သူ တို့ လုပ်ထားတဲ့ ပြဇာတ် က ဒီလို ပါ ။
ဦးရေပြား ( သူဌေးကြီး ဒေါန ) နဲ့ ဦးဆယ်ပြား ( လယ်သမား သာဂိ ) တို့က တစ်ရွာထဲသား တွေ ။ ဦးဒေါန ဆီ မှာ ဦးသာဂိ က အလုပ် လုပ်တယ် ။ အလုပ် လုပ် နေရင်းနဲ့ ရွာ ကွမ်းတောင်ကိုင် မြနှစ် ( ဒေါ်မြတင် ) တို့ ငြိစွန်း ပြီး ကိုယ်ဝန်ဆောင် ထားချိန် ကျ မှ ရွာ ကို ဓားပြ တိုက်ပြီး သာဂိ က ဓားပြ အဖွဲ့ နဲ့ ပါ သွားတယ် ။ ဒါကို ဦးဒေါန က ဒေါ်မြနှစ် ကို သိမ်းပိုက်ပြီး ဒူးမနာသားလေး မောင်သီလ ( ဇော်ဝိတ် ) ကို မွေးဖွားကြတော့တာပေါ့ ။ မောင်သီလလေး အရွယ် ရောက်လို့ တက္ကသိုလ်ကျောင်း ကို တက်ပြီး အိမ် ပြန်ချိန် မှာ ဇာတ် ကို စ တော့တာပဲ ။
“ ဘာလိုလို နဲ့ တို့ သားကြီး သီလ လည်း တက္ကသိုလ် တက်တာ နှစ် မနည်းတော့ပဲ ရှင်မ ရယ် ”
“ ဟုတ်ပါ့တော် ... ကျုပ်လည်း ကျုပ်သားလေး ကို လွမ်း ပါ့ ”
“ အေးလေ ... သားလေး လည်း ပညာစုံ လို့ အိမ်ပြန် ရောက်ရမယ့် အချိန် ကို ရောက်ပြီပဲ ။ အင်း ... ကဲ ကဲ ရှင်မရေ ... မင်း ပဲ မင်းသား ကို စောင့် နှင့် ၊ ငါ အထဲ ဝင်ပြီး ခွက်ပုန်း ကစ် လိုက်ဦးမယ် ... အဲလေ ငါတော့ မျှော်ရတာ မောလို့ အိမ် ထဲ က ပဲ စောင့်တော့မယ် ကွယ် ”
“ အင်းပါ တော် ... သက်တောင့် သက်သာ အိမ် ထဲ နေစမ်းပါ ၊ ကျုပ် ပဲ ဆက် စောင့်လိုက်ပါ့မယ် အများကြီး လည်း လုပ် မနေနဲ့ နော် ”
သူတို့ချင်း က လည်း အထာ နဲ့ ပြောရသေးတယ် ။ ဟုတ်တယ်လေ ... အများကြီး သွား လုပ်ထားလို့ မကနိုင် တော့ မှ ဟုတ်ပေ့ ဖြစ်နေဦးမယ် ။ ဦးဒေါန အဖြစ် သရုပ်ဆောင် တဲ့ ဦးရေပြား လိုက်ကာ နောက် ဝင် သွားတယ် ။ ဒေါ်မြနှစ် အဖြစ် သရုပ်ဆောင် တဲ့ ဒေါ်မြတင်ကြီး က မိုက်ခွက်နား ကပ်ပြီး အဝေး ကို မျှော် သလို နဲ့ ...
“ သား ကလဲ ... ကြာ လိုက်တာ လမ်း မှာ ဘာတွေများ ဖြစ်နေတယ် မသိပါဘူး ”
ဆိုပြီး တစ်ယောက် တည်း သရုပ်ဆောင် နေတယ် ။ သူ့ သရုပ်ဆောင်ချက် ကောင်းလွန်း လို့ ပရိသတ်ပါ ဒေါ်မြတင်ကြီး ကြည့်တဲ့ ဘက် ကို မျှော်ကြည့် မိ ကြတယ် ။ အဲဒီလို ... ။ အဲဒီ အချိန် မှာ ပဲ ...
“ မေမေ ရေ ... မေမေ ... ၊ ဖေဖေ ရေ ... သား ပြန်လာပြီ ဗျ ”
လိုက်ကာ နောက်က သီလ ( ဇော်ဝိတ် ) ရဲ့ အသံ ။ အဲဒီ အသံ ကြားတယ် ဆိုရင်ပဲ ဒေါ်မြတင် လည်း ဇာတ်ရုပ် အတိုင်း ဝမ်းသာအားရဟန် နဲ့ ပြောချ လိုက်တာ က ...
“ ဟယ် ... ကိုဒေါန ရေ ၊ ကျွန်မ တို့ ဟိုသင်း လာ နေပြီ ။ ကျွန်မတို့ ဟိုသင်း လာနေပြီ ဒီမယ် ကြည့်စမ်းပါဦး ၊ ထွားလာလိုက်တာ တော် ... ဟယ် ... ညိုညိုထွားထွားကြီး တော့် ... အားရစရာကြီး ”
အဲဒီ အသံ လည်း ကြားရော လိုက်ကာ ကြား က ပြေးထွက် မလို့ လုပ်နေတဲ့ ဇော်ဝိတ် သူ့ ခေါင်း ကို လက်ဖနောင့် နဲ့ ထုကာ ...
“ အင်းဟာ ... အင်းဟာ ... ဒီ တစ်သက်လုံး မကတော့ဘူး ”
ဆိုပြီး အနောက် ဘက် ပြန် ဝင် သွားတယ် ။ ဟုတ်တယ်လေ ။ ဒေါ်မြတင် ပြောရ မှာ က ...
“ တော့် သားကလေ ထွားလာ လိုက်တာ ” ဖြစ်ရမှာ ။ “ တော့် သားလေး ” နေရာမှာ “ တော့် ဟိုသင်း ” ဆိုပြီး ထည့် သုံးလိုက်တော့ ဇာတ် က ပျက်ကရော့ ပဲ ။ ဒါကို ဦးဒေါန အဖြစ် သရုပ်ဆောင် တဲ့ ဦးရေပြား က ပြေးထွက် လာပြီး ...
“ ဟင် ... ဘယ်မှာလဲ မြနှစ် ၊ ဘယ်မှာလဲ ”
“ ဟယ် ... ခုန အပေါက်ဝ မှာ တွေ့လိုက် သလိုပဲ ”
“ ဟယ် ... မြနှစ် နှယ် ထင်ယောင်ထင်မှား များ ဖြစ်သလား ”
“ မဖြစ်ပါဘူး တော် ”
ကိုဇော်ဝိတ် ထွက် မလာတော့ သူတို့ လည်း ဇာတ်ကို မပျက်အောင် ကျဘမ်းတွေ ပြောပြီး ထိန်း နေ ရတာပေါ့ ။ ဇော်ဝိတ် က လည်း ဟိုသင်း အသံ ကြားတာနဲ့ အသည်း နာပြီးသား ဖြစ်နေတော့ မထွက်တော့ဘူး ။ ဒါကို ဇော်ဝိတ် နား ရှိတဲ့ အီးတီ က နှစ်သိမ့် သလို နဲ့ ဖက်ပြီး တွန်း လွှတ် လိုက်မှ စင်ရှေ့ ဆန့်ငင် ဆန့်ငင် နဲ့ ရောက် လာတယ် ။
“ ဟယ် ... သား ”
“ ဖေဖေ ”
ဇော်ဝိတ် က ဦးရေပြား ကို ပဲ ပြေး ဖက် လိုက်တယ် ။ ဒေါ်မြတင် ကိုတော့ စတိတ်ရှိုး ထဲ က အသည်း နာ ထား တာ ဆိုတော့ ဘုကြည့် ကြည့် လိုက်တယ် ။
“ ဟားဟား ... ငါ့ သားကတော့ သူ့ အမေ ပြောတဲ့အတိုင်း ပဲ ဟေ့ ... ထွား လာလိုက်တာ မောင်မြန်မာကြီး အတိုင်းပဲ ”
ဇာတ် တိုက်တုန်း က မပါပေမယ့် မောင်မြန်မာကြီး ကျနေတာပဲ စကား တစ်ခွန်းက ဇော်ဝိတ် ကို သဘောခွေ့ သွားစေတယ် ။ သူ ကိုယ်တိုင် က မောင်မြန်မာ ဖြစ်ချင်တဲ့ ဝိတ်ပေါ ကိုး ။
“ ဒါပေါ့ ဖေဖေ ရ ... အဖေတူ သား ပဲ ၊ အဖေ့ လို ပဲ ထွားရမှာပေါ့ ”
“ ဟယ် ... သားအဖတွေ အားရလိုက်တာ ”
ဘုမသိ ဘမသိနဲ့ ဒေါ်မြတင်ကြီး ဝင် ထောက် လိုက်တာကြောင့် ဇော်ဝိတ် မျက်နှာ ပျက် သွားတယ် ။ ဒါကို ဒေါ်မြတင် က ပဲ ဆက်ပြီး ...
“ ဪ ... သား က မေမေ ကို သတိ မရတော့ဘူးပေါ့ ”
ဆိုတော့ ဇော်ဝိတ် က လည်း သူ ဒေါ်မြတင် ကို တင်း ထားတာတွေ ပြဇာတ် နဲ့ ရောချပါလေရော့ လား ။
“ သိပ် သတိရတာပေါ့ အမေရယ် မွေးမေပေးသော အသည်းကို ယူကာ ဆိုကတည်း က ... အမေ့ ကို သိပ် သတိရတာပေါ့ ။ အမေ လုပ်ထည့် လိုက်လို့ ကျွန်တော့် အရှက် ဖြန်းဖြန်းကွဲ ခဲ့တာ မေ့လို့ ရပါ့မလား ”
သူ့ စကား ကြောင့် ဒေါ်မြတင် မျက်နှာ ပျက် သွားပြီး ...
“ အဲဒါ ... အမေ က ဘာ ပြောရမှန်း မသိလို့ ယောင်ပြီး ထွက်သွားတာပါ သားရယ် ၊ နောက်ကို မဖြစ် စေရပါဘူး ။ အခုလည်း တစ်ခါတည်း ပါ ”
“ တစ်ခါတည်း ဆိုပေမယ့် ပြန် ပြင်လို့ မရတော့ဘူး အမေ ... အမေ သင်ပေးလိုက်လို့ ကျွန်တော့် ရဲ့ မျက်ရည်တွေ လည်း ခန်းခြောက်တတ်ခဲ့ပါပြီ ။ နောက်ပြီး ခုန ကျွန်တော် တက္ကသိုလ် က ပြန်လာတော့ ကျွန်တော့် မျက်နှာ ကို စိမ်းစိမ်းကြီး စိုက် ကြည့်ပြီး တော့် ဟိုသင်းလေး လာနေပြီ ဆိုတော့ ကျွန်တော် ဘာကောင် ဖြစ်သွားပြီလဲ အမေ ”
“ အဲဒါက ... အမေ့ မေတ္တာ နဲ့ ဟိုသင်း ဆိုတာကို ဟိုသင်း လို့ မခေါ်ရက်တာ နဲ့ ဟိုသင်း လို့ ခေါ်လိုက် တာပါကွယ် ... တကယ့် မေတ္တာ ပါ ဟိုသင်းလေး ရယ် ”
“ အမေ့ ရဲ့ တကယ့် မေတ္တာ ကို ကျွန်တော် ယုံကြည်ပါတယ် ။ ဒါပေမယ့် နောက်တစ်ခါ မှားမယ် ဆိုရင်တော့ ကျွန်တော့် ဆီ က ချေး ထားတဲ့ အကြွေးတွေ ကို ပွဲ ပြီး တာနဲ့ ပြန် တောင်းရမှာပဲ ”
ဒေါ်မြတင် မျက်နှာ ပျက် သွားတယ် ။ သူ ပွဲ က ဖို့ အတွက် သူ့ ယောက်ျား ဖိုးလုံး ဆီ မှာ ပိုက်ဆံ တောင်းတာ မရလို့ ဇော်ဝိတ် ဆီ က ခဏ ဆွဲထားမိတာ ကိုး ။ ဒါကြောင့် မျက်နှာချို သွေး ကာ ...
“ ငါးရံ့အူဟင်းလေး ချက်ကျွေးတဲ့ မျက်နှာ ရှိသေးတယ်လေ ။ ငါးရာနှစ်ဆယ့်ရှစ် က ငွေနှစ်ရာ့ ငါးဆယ် ထက် ပိုပါတယ် ”
“ ဟို ချေးမစင် တဲ့ ငါးရံ့အူဟင်း ကို ပြောတာလား ... သွားစမ်းပါ ”
သူတို့ နှစ်ယောက် ပြောရင်း ပြောရင်းနဲ့ စကားတွေ က ဘေး ရောက်လာတယ် ။ ဒါကို သိတဲ့ ဦးရေပြား က ပဲ ကြား ဝင်ပြီး ...
“ ကဲ ... ကဲ ... ဒီ သားအမိတွေ နောက်မှ ပဲ အလွမ်း သယ်ကြ ။ ကဲ ... သား လည်း ပညာစုံပြီ ဆိုတော့ ရှေ့ ဆက်ပြီး ဘာ ဆက် လုပ်မယ်လို့ စိတ်ကူး ထားလဲ ပြောစမ်း ”
ဦးရေပြား အမေး ကို ကိုဇော်ဝိတ် က အား နဲ့ မာန် နဲ့ ပြန် ဖြေတယ် ။
“ ကျွန်တော် က ပြည်သူ ကြား က ရဲသားကြီး လုပ်မယ် ။ ရဲသားကြီး ဘဝနဲ့ နိုင်ငံ့တာဝန် ထမ်းဆောင် မယ် ”
“ ဟားဟား ... ဒါမှ ငါ့ သား ကွ ... ဒါမှ ငါ့ သား ၊ ငါ့ သား ဆိုတာ ဒါမျိုးပဲ ဖြစ်ရမှာပေါ့ ... ဟားဟား ”
ဘေးနား ရှိတဲ့ ဒေါ်မြတင် က ဇာတ်လမ်းတွေ ထဲ က ထုံးစံ အတိုင်း ခေါင်း ကို ခါ မျက်နှာ ကို တစ်ဖက် လှည့် ရင်း ...
“ အို ... ကျုပ် ဟိုသင်း ကို တော့ ရဲစခန်း ထဲ မထည့်ရဲ ပေါင် ။ တော်ကြာ ကျိုးပဲ့လာ မှ ဖြင့် ”
သူ့ စကားကြောင့် ဦးရေပြား ရော ၊ ကိုဇော်ဝိတ် ပါ မျက်နှာ ပျက် ကုန်ကြတယ် ။ နောက်မှ နည်းနည်း နပ်တဲ့ ဦးရေပြား က ပဲ ...
“ ဟယ် ... ကျိုးပဲ့ လာရင်လည်း နောက် မှ ကျိုး ၊ နောက် မှ ပဲ့ ... ကဲ ... အခုတော့ ငါ့ သား လည်း ခရီးဝေး က လာရတော့ ဆာ လှ ပေါ့ ။ ဟဲ့ ... မြနှစ် ... ငါ့ သား စားဖို့ ဘာ ရှိတုံး ”
သူ့ အမေးကို ဒေါ်မြတင် က အလိုမကျ ဟန် ချစ်ခင်ဟန် ဖြင့် ... သရုပ်ဆောင် ရင်း ...
“ ရှိပါ့ တော် ... ကျုပ် သားလေး လာရင် ဆာ လာမယ် သိလို့ ဟိုသင်းတွေ အပုံ လိုက် ”
သူ ကတော့ ထမင်း ၊ ဟင်း ကို ဆိုလိုပုံ ရတယ် ။ ဒါပေမယ့် သုံးတဲ့ စကား က မကောင်းတော့ ဘယ်လိုကြီး မှန်း ကို မသိ ဖြစ်သွားတယ် ။ ဒါကို စကားတွေ မှားတာ လွန်လွန်း လို့ တင်း လာတဲ့ ဦးရေပြား က ...
“ ကဲ ... သားရေ ၊ မင်း အမေ ပြောတဲ့ ဟိုသင်း အပုံလိုက် ကို ပဲ တို့ သားအဖ နှစ်ယောက် သွား ဟပ်ကြ ရအောင် ။ သူနဲ့ တွေ့မှ တို့တွေ လည်း ခွေးလုံးလုံး ကို ဖြစ်ရတော့တာပဲ ”
ဆိုပြီး စင် နောက် ကို ဒေါကြီး မောကြီး နဲ့ ဝင် သွားတယ် ။
ဒီလိုနဲ့ မဖြစ် ဖြစ်အောင်တော့ ဇာတ် ကို ဆက် က နေကြတာပေါ့ ။ ဇာတ် က လည်း ဘယ်သူမှ စိတ် မပါတော့ ဘယ်ကနေ ဘယ်လို ဖြစ်မှန်း ဘယ်ကို ရောက်နေမှန်း ကို မသိတော့ဘူး ။ သေနတ်တွေ ပစ်တာလည်း တဒိုင်းဒိုင်း ပဲ ။ စိတ်နာ လို့ ပို ပစ်နေသလား တောင် အောက်မေ့ ရတယ် ။ ဇော်ဝိတ်ကြီး ဆို ဘာမဆိုင် ညာမဆိုင် ဦးဒေါန နဲ့ ဒေါ်မြနှစ် ( သူ့ မိဘနှစ်ပါး ) စကား ပြောနေတုန်း ပြေးထွက် လာပြီး ...
“ မွေးမေပေးသော အသည်း အတွက် ကွ ... ရော့ ”
“ ဒိုင်း ”
“ ရော့ ”
“ ဒိုင်း ”
“ ဟိုသင်းပုံ ဟပ်ရတဲ့ အတွက် ... ရော့ ”
“ ဒိုင်း ”
ဆိုပြီး မိုး ပေါ် သုံးချက် ထောင် ဖောက်သွား သေးတယ် ။ ယမ်း ဖောက် နေရတဲ့ အီးတီ ခမျာ လည်း ယမ်း တစ်လုံး အရက် တစ်ခွက် နဲ့ ညှိပြီး ရောင်း နေတာ ဖင်ပါ ထောင်နေပြီ ။ ဒါပေမယ့် ပါးစပ် ထဲ အရက် တစ်ခွက် စွပ်ကနဲ ထည့် ပေးလိုက် ၊ ယမ်းသံ က ဒိုင်းကနဲ ထွက်ပြီး သား ။ အားလုံး က လည်း စိတ်နာနာ နဲ့ သောက်နေကြလို့ ထင်တယ် ။ စကား ပြောတာတောင် လေလုံး မကွဲကြတော့ဘူး ။
တကယ် “ က ” နေတာ မှ ခြောက်ယောက် လောက် ရှိတာ ။ ငါးယောက် က မူးနေတာ ဆိုတော့ စဉ်းစားသာ ကြည့် ။ ( တစ်ယောက် က မိန်းမ ... ဒေါ်မြတင် လေ ) ဒီလိုနဲ့ နောက်ဆုံး ဇာတ် ရဲ့ ဇာတ်ရှိန် အမြင့်ဆုံး ဇာတ်သိမ်းပိုင်း ကို ရောက်လာတယ် ဆိုပါတော့ ။
ဇာတ် သိမ်းခန်း က သိပ် ကောင်းတယ် ။
လူဆိုး ခေါင်းဆောင် ဦးသာဂိ က သူ့ ကို နှိမ်နင်းဖို့ လာတဲ့ ရဲသားကြီး သီလ ကို တစ်ဖက်လှည့် နဲ့ ဖမ်းထားချိန် ။ သီလ ရဲ့ ဖခင် ဦးဒေါန က လိုက်လာပြီး သာဂိ ကို ပြန်လည် တိုက်ခိုက်ပြီး သာဂိ ရှုံးနိမ့်ပြီး လက်မြှောက် ထား ချိန် ။ အဲဒီ အချိန် ကျ မှ ဦးဒေါန အဖြစ် သရုပ်ဆောင်တဲ့ ဦးရေပြား ရေချိန် လွန်ပြီး ပြောရမယ့် စကားတွေ မေ့ နေတယ် ။
“ ဟား ဟား ... သာဂိ ... သာဂိ ၊ မင်း အခုတော့ ဘာ တတ်နိုင်သေးလဲကွ ၊ သီလ ဟာ ငါ့ သား ။ ငါ့ သား ဟာ သီလ ။ သီဂိ ကို သာလိ ဖမ်းထား တော့ အဲ ... သီဂိ က သီလ ... သီလိ ဟာ ငါ့သား ... အဲဒီတော့ကာ ... ငါ့ သားဟာ သာဂိ ... သာဂိ ဟာ ငါ့ သား ... အဲလေ ဟုတ်ပေါင် ... ဟားဟား ... ငါ က ဟာသ ပြောတာပါ ကွ ။ ငါ က ငယ်ငယ် ထဲ က ကာတွန်း ဖတ်တတ်တယ်လေ ။ အဲဒါ ဟာသ ပြောတတ်တာ ပေါ့ကွ ။ အဲ ဘယ်ရောက် သွားပါလိမ့် ... သာဂိ ဟာ လူဆိုး ... လူဆိုး ဟာ သာဂိ ၊ သီလ ဟာ ငါ့သား ၊ ငါ့ သား ဟာ သီလ ။ ဒီတော့ ကာ သာဂိ ကို သီလ က ဖမ်းဖို့ အလာမှာ သီဂိ က သာဂိ ကို ပြန် ဖမ်းထားပြီး ငါ့ သာလိကာ ကို ပြန် လိုချင်ရင် သာလိ နဲ့ ပြန်လဲပါ ဆိုတော့ တွေ့ကြပြီပေါ့ သာလိကာ ရယ် ။ အမှန်တော့ သာဂိ ဟာ ငါ့ သား ... ငါ့ သား ဟာ သာဂိ ... ဟင် ဟုတ်သေးပါဘူး ... သာဂိ က လူဆိုး ၊ သီလိ က ငါ့ သား ... ဒါဆို ငါ့ သား က သာဂိ ... အို ”
သူ့ ဟာ သူ နာမည် နှစ်လုံး နဲ့ လည် ထွက် နေတယ် ။ ဒါကို ရိပ်မိတဲ့ ဦးဆယ်ပြား က ပဲ ကြားဖြတ် လို့ ...
“ ဟေ့ကောင် ... ဒေါန ၊ မင်း ဘာစကား မှ ဆက် မရှည်နဲ့ ... သာဂိ တဲ့ ကွ နော် ... သာ ရင် သာ မသာ ရင် ဂိ ပစ်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ နာမည် ကို တောင် သာဂိ လို့ ပေးပစ်တာကွ ။ မင်း သ,တ်ချင် သ,တ်လိုက် ငါ လည်း အိပ်ငိုက် နေပြီ ... သေ မှာ မကြောက် လို့ ငွေနှစ်ရာ လောက် အတွက် နဲ့ ပေတစ်ရာ လျှောက်နေတာကွ ... ဟား ဟား ဟား ”
သူ့ စကား ကြားတော့ ဦးဒေါန လက် ထဲ က သေနတ် ကို ဟန်ပါပါ လှည့် ရင်း ...
“ ဟား ဟား ... သာလိကာ ... သာလိကာ ... အဲလေ ... သာဂိ ရာ ... ကျားသတ္တဝါ အဏ္ဏဝါသမုဒ် မှာ ဟန်လုပ် ကူးတာ ကို အတု ယူပြီး ငါးငခူ ကုန်း ပေါ် တက် ကျက်စားရင် သေသွားမှာပေါ့ ကွ ... သာဂိ ရ ။ မင်း သေ မှ ဇာတ်ဆုံး ၊ ဇာတ်ဆုံး မှ အိပ်ရမှာ မို့ အချိန် မဆိုင်းတော့ဘူး ... ကိုင်း ... သေပေရော့ ”
ဆိုပြီး သေနတ် ကို ချိန် ပြီး ပစ် ထည့် လိုက်တယ် ။ သာဂိ အဖြစ် သရုပ်ဆောင် ရတဲ့ ဦးဆယ်ပြား က လည်း အားကနဲ သေနတ် မှန် ဟန် နဲ့ ရင်ဘတ် ဖိပြီး လဲကျ ဖို့ ပြင်တယ် ။ ဒါပေမယ့် ယမ်းသံ က ထွက် မလာဘူး ။ ကြည့် လိုက်တော့ ယမ်းဖောက် တဲ့ အီးတီ မူးပြီး မှောက် နေပြီ ။ ဦးရေပြား က ဟန် မပျက်စေဘဲ ...
“ ဟားဟား ... မပစ်ရသေးပါဘူး ကွ ။ မင်း လန့်အောင် ငါ ခြောက်လိုက်တာပါ ကွ ... ဟား ဟား ဟား ... ငါ့ လက်ညှိုး မကွေး ဘဲ ... ဟာသ လုပ်လိုက်တာပါ ကွာ ... သိတယ် မဟုတ်လား ... ငါ က ငယ်ငယ် ထဲ က ကာတွန်း ဖတ်တယ်လေ ... ဒီမှာ သာဂိ ရ ၊ ကိုယ့် အလှည့်ကျ တော့ သေရမှာ သိပ် ကြောက်နေပြီ မဟုတ်လား ”
ဆိုပြီး မသိ မသာ နောက် ဆုတ်လိုက် ကာ နောက်မှ ပါးစပ် ဟ ပြီး ငြိမ် နေတဲ့ အီးတီ ပါးစပ်ထဲ အရက် တစ်ခွက် ပက် ထည့် လိုက်တယ် ။ အဲဒီတော့မှ အီးတီ ယောင်တောင် ပေါင်တောင် နဲ့ ထ လာကာ ဖောက်ဖို့ ယမ်း စပ်တယ် ။
“ ဟား ... ဟား ... ဟား ... မင်း အခုတော့ တကယ်ကို သေရတော့မှာပါကွ ။ တကယ်ကို သေရ တော့မယ် ။ ဒီတော့ ဘုရားတရား ကို အာရုံပြု ကိုင်း ... လာပြီ ... ဟိတ် ”
ဆိုပြီး သေနတ် နဲ့ ဆွဲ ချိန် လိုက်တယ် ။ အီးတီ က ယမ်း ကို ဖောက်တယ် ။ တကယ့် အရေး ကျမှ ယမ်း က မပေါက်ဘူး ဖြစ်နေတယ် ။ သေတဲ့ လူ က လည်း ရင်ဘတ်လေး ဖိကာ ဖိကာ နဲ့ သေချင်လှပြီ ။ ဒါပေမယ့် ယမ်း က မပေါက်တော့ သေလို့ မရသေးဘူး ။
“ ဟား ဟား ဟား ... မပစ်ရသေးပါဘူးကွ ... ကိုယ် သေမယ့် အလှည့် ရောက်မှ သွေးပျက် နေပြီလားကွ ... သာဂိ ရ ... ငါ က ဟာသ လုပ်နေတာပါ ဆိုနေ မှ ဟား ဟား ဟား ”
“ မင်း ဟာသ က နောက် မှ လုပ်ပါကွာ ။ ငါ လို သေရမှာ မကြောက်တဲ့ ကောင် က ဟာသ လည်း မဖတ်ဘူး ၊ ရယ် လည်း မရယ်တတ်ဘူးကွ ... သေရင် ပြီးပြီကွ ... သေရင် ပြီးပြီ ”
“ ဪ ... မင်း က ဒီလိုလား ... ဒီလောက် သေချင်တဲ့ကောင် ... ဟိတ် ”
ဆိုပြီး သေနတ် နဲ့ ချိန်တယ် ။ အီးတီ က လည်း ယမ်း ကို ကြိုးစား ထု ရှာပါတယ် ။ အရက်ပုလင်း မှောက်ပြီး ရေ စို နေတော့ ယမ်း က မပေါက်ဘူး ဖြစ် နေတယ် ။ အဲဒီတော့ မှ ဦးရေပြား လည်း တင်း ပြီး ခါးကြား က သစ်သား ဓားမြှောင် ကို ထုတ်ပြီး ...
“ အာ ... မင်း လို လူယုတ်မာမျိုး သေနတ် နဲ့ မတန်ဘူး ... ကျည်ဆံ ကုန်တယ် ။ ဒီတော့ ဓား နဲ့ပဲ စီရင်တော့မယ် ... ဟိတ် ”
ဆိုပြီး ဓား နဲ့ပြေး ထိုး မှ အီးတီ ထု နေတဲ့ ယမ်း က ဒိုင်းကနဲ အသံ မြည်သွားတယ် ။ သေနတ် နဲ့ ပစ်တုန်း က ကျည်ဆံ မထွက်ဘဲ ဓား နဲ့ ထိုးမှ ကျည်ဆန် ထွက် သွားတော့ က သူ တွေ ရော ကြည့် သူတွေ ပါ ကြောင် ကုန်တယ် ။ ဘာ ဆက်လုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေတယ် ။ အတော် ကြာ မှ အတွေ့အကြုံ ရှိတဲ့ ဦးရေပြား က ဆတ်ကနဲ ဓား ကို ပြန် ရုပ်လိုက်ပြီး ...
“ ဟား ... ဟား ... ဟား ... အဲဒါ မင်းတို့ လို လူယုတ်မာတွေ ကို သုတ်သင်ဖို့ ငါ ကိုယ်တိုင် တီထွင် ထားတဲ့ ဓားသေနတ်ကွ ... ဓားသေနတ် ... ဟား ဟား ဟား ... ဓားသေနတ် အစွမ်းနဲ့ တစ်ခါထိုး နှစ်မျိုး နာတဲ့ အရသာ ကို အခုတော့ မင်း သိသွားပြီ မဟုတ်လား သာဂိ ရ ... ဟား ... ဟား ... ဟား ”
ဆိုလိုက် မှ ပရိသတ် လည်း ဦးရေပြား ရဲ့ ဓားသေနတ် ကို ကျေနပ် သွားကြတယ် ။ ဓားသေနတ် မှန်တဲ့ ဦးဆယ်ပြား လည်း အခုမှ ထိုးသွင်း ဒဏ်ရာ ဗလပွ နဲ့ ပြုံးပြုံးကြီး လဲကျ နိုင်တော့တယ် ။ တော်သေးတာပေါ့ ဓားသေနတ် ကယ် ပေလို့ ။
အဲဒီ အချိန် ကျ မှ ဇာတ်တိုက် ထားတဲ့ အတိုင်း ဒေါ်မြတင်ကြီး ပြေးထွက် လာပြီး ...
“ ဟင် ... မီမလား ဆိုပြီး လိုက်လာတာ ... ဘုရား ... ဘုရား ... မှားကုန်ကြပြီ ... မှားကုန်ကြပြီ ။ ကိုသာဂိ ... ”
“ ဟင် ... မြ ... မြနှစ် ”
“ ဟုတ်ပါတယ် ... ဟုတ်ပါတယ် ... ရှင် အရင် က ကြိုက်လှပါချည် မြတ်နိုးလှပါချည် ချစ်လှပါ ချည်ရဲ့ ဆိုတဲ့ မြနှစ် ပါ ”
“ မြ ... မြနှစ် ... ကိုသာဂိ ဆီ လိုက်လာတယ် နော် ”
“ လိုက်လာရတာပေါ့ ရှင် လိုက်လာရတာပေါ့ ။ အဟင့် အဟင့် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ဆိုပြီး ဟောဒီ မြနှစ် လိုက်လာရတာပေါ့ ... အခုတော့ အခုတော့ ”
“ ဘာများဖြစ်လို့လဲ မြနှစ်ရာ ... မြန်မြန်ပြောစမ်းပါ ... ငါ့ မှာ အိပ်ချင်လှပါပြီ ... ဝါး ... ”
ဦးဆယ်ပြား က ဟန်မဆောင်နိုင်တော့ဘဲ ပါးစပ် ထဲ လေ အပြည့် ငုံထားတဲ့ အသံမျိုးကြီး နဲ့ပြောတယ် ။ ဒါကို ဒေါ်မြတင် က လည်း မလျှော့ဘဲ ...
“ ရှင် သိချင်ရင် ပြောရတာပေါ့ ။ ရှင် အခု လို ဖမ်းချုပ်ပြီး နှိပ်စက်နေတဲ့ ရဲသားကြီး သီလ ဟာ ရှင့် ရဲ့ သား ... ရှင် နဲ့ ကျွန်မ နဲ့ သား ရှင့် ”
“ ဘာ ”
ဒီ နေရာ မှာ တော့ ပရိသတ် ရင်ထဲ ပါ ဆို့နစ် သွားတယ် ။ ဟုတ်တယ်လေ ... အဖေမှန်း သားမှန်း မသိဘဲ ရန်သူ သဖွယ် ဆက်ဆံခဲ့သူတွေ ဟာ သားအဖ အရင်းကြီးတွေ ဆိုတာ မထင်မှတ်ဘဲ သိလိုက်ရတော့ ပရိသတ် ရင် ထဲ တစ်ခါတည်း ဆို့နင့် သွားတော့တာပေါ့ ။
“ ဟုတ်ရဲ့လား ... အမေ ရာ ... ဒီ လူဆိုးလူမိုက် လူယုတ်မာ မုဒိန်းကောင်ကြီး ဦးသာဂိ ဟာ ကျွန်တော့် အဖေ အရင်း ဟုတ်ရဲ့လား ။ ပြောစမ်းပါဦး မေမေ ရ ”
ကိုဇော်ဝိတ် က လည်း ဒီနေရာ မှာ အတိအကျ ဝင်လာတယ် ။ ဒါကို ဒေါ်မြတင် က လည်း မျက်ရည် ကြား က မျက်နှာ ကို ချီ ပြီး ...
“ သိပ် ဟုတ်တာပေါ့ သား ရယ် ... အမေ့ မှာ သူ နဲ့ပတ်သက်ပြီး ရခဲ့တဲ့ ဒဏ်ရာတွေ ဟာ ဗလပွ ရှိခဲ့တယ် သား ”
“ ဘယ်မှာလဲ မေမေ ”
“ ဟိုသင်း မှာ ပါ ... အဲလေ ... အသည်းနှလုံး မှာ ပါ ဟိုသင်းလေး ရယ် ”
ဟိုသင်း အသံ ကြား တော့ ဇော်ဝိတ် မျက်နှာ ပျက် သွား သေးတယ် ။ ဒါကို လဲ နေတဲ့ ဦးဆယ်ပြား က လည်း ...
“ မြ ... မြနှစ် ... ရဲသားကြီး သီလ ဟာ ငါ့ သား ဆိုတာ သေချာတယ် နော် ”
“ သိပ် သေချာတာပေါ့ ကိုသာဂိ ရယ် ”
“ သား ... သား ... အဖေ့ ကို ကြည့်စမ်းပါဦး သားရယ် ”
ဦးဆယ်ပြား က ဒီ နေရာ မှာ အပိုင် ငိုသံကြီး နဲ့ ပြောတယ် ။ ဇော်ဝိတ် က မကြည့်ချင် ကြည့်ချင် ပုံစံမျိုး နဲ့ ကြည့်တယ် ။
“ သားရယ် ... အဖေတို့ အဖြစ်က အဖေ ကို အဖေ မှန်း မသိ ၊ သား ကို သားမှန်း မသိတဲ့ အင်္ဂုလိမာလ လို အဖြစ်မျိုး ပါ လား ”
“ ဘာမှလည်း မဆိုင်ပါလား ... ကိုသာဂိ ရယ် ”
“ သားအဖချင်း ရန်သူသဖွယ် ရန်စွယ်ငေါငေါ နဲ့ အဝိဇ္ဇာမောဟတော မှာ ပျော်ပိုက်ပြီး တိုက်ခိုက် နေရတဲ့ အဖြစ် က တူနေတယ် ။ အား ... ကျွတ် ... ကျွတ် ... မောနေတယ် ကဏ္ဍကောစ မတိုက်ပါနဲ့ ”
ဦးဆယ်ပြား မျက်စိ ပြန် ကျယ်သွားလို့ ဖြစ်မယ် ။ အပီအပြင် သရုပ်ဆောင် နေတယ် ။ ပရိသတ် က လည်း ဦးဆယ်ပြား ရဲ့ အနုပညာ စီးမျောမှု မှာ လိုက်ပါရင်း မျက်ရည် ဝိုင်း လာတယ် ။
“ အား ... ကျွတ် ... ကျွတ် ၊ အခုတော့ အဖေ ဟာ အဖေ့ ရဲ့ မိုက်ကြွေးမိုက်ပြစ်တွေ ရဲ့ ဒဏ် ကို ခံရတော့မယ် ။ အဖေ ကျေနပ်ပါတယ် သား ။ ဒါပေမယ့် အဖေ့ နောက်ဆုံး အသက် မထွက်ခင် အဖေ့ ရဲ့ အလိုချင်ဆုံး ဆန္ဒလေး တစ်ခုကို လိုက်လျောပေးပါ ... လားကွယ် ”
ဇော်ဝိတ် က ဇာတ်လမ်း ထဲ က အတိုင်း မျက်နှာ ကို တစ်ဖက် လှည့်ရင်း တင်းခံ နေတယ် ။ ဒါကို ဒေါ်မြတင် က ဇော်ဝိတ် ရဲ့လက် ကို ဆွဲ ပြီး ...
“ နောက်ဆုံး အနေနဲ့ မင်း အဖေ ရဲ့ဆန္ဒ ကို လိုက်လျောလိုက်ဖို့ မေမေ တောင်းပန်ပါတယ် သားရယ် ... လိုက်လျောလိုက်ပါကွယ် ... အဟင့် ... အဟင့် ”
မိခင် ဖြစ်သူ ကပါ မျက်ရည် တဝိုင်းဝိုင်းနဲ့ ပါဝင် တောင်းပန် နေတော့ သား က လည်း ဘယ် နေနိုင်တော့ မှာလဲ ။ ဇာတ် အရ အဖေရင်း ဟာ ကိုး ။
“ ကျွန်တော် ... ကျွန်တော် ဘာ လိုက်လျောရမှာလဲ ဟင် ”
ဆိုတော့ ဦးဆယ်ပြား က ရင်ဘတ် က တစ်ချက်ထိုး နှစ်မျိုး နာ တဲ့ ဓားသေနတ် ဒဏ်ရာ ကို အုပ်ပြီး ငိုသံကြီး နဲ့ ဆက် ပြောတယ် ။
“ တခြားတော့ မဟုတ်ပါဘူး သားရယ် ... အဖေ နောက်ဆုံး အကြိမ် အသက် မထွက်ခင် ... ”
အရင် က လည်း အသက် ထွက်ဖူးတာ ကျနေတာပဲ ။ နောက်ဆုံးအကြိမ် အသက်ထွက် မှာ တဲ့ ။ ပရိသတ် ကတော့ အဖြေ ကို ရိပ်မိပြီး မျက်ရည်တွေ ဖြိုင် နေပြီ ။ ဦးဆယ်ပြား ကိုယ်တိုင် ကလည်း ပြိုမလို မျက်နှာကြီး နဲ့ ကိုး ။
“ အဖေ နောက်ဆုံးအကြိမ် အသက် မထွက်ခင် ၊ အဖေ့ ကို ... အဖေ့ ကို သား လို့ တစ်ခွန်း ခေါ်လိုက် ပါလား ကွယ် ”
အမှန်တော့ အဖေ လို့ ခေါ်ခိုင်း ရမှာ ။ ဒါကို ဇော်ဝိတ် က လည်း ဈာန် ဝင်ပြီး ဦးဆယ်ပြား ပြောခိုင်းတဲ့ အတိုင်း ရင်ခေါင်းသံကြီး နဲ့ အော် လိုက်တယ် ။
“ သား ... ”
“ အဖေ ... ”
ဦးဆယ်ပြား က ပြန် ထူးတယ် ။ အမှန်က ဇော်ဝိတ် က သား ။ ဦးဆယ်ပြား က အဖေ ။ ဒါကို သူတို့ ဖာသာ သူတို့ ဖီး ( လ် ) တွေ တက်ပြီး မှား နေတာ ။
“ သား ”
“ အ ... ဖေ ”
“ သား ”
ဇော်ဝိတ် က ဦးဆယ်ပြား ကို ပြေး ဖက် လိုက်တယ် ။ ဦးဆယ်ပြား အသံ က တိုးတိုးယဲ့ယဲ့လေး ထွက် လာတယ် ။
“ ဝမ်း သာ လိုက် တာ အ ... ဖေ ရယ် ”
ဆိုပြီး “ ဂိ ” ဆို ငြိမ်ကျ သွားတယ် ။
••••• ••••• ••••• •••••
ရွာ ပွဲ ကား ... မအောင်မမြင် နှင့်ပင် နိဋ္ဌိတံ လေပြီ ။ အဓိက ဇာတ် ကို ကခဲ့ကြသော ဦးဆယ်ပြား ၊ ဦးရေပြား ၊ ဇော်ဝိတ်ကြီး နှင့် ဒေါ်မြနှစ် တို့ အဖွဲ့လည်း ပွဲပြီး ကတည်း က အရှက်သည်း ပြီး ... နွေခေါင်ခေါင်ကြီး လယ် ထဲ ဆင်း သွားကြသည် ။ နွေအထွက်တိုး စပါး စိုက်ဖို့တော့ မဟုတ်တန်ရာ ... ရွာ က လူတွေ ကတော့ အဲဒီ ပွဲ အကြောင်း ကို ပြောပြောပြီး ရယ်လိုက်ကြရတာ ဖတ်ဖတ် ကို မော ရောပဲ ။
အလှောင်အပြောင်ဆုံး လူ ကတော့ လူငယ်ဒါရိုက်တာ ဓာတ်ပုံ အီးတီ ( တံခွန်တိုင် ) ပဲ ။ လူလေးများ စုစု စုစု ရှိရင် ပြောပြော ပြီးတော့ ဖင်ကွဲ မတတ် ကို ဆောင့်ဆောင့်ပြီး ရယ်တာ ။ မသိရင် သူ မပါတဲ့ အတိုင်းပဲ ။ ဒါပေမယ့်လည်း သိပ် ကြာကြာတော့ ရေပန်း မစားနေနိုင်ပါဘူး ။ တောသူတောင်သားတွေ ဆိုတော့ ကြာကြာလည်း ပုန်းအောင်း မနေနိုင်ကြပါဘူး ။ တဖြည်းဖြည်း နဲ့ ရှက်စိတ်လေးတွေ ပျောက်ပြီး ရွာထဲ ပြန် ရောက်လာ ကြတာပါပဲ ။
ရွာ က လူတွေ ကလည်း ပထမ တော့ မျက်နှာချင်း ဆိုင်ရင်ပဲ ပြုံးချင် သလိုလို ... ရယ်ချင် သလိုလို ။ ဒါပေမယ့် ရွာသား အချင်းချင်းတွေ ဆိုတော့ ထိန်းကြပါတယ် ။ ဟုတ်တယ်လေ ... အများစု က မလုပ်ရဲ လို့ ခေါင်းရှောင် ထားကြတာ ကိုး ။
သူတို့ က ဦးဆောင်ပြီး လုပ်ပေးခဲ့တာပဲ ရွာ အတွက် ကျေးဇူး ကြီးလှပြီ ။ ပြီးတော့ ဝါရင့်သဘာရင့် ပညာရှင်ကြီးတွေ လည်း တစ်ယောက် မှ မပါဘူးလေ ။ ပါဝင် ကပြတဲ့ လူ အားလုံး က ဝါသနာလေး နည်းနည်း နဲ့ မဖြစ်လို့သာ ဝင် က ပေးကြတာ မဟုတ်လား ။ တကယ် ဝါသနာကြီး ရင်တော့ မြို့တက်ပြီး မင်းသားဟေ့ မင်းသမီးဟေ့ ဆိုတာကြီးတွေ လုပ်စား နေတာ ကြာ ... ကြာလှပေါ့ ... ဟုတ်ဘူးလား ။
ဒါပေမယ့် စကားလေးများ စပ်မိလို့ က တော့ ပြောမိကြတုန်း ... ပြုံးမိကြတုန်း ပါ ပဲ ။ ကျွန်တော်တို့ ကလေးလောက မှာ လည်း ဦးရေပြား ရဲ့ တစ်ခါ ထိုး ရုံ နဲ့ နှစ်မျိုး နာ တတ်တဲ့ ဓားသေနတ်ကြီး က အလုပ် ဖြစ်နေဆဲပါ ။
ပျော်ပွဲရွှင်ပွဲ ရှားတဲ့ ရွာကလေး အတွက် က တော့ လသာ တဲ့ ညတွေ မှာ အဲဒီနှစ် အရပ်ဇာတ်ပွဲလေး က လူကြီးသူမတွေ ရဲ့ ပါးစပ်ဖျား ဇာတ်ခုံ မှာ “ က ” နေကြတုန်း ပါ ပဲ ။ ပြော နေကြတုန်းပေါ့ ။ တစ်ခါတစ်ရံ မှ ရွာကလေး ကို သတိရ တတ် တဲ့ ... ကျွန်တော် တောင် သတိတရ နဲ့ ရေး နေ မိပြီပဲလေ ။
လေး စား စွာ ကြိုး စား လျက် ...
◾အကြည်တော်
📖 တောသားကြီး
#ကိုအောင်နိုင်ဦး
.