❝ လင်ရယ် မယားရယ် ❞
( ၁ )
“ လင် ရယ် ၊ မယား ရယ် လို့ ဖြစ် လာရင် ကိုယ် က အရင် ဦး အောင် လေ့ကျင့် ပေးရတယ် ကွ ”
ကိုရင်မောင် သည် သူ ၏ တရား ကို ဤသို့ နိဒါန်း ချီ ပြီး စတင် လိုက်သည် ။
ယနေ့ ကိုရင်မောင် ၏ လက်ဖက်ရည်ဆိုင် တရားပွဲကလေး တွင် တရားနာ ပရိသတ် မှာ လွန်းကြွယ် တစ်ဦး တည်း သာ ရှိလေသည် ။
သို့သော် တရားဟောဆရာ က မူ ခါတိုင်း ဟောခဲ့ ပြောခဲ့ ပြီးသော တရားများ ထက် ပို၍ အာ တွေ့ ဟန် ရှိသည် ။ သူ့ ရှေ့ ရှိ လက်ဖက်ရည်ခါးခါး တစ်ခွက် အေးစက် နေသည့် တိုင်အောင် သူ့ တရား မှာ မပြတ်သေး ။ စိတ်ပါ လက်ပါ ရှိလှ၏ ။
ကိုရင်မောင် အာ တွေ့မည် ဆိုလျှင် လည်း ဖြစ်နိုင် ကောင်းသည် ။ ယခု ဟော နေသော တရားကိုယ် အကြောင်းအရာ မှာ ကိုရင်မောင် အတွက် အပိုင် ဆုံး ဘာသာရပ် ဖြစ်သည် ။
အများ ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းများ က ဤသို့ပင် ယုံကြည်ရင်း ရှိကြသည် ။ လင်ခန်း မယားခန်း ပိုင်ပုံ နိုင်ပုံများ မှာ တော့ ကိုရင်မောင် ကို မီ သူ မရှိ ဟု သူငယ်ချင်း အသိုက်အဝန်း အားလုံး က ကန့်ကွက်သူ မရှိ အတည် ပြု ခဲ့ကြ၏ ။
ကိုရင်မောင် က သူ့ ဇနီးမယား ကို ချုပ်ကိုင်မှု ၊ စည်းရုံးမှု ကောင်းလေ သောကြောင့် သာ မိတ်ဆွေ သူငယ်ချင်း တွေ တရုံးရုံး နှင့် ဧည့် မစဲ ၊ မိတ် မစဲ ကိုရင်မောင့် အိမ် ၌ ဝင်နိုင် ထွက်နိုင် စားနိုင် သောက်နိုင် ကြခြင်းဖြစ်လေရာ အများ က ဤသို့ ယုံကြည်ယူဆချက် တို့သည် လက်တွေ့ အားဖြင့် မှန်နိုင်ကောင်းပေသည် ။
ထိုကြောင့် လည်း မကြာတော့မည့် သီတင်းတစ်ပတ် အတွင်း မင်္ဂလာ ဆောင် တော့မည် သူငယ်ချင်း လူပျိုကြီး လွန်းကြွယ် ခမျာ မယား မီးသေအောင် လေ့ကျင့်နည်း တွေ ကို အသေအချာ ဆည်းပူးရန် ယနေ့ ရောက် လာခြင်း ဖြစ်၏ ။
အိမ် မှာ ဇနီးလောင်း ကို ကိုရင်မောင့် ဇနီး မမယ်မ ထံ ထား ခဲ့ပြီး နှစ်ယောက်သား လွတ်လွတ်လပ်လပ် လက်ဖက်ရည်ဆိုင် ထွက်ခဲ့ကြခြင်း မှာ ဤ ရည်ရွယ်ချက် ကြောင့် ပင် ဖြစ်ပေသည် ။
လွန်းကြွယ် အဖို့တော့ ကိုရင်မောင် နှင့် သူငယ်ချင်း ဖြစ်ရသည်ကြောင့် ပင် ဧရာမ အကျိုးစီးပွား ဖြစ်ခဲ့သည် ဆိုလျှင် မမှားပေ ။
“ ဒီ တစ်သက် လွန်းကြွယ် တစ်ယောက် စွံတော့မှာ မဟုတ်ဘူးဟေ့ ” ဆိုသော စကားသံ တို့ သည် ယနေ့ တွင် တရားမဝင်တော့သည် မှာ ကိုရင်မောင် ကျေးဇူး ဆိုလျှင် မမှားပေ ။
ကိုရင်မောင် တို့ အိမ် သို့ တံခါး မရှိ ၊ ဓား မရှိ ဝင်နိုင် ထွက်နိုင် ၊ စားနိုင် အိပ်နိုင် ခဲ့ သောကြောင့် ကိုရင်မောင့် ဇနီး မမယ်မ ၏ ညီမ ဝမ်းကွဲ တော်သူ မခင်အိ နှင့် ဆုံစည်း ရခြင်း ဖြစ်ပြီး မကြာမီ ရက်ပိုင်း အတွင်း တွင် အကျအန မင်္ဂလာ ဆောင် ကာ လင် ရယ် ၊ မယား ရယ် လို့ အိမ်ထောင်သည် ဖြစ်ရချေတော့မည် မဟုတ်ပါလော ။
“ အိမ်ထောင်ဦး ကတည်း က ကျင့် မထားနိုင်ရင် မောင်ရင် ရဲ့ လွတ်လပ်မှု နဲ့ ပျော်ရွှင် ချမ်းမြေ့မူ ဟာ ဆုံးခန်းတိုင် ရောက်သွားပြီ လို့ သာ မှတ်လိုက်ပေတော့ ”
လွန်းကြွယ် ခမျာ ကိုရင်မောင် ၏ နည်းလမ်းတွေ ကို ကြားချင်ဇော ဖြင့် သောက်လက်စ ဆေးလိပ်တို ပင် ဆက် မဖွာတော့ ဘဲ လွှင့်ပစ် လိုက်၏ ။
“ အထူးသဖြင့် မင်း တို့ လို လူပျိုကြီးတွေ အတွက် ပို အရေးကြီးတယ် ”
“ ဘာဖြစ်လိုလဲ ဗျ ”
“ အို ... ဘာဖြစ်ရမှာလဲကွ ၊ မောင်ရင် တို့ က မိန်းမ တစ်ယောက် ကို အချိန်အခါ နဲ့ အညီ ရတာမျိုး မှ မဟုတ်ဘဲ ။ အခါ လွန် မှ ရတဲ့ လူတွေ ဆိုတော့ ထိပ်ပေါ် တင် ခေါင်းပေါ် ရွက် ထား တတ်ကြလို့ ပေါ့ ကွ ”
“ ဒါလောက်လည်း မဟုတ်သေးပါဘူး ဗျာ ။ ချစ်တာ ချစ်တာ တစ်ခြားပေါ့ ”
လွန်းကြွယ် က မခံချင်စိတ် နှင့် ငြင်းချက် ထုတ် လိုက်ရာ ကိုရင်မောင် သည် လှောင်ရယ်ကလေး ရယ် လိုက် ရင်း ..
“ ကြည့်ကြသေးတာပေါ့လေ ။ ကြည့်သေးတာပေါ့ ။ ပြီးတော့ လည်း ဒီမှာ လွန်းကြွယ် ရဲ့ ၊ မောင်ရင် တို့ အတွက် မယား မီးသေ ဖို့ ပို အရေးကြီးတယ် ဆိုတာ နောက် တစ်ကြောင်း ရှိသေးတယ် ကွ ”
“ လင်းစမ်းပါဦး ”
“ လူပျိုကြီး ဆိုတာ အရွယ် လွန် တဲ့ တိုင်အောင် လွတ်လွတ်လပ်လပ် နေလာတာ မဟုတ်လား ။ ရောက်ရာ မှာ ပျော် ၊ ထင်ရာ ကို သွား ၊ တွေ့ ရာ မှာ စား လာတာမျိုး ။ ကိုယ်လွတ် လူလွတ် နေ လာတာ ဆိုတော့ လွတ်လပ်မှု ရဲ့အရသာ ကို တင်းပြည် ကျပ်ပြည့် ခံစား ခဲ့ရတဲ့ လူတွေ ၊ မိန်းမ ဆိုတာ က ကိုယ့်လင် ကိုယ့်သား ကို စည်းကမ်း ကလနား နဲ့ ထိန်းသိမ်း ထားချင်တဲ့ သတ္တဝါ အမျိုးအစား တွေ ဆိုတော့ အဲဒီ မှာ ကျား နဲ့ ဆင် ပဲ မောင် ၊ ကိုယ် ညံ့ရင် ကိုယ် ခံစတမ်း ပဲ ”
ဒီ တစ်ချက် တော့ ကိုရင်မောင် ၏ စကား သည် မှန်လှသည် ။ လွန်းကြွယ် တို့ လို လူပျိုကြီးများ အဖို့ လွတ်လပ်မှု သည် ဧရာမ အရသာကြီး ပင် ဖြစ်၏ ။
ကြုံရာ မှာ အိပ်လိုက် စားလိုက် ပျော်လိုက် နေထိုင်သူ များ ဖြစ်၏ ။
အခြား သူများ ကဲ့သို့ နောက်ဆံတင်း စရာ မလို ၊ ယခုလို လက်ဖက်ရည်ဆိုင် များ တွင် ဝိုင်းဖွဲ့ စကား ပြော နိုင်၏ ။ ရုံး က အဆင်း အိမ် ကို အရောက် ပြေးစရာ မလို ။ ထမင်းဆိုင် စားပြီး ရုပ်ရှင်ရုံ တန်း ၍ ဝင် နိုင်၏ ။
“ အဲဒါကတော့ မှန်တယ်ဗျ ။ မိန်းမ တစ်ယောက် ရဖို့ ဒီ မြတ်နိုးစရာ ကောင်းတဲ့ လွတ်လပ်မှု ကို မစွန့်နိုင်ဘူးဗျာ ။ ဒါပေမယ့် မိန်းမ တော့ လည်း လိုချင်သေးတာပဲဗျ ”
“ အဲဒါကြောင့်ပေါ့ ကွ ၊ ကိုယ် ယူမယ့် မိန်းမ ကို ကျင့် ပေးရမယ် ဆိုတာ ”
“ ကဲ ... ဆိုဗျာ ။ ဘယ်လိုက စပြီး ကျင့်ရမလဲ ”
လွန်းကြွယ် က စိတ် မရှည်နိုင် တော့ သဖြင့် သူ လို ချင်သော နည်းလမ်းများ ကို တိုက်ရိုက် မေး လိုက်သည် တွင် ကိုရင်မောင် အဖို့ သူ ဆင်သော တရားကွက် တော့ ဝင်ပြီ ဟု ကျေနပ်စွာ ပြုံး ရင်း အေးစက် နေသော လက်ဖက်ရည် ကို တစ်ကျိုက် နှစ်ကျိုက် သောက် ကာ အရှိန် ယူ လိုက်လေသည် ။
“ ပထမနည်း ကတော့ ကိုယ် ချစ်တာ ကို သိပ် မပြ နဲ့ ။ ပြီးတော့ ဦးမကျိုးစေ နဲ့ ဟေ့ ။ ဒါပဲ ”
“ ဘယ်လိုလဲ ဗျ ”
“ သူ နဲ့ ကိုယ် နဲ့ နှစ်ယောက် အတူ နေတဲ့ နေရာ မှာ နေထိုင်ပုံ စနစ် ဟာ သူ ကြိုက် မဖြစ်စေနဲ့ ၊ ကိုယ် ကြိုက် ဖြစ်ပေစေ ”
လွန်းကြွယ် ထံ မှ တရား ထောက် သံ မကြားရ သဖြင့် ကိုရင်မောင် အဖို့ ထပ်မံ ရှင်းပြရန် လိုသေး ကြောင်း သိနားလည် ကာ သူ့ စကား ကို ဆက်လိုက်သည် ။
“ ရှင်းရှင်း ပြောမယ်ကွယ် ၊ ဘယ် မိန်းမ မဆို ကိုယ့် လင်သား ရုံးပြန် မှန်တာ ၊ ထမင်းစား မှန်တာ ၊ အအိပ် မှန်တာ ကို လိုချင် တာ ပဲ ။ အချိန်တန် လို့ ရုံး က ပြန် မရောက် ရင် ဆူချင် ဆောင့်ချင် စိတ်ကောက် ချင်တယ် ။ သူငယ်ချင်းတွေ နဲ့ မိုးချုပ်တလွဲ လျှောက် လည်တာ ကို မကြိုက်ဘူး ။ အချိန် ရှိသရွေ့ သူတို့ မျက်စိ တစ်ကမ်း မှာ ရှိစေ ချင်တယ် ။ ဟော မင်းတို့ ငါတို့ ကျ တော့ အပေါင်း နဲ့ အသင်း နဲ့ နေလာကြ တာ မဟုတ်လား ။ အမြဲတမ်း တော့ ရုံး က အိမ် ကို တန်းတန်းမတ်မတ် ပြန် မလာ နိုင်ဘူး ။ စာအုပ်ဆိုင် တော့ ဖြစ်ဖြစ် ဝင် ပြီး မွှေလိုက်ချင် သေးတယ် ။ သူငယ်ချင်း တွေ နဲ့ လက်ဖက်ရည်ဆိုင် ထိုင် စကားဝိုင်း ဖွဲ့ လိုက် ချင် သေးတယ် ။ ကြုံရင် ကြုံသလို စားလိုက် ချင်တယ် ။ ည ကိုးနာရီပွဲကလေး တော့ အမြဲတမ်း မဟုတ်တောင် အဖော် ကောင်းရင် ကြည့် လိုက် ချင် သေးတယ် ”
“ တစ်ခါတစ်လေ ကျောင်း နေဖက် မိတ်ဆွေဟောင်းတွေ ဆုံ မိရင် မအိပ်တမ်း စကား ပြောလိုက် ချင်တယ် ”
“ ဒီတော့ မိန်းမ နဲ့ ယောက်ျား အလို ဆန္ဒချင်း ဆန့်ကျင် မနေဘူးလား ”
“ အမှန်ပဲ ဗျို့ ၊ ဒါကိုတော့ အပေးအယူ မျှ ဖို့ လိုတယ် ”
“ အောင်မယ် ကိုယ့်လူ ၊ အပေးအယူတွေ သွား လုပ် မနေနဲ့ ။ ကွဲ သွားမယ် နားလည် လား ။ ပထမ ဦးဆုံး ကိုယ့် အကျင့် ကိုယ့် စရိုက် မှာ သူ က ယဉ်ပါး လာအောင် ကျင့်သား ရ လာအောင် လုပ်ထား လိုက်ရင် ပြီးတာပဲ ”
“ မိန်းမ က ဘယ် ကျေနပ် မလဲဗျ ”
“ ကဲ ... သူငယ်ချင်း ရ ၊ ဘယ် ဆင် က သစ်တုံး ဆွဲချင်မလဲ ကွ ။ နောက် ယဉ်ပါး လာတဲ့ အခါ သစ်တုံး ဆွဲ ရတာ ကို သူ့ အတွက် လုပ် နေကျ အလုပ် ဖြစ် သွားတဲ့ အခါ သူ့ ဟာ သူ ကျေနပ် နေတာပဲ မဟုတ်လား ”
“ မိန်းမ ဆိုတဲ့ သတ္တဝါတွေ ကလည်း ပထမ တော့ အစွယ် ပြ ကြသေးတာပဲ ။ မာယာ ပေါင်း တစ်ထောင် နဲ့ လင်ယောက်ျား ကို ပုံသွင်း တာ ပဲ ၊ ကိုယ် က ကျုံး မဝင်မိ ဖို့ အရေးကြီးတယ် ”
“ ဟော … ရုံး က ကိုယ် ပြန် မလာမချင်း ထမင်း မစားဘူး ”
“ ထမင်းပွဲ ယပ်ခတ် စောင့် နေ တတ်တယ် ၊ အဲဒီတော့ ယောက်ျား လုပ်တဲ့ သူတွေ က ”
“ ဪ ... သူ့ ခမျာ ငါ မပြန်ရင် ထမင်း ဆာနေတော့မယ် ဆိုပြီး ထောက်ထား လာရော ၊ အိမ် ကို အချိန် မှန် ပြန်အောင်ပေါ့ ကွာ ။ ဒီ နေရာ မှာ ကိုယ် က မလိုက်လျော လိုက် နဲ့ ၊ ရုံး က တမင် နောက်ကျ မှ ပြန် ။ သွားစရာ မရှိရင် လမ်းထိပ် လက်ဖက်ရည်ဆိုင် မှာ ဖြစ်ဖြစ် ထိုင် နေလိုက် ”
“ ကိုယ် ကိုယ်တိုင် က ထမင်း ဆာလာရင်ရော ဗျာ ”
“ အို ... ဘာခက်တာ မှတ်လို လမ်း ဝယ်စား လိုက်ပေါ့ ။ အိမ် ရောက် တော့ သူ က ထမင်း စားဖို့ ပြောရင် လမ်း မှာ စား ခဲ့ပြီ လို့ ပြောလိုက် ။ အဲဒီတော့ သူ က ပြော လိမ့်မယ် ။ အိမ် က မိန်းမကတော့ အဆာ ခံပြီး စောင့် နေလိုက် ရတာ ဘာညာ နဲ့ ပေါ့ကွာ ချွဲ မှာ ပဲ ။ ကိုယ် က ပျော့ မသွား နဲ့ ”
“ အဲဒီလို သာ ရက်ပေါင်း များစွာ ကျင့် ပေး လိုက်ရင် နောက်တော့ သူ မစောင့်တော့ ဘူး ။ ဒီ တစ်ပွဲ တော့ ကိုယ် အောင် လိုက်ပြီ သာ အောက်မေ့ လိုက် ”
ကိုရင်မောင် သည် ပုစ္ဆာ တစ်ပုဒ် ကို တွက်ချက် ဖြေဆို ပြ လိုက်ပြီး သော ကျောင်းဆရာ ကဲ့သို့ ဟန် ဝင်၍ နောက် ပုစ္ဆာ တစ်ပုဒ်ကို စ ပြန်သည် ။
“ နောက် တစ်ခု က မိန်းမများ မျက်ရည် အင်မတန် လွယ် တယ်ကွ ။ ဘာ မဟုတ်တာလေး နဲ့ ပေမယ့် ငို ပြ တတ်တယ် ။ တစ်ခါတစ်လေ လင်ယောက်ျား မသိအောင် အိပ်ရာ ထဲ ကျိတ် ငိုသလိုလို နဲ့ အသံ ကြား အောင် ငိုတယ် ။ ဒါမျိုးများ သွား မချော့လိုက် နဲ့ မောင် ။ နောက်ကျွမ်း ပစ် ပြီသာ မှတ် လိုက်ပေတော့ ”
“ ဟော ... တို့ ကျတော့ ရှင်းတယ် ။ မမယ်မ တို့ ဗြောင် ငိုပြီ ဆိုရင် စိတ်ညစ်တယ်ကွာ ဆိုပြီး ထွက်သွား လိုက်တာပဲ ။ ကိုယ် ကြည့် ချင်တဲ့ ရုပ်ရှင် ကို စတိုင်ကလေး နဲ့ သွား ကြည့် နေလိုက်တယ် ။ အိပ်ရာ ထဲ ကိုယ် မကြား ကြားအောင် ကျိတ်ငိုတဲ့ ဟန်မျိုးများ လုပ် ရင်တော့ မကြားချင် ယောင် ဆောင်ပြီး ဟိုဘက်လှည့် အိပ်လိုက်တာပဲ ။ ခုများတော့ ငိုပါဦး ဆိုတာတောင် မမယ်မ တို့ မျက်ရည် မကျတော့ဘူး ။ ဒါဟာ မိန်းမ တို့ ရဲ့ အထက်မြက်ဆုံး လက်နက် ကို ရိုက်ချိုး ပစ် လိုက်တာပဲ ”
“ ဟုတ်တယ်ဗျ ။ ခင်ဗျား ဇနီးချောကလေး မ ကတော့ အမြဲတမ်း ပြုံး နေတာပဲ ။ ကျုပ်တို့ တတွေ ဘယ်လောက် ပဲ ခင်ဗျား တို့ အိမ် မှာ လာပြီး ညှဉ်းညှဉ်း ဘယ်တော့ မှ မျက်နှာ ပျက် တာ မတွေ့ရဘူး ”
“ ဒီပုံ ဒီစခန်း ရောက်အောင် အလေ့အကျင့် ပေးခဲ့ရတဲ့ လူ ကို လည်း ကြည့်ဦးလေကွာ ၊ ဟား ဟား ”
ကိုရင်မောင် သည် ရင် ကိုကော့ ၍ နောက် သလိုလို နှင့် တကယ် ဂုဏ်ယူ ကာ ကြွားပြ လိုက်ရ သဖြင့် တော်တော် ကျေနပ် သွားလေသည် ။
ထိုကြောင့်လည်း သူ ၏ မယား လေ့ကျင့်ပုံ နောက်ဆုံး နည်း ကို ဆက် လိုက် ပြန်သည် ။
“ အဲ …. ကိုယ် က သူ့ ဆီ က အခွင့်အရေး တစ်ခုခု လိုချင် ရင် သူ လိုချင်တာလေး တစ်ခု ခု ကို ဦးအောင် ရှာကြံ ပြီး ပေး လိုက် ။ ဒီလို ဆိုရင် ကိုယ့် အတွက် လည်း သူ မငြင်းတော့ဘူး ”
“ ဟုတ်တယ် ၊ ဟုတ်တယ် ။ ဒါ သတိ ထားဖို့ လိုတယ် ။ ဒါတွေကို ကြိုတင်ပြီး ခင်ဗျား ဆီ က သိထား ရတာ ကောင်းတယ် ဗျာ ။ ကျုပ် အတွက် ကိုယ်ခံ ကောင်း သွားတာပေါ့ ”
ကိုရင်မောင် က မူ ပြုံးပြုံးကြီး ခေါင်းညိတ် လိုက် လေသည် ။
( ၂ )
ကိုရင်မောင် တို့ လက်ဖက်ရည်ဆိုင် တွင် မယားနိုင်နည်း တွေ နှီးနှော ဖလှယ် နေချိန်၌ မမယ်မ က လည်း သူ့ ညီမ မခင်အိ ကို အချိန် ရှိ တုန်းကလေး သွန်သင် ဆုံးမ နေ လေသည် ။
“ ညည်း နော် ဒါပဲ ၊ ငါ အခု ကတည်း က ပြော ထားမယ် ။ ငါ့ ညီမ လုပ် နေပြီး ကိုလွန်းကြွယ် လို လူပျိုကြီး ကို မှ ဇက်ကြိုး နိုင်အောင် မကိုင်နိုင် ရင် အသိပဲ ”
“ ဘာလဲ မမ ရဲ့ ၊ ယူကြမယ် မှ မကြံသေးဘူး ။ ဘယ်လို ဇက်ကြိုး ကိုင် ရမှာလဲ ”
“ ဒီမှာ မရွှေအိ ရဲ့ ။ ကိုလွန်းကြွယ် တို့ လို လူပျိုကြီးတွေ ဟာ ကိုယ် က ကိုင် နိုင် ရင် အကောင်းဆုံး လင်ယောက်ျား ဖြစ်မှာပဲ ။ ကိုယ် မနိုင် ရင်တော့ မျက်ရည် နဲ့ ဒူး နဲ့ သာ သုတ် နေပေတော့ ”
မခင်အိ သည် သူ့ အစ်မ စကား ကို ကြားသော အခါ လင် ယူ ရမည် ကို ပင် ကြောက် သလိုလို ဖြစ်သွား မိ၏ ။
မမယ်မ က မူ သူ့ ညီမ ထုံနနကလေး ကို ကိုယ်တွေ့ နည်းကလေး ပေးလိုက် မှ ကိုယ်ခံ ကောင်းတော့မည် ကို ရိပ်မိလိုက် သဖြင့် တွတ်ထိုး ၍ ပြောနေလေ တော့သည် ။
“ အရွယ် လွန် အောင် ကလေကလွင့် စည်းလွတ် ဓားလွတ် နေ လာတဲ့ လူမျိုး ကို စဟေ့ ဆို ကတည်း က စည်းကလေး ကမ်းကလေး နဲ့ နေလာ သွားလာအောင် ထိန်းပေး ရတယ် ။ ရုံး က ပြန် ရင် အိမ် ကို တန်းတန်းမတ်မတ် ပြန်ပြီး မယား ချက် တဲ့ ထမင်း အငွေ့ မသေခင် စား တတ်အောင် ကိုယ် ကိုယ်တိုင် က သူ လာ မှ စားမယ့် ဟန်မျိုး လုပ်ပြီး စောင့်နေ ပြ ရတယ် ”
“ ဟင် မမ က လည်း သူ က မိုးချုပ် မှ ပြန် လာရင် အူ လိပ်ပြီး သေရောပေါ့ ”
“ မိရွှေအိ ရယ်... အ ရန်ကော ၊ ဘယ် ဒီလို ဟုတ်မလဲ ကွယ် ။ ကိုယ် တကယ် စားပြီး မပြီး သူ မြင်တာ ၊ သူ သိတာ မှတ်လို့ ။ စောစော ကတည်း က အဆာပြေလေး ကို ကိုယ် စားထား ရတာပေါ့ ဟဲ့ ။ သူ ပြန် လာတော့ မစားရသေးဘူး ပေါ့ ။ သူ နဲ့ မှ လက်ဆုံ စားချင်တဲ့ ဟန်မျိုး ပေါ့ ”
“ အင့် အင်း ”
ဒီ တစ်ချက် တော့ မခင်အိ သဘော ကျ သွား၏ ။
“ ပြီးတော့ ကိုယ့် ယောက်ျား လုပ်တဲ့ သူ ဟာ အငို မှာ ပျော့တတ်သလား ၊ အရယ် မှာ ပျော့ လာသလား မျှော့ သွေး စမ်း သလို စမ်းသပ်ပြီး လေ့လာ ရတယ် ”
“ အချို့ ယောက်ျားတွေ က မိန်းမ မျက်ရည် မြင်ရင် ဒါမှ မဟုတ် မိန်းမ ရှိုက်သံ ကြားရင် တစ်ခါတည်း အရည်ပျော် ကျ လာ တတ်တယ် ။ တောင့် မခံနိုင်ဘူး ။ ဒီလို ယောက်ျား မျိုး ကျတော့ ဗြောင် ငိုတဲ့ နည်း နဲ့ တစ်မျိုး ၊ ကျိတ်ပြီး ရှိုက်သံ ပေးတဲ့ နည်း နဲ့ က တစ်မျိုး ၊ ကိုယ့် ရင်ခွင် ထဲ ခေါင်း ငိုက်ကျ လာအောင် လုပ် ရတယ် ”
“ ဟော အချို့ အမျိုးသားတွေ ဆိုရင် ငိုသံ ကို မကြားချင်ဘူး ။ မိန်းမ ငို ရင် ရှောင် တတ်တယ် ”
“ ဒါမျိုးကျ တော့ မကြိုက်တာ ပေမယ့် အငိုလေး နဲ့ သွား မလုပ်နဲ့ ၊ မကြိုက် ပေ မယ့် အလို လိုက် ပုံ မျိုး နဲ့ ပြုံးပြုံးကလေး နေ လိုက် ၊ ကိုယ်တော်ချောတွေ သူတို့ ဘာသာ အလိုက် သိပြီး ငါ့ မိန်းမ ဘာ မကြိုက်ဘူးလဲ ဆိုတာ ရှာကြံ ဆင်ခြင် လာ တတ်တယ် ။ ကိုယ် က အကင်းပါး ပေါ့ ကွယ် ”
မမယ်မ သည် ချုပ်လက်စ အဝတ် ကို ဘေး ချပြီး မခင်အိ ပေါင် ကို ပုတ် လိုက်ရင်း ...
“ ဒီမှာ ရွှေအိ ၊ ငါ ပြောတာ တစ်ခု တော့ မြဲမြဲ မှတ်ထား ။ ဘယ် ယောက်ျား မဆို မိန်းမ ရဲ့ တီတီတာတာ ပလီပလာ ကို ကြိုက်တတ် ကြ တာပဲ ။ လင် နဲ့မယား လူ မမြင်တဲ့ နေရာ မှာ ကိုယ့် လင် ကို ကလက် ချင် ကလက် ပါစေ ၊ နှဲ့ ပေး ရတယ် ၊ ခရာတာတာကလေး ပြော ပေးရတယ် ”
“ အို ... မမ က လည်း ရှက် ပါတယ် ”
မယ်အိ က ပခုံးလေး တွန့် ခေါင်းကလေး ငုံ့ ပြီး ပြုံး၍ ပြန်လည် ပြောသည် ကို မမယ်မ က မေးငေါ့ ၍ မဲ့ပြ လိုက် လေသည် ။
( ၃ )
ကိုရင်မောင် နှင့် မမယ်မ တို့ သည် သဘောတရား အပြော စကား တွင် သာ မဟုတ် သူ တို့ ၏ ကိုယ်စီ လင်ရယ် မယားရယ် လေ့ကျင့်သည့် နည်းလမ်းများ ကို ကိုယ်တိုင် လက်တွေ့ ကျင့်သုံးကြသူများ ဖြစ်ကြ၏ ။
ကိုလွန်းကြွယ် တို့ ဇနီးမောင်နှံလောင်း စုံတွဲ ပြန် သွားကြသည့် ည တွင် ကိုရင်မောင် က သူ လိုချင် သော အခွင့်အရေး တစ်ခု နှင့် ချဉ်းကပ် လာသည် ကို မမယ်မ က လည်း သူ လိုချင်သော အခွင့်အရေး တစ်ရပ် ဖြင့် ခရီးဦးကြို ပြုလိုက်သည် ။
“ မောင် ဒါပဲ နော် ၊ မခင်အိ တို့ လက်ထပ်ပွဲ မှာ ဝတ်ဖို့ ပဝါ နဲ့ အင်္ကျီ ဆင်တူ ဖြစ် အောင် ဟိုဘက် အိမ် က အညွန့် တို့ လာ ပြ ထားတဲ့ “ ခရိစ ” ဝယ် လိုက်တော့မယ် ”
မမယ်မ ၏စကား ကို ကြား ကတည်း က ပင် ကိုရင်မောင် အဖို့ ပိုင်ပြီ ဟု ဝမ်း ထဲ က ကျေနပ် လိုက်သည် ။ ဇနီးချော လိုချင်တာလေး ကြိုတင်ပြီး အလို လိုက်ပါ က သူ့ အတွက် အကွက်ကောင်း ဆိုက်ပြီ ဆိုတာ သေချာပြီ ။
“ အမလေး မ , ရယ် ၊ ဒါများ ရေးကြီးခွင်ကျယ် လုပ်ပြီး ခွင့်တောင်း နေရသေးလား ။ ကိုယ့် ဘာ ကိုယ် ဝယ် ဝတ်တဲ့ ဥစ္စာ ၊ မ , လှအောင် ဆင်တာ မောင့် အကြိုက်ကြီး ပဲ ပေါ့ ”
မမယ်မ က ကိုရင်မောင် ၏ ရင်ခွင် တွင်း သို့ ခေါင်း ထိုး ၍ ဝင်ကာ ရင်ဘတ်ကြီး ပေါ် တွင် မျက်နှာ ဝှက် ရင်း ..
“ ဟင်း ဟင်း .. မောင် မသိဘဲ နဲ့ မ , ဘာမှ မလုပ်တတ်ဘူး ဆိုတာ သိသား နဲ့ ” ဟု ချွဲ လိုက်၏ ။
ကိုရင်မောင် သည် တဟဲဟဲ ရယ်ရင်း မမယ်မ ၏ ဆံပင်များ ကို တယုတယ သပ်ပေး လိုက်၏ ။ ထို့နောက် မှ ...
“ မောင့် မ လည်း ဒုက္ခ ပဲ မ , ရယ် ၊ ကိုရွေလွန်းကြွယ် က လက် မထပ်မီ ည မှာ ဒီ အိမ် သူငယ်ချင်းတွေ စုပြီး လူပျိုည ကျင်းပကြ မလို့ တဲ့ ။ သောက်ကြ ၊ စားကြမယ် ပေါ့ ကွာ ၊ ခွင့် မပေးလည်း အခက် ”
“ အို .. မောင် ကလည်း လုပ်ပါစေ ၊ ကိုယ့် သူငယ်ချင်း ရဲ့ ပွဲ ပဲ မဟုတ်လား ၊ ငြင်းလို့ ဘယ် ကောင်းမလဲ ”
ကိုရင်မောင် အဖို့ တော့ သူ့ နည်း သည် အမှန်ပင် အောင်မြင်ကြောင်း တွေ့ရ သဖြင့် ကျေနပ်ကြီး ကျေနပ် ၍ မဆုံးမီ ပင် အိပ်ခန်း တွင်း မှ သားကြီး မောင်မောင် ၏ တရေးနိုး ငိုသံ ကြား လိုက် ရ၏ ။
“ မောင်ရယ် … သားတော်မောင် နိုးလာ ပြန်ပြီ ။ ကိုယ့် သားကြီး ဆီ သွားလိုက်ပါဦး နော် ” ဟု မမယ်မ က ဆို လိုက်ရာ ကိုရင်မောင် သည် ယဉ်ပါးပြီး ဆင်ကြီး တစ်ကောင် က ချွန်း မပေါက်ရ ဘဲ သစ်တုံး ဆွဲ ရန် မြစ်ခြေ ကမ်းစပ် သို့ တရွေ့ရွေ့ ဆင်းသွား သကဲ့သို့ သားတော်မောင် ရှိရာ အိပ်ခန်း ဆီ ရှေ့ရှု ၍ ရွေ့လျား သွားလေ တော့သည် ။
◾မောင်ကိုယု
📖 ရှုမဝ မဂ္ဂဇင်း
အတွဲ ၂၂ ၊ အမှတ် ၂၅၅
၁၉၆၈ ခုနှစ် ၊ သြဂုတ်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment