❝ တွေ့မြင်လိုရေးငယ်နှင့် ❞
“ ထွန်းမောင် ရေ ... ဟေး .. ထွန်းမောင် ”
“ ဟဲ့ ... ဘယ်သူတုံး ”
အချိန်မှာ ည ခုနစ်နာရီ ကျော် လောက် ရှိပေပြီ ။ အိမ် ရှေ့ မှ တစ်စုံ တစ်ယောက် သော သူ က အစ်ကိုထွန်းမောင် အား လှမ်း ခေါ် နေသဖြင့် အမေ က လှမ်းမေး လိုက်၏ ။
“ ကျွန်တော် ပါ ကြီးကြီး ”
“ ဟဲ့ ... ဘရင် လား ”
“ ဟုတ်ကဲ့ ”
“ ဘာကိစ္စလဲ ၊ ဝင်ခဲ့လေဟယ် ”
“ ထွန်းမောင် ကော ကြီးကြီး ”
ရေနံဆီမီးခွက် ရှေ့တွင် ဗိုင်းငင် နေသော အမေ့ ကို မတ်တတ်ရပ် ကြည့် ၍ ကိုဘရင် က ထပ် မေး၏ ။
“ ညနေစာ စားပြီး ကတည်း က အရှေ့ရွာ ဘက် ကို ထွက် သွားလေရဲ့ ၊ ဘိုးချမ်းမြ တို့ အိမ် နေမှာပေါ့ ”
အရှေ့ ရွာ က ဘိုးချမ်းမြ ၊ ဒေါ်ငွေယုန် တို့ ၏ သမီး မေလှိုင် နှင့် အစ်ကိုထွန်းမောင် တို့ ချစ်ကြိုက် နေကြသည် ကို သဘော မကျသော အမေ က အစ်ကိုထွန်းမောင် အရှေ့ ရွာ ဘက် ကို ထွက်သွားသည် ဆို ကတည်း က ဘိုးချမ်းမြ တို့ အိမ် ကို သွားတာ ဖြစ်ရမည်ဟု အတပ် စွဲလိုက်သည် ။
“ နင် က ထွန်းမောင် ကို ဘာကိစ္စ ရှာ တာလဲ ”
“ ဪ ..... ကိစ္စ အထူး မရှိပါဘူး ကြီးကြီးရယ် ၊ “ ပြင်သာလယ် ” သွားကြမလား လို့ပါ ။ ဟို တစ်နေ့ ကပဲ ထွန်းမောင် ကို ကျွန်တော် သေသေချာချာ မှာထားတယ် ”
“ ပြင်သာလယ် သွားကြမလား လို့ပါ ” ဆိုခြင်း မှာ ဘင်္ဂလားကမ်းခြေ ကို “ လိပ်ဥ ” လယ် ရှာ သွားကြမည် ဟု အဓိပ္ပာယ် ရ လေသည် ။ ကျွန်တော်တို့ ဆီ က ပင်လယ်လိပ် တစ်မျိုး ကို ပြင်သာ ဟု ခေါ်၏ ။
ပြင်သာလယ် သွားကြမည် ဆိုသော ကိုဘရင် ၏ စကား ကို ကြားရ မှ ကျွန်တော် က ကိုဘရင် ကို စူးစိုက်ကြည့် မိသည် ။ ကိုဘရင် ၏ ပခုံး ပေါ် တွင် ပုဆိုး အပို တစ်ထည် နှင့် သူ့ လက်တစ်ဖက် တွင် တစ်လံ နီးပါး ရှည်သော သံချောင်း တစ်ချောင်း ကို မြင် ရ၏ ။ ဤသည် မှာ ဘင်္ဂလားကမ်းခြေ သို့ လိပ်ဥရှာ ထွက်သူ တို့ ၏ လက်နက် ကိရိယာများ ပေ တည်း ။
“ နင် က သေသေချာချာ မှာ ထားပေမယ့် ပြင်သာ လယ် သွား ဖို့ ဘယ် သတိ ရနိုင်ပါ့မလဲ ဘရင် ရယ် ။ နင် လည်း ကြားပြီး နေမှာပေါ့ ။ ခုတစ်လော ထွန်းမောင် တို့ ညနေစာ ထမင်း ကို တောင် ဖြောင့်ဖြောင့် စားနိုင်လို့လားတဲ့ ။ အားအား ရှိ ဘိုးချမ်းမြ တို့ အိမ် ပဲ သူ့ စိတ် က လမိုင်း ကပ် နေ တာ ။ ငါ က အပြစ် ပြောတာ မဟုတ်ပါဘူး ။ ဘုရား အလောင်းဥဒေါင်းမင်း တောင် ညွှတ်ကွင်း အမိ ခံ ရသေးတာ ပဲ မဟုတ်လား ။ ဒါပေမဲ့ ထွန်းမောင် တို့ အဖြစ် က သဲ သဲလွန်း လို့ ပြောရတာ ”
ကိုဘရင် သည် အမေ့ အနား ၌ ဝင် ထိုင်၏ ။ အမေ့ ပြော စကားများ ကို နားထောင်ရန် မဟုတ် ။ သူ့ စိတ် သည် ဘင်္ဂလားမြစ် ကမ်းခြေ သို့ သာ ရောက် နေ ပေလိမ့်မည် ။
“ ခေတ် မကောင်း ကာလ မကောင်း မှာ တစ်ရွာတစ်ကျေး ကို အဖော် မပါဘဲ ညဉ့်အိပ် ညဉ့်နေ သွားလာတာ ဆင်ခြင်ပါ သားရယ် လို့ ငါ က အကောင်း ပြောတာ ။ သူ က ဘာ ပြန် ပြောတယ် မှတ်လဲ ။ ဘယ်ကို သွားသွား အမေ့ အပူ မပါဘူး ၊ ကျုပ် ဘာသာ ကျုပ် ဘယ်မှာ သေသေ တဲ့ ။ ကဲ နင် ပဲ စဉ်းစားကြည့်စမ်း ၊ ငါ က သင်း အတွက် စိုးရိမ်လို့ ပြော တာ ၊ ဟိုကို သွားတာ မကြိုက်လို့ ပြောတာ ထင်ပြီး စိတ်ဆိုး သွားတယ် ။ မိဘ စကား ၊ မိဘ မေတ္တာ ဟာ ဘယ်လောက် ကြီးမားတယ် ဆိုတာ နည်းနည်းလေး မှ တန်ဖိုး ထားရမှန်း သိတာ မဟုတ်ဘူး ၊ သင်းတို့ သားသမီး ရ မှ သိမယ် ၊ မိုး တွင်း က အနောက်ရွာ ကိုယ်တော်လေး အဇာတသတ်ဇာတ် တော် ဟောပြ သွားတာ နင် မှတ်မိတယ် မဟုတ်လား ”
“ ဟုတ်ကဲ့ မှတ်မိပါတယ် ”
အမေ့ စကား ကို အားနာပါးနာ နှင့် ကိုဘရင် က အင်း လိုက် နေရသည် ။ အမေ့ စကား က လည်း မဆုံးသေး ။
“ လူ ကို မပြောနဲ့ တိရစ္ဆာန်များ မှာ တောင် သားသမီး အပေါ် မှာ မိဘမေတ္တာ ဟာ ဘယ်လို ရှိတယ် ၊ ဘယ်လောက် ကြီးမားတယ် ဆိုတာ နင် လည်း ကြားဖူးမှာ ပေါ့ ။ အောက်ချင်းငှက် တို့ ဆို ... ”
“ ဟုတ်ကဲ့ ကြီးကြီး ၊ ဟုတ်ကဲ့ ကြားဖူးပါတယ် ။ ကြီးကြီး ပြောသလို ဆိုရင် ထွန်းမောင် ဒီ ညနေ ပြန် ရောက်မှာ မဟုတ်တော့ဘူး ။ ကျွန်တော် ဖိုးထောင် ကို ခေါ်သွားပါရ စေ ၊ အချိန် လင့်နေပြီ ”
အမေ စကား ကြော ရှည် နေသည် ကို အောင့်အည်း နားထောင် နေရန် အချိန် မရှိတော့ပြီ ဖြစ် သဖြင့် ကိုဘရင် သည် အမေ့ စကား ကို ကြားဝင် ဖြတ် ပြောကာ နေရာ မှ ထသည် ။ ကိုဘရင် နှင့် ဘင်္ဂလားကမ်း ခြေသို့ လိပ်ဥရှာ လိုက်ရမည် ဆို သဖြင့် ကျွန်တော် က လည်း ဝမ်းသာသည် ။
“ အေး ... အေး ခေါ်သွား ၊ ခေါ်သွား ။ အဲဒီမှာ လည်း တစ်ကောင် ရှိသေး ။ မိဘ စကားဆို နည်းနည်းပါးပါး မှ နား ထောင် ရမှန်း သိတာ မဟုတ်ဘူး ။ တို့ မျိုးရိုး မှာ ဒီလို ဟာ ... ”
အမေ့ စကား မဆုံးခင် ပင် ကျွန်တော် နှင့် ကိုဘရင် အိမ်ပြင် သို့ ရောက် နေ ကြ လေပြီ ။
ကျွန်တော် သည် အသက် ၁၂ နှစ် သာ ရှိသေးသော ကလေး တစ်ယောက် မို့ ယခင် က ဘင်္ဂလားကမ်းခြေ သို့ လိပ်ဥလည် ရှာရန် လူကြီးတွေ နှင့် တစ်ခါမျှ မလိုက်ဖူး ၊ မသွားဖူးချေ ။ ယခု ကိုဘရင် နှင့် လိုက်လာသည် မှာ ပထမ ဦးဆုံး ဖြစ်သည် ။ ထို့ကြောင့် ကိုဘရင် နှင့် လိပ်ဥ ရှာ လိုက်လာ ရသည် ကို စိတ် ထဲ က အတိုင်းမသိ ပျော် နေမိ၏ ။ ကိုဘရင် ကတော့ သေသေချာချာ မှာထားလျက် နှင့် ကတိ ဖျက် သွားသော အစ်ကိုထွန်းမောင် ကို သာ တဗျစ်တောက် ကောက် မြည်တွန် လာသည် ။
အစ်ကိုထွန်းမောင် မရှိ၍ သာ ကျွန်တော့် အား အဖော် အလှော် အဖြစ် ခေါ် လာရ သော်လည်း ကိုဘရင် သည် ကျွန်တော့် အား လုံးဝ ကျေနပ် စိတ်ချပုံ မရပေ ။ များသောအားဖြင့် ဘင်္ဂလားကမ်းခြေ သို့ အကာလ ညအချိန် ၌ လိပ်ဥ ရှာ ထွက် ကြသူတွေ မှာ စိတ်တူကိုယ်တူ လူကြီးများ သာ ဖြစ်ကြ သည် ။ တစ်ခါ တစ်ခါ လိပ်ဥလယ် ရှာသူ အချင်းချင်း လိပ်ဥ လုရင်း ဓားထိုးမှု ၊ ရိုက်မှု အထိပင် သွေးထွက်သံယို ဖြစ် တတ် ကြသည် ။ ထို့ကြောင့်လည်း ကျွန်တော့် လို ကလေးငယ် တစ်ယောက် နှင့် ဘင်္ဂလားကမ်းခြေ သို့ လိပ်ဥ ရှာ ထွက်လာရသည် ကို ကိုဘရင် စိတ်မချ ဖြစ်မည် ဆိုက လည်း ဖြစ် စရာပင် ။ အကယ်၍ လိပ်ဥ လု ကြရင်း အရေးအခင်း တစ်စုံတစ်ရာ ဖြစ်ချေက ကျွန်တော့် လို ကလေးတစ်ယောက် ကို အဘယ်မှာ အားကိုး ရပါ မည်နည်း ။
သို့သော် အစ်ကိုထွန်းမောင် ပေါ် မလာ၍ သူ့ တစ်ယောက် တည်း လိပ်ဥရှာ ထွက်လာရသည် နှင့် စာသော် ကျွန်တော် တစ်ယောက် ပါ လာရသည် မှာ သူ့ အတွက် အ နည်းငယ်သော အထောက်အကူ ကို တော့ ရနိုင်တန်ရာ ၏ ဟူသော သဘော နှင့် ကိုဘရင် က ကျွန်တော့် အား မခေါ် ချင့် ခေါ်ချင် နှင့် ခေါ် လာခဲ့ခြင်း ဖြစ်သည် ။
တစ်ယောက် သွားသော် လူသေ ၊ နှစ်ယောက် သွား သော် လူရှင် ဆိုသည် မဟုတ်ပါလား ။ သုံးယောက် ပေါင်း လျှင် လောင်းပင် ကျော် သည် ဟူသော မြန်မာ တို့ ၏ ဆိုရိုးစကား ။
••••• ••••• ••••• •••••
လ, မထွက်သေး သဖြင့် မည်းနက်သော မိုးကမ္ဗလာ ထက်ဝယ် ငွေကြယ်ပွင့်ကလေးများ က တလက်လက် တောက်ပ နေကြသည် ။ ဘော်ရောင် ဆမ်း ထားသော ကောင်းကင် မှ နဂါးငွေ့တန်းဖြူဖြူဖွေး သည် မြစ်ရေ ထဲ သို့ တန်းတန်းမတ်မတ် ထိုး ကျနေ၏ ။ မြစ်ရေပြင် မှာ အမှောင် ထဲ ၌ လှိုင်းတန်းရေပန်း တို့ ပွင့်၍ ပနာ တင့် နေ၏ ။
ကိုဘရင် နှင့် ကျွန်တော် သည် လိပ်ဥ ရှာရန် ဘင်္ဂလားကမ်းခြေ အတိုင်း လျှောက် လာ နေကြသည် ။ ရေစပ် နှင့် သဲသောင် ကြား တွင် ထီးထီးမားမား ရပ်တည် နေကြသော ကျောက်ဆောင် ကျောက်ချွန်း ကျောက်တန်းများ ကို ဝေးဝေး က လှမ်း မြင် နေရသည် မှာ အမှောင် ထဲ ၌ စိတ်ချောက်ချား စရာပင် ၊ တဝေါဝေါ အော်မြည် နေကြသော လှိုင်းခေါင်းဖြူ များ ၏ အသံ မှာ ကျောက်ဆောင် ကျောက်ချွန်း ကျောက်တန်းများ ၏ အော်ညည်း နေကြသံ လား ဟု ပင် ထင် ရ သည် ။
“ ဖိုးထောင် လ, လည်း မထွက်သေးဘူး ၊ တို့ ဒီမှာ ခဏ နားကြမယ်ကွာ ”
ကိုဘရင် သည် ပြောပြောဆိုဆို နှင့် ကျောက်တန်းစား သဲသောင် ပေါ် တွင် ထိုင် ချလိုက်သည် ။ ကျွန်တော် က လည်း သူ့ အနား တွင် ခြေပစ် လက်ပစ် ထိုင် ချ လိုက်၏ ။ ကိုဘရင် သည် ကျောက်ချွန်း တစ်ခု ကို မှီကာ ပင်လယ်ပြင် ထဲ သို့ ငေး မော ကြည့် နေ၏ ။ ပင်လယ်ကမ်း ဘက် ရှိ ကျောက်ဆောင် ကျောက်တန်းများ ကို လှိုင်းခေါင်းဖြူ တို့ က တဝေါဝေါ တိုက်ခတ် နေကြသည် ။ တစ်ချက် တစ်ချက် တွင် ကျောက်ဆောင် ကျောက်တန်းများ ကို ကျော် တက်လာသော ရေပေါက် ရေစက် တို့မှာ ကျွန်တော် တို့ ကိုယ် ပေါ် သို့ပင် စင်ကျ လာ တတ်သည် ။ ဒီရေ တက် လာပြီ ဆိုသော အထိမ်းအမှတ် ပင် ။
လိပ်ဥရှာ ( ပြင်သာလယ် ) ရန် လျှောက်လာ နေကြ သော လူရိပ် မည်းမည်းများ သည် ကျွန်တော် တို့ အနား မှ ဖြတ်ကျော် သွား တတ် ကြသည် ။ ကျွန်တော်တို့ ဘက် သို့ လာ နေကြသော လိပ်ဥရှာသမားများ ဆီ မှ ဆေးလိပ်မီးရဲရဲ များ ကို လည်း အဝေး ကပင် လှမ်း မြင်နေ ရ၏ ။ ဤရာသီ ဤကာလ တွင် ဘင်္ဂလားပင်လယ်ပြင် သို့ လိပ်ဥရှာ ထွက် ကြသူတွေ မှာ ဒု နှင့် ဒေး မဟုတ်ပါလား ။
လ, ထွက်လာသော အခါ ကိုဘရင် နှင့် ကျွန်တော် တို့ မှာ ရှေ့သို့ ခရီး တစ်ထောက် လျှောက် ထွက် လာကြပြန် သည် ။ အတန်ကြာ သွားမိကြသော အခါ လိပ်ဥ ရ၍ ပြန်လာ ကြသူများ ၊ လုံးဝ မရကြသေးဘဲ လျှောက် ရှာတုန်းပင် ရှိ သေးသော လူများ ကို ကမ်းခြေ တစ်လျှောက် ၌ မကြာမကြာ တွေ့ရသည် ။ လရောင် ရှိသည်ဟု ဆိုသော်လည်း လဆုတ် လ မှာ တောက်တောက်ပပ မရှိ သဖြင့် ခပ်လှမ်းလှမ်း မှ သွား လာနေကြသူများ ကို မည်သူ မည်ဝါ ဟု ခွဲခြား မသိရပေ ။ တစ်ယောက် နှင့် တစ်ယောက် ခေါ်ခေါ်ပြောပြော လည်း မလုပ်ကြ ။ ကိုယ့် လူ နှင့် ကိုယ် တိုးတိုးတိတ်တိတ် ပင်လယ်ထဲ မှ လိပ် တက်ဥမည် ထင် ရသော သဲသောင်ချိုင်ချောင်များ ကို သာ တိုင်ပင် နှီးနှော ၍ သွားလာ နေ ကြသည် ။
ည မှာ တဖြည်းဖြည်း နက်ရှိုင်း လာသည် ။ ကျွန်တော် စိတ်ပျက်စ ပြုလာပေပြီ ။ ခရီး မှာ လည်း ခေါ်ထူးရွာ အောက် သို့ပင် ရောက်လာကြပြီး ဖြစ်၏ ။ သို့သော် လိပ်ဥ ဆို၍ ကား တစ်လုံးတလေ မျှ မရကြသေး ၊ သည်လောက် ခရီး မှာ ‘ ကောင်ပိုင် ’ မရသည့်တိုင် ‘ ကောင်ဖို့ ’ တော့ ရသင့်ပြီ ဟု ထင်သည် ။ ထို့ကြောင့် ကျွန်တော် သာ မဟုတ် ကိုဘရင် က ပါ စိတ်ပျက် လာပြီ ဖြစ်သည် ။
‘ ကောင်ပိုင် ’ ဆိုသည် မှာ ပင်လယ်ရေ ထဲမှ လိပ်မကြီး တက် လာသည် ကို ဦးစွာ မြင် ရ၍ သဲသောင်ပြင် တွင် လိပ်မ ကြီး က ကျင်းယက် အုသည် အထိ စောင့် ကြည့်ကာ လိပ်ဥ တစ်ကျင်းလုံး ရယူခြင်း ကို ဆိုသည် ။ ‘ ကောင်ဖို့ ’ ဆိုသည် မှာ သူ တစ်ပါး စောင့်ကြည့် နေသော လိပ် သည် သဲသောင် ပေါ် တက်၍ ကျင်းရက် အု ထားခဲ့ပြီး စောင့်ကြည့် နေသူများ လိပ်ဥဖော်ယူ နေကြစဉ် ထိုနေရာ သို့ မမျှော်လင့်ဘဲ ရောက် သွားမိ၍ အနည်းအကျဉ်း ဝေစု အဖြစ် ရ လိုက်ခြင်း ကို ဆို သည် ။ နှစ်ယောက် အတူ မြင်၍ စောင့်ကြည့် နေကြခြင်း တူ ပါ က ညီတူမျှတူ ယူ ကြရသည် ။
ဤ ဥပမာ အရ တစ်စုံ တစ်ယောက် သော သူ သည် ပင်လယ်ထဲ မှ လိပ်မကြီး တစ်ကောင် တက် လာသည် ကို ဦးစွာ မြင်တွေ့ရ၍ လိပ်မကြီး အု သည် အထိ စောင့်ကြည့် ကာ လိပ်ဥများ ယူ နေချိန် တွင် နောက်လူများ ထိုနေရာ သို့ ရောက် လာပါက ဘယ်နှစ်ယောက် ပင် ရောက်လာ ရောက်လာ ထို လူများ ကို လိပ်ကျင်း ထဲ ၌ ကျန်ရှိ နေသမျှ လိပ်ဥများ ကို ဝေစု အဖြစ် ပေးရ၏ ။ ထုပ်ပိုးပြီးသား လိပ်ဥများ ကိုမူ နောက်လူများ လာ နေကြသည် ကို မြင် ကတည်း က ပင် ပေ ၅၀ - ၁၀ဝ ဝေးသော နေရာ သို့ ပြောင်းရွှေ့ ထားရ၏ ။ ထိုသို့ ပြောင်းရွှေ့ မထားဘဲ လိပ်ကျင်းနား တွင် လိပ်ဥအထုပ် ကို ထားရှိပါက တခြား မှ ရ လာသော လိပ်ဥများ ကို ပါ ထို ကျင်း ထဲ က ရသော လိပ်ဥများ ဟု ထင်ပြီး နောက် ရောက်လာသူ များ နှင့် စကားများ ရန်ဖြစ် တတ်ကြသည် ။
ဤသည် မှာ လိပ်ဥရှာသမားများ ၏ စည်းကမ်း ဥပဒေ ဖြစ်သည် ။ ထို့ကြောင့် ကျွန်တော်တို့ ဒေသ တွင် လိပ်ဥရှာ ထွက်ပါက လိပ်ဥရှာ စည်းကမ်း ဥပဒေ ကို နားလည် ထားရပေသည် ။ စည်းကမ်းဥပဒေ ကို နား မလည် လျှင် တခြား နေရာ မှ ရလာသော မိမိတို့ ပိုင် လိပ်ဥများ သည် ပင် အများပိုင် ဖြစ်သွား တတ် လေသည် ။
ကျွန်တော်တို့ ကမ်းရိုးတန်း တစ်လျှောက် ရှိ ရွာများ မှ လူများ သည် လိပ်အချိန် ၊ လိပ်ပေါက်ချိန် များ ၌ လိပ်သား ကို မစားကြချေ ။ လိပ်များ ၏ အသား သည် အု ချိန် ၊ ပေါက်ချိန် များ၌ လုံးဝ မစားကောင်း ဟု ဆိုသည် ။ ထို့ကြောင့် လိပ် ကျွန်း မှာ လို အု သော လိပ်များ ကို သတ် စားလျှင် လိပ်သောင်အင်း ဥပဒေပုဒ်မ ၁၃ ( ခ ) ( ဂ ) အရ ဖမ်းဆီးအရေး ယူသူ မရှိသော်လည်း ပယ်လယ်လိပ်များ ကို သတ် မစားကြ ချေ ။
“ ကဲ .. ဖိုးထောင် ဒီနေ့ မင်း ပါလို့ နတ် မလိုက်ဘူးကွ ၊ ခါတိုင်း ဆို ရင် ဒီနေရာ တစ်ဝိုက် မှာ လိပ်ဥတွေ တို့ ရ နေကျပဲ ။ ဒီနေ့တော့ ကောင်ပိုင် ၊ ကောက်ဖို့ မပြောနဲ့ ဟင်းစားတောင် သူများ ဆီ က မရဘူး ။ လာ လာ ပြန်မယ် ”
ကိုဘရင် က ကျွန်တော် ပါ လာ သဖြင့် နတ် မလိုက်၍ လိပ်ဥ မရ ဟု ကျွန်တော့် ကို သာ ပြစ်တင် စကား ဆိုသော် လည်း လိပ်ဥ ရှာရန် ဘင်္ဂလားပင်လယ်ပြင် သို့ တစ်ခါမှ မလိုက်ဖူးသော ကျွန်တော့် မှာ စိတ် ထဲ က မကျေမနပ် ဖြစ်မိ သော်လည်း ကိုဘရင် ကို ကား ပြန် မပြောရဲပေ ။ သူ က ပြန် မည် ဆိုတော့ လည်း သူ့ နောက် ကို သာ တကောက်ကောက် လိုက်ပါ လာ ရသည် ။
အချိန်မှာ သန်းခေါင် ကျော် ပြီမို့ ဘင်္ဂလားကမ်းခြေ ၌ လိပ်ဥ ရှာသူများ ကို ညဦးပိုင်း က လို ဥဒဟို မတွေ့ရတော့ ။ လိပ်ဥ ရှာသူများ သည် မိမိတို့ ရွာများ သို့ အလျှိုအလျှို ၊ ပြန် တက် သွားကြပြီ ဖြစ်လေသည် ။
ကျွန်တော်တို့ လာစဉ် က ထိုင် ၍ နားနေ ခဲ့ကြသော ကျောက်ဆောင် ကျောက်တန်း တို့ မှာ ဒီလှိုင်းတွေ ဖုံးလွှမ်း နေ ပြီ ဖြစ် သဖြင့် အစအန ပင် မမြင်ရတော့ ။ ကမ်းခြေ မှာ ဖြောင့်ဖြူး ၍ မျက်စိ တစ်ဆုံး ၊ မိုး တစ်ဆုံး ဖြစ် နေ၏ ။ သည်လိုနှင့် ပင် ကိုဘရင် နှင့် ကျွန်တော် တို့ သည် “ တာဝတိန်သာချိုင် ” ဟု ခေါ်သော ကမ်းခြေကွေ့ ချိုင် တစ်ခု သို့ ရောက်လာ ကြ၏ ။
တာဝတိန်သာချိုင် မှာ ယခုအခါ သဲသောင်ပြင်ကြီး ဖြစ် နေ၏ ။ လှိုင်းလေ ငြိမ်၍ နောက်ထပ် သီတင်း တစ်ပတ် နှစ်ပတ် ကြာ လျှင် တော့ ဤ နေရာ၌ တံငါတဲ များ အစီအရီ ပေါ် လာကြတော့မည် ။ ထို အထဲ တွင် ကျွန်တော် တို့ တဲ လည်း ပါမည် ။ ပင်လယ် ထဲ ထွက် ၍ ငါးမန်းကြီးများ သွား မျှား ကြရန် လှေတွေ ဆိုက် ထားသည် ကို လည်း တွေ့ရ မည် ။ ယခုတော့ ရာသီ မရောက်တတ် သေး၍ တံငါတဲ နှင့် လှေ စသည်တို့ မှာ တာဝတိန်သာချိုင် ၌ ဆိတ်သုဉ်း နေကြ သေး၏ ။
တုံ့ခနဲ ရပ် သွားသော ကိုဘရင် ၏ ခြေလှမ်း နှင့် အတူ ကျွန်တော့် ခြေလှမ်း က လည်း တုံ့ခနဲ ရပ်သွား မိ၏ ။ ကိုဘရင် ၏ မျက်လုံး အစုံ က ရှေ့တူရူ သို့ စူးစူးစိုက်စိုက် ကြည့် နေပြီး ဖြစ် လေသည် ။
ကျွန်တော် ရှေ့သို့ လှမ်း ကြည့် လိုက်သောအခါ ပေ ၁၀၀ ကျော် ဝေးသော လရောင် အောက် သဲသောင် ပေါ်သို့ လူကြီး နှစ်ယောက် ဖက် လောက် ပင် ရှိသော ဝိုင်းဝိုင်းမည်း မည်း အရာဝတ္ထု တစ်ခု တရွေ့ရွေ့ သွား တက် နေသည် ကို မြင် ရ၏ ။
“ ကို ... ကိုဘရင် အဲဒါ ဘာလဲ ဟင် ”
ဤမျှ ကြီးမားသော ပင်လယ်လိပ် ကို တစ်ခါမျှ မမြင် ဖူးသော ကျွန်တော် က အလန့်တကြား မေး လိုက်မိ၏ ။
“ လိပ် ... လိပ် ”
“ လိပ် ”
အံ့ဩဝမ်းသာ လွန်း၍ ကျွန်တော့် အသံ က ကျယ် လောင် သွားသည် ။
“ မအော်နဲ့ ကွ ၊ အသာ ကြည့် နေရတယ် ”
ကိုဘရင် နှင့် ကျွန်တော် တို့ သည် သဲသောင်ပြင် ပေါ် ၌ ဝမ်းလျား ထိုး မှောက်၍ တအိအိ တက် လာ နေသော လိပ်မကြီး ကို စောင့် ကြည့် နေ ကြသည် ။ ရေ ထဲ မှ တက်လာ သော လိပ်မကြီး သည် မြစ်ရေဒီလှိုင်း တို့ တက်ရောက် ရာ နှင့် ပေ ၁၀၀ နီးပါး အထိ သဲသောင် ပေါ် သို့ တွား တက် သွား၏ ။ ကျွန်တော် နှင့် ကိုဘရင် က လည်း လိပ်မကြီး နည်း တူ မိကျောင်းတွား တက် ၍ လိပ်ကြီး ၏ မနီးမဝေး သို့ တက် လိုက် လာကြသည် ။ ထိုသို့ တက်လာခြင်း မှာ မတော်တဆ ဤ အချိန်၌ အခြား လိပ်ဥ ရှာသူများ မမျှော်လင့်ဘဲ ရောက် လာကြချေ က ဤ လိပ်မ ကို ကျွန်တော် တို့ က ဦးစွာ မြင်၍ စောင့်ကြည့် နေကြကြောင်း ပိုမို ထင်ရှားစေရန် ဖြစ်သည် ။
လိပ်မကြီး သဲသောင် ထဲ တွင် နစ်မြုပ် သွားသော အခါ သဲမှုန်သဲပွင့်များ မှာ ကျစ်စာများ အဖြစ် အပေါ် သို့ လွင့်တက် လာ ကြသည် ။ လိပ်ကြီး ဥများ နေရန် ကျင်း ယက်နေ ပြီ ဖြစ်ကြောင်း ကိုဘရင် က အတပ် ပြော၏ ။ သူ က အတွေ့ အကြုံ ရှိသူမို့ သိနှင့် ပေပြီ ။ မကြာခင် ပင် သဲမှုန်သဲပွင့်များ အပေါ် သို့ လွင့်တက် မလာတော့ဘဲ စဲ သွားသည် ။ လိပ်မ ကြီး ဥများ ဥနေပြီ တည်း ။
အု ပြီးသော လိပ်မ သည် သူ့ ကျင်း သူ ပြန်၍ သဲတွေ နှင့် ယက်ဖုံး ၏ ။ ပြီးလျှင် သူ့ ဥကျင်း အနီး တစ်ဝိုက် ရှိ သဲသောင်ပြင် ကို လည်း ပတ်ချာလှည့် ၍ ယက်ကန် ကစား နေ သေး၏ ။ သူ လှည့်ပတ် ယက်ကန်၍ သဲများ ဖွ ထားခဲ့သော နေရာ မှာ သလင်းရာတစ်ဝမ်း လောက် အကျယ်အဝန်း ရှိ သည် ။ ဤသည်မှာ သူ ၏ ဥ ကို ရှာဖွေ ယူလို ကြသော ရန်သူများ ဥကျင်း ကို ရှာ မတွေ့နိုင် အောင် ဟူသော သဘာဝ အသိ နှင့် ကျင်းဖျောက် နေခြင်း ဖြစ်၏ ။ ကျင်းဖျောက် ယက် ကန် ကစား ပြီးသော အခါ လိပ်ကြီး သည် သူ့ ဥများ ကို စိတ် မချသလို လူသူ လေးပါး ရှိ မရှိ ကို ကျီးကန်း တောင်းမှောက် လှည့်ပတ် ၍ ကြည့် သေး၏ ။ ပြီးမှ ပင်လယ်လှိုင်း ရေစပ် သို့ တအိအိ ဆင်း ၍ ပျောက်ကွယ် သွား လေသည် ။
လိပ်မကြီး ပင်လယ် ထဲ မှ တက် လာစဉ် ကပင် လိုက် လံ ချောင်း ကြည့် နေသော ကျွန်တော် တို့မှာ လွယ်လွယ် နှင့် ပင် လိပ်ဥများ ကို သဲသောင် ထဲ မှ ဖော် ယူ နေကြသည် ။ အကယ်၍ လိပ်မကြီး တက် လာသည် ကို လည်း မမြင်လိုက် ရ ၊ အု ထား ခဲ့သော ဥကျင်း နေရာ ကို လည်း အတိအကျ မသိရ ဘဲ လိပ်မကြီး ပင်လယ် ထဲ ဆင်းသွားပြီး မှ ဤနေရာ သို့ ရောက် လာ ချေ က လိပ်မကြီး ကျင်းပျောက် ယက် ကစား သွားသော သလင်းရာ တဝှန်းလောက် ရှိ သော သဲသောင် ပေါ် တွင် လိပ်ဥကျင်း ကို သံချောင်း နှင့် ထိုး၍ လှည့်ပတ် ရှာ ဖွေရမည် ။ လိပ်ဥကျင်း ၌ လိပ်ဥများ ကို သဲ ထဲ မှာ ထိုးမိ ထိမိ ပြီ ဆိုလျှင် ပျော့စိစိ တွေ့ရ၏ ။ ထိုအခါ သဲ ထဲ မှ သံချောင်း ကို နုတ်၍ သံချောင်းဖျား ကို နမ်း ကြည့်ရသည် ။ လိပ်ဥများ ကို ထိုးမိပါက အကျိအချွဲ နှင့် ညှိဟောက် သော အနံ့ တို့ ရ သည် ။ ထို့ကြောင့် လိပ်ဥ ရှာသမား များ တွင် တစ်လံနီးပါး ရှည် သော သံချောင်း တစ်ချောင်း အမြဲ ပါ ရလေသည် ။
ကျွန်တော်တို့ ဖော်ယူ နေကြသော လိပ်ဥတွေ က ပြင်သာလိပ်ဥ ဟု ကိုဘရင် က ပြောသည် ။ ကျွန်တော်တို့ ဆီ ၌ ပင်လယ်လိပ်ကြီးများ ကို ခွဲခြား ၍ ခေါ်လေ့ ရှိ၏ ။ ပြ ၊ ဆောင်ရမ်း ၊ ကြက်တူရွေး ၊ ပြင်သာ ဟု လိပ် လေးမျိုး လေးစား ရှိသည် ။ ပြ နှင့် ဆောင်ရမ်း ဆိုသော လိပ် နှစ်မျိုး မှာ အကောင်ကြီး ဥကြီး ၍ အလုံးရေ နည်းသည် ။ ကြက်တူရွေး လိပ် နှင့် ပြင်သာ တို့ မှာ အခွံ ကို ဘီး လုပ် ရသော လိပ် ဖြစ်၏ ။ ဆောင်ရမ်း နှင့် ပြ တို့ မှာ အလုံးရေ ၇ဝ မှ ၁ဝဝ ထိ အု တတ် သည် ။ ပြင်သာ နှင့် ကြက်တူရွေး လိပ်တို့မှာ ၁၅၀ မှ ၂၀၀ ကျော် ၃ဝဝ ထိ အု တတ်သည် ။ ကြက်တူရွေး နှင့် ပြင်သာ တို့ ၏ ဥမှာ အကျိအချွဲ နည်း ၍ အနှစ် များသည် စား ၍ လည်း အလွန် အရသာ ရှိ၏ ။ ထို့ကြောင့် ကြက်တူရွေး နှင့် ပြင်သာဥ တို့မှာ ဈေး ကောင်းသည် ။ ရှားလည်း ရှားပါး သည် ။
ကိုဘရင် ဖြန့် ခင်းထားသော ပုဆိုး ပေါ် သို့ လိပ်ဥများ ကို ကျွန်တော် က ဝမ်းသာ အားရ နှင့် ကောက် ထည့်နေသည် ။ ကိုဘရင် က လည်း ကျွန်တော့် နည်းတူ ပင် ဖြစ်၏ ။ ကျွန်တော်တို့ လိပ်ဥ ဖော်ယူ နေကြချိန် တွင် တခြား လိပ်ဥ ရှာ သူများ ရောက်လာကြလေ မလား ဟူသော စိုးရိမ်စိတ် ကြောင့်ကြစိတ် နှင့် ဘေး ပတ်ဝန်းကျင် ကို လည်း ဂရုစိုက် ကြည့် ရသေး၏ ။
“ ဟိုက် ... ဟိုမှာ လူတွေ လာ နေတယ် ၊ မြန်မြန် ထည့်ကွ နော် ”
ကိုဘရင် က လူတွေ လာနေသည် ဆို သဖြင့် ကျွန်တော့် ရင် ထဲ မှာ ထိတ် သွားသည် ။ ထို့ကြောင့် လိပ်ကျင်း ထဲ မှ လိပ်ဥများ ကို သလဲ ပါ မကျန် အရောရော အနှောနှော ပုဆိုး ထဲ သို့ လက်ခုပ် နှင့် ကျုံးထည့် ရ၏ ။ ကျွန်တော် လှမ်း ကြည့် လိုက်သော အခါ လိပ်ဥ ရှာ သမား နှစ်ယောက် မှာ ကျွန်တော်တို့ နှင့် ကိုက် ၁၀၀ လောက် သာ ဝေး တော့သည် ။ လရောင် ထဲ ၌ မည်းမည်း အရိပ် နှစ်ခု က တဖြည်းဖြည်း နီး လာသည် ။
“ ဖိုးထောင် .... ဒီ လိပ်ဥတွေ ကို ငါ နေရာ ရွှေ့ထား လိုက် မယ် ။ ကျန်တဲ့ လိပ်ဥတွေ ကို ဟို လူတွေ ဒီနား မရောက်ခင် ရနိုင်သလောက် မင်း ကျုံး ယူ လာခဲ့ ”
ကိုဘရင် သည် ပြောပြောဆိုဆို နှင့် လိပ်ဥပုဆိုးထုပ် ကို ဆွဲမ ကာ လိပ်ကျင်း နှင့် ကိုက် ၁၀၀ နီးပါး အဝေးသို့ ပြေး သွား၏ ။ ဤသည် မှာ လိပ်ဥ ရှာသူများ စည်းကမ်းဥပဒေ အရ နောက် ရောက်လာသူများ အား လိပ်ဥ ဝေစု အဖြစ် ပေးရ မည်ကို စိုးသဖြင့် နေရာ ရွှေ့ရခြင်း ဖြစ်သည် ။
ကျွန်တော် သည် ကျင်း ထဲ ၌ ကျန် နေသေးသော လိပ်ဥများ ကို ပုဆိုး နှင့် ထုပ်ကာ ကိုဘရင် နောက်သို့ ပြေး လိုက် လာသည် ။ ကိုဘရင် သည် ကျွန်တော့် အား ကြောင် ပန်းချုံနား က ရပ် စောင့် နေသည် ။
“ ဟေး ဟေး မပြေးနဲ့ လေ ၊ ဟင်းစားလေး ဘာလေး ပေးခဲ့ပါဦး ”
နောက် ရောက်လာသူများ က ကျွန်တော့် ကို မြင်သွား သဖြင့် လှမ်း အော်ကြသည် ။ မတတ်သာ သဖြင့် ထို လူများ ကို ဟင်းစား အဖြစ် တစ်ယောက် လေးငါးခြောက်ဥ ကျ စီ ပေး လိုက် ရသည် ။ ယနေ့ အဖို့ သူတို့ သည် ဟင်းစား ပင် မရခဲ့ကြသေး ဟု ဆို၏ ။ သို့သော် သူတို့ ကို ဟင်းစား ပေးရ ၍ ကျွန်တော်တို့ က ဝမ်း မနည်း ။ ကျွန်တော်တို့ ပုဆိုးကွင်း လွယ်အိတ် ထဲ တွင် လိပ်ဥ ၂၀၀ ကျော် ကျန် ပါသေးသည် ။
“ ဖိုးထောင် ... မင်း ကျင်းစောင့် တော့ ထားခဲ့ရဲ့မဟုတ် လား ”
“ ဘာ ကျင်းစောင့်လဲ ဗျ ”
ကိုဘရင် စကားကို ကျွန်တော် က နားမလည် သဖြင့် ပြန် မေး ရသည် ။
“ ဟ ... ဘာ ကျင်းစောင့် ရမှာလဲ ၊ လိပ်ကျင်း ထဲ မှာ ကျင်းစောင့် အဖြစ် လိပ်ဥ သုံးလေးလုံး ထား ခဲ့ရဲ့လားလို့ မေး တာကွ ”
ကိုဘရင် စကား ကို ကြား ရသောအခါ ကျွန်တော် တွေဝေ သွား မိသည် ။ သို့သော် မထားခဲ့မိဘူး ဟု ဆိုလျှင် ကိုဘရင် ဆူ နေမှာ စိုး၍ “ ဪ .. ဒါကို မေးတာလား အစ်ကို ၊ ဟုတ်ကဲ့ ထားခဲ့ပါတယ် ” ဟု လိမ် ပြောလိုက်ရ၏ ။
အမှန်က လိပ်ဥကျင်း ထဲ ၌ လိပ်ဥ သုံးလေးလုံး ကို ကျွန်တော် ချန် မထားမိခဲ့ သည် မှာ အမှန်ပင် ။ ဤသို့ ချန် ထားခဲ့ရကောင်း မှန်းလည်း ကျွန်တော် က မသိ ။ လိပ်ကျင်း ထဲ ၌ ကျင်းစောင့် အဖြစ် လိပ်ဥ ချန် မထားခဲ့ မိလျှင် မည်ကဲ့သို့ အကျိုးအပြစ် ရှိ သည် ကို လည်း ကျွန်တော် က နား မလည် ။ ထို့ကြောင့် ကျင်းစောင့် အဖြစ် ကျွန်တော် က ချန် မထားခဲ့ ခြင်း ဖြစ်လေသည် ။
လိပ်တမ ရ ၍ လိပ်ဥ ၂၀၀ ကျော် ရ လာခဲ့ကြသော ကိုဘရင် နှင့် ကျွန်တော် တို့ မှာ ရွာ အပြန် ၊ အိမ် အပြန် ၌ ခြေထောက် မြေသို့ ကျသည် ကို ပင် သတိ မရနိုင် လောက် အောင် ပျော်မြူး ၍ လာ ကြသည် ။
••••• ••••• ••••• •••••
ရာသီ မှာ ပြာရီရီမှိုင်းပျပျ နှင့် လှိုင်းတို့လေ တို့သည် လည်း ငြိမ်သက်စ ပြုပေပြီ ။ ထို့ကြောင့်လည်း ဘင်္ဂလား ပင်လယ်ကမ်းခြေငယ် တံငါလှေ ၊ တံငါတဲ တို့ အစီအရီ နေရာ ယူ ထားကြပြီး ဖြစ်သည် ။ ထို အထဲ တွင် ကျွန်တော် တို့ တဲ နှင့် လှေ သည် လည်း ပါဝင်၏ ။ ကျွန်တော်တို့ သားအဖ သုံးယောက် ဘင်္ဂလားပင်လယ်ကမ်းခြေ သို့ ရောက် နေကြ သည်မှာ သီတင်း တစ်ပတ် ကျော် သွားပြီ ဖြစ်သည် ။
ကျွန်တော် သည် ပြာလွင်သော မိုးကုတ်စက်ဝိုင်း နှင့် တစ်သားတည်း တစ်ပြင်တည်း ထိ ကပ် နေသော ဘင်္ဂလား ပင်လယ် ရေပြင်ကြီး ကို ကြည့် ကာ အဖေ နှင့် အစ်ကို ထွန်းမောင် တို့ ပြန် လာကြမည့် လှေရွက်ဖြူဖြူလေး ကို မျှော်နေ မိ၏ ။ လှေ တစ်စင်း ထိုး ဆိုက် လာ တိုင်း အဖေ တို့ လှေ လား ဟု လှမ်း လှမ်း ကြည့် ရသည် မှာ လည်း အမောပင် ။ တဲ နှင့် ဝေးဝေး သို့ လည်း မသွားရဲ ။ ရွာ မှ ထမင်း ပို့ လာမည် ဖြစ်သော အမေ သည် လည်း ယနေ့မှ အချိန် နောက်ကျ သည်ဟု စိတ် ထဲ က ထင်နေမိသည် ။
မနက်တိုင်း ထမင်း ပို့ လာနေ ကျ ဖြစ်သော အမေ သည် မကြာခင် မှာ ပင် ထမင်း ပို့ ရောက် လာ၏ ။ အမေ့ ခေါင်း ပေါ် က ထမင်းတောင်း ကို ကျွန်တော် က လှမ်း ယူရသည် ။ အမေ က ခေါင်းခု ကညွတ်ခွေ နှင့် မျက်နှာ က ချွေးသုတ် ရင်း ...
“ မောင်ဖိုးထောင် ... ဟိုနား က ကျောက်ဆောင်ခြေ ရင်း သဲသောင်ပြင် မှာ လိပ်ကြီး တစ်ကောင် တင် နေတာ တွေ့ ခဲ့တယ် ။ ငါ လည်း တစ်ယောက် တည်း မနိုင်တာနဲ့ မြစ် ထဲ ချ မပစ်ခဲ့ရဘူး ။ လိပ်ကြီး က နင်တို့ နှစ်ယောက် လောက် တောင် ရှိတာ ။ ဟိုဘက် တဲ က ငရွှေ ခေါ်ပြီး ရေထဲ သွား ချ လိုက်ပါလား ။ သဲပြင် ထဲ မှာ နေမြင့် လို့ သူ ပူ လာရင် သေချင် သေနေမှာ ။ သနားပါတယ် ဟယ် ၊ သူများ အသက် ကို ကယ် တင်တယ် ဆိုတာ အင်မတန် ကုသိုလ် ကြီးတာ ၊ နင်တို့ သွား လိုက် ကြပါ ”
အမေ က ပြော သဖြင့် ကျွန်တော် သည် မောင်ရွှေ ကို ခေါ်ကာ လိပ်မကြီး ရှိရာ သို့ ပြေး လာ မိသည် ။ လိပ်ကြီး ဝပ် နေသော သဲသောင်ပြင် ၏ နောက် မှာ ကျောက်ဆောင် ကျောက်တန်းတွေ က ကာဆီး နေကြ သဖြင့် လိပ်ကြီး သည် ဒီရေ အကျ မှာ မြစ် ထဲ သို့ ပြန် မဆင်းနိုင်ဘဲ သောင်ပြင် တွင် တင်ကျန် နေရစ်ခြင်း ဖြစ် ရမည် ။
ကျွန်တော် နှင့် မောင်ရွှေ တို့ သည် ပင်လယ်လိပ်ကြီး ကို ချီ မ, ကာ ကျောက်တန်း တစ်ခု ပေါ် မှ မြစ်ရေ ထဲ သို့ ပစ် ချ လိုက်သည် ။ ကျွန်တော်တို့ တံငါတဲ သို့ ပြန် ရောက်ကြ သောအခါ အမေ သည် လိပ်ကြီး အကြောင်း ကို ပင် မမေးနိုင် တော့ ဘဲ အဖေ တို့ ပင်လယ် ထဲ မှ ရ လာသော ငါးမန်းကြီး များ ကို ရင်ခွဲ ၊ အသည်းနုတ် ၊ အူနုတ် နှင့် အလုပ် ရှုပ် နေ သည် ။ အဖေ နှင့် အစ်ကိုထွန်းမောင် တို့ က လည်း အမေ့ နည်းတူ ပင် ။ ငါး အလုပ် ပြီး၍ ညနေ စောင်းသော အခါ အမေ သည် ရွာ သို့ ပြန် သွား၏ ။ ကျွန်တော် တို့ သားအဖ သုံးယောက် က တော့ တာဝတိံသာချိုင် ဟု ခေါ်သော ပင်လယ် ပြင် မှ တဲ ၌ ပင် ကျန်နေ ခဲ့ကြ ။
နောက် တစ်နေ့ အမေ ထမင်း ပို့ လာသော အခါ မနေ့ က တွေ့ ခဲ့ရသော သဲသောင်ပြင် ၌ ပင် မနေ့ က လိပ် ဟု ထင် ရသော လိပ်ကြီး တစ်ကောင် ကို တွေ့ခဲ့ရ ပြန်ပြီ ဟု ဆို လာပြန် သည် ။ ကျွန်တော် နှင့် မောင်ရွှေ တို့ က မနေ့ က လို ပင် လိပ်ကြီး ကို မြစ်ရေ ထဲ သို့ ပစ် ချ ကြ ပြန်၏ ။ နောက် တစ်နေ့ မှာ လည်း ထိုနည်း ၎င်း ပင် အမေ က ထို လိပ်ကြီး ကို ထိုနေရာ ၌ တွေ့ လာ ပြန်သည် ။ ထို့ကြောင့် စိတ် မရှည်တော့ သော မောင်ရွှေ က လိပ်ကြီး ဝပ်နေရာ နား သို့ ရောက် သော အခါ “ ကဲ ဒီလောက် တောင် သေချင်တဲ့ လိပ် ၊ တို့ သတ်စားလိုက် ကြရင် မကောင်းဘူးလားကွ ဖိုးထောင် ” ဟု ဆိုသည် ။
“ ဟ ... ဒီ အချိန် လိပ် ပေါက် တဲ့ အချိန်ပဲကွ ၊ လိပ်ပေါက် တဲ့ အချိန် မှာ လိပ်သား ဟာ စား လို့ ဘာ အရသာ မှ မရှိဘူး တဲ့ ။ ပြီးတော့ ငရဲ လည်း သိပ် ကြီးတယ် လို့ လူကြီးတွေ က ပြော ကြတယ် ”
ဤ ရာသီ ၌ လိပ်သား ကို တစ်ခါ မျှ မစားဖူးသော် လည်း လူကြီးသူမ တွေ ပြော စကား ကို ကြားရရုံ နှင့် ကျွန် တော် က မောင်ရွှေ ကို ဆရာ လုပ် လိုက် သည် ။
မောင်ရွှေ နှင့် ကျွန်တော် သည် ဟိုနေ့တွေ တုန်း က လို ပင် ပင်လယ်လိပ်ကြီး ကို နှစ်ယောက် သား မနိုင်မနင်း မ, ချီ ကာ မြစ်ရေ ထဲသို့ ပစ် ချ လိုက်ကြ ပြန်သည် ။
နောက် တစ်နေ့ အမေ ထမင်း ပို့ လာသော အခါ ထို နေရာ ၌ ပင် ထို လိပ်ကြီး ကို တွေ့ခဲ့ရပြန်ပြီ ဟု ဆိုပြန်သည် ။ ဤနေ့ ပါ ဆိုလျှင် လေးရက် ရှိပေပြီ ။
“ ကဲ .. ဒီလောက်တောင် ကြမ္မာငင် သေချင်လှ တဲ့ လိပ် ၊ ဒီနေ့တော့ တို့ သ,တ် စားကြမယ် ။ နို့မဟုတ်ရင် ဒီ ကောင်ကြီး ကို နေ့တိုင်း နေ့တိုင်း မြစ်ရေ ထဲ ပစ် ပစ် ချနေ ရတာ က အလုပ် တစ်ခု လို ဖြစ် နေပြီ ။ ကိစ္စတုံး စီရင်လိုက် မှ အေး တော့မယ် ”
သဲသောင် ပေါ် တွင် ဝပ် နေသော လိပ်ကြီး ၏ ကျောကုန်း ကို ဖနောင့် နှင့် ဆောင့်ရင်း မောင်ရွှေ က ဆို၏ ။
“ အေး ... မင်း သဘော ပဲ ၊ စားဖူးတယ် ရှိတာပေါ့ ၊ ဒါပေမဲ့ တို့ တဲ မှာ သတ်လို့ တော့ မဖြစ်ဘူးကွ ၊ အမေ မြင်ရင် ဆူချင် ဆူ နေမှာ ”
“ ကောင်းပြီ တို့ တဲ မှာ သတ် ထားကြမယ် ၊ အဘ တို့ ပြန် လာလို့ မေးတော့ သေ နေတာ တွေ့လို့ ယူ ထားကြတယ် ပြောတာပေါ့ ”
မောင်ရွှေ နှင့် ကျွန်တော် သည် လိပ်ကြီး ကို မနိုင် မနင်း မ, ချီကာ မောင်ရွှေ တို့ တဲ သို့ ယူ လာကြသည် ။
“ ဟဲ့ နင်တို့ ဟာ က လိပ်ကြီး ကို ရေထဲ ပစ် မချခဲ့ကြ ဘဲ ဘာလို့ ထမ်း လာကြတာလဲ ”
မောင်ရွှေတို့ တဲ နား အရောက်တွင် အမေ က လှမ်း အော် လိုက်၏ ။ အမေ့ အသံ ကြောင့် ကျွန်တော် လန့်ဖျပ်၍ ကြောင် သွား၏ ။
“ လိပ်ကြီး က သေနေပြီ ကြီးတော် ရဲ့ ၊ အဲဒါကြောင့် လိပ်ခွံ ယူ ရအောင် ဆိုပြီး ကျွန်တော် တို့ ယူ လာ ကြတာပါ ”
“ ဒီ လိပ်မျိုး က လိပ်ခွံ ယူ ရတဲ့ လိပ်မျိုး မှ မဟုတ်တာ ။ သနားပါတယ် ဟယ် ”
မောင်ရွှေ က လိမ် ပြောသည် ကို တကယ် ထင်၍ အမေ က နောက်ထပ် မမေးတော့ ။
လိပ်ကြီး က မပြူ ချင် ပြူ ချင် နှင့် ခေါင်းပြူ ထွက်၍ ဟိုဟိုဒီဒီ မော် ကြည့်၏ ။ ကျွန်တော်တို့ က ခေါင်း ကို ကျောက် နှင့် ထုသော အခါ ခေါင်း ပု ၍ ဝင် သွားသည် ။ ထု လိုက် ဝင် သွားလိုက် ၊ ထွက် လာ လိုက် နှင့် မောင်ရွှေ တို့ တဲ ထဲ မှာ ပင်လယ်လိပ်ကြီး ကို နှစ်ယောက် ဝိုင်း သ,တ် ရသည် ။ ဘယ်လိုမှ သ,တ်၍ မသေသော အခါ ပွက်ပွက်ဆူ နေ သော ရေနွေးပူ နှင့် ခေါင်း ထဲ ကို လောင်းထည့်၍ လိပ်ကြီး ကို သ,တ် ထား လိုက်ကြ၏ ။
ညနေ လိပ်သားဟင်း နှင့် ထမင်းမြိန်မြိန် စားရမည် မို့ မောင်ရွှေ နှင့် ကျွန်တော် ပျော် နေကြသည် ။
“ ဟဲ့ ... ဒီ ပြင်သာလိပ်ကြီး ကို မင်းတို့ ဘယ်က ရလဲ ”
မောင်ရွှေ တို့ အဖေ ဦးကျော်အေး သည် တဲရှေ့ သို့ လှေ ကို ထိုး ကပ်ရင်း ခရီး ရောက် မဆိုက် မေးသည် ။
“ ဒီ လိပ်ကြီး ကို ဖိုးထောင် တို့ အမေ ထမင်း ပို့ လာရင်း ဟိုနား က ကျောက်ဆောင် ခြေရင်း သဲလဲပြင် မှာ တွေ့တွေ့ နေတာ သုံးလေးရက် ရှိသွားပြီ အဘရဲ့ ။ အစကတော့ သူ့ နောက်မှာ ကျောက်ဆောင်တွေ ခံ နေလို့ ရေ ထဲ မဆင်းတတ် ဖြစ်နေတယ် ထင်တာ ။ ကျွန်တော်တို့ ရေထဲ ပစ် ပစ် ချ ပေးကြ တာလည်း သုံးလေးရက် ရှိ သွားပြီ ။ ဒါပေမဲ့ ဒီ လိပ်ကြီး က ဒီရေ အတက် မှာ ပြန်ပြန် တက် လာပြီး ဒီနေရာ မှာ ချည်း ဝပ် ဝပ် နေတယ် ။ ဒီနေ့ လည်း အရင် ဟိုနေ့ ဟိုနေ့ တွေ တုန်း က လို မြစ်ရေထဲ ပစ်ချ ရအောင် လို့ ကျွန်တော် နဲ့ ဖိုးထောင် သွား ကြတော့ သေ နေပြီ ။ အဲဒါကြောင့် လိပ်ခွံ ယူ ရအောင် တဲ ထဲ သွင်း ထားတာ ”
မောင်ရွှေ က ခပ်တည်တည် လိမ် ပြောသည် ကို သူ့ အဖေ က တကယ် ထင်၏ ။
“ ဟယ် ... ဟုတ်လား ၊ ဒါဟာ လိပ်ဥ ရှာသမားတွေ အကျင့် ယုတ်လို့ပဲကွ ၊ မင်းတို့ လည်း နောင် ကို မြဲမြဲ မှတ်ထား ကြ ။ ဒီ ပြင်သာ ဆို တဲ့ လိပ် တစ်မျိုး ဟာ သားသမီးတွေ အ ပေါ် မှာ လူတွေ ထက် တောင် သံယောဇဉ် ကြီး သေးတယ် ။ ဥ ပေါက်ချိန် ရောက်ပြီ ဆိုရင် လိပ်မကြီး ဟာ သူ့ ဥကျင်း အောက် က လိပ်ကလေးတွေ အကောင် ပေါက်ပြီး ရေ ထဲ ဆင်း အလာ ကို စောင့်ကြို နေ တတ်တယ် ။ တကယ်လို့ လိပ်ဥ ရှာ သမားတွေ က ကျင်းစောင့် အဖြစ် လိပ်ဥ တစ်ဥ မှ မထားခဲ့ကြလို့ အကောင်လေးတွေ ပေါက်တဲ့ အချိန် မှာ ကျင်းအောက် ဘက် က လိပ်ကလေး တွေ တစ်ကောင် မှ ရောက် မလာကြဘူး ဆိုရင် ကျင်း အောက်ဘက် က သူ့ သား သမီးတွေ ကို တွေ့မြင် လို စိတ် နဲ့ စောင့်ကြို နေတဲ့ လိပ်မကြီး ဟာ သူ့ သားသမီးတွေ ကို မမြင်ရ မချင်း သေတဲ့ အထိ စောင့် ကြို နေလေ့ ရှိတယ် ။ လိပ်ဥ ရှာသူတွေ က လိပ်ကျင်း ကို တွေ့ လို့ ဥတွေ ကို ယူ သွား ကြပေမဲ့ ကျင်းစောင့် အဖြစ် ၃ လုံး ၊ ၄ လုံး ကို ကျင်း ထဲ မှာ ပြန် ထားခဲ့ကြ ရင်တော့ အဲဒီ ဥ သုံးလေးလုံး တွေဟာ အကောင်ကလေး တွေ ပေါက်ပြီး သူ့ အမေ စောင့်ကြို နေရာ ကို သဘာဝ အသိ နဲ့ ရောက်လာ လေ့ ရှိတယ် တဲ့ ”
“ အဲဒီ အခါမှာ သူ က ဥ တစ်ရာ နှစ်ရာ ဥ ထား ခဲ့ပေမဲ့ ရန်သူတွေ လက် ထဲ က လွတ်မြောက် လာ ကြတဲ့ သူ့ သား သမီးတွေ ဟာ ဒီ သုံးလေးကောင် ပဲ ဆိုတဲ့ အသိ နဲ့ လိပ်မကြီး ဟာ ကျေနပ်ပြီး သူ့ သားသမီးတွေ ကို ကျောကုန်း ပေါ် တင် လို့ ပင်လယ်ရေပြင် ထဲ ထွက် သွားတယ် ။ လိပ် ပေါက် ချိန် မှာ လိပ်ဥ ရှာသူတွေ က ဥကျင်း ရ လို့ ကျင်းစောင့် အဖြစ် လိပ်ဥ မထားခဲ့ ရင် လိပ်မကြီး သေ ရ သလို လိပ် ပေါက်ချိန် မှာ လိပ်မကြီး ကို လူတွေ သတ်စား ပစ်ကြရင်လည်း ဥ က အကောင်ကလေး တွေ ပေါက်ပြီး သူ့ အမေ စောင့်ကြို နေတယ် အထင် နဲ့ ရေပြင် ထဲ ဆင်း လာကြတဲ့ လိပ်ကလေးတွေ ဟာ ငါးတွေ ဖမ်းစား လို့ အားလုံး ပြုတ်ပြုတ် ပြုန်း ကုန် တာပဲ ။ သူ့ အမေ စောင့်ကြို နေ ရင်တော့ အမေ က သူ့ သားသမီးတွေ ကို သားငါးတွေ ဘေးရန် က ကာကွယ် ပေးမယ်ပေါ့ ။ အဲဒါကြောင့် လိပ် ပေါက်ချိန် မှာ လိပ်မကြီးတွေ ကို ပင်လယ်ကမ်း ခြေ မှာ တွေ့ ကြပေမဲ့ မသတ်ရဘူး ၊ သိပ် ငရဲ ကြီး တယ်လို့ ပြောကြတယ် မဟုတ်လား ။ လိပ်များ ဟာ သဲသောင်ပြင် ထဲ မှာ ဥ ထား ခဲ့ပေမဲ့ တခြား တိရစ္ဆာန်တွေ လို ဥ ကို ဝပ် နေ စရာ မလိုဘူး ၊ မြစ်ရေ ထဲ က လိပ်မကြီး မေတ္တာ ပို့ ရုံနဲ့ မေတ္တာ ဇော အဟုန် နဲ့ ဥတွေ ဟာ အကောင်ကလေးတွေ ပေါက် လာ ကြတယ် ။ မိဘ စကား ၊ မိဘ မေတ္တာ ကို တန်ဖိုး ထားရမှန်း မသိတဲ့ မင်း တို့ လူငယ်တွေ မှတ်သား စရာပဲ ။ အသိဉာဏ် နည်းပါး လှတဲ့ တိရစ္ဆာန်များ မှာ တောင် သားသမီး အပေါ် မှာ ထား ရှိတဲ့ မိဘမေတ္တာ ဟာ ဘယ်လောက် ကြီးမားတယ် ။ ဘယ်လောက် မွန်မြတ်တယ် ဆိုတာ မှတ် ထားကြ ။ လူ ဆို ရင် ပြောနေစရာ မလိုတော့ဘူး ... ”
မောင်ရွှေ တို့ အဖေ ဦးကျော်အေး ၏ စကား ကို ကြား ရသောအခါ ကျွန်တော့် တစ်ကိုယ်လုံး သိမ့်သိမ့်ခါ တုန်လှုပ် သွား မိသည် ။ ယခင် သီတင်း သုံးလေးပတ် က ကိုဘရင် နှင့် ကျွန်တော် သည် တာဝတိန်သာချိုင် ၌ပင် ပြင်သာ လိပ်ဥ တစ် ကျင်း ကို ရ ခဲ့ ဖူး၏ ။ ကျင်းစောင့် အဖြစ် လိပ်ကျင်း ထဲ ၌ လိပ်ဥ သုံးလေးလုံး ထားခဲ့ရရိုး ထုံးစံ ရှိသည် ကို မသိသော ကျွန်တော် သည် ကျင်း ထဲ မှ လိပ်ဥ အားလုံးကို ယူ လာ ခဲ့မိ၏ ။ ဦးကျော်အေး ပြောစကား အရ ဆိုလျှင် ကျွန်တော် နှင့် ကိုဘရင် တို့ ယူ လာ ခဲ့ကြသော လိပ်မကြီး သည် လိပ် ပေါက်ချိန် ရောက်သော အခါ သူ့ သားသမီးများ ကို တွေ့မြင်လိုရေး ငယ် နှင့် ကမ်းခြေ တစ်နေရာ မှ သေသည် အထိ စောင့်မျှော် နေ ပေ လိမ့်မည် တကား ... ။
◾ဖိုးကျော့
📖 မြဝတီမဂ္ဂဇင်း
၁၉၆၈ ၊ ဧပြီ ၊
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment