❝ စေတနာ အကျိုးဆောင် လုပ်ငန်း ❞
ရန်ကုန်မြို့ ၊ ပါရမီလမ်း ၊ အမှတ် ၃၅ မှာ ဒေါ်ခင်ခင်ကြူ နေ တဲ့ တိုက် ရှိပါတယ် ။ ခြံဝင်းကျယ် ထဲ က တိုက်အိမ် က သေသပ် သန့်ရှင်းတယ် ။ ပါကေးကြမ်းပြင် က ပြောင်ဝင်း လင်းလက် နေတယ် ။
သို့ပေမယ့် တိုက်အိမ် အပေါ် ထပ် ကို ရောက် သွားမယ် ဆိုရင် တော့ အဝတ် တောင်း ၊ ပစ္စည်းဟောင်း တွေ တောင်ပုံ ရာပုံ ပုံ နေတယ် ။ ကျွန်တော် ရောက် သွားတဲ့ နေ့ က တော့ မော်တော်ကား ကို အုပ် တဲ့ အဝတ်ဟောင်းကြီး တစ်ခု ကို ကလေးဝတ် အင်္ကျီ အဖြစ် ညှပ် ပြီး သူ့ ညီမလေး တစ်ယောက် က ချုပ်စက် မှာ ချုပ် ပေး နေတယ် ။ ဒေါ်ခင်ခင်ကြူ က တော့ ပီနံအိတ် ထဲ က အဝတ်ဟောင်း တွေ ကို ပြောင်ထင်း လင်းလက် ကြမ်းပြင် ပေါ် ပုံ ချပြီး ကလေးအင်္ကျီတွေ ကလေးဘောင်းဘီတွေ ရွေးချယ် နေတယ် ။ အဝတ်ဟောင်း တချို့ က မှို စွဲ နေတယ် ၊ အနံ့ဆိုး ဟောင် နေတယ် ။ အဲသည် အဝတ်ဟောင်း တွေ ကို နှိုက် နေတဲ့ ဒေါ်ခင်ခင်ကြူ က တော့ သပ်ရပ်ကြော့ရှင်း လို့ ၊ ဒါဟာ စီးပွားရေး လုပ်ငန်း တစ်ခု သာ ဆို ရင်တော့ အလွန်ပဲ အစပ်အဟပ် မတည့်တဲ့ ကိစ္စ ပါ ။
ဒေါ်ခင်ခင်ကြူ က မိဘမဲ့ကျောင်း လို ဆင်းရဲနွမ်းပါး တဲ့ နေရာ က ကလေးတွေ အတွက် အဝတ်အစား အသုံးအဆောင် တွေ ပေးလှူ နေ သူ ဖြစ် ပါတယ် ။ သူ့ ကို သူ့ မိသားစုဝင် တွေ က ကူညီ ထောက်ပံ့ ပေမယ့် ဒေါ်ခင်ခင်ကြူ က အသင်းအဖွဲ့ နဲ့ လုပ် နေတာ မဟုတ်ဘဲ တစ်ကိုယ်တော် လုပ်ကိုင် နေတာပဲ ။
သူ သည် အလုပ်တွေ ဘယ်လို စ လုပ်ဖြစ်ခဲ့တယ် ဆိုတာ ကို မေးမြန်းခဲ့တယ် ။
•••••• •••••• ••••••
ကိုယ့် မှာ မတော် တဲ့ အင်္ကျီတွေ ၊ ဒိတ် အောက် သွားလို့ မဝတ်ချင်တော့ တဲ့ အဝတ် အထည်တွေ ဗီရို ထဲ မှာ ပို နေတယ် ။ ဒါကို အဝတ်အစား လိုအပ် နေ တဲ့ နွမ်းပါးသူ တွေ ကို ပေး လိုက် ရ ရင် ဒါနလေး တစ်ခု တော့ ဖြစ်မှာပဲ ဆိုပြီး စ လုပ်ခဲ့တာပါ ။
ဈေး သွား ရင်း ယောက်ျားရှပ်အင်္ကျီ ဝတ် ထားတဲ့ အဘွားကြီးတွေ တွေ့ တဲ့ အခါ အင်္ကျီကလေး ယူ မလား မေး မိတယ် ။ အဲသည် က စ တာပဲ ။ သူတို့ လည်း ရ သွား လို့ ဝမ်းသာ တယ် ။ ကိုယ် လည်း ပေးလိုက်ရလို့ ဝမ်းသာ တယ် ။
ကျွန်မ သိတတ်စ ကတည်း က ပေး နေတာပါ ။ အဲသည်တုန်း က တော့ ပေးနိုင် တာ နည်း တာပေါ့ ။ ကျွန်မ တစ်ကိုယ်စာ ပေး ရတာ ။ နောက်တော့ မောင်နှမတွေ က လည်း ပါ လာလို့ ပေးလှူနိုင်တာ များ လာတယ် ။
မိုး က ရွာ နေတုန်း ထီး မပါလို့ ဟိုနား သည်နား ကပ်ပြီး မိုးခို နေတဲ့ သူမျိုး တွေ့ ရင် ကျွန်မ ဆောင်း လာတဲ့ ထီး ကို ပေး လိုက်တာပဲ ။ ကျွန်မ လှူချင်တဲ့ စိတ် ပေါက် လာရင် တန်း လှူ လိုက် တာပဲ ။ လှူရရင် ကောင်းမလား ၊ မလှူရင် ကောင်းမလား တွေး မနေဘူး ။ တန်း လှူ တာပဲ ။ လမ်း မှာ ဖိနပ် ပြတ် နေတဲ့ သူ ကို တွေ့ ရင် စီး လာတဲ့ ဖိနပ် ကို ချွတ် ပေး လိုက်တယ် ။ အဲသည်လို ပေး လိုက် ရရင် ကိုယ် လည်း ပေါ့ ပြီး စိတ်ချမ်းသာ သွားတယ် ။
အများကြီး စု လှူ ဖြစ်တာ တော့ နှစ်နှစ် လောက် ပဲ ရှိပါ သေးတယ် ။ မိတ်ဆွေ တချို့ က ပြောတယ် ။ တောင်ဥက္ကလာ က တစ်ဝိုင်း မိဘမဲ့ကျောင်း ကို သွား ကြည့် စမ်းပါ ။ မင်းတို့ နဲ့ နီးတယ် ။ တော်တော် ချို့တဲ့တယ် တဲ့ ။ ဒါနဲ့ ရောက် သွားတော့ မိဘမဲ့ကလေးတွေ က ဒက်တွေ ၊ အနာတွေ ဗရပွ နဲ့ ။ ဆရာတော်ကြီး တစ်ပါး တည်း က မနိုင်မနင်း ပြုစု နေရတာ ။
ကလေးတွေ က သိပ် သနားစရာ ကောင်းတယ် ။ ကျွန်မ က အဝတ်အထည် လှူဖို့ သွားတာ ။ သူတို့ က နေ့လယ် ၁၂ နာရီ အထိ ဟုတ်တိ ပတ်တိ အစာ မစားရသေးလို့ ဆာ နေကြတယ် ။ ပြောင်းဖူးပြုတ်သည် ရောက် လာတာ နဲ့ ကျွန်မ ခေါ်ပြီး တစ်တောင်းလုံး ဝယ် လိုက်တယ် ။ သူတို့ ချက်ချင်း ဗိုက် ပြည့် ဖို့ အရေးကြီး တာ ကိုး ။
စ လှူခါစ က လိုအပ် နေသူတွေ က များ နေတော့ ကျွန်မ ကိုယ်ပိုင်ငွေ နဲ့ ဘေထုပ် တွေ က နေ ဝယ်တယ် ။ တစ်ရာဖိုး သုံးထည် တို့ လေးထည် တို့ သွား နှိုက်တာပေါ့ ။ နောက်တော့ ကျွန်မ ဒီလို လှူဖို့ လုပ် နေတာကို သိတဲ့ လူတွေ က လာ လှူကြလို့ အခု ဆိုရင် အိမ်အပေါ်ထပ် မှာ အဟောင်းတွေ နဲ့ ပြည့် နေတာပဲ ။ ကျွန်မ က တော့ တစ်ထည် ပေးလဲ လက်ခံ တာပဲ ။ အဝတ် တစ်ထည် ပေး တာဟာ လူ တစ်ယောက် ကို ကယ် လိုက် တာပဲ လေ ။ အချို့ က တော့ အစုတ်အပြဲတွေ လှူ တယ် ။ ကျွန်မ က တော့ လက်ခံတယ် ။ စက် နဲ့ ပြန် ချုပ် တော့ အကောင်း ဖြစ် သွားတာပဲ ။
ကောင်းကောင်း မကောင်းကောင်း လက်ခံ ပါတယ် ။ တစ်ခါတလေ မှို တက် နေတာ တွေ ဆွေးမြည့် နေတာ တွေ ပါ လာတယ် ။ နှိုက် ရတာ ၊ ကျွန်မ လက်တွေ ဆို မည်းတူး နေတာပဲ ။ ကိုယ် ဆို အနံ့ စွဲ နေတာပဲ ။ အလုပ် က ပြန် လာပြီး စ နှိုက်တာ ၊ ည ၉ နာရီ ၊ ၁ဝ နာရီ မှ ရေးချိုး ရတယ် ။ လုပ်ပြီ ဆို မှ တော့ လုပ်ရ တာပေါ့ ။ ကျွန်မ ခင်ပွန်း လည်း ပါတယ် ။ သား နဲ့ သမီး လည်း ပါတယ် ။ သမီး ရေ ၊ အိတ်တွေ ဖောက်ပါဦး ဟ ။ အိတ် ထဲ သွတ်တဲ့ အခါ များများ ဝင်အောင် သားရေ ၊ ဖိပါဦး ဟ နဲ့ ပေါ့ ။
တစ်ခါက တစ်အိမ် က ကျွန်မ ကို လှမ်း ခေါ်တယ် ။ လှူချင်လို့ တဲ့ ။ ကျွန်မ သား နဲ့ သွား ကြတယ် ။ သား က အထုပ်တွေ ကား ပေါ် ထမ်း ထမ်းပြီး တင် နေတာ မြင်တော့ ၊ သည် ကလေး က ဘယ်သူလဲ မေးတယ် ။ ကျွန်မ သား ပါ ။ ကွန်ပျူတာ ဘွဲ့ ရပြီး သားပါ ဆိုတော့ သူတို့ အံ့ဩ ကြတယ် ။
ကျွန်မတို့ မိသားစု နည်းနည်းကလေး နဲ့ လုပ် နေမှန်း သိတော့ အချို့က လည်း ချုပ်လုပ် ပြီး မှ လာ ပို့ ကြတယ် ။ အခု နောက်ပိုင်း လှူတဲ့ သူတွေ က တော့ သန့်သန့်ကလေး လုပ်ပေး တာ ပို များ လာတယ် ။
လှူတာ က တော့ ဘာမဆို လှူလို့ ရတယ် ။ မဝတ်တော့ တဲ့ အဝတ်ဟောင်း တွေ ၊ ကိုယ့် ကလေး ဝတ် ဖို့ ငယ် သွားတဲ့ အင်္ကျီ ဘောင်းဘီတွေ ၊ ဖိနပ်ကလေးတွေ ၊ ကိုယ့် သားသမီး မသုံးတော့တဲ့ ရေဘူး ၊ ထမင်းဘူး ၊ ကွန်ပါဘူးတွေ ၊ ကျောပိုးအိတ် ဟောင်းတွေ ၊ ကျောင်း စာအုပ်ဟောင်းတွေ ဘာပဲ လှူလှူ လိုအပ်တဲ့ သူတွေ အတွက် သိပ် အသုံး ဝင် ပါတယ် ။ တချို့က အဟောင်းတွေ လှူ လို့ လက်ခံပါ မလား မေးတယ် ။ မက်မက်စက်စက် ကို တန်းစီ ပြီး ယူတာ ။ ကလေးဝတ်တွေ တင် မဟုတ်ဘူး ။ လူကြီးဝတ်တွေ လည်း ကျွန်မ လက်ခံပြီး လက်လှမ်း မီ သလောက် ဆင်းရဲ ချို့တဲ့တဲ့ အရပ်တွေ ပို့ လှူ ပေးတယ် ။
တစ်ခါ က ဇာလိပ်ကြီး တစ်လိပ် လာ လှူ တယ် ။ ကျွန်မ လက်ခံပြီး ခြင်ထောင် တွေ ချုပ် လှူတယ် ။ ကလေးတွေ ကို ခြင်တွေ က ကိုက် တယ် ။ သွေးလွန်တုပ်ကွေး တို့ ရောဂါဘယ စိုးရိမ် ရတယ် မဟုတ်လား ။
အချို့က စောင်တွေ လှူတယ် ။ အချို့က ဆေးတွေ လှူတယ် ။ ဟိုတစ်လော က အမေရိကန် က ပြန် လာတဲ့ ဆရာဝန် တစ်ယောက် က ကျွန်မ ကို သတိ ရ လို့ အက်စပရင်ဆေး တွေ ဝယ် လာတယ် ။ ဘယ်လို သောက်ရမယ် ဆိုတာ ဆေးညွှန်း တွေ ပါ ရေး လှူတယ် ။ အချို့ ဆရာဝန်တွေ က ယားနာပျောက်ဆေးတွေ ၊ ပိုးသတ် ဆေးတွေ လာ လှူတယ် ။ အဲသည်လို မျိုးတွေ အများကြီး ရှိတယ် ။
အချို့က ထီးဟောင်းတွေ လှူတယ် ။ ခလုတ် ပျက် နေတာတို့ ခရိုင် ပြုတ် နေ တာတို့ ကျွန်မ လက်ခံ တယ် ။ မဂိုလမ်း ( ရွှေဘုံသာလမ်း ) မှာ ကျွန်မ ဖောက်သည် ထီးပြင်သမား တွေ ရှိတယ် ။ အကုန် ပြင် ပေး ထားပြီး မိုး ရွာချိန် ထီး မပါတဲ့ သက်ကြီး ရွယ်အိုတွေ ကလေးတွေ ကို ကျွန်မ လှူ ပေးတယ် ။
လှူဖို့ နေရာ ကို ဘုန်းကြီးတွေ က သတင်း ပေးတာ များတယ် ။ ဒကာမကြီး လပွတ္တာ မှာ ကလေး ဘယ်နှယောက် ရှိတယ် ။ ပျဉ်းမနား ၊ ပခုက္ကူ မှာ က ကလေး ဘယ်နှယောက် ဝတ်စရာ လို နေတယ် ။ နယ် က လည်း ကျွန်မ တို့ ဖုန်း - ဝ၁ ၆၆ဝ၁ဝ၆ ကို လှမ်း ဆက်တယ် ။ လှူတယ် ကြားလို့ ဘယ်နယ် ဘယ်ရွာ ဘယ်လို ချို့တဲ့ နေတယ် ။ လိုအပ် နေတယ် ပေါ့ ။
နယ်တွေ ကို ပို့တဲ့ အခါ အဝေးပြေး ကားလိုင်းတွေ က သူတို့ လည်း ကုသိုလ် ပါ ပါရစေ ဆိုပြီး သယ်ပို့ ပေး ကြတယ် ။ တနင်္ဂနွေနေ့ ဆိုရင် ကျွန်မတို့ အထုပ်တွေ အဝေးပြေးကားဂိတ် သွား ပို့ ကြတာ ပျော်စရာ ကောင်း တယ် ။
သတင်း ကြား နဲ့ ကျွန်မ ဆီ လှမ်း လှူ ကြတာ နယ် အစုံပါပဲ ။ ရခိုင်ပြည်နယ် စစ်တွေ က တောင် ပါသေးတယ် ။ အချို့ အလှူရှင် တွေ ဆိုရင် ငွေကုန်ကြေးကျ ခံပြီး လှူ ကြတယ် ။ မန္တလေး က ဘယဆေး ကုန်သည် ဒေါ်တင်တင်ဦး ဆိုတာ အဝတ်အိတ်ကြီးတွေ ကို လူခ နှုန်း ပေးပြီး အိတ်စပရက် ကား နဲ့ တင် ပေး လိုက်တာ ပိုက်ဆံ အများကြီး ပေး ရတယ် ။
နယ် က လှူ ချင်လို့ ဆက်သွယ် နေတဲ့ သူတွေ ကို သူတို့ နဲ့ အနီးအနား က လိုအပ် နေတဲ့ သူတွေ ကို ကိုယ်တိုင် သွား လှူဖို့ ကျွန်မ မေတ္တာ ရပ်ခံ ပါတယ် ။ ကိုယ်တိုင် သွား လှူ တော့ တွေ့ရ ကြုံရ တာ တွေ ကြောင့် ဝမ်းတွေ သာ ၊ ပီတိတွေ ဖြစ် တာ ကျွန်မ ကို ပြန် ပြော ပြတယ် ။ ကျွန်မ က ကျွန်မ တစ်ယောက် တည်း လုပ် နေတာမျိုး မဟုတ်ဘဲ လုပ်နိုင်တဲ့ သူတွေ လုပ်ဖြစ်ကြ စေချင်တာပါ ။
သည် အလုပ် က ပီတိ ဖြစ် ရတဲ့ အပြင် ကိုယ့် ကျန်းမာရေး ၊ စီးပွားရေး လည်း အဆင် ပြေပြေ ဖြစ်လာတာ ထူးခြားတယ် ။ လို နေလို့ စိတ် ပူပန်ရတာ မရှိဘူး ။ ကျွန်မ အတွေ့ အကြုံ ပြော ရရင် ကျွန်မတို့ က ရန်ကုန်မြို့လည် မှာ ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်း လည်း လုပ်တာ ကိုး ။ အလုပ် ခန်း ကို ဘုန်းကြီး တစ်ပါး အလုပ် အပ်ဖို့ ရောက် လာတယ် ။ အချိန် က ဆယ့်တစ်နာရီခွဲ နေပြီ ။ အရှင်ဘုရား ဆွမ်း ကိစ္စ ပြီးပြီလား ဘုရား ဆိုတော့ ဘယ် ပြီးဦးမှာလဲ တဲ့ ။ အရှင်ဘုရား ဒီမှာ ပဲ ဆွမ်း ဘုဉ်းပေးပါ ဆိုပြီး ကျွန်မတို့ အလုပ် စားပွဲ မှာ ပဲ ကျွန်မ တို့ ဇနီး ခင်ပွန်း စားဖို့ နှစ်ယောက် စာ ထည့် လာတဲ့ ချိုင့် ကို ကပ် လိုက်တယ် ။ အဲသည် အချိန် က ကျွန်မ ခင်ပွန်း က အပြင် သွား နေတယ် ။ နေ့လယ်စာ စားချိန် မှာ သူ ပြန် လာတော့ ကျုပ် တော့ တော်တို့ ကျုပ်တို့ နေ့လယ်စာ ထမင်း ကို ဘုန်းကြီး တစ်ပါး ကြွလာ လို့ ကပ် လိုက်ပြီ ရှင် ဝမ်းသာတော့ ဆိုတော့ ဝမ်းသာပါတယ် ကွာ ၊ တို့ ထပ် ဝယ်စား တာပေါ့ တဲ့ ။ ပြောလို့ မဆုံးသေး ဘူး ။ မိတ်ဆွေ တစ်ယောက် ရောက် လာပြီး ဘဲကင်တွေ စားဖို့ လာ ပို့တယ် ။ လက်ငင်း အကျိုး ပေး တာ လို့ ကျွန် မတော့ ယုံတယ် ။ ဒါမျိုး အတွေ့အကြုံတွေ လည်း အများကြီး ရှိတယ် ။
ကျွန်မတို့ တစ်နိုင် တစ်ပိုင် ပရဟိတ အလုပ်ကလေးတွေ လုပ်နိုင် သမျှ လုပ် သွား ကြရမှာပါပဲ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment