❝ နားရွက်ကလေး နဲ့ ယုန် ❞
သူတို့ လုပ်ကွက် ထဲ မှာ သည် အကြောင်း နှင့် ပတ်သက်ပြီး ပြောနေ ဆိုနေ ကြတာကတော့ တော်တော် ကြာခဲ့ပါပြီ ။ ကြာဆို သည် လုပ်ကွက် ထဲ မှာ ရွှေမျှော လုပ်ငန်းတွေ ရွှေအ ထွက် ကောင်းပြီး စတင် စည်ကား လာ ကတည်း က ပင် ဖြစ်သည် ။
ကနေ့ တွင် လည်း လုပ်ငန်း အကြောင်း ၊ ဟိုအကြောင်း ၊ သည်အကြောင်း တွေ ပြောဆို နေကြရင်း စကားဦး က သည် ကိစ္စ ဆီသို့ ပင် လှည့် သွား မိပြန်သည် ။
သူတို့ စကားဝိုင်း တွင် ဖိုးအောင်မောင်း အသံ က အိမ်ရှင် ပီပီ အစွာဆုံး နှင့် အကျယ်ဆုံး ဖြစ်နေသည် ။
“ မင်းတို့ တော့ မသိဘူး ဟေ့ ၊ ငါ့ သား ကတော့ ငါ့ ကို ပြောတာပဲ ၊ ဒီနေ့ အိမ်ရှေ့ ကို ရောက်လာတဲ့ အလှူခံ က သူ သေသေချာချာ ရေ ထားတာ ၁၅ ယောက် တောင် ရှိသတဲ့ ။ ဟား ... ဟား ...
အလှူခံ ပုဂ္ဂိုလ်တွေ က တစ်နေ့ ထက် တစ်နေ့ ပိုတောင် များ လာနေပါရောလား ”
မျက်လုံး ခပ်မှေးမှေး နှင့် မို့ မျက်မှေးသက်ပွေး ဟု ရွာ ထဲ က ခေါ် နေကြသော ဦးသက်ပွေး က လည်း ဝင် ပြောသည် ။
“ ဟုတ်လိမ့်မယ်ကွ ၊ ငါ တော့ ရေ မထားလို့ သေသေချာချာ မသိဘူး ၊ ဒါပေမဲ့ ဒီနေ့ တစ်နေ့လုံး အလှူခံ တွေ ၊ ပလူပျံ နေတာတော့ သတိထား မိတယ် ၊ လူကြီးတွေ ရော ၊ လူငယ်တွေ ရော ၊ ကလေးတွေ ရော ၊ ဘုန်းကြီး ၊ မယ်သီလ နဲ့ သူတောင်းစား ပါ မကျန် လာ လိုက်ကြ တဲ့ အလှူခံ ၊ ရှေ့ တစ်ယောက် ကို အလှူခံ ထည့် ပြီးလို့ အလုပ်ကလေး ထ လုပ်မယ် ကြံပါတယ် ၊ နောက်တစ်ယောက် က ရောက် လာ ပြန်ပီ ၊ သူတို့ ကိစ္စနဲ့ ပဲ ကိုယ့် အလုပ် ကိုယ် မလုပ်ရတော့ ဘူး ”
ငယ်နာမည် ကြက်ဆင် ဖြစ်၍ ကြက်ဆင် ဟု ပင် အမည် တွင် နေသော လူငယ် တစ်ယောက် က လည်း -
“ ကျွန်တော်တော့ ဒီ လူတွေ ကို တော်တော့် ကို မျက်မုန်း ကျိုးနေမိပြီ ၊ ဘယ်ဗျာ ၊ တချို့က တစ်ပတ် ကို သုံးခါ လောက် လာ အလှူခံ နေကြတဲ့ ဟာ ၊ မြင်ပါ များတော့ မျက်နှာတွေ ကို မှတ်မိ နေ ပြီပေါ့ ၊ ဒါဟာ အလှူခံ ကို ခုတုံး လုပ်ပြီး ကျွန်တော်တို့ သဒ္ဓါတရား ကို လာဖျက်ဆီး နေတာ နဲ့ တောင် တူနေပြီ ။ ဟို တစ်နေ့ က ဆို ကျွန်တော့် တဲ မှာ ဝင် အလှူခံ သွားတဲ့ လူ သုံးယောက် ပေါ့ ၊ ပျက်စီး နေတဲ့ ဘုရားတန်ဆောင်း ပြန်လည် ပြုပြင် ရေး အတွက် အလှူခံပါတယ် လို့ ပြော သွားတဲ့ လူတွေ ၊ အလှူ ခံတယ် ၊ ပြီးတော့ ခဏ နားပါရစေဦး ဆိုပြီး ကျွန်တော့် တဲ မှာ ထိုင် သွားသေး တော့ ကျွန်တော် ကောင်းကောင်း မှတ်မိနေတာပေါ့ ၊ အဲဒီ လူတွေ ကို ညနေပိုင်းလောက် ရောက်တော့ လုပ်ကွက် အပြင်ဘက် လမ်းဆုံနား က စားသောက်ဆိုင် တစ်ဆိုင် မှာ အရက်တွေ သောက်စားပြီး
ဆူညံ အော်ဟစ် နေတာကို တွေ့ခဲ့ ရတယ် ၊ ကဲ - ကျွန်တော်တို့ က ဘယ်ဟာ ကို ယုံရမှာတဲ့လဲဗျာ ”
ကြက်ဆင် စကား ကို ဝင်ရောက် ထောက်ခံလိုက်သူက ဘပဲ ခေါ် ဦးပဲ ပဲ ။
“ အေး - ငါလဲ ဖိုးကြက်ဆင် နဲ့ တစ်သဘောတည်း ပဲ ၊ တချို့က အတော် မျက်နှာပြောင် တာ ပဲ ကွ ၊ ပေါ် လာ လိုက်ရင် ဒီ မျက်နှာတွေ ချည်းပဲ ၊ ဘာမှ အားနာရမှန်း ၊ ရှက်ရမှန်း လည်း သိတဲ့ သူတွေ မဟုတ်ဘူး ၊ ဘာ ခွင့်ပြုချက်မှလည်း မရှိဘူး ။ တချို့က ဖြတ်ပိုင်း စာအုပ်ကလေးတွေ တော့ ကိုင် လာ တတ် ပါရဲ့ ၊ ဒါတွေ က လည်း ကိုယ့် ဘာသာ လုပ် ထားတဲ့ အကြံအဖန် ဖြတ်ပိုင်း စာအုပ်တွေ ၊ စစ်မယ့်ဆေးမယ့်သူ ၊ တားမယ့် ဆီးမယ့်သူ ရယ်လို့ ဘာမှ မရှိတော့ သူတို့က အတင့် ရဲ သထက် ရဲ လာကြတာပေါ့ ”
ထို စကား အဆုံးတွင် ဦးမိုးလုံး က ခပ်သွက်သွက် ဝင်ပြော လိုက်သည် ။
“ နေဦး ၊ ဒီလိုတော့ ခင်ဗျား အကုန်လုံး သိမ်းပြီး မပြောနဲ့ ၊ ခင်ဗျား ပြောတာ မှန်သင့်သလောက် မှန်ပါတယ် ၊ ဒါပေမဲ့ တချို့ က တကယ် အခက်အခဲ ရှိလို့ လာ အလှူခံတာတွေ ရှိတယ် ၊ ကိုယ့် မှာ ရှိတဲ့ အား နဲ့ တကယ် ကို မတတ်နိုင်လို့ အလှူ ခံ ရတာတွေ ရှိတယ် ၊ သူတို့ ကျတော့ ဝိုင်းဝန်း ပြီး တတ်နိုင် သလောက် ကူပင့် ထောက်ပံ့ ပေးရမှာ ပေါ့ ၊ အလှူငွေ ထည့် ပေးရမှာပေါ့ ၊ ဒါပေမဲ့ ခင်ဗျားတို့ ပြောသလို ဒီ အလှူခံ အယောင်ဆောင်တွေ ပို ဆိုး လာတာလည်း အမှန်ပဲ ၊ သက်ဆိုင်ရာ ဓမ္မစက် တွေ ၊ အာဏာစက် တွေ နဲ့ အရေးယူ သန့်စင်ပေးဖို့ လိုတာလည်း အမှန်ပဲ ၊ နို့မဟုတ်ရင် အတုယောင်တွေ ကြောင့် အစစ်အမှန်သမားတွေ နစ်နာပြီး နောက်ဆုံး ကျုပ်တို့ ပါ ဒါန အလေ့အကျင့် တွေ ခေါင်းပါး ပြီး ကိုယ်ကျိုး နည်း ရတဲ့ အဖြစ်မျိုး ကို ရောက်သွားရလမိမ့်ယ် ”
နောက်ဆုံး အနေနှင့် ဒေါ်ဝိုင်းစိန် က အားလုံး သို့ တရား ချ လိုက် ပုံ က -
“ ဒါကြောင့်လည်း တချို့ အိမ်တွေ ၊ ဝင်းတွေ မှာ အလှူခံခြင်း သည်းခံပါ တို့ ဆိုတဲ့ စာတွေ ကပ် ထား ကြတာပေါ့ ၊ အရင်တုန်း ကတော့ ဒီလို စာမျိုး သူတို့ မို့လို့ ကပ်ဝံ့တယ် လို့ ကျွန်မတို့ လည်း
ထင်ခဲ့ မိတာပါပဲ ၊ ခုတော့မှ သူတို့ ခံစားချက် ကို နည်းနည်းပါးပါး သဘော ပေါက်လာတယ် ၊ အခု ကျွန်မတို့ လုပ်ကွက်ထဲမှာ အလှူခံတွေ ခြေချင်း လိမ် နေတာ ဟာ လည်း ပဲ ငွေ ရွှင်တဲ့ နေရာ ၊ ရလွယ် တဲ့ နေရာ ဆိုတော့ ခုနက ဦးမိုးလုံး ပြော သလို အတုအယောင်တွေ ပါ ရော ပါ လာတဲ့ သဘောပဲ ၊ ဘာပဲ ဖြစ်ဖြစ်ပေါ့ ၊ ကိုယ် က လည်း အတု နဲ့ အစစ် ကို ရွေးတတ်တာမဟုတ်တော့ ကိုယ့် ဒါနမျိုးစေ့လေး ကြီးထွားပါစေ ဆိုပြီး ကျွန်မတို့ လည်း တတ်နိုင် သလောက် ထည့် ပြု လိုက်ရတာပါပဲ ”
ဟူ၍ ပင် ဖြစ်လေသည် ။ သူတို့ အားလုံးက တောင်တလေး ကျေးရွာသားများ ဖြစ်ကြသည် ။ ရွှေ အထွက် ကောင်းသည့် မှော် တစ်ခု က တောင်တလေး ကျေးရွာ နှင့် ခပ်လှမ်းလှမ်း မျာပင် ပေါ်ထွန်း လာရာ ရွာသားအများစု က ထို လုပ်ကွက် တွင် ဝင်ရောက် လုပ်ကိုင် နေကြခြင်း ဖြစ်သည် ။ သူတို့ က ဝင်ငွေ ကောင်းသော လုပ်ငန်း ကို လုပ်ကိုင် မိကြသည် နှင့် မိရိုးဖလာ လယ်ယာ လုပ်ငန်း ဆီ သို့ ဦး ပြန် မလှည့်ကြတော့ပေ ။ ယခု အလုပ် နားချိန်အတွင်း ၌ အချင်းချင်း စုဝေး မိ ကြကာ လတ်တလော မျက်စိ နောက် လောက်အောင် သောင်းကျန်း နေသည့် အလှူခံများ အကြောင်း ကို ပြောဆို နေမိခြင်းပင် ဖြစ်သည် ။
••••• ••••• •••••
တစ်နေ့တွင် သူတို့ လူသိုက် ဆီ သို့ ယခင် တွေ့နေကျ အလှူခံ အဖွဲ့ ထက် အဆပေါင်း များစွာ ကြီးမားသော အလှူခံ အဖွဲ့ တစ်ဖွဲ့ က ဆိုက်ရောက် လာသည် ။ ထို အဖွဲ့ က အခြားသူများ တော့ မဟုတ်ပါ ။ သူတို့ ကျေးရွာ မှ အုပ်ချုပ်ရေးမှူး ဖြစ်သူ ကိုသောင်းဖေ ကိုယ်တိုင် ဦးဆောင် လာသည့် တောင်တလေး အလှူခံ အဖွဲ့ ပင် ဖြစ်သည် ။ ကိုသောင်းဖေ တို့ က ဖိုးအောင်မောင်း တဲ သို့ ပင် ဦးတည်ပြီး ဝင် လာသည် ။ ထို့နောက် တောင်တလေး ရွာသားများ ကို ဖိုးအောင်မောင်း တဲ တွင် လာရောက် စုဝေးကြရန် ဆင့်ဆို လိုက်သည် ။ မကြာမီ လူစုံ သည် နှင့် ကိုသောင်းဖေ က လာရင်းကိစ္စ အကြောင်း ကို ထုတ်ဖော် ပြောဆို လိုက်သည် ။
“ ကဲ ... ကဲ တောင်တလေး ရွာသား အားလုံး နားထောင်ကြပါ ၊ ကျွန်တော်တို့ ဒီကို ရောက် လာရတဲ့ ကိစ္စ က တော့ အလှူခံ ကိစ္စ ပဲ ၊ ခင်ဗျားတို့ သိကြတဲ့ အတိုင်း နှစ် ကြာနေပြီ ဖြစ်တဲ့ ကျေးရွာ ဓမ္မာရုံ ပြီးစီး နိုင်ရေး အတွက် ဆရာတော် နဲ့ တိုင်ပင်ပြီး အလှူခံ ထွက်ဖို့ စီစဉ် လိုက်ရတာပဲ ၊ ဒီတော့ ကျွန်တော်တို့ က အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း အလှူခံ ထွက်မယ် ၊ ခင်ဗျားတို့ က လုပ်ကွက် ထဲ မှာ ရှိတဲ့ မိမိရဲ့ အိမ်နီးနားချင်းတွေ ၊ မိတ်ဆွေ အပေါင်းအသင်းတွေ ကို တတ်နိုင် သလောက် နှိုးဆော် စည်းရုံးပေးထားကြဦး ပေါ့ ၊ အမှန်တကယ် ဓမ္မာရုံ ဆောက်မှာ ဖြစ်ကြောင်း ၊ စစ်မှန်တဲ့ ဒါန ဖြစ်ကြောင်း စသည်ဖြင့် အများ သဒ္ဓါပေါက်အောင် ပြောပေးထားကြဦးပေါ့ဗျာ ။
နောက် တစ်ခု က ခင်ဗျား တို့ အတွက် ခွဲတမ်းတွေ ပါတယ် ၊ ဒီ တစ်ခါတော့ ခင်ဗျားတို့ အတွက် ခွဲတမ်းတွေ ပါတယ် ။ ဒီတစ်ခါတော့ ဓမ္မာရုံ ကို မပြီး ပြီးအောင် ဆောက်တော့ မှာ မို့ တစ်ရွာလုံး ကို ခွဲတမ်း ချပေးထားတယ် ။ ခင်ဗျား တို့ အနေနဲ့ ခုလို ဝင်ငွေ ကောင်းနေဆဲ အချိန်မျိုး မှာ မိမိ ခွဲတမ်း ကို ကျေကျေနပ်နပ် ယူကြပါ ။ သတ်မှတ်ထားတဲ့ ကာလ အတွင်း ထည့်သွင်းကြပါလို့ ကျွန်တော် ပြောချင်တယ် ။ တကယ်တော့ ဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ဟိုတုန်းကတည်း က ရွာလုံးကျွတ် အစည်းအဝေးတွေ ဘာတွေ လုပ်ပြုပြီးသား ပါ ၊ အစည်းအဝေး သာ
လုပ်ပြီး အခြေအနေ အရ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး ။ ခုတော့ ကျွန်တော်တို့ ကော်မတီဝင်တွေ ချည်း ပဲ မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်ချက် တွေ ချလိုက်ကြတာပဲ ။ ကျွန်တော် ကိုယ်တိုင် ဒီ အထိ လိုက် လာရတာ က ရွာပြင် ရောက်နေတဲ့ ခင်ဗျား တို့ ကို လည်း ဒီကိစ္စ ကိုယ်တိုင် ကိုယ်ကြပ် ပြောပြရင်း ၊ အလှူခံ အဖွဲ့ ကို လည်း ခင်ဗျား တို့ လုပ်ကွက် နဲ့ မိတ်ဆက် ပေးရင်း ကျွန်တော် လိုက် လာတာပဲ ။ နောက်အပတ်တွေ မှာ အလှူခံအဖွဲ့ က ပုံမှန် ဝင်လာ လိမ့်မယ် ။ ခင်ဗျားတို့ က ရွာခံတွေ ပီပီ အလှူခံ အဖွဲ့ ကို တတ်နိုင် သလောက် ပူးပေါင်း ကူညီပေးကြပါလို့ ပြောလိုပါတယ် ။ ကိုင်း ခုချိန်က စပြီး ခင်ဗျားတို့ ရဲ့ ခွဲတမ်း စာရင်း ကို ကျွန်တော် ကြေညာပေးပါ့မယ် ”
ပြောပြီး ကိုသောင်းဖေ က စာရွက်တစ်ရွက် ကို ကိုင်ကာ ခွဲတမ်း စာရင်း ကို ဖတ် ပြသည် ။ ခွဲတမ်း ကို နားထောင်း ရင်း ဖိုးအောင်မောင်း တို့ ၊ ဦးသက်ပွေး တို့ ၊ ဦးမိုးလုံး တို့ တစ်တွေ က မသိမသာ မျက်နှာများ ပျက် သွား ကြသည် ။ အကြောင်းမှာ သူတို့ အတွက် ခွဲတမ်း က အနည်းဆုံး ထည့် ရမည့် သူ ပင် ကျပ် ငါးသိန်း အောက် မရောက်သောကြောင့် ဖြစ်သည် ။ အလှူခံတွေ အပေါ် ငြိုငြင် စိတ် ဝင် နေကြရဆဲ ကိုယ့် ရွာ အလှူခံ က သူများတွေ ထက် တောင် ကဲ နေပါပေါ့လား ။ ဆန်ရင်း တော့ နာနာ ဖွပ်ခံရပြီ စသည် ဖြင့် အတွေးများ ပါ ဝင်မိကြရသည် ။
သို့သော် ဇာတ်လမ်း က မသိမ်းသေး ပေ ။ ကိုသောင်းဖေ က ခွဲတမ်းစာရင်း ဖတ်ပြပြီးသည် နှင့် နောက်ဆက်တွဲ စကား ကို စ လိုက်သည် ။
“ လိုရင်းကိစ္စ ကို ပြောပြီးပြီ ဆိုတော့ ခင်ဗျားတို့ အတွက် အံ့ဩစရာ ၊ ဝမ်းသာစရာ သတင်းထူး တစ်ခု ကို ကျွန်တော် ဆက် ပြောပါမယ် ။ လွန်ခဲ့တဲ့ ၄ ရက် က ကျွန်တော် တို့ ရွာ ကို ပုဂ္ဂိုလ်ထူး တစ်ယောက် ရောက် လာပါတယ် ။ ပုဂ္ဂိုလ်ထူး ဆိုတာ ဟိုဟာ ဒီဟာ တွေကို ပြောတာ
မဟုတ်ဘူး ။ လူ တစ်ယောက် ဟာ ရွာ ကို မမျှော်လင့် ဘဲ ရောက်လာ ပြီး ဓမ္မာရုံ ဆောက်ဖို့ အတွက် ငွေသိန်း ၁ဝဝ တိတိ ကို ဆရာတော် နဲ့ ကျွန်တော့် ရှေ့မှာ လက်တွေ့ ချ လှူ လိုက်တာ ကို ပြောတာ ”
ကိုသောင်းဖေ က စကား ကို ခေတ္တ ဖြတ်ထားသည် ။ အထက်ပါ စကား က ဖိုးအောင်မောင်း တို့ တစ်တွေ ကို ဟာခနဲ ဖြစ် သွားစေသည် ။ မျက်လုံး ကျယ်ပြီး လှုပ်လှုပ်ရွရွ ဖြစ်သွား စေသည် ။ ကိုသောင်းဖေ ဆက် ပြောမည့် စကား ကို ပါးစပ် အဟောင်းသား နှင့် ငံ့လင့် နေမိကြသည် ။ ကိုသောင်းဖေ က -
“ သူ့ နာမည် က ကိုမောင်မောင်ဇင် တဲ့ ။ ရန်ကုန် က လာတာ ။ သူ က ကျွန်တော်တို့ ရွာ ကို ရန်ကုန် က ဆရာတော် တစ်ပါး ရဲ့ အဆက်အသွယ် နဲ့ လာတာ ၊ အဲဒီ ရန်ကုန် ဆရာတော် က ကျွန်တော်တို့ ရွာ ကျောင်းထိုင် ဆရာတော် ရဲ့ မိတ်ဆွေ ဖြစ်ပြီး မနှစ်က ရွာ ကို အလည် လာခဲ့ ဖူးတယ် ၊ အဲဒီလို အလည် လာ ရင်း ကျေးရွာ ဓမ္မာရုံ တစ်ပိုင်း တစ်စ နဲ့ မပြီးစီးနိုင်သေး ပုံ ကို သိ သွားတယ် ။
ဒါနဲ့ ရန်ကုန် ပြန် ရောက်တော့ သူ့ ဒကာ ဒကာမ ၊ တပည့်တပန်းတွေ နဲ့ စကားစမြည် ပြောဆိုရင်း ကျွန်တော် တို့ ရွာ ရဲ့ အကြောင်း ကို ပါ ပြောဆို ဖြစ် သွားတယ် ၊ ကျွန်တော်တို့ ရွာ ရဲ့ သာယာပုံ ၊ ရွာသူရွာသားတွေ သဒ္ဓါတရား ထက်သန်ကြပုံ ၊ ဒါပေမယ့် အခက်အခဲ အမျိုးမျိုး ကြောင့် ကျေးရွာ ဓမ္မာရုံ က မပြီးနိုင် ၊ မစီးနိုင် ဖြစ်နေရပုံတွေ ကို ပြော ပြလိုက် မိတယ် ဆိုပါတော့ ။ တိုတို ပြော ရရင် ကိုမောင်မောင်ဇင် က သူ့ ဆရာတော် ပြောတာ ကို ကြားပြီး သဒ္ဓါတရား လည်း ဖြစ် ၊ သာသနာ ပြုလို တဲ့ ဆန္ဒ လည်း ပေါ်ပေါက် လာတယ် ။ ဒါနဲ့ သူ့ ဆရာတော် ကို လည်း ခွင့်တောင်း ၊ ဆရာတော့် ဆီ က မိတ်ဆက်စာ တွေ ပါ ယူ လာပြီး ရွာ ကို ရောက် လာတာပဲ ။
ကျွန်တော် တို့ အားလုံးလည်း အံဩ ကြတယ် ။ ဝမ်းသာ ကြတယ် ။ ပြီးတော့ ပြင်ပ ဒါနရှင် တစ်ယောက် က တောင် ဒီလောက် ငွေတွေ မတည် ပြီး ကူညီ လာ မှတော့ ကျွန်တော်တို့ က ဝီရိယ မစိုက်လို့ မဖြစ်ဘူး ဆိုပြီး အားချင်း ဆိုသလို ဒီ စီမံကိန်း ကို စတင် လိုက်ကြတာပဲ ။
ကိုမောင်မောင်ဇင် က နယ်တကာ လှည့်ပြီး ဘုရားပျက် ၊ ကျောင်းပျက် ပြုပြင်တာမျိုး က အစ သာသနာ ပြုခဲ့ပေါင်း များ ပြီတဲ့ ၊ သူ ကိုယ်တိုင် လည်း အင်ဂျင်နီယာ ကျောင်းထွက် တစ်ယောက် ဖြစ်ပါတယ် တဲ့ ။ ဒါကြောင့် ကျေးရွာဓမ္မာရုံ ကို သူ ကိုယ်တိုင် တိုင်းထွာ မှတ်သားပြီး ဦးဆောင် ဆောက်လုပ်ပေးသွား မှာ ဖြစ်တယ် ၊ အဲဒါ ကျွန်တော်တို့ က အား ရှိ သလောက် သူ့ ကို ဝိုင်းရံ ပေးဖို့ လိုပါတယ် ဆိုတာ ထပ်ဆင့်ပြီး ပြောလို ပါတယ် ”
ကိုသောင်းဖေ က စကား ကို အဆုံးသတ်လိုက်သည် ။ ဖိုးအောင်မောင်း တို့ တစ်တွေ မှာ ဖြစ်ကြောင်း ကုန်စင် ကြားသိ လိုက်ရ ပြီး နောက် စောစော က မိမိတို့ စိတ် ထဲ တွင် တွန့်ဆုတ် သလိုလို ၊ ငြိုငြင် သလိုလို ဖြစ်မိခဲ့ရခြင်း အတွက် ရှက်ရွံ့ သယောင်ယောင် ပင် ဖြစ်သွား မိကြရသည် ။ သို့နှင့်ပင် ကိုသောင်းဖေ တို့ အဖွဲ့ ပြန်သွားပြီး နောက် သူတို့ တစ်တွေ က လူစု မခွဲနိုင်သေးဘဲ ဆက်လက်၍ နှီးနှော ပြောဆို နေ မိကြသေးသည် ။ သူတို့ စိတ်ထဲတွင် ကိုမောင်မောင်ဇင် ဆိုသူကို အထူး လေးစား ကြည်ညိုခြင်း ဖြစ်မိကြ သလို သူတစိမ်း က ပင် လာရောက် အကျိုးဆောင် နေ မှတော့ မိမိတို့ က တက်ကြွစွာ ပါဝင်ရပေမည်ပေါ့ ဟု လည်း ထက်သန် ရွှင်လန်းသော သဒ္ဓါစိတ် နှင့် အတူ သန္နိဋ္ဌာန်စိတ် ကို ပါ ဒုန်းဒုန်း ချလိုက် မိကြလေသည် ။
••••• ••••• •••••
နောင် နှစ်ပတ်မျှ အကြာ တွင် တောင်တလေး ၌ စုပေါင်း ရှင်ပြုပွဲကြီး ကို ကျင်းပ ပြုလုပ်သည် ။ ထို အလှူပွဲ သို့ လုပ်ကွက် ရှိ တောင်တလေး ရွာသူရွာသား အားလုံး နီးပါး သွားရောက် ကြသည် ။ သူတို့ က ခြိမ့်ခြိမ့်သဲမျှ စည်ကားလှသော ကျေးရွာ အလှူပွဲ အတွက် ဝမ်းမြောက် ပျော်ရွှင်ကြ ရ သလို အလွန့်အလွန် တိုးတက်လျက် ရှိသည့် ဓမ္မာရုံကြီး ၏ အခြေအနေ ကြောင့်လည်း အားတက် ကြည်နူး မိ ကြရသည် ။ ကိုမောင်မောင်ဇင် မှာ ကျေးရွာအတွင်း ၌ အလွန်မှ ရေပန်းစားလျက် ရှိသည် ။ ကျေးရွာ မှ လုပ်အားပေး များ ကို ဦးဆောင် ကာ ဓမ္မာရုံ ကို သူ ကိုယ်တိုင် ကြီးကြပ် ဆောက်လုပ် နေခြင်း ဖြစ်သည် ။ သူ့ အပါး တွင် ကျေးရွာလူငယ် ယောက်ျားလေး ၊ မိန်းကလေးအတော်များများ က အမြဲတစေ ဝိုင်းရံ လျက် ရှိသည် ။ ဖိုးအောင်မောင်း တို့ ကိုယ်တိုင် ချောမောသော ဥပဓိရုပ် နှင့် တည်ကြည် သည့် အမူအရာ ရှိသူ ကိုမောင်မောင်ဇင် ကို အလွန် အထင်တကြီး ဖြစ်နေကြသည် ။
ကျောင်းထိုင် ဆရာတော် ၊ ကိုမောင်မောင်ဇင် နှင့် ကိုသောင်းဖေ တို့ က မကြာမကြာ ပင် ခေါင်းချင်း ဆိုင် နေကြသည် ။ လုပ်ငန်းကိစ္စ ကို တိုင်ပင် နေကြသည် ။ သိရသလောက် တော့ အားလုံး က ကိုမောင်မောင်ဇင် ကို သာ လွှဲအပ်ထားကြ ၊ ပုံအပ်ထားကြ သည် ။ ကိုမောင်မောင်ဇင် က သူ ကိုယ်တိုင် မတည် ထားသော ငွေသိန်း ၁ဝဝ ကို အခြား ကောက်ခံ ရရှိငွေများ နှင့် ပူးပေါင်း ကာ လိုအပ်သလို စီမံခန့်ခွဲသည် ၊ သုံးစွဲသမှု ပြုသည် ။ ဓမ္မာရုံကြီး က လည်း မူလ စီမံချက်ထက် နှစ်ဆ မျှ ပိုမို ကြီးမားသော ပန္နက် ကို ပြင်ဆင် ချမှတ် ထားသည် ။ တဖြည်းဖြည်း အလုံးအထည် ပေါ်လာ နေသော ဓမ္မာရုံကြီး ကို ကြည့် ကာ ရွာသားတွေ က အလွန် အားရ နေကြလေသည် ။
သို့နှင့် အလှူ ပြီးသော အခါ ဖိုးအောင်မောင်း တို့ လူသိုက် က ရွှေမှော် သို့ ပြန်လာ ခဲ့ ကြသည် ။ အားလုံး လိုလိုပင် လုပ်ငန်းခွင် သို့ ပြန် ဝင်ရန် ရွှင်လန်းတက်ကြွ နေကြသည် ။
••••• ••••• •••••
အတိအကျ ပြောရလျှင် ဖိုးအောင်မောင်း တို့ ရွာ အလှူ မှ ပြန်လာပြီး တစ်လ တိတိ ပြည့်မြောက်သော နေ့ တွင် ဖြစ်သည် ။ ထိုနေ့ မှာပင် တောင်တလေး ၌ မီးလောင် နေသော သတင်း ကို သူတို့ တစ်တွေ အလန့်တကြား ကြားသိ လိုက်ကြရခြင်း ဖြစ်သည် ။
မီး က အရာဝတ္ထု မှန်သမျှကို လောင်ကျွမ်း စေတတ်သည့် ' တေဇော ' မီး ကို ဆိုလိုသည် မဟုတ်ပါ ။ တကယ့် မီး မှာ ကျေးရွာဆရာတော် နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး မှ အစ ကျန် ရွာသူရွာသား
အားလုံး တို့ ၏ သည်းအူနှလုံး ကို ပြင်းထန်စွာ လောင်မြိုက်စေသော သောက အပူ မီးကြီး ကို ပင် ဆိုလိုခြင်း ဖြစ်တော့သည် ။
ထိုနေ့ က မနက် စောစော တွင် ဦးမိုးလုံး ရွာ သို့ ပြန် သွားသည် ။ အကြောင်း က အိမ် သို့ ပိုက်ဆံ သွား ပို့ခြင်း ဖြစ်သည် ။ ဦးမိုးလုံး က နံနက်ပိုင်း မှာ ပင် လုပ်ကွက် သို့ ပြန် ရောက် လာရာ ဧရာမ သတင်းထူးကြီး တစ်ခု က ဦးမိုးလုံး နှင့် အတူ ပါရှိ လာခြင်း ပင် ဖြစ်သည် ။ ဦးမိုးလုံး က ထုံးစံ အတိုင်း ဖိုးအောင်မောင်း တဲ သို့ ပင် ဦးတည် ပြီး ဝင်လာသည် ။ သူ့ ပုံ က ပျာယီးပျာယာ နှင့် အရေးတကြီး လည်း ဖြစ် နေသည် ။ သူ က ရောက်ရောက်ချင်း ပင် ဖိုးအောင်မောင်း ကို -
“ ဟကောင်ရ ... တို့ ရွာ က လူတွေ ကို မြန်မြန် ခေါ်ချေပါဟ ၊ ငါ သတင်းထူး ပြောစရာ ရှိ လို့ ”
ဟု လောဆော် သည် ။ ဖိုးအောင်မောင်း လည်း ထိတ်ခနဲ ဖြစ် သွားပြီး သူ့ ကလေးများ ကို လုပ်ကွက် ထဲ စေလွှတ် လိုက်သည် ။ မကြာမီပင် ဖိုးအောင်မောင်း တဲ ၌ လူ စုံ သွားသည် ။ အခေါ်ထူး ပုံ ကြောင့် အားလုံး က လုပ်ငန်းခွင် မှ အမြန် ထ လိုက်လာခဲ့ကြခြင်း ဖြစ်သည် ။
မျှော်လင့် ထားသည့် အတိုင်း စိတ် လှုပ်ရှားစရာ သတင်း ကို ဦးမိုးလုံး ထံ မှ ကြား လိုက်ကြရသည် ။
“ ဒုက္ခတော့ များပြီကွ ၊ ရွာ မှာ ဆရာတော်ရော ၊ ဖိုးသောင်းဖေ တို့ အဖွဲ့တွေ ရော ၊ တခြား ရွာသား တွေ ပါ အရူး မီးဝိုင်း သလို ဖြစ် ကုန်ကြပြီ ၊ ဟို ကိုမောင်မောင်ဇင် ဆိုတဲ့ လူ က အကုန်လုံး လိမ်ပြီး ထွက် ပြေးသွားပြီ ဆိုပါလား ”
“ ဟာ ... သောက်ကျိုးတော့ နည်းကုန်ပြီ ၊ ဘယ်လို ဖြစ်ကြတာတဲ့ လဲ ”
ဦးသက်ပွေး က အလန့်တကြား ထ ရေရွတ် သည် ။ ကျန် လူများ က ပါ အံ့ဩပြီး လှုပ်လှုပ်ရွရွ တွေ ဖြစ် ကုန်ကြသည် ။
“ ငါ လည်း မင်းတို့ ကို ပြန် ပြောနိုင်အောင် သေသေချာချာ နားထောင် ခဲ့ တာပဲ ၊ အဲဒီ မောင်မောင်ဇင် က လွန်ခဲ့တဲ့ တစ်ပတ် လောက် ကတည်း က သူ့ အမေ အသည်းအသန် ဖြစ်လို့ ဆိုပြီး ရန်ကုန် ကို ပြန် သွား တယ် တဲ့ ။ ဖိုးသောင်းဖေ တို့ က ဒါကို တကယ် ထင်ပြီး သူ ပြန် အလာ ကို မျှော်နေကြတာ တဲ့ ။ လာမယ့် လာတော့ မောင်မောင်ဇင် က မလာဘဲ ကြွေးရှင်တွေ က သာ ရွာ ကို ရောက်လာတယ်တဲ့ ၊ ကြွေးရှင် ဆိုတာ က သစ် တို့ ၊ သံ တို့ ၊ ဘိလပ်မြေ တို့ ရောင်းတဲ့ မြို့ ထဲက ဆိုင်ရှင်တွေ ကို ပြောတာ ။ သူတို့ က ကိုယ်စီ ကိုယ်င ဘောက်ချာတွေ တစ်ထပ်ကြီး ကိုင်လာပြီး ဆရာတော် နဲ့ ဖိုးသောင်းဖေ ဆီ မှာ ငွေ လာရှင်း ခိုင်းကြတာ ။ ဒါနဲ့ ဖိုးသောင်းဖေ က လည်း အံ့ဩပြီး ဒီကိစ္စ မှာ ငွေတွေပါ ပုံအပ်ပြီး ကိုမောင်မောင်ဇင် ကို လွှဲထားတာပဲ လို့ ပြန် ပြောတယ် ။ အဲဒီတော့ ဟို လူတွေ က ပစ္စည်းမျိုးစုံ ကို မောင်မောင်ဇင် က သူတို့ ဆိုင်တွေ မျာ လာလာ ယူတဲ့ အကြောင်း ၊ ပစ္စည်းတွေ ကို သာ တစ်ပုံကြီး လိုသလောက် ယူ ယူ သွားပြီး ငွေ ကျတော့ ကိစ္စ ပြီးရင် ကျေးရွာ က လာ ရှင်းပါလိမ့်မယ် လို့ သာ ပြောသွားတဲ့ အကြောင်း ၊ မနေ့က တော့ မောင်မောင်ဇင် နဲ့ သူ တို့ ဖုန်း ပြောဖြစ်ကြတဲ့ အကြောင်း ၊ ဖုန်း ထဲ မှာ ဓမ္မာရုံ က အားလုံး ပြီးသွား ပြီ ။ ငွေစာရင်း ကို ရွာမှာ သွား ရှင်းလိုက်ပါ လို့ မောင်မောင်ဇင် က ပြောတဲ့ အကြောင်း ။ ဒါကြောင့် သူတို့ အဖွဲ့က ခုလို ကြွေးရှင်း ဖို့ လာခဲ့တာပါ လို့ ပြန်ပြောကြတယ် တဲ့ ”
“ ဟိုက် ၊ သဘောပေါက်ပြီ ၊ ဒါ အပိုင် လုပ်သွားတာ ၊ ကိုသောင်းဖေ က လည်း ဒီလောက် တောင် အ ရ သလား ဗျ ”
ကြက်ဆင် က ထ ပြောသည် ။ ဦးမိုးလုံး က -
“ သူတို့ က ယုံတာကိုး ကွ ၊ ယုံ ဆို ဟို ကလည်း သိန်း ၁ဝဝ ကြီး များ တောင် ပုံ လှူပြ ထားတဲ့သူ ကိုး ၊ ပြီးတော့ မြို့ ထဲ က အဲဒီ ဆိုင်ရှင် တွေ ကလည်း တို့ ဆရာတော် ရဲ့ ဒကာရင်းတွေ တဲ့ ၊ ဆရာတော် နဲ့ ဖိုးသောင်းဖေ က မောင်မောင်ဇင် ကို အဲဒီ ဆိုင်တွေဆီ ခေါ်သွားတယ် ။ ခေါ်သွားပြီး ဆိုင်ပိုင်ရှင်တွေ နဲ့ မောင်မောင်ဇင် ကို မိတ်ဆက် ပေးတယ် ။ ပြီးတော့ မောင်မောင်ဇင် က ဓမ္မာရုံ လုပ်ငန်း မှာ အဓိက တာဝန်ခံ ဖြစ်ကြောင်း နဲ့ သူ လိုအပ်သမျှ ပစ္စည်းတွေ ကို ပိုက်ဆံ မလွယ်သေးလို့ လက်ငင်း မချေနိုင်သေးရင် တောင် စိတ်ချလက်ချ ပြေစာ ဖြတ်ပေးလိုက်ပါ ဆိုတဲ့ အကြောင်းတွေ တစ်ခါတည်း မှာ ပေး ထားခဲ့သေးတယ်တဲ့ ”
“ အဲဒါမှ ကောင်း ရော ၊ ကျားလက် နွားကျောင်း ခိုင်းတယ် ဆိုတာ အဲဒါပဲ ၊ သူ့ ကို စားလို့ ဝါးလို့ ကောင်းအောင် လုပ် ပေး လိုက်တာနဲ့ အတူတူပဲ ပေါ့ ဗျာ ”
ဖိုးအောင်မောင်း ၏ ကြားဖြတ် စကား ဖြစ်သည် ။ ဦးမိုးလုံး က ဆက် ပြောသည် ။
“ ဒီတော့ အဲဒီ ဆိုင်တွေ က လည်း မောင်မောင်ဇင် ကို လိုချင်တာ ကြိုက်သလောက် ယူ ဆိုပြီး ဖွင့် ထား ပေးလိုက်ကြတော့တာပေါ့ ။ ဖိုးသောင်းဖေ က စုမိတဲ့ ငွေ ကို စုမိသလောက် မောင်မောင်ဇင် လက် ထဲ ထိုး အပ်တာပဲ ၊ မောင်မောင်ဇင် က ဆိုင်ပေါင်းစုံ က နေ ပစ္စည်းတွေ ကို ပြေစာ နဲ့ ဘေ ဖွင့်တယ် ၊ လုံးဝ ငွေ မချေဘူး ၊ ဒါကို ဖိုးသောင်းဖေ တို့ က လည်း တစ်ခွန်း တစ်လေ တောင် မေးရမြန်းရ မှန်း မသိ သလို ဆိုင်ရှင်တွေ က လည်း နည်းနည်းပါးပါး မသင်္ကာစိတ် နဲ့ စစ်ရ ဆေးရ မှန်းတောင် မသိကြဘူး ။ ခုတော့ သွားပြီ ၊ အားလုံး မ သွားပြီ ၊ မင်းတို့ ငါတို့ ရွာသားတွေ ပဲ ပိုက်ဘောကြီး မိ သွားပြီ ”
အားလုံးပင် အသက် ရှူရမှန်း မသိအောင် ဖြစ်သွား ကြရသည် ။ သို့သော် မေး သင့်သော မေးခွန်း တစ်ခု ကို တော့ ဒေါ်ဝိုင်းစိန် က ဝင် မေး လိုက်သေးသည် ။
“ သူ က ကျုပ်တို့ ရွာ ကို လာပြီး ခုလို အကြံအဖန် လုပ်ဖို့ အတွက် ဘယ်ကများ စိတ်ကူး ရသွားလည်း မသိဘူး နော် ”
“ အေး ၊ ဒါလည်း ဖိုးသောင်းဖေ က ရန်ကုန် က ဆရာတော် ကို ဖုန်းဆက် မေး လို့ အကြောင်းစုံ သိပြီးပြီး ၊ ဒီ မောင်မောင်ဇင် ဆိုတဲ့ သူ ကို ရန်ကုန် ဆရာတော် က လုံးလုံး မသိဘူးတဲ့ ။ သူ့ ဒကာတွေ ထဲ မှာ လည်း ဒီ နာမည်မျိုး မရှိဘူး တဲ့ ၊ ဒီတော့ ဖိုးသောင်းဖေ တို့ စဉ်းစား ကြတာ က ဒီ လူ ဟာ ကြားလူ တစ်ယောက် ဖြစ်ရမယ် ၊ ရန်ကုန် ဆရာတော် ရဲ့ ကျောင်း ကို တခြား ဒကာ တစ်ယောက် နဲ့ အတူ လိုက်ပါ လာရင်း ဆရာတော့် ပြော စကား တွေ ထဲ ကနေ တို့ ရွာ ဓမ္မာရုံ အကြောင်း ကို တစ်စွန်း တစ်စ သိခွင့် ရသွားတာ ဖြစ်လိမ့်မယ် ။ အဲဒီကနေ ဒီမှာ လာပြီး အချဉ် ဖမ်းဖို့ အကြံ ရ သွားလိမ့်မယ် ။ ဒီနောက် ဆရာတော့် ဆီ က မိတ်ဆက်စာ တို့ ၊ ထောက်ခံစာ တို့ ကို တံဆိပ်တုံး အတုတွေ သုံးပြီး ယုတ္တိ ရှိရှိ လုပ် ယူ လာမယ် ၊ ဒီကျတော့ မှ သိန်း ၁ဝဝ ပုံ လှူပြီး ရိုက်စား လုပ်သွားတာ ။ အဲဒီလို ကောက်ချက် ချ ကြတယ် ”
ဒေါ်ဝိုင်းစိန် က ဆက်ပြော သည် ။
“ ဒီ လူ တို့ ရွာ ကို ရောက် လာလာချင်း တို့ ဆရာတော် က ရန်ကုန် ဆရာတော် ကို နည်းနည်းပါးပါး လှမ်း မေး တာတို့ ဘာတို့ လုပ် ခဲ့ရင် လည်း ဒီလို ဖြစ်ရမှာ မဟုတ်ဘူး နော် ”
“ အဲဒါ ပြောတာပေါ့ ၊ လူတိုင်း က အဲဒါ ထောက်ပြပြီး နောင်တ ရ နေကြတယ် ၊ အဲဒီ တုန်း က တော့ ဆရာတော် က လည်း မေ့ နေ ၊ အားလုံး က လည်း ဘယ်သူမှ သတိ မရကြဘူးပေါ့ ၊ သိတဲ့ အတိုင်း ဟို သိန်း ၁ဝဝ ငွေပုံကြီး ကြောင့် ပေါ့ ”
အရေးကြီး ဆုံး မေးခွန်း ကိုတော့ နောက်ဆုံး အနေ နှင့် ကြက်ဆင် ကပင် ဝင် မေးလိုက်သည် ။
“ အဲဒါတွေ ထားပါ ၊ အခု ကျွန်တော် တို့ ရွာ က ဘယ်လောက် တောင် အလိမ် ခံ လိုက်ရသတဲ့ လဲ ။ အဲဒီ လူ နောက် ကို ဘယ်လောက် တောင် ပါသွား သတဲ့လဲ ”
ဦးမိုးလုံး က ခေတ္တမျှ ခပ်တွေတွေ ဖြစ်နေသည် ။ ပြီးတော့ မှ ထို မေးခွန်း ကို ပြန်ဖြေလိုက်သည် ။
“ ဖိုးသောင်းဖေ ပြော တာတော့ စုစုပေါင်း သိန်း ၅ဝဝ လောက် တောင် ပါ သွားတယ်လို့ ဆို တာပဲ ”
“ ဒါဆို သိန်း ၁ဝဝ လောက် အရှုံး ခံပြီး သိန်း ၄ဝဝ လောက် ပြန် ဖန် သွားတဲ့ သဘောပဲ ”
“ ဘယ်က ဟုတ်ရမှာ လဲ ။ သူ က တစ်ပြား မှ မရှုံးဘူး ။ သူ လှူ ထားတဲ့ သိန်း ၁၀၀ အပြင် ရွာသားတွေ ဆီက ငွေ မှန်သမျှ ကို သူ့ လက် ထဲ ပဲ ပြန် အပ်လိုက်တဲ့ ဥစ္စာ ၊ သူ့ ပိုက်ဆံ သူ ပြန် ရ သွားတဲ့ အပြင် တို့ ရွာ က နေ သိန်း ၄ဝဝ ဖြတ် အုပ်သွားတဲ့ သဘောပေါ့ကွာ ”
ထို စကား က နောက်ဆုံး စကား ပင် ဖြစ်သည် ။ သည့် နောက် တွင် အားလုံး တိတ်ဆိတ် သွားသည် ။ သို့သော် လူ က သာ ငြိမ်သက် နေမိကြ သော်လည်း ကိုယ်စီ စိတ် တွင်းမှာတော့ အတွေး နယ် ချဲ့နေမိကြသည် ။ ရှိသမျှ ငွေ ကို မောင်မောင်ဇင် က အပျောက် ရိုက် သွားလေပြီ ။ ဓမ္မာရုံ အတွက် ကုန်ဖိုးငွေ ကို ကျေးရွာ က သာ စိုက် ရှင်း ပေး ရတော့မည် ။ သည့် အတွက် ခွဲတန်း က လာလိမ့် ဦးမည် ။ ပထမ အကြိမ် အထုပ် ကြီးကြီး နှင့် ထည့်ဝင်ခဲ့ရသည့် အလှူငွေ က အလိမ်ခံလိုက်ရပြီ ။ ခု တစ်ကြိမ် အထုပ်ကြီးကြီး နှင့် ပင် အလှူငွေ ထည့်ဝင်ကြပေဦးမည် ။ ဪ ... အလှူခံ ၊ အလှူခံ ။ လုပ်ကွက် ထဲ က အလှူခံတွေ အပေါ် ဝေဖန် ခဲ့ လေ သမျှ ကျေးရွာ ကို ရောက် လာခဲ့သည့် အလှူခံကြီး က မှ တကယ့် ဧရာမ အလှူခံ အတုကြီး ဖြစ်နေပါ ပေါ့ လား ။ လောက မှာ မည်သူ့ ကို ယုံရတော့မည် နည်း ။ ယုံရ ခက်လှသည် ။ အကယ် တန္တု ယုံပါ ယုံပါ ဟု အကြိမ်ကြိမ် ဆိုလာသူ ရှိသည့်တိုင် ထို သူ ကို ပင် ‘ ဘာ ယုံ ပါလဲ ၊ ခင်ဗျား က နားရွက်ကလေး နဲ့ ယုန်လား ’ ဟူ၍ ပြန် မေးစရာ ကောင်းလှပေတော့သည် ။ စသည်ဖြင့် အတွေး ကွန့် နေမိကြရင်း သူတို့ အားလုံး လေးလံ ထိုင်းမှိုင်း နေ မိကြသည် ။
တိုက်တိုက်ဆိုင်ဆိုင် ပင် ထို ခဏ ၌ တဲပေါက်ဝ မှ “ အလှူခံ ခင်ဗျ ... အလှူခံ ” ဟူသော ညောင်နာနာ အသံလေး တစ်ခု ကို ကြားလိုက်ကြ ရ သဖြင့် ပြိုင်တူလိုလို ခေါင်း ထောင်ပြီး ကြည့် လိုက် မိကြသည် ။ ထိုအခါ ဖိုးသူတော် လိုလို ပိတ်ဖြူ ဝတ် ထားသည့် လူ တစ်ယောက် က အပေါက်ဝ ၌ ရပ် လျက် ရှိသည် ကို တွေ့လိုက်ကြရသည် ။
အားလုံး မျက်နှာ လွှဲ သူ လွှဲ ၊ ခေါင်း ငုံ့ သူ ငုံ့ ဖြစ်သွား ကြသည် ။ တဲရှင် ဖိုးအောင်မောင်း က လည်း သက်ပြင်းကြီး တစ်ချက် ကို မသက်မသာ ချ လိုက် မိသည် ။ သို့သော် သူ့ သား တစ်ယောက် ကို တော့ ခေါင်းဆတ် ပြကာ အချက် ပေး လိုက်သည် ။ ထိုအခါ သား ဖြစ်သူ က တဲပေါက်ဝ သို့ သွား ရောက်ပြီး ၁ဝဝ တန် ငွေ စက္ကူ တစ်ရွက် ကို အလှူခံ ပုဂ္ဂိုလ် သို့ ပေးအပ်လိုက်တော့သည် ။
◾ ရဲမြတ်တင်
📖 ကျွန်တော့် ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment