Sunday, June 11, 2023

အင်းကြင်းမြိုင်


 ❝ အင်းကြင်းမြိုင် ❞


( ၁ )


ကောလိယမြို့ကလေး မှ ဗိသုကာ တစ်ဦး ဖြစ်သော ကိုဘမင်း အဖို့ ယခုကဲ့သို့ ကြိုဆို ဧည့်ခံပွဲ အခမ်းအနား တစ်ခု ကို တာဝန်ယူ ဆောင်ရွက်ရန် ကိစ္စ သည် ၎င်း ၏ ပင်မ လုပ်ငန်း နှင့် သက်ဆိုင် လှသည် ဟု မဆိုသာ သော်လည်း မြက်မြက်ကလေး စားရမည် မှာ အသေအချာ ဖြစ်သော ကြောင့် လက်ခံ လိုက် မိခြင်း ဖြစ် လေသည် ။ လုပ်ငန်း လာရောက် အပ်နှံ သူ မှာ ဒရယ်ဖို ရွာသူကြီး ဦးသံရောင် ဖြစ်၏ ။


ယင်း အလုပ် ကို လက်ခံခဲ့ပြီး နောက် သူကြီး ဦးသံရောင် နှင့် အတူ သူဌေးကြီး ၏ လူယုံတော် ကိုညို လည်း ပါ လာခဲ့ရာ ကိုညို ၏ ဇီဇာကြောင်ပုံ များ ကို မြင်တွေ့ရသော အခါတွင်မူ ဤ လုပ်ငန်း ကို မိမိ လက်ခံခဲ့မိသည် မှာ မှားများ မှားသွားပြီ လား ဟု ကိုဘမင်း တွေးမိသည် ။


“ မောင်ဘမင်း ကို နည်းနည်း ရှင်းပြ ရဦးမယ် ၊ သူဌေးကြီး ဦးကျော်ခေါင် ကို တော့ မောင်ဘမင်း သိတယ် မဟုတ်လား ”


“ ဟုတ်ကဲ့ ၊ ကြားဖူးပါတယ် ”


“ ထိပ်တန်း သူဌေးကြီး ပေါ့ကွယ် ၊ သူဌေးကြီး ဆိုလို့ သူကြွယ် မျိုးရိုး က ပေါက်ဖွားလာတယ် လို့တော့ မထင်လိုက် နဲ့ ၊ ဒရယ်ဖိုရွာသား ဖက်ဆွတ်တောင်ရိုး က သစ်ခုတ်သမားလေး ပါကွယ် ။ သူ့ ရဲ့ ကြံရည်ဖန်ရည် နဲ့ လုံ့လဝီရီယ ကြောင့် ခုလို ရွှေတိုက် စာရင်းဝင် သူဌေးကြီး တစ်ဦး ဖြစ်လာခဲ့ ရတာ ပေါ့ ။ ဒီနှစ်ပိုင်းမှာ သူဌေးကြီး က ထူးထူးဆန်းဆန်း ချင်ခြင်း တစ်ခု ဖြစ်လာသကွဲ့ ။ အဲဒါကတော့ ဒရယ်ဖိုရွာကလေး ကို ပြန် လာ ပြီး အလှူအတန်း ကြီးကြီးကျယ်ကျယ် လုပ်ချင်တာပဲ ။ အဲဒီလို လုပ်ဖို့ အတွက် ရွာ ကို တစ်ခေါက်လာ ကြည့် ချင်တယ် ။ ဒီလို လာ ကြည့်တဲ့ အခါ သူ့ အဖွဲ့ လည်း ပါလာမှာ မို့ ဒရယ်ဖိုရွာ မှာ တည်းဖို့ ခိုဖို့ ဧည့်ခံဖို့ အတွက် အစစ အရာရာ မောင်ဘမင်း က စီစဉ်ဖို့ပါပဲ ကွယ် ”


ကိုညို ကား အသက် သုံးဆယ့်ငါးနှစ် ခန့် အသား မဖြူမညို ၊ မျက်လုံး ပြူးပြူး ၊ နှာတံ ပိပိ  ၊ နှုတ်ခမ်း ပါးပါး နှင့် ဖြစ်သည် ။ ကွမ်း အမြဲ စားလေ့ ရှိ သဖြင့် သူစကား ပြော သည့် အခါတွင် ခံတွင်းနံ့ သင်းပျံသည် ။


“ ဧည့်ခံပွဲ က နှစ်နေရာ လုပ်မယ် ကိုဘမင်း ရဲ့ ၊ ပထမ နေရာ က ဒရယ်ဖို ရွာ ထဲ မှာ လုပ်မယ် ၊ ရွာသူ ရွာသားတွေ ကို ကျွေးမွေးမယ့် အလှူပွဲပါ ”


“ ဒါကတော့ မောင်ဘမင်း အာရုံ စိုက်စရာ မလိုပါဘူး ၊ တို့များ က ပဲ ဦးစီးပြီး ရွာသူရွာသားတွေ နဲ့ စီစဉ် လိုက်မှာပါ ”


သူကြီး ဦးသံရောင် က ဝင် ပြော၏ ။


“ ဒုတိယ နေရာ က ဖက်ဆွတ်တောင်ထိပ် က အင်ကြင်းမြိုင် မှာလုပ်မယ် ”


“ ဗျာ ... မလုပ်ပါနဲ့ ကိုညို ရာ ၊ တကယ့် တောခေါင်ခေါင်ကြီး ထဲမှာ ” 


“ သူဌေးကြီး ရဲ့ ဆန္ဒ လေ ကိုဘမင်း ရဲ့ ၊ ကျွန်တော် က စောဒက တက်ခွင့် မှ မရှိတာ ”


ဒရယ်ဖိုရွာ ဘုန်းတော်ကြီး ကျောင်း ၏ တောင်ဘက် ဇောင်းခြမ်းပင်ကုန်း ထဲ တွင် သူဌေးကြီး နှင့် ရန်ကုန် မှ ပါလာသည့် ဧည့်သည်များ တည်းရန် ရေချိုးခန်း ၊ အိမ်သာ တွဲလျက် ပါသော အဆောက်အအုံ ငယ်လေးများ ကို ကိုဘမင်း က ဆောက်ပေး ရ၏ ။


တဲငယ်လေးများ အစီအရီ နှင့် ဇောင်းခြမ်းပင်ကုန်း ကား ဇူးလူးရွာလေး တစ်ရွာ သဖွယ် ရှိလေသည် ။


ကိုညို သည် သူဌေးကြီး မလာမီ ဒရယ်ဖိုရွာ သို့ နှစ်ခေါက် မျှ ရှေ့ပြေး ရောက်နှင့် သည် ။ ယင်း ကာလ အတွင်း ကိုဘမင်း နှင့် အတော်အသင့် ရင်းနှီးခဲ့ပြီး ဖြစ်သော် လည်း လုပ်ငန်း နှင့် ပတ်သက် လာ လျှင် မူ အလျှော့ ပေးလေ့ မရှိပေ ။ တိတိကျကျ ညွှန်ကြား ပြော ဆိုတတ်ပေသည် ။


သူဌေးကြီး နှင့် အဖွဲ့ ရောက် လာ လျှင် သုံးစွဲမည့် ပန်းကန် ၊ ခွက်ယောက် ၊ လက်သုတ်ပဝါ ၊ ဇွန်း ၊ ခက်ရင်း က အစ ကိုညို အား ခင်းကျင်း ပြသ ရ၏ ။ စားပွဲရှည် တစ်လုံး ပေါ် တွင် ပစ္စည်း တစ်မျိုး လျှင် နမူနာ သုံးမျိုးခန့် စီတန်း ပြသ ထား ရ၏ ။ ယင်းတို့ အထဲ တွင် ကိုညို က နှစ်သက်ရာ ပစ္စည်း တစ်ခု ကို ရွေးချယ် အတည်ပြု ပေး လေသည် ။


ဖက်ဆွတ်တောင်ထိပ် မှ ဧည့်ခံပွဲ တွင် သုံးရန် အတွက် စဉ့်ပန်းကန် ၊ ဝါးပန်းကန် နှင့် ယွန်းပန်းကန် များ ကို လှပအောင် ခင်းကျင်းပြခဲ့ သော်လည်း ကိုညို က လက်ခံခြင်း မပြုပေ ။


“ အသစ်အဆန်းတော့ ဖြစ်ပါရဲ့ ၊ ကျေးလက် လည်း ဆန်ပါရဲ့ ၊ ဒါပေမဲ့ ကြမ်းလွန်းတယ် ဗျာ ၊ တော်ပြီ .. တော်ပြီ ၊ ရန်ကုန် က ပဲ ပန်းကန်တွေ သယ်လာ တော့မယ် ၊ ဒေသ အငွေ့ အသက် ပါ အောင် ပန်းကန် ပေါ်  မှာ ငှက်ပျောဖက်ဝန်း ခင်းပေး လိုက်ရင် မကောင်းဘူးလား ”


သူကြီး ဦးသံရောင် က တော့ ပစ္စည်းပြပွဲ မအောင်မြင်သည့် အခါတိုင်း အနေရ ခက် တတ်သည် ။


“ တတ်နိုင်သမျှ ဒီက ပစ္စည်းတွေ ကို သုံးဆောင် အောင် လုပ်ပေးပါ ၊ မောင်ဘမင်း ရဲ့ ၊ တို့များ ကလည်း သူဌေးကြီး ကို ကျေးဇူး ပြုချင်တယ်လေ ”


သူဌေးကြီး ရေချိုး ရာ တွင် သုံးစွဲရန် အတွက် မန်ကျည်းသီးမှည့်များ စုဆောင်း ထား ရသည် ။ ယင်း မန်ကျည်းနှစ်များ ကို ထုထောင်း ၍ အနှစ် ရအောင် ပြုလုပ်ပေးရ၏  ။ မန်ကျည်းနှစ်များ ကို ဆေးတစ်မျိုး နှင့် ရောစပ်ပြီး သူဌေးကြီး က ရေချိုးသည့် အခါတွင် သုံးလေ့ ရှိသည် ဟု ဆိုသည် ။


“ အစားအသောက် ကတော့ ရာသီစာ ၊ ဌာနီစာ တွေ ပဲ ဦးစားပေးပြီး စီစဉ်ပါ ကိုဘမင်း ရယ် ”


တတ်နိုင်သမျှ ဦးဦးဖျားဖျား ၊ ထူးထူးခြားခြား လေးတွေ ဖြစ်အောင် စီစဉ် ထားရသည် ။


“ သူဌေးကြီး က တစ်ခါတစ်ရံ ငှက်သိုက် သောက် တတ်တယ် ၊ ငှက်သိုက် ရှာ ထားဦး ၊ ပြီးတော့ ဝိုင်ဖြူ လည်း သောက်တယ် ၊ ည အိပ်ရာဝင် မှာတော့ သင်္ဘောသီး နှစ်စိတ် နဲ့ ဟောလစ် တစ်ခွက် သောက် လိမ့်မယ် ”


ကိုညို မှာကြားသည့် အတိုင်း အားလုံး ကို အဆင် ပြေအောင် စီစဉ် ပေးထား၏ ။


ကတ္တရာလမ်း မှ ဒရယ်ဖိုရွာ သို့ သွားသော လှည်းလမ်း ကို မော်တော်ကား မောင်း ၍ ကောင်းအောင် အလုပ်သမားများ ဖြင့် မြေညှိ ပေး ရသည် ။ ကိုညို ၏ အစီအမံ ကောင်းသော ကြောင့် တစ်ကြောင်း ၊ ကိုဘမင်း ၏ ဆောင်ရွက်မှု ကောင်း သောကြောင့် တစ်ကြောင်း သူဌေးကြီး နှင့် အဖွဲ့  ရွာ ကို ရောက်လာပြီး နောက် သူဌေး ကြီး ဘက် မှ စိတ်တိုင်း မကျမှု တစ်စုံတစ်ရာ မရှိပေ ။


ကိုဘမင်း တို့ ဘက် မှ သာ သူဌေးကြီး နှင့် အတူ ပါလာသော ရွှေကုန်သည် လူဝကြီး ၏ မိန်းမဆန်ဆန် အပြစ်တင် စကား များကြောင့် စိတ် အနှောင့်အယှက် ဖြစ်ရ လေသည် ။


“ သူဌေးကြီး မျက်နှာ ကို ထောက်ထားပြီး သည်းခံပါ မောင်ဘမင်း ရယ် ”


သူကြီး ဦးသံရောင် က ပြော၏ ။ မှန်သည် ။ သူဌေးကြီး ၏ မျက်နှာ ကို ထောက်ထားရ ပေမည် ။ အသား ဖြူဖြူ ၊ အရပ် မြင့်မြင့် နှင့် သူဌေးကြီး ဦးကျော်ခေါင် ၏ မျက်နှာ သည် ကား ထောက်ထားချင်စဖွယ် ဝင်းပတင့်တယ် နေသော မျက်နှာ ဖြစ်ပါပေ၏ ။


•••••   •••••   •••••   •••••


( ၂ )


အင်ကြင်းမြိုင် ရှိ စည်မျက်နှာ ကဲ့သို့ ပြန့်ဖြူးသော မြေညီညီ တွင် မဏ္ဍပ်ကြီး တစ်ခု အခိုင်အမာ ဆောက် ထား သည် ။ မဏ္ဍပ် ထဲ သို့ ဝင် လိုက် လျှင် မျက်နှာကြက် သစ်သားပြားများ ကို မမြင်ရပေ ။


တစ်နွယ် နှင့် တစ်နွယ် ယှက်လိမ် နေသော ခုံညင်းနွယ် စိမ်းစိမ်းကြီးများ ကို သာ မြင်ရလိမ့်မည် ဖြစ်၏ ။ ဧရာမ ခုံညင်းပင် အနွယ်ရုံကြီး အတွင်း မှာ ရောက်ရှိ နေ သကဲ့သို့ ခံစားရသည် ။ သူဌေးကြီး ဦးကျော်ခေါင် ငယ်စဉ် က ဤ တောတောင် ထဲ ၌ ခုံညင်းပင် ( ဒိုးပင် ) ကြီးများ သည် ကျွန်းပင် ၊ ပိတောက်ပင်ကြီးများ ပေါ်၌ နွယ်ယှက်ကာ မဏ္ဍပ်ကြီးများ သဖွယ် ဖြစ်တည် နေခဲ့ဖူးသည် ဟု ဆိုသည် ။


ခရီးသွားများ သည် ဤကဲ့သို့သော ခုံညင်းနွယ်ရုံ များ အောက်သို့ ရောက်သော အခါ ဇရပ် တစ်ခု အတွင်း သို့ ရောက်သည့် အလား အေးအေးလူလူ နားနေ ကြသည် ဟု ဆိုသည် ။


ရွာသူရွာသားများ က လည်း ဤကဲ့သို့သော ခုံညင်းပင် နွယ်အရုံ ကြီးများ အောက် သို့ လာရောက်ကာ နှီးဖြာကြ ၊ တောင်းရက်ကြ ၊ လျှော်ခွာကြ ၊ ကြိုးကျစ်ကြ နှင့် ပျော်ရွှင်ဖွယ်ရာ စည်ကား သိုက် မြိုက်ခဲ့သည် ဟု ဆိုသည် ။


ယနေ့ ကာလ၌ ထို ကဲ့သို့သော ဧရာမ ခုံညင်းနွယ် အရုံကြီးများ မရှိတော့ ပြီ ။ ငယ်ဘဝ က ဆော့ကစား ခဲ့သော ခုံညင်းနွယ်အရုံကြီး အောက် တွင် တစ်ညတာ ပြန်၍ နားနေ လိုသော သူဌေးကြီး ၏ ဆန္ဒ ကို ကိုဘမင်း က တတ်နိုင်သမျှ အတု ပြုလုပ် တည်ဆောက် ပေးရခြင်း ဖြစ်သည် ။


မဏ္ဍပ် အတွင်း မြေပြင် ပေါ် တွင် သင်္ဘောဆေးရောင်စုံ သုတ် ထားသော သစ်ရွက်များ ကြဲဖြန့်ထား၏ ။ စားပွဲ ၊ ကုလားထိုင်များ ကို ကျောက်တုံးကြီးများ ၊ သစ်မြစ်ဆုံများ ၊ ခြတောင်ပို့ကြီးများ သဖွယ် ဖန်တီး ခင်းကျင်း ထား၏ ။ မဏ္ဍပ် ပတ်လည်ရှိ သစ်ပင်ကြီးများ ပေါ် ၌ သစ်သီးများ သဏ္ဌာန် ချိတ်ဆွဲ ထားသော လျှပ်စစ်မီးသီးများ သည် မှောင်စပျိုးသည် နှင့် မှည့်ဝင်း လင်းလက်လာကြပေ လိမ့်မည် ။


ကျေးငှက် မြည်သံ ၊ သမင် တောက်သံ ၊ ချေ ဟောက်သံများ ကလည်း ချုံနွယ်များ တွင် ကွယ်ဝှက် ထားသော အသံအိမ်များ ထဲ မှ သဘာဝ ကျစွာ ပေါ်ထွက် နေကြ၏ ။


သူဌေးကြီး ကား ခုံညင်းနွယ် အရုံကြီး ကို အတော်ပင် သဘောကျ နေသည် ။


ဓာတ်ပုံများ တဖျပ်ဖျပ် ရိုက်ကြ၏ ။ ကိုညို ၏ မျက်နှာ ပြုံးရွှင် နေသည် ။


ခဏအကြာ တွင် ဧည့်ခံပွဲ စ သည် ။ ဘီယာဘူး ၊ ဖျော်ရည်ဘူး ဖောက်သံများ တဖြောင်းဖြောင်း ပေါ်ထွက် လာရာ တိုက်ပွဲလေး တစ်ခု ဖြစ်ပွား နေ သလို ထင်ရသည် ။


အကြော်ဆရာများ ၏ လက်စွမ်းပြ စားသောက်ဖွယ်ရာ များသည် မဏ္ဍပ် ဘေး ရှိ မြတ်လေးရုံ အတွင်း မှ တစ်ပန်းကန် ပြီး တစ်ပန်းကန် ရောက်လာ၏ ။


တန်ဖိုးကြီး မားသော တိုင်းတစ်ပါး ဖြစ် အရက်မျိုးစုံ တို့သည် မဏ္ဍပ် အတွင်းဝယ် ပြိုးပြက် ဖိတ်လက် နေကြ၏ ။


“ မောင်ညိုရေ မင်း သိပ် ပင်ပန်း နေပြီ ”


သူဌေးကြီး က ကိုညို အား အရက်ခွက် မကြာခဏ ကမ်းပေး၏ ။ ဆုချ သည့် သဘောမျိုး ဖြစ်ပေလိမ့်မည် ။


ကိုညို က သူဌေးကြီး ကမ်းလင့်သော အရက်ခွက် ကို လက် နှစ်ဖက် ဖြင့် တရိုတသေ ယူပြီး မော့ချလိုက် တတ်၏ ။


ကိုညို ၏ မျက်နှာ သည် ရေသဖန်းသီးမှည့် သဖွယ် ရဲတွက် နေသည် ။ ခုံညင်းနွယ် အရုံကြီး အတွင်း၌ ကား ရီဝေယစ်မူး စ ပြုနေသူ တို့ ၏ ယိမ်းနွဲ့ လှုပ်ရှားသော အမူအရာ ဟန်ပန် ၊ စကား ထပ်တလဲလဲ ပြောသံ ၊ ပုလင်းသံ ၊ ဖန်ခွက်သံ  ၊ ဇွန်သံ ၊ ခက်ရင်းသံ များဖြင့် ဆူညံကာ ရုတ်ရုတ်သဲသဲ ဖရိုဖရဲ ဖြစ်လျက် ရှိလေသည် ။


•••••   •••••   •••••   •••••


( ၃ )


သူဌေးကြီး အိပ်ရာ မှ ဖျတ်ခနဲ နိုးလာသည် ။


ပရိသတ်များ ကား မဏ္ဍပ် ထဲ တွင် အတုံးအရုံး အိပ်ပျော် နေကြ၏ ။


လ သည် မဏ္ဍပ် ၏ အနောက်ဘက်စွန်း တွင် ထိန်ထိန်သာ လျက် ရှိ၏  ။ လရောင် အောက် တွင် တောအုပ် တစ်ခုလုံး တောက်ပရွှန်းလက် နေသည် ။


ကညင်ပင်ကြီး များ က ခေါင်း တညိတ်ညိတ် နှင့် ကိုယ် ကို လှုပ်ယိမ်း နေကြ၏ ။ ညောင်ရွက်များ က အမျိုးအမည် မသိသော ဂါထာမန္တာန် များ ကို ရွတ်ဆို နေကြသည် ။ ဇလပ်ပင်လေး တွေ ကခုန် နေကြ၏ ။ ညဉ့်ငှက်များ က တစ်ပင် မှ တစ်ပင် ပျံဝဲကူးသန်း နေကြသည် ။ ယခု အချိန်အခါ ၌ တောရဂုံ သည် တကယ်ပင် အသက်ရှင် နိုးထ ၍ လာခဲ့လေပြီ ။


သူဌေးကြီး ၏ စိတ် သည် ပကတိ ကြည်လင်ဆန်းလန်း လျက် ရှိ၏  ။


အဝေး ဆီ မှ စမ်းရေ စီးသံ က သူ့ အား ညှို့ခေါ် နေသလို ရှိသည် ။ စမ်းရေ စီးသံ သည် သူ့ နဖူးပြင် မှ စိမ့်ဝင် သွားကာ ဦးခေါင်း ထဲ မှ တစ်ဆင့် တစ်ကိုယ့်လုံး ရှိ သွေးကြောများ ထဲ တွင် ပျံ့နှံ့ လှည့် ပတ် နေသည် ။


ဤ မြိုင်ခြေ ၌ အင်္ကျီ မပါဘဲ ပုဆိုးတိုတို ဝတ် ထားသည့် လူငယ်လေး တစ်ဦး သည် မျောက် တစ်ကောင် ပမာ လှည့်လည် သွားလာ နေခဲ့ ဖူးလေသည် ။


သူဌေးကြီး သည် အိပ်ငွေ့ ချထားခံရသူ ပမာ မဏ္ဍပ် ထဲ မှ ထွက်လာခဲ့၏ ။


ကျွန်းပင်အိုကြီး များ က အဘိုးအဘွားများ သဖွယ် တွန့်ရှုံ့တွဲကျ နေသည့် မျက်ပျဉ်းဖုံးသော မျက်လုံးများ ဖြင့် သူ့ ကို ငုံ့ကြည့် နေကြသည် ။ ချုံနွယ်များ က သူ ၏ နဖူး ၊ ရင်ဘတ် တို့ကို တယုတယ ပွတ်သပ် ပေးကြ၏ ။ ဆီးဆိမ့်သီး တစ်ခိုင် က သူ့ ပါးစပ် နား မှာ ရစ်ဝဲ ရစ်ဝဲ လုပ်နေသောကြောင့် လှမ်း ဟပ်လိုက်ပြီး မြိုဝါး လိုက်သော အခါတွင် ပို၍ လန်းဆန်း သွား၏  ။ ခဏ ကြာလျှင် ဍရင်ကောက် မန်ကျည်းပင်ကြီး ကို တွေ့ လိမ့်မည် ။


ထို မန်ကျည်းပင် အောက် မှာ မျှော်ကြည့် လျှင် သွယ်သွယ် ချွန်းချွန်း နှင့် တောင်စွယ်လေး တစ်ခုကို မြင်ရ လိမ့်မည် ။


လမ်းဘေး တောင် နံရံ ပေါ် မှ ချုံနွယ်များ ထဲ တွင် အရွက်နီနီလေး တွေ နှင့် အပင်များ ၊ အရွက်ဖြူဖြူ လေးတွေ နှင့် အပင်များ ကို ထူးထူးခြားခြား တွေ့ ရ၏ ။


အတန်ငယ် လျှောက် မိသည့် အခါ၌ ရင်ဘတ် ကို ကော့ထားသော မန်ကျည်းပင် ကြီး ကို တကယ်ပင် မြင်တွေ့ ရ၏ ။ တအောင့်တနား ထိုင် ၍ မျှော်ကြည့်ရာ မြက်ခင်း ပေါ် ၌ ဆိုက်ကပ်ထား သလို ရှိသော သင်္ဘောဦး သဏ္ဌာန် တောင်စွယ် ကို တွေ့ရ၏ ။ ချောက်ကမ်းပါး ထဲ ၌ ဝါးရုံပင်များသည် အမွေး ဖွားဖွား နှင့် တိုးနယား ကြီးများ ပမာ တလူးလူး တလွန့်လွန့်  ရှိနေသည် ။


ကျွန်းပင်ပေါက်လေး များ အနီး ၌ တောစံပယ်ပွင့်တွေ ဖွေးဖွေး လှုပ်နေသည် ။


သစ်ပင်ကြီးများ အောက် မှ ဖြတ်သွားသည့် အခါ အမှောင် ထဲ တွင် စမ်းတဝါးဝါး လျှောက် လှမ်း လာရပြီး မှ ဘွားခနဲ မျက်နှာချင်း လာ အပ်သော လဝန်း ကို ခင်မင်စွာ သူ ပြုံး ၍ ကြည့်နေ မိ၏ ။


တစ်သမတ်တည်း မြည်ကြွေး နေသော ပုစဉ်းရင်ကွဲ အသံများ ကို မဟာယာန ဘုန်းတော်ကြီး တစ်ပါး ၏ တုံးငယ်ခေါက်သံ သဖွယ် အဆက်မပြတ် ကြားနေရ၏ ။


ထာဝရတရား ၏ အဇ္ဈတ္တ အတွင်းမှ ခွေးသွားစိတ်များ နရီမှန်မှန် လည်ပတ် နေသံ ကို သူကြား နေ ရသည် ။ ခရေပင်အုပ် အတွင်း သို့ ရောက်လာသော အခါ ၌ ပုစဉ်းရင်ကွဲ မြည်သံများကို မကြားရတော့ပေ ။ စမ်းရေ စီးသံ ကို ပြန် ကြားရ၏ ။ စမ်းရေ ထဲမှ လှုပ်ရွေ့ နေသော မိမိ မျက်နှာ ကို ငုံ့ ကြည့် ချင်သည် ။


စမ်းရေအေး ဖြင့် မျက်နှာ ၊ လည်ကုပ် တို့ ကို ပွတ်သပ် ချင်၏ ။ စမ်းရေ ကို လက်ခုပ် ဖြင့် ခပ် ၍ သောက်ချင်သည် ။ မြေပြင် သည် ခပ်ပြေပြေ နိမ့်ဆင်း လာရာမှ တစ်နေရာ တွင် ရုတ်တရက် မတ်‌စောက်စွာ နိမ့်ကျ သွားသည် ။


ချောက်ကမ်းပါးစွန်း တစ်ခု ပါလား ။


အောက်သို့ ဆက်၍ ဆင်းရန် မလွယ်တော့ပေ ။


ရှေ့ဆက် မသွားဘဲ လက်ယာဘက် သို့ အတန်ငယ် လျှောက်လာ သည့် အခါ တောင်အောင် သို့ ဆင်းရန် သိပ် မခက် သော ဆင်ခြင်လျှော တစ်ခု ကို တွေ့ရ၏ ။


သမုန်းပင်ကြီး တစ်ပင် အောက် မှ ထွက် လာသော ရေသောက်မြစ် အရှည်ကြီး က လည်း လက်ရန်း သဖွယ် ကိုင်တွယ် အားပြု ၍ ရ၏ ။ ငုံ့ ကြည့် လိုက် သော အခါ၌ တောင်ကြား ထဲ တွင် ရွေ့လျား တွားသွား နေသော အရောင်လက်လက် ကို မြင် ရသည် ။


စမ်းချောင်းလေး ကို ရောက်တော့ မှာ ပါလား ။


•••••   •••••   •••••   •••••


( ၄ )


“ သူဌေးကြီး မရှိတော့ဘူးဟေ့ ”


အစောဆုံး နိုးလာသော ရွှေကုန်သည် က အော်ဟစ် လိုက်သည့် အခါ အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ် သွား၏ ။ အိပ်ရာ မှ လူးလဲ ထ လာပြီး မဏ္ဍပ် ဝန်းကျင် ဟိုဟိုဒီဒီ လျှောက် ကြည့် ကြသည် ။


တပိုတပါးများ သွားလေ သလား ။ ရှာ သူ က ရှာ ၊ စောင့် သူ က  စောင့် သော် လည်း သူဌေးကြီး ကား ပေါ် မလာတော့ ။ သူဌေးကြီး ပျောက်ချင်း မလှ ပျောက်သွား လေပြီ ။


“ ကျွန်တော် သတိ လက်လွတ် သွားလို့ ဖြစ်ရတာ ပါဗျာ ၊ ကျွန်တော့် အပြစ် ပါ ”


ကိုညို က ကိုက်ခဲ နေသော ခေါင်း ကို လက် ဖြင့် နှိပ်ရင်း တဗျစ်တောက်တောက် ပြောသည် ။


“ စမ်းချောင်း နား မှာ လည်း မတွေ့ဘူး ၊ အင်ကြင်းမြှောင် တစ်ဝိုက် မှာ တော့ အတော် နှံ့နေပြီ ”


“ ရွာ ပြန်ပြီး ရွာသားတွေ ကို သွားခေါ်ကြဟေ့ ”


သူကြီး ဦးသံရောင် က ပြော၏ ။


“ ဆင်စခန်း က လူတွေ ကို အကူအညီ တောင်း ရင် လည်း ရနိုင်တယ် ”


ကိုဘမင်း က ပြောသည် ။


“ ကောင်းသလို သာ လုပ်ကြပါတော့ ဗျာ ၊ ကျွန်တော် တော့ ခေါင်းတွေ မူးနောက် ပြီး ဘာမှ မကြံတတ် အောင် ဖြစ်နေပါပြီ ”


ကိုညို ကား အသံ သဲ့သဲ့ သာ ထွက် တော့၏ ။ ဆင်စခန်း မှ လူများ က အရင် ရောက် လာ၏ ။


“ ပြန်ပေးများ ဆွဲသွား လေသလား ”


“ ရုတ်တရက် မကျန်းမမာ ဖြစ်ပြီး တစ်နေရာရာ မှာ များ လဲကျ နေတာ ဖြစ်မလား ”


“ သူ က ဒီတော ဒီတောင် ထဲမှာ ကြီးပြင်းခဲ့တဲ့ လူ ဆိုတော့ တစ်နေရာရာ ကိုများ အလွမ်းပြေ သွား ကြည့် နေရော့သလား ဗျာ ”


“ ဪ .. ဒါဆိုလည်း ပြန်လာလောက်ပြီ ပေါ့ ဗျာ ၊ အချိန်မှ မနည်းတော့ တဲ့ ဟာ ”


“ အန္တရာယ် တစ်ခုခု တွေ့နေပြီ ထင်ပါရဲ့ ”


ရွာသားများ ရောက်လာသည့် အခါ၌ လျှိုမြောင် အထပ်ထပ် အတွင်း မှာ တောနင်းပြီး ရှာဖွေ ကြ၏ ။


“ ဦးကျော်ခေါင် ဦးကျော်ခေါင် ၊ ဗျို့ .. သူဌေးကြီး ဦးကျော်ခေါင် ”


သူဌေးကြီး ၏ အမည် ကို တကြော်ကြော် အော် ခေါ်၍ လည်း ရှာဖွေကြ၏ ။ ဆင်ခေါင်းတောင် ၊ ရွှေသမင်တော ၊ ပုန်းညက်ကုန်း တို့ အတွင်း ဝယ် မွှေနှောက် ရှာဖွေကြ၏ ။


သဲလွန်စ တစ်စုံတစ်ရာ ကို မျှ မတွေ့ရ ။ ကိုညို ကား ညှိုးချုံးလျက် ရှိလေသည် ။


“ ဒီမှာ ဖိနပ် တစ်ဖက် တွေ့ပြီ ဟေ့ ”


ပေါင်ပဲ့ ချုံ အနီး မှ ကတ္တီပါ ဖိနပ် တစ်ဖက် ကို တွေ့ ၏ ။ တစ်လံ ခန့် အကွာ တွင် နောက် ဖိနပ် တစ်ဖက် ကို တွေ့သည် ။ သူဌေးကြီး ဦးကျော်ခေါင် ၏ ဖိနပ်များ မှ လွဲ၍ အခြား မည်သူ ၏ ဖိနပ် မျှ မဖြစ်နိုင် ။ ချုံစပ် သဲပြင် ပေါ်ဝယ် သွေးကွက်ကြီး တစ်ကွက် ကို စိတ် မချမ်းမြေ့ဖွယ်ရာ တွေ့ရပြန်၏ ။


ထိုနောက် တရွတ်တိုက် ဆွဲသွားသော စွပ်ကြောင်းရာကြီး ကို တွေ့ရ၏ ။ စွပ်ကြောင်း အတိုင်း လိုက်သွားကြရာ ကျောက်ဂူ လိုဏ်ဝ သို့ ရောက် သည် ။


“ ဂူ ထဲ ကို အရမ်း မဝင်ကြနဲ့ ဟေ့ ။ ဂူ ထဲ မှာ တောကောင် ရှိ လိမ့်မယ် ”


သူကြီး ဦးသံရောင် က သတိ ပေး၏ ။ ဂူရှေ့ မှာ ရပ်ပြီး အကဲခတ် စောင့်ကြည့် နေကြသည် ။ အချို့မှာ ဂူ ထဲ သို့ ဝင်မည် တကဲကဲ လုပ် နေသဖြင့် တား ရ၏ ။


ဂူ ထဲ မှ ကျား ဟိန်းသံ ထွက်ပေါ်  လာသည် ။ အားလုံး ထိတ်လန့် သွားကြ၏ ။


“ တောချောက်ကြဟေ့ ”


ဆင်စခန်း မှ လိုက်လာသော တောခေါင်း က အမိန့် ပေးသည် ။ ဝါးပိုးဝါးများ ကို ရိုက်နှက်ကြ၏ ။ ညာသံပေး အော်ဟစ် ကြ၏ ။ ထိုစဉ် ကျား ဟိန်းသံ ထွက်ပေါ် လာ ပြန်သည် ။


“ သတိထားကြဟေ့ ၊ သတိထားကြနော် ”


ကိုဘမင်း က အော်ပြော လိုက်၏ ။


ရုတ်တရက် လိုဏ်ဂူ ထဲ မှာ ကျားကြီး တစ်ကောင် ခုန် ထွက် လာသည် ။ ကျောလျား ရှည်ရှည် နှင့် ဧရာမ ကျားကြီး ပါ ကလား ။ ကျား သည် တောင်ကုန်းလေး ပေါ် သို့ လွှားခနဲ ခုန်တက် လိုက်၏ ။ လူအုပ် ကို မထီတရီ ဖြင့် လည်ပြန် ကြည့်ရင်း ခေတ္တမျှ တွေတွေကြီး ရပ် နေသည် ။


ထိုနောက် တော ထဲ သို့ ရိပ်ခနဲ ပြေးဝင် သွားတော့၏ ။


ဂူ ထဲ သို့ လူ အများ ပြေး ဝင် သွားကြသည် ။ မည်သူ့ ကို မျှ တားဆီး၍ မရတော့ ။ သူဌေးကြီး ၏ အလောင်း ကို ရှာဖွေကြသည် ။ အလောင်း ကို ကား မတွေ့ကြရတော့ ။


သူဌေးကြီး ၏ ပုဆိုးအင်္ကျီ တို့ မှ ပြတ်သတ် စုတ်ပြဲ ထွက် လာသော အဝတ်စများ နှင့် ရွှေချည် ငွေချည်များ ကို သာ ဟို တစ်စ သည် တစ်စ မြင်တွေ့ကြရသည် ။


ယင်း အစ အနများ အနီးတွင် လတ်လတ်ဆတ်ဆတ် ယိုချ သွားသော ကျားချေးပုံကြီး ကို တွေ့ရ၏ ။ ကိုညို သည် ကျားချေးပုံကြီး ၏ ဘေးသို့ ပြေး သွားပြီး ဆောင့်ကြောင့် ထိုင်ချ လိုက်သည် ။ သည်းအူပြတ်ကြွေ တော့ မတတ် မချိတင်ကဲ အော်ဟစ် လိုက်သော ကိုညို ၏ အသံ ကို ကြားကြရ၏ ။


“ ဆရာ .. ဆရာ ... ဆရာ ရေ .. ဆရာ ရဲ့ ”


ကိုညို သည် အရူး တစ်ယောက် ပမာ အော်ဟစ်ရင်း ကျားချေးများ ကို ကျောပိုးအိတ် အတွင်း သို့ လက် နှစ်ဖက် ဖြင့် ကျုံးထည့် နေလေသည် ။


◾မြတ်သင်း 


📖 မုသားပျားရည် နှစ်စက် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment