❝ ကြီးလာလေ ကြောက်တတ်လာလေ ❞
တစ်နေ့ ကျွန်တော် ၊ ပဲကြော် ပြောင်ကြီး ၊ အရက် ရွှေနားပေ ၊ ပါလေရာ ဦးနားဝေး တို့ သည် လက်ဖက်ရည်ဆိုင် တွင် လူ စု မိကြလေ၏ ။
“ ကျုပ် က တော့ ကြီးလာ လေလေ ကြောက် လေလေပဲ ”
အရက်ချက်စက်ရုံ ပိုင်ရှင် ရွှေနားပေ က ကောက်ကာငင်ကာ စကား စ လေ၏ ။
“ မဟုတ်မှ လွဲရော ၊ မင်း အရက် ထဲ မဟုတ်က ဟုတ်က တွေ ထည့် ချက်ပြီ နဲ့ တူတယ် ”
“ မဟုတ်ရပါဘူးကွာ ”
“ အေး ... မင်း ဘက် က နောက်ကြောင်း ရှင်း ရင် ဘာမှ ကြောက်စရာ မလိုပါဘူး ကွာ ၊
မသမာတာ လုပ်မိရင် နောက်ကြောင်း ရှုပ်ခဲ့ ရင် သာ ကြောက်စရာ လိုတာပါ ကွာ ”
ကျွန်တော် က လူတတ်ကြီး လုပ်ပြီး တရား ချ လေ၏ ။
“ ငါ လည်း ရွှေနားပေ လို ပဲကွ ၊ ကြီး လာ လေ ကြောက် လေ ပဲ ”
“ ဟ ... ဘယ်လိုများလဲ ကွာ ၊ ပြောင်ကြီး ”
ဦးနားဝေး က ဝင် ထောက်၏ ။ ပဲကြော်ပြောင်ကြီး က လည်း ကြီး လာလို့
ကြောက် သတဲ့ဗျာ ။ လာပြန်ပြီ တစ်ယောက် ၊ သူ က ပဲကြော်သမား ၊ ဆီ မဟုတ်တာတွေ နဲ့
ဆော်ခဲ့မိပြီ ထင်တယ် ။ အရက်ချက်သမား က လည်း ကြောက် ၊ ပဲကြော်သမား က လည်း
ကြောက် ၊ နောက်ဆုံး ကျွန်တော့် အလှည့် ရောက် လာလေ၏ ။ မင်း သဘော က ဘယ်လိုလဲ ဟူသော အကြည့် ဖြင့် ကျွန်တော့် ကို ဝိုင်း ကြည့် ကြလေ၏ ။
“ ဟီး ဟီး ငါ လည်း ကျော ထဲ စိမ့် သလိုလိုပါပဲ ကွာ ”
သူတို့ စကား နောက် သံယောင် လိုက် လိုက်၏ ။ သူတို့ သဘော ကို သိလို
သော ကြောင့် ။
“ ဟဲ ... ဟဲ ... ချမ်းသာ နင် လည်း အနူနူပဲ မဟုတ်လား ”
ကျွန်တော့် ကို ဝိုင်း နွှာ ကြလေ၏ ။
“ စကား ကို ရှင်းအောင် ပြော ကြကွာ ၊ ဘာ ကို ကြောက် တာလဲ ”
“ ဟေ့ကောင် ချမ်းသာ မင်း လည်း သိသားပဲ ၊ ငါ ဆို ပဲကြီး တစ်တင်း ၆၅ ကျပ် ကတည်း က အကြော် လောက ထဲ ရောက် လာတာ ၊ အခု ပဲကြီး တစ်တင်း ၈၅၀ဝ ကျပ် ၊ မင်း စဉ်းစား ကြည့် ”
“ ဟ ... ဒါတော့ ရေမြင့် ကြာမြင့် ပေါ့ကွ ၊ ပြောင်ကြီး ရ ”
“ အဲဒါ အပြောပါ ကွာ ၊ တကယ် လက်တွေ့ မှာ အဲဒီလို သိပ် မဟုတ်တော့ဘူး ကွ ၊ မင်း အကြော်ကုန်း လာ ကြည့်စမ်း ၊ မီးခိုး တိတ် နေပြီ ”
အကြော်ကုန်း ဆိုသည် မှာ ပဲကြော် ပဲလှော်သမားများ ကြော်ကြ လှော်ကြ မီးခိုး
တလူလူ ညှော်နံ တသင်းသင်း ၊ ခွေး တစ်စီစီ ၊ ကလေး တဆူဆူ နေသော တောင်ကုန်းကလေး ခင်ဗျာ့ ၊ အောင်လံမြို့ အရှေ့မြောက်ဖျား က ကုန်းကလေး ။
“ နို့ မင်း အကြော်ဖို က ကော ”
သိချင် သဖြင့် ကျွန်တော် က စကား ထောက် ။
“ ငါ အထိပ်ထိပ် အပျာပျာ ဖြစ် နေတာ အဲဒါပဲ ကွ ၊ မင်းတို့ သိတဲ့ အတိုင်းပဲ ၊
ငါ့ လုပ်ငန်း မှာ အလုပ်သမားတွေ အများကြီးပဲ ၊ ဆီ ၊ ပဲကြီး ကုန်ကြမ်းတွေ က
ဈေးမြင့် ၊
ကုန်ချော ကျ တော မြှင့်ချင် တိုင်း မြှင့် မရ ၊ ရပ်ထား ပြန် ရင် လည်း အိတ် ထဲ က ပါ ဦးမယ် ၊ ဘယ်လောက် ကြာရှည် အပါ ခံနိုင် မှာလဲ ကွာ ၊ မောင်ချမ်းသာ မင်း စဉ်းစား ကြည့် ”
“ ဟေ့ကောင် ရွှေနားပေ ၊ မင်း အရက်ဖို ကော အခြေအနေ ဘယ်လို ”
“ ဘာ ထူးမှာလည်း ကွာ ၊ ပြောင်ကြီး လို ပေါ့ ”
ကျွန်တော် သည် လက်ဖက်ရည်ဆိုင် က မသဒ္ဓါရေစာ လာ ချ ပေးသော
ရေနွေးကြမ်း ကို အလိုက်ကမ်းဆိုး မသိ တစ်ခွက် ပြီး တစ်ခွက် ငှဲ့ ငှဲ့ သောက်ရင်း အတွေးနယ် ချဲ့မိ လေ၏ ။
မြေပဲဆားလှော် လုပ်ငန်း က ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် နေ့ က စတင် လုပ်ခဲ့ပါ၏ ။ ငါးပိရည် ကျိုသော ဒန်ဒယ်အိုးကလေး ဖြင့် စတင် လှော် ခဲ့ပါ၏ ။ တစ်နေ့ မှ နို့ဆီဘူး နှစ်ဘူး သာ လှော် နိုင်ခဲ့ပါ၏ ။ လက်ထွင် မြေပဲဆန် တစ်ပြည် ၃ဝ ကျပ် ၊ တစ်တင်း ၄၆ဝ ကျပ် ။ ဆား တစ်ပိဿာ တစ်ကျပ် ၅ဝ ပြား ၊ နှစ်ကျပ် ။ ထင်း တစ်ကျပ်ဖိုး ဆို ပုတ် တောင်းကြီး တစ်လုံး မထမ်းနိုင်အောင် ရတာဗျာ ၊ အလုပ်သမား မရှိ ၊ မိသားစု လုပ်ငန်းကလေး ၊ လှော် ၊ ဝိုင်းထုပ် ၊ လိုက်ရောင်း ။
ဟော အခု ဗျာ ၊ ဆား တစ်ပိသာ ၉ဝ ကျပ် ၊ မြေပဲခွံ ကား တစ်စီး ၁၅၀၀ဝ ( တစ်သောင်းငါးထောင် ) ၊ မြေပဲ လက်ထွင် လုံးဆန် တစ်တင်း ၁၈၀၀၀
( တစ်သောင်းရှစ်ထောင် ) တဲ့ ဗျာ ။ လုပ်ငန်း သေး တုန်း က အလုပ်သမား မရှိ ၊
ကိုယ့် မိသားစု ချည်း သိပ် ကိစ္စ မရှိ ။ အခု ကိစ္စ ရှိတယ် ဗျာ့ ၊ လုပ်ငန်း နည်းနည်း ကြီး လာတော့
အလုပ်သမား ဆိုတာ ရှိ လာတယ် ၊ သူတို့ ရဲ့ စားဝတ်နေရေး ဆိုတာ ရှိ လာတယ် ။ ရပ် ထားရ မလား ၊ ဆက် သွားရ မလား ၊ အခြား လုပ်ငန်း တစ်ခု ခု ကိုပြောင်းရ မလား ၊ အမျိုးမျိုး စဉ်းစားရ တာ ဗျာ ။
ပြောင်ကြီး အကြော်ဖို ဆို ဗျာ နည်းတဲ့ လူတွေ မှ မဟုတ်တာ ။ ပဲဆေး ၊ ပဲကြော့ ၊ ပဲရွေး ၊ ပဲထွတ် ၊ ( ရေစိမ် ထားတဲ့ ပဲကြီးစေ့ ကို လက်ညှိး လက်မညှပ် ၍ အခွံ ချွတ်သည် ကို ပဲထွတ်သည် ဟု ခေါ်သည် ။ လက်ထွက် သည် အကြော် မှာ အလှဆုံး ) ၊ အလှော်သမား ၊ အကြော်သမား ၊ ထုပ်ပိုး ထည့်သွင်း ၊ ထမ်းတင် ထမ်းချ ၊ အလုပ်သမားတွေ အားကြီး ဗျာ ၊ သူတို့ အရေး ဟာ ကိုယ့် အရေး ပေါ့ နော် ၊ တကယ်တမ်း ကျတော့ ... ။
ရွှေနားပေ ရဲ့ အရက်ဖို ( အရက်ချက်စက်ရုံ ) မှာ လည်း လူတွေ အများကြီး ပေါ့ ဗျာ ။ လုပ်ကိုင်လှုပ်ရှား မှီခို အားထား နေကြတာ ။ ကြီး လာလေ ကြောက်တတ် လာလေ ဆိုတာ အမှန်ပေါ့ ဗျာ ၊ လုပ်ငန်းကြီး ကြီး လာပြီ ဆို သည် လုပ်ငန်း လည်ပတ် နိုင်အောင် ကို မနည်း
ရုန်းကန် လှုပ်ရှား ကြရတာကလား ဗျာ ၊ လုပ်ငန်း ကြီးလာလေ ပိုင်ရှင် ခေါင်းကြီး လာလေပဲ ဗျို့ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment