Wednesday, June 7, 2023

ယောက်ျား ဟူသည်


 ❝ ယောက်ျား ဟူသည် ❞



ပက်ပက်စက်စက် ရိုင်းရိုင်းပျပျ ဆဲရေးသံ ကြောင့် ရီးဆေးရိုး ခေါင်းထောင် ကြည့် မိသည် ။ သူ၏ မြေးချစ် မြေးချော မောင်ကိုကြီး ပါ တကား ။ 


ဆဲသံ ၏ အဆုံးတွင် အတိုင်နွား ၏ ကျောရိုးဘေး သို့ နှင်တံ ရောက် လာသည် ။ ရိုက်သံ မှာ ကြောက်ရုံ လန့်ရုံ သတိပေးပုံ မဟုတ် ၊ မြင့်မားသော ထန်းပင် ပေါ် မှ ထန်းသီးစိမ်းကြီး ကြွေကျ လာ သံ မျိုး ဖြစ်သည် ။ ချက်ချင်းပင် နွား ၏ ကျော ပေါ် တွင် ဖူးဖောင်း နေ သော အရှိုး ရာ အစင်းကြီး ပေါ်လာသည် ။


“ လူလေးရယ် ၊ အပင်ပန်း ခံ ပြီး နတံ ( နှင်တံ ) နဲ့ ရိုက် မနေပါနဲ့ကွာ ၊ ဓား နဲ့ သာ ခုတ်ပြီး လျှော်တွဲ လိုက် ပါတော့ ”


စောင်ခြုံ ထဲ မှ ကိုထွန်းရ က မျက်နှာလွှဲ နေနိုင် ငြား ရီးဆေးရိုး မနေနိုင်ပါ ။ လွှတ်ခနဲ ပြောပစ် မိပြီ ။ သည် မြေး ကို ရီးဆေးရိုး ချစ်၏ ။ ဂုဏ်တင်၏ ။ သို့ဖြစ်ငြား အချိုး မပြေ ၊ ကြည့်မရ ။


ချစ်ခြင်း ၊ ဂုဏ်တင်ခြင်း မှာ ရီးဆေးရိုး မသိသော ၊ မကြားဖူးသော သိပ္ပံပညာ အကြောင်း ကို သည် မြေး ပြော၏ ။ ပိုးမွှား အကြောင်း ဆွေးနွေး တတ်၏ ။ သည် နှယ် ပြောဆို ဆွေးနွေးသောအခါ “ ကိုဆေးရိုး မြေး က အလာကြီးပဲ ” ပြောကြ၏ ။ သို့အတွက် ဂုဏ် တင်မိ သည် ။ သို့ရာတွင် ယခု သော်ကား ကြည့် မရချေ ။ မျက်လုံး ထဲ တွင် စပါးမွေး ဝင် နေသော နှယ် ရှိသည် ။ 


ကြည့်လေ ၊ စပါးမှုန် စပါးမှော် တွေ ပေါ် ထိုင်ပြီး လိုက်သွားရမည့် သူ က တစ်ရာကျော် ပေးရသော ဝက်ဝံ ပုဆိုး ဖြင့် ။ အလှူအတန်း ၊ မင်္ဂလာဆောင် သွားခြင်း မဟုတ် ၊ ဆန်စက် ကို ဆန် ကြိတ်ရန် သွားခြင်း သာ ဖြစ်သည် ။ ပုဆိုး သာ လော မဟုတ်သေးပါ ။ ကတ္တီ ပါသဲကြိုး အနီ နှင့် သားရေဖိနပ် မှ မစီးရလျှင် သေမည် ဖြစ် သဖြင့် ဖအေ နှင့် မအေ မှာ ရှာဖွေပြီး ဝယ်ပေး ရ၏ ။ လယ်ပြင်သွား လည်း စီး ၊ ခြေရေစို ဖြင့် လည်း စီး ၊ ယခု စီးထားပုံ ကလည်း သဲကြီး ကို ဆွဲ ဖဲ့ သည့်နှယ် လိမ် ခေါက်ပြီး စီး ထား ပြန်သည် ။ 


“ ပြောမနေနဲ့ အရီး ရာ ”


ကိုထွန်းရ အသံ သည် ချည့်နဲ့ လွန်း ပေသည် ။


“ ငါ လည်း မပြောဘူးလို့ ပါ ကွာ ၊ ခုတော့ .... ”


ရီးဆေးရိုး ၏ စကား မဆုံးမီ လှည်း ပေါ် မှ မြေးချစ် အသံ ပေါ် လာလေသည် ။


“ မဟုတ်ဘူး ဘ ရ ၊ သည် နွား ကို က ”


ရီးဆေးရိုး ထ ရပ်သည် ။ ချုပ်တည်း ထား ပါလျက် မျက်လုံးအစုံ ကို ဒေါသမီး လောင် နေသည် ။ 


“ ဘာ မဟုတ်တာလဲ ၊ နွား က မဟုတ်တာလား ၊ မင်း က မဟုတ်တာလား ”


စပါးလှည်း သည် မရွေ့  ။ မရွေ့ ငြား နွား ကို မောင်ကိုကြီး ထပ်ဆင့် မရိုက်ဝံ့ ။ ဖအေ နှင့် ဘိုးအေ ကို ငုတ် တုတ် ထားပြီး ပျစ်ပျစ်နှစ်နှစ် ဆဲ လိုက်မိသည့် အတွက် ငြိမ်နေရသည် ။ သူ့ ဘ ( အဘိုး ) မှာ ပိန် သလောက် ဒေါသ ကြီးသည် မဟုတ်လား ။


ရီးဆေးရိုး က လှည်း နောက်မြီး ကို လက်ညှိုး ထိုးပြသည် ။


“ ဒါ စပါး တင်တာလား ဟင် ၊ သည်လို စပါး တင် တာ ဘယ်မှာ မင်း မြင်ဖူးသလဲ ဟင် ”


ရိုင်ပတ် အောက် တွင် ဂုန်အိတ် ခံ ထားသည် ။ ဂုန်အိတ် က ရိုင်ပတ် ၏ အတွင်း သို့ ဝင်နေ သဖြင့် စပါးစေ့ များ လှည်း လှုပ်တိုင်း ပျိုးကြဲ ဘိ သို့ ထွက်အန်ကျ ဆင်း ရန် ပြူတစ် နေကြသည် ။ ထို ရိုင်ပတ် ကို ထိန်းရန် အတွက် လှည်း ရံတိုင် နှစ်ဖက် ကို ဆက်သွယ် ကာ ကလန့် ထား သော ‘ နောက်တားတုတ် ’ ဝါးလုံး မှာ ကွဲ ကြေ နေသည် ။ ရိုင်ပတ် တွင်း က စပါး ၂၅ တောင်း ၏ ဖိအား ကို မခံနိုင် သဖြင့် ကွေးညွတ် နေ ချေသည် ။ 


“ ဆင်းခဲ့စမ်းပါဦးကွ ၊ ဒါဟာ စပါး တင်တာ လား ” 


လှည်းပေါ် သို့ တက်ဆွဲ မတတ် နီး၍ နီး၍ ကပ်၍ ကပ်၍ လာ ချေသည် ။ ကိုကိုကြီး လေးကန်တုံ့နှေး စွာ ဆင်း လာသည် ။


“ အောက် က ခံတဲ့ ဂုန်အိတ် က ဘာပြုလို့ ခံတာလဲ ” 


ကိုကိုကြီး မှာ ပါးစပ် မပါသူ သို့ ရှိချေသည် ။ 


“ မသိဘူး မဟုတ်လား ၊ မသိရင် ဘာပြုလို့ ဆန် ကြိတ် ဖို့ သွားမယ် ဆိုပြီး လုပ်ရသေးလဲ ” 


“ အိမ် မှာ ဆန် မှ မရှိတော့တာဘဲ ဘက လည်း ၊ ပြီး တော့ အဖေ က လည်း နေမကောင်းဘူးဆိုတော့ ”


ရီးဆေးရိုး သည် ပါးစပ် ပိတ်လျက် ရယ်သံ ပြု၏ ။ သာဓု ဗျာ သာဓု ဟု ငေါ့ လိုက်သေး၏ ။


“ အေး ... စပါး တင် တဲ့ အခါ မှာ ဂုန်အိတ် ရှိရင် ဂုန်အိတ် ၊ ဂုန်အိတ် မရှိရင် နွားသားရေ နှစ်ချပ် ဆက် ခင်း ရတယ် ။ နွားသားရေ မရှိရင် စပါးလှန်း ဖျာ ခင်း ရတယ် ။ ခင်းတဲ့ အခါမှာ လေးဖက်လေးတန် မှာ ရိုင်ပတ် ရဲ့ အပြင် ကို အစ ထွက်အောင် ခင်း ရတယ် ။ ဒါမှ စပါးစေ့ တွေ မယိုမဖိတ် ၊ မလေမလွင့် မှာ ပေါ့ ”


ကိုကိုကြီး ၏ မျက်လုံး အစုံ သည် ရိုင်ပတ် အောက် ခြေ သို့ ခိုးကြောင်ခိုးဝှက် ရောက်သွား ပြီးမှ သူရဲဘော ကြောင်စွာ မျက်လွှာ ချ ထားလေသည် ။


“ အခုတော့ ငါ့မြေး စပါး တင်ထားပုံ က ရွာ လည် ပြီး စပါးကြဲ တဲ့ ပုံပါ ကလား ၊ အင်း သည်ပုံ တင် ရင်တော့ ကျောက်ခဲတွေ တင် လာတောင် အိမ် ကို ပါ မှာ မဟုတ်ဘူး ”


အောက်ခံ ဂုန်အိတ် ကို ထိုးသော လက်ညှိုး သည် နောက်တား တုတ် ပေါ်သို့ ရောက်သွား ပြန်၏ ။ 


“ နောက်တား ဝါးလုံးက ဘာပြုလို့ ထည့်တာလဲ ” 


“ ဘ ကလဲ ဗျာ ၊ သိသားနဲ့ ”


“ ဘ သိပေမဲ့ မင်း သိဖို့ လိုသေးတယ်လေ ”


“ ရိုင်ပတ် ပွင့် မကျအောင် ခံထားတာပေါ့ ဘရဲ့ ” 


“ ဟုတ်ပြီ ၊ မင့် ဝါးလုံး ကို သေသေချာချာ ကြည့် စမ်းပါ ။ စပါးစေ့တွေ အိကျ လာတဲ့ ဒဏ် ကို ခံနိုင်ပါ့မလား ”


ကိုကိုကြီး မဝံ့တဝံ့ ကြည့်သည် ။


“ ရဲရဲ ကြည့်ပါကွာ ၊ မကိုက်ပါဘူး ”


ရယ်ရ အခက် မရယ်ရ အခက် နှင့် ကိုကိုကြီး မှာ မနေတတ် မထိုင်တတ် ဖြစ်ရ ချေပြီ ။


“ ဘယ့်နှယ်ကွာ ၊ မင်း ဟာ ထမင်းစား နေတာပဲ ။ သည် ကြွေမွ နေတဲ့ ဝါးဟာ စပါး အစိတ် ရဲ့ ဖိအား ကို ခံ နိုင် ၊ မခံနိုင် စဉ်းစားဖို့ ကောင်းတာပေါ့ ။ သည်အတိုင်း သာ မောင်း သွားရင် အိမ်ခြံဝမှာ တင် ပွင့် ထွက်ပြီး စပါး အားလုံး ဖုန် ထဲ ရောက် ကုန်မှာပဲ ”


ကိုကိုကြီး သည် ဝါးလုံး အသစ် လဲရန် ဟိုဟိုသည်သည် ကြည့်ငြား အရွယ်သင့် ဝါးလုံး ကို မမြင် ။ 


“ ကဲပါလေ ၊ ဝါးလုံး ကို နောက်မှ ရှာတာပေါ့ ။ မတွေ့တဲ့ အခါ ဝါး အရှည်ကြီး ကို ပြီးစလွယ် ပိုင်စလွယ် ခုတ် ၊ ပြန် ဖြတ် ပစ်တာပေါ့ကွာ ။ ကဲကဲ လာပါဦး ”


ရီးဆေးရိုး ရွှေ့ပြောင်း ရာ သို့ ကိုကိုကြီး လိုက် လာ ရသည် ။ သူ့ က ညွှန်ပြသော အရာမှာ အတိုင်နွား ။


“ ကြည့်စမ်းပါဦး ၊ မင့် နွား ဖြစ်နေပုံ ကို ။ ဘယ်ဘက် နံဘေး နဲ့ ညာဘက် နံဘေး ကပ် နေပါရောလား ကွာ ။ မနက်စောစော အိပ်ရာက ထ လာတဲ့ နွားဟာ ဗိုက်ပြည့် နေ စမြဲ ။ အခု ဗိုက်ဟောင်းလောင်း နဲ့  ၊ ပြီးတော့ သည် ရာသီ မှာ နွားစာ လည်း မရှားသေးပါ လား ငါ့ မြေး ရ ” 


ဆောင်း ၏ အငွေ့အသက်များ မကုန်သေးသော ကြောင့် လယ်ပြင် ရှိ ရိုးပြတ်များ အညွန့် ထွက်သည် ။ ကန်သင်းများ ပေါ် တွင် ငုံးငုံး တို အောင် ရိတ် ထားသည့် မြက်များ က လည်း နှင်း အားကိုး ဖြင့် အညွန့် လူ သည် ။ ထို့ကြောင့် နွားများ ကို လွှတ် ကျောင်းဦး ၊ ဝသည် ၊ ဖီးသည် ။ အစိုဓာတ်ကလေး မပြေးမီ ထယ်ထိုး ရသော လယ်ကွက်များ ရှိငြား မကျယ်ဝန်းလှ ။ သို့အတွက် နွားများ မှာ အခိုက်အတန့် တွင် ပင် ပင်ပင်ပန်းပန်း လုပ် ရသည် မရှိချေ ။


“ သည် အချိန်ဟာ နွားတွေ အား မွေးပြီး သန်စွမ်း ဝဖြိုး နေတဲ့ အချိန်ပဲ ။ အဲဒါနဲ့ တောင် စပါးအစိတ် ကို ဘီး လိမ့်အောင် မရုန်းနိုင်တာ နွား အပြစ်လား ၊ လူ့ အပြစ်လား လူကလေး ”


ပေးစရာ ဆင်ခြေ ကို ကိုကိုကြီး ရှာ၏ ။ မတွေ့သေး ။


“ ဘယ်မှာ ရုန်းနိုင်ပါ့မလဲ ၊ အစာ မှ မကျွေးဘဲကိုး ကွ ၊ နွား တစ်ကောင် ကို နှစ်ထောင် ကျော် ၊ သုံးထောင် ပေး မှ တူတူတန်တန် နွား ကို ရတယ် ။ ရပြန် တော့လည်း ဝအောင် ကျွေးရတယ် ” 


“ ကျွေးပါတယ် ဘ ရာ ”


ခေါင်းကြီး ယမ်း လျက် ကိုကိုကြီး ချေပသည် တွင် ကိုထွန်းရ က လည်းပြန် ကြည့်သည် ။


“ ကျွေးပါ့ဗျာ ကျွေးပါ ၊ ခိုင်းနွားကြီး နှစ်ကောင် ကို တစ်နေ့လုံး မှ ခြင်းကြားတောင်း နဲ့ သုံးလေးတောင်း ၊ တစ်ခါတလေ တစ်တောင်း ၊ အဲ လုံးလုံး မကျွေးတဲ့ အခါများတောင် ရှိသေး ” 


“ လုံးဝ မဟုတ်ဘူး ”

 

ခက်ထန်သော မျက်နှာထား ဖြင့် ကိုကိုကြီး အော် ၏ ။


“ ဘာလို့ အော်ရလဲ လူလေး ၊ မင့် အဖေ ကို ဘာပြု လို့ အော် တာလဲ ”


“ မဟုတ်တာတွေ ပြောတာကိုး ဘ ရ ”


ရီးဆေးရိုး ပါးစပ် ကို ပိတ်လျက် ရယ်မော ပြန်ရာ က “ မင့် အဖေ ထွန်းရ က မင့် ကို မဟုတ်တာပြောတယ် ။ ဟုတ်လား ” မေးသည် ။


“ ဟုတ်တယ် ဘ သည်နွား အခု လို ပိန် နေတာ ရောဂါ ရှိလို့ ”


“ ရောဂါ ရှိနေမှန်း သိရင် ဆေးလေး ဘာလေးများ ငါ့မြေး တိုက်ဖူး သလား ”


ကိုကိုကြီး မှာ ခံတွင်း မဲ့ ငါး ဖြစ်ရ ပြန်ပြီ ၊ 


“ ငါ့ အမေ မျက်နှာ မြင်တုန်း နွားတွေ ကို ငါ ဂရု စိုက်မယ် ဆိုတဲ့ စိတ် မရှိဘူး ။ ငါ့ အဖေ နေမကောင်း လျက် နဲ့ ထ ပြီး နွားစာ မစဉ်း ရအောင် ငါ လုပ်မယ်ဆို တဲ့ စိတ် ငါ့ မြေး မှာ မရှိဘူး ၊ ရွာရိုးကိုးပေါက် အရည် မရ အဖတ်မရ လျှောက် လည်တယ် ။ နွား ကို ဝအောင် မကျွေးချင် ပေမဲ့ ခိုင်းစရာ ရှိတော့ မတန်တဆ ခိုင်း ၊ မညှာမတာ ရိုက် ။ ငါ့ မြေး မှာ လူတို့ ရှိအပ်တဲ့ ကိုယ်ချင်းစာ တရား မရှိဘူး ။ လူ လို မသိရင် လူ မဟုတ်ဘူး ”


ဘ ၏ စကား လွှသွားများ သည် တစ်ခွန်း ထက် တစ်ခွန်း ၊ တစ်လုံး ထက် တစ်လုံး ချွန်မြ လာသည် ။ ထက်မြက် လာသည် ။ စူးရှလွန်း လာသည် ။ 


“ အစာ ဝအောင် မစားရဘဲ ပင်ပန်းတကြီး ရုန်းရ ကန်ရ တာ တစ်မျိုး ၊ အရိုက်အနှက် ကြမ်းလို့ တစ်မျိုး အားပြတ် ဒဏ်ပိပြီး သည် နွား သေသွားပြီ ဆိုပါတော့ ။ ဘယ့်နှယ် လုပ်မလဲ ကဲ ”


စကား အတုံ့အပြန် ကို ရီးဆေးရိုး စောင့်၏ ။ သူ့ မြေး သည် ကြီးကြီးကျယ်ကျယ် ပြော တတ်သော

စကားတတ် မဟုတ်လား ။ သို့တစေ ကိုကိုကြီး မပြောပါ ။


“ နွား တစ်ကောင် သေရင် မင့် အဖေ နဲ့ မင့်အမေ ဘယ်လိုမှ အစား မဝယ်နိုင်ဘူး ၊ အဲဒီတော့ မင်း က ပြောမယ် ၊ အစိုးရ က ခိုင်းနွား ဝယ်ယူဖို့ ငွေထုတ် ချေး သားပဲ ပြောလေကွာ ”


ကိုကိုကြီး မပြောနိုင်ပါ ။ ခိုင်းနွား ဝယ်ရန် အမတော်ကြေး ကို လက်လွတ်စပယ် ထုတ် မပေးကြောင်း သူ ကြားဖူး ၍ ဖြစ်သည် ။ ဟွန်းခနဲ ရီးဆေးရိုး လေမှုတ် သံ ဖြင့် စကား စ သည် ။


“ ရေ ဆိုတာ ချို နဲ့ လား မေးရမယ့် ‘ လင်းဇင်း သောက် ’ လယ်သမား ။ နွား ဝေး လို့ ၊ ဆိတ် ဝယ်ဖို့ တောင် အခြေအနေ မရှိတဲ့ ‘ လင်းဇင်း ’ သမား က အမတော်ကြေး ရလည်း ပြန် ဆပ်နိုင်မှာ မဟုတ်ဘူး ။ ဒီတော့ မှ သေသွားတဲ့ နွား နေရာမှာ မင်း ဝင် ရုန်းမလား ” 


“ အရီး က လည်း ကြံကြံဖန်ဖန် ပြော နေပြန်ပါပြီဗျာ ”


သမက်တော် ကိုထွန်းရ က လှမ်း ပြော သဖြင့် ရီးဆေးရိုး နား နေ ချိန် ရသည် ။ သမက် ကို ငဲ့စောင်း ကြည့်သည် ။


“ နွား တစ်ကောင် နဲ့ ပြိုင် ရုန်းဖို့ နေနေသာသာ ၊ လှည်း ကို တောင် ဟို နား ကနေ ဒီ နား အရွှေ့ ခိုင်းရင် ရှုံ့ နေတာပဲ ”


လှည်း နွား ရှိသော လယ်သမားများ သည် အခါ ခပ်သိမ်း နွား ကို မသုံးရေ ။ တောင်ပိုင်း က လှည်း ကို မြောက်ပိုင်း သို့ ငှားလာသည် ။ အိမ် မှ လှည်း ကို တလင်း ထဲ သို့ ယူ လာသည် ။ ပြောပ လောက်အောင် ဝေးကွာ ခြင်း မရှိ ။ ထိုအခါတွင် လည်းဦး တွင် လူ နေပြီး လှည်း ကို နောက်ပြန် ထိုး ခြင်း ဖြင့် ရွှေ့ပြောင်း ကြသည် ။ 


“ ရွာတောင်ဖျား နဲ့ မြောက်ဖျား သာ လှည်း ရွှေ့ ရရင် အရီး မြေးတော့ သေမလားပဲ ”


ရီးဆေးရိုး ခေါင်းဆတ် လိုက်ရာ က သူ့ မြေး ကို စေ့စေ့ ကြည့် ကာ စကား ဆက် ပြန်သည် ။ 


“ အဲသည်တော့ နွား ကို ဝအောင် ကျွေး ရတယ် ။ သူ့ ကို ခိုင်းတော့ ခိုင်းချင်တယ် ၊ အစာတော့ ဝအောင် မကျွေးဘူး ဆိုရင် မတရားဘူး ။ အေး တစ်ခုတော့ ရှိ သပေါ့ကွာ ၊ နွား ကျွေး ရတာ အလုပ် များတယ် ၊ လယ်ထွန် ရာ ‘ လှည်းတိုက် ’ ရာ မှာ နွားအစား ကျုပ် ရုန်းမယ် ကတိ ပေးလို က်ရင် နွား နှစ်ကောင်လုံး ရောင်း ပစ်လိုက် ၊ ဘယ့်နှယ်လဲ ”


ကိုကိုကြီး မှာ လူးသာလွန့်သာ ပင် မရှိ ရအောင် အကျဉ်းအကျပ် ကို ကျရောက် လေပြီ ။ 


“ ငါ့ မြေး ရဲ့ ခြေသလုံး ပလွေရိုး နဲ့ ၊ လက်မောင်း ကောက်ရိုးမျှင် နဲ့ ဘယ်လို လုပ် ထွန် ထဲ လှည်းထဲ မှာ ရုန်းနိုင် မလဲ ။ မရုန်းနိုင်ပါဘူး ၊ ငါ့ မြေး တောင် ဗိုက် ထဲ မှာ အစာ မရှိတဲ့အခါ ဘာမှ မလုပ်ချင် သေးရင် နွား လည်း သက်ရှိ သတ္တဝါ ပဲ ၊ ဘယ်မှာ လုပ်နိုင်မလဲ ။ အဲ သည် လို ကိုယ်ချင်းစာတရား ထား ရမယ် ၊ လူ မှန်ရင် ကိုယ်ချင်းစာ တရား ရှိတယ် ။ ငါ့ မြေး ဟာ လူ ဆိုရင် ကိုယ်ချင်းစာတရား မွေး ပါ ကွာ ”


ရီးဆေးရိုး သည် သူ့ သမက် ဘေး သို့ ပြန် ထိုင်ရာ က ရေနွေးကြမ်း တစ်ခွက် မော့လိုက်ပြီး နောက် “ စပါးတွေ ပုတ်ထဲ ပြန် ထည့် ၊ စပါး ကြိတ်ဖို့ ကနေ့ မသွားနဲ့  ။ နွား တွေ ကို တစ်နေ့လုံး ဝ အောင်ကျွေးဦး ” ဟူ၍ ဆက် လက် ကာ ပြောနေ ပြန်သည် ။



ဓာတ်ပေါင်းစု ဘုရား ဘက် မှ နေရောင်ခြည် သည် ထန်းတော ထဲ မှ နှင်းထု ကို ဖောက်ခွဲလျက် ရမ်းဘိုကုန်း ရွာဘက် သို့ ကျဆင်း လာလေ၏ ။ နေရောင်ခြည် လာ လျှင် မီးဖို ထဲ သို့ ဆင်း ထိုင်မ

တတ် ဝန်းပတ် နေသူ များ သည် တဖြည်းဖြည်း နောက်သို့ ဆုတ်၏ ။ ရီးဆေးရိုး လည်း ဘာဘူစောင် ( ကု,လားစောင် ) ကြီး ကို ကိုယ် မှ ခွာ ကာ ပခုံး ပေါ် ခေါက်ပြီး တင်သည် ။ ဆေးလိပ်တို ကို ကောက် ကိုင်ရင်း ထ ရပ်ရာ က သူ့ သမက် ကို ငုံ့ ကြည့် သည် ။


“ မီးဖိုနား မှာ ကုပ် ထိုင် နေတော့ အညောင်း မိပြီး နေထိုင် မကောင်း ပို ဖြစ်တာပေါ့ကွာ ။ ဆန့်ဆန့်ရန့်ရန့် ရပ် ပြု ပြီး နေရောင် ထဲ သွား လေကွာ ”


ကိုကိုကြီး သည် စပါး သယ်နေရာ က သူ့ အဖေ ကို လှမ်း ကြည့်၏ ။ ဖြူဖပ်ဖြူရော် နှင့် သူ့ အဖေ ကို အာဟာ ရ ချို့တဲ့ သည် ၊ ပါးစပ် အလို လိုက်ကာ အာဟာရ ဖြစ်မည့် အစားအစာ ကို မစား ဟု ပြောချင်စိတ် ဖျက်ခနဲ ပေါ် လာ၏ ။ ပေါ်လာငြား မပြောနိုင် ။ ချွေးဒီးဒီး ကျ လျက် ပါးစပ် ဟ နေရသည် ။


ရီးဆေးရိုး စပါးမှုန် နှင့် ချွေး နှင့် လုံးထွေး နေသည့် မြေးချစ် ကို ကြည့်ပြီး ပီတိ ဖြစ် နေသည် ။ သို့သော် ခေတ္တ သာ ရပ်ကြည့် ခဲ့ ပြီး နောက် ခေါင်းရင်း ဘက် မှ လှည့် လျက် နောက်ဖေး ဘက် သို့ လျှောက် လာ၏ ။ 


“ ကျီးဒန် ရေ ၊ ချက်ရေးပြုတ်ရေး ရှိသေး မဟုတ်လား ”


ရီးကျီးဒန် က လှည့် ၍ သော်မှ မကြည့်သည့် အတွက် ‘ မီးအိုးကင်း ’ ဘေးရှိ နနွင်းထိန်ထိန် ဖြင့် သမီးကြီး ဘက် သို့ အာရုံ ရောက် သွား၏ ။


“ ပြန်မနေပါနဲ့ အမေ ရာ ၊ သည်မှာပဲ စားလိုက် ပေါ့ ။ အဖေ လည်း သည်မှာ စားရင် ပြီးတာ များ ” 

သည်အသံကြောင့် သမီး ထံ အာရုံ ရောက်သွား ကာ “ နေကောင်းလား မိန်းကလေး ” ဟု လှမ်းမေး၏ ။ 


“ ကောင်းပါတယ် အဖေ ”


“ အေး အေး ၊ အစားအသောက် အနေအထိုင် သတိထား ။ သွေးနု သားနု နဲ့ စိတ်ပူစရာ စိတ်ဆင်းရဲ စရာ မတွေး နဲ့ ၊ ဒေါသ မဖြစ် နဲ့ ၊ ကြားလား ” 


“ ဟုတ်ကဲ့ပါ အဖေ ”


သားဖွား အတတ်ပညာ တိုးတက်လာပြီ ဖြစ်ငြား ရီးဆေးရိုး ရော ရီးကျီးဒန် ပါ မျက်နှာ မြင်သူ ကို စိုးရိမ်မြဲ စိုးရိမ်ဆဲ ရှိ၏ ။ သားဖွားသူ ကို မီးနေသည် ဟု ထင်မြဲ ထင်ဆဲ ရှိ သေး၏ ။ တစ်နေ့ လျှင် သင်္ချိုင်းကုန်း သို့ မျက်စောင်း သုံးခါ ထိုး ရသည် မြင်နေဆဲ ရှိသေး၏ ။ သို့အတွက် ရီးကျီးဒန် သည် လင်း သည် နှင့် သမီး ထံ ရောက်သည် ။ အိမ် ပြန်လိုက် သမီး ထံ လာလိုက် ဖြင့် ‘  ကြက်ခြေထောက် ’ ဖြစ်သည် မှာ ညဉ့် နက် မှ ရပ်တော့၏ ။ ယနေ့မူ ကလေး ကင်ပွန်းတပ်ရန် အတွက် ကောက်ညှင်းဆန် ရွေးရာ မှ မြေးမ အကြီး ကို မြည်တွန် နေရ သဖြင့် ရုတ်တရက် မထ ဖြစ် ။


“ မိန်းကလေး တဲ့ တော် ၊ ဆန် လည်း မပြာ တတ် ၊ မချ တတ် ၊ မဝိုင်း တတ် ပါကလား ။ အံ့ပါ့တော် ၊ ဆန် မ ဝိုင်း တတ်ပေမဲ့ ထမင်း ဖြောင့်ဖြောင့် ချက် တတ်ရင် တော်သေးရဲ့ ။ မနပ်ရ တဲ့ နေ့ နဲ့  ၊ ထမနဲ ဖြစ်သွားရတာ နဲ့ ၊ တူး သွားရတာ နဲ့ ။ ပျော့လည်း ပျော့ ၊ တူး လည်း တူး နဲ့ ဘယ်မှာ အသုံးကျ သတုံး ”


သူ့ ကိုယ်စား မြည်တွန် တောက်တီး သူ ပေါ်လာ သည့် အတွက် မချောစိန် မှာ သမီး ကို ပြုံးပြုံးကြီး စိုက် ကြည့် နေ၏ ။


“ အံ့ပါ့ တော် ၊ ဒါ မိန်းမ တဲ့ ။ ဓား ကို ကိုင်တဲ့ နေရာ မှာ ချ ပစ် ခဲ့တယ် ။ ကြက်သွန် လို ချင်ရင် အခွံတွေ ထဲ မှာ မြွေကိုက် မတတ် မွှေ မှ ကြက်သွန် ရတယ် ။ ဆီအိုး တဲ့ ၊ တစ်အိုးလုံး ရွှဲ နေတာ ။ ဒါပေမဲ့ ကိစ္စ မရှိပါဘူး ၊ အဖုံး ကို အမြဲ လှပ် ထားတော့ နင့် လင် အိမ်မြှောင်တွေ ရော ၊ ပိုးဟပ်တွေရော ဆင်းပြီး သေတော် ခေါ် နေကြတော့တာ ပေါ့ ။ လား လား လေ ... ငါ လုပ်လိုက်ရ ၊ ဒါ ငရုတ်သီး ‘ သီတံ ’ ထားတဲ့ နေရာလား ”


ရီးကျီးဒန် သည် ကောက်ညှင်းဆန် တောင်း ကို ပုဆိုးစုတ် နှင့် အုပ်ပစ် ခဲ့ကာ မဖုံးရ သေးသော အိုးများ ကို ရေစို အဝတ် ဖြင့် လိုက်လံ အုပ်လွှား နေ၏ ။ ဤ သည် မှာ အိမ်တော်ထိန်း သမီးကြီး ခင်ခင်ကြီး ၏ တာဝန် ။ သည်အရာများ ကို ဝင် လုပ်ရ သဖြင့် ဒေါသ ဖြစ်သည် ။ ဒေါသ ဖြစ်ဆဲ တွင် ‘  ဖဲထီးကိုင်း သံချောင်း ’ ကို နင်းမိ၏ ။ ငရုတ်သီး ကို မီးကင်ရာ တွင် ‘ သီတံ ’ ကို သုံး ရသည် ။ သို့ရာတွင် ၀ါးသီတံ ကို သုံး ပါက မကြာခဏ မီးကျွမ်းသည့် အတွက် ဖဲထီး သံချောင်း ကို သုံး ရသည် ။ သည် သီတံ က အိုးတွေ ကြားထဲ ရောက် နေသော အခါ ရီးကျီးဒန် ၏ လက် က ခင်ခင်ကြီး ၏ ငယ်ထိပ် နား သို့ ဝဲ သွား၏ ။


ရီးဆေးရိုး အား ထမင်း ပြင် ကျွေးချိန် အထိ ရီးကျီးဒန် ပါးစပ် မှာ မပိတ်သေး ။ ငရုတ်ဆုံ ၊ ဆားအိုး ၊ နနွင်းဘူး ၊ ဆန်အိုး ၊ ယောက်မ ထားပုံ သိုပုံများ ၊ ထင်း ထဲ တွင် လက်နှီး ( လက်ခု ) စုတ် ရောက် နေခြင်း အစ အဆက် မပြတ် ပြော နေ၏ ။ ရံဖန်ရံခါ လည်း အဆဲကလေး အတိုင်းအထွာကလေး ညှပ် သေး၏ ။


“ မအေ ကို ခွေးကိုက် သလို ကိုက် တဲ့ မိန်းမ ၊ ပြန် ပြောလေ ၊ စည်းကမ်းတကျ မထားတော့ ရေငုံ နေရပြီ မဟုတ်လား ”


မချောစိန် က လည်း ဝင် ပင့်သည် ။ ရီးဆေးရိုး ကား မြေးမကြီး ကို လှမ်း အကြည့် တွင် မျက်ရည်တသုတ်သုတ် နှင့် တညှစ်ညှစ် လုပ်နေသည် ကို မြင်ရသည့် အတွက် ဝင်ရောက် လေပြေ ထိုး၏ ။


“ ငို နေလို့ မပြီးဘူး မြေးရဲ့ ၊ ' ကိုယ့်တာ ' ကို လုံ အောင် လုပ်ရင် ဘယ်သူ့ အပြော မှ မခံရဘူး ။ အမေကြီး ပြောတာတွေ ဟာ ငါ့ မြေး ကောင်းဖို့ ၊ လိမ္မာဖို့ ပြောနေ တာ ဟ ”


ခင်ခင်ကြီး သည် ဘိုးအေ အား မျက်လုံး တစ်ချက် လှန် ကြည့်သည် ။ ခွန်းတုံ့ ကား မပြန့်ပေ ။ ရီးဆေးရိုး မှာ နားငြီး သော် လည်း နားငြီး သည် မပြောသာ သဖြင့် အပြေးအလွှား လက်သုတ်သည် ။



နွားတင်းကုပ် အတွင်း ရှိ နွားစာခေါင်း ( နွားစားခွက် ) မှ အသံများ ထွက်ပုံ ကွန့်မြူးနေ၏ ။ နွား နှာ မှုတ်သံ ၊ နှာသီးဖျား မှ ရေ တစက်စက် ကျနေသံများ ။ သည် အသံများ သည် ရီးဆေးရိုး အတွက် မင်္ဂလာ ရှိသော အသံ ။ သို့ကြောင့် သူ အားရပါးရ ပြုံးသည် ။ သို့သော် နွားစာခေါင်း နား ကပ် သွားလျှင် ဖွဲနုနံ့ က သင်းကြိုင်မြဲ ။ ယခု မည်သည့် အနံ့ မျှ မရ ။ သို့အတွက် နွားစာ တစ်ဆုပ် ကို နှိုက်ယူ မိကာ နမ်း ကြည့်တော့မှ သတိ ရသည် ။ ‘ ဟုတ်သားပဲ ၊ ဖွဲနု က ဆန်စက် မှာ တောင် ရှားနေတာ ကပဲ ’ တွေးမိသည် ။ သို့ရာတွင် နှမ်းဖတ် အနံ့ ကား ရသည် ။


“ ဟေ့ လူလေး ၊ နဘတ် ( နှမ်းဖတ် ) ထည့် တာ မနည်းဘူးလား ကွ ။ မင်း ပဲ ပြောတယ် မဟုတ်လား ၊ ကောက်ရိုး က အား မဖြစ်ဘူး ဆို ”


မောင်ကိုကြီး လှည့် မကြည့်ပါ ။ မန်ကျည်းပင် ရိပ် ကို ခိုလှုံ လျက် ခြေနင်း ဓား ကို အဆက်မပြတ် နင်း နေသည် ။ ဓား ကြွသံ စဉ်းဖြတ်သံ များ ညံ နေသော ကြောင့် ဘ အသံ ကို မကြားခြင်း ဖြစ်တန်ရာ၏ ။ နွား စာ စဉ်းသော စင်ဘေး တွင် နွားစာတွေ အလျှံပယ် ဖြစ် နေပြီ ။ ခြင်းကြားတောင်းများ ထဲ တွင် မောက်မို့ နေ သည် ။ နွားစာ ကျ သော ‘ တံလျှောက် ’  အောက် က ရိုင်ပတ် ထဲ တွင် လည်း ပြည့်လု မတတ် ရှိနေပြီ ။ 


“ ဘ တော့ စားခဲ့ပြီးပြီကွာ ၊ မင်း ကော မဆာသေးဘူးလား ”


မောင်ကိုကြီး မော့၍ ပင် မကြည့်ပါ ။ သည်အခါ တွင် မကြား ၍ မဟုတ် ၊ စိတ်ကောက် နေခြင်းဖြစ်သည် ဟု ရီးဆေးရိုး နားလည် ပြီ ။ လည်သော် ငြား ပြုံး ပင် ပြုံးမိ သေးသည် ။


“ ငါ့ မြေး က ခု မှ ၁၆ နှစ် ။ သူ့ ကို ပြော ဟယ် ဆို ဟယ် မာန် ဟယ် မဲ ဟယ် လုပ်တဲ့ ဟာ ကို စိတ် ဆိုးရ စိတ်ကောက် ရ မှာပေါ့ ။ သေခါနီးကြီး တွေ တောင် ကောက်ရတာ နဲ့ ကွေးရတာ နဲ့ ရှိကြ သေးတာ ၊ ငါ့ မြေး က ကလေး ပဲ ရှိသေးတာ လား ”


သို့သော် ရီးဆေးရိုး ၏ နှုတ် မှ ထွက် မလာပါ ။ ရီးဆေးရိုး ၏ နှုတ်မှ ထွက်လာသည့် စကားများ မှာမူ


“ ဒါမှ ယောက်ျားကွ ယောက်ျား ဆိုတာ တာဝန် သိတယ် ၊ ဘယ်သူ့ အပြော မှ မခံ ရအောင် လုပ်မယ် ဆိုတဲ့ မာန ရှိမှ ယောက်ျား ၊ ဒါမှ ဘ မြေး ကွ ” ဟူ၍ ပါ ပေတည်း ။


◾ဆင်ဖြူကျွန်းအောင်သိန််း


📖 ကိုဆေးရိုး ဝတ္ထုတိုပေါင်းချုပ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment