Wednesday, November 30, 2022

လူပျို့ အမေ


 ❝ လူပျို့ အမေ ❞


( ၁ )


ဒေါ်တင်မမကြီး အဖို့ ထု ရသည့် ရင်ဘတ် သည် သူမ ၏ ရင်ဘတ် ဖြစ် နေသောကြောင့် အသံ ထွက် ရုံ ခပ်သာသာလေး ထု လိုက်ရသည် ။ သို့ကြောင့်ပင် စိတ် ထဲ တွင် ရှိနေသည့် ကလိတိတိ များ သည် မကျေချမ်း နိုင်ဘဲ “ ဘယ့်နှယ်တော် ... ပြော စရာလား ။ တန်မှန်း မသိ ၊ မတန်မှန်း မသိ ” ဟု ဆက်ပြီး ရေရွတ်မိ၏ ။ ထိုသို့ စဉ်းစား ရင်း ပင် ငြိမ်းလုလု မာန မီးတောက် သည် “ ငါ့ သား ” ဆိုသည့် ဘဝင် လေဟပ် ကာ ချက်ချင်းပင် အသစ် တစ်ဖန် ပြန်လည် ကြီးထွား ပြန် လေရာ ပါးစပ် ကို  စေ့စေ့ ပိတ် မထားနိုင်တော့ဘဲ “ အံ့ကြီး ကို သြပါရဲ့တော် ” ဟု အာလုပ်သံကြီး နှင့် ဟစ် မိ၏ ။


“ သူ့ သမီး အသားမည်းမ ကိုများ ငါ့ သား အကောင်းစား နဲ့ ပေးစား ချင်ရသေးသတဲ့ ” ဟု မကျေလည်စွာ ပွစိပွစိ ရွတ်ရင်း သက်ပြင်းမော ကို ရှူးခနဲ မြည်အောင် မှုတ် လိုက်သည် ။


“ သမီး က ရူပဗေဒ နဲ့ ကျောင်း ပြီး တာလေ ၊ သူ က ဘွဲ့ ရတော့ ကျောင်းဆရာမ လုပ် ချင်တာ ။ အဲဒါကို ကိုယ် တွေ က “ တော်ပါ သမီးရယ် ၊ ကိုယ် က ပညာ တတ်ပြီပဲ ။ လစာလေး တစ်ပဲ ခြောက်ပြား နဲ့ အစိုးရ လခစား လည်း လုပ် ချင် မနေပါနဲ့ ။ ကိုယ့် အဖေ ရဲ့ ကုမ္ပဏီ မှာ ပဲ အလုပ်သင် အဖြစ် ဝင် လုပ်ပါ ” တားရတယ် ။ အခုတော့ သူ က အဖေ အားကိုး ရ တဲ့ မန်နေဂျာကြီး ဖြစ် နေပြီလေ ။ ဒါတောင်မှ ဒီ ကြား ထဲ စီမံခန့်ခွဲမှု သင်တန်း ဆို လား နိုင်ငံခြား က နေ ဘွဲ့ တစ်ခု ထပ် ယူ လိုက်သေးတယ် ”


သမီး အကြောင်း ရွှန်းရွှန်းဝေ အောင် ကြော်ငြာ ထိုးသွား သည့် ဒေါ်စိန်ရွှေမြ ၏ စကား သံ ကို ပြန် ကြား မိလျှင် ဒေါ်တင်မမကြီး သည် “ ဟင့် ” ခနဲ မဲ့ ၏ ။ ပြီးလျှင် “ လစာလေး တစ်ပဲ ခြောက်ပြား အစိုးရ လခစား လည်း လုပ်ချင် မနေပါနဲ့ တဲ့ ။ အဲဒီတုန်း ကများ သူ့ သမီး အဲဒီ ကျောင်းဆရာမ အလုပ် ရ ချင်လို့ ဖျပ်ဖျပ်လူး နေတာ မှတ်မိသေးတယ် ။ သူ့ သမီး က ရော နာမည် က သာ စိန်နီလာ ၊ လူ က ညံ့ လိုက်တာ မှ ချာတူး ကို လန် လို့ ။ ဖြေ တဲ့ စာမေးပွဲ တိုင်း ကျ ၊ နောက်ဆုံး စေလိုရာစေ လျှောက် တာ တောင် ဘယ်မှာ အောင် လို့လဲ ။ ဒါနဲ့ပဲ စာမေးပွဲ ဖြေစရာ မလိုတဲ့ သူ့ အဖေ ရဲ့ အလုပ် ထဲ ကို ပဲ ဝင် လိုက် ရတာကို များ အချင်းချင်း ကြွား ချင်သေးတယ် ဒင်း ( သင်း ) က ။ ပြီးတော့ ပြော သေးရဲ့ ကုမ္ပဏီ တဲ့ ။ အဖေ က ဥက္ကဋ္ဌ ၊ သမီး က မန်နေဂျာ ၊ အမေ က စာရင်းကိုင် ၊ သား က ပြာတာ ။ လက်ချိုး ရေ လို့ မှ လူ က လက် တစ်ဖက် မပြည့်တဲ့ ဟာ များ ကုမ္ပဏီ တဲ့ ။ ဘာတဲ့ ဆိုင်းဘုတ် က စိန် ရေချိုရေငန် ထွက် ပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် တဲ့ ။ ငါးပိ ၊ ငါးခြောက်သည် က ငါးပိ ၊ ငါးခြောက် ပေါ့ အေ  ။ အလကား ကြွားလုံးတွေ ” ဟု စိတ် ထဲ မှ ချိုးချိုးဖဲ့ဖဲ့ ဆက် တွေးသည် ။ ထိုသို့ တွေး ရင်း မျက်စိ ရှေ့ မှ ဒေါ်စိန်ရွှေမြ ပေး သွားသည့် ငါးပိ နှင့် ငါးခြောက် လက်ဆောင်ထုပ် ကို မျက်စိ ရောက် လျှင် မူ “ ဟင်း ” ခနဲ သက်ပြင်းရှည်ကြီး တစ်ခု ချ၏ ။ ပြီးလျှင် “ အမယ်လေး သား ကို တော့ ငါးပိလေး ငါးဆယ်သား လောက် နဲ့ တော့ မလဲနိုင်ပါဘူး ” ဟု မဲ့မဲ့ရွဲ့ရွဲ့ သာသာ ထိုးထိုး ဆက် တွေး၏ ။ ယင်း မှ သား ဖြစ်သူ အကြောင်း ကို အမျှင်တတန်းတန်း ဆက် တွေးပြန်သည် ။


ဒေါ်တင်မမကြီး ၏ သား သည် အရပ် မနိမ့်မမြင့် ပိန်ပိန်ပါးပါး ဖြစ်သည် ။ အသား ညိုစိမ့်စိမ့် တွင် အရိုးအဆစ် ပြေပြစ် လေ ရာ ကြည့်ပျော်သူ ဖြစ်၏ ။ အပြစ် ပြောစရာ ဆို၍ နှာခေါင်းလေး နည်းနည်း ကြီး သည့် အချက် တစ်ချက် သာ ရှိ၏ ။ သို့သော် ဒေါ်တင်မမကြီး ၏ စိတ် ထဲ တွင် ကား ထို နှာခေါင်း ကို အပြစ် ဆိုစရာ ဟု မထင် ။ အမေ ပီပီ ယင်းကြောင့် ပင် သူ့ သား သည် ပို၍ ခံ့ထည် နေသည် ဟု စိတ် တွင် တွေး၏ ။ ထို့ပြင် သူမ ၏ သား သည် မဂ္ဂဇင်းစာမျက်နှာ များ တွင် ဓာတ်ပုံ မော်ဒယ်လ် အဖြစ် သုံး - လေးကြိမ် မျှ ပါ ဖူးသည့် အဖြစ် က လည်း ဒေါ်တင်မမကြီး အား ပို၍ သွေး နားထင် ရောက် စေ၏ ။ ပြီးလျှင် သူမ ၏ သား သည် လူအများ ၏ အလယ် တွင် အဖိုးတန် မျက်နှာ ပွင့် လှသည့် ဆရာဝန် တစ်ယောက် လည်း ဖြစ်သေးသည်ပဲ ။ “ သား က ဆရာဝန် မော်ဒယ်လ် လေ ... အဟင်း ဟင်း ” ဟု တစ်ယောက် ယောက် ကို များ ပြော လိုက် ရ လျှင် ပါးစပ် ထဲ ဘယ်လောက် စေးစေးပိုင်ပိုင် ရှိ လိုက်သလဲ ။ ဒီ ခေတ်ကြီး မှာ ဒီ ထက် မျက်နှာ ပွင့် တာ ဘာ ရှိနိုင်သေးတုံး ။ စဉ်းစား ရင်း ပင် “ ခေတ်ကြီး ကို က ” ဟူသော အတွေး သည် ဒေါ်တင်မမကြီး ၏ စိတ် ထဲ ဆက် ဝင်လာပြန်သည် ။


“ အင်း ခက်တယ် ... ခက်တယ် ၊ ခေတ်ကြီး ကို က ခက်တယ် ။ ဘာတဲ့ လူပျို့ အမေ ဆန် တစ်အိတ် နဲ့ တောင်ထိပ် မှာ ပုန်း ဆိုတာ တကယ်ပါပဲ ။ အင်း ... ဒီခေတ် မှ ဒီခေတ် ”


နောက်ဆုံး ဒေါ်တင်မမကြီး သည် သူမ ၏ အညာကောက်ညှင်းထုပ် နှင့် တူလှသည့် ကိုယ်ခန္ဓာကြီး ကို ဆက်တီခုံ ပေါ် ခြေပစ် လက်ပစ် တင်လိုက်ရင်း “ ဒီ ခေတ်ကြီး မှာ သားလူပျို အကောင်းစား နဲ့ အမေ လုပ်ရတာလည်း မလွယ်ဘူး တော် ရေ ” ဟု တစ်ယောက် ယောက် ကို ပဲ ညည်း သလိုလို ၊ ကိုယ့် ကိုယ် ကို ပဲ ညည်း သလိုလို ခပ်ကြွားကြွားလေး ဆို လိုက်ရမှ ရင် ထဲ တွင် ချောင်၏ ။


၂ ။


သား ပြန်လာမည် ဆိုသည့် သတင်း ကြောင့် ဒေါ်တင်မမကြီး သည် မနက်ခင်း တစ်ခု လုံး ပြာတောက် နေသည် ။ ခြံ ထောင့် ကို ရောက်၏ ။ “ ဒီ အမှိုက်တွေ ရှင်းပါဟဲ့ ” အော်၏ ။ သစ်ပင် အောက် ကို ရောက်၏ ။ “ ဟို အကိုင်း ကို ခုတ်ပစ် လိုက်စမ်း ” ဟု ဟစ် ၏ ။ အိမ် ၏ ဧည့်ခန်း ထဲ တွင် ရပ်မိ၏ ။ “ ပန်းအိုး ထိုးထားတာ ကို က ပုံ မကျဘူး ” ဟု ဆူ ၏ ။ သား အိပ်မည့် အခန်း ထဲ ဝင် ကြည့် ချိန် တွင် ကား ဒေါ်တင်မမကြီး ၏ မြည်တွန်တောက်တီးသံ များ သည် မရပ်တော့ ။ တစ်အိမ် လုံး လှည့်ပတ် ကြည့်ပြီးလျှင် ကား ဒေါ်တင်မမကြီး သည် “ သူမ ၏ သား ခဏမျှ အလည် ပြန် လာမည့် အကြောင်း ကို မြို့ ပတ် ကာ မောင်း ထု၏ ။ “ သား က အိမ် ပြန် မလာတာ တစ်နှစ် လောက် တော့ ရှိပြီ ။ အမယ်လေး - မအားဘူး ၊ သူတို့ ဆရာဝန် ဆိုတာတွေ က ရုံး ပိတ်ရက် မရှိ ၊ သင်္ကြန် မရှိ ၊ အခါ မရှိ ။ ဥပုသ်သီတင်း မရှိ ရယ် ။ သူ ဝါသနာ ပါ တဲ့ မော်ဒယ်လ် အလုပ် တောင် ဆက် မလုပ် နိုင်တော့ တာ သာ ကြည့်တော့ ” ဟူသော စကား ကို ကျယ်လောင် ကျယ်လောင် ဆို ရင်း တဟင်းဟင်း မျှင်း ရယ် ၏ ။ ထို့နောက် တွင် သား ၏ တော်ပုံ ၊ ထက်မြက်ပုံ ၊ သွက်လက်ချက်ချာပုံ တို့ ကို စကား ဆက်သည် ။ သား အကြောင်း အကောင်း ဋီကာ ဖွဲ့ ပြီးနောက် အကြွား သန်လေခြင်း မဖြစ် စေရန် အဆုံးသတ် တွင် မှ ဟို ငယ်ငယ် ကလေး ဘဝ က ဆိုးပုံ ၊ တေပုံ ၊ ပေပုံ များဖြင့် သူမ ၏ စကား ကို အဆုံးသတ်သည် ။


“ ကောင်မလေး ကို က ပါးစပ် ရဲလွန်းတယ် ။ ပုံစံ က လည်း ပျံတံတံ နန့်တန့်တန့် မပြောလိုက်ချင်ဘူး ”


မြို့ပတ်ပြီး နှစ်နာရီ ခန့် ကြာ လျှင် ဒေါ်တင်မမကြီး သည် ပွစိပွစိ ဖြင့် အိမ် ပြန် ရောက် လာသည် ။ အကြောင်း ကား လမ်း ၌ တွေ့သော ကောင်မလေး တစ်ယောက် မှ


“ ယောက္ခမကြီး  ...  ကိုကို အိမ် ပြန်လာမယ် ဆို ” ဟု အော် ဟစ်ပြီး နှုတ်ဆက် ဂါရ၀ ပြု လိုက် သော ကြောင့် ဖြစ်၏ ။


“ ဘယ့်နှယ် တော် .. သူ မရှက် ပေ မဲ့ ငါ က ရှက်တယ် ။ မိန်းမ တဲ့  ... ဘယ်မှာလဲ ဣန္ဒြေ ၊ ဘယ်မှာလဲ သိက္ခာ ။ ခေတ်ကြီး က ကပြောင်းတိ ကပြောင်းပြန် ။ ကျုပ်တို့ ငယ်ငယ်တုန်း က များ မိန်းမ ကြိုက် တော့ မျှော်လိုက်တာ ၊ ယောက်ျား ကြိုက် တော့ စိုက်စိုက်လာ တဲ့  ။ အခု တော့ မဟုတ်ပေါင် ” ဟု အိမ် ရောက် ရောက်ချင်း အော်ကြီးဟစ်ကျယ် လုပ်၏ ။ သား ၏ အဖေ ၊ လင် ဖြစ်သူ မှ “ ဟ .. ဘာဖြစ်သေးတုံး ၊ ကိုယ် က သားရှင် ပဲ ။ ဟုတ်တယ် သမီးရေ လို့ ပြန် ပြောလိုက်ပေါ့ … မနာပါဘူး ” ဟု ပြောခါမှ ဒေါ်တင်မမကြီး သည် ပို ဆိုး ကာ “ အမယ်လေးတော် ” ဟု ထ , ဟစ်ပြန်သည် ။


“ နာတယ် တော်ရေ့ ၊ ကိုယ့် ဘက် က သားရှင် ဆိုပေမဲ့ လည်း နာတာတွေ ရှိတယ် ။ မိန်းကလေး အပျို ဖြစ်တိုင်း သဘော တူစရာ မဟုတ်ဘူး ။ ရုပ်ရည်ရူပကာ ၊ ပညာ ၊ ဥစ္စာ ၊ ပြီးတော့ မိဘ မျိုးရိုး ၊ စာရိတ္တ အကုန် ကြည့် ရမယ် တော် ရေ့ ။ ကိုယ့် သား က အကောင်းစား ၊ ဆရာဝန် တော့ ။ ဘယ့်နှယ် တွေ့သမျှ မိန်းကလေး ချွေးမ ခေါ် ရ အောင် ကိုယ့် သား က အလေနတော မဟုတ်ဘူး ” စကား ကို အဆက်မပြတ် ဆို၏ ။ ခဏမျှ ကြာ လျှင် အခဲ မကျေသေး ဟန် ဖြင့် “ အခုမှ သား က နှစ်ဆယ့်ခွန် ပဲ ရှိသေးတယ် ။ ဘယ့်နှယ် ငယ်ငယ်လေး ရှိသေးတာ ။ အားလုံး ပြည့်စုံနေတဲ့ မိန်းကလေး ဆိုရင်တောင် မပေးစား နိုင်သေးဘူး ။ အို ကုန်ကုန် ပြောမယ် ရှင် ၊ အခုနေ က တော့ သိကြားမင်း ရဲ့ သမီး ဆိုရင်တောင် မပေးစားနိုင်သေးဘူး ” ဟု စကားဆက်၏ ။ ပြောရင်း ဒေါ်တင်မမကြီး သည် ငါ့ စကားများ လွန်ကုန်ပြီလား ဟု တွေး မိပြီး လင် အား မသိမသာ ချောင်း ကြည့်၏ ။ လင် ဖြစ်သူ ၏ မျက်နှာ ပြုံးရိပ်ရိပ် ရှိ နေသည်ကို မြင်လျှင် စိတ် ထဲ မလုံဘဲ “ ဘာတုံး တော် က ” ဟု ရန် လုပ် လိုက်သေးသည် ။


၃ ။


ရထား ပေါ် မှ ဆင်းလာသော သား ကို မြင်မြင်ချင်း ဒေါ်တင်မမကြီး သည် “ အမယ်လေး ... သား က ပိုပြီးတော့ တောင် ချော လာ သေးတယ် ” ဟု ဆီးကြိုသည် ။ “ အမေ ဖြင့် ပင်ပန်းတာ နဲ့ ပိန်သွား မည်းသွား ပြီလား လို့ စိုးရိမ်နေတာ ” ဟု လည်း ခပ်ပိုပို ဆို၏ ။ ထို့နောက် သား ၏ ဘေး တွင် ပြုံးတုံ့တုံ့ ရပ်နေသည့် လူငယ် အား သတိ ထား မိပြီး “ အိုး .. သား ရဲ့ သူငယ်ချင်း လား ၊ သား က လည်း အချောလေး ပဲ ” ဟု လက် ကို ဆွဲယမ်းကာ ဟန်မူ ပိုပို နှုတ်ဆက် ပြန်၏ ။ ထို့နောက် အိမ် တွင် သား ကြိုက် သော ငါးဆုပ်ဟင်းများ ချက်ထားကြောင်း ၊ နောက် တစ်နေ့ တွင် ဝက်သား နှင့် မျှစ်ချဉ် ရောပြီး ချက် ရန် စီမံထားကြောင်း ၊ သား မွေး ထားသည့် ခွေး သည် မကြာသေး ခင် က ပင် နေမကောင်း ဖြစ်ကြောင်း ၊ တိရစ္ဆာန်ဆရာဝန် ထံ နှစ်ခေါက် သွား ပြရပြီး ပိုက်ဆံ တစ်သောင်းခွဲ ကုန် သွားကြောင်း ၊ ပြီးလျှင် သား ရှိစဉ် က စိုက် ထားသော နှင်းဆီခင်း သည် ယခု ပွင့် နေပြီ ဖြစ်ကြောင်း နှင့် လွန်ခဲ့သော တစ်ပတ် က ထို နှင်းဆီပန်းများ ကို ဖောက်သည် ပေးရာ ငွေငါးထောင် ကျော် ရကြောင်း ထွေလီကာလီ ဇာတ်စုံ ခင်း၏ ။ ပြောရင်း ဒေါ်တင်မမကြီး ၏ စကားများ သည် သူမ အား ယောက္ခမကြီး ဟု ခေါ်လိုက်သော မိန်းကလေး အကြောင်း ကို ရောက် သွား၏ ။


“ ခေတ် ကြီး ကို က ကြောက်စရာ ချည်း ။ အမေ့ ကို များ သူ က ယောက္ခမကြီး တဲ့ ၊ သူ မို့ လို့ မရှက်မကြောက် ။ ဟိုတုန်းက ပြော ကြတဲ့ လူပျို့ အမေ ဆန် တစ်အိတ် နဲ့ တောင်ထိပ်မှာ ပုန်း ဆိုတာ ဒီ ခေတ်ကြီး မှ ဒီခေတ်ကြီး ။ အမယ်လေး အခု ကြုံတုန်း သား နှစ်ယောက် စလုံး ကို မှာ လိုက်ချင်ရဲ့ ။ ရည်းစား လည်း မရှာကြနဲ့ ဦး ၊ ချစ်သူ လည်း မထားကြနဲ့ ဦး ။ နောက် ကိုယ် က အထူးကုဆရာဝန်ကြီး ဖြစ် ပြီ ဆိုမှ အဲဒီ ကိစ္စတွေကို စဉ်းစား ”


စုံစီနဖာ စကားများ ကို ပြော ရင်း ဒေါ်တင်မမကြီး သည် နောက်နား ကျကျ မှ လိုက် လာသော သား နှစ်ယောက် အား “ ပြောသာ ပြောနေရဟာ အခုတောင် ရည်းစား ရှိ နေကြပြီလား မသိဘူး ” ဟု စကား နှိုက် သေးသည် ။ သား နှစ်ယောက် က တစ်ဦး ကို တစ်ဦး ပြုံး ကြည့်ပြီး “ မရှိသေးပါဘူး ” ဟု အာမဘန္တေ ခံသည့် တိုင် မိန်းမ မကောင်းကြောင်း ကို မန်လည်ဆရာတော် ရှုံး လောက် အောင်ပင် ဋီကာ ဖွဲ့ လိုက်သေး၏ ။


သူမ ၏ သား ပြန် ရောက် သည့် နေ့မှ စ၍ ဒေါ်တင်မမကြီး သည် အိမ် လည် ပြီး အတင်း မတုတ် နိုင် ရှာ ။ အကြောင်းကား သူမ ၏ သား အကောင်းစား အား ကင်းစောင့် တာဝန် ကျ နေသောကြောင့် ဖြစ်၏ ။ အခါတိုင်း တွင် အမြဲလိုလို ပြုံးချိုရယ်မော နေသော ဒေါ်တင်မမကြီး ၏ မျက်နှာ သည် သား ၏ မိန်းကလေး သူငယ်ချင်း တစ်ယောက် ယောက် လာ လျှင် မူ အလိုလိုပင် တင်း ကာ သွား သည် ။ ထို့နောက် အသံမာမာ ဖြင့် “ သားရေ ဧည့်သည် ” ဟု ခေါ် ပေး၏ ။ ပြီးလျှင် ထို မိန်းကလေး မပြန် မချင်း ဟိုဟာ လုပ် သလိုလို ဒီဟာ လုပ် သလိုလို အနား တွင် ရစ်သီ ရစ်သီ လုပ်၏ ။ ထို မိန်းကလေး သူငယ်ချင်း အိမ် ပြန် သွား ချိန် တွင် ကား “ အဲဒီ ကောင်မလေး က ” အစ ချီ ကာ ဘယ်တုန်း က ရည်းစား ထားဖူး ၊ ကြက်ဥ ပင် မပြုတ်တတ် ၊ ငရုတ်သီး ပင် မထောင်းတတ် စသည် ဖြင့် ထို မိန်းကလေး ၏ မကောင်းကွက် အဖုံဖုံ ကို ဇာတ်စုံ ခင်း၏ ။ နောက်ဆုံး ယောက်ျား ဖြစ်သူ မှ “ တော်ပါတော့ မိန်းမ ရယ် ၊ မင်း မ လည်း အပျို အတင်း ပေါင်းချုပ် ဖြစ်နေပြီ ” ဟု တား ရသည် ။ ထိုအခါ တွင်လည်း ဒေါ်တင်မမကြီး သည် ဆိတ်ဆိတ်ငြိမ် မခံ ။ “ အို .. ကိုယ် က သားရှင် ဆိုတော့ ဘယ် မိန်းကလေး က ဘယ်လို ဆိုတာ လေ့လာ ထားရတယ် တော် ရေ ၊ စပ်စုချင် လွန်း လို့ မဟုတ်ဘူး ။ သိတယ် မဟုတ်လား ။ တချို့က မျက်နှာ မှာ ပေါင်ဒါ အဖွေးသား နဲ့ ပေါင် မှာ သေးစီးကြောင်း နဲ့ ဆိုတာ ” ဟု ကက်ကက်လန် အကြောင်း ပြန်သည် ။


တစ်ရက်သား တွင် မူ ဒေါ်တင်မမကြီး သည် အိမ် တွင် အမြိုင့်သား ထိုင် နေ ရင်းပင် ဒေါသူပုန် ထ ရ သေး၏ ။ အကြောင်းကား မြို့ ၏ အပျိုဂေဇက် သတင်းစာ တွင် သူမ အား အာသာဝတီနွယ်နီ နတ်ပန်း အား စောင့်ကြပ် သည့် ဘီလူးမကြီး အဖြစ် ရယ်ပွဲ ဖွဲ့ နေကြကြောင်း တစ်ဆင့် စကား ကြား လိုက်ရသောကြောင့် ဖြစ်၏ ။ ထို့နောက် တွင် ဒေါ်တင်မမကြီး သည် ပို၍ မျက်နှာကြော တင်း လာ၏ ။ ရံဖန်ရံခါ မိန်းကလေး အသံ နှင့် ဖုန်း ဝင်လာ လျှင် ဘာဘာညာညာ မေး မနေဘဲ “ မရှိဘူးဟေ့ ” ဟု ဆောင့်ကြီးအောင့်ကြီး ဖြေပြီး “ ဂေါက် ” ခနဲ နေအောင် ပင် ဖုန်း ကို ချ ၏ ။ ပြီး လျှင် “ ကောင်မလေးတွေ က ကဲကို ကဲလွန်းတယ် ” ဟု ဆက် ရေ ရွတ်၏ ။


၄ ။


မနက်ခင်း တစ်ခု တွင် ဒေါ်တင်မမကြီး သည် သား က အိမ်သားများ ကို မပြန်ခင် ငါးပေါင်း လုပ် ကျွေးမည် ဟု ဆိုသဖြင့် လိုအပ်သည့် အဆာပလာများ ဝယ် ပြီး ပြန်လာ၏ ။ လမ်း ၌ ထုံးစံ အတိုင်း “ သား ပြန် လာသဖြင့် အိမ် ပင် မလည် နိုင်ကြောင်း ၊ ယခု ခေတ် ကောင်မလေးများ က လည်း ကဲလွန်းကြောင်း ” အော်ကြီးဟစ်ကျယ် ပြော၏ ။ ဤတွင် ဒေါ်တင်မမကြီး အား အတော် မြင်ပြင်းကတ် နေ ဟန် တူ သည့် မိန်းကလေး တစ်ဦး သည် “ အန်တီရေ ဒေါင်းများ က , တာ မြင်ဖူးတယ် မဟုတ်လား ၊ အရှေ့ဘက် က ကြည့် ရင် သိပ်လှတာ ။ အဲ အနောက် က ကြည့် ရင် တော့ တော်တော် ကို ကျက်သရေ မရှိတာ ” ဟု ပြော လက်စ , စကား နှင့် မဆီမဆိုင် ပြော၏ ။ ဘာ ဆိုလိုသည် ကို ရုတ်တရက် စဉ်းစား မရသဖြင့် ဒေါ်တင်မမကြီး သည် ဘာမျှ ပြန် မပြောလိုက်နိုင် ။ အိမ် အပြန် လမ်း တစ်လျှောက် တွင် ထို စကား ကို တအုံနွေးနွေး တွေး ကာ “ ဒီ ကောင်မလေး ဘာ ပြောချင်တာလဲ ” ဟု ကြိတ်မနိုင် ခဲမရ ဖြစ်ရ၏ ။ တစိမ့်စိမ့် တွေးရင်း အိမ် နား သို့ ရောက် မှ “ ဘုရားရေ ၊ ငါ့ သား မှာ ရည်းစား ရှိနေပြီလို့ ဆို ချင်တာလား ” ဟု စဉ်းစား မိသည် ။ “ ဖြစ်နိုင်တယ် ၊ ဖြစ်နိုင်တယ် ၊ အန်တီ က သာ တို နေ တာ အန်တီ့ သား မှာ ရည်းစား နဲ့ လို့ ပြောချင်ပုံပဲ ” ဟု ဆက် တွေး မိ လျှင် ဒေါ်တင်မမကြီး ၏ ရင် သည် တဒိန်းဒိန်း ခုန် လာလေ၏ ။


အိမ် သို့ ရောက် ချိန် တွင် သား နှင့် သား ၏ သူငယ်ချင်း သည် နှင်းဆီပန်းခင်း အလယ် တွင် ရေပုံး ကိုယ်စီ ကိုင် လျက် ခေါင်းချင်း ဆိုင် ရယ် နေကြသည် ကို ခပ်လှမ်းလှမ်း မှ မြင် လိုက်၏ ။ ပြီးလျှင် သူမ အနား ရောက် သွား ချိန် တွင် ပြုံးစိစိ မျက်နှာများ ဖြင့် ဘာ အကြောင်းမျှ ပြော မနေကြ သလို လူချင်း ခွာ သွားကြသည် ကို လည်း သတိ ထားမိ၏ ။ ဒေါ်တင်မမကြီး ၏ စိတ် ထဲ မှ “ သေချာပါပြီ ၊ ဒါ သူတို့ ရည်းစားတွေ အကြောင်း ပြောနေတာပဲ နေမှာ ။ သား မှာ ရည်းစား ရှိနေပါပြီ ” ဟု ပို ထင်လာ၏ ။ ထို့ကြောင့် “ ကဲ သားတို့ မီးဖို ထဲ မှာ ကြိုက်သလို ချက်ကြ ၊ အမေ တော့ မောတာ နဲ့ အိမ် ရှေ့ မှာ နား လိုက်ဦးမယ် ” ဟု ပ , ထုတ် ကာ အားလုံး အလစ် တွင် သားများ နေ သည့် အခန်း အတွင်း ဝင် ကာ မွှေ လေ၏ ။ ဤသို့ဖြင့် ဆယ်မိနစ် ကျော် ကြာ လျှင် ဒေါ်တင်မမကြီး ၏ လက် ထဲ တွင် မသင်္ကာစရာ စာအုပ် နှစ်အုပ် ကို ဆုပ် မိလေ၏ ။ စာအုပ် နှစ်အုပ် သည် ပုံစံ တူ ၊ အရောင် တူ ဖြစ်ပြီး မတူသည် ကား အထဲ မှ လက်ရေး ဖြစ်သည် ။ ဒေါ်တင်မမကြီး တစ်အုပ် ကို ဖျတ်ခနဲ လှန် ကြည့်မိလေ၏ ။ “ ကောင်းကင် မှာ ကောက်ပ နေတဲ့ ကြယ်တွေ အများကြီး ထဲ မှ မင်း က အတောက်ပဆုံး ကြယ်တစ်ပွင့် ပါ ” ဟူသော စာ ကို ဖတ် လိုက်ရ၏ ။ “ ဒါ သား လက်ရေး မဟုတ်ဘူး ။ ဟိုကောင်လေး စာအုပ် နေ မှာ ” ဟု တွေးပြီး ထို စာအုပ် ကို ချက်ချင်း ပိတ် ကာ နောက် တစ်အုပ် ကို လှန် ကြည့်ပြန်၏ ။


“ အချိန်တွေ ကြာလာတာ နဲ့ အမျှ ဘဝ တစ်ခုလုံး လက်တွဲ ရမယ့် လူ ဆိုတာ သေချာ လာ တယ် ။ တကယ် ဘာကြောင့်ပဲ ဖြစ်ဖြစ် ဘယ်တော့ မှ မခွဲကြေး နော် ၊ ချစ်တယ် ကွာ  ...  အရမ်း ချစ်တယ် ”


ဘု ရားရေ ... သား လက်ရေး မှ သား လက်ရေး ။ ဒေါ်တင်မမကြီး သည် ဒိန်းခနဲ ငယ်ထိပ် တက် ဆောင့်သလို ဖြစ် ကာ စာရွက်များ ကို ဖျိုးဖျိုးဖျပ်ဖျပ် လှန် ကြည့်၏ ။ ချစ်သည့် အကြောင်း ၊ ကြင်နာသည့် အကြောင်း များ သာ တွေ့ ရပြီး ကောင်မလေး နာမည် ကား ရှာ မတွေ့ ။ “ ရည်းစား ရှိတာတော့ သေချာပါပြီ ။ ဘယ် က ကောင်မလေး များ လဲ မသိဘူး ” ဟူသော အတွေး ဖြင့် ဒေါ်တင်မမကြီး သည် ထူ သလိုလို ၊ ထုံ သလိုလို ဖြစ် လာ ကာ အိမ်ရှေ့ခန်း ဘက် ပြန် ထွက်ခဲ့၏ ။ ထိုစဉ် ခဏ အချိန် က နှင်းဆီခင်း ထဲ တွင် သား နှစ်ယောက် ခေါင်းချင်း ဆိုင် နေကြသည် ကို ပြန် မြင်ယောင် ပြီး “ သူတို့ ပဲ ရှိ ရင်တော့ သူတို့ ရည်းစား တွေ အကြောင်း ပြော ကြမှာပဲ ” ဟု တွေး မိလျက် မီးဖိုခန်း ဘက် သို့ ခြေ ဖွ နင်းကာ ထွက်ခဲ့သည် ။ ပြီးလျှင် မဟ တဟ ရှိ နေသည့် တံခါး သို့ ကပ် ကာ အသာ ချောင်း လေ၏ ။


ဘုရားရေ ... ။ ဒေါ်တင်မမကြီး ၏ ရင် သည် ကုလားဘုရားပွဲ လှည့် သလို တဒုန်းဒုန်း ခုန် လာသည် ။ သူမ စိတ် တွင် လောကကြီး သည် ဇောက်ထိုး မိုးမျှော် ဖြစ် ကုန်ပြီ ထင်ပါရဲ့ဟု လည်း တွေး မိ၏ ။ ယင်း နောက် တွင် ကား ကိုယ့် ကိုယ် ကို ထိန်း ၍ ထွက် လာသည့် တိုင် ဒေါ်တင်မမကြီး ၏ ခြေ နှင့် လက်များ သည် တဆတ်ဆတ် တုန်ခါ နေကြသည် ။ ထိုသို့ တုန်တုန် လှုပ်လှုပ် လျှောက် လာရင်း ပင် နား ထဲ ၌ “ အင် ... အရှေ့ မှာ အမေ တို့ ရှိ နေတယ် နော် ” ဟူ သော သား ၏ ချွဲတဲတဲ စကား သံ ကို ပြန် ကြား သည် ။ ပြီးလျှင် သား ၏ သူငယ်ချင်း သည် သား အား ရွှတ်ခနဲ နမ်း လိုက် သည် ကို လည်း မြင် ပြန်၏ ။ ထိုအခါ ဒေါ်တင်မမကြီး ချက်ချင်း ပင် ခေါင်း ကို ဆတ်ခနဲ ဆတ်ခနဲ နေ အောင် ခါ ယမ်း မိ၏ ။


“ အမယ်လေး … လေး ။ ဘယ်လောက် ငါ့ ကို လူ တွေများ ရယ် ကြမလဲ မသိဘူး ။ ငါ က တော့ သား ကို တို လွန်း လို့ ကာ လိုက်ရတာ ၊ အခုတော့ သား က ။ ဘုရား ... ၊ ဘုရား ... တစ်ခု ခု တော့ လုပ် မှ ဖြစ်မယ် ၊ တစ်ခု ခု တော့ လုပ် မှ ဖြစ်မယ် ”


ထို့နောက် ဘုရား အလီ လီ တ , ကာ ယောင်တိယောင်ချာ ဖြင့် သတိ လက် လွှတ် တတွတ်တွတ် ရွတ်ရင်း လျှောက် လာသော ဒေါ်တင်မမကြီး သည် တယ်လီဖုန်း စင် နား ရောက် လျှင် ရုတ်တရက် တုံ့ခနဲ ရပ် ပြီး ဖုန်းခွက် ကို ဆတ်ခနဲ ကောက် ကိုင် လိုက်သည် ။


“ ဟယ်လို ...  မြ လား ။ အဟင်း ...  ဟင်း ၊ တင်မ ပါ ။ ဒီလိုလေ သား က အခု အိမ် ပြန် ရောက် နေတော့ တင်မ တို့ က ပဲ မြ တို့ ကို ထမင်းစား ဖိတ် ရမလား ၊ ဒါမှမဟုတ် မြ တို့ က ပဲ တင်မ တို့ ကို ထမင်းစား ဖိတ် မလား တစ်ခုခု စီစဉ် ကြ ရ အောင်လို့ လေ ... အဟင်း ဟင်း ၊ သိတယ် မဟုတ်လား ။ သမီး နီလာလေး နဲ့ သား ကို .. ”


ဒေါ်တင်မမကြီး ၏ အသံ သည် ချိုမြဝေလွင် နေ သော်ငြား မျက်နှာ ကား မပြုံး ။


◾ရေအေး


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     ၂၀၁၅ စက်တင်ဘာ 


#ကိုအောင်နိုင်ဦး


.

Tuesday, November 29, 2022

မောင်ချောနွယ်


 

❝ မောင်ချောနွယ် ❞

( လူကြိုက်နည်းတဲ့ ကဗျာဆရာ )

မနှစ် က ၂ဝဝ၆ ခုနှစ် ဆောင်း ရက် တွေ ထဲ မှာ သရေခေတ္တရာ ခေါ်  ပြည်မြို့ သို့ ကျွန်တော် ခပ်စိပ်စိပ်ကလေး ရောက် သွားဖြစ်သည် ။ အလုပ်ကိစ္စ ဖြင့် မြန်အောင် သို့ ရောက် သွားခဲ့ ရာ အပြန် ၌ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သို့ ကူးပြီး ပြည် မှာ ခရီး တစ်ထောက် နား ဖြစ်သည် ။ နောက် တစ်ခါ စာပေဟောပြောပွဲ ကိစ္စ ဖြင့် မြန်အောင် သို့ ရောက် သွားပြန်ပါသည် ။ ကျွန်တော် ပြည် မှာ တစ်ည ဝင် နား ဖြစ်ခဲ့ပြန်ပါ၏ ။

နောက်တော့ ရွှေတောင်မြို့ စာပေဟောပြောပွဲ ခရီး ၊ ပုဂံညောင်ဦး ၊ ပုပ္ပား ၊ အင်းလေး ၊ တောင်ကြီး ခရီး ။ အားလုံးသော ခရီးစဉ်တိုင်း မှာ ကျွန်တော် ပြည် မှာ ခရီး တစ်ထောက် နား ပါသည် ။

မြစ်ကြီးဧရာဝတီ ၏ အနောက်ဘက်ကမ်း သို့ နဝဒေးတံတားပေါ် က နေ ကျော်ဖြတ် ကူးသန်း သွား ပြီးနောက် မြစ် အရှေ့ဘက် ကမ်းပါး ပေါ် က ပြည်မြို့ သို့ ကြည့် ရသည်မှာ ပြည်မြို့သား ကဗျာဆရာ မောင်ချောနွယ် ကို သတိရစရာ ကောင်း လှပါသည် ။ ချစ်စရာ ကောင်းလှသော ပြည်မြို့ကလေး ဟာ နှစ်ထပ် သင်္ဘော နဲ့ တူ တဲ့ မြို့ကလေး တဲ့ ။

ကဗျာဆရာ မောင်ချောနွယ် က -

လဝန်းထဲ
ပွဲကြည့်လှေကလေး လှော်ခတ်ဝင်သွား
လမ်းရွေးမှားသူမြစ်
နှစ်ထပ်သဘောမြို့ကလေးပေါ် နားခဲ့ပေါ့ ။

ဒါက ကဗျာဆရာ မောင်ချောနွယ် ၏ ပြည်ကဗျာ အပြည့်အစုံ ဖြစ်ပါသည် ။ လရောင်ဖြင့် ဝင်းပနေသော ဧရာဝတီမြစ် ၏ ရေပြင်အရိပ်မှာ ငွေလဝန်းကလေး ထင်ဟပ်နေပုံ ၊ တံငါလှေ တစ်စင်း က လရောင် အောက် က မြစ်ရေပြင် ထဲ လှော်ခတ် ရွေ့လျား ဝင်ရောက် သွား ပုံ ၊ မြို့ကို အဝေး က လှမ်း ကြည့်ရသည် မှာ နှစ်ထပ် သင်္ဘောကလေး နှင့် တူပုံ စသည်ဖြင့် ချစ်စရာ ကောင်း အောင် ဖွဲ့ထားသော ကဗျာကလေး ဖြစ်ပါသည် ။

ပြည်မြို့ က တကယ့် ကို လည်း နှစ်ထပ်သင်္ဘော နှင့် တူသော မြို့ ဖြစ်ပါသည် ။ တောင် အောက် မှာ က ကားလမ်းတစ်လမ်း ၊ တောင် ပေါ် မှာ က ကားလမ်း တစ်လမ်း ၊ အမြင့်ဆုံး မင်းကြီးတောင် က သင်္ဘောခေါင်းတိုင်ကြီး နှင့် သွား တူ နေသည် ။ ပြည် ကို သည်လို ပဲ ကျွန်တော် ခံစားရသည် ။

ပြည် ၊ ပြည် ၊ မြန်မာနိုင်ငံ ရဲ့ မြို့တော်ဟောင်း သရေခေတ္တရာပြည် ။

ဧရာဝတီမြစ် ရဲ့ အရှေ့ဘက် ကမ်းပါး ပေါ် မေး တင်ကာ ဣန္ဒြေကြီးမား လွန်းစွာ စီးဆင်း နေသော မြစ်မဟာ ရေပြင် ကို ငုံ့ ကြည့်နေသော ပြည် ။ အနောက်ဘက် ကမ်း ဆီ က ရခိုင်ရိုးမ ၏ တောင်စွယ် အကွန့်အညွန့်အလွန့်တွေ ကို လှမ်း ကြည့်နေသော ပြည် ။ သည် ပြည် ကို ကျွန်တော် ခပ်စိပ်စိပ် ရောက် ဖြစ်တော့ ကဗျာဆရာ မောင်ချောနွယ် မရှိတော့ပါပြီ ။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက် တစ်နှစ် ၁၉၄၉ ခုနှစ်တွင် မွေး၍ ၂၀၀၂ ခုနှစ် ၊ စက်တင်ဘာလ ၃ ရက် ၌ လူ့ ဘဝ ကို စွန့်ခွာ သွားခဲ့သော မောင်ချောနွယ် က မရှိတော့ပါပြီ ။

ဪ... ဧရာဝတီ စီးဆင်းနေပုံဟာ လွမ်းစရာ ကောင်းလှပါချည့် ။

•••••   •••••   •••••

တကယ့် တကယ် ကဗျာဆရာ မောင်ချောနွယ် ကို ကျွန်တော် စ သိခဲ့ တုန်း က အမျက်ကလေး နှင့် ဖြစ်ပါသည် ။ လွန်ခဲ့သည့် ၁၅ နှစ် ၊ အနှစ် ၂ဝ ဝန်းကျင် ကာလတွေ ဖြင့် ထိုင်ကြရသည့် လေထန်ကုန်း လက်ဖက်ရည်ဆိုင် ၏ ညနေခင်း များ ။

တစ်ညနေခင်း မှာ တော့ ထုံးစံအတိုင်း ကိုချောနွယ် တစ်ယောက် လေထန်ကုန်း ထဲ ကို ဝင် လာကာ စားပွဲ အလွတ် တစ်လုံး မှာ ဝင် ထိုင်ဖို့ ပြင် သည် ။ မလှမ်းမကမ်း ရှိ စားပွဲ တစ်လုံး မှာ က စာရေးဆရာ ဗမိုး ။ ဆရာဗမိုး က အသက် ၇ဝ ဝန်းကျင် လောက် အရွယ် ဖြစ်ရာ သူ့ နေရာ သူ့ အသက် အရ .. ကိုချောနွယ် ကို လှမ်း နှုတ်ဆက် သည် ။

“ ဟေ့ ... မောင်ချောနွယ် ၊ မင်း ကဗျာကလေးတွေ ကောင်း တယ်ကွ ”

ကိုချောနွယ် ကား ခြင်္သေ့ လိုလည်ဆံမွေးတွေ ထောင် သွားသည် ။ ဆတ်ခနဲ ဆိုသလို ထိုင်ရာ ခွေးခြေအပု ပေါ် မှ ထ ကာ ဆရာဗမိုး ရှေ့ က ခုံ မှာ မျက်နှာချင်းဆိုင် သွား ထိုင် ပစ်လိုက်သည် ။

“ ဘယ် ကဗျာ လဲ ဗျ ... ကိုဗမိုး ”

ဆရာဗမိုး က မဖြေ ။

“ ဘယ် မဂ္ဂဇင်းဘထဲ က ကဗျာ လဲ ”

ဆရာဗမိုး ဆီ က ဘာသံမျှ မထွက် ။

“ ကဗျာ ခေါင်းစဉ် ကို ပြောစမ်းပါ ”

ဆရာဗမိုး က ရေနွေး ကို သာ ငုံ့သောက် နေသည် ။ ကိုချောနွယ် ကား ကျ သွားသော ခံတပ် ဆီ မှ ပြန်လည် ထွက်ခွာ လာပုံ မျိုးဖြင့် ထွက်ခွာကာ သူ့ စားပွဲ မှာ ပြန် ထိုင် နေလိုက်သည် ။

ထို ညနေ က လေထန်ကုန်း ၌ လူတော်တော် ရှင်း နေခဲ့သေးရာ ကိုချောနွယ် လုပ် လိုက်သည့် အသံတွေ ဟန်တွေ မာန်တွေ ကို အနီးကပ် စားပွဲခုံ မှ အရှင်းသား မြင်ကြား နေရသော ကျွန်တော့် စိတ် ထဲ မှာ မျက်ခနဲ ဖြစ် သွား မိသည် ကား အမှန်ပဲ ဖြစ် ပါသည် ။

ဆရာဗမိုး ရေးခဲ့သည့် စာတွေ ဘာတွေ ကို ကျွန်တော် တို့ ကြိုက်တာ မကြိုက် တာ အပထား ၊ အသက်အရွယ် အရ မလုပ်ထိုက် ဟု သည်တုန်းက ကျွန်တော် မြင်မိသည် ။ ဒါ့ကြောင့် လည်း ချက်ချင်းကြီး ကို ပဲ မကျေနပ်သော အကြည့် ဖြင့် ကိုချောနွယ် ကို လှမ်း ကြည့် ပစ် လိုက်ကာ ၊ နောက် အချိန် အတော် ကြာသည် အထိ ခပ်တန်းတန်း ပဲ ဆက်ဆံ ဖြစ် ခဲ့သည် ။ ရင့် လိုက်တာ သည် လူ ။

နောက်တော့ ဘဝ ဖြတ်သန်းမှုတွေ အရ ကိုချောနွယ် ကို ကျွန်တော် နားလည် လာ ခဲ့သည် ။

ကိုယ် က ဘဝ တစ်ခု လုံး ပေးဆပ် ထားရသည့် ကိစ္စ ။ သူတို့ က လျှာဖျားကလေးတွေ ပေါ် က နေ ဖြီးဖြန်း ဖြတ်သန်းကောင်း ရုံ ။ ဒါကို အစော်ကား မခံ နိုင်သော ကဗျာဆရာ စိတ်ဓာတ် ။

ကျွန်တော်တို့ ပတ်ဝန်းကျင် မှာ ကျွန်တော်တို့ ကိုယ်တိုင် လည်း သည် အဖြစ်မျိုးတွေ ကို မကြာခဏ ကြုံတွေ့ ကြရပြီးသား ဖြစ်ပါသည် ။ ကျွန်မ က စာဖတ် ဝါသနာ ပါ လို့ ပါ ဆိုသော မိန်းမ တစ်ယောက် ကို ဘာ စာအုပ်တွေ ဖတ်နေလဲ လို့ ကျွန်တော် မေး ကြည့် ဖူးသည် ။ လစဉ် ဘာ ဂျာနယ် ၊ ဘာ မဂ္ဂဇင်း စာအုပ် စွဲ ဖတ် ဖြစ်သလဲ ကျွန်တော် စေ့ငုကြည့်ဖူးသည် ။

အိအိ ... အအ အသံတွေ ထွက်လာကာ နောက်ဆုံးတော့ အလုပ်တွေ မအားလို့ စာ မဖတ်နိုင်ဘူး ဆရာရယ် မှာ ပဲ အဆုံးသတ် သွားခဲ့ရသည် ။

ကဗျာချစ်သူ ဆိုသော တက္ကသိုလ် ကျောင်းသား တစ်ယောက် သူ က လာ မိတ်ဆက် သောကြောင့် တက္ကသိုလ် နယ်မြေ တစ်ခု တည်း မှာ ပင် ကျွန်တော် နှင့် ဆုံ ဖြစ်သည် ။ ခင်ဗျား ကြိုက် တဲ့ ကဗျာဆရာ တစ်ယောက် ယောက် ပြောပါဟု ကျွန်တော် က တောင်းဆို မိရာ သူ က ခေါင်းပဲ ကုတ် နေသည် ။ ဘယ် မဂ္ဂဇင်း က ကဗျာတွေ စွဲ ဖတ်သလဲ ဟု ဆက် မေးမိပြန်ရာ မဂ္ဂဇင်းနာမည် ကို သော် မှ ရေရေရာရာ မပြောနိုင် ။

မယုံကြည်သူ တွေ ဟာ ဘယ်တော့ မှ မသေချာ ။ ဘယ်တော့ မှ မရေရာ ဒါ ကို ကဗျာဆရာမောင်ချောနွယ် က မြင်ပြင်း ကတ် ပုံ ရပါသည် ။

•••••   •••••   •••••

ကိုချောနွယ် က သူ့ အင်တာဗျူး တစ်ခု ထဲ မှာ သူ ကဗျာ စ ရေး သော နှစ် ကို ပြဇာတ်မင်းသား စတိုင်လ် နှင့် ဖြေ သွားခဲ့သည် ။ သူ ကဗျာ စရေး တော့ တော်လှန်ရေးကောင်စီ တက်တယ် ၊ တွံတေးသိန်းတန် တက်တယ် ဟု ဆို ပါသည် ။ ဒါဆို ၁၉၆၂ ခုနှစ် တစ်ဝိုက် ဖြစ်ပေမပေါ့ ။ သူ အသက် ၁၅ နှစ် ဝန်းကျင် အထက်တန်း ကျောင်းသား ဘဝ ။

သည်တုန်းက တော်လှန်ရေးကောင်စီ နှင့် အတူ ရွှေဘ တို့ ၊ တွံတေးသိန်းတန် တို့ ခေတ် ထသော ကာလများ ဖြစ်ရာ ရုပ်ရှင်ထဲ မှာ လည်း လူထု နှင့် ပြည်သူ ။

ဓာတ်ပြား ပေါ်  မှာ လည်း လူထုနှင့် ပြည်သူ ။

စာမျက်နှာတွေ ပေါ် မှာ လည်း လူထု နှင့် ပြည်သူ ။

လူထု နှင့် ပြည်သူ ကို ကျွန်တော်တို့ ရှောင်လို့ မလွတ် ၊ ကဗျာဆရာ မောင်ချောနွယ် လည်း ရှောင်လို့ လွတ်ခဲ့ပုံ မရပါ ။

နိုင်ငံရေး စံထားချက် နဲ့
အနုပညာ စံထားချက် ကို
အခြေခံပြီး သည် ကဗျာများ ကို ရေးချ လိုက်ရခြင်း ဖြစ်ပါသည် ။

ဟူသည့် သူ့ အယူအဆ ကို စာအုပ် ရှေ့ဆုံး တွင် တင်ထားပြီး နောက် ရေးဖွဲ့ ခဲ့ကြသည့် တော်လှန်ကဗျာ စာအုပ် တစ်နေရာ တွင် ကဗျာဆရာ မောင်ချောနွယ် က ကဗျာ တစ်ပုဒ် ကို ဤသို့ ရေးဖွဲ့ ထားခဲ့သည် ။

တော်လှန်ရေးသမား
မြေကြီးထဲမှာ မြုပ်နေပါလဲ
ကျောက်ခဲဟာ ကျောက်ခဲ
မာသည်ပဲလေ ။
မြေကြီးပေါ်မှာ ရောက်နေပါလဲ
ကျောက်ခဲဟာ ကျောက်ခဲ
မာသည်ပဲလေ ။

အခု ခေတ် ကဗျာဆရာ တို့ အနေ ဖြင့် ပြုံးတုံ့တုံ့ ဖြစ် သွား နိုင်သော ကဗျာ ဟု ကျွန်တော် က ထင်မြင် မိပါသည် ။ အနုပညာ မပါ သော ခေတ် က လက်ရာများ ။

သို့သော် နောက်ပိုင်း မှာ တော့ ကိုချောနွယ် တစ်ယောက် ကဗျာ မှော်ဝင်သူကြီး တစ်ဦး လို မြန်မာကဗျာ အလှရတနာတွေ ကို တစ်ပုဒ် ပြီး တစ်ပုဒ် တောက် ကစား ပြခဲ့သည် ကိုကား အများ က အသိ ပင် ဖြစ်ပါသည် ။

ဆံပင်ဘယ်ခွဲနဲ့
အသည်း ရောင်ကိုင်းနေတဲ့
မောင်ချောနွယ်
စွတ်စိုထိုင်းမှိုင်းလှပေရဲ့ ။

ကိုချောနွယ် က သူ့ နာမည်ကျော် ကဗျာ တစ်ပုဒ် ဖြစ်သော ကြမ်းပိုးများတဲ့ အိပ်ရာ ကဗျာ ထဲ တွင် သူ့ ရုပ်ပုံလွှာ ကို သူ သည်လိုပဲ ရေးခြစ် ထား ခဲ့ ဖူးပါသည် ။ ဆံပင် ဘယ်ခွဲ ၊ အသည်း ရောင်ကိုင်း ၊ စွတ်စိုထိုင်းမှိုင်းနေသူ လူ တစ်ယောက် ပါတဲ့ ။ သူ့ အသည်း ရောင်ကိုင်းနေတယ် ဆိုတာ က တော့ ကျွန်တော်တို့ အားလုံး အသိ ။

မောင်ချောနွယ် ဆိုတဲ့ ကောင်ဟာ
ကမ္ဘာပတ်လမ်းကြောင်းထဲမှာ နေတာလို့
ကြက်ရင်အုပ်လောက်သာရှိတဲ့ သူ့ရင်အုံကို
ကော့ကော့ပြတတ်သေး ။

ဒါကတော့ လူကြိုက်နည်းတဲ့ကောင် ကဗျာ ထဲ က ကိုယ်တိုင်ရေး ပုံတူ ။ တကယ်လည်း ကိုချောနွယ် က အသားညိုညိုညစ်ညစ် ၊ ပိန်ပိန်သွယ်သွယ် ၊ ရင်အုပ် သေးသေးလှီလှီ ။ ဂျင်းဘောင်းဘီ အမြဲ လိုလို ဝတ်ထားတတ်တဲ့ လူ တစ်ယောက် ။

နွမ်းပါးတဲ့ အောက်ခြေလူတန်းစားတွေနဲ့
ဒူးတင်ပေါင်တင် တစ်တန်းတည်းနေပေမယ့်
ဘုံဆန်တဲ့ အိမ်သာမျိုးကျ
သင်းက မကြိုက်ပြန်ဘူးတဲ့ ။

ဒါကလည်း လူကြိုက်နည်းတဲ့ကောင် ကဗျာ ထဲ မှာ ကဗျာဆရာ ကိုယ်တိုင် သူ့ အဇ္ဈတ္တ ကို သူ ပြန်ဆွဲ လှန်ထားခဲ့သော အဖွဲ့ ပဲ ဖြစ်ပါသည် ။ လူ ၏ ပုဂ္ဂလ ဆန်လိုမှု Individual life ကို ထိပါးလာသည်အထိ ဘုံ ဆန် တာ ကို တော့ ကျွန်တော် လည်း မကြိုက် ။

တစ်လောကလုံးဟာ
ကျုပ်လုပ်စာ ထိုင်စားနေတဲ့လူတွေချည်း ။

ဘဝ တစ်လျှောက် လုံး မှာ ကဗျာ ရေးခြင်း က လွဲပြီး ဘာအလုပ် မှ မလုပ်ခဲ့ သူ ကိုချောနွယ် ၏ ဘဝ က လွယ်သော ဘဝတော့ မဟုတ်ခဲ့ပါ ။ သို့သော် သူ က သူ့ အနုပညာ အတွက် မာန တော့ တော်တော်ကလေး ကြီး ပုံ ရပါသည် ။

ရှင်းရှင်း ပြော ရ လျှင် သူ့ နေထိုင်မှု သွင်ပြင် က ဘယ်လို မှ ကို ခင်တွယ်ချင်စရာ မကောင်းလှ ။ အရပ်သုံး စကား နှင့် ပြောရလျှင် ထောင့် မကျိုး သူ လူ တစ်ယောက် ။

“ သူ ငါ့ ကို ဘီယာ မတိုက်တဲ့ နေ့က ” ကဗျာ ထဲ က လိုပဲ တစ်လောက လုံး သူ့ လုပ်စာ ထိုင် စားနေကြတဲ့ မျက်လုံးမျိုး နဲ့ ကြည့်တတ်သူ ။

၁၉၈ဝ ပြည့်နှစ် လွန် နှစ်တွေ ထဲမှာတော့ ကိုချောနွယ် ရန်ကုန် မှာ အနေ စိပ်လာခဲ့ပါသည် ။ သူ့ကဗျာဆရာ ဘဝ ကို လေးစားသူ လူငယ်တွေ က လေထန်ကုန်း မှာ သူ့ ကို လာလာ ရှာသည် ။ တစ်နေရာ ကို သွားဖို့ ။ သင်္ဘောတွေ လို ကျောက်ချ ရပ်နားဖို့ ။ သံချေးတွေ ကို ခွာဖို့ ။ သို့သော် ကိုချောနွယ် က ကြေး နည်းနည်း ကြီးသည် ။

ကြက်ကြွပ်ကြော် ၊ ငါးရှဉ့်ချဉ်စပ် ၊ ပြည်ကြီးငါး ၊ သီဟိုဠ်စေ့ နဲ့ မှ ဆိုက်ကပ် တတ် သူ ဟု သတင်း နည်းနည်း မွှေး ထားလေရာ သူ့ ကို တချို့က ဘဝင် ကျပုံ မရ ။ တစ်နေ့ မှာ တော့ ထို ဘဝင် မကျသူ တစ်ယောက် နှင့် ကဗျာဆရာ တို့ ပက်ပင်း တိုး ကြပါတော့သည် ။

ထိုနေ့ က ပန်းဆိုးတန်း အထက် အဆင့်မြင့် ယမကာဆိုင်ကလေး တစ်ဆိုင် ထဲ မှာ ဆုံခဲ့ကြခြင်း ဖြစ် ပါသည် ။

ကျွန်တော် တို့ က သည်ဘက် စားပွဲ ။

ကိုချောနွယ် တို့ က ဟိုဘက် စားပွဲ ။

ထုံးစံအတိုင်း နယ် က တက် လာ သော ကဗျာဆရာကလေးများ နှင့် ကိုချောနွယ် တို့ ၏ စားပွဲ ပေါ် မှာ နရသီဟပတေ့ ဆန်သည့် အခင်းအကျင်း တွေ ကို ကျွန်တော် က သတိ ပြုမိသည် ။ ကျွန်တော့် လို ပဲ သတိ ပြုမိသူ ဝတ္ထုတိုသမား က ဒါကို မကျေနပ် ။ ကိုချောနွယ် ကို မကျေနပ် ။ ကြည့် မရဘူးကွာ ဟူသော စကား နှင့် အတူ ကျွန်တော် တို့ ဘာမှ မတားဆီးလိုက်နိုင် မီ မှာ ပင် တစ်ဖက် စားပွဲ ဝိုင်း သို့ ရွေ့ခနဲ ရောက်သွား ပါတော့သည် ။

“ ထိုင်ကွာ ညီလေး ”

ကိုချောနွယ် က ကြက်ကြွပ်ကြော် တစ်တုံးကို တူ ဖြင့် လှမ်း အညှပ် မပျက် ။ ကျွန်တော့် မိတ်ဆွေ က တော့ စစ်ကို ပြင်ပြီးသား ။

“ ကိုချော ရေ ၊ ကျွန်တော့် လက်ကို အစ်ကို သေချာ ကြည့် ၊ လက်သီး ဘယ်လောက် ထိုး လာသလဲ ဆိုတာ ၊ အခု ကိုချော ကို စမ်း ဖို့လာတာ ၊ ဒီမှာ လက်သီးဆုပ် ၊ အစ်ကို ရ အောင် ဖြေ ဗျာ ”

ကျွန်တော့် မိတ်ဆွေ ဝတ္ထုတိုသမား က ညိုမည်း စွဲညစ်ကာ ဒဏ်ရာ ဒဏ်ချက်များ ဖြင့် ပေပွ နေ သည့် သူ့ လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား ကာ ကိုချောနွယ် ရှေ့ စားပွဲ ပေါ် မှာ တင် ထား လိုက်သည် ။ ရအောင် ဖြေ ဆိုသည့် သဘော ။ ကျွန်တော် တို့ကတော့ ရန် ဖြစ်ခြင်း မှ တစ်ပါး အခြား မရှိတော့ ဟု ဆို ကာ ကြည့် နေ လိုက်ကြရသည် ။

ကိုချောနွယ် က တော့ ကြက်ကြွပ်ကြော် တစ်တုံး ကို တူ ဖြင့်လှမ်း ညှပ် ယူ နေခဲ့ကာ ပါးစပ်ထဲ ထည့် လိုက်ပြီး သူ့ နှုတ်ခမ်းမွေးကျဲကျဲတွေ တွန့်ရှုံ့ သွား သည် အထိ မထီ ပြုံး ပြုံး လိုက်ပါသည် ။

ပြီး မှ -

“ တကယ့် နေ့ထူးနေ့မြတ် ပါ ပဲ ညီလေး ရာ ၊ ကိုယ် မင်း လို လူမျိုး ကို လိုက် ရှာ နေတာ ကြာ ကြာလှပေါ့ ကြိုက်တယ် ၊ ဒါမျိုးကို အစ်ကို လိုချင်နေတာ ၊ ကဲ - နောင် မှာ အစ်ကို ခရီးရှည်ကြီးတွေ ထွက် တဲ့ အခါ မင်း ကိုယ့် ရဲ့ Body Guard အဖြစ် နဲ့ လိုက်ခဲ့ ၊ ဟုတ်ပလား ။ အစ်ကို ခန့် လိုက်ပြီ ၊ ကဲ ... သွား သွား ၊ ငါ့ ညီ ဆက် သောက် လိုက်ဦး ”

ကျွန်တော်တို့ က တော့ ကိုချောနွယ် ၏ ပြဇာတ် ဆန် ပုံ ကို တော်တော့် ကို သဘောကျ သွား မိသည် ။ ပြန် လာသူ ဝတ္ထုတိုဆရာ က တော့ သူ့လက်သီးဆုပ် သူ ငုံ့ ကြည့်ကာ ဘာ ဆက် လုပ်ရမှန်း မသိသော မျက်နှာ နှင့် ။

“ ရန်ရှာဖို့ သွားတာ ၊ သူ့သက်တော်စောင့် တောင် မှ ခန့်လိုက်သေး ၊ ငါ ကွာ ”

ကျွန်တော် က တော့ ရန်အပေါင်း ကြောင့် ဉာဏ်ကောင်းခဲ့ပြီ ဆိုသော သူ့ ကဗျာ တစ်ပိုင်းတစ်စ ကို သွားပြီး သတိ ရ နေ မိလိုက်ပါသည် ။

တကယ်တော့ ကဗျာဆရာ တစ်ယောက် အဖြစ် အသက်ရှင် ရပ်တည် ခွင့် မရ လောက်အောင် ကန္တာရ ဆန်လှသည့် အဖြစ်များ ၊ နှစ်များ ၊ ခေတ်များ အတွင်း မှာ မှ ကိုချောနွယ် က ကဗျာဆရာ ဖြစ် လာခဲ့ခြင်း ဖြစ်ပါသည် ။

တစ်ကိုယ်စာ ဘယ်လို ရပ်တည်မလဲ ဆိုသည့် ကိစ္စ မှာ ပင် အဖြေ မရှိ နိုင်သည့် ကဗျာ ရေးဖွဲ့သူ တစ်ယောက် အဖို့ ၊ မိသားစု ဘဝ တည်ဆောက်ရေး ဆိုသည့် မျှော်မှန်းချက် က တော်တော့် ကို ဝိုးတဝါး အိပ်မက် ဆန် လွန်းလှ ပါသည် ။

ကဗျာ တစ်ပုဒ် ရေးဖွဲ့သူ ၏ ဘဝ က နံပြား တစ်ချပ် ရိုက်သူ ၏ ဘဝ လောက် မှ မရေရာ မသေချာသော မြေပြင် တစ်နေရာ မှာ ကိုချောနွယ် တော်တော် အသက် ရှူ ကျပ် ခဲ့မည် မှာ ဧကန် ပင် ဖြစ်ပါသည် ။

မလှမ်းမကမ်း နှစ်တွေ တုန်း က ညနေခင်း တစ်ခု မှာ ကိုချောနွယ် နှင့် ကျွန်တော် တို့ စားသောက်ဆိုင်ကလေး တစ်ခု ထဲ မှာ ဆုံဖြစ်ကြသည် ။

ကျွန်တော် က အစ်ကို ကြိုက်တာ မှာ ဟု ပြော မိသည် ။ သူ က လည်း ကြိုက်တာ မှာ ပါတဲ့ ။ ဒါပေမဲ့ ...

“ ချိုကြီး ကြိုက်တာ သာ မှာ ၊ တစ်ခုပဲ ၊ ကန်စွန်းပလိန်း တော့ မမှာ ပါ နဲ့ ကွာ ၊ ရင် ထဲ မှာ ထိလွန်း လို့ .... အိမ် မှာ လည်း ကန်စွန်းပလိန်း ၊ အပြင် မှာ လည်း ကန်စွန်းပလိန်း ”

ကျွန်တော် က အစ်ကို့ ကို ကြည့် ကာ ကဗျာဆရာ့ နောက်ကွယ် က သူ့ ချစ်ဇနီး မမမြင့် ၊ သူ့ သမီးကလေးများ အားလုံး ကို ပါ စာနာ နေမိသည် ။ ကဗျာဆရာ က တော့ သူ့ အိမ် နှင့် ဝေးနေစဉ် ရက်များ ၏ ခံစားမှုအဖြစ် အိမ်ငေးသူ ကဗျာ ထဲ မှာ ခုလို ရေးဖွဲ့ ခဲ့ဖူးသည် ။

ဟိုး... အဝေး
မြေလတ်မြို့ကလေးဆီက
ယိုင်နဲ့နဲ့ အိမ်ကလေးထဲ
အိမ်ငေးသူ ငါ ဝင်ရောက်သွား
ငါ့ဇနီး ငါ့အပေါ် အပြစ်ဖို့သံ ငါကြားမြင်ရ
လျှပ်စီး တဖျတ်ဖျတ် လက်သလိုမျိုးအသံ
ငါမျက်စိစူးပေမယ့် ငါချစ်မိခဲ့ပေါ့
ငါအသည်းစူးပေမယ့် ငါချစ်မိခဲ့ပေါ့
မလောက်မင မဝရေစာ ထမင်းလုတ်တွေ
ငါ့မိသားစု တိုင်းပြည်ကလေးအပေါ်
မဝရေစာထမင်းလုတ်တွေထဲ
ငါ့သမီးလေးတွေ အစီအရီပေါ်လာ
ဆန်ရွေးနေဆဲ သမီးကြီးရယ်
စာကျက်နေဆဲ ငါ့သမီးအလတ်ကလေးရယ်
တစ်အိမ်လုံးမှာ
ဘာများ စားစရာလက်ကျန်ရှိမလဲလို့
မျက်လုံးဝင်းဝင်းတောက်တောက်ကလေးနဲ့
ကြောင်ကလေးလို
တစ်အိမ်လုံး လိုက်အနံ့ခံ ရှာဖွေနေတဲ့
ငါ့သမီးအငယ်လေးရယ်
ငါတွေ့မြင်လိုက်ရ ။

မိသားစု သက်ပြင်းရှည် ချသံကြီးတွေ ထဲ မှာ ကဗျာဆရာ တစ်ယောက် ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်နေခဲ့မည် မှာ အမှန်ပဲ ဖြစ်ပါသည် ။ ဒါ့ကြောင့်လည်း တစ်ခါ တစ်ခါ တော့ ကဗျာ ကို ၊ ကဗျာ ဆိုတာ ကြီး ကို ကဗျာဆရာ က စိတ် နာ သွားပုံ ရပါသည် ။

ကဗျာအပေါ်မှာလေ
ငါက
သားဖွားခန်းရောက်မိန်းမ
လင်ကို စိတ်နာသလိုမျိုး နာရဲ့ ။

နတ်တို့ ခိုးဝှက်ခြင်းခံရတဲ့ ကဗျာ ထဲ မှာ ကိုချောနွယ် က သည်လို ပဲ ဖွဲ့ဆို ခဲ့ ဖူးပါသည် ။ သို့သော် သားဖွားခန်း ထဲ က ထွက် လာတော့ လည်း လင်သည် ကို သူ စိတ်ကုန်နိုင်စွမ်း မရှိပါ ။

ဒါကို -

ပထမ ဘာသာရေး က ဗုဒ္ဓ

ဒုတိယ ဘာသာရေး က ကဗျာ ဟု ဆိုပြီး

သူ့ ရထား ကဗျာစာအုပ် အမှာမှာ သူ ဖြောင့်ချက် ပေးထားခဲ့ခြင်း လည်း ဖြစ်ပါသည် ။

၂ဝဝဝ ပြည့်နှစ် အကျော် သူ အသက် ၅ဝ စွန်း လာသော နှစ်တွေ ထဲ မှာ တော့ သေခြင်းတရား ဆိုတာ သောက်ဖော်စားဖက် ပါ ပဲ ဆိုသည့် ကဗျာဆရာ သေမင်း နှင့် စစ်ခင်းဖို့ ပြင်ဆင်စ ပြု လာရပါပြီ ။ အလဲလဲ အကွဲကွဲ ။

“ ပထမ ဘာသာရေး က ဗုဒ္ဓ ၊ ဒုတိယ ဘာသာရေးက ကဗျာ ” ဟု ဖွင့် ပြော ခဲ့သည် အထိ ကဗျာ ပေါ် ၌ ရူးမူး တပ်မက်သူ ကိုချောနွယ် က ကမ္ဘာ ပေါ် မှာ ကဗျာ က လွဲပြီး ဘာကို မျှ ဂရု မစိုက်သူ အမှန် ဖြစ်ပါသည် ။

ကဗျာ ရေးဖွဲ့ သော အလုပ် က လွဲပြီး ဘာကိုမျှ သူ မလုပ် ။ ပြီးတော့ ခရီးသွား ဟန်လွှဲ ကဗျာ ရေးသူ ၊ ကဗျာလောက အပြင်ဘက် က စိုက်ခင်းတွေ ထဲ မှာ ထွန်ယက် စိုက်ပျိုးသူတွေ ကို လည်း ကိုချောနွယ် က အထင် သေး နေပုံ ရပါသည် ။

၁၉၉ဝ ပြည့်နှစ် တစ်ဝိုက် ဟိုဘက် သည်ဘက် နှစ်တွေ ထဲ မှာ ကဗျာဆရာ တချို့ ဇာတ်ညွှန်း လောက ထဲ ကို ရောက် ကုန်ကြပါသည် ။ ဥပမာမြင့်ဦးဦးမြင့် ၊ မြမြင့်မိုရ် ၊ ခရမ်းပြာမြင်းရိုင်း ၊ ယမုံ စသည် ဖြင့် ။ သည်တုန်း က ပန်းဆိုးတန်း လမ်းမကြီး အထက် က အဆင့်မြင့် ဘီယာကလပ်ကလေး တစ်ခု မှာ ရုပ်ရှင် ဗီဒီယို လောကသား တချို့ အခြေချ လေ့ ရှိရာ ကျွန်တော် ရောက် ရောက် သွား တတ်ပါသည် ။

ကျွန်တော် က ဒါရိုက်တာ ပိုင်သ ၊ ခရမ်းပြာမြင်းရိုင်း တို့ ဝိုင်း မှာ ထိုင်လေ့ ရှိ ရာ တစ်ခါ မှာ တော့ ကိုချောနွယ် ရောက်ချ လာ ပါသည် ။

“ ဟေ့ ... ကိုယ် လည်း ဇာတ်ညွှန်း ရေး ချင်တယ်ကွာ ”

”ရေးပေါ့ ”

ကဗျာ ရေး သည့် အလုပ် က လွဲပြီး ဘာမှ မလုပ် ဟု ကြွေးကြော်ထား သူ ကိုချောနွယ် က ဇာတ်ညွှန်း ရေးတော့မည် ဟု ဆိုလာသော အခါ ခရမ်းပြာမြင်းရိုင်း က ခပ်ပေါ့ပေါ့ ပဲ ရေးပေါ့ ဟု ဆို လိုက်ရာ ကိုချောနွယ် တွေ နေသည် ။ သူ့ စိတ် ထဲ ကဗျာ နှင့် မဆိုင်သော အလုပ် ကို လုပ်ရမည် ကို မသိုးမသန့် ဖြစ် နေပုံ ရပါသည် ။ သူ က ဆေးခါးကြီး သောက် သလို ဘီယာ ကို မသက်မသာ မော့ချနေ ပြန်ပါသည် ။ နောက်တော့ သည် ရုပ်ရှင်ဗီဒီယို ဇာတ်ညွှန်း ဆိုတာကြီး ကို သူ ရေးဖြစ်ခဲ့တာလဲ မဟုတ် ။

ကဗျာ တစ်ခု တည်း နှင့် က တော့ ရန်ကုန် မှာ ၊ ကျွန်တော်တို့ ဆီ မှာ ဘယ်လိုမှ သူ အဆင် မပြေ ၊ သည်တော့ မြန်မာပြည် ကို သူ ပတ် ရသည် ။

တစ်ခါတစ်ခါ သူ ရောက်ရောက် လာသည် က အောင်သွယ်တော် နားကြပ်ကလေး ၏ မဂ္ဂဇင်းတိုက် ။

”ဟေ့ … ဒေါက်တာလေး ၊ မောင်ချောနွယ် ကို ထောက်ပံ့ဦး ”

ထုံးစံအတိုင်း ဂျင်းဘောင်းဘီ နှင့် တက် လာသော ကဗျာဆရာ က ညိုညစ်ညစ် ။

အောင်သွယ်တော် နားကြပ်ကလေး က တော့ သူ တတ်စွမ်းနိုင်သမျှ ကိန်းဂဏန်းတွေ ကို ကဗျာဆရာ့ လက် ထဲ သို့ ထိုး ထည့် တတ် မြဲ ။ နှစ်သောင်းစ သုံးသောင်းစ ။

ဪ ... ဘယ် အဖွဲ့အစည်း ထဲမှာ မှ မပါဝင် သူ ကိုချောနွယ် မှာ ဘာ ရပိုင်ခွင့် မှ လည်း မရှိ ။ ကျွန်တော် က မဟာပထဝီ လက်တစ်ဖဝါးစာ ကို ငွေစက္ကူ အဖြစ် အသွင် ပြောင်းကာ ဘီယာကလေး မော့ နေသည့် အနုပညာသမား ဆို သူ တစ်ယောက် ကို သတိ ရ နေမိသည် ။

“ ဒီမယ် မောင်သာချို ၊ မင်း ခွေးတိုးပေါက် က ဝင်ဖူးလား ”

“ အစ်ကို က လည်း ဗျာ ”

“ အေးပါ ကိုယ် က စကား အဖြစ် ပြောတာပါ ၊ မောင်ချောနွယ် ငတ်တယ်ကွာ ၊ တကယ် ငတ်တယ် ၊ ဒါပေမဲ့ ခွေးတိုးပေါက် က တော့ ဘယ်တော့ မှ မဝင်ဘူး ၊ မရှိရင် တောင်း သုံးမယ် ”

ထိုနေ့ က ၂၇ လမ်း လက်ဖက်ရည်ဆိုင်ကလေး ထဲ မှာ ကိုချောနွယ် က ပြဇာတ် ဆန် စွာ ဖြင့် စကားဝိုင်း ကို သိမ်းသည် ။

“ မောင်သာချို ၊ မင်း ကိုယ့် ကို ငွေ ၂ဝဝ လောက် ပေး ခဲ့ကွာ ” တဲ့ ။

ကျွန်တော်တို့ အားလုံး အမော ထဲ မှာ ဟာသ ဖောက် လျက် က ဝေါခနဲ ပွဲ ကျ သွား မိကြသည် မှာ အမှန်ပဲ ဖြစ် ပါသည် ။ ဪ ... ကိုချော ကိုချော ၊ ပြဇာတ် ဆန် လွန်း လှပါပေ ။

ကဗျာဆရာ မောင်ချောနွယ် က တစ်ခါ တစ်ခါ ပြဇာတ် ဆန် လွန်း လှပါသည် ။ တစ်ခါတွင် ကဗျာဆရာ သုခမိန်လှိုင် က သူ့ ကဗျာ တစ်ပုဒ် ၏ အောက်ခြေ တွင် ကဗျာဆရာ ၏ ခွင့်ပြုချက် မရဘဲ ကူးယူ ဖော်ပြ၍ မရ ကြောင်း ထည့်သွင်း ဖော်ပြ လိုက် ပါသည် ။

ဤတွင် ကိုချောနွယ် က သက်မဲ့သက်သေ ဟူသော ကဗျာ ကိုရေးကာ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း ထဲ မှာ ဖော်ပြ လိုက်ပါသည် ။ ကဗျာ ၏ အောက်ခြေတွင် ကား -

ကျွန်ုပ် ချစ်သော ကဗျာပရိသတ်များ

ဤ ကဗျာ အား ကူးယူ ဖော်ပြ ရွတ်ဆို နိုင်ပါကြောင်း

ဟု ဖော်ပြ လိုက် ရာ ကဗျာ ဖတ်သူ တို့ သူ့ ပြဇာတ် ဆန် ပုံ ကို ပြုံးထေ့ထေ့ ဖြစ် ကုန် ကြပါသည် ။

သို့သော် သူ့ ထက် ပြဇာတ် ဆန်သူ ခရမ်းပြာကြီး က သူ့ ကဗျာ အောက်ခြေ တွင် မူပိုင် ယာမာဂူချီ ဟု လုပ် ထည့် လိုက်ရာ ထိုပြဇာတ် ဤတွင် တစ်ခန်း ရပ် သွား ခဲ့ ရ ပါလေသည် ။

လူ့ဘဝဆိုတာ
ခြကုန်းမှာ နေရသလို
မကြာခဏ ရွှေ့ရွှေ့နေရမယ်
မရွှေ့ရင် ခြစားခံရမယ် ။

ငါ့ကို ဘီယာ မတိုက်တဲ့နေ့က ကဗျာ ထဲ မှာ ကဗျာဆရာ မောင်ချောနွယ် က သည်လို ပဲ ထည့် ရေး ခဲ့ဖူးပါသည် ။ သူ့ကဗျာ ထဲ က လို သူ ခြစား ခံရ မှာ ကြောက် နေလေရော့သလား မသိ ။

မောင်ချောနွယ် ဆို တာ Mobile  ။

ဖြူး မှာ ခဏ ဆိုက်ကပ်တော့ ဖြူး ဆိုသော ကဗျာ ကို သူ ရေးချ ခဲ့သည် ။

ဝါးခယ်မမြို့ကလေး ကို ရောက်တော့ ရေထဲမြို့ ကဗျာ ကို သူ ဖွဲ့စပ်ခဲ့သည် ။

ကျောက်ပန်းတောင်း ကို ဝင်တော့ “ မမတင် ” ရဲ့ ကျောင်းကလေး ကဗျာ ကို သူ သီကုံး ခဲ့သည် ။

မြစ်ကြီးနား ကို သွားရတော့ “ ရထား ” ကဗျာ ၊

တောင်တွင်းကြီးနယ် ထဲ ကို ရောက် တော့ “ ဆတ်သွား ” ကဗျာ ။

ရောက်လေရာ မှာ ကဗျာ ဖြစ်သူ ကဗျာဆရာ တစ်ယောက် ။

ဆတ်သွား တဲ့ ၊ ကဗျာလောက မှာ ပြောစမှတ် တွင် သွားရတဲ့ ကဗျာရတနာ နဝရတ် ကျောက်မျက်ပုလဲ တစ်ပွင့် ။

ခုတော့
မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား
ကလေးအမေတစ်ယောက်ရဲ့ နို့ပိန်နဲ့ တူတဲ့
ဘတ်သီးတွေ
မမှန်မကန်လင်းတတ်တဲ့ နေရာ
ကျောမှာ
အမာရွတ်ကြီးလို
အဝေးပြေး ကားလမ်းမ
ခါးမှာ
မီးရထားသံလမ်း ခါးပတ်ပတ်လို့
ဗိုက်ထဲမှာ
မြို့ရဲ့ချွေးခံအင်္ကျီနဲ့တူတဲ့ ဘိလိယက်ခုံတစ်ခုံ
ခုန်လို့
မြို့ဟန်ဆောင်ပါလေ ဆတ်သွားရေ ။
ကမ္ဘာလုံးဝန်းကြီးကိုတောင်မှ
ထည့်ထုပ်ပစ်လိုက်နိုင်တဲ့
အင်ဖက်ကားကားကြီးတွေ
သားပေါက်ရာ အရပ် ။
လောကဓံတရားထက် ပြင်းတဲ့အရက်
မချစ်က ချက်တဲ့
ဒီအရပ်မှာ ။

ဆတ်သွားကဗျာ ထဲ က သည် အပိုဒ်တွေ က ကျွန်တော်တို့ ကို မိန်းမော သွား စေခဲ့ဖူးသည် မှာ အမှန်ပဲ ဖြစ် ပါသည် ။

“ ကျွန်တော့် အထင် ပေါ့ ဗျာ ၊ ကိုချော နေရာ အနှံ့ အဲလို လျှောက်သွား နေတာ အိမ် မှာ မနေချင်လို့လား မသိဘူးဗျ ”

ကဗျာဆရာ စိုင်းဝင်းမြင့် က စာနာစွာဖြင့် သူ့ နေရာ က နေ မှတ်ချက် ချ ဖူးသည် ။

“ ကိုချော က တစ်ခေါက် လာ ပြီး သွားရင် ခြောက်လ လောက် လုံလောက်တယ်ဗျ ”

ဇာတ်မင်းသားလေး - မန္တလေးကိုသိန်းဇော် က တော့ လက်ဖက်ရည် ဝိုင်း တစ်ခု မှာ သည်လို ကောက်ချက် ချ ခဲ့ ဖူးပါသည် ။

၁၁ - ၁ - ၉၉ တွင် အဆိုတော်ကြီး တွံတေးသိန်းတန် အနိစ္စ ရောက် ခဲ့ပြီး ရေဝေး မှာ သင်္ဂြိုဟ် ကြ တော့ ကဗျာဆရာ မောင်ချောနွယ် ရောက် လာ ပါသည် ။ လောကဓံတရား ထက် ပြင်းသော အရက် ကို သောက် လို့ ။

သူ က တွံတေးသိန်းတန် သီချင်းတွေ ကို တစ်ပုဒ် ပြီး တစ်ပုဒ် ဟစ်အော် သီဆို နေခဲ့သည် ။ သစ်ပင်ကြီး တစ်ပင် ကို မှီ လို့ ။ တော်လှန်ရေးကောင်စီ တက် တော့ ၊ တွံတေးသိန်းတန် တက် တော့ ကဗျာ စ ရေး ပါသည် ဆို သော ကိုချောနွယ် လောင်ကျွမ်း နေပုံ ရပါသည် ။

ခုတော့ ကျွန်တော် တို့ ကဗျာဆရာ ၃ - ၉ -၂ဝဝ၂ က ကွယ်လွန် သွားခဲ့ပြီး ဖြစ်ရာ ငါးနှစ် ပင် ပြည့် ခဲ့ပါပြီ ။

တစ်ခု ခု စား ပြီးတိုင်း ပန်းကန် ကို ဆောင့်၍ ဆောင့်၍ ချကာ -

“ မသေတော့ဘူးကွ ”

ဟု ပြောတတ်သော အစ်ကို မောင်ချောနွယ် မရှိတော့ပါပြီ ။ ခက်ထန်ကြမ်းတမ်း လှ သော ကဗျာကန္တာရ က သူ့ ကို အလဲထိုး ချ လိုက်ပုံ ရပေသည် ။

◾မောင်သာချို

📖 မိုးဂျာနယ်
ဒီဇင်ဘာလ ၊ ၂၀၀၇ ။
ဇန်နဝါရီလ ၊ ဧပြီလ ၊ ၂၀၀၈ ။

#ကိုအောင်နိုင်ဦး

.

ပန်းများ မမွှေးသော မြေ


 

❝ ပန်းများ မမွှေးသော မြေ ❞

အခန်း (၁)

“ ပျိုလေးတို့ ငန်းဦး
ယုန် ကူးလို့ ပြေး ။
ကြည့်လိုက်ကြဟေ
တောင်ခြေ မှာ ရွှေယုန်နက်ကယ်
ထိပ်ကွက်နဲ့ လေး ”

စန္ဒရားသံ မှန်မှန် ပေါ်ထွက် လာ သည် နှင့် အမျှ ကလေး များ ၏ အသံ ညီညီ မှာ လည်း သာယာလှပါဘိတောင်း ။ သီချင်း မှာ ကောက်စိုက်ဗုံကြီးသံ ဖြစ် သော်လည်း ဗုံ မပါ နှဲ ဗလာ နှင့် ပင် နားထောင် ကောင်းလှ၏ ။ သီချင်း ၏  အဓိပ္ပာယ် ကို မူ ကလေးများ သဘော ပေါက် ကြမည် မဟုတ်ပေ ။ သို့ရာတွင် သူတို့ အရွယ် နှင့် ညီညာအောင် ဆို တတ် သည် က ပင် ချီးကျူး စရာပင် ။

သီချင်း လို ဟန် နှင့် ဆိုရသည် ဖြစ် ရာ သီချင်း အဆုံး ၌ ထိပ်ပေါ် တွင် လက် နှင့် ဝိုင်း ကွက်ပြကြရင်း မိမိ တို့ ဆိုင်ရာ ဆရာ ၊ ဆရာမများ ကို လှမ်း ကြည့် ကြသည် ။ သူတို့ အရွယ် ကလေးများ မှာ အသိအမှတ် ပြုခြင်း ကို ခံယူ လိုကြ၏ ။ မျက်နှာများ သည် နံ့သာများ လိမ်း ထား၍ ဖွေးဖြူနုနယ် နေ ကြသည် ။ အပြစ်အနာ ကင်း သဖြင့် ကြည်လင် နေသည်  ။ သူတို့ ၏ မျက်နှာများ သည် သဘာဝ အလျောက် ချစ်စဖွယ် တင့်တယ် လှပကြ၏ ။ ဤ အရွယ်၌ စိတ်ညစ် စိတ်ဆွေး ကင်း ရှင်းကြ၏ ။ လူ တစ်ယောက် ၏ အတင့်တယ်ဆုံး အချိန် သည် အပြစ် ကင်းစင်သော ကလေးငယ် ဘဝ သာ တည်း ။

အစိမ်းစင်း စကတ် ခေါ် ဂါဝန်ပြတ် သို့မဟုတ် ဂါဝန် ၊ ဘောင်းဘီ ၊ အပေါ်အင်္ကျီ ဖြူဖြူများ သည် သူတို့ မျက်နှာနုနု လေးများ နှင့် လိုက်ဖက် လှ၏ ။ ပညာရေးတက္ကသိုလ် တွင် ပညာရေးဝိဇ္ဇာတန်း ၌ ကလေးသူငယ် တိုးတက်ဖွံ့ဖြိုးရေး ဘာသာရပ် ကို ရွေးချယ် သင်ယူ နိုင်၏ ။ ဤ ဘာသာ ကို သင် ယူပါက သူငယ်တန်းကလေးများ ၏ အသိဉာဏ် ကို လေ့ လာ စမ်းသပ်ကြရသည် ဖြစ်၍ လူ တစ်ဦး လျှင် ကလေး တစ်ယောက် စီ ရွေး ကြရသည် ။ ကလေးများ မှာ ဆရာဖြစ်သင် လေ့ကျင့်ရေးကျောင်း မှ ဖြစ်ကြ၏ ။

ကလေးများ က လည်း မိမိ တို့ ဆရာ ၊ ဆရာမများ ၏ အလေးယူမှု ကို ခံယူ လိုကြ၏ ။ စန္ဒရား တီး နေသော ဆရာမ ၏ လက်သံ ကို နားထောင်၍ သီချင်း အမျိုးမျိုး ပြောင်း ဆို ပြီး ဟန်ပန် အမျိုးမျိုး လုပ် ပြနေကြရသော် လည်း မျက်လုံးများ က မူ မိမိတို့ အား စမ်းသပ် လေ့လာသည့် ဆရာများ ထံ သို့ သာ ရောက် နေကြသည် ။ သူတို့ ဘဝ သည် မိုးဆမ်းပန်းနှယ် လန်း နေကြလေတကား ။

       •••   •••   •••   ••• 

“ ပဲပဲ ကို ရည်းစားစာ ပေးလို့ တဲ့ ”

ကျွန်မ သည် ကြား ရ ချက် ကြောင့် ပင့်သက် ရှိုက် လိုက်မိသည် ။

“ ဟဲ့ ဘယ်သူ က ဘာဖြစ်လို့လဲ ဟင် ပေါက်စ ”

“ ပဲပဲ ကို ကျောင်း က ကောင်လေး က စာ ပေးလို့ တဲ့ ၊ ဒါနဲ့ ငို ပြီး ပြန် လာတယ် ”

“ ဟယ် .. ကြံကြံဖန်ဖန် ရယ် ”

ဤမျှသာ ကျွန်မ ပြော နိုင်၏ ။ အိမ် သို့ ပင် မရောက် သေး ဝင်းခြံဂိတ် သို့ သာ ရောက် သေး၏ ။ ကြားရချက် က မသက်သာလှချေ ။ ကျောင်း တွင် ကြားခဲ့ရသော “ ရွှေယုန် နက်ကယ် ၊ ထိပ်ကွက်နဲ့လေး ” ဆိုသည့် အသံ ထိပ် ပေါ် သို့ လက် နှင့် ဝိုင်းကွက် ပြသော ဟန်ပန်များ သည် မျက်စိ ၊ နား ထဲ မှ ပျောက် ထွက် ကုန်ကြပြီး အိမ် သို့ သာ အမြန် သုတ်ခြေ တင်ရ၏ ။

“ ကြီးကြီး ဘယ်လို ဖြစ် တာလဲဟင် ”

“ မပြောချင်ပါဘူး မိုးမိုး ရယ် ၊ ငါ့ မြေး နှယ် ကြံဖန် အဖြစ် ဆိုး ရတယ်ကွယ် ”

"ဘာဖြစ်လို့လဲ ကြီးကြီး ရဲ့ ၊ ပဲပဲ ကို စာ ပေးတယ် ဆို ၊ ဘာက အဖြစ် ဆိုးရပြန်တာလဲ ”

“ အဲဒါ အဖြစ် ဆိုးတာပေါ့ မမိုး ရဲ့ ၊ ဘယ့်နဲ့ကွယ် ပဲပဲ က ခုမှ ရှစ်နှစ် ရှိသေးတာ ၊ ဒီ အရွယ် က ရည်းစား စာ အပေး ခံ ရတယ် ဆိုတော့ လူ ကြားလို့ ကောင်း ရဲ့လား ”

ကလေးမ ၏ အဘွား က ရင်ဘတ်စည်တီး ပြောလေ တော့သည် ။ ဟုတ်လည်း ဟုတ်ပါ၏ ။ ပဲပဲ ဆို သူ မှာ ခုမှ တစ်တန်း ရောက် သေး သော ရှစ်နှစ် မျှ ရှိသေး သူ သာ ဖြစ်၏ ။ ကျောင်း တွင် လှဌေးမြင့် ဟု မှည့် ထား သော် လည်း အိမ် ၌ မူ ငယ်မည် ပဲပဲ သာ တွင် နေသည် ။

“ သူတို့ ကျောင်း လွှတ်တော့ သူ က ဂျစ်တူး နဲ့ ပြန်လာ သတဲ့ ၊ အဲဒါ ဟိုဘက် နား က သံချောင်း က ပဲပဲ နင့် ကို ငါ ချစ်တယ် ၊ ဒီ စာ ယူ သွားပါ ဆိုပြီး စာခေါက် တစ်ခု လိုက်ပေး တယ်တဲ့ ၊ သူ က လည်း ကြောက်ကြောက် နဲ့ ဂျစ်တူး နား အတင်း တိုး တော့ ကောင်လေး က သူ့ လွယ်အိတ် ထဲ အ တင်း ထည့် ပေး လိုက်ပြီး ပြန် ပြေးတယ်တဲ့ ကွယ် ၊ သူငယ်ချင်း တွေ က ဝိုင်း စ တော့ ပဲပဲ က ရှက်ရှက် နဲ့ ပြန် လာ တာပေါ့ ၊ ငါ့ နှယ်နော် ခေတ်ကြီး က ဒန့်ကျွဲပင် ပုခက် ဆင် တဲ့ ခေတ် ကို ကျော် ပြီး မြေဇာပင် ပုခက် ဆင် ရမယ် ထင်ရဲ့ ”

“ ကြီးကြီး က လည်း တိုးတိုး ပြောပါ ၊ ကလေးတွေ ဝိုင်း ကြည့် နေကြတယ် ၊ ရှက် စရာကြီး ”

“ မရှက်နိုင်တော့ဘူး မမိုး ရေ ၊ ကလေး အားလုံး က ကျောင်း ထဲ က သိ လာကြတာပါ ”

ကျွန်မ က စိုးရိမ်တကြီး တား သော်လည်း မရပေ ။ အသံကျယ်ကျယ် ဖြင့်သာ ဆက် ပြော နေ၏ ။ ကလေးပရိသတ် က လည်း မနည်းပေ ။ အိမ်ရှေ့ခန်း တွင် ပြည့် နေ၏ ။ ကလေးများ သည် ထစ်ခနဲ ဆိုလျှင် စုရုံးကြ ၊ သိနှင့်ကြ တော့ ၏ ။ ဘာကိစ္စ မဆို တရုန်းရုန်း လုပ် လိုက်ကြ ရ မှ အိပ်ပျော် စားဝင် စိတ်ရွှင် ကြသည် ။ 

ကျွန်မ သည် ကလေး ချင်း စာ ပေးမှု ကို ဆန်းစစ်မိ၏ ။ ကျွန်မ နှင့် မဆိုင် သော် လည်း ကျွန်မ စိတ် ဝင်စားသော ကလေးငယ်များ အကြောင်း ဖြစ် နေသဖြင့် ကိုယ့် ထမင်း ကိုယ် စားပြီး အချိန်ပို အလုပ် လုပ် လိုက်မိသည် ။ ပဲပဲ သည် ခုမှ ရှစ်နှစ် ရှိသေး၏ ။ သူ့ ကို စာ ပေး သည့် သံချောင်း ဆို သူ ကလေး ကာလသား ကလေး မှာလည်း ဆယ့်နှစ်နှစ် ခန့်သာ ရှိ သေးသည့် သုံးတန်း ကျောင်းသား ဖြစ်၏ ။

ပဲပဲ က ဖြူဖြူသွက်သွက် ဖြစ် သဖြင့် ချစ်စရာ ကောင်း ၏ ။ စကား ပင် မပီတတ်သေးပေ ။ စကား တော့ အလွန် သွက် လေသည် ။ မနက် မိုးလင်းသည် နှင့် ရေချိုးပြီး သနပ်ခါး ဖွေးဖွေး လူး ထားတော့၏ ။ သူ့ သနပ်ခါး ညီ လှ၍ ကျွန်မ က အစ်မ ဖြစ်သူ ကို ပင် သူ့ ထံ တပည့် ခံရန် အကြံ ပေးဖူးသေး၏ ။ အဘယ်ကြောင့် ဆိုသော် ကျွန်မ အစ်မ သည် ခုထိ သနပ်ခါး ညီညီ မလူးတတ် သေးသော ကြောင့် ဖြစ်သည် ။

သည် ကလေးမ မှ ကြံကြံဖန်ဖန် ပင် ။ ကလေး တစ်ယောက် ၏ အကူအညီ ကြောင့် သံချောင်း ဆိုသူ ကာလသား ကလေး ကို မြင် တွေ့ လိုက်ရသည် ။ ကုလားကပြား ပင် ။ မျက်နှာချွန်ချွန် ဘဲမြီးဆံပင် နှင့် သူ့ ကိုယ် သူ တော့ ဇာတ်လိုက် ဟု ယူဆ နေပုံ ရသည် ။ ပဲပဲ က လည်း နောက်နေ့များ တွင် ကျောင်း မသွားတော့ ဟု ငြင်း လေ၏ ။ သူ့ ခမျာ ရှက် ရှာပေမည် ။ အရွယ်ပင် ငယ် သော် လည်း သူ လည်း မိန်းမ သား သာ ဖြစ်၍ သည် ကိစ္စမျိုး တွင် ရှက် ရှာပေလိမ့်မည် ။

“ မတတ်နိုင်ဘူး မမိုး ရေ ၊ ကြီးကြီး ကိုယ်တိုင် လိုက် ပို့ ပြီး ဆရာမ ကို သေသေချာချာ တိုင် ခဲ့ရတယ် ”

“ ကောင်လေး ကို ရော ရိုက် သေးလား ”

“ ရိုက်တာပေါ့ ၊ ဒါပေမဲ့ ကြီးကြီး က မရိုက်ပါနဲ့ လို့ တောင်းပန် လိုက်တယ် ၊ နား ဝင် အောင် ဆုံးမပေါ့ကွယ် ၊ ဒီ အရွယ် က အတုမြင် အတတ်သင် တဲ့ အရွယ် ဆိုတော့ တုတ် နဲ့ ခြောက် လို့ မကြောက်တော့ဘူး ၊ ပြော သာ ပြော ရတယ် ၊ ဒီ အရွယ် နဲ့ ဆို ဒီလို ပြုမူတာ အဖြစ် ရိုင်းလွန်းတယ်"

ကြီးကြီး သည် မျက်နှာ ပျက်ပျက် နှင့် သက်ပြင်း ချ လေ၏ ။ ကျွန်မ က မူ စိတ် ပျက်ပျက် နှင့် အတွေး နက် လာ သည် ။ ဒန့်ကျွဲပင် ပုခက် ဆင် မည် မှာ တော့ သေချာလှ၏ ။  ကလေးရွယ် ပင် ဖြစ်ပါလျက် သူများတကာ ကဗျာလေး စာလေး ရွတ် ၍ ပျော်ရွှင် နေချိန် တွင် ရည်းစားစာ တစ်ညိုတစ်ထွာ နှင့် ဘာကြောင့် ရွှင်မြူး နေကြပါသနည်း ။ နို့နံ့ မပျောက် သေးသည့် အရွယ် အချင်းချင်း မောင်နှမ စိတ် မထားနိုင်ဘဲ အဘယ်ကြောင့် စိတ်ရိုင်း မွေးမြူ ရ ပါ သနည်း ။

“ လှလှဌေး ရေ .. ပဲပဲ တို့ ဘာ ဖြစ်သေးလဲ ”

ကလေးများ ကျောင်း မှ ပြန် လာချိန် ကျွန်မ သည် အောက်ထပ် ရှိ သတင်း ပို့သူ ကလေး တစ်ယောက် အား စပ်စု လိုက်သည် ။ 

"သံချောင်း အမေ လိုက် လာတယ် ၊ သူ့ သား အရိုက် ခံ ရတာ ကြားလို့ တဲ့ ၊ ဆရာ ကို တော့ ဘာမျှ မပြောဘဲ ဌေးဌေး တို့ ကြားအောင် တော့ ပြော သွားတယ် ၊ ဒီ အရွယ် ပဲ မသိ လို့ ပေါ့တဲ့ ၊ ဒါများ အပြစ် ယူ စရာလားတဲ့ ”

“ ဟဲ မသိလို့တဲ့လား ”

“ ဟုတ်တယ်အစ်မ ”

သည်လို ပြောဆို တတ်သော မိခင် မှ သည်လို သား မျိုး မွေးဖွားလာသည် မှာ သိပ်တော့ အံ့သြစရာ မရှိပေ ။ မိခင် ကိုယ်တိုင် ကပင် သား အား ဆုံးမ ရမှန်း မသိသေး လျှင် သည် ကလေး အတွက် မှောင် အတိ ပင် ။ “ မသိလို့ ကျူးလွန်တာပေါ့ ” ဟူသော ဆင်ခြေမျိုး သည် မိခင် မပီသသော အမေများ ၏ အသုံးအနှုန်း သာ ။ မိခင် ကိုယ်တိုင် က အသိဉာဏ် နတ္တိ ဖြစ် နေချိန် တွင် သား မှာ မည်သည့် နည်း နှင့် မျှ မလိမ်မာ နိုင် ။ မျိုးစေ့ မမှန် က အပွင့် မသန် ခြင်း သာ ဖြစ် ရမည်ပင် ။

     •••   •••   •••   •••

“ မခင်စန်းရီ ရယ် ၊ ပေါက်စ ကို နား ချုပ် ပေးလိုက်ပါ ၊ မိန်းကလေး တန် မဲ့ နား ပြတ် နေတာ ဘယ် ကောင်းပါ့မလဲ ”

“ နင်တို့ က လည်း ပူပူပင်ပင် ဟယ် ”

“ မဟုတ်သေးဘူးလေ သူ အရွယ် ရောက် ရင် ရှက်ရှာ မှာပေါ့ ”

“ ဒါက တို့ ပူစရာ မဟုတ်ဘူး ၊ သူ့ လင် ပူလိမ့်မယ် ”

“ မခင်စန်းရီ ကလည်း လေ တာဝန်မဲ့ စကား သိပ် ပြော တာပဲ ”

ဝမ်း နှင့်လွယ် မွေးရသော အမေ က မပူသော်လည်း အမြင် မတော် သည့် ကျွန်မတို့ ညီအစ်မ က ကိုယ့် ထမင်း ကိုယ် စားပြီး သူများ သားသမီး ကိစ္စ ကို ဝင်၍ ပူပင် နေမိသည် ။ အိမ်နီးချင်း ဖြစ် လာပြန်တော့လည်း သံယောဇဉ် နှင့် စေတနာ ၊ ကရုဏာများ ပေါ်ပေါက် လာရပြန်သည် ။ ပေါက်စ ဆိုသည့် ကလေးမ ၏ အမည် မှာ ခင်ခင်စန်း ဖြစ်၏ ။ ငယ်မည် “ ပေါက်စ ” ဖြင့် ပင် အပျိုပေါက် အရွယ် ရောက်သည် အထိ နှုတ် ကျိုး နေကြပေပြီ ။ အမေ ကိုယ်တိုင် က ပြုပြင် ခေါ်ခြင်း မပြု သော အခါ ကျွန်မတို့ မှာ သူ့ နည်းတူ ခေါ် နေမိ၏ ။

ပေါက်စ ငယ်ငယ် က နားပေါက် ရှိသည့် နား လှလှ နှင့် ပင် နား ကို မီးတွင်း ထဲ က ပင် ဖောက် ထားသဖြင့် အပေါက် တွင် လျှို ထားသော ကြိုးစ ကလေးမှာ လည်း လှုပ်ရှားသော အရွယ် တွင် ရှုပ် နေ၏ ။ ထိုအခါ ကလေး က လက် နှင့် ဆွဲ ၊ ကြိုးစ က မိရာနှင့် ငြိ ဖြစ်လာရာက အနာ ဖြစ် လာသည် ။ ဤ အထိ အမေ ဖြစ်သူ မှာ ဂရု မပြု လေ သော အခါ နားပေါက် မှ စ၍ အနာ ဖြစ်ပြီး နား အောက်ပိုင်းများ ပြတ် ကျ ကုန်တော့ သည် ။ ဤအခါ၌ မူ ဖြစ်ပြီးသော အနာလို ပြန် မပြင်နိုင်တော့ သောကြောင့် မပူပင်ပြန်ပေ ။ သမီး ဖြစ် သဖြင့် အချိန် တန် လျှင် အိမ်ထောင်သည် ယောက်ျား က တာဝန် ယူ လိမ့်မည် ဟု ဆိုသည် ။

မခင်စန်းရီ မှာ အသက် ဆယ့်ခြောက်နှစ် က အိမ် ထောင် ပြုသဖြင့် အသက် သုံးဆယ့်နှစ်နှစ် တွင် သားကြီး မှာ ဆယ့်ငါးနှစ် ရှိပေပြီ ။ အားလုံးပေါင်း သားသမီး ရှစ်ယောက် ဖြစ်သဖြင့် တစ်ယောက် စီ ကို ဂရု မပြုနိုင်သည် မှာ လည်း မှန် ပေသည် ။ သို့ရာတွင် သမီး အတွက် တာဝန် ကို မခန့်မှန်းနိုင် သေးသည့် လင်ယောက်ျား အား တာဝန် ပေး ထားခြင်း က မူ တာဝန် မဲ့ လွန်းရာ ကျသည် ။ ထို့ကြောင့် လင်မယူ ၊ သား မမွေး သေးသော ကျွန်မ အစ်မ က ပူပူပင်ပင် တာဝန် ယူ၍ ကလေးမ ကို ဂန္ဒီဆေးရုံ သို့ ခေါ် သွားပြီး နား ချုပ် ပေးလိုက်ရ သည် ။ ကျွန်မ အစ်မ မှာ သူများ ကလေး နေ မကောင်း လျှင် တစ်မြို့လုံး ဆေး လိုက် ဝယ်ပေးတတ်၏ ။ မခင်စန်းရီ သမီး နို့ညှာကလေး မှာ မွေး ကတည်း က ဖိထောင်းသော ရောဂါ အမျိုးမျိုး ကြောင့် အသက် သုံးနှစ် ရှိပြီ ဖြစ်သော်လည်း လမ်း မလျှောက် နိုင်သေး ပေ ။

သွားဖုံး မှ လည်း သွေး ထွက် တတ်သဖြင့် ကျွန်မ အစ်မ သည် သူ့ ဘာသာ မဂ္ဂဇင်း ထဲ ၌ ဆေးညွှန်း ရှာပြီး “ ဗိုက်တာ ဇုံ ” ဝယ် ပေးလေသည် ။ မခင်စန်းရီ က မူ သူ့ ယောက်ျား အတွက် သာ နေ့စဉ် အရက်ဖိုး ထုတ် ပေးလေသည် ။ ကလေး အ တွက် ဆေး ဝယ် ရန် ပိုက်ဆံ ကို မူ မရှိ ဟု ဆိုလေသည် ။ သူ့ အယူအဆ မှာ အိပ်ရာထဲ လဲ မှ ဆေး လိုသည် ဆို၏ ။

သူ့ သမီးများ မှာ ခင်ခင်စန်း ၊ စန်းစန်းဌေး ၊ လှလှဌေး ဟူသော အမည်များ ရှိလင့် ကစား ပေါက်စ ၊ ဂျစ်တူး စသည် များ ဖြင့် ခေါ် ၏ ။ သည့် အပြင် ခြေထောက် ၌ ဝဲအနာရွတ် များ ရှိသောကြောင့် ပေါက်စ ကို “ ဝဲထူ ” ဟူ၍ လည်းကောင်း ၊ သွား ခေါ သော ဂျစ်တူး ကို “ ထော်လန် ” ဟူ၍ လည်းကောင်း ၊ ညှက်သော လှလှဌေး ကို “ ညှက်စိ ” ဟူ၍ လည်းကောင်း ထပ်ဆင့် ကင်ပွန်း တပ် ထားသေးသဖြင့် အကြား မတော် သော ကျွန်မ တို့ လာ တောင်းပန်၍ ပြုပြင် ခေါ်စေရ၏ ။

မခင်စန်းရီ တို့ မိသားစု မှာ ကျွန်မ တို့ အောက်ထပ် အခန်း ၌ နေ ကြသဖြင့် အိမ်နား ပတ်ဝန်းကျင် သတင်း ကို သူ တို့ ထံ မှ တစ်ဆင့် ကြား သိရ၏ ။ သတင်းထောက် မိသားစု ပါပေ ။

“ ခွေးမ တစ်ယောက် ငါးယောက် မြောက် ယောက်ျား ယူ ပြန်သည် ”

“ မလှရီ တစ်ယောက် ယောက်ျား လွှဲ ယူလိုက်ရသည် ”

စသည် .. စသည် တို့ကို သူတို့ ထံမှ သိ ရ၏ ။

“ ဟဲ့ - ပေါက်စ ခွေးမ ရဲ့ အရင် ယောက်ျား ရော ”

“ ဘာဖြစ်လို့လဲ မသိဘူး ကွဲ သွားလို့  ၊ ခုတော့ သူတို့ အိမ် ကို လာ လာနေတဲ့ ပုလိပ် နဲ့ ယူ လိုက်တာပဲ ”

“ သူ့ ခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ် ၊ အိမ်ထောင် အဆက်ဆက် ပြောင်း ရတာ မကောင်းပါဘူး ၊ အိမ်ထောင် ပျက် ဖူးရင် အိမ်ထောင် အသစ် ထူ ဖို့ ပိုပြီး စဉ်းစားရတယ် ၊ အပျို ဘဝ မှာ အိမ်ထောင် ပျက် ဖို့ ကြုံ ခဲပေမဲ့ တစ်ခုလပ် ဘဝ မှ အိမ်ထောင် ထပ် ပျက်ဖို့ ပို လွယ်တယ် ၊ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခုလပ် ဆိုရင် ပမာ မခန့် ဘဲ အလွယ် သဘော ဆက်ဆံချင်တဲ့ လူ ပို များ လာလို့ပဲ ၊ အင်း နော် ... မိန်းမ ဘဝ များ “ ဖက် ” သက်သက် ပဲ ၊ အပျို ဘဝ တုန်း ကလည်း လင်ကုန် မရှုံး အောင် စဉ်းစား ရတယ် ၊ အကြောင်း မသင့် လို့ အိမ်ထောင် ပျက် ပြန် ရင်လည်း မိအေး နှစ်ခါ နာ မဖြစ် အောင် ဆင်ခြင် ရ ပြန်ရောပဲ ”

“ အေး - ဒါကြောင့် နင် တို့ အပျိုကြီး ဖြစ်တာပဲ ၊ မိုး ပြို မှာ တွေး ကြောက် နေတဲ့ တစ်တီတူးမ,တွေ ၊ အပျိုကြီးခွန် ကောက် ရင် နင်တို့ အရင်ဆုံး ပေးရမယ် ”

ကျွန်မ သည် အိမ်ထောင်ရေး ကို အပျက် ရှုထောင့် မှ ဝေဖန် သော အခါ မခင်စန်းရီ သည် ည က သူ့ ယောက်ျား အရက်မူးမူး နှင့်ကန် ထားသော ခါး မှ ဒဏ်ရာ ကို မေ့ပြီး ကျွန်မ အား နောက် လေသည် ။ သူက ကျွန်မတို့ ကို အဝတ်အစား ဖြုန်းတီးရကျိုး မနပ်ဟု ဆိုလေ့ရှိသည် ။ တစ်နည်း ဆို သော် “ ရှိုး ” ပြရကျိုး မနပ် ဟု ဆိုခြင်းပင် ။

“ ခင်စန်းရီ .. ခွေးမ ဒီလို ဖြစ်တာ သူ့ အဖေ တာဝန် ရှိ တာပေါ့ နော် ”

“ ဟဲ့ - နင်က ဘာ ပူပြန်တာလဲ ၊ သူ့ အဖေ က သူ့ အမေ သေ ကတည်း က သမီး နဲ့ ရွယ်တူ နောက် မိန်းမ ထပ်ယူ ပြီး သားသမီးတွေ ကို မေ့ နေတာပဲ ဟာ ”

“ အင်းလေ .. မိဘ က တာဝန် ပျက် မှ တော့ သားသမီး တွေ ပရမ်းပတာ ဖြစ် ရတော့တာပေါ့ ”

“ နင် က ခုမှ အဆန်း လုပ် နေတယ် ၊ နင် မသိ လို့ သာ အကြော် ရောင်း တဲ့ မခင်ကြည် ရဲ့ သမီး မလှရီလေး တောင် လင် လွှဲ ယူ လိုက်ရပြီ ”

“ ဘယ့်နဲ့ .. ဘယ့်နဲ့ လွှဲ ယူ လိုက်ရတယ် ၊ ကျွန်မတို့ တန်းလျား က လည်း ဖြစ် လိုက်မှဖြင့် စံ ပဲ ”

“ နင်တို့ က ကျောင်း စာအုပ် ထဲ သာ စိတ် ဝင်စားနေ တော့ ဘယ် သိ ပါ့မလဲ ”

ကျွန်မ သည် စာ ဖတ်၍ ခေါင်း ရှုပ်လာလျှင် ခေါင်း ရှင်း လိုသောသဘော နှင့် ထွေရာလေးပါး ပြောရင်း သတင်း စုံ ရ တတ်၏ ။ ထိုအခါမှ ပတ်ဝန်းကျင် တွင် အမှုတစ်ရာပွေ နေ ကြောင်း သိရ၏ ။ မလှရီ ဆို သူ မှာ အဖေ မရှိချေ ။ သူ့ အမေ က မောင် အရွယ် နောက် ယောက်ျား ကို ထပ် ယူပြီး အကြော် ရောင်း ကျွေးသူ ဖြစ်၏ ။ လင် ကို ပြုစုတတ်သော်လည်း သမီး ကို ဂရု ပြု တတ်သူ မဟုတ်ပေ ။ ကျွန်မ တို့ တန်းလျား နှင့် မျက် စောင်းထိုး တွင် အလုပ်ကုမ္ပဏီ တစ်ခု ဖွင့်ထားသော သက် သာချောင်ချိရေးဆိုင် ၌ ခေါက်ဆွဲသုတ် ရောင်းရင်း ထို ဆိုင် မှ အရောင်းစာရေး တစ်ဦး နှင့် ကြိုက် နေမှန်း ကို သာ သိ ထားရ ၏ ။ ဤသည် မှာ ကျွန်မ သိထားသော မလှရီ ၏ ဇာတ်လမ်း ပင် ။

“ လွန်ခဲ့တဲ့ သောကြာနေ့ ည က မလှရီ ရည်းစား က ခိုးမယ် လို့ ချိန်း ထားရော ၊ အဲဒီနေ့ ည မှာ အမျိုးသား က လည်း ညဘက် ဂိုဒေါင်စောင့် တာဝန် ကျတော့ အခက်ပေါ့ ၊ မလှရီ က လည်း ချိန်း ထားရာ မှာ စောင့် နေမှာ ကိုး ၊ ဒီတော့ ည လည်း ရောက် ရော သူ့ သူငယ်ချင်း ကို အခေါ် ခိုင်းတယ် ၊  သူ့ အစား လေ ၊ သူ ကတော့ မနက် တာဝန် ပြီး မှ ထွက် နိုင်မှာ ၊ ဒီလိုနဲ့ သူ့ သူငယ်ချင်း က မလှရီ ကို ခိုးသွားတော့ မနက် လည်း လင်း ရော အမျိုးသား က မလှရီ ကို မယူနိုင်ပါဘူး ဆို တော့တာပါပဲ ”

“ သူ က မယူနိုင်ရင် ဘာလို့ ခိုးမယ်လို့ ချိန်း ရတာလဲ ။ ဟင် .. သူ မထွက်နိုင်တာတောင် လူစား လွှတ် ခိုး ခိုင်းပြီးတော့ မှ မယူနိုင် ဘူးတဲ့ လား ”

“ အဲဒီ လူစား လွှတ်တဲ့ ကိစ္စ က ပြဿနာ ပေါ်တာပဲ ”

“ ဘယ်လိုကြောင့်လဲ ဟင် ”

ကျွန်မ သည် နှစ်ပွင့်တစ်ခိုင် ဇာတ်လမ်း ကို စိတ်ဝင် စား လာသည့် အလျောက် အလောတကြီး မေး လိုက်သည်  ။

“ ပထမတော့ မလှရီ စောင့် နေမှာ စိုး လို့ ခိုး ခိုင်းပေမဲ့ တစ်ညလုံး သူ့ သူငယ်ချင်း နဲ့ အတူ ရှိမယ့် မလှရီ ကို မလိုချင်တော့ဘူး လို့ နောက် မှ ဖြစ် သွားတာပဲ ၊ အစား ခိုး ရတဲ့ လူ က လည်း မိန်းမ ရှိ ပြန်တော့ အခက်ပေါ့ ၊ နောက်ဆုံး အလုပ် ထဲ မှာ ပြန်ပြီး အထက် ကို ပေါက်တော့ လူကြီးတွေ က ခေါ် ရှင်း ပေး ရတယ် ၊ ဒါပေမဲ့ မလှရီ အမျိုးသား က မယူနိုင်ဘူး လို့ ပဲ ငြင်း နေတာမို့ နောက်ဆုံးတော့ အစား ခိုး ပေးတဲ့ လူ က ပဲ မယားကြီး ကို ကွာပြီး မလှရီ ကို ယူ လိုက်ရတော့တယ် ၊ နို့မို့ ရင် ကောင်မလေး မှာ အခက်ပဲ ”

“ ခုတော့ရော မခက်တော့ ဘူး တဲ့ လား ၊ ကြိုက် တော့ တစ်ယောက် ၊ ယူ တော့ တစ်ယောက် ၊ ဒီအထဲ အိမ်ထောင် တစ်ခု ကို ဖြို ခွဲရတာ ဘယ်လောက် စိတ် မချမ်းသာစရာ ကောင်း သလဲ ၊ ဒီ လူ ကလည်း သူ့ မိန်းမ ကို စိတ် ပြတ်မတဲ့ လား ၊ ကောင်မလေး မှာ ခုနေ နောက် ဆုတ်ရင် နာမည် ပဲ ပျက် မှာ ၊ နောက်ကျ လို့ ဒီလူ က မယားကြီး နဲ့ ပြန် ဆက် မှ နောက် ဆုတ်ရင် အခြေအနေ ပို ဆိုး မှာ ”

“ နင် က လည်း ဟယ် ခုဟာ က လင်ကောင် ပေါ် အောင် ယူ ရတာပေါ့ ၊ ဒီ အထိ တွေးရင် နင် တို့ အပျိုကြီးခွန် ဆောင် နေရမှာပေါ့ မမိုး ရဲ့”

မခင်စန်းရီ သည် သူ့ သဘာဝ အတိုင်း သတင်း စကား အဆုံး၌ ရယ်စရာ နောက်ရွှတ်ရွတ် သော လိုက်လေ၏ ။ ကျွန်မ မှာ မသော နိုင်ပေ ။ သူများ ကိစ္စ အတွက် မပူပင် ချစ်လျက် နှင့် မိန်းကလေး တစ်ယောက် ၏ ရှေ့ရေး အတွက် ရင် မော နေမိသည် ။

“ လင်ကောင် ပေါ်ရန် ” ဟူသော အယူအဆ ကြောင့် ကွဲ သတင်း ကွာ သတင်း ပေါများ နေခြင်း ပင် ။ မိန်းကလေး များ သည် အများ အား ဖြင့် ဒူး နှင့်မျက်ရည် သုတ် ကြရ မှ လင် ကံ ဆိုး လေခြင်းဟု ငို ကြသည် ။ မဖြစ်မီ က မူ အစ်ကို ယောက်ျားသားများ နှင့် ပြိုင် မိုက်ရဲသော သတ္တိရှင်များ ဖြစ် ကြ၏ ။ မိုက်မိုက်မဲမဲ ဆူးပုံ နင်း ၍ ဆူး စူး မှ ကံ ကို ရိုးမယ်ဖွဲ့ အပြစ် ပုံ ချ တတ်၏ ။ တကယ် ဆို မူ ကျား ရဲရာ ကြမ္မာ မရိုး သာပေ ။

အိမ်နီးချင်းများ ၏ သတင်း ကို ကြား ရတိုင်း ရင် မော လှ၏ ။ သို့ရာတွင် တစ်ယောက် တည်း မနေဘဲ ပတ်ဝန်းကျင် ၌ နေ ရသေး သဖြင့် ကိုယ့် သတင်း သူ ကြား သူ့ သတင်း ကိုယ် ကြား နေကြရ၏ ။ အလုပ်သမားတန်းလျား မှာ နေရသ ဖြင့် တန်းလျား ဇာတ်လမ်းများ ကို မျက်စိ နှင့် မြင် နား နှင့် ကြား နေရပေသည် ။ သို့ရာတွင် အိမ် သတင်း ကြောင့် မည် မျှပင် စိတ် မချမ်းသာရလင့်ကစား ကျောင်း ရောက် ၍ စိတ် ကလေးများ ကို လေ့လာချိန် ရောက်လျှင်မူ ရွှင်မြူးရစမြဲ ပင် ။

“ သမီးရေ .. မော်တော်ကားတွေ မီးစိမ်း ပြ ရင် သွား ရ တယ်နော် ၊ မီးစိမ်းရောင် နဲ့ မြက်တွေ အရောင် တူ သလား ”

“ တူတယ် တီချာ ”

“ ဒီလိုဆို မြက်တွေ က ဘာ အရောင်လဲ ”

“ အစိမ်းရောင် ”

“ ဟုတ်တယ် သမီး က တော်တော် တတ် တာပဲ ၊ ကဲ ဒီ အနားတွေ မှာ မြက် နဲ့ အရောင် တူ တဲ့ အစိမ်းရောင် ပစ္စည်း တွေ ကို ရှာ နော် ၊ ပြီးတော့ တီချာ့ ကို ပြောပြ ”

စကားပင် မပီတတ် သေး သော်လည်း “ တီချာ ” ဟု အသံကြည်ကြည် ဖြင့် ခေါ် တတ်သော ကလေးများ နှင့် တွေ့ လျှင် စိတ် ကြည်နူး ချမ်းသာ ရသည် ။ “ ဝါဆို ဝါခေါင် ရေတွေ ကြီး လို့ သပြေသီးမှည့် ကောက်စို့ကွယ် ” ဟူသော သံပြိုင် တေး ကို ကြား ရလျှင် သာယာငြိမ့်ညောင်းရသည် ။ 

စက်တန်းဂိတ် သို့ ရောက်လျှင် သီချင်းသံ ဆူညံ နေပြန် သည် ။ ထို့ကြောင့် ဝင်း ထဲ သို့ တိုက်ရိုက် မဝင်သေးဘဲ ဝင်း ရှေ့ မြောင်းဘေး ရှိ သစ်ပင်ကလေးများ နှင့် အလုပ် ရှုပ်နေ သော ဂျစ်တူး ကို သတင်း မေး မိသည် ။ 

“ ဟိုဘက် က အမိ ဆိုတဲ့ အစ်မ မနက်ဖြန် မင်္ဂလာ ဆောင် မှာမို့ ဒီနေ့ ကတည်း က ပြင်ဆင် နေကြတာပါ ”

“ ဟဲ့ ... ဘယ်က အမိ လဲ ”

“ အစ်မ ကလည်း လေ ၊ အရင် က ဂါဝန်ပြာပြာ နဲ့ ကျောင်း သွား နေတာလေ ”

“ ဪ ... ခုတစ်လော ကျောင်း မသွားတော့ လို့ တစ်နေ့ က နင့် အဒေါ် တောင် သူ့ အမေ ကို မေး သတဲ့ ၊ ကောင်မလေး လား ”

“ ဟုတ်တယ် အစ်မ ၊ အဲဒါ မနက်ဖြန် သူ မင်္ဂလာ ဆောင် တော့မယ် ၊ လူကြီး က သူတို့ အိမ် မှာ ထမင်း လခ ပေး စား တဲ့ လူ ပဲ ၊ အိမ် က ပေးစားတာ တဲ့ အစ်မ ”

“ အေး .. အေး ... ငါ သိပြီ ၊ ဒါနဲ့ နင်တို့ ဒီမှာ ဘာ လုပ်နေ တာလဲ ”

“ ပန်းလေးတွေ လှ လို့ လိုက် ခူး နေတာပါ ၊ ဒီမှာ ကြည့် ပါလား အစ်မ ၊ ပန်း အဝါ လေးတွေ က လှ တယ်နော် ၊ အစ်မ ယူ မလားဟင် ”

ဂျစ်တူး က ခူးပြီးသား ပန်း လေးငါးပွင့် ကို လှမ်း ပေး သဖြင့် ကျွန်မ လည်း အမှတ်တမဲ့ ယူ ထားလိုက်သည် ။ ခြေလှမ်း က အိမ် သို့ လှမ်း နေသော်လည်း မျက်လုံး က မနက်ဖြန် မင်္ဂလာ ဆောင်မည့် မင်္ဂလာ နေ အိမ် သို့ ကြည့်မိ၏ ။ အမိ ဆို သူ မိန်းကလေး မှာ ငယ်ငယ်ရွယ်ရွယ် ပင် ။ ဂါဝန်ပြာပြာကလေး နှင့် ကျောင်း သွား နေလေ့ ရှိ၏ ။ ကျောင်း သွား သည် ကို မတွေ့ ရသည် မှာ တစ်လ မျှ သာ ရှိ ဦးမည် ။ ခု အိမ်ထောင်သည် ဖြစ် တော့မည် ။ အသက် မှာ လည်း ဆယ့်လေးငါးနှစ် ခန့် သာ ရှိ ဦးမည် ။ သူ က ပင် ယောက်ျား ယူ ချင်၍လား ၊ အိမ် က ပင် လူကောင်း တွေ့ တုန်း နေရာ ချ ထား လို၍လား ။

ဘာကြောင့်ပဲ ဖြစ်ဖြစ် သည် အရွယ် ၌ မူ အိမ်ထောင် မပြုသင့်သေးပေ ။ အိမ် တွင် ထမင်း လခပေး စား သူ ဖြစ်ပါက နီးစပ် နိုင်ပေလိမ့်မည် ။ ဒါကြောင့် အခြေအနေ အရ ပေးစား ရခြင်း လည်း ဖြစ်နိုင်၏ ။ တကယ်မူ သားသမီးများ မဖြစ် သင့် သည့်ကိစ္စ မဖြစ် ရ အောင် ကြိုတင် ဆင်ခြင် ထိန်းသိမ်းရ မည့် တာဝန် မှာ သမီးရှင် မိဘများ အဖို့ အကြီးလေးဆုံး ဖြစ် ၏ ။ နီးစပ် ၍ မှားယွင်း တတ် လျှင် သမီးပျို ရှိ ပါ က သူစိမ်းတရံဆံ ကို လက် မခံသင့်ပေ ။ သမီးလေး မှာ ငယ်ပင် ငယ်သော်လည်း အမှား က မူ လူ မရွေး ၊ အရွယ် မရွေး ဖမ်း စား တတ်၏ ။

မိဘ က ကြည်ဖြူ ၍ ပေးစားရခြင်း ဆိုပါ က လည်း အတော်ပင် အလျင် လို လွန်းသော မိဘ ပင် ၊ အရွယ် မမြောက် သေး သည့် နုနုငယ်ငယ် သမီး ကို ကျောင်းစာ ကြား မှ ဆွဲ ထုတ်ပြီး အိမ်မှုကိစ္စများ တွင် နှစ်သွင်း ပုံချခြင်း သက်သက် သာ ဖြစ်သည် ။ အိမ်ထောင် ပြုပါက သားသမီးများ ကို မည်သို့ ထိန်းသိမ်းသင့်သည်များ နား မလည်သေးပါ က အိမ်ထောင် ပြုခြင်းမှာ အပြစ် သက်သက် သာ ဖြစ်၏ ။ ကိုယ့် မှာ လည်း တာဝန် ပို ၊ သားသမီး မှာ လည်း သွန်သင်မှု မရဘဲ အကွပ်မဲ့ ကြမ်း သာ ဖြစ် ရပေတော့မည် ။ သားသမီး ရလာ လျှင် “ ကျွေး ” ဖို့ ထက် “ မွေး ” ဖို့ ခက် လှလေစွ ။

“ နောက် လည်း အလိုက်အထိုက် ပေါ့ ”

“ နတ် ထွင်းတဲ့ ခံတွင်း ပဲ ”

“ သူ့ ဆန် ရှိ လို့ လာတာ လာ ပါစေ ”  စသည် .. စသည် များဖြင့် ကျွေးမှု ကို သာ မိဘ တာဝန် ဟု ယူဆ နေကြသော မိဘများ မှ ပေါက်ဖွား လာ ပါက အရွယ် မတိုင်မီ ရည်းစား စာ ပေး တတ်မည် ၊ အိမ်ထောင်မှု ပွေ ပေမည် ။ ပညာ ပေးရ မည့် မိဘ က ချွတ်ယွင်းနေပါက သားသမီး မှာ မည်သည့် နည်း နှင့် မျှ မလိမ်မာ နိုင်ချေ ။ အရွယ်ငယ်ငယ် နှင့် အိမ်ထောင်မှု ကို နား မလည်သေး ဘဲ လင်ယူ သားမွေး သော “ အမိ ” ၏ ကလေးများ ပေါက်ဖွား ကြီးပြင်း လာ ပါ က ပဲပဲ ကို စာ ပေးသော သံချောင်း ကဲ့သို့ ကလေးဆိုးများ ပေါ်ပေါက် လာ ရမည်ပင် ။

မနက်ဖြန် သဘက် မိခင် ဖြစ် မည့် အမိ ၊ ထို့နောက် သံချောင်း၊ ခွေးမ ၊ မလှရီ စသော သူများ သည် အဆက်အစပ် ရှိ ပေသည် ။ ကျွန်မ လည်း စိတ် မောမော နှင့် လက်ဝယ် ကိုင် ထားသော ပန်း ကို နမ်း လိုက်မိသည် ။ မမွှေး သဖြင့် ကြည့် လိုက်မှ ကျောင်း က ကျွန်မ ရ လာသော ပန်းမဟုတ်ဘဲ စက် ဝင်း ရှေ့ ၌ ဂျစ်တူး ပေး လိုက်သော “ အလေ့ကျပန်း ” ဝါဝါ ကလေးများ ဖြစ်နေမှန်း သိသည် ။ စက်တန်း ရှေ့ တွင် အလေ့ ကျ ပန်းပင်များ မှာ အများအပြား ပင်။ ပန်းကလေးများ မှာ လည်း ဝါဝါပြာပြာကလေးများ ဖြစ်၍ ချစ်စရာကလေးများ ၊ သို့ရာတွင် မမွှေးချေ ။

ကျောင်း မှ ရလာသော ပန်း မှာ ကျွန်မ လေ့လာ ရသော ကလေးမ အေးအေး ခူး ပေး လိုက်သည့် ကျောင်းဘေး ဥယျာဉ်တွင်း ရှိ ပန်းချုံ မှ “ စံပယ်ပန်း” ဖြူဖြူများ ပင် ။ ကား အဆင်း အတက် တွင် ကျ ကျန် ရစ် ခဲ့ပေသည်။ သို့ကြောင့် အိမ် သို့ ရောက်သော် အေးအေး ပေး လိုက်သော “ စံပယ်ပန်း ” အစား ဂျစ်တူး ပေး လိုက်သော အလေ့ကျပန်း သာ ရှိ နေရ ခြင်း ဖြစ်၏။

မည်သို့ပင် ဖြစ်စေ ပန်းကလေးများ ကို ကျွန်မ ချစ် သည် ချည်းပင် ။

အိမ် လှေကား သို့ ရောက်လျှင် မင်္ဂလာ အိမ် မှ သီချင်း သံ ပျံ့လွင့် လာသည် ။

“ ပန်း ဥပမာ ပေးရသော် ... သြဇာ မြေဆွေး .. ဓာတ်ပေး မှားလျှင် ပန်းများ မပွင့် ၊ ပန်းများ မလှ ၊ ပန်းများ မမွေးတော့ .. သည်သို့ သာပေ ... ။

◾ မမြခက်

📖 ငွေတာရီမဂ္ဂဇင်း
      ၁၉၆၅ ၊ ဖေဖော်ဝါရီ ၊

#ကိုအောင်နိုင်ဦး

.

Monday, November 28, 2022

မျှော့နက်မဲကြီး တွယ်တတ်တယ်


 ❝ မျှော့နက်မဲကြီး တွယ်တတ်တယ် ❞


ပြော ရ ရင် ငပိန် ဆို တာ သူ့ နာမည် အရင်း တော့ မဟုတ်ဘူး ။ နာမည် အရင်း က သပ်သပ် ရှိတယ် ။ ဒါပေမယ့် ဘယ်သူ က မှ မခေါ်ကြတာ ။ သူ့ မိဘ တွေ က အစ သူ့ ကို ငပိန် လို့ ပဲ ခေါ်တာ ။ သူ့ ပုံစံ ကို လည်း ကြည့်ဦး ။ ငပိန် ဆို တဲ့ အတိုင်း တကယ့် ကို ပိန်ပိန်လေး ရယ် ။ ပိန် တာ မှ ဘာ နဲ့ ဘယ်လို နှိုင်း ပြရမှန်း ကို မသိတာ ။ အနီးစပ်ဆုံး ပြော ရရင်တော့  ။


လူ အရိုးစု မြင်ဖူးတယ် မဟုတ်လား ၊ အဲဒီ အရိုးစု ကို အပေါ် က နေ အဝတ်အစား ဝတ် ပေးထား ကြည့် လိုက် ၊ မြင်ပြီ မဟုတ်လား ။ ငပိန့် ကိုယ်လုံး ကို ။


အသားအရေ က မဖြူ မညို ရုပ်ရည် က သူလို ကိုယ်လို ပေမယ့် အဲဒီ လို အရိုး ပေါ် အရေ တင် ဖြစ်နေတာ ကို က လူတကာ ပြောစရာဖြစ် နေတာ ။


ဒါပေမယ့် ဘယ်သူတွေ ဘယ်လို ပြောပြော ငပိန် က တော့ သူ့ ပြော တာ မဟုတ်တဲ့ အတိုင်း အေးဆေးပဲ ။ မျက်နှာ က လည်း ပြောင်သလား မမေးနဲ့ ။ ကြေးဖလား ကို နေ ထိုး ထားတာ ထက် တောင် ဆိုး သေးတယ် ။  


လူ က သာ သူအို သူနာ သူသေ နိမိတ်ကြီး သုံးပါး ကို ရော ကျို ထားသလို ဖြစ် နေပေမယ့် မိန်းမ လို ချင် လိုက်တာ ဆိုတာ က လည်း ငမ်းငမ်း ကို တက် လို့ ။ ရပ်ကွက် ထဲ က ရွယ်တူတန်းတူ မိန်းကလေးတွေ ထဲ မှာ သူ ရည်းစား စကား မပြော ဖူး တဲ့ လူ ရယ် လို့ ခပ်ရှားရှား ရယ် ။ သူ က သာ တစ်ယောက် ပြီး တစ်ယောက် လိုက် ကြိုက် နေတာ ။ ကောင်မလေးတွေ က တော့ သူ့ ကို ကြိုက် ဖို့ နေနေသာသာ ကြည့် လို့ ရ တာ တောင် မဟုတ်ဘူး ။ သူ အနား ကပ် လာတာ နဲ့ ပါးရိုက်ဖို့ ပြင် တဲ့ သူ နဲ့ ၊ ဒေါက်ဖိနပ် နဲ့ ခုတ်ဖို့ ပြင်တဲ့ သူ နဲ့ ။ တစ်ခါများ ဆို စက်ချုပ်သင်တန်း က ပြန်လာ တဲ့ ကောင်မလေး ကို ရည်းစား စကား သွား ပြော တာ ကောင်မလေး က ကတ်ကြေး နဲ့ ထိုးမယ် တကဲကဲ လုပ် နေလို့ ရပ်ကွက် ထဲ က လူတွေ က မနည်း ဝိုင်း ဆွဲ လိုက်ရ သေးတယ် ။


အဲဒီလို ဖြစ်ပေမယ့် ငပိန် အချိုး ပြင် မယ် ထင်သလား ။ ဝေးသေး ။ ပိုပြီးတော့ တောင် ဆတ်ဆလူး ထ လာ သေးတယ် ။ သူ နဲ့ သက်တူရွယ်တူ ကောင်မလေးတွေ နဲ့ ဇယား မကိုက်မှန်း လည်း သိရော သူ့ ထက် အသက် ငယ် တဲ့ ကောင်မလေးတွေ ဘက် ကို မြားဦး က လှည့် လာတယ် ။  


ငပိန် အခု ကြိုက် နေတဲ့ ကောင်မလေး က သူ နဲ့ ဆို ဆယ်နှစ် လောက် ကို ငယ် မယ် ။ ငပိန့် အသက် က သုံးဆယ် ကျော် လောက် ရှိပြီ ဆိုတော့ ကောင်မလေးက ရှိ လှ မှ နှစ်ဆယ် သာ သာပေါ့ ။ ကောင်မလေး နာမည် က ကြည်ပြာ တဲ့ ။ ချောချောလှလှရယ် လို့ တော့ မဟုတ်ပါဘူး ။ သူလို ကိုယ်လို ပေမယ့် သိတဲ့ အတိုင်း ဘာလာလာ ဂိမ်း မယ် ဆိုတဲ့ ငပိန့် အတွက် က တော့ ဒေဝစ္စရာ လို ကို ဖြစ် နေတာ ။


အခုလည်း ကြည်ပြာ ဈေး က ပြန် အလာ ကို  ငပိန် လမ်းထောင့် က နေ ခွေးသူခိုး ပုံစံ နဲ့ ချောင်း နေတာ ။ မကြာပါဘူး ။ ကြည်ပြာ လည်း ကြွပ်ကြွပ်အိတ် အမည်းလေး ဆွဲပြီး ပြန် လာတာ တွေ့လိုက်တာ နဲ့ ခွေးသူခိုး ခြေလှမ်းမျိုး နဲ့ ကြည်ပြာ့ နား ပြေး ကပ် သွားပြီး


“ ကြည်ပြာ ဈေး က ပြန် လာ တာလား ”

  

ကောင်မလေး က လှည့် ကြည့်တယ် ။ ငပိန့် ကို တွေ့ လိုက်တော့ စိတ် ထဲ ဘဝင် မကျသလို ဖြစ် သွားပေမယ့်


“ ဟုတ်ကဲ့ ဦးပိန် ”

   

ဆိုပြီး ဆက် လျှောက်တယ် ။ ဒါကို ငပိန် က ကောင်မလေး ဘေး က နေ ရှမ်းလွယ်အိတ် လို လိုက်ကပ် လျှောက်ရင်း က နေ


“ ဘာတွေ ဝယ်လာတာလဲ” 


“ အစုံပါပဲ ”

  

ကောင်မလေး က အားနာ လို့ စကား ပြန် ပြော နေတာကို ပဲ ငပိန် စိတ် ထဲ အခြေအနေ ကောင်းပြီ ဆိုပြီး အူ က မြူး ချင် နေပြီ ။


“ ကြည်ပြာ ၊ အိတ် ပေး လေ ဆွဲလာပေးမယ်” 


“ ရပါတယ် ၊ မဆွဲပါနဲ့ ” 


“ ပေးပါ ၊ ဆွဲပေးပါ့မယ် ”

  

ကောင်မလေး လည်း နည်းနည်း တော့ စိတ် ညစ် လာ ပုံ ရ၏ ။ 


“ ဦးပိန် က တကယ် ဆွဲ ပေး မှာ မို့ လို့ လား” 


ငပိန် က မျက်နှာရူးကြီး နဲ့


“ ဆွဲ ပေးမှာပေါ့ ၊ ပြာပြာ က သာ ခိုင်းလို့ ကတော့ လက် က ဆွဲ ရုံတင် မဟုတ်ဘူး ၊ ခေါင်းပေါ် ပါ တင်ပြီး ရွက် လာ ပေးဦးမှာ ”

  

ကြည့် ။ အခေါ်အဝေါ် က ပါ ချက်ချင်း ပြောင်း သွားတာ ။ ကြည်ပြာ ကို များ ပြာပြာ တဲ့ ။


အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား တောင် မဟုတ်ဘူး ။ ဘာ မှ မကျက်ခင် ကတည်း က အစိမ်း လိုက် စားမယ် ဆိုတာ ငပိန် လို လူမျိုး ကို ပြော တာ ဖြစ်မယ် ။


ကောင်မလေး မျက်နှာ ရှုံ့ သွားတယ် ။ 


“ ဘာလဲ ၊ မယုံလို့လား ၊ မယုံရင် ပေးလေ ၊ ခေါင်း ပေါ် တင် ပြီး ရွက် လာပြမယ် ”

  

ဆိုပြီး ကောင်မလေး အိတ် ကို အတင်း သွား ဆွဲတယ် ။ ကောင်မလေး က အိတ် ကို ပြန် ဆွဲယူရင်း က နေ


“ အို မဟုတ်တာ ငရဲ ကြီး ကုန် ပါ့မယ်” 


“ ဘာဖြစ်လို့ ငရဲ ကြီး ရမှာလဲ ၊ အိတ် ကို ခေါင်း ပေါ် တင် တာပဲဟာ ”

  

ကောင်မလေး က ငပိန့် ကို မျက်စောင်း ထိုး ကြည့်ရင်း


“ ဦးပိန် က လည်း အိတ် ထဲ မှာ ပါ တာတွေက ခေါင်းပေါ် တင်လို့ မှ မကောင်း တာ ၊ အိမ်သာ စီး ဖို့ ခုံဖိနပ် တစ်ရံ ရယ် ၊ အတွင်းခံဘောင်းဘီ နှစ်ထည် နဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ လေ ”

  

မျောက် ကို ငါးပိ နဲ့ တို့ လိုက်သလို ငပိန့် မျက်နှာ ရှုံ့ ထွက်သွားတယ် ။


ဒါပေမယ့်လည်း မရ ရအောင် ကြိတ် လုံးမယ်လို့ ဆုံးဖြတ် ထား တဲ့ အတိုင်း တစ်ဘက် က မရတာ နဲ့ တစ်ဘက် ကို လှည့် သွားတယ် ။


“ ပြာပြာ့ ကို စကား ပြောဖို့ စောင့် နေတာ ”

  

ကောင်မလေး က ဘာမှ ပြန် မပြောပေမယ့် တော်တော်လေး တော့ စိတ် ညစ်နေပြီ ။ ဒီအဆင် နဲ့ ဒီအဆင် ငပိန် ဘာ ပြော တော့မယ် ဆိုတာ ကောင်မလေး က ကြိုပြီး ခန့်မှန်း လို့ ရ နေပြီကိုး ။


“ ဦးပိန် လေ ပြာပြာ့ ကို ”

  

“ ဟဲ့ မသာကောင် ”

  

ငပိန် စကား မဆုံးလိုက် ။ အနား ကပ် ပြီး အော် လိုက်တဲ့ အသံကြောင့် ငပိန် တွန့် သွား တယ် ။ ကြည့် လိုက်တော့ ကြည်ပြာ့ အဒေါ် အပျိုကြီး ၊ ကောင်မလေး က ပျော် သွားပြီး


“ ဟင် ဒေါ်လေး ၊ သမီး ဒီမှာ ဈေးဝ ယ်ပြီး ပြန် လာတာ ၊ အဲဒါ ဦးပိန် က ” 


“ မပြောနဲ့ ၊ ဒေါ်လေး သိတယ် ၊ သမီး ပြန်နှင့် တော့ ”

  

ကောင်မလေး လည်း နာ -ဇီ လက် ထဲ က လွတ်တဲ့ ဂျူး တစ်ယောက် လို ခုန်ပေါက် ပြီး တော့ ကို ပြေး ထွက် သွားတာ ။ ကျန်ခဲ့တာ က တော့ ငပိန် နဲ့ ကြည်ပြာ့ အဒေါ် နှစ်ယောက် တည်း ။  


“ ဟဲ့ အကောင် ၊ နင် ငါ့ တူမ နောက် ဘာလိုက် လုပ်တာလဲ ” 


“ ဘာလုပ်လို့လဲ ”

  

“ အံမယ် ပါး ဖြတ် ရိုက် လိုက်လို့ ငါ့ ကို ဗြောင် ငြင်းချင် သေးတယ် ဟုတ်လား ၊ နင် ငါ့ တူမ ကို လိုက်ပြီး ရည်းစား စကား ပြော နေတာ မဟုတ်ဘူးလား ”

  

“ ဟုတ်တယ် ဘာဖြစ်လဲ ၊ လူပျို က အပျို ကို ရည်းစား စကား ပြောတာ ဘာ ထူးဆန်းလို့လဲ ”

  

ငပိန့် ပုံ စံ က ခပ်တည်တည် ပဲ ။ ဒီလောက် အတွေ့အကြုံ များ နေတော့ လည်း ရှက်ရ ကြောက်ရ ကောင်းမှန်း တောင် မသိတော့ဘူး ။ ကြည်ပြာ့ အဒေါ် က ခါးကြီး ထောက်ပြီး


“ ဘာ လူပျို လဲ ၊ ကိုယ့် ရုပ် ကိုယ် လည်း မှန် ထဲ ပြန် ကြည့်ဦး ၊ ဒီလောက် ခုနစ်အို ရှစ်အို ရုပ် ပေါက် နေတဲ့ ကောင်ကများ ၊ လှန်စမ်း ၊ နင့် ခြေသလုံး လှန် ပြစမ်း ”

  


ငပိန် လည်း ကြောင်တောင်တောင် နဲ့ ပုဆိုး ကို ခြေသလုံး ပေါ်အောင် လှန် ပြ လိုက်သေးတယ် ။ ပြီးတော့မှ သတိ ရ သွားပြီး ပုဆိုး ကို ပြန် ချ ကာ


“ ဘာ ဆိုင်လို့ ပြ ရမှာလဲ ၊ ပြဘူး ၊ ပြဘူး ”

  

သူ က သာ မပြဘူး ပြော နေတာ ။ ကြည်ပြာ့ အဒေါ် က မြင် ပြီး နေပြီ ဆိုတော့ မဲ့ကာရွဲ့ကာ နဲ့


“ ဒါလား ခြေသလုံး ၊ တရုတ် က ပါ လာတဲ့ ဝါး တူလေး ကျ နေတာပဲ ။ ပိန်ပိန်သေးသေးလေး ၊ ဒီလို ခြေသလုံး နဲ့ များ မိန်းမ လို ချင်သေးတယ် ဟုတ်လား ၊ နင့် လို ကောင်မျိုး ဒီ တစ်သက် တင် မဟုတ်ဘူး ၊ နောင် ဆယ်သက် တောင် မိန်းမ ရ ရင် ကံကောင်း ”

 

“ ဘာဗျ ၊ မိန်းမ ယူ တာ နဲ့ ခြေသလုံး နဲ့ ဘာ ဆိုင်လို့လဲ ၊ ဒီမှာ မိန်းမ ဆို တာ မလိုချင်သေးလို့ ၊ လိုချင်ရင် ဆယ်ယောက် လောင် တောင် ရ နေပြီ သိလား ”

  

“ ဪ နင် က ကိုယ့် သေတွင်း ကိုယ် တူး နေတာပဲ ၊ နင့် လို ကောင်မျိုး မိန်းမ ဆယ်ယောက် မပြော နဲ့ ၊ နှစ်ယောက် လောက် ပဲ ရ ကြည့် ၊ အသက် ဘယ်လို ထွက် သွား မှန်းတောင် သိ လိုက်ရမှာ မဟုတ်ဘူး ”

  

“ ဘာမှ မဆိုင်ပါဘူးဗျာ ၊ ကိုယ့် ဘာသာ ကိုယ် ယောက်ျား မရနိုင်တာ နဲ့ သူများ ကို လိုက်ပြီး မနာလို ဖြစ် မနေပါနဲ့ ”

  

ကြည်ပြာ့ အဒေါ်  က လက်ဝါး နှစ်ဘက် ကို တဘတ်ဘတ် ရိုက်ရင်း


“ အံမယ် ယောက်ျား များ မလိုချင်လို့ နေတာ ဟဲ့ ၊ လိုချင်ရင် နင့် လို မျိုး မရှက်မကြောက် နဲ့ လိုက် ပြော နေ စရာတောင် မလိုဘူး ၊ အိမ် ပေါ် က နေ မျက်လုံး တစ်ဘက် လောက် မှိတ် ပြ လိုက်တာ နဲ့ တင် တက် လာ လိုက်မယ့် ယောက်ျား တွေ များ လွန်းလို့ ရင်ဘတ် တောင် ဆီး တွန်း ထားရဦးမယ် ၊ သိရဲ့လား ”

  

“ ဘာ ဒီရုပ် ဒီရည် ဒီ နှာတိုကြီး က ဟား ဟား ”

 

ဆိုပြီး ငပိန် က လှောင် ရယ် , ရယ် တယ် ။ ကြည်ပြာ့ အဒေါ် အပျိုကြီး တင်း သွားပြီး


“ ဟဲ့ ငါ့ ဘာသာ ငါ နှာ တို တာ နင့် သောက်ပူ တစ်ပြားသား ပါ လို့လား ဟဲ့ မသာကောင်ရဲ့ ”

  

ဆိုပြီး စီးထားတဲ့ ဖိနပ် ကို ချွတ်ပြီး ကုန်း ကောက် တယ် ။ ငပိန် လည်း အခြေအနေ ကို သဘော ပေါက် တာ နဲ့ လှစ်ခနဲ ပြေး ထွက်လာတာ ။ ဒါတောင် ဖိနပ်တွေ က ငပိန့် ခေါင်းဘေး က နေ ဝှီးခနဲ ဝှီးခနဲပဲ ။


   •••   •••   •••   ••• 


အဲဒီ နောက်ပိုင်း ငပိန် နည်းနည်း ငြိမ် သွားတယ် ။ ကြည်ပြာ ကို တွေ့ ရင်တောင် ခပ်ဝေးဝေး ကပဲ ဆတ်ဆလူး ထ ရဲတော့တယ် ။ အနား မကပ်ရဲ ။ ကြည်ပြာ့ အဒေါ် အပျိုကြီး နဲ့ တွေ့ မှာ စိုးလို့ ။ အပျိုကြီး က လည်း ငပိန့် ကို တွေ့ ရင် တွေ့ တဲ့ နေရာ မှာ အရေခွံ နွှာ မယ် ဆိုပြီး ကြေညာ ထား တာကိုး ။


အပျိုကြီး က ငပိန့် ထက် ကြီး တယ် ။ အသက် က လေးဆယ် ကျော် လောက် ကို ရှိပြီ ။ ကိုယ်ခန္ဓာ က လုံးကြီးပေါက်လှ လို့ ခေါ်လို့ ရတဲ့ အနေထား မျိုး ။ ခပ်တောင့်တောင့် အသားအရည် က လည်း ဖြူတဲ့ ဘက် ကို တောင် ပါ သေးတယ် ။ ရုပ်ရည် က လည်း အမှန်တကယ် ဆို ကြည့်ပျော် ရှုပျော် လို့ ပြောလို့ ရ လောက် ပေမယ့် ကွက်ကွက်ကလေး ဆိုး နေတာ ဆို လို့ နှာခေါင်း တစ်ခု တည်း ရယ် ။


အဲဒီ နှာခေါင်း မျိုး က လူဝံ ရဲ့ မျက်နှာပေါ်မှာ ရှိသင့်တဲ့ နှာခေါင်းမျိုး ၊ တိုတိုလေး ရယ် ။ အဲဒီ နှာတိုလေး က လူ ရဲ့မျက်နှာ မှာ မှ လာ ကပ် နေတာ ဆိုတော့ စဉ်းစား သာ ကြည့် ။ နှာခေါင်း ထိပ် နဲ့ အပေါ် နှုတ်ခမ်း နဲ့ က တော်တော်လေး ကို ဝေးပြီး ကြည့်ရ ဆိုး နေတာ ။


အဲဒီ နှာခေါင်းပိုင်ရှင် ကို မှ ငပိန် က နှာတို ဘာညာ ဆို ပြီး သွား ပြော လိုက်တော့ မတင်း ခံ နိုင်ရိုးလား ။ တွေ့ရာ သင်္ချိုင်း ဓား မဆိုင်း ဆို ပြီးတော့ ကို ငပိန့် ကို ပတ် ရှာ နေတာ ။ ရပ်ကွက် ထဲ က လူ တွေ က လည်း ပွဲကြီးပွဲကောင်း တစ်ပွဲ တော့ ကြည့် ရတော့မယ် ဆို တဲ့ မျှော်လင့်ချက် တွေ နဲ့ ။ 


ငပိန် လည်း အပျိုကြီး ကို တော့ ကြောက်တယ် ။ အပျိုကြီး ကလည်း ဗလ တင် မဟုတ်ဘူး ။ ဇ နဲ့ လည်း ပြည့်တယ် ။ တော်ရုံတန်ရုံ ယောက်ျားလေး တစ်ယောက် လောက် က တော့ ဝလချီး လည် သွားစေရမယ် ဆိုတဲ့ လူမျိုး ။ ငပိန် လည်း အပျိုကြီး အကြောင်း သိ ထားတော့ အိပ် တာတောင် ဖြောင့်ဖြောင့် မအိပ် ရဲဘူး ။ အိမ် ရှေ့ က နေ လာ သောင်းကျန်း မှာ စိုး လို့တဲ့ လေ ။


ဒါပေမယ့်လည်း ငပိန် ဘယ်လိုပဲ အပျိုကြီး ကို ရှောင်ရှောင် ၊ တွေ့ မယ့် တွေ့ တော့ တကယ့် နေရာ ကောင်း ကြီး ။ ဆွဲမယ့် လွဲမယ့် သူ နတ္ထိ ၊ ရပ်ကွက် အစွန်အဖျား လူ မရှိ သူ မရှိ နေရာကြီး မှာ ။  


အဲဒီ နေ့ က ငပိန် လည်း အပျိုကြီး ကို ကြောက်ပြီး ရပ်ကွက် ထဲ မနေရဲ တာ နဲ့ ရပ်ကွက် အစွန် က ကျွဲလူးအိုင် နား မှာ တစ်ယောက် တည်း သွား ထိုင် နေ တာ ၊ ကျားချောင်း ချောင်း နေတဲ့ အပျိုကြီး လည်း သိ ရော ကျွဲလူးအိုင် ဘက် ကို တိတ်တိတ်လေး လိုက် သွား တာ ။ ဟိုလည်း ရောက် ရော ခြေသံ မကြား အောင် နောက် က နေ အသာ ကပ်ပြီး ငပိန့် အင်္ကျီ လည်ဂုတ် ကို မိမိ ရရ ဆုပ်ကိုင် ပြီးတော့


“ ကဲ မိ ပြီ မသာကောင် ၊ နင် ဘယ် ပြေးဦးမလဲ ” 


အပျိုကြီး အသံ ကြား လိုက် ရ ကတည်း က ငပိန် တုန် နေပြီ ။ မျက်နှာ က လည်း ဆီးစေ့ လောက် ပဲ ရှိတော့တယ် ။


“ ငါ့ ကို နှာတို လို့ ပြော တဲ့ ကောင် ၊ နှာတို့ လက်သံ မြည်း ကြည့် လိုက်ပါဦး ”  ဆိုပြီး လက် ကို အားကုန် လွှဲပြီးတော့ မှ ဖြတ် ရိုက် ပစ်လိုက်တာ ။ 


“ ဖြောင်း” 


“ အောင်မလေးဗျ ”

  

ငပိန် လည်ကုတ် ပူ ထွက် သွားပြီး မျက်လုံး ထဲ ကြယ်တွေ လတွေ ပါ အပြွတ်လိုက် မြင် သွားတယ် ။ ထ ပြေးဖို့ လုပ် ပေမယ့် အပျိုကြီး က အင်္ကျီ ကို တင်းတင်း ဆွဲ ထားပြီး


“ ဒါက နောက် တစ်ချက် ”

  

“ ဖြောင်း ”

  

“ အား ”

  

ရိုက်ချက် က ပြင်းတော့ ငပိန် မျက်လုံး ပါ ကွယ်ချင်ချင် ဖြစ်သွားတယ် ။ ငပိန် မခံနိုင်တော့ဘူး ။ အင်္ကျီ ကို ဆတ်ခနဲ ချွတ်ပြီး ကျွဲလူးအိုင် ထဲ ဆင်း ပြေး တယ် ။ အပျိုကြီး က လက် ထဲ မှာ ကျန်ခဲ့တဲ့ ငပိန့် အင်္ကျီ ကို ပစ် ချပြီး


“ ဪ နင် က ရေ ထဲ ဆင်း ပြေးလို့ လွတ်မယ် ထင် လို့လား ၊ ယား ”

  

ဆိုပြီး သူ ပါ ကျွဲလူးအိုင် ထဲ ခုန် ဆင်း သွားတယ် ။ ရေ က ဒူးခေါင်း သာသာလောက်လေးပဲ ရှိတာ ။ ငပိန် ထွက် ပြေးဖို့ ကြိုးစားပေမယ့် အောက် က ရွှံ့တွေ ကြောင့် ပြေးလို့ မရဘူး ။ အပျိုကြီး က ငပိန့် ကို ခုန် အုပ်လိုက်တာ နှစ် ယောက် စလုံး ရေ ထဲ ကို လုံး နေအောင် ပစ် ကျ သွားတယ် ။


အပျိုကြီး က အရင် ပြန် ထပြီး ပါးစပ် က လည်း ပတွတ်ပတွတ် နဲ့ ပြော သလို လက် ကလည်း တရစပ် ကို ကျွေး တော့တာ ။ ငပိန် ဆို တာ အောက် မှာ ကော့ နေအောင် ခံ ပေရော့ ပဲ ။ အပျိုကြီး က လည်း လက်တင် မဟုတ်ဘူး ။ ကြုံရင် ကြုံသလို ဒူးတွေ တတောင်တွေ နဲ့ ပါ တဝကြီး ကျွေး နေတာ ။ 


စိတ်ရှိ လက်ရှိ ကျွေး ရင်း က နေ အပျိုကြီး မျက်နှာ တစ်ချက် ကွက်ခနဲ ပျက် သွားတယ် ။ နောက် ဝတ် ထားတဲ့ အပေါ် အင်္ကျီ ကို အသာ ဟ ပြီး ရင်ဘတ် ကြီး ထဲ ငုံ့ ကြည့် ပြီး တာ နဲ့ အားခနဲ ငယ်သံ ပါ အောင် အော်ပြီး အပေါ် ပြေး တက် သွားတယ် ။


အပေါ် လည်း ရောက် ရော ။ နီးစပ်ရာ ချုံကြား ထဲ ပြေး ဝင် သွား ပြီး 


“ ငပိန် ရေ လာပါဦး ၊ ငါ့ ကို ကယ်ပါဦး ၊ ငပိန် ရေ လာပါဦး ”

  

ဆိုပြီး သံကုန် ခြစ် အော် တော့ တာ ။ ငပိန် လည်း ကြောင် သွားတယ် ။ အပျိုကြီး ဘာ ဖြစ် သွားပါလိမ့် ပေါ့ ။ အပျိုကြီး ကတော့ သံကုန် ခြစ် ပြီး သူ့ ကို ခေါ် နေတုန်းပဲ ။ ငပိန် လည်း ယောင်နန နဲ့ ကုန်းပေါ် တက် ချုံကြား ထဲ တိုး ဝင် သွားပြီး 


“ ဘာ ဘာဖြစ်လို့လဲ ဟင် ”

  

အပျိုကြီး မျက်နှာ က ကြောက် လွန်းလို့  ပျာတောက် နေပြီ ။ လူ က လဲ ဂနာမငြိမ် ၊ ဆွေ့ဆွေ့ခုန် နေရင်း က နေ


“ မျှော့ မျှော့ ငါ့ အင်္ကျီ ထဲ မှာ ဖြုတ် ပေးစမ်းပါ ” 


“ အင် ကိုယ့် ဘာသာ ကိုယ် ဖြုတ် လိုက်လေ ” 


အပျိုကြီး က ငပိန့် လုံချည်စ ကို အတင်း ဆွဲ ထားရင်း 


“ ဟင့်အင်း ဖြုတ်ရဲဘူး ၊ ဖြုတ်ရဲဘူး ၊ ကြောက်တယ် ၊ ဖြုတ်ပေးစမ်းပါ ”

  

ဆိုပြီး အပျိုကြီး က သူ ဝတ် လာတဲ့ ပွပွချောင်ချောင် အင်္ကျီ ကို အောက်နားစလေး အသာ ဟ ပေးတယ် ။


ငပိန် လည်း မရဲတရဲ နဲ့ ကြည့် လိုက်တော့ ကျွဲမျှော့ ကြီး က ရင်ဘတ် ကြား ထဲ မှာ ကို တွယ်နေတာ ၊ မသိရင် တောင်နှစ်လုံး ကြား ထဲ ရထား ဖြတ် မောင်း နေ တဲ့ ပုံစံ မျိုး ။


ငပိန် လည်း တံတွေး ကို ဂွပ်ခနဲ မြို ချလိုက်ပြီး ကာ မှ မျော့ ကို မိမိရရ ကိုင် ကာ ဆွဲ ဖြုတ် လိုက်၏ ။


“ ဗြုတ် ” 


အပျိုကြီး စိတ် မချနိုင်သေးဘူး ။ သူ့ ကိုယ် သူ ဟိုကြည့် ဒီကြည့် လိုက် ကြည့် နေရင်း က နေ


“ အား ခြေသလုံး မှာ ခြေသလုံး မှာ”


“ ဗြုတ် ”

  

“ အား နောက်ထပ် ပေါင် မှာ ပေါင် မှာ ” 


“ ဗြုတ်” 


ထဘီ ပြင် ဝတ်သလို ဘာလိုလို နဲ့ ငုံ့ ကြည့်တယ် ။ 


“ အား ... ကြားထဲမှာ ... ကြားထဲမှာ ” 


“ ဖြုတ် ”

  

“ ...  ...  ...  ”

 

“ ဖြုတ် ”

  

“ ...  ...  ...  ”

 

“ ဗြုတ် ”

  

   •••   •••   •••   •••  


ဘာ ကြာ တာ မှတ်လို့ ။ ရပ်ကွက် ထဲ မှာ မင်္ဂလာဆောင် မဏ္ဍပ်ကြီး ဆို တာ ဟီး ထ လို့ ။ ဘယ်သူတွေ ရဲ့ မင်္ဂလာဆောင် မှတ် လို့တုန်း ၊ ငပိန် နဲ့ အပျိုကြီး တို့ ရဲ့ မင်္ဂလာဆောင် ။


တစ်ရပ်ကွက် လုံး အံ့ဩ မဆုံးတွေ ဖြစ် ကုန်ကြတာ ။ ဒီလောက် မတည့် တဲ့ နှစ်ယောက် က ဘယ်လို လုပ်ပြီး မင်္ဂလာ ဆောင် ဖြစ်တာလဲ ပေါ့ ။ တချို့တွေ က သိ ချင်လို့ အပျိုကြီး ကို ကပ် မေးတယ် ။ အပျိုကြီး က ရှက် လို့တဲ့ ၊ မပြောဘူး ။ ငပိန့် ကို ကပ် မေး ပြန်ရော ၊ ငပိန် ကတော့ မရှက်ဘူး ပြောပြတယ် ။ .... မျှော့ က စတဲ့ ဇာတ်လမ်း ကို ။  


အဲဒီ နောက်ပိုင်း ရပ်ကွက် ထဲ က လူပျိုသိုး တွေ ရော တစ်ခု လတ် တွေ ရော မုဆိုးဖို တွေ ပါ မကျန် ကျွဲလူးအိုင် ဘက် မှာ ခြေချင်း ကို လိမ် လို့ မျှော့ ဖြုတ် ပေး ကြ ချင် လို့ တဲ့ လေ ။


◾ မြေထက်လူ


📖 ဟားခလုတ် 26


#ကိုအောင်နိုင်ဦး


.

Sunday, November 27, 2022

ဇော် ( ပျဉ်းမနား )


 

❝ ဇော် ( ပျဉ်းမနား ) ❞

( ဓား တစ်လက် ၊ ပန်း တစ်ပွင့် )

တစ်ဇာတ် သိမ်း သွားခဲ့ပြီ ဖြစ်သော ၁၉၉၇ ခုနှစ် နှစ် ကုန်လု ကုန်ဆဲ ရက် များ အတွင်း က ဟင်္သာတကောလိပ် ရှေ့ ရှိ ကျွန်တော် ငှားရမ်း နေထိုင်ရာ အိမ်ကလေး ဆီ သို့ မိန်းမပျိုကလေး တစ်ယောက် ရောက် လာပါသည် ။ သူ က သူ့ ကိုယ် သူ ပျဉ်းမနား က ပါ ဟု ပထမ မိတ်ဆက် ပါသည် ။ ထို့ နောက် ကျွန်တော့် ကို စာ တစ်စောင် ထုတ် ပေးပါသည် ။

စာအိတ် ပေါ် မှာ တော့ ကျွန်တော် နှင့် မစိမ်းလှသော လက်ရေး တချို့ ၊ မှန်ပါသည် ။ ကျွန်တော် က ကဗျာဆရာ ဇော် ( ပျဉ်းမနား ) ၏ လက်ရေး ကို မြင်တာ နှင့် မှတ်မိလိုက်ပါသည် ။

ကိုသာချို ကျွန်တော့် တူမ ဖြူမြင့်နိုင် ပါ ၊ စာကြုံ ပါး လိုက်ပါရဲ့ ဟု ဆိုကာ ဇော် ( ပျဉ်းမနား ) ဟု လက်မှတ် ထိုး ထားသော စာအိတ် ကို ကျွန်တော် က တစ်ခဏ တွေ ကြည့် မိရာ မှ စာအိတ် ကို ဖောက်ဖွင့် နေ ဆဲ မှာ ပဲ မိန်းမပျို က ကျွန်တော့် ရှေ့ မှာ ဝင် ထိုင်ပါသည် ။

ကိုဇော် ( ပျဉ်းမနား ) ၏ စာ က လက်ရေး နှစ်မျိုး နှင့် ။

“ ချစ်သော ကိုသာချို

ကျွန်တော့် နှမ နှင့် ကြုံ လို့ စာကြုံ ပါးလိုက်တယ် ။ ပြီးတော့ မြားနတ်မောင် ကို ကျွန်တော့် စာ တစ်စောင် ပေးထားတယ် ။ ခင်ဗျား ဖတ်ချင် လည်း ဖတ် ရမှာပေါ့ ။

ကဗျာဆရာ ဆို တာ စကားလုံး ထဲ က လူ မို့လား ။ ကျွန်တော့် ကို ဘရုတပ်စ် လို့ ခင်ဗျား စွပ်စွဲလိုက် ပုံ က သင်းတယ် ။ ကျွန်တော့် မှာ သမိုင်း က သက်သေ ရှိပါတယ် ”

ဟူသော ဝါကျများ က ကဗျာဆရာ ဇော် ( ပျဉ်းမနား ) ၏ လက်ရေး ဖြစ်ပြီး ကျန် စာ တစ်စောင်လုံး က အခြား သော လူ တစ်ယောက် ယောက် ၏ လက်ရေး ။

“ ကိုဇော် တစ်ယောက် စာ ကောင်းကောင်း မရေးနိုင် သေးဘူး ထင်တယ် ”

ဟု ကျွန်တော် က မေး ပြော ပြောတော့ သူ ၏ တူမ ဆိုသော မိန်းမပျို က ထောက်ခံပါသည် ။

“ ဟုတ်တယ် ဆရာ ၊ လက် က ကောင်းကောင်း မသန်ချင်ဘူး ”

ကိုဇော် စာ တစ်စောင်လုံး က ကတ္တီပါလမ်းခွဲ နှင့် ပဲ ပတ်သက် ပါသည် ။ ကိုဇော် က ဆရာဒဂုန်တာရာ နှင့် ပတ်သက်၍ လမ်းခွဲ သင့်ပြီ ဖြစ်ကြောင်း ကို ဆောင်းပါး တစ်ပုဒ် ရေး ခဲ့သည် ။

ကတ္တီပါလမ်းခွဲ ဟူသော ဆောင်းပါး ။

ကျွန်တော် က ယင်း နှင့် ပတ်သက်၍ မကျေမနပ် ဖြစ်ကာ ကိုဇော် ကို ဘရုတပ်စ် နှင့် နှိုင်းလျက် နောက်ကျော ကို ဓား နဲ့ ထိုးသူ အဖြစ် တုံ့ပြန် ဆောင်းပါး တစ်ပုဒ် ရေး ခဲ့သည် ။ ဒါကို အခြေခံ ပြီး ကိုဇော် က ကျွန်တော့် ထံ စာ ပေးလာခြင်း ဖြစ်ပါသည် ။

စာ တွင် ပါသည့် အဓိက အကြောင်းအရာ က တော့ ဒဂုန်တာရာ ကို သူ မလုပ်ကြံ ကြောင်း ပင် ဖြစ်ပါသည် ။ အရစ္စတိုတယ် က ပလေတို ကို ချစ်ပါကြောင်း ၊ သို့သော် ပလေတို ထက် အမှန်တရား ကို ပို ချစ်ခဲ့ကြောင်း ၊ ထို့ အတူ ပင် ဘရုတပ်စ် က လည်း ဂျူးလိယက်ဆီဆာ ကို ချစ် ပါကြောင်း ၊ သို့သော် ဂျူးလိယက် ဆီဆာ ထက် ရောမ ကို ပို ချစ်၍ ဆီဆာ ကို သ -တ် ခဲ့ရပါကြောင်း ၊ ဆရာဒဂုန်တာရာ ကို သူ မလုပ်ကြံပါကြောင်း ၊ ကျွန် ကျွန်ချင်း ခွက်စောင်း မခုတ်စေလိုကြောင်း ၊ ကျန်းမာရေး မကောင်း သေး ၍ လမ်း မလျှောက် နိုင်ပါကြောင်း စသည် စသည် တို့ ပင် ဖြစ်ပါသည် ။ ကျွန်တော် အတန် ကြာအောင် ငိုင် ၍ သွားမိပါသည် ။

တကယ့် တကယ် က တော့ ကိုဇော် တစ်ယောက် ကျွန်တော့် တင်စားချက် ကို နား မလည်နိုင်ခြင်း ဖြစ်သည် ဟု ပဲ ကျွန်တော် သဘော ရမိပါသည် ။

ဤနေရာ၌ အလျဉ်း သင့် ၍ နည်းနည်းပါးပါး ပြော ရလျှင် အလင်္ကာမှု နယ်ပယ် ၌ ကျွန်တော်တို့ တင်စား ကြ ရာ တွင် ကတ္တား ကို တင်စား သည် လည်း ရှိပါ၏ ၊ ကံ ကို တင်စား သည် လည်း ရှိပါ၏ ၊ ဖြစ်ရပ် ကို တင်စား သည် လည်း ရှိပါ၏ ။

ကလေး တစ်ယောက် က မိဘ ထက် ဦး၍ ကိစ္စ တစ်ခု ခု ကို ဆောင်ရွက်သော အခါ နွားရှေ့ထွန်ကျူး ဟု ကျွန်တော်တို့ တင်စား လိုက်ကြသည် ။ ယင်း မှာ ကလေး ညီမျှခြင်း ထွန် ၊ မိဘ ညီမျှခြင်း နွား ဟု ဆိုလို လိုက်သည် မဟုတ်ဘဲ ဖြစ်ရပ် ၊ လုပ်ရပ် ကို တင်စားခြင်း သာ ဖြစ်ကြောင်း မြန်မာအလင်္ကာများ နှင့် ပတ်သက်၍ အနည်းငယ် တီးမိ ခေါက်မိ သူ က ပင် သဘောပေါက် နိုင်လောက် ပါသည် ။

ထို့အတူပင် တကယ် လူရင်း စိတ်ရင်း တွေ ဖြစ်ကြသော ကိုဇော် တို့ လို ပုဂ္ဂိုလ် က ဆရာ ဒဂုန်တာရာ ကို ခွဲ လိုက်ခြင်း ကို ကျွန်တော် က နောက်ကျော ဓား နှင့် ထိုးသည့် လုပ်ရပ် ၊ လူယုံသ-တ်သည့် လုပ်ရပ် ဟု ခံစား ကာ ဂျူးလိယက်ဆီဆာ ၊ ဘရုတပ်စ် စသူတို့ ၏ ဇာတ်လမ်း နှင့် ဟပ် ပြလိုက်ခြင်း သာ ဖြစ်ပါသည် ။ ကံ နှင့် ကတ္တား ကို ထပ်တူ ပြုလိုက်ခြင်း မဟုတ် ။ ဖြစ်ရပ် ၊ လုပ်ရပ် ။ အလင်္ကာ ကိစ္စ ၌ ဒါ တော်တော် အရေး ကြီးပါသည် ။ ထားတော့ ။

ဘာပဲဖြစ်ဖြစ် ကိုဇော့် စာ ကို ဖတ် ပြီးပြီးချင်း ကျန်းမာရေး သိပ်မကောင်းလှသေး ဟု သိ ရသောအခါ ကျွန်တော် စိတ် မကောင်းမိသည်ကား အမှန် ပင် ဖြစ်ပါသည် ။

ဪ ... ကိုဇော် ၊ ကိုဇော် ။

ကဗျာဆရာ ဇော် ( ပျဉ်းမနား ) ...

ကျွန်တော့် မှာ မဆီမဆိုင် ဟိုး အတိတ် က ကိုဇော့် ဓားဇာတ်လမ်း ကို ပါ သွား၍ အမှတ်ရ နေ မိ ပြန်ပါလေသည် ။

°°°°°  °°°°°°°  °°°°°°

မြန်မာကဗျာ ဖတ်သူများ က ဇော် ( ပျဉ်းမနား ) ဟူ ၍ သိသိမှတ်မှတ် ပြု ထားကြပြီး ကျွန်တော် တို့ တစ်သိုက် က ကိုယ့် နောင်တော်ကြီး အရာ ကို ထားလျက် ကိုဇော် ဟု ခေါ်ကြရသည့် သူ့ ကို လူချင်း မတွေ့မီ ကတည်း က ပင် လျှင် သူ့ ကဗျာများ ကို ကြိုက် နှင့် နေပြီး ဖြစ် ပါသည် ။ မဂ္ဂဇင်း စာမျက်နှာများ ပေါ် တွင် ဟိုတစ်စ သည်တစ်စ ကျဲပြန့် ၍ နေခဲ့သည့် သူ့ ကဗျာ တွေ ကို ဖတ် ကာ သူ့ ကို တွေ့ဖူး ချင်နေခဲ့သည် ။

သို့သော် ကဗျာဆရာ ဇော် ( ပျဉ်းမနား ) က လူ ကိုယ်တိုင် ကျွန်တော် တို့ ထံ ရောက် မလာမီ က ပင် သူ ၏ သတင်း တချို့ တစ်ဝက် က ရန်ကုန် ရှိ ကျွန်တော် တို့ အစုအဝေး ရှိရာ ကို ရောက်ရှိ နေခဲ့ပြီး ဖြစ်ပါသည် ။

ပျဉ်းမနား မှ စာပေမိတ်ဆွေ တွေ သယ်ဆောင် လာသော ကိုဇော် ပုံရိပ် တချို့ က ကျော ယား ချင် စရာ ။

ဓား ထွန်းဆင့် တဲ့ ။

ကျွန်တော် မှာ နာမည် ကြားရုံ နှင့် ပင် ကြက်သီးတွေ ထ၍ သွား ပါသည် ။ သည် နာမည်ကြီး က တော့ ကဗျာ ရေးရန် မကောင်းလှ ။ မှုခင်းဇာတ်လမ်းတွေ ဘာတွေ ရေး လျှင် တော့ မဆိုးလှ ဟု ကျွန်တော် သဘော ရမိသည် ။

ပျဉ်းမနားမြို့၏ လသာသော ည တစ် ည ၊ တိတ်ဆိတ် ငြိမ်သက်စွာ သော နှစ်ထပ် အိမ်ကြီး တစ်အိမ် မှ လသာဆောင် ။

ထို လသာဆောင် ပေါ် မှ လူ တစ်ယောက် ။ လသာဆောင် ပေါ် သို့ ပေါ့ပါးစွာ တွယ် ၍ တက် လာသော လူရွယ် တစ်ယောက် က ထို လသာဆောင် ပေါ် မှ လူ ကို နောက်ကျော က နေ ဓား နှင့် ရုတ်တရက် ထိုး ချလိုက်ခြင်း ။

အားခနဲ အော်သံ ၊ သွေးပွက်ပွက် ၊ လရောင်ကြယ်ရောင် ။

ဓားထွန်းဆင့် ဟူ ၍ အမည်ပေး ကင်ပွန်း တပ်လိုက်သံများ ။

ဪ ... ကျွန်တော် က ပျဉ်းမနား မိတ်ဆွေ တို့ စကား ပေါ် တွင် အခြေ ခံ ကာ ကဗျာဆရာ ဇော် ( ပျဉ်းမနား ) ၏ အရင် ဘဝ တစ်ခန်း တစ်ကဏ္ဍ ကို စိတ်ကူး နှင့် ပုံ ဖော် ကြည့် နေမိပြန်သည် ။

သို့ဖြင့် တစ်ခါ က ဓားထွန်းဆင့် တစ်ယောက် ကဗျာဆရာ ဇော် ( ပျဉ်းမနား ) အဖြစ် ရန်ကုန် ကို ခဏတာ တက် လာခိုက် ကြုံကြိုက်ခွင့် ရရှိ လိုက်သော အခါ တွင် ကား ကျွန်တော့် မှာ သူ့ ရုပ် ၊ သူ့ လိပ်ပြာ ၊ သူ့ နာမည်နာမ တို့ မှာ တစ်သားတည်း ပါ လား ဟု သဘော ရမိလိုက်ပါတော့သည် ။

ကဗျာဆရာ ဇော် ( ပျဉ်းမနား ) နှင့် ကျွန်တော် တို့ စတင် သိကျွမ်းရင်းနှီးခွင့် ရခဲ့သည့် အချိန် ကို ကား တိတိကျကျကြီး တော့ ဖြင့် ကျွန်တော် မမှတ်မိ တော့ ပါ ။ သို့သော် ၁၉၈ဝ တစ်ဝိုက် နှစ် ကာလများ ဟူ၍ ကား ကျွန်တော် မှတ်မိ နေပါသည် ။ သည် ၈၀ တစ်ဝိုက် နှစ် တွေ တုန်း က ကျွန်တော်တို့ တစ်တွေ ကဗျာ အရေး စိပ် ကြသည် ။ ကဗျာဆရာ မြင့်ဦးဦးမြင့် ၊ မြမြင့်မိုရ် ၊ ယမုံ ၊ နေစိမ့် ၊ မင်းသိုက်မွန် ၊ ဇောင်းထက် စသည် ဖြင့် .…

ထို ကျွန်တော် တို့ တစ်သိုက် ကဗျာ အရေးစိပ် သော နှစ်တွေ ထဲ မှာ ကိုဇော် တစ်ယောက် ရန်ကုန် သို့ တက် လာရာမှ ဆုံကြ ၊ တွေ့ကြ ၊ သိကျွမ်း ရင်းနှီး သွားကြရခြင်း ဖြစ်ပါသည် ။ ၁၉၈၀ ပြည့် နှစ် ကို ဗဟို ပြုကာ လျော့လှ လည်း ဟိုဘက် ကို နှစ်နှစ် ၊ တက်လှ လည်း သည်ဘက် ကို နှစ်နှစ် ဟု ကျွန်တော် ထင် သည် ။

နေရာ က တော့ ၃၃ လမ်း ထိပ် ရွှေကြည်အေး မှာ လား ၊ ရန်ကုန်တက္ကသိုလ် ကံ့ကော်တော ထဲ က ဦးချစ် လက်ဖက်ရည်ဆိုင် မှာ လား ၊ ၅၅ လမ်း မူးယစ်ဝေသည့် ညနေခင်းများ မှာ လား ၊ ကိုမင်းသစ် ခြံ ထဲ မှာ လား ၊ သဘင်မဂ္ဂဇင်း က ကိုချစ်ဦးညို စားပွဲ မှာ လား ၊ တစ်နေရာရာ မှာ ပဲ ဖြစ်ပါသည် ။

ကိုဇော် က ဓားထွန်းဆင့် ဟူသော သူ့ အတိတ် က အမည်နာမ နှင့် တော်တော်ကလေး ကို လိုက်ဖက်လှ သူ ဟု ကျွန်တော် က ယူဆ မိသည် ။

သူ့ အရပ် က မြင့် သည့် အထဲ တွင် ပါ ပါသည် ။

အသား က ဟိုး ….. ဘဝ ကန္တာရ ထဲ က ဖြတ်သန်းလာခဲ့ ရ သူ တစ်ယောက် ပီပီ ကြေးနီရောင် သမ်း ချင်ချင်  ။

သူ့ အပြုံး က နောက် တစ်လှမ်း ဆုတ် ထားသည့် အပြုံး ။

နှုတ်ခမ်း ကို တွန့်ရုံ ပြုံး လိုက်သော အခါ ပါး တစ်ဖက် တစ်ချက် မှ မှဲ့တွေ က လှုပ် သွားသည် ။

မျက်နှာ ပြည့်ပြည့်ကြီး က တော့ ဆံပင်တိုတို အောက် မှာ ကား ထွက်လျက် ။ သူ က ဘာ အရောင် မျှ မထွက်တော့ သည့် လက်ဆွဲအိတ် တစ်လုံး ကို အမြဲ ဆွဲထား လေ့ ရှိပါသည် ။

အထူးသဖြင့် ကိုဇော် သည် ကိုယ် တွင်း မှာ အမြဲတမ်း အနာ တစ်ခု ခု ရှိ နေကာ အမြဲတမ်း အလှော် မိထားပြီး အမြဲတမ်း ရောင်ကိုင်း နေသည့် အသားအရေမျိုး ရှိသည် ဟု ကျွန်တော် ထင်မိသည် ။

မျက်နှာ ကို အနည်းငယ် အောက် ကို စိုက် ၊ မျက်လုံး ကို စာကြည့်မျက်မှန် ပိစိကွေးကလေး ပေါ် က ကျော် ကြည့်ပြီး စကား ပြော လာသော အခါ တွင် မူ ကား ရုပ် နှင့် တခြား စီ ဖြစ်သော ကဗျာစကားလုံး တွေ က သူ့ နှုတ် မှ ပွင့်အန် ကျ လာ ပါတော့သည် ။

ကျွန်တော့် မှာ ဖြင့် ဒသဂီရိကြီး တယော နှင့် နွဲ့ ပုံ ကို သာ မြင်ယောင် မိ လိုက်ပါတော့သည် ။

တကယ့် တကယ်တမ်း က တော့ ကိုထွန်းဆင့် ဟူ သည့် ရေရိုင်း‌မြေရိုင်း လူ တစ်ယောက် ဆီ မှ ဓားထွန်းဆင့် ဟူသည့် လက်နက် ကို သိမ်းဆည်းကာ ဇော် ( ပျဉ်းမနား ) ဟူ သည့် လက်နက်သစ် ကို တပ်ဆင် ပေး လိုက်သည် မှာ ကား အနုပညာ ဟု ပင် ကျွန်တော် က ဆို လိုက် ချင်ပါသည် ။

ရွှေဘစိတ် ၊
မိုက်ခဲထွန်းရွှေလိပ်ပြာ
မင်းအသက် ငါ့ ပေး  ဆရာကြီးမြခိုင် ဝိညာဉ်များဖြင့် မတရားဘူး ထင် လျှင် ကာယကံမြောက် တုံ့ပြန် ဖြေရှင်း ပစ် လိုက်ချင်သော သူ့ ကို အနုပညာ က ယဉ်ပါး သွားစေသည် ဟု ကျွန်တော် အကဲ ခတ် မိပါသည် ။ ရင် ထဲ က အစိုင်အခဲတွေ ကို ကဗျာ နဲ့ ထုခြေ ပစ်လိုက်ကြ စတမ်း ။

မှန်ပါသည် ၊ ကိုထွန်းဆင့် ဆိုသော သူ တစ်ယောက် ကို ကဗျာ က ဇော် ( ပျဉ်းမနား ) အဖြစ် ပျောင်းနွဲ့ သွား စေခဲ့ပါသည် ။

ကျွန်တော်တို့ ကိုဇော်ကြီး လို ကဗျာ နှင့် အကြောင်းအပေါင်း သင့် သွားအောင် လုပ်ပေးသည့် လူတွေ ၊ အဖြစ်အပျက်တွေ လောက တွင် မနည်းမနော ရှိ နိုင် ပါလိမ့်မည် ။

သို့သော် အထင်ကရ အရှိ ဆုံး က တော့ ကျွန်တော် တို့ ၏ အစ်ကို ကဗျာဆရာ မောင်သင်းခိုင် ဟု ထင် ပါသည် ။ ဒါကို ကိုဇော် က လည်း မကြာခဏ ဆိုသလို ပင် ဝန်ခံ ခဲ့ပါသည် ။ ဒါပေမဲ့ ဝန်ခံ ချိန် က နှစ်ယောက်သား မပြော မဆို ရှိ နေကြသော အချိန် ဖြစ် ရာ ဒေါမနဿ မကင်းလှ ။

“ ဟေ့လူ ကိုသာချို ၊ ကိုသင်းခိုင် က ကျွန်တော့် ဆရာ ပါ ဗျာ ။ ကျွန်တော် ဝန်ခံပါတယ် ၊ သူ့ ကျေးဇူး တွေ ကျွန်တော့် အပေါ် မှာ အများကြီး ရှိ ပါတယ် ။ ဒါပေမယ့် ဗျာ ပြော ရ ရင် ဗျာ ကဗျာ တော့ လေးစားပါတယ် ၊ လူ က တော့ ... ”

ကိုဇော် က ဘာ ထင်ပါကြောင်း ရင့်ရင့်သီးသီးပင် ပြော ချ လိုက်ပါသည် ။ သည်တုန်းက ကိုဇော် တစ်ယောက် ကိုသင်းခိုင် အပေါ် တွင် ဘာတွေများ မကျေမနပ် ဖြစ် နေခဲ့သည် မသိပါ ။

ကျွန်တော် က တော့ ကိုဇော် ရေးဖွဲ့ခဲ့ဖူး လေ သော မနာလိုစရာ ကောင်းတဲ့ ဦးခေါင်း ကဗျာ သည် ပင် လျှင် ထို Inspiration ဖြင့် များ ရေးဖွဲ့ ခဲ့လေသလား ဟု မှန်းဆမိသည် ။

ကျွန်တော်လား
လေပါ
ဘလော့က ပြောသလို
အလံကို ဖောင်းစေ ပွစေတယ်ဆိုတဲ့
ကဗျာထဲက လေပါ ။
တစ်နေ့တစ်နေ့ စိတ်ညစ်
အရစ္စတိုတယ် ကသားဆစ်တဲ့ ။
အရစ္စတိုတယ် ဝမ်းနုတ်ဆေးပေါ့ဗျာ
ဂျယ်ရီလူးဝစ်ကိုကြည့်ပါ
ရှင်ပြုတုန်းကကို သတိရပါ
နေသာထိုင်သာရှိလားတဲ့ ။
ကသားဆစ် စားသလိုဆိုတဲ့
အရစ္စတိုတယ်ရဲ့နာရီဟာ
အကြင်နာမဲ့စွာ
ကုန်ဆုံးသွားပါတော့တယ် ။
ဟုတ်ကဲ့
ဒီလိုနဲ့ရယ်
အသက်လေးဆယ်
ဆားမပါတဲ့ ဓာတ်ပြား
အသံတွေ ကြားနေရတယ် ။
ကပြားမလေး ညိုပြာညက်
အလှဖုရားမလေး ဂိုယာအရက်
ကိုမြတ်လေးနဲ့ တစ်ခွက် ။
အရက်ဖြစ်သွားတဲ့ နာရီဆိုတဲ့
ငါ့ မောင်သင်းခိုင်နဲ့တစ်ခွက် ။
သိုးတွေဟာ ကဗျာမရေးဘူးဆိုတဲ့
ငါ့မောင်လေးအောင်နဲ့တစ်ခွက် ။
ရေပမာ ငါလာ
လေပမာ ငါသွားဆိုတဲ့
အိုမာခိုင်ယမ်နဲ့တစ်ခွက် ။
လူကိုဖျက် အရက်
အရက်ကိုဖျက်တော့ ရေ
သော်တာဆွေနဲ့ တစ်ခွက် ။
ဒါကတော့
ခင်ဗျားအမြင်ကို ဦးဘချစ်ရဲ့
တလဲ့လဲ့ အရယ်မပျက်
ကျုပ်တို့ ဗိုလ်အောင်ဒင်နဲ့ တစ်ခွက် ။
ခင်ဗျားတို့ ပြောဟန်
ကျပ် မထောက်ခံဘူး
အေး ... ဒါပေမဲ့
ခင်ဗျားတို့ပြောခွင့်
အသက်ပေးဖို့ အသင့်ပါ
အာဂ စာရေးဆရာ
အာဂ ဗော်လ်တဲယား
တစ်ခါသားပေါ့
မူးသလား မမေးနဲ့
တွေးကြည့်မယ်ဆိုရင်
ငှက်ပျောပင်ထက်ပိုင်း
ဓားနဲ့ဆိုင်းသလို
ဗိုင်းခနဲကျ ၊ ပြန်ထ
ရန်စ ၊ ကျောင်းတော်က ရန်စလေ
ဝိုင်းချမယ် တကဲကဲ ၊ ရိုက်ကြမယ် တကဲကဲ
ရုန်းရင်းဆန်ခတ်ပွဲ
မသဲမကွဲ အသံတစ်ခု
ခင်ဗျားတို့ သတိပြုမိပါစ
ဟေ့… ဗော်လ်တဲယားကို ရိုက် မယ်ဆိုရင်
ခေါင်းကို မထိစေနဲ့ဟေ့
သူ့စာတွေ မတွေ့ရဘဲ ဖြစ်သွားမယ် ။

ဒါကတော့ ၁၉၈၆ ခုနှစ် ၊ စက်တင်ဘာလ မိုးဝေ ထဲ က ကဗျာဆရာ ဇော် ( ပျဉ်းမနား ) ၏ မနာလိုစရာ ကောင်းတဲ့ ဦးခေါင်း ကဗျာ ပဲ ဖြစ်ပါ သည် ။ မူး ချင် မူး ၊ ရူး ချင် ရူး ၊ ကြမ်း ချင် ကြမ်း ၊ ရမ်း ချင် ရမ်း ၊ ခေါင်း ထဲ မှာ တွေးခေါ် မြော်မြင်မှုတွေ နှင့် ပြည့် နေသော လူ ကို ကျွန်တော်တို့ ပစ်ပစ်ခါခါ မထိုးနှက်ကြစတမ်း ။

ကိုဇော် က ပြင်သစ်တွေးခေါ်ရှင် လူ့ ခွစာကြီး ဗော်လ်တဲယား နှင့် ဟပ် ပြလိုက်သည့် အတွက် ကဗျာ က ရင် ကို လာရောက် ထိခတ် ၍ သွားလေသည် ။

°°°°°°  °°°°°°  °°°°°°

ကဗျာဆရာ ဇော် ( ပျဉ်းမနား ) က လူ ပုံ က သာ ကျေးလက် လူမိုက်ကြီး ပုံ ပေါက် နေသော်လည်း စကား အပြောအဆို မှာ က တော့ ကဗျာဆရာ့ လိပ်ပြာ အပြည့် ဖြင့် ပျောင်းနွဲ့ ၍ နေသည် ဟု ကျွန်တော် ထင်သည် ။ ဘာကိုပဲ ပြောလိုက် ပြောလိုက် ဝင်္ကန္တ တွေ နှင့် ။

“ ဟေ့လူ ကိုသာချို ၊ ကျွန်တော် တို့ ဆီ က လူ တွေ က အာဖရိက မြင်းကျားတွေ နဲ့ တူ တယ်ဗျ ။ ခင်ဗျား ရုပ်ရှင်တွေ ဘာတွေ ထဲ မှာ အာဖရိက မြင်းကျား တွေ့ဖူးတယ် မဟုတ်လား ၊ အုပ်လိုက်ကြီးတွေ မြက် စား နေကြတာပဲဗျ ။ ခြင်္သေ့ က ချောင်း နေလည်း ကိုယ် နဲ့ မဆိုင် သလိုဘဲ သိသိ နဲ့ စား နေကြတာပဲ ။ မြင်းကျား တစ်ကောင် ကောင် ကို ခြင်္သေ့ က ဝင်  ဆွဲတော့ လည်း ကြည့် ၊ တစ်ချက် လောက် လှည့် ပြီး စားမြဲ ပဲ ။ ကိုယ့် အပေါ် အန္တရာယ် ကျ မလာ မချင်း လောက ဟာ ဘာ မှ မဖြစ် သလိုဘဲ ။ ထွက် ပြေး ဖို့လည်း မစဉ်းစားဘူး ၊ ဝိုင်းဝန်း တိုက်ခိုက် ဖို့ လည်း မစဉ်းစားဘူး ”

ဒါကတော့ တစ်ခါ က ဇော် ( ပျဉ်းမနား ) ၏ စကား ပင် ဖြစ်ပါသည် ။ တစ်ခါ မှာ တော့ ကျွန်တော် က လူတွေ တစ်ခါတစ်ခါ မတတ်သာ လွန်း သောကြောင့် မတရားမှု ဘက် က နေ ဝင် ဝင် လုပ်ပေး နေကြရဟန် တူ ကြောင်း ပြော ဖြစ်ပါသေးသည် ။ ဇော် က

“ ခင်ဗျား နှယ် ဗျာ ၊ အမေ ဘယ်လို သိပ်သိပ် ကိုယ် အိပ် မှ ပျော် တာပါဗျ ၊ လူ တွင် ပါ လို့ နွား ကျား ကိုက်တာပါ ”

ဟု တင်းတင်းပြတ်ပြတ်ကြီး ဆိုရာမှ တစ်ခါ တစ်ခါ မှာ တော့ လည်း နူးညံ့၍ သွား ပြန်ပါသည် ။

“ ထဘီ မှန်း သိ ပေမယ့် ချမ်း တော့လည်း ခြုံ မိတယ် နဲ့ တူ ပါတယ်ဗျာ ” ဟု ဆို ပြန်ပါသည် ။

ကျွန်တော် က ကိုဇော့် ကဗျာ တော်တော်များများ ကို ကြိုက်သည် ။ သူ့ ဟေမန္တဓာတ်ပြား နှင့် ပျဉ်းမနားသား ၏ မေတ္တာစာ ကဗျာ တို့ ကို ချယ်ရီ နှင့် ရုပ်ရှင်အောင်လံ တို့ မှာ ခံစားမှု ဆောင်းပါးများ ရေး ဖူးသည် ။

တစ်ခါသား တွင် ကျွန်တော် မိတ္ထီလာကောလိပ် တွင် ရှိ နေခိုက် ၊ ဆရာကျော်စောမင်း ခေါ်  ကြည်မင်း နှင့် အတူ ကိုဇော်ကြီး ရောက်ရှိ လာ ပြီး သူ့ ကဗျာတွေ ထက် ကျွန်တော့် ဆောင်းပါး က ပို ကောင်း နေကြောင်း ဝင် ပြောသွားသည် ။ ပုဂံ ကို အသွား ဝင် ပြော သွားခြင်း ဖြစ်ပါ၏ ။ ရန်ကုန်မြေ ပေါ် မှာ ရှိနေကြပြီ ဆို လျှင် လည်း ကိုဇော် တို့ ၊ ကျွန်တော် တို့ မတွေ့ဘဲ နေသည် ဟူ၍ မရှိ ။

°°°°°°  °°°°°°  °°°°°°

ကျွန်တော် တို့ မြန်မာကဗျာ အဖွဲ့အနွဲ့ ကိစ္စ တွင် ကောင်း ၊ မကောင်း ၊ ကြိုက် ၊ မကြိုက် နည်းနည်းကလေး စကား ပြောကြသည့် အချက် တစ်ခု မှာ နဘေ ကိစ္စ ပင် ဖြစ် ပါသည် ။ နဘေ ပါ ရင် စာ ပေါ့တယ် ၊ မပေါ့ဘူး ၊ နဘေ ဟာ ဟောင်းတယ် ။ မဟောင်းဘူး စသည် ဖြင့် ပြောကြ ဆိုကြ ပါသည် ။

ကိုဇော် က တော့ နဘေ ကို ခံတွင်း တွေ့ သူ ဖြစ် ပါသည် ။ သူ့ ကဗျာ တိုင်း မှာ နဘေ နှင့် မလွတ်ကင်း လှ ။ သို့သော် ကိုဇော့် နဘေတွေ က ဇွတ် ထည့်ထား သည် များ မဟုတ်ဘဲ အကြောင်းအရာ နှင့် ခံစားမှု နှင့် အပ်ကျမပ်ကျ ကွက်တိ ထည့် လွှတ် လိုက်သောကြောင့် လှ နေသည် ဟု ကျွန်တော် ယူဆသည် ။

ဟေမန္တဓာတ်ပြား ထဲ တွင် “ ယုန်မွေး ဆိုတာ ဂုဏ်လေး တစ်ခုပေပေါ့ ” စသည်ဖြင့် ဖွဲ့သည် ။ ပျဉ်းမနားသား ၏ မေတ္တာစာ ထဲ တွင် “ F.Eကို ချက်ကြီးတို့ ရှာကြတယ် ” စသည်ဖြင့် ဖွဲ့သည် ။

ကျွန်ုပ် ဆံပင်ဖြူရခြင်း အကြောင်း ထဲ တွင် " ကျွန်တော့် အသက်တွေ လည်း လျော့တွက် လျော့တွက် နဲ့ သော့ချက် သဖွယ် ရောက်လာပြီ ၊ ဖော့ဖျက်တွေ ကို အားနာရမယ် မို့လား ” စသည် ဖြင့် ဖွဲ့သည် ။

နာမည်များ တဲ့ မိကြွေ ထဲ တွင် ..

“ တစ်ညသားမှာပေါ့ ၊ လအားကမရှိ ”

“ အဝေးကကြည့် ၊ သွေးကတော့သိသလိုလို ”

“ ကျားကြိုက်တဲ့အလှလား ၊ မှားမိုက်တဲ့ဇလား ၊ အလျားလိုက်ဘဝနဲ့ ကြွေရယ် ”

စသည် ဖြင့် ဖွဲ့သည် ။

လောကအမွန် ၌ အိပ်ပျော်ခြင်း ထဲ တွင် “ ကြက်ဆင်လို ထိုင်းအသူ မရှိ ၊ ဝက်ဝံလို ရိုင်းပျသူ မရှိ ” စသည်ဖြင့် ဖွဲ့သည် ။ ကိုဇော် ရေး သမျှ ကဗျာတွေ ထဲ မှာ သည်လို နဘေတွေကို ထုံ့ပိုင်း ထုံ့ပိုင်း တွေ့ ရပါသည် ။

သို့သော် ကိုဇော် က ကဗျာ ကို အမြောက်အမြား ရေးဖွဲ့သူ ကား မဟုတ်ပြန်ပါ ။ အညာ က ကဗျာဆရာကြီး တစ်ယောက် က မဂ္ဂဇင်းတိုက် များ သို့ ကဗျာ ပို့ သောအခါ ၁၀ ပုဒ် ၊ ၁၅ ပုဒ် ပို့ သည် ကို ကြည့် ပြီး အံ့ဩ ဟန် တူသည် ။

“ ဘာလဲဗျာ ကဗျာ ပို့တယ် တဲ့ ၊ ကန်စွန်းရွက်တွေ အစည်းလိုက် ပို့တာ ကျနေတာပဲ ”

ကိုဇော် က အနုပညာ ဟူသည် Mass Production လုပ်၍ မရဟု ယူဆ ဟန် တူ ပေသည် ။

°°°°°°  °°°°°°  °°°°°

၁၉၉၇ ခုနှစ် ထဲ မှာ တုန်း က မိုး ကုန် လု ရက်တွေ ထဲ မှာ ကျွန်တော် ရန်ကုန် ကို တစ်ခေါက် ရောက်သွားရာ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ က ကိုဇော်ကြီး တစ်ယောက် ဆေးရုံ ရောက် နေကြောင်း ဆီး ပြော ပါသည် ။ ကျွန်တော့် စိတ် ထဲ တွင် စာပေညီအစ်ကိုများ စိတ် ဖြင့် ထိတ်ခနဲ ဖြစ် သွားမိသည် ။ ထို့ကြောင့် မိုး ထဲ လေ ထဲ မှာ တာဝန်ခံ အယ်ဒီတာ နှင့် အတူ ဦးနှောက် နှင့် အာရုံကြော ကို ရောက် ရှိ သွားပါသည် ။

သူ့ ဇနီး ၊ သူ့ သား တို့ နှင့် အတူ ကိုဇော်ကြီး က ခုတင် ပေါ် မှာ ငုတ်တုတ် ။ ပျဉ်းမနား မှာ လေ ဖြတ် သွားခဲ့ပြီး ပျဉ်းမနား ဆေးရုံ ပေါ် မှာ တက် နေရာ မှ ၁၁ ရက် လုံးလုံး မျက်စိ ကွယ် သွားခဲ့သည် ဟု သူ့ ဇနီး က ပြော ပြပါသည် ။ ကျွန်တော် က ကျွန်တော် တို့ ကို တွေ့ ၊ မတွေ့ မေး သော အခါ လူလုံး ကို သာ မည်းမည်း မည်းမည်း နှင့် တွေ့ကြောင်း ဆိုတော့ ကျွန်တော့် စိတ် ထဲ လေး သွားမိသည် ။

ဟိုး .…. မကြာသေးခင် ရက် တွေ တုန်း က ကိုဇော် တစ်ယောက် ဆရာဒဂုန်တာရာ ကို ကတ္တီပါလမ်းခွဲ ဘာညာ တွေ လုပ် နေသည့် အတွက် ကျွန်တော် က ရနံ့သစ်မဂ္ဂဇင်း မှ နေ၍ -

“ ဤ ကမ္ဘာ ပေါ် တွင် ကျေးဇူးသစ္စာ ကို မသိသူတို့သည် ရှိကြကုန်၏ ။ ထိုသူ တို့ အကြွင်းမဲ့ ပျက်သုဉ်းကြစေကုန် ”

ဟု ကျိန်တွယ် ရေးသား ထားခဲ့ ဖူး ရာ စိတ် မကောင်း လည်း ဖြစ် သွားမိသည် ။

ကျွန်တော် က ဟင်္သာတ ပြန်ရန် လမ်းစရိတ် ဖယ်ပြီး ငွေ တစ်ထောင် သာ ပေး နိုင်ခဲ့ပါ၏ ။ သို့သော် ကိစ္စ မရှိ ကျွန်တော် တို့ စာပေ ညီအစ်ကိုများ က တတ်အားသမျှ ၀န်းရံ ထားကြကြောင်း သတင်း က စိတ် ကို ပေါ့ပါး သွား စေခဲ့ပေသည် ။

°°°°°°  °°°°°°  °°°°°

ခုတော့ဖြင့် ကိုဇော် တစ်ယောက် ပျဉ်းမနား ပြန် ရောက်နေပြီ ဟု ဆိုပါသည် ။ ကျန်းမာရေး က တော့ သိပ် မကောင်းလှသေး တဲ့ ။ ရန်ကုန် က ထုတ်ဝေသူ တစ်ယောက် လက် ထဲ မှာ က တော့ သူ့ ကဗျာ စာမူ တစ်အုပ်စာ ကို ကျွန်တော် တွေ့ လိုက်ရသည် ။

ကြက်ဥတစ်ပွေ့ နှင့် လမ်းလျှောက်ခြင်း ဆိုလား ၊ စာအုပ် ရှေ့ က အညွန်း မှာ က တော့ ဆရာဒဂုန်တာရာ ၊ ဆရာဗန်းမော်တင်အောင် ၊ ဆရာ မြသန်းတင့် ၊ အထူးသဖြင့် ကဗျာ အတွက် ကျေးဇူး ရှိခဲ့တဲ့ ဆရာနတ်နွယ် ၊ ဆရာမောင်သာနိုး တို့ အား ဂါရဝ စိတ် အသောင်းသောင်း ဖြင့် တအောင်းမေ့မေ့ ဟု ကမ္ပည်း တင် ထားသည် ကို သတိ ပြု မိသည် ။

မြန်မာကဗျာ အကြောင်း ပြော ကြသောအခါ ထည့်သွင်း ပြော ဆိုရန် လိုအပ်သည့် ဇော် ( ပျဉ်းမနား ) လို ကဗျာဆရာ တစ်ယောက် ၏ ကဗျာစုစည်းမှု စာအုပ် ထွက် ရှိလာရန်မှာ ဟိုး ……. စောစော က ပင် ဖြစ် သင့်သည် ဟု ယူဆ မိပေသည် ။

◾ မောင်သာချို

📖 ရနံ့သစ်မဂ္ဂဇင်း
      စက်တင်ဘာလ ၊ ၁၉၉၈ ။
     
#ကိုအောင်နိုင်ဦး

.

သစ္စာအရောင် မသိသူ


 

❝ သစ္စာအရောင် မသိသူ ❞

( ၁ )

ည လယ် ရောက် မှ လျှပ်စီး တွေ လက် ၊ မိုးကြိုး တွေ ထစ် ပြီး ရုတ်တရက် မိုး က သဲသဲမဲမဲ ရွာ ချ လိုက်သည် ။

ဘကြီးမိုး သည် ကင်းတဲ ကဲလား နှစ်ခု ကို ချ လိုက်သည် ။ သန်းမောင် က တော့ ကင်းတဲ ပေါ် မှာ မူးမူး နဲ့  စန့်စန့်ကြီး အိပ်ပျော် နေသည် ။ လျှပ်စစ်မီး က လည်း ပျက် သွားသည် ။

သည်တော့ ရပ်ကွက်လေး မှာ မှောင် နှင့် မည်းမည်း ဖြစ် သွားသည် ။ ရှေ့ ကဲလား ကို ချမည် အလုပ် မသီတာ ကို သွား သတိရ မိသည် ။ ကင်းတဲ ဘေးက ကွပ်ပျစ် ပေါ် မှာ တော့ မရှိ ။ ခပ်လှမ်းလှမ်း က ဗာဒံပင် အောက် ကြည့် လိုက်တော့ မှောင် နေ၍ ဘာမှ မမြင်ရ ။

မသီတာ ဆိုတာ က စိတ်ဝေဒနာရှင်မလေး ။ ဒီ မင်္ဂလာရပ်ကွက်လေး ကို ရောက် လာသည် မှာ တစ်လ ကျော်ကျော် လောက် ပဲ ရှိမည် ။ အသက် ၂၀ နဲ့ ၃၀ အတွင်း ရှိမည် ။ ပိန်ပိန်ပါးပါး ၊ ဖြူဖြူသန့်သန့် ၊ အရပ်မြင့်မြင့်လေး ဖြစ်သည် ။ ရောက်ခါစ က တောင်ကြည့် မြောက်ကြည့် နဲ့ ထိတ်လန့် နေပုံ ရသည် ။ မျက်လုံးတွေ က လည် နေသည် ။ ကားသံ ၊ ဆိုင်ကယ်သံ ကြား လျှင် တုန်လှုပ် သွားသည် ။ ဗာဒံပင် ပင်စည် နောက် ဖြစ်စေ ၊ ကွပ်ပျစ် အောက် ဖြစ်စေ ၊ တွေ့ရာ အကွယ် တစ်ခု ခု မှာ ဝင် ပုန်း နေတတ်သည် ။

ဘယ် က လာသည် မသိ ။ ကြောက်တတ်သည် မှ လွဲ၍ အေး သည် ။ အခြား စိတ်ဝေဒနာရှင်တွေ လို နှုတ် က လည်း မကြမ်း ၊ လက် က လည်း မသရမ်းပေ ။ ဘယ်သူ့ ကို မှ လည်း ဒုက္ခ မပေးပေ ။ ဒါကြောင့် သူမ ကို ‘ သီတာ ’ လို့ ခေါ်ကြသည် ။ သနားကြသည် ။ စားစရာလေးတွေ ပေးကြသည် ။ အထူးသဖြင့် ဒေါ်တင်တင်ကြီး က သီတာ ကို ပို စောင့်ရှောက်သည် ။ ထမင်းချိန်တန် ထမင်း ၊ မုန့်ချိန် တန် မုန့် ကျွေးသည် ။ ဒီတော့ မသီတာ က ဒေါ်တင်တင်ကြီး တိုက်ရှေ့ က ဗာဒံပင် အောက် မှာ အနေများသည် ။ တစ်ခါတစ်ရံ ကင်းတဲ နား က ကွပ်ပျစ် မှာနေသည် ။ ဒေါ်တင်တင်ကြီး က ဖျာ နဲ့ ခေါင်းအုံး ၊ စောင်ဟောင်းလေးတွေ ကို မသီတာ အတွက် ထုတ် ပေးထားသည် ။ ဗာဒံပင်နဲ့ ကင်းတဲ က ဝါး ဆယ်ပြန် လောက် ပဲ ဝေး မည် ။

ဘကြီးမိုး က လည်း မသီတာ ကို မုန့်ပဲသရေစာများ ကျွေးမွေး တတ်ပါသည် ။

“ ဆရာကတော် ရယ် … မသီတာလေး က သနားပါတယ် … တိုက် ထဲ ခေါ် ထား ပါလား ”

ဘကြီးမိုး က ဆရာကတော် ဒေါ်တင်တင်ကြီး ကို တိုက်တွန်း ဖူးသည် ။
 
“ မဖြစ်ပါဘူး ကိုမိုး ရယ် … ဗေဒင် က ဒီနှစ် အတွင်း အိမ် ထဲ လူ အဝင် မခံနဲ့ တဲ့ … အပူမီးတွေ့ တတ် တယ် လို့ ဟော ထားတယ် … ဒါကြောင့် မြနှင်းလေး တောင် တော ပြန် လွှတ် ထားရတယ် ”

ဆရာကတော့် စကား ကြောင့် ဆရာ့ အကြောင်း ကို အတွင်း သိ ဖြစ် ခဲ့သော ဘကြီးမိုး တစ်ယောက် ရင် ထဲ မှာ ကျိတ်ပြုံး မိသည် ။

ဒေါ်တင်တင်ကြီး ၏ ခင်ပွန်း ဦးတိုင်းကျော် သည် ဘကြီးမိုး ၏ ဆရာရင်း ဖြစ် ခဲ့သည် ။ ကျေးဇူးတွေ ဆပ် မကုန်နိုင် အောင် ရှိခဲ့သည် ။ ဆရာဦးတိုင်းကျော် သည် ဌာနဆိုင်ရာ အရာရှိကြီး ဖြစ်သည် ။ အငြိမ်းစား ယူ ထားသည် ။

မသီတာ သည် ဗာဒံပင် အောက် တွင် အနေ များသည် ။ တစ်ခါတစ်ရံ မှ သာ ကင်းတဲ နား က ကွပ်ပျစ် ပေါ် တွင် လာ ထိုင်တတ်သည် ။

မိုး ရွာ တော့ မသီတာလေး ခမျာ ဘယ်လို အိပ်မလဲ ဟု တွေး လိုက်မိသည် ။ ဆရာကတော် ရှိ လျှင် အိမ် ထဲ ခေါ် သိပ် မှာ သေချာသည် ။ ဆရာကတော် က ဆရာကန်တော့ပွဲ အတွက် တောင်ကြီးမြို့ ကို သွား နေသည် ။

ဘကြီးမိုး သည် ထီး နဲ့ ဓာတ်မီး ကို ယူ ကာ ကင်းတဲ ပေါ် က ဆင်း လိုက်သည် ။

“ ဘကြီးမိုး ဘယ်လဲ ”

သန်းမောင် က ခေါင်း ထောင်ပြီး အိပ်ချင်မူးတူး နဲ့ မေးသည် ။

“ သီတာလေး ဆီပါကွာ ”

ဘကြီးမိုး က တိုတိုပဲ ပြောပြီး ဗာဒံပင် ဘက် ထွက် ခဲ့သည် ။ ဗာဒံပင် အောက် ကို လက်နှိပ်ဓာတ်မီး နှင့် ထိုး ကြည့်တော့ ဖျာလေး သာ မိုးရေ တွေရွှဲနစ် နေသည် ။ မသီတာ ကို မတွေ့ အနီးအနားများ သွား ပြီး မိုး ခို လေသလား ဟု တွေးပြီး လိုက် ရှာသည် ။ မတွေ့ ။ အိမ်တွေ ဆီ မျှော် ကြည့် ပြန်သည် ။ မှောင် နဲ့ မည်းမည်း ဘာမျှ မမြင်ရပေ ။ စိတ် ပူသွားသည် ။ ဗာဒံပင် အောက် ပြန် ရောက်လာသည် ။ ဆရာဦးတိုင်းကျော် တိုက် ဆီ မျက်စိ ရောက် သွားသည် ။ တိုက် အောက် တွင် မီးရောင်လေး တွေ့ ရသည် ။

ဘကြီးမိုး တွေခနဲ ဖြစ် သွားသည် ။ တိုက်ကြီး ဆီ ငေးကြည့် နေ မိသည် ။ ဆရာကတော် မရှိ ။ ဆရာ က ရော မူး နေပြီလား ။ လျှပ်စီးတွေ ဝင်းခနဲ လက်နေသည် ။ မိုးကြိုးတွေ က ထစ်ပြီး ပစ်နေသည် ။ မိုး က သဲသဲမဲမဲ ရွာ ချ နေသည် ။

ဘကြီးမိုး မျက်စိ မှိတ် လိုက်သည် ။ သက်ပြင်း ရှည် ချ လိုက်မိသည် ။ လေးလံသော ခြေလှမ်းများ နဲ့ ကင်းတဲလေး ဆီ ပြန် သွားခဲ့သည် ။

“ ဘကြီးမိုး က လည်း မိုးကြိုးတွေ ပစ် လို့ ကြောက် ရတဲ့ အထဲ ကြာ လိုက်တာဗျာ … သီတာ့ ကို တွေ့ခဲ့လား ” လို့ ကိုသန်းမောင် က ဆီး ပြီး အပြစ် တင်သံ နဲ့ မေးသည် ။

•••••   •••••   •••••   •••••

( ၂ )

ဘကြီးမိုး နာမည် ရင်း က ဦးတင်မိုး ပါ ။ ယခင် က ဌာနဆိုင်ရာ တစ်ခု တွင် ယာဉ်မောင်း ဖြစ်သည် ။ အသောက်အစား ၊ အပျော်အပါး ကင်း ပြီး အလုပ် ကြိုးစားသူ ၊ ရိုးသားမှု နဲ့ တိုင်းဦးစီးမှူး အဆက်ဆက် လက်သုံး ဖြစ်ခဲ့သည် ။ ဆရာ ဦးတိုင်းကျော် ကျ တော့ ပို၍ တပည့်ရင်း ဖြစ်ခဲ့သည် ။

ဆရာဦးတိုင်းကျော် က ဝဝဖိုင့်ဖိုင့် ၊ ထောင်ထောင်မောင်းမောင်း ဖြစ်သည် ။ ပျော်ပျော်ပါးပါး နေတတ်သည် ။ ရုံး အားရက် တွင် ဂေါက်သီး ကစား တတ်သည် ။ မန္တလေးတောင် ဂေါက်ကွင်း ၊ ရေတံခွန်တောင် ဂေါက်ကွင်း သာမက ပြင်ဦးလွင် ထိ တက်ပြီး လည်း ဂေါက်ကစား တတ်သည် ။ အပေါင်းအသင်းတွေ နဲ့ အဖျော်ယမကာလေး ဟဲပြီး ပျော်တတ်သည် ။

ဆရာကတော် ဒေါ်တင်တင်ကြီးက တောင်ကြီးတက္ကသိုလ် တွင် ပါမောက္ခ အဖြစ် တာဝန် ထမ်း နေသည် ။ ဆရာ့ သား က ဂျပန် မှာ ၊ ဆရာ့ သမီး ဆရာဝန် က ရန်ကုန် မှာ ၊ ဒီတော့ ဆရာ က လွတ်လပ် နေ သည် ။ ဆရာ့ ရဲ့သွားရေး သောက်ရေး ကို ဦးတင်မိုး က တာဝန် ယူ ရသည် ။ ဆရာ့ ရဲ့ စားရေး နှင့် အိမ်သန့်ရှင်းရေး ကို တော့ ဦးတင်မိုး ဇနီး ဒေါ်နု က တာဝန် ယူ ပေး ရသည် ။

တစ်ခါတစ်ရံ သီချင်း ကြိုက် သော ဆရာ့ ကို ကာရာအိုကေဆိုင်တွေ ပို့ ရသလို ၊ အကြော တက် သည့် အခါ အနှိပ်ခန်းတွေ ပို့ ရတတ်သည် ။ ထိုအခါများ တွင် ဆရာ က … “ ကိုမိုး … နှုတ်လုံ နော် ” ဟု သတိ ပေးတတ်သည် ။

ဦးတင်မိုး က လည်း …

“ စိတ်ချပါဆရာ … တင်မိုး က ဆရာ့ အပေါ် အမြဲ သစ္စာ ရှိပါတယ် ” ဟု ဖြေ တတ်သည် ။

ဦးတင်မိုး သက်ပြည့်ပင်စင် ယူ တော့ ဦးတိုင်းကျော် က …

“ ကိုတင်မိုး … ခင်ဗျား ပင်စင် ယူပြီးရင် ဘယ်မှာ နေမှာလဲ … ကိုယ့်ရပ် ကိုယ့်မြို့ ပြန် မှာလား ” ဟု မေးသည် ။

ဦးတင်မိုး တွင် ကိုယ်ပိုင် အိမ် မရှိ ။ လုပ်သက် တစ်လျှောက် တိုင်းရုံး ထဲ က ဝန်ထမ်းအိမ်ရာ မှာ ပဲ နေခဲ့သည် ။ သားသမီး သုံးယောက် ရှိသည် ။ အားလုံး အိမ်ထောင်သည်တွေ ။ သားကြီး မိသားစု က မြို့သစ် မှာ အိမ်ငှား နေသည် ။ သမီး က တော့ ယောက္ခမ အိမ် လိုက် နေသည် ။ သားငယ်တို့ က တော့ ဦးတင်မိုး တို့ နဲ့ ပဲ နေသည် ။

“ ကျွန်တော် က ရွှေဘို က ပါ … မြို့က ထွက်လာတာ အနှစ် လေးဆယ် ကျော် ပြီ ဆို တော့ ဇာတိ နဲ့ လည်း စိမ်း နေပါပြီ … သားသမီးတွေ က မန္တလေး မှာ အခြေ ကျ နေပြီ ဆိုတော့ ပင်စင် ယူ ပြီးရင် မြို့သစ် ဘက် အိမ်ငှား နေမလို့ စိတ်ကူး ထားတယ် ဆရာ … ”

“ ကျွန်တော် … မြို့ အရှေ့ဘက် က မင်္ဂလာရပ်ကွက် မှာ ဝင်းကျယ်ကျယ် ဝယ်ပြီး တိုက်ဆောက် ထားတယ် ၊ ကိုမိုး အသိ ပဲ လေ … ကျွန်တော် က ပင်စင် ရ ဖို့ ငါးနှစ် လောက် ကျန်သေးတယ် … ဒီကြားထဲ ရာထူး တိုး ပြောင်း စရာလည်း ရှိတယ် … ဒါကြောင့် ကိုတင်မိုး တို့ မိသားစု ကျွန်တော့် တိုက် ကို စောင့် ပေးရင်း နေ ကြလေ ”

ဆရာ့ စကား ကြောင့် ရေငတ်တုန်း ရေတွင်း ထဲ ကျသလို ဖြစ်သွားရသည် ။ “ ကျေးဇူးပါဆရာ ” လို့ အခါခါ ပြော မိသည် ။ ပင်စင် ယူပြီးသော အခါ မင်္ဂလာရပ်ကွက် က ဆရာ့ တိုက်ကို ပြောင်း လာကြသည် ။

မင်္ဂလာရပ်ကွက် က မန္တလေး အရှေ့ဘက် မြို့ဆင်ခြေဖုံး ဖြစ်သည် ။ ဆရာ့ လို အရာရှိကြီးတွေ က ပင်စင် ယူ ပြီးရင် အေးအေးဆေးဆေး နေရန်အတွက် လမ်းမကျယ် ပေါ် တွင် ဝင်းကျယ်ကြီးတွေ ဝယ် ကာ တိုက် ဆောက် ထား ကြသည် ။ အလယ်အလတ် ဝန်ထမ်း ၊ ကုန်သည်ပွဲစား နှင့် လက်လုပ်လက်စားများ သည် အသင့်အတင့် မြေ ဝယ်ကာ အိမ် ဆောက် နေကြသည် ။

ဆရာ့ ဝင်း က ကျယ်သည် ။ သရက်ပင် က အပင် သုံးဆယ် ကျော် သည် ။ ဦးတင်မိုး က မြေ ကို ပြုပြင်ပြီး စားစရာ အပင်လေးတွေ စိုက်သည် ။ ဟင်းစားအတွက် မပူရ ။ ဆရာ့ ဆီ ပို့တော့ “ ကျွန်တော် က ရောင်း စားရမှာလား ” ဆိုပြီး ရယ်သည် ။ သည်တော့ အိမ်နီးချင်းတွေ ကို ပေးသင့် သူ ပေး ၊ ရောင်းသင့် သူ ရောင်း နှင့် အဆင် ပြေနေသည် ။

တိုက် က ကျယ်တော့ သားကြီး မိသားစု နှင့် သမီးမိသားစု ပါ လာ နေကြသည် ။ သားတွေ ၊ သမီးတွေ ၊ သမက်တွေ ၊ ချွေးမတွေ ၊ မြေးတွေ နှင့် ပျော်စရာ ကောင်း လှသည် ။

အနေ ကြာ လာတော့ ရပ်ကွက်လေး နှင့် အသား ကျ လာသည် ။ ရပ်ကွက် သာရေး ၊ နာရေးလုပ်ငန်းများ တွင် ဦးတင်မိုး ရှေ့တန်း က ပါ လာသည် ။ ရပ်ကွက် ဓမ္မာရုံလေး ဆောက် တော့ လည်း ဦးတင်မိုး က အားကြိုးမာန်တက် ဆောင်ရွက်သည် ။ အသောက်အစား ၊ အပျော်အပါး ကင်းသော ဦးတင်မိုး ကို ရပ်ကွက် က ခင်တွယ် ကြသည် ။ အားကိုး ကြသည် ။ ကြည်ညို ကြသည် ။ ‘ ဘကြီးမိုး ’ ဟု လေးလေးစားစား ခေါ်ဝေါ်ကြသည် ။

ဆရာဦးတိုင်းကျော် ပင်စင် ယူပြီး တော့ ပြောင်း လာကြသည် ။ ပြောင်းလာသည် ဆိုသော်လည်း ဆရာ နှင့် ဆရာကတော် တို့ သာ ဖြစ်သည် ။ အိမ်ဖော်မလေး တစ်ယောက် ပါသည် ။

ဦးတိုင်းကျော် က ဘကြီးမိုး တို့ အတွက် ဝင်း အနောက်ဘက်ထောင့် က ပေ ၄၀ x ၃၀ မြေ ကို ပေးသည် ။ ၃ ပင် ၂ ခန်း ထရံကာ ၊ သွပ်မိုး ၊ ဒူးတုပ် အိမ်လေး လည်း ဆောက် ပေးသည် ။ အဖီလေးတွေ ချ လိုက်တော့ မိသားစု အားလုံး အတွက် နေလောက် ထိုင်လောက် ရှိပါသည် ။

ဘကြီးမိုး က ဆရာ့ ဝင်း ထဲ က သစ်ပင်များ ကို နေ့စဉ် ရေလောင်း ပေါင်းသင်ပေးသည် ။ သားသမီးတွေ က လည်း အားသည့် အချိန် ကူလုပ် ပေးသည် ။ ဒေါ်နု က လည်း ဆရာကတော် လက်တို လက်တောင်း ခိုင်း သမျှ လုပ်ပေးသည် ။

မနှစ် က ဒေါ်နု ဆုံးသည် ။ ဘကြီးမိုး တရား နှင့် ဖြေ သော်လည်း မပြေ ။ စိတ် လေ နေသလို ၊ ဟိုသွား ဒီသွား ဖြစ်နေသည် ။ ထို့ကြောင့် ဆရာ က အလုပ် တစ်ခုခု လုပ်ဖို့ပြောသည် ။ အဆင် ပြေချင်တော့ ကင်းတဲ မှာ အလုပ် ရသည် ။ ကင်းတဲ က ဆရာ့ တိုက် နှင့် မျက်စောင်းထိုး လမ်းဆုံ မှာ ရှိသည် ။

•••••   •••••   •••••   •••••

( ၃ )

နောက် နှစ်လ ခန့် ကြာတော့ မင်္ဂလာရပ်ကွက်လေး တွင် ရတနာပုံ FC ဘောလုံးအသင်း ဗိုလ်စွဲ သည့် သတင်း နှင့် အပြိုင် လူအများ စိတ်ဝင်စား သည့် သတင်း တစ်ခု ပေါ်လာသည် ။

မသီတာကလေး ကိုယ်ဝန် ရှိ နေပြီ ဆို သော သတင်း ပင် ဖြစ်သည် ။ ဒေါ်တင်တင်ကြီး သည် နေ့တိုင်း မြင် နေရသော မသီတာ ကို သနား ပြီး ဆေး ကုရန် အတွက် ဆရာဝန် ဆီ ခေါ်သွားရာ မှ မသီတာ တွင် ကိုယ်ဝန် ရှိ နေကြောင်း သိရသည် ။ သတင်း က ချက်ချင်း ပျံ့နှံ့သွားသည် ။ ကြားရသူ အပေါင်း မယုံချင် ။ ကိုယ်တိုင် ပြေး ကြည့် ကြမှ ဗိုက်လေး ပေါ်တွင် ဘူးသီးလတ်လတ်လေး တစ်ခြမ်း ကပ် ထားသလို မြင် ရလို့ အံ့သြ ကုန်ကြသည် ။

မသီတာ ကို သနားကြသလို ၊ ယုတ်မာသွား သူ ကို လည်း ရွံမုန်း ကြသည် ။ အာကြမ်းသူများ က ကိုင် တုတ်ကြသည် ။ ရပ်ကွက်လူကြီး လည်း မနေသာ ။ ကင်းတဲ စောင့်များ ဖြစ် သည့် ဘကြီးမိုး နှင့် သန်းမောင် ကို ခေါ် မေးသည် ။

နှစ်ယောက်ဘစလုံး က “ မသိပါဘူး ” ဟု ပဲ ဖြေသည် ။

သို့ပေမယ့် ရပ်ကွက် က လက်မခံပေ ။

“ ဒင်းတို့ … ကင်းတဲ နား မှာ နေတာ ဒင်းတို့ သိရမယ် … မသိရင် ဒင်းတို့ပေါ့ ” ဟု တွေးကြသည် ။ ပြောကြသည် ။ အထူးသဖြင့် သန်းမောင် ကို ထင် နေကြသည် ။

ကင်းတဲ နား ဖြတ်သွားလျှင် …

“ သေချင်းဆိုးတွေ … နှမချင်း သမီး ချင်း မစာနာတဲ့ လူ့တိရစ္ဆာန်တွေ … ၊ အမှန်တရား ပေါ် လို့ ရှိ ရင် အမှုန့် ဖြစ်ေအာင် တစ်ရပ်ကွက်လုံး က ဝိုင်းကြိတ် ပစ်မယ် … ဟွန်း ” ဆိုပြီး စောင်းပြော သွား တတ်ကြသည် ။

ကင်းတဲ ဘက် လှည့်ပြီး “ ထွီ … ထွမ် ” လုပ် သွားတာက လူတိုင်း နီးပါး ပါ ။

“ ဟေ့ … ကောင်မတွေ ၊ စကား ကြည့် ပြောကြနော် … သန်းမောင် က မဟုတ်ရင် မခံဘူး … အသက်ချင်း လဲ ပစ် မယ် … ဘာ မှတ်သလဲ ”

သန်းမောင် က လှမ်း ကြိမ်း သည် ။ ဘကြီးမိုး က …

“ မင်း ကလဲ ကွာ … မသိလို့ ပြော ကြတာပါ ” ဟု လေသံ နဲ့ ပြော သည် ။

“ ဘာဗျ … ခင်ဗျား က ဟုတ်လို့ငြိမ် နေပေမယ့် ကျုပ် က မဟုတ်လို့ ငြိမ် မခံနိုင်ဘူး ”

သန်းမောင် က ပြောပြောဆိုဆို ကင်းတဲ ပေါ် က ဆင်း ကာ အရက်ဆိုင် ဘက် ထွက် သွား သည် ။
 
အရက် မူး တော့ မိုး တစ်ည က ဘကြီးမိုး မသီတာ ရှိ ရာ ဗာဒံပင် အောက် သွား သည့် အကြောင်း ပိုပိုသာသာ ရှင်း ပြနေသည် ။

အားလုံး ပါးစပ် အဟောင်းသား ဖြစ် ကုန်ကြသည် ။ မယုံချင်ကြပါ ။ နောက် မှ …

“ အေး လေ … ဇနီး ဆုံးတာ တစ်နှစ် ကျော် တော့ သူ လည်း လေ လောကီသားပေ မို့ … ဟင်း ဟင်း … ဘကြီးမိုး ခမျာ ကြီး မှ တစ်ခါတော့ မိုက် ရှာပေမပေါ့ ” ဟု အမူးသမားများ က မှတ်ချက် ချ ကြသည် ။

•••••   •••••   •••••   •••••

( ၄ )

အမူးသမား စကား က ပို၍ ကား ကာ တစ်ရပ်ကွက်လုံး ဟိုးလေး ကျော် သွားသည် ။ ဘကြီးမိုး ကို မျက်နှာချင်း ဆိုင် တွေ့လျှင် ဘီလူးသဘက် တွေ့ သလို ရှောင် ကြသည် ။ အမနာပ စကားတွေ နှင့် စောင်းမြောင်း ကြသည် ။ သားတွေ ၊ သမီးတွေ က လည်း မျက်နှာ မကြည် ၊ စကား မပြော ရှောင် နေကြသည် ။

ရပ်ကွက်လူကြီး က လည်း ခေါ်ပြီး မေး ပြန်သည် ။

“ သန်းမောင် ပြော တာ ဟုတ်လား ”

“ မဟုတ်ပါဘူး ”

“ ဒါဆို ဘယ်သူလဲ ”

“ မသိပါဘူး ”

“ မညာ နဲ့ နော် … တိုးတက်နေတဲ့ ခေတ်ကြီး မှာ သွေး စစ်ကြည့် ရင် အဖြေ က ပေါ် မှာ ”

ရပ်ကွက်လူကြီး က ခေတ်ပညာ တတ် ပီပီ သွေးတိုး စမ်းမေးသည် ။ ဘကြီးမိုး ခေါင်း ငိုက်စိုက် ဖြစ်သွားသည် ။ စဉ်းစားသည် ။

“ ကျွန်တော် မဟုတ်ရင်ရော ”

“ သန်းမောင် ကို စစ်မယ် ”

“ သန်းမောင် မဟုတ်ရင်ရော ”

“ ဒါဆို အနီးအနား က ယောက်ျား မှန်သမျှ စစ်မယ် … မဟုတ်သေးရင် တစ်ရပ်ကွက် လုံး ကျုပ် အပါအဝင် ယောက်ျား မှန်သမျှ စစ်မယ် … ဒါမှ အမှန်တရား ပေါ် မှာ … ရပ်ကွက် သိက္ခာ မကျ မှာ ”

ရပ်ကွက်လူကြီး က စိတ် ဆုံးဖြတ် ထား သည့် အလား ။ ရဲရဲတင်းတင်း မာမာထန်ထန် ပြောသည် ။

ဘကြီးမိုး က ခေါင်းကြီး ငုံ့ပြီး စဉ်းစား နေသည် ။

“ စဉ်းးစားပါ … သုံးရက် အချိန် ပေးမယ် … ကျုပ် က တော့ ဥပဒေ အရ လုပ် ရမှာပဲ ”

ဘကြီးမိုး ခေါင်းငိုက် စိုက် ချပြီး လူကြီး အိမ် က ထွက်ခဲ့သည် ။ ခြေဦး က ဆရာ့ အိမ် ဘက် ရောက် သွားသည် ။ ဆရာကတော် ကို ပဲ တွေ့ ရသည် ။ မျက်နှာ က မကြည် ။ ဆရာ က ဆရာ့ သမီး ရှိရာ ရန်ကုန် ကို သွား နေသည် ။ ဆရာကတော် က သူ့ ကို အရင်က လို ဟက်ဟက်ပက်ပက် စကား မပြော ။

ဘကြီးမိုး ခေါင်း ငိုက်စိုက် ချပြီး အိမ် ပြန်ခဲ့သည် ။ အိမ် တွင် သား နှင့် သမီး မိသားစုများ ကို မတွေ့ရပေ ။ သူတို့ ပစ္စည်းတွေ လည်း မရှိတော့ ။ ဘကြီးမိုး ရင်ထဲ လှိုက်ဖိုကာ ငိုချင်သလို ဖြစ်သွားသည် ။

“ အဖေ မဟုတ်ပါဘူးကွယ် ” ဟု ကုန်းပြီး အော် ဟစ် လိုက် ချင်သည် ။ ၃ ရက် အတွင်း အဖြေ ပေး ရတော့မည် ။ ဘယ်လို အဖြေ ပေး ရမလဲ ။ အိမ်ပေါက်ဝ တွင် ငူငူကြီး ထိုင် နေမိသည် ။ ဘယ်လောက် ကြာသည် မသိ ။ နောက်ဆုံး တော့ သူ့ အပေါ် ကောင်းခဲ့သည့် ဆရာ့ အပေါ် သစ္စာ ရှိ ရမည် ။ ဆရာ့ အတွက် ပေးဆပ် သွားတော့မည် ဟု စိတ် ဆုံးဖြတ် လိုက်သည် ။ သည်တော့ စိတ် က ပေါ့ သွားသည် ။

ဘကြီးမိုး သည် အရက်ဆိုင် ဘက် ထွက် ခဲ့သည် ။ လူတွေ က မျက်နှာ အမျိုးမျိုး နှင့် ကြည့် နေကြသည် ။

ဘကြီးမိုး အရက်ဆိုင် ထဲ ဝင် သွားတော့ အရက် သောက် နေသူတွေ က အံ့သြစွာ နှင့် ဝိုင်းကြည့် နေကြသည် ။ တီးတိုး စကား ပြော ကြသည် ။ မျက်နှာလည်း ပူ ၊ ရင် လည်း ဆူ သွားသည် ။ စိတ် ကို တင်းပြီး နီးရာစားပွဲ မှာ ဝင် ထိုင် လိုက်သည် ။

“ ဟေ့ … အရက်ပေး ”

အသံ က တုန်ရီ နေသည် ။ အရက် သောက်သူတွေ က ကွက်ကြည့် ကွက်ကြည့် ကြည့် နေကြသည် ။ ဘယ်သူ မှ မခေါ် မပြောကြ ။ သည် အရက်သမား အားလုံး သည် ရပ်ကွက်ထဲ က ပါ ။ ဘကြီးမိုး နှင့် သာရေးနာရေး မှာ တွေ့နေ သူတွေ ၊ ဘကြီးမိုး ကို လေးစားကြ သူ တွေ ၊ ဘကြီးမိုး က အမြဲ ဆုံးမ စကား ပြော ရသည့် သူ တွေ ပါ ။

အခုတော့ …

“ ဒုန်း ”

“ ဟေ့ … ငါ မှာ တဲ့ အရက် မရသေးဘူးလားကွ ”

စားပွဲ ကို လက်သီး နှင့် ထုပြီး အော် ပြော လိုက်သည် ။ သောက် နေသူ တွေ ခေါင်းပြိုင်တူ လှည့် ကြည့်ကြသည် ။ တစ်စားပွဲ တည်း မှာ သောက် နေ သူ နှစ်ယောက် က စားပွဲပြောင်း သွားကြသည် ။ စိတ် ထဲမှာ စပ်ဖျဉ်းဖျဉ်း ဖြစ် သွားသည် ။

ဆိုင်ရှင် က အရက် တစ်လုံး နှင့် ပလတ်စတစ်ခွက် တစ်လုံး ချပေးသည် ။ ရေဘူး ချပေးသည် ။ အမြည်း အတွက် မြေပဲဆားလှော် နဲ့ နှမ်းဖတ်ချဉ် ပန်းကန် လာ ချ ပေးသည် ။

“ ဟေ့ … ဒါ … ငါ မမှာဘူးကွ … ”

အမြည်းပန်းကန်တွေ တွန်း လိုက်သည် ။ ပုလင်း ထဲ က အရက် ကို ပလတ်စတစ်ခွက် ထဲ အပြည့်အလျှံ ထည့် လိုက်သည် ။ အရက်ခွက် ကို တစ်ရှိန် ထိုး ကောက် မော့လိုက်သည် ။

“ အား … ဖွီး … ထွီ … ”

ရင် ထဲ မှာ မီးစ နှင့် အထိုး ခံ ရသလို ပူသွားသည် ။ အရက်များ ကို အမြန် ပြန် ထွေး လိုက်ရသည် ။

“ ဟား ဟား ဟား ဟား ”

ဘကြီးမိုး အဖြစ် ကို ကြည့် ပြီး အရက်သမားများ က ရယ်ကြသည် ။

“ ဒုန်း ”

“ ဘာ ရယ်တာလဲကွ ”

စားပွဲ ကို လက်သီး နဲ့ ထုပြီး ဟောက် လိုက်သည် ။ ရယ် သူ တွေ ချက်ချင်း အသံ တိတ် သွားကြသည် ။ ဆိုင် ထဲ ဝင် လာသော သန်းမောင် က မြင်သွားသည် ။ ဆိုင် ထဲ တွင် ဘကြီးမိုး ကို တွေ့ ရ၍ အံ့သြ သွားသည် ။ စားပွဲ မှာ ဝင် ထိုင် လိုက်သည် ။ ဘကြီးမိုး ကို မျက်လုံး ကျွတ် မတတ် ကြည့်မိသည် ။

“ ဘာ ကြည့် တာလဲ ”

“ အံ့သြလို့ ”

“ ဒါ အံ့သြစရာလား … အံ့သြစရာတွေ ကို မင်းတို့ ကြား ပြီးပြီလေ … နောက် သုံးရက် ဆို ရင် ဒါထက် ပို အံ့သြစရာတွေ မင်းတို့ ကြား ရဦးမယ် … ကဲ ထားပါ … မင်း အရက် သောက် မှာ မဟုတ်လား … ငါ နဲ့ အတူတူ သောက် ”

ဘကြီးမိုး က ပလတ်စတစ် ခွက် ထဲ အရက် ထပ် ငှဲ့ ထဲ့ပြီး မော့သောက် ဖို့ လုပ်သည် ။ သန်းမောင် က လက် နှင့် ဆွဲယူထားလိုက်သည် ။

“ ဟာ … ဘကြီးမိုး က လည်း ဒီလောက် မကြမ်းနဲ့လေ … မြန်မြန် ရှောဘရားသား ဖြစ် သွားမှာပေါ့ ”

သန်းမောင် က အရက်ခွက် ကို ယူ ပြီး ရေ နဲ့ စပ် ပေးသည် ။ ဘကြီးမိုး ယူ သောက်သည် ။

“ ဖြည်းဖြည်း သောက် … ”

“ ထွီ … ”

သောက် ရသည် မှာ အဝင် မဆိုး ၊ နောက် တစ်ခွက် သောက်တော့ စိတ်တွေ လျော့နည်း သွားသည် ။ နောက် ခွက်တွေ ကျတော့ စကား တွေ ပြောချင် လာသည် ။

“ လာ ဘကြီးမိုး … လေးဖက် မထောင် ခင် အိမ် ပြန် ကြရအောင် … ” 

သန်းမောင် က ဘကြီးမိုး ကို အတင်း တွဲ ပြီး အိမ် ပြန် ပို့သည် ။ ဘကြီးမိုး က မပြန်ချင်သေး ။ မူး လဲသည် အထိ သောက် ချင်သေးသည် ။ အရက် တွေ ဝယ် လာသည် ။ အိမ် ရောက်တော့ ဆက် သောက် ကြသည် ။

“ ဟေ့ကောင် … ငါ့ ကို ကတိ တစ်ခု ပေး မလား ”

“ ဘာ ကတိလဲ … အရက်သမား ဆို တာ အလကား နေရင်း ကတိ မပေးနိုင်ဘူး … ဟဲ … ဟဲ … ”

“ မင်း ကို … ငါ ဒီ နေ့ အရက် အဝ တိုက် ထားတာလေ ”

“ ဟား … ဟုတ်တယ် … ၊ ကျေးဇူးရှင်ကြီး … ကတိ ပေးတယ် … ၊ ပြော … ဘာကိစ္စလဲ ”

“ ငါ့ ဘဝ နဲ့ ဆိုင်တဲ့ ကိစ္စပါ ကွ … ငါ့ ကို ငါ့ သားသမီးတွေ က ပစ်သွား ကြပြီ … နောက်ပြီး ရပ်ကွက် က လည်း ရွံရှာ မုန်းတီးကြတော့မယ် … ဒီတော့ လောကကြီး ထဲ မှာ တစ်ယောက် ယောက် က တော့ ငါ့ အကြောင်း ကို သိ ပြီး ရှိ နေစေချင်တယ် … ဒါမှ ငါ ခံရလည်း ငါ့ စိတ် ဖြေသာမယ် … မင်း ကို ပြော ပြချင်တယ် … ဒါပေမဲ့ ဘယ်သူ့ မှ မင်း မပြောရဘူး … ငါ ထောင် ကျ သွားလည်း မပြောရဘူး … ထောင် က လွတ် လာ လည်း မပြောရဘူး ”

“ အိုကေ ”

“ မင်း … ပေါ့ပေါ့တန်တန် မပြောနဲ့ … လာ အရက်ခွက် ကိုင် … သစ္စာ ဆို ”

ဘကြီးမိုး က အရက်ခွက် တစ်ခွက် ကို သန်းမောင် အား ပေး လိုက်သည် ။ သန်းမောင် အရက်ခွက် ကို ကိုင် မြှောက် လိုက်သည် ။

“ ကျုပ် သည် ဘကြီးမိုး နဲ့ ပြောတဲ့ အကြောင်းအရာ ကို ဘယ်သူ့ မှ မပြောပါဘူး လို့ သစ္စာ ဆိုပါတယ် … ပြော မိ ပါ က အရက်သစ္စာ စူးပါစေသား ”

သန်းမောင် က သစ္စာ ဆို သည် ။ ဘကြီးမိုး က ကျေနပ် သွားပြီး မိုး တစ်ည က အဖြစ်အပျက် ကို ပြော ပြသည် ။

“ ဒါ … ဆို … ”

“ ဟေ့ကောင် … မင်း သစ္စာ ဆို ထားတယ်လေ ”

နောက်တော့ သန်းမောင် က တရှုံ့ရှုံ့ နှင့် ငို သည် ။ ဘကြီးမိုး က တော့ တခေါခေါ နဲ့ အိပ်ပျော်သွားသည် ။

•••••   •••••   •••••   •••••

( ၅ )

နောက် ရက် လည်း ဘကြီးမိုး အိမ် တွင် ဘကြီးမိုး နှင့် သန်းမောင် နေ့ရော ညပါ အရက် အတူတူ သောက် ကြသည် ။

ဘကြီးမိုး က သူ ပြောသည့် ကိစ္စ အား ဘယ်သူ့ မှ မပြောဖို့ အကြိမ်ကြိမ် သတိ ပေးသည် ။

“ စိတ်ချပါ … ” ဟု သန်းမောင် က အကြိမ်ကြိမ် ပြောသည် ။
 
၃ ရက် မြောက် နေ့ တွင် သန်းမောင် နိုး တော့ ဘကြီးမိုး မှာ ကြမ်းပြင် ပေါ် တွင် ခွေခွေလေး အသက် ပျောက် နေပြီ ။

“ ဟင် ”

သန်းမောင် အိမ် ပေါ် က ဆင်း ပြေးသည် ။

“ ဘကြီးမိုး ‌ေ-သ ပြီ … ဘကြီးမိုး ‌ေ-သ ပြီ ”

ကြောက်အားလန့်အား နဲ့ ပြေးရင်း အော် သွားသည် ။

ဘကြီးမိုး အိမ် လူတွေ ဝိုင်းအုံ လာကြသည် ။ မျက်နှာ မှာ တော့ ကြေကွဲမှုတွေ မတွေ့ရ ။ ကြည့် ပြီး ပြန် သွားကြသည် ။ ရပ်ကွက်လူကြီး က ပဲ နာရေး ကို စီစဉ် ပေးရသည် ။ သားသမီးတွေ ကို လိုက် ရှာပြီး ခေါ် ပေး ရသည် ။

ဘကြီးမိုး ဈာပန သည် သွေ့ခြောက်ခြောက် နဲ့  ပြီးဆုံး သွား လေသည် ။

•••••   •••••   •••••   •••••

( ၆ )

လူ အကြောင်း ‌ေ-သသွား မှ ပြောကောင်းကြလေသလား မသိပေ ။ ဘကြီးမိုး ၏ အကြောင်း ကို မြောင်းပုပ် ပေါ်  လေ တိုက် သလို တလှိုင်လှိုင် ပြော နေကြသည် ။

ဦးတိုင်းကျော် ရန်ကုန် က ရောက် လာတော့ တပည့် အကြောင်း ကို ကြား ရသည် ။ မယုံ ။

သန်းမောင် က လည်း “ မဟုတ်သည့် အကြောင်း ” ပြောချင်သည် မှာ ပါးစပ် က ယား နေသည် ။ သစ္စာ ဆို ထားလို့သာ ။

လူ တွေ က တော့ ဘကြီးမိုး ၏ မကောင်းသတင်းတွေ ကို မြိန်ရေ ရှက်ရေ ပြော နေကြသည် ။ သီတာ့ ကို တော့ ပိုပြီး ကရုဏာ ပြုကြသည် ။
 
တစ်ရက် တွင် မင်္ဂလာရပ်ကွက် တွင် အံ့သြစရာ ကိစ္စ တစ်ခု ဖြစ်ပေါ်လာသည် ။ ဘယ်သူ မှ တွေး မထားသည့် ကိစ္စ ။

ရေဦးမြို့ က ကိုခင်မောင်ဦး ဆိုသူ သည် ရပ်ကွက်လူကြီး အိမ် ရောက် လာသည် ။ မသီတာ ကို လိုက် ကြည့်သည် ။ “ ဖြစ် မှ ဖြစ်ရလေ စန်းစန်းမြ ရယ် ” ဆိုပြီး ဖက် ငိုသည် ။ မသီတာ က တော့ ရုန်း နေသည် ။

သူ့ မိန်းမ စန်းစန်းမြ ဆေးခန်း ကို ကိုယ်ဝန်ဆောင် သွား အပ်ရင်း စီး သွားသည့် ဆိုက်ကား ကို ကား တစ်စီး က ဝင် တိုက်ပြီး ထွက်ပြေး သွားသည် ။ ဆိုက်ကားသမား မှာ သွေး အလိမ်းလိမ်း ဖြင့် ဆေးရုံ သို့ ပို့လိုက် ကြသည် ။ 

ဆိုက်ကား ပေါ် က လွင့်စင် သွား သော စန်းစန်းမြ သည် ဒဏ်ရာ မရ သော် လည်း သွေးရူးသွေးတန်း နှင့် ထွက်ပြေး သွားသည် ။ ဘယ်မှ ရှာ လို့ မရ လူပျောက် တိုင်ထားပြီး လိုက် ရှာနေသည် ။

မန္တလေး မှာ ဆို ၍ လိုက်ရှာသည် ။ အခုလို သူ့ မိန်းမ ကို စောင့်ရှောက် ထား သည့် အတွက် ကျေးဇူး တင်ပါကြောင်း ပြော ပြီး မသီတာ ခေါ် စန်းစန်းမြ ကို ပြန် ခေါ်သွားသည် ။

အားလုံး ပါးစပ် အဟောင်းသား ဖြစ် ကျန်ရစ် ခဲ့ကြသည် ။

“ ဘကြီးမိုး က တကယ့် သူတော်ကောင်းကြီးပါ အေ … ဘာကြောင့်များ သူ မဟုတ်တဲ့ ကိစ္စ ဖြေရှင်း မပြပဲ ဖုံးကွယ် ချင်ရတာလဲ ” ဟု ပြောစရာ ၊ တွေးစရာတွေ ဖြစ် ကုန်ကြသည် ။

သန်းမောင် က အရက် မူး တိုင်း “ ဘကြီးမိုး မဟုတ်ဘူး ဆိုတာ ငါ တစ်ယောက် ပဲ သိတာကွ … ဘယ်သူ့ မှ မပြောပါဘူး လို့ သစ္စာ ဆိုထားလို့ မပြောတာကွ ” နှင့် ငိုသံကြီး နှင့် ပြော ရှာသည် ။

ဒေါ်တင်တင်ကြီး လည်း စိတ် မကောင်း ဖြစ်ရသည် ။ မိမိ ပယောဂ မကင်း ။ ပညာ တတ် ဖြစ် ပါလျက် “ ကိုယ်ဝန် ဘယ်နှလ ရှိပြီလဲ ” ဆိုသည့် မေးခွန်း ကို ဆက် မမေးပဲ ဆရာဝန် က “ ဟင် … ဒီ ကောင်မလေး မှာ ကိုယ်ဝန် နဲ့ ပါလား ” ဆိုတာ နှင့် အံ့သြ ထိတ်လန့် သွားသည် ။ ရပ်ကွက် ထဲ ကို ချ ပြခဲ့သည် ။ ရပ်ကွက် က ယိုးစွပ်တာတွေ ကို ယုံခဲ့သည် ။ မိမိ မစေ့စပ် မသေချာမှု အတွက် လူ တစ်ယောက် ဘဝ နိဂုံး စော ခဲ့ရသည် ဟု တွေး မိတိုင်း စိတ် မကောင်း ဖြစ် ရတော့မည် ။

စိတ် မကောင်း အဖြစ်ရဆုံး က ဦးတိုင်းကျော် ဖြစ်သည် ။ သန်းမောင် ပြော ပြလို့ မိုး တစ်ည က မသီတာ ကို ဦးတိုင်းကျော် တိုက် ထဲ ခေါ် သည် ဟု ဘကြီးမိုး ထင် နေသည် ။ ထို့ကြောင့် သူ့ ဆရာ ၏ ကြီးမြတ်သည့် ဂုဏ်သိက္ခာ ကို သူ့ သေးမွှားသည့် ဂုဏ်သိက္ခာ နှင့် လဲ ဖို့ ဆုံးဖြတ် ထားသည် ။

တကယ်တော့ ထို နေ့ ညနေစောင်း ကတည်း က ဒေါ်တင်တင်ကြီး က ပြန် ရောက်နေသည် ။ မိုး မိနေသော သီတာ ကို ဒေါ်တင်တင်ကြီး က ပဲ တိုက် ထဲ ခေါ် သိပ်သည် ။

“ ဖြစ်ရလေ ကိုမိုး ရယ် … ”

ရိုးသား ၍ သစ္စာ ရှိ ရန်သာ သိ ၍ သစ္စာ အရောင် မခွဲခြား တတ်သော တပည့် ဖြစ်သူ ဘကြီးမိုး ကို  ဦးတိုင်းကျော် အဖို့ မိုး တွေ ရွာ တိုင်း အမြဲ သတိ ရ နေမည် မှာ သေချာပေသည် ။

◾မင်းတင်ထွဏ်း

📖 ရွှေအမြုတေ မဂ္ဂဇင်း
       ဧပြီလ ၂၀၁၀ ။

#ကိုအောင်နိုင်ဦး

.