Thursday, June 1, 2023

ကပ္ပိယ ( ၁၉ )


 ( ၁၉ ) 


ရွက်ကျင် ရွက်ဟောင်းတွေ တဖြုတ်ဖြုတ် ကြွေလွင့် တဲ့ ဆောင်းနှောင်း ရာသီ တောင် ရောက်လာ ခဲ့ ပြန်ပြီ ။ တစ်ကျောင်းလုံး လည်း သစ်ရွက်တွေ က တင်းကြမ်း ။ စံလှဘော် က တော့ အားတိုင်း တံမြက်စည်း ကိုင် လှည်း နေ ရတာပါ ။ တံမြက်စည်း လှည်း နေတုန်း မိန်းမ တစ်ယောက် ရောက် လာတယ် ။ နွမ်းနွမ်းပါးပါး ကပိုကရို နဲ့ ပါ ။ ဆံပင် တွေ က လည်း ခြောက် လို့ ။ နှုတ်ခမ်း တွေ က လည်း ကွဲ လို့ ။ အင်္ကျီ က လည်း ကြေးအထပ်ထပ် နဲ့ ။ ထဘီ က လည်း အပွင့်တောင် မပေါ်တော့ဘူး ။ မိန်းမ က ကျောင်းဝင်း ထဲ ဖိနပ်ချွတ် ဝင် လာပြီး လူရိပ်သူရိပ် တွေ့ လေ မလားလို့ အကဲ ခတ် တယ် ။ ကျောင်း ဝ မှာ ကစား နေတဲ့ ကိုရင်တွေ ကျောင်းသားတွေ ကို မေး နေတာ လည်း ကျောင်း အောက် တိုင်လုံးကြီးတွေ ကြား က စံလှဘော် မြင် နေ ရတယ် ။ ဆရာတော်ကြီး ကျိန်း နေချိန် ကျောင်း ပေါ် တက် သွား မှာ စိုးတာ နဲ့ စံလှဘော် တံမြက်စည်း ကို ကျောင်းတိုင် ထောင် ခဲ့ပြီး လျှောက်လာ ခဲ့တယ် ။ မိန်းမ က စံလှဘော် ကို တွေ့ တော့ တုန့်ခနဲ ရပ်တယ် ။


“ ဘယ်သူ နဲ့ တွေ့ချင်သာတုန်း ”

 

“ ဆရာတော် နဲ့ ”


“ ဆရာတော် ကျိန်းနေသယ် ။ ကိစ္စ ရှိလို့လား ။ ဘယ် ရွာ က ပါလိမ့် ။ မန်ကျည်းစု က တော့ ဟုတ်ဟန် မတူဘူး ”


“ မန်ကျည်းစု က မဟုတ်ပါဘူး ။ ကျုပ် က ကောက်ဆွ အမေ ပါ ။ သား နဲ့ တွေ့ချင်လို့ ။ ကျုပ် သား ကျုပ် ပြန် ခေါ် မလို့ပါ ” 


“ ဗျာ ... ”


စံလှဘော် ရင်ထဲ တုန်ခါ သွားတယ် ။ ကောက်ဆွ အမေ တဲ့ လား ။ ကောက်ဆွ ကို ကလေးတွေ ကြား ထဲ လှမ်း ကြည့်တော့ မမြင်ဘူး ။ သည် ကောင် ဘယ် ရောက် နေပါလိမ့် ။ စံလှဘော် က ကောက်ဆွ အမေ ကို သရက်ပင်ရိပ် ကို ခေါ်လာ ခဲ့တယ် ။ ထိုင် ခိုင်းတယ် ။ ကောက်ဆွ အမေ က သူ့ သား ပဲ တွေ့ချင် နေပုံ ရတယ် ။ စံလှဘော် က တော့ ကောက်ဆွ အမေ ကို ကြည့်ပြီး စိတ် မချမ်းမသာ တောင် ဖြစ်မိ လေရဲ့ ။ သည် မိန်းမ က ကောက်ဆွ ကို ပြန်ခေါ် မလို့တဲ့ လား ။


“ ခင်ဗျား နာမည် ဘယ်သူတုန်း ”


“ မညွန့်ကြည် ၊ ကျုပ် သား ကောက်ဆွ ဘယ်မှာ တုန်း ”


“ ရှိပါသယ် ၊ ရှိပါသယ် ၊ နေစမ်းပါဦး ။ ခင်ဗျား ကောက်ဆွ ကို ပြန် ခေါ် သွားလို့ ပထွေး နဲ့ မတည့်ဘူး ဆို ဗျ ”


“ အခု ကျုပ် ယောက်ျား မရှိတော့ဘူး ။ သေပြီ ”


“ ခင်ဗျား ယောက်ျား သေသာ နဲ့ ကောက်ဆွ နဲ့ ဘာ ဆိုင် လို့တုန်း ။ ကလေး သည်မှာ ပျော် နေပြီဟာဗျာ ၊ နေပါစေလား ”


“ ကျုပ် သား ကျုပ် လွမ်း လို့ လိုက်လာသာ ၊ ကျုပ် မှာ ကလေး နှစ်ယောက် နဲ့ ကျန်ခဲ့သာ ၊ အားကိုးစရာ မရှိဘူး ၊ ကောက်ဆွ ကို အားကိုးရ မှာ ”


“ အခုမှ အားကိုး နေ ၊ ဟမ်...ခင်ဗျား သား ကို ပထွေး နှိပ်စက်တုန်း က ခင်ဗျား ဘာ လုပ်နေတုန်း ... ဟမ် ”


စံလှဘော် က မဆီမဆိုင် အော်လိုက် ၊ ဟစ်လိုက် တော့ ကောက်ဆွ အမေ လန့် သွားပုံ ပေါ်ပါရဲ့ ။ တအောင့် လောက် နေတော့ ကောက်ဆွ နောက်ဖေး ချောင် က ပြေးထွက် လာတယ် ။


ကိုရင်တွေ ကျောင်းသားတွေ သွား ပြော ပုံ ရတယ် ။ ကောက်ဆွ ပုဆိုးတွေ ရေစို နေပုံ ထောက်တော့ နောက်ဖေး ချောင် မှာ ပန်းကန် ဆေး နေတာ တူပါရဲ့ ။


“ အမေ ”


“ ကောက်ဆွ ငါ့ သား ၊ အမေ မင်း ကို လာခေါ်သာ ၊ မင်း ပထွေး လည်း မရှိ တော့ပါဘူး ။ အမေ နဲ့ ရွာ ပြန်လိုက်ခဲ့နော် သား ”


“ ကျုပ် က ကျောင်း မှာပဲ တစ်သက်လုံး နေတော့မှာ ဗျ ။ ရွာ ပြန် မလိုက်ချင် ဘူး ”


“ ကောက်ဆွ ... အမေ့ ကို မသနားဘူးလား ။ အမေ သား ကို လွမ်းလွန်းလို့ လာ ခေါ်သာပါ သား ရယ် ။ ရွာ မှာ ငဝက် တို့ မိကျေး တို့ လည်း ရှိသယ် ။ သား ညီလေး နဲ့ နှမကလေး လေ သား ရဲ့ ”


ကောက်ဆွ က မအေ့ မျက်နှာ ကို ရှူးသိုးသိုး ကြည့်တယ် ။ မအေ ဖက်ထား တဲ့ ကြား က ရုန်း ထွက်တယ် ။


“ ငဝက် တို့ မိကျေး တို့ က ပထွေး က မွေးသာ ၊ ကျုပ် မချစ်ဘူး ၊ အမေ သာ ချစ်နေ ”


“ မဟုတ်သာ ကောက်ဆွ ရယ် ၊ အမေ့ လည်း ကြည့်ပါဦး ။ အမေ နေ မကောင်း ဘူး ကောက်ဆွ ရဲ့ ။ ငါ့ သား ကို အားကိုးရ မှာ ။ ရွာ မှာ လည်း ကျောင်း ရှိသာပဲ ။ သား ပျော်သလောက် အမေ သင်္ကန်း စည်းပေးမှာပေါ့ ” 


“ ကျုပ် ကိုရင် မဝတ်ချင်ဘူး ။ ကပ္ပိယ ပဲ လုပ်မှာ ” 


ကောက်ဆွ က ပြောတော့ ကောက်ဆွ အမေ က မျက်လုံး ပြူး သွားလေရဲ့ ။ စံလှဘော် ကိုလည်း လှမ်း ကြည့်တယ် ။ စံလှဘော် က တော့ သည် သားအမိ ကို အကဲခတ် ရင်း မဟန် ပုံ ကို တွေးမိတယ် ။ ဘာမှ တော့ ဝင် မပြောဘူး ။ ဆရာတော် ရှိသေးတာ မဟုတ်လား ”


“ ဘာပဲ ဖြစ်ဖြစ် မင်း အမေ နဲ့ ပြန် လိုက်ခဲ့ရမယ် ကောက်ဆွ ၊ ကြားလား ” 


“ မလိုက်ဘူးဗျာ ။ ကျုပ် မှာ အဖေ ရှိတယ် ”


ကောက်ဆွ က အဖေ ရှိတယ် ဆိုတော့ မညွန့်ကြည် မျက်လုံး က စောစော က ထက် ပို ပြူး သွားတယ် ။


“ အလိုတော် ဘယ်က အဖေ တုန်း ၊ မဟုတ်က ဟုတ်က ကောက်ဆွ ရယ် ” 


“ အဖေ စံလှဘော် လေ ဗျာ ၊ ကျုပ် မခွဲနိုင်ဘူး ”


“ စံလှဘော် ၊ သည် ကပ္ပိယကြီး လား ၊ ဟဲ့ သူ က သူစိမ်း လေ ၊ ငါ က နင့် အမေ ၊ နင့် ကို ကိုးလ လွယ် ဆယ်လ ဖွား အသက် နဲ့ စက် မွေးခဲ့ရ သာလေ ကောက်ဆွ ရဲ့ ” 


သည် စကားလုံးတွေ က စံလှဘော် နား ထဲ ကို မိုးကြိုး ပစ်ချလိုက် သလို ဒင်းခနဲ ဝင် လာပြီး စံလှဘော် အသည်းနှလုံး ကို ဒုတ်ဒုတ်ထိ သွား သလိုပါပဲ ။ အမေ ..အမေ .. အမေ ။ အမေ ဆိုတာ ကိုးလ လွယ် ဆယ်လ ဖွား အသက် နဲ့ စက် မွေးခဲ့ရတာ တဲ့ ။ ဟုတ်သားပဲ ။ စံလှဘော် ကို လူ့ လောက ထဲ ရောက်အောင် မွေးထုတ် ပေးခဲ့ပြီး အသက် ကို စွန့်ခွာ သွားတဲ့ မမြင်ဖူး လိုက်တဲ့ အမေ့ ကျေးဇူး ။ အမေ့ မေတ္တာ ။ အမေ့ စက်ရိပ် ။ စံလှဘော် တစ်ခါ မှ မခံစား လိုက်ရဖူးဘူး ။ သူ တကာ အမေ ခေါ် လို့ ခေါ် စရာ မရှိခဲ့ တဲ့ ဘဝ ။


ကောက်ဆွ မှာ က အမေ ရှိတယ် ။ ကောက်ဆွ အမေ ကလည်း ရင် နဲ့ လွယ် မွေး ခဲ့ရတဲ့ သား ။ အမေ နဲ့ သား ၊ သား နဲ့ အမေ ။ သူ က ဘာမှ သွေးမတော် သားမစပ် တဲ့ သူစိမ်း ။


မအေ က ဇွတ်ခေါ် ၊ ကောက်ဆွ က ငြင်း ၊ ဘေး မှာ စံလှဘော် က မျက်ရည်စ တွေ နဲ့ ။ သည် တဒင်္ဂကလေး မှာ ပဲ စံလှဘော် အတွေးတွေ ဘောင်ဘင် ခတ်လို့ ။ သူ့ ငယ်ဘဝ တွေ ၊ မန်ကျည်းစု ကျောင်း မှာ ကပ္ပိယ ဖြစ်လာပုံ တွေ ၊ မြချစ် ကို သူ မြတ်နိုး ခဲ့ရတာ တွေ ၊ ကောက်ဆွ ကို သား တစ်ယောက် လို သံယောဇဉ် ခိုင်မာခဲ့ရပုံ တွေ ။


နောက်ဆုံး တော့ ကောက်ဆွ ခမျာ မအေ့ နောက် ပါသွားရ ရှာတယ် ။ ဆရာတော်ကြီး က ကောက်ဆွ ကို မအေ့ နောက် ထည့် ပေး လိုက်ပြီ ။ စံလှဘော်  ဘာမှ မတတ်သာတော့ပြီ ။ ဆရာတော်ကြီး အမှာ စကားတွေ ကို လည်း မကြား တစ်ချက်  ကြား တစ်ချက် ။


“ ကလေး မပျော် ရင် ပြန် ပို့ လှည့်ချေ ” တဲ့ ။ 


ကောက်ဆွ အမေ က ကောက်ဆွ အဝတ်ထုပ်ကလေး ရွက် လို့ ။ ကောက်ဆွ က လှည့်ကြည့် လှည့်ကြည့် ။ ကျောင်း ဝ ရောက် တော့ ကောက်ဆွ က လှမ်း အော် ခဲ့တယ် ။


“ အဖေ ကျုပ် ဆရာတော်ကြီး စကား နားထောင်ပြီး လိုက်သွားသာဗျ ၊ ကျုပ် ပြန်လာ မှာ ၊ အဖေ ဘယ် မှ မသွားနဲ့ ။ မန်ကျည်းစု မှာ ပဲ နေ ”


စံလှဘော် လက် လှမ်း ပြရုံ က လွဲ လို့ ဘာ စကား မှ လည်း ထွက်လို့ မရပါဘူး ။ ကောက်ဆွ တို့ သားအမိ ကျောင်း ဝ က ကွယ် သွား တော့ စံလှဘော် လည်း သရက်ကင်း လှေကားကြီး ပေါ်  စုံ ပစ်ချ ထိုင် လိုက်တယ် ။ ဆရာတော် လှေကား က ဆင်း လာ တော့ စိတ်ဆင်းရဲ နေတဲ့ စံလှဘော် ကို တွေ့ တယ် ။ ဆရာတော် က စံလှဘော် ကို မငဲ့ပါဘူး ။ သူ့ မအေ နဲ့ သူ့ သား ရင်အုပ် မကွာ ရှိရမှာ ကို တွေးပြီး ဆုံးဖြတ် လိုက် တာ ဆိုတော့ စိတ် ပြတ်တော် မူ ပြီးသားပါ ။


“ ငဘော် ၊ သမုဒယများ ဟာ ဆင်းရဲခြင်း ကို ဖြစ်စေသယ် ။ သံသရာ မှာ သမုဒယ ကြောင့် ဒုက္ခတွေ များကြလှပြီ ။ တရား နဲ့ ဖြေ ကြားလား ” 


“ တင်ပါ့ ဘုရား ”


အဲသည် ည က စံလှဘော် အိပ် မပျော်ပါဘူး ။ ခါတိုင်း ဘေး မှာ အိပ်နေကျ ကောက်ဆွ ကို ယောင်ယောင် စမ်း လား စမ်း နေမိရဲ့ ။ သည် အချိန် ဆို ကောက်ဆွ တစ်ယောက် သူ့  မအေ ၊ သူ့ ညီ ၊ သူ့ နှမတွေ နဲ့ ပျော် နေလောက်ရောပေါ့ ။ ကျောင်း ပြတင်းဝ က တိုးဝင်လာတဲ့ ဆောင်းကြွင်း လေကလေး ကို တောင် အေးတယ် လို့ မထင်မိ တော့ဘူး ။ ယောက်ျား တန် မဲ့ ခေါင်းအုံး မှာ မျက်နှာ အပ်ပြီး စံလှဘော် ငိုချ လိုက်မိတယ် ။


မနက် လေးနာရီ အုန်းမောင်း ထ ခေါက် တော့ ကောက်ဆွ ကို သတိရ နေမိလေရဲ့ ။


◾ခင်ခင်ထူး


📖 ကပ္ပိယ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment