်စိတ်တွေ ပျံ့လွင့်ပျောက်ကွယ်စေပြီး ကု,လားနှင့် ခွဲရေး တွဲရေးတွင်သာ ဝိတက်ဝိစာရ များစေ၏ ။ လူတို့ရဲ့ အာရုံကို အစိုးရထံမှ ကု,လားထံသို့ ကြိုးပြောင်းစေလေ၏ ။ ချစ်ပို အဖို့ဆိုလျှင် “ တို့ တောင်သူ လယ်သမားကွ ၊ တို့မြန်မာကွ ” ဟု သွေးကြွမှုကွယ်ပျောက်ပြီး “ ငါ့ အတွက် ငါ လုပ်ဖို့အရေးကြီးတယ် ။ ငါ ချမ်းသာပြီးရော ” စသော ကျဉ်းမြောင်းသည့် ငါစိတ် သာ ဖြစ်ပေါ်၍ နေလေတော့၏ ။


ညတွင် စာရေးကြီး ကို ပေးစရာ ငွေသုံးကျပ် ချစ်ပို မှာ မရှိသေး ။ ဒေါင်းတောက် အောင် ရှာရပေဦးမည် ။ မဒေါင်းမေ မှ တစ်ပါး ဘယ်သူ့ကို မျှလည်း ချဉ်းကပ်စရာမမြင် ။ သို့သော် မဒေါင်းမေ ထံမှ ယူထားသော ကြွေးတွေ က လည်း များလှလေပြီ ။ အလွတ် ချေးထားသော ကြွေးအပြင် ရေငန်ချောင်းယာတော ကို အပေါင် ထား၍ ချေးထားရသော ငွေ လည်း ရှိသေး၏ ။ ၎င်းပြင် မဒေါင်းမေ အား အမျိုးမျိုး ခယတောင်းပန်လျက် စက်ကြည် နှင့် မင်္ဂလာဆောင်ရန် ငွေချေးဖူး၏ ။ မဒေါင်းမေ က ပစ်ပစ် ခါခါ ငြင်းဖူးလေသည် ။


“ ကျွန်တော်မ ရဲ့ ငွေဟာ အလေလိုက်ဖို့ အတွက် မဟုတ်ဘူး ဦးချစ်ပိုကြီး တော့် ။ ရှိကြီးခိုးပါရဲ့ ၊ နောက်ထပ် စကားစပ်မိလို့မှ မပြောပါနဲ့ ” စသည်ဖြင့် သူ့ သား လောက်ပင် ရှိသေးသော ချစ်ပို အား အရွဲ့တိုက်ကာ ကျွန်တော်မတွေ ၊ ရှိကြီးခိုးပါရဲ့တွေ နှင့် ၊ သူ လင် မရဖူးတိုင်း သူများ အချစ် ကို ကိုယ်ချင်းမစာတတ်သော အပျိုကြီး မဒေါင်းမေ က ပြောခဲ့လေသည် ။


“ အိမ်း ၊ ဒါကတော့ အခွန်တော် မဆောင်ရအောင် ပေးရတဲ့ ငွေပဲ ။ ချေးမှာပါပဲ ။ များလည်း များတာမှ မဟုတ်ဘဲ ” ချစ်ပို သည် သို့ကလို မျှော်လင့်ထားပြီး ထိုနေ့လယ် ပင် မဒေါင်းမေ ထံ သို့ သွားလေ၏ ။ သို့သော် မဒေါင်းမေ ကား ယုန်လှေးကုန်း သို့ သွားနေရာ ညနေစောင်း မှ ပြန်ရောက် မည် ဖြစ်လေသည် ။


( ၅ )


မဒေါင်းမေ ကား ကုက္ကိုစုရွာ ၏ သူဌေးမ ဖြစ်ရုံမက ပြိုင်ဘက်ကင်းသော အပျိုကြီး လည်း ဖြစ်လေသည် ။ မြေဧက ၂ဝ ကျော် ၊ ၃၀ နီးပါး ပိုင်သည် ။ နှမ်း ၊ ပဲ ၊ ပြောင်း စသည်တို့ကို ပုတ်ကြီးပုတ်ငယ် နှင့် လှောင် ထားနိုင်သည် ။ ရင်းနှီး၍ ယုံကြည်စိတ်ချရသူ တို့ ကို နှစ်ဆယ်မျိုး သုံးဆယ် မျိုး ငွေတိုး ပေးလေ့ရှိသည် ။ ဆီဆုံ တစ်ခုလည်း ပိုင်လေသည် ။ မဒေါင်းမေ ၏ ဆီဆုံသို့ လာရောက် ဆီပွတ်သူများသည် ကိုယ့် နွား ကို ယူခဲ့ကြရ သည် ။ ဆီဆုံခ အဖြစ်ဖြင့် ဆီ တစ်ဆုံ လျှင် အဝက်သား ပေးရလေသည် ။ သို့ကလို ကျိကျိတက်ချမ်းသာသော်လည်း မဒေါင်းမေ ခမျာ မှာ ယခု အသက် ၄ဝ ကျော် သည့် တိုင်အောင် ကံ မပေါ်သေးချေ ။ ( ဝါ ) လင် ဆို၍ တစ်ခါမျှ မတစ်ခါဖူးသေးချေ ။ ရုပ်ဆိုး၍ ယောက်ျား မရခဲ့ဟု မဆိုနိုင်ပေ ။ အကြောင်းမူကား သူ ၏ ရုပ်မှာ ရွက်ကြမ်းရေကျို ထဲက ဖြစ်သည် ။ လင်ရွေးရာ ဇီဇာကြောင်လွန်း လို့လည်း မဟုတ်ပေ ။ ရိုးရိုးသားသား နှင့် အလုပ် အကိုင် ကောင်းလျှင် ရွာသူရွာသား လုပ်စားကိုင်စား ထဲ ကပင်လျှင် လက်ခံ ရန် အဆင်သင့် ဖြစ်ပေသည် ။ မိဘမောင်ဖား အစောင့်အထိန်း ကျပ်လွန်း လှလို့ဖြစ်သည် ဟု လည်း မဆိုနိုင်ပေ ။ အကြောင်းမူကား သူ့ မှာ မောင်ဖား မရှိ ။ မိဘနှစ်ပါး မှာ လည်း သူမ ၏ အသက် အစိတ် တွင် ကွယ်လွန် သွားခဲ့ကြ၍ ကြီးတော်အိုကြီး နှင့် လွတ်လပ်စွာ နေခဲ့သည်မှာ အနှစ် နှစ်ဆယ် မျှ ကြာခဲ့လေပြီ ။ သို့ပါလျက် အရွယ်ဟိုင်း၍ မှိုတွေ တက်သည့် တိုင်အောင် အပျိုရည် မပျက်သေးသည်မှာ အပျိုကြီး ဇာတာ ပါလို့သာ ဖြစ်သည်ဟု ဆိုရပေတော့မည် ။


သို့သော် မဒေါင်းမေ မှာ လင်စိတ်သားစိတ် ကုန်ပြီ ဟု ကား မဆိုနိုင်ချေ ။ တစ်ခါက ယုန်လှေးကုန်း က ကျောင်းဆရာ မုဆိုးဖိုကြီး ဦးလူလှ နှင့် စဉ်းစားကြည့်မိ၏ ။ ကံမကောင်း အကြောင်းမလှလိုက်ပုံက ဦးလူလှ မှာ နီးစပ်သူ ဆရာမ အသက်ငယ်ငယ်ကလေး နှင့် ညားသွားလေ၏ ။ တစ်ခါကမူ ဆုံကုန်းရွာ မှ သျှောင်တစောင်း နှင့် ပွဲစားကြီးလူပျိုကြီး ပင် ဖြစ်ဘိ သည့် ဦးမြတ်ရာ နှင့် စိတ်ကူးမိ၏ ။ ကံမကောင်း အကြောင်းမလှလိုက် ပုံက ဦးမြတ်ရာ မှာ ကွယ်လွန်သွားရှာပြန်လေသည် ။ နောက်ဆုံး ကြံရာမရ ရိုးရိုးသားသား လုပ်စားကိုင်စား ချစ်ပို ကို စိတ်ကူးထဲမှာ ထည့်ကြည့်၏ ။ တစ်ဖန် ချစ်ပို မှာ သူ့ သား အရွယ် သာ ဖြစ်နေခြင်းနှင့် ချစ်သူ မစက်ကြည် ရှိနေခြင်း တို့ကြောင့် နီးလျက်နဲ့ ဝေးရမည် ဖြစ်ရာ စိတ်ကူးကိုပင် ရဲရဲ မကူးဝံ့ရှာပေ ။ ချစ်ပို က မင်္ဂလာဆောင်ရန် ငွေချေးရာ၌ မဒေါင်းမေ က တူးတူးခါးခါး ငြင်းသည်တွင် မစက်ကြည် နှင့် ပျက်စေလိုသော အဘိဇ္ဈာ ကလေးများ ပါကောင်း ပါပေလိမ့်မည် ။


ချစ်ပို ၏ ရုပ်ရည် ကို သူမ တပ်မက်၏ ။ ချစ်ပို ၏ ရိုးဖြောင့်ပုံကို သူမ ကြည်ညို၏ ။ ချစ်ပို ၏ အလုပ်အကိုင် ကောင်းပုံ ကို သူမ သဘော ကျ၏ ။ ချစ်ပို ကမူ အဖေ သေတုန်း မသာစရိတ် မရှိ၍ မသာစရိတ်ချေးငှား သူ ၊ အစိုးရကအခွန်တော် ပူစဉ် ပစ္စည်းများ လေလံပစ် မခံရအောင် ငွေချေး ထားသူ ၊ မင်္ဂလာစရိတ်ချေးငှားရန် အလားအလာ ရှိသူ ကျေးဇူးရှင် အဖြစ်ဖြင့် မဒေါင်းမေ အား အဆင်ပြေအောင် ဆက်ဆံ၏ ။ မဒေါင်းမေ အိမ်မှာ ဘူးစိုက် လိုလျှင် ဘူးစင် ဆောက်ပေး၏ ။ ရေ လိုလျှင် ရေထမ်းပေး၏ ။ ဆီဆုံ ပျက်နေလျှင် ပြင်ပေး၏ ။ တစ်ခါတစ်ရံ မဒေါင်းမေ က ခွေးတောက်ရွက် စားချင်လှပါသည် ဆိုသော် မဒေါင်းမေ အိမ်ရှေ့ မန်ကျည်းပင်ကြီး တွင် တွယ်တက်နေသော ခွေးတောက်ရွက် ကို တက်၍ ခူးပေး၏ ။ သို့ ကလို ချစ်ပို က အဆင်ပြေအောင် ဆက်ဆံခြင်းသည် ပင်လျှင် မဒေါင်းမေ ၏ ဟဒယရုပ်ဝတ္ထုအား လှုပ်မြူးစေပြန်၏ ။ စိတ်ကူး ကောင်းစေလေ၏ ။


ယနေ့ ယုန်လှေးကုန်း ရောက်ပြန်တော့ မဒေါင်းမေ အား ပိုမို၍ ချောက်ချားစေသော အကြောင်းအရာ တွေ့ပြန်၏ ။ မဒေါင်းမေ စိတ်ကူးခဲ့ ဖူးသော ကျောင်းဆရာ ဦးလူလှ အား ၎င်း၏ ဇနီးသည် ဆရာမကလေး မတင်ဦး နှင့် တူစုံမောင်မယ် တွေ့ခဲ့ရ၏ ။ ဦးလူလှ မှာ လေးဆယ်ကျော် ငါးဆယ်တွင်း ၊ ဇနီးသည်ကလေး မှာ နှစ်ဆယ်ကျော် အစိတ်တွင်း ။


“ ဘုရား သိကြား ၊ အို .. အရှင်နတ်များ ၊ တတ်နိုင်လျှင်သည်လို လုပ်ပေး ပါ ။ မဒေါင်းမေက လေးဆယ်ကျော် ငါးဆယ်အတွင်း ၊ ချစ်ပို က နှစ်ဆယ် ကျော် အစိတ်အတွင်း ”


မဒေါင်းမေ သည် အိမ်ပြန် အရောက် ထမင်းပင် မဆာအားအောင် လင်ဆာလျက် နေလေသည် ။ မှောင်ရီသည် ဆိုလျှင်ပင် အိမ် အပေါ်ထပ် မှာ မီးအိုးကင်း ထဲ မီးထည့်၍ လှုံရင်း တွေးတောငေးမော နေလေသည် ။ ချစ်ပို အပေါ်တွင် စိတ်ကူး ပိုမိသည် ။ အခါတိုင်းမှာမူ ငါ့ သား အရွယ် ဟူသော အချက် က စိတ်ကူးကောင်းတုန်း စလောင်းဖုံး ပစ်တတ်သည် ။ ယခုတော့ ထို စလောင်းဖုံးမရှိတော့ပေ ။ ထို့ကြောင့် ချစ်ပို နှင့် စိတ်ကူးကြည့် ရသော အနံ့အရသာ တို့သည် တထောင်းထောင်း ပျံ့လွင့်လျက်ရှိလေ၏ ။ ထိုအခိုက် -


“ ဗျို့ အရီးဒေါင်း ”


ဟူသော ချစ်ပို ၏အသံ ပေါ်လာရာ မဒေါင်းမေ မှာ ကျီးကန်းတောင်းမှောက် ကသိကအောက် ဖြစ်သွားလေ၏ ။


“ ဗျို့ အရီးဒေါင်း ၊ ကျုပ် တက်ခဲ့မယ်နော် ”


ဒုန်း ဒုန်း ဒုန်း ။


ချစ်ပို  အိမ်ပေါ် သို့ တက်လာပြီ ။ မဒေါင်းမေကား အသံ ပြုရမလို မပြုရ မလိုနှင့် ။ မီးဖို မှ ထရမလို ၊ မထရမလိုနှင့် အနေ ခက်နေ၏ ။


“ ဪ... အရီး က လည်း အသံတောင် မပြုဘူး ”


မဒေါင်းမေ သည် ယောင်ယောင်မှားမှား ပြောင်းဖူးဖက် ဆေးလိပ် ကြီးကိုကောက်ဖွာရင်း


“ ဆေးလိပ် မီးညှိနေလို့ပါဟဲ့ ” ဟု မိန်းမ တို့ တင်္ခနုပ္ပတ္တိဉာဏ် ဖြင့် လိမ်လိုက်လေ၏ ။


“ အရီး ဘယ်တုန်းက ပြန်ရောက်သတုံး ”


“ တစ်အောင့်ပဲ ရှိသေးသတော့ ။ ထိုင်ထိုင် ၊ ချမ်းတယ်နော် ”


မဒေါင်းမေ ခိုက်ခိုက်တုန် သွားဟန် တူသည် ။ ဆောင်းတွင်း ၏ အအေးကြောင့် ခိုက်ခိုက်တုန် သွားသလော ။ လင်ဆာစိတ် တက်နေ သဖြင့် ခိုက်ခိုက်တုန်သွားသလော မပြောတတ်ပေ ။


ချစ်ပို က မီးဖို တွင် မဒေါင်းမေ နှင့် မျက်နှာချင်း ဆိုင်၍ ထိုင်လိုက်ပြီး


“ သိပ်မချမ်းပါဘူး အရီးရယ် ”


မဒေါင်းမေ သည် စကားအစ ရှာမရဘဲ ငိုင်နေသည် ။ ချစ်ပို လည်း အိမ်တွင်း ဟိုဟိုသည်သည် ကြည့်လိုက်သည် ။ လူအပို ဆို၍ မဒေါင်းမေ ၏ ကြီးတော်အိုကြီး ကိုပင် မတွေ့မြင်ရချေ ။


“ မောင်ပိုတို့ များ မလာတာကြာလှပြီ ” ဟု မဒေါင်းမေ က စကား ဖာလိုက်လေသည် ။


“ သဟာ့ကြောင့် ခက်တာပဲ ။ ဘာကြာဦးမလဲ ၊ တမြန်နေ့ က တောင် ကျုပ် ရောက်သေးသဟာ ”


မဒေါင်းမေ သည် အတန်ကြာ စကားမပြောဘဲ ဆေးလိပ် ကိုသာ တဖွားဖွား ဖွာ နေပြီး နောက်


“ ဘာကိစ္စလဲ မောင်ရင် ”


“ ကိစ္စကတော့ ငွေ ၃ ကျပ်လောက် လိုချင်လို့ဗျ ။ ကု,လားပဲလေး လုပ်ထားတာ စာရင်းဖျက် ပေးဖို့ မြေတိုင်းစာရေးကြီး ကို ပေးရမယ် ”


“ အင်း ... ပိုက်ဆံ လိုချင်ရင် လာတာပဲ ”


“ သလိုလည်း မဟုတ်ပါဘူး အရီးဒေါင်း ရယ် ”


“ ကောင်းပါလေစတော် ။ ဒါဖြင့် မောင် ချေးတဲ့ဟာ ပေးပါ့မယ် ”


ချစ်ပို မှာ အလွန် အံ့အားသင့်မိ၏ ။ ပြော၍ ချောမောလှပေ၏ ။ လွယ်ကူလှပေ၏ ။ မဒေါင်းမေ သည် မီးကို ဆွပေး နေလေသည် ။ ချစ်ပို သည် မီးလျှံကလေးများ တက်လာသကဲ့သို့ တရှိန်ရှိန် အားတက်လာပြန်၏ ။


“ အရီး ၊ ကျုပ် နဲ့ မစက်ကြည် ကိစ္စ ပြီးစီးအောင် စောင်မဦးမှပဲဗျာ ”


မဒေါင်းမေ သည် ညှိုးငယ်သော မျက်စိဖြင့် ချစ်ပို အား စိုက်ကြည့် လိုက်၏ ။ ကရုဏာသက်လှသဖြင့် စကား မထွက်သလို အမူအရာ ဖြစ် ပေါ်နေ၏ ။ အခါတိုင်းဆို ချစ်ပို က ပါးစပ်မှ မပိတ်သေးခင် တူးတူးခါးခါး ငြင်းလိုက်ခဲ့၏ ။ ယခုတော့ ချစ်ပို အတွက် မျှော်လင့်ဖွယ် ။


“ အရီး ရယ် ၊ ကျုပ်တို့ ကြိုက်နေတာ ကြာပြီဗျ ။ ယူချင်လှပြီ ”


မဒေါင်းမေ က အသည်းထဲမှ တလှိုက်လှိုက် ဖြစ်လာသော အသံဖြင့်


“ စက်ကြည် ကို ဘာလုပ် ယူမလဲ မောင်ချစ်ပို ရယ် ။ မင်း ဆင်းရဲမှာပေါ့ ။ သူ့ မှာ လည်း အမေအို အတွယ်အတာ နဲ့ ဆိုတော့ မင်း မှာ လုပ်ကျွေး ဖို့တာဝန် ပိုလာမယ် ။ ကြွေးတွေ ကလည်း ပြေသေးတာ မဟုတ်ဘူး ။ အရီး ပြောတာ နားထောင်မလား ”


“ နားထောင် နေတယ်လေ အရီး ၊ ပြောပါ ”


“ အရီး စကား နားထောင်မလား ”


ချစ်ပို မှာ ယနေ့ည ထူးဆန်းသည် ဟု အောက်မေ့မိ၏ ။ မဒေါင်းမေ ၏ ကြည့်ပုံ ထူးဆန်းသည် ။ မဒေါင်းမေ ၏ အသံ ထူးဆန်းသည် ။ ပြောသော စကားများလည်း ထူးဆန်းသည် ။


“ ပြောပါဦးလေ ၊ အရီး စကား နားထောင်မလား ”


“ ထောင်သာပေါ့ အရီး ရ ”


“ စက်ကြည် ကို မယူဘဲ ပိုက်ဆံ ရှိတာကို ရှာယူ ”


“ ဘယ်ရှာရမတုံး အရီးရ ။ ခက် ခက်သဗျာ ”


“ အထူး ရှာဖို့ မလိုပါဘူး ။ မင်းလို ရိုးရိုးသားသား နဲ့ အလုပ်အကိုင် ကောင်းတဲ့ လူကို ပိုက်ဆံ ရှိတဲ့ မိန်းမ က ကြိုက်မှာပဲ ”


“ မဖြစ်နိုင်ပါဘူး အရီး ရယ် ။ ဟီ ဟိ ၊ ပိုက်ဆံ ရှိတဲ့ မိန်းမ ကျုပ် ကို အဝှာပြုမယ် ဟီ ဟိ ”


ချစ်ပို မှာ အတန်ကြာ မပွင့်တပွင့် ရယ်နေမိ၏ ။ မဒေါင်းမေ သည် မီးကို ပင် ငေးကြည့် နေသည် ။ သူ့ စလုတ်တွင်း မှာ စကားများ တစ်ဆို့နေ သည် ။ အသက် ၄ဝ ကျော် ၅၀ တွင်း ပင် ဖြစ်သော်လည်း မိန်းမတို့ ၏ အရှက် ကား အလိုအလျောက် ကုန်သွားသည် မဟုတ် ။ မဒေါင်းမေ သည် တစ်ဝက်လောက် ကျန်သေးသော ဆေးလိပ်တို ကို မီးဖို ထဲ ပစ်ချလိုက်၏ ။ ၎င်းနောက် ကွဲအက်ခြောက်သွေ့သော အသံဖြင့် -


“ ကြီးတာ ငယ်တာ ၊ အရွယ်တူတာ မတူတာ အရေးမကြီးဘူးဟဲ့ ။ ပိုက်ဆံ ပိုက်ဆံ ၊ အဟမ်း ဟမ်း ” ဟုပြောပြီး မီးဖို မှ အဓိပ္ပာယ် မရှိ ထကာ နောက်ဖေးလှေကား မှ အိမ် အောက်သို့ ဆင်း သွားလေ၏ ။


ချစ်ပို မှာ ကြောင်တက်တက် နှင့် ကျန်ရစ်ခဲ့လေ၏ ။ ယနေ့ ညတော့ အတော့် ကို ထူးသည် ။ မဒေါင်းမေ ၏ နောက်ဆုံး စကား မှာ အထူးဆုံး ဖြစ်သည် ။ “ အင်း .. ရွယ်တူတာ မတူတာ အရေးမကြီးဘူးတဲ့  ။ ဟင် ... လက်စသတ်တော့ ငါ က သူ့ ကို ယူစေချင်တာပါကလား ။ သိပြီ ၊ ဆန်း တာတွေ သိပြီ ” ချစ်ပို ၏ တစ်ကိုယ်လုံးသည် အုံကြွလာ၏ ။ သူ သည် လက်နှစ်ဖက် နောက်ပစ်ပြီး သမ်းပစ်လိုက်လေ၏ ။ သူ သည် အမျိုးမျိုး တွေး၏ ။ လှည့်တွေး၏ ။ ၎င်းနောက် စင်တွေး၏ ။


မဒေါင်းမေ သည် နောက်ဖေးလှေကား မှ ပြန်၍ တက်လာ၏ ။ သို့သော် မီးဖိုနား ချစ်ပို ဆီ သို့ကား ပြန်မလာရဲတော့ချေ ။ သူမ အိပ်ရာဆီ သို့ သာ သွား၍ ခြေဆင်းကာ ထိုင်နေလေ၏ ။


ချစ်ပို ကား စဉ်းစား၍ ကောင်းနေလေသည် ။ “ အရီးဒေါင်း ကို ယူ လိုက်ရင်တော့ ပေးစရာ ရှိတဲ့ ကြွေးတွေလည်း ကျေ ။ မွဲလှတဲ့ ဘဝကလည်း လွတ်မြောက် ။ ဘိုးဘပိုင် ဖြစ်တဲ့ ရေငန်ချောင်း ယာတောလည်း လက်မလွတ် ။ သူဌေး လည်း ဖြစ် ။ ကောင်းတော့ ကောင်းတာပဲ ။ ဒါလည်း ကုသိုလ် တစ်မျိုးပါပဲ ထင်ပါရဲ့ ။ ဒါပေမဲ့ မစက်ကြည်ကလေး သနားစရာ ” ချစ်ပို မှာ ဆတ်ခနဲ လန့်သွားလေ၏ ။


“ ဟင် ... အရီး ဘာဖြစ်လို့လဲ ”


“ ပေါင်တွေ က လည်း ကိုက် ၊ ညောင်း လည်း ညောင်းလွန်းလို့ဟဲ့ ”


ချစ်ပို သည် ချီတုံချတုံ ဖြစ်နေလေ၏ ။ မဒေါင်းမေ ကို ချိုင်လိုက်ရ မည်လော ။ မစက်ကြည်ကလေး ကို ငဲ့ရမည်လော ။ ကြွေးမြီ ကင်းအောင် လုပ်မည်လော ။ ကြွေး ဝိမုတ္တိ အရသာ ကို ယူမည်လော ။ ကြွေးဒလချပ် ထပ်တင်အောင် လုပ်မည်လော ။ ကြွေးသံသရာ ဝဋ်ဆင်းရဲကို ခံမည် လော ။ သို့ကလို ချစ်ပို က စဉ်းစားနေဆဲ မဒေါင်းမေ ကား တဒိန်းဒိန်း နှင့် သူ့ ပေါင် သူ ထု နေလေ၏ ။ ချစ်ပို သည် သက်ပြင်းကြီး ချလိုက်လေ၏ ။


“ အရီး ၊ ကျုပ် နင်း ပေးမယ်လေ ”


“ ကောင်းသားပဲ ”


ချစ်ပို သည် ပြတ်သားသော ခြေလှမ်းများ နှင့် အရီးဒေါင်း ၏ အိပ်ရာ ဆီ သို့ ထ သွားလေသည် ။ ရွှေတညာအိုးစည်သံဖြင့် မဒေါင်းမေ အား အညောင်းပြေ နင်း ပေးရန် ဖြစ်လေသည် ။ ချစ်ပို သည် ကြွေးမြီ ကင်းရှင်းရေးဖြတ်လမ်း ကို တွေ့ရှိလေပြီ ။


ထိုနေ့ည အဖို့ စာရေးကြီး ထံ သွားရန် ချိန်းထားသည်လည်း ပျက်ကွက်ခဲ့လေပြီ ။ စာရေးကြီး က ငွေ ၃ ကျပ် မရသဖြင့် အခွန်တော်ထမ်း ရမူလည်း ထမ်းရပေလေစေ ။ မဒေါင်းမေ အား အညောင်း မပြေ ပြေအောင် နင်းပေးဖို့ က သာ အရေးကြီးသည် ။ မစက်ကြည် အား လည်း သနားမနေ နိုင်တော့ပေ ။ အကြောင်းမူကား မစက်ကြည် ကား ရွာအနောက်ဖျား မှာ ရှိ၏ ။ မဒေါင်းမေ ကား သူ့ ခြေဖဝါး အောက်မှာ နီးကပ်စွာ ရှိ၏ ။ ၎င်းပြင် မဒေါင်းမေ ကား ကြွေးမြီ ကင်းရှင်းရန် ဖြတ်လမ်း ဖြစ်သည် ။


( ၆ )


နောက်ဆုံး အကြိမ် ကိုချစ်ပို ကို တွေ့သောအခါ ကိုချစ်ပို ကား သျှောင်တစောင်း ခေါင်းပေါင်းရစ်၍ မြင်းကြီး စီးလျက်ဖြစ်သည် ။  သူက ကျွန်တော်တို့  ဘုတလင် သို့ ကုန်ဝယ်လာသည် ။


“ နို့ မစက်ကြည် တစ်ယောက်ကောဗျ ” ဟု ကျွန်တော် က မေးလိုက် သောအခါ ကိုချစ်ပို မှာ မျက်နှာ အိုသွားရှာသည် ။


“ ရှိပါတယ် ”


“ ယောက်ျား ယူသွားပြီလား ”


“ မယူသေးဘူး ”


“ ဪ ... မယူသေးဘဲကိုး ။ သနားပါတယ်နော် ”


“ သနားစရာပေါ့ ကိုရင် ရာ ။ ကျုပ် လည်း စိတ်မကောင်းဘူး ။ လူတွေ က ပြောကြတယ် ။ မစက်ကြည် ဟာ ကျုပ် ကို မဒေါင်းမေ သေသည့် တိုင်အောင် စောင့်နေတာတဲ့ ”


“ အို .. လူတွေ က လည်း ပေါက်ပေါက်ရှာရှာ ပြောတတ်တယ် ။ နို့ မဒေါင်းမေ ကော မာရဲ့လား ”


“ မာပါရဲ့ဗျာ ၊ မာပါရဲ့ ”


“ ဖြစ်မိ မှ တော့ မထူးဘူးပေါ့ဗျာ ။ အိုအောင်မင်းအောင် သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းကြပေတော့ပေါ့ ”


“ သလိုပဲ သဘောထားရကြသပေါ့ ကိုရင် ရာ ”


ထိုအခေါက်တုန်း က တွေ့လိုက်ရသော ကိုချစ်ပို မှာ သျှောင်ကြီးဗွေ ၊ ခေါင်းပေါင်း ၊ တိုက်ပုံအင်္ကျီ ၊ ပိုးလုံချည် ၊ အတွင်းခံပိတ်ဘောင်းဘီ စသည် တို့ကို ဝတ်လျက် မြင်းကြီး စီးထား သဖြင့် တစ်သွေးတစ်မွေး တွေ့ရသော်လည်း အဆင်အပြင် အဆောင်အယောင် အောက်တွင်ရှိသော တောင်သူ ချစ်ပို ကား ပြောင်းလဲပုံ မပေါ်ပါ ။ မစက်ကြည် ကို ချစ်သူ ချစ်ပို လည်း ပြောင်းလဲပုံမပေါ်ပါ ။


ကိုချစ်ပို အား နောက်ထပ် မတွေ့ရသည်မှာ ၁၅ နှစ် မက ကြာလေ ပြီ ။ ယခု ၁၉၄၉ ခု ကုန်ခါနီး တွင် မုံရွာ မှာ အစိုးရ ရှိ၏ ။ ဘုတလင် မှာ ရဲဘော် နှင့် ကွန်မြူနစ်တပ်ပေါင်းစု ရှိ၏ ။ ဘုတလင်မြို့နယ် ရွာ အချို့မှာ ကွန်မြူနစ်ရွာ ဖြစ်၍ ၊ အချို့မှာ ရဲဘော်ဖြူရွာ ဖြစ်၍ ၊ အရာတော် ဘက်မှာကား အလံနီ ရှိသည် ဆို၏ ။ ကုက္ကိုစု ဘာဖြစ်သည် ကို ကား ကျွန်တော် မသိရပါ ။ ကိုချစ်ပို ၏ ကံကြမ္မာ ဘယ်လို ဖြစ်သည် ကို လည်း မသိပါ ။


သို့သော် ဂျပန်ပြေးတုန်းက မဒေါင်းမေ ဆုံးသွားသည် ဟု ကား ကြားရပါသည် ။


ကျွန်တော့် ဆုတောင်း ကတော့


ကိုချစ်ပို နှင့် မစက်ကြည် ပြန်ပေါင်းမိကြပါစေ ။


ရေငန်ချောင်းဘေး ဒဟတ်ပင် အောက်က သဲပြင် ပေါ်မှာ ကိုချစ်ပို နှင့် မစက်ကြည် တို့ သည် ယှဉ်တွဲ ထိုင်ရင်း ဆီးပင် အောက် က သမင်ကလေးများ ကြည့်၍ ကြည်နူးနိုင်ပါစေ ။


ကိုချစ်ပို နှင့် မစက်ကြည် တို့သည် လည်းကောင်း ၊ သမင်ကလေးတွေ သည် လည်းကောင်း ချစ်စနိုး ကျီစယ်နေကြရာ မှ လန့် မပြေးရအောင် သေနတ်သံ မကြားရသည် ဖြစ်ပါစေ ဟူသတည်း ။


⎕ သိန်းဖေမြင့်


📖 သွေးသောက် မဂ္ဂဇင်း 

      အမှတ် ၄၇ 

      ဒီဇင်ဘာ ၊ ၁၉၄၉


No comments:

Post a Comment