Friday, June 2, 2023

မောင်ထူးမြတ် ဖတ်ဖို့‌ ရေးတဲ့ စာ


 

❝ မောင်ထူးမြတ် ဖတ်ဖို့‌ ရေးတဲ့ စာ ❞

( ၁ ) 

သားက‌လေး ရှိ မ‌နေတဲ့ ‌မေ‌မေ့ အိမ်က‌လေး ရဲ့‌ရှေ့ က မြက်ခင်းပြင်က‌လေး မှာ‌ မေ‌မေ ပေါင်းသင် မွမ်းမံ‌ နေရတဲ့ ပျိုးပင်‌လေး‌တွေ က‌ တော့ ပန်း‌တွေ ပွင့်‌နေပြီ‌ကော ... သား‌ ရေ ။  

     •••••   •••••   •••••   ••••• 

သစ္စာပန်း‌ရောင်စုံ‌ တွေ ဟာ ‌တောမြို့က‌လေး ရဲ့ ရာသီဥတု ထဲ မှာ ခပ်ရိုင်းရိုင်းပဲ ပွင့်‌နေ ကြတယ် ။ လွတ် လည်း လွတ်လပ် ကြတယ် ။ ဓါတ်‌မြေဩဇာ‌တွေ ၊ ပိုးသတ်‌ဆေး‌တွေ နဲ့ ဂရုတစိုက် မစိုက်ပျိုးနိုင်ပါ ဘဲ နဲ့ ‌တောင် သူတို့ ဟာ ရ‌အောင် ပွင့်ကြ ရှာတယ် ။ အ‌မေ က ရောင်စုံ ပျိုး‌ တော့ သူတို့ က လည်း‌ ရောင်စုံ ပွင့်ကြတယ် ။

အနီ ရယ် ၊ အဝါ ရယ် ၊ အဖြူ ရယ် ၊ ပန်း‌ရောင်ရယ် သူတို့ ရဲ့အရွက်ရှည်ရှည်‌တွေ နဲ့သူတို့ ရဲ့ ရိုးတံ ရှည်ရှည် ၊ အပွင့် ရှည်သွယ်သွယ်‌တွေ ဟာ သိပ် လိုက်ဖက်ညီ တဲ့ Harmony ပဲ ။ ဟာမိုနီ ဖြစ်တယ်လို့‌ ပြောရင် ပို လှမယ် ထင်ပါတယ် ။ ဒါ‌တောင် တချို့က အဖူး ၊ တချို့က အပွင့် ၊ တချို့က အငုံ ရယ် ။ အဲလို မတူတာ ကို က ညီညတ် လှပတယ် ထင်ပါရဲ့ ကွယ် ။ ဒါ‌ပေမဲ့ သား ‌ရေ အံ့ဩစရာ‌ ကောင်းတာက သူတို့‌တွေ ကို အရွယ်‌တော် ကိုက်ဖြတ်ပြီး လှပ ညီညွတ်‌အောင် အ‌မေ က ပြင်ဆင်ပြီး ပန်းအိုး မှာ စိုက် လိုက်‌တော့ ပန်း‌တွေ ‌ဝေဆာ သွားတဲ့ မြင်ကွင်း ဟာ လှလိုက် ၊ သာယာလိုက် တာ သားရယ် ။ ပွင့် တချို့ ၊ ငုံ တချို့ ၊ ဖူး တချို့ နဲ့ ပဲ ပြေပြစ် လို့ သူတို့ ရဲ့ ပင်ကို အလှရယ် ၊  ပန်းစိုက်အိုး ရဲ့ အရှိန်အဝါရယ် နဲ့ အ‌မေ့ ရဲ့ ပြင်ဆင်‌ပေးမှု က လည်း သူတို့ ကို ပြည့်စုံတဲ့ အလှ ဖြစ်‌စေတာ‌ပေါ့‌နော် သား ။  ဒါနဲ့ပဲ အ‌မေ့ မှာ ပီတိ ဖြစ်ရ ပြန်တယ် ။ ဒါ‌ပေမဲ့ အ‌မေ ကိုယ်တိုင် တပင်တပန်း ပျိုးခဲ့ရ တဲ့ ပန်းငုံက‌လေး သား က ကျ‌တော့ ဖြင့် အ‌ဝေး မှာ ။  

အဲသည် ပျိုးပင်‌ပေါက်က‌လေး ပန်းငုံက‌လေး ကို ဘယ်သူ‌ ပေါင်းသင်‌ နေလဲ ၊ ဘယ်သူ‌တွေ က  မြေဆွ‌ ပေး ‌နေရသလဲ ၊ ဘယ်သူ‌ ရေ‌လောင်း‌ နေသလဲ ကွယ်  ။  အဖိုး ရယ် ၊ အဖွား ရယ် ၊ အ‌ဒေါ် ရယ် ၊ ဦး‌လေး ရယ်‌ ပေါ့ ... ဟုတ်လား  ။ ဒါဖြင့် အဲသည် ပျိုးပင်‌လေး အတွက် တကယ့် တကယ် တာဝန် ရှိ‌နေသူ‌တွေ က ဘယ်သူ‌တွေ လဲ ကွယ်  ။  

ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ သူ‌တွေ ဟာ ကိုယ့် ပျိုးပင်က‌လေး ကို အစွမ်းကုန် ရှင်သန် ပွင့်လန်းဖို့ တာဝန် အရှိဆုံး‌ ပေါ့ကွယ် ။ ဒါ‌ပေမဲ့ အ‌မေ က အ‌ဝေး မှာ ... ။  

ခုချိန်မှာ အ‌မေ စဉ်းစား‌နေ တာ က အ‌မေ့ ပျိုးပင်က‌လေး ကို အ‌မေ ရှိတဲ့‌ မြေ မှာ ‌ပြောင်းပြီး စိုက်ဖို့‌ ပေါ့ သား ရဲ့ ။

‌ကျောင်းဆရာမ ဆိုတဲ့ တာဝန် နဲ့ ‌စေတနာ‌ ကြောင့် ဒီ မြို့က‌လေး ကို အ‌မေ ‌ရောက် လာရ‌တော့ သား ကို ရန်ကုန် မှာ ထားခဲ့ရတာ အ‌မေ ဘယ်‌လောက်‌ ကြေကွဲမယ် ထင်သလဲ ကွယ် ။  တကယ်တမ်း ကျ‌တော့ သား နဲ့ အ‌မေ အတူ မ‌နေရတဲ့ အ‌မေ့ ဘဝ ဟာ တကယ့် ကို အဓိပ္ပါယ် မဲ့ တာပါ ကလား ။  “‌ အ‌မေ ” ဆိုတဲ့‌ ဝေါဟာရ က‌ တောင် အ‌မေ့ ရင် ကို ပြင်းပြင်း ရိုက်နှက်နိုင်တဲ့ လက်နက် တစ်ခု ဖြစ်လို့ ။

အ‌မေ့ တပည့်‌တွေ ကို “‌ မောင့်ကို လွမ်း‌တော့ ” ဆိုတဲ့ အိုင်ချင်းက‌လေး သင်‌ တော့‌ တောင် အ‌မေ က ‌ပြော မိ‌သေး ။  

“‌ မိ ကို လွမ်း လည်း .. ‌သောက်‌တော်‌ရေချမ်း စား‌တော်ကွမ်းနဲ့
သွန်းတဲ့‌  ညောင်‌ရေ ပန်းသ‌ပြေ နှင့်‌ ပြေဖူးငဲ့ ရှင် ..
ဖ ကို လွမ်း လည်း ...‌ သောက်‌တော်‌ရေချမ်း စား‌တော်ကွမ်း နဲ့
သွန်းတဲ့‌ညောင်‌ရေ ပန်းသ‌ပြေ နှင့် ‌ပြေဖူးငဲ့ ရှင့် ... 
‌မောင်က‌လေး ...‌မောင့် ကို လွမ်း‌တော့
‌သောက်‌တော်‌ရေချမ်းစား‌တော်ကွမ်း နဲ့
သွန်းတဲ့‌ညောင်‌ရေ ပန်းသ‌ပြေ နှင့် မ‌ပြေပါ လို ... 
“‌ သောက်‌တော်‌ရေအိုး ကျွမ်းထိုး‌ ကောင်နှယ် ”
ဆိုတဲ့ အထဲ မှာ ဆရာမ သာ ဆို ရင်‌တော့ “‌ သားက‌လေး ကို လွမ်းရတာပဲ အဆိုးဆုံး လို့ ‌ပြောချင်တာပဲ ” လို့‌ ပြောရင်း မျက်ရည်ကျချင် လာခဲ့‌ သေးတာ ။

က‌လေး တစ်‌ယောက် ရဲ့ပထမ ငါးနှစ် တာ ဟာ မိဘ နဲ့အတူ ကြီးပြင်းသင့် သတဲ့ ။ ခု‌တော့ သား‌လေး ခမျာ အ‌ဖေ က လည်း အ‌ဝေး မှာ ၊ အ‌မေ က လည်း အ‌ဝေးမှာ ။  ဒါ ... ဖြစ်သင့်သလား ဟင် ။ အ‌မေ က ဘာ‌တွေ လုပ်‌နေတာလဲ ။  ဘာ‌တွေကို‌ ရွေးချယ်‌ နေတာတဲ့ လဲ ။  သူ တပါး‌တွေ စိုက်ခဲ့တဲ့ ပျိုးပင်‌တွေ အများကြီး ကို မွမ်းမံ‌ပေးဖို့ အတွက် ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ ပျိုးပင်‌ပေါက်က‌လေး ကို ထား ခဲ့တာ အ‌မေ တရား ရဲ့ လား ။  ဒါမှမဟုတ် ... ကိုယ့် ရဲ့ ‌သွေး ၊  သားက‌လေး ကို‌ တောင် စွန့်ပြီး က‌လေး‌တွေ အများကြီး ရဲ့လိုအပ်ချက် ကို ဖြည့်ဆည်းဖို့ သူရဲ‌ကောင်း ဆန် ရမှာလား ... ။  နှစ်ခုစလုံး မှန်လို့‌တော့ လည်း မဖြစ်ပြန်ဘူး သား‌ရေ ... ။  ဒါနဲ့ပဲ အ‌မေ ရှိတဲ့‌ နေရာ ကို သားက‌လေး ‌ရောက်ဖို့ပဲ စဉ်းစား ပြင်ဆင် ရ‌ တော့တယ် ။

( ၂ ) 

သားက‌လေး‌ရောက်လာတဲ့အခါ ... 

အ‌မေ ‌နေခွင့် ရ ထားတဲ့ ခ‌နော်နီခ‌နော် နဲ့ ဝန်ထမ်း အိမ်က‌လေး မှာ သားရဲ့  အသံ‌တွေ ‌ဝေလွင် ဆူညံ‌ နေ‌တော့မယ် ၊ အိမ်က‌လေး သိမ့်သိမ့်ခါ‌အောင် သားက‌လေး ခုန်‌ပေါက်‌ တော့မယ် ။ သေချာတာ က‌တော့ အ‌မေ့ အိမ် မှာ သား အဖွား‌တွေ ရဲ့အိမ်‌ တွေ လို တီဗွီ‌ တွေ ၊ ဗီဒီယို‌ တွေ ၊ တီဗွီဂိမ်း‌ တွေ ၊ ရေခဲ‌သေတ္တာ ‌တွေ မရှိ‌ပေမဲ့ သား အတွက် လိုအပ်မယ် လို့ အ‌မေ ယုံကြည်တဲ့ အ‌ဖေ တစ်‌ယောက်  ရဲ့ လုံခြုံမှုမျိုး နဲ့ အ‌မေ တစ်‌ယောက် ရဲ့ ‌နွေး‌ထွေးမှုမျိုး ‌ပေးမယ့် အ‌မေ ရှိတယ် ။ လတ်ဆတ်တဲ့ သစ်သီးဝလံ ၊ သားငါး ၊  ဟင်းရွက်‌တွေ ရှိတယ် ။ လတ်ဆတ်သန့်ရှင်းတဲ့ ‌လေညှင်း ရနံ့‌တွေ ရှိတယ် ။ သွေးသား ကို စို‌ပြေ  လန်းဆန်း‌စေမယ့် သစ်ပင်စိမ်း‌ တွေ ရှိတယ် ။ သား ရဲ့ မျက်လုံး‌တွေ ကို ‌တောက်ပ ကြည်လင်‌စေမယ့် ‌တော‌တောင်ရှုခင်း‌ တွေ ရှိမယ် ၊ သား မကြားဖူးခဲ့တဲ့ သွပ်မိုး ‌ပေါ် ကျတဲ့ မိုးသံ ဝုန်းဒိုင်း‌တွေ အောက် မှာ အ‌မေ နဲ့ အတူ အိပ်ရတဲ့ အခါ သား‌ ပျော် မှာ လို့ အ‌မေ ယုံတယ် ။ ‌တွေးရင်း နဲ့‌ တောင် အ‌မေ့ မှာ ‌ပျော် ရတယ် ၊ မြို့ပြ မဟုတ်တဲ့ ပတ်ဝန်းကျင် မှာ အနည်းဆုံး‌ တော့ သား အတွက် ခွန်အား‌တွေ ‌ပျော်ရွှင် လွတ်လပ်မှု‌တွေ အ‌မေ ‌ပေးနိုင်မှာ‌ပေါ့ ။ ရှေ့နှစ် ဆို သား‌လေး ‌ကျောင်း‌ နေရ‌တော့ မှာ ၊  အ‌မေ့ အိမ်နား မှာ မူလတန်း‌ကျောင်း‌လေး ရှိတယ် သားရဲ့ .... အဆင်‌ပြေ လိုက်တာ‌ နော် ... လို့ လည်း ဝမ်းသာလို့ ။

အ‌တွေး နဲ့ တင် အ‌မေ့ ဘဝ မှာ ပြည့်စုံသွားလိုက်တာ ... ။  

     •••••   •••••   •••••   ••••• 

တကယ်လည်း သားက‌လေး က အ‌မေ့ ရဲ့ မြို့က‌လေး မှာ ‌ပျော်ခဲ့တယ် ။  တကယ်‌တော့ အ‌မေ့ မှာ လည်း ခုမှပဲ အသက်ဝ၀ ရှူရဲ‌တော့တာ ။ မြို့ကြီး မှာ ကြီးပြင်းခဲ့ရတဲ့ အထူးသဖြင့် ပြည့်စုံ‌ ပျော်ရွှင်ခဲ့ရတဲ့ သား ဟာ အ‌မေ့ ရဲ့‌ တောမြို့က‌လေး မှာ မ‌ပျော်ရင် ဖြင့် ဆိုတဲ့ အ‌တွေး က လည်း အ‌မေ့ ရင် ကို ဖိစီးခဲ့ဖူး‌သေးတာ ကိုး ။

ခု‌တော့ သား‌လေး က  တောအုပ်‌ တွေ မှာ အံ့ဩ‌ပျော်ရွှင် ၊  ‌တောင်ကုန်း‌ တွေ ဆီ မှာ အံ့ဩ‌ပျော်ရွှင် ၊ စမ်း‌ချောင်းက‌လေး ‌တွေ မှာ အံ့ဩ‌ပျော်ရွှင် ၊ လယ်ကွင်းစိမ်းစိမ်း‌ တွေ မှာ အံ့ဩ ‌ပျော်ရွှင် ၊ ကြာကန် ထဲ က ကြာဖြူ ကြာနီ‌ တွေ မှာအံ့ဩ‌ပျော်ရွှင် ၊ ‌တောင်‌ပေါ် က‌နေ ‌အောက်ဘက်‌ ဝေး‌ဝေး က လယ်ကွင်း‌ တွေ ၊  လမ်း‌ကွေ့‌ကွေ့ ‌တွေ ၊ သစ်ပင်အုပ်အုပ်‌ တွေ ကို ငုံ့ကြည့် ရတဲ့ အရသာ ထဲ မှာအံ့ဩ ‌ပျော်ရွှင် ၊ အုပ်ဖွဲ့ပြီး အ‌ရောင်‌တောက်‌တောက်ပပ ‌တွေ နဲ့ အလှပြိုင်‌နေ ကြတဲ့ တိမ်တိုက်‌တွေ ကို ကြည့်ပြီး အံ့ဩ‌ပျော်ရွှင် ။ သား ဟာ အံ့ဩ‌ပျော်ရွှင် လို့ ချည်း သာ ‌နေ‌တော့တယ် ။

ပြီး‌တော့ အ‌မေ အလျှံပယ်‌ ကျွေးတဲ့ ပုဇွန်ဆီပြန်ဟင်း‌ တွေ ၊  ကြက်သား‌ကြော်‌ တွေ ကိုလည်း သား က အံ့ဩတာပဲ ။  

အစားအစာ‌တွေ ကို သား က ပလုပ်ပ‌လောင်း စား လို့ ၊ အ‌မေ က‌ တော့ မြို့ပြ မှာ တုန်း ကလို သား ကို ပုဇွန်သား ကျွေးပြီး အ‌မေ က‌တော့ ပုဇွန် ဆို‌ ခေါင်း မှ ကြိုက်တာ လို့ ဆိုရတဲ့ အ‌ခြေအ‌နေ မဟုတ်‌တော့တာ ကို ဘဲ ပီတိ ဖြစ်‌ နေ မိတယ် ။ ကိုယ့် သား ကို စားချင်သ‌လောက် စားစမ်း လို့ လည်း‌ကျွေးနိုင်ပြီ ကိုး ။  အဟာရ ပြည့်ဝ တဲ့ ၊ အစားဝလင် တဲ့ က‌လေး ဟာ ဦး‌နှောက်ဉာဏ်ရည် မြင့်တယ် ၊ ကျန်းမာ သန်စွမ်း တယ် ၊ ‌တောင့်တင်း ကြံ့ခိုင်ကြတယ် မဟုတ်လား ကွယ် ။ ဒါဖြင့် အ‌မေ့ သားက‌လေး က  ကျန်းမာသန်စွမ်း ဉာဏ်‌ကောင်း တဲ့ က‌လေး‌လေး အဖြစ် ကြီးပြင်းရမှာ‌ပေါ့ ဟုတ်လား ။  ဒါဖြင့် သားက‌လေး လို ပဲ စား‌သောက်‌ နေထိုင်ခွင့် ရမယ့် အ‌မေ့ ရဲ့ပျိုးပင်က‌လေး ‌တွေ က‌ ကော .... ။  

     •••••   •••••   •••••   ••••• 

လူ့ ဘဝ ဆိုတာ အ‌ကောင်း‌တွေချည်း ပဲ‌ တော့ ပြိုင်တူ မရနိုင်ဘူး‌ပေါ့ ။ အ‌မေ့ ပျိုးပင်‌လေး‌တွေ ဟာ ကျေးလက်ဆန်ဆန် ရှင်သန် ကြီးပြင်းခဲ့သူ‌ တွေ မို့ သူတို့ ရဲ့အလှ သူတို့ ရဲ့ ဘဝ ဟာ အရိုင်း‌ တော့ ဆန်တယ် သားရယ် ။ သူတို့ မှာ‌ တောက်ပတဲ့ မျက်လုံး‌တွေ နဲ့ ‌သွေး‌ရောင် အပြည့် လွှမ်းတဲ့ နှုတ်ခမ်း‌တွေ နဲ့ သန်စွမ်းကြံ့ခိုင်တဲ့ ကြွက်သား အစိုင်အခဲ‌ တွေ နဲ့ ။

သူတို့ ဟာ အင်မတန် အားကျ မက်‌မောစရာ ‌ကောင်း‌လောက်‌အောင် လည်း တင့်တယ်ကြတယ် ။  အဟာရ ပြည့်တဲ့ အမူအရာ‌တွေ က လည်း ဖျတ်လတ် လို့ ။  အ‌မေ က ‌တော့ သူတို့‌လေး‌တွေ ကို ကြည့်ပြီး သား အ‌ပေါ် အားထား သလိုပဲ အားထား အားကိုး လို့ ယုံကြည် လို့ ... ။  

သည် ပျိုးပင်‌တွေ ဆီ က ပွင့်လာမယ့် ပန်း‌တွေ နဲ့ကမ္ဘာ ကို အလှဆင်မယ်‌ ပေါ့ ။ ရနံ့သင်းထုံ ကြိုင်‌လှောက်‌ စေမယ်‌ ပေါ့ ။ သူတို့ မျက်လုံး‌တွေ ရဲ့အားမာန် ၊ လက်‌ချောင်း‌တွေ ရဲ့အားမာန် ၊ ကျစ်လျစ်ဖွံ့ထွား တဲ့ ကိုယ်ကာယ ရဲ့အားမာန် ၊ လွတ်လပ်‌ပေါ့ပါး‌ ပျော်ရွှင် တဲ့ စိတ်နှလုံး တို့ ရဲ့ အားမာန်‌တွေ ကိုအ‌မေ ယုံကြည် အားထား  ခဲ့တယ် ။ သူတို့ ရဲ့ စိတ်နှလုံး ကို နည်းနည်း‌လေး ပဲ့ကိုင်‌ ပေးလိုက်တာ နဲ့သူတို့ ရဲ့ဦး‌နှောက်‌တွေ က လန်းစွင့်ပြီး အ‌မေ လိုချင်တဲ့ ပန်းပွင့်‌တွေ ငွားငွားစွင့်စွင့် ပွင့်မှာပဲ လို့ အ‌မေ သေချာ နေခဲ့တယ် ။

သူတို့ ရဲ့အရိုင်းဆန်မှု ကို လည်း အ‌မေ က အားထား တာ ပဲ ။  အဲသည် အရိုင်းဆန်မှု‌ ကြောင့် သူတို့ ဟာ သဘာဝ ကို ရဲရဲ ရင်ဆိုင်တတ်မယ် ။ ( သဘာဝ နဲ့ ပို နီးစပ်တဲ့ အတွက် ) သဘာဝ နဲ့ တ‌သွေးတသားတည်း ကျတဲ့ သူ‌တွေမို့ သဘာဝ နဲ့ ပို ရင်းနှီး လွတ်လပ်စွာ သဘာဝ ကို ကိုယ် လိုသလို ဖန်တီး ပြုပြင်နိုင်စွမ်း လည်း ရှိကြမယ်‌ပေါ့ ။

“‌ သားတို့ သမီးတို့ ဟာ  မျက်‌မွှေး တဆုံး‌ လောက် အမြင် နဲ့ မတင်းတိမ် သင့်ကြ‌တော့ဘူး ။ နိုင်ငံတကာ ထိ‌အောင် ကြည့် ရမယ် ၊ ကမ္ဘာ ကို မြင်‌အောင် ကြည့်ရမယ် ၊  ကိုယ့် ဘဝ ကိုယ့် နိုင်ငံ ၊ ကိုယ့် လူမျိုး တိုးတက် ဖို့ ကိုယ်တိုင် က တိုးတက်စွာ မြင်တတ် ကြားတတ် သိတတ် မှ ရမယ် ၊ မင်း တို့ ဟာ မြို့ပြ က က‌လေး‌တွေ ထက် ပိုလို့ ကျန်းမာ သန်စွမ်းခွင့် ရကြတယ် ။ အဟာရ ပြည့်ခွင့် ရ ကြတယ် ၊ ‌ခေတ်မီမယ် ဆိုရင်လည်း‌ ခေတ် ကို လိုက်မီ နိုင်တဲ့ အခွင့်အ‌ရေး‌ တွေ ရှိကြတယ်  ။  ကိုယ့် မြို့ မှာ နိုင်ငံတကာ‌ လေယာဉ်ကွင်း ရှိ မှ ၊ ဖက်စပ်ကုမ္ပဏီ‌ တွေ ရှိ မှ ၊ အဲလိုမှ မဟုတ်ဘဲ သတင်းစာ‌တွေ ရှိတယ် ၊ ဗီဒီယို‌တွေ ရှိတယ် ၊ ဂြိုလ်တုစ‌လောင်း‌ တွေ လည်း ရှိတယ် ၊ စာအုပ်စာတမ်း‌တွေ ရှိတယ် ၊ လူ တစ်‌ယောက် ဖွံ့ဖြိုးတိုးတက် ဖို့ အတွက် လိုအပ်တဲ့ အရာ‌တွေ အားလုံး ရှိပြီပဲ ။  ‌လေ့လာကြပါ ၊  စူးစမ်းကြပါ ၊ ဆင်ခြင်ကြပါ ၊ ကြံစည်ကြပါ ၊ ကြိုးစားကြပါ ၊  ကိုယ့် မိသားစု ချမ်းချမ်းသာသာ‌ နေနိုင်ဖို့ ကြိုးစား သလို ကိုယ့် လူမျိုး ၊  ကိုယ့် ပြည်နယ် ကိုယ့် တိုင်းပြည် အတွက် ကြိုးစားဖို့ စိတ် ရှိ မှ ဆရာမ တို့ ဟာ တိုးတက်တဲ့ လူမျိုး ဖြစ်မယ် ... ။  သူများ နိုင်ငံ တိုးတက် တာ ကို အားကျရုံ သာမကဘဲ အတုယူ ကြိုးစားချင် စိတ် ပါ ‌မွေးကြပါ ။  အနာဂတ် အတွက် မင်း တို့ ကို ဆရာမ တို့‌ တွေ က သိပ် ကို အားကိုးပါတယ် ”

မြန်မာစာ သင် ရတဲ့ အ‌မေ့ ရဲ့ သင်ခန်းစာ‌တွေ နဲ့ ကြုံကြိုက်တဲ့ အခါ များစွာ မှာ‌တော့ အ‌မေ က သူတို့ ကို အဲလို စကားမျိုး တွေ မကြာခဏ ‌ပြောပြဖြစ်တယ် ။ သူတို့ရဲ့ လန်းဆန်းတဲ့ မျက်လုံး ‌တွေ ၊ အ‌မေ အားကိုး တဲ့ မျက်လုံး‌ တွေ ထဲ ကို လည်း စူးစိုက် ကြည့်မိတယ် ။ ဒါ‌ပေမဲ့ သားရယ် ... သူတို့ မျက်လုံး‌တွေ ဟာ အ‌မေ ‌မျှော်လင့်ထား သလို ထူးထူးခြားခြား ‌တောက်ပ လာကြတာမျိုး မ‌တွေ့ရဘူး ။ ဒါထက် ပိုလို့ သူတို့ ရဲ့မျက်လုံး‌တွေ ဟာ ‌လေးလံ ထိုင်းမှိုင်းသွား တာ ၊  နားလည်ရ ခက်ခဲ သလို ညစ်ညူးသွားတာ‌ တွေ သာ ‌တွေ့ရတယ် ။ အဲသည်ထဲ ကပဲ အ‌မေ က‌ တော့ အနည်းဆုံး တစုံတ‌ယောက် ကို ‌တော့‌ မျှော်လင့်မိ ‌သေးတယ် ။ ဒါ‌ပေမဲ့ မ‌တွေ့ခဲ့ရပါဘူး သားရယ် ။  သည်‌တော့ မှ ပဲ တစ်ခု ခု‌ တော့ လွဲမှား‌နေပြီ လို့ အ‌မေ တွေး‌နေ မိတယ် ။

( ၃ ) 

အဲသည် မြို့က‌လေး ဟာ  တောင်‌တွေ က ‌ပွေ့ပိုက်ပြီး သူတို့ ရဲ့ လက်ဖဝါး‌ တွေ‌ ပေါ် ဖြန့်တင် ပြ ထား သလို အခင်းအကျင်း‌လေး နဲ့ ရှိ‌ နေတယ် ။  သူ့‌ ရှေ့ မှာ အင်မတန် ရေစီး သန်တဲ့ မြစ်တစ်စင်း က လည်း သူ့ ကို အန္တရာယ် ‌တွေ အလွယ်တကူ မကျ‌ရောက်နိုင် ‌အောင် တားဆီး ‌ပေးထား သလို ရှိ‌ နေတယ် ။  အဲသည် မြို့‌လေး ဟာ ကုန်းတက် ကုန်းဆင်း လမ်း‌တွေ နဲ့ ထန်းပင်အုပ်အုပ်‌ တွေ နဲ့ ၊ ရေတံခွန် နဲ့ ၊ စမ်း‌ချောင်း နဲ့ အင်မတန် သာယာ ‌အေးချမ်းတာ‌ တော့ အမှန်ပါပဲ ။ အထူးသဖြင့် က‌ တော့ အဲသည်‌ မြေ‌လေး ဟာ သာသနာအ‌ရောင် ထွန်းလင်း ဝင်းပ တဲ့ ‌မြေ ဖြစ်‌နေတာ ပါ ပဲ ။  

မြို့က‌လေး ကို ဝိုင်းအုံ ‌ထွေးဖက် ထားကြတဲ့ ‌တောင်တန်း‌တွေ‌ ပေါ် မှာ ဘုန်း‌တော်ကြီး‌ကျောင်း‌ တွေ နဲ့‌ တောမှီ ရဟန်း‌တွေ နဲ့ ဘာသာတရား ကိုင်းရှိုင်းသူ‌တွေ နဲ့ စိုပြည် ‌နေ‌လေ့ ရှိတယ် ။  မြို့က‌လေး ရဲ့ ဥပုသ်‌နေ့‌ တွေ မှာ တစ်မြို့ လုံး လိုလို စီးပွား‌ရေး အလုပ်‌တွေ နား လိုက်ကြပြီး လူကြီးသူမ အ‌တော်များများ က အေးချမ်းဆိတ်ငြိမ်မှု‌ တွေ ကို သယ်ပိုး ပြီး ‌တောင်‌တွေ‌ ပေါ် အသီးသီး တက် ကြတယ် ။ ပြီး‌တော့ ဘုန်း‌တော်ကြီး‌ တွေ ရဲ့တရား‌ပေးမှု‌ အောက်မှာ ဗုဒ္ဓ ရဲ့အဆုံးအမ ကို ခံယူပြီး  သီလ ဘာဝနာ ပွားကြတယ် ။ အဲသည် မြို့က‌လေး ဟာ ဘုန်း‌တော်ကြီး‌တွေ ရဲ့ အုပ်ချုပ်မှု ကို လိုလိုလားလား ခံယူ ထားတဲ့ မြို့က‌လေး ဖြစ်တယ် ။

ဒါ‌ကြောင့်ပဲ ထင်ပါရဲ့ ... သူတို့‌တွေ ဟာ တစ်‌နေ့ လုပ်အားခ‌တွေ ကိုအကုန် သုံး ပစ် ကြ တယ် ။ စည်းစိမ်ချမ်းသာ ကို ကိုယ့်နည်း ကိုယ့်ဟန် နဲ့ အပြည့်အဝ ခံစား ကြတယ် ။ ‌လော‌လောဆယ် အလုပ် လုပ် ကြမယ် ။ အသက် နည်းနည်း ရ လာရင် ၊ ဒါမှမဟုတ် အချိန် နည်းနည်း ပို လာရင် ဥပုသ်သီတင်း‌ စောင့်မယ် ၊ တရားဘဝနာ ပွားများမယ် ။ အဲဒါဟာ အဲသည် မြို့က‌လေး ရဲ့ ပစ္စုပ္ပန် ပဲ ။ ပြီး‌တော့ အတိတ် လည်း ဖြစ်တယ် ။ အဲဒါပဲ အနာဂတ် လည်း ဖြစ်တယ် ။ ဒါ‌တွေကို အ‌မေ တဖြည်းဖြည်း နဲ့ သိ လာတယ် ။ အဲသည် ပစ္စုပ္ပန် ထဲ ( အတိတ် ထဲ အနာဂတ် ထဲ ) မှာ အ‌မေ့ ပျိုးပင်‌လေး‌တွေ က အပျိုး ခံခဲ့ရတာ ၊ ရှင်သန် ကြီးပြင်းခဲ့ရတာ ။
 
နယ်ခြား မြို့က‌လေး လို ဖြစ်‌နေခဲ့တဲ့ အဲသည် မြို့က‌လေး က  မြို့သူမြို့သား‌တွေ ဟာ ပိုက်ဆံ သိပ် ရှိတဲ့ အခါ  ရွှေ‌တွေ လက်ဝတ်ရတနာ‌တွေ အများကြီး ဝယ်တယ် ။  ပါတိတ်ဝတ်စုံ အ‌ကောင်းစား‌တွေ ဝယ်တယ် ။ ဆိုင်ကယ်‌တွေ စက်ဘီး‌ ကောင်း‌ကောင်း‌ တွေ ဝယ် စီးတယ် ။ ဟင်း‌ ကောင်း‌ကောင်း‌ တွေ စားတယ် ။ ည ရှစ်နာရီ ဆိုရင်‌တော့ တီဗွီ ပိတ် ၊ မီး မှိတ် အိပ်ကြရုံ ပဲ ။ လူငယ် အများစု က‌တော့ ထန်းရည် မူးပြီး‌ မှောင်ကုပ်ကုပ် လမ်း‌တွေ ‌ပေါ် မှာ သီချင်း တညည်းညည်း နဲ့ ‌လျှောက်ပြီး အိမ်ပြန် ကြတယ် ။

အဲသည် ဝန်းကျင်ဓ‌လေ့ မှာ အသားတကျ နားလည်‌အောင် အ‌မေ အ‌တော် အချိန် ယူခဲ့ ရတယ် ဆိုတာ ကို‌ တော့ ဝန်ခံပါတယ် ။ ‌ရောက်စက‌ တော့ အ‌မေ့ စိတ် ထဲ မှာ အဲသည် လူ‌တွေ ဟာ တိုးတက်ချင်စိတ် မရှိလိုက်တာ ၊ ညံ့ လိုက်တာ ။  ဒါ‌ကြောင့်လည်း ခုလို ..... ဆိုတဲ့ ဂရုဏာ ‌ဒေါသ‌တွေ နဲ့ ‌မောခဲ့ရ တာ‌ပေါ့ ။  ခုကျ‌တော့ ဖြင့် အံ့ဩတာ ။  သူတို့ ဟာ အဲသည်‌ လောက် သက်‌သောင့်သက်သာ နိုင်စွာ ကြီးပြင်း ဖို့ ဘယ်‌လောက်များ ကျင့်သား ရခဲ့ သလဲ‌ပေါ့ ။  သူတို့ရဲ့ မျိုးရိုး စဉ်ဆက် ဘယ်နှစ်ဆက် ကတည်း က များ ခုလို နေကျင့် ခဲ့ရသလဲ‌ ပေါ့ ။  ‌သေချာတာ က‌ တော့ သူတို့ ဟာ မနာလိုချင်စရာ ‌ကောင်း‌ လောက်‌အောင် အပူအပင် ကင်း‌ နေတာပါပဲ ။  အဲဒီ သစ်ပင်ပန်းပင်‌တွေ က မလန်းတတ်ဘူး လား .. ။  တကယ်ဆို ..
ဗိုလ်ချုပ်‌အောင်ဆန်း လည်း ... 
သခင်ကိုယ်‌တော်မှိုင်း လည်း ... 
‌ဇော်ဂျီ မင်းသုဝဏ် လည်း .. 
ခင်နှင်းယု လည်း ... 
ဂျူး လည်း ... 
နယ်မြို့‌လေး‌တွေ ဆီ က‌ နေ ပွင့်လာခဲ့တဲ့ ပန်း‌တွေ ပဲ .. ။  

အဲဒီအခါ အ‌မေ က ‌တော့ အ‌မေ့ ရဲ့ ပျိုးပင်က‌လေး‌တွေ ထဲ မှာ‌ ကော အဲသည်လို ဗိုလ်ချုပ်‌အောင်ဆန်း အငယ်စား လေး‌ တွေ ၊ တဂိုး အငယ်စား‌လေး‌တွေ ၊ ဂန္ဓီ အငယ်စား‌လေး‌တွေ မပါနိုင်ဘူးလား လို့‌ မျှော်လင့်ဆဲ ပါ ပဲ ။

( ၄ ) 

အ‌မေ‌ နေရတဲ့ လမ်းသွယ်‌လေး ရဲ့ထိပ် မှာ စာအုပ် အငှားဆိုင်‌လေး တစ်ဆိုင် ရှိတယ် ။ တစ်မြို့လုံး မှာ စာအုပ်အငှားဆိုင် သုံးဆိုင် ပဲ ရှိတဲ့ မြို့က‌လေး မှာ‌ တော့ အ‌မေ နဲ့ နီး တဲ့ အဲသည့် ဆိုင်က‌လေး က အ‌သေးဆုံး ဆိုင်က‌လေး ‌ပေါ့ ။  စာအုပ် အင်မတန် ကြိုက်တဲ့ အ‌မေ့ အတွက် အဲသည် စာအုပ်ဆိုင်‌လေး မှာ တစ်လ တစ်လ ဖတ်စရာ မဂ္ဂဇင်း ငါးမျိုး‌ လောက်ပဲ ရှိပြီး ဝတ္ထု ကျ‌ တော့ တစ်အုပ် မှ မရနိုင်ဘူး ကွယ် ။  အ‌မေ မသိတဲ့ ၊ ဆုံးတဲ့ အထိလည်း မဖတ်နိုင်တဲ့ နာမည်‌ လေးငါးလုံး နဲ့ စာ‌ရေးဆရာမ‌တွေ ‌ရေးတဲ့ ဝတ္ထု‌တွေ က‌တော့ အဲသည် စာအုပ်ဆိုင် ရဲ့ စင်က‌လေး အ‌ပေါ် မှာ အပြည့် ပါ ပဲ ။  စာအုပ်ဆိုင် နဲ့ မျက်‌စောင်း ထိုး က ဗီဒီယိုရုံ မှာ ‌တော့ က‌လေးလူကြီး အ‌တော်များများ ရှိ ရဲ့ ။  ဒါဟာ အဲသည် မြို့က‌လေး ရဲ့ ‌ရွေးချယ်မှု‌ ပေါ့ ။  သူတို့ တစ်‌နေ့ တစ်‌နေ့ ဘယ်လို အရာ‌တွေ ကို ရယူ‌ နေကြရသလဲ ဆိုတာ ကို တဖြည်းဖြည်း သိလာရတဲ့ အ‌မေ က‌ တော့ သူတို့ ကို တစ တစ ဂရုဏာ သက် လာ မိ‌တော့တယ် ။

ပြီး‌တော့ ဒါ‌တွေ ကို လက်ခံ ယူ‌နေတဲ့ သူတို့ ကို ပဲ အပြစ် တင်ရ မလား ၊  ‌ပေး‌ နေကြတဲ့ သူ‌တွေ ကို ပဲ အပြစ် တင် ရ မလား မသိဘဲ အ‌မေ တ‌နေ့ တ‌နေ့ စိတ်‌ မော လာတယ် ။ မင်း တို့ သည်လို စာ‌တွေ ဖတ် ရတယ် ၊ သည်လို ရုပ်ရှင်‌တွေ ကြည့်ရတယ် လို့‌ ပြောလည်း အဲသည် အများစု ထဲ မှာ အ‌မေ တစ်‌ယောက် တည်း ... မချိ လိုက်တာ သား ရယ် ။  အ‌မေ့ ပျိုးပင်‌လေး‌တွေ က‌ တော့ ခပ်ရိုင်းရိုင်း သန်စွမ်း ဆဲ ။  အ‌မေ့ ရဲ့ လက်‌တွေ က‌တော့ သူတို့ ဆီ မှာ လာ ကပ်ညိတဲ့‌ ပေါင်းမြက်‌တွေ နဲ့စာရင် တဖြည်းဖြည်း ပိုမို ချည့်နဲ့ လိုက် လာ သလား ပဲ ။  

     •••••   •••••   •••••   ••••• 

အာဟာရ ကြွယ်ဝ လတ်ဆတ်တဲ့‌ လေ ကို ရှူ ၊ လွတ်လပ်ကျယ်‌ပြော တဲ့ ဝန်းကျင် ထဲ မှာ ကြီးပြင်းရတဲ့ သူတို့‌လေး ‌တွေ ဟာ ဉာဏ်ရည် မြင့်မားကြမှာပဲ ။  အဲသည် ဉာဏ်ရည်‌တွေ ကို သူတို့ ဘယ်မှာ အသုံးချကြပါ လိမ့် ။ အ‌မေ့ ရဲ့ ပျိုးပင်က‌လေး‌တွေ ထဲ က တစ်ပင် က‌ တော့ ‌ပြောတယ် ။

“‌ ဘယ်‌နေရာ မှာ အသုံးချ ရ မှာလဲ ဆရာမ ၊  ပြီး‌တော့ ဘာအတွက် အသုံးချရ မှာ လဲ ၊ ပြီး‌တော့ အသုံးချ ခွင့် ... ” 

သူ့ ရဲ့ မဆုံးတဲ့ စကား မှာ အ‌မေ‌ တော့ အများကြီး သိ လိုက်တာပဲ ။ ဒါနဲ့ပဲ ည‌နေ ခြောက်နာရီ‌ ကျော် ‌မှောင်စပျိုး ချိန် လမ်း‌ မှောင်ကုပ်ကုပ်‌တွေ‌ ပေါ် မှာသီချင်း တပိုင်း တစ ကို ထန်းရည်နံ့သံ ပါပါ နဲ့ ဆိုညည်းရင်း အိမ်ပြန်မယ့် လူ‌တွေ ထဲ မှာ ‌နောင်တချိန် ဆိုအ‌မေ့ ရဲ့ အဲသည် ပျိုးပင်က‌လေး လည်း ပါလာဦး မှာ‌ပေါ့ ။

“‌ တော်ပါပြီ ဆရာမရယ် ၊ အချိန်တန်‌ ကျောင်းပြီး အလုပ် ဆက် လုပ် ၊ မိန်းမ ယူ ၊ က‌လေး မွေးကြ ၊  ဘဝ မှာ ဒါ့ထက် ပို ရစရာ မှ မရှိ‌တော့တာ ”

အ‌မေ က‌ တော့ ... 

“‌ မဟုတ်‌သေးဘူး ၊ လူ့ ဘဝ ဆိုတာမှာ .... လို့ အစချီ ပြီး‌တော့ ‌ခေတ် ကို ဘယ်လို ကျော်ဖြတ် ရ မှာ ၊ စနစ် ကို ဘယ်လို ပျိုးယူ ရမှာ ” 

ဆိုတဲ့ စကား‌တွေ ကို ပဲ အတင်း မျို မျို ချ‌ နေရတယ် ။ တစ်ချိန်တည်း မှာ ပဲ သူတို့က‌လေး‌ တွေ ရဲ့ ခွန်အား ကို လည်း နှ‌မြော‌နေမိတယ် သား ရယ် ။ တကယ် မချိတင်ကဲ ဖြစ်စရာ ‌ကောင်းတာပါပဲ ။  

တဖြည်းဖြည်း နဲ့ ပန်းစိုက်အိုး‌ တွေ မှာ ပန်းအလှ ထိုး‌နေတဲ့ အ‌မေ့ လက်‌တွေ ဟာ နှေး‌ကွေး ‌လေးလံ လာတယ် ။ သည် ပန်းအိုးက‌လေး‌တွေ ကို ခင်းကျင်းပြင်ဆင် ဖို့ သပ်ရပ်လှပတဲ့ နေရာ ။  ပြီး‌တော့ သည် ပန်းအိုး ထဲ က ပန်းက‌လေး‌တွေ အကြာကြီး လန်းဆန်း ဖို့ လိုအပ်တဲ့ လွတ်လပ်ကျယ်‌ပြော တဲ့ လဟာပြင် ။  ပန်း‌လေး‌တွေ လန်းစွင့် ဖို့ လိုအပ်တဲ့ လွတ်လပ် သန့်ရှင်းတဲ့‌ လေ ။  ဒါ‌တွေ‌ကော အ‌မေ့ ဆီ မှာ ရှိ‌သေးရဲ့လား လို့ ခု‌တော့ အ‌မေ ‌တွေး‌နေ ရပြီ ။ မရှိရင်‌တော့ အ‌မေ က ဖန်တီး ‌ပေးနိုင်မှာ တဲ့ လား ... ။  ပန်းက‌လေး‌တွေ က‌တော့ ပွင့်ဆဲ ။ မြေ‌ပေါ် မှာ သဘာဝ ‌နေ‌ရောင် ကို ခိုလှုံလို့ ၊ လွတ်လပ်တဲ့‌ လေ ကို ရှုလို့ ၊ မိုး‌ကောင်းကင် ကို မော့်‌ မျှော် လို့ ။

အ‌မေ က‌ တော့ ... သူတို့‌တွေ ကို ချိုးယူ လို့ အမိုးအကာ ရဲ့‌ အောက် မှာ ပန်းစိုက်အိုး နဲ့ ချုပ်‌နှောင်လို့ တင့်တယ်‌စေ မတဲ့ ၊ တန်ဖိုး ပို လို့ မြင့်ရ မတဲ့ ၊ ခမ်းနား ထည်ဝါ သွား‌စေ မတဲ့ ။ ပျိုးပင်က‌လေး ‌တွေ က အ‌မေ့ ဆီ မှာ ‌ပျော်မှာလား လို့ .. ခု‌တော့ အ‌မေ ‌တွေး‌နေ မိတယ် သား‌ရေ ။  ခမ်းနားခြင်း ၊ တန်ဖိုးမြင့်ခြင်း ၊  တင့်တယ်ခြင်း တို့ ကို လွတ်လပ်ခြင်း ၊ လတ်ဆတ်ခြင်း ၊ ‌နွေး‌ထွေးခြင်း တို့ နဲ့ သူတို့‌လေး‌တွေ က လဲလှယ်ပါ့ မလား ။ ဒါ‌တွေ က‌ တော့ သူတို့ရဲ့‌ ရွေးချယ်ခွင့်‌ ပေ ပဲ ။

အ‌မေ က‌ တော့ လူ ပီသဖို့ လူ့‌ဘောင် ဘဝ အတွက် လှပ‌စေဖို့ လို့ ရည်စူးတဲ့ တန်ဖိုး ကို သာ  မျှော်လင့်သင့်တယ် လို့ ယုံကြည်တယ် သား‌ရေ ။ မြေ‌ပေါ် မှာ ပွင့်ရင်း အလဟဿ ညှိုးနွမ်း ‌သေပျက်မယ့် အစား‌ တော့ ပန်းစိုက်အိုး ထဲ မှာ အချုပ် အ‌နှောင် ခံရင်း ‌လောက ကို အလှဆင်‌ တော့ မယ် ။ ဒါကို အ‌မေ့ ရဲ့ပျိုးပင်က‌လေး‌ တွေ နားလည်‌အောင် အ‌မေ ဘယ်လို ပြောရ မလဲ ။  သူတို့ ဟာ အ‌မေ့ လက် ထဲ မ‌ရောက်ခင် ဟိုး ကာလ ကာလ‌တွေ ကတည်း က စနစ်တကျ ကွပ်ညှပ် ပုံသွင်း ခံခဲ့ရ ပြီးပြီ ထင်ပါရဲ့ ။  ဒါမှ မဟုတ်လည်း စနစ်တကျ စွန့်ပစ် ခံခဲ့ရ ပြီးပြီ ထင်ပါရဲ့ ။

ကဲ .... ခပ်ရိုင်းရိုင်း အပွင့်‌တွေ နဲ့ ပဲ မထင်မရှား အသိအမှတ် ပြု မခံရဘဲ ညှိုး‌ရော်‌ သေ‌ကျေ သွားကြမှာလား ... ။ လှပ မြင့်မြတ်တဲ့ ၊  ခမ်းနား ထည်ဝါတဲ့ ခင်းကျင်း ပြင်ဆင် ပေးထားမှု ထဲ မှာ ပဲ ( ကြည့်သူ ခံစားသူ‌ တွေ အတွက် ) အ‌နှောင်အတည်း ခံရင်း ညှိုး‌ရော်ကြ မလား ... ။  သူတို့‌လေး‌တွေ က‌တော့ ပုံ‌သေ ရှင်သန်မှု ထဲ မှာ ငြိမ်သက်မြဲ ။  

အ‌မေ့ မှာ သာ ကရုဏာ‌ဒေါ‌သော ‌မျှော်လင့်ချက်‌တွေ နဲ့ .. နွမ်း ယဲ့ ။

     •••••   •••••   •••••   ••••• 

သားက‌လေး‌ ရေ ... 

သား‌ ပျော်တဲ့ သည် နယ်‌မြေ‌လေး ဟာ တကယ်‌တော့ ပန်းရိုင်း‌တွေ သာ ပွင့်တယ် ။ ‌တော‌မြေ မှာ ‌လေ ကို လွတ်လွတ်လပ်လပ် ရှူဖို့‌ နေ‌ရောင် ကို ဝဝလင်လင် စားသုံးဖို့ ကောင်းကင် ကို အမြင် ရှင်းရှင်း ရှုကြည့်ဖို့ တစ်ခုတည်း အတွက် နဲ့‌ တော့အသုံးချ တန်ဖိုး နဲ့ ပြဋ္ဌာန်းချက် တစုံတရာ မရှိဘဲ ပွင့် ရတဲ့ ပန်းက‌လေး ဘဝ ကို သားက‌လေး အားမကျဘူး မဟုတ်လား ဟင် ။

ပန်းစိုက်အိုး ထဲ မှာ တယုတယ ပြင်ဆင် ထားတဲ့ ပန်း တစ်ပွင့် အ‌နေနဲ့ မြင်ရတဲ့ သူ‌တွေ စိတ်နှလုံး ကို သာယာ ကြည်နူး‌အောင် ၊ စိတ်ခွန်အား‌ တွေ ရှိ‌အောင် ၊ ပတ်ဝန်းကျင်က‌လေး လှပသိမ်‌မွေ့ သွား‌အောင် ၊ အချိန်ကာလ က‌လေး နူးညံ့‌ပျော့‌ပြောင်း သွား‌အောင်‌ တော့ ဆောင်ကျဉ်း‌ပေး နိုင်သင့်တယ် မဟုတ်လား ကွယ် ။ ဒါဆို ... အ‌မေ့ ရဲ့ သားက‌လေး က‌ တော့ ပန်းစိုက်အိုး ထဲ က ပန်းက‌လေး ပဲ ဖြစ်ရမယ်‌ နော် ။ အ‌မေ က စနစ်တကျ ပြင်ဆင်‌ပေးတဲ့ အခါ သား က ရှိသမျှ ၊ ရသမျှ ခွန်အား‌တွေ နဲ့လန်းစွင့် မွှေးမြ ရမယ် ။ အတားအဆီး အကာ အကွယ်‌ တွေ ကို ခုခံတွန်းလှန်ရင်း ရနိုင် သ‌လောက် အာဟာရ ကို စားသုံးတတ် ရမယ် ။ မြေ မှာ တုန်း က မတ်မတ် ရပ်နိုင် ခဲ့ သလို ပန်းစိုက်အိုး ရဲ့ အကာအကွယ် ကို လည်း ယုံကြည်အားကိုး တတ် ရမယ် ။ သည် အတွက်‌တော့ အ‌မေ့ ရဲ့ကိုယ်ပိုင် ပန်းက‌လေး အတွက် အ‌မေ စနစ်တကျ ပြင်ဆင်ရ‌ပေဦး‌တော့ မှာ‌ ပေါ့ကွယ် ... ။  

     •••••   •••••   •••••   ••••• 

အဲသည် ပန်းရိုင်း‌တွေ ကို‌ တော့ ထားရစ်ခဲ့ရ‌တော့မယ် ထင်ပါရဲ့ ကွယ် ။ သူတို့ ဟာ အမြဲ ခုလိုပဲ သန့်ရှင်း လတ်ဆတ် တဲ့ ‌လေ ၊  ခိုင်မာ‌ပြေပြစ်တဲ့ ‌မြေ နဲ့ တိမ် ကင်းစင်တဲ့ ကောင်းကင်ယံ ကို သာ ‌တွေ့‌နေရမယ် လို့  မျှော်လင့်‌ နေကြတဲ့ ပန်းရိုင်း‌လေး‌ တွေ ပဲ ။ တကယ်ကျ‌တော့ ‌လောက ဆိုတာ ထဲ မှာ ကြမ်းတမ်း ခက်ထန် တဲ့ ‌လေရိုင်း‌တွေ ၊ အင်အား ကြီး တဲ့ မိုး‌ရေစက်‌တွေ ၊ တိုက်စား ခံရတတ် တဲ့ ‌မြေ‌ တွေ ရှိ‌နေတာ သူတို့ က မယုံကြည်တတ်ကြဘူး ။  တကယ်လို့ ကြုံလာ ရ ရင်လည်း ‌ခေါင်းငုံ့ ခံ‌နေမယ့် အဲသည် ပန်းရိုင်း‌တွေ ရဲ့သန်စွမ်းမှု ကို နှ‌မြောတသမိစွာ နဲ့ ပဲ အ‌မေ က‌ တော့ သူတို့ ကို ချန်ထား ခဲ့ရ‌တော့မယ် ။

ဘဝ ဆိုတာ တခါတရံ မှာ အချစ်‌ တွေ ၊  အ‌ပျော်‌ တွေ ၊  ရရှိခြင်း‌ တွေ ကို လိုချင် လျက် နဲ့ စွန့်လွှတ်ခဲ့ရတတ် ပါ တယ် ။  သား‌လေး‌ ရေ .. အဲသည်‌ ပျော်ရွှင်ဖွယ် ‌တောင်တန်း ‌တွေ ၊ ‌တောအုပ်‌တွေ ၊  တိမ်တိုက်‌ တွေ ၊  ဟင်းလင်းပြင် ‌တွေ ၊  မြစ်‌ရေစီးသံ‌ တွေ ကို အ‌မေ တို့ ထားခဲ့ကြစို့ ရဲ့ ။  ဟိုး ‌ရှေ့ မှာ အသက်ရှု ကျပ် တဲ့ ၊  ‌ခေါင်းပါးမှု‌တွေ များ တဲ့ ၊  ဒါ‌ပေမဲ့ တိုးတက်ခြင်း‌ တွေ ရှိ တဲ့ ၊ ယှဉ်ပြိုင်ခြင်း‌ တွေ ရှိတဲ့ ၊ အနိုင်အရှုံး‌တွေ ပီပြင်တဲ့ မြို့ပြ က တို့ ကို‌ စောင့်‌နေတယ် ။

ပြီး‌တော့ တိုက်ခိုက် ရှင်းလင်း ရင်း နဲ့ သား တက် ရမယ့် အနာဂတ် စင်မြင့် က လည်း အဲသည် မှာ ပဲ သား ကို‌ စောင့်‌နေ တာ ‌လေ ။  တက် ရမယ့် ‌လှေကားထစ်‌တွေ က‌တော့ အများသား ‌ပေါ့ က‌လေး ရယ် ။  ဒါမှလည်း အမြင့် ကို ‌ရောက်တဲ့ အခါ တန်ဖိုး ပို မြင့်လာ မှာ‌ ပေါ့ ။ အ‌မေ က ‌တော့ အ‌မေ့ ရဲ့ ပွင့်လာမယ့် ပန်းက‌လေး အတွက် ရွှေစင် နဲ့ အတိ ပြီးတဲ့ ပန်းအိုးက‌လေး ကို ပြင်ရင်း‌ စောင့်‌နေ‌တော့မယ် ။

အဲဒီ အတွက်‌ ကြေကွဲလက်စ နဲ့ ပဲ ... 

ပန်းရိုင်း‌တွေ ထဲ က ခဏ ထွက်‌ပြေးကြစို့ရဲ့ သား‌ ရေ ... ။    

◾မေငြိမ်း
     ၉၅ စက်တင်ဘာ

📖 အဝါ‌ရောင်မန္တ‌လေး ­၂ ဝတ္ထုတိုစု

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment