Thursday, June 8, 2023

မိုးရွာသော ညများ


 

❝ မိုးရွာ သော ညများ ❞

“ ဟိုး ဆရာ ... ဟိုး ”

ကမ်းနားလမ်း မှ ကုန်တင်ကုန်ချ အလုပ်သမားများ ကို တင်ဆောင်၍ မောင်းနှင် လာ သော ကားကြီး တစ်စင်း သည် မအူကုန်း ထိပ် တစ်နေရာ တွင် ထိုး ရပ် လိုက်လေသည် ။ ကား ပေါ် မှ အင်္ကျီကာကီရောင် တစ်ပတ်နွမ်း ၊ ပုဆိုးအကွက် ခပ်ဟောင်းဟောင်း ဝတ် ထားသော ကူလီခေါင်း ကိုဘမောင် သည် ခပ်ကိုင်းကိုင်း ဟန် ဖြင့် ဆင်း လိုက်သည် ။

“ ထွက်နိုင်ပြီ ဆရာ ”

အလုပ်သမားများ တင်ဆောင် ထားသော ကားကြီး သည် ကိုဘမောင် မျက်စိ ရှေ့မှ တရွေ့ရွေ့ ထွက်ခွာ သွား လေသည် ။ ကိုဘမောင် သည် ရွှံ့ဗွက်များ ကြား တွင် ရပ် နေရင်း အလုပ်သမား ကားကြီး ကို အတန်ကြာ စိုက် ကြည့် နေ မိ၏ ။ မိုး တဖွဲဖွဲ ကျ နေရာ မှ တစိမ့်စိမ့် မိုး ရွာ လာ သဖြင့် ကိုဘမောင် သည် လည်ပင်း တွင် ချိတ် ထားသော ထီး ကို ဖွင့် ၍ ဆောင်း ကာ ကု,လားထမင်းဆိုင် ထဲ သို့ ဝင် ခဲ့ပေသည် ။ မအူကုန်း ထိပ် ကု,လားထမင်းဆိုင် သည် ညနေစာ အိမ် တွင် မချက်သော ဇနီးမောင်နှံ များ ၊ ကားမောင်းသမားများ ၊ ထမင်း ကျွေးမည့်သူ မရှိသော လူပျိုလူလွတ်များ ဖြင့် စည်ကား မြဲ ဖြစ်သည် ။ ကိုဘမောင် သည် ထမင်းဆိုင် ထောင့်ကျကျ တစ်နေရာ တွင် ထိုင်၍ ကု,လားကလေး အား ထမင်း ယူ ခဲ့ရန် လက် ဖြင့် ပြ လိုက်၏ ။ ကု,လားကလေး သည် ပေး နေကျ အတိုင်း ထမင်း တစ်ပန်းကန် နှင့် ဟင်း တစ်ပန်းကန် ယူ လာ ပေးသည် ။ ကိုဘမောင် သည် လာ ချ သွားသော အမဲသားဟင်း ကို ကြည့်၍ မျက်နှာ ရှုံ့ သွား လေ၏ ။

“ ဟေ့ကောင် ငါးရံ့ခေါင်းဟင်း မရဘူးလား ” 

“ ရတယ် ဗရားဆပ် ၊ ယူခဲ့ရမလား ” 

“ မေးနေရသေးသလား ကွ ။ မင့် အမဲသား ပြန် ယူသွား ။ ငါးရံခေါင်း ယူခဲ့ ”

ကိုဘမောင် သည် အမဲသားဟင်း ကို အရက် ခပ်မူးမူး အခါများ တွင် သာ စား မိပေသည် ။ အရက် မမူးသော အခါများ တွင် အမဲသား မြင်သော အခါ ရင်နာ မိ၏ ။ သူ သည် ထွန်တုံး မှ ငကွက် နှင့် ချိုးထိုး တို့ ကို ဟင်းချက် ၍ မစားရက်နိုင် ။ နွားတို့ သည် မြက် စား ၍ လူတို့ အတွက် အလုပ် လုပ် ပေး၏ ။ လူတို့ သည် သာ နွားသား ကို စားရက်ကြကုန်၏ ။ လူ သည် တိရစ္ဆာန် နွား ထက် အသိဉာဏ် ပို သဖြင့် အသက် သတ်လွတ် စား ရသော အရသာ ထက် အမဲသား အရသာ ကို လျှာ တွင် တင်၍ ရသာရုံ တွင် နစ်မြူး ချင်ကြ ပေသည် ။

ကိုဘမောင် သည် ငါးရဲ့ ခေါင်း ကို ကိုက် ၍ ထမင်း ကို ပြီးစလွယ် စား လိုက်၏ ။ သူ သည် မိုးရာသီ ၌ အလုပ် အားသော အချိန် ကို မလိုချင်ပေ ။ အလုပ် အား နေလျှင် စိတ် သည် အလိုလို လေ ၍ ရှေး က မကောင်းခဲ့သော အကြောင်းများ ကို စဉ်းစား မိလျက်သား ဖြစ် သွား တတ်ပေသည် ။ မိုးပေါက် မိုးစက် တို့ ကို ကြည့်ပြီး သူ မျက်ရည် ကျ ခဲ့ရသည့် အဖြစ်များ ကို သွား၍ သတိ ရ တတ်သည် ။ မိုးဖွဲများ တသဲသဲ သွန်ချ နေသည် ကို ကိုဘမောင် မကြည့်ချင်ရှာပေ ။ “ မိုးရေတွေ မဟုတ်ဘူး ။ မျက်ရည်တွေ ။ မျက်ရည် အသွင်သွင် ကျနေတာ ။ မငိုပါနဲ့ ကောင်းကင်ကြီး ရယ် ။ ကျွန်တော့် ကို သနားရင် မငိုပါနဲ့ဗျာ ။ ခင်ဗျား ငိုတာ မြင်ရရင် ကျွန်တော် လည်း ငို ချင်လာတယ် ” ဟု အရက် သိပ် မူး နေသော ည က အော်ခဲ့ မိသည် ။

ထမင်းဆိုင် ထဲ တွင် မိုး တိတ်သည် ကို စောင့်၍ တစ်ညလုံး ထိုင် မနေချင် သဖြင့် လမ်း တစ်ဖက် ရှိ တရုတ်သင်္ချိုင်း နှင့် မျက်နှာချင်းဆိုင် ကု,လားလက်ဖက်ရည်ဆိုင် သို့ ထွက် ခဲ့လေသည် ။ မိုးပေါက်များမှာ တဖျောက်ဖျောက် ဖြင့် ထီးပေါ် သို့ ကျလျက် ရှိသည် ။ ရွံ့ဗွက်များ ဖြစ် နေသည့် နေရာများ ကို ကွင်းရှောင်၍ လက်ဖက်ရည်ဆိုင် ထဲ သို့ ဝင် ရသည် ။ လက်ဖက်ရည်ဆိုင် မှာ လူ ရှင်း နေ သော်လည်း ကိုဘမောင် သဘော ကျသည့် ကု,လားသီချင်း ကို ခပ်ကျယ်ကျယ် ဖွင့် ထား လေ၏ ။ 

လက်ဖက်ရည်ဆိုင် ရှေ့ရှိ ကဗတာပလာတာ ရောင်းသော ကု,လားအဘိုးကြီး သည် မိုး ရွာ သဖြင့် ဝယ်သူ မလာ၍ ဆိုင်တွင် ထိုင် ငိုက် နေ လေသည် ။ လက်ဖက်ရည်ဆိုင် မှ လက်ကိုင်ပဝါခေါင်း တွင် ချည် ထားသော ကာကာကု,လား သည် လာ နေကျ ဖြစ်သော ကိုဘမောင် ကို သိ နေပြီ ဖြစ်ရာ အကြမ်း တစ်အိုး ကို လာ ချရင်း ပြုံးပြ သွားလေသည် ။ ထို့နောက် ကု,လား သည် ကိုဘမောင် မ မှာ မီ လက်ဖက်ရည် ကျကျ တစ်ခွက် ကို လာ ချပေး သွားလေ၏ ။ ကိုဘမောင် သည် လက်ဖက်ရည် ကို တစ်ကျိုက် လောက် မော့ပြီး ဆိုင် နှင့် ခပ်ဝေးဝေး နေရာရှိ ဈေးဆိုင်ကလေး ကို ငုံ့ ကြည့် လိုက် လေသည် ။ ဈေးဆိုင်ကလေး တို့ သည် မီးခွက်ရှည်ကြီးများ နှင့် မိုးရွာ ထဲ တွင် ပြားပြား ဝပ်၍ ဝယ်သူ မလာ ဘဲ ခပ်ငြိမ်ငြိမ် ခပ်ခြောက်ခြောက် ရှိကြ၏ ။ ဈေးဆိုင်ကလေးများ တွင် ချိုချဉ် ၊ သစ်သီးအစိမ်း များ ဖြစ်ကြသည့် ရှောက်ချိုသီး ၊ ဆီးသီး စသည်များ နှင့် မုန့်ပေါင်း ၊ မုန့်ပျားသလက် ၊ မုန့်ရည် စသည်များ ကို ရောင်းချ ကြပေသည် ။ ထိုနေရာတွင် ဆင်းရဲနွမ်းပါးသော မိန်းကလေးများ သည် မုန့် ရောင်း ၍ စီးပွား ရှာကြရ လေသည် ။

ကိုဘမောင် ငုံ့ ကြည့်ခြင်းမှာ ဓနိ မလုံ့တလုံ ကာရံ၍ မုန့်ပျားသလက် ရောင်း နေ သော အမီနာ ကို သတိ ရလာသောကြောင့် ဖြစ်ပေသည် ။ အမီနာ သည် မုန့်ပျားသလက် တစ်ဖက် က ရောင်း၍ တစ်ဖက် က တစ်မျိုး စီးပွား ရှာသူ ဖြစ်လေသည် ။ သူ့ အဖို့ ငွေ ရှာရသည် မှာ လွယ်ကူ သယောင် ရှိ၏ ။ သို့သော် ရေ ထဲ က ရသော ငွေ ရေ ထဲ ပြန် သွားမြဲ ဖြစ်လေ၏ ။ ကိုဘမောင် ထံ မှ ရသော ငွေ သည် ဂျိုတီရုံ ၊ ရောက်စီရုံ စသည် တို့ တွင် ကု,လားဘိုင်စကုတ် ကြည့် ၊ ညဈေးတန်း တွင် ဖြုန်း ကာ ပိုက်ဆံ မကျန် ရန် ဖာလူဒါ သောက်ပြီး ဆိုင်စောင့် အဒေါ်ကြီး အတွက် ဒန်ပေါက် တစ်ထုပ် ပါ အောင် ဝယ် လာရသဖြင့် ငွေ သည် ပိုသည် ။ ကျန်သည် ၊ စုမိသည် မရှိ ။ တစ်ခါတစ်ရံ ကိုဘမောင် ကဲ့သို့ ဝယ်သူ မလာသော အခါတွင် ညဈေးတန်း မှ ဝယ်ခဲ့သော ပစ္စည်းများ သာမက  ထီးစုတ် က အစ အပေါင်ဆိုင် ကို သွား သိမ်း ထားခိုင်းရသည့် အဖြစ် နှင့် ကြုံလေ့ ရှိပေသည် ။ အမီနာ သည် အိုးအိမ် ဖြင့် အတည် တကျ မနေသော်လည်း ဈေးဆိုင်ကလေးများ တွင် ရောင်းချကြသော ဈေးသည်ကလေးများ ထဲ တွင် ဝင်ငွေ အများဆုံး ဝင်သူ ဖြစ်ပေသည် ။

ကိုဘမောင် လက်ဖက်ရည်ဆိုင် မှ ငုံ့ကြည့် သကဲ့သို့ အမီနာ က လည်း မျှော်တလင့်လင့် ဖြင့် ကိုဘမောင် ကို စောင့်ဆိုင်း နေပေသည် ။ သူတို့ နှစ်ဦး ကြာကြာ တွဲမိခြင်း မှာ ကိုဘမောင် သည် သဘော ကောင်း ၍ အမီနာ က တခြား မိန်းမများ ကဲ့သို့ ပိုက်ဆံ ခိုးခြင်း ၊ လိမ်ခြင်း ၊ ညာခြင်း မပြု လုပ်သော ကြောင့် ဖြစ် လေသည် ။ အမီနာ သည် ပိုက်ဆံ မှန်မှန် ပေးလျှင် တည်တံ့မည့် သူ ပင်တည်း ။ စူးရှစွာ အော်ဟစ် သီဆို လိုက်သော ကု,လားသီချင်းသံ ကြောင့် ကိုဘမောင် ဖြုန်းခနဲ ထ၍ ပိုက်ဆံ တစ်မတ် ကို စားပွဲပေါ် တင် ထားခဲ့ပြီး ဆိုင် ထဲ မှ ထွက် ခဲ့ပေသည် ။ ထီး ကို လည်ပင်း ၌ ချိတ်လျက် နှင့် ထောင့်ဆိုင်ကလေး တွင် စီးကရက် ဝင် ဝယ်လေသည် ။ သူ သည် စီးကရက်ဘူး ကို အိတ်ထဲ ထိုး ထည့်၍ ထီး ဖွင့်ပြီး အမီနာ ၏ ဆိုင်ကလေး သို့ သွားလေသည် ။

မိုး ရွာနေဆဲ ဖြစ် သဖြင့် ကိုဘမောင် လည်း စိတ်ညစ်ညူး နေဆဲ ၊ မပျော်မရွှင် ဖြစ်နေဆဲ ပင် ။ သူ သည် လေးကန်သော ခြေလှမ်း တို့ ဖြင့် ဈေးဆိုင်ကလေး နှစ်ဆိုင် သုံးဆိုင် ကို ကျော်ပြီး လျှောက် လာလေ၏ ။ ကိုဘမောင် လာသော အခါ အမီနာ သည် မုန့်ပျားသလက်အိုး ကို မီး ကုန်းမှုတ် နေ သဖြင့် သတိ မပြုမိပေ ။ အမီနာ သည် ဆေးဆိုးထားသော နိုင်လွန်ခရမ်းရောင် ကို ကြယ်သီး နှစ်လုံး မတပ်ဘဲ ဝတ် ထားလေသည် ။ မျက်နှာ တွင် သနပ်ခါး ခပ်ကျားကျား လိမ်း ထားပြီး ပင်ပန်း စွာ သွား တိုးရသော တစ်ကိုက် နှစ်ကျပ်တန် လုံချည်ခပ်နီနီ ကို ဆင်သ ထား သဖြင့် ထိုည အဖို့ လှပနေသူ တစ်ယောက် ဖြစ်နိုင်သည် ။

“ ဟေ အမီနာ ။ ငါ့ ကို မမြင်ချင် ယောင် ဆောင် နေတာလား ”

အမီနာသည် ကိုဘမောင့် အသံ ကြားသော် ဒီ ည လည်း ငွေ ရဖို့ လမ်းစ ပေါ်ပြီ ဟူသော အသိဝင် လာ သဖြင့် ပျော်မြူးခြင်း ဖြစ်ကာ ..

“ ကိုဘမောင်ကြီး ။ မမြင်လို့ပါ တော် ။ ထီး ပိတ်ပြီး အထဲ ဝင်ခဲ့လေ ”

“ ဒီနေ့ တစ်နေ့လုံး ထီး တစ်ကိုင်ကိုင် နဲ့ ငါ ဖြင့် စိတ် ညစ်ရော ။ တောက် ၊ မိုး က လည်း ရွာလိုက်တာ ဟာ ”

“ မိုး ရွာ မှ စပါး စိုက် နိုင်မှာပေါ့ ကိုဘမောင် ရဲ့ ”

“ ဟေ့ အမီနာ ၊ စပါး စိုက် တာတွေ ဘာတွေ ငါ့ ကို မပြောစမ်းပါ နဲ့ ။ ငါ့ ကို တော ပြန် သတိရ အောင် မဆွ စမ်းပါနဲ့ ။ ငါ က လယ်တော ထဲ မှာ ကြီးပြီး ၊ မွေး ကတည်း က စပါး စိုက်လာတဲ့ အကောင် ပါ ဟ ။ နင် တို့ လို နောက်ဖေးလမ်း ၊ လမ်းကြိုလမ်းကြား ၊ တိုက်ပြို တိုက်ပျက်ကြား မှာ ဗယာကြော် နဲ့ နံပြား စားပြီး ကြီး လာတာ မဟုတ်ပါဘူး ။ နင်တို့ သိတဲ့ ဆီးစေ့ လောက် ကို တောင် လောက် မထင် ပါနဲ့ ဆိုင် ကို အစောင့် ခိုင်း ဖို့ အဒေါ်ကြီး ကို သာ သွား ခေါ်လေ ” 

ကိုဘမောင် သည် ထီး ပိတ်ပြီး ခေါင်းငုံ့ ၍ တဲကုပ်ကုပ်ကလေး ထဲ သို့ ဝင် လာပေသည် ။

“ ဒါနဲ့ ကိုဘမောင် ” 

“ ဈေး ရောင်းပေးဖို့ မဟုတ်လား ” 

“ ဒါပေါ့ ရှင် ။ မုန့်အိုးတွေ အကုန် ချ ခဲ့မယ် ။ ဝယ်သူ လာရင် မုန့်တစ်ခု ငါး ပြား ”

“ မရှည်စမ်းပါနဲ့ ဟာ ၊ ငါ မုန့်ရောင်း နေတာ ဘယ်နှစ် ည ရှိပြီလဲ ။ ငါးပြား မှန်း သိပါတယ် ။ မြန်မြန်သာ သွား စမ်းပါ ”

ကိုဘမောင် သည် မုန့်သည် ဟန် ဖြင့် ဝင် ထိုင်၍ ဈေး ရောင်းရန် ဝယ်သူ စောင့်သော အခါ အမီနာ သည် ကိုဘမောင် ၏ ထီး ဆွဲပြီး ခုံဖိနပ် တရှပ်ရှပ် ဖြင့် ထွက် သွားလေ၏ ။ အမီနာ ၏ ထီး အပေါင်ဆိုင် ရောက်ပြန်ပြီ ဟု ကိုဘမောင် သိ သဖြင့် အစဉ်အမြဲ ညစ်ညူး နေသော ကိုဘမောင် ၏ ဘဝ တွင် ရယ်ချင်စရာ အဖြစ် ဝင်ရောက် ရိုက်ခတ် သောကြောင့် အဆီ ပြန် နေသော မျက်နှာကြီး သည် ပြုံး ရောင် သန်း သွားပေသည် ။ လမ်းကွေ့ ရောက်သော အခါ အမီနာ သည် တစ်ခု ခု ကို သတိ ရ ၍ ဈေးဆိုင်ကလေး ဆီ သို့ ပြန် လှည့် လာလေ၏ ။

“ ကိုဘမောင် ”

“ ဟေ မြန်လှချည်လား ”

“ မြန်တာ မဟုတ်ဖူး တော့် ။ မသွားရသေးတာ ” 

“ ဘာဖြစ်လို့လဲ ဟ ”

“ ဒီလိုရှင့် ။ ဟို ... ဟိုဟာ ။ အခန်း က လေ ။ ဒိုဘီဆိုင် နောက် က အခန်းကလေး ဟာ လေ ။ ဒီည မငှား နိုင်တော့ဘူး တဲ့ ။ ကျွန်မ ပြော မလို့ မေ့ နေလို့ ”

“ ဟင် ဘာဖြစ်လို့လဲ ဟ ။ တို့ ငှားနေကျ ပဲ ” 

“ ဒီနေ့ ည မငှားနိုင်ဘူး လို့ ဆာမိ အစောကြီး က လာ ပြောတယ် ။ ဘယ်မှာ အိပ် မှာလဲ ။ ရှင် ပြန်မလား ”

“ အမီနာ နင် ဘာ စကား ပြောတာလဲ ။ ငါ ပြန်ဖို့ အိမ် ရှိလို့လား ။ အင်း ခွေးကု,လားဆာမိ က လည်း သူ့ အခန်း သူ ပြန် ငှား နေ သလား မသိဘူး ။ ဒီကောင် အမဲဈေးနား သပြေပင် အောက် က ကောင်မလေး ကို ရစ်သီရစ်သီ လုပ် နေတာ ငါ မနေ့က တွေ့တယ် ။ ကဲ ဆာမိအခန်း မငှားရင် တို့ တရုတ်သင်္ချိုင်း ထဲ က ဇရပ်ပျက်ကြီး ထဲ သွား အိပ် တာပေါ့ကွာ ” 

အမီနာ သည် ကျော ကို တွန့် လိုက်ပြီး ... 

“ အမယ်လေး ကြောက်စရာကြီး ကိုဘမောင် ရယ် ”

“ ငါ ရှိသားပဲ ဟာ ။ သရဲတွေ ကလည်း အိပ်တဲ့ လူ ကို ချောက် မှာ မဟုတ်ပါဘူး ။ သူတို့ အဖော် ရ တာပေါ့ ။ နင် ကြောက်ရတဲ့ အတွက် သရဲကြေး ပို ပေးပါ့မယ် ဟာ ။ အဘွားကြီး သာ သွား ခေါ်ပါ ”

အမီနာ သည် ခုံဖိနပ် တရှပ်ရှပ် ဖြင့် ပြန် ထွက်သွားလေ၏ ။ ကိုဘမောင် ဈေး ရောင်းနေ စဉ် လမ်းလျှောက် ထွက်လေ့ ရှိသော သားအဖ နှစ်ယောက် သည် မုန့် ဝင် ဝယ်ကြလေ၏ ။ အဘိုးကြီး သည် ထီး ခပ်ကုပ်ကုပ် ဆောင်း၍ သစ်ပင်ရိပ်အောက် တွင် ရပ် စောင့် နေ လေသည် ။ အင်္ကျီ ခပ်နွမ်းနွမ်း ၊ ဆံပင် မသပ်မရပ် ၊ လုံချည်အကြမ်း နှင့် ခုံဖိနပ် စီးထားသော မိန်းကလေး သည် ဆိုင်ကလေး ရှေ့ တွင် ရပ် လေသည် ။ 

“ မုန့် ငါးမူးဖိုး ပေး ပါ ဦးကြီး ”

“ ဟုတ်ကဲ့ ခင်ဗျား ”

“ ဟင် ၊ ရောင်းနေကျ အမီနာ ဘယ် ရောက်သွားလဲ ”

ကိုဘမောင် သည် စိတ် တိုချင်ချင် ဖြစ် သွားပေသည် ။ ကောင်မကလေး သည် မုန့် ဝယ်မှာ ဝယ်တာ မဟုတ် ။ စပ်စု နေပြန်ချေသေး၏ ။ သူတို့ သားအဖ မို့ မိုးရေ ထဲ မညည်းမညူ ဘဲ ထီး တစ်လက် စီ နှင့် လမ်းလျှောက် ကြပေသည် ။ ကိုဘမောင် သည် ပြီးစလွယ် ပင် ။

“ ကလေး ငို လို့ ပြန် သွားတယ် ” 

“ ဪ အမီနာ က ကလေးတွေ ဘာတွေ ရနေမှ ကိုး ”

“ အင်း .. အဲ ... ကလေးမ ၊ ဒီမှာ မုန့်ထုပ် ”

ကိုဘမောင် သည် ရှက်စိတ် ၊ အံ့သြစိတ် တို့ ဖြင့် ကောင်မကလေး သားအဖ မိုးရေ ထဲ တွင် လျှောက်သွား သည် ကို ငေး ကြည့် နေမိလေ၏ ။

“ ကိုဘမောင် ” 

“ အမယ်လေး ဟာ လန့် လိုက်တာ ” 

“ ရှင် ဘာ ငေးနေတာလဲ ” 

“ ဟို ကောင်မလေး သားအဖ ပါ ။ ဒါနဲ့ နင့် အမယ်ကြီး ကော ” 

“ ၉ နာရီခွဲ ကျော်မှ လာ မှာတဲ့ ။ ဈေး ကိုင်နေတယ် ”

“ ဈေး ကိုင်နေရင် ဈေး ပေး လိုက်ပေါ့ ဟာ ။ ဒီမှာ အမီနာ ။ မုန့် ဝယ် လာတဲ့ လူတွေ တို့ အကြောင်း သိနေပါလား ။ နင် ပြောထားလား ”

“ ကြံကြံဖန်ဖန်ရှင် ”

“ ခုနက ကောင်မကလေး က နင့် မှာ ကလေး မရှိမှန်း ၊ ငါ နဲ့ ဘာမှ မတော်မှန်း သိတယ် ဟ ”

“ ကိုဘမောင် ကလည်း ရှင် စိတ် မလုံတိုင်း ”

“ အေးလေ ဘာပဲ ဖြစ်ဖြစ်ပေါ့ ။ ကဲ ငါ နေရာ သွား ကြည့် ဦးမယ် ။ နင် ရောင်းနေ နှင့် ။ နင် လာရင် ဒီက ဖျာကြမ်း နဲ့ ကိုင်းခွက် တစ်ခုရယ် ၊ မနေ့က ကျန်တာ ရယ် ယူခဲ့ ။ ကြားလား ”

“ ကျွန်မ  ကြောက်တယ်ရှင့် ”

“ နင် အဝ နား ရောက် ရင် အသံ ပြုလိုက် ။ ငါ လာ ခေါ်မယ် ” 

“ ကျွန်မ တော့ အရဲ စွန့်ရ တော့မှာပေါ့ ။ အလ္လာအရှင် ကယ်တော်မူပါ ” 

“ သွားနှင့်ပြီ ဟေ့ ။ နင် လိုက်ခဲ့ နော် ”

ကိုဘမောင် သည် ထီး ကို ဆွဲ၍ လမ်းတစ်ဖက် ကို ကူး လိုက်ပြီး ဓနိဆိုင် ၊ ဝါးဆိုင် ၊ မီးသွေးဆိုင်များ ကြား ရှိ တရုတ်အဘိုးကြီး ၏ ချက်အရက်ဆိုင် ကို ချိုး ဝင်လိုက်၏ ။

“ အား ဆရာကြီး တစ်ပုလင်း လား ”

“ တစ်ဝက် ပဲ လုပ်ပါဗျာ ။ ကျွန်တော့် မှာ မနေ့က တစ်ပုလင်း ဝယ် ထားတာ လည်း ကျန်သေး တယ် ။ ကျွန်တော် က တစ်ဝက် ဆို ရင် တောင် တော်တော် မူးတာ ။ တစ်ဝက် ပဲ ထည့်ပါ ။ ဒီမှာ ပိုက်ဆံ ”

ပိုက်ဆံ ကို မခိုင့်တခိုင် ဖြစ်နေသော စားပွဲကလေး ပေါ် တင်၍ တရုတ်အဘိုးကြီး ယူ လာသော ချက်အရက်ပုလင်း ကို သတင်းစာစက္ကူ နှင့် ပတ်လေ၏ ။

“ ပေါက်ဖော်ကြီး ဖယောင်းတိုင် ရှိလား ။ ရှိရင် တစ်တိုင် နှစ်တိုင် လောက် ပေးစမ်းဗျာ ”

“ ရမယ် ရမယ် ” 

တရုတ်အဘိုးကြီး သည် သူ ၏ ကျဉ်းမြောင်းလှသော တဲကလေး အတွင်း ဖယောင်းတိုင် လှည့် ရှာလေ၏ ။ အရက်ပုလင်းများ မှာ သူ အိပ်သော ကွပ်ပျစ်ကလေး အောက် တွင် ယစ်မျိုးများ ကို ကြောက် သဖြင့် ပုန်းအောင်း နေကြလေသည် ။ အတော်ကြာ အောင် ရှာမှ ဖယောင်းတိုင် လေးချောင်း ကို ရ လေသည် ။ ညိုစို့စို့ နှင့် ကောက်ညှင်းအချဉ် ပေါက် နေသော အရက်များ ၏ အနံ့ သည် တဲကျဉ်းကလေး ထဲ တွင် လှိုင် နေပေ၏ ။ 

ကိုဘမောင် သည် ဖယောင်းတိုင် ကို ယူ၍ လူသူ ကင်းရှင်းသော တရုတ်သင်္ချိုင်းကြီး ထဲ ဝင်ခဲ့ ပေသည် ။ တရုတ်ဂူများ သည် အပြောက်အပြိန်းများ ဖြင့် ပန်းပုလက်ရာ မြောက်စွာ ထုလုပ် တည်ဆောက် ထားသော် လည်း အချို့ ဂူများ သည် ရေညှိများ ဖုံးလွှမ်း လျက် ၊ ဆင်ငိုမြက်များ ဖုံး လွှမ်းလျက် ၊ ဆူးပင် ထိကရုံးပင် ဆူးယားပင်များ ဖုံးလွှမ်းလျက် ရှိ နေပေသည် ။

မြေကြီး မှာ လည်း ရွံ့မြေကပ်စေးစေး ဖြစ် သဖြင့် ခြေထောက် ကို ပင်ပန်းစွာ ပြန် ခွာ ယူပြီး ချော် မလဲရန် သတိ နှင့် ထိန်း၍ လျှောက် ရ ပေသည် ။ ကိုဘမောင် သည် သင်္ချိုင်းကုန်းမြင့် တစ်နေရာ ရောက် သော အခါ အမီနာ တို့ ဈေးဆိုင်တဲကလေးများ နှင့် လက်ဖက်ရည်ဆိုင် ကို ပြန် လှည့် ကြည့် လိုက်၏ ။

တဲကလေးများ လည်း မီး မှိတ်တုတ်မှိတ်တုတ် ဖြင့် မိုးရေများ အောက်တွင် အားတင်း၍ ကြံ့ကြံ့ ခံနေကြရ လေသည် ။ ဝယ်သူ မှာ လည်း ခြောက်လှ၏ ။ လက်ဖက်ရင်ဆိုင် သည် လူ နည်း သော်လည်း ဝယ်သူများ ကျိုးကျဲ ရှိသေး၏ ။ လက်ဖက်ရည်ဆိုင် သည် ဓာတ်မီးချောင်းများ ကို လင်းထိန်စွာ ထွန်း၍ ကု,လားသီချင်း ကျယ်ကျယ် ဖွင့် ထားတုန်းပင် ရှိသေး၏ ။ တရုတ်သင်္ချိုင်း ထောင့် မှ လွဲ လျှင် အခြား သုံးဘက် တွင် ကု,လားလက်ဖက်ရည်ဆိုင်များ ရှိသဖြင့် အပြိုင် ရောင်းကြ ရ ပေ သည် ။ အခြားသော လက်ဖက်ရည်ဆိုင်များ သည် လည်း ဓာတ်မီးများ လင်းထိန်စွာ ရှိသည် ကို မိုးရေ ထဲ တွင် ဝိုးဝါး မြင်ရ ပေသည် ။ 
ထို လမ်းမကြီး တွင် ဘတ်စ ကားများ မှာ ပြေး နေဆဲ ဖြစ်ပေသည် ။ ကတ္တရာလမ်းမ ပေါ် သို့ မိုးရေပေါက်များ ခုန်ပေါက် ကျလာပြီး တည်ငြိမ်စွာ လွင့်စဉ် သွားကြရ ကုန်၏ ။ ဗွက်ထဲ ကျသော ရေစက် တို့ သည် တည်ငြိမ်စွာ စုပ်မြုပ် ဝင်သွားရပေသည် ။ မိုးရေပေါက်တို့ သည်လည်း လူ့ ဘဝ ကဏ္ဍများ နှင့် နှိုင်းယှဉ် နိုင်၏ ။ သို့သော် ကိုဘမောင် သည် စိတ္တဗေဒ ၊ အဘိဓမ္မာ ၊ လူ့ဘ၀ အကြောင်း တို့ ထက် အရက် သောက်ရန် ပိုမို၍ စိတ် အာသီသ သန် နေသူ ဖြစ်သည် ။ အမှန် မှာ ဘာဘာ ညာညာ  သူများ အကြောင်း ၊ ဟိုအကြောင်း ၊ သည်အကြောင်း စဉ်းစားကာ စိတ် ပင်ပန်းရခြင်း ထက် အရက် သောက် စီးကရက် ခဲ၍ ကိုယ့် နောင်ရေး ၊ ကိုယ့် အကြောင်း တွေးချင်သည် မှာ ကိုဘမောင် လည်း လူ တစ်ယောက် ဖြစ်၍ လူ့ သဘာဝ အတိုင်းပင် ဖြစ်ချေ ၏ ။

ကိုဘမောင် သည် မြင်ကွင်း ကို ကျော ခိုင်းပြီး ပြန် လှည့်၍ သင်္ချိုင်း ထဲ ဝင် ခဲ့ပေသည် ။

တစ္ဆေ ၊ သရဲ ၊ သဘက် ၊ မှင်စာ တို့သည် ပွဲသဘင် ဆင်နွှဲ၍ ရော့အင်ရိုး ကချင် က နေကြ မည် ။ ဖက်ရှင် နှင့် အနောက်တိုင်း ယဉ်ကျေးမှု သည် လည်း နာနာဘာဝ လောက သို့ ရောက်ချင် ရောက် နေမည် ။ ထို ကိစ္စ သည် အရေး မကြီးပေ ။ ဘယ် သရဲ က မှ ကိုဘမောင် ကို မချောက် ၊ မလှန့် ၊ ကျော ကို လက် ဖြင့် လှမ်း မပုတ်သဖြင့် ဝမ်းသာ စရာ လိုလို ပျင်းစရာ လိုလိုပင် ။ သို့သော် ကိုဘမောင် သည် ငယ်စဉ် က အောက်လမ်းဆရာ ၊ အထက်လမ်းဆရာ တို့ နှင့် ရွာ ရှိ သင်္ချိုင်း ကို သူ့ ဦးလေး လူပွေ အတွက် ပီယဆေး ဖော်ရန် လိုက် ဖူးသဖြင့် သင်္ချိုင်း သတ္တိ တော့ သိသ လို ရှိ၏ ။

မည်သည့် သရဲအမျိုးအစား က မှ မရောက်သေး သော် လည်း တစ်ယောက်တည်း ဖြစ် နေ၍ ကြောက်စိတ် ဝင် လာ သဖြင့် ကိုဘမောင် သည် လက် ထဲ တွင် ပါ လာသော ပုလင်း ကို ဖွင့်၍ မမှန်း မဆ ဘဲ တအား မော့ ချ လိုက် လေသည် ။ ချက်အရက်များ သည် ဒလဟော လည်ချောင်း ထဲ မှ စူးရှရှ ဖြင့် ဝင် သွားကာ ဗိုက် ထဲ တွင် ပူ သွား လေသည် ။ စား ထားသော အစာ ရှိ သဖြင့် ခေါင်း မူး ချင် သလိုလို ဖြစ် လာပေသည် ။ သို့သော် ချက်အရက် သည် အစွမ်း ပြစ ပြု သဖြင့် ကိုဘမောင် သည် အကုန်လုံး မေ့၍ တရုတ်သင်္ချိုင်း ဇရပ်ကြီး ကို သူ့ အိမ်ခန်း အနေနှင့် ပိုင်နိုင်စွာ ပင် တက် လိုက်လေသည် ။

ဇရပ်ကြီး သည် တရုတ်လူမျိုးများ သင်္ချိုင်း ကန်တော့သော အချိန် တွင် သာ ဝေဆာတင့်တယ် လေ့ ရှိ၏ ။ အခြား အချိန်များ တွင် ပင့်ကူများ ၊ ဖုတ်များ ၊ သစ်ရွက်ခြောက်များ ဖြင့်သာ ဖုံးလွှမ်း နေရ ရှာသည် ။ ဖုတ် နှင့် မိုးရေ တွေ့ ၍ ဖြစ်ပေါ် လာသော စိုထိုင်းထိုင်း ခပ်ပြင်းပြင်း အနံ့ တစ်မျိုး မှာလည်း စိတ်ပျက်စရာ ပင် ။ ကိုဘမောင် သည် အဝေး ရှိ လမ်းဓာတ်မီး မှ ခပ်ဝါးဝါး မြင် ရသော နေရာ တွင် ရှိသည့် သပေါ့ဗျာစုတ် တစ်ခု ကို ဆွဲ ယူ၍ ဖုတ်များ ခါ ကာ မီးရောင် အနီးအနား တွင် ခင်း လိုက် ပေသည် ။ သူ သည် လေကွယ်ထောင့် နေရာကလေး တွင် ဖယောင်းတိုင် ထွန်း၍ သူ ၏ အပေါ်အင်္ကျီ ကို ချွတ် လိုက် လေသည် ။

မိုး ရွာ နေသော်လည်း ကိုဘမောင် သည် အဆီ ပြန်ပြီး အိုက်စပ်စပ်ကြီး ဖြစ် နေ လေသည် ။ ဖယောင်းတိုင် ရောင် ဖြင့် ပင့်ကူကြီးများ ပြေး နေသည် ကို အသည်း ယားဖွယ် မြင် ရပေသည် ။ သူ သည် ပင့်ကူ ကို မြင်သော် “ အေးကြိုင် ပင့်ကူ ကြောက်တတ်သည် ” ကို သွား သတိရ သဖြင့် အသည်း မနာချင်တော့ ၍ ချက်အရက် ကို ကပျာကရာ မော့ ချ လိုက်ရ၏ ။ မော့ ချကာမှ အေးကြိုင် ၏ ရုပ်သွင် သည် မှုန်မွှား ရာ မှ ပို၍ ထင်ရှားစွာ ပေါ် လာ ပေသည် ။

“ အင်း အေးကြိုင် အေးကြိုင် ။ မြို့ကြီးပြကြီး လာပြီး အသေဆိုး နဲ့ သေ ရရှာတယ် ။ ငါ အသုံး မကျလို့ အေးကြိုင် သေခဲ့ရတာပဲ ။ အေးကြိုင် ဟာ လူကုံထံ တွေ လို အမေရိကန်ဆေးရုံ တို့ ဆေးခန်းကြီး တို့ မှာ မကုရဘဲ ဝါးခြမ်းပြား နဲ့ ဖျာစုတ် ပေါ် မှာ အိပ် ၊ ကောက်ရိုး ထည့်ထားတဲ့ ခေါင်းအုံး ကို အုံး ၊ ဂွမ်းစောင် အပြဲ ကို မလုံ့တလုံ့ ခြုံပြီး ရောဂါ ခံစား ရ ရှာတယ် ။ ဒုက္ခ ခံစား ရ ရှာ တယ် ။ အေးကြိုင် ရေ ငါ့ အပြစ်တွေပဲဟ ။ ငါ က ကား ကောင်းကောင်း စီးနိုင်ဖို့ လက္ခဏာ နဲ့ ကံ မပါလာတဲ့ လူ ဆိုတော့ တစ်သက်လုံး ပင်ပင်ပန်းပန်း တစ်ယောက် တည်း ချွေးရင်းပြီး ထမင်း ရှာ ခဲ့ရတဲ့ အကောင်ပဲ ။ အခုတောင် ကြည့် ပါလား ၊ ထွီ သင်္ချိုင်း ထဲ မှာ လာ အိပ် ရတယ်တဲ့ ။ သူများ တွေ လို မြို့ပြင် ဟိုတယ် တို့ အိပ်ခန်း ကောင်းကောင်းကြီး တို့ ကို မသွားနိုင်ဘူး ။

ကိုဘမောင် စိတ် မညစ်ချင် သဖြင့် အရက် ထပ် မော့လိုက် ပြန်၏ ။ ချက်အရက် သည် တစ်ခွက် နှစ်ခွက် ဆိုလျှင်ပင် ကောင်းကောင်း အစွမ်း ပြ သဖြင့် ခပ်များများ မော့ထားသော ကိုဘမောင် အား ရီဝေ အုံ့မှိုင်း မူးနောက် လာ စေသည် ။ စိတ် ထဲ တွင် ပေါ့ သွားသလိုလို ရှင်း သွား သလိုလို ဖြစ် လာပေသည် ။ 

ကွဲ နေသော အသည်း မှာ နာကျင်စွာ ခံစားရ လေ့ ရှိသော ဒဏ်ရာ ကို ကိုဘမောင် သည် အရက် တည်း ဟူသော ဆေး ကို ထည့်၍ အနာ သက်သာရန် ကြိုးစား ရခြင်း ဖြစ်ပေသည် ။ ကွဲပြီးသော အသည်း သည် ပြန် မဆက်နိုင်တော့ သကဲ့ သို့ ကိုဘမောင် သည် လည်း မအေးကြိုင် နှင့် ဝေးခဲ့ ရလေပြီ ။

မအေးကြိုင် ကို ရွာ ရှိ လူများ က အသေအလဲ ပိုးပန်း ကြပေသည် ။ ကိုဘမောင် သည် ခြေသလုံး မြုပ် နေသော လယ် ရွံ့များ ထဲမှ အေးကြိုင် ကို စပါးပင်များ ဖြင့် ပျော်မြူးစွာ လှမ်း ပေါက် ဖူး၏ ။ မအေးကြိုင် ပန်သော တောပန်းရိုင်းများ ကို အမြတ်တနိုး သိမ်း ထားဖူး၏ ။ မအေးကြိုင် ကြောင့် ရူး ကြသော ကာလသား တို့ တွင် ကိုဘမောင် သည် ထိပ်ဆုံး က ဖြစ် ခဲ့ပေသည် ။

မအေးကြိုင် ကို သူကြီးသား နှင့် ပေးစားမည် ဆို တုန်းက သူ ပူပင် ခဲ့ ရသည် ။ မအေးကြိုင် ကို မြို့အုပ် က ကြည့် လျှင်ပင် သူ ရင်တဖိုဖို ဖြစ်ခဲ့ရသည် ။ မအေးကြိုင် ကို ယူနိုင် ၊ တောင်းနိုင် ရန် နွားတွေ နှင့် ဖက် ၍ ရုန်း ခဲ့ရသည် ။ နွား မော သောအခါ နွား နေရာ တွင် ဝင်၍ ရုန်း ခဲ့ဖူးသည် ။ အချင်း မရှိသော သူကြီးသား သည် မအေးကြိုင် နှင့် မယူဖြစ်ခဲ့ပေ ။ လူကြီးမိဘများ က ကိုဘမောင် တစ်ယောက် သာ မအေးကြိုင် နှင့် သင့်တော်သူ ဟု မြင် ခဲ့ကြသည် ။ ထိုစဉ်က ကိုဘမောင် အဖို့ ပျော်ရွှင် သာယာသော အချိန်များ ဖြစ်ခဲ့သည် ။

မအေးကြိုင် တို့ က သူ တောင်းရမ်း သည် ကို လက်ခံ လိုက်သောအခါ ကိုဘမောင် သည် မနေတတ် ၊ မထိုင်တတ် ဖြင့် “ ကျွန်တော် ရူးပြီဗျ ။ ကျွန်တော် ရူးပြီဗျ ” ဟု ဆို၍ နွားကြီးများ ၏ ဗိုက် ကို ခေါင်း နှင့် ခွေ့ ခဲ့ ၊ ရူးခဲ့ ၊ မြူးခဲ့ ဖူးသည် ။

“ အင်း ... အေးကြိုင် ... အေးကြိုင် ။ ငါ့ ကို တကယ် အားကိုးရမယ့် ယောက်ျား တစ်ယောက်  အနေနဲ့ ပုံ အပ်ခဲ့တယ် ။ ဒါပေမဲ့ နင် အားကိုးတယ် ဆိုတဲ့ အကောင် က အသုံး မကျဘဲ နင့် ရောဂါ ကို ပျောက်အောင် ကုဖို့ ငွေ မရှာနိုင်တဲ့ ငဖျင်း ဖြစ်လိမ့်မယ် လို့ နင် ကြိုတင်ပြီး မတွေးမိ လို့ သာ ငါ့ ကို ယူ ခဲ့တာ ဖြစ်မှာပဲ ”

မအေးကြိုင် သည် အိမ်ထောင် ကျသော အခါ မိန်းမကောင်း ပီသည် ။ လင် အပေါ် တွင် သစ္စာ ရှိသည် ။ အိမ် ကို နိုင်နင်းစွာ ထိန်းသိမ်း နိုင်သည် ။ စီးပွားရေး လုပ်ငန်း တွင် လည်း ကူညီ၍  လုပ်၏ ။ ကိုဘမောင် ကို ရှေးခေတ် က ထုံး အတိုင်း ခြေထောက် က အစ လိုလိုချင်ချင် နှိပ် ပေးတတ် ပေသည် ။ မအေးကြိုင် ခေါ်သော “ ကိုဘမောင် ” ဆိုသော အသံ က ပင် နားဝင် ချိုလှပေသည် ။

“ ကိုဘမောင် ၊ ကိုဘမောင် ”

နားဝင် မချို သော မာကျောကျော အသံ တစ်ခု ကို ကြား ရသည် ။

“ ဪ ... မချော အမီနာ ကိုး ”

ကိုဘမောင် သည် ဇရပ်ကလေး ထဲ မှ ယိုင်ထိုး ယိုင်ထိုး နှင့် သင်္ချိုင်းဝ သို့ ထွက် သွားလေသည် ။

“ အင်း ... အမီနာ ၊ နင့် အဘွားကြီး ရောက် နေပြီလား ”

“ မလာသေးဘူး ကိုဘမောင် ရေ ။ အခု ဝယ်သူ လည်း မလာတာ နဲ့ ရှင့် ဖို့ အရက် ကျန်တာ နဲ့ ဖျာ ရယ် ၊ ခေါင်းအုံး ရယ် လာပို့တာ ”

“ လာလေ ဟာ သွားကြစို့ ”

“ မဟုတ်တာ ကိုဘမောင် ရယ် ၊ အစောကြီး ရှိသေးတယ် ၊ နောက်ပြီး ကျွန်မ ဆိုင် မှာ လူ မရှိလို့ မဖြစ်ဘူး ။ ဆိုင် သွား သိမ်းလိုက်ဦးမယ် ”

“ သိမ်း မနေနဲ့တော့ ဟာ လာပါ ”

“ အို ... ကိုဘမောင် နေပါဦး တော့ ။ ကျွန်မ အခုကလေး ပဲ ပြန် လာမှာပါ ။ သွားမယ် ”

အမီနာ သည် ပစ္စည်းများ ကို ကိုဘမောင့် လက် ထဲ ထည့်ပြီး ခပ်မြန်မြန် လှည့်၍ ပြန် သွား လေ သည် ။

“ ဒီကောင်မတွေ ဟာ ဒါမျိုးတွေ များ နေတာပဲ ”

ကိုဘမောင် သည် အမီနာ တို့ ကြီးကျယ်လေ ၊ သဘောကောင်းသော မယားချောကလေး အေးကြိုင် ကို သတိရ လေ ဖြစ် ပေသည် ။ သူ သည် ဇရပ် ပေါ် ရှိ ဖျာစုတ် ပေါ် တွင် အမီနာ ယူ လာသော ဖျာ ကို ထပ် ခင်း၍ ပစ္စည်းများ ကို ပစ် ချ လိုက် လေသည် ။ မိုး သည် တဖွဲဖွဲ ကျနေရာ မှ အရှိန် ပြင်း လာကာ တသဲသဲ ရွာ လိုက် သဖြင့် ဇရပ် ကို မိုး ထားသော သွပ်မိုး တို့ မှ ဆူညံစွာ အသံများ မြည် လာပေသည် ။

“ မိုးရေ က ကောင်းကင် က ကျတယ် ။ မျက်ရည် က တော့ သူ့ မျက်လုံး ထဲ က ကျတယ် ။ အေးကြိုင် နင် ခဏခဏ ငိုခဲ့ရ တာပဲ နော် ။ နင့် ကို သူပုန် က ကြိုက် တုန်းက တို့  ၊ ရန်ကုန် ရောက် ပြီး စားစရာ မရှိတုန်းက တို့ ၊ သမီးကလေး ဆုံးသွားတုန်း က တို့ ၊ နီတွတ် ဖျား လို့ ဆေးဖိုး ပေးစရာ မရှိတုန်း က တို့ ၊ နောက်ဆုံး နင့် ကို ရောဂါ ဖိစီးတုန်း က တို့ နင် ဟာ အခု မိုး ရွာ နေသလို ငို ရမှာပဲ ။ အင်း ငါ လည်း ငို ခဲ့ရပါတယ် အေးကြိုင် ရယ် ။ ငါ့ ဘဝ မှာ မိုး ရွာ တဲ့ ညတွေ က များ ပါတယ် ။ ရန်ကုန် ရောက် တော့ ငါ လေ ပိုက်ဆံ မပါဘဲ ညနေ ဆိုရင် နင်တို့ ဆီ ပြန် မလာခဲ့ချင်ဘူး ။ ပိုက်ဆံ က ရှာရ မလွယ်ဘူး ။ ငါ့ အဖို့ အဲဒီတုန်းက ဆိုရင် မိုး ရွာတဲ့ ည တွေ ပါပဲ ။ ငါ ဟာ ယောက်ျား တန် မဲ့ နဲ့ ငို ခဲ့ပါတယ် အေးကြိုင် ရယ် ”

ကိုဘမောင် တို့ သည် လက်ထပ် ပြီး သုံးလေးနှစ် သာ ပျော်ရွှင်စွာ နေ ရသည် ။ မကြာမီ သောင်းကျန်း ဆူပူမှု ဖြစ် သဖြင့် ဒုက္ခ အဖုံဖုံ ကို တွေ့ဆုံ ရ၍ ရန်ကုန် ကို ခိုကပ် ခဲ့ရ လေသည် ။ ရန်ကုန် တွင် ဖြစ်သလို စား ၊ ဖြစ်သလို နေ နှင့် သမီးအငယ်ကလေး တစ်ယောက် ဆုံးပြီး မအေးကြိုင် သည် လည်း ရောဂါ ရ ၊ ဒုက္ခ စ ပေ တော့သည် ။ မအေးကြိုင် သည် ဓနိ မလုံ့တလုံ့ မိုး ထားသော တဲငယ် အတွင်း အငတ်ငတ် အပြတ်ပြတ် ဖြင့် ပိန်ချုံး ပြီး ရောဂါ ခံစားရ ရှာ၏ ။ ကိုဘမောင် အလုပ် ရ ပြန်တော့ လည်း စားဖို့ ပင် အနိုင်နိုင် ဖြစ်နေ သဖြင့် ရောဂါ အတွက် ဆေး မကုနိုင် ခဲ့ပေ ။ ကိုဘမောင် သည် စွမ်းအား ရှိ သမျှ ထုတ်၍ ကူလီ ထမ်း ကာ ဆေးဖိုး ရှာ ခဲ့၏ ။ “ ကူလီ ထမ်းရင်း အမော ဆို့ သေသွားချင် သေသွားပါစေ ။ ငါ အေးကြိုင် ရောဂါ ကု ဖို့ ဆေးဖိုး ရအောင် ရှာမယ် ” အောက်မေ့ကာ အလုပ် ကို ကြိုးစား လုပ် သဖြင့် မေ့ လဲပြီး ဆေးရုံ ရောက်ခဲ့ရ ဖူး၏ ။ မအေးကြိုင် ၏ ရောဂါ သည် အဆုတ်ရောဂါ ချောင်းဆိုး သွေးပါ ရောဂါ ဖြစ် သဖြင့် ကုသိုလ် ဖြစ် အခမဲ့ ဆေးရုံ တို့ မှ ဆေး ထက် အစွမ်း ပို ထက် သော ဆေး နှင့် ကောင်းမွန်သော အစာ အာဟာရ တို့ ကို လိုအပ် ပေသည် ။

ကိုဘမောင် အဖို့ မအေးကြိုင် သေဆုံးသည့် ည က အသည်း တွင် အပြင်းအထန်ဆုံး နာကျင် သည့် ဝေဒနာ ကို ရ ခဲ့ ပေသည် ။ မိုးများ တဖွဲဖွဲ ရွာသွန်း နေစဉ် မအေးကြိုင် ချောင်းဆိုး ပြီး သွေးများ နှစ်ခါ လောက် အန် လေသည် ။ မအေးကြိုင် သည် အသက် ကို ရှိုက်ငင် ရှူပြီး ကြာရှည်စွာ ညည်းတွား ၍ အသက် သည် မထွက်ချင် ထွက်ချင်ဖြင့် အသက် ထွက်သွား လေသည် ။ ကိုဘမောင် သည် မအေးကြိုင် ၏ အလောင်း နား တွင် ထိုင်ပြီး ငို နေသည် မှာ မိုးလင်း ၍ အမျိုး နှင့် အိမ်နီးနားချင်း များ လာသည့် တိုင် ထိပင် ဖြစ် လေသည် ။

မအေးကြိုင် သေပြီးသော် နီတွတ် ကို ရန်ကုန် - မန္တလေး မီးရထားလမ်း ပေါ် မှာ နေသော ထမင်းဆိုင်ရှင် အမျိုး တစ်ယောက် က လာ ခေါ်သွား၏ ။ သူ့ ကို လည်း အလုပ်ရှင်များ က ယခင်က ကြိုးစား ထားသည် ကို ကြည့်၍ ကူလီခေါင်း အဖြစ် တိုးမြှင့် ပေးကြ၏ ။

ကိုဘမောင် ၏ စိတ် တို့ သည် မအေးကြိုင် ဆုံးပြီးသည် မှ အစဉ် ရပ်တည် မနေ ။ အစဉ် ညစ်ညူး နောက်ကျိ နေသဖြင့် အရက် ကောင်းကောင်း သောက်တတ် လာသည် ။ ထိုမှ တစ်ဆင့် မိန်းမ ကို စိတ်ဝင်စား မိ၍ အပျော် မိန်းမ လိုက် တတ် လာသည် ။ မြို့ ထဲ တွင် ပိုက်ဆံ ပိုက် ၍ လေတတ် ၊ စား တတ် ၊ ရုပ်ရှင် ကြည့်တတ် ၊ ငေးတတ် ၊ လူလည် လုပ်တတ် ဖြစ် လာပေသည် ။ စပါး စိုက်မည့် အစား ခါးပိုက်နှိုက် ရ သည်မှာ ဘေး ရှိသော်လည်း ပို ချောင်သည် ထင် လာ လေသည် ။ လူရိုးကြီး ကိုဘမောင် သည် လူဆိုး ဖြစ် ချင် လာသည် ။

သို့သော် သူ သည် သူ ချစ်ခင် မြတ်နိုးလှသော ၊ အသည်း ကို နှင်း၍ အသက် ကို ပုံ၍ ချစ် သော မအေးကြိုင် ကို ဆေး မကုလိုက် နိုင်သည် ကို တစ်သက် မမေ့နိုင် တော့ပေ ။ ထို စိတ် သည် အစဉ် သဖြင့် သူ့ အား နှောင့်ယှက် ညစ်ညူး စေ လေ့ ရှိသည် ။ အရက် သောက် လို့လည်း ပျောက် ခဲ သည် ။

“ အေးကြိုင် ငါ့ ကို ခွင့်လွှတ် ပါ ဟာ ။ ငါ တော့ အဖတ် ဆယ် မရ အောင် ပျက်စီး နေပြီ ။ နင့် ကို လည်း ငါ မမေ့သေးဘူး ။ နင် က ငါ ချစ်သလို ငါ့ ကို ပြန် ချစ်လို့ ငါ လောက မှာ လူပျော်ကြီး တစ်ယောက် ဖြစ်ခဲ့ရတာ ကို မမေ့သေးဘူး ။ တချို့ လူတွေ ကံ မကောင်းပေမဲ့ ငါ ကံ ကောင်းခဲ့ တယ် ။ ငါ လေ အခု လည်း နင့် အပေါ် မှာ မေတ္တာတွေ ၊ သစ္စာတွေ ၊ ချစ်တာတွေ သွေမပျက် သေး ပါဘူးကွယ် ဟဲဟဲ ။ ဒါပေမဲ့ ငါ အရက် စွဲ သွားပြီလေ ဟီးဟီး ။ ငါ မငိုတော့ဘူးဟ အေးကြိုင် ရ ၊ ငါ ပျော် လာပြီ ။ ဟားဟားဟား ”

ကိုဘမောင် သည် အမီနာ ယူ လာ သော ပုလင်း ထဲ မှ အကျန် ကို ထပ် မော့ချသည် ။ သူ သည် မူးဝေ နောက်ကျိ လာပေပြီ ။ သူ့ ခေါင်း မှာလည်း အလေးကြီး ပိနေ သကဲ့သို့ လေးလံ လှပေ ပြီ ။ သူ သည် ကုန်း နေရာ မှ ဖျာပေါ် သို့ ထိုး ကျ သွား လေသည် ။ သူ သည် ငယ်စဉ် က အပိုး မသေသော မျက်နှာ နှင့် ကောက်စိုက် လာသော ချစ်ခင်သည့် မအေးကြိုင် အား စပါးနှံများ ဖြင့် လှမ်း ပေါက် နေသည်ဟု ထင်မြင် နေ ပေသည် ။ ကြာသော် စပါးနှံ ဖွေး သော လယ်ကွင်း သည် ပျောက်၍ သူ သည် လည်း အိပ်ပျော်ခြင်း သို့ ရောက် သွားလေ၏ ။

“ ကိုဘမောင် ကိုဘမောင် ။ ကိုဘမောင် ကိုဘမောင် ”

အမီနာ သည် သင်္ချိုင်းဝ မှ ကုန်း အော် သော်လည်း ပြန် မထူးသဖြင့် ကု,လားလက်ဖက်ရည်ဆိုင် မှ ငှား ထားသော လက်နှိပ်ဓာတ်မီး ဖြင့် ဟန်ပန်ကျကျ တစ္ဆေ ကြောက်စွာ ဖြင့် အရဲ စွန့်ပြီး ဝင် လာ ပေသည် ။ သင်္ချိုင်းဇရပ် ပေါ် တွင် ကိုဘမောင် သည် ခြေပစ် လက်ပစ် မူးပြီး အိပ်ပျော် နေချေပြီ ။

အမီနာ သည် ပိုက်ဆံ ခိုး ချင် လျှင် ခိုး နိုင်သည် ။ ပြန်ပြီး လစ် သွား ချင် လျှင် လည်း လစ်သွား နိုင်သည် ။ သို့သော် သူ သည် ကိုဘမောင် နှင့် ထိုကဲ့သို့ မပင်မပန်း ညပေါင်း များစွာ ပိုက်ဆံ ရ ခဲ့ပေသည် ။ သူ သည် ခါတိုင်း ညများ ကဲ့သို့ တစ်နေရာ တွင် ခွေ အိပ်ရန် ဖြစ် လေသည် ။

အမီနာ သည် ကိုဘမောင် ဘေးရှိ ပို နေသော နေရာကလေး တွင် ခွေ အိပ်ကာ သူ့ တွင် ပါ လာ သော စောင် ကို ခေါင်း ပါ ခြုံ လိုက်သည် ။ သူ သည် သရဲ ကြောက်စွာ ဖြင့် မနက် တွင် ကိုဘမောင် ထံ မှ ပိုက်ဆံ ရသော အခါ ကု,လားဘိုင်စကုတ် ကြည့်ရန် ၊ ညဈေးတန်း တွင် နိုင်လွန် ဝယ်ရန် ၊ အပေါင် ဆိုင် တွင် ပစ္စည်း တချို့ ပြန် ရွေးရန် တို့ ကို စဉ်းစားပြီး အိပ် လေသည် ။ ကိုဘမောင် သည် လည်း အိပ်ပျော် လျက် က ပင်ပန်းစွာ ညည်းညူ ယောင်ယမ်း နေပေသည် ။

ည မှာ ပို၍ မည်းမှောင် လာကာ မိုးများ လည်း ရွာသွန်း နေဆဲ အခါ ပင် ဖြစ် လေသည် ။

◾တက္ကသိုလ်မြစိမ်း
     ( ၁၉၆၀ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment