❝ ပုပ္ပား ချစ်သူ ❞
ကျွန်တော်တို့ မျိုးရိုး က မောင်နှမ ဝမ်းကွဲ ချင်း ပြန် ပေးစား တာဗျ ။ သူတို့ က ချမ်းသာ တော့ ဖိတ်ချင်း ဖိတ် ကိုယ့် အိတ် ထဲ ဖိတ် ဆိုတဲ့ သဘော ဖြစ် မှာပေါ့ ။ ဆွေမျိုးသားချင်း နီးစပ်ရာ အိမ်ထောင် ပြုရင်း မွေး လာတဲ့ ကလေးတွေ က ဦးနှောက် မသန်စွမ်းတာ တို့ ၊ လက် တစ်ချောင်း မပါတာ တို့ ၊ လက်ချောင်းလေး ပို နေ တာ တို့ ဦးနှောက် မမှန်တာ တို့ ဖြစ်တတ်တယ် ။ အဖေ က ကျွန်တော့် ကို လည်း မောင်နှမ ဝမ်းကွဲ နဲ့ ပေးစား ဖို့ စီစဉ်တယ် ။ ကျွန်တော် မယူဘူး ။ နားလည်လို့ တော့ မဟုတ်ပါဘူး ။ လွတ်လွတ်လပ်လပ် အောက်သူ ပဲ သွား ယူ လိုက်တယ် လို့ သစ်တောအငြိမ်းစား ညွှန်ကြားရေးမှူး ဦးအုန်း က သူ့ ဘေး မှာ ယှဉ် ထိုင်နေတဲ့ သူ့ ဇနီး ဒေါ်ခင်မြ မျက်နှာ ကို ပြော ရင်း လှမ်း ကြည့် ကာ ရယ် ပါတယ် ။
ပုပ္ပားမြို့ကလေး က သစ်တော ဧည့်ရိပ်သာ မှာ ကျွန်တော်တို့ ထိုင် ရင်း ရှေးဟောင်းနှောင်းဖြစ် တွေ ပြော နေခဲ့ ကြတာပါ ။ စစ်ကိုင်းမြို့ အနီး မကျည်းစင် ရွာသား ဦးအုန်း ရဲ့ မိဘတွေ က လယ်ဧက ထောင် နဲ့ ချီ လို့ ပိုင်ဆိုင်ခဲ့ကြ ဖူးတယ် ။ နောက်တော့ လယ်ယာမြေ ပြည်သူပိုင် သိမ်းတဲ့ အထဲ ပါ သွားတယ် ။ သူ့ မိဘတွေ က ကောက်ပဲသီးနှံ အရောင်းအဝယ် လုပ်ကြ ပြန်တော့ လည်း တိုင်းပြည် မငြိမ်းချမ်းတဲ့ ကာလ မှာ သီးနှံတွေ မီးလောင် ဆုံးရှုံးရ ပြန်ပါတယ် ။
ဦးအုန်း က စာ ကြိုးစားတယ် ၊ ၁၉၅၁ ခုနှစ် မှာ မန္တလေး တက္ကသိုလ် က သိပ္ပံဘွဲ့ ရ ပြီးနောက် စစ်ကိုင်းမြို့ မှာ အထက်တန်းပြ ဆရာ ဝင် လုပ်ပါတယ် ။ တစ်နှစ်ခွဲ လောက် ဆရာ လုပ် နေရာက ဘဝတိုးတက်မှု အတွက် အစိုးရ ပညာသင် လျှောက်တယ် ။ ဦးအုန်း ရဲ့ ဘဝ ခရီး ကို သူ က ယခု လို ပြော ပြ ပါတယ် ။
••••• ••••• •••••
အစိုးရ ပညာတော်သင် အဖြစ် သုံးမျိုး ကျွန်တော် လျှောက်တယ် ။ တစ်ခု က Flying Officer ( လေကြောင်းပျံသန်းရေး အရာရှိ ) ကျွန်တော် က မျက်မှန် စ တပ် ရပြီ ဆိုတော့ စာမေးပွဲ မအောင်ဘူး ။ ကျွန်တော် ဘွဲ့ ရတဲ့ ၁၉၅၁ ခုနှစ် က Physical chemistry ( ရူပဓာတုဗေဒ ) ဘာသာရပ် မှာ ကျွန်တော် အမှတ် အများဆုံး ရတယ် ။ ၈၂ မှတ် ။ မန္တလေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးကိုလေး က Ph.D ( ပါရဂူဘွဲ့ ) ၊ ပညာတော်သင် လျှောက်ဖို့ အားပေးတယ် ။ ကျွန်တော့် နောက် နှစ် ၁၉၅၂ ခုနှစ် မှာ ရန်ကုန် တက္ကသိုလ် က အောင် တဲ့ မစိန်သာ ဆိုတဲ့ အမျိုးသမီး အရွေး ခံ ရတယ် ။ သူ က ၈၄ မှတ် ရတယ် ။ သူ့ ပေး လိုက်တယ် ။
ကျွန်တော် က သစ်တော လျှောက်တယ် ။ ၂၅ မိုင် လမ်းတွေ ဘာတွေ လျှောက် ခိုင်း တယ် ။ တောသား ကိုး ဗျ ။ စစ်ကိုင်းတောင်ရိုး ဒီ အတိုင်း အမြဲ တက် နေတဲ့ ကောင် ကိုး ၊ အပျော့ ပေါ့ ။ ရန်ကုန်သား တွေ ကျွန်တော့် ဘယ် မီပါ့မလဲ ။ သစ်ပင် တွေ မေး တော့လည်း ကျွန်တော် က တော က ကောင် ဆိုတော့ ဖြေ နိုင်တာပေါ့ ။ အရွေး ခံ ရတယ်ပေါ့ ။
အရွေး ခံ ရ လို့ နိုင်ငံခြား သွားတော့မယ် ဆိုခါ မှ Physical chemistry အတွက် အရွေး ခံ ရတဲ့ မစိန်သာ က ဆုံး ရှာ ရော ။ အဲသည်တော့ ကျွန်တော့် ကို ခေါ်တယ် ။ ကျောင်းအုပ်ကြီး ဦးကိုလေး က ကျွန်တော့် ကို ပါမောက္ခတွေ ဘာတွေ ဖြစ် အောင် ပီအိတ်ချ်ဒီ သွား ကွာ တဲ့ ။ ကျွန်တော် က ဆရာကြီး ရိုက် ချင် လည်း ရိုက် ပါတော့ ။ ကျွန်တော် က တော့ သစ်တောကို ရွေးပြီး သွားပြီ ။ ကျွန်တော် က တောသား ဆိုတော့ သစ်တော နဲ့ ပဲ ကိုက် ပါတယ် ။ သည့်ပြင် လူ သွား ပါစေတော့ ဆိုတာ ဆရာကြီး က ကျေနပ်ပုံ မရဘူး ။
ကျွန်တော် သစ်တော ပညာ သင်ဖို့ ဘိလပ် ရောက် သွားတယ် ။ ဝေလ တက္ကသိုလ် သွား တက် ရတယ် ။ ကိုယ် က အင်္ဂလိပ်စာ လည်း မကျွမ်းကျင် ၊ ရက်စ် ပြောရမှာလား ၊ နိုး ပြောရမှာလား ဝေခွဲ မရတဲ့ အခါလည်း ကြုံ ရတယ် ။ ငါ တော့ ဘိလပ် လာ မိတာ မှားပြီ ၊ ထမင်း လည်း မစားရ ၊ ပေါင်မုန့်တွေ စား နေရတာလေ ။ ရာသီဥတု က လည်း မကောင်း ။ ဝေလ နယ်သားတွေ က အပြင် မှာ သာ အင်္ဂလိပ် လို ပြော တာ အိမ် ပြန် ရောက် ရင် ဝေလ လို ပြောကြ တာ ။ ကျွန်တော့် မှာ ဝေလ စကား လည်း ထပ် သင်ရသေးတယ် ။ အဲသည်လို ရုန်းကန် ရ တာပေါ့ ဗျာ ။
ပါမောက္ခ လုပ်တဲ့ လူ က လည်း အိုဘီအီး ( ဗြိတိသျှ အမှုတော်ထမ်းကောင်း ဘွဲ့ရ ) ။ သူ က မြန်မာ လွတ်လပ်ရေး ယူသွားတာ သိပ် မကျေနပ်ဘူး ။ မြန်မာကို နှိမ် ချင်တယ် ။ အင်္ဂလိပ်တွေ ကို ဦးစား ပေးတယ် ။ အင်္ဂလိပ် ပြီး ရင် West ( ဝေလ နယ်သား ) ကျောင်းသား ကျွန်တော့် ကို နောက်ပိတ်ချေး ထားတာ ။ ဒါပေမယ့် West တွေ က ကျွန်တော့် ဘက် က ။
တစ်ခါတလေ West ကျောင်းသားတွေ ကို လည်း မကြည် တဲ့ အခါ ရှိတယ် ။ တော ထဲ သွား ရင် ပါမောက္ခ က ချို့ယွင်းချက် တွေ အမြဲ ကြည့် နေတာ ။ တော အကြောင်း ကောင်းကောင်း ပြော မပြ တတ်ရင် ရေရေလည်လည် အပုပ် ချ တာ ။ ကျွန်တော် လည်း သိတယ် ။ တစ်နေ့ တော့ ကျွန်တော့် အလှည့် ပဲ ပေါ့ ။ သူငယ်ချင်းတွေ နဲ့ နောက်နောက် ပြောင်ပြောင် နေ ပေမယ့် သည် တော က ဘာတော ၊ ဘာပင်တွေ ရှိသလဲ အမြဲ ကြည့်နေတာ ။
တစ်ခါတော့ ကျွန်တော့် အလှည့် ရောက် ရော ။ ကျွန်တော် က သည် တော က ဘာတော ၊ ဘာပင်တွေ ရှိတယ် ။ သည်တော မှာ မကြာခင် က လေပြင်းမုန်တိုင်း တိုက် ထားတယ် ။ တစ်နာရီ မိုင် ရှစ်ဆယ်နှုန်း လောက် ရှိတယ် ။ အချို့ အပင်တွေ က အမြစ် ပါ လန် သွားတယ် ။ အမြစ် လန် တာ က မြေလွှာ က ဘာ မြေလွှာ မို့ ၊ အချို့ အပင်တွေ ပြတ်ထွက် သွားတယ် ။ မှို ရှိလို့ ။ မှို က ဘာမှိုပေါ့ ။ သည်တော့ ပါမောက္ခ က ချွတ် လို့ မရဘူး ဖြစ် သွားတယ် ။
ကျွန်တော် က လည်း first class ဖြစ်အောင် အမြဲ ကြိုးစားတယ် ။ ပါမောက္ခကြီး က လည်း အင်္ဂလိပ် မှ အင်္ဂလိပ် ပဲ မျက်နှာသာ ပေးတာ ။ ပါမောက္ခကြီး ရဲ့ ( secretary ) ကိုယ်ရေး အရာရှိမလေး ကို ကျွန်တော်တို့ က ပိုးတာ ပန်းတာ ပေါ့ ဗျာ ။ လက်ဆောင်တွေ ဘာတွေ ပေး ၊ ဘိုင်စကုတ်တွေ ဘာတွေ ပြ ။ ကောင်မလေး က လည်း ကျွန်တော် တို့ ဘက် ဘယ်လောက် ပါလဲ ဆိုရင် စာအုပ်သစ်တွေ ရောက် လာ တဲ့ အခါ ပါမောက္ခ ဆီ မပို့သေး ဘဲ ကျွန်တော် အရင် ဖတ် ရတယ် ။ ဘယ်လောက် ဟန်ကျလဲ ။
စာမေးပွဲ ဖြေ တော့ ကျွန်တော် က ဂုဏ်ထူးတန်း မှာ second class ( ဒုတိယ တန်း ) နဲ့ ပဲ အောင်တယ် ။ first class ( ပထမတန်း ) ဆိုရင် သူတို့ စနစ်က Ph.D လုပ်ဖို့ အရည် အချင်း ပြည့်မီတယ် ။ နောက်ထပ် သုံးလေးနှစ် ဆက် လုပ်ရမယ် ။ ကျွန်တော့် မိန်းမ ကို ကျွန်တော် ပြောတယ် ။ နင် ကံကောင်း လို့ ငါ second class ရတာ ၊ first class ရလို့ နောက်ထပ် လေးနှစ် နေ ရရင် ဘိုမ နဲ့ ရ မှာ ပဲပေါ့ ။ ဟိုမှာ ခုနစ်နှစ် လောက် နေ ရရင် မိန်းမ ယူတော့ မှာ လေ ။
ကျွန်တော် နိုင်ငံခြား သွားဖို့ ကိစ္စ ကို သစ်တောမင်းကြီး ဦးနေဝင်း က ဆွေမတော် မျိုးမတော် ကူညီတယ် ။ အများကြီး ကူညီတယ် ။ သူ့ ကျေးဇူး ရှိတယ် ။ ဒါကြောင့် ကျွန်တော် ဆုံးဖြတ်တယ် ။ နိုင်ငံခြား ကပြန် လာရင် ကျွန်တော် သူ့ သမီး ကို ယူမယ် ။ အရုပ် ဆိုး လည်း ယူမယ် ။ အဲသည်လို စိတ် က အောက်မေ့ ထားတာ ။ အဘိုးကြီး ဆီ စာတွေ အမြဲ ရေးတယ် ။ ခွဲကျတာ က သူ့ မှာ သမီး မရှိဘူး ဗျ ။ တူမတွေ တော့ ရှိတယ် ။
ကျွန်တော် ဘိလပ် က ပြန် လာတော့ အဘိုးကြီး က ထမင်း ဖိတ် ကျွေးတယ် ။ တူမတွေ လည်း ပါတယ် ။ ကျွန်တော် ယူ တဲ့ မိန်းမ က သူ့ တူမ အငယ် ပေါ့ ။ မခင်မြ တဲ့ ။ ဘွဲ့ ရ ။ သူ့ ကို မြင်မြင်ချင်း ကျွန်တော် သဘော ကျ ပြီး ယူ လိုက်တာပါ ။ ကျွန်တော့် မှာ ဆွေမျိုးသားချင်း အသိုင်းအဝိုင်း လည်း မရှိတော့ ဘိလပ် က သစ်တော သိပ္ပံဂုဏ်ထူးဘွဲ့ ရခဲ့ ပေမယ့် အထက်ချင်းတွင်း ပို့ ပစ် လိုက်တယ် ။ တောသား ကိုး ဗျ ၊ ပို့ရာ သွား လိုက်တာပဲ ။ ငှက်ဖျား ဖြစ် တာပေါ့ ။ နောက် အဲသည် ကနေ ယော ပို့ ပြန်တယ် ။ အလံနီ တို့ ဘာတို့ နဲ့ အစိုးရတပ် နဲ့ တိုက်ပွဲတွေ ဖြစ်ကြ ကံကောင်း လို့ မသေ ခဲ့တာပေါ့ ။
ပုပ္ပားတောင် နဲ့ ကျွန်တော် နဲ့ ရေစက် ပါတယ် ဗျ ။ မိုးတွင်း မိုး မရွာ ရင် ကျွန်တော် တို့ ရွာ က နေ ပုပ္ပားတောင်ကြီး ကို လှမ်း မြင် ရတယ် ။ ကျွန်တော် ငယ်ငယ် သုံးလေးနှစ်သား ကတည်း က ပုပ္ပားတောင် ကို စွဲလမ်း နေတယ် ။
ပုပ္ပားတောင် ကို ရောက် ရတာ က ၆၃ ခုနှစ် ။ ကျွန်တော် လက်ထောက် ညွှန်ကြားရေးမှူး အဖြစ် အေအာဒီစီ ( မြေယာ ကျေးလက် ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်း ) လက် ကနေ သစ်တောဌာန က လွှဲပြောင်း လက်ခံ ဖို့ သွား ရတာ ။
ပုပ္ပားတောင်ကြီး ကို ကျွန်တော် သာ အခွင့်အရေး ရရင် စိမ်းအောင် လုပ်ချင်တဲ့ စိတ် ရှိတယ် ။ ဒါပေမယ့် အင်္ဂလန် ကို နောက် တစ်ခေါက် သွား ရ ပြန်တယ် ။ ၁၉၆၄ ခုနှစ် မှာ ပြန်လာတော့ လည်း ကျွန်တော့် ကို ရန်ကုန်တက္ကသိုလ် သစ်တောပညာ ဌာန ကို ပို့ လိုက်တယ် ။ သူများ က တော့ ပြော တာပဲ ။ မကောင်း ကျောင်း ပို့ တဲ့ ။ ကျွန်တော် က တော့ သိပ် ဂုဏ်ယူ ပါတယ် ။ ကိုယ် တတ် တဲ့ ပညာ ကို ကိုယ့် မြန်မာ အမျိုးသားတွေ ကို ပေး ရတော့မယ် ဆိုပြီး ကျွန်တော် စာ သင်တယ် ။ ပြင်းပြင်း ထန်ထန် ကို သင် ပေးတာ ။
၁၉၈၁ ခုနှစ် ရောက် မှ ပုပ္ပားတောင် စိမ်းလန်းရေး ကို ကျွန်တော် တာဝန် ယူ ရတာ ။ ပုပ္ပားဒေသ ရဲ့ စီးပွားရေး လုပ်ငန်းတွေ ကို လေ့လာ ကြည့်တော့ ထန်းလျက်ချက် ၊ ပဲခြမ်းကြော် ၊ အုတ်ဖုတ် ၊ ထုံးဖုတ် လုပ်ငန်းတွေ အတွက် အဓိက လိုအပ်ချက် က ထင်း ဖြစ် နေတာ တွေ့ ရတယ် ။ ထင်း ခုတ် မှ ရပ်တည် လို့ ရ မယ့် အထဲ က လူ အစိတ် လောက် ကို ကျွန်တော် ခေါ်ပြီး ထင်း မခုတ်ဘဲ သူတို့ ဘဝ ရပ်တည် လို့ ရ အောင် တောကြပ် ရာထူး ပေးတယ် ။ ထိုက်သင့်တဲ့ လစာ အပြင် တစ်လ ဆန် ၁၂ ပြည် ပေး မယ် ။ သစ်တော ကို ထိန်းသိမ်း စောင့်ရှောက် ရမယ့် အပြင် တောမီး မလောင် အောင် အဓိက တာဝန် ယူ ခိုင်းတယ် ။ တောမီး တစ်ခါ လောင် ရင် ဆန် ပေးတာ ၆ ပြည် လျှော့ မယ် ။ ဒုတိယ အကြိမ် ထပ် လောင် ရင် ဆန် ၁၂ ပြည် လုံး လျှော့ မယ် ။ တတိယ အကြိမ် လောင် ရင် အလုပ် ဖြုတ်မယ် ။ ဒါကို သဘောတူ မှ လက်မှတ် ထိုးပြီး အလုပ် ခန့်မယ် လို့ စည်းရုံးတယ် ။ သူတို့ သဘောတူ ကြလို့ ပုပ္ပားတောင် စိမ်းလန်းရေး စ လုပ် နိုင် ခဲ့တာပဲ ။
ပုပ္ပားတောင်ကြီး စိမ်းလန်းစ ပြုလာတဲ့ အခါ နိုင်ငံခြား က လာတဲ့ Chief Technical Advisor ( နည်းပညာ အကြံပေး ခေါင်းဆောင် ) Mr. John Blower က ပုပ္ပားတောင်မကြီး ကို ပတ်ပြီး ကားလမ်း ဖောက် ဖို့ အကြံ ပြုတယ် ။ နိုင်ငံခြားသား ပေး တဲ့ အကြံ ဆိုတော့ လက်ခံ ချင် ကြတယ် ။ ကျွန်တော် က ကျွန်တော့် ရာထူး ဖြုတ် ချင် ဖြုတ် ၊ ဒါ မလုပ်သင့်ဘူး လို့ ကန့်ကွက် တယ် ။ ကျွန်တော်တို့ ခက်ခက်ခဲခဲ နဲ့ စိမ်းအောင် လုပ်ခဲ့ ရတဲ့ ပုပ္ပားတောင်ကြီး ဟာ လမ်းပန်း ဆက်သွယ်ရေး ကောင်း လို့ လွယ်လွယ် ထင်း တက် ခုတ် ကြရင် သုံးလေးနှစ် အတွင်း တောင်ကတုံး ပြန် ဖြစ် သွား မှာ ပဲ လို့ ကျွန်တော် ရှင်းပြ မှ တောင်ပတ်လမ်း စီမံကိန်း မအောင်မြင်ဘဲ ဖြစ် သွားတယ် ။
ပညာရှင် တစ်ယောက် ဖြစ် ပေမယ့် ကျွန်တော့် ရာထူး နေရာ ထိခိုက် မှာ ကြောက် ပြီး ပြောသင့် ပြောထိုက်တာ ကို သတ္တိ ရှိရှိ မပြောဘဲ နေခဲ့မယ် ဆိုရင် ပုပ္ပါးတောင်ကြီး ကို ယခု လို စိမ်းစိမ်းစိုစို မြင် ရ မှာ မဟုတ်တော့ပါဘူး ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment