❝ အငှား ယောက္ခမ ❞
မန္တလေးမြို့ မြို့သစ် ၏ လမ်း တစ်လမ်း ဝယ် ဘ ၏ သီချင်းသံ က ပျံ့လွင့် လျက် ရှိ ပါသည် ။ ဘ ၏ သီချင်းသံ မှာ သူ ၏ မြင်ကွင်း ကို လိုက်၍ အစဉ် ပြောင်းလဲ လျက် ရှိ ပါသည် ။ အမြဲ ရန်ဖြစ် နေလေ့ ရှိ သော ကိုသံချောင်း တို့ လင်မယား ကို မြင်သည် နှင့် ....
“ ချစ်သူတိုင်း လည်း ညားကြပါစေ ညားသူတိုင်း လည်း ချစ်ကြပါစေ ” ဟု အော် နေရာ မှ မိန်းမ ကို ကြောက် ရသော ကြောင့် မိန်းမ ခိုင်း သမျှ အကုန် လုပ်ပေး နေ ရသော ဦးသာဝ ကို တွေ့ လိုက်သောအခါ ....
“ လူစုံရင် ဟန်တွေ ဘာတွေ မဆောင်နိုင်တယ် ကိုကို ခေါ်သံမှာ အရည်ပျော်မြဲ ...”
ဖြစ် သွားသည် ။ ထိုစဉ် လမ်း တစ်ဖက် မှ လျှောက် လာ သော အပျိုကြီး ဒေါ်စိန်တိုး ကို မြင် သွားရာ ....
“ အပျိုကြီး မမရယ် မမတို့ရယ် တစ်ကိုယ်တည်းဂွကျတယ် ဂွကျလှတယ် ဝက်သားတုံးကြီး လက်သီးဆုပ် သဏ္ဍာန် နိပ်ဟ ... ”
ဒေါ်စိန်တိုး က ဘ အား ထု ရန် လမ်းဘေး ဝဲယာ ကြည့် လိုက်သည် ။ သို့နှယ် ထုစရာ ရှာသည် နှင့် ဘ သည် သူ့ ခြံ တွင်း သို့ ဝင် ပြေးရင်း ....
“ ဒါဟာ အချစ်တဲ့ လား အဲဒါ အချစ်တဲ့ လား ဒါများ အချစ်တဲ့လားကွယ် မင်း ပဲ ပြော ...”
ဟု သံကုန် ဟစ် လိုက်လေ သတည်း ။ တေးသံ ဆုံး သည် နှင့် ခြံတံခါး မှ ခေါင်းပြူ ကာ မျက်စ ပစ် ပြ လိုက်သည် ။
••••• ••••• •••••
“ အိုအေစစ် ” အအေးဆိုင် ။
ဆိုင်တွင်း မှာ တည်ငြိမ် လှပသော အမျိုးသမီး နှစ်ယောက် အအေး သောက် နေ ကြပါသည် ။ သူတို့ ၏ မျက်နှာ ပေါ်မှ စိတ်ရှုပ်ထွေး နေဟန် သည် လှပသော သူတို့ ၏ မျက်နှာ နှင့် မလိုက်ဖက်ပါ ။ မိန်းကလေးတို့ ၏ တည်ငြိမ်သော ဣန္ဒြေ ရသော ခြေ တစ်လှမ်း သည် ကုဋေ တစ်သန်း တန်သည် ဟု တင်စားခဲ့သော ပညာရှိ သာ ဤ မိန်းကလေး ကို တွေ့ပါမူ “ သူ သာ ပြုံးလျှင် သန်း နှစ်ဆယ် ခန့် တန်မည် ” ဟု သတ်မှတ် လိမ့်မည် ထင် ပါသည် ။ ပြုံး လျှင် အလွန် လှပမည့် နှုတ်ခမ်း အစုံ ကို ယခု မူ တင်းတင်းစေ့ ထား သည် ။ သူတို့ ရှေ့မှ အအေးခွက်များ သည် ပင် အအေးဖွယ် နေပါပြီ ။
“ မမ ”
ခေါ်သံ ကြောင့် ငြိမ် နေသော မျက်နှာလေး က အသက် ဝင် သွားသည် ။
“ နင် က စာ ရေးခဲ့တာ ဘယ်လောက် ကြာပြီလဲ ”
“ ပထမ စာ က ခြောက်လ လောက် ရှိပြီ ။ အဲဒီတုန်းက တော့ အိမ်ထောက်ဖက် ကို သူတို့ ရှာပေးရ မလား ဆိုလို့ မမ မှာ ချစ်သူ ရှိနေပြီ ဆိုပြီး ရေး လိုက်တာ ၊ ပြီးခဲ့တဲ့ လ ထဲ က တော့ သမီး ချစ်သူ ကို သမီး လက်ထပ်မယ် ဆိုရင် လည်း အမြန်ဆုံး လက်ထပ်ပါ ။ အဝေး မှာ တစ်ယောက် တည်း ထား ရတာ စိတ် မချရဘူး ။ သမီး ရွေးချယ်တာ မမှားနိုင်ဘူး လို့ မေမေ တို့ ယုံကြည်တယ် ဆိုပြီး စာ ရောက်လာတာ ”
“ ဆက်ပါဦး ”
“ မနေ့ က တော့ ဖုန်း ဆက် တယ်လေ ။ ဖေဖေ့ သူငယ်ချင်း ရဲ့ သား က နှစ်သက် နေ လို့ အိမ် မှာ လာပြီး စကား ကြောင်းလမ်း ချင် နေတယ် ။ လက်ခံရ မလား တဲ့ ။ ဒါနဲ့ မမ က မေမေ တို့ ပဲ နှစ်သက် တဲ့ လူ ယူ ဆိုလို့ သမီးချစ်သူ နဲ့ သမီး နဲ့ တနင်္လာနေ့ မှာ ရုံးတက် လက်မှတ် ထိုးဖို့ စီစဉ် ပြီးပြီ ။ သမီး လည်း အဲဒါ ပြောဖို့ ဖုန်းဆက် မလို့ပဲ ။ ပွဲခင်း ဖို့ တော့ မေမေ တို့ လိုက်လာ ပြီး မှ လူကြီးချင်း ညှိပြီး စီစဉ်ပါ ဆို ဖြီး ရ တာပေါ့ ။ မေမေတို့ တွေ့ရ မြင်ရ ရင် လက်ခံ နိုင်မယ့် အနေအထား ရှိ ပါတယ် ။ ဘွဲ့ရ ပညာတတ် ငွေကြေး လည်း ပြည့်စုံတယ် ။ အကျင့်စာရိတ္တ လည်း ကောင်း ပါတယ် ။ အမူအကျင့် လည်း သိမ်မွေ့တယ် ဆိုပြီး ”
“ ငြင်း မရအောင် အကောင်းတွေ ချည်း ပြော လိုက်တယ် ဆိုပါတော့ ”
“ ရန်ကုန် က လူ နဲ့ စီစဉ် မှာ စိုးပြီး ပြော လိုက်ရတာ ”
“ ဒီတော့ ”
“ မေမေတို့ သဘောတူ ရတော့ မှာ ပေါ့ တဲ့ ။ အစ က တော့ ရန်ကုန် က ကောင်လေး ခေါ်ပြီး လာ မလို့ပဲ ခုတော့ သူတို့ ချည်း လာမယ်လို့ ပြောတယ် ။ သူတို့ လာအောင် စောင့်ပါဦး တဲ့ ။ မမ က သူတို့ လာရင် ရန်ကုန် က လူ ခေါ် လာပြီး အတင်း ထပ် စီစဉ် လိုက် မှာ စိုးတာ နဲ့ သမီး မစောင့်တော့ဘူး လက်ထပ်ဖို့ က စီစဉ် ပြီး ဖြစ် နေပြီ ။ သမီးတို့ အစီအစဉ် မဖျက်ပါရစေ နဲ့ တော့ သမီး ကို ယုံပါ မေမေ ခွင့်ပြု ခဲ့လို့ စီစဉ်မိခဲ့ တာပါ ဆို ပြန်ပြော လိုက် ရတာပေါ့ နီလာ ”
“ ဒါဆိုလည်း ပြီးတာပဲပေါ့ ။ လာတော့ မှ သမီး အိမ်ထောင် မပြုချင်သေးလို့ ဒီအတိုင်း ပဲ နေပါရစေဆို ပြောလိုက်ပေါ့ ”
“ ရ မှာ မဟုတ်ဘူး ။ ငါ တစ်ယောက်တည်း နေ တာ ကို စိတ် မချတာပဲ ။ လုပ်တာ က လည်း ကုမ္ပဏီ မှာ ဆိုတော့ ရှင်းရှင်း ပြော ရရင် နီလာ ရယ် ၊ နိုင်ငံခြားသား တစ်ယောက် ယောက် နဲ့ ငြိ သွားမှာ စိုးတာ ”
မမ စကား ကြောင့် နီလာ ပါ ငိုင် သွားသည် ။ အတော်လေး ကြာ မှ -
“ မမ ”
“ ပြောလေ ”
“ ဇိုးမောင်မောင် တစ်ယောက် လောက် ရှာပါလား ။ လင် ငှား လေ ”
“ ဟယ် အဓိပ္ပာယ် မရှိတာ ၊ ဘယ်လိုလုပ် ဖြစ်မှာလဲ ”
နီလာ က ပြုံး လိုက်ပြီး -
“ စကား အရ ပြောကြည့်တာပါ မမ ရယ် ၊ အဲ ဒီလိုလုပ် ယောက်ျာ မငှားချင် ရင် ယောက္ခမ ငှားပါလား ”
“ ဘာ ”
“ ယောက္ခမ လေ ၊ အဲဒါက အန္တရာယ် ကင်းတယ် ။ ယောက်ျား က တော့ အရေးတကြီး ခရီးထွက်သွား တယ်ပေါ့ ။ မိုးကုတ် ဖက်စပ်တွင်း မှာ ကျောက်ပွင့် လို့ ပေါ့ ။ ယောက္ခမကြီး ပဲ အိမ် မှာ ကျန်နေခဲ့တယ်ပေါ့ ။ ဒါမှ မဟုတ်ရင်လဲ လက်ထပ်ပြီး တဲ့ နေ့ ညနေ မှာ ပဲ ယောက်ျား က ကား မတော်တဆ ဖြစ်လို့ ဆုံးသွားပြီ ပေါ့ ။ ငှား ထားတဲ့ ယောက္ခမ က လည်း စိတ် ထိခိုက် နေလို့ ဘယ်သူ နဲ့ မှ စကား မပြောဘူး ဆို လုပ် ထားလိုက် ။ နည်းနည်း ပါးပါး ပြောပြီးတာ နဲ့ တစ်နေရာရာ ငြိမ် ထိုင်နေရုံ ပဲ ။ စကား များများ မပြောရ တော့ အမှား လည်း မပါတော့ဘူး ”
“ အင်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ စိတ် မချမ်းမြေ့စရာ ကြုံ ထားတာ ဆိုပြီး မေမေတို့ က လည်း အတင်းတော့ အမေး အမြန်း မထူနိုင် လောက် ပါဘူး ။ ဒါပေမယ့် ...”
“ ဘာဖြစ်လဲ ”
“ ဘယ်သွား ရှာမလဲ ”
“ တကယ် ငှားမှာလား ”
“ ဘာလဲ နီလာ့ အမျိုး ထဲ မှာ ရှိ လို့လား ”
“ မဟုတ်ဘူး အရပ် ထဲ မှာ ရှိတယ် ။ အဲဒီ အဘိုးကြီး က အလွန် ပျော် တတ်တယ် ။ သူ ငယ်ငယ် က ပြဇာတ်မင်းသား လုပ်ဖူးတယ် တဲ့ ။ သရုပ်ဆောင် လည်း ပိုင်တယ် ။ ဘယ့်နှယ့်လဲ ”
မမ မှာ စိတ်ဝင်စား သွားသည် ။ နီလာ ၏ အကြံဉာဏ် မှာ ကောက်ရိုး တစ်မျှင် မှန်း သိ သော်လည်း သူ က ရေနစ် နေသူ မဟုတ်လား ။ မမ တို့ သည် အအေးဖိုး ကို ခေါ် ရှင်းလိုက်ပြီး ကားလေး နှင့် ထွက်ခဲ့သည် ။
••••• ••••• •••••
ဘ ၏ အိမ်ရှေ့ သို့ ရောက်သော အခါ ကား ကို ရပ် လိုက်ပြီး ။
“ ဟို အဘိုးကြီး ပဲ မမ ”
ဘ မှာ သူ့ အိမ် ရှေ့ တွင် ပက်လက်ကုလားထိုင် နှင့် ထိုင် ၍ ဂျာနယ် တစ်စောင် ဖတ် နေသည် ။ မမ က
“ အဘိုးကြီး က အသက် မကြီးလွန်းဘူးလား ”
“ အသက် ကြီးတော့ ဘာဖြစ်လဲ ယောက်ျား ရဲ့ အဘိုး လို့ ပြောမှာပေါ့ ”
သို့ဖြင့် မမ နှင့် နီလာ တို့သည် ကား ပေါ် မှ ဆင်း ကာ ခြံတွင်း သို့ ဝင် သွား ကြသည် ။ ဘ သည် ဖတ်လက်စ ဂျာနယ် ကို ပိတ် လိုက်ပြီး ခြံတွင်း သို့ ဝင် လာသော မမ နှင့်နီလာကို အကဲ ခတ် လိုက်သည် ။
“ ဘ ”
“ ဗျ ”
“ သမီးတို့ ဘ ဆီ က အကူအညီ တောင်းချင်လို့ ”
“ ဘာများပါလိမ့် ”
“ သမီးတို့ က ယောက္ခမ အတု လုပ်ပေးဖို့ လူ ရှာ နေတာပါ ”
“ ဟေ - အတု လုပ်စရာ ရှားလို့ ကွယ် ယောက္ခမ အတု လုပ် ပေးရမယ် လို့ အရောင်းသွက် တစ်ဆယ် ထဲ မှာ လည်း ယောက္ခမ ကို မတွေ့မိပါဘူး ”
“ မဟုတ်ဘူး ဘ ရဲ့ ဒီလိုပါ ”
မမ က သူ ကြုံတွေ့ နေရ သမျှကို အသေးစိတ် ပြောပြ လိုက်ပြီး ။
“ အဲဒါ ဘ ဆီ က အကူအညီ လိုချင်လို့ ”
“ ဖြစ်ပါ့မလား အေ ”
“ ဖြစ်ပါတယ် ဘ ရဲ့ ”
“ အင်း - သမီး တို့ လိုက် ကူညီချင် ဦး တော့ ဘ အိမ် မှာ က ဘ တစ်ယောက် တည်း ။ ဘ မွေး ထားတဲ့ ခွေးလေးတွေ ကြောင်လေးတွေ က ရှိ သေးတယ် ”
နီလာ က ...
“ အဲဒီ အတွက် မပူပါ နဲ့ နီလာတို့ အိမ် က ဟိုဘက် လမ်းသွယ် ထဲ ကပါ ခွေးလေးတွေ ကြောင်လေးတွေ နီလာ စောင့်ကြည့် ပေး ပါမယ် ။ ည ည တော့ နီလာ့ မောင်လေး စောင့် အိပ်ခိုင်း ပေးပါ့မယ် ”
“ ညရေး ညတာ အတွက် သိပ် မပူပါဘူး ။ ခွေးလေး ကြောင်လေးတွေ အစာ လာ ကျွေး ပေးရင် ကို ဖြစ်ပါတယ် ”
“ ဒါဖြင့် ကူညီမယ်နော် ”
ဘ က ခေါင်းညိတ် လိုက်သည် ။
••••• ••••• •••••
မြရိပ်ငြိမ်ခြံကြီး ကို ဘွားစွာ ပိုင် ပါသည် ။ ခြံကြီး ၏ အလယ် မှာ ရေကန် တစ်ကန် ရှိပြီး ရေကန် ၏ နောက်တွင် ကြီးမားသော တိုက်ကြီး ရှိ နေသည် ။ မြရိပ်ငြိမ် ၏ အရေးကိစ္စ မှန်သမျှ ကို ယခု အချိန်တိုင် ဘွားစွာ က သာ စီမံ အုပ်ချုပ် နေဆဲ ဖြစ်ပါသည် ။ ထို့ကြောင့် မြရိပ်ငြိမ် နှင့် ယှက်နွယ်နေသော ကိစ္စ မှန်သမျှ ၏ အဆုံးအဖြတ် သည် ဘွားစွာ ၏ အဆုံးအဖြတ် သာ ဖြစ် ရသည် ။ ယခု လည်း ဘွားစွာ ၏ သား ဦးသော်တာ နှင့် ဇနီး တို့ မန္တလေး သွားမည့် ကိစ္စ မှာ ....
“ ငါ့ မြေး ငါ မတွေ့ရတာ ကြာပြီ ငါ သွားမယ် ”
ဟူသော အဆုံးအဖြတ် ကြောင့် ဦးသော်တာ တို့ မှာ နောက်ဆုတ် ပေး လိုက်ရ လေတော့သည် ။
“ သော်တာ ”
“ မေမေ ”
“ ငါ့ မြေး ဆီ ကို ဖုန်း ဆက် လိုက် နက်ဖြန် ည ရထား နဲ့ လိုက် လာမယ် ၊ သဘက်ခါ လာကြို လို့ ”
“ ဟုတ်ကဲ့ ”
••••• ••••• •••••
ထိုအချိန် မှာ ပင် ...
“ ကိုကို ကျွန်တော် တို့ ဘ ဆီ အလည် သွားကြဦးစို့လား ။ မရောက်တာ ကြာပြီ ”
“ မင်း ဆေးခန်း က ”
“ သူငယ်ချင်း ခေါ်ပြီး ထိုင်ခိုင်း ထားခဲ့ရင် ရပါတယ် ။ မနေ့က သူငယ်ချင်း တစ်ယောက် နဲ့ တွေ့ခဲ့တယ် ။ သူ က ဆေးခန်း မရှိသေးဘူး တဲ့ ”
“ အဲဒါဆိုလည်း သွားလေ ဘ မြို့သစ် ပြောင်း ပြီး မှ တို့ လည်း ရောက်သေးတာ မဟုတ်ဘူး ”
“ သွားမယ် ဆိုရင် တော့ နက်ဖြန် သွားရမှာ ပဲ ။ သူငယ်ချင်း က လည်း နောက် ရက် တစ်ပတ်လောက် နေရင် ဆေးခန်း တစ်ခု မှာ အလုပ် ဝင်မယ် ပြော နေတာ ”
••••• ••••• •••••
ရထား က ဝင် လာတော့ မည် ။ မမ သည် ရင်ဆိုင်ရမည့် ပြဿနာ အတွက် စိတ်မော နေသည် ။ ဘေး မှ အဖေါ် လိုက် သော နီလာ သည် ပင် အမော ကူး နေပြီ ။
“ ဟော”
ရထားကြီး ဝင် လာပါပြီ ။ ကြို နေသော လူထုကြီး လည်း ပျာယာ ခတ် သွားသည် ။
“ ဟိုမယ် - ဟိုမယ် ”
မမ သည် နီလာ ၏ လက် ကို ဆွဲ၍ ရထား ပေါ် မှ ဆင်း လာသော သူ့ အဘွား အား ပြေး ကြိုသည် ။ ဘွားစွာ သည် မမ ၏ ဘေးမှ နီလာ ကို ကြည့် ကာ -
“ ဟဲ့ - ညည်း က ယောက်ျား ရ နေပြီဆို သူ က ...”
“ မမ သူငယ်ချင်း ပါ နီလာ တဲ့ ”
မမ က ဘွားစွာ ခေါ်လာသော အလုပ်သမား လက် မှ အိတ် ကို ဆွဲယူ လိုက်သည် ။ နီလာ က ကူ သယ် ပေးသည် ။
“ ညည်း ယောက်ျား က ရော ”
“ လာပါ ဘွား ရယ် အိမ် ရောက်တော့ ပြောပြပါ့မယ် ”
ကား ဆီ သို့ ရောက်သောအခါ သွားစွာ အား နောက်ခန်း တံခါး ဖွင့်ပေး လိုက်သည် ။
••••• ••••• •••••
ကကအငှားကားလေး သည် အရှိန် လျှော့ ၍ ရပ်လိုက်ပြီး
“ ဒါ အစ်ကိုတို့ ပြောတဲ့ လိပ်စာ ပဲ ”
ကိုကို က ကားခ ထုတ်ပေး လိုက်သည် ။ ညီညီ က အိတ် များ ကို ဆွဲ ကာ ကား ပေါ် မှ ဆင်းလိုက်သည် ။
“ ဟိုမယ် အိမ်နံပါတ် က တော့ ဟုတ်တယ် ။ တံခါး သော့ ခတ်ထားပါလား ”
“ ကိုကို နှင့် ညီညီ သည် ဘ ၏ အိမ်ရှေ့ မှာ ယောင်ချာချာ ဖြစ် နေစဉ် ဘေးအိမ် မှ လူ တစ်ယောက် က ထွက်လာပြီး -
“ ငါ့ ညီ တို့ က ဧည့်သည်တွေ လား ”
“ ဟုတ်ပါတယ် ။ ကျွန်တော်တို့ က ဘ ရဲ့မြေး တွေ ပါ ။ ဒီ အိမ် က ဘ အိမ် မဟုတ်လား ”
လူကြီး က ခေါင်းညိတ် ပြသည် ။
“ ငါ အလုပ် ဆင်း နေတဲ့ တိုက် ရဲ့ ဘေး ခြံ ထဲ မှာ တော့ မနေ့ က မြင်ခဲ့ တာပဲ ။ အလည် သွား နေတာ ထင်တယ် ”
“ ကျွန်တော်တို့ ကို လိုက်ပို့ ပေးပါလား ”
“ ရပါတယ် ငါ လည်း ခု အလုပ် သွားမှာပဲ ”
ကိုကို က ညီညီ ဘက် လှည့်လို က်ပြီး
“ ညီညီ မင်း လိုက်သွား အိတ်တွေ ထားခဲ့ ငါ စောင့် နေမယ် ”
••••• ••••• •••••
“ ဖြစ်မှ ဖြစ်ရလေ မမ ရယ် ... ”
မမ က မျက်နှာ ငယ်ငယ် ဖြင့် ခေါင်း ငုံ့ ထိုင် နေသည် ။ နီလာ လည်း တုတ်တုတ်မျှ မလှုပ်ရဲ ။ ဘ သည် လည်း ပြတင်း ပေါက် မှ အပြင် သို့ ငေးကြည့် ရင်း ငြိမ် နေသည် ။ ဘွားစွာ မှာ မမ ပြော သမျှ ကို နား ရှိ ၍ သာ ကြား လိုက်ရသည် ။ ယုံရ ခက်ခက် ဖြစ်နေ ။ သက်သေ ဆိုသော နီလာ ကို လည်း မသင်္ကာ ။ သတို့သား ၏ အဘိုး ဆိုသော ဘ ၏ ပုံစံ က လည်း သံသယ ဝင်စရာ ၊ ဘွားစွာ ၏ စိတ် ထဲ မှာ အရေးပေါ် ဆင် ထားသော လုပ်ဇာတ်ကြီး ဟူ ၍ သာ ထင် နေ ပါသည် ။ ဘွားစွာ သည် အတော်ကြာ ငြိမ် နေလိုက်ပြီး မှ -
“ မဖြစ်ဖူး ဒီအတိုင်း ဆိုရင် သင့်တော်ရာ တစ်ယောက် ယောက် နဲ့ အမြန် စီစဉ် မှ ဖြစ်မယ် ။ အိမ်ထောင်ပျက် ဆို ရင် ပတ်ဝန်းကျင် က လေးစား ချင် တာ မဟုတ်ဘူး ”
မမ သည် ဘွားစွာ အား မရဲတရဲ ကြည့် ကာ ...
“ စဉ်းစားပါဦး ဘွား ရယ် ”
“ ဒီမယ် ငါ စဉ်စား နေတာ ညည်း ပြောင်းရ ကတည်း က ဘယ်နှယ့်တော် မိန်းမပျိုလေး တစ်မြို့တစ်ရွာ မှာ တစ်ယောက် တည်း နေရတယ် လို့ ”
“ တစ်ယောက် တည်း မဟုတ်ပါဘူး နီလာ ရှိပါတယ် ”
“ နီလာ ရှိတော့ ပိုတောင် အန္တရာယ် များ သေးတယ် ။ မိန်းကလေး တစ်ယောက် တည်း နေ ရင် ပြဿနာ တစ်ခု ၊ နှစ်ယောက် နေရင် နှစ်ခု ။ ဒါပဲ ငါ ဆုံးဖြတ် လိုက်ပြီ ရန်ကုန် ပြန် ရောက်တာ နဲ့ ဟိုက အစီအစဉ် ကို ပြန် ဆက်ရမယ် ”
ထိုစဉ် တိုက်တံခါးဝ သို့ ညီညီ ရောက် လာသည် ။ ဘွားစွာ က လှမ်း ကြည့် လိုက်ပြီး -
“ ဘာကိစ္စလဲ ကွယ့် ”
“ ဒီမှာ အဘိုးကြီး တစ်ယောက် များ ရောက်နေ သလား လို့ ဘ ဆိုတာ ”
မမ က ကပျာကယာ ထ ရပ် လိုက်ပြီး
“ ကျွန်မ ယောက်ျား ရဲ့ အဘိုး ကို မေး တာလား ”
ညီညီ မှာ အံ့အားသင့် သွား သည် ။
“ ဗျာ ”
“ ဟို ကျွန်မ အမျိုးသား ရဲ့ အဘိုး လေ ”
ဘ က တံခါးဝ သို့ လှမ်း ကြည့် သည် ။ ညီညီ နှင့် အကြည့်ချင်း ဆုံ သွားသည် ။
“ ဘ ”
“ နေပါဦး ရှင် ”
“ ကျွန်တော် က ဘ ရဲ့ မြေး ပါ ”
“ ဟင် ”
ဘွားစွာ က တံခါးဝ သို့ လျှောက် လာပြီး ။
“ ဟဲ့ - ဘာတွေ ဖြစ် နေတာတုန်း ”
“ အဲ - အဲ မင်း - မင်း ဟုတ်ပါဘူး ဆရာ ”
“ ဟုတ်ပါတယ် ဘွား ကျွန်တော် ရန်ကုန် က ဆရာဝန် ပါ ”
“ ဘယ်လို ဘယ်လို လုပ်ပြီး ဒီ ရောက် လာတာတုန်း ”
မမ က အံ့အားသင့် ကြည့် နေသည် ။
“ ဘ က ကျွန်တော့် အဘိုး လေ အလည် လာ တာ ။ ဒီ ရောက် နေတယ် ဆို ပြောလို့ လိုက် လာတာ ”
ဘွားစွာက မမ ဘက် လှည့် ကြည့်သည် ။
“ ကဲ ... ကျုပ် ကို နားလည် အောင် ရှင်းပြကြပါဦး ။ တော် တို့ ဇာတ်ရှုပ် ကို ပေါင်ချိန် လက် အပ်ရမှာလား ”
မမ မှာ ဘာ ပြောရမည် မသိ ဖြစ် နေသည် ။
“ ပြောလေ တော် ပြောတော့ ဒီ အဘိုးကြီး ရဲ့ မြေး နဲ့ ချစ် နေတာ ဆို ။ မင်္ဂလာ ဆောင် တယ် ဆို ”
“ အို ..”
မမ က ခေါင်းငုံ့ ထားသည် ။
ဘ က ဝင် ၍
“ ဒီလိုပါ .. ”
အကြောင်းစုံ ပြောပြ လိုက်သည် ။
ညီညီ သည် မမ ကို လှမ်း ကြည့် လိုက်သည် ။ အကြည့် ချင်း ဆုံသွား၏ ။ ဘ သည် ဘွားစွာ ၏ အရိပ်အကဲ ကို ကြည့် လိုက်ပြီး မှ ...
“ ကြုံကြိုက် တိုက်ဆိုင် နေတုန်း ပြောပါရစေ ။ ကျုပ် ကို စိတ် မဆိုးဖို့ ကြိုပြီး တောင်းပန်ပါမယ် ။ ကျုပ် ဒီမှာ ခဏ နေ လိုက်ရ ပေမယ့် မမ ရဲ့ အပြောအဆို အနေအထိုင် ကို သဘောကျ မိ ပါတယ် ။ ဒါကြောင့် စကား နောက် တရားပါ ဆို သလို ကျုပ် မြေး နဲ့ ပေးစားဖို့ ကြောင်းလမ်း ပြောဆို ခွင့်ပြုမယ် ဆိုရင် .... ”
ဘွားစွာ နှင့် မမ သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက်မိသည် ။ ဘ က -
“ ကျုပ် မြေးတွေ အတွက် တာဝန် ယူ ထား ရတာ နားချင် ပြီဗျာ ၊ သူတို့ ကို ထိန်း နေတဲ့ တာဝန် မဟုတ်ပါဘူး ။ အမွေထိန်း တာဝန် ပါ ”
“ သူ့ မိဘတွေ က ”
“ နိုင်ငံခြား မှာ သူတို့ ညီအစ်ကို အတွက် သိန်း တစ်ရာ အပ် သွားတယ် ။ မင်္ဂလာ ဆောင် ပြီး မှ သူတို့ ကို ပေး ရ မှာ သူ့ အတွက် ငါးဆယ် ကိုကို အတွက် ငါးဆယ် ”
ဘ က စကား အဆုံး မှာ နီလာ ကို လှမ်း ကြည့် လိုက်သည် ။ နီလာ နှင့် မမ က တစ်ယောက် လက် တစ်ယောက် ဆုပ် လိုက်၏ ။ ဘွားစွာ မှာ သိန်းငါးဆယ် ဆိုသော စကား ကြောင့် မျက်တောင် ပုတ်ခတ် ပုတ်ခတ် ဖြစ် သွားသည် ။
“ ကျုပ် သဘော က တော့ ဆရာ့ ကို လည်း သိ နေတာ ဆိုတော့ ငြင်းစရာ မရှိပါဘူး ”
ဘွားစွာ က သူ့ မြေး ကို လှည့် ကြည့် လိုက်သည် ။ ဘ က -
“ လူကြီးတွေ သဘော ကျ ပေမယ့် လူငယ်ချင်း နှစ်သက် လက်ခံ နိုင်ရဲ့လား ဆိုတာ မေးကြည့်ပါဦး ”
“ မလိုပါဘူး တော် ကျုပ် မြေး အတွက် ကျုပ် တာဝန် ယူတယ် ”
“ ကျုပ် က လည်း ကျုပ် မြေး ကျုပ် ပိုင် ပါတယ် ။ ကဲ ကိုယ့် မြေး ကိုယ် ပိုင်တယ် ဆိုရင် စေ့စပ်လိုက်ပြီ လို့ သဘော ထား လိုက်လေ ။ သူတို့ မိဘတွေ အကြောင်းကြား ခေါ်ပြီး မင်္ဂလာ ကိစ္စတော့ ဆက် အစီအစဉ် ခိုင်းရတော့ မှာ ပေါ့ ”
“ ဘ ”
ညီညီ ၏ အသံ က ရုတ်တရက် ပေါ်လာသည် ။ မမ က ညီညီ ကို လှမ်း ကြည့် လိုက်သည် ။
“ ဘာလဲ ”
“ လူငယ်တွေ သဘော လည်း မေးတော့ မေးသင့်ပါ သေးတယ် ”
“ ဟေ့ ဘာလဲ မင်း က ငါ လက် နဲ့ ရေး တာ ကို ခြေ နဲ့ ဖျက် မလို့လား ”
မမ က လည်း မျက်စောင်း ထိုး လိုက်သည် ။
“ မဟုတ်ပါဘူး ။ ကျွန်တော့ သဘော က မင်္ဂလာ ကိစ္စ ကို လည်း ဘ တို့ ဘွား တို့ ပဲ တစ်ခါတည်း စီစဉ်ပေးဖို့ ”
ညီညီ စကား ကြောင့် အားလုံး ပြုံးမိ ကြလေသည် ။ သည် တစ်ခါ မမ ၏ မျက်စောင်း တွင် မူ ဒေါသ မပါတော့ ပါ ။
◾ကံချွန်
📖 ကလျာ မဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၉၉
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment