Monday, June 12, 2023

ပြောရဦးမယ် ဦးလေးဆွေ ရေ့


 ❝ ပြောရဦးမယ် ဦးလေးဆွေ ရေ့ ❞


ဦးလေးဆွေ ခင်ဗျား ။


အထက်ပါ ခေါင်းစီး တပ်ပြီး ခုလို ခေါ်လိုက်တော့ “ ဟဲ့ ... သုမောင် ၊ နင် မူးရူး နေသလား ၊ ငါ က လူ့ပြည် မှာ ရှိမှ မရှိတော့တာဟ ” ဟူ၍ ဦးလေး ဆို မှာ မြင်ယောင်မိပါသည် ။ မှန်ပါသည် ။ ဦးလေး ကား ( ၄ - ၃ - ၉၅ ) နေ့ ကတည်း က ကွယ်လွန်ခဲ့ပါပြီ ။ လက်ရှိ လူ့ပြည် မှာ မရှိတော့ပါ ။ သို့သော် ကျွန်တော် ရှင်းပြပါမည် ။ 


ဒီလိုပါ ခင်ဗျား ။ ဦးလေး ပြောလည်း ပြော ၊ ရေး လည်း ရေး ဖူး သည့် စကား တစ်ခွန်း ရှိပါသည် ။ 


“ ကျွန်တော် သေရင် လူ ပြန် ဖြစ်ပြီး လူ ထဲ မှာ တောင် စာရေးဆရာ ပဲ ဖြစ်ချင်တယ် ဟု ဆုတောင်းထားသည် ” ဟူ၍ ဖြစ်ပါသည် ။ ဦးလေး ဆုတောင်း ပြည့် မပြည့် မသိရသော်လည်း ကျွန်တော် ယုံကြည်ထား တာ တစ်ခု တော့ ရှိပါသည် ။


သစ္စံ ၊ ဓမ္မ 

ဝီရိယနှင့် 

စာဂ ဓိဌိ

လေးပါးရှိက 

ကင်းဘိအပါယ် 

နောင်ဝယ်နတ်လူ 

စိုးမပူတည့် တဲ့ ။


ကျွန်တော့် အမေ က ကျွန်တော့် အဖေ ( ဆရာသာဓု ) ကွယ်လွန် တော့ ကျွန်တော့် ကို နှစ်သိမ့်တဲ့ ကဗျာ ပါ ။ ကဗျာ ဟု လွယ်လွယ် ပြော ရ သော်လည်း မဃဒေဝ လင်္ကာ ထဲ က ဟု ကျွန်တော် ထင် ပါသည် ။ ဒီ စာ ကျွန်တော် လည်း မဖတ်ဖူးပါ ။ ဘာပဲဖြစ်ဖြစ် သစ္စာ ရှိသော ၊ တရား ကို သိမြင်သော ၊ ကြိုးစားအားထုတ်မှု ရှိသော ၊ ပေးကမ်းစွန့်ကြဲခြင်း ၌ ရက် ရောသော ပုဂ္ဂိုလ်တို့ သည် နောင် ဘဝ တွင် လူ အဖြစ် ၊ နတ် အဖြစ် ကို ရ မည် မှာ မလွဲ ၊ စိုးရိမ်စရာ မရှိ ဟု ဆိုလိုသည် ထင် ပါ၏ ။


ဦးလေး ၌ ယင်း လေးပါးသော ဂုဏ် တို့သည် ကိုယ့်နည်း ကိုယ့် ဟန် နှင့် ပြည့်စုံခဲ့ ကြောင်း ကျွန်တော် ယုံကြည် ပါသည် ။ ကဲ ... ဒါ့အပြင် ဦးလေး က သေ ရင် တောင် နောက် ဘဝ မှာ လူ စာရေးဆရာ ပဲ ပြန် ဖြစ်ပါရ စေလို့ ဆုတောင်း ထားသူ ဖြစ်လေတော့ ... ။


ကိုင်း ယခု ကျွန်တော် ရေး နေသော စာ ဟာ ဦးလေး ကို တိုက် ရိုက် ရည်ညွှန်းပြီး ရေးခြင်း သည် မှား နိုင်ပါမည်လား ။ လတ်တလော မှာ ဦးလေး ဟာ ယခင် လူ့ ဘဝ က ငါးပါးသီလမှာ သုရာမေရယ တစ်ပါး မလုံခြုံ သဖြင့် လူ့ ဘဝလောက် အဆင့် မမြင့်တဲ့ နတ်ဘုရား အသေးစား လေး ရောက်ခဲ့ တောင် ခဏ ပေါ့ ။ မကြာခင် မှာ လူ့ ပြည် ပြန် ရောက် မှာပါ ပဲ ။ အဲဒီအခါ ဦးလေး အရွယ် ရောက် လို့ စာ ဖတ် တတ်သည့် အခါ ကျွန်တော် ၏ စာ က လည်း ပုံနှိပ် အက္ခရာမပျက် ထိန်းသိမ်းသူ မပျက် ရှိခဲ့ပါ လျှင် ဦးလေး ဖတ် ရရော မဟုတ်လား ။ 


အင်း ... ပြောရဦးမယ် ၊ ဦးလေးဆွေ ရေ့ လို့ ခေါင်းစီး တပ် လိုက်ရ တာ ကတော့ ကနေ့ လူလတ်ပိုင်း စာဖတ် ပရိသတ် မသိ မဖြစ် သိခဲ့ကြရတဲ့ ၁၉၇ဝ ဝန်းကျင် က အိုးဝေမဂ္ဂဇင်း မှာ ဦးလေး ပင်တိုင် ရေးခဲ့သည့် “ ပြောရ ဦးမယ် မမြရီရေ့ ” ကို ရည်ညွှန်း ဂုဏ်ပြု လိုက်ခြင်းပါပဲ ။ 


ကြည့်စမ်း ၊ ခု ကျွန်တော် ရေး နေသည့် စာရေးဟန် ကို က ဦးလေး ၏ ရေးဟန် ။ စာရော စကားပါ ရော သုံး ထားသည့် ဟန် ။ ဦးလေး လို စာ ချောပြီး လူပြော လွတ်သည့် အရေးအသား မဟုတ်တောင် ခွင့်လွှတ် ဖတ်နိုင်မည် ဟု မျှော်လင့် ပါသည် ။ 


နေဦးဗျ ၊ “ ဟဲ့ကောင် ရဲ့ “ ပြောရမှာပေါ့ မခင်ကျော့ ” ကော မေ့နေ သလား ” ဟု ဦးလေး က မေးကောင်း မေးလိမ့်မည် ။ ဟုတ်သားပဲ ။ ဦးလေး ကိုင် ခဲ့တဲ့ သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှာ ဦးလေး က “ ပြောရ မှာပေါ့ မခင်ကျော့ ရဲ့ ” ရေး ခဲ့သေးတာကိုး ။ ( ၁၉၈ဝ ဝန်းကျင် )


ဒီလို ရှိတယ် ခင်ဗျ ။ ပြောရဦးမယ် က စကားကြုံ လမ်းကြုံ ပြောတဲ့ သဘော ။ ပြောရမှာပေါ့ က မပြောမဖြစ် ပြော ကို ပြောရမည့် သဘော မဟုတ်လား ဦးလေး ။ ဟုတ်ပါတယ် ။ ကျွန်တော် သည် ဤ စာစု ကို ရေးသားရာ ၌ ပြော ကို ပြော ရမည့် အကြောင်းများ ကို တတ်နိုင် သမျှ ရှောင် ပါသည် ။ အကောင်းရော အဆိုးရော ရှိနေတာ ကြောင့် ကျွန်တော့် အတွက် ရော ဦးလေး အတွက်  ပါ ရှောင်ခြင်း ဖြစ်ပါသည် ။ အမှန်အတိုင်း မခြွင်းမချန် ရေး ရလျှင် ပြဿနာတွေ တစ်လှေကြီး တက် ကုန်မည်ဗျ ။ ဦးလေး က တော့ လတ်တလော လူ့ပြည် မှာ မရှိတော့လို့ အနေသာကြီး ပေမင့် ကျွန်တော် အပါအဝင် ဦးလေး ၏ တစ်နှစ်ပြည့် အောက်မေ့ဖွယ် စာစု ရေး ကြသည့် အခြား စာရေးဆရာများ ပါ သောက်ကျိုး နည်း ကုန် စရာတွေ ရှိ နေပါသည် ။ ( ကန်တော့နော် ဦးလေး သုံးနေကျ စကားမို့ သုံးတာပါ ) 


ဒါကြောင့် ပြောရဦးမယ်ပဲ သုံး လိုက်ရတာပါ ။ 


ပြောစရာတွေ တော့ ဒု နဲ့ ဒေး ပဲ ဦးလေး ။ သို့သော် ဖျတ်ခနဲ ပေါ် လာသည့် အကြောင်းများ ကို သာ ပြောပါမည် ။


တကယ်တော့ ကျွန်တော် ဦးလေး ဆေးရုံ တက် နေရပြီ ဆို ကတည်း က စိတ် တထင့်ထင့် ပါ ။ အရက် ကြောင့် မဟုတ်တောင် အရွယ် ကြောင့် သေဘက် ကို နီး နေပြီ မဟုတ်လား ။ အဲ လူ ဆိုတာ သေမျိုး ဆိုပေမဲ့ ကျွန်တော် စိုးရိမ် တာ က ရက်စွဲ ပဲ ဦးလေး ။ ကျွန်တော် ပြန် ရွတ်ပြ ပါ မည် ။ 


ဦးလေး သူငယ်ချင်း ဖေဖေ သာဓု ဆုံး တာ က ၇ - ၄ - ၉၁ ၊ ဦးလေး ရဲ့ သောင်းပြောင်း ရဲဘော် ရေးဘက် တွေ ဖြစ်တဲ့ ဦးလေး စိန်ခင်မောင်ရီ က ၇ - ၃ - ၉၂ ၊ အစ်ကို အထောက်တော်လှအောင် က ၇ - ၄ -၉၂ ၊ ဦးလေး တို့ ညီ ကဲ့သို့ ချစ်ရသော စာရေးဆရာ မင်းကျော် က ၇ - ၇ - ၉၁ ၊ သည်တော့ ၁၉၉၅ မတ်လဆန်း ကတည်း က ကျွန်တော် စိတ် ပူ ခဲ့ရသည် ပေါ့ ။ ဦးလေး ဆုံးတော့ မတ် လ ၄ ရက် ၊ ၇ ရက် နေ့ ကို ကျွန်တော် ကြောက်တယ် ဦးလေး ။ ဘယ့်နှယ့် စာရေးဆရာတွေ နှယ် ၇ ရက် နေ့ ချည်း သေ နေ ကြရတာ တုန်း ။


ဘာပဲ ဖြစ်ဖြစ် ပေါ့ ဦးလေး ရာ ။ ကျွန်တော် ဟာ စာပေ ၊ ဂီတ ၊ ရုပ်ရှင် စသည့် အနုပညာနယ်ပယ် က လူကြီးလူငယ် မရွေး နာမည်ကြီး နာမည်ငယ် မရွေး ကျွန်တော် နှင့် ရင်းနှီး ပတ်သက် ခဲ့လျှင် စာစု တစ်ခု ခု ဖြင့် မှတ်တမ်း ပြု တတ်သူ ဖြစ်ပါသည် ။


အထူးသဖြင့် ကတော့ ရေးသား မှတ်တမ်းတင်မည့် သူ ရှားပါး လျှင် ပို၍ ဂရုစိုက် ရေးသား လေ့ ရှိပါသည် ။


နော့ ... ငါ့ ကျတော့ ဘာကြောင့် ချက်ချင်း မရေးသလဲကွ ဟု ဦးလေး က မေးသည် ။ သည်လိုပါ ဦးလေး ၊ ကျွန်တော် က ဦးလေး သေရင် ရေးမည့် သားမည့် သူ အတော် များမည် ဟု ထင် ခဲ့တာ ကိုး ။ စာရေး ဆရာ တော်တော်များများ ၊ မဂ္ဂဇင်းသမား တော်တော်များများ က ရေးကြ ၊ ဖော်ကျူးကြတာ များရင် ကျွန်တော် အသာ လက် ရှောင် နေတတ် ပါသည် ။ ဒါကြောင့် ဦးလေး သေတော့ ကျွန်တော် တော်တော် နှင့် မရေးဖြစ်ခဲ့ခြင်း ပါ ။ 


ဦးလေး မပြော နှင့် ၊ ဖေဖေ သာဓု တုန်း က တောင် ကျွန်တော် ပထမ လက် ရှောင်ဦး မလို့ပဲ ။ နောက်တော့ အင်း ... ငါ့ အဖေ ပဲ လေ မကောင်းပါ ဘူး ဆိုပြီး ၊ သာဓု ပဲ လေ ရေးတန် ကောင်းပါရဲ့ ဆိုပြီး ရေးခဲ့ခြင်းပါ ။ သို့သော် သည်တုန်း က လည်း ကျွန်တော် ရေး မိတာ မှန် သွား ခဲ့တာပဲ ။ ဖေဖေ့ အကြောင်း ရေးသားမည့် သူ လည်း သိပ်မှ မရှိခဲ့တာ ကိုး ။ 


ဘာပဲဖြစ်ဖြစ်ပေါ့ ခင်ဗျာ ၊ ဖေဖေ တို့ ၊ ဦးလေး တို့ အကြောင်း ရေးကြ သားကြ သူတွေ နည်းပါးကြပေမဲ့ ဖေဖေ တို့ ဦးလေး တို့ ရဲ့ မိတ်ဆွေ များ ၊ ဆရာ ၊ ဆရာမကြီးများ ၏ ပုံရိပ်တွေ ကို မဂ္ဂဇင်းစာမျက်နှာများ ပေါ် မကြာမကြာ တွေ့ ရတော့ မုဒိတာ များ ရပါသေးသည် ။ အင်း... မသေခင် ဒီလို များများ ဖော်ပြပေးကြမှ ပေါ့ ။ ဒါမှလည်း မသေခင် မိမိ အား မည်မျှ ဂရုစိုက်ကြသည် ကို သိသွားရမည် ပေါ့ ။


တချို့ဆို နှစ်စဉ် မွေးနေ့ပွဲ တွေ လုပ်သည် ။ တချို့ က ငွေရတု ၊ ရွှေရတု ၊ စိန်ရတု လုပ် ကြသည် ။ တချို့ကျတော့ ၁ဝ နှစ်မြောက် တို့ ဘာ တို့ ။ အင်း ... အလှူပွဲ ၊ မင်္ဂလာပွဲ တွေ စုံလို့ ပါ ပဲ ။ တစ်ခါတလေများ ရုပ်ရှင် ၊ ဗီဒီယို ကန်တော့ပွဲ ပေး ရာမှာ တောင် အမှတ်တရ ပါ လိုက်ကြ သေးတယ် ။ သိပ် အားကျစရာ ကောင်းတာပဲ ဦးလေး ရာ ။ ကျွန်တော် တို့ အုပ်စု တောင် မတတ်နိုင်ကြလို့ တတ် နိုင်ရင် သော်တာဆွေ ဘယ်နှနှစ် မြောက် ဆိုပြီး မြင်းလှည်း တို့ ၊ တိုက်ကြက် တို့ ၊ ဘရန်ဒီပုလင်း တို့ ကံစမ်းမဲ ဖောက်ဖို့ စဉ်းစား ထား သေးတယ် ။ ဦးလေး သာ စောစော မသေခဲ့ရင် ပြော ပါတယ် ။ ဒါ ဆိုလျှင်တော့ မဂ္ဂဇင်းတွေ မှာ ဦးလေး ဓာတ်ပုံတွေ နှင့် ဝေဝေဆာဆာ ရှိပါလိမ့်မည် ။ ဦးလေး က လည်း သရုပ်ဆောင် ကောင်း လေတော့ ဓာတ်ပုံ ထဲ မှာ လည်း အိုက်တင်တွေ ကောင်း မှာပဲ ။


ခုဆိုရင် ဆရာကြီး ၊ ဆရာမကြီးတွေ တချို့ အစပိုင်း ဓာတ်ပုံ အရိုက် မခံတတ်လို့ ကြောင်တက်တက် ရှိ ရာမှ နောက်ပိုင်း ဓာတ်ပုံ အရိုက် ခံတတ် လာကြပြီ ။


ရုပ်ရှင် သရုပ်ဆောင် တစ်ယောက် အနေ နှင့် တော့ အားတက်စရာ ပါပဲ ။ 


ပြောရဦးမယ် ဦးလေးဆွေ ရေ ၊ ဦးလေး မသေခင် ကာလ တစ်နေ့  မှာ ဧည့်ခံပွဲ တစ်ခု ရောက် သွားခဲ့သည် ။ ထို ဧည့်ခံပွဲ တွင် မင်းသား ၊ မင်း သမီးများ ၊ စာပေနယ် က ပညာရှင်များ ၊ အတော် စုံလင် ကြသည် ။ အထူး သဖြင့် ကတော့ အဲဒီ ပွဲ မှာ ကနေ့ ခေတ် ပေါ် စာပေပညာရှင်ငယ်များ ရုပ်ရှင် ဗွီဒီယို နှင့် တေးဂီတ ပညာရှင်ငယ်များ ပြီးရင် ပရိသတ်တွေ ဂရုအစိုက် ခံရ ဆုံး ကတော့ ကလောင်အို ဆရာ ၊ ဆရာမကြီးတွေ ပါပဲ ။ ဆရာကြီး ၊ ဆရာ မကြီးတွေ ကို ပိုပြီး ဂရုတစိုက် ရှိကြတယ် ဆိုတော့ ကျွန်တော်တို့ လို စာသမား အလတ်စားတွေ အဖို့ မည်မျှ ဂုဏ်ယူ အားတက်မည် ကို ဦးလေး စဉ်းစား ကြည့်ပါတော့ ။


တစ်ခု တော့ ကျွန်တော် နှင့် ပြဿနာ တက် ခဲ့ရပါသည် ။ ကြီးကြီး ကျယ်ကျယ်တော့ မဟုတ်ပါဘူး ။ 


ဒီလို ခင်ဗျ ။ ကျွန်တော် က ရုပ်ရှင်မင်းသား ၊ စာရေးဆရာ ၊ ဒါရိုက်တာ ဆိုတော့ လူတွေ ဓာတ်ပုံ အရိုက် ခံရတဲ့ အခါ ဘယ်သို့ ဘယ်ပုံ ခံစားရ သည် ၊ ဘယ်သို့ အိုက်တင် လုပ်ကြသည် ကို ကောင်းကောင်းကြီး သိ တာကိုး ။


အဲဒီ စောစောက ပြောတဲ့ ပွဲမှာ ဓာတ်ပုံဆရာတွေ က ဆရာကြီး ၊ ဆရာမကြီးတွေ ကို ဓာတ်ပုံတွေ ၊ ဗွီဒီယိုတွေ တဖျပ်ဖျပ် တရစပ် ရိုက် ကြ ပါလေရော ။ ဒီမှာ ကျွန်တော် က ယင်း ကိစ္စ ကို အာရုံ စိုက်မိလေတော့ သည် ။


အင်း ... အဲဒီ ဆရာကြီး ၊ ဆရာမကြီးတွေ အပီအပြင် အိုက်တင် ခံ ကြပါလေရောဗျို့  ။ ဒီနေရာမှာ ကျွန်တော် သိ သလောက် ရှင်း ပြရရင် ဓာတ်ပုံ ၊ ဗွီဒီယို အရိုက်ခံတဲ့ နေရာမှာ သုံးမျိုး သုံးစား ရှိပါ၏ ။ လုံးဝ အရိုက် ခံ တတ်လို့ ဘာသိ ဘာသာ ဖြစ်နေတဲ့ သူ ။ ရိုက် နေမှန်း သိ လို့ ရှိုးတိုး ရှန့်တန့် ဖြစ်ကြရတဲ့ သူ ။ ရိုက်မှန်း သိလို့ အိုက်တင် ခံတတ်တဲ့ သူ ဆိုပြီး တော့ လေ ။


သည်မယ် နှစ်မျိုး နှစ်စား ထပ် ကွဲ တာက မိမိ ကို ရိုက် နေမှန်း သိတဲ့ အခါ ( ရှေ့ က တည့်တည့်ကြီး ရိုက်လို့ တမင် အိုက်တင် ခံတဲ့ သူ ၊ ရှက်ကိုးရှက်ကန်း ဖြစ်တဲ့ သူ ) နှင့် ( ခပ်လှမ်းလှမ်း မှ အလစ် ရိုက်တဲ့ အခါ မသိ လိုက်လို့ အိုက်တင် မခံဘဲ နေမိတဲ့ သူ နှင့် ဒါကို သိ လို့ပင် တမင် အိုက်တင် ခံတဲ့ သူ ) ရယ် လို့ပါပဲ ။ ကင်မရာ ရဲ့ သဘာဝ တွင် အလစ် ချောင်း ရိုက် သည့် ပုံများသည် သဘာဝ ကျပြီး ကောင်း တတ်၏ ။ တည့်တည့်ကြီး သိသိသာသာ ရိုက်တဲ့ အခါ မှာ အိုက်တင် လုပ်တတ်သူ တွေ ရဲ့ ပုံ တွေ ကောင်း တတ် နေတာပါပဲ ။ 


သည်တော့ ကျွန်တော် တို့ ရုပ်ရှင်သရုပ်ဆောင်တွေ ဟာ ဘာ လုပ် ကြသလဲ ဆိုရင် မိမိ ကို တည့်တည့်ကြီး ချိန် ရိုက်တဲ့ အခါ မသိလိုက် မသိဘာသာ နေပြီး အိုက်တင် ခံ တတ်ကြ၏ ။ မိမိ အား အလစ် ရိုက်သည့် အခါကျတော့ ကိုယ် က မသိသလို နေပြီး စိတ် က သိ နေလေတော့ တမင် အိုက်တင် ခံ လိုက်ကြခြင်းပါပဲ ။ 


ဒါ က ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေ တတ်ကျွမ်းတဲ့ ပညာ ဆို ပါတော့ ။ 


အဲဒီ ပွဲ မှာ စာရေးဆရာကြီး ဆရာမကြီးတွေ အိုက်တင် ခံ တတ်နေ တာ ကို တွေ့ ရသဗျ ။ စောစောက ပြော သလို မိမိ ကို တည့်တည့်ကြီး လာ ရိုက်တဲ့ အခါ မသိဟန် ဆောင် နေပြီး ခပ်လှမ်းလှမ်း က အလစ် ရိုက်တဲ့ အခါ အိုက်တင် ခံ ကြတော့တာပဲ ။ 


လူ တစ်ယောက် ရဲ့ မျက်စိ အမြင် ဟာ ၁၈ဝ ရှိ တာ ကို တော့ ဦးလေး သိ ပါသည် ။ သည်တော့ မိမိ ၏ မျက်နှာချင်းဆိုင် မဟုတ်ဘဲ ခပ်လှမ်း လှမ်း ခပ်စောင်းစောင်း က မိမိ ကို ကြည့်တဲ့ အခါ သိ နေ တတ် ကြတယ် မဟုတ်ပါလား ။ 


သည်မှာ တွင် ကျွန်တော် အမှားကြီး မှား တော့တာပါပဲ ။ ဘာတုန်း ဆိုတော့ အဲသည့် အချိန် က ကျွန်တော် သည် အာသွက်လျှာသွက် ရုံ ယမကာလေး မှီဝဲ ထား သောကြောင့် - 


“ ဆရာကြီး နဲ့ ဆရာမကြီး ရုပ်ရှင် တွဲရိုက်ဖို့ ကောင်း သဗျာ ”


ဆိုတော့ ။ 


“ ဟဲ့ .. တို့တွေ အသက်လည်း ကြီးပြီ ။ ဝါသနာ လည်း မပါဘူး ။ မင်း နှယ် ဘာတွေ မူးရူး လာပြောနေတာတုန်း ” တဲ့ ။ 


“ ဪ ... ဆရာကြီး နဲ့ ဆရာမကြီး ဓာတ်ပုံ အရိုက်ခံ တတ်နေကြ တာကို ကျွန်တော် မြင်လို့ပါ ” လို့ လည်း ပြန် ပြောရာ လူကြီး ရှက် တော့ ရယ် မဖြစ်ဘဲ ကျွန်တော့် အား မျက်စောင်းခဲပြီး အတွင်း စိတ် ဖြင့် ဆဲကြပါ လေရော ဗျာ ။ 


အမှန်မှာ ကျွန်တော် က ဆရာကြီးတွေ ၊ ဆရာမကြီးတွေ အိုက်တင် ခံ တတ် လာကြတာကို အားတက် ဝမ်းသာ မိလို့ ပြောခဲ့ ရိုး အမှန်ပါဗျာ ။  


အင်း .. ဒီကိစ္စ ခု ပြန် စဉ်းစားတော့ သည်လို အဖြေ ရ ပါသည် ။


သူသူငါငါ ဘယ်သူ ဖြစ်ဖြစ် အများသူငါ ရှေ့မှာ ရှက်ရွံ့တတ်ခြင်း နှင့် အတူ ထင်ပေါ်လိုမှု တွဲ ပါ လာ တတ်ကြမြဲ ပါလား ။ သို့သော် ရှက်ရွံ့ ခြင်း ကို ထင်ပေါ်လို မှု က နိုင် သွားသောအခါ သရုပ်ဆောင် တတ် သွား၏ ။ ရှက်ရွံ့ခြင်း က နိုင် သွားလျှင် သရုပ်မပီ ဖြစ် ရ၏ ။ နှစ်ခုစလုံး မကောင်းဘူး ဗျာ ။ ကျွန်တော့် မျက်စိ ထဲတော့ လူကြီးတွေ ကို သနားစရာ အဖြစ် မြင် မြင် နေမိ တော့ တာပါပဲ ။ 


ကျွန်တော် ၏ ဆရာ့ ဆရာကြီးများ ၊ ဦးလေး ၊ အဒေါ် အရွယ်များ ကို ကျွန်တော် ဝေဖန်နေခြင်း မဟုတ်ရ ပေါင် ဗျာ ။ လူ့ သဘာဝ ကို သာ ဆိုပါသည် ။ 


သည်လို ဖြစ် လာအောင် ဘယ်သူတွေ က ဖန်တီး နေတယ် ဆိုတာ အဓိက ဖြစ် ပါသည် ။ သတိထားဖွယ် ၊ တရားရဖွယ် ကောင်းလေစွ ။ 


ကောင်းပါပြီ ၊ ဦးလေး ။ ကျွန်တော် ကကော ဘာကြောင့် ခုလို ဦးလေး အကြောင်း ဖွဲ့နွဲ့ပြီး မှတ်တမ်း စာ ရေး ရသနည်း ။


ဤတွင် ဦးလေး သည် ယခု လက်ရှိ ရောက် နေသော တမလွန် ဘဝ မှ ကျွန်တော် ၏ စာစု ကို သိရှိနေပါမူ -


“ နင် ကော ဘာ ထူးသလဲ ကွ ၊ သုမောင် ရ ။ ငါ့ အကြောင်း သိပ် မရေးကြ လို့ နင် က ပြန် ဖော် နေတာ ။ ဒီ ပုတ် ထဲ က ဒီ ပဲ ပဲ ” ဟု ဆိုမည် မဟုတ်လား ။


အကယ်၍ တစ်ချိန်သော အနာဂတ်ကာလ ၌ ဦးလေး လူ ပြန် ဖြစ် ပြီး စာရေးဆရာ ပေါက်စ ဘဝ ပြန် ရောက် သောအခါ ကျွန်တော် ၏ စာစု ကို ပြန် ဖတ်ရငြားအံ့ ။


“ ဟင် .. ဒီ စာရေးဆရာ ဦးသုမောင် ဆိုတဲ့ အဘိုးကြီး လူကြီးသူမ တွေ ကို အနေ ခက်အောင် ရေးတာ လွန် တာပေါ့ ။ အသက်အရွယ် ၏ ဂုဏ် ၊ ပညာ ၏ ဂုဏ် ကို မှ မထောက်လေခြင်း ” ဟု မှတ်ချက် ချဦးမည် မဟုတ်ပါလား ။ ကိုင်း... ။


တစ်ကျော့ပြန် စာရေးဆရာ မောင်သော်တာဆွေ သို့


ရည်မှန်း လျက် ... ။


◾သုမောင်


📖 သော်တာ‌ဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment