❝ မိန်းမတို့ အကြောင်း ❞
မမြစိန် ကွယ်လွန် အနိစ္စ ရောက်ရခြင်း တွင် ကျွန်တော့် ပယောဂ မကင်းပါပေ ။ ကွယ်လွန် စ က ကိုယ် ချစ်မြတ်နိုးသော ဇနီး တစ်ယောက် နှင့် ကွေကွင်းရခြင်းဒုက္ခ တစ်ခု သာ ဖြစ်ခဲ့၏ ။ သို့သော် သူ ၏ ရိုးရိုးသားသား ရေးသား ထားခဲ့သော စာတန်းရှည် ကို ဖတ်ရချိန် တွင် မူ ကျွန်တော့် စိတ် များသည် ဘယ်သော အခါ မှ မတည်ငြိမ်ခဲ့ပါပေ ။ မသေခင် က ပစ် ထား၍ သေပြီး မှ လွမ်းဆွတ် တသ ငိုချင်သော နောင်တ တရားများ ဖြင့် ပြွမ်းသည့် ပူပန်ခြင်းမျိုး လည်း မဟုတ်ပါ ။ သို့သော် ကာလ ကြာလေလေ ကျွန်တော့် ကိုယ် ကျွန်တော် ပြန်လည် ဆန်းစစ် ကြည့်သော အခါ ကျွန်တော် သည် အများ သဘော ကို ချောချောကြီး ကျ အောင် ရေးသား နိုင်သော နာမည်ကျော် “ မောင်စန္ဒာ ... ” ဟူသော စာရေးဆရာ တစ်ယောက် ဖြစ်ပါလျက် နှင့် ပြဿနာ တစ်ခု ကား မိန်းမ နှစ်ယောက် ၏ စိတ် ကို ပြေလည် ရှင်းလင်း အောင် ပြောပြ ဆွေးနွေးနိုင်သော သူ တစ်ယောက် မဟုတ်နိုင် ကြောင်း ကိုယ့် ကိုယ် ကို သိလာ၏ ။
ထို့ကြောင့်ပင် ကျွန်တော့် ချစ်ဇနီး သည် ခွဲသင့် ခွဲထိုက် သော အချိန် ထက် စော၍ ကျွန်တော့် အား ခွဲခွာ သွားခြင်း ပင် ဖြစ်၏ ။
မမြစိန် သည် ကျွန်တော် ၏ တစ်ဦးတည်း သော လက်ထပ် မယား ဖြစ်ခဲ့ သော် လည်း ကျွန်တော် ၏ ချစ်ဦးသူ မဟုတ်ခဲ့ ။ ကျွန်တော့် ချစ်ဦးသူ မှာ မနှင်းအေး ဖြစ်သည် ကို မမြစိန် သည် လက် မထပ်ခင် က ပင် သိခဲ့ ၏ ။
မနှင်းအေး သည် စာ တတ်သည် ၊ ပိုက်ဆံ ရှိသည် ။ ဒီဂရီ မှာ ဘီအေ ဘီအီးဒီဘွဲ့ ကို လည်း ယူ ထားသည် ။ ဘီအယ်လ် လည်း အောင်ပြီး ပေပြီ ။ ကျောင်း နေစဉ် မေတ္တာ မျှခဲ့ သူ မို့ မနှင်းအေး အကြောင်း ကို ကျွန်တော် အားလုံးပင် သိရှိပြီး ဖြစ်ပါသည် ။ ကျွန်တော့် အမည် မှာ ကလောင် နာမည် က သာ မောင်စန္ဒာ ဖြစ် သော်လည်း နာမည်ရင်း မှာ မိုးဟိန်း ဖြစ်ပါသည် ။
မနှင်းအေး သည် ကျွန်တော့် ကို “ မိုး ”ဟူ၍ တစ်လုံး တည်း ပင် ခေါ် ပေသည် ။ သူ ဘီအေဘီအီးဒီ အောင် စ က သူ့ ဖေဖေ နှင့် မေမေ မှာ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန် ခဲ့သည် ။ အဒေါ် သားချင်း ဆွေမျိုးများ နှင့် လည်း သူ မနေ ၊ သူ့ အိမ် တွင် ပင် ငယ်ငယ် က သူ့ ကို ထိန်း လာသော ဒေါ်ရှင် နှင့် အတူ နေကြပေသည် ။
“ မိုး ... ယူ ဘာ စားချင်တယ် ဆိုတာ ပြောနော် ၊ ဒေါ်ရှင် အားလုံး ချက်တတ်တယ် ကွယ် ”
တစ်ခါတစ်ခါ ကျွန်တော် သူ့ အိမ် ထမင်း သွား စား လျှင် သူ သည် ကျွန်တော် အပါး တွင် ထမင်း စား ရင်း ပြောပြ၏ ။
“ မိုး ... ကျွန်မ နဲ့ တူတူ ထမင်း လာ စားတဲ့ အခါ စိတ် ပျော်တာပေါ့ လေ ၊ အရင် က တော့ ဒီ ထမင်းဝိုင်း မှာ သားအမိ သားအဖ သုံးယောက် ၊ ဒေါ်ရှင် နဲ့ ဆိုတော့ ပေါင်း လေးယောက် ပေါ့ ။ အခု တော့ ဒေါ်ရှင် ၊ ကျွန်မ
ရယ် ၊ နှစ်ယောက် တည်း ရယ် ၊ မိုး ... လာတဲ့ အခါ ထမင်းဝိုင်း ဟာ စို သွား တာပေါ့ ”
သူ သည် ပြုံးပြုံးရွှင်ရွှင် အေးအေးချမ်းချမ်း နှင့် ပင် ဧည့်ခံ၏ ။ သူ့ မျက်နှာ သည် ရှင်း၏ ။ မနှင်းအေး သည် သူ့ စိတ် ထဲ တွင် ခံစားရ သမျှ မျက်နှာ တွင် ထင်းခနဲ ပေါ်လွင် လွယ်သော သူ မျိုးဖြစ်၏ ။ တောက်ပသော သူ့ မျက်လုံး ကျယ်ကျယ်ဝန်းဝန်း မှာ သူ့ နှလုံးသား ကို ထိုးဖောက် မြင်နိုင် လောက် အောင် ကြည်လင် နေသည် ဟု ကျွန်တော် ထင် ပေသည် ။ အသား ဖြူ ၍ သေးသေးနွဲ့နွဲ့ နှင့် ပေါင်တံ သွယ် သော ကြောင့် သူ ကြိုက်သော အရောင်ရင့် ပြောင် လုံချည်များ ကို ဝတ် သော အခါ ထိုင် နေစဉ် ထက် မနှင်းအေး သည် လမ်း လျှောက် သော အခါ ပို၍ လှ လေသည် ။
“ ဒေါ်ရှင် ရေ ... နက်ဖြန် ကျ ရင် တော့ ကျွန်မ ငါးရံ့အူ စားချင် တယ် ”
“ စားရပါတယ် ၊ ကြည့်မြင်တိုင် ဈေး သွားဝယ် ၊ ပြီးတော့ မရမ်းသီး ထောင်း တမာချဉ် တို့မယ် ”
“ အဲ ... အဲ ... ဟုတ်ပြီ ၊ မိုး နက်ဖြန် လည်း လာစားပါဦး ။ ဒေါ်ရှင် ဟင်းစပ်ပုံ က ကောင်းတယ် ”
သူ သည် လက် ဆေး ၍ ကျွန်တော့် အပါး မှ ထ ရင်း ပြော၏ ။
“ မိုး စန္ဒရား တီးတာ နားထောင် မလား ၊ ခြံ ထဲ ပဲ လျှောက်မလား ”
“ ခြံ ထဲ လျှောက်ရအောင် ကွယ် ”
ခြံ ထဲ တွင် ပန်းပင်များ ပွင့် နေကြ၏ ။
“ ကိုယ်တို့ လက်ထပ် ရအောင်လား မနှင်းအေး ... ”
ဟု ကျွန်တော် က စကား ဆိုလျှင် မူ ...
“ ဖြည်းဖြည်းပေါ့ ... မိုး ရယ် ၊ စောစောစီးစီး ငရုတ်သီး ကြက်သွန်တွေ အကြောင်း မစဉ်းစားပါရစေနဲ့ဦးကွယ် ... ”
ဟု သူ ဆိုပါသည် ။
သို့သော် သူ ကျွန်တော့် ကို ချစ်သည် ကို တော့ ကျွန်တော် သိ၏ ။ အဘယ်ကြောင့် ဆိုသော် မေမေ ပေးစားသော မမြစိန် ကို ယူမည် ဟု သူ့ အား ဖွင့်ဟ ပြောစဉ် ရွှန်းပဝင်းလက် သော သူ့ မျက်လုံး ထဲ ဝယ် မျက်ရည် ဖြင့် ပြည့်ဝန်း ၍ နေပေသည် ။ ထို နေ့ မှာ လှပသော ည ဖြစ်၍ ပန်းရောင်စုံလေးများ ပေါ် တွင် ဝါဖျော့သော နေခြည် တို့ နား နေသော အချိန် ဖြစ်၏ ။ သူ နှင့် ကျွန်တော် သည် လည်း ခြေပစ်လက်ပစ် မြက်ခင်း ပေါ် တွင် နားနား နေနေ စကား ကို ပြောနေကြခြင်း ဖြစ်၏ ။ သူ သည် လက်ထပ်ရေး ကို ရော ၊ မမြစိန် အကြောင်း ကို ဘာမှ မပြော ၊သူ ပြောချင်တာ ကို သူ ပြောနေသည် ဟု ကျွန်တော် ထင်ပေသည် ။
“ ဟို တစ်ပတ် က ပဲ ဒေလီတွေ ပွင့် လာတယ် မိုး ရယ် ၊ ဆောင်းဦး ပေါက် လာ ရင် ကျွန်မ စိုက် တဲ့ ပန်းတွေ ပွင့်လာတော့ မှာ ပဲ လို့ သိပ် ဝမ်းသာ တာပဲ ၊ သူတို့ ကို ပဲ ကြိုရတော့ မလိုလို ၊ ခု သူတို့ ပွင့် လာတော့ လည်း နေ ရောင် အောက် မှာ သိပ် လှတာပဲ နော် ၊ ညဉ့် လ သာ ရင် သူတို့ အနား လျှောက် ရတာ တယ် ပျော်စရာ ကောင်းတယ် ၊ ဆောင်း ကုန် လို့ နွေ ဘက် နီးလာလေလေ သူတို့ ပန်းတွေ ကျ ကြတော့မယ် ဆိုတဲ့ အသိက ကျွန်မ ကို သိပ် ဒုက္ခပေး တာပဲ ၊ နွေ ပေါက် ရင် သူတို့ အားလုံး မရှိကြတော့ ဘူး ဆိုတာ ကျွန်မ သိတယ် ၊ ကျောင်း လည်း ပိတ်ရော မို့လား ၊ အဲဒီ အချိန်ကြီး မှာ ကျွန်မ ... ကျွန်မ တစ်ယောက် တည်း အထီးကျန် နေရစ်ခဲ့ မှာ ကို ကျွန်မ သိပ် ကြောက်တာပဲ ။ ဒါပေမယ့် လေ အဲဒီလို နွေရာသီ တွေ ကျွန်မ တစ်ယောက် တည်း တွေ့ လာခဲ့တာ နှစ် ကြာတော့ လည်း ကြောက်ကြောက် နဲ့ နေတတ်လာသား မိုး ရယ် ”
သူ သည် ဒါပဲ ပြောပြ၏ ။ သူ ဒီလို ပြောသည့် ဟန် ကို ကျွန်တော် နားထောင် ချိန် တွင် စာရေးဆရာ ပီပီ အလွန် ကျေနပ်၏ ။
မမြစိန် ကို လက်ထက် ပြီး တော့ လည်း ပင်ပန်း နွမ်းနယ် လာ လျှင် သူ့ ထံ သို့ ကျွန်တော် ရောက်ခဲ့၏ ။ သူ ပြော သော ဤကဲ့သို့ အထီးကျန် ဘ၀ ၊ ပန်း ကိုချစ် ၍ နွေရာသီ ကို ကြောက်သော အကြောင်းများ ကို နားထောင် ရ သည် မှာ စိတ် သက်သောင့် သက်သာ ရှိလှပါသည် ။ တစ်ခါတစ်ရံ သူ တီးတတ် သမျှ စန္ဒရား တီးပြ သော အခါ ကျွန်တော် သူ့ ဘေး တွင် သီချင်း ကို စိတ်ပါ လက်ပါ လိုက် ၍ ဆို တတ် ပါသည် ။
“ ခင်ရယ် နေ့တိုင်းများ ဖြင့် ခင့်မျက်နှာ ကို ကွယ် ၊ မောင်ထင်တရေး နဲ့ မြင်ယောင်မိသေးတယ် ”
ခင်မောင်ရင် ဆိုသော ထို သီချင်း ကို ဆိုသော အခါတိုင်း သူ သည် သွက်လက်စွာ တီး ရင်း သူ့ နှုတ်ခမ်းများ က အားရစွာ ပြုံး ၍ နေ တတ်ပါသည် ။ ကျွန်တော် သည် ထို ခဏ တွင် စာရေးဆရာ ဘဝ ၏ ဦးနှောက် ခဲတတ် ခြင်း ၊ တစ်ခါတစ်ရံ ငြီးငွေ့ခြင်း များ ကို ပြေပျောက် သွား ပါတော့သည် ။
မမြစိန် သားဦးလေး မွေး စဉ် က ဆွယ်တာ တစ်ထည် ၊ ဦးထုပ် တစ်လုံး ၊ ခြေအိတ် တစ်စုံ ၊ သူ ကိုယ်တိုင် ထိုး၍ ကလေး အတွက် ပေးလာ ပေသည် ။
မမြစိန် သည် ယခု အခါ တွင် ပျော်ရွှင် လာပုံ ရ၏ ။ ကျွန်တော် စာ ရေးချိန် တွင် သူ သည် ယခင် က လို တစ်ယောက် တည်း မနေ ရတော့ ၊ သားလေး နှင့် စကား ပြော ဖော် ရလာသည် ။
“ ကိုဟိန်း ရေ ဘာ စားချင်လဲ ”
ကျွန်တော် စား ချင်သော ဟင်းစပ် ကို ဈေး သွားခါ နီးတိုင်း မေး တတ်သည် ။ ထမင်း စား စဉ် တွင် လည်း အနား မှ မခွာပေ ။ ကျွန်တော် သည် ငဖယ် ကို လည်း စား ချင်သည် ။ အရိုး ကို လည်း ကြောက်သည် ။ အရိုး မပါ အောင် ငဖယ် ကို ခြစ် ၍ ငါးဆုပ် လုပ် ပေး ပြန် တော့ လည်း ကျွန်တော် က ပေါ့ သည် ထင်၍ မစား ။ သူ့ ခမျာ ငါးဖယ် ကို ထုရိုက် တုံးတစ် ၍ ရေချို ချက်သော နေ့များ တွင် ကျွန်တော့် အပါး တွင် ထိုင် ကာ ငါးရိုး ထွင် ပေးရသည် မှာ ပင်ပန်း လှသည် ။ သူ့ မျက်နှာ ပြုံးပြုံး က လည်း ရိုးရိုး နှင့် ရှင်းရှင်း ပင် တည်း ။ မျက်နှာ ဝိုင်း ၍ ပါးစုံ့ မှာ ဖောင်းအိအိ ရှိသည် ။ ကိုယ်လုံး က လည်း ခပ်အိုင့်အိုင် ဝတုတ်တုတ် နေသော ကြောင့် ပု သလို ထင် ရပေမည် ။ ကျွန်တော် များ ထမင်း မြိန် လျှင် သူ့ ခမျာ ဝမ်းသာ ၍ မဆုံးသည် ကို မျက်နှာ ဟန်ပန် ကိုယ် အမူအရာ တို့ နှင့် ပြ၏ ။
“ ကိုတူးလေး ကို ကျောင်း ပို့ချင်ပြီ ”
ထမင်းပွဲ သိမ်း စ တွင် သူ သည် အိမ် အကြောင်း ကို ဖြစ်ဖြစ် ၊ သူ့ သား အကြောင်း ၊ ငွေကြေး အကြောင်း ၊ သူ ပြော ချင် သော အကြောင်း တစ်ခု ခု ကို ပြောတတ်ပါသည် ။
ကိုတူး အတွက် ငွေကြေး လို လျှင် လည်း ထမင်း စားချိန် တွင် ပင် ပြောပြ တတ်သည် ။ ကိုတူး အား ကျွန်တော် သည် ရပ်ကွက် မြူနီစပယ်ကျောင်း တွင် ပင် ထားသည် ။ ကျွန်တော့် ဝင်ငွေ နှင့် အသင့်တော်ဆုံး သာ ဤလို ကျောင်းမျိုးတွင် ထားသည့် အတွက် သူ သည် ဘာမျှ ကန့်ကွက်ခြင်း ၊ ဝေဖန်ခြင်း မဟုတ်ပါပေ ။
စာရေးဆရာ ချင်း တူ သော်လည်း ဝင်ငွေ ကောင်း သော ကိုဘခန့် ဇနီး က စိန်ပေါလ်ကျောင်း တွင် သူ့ သားများကို ထားရှိ ရသော စရိတ် နှင့် ကျောင်း ဘတ်စ်ကားခ ကုန်ကျပုံ ၊ ယခု သူ့ သားများ အင်္ဂလိပ်စကား ကို ရေရေမွန်မွန် ပြောတတ် လာပုံများ ကို အလည်အပတ် ရောက် လာ တိုင်း လိုလို ပြောတတ် သော် လည်း မမြစိန် သည် စူးစိုက် နားထောင် နေရုံ မှ လွဲ၍ ဘာမျှ ထွေထွေရာရာ မပြောပါပေ ။ အကယ်၍ သာ ကိုဘခန့် ဇနီး ပြန် သွားချိန် တွင် မမြစိန် က “ ကိုဟိန်း ၊ ကိုတူး ကို လည်း စိန်ပေါလ် ထားရအောင် ” ဟု တောင်းဆို လာခဲ့ ပါ လျှင် အနည်း နှင့် အများ ကျွန်တော့် တွင် ခေါင်း ခဲ ရမည် သာ ဖြစ်ပေသည် ။
တစ်ခါတစ်ရံ သူ့ ကို သနားသည် က ...
“ ကျွန်မ နောက် ကလေး ရှိ ပြန်ပြီ ”
ဟု ပြောသော အချိန် ဖြစ်၏ ။ ကလေး လေးယောက် ကို သူ သည် ကိုယ်ဝန် ရှိကြောင်း ပြောပြသည့် အခါ တိုင်း မျက်လုံးကလေး ပေကလပ် ပေကလပ် နှင့် ပြော၏ ။ သားဦး ကိုတူး တုန်း က မိတ်ဆွေ ဒေါက်တာ ဖွင့် ထား သော ဆေးခန်း တွင် သွားရောက် ပြ သည် က လွဲ၍ ကျန် ကလေးများ ကို အရပ် ထဲ ရှိ သားဖွားဆရာမ နှင့် ပင် သူ ၊ ပြီးအောင် မွေးဖွား ခဲ့ လေသည် ။
ကိုတူး နောက် ကလေးများ ကို ကျောင်း ပို့ ရ လွယ်ကူသည် ဆိုသော် လည်း မနက် တွင် ကျောင်းပို့ အပြန် တွင် ဈေးခြင်းလေး နှင့် သူ ဈေး ဝင် ဝယ်သည် ။ မီးဖို တွင် ချက်ပြုတ် ပြီး ကျွန်တော့် ဖို့ ပြင်ဆင် ထားခဲ့ကာ ထမင်းချိုင့် တစ်လုံး နှင့် သူ့ သားများ ထံ သွားရသည် မှာ မမြစိန် ၏ နေ့စဉ် အလုပ် ဖြစ်လေသည် ။
ပြန် လာ ပြန် လျှင် လည်း သား တို့ က သာ ကျွက်ကျွက်ညံ နေသည် ။ မမြစိန် က မူ သူ့ လုပ်ငန်း ရှိ ရာ မီးဖိုချောင် သို့ ဝင် ပါ တော့သည် ။
ကျွန်တော့် အဖို့ တစ်ခါတစ်ရံ မဂ္ဂဇင်းဝတ္ထုရှည် အတွက် ငွေ သုံးရာ လောက် ရ လာ တတ်၏ ။ တစ်ခါတစ်ရံ လုံးချင်းဝတ္ထုများ အုပ်ရေများများ ထွက် သော အခါ ရာခိုင်နှုန်း နှင့် ယူ သောကြောင့် တစ်ထောင် ထောင့်ငါးရာ လောက် ရ ပါသည် ။ သို့သော် တစ်နှစ်လုံး မှ ကျွန်တော့် ခေါင်း က လုံးချင်း တစ်ပုဒ် လောက် သာ ထွက် ပါသည် ။ မရ သော ကာလများ တွင် လည်း ဝင်ငွေ လုံးဝ မရှိပေ ။ ကျိုးတိုးကျဲတဲ ဝတ္ထု အတိုများ မှ တစ်ရာ ငါးဆယ် လောက် ရသည့် အခါ လည်း ရ ပေသည် ။
“ ရော့ ... မမြစိန် ”
ကျွန်တော် ရ သမျှ သူ့ ပေး လျှင် သူ ဘာမျှ မပြော ၊ နည်းသည် ကို လည်း မညည်း ၊ များသည့် အတွက် လည်း တိုး ထူး ၍ ဘာမျှ မပြော ၊ ထမင်းဝိုင်း တွင် အနည်းဆုံး ငါးခူ ငါးပိကောင်ချက် ကောင်းကောင်း နှင့် ကန်စွန်းရွက် တို့စရာ ကို တော့ ကျွန်တော် စားရပေ သေးသည် ။ စင်စစ် မ တော့ ကျွန်တော် သည် ကျွန်တော့် ဘဝ နှင့် အလွန် လိုက်ဖက် သော ဇနီး တစ်ယောက် ရရှိထားခြင်း ပင် ဖြစ်၏ ။ ကျွန်တော် အပြင် ထွက် လည်ပတ် ၍ အချိန် ကြာမြင့် မှ ပြန် လာ လျှင် လည်း ဘာကို မျှ မမေးပေ ။
“ ကိုဟိန်း ... ရေနွေးကြမ်း သောက်ချင်သေးလား ၊ ကော်ဖီ ယူဦး မလား ”
ဒါလောက်ပင် မေး ၍ ကျွန်တော့် အပါး တွင် ရေနွေးကြမ်း ခရား ကို
ဖြစ်ဖြစ် ၊ ကော်ဖီ တစ်ခွက် ကို ဖြစ်ဖြစ် ချ ကာ သူ့ သားများ ရှိရာ သို့ သွား အိပ် နေ တတ်ပါသည် ။
ကျွန်တော့် စားပွဲ သည် စာအုပ် စာရွက် စာတမ်းများ နှင့် အစဉ် ရှုပ်ပွေ နေ၏ ။ မမြစိန်ရှင်း သလောက် သား ကိုတူး နှင့် ကိုပြူး တို့ က ရှုပ်၏ ။ ကျွန်တော် က သားများ ကို မအော် တစ်ခါတစ်ရံ သာ
“ မြမြ ရေ ... ဒီက ဆွန်မားဆက်မောန် ရဲ့ စာအုပ်ကြီး ဘယ် ပျောက် ပြန်ပလဲ ”
အော် ၍ မေးမိ၏ ။ ထိုအခါ တွင် သူ ၏ ပိပြားပြား နေသော နှာခေါင်းလေး ကို ရှုံ့ချီပွချီ လုပ်ကာ အပြစ်မဲ့ သော ကလေးလေး တစ်ယောက် လို ကျွန်တော့် အပါး တွင် ရပ် နေ တတ်သည် ။
“ ကျွန်မ .. မသိဘူး ကိုဟိန်း “
“ မိထုံကြီး တယ်ပြီး ထုံ တာ ကို ကွယ် ”
ကျွန်တော် သည် သူ့ နဖူး ကို လက် နှင့် မနာ အောင် ထု လိုက်၏ ။
“ စာ လည်း ပဲ မဖတ်ဘူး ၊ အဖုံးနီနီ နဲ့ ည က ဟာ ဒီ စားပွဲ ပေါ် ကိုယ် ထားခဲ့တာ ”
“ ကျွန်မ အိပ်ခန်း ထဲ ရှာ လိုက်ဦးမယ် ”
စင်စစ် စာ လည်း မဖတ်ဘူး ဟူ၍ မမြစိန် ကို ကရုဏာ ဒေါသော နှင့် ပြော သာ ပြော လိုက်ရသည် ။ မြန်မာ လို ငါးတန်း မျှ အောင်သော မမြစိန် သည် ဆွန်မားဆက်မောန် ကို ဘယ်လို လုပ်၍ ဖတ်တတ်ပါ မည်နည်း ။
“ ဒါလားဟင် ... ကိုဟိန်း ”
သူ ရှာ လာသော စာအုပ် မှာ ဆွန်မားဆက်မောန် ၏ စာအုပ် ဖြစ်၏ ။
“ အေး ... ဟုတ်တယ် ”
သူ သည် အဖုံး နီနီ နှင့် စာအုပ် ကို ကျွန်တော့် လက် ထဲ ထည့် ၍
“ ကိုဟိန်း ဝတ္ထုတွေ ကို တော့ ကျွန်မ ဖတ်ပါတယ် ... ”
ဟု မျက်လုံးလေး ပေကလပ် ပေကလပ် နှင့် ပြောတတ် ပေသည် ။
ကျွန်တော် သည် တနင်္ဂနွေ ဆို လျှင် ကျွန်တော် လိုချင် သော စာအုပ်များ ကို မနှင်းအေး ဆီ လာ၍ ရှာ၏ ။ မနှင်းအေး စာကြည့်ခန်း တွင် အနောက် ရော ၊ အရှေ့ ရော စာရေးဆရာ အတော် စုံစုံ ၏ စာအုပ်များ ရှိ၏ ။ မြန်မာ ပညာရှိများ ၏ သုတေသန စာတမ်းများ လည်း ရှိ၏ ။ မြန်မာ ဝတ္ထုတိုရှည် များ လည်း ရှိပေသည် ။ မနှင်းအေး သည် အစိုးရကျောင်း တစ်ကျောင်း တွင်
ကျောင်းအုပ် ဆရာမကြီး လုပ် နေသော ကြောင့် တနင်္ဂနွေနေ့ မှ သူ နှင့် ကျွန်တော် ဆုံ နိုင်ပေသည် ။
လူပျို အပျိုတုန်း က လို ပင် တွေ့ဆုံ ကြ လျှင် စန္ဒရား တီး သည့် အခါ လည်း တီးသည် ၊ စာဖတ်ခန်း ထဲ စာအကြောင်း ပေအကြောင်း ပြောသည့် အခါ လည်း ပြော ပေသည် ။
မနှစ် က နွေဦးပေါက် တွင် မမြစိန် အစား ပျက် လာ၏ ။ ကိုယ် အလေးချိန် လည်း လျော့ လာသည် ။ မနှင်းအေး က ထို အကြောင်း ကြား ကြားခြင်း ဆေးရုံ တင် ဖို့ အကြံဉာဏ် ပေးပါသည် ။ ကု ပေးသည့် ဆေးရုံကြီး က ရှိ သော်လည်း အိမ် တွင် ကလေးများ နှင့် ကျွန်တော့် အတွက် ကိုယ်ခွဲ မရှိ ခြင်း ၊ ငွေရေးကြေးရေး က လည်း အဆင်မပြေ တတ် သေး ၍ အချိန် အတော် နှောင်း မှ ပင် မမြစိန် ဆေးရုံ သို့ ရောက် ရသည် ။
မိုးနှောင်း ရာသီ ဖြစ်သော သီတင်းကျွတ်လ တွင် မမြစိန် ကွယ်လွန် ခဲ့ လေသည် ။ ကျွန်တော့် မိတ်ဆွေ ဒေါက်တာ တစ်ယောက် မူ မမြစိန် တွင် စိတ် ထိခိုက်စရာ တစ်ခု ရှိသည် ဟု ဆိုပါသည် ။ မနှင်းအေး သည် အသုဘ ချ သော နေ့ က ဆွတ်ဆွတ်ဖြူ သော ပန်းခွေ တစ်ခွေ ပို့ လာသည် ။
ကျွန်တော် အတွက် မှာ မူ ကိုတူး တို့ လေးယောက် နှင့် နေရေးထိုင်ရေး မှာ ငွေရေးကြေးရေး ထက် ပင် ခက်ခဲ၏ ။ ကျွန်တော့် အဖို့ အချစ် သက်သက် တစ်ခု တည်း သာ မဟုတ် ၊ ဘဝ အတွက် အလွန် အဆင်ပြေ သော ဇနီးကောင်း တစ်ယောက် ဆုံးရှုံးရခြင်း ပေတည်း ။
စာရေးဆရာ တကယ် လွမ်း သော အခါ စာ ရေး၍ မရတော့ပြီ ။ နှာခေါင်း ပိပြားပြားနှင့် ငြိမ်သက် အေးချမ်းသော မိန်းမငယ် တစ်ယောက် ကျွန်တော့် အပါး မှာ မရှိသော အခါ ခြောက်သွေ့ပုံများ သည် ကျောင်းသင်္ခမ်း ၏ ညဉ့် သန်းကောင်ယံ နှင့် လည်း မတူ ။ မိုး သဲ သော ညဉ့် ၏ သင်္ချိုင်းစရပ် ခြောက်သွေ့ ပုံမျိုး လည်း မဟုတ် ။ အားလုံး သည် လေးတွဲ ငြိမ်အီ နေသည် မှာ ထုတ်ဖော် မပြောတတ် လောက် အောင်ပင် ချောက်ချားစရာ ကောင်းနေ ပေသည် ။
ကျွန်တော့် ဝတ္ထုများ ထဲ တွင် ဇာတ်လိုက် အမျိုးသမီး သည် ဖျတ်လတ် သွက်လက် ပုံ မ က သူ့ အစွမ်း သတ္တိ ကြောင့် ချစ်သူ ယောက်ျား မှာ ကွေကွင်း ချိန် တွင် သူ့လှုပ်ရှားမှုများ သည် အသက် ဝင် လာ သယောင်ယောင် ရေးသား ဖွဲ့နွဲ့ခဲ့၏ ။ ခုတော့ ကျွန်တော့် အဖို့ တွင် ဤ အေးစက်စက် ဇနီးလေး စွန့် ခွာ သွား ကတည်း က ဘာမျှ လှုပ်ရှား မလာ သလို ဖြစ်နေ တော့သည် ။ လေ တိုက် ၍ သစ်ပင်များ လှုပ်ရှား သည် ကပင် နှေးကွေး လေးပင် ကာ ငှက်မြည်သံများ က လည်း အီတီတီ ၊ လေးတွဲတွဲ ဖြစ် နေပေသည် ။
သားများ ကို ကျောင်း ပို့ပြီး စာဖတ်ခန်း တွင် တစ်ယောက် တည်း ထိုင် ကာ ငို မိသည် ။ ယခု တစ်လ လောက် တင်တော့ မမြစိန် အဒေါ် က စားရေးသောက်ရေး လာ လုပ် ပေး ပေသည် ။ နောက်လ များ တွင် ကျွန်တော် ဘယ်လို စီစဉ်ရပါမည်နည်း ။ စိတ် ညစ်ညစ် နှင့် ပက်လက်ကု,လားထိုင် မှ အထ တွင် ကု,လားထိုင် သည် ခွေရက် ပြုတ်ကျ သွား၏ ။ ကု,လားထိုင် နောက် မှ ကျွန်တော့် စာအုပ်ပုံများ လည်း ပြိုကျ လာသည် ။
တစ်ခါက ကျွန်တော် မမြစိန် ကို ရှာ ခိုင်းသော ဆွန်မားဆက်မောန် ၏ စာအုပ်လေး သည် လည်း ကြမ်း ပေါ် သို့ စဉ်ကျ လာ၏ ။ ကျွန်တော် သည် စာအုပ်လေး ကို အသာအယာ ကောက် ကိုင် မိသည် ။ ထို စာအုပ် ကို ကျွန်တော့် အား လှမ်း ပေးစဉ် က မျက်စိလေး ပေကလပ် ပေကလပ် နှင့် သူ့ မျက်နှာ ထားဟန် ကို ကျွန်တော် ပြန် ၍ မြင်ယောင် လာပါသည် ။
“ မိထုံ ” ... ကျွန်တော် သည် ပါးစပ် မှ ထွက် အောင် ပြန် ခေါ် မိသည် ။ “ မင်း ကို မိထုံ လို့ ခေါ်တဲ့ အတွက် ခွင့်လွှတ်ပါ မြမြ ရယ် ” ကျွန်တော် စိတ် ထဲ မှ တောင်းပန်မိ၏ ။ စာအုပ် ကြား ထဲ မှ စာရွက်ခေါက်လေး တစ်ခု တစ်ဝက် ခန့် ထွက် နေ ပါသည် ။
ကျွန်တော် သည် ထို စာရွက် ကို ဖွင့် ဖတ်ချိန် တွင် စိတ်ဝေဒနာ ခံစားရမှု မှာ ခုချိန် တိုင် မပြေသေးပါပေ ။
ကိုဟိန်း ...
ဒီ စာ ကို အချိန်ကာလ ဘယ်လောက် ကြာ မှ ကိုဟိန်း ဖတ်ရမယ် မသိဘူး ။ ကျွန်မ ရေး ပြီး ပြီး ချင်း တော့ ကိုဟိန်း လက် ထဲ ကို ထည့် ချင်ပေမယ့် စိတ် ထဲ က မရဲဘူး ... ၊ ကိုဟိန်း ကျွန်မ ကို လက်ထပ်ရတာ ပျော်ပုံ မရပါဘူး ။ တကယ်တော့ ကိုဟိန်း လက်ထပ် သင့် သူ ဟာ မနှင်းအေး ပါ ။
တလောက ဧည့်သည် က လိုက် ခေါ်ခိုင်း လို့ မနှင်းအေး တို့ အိမ် မှာ ကိုဟိန်း ကို ကျွန်မ လိုက် ခေါ်တယ် ။ ကိုဟိန်း နဲ့ မနှင်းအေး စာ အကြောင်း ၊ ပေအကြောင်း တွေ ပြော နေလိုက်တာ အားရစရာကြီး ။ ကျွန်မ မနှောင့်ယှက်ချင် တာ နဲ့ အိမ် ကို တိတ်တိတ်ဆိတ်ဆိတ် ပဲ ပြန် လာခဲ့တယ် ။ ဧည့်သည် ကို လည်း နောက် နေ့ မှ လာဖို့ ပြောလိုက်တယ် ။
ကျွန်မ က လေ ကိုဟိန်း ရေး တဲ့ မြန်မာဝတ္ထုတွေ ကို တောင် တစ်ခါတစ်ခါ ဖတ်ရတာ သဘော မပေါက်ဘူး ၊ မနည်း ဖတ်ရ တယ် ။ ကိုဟိန်း ကျွန်မ ကို “ မိထုံ ... ” လို့ ... ခေါ်သင့် ပါတယ် ။ ကျွန်မ ဟာ မြန်မာစာ တောင် မနည်း ဖတ် နေရတာပဲ ။
မနှင်းအေး နဲ့ သာ ညား ရင် လေ ၊ ကိုဟိန်း ဘဝ ပို သာယာ မှာ လို့ ကျွန်မ နေ့စဉ် တွေးမိတယ် ။ အဲဒီ အတွေး ဟာ နေ့တိုင်း ပဲ ပေါ် လာတယ် ။ ပေါ် လာ တိုင်း လည်း ကျွန်မ မပျော်ဘူး ။
မမြစိန်
ကျွန်တော် သည် စာ ဖတ်ပြီး ကြီးစွာသော သက်ပြင်း ကို ချမိ၏ ။ ရက်စွဲ မပါ ဘယ်တုန်း က ရေးခဲ့မှန်း မသိသော စာ ကို အခေါက် ခေါက် ဖတ် ရင်း မမြစိန် ဝေဒနာ ကို ကျွန်တော် နားလည် လာပါသည် ။
တကယ်တော့ ကျွန်တော် သည် ရှင်းလင်း ပြောပြ ခဲ့ သင့်သည် များ ကို မမြစိန် အား မပြောမိ ခဲ့ ၊ ကျွန်တော် ၏ အမှတ်မထင် အပြုအမူများ ကြောင့် မမြစိန် သူ့ စာ ထဲတွင် ပါသည့် အတိုင်း ထင်မြင်ခြင်း မှာ လည်း မမှားပေ ။
စင်စစ် ကျွန်တော် လက်ထပ် သင့် သူ မှာ မမြစိန် သာ တည်း ။ မမြစိန် သည် ကျွန်တော် ရှာပေး သမျှ နှင့် တင်းတိမ်သည် ။ သူ တတ် သလောက် အစွမ်း နှင့် မီးဖို ကို ရော ၊ အိမ်မ ကို ရော ၊ သူ့ သားများ ကို ရော ၊ ငြိမ်းချမ်းစွာ အုပ်ချုပ်သည် ။ ထိုကြောင့် ကျွန်တော် သည် ကြောင့်ကြမှု ကင်းစွာ နှင့် ဦးနှောက် အေးချမ်း ကာ စာ ကောင်းကောင်း ရေး နိုင်ခြင်း ဖြစ်ပေသည် ။ မမြစိန် သည် အသည်း နှလုံး ရော ၊ ခန္ဓာကိုယ် ပါ ပုံ၍ ချစ်တတ်သော မယား တည်း ။
မနှင်းအေး မှာ တော်ရှာ ပါသည် ။ သို့သော် ... ဦးနှောက် ပန်း သော အခါ အပန်းပြေ ဆွေးနွေး ဖလှယ် ဦးနှောက် ကို အားသစ် လောင်း ပေးသော မိတ်ဆွေ လို ပေါင်းအပ်သည့် မိန်းမ သာ တည်း ။
ထို အကြောင်း ကို စောစီးစွာ တွေးခေါ် မိသောကြောင့် ပင် ချစ်လှစွာသော ချစ်ဦးသူ မနှင်းအေး ကို ထားရစ် ခဲ့ ၍ မမြစိန် ကို ပင် ကျွန်တော့် မယား အဖြစ် ရွေးချယ် ခဲ့ခြင်း မဟုတ်ပါလော ။
မနှင်းအေး နှင့် လက်ထပ် ခဲ့ပါ လျှင် သူ ဖွင့်ဟ ဆို သည့် အတိုင်း ငရုတ်သီး ၊ ကြက်သွန် အကြောင်း များ ကို သူ စောစီးစွာ မတွေးလို ပါပေ ။ သူ့ ဒေါ်ရှင် ကို အိမ်တော်ပါ အဖြစ် မီးဖိုဆောင် ကို အပ်ရမည် မှာ သေချာ သည် ။ မနှင်းအေး မှာ ပစ္စည်း ဘယ်လို ပင် ပါပါ ၊ ကျွန်တော် သည် ယောက်ျား မာန် ရှိ သူ တည်း ။ မနှင်းအေး ၏ အဆင့်အတန်း ကို ကျွန်တော် ကိုယ်ပိုင် ဝင်ငွေ နှင့် သာ ကျွန်တော် ထမ်း ရ ပေမည် ။
မနှင်းအေးသည် ကလေး ကိုယ်ဝန် ရှိ လာ လျှင် ကိုယ်ပိုင် ဆရာဝန်
နှင့် စောင့်ရှောက် ထိန်းသိမ်း ၍ တစ်နေ့ တစ်ဆယ် ပေး ရ သော ဒပ်ဖရင် ဆေးရုံခန်း တွင် မွေးဖွား လို ပေလိမ့်မည် ။ မမြစိန် လို အရပ် ဝမ်းဆွဲ နှင့် သူ မပြီးနိုင်ပါပေ ။ အစောင့် လိုသည် ဆို လျှင် နေ့ ဆရာမ နှစ်ဆယ် ၊ ညဉ့် ဆရာမ အစိတ် တာဝန် ကို ကျွန်တော် ယူ ရပါမည် ။ သားတို့ကြီးပြင်း လာ လျှင် လည်း ကိုတူး တို့ ကို ပို့ သော မြူနီစပယ်ကျောင်း ကို သူ လက်ခံ လိမ့်မည် မဟုတ် ။ သူ့ သား ကို စိန်ပေါလ် သော် လည်းကောင်း ၊ ဒိုင်အို သော် လည်းကောင်း ပို့ လိုသည် ဆို လျှင် ကျွန်တော် က အလိုအလျှောက် အလိုက် သိ စွာ တာဝန် ယူရမည်သာ တည်း ။
ဒီလို ဖြစ် ၍ ကော မနှင်းအေး အပြစ် လား ဆိုလျှင် မဟုတ်ပါပေ ။ မနှင်းအေး သည် သူ့ ကိုယ် ကို လျှော့ချ နိုင်၍ သာ ကျွန်တော် လက်ထပ်မည်
တောင်းဆို စဉ် က မျက်ရည် ရစ်ဝိုင်း ကာ လိမ္မာ ပါးနပ်စွာ ငြင်းဆို ခဲ့ခြင်း ဖြစ်၏ ။ ယခု လည်း သူ့ ဘဝ ကို သူ ရပ်တည် နိုင်အောင် သူ့ ဘာသာ ကြိုးပမ်း နေရစ် ရှာသည် ။
သို့သော် ကျွန်တော့် အတွက် မှာ မူ ဦးနှောက် နွမ်းလျ သော အခါ မနှင်းအေး ထံ သွားရောက် လည်ပတ်၍ အပန်းဖြေ ရ၏ ။ ထို အပန်းဖြေခြင်း ကို မမြစိန် အထင် လွဲသည် ။ အထင် လွဲမှားမှု သည် မမြစိန် ၏ အပြစ် မဟုတ် ၊ ကျွန်တော် သာ စောစီး က ကျွန်တော် “ မယား ” ရွေးချယ်ပုံ ကို မမြစိန် သဘောပေါက် အောင် သာ ရှင်းလင်း ပြောပြ ခဲ့ ပါ လျှင် မမြစိန် သည် သူ့ ကိုယ် သူ အထင်ကြီး လာမည် ။ ပိုမို၍ အားကိုး ယုံကြည် လာပေမည် ။ သူ သည် ကျွန်တော် ၏ တကယ် စင်စစ် အားကိုးရာ ၊ မှီခိုရာ ၊ လဲလျောင်းရာ မယားကောင်းကြီး ဖြစ်ကြောင်း ကို သဘောပေါက် လာမည် ။
စိတ်ဝေဒနာ သည် လည်း နှိပ်စက်တော့မည် မဟုတ်ပေ ။ ယခု လို အချိန် စောစီးစွာ နှင့် ကျွန်တော့် ကို ခွဲခွာ သွားဖို့ ရောဂါ ရလာမည် လည်း မဟုတ်ပါပေ ။
ကျွန်တော် သည် စာ တစ်ရွက် ကို အထပ်ထပ် ဖတ်ရင်း ငို၍ လည်း မရ ၊ စောစီး က ကျ လာသော မျက်ရည်ပေါက်များ လည်း ခမ်းခြောက် သွား၏ ။ ရင် ထဲ တွင် သာ ပို၍ ပူလောင် လာသည် ။ နေ၍ ထိုင်၍ မရသော အခါ မနှင်းအေး တို့ အိမ် ဘက် သို့ ထွက်လာ ခဲ့သည် ။
မနှင်းအေး ဆီ ရောက် လျှင် သူ့ ကို မတွေ့ရ ၊ ဒေါ်ရှင် တစ်ယောက် တည်း သာ ရှိပေသည် ။
“ မနှင်းအေး ခရီး ထွက် သွားတယ် ” ဆိုကာ ဒေါ်ရှင် စာ တစ်စောင် သာ ကျွန်တော့် ကို ပေးလာ၏ ။
မိုး ရေ ...
မမြစိန် ရှိ တုန်း က မိုး နဲ့ ကျွန်မ ဆက်ဆံ နေထိုင်ပုံ ဟာ သင့်တော်တယ် ၊ အပြစ်ကင်းတယ် လို့ ထင်တယ် ။
မမြစိန် မရှိတဲ့ နောက် မိုး နဲ့ မနှင်းအေး တို့ နှစ်ယောက် ထဲ တွေ့ကြ ၊ စကားပြောကြ ၊ ဆွေးနွေးကြတာ ဟာ အချိန် ကြာ လာ ရင် မကောင်းဘူး လို့ ကျွန်မ ထင် လို့ နယ် ပြောင်းဖို့ အမိန့် ကို လက်ခံ လိုက်တယ် ။
ဒေါ်ရှင် တော့ ပစ္စည်းတွေ နဲ့ အတူ နောက် မှ လိုက်လာလိမ့်မယ် ။
ချမ်းမြေ့ရွှင်လန်းပါစေ ။
မနှင်းအေး
စာ ဖတ်ပြီး တခဏ အတွင်း တော့ ကျွန်တော် လှုပ်ရှား၍ မရပါ ။ အများသဘော ကို ချောချောကျ အောင် စာ ရေး နိုင်သော စာရေးဆရာကြီး ၊ ယခု မူ ကျွန်တော့် အယူအဆ အား မိန်းမ နှစ်ယောက် စိတ် တွင် လိပ်ပတ်လည် အောင် မဖြေရှင်း ခဲ့ ၍ အထီးကျန် ရပေမည် ။
မနှင်းအေး တစ်ခါ က ပြောသော “ အထီးကျန် ခဲ့ရမှာ ကို ကျွန်မ သိပ် ကြောက်တာပဲ ။ ဒါပေမယ့် အဲဒီ ကြောက်ရတဲ့ အချိန်တွေ များ လာတော့ လည်း တဖြည်းဖြည်း ကြောက်ကြောက် နဲ့ နေတတ်လာခဲ့ရတယ် ... ” ဆို သည့် စကား ကို ကျွန်တော် ပြန် သတိရ ၏ ။
ဧည့်ခန်းဆိုဖာ ပေါ် တွင် ပစ် ထိုင်ရင်း အသက် မှန် အောင် ပြန် ရှူရ၏ ။ ကြောက်မက်ဖွယ် ကောင်းသော တစ်ယောက် တည်း နေရသည့် ဘဝ ကို ရင်ဆိုင်ရပေဦးတော့မည် ။
သို့သော် ... ဖျတ်ခနဲ ကျွန်တော် တစ်စုံ တစ်ခု ကို စဉ်းစားမိ၏ ။ မမြစိန် အသက် ရှင် စဉ် က ကျွန်တော် ဦးနှောက် ပန်း ၍ နွမ်းလျ လာ လျှင် မနှင်းအေး ဆီ မသွား ၊ အရက်ဆိုင် တစ်ခု ခု ကို ဦးလှည့် ၍ ကျွန်တော့် ဦးနှောက် ကို အရက် နှင့် ဖျန်းဆွတ် ပါ လျှင် မမြစိန် သည် မနှင်းအေး ထံ လာ သလောက် စိတ် ထိခိုက်ခြင်း ပြင်းထန်ချင် မှ ပြင်းထန် ပေလိမ့်မည် ။
ကျွန်တော့် အတွေး ဘယ်လောက် အထိ မှန်ပါမည်နည်း ။
ဖြေဆိုမည့် မိန်းမ နှစ်ဦး ကား ကျွန်တော့် အပါး တွင် မရှိတော့ပါပေ ။
◾ခင်နှင်းယု
📖 ကြာတော ၌ ရွာသော မိုး
#ကိုအောင်နိုင်ဦး
.