❝ မုန့်လုံးလေး ❞
ဟို ရှေးရှေးတုန်း က ရွာ တစ်ရွာ မှာ ဆင်းရဲသား အဘိုးကြီး နဲ့ အမယ်ကြီး လင်မယား နှစ်ယောက် ရှိကြ သတဲ့ ။ တစ်နေ့ ကျ တော့ အဘိုးကြီး က “ ဟေ့ ရှင်မ ရေ ... ဒို့ မုန့်လုံး မစားရတာ ကြာပြီ ကွာ ။ မုန့်လုံး လုပ် ကျွေးစမ်းပါ ” လို့ ပြော သတဲ့ ။ အဲဒါနဲ့ အမယ်ကြီး က လည်း ပြောင်းဖူးစေ့ နဲ့ ဆန်စေ့တွေ ရော ထောင်းပြီး မုန့်လုံး လုပ် သတဲ့ ကွယ့် ။ အဲဒီ မုန့်လုံး က အထဲ မှာ ထန်းလျက် နဲ့ အုန်းသီးမှုန့်ကလေး တွေ ကို ရော ထည့် ထားပြီး အပေါ် က သကာရေ ဆမ်း ထား သတဲ့ ။ ပြီးတော့ မုန့်လုံး ခြောက် သွား အောင် ပြတင်းပေါက် ဘောင်ကလေး ပေါ် ကို တင် ထား လိုက်တယ် ။ တော်တော်လေး ကြာ တော့ မှ မုန့်လုံးလေး ဟာ ပြတင်းပေါက် ဘောင် ပေါ် က လိမ့် ပြီး တံခါး နား က ခုံရှည်လေး ပေါ် ကျ သွား တာပေါ့ ။ ခုံရှည်လေး ပေါ် က နေ တစ်ခါ လိမ့်ပြီး ကြမ်းပြင် ပေါ် ကို ကျသွား ပြန် သတဲ့ ။ အဲဒီလိုနဲ့ တစ်ဆင့် တစ်ဆင့် ကျ သွား လိုက်တာ ကြမ်းပြင် ပေါ် က နေ မြေကြီး ပေါ် ၊ မြေကြီး ပေါ် က နေ လမ်း ပေါ်အထိ ရောက်သွား ရော တဲ့ ။ လမ်း ပေါ် လည်း ရောက် သွား ရော မုန့်လုံးလေး ဟာ လိမ့် သွားရင်း လိမ့် သွားရင်း ယုန်လေး တစ်ကောင် နဲ့ တွေ့သွား ရော တဲ့ ။ ယုန်ကလေး နဲ့ တွေ့တယ် ဆိုရင်ပဲ ယုန်ကလေး က “ ဟေ့ ... မုန့်လုံး မင်း ကို ငါ စားမယ် ” လို့ ပြောလိုက် သတဲ့ ကွဲ့ ။ အဲဒီတော့ မှ မုန့်လုံးကလေး က “ ကျွန်တော့် ကို မစားပါနဲ့ဦး ။ သီချင်းကလေး တစ်ပုဒ် လောက် ဆိုခွင့် ပေးပါဦး ခင်ဗျာ ” လို့ တောင်းပန် ရှာ တော့ ယုန်ကလေး က လည်း သီချင်း ဆိုခွင့် ပြုလိုက် သတဲ့ ။ ဒါနဲ့ မုန့်လုံးကလေး က အောက် က သီချင်းကလေး ကို ဆိုလိုက် သတဲ့ ။
“ မုန့်လုံး မုန့်လုံး
ပြောင်း နဲ့ ဆန် နဲ့ ရောလို့လုံး
မုန့်လုံးလေး က ချိုပေတာ
သကာ လောင်းထားတာ
ဘိုး နဲ့ ဘွားဟာ နေလှန်းထား
မုန့်လုံး လိမ့်လို့သွား
ယုန်ငကြွား ရဲ့ ကြည့်စမ်းကွာ
မုန့်လုံး ဟောဒီ မှာ
မင်း စား မှာ မြင်လို့လား
မုန့်လုံး လိမ့်လို့သွား ”
မုန့်လုံးကလေး က အဲဒီ သီချင်း လည်း ဆို ပြီးရော ယုန် က ဖမ်းပြီး မစားနိုင်ခင် လိမ့်ပြီး ထွက်ပြေး သွား သတဲ့ အဲဒီလို လိမ့် ရင်း မုန့်လုံးကလေး ဟာ ဝံပုလွေ နဲ့ တွေ့ သွား ပြန်ရော တဲ့ ။ ဝံပုလွေ က လည်း “ ဟေ့ ... မုန့်လုံး မင်း ကို ငါစားမယ် ” လို့ ပြောလိုက် သတဲ့ ။ အဲဒီတော့ မှ မုန့်လုံးကလေး က “ ကျွန်တော့် ကို မစားပါနဲ့ဦး ။ ကျွန်တော် သီချင်း တစ်ပုဒ် လောက် ဆိုပါရစေဦး ” လို့ ပြောလိုက် သတဲ့ ။ ဝံပုလေ က လည်း ဆိုခွင့် ပြုလိုက်တာ ပေါ့ ။ အဲဒီတော့ မုန့်လုံးကလေး က ...
“ မုန့်လုံး မုန့်လုံး
ပြောင်း နဲ့ ဆန် နဲ့ ရောလို့လုံး
မုန့်လုံးလေး က ချိုပေတာ
သကာ လောင်းထားတာ
ဘိုး နဲ့ ဘွားဟာ နေလှန်းထား
မုန့်လုံး လိမ့်လို့သွား
ကိုယုန်ငကြွား တွေ့တော့လေ
မုန့်လုံး လိမ့်ခဲ့ပေ
ဝံပုလွေ ရေ ကြည့်တော့
မုန့်လုံး ပြေးလေပေါ့ ”
လို့ မုန့်လုံးကလေး က သီချင်း ဆို လိုက်ပြီး ဝံပုလွေ လိုက် မဖမ်းနိုင်ခင် ထွက်ပြေး သွား သတဲ့ ကွဲ့ ။ အဲဒီလို နဲ့ မုန့်လုံးကလေး ပြေး လာ လိုက် တာ ဝက်ဝံကြီး တစ်ကောင် နဲ့ ထပ်ပြီး တွေ့ ပြန်ရောတဲ့ ။ ဝက်ဝံ က လည်း “ ဟေ့ ... မုန့်လုံး မင်း ကို ငါ စားမယ် လို့ ပြောလိုက် ပြန် သတဲ့ ။ မုန့်လုံး က လည်း “ ကျွန်တော် သီချင်း တစ်ပုဒ် လောက် ဆိုပါရစေဦး ” လို့ တောင်းပန် ပြန် တာပေါ့ ။ အဲ ... ဝက်ဝံ က လည်း သီချင်း ဆိုခွင့် ပြုလိုက် ပြန်ရော တဲ့ ။
“ မုန့်လုံး မုန့်လုံး
ပြောင်း နဲ့ ဆန် နဲ့ ရောလို့လုံး
မုန့်လုံးလေး က ချိုပေတာ
သကာ လောင်းထားတာ
ဘိုး နဲ့ ဘွားဟာ နေလှန်းထား
မုန့်လုံး လိမ့်လို့သွား
ကိုယုန်ငကြွား နဲ့ တွေ့တော့လေ
မုန့်လုံး လွတ်ခဲ့ပေ
ဝံပုလွေ ကျပြန်တော့
မုန့်လုံး လွတ်ခဲ့ပေါ့
ဝက်ဝံ နဲ့ တော့ ကြည့်ပါဟေ
မုန့်လုံး လွတ်ပြီလေ ”
လို့ အော်ပြီး ဝက်ဝံကြီး မဖမ်းနိုင်ခင် ထွက်ပြေး ပြန် ရော တဲ့ ။ အဲဒီလိုနဲ့ မုန့်လုံးကလေး လွတ်လာ လိုက်တာ နောက်ဆုံး မြေခွေး နဲ့ သွား တွေ့ရော တဲ့ ။ မြေခွေး က တော့ ယုန် တို့ ၊ ဝံပုလွေ တွေ ၊ ဝက်ဝံ တို့ လို “ မင်း ကို ငါ စားမယ် ” လို့ မပြောဘဲ ” ဟေ့ ... မုန့်လုံး …. မင်း ဘယ်သွား မလို့လဲ ” လို့ လှမ်း မေး လိုက် သတဲ့ ။ အဲဒီတော့ မုန့်လုံး က လည်း “ မင်း မမြင်ဘူးလား ... ငါ လမ်း အတိုင်း လျှောက်သွား နေတာ ” လို့ ပြန် ဖြေ သတဲ့ ။ ဒီတော့ မြေခွေး က “ နေစမ်းပါဦး ... ခင်ဗျား မသွားခင် ကျုပ် ကို သီချင်း တစ်ပုဒ် လောက် ဆိုပြခဲ့ပါဦး ” လို့ ပြောတော မုန့်လုံးကလေး က ...
“ မုန့်လုံး မုန့်လုံး
ပြောင်း နဲ့ ဆန် နဲ့ ရောလို့လုံး
မုန့်လုံးလေး က ချိုပေတာ
သကာ လောင်းထားတာ
ဘိုး နဲ့ ဘွား ဟာ နေလှန်းထား
မုန့်လုံး လိမ့်လို့သွား
ကိုယုန် ငကြွား နဲ့ တွေ့တော့လေ
မုန့်လုံး လိမ့်ခဲ့ပေ
ဝံပုလွေ ကျပြန်တော့
မုန့်လုံး လွတ်ခဲ့ပေါ့
ဝက်ဝံ နဲ့ ကတော့ အညာမိ
မုန့်လုံး လွတ်တယ် အဟိ
မင်း လည်း ကြည့်ပေါ့ မြေခွေးရာ
မိမယ် ထင်သလားကွာ ”
လို့ အော်ပြီး သီချင်း ဆို လိုက်သတဲ့ ။ ဒီတော့ မြေခွေး က ... “ ဟ ... မုန့်လုံး ရ မင်း သီချင်း က သိပ် ကောင်း ပါလား ။ နောက် တစ်ခါ ငါ့ နှာခေါင်း ပေါ် တက် ပြီး ဆိုစမ်းပါဦး ” လို့ တောင်းပန် တော့ မှ မုန့်လုံး က လည်း မြေခွေး ရဲ့ နှာခေါင်း ပေါ်ကို ခုန် တက်ပြီး အခုန ဆို တဲ့ သီချင်း ကို တစ်ခါ ထပ် ဆိုလိုက် ပြန် သတဲ့ ။ အဲဒီတော့ လည်း မြေခွေး က “ မင်း သီချင်း က သိပ်ပြီး နားထောင် ကောင်းတာကိုး ကွ ။ ကဲ ... ကဲ ... ဒီတစ်ခါ ငါ့ လျှာ ပေါ် တက်ပြီး ဆိုစမ်းပါဦး ” လို့ ဆိုပြီး လျှာ ထုတ် ပေး လိုက် တော့ မုန့်လုံး က လည်း လျှာ ပေါ် ကို ဆင်း လိုက် သတဲ့ ။ မုန့်လုံး လျှာ ပေါ် ရောက် လာတယ် ဆိုရင်ပဲ မြေခွေး က လျှာ ကို လိပ် သွင်း လိုက်ပြီး မုန့်လုံး ကို ဝါးမျို စား လိုက်ရော တဲ့ ။ အဲ ... အဲဒါနဲ့ .. ပြီးရော
◾ဉာဏ်ဝင်း
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၆ ၊ ဇွန်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment