Sunday, June 4, 2023

ဆရာသော်တာဆွေ အမှတ်တရ


 ❝ ဆရာသော်တာဆွေ အမှတ်တရ ❞


( ဤ ဆောင်းပါး ကို ဆရာသော်တာဆွေ အား လေးစားချစ်ကြည် ဂုဏ်ပြုသော အားဖြင့် ဆရာသော်တာဆွေ ၏ ရေးဟန် အတိုင်း ဖြစ်အောင် ကြိုးစား ရေးသား လိုက် ပါသည် ။ )


ဟင်... ဘာလိုလိုနဲ့ ဆရာသော်တာဆွေ မရှိတော့ပြီ ။


ဆရာ နေမကောင်း ဖြစ်တော့ ပထမ ဆေးရုံ တက်စဉ်တုန်း က ရန်ကုန် အနောက်ပိုင်း ဆေးရုံ မှာ ဖြစ်၏ ။ သူ့ ဆန္ဒ က တပ်မတော်ဆေးရုံ မှာ တက်ချင်တဲ့ ဆန္ဒ ရှိသည် ။ ဒီလိုနဲ့ ကျွန်တော်တို့ စာပေနှင့် စာနယ်ဇင်းအဖွဲ့ က ကမကထ ပြု ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာန မှ လူကြီးများ ရဲ့အကူအညီ နဲ့ ဆရာသော်တာဆွေ ကို အမှတ် ( ၂ ) တပ်မတော်ဆေးရုံ သို့ တင် လိုက်၏ ။ ဆေးရုံ ကို ကျွန်တော် အပါအဝင် စာပေ နှင့် စာနယ်ဇင်းအဖွဲ့ မှ အမှုဆောင်များ မကြာခဏ ဆိုသလို ရောက်ကြပါသည် ။ ထိုအချိန် တွင် ဆရာ စကား မပြောနိုင်တော့ပါ ။ နောက် ရက်များ မကြာမီ ကွယ်လွန်သွားရှာပါသည် ။ 


◾အဟိ နှင့် ကျွန်တော်


အား... ပါး... ပါး... အမှတ်မထင် အခုမှ ပြန် တွေး ကြည့်လိုက် တော့ ဆရာသော်တာဆွေ နှင့် ကျွန်တော် သိတာ နှစ်ပေါင်း ၃ဝ ကျော် ခဲ့ ပါပြီ ။


အဲဒီတုန်းက ဆရာ က ဟာသစာစောင် “ အဟိ ” ကို ထုတ်ဝေ နေ ပါသည် ။ ကျွန်တော် မှတ်မိသမျှ ပြောရပါ လျှင် ထိုအချိန် က “ အဟိ ” တွင် ကိုတင်ရွှေ ( ခေါ် ) ကလောင်အမည် ရွှေဒင်္ဂါး ( ခေါ် ) မောင်လရောင်  တို့ ၊ ဘုန်းကြီးကျောင်း မျိုးဂေါင်း တို့ ၊ ပေါင်းတည် စန်းမြင့် တို့ လည်း ရှိ နေကြသည် ။ အဲ ... သူ့ ကို ချန်ထား၍ မဖြစ် ၊ ဆရာငွေမောင်း လည်း ပါသည် ။ 


ကျွန်တော် က မုံရွာ မှ နေ၍ “ အဟိ ” သို့ ဟာသစာမူတွေ ရေး ပို့ သည် ။ မပါ ပါ ၊ အပယ် ခံရပါသည် ။ 


ထို့နောက် ဆရာသော်တာဆွေ က ကျွန်တော့် ထံ သို့ စာ ရေးသည် ။


ဝင်းဖေ

အဟားဟား ၊ မင်း ရဲ့ကဗျာတွေ က ရွံစရာတွေ ဖြစ် နေတယ် ။ ဟာသ မမြောက် ။ ကြော်ငြာတွေကလည်း မကောင်းပါ ။ ဆက်ကြိုးစားပါ ။

             သော်တာဆွေ


ကျွန်တော် က လည်း စိတ် မပျက် ၊ ဆက် ကြိုးစားပြီး ရေး ပို့ရာ ထိုစဉ် က “ အဟိ ” တွင် “ အသံလွှင့်ကဏ္ဍ ” ၌ ဟာသများ စ၍ ပါလာသည် ။ ထို့နောက် ဝတ္ထုများ ၊ ဆောင်းပါးများ ပါလာသည် ။ အဟိ ဝိုင်းတော် သား ဖြစ်လာ ပါသည် ။


၁၉၆၅ ခုနှစ် တုန်း က ကျွန်တော် အမျိုးသားစာပေဆု  ရရှိ ရာ ရန်ကုန် ရောက်တော့ ဆရာသော်တာဆွေ နှင့် တွေ့ ရသည် ။ 


“ ကိုယ့် လူ က ကိုယ့် သား လောက် ရှိ သေးတာပဲ ။ ရေးတဲ့ စာတွေ က တော့ ကြီးကြီးကျယ်ကျယ် တွေ ၊ ဝါး ... ဟား ” ဟု ဆရာ ပြောသည် ကို မှတ်မိ နေသည် ။ 


◾ဆရာသော်တာဆွေ နှင့် ဝတ္ထုတို စာတမ်းဖတ်ပွဲ 


ထို့နောက် များမကြာမီတွင် ‘ အဟိ ’ ရပ် သွားသည် ။ ဒါနဲ့ ကျွန်တော် လည်း အဟိ သို့ စာမူ မပို့ဖြစ်တော့ပါ ။ ဆရာသော်တာဆွေ ထံ သို့ လည်း စာ မရေးဖြစ်တော့ပါ  ။


၁၉၇ဝ ပြည့်နှစ် တွင် ကျွန်တော် ရန်ကုန် သို့ ရောက် လာပြီး ဗိမာန် တွင် အယ်ဒီတာ ဖြစ်သည် ။ ထို့နောက် များ မကြာမီ တွင် စာပေဗိမာန် က ဝတ္ထုတို စာတမ်းဖတ်ပွဲ ကို ကျင်းပ ပြုလုပ် ရာ ၌ ကျွန်တော် က အတွင်းရေးမှူး အဖြစ် တာဝန် ယူ ရ ပေရာ ရေးသားရမည့် စာတမ်းခေါင်းစီးများ ၊ စာတမ်းရေးသားမည့် စာပေပညာရှင်များ ကို ကျွန်တော် က ရွေးချယ် ရသည် ။ 


ကျွန်တော် က အောက်ပါ အတိုင်း ရွေးချယ် လျာထား လိုက်ပါ သည် ။ စာတမ်းခေါင်းစဉ် နှင့် ပြုစုသူ ၏ အမည် ။


ကျွန်တော် ဝတ္ထုတိုသမား ( သော်တာဆွေ ) 


ကျွန်မ ဝတ္ထုတိုသမား ( ခင်ဆွေဦး )


မြန်မာဝတ္ထုတိုသမိုင်း ( ငွေဥဒေါင်း )


ဘာသာပြန်ဝတ္ထုတို ( မင်းကျော် )


နိုင်ငံခြားဝတ္ထုတို ( ကျော်အောင် )  


ဘဝသရုပ်ဖော်ဝတ္ထုတို ( ဆင်ဖြူကျွန်းအောင်သိန်း )


ဆရာသော်တာဆွေ ထံ သို့ စာတမ်း ပြုစုပေးပါရန် အပ်နှံဖို့ အတွက် လှိုင်မြို့နယ် စွပ်ကျယ်စက်လမ်း နေအိမ် သို့ ကျွန်တော် သွား ပါသည် ။ ဆရာသော်တာဆွေ နှင့် တိုက်ရိုက် တွေ့ ရာ ဆရာ က စာတမ်း ရေးသားရန် လိုလားစွာ ပင် လက်ခံ လိုက် ပါသည် ။


ဝတ္ထုတိုစာတမ်းဖတ်ပွဲ ကို ( ယခင် ) ဂျူဗလီဟော တွင် ကျင်းပခဲ့ ရာ ဆရာသော်တာဆွေ သည် အကောင်းဆုံး ဖတ်ကြား သွားခဲ့ပါသည် ။ ဆရာသော်တာဆွေ ၏ စာတမ်း တွင် ဤသို့ နိဒါန်း ပျိုးခဲ့ပါသည် ။


“ ကျွန်တော် ဝတ္ထုတိုသမား တဲ့ ” ။ မှန်လိုက်တာဗျာ ။ ကျွန်တော် ပြန် တွေး ကြည့်တော့ ကျွန်တော့် တစ်သက်တာ အခုအထိ ရေး ခဲ့တဲ့ စာတွေ ထဲ မှာ ဝတ္ထုတိုတွေ က အများဆုံးပဲ ဗျ ။ ကျွန်တော့် ကို ဝတ္ထုတိုသမား လို့ ကင်ပွန်းတပ် ပေးတဲ့ စာပေဗိမာန် ကို ကျေးဇူး တင်တယ်ဗျာ ”


◾ဆရာသော်တာဆွေ နှင့် အရက် 


ဆရာသော်တာဆွေ ကို ချစ်သော သူတိုင်း ၊ ဆရာသော်တာဆွေ ၏ စာပေများ ကို ချစ်သော သူတိုင်း သည် ဆရာသော်တာဆွေ အရက် သောက်တတ်ကြောင်း ကို သိရှိကြပြီး ဖြစ်ပါသည် ။ 


စာပေဗိမာန် ၏ ထုံးစံ ၊ စာတမ်းဖတ်ပွဲ ပြီးတိုင်း ညစာစားပွဲ လုပ် မြဲပေကိုး ။ ညစာစားပွဲ ပြီးတိုင်းမှာ ယမကာ တည်ခင်း ဧည့်ခံမြဲ ပေကိုး ။ ဝတ္ထုတို စာတမ်းဖတ်ပွဲ ပြီးတော့ စာပေဗိမာန် စာကြည့်ခန်းမ တွင် ညစာစားပွဲ ကျင်းပသည် ။ ဆရာသော်တာဆွေ လည်း တက် ၊ ကျွန်တော် လည်း တက်သည် ။


ညစာ မစားမီ တွင် ယမကာ နှင့် ဧည့်ခံရာ ကျွန်တော် က ဘီယာ မတ်ခွက် တွင် ဘီယာ ထည့် ကာ ဘရန်ဒီ နှစ်ပက် ရောပြီး ချောင်ကျကျ တစ်နေရာ တွင် ထိုင်ကာ နှပ် နေသည် ။ 


ကျွန်တော် ထိုင်နေရာ သို့ ဆရာသော်တာဆွေ ရောက် လာပြီး ... 


“ ကိုယ့်လူ ဘာချသလဲကွ ” 


“ ဘီယာ နဲ့ ဘရန်ဒီ ဆရာ ”  


“ တူလိုက်လေကွာ ၊ ကိုယ် လည်း ဘီယာ နဲ့ ဘရန်ဒီ ပဲ ကွ ၊ ချီးယားစ် ” 


တစ်ခါတုန်းက ဆရာသော်တာဆွေ ၏ ဝတ္ထု တစ်ပုဒ် ကို ရုရှား ဘာသာ သို့ ပြန်ဆို ကာ ရုရှားနိုင်ငံ တွင် စာအုပ် ထုတ်ဝေ သဖြင့် ရုရှား သံရုံး ၊ ယဉ်ကျေးမှုဌာနရုံးခန်း ( ယခင် မကြီးကြီးလမ်း အနီး ၊ ယခု ထို ရုံး မရှိတော့ပါ ) တွင် ဧည့်ခံပွဲ ပြုလုပ်ပါသည် ။ ထို ဧည့်ခံပွဲ သို့ ကျွန်တော့် ကို လည်း ဖိတ်ကြား သဖြင့် တက်ရောက်ခဲ့ ပါသည် ။ ထိုပွဲ တွင် ဆရာသော်တာဆွေ နှင့် အတူ ဆရာမောင်ထင် ၊ ဆရာတင့်ဆန်း ၊ ဂရက်နီ စသူတို့ ပါဝင်သည် ကို မှတ်မိ နေ ပါသည် ။ ထို ပွဲ တွင် ဆရာသော်တာဆွေ မူး သွား ရာ အပြန် တွင် ဆရာမောင်ထင် ၊ ဆရာသော်တာဆွေ နှင့် ကျွန်တော် ပါ ကား တစ်စီး တည်း အတူ ပြန်ခဲ့ကြပါသည် ။


ဆရာသော်တာဆွေ က စွပ်ကျယ်စက်လမ်း ၊ ဆရာမောင်ထင် က သုခလမ်း ၊ ကျွန်တော် က အင်းစိန် ။ ဆရာသော်တာဆွေ က အရင်ဆုံး ဆင်း ရမည် ။ ပြီးလျှင် ဆရာမောင်ထင် ဆင်း ရမည် ။ ကျွန်တော် က အင်းစိန် ဆိုတော့ နောက်ဆုံး မှ ဆင်း ရမည် ဖြစ်၏ ။ သို့သော် ဆရာကြီး နှစ်ဦး စလုံး ဘယ်သူ မှ မဆင်းဘဲ အင်းစိန် အထိ ပါ လာကြသည် ကို ကျွန်တော် မှတ်မိ နေပါသည် ။


◾အဝင် နှင့် အထွက်


ထို ည က ဆရာသော်တာဆွေ အင်းစိန် သို့ ပါလာခြင်းသည် နောင် တစ်ချိန် တွင် သူ အင်းစိန် ၌ နေရမည် ကို နိမိတ် ဖတ်ခြင်းလား မသိ နိုင်ပေ ။


ကျွန်တော် သည် အင်းစိန် တွင် နှစ် အတော်ကြာကြာ နေထိုင်ခဲ့ ပြီး အင်းစိန် မှ ပြောင်းရွှေ့ ခဲ့ ရသည် ။ ထိုအချိန် တွင် အင်းစိန် သို့ ဆရာသော်တာဆွေ ရောက်ရှိ လာ ပါသည် ။ ဆရာ က အဝင် ကျွန်တော် က အထွက် ။ 


သို့သော် ဆရာ နှင့် ကျွန်တော် အဆက် မပြတ်ခဲ့ပါ ။ ဆရာသော်တာဆွေ အင်းစိန် တွင် နေထိုင်စဉ် အတွင်း ဆရာ ၏ တပည့်သား သဖွယ် ဆရာ အား ဝတ်ကြီးဝတ်ငယ် ပြုစုခဲ့ သူ ‘ ကိုပိုက် ’ သည် ကျွန်တော် ၏ ညီအလား ခင်မင်ရင်းနှီးသူ ဖြစ်ရာ ကိုပိုက် မှ တစ်ဆင့် ဆရာ နှင့် ဆက် သွယ်ခွင့် ရခဲ့ပါသည် ။ အင်းစိန် တောင်သူကုန်း ဝန်းကျင် တွင် မကြာခဏ “ ဆုံ ” ခဲ့ကြပါသည် ။


သို့သော် အခုတော့ ဆရာ နှင့် ကျွန်တော် ဆုံခွင့် မရတော့ပါ ။ ဆရာ့ စာတွေ နဲ့ တော့ မကြာခဏ ဆုံခွင့် ရနေပါသည် ။ 


ဆက်၍လည်း ဆုံနေဦးမည် သာ ဖြစ်ပါသည် ။


◾သော်တာဆွေ နှင့် သူ ၏ စာ


ဆရာသော်တာဆွေ သည် စာပေဗိမာန်ဝတ္ထု ကို စာတမ်းဖတ်ပွဲ စာတမ်း ဖတ်ကြား ခဲ့ သလို တကယ့် ဝတ္ထုတိုသမား စစ်စစ် ဖြစ်၏ ။ 


သူ သည် ဝတ္ထုတို တွေ ရေး၏ ။


ဆောင်းပါး တွေ လည်း ရေး၏ ။ 


ဝတ္ထုရှည် တွေ လည်း ရေး၏ ။


ဘာသာပြန်တွေလည်း ရေး၏ ။


ကိုယ်ရေးအတ္ထုပ္ပတ္တိ လည်း ရေး၏ ။ 


သို့သော် သူ အများဆုံး ရေးခဲ့သည် က ဝတ္ထုတို တွေ သာ ဖြစ် သည် ။


တကယ်တော့ “ ကျွန်တော့် ဘဝ ဇာတ်ကြောင်း ” သည် ပင် လျှင် တစ်ပုဒ်ချင်း သည် ဝတ္ထုတို တစ်ပုဒ် ပမာပင် ဖြစ်နေသည် မဟုတ်ပါလား ။ 


ဆရာသော်တာဆွေ သည် လုံးချင်းဝတ္ထု ကို အားမပြုဘဲ မဂ္ဂဇင်း ကို သာ အားပြု၍ ရေးသားသော စာ ရေးခြင်း ဖြင့် အသက်မွေးဝမ်းကျောင်း သည့် မြန်မာစာရေးဆရာကြီး စစ်စစ်ဖြစ်သည် ။ 


ဆရာသော်တာဆွေ ၏ စာတွေ သည် မြန်မာစာပေ သမိုင်း တွင် ကျန်နေမည် သာ ဖြစ်သည် ။


ဆရာသော်တာဆွေ ကောင်းရာ သုဂတိ လားပါစေ ။ 


အမှတ်တရ ပါ ဆရာ ခင်ဗျား ။ 


◾မုံရွာဝင်းဖေ


📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment