Tuesday, June 20, 2023

မြန်မာ့သမိုင်း ပုံပြင်ပုံရိပ်များ


  မြန်မာ့သမိုင်း ပုံပြင်ပုံရိပ်များ


❝ စာရေးသူ ၏ အမှာ ❞


ကျွန်တော် သည် သမိုင်းပညာရှင် တစ်ဦး မဟုတ်ပါ ။ သို့သော် သမိုင်း ကို စိတ်ဝင်စား ပါ သည် ။ မြန်မာ့ သမိုင်း ၊ ကမ္ဘာ့ သမိုင်း တို့ ထဲ တွင် စိတ်ဝင်စား ဖွယ် စိတ်လှုပ်ရှား ဖွယ် များစွာ ပါဝင် နေပါသည် ။


သမိုင်း ထဲ တွင် အတုယူ စံပြုစရာ ပုဂ္ဂိုလ်များ ၊ လုပ်ဆောင်ချက်များ ပါဝင် သကဲ့ သို့ ၊ သင်ခန်းစာ ယူဖွယ်များ လည်း ပါဝင် ပါသည် ။ အနော်ရထာ ၊ ကျန်စစ်သား တို့ ကဲ့သို့ မင်းကောင်း မင်းမြတ် များအကြောင်း ၊ နိုင်ငံ အတွက် ဆောင်ရွက်ချက်များ ပြည်သူ့ အရေး ရှေးရှု လုပ်ဆောင်ချက်များ တွေ့ ရ သကဲ့ သို့ စလေမင်းခွေး တို့ လို ပြည်သူ ကို နှိပ်စက်သော မင်းဆိုး မင်းညစ် များ ကို လည်း တွေ့ ရပါသည် ။ ရှင်အရဟံ ကဲ့သို့ ကြည်ညိုဖွယ် သာသနာပြု ပုဂ္ဂိုလ်များ ကို တွေ့ ရပြီး သိုဟန်ဘွား ၊ ဒီဗရစ်တို ( ခေါ် ) ငဇင်ကာ တို့ လို သာသနာဖျက် များ အကြောင်း လည်း သင်ခန်းစာ ယူဖွယ် ၊ ရှုတ်ချဖွယ် တွေ့ ရပါသည် ။


သမိုင်း ရာဇဝင် ထဲ တွင် ရာဇကုမာရ သားကောင်း သားမြတ်များ ကို တွေ့ သိ ကြည်နူး ရ သကဲ့ သို့ နရသူမင်း လို ထီးနန်း စည်းစိမ် အာဏာ ရမ္မက် ငမ်းငမ်း တက် ကာ ဖခင် ကို ပင် သတ်ဖြတ် လုပ်ကြံ ခဲ့သော သားဆိုး သားညစ် မျိုး ကို လည်း ရှုတ်ချဖွယ် ၊ သင်ခန်းစာ ယူဖွယ် တွေ့ ရပါသည် ။


မိမိ အရှင် အတွက် မိမိ အသက် ကို မငဲ့ကွက်ဘဲ သစ္စာတရား မစောင့်ထိန်း သူများ ကို တွေ့ ရ သကဲ့ သို့ ချီးမြှင့် မြှောက်စား ကာ စောင့်ရှောက် ခဲ့သည့် ကျေးဇူး ကို မထောက်ဘဲ မိမိ ကိုယ်ကျိုး ကို သာ ကြည့် တတ် သည့် သစ္စာမဲ့ သူ များ ကို လည်း တွေ့ရ တတ်ပါသည် ။ ထို့ပြင် စစ် တိုက် ရ မှ နေသာ ထိုင်သာ ရှိသော မင်းခေါင် နှင့် ရာဇာဓိရာဇ် တို့ လို ပြည်တွင်းစစ် မီး မွှေး သူ စစ်ဘုရင်များ ကို တွေ့ ရ သကဲ့ သို့ ပင်းယစကြိုသူမြတ် လို ၊ ရှင်ဒိသာပါမောက္ခ လို တိုင်းပြည် ငြိမ်းချမ်းရေး အတွက် စွမ်းဆောင် ကြသော ရဟန်း ပုဂ္ဂိုလ်များ ကို လည်း ကြည်ညို ဖွယ် တွေ့ရပါသည် ။


ဝန်ဇင်းမင်းရာဇာ လို ၊ အမတ်ဒိန်  လို ၊ မဟာပညာကျော် လို ၊ ရာဇသင်္ကြန် တို့ လို ပညာရှိ ပုဂ္ဂိုလ်များ ၏ စကားများ ၊ အကြံဉာဏ်များ ၊ သြဝါဒများ ကို လည်း မှတ်သား ဖွယ် ထိတွေ့ ရပါသည် ။


“ သမိုင်း သင်တာ မအ အောင်လို့ ” 


ဆိုသည့် ဆရာကြီး ဒေါက်တာသန်းထွန်း ၏ စကား တစ်ခွန်း ကို လည်း နား ထဲ စွဲ နေပါသည် ။


ကျွန်တော် ငယ်စဉ် က အဘွား ရင်ခွင် တွင် သမိုင်း ပုံပြင်များ ကို ည စဉ် နားဆင် ကြည်နူးခဲ့ရ ၊ အားတက် ဝမ်းမြောက် ခဲ့ ရပါသည် ။ ကျွန်တော် ကဲ့ သို့ မြန်မာ့ သမိုင်း ရာဇဝင် ကို ပုံပြင် သဖွယ် ၊ ပုံရိပ် သဖွယ် ဖတ်ရှု ကာ သုတ ပွားစေ လိုသော ဆန္ဒ ၊ စိတ်ဓာတ် ရင့်ကျက် စေ လိုသော ဆန္ဒ ဖြင့် ကလေးသူငယ် ၊ လူငယ်များ အတွက် ရည်ရွယ် ကာ ဤ စာအုပ် ကို ရေးသား ပြုစုရခြင်း ဖြစ်ပါသည် ။


ဤ စာအုပ် တွင် သမိုင်း ပုံရိပ် ရှေ့ပိုင်းခေတ် များ ကို မြန်မာ သက္ကရာဇ် ဖြင့် ဖော်ပြ ထားပြီး ကုန်းဘောင်ခေတ် ပုံရိပ် ကို ခရစ်နှစ် ဖြင့် ဖော်ပြ ထားပါသည် ။ ( မြန်မာ သက္ကရာဇ် အား ခရစ်နှစ် ပြောင်း လိုသော် ( ၆၃၈ ) ကို ပေါင်း ထည့် ပါ က ခရစ်နှစ် ကို သိနိုင်ပါသည် ။ )


ကျောင်းသူ ကျောင်းသားများ မြန်မာ့ သမိုင်း ကို စိတ်ဝင်စား ကာ အကျယ် ဖတ်ရှု လို သူ များအတွက် စာကိုး စာရင်း ကို လည်း ဤ စာအုပ် အဆုံး တွင် တင်ပြ ထားပါသည် ။ မိမိ ရင်သွေးများ အား တစ်ဆင့် ပြန် ပြော ပြနိုင် ဖို့ မိဘများ ကို လည်း ဖတ်ကြည့် စေချင် ပါ သည် ။ ဤ စာအုပ် ကို ဖတ် မိ လျှင် မြန်မာ့ သမိုင်း ရာဇဝင် ကို တီးမိ ခေါက်မိ ရှိ လာကာ သုတ ပွား များ နိုင်ကြောင်း ယုံကြည်စွာ တင်ဆက် လိုက်ပါသည် ။


အစဉ် လေးစားလျက်

                    ကြည်နိုင်

             ၈ - ၉ - ၂ဝ၁၅



      ◾ တကောင်း နှင့် သရေခေတ္တရာခေတ်



❝ အဘိရာဇာ နှင့် သား နှစ်ပါး ❞


ကလေးတို့ ရေ ....


မြန်မာနိုင်ငံ မှာ တကောင်းပြည် ကို စတင် တည်ထောင်တဲ့ အဘိရာဇာမင်းကြီး ဆိုတာ ရှိခဲ့လေတယ် ။ “ တကောင်းအဘိရာဇာ ” လို့ လည်း အမည် တွင် သတဲ့ ။ တကောင်းမြို့ ဆိုတာ မြန်မာပြည် မြောက်ဖျား မှာ ရှိလေတယ် ။ မန္တလေးမြို့ က နေ ဧရာဝတီ မြစ်ကြောင်း အတိုင်း ဆန်တက် သွား ရင် မြစ် ရဲ့ အရှေ့ဘက်ကမ်း မှာ ရှိသတဲ့ ။


တကောင်း မှာ ဗမာ ၊ ရခိုင် ၊ ရှမ်း စတဲ့ တိုင်းရင်းသားတို့ နေထိုင်ခဲ့ ကြတယ် ။


အဘိရာဇာမင်းကြီး ဟာ သာကီဝင်မင်းမျိုး ဖြစ်တယ် ။ အနောက် ဘက် အိန္ဒိယနိုင်ငံ ကပိလဝတ်ပြည် ဘက် ကနေ စစ်ရှောင် ရင်း မြန်မာနိုင်ငံ တွင်း ရောက် လာတယ် လို့ ဆိုတယ် ။ အဘိရာဇာမင်းကြီး မှာ ကံရာဇာကြီး နဲ့ ကံရာဇာငယ် ဆို တဲ့ သားတော် နှစ်ပါး ရှိ လေတယ် ။


အဘိရာဇာမင်းကြီး အနိစ္စ ရောက်တဲ့ အခါ သားတော် နှစ်ပါး ဟာ ထီးနန်း ကို သူ ရ ထိုက် ၊ ငါ ရ ထိုက် ငြင်းခုံကာ နန်း လုကြသတဲ့ ။ အဲဒီအခါ ကံရာဇာကြီး ဘက် က ရဲမက် စစ်သည်တွေ က လည်း ဓားလှံလေးမြား လက်နက် ပြင် ကြတယ် ။ ကံရာဇာငယ် ဘက် က စစ်သည်ရဲမက် တွေ က လည်း အလားတူ လက်နက် ပြင် ပြီး နှစ်ဖက် တိုက် ဖို့ ပြင် ကြလေတယ် ။


အဲဒီ အခါမှာ မှူးကြီး မတ်ရာ သေနာပတိ တို့ က တင်လျှောက် ကြတယ် ။ “ အရှင့်သား တို့ ၊ လက်နက် ဆင်မြင်း နဲ့ စစ်ပြိုင် တိုက်ခိုက် ကြရ င် သွေး ချောင်းစီး ကာ ပြည်သူတွေ လည်း သား တစ်ကွဲ မယား တစ်ကွဲ ဆင်းရဲဒုက္ခ ရောက် ကြပါလိမ့်မယ် ။ တိုင်းပြည် နစ်နာ ဖို့ သာ ရှိပါတယ် ။ ဒါကြောင့် လက်နက် လေး မျှား နဲ့ စစ် မထိုးဘဲ ကုသိုလ် စစ် သာ ထိုး ကြပါ ” လို့ တင်လျှောက် လေတယ် ။


မင်းသား ညီနောင် တို့ က လည်း “ ကုသိုလ် စစ် ဆိုတာ ဘယ်လို မျိုး လဲ ” လို့ မေးမြန်း တဲ့ အခါ မှူးမတ်များ က တိုင်ပင် ထား တဲ့ အတိုင်း - “ အရှင့်သား တို့ မဏ္ဍပ် တစ်ဆောင် နဲ့ ဘုရား တစ်ဆူ စီ ကို တစ် ညဉ့် အတွင်း အပြီး တည်ကြပါ ။ အရင် ပြီး သူ က ခမည်းတော်မင်းကြီး ရဲ့ ထီးမွေ နန်းမွေ ကို ဆက်ခံတော်မူပါ ” လို့ မှူးမတ်များ က တစ်ညီတည်း လျှောက် ကြလေတယ် ။


အမှန်တော့ မင်းသား နှစ်ပါး ရဲ့ ဉာဏ်ရည် ကို အကဲခတ် နိုင် ဖို့ မှူးမတ်တွေ က စီစဉ် လိုက်ခြင်း သာ ဖြစ်ပေတယ် ။


မင်းသား နှစ်ပါး လည်း သဘော တူ တာကြောင့် တစ်ယောက် ကို တောင် တစ်လုံး စီ နေရာ သတ်မှတ် ယူ ကြပြီး မဏ္ဍပ် ဆောက် ၊ ဘုရား တည် ဖို့ စီမံ ကြသတဲ့ ။


နောင်တော် ကံရာဇာကြီး ဟာ တောတောင် ထဲ လှည့်ပြီး သစ်ကြီးဝါးကြီးများ ရှာ စေတယ် ။ တချို့ ကို လည်း မြစ် ထဲ က သဲ တို့ ကျောက် တို့ ကို ရအောင် ယူစေလို့ စီစဉ်တယ် ။ အဲဒါကြောင့် တစ်ည လုံး အချိန် ကုန် ကာ မဏ္ဍပ် လည်း မပြီး နိုင် ။ ဘုရားစေတီ ဆောက် ဖို့ လည်း အုတ်မြစ် အခြေ ကို မျှ မပြီး နိုင် ရှိလေသတဲ့ ။


ညီတော် ကံရာဇာငယ် က တော့ အစစ်အမှန် ဆောက်ရင် တစ် ည တွင်း ဘယ်လို မှ မပြီး နိုင် ၊ ဉာဏ် ကူ မှ ဖြစ်မယ် လို့ စဉ်းစား ကာ လက်နိုင် ခြေနိုင် သစ်ဝါး တို့ နဲ့ သာ အမြန် ပြီးအောင် မဏ္ဍပ် ဆောက် လေတယ် ။ ဘုရားစေတီ ကို လည်း ဝါး ကို ယက် ပြီး ပုံ လုပ်ကာ အပေါ် က ဖျာ ပတ် ၊ ဖျင်ဖြူ ရစ် ကာ မွမ်းမံ ပြီး ထုံးဖြူ သုတ် လို့ ထီး တင် ထားလေတယ် ။


နံနက် မိုး လင်း လို့ မှူးမတ်သေနာပတိတွေ နဲ့ နန်းတွင်းသူ ၊ နန်းတွင်းသား တို့ လှမ်းမျှော် ကြည့်ကြတဲ့ အခါ ညီတော် ကံရာဇာငယ် ရဲ့ တောင်ထိပ် မှာ သာ မဏ္ဍပ်ကြီး နဲ့ စေတီတော် ကို မြင် ကြရသတဲ့ ။ နောင်တော် ကံရာဇာကြီး ရဲ့ တောင်ထိပ် မှာ တော့ ပန္နက် သဲအုတ်မြစ် ကို တောင် မှ ကောင်းစွာ မမြင်ရဘဲ ရှိ သတဲ့ ။


နောင်တော် ကံရာဇာကြီး က “ ငါ့ ညီ ဟာ ဘုန်းရှင် ကံရှင် ဖြစ် လေတယ် ” လို့ မိန့်တော် မူ ကာ ညီတော် အား ထီးနန်း လွှဲ ခဲ့လေတယ် ။ လွှဲ ပြီးတဲ့ အခါ နောင်တော် ကံရာဇာကြီး ဟာ နောက်လိုက် ဆင် ၊ မြင်းဗိုလ်ပါ အများ နဲ့ ဖိုးခေါင် တစ်ရိုး ကို ကျော်ဖြတ် ပြီး ရခိုင်ပြည် ဘက် ထွက်ခွာ သွားသတဲ့ ။


နောင်တော် ကံရာဇာကြီး ရခိုင်ပြည် ရောက်တဲ့ အခါ ရခိုင်နန်းရိုး သာကီဝင် မျိုးဆက် မင်းသမီး သုနန္ဒရီ နဲ့ ညီအစ်မ နှစ်ပါး ကို မိဖုရား မြှောက် ကာ ထီးနန်း စိုးစံလေတယ် ။ ဓညဝတီမြို့သစ် ကို လည်း တည်တော် မူ လေတယ် ။ မျိုးဆက် လည်း ဆက်လက် ပွားစည်လေတယ် ။ ညီတော်  ကံရာဇာငယ် မင်းကြီး လည်း တကောင်းပြည် တွင် စံတော် မူရစ်ကာ သူ ရဲ့သားတော် အစဉ် ၊ မြေးတော် အဆက် ၊ မြစ်တော် အညွန့် ၊ မျိုးဆက် တို့ ဟာ အရှေ့ဘက် ရှမ်းပြည်များ မှာ လည်းကောင်း ၊ တောင်ဘက် ဗမာနိုင်ငံ အတွင်း မှာ လည်းကောင်း ဆက်လက် အုပ်စိုး ကာ နေ ကြလေတယ် ။



❝ နဂါးနိုင်မင်း မောင်ပေါက်ကျိုင်း ❞


ကလေးတို့ရေ ...


တကောင်းပြည်ကြီး မှာ အဘိရာဇာမင်းကြီး က စလို့ မင်း ( ၃၃ ) ဆက် အုပ်စိုးခဲ့သတဲ့ ။ အလွန် ရှေးကျတဲ့ ကာလ ဖြစ်တာ မို့ တချို့ အဖြစ် တွေ ဟာ နောက် လူတွေ အတွက် ပုံပြင် ဆန် လာကြတယ် ။ အခု ကလေးတို့ ကို တကောင်းပြည်ကြီး မှာ အုပ်စိုး ခဲ့ တဲ့ မင်း တစ်ပါး ဖြစ်တဲ့ နာဂရာဇာ ခေါ် နဂါးနိုင်မင်း မောင်ပေါက်ကျိုင်း အကြောင်း ပြော ပြမယ်နော် ။


ဟိုး ရှေးတုန်း က တကောင်းပြည်ကြီး မှာ မိဖုရားကြီး တစ်ပါး ရှိသတဲ့ ။ အဲဒီ မိဖုရားကြီး ဟာ နဂါးကြီး တစ်ကောင် နဲ့ ချစ်ကြိုက် နေတယ် လို့ ကောလာဟလ ဖြစ် နေသတဲ့ ။ ရှင်ဘုရင် လုပ် သူ ဟာ မင်္ဂလာဦး ည မှာ ပဲ သေဆုံး ကုန်သတဲ့ ။


အဲဒီလို ကာလ မှာ မောင်ပေါက်ကျိုင်း က တက္ကသိုလ်ပြည် က ပညာ သင်ပြီး ပြန် လာတယ် ။ ပြန်လာ နီး မှာ ဒိသာပါမောက္ခဆရာကြီး က စကား သုံးခွန်း သင် ပေးလိုက်တယ် ။ 


၁ ။ သွားပါများ ခရီးရောက် ၊ 

၂ ။ မေးပါများ စကားရ ၊ 

၃ ။ မအိပ်မနေ အသက်ရှည် တဲ့ ။ 


အဲဒီ စကား သုံးခွန်း စွဲမြဲ မှတ်သား လိုက်နာနိုင်ရင် ကြီးပွားတိုးတက် မယ် လို့ မှာ လိုက်တယ် ။


တစ်နေ့ မှာ တော့ မောင်ပေါက်ကျိုင်း ဟာ တကောင်းပြည်ကြီး ရောက် လာသတဲ့ ။ သွားပါ များ တော့ ခရီး ရောက် ခဲ့ပြီပေါ့ ။ မေးပါ များ စကားရ ဆိုတာ သတိ ရ ပြီး အဲဒီ တိုင်းပြည် ရဲ့ အခြေအနေ စုံစမ်း ကြည့်တော့ အကြောင်းစုံ သိ ရတာပေါ့  ။ ဒါနဲ့ မောင်ပေါက်ကျိုင်း ဟာ နန်းတော် က မှူးကြီးမတ်ရာ တွေ့ဆုံ လို့ ဘုရင် အဖြစ် တင်မြှောက်ခြင်း ခံရတယ် ။


ဘုရင် ဖြစ်လာတဲ့ မောင်ပေါက်ကျိုင်း ဟာ ပေါ့ပေါ့ မနေဘူး ။ ဒီ တိုင်းပြည် မှာ ဘုရင် လုပ်တဲ့ သူ ဟာ ည ကျ ရင် ဘာကြောင့် သေဆုံး သွား ရသလဲ သိချင်တာ နဲ့ ကျွန်ယုံ တစ်ဦး ကို ငှက်ပျောတုံး ခုတ်ယူ စေကာ နန်းတော် ထဲ မှာ လျှို့ဝှက် ထားသတဲ့ ။ ညဦး မှာ အိပ်ချင်ယောင် ဆောင်နေပြီး မိဖုရား အိပ်ပျော် တာ နဲ့ ငှက်ပျောတုံး ကို လူ နဲ့ တူအောင် စောင် ခြုံ ထားသတဲ့ ။ မောင်ပေါက်ကျိုင်း ကိုယ်တိုင် က တော့ သလွန် နဲ့ မနီးမဝေး မှာ သန်လျက် ကိုင်ပြီး စောင့် နေတာပေါ့ ။


ည သန်းခေါင် အချိန် ရောက်တော့ မိဖုရား နဲ့ ချစ်ကြိုက် နေတဲ့ နဂါးကြီး ရောက် လာ ပါရော ။ နဂါးကြီး ဟာ မိဖုရား ဘေးနား မှာ ရှိ နေတဲ့ ငှက်ပျောတုံး ကို လူ စင်စစ် အောက် မေ့ ပြီး တအားကုန် ပေါက် သတ်လိုက် သတဲ့ ။


အဲဒီလို ပေါက် သတ်လိုက်တော့ နဂါးကြီး နဲ့ အစွယ် နှစ်ခု ဟာ ငှက်ပျောတုံး မှာ ငြိ နေတာ နဲ့ ပြန် ဖြုတ်လို့ မရတော့ဘူး ။ ဒီလို ဖြစ် နေတုန်း သန်လျက်ကိုင် ပုန်း နေတဲ့ မောင်ပေါက်ကျိုင်း ဟာ ပြေး ထွက်လာ ပြီး နဂါးကြီး ကို ခုတ်ပိုင်း လိုက် လို့ နဂါးကြီး သေပါလေရော ။ မအိပ်မနေ  အသက်ရှည် ဆိုတာ တယ် မှန်ပါလား လို့ ဆရာကြီး မှာစကား အောက် မေ့ပြီး တက္ကသိုလ်ဆရာကြီး ကို မှန်း ပြီး ကန်တော့ လိုက်သတဲ့ ။


မိဖုရားကြီး ဟာ သူ့ ချစ်သူ နဂါးကြီး သေသွားလို့ အခဲမကျေ နိုင်ဘူးတဲ့ ။ ဒါကြောင့် ကျွမ်းကျင်သူတွေ ကို တိတ်တဆိတ် ခေါ်ပြီး နဂါးကြီး ရဲ့ အရိုး ကို ဆံထိုး လုပ်စေသတဲ့ ။ အသပြာ တစ်ထောင် ပေးပြီး နဂါးကြီး ရဲ့ အရေခွံ ကို ဆုတ်ခွာ စေသတဲ့ ။ နောက် အသပြာ တစ်ရာ ပေးပြီး နဂါးကြီး ရဲ့ အရေခွံ ကို ခေါင်းအုံး ချုပ်လုပ် စေသတဲ့ ။ အဲဒီလို လျှို့ဝှက် လုပ်ကိုင် ပြီးတော့မှ မောင်ပေါက်ကျိုင်း နဲ့ စကားထာ ဝှက်သတဲ့ ။ ဖြေ နိုင်ရင် သူ့ ကို သတ် ၊ မဖြေ နိုင် ရင် သင့် အသက် ကို သတ်ရ မတဲ့ ။


စကားထာ က -


“ ထောင်ပေး လို့ ဆုတ် ၊ 

ရာပေး လို့ ချုပ် ၊ 

ချစ်တဲ့သူ အရိုး ဆံတိုး လုပ် ” တဲ့ ။


အဲဒီ ပုစ္ဆာ ကို ရက် ( ၄၀ ) အတွင်း ဖြေ ရမယ် လို့ သဘော တူကြတယ် ။ မောင်ပေါက်ကျိုင်း ဟာ အဖြေ ကို အမျိုးမျိုး စဉ်းစားပေမယ့် ပေါ် မလာဘူး ။ ဒါကြောင့် မှိုင် နေတာပေါ့ကွယ် ။ မိဖုရားကြီး က တော့ နဂါးကြီး အတွက် လက်စား ချေရတော့မယ် ဆိုပြီး ကျိတ် ဝမ်းသာ နေတာပေါ့ ။


အဲဒီ အချိန်မှာ မောင်ပေါက်ကျိုင်း ရဲ့ အဖေ နဲ့ အမေ ဟာ သူတို့ သား ဘုရင် ဖြစ်နေတယ် ကြားလို့ မေးမြန်း ပြီး တကောင်းပြည် ထဲ ကို ရောက် လာ သတဲ့ ။


ဒီလိုနဲ့ လာလိုက်တာ ခရီး ပန်း လို့ သစ် တစ်ပင် အောက် မှာ နား ပြီး ပါလာတဲ့ ထမင်းထုပ် ကို ဖြီ စား ကြသတဲ့ ။ စား ပြီးတော့ ထမင်း ကျန် ၊ ဟင်း ကျန် ကို ငှက်တွေ စား ရအောင် စွန့်ပစ် ကျွေးလိုက်တယ် ။ အဲဒီလိုနဲ့ အဘိုးအို ၊ အဘွားအို တို့ ဟာ သစ်ပင် အောက် မှာ စားပြီး နား နေတုန်း သစ်ပင် ပေါ် က ကျီးဖို ကျီးမ အချီ အချ စကား ပြောသံ ကြား ရသတဲ့ ။


“ ကျီးဖို ရေ ၊ ဒီနေ့ အတွက်တော့ အစာ စားလို့ ပြီး ပြီ ။ နက်ဖြန် အတွက် လို သေးတယ် ” 


လို့ ကျီးမ က ပြော သတဲ့ ။ အဲဒီအခါ အဘိုးကြီး က အဘွားကြီး ကို လက် တို့ပြီး ကျီးဖို ကျီးမ စကား ဆက် နားစွင့် နေကြတာပေါ့ ကွယ် ။


ဒါနဲ့ ကျီးမ က အကျိုးအကြောင်း ပြောပါဦး ဆိုတော့ ကျီးဖို က -


“ ဒီလိုကွယ့် ၊ မိဖုရား က သူ့ လင်နဂါးကြီး ကို မောင်ပေါက်ကျိုင်း သ,တ်လိုက်တာ မကျေနပ်လို့ နဂါး အရေခွံ ကို အသပြာ တစ်ထောင် ပေးပြီး ဆုတ် တယ် ။ နောက် တစ်ရာ ပေးပြီး ချုပ် စေတယ် ။ ပြီး နဂါးအရိုး ကို ဆံထိုး လုပ်သတဲ့ ။ အဲဒါကို ပုစ္ဆာ လုပ်ပြီး မေးတာ ။ မောင်ပေါက်ကျိုင်း က မဖြေနိုင်ဘူး တဲ့ ”


အဲဒီ ကျီးဖို ကျီးမ ပြောတာ အဘိုးအို ၊ အဖွားအို တို့ ကြားပြီး နန်းတော် ဆီ ခရီး ဆက် ခဲ့ သတဲ့ ။ ထင်တဲ့ အတိုင်း နန်းတော် ရောက်တော့ မောင်ပေါက်ကျိုင်း ဟာ ငေးငိုင် နေ ရှာတယ် ။ ဒါနဲ့ သူ့ မိဘနှစ်ပါး က အကျိုးအကြောင်း မေးပြီး လမ်း မှာ ကြား ခဲ့ရတဲ့ ကျီးဖို ကျီးမ စကား မောင်ပေါက်ကျိုး ကို တိုးတိုး ပြော ပြ လိုက်တယ် ။ အဲဒီတော့မှ မောင်ပေါက်ကျိုင်း ဟာ စကားထာ  အဖြေ သိရ ပြီး ရွှင်ပျ လာနိုင်တယ် ။


နောက် နေ့ ညီလာခံ ဗိုလ်ထု အလယ် မှာ မိဖုရား ရဲ့ အမေးပုစ္ဆာ ကို မောင်ပေါက်ကျိုင်း က ပိုင်ပိုင်နိုင်နိုင် ဖြေ လိုက် နိုင်တာ ပေါ့ ။


အဖြေ ကြားရတဲ့ အခါ မိဖုရား အထင် နဲ့ အမြင် လွဲ သွားတယ် ။ အသတ် ခံ ရမယ့် သူ ဟာ သူ ဖြစ်နေပြီ ကိုး ။ မိဖုရားကြီး ဟာ အဲဒီတော့မှ သေရ မှာ ကြောက်ပြီး မောင်ပေါက်ကျိုင်း ကို တောင်းပန် သတဲ့ ။ သူ မှားပါပြီပေါ့ ကွယ် ။


မောင်ပေါက်ကျိုင်း ဟာ မိဘနှစ်ပါး ရဲ့ ကျေးဇူး ကြောင့် သူ အသတ် မခံရတာ ဖြစ်တယ်လို့ မှူးမတ်တွေ ကို ဖွင့် ပြောပြီး ရန် ကို ရန်ချင်း မတုံ့နှင်း လို ဘူး ဆိုကာ မိဖုရား ကို အသက် ချမ်းသာ ပေး လိုက်သတဲ့ ။ ဒါကြောင့် နဂါးနိုင်မင်း ရယ် လို့ မောင်ပေါက်ကျိုင်း ဟာ ကျော်ကြား လာတယ် ။


ကဲ ... ကလေးတို့ ရေ ။ မိဘ ၊ ဆရာသမား တို့ ရဲ့ စကား မှတ်သား နားထောင် လိုက်နာလို့ မောင်ပေါက်ကျိုင်း ဟာ တင့်တင့်တယ်တယ် နဲ့ ဘုရင် အဖြစ် တိုင်းပြည် အုပ်ချုပ် နိုင်ပေတယ် ။



❝ စူဠာသမ္ဘဝ  ၊ မဟာသမ္ဘဝ ❞


ကလေးတို့ရေ ...


တကောင်းပြည်ကြီး မှာ နဂါးနိုင်မင်း နဲ့ မင်းမိဖုရားကြီး က သားတော်လေး နှစ်ပါး ဖွားမြင် သတဲ့ ။ ဒါပေမယ့် နှစ်ဦး စလုံး မျက်စိ မမြင်တာ နဲ့ မင်းကြီး က ရှက်တော် မူပြီး သားတော် နှစ်ပါး ကို ဖျောက်ဖျက် စေသတဲ့ ။ ပထမ တော့ မိဖုရားကြီး က သား နှစ်ပါး ကို တိတ်တဆိတ် ဝှက် ထား သေးတယ် ။ နောက် မင်းကြီး သိသွားတော့ “ ငါ အသရေ ကို ဖျက်သလား ခု ဖျောက်ဖျက်ပစ် ” လို့ မိန့်တာကြောင့် မိဖုရားကြီး လည်း မသတ်လိုတာ နဲ့ သူ့ ထိုက် နဲ့ သူ့ ကံ ရှိပါစေတော့ ဆိုပြီး လျှို့ဝှက်စွာ ဖောင် တစ်ခု ခိုင်ခိုင်ခံ့ခံ့ လုပ် စေတယ် ။ ပြီးတော့ မသိုးထမင်း မသိုးဟင်းတွေ ထည့် ပေး လိုက် သတဲ့ ။ ကြာရှည် ခံမယ့် မုန့်ပဲသရေစာ မျိုး ပေါ့ ကွယ် ။ ဘေးရန် ကာကွယ်ဖို့ လက်နက် ငါးပါး ကို လည်း ထည့် ပေး လိုက်တယ် ။ ပြီးတော့မှ ဧရာဝတီ မြစ် တစ်ကြော မျှော လိုက်လေသတဲ့ ။


ဒီလိုနဲ့ မင်းသား နှစ်ပါး ဟာ ဖောင် ပေါ် မှာ လိုက်ပါလာကြတယ် ။ အစားအသောက် စား ကြ ရာမှာလည်း အစ်ကိုကြီး မဟာသမ္ဘဝ က ကျန်တဲ့ အတိုင်းအတာ ကို မှတ်သား ထားသတဲ့ ။ အဲဒီလို မျော လာ ကြရင်း ဘီလူးမ တစ်ဦး ဟာ မင်းသားတွေ ရဲ့ အစာ ကို ခိုး ခိုးပြီး စား သတဲ့ ။ သူတို့ အစားအစာတွေ လျော့ လာ တာကို သတိ ထားမိတဲ့ မဟာသမ္ဘဝ ဟာ တစ်ခါမှာ သတိ နဲ့ စောင့် ဖမ်းတော့ ဘီလူးမ လက် ကို ဖမ်း ဆုပ် မိသတဲ့ ။ သန်လျက် မြှောက်ပြီး သတ်မယ် လုပ်တော့ ဘီလူးမ က တောင်းပန် ရှာတယ် ။ “ သူ့ အသက် ကို ချမ်းသာ ပေးပါ ။ မင်းသားတို့ ရဲ့ မျက်စိများ ပြန် မြင် လာ အောင် ကု ပေးပါ့မယ် ” လို့ ဆိုသတဲ့ ။


“ သင့် စကား အတိုင်း တည်ပါစေ ” ဆိုပြီး အသက် ချမ်းသာ ပေးလို့ ဘီလူးမ က မင်းသား တို့ မျက်စိ ကို စ ကု ပေးသတဲ့ ။ အခုအခါ “ စကု ” လို့ တွင် တဲ့ နေရာ ဟာ ဘီလူးမ စ ကု တဲ့ နေရာ လို့ ဆို ပါတယ်ကွယ် ။ ဒီလို ဖောင် ‌မျှော လာရင်း မင်းသားတွေ မျက်စိ အလင်း စ လင်း ခဲ့ သတဲ့ ။ အဲဒီ အရပ် ကို “ စလင်း ” လို့ ခေါ် သတဲ့ ။


အဲလိုနဲ့ ဖောင် မျှော လာ ကြရင်း စစ်ပင်ကြီး ကိုင်း နေတာ မြင်ရလို့ “ စစ်ကိုင်း ” လို့ ခေါ်ကြသတဲ့ ။ မင်းသား နှစ်ပါး လည်း မျက်စိ လုံးလုံး မြင် လာ ကြ ပြီ ပေါ့ကွယ် ။ မင်းသား နှစ်ပါး ဟာ ဖောင် ကို ဆက် မျှော လာ ကြရင်း ဧရာဝတီမြစ်ကမ်း တစ်နေရာ အရောက် မှာ ဖောင် ကို ကမ်း ကပ်ပြီး လက်နက်ငါးပါး ယူ ကာ ကုန်း ပေါ် တက် သွားကြသတဲ့ ။


စူဠာသမ္ဘ၀ ၊ မဟာသမ္ဘဝ မင်းသား နှစ်ပါး ဖောင် ဆိုက်ရပ် တဲ့ ဒေသ ဟာ ကုန်းတလင်း လို့ တွင် သတဲ့ ။ အဲဒီ ဒေသ မှာ သူတို့ ရဲ့ ဦးရီး တော် တဲ့ ရှင်ရသေ့ ရဲ့ ကျောင်းသင်္ခမ်း ရှိ သတဲ့ ။ မင်းသားတွေ က တော့ သိလို့ ရယ် မဟုတ်ပေဘူး ။


မင်းသား နှစ်ပါး ဟာ မြစ်ကမ်း လျှောက် လာကြရင်း မြစ်ဆိပ် တစ်နေရာ မှာ ချောမော လှပတဲ့ အမျိုးသမီးတစ်ဦး ကို တွေ့ သတဲ့ ။ အဲဒီ အမျိုးသမီး က ဘူးသီးခြောက် အဝကျဉ်း ရေဘူး နဲ့ ရေ နှစ် ခပ် နေသတဲ့ ။ တော်တော် နဲ့ ရေ မပြည့် နိုင်ဘူး ပေါ့ကွယ် ။ ဒါနဲ့ မင်းသား အကြီး မဟာသမ္ဘဝ က “ မိုက်လိုက်လေ မိန်းကလေး ရယ် ၊ ဒီ အဝကျဉ်း ဘူး နဲ့ တစ်နေ ကုန် ရေ နှစ် ခပ်လည်း ပြည့် မှာ မဟုတ် ။ ပေး ” ဆိုပြီး သန်လျက် နဲ့ ဘူး ကို ချဲ့ ပေး လိုက်သတဲ့ ။ အဲဒီလို ချဲ့ ပေး လိုက် တော့ ခဏချင်း ရေ ပြည့် သွား တာ ပေါ့ကွယ် ။ မင်းသားတွေ က အမျိုးသမီး ရဲ့ အမည် နေရပ် ဒေသ မေးမြန်း လို့ ရေခပ် တဲ့ အမျိုးသမီး နာမည် က “ ဗေဒါရီ ” ဆိုတာ သိ ရတယ် ။


ဗေဒါရီ က မင်းသား နှစ်ပါး ကို သူ့ အဘ ရသေ့ကျောင်းသင်္ခမ်း ကို ရှေ့ဆောင် ကာ ခေါ် သွားသတဲ့ ။ တကယ် တော့ အဘ ရသေ့ ဟာ ဗေဒါရီ ကို မွေးကင်းစ အရွယ် တောစပ် မှာ တွေ့ ရတာတဲ့ ။ ကြန်အင် လက္ခဏာ အရိုးအဆစ် ပြေပြစ် လှပချောမော တာ နဲ့ ကောက်ယူ မွေးစားခဲ့တာပဲ ။ ဗေဒါရီ လို့ အမည် မှည့် ခဲ့သတဲ့ ။


ဗေဒါရီ အရွယ် ရောက် လာတော့ အဝကျဉ်း ဘူးသီးခြောက် ဘူး နဲ့ မြစ်ဆိပ် မှာ နေ့စဉ် ရေခပ် ခိုင်း ခဲ့တာပေါ့  ။


သည် ကနေ့ ဗေဒါရီ ပြန် လာ တာ စော လို့ အကျိုးအကြောင်း မေး တော့ မှ အဘရသေ့ အကြောင်းစုံ သိ ရတယ် ။ မင်းသားတွေ ရဲ့ မျိုးရိုးဇစ်မြစ် ကို မေးမြန်း တော့ တူ အရင်းတွေ ဖြစ် နေမှန်း သိ ရသတဲ့ ။


ရသေ့ကြီး ဟာ တကောင်း မိဖုရားကြီး ရဲ့ မောင် ဖြစ်သတဲ့ ။ တစ်နေ့ တောဝက်ကြီး နှိမ်နင်းဖို့ လိုက် ရင်း နယ် လည်း ကျွံ လာ ၊ တောဝက်ကြီး ကို လည်း အပြီး တိုင် နှိမ်နင်း နိုင်ခဲ့တယ် ။ ဒါပေမဲ့ ဝက်ကြီး ကို သူ နှိမ်နင်း ပြီးကြောင်း နေပြည်တော် ပြန် ဘုရင် ကို လျှောက် ရင် ယုံမှာ မဟုတ်ဘူး ။ သူ့ အသက်အရွယ် နဲ့ ဝက်ကောင်ကြီး ထမ်း ပြီး တော့လည်း မသွားလို တော့ဘူး ။ နောက် လောကီစည်းစိမ် တွေ ကို လည်း သူ ငြီးငွေ့ လာ သတဲ့ ။ ဒါနဲ့ ရသေ့ရဟန်း ပြုပြီး ကျောင်း ဆောက် သတင်းသုံး နေတာ ပေါ့ကွယ် ။ အဲဒီ အရပ် ဟာ ရသေ့မြို့ လို့ တွင် သတဲ့ ။


တစ်ဦး နဲ့ တစ်ဦး စကားတွေ လိမ်ပတ် လည် တော့ ရသေ့ကြီး က ပြော သတဲ့ ။ “ ကဲ ... ငါ့ တူအကြီး မဟာသမ္ဘဝ နဲ့ ဗေဒါရီ ကို ထိမ်းမြားပေးမယ် ။ မြို့ နန်း တည်ပြီး နေကြပေတော့ ” ဆိုပြီး ရသေ့ကြီး က လက်ထပ် ပေးခဲ့တယ် ။


မဟာသမ္ဘဝမင်းကြီး နတ်ရွာစံ ကံ ကုန်တော့ ညီ စူဠာသမ္ဘာဝ က ဆက်ပြီး နန်း တက်တယ် ။ ဗေဒါရီ ကို လည်း မိဖုရား ဆက် မြှောက် တယ် ။ အစ်ကိုတော် ရဲ့ ကိုယ်ဝန် သုံးလ ပါ လာတယ် ။ သူတို့ မှာ သားတော် ထွန်းကား လာ တယ် ။ နဖူး မှာ မှဲ့ရှင်တော် ပါ လာလို့ ဘုန်းကံ ကြီးမား သတဲ့ ။ နောင်အခါ သရေခေတ္တရာပြည် ကို တည်ထောင် တဲ့ “ ဒွတ္တဘောင် ” မင်းကြီး ဖြစ် လာ သတဲ့ကွယ် ။



❝ ဒွတ္တဘောင်မင်းကြီး ❞


ကလေးတို့ ရေ ...


စူဠာသမ္ဘဝမင်းကြီး နဲ့ ဗေဒါရီ မိဖုရား တို့ က မွေးဖွား လာတဲ့ ဒွတ္တဘောင် ဟာ သရေခေတ္တရာပြည် တည်ပြီး မင်း ပြု သတဲ့ ။ သရေခေတ္တရာ ဆိုတာ အခု ခေတ် ပြည်မြို့ တောင်ဘက် နား မှာ ရှိ တဲ့ မှော်ဇာမြို့ နေရာ ဖြစ်သတဲ့ ။


ဒွတ္တဘောင်မင်းကြီး မှာ မွေးဖွားစဉ် က နဖူး မှာ မှဲ့ရှင်တော် ပါလာတယ် ဆိုတာ ပြောခဲ့ ပြီနော် ။ ဒါကြောင့် လည်း ဒွတ္တဘောင်မင်းကြီး ဟာ ဘုန်းတန်ခိုး ကြီး တဲ့ မင်း ဖြစ် လာ တာပေါ့ ။ သူ့ ရဲ့ စွမ်းဆောင်ချက် ထက်မြက် တဲ့ အရည်အချင်း နဲ့ လည်း သက်ဆိုင်တာ ပေါ့ ကွယ် ။


ဒွတ္တဘောင်မင်းကြီး ဟာ ရဟန်း ပညာရှိ ၊ ရသေ့ ပညာရှိ ၊ လူ ပညာရှိ စသူတို့ နဲ့ တိုင်ပင် ညှိနှိုင်းပြီး မြို့အင်္ဂါ ( ၇ ) ပါး နဲ့ အညီ သရေခေတ္တမြို့ကို တည် ခဲ့တယ် ။ အဲဒီ မြို့ အင်္ဂါ ( ၇ ) ပါး က တံခါးကြီး ( ၃၂ ) ရပ် ၊ တံခါးငယ် ( ၃၂ ) ရပ် ၊ ကျုံးမြောင်းပစ္စင် ၊ ရင်လျှောက် ၊ တန်ဆောင်း ၊ ပြအိုး တို့ ဖြစ်ကြတယ် ။ မြို့အင်္ဂါ နဲ့ ညီညွတ်တော့ တင့်တယ် တာ ပေါ့ကွယ် ။


ဒွတ္တဘောင်မင်းကြီး ဟာ ပျူမိဖုရား ၊ နှမတော် ဘေစန္ဒီ စတဲ့ မိဖုရား နှစ်ပါး နဲ့ ရာဇဘိသေက မင်း အဖြစ် ခံယူ သတဲ့ ။ ဒွတ္တဘောင်မင်းကြီး မှာ ဘုန်းလက်ရုံး ပြည့်စုံတဲ့ အပြင် သီလဝံသ ၊ ရန်အပေါင်း နှိမ်နင်းနိုင် တဲ့ အရိန္ဒမာ လှံ ၊ ခေါင်းလောင်းစည်ကြီး တို့ လည်း ရှိ သတဲ့ ။ သံတမန် အတတ် မှာ လိမ္မာ တဲ့ အမတ်နီးပါး ၊ ငရဲကျား ၊ ပဉ္စင်ဖြူ ၊ ပဉ္စင်ညို စတဲ့ အမတ်တွေ လည်း ရှိ သတဲ့ ။


အိမ်နီးချင်း တိုင်းပြည်တွေ က လည်း ဒွတ္တဘောင်မင်းကြီး ထံ ကို သမီးကညာ ၊ ဆင်ရတနာ ၊ မြင်းရတနာ ၊ ပတ္တမြား စတဲ့ ရွှေငွေကျောက်သံ တွေ ၊ အဝတ်အထည် အမျိုးမျိုး လက်ဆောင် ဆက်ကြသတဲ့ ။ ဒွတ္တဘောင်မင်းကြီး လက်ထက် မှာ ရဟန္တာမြတ် ( ၃ဝဝဝ ) တို့ အား လည်း နေ့တိုင်း မပြတ် ပစ္စည်းလေးပါး ( ဆွမ်း ၊ ဆေး ၊ သင်္ကန်း ၊ ကျောင်း ) လည်း လှူဒါန်း လေ့ရှိ သတဲ့ ။ စေတီပုထိုး တွေ လည်း များစွာ တည်ခဲ့တယ် ။


ဒွတ္တဘောင်မင်းကြီး လက်ထက် မှာ သာသနာ လည်း ထွန်းကား ခဲ့တယ် ။ ရဟန်း ပညာရှိ ၊ လူ ပညာရှိ တို့ နဲ့ တိုင်ပင်ပြီး ဓမ္မသတ်ကျမ်း ကို လည်း ပြုစု ခဲ့တယ် ။ အဲသည်လောက် ဘုန်းကံ ကြီးမားတဲ့ မင်းကြီး ဟာ တစ်ခါ မှာ တော့ မုန့်သည်မ တစ်ယောက် က ဆရာရဟန်း ကို ကျောင်းဝတ္တက မြေ အဖြစ် လှူဒါန်းတဲ့ မြေ ငါးပယ် မျှ ကို သိမ်းယူ မိသတဲ့ ။ အဲဒီ အဖြစ်ကြောင့် ဘုန်းတန်ခိုး မှေးမှိန် လာ သတဲ့ ။ လုပ်ကိုင်တဲ့ ကိစ္စတွေ မအောင်မြင်ဘူး ပေါ့ ကွယ် ။


ဒါကြောင့် ရဟန်းပညာရှိများ ကို မေးလျှောက် တော့ သူ့ အမှား ကို သိ ရပြီး မုန့်သည်မ ရဲ့ ဆရာရဟန်း ထံ သိမ်း တဲ့ မြေ ပြန် အပ်လှူ သတဲ့ ။ တစ်ခါတော့ အရပ်ရပ် က အခွန်တော်တွေ မရောက် မဆက် တာ ကြောင့် ပဉ္စင်းဖြူ ၊ ပဉ္စင်းညို အမတ် တို့ ကို အခွန် သွား ကောက်စေတယ် ။ အဲဒီ အမတ် နှစ်ဦး ဟာ ခုနစ်နှစ် တိုင်တိုင် အခွန် ကောက်ပြီး ဆက် သတဲ့ ။ ဒါတောင် မင်းကြီး က မကျေနပ် လို့ တစ်ဖက် လှည့် နဲ့ အမတ် နှစ်ဦး ကို ကွပ်မျက် စေ သတဲ့ ။


တစ်ရံခါ မှာ တော့ မင်းကြီး ဟာ တိုင်းခန်း လှည့်ရင်း ပန်ထွာပြည် အရောက် မှာ ပန်ထွာမိဖုရား မကောင်း တဲ့ နှလုံး နဲ့ စီရင် ထားတဲ့ လက်သုတ်ပဝါ ကို မဆင်ခြင် ဘဲ မျက်နှာ သုတ် မိသတဲ့ ။ အဲဒီမှာ မင်းကြီး ရဲ့ မှဲ့ရှင်တော် ကွယ် လေ သတဲ့ ။ 


ဒွတ္တဘောင်မင်းကြီး ဟာ သက်တော် ( ၁၀၅ ) နှစ် မှာ နတ်ရွာစံ ကံ ကုန်တော် မူ သတဲ့ ။ ဒွတ္တဘောင် မင်းဆက် ကိုးဆက် ရှိ လေ သတဲ့ ။


ကလေးတို့ ရေ ... 


ဒွတ္တဘောင်မင်းကြီး ရဲ့ အကြောင်း မှာ အတု ယူစရာ ကော ၊ ဆင်ခြင်ပြီး သင်ခန်းစာ ယူစရာ တွေ ပါ ပါတယ်ကွဲ့ ။ သေသေချာချာ ဖတ် ကြည့် ကြပေါ့ကွယ် ။



❝ ပျူစောထီးမင်း ❞


ကလေးတို့ရေ …..


တကောင်းပြည်ကြီး မှာ ခမည်းတော် သတိုးမဟာရာဇာ မင်းကြီး နဲ့ သားတော် မဟာသမ္ဘဝမင်း တို့ မင်းပြိုင် စံ ခဲ့ ကြတယ် ။ အဲဒီ မင်းတွေ က နွယ်တော်စဉ်ဆက် ဖြစ်တဲ့ တကောင်း နန်းရိုး ဖြစ်တဲ့ သတိုးအာဒိစ္စရာဇာ အမည် ရှိတဲ့ သာကီဝင်မင်း ဟာ မလည် အရပ် မှာ ပြည်ရွာ မငြိမ်မသက် ရှိ တာကြောင့် တခြား အရပ်တစ်ပါး ရှောင်လွှဲပြီး မထင်မရှား အသွင် နဲ့ ဥယျာဉ်တောင်ယာ လုပ်ကိုင် စား နေ သတဲ့ ။


ထို အရပ် က လူတွေ ဟာ နဂါး ကို ကိုးကွယ်ကြ သတဲ့ ။ နဂါးတွင်း မှာ သားဆု ပန် တာ တွေ လည်း ရှိသတဲ့ ။ တစ်ခါမှာ တော့ သတိုးအာဒိစ္စရာဇာမင်း ရဲ့ မိဖုရား မှာ ကိုယ်ဝန် ရှိ ပြီး နေ့လ စေ့တဲ့ အခါ ရုပ်ဆင်းအင်္ဂါ နဲ့ ပြည့်ဝ တဲ့ သားတော် တစ်ပါး ဖွားမြင်တယ် ။ စောထီး လို့ အမည် ပေး ထား သတဲ့ ။


စောထီး ( ၇ ) နှစ် ခန့် ရှိတဲ့ အခါ အဲဒီ အရပ် မှာ လေး အတတ် ကို အပြီးတိုင် တတ်မြောက် တဲ့ ဆရာရသေ့ ထံ ပညာ သင် ဖို့ အပ်နှံ သတဲ့ ။ ဆရာရသေ့ ဟာ အထူး ထူး သော လောကီဗေဒင်ကျမ်း တို့ ကို လည်း တတ်မြောက် သတဲ့ ။ အဆင်းအင်္ဂါ နဲ့ ပြည့်စုံ တဲ့ စောထီး ကို ဆရာရသေ့ မြင်တဲ့ အခါ ဤ လူငယ် ဟာ တစ်နေ့ မှာ မင်း ဖြစ်မယ် ဆိုတာ သိ သတဲ့ ။ ဒါကြောင့် မင်းထီး လို့ ခေါ်တွင် စေ ပြီး မင်း တို့ တတ်အပ်တဲ့ အဌာရသပညာများ ကို သင် ပေး လေ သတဲ့ ။


မင်းထီး ( ၁၆ ) နှစ် အရွယ် ရောက်တဲ့ အခါ ခမည်းတော် ၊ မယ်တော် တို့ ကို ပန်ကြားပြီး ပုဂံပြည် ဆီ ထွက် ခဲ့ သတဲ့ ။ ရတနာ နဲ့ စီခြယ် ထား တဲ့ လေးမြား တို့ ကို လည်း ခမည်းတော် က ပေး လိုက်သတဲ့ ။


မင်းထီး ပုဂံပြည် ရောက်တော့ မြေခံတွင်းရွာ နေ ပျူအို လင်မယား ထံ မှာ မှီတင်း နေထိုင် သတဲ့ ။ ပျူအို လင်မယား က လည်း သားသမီးရင်း မရှိတာ ကြောင့် မင်းထီး ကို သား အမှတ် မွေးစားကြ သတဲ့ ။


တစ်ခါ မှာ တော့ မင်းထီး ဟာ သူ့ မှာ ပါလာတဲ့ လေးမြားတို့ ကို စမ်း လိုတာ နဲ့ တောထဲ သွားဖို့ ပျူအို လင်မယား ထံ ခွင့်ပန် သတဲ့ ။ ပျူအို လင်မယား လည်း စိုးရိမ်မကင်း ရှိတာကြောင့် “ တောကြီး ထဲ သွားရင် အရှေ့ အရပ် မှာ ဝက်ကြီး တစ်ကောင် ဟာ အရန် အကောင် ( ၅၀၀ ) နဲ့ နေတဲ့ အကြောင်း ၊ အနောက်အရပ် မှာ ငှက်ကြီး တစ်ကောင် ဟာ လည်း အရန် ( ၅ဝဝ ) နဲ့ မင်းမူ နေကြောင်း ၊ တောင်မျက်နှာ မှာ လည်း ကျားကြီး တစ်ကောင် ဟာ အရန် ( ၅ဝဝ ) နဲ့ သောင်းကျန်း နေကြောင်း ၊ မြောက်ဘက်အရပ် မှာ ရှူးပျံကြီး ဟာ လည်း အရန် ( ၅၀၀ ) နဲ့ နေကြောင်း သေသေချာချာ ပြော ပြ သတဲ့ ။


အဲဒီ ဝက်ကြီး ၊ ကျားကြီး ၊ ငှက်ကြီး ရှူးပျံကြီး တို့ ဟာ တိုင်းပြည် မှာ ဆိုးသွမ်း မင်းမူ နေတာ ( ၁၂ ) နှစ် တိုင် ကြာ သတဲ့ ။ ပြည်ရွာလူထု ဟာ နေ့ည ထိတ်လန့် နေရ သတဲ့ ။ ဘူးပင်တွေ လည်း သတ်မနိုင် အောင် များနေ သတဲ့ ။


မင်းထီး ဟာ ရှေးဦးစွာ အရှေ့အရပ် ဝက်ကြီး ရှိရာ သွားတယ် ။ ဝက်ကြီး ဟာ မင်းထီး ကို မြင်တော့ အမွေးအမှင်တွေ ထောင်ပြီး ပုတ် လောက် ရှိတဲ့ မြေစိုင်မြေခဲ တွေကို တူးဖော် ၊ သစ်ပင်ကြီးငယ် တွေ ကို ထိုးကြိတ် ပြီး မင်းထီး ကို ရန်ပြု ဖို့ ပြေး လာတယ် ။ မင်းထီး က မြား နဲ့ ခွင်း လိုက်တာ ဝက်ကြီး ကို ဒက်ထိ မှန် လေတယ် ။ ဝက်ကြီး အော်ပြီး ပြေး ထွက် ကာ ဧရာဝတီမြစ် ကို ကူး သွား သတဲ့ ။ တစ်ဖက်ကမ်း ကန် တစ်ခု မှာ ပူ လွန်းလို့ ရေ ဆင်း သောက်ရင်း ဝက်ကြီး သေသတဲ့ ။ အဲဒီ ကန် ကို ဝက်သေကန် လို့ အခု ထိ ခေါ် ကြတယ် ။


ဝက်ကြီး သေ လို့ သုံးရက် အကြာ မှာ မင်းထီး ဟာ အနောက်ဘက် ငှက်ကြီး ရှိ ရာ တော ထဲ သွား လေတယ် ။ အဲဒီ အချိန် မှာ ငှက်စာဆော် ၊ ငကော် ဟာ မိန်းမ ( ၇ ) ယောက် ကို ငှက်စာ ကျွေး ဖို့ ခေါ် လာ သတဲ့ ။ မင်းထီး က တား ထားတယ် ။ ငှက်ကြီး ဟာ မင်းထီး ဆီ ပြေးလာပြီး ပေါက် လိုက်သတဲ့ ။ မင်းထီး က လေး ထောက်ပြီး ခုန် ရှောင် လိုက်တယ် ။ ငှက်ကြီး ဟာ လူ ကို မထိ ဘဲ မြေကြီး ပေါက် မိ လို့ အဲဒီ မြေကြီး ကို ထွေးအံ ပစ်တာ မြေစာတွေ ဟာ တောင်ငယ် မျှ ရှိ သတဲ့ ။ အဲဒီ နေရာ ကို အခုထိ ငှက်အန်တောင် လို့ ခေါ်ကြတယ် ။ မင်းထီး ဟာ လုံးဝ ကြောက်လန့်ခြင်း မရှိဘဲ လေး တင် ကာ မြား နဲ့ ခွင်း လိုက်တယ် ။ ငှက်ကြီး လည်း မြား မှန် ပြီး သေ လေ သတဲ့ ။


မင်းထီး လည်း ငှက်တောင် တစ်ချောင်း ကို နုတ်ပြီး မိန်းမ ခုနစ်ယောက် ကို ရွက် စေကာ မင်းကြီး ထံ ဆက် စေသတဲ့ ။ မိန်းမ ခုနစ်ယောက် လည်း ငှက်တောင် ကို ရွက် လာပြီး လမ်း မှာ လေး လွန်း တာ နဲ့ မရွက်နိုင်ဘဲ ပစ် ခဲ့ သတဲ့ ။ အဲဒီ အရပ် ကို ငှက်တောင်ပစ် အရပ် လို့ ခေါ် ကြတယ် ။ မင်းထီး ငှက်ကြီး ကို လေး နဲ့ ပစ် သ,တ် တဲ့ အရပ် ကို လည်း ငှက်ပစ်တောင် လို့ ယခု တိုင် ခေါ်ကြတယ် ။


မိန်းမ ( ၇ ) ယောက် လည်း အကျိုးအကြောင်း ကို မင်းကြီး ထံ တင်လျှောက် လေတယ် ။ မင်းထီး လည်း တောင်မျက်နှာ က ကျားဆိုးကြီး ၊ မြောက်အရပ် က ရှူးပျံကြီး တို့ ကို လည်း လေး နဲ့ ပစ်ခွင်း ကာ နှိမ်နင်း နိုင် လေတယ် ။


သမုဒ္ဒရာဇ်မင်းကြီး ဟာ အကြောင်းစုံ သိလို့ လုလင် ရှိရာ ကို စစ်အင်္ဂါလေးပါး နဲ့ ကြွရောက် လာလေ သတဲ့ ။ စစ်အင်္ဂါလေးပါး ဆိုတာ က ဆင် ၊ မြင်း ၊ ရထားစီးစစ်သည် နဲ့ ခြေလျင်စစ်သည် တို့ ဖြစ်တယ် ။ ရောက်တဲ့ အခါ လုလင် ရဲ့ စွမ်းသတ္တိ ကို ချီးမွမ်းပြီး မျိုးရိုး ကို မေးမြန်းတယ် ။ ဘယ် လက်နက် နဲ့ ခွင်းကြောင်း လည်း မေးမြန်းကာ အားရတာ ကြောင့် သမီးတော် သီရိစန္ဒာ နဲ့ လက်ထပ်ထိမ်းမြား ပေးလေ သတဲ့ ။ အိမ်ရှေ့ အရာ လည်း အပ်နှင်းလေတယ် ။


ပျူစောထီး အိမ်ရှေ့မင်း ဖြစ်ပြီး သုံးနှစ် အကြာ မှာ သမုဒ္ဒရာဇ်မင်းကြီး နတ်ရွာစံ ကံတော် ကုန် သတဲ့ ။ အဲဒီအခါ ပျူစောထီး မင်း ဖြစ်လာတာ ပေါ့ကွယ် ။ ပျူစောထီးမင်း ဟာ ဘုန်းလက်ရုံးအာဏာ နဲ့ ပြည့်စုံတဲ့ မင်း မို့ အခြားတိုင်းပြည် က မင်း တို့ ဟာ လက်ဆောင်ပဏ္ဏာ ၊ ရွှေငွေရတနာ ၊ သမီးကညာ ၊ ဆင်ရတနာ ၊ မြင်းရတနာ တို့ ဆက် ကြ ရတယ် ။


ငှက်ကြီးဦးခွံ မြှုပ်ရာ အရပ် မှာ လည်း ဥမင် နဲ့ ဘုရား တည် သတဲ့ ။ ငှက်ကြီး ကို ခွင်း တဲ့ အရပ် မှာ လည်း ဥမင် နဲ့ ဘုရား တည်တော် မူတယ် ။ ဘုရား ၊ ဂူကျောင်း ၊ ဥမင် တို့ ကို တည်ဆောက် တာ လည်း များလှ သတဲ့ ။ ထို မင်း လက်ထက် မှာ တိုင်းသူပြည်သား တို့ ကို လည်း ရင်ဝယ်သား ကဲ့သို့ သနားညှာတာ တာ ကြောင့် တိုင်းပြည် လူထု စည်ပင်ဝပြော ရှိကြလေ သတဲ့ ။ ကောသမ္ဘီမြို့ ကို တရုတ်စစ်သည် တွေ ကျူးကျော်ရာ မှာ ပျူစောထီးမင်း တိုက်ခိုက် အောင်မြင်လေတယ် ။ ပျူစောထီးမင်း ဟာ ထီးနန်းစည်းစိမ် ( ၇၅ ) နှစ် စိုးစံပြီး သက်တော် ( ၁၁၀ ) မှာ ကံတော် ကုန် လေတယ် ။



❝ ငတပါးမင်း ❞


ကလေးတို့ရေ ...


သရေခေတ္တရာပြည်ကြီး မှာ ငတပါးမင်းဆက် ဆိုတာ လည်း ရှိခဲ့တယ် ကွယ့် ။ ငတပါးမင်း ရဲ့ အကြောင်း က ဆန်း တော့ အဆန်းသား ပဲ ။ သက္ကရာဇ် ( ၄၃၃ ) မှာ ငတပါး မင်း ဖြစ် သတဲ့ ။


သရေခေတ္တရာ မှာ နေတဲ့ သူ တစ်ဦး ဟာ မိမိ သား ကို ထူးချွန်စေချင်တာ နဲ့ ဆရာ ရဟန်း ထံ အပ်နှံပြီး ပညာ သင်စေ သတဲ့ ။ ထို သူငယ် ဟာ ဆရာ ကို လည်း ရိုသေလေးမြတ် ရှိ သတဲ့ ။ ဆရာ့ စကား လည်း မြေဝယ် မကျ နားထောင် တာကြောင့် ဆရာ က လည်း ထို သူငယ် ကို ချစ်ခင်လေ သတဲ့ ။


တစ်နေ့ မှာ တော့ ဆရာ မွေးထား တဲ့ ကြက်ဖ ဟာ ခေါင်းစား မင်း ဖြစ်လတ္တံ့ ဆိုပြီး တွန် သတဲ့ ။ ဆရာ က လည်း ကြက် တွန်သံ ထူးတယ် ဆိုပြီး သူငယ် ကို ခေါ်ကာ


“ မောင်ရင် ၊ ဒီ ကြက် ဟာ အထူးထူး အပြားပြား တွန် တယ် ။ ချက်ပြုတ်ပြီး ငါ့ ထံ ကပ် ” 


လို့ အမိန့် ပေး လိုက်သတဲ့ ။ ဒါနဲ့ သူငယ် လည်း ဆရာ ခိုင်းတဲ့ အတိုင်း ပြု သတဲ့ ။ ချက်ပြုတ် ပြီး လို့ ဟင်း မြည်းမယ် လုပ်တဲ့ အခါ ကြက်ခေါင်း ဟာ ပြုတ်ကျ ပြီး စား ဖို ထဲ ကျ သွား သတဲ့ ။ သူငယ် က ဒီ ကြက်ခေါင်း မသန့်တော့ဘူး ဆိုပြီး ရေ ဆေး ကာ စား လိုက် သတဲ့ ။


အချိန်တန် လို့ ဆွမ်းဟင်း ကပ်တဲ့ အခါ ကြက်ခေါင်း ပါ မလာလို့ ဆရာ က မေး တော့ “ အောက် ပြုတ်ကျ လို့ မသန့်တာ နဲ့ တပည့် စားလိုက်ပြီ ” လို့ လျှောက် သတဲ့ ။


ဆရာတော် လည်း ဒီ ကြက် တွန်တာ မှန် ၊ မမှန် စောင့် ကြည့်ရတော့မယ် လို့ စဉ်းစားပြီး သူငယ် ကို အထူးထူး သော လောကဝတ် ၊ ဓမ္မဝတ် ၊ ရာဇဝတ် တို့ ကို တတ်အောင် သင် ပေးပြီး စစ်သူကြီး ထံ အပ်နှံ လိုက် လေ သတဲ့ ။


အမတ်စစ်သူကြီး လည်း ထို သူငယ် ကို သား အမှတ် ဖြင့် ချစ်ခင်လေ သတဲ့ ။ သူငယ် လည်း ရုပ်ဆင်းအင်္ဂါ ကောင်းမွန် တာ ကြောင့် အဝတ်တန်ဆာ တင့်တယ်စွာ ဆင်ယင် ပြီး သွားရာ ခေါ် သွား သတဲ့ ။


တစ်ခါ မှာ တော့ စစ်သူကြီး ဟာ ထို သူငယ် ကို ဘုရင့် ထံ ခေါ်သွားပြီး ခစားစေ သတဲ့ ။ မင်းကြီး လည်း ထို သူငယ် ရဲ့ အမူအရာ သိမ်မွေ့ ကျစ်လစ်ပြီး လိမ္မာရေးခြား ရှိ ပုံ ကို သတိ ပြု မိတာ ကြောင့် စစ်သူကြီး ထံ က တောင်းပြီး သား အမှတ် မွေးစား သတဲ့ ။


ထို သူငယ် လည်း ဉာဏ်ပညာ ထက်မြက် သူ ဖြစ်ပြီး မင်းမှုရေးရာ လည်း နားလည်ကာ တရားစီရင်ရေး ၊ ပြည်ထဲရေး မှာ လည်း လိမ္မာတတ်မွန် တာ တွေ့ရ သတဲ့ ။ မင်းကြီး ကို လည်း အလွန် ရိုသေတာ ကြောင့် သမီးတော် နဲ့ ထိမ်းမြားပေး ကာ နန်းလျာ အဖြစ် ထားသတဲ့ ။ မှူးမတ်တွေ က လည်း နှစ်လို ဝမ်းသာ ရှိကြ သတဲ့ ။


ထို သူငယ် ကို အိမ်ရှေ့နန်းလျာ ထား ပြီး ( ၁၅ ) နှစ် ရှိတဲ့ အခါ မင်းကြီး နတ်ရွာစံ လေတယ် ။ အဲဒီအခါ ထို သူငယ် မင်း ဖြစ်ပြီး ငတပါးမင်း လို့ တွင် သတဲ့ ။ ငတပါးမင်း ဟာ ရတနာ သုံးပါး ကို လည်း ဆည်းကပ်ပြီး မှူးမတ် ပညာရှိ တို့ နဲ့ လည်း တိုင်ပင် ကာ မင်းကျင့်တရား နဲ့ အညီ အုပ်စိုးလေ သတဲ့ ။ ကြက်ခေါင်းစားရ လို့ အဓိပ္ပာယ် ရ တဲ့ သရမာ ပုထိုး ဘုရားကြီး ကို လည်း တည် သတဲ့ ။ ထို ဘုရားကြီး ပြီး လို့ သာဓု ခေါ်တဲ့ အခါ မြေကြီး လှုပ်သတဲ့ ။ 


ငတပါးမင်း ဟာ မင်းစည်းစိမ် ( ၅၁ ) နှစ် ၊ သက်တော် ( ၆၆ ) နှစ် မှာ ကံ ကုန် လေတယ် ။


ငတပါးမင်း ဟာ မင်းမျိုးမင်းနွယ် မဟုတ်ပေမယ့် ရတနာသုံးပါး ကို ကြည်ညိုလေးမြတ်ခြင်း ၊ မိဘ ဆရာ ကို ရိုသေစွာ လုပ်ကျွေးခြင်း ၊ လုံ့လဝီရိယ ရှိပြီး ပညာ ထူးချွန်ထက်မြက် တာ ကြောင့် မင်း ဖြစ်ရတာပေါ့ ကွယ် ။ ရာဇဝင် မှာ တော့ ငတပါးမင်းဆက် ( ၁၆ ) ဆက် ရှိတယ်လို့ ပြ ပါတယ်ကွယ် ။



❝ မင်းမဟာဂီရိ ❞


ကလေးတို့ရေ ....


ဟိုး ရှေးတုန်း က တကောင်းပြည် မှာ ပန်းပဲဆရာ တစ်ယောက် ရှိခဲ့ သတဲ့ ။ ပန်းပဲဆရာ ဆိုတာ ဓား ၊ လှံ ၊ ကတ်ကြေး က စလို့ ထည်သွား ၊ ပေါက်ဆိန် စသည် ဖြင့် သံ နဲ့ လုပ်တဲ့ ကိရိယာ ပစ္စည်း တွေ ကို ထုလုပ် ရာ မှာ ကျွမ်းကျင်သူ ကို ပန်းပဲဆရာ လို့ ခေါ်တယ် ကွယ့် ။


တကောင်းပြည် က ပန်းပဲဆရာ ရဲ့ အမည် က မောင်တင့်တယ် လို့ ခေါ်တယ် ။ မောင်တင့်တယ် ဟာ အင်မတန် အင်အား ကြီး သတဲ့ ။ ဆင်ပြောင်ကြီး ကို လည်း ကိုင်မြှောက် ပေါက်ချ နိုင် သတဲ့ ။ ခွန်အားဗလ ကောင်း တဲ့ မောင်တင့်တယ် ရဲ့ သတင်း ဟာ ကျော်ကြား နေပြီး အဲဒီ အချိန် က တိုင်းပြည် အုပ်ချုပ် နေ တဲ့ တကောင်းမင်းကြီး ကြား သွား သတဲ့ ။


ဒီတော့ တကောင်းမင်းကြီး ဟာ သူ့ ထီးနန်း ကို လု ယူ မှာ စိုးရိမ်မိသတဲ့ ။ ဒါ့ကြောင့် သူ့ ရဲမက် တွေ ကို စေလွှတ် လိုက်ပြီး မောင့်တင့်တယ် ကို ဖမ်းကာ သ,တ်စေ ဖို့ အမိန့် ပေး လိုက် သတဲ့ ။ မောင်တင့်တယ် ကို ခင်မင်ကြတဲ့ သူတွေ က အဲဒီ သတင်း ကြား လို့ မောင်တင့်တယ် ကို ပြောတော့ မောင်တင့်တယ် လည်း ဘေး လွတ်ရာ မလည် တော အရပ် ကို ရှောင်ပြေး ပုန်းလေ သတဲ့ ။


ဒါနဲ့ ရဲမက်တွေ လည်း မောင်တင့်တယ် ကို ဖမ်း မမိဘူးပေါ့ ကွယ် ။ တကောင်းမင်း လည်း မောင့်တင့်တယ် ကို ဖမ်း မမိရင် စိတ် မအေးရဘူး ဆိုပြီး ဘယ်လို ဖမ်းရမယ် ဆိုတာ စိတ်ကူး ထုတ် နေသတဲ့ ။


မောင်တင့်တယ် မှာ ချောမောလှပ တဲ့ စောမယ်ယာ နဲ့ ရှင်ထွေးလှ ဆိုတဲ့ နှမ နှစ်ယောက် ရှိ သတဲ့ ။ အဲဒါကို ဘုရင်ကြီး သိတော့ မောင်တင့်တယ် ရဲ့ နှမ စောမယ်ယာ ကို မိဖုရား အဖြစ် ကောက်ယူ ခဲ့ သတဲ့ ။ လ အနည်းငယ် ကြာတော့ ဘုရင် က စောမယ်ယာ ကို ပြောတယ် ။ “ မောင်တင့်တယ် ကို တကောင်း ပြန် လာအောင် ခေါ်ပါ ။ မြို့စား ရာထူး ပေးချင်လို့ ” လို့ ဆိုပြီး အကောက်ဉာဏ် နဲ့ ခေါ် ခိုင်း သတဲ့ ။ စောမယ်ယာ က လည်း ဘုရင့် စကား ယုံကြည် ပြီး သူ့ မောင် မောင်တင့်တယ် ကို လူကြုံ နဲ့ အကျိုးအကြောင်း ပြောကာ ခေါ်စေ သတဲ့ ။


မောင်တင့်တယ် လည်း ဘုရင့် စကား ကို အဟုတ် မှတ်ပြီး တကောင်း ကို ရောက် လာ တော့ တာပေါ့ ။ တကောင်း ရောက်တယ် ဆိုရင်ပဲ ဘုရင့် ရဲမက်တွေ က မောင်တင့်တယ် ကို ဖမ်းပြီး ဧရာဝတီ မြစ်ကမ်း နဖူး က စကားပင်ကြီး မှာ တုပ်နှောင် ထားလေ သတဲ့ ။ ဘုရင် က အဲလို လုပ်ဖို့ အမိန့် ထုတ်ပြီးသား ကိုး ။


မောင်တင့်တယ် ကို ဖမ်းမိကြောင်း ဘုရင် ကို လျှောက်တော့ မိဖုရားစောမယ်ယာ ကို ခေါ်ပြီး ခြွေရံသင်းပင်းတွေ နဲ့ ဘုရင် ဟာ မြစ်ဆိပ် ကို ရောက်လာ သတဲ့ ။ မောင်တင့်တယ် ဟာ အလွန် ခွန်အား ကြီးတာ ကြောင့် ဓား နဲ့ ခုတ် ၊ လှံ နဲ့ ထိုးသတ် လည်း မသေကြောင်း ဘုရင် သိတော့ ဧရာမ မီးပုံကြီး ဖို စေ သတဲ့ ။ ဒါနဲ့ မောင်တင့်တယ် ကို အပြစ် မရှိဘဲ မီးရှို့ သတ်ကြတာပေါ့ ကွယ် ။


အဲဒီလို မြင်ကွင်း ကို နှမ ဖြစ်သူ မိဖုရားစောမယ် ယာ မြင် ရတော့ ငါ့ မောင် ဟာ ငါ့ ကြောင့် သေရတယ် ဆိုပြီး မီးပုံတွင်း ခုန် ဆင်း လိုက် သတဲ့ ။


ဒါနဲ့ မောင်တင့်တယ် တို့ မောင်နှမ မီးလောင်ကျွမ်း ပြီး သေဆုံး ကြတော့ နတ်စိမ်း ဖြစ်လေ သတဲ့ ။ အဲဒီ စကားပင်ကြီး မှာ ပဲ မှီတင်း နေကြသတဲ့ ။ မောင်တင့်တယ် နတ်မောင်နှမ ဟာ တရား မဲ့ လှ တဲ့ ဘုရင် ကို စိတ်နာပြီး စကားပင် အောက် ဝင်လာသူတွေ ကို ဒုက္ခ ပေးလေ သတဲ့ ။


တကောင်းဘုရင် ကြားတော့ အလွန် ထိတ်လန့်ကြောက်ရွံ့ပြီး စကားပင် ကို အမြစ် ပါ တူးပြီး ဧရာဝတီ မြစ်တွင်း မျှော လိုက်လေ သတဲ့ ။ ဒီ စကားပင်ကြီး ဟာ မြစ် မှာ မျော လာ ပြီး ပုဂံပြည် ကို ဆိုက်ရောက်လာ သတဲ့ ။


အဲဒီ အချိန် က ပုဂံပြည် မှာ သေလည်ကြောင်မင်း အုပ်စိုး နေတယ် ကွယ့် ။ သေလည်ကြောင်မင်း ဟာ အိပ်မ က် အရ စကားပင် ကို ဆယ်ယူစေ သတဲ့ ။ အဲဒီ စကားပင် ကို မောင်တင့်တယ် မောင်နှမ နတ်ရုပ် ထုပြီး ရွှေချ ကာ ပုပ္ပားတောင် မှာ နတ်ကွန်း ဆောက်ပြီး ထားစေ သတဲ့ ။


မောင်တင့်တယ် ကို မင်းမဟာဂီရိ လို့ ခေါ်ပြီး စောမယ်ယာ ( ခေါ် ) စောမြတ်လှ ကို တော့ တောင်ကြီးရှင်နတ် လို့ ခေါ်ကြ သတဲ့ ။



          ◾ ပုဂံခေတ်



❝ စလေငခွေး ❞


ကလေးတို့ ရေ ...


ပုဂံပြည် မှာ သိန်းခွန် ညီအစ်ကို စစ်တိုက်ကြသတဲ့ ။ အဲဒီအခါ မှာ ညီ ဖြစ်သူ စစ်ရှုံး လို့ စလေအရပ် ကို ထွက်ပြေး ပုန်းရှောင်လေ သတဲ့ ။ ထို သူ နဲ့ မြေး တော် တဲ့ ငခွေး ဟာ မိဘတွေ က ဆင်းရဲ လို့ သူကြွယ် တစ်ဦး ထံ မှာ ရောင်းစား လေသတဲ့ ။ ငခွေး ဟာ ဆင်းရဲသော် လည်း ဝတ်ကောင်းစားလှ မက် သတဲ့ ။ လိမ်းစရာ အမွေးနံ့သာ ကို လည်း နှစ်သက် သတဲ့ ။


တစ်ခါတော့ ငခွေး ရဲ့ ပိုင်ရှင်သူကြွယ် က ငခွေး ကို ပုဂံ မှာ ကုန်စည် ရောင်းဝယ် ဖို့ လှေ နဲ့ ထည့် လိုက်သတဲ့ ။ ပုဂံ ကို မရောက် ခင် ည မှာ လှေ ပေါ် အိပ် ရင်း ငခွေး အိပ်မက် မက်သတဲ့ ။ ငခွေး ရဲ့ချက် က အူတွေ ထွက်ပြီး ပုဂံမြို့ကို ရစ်ပတ်တယ် လို့ မက် တယ် ။ ငခွေး လည်း သူ့ အိပ်မက် ကို တအံ့တဩ ရှိနေတာပေါ ။ အကြောင်းထူး ရှိလိမ့်မယ် လို့ လည်း တွက် မိသတဲ့ ။ ဒါနဲ့ လှေ ဆက် လှော်ကာ လာကြ သတဲ့ ။ တစ်ခါမှာ ငခွေး လှေ ထိုး ရာ မှာ ထိုးဝါး နဲ့ငြိပြီး မနောလင်ပန်းတွေ ပါ လာသတဲ့ ။ ငခွေး လည်း ငါ့ အိပ်မက်ကောင်း ဟာ သည်မျှ နှင့် ကျိန်းကျေ မခံနိုင် ဆိုကာ လင်ပန်း ကို မြစ်ထဲ ပြန်ထိုး ချ ခဲ့ သတဲ့ ။


အဲလိုနဲ့ ပုဂံ ကို ရောက်တော့ မင်းဆရာ ပုဏ္ဏား အိမ် ကို သွားပြီး သူ့ အိပ်မက် အကြောင်း မေးလေ သတဲ့ ။ ပုဏ္ဏားကြီး မရှိတာ နဲ့ ပုဏ္ဏားဇနီး ပုဏ္ဏမ က ဘုန်းကြီးမည် ၊ အသက်ရှည်မည် လို့ သာမန် ဟောလိုက် သတဲ့ ။ ငခွေး လည်း အလေးအနက် ဖတ်တာ လို့ မယုံကြည်တာ နဲ့ ဆင်းသွားလေ သတဲ့ ။


ပုဏ္ဏားကြီး ပြန်လာ လို့ အကျိုးအကြောင်း မေးလို့ ပုဏ္ဏမ က ငခွေး အိပ်မက် ၊ သူ ဟောလိုက်ပုံ ကို ပြောပြတော့ ပုဏ္ဏားကြီး က သူ့ မိန်းမ သျောင် ဆွဲဖြတ် ကာ အိမ် အောက် ပစ် လိုက်သတဲ့ ။ အဲဒီ ခဏ မှာ အဲဒီ ဆံထုံး ကို မိုးကြိုး ပစ်ချလေ သတဲ့ ။


ပုဏ္ဏားကြီး လည်း ငခွေး ကို လိုက် ရှာဖွေ ခေါ်ခဲ့ သတဲ့ ။ တွေ့တဲ့ အခါ ခေါ် လာပြီး အသေအချာ မေး သတဲ့ ။ အိပ်မက် အကြောင်း ကော ၊ အမျိုးအမည် ပါ အစုံ မေးသတဲ့ ။ ပြီးနောက် “ အမောင် သီတင်းသီလ ကို ဆောက်တည်ပါ လေ ၊ လုံ့လဝီရိယ နဲ့ နေပါ ၊ မကြာမတင် အချိန်မှာ ပုဂံ တွင် မင်း ဖြစ်မယ် ” လို့ ဟော လိုက် သတဲ့ ။ မင်း ဖြစ်တဲ့ အခါ သူ့ ကို မမေ့ဖို့ လည်း မှာလိုက် သတဲ့ ။


ငခွေး လည်း ပုဂံ မှာ ကုန်စည် ရောင်းဝယ် ပြီး စလေ ကို ပြန်ခဲ့ သတဲ့ ။ ငခွေး ရဲ့ ပိုင်ရှင် သူကြွယ် ဟာ ငခွေး ကို အလွန် နှိပ်စက်ညှဉ်းပန်း သတဲ့ ။ ငခွေး လည်း သူကြွယ် နှိပ်စက်တာ မခံနိုင် လို့ ထွက်ပြေး ပြီး တန်နက် မင်း ထံ မှာ ခစား သတဲ့ ။


တန်နက်မင်း ဟာ ငခွေး ကို သနားတာ နဲ့ မြင်းတွေ ကို ပြုစုဖို့ မြင်းခံ ခန့် လေ သတဲ့ ။ အဲဒီနောက် မှာ ရှင်ဘုရင် ဟာ မောင်းမငယ် တစ်ယောက် နဲ့ အတူ မြင်း ထားရာ တင်းကုပ် ကို နေ့စဉ် လာလေ့ ရှိ သတဲ့ ။ ဘုရင် က ငခွေး ကို “ အချင်း မြင်းခံ ... ၊ မြင်းချေး ကို ဝေးရာ မှာ တွင်းတူး ထည့် ၊ နောက် ခြောက်ရာ က စပြီး မီး ထည့် ၊ အရှိန် နဲ့ ခြောက် ပစေ ။ နောက် မြင်းချေး ကို မီးရှိန် နဲ့ ခြောက်ပစေ ” လို့ ညွှန်ကြား မှာ ထား သတဲ့ ။ ဘုရင် ဆို တိုင်း အလိုကျ ငခွေး က ဆောင်ရွက် သတဲ့ ။


အဲလိုနဲ့ ဘုရင် လာလေ့ ရှိတော့ မောင်းမငယ် နဲ့ ငခွေး ချစ်ကြိုက် သွားကြတယ် ။ တစ်ခါမှာ မောင်းမငယ် နဲ့ ငခွေး တီးတိုး တိုင်ပင် ကာ နောက် တစ်ခါ ဘုရင် အလော မှာ မြင်းချေးတွင်း ထဲ ဘုရင့် ကို တွန်းချလေ သတဲ့ ။


အဲဒီလိုနဲ့ ဘုရင် နတ်ရွာစံ ရတာပေါ့ ။ ငခွေး ဟာ မောင်းမ နဲ့ ပေါင်းပြီး မိဖုရားတွေ ကို ခြိမ်းခြောက်ကာ သူ့ အလို  ကို ပါအောင် ပြုသတဲ့ ။ ဆိုပါတော့ ဒီလိုနဲ့ စလေငခွေး မင်း ဖြစ်လာတာပေါ့ ကွယ် ။


စလေငခွေးမင်း ဟာ အစား လည်း ကြူး သတဲ့ ။ အကွပ်အညှပ် လည်း ပြင်း သတဲ့ ။ ဘုန်းတန်ခိုး ကြီး အမျက်စောင်မာန် ကြီး တော့ မှူးမတ်တွေ လည်း ကြောက်ကြရ သတဲ့ ။ သူ့ ကို ညှဉ်းပန်းဖူးတဲ့ သူကြွယ် ကို လည်း ဖမ်းပြီး သတ်စေ သတဲ့ ။ သခင် နဲ့ တူတဲ့ လူတွေ ကို လည်း ဖမ်းပြီး ဆင် ပေါ် က နေ “ ဝက် ” ဆိုပြီး လှံ နဲ့ ထိုး ၊ ရေကန် မှာ ချ ပြုလုပ် သတဲ့ ။ တကယ်တော့ စလေငခွေး ဟာ မင်းဆိုး မင်းညစ် ဖြစ်တယ် ။ တိုင်းသူပြည်သား တွေ လည်း မင်းဆိုး ခေတ် မှာ ပင်ပန်း ဆင်းရဲကြတာပေါ့ ကွယ် ။


ကြာတော့ မှူးမတ်တွေ ဟာ တိုင်ပင်ပြီး ဆင်ကဲ ကို တံစိုးလက်ဆောင် များစွာ ပေးပြီး စလေငခွေး ဆင် နဲ့ ရေကန် အလာ ဝက် ဆိုပြီး လူတွေ ကို ထိုးသတ်ချိန် မှာ ဆင် ကကြိုး ကို ဖြတ်ခိုင်း ထား သတဲ့ ။ မှူးမတ်တွေ ပြောတဲ့ အတိုင်း ဆင်ကဲ က လုပ်လို့ စလေငခွေး ကကြိုး ပြတ် ကာ ရေကန် တွင်း ထိုးကျ သွား သတဲ့ ။ မှူးမတ်ဗိုလ်ပါ အပေါင်း ဟာ ငခွေး ရေကန် ထဲ ထိုးကျ သွားတော့ တစ်ယောက် ရွှံ့ညွှန်တစ် လက် ဖက်စီ နဲ့ ဝိုင်း ပေါက်ကြတာ စလေငခွေး သေပါလေ ရော ။ ယခုတိုင်ပဲ အဲဒီ ကန် ကို ညွှန်တစ် လက်တစ်ဖက်ကန် လို့ ခေါ်ကြ သတဲ့ ။ ယခုတိုင် အဲဒီ ကန် ပုဂံ မှာ ရှိပါရဲ့ ကွယ် ။



❝ တောင်သူကြီးမင်း ❞


ကလေးတို့ရေ …


ပုဂံပြည် မှာ သိန်းခိုမင်း စိုးစံစဉ် ကာလ က အဖြစ်အပျက် တစ်ခုပေါ့ ကွယ် ။ သိန်းခိုမင်း နတ်ရွာစံ ရတဲ့ အကြောင်း နဲ့ ဆက်စပ် နေတာပေါ့ ။


သိန်းခိုမင်း ဟာ မြင်း စီးပြီး တောကစား ထွက်လေ့ ရှိသတဲ့ ။ တောကစားတယ် ဆိုတာ တောနက် ထဲ မှာ သမင် တို့ ၊ ဒရယ် တို့ ကို လိုက် ပစ်တာပေါ့ ကွယ် ။ တစ်ခါမှာ တော့ သိန်းခိုမင်း ဟာ တောကစား ထွက်လာရင်း ထမင်း ဆာ လို့ တောင်သူကြီး ယာခင်း မှာ သခွားသီး ဆွတ် စားမိ သတဲ့ ။ သခွားသီးတွေ က လည်း သီး နေတာ အပြွတ်လိုက် ပဲ တဲ့ ။


ယာခင်းရှင် တောင်သူကြီး ဟာ သူ့ သခွားယာခင်း ထဲ ခွင့် မတောင်း ဘဲ ဆွတ်စားတာ ကြောင့် တူရွင်းရိုး နဲ့ ရိုက် လိုက်တာ သိန်းခိုမင်း သေလေ သတဲ့ ။ ဘုရင် မှန်း လည်း မသိဘူးပေါ့ ကွယ် ။


သိန်းခိုမင်း ရဲ့ မြင်းခံ ဟာ နောက် မှ ရောက် လာ သတဲ့ ။ အဖြစ်အပျက် က မြန် တော့ အံ့ဩ နေတာပေါ့ ။ အကျိုးအကြောင်း ပြောပြ မှ တောင်သူကြီး လည်း သူ သ,တ်မိ သူ ဟာ ဘုရင် မှန်း သိရ သတဲ့ ။


မြင်းခံ လည်း အဖက်ဖက် က စဉ်းစားပြီး တောင်သူကြီး ကို ဘုရင် လုပ် ဖို့ နန်းတော် ကို ခေါ် သတဲ့ ။ တောင်သူကြီး က “ ငါ့ သခွားယာခင်း ဟာ မင်း မြင်တဲ့ အတိုင်း ခွေးကလေးတွေ နို့ စို့ သလို အသီး အောင်မြင်လှတယ် ။ ငါ ဘုရင် မလုပ် လို ” လို့ ပြော သတဲ့ ။


ဘုရင် လုပ်ရင် အားလုံး ပိုင်တယ် ။ ရွှေ ငွေ ရတနာ အပြင် သခွား ယာခင်းတွေ လည်း များစွာ ပိုင်နိုင်တယ် ။ ကျွဲ နွား စပါးဆန်ရေ များစွာ ပိုင်နိုင်တယ် လို့ အမျိုးမျိုး နား ချကာ ပုဂံနန်း ဆီ ခေါ်ခဲ့ သတဲ့ ။ နန်းတော် ထဲ လျှို့ဝှက်စွာ တောင်သူကြီး ကို သွင်းပြီး မိဖုရားကြီး ကို အကျိုးအကြောင်း မြင်းခံ က တင်လျှောက် တယ် ။ မိဖုရားကြီး လည်း ဘုရင် မရှိရင် တိုင်းပြည် မငြိမ်မသက် ဖြစ်မှာ တွေး ပူပြီး မြင်းခံ ကို တော်တယ် လို့ ချီးမွမ်းပြီး ဆုလာဘ် ပေးကာ မင်းရေးမင်းရာတွေ ကို ကျိတ်ပြီး တောင်သူကြီး ကို သင်ပေး လေ သတဲ့ ။


မိဖုရားကြီး က မင်းကြီး နာမကျန်း ဖြစ် နေတယ် ။ အတွင်းလူ အပြင် မထွက်ရ ၊ အပြင်လူ အတွင်း မဝင်ရ အမိန့် ထုတ်ပြီး တောင်သူကြီး ကို လည်း သန့်ပြန့်စွာ ဝတ်ဆင် ကာ သင် ပေး ရတာပေါ့ ကွယ် ။


အဲလို နဲ့ ခုနစ်ရက် စေ့ တဲ့ အခါ မင်းကြီး ကျန်းမာ လာပြီ ။ မှူးမတ် ၊ သံပျင် ကလန် တစ်ယောက် မကျန် ခစား ဝင်စေ လို့ မောင်းကြေးနင်း ခတ်စေတယ် ။ ညီလာခံ မှာ အားလုံး ဦးတိုက် ကြရ သတဲ့ ။ မိဖုရားငယ် တစ်ပါး က “ တောင်သူကြီးကိုကား ” ဆို ပြီး မခန့်မငြား ဆိုတော့ တံခါး မှာ ထား တဲ့ ကျောက်သူရုပ် က ပြေး ပြီး ထောင်း တာ ကြောင့် မိဖုရားငယ် သွေးအန် သေ သတဲ့ ။ ဒီတော့ အားလုံး ခံ့ညား ကြောက်ရွံ့ ကုန်တာပေါ့ ကွယ် ။


တောင်သူကြီးမင်း ဟာ သူ့ သခွားယာခင်း မှာ နဂါးရုပ်ကြီး ပြုလုပ် ထား သတဲ့ ။ အရည်းကြီးတို့ နဲ့ တိုင်ပင် ပြီး လည်း ပုထိုးတွေ တည် သတဲ့ ။ တောင်သူကြီးမင်း ဟာ နတ်တော်ကျောင်းဒကာ လို့ လည်း တွင် သတဲ့ ။ ညောင်ဦးစောရဟန်းမင်း လို့ လည်း တွင် လေ သတဲ့ ။ ထို မင်း လက်ထက် မှာ ပရိယတ္တိ သာသနာ လည်း မရှိသေး တာ ကြောင့် သမထီးအရည်းကြီး တို့ အယူ ပဲ ယူကြတာ များ သတဲ့ ။


တောင်သူကြီးမင်း ဟာ ကွမ်းဆော်ကျောင်းဖြူ မင်းလောင်း လာ တာ ကို နန်းဦး က ရပ် ကြည့် ရင်း ဦးစောက် ကျ လို့ ကံ ကုန် သတဲ့ ။ သက်တော် ( ၇၈ ) နှစ် မှာ ကံ ကုန်တာပေါ့ ကွယ် ။


အဲဒီ ကျောင်းဖြူမင်း ဖြစ် လာမယ့် သူငယ် ဟာ ကွမ်းဆော် လုပ် နေချိန် မှာ ပဲ ပုဂံပြည် မှာ မင်းလောင်း ပေါ်လိမ့်မယ် လို့ သတင်း ဖြစ်နေ သတဲ့ ။ လူတိုင်း ဟာ မင်းလောင်း ကို မျှော်နေ ကြတာပေါ့ ကွယ် ။ ဘယ်နေ့ မင်းလောင်း ပေါ်လာမလဲ အုတ်အုတ်ကျက်ကျက် ဖြစ်နေ ကြတာပေါ့ ။ လူတွေ ဟာ စုရုံးပြီး တူရွင်းတောင်ခြေ ဆီ သွားနေ ကြ သတဲ့ ။


အဲဒီ မနက် မှာ ကွမ်းဆော်လူငယ် ဟာ မိခင် ကို စားမြိန်စာထုပ် စောစော လုပ်ခိုင်း ပြီး အိမ် က ထွက်လာ ခဲ့တယ် ။ သူ လည်း မင်းလောင်း ကြည့် ဖို့ စိတ်အား ထက်သန်နေတာ ပေါ့ ကွယ် ။


အဲလို ထွက် လာရင်း လမ်း မှာ အဘိုးအို တစ်ယောက် နဲ့ တွေ့ သတဲ့ ။ အဖိုးအို က ကွမ်းဆော်သူငယ် ကို ဘယ် သွားမလို့လဲ မေးတော့ “ မင်းလောင်း သွား ကြည့်မလို့ပါ အဘိုး ” လို့ ပြောတယ် ။ အဘိုးအို က “ လုလင် ငါ စီးတဲ့ မြင်း ကို ယူပြီး ပုဂံပြည် ကို သွားနှင့် ပါ ။ ငါ ကိစ္စရှိလို့ ”  ဆို သတဲ့ ။ ဒီအခါ လုလင် က “ အဘိုး ကျွန်တော် မင်းလောင်း ကြည့်ရမှာ နောက်ကျ နေမယ် ” လို့ ပြောတော့ အဘိုးအို က “ မြင်း စီးပြီး သွား ပို မြန်တာပေါ့ ။ ဟောဒီ မှာ ပတ္တမြားဥသျှင်ကျင် ဆောင်း သွားပါ ။ ပတ္တမြား လက်စွပ် ကို လည်း ဝတ် သွားပါ ။ သည် လှံ ၊ သည် ဓား ကို လည်း ကိုင်စွဲ သွားပါ ။ အဘိုး ကြာ နေရင် မစောင့်နဲ့ ။ မင်း ရင်ပြင် အရောက် သွား ” လို့ ဆိုပြီး အလုံးစုံ အပ်နှင်းလိုက် သတဲ့ ။


ဒါနဲ့ သူငယ် လည်း အဘိုးအို စကား လိုက်နာပြီး ဥသျှောင် ဆောင်း ၊ လက်စွပ် ဝတ် ၊ လှံ ၊ ဓား ကိုင် ကာ မြင်း ကို စိုင်းနှင်လေ သတဲ့ ။ မင်းလောင်း စောင့်မျှော် နေတဲ့ မှူးမတ် ဗိုလ်ထု ၊ လူထု အပေါင်း လည်း ကွမ်းဆော် မြင်း စီးလာတာ မြင်တော့ အားလုံး ဦးတိုက် ကြ သတဲ့ ။


အဲဒီတော့မှ ကွမ်းဆော် လည်း ငါ ကို ပင် ဖြစ်ချေသည်တကား လို့ ဆိုပြီး အဘိုးအို ရဲ့ အမှာ အတိုင်း မင်း ရင်ပြင် ရောက်အောင် မြင်းစီး သွားသတဲ့ ။ အဲဒီ အချိန် မှာ စောရဟန်းမင်း လည်း “ ငါ ရှိလျက် ဘယ်သူ ဝံ့ သနည်း ” လို့ ဆိုပြီး နန်းဦး က ရပ်ကြည့် သတဲ့ ။ အဲ့လို အကြည့် မှာ နန်းဦး က စောက်ထိုး ကျ ပြီး စောရဟန်းမင်း ကံ ကုန် လေ သတဲ့ ။


ဒီလိုနဲ့ ကွမ်းဆော် ဟာ ရှင်ဘုရင် ဖြစ် လာတယ် ။ “ ကွမ်းဆော်ကျောင်းဖြူမင်း ” လို့ တွင် သတဲ့ ။ စောရဟန်းမင်း ရဲ့ မိဖုရား သုံးဦး ကို ပဲ ဆက် မိဖုရား မြှောက် တယ် ။ မိဖုရားကြီး တောင်ပြင်သည် မိဖုရား မှာ ကျည်းရိုး ကိုယ်ဝန် ကိုးလ ။ အလယ်ပြင်သည် မိဖုရား မှာ စုက္ကတေး ကိုယ်ဝန် ခြောက်လ ပါ လာ သတဲ့ ။


ကွမ်းဆော်မင်း ရဲ့ မိဖုရားအငယ် မြောက်ပြင်သည် က အနော်ရထာ ကို ဖွားမြင် သတဲ့ ။ ဒီလိုနဲ့ ကျည်းစိုး နဲ့ စုက္ကတေး အရွယ် ရောက်လာတဲ့ အခါ ကွမ်းဆော်မင်း လည်း အသက် ရလာပြီ ပေါ့ ။ မင်းကြီး အသက် ရ လာတော့ ကျည်းစိုး နဲ့ စုက္ကတေး က မင်းကြီး ကို ဖမ်းပြီး ခြိမ်းခြောက်ကာ ရဟန်း ဝတ် စေ သတဲ့ ။ မင်းကြီး ကိုယ်တိုင် ရဟန်း ပြုချင်လို့ ဆိုပြီး သတင်း လွှင့် တာ ပေါ့ကွယ် ။


ဒီလိုနဲ့ ကွမ်းဆော်ကျောင်းဖြူမင်းကြီး သက်တော် ( ၈၀ ) မှာ ကံ ကုန်ရ လေ သတဲ့ ။



❝ စုက္ကတေးမင်း ❞


ကလေးတို့ ရေ .…


ကျည်းစိုး နဲ့ စုက္ကတေး ညီနောင် က ကွမ်းဆော်ကျောင်းဖြူမင်း ကို အတင်း အဓမ္မ သင်္ကန်း ဝတ် ရဟန်း ပြုစေ တာ ဟာ သူတို့ ထီးနန်းကို စိုးစံချင်လို့ပဲ ။


သက္ကရာဇ် ( ၃၄၈ ) ခု မှာ ကျည်းစိုး မင်း ဖြစ်တယ် ။ တောလည် သွားရင်း မုဆိုး တစ်ဦး က သမင် မှတ်လို့ မြား နဲ့ ပစ် လိုက်တာ ကျည်းစိုး အနိစ္စ ရောက်တယ် ။ ဘုရင် အဖြစ် ခြောက်နှစ် နန်းစံ ပြီး အသက် ( ၂၈ ) နှစ် နဲ့ ကွယ်လွန် တယ် ။


ကျည်းစိုး သေ တော့ စုက္ကတေး နန်း တက်တယ် ။ အဲဒီ စုက္ကတေးမင်း ထံ မှာ အနော်ရထာ က ခစားတယ် ။ အနော်ရထာ နဲ့ သူ့ မယ်တော် ဟာ ရဟန်းဝတ် နေရတဲ့ ကျောင်းဖြူမင်း ကို လုပ်ကျွေး နေတာပေါ့  ။


တစ်ခါမှာ တော့ စုက္ကတေးဘုရင် က ညီလာခံ မှာ အနော်ရထာ ခစား နေစဉ် " ညီသားနောင်မယ် ” လို့ ခေါ် သတဲ့ ။ အနော်ရထာ က အဲဒီ စကား ကို နားမလည် လို့ “ ဘာ့ကြောင့် ဒီလို ခေါ်ရတာလဲ ” လို့ သူ့ ခမည်းတော် ရဟန်း ကို လျှောက်တဲ့ အခါ “ မင့် မယ်တော် ကို သိမ်းပိုက်ချင်လို့ပဲ " လို့ ခမည်းတော် က ပြော ပြတယ် ။ အနော်ရထာ ဒေါသ ထွက်တာပေါ့ ကွယ် ။ ဒါ့ကြောင့် ခမည်းတော် ထံ က မြင်း ရယ် ၊ သီလဝံသဓား ၊ လှံ ၊ ပတ္တမြား ဥသျှောင်ကျင် ၊ ပတ္တမြား လက်စွပ် တို့ ကို တောင်းတယ် ။ ခမည်းတော် က အကုန် ပေးတယ် ။ မြင်း က တော့ သူ နန်း ကျ ကတည်း က လွတ် နေတယ် လို့ ပြောပြတယ် ။ “ ဒါပေမဲ့ ဒီ လက်စွပ် ကို မြင်း ကို ပြရင် မြင်း အဖမ်း ခံ လိမ့်မယ် ” လို့ ပြောပြ သတဲ့ ။


ဒီလိုနဲ့ အနော်ရထာ က ဖခင် ရဲ့ မြင်း ကို ရှာတာ တွေ့တယ် ။ ဖခင် ပြောတဲ့ အတိုင်း ပတ္တမြားလက်စွပ် ကို ပြ တဲ့ အခါ မြင်း က အဖမ်း ခံ သတဲ့ ။ ဖခင် အကြံ ပေး တဲ့ အတိုင်း အနော်ရထာ ဟာ ပုပ္ပား အရပ် မှာ လူသူ အလုံးအရင်း ရအောင် စုရုံးတယ် ။ အဲဒီလိုနဲ့ အနော်ရထာ မှာ လူသူ အလုံးအရင်း စုမိ လာ တယ် ။ အဲဒီအချိန် မှာ စုက္ကတေး က အနော်ရထာ ရဲ့ မယ်တော် ကို သိမ်းပိုက် လိုက်တယ် ။


အနော်ရထာ အလုံးအရင်း လူသူ လက်နက် ဗိုလ်ပါ စုံတဲ့ အခါ ပုဂံ ကို ချီတက် ပြီး စုက္ကတေး ကို ရာဇသံ ပေး လိုက်တယ် ။


“ နန်း ကို တည်း ပေးမည်လော ။ စစ် ကို တည်း ပြုမည်လော ”


အဲဒီအခါ စုက္ကတေး အလွန် ဒေါသ ထွက်သွား သတဲ့ ။ “ ခံတွင်း နို့ မစင်သေးတဲ့ သူ က ငါ လို မင်းကို အန်တု သလား ၊ အမတ်ဗိုလ်ပါ တို့ ကြည့်လို့သာ နေ ဝင် မပါနဲ့ ၊ ငါ နဲ့ တစ်ဦးချင်း စီးချင်း ထိုးမယ် ” လို့ မိန့်တော်မူ သတဲ့ ။


အနော်ရထာ က လည်း စုက္ကတေး စကား ကို လက်ခံပြီး နေ့ရက် ၊ နေရာ ၊ အချိန် ၊ အချိန်းအချက် လုပ်ပြီး စီးချင်း ထိုးကြ သတဲ့ ။


စုက္ကတေး မြင်း စီး လာတာ မြင်တော့ အနော်ရထာ က “ နောင်တော် အကြီး ဖြစ်သည် ။ အရင် စစ်ထိုး ပါ ” လို့ ဆို သတဲ့ ။ စုက္ကတေး လည်း အနော်ရထာ ဆီ သို့ လှံပျံ လွှတ်လိုက်တာပေါ့  ။ အနော်ရထာ လည်း သူ့ ရဲ့ အရိန္ဒမာလှံ နဲ့ ဆီးကာ လို့ လူ ကို မထိ ဘဲ မြင်း က ကို ထိမိ သတဲ့ ။ အဲဒီလို မြင်း က ကို ပဲ ထိ တာကြောင့် စုက္ကတေး ဟာ အလွန် ထိတ်လန့် တုန်လှုပ်နေတာ ပေါ့  ။ ဒီအခါ အနော်ရထာ က “ နောင်တော့် အလှည့် ကုန်ပြီ ။ ဒီအခါ ညီ ရဲ့ အလှည့်ပဲ ၊ ခံနိုင်အောင် ခံပေတော့ ” ဆိုပြီး အရိန္ဒမာလှံ နဲ့ ထိုး လိုက်တာ ။ ရှေ့ ကနေ နောက် ထိ ပေါက် လို့ စုက္ကတေး မြင်း နဲ့ အတူ မြစ် အနား အထိ ပါ ပြီး အနိစ္စ ရောက်လေ သတဲ့ ။


အဲဒီ နေရာ ကို ယခု တိုင် “ မြင်းကပါ ” အရပ် လို့ ခေါ်တွင် သတဲ့ ။


အနော်ရထာ ရဲ့ မယ်တော် လည်း အဲဒီ သတင်း ကြားတော့ “ ပုတ္တလင် ၊ ပုတ္တလင် ” လို့ ခေါ်ဝေါ်မြည်တမ်း သတဲ့ ။ ဒီ အရပ် မှာ ဘုရား တည်တယ် ။ ထို ဘုရား လည်း ပုတ္တလင် လို့ အမည် တွင် တယ် ။ မယ်တော် ရင်ဝတ် ကျွတ်ရာ အရပ် မှာ လည်း ဘုရား တည် ထားတယ် ။ ရင်ဝတ်ကျွတ်ဘုရား လို့ အမည် တွင် သတဲ့ ။


စုက္ကတေး ဟာ ထီးနန်းစည်းစိမ် ( ၂၅ ) နှစ် ခံစားပြီး သက်တော် ( ၅၃ ) နှစ် မှာ အနိစ္စ ရောက်တယ် ။



❝ အနော်ရထာ မင်းကြီး ❞


ကလေးတို့ရေ …


အနော်ရထာ ဟာ စုက္ကတေး ကို စီးချင်း ထိုးပြီး အနိုင် ရတာကြောင့် ပုဂံမင်း ဖြစ် လာတယ် ။ အနော်ရထာ ဟာ မိဘ ကို ရိုသေသူ ဖြစ်တာကြောင့် စုက္ကတေး အနိစ္စ ရောက်တဲ့ အခါ ဖခမည်းတော် ကို ထီးနန်း ဆက်ခံ ဖို့ လျှောက်ထား တယ် ။ ဒါပေမဲ့ ခမည်းတော် က လက် မခံဘူး ။ ဒါကြောင့် ခမည်းတော် ကို ရဟန်းမင်း အဖြစ် ကြီးစွာ ပူဇော် သတဲ့ ။


အနော်ရထာ ဘုရင် ဖြစ်လာတဲ့ အခါမှာ ပုဂံပြည် ရဲ့ အကျယ်အဝန်း ဟာ မြောက် နဲ့ တောင် မိုင် ( ၂၀၀ ) လောက် သာ ရှိ လို့ မြန်မာနိုင်ငံ အလယ်ပိုင်း ကွက်ကွက်ကလေး ပဲ ရှိ သတဲ့ ။ မြောက်ဘက် မှာ နန်ချိုရှမ်း တို့ လွှမ်း ထားတယ် ။ တောင်ဘက် မှာ မွန်တွေ ရှိတယ် ။ အနောက်ဘက် မှာ ရခိုင် တို့ ရှိတယ် ။ အနော်ရထာမင်း ဟာ အဲဒီလို အကွဲကွဲ အပြားပြား ဖြစ် နေတဲ့ တိုင်းငယ်ပြည်ငယ်တွေ ကို စုစည်း စည်းရုံး ပြီး ပထမ မြန်မာနိုင်ငံတော်ကြီး ကို တည် ခဲ့ တာပဲ ။


အနော်ရထာမင်း ရဲ့ သားတော်ကြီး က စောလူး ဖြစ်တယ် ။ နောက် ဝေသာလီ က ဆက်သ လာ တဲ့ ပဉ္စကလျာဏီ မင်းသမီး နဲ့ က ကျန်စစ်သား ကို မွေးတယ် ။ ကျန်စစ်သား ကိုယ်ဝန် ရှိစဉ် မှာ မိဖုရား ကို မယုံကြည်တာ ကြောင့် ပရိမ္မအမတ် ကို အပ်ပြီး ပရိမ္မအရပ် ကို ပို့ ထား သတဲ့ ။ အဲဒီ အရပ် မှာ ကျန်စစ်သား ကို ဖွား တာပေါ့  ။ ကျန်စစ်သား ကို မွေးတော့ မြေငလျင် ပြင်းစွာ လှုပ် သတဲ့ ။ အကြောင်း ကို ဘုရင် က မေး တော့ ဘုရင့် ရဲ့ ဗေဒင်ပညာ ရှိ ဟူးရားဖြူ ဟူးရားညို တို့ က မြောက်အရပ် မှာ မင်းလောင်း ပေါ် မယ် ဟောလို့ မွေးကင်းစ ကလေးတွေ ကို သ,တ်တယ် ။ ကျန်စစ်သားကလေး ကျန် နေ သတဲ့ ။ နောက် တစ်ခါ နွားကျောင်းသား ရွယ် ရောက်ပြီ ဟောတော့ သူငယ်အရွယ် တွေ ကို လည်း ဟူးရားတွေ ဟောတဲ့ အတိုင်း သ,တ်တယ် ။ ကျန်စစ်သား ကျန်ရစ် ပြန်တာပဲ ။ ကျန်စစ်သား အရွယ် ရောက်တော့ မယ်တော် က မင်းဆရာ ထံ အပ်ကာ ရဟန်း ပြု စေတယ် ။


 ဆွမ်း လုပ်ကျွေး ကာ ကိုယ်တိုင် သောက်တော်ရေ ကပ် ၊ လုပ်တော့ ကျန်စစ်သား ခံတွင်း က စက်ရောင် ဝင်းခနဲ လက်တာ မြင်ရ သတဲ့ ။ “ ငါ ရှိစဉ် သူ မင်း ဖြစ်မလား ” လို့ ဟူးရားတွေ ကို မေးတော့ “ အရှင်မင်းကြီး နောက် နောက် မင်း တစ်ဆက် လွန်မှ မင်း ဖြစ်မယ် ” ဟောတော့ အဲဒီလို အစက မလျှောက်ဘူး ။ ခုတော့ အမှုတွေ လွန်ခဲ့ပြီလို့ အနော်ရထာ ဟာ သူ့ လုပ်ရပ် ကို နောင်တ ရ တာပေါ့ ။ ကျန်စစ်သား ကို လည်း လူ ထွက်စေပြီး အပါးတော် မှာ ခစားစေ သတဲ့ ။


ပုဂံပြည် မှာ အနော်ရထာ မင်း မဖြစ်ခင် ကတည်း က နတ်နဂါး ကိုးကွယ်မှု ၊ အရည်းကြီး  ကိုးကွယ်မှုတွေ ရှိခဲ့တယ် ။ အရည်းကြီးတွေ ဟာ တုံးခုန် ၊ ဇယ်ခတ် ၊ နောက် မင်္ဂလာဆောင် ရှိရင် သတို့သမီး ကို သူ တို့ ကျောင်း အရင် ပို့ ရတယ် ။ ပန်းဦး လွှတ်တယ် ဆိုတဲ့ ဆိုးယုတ်တဲ့ အကျင့်တွေ ရှိတာ မို့ အနော် ရထာမင်းကြီး ဟာ မနှစ်မျို့ဘူး ။ စစ်မှန်တဲ့ သာသနာ ကို ပဲ တောင့်တ နေတယ် ။


အဲဒီ အချိန်က သထုံပြည် မှာ ဗုဒ္ဓဘာသာ ထွန်းကား နေတယ် ။ ရှင်အရဟံ ကြွရောက် လာလို့ အနော်ရထာမင်းကြီး က ကြည်ညိုပြီး ကိုးကွယ် တယ် ။ အရည်းကြီးတွေ ကို လူထွက်ပြီး ဆင်ချေးကျုံး ၊ မြင်းချေးကျုံး စတဲ့ အလုပ်ကြမ်းတွေ လုပ် စေတယ် ။


သထုံပြည် မှာ ပိဋကတ်တော်တွေ ရှိတယ် ဆိုတာ သိ ရတော့ လက်ဆောင်ပဏ္ဍာတွေ နဲ့ သထုံဘုရင် မနူဟာမင်း ထံ တောင်း ခိုင်းတယ် ။ မနူဟာမင်း က မချေမငံ ဆက်ဆံတာ နဲ့ သထုံ ကို စစ်တိုက် တယ် ။ စစ် နိုင်တော့ မင်း နဲ့ တကွ လက် မှုပညာသည်တွေ ၊ ဆင်ဖြူတွေ ၊ ရဲမက် တွေ ၊ ကျမ်းတတ် ရဟန်းတော်တွေ အားလုံး သိမ်းယူ ခဲ့တယ် ။


အနော်ရထာမင်းကြီး ဟာ သာသနာတော် ထွန်းကားအောင် များစွာ လုပ်ဆောင် ခဲ့တယ် ။ စေတီ ပုထိုးတွေ လည်း တည်တယ် ။ ရွှေစည်းခုံစေတီ တော် ဟာ ထင်ရှား လှတယ် ။ မနူဟာမင်း ကို လည်း ရွှေစည်းခုံ မှာ လှူတယ် ။ မနူဟာမင်း က လည်း သူ့ လက်ဝတ်လက်စား အားလုံး ထုခွဲပြီး ဘုရား တည်တယ် ။ ပုဂံ မှာ မနူဟာဘုရား ရယ် လို့ ရှိတယ် ကွဲ့ ။


တရုတ်ပြည် ကို လည်း အနော်ရထာမင်းကြီး စွယ်တော်ပင့် သွား ခဲ့ သတဲ့ ။ အပြန် မှာ မန္တလေး မှာ ရှိတဲ့ မြတ်စောညီနောင် ဘုရား ကို တည်တယ်လို့ ဆိုပါတယ် ကွယ် ။


အနော်ရထာမင်းကြီး ဟာ နိုင်ငံတော် ကို လည်း ကြံ့ခိုင်အောင် ဆောင်တော် မူတယ် ။ ရာပြုမြို့ ၊ ထောင်ပြုမြို့တွေ တည်ပြီး ရဲမ က် စစ်သည် အင်အား တောင့်တင်း အောင် လုပ်တယ် ။ လယ်တွင်း ကိုးခရိုင် ၊ ဆည်မြောင်း ကန်ချောင်းတွေ လုပ်တယ် ။ ကျန်စစ်သား ဦးဆောင်တဲ့ သူရဲကောင်းတွေ ကို လည်း ချီးမြှောက်တော် မူတယ် ။ ငထွေရူး ၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး ဆိုတဲ့ လူစွမ်းကောင်း တွေ ကို လည်း စုစည်း မိတယ် ။ သီဟိုဠ်က စွယ်တော်ပွား ကို ပင့် ကိုးကွယ်တယ် ။ တစ်ခါမှာ ပဲခူးမင်း က စစ်ကူ တောင်းလို့ ကျန်စစ်သား နဲ့ စစ်သူကြီး လေးဦး တပ်လွှတ်ပြီး ဂျွမ်းသူပုန်တွေ ကို နှိမ်နင်း စေတယ် ။ စစ်အောင် ခဲ့တယ် ။ ပဲခူးမင်း က အနော်ရထာမင်း ထံ သမီးတော် ကို ဆက်သ လိုက်တယ် ။


အနော်ရထာမင်းကြီး ဟာ ရှမ်းပြည်နယ် ကို လည်း တိုင်းခန်း လှည့်တယ် ။ မော ကိုးပြည် ကို အစိုးရ တဲ့ မိုးကောင်းစော်ဘွား က စောမွန်လှ ဆို တဲ့ သမီးကညာ ကို ဆက် သတဲ့ ။ ရခိုင်ပြည် ကို လည်း တိုက်ခိုက် အောင်ခဲ့တယ် ။


အနော်ရထာမင်းကြီး ရဲ့ လုပ်ဆောင်ချက်တွေ က များပြား လှတယ် ။ မင်းကြီး နတ်ရွာစံရပုံ နဲ့ ပတ်သက်ပြီး မြစ်ချေ အရပ် မှာ ကျွဲရိုင်းခတ် လို့ အနိစ္စ ရောက်ရတယ် လို့ ဆိုတယ် ။ ဟုတ် - မဟုတ် အငြင်းပွား ကြတာတွေ လည်း ရှိတာပေါ့ ကွယ် ။ အနော်ရထာမင်းကြီး ဟာ နန်းစည်းစိမ် ( ၄၂ ) နှစ် စံတော်မူပြီး သက်တော် ( ၇၅ ) နှစ်မှာ ကံတော် ကုန် လေတယ် ။



❝ အနော်ရထာမင်း ၏ သူရဲကောင်း လေးယောက် ❞


ကလေးတို့ ရေ …


ပုဂံပြည် မှာ အနော်ရထာမင်းကြီး စိုးစံ စဉ် အလွန် အားကိုးရတဲ့ သူရဲကောင်း လေးယောက် ပေါ်ထွန်း လေတယ် ။ သူတို့ က တော့ ကျန်စစ်သား ၊ ငထွေရူး ၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး တို့ ဖြစ်ကြတယ် ။


ကျန်စစ်သား ဟာ အနော်ရထာမင်းကြီး နဲ့ ဝေသာလီ မင်းသမီး တို့ က မွေးဖွားတဲ့ သားတော် ဖြစ်တယ် ။ ခမည်းတော် အနော်ရထာမင်း အထင် မှား တာကြောင့် ငယ်ရွယ်စဉ် ကတည်း က မယ်တော် နဲ့ အတူ ပရိမ္မ အရပ် မှာ မထင်မရှား နေထိုင် ရတယ် ။ မယ်တော် ဟာ ကျန်စစ်သား ကို ဆရာရဟန်း ထံ အပ်နှံပြီး ပညာ သင် စေတယ် ။ ပညာ သင်ခိုက် မှာ ကျန်စစ်သား ဟာ ရဟန်း ဝတ် နေ လေတယ် ။ ကျန်စစ်သား ဟာ ဉာဏ်ပညာ လည်း ကြီးတယ် ။ လုံ့လဝီရိယ လည်း ရှိသူ ဖြစ်တယ် ။ စိတ်နှလုံး ကောင်းသူ ဖြစ်တယ် ။ အရွယ် ရောက်တဲ့ အခါမှာ လူဝတ် လဲပြီး ခမည်းတော် အနော်ရထာမင်း ထံ မှာ ခစား လေတယ် ။


ငထွေရူး က တော့ မြင်းမူ အရပ်သား ဖြစ်တယ် ။ လက်ရုံးရည် ကောင်းသူ ဖြစ်တယ် ။ မြင်းမူ အရပ် မှာ နေထိုင်စဉ် မှာ ငထွေရူး ဟာ ထန်းပင် တစ်ထောင် ကို မနားတမ်း ဆင်းလိုက် ၊ တက်လိုက် ထန်းသီးတွေ ကို လှီး နိုင်တယ် ။ ထန်းပင်တွေ စီတန်း ပြီးရင် အပင် အောက် မဆင်း ဘဲ တစ်ပင် နဲ့ တစ်ပင် ခုန် ကူးကာ ထန်းရေ ခံ ဖို့ ထန်းနို့ လှီး လေတယ် ။ အနော်ရထာ နဲ့ ကျန်စစ်သား အပါအဝင် မှူးမတ်များ တိုင်းခန်း လှည့်လည်တဲ့ အခါ ငထွေရူး ရဲ့ စွမ်းဆောင်ချက် ကို သဘော ကျတာကြောင့် နန်းတော် သို့ ခေါ်ဆောင် ခဲ့ပြီး အမှု ထမ်း စေတယ် ။


ငလုံးလက်ဖယ် က တော့ ပုပ္ပား အရပ်သား ဖြစ်တယ် ။ သူ လည်း ခွန်အားဗလ ကောင်း ပြီး ထူးချွန်သူ ဖြစ်တယ် ။ ပုပ္ပား မှာ နေထိုင်စဉ် နွား အရှဉ်း ( ၃၀ ) ကို ထွန်တွေ မှာ တပ်ပြီး ထွန် တစ်တုံး ကနေ တစ်တုံး ကူးပြီး မနားတမ်း လယ်ထွန် နိုင် စွမ်း သူ ဖြစ်တယ် ။ အနော်ရထာမင်းကြီး ကျန်စစ်သား နဲ့ မှူးမတ်အခြွေအရံများ ပုပ္ပား လာစဉ် ငလုံးလက်ဖယ် ရဲ့ ထူးခြားတဲ့ သတင်း ကြား တာကြောင့် ကျန်စစ်သား ကို စုံစမ်းစေကာ ပုဂံနန်းတော် ကို ခေါ်ခဲ့ပြီး မင်းမှု ထမ်း စေခဲ့တယ် ။


ညောင်ဦးဖီး က တော့ ညောင်ဦး အရပ်သား ဖြစ်တယ် ။ ငထွေရူး ၊ ငလုံးလက်ဖယ် လို ပဲ ခွန်အားဗလ ကောင်းပြီး လက်ရုံးရည် ထူးချွန်သူ ဖြစ်တယ် ။ သူ့ အစွမ်း က တော့ ညောင်ဦးကမ်းပါး အမြင့် ကနေ ဧရာဝတီမြစ်တွင်း ပြေး ဆင်းပြီး မနားတမ်း ကူးခတ် နိုင်တယ် ။ ဟိုဘက်ကမ်း ရောက်တာနဲ့ မနားတမ်း မြစ် ကို ဖြတ်ကူး လာပြီး ညောင်ဦးကမ်းပါး ပေါ် အပြေး တက် လေတယ် ။ အနော်ရထာမင်း လည်း ညောင်ဦးဖီး ရဲ့ သတင်း ကြားတာ ကြောင့် ကျန်စစ်သား နဲ့ ရဲမက် တွေ လွှတ်ပြီး စုံစမ်းစေ ကာ မင်းကြီး ကြားတဲ့ အတိုင်း မှန်တာ မို့ ပုဂံနန်းတော် ကို ခေါ်ဆောင်ကာ မင်းကြီး က မင်းမှု ထမ်း စေတယ် ။


နောင်အခါ ကျန်စစ်သား ၊ ငထွေရူး ၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး တို့ ဟာ ပုဂံတပ်မတော် မှာ မင်းကြီး အားကိုး ရ တဲ့ သူရဲကောင်း တပ်မှူးကြီးတွေ ဖြစ် လာကြတယ် ။


တစ်ခါမှာ တော့ လက်ထုပ်အရပ် မှာ မြင်း လေးစီး ဆိုးသွမ်း လှကြောင်း မင်းကြီး နားတော် လျှောက် လာတာကြောင့် သူရဲကောင်း လေးဦး ကို လွှတ်ကာ ဖမ်းယူ စေတယ် ။ ထို မြင်း လေးစီး ကို သူရဲကောင်း လေးဦး အား ပြန် ဆု ချ လိုက်လေတယ် ။ ထို မြင်း လေးစီး ဟာ အပြေး မြန်လွန်း တာ ကြောင့် နတ်မြင်းတွေ ပဲ လို့ ပြည်သူတွေ က ပြောကြတယ် ။


အနော်ရထာမင်းကြီး စီး တဲ့ မြင်း ကို “ ကဏ္ဍိက လက်လှ ”  လို့ အမည် ပေး ထားတယ် ။ ကျန်စစ်သား စီး တဲ့ မြင်း ကို “ နှလုံးခွန်ကောင်း ” လို့ ခေါ်တယ် ။ ငထွေရူး စီး တဲ့ မြင်း ကို တော့ “ လေမိုးယဉ်ခေါင် ” လို့ မှည့်ခေါ်တယ် ။ ညောင်ဦးဖီး စီးတဲ့ မြင်း ကို တော့ “ နှလုံးအတုမရှိ ” လို့ ခေါ်ကြတယ် ။


အနော်ရထာမင်းကြီး သထုံပြည် မနူဟာမင်း ထံ ချီတက်စဉ် ကလည်း ထို သူရဲကောင်း ပါ ကြတယ် ။ တရုတ်ပြည် စွယ်တော် တောင်း ထွက်စဉ် က လည်း ထို သူရဲကောင်း လေးဦး ပါဝင်ခဲ့တယ် ။ ပဲခူး မှာ ဂျွမ်းစစ်သည်တွေ ဝင်လို့ ပဲခူးမင်း က အနော်ရထာမင်းကြီး ထံ စစ်ကူ တောင်းစဉ် က လည်း စစ်သည် ( လေးသိန်း ) လွှတ်လိုက် မယ် ဆိုကာ သူရဲကောင်း လေးဦး ကွပ်ကဲ တဲ့ တပ်ကြီး လွှတ် လိုက်တယ် ။ လေးသိန်း အား နဲ့ ညီမျှတဲ့ စွမ်းအားတွေ နဲ့ ရွတ်ရွတ်ချွံချွံ တိုက်ခိုက် တွန်းလှန်တာကြောင့် ဂျွမ်းစစ်သည် တို့ တပ် ပျက် ကာ ကစဉ့်ကလျား ဆုတ်ခွာ ပြေး လေတယ် ။


ကျန်စစ်သား က လွဲပြီး ကျန် သူရဲကောင်း သုံးဦး ဟာ သာမန် ဆင်းရဲသား လယ်သမား ၊ ယာသမား ၊ ရေလုပ်သား တို့ က ပေါက်ဖွား လာသူတွေ ဖြစ်ကြတယ် ။ သူတို့ ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ကြောင့် အနော်ရထာမင်းကြီး ရဲ့ သူရဲကောင်းများ ဖြစ်လာ ကြတယ် ။ လုံ့လဝီရိယ ၊ ရဲစွမ်းသတ္တိ နဲ့ ပြည့်စုံ ပြီး ရွပ်ရွပ်ချွံချွံ အမှုတော် ထမ်းကြတာ ကြောင့် သူတို့ ရဲ့ အကြောင်း ဟာ သမိုင်း မှာ ထင်ရှား လေတယ် ။



❝ အနော်ရထာမင်း နှင့် ရှင်အရဟံ ❞


ကလေးတို့ ရေ ...


ပုဂံပြည် မှာ အနော်ရထာမင်းကြီး နန်း တက်စ အချိန်မှာ နတ် ကိုးကွယ်မှု ၊ နဂါး ကိုးကွယ်မှု ၊ ရဟန်းတု ဖြစ်တဲ့ အရည်းကြီး တို့ ကို ကိုးကွယ်ကြ သတဲ့ ။ အရည်းကြီး တွေ ဟာ ပုဂံပြည် ရဲ့ အရှေ့တောင်ဘက် “ သမထီး ” လို့ ခေါ်တဲ့ အရပ် မှာ နေထိုင်ကြ သတဲ့ ။ အရည်းကြီးတွေ ဝတ်တဲ့ သင်္ကန်း ဟာ မဲဆိုး တဲ့ သင်္ကန်း ဖြစ်တယ် ။ လက် လေးသစ် ရှည်တဲ့ ဆံပင် ကို ထား ကြတယ် ။ မုတ်ဆိတ်မွေး လည်း ထားကြ သတဲ့ ။ အဲဒီ အရည်းကြီးတွေ ဟာ သူတို့ ကိုယ် သူတို့ ဗုဒ္ဓဘုရား ရဲ့ သားတော် မြေးတော်တွေ ဖြစ်တယ် လို့ ဆိုကြတယ် ။


သူတို့ ဟာ တုံးခုန် ၊ ဇယ်ခတ် ကြတဲ့ အပြင် မင်္ဂလာဆောင် ရှိရင် သတို့သမီးကို ဦးစွာ သူတို့ ထံ လွှတ် ပေး ရတယ် ။ “ ပန်းဦးလွှတ်ပွဲ ” လို့ ဆိုကြ သတဲ့ ။ သူ့ အသက် ကို သတ် ရင် လည်း သူတို့ ပေးတဲ့ ပရိတ် ကို ရွတ်ရင် အပြစ် လွတ် တယ်လို့ ပြောဟော ကြတယ် ။


အနော်ရထာမင်း မတိုင် ခင် က မင်း နဲ့ ပြည်သူတွေ ဟာ အဲဒီ အရည်းကြီးတွေ ကို ပဲ ကိုးကွယ်ကြ လေတယ် ။ အနော်ရထာမင်း နန်း တက် လာတဲ့ အခါ အရည်းကြီးတွေ ရဲ့ အမူအကျင့်တွေ ကို မနှစ်မြို့လေဘူး ။ သူမြတ် တို့ ရဲ့ အမူအကျင့် မဟုတ်လေဘူး လို့ ဆင်ခြင် မိတာ ကြောင့် စစ်မှန်တဲ့ တရားဒေသနာ ကို ဟောကြား ညွှန်ပြနိုင် တဲ့ သူမြတ်ပုဂ္ဂိုလ် ကို တောင့်တ နေ မိ သတဲ့ ။


အနော်ရထာမင်း နန်းတက် စဉ် ကာလ မှာ သထုံပြည် မှာ မကုတ လို့ ခေါ် တဲ့ မနုဟာမင်း စိုးစံ နေတယ် ။ အောက် မြန်မာနိုင်ငံ မှာ ဗုဒ္ဓတရား မစစ်အမှန် ထွန်းကား နေပေမယ့် အနော်ရထာ စိုးစံ တဲ့ နယ်ပယ် အဝန်း မှာ တော့ ဗုဒ္ဓဘာသာ အစစ် ထွန်းကားခြင်း မရှိသေးဘူး ။


တစ်နေ့ မှာ တော့ မွန် ရဟန်းတော် တစ်ပါး ဖြစ်တဲ့ ရှင်အရဟံ သူမြတ် ဟာ သထုံပြည် ကနေ ထွက်ခွာ လာပြီး ပုဂံနေပြည် အနော်ရထာမင်းကြီး ထံ ရောက်လာ လေတယ် ။ “ ဤသူ ကား ဖန်ရည်စွန်း တဲ့ သင်္ကန်း ကို ဝတ်ရုံ တယ် ။ မြတ်သော ဣန္ဒြေ နဲ့ လည်း ပြည့်စုံတယ် ။ ဤ ပုဂ္ဂိုလ် ၌ တရားစစ် ၊ တရားမှန် ရှိတန်ရာတယ် ” လို့ အောက်မေ့ တော် မူပြီး ကြိုဆိုကာ “ သင့်ရာ မှာ ထိုင်ပါ ” လို့ ဆိုလေတယ် ။


ရှင်အရဟံ လည်း မြင့်မြတ်တဲ့ အနေအထား သိစေလိုတာ နဲ့ ပလ္လင်ထက် တက်ကာ ထက်ဝယ်ဖွဲ့ခွေ ထိုင်တော် မူ လေတယ် ။ အနော်ရထာမင်းကြီး လည်း သူ ထင်တာ မှန်လေပြီ ၊ သူမြတ် ပုဂ္ဂိုလ် မှန်လေပြီ လို့ အောက် မေ့ကာ မေးလျှောက် လေတယ် ။


“ အမည် ဘယ်သို့ ခေါ်ပါသလဲ ၊ အရှင် ဘယ် အရပ်က ကြွလာပါ သလဲ ။ သင့် ဆရာ ဘယ်သူ ဖြစ်ပါသလဲ ၊ ဘယ်သို့သော တရား ကို ဆောင်ပါသလဲ ” လို့ မေးလျှောက် တဲ့ အခါ ရှင်အရဟံ က လည်း သူ ၏အမည် ကို ပြောပြ ၊ သထုံ က ကြွ လာကြောင်း ၊ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားရှင် ရဲ့ တပည့်သားမြေး ဖြစ်ကြောင်း မှ စပြီး ဗုဒ္ဓ ရဲ့ တရားတော် ကို ဟောပြ လေတယ် ။ တရား အဆုံး မှာ ” မမေ့မလျော့သော သတိတရား နဲ့ ပြည့်စုံဖို့ ” ဆုံးမ ဟောကြားတော် မူတဲ့ အခါ အနော်ရထာမင်းကြီး အလွန် အားရကာ ယုံကြည် ကိုးကွယ် လေတယ် ။


ရှင်အရဟံ ရဲ့ ညွှန်ပြမှု ကြောင့် သထုံပြည် မနူဟာမင်း ထံ မှာ ပိဋကတ်တော် တစ်စုံ တောင်း စေတယ် ။ မနူဟာမင်း က မပေးတဲ့ အပြင် မချေမငံ ဆက်ဆံ တာ ကြောင့် သထုံပြည် ကို စစ်အင်္ဂါ လေးပါး နဲ့ ချီတော် မူ လေတယ် ။


ပုဂံပြည် တွင်း မှာ ရှိကြတဲ့ အရည်းကြီး ( ၆၀၀၀၀ ) ခြောက်သောင်း ကျော် ကို လည်း နှိမ်နင်းကာ လူ ထွက် စေပြီး ဆင်ချေးကျုံး ၊ နွားချေးကျုံး ထည့် တယ် ။ အချို့ ကို မင်းမှု ထမ်း စေတယ် ။


အနော်ရထာမင်း ဟာ သထုံ ကို ချီတက် တိုက်ခိုက် အောင်မြင်တဲ့ အခါ မနူဟာမင်း နဲ့ တကွ ပိဋကတ်တော်များ ၊ ဗိသုကာပညာသည် ၊ ကျောက်သားပေါ် ဇာတ်နိပါတ်တော် ထွင်းထု နိုင်တဲ့ ပန်းတမော့ ပညာသည် ၊ အင်္ဂတေ ဖြင့် စီရင်ရတဲ့ ပန်းတော့ ပညာသည် တို့ အပြင် ပန်းချီ ပန်းပု စာပေကျမ်းတတ် ပုဂ္ဂိုလ် တို့ ပါ ယူဆောင်ခဲ့ လေတယ် ။ အဲဒီအခါ က စပြီး ပျူ ၊ မွန် ၊ မြန်မာ တို့ ရဲ့ ယဉ်ကျေးမှု ဟာ ပုဂံ မှာ ခိုင်မြဲ လာလေ သတဲ့ ။



❝ စောလူး နှင့် ငရမန် ❞


ကလေးတို့ရေ …


ပုဂံပြည် မှာ အနော်ရထာမင်း နတ်ရွာစံ တဲ့ အခါ သက္ကရာဇ် ( ၄၂၁ ) ခုနှစ် မှာ သားတော် စောလူးမင်း နန်း တက် လေတယ် ။ စောလူးမင်း ဟာ တိုင်းရေးပြည်ရေး ကို သိပ် စိတ် မဝင်စားလှဘူး ။ လောင်းကစား ကို ဝါသနာ ပါတယ် ။


စောလူး နန်း တက် တဲ့ အခါ ဥဿမင်းသမီး သီရိစန္ဒာဒေဝီ ခင်ဦး ကို ဦးဆောက်ပန်း အမည် နဲ့ မိဖုရား ဆက် မြှောက်တယ် ။ မှူးမတ် အပေါင်း က ကျန်စစ်သား ကို ပြန် ခေါ် သင့်ကြောင်း ၊ တိုင်းရေးပြည်ရာ မှာ အားကိုး ရ ကြောင်း လျှောက်တင် တာ နဲ့ ပြန် ခေါ်စေတယ် ။


အဲဒီ အချိန် က ကျန်စစ်သား ဟာ မထီးတူမ သမ္ဘူလ နဲ့ အကြောင်း ပါ ပြီး ကျောင်းဖြူ အရပ် မှာ နေ လေတယ် ။ နန်းတော် က အခေါ် လွှတ် တဲ့ အခါ သမ္ဘူလ ကို သူ့ လက်စွပ် ပေး ခဲ့တယ် ။ သားယောက်ျား ဖွား ရင် လက်စွပ် ယူ လိုက်ခဲ့ ဖို့ ၊ မိန်းကလေး ဖွား ရင် လက်စွပ် ကို ရောင်းချ စားသောက် ဖို့ မှာ ခဲ့တယ် ။


ကျန်စစ်သား နန်းတော် ပြန် ရောက်ပြီး မကြာခင် မိဖုရား ခင်ဦး နဲ့ အဟောအပြော ရှိ ပြန် တာကြောင့် ဒလ သို့ ပို့ ပြန်တယ် ။ နောက် အမှူးအမတ် တွေ လျှောက်ထား ပြန်တာကြောင့် ပြန် ခေါ် လေတယ် ။


စောလူးမင်း ဟာ အထိန်းတော် သား ငရမန် ကို ပဲခူး ကို စား စေတယ် ။ ငရမန် နဲ့ ငယ်စဉ် က နို့စို့ဘက် လည်း ဖြစ်တာ မို့ ချိန်းကာ ကြွေအန် ကစား လေ့ ရှိတယ် ။ တစ်ခါ မှာ တော့ ငရမန် ကြွေအန် နိုင်တာ ကြောင့် ထ ပြီး လက်ခမောင်း ခတ် လေတယ် ။ အဲဒီ အခါမှာ စောလူးမင်း ဒေါသ ထွက် သွားတယ် ။


“ ကြွေအန် တစ်ပွဲ မျှ နိုင်တာ နဲ့ လက်ခမောင်း ခတ် ရသလား ၊ နင် အစွမ်း ရှိရင် နင် စားတဲ့ ပဲခူး နဲ့ ငါ့ ကို ပုန်ကန် ရဲ လား ” လို့ မေး တယ် ။ ငရမန် လည်း နဂို ကတည်း က ပုဂံ ကို လုပ်ကြံမယ် လို့ ကြံစည်ရင်း ရှိ လေတယ် ။ စောလူးမင်း ဆီ က ပုန်ကန်ဖို့ ပြောတဲ့ အခါ ငရမန် အကြိုက် တွေ့ သွားတယ် ။ “ သင် တကယ် ပြောနေတာလား ” လို့ ငရမန် ပြန် မေးတဲ့အခါ စောလူး က “ မင်းတို့ မည်သည် ပြောပြီး စကား အတည် ဖြစ်တယ် ” ဆိုတာ နဲ့ ငရမန် လည်း ပဲခူး ပြန်ပြီး လူသူ အင်အား စု လေတယ် ။ ဆင် မြင်း အလုံးအရင်း ရတဲ့ အခါ ပုဂံ စောလူးမင်း ကို တိုက်ဖို့ ချီ လာ လေတယ် ။


စောလူးမင်း လည်း ငရမန် စစ်ချီ လာတာ ပြည်တော်သာ ကျွန်း ရောက်ပြီ ကြားတဲ့ အခါ ဆင် မြင်း အလုံးအရင်း နဲ့ ကျန်စစ်သား ကို တပ်ဦး ချီ စေတယ် ။ စောလူးမင်း က နောက် တပ်မ နဲ့ ချီ လေတယ် ။


ငရမန်ကန်း ဟာ ကျန်စစ်သား တပ်ဦး ချီလာပြီ ကြားတဲ့ အခါ အကြံ ထုတ် လေတယ် ။ “ ကျန်စစ်သား ဟာ စစ်ရေးစစ်ရာ မှာ အလုပ်အကြံ အကွပ်အကဲ ကောင်း လှတယ် ။ ဉာဏ် ဆင်ပြီး လှည့်ဖြား မှ သာ အောင်မြင် နိုင်မယ် ” လို့ စဉ်းစား ပြီး ဆင်ခင်း ၊ မြင်းခင်း မသာတဲ့ ရွှံ့ညွန် ထူထပ် ရာ မှာ နှီး နဲ့ ဆင်ရုပ်ကြီး လုပ် ၊ ပေါင်းဝန် တင်ပြီး လူရုပ်ကို လည်း ဒိုင်း လွှားကာ ကိုင်ဟန် လုပ်ပြီး ဆင်ရုပ် ဦးကင်း ပေါ် တင်ထား လေတယ် ။


စောလူးမင်း နဲ့ ကျန်စစ်သား လည်း ပြည်တော်သာကျွန်း ရောက်တဲ့ အခါ မိုးချုပ်ပြီ ဖြစ်လို့ နက်ဖြန် မှ တိုက် မယ် လို့ ကျန်စစ်သား စီစဉ်တယ် ။ အကြံ နဲ့ ငရမန် လည်း ညဘက် မှာ စောလူး ကို စစ်မြှူ လေတယ် ။ စောလူးမင်း လည်း အဆင်ခြင် မရှိ ထွက် တိုက်လေတယ် ။ ငရမန့် လူတွေ က ရွှံ့ညွန် ထူရာ ဆီ တဖြည်းဖြည်း မျှား ပြီး စစ်မြှူ လေတယ် ။ စောလူးမင်း လည်း ဆင်တော် သန်မြန်စွာ ကို စီး ပြီး လိုက် လေတယ် ။ လရောင်မှုန်ရီ မှာ ဆင်ရုပ် ကို တကယ် ထင်ပြီး သန်မြန်စွာ ကို ချွန်းဖွင့် လိုက် လေတယ် ။ ထိုအခါ ဆင်တော် သန်မြန်စွာ လည်း ရွှံ့နွံ တွင်း ကျွံ ပြီး ရှေ့ မတိုးသာ နောက်  မဆုတ်သာ ရှိ လေတယ် ။ စောလူးမင်း လည်း ဆင် ထက် က ဆင်း ပြီး တောအုပ် တစ်ခု က ညောင်ခေါင်း မှာ ဝင် နေ လေတယ် ။ စောလူးမင်း ရဲ့ ဆင်တော် ကို လည်း ငရမန် ဘက် က ရ လေတယ် ။ စစ်သည်ရဲမ က် တွေ လည်း တပ် ပျက်ပြီး ပြေး လေတယ် ။ နောက်ဆုံးတော့ စောလူး ကို ငရမန် ဖမ်းမိ လေတယ် ။


ကျန်စစ်သား လည်း စောလူး နောက် ထိန်းဖို့ မြင်းစီး လိုက်ရင်း အခွင့် မသာတာ နဲ့ တောင်ခွင်အရပ် သို့ ရောက်ပြီး ပုဂါရာမ ( ပုဂံ ) ကို မိုးလင်း ရောက် လေတယ် ။ မှူးမတ်တွေ က ကျန်စစ်သား ကို စောလူးမင်း မရှိတဲ့ နောက် ထီးနန်း ဆက်ဆံ ဖို့ လျှောက်တင် ကြတယ် ။ ကျန်စစ်သား က လက် မခံ ။ " အရှင် ရှိ ၊ မရှိ စုံစမ်းဦးမယ် ” ဆိုကာ ပြန် ထွက် သွားလေတယ် ။ စောလူးမင်း ကို ငရမန် ဖမ်း ထားတာ သိရတဲ့ အခါ ည ဘက် မှာ ငရမန်တပ် တွင်း လျှို့ဝှက် ဝင် လေတယ် ။


စောလူးမင်း ကို ချုပ်ထားတဲ့ နေရာ ထိ ဝင် ကာ ကယ် လေတယ် ။ စောလူးမင်း စဉ်းစား ပုံ က “ ကျန်စစ်သား ကို ငါ မျက်ဖူးတယ် ။ ဒါ့ကြောင့် ငါ့ ကို သ,တ် ဖို့ လာ ခိုးတာ ဖြစ်မယ် ။ ငရမန် က တော့ ငါ နဲ့ နို့စို့ဖက် ဖြစ် လို့ သ,တ် မှာ မဟုတ် ” လို့ တွေးပြီး “ ကျန်စစ်သား ငါ့ ကို ခိုးတယ် ” လို့ ဟစ်အော် လေတယ် ။ ငရမန် တပ်သား တို့ နိုး ပြီး လိုက် တာကြောင့် စောလူးမင်း ကို ချ ခဲ့ ကာ ကျန်စစ်သား ကိုယ်လွတ် ထွက်ပြေး လေတယ် ။


ငရမန် လည်း နောင်ရေး တွေးပြီး နောက် နေ့ မှာ စောလူးမင်း ကို ကွပ်မျက် လိုက် လေတယ် ။ စောလူးမင်း ငရမန် လက် မှာ အသက် ပေးရလေ သတဲ့ ။ နောက်ပိုင်း ငရမန်စစ် ကို ကျန်စစ်သား နှိမ်နင်း အောင်မြင်တော် မူ လေတယ် ။



❝ ကျန်စစ်သားမင်း ❞


ကလေးတို့ရေ ...


ကျန်စစ်သား ဟာ ဝေသာလီမင်းသမီး ပဉ္စကလျာဏီ က မွေးဖွားတဲ့ အနော်ရထာမင်းကြီး ရဲ့ သား ဖြစ်တယ် ။ အနော်ရထာမင်းကြီး လက်ထက် ဥဿာပဲခူး က ဆက် လိုက်တဲ့ မင်းသမီး မဏိစန္ဒာ ( ခင်ဦး ) နဲ့ အပြောအဟော ရှိ တာကြောင့် အနော်ရထာမင်းကြီး အမျက်တော် ရှိ လို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရ ဖူးတယ် ။


အဲလို ကျန်စစ်သား တိမ်းရှောင် ရင်း ကျောင်းဖြူ အရပ် ရောက်သွား သတဲ့ ။ ကျောင်းဖြူ အရပ် မှာ ရဟန်းမထီး တူမ သမ္ဘူလ နဲ့ အကြောင်း ပါ ပြီး မထင်မရှား နေ ရတယ် ။


နောက် အနော်ရထာမင်းကြီး ကံ ကုန် လို့ စောလူးမင်း နန်း တက်တဲ့ အခါ မှူးမတ်တွေ လျှောက်တင်တာ နဲ့ ကျန်စစ်သား ကို ပုဂံ ကို ပြန် ခေါ်တယ် ။ အဲဒီ အချိန် မှာ ကျန်စစ်သား နဲ့ ရတဲ့ ကိုယ်ဝန် ကို သမ္ဘူလ လွယ်ထား ရတယ် ။ ဒါ့ကြောင့် ကျန်စစ်သား ဟာ သူ ဆင်မြန်းတဲ့ နဝရတ်လက်စွပ် ကို သမ္ဘူလ ပေးပြီး မိန်းခလေး မွေး ရင် ထုခွဲ လုပ်ကိုင် စားပါ ။ သား ယောက်ျားလေး မွေး ရင် လက်စွပ် ယူပြီး ပုဂံ ကို လိုက်လာဖို့ မှာ ခဲ့တယ် ။


ဒီလိုနဲ့ ကျန်စစ်သား ပုဂံ ရောက်ပြီး စောလူးမင်း ထံ ခစားတယ် ။ နောက် စောလူးမင်း ရဲ့ မိဖုရား ခင်ဦး နဲ့ အပြောအဟော ရှိပြန် တာ ကြောင့် ဒလ သို့ အပို့ ခံ ရတယ် ။ နောက် ပြန် ခေါ်ပြန်တယ် ။


စောလူးမင်း ကို ငရမန်ကန်း ပုန်ကန် ရာ မှာ ည အခါ တားရက် ကြား က စောလူး ထွက် တိုက်လို့ စောလူး အဖမ်း ခံရတယ် ။ ကျန်စစ်သား တပ် ပုဂံပြန် အရောက် မှာ မှူးမတ်တွေ က ကျန်စစ်သား ကို နန်း တင် တယ် ။ ကျန်စစ်သား လက် မခံဘူး ။ ငါ့ အရှင် ကို ရှာ ဦးမယ် ဆို ကာ ကျန်စစ်သား ဟာ စွန့်စွန့်စားစား နဲ့ ငရမန်ကန်း တပ် တွင်း ည အချိန် ဝင်ပြီး စောလူမင်း ကို ကယ်တယ် ။ ခိုးယူ ရတာ ပေါ့ ။ ဒါပေမဲ့ စောလူး က ကျန်စစ်သား ကို မယုံကြည်ဘဲ အော် တာ ကြောင့် စောလူး ကို ပစ်ပြီး ကိုယ်လွတ်ရုန်း ပြေးခဲ့ရတယ် ။


ကျန်စစ်သား ဟာ အဲဒီ ကနေ ထီးလှိုင် အရပ် ကို ရောက် သွားတယ် ။ ယခုအခါ မိတ္ထီလာခရိုင် တွင်း ရှိ ဝမ်းတွင်း ရပ် လို့ ဆိုတယ် ။ ကျစ်စစ်သား ဟာ ထီးလှိုင်သူကြီး နဲ့ တွေ့ ၊ သူ့ ယာခင်း က သခွားသီး စားဖို့ တောင်း သတဲ့ ။ သူကြီး ယာခင်း က လူ တစ်ရပ်စာ မက စည်းရိုး ကာ ထားတယ် ။ ဝင်ပေါက် မထားဘူး ။ “ ငါ့ လို ခုန် ဝင် နိုင်ရန် ဆွတ်စား ” လို့ သူကြီး ဆိုတာ နဲ့ ကျန်စစ်သား ဟာ လှံ ထောက် ခုန်ဝင်ပြီး သခွားသီး စား သတဲ့ ။ အဝ စား ပြီး သခွားသီးတွေ ကို နွယ် နဲ့ သီပြီး ခုန် ထွက်လာတော့ ထီးလှိုင်သူကြီး အရမ်း အံ့သြ သွား တာပေါ့ ။ အဲဒီ မှာ လူစွမ်းကောင်း ကျန်စစ်သား နဲ့ သူကြီး က သူ့ သမီး ခင်တန် နဲ့ ပေးစား လိုက်တယ် ။ ကျန်စစ်သား လည်း ထီးလှိုင်ရှင် လို့ အမည် တွင် လာသတဲ့ ။


စောလူးမင်း ဟာ ငရမန်ကန်း သ,တ် လို့ ကံ ကုန် ရှာတယ် ။ ဒါကြောင့် ကျန်စစ်သား ဟာ လယ်တွင်း ( ၁၁ ) ရွာ က နေ လူသူ စုရုံးပြီး ငရမန် ကို ပြန် တိုက်တယ် ။ ငရမန် ကျဆုံးလို့ မွန်တပ် လည်း ပျက် သွားတယ် ။ အဲဒီ မှာ ကျန်စစ်သား ဟာ ပုဂံ မှာ မင်း ဖြစ်လာတာပဲ ။


ကျန်စစ်သား မင်း ဖြစ် လာတော့ နန်းသစ် ဆောက် တယ် ။ သူ့ မိဖုရား တွေ က အပယ်ရတနာ ဥဿာမင်းသမီး ခင်ဦး ၊ ထီးလှိုင်ရှင်သူကြီး သမီး ခင်တန် ။ ကျန်စစ်သား မင်း ဖြစ်ပြီးနောက် မထီးတူမ သမ္ဘူလ ဟာ သားယောက်ျား မွေဖွား လို့ သူငယ်ရွယ် အရောက် မှာ ပုဂံ ကို လိုက် လာတယ် ။ မှူးမတ်တွေ က ဘုရင့် ရှေ့မှောက် ပို့ပေး လို့ “ သူ့ ကျေးဇူး ငါ့ အပေါ်  ရှိတယ်” ဆိုပြီး သမ္ဘူလ ကို ဦးဆောက်ပန်း အမည် နဲ့ မိဖုရား မြှောက် တယ် ။ ကျန်စစ်သား မှာ အပယ်ရတနာ မိဖုရား က ဖွားမြင်သော ရွှေအိမ်သည် ဆိုတဲ့ သမီး ရှိတယ် ။ ရွှေအိမ်သည် ကို စောလူးမင်း ရဲ့ သားတော် စောယွမ်း နဲ့ စုံဖက် ပေးလို့ မြေးတော်လေး ( အလောင်းစည်သူ ) ကို ဖွားတယ် ။


ကျန်စစ်သား ဟာ မြေး ကို ချစ်တာ ကြောင့် ထီးနန်း အပ်ပြီး ရင်ခွင်ပိုက် အုပ်ချုပ် သတဲ့ ။ ဒါ့ကြောင့် သမ္ဘူလ နဲ့ သားတော် ရောက် လာတော့ “ မြေး ကို အရင်း သား ကို အဖျား ဖြစ်ချေပြီ ” လို့ မိန့်ပြီး သားတော် ကို “ ဇေယျခေတ္တရာ ” အမည် နဲ့ ဓဝတီ နဲ့ တောင်စဉ် ခုနစ်ခရိုင် ကို စား စေသတဲ့ ။


ကျန်စစ်သားမင်းကြီး ဟာ ရွှေစည်းခုံ ကို ဆက် တည်တယ် ။ “ အာနန္ဒာ ဘုရား ” ကို လည်း တည်တော် မူခဲ့တယ် ။ အပယ်ရတနာဘုရား ကို လည်း တည်ခဲ့တယ် ။ အခြား စေတီ အမြောက်အမြား လည်း တည်ခဲ့သတဲ့ ။


သားတော် ဇေယျခေတ္တရာ ဟာ ခမည်းတော် ကျန်စစ်မင်းကြီး နာမကျန်း ဖြစ်နေချိန် မှာ ရွှေဆင်းတု တစ်ဆူ ထုလုပ်ပြီး သာဓု ခေါ်စေတယ် ။ ဇေယျခေတ္တရာ ဟာ မြစေတီဘုရား ကို လည်း တည် ခဲ့တယ် ။ ကျန်စစ်သား မင်းကြီး ဟာ ထီးနန်း စည်းစိမ် ၂၈ နှစ် ခံစားပြီး သက်တော် ၇၂ နှစ် မှာ ကံ ကုန် တော် မူ ခဲ့တယ် ။



❝ ရာဇကုမာရ မင်းသား ❞


ကလေးတို့ရေ ...


ကျန်စစ်သား မင်း မဖြစ်ခင်က သူ့ ခမည်းတော် အနော်ရထာမင်းကြီး အမျက်တော် ရှလို့ တိမ်းရှောင်စဉ် ကျောင်းဖြူ အရပ် ရောက်ပြီး မထီးတူမ သမ္ဘူလ နဲ့ အကြောင်း ပါ တာ ပြောခဲ့ပြီ ။ ပုဂါရာမ လို့ ခေါ်တဲ့ ပုဂံ မှာ စောလူးမင်း မရှိတဲ့ နောက် ကျန်စစ်သား မင်း ဖြစ်တယ် ။ မိဖုရားကြီး ဖြစ်တဲ့ အပယ်ရတနာ မိဖုရား က သမီးတော် ရွှေအိမ်သည် ကို ဖွားတယ် ။ အရွယ် ရောက်တဲ့ အခါ စောလူးမင်း ရဲ့သား စောယွမ်း နဲ့ စုံဖက် ပေးလို့ မြေးတော်လေး ( အလောင်းစည်သူ ) ရတယ် ။ မင်းကြီး အလွန် ချစ်တာ ကြောင့် ထီးနန်း ကို မြေးတော် ငယ်စဉ် ကတည်း က လွှဲအပ်ပြီး ရင်ခွင်ပိုက် အုပ်ချုပ် လေတယ် ။


အဲဒီ အချိန်အခါ မှာ ကျောင်းဖြူအရပ် က မထီး တူ မ သမ္ဘူလ ဟာ သားယောက်ျား ဖွား လို့ ကျန်စစ်သား မင်း ဖြစ်တဲ့ အခါ ယခင် က မှာ ခဲ့တဲ့ အတိုင်း လက်စွပ် ယူ ကာ သားတော် လက် ဆွဲပြီး ပုဂံ နန်းတော် ရောက် လာတယ် ။ “ ဤ မိန်းမ ကျေးဇူး ကား ငါ့ အပေါ် မှာ များစွာ ရှိတယ် ” လို့ မိန့်ကာ ဦးဆောက်ပန်း ဘွဲ့ အမည် နဲ့ မိဖုရား မြှောက် လေတယ် ။ သားတော် ကို တော့ ထီးနန်း ပေး လို့ မရတော့ဘူး ။ “ မြေး ကား အရင်း ၊ သား က အဖျား ဖြစ်လေပြီ ” လို့ မိန့်ပြီး သားတော်ကို “ ဇေယျခေတ္တရာ ” ဆိုသော ဘွဲ့မည် နဲ့ ဓညဝတီ နဲ့ တကွ တောင်စဉ် ( ၇ ) ခရိုင် ကို ပေးတော် မူတယ် ။ ဇေယျခေတ္တရာ ဆိုတာ ရာဇာကုမာရ မင်းသား ရဲ့ ဘွဲ့ အမည် ပါ ပဲ ။


ရာဇကုမာရ မင်းသား ဟာ ဘုရင် ရဲ့ သားရင်း ဖြစ်လို့ ထီးနန်း ရထိုက် ပေမယ့် အကြောင်း မညီညွတ်လို့ မရပေဘူး ။ ဒါပေမဲ့ သူ ဟာ ဖခင် အပေါ် ငြူစူခြင်း မရှိပေဘူး ။ ထီးနန်းစည်းစိမ် အာဏာ ကိုလည်း မမက်မောဘူး ။ စိတ်နှလုံး သဘောထား ဖြူစင်တဲ့ မင်းသား ဖြစ်ပေတယ် ။ ကျန်စစ်သားမင်းကြီး နဲ့ မယ်တော် ဦးဆောက်ပန်း ကို လည်း ရိုသေ ကိုင်းရှိုင်းသူ ဖြစ်တယ် ။


ခမည်းတော်မင်းကြီး နာမကျန်း ဖြစ် နေစဉ် လည်း ပြုစု ပေးတယ် ။ ဖခင် မင်းကြီး ကွယ်လွန် ခါ နီး မှာ ရာဇကုမာရမင်းသား ဟာ ရွှေဆင်းတု တစ်ဆူ သွန်းလုပ် ပြီး နာမကျန်း ဖြစ် နေတဲ့ ဖခင် မင်းကြီး ထံ ပင့်ဆောင် သွား တယ် ။ ရွှေဆင်းတု ကို ပြကာ “ သားတော် သည် ခမည်းတော်မင်းကြီး ရဲ့ ကျေးဇူး ကို အောက်မေ့ပြီး ဤ ရွှေဆင်းတု ကို သွန်းလုပ် ပါသည် ” လို့ လျှောက် လေတယ် ။


“ ကောင်းလေစွ ၊ ကောင်းလေစွ ၊ ကောင်းလေစွ ” လို့ မင်းကြီး ဝမ်းမြောက်စွာ သာဓု ခေါ် လေတယ် ။ ရာဇကုမာရ လည်း “ ရွှေဆင်းတုတော် ကို ခမည်းတော် ရေစက်သွန်းချ လှူဒါန်းပါ ” လို့ ပန်ကြားပြီး မင်းကြီး လက် ကို ရွှေဆင်းတု အပ် လေတယ် ။ မင်းကြီး ရေစက်သွန်းချ လှူဒါန်းပြီး တဲ့ အခါ ရာဇကုမာရ မင်းသား ဟာ ဂူပြောက်ကြီးဘုရား ကို တည်ကာ ရွှေဆင်းတု ကို ဌာပနာ လေတယ် ။


ထို အကြောင်းအရာတွေ ကို လေးမျက်နှာ ရှိတဲ့ ကျောက်တုံး မှာ မြန်မာ ၊ ပါဠိ ၊ ပျူ ၊ မွန် လေးဘာသာ နဲ့ ထွင်းထု ကာ ကျောက်တိုင် စိုက်ထူ လေတယ် ။ ထို ကျောက်စာ ကို ဖတ်ရတဲ့ ပျူ ၊ မွန် ၊ မြန်မာ ၊ ပုဂံပြည်သား တွေ ဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလေတယ် ။


နောင်အခါ မြစေတီ အနီး မှာ ထို ကျောက်စာတိုင် ကို တွေ့ ရှိတာ ကြောင့် မြစေတီကျောက်စာ လို့ အမည် တွင်တယ် ။ ယခုတိုင် ပုဂံ မှာ အထင်အရှား ရှိ လေတယ် ။ မြစေတီကျောက်စာ ဟာ သမိုင်း တန်ဖိုး ရှိတဲ့ အပြင် သားလိမ္မာ ရာဇကုမာရမင်းသား ရဲ့ မိဘ ကျေးဇူး သိတတ်မှု အမှတ်အသား လည်း ဖြစ် ပေတယ် ။



❝ အလောင်းစည်သူ မင်းကြီး ❞


ကလေးတို့ ရေ ...


ကျန်စစ်သားမင်း ရဲ့ မြေးတော် အလောင်းစည်သူ ဟာ ဘုန်းကြီး တဲ့ မင်းတစ်ပါး ဖြစ်တယ် ။ ဖောင်တော် နဲ့ တိုင်းခန်း လှည့်လည်တော် မူ တာ မလေးကျွန်းဆွယ် ၊ သီဟိုဠ်ကျွန်း ၊ ဇမ္ဗူဒီပါကျွန်းကြီး တို့ ဆီ ရောက်သတဲ့ ။ တိုင်းခွင် လှည့်စဉ် ပဋိက္ကရားမင်း က သမီးတော် ကို ဆက် လိုက်သတဲ့ ။


အလောင်းစည်သူ ဟာ နေပြည်တော် မှာ တာရှည် မနေဘဲ တိုင်းခန်း လှည့်လည် နေတာကြောင့် အမှုထမ်း တို့ ပင်ပန်းကြသတဲ့ ။ သူ့ ကို ပုန်ကန် တဲ့ နယ်တွေ ကို လည်း တိုက်ခိုက် သိမ်းပိုက်တယ် ။ ရခိုင် ကို လုပ်ကြံရာ မှာ အောင် လို့ လကျာ်မင်းနန်း ကို နန်း တင်ခဲ့သတဲ့ ။


အလောင်းစည်သူမင်း ဟာ ဆည်မြောင်းကန်ချောင်း တို့ ကို လည်း ဆည်တော် မူတယ် ။ မန္တလေး အနီး က နန္ဒာကန် နဲ့ မောင်းမကန် ကို လည်း ဆည် တယ် ။ အချိန်အတွယ် လည်း တစ်ညီတည်း ဖြစ်အောင် လုပ်ဆောင်ခဲ့တယ် ။ အလောင်းစည်သူ ရဲ့ တရားစီရင်ရေး ဖြတ်ထုံး တို့ ကို လည်း စုစည်း ပြီး “ အလောင်းစည်သူ ဖြတ်ထုံး ” ဆိုပြီး ရေးသား ထား သတဲ့ ။


အလောင်းစည်သူမင်း ဟာ ပုဂံ မှာ သဗ္ဗညုဘုရား ၊ ရွှေဂူဘုရား ၊ စစ်ကိုင်း မှာ ရှင်ဖြူရှင်လှဘုရား ၊ အညာသီဟတောဘုရား စသည် ဖြင့် တည်တော် မူခဲ့တယ် ။


တစ်ခါမှာတော့ သားတော်ကြီး မင်းရှင်စော အခစား ဝင်သတဲ့ ။ အဲဒီအခါ မှာ ကုလားမိဖုရား နေရာ မှ မထ တာကြောင့် မင်းရှင်စော ဟာ မင်းကြီး ကို မခစားတော့ ဘဲ ထ သွားသတဲ့ ။ တစ်ခါ မှာ လည်း မင်းသားတွေ သာ ဝတ် ထိုက်တဲ့ ဝတ်လုံ ကို အမတ် တစ်ဦး ကို အလောင်းစည်သူ ချီးမြှင့်တော် မူတယ် ။ ပွဲသဘင် တစ်ခု မှာ အဲဒီ အမတ် ဟာ မင်းကြီး ချီးမြှင့်တဲ့ ဝတ်လုံ ဝတ်ဆင် သတဲ့ ။ မင်းရှင်စော တွေ့ တော့ ချွတ် ခိုင်းတယ် ။ အလောင်းစည်သူ မင်းကြီး အမျက် ထွက် ပြီး သားတော် မင်းရှင်စော ကို တိုင်းပြည် က နှင် ထုတ် လိုက်တယ် ။


တစ်ခါ မှာ တော့ အလောင်းစည်သူမင်းကြီး ဟာ ဗိုလ်ရှုသဘင် ခံ ရင်း လက်ရုံး တန်းမြှောက် ကြုံးဝါး သတဲ့ ။ သက်တော် ကြီး ပြီ ဖြစ်လို့ လက်ရုံးတော် ကျ တာကို မှူးမတ် တို့ မြင် တော့ တိတ်တခိုး ရယ်ကြသတဲ့ ။ မင်းကြီး က မှတ်ထား လေသတဲ့ ။


တစ်ခုသော ညီလာခံ မှာ “ ဟယ် အမတ် တို့ ... တူရွင်းတောင်ခြေ မှာ ဦးပေါင်းကျား နဲ့ မြင်းကျားစီး သူ တစ်ယောက် ဟာ နေဝင်ချိန် မှာ ပြည်သူပြည်သား တွေဆီ က လုယက် နေတယ် ။ မသိကြသလော ။ စစ်သူကြီး လေးဦး နှိမ်နင်းချေ ” လို့ ခိုင်း လိုက် သတဲ့ ။ စစ်သူကြီး လေးဦး လည်း မင်းကြီး အမိန့် နာ ခံပြီး မြင်း လေးစီး နဲ့ ထွက်သွား သတဲ့ ။


အလောင်းစည်သူမင်းကြီး ဟာ ကိုယ်တိုင် ဦးပေါင်းကျား ကို ဆင် မြင်း ကို လည်း အဝတ်အစား ဆင် ပြီး မြင်း နဲ့ တူရွင်းတောင်ခြေ ကို ဆင်းတော် မူတယ် ။ တံခါးမှူး ကို လည်း ငါ မလာမချင်း တံခါး မပိတ် နဲ့ လို့ မှာ ထားခဲ့ သတဲ့ ။


တူရွင်းတောင်ခြေ ရောက် တော့ မြင်း ကို လှည့်ပတ် စီးတယ် ။ စစ်သူကြီး ( ၄ ) ဦး လည်း မြင်း နဲ့ လိုက်ကြတယ် ။ ပူးတုံ ခွာတုံ စီးပြီး မြင်း မော တာ နဲ့ ညောင်ဦးကမ်းပါး ဆင်း ကာ မြင်း ကို ရေ တိုက်တော် မူတယ် ။ စစ်သူကြီး တို့ လည်း တို့ ကို ကြောက် လို့ ခိုးသူ ပြေးပြီ လို့ ထင် ကြသတဲ့ ။


အဲဒီအချိန် မှာ မြင်း လည်း အမော ပြေ တာ နဲ့ မင်းကြီး လည်း ကမ်းပါး က တက်ကာ မြင်း စီးပြီး စစ်သူကြီး လေးဦး ဆီ ဒုန်းစိုင်းဝင် လေ သတဲ့ ။ ဘေး က ပန်းလိုက် ၊ ရှေ့ က ပြေးလိုက် နဲ့ အမျိုးမျိုး မြင်းစီး ပြ သတဲ့ ။ စစ်သူကြီး လေးဦး ဘယ်လို လိုက် ဖမ်းပေမယ့် မမိဘူးတဲ့ ။


နောက် နေ့ ညီလာခံ မှာ စစ်သူကြီးတွေ ကို မေးတဲ့ အခါ “ ထို ခိုးသူ ဟာ လူ မဟုတ် ၊ ဘီလူး ဆို လည်း နတ်ဘီလူး ဖြစ်မည် ။ ဗိုလ်ပါထု နဲ့ မည်သူ ဖမ်းစေ မိမည် မထင်ပါ ” လို့ လျှောက် သတဲ့ ။


ဒီတော့ မှ အလောင်းစည်သူမင်းကြီး က “ ဟယ် အမတ် တို့ ၊ နင် တို့ ငါ့ ကို အိုပြီ မှတ်ကြတယ် ။ ငါ မအိုသေး ” လို့ မိန့်တော် မူ မှ အမတ်တို့ လည်း များစွာ ကြောက်ရွံ့ သွားကြ သတဲ့ ။


တစ်ခါ မှာ တော့ မင်းကြီး ဟာ သူ့ ဘာသာ စဉ်းစား ရင်း ပြော မိသတဲ့ ။


“ ငါ ဟာ အတိုင်းတိုင်း ကို လည်း ရောက် ခဲ့တယ် ။ မင်း ဘဏ္ဍာ လည်း ပြည့်ဝ ကုန်လုံတယ် ။ ငါ့ ဘေးလောင်းတော် ၊ ဘိုးလောင်းတော် တို့ ဟာ ငါ့ လောက် ဘုန်းကြီး မည် မထင် ” 


လို့ မနောကံ ၊ ဝစီကံ နဲ့ မြွက်မိ သတဲ့ ။ အဲဒီ အခါ မှာ မင်းကြီး မျက်စိ ကွယ် ရှာတယ် ။ ဗေဒင်ပညာရှိ ဟူးရားဖြူ ၊ ဟူးရားညိုတွေ ကို အကြောင်း မေး တော့ မှ ဘေးဘိုး တို့ ကို ပြစ်မှား မိလို့ မျက်စိ ကွယ်ကြောင်း သိ ရတယ် ။


နောက် မင်းကြီး ဟာ ဘေးဘိုးတို့ ရုပ်တုတွေ ကို ရွှေ နဲ့ သွန်းလုပ်ပြီး ဟူးရား တို့ ဟောတဲ့ တိုင်း ပူဇော် သတဲ့ ။ အဲဒီတော့ မှ မင်းကြီး မျက်စိ ပြန် မြင်လာ သတဲ့ ကွယ် ။


အလောင်းစည်သူမင်းကြီး ဟာ သက်ရွယ် ကြီး နာမကျန်း ဖြစ် နေတော့ သားတော် နရသူ က မင်းကြီး ကို ရွှေဂူကြီး ဘုရားတွင်း ရွှေ့ ထား သတဲ့ ။ မင်းကြီး သတိ ရ လို့ မေး တော့ မှ သားတော် နရသူ အစီရင် ဆိုတာ သိ ရတယ် ။ အမျက် ပြင်းစွာ ထွက် သတဲ့ ။ နရသူ လည်း ထီးနန်းစည်းစိမ် ကို တပ်မက်လွန်း တာ ကြောင့် မင်းကြီး ကို အဝတ်ပုဆိုး တို့ နဲ့ ဖိကာ လုပ်ကြံ လိုက် သတဲ့ ။


အလောင်းစည်သူမင်းကြီး ဟာ နန်းစည်းစိမ် ( ၇၅ ) နှစ် နန်း စံပြီး သက်တော် ( ၁၀၁ ) နှစ် မှာ အနိစ္စ ရောက်လေသတဲ့ ။



❝ နရသူမင်း နှင့် ပံ့သကူမထေရ် ❞


ကလေးတို့ ရေ …


အလောင်းစည်သူမင်းကြီး ဟာ သားတော် နရသူ လုပ်ကြံ တာ ကြောင့် အနိစ္စ ရောက် ရကြောင်း ပြောခဲ့ပြီးပြီ နော်  ။


အလောင်းစည်သူမင်းကြီး ကံ ကုန်တယ် လို့ ကြား တော့ သားတော်ကြီး မင်းရှင်စော ဟာ အလုံးအရင်း နဲ့ ပုဂံ ကို ချီတက် လာ သတဲ့ ။ အဲဒီအခါ နရသူ ဟာ စိုးရိမ် ထိတ်လန့် လေတယ် ။ ဒါနဲ့ ဉာဏ် ဆင်ပြီး တိုင်းပြည် မှာ ဩဇာ ကြီး တဲ့ ပံ့သကူမထေရ် ထံ ချဉ်းကပ်လေ သတဲ့ ။


“ အရှင်ဘုရား … ၊ နောင်တော်ကြီး မင်းရှင်စော ကို လှေ နှင့် တစ်ဦး တည်း လာရန် ပြော ပေးပါ ။ သန်လျက် ကို ထမ်း၍ နန်း တင်ပါမည် ” 


လို့ လျှောက် သတဲ့ ။ 


အဲဒီ အခါ ပံ့သကူမထေရ် က 


“ ငါ ခေါ် လို့ မင်းရှင်စော ရောက်လာ လို့ သင် နန်း မတင်ဘဲ ရှိလျှင် ငါ ရဟန်းတရား နှင့် မလျော် ရှိမည် ” 


လို့ မိန့် သတဲ့ ။ 


ဒီတော့ နရသူ က 


“ အရှင်ဘုရား စိတ်ချပါ ၊ တပည့်တော် စကား တည် စေရပါမည် ” 


လို့ သစ္စာ ကြီးစွာ ပြု သတဲ့ ။


ပံ့သကူမထေရ် လည်း နရသူ ကို ယုံ ပြီး မင်းရှင်စော ထံ သွားကာ အကျိုးအကြောင်း ပြောပြတယ် ။ မင်းရှင်စော လည်း ပံ့သကူမထေရ် ရဲ့ စကား ယုံကြည် ပြီး မထေရ် ကို လှေဦး တင်ကာ ရွှေလှော်ကားလှေ တစ်စင်း နဲ့ စုန်လာ သတဲ့ ။


နရသူ က လည်း သူ့ စကား အတိုင်း လှေ ကို ဆင်းပြီး မင်းရှင်စော ကို ကြိုဆို တာပေါ့ ။ သန်လျက် ထမ်း ပြီး နောင်တော် ကို နန်း တင် သတဲ့ ။ ဘိသိက်သွန်းမင်း အဖြစ် နန်းတင် တဲ့ ည မှာ ပဲ ပွဲတော်စာ ထဲ အဆိပ် ခပ်ပြီး နောင်တော် ကို လုပ်ကြံ လို့ မင်းရှင်စော အနိစ္စ ရောက် ရတယ် ။ အဲဒီ နှစ် မှာ ပဲ နရသူ မင်း ဖြစ်တာပေါ့ ။


အဲဒီလို နရသူ ဆေး ခပ် လို့ မင်းရှင်စော အနိစ္စ ရောက်ကြောင်း ပံ့သကူမထေရ် ကြား သိရတဲ့ အခါ နန်းတော် ကို ကြွလာပြီး -


“ ဟယ် မင်းဆိုးမင်းညစ် ၊ သင်ကား သံသရာ မှာ ခံရမယ့် မကောင်းမှု ကို မကြောက် ၊ ဤ နန်းစည်းစိမ် ကို ရလျှင် သင့် ခန္ဓာ မအိုမသေ ပြီ မှတ်သလော ” 


လို့ မိန့်တော်မူတယ် ။ 


နရသူ က လည်း


“ အရှင်ဘုရား ကို လျှောက်ခဲ့ တဲ့ အတိုင်း နောင်တော် ကို သန်လျက် ထမ်း နန်း တင်ခဲ့ပြီ မဟုတ်လော ” 


လို့ ဆိုသတဲ့ ။ 


ပံ့သကူမထေရ် လည်း


“ လူ့ပြည် မှာ နင့် ထက် ဆိုးသွမ်းညစ်ညမ်းတဲ့ သူ မရှိပြီ ” 


လို့ မိန့် ပြီး သိန်းဃိုကျွန်း ကို ကြွသွားလေ သတဲ့ ။


နရသူမင်း ဟာ အာဏာ စည်းစိမ် ကို တပ်မက်လွန်း လို့ ခမည်းတော် ကို လည်း လုပ်ကြံ ခဲ့တယ် ။ နောင်တော် ကို လည်း အဆိပ်ခပ် သ,တ်ခဲ့တယ် ။ အမျတ်စောင်မာန် လည်း ကြီးတယ် ။ အဲဒီ မင်း လက်ထက် မှာ မှူးမတ်တွေ လည်း ရွံ့ကြောက် ကြောက် ကြ သတဲ့ ။ ပြည်သူတွေ လည်း ဆင်းရဲ ပင်ပန်းကြတယ် ။ ကျန်းမာ သန်စွမ်း တဲ့ ရဟန်းတွေ ကို လည်း လူ ထွက် ခိုင်းပြီး အလုပ် လုပ် စေသတဲ့ ။ အဲဒါကြောင့် နရသူ ရဲ့လက်ထက် မှာ အချို့ ရဟန်းတွေ ဟာ သိန်းဃိုကျွန်း သို့ ကြွ ကုန်ကြတယ် ။


မိဖုရား မောင်းမတွေ လည်း များစွာ နှိပ်ကွပ် လို့ ကြောက်ရွံ့ကြ သတဲ့ ။ ပုဂံ မှာ ဓမ္မရံကြီးဘုရား ကို တည် တာ စေ့စပ်လွန်း တာ ကြောင့် မပြီးနိုင်ဘူး တဲ့ ။


ခမည်းတော် လက်ထက် က ကုလားမင်းသမီး ကို လည်း မိဖုရား ဆက် မြှောက်တယ် ။ နရသူ ဟာ အလွန် လည်း ညစ်ပတ် သတဲ့ ။ တစ်ခါမှာ အိမ်သာ တက် ပြီး သန့်သက်ရေ မသုံးမိဘူး တဲ့ ။ ကုလားမင်းသမီး ဟာ နရသူ ကို ရွံတာ ကြောင့် မချဉ်းကပ်ဘဲ ရှောင် သတဲ့ ။


အဲဒီ အခါ နရသူ အမျက် ပြင်းစွာ ထွက်ပြီး ကုလားမင်းသမီးကို သန်လျက် နဲ့ ခုတ်သတ်လိုက် သတဲ့ ။ အဲဒီ သတင်း ကို ခမည်းတော် ၊ ကုလားမင်းကြီး ကြား သိရတဲ့ အခါ အမျက်ပြင်းစွာ ထွက်တော် မူတယ် ။


ဒါ့ကြောင့် ကုလားမင်းကြီး ဟာ ကုလားသူရဲကောင်း ( ၈၀၀ ) ထဲ က နေ လက်ရွေးစင် ရှစ်ယောက် ဆန်ကာတင် ရွေးတယ် ။


“ မင်းတို့ ရှစ်ယောက် မိသားစု အတွက် အလုံးစုံ ငါ တာဝန် ယူ ထောက်ပံ့မယ် ။ နရသူဘုရင် ကို ပုဏ္ဏား ယောင် ဆောင်ပြီး လုပ်ကြံချေ ။ နရသူ သေ လျှင် မင်း တို့ ရှစ်ယောက် လည်း ကိုယ့် ကိုယ် ကို အဆုံး စီရင်ရမယ် ”


လို့ အမိန့်တော် မှတ်ပြီး ပုဂံ ကို လွှတ် လိုက်သတဲ့ ။


ကုလားသူရဲကောင်း ရှစ်ယောက် ဟာ သူတို့ မင်းကြီး ရဲ့ အမိန့် အတိုင်း ပုဂံ ကို ပုဏ္ဏား အသွင် နဲ့ ရောက် လာတယ် ။ ခရုသင်း နဲ့ နေစာမြက် ကမ်းဟန် ပြုပြီး နရသူ ကို ကောင်းချီး ပေး ဟန် နဲ့ ဝိုင်းပတ် ရွတ်ဖတ် ကြ သတဲ့ ။ ပြီးတော့ နရသူမင်း ကို လုပ်ကြံ လိုက်ကြတယ် ။ သိဒ္ဓိကာ အမတ် ကို လည်း လက်ညှိုး ထိုး ပြီး “ သင် ရှိလျက် နဲ့ ငါတို့ မင်းသမီး ဆုံး ရလေတယ် ” ဆိုပြီး သတ်မယ် အလုပ် မှာ အမတ် ထွက်ပြေး လို့ လွတ် သွား သတဲ့ ။ ကုလား လူစွမ်းကောင်း ရှစ်ယောက် ဟာ သူတို့ မင်းကြီး မှာ တဲ့ အတိုင်း ကိုယ့် ကိုယ် ကိုယ် အဆုံး စီရင် လိုက် ကြသတဲ့ ။


နရသူမင်း အဲဒီလို ကုလား လုပ်ကြံလို့ သေ တာကြောင့် ကုလားကျမင်း လို့ အမည် တွင် တော့တယ် ။ ပြည်သူ ကို ညှဉ်းပန်း တဲ့ မင်း တွေ ဟာ နောက်ဆုံး မှာ ခွေးသေ ၀က်သေ သေ ကြရတာပေါ့ ကွယ် ။


နရသူ ဟာ နန်းစည်းစိမ် လေးနှစ် ၊ ခံစားပြီး သက်တော် ( ၄၉ ) နှစ် မှာ အနိစ္စ ရောက်ရရှာတယ် ။



❝ ညီနောင် နှစ်ဦး ကြား က ဝေဠုဝတီ ❞


ကလေးတို့ ရေ …


နရသူ အနိစ္စ ရောက်ပြီး သက္ကရာဇ် ( ၅၃၃ ) ခု မှာ သားတော် မင်းယဉ်နရသိင်္ခ မင်း ဖြစ်တော် မူတယ် ။ ညီတော် နရပတိစည်သူ ကို တော့ အိမ်ရှေ့ အရာ ထား သတဲ့ ။ မင်းယဉ်နရသိမ် မှာ မင်းအောင်မြတ် ၊ မင်းလတ် ၊ မင်းမစာထွေး ဆိုတဲ့ မိဖုရား သုံးဦး ရှိသတဲ့ ။ ထိုမိဖုရား‌ တွေ ဟာ မင်းကြီး ကြွတော်မူရာ နောက် က လိုက်ရ သတဲ့ ။


အခါတစ်ပါး မှာ မြင်းရိုင်းဝက်ဝင် အရပ် က နေ မင်းယဉ်နရသိင်္ခ ထံ ကို အဆင်းအင်္ဂါ နဲ့ ပြည့်စုံ တဲ့ “ ဝေဠုဝတီ ” ဆိုတဲ့ သတို့သမီး ကို ဆက်နှင်း သတဲ့ ။ မင်းကြီး က အဲဒီ သတို့သမီး ကို မြင်တဲ့ အခါ နား ကျယ်တယ် ဆိုပြီး ပယ် လိုက် သတဲ့ ။


ဒါနဲ့ မင်းကြီး ရဲ့ မယ်တော် က မိန်းမငယ် ကို မြင်တော့ နား ကို ပြုပြင် ပေး လိုက်ရင် အလွန် လှသူ ဖြစ်မယ် ဆိုတာ သိသတဲ့ ။ ဒါကြောင့် သားကြီး ပယ် တဲ့ သတို့သမီး ကို နား ပြင်ပြီး သားငယ် နရပတိစည်သူ နဲ့ ထိမ်းမြား ပေး လိုက် သတဲ့ ။


တစ်ခါ မှာ တော့ မင်းကြီးမယ်တော် ဟာ ချွေးမတော် ဝေဠုဝတီ ကို လက် ဆွဲပြီး မင်းကြီး ထံ အခစား ဝင် သတဲ့ ။ မင်းကြီး က ဝေဠုဝတီ ကို မြင်တဲ့ အခါ အလွန် တပ်မက် သတဲ့ ။ ယခင် သူ ပယ် မိတာ မှားပြီ ဆိုပြီး နောင်တ ရ လေတယ် ။ ဒီလို နဲ့ ခယ်မတော် ကို ရ အောင် ဉာဏ်ဆင် သတဲ့ ။ အမတ် ကျွန် ယုံ တစ်ဦး ကို စကား ထည့်ပြီး ညီလာခံ မှာ လျှောက်စေ သတဲ့ ။ မင်းကြီး ခိုင်း တဲ့ အတိုင်း အမတ် က လျှောက် သတဲ့ ။


“ မှန်လှပါ ၊ ငဆောင်ချမ်း အရပ် မှာ သူပုန်သူကန် တို့ ထကြွ နေပါတယ် ဘုရား ”


ဒီတော့ မင်းကြီး က ညီတော် နရပတိစည်သူ ကို အမိန့်တော် မှတ်တယ် ။


“ ညီတော် ငဆောင်ချမ်း ကို စစ်ချီ‌စေ ” လို့ မိန့်တယ် ။ မင်းမိန့် ဆိုတော့ လည်း မလွန်ဆန်သာဘူးပေါ့ ။ နရပတိစည်သူ ဟာ ပါးနပ်သူ ဖြစ်တယ် ။ ဒါကြောင့် မြင်းခံငပြည့် ကို 


“ ငါ့ အိမ်တော် မှာ ကိစ္စ အထူး ရှိလျှင် အမြန် လိုက်ခဲ့ ” လို့ မှာ ပြီး စစ်ထွက် သွားတယ် ။


မင်းကြီး လည်း ညီ‌တော် သစ်ဆိမ့် အရပ် ရောက်ပြီ ကြားတော့ သူ့ အကြံ အတိုင်း ခယ်မတော် ကို ယူပြီး မိဖုရား မြှောက် သတဲ့ ။


မြင်းခံငပြည့် ဟာ လည်း သူ့ သခင် အမှာ အတိုင်း မြင်းသူတော် ကို စီးပြီး စိုင်းနှင် လေ သတဲ့ ။ ချင်းတွင်း ပရိမ္မ အရပ် က နေ ဟန်လင်း ကို မြင်း ဆက် နှင်တယ် ။ ငါးပက်ချောင်း ရောက် တော့ နေဝင် နေပြီ  ၊ မြင်း လည်း ပင်ပန်းလှတာ ကြောင့် မြင်း ကို ရေ ချပြီး မြက် ကျွေးကာ အဲဒီ မှာ ပဲ ည အိပ် လေ သတဲ့ ။


မြင်းသူတော် ဟာ မင်းကြီး ရဲ့အနံ့ ကို ရတဲ့ အခါ ပြင်းစွာ ဟီး သတဲ့ ။ အဲဒီ အရပ် မှာ နရပတိစည်သူ ဟာ ဘာ သူပုန်သူကန် မှ မတွေ့တော့ နောင်တော် ဉာဏ် ဆင် ပြီ ဆို တာ တွေး မိတယ် ။ ည ပိုင်း မြင်း ဟီသံ ကြား တော့ ဒါ ငါ့ မြင်း ဟီသံ ပဲ လို့ သိ သတဲ့ ။ ငါ့ မြင်း ဟီသံ မှန် ရင် အုံးပေါက်စေ လို့ အဓိဋ္ဌာန် ပြုပြီး ခေါင်းအုံး ကို လက် နဲ့ ခတ် တာ ပေါက် သတဲ့ ။ အဲဒီ အရပ် ကို “ မလွဲအုံးပေါက် ” လို့ ခေါ် သတဲ့ ။ မြင်းခံငပြည့် အိပ် တဲ့‌ တောင် ကို “ မြင်းလှည့်တောင် ” လို့ ခေါ်ကြတယ် ။


မြင်းခံငပြည့် ဟာ မနက် မိုး လင်းတော့ မြင်း ကို ဆက် နှင်တယ် ။ တကယ်တော့ သူ့ သခင် ဟာ တစ်ဖက် ကမ်း မှာ စခန်း ချ နေတာ ဖြစ် သတဲ့ ။


ငပြည့် ရောက် လို့ အကျိုးအကြောင်း အလုံးစုံ တင် လျှောက် တယ် ။ နရပတိစည်သူ ဟာ သူ ထင် တဲ့ အတိုင်း ဖြစ်နေ လို့ နောင်တော် ကို လည်း အမျက် ပြင်းစွာ ထွက်တယ် ။ ငပြည့် ကို လည်း ည က ဘယ်မှာ အိပ် လဲ မေးပြီး 


“ ငါ တို့ မင်းညီမင်းသားများ မှာ အချိန် အလွန် အရေး ကြီး တာ မသိ သလော ”


ဆိုပြီး မြင်းခံငပြည့် ကို ကွပ်မျက်လေ သတဲ့ ။ ထို အရပ် ကို လည်း ယခု တိုင် “ ကွပ်တော်ရာ ” လို့ တွင် လေ သတဲ့ ။


နရပတိစည်သူ လည်း အောင်စွာငယ် အမတ် ကို ခေါ်ပြီး


“ နောင်တော် ကို လုပ်ကြံချေ ။ အပြီးသို့ ရောက်လျှင် ငါ့ မရီးတော် သုံးဦး ထဲ က နင် စိတ် ရှိသူ နဲ့ ပေးမြားမယ် ” လို့ မိန့်ပြီး လွှတ်လိုက် သတဲ့ ။


အောင်စွာငယ် လည်း သူရဲ ရှစ်ကျိပ် ရွေးပြီး လှော်ကားလှေလျင် နဲ့ နေ့နေ့ညည အပြင်း ချီတက်တယ် ။ နရပတိစည်သူ လည်း ရေအား ကြည်းအား ကြပ်မတ်ပြီး ရွှေကြက်ယက်ဘုရား မှာ အဓိဋ္ဌာန် ပြုတယ် ။ အကြံ အောင်မယ် ဆို တာ သိလို့ ရေအား ကြည်းအား နဲ့ စုန်တော် မူ သတဲ့ ။ အဲဒီလို စုန်ဆဲ ငပြည့် အလောင်း ဟာ ရေ မှာ မျော လာတယ် ။ နရပတိစည်သူ သိတော့ ဆယ်ပြီး သင်္ဂြိုဟ် စေတယ် ။ ပြီးတော့ ၊ နတ်အိမ် ဆောက် ကာ အရပ် က ပူဇော်စေလို့ မိန့်သတဲ့ ။ အဲဒီ အရပ် ကို ရွှေပြည့်ရှင်ကျွန်း လို့ ယခု တိုင် ခေါ် သတဲ့ ။


အောင်စွာငယ် ဟာ ပုဂံနန်းတော် ရောက်တော့ ဓား ပိုက်ပြီး သူရဲ ရှစ်ကျိပ် နဲ့ နန်းတွင်း လျှို့ဝှက် ဝင်ပြီး မင်းကြီး အရိပ်အခြည် ကို စောင့်ကြည့် နေတယ် ။ မင်းကြီး ရေအိမ် တက် ရာ အပြင် က စောင့် ပြီး အထွက် မှာ လုပ်ကြံလေ သတဲ့ ။ ဒါကြောင့် မင်းယဉ်နရသိင်္ခ ဟာ နန်းစည်းစိမ် သုံးနှစ် စံ ပြီး သက်တော် ( ၃၅ ) မှာ အနိစ္စ ရောက်ရလေတယ် ။



❝ နရပတိစည်သူ နှင့် အနန္တသူရိယအမတ်ကြီး ❞


ကလေးတို့ရေ ...


နရပတိစည်သူ ဟာ နောင်တော် မင်းယဉ်နရသိင်္ခ ကို လုပ်ကြံပြီး နန်းတက် လာတယ် ။ နရပတိစည်သူမင်း ဟာ သူ့ ဘိုးတော် အလောင်းစည်သူ လို ပဲ တိုင်းခန်း လှည့်လည် နယ်ပယ်ချဲ့ထွင် ခဲ့တယ် ။ ဖောင်စကြာရှင် လို့ဘလည်း နာမည် ကြီးသတဲ့ ။


နရပတိစည်သူ မှာ တောင်ပြင်သည် ဝေဠုဝတီ ၊ ဦးဆောက်ပန်း ၊ စောစနေ ၊ ပန်ရင် စသည် ဖြင့် မိဖုရားတွေ ရှိ ကြတယ် ။


အောင်စွာငယ် ကို အရေးတော်ပြီးပြေ ရင် မရီးတော် သုံးပါး ထဲ က စိတ်ကြိုက် တစ်ပါး နဲ့ ပေးမြားမယ် လို့ နရပတိစည်သူ  ပြော ခဲ့တယ် ။ နရပတိစည်သူ မင်း ဖြစ်တော့ မင်း ရဲ့ကတိအတိုင်း မရီးတော် တစ်ပါး ကို အောင်စွာငယ် က တောင်း သတဲ့ ။ ဒီအခါမှာ မရီးတော်တွေ က သူတို့ ဟာ အမျိုးကောင်းသမီးတွေ ဖြစ်တယ် ။ ကျွန် နဲ့ မပေးစားပါ နဲ့ ဆိုပြီး ငိုယို တောင်းပန်ကြသတဲ့ ။ ဒါ့ကြောင့် မင်းကြီး က “ အောင်စွာငယ် ၊ အမတ် တစ်ဦး ဦး ရဲ့ ၊ သမီး နဲ့ ပေးမြားမယ် ၊ မရီးတော်တွေ ကို ချန်ပါ ” လို့ မိန့်တော့ အောင်စွာငယ် က “ ထွီ ” ဆိုပြီး တုံ့ပြန် လိုက်တယ် ။ ဒါ့ကြောင့် အောင်စွာငယ် ကို လည်း ကွပ်မျက် ပြန်တယ် ။


နရပတိစည်သူမင်းကြီး ဟာ နောင်တော် မင်းယဉ်နရသိင်္ခ ရဲ့ အထိန်းတော်သား အနန္တသူရိယအမတ် ကို လည်း မျက်ပြီး သတ်စေ အမိန့် ချသတဲ့ ... ။


ဒါနဲ့ သူသတ်တွေ ဟာ အမတ်ကြီး အနန္တသူရိယ ဆီ သတ်ရန် သွားသတဲ့ ။ အနန္တသူရိယ က ရဲဝံ့စွာ နဲ့ ပဲ ခေတ္တ စောင့်ပါ ။ ငါမင်း ထံ စာလွှာ ပါးစရာ ရှိပေတယ် ဆိုပြီး မျက်ဖြေလင်္ကာ လေးပုဒ် ရေး လေသတဲ့ ။


၁ ။ သူတည်း တစ်ယောက် ကောင်းဖို့ ရောက်မူ သူတစ်ယောက် မှာ ၊ မျက်လင့်ကာသာ ၊ ဓမ္မတာတည်း ။


၂ ။ ရွှေအိမ်နန်းနှင့် ၊ ကြငှာန်းလည်းခံ ၊ မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ် ၊ စည်းစိမ်မကွာ ၊ မင်းချမ်းသာကား သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊ ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည်း ။


၃ ။ ကြင်နာသနား ၊ ငါ့အား မသတ် ၊ ယခု လွှတ်လည်း မလွှတ်ကြမ္မာ ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကျည် ၊ အတည်မမြဲ ဖောက်လွှဲတတ်သည် ၊ မချွတ်စသာ ၊ သတ္တဝါတည်း ။


၄ ။ ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊ ပန်ခဲ့တုံ၏ ။ ခိုက်ကြုံဝိဘက် ၊ သံသာစက်၌ ၊ ကြိုက်လတ်တုံမူ ၊ တုံ့မယူလို ကြည်ညိုစိတ်သန်း ၊ သခင်မွန်ကို ချန်ဘိစင်စစ် ၊ အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏ ။ သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း ... ။


သူသတ်တို့ လည်း အမတ်ကြီးပေးတဲ့ စာလွှာ ယူ ပြီး အမတ်ကြီး ကို ကွပ်မျက် လိုက်သတဲ့ ။ ပြီးမှ အမတ်ကြီး ပေး တဲ့ စာလွှာ ကို ဘုရင် ထံ ဆက် သတဲ့ ။ မင်းကြီး လည်း လင်္ကာ ကို ဖတ်ပြီး “ လွှတ်စေ ” လို့ မိန့် တော့ သူသတ် တို့ လည်း “ လွန်ခဲ့ပြီ” လို့ လျှောက် သတဲ့ ။


နရပတိစည်သူ ဟာ မျက်ပြေလင်္ကာ ဖတ် ပြီး နောင်တ ရမိ သတဲ့ ။


“ နောက် ကို အမှု ရှိ လို့ ငါ က သတ်စေ ဆိုသော်လည်း ချက်ချင်း မသတ်စေနဲ့ ၊ အမှုကုန်စင်အောင် တစ်လ ကိုးသီတင်း ထား ပြီးမှ ထိုက်တဲ့ အပြစ် ခံပါစေ ” လို့ မိန့်တော်မူ သတဲ့ ။


နရပတိစည်သူမင်းကြီး ဟာ ပုဂံမှာ စူဠာမဏိစေတီ ၊ ဂေါ့တော့ပလ္လင် ၊ ဓမ္မရာဇိက စတဲ့ ဘုရားစေတီတွေ ကို လည်း တည်ခဲ့တယ် ။ ကျမ်းဂန်တတ် ရဟန်းတွေ ကို လည်း ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းပြီး စာပေပရိယတ္တိ ပို့ချ စေ သတဲ့ ။


နရပတိစည်သူမင်းကြီး ဟာ မင်းကျင့်တရား နဲ့ အညီ ကျင့်လို့ ပြည်သူ တွေ ဝပြော စည်ပင်ရှိကြတယ် ။ ပြည်ရေးရွာမှု ကို လည်း ပညာရှိ တို့ နဲ့ တိုင်ပင်ပြီး လုပ်ဆောင် သတဲ့ ။ မင်းကြီး မှာ သားတော် ငါးပါး ရှိတယ် ။ အငယ်ဆုံး သား ဇေယျသိင်္ခ ဟာ နောင်တော်တွေ ကို ရိုသေစွာ လုပ်ကျွေး ခ,စား သတဲ့ ။ နောင်တော်တွေ က လည်း ညီငယ် ကို ချစ်ခင်ကြ သတဲ့ ။


နရပတိစည်သူ ဟာ သား ငါးပါး ကို စိတ်ဝမ်း မကွဲဖို့ ၊ အချင်းချင်း ချစ်ခင် ကြဖို့ လည်း ဆုံးမ ခဲ့တယ် ။


“ သားတော်တို့ ပြည်ရွာ ငြိမ်းချမ်းစေလိုသော် ( ၁ ) နှုတ်သီး ရှည် ၍ ခွပ်အံ့ ထင်သော် ၊ နှုတ်သီး ကိုဖြတ် ။ ( ၂ ) အတက် ရှည် ၍ စူးအံ့ ထင်သော် အတက် ကို ဖြတ် ။ ( ၃ ) အတောင် ရှည် ၍ ပျံအံ့ ထင်သော် အတောင် ကို ဖြတ် ။ ငါတို့ မင်း မည်သည် ချစ်သည် ၊ မုန်းသည် မရှိ ။ ထုံးစံ နဲ့ အညီ ဒဏ် ကို ပေး ရာသည် ။ ထိုသို့ ကျင့် မှ ကြောက်ရွံ့ခန့်ညားမည် ။ ခန့်ညား မှ ခပ်သိမ်းအမှု ပြီးမည် ။


တစ်ကြောင်း လည်း အမှုထမ်းတို့ ကို


၁ ။ ခြေဆယ်ပွဲ မှ မြင်း တင်ရာသည် ။

၂ ။ မြင်း ဆယ်ပွဲ မှ ဆင် တင်ရာသည် ။

၃ ။ ဆင် ဆယ်ပွဲ မှ လှေ တင်ရာသည် ။

၄ ။ လှေ ဆယ်ပွဲ မှ လေးရာ ပြုမြို့ ကို ပေးရာသည် ။ 


တည့်မတ် ကောင်းမွန်စွာ အုပ်ချုပ်ကြ ။ သားတော် ငါးပါး တို့ သည် ငါ စီရင်သည် ကို ဖျက်သော် အမိန့်တော် ကို မပစ်မပယ်သူ က အုံညီ၍ ဆုံးမရစ် ” ဟူ၍ သစ္စာပေးခဲ့သတဲ့ ။ 


နရပတိစည်သူမင်းကြီး ဟာ နန်းစည်းစိမ် ( ၃၇ ) နှစ် စံပြီး သက်တော် ( ၇၄ ) နှစ်မှာ အနိစ္စ ရောက်လေ သတဲ့ ။



❝ စွမ်းသတ္တိရှင် ရန်မန်ငထွေး ❞


ကလေးတို့ ရေ ...


အစွမ်းသတ္တိ ရှိကြတဲ့ သူရဲကောင်းတွေ အကြောင်း မြန်မာ့သမိုင်း မှာ တွေ့ ရတယ် ။ သူတို့ ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက် တွေ ဟာ အံ့မခန်း ပါ ပဲ ။


သက္ကရာဇ် ( ၅၃၆ ) ခုနှစ် မှာ နရပတိစည်သူမင်းကြီး ပုဂံပြည် မှာ နန်း တက် တော် မူတယ် ။


တစ်ခါမှာတော့ မင်းကြီး ဟာ ရွှေကြက်ယက် ၊ ရွှေကြက်ကျ ဘုရား နှစ်ဆူ ကို ထီးတော် တင် ဖို့ ရွှေဖောင်တော် နဲ့ ဆန်တက်လေ သတဲ့ ။ အဲဒီ အခါမှာ မိကျောင်းကြီး တစ်ကောင် ဟာ မင်းကြီး ရဲ့ ရွှေဖောင်တော် ကို ကျောကုန်း ထက် ထိုး တင်ပြီး ရှေ့ဆက် မသွားနိုင်အောင် ချုပ် ထားလေ သတဲ့ ။


“ ဘယ်လို အကြောင်းကြောင့်လဲ ” လို့ မင်းကြီး က ရန်မန်ငထွေး ကို ရေ ထဲ ဆင်း ကြည့် စေတယ် ။ ရန်သူ တွေ့ ရင် နှိမ်နင်းဖို့ သန်လျက် လည်း ပေး လိုက် သတဲ့ ။ ရန်မန်ငထွေး ဟာ ရေကူး ကျွမ်းကျင်သူ လည်း ဖြစ်တယ် ။ ရေ ထဲ ဆင်း ကြည့်တဲ့ အခါ မိကျောင်းကြီး နှောင့်ယှက်ကြောင်း သိ ရတယ် ဆိုရင်ပဲ ရန်မန်ငထွေး ဟာ မိကျောင်းကြီး ကို သန်လျက် နဲ့ ထိုး သ,တ် လိုက်တယ် ။ မိကျောင်းကြီး က လည်း အမြီး နဲ့ ရိုက် ၊ ရန်မန်ငထွေး က ရေငုပ် ရှောင် နဲ့ နောက်ဆုံးတော့ ရန်မန်ငထွေး လက်ချက် နဲ့ မိကျောင်းကြီး သေလေတယ် ။


မှူးမတ်သေနာပတိ နဲ့ မောင်းမ ကိုယ်လုပ်တော်တွေ လည်း ရေ ထဲ မှာ တဝုန်းဝုန်း နဲ့ ရန်မန်ငထွေး နဲ့ မိကျောင်းကြီး သတ်ပုတ်ကြတာတွေ ကို ရင် တမမ ရှိကြလေတယ် ။ မိချောင်းကြီး သေကြောင်း ပြောပြီး ရန်မန်ငထွေး အပေါ်  ပြန် တက် လာ မှ သက်ပြင်း ချ နိုင်ကြတယ် ။ ရန်မန်ငထွေး ဟာ မိကျောင်း ကို သာ မက ကျား ကို လည်း တစ်ဦးချင်း နိုင်အောင် သတ်ပုတ်နိုင်တယ် ။ ဆင် ကို လည်း တစ်ဦးချင်း ယှဉ်နိုင် သူ ဖြစ်တယ် ။ သူပုန် တို့ သူခိုးဓားပြ တို့ ထကြွ လျှင် လည်း ရန်မန်ငထွေး ပဲ ကွပ်ကဲကာ နှိမ်နင်း ရလေတယ် ။ တစ်ဖက် အင်အား ကို မှန်းပြီး မင်းကြီး က ရဲမက်တွေ ထည့်ပေး လေတယ် ။ အဲဒီလို ရန် အောင်ဖန် များလို့ မင်းကြီး က “ အနန္တသူရိယ ” ဆိုတဲ့ ဘွဲ့ ကို ပေးအပ် ချီးမြှင့်တော် မူတယ် ။


ရန်မန်ငထွေး ဟာ ပေါင်းလောင်းရှင်ကဿပမထေရ် ကို ဆရာ ပြုပြီး ဘုရား ၊ သိမ် ၊ ကျောင်းကြီးကျယ် ခမ်းနားစွာ ဆောက်ကာ လှူဒါန်း တယ် ။ လှူဒါန်း ရာ မှာ ပွဲလမ်းသဘင် လည်း မင်းကြီး ခွင့်ပြုချက် နဲ့ ကျင်းပလေ့ ရှိ သတဲ့ ။ အဲဒီလို လှူဒါန်း တဲ့ အကျိုးအကြောင်းစာရင်း ကို မင်းကြီး အား ပြပြီး သဒ္ဓါ ပွားစေတယ် ။ မင်းကြီး လည်း ဝမ်းမြောက်စွာ သာဓု ခေါ် လေတယ် ။


မင်းကြီး လည်း “ ရန်မန်ငထွေး ဟာ ယခု မျက်မှောက် တွင် လည်း ငါ ရဲ့ အမှုတော် ကို ကျေပွန်စွာ ထမ်းရွက်တယ် ။ သံသရာ အကျိုး များအောင် လည်း ဆောင်ရွက် လေတယ် ။ သူ ကဲ့သို့ ငါ့ အကျိုး ကို လိုလားသူ မရှိပြီ ” လို့ မိန့်တော် မူပြီး မိဖုရားငယ် က မွေးဖွား တဲ့ မင်းသမီး နဲ့ စုံဖက် ပေးကာ ရာထူး ဂုဏ်ထူး ချီးမြှင့်တော် မူလေ သတဲ့ ။



❝ နားတောင်းများမင်း ခေါ် ဇေယျသိင်္ခမင်း ❞


ကလေးတို့ ရေ ...


မြန်မာရာဇဝင် မှာ ထီးနန်း ကို တပ်မက် လို့ ဖခင် နဲ့ အစ်ကို ကို သတ် တဲ့ နရသူမင်း ၊ ဇနီး ကို မတရား သိမ်းပိုက် လို လို့ နောင်တော် ကို လုပ်ကြံ စေ တဲ့ နရပတိစည်သူ လို မင်းတွေ အကြောင်း ပြောခဲ့ပြီနော် ။


နရပတိစည်သူမင်းကြီး ဟာ နောင်တော် ကို လုပ်ကြံစေတာ လွယ် တာကြောင့် သူ့ လက်ထက် မှာ အစောင့်အကြပ်တွေ အထပ်ထပ် တင်းစွာ ချထား သတဲ့ ။ သူ ဟာ သားတော်တွေ ကို အချင်းချင်း စိတ်ဝမ်း မကွဲဖို့ ၊ ညီညွတ်ချစ်ခင်စွာ နေဖို့ အထူး ဆုံးမခဲ့တယ် ။ သစ္စာ ပေးခဲ့တယ် ။ မှူးမတ်တွေ ကို ကြပ်မတ် စေတယ် ။ ဖခင် ကောင်း လို့ ဆို ထိုက်တယ် ။


နရပတိစည်သူမင်း မှာ မိဖုရား အသီးသီး က မွေး တဲ့ သားတော် ငါးပါး ရှိခဲ့တယ် ။ တကယ်တော့ မင်း လုပ်သူ မှာ သားတော်တွေ များ တာဟာ ထီးနန်း အတွက် အန္တရာယ် ဖြစ်စေတာတွေ ရာဇဝင် မှာ တွေ့ ရတယ် ။


နရပတိစည်သူမင်း ရဲ့ သားတော် ငါးပါး က တော့ ( ၁ ) ဇေယျသူ ( ၂ ) ရာဇသူ ( ၃ ) သူရပျံချီ ( ၄ ) ကင်္ကသူ ( ၅ ) နားတောင်းများမင်း လို့ ခေါ် တဲ့ ဇေယျသိင်္ခ ဖြစ် တယ်ကွယ့် ။


အဲဒီ သားတွေ ထဲ မှာ အငယ်ဆုံး ဖြစ်တဲ့ ဇေယျသိင်္ခ ဟာ လိမ္မာရေးခြား ရှိသူ ၊ ပါးနပ်သူ လို့ ဆိုရမယ် ။ အစဉ်အတိုင်း ဆိုရင် သူ ဟာ အငယ်ဆုံး ဖြစ်လို့ အစ်ကို လေးဦး မင်း အဆက်ဆက် ဖြစ်ပြီး မှ သူ နောက်ဆုံး မှ ဖြစ်မှာ ။ ဒါတောင် နောင်တော်တွေ ရဲ့ မိဖုရားတွေ က မွေးလာတဲ့ တူတော်တွေ နန်းလျာတွေ ရှိဦးမယ် မဟုတ်လား ။


ဇေယျသူ ရဲ့ ပင်ကို စိတ် က လည်း ကြီးသူ ကို ရိုသေ ရွယ်တူ ကို လေးစား ၊ ငယ်သူ ကို သနား ဆိုတဲ့ ကိုယ်ချင်းစာ စိတ် ရှိသူ ဖြစ်တာကြောင့် မင်း မဖြစ်ခင် ကတည်း က နောင်တော်တွေ ကို ခစားတယ် ။ ပြုစုတယ် ။ ဒါကြောင့် နောင်တော် လေးဦး က လည်း ညီတော်လေး ကို ချစ်ခင်ကြတယ် တဲ့ ။


အမြော်အမြင် ကြီး တဲ့ နရပတိစည်သူမင်းကြီး ဟာ သားတော်တွေ ကို အမြဲ ဆုံးမပြီး နန်းလျာ ရွေးရာ မှာ ညီနောင် ငါးဦး အလယ် မှာ ထီးဖြူ စိုက် တယ် ။ ထီးဖြူ ညွှတ် သူ ကို သာ နန်းလျာ ရွေးမယ် ဆို ပြီး ထီးဖြူ စိုက်တယ် ။ ညီ အငယ်ဆုံး ဇေယျသိင်္ခ နန်းလျာ ဖြစ် လာတယ် ။ နောင်တော်တွေ ကို ရှေး က လို ပဲ လုပ်ကျွေးမြဲ ၊ ရိုသေမြဲပဲ ။ ခမည်းတော် က လည်း လိမ္မာတဲ့ သားငယ် ကို မင်း ဖြစ်စေ ချင်တယ် ။ ထီးတော် က လည်း သားငယ် ဆီ ညွှတ်လို့ ၊ ထီး လည်း လို ၊ မင်း လည်း လို တာကြောင့် ထီးလို မင်းလို လို့လည်း အမည် တွင်တယ် ။


ဆိုပါတော့ကွယ် ။ ဇေယျသိင်္ခ  မင်း ဖြစ်လာရော ၊ နားတောင်းများမင်း လို့ အမည် တွင်တယ် ။ သူ့ မယ်တော် က နားတောင်းတွေ တစ်ခု ပြီး တစ်ခု ပန် တာ ကြောင့် အဲဒီ အမည် တွင် တယ် လို့ စကား ရှိ သတဲ့ ။ သူ့ ကို ဥစ္စနာ လို့ လည်း ခေါ်ကြတယ် ။ နန်း တက်စ မှာ ပျံချီ ပုန်ကန် လို့ အမတ် ငါးဦး တို့ နှိမ်နင်းစေသတဲ့ ။


ဇေယျသိင်္ခ ဟာ မင်းကျင့်တရား နဲ့ အညီ ကျင့်တယ် ။ ပညာရှိတို့ နဲ့ တိုင်ပင် ညှိနှိုင်း လုပ်ဆောင်တယ် ။ နောင်တော် လေးဦး နဲ့ လည်း မပြတ် စည်းဝေး တာ ကြောင့် နောက်ပိုင်း လွှတ်တော် ဆိုတာ ပေါ် လာ သတဲ့ ။ နောင်တော်တွေ ကို မြို့ရွာတွေ ကို အချိုးကျ စား စေတယ် ။ အခွန်တော် တွေ ထဲ က လည်း အညီအမျှ ငါးစု ပုံပြီး တစ်စု စီ ပေးသတဲ့ ။ ဒါ့ကြောင့် နောင်တော်တွေ က လည်း ကျေနပ်တယ် ။


ဇေယျသိင်္ခမင်း ဟာ ထီးဖြူညွတ် ရာ မှာ ဘုရား တည် တယ် ။ ထီးလိုမင်းလိုဘုရား လို့ အမည် တွင် တယ် ။ ပုဂံ မှာ မဟာဗောဓိစေတီ ကို လည်း တည်ခဲ့ သတဲ့ ။ နှစ်တိုင်း မပြတ် တန့်ကြည့်တောင် ၊ ပုပ္ပားတောင် ၊ တူရွင်းတောင် တွေ ကို တက်တယ် ။ ခမည်းတော် ကောင်းမှု ဂေါဓော့ပလ္လင်ဘုရား မပြီး တာ လည်း ဆက် တည်တယ် ။ သူ့ မိဖုရား အိမ်တော်သည် ဟာ သားတော် ကျစွာ ကို ဖွားပြီး ( ၇ ) ရက် မှာ ကွယ်လွန်တယ် ။ နောက် တောင်ပြင်သည် မိဖုရား က ဖွားတဲ့ သားတော် တရားမွန် လည်း ကွယ်လွန် တာ ကြောင့် အလွန် ဝမ်းနည်းကြေကွဲ သတဲ့ ။ အမတ်ကြံသိုင်း နဲ့ သိဒ္ဓိကာ တို့ က တရား ပြရ သတဲ့ ။


ဇေယျသိင်္ခမင်း ဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုဟန် ( လျောင်းတော်မူ ) ရုပ်ပွား ကို လည်း တည်တော် မူတယ် ။ ထီးလိုမင်းလို ဘုရား မှာ အလှူကြီး လည်း ပေးသတဲ့ ။ သူ့ လက်ထက် မှာ တိုင်းပြည်ဝပြော စည်ပင် လို့ ပြည်သူတွေ လည်း နှစ်လိုကြ သတဲ့ ။ ထို မင်း တရားစီရင်ရာ ဖြတ်ထုံး တို့ ကို လည်း စုစည်းကာ နားတောင်းများမင်း ဖြတ်ထုံး လို့ တွင် သတဲ့ ။ နားတောင်းများမင်း ခေါ် ဇေယျသိင်္ခမင်း ဟာ ထီးနန်းစည်းစိမ် ( ၂၃ ) နှစ် စံ ပြီး သက်တော် ( ၆၀ ) မှာ အနိစ္စ ရောက်လေသတဲ့ ။



❝ ကျစွာမင်းကြီး နှင့် သံပျင်မင်းသမီး ❞


ကလေးတို့ရေ ...


ဇေယျသိင်္ခ ( နားတောင်းများမင်း ) ကွယ်လွန်တဲ့ အခါ သားတော် ကျစွာမင်း နန်း တက် သတဲ့ ။ ကျစွာမင်း ဟာ ပရိယတ္တိစာပေ အလွန် တတ်ကျွမ်းသတဲ့ ။ ပိဋကတ်တော် ကို ကိုးခေါက် ပြန်တယ် လို့ အဆို ရှိတယ် ။ အရိယာ သံဃာတွေ ကိုလည်း တစ်နေ့ ( ၇ ) ဝါ စာ ချတယ် ။


ထို မင်း လက်ထက် မှာ တိုင်းပြည် ကျဆင်း နေတာ ကို ကြိုးစားပြီး အဖတ် ဆယ် ပုံ ရတယ်ကွယ့် ။ ကျစွာမင်း ဟာ စာပေပရိယတ္တိ နဲ့ သာ မွေ့လျော်တာ ကြောင့် အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ စီမံခန့်ခွဲရေး ဆိုင်ရာတွေ ကို သားတော် ဥဇနာ နဲ့ သာ လွှဲ ထားသတဲ့ ။ ကျစွာမင်း ဟာ အမိန့်တော် ပြန်တမ်းတွေ ကို လည်း စိုက်ထူခဲ့သတဲ့ ။


ပြက်တောင်ခြေ မှာ အနော်ရထာမင်း စိုက် ခဲ့တဲ့ ပေပင် ဟာ ထို မင်း လက်ထက် မှာ ပေါက် လို့ ပေပင် က ပေရွက်တွေ ကို ဆက်သရာ အလွန် ဝမ်းသာသတဲ့ ။ သဒ္ဒါကျမ်း ၊ ပရမတ်ကျမ်း တို့ ကို လည်း ပြုစုသတဲ့ ။


ကျစွာမင်းကြီး ဟာ ကျောင်းဆောက် ၊ ဘုရားတည် လည်း လုပ်ခဲ့တယ် ။ တူရွင်းတောင်ခြေ က မြကန် ကို လည်း ဆည်တော်မူ ပြီး ကြာမျိုးငါးပါး နဲ့ ပြည့်စုံစေသတဲ့ ။ အဲဒီ ကန် မှာ ဟင်္သာ ၊ စက္ကဝက် ၊ ရေကြက် ၊ ကြိုးကြာ ၊ ဝမ်းဘဲ စတဲ့ ကျေးငှက်တွေ ဟာ ကျက်စားကြသတဲ့ ။ ထို ကန် အနီး မှာ လယ်ယာတွေ ကို လည်း ဖော်ဆောင် လို့ တစ်နှစ် သုံးသီး စား ရသတဲ့ ။ သာသနာပိုင်မြေများ ကို လည်း စိစစ်ခဲ့တယ် လို့ ဆိုတယ် ။ ကျစွာမင်း ဟာ ကောင်းမှုတော် ပြဿဒါးဘုရားကြီး လည်း တည်တော် မူတယ် ။ တော်တော် နဲ့ မပြီးနိုင်ဘူးတဲ့ ။ နန်းစည်းစိမ် ( ၁၆ ) နှစ် စံပြီး သန်လျက် ကစား ရာ မှာ ထိ တဲ့ အတွက် သက်တော် ( ၅၇ ) နှစ် မှာ အနိစ္စ ရောက်သတဲ့ ။


ကျစွာမင်း နဲ့ ဆက်စပ်ပြီး သမီးတော် သံပျင်မင်းသမီး အကြောင်း လည်း ပြော ကြတာ ရှိတယ်ကွယ့် ။ ရာဇဝင် မှာ တော့ ကျစွာမင်းကြီး မှာ သားကြီး ဥဇနာ ၊ သမီးလတ် စောခင်လွှတ် ၊ ရာဇဒေဝီ မိဖုရား က ဖွားတဲ့ စောရွှေ ဆို တဲ့ သမီး ရှိသတဲ့ ။ သံပျင်မင်းသမီး အမည် တော့ မတွေ့ရဘူး ။ ကျစွာမင်းကြီး မှာ ၁ ။ မိဖုရားကြီး ရာဇာဒေဝီ ၊ ၂ ။ စောပုလဲမယ် ၊ ၃ ။ စောမင်းလှ ဆိုတဲ့ မိဖုရား တွေ ရှိတယ် ။ သံပျင်မင်းသမီး ဟာ သမီးတော်ကြီး ဖြစ်လေမလား လို့ မှန်းဆ ရ ပါတယ် ။


သံပျင်မင်းသမီး ဟာ စာပေ အလွန် တတ်ကျွမ်းသတဲ့ ။ ဒါကြောင့် ရဟန်းတော်များ ကို ပင် စာဝါ ချ တယ်တဲ့ ။ စာဝါချရာ မှာ တင်းတိမ်ကုလားကာ ကာရံ ထား ပြီး အတွင်း က နေပြီး စာဝါ ချသတဲ့ ။


တစ်ခါမှာ တော့ ရဟန်းပျို တစ်ပါး ဟာ မင်းသမီး အသံ သာယာ တာ ကြောင့် ရုပ်ရည် လည်း အလွန် လှမှာပဲ လို့ တွေးပြီး စိတ် ယောက်ယက် ခတ် နေ သတဲ့ ။ ဒါ့ကြောင့် မင်းသမီးမျက်နှာ ငါ မြင် ရအောင် ကြံမယ် ဆိုပြီး သူ တက် တဲ့ စာ မှာ “ ဟိ ဇာလေ ဟေဟေယျုံ ” လို့ ဆက် ရေး ထားသတဲ့ ။ မင်းသမီး စာ ချတဲ့ အခါ အဲဒီ ပါဠိ ကို ဆက် ရွတ် သတဲ့ ။ မင်းသမီး က “ စာဝါ ပါတဲ့အတိုင်း ဖတ်ပါ ၊ မပါတာ ထည့်မဖတ်ပါနဲ့ ” လို့ ဆိုတယ် ။ ဒီတော့ ရဟန်းပျို က စာဝါ မှာ ပါပါတယ် ၊ မယုံရင် ကြည့်ပါ ” ဆို လို့ မင်းသမီး က ကုလားကာ ဖွင့်ပြီး ကြည့် သတဲ့ ။ ရဟန်းပျို ဟာ သူ ထင် တဲ့ အတိုင်း လှပချောမောတဲ့ မင်းသမီး ကို တွေ့ရသတဲ့ ။


မင်းသမီး ဖွင့် ကြည့်တော့ စာ ကို တွေ့တာ နဲ့ အချည်းနှီး မဖြစ်စေရလို့ ဆိုပြီး “ ဟိ - တံငါသည် တို့ သည် ၊ ဇာလေ - ကွန်ရွက်တို့ ကို ၊ ဟေဟေယျံ - ဆွဲကြကုန်၏ ” လို့ အနက် ပေး လေသတဲ့ ။


ရဟန်းပျို ဟာ သံပျင်မင်းသမီး ကို မြင် ရပြီး အလွန် စွဲလမ်း သွားသတဲ့ ။ မအိပ်နိုင် မစားနိုင် ဖြစ်တာ ကို မင်းကြီး သိ သွား လို့ မိန့်သတဲ့ ။


“ ငါ့ ရှင် ၊ သင် ဟာ စာ တတ်သူ ဖြစ် လို့ သာသနာ မှာ အကျိုး များမယ့် ကျမ်း တစ်စောင် ပြုစုပါ ။ ငါ့ သမီးတော် နဲ့ ပေးမြားမယ် ” လို့ မိန့် သတဲ့ ။ ဒါကြောင့် ရဟန်းပျို ဟာ “ ဉာသ်ကျမ်းအဖွင့်ဋီကာ ” ကို ပြုစုသတဲ့ ။ အဲဒီ ရဟန်းပျို ကို လည်း လူ ထွက်စေပြီး သံပျင်အမတ် ရာထူး ပေးတယ် ။ သမီးတော် နဲ့ လည်း လက်ဆက် စေတယ် ။ သံပျင်အမတ် ၊ သံပျင်မင်းသမီး ရဟန်းပျို ပြုစု တဲ့ ကျမ်း ကို လည်း “ သံပျင်ဋီကာ ” လို့ တွင်စေသတဲ့ ။


သံပျင် ဆိုတာ က တော့ ရွာများ ကို ကြီးမှူးရ သူ ၊ မြို့ ကို အကြီးအမှူး ပြု သူ ၊ မြို့သူကြီး လို့ အဓိပ္ပာယ် ရ ပါသတဲ့ ။



❝ ဥဇနာမင်း ❞


ကလေးတို့ရေ ...


ကျစွာမင်းကြီး အနိစ္စ ရောက် တော့ သားတော် ဥဇနာ နန်း တက် သတဲ့ ။ ဥဇနာမင်း ဟာ အသောက်အစား အပျော်အပါး အားကြီး သတဲ့ ။ အထူးသဖြင့် တောကစား ရာ မှာ ဆင်တွေ ကို ဖမ်းလေ့ ရှိသတဲ့ ။


ဥဇနာမင်း ဟာ မင်းရှင်စော မြေး နဲ့ စုံဖက် လို့ သားတော် သီဟသူ ကို ဖွား သတဲ့ ။ သားတော်ကြီး ပေါ့ကွယ် ။


တစ်ခါမှာ လည်း တိုင်းခန်းလှည့် ရင်း မြစ်သာရွာ က ပန်းပွတ်သည် ရဲ့ တူမ ကို အပြင်အလျာ ကောင်း တာ ကြောင့် ကောက် ယူခဲ့ သတဲ့ ။ ထို ကိုယ်လုပ်တော် မှာ ( နောင် မင်းခွေးချေး လို့ တွင်မယ့် ) သားတော် တစ်ပါး ဖွားတယ် ။ “ ပန်းပွတ်သည် မြေး ငခွေးချေး ” လို့ မင်းကြီး က ကျီစယ် တတ် သတဲ့ ။ သူငယ် အရွယ် မှာ ဦးရီးပဉ္စင်း သခင်မြတ်စွာ ထံ အပ်ပြီး စာ သင် စေ သတဲ့ ။


ဥဇနာမင်း ဟာ သားတော် အကြီး သီဟသူ ကို နန်းလျာ ထားတော် မူတယ် ။ သီဟသူ ဟာ အလွန် မောက်မာတဲ့ မင်းသား ဖြစ် သတဲ့ ။ ဥဇနာမင်းကြီး ရဲ့ ညီလာခံ တစ်ခု မှာ ရာဇသင်္ကြန် ဆို တဲ့ ပညာရှိ အမတ်ကြီး လည်း ခစား နေတယ် ။ ညီလာခံ စဲ တော့ ရာဇသင်္ကြန် ရဲ့ အင်္ကျီ လက် ဟာ မသိမ်းမိ ဘဲ ပြန့် နေသတဲ့ ။ သီဟသူ မင်းသား လာ ရာ မှာ သူ လာ တာ မမြင်ကောင်းလား ဆိုပြီး ကွမ်းတံတေး နဲ့ အင်္ကျီ လက် ပေါ် ထွေး ချ သတဲ့ ။ ရာဇသင်္ကြန် က “ အရှင့်သား လာတာ မတွေ့မိလို့ ခွင့်လွှတ်ပါ ” လို့ ဆိုတယ် ။ ရာဇသင်္ကြန် ဟာ ကွမ်းသွေး ပေ တဲ့ အင်္ကျီ ကို သေတ္တာ တစ်ခု တွင်း မှာ ကောင်းစွာ ထည့် သိမ်း ထားသတဲ့ ။


အဲဒီ သတင်း ကြား တော့ ဦးရီးပဉ္စင်း နဲ့ မင်းသား ခွေးချေး ဟာ ရာဇသင်္ကြန်အမတ်ကြီး ထံ ည အခါ လာပြီး ကျောင်းခြံ ထွက် ကွမ်းသီးခိုင် ကို ဆက်ကပ် သတဲ့ ။ “ အဘိုး အရေး ရှိ က ခွေးချေး ကို သတိရပါ ” လို့ ဦးရီးပဉ္စင်း က စကား ထည့် ခဲ့သတဲ့ ။ ရာဇသင်္ကြန် အမတ်ကြီး လည်း အဲဒီလို သိ တတ်သူ ကို ကျေနပ်တာ ပေါ့ ကွယ် ။


တစ်ရံရော အခါ ဆိပ်ထိန်းကမ်းဖြူရွာ တောင်သူကြီး မှာ သမီးငယ် တစ်ဦး ရှိ လေ သတဲ့ ။ တောင်သူကြီး လည်း လယ်ထွန်သွား ရာ မှာ နို့စို့ သမီးငယ် ကို ခေါ် သွားပြီး သစ်ရိပ် မှာ ကောင်းစွာ သိပ်ပြီး သူ က လယ်ထွန် နေ သတဲ့ ။ ထွန် နားချိန် သစ်ရိပ် လာ တော့ မြွေငန်းကြီး တစ်ကောင် ဟာ သမီးငယ် ကို ပါးပြင်း နဲ့ အုပ်မိုး ထား သတဲ့ ။ လယ်သူကြီး လာ တော့ မှ မြွေငန်းကြီး ခွာ သွား သတဲ့ ။ အဲဒီ သမီး ဟာ အရွယ် ရောက် တော့ ချစ်စဖွယ် လှပ သတဲ့ ။ သူ့  နာမည် က အစော လို့ ခေါ်ကြတယ် ။ အစော စိုက် တဲ့ မြတ်လေးပန်းရုံ မှာ ပုန်းညက် ၊ စကား ၊ ချယား ပန်း သုံးမျိုး ပွင့်လေ သတဲ့ ။ ပညာရှိတွေ ကို မေးတော့ အစော ဟာ တစ်နေ့ မှာ အထွတ်အမြတ် ရောက် မယ် လို့ ဟော သတဲ့ ။


နတ်တော်လ ရောက် တဲ့ အခါ ဥဇနာမင်းကြီး ဟာ မင်းတကာ တို့ တက်မြဲ ဖြစ်တဲ့ ပုပ္ပားတောင် ကို မဟာဂီရိ နတ်မောင်နှမ ပူဇော် ဖို့ တက် လေသတဲ့ ။ အဲဒီအခါ ဆိပ်ထိန်းကမ်းဖြူရွာ က အစော ရဲ့ သတင်း ကို ကြားရသတဲ့ ။ ထို သူငယ်မ စိုက်တဲ့ ( ပန်း သုံးမျိုးပွင့်တဲ့ ) မြတ်လေးရုံ ကို လည်း အလွန် စိတ်ဝင်စား သတဲ့ ။


အဲဒါနဲ့ ဥဇနာမင်းကြီး ပုပ္ပား ကအပြန် မှာ ဆိပ်ထိန်းကမ်းဖြူရွာ ကို ကြွ သွားသတဲ့ ။ အဲဒီအခါ ပန်းသီးတံ နဲ့ ပန်း စိုက် နေတဲ့ အစော ကို မြင် သတဲ့ ။ အစော ဟာ အပြင်အလျာ ရှုချင်စဖွယ် လှပတာကြောင့် ကောက်ယူတော် မူ သတဲ့ ။


ဥဇနာမင်းကြီး ဟာ အစော ကို မြတ်နိုးတာ ကြောင့် ကျော အယား ကို ပျောက် စေ သတဲ့ ။ ယား တဲ့ နေရာ မပြဘဲ အယား ဖျောက် နိုင် တာ ကြောင့် ဘာ့ကြောင့် သိ သလဲ မင်းကြီး မေး သတဲ့ ။ ဒီတော့ အစော က


“ မင်းကြီး ၊ မြင့်မြတ်သူတို့ ရဲ့ ကိုယ်ရေ ဟာ နူးညံ့တယ် ။ ယား တဲ့ နေရာ မှာ အရေးအကြောင်း ထင် နေတယ် ။ ဒါ့ကြောင့် သိရတယ် ” လို့ လျှောက် တော့ မင်းကြီး ဟာ ဤ မိန်းမငယ် ကား ဉာဏ်ပဋိဘာန် ရှိ ပေတယ်လို့ အမှတ် ထား သတဲ့ ။


တစ်ခါမှာ ဥဇနာမင်းကြီး ဟာ ဒလ ( ယခု - တွံတေး ) တောတွင်း သို့ တောကစား ထွက်ပြီး ဆင် ကြော့ တော် မူတယ် ။ မင်းကြီး ဆရာတော် လည်း မင်းသား ခွေးချေး ဇာတာ ကို ဆန်းစစ် ရာ သန့် တယ် လို့ အကောင်း မြင်တာ ကြောင့် ဦးရီးပဉ္စင်း နဲ့ မင်းသား ကို မင်းကြီး အား ဆက်ရန် အရက် ယူ စေပြီး မင်းသားခွေးချေး ကို ဒလ ရောက် မင်းကြီး ထံ လွှတ် လိုက်ကာ မင်းကြီး ထံ အပ်စေသတဲ့ ။


ဥဇနာမင်းကြီး လည်း အားရတော် မူ လို့ “ ပန်းပွတ်သည် မြေး - ခွေးချေး ” လို့ သားတော် ကို ကျီစယ် သတဲ့ ။


တစ်ခါ မှာ တော့ ဒလတော မှာ ဆင်ကောင်း ရှိတယ် သတင်း ကြား လို့ ဥဇနာမင်းကြီး ဆင် ကြော့ ထွက် ရာ မှာ တောဆင်မုန် ဖြစ်တာ ကြောင့် အနံ့သစ် ရ ရာ လိုက်တဲ့ အခါ မင်းကြီး စီး တဲ့ ဆင် ကို ထိုးသတဲ့ ။ ဆင် ကကြိုး ကို တောဆင်စွယ် နဲ့ ထိုး မိလို့ မင်းကြီးလည်း ဆင် ထက် က ကျ ပြီး အနိစ္စ ရောက် လေသတဲ့ ။


ဥဇနာမင်းကြီး ဟာ ထီးနန်း စည်းစိမ် ( ၅ ) နှစ် ၊ သက်တော် ( ၃၅ ) နှစ် အရွယ် ငယ်ငယ် နဲ့ အနိစ္စ ရောက် ရရှာသတဲ့ ။ မူးယစ် အပျော်လွန် တဲ့ အကျိုးဆက်တွေ ပေါ့ ကွယ် ။



❝ သီဟသူ ၊ ရာဇသင်္ကြန် နဲ့ မင်းခွေးချေး ❞


ကလေးတို့ ရေ ...


ဥဇနာမင်းကြီး ဒလ မှာ အနိစ္စ ရောက်တယ် ကြားတော့ သားတော်ကြီး သီဟသူ ဟာ သူ မင်း ဖြစ်မယ် ဆိုပြီး ဘိသိက်ခံ ဖို့ ပြင်နေ သတဲ့ ။


အဲဒီအခါ မှာ ရာဇသင်္ကြန်အမတ်ကြီး ဟာ ဥဇနာ ရဲ့ ဈာပန အခမ်းအနား ကို ဒလ မှာ ပဲ ပြင်ထားတယ် ။ အမျက်စောင်မာန်ကြီး တဲ့ သီဟသူ သာ မင်း အဖြစ် ရ သွားရင် မှူးမတ် နဲ့ ပြည်သူတွေ ညှဉ်းပန်း ခံ ရ မှာ မလွဲဘူး လို့ စဉ်းစားပြီး မှူးမတ်တွေ နဲ့ တိတ်တဆိတ် တိုင်ပင်ကြတယ် ။ မှူးမတ်တွေ က လည်း ရာဇသင်္ကြန် အမတ်ကြီး တင်ပြတာ မှန် နေတော့ ဒီ အရေး ကို အမတ်ကြီး ပဲ ကြည့် စီစဉ်ပါလို့ တာဝန် ပုံအပ် သတဲ့ ။


ဒါ့ကြောင့် အမတ်ကြီး က မင်းသား သီဟသူ ကို အလိမ္မာ နဲ့ လျှောက်တင် သတဲ့ ။


“ အရှင့်သား ၊ ယခုနေ အခါမှာ ဘိသိက် ခံ ရင် ခမည်းတော် ဈာပန ဒလ မှာ ကျင်းပ ဆဲ မို့ ပြည်သူ ကဲ့ရဲ့စရာ ဖြစ် ပါလိမ့်မယ် ။ ဒါကြောင့် ကျွန်တော် ဒလ သွားပြီး ဈာပနပြီးပြေအောင် ဆောင်ရွက် ပြီး မှ အရှင့်သား ဘိသိက်ခံ နန်းတက်တော် မူပါ ” 


လို့ နားတော် လျှောက် သတဲ့ ။


သီဟသူ လည်း 


“ အမတ်ကြီး လျှောက်တင် တာ သဘာဝ ကျတယ် ။ အမတ်ကြီး ဒလ သွားပြီး ဈာပနပြီးပြေအောင် ဆောင်ရွက်ပါ ” 


လို့ အခွင့် ပေးသတဲ့ ။


အမတ်ကြီး ရာဇသင်္ကြန် ဟာ ဒလ ဈာပန အခမ်းအနား မှာ သီဟသူ ရဲ့ အမျက် ကြီး ပုံ ၊ လောဘ ကြီး ပုံ ၊ စည်း မစောင့်ပုံတွေ ကို ဖွင့်ချပြီး သိမ်း ထားတဲ့ ကွမ်းသွေး စွန်း အင်္ကျီ ကို ထုတ် ပြတယ် ။ ဒါ့ကြောင့် ဈာပနအခမ်းအနား တက်သူ အားလုံး အမတ်ကြီး ကောင်းသလို စီမံပါလို့ အပ်ကြ သတဲ့ ။


အမတ်ကြီး ရာဇသင်္ကြန် ဟာ သတင်း မပေါက်ကြားအောင် အစောင့် အနေ ကြပ်မတ် ထားရှိပြီး မင်းသားခွေးချေး ကို နန်း တင်ဖို့ စီစဉ် တော့တယ် ။ နေပြည်တော် ပြန် အရောက် မှာ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း ရဲမက်တွေ နဲ့ သီဟသူ ကို ဖမ်းပြီး ညီတော် ခွေးချေး ကို နန်း တင် သတဲ့ ။


ဒါ့ကြောင့် မင်းခွေးချေး ဟာ သက္ကရာဇ် ( ၆၁၇ ) ခု မှာ မင်း ဖြစ်တော် မူတယ် ။ ဆိပ်ထိန်းကမ်းဖြူရွာ က ခမည်းတော် ကောက် ခဲ့တဲ့ အစော ကို ပဲ မိဖုရား မြှောက်တယ် ။ မိဖုရားဖွားစော လို့ အမည် တွင်တယ် ။ မင်းခွေးချေး လည်း နရသီဟပတေ့မင်း လို့ အမည် တွင် သတဲ့ ။


နရသီဟပတေ့မင်း ဟာ ဘုန်းတန်ခိုး ကြီးတယ် ။ အမျက်စောင်မာန် အငြူအစူ လည်း ကြီး တဲ့ မင်း ဖြစ်တယ် ။ အိပ် ရာ က နိုး ရင် မောင်းမ တွေ ကို တွေ့ရာ နဲ့ ပစ်ပေါက် တတ် သတဲ့ ။ ဒါ့ကြောင့် မိဖုရားဖွားစော အစီအမံ နဲ့ မင်းကြီး အိပ်ရာ အနီး မှာ လုမ္ဗိနီသီး ကို ထား စေသတဲ့ ။ မင်းကြီး အိပ်ရာ က နိုးလို့ မောင်းမ တစ်ယောက် ကို လုမ္ဗိနီသီး နဲ့ ကောက် ပေါက် တာ ခါး ယမ်း သွားလို့ ခါးရမ်းသီး လို့ တွင်သွားသတဲ့ ။ မင်းကြီး ဟာ ဟင်းခွက် ( ၃၀ဝ ) ပြည့် မှ ပွဲတော် တည်သတဲ့ ။


နရသီဟပတေ့မင်း ဟာ ထီးနန်း ရပြီး မင်း အဖြစ် ကို ရောက်တော့ အသောက်အစား အပျော်အပါး နဲ့ သာ အချိန် ကုန် ပြီး နန်း တင် ပေး တဲ့ အမတ်ကြီး ရာဇသင်္ကြန် ကို မေ့လျော့နေ သတဲ့ ။


ဒါကြောင့် တစ်ခုသော ညီလာခံ မှာ ရာဇသင်္ကြန်အမတ်ကြီး ဟာ ကွမ်းကလာပ် အပဲ့ ယူပြီး ခစားလေ သတဲ့ ။ အဲဒါ မင်းကြီး မြင်သွားတော့


“ အဘိုး အဘယ့်ကြောင့် ကွမ်းကလာပ် အပဲ့ နဲ့ ကွမ်းစား သနည်း ”


လို့ မေးသတဲ့ ။ ဒီအခါ အမတ်ကြီး လည်း ခံပြင်းတာ ကြောင့်


“ မင်းကြီး ပန်းပွတ်သည် မြေး တို့ ကောင်းစား နေတာကြောင့် ပန်းပွတ် မည့် သူ မရှိတာကြောင့် အပဲ့ နဲ့ ပဲ ကွမ်း စားနေရပါတယ် ” 


လို့ ဖြေသတဲ့ ။


ဒီအခါ နရသီဟပတေ့ ဟာ သူ့ အမျိုး ထိခိုက် ဆို လို့ နှလုံး ထောင့် တာနဲ့ 


“ အဘိုး ဂူထွတ် ကို တင့်တယ်အောင် ဘယ်သို့ ပြုသနည်း ” 


လို့ မေးတယ် ။


“မင်းကြီး ... ထီး တင် မှ ဂူထွတ် တင့်တယ်တယ်” 


လို့ အမတ်ကြီး ပြန် လျှောက် တယ် ။


“ အဘိုး ဂူထွတ် ထီး တင်ရန် ဘယ်သို့ ပြုရသနည်း ”


“ မင်းကြီး ထီး တင်ရန် ငြမ်းဆင် ရပါတယ် ”


“ အဘိုး ငြမ်းဆင် ထီး တင် ပြီးရင် ငြမ်း ကို ဘယ်သို့ ပြုသနည်း ”


“ မင်းကြီး ၊ ဂူထွတ် ထီးတင်ပြီးရင် ငြမ်း ကို ဖျက် ရပါတယ် ”


“ အဘိုး ငါ ကား ထီး နဲ့ တူလို့ မင်း ဖြစ်ပြီး ငြမ်း နဲ့ တူတဲ့ အဘိုး ကို လည်း ဖျက် အံ့ ။ ဒါ့ကြောင့် ဒလ ကို ကြွ ပေတော့” 


လို့ ဆိုပြီး အဆောင်အယောင် တွေ ရုပ်သိမ်းပြီး ဒလ ကို ပို့တော်မူတယ် ။


ရာဇသင်္ကြန် အမတ်ကြီး ကို ဒလ ပို့တယ် ကြားတဲ့ အခါ မစ္ဆဂီရိစား လည်း ပုန်ကန် သတဲ့ ။ မုတ္တမစား လည်း သောင်းကျန်းလေ သတဲ့ ။ အဲဒီအခါ နရသီဟပတေ့မင်း ဟာ တိုင်ပင်ဖော် အမတ်ကြီး မရှိ လို့ ငိုင်တွေနေ သတဲ့ ။


ဒီအခါ မှာ မိဖုရားစော က


“ မင်းကြီး အဘယ်ကြောင့် မှိုင် နေသနည်း ။ အမတ်စစ်သူကြီးတွေ နဲ့ တိုင်ပင်ပါ ။ မနှစ်ခြိုက်လျှင် အမတ်ကြီး ရာဇသင်္ကြန် ကို ပြန် ခေါ်တော် မူပါ ။ ကြာလျှင် သူပုန်တို့ ပွားစည်းမည် ” 


လို့ လျှောက် သတဲ့ ။ 


မင်းကြီး လည်း အမတ်ကြီး ရာဇသင်္ကြန် ကို အဆောင်ယောင် ပြန် ပေးပြီး လှေလျှင် နဲ့ အမြန် ခေါ်စေ သတဲ့ ။


ဒလ ကို လှေ ရောက်မည့် ည က မုန်တိုင်းလေ လာ တာ ကြောင့် သစ်ပင်ကြီးတွေ ကျိုးပဲ့ ကုန် သတဲ့ ။ ပန်းပြားပင် တို့ ကား မလဲဘဲ ရှိလေ သတဲ့ ။


အဲဒီ အဖြစ် ကို မြင်တဲ့ အခါ “ ငါ ကား ပန်းပြားပင် လောက် မှ မလိမ္မာ ချေ ။ သစ်ပင်ကြီး ကဲ့ သို့ ကျင့်မိချေပြီ ” လို့ မြည်တမ်း သတဲ့ ။


လှေလျှင် အမတ်ကြီး ထံ ရောက်တဲ့ အခါ ရောက်လာသူ အမတ် က ရာဇသင်္ကြန် အမတ်ကြီး ကို မူလ အဝတ်အဆောင်အယောင် ပေးပြီး မင်းကြီး ပြန် ခေါ်ကြောင်း အကျိုးအကြောင်း တင်လျှောက် လေ သတဲ့ ။


အမတ်ကြီး လှေ နှင့် ပြန် အလာ တံငါလှေ တစ်ခု မှာ မြယောက် ကို မြင် မိ သတဲ့ ။ လှေ ကပ်စေပြီး “ တံငါတို့ ... ၊ မြယောက် ကို ရောင်းမည် လား ” မေးတဲ့ အခါ တံငါ တို့ က “ အဘိုး သူငယ်တို့ ကစား ရန် ဖြစ်ပါသည် ။ အဘိုး အလို ရှိ က ယူပါ ” လို့ ပြောတာကြောင့် အမတ်ကြီး က ပွတ်သပ် ကြည့်ပြီး အဖိုးတန်လှတာ ကြောင့် ဆုလာဘ် ပေးပြီး မြယောက် ကို ယူ ခဲ့ သတဲ့ ။


အမတ်ကြီး ရာဇသင်္ကြန် မြစ်ကမ်း ရောက်လျှင် တမန်တော် က မင်းကြီး ကို လျှောက်တာ နဲ့ ဆင် နဲ့ ကြို စေ သတဲ့ ။ အမတ်ကြီး လည်း ရောက်တဲ့ အခါ မင်းကြီး ကို မြယောက် ဆက် သတဲ့ ။ မေးတဲ့ အခါ “ မင်းကြီး ရဲ့ ဘုန်းတော်ကြောင့် ရ ချေသည် ” လို့ လျှောက် သတဲ့ ။ မင်းကြီး က လည်း “ အဘိုး သူပွေတို့ ချောစား ( ကုန်းတိုက် ) လို့ သာ မျက်မိတယ် ” ဆိုကာ ဆင် ၊ မြင်း ၊ ထီး ၊ စလွယ် ၊ ကျေးကျွန် က စ မူလ အတိုင်း ပြန် ပေး သတဲ့ ။ အသစ် စားကျေး မြို့ရွာ လည်း ပေးတယ် ။


အမတ်ကြီးရာဇသင်္ကြန် ရောက်ပြီး စစ်သူကြီးတွေ ကို ကြပ်မတ်ကွပ်ကဲ ကာ ပုန်စားသူ တွေ ကို နှိမ်နင်း ဖို့ စစ်ချီစေ သတဲ့ ။



❝ ရာဇသင်္ကြန် မုတ္တမ ကို အောင်မြင်ခြင်း ❞


ကလေးတို့ ရေ …


ရာဇသင်္ကြန် အမတ်ကြီး ဟာ ပညာ ရှိရုံ သာ မက စစ်ဆင်ရေးမှာ လည်း လိမ္မာသူ ဖြစ်တယ် ။


မစ္ဆဂီရိစား နဲ့ မုတ္တမစား ပုန်ကန်ရာ ကို အမတ် စစ်သူကြီး နှစ်ယောက် ကို ချီ စေတယ် ။ အတွင်းသင်းမှူး သရေပစ္စပတေ့ကို လည်း မစ္ဆဂီရိ ကို ချီ စေတယ် ။ အဲဒီ နေ့ မှာ ပဲ အမတ်ကြီး ရာဇသင်္ကြန် လည်း ရေကြောင်း ကြည်းကြောင်း နှစ်ကြောင်း နဲ့ မုတ္တမ ကို ချီတက်တယ် ။ ပုဂံ က နေ မုတ္တမ ဆိုတော့ ခရီး ဝေး လွန်း လှတယ် ။


ဒီလို ချီ ရာ မှာ ရာဇသင်္ကြန် ဒဂုံ ရောက် တဲ့ အခါ ပါ သမျှ လှေတွေ ကို ထားခဲ့ ခိုင်းတယ် ။ ရေကြောင်း ကြည်းကြောင်း စစ်သည် ရဲမက် ပေါင်းပြီး အလုံးအရင်း နဲ့  မုတ္တမ ကို ကြည်းကြောင်း ချီတက်ကြတယ် ။


မုတ္တမစား ငရွှေ ဟာ ရာဇသင်္ကြန် စစ် ချီလာပြီ ဆိုတဲ့ သတင်း ကြား တော့ ကျေးလက် အစွန် ရွာဖျား နေသူတွေ ကို တောင်ထိပ်မြို့ ဆီ သွင်းပြီး ခုခံ သတဲ့ ။


ရာဇသင်္ကြန် လည်း စစ်ပရိယာယ် နဲ့ နွား ကို ခြံ လှောင်ထား သလို ဝိုင်းပတ် ဝန်းရံ ထား လိုက်တယ် ။ တပ်ခိုင် တပ်လုံတည် ပြီး နေ့ညဉ့် မပြတ် ဝီရိယ ထား ကြပ်မတ် တယ် ။


မုတ္တမသား တို့ ဟာ အပြင် က ဗိုလ်ပါ ထူထပ် ဝိုင်းရံ ထားတာကြောင့် မြို့ပြင် လည်း မထွက်သာဘူးပေါ့  ၊ မြို့တွင်း မှာ လည်း ကြာ တော့ အစာရေစာ ပါးရှား လာတယ် ။ တောင် က ကျ တဲ့ ရေ တောင် မသောက်လောက် ဖြစ်လာတယ် ။ မြို့ပြင် မှာ လည်း ရာဇသင်္ကြန် တပ်တွေ ဝိုင်း ထားတော့ ဘယ်လို မှ ရေ ယူ ဖို့ တောင် မလွယ်ဘူး ဖြစ်နေတာပေါ့ ။ ဒီလိုနဲ့ ( ၇ ) ရက် ( ၈ ) ရက် ဝိုင်း ထားတော့ မုတ္တမသား တို့ ဘယ်လိုမှ တောင့် မခံနိုင်ဘဲ ရာဇသင်္ကြန် တပ် ဆီ လက်နက် ချ ဝင် လာကြတယ် ။ အဲဒီအခါ ရာဇသင်္ကြန် ဟာ မုတ္တမ မြို့ တစ်မြို့လုံး ကို ရ လိုက်တာပေါ့  ။


အဲဒီလို ရာဇသင်္ကြန် မုတ္တမ ကိုအောင် တော့ အလောင်းစည်သူရဲ့ အမတ် အလိမ္မာကြီး ရဲ့ မြေးဖြစ်တဲ့ အလိမ္မာအမတ် ကို မုတ္တမှာ ကျေးစား ထား ခဲ့ပြီး ပုန်ကန်တဲ့ မုတ္တမစား ငရွှေ နဲ့ သားမယား ကျေးကျွန်ဆင်မြင်း အားလုံး သိမ်း ယူခဲ့သတဲ့ ။


နရသီဟပတေ့ မင်းကြီး ဟာ ရာဇသင်္ကြန် မုတ္တမစား ကို ကျေးကျွန် အလုံးအရင်း နဲ့ အပ်တော့ အလွန် အားရတော် မူ သတဲ့ ။ ပွဲလမ်းရသူတွေ ကို ချီးမြှင့် ရိုး အတိုင်း များစွာသော လာဘ်သပ္ပကာ ချီးမြှင့်သတဲ့ ။ ရာဇသင်္ကြန် ကြီးမှူး ရာမှာ ပါဝင်သူ တွေ ကို လည်း အသီးသီး ဆု ပေးတယ် ။


အဲဒီ အချိန် မှာ အမတ်ကြီး ရာဇသင်္ကြန် ဟာ မစ္ဆဂီရိ ကို တိုက်ဖို့ လွှတ်လိုက် တဲ့ သရေပစ္စပတေ့ အရေး နိမ့်ကြောင်း သတင်း သိပြီး နေပြီလေ ။ ဒီ သတင်း မင်းကြီး ကြား ရင် သရေပစ္စပတေ့ ကွပ်မျက် ခံရတော့ မှာ ကျိန်းသေ ဆိုတာ အမတ်ကြီး သိထားတော့ သရေပစ္စပတေ့ ရဲ့ အသက် ကို လည်း ကယ်ချင် လို့ အခွင့် စောင့် နေတာပေါ့ ။


မုတ္တမ ကို အောင် လို့ မင်းကြီး ဆုတွေ ချီးမြှင့် ပြီး စိတ်ကြည်သာ နေ ခိုက် အမတ်ကြီး ဟာ အလိမ္မာ ဖက်ပြီး တင်လျှောက် လေ သတဲ့ ။


“ ဘုန်းတော် ကြီးလှသော အရှင် … ကျွန်တော်မျိုး အပါအဝင် အရှင့် ကျေးကျွန် အပေါင်းဟာ အားလုံး နိုင်ငံတွေ ၊ အရှင့်နိုင်ငံတော် ချည်း ဖြစ်စေ ချင် ကြတာ အမှန်ပါပဲ ။ တရားတော်မှာ ကတော့ ဖြစ်တတ်သော သဘော သည် ပျက် တတ်တယ် ။ ပျက် တတ်တဲ့ သဘောလည်း ဖြစ် တတ်တယ် ။ အေးငြိမ်းရာ နိဗ္ဗာန်သာ အမြဲ ရှိတယ် လို့ တရားတော် မှာ ရှိပါတယ် မင်းကြီး ၊ စစ်တို့ ရဲ့သဘော ဟာ လည်း နိုင်မယ်ထင် တဲ့ စစ် လည်း ရှုံး တတ်ပါတယ် ။ ရှုံးမယ် ထင်တဲ့ စစ် လည်း နိုင် တတ်ပါတယ် ။ ကာလ ဒေသ ပယောဂ ဆိုတဲ့ နေ့ရက် ၊ အချိန် ၊ အရပ်အနေ ၊ အစီအမံ လုံ့လဝီရိယ သာ အရင်းခံ ဖြစ်ပါတယ် ။ မင်းကြီး သရေပစ္စပတေ့ မစ္ဆဂီရိ ကို ရှုံးခဲ့တာ မှန်ပါတယ် ။ ဒါပေမဲ့ သူ ဟာ သစ္စာ ရှိ သူ မို့ မင်းကြီး ရဲ့ ခြေတော်ရင်း ကို ပြန် ခေါ် သင့်ပါတယ် ။ မင်းကြီး ခန့်မြဲ တိုင်း ပြန် ခန့် ပါ ရင် သူ ဟာ မင်းကြီး ပေးတဲ့ အမှု ကို ကုန်စင်အောင် ထမ်းဆောင် ပါလိမ့်မယ် ” 


လို့ အမတ်ကြီး က သရေပစ္စပတေ့ အတွက် အသနား ခံ သတဲ့ ။


ဒီတော့ နရသီဟပတေ့ မင်းကြီးက အမတ်ကြီး ကို ပြော သတဲ့ ။


“ အဘိုး ရာဇသင်္ကြန် ၊ သရပစ္စပတေ့ ဟာ အကွပ်အညှပ် အစီအမံ ပေါ့လျော့ တယ် ။ ဒါကြောင့် ညဉ့် ဘက် တပ် လန့် ရာမှာ မထိန်းနိုင် မတားနိုင် ဖြစ်တယ် ။ စစ် မရောက်ခင် မြားကုန် ဆိုတာ လို ဖြစ်လို့ သင်း ကို သတ် ဖို့ အမတ်ကြီး ရဲ့သား အုတ်လှ ကို လွှတ် လိုက်ချေပြီ ” 


လို့ မိန့်တော် မူ သတဲ့ ။


အမှန်တော့ ရာဇသင်္ကြန် အမတ်ကြီး ဟာ သူ့ သား အုတ်လှ ကို သရေပစ္စပတေ့ ကို သတ် ဖို့ လွှတ် လိုက်တာ သိ သတဲ့ ။ ဘာကြောင့် ဆိုတော့ သရေပစ္စပတေ့ ကို သတ်ဖို့ လာတဲ့ သူ့ သား ညောင်ဦးအုတ်လှ အလာ ရာဇသင်္ကြန် က စစ် အောင် လို့ ဆန် တက်အလာ ကူးခန်းငယ်မြို့ မှာ ဆုံကြ သတဲ့ ။ အဲဒီ ဆုံချိန် မှာ ရာဇသင်္ကြန် က သား အုတ်လှ ကို “ သားမွန် ငါ က စေသူ မရောက်လာ သေး ပဲ လက် မလွန်စေနဲ့ ” လို့ အသေအချာ မှာ ထားခဲ့သတဲ့ ။


တစ်ဖန် မင်းကြီး က ရာဇသင်္ကြန် ကို မိန့် ပြန်တယ် ။ 


“ အဘိုး ရာဇသင်္ကြန် - စစ် ကိုမထိုးမတိုက် ရ သေး ဘဲ စစ်ပျက် စစ်သူကြီး မျိုး ထားထိုက် သလော ။ အုတ်လှ ကို သတ်ဖို့ စေ လိုက်လေပြီ ” 


လို့ မိန့်သတဲ့ ။ 


“ အရှင် မင်းကြီး ၊ ကျွန်တော်မျိုး စစ် ရဲ့သဘော ကို လျှောက်တင်ပြီး ပါပြီ ။ သရေပစ္စပတေ့ ဟာ မင်းကြီး အပေါ် သစ္စာ မြဲသူ ပါ ” 


လို့ ထပ် တင်တယ် ။ အဲလို တင် နေ တုန်းမှာပဲ သရေပစ္စပတေ့ ရောက်လာ ခစားတယ် ။ မင်းကြီး ဟာ အမတ်ကြီး ကျေးဇူး ကို လည်း သတိ ရတော် မူတယ် ။ လောလောဆယ် မုတ္တမ ကို အောင်နိုင်သူ လည်း ဖြစ်တယ်လို့ နှလုံး သွင်းပြီး မိဖုရား ဖွားစော ကို တိုင်ပင်တော် မူ သတဲ့ ။ မိဖုရားဖွားစော လည်း မင်းကြီး ကို အကြည်အသာ လျှောက်တင် သတဲ့ ။


“ ဘုန်းတော် ကြီးလှသော မင်းကြီး သရေပစ္စပတေ့ ဟာ အရှင် ယုံကြည်တော် မူ ရသူ ဖြစ်ပါတယ် ။ သေကောင်းလေပြီး မှ အရှင် အသက် လွှတ် လို့ အရှင့် ကျေးဇူး ကြီးလှပါတယ် ။ အတွင်းသင်းမှူး နေရာ က အခြား သူ နဲ့ မသင့်ပါ ။ သင်း ကို ဒီ တစ်ခါ ခွင့်လွှတ်ပြီး ပေးမြဲ စားစေ ပါ တော့ ၊ မှူး မြဲ မှူးစေ ပါလော့ ” 


ဆိုပြီး မိဖုရားဖွားစော လျှောက် တာ နဲ့ သရေပစ္စပတေ့ ဟာ မူလ ရာထူး ပြန် ခန့်ထားခြင်း ခံရလေသတဲ့ ။



❝ သူရဲကောင်း အုတ်လှ ❞


ကလေးတို့ ရေ ...


နရသီဟပတေ့ အကြောင်း ဆက်ကြည့်ရအောင် ... ။


မင်းကြီးနရသီဟပတေ့ ဟာ ရာဇသင်္ကြန် မုတ္တမ အောင် လို့ အားရပါရဲ့ ။


အမတ်ကြီး နဲ့ မိဖုရားစော လျှောက် လို့လည်း သရေပစ္စကတေ့ ကို ရာထူး ပြန် ခန့် ပြီးပြီ ။ ဒါပေမဲ့ မစ္ဆဂီရိ ဝအရေး စိတ်မအေး ရ သေးဘူး ပေါ့ ကွယ် ။ 


ဒါကြောင့် ပညာအရာ သာ မက စစ်ရေးဗျူဟာ ပါ တော်တဲ့ အမတ်ကြီး ရာဇသင်္ကြန် ကို ပဲ အားကိုးအားထား ပြု မှ တော်မယ် လို့ နှလုံး သွင်း မိ သတဲ့ ။ ဒါကြောင့် နတော်လ ရောက် လို့ ပုပ္ပားနတ်ပူဇော်ပွဲ က အပြန် မှာ -


( ၁ ) ရာဇသင်္ကြန် 

( ၂ ) သရေဝတ္ထနာ 

( ၃ ) စစ်တုရင်္ဂပို

( ၄ ) စစ်တုရင်္ဂသူ 


စတဲ့ စစ်သူကြီး သုံးဦး ၊ ရာဇသင်္ကြန် ပါ လေးဦး ကို ခေါ်လို့ ရာဇသင်္ကြန် ခေါင်းဆောင် ကာ မစ္ဆဂီရိ ကို ရအောင် စစ်ထိုးလေ လို့ မိန့်တော် မူတယ် ။ တိုက်ဆင် လေးထောင် ၊ မြင်း လေးသောင်း ၊ စစ်သည်သူရဲ လေးသိန်း နဲ့  ချီစေ သတဲ့ ။


အမတ်ကြီး နဲ့ စစ်သူကြီး သုံးဦး လည်း အလုံးအရင်း ကြီးစွာ နဲ့ မစ္ဆဂီရိ ကို စစ်ချီ တက်ကြ သတဲ့ ။ မစ္ဆဂီရိ သို့ ရောက်တဲ့အခါ ကျေးစွန်ရွာလက် တွေ ကို ထောင်းထောင်းညက်ကျေ ဖျက်ဆီး ကြ သတဲ့ ။ သက်တောင် ထက် မှာ မစ္ဆဂီရိစား ခံ နှင့် တာ ကို ပတ်ပတ် ဝိုင်းရံ ထားလေ သတဲ့ ။ ရာဇသင်္ကြန် အစီအမံ နဲ့ တပ်ခိုင် တပ်လုံ ပိတ်ဆို့ ထား တာ ခွေး တစ်ကောင် ကြောင် တစ်မြီးတောင် ထွက်ဖို့ မလွယ်ဘူး တဲ့ ။


အဲဒီအခါ သူတို့ ချီလာတဲ့ ရဲမက် အလုံးအရင်း များ လှတာကြောင့် ရဲမက်တွေ လည်း ရရာ သစ်ဥ သာ စား နေ ရ သတဲ့ ။ စစ် မှာ ရက် ကြာ လေ စစ်ပန်း လေ ဖြစ်တတ် တဲ့ အတိုင်း ကြုံရတာပေါ့ ။ အမတ်ကြီး တို့ ရဲ့ ပုဂံတပ်တွေ သာ ငတ်မွတ် တာ မဟုတ် ။ မြို့တွင်းသား တွေ လည်း ငတ်မွတ် ကြ သတဲ့ ။ ဖွဲသင်း တောင် မှ စားစရာ မရှိ ဖြစ်ကြ သတဲ့ ။


အဲဒီလို အခြေအနေမျိုး ကြုံရတော့ ပစ္ဆဂီရိစား လည်း အလွန် တုန်လှုပ် ကြောက်ရွံ့ လေ သတဲ့ ။ “ နောက်နောင် မဖောက်ပြန်ဝံ့ပါ ။ အသက်ချမ်းသာ ပေးပါ ” လို့ သိန်းဃိုရောက် မဟာထေရ် နဲ့ မစ္ဆဂီရိစား ရဲ့ သားညီ တို့ ထွက် ကာ တောင်းပန်ကြလေ သတဲ့ ။ သူတို့ အညံ့ ခံပါပြီပေါ့ ။


အဲဒီ အခြေအနေ အကျိုးအကြောင်း ကို အမတ်ကြီး သား အုတ်လှ ကို မင်းကြီး ထံ လျှောက်တင်ရန် ခြေမြန် စေလွှတ်လိုက် သတဲ့ ။


အုတ်လှ လည်း ဖခင် နဲ့ စစ်သူကြီး တို့ စေတဲ့ အတိုင်း ခြေမြန် နှင် သတဲ့ ။ စလင်း အရောက် မှာ လှေလျှင်နဲ့ နေ့ည မနား ဆန်တက် လေ သတဲ့ ။ ခရီးက အလွန် ဝေးကွာ လွန်း လှ လို့ နေ့ည နား ရင် ခရီး ဖင့် မှာ လည်း စိုး သတဲ့ ။ မင်းရေး ကိစ္စ ၊ စစ်ရေး ကိစ္စ ဖြစ် နေတော့ အချိန် နဲ့ အမျှ အရေးကြီးနေတာ ကိုး ။


နရသီဟပတေ့မင်းကြီး လည်း မစ္ဆဂီရိ အရေး စိတ် မအေးဘူး တဲ့ ။ ဆက်စာတမန် မရောက်တာ ကြောင့် နေညဉ့် လည် ဆန့် နေရတာပေါ့ ။ အဲဒီ နေ့ မှာတော့ မင်းကြီး ဟာ နန်းတော် လေသာ ပြတင်း ဖွင့် လို့ ဧရာဝတီမြစ် ဘက် မျှော် ကြည့် နေ သတဲ့ ။


အဲဒီ အချိန် မှာ ပဲ လောကနန္ဒာ အမော် ဘက် က လှေလင်းယဉ် ဖွေးဖွေး ရွက်လွှင့် ဆန် လာတာ လှမ်းမြင်ရ သတဲ့ ။ အဲဒီတော့ ယခု လာတဲ့ လှေ ဟာ စစ်သံတမန်လှေ ဖြစ်မယ် ။ စစ်သတင်း ဘယ်သို့ ရှိလေ မသိလို့ စိတ် စော နေတာ ကြောင့် မင်းချင်း တစ်ဦး ကို အလျင် စေပြီး သတင်း မေးစေ သတဲ့ ။


လှေ ဆီ ကို မင်းချင်း ရောက် ရောက်ချင်း သတင်း မေးတဲ့ အခါ အုတ်လှ ဟာ စစ်အရေး အချင်း ခပ်သိမ်း ကို မလျှောက်ဘဲ “ ကျွန်တော် အုတ်လှ လာသည် ” လို့ သာ လျှောက်လိုက် သတဲ့ ။ မင်းချင်း လည်း မင်းကြီး ဆီ အလျင်အမြန် ပြန် ပြီး အုတ်လှ တင်တဲ့ အတိုင်း လျှောက် တာပေါ့ ။ မင်းကြီး လည်း သူ သိချင် တဲ့ စစ်သတင်း အကျိုးအကြောင်း မလျှောက်ဘဲ “ ကျွန်တော် အုတ်လှ လာသည် ” သာ လျှောက်ရာသလော ဆိုပြီး အမျက် ထွက်ကာ “ အုတ်လှ ကို သ,တ်လေ ” လို့ သူသတ် တို့ ကို စေ လိုက် သတဲ့ ။ သူသတ် တို့ လည်း အိမ်ဓားဖွေးဖွေး ကိုင်ပြီး လှေ ဆီ အပြင်းသွား ၊ လှေ ပေါ် ခုန် တက် လေ သတဲ့ ။ အုတ်လှ လည်း အလျင်စလို မေး လိုက် သတဲ့ ။


သူသတ် တို့ လည်း မင်းမိန့် ကို ပြန်တဲ့ အခါ အုတ်လှ က “ အရှင့် အရေးတော် စစ် မှာ လှ ကြောင်း လျှောက်ပါရစေဦး ။ ပြီးမှ သတ်လို က သတ်လော့ ” လို့ ဆိုတဲ့ အတွက် သူသတ် တို့လည်း အုတ်လှ ဆို တိုင်း မင်းကြီး ထံ လျှောက်လေ သတဲ့ ။


မင်းကြီး လည်း “ အုတ်လှ ကို လာစေဦး ” လို့ မိန့်တော် မူလိုက် သတဲ့ ။ အုတ်လှ ဟာ မင်းကြီး ရှေ့တော် မှောက် ရောက် ရင်ပဲ ခေါင်း မှာ ကို ထုပ်ပတ် ထား တဲ့ မျက်သုတ် ကို ဖွင့်လိုက်လေ သတဲ့ ။ အုတ်လှ ရဲ့ ဆံပင် လည်း ဆွေးမြည့် လှ တာ ကြောင့် ဦးသျှောင်အုပ်ပေါင်း နဲ့ အတူ အထွေးထွေး ကျ လေ သတဲ့ ။ ကျတဲ့ ဆံပင် မှာ သန်း နဲ့ ကျိကျိ ရှိတာ ကို မင်းကြီး မြင်စေ ပြီး မှ အုတ်လှ က ရဲဝင့်စွာ လျှောက် လေ သတဲ့ ။


“ အရှင့် အမှုတော် ကို ဦးဆွေးဆံမြည့် ထမ်းရွက်ပါသည် ကို အရှင် မြင်တော် မမူ ၊ လွယ်လင့်တကူ မလျှောက်သာ သော ကြောင့် ကျွန်တော် လာသည် ဟု သာ လျှောက်လိုက်ရပါတယ် ” လို့ အုတ်လှ က မင်းကြီး နားတော် လျှောက် မှ မင်းကြီး က “ ဟုတ်လှပေတယ် ” လို့ ဆိုပြီး ဝမ်းမြောက်စကား ဆို သတဲ့ ။


မောင်းမငယ် တို့ ကို အုတ်လှ ကို သန့်စင်စေ ၊ ဆီနံ့သာ လိမ်းပြီး ဆံ ကို ဖြီးသင် ပြီး မှ အုတ်လှ ဆံပင် ကို ထုံးစေ ။ မုတ်ဆိတ် ကို လည်း ဆတ္တာသည် ( ဆံမုတ်ဆိတ်ရိပ်သမား ၊ ဆံပင်ညှပ်သူ) ကို စေလေ သတဲ့ ။ အုတ်လှ ကိုယ်လက် ကို လည်း အမွှေးနံ့သာ လိမ်းစေ ပြီး မှ မင်းကြီး ရှေ့တော် မှာ ကောင်းမွန် တဲ့ စားမြိန် တို့ ကို ပြင်ပြီး ထမင်း စား စေ သတဲ့ ။ မင်းကြီး ဟာ သူ စိတ် မအေး တဲ့ မစ္ဆဂီရိ စစ် အောင် တော့ အလွန် ဝမ်းသာ အားရ လည်း ရှိတယ် ။ ဦးဆွေး ဆံမြည့် အမှု ထမ်း တဲ့ အုတ်လှငယ် ကို လည်း ဆုလာဘ် များစွာ ချီးမြှင့်လေ သတဲ့ ။


ပြီး မှ မင်းကြီး ဟာ ရာဇသင်္ကြန်အမတ်ကြီး တို့ ဆီ အုတ်လှ ကို ပြန် လွှတ်တယ် ။ “ မစ္ဆဂီရိစား ကိုယ် မှ စပြီး တစ်မြို့လုံး ကို သစ္စာ ပေး စေ” လို့ အမိန့်တော် မှတ် လိုက်သတဲ့ ။ အုတ်လှ လည်း နေ့ညဉ့် မနား မစ္ဆဂီရိ ကို ပြန် သွား ရ တာ ပေါ့ ကွယ် ။


အုတ်လှ ရောက် လို့ မင်း မိန့် ကို ကြားတဲ့ အခါ စစ်သူကြီး လေးဦး ဟာ အမိန့်တော် နဲ့ အညီ မစ္ဆဂီရိစား နဲ့ တစ်မြို့ လုံး ကို သစ္စာ ခံ စေပြီး ဆင်ကောင်း မြင်းကောင်း ရှိ သရွေ့ နဲ့ သားညီတို့ ကို ယူဆောင် ကာ နေပြည်တော် သို့ ပြန် ခဲ့ ကြ သတဲ့ ။


အမတ်ကြီး ရာဇသင်္ကြန် ဟာ မစ္ဆဂီရိ ကို မရဘဲ ပုဂံ ကို မပြန်ပြီ လို့ မင်းကြီး ကို လျှောက်ခဲ့တာ ကြောင့် အပြီးအစီး ရောက်စေလို တဲ့ ဇော ၊ စစ် အောင်စေ လို တဲ့ ဇော ကြောင့် စိတ်ရော ကိုယ်ပါ အမှုတော် ထမ်း လေ သတဲ့ ။ အသက် က လည်း ( ၆၂ ) နှစ် ရှိပြီ ။ စိတ် ဇော ကြောင့် နေ့ည မနား ဘဲ အမှု ဆောင်ရွက်တာ ကြောင့် ပင်ပန်းမှု ဒဏ် ပိ လေသတဲ့ ။ ဒါ့ကြောင့် အနေအထိုင် မမှန် ၊ ဝမ်းသွေး လည်း ကျ တာကြောင့် သမားတော် တို့ နဲ့ ကုသပါ သော်လည်း ဒလ မြို့ အရောက် မှာ ကြမ္မာ ကုန် ရှာ သတဲ့ ။


မင်းကြီး လည်း အမတ်ကြီး ကွယ်လွန် ကြောင်း ကြား တော့ ရှေးဟောင်း နှောင်းဖြစ် သတိ ရ တော် မူပြီး အလွန် ကြေကွဲ ဝမ်းနည်း လေ သတဲ့ ။


မစ္ဆဂီရိစား ရဲ့ သား ဇမ္ဗူ က မင်းကြီး ရှေ့တော်မှောက် ရောက် လို့ အမှုတော် ကို သက်စွန့် ထမ်းရွက်ပါ့မယ် လျှောက် တဲ့ အခါ အိမ်နိမ့်ပါ ကိုယ်လုပ်တော် မှ ဖွားမြင် တဲ့ သမီးတော် နဲ့ ဆောင်နှင်း ပေး လေ သတဲ့ ။


ရာဇသင်္ကြန် ကွယ်လွန် ပြီး သား နှစ်ယောက် အုတ်လှကြီး ၊ အုတ်လှငယ် တို့ ဖခင် နာမည် ခံယူ ဖို့ လု တာ ကြောင့် မင်းကြီး ခေါ်ပြီး မိန့် သတဲ့ ။


“ အုတ်လှ တို့ ညီအစ်ကို ရာဇသင်္ကြန် အမည် ခံ ရုံ နဲ့ သူ့ လို ပညာစစ်ရေး ကျွမ်း ကာ ကျော်ကြားမည် မဟုတ် ။ ဘိုးတော် တို့ လက်ထက် ထင်ရှားတဲ့ စစ်သူကြီး တို့ လည်း သူတို့ ထမ်းဆောင်ချက် ကြောင့် သာ ထင်ရှား ပေတယ် ။ ဂုဏ်ကျေးဇူး သာ အရင်းခံ ဖြစ်တယ် ။ သင်တို့ ဖခင် အမည် ကို လု ကြ ရာ မှာ ဖခင် အမည် ကို မပေး သာ ၊ အုတ်လှကြီး ကို အနန္တပစ္စည်း ၊ ညီ ညောင်ဦးအုတ်လှငယ် ကို ရန္တပစ္စည်း ဘွဲ့မည် ယူစေ ” လို့ အမိန့် ချမှတ်လေ သတဲ့ ။



❝ နရသီဟပတေ့ နှင့် မိဖုရားများ ❞


ကလေးတို့ ရေ …


မင်းခွေးချေး ( ခေါ် ) နရသီဟပတေ့မင်းကြီး ဟာ အမျက်စောင်မာန် ကြီးတယ် ။ လောဘ ကြီးတယ် ။ အစား ကြူးတယ် ဆိုတာ ပြောခဲ့ပြီ နော် ။ အခု သူ့ မိဖုရားများ အကြောင်း ကြည့် ရအောင် ... ။


နရသီဟပတေ့ ရဲ့ မိဖုရားကြီး က တော့ မိဖုရားဖွားစော ပေါ့ကွယ် ။ ကိုယ်လုပ်မောင်းမ ( ၃ဝဝဝ ) တောင် ထားရှိ သတဲ့ ။ ထင်ရှားတဲ့ မိဖုရားငယ် ငါးဦး ရှိ သတဲ့ ။ ( ၁ ) ဟူးရားဖြူသမီး စောလုံ ( ၂ ) မိဖုရားဖွားစော ရဲ့ အစ်မ သမီး စောနန်း ( ၃ ) ရှင်ဘား ( ၄ ) ရှင်မောက် ( ၅ ) ရှင်ရွှေ တို့ဖြစ် သတဲ့ ။


အဲဒီ မိဖုရားငယ် ငါးပါး ဟာ မင်းကြီး ကို အလှည့်ကျ စားတော် ဆက် ရ သတဲ့ ။ နရသီဟပတေ့မင်းကြီး ဟာ ကျန်းမာရေး ကောင်းသူ မို့ တစ်ခါ မှ ချေသည် ဆတ်သည် မရှိဘူး တဲ့ ။ သူ့ ရှေ့ မှာ လည်း မသမ်းရဘူး တဲ့ ။ သမ်းဝေတာ တွေ့ရင် အမျက်တော် ရှ သတဲ့ ။


တစ်ခါမှာတော့ မိဖုရားငယ် တစ်ပါး ဟာ ချေချင် ဆတ်ချင်တာ နဲ့ ဆီးတားမနိုင် ဖြစ်တာကြောင့် နဲ့ အိုးကြီး တစ်လုံး မှာ မျက်နှာ အပ်ပြီး မင်းကြီး မကြား အောင် ချေဆတ် လိုက်မိ သတဲ့ ။ ဟတ်ချိုး ဆိုပြီး အိုးကြီး ထဲ မှာ ချေဆတ် တော့ အသံ ပို ကျယ်သွား သတဲ့ ။


မင်းကြီး လည်း “ ဘာသံလဲ ” လို့ မေး သတဲ့ ။ ဒီတော့ မိဖုရားစော က “ မင်းကြီး ရှေ့ မှာ မချေဝံ့တာ ကြောင့် အိုး မှာ မျက်နှာအပ်ပြီး ချေ ရပါ တယ် ” လို့ လျှောက် သတဲ့ ။ “ ဘာကြောင့် ချေသလဲ ” လို့ မင်းကြီး မေးပြန် သတဲ့ ။ ဒီတော့ မိဖုရားစော က “ မင်းကြီး ချေသည် သမ်းသည် ဆိုရာ မှာ ဆနဝုတိ အနာမျိုး ဖြစ်တယ် ။ မင်းကြီး မှာ သာ ချေခြင်း ၊ သမ်းခြင်း မရှိ ဖြစ်ပေတယ် ။ လူ အပေါင်း တို့ ဟာ ချေခြင်း ၊ သမ်းခြင်း ဝေဒနာမျိုး နဲ့ မကင်းနိုင် ၊ ချုပ်တီး လို့ မရပါ ” လို့ နားတော် လျှောက် သတဲ့ ။


ဒီတော့ မင်းကြီး က “ အို ၊ ငါ မသိလို့ အထက် က အမျက် ထွက်မိတယ် ” လို့ ဆို သတဲ့ ။ မင်းကြီး အိပ်စက်ရာ က နိုး ရင် မောင်းမတွေ ကို တွေ့ရာ နဲ့ ကောက် ပေါက် တတ် တာကြောင့် လုမ္ဗနီသီး ကို သာ မင်းကြီး ဘေး မှာ မိဖုရားစော က ထားပေး ထား ရ သတဲ့ ။


နရသီဟပတေ့မင်းကြီး ဟာ နွေလ အခါတွေ မှာ ရေဖျန်း ကစားမြဲ ဖြစ် သတဲ့ ။ မြစ်ဆိပ် မှာ အရိပ်ကြီး အောင် လုပ်ပြီး လူ မမြင်အောင် ကာရံ ထား သတဲ့ ။ မင်းတဲ လုံခြုံ အောင် ဆောက်ပြီး မိဖုရား မောင်းမမိဿံ တွေ နဲ့ ရေကစား တတ် သတဲ့ ။ တစ်နေ့ ရေကစား ရာ မှာ မောင်းမငယ် တစ်ဦး ကို စကား ထည့် ပြီး မိဖုရားစောလုံ ကို မျက်စိ ၊ မျက်နှာ ၊ ဆံပင် တို့ ကို ရွှဲရွှဲစိုအောင် ရေပက် စေ သတဲ့ ။


မိဖုရားစောလုံ ဟာ မောင်းမတွေ ၊ မိဖုရားတွေ အလယ် မှာ အရှက်ရ လို့ မင်းကြီး ကို ဒီလို လုပ်ခိုင်းရမလား ဆိုပြီး စိတ်ဆိုး စိတ်နာ လေ သတဲ့ ။ ဒါကြောင့် မင်းကြီး စားတော် ဆက် ရာ မှာ အဆိပ် ထည့်ပြီး “ စောမောက် ငါ ကိုယ် မကျန်း ဖြစ်တယ် ။ မင်းကြီး ကို စားတော် ဆက် ဘိ ” လို့ မှာထား သတဲ့ ။


စောမောက် လည်း ဘာမျှ မသိဘဲ မင်းကြီး ကို စားတော်ဆက်လေ သတဲ့ ။ မင်းကြီး စားတော်ခေါ် ကာ နီး မှာ အောက် က ခွေး ချေဆတ် လို့ စားတော် မခေါ် ဘဲ ခွေး ကို စားတော်စာ ချ ကျွေးလေ သတဲ့ ။ ခွေး လည်း စားပြီး သေ လေ သတဲ့ ။


မင်းကြီး လည်း ပွဲတော် ဆက် တဲ့ ရှင်မောက် ကို စစ်မေးတော် မူတယ် ။ ရှင်မောက် က လည်း အမှန်အတိုင်း “ စောလုံ က ကိုယ် မကျန်း ရှိသည် ။ ကိုယ်စား ဆက်ပါ ဆိုလို့ ပွဲတော်စာ ဆက် ရပါတယ် ” လို့ အစစ် ခံ သတဲ့ ။


မင်းကြီး လည်း စောလုံ ကို ခေါ်ပြီး မေး သတဲ့ ။ ဒီတော့ စောလုံ က -


“ ဟယ် ပန်းပွတ်သည် မြေး ၊ နင့် ကို ငါ လုပ်ကျွေး မွေးမြူ ၍ နင် သူကောင်း ဖြစ် ပြီး မှ မောင်းမငယ် ကို နှုတ်ထည့် ပြီး အများတကာ ရှေ့ မှာ အရှက် ရ အောင် ပြု သလား ၊ နင့် ကို ငါ နှလုံး ထောင့် လို့ ကြံစည်တယ် ” လို့ ဖြေ သတဲ့ ။


မင်းကြီး လည်း “ ပန်းပဲ တစ်ထောင် ဆင့်ခေါ်ပြီး ကျပ်တင်စေ ” လို့ အမိန့် မှတ် သတဲ့ ။ စောလုံ လည်း သူသ,တ် တို့ ကို ရွှေငွေများစွာ ပေးပြီး သံကျပ်စင် ကို ( ၇ ) ရက် ကြာအောင် ဆွဲကာ လုပ်စေ သတဲ့ ။ အဲဒီ ( ၇ ) ရက် အတွင်း မှာ စောလုံ ဟာ ဥပုသ်သီတင်းစောင့်သုံး ပြီး ရတနာ သုံးပါး ကို အာရုံ ထား ကာ ပုတီး စိပ် နေ သတဲ့ ။


( ၇ ) ရက် စေ့ တဲ့ အခါ “ အရှင်မိဖုရား အမျက်တော် ကြီးလှတယ် ရက် စေ့ပြီ လာတော်မူလော့” ဆိုပြီး ခေါ် သတဲ့ ။


စောလုံ လည်း ရတနာ သုံးပါး ဂုဏ်တော် ကို ပုတီး စိပ်လျက် နှင့် သံကျပ်စင် ရဲရဲ အပေါ် ကို တက်ရာ မှာ သုံးကြိမ် မီး သေလေ သတဲ့ ။ သုံးကြိမ် စေ့ ပြီး တဲ့ အခါ စောလုံ က “ ငါ သည် ခဏချင်း ကျွမ်း၍ ပျောက်စေသော ၊ ငါ တောင်းသော ဆု အတိုင်း ပြည့်စေသော ” လို့ အဓိဋ္ဌာန် ပြုလေ သတဲ့ ။


မင်းကြီး လည်း စောလုံ အနိစ္စ ရောက် လို့ မကြာခင် စက်ရာ က နိုးလာပြီး “ စောလုံ စောင့်ပါခလှည့် ” လို့ ယောင်ယမ်း မိ သတဲ့ ။ မိဖုရားစော လည်း “ မင်းကြီး စောလုံ ကို မျက်တော်မူသည် မဟုတ်တုံ လော ” ဆိုတော့ မှ မင်းကြီး ဟာ များစွာ ကြေကွဲ လေ သတဲ့ ။


အဲဒီ အကြောင်း ကို မင်းကြီး ရဲ့ဆရာတော် ကြားတဲ့ အခါ မင်းကြီး ထံ ကြွ လာပြီး “ မင်းကြီး မျက်တော် မူပြီး တစ်ဖန် ကြေကွဲတယ် ဆိုတာ မဖြစ်သင့် ။ ပြည်ထောင်ဘက်မင်း တို့ ကဲ့ရဲ့ဖွယ် ဖြစ်ပေတယ် ” ဆိုပြီး တရား ပြတော့ မှ မင်းကြီး ဖြေဆည် နိုင် သတဲ့ ။ ပဉ္စင်းလူထွက် သိပ္ပံစည်း ကို ဤသို့ မိန့်တယ် ။


“ ငါ မျက်သော် လည်း တစ်လ ၊ လခွဲ ကြာ ထား ပြီးမှ သေကောင်း သူ ကို သေ စေ ။ မသေကောင်း သူ ကို လွတ်စေ ” လို့ မိန့်တော် မူ သတဲ့ ။



❝ နရသီဟပတေ့ နှင့် ပြည်စား သီဟသူ ❞


ကလေးတို့ ရေ ...


နရသီဟပတေ့ မင်းကြီး မှာ မိဖုရားစော နဲ့ မိဖုရားငယ် ငါးပါး ရှိတာ ပြောခဲ့ပြီ နော် ။ အခု မင်းကြီး ရဲ့သားတော် ၊ သမီးတော် အချို့ အကြောင်း ပြောပြမယ် နော် ။


မင်းကြီး မှာ မိဖုရားစော ရဲ့ အစ်မတော် သမီး စောနန်း က နေ သားတော် ဥဇနာ ကို ဖွားမြင်တယ် ။ သားတော် အရွယ် ရောက်တဲ့ အခါ ပုသိမ်မြို့ ကို ပေးတော် မူတယ် ။ မိဖုရားငယ် ရှင်ဘား မှာ သားတော် ကျော်စွာ ကို ဖွားမြင် သတဲ့ ။ သားတော် ကျော်စွာ အရွယ် ရောက်တဲ့ အခါ ဒလမြို့ ကို စားစေ သတဲ့ ။ မိဖုရားငယ် ရှင်မောက် မှာ သားတော် သီဟသူ ကို ဖွားမြင် တယ် ။ အရွယ် ရောက်တဲ့ အခါ ပြည်မြို့ ကို စား စေတယ် ။ မိဖုရားငယ် ရင်ရွှေ မှာ သမီးတော် မိစောဦး ကို ဖွားမြင် သတဲ့ ။ သမီးတော် ကို လည်း မင်းကြီး ချစ်မြတ်နိုး သတဲ့ ။


မင်းကြီး ဟာ သားတော်တွေ ကို ပုန်ကန်သောင်းကျန်း မှာ စိုးတဲ့ အတွက် အပါးတော် မှာ နေ့ညဉ့် အလှည့် ကျ ခစားစေ သတဲ့ ။ မင်းကြီး ဟာ အစား ကြူး တယ် ။ အမဲဟင်းမျိုး ကို အလို ရှိတယ် ။ အမဲဟင်းလျာ ၊ ဝက်ပေါင် ၊ ဝက်လက် တို့ ကို ရှေ့တော် မှာ ပြစေပြီး သားတော် ဥဇနာ ကို ဝက်လက် ပေးမြဲ ဖြစ် သတဲ့ ။ သားတော် ကျော်စွာ ကို လည်း ဝက်လက် ပေးမြဲ ဖြစ် သတဲ့ ။ သားတော် သီဟသူ ကို တော့ ဝက်ပေါင် ပေးလေ့ ရှိ သတဲ့ ။


တစ်ခါ မှာ တော့ သီဟသူ ရဲ့ မယ်တော် ဟာ သူများ သား ကို အလက် ပေးတယ် ။ ငါ့ သား ကို တော့ အပေါင် ပေးတယ် လို့ မရှုဆိတ် ဘဲ သားကင်သည် အကြီး ကို တံစိုးပဏ္ဍာ ပေး ကာ ဒလစား ကျော်စွာ ကို ပေးမြဲ အလက်  ကို ပြည်စား သီဟသူ ၊ ပြည်စားသီဟသူ ကို ပေးမြဲ အပေါင် ကို ဒလစား ကျော်စွာ ကို ပေးစေ သတဲ့ ။


ဒလစား ကျော်စွာ ရဲ့ မိခင် သိ တဲ့ အခါ မင်းကြီး ထံ အကြောင်း ကို လျှောက် သတဲ့ ။ မင်းကြီး လည်း “ ငါ မသိ ၊ ဘယ်သူ့ အကြံလဲ ” လို့ မေး ပြီး သိတာ နဲ့ သားကင်သည် အကြီးကို ဒဏ် ပေးကာ ရှင်မောက် ကို လည်း “ ဝက်လက်ခိုးမ ” လို့ ကျီစယ် သတဲ့ ။ သီဟသူ ကို လည်း စိတ် မလိုတဲ့ အခါ “ ဝက်လက်ခိုးမသား ” လို့ ကျီစယ် ခေါ် သတဲ့ ။ ကျီစယ်ဖန် များတဲ့ အခါ သီဟသူ က ခမည်းတော် ကို နှလုံး နာလေ သတဲ့ ။ ကွယ်ရာ မှာ မင်းကြီး ကို မကောင်း ပြော သတဲ့ ။ အဲဒီ အကြောင်း ကို ပုသိမ်စား ဥဇနာ ကြားတဲ့ အခါ “ သင်းတို့ သားအမိ ဟာ အခွင့် သာ ရင် မင်းကြီး ကို လုပ်ကြံပေလိမ့်မယ် ” လို့ နှလုံး ပြုမိ သတဲ့ ။


မင်းကြီး ဟင်းခွက် ( ၃ဝဝ ) ပြည့် မှ စားတော်ခေါ်ပြီး စားကြွင်း ကို မင်းညီမင်းသား ၊ စစ်သူကြီး ၊ အမတ် ၊ မောင်းမမိဿံ တို့ ကို ပေးမြဲ ဖြစ် သတဲ့ ။ ထို ဟင်းလျာ တို့ ကို စားတော်သည် တို့ စာရင်း မှတ်ရ သတဲ့ ။ အဲဒီလို စာရင်း မှတ် ရာ မှာ မိဖုရားစော ကြီးကြပ်ရ သတဲ့ ။


မင်းကြီး ဟာ ဥတု သုံးပါး လုံး ကစား ပျော်ပါး နေတတ် သတဲ့ ။ မိုးလ အခါ နေပြည်တော် နဲ့ နီး တဲ့ ဥယျာဉ်တော် မှာ ကစား ပြီး ဆောင်းလ အခါ မှာ တော့ အကြေ အညာ ပန်းမန်သစ်သီး ရှိရာ မှာ ကစား သတဲ့ ။ တပေါင်းလ အခါ မှာ တော့ တုံခေါင်း အရပ် မှာ ဝါးကစား သွားတော် မူ သတဲ့ ။ အဲဒီ အလေ့ ဟာ နှစ်စဉ် တိုင်း ပဲ တဲ့ ။ ပြည်ရေးရွာ အမှု ထက် အသောက်အစား အကစား အပျော်အပါး ကို လေ့ထုံ တတ် တာပေါ့ ကွယ် ။



❝ တရုတ်စစ် နှင့် တရုတ်ပြေးမင်း ❞


ကလေးတို့ ရေ .. 


နရသီဟပတေ့မင်း ဟာ သက္ကရာဇ် ( ၆၃၀ ) ပြည့်နှစ် မှာ “ မင်္ဂလာ စေတီ ” ကို တည် သတဲ့ ။ အဲဒီ အခါ မှာ နိမိတ်တဘောင် ဆိုတာ ပေါ် သတဲ့ ။ ( နိမိတ်တဘောင် ဆိုတာ ရှေ့ ဖြစ်ပျက် မယ့် အကြောင်းတွေ ကို အဆို တစ်ရပ် အဖြစ် မြို့ရွာထဲ မှာ ပြောဆိုကြတဲ့ စကား ဖြစ်တယ် ။ မည်သူ က စ ပြောမှန်း မသိဘဲ ၊ အဆို တစ်ရပ် ပေါ်ပေါက်လာတဲ့ သဘော ဖြစ်တယ် ။ ) 


တစ်ဘောင် က ဘယ်လို ပေါ်သလဲ ဆိုတော့ “ ဘုရား လည်း ပြီး ၊ ပြည်ကြီး လည်း ပျက် ” ဆိုတဲ့ တဘောင် ဖြစ်တယ် ။ အဲဒီ တဘောင် အရ မင်းကြီး ယခု တည် နေတဲ့ မင်္ဂလာစေတီ ပြီးရင် တိုင်းပြည် ပျက်မယ် လို့ သမား ဟူးရား တို့ က ဟောသတဲ့ ။ အဲဒီ စကား မင်းကြီး ကြား တဲ့ အခါ ဘုရား တည် တာ ရပ်ထား သတဲ့ ။ ခြောက်နှစ် တောင် ကြာ ဆိုပဲ ။ 


အဲဒီအခါ သတင်းသီလ ပြည့်စုံ တဲ့ ပံ့သကူမထေရ် က “ မင်းကြီး လောဘနိုင်ငံ ၊ ဒေါသနိုင်ငံ ၊ မောဟနိုင်ငံ ကို လိုက်ပြီး တရား ကို မရှု ။ အလှူ ကောင်းမှု ကို ပြုပြီး မှ ပြည်ပျက်မည် စိုး၍ ဆက် မလုပ်ဘဲ ထားလျှင် ဤပြည် နှင့် မင်း မသေဘဲ နေမည်လော ” လို့ မိန့် သတဲ့ ။


မင်းကြီး လည်း “ သခင်မြတ် ဟာ ငါ့ သံသရာအကျိုး ရှေ့ရှုပြီး ဟောပေတာပဲ ” ဆိုကာ ဘုရား ကို ဆက် တည်လေ သတဲ့ ။ 


သက္ကရာဇ် ( ၆၄၃ ) ခုနှစ် မှာတော့ မုတ္တမစား အလိမ္မာအမတ် ကို မွန်ဝါရီယူ လုပ်ကြံပြီး မုတ္တမ မှာ မင်း ပြု သတဲ့ ။ အဲဒီ နှစ် မှာပဲ တရုတ် ( မောင်းဂွတ် ) ဘုရင်ကူဗလိုင်ခန် က “ ရွှေထမင်းအိုး ၊ ရွှေပေါင်းချောင် ၊ ငွေပေါင်းချောင် ။ ရွှေယောက်မ ၊ ငွေယောက်မ တို့ ကို ရှေးက အနော်ရထာမင်းစော ဆက် ဖူး သည် ” ဆိုပြီး အမတ် တစ်ကျိပ် နဲ့ မြင်းသည် တစ်ထောင် ပုဂံ ကို လွှတ်ပြီး နရသီဟပတေ့မင်းကြီး ထံ တောင်း သတဲ့ ။ 


ရောက်လာတဲ့ တရုတ်သံတွေ ဟာ မင်းကြီး ရှေ့တော် မှာ မခန့်ငြား နေလေ သတဲ့ ။ ဒါကြောင့် မင်းကြီး အမျက် ထွက်ပြီး “ တရုတ်သံ တို့ ကို တစ်ယောက် မကျန် သတ်စေ ” လို့ အမိန့် ချ သတဲ့ ။ 


အဲဒီအခါ အနန္တပစ္စည်း အမတ် က မင်းကြီး ကို သည်းခံဖို့ ၊ သံတမန် ကို မသတ် စကောင်း ၊ နောင် အမှုများမယ့် အကြောင်း နားတော် လျှောက် သတဲ့ ။ ဒါပေမဲ့ မင်းကြီး က မနာယူ ။ “ ငါ သို့သော မင်း ကို အခန့်မငြား ပြုရာ သလော ” ဆိုပြီး အမတ်တွေ တား တဲ့ ကြား က သံ အားလုံး ကို သ,တ်စေ သတဲ့ ။ 


အဲဒီ သတင်း ကို ကူဗလိုင်ခန်မင်းကြီး ကြားတဲ့ အခါ အမျက် ပြင်းစွာ ထွက် သတဲ့ ။ အဲဒီမှာ တင် တရုတ် ( မောင်းဂွတ် ) တပ်ကြီး ချီစေ သတဲ့ ။ တရုတ်တပ်ကြီး ချီလာပြီ လို့ မင်းကြီး ကြားတဲ့ အခါ အနန္တပစ္စည်း ၊ မဟာပို တို့ ဦးဆောင် စေပြီး ဆင် ၊ မြင်း အလုံးအရင်း နဲ့ သွားရောက် တိုက်စေ သတဲ့ ။ 


စစ်သူကြီး တို့ ဟာ ငဆောင်ချမ်း အရပ် ရောက်တဲ့ အခါ မြို့ပြ ၊ ကျုံး မြောင်း ခိုင်ခံ့အောင် လုပ် သတဲ့ ။ နောက် ဗန်းမော်မြစ်ကူး က နေ ဆီးကြို တိုက်ကြ သတဲ့ ။ သုံးလ တိုင်တိုင် ရဲမက်တွေ ဟာ ရွပ်ရွပ်ချွံချွံ တိုက်ကြ သတဲ့ ။ ဒါ့ကြောင့် တရုတ် ( မောင်းဂွတ် ) တပ် ဆုတ်ရ သတဲ့ ။ 


အဲဒီလို အခြေအနေ မှာ တရုတ် ( မောင်းဂွတ် ) ဘုရင် ကူဗလိုင်ခန့် က မြင်းစီး မြားစစ်သည် တို့ကို ထပ် တိုးကာ လွှတ်လာ သတဲ့ ။ အင်အား အလုံးအရင်း နဲ့ လာတာ ပေါ့ ကွယ် ။ မောင်းဂွတ် မြင်းသည်တော် တွေ ဟာ လေးမြား အတတ် မှာ အလွန် တော်ကြ သတဲ့ ။ 


မြန်မာဘုရင် စစ်သည် တွေ က ရှေ့ က ဆင်တပ် ဦးဆောင် ပြီး နောက် က မြင်းတပ် ။ အဲဒီနောက် က မှ ခြေသည်တပ် တွေနဲ့ စစ်ဆင် တိုက် သတဲ့ ။ ရဲမက်တွေ အရေး သာ မလို ရှိရာက မောင်းဂွတ်မြားစစ်သည် တွေဟာ မြင်း ပေါ်  က ဆင်း ပြီး သစ်တော တွင်း ပြေးဝင် ကြ သတဲ့ ။ မြန်မာဆင်တပ် တက် အလာ စောင့် ပြီး သစ်တောတွင်း က နေ မြားတွေ တရစပ် လွှတ် သတဲ့ ။ ဆင်တပ် မှာ အကွယ် အကာ မပါဘဲ ပစ်ကွင်း ထဲ ရောက် နေတာကြောင့် ဆင်တပ် မြား အထိ နာ သတဲ့ ။ ဆင်တွေ လည်း ကျီကျီကျာကျာ အော်မြည်ပြီး ဝရုန်းသုန်းကား နဲ့ မထိန်းနိုင် ဖြစ်ကာ ကိုယ့် တပ် ကိုယ် ပြန် နင်း မိ သတဲ့ ။ တရုတ် ( မောင်းဂွတ် ) တပ်တွေ ဟာ တော ထဲ က ထွက် တရကြမ်း မြင်းတပ် နဲ့ ဖောက် ဝင် လို့ မြန်မာ တပ် ကစဉ့်ကလျား နဲ့ ဆုတ်ခွာ ရ သတဲ့ ။ ငဆောင်ချမ်း ကိုလည်း လက် လွှတ် လိုက်ရတာ ပေါ့ ။ 


ငဆောင်ချမ်း ပျက်ပြီ လို့ မင်းကြီး ကြားတဲ့ အခါ မှူးမတ်တွေ ကို ခေါ် ပြီး တိုင်ပင် သတဲ့ ။ 


“ ယခု ပုဂံမြို့ ဟာ ကျဉ်းလှတယ် ။ မြို့စောက် လည်း နိမ့်တယ် ။ သူရဲဗိုလ်ပါ ဆင်လုံးမြင်းရင်း နေလို့ မခံသာ ဖြစ်တယ် ။ အရှေ့မြစ် ညာ ၊ ပတင်းရွာ က နေ တောင်ဘက် ကို အဖြောင့် သွားပြီး ရွာသာမြို့ ကို အတွင်း သွင်း ကာ ခိုင်လုံအောင် မြို့ တည်မယ် ငါ ကြံတယ် ။ ယခု အုတ်ကျောက် အရင် မရတာကြောင့် ဘုရား ၊ ဂူပုထိုးတွေ ကို ဖျက် အုတ် ကို ယူ ” 


လို့ အမိန့် မှတ်သတဲ့ ။


ဒါ့ကြောင့် နရသီဟပတေ့မင်း မိန့် နဲ့ ဖျက်ကြရာ မှာ ဂူကြီး တစ်ထောင် ၊ ဂူငယ် တစ်သောင်း ၊ ကု,လားကျောင်း သုံးထောင် ဖျက် သတဲ့ ။ အဲဒီလို ဖျက် ကြရာ မှာ ဂူကြီး တစ်လုံး အတွင်း က ကြေးနီ ပုရပိုက် တစ်ခု ရ သတဲ့ ။ “ ပုဂံ ပြည် တွင် သားမြွှာဘ လက်ထက် တရုတ်ဖျက်၍ ပျက် လတ္တံ့” လို့ ပုရပိုက် စာ မှာ ပါ သတဲ့ ။ အဲဒီ စာ အရ ကိုယ်လုပ်တော်တွေ ကို စစ်မေးတဲ့ အခါ ကိုယ်လုပ်တော်ငယ် တစ်ဦး မှာ သားအမြွှာ ဖွားကြောင်း သိရ သတဲ့ ။ 


ဒါ့ကြောင့် မင်းကြီး လည်း မြို့တည်လုပ် ခံ ပေမယ့် ခံနိုင်မယ်  မထင် ဆိုကာ ရဲလှေသမ္ဗာန် တိုက်လှေ တစ်ထောင် ပြင်ဆင်ပြီး ရွှေငွေဘဏ္ဍာ တွေ  တင် ၊ ကုန်လှေ တစ်ထောင် မှာ စပါးရိက္ခာတွေ တင် ၊ လှော်ကားကြော့ လှေ တစ်ထောင် မှာ မောင်းမမိဿံတွေ တင် ပြီး ပုဂံ က ထွက်ခွာ ရန် စီမံ သတဲ့ ။ 


အဲဒီလို စီမံ ရာ မှာ အတွင်းစေ မိန်းမတွေ များ တာ ကြောင့် လှေမဆံ့ ဘဲ ဖြစ် နေတော့ ကြိုးတုပ် ရေချ သတ်မယ် အလုပ် မင်းဆရာတော် ရောက် လာပြီး တားမြစ်လို့ ယူလို သူ တွေ ယူကြစေ ဆိုကာ ထားခဲ့ သတဲ့ ။ 


မင်းကြီး လည်း ရတနာရွှေဖောင် စီးပြီး မွန်ဒေသ ပုသိမ် ကို စုန်လေ သတဲ့ ။ 


အဲဒီအခါ ပုဂံမြို့သား လူ ၊ ရှင်ရဟန်း ပြည်သူတွေ ဟာ ကိုးကွယ် ရာ မဲ့ ပြီး တချို့လည်း လယ်တွင်း ( ၁၁ ) ခရိုင် ဒေသ ၊ တချို့လည်း တောင်တွင်းအရပ် ဒေသ ၊ တချို့လည်း ဧရာဝတီမြစ် တစ်ဖက်ကမ်း ဆီ ပြေးလွှား ပုန်းအောင်း ကြရ သတဲ့ ။ 


စစ်သူကြီး အနန္တပစ္စည်း တို့ ဟာ ငဆောင်ချမ်း ပျက် တာ ကြောင့် ဆုတ် ခဲ့ကြ သတဲ့ ။ မလည်တောင် အရပ် မှာ မြို့ နှစ်မြို့တည်ပြီး ခံပြန် သတဲ့ ။ တရုတ် ( မောင်းဂွတ် ) တို့ အလုံးအရင်း များ လှတာ ကြောင့် မခံနိုင်ဘဲ ဆုတ် ရ ပြန်တယ် ။ မြန်မာရဲမက်တွေ ဟာ တကောင်းမြို့ က နေ ကြံ့ကြံ့ခံ တိုက် ပြန် တယ် ။ လေးနှစ် ကြာ သတဲ့ ။ အဲဒီလိုနဲ့ တရုတ် ( မောင်းဂွတ် ) တွေ အင်အား များ လှတာ ကြောင့် ရှိသမျှ တပ် ရုံးစုပြီး ဆုတ်ခွာ ကြရ ပြန်တယ် ။ ပုဂံ မှာ မင်း နှင့် တကွ တစ်ပြည်လုံး မွန်တို့ဒေသ ပုသိမ် ကို ဆုတ်ခွာ ပြေးကြောင်း လည်း သဲ့သဲ့ ကြားသိ ရ သတဲ့ ။ တရုတ် ( မောင်းဂွတ် ) စစ်သည် တို့ လည်း ဗိုလ်ပါ အလုံးအရင်းများ နဲ့ ဆက် ချီတက် ကြပြန် သတဲ့ ။ 


အဲဒီအခါ က စပြီး နရသီဟပတေ့မင်းကြီး ကို တရုတ်တပ် အလာ ပြေး တာ ကြောင့် “ တရုတ်ပြေးမင်း ” လို့ ခေါ်တွင်သတဲ့ ။ 



❝ ငြိမ်းချမ်းရေး ခရီးသည် ❞


ကလေးတို့ ရေ .. 


တရုတ် ( မောင်းဂွတ် ) တွေ ဟာ ငဆောင်ချမ်း ကို သိမ်းပြီး ဆက် ချီ တက်ကြ သတဲ့ ။ ကောင်းစင် အရပ် ကို ရောက် ကာ သိမ်းပြန်ပြီး မြန်မာတို့ ရဲ့ ခံတပ်မြို့ ဖြစ်တဲ့ တကောင်း ကို လည်း စစ်ချီ တိုက်ခိုက်ကြ သတဲ့ ။ ပုဂံစစ်သည် တွေ လည်း ဆုတ်ကြရ ပြန်တယ် ။ 


တရုတ် ( မောင်းဂွတ် ) တပ်တွေ တကောင်း ကို သိမ်းပိုက်ပြီး နောက် ဆက် မချီကြဘဲ ရပ်တန့် နေကြ သတဲ့ ။ ဘာကြောင့်လည်း ဆိုတော့ မိုးတွင်း ကာလ ရောက် လာပြီ လေ ။ မိုး ကုန် မှ ဆက်လက် ချီတက်ကြ မှာ ဖြစ် သတဲ့ ။ ငဆောင်ချမ်း ကျ ပြီး ဆုတ် ဆုတ် လာ ရတဲ့ စစ်သူကြီးတို့ ဟာ ပုဂံ ရောက် မှ အကျိုး အကြောင်း အလုံးစုံ သိပြီး မင်းကြီး ရှိရာ အခစား ဝင်ကြရ သတဲ့ ။ စစ်သူကြီး အနန္တပစ္စည်း လည်း အကျိုးအကြောင်း အလုံးစုံ ကို မင်းကြီး ထံ တင် လျှောက် သတဲ့ ။ တရုတ် မောင်းဂွတ်စစ်သည်တွေ ဟာ မိုး ကုန် တာ နဲ့ ပုဂံ ကို ရောက်လာ ကြမယ် ။ မင်းကြီး စိတ် မအေးနိုင်ဘူးပေါ့ ကွယ် ။ 


အဲဒါနဲ့ မင်းကြီး ဟာ မှူးမတ်တွေနဲ့ တိုင်ပင် သံဃာတော်တွေ အကြံ ဉာဏ်ယူ ၊ မိဖုရားစော ရဲ့ သဘောထား ကို လည်း နားတော် လျှောက်စေ သတဲ့ ။ ပြည်ထဲရေး က အရေး ကြီးလာပြီ ဆိုတော့ လုပ်သင့် လုပ်အပ်ရာ လုပ်ရတော့ မယ် မဟုတ်လား ။ 


နောက်ဆုံးတော့ မင်းကြီး ဟာ စစ်ပြေငြိမ်းရေး ကြိုးပမ်း ရတော့ တယ် ။ မင်း မာန် တို့ ခဝါ ချ ရ တော့တယ် ။ ဒါ့ကြောင့် မင်းကြီး ဟာ စစ်သူကြီး အနန္တပစ္စည်း နဲ့ အမတ် မဟာဗိုလ် တို့ကို တယ်တူ ( ပီကင်း ) မှာ ရှိတဲ့ ကူဗလေခန် ဘုရင် ထံ သွားရောက် ကာ ငြိမ်းချမ်းရေး စကား ဆို ဖို့ လွှတ် သတဲ့ ။ 


ဒီအခါ အနန္တပစ္စည်း က မင်းကြီး ကို တင်လျှောက်တယ် ။ 


“ မှန်လှ ပါ ၊ ဘုန်းတော် ကြီးတော်မူသော မင်းကြီး …. ကျွန်တော်မျိုး တင်လျှောက်လိုပါ တယ် ။ တိုင်းပြည် အကျဉ်းအကျပ် ရောက်ချိန် မှာ မင်းကြီး စီစဉ်တာ သင့်မြတ် လှကြောင်း ပါ ။ ဒါပေမဲ့ ဘုရာ့ကျွန်တော်မျိုး တို့ဟာ စစ်ရေး မှာ သာ အတွေ့ အကြုံ ရှိပြီး သံတမန်ရေး မှာ မကျွမ်းကျင်လှပါ ။ ထို့ကြောင့် ပညာ ဉာဏ် ကြီးပြီး စကားအရာ လိမ္မာ လှ တဲ့ မင်းကြီး ရဲ့ဆရာ အရှင်ဒိသာပါမောက္ခ ဆရာတော် ကို ဦးစီးဦးဆောင် အဖွဲ့ ခေါင်းဆောင် အဖြစ် လိုက်ပါ စေရန် တင်လျှောက်အပ်ပါ တယ် ဘုရား ” 


အဲဒီလို အနန္တပစ္စည်း တင်လျှောက် တဲ့ အခါ “ မောင်မင်း တင်လျှောက် တာ သင့်မြတ်တယ် ” လို့ မင်းကြီးလက်ခံပြီး အရှင်ဒိသာပါမောက္ခ ဆရာတော် ကို ပန်ကြား လျှောက်ထား လေတယ် ။ 


ရှင်ဒိသာပါမောက္ခ ဆရာတော် လည်း ဆင်ခြင် စဉ်းစားလေသတဲ့ ။ အရေး က တိုင်းပြည်အရေး ဖြစ်တယ် ။ စစ်ဘေး ကြောင့် ထွက်ပြေး တိမ်းရှောင် ဒုက္ခ ရောက် နေကြ ရတဲ့ ပြည်သူတွေ အရေး တွေးမိ သတဲ့ ။ မိမိ မှာ အသက် အရွယ် ရပြီ ။ သွား ရမယ့် ခရီး က အလွန် ဝေးကွာ လှတယ် ။ လမ်းပန်းခက်ခဲ လှတယ် ။ ရာသီဥတု က လည်း ဆိုးဝါးလေ ရဲ့ ။ အရေး ဆိုရမယ့် ကိစ္စ က လည်း ခက်ခဲလှတယ် ။ မိမိ တို့ ဘုရင် ဒေါသ ရှေ့ ထားပြီး တရုတ်သံ တွေ ကို သတ် လိုက်တဲ့ အကျိုးဆက်ပေပဲ ” ဆရာတော် က လေးလေးနက်နက် အတန်ကြာ စဉ်းစား နေ သတဲ့ ။ နောက်ဆုံးတော့ ဒုက္ခပင်လယ် ဝေ နေတဲ့ ပြည်သူပြည်သား အများသတ္တဝါတွေ ကို သနားလှတာကြောင့် မင်းကြီး ပန်ကြားချက် ကို လက်ခံ လိုက်လေ သတဲ့ ။ 


ဒါ့ကြောင့် ရှင်ဒိသာပါမောက္ခ ဦးဆောင် တဲ့ ငြိမ်းချမ်းရေးသံအဖွဲ့ မြန်မာသက္ကရာဇ် ( ၆၄၇ ) ခု ( ခရစ်နှစ် ၁၂၈၅ ) မှာ ပြည်မြို့က နေ ထွက် ခဲ့ကြလေ သတဲ့ ။ အဲဒီ အချိန် မှာ တရုတ် ( မောင်းဂွတ် ) တပ်တွေ ဟာ တကောင်း  ။မှာ ပဲ ရှိနေသေးတယ် ။ ဆရာတော် တို့ တကောင်း ရောက်တာ နဲ့ တရုတ် ( မောင်းဂွတ် ) အာဏာပိုင်တွေ ဟာ ဆရာတော်တို့ အဖွဲ့ ကို ဖမ်းဆီး ချုပ်နှောင် ထားလိုက် သတဲ့ ။ 


အဲဒီ သတင်း ကို နှရသီဟပတေ့မင်းကြီး ကြားတဲ့ အခါ တကောင်း ရှိ တရုတ် ( မောင်းဂွတ် ) အာဏာပိုင်တွေ ထံ သဝဏ်လွှာ တစ်စောင် ရေးပြီး ခြေမြန်တော် လွှတ် ပို့ဆောင်စေ သတဲ့ ။ သဝဏ်လွှာ မှာ ဆရာတော် နဲ့ အဖွဲ့ ဟာ မိမိလွှတ်လိုက်တဲ့ အဖွဲ့ဖြစ်ကြောင်း ၊ ဒါ့ကြောင့် ဖမ်းဆီးချုပ်နှောင်ခြင်း မပြုဖို့ မေတ္တာရပ်ခံစာ ဖြစ် သတဲ့ ။ 


မင်းကြီး သဝဏ်လွှာ ကို တရုတ် ( မောင်းဂွတ် ) အာဏာပိုင်တွေ ရတဲ့ အခါ ဆရာတော် နဲ့ အဖွဲ့ ကို လွှတ် ပြီး တယ်တူ ( ပီကင်း ) သို့ ခရီး ဆက်နိုင်ရေး အကူအညီ ပေးလေ သတဲ့ ။ 


ဆရာတော်တို့ တကောင်း ရောက် ချိန်မှာ တရုတ် ( မောင်းဂွတ် ) နှစ် သောင်း အင်အား ရှိ တပ်ကြီး ထပ် ရောက်နေ သတဲ့ ။ အဲဒီ တပ်ကြီး နဲ့ အတူ တရုတ်ရဟန်းတော် အပါး ( ၇၀ ) လည်း ပါလာ သတဲ့ ။ သူတို့ ရည်ရွယ်ချက် က တော့ ပုဂံ ကို အခြေပြုပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မှာ အုပ်ချုပ်ရေးဌာန တစ်ခု ဖွင့် ဖို့ နဲ့ ရဟန်းတော်တွေ က ပုဂံ မှာ သာသနာ ပြုရန် ဖြစ် သတဲ့ ။ 


အမှန်တော့ တရုတ် ရဟန်းတော်တွေ ဟာ ပီကင်း ကို ပြန်ချင် နေကြ ပြီ ။ ဒါကြောင့် ရှင်ဒိသာပါမောက္ခ ကို ကူဗလိုင်ခန့် ထံ ပြောပေး ဖို့ ပန်ကြား ပြီး သူတို့ ပါ ပြန် လိုက်ခဲ့ကြ သတဲ့ ။ 


ဆိုကြပါစို့ ကွယ် ၊ ဆရာတော် နဲ့ အဖွဲ့ ဟာ တောတောင် ၊ မြစ်ချောင်း အမျိုးမျိုး ဖြတ်ပြီး ပင်ပန်းကြီးစွာ နဲ့ သွားရောက် ကြတာ နောက်ဆုံး ကူဗလိုင်ခန့် မင်းကြီး နဲ့ တွေ့ကြ သတဲ့ ။ ဆရာတော် တို့ လာ ရတဲ့ ခရီးလမ်း ပင်ပန်းမှု ၊ ဇွဲလုံ့လ သိက္ခာသမာဓိ ကို ထောက်ထားပြီး ကောင်းစွာ လက်ခံ တွေ့ဆုံ သတဲ့ ။ 


ဒိသာပါမောက္ခဆရာတော် ရဲ့ ငြိမ်းချမ်းရေး စကား ဟာ အလွန် မှတ်သားစရာ ကောင်းလှတယ် ။ အချုပ်သဘောကတော့ အရှင်မင်းကြီး ရဲ့ တပ် တွေ ကြောင့် ပုဂံ ပျက် ခဲ့ပြီ ။ စပါး လည်း မစိုက် နိုင် ၊ ပြည်သူတွေ အိုးအိမ်စွန့် ထွက်ပြေးကြပြီ ။ ဥယျာဉ် စိုက် တဲ့ ယောက်ျားဟာ အပင် ကို ရေလောင်းပေါင်း သင်တယ် ။ အညွန့် ကို မဆိတ် တကား ။ ဒါ့ကြောင့် ပုဂံ ကို စိုက်ပျိုးပါစေဦး ၊ စည်ပင် မှ မင်းကြီး ရဲ့ တပ် ဝင်လို က ဝင်ပါ ” ဆိုတဲ့ သဘော ပြောဆို လို့ ကူဗလိုင်ခန်မင်းကြီး သဘော ကျ သတဲ့ ။ အရှင်မြတ် စကား ဆိုတာ ငါ့ အကျိုး လည်း ပါတယ် ဆိုပြီး သူ့ တပ်ကြီး ကို ရုပ်သိမ်းစေ သတဲ့ ။ 


ဒါ့ကြောင့် ပုဂံ ဟာ တရုတ် ( မောင်းဂွတ် ) စစ်ဘေးဒဏ် က အခိုက် အတန့် သက်သာရာ ရ သတဲ့ ။ သက္ကရာဇ် ( ၆၄၈ ) ခု နွေရာသီ မှာ ဆရာတော် တို့ အဖွဲ့ မြန်မာနိုင်ငံ ပြန် ကြွခဲ့တယ် ။ မိုင်ပေါင်း ( ၂၅ဝဝ ) ကျော် အသွား အပြန် ဆိုတော့ မိုင်ပေါင်း ( ၅ဝဝဝ ) ကျော် ပေါ့ ။ အလွန် ပင်ပန်းလှတာပေါ့ ကွယ် ။ 


နရသီဟပတေ့ ဟာ အလွန် အားရ ဝမ်းသာ ဖြစ်ပြီး ဆရာတော် တို့ ကို လယ်မြေ ၊ ကျွဲ ၊ နွား စသည် ဖြင့် ကြီးစွာ လှူဒါန်းပူဇော် လေ သတဲ့ ။ 



❝ နရသီဟပတေ့ နှင့် မိဖုရားစော ❞


ကလေးတို့ ရေ .. 


နရသီဟပတေ့ မင်းကြီး ဟာ တရုတ် ( မောင်းဂွတ် ) တပ်တွေ ပြန်ကြ ပြီ ကြားတဲ့ အခါ မွန်ဒေသ မှာ ငါးလ နေပြီး နေပြည်တော် ( ပုဂံ ) ပြန်ဖို့ စီ စဉ် သတဲ့ ။ အဲဒီအခါ ပုသိမ်စား သားတော် ဥဇနာ က မသင့်သေးကြောင်း ၊ သီဟသူ ကို လည်း စိတ်မချရကြောင်း မင်းကြီး ကို  ရန်ရှာ မှာ မြင် သတဲ့ ။ ဒါ ကြောင့် ဥဇနာ ဟာ သီဟသူ ကို ဖမ်းပြီး သံခြေချင်း ခတ်ထားတယ် ။ 


မင်းကြီး သိ တော့ သူ့ ထံ ခေါ်ထား သတဲ့ ။ တစ်ခါမှာ တော့ ရွှေဖောင်တော် အနီး လှေတစ်စင်း ကပ် လာပြီး သီဟသူ ရဲ့ကျွန်တွေ က သီဟသူ ကို ကယ်ထုတ် သွား သတဲ့ ။ သီဟသူ လည်း ပြည် ကို ပြန်ပြီး ရဲမက်ဗိုလ်ပါ စုရုံး ကာ မြို့ကို အခိုင်အလုံ ပြုပြီး အသင့် နေနှင့် သတဲ့ ။ 


မင်းကြီး လည်း ဟင်းခွက် ( ၁၅၀ ) ခန့် နဲ့ ပွဲတော် တည် ရလို့ ငါ ဆင်းရဲ လှတယ် လို့ ဆိုညည်းတွား သတဲ့ ။ ဒီအခါ မိဖုရားစော က လောကဓံ တရား သဘော ပြောပြ ပြီး မင်းကြီး ကို တရား ချ သတဲ့ ။ ပုဂံ ကို ပြန် လိုကြောင်း မင်းကြီး မိန့် တဲ့ အခါ မိဖုရားစော က - 


“ ဆန်တော် မူမည် စကား လွယ်၏ ။ ပြည်ထဲ အရေး ခက်လှသည် ။ အလုံးအရင်း မပါဘဲ နေပြည် ပြန်လျှင် ရန်သူ့ လက် တွင် အခက် တွေ့ ပေမည် ။ ပြည်သူပြည်သား တွေ လည်း မင်းကြီး အကွပ်အညှပ် ပြင်းတော်မူလှ သဖြင့် ကြောက်ရွံ့ကာ ပြည်တော် သို့ မဝင်ကြသေး ။ အရင် အထက် က ကျွန်တော် လျှောက် ပါသည် ။အရှင် ယူတော် မမူပါ ။ ( ၁ ) ပြည့်ဝမ်း ကို မဖောက်ရာ ၊ ( ၂ ) ပြည့်ဦးကင်း ကို မနှိမ်ရာ ၊ ( ၃ ) ပြည့်တံခွန် ကို မလှဲရာ ၊ ( ၄ ) ပြည့်မျက်စိ ကို မဖောက်ရာ ၊ ( ၅ ) ပြည့်စွယ် ကို လည်း မချိုးရာ ၊ ( ၆ ) ပြည့်မျက်နှာ ကို လည်း မဖျက်ရာ ၊ ( ၇ ) ပြည့်ခြေပြည့်လက် ကို လည်း မဖြတ်ရာ ၊ ဟူ၍ အထက် က လျှောက်ပါသည် ကို အရှင် ယူတော် မမူ ။ ယခု ပြည်ရွာ စည်ပင် မည့် အရေးသည် အလွန် ခက်ခဲလှသည် ” လို့ မိဖုရားစော လျှောက်လေ သတဲ့ ။ 


အဲဒီအခါ မင်းကြီး က “ အဲဒီ အကြောင်းတွေ လျှောက်ပါဦး ” လို့ မိန့်တာ နဲ့ မိဖုရားစော ဆက်ပြီး လျှောက်တင် သတဲ့ ။ 


( ၁ ) ပြည်ကြီးဝမ်း ကို မဖောက်ရာ ဆိုရာမှာ ပြည်ကြီးဝမ်း နဲ့ တူတဲ့ သူဌေးသူကြွယ် တို့ ကို အပြစ် မရှိဘဲ အပြစ် ရှာတော်မူပြီး ဥစ္စာ ရွှေငွေ တို့ ကို ဖျက်ဆီး သိမ်းယူခြင်း ။ သူဌေးသူကြွယ် တို့ ကွယ်လွန် တဲ့ အခါ အမွေခံ သားသမီး ရှိလျက် အတွေ့ မခံရ ။ ပစ္စည်း ဥစ္စာ တို့ ကို သိမ်းယူခြင်း ဟာ လည်း ပြည့်ဝမ်း ကို ဖောက်သည် မည်ပါတယ် ။ 


( ၂ ) ပြည့်ဦးကင်း ကို မနှိမ်ရာ ဆိုရာ မှာ ပြည့်ဦးကင်း နဲ့ တူတဲ့ မှူးကြီး မတ်ရာ တို့ ကို အမျက်တော် ရှိရာ မထောက်မချင့် ၊ မဆင်မခြင် ကွပ်ညှပ်တော်မူသည် ကား ပြည့်ဦးကင်း ကို နှိမ်သည် မည်ပါ ပြီ ။ 


( ၃ ) ပြည့်တံခွန် ကို မလှဲရာ ဆိုရာ မှာ ပြည် ရဲ့ တံခွန် နဲ့ တူတဲ့ ရသေ့ ၊ ရဟန်း ပညာရှိ တို့ ကို အမျက်တော် ရှိ ရာ မစူးစမ်း ၊ မထောက်မရှ မျက်တော်မူခြင်း ကား ပြည့်တံခွန် ကို လှဲသည် မည် ပါတယ် ။ 


( ၄ ) ပြည့်မျက်စိ ကို မဖောက်ရာ ဆိုရာ မှာ ပြည် ရဲ့ မျက်စိ နဲ့တူ တဲ့ ပိဋကတ် ၊ ဗေဒင် တတ် တဲ့ ပရောဟိတ် တို့ ကို အမျက်တော် ရှိ ရင် ဆီးတားပိတ်ဆို့တော် မမူ ၊ ရွပ်ရွပ်ချွံချွံ မျက်တော်မူခြင်း သည် ကား ပြည့်မျက်စိ ကို ဖောက်သည် မည်ပါတယ် ။ 


( ၅ ) ပြည့်စွယ် ကို မချိုးရာ ဆိုရာ မှာ ပြည်ကြီးအစွယ် နဲ့ တူတဲ့ မင်း ညီမင်းသား တို့ ကို အမျက်တော် ရှိရာ ရှေ့ကို ထောက်ရှုတော် မမူ ၊ မျက်တော်မူခြင်းသည် ကား ပြည့်အစွယ် ကို ချိုးသည် မည်ပါတယ် ။ 


( ၆ ) ပြည့်မျက်နှာ ကို မဖျက်ရာ ဆိုရာ မှာ ပြည် ရဲ့ မျက်နှာ နဲ့ တူတဲ့ မိဘ လင်သား တို့ ရဲ့ ကြေးမုံသဖွယ် ဖြစ်တဲ့ သူ့ ရဲ့ သားသမီး တို့ ကို အနိုင်အထက် ယူတော်မူခြင်း ကား ပြည် ရဲ့ မျက်နှာ ကို ဖျက်သည် မည်ပါတယ် ။ 


( ၇ ) ပြည့်ခြေ ပြည့်လက် ကို မဖြတ်ရာ ဆိုရာမှာ ပြည် ရဲ့ ခြေလက် ဖြစ် တဲ့ သူရဲသူခက် တို့ ကို အမျက်တော် ရှိရင် သံသရာ ၊ ပစ္စုပ္ပန် နှစ်ပါး ကို ထောက်ရှုတော် မမူ ၊ သတ်ဖြတ်ခြင်း ဟာ ပြည့်ခြေ ပြည့်လက် တို့ ကို ဖြတ်သည် မည်ပါတယ် အရှင် ... ” လို့ နားတော် လျှောက် သတဲ့ ။


ဒီအခါ မင်းကြီး က “ ရှင်မိဖုရား ... ရှေးက ဤသို့ လျှောက်တော် မမူ ” လို့ မိန့်သတဲ့ ။ ဒီတော့ မိဖုရားစော က “အရှင် မင်းကြီး သာ မဟုတ် ၊ ယခု ပြည်စားသီဟ သူ လည်း ပြည် ကို ရောက် နေပြီ ။ သူ ပင် အမှု့ ကို ပြု လတ္တံ့ ” နားတော် လျှောက်လေ သတဲ့ ။ 


ဒီအခါ မင်းကြီး က “ သင်း အစ်ကို သံခြေချင်း နဲ့ သတ်မည်ယူလေ သည် ကို ငါ ယူထားတာကြောင့် အသက် လွတ် တယ် ။ ဘယ် မှာ ငါ့ ကို ဝံ့လေ မလဲ ” လို့ မိန့် သတဲ့ ။ “ ပြည် မှာ ဗိုလ်ပါ ရုံးစု ပြီး မှ ပုဂံ ပြန်မယ်” လို့ ဆက် မိန့် သတဲ့ ။ 


အဲဒါနဲ့ မင်းကြီး ရဲ့ ရွှေဖောင်တော် ပြည် ကို ဆန်လေ သတဲ့ ။ ပြည် ဆိပ်ကမ်း ရောက် ရင်ပဲ ပြည်စား သီဟသူ ဟာ ဖောင်တော် ကို မဆန်ရ တားပြီး အစာ မှာ အဆိပ် ခပ် ကာ မင်းကြီး ကို “ စားတော် ခေါ် ပါ ” လို့ ဆက် သတဲ့ ။ 


မင်းကြီး ဟာ စားတော် မှာ အဆိပ် ပါကြောင်း သိတာ နဲ့ မစားဘဲ နေ သတဲ့ ။ သီဟသူ ကြား တဲ့အခါ သူရဲ ( ၃၀၀ ) ကို အိမ်ဓားဖွေးဖွေး ကိုင် စေ ပြီး မင်းကြီး ရဲ့ ဖောင်တော် ကို ဝိုင်းစေ သတဲ့ ။ 


ဒီအခါမှာ မိဖုရားစော လျှောက်တယ် ။ 


“ မင်းကြီး ၊ အကျွန်ုပ် အထက် က လျှောက်ပါသည် ကို မင်းကြီး ယူ တော် မမူသော ကြောင့် ဤသို့ ဖြစ်ရသည် ။ ဓားလှံ လက်နက်ဘေး နဲ့ သွေးသံ ရဲရဲ သေရသည် ထက် ဆေး ထည့် တဲ့ အစာ စားတော်မူပြီး ကြမ္မာ ကုန် ရတာ မြတ်ပါတယ် ” လို့ လျှောက် သတဲ့ ။ 


မင်းကြီး လည်း သားတော် သီဟသူ ကို စိတ် နာတာ ကြောင့် “ သံသရာ မှာ ကျင်လည်လေသမျှ သားယောက်ျား ကို မရလို ” လို့ သစ္စာ ပြုပြီး ဝတ်တော်မူတဲ့ နဝရတ်လက်စွပ် ကို ချွတ်ကာ ရေစက် ချ လေတယ် ။ မိဖုရားစော လက် လက်စွပ် အပ်ပြီး စားတော် ခေါ် တဲ့ ခဏ အနိစ္စ ရောက် လေ သတဲ့ ။


တရုတ်ပြေးမင်း ခေါ်  နရသီဟပတေ့မင်း ဟာ ထီးနန်းစည်းစိမ် ( ၃၅ ) နှစ် ခံစားပြီး သက်တော် ( ၅၁ ) နှစ် မှာ အနိစ္စ ရောက် သတဲ့ ။ 



❝ မိဖုရားဖွားစော နှင့် ရှမ်းညီနောင် သုံးဦး ❞


ကလေးတို့ ရေ ... 


နရသီဟပတေ့မင်းကြီး အနိစ္စ ရောက်တဲ့ အခါ ပြည်စား သီဟသူ ဟာ နောင်တော် ဥဇနာ ကို လုပ်ကြံတယ် ။ ညီငယ် ဒလစားကျော်စွာ ဆီ အလုံးအရင်း နဲ့ ချီပြီး တိုက်တယ် ။ အကြိမ်ကြိမ် တိုက် ပေမယ့် မရဘူး ။ ဒါကြောင့် ပဲခူး ငပမွန် ကို သွားတိုက် ရာ မှာ ကိုယ့် မြား ကိုယ် ပြန် ထိပြီး သီဟသူ အနိစ္စ ရောက်တယ် ။ 


သီဟသူ မရှိတဲ့ အခါ မိဖုရားစော နဲ့ မှူးမတ်တွေ တိုင်ပင်ကြပြီး ဒလစား ကျော်စွာ ကို နန်း တင်တယ် ။ ကျော်စွာ ဟာ ပြည်ထဲရေး ကို စိတ် မဝင်စား ဘူး ။ တိုင်းခရိုင် မြို့ပြ အပေါင်းဟာ အသီးသီး ပုန်ကန် ခြားနား ကြတယ် ။ ရခိုင်ပြည်ဘက် မှာ မင်းထီး ၊ အောက်အရပ် - အကြေတွင် ဝါရီယူမင်း ၊ အထက်အညာ မှာ ရှမ်းညီနောင် သုံးဦး တို့ ထီးပြိုင် နန်းပြိုင် ပြုနေ ကြတယ် ။

 

နရသီဟပတေ့မင်းကြီး လက်ထက် က ကျွေးမွေး သူကောင်း ပြုထား တဲ့ ရှမ်းညီနောင် သုံးဦး က တော့ သင်္ခယာ ။ ရာဇသင်္ကြန် နဲ့ သီဟသူ ဖြစ်တယ် ။ နာမည် တူ ပေမယ့် အရင် က ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ နဲ့ တခြား စီ လို့ မှတ် ရမယ် ။ ကျော်စွာမင်း က ညီနောင် သုံးဦး ဟာ လုပ်ရည်ကြံရည် ရှိတာ ကြောင့် ဆက်လက် ပြီး အသင်္ခယာ ကို မြင်စိုင်းမြို့ ၊ ရာဇသင်္ကြန် ကို မက္ခရာမြို့ ၊ သီဟသူ ကို ပင်လယ်မြို့ ပေးပြီး ဆက် ချီးမြှောက် ထား သတဲ့ ။ 


ကျော်စွာမင်း ဟာ ကူဗလေခန်မင်းကြီး ရဲ့ သစ္စာ ကို ခံတာကြောင့် ညီနောင် သုံးဦး ဟာ ပုဂံ ကို မလာကြတော့ဘူး တဲ့ ။ 


ကျော်စွာမင်း ဟာ နန်း တင်ပေးတဲ့ မိဖုရားစော ကို လည်း အတိုင်အပင် မရှိ ‌မေ့ လျော့ နေတယ် ။ မိဖုရားစော ဟာ ကျော်စွာ ကို နှလုံး ထောင့် တာ ကြောင့် ရှမ်းညီနောင် သုံးဦး ကိုခေါ်ပြီး သင်တို့ သုံးဦး ကို ငါ သူကောင်း ပြုမယ် ။ သူကောင်း ဖြစ်ရင် ငါ့ စည်းစိမ် ကို မဖျက်ပါနဲ့ ၊ ငါ့ ထံ သစ္စာ ခံ ကြ လို့ ဆိုတာ နဲ့ ရှမ်းညီနောင် သုံးဦး သစ္စာ ခံ ကြတယ် ။ 


ဒါ့ကြောင့် မိဖုရားစော က “ သင်တို့ သုံးဦး မြင်းစိုင်း အရပ် မှာ ဘုရားဂူကျောင်း ကြီးကျယ်စွာ စီရင်ကြ ။ ပြီးရင် ငါ့ ကို လျှောက်လာစေ ” လို့ မှာတယ် ။ 


ညီနောင် သုံးဦး တို့ လည်း မိဖုရားစော ဆို တိုင်း ပြုကြ သတဲ့ ။ ပြီးလျှင် မိဖုရားစော က ကျော်စွာမင်းကြီး ကို လျှောက်တယ် ။ 


“ အရှင့် ဘေးလောင်းတော် နော်ရထာမင်းစော တည် ခဲ့တဲ့ လယ်တွင်း ( ၁၁ ) ရွာ ဟာ ပဲခူးမြေ နဲ့အတူ သာယာ လှတယ် ။ ကြွရောက် ရှုစားတော် မူပါ ။ ပြက်ခ ရွေသာလျောင်းရှင် ကို လည်း ဖူးပါ ” လို့ လျှောက် သတဲ့ ။ 


ကျော်စွာမင်းကြီး လည်း ယုံကြည်တော် မူ လို့ စစ်အင်္ဂါ လေးပါး နဲ့ တကွ ကြွရောက်လေ သတဲ့ ။ လယ်တွင်း အရပ်သို့ ရောက်ပြီး သာလျောင်း တောင် သို့ လည်း တက်တော် မူတယ် ။ အဲဒီ တောင်ထိပ် ကနေ ကြည့်မျှော် တဲ့ အခါ ရှမ်းညီနောင် သုံးဦး ဆောက် တဲ့ ကျောင်း ကို မြင် သတဲ့ ။ မင်းကြီး ကျော်စွာ မေးတော် မူတဲ့ အခါ မိဖုရားစော က “ သိင်္ခဗိုလ် သား အရှင့် ကျွန်တော် ညီနောင် သုံးဦး အရှင့် ဘုန်းရိပ် ခိုလှုံ ပြီး ကိုယ်စား အလှူတော်ကြီး စီရင်ကြပါတယ် ။ မင်းကြီး ကြွရောက် ပြီး သာဓု ခေါ်တော် မူပါ ” လို့ လျှောက် သတဲ့ ။ 


ကျော်စွာမင်းကြီး လည်း ယုံကြည်တော် မူ လို့ ကြွလေတယ် ။ 


မြင်စိုင်း ကို ရောက်တဲ့ အခါ ညီနောင် သုံးဦး က မင်းကြီး ကို ဖမ်းပြီး ခေါင်းတုံး ရိတ် ကာ သင်္ကန်း ဝတ် စေပြီး ထို ကျောင်း မှာ အစောင့်အရှောက် နဲ့ ထားလေ သတဲ့ ။ ညီနောင် သုံးဦး လည်း အလုံးအရင်း ဆင်မြင်း အများ နဲ့ မင်း ပြုတော် မူတယ် ။ 


ကူဗလေခန် မင်းကြီး ဟာ မိမိ သစ္စာခံ ကျော်စွာမင်း ကို ညီနောင် သုံးဦး နန်းချ တဲ့ သတင်း ကြား တဲ့ အခါ “ မင်းရိုး ကို နန်းတင် ချေ ” ဆိုပြီး တရုတ် ( မောင်းဂွတ် ) စစ်သူကြီး လေးဦး ကို စစ်သည်ဗိုလ်ပါ အလုံးအရင်း နဲ့ လွှတ်လိုက် သတဲ့ ။ မောင်းဂွတ်တပ် ကို ရှမ်းညီနောင် သုံးဦး က အလုံး အရင်း နဲ့ ရင်ဆိုင် တယ် ။ နောက်ဆုံး မှာ တော့ တရုတ် ( မောင်းဂွတ် ) တပ် စစ်သူကြီး ဟာ ညီနောင် သုံးဦး နဲ့ စကား ဆိုတယ် ။ “ မင်းရိုး ကို နန်း တင်ချေ ။ ငါတို့ မင်းကြီး အမိန့် ရှိလိုက်တယ် ” ဆိုတဲ့ အခါ ညီနောင် သုံးဦး က ကျော်စွာ ကို သတ်ပြီး ခေါင်း ကို ပြ ကာ မင်းရိုး မရှိ ဆိုတာ နဲ့ လက်ဆောင်ပဏ္ဏာ တောင်းပြီး ပြန်မယ် ပြင်တယ် ။ ညီနောင် သုံးဦး က ပဏ္ဏာ ပေးပြီး မြောင်း တူး ခဲ့ပါဦး ဆိုတာ နဲ့ မြောင်း ရာ ပြ သတဲ့ ။ တရုတ် တို့ လည်း အင်အား ပြ လိုတာ နဲ့ အလျား အတာ ( ၇၀၀ ) ၊ အနံ ( ၂ ) တာ ၊ စောက် ( ၂ ) တာ ရှိ မြောင်း နေ့ချင်း ပြီး သတဲ့ ။ တရုတ် တို့ လည်း ပြန်ကြလေ သတဲ့ ။ 


မိဖုရားစော လည်း ပုဂံ ကို ပြန်ပြီး သမထီး အရပ် မှာ ကျောင်း ၊ ဘုရား တည်ထား ဆောက်လုပ် နေ သတဲ့ ။ ပုဂံ မှာ ကျော်စွာမင်း ရဲ့ သားတော် နှစ် ပါး မှာ အကြီး စောနစ် ကို နန်းလျာ ထားပြီး သားငယ် မင်းရှင်စော ကို သရက် မြို့စား တည်တော် မူတယ် ။ 


စောနစ် ပုဂံ မှာ မင်း ဖြစ်တဲ့ အခါ ခမည်းတော် ရဲ့ ကျေးဇူး ထောက် ပြီး ညီနောင် သုံးဦး က မနှောင့်ယှက်ဘူး တဲ့ ။ မြင်စိုင်း သို့ တရုတ် ( မောင်းဂွတ် ) တို့ လာတာ ဟာ စောနစ် ပင့်ခေါ် တာကြောင့် ဖြစ် သတဲ့ ။ 


တရုတ်တို့ ပြန်တဲ့ အခါ မိုးနဲ ၊ ညောင်ရွှေ အစ ရှိတဲ့ အုန်းပေါင် ၊ မိုးမိတ် အရှေ့တစ်လွှား ရှမ်းတို့ အသီးသီး ခြားနား ကြတယ် ။ မြောက်တစ်လွှား မိုးကောင်း ၊ မိုးညှင်း ၊ ကလေး ၊ မိုင်းညောင်း စသည် ခြားနား ကြတယ် ။ မွန် ဒေသ ၊ ပုသိမ် ( ၃၂ ) မြို့ လည်း ပုန်ကန် ကြတယ် ။ 


စောနစ် မင်း စည်းစိမ် ( ၂၇ ) နှစ် ၊ သက်တော် ( ၄၃ ) မှာ အနိစ္စ ရောက် တယ် ။ စောနစ်မင်း အနိစ္စ ရောက်ပြီး သားတော် စောမွန်နစ် မင်း ပြုတယ် ။ ပုဂံ ရဲ့ တန်ခိုး အာဏာ မရှိတော့ဘူး ။ တိုင်းနိုင်ငံ အသီးသီး ခြားနား ကြတယ် ။ သက္ကရာဇ် ( ၇၃ဝ ) ခု ၊ သက်တော် ( ၅၈ ) နှစ် မှာ အနိစ္စ ရောက်ပြီး ပုဂံမင်း ဆက် ပြတ် သတဲ့ ။ 



❝ ဝါရီရူးဘွဲ့ခံ မဂဒူးမင်း ❞


ကလေးတို့ ရေ ... 


ပုဂံ ပျက်ခါနီး ကျစွာမင်း စိုးစံနေချိန် မှာ ဝါရီရူးဘွဲ့ခံ မွန်မင်း မဂဒူး ဟာ မုတ္တမ မှာ မင်း ဖြစ်လေတယ် ။ သူ့ အကြောင်း ကလည်း ဆန်းကျယ်လှတာ ကြောင့် တင်ပြ လိုက် ပါတယ် ။

 

မဂဒူး ကို သက္ကရာဇ် ( ၆၁၄ ) ခုမှာ ဆင်းရဲသား လယ်သမား မိဘ နှစ်ပါး က မွေးဖွား တယ် ။ သူ မွေး တဲ့ အရပ် က တော့ တကော့ဝန်း ( သထုံခရိုင် ဒုံဝန်း ) ဖြစ်ပြီး မွန်လူမျိုး ဖြစ်တယ် ။ မဂဒူး မှာ မွေးချင်း သူ ပါ နဲ့ ဆို သုံးဦး ရှိတယ် ။ ညီ က မဂဒါ ၊ ညီမ က နှင်းဥရိုင် တို့ ဖြစ်တယ် ။ 


မဂဒူး အရွယ် ရောက်တဲ့ အခါ တကော့ဝန်း က နေ သောက်ကတဲမြို့ ကို သွားပြီး ထမ်းပိုး ထမ်း နဲ့ ကုန် ရောင်း ရတယ် ။ အထမ်းဖော် တွေ လည်း ပါတယ် ။ ကုန်ရောင်း သွား လို့ ပြာတောင်း ဆိုတဲ့ အရပ် ရောက်တဲ့ အခါ အထမ်း သမား တစ်ဦး နာဖျားသတဲ့ ။ ဖျားသူ ရဲ့ဝန် ကို ခေါင်းဆောင် ဖြစ်တဲ့ မဂဒူး က ပဲ ထမ်း ရ တာပေါ့ ။ ပြာတောင်းတောင် ထိပ် ရောက်တဲ့ အခါ အချိန် မဟုတ် ဘဲ မိုးကြီး ရွာ ၊ လျှပ်စီး လက် ပြီး မဂဒူး ရဲ့ထမ်းပိုး ကို မိုးကြိုး ပစ် သတဲ့ ။ ထမ်းပိုး ကျိုးပြီး ဝန်စည်တွေ လည်း ချောက် တွင်း ကျ ကုန်တာပေါ့ ။ မဂဒူး လည်း ရုတ်တရက် မေ့ သွားပြီး သတိရ လို့ နောက် လှည့် ကြည့်လိုက်တဲ့ အခါ တောင် ထိပ် မှာ ရွှေပြာသာဒ် တစ်ဆောင် ကို လျှပ်ရောင် ထဲ မှာ မြင် လိုက်ရ သတဲ့ ။ 


မဂဒူး က “ ငါ ဟာ ဘုန်းရှင်ကံရှင် ပဲ ” လို့ စိတ် ထဲ စွဲမှတ်လိုက်သတဲ့ ။ နောက် အဲဒီ အရပ် က နိမိတ် ဖတ် တတ် တဲ့ ပညာရှိ စောပဏ္ဍိတ် ကို တွေ့တဲ့ အခါ မိမိ မှာ ဖြစ်နေတဲ့ အကြောင်း ကို ပြောပြပြီး မေး သတဲ့ ။ 


စောပဏ္ဍိတ် က “ သင့် ရဲ့ နိမိတ် က ကြီး လှတယ် ။ သင့် အရပ် နဲ့ အမျှ ငွေ ပုံ ပေး မှ နိမိတ် ကို ဖတ် နိုင်မယ် ” လို့ ဆိုတဲ့ အခါ မဂဒူး လည်း ဉာဏ် ရှိ သူ ဖြစ်တာကြောင့် ဝါး ကို သူ့ အရပ် နဲ့ တိုင်း ဖြတ်ပြီး ငွေ ( ၃ဝ ) တင်ကာ ပူဇော်လေ သတဲ့ ။ 


“ အရပ် နဲ့ အမျှ ငွေ ပုံ ပြီး ပူဇော်ပြီးပါပြီ ။ နိမိတ် ကို ဖတ်ကြားတော်မူ ပါ ” လို့ ဆို လေတယ် ။ စောပဏ္ဍိတ် လည်း မဂဒူး ဟာ ဘုန်း လည်း ရှိတယ် ။ ဉာဏ်ပညာ လည်း ရှိသူ ဖြစ်တယ် ။ နိမိတ် နဲ့ ညီစွာ ဖြစ်မယ်လို့ ယုံကြည်တဲ့ အတိုင်း “ သင်ယနေ့ က စပြီး ကုန် မရောင်းနဲ့တော့ ၊ မင်း ထံ ခစားပါ ။ သည်နှစ်တွင် ပဲ မင်း ဖြစ်မယ် ” လို့ ဟော လေတယ် ။ မဂဒူး လည်း ဝမ်းမြောက် စွာ နဲ့ စောပဏ္ဍိတ် ကို ဦး သုံးကြိမ် ချ သွားလေတယ် ။ 


သောက်ကတဲ သို့ ရောက်တဲ့အခါ ပါတဲ့ ကုန်တွေ ရောင်းပြီး ငယ်သား သုံးကျိပ် က ပြန်ကြတယ် ။ မဂဒူး က တော့ မပြန်ဘဲ မင်း ထံ ခစား ဖို့ အဝတ် အစား မပြည့်စုံသေး တာ နဲ့ အတွင်းဆင်ကဲ ထံ ဝင် ခစား သတဲ့ ။ ဆင်ကဲ က လည်း မဂဒူး ကို မြင်တာ နဲ့ ကရုဏာ ရှိတာကြောင့် ကောင်းစွာ ကြည့်ရှု လေ တယ် ။ မဂဒူး လည်း လုံ့လဝီရိယ ထားပြီး ၊ နေ့ည မရွေး ဘဲ ဆင် စာကျွေး ၊ ဆင် ချေး နဲ့ အမှိုက်များ ရှင်းလင်း စသဖြင့် လုပ်ဆောင် လေတယ် ။ 


တစ်နေ့ မှာ တော့ ရှင်ဘုရင် ဆင် ကြည့် လာတဲ့ အခါ ဆင်တင်းကုပ် သန့်ပြန့် နေတာကြောင့် မေးတော် မူ တဲ့ အခါ ဆင်ကဲ က “ တကော့ဝန် ” အရပ် က မွန်ကလေး တစ်ယောက် မိမိ ထံ ခစားကြောင်း ၊ လုံ့လဝီရိယ ရှိတာ ကြောင့် သန့်ပြန့် နေကြောင်း လျှောက်တင် တဲ့ အခါ မင်းကြီး လည်း မဂဒူး ကို ခေါ်  ကြည့် လေတယ် ။ ချစ်ခင်နှစ်လိုခြင်း လည်း ရှိလေ သတဲ့ ။ 


နောက် တစ်ကြိမ် မင်းကြီး ဆင်ကြည့် လာတဲ့ အခါ ငုံတဲ့ ကွမ်းဖတ်တော် ကို ထုတ်ပြီး ခံတွင်း ဆေး လေ သတဲ့ ။ ကွမ်းဖတ် မှာ ကြွေပေါက် တစ်လုံး ၊ ရုတ်တရက် ပေါ် လာ လို့ မဂဒူး ကို ခေါ်ပြတယ် ။ မဂဒူး လည်း ဦးခိုက် ပြီး ကြွေပေါက် ကို ကောက်ယူ လေတယ် ။ 


မင်းကြီး ပြန်တဲ့ အခါ မဂဒူး လည်း “ ဤ ကြွေပေါက် တစ်လုံး ကို ခေါ် ပေး တာ ဟာ ငါ ရဲ့ လုပ်ရည် ကြံရည် ကို စုံစမ်းတာ ဖြစ်မယ် ” လို့ ကြံ ပြီး ဈေး သွားကာ ထို ကြွေစေ့ နဲ့ ဟင်းနုနွယ်စေ့ ဝယ် သတဲ့ ။ ဈေးသည်မ က “ ကြွေပေါက် တစ်လုံး နဲ့ ငါ မရောင်းတတ် ၊ လက်ညှိုးချောင်း မှာ တင် သရွေ့ မင်း ယူပေတော့ ” လို့ ဆိုတယ် ။ မဂဒူး လည်း ဉာဏ် ရှိသူ ဖြစ်တာ မို့ လက်ညှိုး တစ်ချောင်းလုံး ကို ခံတွင်း မှာ ငုံ ပြီး မှ ဟင်းနုနွယ်စေ့ ပုံ တွင် ထိုးပြီး ယူရာ အစေ့ များစွာ ရ သတဲ့ ။ ဈေးသည်မ လည်း ဉာဏ်ကြီးပေတယ် လို့ ချီးမွမ်း လေ တယ် ။


မဂဒူး လည်း ဟင်းနုနွယ်စေ့ ကို ဆင်ချေး နဲ့ ရော စိုက်ပြီး ရေကောင်း စွာ လောင်း တာကြောင့် ထွားထွားကျိုင်းကျိုင်း အပင်တို့ ပေါက် လေတယ် ။ ပြည့်ရှင်မင်း နောက် တစ်ကြိမ် ဆင် ကြည့် လာတဲ့ အခါ မဂဒူး က ဟင်းနုနွယ် ပင်တွေ ရွေးနုတ်ပြီး ရေ စင်စင် ဆေး ကာ ဆက် လေတယ် ။ မင်းကြီး မေးတဲ့ အခါ အလုံးစုံ တင်လျှောက် လေတယ် ။ 


မင်းကြီး လည်း မဂဒူး ကို သဘော ကျ တာ နဲ့ ဆင်ကဲ ထံ က တောင်းယူ ခေါ်ခဲ့ ကာ ဟင်းနုနွယ် ကို မဂဒူး အား ချက်စေ သတဲ့ ။ မဂဒူး လည်း ကောင်းစွာ ချက်ပြီး ဆက်ရာ အလွန် အရသာ ရှိတာကြောင့် စားတော် ကို ကြည့်ရှုစီမံ ရ သတဲ့ ။ မဂဒူး လည်း နေ့ည မပြတ် လုံ့လဝီရိယ ထားကာ စားတော်တို့ ကို ဂရုတစိုက် စီမံလုပ်ဆောင် တာကြောင့် ဘုရင် သဘော ကျပြီး ဝင်းမှူး ကို ပေးတော် မူ ပြန်တယ် ။ မဂဒူး ဝင်းမှူး ဖြစ်တဲ့အခါ အစီအမံ အဆောင်အရွက် အရည်အချင်း ထူး လှတာကြောင့် “ စောဍိတ်ဍံရည် ” ဆိုတဲ့ အမည် ပေး လေ တယ် ။ 


တစ်ခါ မှာ တော့ ကျေးစွန်ရွာနား မငြိမ်သက်တာ ကြောင့် မင်းကြီး ချီတော် မူ လေတယ် ။ မဂဒူး ကို မြို့စောင့် ထားခဲ့တယ် ။ မဂဒူး လည်း အတွင်းမှု ၊ အပြင်မှု မလစ်လပ် ရအောင် ကွပ်ကဲ စီမံ နေတာကြောင့် အတွင်း ကို ဝင်ရဖန် များတဲ့အခါ သောက်ကတဲ မင်း ရဲ့ သမီးတော် “ မည်းနှင်းသွယ်တာ ” နဲ့ ချစ်ကျွမ်း ဝင် သတဲ့ ။ လူသိရှင်ကြား ဖြစ် မှ မှူးမတ်တို့ က စာ ဖြင့် မင်းကြီး ထံ လျှောက်လေတယ် ။ မဂဒူး သိတဲ့ အခါ မင်းသမီး ကို ခိုးယူပြီး မိမိ နေရပ် တကော့ဝန်း သို့ ပြေးလေ သတဲ့ ။ 


တကော့ဝန်း ရောက်တဲ့ အခါ အလုံးအရင်း စုစည်းပြီး မင်း ပြု သတဲ့ ။ ပညာရှိ တို့ နဲ့ တိုင်ပင်တယ် ။ ပညာရှိတို့ က လည်း “ မုတ္တမစား ဟာ ဘုန်းလက်ရုံး ကြီးတယ် ။ မိတ်ဖွဲ့ မှ အရှည် သဖြင့် ကောင်းမယ် ” လို့ အကြံ ပေးတာ နဲ့  မဂဒူး လည်း ညီမ နှင်းဥရိုင် ကို အလိမ္မာအမတ် အား ဆက် လေတယ် ။ မင်္ဂလာ အောင်ပွဲ ခံတဲ့ ည မှာ အလိမ္မာအမတ် က အကောက် ကြံ ပြီး အစာ ထဲ အဆိပ် ခပ်ထား တာ မဂဒူး သိ သွားတယ် ။ ဒါကြောင့် အလိမ္မာအမတ် ကို မဂဒူး လုပ်ကြံကာ မုတ္တမမြို့ ကို သိမ်း လေတယ် ။ 


သက္ကရာဇ် ( ၆၄၃ ) ခုနှစ် မှာ မဂဒူး မုတ္တမ ကို ရ လေတယ် ။ မြို့လယ် မှာ တန်ဆောင်းကြီး ဆောက်ပြီး ရဟန်းရှင်လူ ပညာရှိများ နဲ့ တိုင်ပင်ကာ ဓမ္မသတ်ကျမ်း ကို ပြုစုတော်မူတယ် ။ နောင်အခါ မဂဒူး ဟာ “ ဝါရီရူ ” ဆို တဲ့ ဘွဲ့မည် ခံတာကြောင့် “ ဝါရီရူဓမ္မသတ် ” လို့ တွင် လေတယ် ။ ( ဝါရီရူ ရဲ့ အဓိပ္ပာယ် က တော့ မိုးကောင်းကင် မှ ယိုကျသည့် မင်း လို့ အဓိပ္ပာယ် ရတယ် ။ )


မဂဒူး ဟာ မုတ္တမမြို့ကို အသစ် တည် လေတယ် ။ မှူးမတ်သေနာပတိ ရဟန်း ၊ ပုဏ္ဏားပညာရှိ အများနဲ့ တိုင်ပင်ပြီး မြို့တည်မည့် နေရာ ရွေးတယ် ။ တောရှင်းကြ ရာ မှာ ကျား တစ်ကောင် ရတယ် ။ ဆရာသာမိ အစရှိတဲ့ ပညာရှိ ဟူးရား သုံးဦး တို့ ကို နိမိတ်ဖတ် စေတဲ့အခါ “ ဤမြို့ သည် တန်ခိုးကြီးလိမ့် မည် ” လို့ နိမိတ် ဖတ် လေတယ် ။ 


နောက် တစ်ကြိမ် စပါးကြီးမြွေ တစ်ကောင် ရ ပြန်တယ် ။ “ ရှေ့အဖို့ တွင် ဆင်ဖြူ တစ်စီး ရမည် ” လို့ နိမိတ် ဖတ်တယ် ။ ဟူးရားများ ကို ဆုလာဘ် များ ပေးလေတယ် ။ နောက် သောက်ကထဲ မင်း ထံ လက်ဆောင်ပဏ္ဏာများ စွာ စီရင်ပြီး အညွှတ်အနူး ပြေပြစ်သော စကားများ ဖြင့် ဦးခိုက်သဝဏ် ပို့ လေတယ် ။ စေလိုက် တဲ့ တမန်တော် လည်း ချေငံ ရိုသေစွာ လျှောက်ထားတာ ကြောင့် မင်းကြီးဝ မ်းမြောက်တော် မူ လေတယ် ။ မဂဒူး ကို "ဗညားဝါရူး” ဆိုတဲ့ ဘွဲ့မည် လည်း နှင်းလေတယ် ။ “ မင်းကျင့်တရား နဲ့အညီ ကျင့်ဖို့ အမှာ တော် ပါးလိုက် လေ တယ် ။ မင်းမြှောက် တန်ဆာ နဲ့ လက်ဆောင် ပဏ္ဏာ များ လည်း ချီးမြှင့်လိုက်လေတယ် ။ 



❝ တစ်စီးရှင် သီဟသူ ❞


ကလေးတို့ ရေ .. 


ရှမ်းညီနောင် သုံးဦး အကြောင်း ပြောခဲ့တယ် နော် ။ သူတို့ သုံးဦး ဟာ အသီးသီး ကိုယ့် နယ် မှာ ကိုယ် မင်းပြိုင် ပြု နေကြ သတဲ့ ။ 


အဲဒီလို မင်းပြိုင် ပြု နေကြလို့ ငါးနှစ် ရှိတဲ့ အခါ မှာ မက္ခရာမင်း ရာဇသင်္ကြန် အနိစ္စ ရောက် သတဲ့ ။ မြင်စိုင်းမင်း ဖြစ်တဲ့ အသင်္ခယာမင်း ဟာ မင်း ပြု လို့ ( ၁၂ ) နှစ် ကြာတဲ့ အခါ ညီတော် သီဟသူ ဆေး ခပ် လို့ အနိစ္စ ရောက်တယ် ။ 


သီဟသူ ဟာ နောင်တော် နှစ်ဦး မရှိတဲ့ နောက် မြို့ တည်ဖို့ နေရာ ရှာ သတဲ့ ။ အဲဒီအခါ အဝ ( အင်းဝ ) တည်မယ့် နေရာ သန်လျက်စွန်း နဲ့ တပ်ကြီးဝှမ်း ကို ရေ ချိန် တဲ့ အခါ သန်လျက်စွန်း က မြင့် နေတယ် ။ တပ်ကြီးဝှမ်း မှာ ဂူတော်သစ်ဘုရား ကို တည် သတဲ့ ။ သူ့ အကြံ က ဘုရား တည် ပြီးရင် မြို့ တည် မယ် ပေါ့ ။ မြို့ လည်း တည်တယ် ။ ရေ မြုပ်တယ် ။ သုံးကြိမ် တောင် တည်တယ် လို့ ဆိုတယ် ။ ရေကြီး လို့ ဘုရားဆပ်သွားဖူး အထိ ရေမြှုပ် သတဲ့ ။ 


အဲဒီ အခါ မှာ တဘောင် ပေါ်တယ် ။ “ ထောင်း လည်း လျင်လျင် ထောင်း ၊ ရောင်း လည်း လျင်လျင် ရောင်း ၊ အရေးမသာ ဒက္ခိဏာ သို့ ပြောင်း ” တဲ့ ။ အဲဒီ တဘောင် အရ သီဟသူ ဟာ သန်လျက်ကျွန်း တောင်ဘက် အရပ် မှာ နေရာ ကြည့် သတဲ့ ။ ဒါနဲ့ ပင်းယ ရွှေစည်းခုံဘုရား ရဲ့ မြေ ကို တူး ကြည့်ရာ မှာ အခက်အလက် အသီး နဲ့ တကွ ရွှေပန်းပင် ကို ရသတဲ့ ။ ( ကြိုပြီး မြှုပ်ထား တာလည်း ဖြစ်နိုင်တာပေါ့ ) အဲဒါနဲ့ အဲဒီ နေရာ မှာ မြို့ တည်တော် မူတယ် ။ 


“ ဝိဇယပူရ ” လို့ မြို့အမည် သမုတ် သတဲ့ ။ ရွှေပန်းပင် ရလို့ ပန်းရ လို့ ခေါ် ရာ က နောင် အခါ ပင်းယ လို့ အမည် တွင် သတဲ့ ။ 


သီဟသူ ဟာ မြို့နန်း တည် ပြီး နန်းဖွင့် အစီရင် ကို မသိလို့ မိဖုရား ဖွားစော ကို ပင့် ရတယ် ။ ဖွားစော ရောက် လာတော့ ကြိုဆို ပြီး ဖွားစော အစီအရင် နဲ့ နန်းဖွင့် မင်္ဂလာ ၊ ထီးဆောင်းမင်္ဂလာ ၊ ဘိသိက်မင်္ဂလာ တစ်ပြိုင် တည်း ပြု သတဲ့ ၊ စည်းကား လှတယ် ။ ဖွားစော ကို လည်း ဘဏ္ဍာ အများ နဲ့ ပူဇော် သတဲ့ ။


သီဟသူမင်း ပင်းယ တည်ပြီး နှစ်နှစ် ရှိတဲ့ အခါ စမုန်မြစ် မှာ ဆင်ဖြူမ တစ်စီး မျော လာတာ မင်းချင်း တစ်ဦး လာ လျှောက်လို့ ဆယ်စေ သတဲ့ ။ ဆယ်ထားပြီး ပညာရှိ တို့ နဲ့ တိုင်ပင် တယ် ။ ညှပ်လုပ် စက် ဖြင့် ထူ ၊ ရတနာ က တင်ပြီး မင်းကြီး စီးတော်မူပါ လို့ အကြံပေး တဲ့ အတိုင်း ပြု သတဲ့ ။ အဲဒီအခါ က စ လို့ “ တစ်စီးရှင် သီဟသူ ” လို့ အမည် တွင် သတဲ့ ။ 


သီဟသူ ဟာ နန်းကျ ကျော်စွာ ရဲ့ မိဖုရား မင်းစောဦး ကို တောင်နန်း မိဖုရား အဖြစ် ဆက် မြှောက်တယ် ။ သားတော် ဥဇနာ ၊ ညီတော် ကျော်စွာ ၊ ညီတော် နော်ရထာ သား သုံးဦး ထွန်းကား တယ် ။ ဥဇနာ ကို အိမ်ရှေ့ ထား တော် မူတယ် ။ 


မြောက်နန်းမိဖုရား က တော့ ပင်လယ်အရပ် ကို တောကစား ထွက်ရင်း အပြင်အလျာ ကောင်း တဲ့ မိန်းမ တစ်ဦး တွေ့တယ် ။ သဘောကျလို့ စုံစမ်းတော့ သားငယ် နှစ်နှစ် ရွယ် ရှိတဲ့ မုဆိုးမ တစ်ဦး ဖြစ်ကြောင်း သိ ရတယ် ။ မင်းကြီး ကောက်တော် မူတယ် ။ အဲဒီ မိဖုရား က နေ သားတော် အသင်္ခယာစောရွမ်း ၊ သမီးတော် စောပုလဲ ( ရတနာပုံ ) တို့ ကို ဖွား သတဲ့ ။ 


တစ်ခါမှာတော့ တောင်ငူစား သဝန်ငယ် ဆက်မြဲကပ်မြဲ အခွန်ပဏ္ဍာ မဆက်လို့ သားကြီး ဥဇနာ နဲ့ သားလတ် ကျော်စွာ ကို အလုံးအရင်း နဲ့ ချီ စေ တယ် ။ သဝန်ငယ် ကြောက်လန့်ပြီး ဆီးကြို ပဏ္ဍာ ဆက်တဲ့ အတွက် ပဏ္ဍာ ကို သိမ်းကာ သစ္စာ ပေးပြီး ထားခဲ့ သတဲ့ ။ 


တောင်တွင်းစား ပွင့်လှဦး သီဟပတေ့ ခြားနား ပုန်ကန်မယ် ကြံလို့ တစ်စီးရှင် သိတာ ကြောင့် အရှည် တွေးပြီး သမီးတော် စောပုလဲ ( ရတနာပုံ ) နဲ့ စုံဖက် ပေးတော် မူတယ် ။ 


တစ်ခါ မှာ တော့ တစ်စီးရှင် မင်းကြီးသီဟသူ ဟာ သားတော်တွေ ကို စုံစမ်းလိုတာ နဲ့ ဦးစွာ အိမ်ရှေ့ ဥဇနာ ကို ခေါ်တော် မူပြီး “ သားတော် ဥဇနာ ၊ ဆင်မြင်း အလုံးအရင်း လိုသော် ဘယ်မျှ ရနိုင်သနည်း ” လို့ မေးတော် မူတယ် ။ ဒီတော့ ဥဇနာက “ ကျွန်တော့် တွင် ရှောင်တခင် ထသော် တိုက်ဆင် ( ၁ဝဝ ) ၊ မြင်း ( ၈၀၀ ) ၊ ချပ်တန်ဆာ နှင့်တကွ သူရဲကောင်း ( ၁ ) သောင်း ရှိပါတယ် ဘုရား ” လို့ တင်တဲ့ အခါ မင်းကြီး က “ ကောင်းစွ ၊ ဤသို့သော အလုံးအရင်း နှင့် ကြံရသော် ဘယ် ပြည်ထောင် ခံနိုင်မည်နည်း ” လို့ ချီးမွမ်းတော် မူတယ် ။ 


နောက် သားလတ် ကျော်စွာ ကို ခေါ်ပြန်တယ် ။ “ သားတော် မှာ ဆင် မြင်း အလုံးအရင်း ဘယ်မျှ ရနိုင်မည်နည်း ” ဆိုတဲ့အခါ “ ကျွန်တော့် တွင် ရှောင်တခင် ထသော် တိုက်ဆင် ( ၈၀ ) ၊ မြင်း ( ၆ဝဝ ) ၊ ရွှေကာကိုင်သူရဲ ကောင်း ( ၁ ) သောင်း မျှ ရှိပါတယ် ဘုရား ” လို့ တင်တယ် ။ “ ကောင်းစွ ” လို့ မင်းကြီး ချီးမွမ်းတယ် ။ 


နောက်တစ်ခါ မြောက်နန်း မိဖုရားဖွား တဲ့ အသင်္ခယာစောယွမ်း ကို ခေါ်ပြီး ရှေးနည်းတူ မေး ပြန်တယ် ။ ဒီအခါ စောယွမ်း က “ ကျွန်တော့် မှာ ရှင်အရည်းတို့ ပစ်၍ အထိန်း တို့ နှင့်ဆိုလျှင် ရှစ်ကျိပ် မျှ ရှိ ပါသည် ။ ဆင် မြင်း မရှိ ” လို့ တင်လျှောက် တယ် ။ 


ဒီတော့ မင်းကြီး က “ ငယွမ်းငယ် ၊ ငါ မရှိရင် နင့် ကို သူ ညှဉ်းဆဲစရာ ဖြစ်တော့မယ် ။ နင့် အစ်ကိုတွေ ရှိ တာကြောင့် နင့် ကို ဆင်ကောင်း ၊ မြင်းကောင်း အလုံးအရင်း မပေးသာ ။ ဆင်မြင်းစား ကျေးစားလက် လို သော် နင့် အစ်ကိုတွေ ကို ရှေ့နေ ခေါ် ၊ ငါ့ ကို လျှောက်တင်လှည့် ” လို့ သင် လိုက် သတဲ့ ။ 


စောယွမ်း လည်း နောင်တော် ဥဇနာ နဲ့ ကျော်စွာ တို့ဆီ သွားပြီး “ ကျွန်တော့် တွင် ဆင်မြင်း အလုံးအရင်း မရှိ ။ နောင်တော်တို့ ခမည်းတော် ကို တင်လျှောက် ပေး မှ ကျွန်တော် ရနိုင်ပါသည် ” လို့ ဆို သတဲ့ ။ 


နောင်တော် နှစ်ဦး လည်း မင်းကြီး ကို လျှောက်ထား ပေး ကြတယ် ။ ဒီတော့ မင်းကြီး က “ ငယွမ်းငယ် ၊ ဆင်မြင်း အလုံးအရင်း သည် နင့် အရာ မဟုတ် ။ ငါ့ သားတော် တို့ ပေးလို က ယူစေ ” လို့ မိန့် သတဲ့ ။ စောယွမ်း လည်း ဆင်ကောင်း ၊ မြင်းကောင်း တို့ ကို ရွေးယူ လေ သတဲ့ ။ စောယွမ်း ဟာ ဖခမည်းတော် အကြံ ပေးတဲ့ အတိုင်း နောက်တဖန် နောင်တော်များ ဆီ သွား ပြီး


“ နောင်တော်တို့ ကျေးဇူးတော် ကြောင့် ဆင်မြင်း ကား ရပြီ ။ သို့သော် ကျွန်တော့် မှာ စားကျေးစားလက် မရှိသေး ။ နောင်တော်တို့ ခမည်းတော် ထံ တင်လျှောက်ပေးပါဦး ” လို့ ပူဆာ ပြန် သတဲ့ ။ နောင်တော် နှစ်ဦး လည်း စောယွမ်း ဆို တိုင်း မင်းကြီး ထံ တင်လျှောက် ပေး ပြန်တယ် ။ မင်းကြီး က “ ငယွမ်းငယ် ကို ငါ ဆင် ၊ မြင်း ပေး ပြီးပြီ ။ စားကျေးစားလက် ပေးလျှင် သင်း ပုန်ကန်သောင်းကျန်း က မခက်လော ” လို့ မိန့်တယ် ။ 


သားတော် နှစ်ပါး က “ ကျွန်တော်တို့ ရှိရာ ကို သင်း ဝံ့ ရာ သလော ” လို့ တင်လျှောက်တဲ့ အခါ တစ်စီးရှင်မင်းကြီး က “ ငါ ကား မပေး ၊ ငါ့ သား တို့ ပေးလို က ယူစေကာမူ ” လို့ မိန့်တယ် ။ အဲဒီအခါ စောယွမ်း လည်း စား ကျေးစားလက် ရလေ သတဲ့ ။ 



❝ တစ်စီးရှင် ၏ ဖခင်ဉာဏ် ❞


ကလေးတို့ ရေ ..


အသင်္ခယာစောယွမ်း ဟာ ဆင်မြင်း အလုံးအရင်း နဲ့ တကွ စားကျေးစားလက် လည်း ရပြီ ဖြစ်တဲ့ အခါ သက္ကရာဇ် ( ၆၇၇ ) ခုနှစ် မှာ စစ်ကိုင်းမြို့ ကို တည်ပြီး အခိုင်အခံ့ ပြုနေ သတဲ့ ။ မြောက် တစ်လွှား ကို လည်း လက်နက်နိုင်ငံ ပြုပြီး ပုန်ကန် ခြားနားလေ သတဲ့ ။ ( ဒါလည်း တစ်စီးရှင် ရဲ့ အကြံပေး ချက်ပေလား မသိ )


ဒါနဲ့ တစ်စီးရှင်မင်းကြီး ဟာ သားငယ် စောယွမ်း ရဲ့ လုပ်ရည်ကြံရည် ကို သိလိုတာ နဲ့ သားတော်ကြီး ဥဇနာ ကို ခေါ်တော်မူပြီး မိန့် သတဲ့ ။


“ ငါ့ သားတော်တို့ လျှောက်တင်ချက်ကြောင့် သာ ငယွမ်းငယ် ကို အလုံးအရင်း ဆင်မြင်း စားကျေးစားလက် ပေးတော်မူ ရတယ် ။ ရ ပြီးလျှင် ငါ က ခေါ်တော် မူသည် ကို မလာ မရောက် အခိုင် နေတယ် ။ အမောင် အလုံး အရင်း နဲ့ သွားပြီး သင်းတို့ လင်မယား ကို ယူချေ ။ သင့် ဆင်မြင်းဗိုလ်ပါ ကို ထားခဲ့ ” လို့ မိန့် သတဲ့ ။


သားတော် ဥဇနာ လည်း အလုံးအရင်း နှင့် ရွှေကြက်ယက် ဘက် က ကူးလေ သတဲ့  ။ တစ်စီးရှင်မင်းကြီး လည်း “ ငယွမ်းငယ် ၊ နင့် အစ်ကို ဥဇနာ ရွှေကြက်ယက် က ကူးလာ လိမ့်မည် ။ မြဲမြံအောင် ခံနိုင်စေ ” လို့ ခြေမြန် နဲ့ စာ ပို့ စေလိုက် သတဲ့ ။


အသင်္ခယာစောယွမ်း လည်း အသင့် စီရင် နှင့်ပြီး နောင်တော် အကူး မှာ တိုက် လေ သတဲ့ ။ ဥဇနာ တပ် ပျက် လေတယ် ။ ဥဇနာ လည်း တပ်ပျက် တဲ့ အခါ ခမည်းတော် ထံ အမြန် ပြန်လာပြီး “ ငယွမ်းငယ် ဆီးကြို တိုက်တာ ကြောင့် တပ်ပျက် ခဲ့ကြောင်း ” တင်လေ သတဲ့ ။ မင်းကြီး လည်း “ ထွီ ” ဆိုပြီး ကဲ့ရဲ့ လေတယ်  ။


တစ်စီးရှင်မင်းကြီး လည်း သားတော်ကြီး ဥဇနာ တပ်လန် လာတဲ့ အခါ သားတော် အလတ် ကျော်စွာ ကို ပင်လယ်မြို့ က နေ လာဖို့ ခေါ် လိုက်တယ် ။ ကျော်စွာ ရောက်လာတဲ့ အခါ “ သားတော် သင်တို့ ညီအစ်ကို လျှောက်ထား လို့ ငယွမ်းငယ် ကို အလုံးအရင်း ဆင်မြင်းစားကျေးစားလက် ပေး ရတယ် ။ အခု ငါ က ခေါ်တာ ကို မလာ မရောက် နေတယ် ။ ဥဇနာ ကို စေ ပေမယ့် ဆီးပြီး အန်တု လေတယ် ။ အမောင် သွားပြီး ငယွမ်းငယ် လင်မယား တို့ ယူ ချေ ။ ဗိုလ်ပါဆင်မြင်း ကို ထားခဲ့ ” လို့ မိန့် သတဲ့ ။


ကျော်စွာ လည်း ဆင်မြင်း အလုံးအရင်း နဲ့ တပယ်ထောက်ရစ် အရပ် က ကူး လေ သတဲ့ ။ တစ်စီးရှင် လည်း “ ငချမ်းငယ် နင့် အစ်ကို တပယ်ထောက်ရစ် က ကူးလာ လိမ့်မယ် ။ အရပ်အနေ သင့်အောင် စီရင် နှင့် ” လို့ ခြေမြန် နှင့် စေလိုက် သတဲ့ ။


ကျော်စွာ လည်း ကူးပြီး စစ်ကိုင်း ဘက် ရောက်တဲ့ အခါ စောယွမ်း က “ အကျဉ်းဝယ် ” အရပ် က ဆီးပြီး တိုက် နှင့် လို့ ကျော်စွာ တပ်လန် ပျက်တယ် ။ ကျော်စွာ ဟာ ခမည်းတော် ထံ အမြန် ပြန် ဆုတ်လာ ရ သတဲ့ ။ တစ်စီးရှင် လည်း ကျော်စွာ တပ်ပျက်ပြီး ပြန် လာကြောင်း အကျဉ်းဝယ် ကနေ ဆီး တိုက်လို့ တပ်ပျက် ရကြောင်း ကျော်စွာ တင်လျှောက် တဲ့ အခါ “ ထွီ ” ဆိုပြီး ကဲ့ရဲ့တော် မူ သတဲ့ ။


အဲဒီနေ့ က စပြီး သားငယ် အသင်္ခယာစောယွမ်း ကို စိတ်ချတော် မူ သတဲ့ ။ တစ်စီးရှင် ဟာ အလွန် တတ်သိ လိမ္မာတော် မူတယ် ။ သားတော်တွေ ကို အလွန် ချစ်သော် လည်း ဝမ်းမနည်း ရ အောင် ကျင့်တော် မူသတဲ့ ။ ရတနာ သုံးပါး ကို လည်း ဆည်းကပ်တယ် ။ ကျမ်းတတ် ရဟန်းတော် တို့ ကိုလည်း ပစ္စည်း လေးပါး မပြတ် ထောက်ပံ့ လှူဒါန်း သတဲ့ ၊ နော်ရထာစော လက်ထက် က ကွမ်းခွက်တော် မှာ ဌာပနာ ပြီး မင်းစဉ် ကိုးကွယ်တဲ့ သရီရဓာတ်တော် ငါးဆူ ကို လည်း ကောင်းမှု့တော် ပင်းယ ရွှေစည်းခုံ မှာ ဌာပနာ လှူဒါန်း သတဲ့ ။


တစ်စီးရှင် သီဟသူ ဟာ ထီးနန်း စည်းစိမ် ( ၂၄ ) နှစ် စံပြီး သက်တော် ( ၆၀ ) မှာ အနိစ္စ ရောက်လေ သတဲ့ ။



❝ မင်းကြီးဥဇနာ နှင့် ငါးစီးရှင်ကျော်စွာ ❞


ကလေးတို့ ရေ  ...


တစ်စီးရှင် မင်းကြီး အနိစ္စ ရောက်တဲ့ အခါ သားတော်ကြီး ဥဇနာ ( ၆၈၄ ) ခု မှာ နန်း တက်တယ် ။ ဥဇနာ မင်း ဖြစ်တဲ့အခါ ပင်းကြား အရပ် မှာ စကား ( ၇ ) ကျောင်း ကို ဆောက်လုပ် လှူဒါန်းတယ် ။ တောင်စွန်ကျောင်း အရှေ့ မြောက် မှာ ဗောဓိညောင် ကို ကိုယ်တိုင် စိုက်တော် မူတယ် ။ စကား ( ၇ ) ကျောင်း ကို ဝတ္တကံမိုးမြေ နဲ့ တကွ အလုပ်အကျွေးတွေ ပါ လှူတော် မူတယ် ။ ခမည်းတော် ကောင်းမှု ရွှေစည်းခုံ ကို လည်း ဆက် တည်ပြီး အလှူကြီး ပေး လေတယ် ။ ညီတော် ကျော်စွာ ကို လည်း ပင်းယမြင်း ၊ သင်းကြီးမြင်း ၊ ညောင် ရမ်းမြင်း စသည် မြင်း များစွာ နဲ့ မြင်းကာများ ကို ပေးစွန့်တော် မူတယ် ။

 

ညီတော် ကျော်စွာ ပင်လယ်ရပ် ကို စားရတဲ့ အခါ တောကစား ထွက် သတဲ့ ။ တော က အပြန် ည ဘက် မှာ အိပ်မက် မြင်တယ် ။ “ သင်သည် အပါယ် လေး၌ နစ်မွန်းမည့် ဒုစရိုက် အမှု နှင့် သာ မွေ့လျှော် နေသည် ။ မသင့် ။ နိဗ္ဗာန် မဂ်ဖိုလ် ရကြောင်း ကျင့်လော့ ။ ဥပုသ် သီတင်း မပြတ် ဆောက်တည် လော့ ။ ဤ ဘဝ ၌ လည်း မြတ်သော ဆင်ဖြူတော် ရောက် လတ္တံ့” လို့ အိပ်မက် သတဲ့ ။ ကျော်စွာ လည်း အဲသည် နေ့မှ စ ပြီး ခြိုးခြံစွာ ကျင့် ၊ ဥပုသ်သီလ စောင့် သတဲ့ ။ 


တစ်ခါမှာ လည်း လက်တော် ငါးချောင်း ကို မစင် လူးတယ် မက် သတဲ့ ။ များ မကြာခင် မှာ စိုင်ဖြူရေ တို့ ကို ရ သတဲ့ ။ နဂါးပတ်ချွန်းရိုး စိုင်ဖြူရေ ရတဲ့ အခါ ဆင်ဖြူ မှာ လည်း မုချ ပဲ လို့ အားသန်ပြီး ကျွန်တော် တို့ အား ရှာ စေ သတဲ့ ။ 


တစ်ခါမှာ လည်း လှိုင်းတက်အရပ် မှာ ဆင်ဖြူ တွေ့တယ် လျှောက်တင် လာတာ ကြောင့် ကိုယ်တော် တိုင် ကြွပြီး ကျွန်တော် တို့ ကို ရှာစေတယ် ။ အင်တွဲလွန် နဲ့ ကျော့တော် မူ ရာ ဆင်ဖြူဟိုင်း တစ်စီး ရ သတဲ့ ။ “ ပုလဲတမူး ” လို့ အမည် ပေးတယ် ။ 


အဲဒီနောက် မုံတောမြောင်ကျပ် မှာ တံ တစ်စီး ရတော် မူတယ် ။ ထို ဆင်ဖြူ ကို “ မဟာကေသရ ” လို့ အမည် ပေးတယ် ။ နောက် မြက်တောင်ခြေ ရင်း ကနေ စွယ်စုံ တစ်စီး ရတယ် ။ ထို ဆင်ဖြူကို “ သန်မြန်စွာ ” လို့ အမည် ပေးတယ် ။ နောက် စမုန်မြစ်ဖျား မှာ ဟိုင်း တစ်စီး ရတယ် ။ အဲဒီ ဆင်ဖြူ ကို “ ဥပေါသထ ” လို့ ဘွဲ့မည် တပ်တယ် ။ နောက်တော့ ကိုင်းရွာမြောက်ဘက် လွန်တဲညွန့်ကျုံး မှ လက်ျာ တစ်စီး ရ သတဲ့ ။ ထို ဆင်ဖြူ ကို “ ချစ်စွမရဲ ” ဘွဲ့မည် ပေး တယ် ။ 


အဲဒီလို ညီတော် ကျော်စွာ ဆင်ဖြူ ငါးစီး ရကြောင်း အမတ် တစ်ဦး က ဥဇနာမင်းကြီး ထံ လျှောက် သတဲ့ ။ မင်းကြီး လည်း အားရ တာ ကြောင့် “ ငါ့ ညီတော် ဆင်ဖြူ ရ သလား ” လို့ မေးတယ် ။ အဲဒီ အကြောင်း ကျော်စွာ ကြားတဲ့အခါ ဝမ်းမြောက် လို့ ကြားသူကို ဆင်မ တစ်စီး ဆုပေး သတဲ့ ။ ဘာ့ကြောင့် ဆိုတော့ ဥဇနာမင်းကြီး ဟာ ( တစ်စီးရှင်မင်းကြီး နန်းကျကျော်စွာ ရဲ့ မိဖုရား ကို ယူတဲ့ အခါ ကိုယ်ဝန် သုံးလ ပါလာ သတဲ့ ) တစ်ခါမှ ကျော်စွာ လို့ ၊ ညီ လို့ မခေါ် ဖူး ဘူး ။ 


ဒါ့ကြောင့် ကျော်စွာ လည်း မယုံတာ ကြောင့် အမတ် တစ်ယောက် ကို လျှောက်စေ ပြန်တယ် ။ ရှေးနည်း တူ “ ငါ့ ညီတော် ဆင်ဖြူ ရ သလား ” လို့ပဲ မိန့် သတဲ့ ။ ထို အမတ် ကို ဆင်မ တစ်စီး ဆု ပေးတယ် ။ နောက် စေသူ လည်း ကြားခဲ့တဲ့ အတိုင်း အမှန်ပါ လို့ ပြန်ကြားသူ ကို လည်း ဆင်မ တစ်စီး ဆုပေး ပြန် သတဲ့ ။ 


ညီတော် ကျော်စွာ ၊ ဆင်ဖြူ ငါးစီး ရတဲ့ အခါ ဥဇနာမင်းကြီး  လည်း “ ငါ့ ညီ ၊ ငါ့ စည်းစိမ် ကို ယူ ပေတော့ ။ ငါ မူ ကား ငါ့ ကောင်းမှု စကား ( ၇ ) ကျောင်း မှာ လှူ လို သမျှ လှူဒါန်းပြီး နေတော့မယ် ” ဆိုကာ ထီးနန်း ကို လွှဲ အပ် တော် မူတယ် ။ 


ဒါ့ကြောင့် သက္ကရာဇ် ( ၇ဝ၄ ) ခု မှာ ညီတော် ငါးစီးရှင် ကျော်စွာ မင်း ဖြစ်တော် မူလေ သတဲ့ ။ 



❝ ငါးစီးရှင် နှင့် ရှင်ယောင် တစ်ယောက် အကြောင်း ❞


ကလေးတို့ ရေ ... 


တစ်ခါမှာတော့ ငါးစီးရှင်ကျော်စွာမင်းကြီး ဟာ ပွဲတော် တည် ဖို့ ပြင် နေ သတဲ့ ။ အဲဒီ အခိုက်အတန့် မှာ ပရိက္ခရာ ရှစ်ပါး နဲ့ ရဟန်း တစ်ပါး ကြွ ရောက်လာ သတဲ့ ။ ငါးစီးရှင် လည်း “ ဘယ့်ကြောင့် ရပ်လာသနည်း ” လို့ မေးတဲ့ အခါ “ ဆွမ်း အလို့ငှာ ရပ်လာတယ် ” လို့ ဖြေတယ် ။ ငါးစီးရှင် လည်း စားတော် ခေါ်ဖို့ လက် ဆေး ပြီးမှ စိတ်နှလုံး အလွန် ကြည်လင်စွာ ဖြစ် သတဲ့ ။ ဒါနဲ့ မနောလင်ပန်း ထဲ စားတော်စာ အားလုံး ထည့် ပြီး လှူတော် မူလိုက် သတဲ့ ။ လှူ လိုက်ရလို့ ပီတိ လည်း ဖြစ်နေ သတဲ့ ။ နောက် စဉ်းစားပြီး အမတ် တို့ကို မိန့်တော်မူ သတဲ့ ။ “ အမတ် တို့ ... ဤ ရဟန်း သည် ကား ဆွမ်းခံ တဲ့ အခါ လွန်ပြီး မှ မွန်းတည့်လု နီး မှ ဆွမ်း ရပ် လာတယ် ။ ပုထုဇဉ် ရဟန်း ဟုတ်ဟန် မတူ ။ အဘိညာဉ်တံခိုး နဲ့ ပြည့်စုံ တဲ့ ရဟန္တာမြတ် ဖြစ်မယ် ။ ငါ့ ကို ကုသိုလ်ကောင်းမှု များ စေ လို လို့ ဆွမ်းလာ ရပ်တာ ဖြစ်နိုင်တယ် ” လို့ မိန့်တော် မူပြီး မင်းချင်း တစ် ယောက် ကို နောက်ယောင် ခံ လိုက် ကြည့်စေ သတဲ့ ။ 


ဒါနဲ့ မင်းချင်း လည်း နောက် က လိုက် ကြည့် ရာ မှာ ရဟန်း ဟာ ရှင် ယောင် ဖြစ်နေတာ တွေ့ရသတဲ့ ။ ( ရှင်ယောင် ဆိုတာ ရဟန်းအတု ပေါ့ ကွယ် ။ ) သူ့ မိန်းမ က သပိတ် ကို လှမ်း ယူတာ မြင်ရတာ ကိုး ။ အဲဒီ မြင်ကွင်း မြင်ရ တော့ စိတ်ဆိုး ဒေါသ ထွက်မိသတဲ့ ။ မင်းချင်း ဟာ တစ်ဖန် စဉ်းစား သတဲ့ ။ 


“ မင်းကြီး ဟာ သူ့ ဆွမ်းအလှူ ကို သဒ္ဓါတရား ထက်သန်စွာ နဲ့ လှူ လိုက်တယ် ။ ပီတိ လည်း ဖြစ် နေတယ် ။ ငါ မြင် တဲ့ အတိုင်း လျှောက် လိုက်ရင် ငါ တောင် ဒါလောက် ဒေါသ ဖြစ်တာ ၊ မင်းကြီး ဆို ပို ဆိုး လိမ့်မယ် ။ ပီတိ ဖြစ်နေတဲ့ သူ့ သဒ္ဓါ လည်း ပျက် မှာ အမှန်ပဲ ။ ရှင်ယောင် လင်မယား လည်း မုချ မင်း ဒဏ် သင့် တော့မယ် ။ ငါ လည်း မျက်နှာ ကောင်း ရ မှာ မဟုတ် ။ ငါ့ ဆီ ပါ ဒေါသ ကူးပြီး ငါ လည်း မင်းဒဏ် သင့် နိုင်တယ် ” လို့ အဖန်ဖန် စဉ်းစား မိ သတဲ့ ။ 


ဒါနဲ့ နန်း ထဲ ပြန်ရောက်တဲ့ အခါ “ သင် တွေ့ခဲ့ပုံ လျှောက်ပါဦး ” လို့ မင်းကြီး မေး သတဲ့ ။ ဒီအခါ မင်းချင်း က “ မှန်လှပါ ၊ ကျွန်တော် မျိုး ရဟန်း နောက် က လိုက် ကြည့်နေစဉ် မှာ ပဲ ကွယ်ပျောက် လို့ သွားပါတယ် အရှင်မင်းကြီး ” လို့ ချေငံစွာ တင်လျှောက် လိုက် သတဲ့ ။ 


မင်းကြီး လည်း “ ငါ တွေးထင်တဲ့ အတိုင်း မှန်လှပေတယ် ” လို့ ပီတိ ဖြစ်ကာ လက်ရုံး တန်း မိ သတဲ့ ။ 


အဲဒီ နေ့ မှာ ပဲ ပင်းယပြည်စိုး က ခွာလုံးပတ် သုံးထွာ ရှိတဲ့ မြင်းစိုင်ကျော်ကြီး ဆက် လာပြီ လို့ ကြားတဲ့ အခါ မင်းကြီး က “ ငါ ရဲ့ ကုသိုလ်တော် အကျိုး ပေပဲ ” လို့ မိန့် သတဲ့ ။ အဲဒီ မြင်းကြီး ဟာ ပင်းယပြည်စိုး က နွား နှစ်ကောင် နဲ့  နွားသေး တစ်ကောင် ပေးပြီး တရုတ်ပြည် က လဲ လာ သတဲ့ ။ အဲဒီ မြင်းကြီး ကို ငါးစီးရှင်မင်းကြီး ကို ဆက်တာ ပေါ့ ။ ငါးစီးရှင် လည်း မင်း ချင်း တစ်ယောက် ကို ဖောင်းထုပ် ( ခေါင်းပေါင်း ) အဖြူပေါင်း စေပြီး ပြောင်း တော ထဲ မှာ စိုင်းနှင်း စေ သတဲ့ ။ အဲဒီအခါ မြင် ရသူ အပေါင်း ဟာ ဥဗျိုင်းငှက် ပျံတယ် လို့ ထင်ကြသတဲ့ ။ ပင်းယ က နေ တောင်တွင်းကြီး ကို ညတွင်းချင်း ရောက် သတဲ့ ။ အဲဒီ မြင်း ကို “ တိမ်တိုက်ကွန့်မြူး ” လို့ ငါးစီးရှင် အမည် မှည့်လေ သတဲ့ ။ 



❝ ကျေးဇူးသိသော ငခင်ညို ❞


ကလေးတို့ ရေ .. 


ခမည်းတော် တစ်စီးရှင် သီဟသူ ရှိစဉ် က သားလတ် ကျော်စွာ ကို ညီတော် အသင်္ခယာစောယွမ်း ကို သွား တိုက်ခိုင်းတာ မှတ်မိ ရဲ့မဟုတ်လား ။ စောယွမ်း ကို မနိုင်ဘဲ ကျော်စွာ တပ်လန် ခဲ့ တယ် လေ ။ 


ငါးစီးရှင်ကျော်စွာ ပင်လယ် ကို စားရတဲ့ အခါ သူ့ ကျွန် ငခင်ညို ကို စောယွမ်း ဆီ လွှတ်ပြီး လုပ်ကြံ စေ သတဲ့ ။ ငခင်ညို ဟာ သစ္စာ ရှိ တဲ့ လူစွမ်း ကောင်း တစ်ယောက် လည်း ဖြစ်တယ် ။ 


သူ့ အရှင် စေတာ ကြောင့် ငခင်ညို လည်း စစ်ကိုင်း ကို ကူးပြီး အရိပ် အခြည် ကြည့်တဲ့ အခါ မလုပ်ကြံသာ သေး တာကြောင့် တောတွင်း မှာ ပုန်း အောင်း နေရလေ သတဲ့ ။ သုံးရက် ပြည့်တဲ့ နေ့မှာ အသင်္ခယာစောယွမ်း ဟာ မင်းမဟာဂီရိနတ် ကို ရွှေစလောင်း နဲ့ ထမင်း အမဲဟင်းလျာ အပြည့် ထည့် ပြီး နတ်တင် လေ သတဲ့ ။ ငခင်ညို လည်း အခွင့် သာခိုက် လုပ်ကြံမယ် ဆိုပြီး ညဉ့်ဘက် မှာ နန်းတော် ထက် လျှို့ဝှက် ပြီး တက်လေ သတဲ့ ။ 


အဲဒီအခါ နတ်တင် ထား တဲ့ ထမင်း နဲ့ အမဲဟင်းလျာ ကို တွေ့သတဲ့ ။ သူ ဟာ သုံးရက် ထမင်း မစားရ တာ ကြောင့် အလွန် လည်း ဆာလောင်မွတ် သိပ် နေတယ် ။ အဲဒါကြောင့် နတ်တင် ထမင်း ကို စား သတဲ့ ။ စား ပြီးတဲ့ အခါ အသင်္ခယာစောယွမ်း အခန်း တွင်း ကို ခြေ လုံလုံ နဲ့ ဝင်ရောက် သတဲ့ ။ အသင်္ခယာစောယွမ်း ဟာ သလွန် ထက် မှာ အိပ်ပျော် နေတယ် ။ 


ငခင်ညို ဟာ စောယွမ်း ရဲ့ သလွန် ခေါင်းရင်း မှာ ရောက်နေပြီး ဆောင် ဓား လည်း အသင့်ပဲ ။ လုပ်ကြံမယ် ဆိုရင် ခဏတွင်း ကိစ္စ ပြီးစီး နိုင်တယ် ။ ဒါပေမဲ့ ခင်ညို ဟာ စဉ်းစားဆင်ခြင်ဉာဏ် နဲ့ ပြည့်စုံတဲ့ သူရဲကောင်း ဖြစ် တယ် ။ ဓားရိုး ကို ဆုပ်ကိုင် ပြီး ငခင်ညိုစဉ်းစား သတဲ့ ။ “ သည် မင်း သည် ယနေ့ ငါ့ ထမင်းရှင် ဖြစ်ခဲ့ပြီ ။ ထမင်းရှင် ကို ပြစ်မှား ဖို့ ကား အလွန် ဝန်လေး လှတယ် ။ လုပ်ကြံ သာ လျက် မလုပ်ကြံ ဘဲ ပြန်လာတယ် လို့ ငါ့ အရှင် မျက်တော် မူ လည်း သည် တစ်သက် သာ ဖြစ်တယ် ။ ထမင်းသခင် ကို ပြစ်မှားချေ သော် သံသရာ ဝယ် အပါယ်လေးပါး ၌ ရှည်လျားစွာ ခံရပေလိမ့်မယ် ။ အပါယ် မှ လွတ်ပြီး လူ အဖြစ် ကို ရ ရင် လည်း ယုတ်မာ တဲ့ ကိုယ် ဖြစ်ရပေလိမ့် မယ် ” လို့ စဉ်းစားရင်း ဆောင်ဓား ကို နှုတ်လိုက် ဓားအိမ် ထဲ ပြန် စွပ်လိုက် ဖြစ်နေ သတဲ့ ။ 


“ ငါ့ အရှင်သည် စစ်ကိုင်းမင်း ထံ မရောက်ဘဲ ကို ရောက်တယ် လို့ အမိန့် ရှိ ရင် ရောက်ကြောင်း သက်သေ ပြရပေ လိမ့်မယ် ” လို့ စဉ်းစားပြီး ခမည်းတော် တစ်စီးရှင်မင်းကြီး က သားတော်စောယွမ်း ကို ပေးသနားတော် မူထား တဲ့ ပတ္တမြားကျောက်စီဓား ကို ယူခဲ့ လေ သတဲ့ ။ 


ငခင်ညို ဟာ ဓား ယူ ပြီး ပြန် ခဲ့တယ် ။ ပင်လယ် အရပ် ရောက်တဲ့ အခါ ငါးစီးရှင် လည်း “ ကိစ္စပြီးခဲ့ရဲ့လား ” လို့ မေးတော် မူတယ် ။ ငခင်ညို လည်း ပတ္တမြားဓား ကို သက်သေ အဖြစ် ဆက်ပြီး ရင် ထဲ ရှိတဲ့ အတိုင်း အကြောင်းစုံ လျှောက်တင် သတဲ့ ။ ငါးစီးရှင် လည်း “ ငါ့ ကျွန် ငခင်ညို ဟာ ထမင်း တစ်စလောင်း မျှ စားရသည် ကို သူ့ ကျေးဇူး ကို သိ တတ်၏ ။ ငါ နေ့တိုင်း မပြတ် သူ့ သားမယား နှင့် တကွ ကျွေးမွေးတဲ့ ကျေးဇူးတော် ကား အဘယ် ဆိုဖွယ်ရာ ရှိ အံ့နည်း ” ဆိုပြီး ချီးမွမ်းတော် မူတယ် ။ များစွာသော စည်းစိမ်ချမ်းသာ ဆုလာဘ် လည်း ပေး သနားတော် မူ သတဲ့ ။


ငါးစီးရှင်မင်းကြီး ဟာ ပင်းယမြို့ အနောက်တောင် ထောင့် အရပ် မှာ ဘုရားလေးမျက်နှာ တည်တော် မူတယ် ။ အုတ် သုံးရစ် ဆင့် မိကာ ရှိသေး မင်းကြီး နာမကျန်း ဖြစ်လေ သတဲ့ ။ ငါးစီးရှင်မင်းကြီး ဟာ ဘုန်းလက်ရုံး နဲ့ ပြည့်စုံ တဲ့ မင်း ဖြစ်တယ် ။ ထီးနန်း စည်းစိမ် ( ၉ ) နှစ် အဝင် ၊ သက်တော် ( ၅၂ ) နှစ် မှာ အနိစ္စ ရောက်လေ သတဲ့ ။ 


မင်းကြီး အနိစ္စ ရောက်ပြီး နောက် သားတော် ကျော်စွာမင်း နောက် ကျော်စွာမင်း ရဲ့ ညီ နရသူ အသီးသီး နန်း တက်ကြတယ် ။ နရသူ လက်ထက် မှာ မောရှမ်း တို့ ပင်းယ ကို တိုက် လာတယ် ။ ရှမ်းတို့ ပင်းယ ကို ရ သတဲ့ ။ ရှမ်း တို့ ပြန်တဲ့ အခါ နရသူ ရဲ့ နောင်တော် ဥဇနာပြောင် နန်း တက်တယ် ။ နန်းတက် လို့ သုံးလ အကြာ မှာ ဥဇနာပြောင် ကို သတိုးမင်းဖျား လုပ်ကြံ လို့ ပင်းယ မင်းဆက် ပြတ်လေ သတဲ့ ။ 


        ◾ အင်းဝခေတ်



❝ သတိုးမင်းဖျား ❞


ကလေးတို့ ရေ ...


သက္ကရာဇ် ( ၇၂၆ ) ခုနှစ် မှာ သတိုးမင်းဖျား နန်း တက် တော် မူတယ် ။ သတိုးမင်းဖျား ဆိုတာ အသင်္ခယာစောယွမ်း ရဲ့သမီး စိုးမင်းကိုယ်တော်ကြီး နဲ့ ( တကောင်း မင်းရိုး ဖြစ်တဲ့ ) သတိုးဆင်ထိန်း တို့ ရဲ့ သားတော် ဖြစ်တယ် ။ 


သတိုးမင်းဖျား ရဲ့ မိဖုရားခေါင်ကြီး က တော့ ( မင်းကြီးစွာစော်ကဲ ရဲ့ နှမတော် ) စောဥမ္မာ ဖြစ်တယ် ။ သတိုးမင်းဖျား ဟာ ပင်းယဥဇနာပြောင် နဲ့ စစ်ကိုင်းမင်းပျောက် ကို လုပ်ကြံပြီး နန်းတက် လာ တာ ဖြစ်တယ် ။ 


သတိုးမင်းဖျား ဟာ နန်း တက် တဲ့ နှစ် မှာ ပဲ အင်းဝ ကို တည်တယ် ။ သူ တည်တဲ့ နေရာကတော့ တစ်စီးရှင် မြို့ တည်လို့ မရတဲ့ နေရာ လို့ ဆိုတယ် ။ ကျည်းအင်း ၊ ကျော်မော်အင်း ၊ အင်းတူးအင်း ၊ ဥန္နဲအင်း တွေ ကို မြေ ဖို့ ပြီး ရေလမ်း ပေးလို့ မြေ ကို ခိုင်မာအောင် လုပ်ပြီး မြို့တည်တယ် လို့ ဆိုတယ် ။ ကြံရည် ဖန်ရည် ရှိတာပေါ့ ။ အဲဒီလို အင်းတို့ ရဲ့ အဝ မှာ တည် လို့ “ အင်းဝ ” လို့ တွင် သတဲ့ ။ မြစ်ငယ်မြစ် ၊ ဇော်ဂျီမြစ် တို့ ရဲ့ အဝ မှာ တည်လို့ “ အဝ ” လို့ လည်း ဟိုတုန်းက ခေါ်ကြ သတဲ့ ။ 


သတိုးမင်းဖျား ကြုံရပုံ က အင်းဝ တည် ဖို့ စီစဉ် နေစဉ် မှာ ပဲ မင်းကြီး နေတဲ့ သဘင်တဲတော် တသိမ့်သိမ့် နဲ့ လှုပ်ခါ နေ သတဲ့ ။ မြေ ကို တူးပြီး ကြည့် တဲ့ အခါ စပါးကြီးမြွေကြီး ဟာ တဲတော်တိုင် ကို မြေကြီး ထဲ ကနေ ရစ်ပတ် ပြီး လွန့်လူး နေသတဲ့ ။ ဒါ့ကြောင့် တဲ လှုပ်တာ ကိုး ။ 


သတိုးမင်းဖျား လည်း အဲဒီ အဖြစ်အပျက် ကို ဘယ်လို နိမိတ် လည်း ဆိုတာ ပိဋကတ်ဗေဒင် တတ် တဲ့ “ ပထူးကြီး သင်္ဃရာဇာ ” ကို မေး သတဲ့ ။ 


ဒီအခါမှာ ပညာရှိ က “ ဤ မြစ်ဆုံဝ ၌ ပြည်ကြီး ဖြစ်၍ သာသနာတော် ထွန်းပ ရာ ဖြစ်အံ့ ၊ ဤ ပြည်ကြီး ကို မှီ၍ အသက်မွေးသော သူတို့ သည်လည်း ချမ်းသာ လတ္တံ့ ” လို့ နိမိတ် ဖတ်လေ သတဲ့ ။ သတိုးမင်းဖျား လည်း ရွှင်လန်းဝမ်း သာ ဖြစ်တာပေါ့ ။ စပါးကြီး မြေကြီး ကို လည်း အစာရေစာ နဲ့ တကွ ဘေးမဲ့ ရာ လွှတ်စေ သတဲ့ ။ 


သတိုးမင်းဖျား လည်း အဲဒီ ည မှာ ပဲ အိပ်မက် မြင်မက် သတဲ့ ။ မြင်မက် ပုံ က


( ၁ ) အင်းဝမြို့ တည်ရာ အရပ် မှာ လက်ပံပင်ကြီး တစ်ပင် ရောက်လာ သတဲ့ ။ 


( ၂ ) အဲဒီ လက်ပံပင် ဖျား မှာ ဆဒ္ဒန်ဆင်ပျံ နား လေ သတဲ့ ။


( ၃ ) အဲဒီ လက်ပံပင် ရဲ့ ခက်မလေးဖြာ မှာ လည်း ပရိက္ခရာ ရှစ်ပါး နဲ့ တကွ ရဟန္တာမြတ်  လေးပါး သီတင်းသုံး နေ သတဲ့ ။ 


( ၄ ) အပင်ရင်း မှာ လည်း ခြင်္သေ့စောင့် နေလေ သတဲ့ ။ 


( ၅ ) အမြစ်ဖျား မှာ တော့ နဂါးစောင့် နေတယ် တဲ့ ။ 


( ၆ ) ခက်မ လေးဖြာ မှာ သီတင်းသုံး နေတဲ့ ရဟန္တာ လေးပါး တို့ကို ဂဠုန် သုတ် ချီ သွားတယ်လို့ အိပ်မက် မြင်မက် သတဲ့ ။

 

သတိုးမင်းဖျား လည်း မိုး လင်းတဲ့ အခါ ပထူးကြီး သင်္ဃရာဇာ ကို ပင့်ပြီး အိပ်မက် ရဲ့ အကျိုးအကြောင်း ကို မေးလေ သတဲ့ ။ သင်္ဃရာဇာ လည်း အိပ်မက် အကြောင်း ကို ပြန်ဟော သတဲ့ ။ 


( ၁ ) လက်ပံ တို့ သဘောမှာ ထွားကျိုင်း၏ ။ အနှစ် မရှိ ။ သုံးနှစ် တစ်ကြိမ် လည်း အရွက် အပွင့် အသီး တို့ နှင့် ပြည့်စုံ၏ ။ ပြည်တော် ၌ နေသော သူ တို့ သည် အကျော်အမော် ရှိမည် ။ သို့သော် စည်းစိမ်ဥစ္စာ နည်း အံ့ ။ သုံးနှစ် တစ်ကြိမ် လည်း ထူး၍ သာယာ စည်ပင် လတ္တံ့ ။ 


( ၂ ) လက်ပံပင်ဖျား ဆင်ပျံ နား သည်ကား တရားမင်းကြီး သည် ဘုန်းလက်ရုံးအာဏာ နှင့် ပြည့်စုံသူ ဆင်နံ ( ဗုဒ္ဓဟူးသား ) ဤ မြို့ကို တည်တော် မူသည် ။ 


( ၃ ) ခက်မလေးဖြာ ၌ ရဟန္တာ လေးပါး သီတင်းသုံး သည် ကား နိုင်ငံတော် လေးမျက်နှာစလုံး ၌ သာသနာတော် ထွန်းပင်စည်ပင် မည် ။ 


( ၄ ) ထို ရဟန္တာမြတ် လေးပါး ကို ဂဠုန် သုတ် သည် ကား တနင်္ဂနွေသား မင်းပြုသော အခါ သာသနာတော် ကို သုတ်သင်ချီးမြှောက် အံ့ ။ 


( ၅ ) အပင် ရင်း ၌ ခြင်္သေ့ စောင့်သည် ကား ပြည်ရွာ တောင်ဘက် အစ ရှိသော ရန်သူအပေါင်းတို့ ခန့်ညား ရွံ့ရှာ လတ္တံ့ ။ 


( ၆ ) အမြစ်ဖျား ၌ နဂါး စောင့်သည် ကား ဤ ပြည်ဝယ် အဆုံးစွန်သော စနေနံမင်း လက်ထက် မြို့ရွာ ပြောင်းလွှဲ ၍ တည် လတ္တံ့ဟူ၍ အိပ်မက် ကို ဖတ်လေ သတဲ့ ။ 


သတိုးမင်းဖျား လည်း “ ကောင်းပေစွ ” ဟု မိန့်ပြီး “ ဤ မြစ်ဆုံဝယ် မင်းဝံတောင်ညွန့် လည်း ဖြစ်သည် ။ ရေ ကြီး သောအခါ လင်ပန်း တွင် ရောထည့် ၍ ဖလား ကို မှောက်ဘိ သကဲ့သို့ အလယ်ကျွန်း ဖြစ်တာကြောင့် ရန်သူတို့ မလှုပ်ရှားနိုင် ” ဟု မိန့်ပြီး ပညာရှိတို့ နှင့် တိုင်ပင်ကာ တွက်ချက် စေပြီး အချိန် ၊ နေ့ရက် သတ်မှတ်ကာ ထို နှစ် မှာပဲ တည်တော် မူ သတဲ့ ။ သတိုးမင်း ဖျား နန်းတက် တဲ့ အခါ “ တြိန်းမစပ် ” လို့ မိန့်တော် မူတယ် ။ ပညာရှိတို့ ကြား တဲ့အခါ “ ဤမင်း ကား သုံးနှစ် သာ မင်းပြုရမည် ” လို့ အဟော ထွက် သတဲ့ ။ 


သတိုးမင်းဖျား ဟာ စစ်ကိုင်း ၊ ပင်းယ ၊ အင်းဝ သုံးပြည် ကို ချုပ်ပြီး မင်း ပြု တော် မူတယ် ။ အဲဒီ အခါ မှာ ငနွယ်ရုံစား ဘယကျော်သူ ၊ တောင်တွင်း ကြီးစား သီဟပတေ့ ၊ စကုစားသင်္ခသူ တို့ လည်း ပုန်ကန် ခြားနားကြ သတဲ့ ။ 


သတိုးမင်းဖျား ဟာ သက္ကရာဇ် ( ၇၂၇ ) မှာ အလုံးအရင်း ဆင်မြင်း အများ နဲ့ ရေကြောင်း ကြည်းကြောင်း နဲ့ စကု သို့ ချီတော် မူတယ် ။ ပုဂံ ကို ရောက်တဲ့ အခါ ရွှေစည်းခုံဘုရား ရှေ့ အထု တစ်တောင် ရှိရာ မှာ နေပြီး စောမွန်နစ်မင်း ကို ခေါ်တော် မူတယ် ။ ထောမွန်နစ် လည်း သူငယ် တစ်ယောက် ကိုစေ ပြီး ၊ “ အဲဒီ မင်း ရဲ့အပြင် အခြေအနေ ကို တစေ့တစောင်း ကြည့်ခဲ့ ” လို့ စေ လိုက်တယ် ။ သူငယ် လည်း သွားရောက် အကဲခတ် ပြီး “ ခြင်္သေ့ ကဲ့ သို့ ရဲရင့် ၏ ” လို့ လျှောက်တဲ့ အခါ “ ငါ မနေသာပြီ ” လို့ မိန့်ပြီး လက်ဆောင်ပဏ္ဏာ ၊ လက်နက် အများ ဆက်ပြီး သစ္စာ ခံလေ သတဲ့ ။ သတိုးမင်းဖျား လည်း ပုဂံ ကို ရတဲ့ အခါ ရွှေစည်းခုံအား ဝတ္တကံမြေ နှင့် တကွ အလုပ်အကျွေး လူများ ပါ ဘုရား သို့ လှူ သတဲ့ ။ 


သတိုးမင်းဖျား ဟာ တစ်ဖန် အလုံးအရင်း နဲ့ စကု ကို ချီပြီး မြို့ကို ဝန်းရံကာ အကြိမ်ကြိမ် လုပ်ကြံတော် မူတယ် ။ စကုစားသိင်္ခသူ မြို့ပြ ခိုင်လုံ အောင် စီရင် နှင့် လို့ မရဘဲ ပြန်တော် မူခဲ့ သတဲ့ ။ 


အဲဒီ နှစ် မှာပဲ ရေလွှဲငါးခရိုင် ကို ငနွယ်ရုံစား ဖျက်ဆီးတာ နဲ့ သတိုမင်းဖျား အလုံးအရင်း နဲ့ ချီပြီး လုပ်ကြံတယ် ။ ငနွယ်ရုံစား ဘယကျော်သူ ကို ရတဲ့ အခါ ကိုယ်တိုင် ကွပ်မျက်ပြီး အလောင်း ပေါ် မှာ ပွဲတော် တည် သတဲ့ ။ မှူးမတ် တို့ လည်း အလွန် ကြောက်ရွံ့ လေ သတဲ့ ။ 



❝ သူခိုးကြီး ငတက်ပြား ❞


ကလေးတို့ ရေ ... 


အင်းဝ မှာ သတိုမင်းဖျား စိုးစံ ချိန် မှာ စစ်ကိုင်း ဘက် မှာ ငတက်ပြား ဆိုတဲ့ သူခိုးကြီး တစ်ယောက် ရှိပေ သတဲ့ ။ အဲဒီ သူခိုးကြီး ဟာ ညဘက် အချိန် တွေမှာ အင်းဝမြို့ ဘက် ကို တိတ်တဆိတ် လှေ နဲ့ ကူး လာပြီး ပိုက်ဆံကြေးငွေ ချမ်းသာတဲ့ ဝန်ကြီးမှူးမတ် တွေ အိမ် က ပစ္စည်းတွေ ကို သာ ဝင်ရောက် ခိုးယူ လေ့ ရှိ သတဲ့ ။ 


ငတက်ပြား ဟာ အလွန်လည်း အစွမ်းသတ္တိ ရှိ သတဲ့ ။ ညဘက် လည်း ဖြစ် ပြန် ၊ အင်းဝ ဘက် ကူးရောက်တဲ့ အခါ မီးသွေးတိုက် က နေ ဖောက်ဝင် သတဲ့ ။ သူ ဟာ ဘယ်တော့မှ ဆင်းရဲသား အိမ်တွေ ဆီ က ခိုးယူလေ့ မရှိဘူး တဲ့ ။ သူဌေးသူကြွယ် တွေ ၊ မှူးမတ် တွေ က သူတို့ အိမ်တွေ အခိုး ခံရတာ သိ ပေမယ့် ငတက်ပြား ကို ဘယ်လိုပဲ စောင့် ဖမ်း ဖမ်း မမိကြဘူး တဲ့ ကွယ် ။ မရှိဆင်းရဲသူ အိမ်တွေ မှာ သူ ခိုးလို့ ရတဲ့ ဒင်္ဂါးပြား တချို့ ကို တောင် ထား ထား လေ့ ရှိ သတဲ့ ။ 


အဲဒီလို ကာလ ကြာတော့ သူခိုးကြီး ငတက်ပြား က ကြိမ်းဝါးလေ သတဲ့ ။ “ ငါ့ ကို ဘယ်သူမှ မဖမ်းနိုင်ဘူး ။ ငါ့ ကို သတိုးမင်းဖျား ရ လျှင် သာ သ,တ်ချင် သ,တ်မယ် ၊ ရအောင် ဖမ်းဖို့ ဘယ်သူ့ ဝံ့မတုန်း ” လို့ ကြုံးဝါးလေ သတဲ့ ။ 


သူခိုးကြီး ငတက်ပြား ရဲ့ စကား ဟာ မင်းကြီး နား ပေါက် သွားတာပေါ့ ။ ဒီတော့ သတိုးမင်းဖျား က မိန့်တော် မူတယ် ။ “ အမတ်စစ်သူကြီး တို့ သင်တို့ ဟာ ဘယ်သူ တစ်ဦး တစ်ယောက် မှ သူခိုးကြီး ငတက်ပြား ကို မိအောင် မဖမ်းနိုင်ကြဘူး ။ ငါ ကိုယ်တော် တိုင် မိအောင် ဖမ်း ပြမယ် ” လို့ မိန့် သတဲ့ ။ အမတ်စစ်သူကြီး တွေ လည်း ငြိမ်ကုပ် နေ သတဲ့ ။ 


မင်းကြီး စဉ်းစားတော် မူတယ် ။ “ ငတက်ပြား ကို တော့ ဒီ နည်းနဲ့ ဘယ်လို မှ ဖမ်းလို့ ရမယ် မဟုတ်ဘူး ။ ဉာဏ်ဆင် ဖမ်းလေ မှ မိ နိုင်မယ် ” လို့ စဉ်းစား သတဲ့ ။ ဒါနဲ့ ည အချိန် မှာ သူ လည်း သူခိုး တစ်ဦး လို မျက်နှာဖုံး စွပ် ရုပ် ဖျက် ပြီး ဘယ်သူမှ မသိအောင် နန်းတော် ထဲ က တိတ်တဆိတ် ထွက် ခဲ့လေ သတဲ့ ။ မင်းကြီး ဟာ မီးသွေးတိုက် က ထွက်ပြီး ဧရာဝတီမြစ်ကမ်း က နေ သူခိုးကြီး ငတက်ပြား အလာ ကို စောင့်မျှော် နေ သတဲ့ ။ 


သူခိုးကြီးငတက်ပြား လည်း လာနေကျ အတိုင်း စစ်ကိုင်း ဘက် က နေ လှေ နဲ့ အင်းဝ ဘက် ကူးလာ သတဲ့ ။ မီးသွေးတိုက် ဝင်မယ် ကြည့် လိုက်တော့ လူရိပ် တွေ့တာ နဲ့ “ ဟေ့ ကုန်း ပေါ် က ဘယ်သူလဲ ဟေ့ ” လို့ လှမ်း မေး လိုက် တယ် ။ “ ငါ ညဉ့်လူ ဟေ့ ” လို့ သတိုးမင်းဖျား က ပြန် ပြောတယ် ။ ငတက်ပြား ကုန်းပေါ်  တက် လာတော့ မင်းကြီး က “ ကျွန်တော် ဆရာကြီး နဲ့ အတူ လိုက်လိုတာကြောင့် စောင့် နေရခြင်း ဖြစ်ပါတယ် ။ တပည့် အဖြစ် လိုက်ခွင့် ပြုပါ ” လို့ ပရိယာယ် နဲ့ ဆိုလေ သတဲ့ ။ ငတက်ပြား လည်း ငါ နဲ့ လုပ်ဖော် တပည့် တစ်ယောက် တော့ ရပြီ ဆိုပြီး လက်ခံကာ မြို့တွင်း ဝင်ခဲ့ကြ သတဲ့ ။ မှူးမတ် တစ်ဦး အိမ် ဝင်ပြီး ပုတီးနားတောင်း လက်ကောက် စသည် ပစ္စည်းတွေ ယူပြီး မြို့ပြင် မီးသွေးတိုက် ဆီ ပြန်ခဲ့ကြ သတဲ့ ။ 


မီးသွေးတိုက် ရောက်တဲ့ အခါ ဘုရင် က ငတက်ပြား ကို မြှောက်ပင့် ပြီး အရက် တိုက်တယ် ။ စကား တပြောပြော နဲ့ မင်းကြီး က ငတက်ပြား ကို မူးယစ် သွားအောင် တိုက်တယ် ။ ငတက်ပြား အမူး လွန် ခေါင်းစိုက် သွား မှ ခြေချင်း ခတ် ကာ မီးသွေးတိုက် ထဲ ထည့် ပြီး အပြင် က ခတ်ထား ခဲ့ သတဲ့ ။ 


နံနက်ပိုင်း မှာ တော့ ပစ္စည်း ပျောက်တယ် ဆိုပြီး မှူးမတ်တွေ အုတ်အုတ် ကျက်ကျက် ဖြစ်ကြ သတဲ့ ။ သတိုးမင်းဖျား လည်း မှူးမတ်တွေ ရဲ့ လက်စွပ် လက်ကောက် စတာ တွေ ဝတ်ဆင်ပြီး ညီလာခံ ကျင်းပတယ် ။ မှူးမတ်တွေ လည်း ဘုရင် ဖြစ်တော့ မစွပ်စွဲ ရဲကြဘူးပေါ့ ။ ဒါပေမဲ့ “ သူတို့ ပစ္စည်းတွေ နဲ့ တူလှပါတယ် ” လို့ တော့ တင်လျှောက်ကြ သတဲ့ ။ 


ဒီတော့ မင်းကြီး က “ နင် တို့ သူခိုးငတက်ပြား ကို ဖမ်းပါ ဆိုတော့ မိအောင် မဖမ်းနိုင်ကြဘူး ။ ည က သူ့ ကို ငါ ဖမ်းခဲ့ပြီ ။ မီးသွေးတိုက် ထဲ မှာ သွားခေါ်ခဲ့ကြ ” လို့ မိန့်တော် မူ လိုက်တယ် ။ 


ဒီလိုနဲ့ သူခိုးငတက်ပြား ဘုရင့် ရှေ့တော် မှောက် ရောက် လာတယ် ။ မင်းကြီး က “ ငတက်ပြား ၊ နင့် ကို ငါ ဖမ်းမိပြီ ။ ရဲတင်း ၊ ပုဆိန် ၊ ဓားလှံ ၊ လက်နက် နင် ကြိုက်ရာ ရွေးပေတော့ ” လို့ မိန့် သတဲ့ ။ ဒီတော့မှ ည က သူ့ ထံ တပည့်ခံ တဲ့ ညဉ့်လူ ဟာ သတိုးမင်းဖျား ဖြစ်မှန်း ငတက်ပြား သိ သွားတာ ပေါ့ ။ ငတက်ပြား လည်း နည်းနည်းမှ ကြောက်စိတ် မရှိဘဲ ရဲဝံ့စွာပဲ မင်းကြီး ကို တင်လျှောက် သတဲ့ ။ 


“ အရှင်မင်းကြီး ကျွန်ုပ် ကို ဖမ်းမိ မှ တော့ သတ် လို က သတ် ပါ ။ ကျွန်ုပ် အကြိုက် လိုတာ တင်လျှောက် ရ ရင်တော့ မင်းကြီး ရဲ့ မိဖုရား စောဥမ္မာ ကို အလို ရှိပါတယ် ” လို့ ရဲဝံ့တည်ကြည်စွာ လျှောက် သတဲ့ ။ 


သတိုးမင်းဖျား ဟာ နည်းနည်း မှ စိတ် မဆိုးဘဲ ငါ သို့ သော မင်း ကို ပင် လည်း မကြောက်မရွံ့ တင်လျှောက် ရဲ ပေတယ် ။ အချည်းနှီး မသေသင့် ။ နောက် နောင် တိုက်ပွဲများ ရှိတဲ့ အခါ အမှုတော် ထမ်းစေရမယ် လို့ စဉ်းစားပြီး အခွင့် လွှတ် တော် မူတယ် ။ အမြော်အမြင် ဉာဏ်ကြီးတယ် လို့ မှတ်ရမယ် ။ 


သက္ကရာဇ် ( ၇၂၈ ) ခုနှစ် အရောက် မှာ တော့ တောင်တွင်းကြီးစား ခြားနား လေတော့ မင်းကြီး ဟာ အလုံးအရင်း ဆင်မြင်း တပ်တွေ နဲ့ ချီလေ သတဲ့ ။ တောင်တွင်းကြီးစား သီဟပတေ့ လည်း မြို့ပြကျုံးမြောင်း အခိုင် ပြုပြီး ခံ နှင့် လေတယ် ။ မင်းကြီး လည်း တောင်တွင်း ရောက်တဲ့ အခါ မြို့ကို ဝိုင်းရံ လိုက် ပြီး ငတက်ပြား ကို ညဉ့်အခါ မြို့တွင်း ဝင် ကာ လေးသည်ကျော်ကြီး ကို လုပ် ကြံ စေတယ် ။ ငတက်ပြား လည်း အမှု့တော် ကို ရွပ်ရွပ်ချွံချွံ လုပ်ဆောင် သတဲ့ ။ တောင်တွင်းကြီးစား လည်း လေးသည်ကျော်ကြီး မရှိတဲ့ အခါ အား လျော့ပြီး မင်းကြီး ထံ အညံ့ ခံ လေ သတဲ့ ။ အရေးတော် အောင် ခဲ့တာ ပေါ့ ။ 


ငတက်ပြား ဟာ စစ်ကိုင်း မှာ “ မရှိခဏ ” ဘုရား ကို တည်ထား သတဲ့ ။ ငတက်ပြား အတွက် မှာ တော့ မရှိ ရင် ခဏပဲ ဖြစ်တာ မို့ ဒီ နာမည် ပေးတာ ဖြစ်မှာပေါ့ ။ ယခုတိုင် ထို ဘုရားစေတီ တည်ရှိလေ သတဲ့ ။ 



❝ တွင်းသင်းစား ငနု နှင့် စောဥမ္မာ ❞


ကလေးတို့ ရေ .. 


သတိုးမင်းဖျား ဟာ ရက်စက်သူ ဖြစ်တယ် ။ ရတနာ သုံးပါး ကိုလည်း ရိုသေမှု မရှိဘူး ။ လုပ်ရည်ကြံရည် ရှိတယ် ။ အကွပ်အညှပ် ပြင်းတာ ကြောင့် မှူးမတ်တွေ ကြောက်ရွံ့ခန့်ညားကြသတဲ့ ။ 


တစ်ခါမှာ တော့ ရဟန်းပျက် တစ်ဦး ဟာ မုန့်သည်မ အပ်နှံထားတဲ့ ငွေ ကို ပြန် တောင်းရာမှာ “ သင် ဘယ်တုန်းက မှ ငါ့ ထံ မအပ် ၊ ဒါကြောင့် မပေးနိုင် ၊ တိုင် လို ရာ တိုင် ” ဆိုပြီး ဘူး ခံတာ ကြောင့် မုန့်သည်မ လည်း မင်းကြီး ထံ အကြောင်း ကို တင်လျှောက်လေ သတဲ့ ။ သေချာဂဏ သစ္စာ ဆိုကာ တင်ပြ သတဲ့ ။ ဒါ့ကြောင့် မင်းကြီး ဟာ ရဟန်းပျက် ကို ရှေ့တော်မှောက် ခေါ်စစ် မေးတဲ့အခါ မကွယ်ဝံ့ တာ ကြောင့် ဝန်ခံပြီး မုန့်သည်မ ဆီ က ငွေ ကို မင်းကြီး ထံ ဆက် သတဲ့ ။ 


မင်းကြီး လည်း “ ရဟန်း ဖြစ်လျက် သည်သို့ ကျင့်သည် ။ ကျင့်ရာ သလော ” ဆိုပြီး ကိုယ်တိုင် သုတ်သင် သတဲ့ ။ နောက် အလောင်း ကို နန်း ကြမ်း ဖွင့် ကာ အောက်သို့ ချလေ သတဲ့ ။ မှူးမတ်တွေ လည်း အလွန် ထိတ်လန့် ကြ သတဲ့ ။ 


သက္ကရာဇ် ( ၇၂၉ ) ခု မှာ လည်း စကုစား သိင်္ခသူ သောင်းကျန်းပုန်ကန်တယ် ။ သတိုးမင်းဖျား လည်း အလုံးအရင်း ဆင်မြင်းအများ နဲ့ ချီလေ တယ် ။ ကြည်းကြောင်း ၊ ရေကြောင်း ချီပြီး ရောက်တဲ့ အခါ မြို့ ကို ဝိုင်းထား ပြီး အကြိမ်ကြိမ် လုပ်ကြံ သတဲ့ ။ စကုစားသိင်္ခသူ လည်း မြို့ပြကျုံးမြောင်း ကို ခိုင်လုံအောင် လုပ်ထားတာမို့ အကြိမ်ကြိမ် လုပ်ကြံ သော် လည်း မအောင် မြင်ဘဲ မြို့ပြင် က သာ ဝိုင်းရံ ထားရ သတဲ့ ။ 


အဲဒီ အချိန်မှာပဲ သတိုးမင်းဖျား ကျောက်ပေါက် နာမကျန်း ဖြစ်တာ ကြောင့် တပ်ဆုတ် ခဲ့ရတယ် ။ စွယ်ကြိုဆိပ် ရောက်တဲ့အခါ အပြင်း ဖျားလေ သတဲ့ ။ ဒါ့ကြောင့် အတွင်းသင်းမှူး ငနု ကို အပါး သို့ ခေါ်တော် မူပြီး “ ငနု ငါ သည် အနာ က သည်းလှတယ် ။ ထမြောက်တော် မူနိုင်မယ် မထင် ၊ ငါ မရှိရင် ငါ့ မိဖုရား ကို သူတစ်ပါး မိဖုရား မြှောက် တော့မယ် ။ ငါ နှမြောတော် မူတယ် ။ နင် လှေလျင် နဲ့သွား မိဖုရားကို သတ်ချေ ” လို့ စေ လိုက်တယ် ။ 


အတွင်းသင်းမှူး ငနု လည်း သံလှေလက်ပြည့် နဲ့ မင်းကြီး အမိန့် အတိုင်း အပြင်း နှင်လေ သတဲ့ ။ သတိုးမင်းဖျား လည်း ငနု ကို လွှတ်ပြီး မကြာခင် အနိစ္စ ရောက်တယ် ။ နန်းစည်းစိမ် ( ၃ ) နှစ် နဲ့ ( ၇ ) လ သာ စံပြီး သက်တော် ( ၂၅ ) နှစ်မှာ အနိစ္စ ရောက်ခြင်း ဖြစ်တယ် ။ သားသမီး မရှိဘူး လို့ ဆိုတယ် ။ 


ငနု လည်း နန်းတော် ရောက်တဲ့ အခါ မိဖုရား စောဥမ္မာ ထံ ဝင်ပြီး မင်းကြီး အခြေအနေ နဲ့ အမိန့် ကို တင်လျှောက်တယ် ။ “ မင်းကြီး အနာ သည်း လှပါတယ် ။ ထမြောက်မယ် မထင် ။ ငါ မရှိက ငါ့ မိဖုရား သူတစ်ပါး ယူမည် ။ နင် သ,တ်ခြေ လို့ အမိန့်တော် နဲ့ လာခဲ့ကြောင်း ” လျှောက်တဲ့ အခါ မိဖုရား စောဥမ္မာ က “ငနု နင် ယောက်ျား မဟုတ်ဘူးလား ” လို့ မိန့် သတဲ့ ။ ငနု လည်း မိဖုရား နဲ့ စိတ် ညီတာကြောင့် စိတ် မညီတဲ့ အထိန်းသမီး တစ်ဦး ကို သ,တ်ပြီး ရွှေနန်း မှာ လခွဲ နေကာ စစ်ကိုင်း ကူးပြီး မင်း ပြုလေ သတဲ့ ။ 



❝ မရွယ်ဘဲ စော်ကဲ မင်းဖြစ် ❞


ကလေးတို့ ရေ ...  


“ မရွယ်ဘဲ စော်ကဲမင်းဖြစ် ” ဆိုတဲ့ စကားပုံ ကို ကြားဖူး ကြရဲ့လား ။ အဲဒါက ဒီလိုကွယ့် ။ သတိုးမင်းဖျား အနိစ္စ ရောက်တဲ့ အခါ မှူးမတ် အပေါင်း ဟာ စုရုံး တိုင်ပင် ကြပြီး “ ရမည်းသင်းစား သီလဝ ” ကို မင်း ပြုပါ လို့ တင်လျှောက် ကြ သတဲ့ ။ အဲဒီအခါ သီလဝ က “ ငါဟာ တစ်နေ့ နေလို့ မှ စကား သုံးလေး ခွန်း ပြည့်အောင် မပြော ၊ ငါ လည်း မင်း အဖြစ် ကို အလို မရှိ ။ အမြင့်မြို့ကို စား ရတဲ့ တရဖျားစော်ကဲ ဟာ သတိုးမင်းဖျား ရဲ့ ယောက်ဖ လည်း တော် တယ် ။ နှလုံးရည် လက်ရုံးရည်လည်း ပြည့်စုံတယ် ။ ဒါကြောင့် စော်ကဲ ကို မင်း မြှောက်ကြ ” လို့ မှူးမတ်တွေ ကို ပြော လိုက်တယ် ။ အံ့သြ စရာပါပဲ ။ မြန်မာရာဇဝင် မှာ အာဏာရမ္မက် ငန်းငန်း တက် ပြီး ထီးနန်း လိုချင်ကြလို့ အဖ သ,တ် ၊ အစ်ကို သ,တ် လုပ်ကြတဲ့ မင်းတွေ ရှိ သလို သီလဝ လို ထီးနန်း ကို ငြင်းပယ် သူ လည်း ရှိပါကလား လို့ မှတ်ရတာပေါ့ ။ 


သီလဝ က ဘုရင် မလုပ်ချင်ဘူးလို့ ငြင်း လိုက်တာကြောင့် အင်းဝ မှူးမတ်တွေ ဟာ အမြင့်မြို့စား “ တရဖျားစော်ကဲ ” ကို မင်းမြှောက် လိုက်ကြ တယ် ။ ဒါကြောင့် “ မရွယ်ဘဲ စော်ကဲ မင်းဖြစ် ” ဆိုတဲ့ စကားပုံ ပေါ်လာ ရတာပဲ ။ အမြင့်မြို့စား စော်ကဲ သက္ကရာဇ် ( ၇၂၉ ) ခု မှာ မင်းဖြစ်လာတဲ့အခါ “ မင်းကြီးစွာစော်ကဲ ” လို့ တွင် တယ် ။ 


မင်းကြီးစွာစော်ကဲ လည်း မင်း ဖြစ်တဲ့ အခါ ပညာရှိ တို့ နဲ့ တိုင်ပင် တော် မူတယ် ။ သက္ကရာဇ် ( ၇၃ဝ ) မှာ နန်းတက်တဲ့ အခါ နေ တဲ့ ကနားတော် နိမ့်လို့ ခေါင်း နဲ့ ထိတယ် ။ ဗောင်းတော် မြေသို့ ကျ သတဲ့ ။ မင်းကြီးစွာ လည်း ဗောင်းတော် ကို ပြန် စွပ်ပြီး ထန်းရွက်ယက်ကိုင် ကာ နန်း တက်တယ် ။ စည်းတစ်ပြစ် ပညာရှိ အမတ်ကြီး မြင်တဲ့ အခါ အရှင်မင်းကြီး ဗောင်းတော်သိမ်း တော် မမူနိုင်အောင် သက်ရှည်မယ် ။ ယပ် ကိုင်ခြင်း ကား တစ်ပြည်လုံး အေး ချမ်းသာယာမယ် လို့ လျှောက် သတဲ့ ။ ဒါကြောင့် မင်းကြီး က စည်းတစ်ပြစ် အမတ်ကြီး ကို ဆင်မ တစ်စီး ဆု ပေးတော် မူတယ် ။ 


မင်းကြီးစွာစော်ကဲ ဟာ သရက်မင်းရှင်စော နဲ့ ( တောင်တွင်းရှင် လှဦး သမီးတော် ) မိမြတ်လှ တို့ရဲ့ သား ဖြစ်တယ် ။ ညီအစ်ကို မောင်နှမ ခြောက်ယောက် ရှိရာမှာ စော်ကဲ က တတိယမြောက် ဖြစ်တယ် ။ သတိုးမင်းဖျား လက်ထက် မှာ အမြင့်မြို့စား  ဖြစ် ခဲ့တယ် ။ 


မင်းကြီးစွာစော်ကဲ အင်းဝ မှာ မင်း ဖြစ်တဲ့ အခါ ( အတွင်းသင်းမှူး ငနု ရဲ့အစ်ကို ) ရာဇသင်္ကြန်ငမောက် ကို ခေါ်တော် မူပြီး “ အစ်ကို ၊ ညီ ငနု ဟာ မိဖုရား နဲ့ အတူ ရွှေနန်း မှာ မင်း ပြုတယ်လို့ ငါ ကြားရတယ် ။ အစ်ကို သွားပြီး ဉာဏ်ဆင် ကာ ဖမ်းခဲ့ ။ ရရင် ငါ့နှမတော် စောဥမ္မာ နဲ့ စုံဖက် ပေးမယ် ။ ဝါးရင်းတုတ်ရွာ နဲ့ တောင်ပြုံးကြီး ကို လည်း ပေးတော် မူမယ် ” လို့ မိန့်တော် မူ တယ် ။ 


ရာဇသင်္ကြန်ငမောက် လည်း “ ကျွန်တော် ရအောင် ဖမ်းပါ့မယ် ” လို့ လျှောက်ပြီး သံလှေလက်ပြည့် နဲ့ ဆန် လေ သတဲ့ ။ စစ်ကိုင်း ကို ရောက်တဲ့ အခါ လှေကို သဲပြင် မှာ ကပ်ဆိုက်ပြီး “ ငါတို့ ညီနောင် နှစ်ပါး သာ သားချင်း ရှိကြတယ် ။ ငါ့ ညီ မင်း ဖြစ်တယ် ကြားလို့ လာခဲ့တယ် ။ အခု ငါ မကျန်းမာဘူး ။ ငါ့ ညီ လာ ကြည့်စေ ချင်တယ် ” လို့ ငနု ဆီ အကြောင်း ကြား လိုက်တယ် ။ ငနု လည်း ယုံကြည်တာ ကြောင့် အခြွေအရံတွေ နဲ့ အတူ လာ သတဲ့ ။ လှေ အနား ရောက်လာတဲ့ အခါ ငမောက် က “ ငါမချိမဆန့် ဖြစ်နေတယ် ။ ငါ့ ညီ နဲ့ ကွမ်းစွဲ သောက်ရေကိုင် နှစ်ဦး သာ ငါ့ လှေပေါ် တက်ခဲ့ပါ ” လို့ ခေါ် သတဲ့ ။ 


ဒီလိုနဲ့ ငနု နဲ့ သူ့ အမှုထမ်း တို့ဟာ ငမောက် လှေ ပေါ် ရောက်လာတယ် ဆို ရင်ပဲ လှေသမားတွေ ဟာ ကြို မှာ ထားတာ ကြောင့် လှေကြိုး ဖြတ် ပြီး အပြင်း လှော်ကြ သတဲ့ ။ ရာဇသင်္ကြန်ငမောက် လည်း “ ငါ့ ညီ ငနု ၊ နင့် မိမျိုး လည်း မင်းရိုး မဟုတ် ၊ ဘမျိုး လည်း မင်းမျိုး မဟုတ် ” လို့ ဆိုကာ ခြေချင်း ခတ် ထား သတဲ့ ။ ဒါပေမဲ့ လမ်း မှာ ငနု လွတ် ထွက်ပြေး သွားတယ် ။ လွှတ် လိုက်တာ လည်း ဖြစ်နိုင်တာပေါ့ ။ ငနု လွတ် သွားပြီး “ လားဟူ ” ဆိုတဲ့ အရပ် မှာ သွား နေ သတဲ့ ။ 


မင်းကြီးစွာစော်ကဲ ဟာ ငနု လွတ်သွား လို့ ကျေတော့ မကျေနပ်ဘူး ပေါ့ကွယ် ။ ဒါပေမယ့် သူ ကတိ ရှိခဲ့တဲ့ အတိုင်း ရာဇသင်္ကြန် ငမောက် ကို နှမတော် စောဥမ္မာ နဲ့ လက်ဆက် ပေးပြီး ဝါးရင်းတုတ်ရွာ နဲ့ တောင်ပြုံးကြီး ကို လည်း ပေးခဲ့တယ် ။ 



❝ ရမည်းသင်းစား သီလဝ ❞ 


ကလေးတို့ ရေ ... 


သတိုးမင်းဖျား အနိစ္စ ရောက်တဲ့အခါ မှူးမတ်တွေ က “ ရမည်းသင်း စား သီလဝ ” ကို အင်းဝ မှာ မင်းပြုပါ လို့ ပထမဆုံး လျှောက်ခဲ့တာ မှတ် မိရဲ့ မဟုတ်လား ။ ဘုရင် မလုပ်ချင်ဘူးလို့ သီလဝ ငြင်း လိုက်တယ် လေ ။ 


အဲဒီ ရမည်းသင်းစား သီလဝ ဟာ အလွန် လည်း ဣန္ဒြေ ကြီး သတဲ့ ။ စကား လည်း အလွန်နည်း လှတယ် ။ 


သက္ကရာဇ် ( ၇၅၄ ) ခု မှာ မိုးညှင်းစား သိုချည်ဘွား ယောက်ဖ သိုဟန်ဘွား ဟာ ဆင်မြင်း အလုံးအရင်းများ နဲ့ ချီလာပြီး နိုင်ငံတော် ဖြစ်တဲ့ မြေဒူးမြို့ကို တိုက်လေ သတဲ့ ။ အဲဒီအခါ မင်းကြီးစွာစော်ကဲ လည်း အလုံးအရင်း နဲ့ ခုခံတယ် ။ ဒါပေမဲ့ သိုဟန်ဘွား အလုံးအရင်း အင်အား ပိုကြီးတာ ကြောင့် ဆုတ်ခဲ့ပြီး စစ်ကိုင်းနဲ့ အင်းဝ က နေ ကာ ခုခံလေသတဲ့ ။ တောင်ငူစား ၊ တောင် တွင်းစား ၊ ရမည်းသင်းစား ၊ ငတီးစား ၊ ညောင်ရမ်းစား ၊ ပေါက်မြိုင်စား ၊ ပင်လယ်စားတို့ ကို လည်း မင်းကြီးက သည်စစ် ကို ကူညီရန် ဆင့်ခေါ်တယ် ။ 


အဲဒီ တိုက်ပွဲ မှာ အခြားသူတွေ မရောက်ခင် ရမည်းသင်းစား သီလဝ က အရင် ရောက်တယ် ။ သီလဝ ဟာ မင်းကြီး ဆင့်ခေါ်တာ သိသိချင်း အပြင်း ချီပြီး ထီးပေါင်းကား အရပ် က ကူးပြီး စောရဲစွာ လို့ ခေါ်တဲ့ ဆင် ကို စီးပြီး တိုက်သတဲ့ ။ အဲဒီအခါ သိုဟန်ဘွား ရဲ့ ရှမ်းတပ် ( ၁၅ ) တပ် လုံး ပျက်ပြီး စစ်ကိုင်း ကနေ ရွာသစ် တိုင်အောင် ကျဆုံးသူတွေ အထွေးလိုက် အပြန့်လိုက် ရှိလေ သတဲ့ ။ 


သီလဝ ဟာ သိုဟန်ဘွားတပ် တွေ ကို အောင်ပြီး စစ် က ရတဲ့ ဆင် မြင်း ၊ သုံ့ပန်း လက်နက် ကိရိယာတွေ ကို မင်းကြီး ထံ ဆက်စေတယ် ။ သူ က တော့ မင်းကြီး ထံ မဝင်ဘဲ ရမည်းသင်း ကို ပြန်လေ သတဲ့ ။ လိုရင်း အလုပ် ကို သာ ထိရောက်အောင် ဆောင်ရွက်ပြီး မင်း ကြိုက်အောင် မျက်နှာ ရအောင် မလုပ် လိုတဲ့ သူ့ စရိုက် အတိုင်း ကျင့်တာပါပဲ ။ 


မင်းကြီးစွာစော်ကဲ က တော့ စစ် အောင်တာ အားရပါရဲ့ ။ ဒါပေမဲ့ သီလဝ သူ့ ထံ ခစား မဝင်ဘဲ စစ်လက်ဆောင် တွေ သာ ဆက်သွားတာ ကို သူ့ ကို မခန့်မငြား လုပ်သွားတာ မဟုတ်လားလို့ မှူးမတ်တွေ ကို မေးတော်မူတယ် ။ 


အဲဒီအခါ ပညာရှိ စည်းတစ်ပြစ်အမတ် က မင်းကြီးစွာ ကို လျှောက် လေတယ် ။ “ အရှင်မင်းကြီး ၊ ပသေနဒီကောသလမင်း တွင် သန္တတိ အမည် ရှိတဲ့ အမတ် ဟာ ရွာစွန်ရွာဖျား ရွာငယ် တစ်ရွာ ကို အောင်မြင်ကာ မျှ ဖြင့် ထီး ဖြူ မြောက်စည် နဲ့ တကွ မင်းစည်းစိမ် ကို ( ၇ ) ရက် မျှ ပေးဖူးပါတယ် အရှင် ။ ယောက်ဖတော် သီလဝ ဟာ လူရေးလူမှု မှာ မကျေပွန် ၊ ဘာသာ နေတတ်တဲ့ စရိုက် ရှိသူ ဖြစ်ပါတယ် ဘုရား ။ ခြေတော်ဦးခိုက် မဝင်ဘဲ သွားမိသော်ငြား လည်း အမျက်တော် မရှိသင့်ပါ ” လို့ ပြေပြစ်ချေငံစွာ တင်မှ မင်းကြီး အမျက် ပြေပြီး သီလဝ ဆီ ဆုလာဘ် များစွာ ပို့လေ သတဲ့ ။ 


ရမည်းသင်းစား သီလဝ ဟာ တစ်သက်လုံး သော် မှ သုံးခါ ပဲ ပြုံးရယ် ဖူး သတဲ့ ။ တစ်ခါတုန်းက တောတွင်းသား တစ်ယောက်ဟာ သီလဝ ဆီ ကြက် လက်ဆောင် ဆက်မယ် လို့ လာပြီး အိမ် ပေါ် တက် လာတယ် ။ သီလဝမြို့စားကြီး ကို မမြင်တာနဲ့ ပြန် ဆင်းသွားတယ် ။ ဒါကို သီလဝ ရဲ့ ဇနီး စောပုလဲ မြင်တဲ့ အခါ “ ငါ ဟာ မြို့စားကြီး မယား ဖြစ်ပါလျက် ငါ့ ကို မဆက်ဘဲ ပြန် သွားတယ် ။ ငါတို့ မိန်းမသား ဆိုတာ လင်သား ဘုန်းရိပ် ကို သာ မှီပြီး အသက် မွေး ရပေတယ်လို့ ” စဉ်းစားပြီး သီလဝ အိမ်ပြန် လာတဲ့ အခါ ရွှေဖလား နဲ့ ဆီး ပြီး ခြေ ကို ရေဆေး ပေး သတဲ့ ။ အဲဒီအခါ သီလဝ က “ ငါ့ မယား က ယနေ့ အကြောင်း ထူးလှပေတယ် ” လို့ စဉ်းစားပြီး ပြုံးလေ သတဲ့ ။ 


တစ်ခါမှာ လည်း သီလဝ ဟာ မြို့ထိပ် မှာ နေစာ လှုံ နေတဲ့အခိုက် ရဟန်းလူထွက် တစ်ယောက် ဟာ ခေါင်းပေါင်းကြီး နဲ့ ကျုံးထဲ မှာ ရေငုပ်ပြီး ရေချိုးနေတာ မြင် လို့ သီလဝ ရယ်မိသတဲ့ ။ 


တစ်ကြိမ် မှာ လည်း ရမည်းသင်းမြို့ ဝန်းကျင် သို့ ရှမ်းစစ်သည် အများ ရောက် လာတာ ကို သီလဝ ဟာ ကြက်ပွဲ က မထ ၊ ဂရု မစိုက်ဘဲ နေ သတဲ့ ။ အဲဒီ အခါ ဇနီးသည် စောပုလဲ ဟာ စိတ် အရမ်း ပူ ပြီး အလွန်စိုးရိမ်စွာ နဲ့ ရင်ဘတ်စည်တီး ရင်ဝတ် အကျွတ်ကျွတ် ၊ ဦးဆံဖားလျား နဲ့ ရောက်လာ ပြောလေ တယ် ။ “ ရန်သူ အပြည့် မြို့ပြင် မှာ ရှိတာ ကို အလေးမမူ ဘဲ ကြက်ပွဲ မှာ သာ နေလေ သလား ” ဆိုပြီး ပြေးလာတာ ကို သီလဝ မြင်တဲ့ အခါ “ ငါ့ မယား ဗျာပါကြီးလှ‌လေ တယ် ” ဆိုကာ ပြုံးရယ်သတဲ့ ။ ပြီးမှ သူ့ အင်အား အလုံး အရင်း နဲ့ ရှမ်းတပ် ကို ထွက် တိုက်တာ အောင်လေသတဲ့ ။ အာဂ သီလဝ လို့ ဆိုလောက်ပါရဲ့ ။ 



❝ ဝန်ဇင်းမင်းရာဇာ ❞


ကလေးတို့ ရေ ...


အင်းဝ နေပြည်တော် ကနေ တောင်ဘက် ( ၇၂ ) မိုင် အကွာ မှာ မိတ္ထီလာကန် ဆိုတာ ရှိတယ် ကွယ့် ။ “ မိတ္ထီလာ ကန်တော်အောက် က ဖားကောက်ခဲ့ပါ ” လို့ မိဘတွေ က ရင်သွေး သားသမီးငယ်လေး တွေ ကို တေးဆို ချော့သိပ် တတ် ကြတယ် ။ 


အဲဒီ မိတ္ထီလာ ရေကန်ကြီး ရဲ့ အောက် အရပ် မှာ ဝန်ဇင်းရွာ ဆိုတာ ရှိ သတဲ့ ။ အဲဒီ ဝန်ဇင်းရွာ မှာ လယ်သမားလေး မောင်ညို ဆိုတာ ရှိတယ် ။ သူ ဟာ လယ်အလုပ် အားချိန် မှာ ပေ ၊ ပုရပိုက် တွေ ကို ဖတ်မှတ် နေလေ့ ရှိ သတဲ့ ။ ဒါ့ကြောင့် သူ့ ကို “ စာတိုငညို ” လို့ လည်း ခေါ်ကြတယ် ။ မောင်ညို ရဲ့ ဖခင်ဟာ ( ၁၅ ) ဝါ ရ ရဟန်း လူထွက် ဦးအုန်း လို့ ဆိုတယ် ။ ပိဋကတ် ၊ ဗေဒင် ၊ ဓာတ်ဗိန္ဒော ဆေးပညာ တတ်တယ် ။ ရွာစဉ် လှည့်လည် ဆေး ကုရင်း ဝန်ဇင်း ရွာသူ မချုံ နဲ့ အကြောင်း ပါကာ မောင်ညို ကို ဖွားမြင်ခဲ့တယ် ။ 


မောင်ညို ဟာ ရွာကျောင်း မှာ နေကာ ပညာ သင်ကြားပြီး ဆရာတော် ၊ ဦးပဉ္စင်းတွေ ကို ခြေဆုပ်လက်နယ် ပြု ရင်းလည်း သိ လိုတာ မေးလျှောက်လေ့ ရှိ သတဲ့ ။ ဆိုကြပါစို့ ကွယ် ။ မောင်ညို အရွယ် ရောက်တော့ ဝန်ဇင်းရွာ သူကြီး သမီး နဲ့ ချစ်ကြိုက် ကာ အကြောင်း ပါ လေ သတဲ့ ။ 


သက္ကရာဇ် ( ၇၃၀ ) ခုနှစ် မှာ မိတ္ထီလာကန် ပေါက် တာ ကြောင့် မင်းကြီးစွာစော်ကဲ ဟာ ဆင်မြင်း အလုံးအရင်း နဲ့ ချီ လာပြီး ကန် ကို ဆည်တော် မူ သတဲ့ ။ မြေ ကို တူးရာ မှာ ယိုးဒယား လင်းဇင်းမင်း တို့ ရဲ့ သားသမီးတို့ အရုပ် ကို ရွှေ နဲ့ သွန်းလုပ်ထား တာ ကမ္ဗည်းစာ နဲ့ တွေ့သတဲ့ ။ အဲဒီ အကျိုးအကြောင်း ကို မင်းကြီးစွာ က ဝန်ဇင်းသူကြီး ကို ခေါ် မေးတော့ “ ကျွန်တော် မျိုးတို့ မသိပါ ။ သမက်တော် မောင်ညို က တော့ ယာ ထွန် ချွတ် တာ နဲ့ ခါး မှာ ပုရပိက် နဲ့ ပညာရှိ ရာ ဆည်းကပ်လေ့ ရှိသူ မို့ အကြားအမြင် နဲ့ ပြည့်စုံ ပါ တယ် ဘုရား ” လို့ တင်လျှောက်တဲ့ အခါ မောင်ညို ကို ခေါ် စေတယ် ။ ( မဏိ ရတနာပုံကျမ်း မှာ တော့ ကန်ပေါင် ပေါ် က နတ်ကွန်းစင် က နတ်ရုပ် အကြောင်း မေး ရင်း နတ်ရုပ် မဟုတ်ကြောင်း မောင်ညိုတင်လျှောက်ချက် အရ မြေကြီး တူးဖော် ရာ မှာ ရွှေရုပ် ငွေရုပ် တွေ့တယ် လို့ ဆိုပါတယ်ကွယ် ။ ) 


ဝန်ဇင်းရွာသား မောင်ညို ရောက်လာတဲ့ အခါ ကျွန်တော်မျိုး ကြား ဖူး ပါသည် ။ အရှင့် ဘေးလောင်းတော် အလောင်းစည်သူမင်းကြီး တိုင်းခွင် လှည့်လည် တဲ့ အခါ ထို ထိုသော မင်းတို့ ကို သစ္စာ ပေးပြီး သားသမီးတို့ ကို ယူဆောင်ကာ ခြေရင်းတော် မှာ ခစား ရပါတယ် ။ တစ်ခါ မှာ တော့ အလောင်း စည်သူမင်းကြီး မိတ္ထီလာကန် ကို ဆည်တော် မူ ခိုက် နောက်တော် ပါ မင်းသား ၊ မင်းသမီး တို့ ကြမ္မာ ကုန် ကြပါတယ် ဘုရား ။ ဒါကြောင့် လာလတ္တံ့သော မင်းတို့ တွေ့ မြင် လေသော် သိစေသတည်း ဟူ၍ ကမ္ပည်း နှင့် တကွ မြှုပ်နှံ ထား ကြောင်းပါ ” လို့ နားတော် လျှောက်လေ သတဲ့ ။ ချက်ကျ လက်ကျ ရဲဝံ့ ချေငံစွာ လျှောက်တင်တာ မို့ မင်းကြီး အားရတော် မူတယ် ။ “ ငါ နန်းတော် ရောက်ရင် ခေါ်လာ စိမ့်မယ် ” မိန့်တော်မူ ခဲ့ သတဲ့ ။ အဲဒါကြောင့် မင်းမိန့် နဲ့ ဝန်ဇင်းရွာသား မောင်ညို ဟာ အင်းဝ သို့ ရောက် ခဲ့တယ် ။ နန်းတော် မဝင် ခင် မှာ အင်းဝ ၊ တောင်မြင့် ဘုန်းကြီးကျောင်း မှာ တည်း တယ် ။ ကျောင်းနေ သူမြတ်တို့ အဲဒီ ည မှာ အိပ်မက် မြင်မက် သတဲ့ ။ “ ဝန်ဇင်းသား မောင်ညို ထွေး တဲ့ တံတွေး ကို ကျောင်းဦး မှာ ကိုးကွယ်တဲ့ ဘုရားရုပ်တုတော် ခံတွင်း ဖြင့် ခံ သတဲ့ ” အဲဒီ အိပ်မက် ကို ပြောပြတော့ မောင်ညို က “ ကျွန်ုပ် လျှောက်လဲ သမျှ ကို

မင်းကြီး ယူတော်မူ လိမ့်မည် ” လို့ အဓိပ္ပာယ် ကောက်လေ သတဲ့ ။ နောက် နေ့ ဘုရင့် အမှာ အတိုင်း မောင်ညို ဟာ မင်းကြီး ရှေ့မှောက် ခစား ရောက်တော့ ကောင်းစွာ လက်ခံတော် မူတယ် ။ အပါးတော် မှာ မြဲ ရ သတဲ့ ။ 


အဲဒီ အခါက စပြီး ဝန်ဇင်းရွာသား မောင်ညို ဟာ မင်းကြီး ချီးမြှောက် တော် မူလို့ “ ဝန်ဇင်းမင်းရာဇာ” လို့ အမည် တွင် လေ သတဲ့ ။ 



❝ ဝန်ဇင်းမင်းရာဇာ စည်းတပြစ်ဘွဲ့ ရခြင်း ❞


ကလေးတို့ ရေ ...


မင်းကြီးစွာစော်ကဲ က ရာဇသင်္ကြန် ငမောက် ကို “ မင့် ညီ ငနု ကို ဖမ်း စေ ” ဆိုပြီး လွှတ် လိုက်တာ မှတ်မိ ရဲ့ မဟုတ်လား ။ ဖမ်း ခေါ် လာပြီး လမ်း မှာ လွှတ် လိုက်တယ်လေ ။ အဲဒီ လွတ်ပြေး တဲ့ ငနု ဟာ “ လားဟူ ” ဆိုတဲ့ အရပ် ရောက်ပြီး ရဲမက်ဗိုလ်ပါ စုရုံးတယ် ။ နိုင်ငံတော် ရဲ့ ကျေးစွန်ရွာနား တို့ ကို ဖျက်ဆီး လေတယ် ။ 


အဲဒီအကြောင်း မင်းကြီး ကြားတဲ့ အခါ “ ရာဇသင်္ကြန် င‌မောက် သည် ညီငယ် ငနု ကို လွှတ်ရာ သလော ” ဆိုပြီး အမျက် ထွက် သတဲ့ ။ ငမောက် ကို သူ ချီးမြှင့် ထားတဲ့ နှမတော် စောဥမ္မာ နဲ့ စားကျေးစားလက် ကို ပြန်သိမ်းတော် မူမယ် လို့ ဝန်ဇင်းမင်းရာဇာ ကို တိုင်ပင် တော် မူတယ် ။ 


ဒီအခါ မင်းရာဇာ က “ တိုင်ပင်ခြင်း သုံးပါး ရှိပါတယ် ဘုရား ။ ( ၁ ) ကျွန် တို့ ၏ တိုင်ပင်ခြင်းမျိုး တိုင်ပင်ခြင်း ( ၂ ) မင်း တို့ ရဲ့ တိုင်ပင်ခြင်းမျိုး တိုင်ပင်ခြင်း ( ၃ ) ပညာရှိ ရဲ့ တိုင်ပင်ခြင်းမျိုး တိုင်ပင်ခြင်း ဟူ၍ ရှိပါတယ် ဘုရား ” လို့ နားတော် လျှောက်တယ် ။ ဒီအခါ မင်းကြီး က “ အဘယ်သို့နည်း ” လို့ မင်းကြီး မေးတယ် ။ ဝန်ဇင်းမင်းရာဇာ က “ မှန်လှပါ ၊ ကျွန် တို့ ရဲ့ တိုင် ပင်ခြင်းမျိုး ကား အရှင့် အကြိုက် ကို လိုက်ပြီး တင် ရမယ် အမှတ် ထားကာ တိုင်ပင်ခြင်း ဖြစ် ပါတယ် ။ မင်းတို့ ရဲ့ တိုင်ပင်ခြင်း မျိုး ကတော့ မင်းတို့ အလို ကျ လျှောက်တင်မိသော် သင့်မြတ်ပြီး မင်းတို့ နှလုံးတော် နှင့် ဆန့်ကျင်တင် လျှောက်လျှင် မင်းဒဏ် သင့်ပါတယ် ဘုရား ။ ပညာရှိ တို့ ရဲ့ တိုင်ပင်ခြင်းမျိုး က တော့ သင့်လျှင် ယူတော် မူပြီး မသင့်သည်ထင် လျှင် တိတ်ဆိတ်ခြင်း သာ နေတော် မူပြီး တင်လျှောက်သူ မှာ အပြစ် မရှိရပါ ” လို့ ခွဲခြမ်းစိတ်ဖြာ တင်လျှောက် လေတယ် ။ 


မင်းကြီးစွာ က “ ပညာရှိတို့ ရဲ့ တိုင်ပင်ခြင်း မျိုး သာ တိုင်ပင်လိုတယ် ” လို့ မိန့်လေ သတဲ့ ။ အဲဒီအခါ ဝန်ဇင်းမင်းရာဇာ က မင်းတို့ မည်သည် ဆင်စွယ် ကဲ့သို့ လည်းကောင်း တက်သစ်စ နေမင်း ကဲ့ သို့ ကျင့်တော်မူ ထိုက်ကြောင်းများ တရားသဘော တင်လျှောက်ပြီး သာဓက ထုံး ပုံ ၊ ထုတ်ပြသတဲ့ ။ 


“ အရှင်မင်းကြီး တောင်တွင်းပွင့်လှဦးသီဟပတေ့ ဟာ ငွေ ချက်တတ် တဲ့ ကုလား ကို သမီး ပေးပြီး ငွေချက် အတတ် ကို သင် ပါတယ် ။ ငွေချက် အတတ် ကို အကြွင်းမဲ့ တတ်တဲ့ အခါ အမတ် တို့ က လျှောက် သတဲ့ ။ ငွေ အတတ် ကို ရပြီးပြီ ဖြစ်လို့ သမီးတော် ကို ပြန်သိမ်း သင့်ကြောင်း လျှောက်ရာ မှာ သီဟပတေ့ က “ အမတ်တို့ သည် စကား မဆိုသင့် ။ မသင့်တော်တဲ့ အမှု ပြုပြီး ဥစ္စာ များစွာ ရသော် ငြား တော်တဲ့ မှန်ကန်စွာ ဖြင့် တစ်ကျပ် မျှ ရစေ ပို တန်ဖိုး ရှိတယ် ။ မတော်မမှန် ကိုယ် က ပြုကျင့် က လူခပ်သိမ်း တို့ အစဉ် ပြောစရာ ဖြစ် ပေမယ် ” လို့ မိန့်ပြီး သမီး ကို ပြန်မသိမ်း ဘဲ ကုလား ကို အဆောင် အယောင် နှင့် သူကောင်း ပြုဖူးပါသည် ” လို့ မင်းရာဇာ က တင်လျှောက် တယ် ။ 


အဲဒီအခါ မင်းကြီးစွာ က “ ဝန်ဇင်းမင်းရာဇာ တင်လျှောက်ချက် ဟာ ငါ့ ကိုယ်တော် ရေး သာ မက သားတော် အစဉ် ၊ မြေးတော် အဆက် ၊ မြစ်တော်  အညွန့် တိုင်အောင် အကျိုးများမယ့် အကြောင်း ဖြစ်ပေတယ် ” လို့ မိန့်တော် မူ ပြီး ယခင် စည်းတပြစ် အမတ် နေရာ လပ်ဟာ နေတာ ကြောင့် ဝန်ဇင်းမင်းရာဇာ ကို စည်းတစ်ပြစ် ဘွဲ့မည် နှင့် အဆောင်အယောင် များ ပေးတော် မူ သတဲ့ ။ ဒါ့ပြင် ဆင်ပေါက် တစ်စီး ၊ ရွှေဖလား တစ်ဆယ်ကျပ်သား ၊ ဆုလာဘ် ပေးတော် မူ တယ် ။ ရာဇသင်္ကြန် ငမောက် ကို နှမတော် စောဥမ္မာ နဲ့ စုံဖက် ပြန်ပြီး တောင်ပြုံးကြီး နဲ့ ဝါးရင်းတုတ် အရပ် ကို စားမြဲ စားစေ သတဲ့ ။ 



❝ ကလေး နှင့် မိုးညှင်း အရေး မင်းရာဇာ လျှောက်တင်ခြင်း ❞


ကလေးတို့ ရေ .. 


သက္ကရာဇ် ( ၇၃၂ ) ခုနှစ် မှာ ဟံသာဝတီ ဆင်ဖြူရှင် ဗညားဦးမင်း က မင်းကြီးစွာစော်ကဲ ဆီ လက်ဆောင်ပဏ္ဏာ နှင့်တကွ နှစ်နိုင်ငံ မီး မသေ ၊ ရေ မနောက် ချစ်ကြည်စွာ ဆက်ဆံ လိုကြောင်း ရွှေပေလွှာ နှင့် သံတမန်စေ လိုက် သတဲ့ ။ ထို့အတူပဲ မင်းကြီးစွာ က တုံ့ပြန်ကြလို့ မင်းနှစ်ပါး ချစ်ကြည် စွာ တွေ့ဆုံကာ မဟာမိတ် ဖွဲ့ ကြတယ် ။ 


အဲဒီ နှစ် မှာ ပဲ ကလေး နဲ့ မိုးညှင်း တိုက်ပွဲ ဖြစ် ကြတယ် ။ ကလေးစား သိုချည်ဘွား ကလည်း သူ့ ကို စစ်ကူ ဖို့ ရလျှင် မိုးညှင်း ကို လက်ဆောင် ပေးပါ မည် လို့ မင်းကြီးစွာ ထံ သံတမန် စေလွှတ်တယ် ။ မိုးညှင်းစား ခုံမှိုင်း ကလည်း သူ့ ကို စစ်ကူ ပေးပါ ။ ကလေး ကို ရလျှင် ဆက်ပါမည် လို့ မင်းကြီးစွာ ထံ သံတမန် စေ ပြန်တယ် ။ 


“ ကလေး နဲ့ မိုးညှင်း အရေး ဘယ်သူ့ ကို စစ်ကူ ရမလဲ ” လို့ မင်းကြီးစွာ က စည်းတပြစ် အမတ်ကြီး မင်းရာဇာ ကို တိုင်ပင်တော် မူတယ် ။ ထိုအခါ မင်းရာဇာ တင်လျှောက် တာ က “ အရှင်မင်းကြီး ၊ အရေးကိစ္စ တို့ တွင် အလျင်အမြန် ဆောင်ရွက်ရမည့် အရေး ၊ အဖြေးအနှေး မှ ဆောင်ရွက်ရမည့် အရေး လည်း ရှိပါသည် ။ ကလေး နှင့် မိုးညှင်း အရေးကား မြော်မြော်မြင်မြင် ပြုမှ သင့်ပါမည် ။ သင်းတို့ နှစ် ပြည်ထောင် အားတူအင်မျှ ဖြစ် ပါသည် ။ ပုံ သာဓက တစ်ခု ကို လျှောက်ပါအံ့ ။ 


လယ်သမား တစ်ဦး ဟာ တောစပ် မှာ လယ်ထွန် နေပါ သတဲ့ ။ အဲဒီအခါ တောကြက် နှစ်ကောင် ခွပ် နေတာ ကို မြင်ပါတယ် ။ သူ စဉ်းစား သတဲ့ ။ ယခု နေ သွား ဖမ်း လျှင် ကြက် နှစ်ကောင် မနွမ်းကြသေး ။ ဒါ့ကြောင့် ခွပ်ပေစေဦး ၊ ငါ့ ယာ လည်း မညက်သေး ။ ဆက် ထွန် ဦးမည် ။ ယာနံ လည်း ညက် ၊ တောကြက် တွေ လည်း ပင်ပန်းညှိုးနွမ်း မှ ဖမ်း ရင် အလွယ် နဲ့ ရ နိုင်တယ် လို့ စဉ်းစားပြီး ယာညက် မှ ကြက်တွေ ကို အလွယ်တကူ ခြေ ကို ဆုပ်ဖမ်း ယူလေ သတဲ့ ။ အရှင်မင်းကြီး ၊ ကလေး နဲ့ မိုးညှင်း အားတူအင်မျှ တိုက် နေကြပါစေ ။ နှစ်ပြည်ထောင် လုံး ညှိုးနွမ်း စစ်ပန်း ကြ မှ ချီတော်မူ သော် နှစ်ပြည်ထောင်လုံး ရ ပါအံ့ ” လို့ တင်လျှောက်တယ် ။ 


မင်းကြီးစွာ လည်း စည်းတပြစ် အမတ်ကြီး လျှောက်တဲ့ အတိုင်း နောက်မှ ချီတော်မူ လေတယ် ။ နှစ်ပြည်ထောင်လုံး ပင် သိမ်းပိုက် နိုင်ခဲ့လေ သတဲ့ ။ နှစ်ပြည်ထောင်လုံး ရတဲ့ အခါ မိုးညှင်းစား ခုံမှိုင်း ကို တကောင်း အား စားစေပြီး မိုးညှင်းမြို့စား အား ကျိန်းခန်းကြီး ကို ပေးတော် မူတယ် ။ စည်းတပြစ် အမတ်ကြီး ကို လည်း မြင်တတ်လှပေတယ် လို့ ချီးမွမ်းပြီး မိုးညှင်း တွင် တစ်ကျေး ( ကျေးရွာတစ်ရွာ ) ကလေး တွင် တစ်ကျေး ဆု ပေးတော် မူတယ် ။ 



❝ တိုင်းရေးပြည်ရေးနှင့် စည်းတပြစ် ပညာရှိ၏ အကြံဉာဏ် ❞


ကလေးတို့ ရေ .. 


တိုင်းပြည် အုပ်ချုပ် မင်း လုပ်တဲ့ ဘုရင်တွေ ဟာ တိုင်းပြည်ရေးရာ နဲ့ ပတ်သက်တဲ့ အရေးအရာ ပြဿနာ အရပ်ရပ် ကို အမတ်ပညာရှိ တို့ နဲ့ တိုင်ပင် ပြီး မှ လုပ်ဆောင်တတ် ကြတယ် ။ ပညာရှိ ဆိုတာ ရှေ့နောက် ချင့်ချိန်နှိုင်းဆ လို့ အကျိုး ရှိဖွယ် ကို သာ တင်လျှောက် ကြတယ် ။ အဲ ... ဘုရင် က ငါ ဘုရင် ထင်ရာ လုပ်မယ် ဆိုပြီး ပညာရှိ စကား မနာယူ ရင် ဘေး တွေ့ရ ၊ အကျိုး နည်း ရတဲ့ အဖြစ်အပျက်တွေ လည်း သမိုင်းရာဇဝင်တွေ မှာ တွေ့ရ တတ်တယ် ။ 


သက္ကရာဇ် ( ၇၇၃ ) ခုနှစ် မှာ မိုးညှင်း သောင်းကျန်း ထကြွ ပြန်တယ် ။ ထို အရေး မင်းကြီးစွာ  ကြားတဲ့ အခါ “ ငါ ကား တောသစ်သီး ကို တောအုပ်ခဲ နဲ့ ပစ် သကဲ့သို့ ရှမ်း ကိုပင် ကျေးစား ထည့်မိ လေတယ် ” လို့ မိန့်တော် မူပြီး စည်းတစ်ပြစ် အမတ်ကြီး မင်းရာဇာ ကို “ နိုင်ငံတော် အပိုင်းအခြား နဲ့ မိုး ညှင်းမြေ အပိုင်းအခြား မှာ အချက်အချာ ဆိုပြီး မှတ်တိုင် စိုက်ချေ ” လို့ စေတော် မူ လိုက်တယ် ။ 


စည်းတပြစ် အမတ်ကြီး လည်း ဘုရင့် အမိန့် အတိုင်း မှတ်တိုင် စိုက် မယ် လို့ ဆိုပြီး သွားလေ  သတဲ့ ။ ပထူးကြီး အရပ် ရောက်တဲ့ အခါ အစောင့် အကြပ် တင်းကျပ်စွာ အထပ်ထပ် ချထားတာ တွေ့ ရတယ် ။ ဒါနဲ့ ပြန်ခဲ့တယ် ။ မင်းကြီးစွာ လည်း ဘာ့ကြောင့် ပြန်လာသလဲ လို့ မေးတဲ့ အခါ စည်းတပြစ် တင်ပုံ က “ အရှင်မင်းကြီး မှတ်တိုင် စိုက်ချေ စေတော်မူရာ မှာ ကျွန်တော်မျိုး စိုက် လိုက်ရင် မင်းကြီး ရဲ့ သားတော် အစဉ် မြေးတော် အဆက် မြစ်တော် အညွန့် တို့ နောင်အခါ ဘုန်းကြီး လာ ရင် အရှင်မင်းကြီး ကို လည်းကောင်း ၊ ကျွန်တော်မျိုး အမတ်ပညာရှိ ကို လည်းကောင်း ပြော စရာ အပြစ် တင် စရာ ဖြစ်မယ် လို့ ကျွန်တော်မျိုး စဉ်းစား မိတာ ကြောင့် မှတ်တိုင် မစိုက်ခဲ့ပါ ” လို့ တင်လျှောက် တယ် ။ 


မင်းကြီးစွာ ဟာ “ စည်းတပြစ်အမတ် တင်လျှောက်တာ သင့်ပေ တယ် ” လို့ မိန့်ပြီး လက်ကောက် တစ်ရံ ၊ စလွယ်  ငါးသွယ် ၊ တိမ်တိုက်ကွန့်မြူး လို့ အမည် ရှိတဲ့ မြင်းကောင်း တစ်စီး ဆု ပေးတော် မူတယ် ။ 


သက္ကရာဇ် ( ၇၃၅ ) ခုနှစ် မှာလည်း ဓညဝတီ ရခိုင်ဒေသ ကို အစိုးရ တဲ့ မင်းဘီလူး အနိစ္စ ရောက်တာ နဲ့ မှူးမတ်တို့ စုရုံး တိုင်ပင်ကြ သတဲ့ ။ “ ယခု ငါတို့ တွင် အုပ်ချုပ်မည့် သူ မရှိ ၊ အင်းဝ ကို အစိုးရတဲ့ မင်းကြီးစွာ ဟာ ဆွေမျိုး ၊ အခြံအရံ ပြည့်စုံတယ် ၊ လုပ်ရည်ကြံရည် လည်း ရှိတယ် ။ ဒါ့ကြောင့် မင်းကြီးစွာ ထံ မှာ မင်းလောင်း တောင်း ရရင် သင့်မယ် ” လို့ တိုင်ပင်ကြပြီး လက်ဆောင်လက်နက်အများ နဲ့ မင်းလောင်း တောင်းကြ သတဲ့ ။


မင်းကြီးစွာ လည်း ရခိုင် က မင်းလောင်း တောင်း လာတဲ့ အရေး နဲ့ ပတ်သက်ပြီး ပညာရှိမှူးမတ်တို့ နဲ့ တိုင်ပင် တော် မူတယ် ။ ဒီအခါ စည်းတပြစ် အမတ်ကြီး က “ အရှင်မင်းကြီး ၊ ဓညဝတီရခိုင် ဆိုတာ ဘုန်းတန်ခိုး ကြီး တဲ့ မင်းတို့ ရဲ့ ရာဇဌာနီ ဖြစ်ပါတယ် ။ နှလုံးရည် ၊ လက်ရုံးရည် နဲ့ ပြည့်စုံတဲ့ ဆွေတော်မျိုးတော် မှူးကြီးမတ်ခိုင် တို့ ကို ထည့်မှ သင့် ပါမယ် ။


ကျေးဇူးပညာ မရှိ တဲ့ ဆွေတော်မျိုးတော် တို့ ကို ထည့်မိ ပါရင် မဖုတ် တဲ့ အိုး နဲ့ ဆီ ကို ထည့်တဲ့ ယောကျာ်း လို အိုး လည်း ဆုံး ၊ ဆီ လည်း ဆုံး ဆိုတာလို အရေးတော် လစ်ဟင်း နိုင်ပါတယ် ။ 


ကျေးဇူးသိ ပညာ အမြော်အမြင် ရှိသူ ဆွေတော်မျိုးတော် တို့ ကို ထည့် လျှင် “ စာဥ ကို ဒေါင်းအုပ် သကဲ့သို့ ဖြစ်ပါတယ် ဘုရား ။ တစ်ကြောင်းလည်း “ အခိုင် လှ မှ အဖြီး လှ သည် ။ အဖြီး လှ မှ တင့်တယ်သည် ” ဆို သကဲ့သို့ ပြည်ကြီးရှင် မင်းကြီး လည်း တိုင်းကြီး ခရိုင်ကြီး ရှိမှ တင့်တယ်သည် ။ တစ် ကြောင်း လည်း “ ဆင် ချည်သော လွန်ကြိုး သည် ဆင် ကို ချည် မှ မြဲ ရာသည် ။ ကြက် ကို ချည်သော် ကျွတ် ရာသည် ။ ကြက် ကို ချည် သော ကြိုးသည် ကြက် ခြေ တွင် မှ မြဲပါမည် ။ ဆင် ကို ချည်သော် ပြတ် ရာ၏ ” ဟူ၍ လူတို့ ဥပမာ ဆို ကြ ပါတယ် မင်းကြီး ။ 


“ ဓညဝတီရခိုင်ပြည်ကြီး ဟာ ဝေးတဲ့ အရပ် ဖြစ်ပါတယ် ။ မင်းလျာ ခန့်ရေး မကြန့်ကြာ သင့်ပါ ။ အမြန် ခန့် မှ သင့် ပါမယ် အရှင် ” စည်းတစ်ပြစ် လျှောက်တင်ချက် အရ ဦးရီးတော် စောမွန်ကြီး ကို ရခိုင် သို့ ပေးတော်မူလေ တယ် ။ မသွားခင် လည်း မှာတော် မူတယ် ။ 


“ ပြည်သူ ရဟန်းရှင်လူ ကို ချစ် လျှင် ငါ့ ကို ချစ်တယ် မည်တယ် ။ ပြည်သူ ရဟန်းရှင်လူတို့ အကျိုးစီးပွား ကို ဆောင် လျှင် ငါ့ စီးပွား ကို ဆောင် တယ် မည်ပေတယ် ” မိန့်ပြီး အဆောင်အယောင် အခမ်းအနား ပေး သတဲ့ ။ 


“ အသီးအပွင့် မြင်ကာ မျှ ဖြစ်သော နုပျိုသော သစ်ပင် ကို သိမ်းမြန်း သုတ်သင် သကဲ့သို့ ပြုစုတော် မူ ရမည် ” လို့ စည်းတစ်ပြစ် လည်း နားတော် လျှောက် သတဲ့ ။ စောမွန်ကြီး ရခိုင် ကို ရောက်တဲ့ အခါ “ ကြက်မတောင်ရှည် အုပ် သကဲ့သို့ ” ထိန်းထိန်းသိမ်းသိမ်း အုပ်ချုပ်တော် မူ လို့ တောင်စဉ် ( ၇ ) ခရိုင် အစ ရှိတဲ့ ပြည်ရွာမြို့ပြ တို့ အလွန် စည်ပင် ဝပြောလေ သတဲ့ ။ 



❝ ကျည်းဦးဗောင်း နှင့် ပတ်သက်၍ စည်းတပြစ် လျှောက်ချက် ❞


ကလေးတို့ ရေ .. 


စည်းတစ်ပြစ် အမတ်ကြီး ဝန်ဇင်းမင်းရာဇာ ဟာ မြော်မြင်ဉာဏ် နဲ့ ပြည့်စုံတဲ့ ပညာရှိကြီး ဖြစ် သလို သူ့ ရဲ့ တင်လျှောက်ချက် ၊ ပြောဆိုချက် တွေ ဟာလည်း အလွန် မှတ်သားဖို့ ကောင်းလှတယ် ။ 


မင်းကြီးစွာ ရခိုင် က မင်းလျာ တောင်း လို့ ဦးရီးတော် စောမွန်ကြီး ကို ပေး လိုက်တာ မှတ်မိရဲ့ မဟုတ်လား ။ တစ်ခါမှာတော့ ရခိုင် မှာ မင်းစဉ် မင်းဆက် သုံး တဲ့ အဖိုးများစွာ ထိုက်တဲ့ ကျည်းဦး‌ဗောင်း နဲ့ မြဆံချပ် ကို တိုက်ဟောင်း တစ်ခု ထဲ မှာ တွေ့လို့ သက္ကလပ်ပေါင်း ငါးအုပ် နဲ့ အတူ ရခိုင်မင်း က ပို့ဆက် လိုက်တယ် ။ 


မင်းကြီးစွာ လည်း ကျည်းဦးဗောင်း ကို မြင်တာနဲ့ အားရဝမ်းသာ ပေါင်းမယ် လို့ ပြင်ပြီး မှ သင့် မသင့် စည်းတဖြစ် ပညာရှိ ကို မေးလေ သတဲ့ ။ စည်းတပြစ် အမတ်ကြီး က နားတော် လျှောက် လေတယ် ။ 


“ ဘုန်းတော် ကြီးလှတဲ့ ဘဝရှင်မင်းကြီး ၊ ရေမြေ့ရှင်မင်း တို့ မည်သည် ဦးတော်ဆံတော် တင်မယ့် ဝတ်စားတန်ဆာ တို့ ကို မစူးစမ်း မဆင်ခြင်ဘဲ အလျင်စောစော တင်တော် မမူသင့်ပါ ။ ဘုန်းကျက်သရေ အာနုဘော် သာ မင်း တို့ ရဲ့ အကြောင်းရင်း ဖြစ်ပါတယ် ။ ဇမ္ဗူဒိပ် မြေပြင် အားလုံး ကို အစိုးရ တဲ့ “ သီရိဓမ္မာသောက ” မင်းကြီး ဟာ တစ်နေ့ ကို အဝတ် သုံးကြိမ် လဲလှယ် တော် မူပါတယ် ဘုရား ။ 


မင်း တို့ သတိပြုအပ်ရာ မှာ -


( ၁ ) ကြိုးတန်း အောက် မဝင်ရာ ။ 


( ၂ ) ခြေတော် လက်တော် မဆေးဘဲ စက်တော် မခေါ်ရာ ။


( ၃ ) မစုံစမ်း မမေးမမြန်းဘဲ စားသောက်ဖွယ်ရာ တို့ ကို မစားရာ ။ 


ရှေး ဖြစ်ဖူးတဲ့အကြောင်းများ ကို နားတော် လျှောက်တင် ပါရစေ ။ 


( ၁ ) ဘေးတော် ဒွတ္တဘောင်မင်း ဟာ ပန်ထွာမိဖုရား က ဆက် တဲ့ မျက်နှာသုတ်ပဝါ ကို မစုံစမ်း မဆင်ခြင် သုတ် မိတာကြောင့် နဖူး ထက် က မှဲ့ရှင်တော် ကွယ်ပြီး ဘုန်းအသရေ ညံ့ ခဲ့ရပါ ကြောင်းပါ ။ 


( ၂ ) ပုဂံ ဘေးလောင်းတော် နော်ရထာစော လက်ထက် မှာ သထုံမင်း မနူဟာ စကား ပြောတဲ့ အခါ ခံတွင်း က စက်ပြောင်ပြောင် ထွက်တာ ကို အနော်ရထာမင်းစော ရွံ့လန့် တာ နဲ့ ဘုရား မှာ တင် တဲ့ သင်ပုတ်ဆွမ်း ကို မနောလင်ပန်း မှာ ပြင်ပြီး မပြတ် ပို့စေ ပါ တယ် ။ မနူဟာမင်း ထောက်မချင့် သုံးဆောင် မိတာကြောင့် စက်ကွယ်ဖူးပါတယ် ဘုရား ။ 


ဒါ့ကြောင့် ထောက်ရှုဆင်ခြင် ရွေးချယ် စိစစ် ပြီး မှ သုံးဆောင်တော် မူ အပ်ပါတယ် အရှင် လို့ နားတော် လျှောက်သတဲ့ ။ 


မင်းကြီးစွာ လည်း စည်းတပြစ် အမတ်ကြီး လျှောက်တင်ချက် ဆကို အားရတာ နဲ့ ကျည်းဦးဗောင်း နဲ့ မြဆံချပ် ကို ပေးတော် မူတယ် ။ 


ဒီအခါမှာ စည်းတပြစ် အမတ်ကြီး စဉ်းစားတယ် ။ ကျဉ်းဦးဗောင်း နဲ့ မြဆံချပ် ကို လက်ခံ ယူရင် ဒါ လို လို့ လျှောက်တင်တယ် လို့ အများ မြင်လိမ့် မယ် ။ မင်း ပေးပါ လျက် မယူပြန် က မရိုသေရာ ကျ လိမ့်မယ် ” လို့ စဉ်းစား ပြီး ယူ လေတယ် ။ နောက် သုံးရက် ရှိတဲ့ အခါ ကျည်းဦးဗောင်း နဲ့ မြဆံချပ် ကို ဗိုလ်ရှုသဘင် ခံတဲ့ ပွဲ အလယ် မှာ မင်းကြီးစွာ ထံ ဆက်လေ သတဲ့ ။ 


ဆက်တဲ့ အခါ စည်းတပြစ် လျှောက်တာ က -


“ ရွှေဖဝါးတော် အောက် လျှောက်ထားအပ်ကြောင်းပါ ။ ကျွန်တော် မျိုး ဟာ အရှင့် ကျေးဇူး ကြောင့် ဤ ကျည်းဦးဗောင်း ကို မြင်ဖူးပါတယ် ဘုရား ။ ကျွန်တော် ပေါင်းသည် ထက် နောက် နောင် တိုင်းတစ်ပါး သို့ လက်ဆောင် တော် ပေးတော် မူ တာ က ပိုပြီး သင့်ပါတယ် အရှင် ။ ဒါ့ကြောင့် ကျွန်တော် အရှင့် အား ပြန် ဆက်ပါရစေ ”


မင်းကြီးစွာ လည်း စည်းတပြစ် သည် အကျိုး အပြစ် နှစ်ပါး ကို မြင် တတ်ပေတယ် လို့ စဉ်းစားပြီး ကျည်းဦးပေါင်း ကို အဖိုးအခ ဖြတ် စေကာ အဖိုးငွေ ကို ပေးလေ သတဲ့ ။ 


တစ်ခါမှာ တော့ မင်းကြီးစွာ ဟာ ရခိုင် ကို စေတော် မူ တဲ့ သံတမန် ကို “ ကျည်းဦးဗောင်း အကြောင်း မေး ခဲ့ ” လို့ မှာ လိုက်တယ် ။ ရခိုင်မင်း စောမွန် ကြီး လည်း “ ဤ ကျည်းဦးဗောင်း သည် ယခင် နန်းကျကြီး ၊ နန်းကျငယ် ဘုရင် တို့ ပေါင်းလေပြီး သော ကျဉ်းဦးဗောင်း တည်း ။ တိုက် ထဲ တွင် ရှိခဲ့တာ ကြာ နေပြီ ။ အလုပ်အဆောင် ကောင်းမွန် ၍ အဖိုး များစွာ ထိုက် သောကြောင့် အရှင့် အား ဆက်ရခြင်း ဖြစ်ကြောင်း ” သဝဏ် ဆက်ရှာ သတဲ့ ။ 


မင်းကြီးစွာ ဟာ ရခိုင်မင်း ဆီ က သဝဏ် ဖတ် ပြီး စည်းတပြစ် အမတ်ကြီး ကို ခေါ်တော် မူတယ် ။ “ ပညာရှိ တွေးသည် ကို ပညာမဲ့ ပြေးကြည့် သော် မတန် ” လို့ ချီးမွမ်းတော် မူ ပြီး မှ လက်ကောက် တစ်ရံ ဆု ချတော်မူ သတဲ့ ။ 



❝ ပညာရှိ စကား မနာယူမိ သဖြင့် အမှား တွေ့ရပုံ ❞


ကလေးတို့ ရေ .. 


မင်းကြီးစွာ နဲ့ စည်းတပြစ် အမတ် တို့ ဟာ ဘုရင် နဲ့ ပညာရှိ ဖြစ်ကြောင်း သိကြပြီ နော် ။ ပညာရှိ စကား ဘုရင် နာယူ လုပ်ဆောင်လို့ အကျိုး ရှိကြောင်း များလည်း သိခဲ့ရပြီ ။ ဒါပေမဲ့ ဘုရင် ဆိုတာ မင်းစိတ် မင်းမာန် ရှိတတ် တယ် ။ အဲဒီလို မာန် ဝင်တဲ့ အခါ ငါတကော ကော တတ်တယ် ။ ဒါ့ကြောင့် လည်း အမှား တွေ့ရ လေတယ် ။ 


သက္ကရာဇ် ( ၇၄၂ ) ခုနှစ် မှာ ရခိုင် ကို စားတဲ့ စောမွန်ကြီး အနိစ္စ ရောက် သတဲ့ ။ အဲဒီအခါ မှူးမတ်များ တိုင်ပင်ပြီး မင်းကြီးစွာ ထံ မင်းလျာ တောင်းကြပြန် သတဲ့ ။ ဒီတော့လည်း မင်းကြီးစွာ ဟာ သူ့ ဆွေတော်မျိုးတော် တွေ ထဲ က ဘယ်သူ နဲ့ သင့်လေမလဲ လို့ စည်းအပြစ် အမတ်ကြီး ကို တိုင်ပင် ပြန်တယ် ။ 


စည်းတပြစ် အမတ်ကြီး လည်း အကျိုးသင့် အကြောင်းသင့် နားတော် လျှောက် လေတယ် ။ 


“ မှန်လှပါ ဘုရား ၊ ယောက်ဖတော် သုံးပါးတွင် ( ၁ ) သီဟပတေ့ ကို ခန့်တော် မူ လျှင် ကြိုးရှည် နှင့် လှန်ကာ စားကျက် တွင် စားသော မြင်း ၊ နွား တို့ လို ပြည်ရွာ မှာ နေတဲ့ သူတွေ လည်း သစ်ပင်ရိပ် မှာ နေ သကဲ့သို့ ဖြစ်ပါ မယ် ။ မင်းကြီး ရဲ့ ကျေးဇူး သတင်း ပြန့်ပွားအောင် ကား မလုပ်နိုင်ပါ ။ 


( ၂ ) သင်္ခသူစောနှောင်း ကို ခန့်တော် မူလျှင် ဘဝရှင်မင်းတရား ရဲ့ ကျေးဇူး သတင်း ဟာ တစ်ခဏ တွင်း သိကြားမင်း ရဲ့ ဝရဇိန် ကဲ့သို့ အာနုဘော် ကြီးနိုင်ပါတယ် … အရှင်မင်းကြီး ။ အရှည် စီးပွားကို ရှုမျှော် လျှင်လည်း “ ကျွန်းထင်းဖော့ တွင် လှေ ချည်သကဲ့သို့ ” အရာ ရောက်ပါ လိမ့်မယ် ။ 


( ၃ ) ဥဇနာ ကို ထည့်တော် မူလျှင် “ ကြက်မတောင်ရှည် သားကို အုပ် သကဲ့သို့ ” ပြည်သူခပ်သိမ်း ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နိုင်ပါတယ် ဘုရား ။ အရှင့် ဘုန်းတန်ခိုး လည်း ပြန့်ပွားအောင် တတ်စွမ်းနိုင်ပါလိမ့်မယ် ။ အရှင် နဲ့ ဝေးနေ သော်လည်း နီး သလို ဖြစ်ပါလိမ့်မယ် ။ 


( ၄ ) တုရင်သိန်းစည်း ( ၅ ) ဇေယျဘတ္တရာ ( ၆ ) သတိုးသင်္ခသူ တို့ကား “ နှံစုတ်ငှက်ငယ် သည် မြား မှန်လျက် မြား နှင့်တကွ ပျံသည် ” ဆို သကဲ့သို့ ကျွန်တော်မျိုး မတွေးတောနိုင် ။ အရှင့် သဘော အတိုင်းသာ ဖြစ်ပါတယ် ဘုရား ” လို့ နားတော်လျှောက် လေ သတဲ့ ။ 


စည်းတပြစ် အမတ်ကြီး ရဲ့ တင်လျှောက်ချက် ဟာ နှိုင်းနှိုင်းချိန်ချိန် သုခမိန် စကား အမှန် ဖြစ်ပေတယ် ။ မင်းကြီးစွာ ဟာ ဒီ တစ်ခါ မှာတော့ သူ့ ဝတ္တရား ရှိလို့သာ တိုင်ပင်ရ ၊ မေးရပေမယ့် ပညာရှိ စကား ကို မနာယူဘူး ။ ဘာကြောင့်လည်း ဆိုတော့ မင်းကြီးစွာ မှာ ရခိုင်စား ခန့် ဖို့ သူ့ မှာ လျာထားပြီး သူ ရှိ သတဲ့ ။ အဲဒီ သူ ကတော့ မင်းကြီး ရဲ့ ကျွန်ယုံ တလုပ်မြို့စား စောမည်း ဖြစ် သတဲ့ ။ ဒါကြောင့် မင်းကြီးစွာ  အမိန့်တော် ရှိတာက “ ငါ့ ကျွန် စောမည်း ဟာ ငါ နဲ့ ဆိုးတူကောင်းဖက် ကျွန် ဖြစ်တယ် ။ ဆင် အတတ် မြင်း အတတ် လည်း သူ သင်ဖူးပေ ရဲ့ ။ ဒါကြောင့် စောမည်း ကို ရခိုင် ကို စားဖို့ ငါ စေလွှတ် တော်မူမည် ” လို့ အမိန့် ချ သတဲ့ ။ 


အဲဒီတော့ ပညာရှိ စည်းတပြစ် အမတ်ကြီး လျှောက်တင် တာ ကို ပယ် လိုက်တာပဲပေါ့ ။ ဒီတော့ စည်းတပြစ် အမတ်ကြီး တင်လျှောက် လေတယ် ။ 


“ ဘုန်းတော်ကြီးတဲ့ ဘဝရှင်မင်းကြီး ၊ အရှင် သနားတဲ့ စည်းစိမ် နဲ့ မုန်ယစ် တဲ့ ကျွန်တော်မျိုး တို့ ကို ချွန်းသီးဖြင့် နှိမ်တော်မူ မှ အမှုတော်လည်း ကုန်မည် ။ စီးပွားတော် လည်း များမယ် ” လို့ တင်လျှောက်တယ် ။ ပညာရှိ စကား ဆို လိုက် တာပါပဲ ။ ကျွန်တော့် စကား ကို ပယ်တာ ကျွန်တော့် ကို ချွန်သီး နဲ့ ရိုက်တာပါပဲ လို့ ဆိုလိုက်တာပါပဲ ။ အဲဒီ တင်လျှောက်ချက် ကို ကြည့်ခြင်း အားဖြင့် စည်းတပြစ် အမတ်ကြီး မင်းရာဇာ ဟာ ပညာဉာဏ် ရှိရုံ မက ရဲစွမ်း သတ္တိ လည်း ရှိတယ် ဆိုတာ သိ နိုင်တယ် ။ သူ ဟာ မင်း လို လိုက် မင်းကြိုက် တင် တတ်သူ မဟုတ်ဘူး ဆိုကာ ထင်ရှား ပေတယ် ။ 


မင်းကြီးစွာ ဟာ စောမည်း ကို ခေါ်ပြီး “ ထန်း‌စေ့ ထန်းပင် ကဲ့သို့ မကျင့် လေ ။ ညောင်စေ့ ညောင်ပင် ကဲ့သို့ ကျင့်လေ ” လို့ မှာ သတဲ့ ။ ( ဆိုလိုရင်း ကတော့ ထောင်ထောင် ထောင်ထောင် မလုပ်နဲ့ ၊ အုပ်အုပ်ဆိုင်းဆိုင်နေ အုပ်ချုပ်လို့ ဆိုလိုတာပါပဲ ။ ) စောမည်း ဟာ ဉာဏ် နည်းသူ ဖြစ် လေတော့ သဘော မပေါက်ရှာဘူး ။ 


စည်းတပြစ် အမတ်ကြီး က လည်း “ ကြောင် နှင့် ညောင် ကို ထုံးစံပမာ ပြုကာ ကျင့်ပါ ” လို့ မှာ လိုက်တယ် ။ ( ဆိုလိုတာ က ကြောင် တွေ ဟာ အရေး မရှိရင် လက်သည်း ကို ဝှက် ထားပြီး အရေး ရှိ မှ လက်သည်း ကို ထုတ်ဘယ် ။ ညောင်ပင် ရဲ့ သဘောကတော့ အုပ်အုပ်ဆိုင်းဆိုင်း သိုသိုသိပ်သိပ် ဖြစ်ပေ တယ် ။ ) 


စောမည်း ဟာ ရခိုင် ကို ရောက်တာ နဲ့ မြို့တွင်း မြို့ပြင် မှာ ရှိတဲ့ ညောင်ပင် တွေ ကို ခုတ်လှဲ ပြီး ဆင် ကျွေး သတဲ့ ။ ကျောင်းတွေ ၊ အိမ်တွေ မှာ ရှိတဲ့ ကြောင်တွေ ကော ၊ တော ထဲ မှာ ရှိတဲ့ ကြောင် တွေ ကို ပါ ဖမ်းပြီး သတ်လေ သတဲ့ ။ စောမည်း ဟာ ရတနာ သုံးပါး ကို လည်း ရိုသေကိုင်းရှိုင်းမှု မရှိလေဘူး ။ ပြည်ရွာ ကို လည်း ငြိမ်းချမ်း သာယာအောင် မလုပ်နိုင်ဘူး ။ ဒါ့ကြောင့် ရခိုင် ပြည်သူပြည်သားတွေ သောင်းကျန်းပုန်ကန် ကြတယ် ။ စောမည်း လည်း စကု ကို လက်လွတ် ထွက်ပြေး ရတယ် ။ ရခိုင်သား တို့ ဟာ စောမည်း ပြေးတာ နဲ့ နန်းကျပြီး မြေးကျော်စွာ ကို သူတို့ ဘာသာ နန်း တင်ပြီး ပုန်ကန်ခြားနား လေ သတဲ့ ။ 


မင်းကြီးစွာ ရဲ့ ခြေတော်ရင်း ကို စောမည်း ရောက် လာတယ် ။ ဒါ့ကြောင့် မင်းကြီး ဟာ စည်းတပြစ် အမတ်ကြီး ကို ခေါ်တော်မူပြီး “ ငါ အရွေး မှားပေ တယ် ။ စောမည်း ကို ဘယ်မြို့ကို ပေးရရင် သင့်လေမလဲ ” လို့ မေးတော် မူ ပြန်တယ် ။ ဒီအခါ စည်းတပြစ် အမတ်ကြီး က


“ မှန်လှပါဘုရား ” အပြေး အသွား မတွင်သေး သော မြင်း ကို လက်ကောက် လက်ကျပ် တပ်၍ စီး သကဲ့သို့ “ မင်းကြီး ထံပါး တွင် မြို့ရွာ ကို ပေး မှ သင့်ပါမယ် ” လို့ နားတော် လျှောက် တယ် ။ ဒါ့ကြောင့် မင်းကြီးစွာ ဟာ စောမည်း ကို စစ်ကိုင်း ကို ပေးတော် မူတယ် ။ နောက်များ မကြာခင်ပဲ ပခန်း ကြီး ကို ထပ် ပေး ပြန်တယ် ။ ( စောမည်း ပခန်းကြီး ရတဲ့ အခါ “ ပင်လယ် တံပိုးလှိုင်း ထဟန် ” မြို့ကို တည် သတဲ့ ။ ) ပင်လယ် မှာ လှိုင်းတံပိုး ထ ရင် မငြိမ် သက်ပေဘူး ။ 


မင်းကြီး ဟာ စစ်ကိုင်းမြို့ ကို ရာဇသင်္ကြန် အား ပေးလေ သတဲ့ ။ 



❝ မွန်မင်း ရာဇာဓိရာဇ် နှင့် စစ်ဖြစ်ခြင်း ❞


ကလေးတို့ ရေ ...


တိုင်းနိုင်ငံဒေသ တွေ မှာ မင်းပြိုင် ပြုကြတဲ့ အခါ နိုင်ငံ ချဲ့ လိုတဲ့ လောဘ ၊ သူ့ စည်းစိမ် ဆင်မြင်း အလုံးအရင်း မှူးမတ်ဗိုလ်ပါ က အစ သိမ်း ယူ လိုတာ ကြောင့် စစ်ပြု ကြတယ် ။ လောဘ အရင်းခံတာ ကြောင့် မက်လုံး ပေးပြီး သွေးထိုးတဲ့ အခါ အလွယ်တကူ ယုံကြည်တတ် ကြတယ် ။ လောဘ စိတ် မွှန် နေ လို့ အကျိုးသင့် အကြောင်းသင့် တင်လျှောက် တဲ့ ပညာရှိ စကား ကို လည်း နား မဝင်ဘူးပေါ့ ။ 


သက္ကရာဇ် ( ၇၄၇ ) ခုနှစ် မှာ မင်းကြီးစွာ ဟာ သားတော် ဆင်ဖြူရှင် တရဖျား ကို ယောက်ဖတော် ရမည်းသင်းစား သီလ ရဲ့ သမီး နဲ့ စုံဖက်ပေး ပြီး အိမ်ရှေ့အရာ ထားတော် မူတယ် ။ သားတော် အငယ် မင်းဆွေ ကို လည်း အဲဒီ နှစ် မှာ ပဲ ပြင်စည်မြို့ကို ပေးတော် မူတယ် ။ အဲဒီ နှစ် မှာပဲ ပြည်မြို့စား နောင်တော် စောရန်နောင် အနိစ္စ ရောက်တာ ကြောင့် နောင်တော် အကြီး မြင်စိုင်း ရွှေနန်းရှင် သားတော် “ မျက်နှာရှည် ” ကို ပြည်မြို့စား ပေးတော် မူတယ် ။ 


မင်းကြီးစွာ အဲဒီလို အိမ်ရှေ့ နှင်း ၊ မြို့စားတွေ ပေး ချီးမြှောက် ပြီး နောက် တစ်နှစ် ( ၇၄၈ ) ခုနှစ် မှာ ရာဇာဓိရာဇ် ရဲ့ ဦးရီးတော် ဖြစ်တဲ့ မြောင်းမြစား လောက်ဖျား က ဘုရင်မင်းကြီးစွာ ထံ လက်ဆောင် လက်နက် များစွာ နဲ့ ရွှေပေလွှာ ရေးကာ ရာဇသံ ဆက်လိုက် သတဲ့ ။ 


“ ကျွန်တော် မြောင်းမြစား လောက်ဖျား ရှိခိုးသံတော်ဦး တင်ပါသည် ။ ဟံသာဝတီ ( ပဲခူး ) ဆင်ဖြူရှင် ဗညားဦး အနိစ္စ ရောက်လျှင် သား ဗညားနွဲ့ ဟာ ရာဇာဓိရာဇ် ဘွဲ့ မည်ခံ မင်း ပြု နေပါသည် ။ သူ့ ခမည်းတော် ရှိစဉ် ကတည်း က ဒဂုံ တွင် လူသူ စုရုံးပြီး အဘ ကို ပုန်ကန်သူ ဖြစ် ပါသည် ။ သူ့ လျှာ တွင်လည်း အစက် ရှိ ပါသည် ။ ယခု သူ မင်း ပြုစ အင်အား သိပ် မရှိခင် ရွှေနန်းသခင် ချီ တော် မူပါ ။ ကျွန်တော် လည်း ပုသိမ် ၊ မြောင်းမြ အား နှင့် တကွ ရေကြောင်း ကြည်းကြောင်း ချီပါမည် ။ ထို အင်အား ဖြင့် ဟံသာဝတီ ( ပဲခူး ) ကို လုပ်ကြံ လျှင် အလွယ် ရ နိုင်ပါသည် ။ အလိုတော် ပြည့် လျှင် ဆင် ကောင်း ၊ မြင်း ကောင်း ၊ မှူး ကောင်း ၊ မတ် ကောင်း ရတနာရွှေငွေ အားလုံး သိမ်းယူတော် မူပါ ။ အခွံ ကို သာ ကျွန်တော့် အား ပေးသနားတော် မူပါ ” 


တကယ်တော့ မြောင်းမြစား လောက်ဖျား ဟာ ဗညားဦး မြှောက်စား ခဲ့သူ ဖြစ်တယ် ။ ဟံသာဝတီ ထီးနန်း ကို ဗညားဦး ရဲ့သား ဗညားနွဲ့ သိမ်းပြီး မင်း ပြု တာကို မနာလို ဘဲ မင်းကြီးစွာ ထံ သွေးထိုး ပေး လိုက်တာပါပဲ ။ ဦးရီးတော် ဖြစ်လျက် ရာဇာဓိရာဇ် ကို သစ္စာ ဖောက် လိုက်တာပါပဲ ။ 


မင်းကြီးစွာ ဟာ လောက်ဖျား သဝဏ်လွှာ ဖတ်ရရင်ပဲ လောဘ တက် တော် မူတယ် ။ ဒါပေမဲ့ ထုံးစံအတိုင်း စည်းတပြစ် စတဲ့ မှူးမတ်တွေ နဲ့ တိုင်ပင်တော် မူတယ် ။ အဲဒီအခါ စည်းတပြစ် မတင်လျှောက် ခင် သက်တော် ( ၁၈ ) နှစ် သာ ရှိသေးတဲ့ အိမ်ရှေ့မင်း က ခမည်းတော် ကို တင်လျှောက်တယ် ။ 


“ မှန်လှပါ ခမည်းတော် ၊ ရာဇာဓိရာဇ် သည် မြောင်းမြစား လောက်ဖျား လောက် ကို မျှ မလုပ်ကြံနိုင် ၊ အင်အား နည်းသည် ။ ကျွန်တော်တို့ အလုံးအရင်း နှင့် လုပ်ကြံရသော် ခံနိုင်မည် မဟုတ် ။ ဒါ့ကြောင့် ကျွန်တော် ချီမည် ” လို့ နားတော် လျှောက်တယ် ။ 


မင်းကြီးစွာ လည်း သားတော် ဆင်ဖြူရှင်တရဖျား ကို ဗိုလ်မင်း ခန့် ကာ တပ် ( ၉ ) တပ် ၊ တိုက်ဆင် ( ၂၀၀ ) ၊ မြင်း ( ၅၀ဝ၀ ) ၊ ဗိုလ် ( ၇ ) သောင်း ကို ဦးစီးကွပ်ကဲ စေတယ် ။ 


သားတော် ပြင်စည်မင်းသား မင်းဆွေ ဟာ ( ၁၄ ) နှစ် အဝင် သာ အရွယ် ငယ်သေး သော် လည်း နောက်ထပ် တပ် ( ၉ ) တပ် ၊ တိုက်ဆင် ( ၂ဝဝ ) ၊ မြင်း ( ၅ဝဝဝ ) ၊ ဗိုလ် ( ၆ ) သောင်း ကို ကွပ်ကဲပြီး ချီစေတယ် ။ 


သားတော် အိမ်ရှေ့မင်း ဟာ တောင်ငူကြောင်း ချီ ပြီး ၊ “ ကျောက်မင်းလှ ” သို့ ရောက်တဲ့အခါ တပ်လုံး တည်ကာ ပန်းကျော်မြို့ ကို လုပ်ကြံလေ သတဲ့ ။ ဝင် တိုက်တာပေါ့ကွယ် ။ ဒါကြောင့် ပန်းကျော်စား နန္ဒမိတ် ကျပြီး မြို့ကို လည်း ရတယ် ။ ပန်းကျော်မြို့ကို သိမ်းမိတဲ့ အခါ မြေထဲစား ကို ဆင် မြင်းအလုံးအရင်း နဲ့ ထားခဲ့ပြီး ညီတော် မင်းဆွေ ကို စစ်ကူ ရန် ချီတော်မူတယ် ။ 


ညီတော် ပြင်စည်စား မင်းဆွေ ဟာ သာယာဝတီ စစ်ကြောင်း ချီပြီး လိုင်မြို့ ကို ရောက်တဲ့ အခါ ရွပ်ရွပ်ချွံချွံ လုပ်ကြံ တိုက်ခိုက်တယ် ။ ဒါ့ကြောင့် လိုင်မြို့ ပျက်တယ် ။ လိုင်မြို့စား သမိန်ဇိတ်ပြွန် ကို လည်း ဖမ်း မိတယ် ။ 


စစ် သတင်း နားစွင့်နေတဲ့ ရာဇာဓိရာဇ် ဟာ ပန်းကျော် နဲ့ လိုင်မြို့ ကျ ပြီ ကြားတဲ့ အခါ ဆင်မြင်း အလုံးအရင်း တပ် ( ၈ ) တပ် ဖွဲ့ ချီ လာပြီး စုတ်ကလိ အရပ် မှာ တပ် တည် ကာ နေလေ သတဲ့ ။ စစ်ရေး က အရေး က အရေးကြီးလာ ပြီ မဟုတ်လား ။ 


မင်းဆွေ လည်း ပင်လယ်စား တစ်တပ် ကို ခွဲပြီး မော်ပီ ကို ခွဲ လွှတ် ချီ တယ် ။ မော်ပီစား လည်း မြို့ ကို အခိုင်အလုံ ပြုကာ သူ က မြို့တွင်းတိုက် ထဲ နေကာ ခုခံ တိုက်ခိုက် တာကြောင့် ပင်လယ်စား ကျ လေတယ် ။ ရဲမက်တို့ လည်း ခေါင်းဆောင် ပင်လယ်စား ကျ တာကြောင့် တပ် ကို ပြန် ရုံးစုပြီး တပ် ပြန် ဆုတ် ခဲ့ ရတယ် ။ 


နောင်တော် အိမ်ရှေ့မင်း လည်း ညီတော် မင်းဆွေ တပ်တွေ နဲ့ ပေါင်းပြီး ရာဇာဓိရာဇ် တပ် ကို တိုက်ဖို့ ချီ လေတယ် ။ ရာဇာဓိရာဇ် ကြားတဲ့ အခါ ပန်းကျော် ကို အစောင့် ထားတဲ့ မြေထဲစား ကို တိုက် လေတယ် ။ မြေထဲစား လည်း မြို့ပြ ကျုံးမြောင်း ကို ပြင်ပြီး ကြံ့ကြံ့ ခံကာ ရာဇာဓိရာဇ် တိုက် လာကြောင်း အိမ်ရှေ့မင်း ထံ ခြေမြန် လွှတ်လျှောက်တင် လေတယ် ။ 


အိမ်ရှေ့မင်း လည်း ညီတော် မင်းဆွေ အစရှိတဲ့ မှူးမတ်များ နဲ့ တိုင်ပင်တော် မူတယ် ။ ဒဂုန် ကို အရောက် ချီပြီး မြောင်းမြစား လောက်ဖျားတပ် နဲ့ ပေါင်းကာ ပြန် တိုက်မယ်လို့ သဘော ညီကြတယ် ။ အဲဒီအခိုက် မြေထဲစား က လျှောက်လာတာ ကြောင့် ပန်းကျော်မြို့ ဆီ ပဲ ချီကြတယ် ။ ရာဇာဓိရာဇ် ရဲ့ အမတ် မဟာသမွန် ဟာ ကင်းတာဝန် ကျတာကြောင့် ညီနောင်တပ် တွေ ချီလာ တာ ကျိုက်ခလို့ အရပ် ရောက်နေကြောင်း ရာဇာဓိရာဇ် ထံ အမြန် သတင်း ပို့ တယ် ။ ရာဇာဓိရာဇ် လည်း ဆင် မြင်း အလုံးအရင်း နဲ့ စည်သံ မောင်းသံ ပေးပြီး တောခြေ ဝင် ကာ မြေထဲစားတပ် ကို အပြင်း တိုက် လေတယ် ။ မြေထဲစား လည်း ကြံ့ကြံ့ ခံပြီး မတိုးမနိုင်တာကြောင့် လွင်ပြင်ဘက် ဆုတ် ရတယ် ။ အိမ်ရှေ့ မင်း ညီနောင်တပ်တွေ ရောက် လာပြီး ရာဇာဓိရာဇ်တပ် တွေ ဆီ လိုက် ကြတယ် ။ 


အိမ်ရှေ့မင်း မြင်းတပ် နဲ့ ရာဇာဓိရာဇ်တပ် တို့ တွေ့ကြတဲ့ အခါ ရာဇာဓိရာဇ် လည်း အဒရောင် အမည် ရှိတဲ့ ဆင် ကို စီးပြီး မြင်းတပ် ကို တိုက်တယ် ။ မြင်းတပ်သား တို့ လည်း အထွေးထွေး ရှိ သတဲ့ ။ မြင်း ၃ - ၄ စီး သေတယ် ။ ရာဇာဓိရာဇ်ဘက် က တပ်သား ( ၃၀၀ ) လောက် ကျတယ် ။ ရာဇာဓိရာဇ် စီး တဲ့ ဆင် လည်း အမြီး ပြတ် သတဲ့ ။ 


ရာဇာဓိရာဇ် လည်း စစ်ညှပ် ခံရမည် စိုးကာ တပ် ကို ရုပ်ပြီး အပြင်း ဆုတ် ရတယ် ။ အဲဒီအခါ ပြင်စည်စား မင်းဆွေ လည်း ဆင်းမြို့ တိုင်အောင် လိုက် တိုက်လေ သတဲ့ ။ 



❝ ဆင်းမြို့တိုက်ပွဲ ❞


ကလေးတို့ ရေ .. 


အင်းဝ နဲ့ ဟံသာဝတီ တို့ စစ် ဖြစ်ကြတဲ့အခါ စစ်ဦးပိုင်း မှာ အင်းဝ ဘက် က စစ်ရေး သာ နေတယ် ။ ရာဇာဓိရာဇ် လည်း တပ် ဆုတ်ပြီး ဟံသာဝတီ မြို့တွင်း ဝင် ကာ အင်အား ထပ် ဖြည့် နေ သတဲ့ ။ 


အဲဒီအခါမှာ ရာဇာဓိရာဇ် ရဲ့ ပရောဟိတ် ပညာရှိ က “ အင်းဝ စစ်သည် တို့ တာလိမ် တွင် တပ်ချ သဖြင့် တာလိုင်း ဖြစ်၍ တပ်ပျက် လိမ့်မည် ။ ကြာပန်းကိန်း နဲ့  ဒိဋ္ဌိနက္ခတ် အလို အရ အရှင်မင်းကြီး စုတ်လာဘ် ကောင်းတယ် ” ( ဆိုလိုတာကတော့ ရာဇာဓိရာဇ် ရဲ့ ပရောဟိတ် က အခါ ပေးတာပါပဲ ။ မြန်မာ ပဲ ဖြစ်ဖြစ် ၊ မွန် ပဲဖြစ်ဖြစ် နှစ်ဘက် စလုံး မှာ နက္ခတ်ဗေဒင် တတ်ကျွမ်းသူတွေ က တွက်ချက်ပြီး အခွင့်အခါ ကောင်း ကို ညွှန်ပြ တတ် ကြတာ ထုံးစံ ပါပဲ ။ ) 


ရာဇာဓိရာဇ် လည်း သူ့ ပရောဟိတ် အခါ ပေးတာ ကို ယုံကြည်တော် မူ လို့ စိတ်ဓာတ် တက်ကြွ လာတယ် ။ ဆင် ထက် တက်ပြီး စစ်သည် တစ်သောင်း ကျော် နဲ့ မြို့ က ထွက်ကာ စစ်ချီ လေတယ် ။ အဲဒီအခါ ရာဇာဓိရာဇ် ဆောင်း တဲ့ ထီးဖြူ လေ ဝှေ့ တာကြောင့် မြေ ပေါ် ကျ သတဲ့ ။ ရာဇာဓိရာဇ် ဟာ အဲဒီ နိမိတ် ကြောင့် မတိုက် ဘဲ ရပ်တန့် နေတယ် ။ “ သည် နိမိတ် ကောင်းလှတယ် ။ တိုက် တော် မူ က မုချအောင်မယ် ” လို့ ရာဇပရောဟိတ် က လျှောက်တင် ပြန်တယ် ။ “ ဘာကြောင့်လဲ ” လို့ ရာဇာဓိရာဇ် မေးတဲ့ အခါ “ ထီးဖြူ မြေသို့ ကျ၍ အုပ် သည် မှာ ရေမြေ အားလုံး ကို ပိုင်ရမည် ဟု နတ်ဒေဝါ တို့ က နိမိတ်ပြခြင်း ဖြစ်တယ် ” လို့ လျှောက်တင်တယ် ။ ဒါ့ကြောင့် ရာဇာဓိရာဇ် လည်း အလျင် အမြန် စစ်ချီ သတဲ့ ။ မချီခင် မှာ ရာဇာဓိရာဇ် က သူ့ စာရေး ဘောဂရာဇာ ကို ဆင်းမြို့ မှာ တပ်ချ နေတဲ့ မင်းဆွေ ရဲ့ အင်အား ကို စုံစမ်း စေ ခဲ့တယ် ။ 


ရာဇာဓိရာဇ် စစ် ထွက် လာတဲ့ အခါ သင်္ဘောဘုရား ကနေ ပြည်သူ ရဟန်းရှင်လူ တို့ တက်၍ ကြည့်ကြ လေ သတဲ့ ။ မင်းဆွေ မြင်တဲ့ အခါ နောင် တော် အိမ်ရှေ့မင်း သို့ အကြောင်း ကို လျှောက် လေတယ် ။ 


“ မွန်တို့ သည် ကျွန်ုပ်တို့ ကို စစ်အင် မတူ ၊ ရာဇာဓိရာဇ် မြို့က ခွာလာ တာ အကြောင်း ရှိမယ် ” လို့ လျှောက်တယ် ။ အဲဒီအခါ နောင်တော် အိမ်ရှေ့မင်း က “ ညီတော် ဆင်းမြို့ချောင်း ကို အလျင် မကူးနဲ့ဦး ၊ စစ်ရေး ကို ကြည့် ပြီး လုပ်ကြံရစေ ” လို့ မှာ လိုက်တယ် ။ ညီတော် မင်းဆွေလည်း စိတ် လော နေတာကြောင့် နောင်တော် ကို အမျက် ထွက် လေ သတဲ့ ။ 


“ ခမည်းတော် ခြေရင်း က နေ ကျွန်တော် တို့ ဒီ ထွက်လာ ရတာ ဘာ ကြောင့်လဲ ။ ရာဇာဓိရာဇ် ထွက် မလာ မှာ ကိုပဲ စိုးရိမ်တယ် ။ အခု ထွက် လာ ပြီ မဟုတ်လော ” ဆိုကာ နောင်တော် တားပါလျက် မနာယူဘဲ ဆင်းမြို့ ချောင်း ကို ကူး သတဲ့ ။ နောင်တော် ဆင်ဖြူရှင်တရဖျား ဟာ မြင်း နဲ့ အပြင်းစိုင်း ပြီး ညီ ကို တားတယ် ။ အဲဒီလို တား ရာ မှာ ရဲမက်တွေ အကွဲကွဲ ရှိလေ သတဲ့ ။ 


စစ်သည်ရဲမက်တွေ အကွဲကွဲ ဖြစ်နေတာ ကို ရာဇာဓိရာဇ် မြင် တဲ့ အခါ စည်သံ မောင်းသံ ပေးပြီး လိုက် တိုက်တယ် ။ ပြင်စည်းစား မင်းဆွေ ရဲ့ စစ်သည် တွေ လည်း အစုံအညီ တစ်ဖက်ကမ်း မရောက်သေးဘူး တဲ့ ။ မင်းဆွေတပ် ချောင်း ဖြတ်ကူး တာ ကို ချက်ကောင်း ယူပြီး ရာဇာဓိရာဇ် ဖြတ် ကာ တိုက် လေ သတဲ့ ။ မင်းဆွေ ရဲ့ တပ် လည်း ပျက် လေတယ် ။ 


နောင်တော် အိမ်ရှေ့မင်း လည်း စစ်သည် အင်အားချင်း မမျှ တာ ကြောင့် မိမိ ဘက် က အထွေးထွေး ရှိလေ သတဲ့ ။ မြင်းတပ် ကူမယ် လာ လည်း မတတ်နိုင် ချောင်းတွင်း ချည့် ကျ လေတယ် ။ ရာဇာဓိရာဇ် လည်း စစ် ရွေ့ တာ ကို တွေ့တာ ကြောင့် ထပ် တိုက်လေ သတဲ့ ။ ပြင်စည်စား မင်းဆွေ တပ် လည်း ပျက် လေတယ် ။ တပ်မှူး ဗိုလ်မှူး အပေါင်း လည်း စစ် ကို ရုပ်ပြီး အရုံး အစု မပျက်အောင် သိမ်းဆည်း ကာ တပ် ပြန် ဆုတ် ခဲ့ကြလေတယ် ။ အင်းဝ နဲ့ ဟံသာဝတီ စစ် မှာ အင်းဝ စစ်ရှုံး ခဲ့ တာပေါ့ ။ 


အင်းဝတပ် တွေ တပ်တွင်း ပြန် ရောက်ပြီး ငါးရက် ရှိတဲ့ အခါ အိမ်ရှေ့မင်း ညီနောင် ဟာ တပ်မှူး ဗိုလ်မှူး အပေါင်း တို့ နဲ့ တိုင်ပင်တော် မူတယ် ။ “ ယခု ငါတို့ ချီလာသည် မှာ ငါးလ ကျော် ပေပြီ ။ မိုးလ နီး လာပြီး မြောင်းမြ စား လောက်ဖျား လည်း ငါတို့ နှင့် အကူအညီ မရ ။ ဟံသာဝတီ အကြောင်း ကို လည်း ငါတို့ သိ ရပြီ ။ နေပြည်တော် သို့ ပြန်၍ ဆင်မြင်းဗိုလ်ပါ တို့ ကို ဖြည့် တင်း၍ မိုးစဲ လေသာ ကို ချီရသော် ဟံသာဝတီ သည် ငါတို့ လက် က လွှတ် နိုင်ရာ သော သဘော မရှိ ” အဲသလို တိုင်ပင်ပြီး မှ နေပြည်တော် ပြန်လေ သတဲ့ ။ 



❝ မီး မသေသော်လည်း ရေ နောက်ရပြီ ❞


ကလေးတို့ ရေ ...


“ မီးမသေ ၊ ရေမနောက် ” ဆိုတာ တင်စားပြောတဲ့ စကား ဖြစ်တယ် ။ တစ်ပြည် နဲ့ တစ်ပြည် သူ့ ကို လည်း ကိုယ် မနှောက်ယှက် ၊ ကိုယ့် ကို လည်း သူ မကျူးကျော်ကြ ဘဲ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကြတာ ကို တင်စား ပြော ဆို လိုက်တာပဲ ။ 


“ မီး မသေသော်လည်း ရေ နောက် ရပြီ ” ဆိုတာ မှာ တော့ တစ်ဖက် က အကြည်အသာ ကမ်းလှမ်း ပေမယ့် တစ်ဖက် က မနာယူ နိုင်တဲ့ အနေ ကို ပြောတာ ဖြစ်တယ် ။ 


အင်းဝ နဲ့ ဟံသာဝတီ ( ပဲခူး ) တို့ ( ၂ ) နိုင်ငံ စစ်ဖြစ်ကြ ရာ မှာ အင်းဝ ဘက် က တပ်ဆုတ် ရုပ်သိမ်း သွားကြတာ ပြောခဲ့ပြီ နော် ။ 


အင်းဝ အိမ်ရှေ့မင်း ညီနောင် တပ် ရုပ် သွားပြီး နှစ်လခန့် ရှိတဲ့ အခါ မွန်မင်း ရာဇာဓိရာဇ် ဟာ မှူးကြီးမတ်ရာ တို့ နဲ့ တိုင်ပင်တော် မူတယ် ။ “ ရတနာ ပူရ အဝ နေပြည်တော်ကြီး ဟာ အလုံးအရင်း ဆင်မြင်းဗိုလ်ပါ လည်း များ တယ် ။ အခု တိုက်ကြတဲ့ စစ် မှာလည်း သူတို့ ဘက်က အရပ်အနေ မသင့်လို့ သာ စစ်ရွေ့ သွားရတာပဲ ။ နောက် တစ်ခါ မင်းကြီးစွာ  ကိုယ်တိုင် စစ် ချီ လာ ရင် ခက်လိမ့်မယ် ” လို့ မိန့်တော် မူပြီး လက်ဆောင် ရတနာ ပိတ်အုပ်ပိတ် ကောင်းများ လက်နက်အများ နဲ့ ရွှေ မှာ သဝဏ်လွှာ ရေး ကာ မင်းကြီးစွာ ဆီ ပို့ဆက်စေ သတဲ့ ။ 


“ ကျွန်ုပ် နားတော် လျှောက်ဝံ့ပါသည် ဘကြီးတော် ရွှေနန်းသခင် ။ ကျွန်ုပ် ၏ ခမည်းတော် မရှိတဲ့ အခါ ကျွန်ုပ်တို့ အကြား မြောင်းမြစား လောက်ဖျား  ကုန်းချော ကုန်းတိုက် လုပ်သဖြင့် နှစ် နိုင်ငံ စစ် ဖြစ်ရသည် ။ အများ သတ္တဝါ တို့ လည်း ဆင်းရဲပင်ပန်း ကြသည် ။ လောက်ဖျား သည် ကျွန်ုပ်ခမည်းတော် ရှိစဉ် ကတည်း က ကျေးဇူး ကို မထောက် ပုန်ကန်သူ ဖြစ်ပါသည် ။ ဘကြီးတော် မင်းကြီးစွာ ကို လည်း ကြာလျှင် ပုန်ကန်ပါ လိမ့်မည် ။ ကျွန်ုပ် လည်း သင်း ကို မနိုင်ဘဲ မနေ ။ ဘကြီးတော် လည်း ကျွန်ုပ် ခမည်းတော် ရှိစဉ် ကာလ ကကဲ့သို့ သနား ချစ်ကြည်တော် မူပါ ” လို့ သာယာချေငံစွာ တင်လျှောက် လိုက် သတဲ့ ။ 


အိမ်ရှေ့မင်းညီနောင် နှစ်ပါး အတွက် လည်း ရွှေကြုတ် ၊ ရွှေငါးရုပ် ၊ ရွှေပုစွန်ရုပ်များ နဲ့ ပိတ်ကောင်းများ လက်ဆောင် ပေးကာ ချစ်ကြည် စကား ပါး လိုက်လေ သတဲ့ ။ ဟံသာဝတီသံတမန် တို့ မင်းကြီးစွာ ၊ ခြေတော်ရင်း ရောက် ပြီး တင်လျှောက်ကြ ၊ သဝဏ်ရာဇသံ ဆက်ကြတဲ့ အခါ မင်းကြီး က “ ထောင်း သည် မနာ ၊ ကြိတ် သည် နာ ” ဆိုသကဲ့သို့ ငါ့ သားများ ရှုံးသည် ကို နှုတ်ရေး နဲ့ နှိပ်စက်ဆိုချေတယ် ။ ရှေ့အဖို့ မှာ ပုသိမ် ၊ မြောင်းမြ ဟာ မွန်ကလေး တို့ လက်ဝင် ဖြစ်ရော့မယ် ” လို့ သံတမန်တွေ ရှေ့မှာ တင် မိန့်တော်မူပြီး သံ တို့ ကို လည်း တစ်လ လောက် နေ စေ ကာ လက်ဆောင်ပဏ္ဏာအများ တုံ့ပြန် ပေး တော်မူလေ သတဲ့ ။ 


ရာဇာဓိရာဇ် က မင်းကြီးစွာ ထံ လက်ဆောင် အများ နဲ့ သဝဏ်လွှာ ဆက်ကြောင်း မြောင်းမြစား လောက်ဖျား ကြားတဲ့ အခါ သူ ကလည်း လက်ဆောင် အများ နဲ့ သဝဏ်လွှာ ကို မင်းကြီးစွာ ထံ သို့ ဆက်စေပြန် သတဲ့ ။ သမက် တော် သမိန်ရဲသင်ရန် ကို အမြန်စေ လိုက်တယ် ။ သူများ ချစ်ကြည်တာ ကို လောက်ဖျား သွေးထိုး ပြန်တာပေါ့ ကွယ် ။ 


လောက်ဖျား ရဲ့ စာသဝဏ် ထဲမှာ အိမ်ရှေ့မင်းညီနောင် အညီအညွတ် မရှိခင် ရာဇာဓိရာဇ် တိုက် လို့ သာ မင်း နှစ်ပါး ရှုံးရကြောင်း ၊ အချိန်မီ စစ် ကူ ကျွန်တော် မရောက်နိုင်တာ ကျွန်တော့် အပြစ် ဖြစ်ပါကြောင်းတွေ ရေး ပြီး “ သည်တစ်ကြိမ် ထပ်၍ ချီကာ “ အလွှဲ ” ဟူသော အရပ် တွင် နေ တော်မူပါ ။ ကျွန်တော်မျိုး အရှင့် ခြေရင်းတော် သို့ ရောက်လာ ပါမည် ။ မင်းကြီး ရောက် လျှင် လိုင်မြို့ ကို တိုက်မည် ။ လိုင် ကို အလိုပြည့် လျှင် မော်ပီမြို့ ကို တိုက်မည် ။ မော်ပီ ကို နိုင်လျှင် ဒလမြို့ ကို တိုက်မည် ။ နိုင်လျှင် ဒဂုံမြို့ ကို တိုက်မည် ။ နိုင်လျှင် ဟံသာဝတီ ( ပဲခူး ) ကို တိုက်မည် ။ သည်ကဲ့သို့ အရှင်မင်းကြီး တိုက် လျှင် ဗညားနွဲ့ ( ရာဇာဓိရာဇ် ) ကို အလွယ် ရတော်မူမည် ” လို့ နားတော် လျှောက်လိုက် ပြန်တယ် ။ 


လောက်ဖျား သွေး ထိုး တာကြောင့် မင်းကြီးစွာ ဒုတိယအကြိမ် မွန် တို့ ဒေသ ကို စစ်ချီ ပြန်တယ် ။ “ အလွဲ ” ဆိုတဲ့ အရပ် ရောက်တဲ့ အခါ လောက် ဖျား လည်း အလုံးအရင်း နဲ့ သူ့ ဆွေမျိုးတွေ စု ကာ “ ငဝန်ဝ ” အရပ် သို့ အရောက် ကြို လာသတဲ့ ။ မင်းကြီးစွာ တပ်များ ၊ လောက်ဖျား တပ်များ စုံညီ တဲ့အခါ လိုင်မြို့ ကို တိုက်ကြပြန်တယ် ။ လိုင်မြို့ မှာ ရာဇာဓိရာဇ်  ရဲ့ စစ်သူကြီး အမတ်ဒိန်မဏိရွတ် ကြံ့ကြံ့ခံ တာကြောင့် နှစ်ကြိမ် သုံးကြိမ် တိုက်ပေမယ့် မရသေးဘူး ။ဒါကြောင့် မြို့ပြင်က ပဲ ဝန်းရံ နေကြတာ တစ်လ လောက် ကြာ သွားတယ် ။


မော်ပီမြို့ မှာ လည်း ပင်းယစား ၊ ပင်လယ်စား တို့ တပ်ခိုင် ပြုနေတယ် ။ ရာဇဓိရာဇ် ဘက် ကလည်း တပ် ငါး တပ် နဲ့ ချီလာတယ် ။ ပင်းယစား နဲ့ ပင်လယ်စား တို့ က “ မွန်တို့ ဘက် က ဟစ်အော် ပြောသတဲ့  ” နင်တို့ ငါတို့ ကို တိုက်ဝံ့သလား ၊ တိုက်ဝံ့ရင် မြို့တံခါး ဖွင့်ပေးမယ် ” လို့ ဟစ်အော် ပြောတော့ ရာဇာဓိရာဇ် က “ နင်တို့ တံခါး ဖွင့် ဝံ့ရင် ငါ ဝင် တိုက်မယ် ” လို့ ပြန် အော်ပြော လိုက်တယ် ။ ရာဇာဓိရာဇ်တပ် လည်း မြို့တံခါး ဖွင့်တာ နဲ့ အလုံးအရင်း နဲ့ မြို့တွင်း ဝင် တိုက် တယ် ။ ပင်လယ်စား က ဆင် နဲ့ ခံ တိုက်တယ် ။ အင်အား မမျှ တာ ကြောင့် ဆုတ်ရတယ် ။ ရာဇာဓိရာဇ် က ပင်လယ်စားတပ် တွေ ကို မီး တိုက် တယ် ။ မော်ပီ ပျက် တော့တာပေါ့  ။ 


မင်းကြီးစွာ လည်း မော်ပီ ကျတယ် ကြားတော့ စိတ် မသက်မသာချေ ဘူး ။ လောက်ဖျားလည်း ရွံ့ တာ နဲ့ “ လိုင် မှာ ရေ တိမ်တယ် ၊ ရေ နက်ရာ တပ် ပြောင်းပါရစေ ” လို့ မင်းကြီးစွာ ကို လျှောက်ပြီး အခွင့် ရတာ နဲ့ တပ်ဆုတ် သွားလေ သတဲ့  ။ 


ရာဇာဓိရာဇ် လည်း အင်းဝ တပ်သား တစ်ယောက် ကို ဖမ်းပြီး စကား မှာ လိုက် သတဲ့ ။ “ ငါ က ချစ်ကြည်စွာ သဝဏ် ကမ်း တာတောင် မင်းကြီးစွာ ထံ က စကား တစ်ခွန်း မှ မရ ။ သူပုန် လောက်ဖျား စကား ကို ယုံမှတ်လေတယ် ။ ဒါ ယခု အခြား ကို မတိုက်ပြီ ။ မင်းကြီးစွာ ကို ပဲ ရည်ရွယ်ပြီး တိုက်မယ် လျှောက်လိုက် ” လို့ အင်းဝ ရဲမက် ကို စကား ထည့်ကာ လွှတ်လိုက် လေတယ် ။ 


ရဲမက် လည်း မင်းကြီးစွာ ထံ အလုံးစုံ လျှောက် သတဲ့ ။ မင်းကြီးစွာ က အကြောင်းစုံ ကြားပြီးတဲ့ အခါ “ ငါတို့ တပ် မှာ လူနာ လူဖျား များလှတယ် ။ ဒီမှာ ဖြုတ် ၊ ခြင် ၊ ယင်ရဲ့ လည်း များ လှတယ် ။ တပ်ပြောင်းမယ် ” လို့ မိန့်ပြီး တပ်မှူးစစ်ကဲ အပေါင်း ကို ခေါ်တယ် ။ “ ယခု ငါ ဟာ လောက်ဖျား စကား နာ ပြီး မွန်တို့ဒေသ ကို ချီ လာ ရတယ် ။ လောက်ဖျား ဟာ စွမ်းစွမ်းတမံ လည်း တာဝန် မထမ်း ။ လိုင်မြို့ ၊ ဒလ ၊ ဒဂုံ ၊ မော်ပီမြို့ တို့ ကို ကြိမ်ဖန် များစွာ တိုက် ခိုက်ပေမယ့် မရ ။ ယခု မိုးလေ ကျ ဖို့ နီးပြီ ။ ရဲမက်တို့ လည်း အဖျားအနာ များ လှတယ် ။ နေပြည်တော် ပြန်ပြီး အင်အား ဖြည့်တင်း မှ သင့်မယ် ” မိန့် တဲ့အခါ ဗိုလ်မင်းအပေါင်း လည်း “ သင့်လှပြီ ” လို့ လျှောက်တင်ကာ တပ်စဉ် အတိုင်း နေပြည်တော် ပြန်ကြ သတဲ့ ။ 



❝ စစ် နှင့် ငြိမ်းချမ်းရေး ❞


ကလေးတို့ရေ … 


အင်းဝ နဲ့ ဟံသာဝတီ စစ်ဖြစ်ကြရာ မှာ မြောင်းမြစား လောက်ဖျား သွေးထိုး စကား ကြောင့် ဖြစ်ရတယ် ။ ကောင်းကျိုး ထက် မကောင်းကျိုး ပို ဖြစ်ရတယ် ။ တစ်ဖက် က လောဘ နှင့် တိုက်ရာ မှာ တစ်ဖက် က ဒေါသ နဲ့ တုံ့ပြန်ကြတယ် ။ ဘယ်မှာ ငြိမ်းချမ်းရေး ရနိုင်ပါတော့ မလဲ ။ နှစ်ဦး နှစ်ဖက် သင့်မြတ်ကြ မှ သာ ငြိမ်းချမ်းရေး ရနိုင်ပေတယ် ။ 


သက္ကရာဇ် ( ၇၅၁ ) ခုနှစ် မှာ မင်းကြီးစွာ ဟာ သားတော်မင်းဆွေ ကို မောမင်း သိုငံဘွား က ဆက်လာတဲ့ သမီးတော် ရှင်မိနောက် နဲ့ လက်ဆက် ပေးခဲ့တယ် ။ မွန်မင်း ရာဇာဓိရာဇ် လည်း နှစ်နိုင်ငံ ကြား စစ်ဖြစ်အောင် သွေး ထိုးပေးတဲ့ မြောင်းမြစား လောက်ဖျား ကို ချီတက် တိုက်ခိုက်ပြီး သုတ်သင် လိုက်တယ် ။ 


သက္ကရာဇ် ( ၇၅၂ ) ခုနှစ် မှာ မင်းကြီးစွာ ရဲ့ နိုင်ငံ တစ်ခု ဖြစ်တဲ့ ဂူထွတ် မြို့ ကို မွန်မင်း ရာဇာဓိရာဇ် က တိုက်လို့ ရ သတဲ့ ။ အဲဒီအခါ သမိန်သံကျယ် ကို ဗိုလ်မှူး ၊ သမိန်ရဲသင်ရံ ကို စစ်ကဲ ခန့် ထားကာ တပ်အလုံးအရင်း နဲ့ အခိုင်အခန့် နေကြောင်း မင်းကြီးစွာ ကြားသိရတဲ့ အခါ မြန်မာ တစ်ပြည်လုံး မှာ ရှိ တဲ့ မြို့စားပြစား တို့ကို ရုံးစုတော် မူတယ် ။ အဲဒီလို အင်အား စုစည်းပြီး သားတော် အိမ်ရှေ့မင်း ဆင်ဖြူရှင် နဲ့ သားငယ် ပြင်စည်မင်း မင်းဆွေ တို့ကို ကြည်း ကြောင်း ချီစေတယ် ။ 


အိမ်ရှေ့မင်းတပ် ၊ မင်းဆွေ တပ်တို့ အပြင် တောင်ငူစား ၊ တောင်တွင်း စား ၊ ရမည်းသင်းစား ၊ ညောင်ရမ်းစား ၊ ပင်လယ်မြို့စား ၊ မြင်စိုင်းစား ၊ ရေ လွှဲငါးခရိုင်စား ၊ ပင်းယစား ၊ စစ်ကိုင်းစား ၊ ပေါက်မြိုင်စား အားလုံး (၁၂ )တပ် ဆင်မြင်း အလုံးအရင်း များစွာ ပါဝင်ကြတယ် ။ 


ရေကြောင်း ဘက် မှာ လည်း ပြည်စား ၊ မြေထဲစား ၊ စကုစား ၊ စလင်းစား ၊ ပုဂံစား ၊ တလုတ်မြို့စား ၊ ပခန်းကြီးစား ၊ စဉ့်ကူးစား အားလုံး ရှစ်တပ် အပြင် ဘုရင်မင်းကြီးစွာ ကိုယ်တိုင် ရွှေဖောင်တော် နဲ့ နောက်က တပ်မ ပြုပြီး ချီတော် မူတယ် ။ 


ပြည် ကို ရောက်ကြတဲ့ အခါ အနေအထား သင့်အောင် စီမံ ၊ ရိက္ခာပို့ ခန့် ထားပြီး မွန်ဒေသစပ် မှာ ရှိတဲ့ ဂူထွတ်မြို့ ကို ချီတော်မူလေ သတဲ့ ။ အဲဒီလို အင်းဝတပ်များ စစ်ကြောင်း ချီလာကြောင်း မွန်မင်း ရာဇာဓိရာဇ် ကြားသိ ရတဲ့ အခါ အမတ် မဟာသမွန် တစ်တပ် ၊ သမွတ်ပြွန်စည် တစ်တပ် စသည်ဖြင့် တပ် လေး ရေကြောင်း ချီစေတယ် ။ သမိန်ဗြတ်စ ၊ အမတ်ဒိန်မဏိရွတ် စသည် ဗိုလ်မှူးစစ်ကဲ တို့ ဦးစီး ကာ တပ်ပေါင်း (၇) တပ် ၊ ရာဇာဓိရာဇ် က နောက် က တပ်မ ပြု ကာ ဆင်မြင်း အလုံးအရင်း များစွာ နဲ့ ကြည်းကြောင်း ချီ ကြတယ် ။ ကျား နဲ့ ဆင် လယ်ပြင် မှာ တွေ့ကြပြီ ဆို သလို စစ်ပြုကြတော့မယ် ။ 


ဘုရင်မင်းကြီးစွာ တပ်များ ဂူထွတ်မြို့ ရောက်တဲ့ အခါ အကြိမ်ကြိမ် တိုက်ပေမယ့် ကြံ့ကြံ့ခံ တာကြောင့် မရဘူးတဲ့ ။ လှေတပ်ချင်း တိုက်ကြရာ မှာလည်း အထွေးထွေး ရှုပ်ယှက်ခပ် နေတာပေါ့ ။ နောက်ဆုံးမှာတော့ မင်း ကြီးစွာ ရဲ့ လှေတော် မှာ ဆွဲတဲ့ ရွှေကြိုးရွှေပန်း တို့ ကို မွန်တို့ ဘက် က ရ သွားလေ သတဲ့ ။ 


အဲဒီအခါ မှာ မွန်အမတ် သမိန်သံကျယ် တို့ ဟာ မင်းကြီးစွာ လှေ က ရတဲ့ အောင်းကြီး ရွှေပန်း စသည် တို့ ကို စစ် နားတဲ့ အခါ မင်းကြီးစွာ ထံ ဆက် လာ သတဲ့ ။ ဆက်စာ ဖြင့် လည်း တင်လျှောက် သတဲ့ ။ 


“ ကျွန်တော် တပ်မှူး ၊ စစ်ကဲတစ်စု တို့ ရှိခိုးသံတော်ဦး တင်ပါသည် အရှင်မင်းကြီးဘုရား ။ မင်းကြီး စီးတော်မူသော လှေဖြစ် မှန်း ကျွန်တော်မျိုး တို့ မသိတာကြောင့် ထိပါးမိ ပါသည် ။ ထိုသို့ ထိပါးကြောင်း တူတော် ရာဇာဓိရာဇ် ကြား လျှင် တို့ မှာ အပြစ် မကင်း ရှိပေသည် ။ အလွှဲမြို့ ၊ ဂူထွတ် မြို့တို့သည်လည်း အရှင်မင်းကြီးစွာ ၏ မြို့များ ဖြစ်ပေသည် ။ အလွှဲမြို့စား ၊ ဂူထွတ်စား တို့ မချေငံ တာကြောင့် တူတော် ရဲ့ ကျွန်များ က ထွက်သွားသော ကြောင့် တူတော် က အစောင့်အနေ ထားခြင်း မျှသာ ဖြစ် ပါသည် ။ အလွှဲမြို့ ဂူထွတ်မြို့ တို့ ကို မင်းကြီး သိမ်းယူတော် မူပါ ။ နှစ်နိုင်ငံ “ မီး မသေ ရေ မနောက် ” ရွှေ တစ်ပြား တည်းဖြစ် မှ သတ္တဝါ အပေါင်း ချမ်းသာရာ ရမည့် အကြောင်း ရှိခိုးသံတော်ဦး တင်ပါသည် ဘုရား ” လို့ လျှောက်စာ မှာ ပါ သတဲ့ ။ 


ထိုအခါ မင်းကြီးစွာ မိန့်တော် မူတယ် ။ 


“ ရာဇာဓိရာဇ် ဟာ ( ၁၆ ) နှစ်သား က ပင် အဘ ကို ပုန်စားလေတယ် ။ အဘ မရှိတဲ့ အခါ မွန်ဒေသ နှစ်ရပ်လုံး ကို ရုံးပြီး ငါ နှစ်ကြိမ် ချီ ပေမယ့် မရ ။ အခု ငါ ချီတော်မူ ရ တာ လည်း ငါ့ နိုင်ငံတော် ကျေးစွန်ရွာနား ကို သိမ်း ယူ တာကြောင့် ငါ ချီရတယ် ။ ငါ့ မြို့ ပြည် ကို ဆက်လျှင် ငါ ရန်ပြု ဖို့ မရှိပြီ ။ သူ့ မြို့ ကို လည်း ငါ မလိုချင် ။ ငါလည်း သက်တော် ရွယ်တော် ကြီး ပြီ ။ ကုသိုလ်ကောင်းမှု များမယ့် အကြောင်း သာ အလို ရှိ ပေတယ် ။ ခပ်သိမ်းသတ္တပါ ကို ဘေးဖြစ်စေမယ့် အရေး ကို ငါ မလို ။ ငါ့ မြို့ကို ဆက်လျှင် အရေးပြီး တော့ တယ် ” လို့ မှာတော်မူ လိုက်တယ် ။ 


ရာဇာဓိရာဇ် ရဲ့ အမတ် မဟာသဗွန် ၊ သမိန်ဗြဲပိုက် ၊ သမိန်အဲကောင်း ပိန် ၊ သမိန်ခွန်စည် စတဲ့ အမတ်တွေ လည်း လက်ဆောင် လက်နက်အများ နဲ့ မင်းကြီးစွာ ထံ ဆက်လေတယ် ။ အင်းဝရဲမက် သုံ့ပန်း တို့ကို လည်း အကုန် ဆက်တယ် ။ မင်းကြီး လည်း မွန် ရဲမက်သုံ့ပန်း တို့ ကို လည်း တစ်ယောက် မကျန် ပြန် ပေးတော်မူတယ် ။ မွန်အမတ် လေးယောက် ကို လည်း ဆင်ပေါက် တစ်စီး စီ သနားလိုက် သတဲ့ ။ 


သားတော် အိမ်ရှေ့မင်း တပ်တို့ ချီ ရာ မှာ လည်း ရာဇာဓိရာဇ်တပ် နဲ့ ပန်းကျော်အရပ် မှာ တိုက်ကြရာ မှာ လည်း တစ်ဖက် နဲ့ တစ်ဖက် မတိုး နိုင် ဘ တစ်ပြန် ကျား တစ်ပြန် ဖြစ် နေကြတယ် ။ အဲဒီအခါ အရေးတော် ပြီး ပြေ ခဲ့ကြောင်း မွန်အမတ် တို့ ရာဇာဓိရာဇ် ထံ လျှောက်လာ သတဲ့ ။ ရာဇာဓိရာဇ် လည်း ဘုရင်မင်းကြီးစွာ နဲ့ အရေးတော် ပြီးပြေကြောင်း အိမ်ရှေ့မင်း ဆင်ဖြူ ရှင်တပ် သို့ တမန် စေ လိုက်တယ် ။ အရေး ပြီးကြောင်း အိမ်ရှေ့မင်း သိရတဲ့ အခါ တစ်ပါး ကို တစ်ပါး လက်ဆောင် ပဏ္ဏာ ပေးကြပြီး အသီးသီး ပြန်ကြ သတဲ့ ။ ဘုရင်မင်းကြီးစွာ လည်း ဂူထွတ်မြို့ ၊ အလွှဲမြို့ တို့ကို ရတဲ့ အခါ ဇေယျကာမဏီကို တပ်မှူး ၊ ရာဇနော်ရထာ ကို စစ်ကဲ ဆင်လုံး မြင်းရင်း နဲ့ ခန့်ထား ခဲ့ပြီး ပြန်တော်မူလေ သတဲ့ ။ 



❝ သိုဟန်ဘွား အရေး ❞


ကလေးတို့ ရေ ...


အင်းဝ နဲ့ ဟံသာဝတီ ငြိမ်းချမ်းရေး ရပေမယ့် သိုဟန်ဘွား အရေး က ပေါ်လာ ပြန်တယ် ။ သက္ကရာဇ် ( ၇၅၄ ) ခု မှာ မိုးညှင်းစား သိုချည်ဘွား ယောက်ဖ သိုဟန်ဘွား ဟာ ဆင်မြင်း အလုံးအရင်း များစွာ နဲ့ ချီလာပြီး မင်းကြီးစွာ ရဲ့ နိုင်ငံ ဖြစ်တဲ့ မြေဒူးမြို့ ကို တိုက်ခိုက် လာတယ် ။ 


အဲဒီအခါ မင်းကြီးစွာ လည်း မြောက်ဘက် တစ်လွှား မှာ ရှိတဲ့ မြို့စား အပေါင်း နဲ့ သိင်္ခသူစောနှောင်း ၊ အင်းယည်တုရင် စတဲ့ စစ်ကဲတွေ ကို ဆင်လုံး မြင်းရင်း အများ နဲ့  ကြည်းကြောင်း ချီ စေတယ် ။ မင်းကြီးစွာ ကိုယ်တိုင် လည်း ရေကြောင်း တိုက်လှေ ( ၁၀၀၀ ) ၊ ကြော့လှေ ( ၈၀၀ ) နဲ့ တကောင်း ထိ တိုင်အောင် ဆန်တက် ချီတော် မူတယ် ။ 


ကြည်းကြောင်း ချီစေ ရာ မှာ ဖြစ်ပုံ က မင်းကြီး ကွပ်ကဲစေ လိုက်တဲ့ သိင်္ခသူစောနှောင်း ၊ အင်းယည်တုရင် တို့ဟာ မြင်းရေး သာ ကျွမ်းကျင် ပြီး ဆင် မှာ မကျွမ်းကျင်ဘူး တဲ့ ။ လယ်ကိုင်း ငခရာ သား ငရွှေ တို့ လည်း ဒိုင်းကာ ကို သာ ကျွမ်းကျင်တယ် ။ မြင်း မှာ မကျွမ်းကျင် တာ ကြောင့် တိုက်ပွဲမှာ အရေး မလှပေဘူး ။ ဒါ့ကြောင့် ရှမ်းသိုဟန်ဘွား တပ် က အင်းဝတပ်တွေ အဆုတ် မှာ အမီ လိုက်ပြီး ထပ် တိုက်တယ် ။ အင်းဝရဲမက် တွေ ဆုတ်ခဲ့ရပြန် တယ် ။ နောက် စစ်ကိုင်း ကနေ ခံစစ် တိုက် ပြန်တယ် ။ သိုဟန်ဘွားတပ် ဟာ စစ်ကိုင်း မြို့ပြင် မှာ ရှိတဲ့ ဘုန်းကြီးကျောင်း နဲ့ လူနေအိမ်များ ကို မီးရှို့ ဖျက်ဆီး ကြတယ် ။ 


သိုဟန်ဘွား ဟာ ရတနာ သုံးပါး ကို လည်း မရိုသေဘူး ။ စစ်ဦးဘီလူး ဆိုတဲ့ အတိုင်း ဘီလူးစိတ် ရှိသူ သာ ဖြစ်တယ် ။ အဲဒီ စစ်သတင်း အထောက် တော် လျှောက်လာတဲ့ အခါ မင်းကြီးစွာ လည်း ရှမ်းတို့ အရေး စိတ်မအေး တာ ကြောင့် တကောင်း က နေပြီး အင်းဝ ကို အပြင်း စွန့်ခဲ့ရ ပြန်တယ် ။ အင်းဝ ရောက်တဲ့ အခါ မြို့ပြ ၊ ကျုံးမြောင်း ၊ ကတုတ် ၊ ရင်တား ခိုင်ခန့် အောင် စီရင် ပြီး ဆင်လုံး မြင်းရင်း မြို့တွင်း သွင်းကာ ခံစစ် ပြင်တော် မူ နှင့် တယ် ။ တောင်ငူစား ၊ တောင်တွင်းစား ၊ ရမည်းသင်းစား ၊ စတီးစား ၊ ညောင်ရမ်းစား ၊ ပေါက်မြိုင်စား ၊ ပင်လယ်စား တို့ ကို လည်း အလျင်အမြန် အင်းဝ ကို ခေါ်တော် မူ တယ် ။ 


တခြား မြို့စားတွေ ရောက် မလာခင် အစောဆုံး ရောက်လာသူ က ရမည်းသင်းစား သီလဝ ပဲ ။ သီလဝ ဟာ စကား နည်းပြီး လုပ်ရည်ကြံရည် ရှိ သူပေပဲ ။ ( သူ့ အကြောင်း အစောပိုင်းမှာ ပြောခဲ့ပြီ ) စီမံခန့်ခွဲမှု မှာ လည်း ကျွမ်းကျင်သူ မို့ ရဲမက် ၊ ဗိုလ်မင်းတွေ ကို သူ့ ကျွမ်းကျင် အလိုက် အံကျ ဖြစ် အောင် စီမံတယ် ။ 


ဒါ့ကြောင့် သိင်္ခသူစောနှောင်း ကို မြင်း တင် ပြီး လက်ျာကြောင်း နေ တယ် ။ အင်းယဉ်တုရင် ကို လည်း မြင်း တင် ကာ မြင်းတပ် ကို ကွပ်ကဲ စေ ပြီး လက်ဝဲစစ်ကြောင်း က နေစေတယ် ။ ငရွှေ နဲ့ တိတလမယားယုံ တို့ ကို ဝိုင်းကာ ကိုင်ကာ ချီစေတယ် ။ ရမည်းသင်းစား သီလဝ ကိုယ်တိုင် က တော့ စောရဲစွာ ဆိုတဲ့ ဆင် ကို စီးပြီးထွက် တယ် ။ ငခရာသား ငရွှေ ကာ နဲ့ ခုန်တာ တစ်တပ်လုံး ဖိန့်ဖိန့်တုန် သတဲ့ ။ ကျွမ်းကျင်ရာ လိမ္မာ ဆိုတာ ဒါပဲပေါ့ ။ 


သီလဝ စီမံတဲ့ အတိုင်း သိုဟန်ဘွားရှမ်းတပ်တွေ ကို အပြင်းအထန် တိုက်တာ ( ၁၅ ) တပ်လုံး ဖရိုဖရဲ ပြိုကွဲလေ သတဲ့ ။ သီလဝ ဟာ ရှမ်းတပ် ကို အောင်တာ နဲ့ သိမ်းဆည်းရမိတဲ့ ဆင်မြင်း လက်နက် ၊ သုံ့ပန်း အားလုံး မင်းကြီးစွာ ထံ ဆက်စေပြီး သူ ကတော့ မင်းကြီး ထံ ဝင် မခစား ရမည်းသင်း သို့ ပြန်လေ သတဲ့ ။ 


မင်းကြီးစွာ လည်း သိုဟန်ဘွားတပ်တွေ ကို အောင်နိုင် လို့ အားရတော် မူတယ် ။ ဒါပေမဲ့ သီလဝ သူ့ ထံ အခစား မဝင်ဘဲ ပြန် သွားတာ ကိုတော့ မကျေနပ်လေဘူး ။ သီလဝ ဟာ သူ့ တာဝန် ကို အလေးဂရု ပြုကာ ရွပ်ရွပ်ချွံချွံ တာဝန် ကျေအောင် ထမ်းရွက်သူ ဖြစ်တယ် ။ မင်းကြီး ထံ မျက်နှာ ရအောင် လုပ်တတ်သူမျိုး မဟုတ်ကြောင်း စည်းတပြစ် အမတ်ကြီး ကျိုးကြောင်း လျှောက် တင်လို့ မင်းကြီး စိတ် ပြေကာ သီလဝ ထံ လက်ဆောင်ပဏ္ဍာများစွာ ပို့စေ သတဲ့ ။ 


သက္ကရာဇ် ( ၇၅၇ ) ခု မှာ သီလဝ ကြမ္မာ ကုန်တယ် ။ ဒါ့ကြောင့် မင်းကြီးစွာ က ညီ မဟာပြောက် အား ရမည်းသင်းမြို့ ကို စားစေ သတဲ့ ။ တိုက် ဆင် ( ၆၀ ) ၊ မြင်း ( ၈၀၀ ) ၊ ရဲမက်ဗိုလ် တစ်သောင်း နဲ့ တကွ ပေး သတဲ့ ။


ဘုရင်မင်းကြီးစွာ လက်ထက် မှာ အကျော် လေးပါး ထွန်း သတဲ့ ။ 


( ၁ ) ရမည်းသင်းစား သီလ၀ ( ၂ ) သိင်္ခသူစောနှောင်း ( ၃ ) အင်းယည်တုရင် ( ၄ ) လက်ကိုင်းငခရာသား ငရွှေ တို့ဖြစ်တယ် ။ မင်းကြီး အမှု ကို စွမ်းစွမ်းတမံ ထမ်းရွက်ကြတဲ့ သူရဲကောင်းတွေ ပေါ့ ကွယ် ။ 


မင်းကြီးစွာ ဟာ အပေးအကမ်း လည်း ရက်ရောတယ် ။ ပညာရှိ ကို လည်း ချစ်တတ်တယ် ။ မင်းကြီး ရဲ့ ကောင်းမှုတော်တွေ က အဝ ရွှေစည်းခုံကျောင်းတော် ။ ညောင်ရမ်းစည်းခုံ နဲ့ ကျောင်းတော် ၊ ပေါင်းဝစည်းခုံ နဲ့ ကျောင်းတော် ၊ မြောက်ဘက် ကန်စွမ်းနိမ့်စည်းခုံ နဲ့ ကျောင်းတော် ၊ အမြင့်မြို့ သာသနာပိုင်ကျောင်း ၊ အင်းဝ ထန်းတောစည်းခုံ နဲ့ ကျောင်းတော် ၊ မြင်းမူ စည်းခုံ နဲ့ ကျောင်းတော် ၊ တပ်ကြီးအရပ် ရတနာ့ဂူဘုရား တို့ ဖြစ်ကြတယ် ။ မင်းကြီးစွာ ဟာ ထီးနန်းစည်းစိမ် ( ၃၃ ) နှစ် စံစားပြီး သက်တော် ( ၇၀ ) မှာ အနိစ္စ ရောက်လေ သတဲ့ ။ 



❝ ဘုရင်မင်းခေါင် ❞


ကလေးတို့ ရေ .. 


ဘုရင်မင်းခေါင် ဆိုတာ တခြား လူ မဟုတ်ဘူး ။ မင်းကြီး စွာစော်ကဲ နဲ့ ကန်စွန်းနိမ့်ရွာသူ မိဖုရား စောဘေဇာ တို့ သင့်မြတ်ရာ က မွေးဖွားလာ သူ ဖြစ်တယ် ။ သားတော် ပြင်စည်စား မင်းဆွေ ဟာ ဘုရင်မင်းခေါင် ဖြစ်လာတာ ပါပဲ ။ ညီတော် စစ်ကိုင်းစား ရှင်သိဒ္ဓတ် ၊ နှမတော် က မင်းလှမြတ် တို့ ဖြစ်ကြတယ် ။ 


မင်းကြီးစွာ ဟာ မင်းဆွေ တို့ ညီအစ်ကို ကို သားတော်ကြီး အိမ်ရှေ့မင်း ဆင်ဖြူရှင် နှိပ်စက် မှာ စိုးလို့ ငယ်ငယ် က ထွန်တုံးပူတက် ဆိုတဲ့ အရပ် မှာ အထိန်းတော် နှစ်ယောက် နဲ့ သွား ထားတယ် ။ အဲဒီနောက် တောင်တွင်း ကျောက်စစ် မှာ ထားတယ် ။ နောက် ပတိမ်းမဘဲ ဆိုတဲ့ အရပ် မှာ ထား ပြန်တယ် ။ နေရာတွေ ပြောင်းပြောင်းပြီး ထား တာပေါ့ ။ 


ပတိမ်းမဘဲ မှာ နေစဉ် အခါက အထိန်းတော် ငခင်ညို က ငြင်းတူရိယာ ၊ အထိန်းတော် ငခင်ဘား က စည်းစုပ် တီးမှုတ် လို့ နတ်ကနား က ရ သတဲ့ ။ အဲဒီ က ရတဲ့ ငွေကြေး နဲ့ မင်းသား နှစ်ပါး ကို မွေးမြူရ သတဲ့ ။ မင်းဥဒိန် လည်း လိုက်ပြီး လုပ် ကျွေး မွေးမြူရ သတဲ့ ။ နောက်တော့ မင်းဥဒိန် ဟာ ဦးရီးတော်  ဆီ မှာ သွားပြီး အပါး မှာ ခစားလေ သတဲ့ ။ ဒါ့ကြောင့် မင်းသား နှစ်ပါး ကို အထိန်းတော် ငခင်ညို နဲ့ ခင်ဘား သာ လုပ်ကျွေးရ တာပေါ့ ကွယ် ။ 


နောက်တော့ မင်းကြီးစွာ က ပြန် ခေါ်  လေပြီး ပင်လယ်ကျေး သင်္ဃရာဇာ ထံ မှာ အပ်ကာ စာပေ သင်ယူစေ သတဲ့ ။ မင်းဆွေ က ( ၉ ) နှစ် ရွယ် ၊ မင်းသိဒ္ဓတ် က ( ၇ ) နှစ် ရွယ် ပေါ့ ။ 


ဘုန်းတော်ကြီး သင်္ဃရာဇာ ဟာ ပိဋကတ်ဗေဒင် မှာ ကျွမ်းကျင်သူ ဖြစ်တာ ကြောင့် မင်းသား တို့ ဇာတာ ကို တွက်ကြည့် ရာ မှာ မင်းဆွေ မင်း ဖြစ် မှာ ကို မြင် သတဲ့ ။ မင်းဆွေ ( ၁၂ ) နှစ်သား အရွယ် မှာ အိပ်မက် မက်တယ် ။ သူ့ ရဲ့ အူတွေ ဝမ်း ထဲ က ထွက်ပြီး အင်းဝမြို့အလုံးကို ရစ်ပတ်တယ် လို့ အိပ် မက်တယ် ။ သန်းခေါင် ကျော်ချိန် မှာ မင်းဆွေ လည်း ဆရာတော် ကို နှိုးပြီး သူ့ အိပ်မက် ပုံ ပြောပြတဲ့ အခါ ရုတ်တရက် ဆရာတော် က ခြေ နဲ့ ထ ကန် သတဲ့ ။ “ ဘာကြောင့်ပါလဲ ဘုရား ” လို့ လျှောက်တဲ့ အခါ ဆရာတော် က 


“ ငါ ပဉ္စင်းပျို ငါးဝါ ရှိစဉ်က တောင်ဘီလူးပရက္ကမ မှာ စာ သင်တယ် ။ လေ့လာရာ မှာ ဦးထုပ် ကျ လာတာ ခြေ နဲ့ နင်းမိတယ် ။ ဒါ့ကြောင့် ငါ မင်းဆရာ ဖြစ်မယ် မုချ လို့ သိတယ် ။ မင်းဆရာ ဖြစ်တဲ့ အခါ တံတားဦး ကို ယက်မလျှို အမိုး နဲ့ တံတား လုပ်မယ် အဓိဋ္ဌာန် ရှိတယ် ။ မင်းသား မက် တဲ့ အိပ်မက် အရ မင်း ဖြစ် မှာ သေချာတယ် ။ မင်း ဖြစ်ရင် မေ့ မှာ စိုးလို့ ငါ ခြေ နဲ့ ကန်တယ် ။ မင်းသား မင်း ဖြစ်လျှင် တံတားဦး ကို ယက်မလျှို အမိုး နဲ့ တံတား လုပ်ရမယ် ” လို့ မိန့်တော် မူတယ် ။ မင်းဆွေ လည်း “ စိုးရိမ်တော် မမူပါနဲ့ ၊ အလိုတော် ပြီး လိမ့်မည် ” လို့ လျှောက် သတဲ့ ။ 


ခမည်းတော် မင်းကြီးစွာ လည်း မင်းဆွေ ( ၁၂ ) နှစ် ရှိတဲ့ အခါ အဆောင် အယောင် များနဲ့ တကွ ပြင်စည်မြို့ ကို ပေးတော် မူတယ် ။ ပြင်စည် အသည်သား ( ဆင်းရဲသား ) ( ၃၃ ) ယောက် ကို လည်း မင်းသား ထံ မှာ ခစား စေတယ် ။ မင်းဆွေ မင်း ဖြစ်တဲ့ အခါ အသည်သား ( ၃၃ ) ယောက် ကို မြင်း ( ၃၃ ) စီး ဖွဲ့ကာ မိမိတို့ ရွာ ကို ပေးတော် မူတယ် ။ 


မင်းဆွေ မင်း ဖြစ်လာပုံ ကို ပြော ရရင် မင်းကြီးစွာ အနိစ္စ ရောက် ပြီး အိမ်ရှေ့မင်း ဆင်ဖြူရှင် နန်း တက်တယ် ။ မင်း ဖြစ် လို့ ငါးလ ရှိတဲ့ အခါ တော ကစား ထွက်ရင်း ဇော်ဂျီ နဲ့ တွေ့ လို့ စိတ်နောက် လာတယ် ။ အထိန်းတော် သား ငနောက်ဆံ လုပ်ကြံ လို့ အနိစ္စ ရောက်ရတယ် ။ ငနောက်ဆံ နန်း တက်တာ မကြည်ဖြူ လို့ မှူးမတ်တို့ က လုပ်ကြံ ပြန်တယ် ။ အဲဒီအခါ မင်းဆွေ ကို နန်း တင် တော့ သူ့ မှာ ဆင်မြင်း အလုံးအရင်း မရှိ လို့ ဦးရီးတော် မဟာပြောက် ကို နန်းတင် ပါ ဆိုတာကြောင့် မှူးမတ်တွေ ဟာ ရမည်းသင်းစား မဟောပြောက် ကို မင်း လာ လုပ်ပါလို့ လျှောက်တင် လေတယ် ။ 


အဲဒီအခါ မင်းဆွေ ရဲ့ ညီ မင်းသိဒ္ဓတ် က မကျေနပ်ဘူး ။ “ ကိုယ် စား မယ့် စည်းစိမ် သူများ ပေးရမလား ” ဆိုပြီး မဟာပြောက် အလာ မှာ ရတဲ့ အင်အား နဲ့ လမ်း က ဖြတ်တိုက် တာကြောင့် မဟာပြောက် ကြမ္မာ ကုန် လေ တယ် ။ အဲဒီမှာ မင်းဆွေ မင်း ဖြစ် လာတာပါပဲ ။ ညီ ရဲ့ကျေးဇူးပေါ့ ။ 


သက္ကရာဇ် ( ၇၆၃ ) မှာ မင်းဆွေ မင်း ဖြစ်တယ် ။ ပုဂံရွှေစည်းခုံ ကို သွား ရာမှာ အရှေ့တောင် ထောင့် က ခြင်္သေ့ရုပ်ကြီး ဟာ နားရွက် ထောင်  ၊ အမြီး ချီ ပြီး ရွှင်မြူး ဟန် ပြ သတဲ့ ။ အဲဒီ ည မှာ ပဲ “ မင်းခေါင် ” ဘွဲ့မည် ခံလေ လို့ အိပ်မက် ပေး တာကြောင့် “ ဘုရင်မင်းခေါင် ” ရယ် လို့ ဖြစ် လာရတာပဲ ။ နန်း တက်ချိန် မှာ မိဖုရား ရှင်မိနောက် က ရှိပြီးသား ဖြစ်တယ် ။ မင်းခေါင် ရဲ့ မိဖုရား လေးပါး ရှိတယ် ။ ဆင်ဖြူရှင် နှမ စောခွေး ၊ ညီမတော် မင်းပျံ ၊ သိုစံဘွား သမီး ရှင်မိနောက် ၊ သိင်္ခသူငယ် သမီး ရှင်ဘို့မယ် တို့ ဖြစ်တယ် ။ အဲဒီ မိဖုရားတွေ ထဲ မှာ ရှင်မိနောက် မှာ သာ သားသမီး လေးဦး ထွန်းကား သတဲ့ ။ ( ၁ ) သားတော် မင်းရဲကျော်စွာ ( ၂ ) နှမတော် ရွှေပြည်ချမ်းသာ ( ၃ ) မောင်တော် သီဟသူ ( ၄ ) ညီတော် မင်းသားညို တို့ ဖြစ် သတဲ့ ။ မင်းခေါင် နန်းတက် ချိန် မှာ သားတော် မင်းရဲကျော်စွာ ( ၁ဝ ) နှစ်သား ရှိ နေပါပြီ ။ 



❝ မင်းခေါင် အမေး ၊ စည်းတပြစ် အဖြေ ❞


ကလေးတို့ ရေ ...


ဘုရင်မင်းခေါင် နန်း တက်တော် မူတဲ့ အခါ စည်းတပြစ် အမတ်ကြီး ကို ခေါ်တော် မူ ပြီး မေးလေတယ် ။ 


“ အဘိုး ... အဘယ်သို့ ကျင့် သော် ပြည်ထဲ အရေး ငြိမ်းချမ်းသာယာ ဝပြောမည်နည်း ” လို့ မေး သတဲ့ ။ ဒီအခါ စည်းတပြစ် ပညာရှိ အမတ်ကြီး ဖြေဆို တာ က - 


“ အရှင်မင်းကြီး ...


* မင်းတို့ ၏ ကျေးဇူးတော် ကား သည်းခံခြင်း ၊ နိုးကြားခြင်း ၊ လုံ့လထကြွမှု ရှိခြင်း ၊ ဝေဖန်ခြင်း ၊ သနားခြင်း ၊ ကြည့်ရှု စောင်မခြင်း ဤသည်လျှင် မင်းတို့ ၏ အကျိုးစီးပွားတည်း ။ 


* အရှင်မင်းကြီး ... နူးညံ့လွန်းသော မင်း ကို သူတို့ နှိပ်စက် တတ် သည် ။ ထက်လွန်းသော မင်း ကို အများ မုန်းတတ်သည် ။ ထို့ ကြောင့် မနူးညံ့လွန်း ၊ မပြင်းထန်လွန်း သော အကျင့် ကို ကျင့် ရာ၏ ။

 

* စင်စစ် နူးညံ့ လွန်း သဖြင့် လည်းကောင်း ၊ ထက်လွန်း သဖြင့် လည်းကောင်း မိမိ ကိုယ် ကို ကြီးမြတ်သော အဖြစ် ၌ တည်စိမ့် သော ငှာ မတတ်နိုင်ချေ ။ မညံ့မပြင်း ပြုသော အကျင့် သည် သာ လျှင် ကြီးမြတ်သော အဖြစ်၌ တည်စေနိုင်ချေသည် ။ 


* အရှင်မင်းကြီး ၊ သူ ၏ အမှု ကို ချစ်မြတ်နိုး သဖြင့် လည်းကောင်း ၊ သူ ၏ အမွေအနှစ် အတုတ်အခွန် ၌ မြို့ရွာထုံးနည်း ရှိရာ ဈေး ဆိပ်တံခါး ၊ ကင်း စသည် တို့၌ အဆက်ဆက် သော မင်း တို့ ထက် ဆင်ချင် ရှုတ်ချ၍ ကျင့်သဖြင့် လည်းကောင်း ၊ အမှန်အကန် အတော် အဖြောင့် သုံးစွဲ သဖြင့် လည်းကောင်း ၊ ပေးကမ်းစွန့်ကြဲ ခြင်း ၌ ရက်ရော သဖြင့် လည်းကောင်း ၊ ချစ်ခင် နှစ်လိုဖွယ် ပြုမူ သဖြင့် လည်းကောင်း ၊ သာယာချေငံစွာ ပြောဆို ခေါ်ငင် စိစစ် သဖြင့် လည်းကောင်း ပြုကျင့် အပ်၏ ။ 


* စစ်မြေပြင်၌ ပြင်းစွာ ထိုးခတ်ခြင်း ၌ အောင်ရာ အရပ် ကို သိတတ်သော သူရဲကောင်း တို့ ကို လည်းကောင်း ၊ အချင်းခပ်သိမ်း ရန်သူ တို့ကို ငြိမ်းအောင် ပြုတတ်သော ပညာရှိသော သူတို့ ကို လည်း ကောင်း ၊ ထင်ရှားပြီးသော အမတ်စစ်သူကြီး တို့ ကို လည်းကောင်း ချစ်မြတ်နိုးအပ်၏ ။ ဆိုသာ ၊ မိန့်သာ ၊ လျှောက်သာ အောင် လည်း ကျင့်အပ်၏ ။ ဤသည်လျှင် ဝပြော စည်ပင်ရာသော အကြောင်း တည်း ။ 


တစ်နည်းတုံ ..


* အရှင်မင်းကြီး သား တည်း မကောင်းမှု ကို ပြုမူကား ဘမိ လည်း မကောင်းမှု ပြုသည် မည်၏ ။ တပည့် တည်း မကောင်းမှု ကို ပြု မူ ကား ဆရာ လည်း မကောင်းမှု ကို ပြုသည် မည်၏ ။ 


* ပြည်သူတို့ မကောင်းမှု ကို ပြုမူ ကား မင်း လည်း မကောင်းမှု ကို ပြုသည် မည်၏ ။ မင်း တည်း မကောင်းမှု ကို ပြု မူ ကား ပရောဟိတ် လည်း မကောင်းမှု ကို ပြုသည် မည်၏ ။ 


* ခပ်သိမ်းသော သူတို့ သည် ကောင်းမှု ၊ မကောင်းမှု နှစ်ပါး ကို ပြုကုန်ကြသည် တွင် ခြောက်စု စု၍ တစ်စု သည် မင်း ခံရ ၊ စံရ လေကုန်၏ ။ ယင်းသို့သောကြောင့် မကောင်းမှု ကို ရှောင်ကြဉ် ၍ ကောင်းသောအမှု ကို ပွားစေလျက် လူ အပေါင်း ကို အဖန် တလဲလဲ ဆုံးမ ရာ၏ ။ 


* အရှင်မင်းကြီး ၊ လူမိုက် ၏ အသက် သည် နည်း၏ ။ (အသက်တို ၏ ) ပညာရှိတို့ ၏ အသက် သည် များ၏ ။ ( အသက်ရှည်၏ ။ ) 


* လူ အပေါင်း တို့ ၏ အသက် သည် မင်း သာ လျှင် တည်း ။ မင်း တို့ ၏ အသက် သည် မင်းကျင့်တရား သာ လျှင် တည်း ။ 


* အရှင်မင်းကြီး ၊ အကြီး မရှိသော ရွာ သည် လည်း ပျက်စီး တတ်၏ ။ အကြီး များ လွန်း လျှင် လည်း ပျက်စီး တတ်၏ ။ မိန်းမ အကြီး ပြု သော ရွာ သည် လည်း ပျက်စီး တတ်၏ ။ သူငယ် အကြီး ပြုသော ရွာ သည် လည်း ပျက်စီး တတ်၏ ။ 


* မိုက်လွန်း လျှင် လည်း အမှု မကုန် ရှိတတ်၏ ။ လိမ္မာလွန်း လျှင် လည်း အမှု ကုန် လွန် ၍ ပျက် တတ်၏ ။ 


* နှိုင်းရှိဆင်ခြင် တတ်သော သူ သည် သာ လျှင် အရှင့် စီးပွား ကို ဖြစ်စေ တတ်၏ ။ 


* နို့ မရှိသော လိပ်မ ၊ ငါးမ ၊ ကြက်မ တို့ သည် များစွာသော သားငယ် တို့ ကို ကျွေးမွေး တတ်သည် ဖြစ် သကဲ့သို့ မင်း တို့ သည် လည်း အမတ် စစ်သူကြီး တို့ အား ကျွေးမွေးသုတ်သင် ရာ၏ ။ 


တစ်နည်းတုံ - 


* အရှင့်သား .. ၊ 


- ပြည်ကြီးတံခွန် တည်း ဟူသော မြို့ပြပြည်ရွာ တို့ ကို မညစ်မနွမ်း ရအောင် ထူထောင် မစ သဖြင့် လည်းကောင်း ၊ 


- ပြည် ၏ ဝမ်းတည်း ဟူသော ကိုင်းကျွန်းလယ်ယာ အတုတ် အခွန် တို့ ကို မဖောက် မဖျက်ဆီး သဖြင့် လည်းကောင်း ၊ 


- ပြည် ၏ မျက်စိ တည်း ဟူသော ဝန်ကြီးတံတိုင်းကြီး တို့ကို မျက်မုန်း မကျိုး သဖြင့် လည်းကောင်း ၊ 


- ပြည်စွယ် တည်း ဟူသော အမှုထမ်းတို့ ကို မချိုးမနှိပ်စက် သဖြင့် လည်းကောင်း ၊ 


- ပြည် ၏ ကျေးဇူးတည်း ဟူသော အမတ် ၊ သေနာတိ အစရှိ သည်တို့၏ ကျေးဇူး ကို မထိမ်မြူး သဖြင့် လည်းကောင်း ၊ 


- အရပ် ထက်ဝန်းကျင် မှ လာသော ကုန်သည်တို့ ကို အကောက် အစား တည်း ဟူသော ပြည် ၏ တံခါး ကို မပိတ် သဖြင့် လည်းကောင်း ၊ 


- ပြည် ၏ ဦးကင်းတည်း ဟူသော တိုင်းစွန်မြို့နား ၊ နိဂုံး ဇနပုဒ် တို့ ကို နှိပ်စက်ညှဉ်းဆဲ မပြုသဖြင့် လည်းကောင်း


ပြည်ထဲ အရေး ဝပြော သာယာ၏ ။

 

အရှင်မင်းကြီး ။ တစ်နည်းတုံ - 


* ပြည် ကို ပြုစုသော မင်း တို့ ကား အသီး ရှိသော သစ်ပင်ကြီး ၏ စိမ်း သော အသီး ကို ဆွတ်၍ စားသော် အရသာ လည်း မရှိ ၊ မျိုးစေ့ လည်း မရ သကဲ့သို့ သစ်ပင်ကြီး နှင့် တူသော ပြည်တိုင်း ကား ၌ နေသော အမျိုးလေးပါး တို့ သည် မစည်မင် မပြန့်မပွား ဘဲ ကို ပြည်ရွာ တို့ ၏ ကျေးဇူး ကို ခံ ဘိမူကား အကျိုး လည်း ရမ်းရမ်းလွေ့လွေ့ ( ကောင်းစွာ ) မခံရ ။ ပြည်ရွာ လည်း မစည်ပင် နိုင် ဖြစ်သည် ။ 


- မှည့်သော အသီး ကို ဆွတ် ၍ စားသည် ရှိသော်ကား အရသာ လည်း ရှိ၏ ။ မျိုးစေ့ လိုသော် ရ သကဲ့သို့ ပြည်ရွာ စည်ပင်၍ ပြန့်ပြောသည် ဖြစ်မူကား အကျိုး လည်း ကောင်းစွာ ခံစားရ ၏ ။ ပြည်ရွာ လည်း ငြိမ်သက်တည်ကြည်သည် ဖြစ်ရာ၏ ။


- ပြည့်ရှင်မင်းတို့ ၏ မူလ အရင်းခံ ကား မိုးနတ်သား ကဲ့ သို့ ပြည်သူတို့ ၏ အစီးအပွား ကို ပြည်ရွာ ငြိမ်သက်အောင် ဆောင် ရာ၏ ။ 


- ထိုသို့ ဆောင်ပြီး မှ နေနတ်သား ကဲ့သို့ မိမိ စီးပွား ကို အများ ကြောက်ရွံ့အောင် ဆောင်ရာ၏ ။ 


- ယမမင်း ကဲ့သို့ ချစ်သောသူ ၊ မုန်းသောသူ ၊ ဆွေရင်းမျိုးချာ ၊ သူစိမ်းပြင် ဟူ၍ မရှိ ၊ တွေးဆ၍ အပြစ် အတိုင်း လျှင် ဆုံးမ ကွပ်ညှပ် ( နှိပ်ကွပ် ) ရာ၏ ။ 


ထို့ပြင်လည်း စည်းတပြစ် အမတ်ကြီး သည် အထူးထူး သော ထုံး ပုံပြင် တို့ ကို ပြောပြပြီး လည်း မင်းကြီး ကို တင်လျှောက် လေတယ် ။ မင်း ကျင့်တရား နှင့် အညီ ကျင့်လျှင် တိုင်းကား ပြည်ရွာ သာယာကြောင်း ၊ ပြည်သူ တို့ လရောင်ရိပ်ဝယ် နေရ သကဲ့ သို့ လည်းကောင်း ချမ်းမြေ့သော ဘဝ ကို ပိုင်ဆိုင်နိုင်ကြောင်း ၊ ပြည်ရွာ ငြိမ်းချမ်းသာယာ မှ သာသနာ ၏ စီးပွား ၊ အရှင် မင်းကြီး ၏ စီးပွား ၊ သားတော် အစဉ် ၊ မြေးတော် အဆက် ၊ မြစ်တော် အညွန့် တို့ စီးပွား များတော် မူရာသည် ” ဟူ၍ နားတော် လျှောက်လေ သတဲ့ ။ 


ဘုရင်မင်းခေါင် လည်း စည်းတပြစ် အမတ်ကြီး ရဲ့ တင်လျှောက်ချက် များ ကို ကြားတော် မူတဲ့ အခါ အလွန် အားရတော် မူ တာ ကြောင့် “ ရာဇာ ” ဟူသော ဘွဲ့မည် နဲ့ အဆောင်အယောင်များ ပေးအပ်တယ် ။ 



❝ စစ်သူကြီး မင်းရဲကျော်စွာ ❞


ကလေးတို့ ရေ ...


ဘုရင်မင်းခေါင် မင်းဆွေ ဘဝ ထီးနန်း မရခင် ကတည်း က ခမည်းတော် မင်းကြီးစွာ က မောမင်း သိုငံဘွား သမီး ရှင်မိနောက် နဲ့ လက်ဆက် ပေးခဲ့လို့ မင်းဆွေ ထီးနန်း စိုးစံချိန် မှာ ရှင်မိနောက် နဲ့ ရတဲ့ သားတော် မင်းရဲကျော်စွာ ဟာ ( ၁၀ ) နှစ် ရွယ် ရောက်နေပြီ ပေါ့ ။ 


သက္ကရာဇ် ( ၇၆၅ ) ခုနှစ် မှာ တော့ ရခိုင်ဘုရင် ထောရာကြီး ဟာ နိုင်ငံတော် ဖြစ်တဲ့ ယော ၊ ဆော ၊ လောင်းရှည်မြို့တို့ကို ထိပါးနှောင့်ယှက် ဖျက်ဆီး လာတယ် ။ ဘုရင်မင်းခေါင် ကြားတဲ့ အခါ မှူးမတ်တွေ နဲ့ တိုင်ပင် ပြီး အဲဒီ စစ်ကြောင်းချီ ဖို့ သားတော် မင်းရဲကျော်စွာ ကို ဗိုလ်မှူး ခန့်တော် မူ တယ် ။ မင်းရဲကျော်စွာ ဟာ အဲဒီအချိန် မှာ ( ၁၂ ) နှစ် ကျော် ( ၁၃ ) နှစ် အရွယ် ပဲ ရှိသေးတယ် ။ 


ပုခန်းစား ၊ ပုဂံစား စတဲ့ မြို့စား တွေ ကို စစ်ကဲ ခန့် ကာ တပ် တစ်တပ် စီ ဦးစီး စေတယ် ။ မင်းရဲကျော်စွာ တပ် နဲ့ ဆိုရင် အားလုံး ( ၁ဝ ) တပ် ရှိတယ် ။ မင်းရဲကျော်စွာ တပ်မှာ တော့ မြို့လှစား ကို စစ်ကဲ ခန့်တော် မူတယ် ။ 


အဲဒီ ( ၁ဝ ) တပ် မှာ တိုက်ဆင် ( ၄ဝဝ ) ၊ မြင်း ( ၅ဝဝဝ ) ၊ စစ်သည်သူရဲ တစ်သိန်း နဲ့ ရခိုင် ကို ချီလေတယ် ၊ မင်းရဲကျော်စွာ ကတော့ တပ်ချနေတုန်း သူငယ်ဖော်များ နဲ့ ကျည်းသား ရိုက် ၊ ဂျင် ပေါက် ကစား နေ သတဲ့ ။ 


အဲဒီအချိန် မှာ ရခိုင်ဘုရင် ထောရာကြီး ဟာ ရဲမက်ဗိုလ်ပါ ဆင်လုံး မြင်းရင်း များစွာ နဲ့ နနွင်းတောင် က ကြိုပြီး စစ်ပြင် နေ  သတဲ့ ။ မင်းရဲကျော်စွာ ဦးစီးတဲ့ တပ်တော်ကြီး နနွင်းတောင် ရောက်တဲ့ အခါ တပ်မှူးစစ်ကဲ အပေါင်း မင်းရဲကျော်စွာ ကို နားတော် လျှောက်တယ် ။ 


“ အရှင့်သားတော် ၊ သူတို့ ချီလာတဲ့ စစ်သည်အင်အား များလှတယ် လို့ သိရပါတယ် ။ သူတို့ စစ်အင်အား ကို ကြည့်ပြီး မှ တိုက်ပါမယ် ။ အရှင် ကြည့်ပြီးတော့ သာ နေပါ ။ စိတ်မာန် အလိုက် သူတို့ နီး လာတဲ့ အခါ လုပ်ကြံတော် မမူပါနဲ့ ” လို့ လျှောက်ကြတဲ့အခါ မင်းရဲကျော်စွာ လည်း ဘယ်လိုမှ မမိန့် ဘဲ တိတ်ဆိတ်စွာ နေ သတဲ့ ။ 


စစ်ကဲတပ်မှူးများ ပြောဆို လျှောက်တင် နေစဉ်ပဲ အဝေး က စစ်ချီ လာ သံတွေ ကြားရ သတဲ့ ။ ရန်သူတွေ နီး လာတဲ့ အခါ မင်းရဲကျော်စွာ မိန့်တော် မူတယ် ။ 


“ သူတို့ စစ်အင်အား နဲ့ ငါတို့ အင်အား ကွာတယ် ။ ငါတို့ ရဲမက် ( ၁ဝ ) တပ်သားတို့ ကို သုံးစု ခွဲ တိုက် မှ သူတို့ ပျက်လွယ်မယ် ” လို့ အမိန့် ပေးတာကြောင့် တပ်မှူးစစ်ကဲ တို့ လည်း မင်းရဲကျော်စွာ အလို လိုက်ကာ သုံးစု ခွဲရတယ် ။ “ အရှင့်သားနဲ့ တပ် လေးတပ် အလယ်ကြောင်း နေတော် မူ ။ ကျွန်ုပ်တို့ လက်ဝဲ သုံးတပ် ။ လက်ျာ သုံးတပ် သင်းတို့ အလယ်ကို ခွဲပြီး တိုက်မယ် ” လို့ တောင်တွင်းစား သိန်ပတေ့ နဲ့ စည်ပုတ္တရာ စား ရာဇသင်္ကြန် တို့က လျှောက်ပြီးတဲ့ အခါ ပုဂံစား ဥဇနာ တစ်တပ် ၊ စလင်းစား နော်ရထာ တစ်တပ် ၊ စည်ပုတ္တရာစား ရာဇသင်္ကြန် တစ်တပ် တို့ ကို လက်ျာကြောင်း ချီစေတယ် ။ 


စဉ့်ကူးမင်း ဘယကာမဏိတပ် ၊ တလုတ်မြို့စား ရာဇသူတပ် ၊ တောင်တွင်းစားတပ် တို့ကို လက်ဝဲကြောင်း ချီစေတယ် ။ 


မြောက်မြင်းမှူး စောနစ်တပ် ၊ ပေါက်မြိုင်စား စည်သူတပ် ၊ ပုခန်းစား တရဖျားတပ် ၊ မင်းရဲကျော်စွာ တပ်တို့ ဟာ အလယ်ကြောင်း က ချီကြတယ် ။


ရခိုင်ဘုရင် ထောရာကြီး လည်း အင်းဝစစ်သည်များ ချီလာပြီ ဆိုတာ သိတာကြောင့် သူ့ တပ် ကို တပ်လှန့်ကာ အသင့် စောင့်ကြို တိုက်မယ် ပြင် နေ သတဲ့  ။ ဟိုတုန်းက စစ်ချီကြ ရာ မှာ စိတ်တက်ကြွဖွယ် စစ်စည် စစ်မောင်း သံ ပေးပြီး ချီတက်လေ့ ရှိတယ် ။ 


ရင်ဆိုင်ဖို့ အခြေအနေ မှာ မင်းရဲကျော်စွာ က ရဲမြတ်စွာ ဆိုတဲ့ ဆင်‌တော် ကို စီးပြီး မြင်းစစ်သည် ( ၃၀၀၀ ) နဲ့ ရန်သူ့ တပ် အလယ်ကြောင်း ကို တရကြမ်း ချီကာ တိုက်လေ သတဲ့ ။ အင်းဝတပ်မှူး တို့ဟာ မင်းရဲကျော်စွာ တိုက်တဲ့ အခါ သူတို့ လည်း မနေသာဘူး ။ ဗိုလ်မှူး ဖြစ်သူ မင်းရဲကျော်စွာ က ရဲရဲရင့်ရင့် တိုက်တော့ သူတို့ လည်း ရွပ်ရွပ်ချွံချွံ တိုက်ကြတယ် ။ 


မင်းရဲကျော်စွာ တရကြမ်း ဝင်တိုက်ရာ မှာ ရန်သူ ဘက် က ဆင် ၄ - ၅ စီး လည်း သေတယ် ။ မင်းရဲကျော်စွာ လည်း ရခိုင်ဘုရင်ထောရာကြီး စီး တဲ့ ဆင် ဆီ ကို သူ့ တိုက်ဆင် ရဲမြတ်စွာ ကို ချွန်း ဖွင့်ပြီး အပြင်း ဝင် တိုက်တယ် ။ ရခိုင်ဘုရင် ထောရာကြီး လည်း သူ့ ဆင် ဘက် က အားမတန် တာ နဲ့ ဆင် ကို ရှောင်ပြီး ဆင် ပေါ် က နေ ဆင်း ကာ မြင်းပေါ် ကူးပြီး မြင်းတပ် အင်အား ငါးသောင်း နဲ့ ခံ သတဲ့ ။ အင်းဝမြင်းစစ်သည် တို့ လည်း တရကြမ်း ဝင် ထိုးခုတ် တိုက်ခိုက်ကြတယ် ။ 


စစ်ပွဲ အတွင်း သူ့ဘက် ကိုယ့်ဘက် တိုက်ကြရာ မှာ မြောက်ဘက်မြင်းမှူး စောနစ် ဟာ ရခိုင်ဘုရင် နဲ့ ထိပ်တိုက် တွေ့ပြီး စီးချင်း တိုက်ကြရာ မှာ ရခိုင်ဘုရင့် ခေါင်း ကို စောနစ် ဖြတ်လိုက် နိုင်တယ် ။ ရခိုင်ဘုရင် ကျတာ မြင် တာ နဲ့ ရခိုင်စစ်သည် တို့ လည်း ဖရိုဖရဲ ဖြစ်ကာ တပ်ပျက်ပြီး ပြေး ကုန်ကြတယ် ။ ရခိုင်ဘုရင် ဘက် က အကျအဆုံး လည်း များတယ် ။ ဆင်မြင်းသုံ့ပန်း အများ လည်း မင်းရဲကျော်စွာ ဘက် က ရ လိုက်တယ် ။ 


မင်းရဲကျော်စွာ လည်း ထောရာကြီး ကျပြီး ရခိုင်တပ် ဆုတ် ပြေးရာ လိုက် တိုက်တယ် ။ ရခိုင် ကို အရောက် စစ်ချီလေတယ် ။ မြို့တွင်း က ကြံ့ကြံ့ ခံတာ ကို မင်းရဲကျော်စွာ နဲ့ စစ်သည်များ ရွပ်ရွပ်ချွံချွံ လုပ်ကြံ ကြတယ် ။ တစ်မြို့လုံး ကို ရတော် မူတယ် ။ ရခိုင်မြို့ကို မင်းရဲကျော်စွာ သိမ်းတဲ့ အခါ ရခိုင် တောင်စဉ် ( ၇ ) ခရိုင်စား တို့ လည်း မနေဝံ့ဘဲ လက်ဆောင် လက်နက် အများ ဆက်သ လာပြီး သစ္စာ ခံကြတယ် ။ 


အဲဒီ စစ်သတင်း အကြောင်းအရာ တွေ ဘုရင်မင်းခေါင် ကြားတဲ့ အခါ အလွန် အားရတော် မူတယ် ။ ကလေးမြို့ ကို စားတဲ့ အနော်ရထာစော ကို မင်း မြှောက်တန်ဆာ ငါးပါး နဲ့ ရခိုင်မြို့ ကို ပေးတော် မူတယ် ။ သားတော် မင်းရဲကျော်စွာ နဲ့ စစ်သည်ရဲမက် တို့ လည်း အောင်ပွဲ ရပြီး နေပြည်တော် ပြန်ခဲ့ကြ တယ် ။ ( နော်ရထာစော -  ရခိုင်မြို့ကို စားလို့ တစ်နှစ် ပြည့်တဲ့ အချိန်မှာ ဘုရင်မင်းခေါင် ရဲ့ ( ၁၃ ) နှစ်ရွယ် သမီးတော် ရွှေပြည်ချမ်းသာ နဲ့ စုံဖက် ပေးတော် မူလေ သတဲ့ ။ ) 


ရခိုင် ကို လုပ်ကြံသော ပွဲကား စစ်သူကြီး မင်းရဲကျော်စွာ ရဲ့ ပွဲဦး ဖြစ် ပေတယ် ။



❝ အုန်းပေါင်စော်ဘွား အရေး မင်းရာဇာ လျှောက်ချက် ❞


ကလေးတို့ ရေ .. 


ဘုရင်မင်းခေါင် ဟာ ရခိုင် အရေး ပြီးပြေလို့ ဝမ်းမြောက် အားရ ဖြစ် တော်မူဆဲ ။ အဲဒီ နှစ်မှာပဲ အုန်းပေါင်စော်ဘွား ဟာ နိုင်ငံတော် ဖြစ်တဲ့ ထွန်တုံးပူတက် ကို ထိပါး လာတယ် ။ အဲဒီ အရပ် ကို မှတ်မိကြသေးရဲ့လား ။ ဘုရင်မင်းခေါင် မင်းဆွေ ဘဝ ငယ်စဉ် က နေခဲ့ရတဲ့ ဒေသ ပေါ့ ။ 


ဘုရင်မင်းခေါင် လည်း အုန်းပေါင်စော်ဘွား အရေး ကို စည်းတပြစ် အမတ်ကြီး မင်းရာဇာ နဲ့ တိုင်ပင်တော် မူတယ် ။ အဲဒီအခါ မင်းရာဇာ လျှောက် တာ က -


“ ဘုန်းတော်ကြီးသော ဘဝရှင်ဘုရား - 


ဟူးဟူးပြောင်ပြောင် လောင် တတ်သော မီး သာ လျှင် သူ ၏ အသက် ကို သေစေတတ်သည် မဟုတ် ။ မြစ်မ ရေချမ်း သည်လည်း သူ ၏ အသက် ကို သေစေတတ်ပါ၏ ။ 


အုန်းပေါင်စော်ဘွား မီး နှင့် အတူ ကျင့်သည် ကို ရေချမ်းဖြင့် သ,တ် တော်မူပါလော့ ။ 


အုန်းပေါင်စား သိုကြောင်ဘွား သည် အနိမ့်အကျ ကို မသိ၍ မီး ကဲ့သို့  ပြုကျင့်လေငြား သော်လည်း မီး ကို ရေဖြင့် ဖျန်းပက် ၍ ငြိမ်းစေ သကဲ့သို့ မမြိတ်အစွန် ( ဘုရင့် ဆွေမျိုး အဖျားအနား ) တော် နှင့် သူကောင်း ပြု ၍ ကျွန် ပြုတော်မူ မှ နောက်နောင် အမှုတော် ကို ထမ်းစေရမည် ” လို့ နားတော် လျှောက် လေတယ် ။ ဘုရင်မင်းခေါင် လည်း “ ယောက်ဖတော် ဥဇနာငယ် ရဲ့ သမီး အမြိတ်အစွန်တော် နဲ့ ငါ သူကောင်း ပြုတော်မူမယ် ။ မင်းရာဇာ သွားပြီး စကား ဆို ချေ ” လို့ မိန့်တော် မူ တာ နဲ့ မင်းရာဇာ ဟာ အုန်းပေါင်စော်ဘွား ဆီ ကို သွား လေတယ် ။ ရောက်တဲ့အခါ ဘုရင်မင်းခေါင် ရဲ့ ဆန္ဒတော် ကို အကြောင်း ပြန်ကြား လိုက်တယ် ။ “ သင့် ကို ဘုရင်မင်းခေါင် သူကောင်း ပြုတော်မူမယ် ” လို့ မင်းရာဇာ ဆိုတဲ့ အခါ အုန်းပေါင်စား သိုကြောင်ဘွား ဟာ ဝမ်းသာအားရ ဖြစ်ပြီး လက်ဆောင် လက်နက် တရုတ်ပုဆိုး ၊ ကတိုးနံ့သာ ၊ ကော်ဇောတို့ ကို လက်ဆောင်တော်များ ဆက်သ လိုက်လေတယ် ။ 


“ အမြိတ်အစွန်တော် နှင့် သူကောင်း ပြုပါလျှင် မင်းကြီး အမှုတော် ကို အသက် နှင့် အမျှ ( အသက်ထက်ဆုံး ) ထမ်းရွက်ပါမည် ” လို့ နားတော် လျှောက်တယ် ။ မင်းရာဇာ လည်း အုန်းပေါင်စော်ဘွား ဆီ က ဆက်သလိုက် တဲ့ လက်ဆောင်တော်များ ကို သိမ်းပြီး ဘုရင် မင်းခေါင် ထံ ဆက်သ ကာ စော်ဘွား လျှောက်ချက် ကို ပြန်ပြောင်း လျှောက်တင်လေတယ် ။ 


ဘုရင်မင်းခေါင် လည်း အုန်းပေါင်စော်ဘွား ကို ခေါ်တော် မူပြီး လက်ထပ်အိမ် ဆောက် ကာ တူမတော် နဲ့ ထိမ်းမြား ပေးတယ် ။ အုန်းပေါင် စော်ဘွား လည်း အဲဒီ နေ့ က စပြီး မင်းကြီး ထံ သစ္စာ ခံကာ ၊ ကတ္တီပါ ၊ ပိုးဖဲ ၊ မြင်းယာဉ် စသည့် လက်ဆောင်ပဏ္ဏာများ နှစ်စဉ် ဝတ် မပျက် ဆက်လေ သတဲ့ ။ 


ဘုရင်မင်းခေါင် လည်း အဘိုးရာဇာ ကို “ မြင်တတ်ပေတယ် ။ အဘိုး ရာဇာ လျှောက်တင်ချက် ကြောင့် သာ အမှုတော် ငြိမ်းချမ်းစွာ ပြီးပြေ တယ် ” ဆိုကာ လက်ဆောင်ပဏ္ဏာ အများ နဲ့ ပူဇော်လေတယ် ။ 



❝ မင်းကံစီ ❞


ကလေးတို့ ရေ ...


ဟံသာဝတီ မှာ ဆင်ဖြူရှင် ဗညားဦး စိုးစံစဉ် ကာလကပေါ့ ။ ဆင်ဖြူ ရှင် ဗညားဦး ဆိုတာ ( နောင် ရာဇာဓိရာဇ် ဖြစ်လာမယ့် ) ဗညားနွဲ့ ရဲ့ ဖခင် မွန်ဘုရင် ဖြစ်တယ် ။ 


တစ်ခါမှာတော့ ဗညားနွဲ့ ဟာ သူကောင်းသား တို့ ဂလီ ရိုက်နေတာ လာ ကြည့်တယ် ။ သူကောင်းသား ဆိုတာ မှူးမတ် စစ်သူကြီးတို့ သားတွေ ဖြစ်နိုင်တာပေါ့ ။ သူတို့ ဟာ မြို့ရိုးကျုံး နဲ့ ဥသဇုတ် ဘုရားကြား မှာ ဂလီရိုက် လေ့ ရှိတယ် ။ ဂလီ ရိုက်တာ ဗညားနွဲ့ လာ ကြည့်တဲ့ အခါ အနောက်ဘက် မှာ သူများ ထက် အဝတ်အစား ထူးခြားတဲ့ လူ တစ်ယောက် ကို တွေ့ သတဲ့ ။ အဲဒီ လူ ဟာ ဘုရား ခြေတော်ရင်း မှာ ပေါင်းမြက် နုတ်နေ  သတဲ့ ။ ဒါနဲ့ ဗညားနွဲ့ အဲဒီ လူ ဆီ ကို လျှောက်လာခဲ့တယ် ။ “ ဒီနေရာ ကို မကြာခဏ ငါ ရောက် တယ် ။ သင့် ကို အရင် က မမြင်ဖူးပါ ။ ဘယ် အရပ် မှာ သီတင်းသုံးပါသလဲ ” လို့ ဗညားနွဲ့ က မေးတယ် ။ 


ထို လူ က “ အရှင်မင်းသား သိလိုရင် ပြောပါ့မယ် ။ တောအစွန်အဖျား မှာ ရှိတဲ့ နိဂြောဓဂေဟ ဆိုတာ ငါ့ ရဲ့ သီတင်းသုံးရာ ဌာန ပါ ပဲ ။ အခု ဒီ ကို အရှင်မင်းသား နဲ့ စကား ပြောဆို လို လို့ လာခဲ့တာ ” လို့ ဆိုတဲ့ အခါ ဗညားနွဲ့ က “ နောင် ကို ကျွန်ုပ် ဘယ်သို့ ဖြစ်လေမလဲ ” လို့ မေးတယ် ။ ထို လူ က “ အနောက်အရပ် မှာ သင် မင်းသား မိတ်ဆွေကောင်း တစ်ဦး ကို တွေ့လိမ့်မယ် ။ သူ ဟာ နွားကျောင်းသား တစ်ကြိမ် ဖြစ်ပြီး ရဟန်း နှစ်ကြိမ် ဖြစ်ခဲ့ ဖူးတဲ့ ပုဂ္ဂိုလ်ထူး ပေပဲ ။ သူ ဟာ ဗလာရ အရပ် မှာ စကားထူး သုံးခွန်း ပြော လိမ့်မယ် ။ ထို စကားများ ကို သင် မင်းသား ဖြေ နိုင်လျှင် ရာမညတိုင်း မွန်ပိုင်း သုံးရပ် ကို အုပ်စိုးရတဲ့ ဧကရာဇ် မင်း ဖြစ်မယ် မုချပဲ ” လို့ ဆိုပြီး ကွယ် ပျောက်သွား သတဲ့ ။ 


ထို ပုဂ္ဂိုလ် ခြေရာများ လှုပ်ရှားတဲ့ နေရာ မှာ ဖုံ တထောင်းထောင်း ထ တာ ကို မြင်ရတဲ့ အခါ ဗညားနွဲ့ ကြက်သီးမွှေးညင်း ထ မိ သတဲ့ ။ သူ့ နံဘေး မှာ မသောက် ( နောင် လဂွန်းအိမ် ) တစ်ယောက် သာ ရှိ သတဲ့ ။ သူတို့ ဆင်စီး ပြီး ပြန်ကြတယ် ။ အိမ် ရောက်တဲ့ အခါ ဗညားနွဲ့ က “ ဘုရား ခြေရင်း မှာ ငါ စကား ဆိုသူ ဟာ ဧကန္တ နတ် ဖြစ်မယ် ” လို့ ဆိုတယ် ။ 


“ ဒဂုန်မင်း အကျဉ်းသား လွှတ်တဲ့ အရပ် ဟာ ဘယ် အရပ်လဲ ” ဗညားနွဲ့ မေးတဲ့ အခါ မသောက် က “ ဗလာရ အရပ်ပဲ ” လို့ ဖြေတယ် ။ 


“ အဲဒီ အရပ် ကို မင်း သိရင် သွားချေ ။ ရဟန်းနွယ် ဖြစ်သူ ပြောမယ့် စကားထူး ကို မှတ်သားခဲ့ ” လို့ ဗညားနွဲ့ ဆိုတာနဲ့ မသောက် လည်း ဒဂုန် ကို ဆင်းပြီး အဲဒီ အရပ် ကို သွားလေတယ် ။ ဗလာရမွေ့နွန်းရွာ ကို ရောက်ပြီး မသောက် ဟာ ဈေး မှာ နားနေ ပြန်တယ် ။ အဲဒီ အနား မှာ ရွာသူကြီး နဲ့ ရွာသား တစ်ဦး ကြက်တိုက် နေကြတယ် ။ အဲဒီ နေရာ ကို ဆရာတော် မဟာသာမိ ရဲ့ တပည့် ကိုရင် ဗုဒ္ဓညာဏာ ရောက်လာတယ် ။ သာမဏေ ကို မြင်တဲ့ အခါ “ ဘယ်သွားမလို့လဲ ” လို့ ရွာသား က မေးတယ် ။ ကိုရင် က “ ငါ့ ဆရာ လွှတ်လို့ ကျောင်းဒကာ နာမကျန်း ဖြစ်တာ သွား ကြည့်မလို့ ” လို့ ဖြေတယ် ။ “ ကိုရင် ပြန် လာရင် လူနာ အခြေအနေ ကို သိပါရစေ ” လို့ ရွာသား က မှာတယ် ။ ကိုရင် လည်း လူနာသွား ကြည့်ပြီး ပြန်လာတဲ့ အခါ ရွာသား ကို ပြောလေတယ် ။ 


“ ကျောင်းဒကာ နာတာ ရာဟု ဆိုလည်း ရာဟု မဟုတ် ။ ရှစ်အက္ခရာ ဆိုလည်း ရှစ် မဟုတ် ။ တစ်နည်း ပြောရရင် ကျွဲထွန်ယောက်ျား ကန်သင်း ထောင့် ရောက်လျှင် နှင်တံ ( ကြိမ်လုံး ) ကို လှည်းမောင်း သလို ဆီးကင်း ကို ရေးချတာ နဲ့ တူတယ် ” လို့ ဖြေတယ် ။ 


“ ကိုရင့် စကား က စကားဆန်း ဖြစ်တယ် ။ ငါတို့ နားမလည် ” လို့ ရွာသား တို့ ဆိုတယ် ။ “ သူ့ ဆရာတော် က သူ့ ကို ဟူးရား ဗေဒင် အလုံးစုံတတ်တယ် ၊ ချီးမွမ်းတယ် ။ သင်တို့ နားမလည် ရင် မမှတ်နဲ့ ” လို့ ရွာသူကြီး က ပြောတယ် ။ ထိုအခါ မသောက် လည်း စဉ်းစား သတဲ့ ။ “ ဗညားနွဲ့ ပြောလိုက် တာ ၊ ဒီ ကိုရင် ပဲ ဖြစ်မှာပဲလို့ စဉ်းစား ကာ စကား အလုံးစုံ မှတ်ပြီး ပဲခူး ( ဟံသာဝတီ ) ကို ပြန်ခဲ့ သတဲ့ ။ ဗညားနွဲ့ ကို ပြန်ကြားတဲ့အခါ ဗညားနွဲ့ စကား စဉ် ကို စဉ်းစားကာ နောက်ဆုံး “ ကျောင်းဒကာ ရဲ့ အနာ သည် ယနေ့ ကို မလွန်ပြီ ” လို့ အဓိပ္ပာယ် ရ သတဲ့ ။ ဟုတ် မဟုတ် မသောက် ကို ဒဂုန်လွှတ် ကာ သွားကြည့် စေတဲ့အခါ မှန်ကြောင်း သိရ သတဲ့ ။ ကျောင်းဒကာ ဆုံးချေ ပြီ ဖြစ်တယ် ။ 


ဗညားနွဲ့ လည်း သူ့ အဖြေ မှန် လို့ ဝမ်းသာ သတဲ့ ။ 


တစ်ခါမှာတော့ ရွာသူကြီး ထံ က ကိုရင် ငွေ ချေးတာ မဆပ်နိုင် လို့ သူ မိခင် ကို ဖမ်းတယ် ။ ဒါကြောင့် ကိုရင် လူထွက် ပြီး မိခင် ကိုယ်စား ရွာ လူကြီး ထံ မှာ ကျွန် ခံ သတဲ့ ။ သူ့ အမည် ကို “ မင်းကံစီ ” လို့ ခေါ်ကြတယ် ။ 


တစ်ခါမှာ တော့ နွား ပျောက်လို့ မင်းကံစီ ညောင်ပင် ပေါ် တက် ကြည့် တဲ့ သူငယ်ချင်းတွေ က “ နွား ကို မြင်ရဲ့လား ” လို့ မေးတယ် ။ မင်းကံစီ က “ ပျောက်တဲ့ နွား မှာ အနီး တွင် နေ၍ ငါ မမြင် ၊ အဝေး တွင် နေမှ ငါမြင် မယ် ။ သစ်ပင် တက်စဉ် က ငါ မမြင် ၊ ဆင်းတဲ့ အခါ မှ ငါ မြင်တယ် ။ တက်တဲ့ လမ်း က ငါ မဆင်းရ ။ တခြားလမ်း က ဆင်းခဲ့ရတယ် ” လို့ ဖြေတယ် ။ 


“ မင်း ဆိုသည့် စကားတို့ နားမလည်ပါ ” လို့ သူငယ်ချင်းတွေက ဆိုကြတယ် ။ မသောက် ကြား လို့ အလုံးစုံ ပြန်ပြောတဲ့ အခါ ဗညားနွဲ့ က “ ပျောက်တဲ့ နွားဟာ ချိုင့်တွင်း မှာ ဆင်း စားနေလို့ အနီး က မမြင်ရ ။ အဝေးက ကြည့်မှ မြင်ရလေတယ် ။ တက်သည့် လမ်း က မဆင်းရ ။ တခြား လမ်း က ဆင်းရတယ် ဆိုတာ သစ်ပင် ပေါ် သစ်ခေါင်း မှာ မြွေ တွင်း ရှိရမယ် ။ တက်သွား က ထို မြွေ ကို မမြင်ရ ။ ပြန်ဆင်းလာ မြင်ရတယ် ။ ဒါ့ကြောင့် မြွေ မရှိ တဲ့ သစ်ကိုင်း ဘက် က ပြန် ဆင်းခဲ့ရတယ် ” 


မသောက် ကို စုံစမ်းစေတဲ့ အခါ ဗညားနွဲ့ အဖြေ မှန်တာ တွေ့ရ သတဲ့ ။ နောက်တော့ မင်းကံစီ ကို ဦးလေး ဖြစ်သူက ရွာလူကြီး ဆီ မှာ ငွေ ပေး ရွေးလို့ ကျွန်ဘဝ က ပြန် လွှတ်ပြီး ကိုရင် ပြန်ဝတ်လေ သတဲ့ ။ တစ်ခါမှာတော့ ဆရာတော် သိမ်ဘုရား မှာ တံမြက်စည်း လှည်းနေစဉ် ကိုရင် ရောက်လာ သတဲ့ ။ 


“ ကိုရင် သင်းပိုင် ထဲ မှာ ဘာတွေ ထုပ်ခဲ့သလဲ ” လို့ မေးတဲ့ အခါ ကိုရင် က “ မွန်စကား မှာ ( သျှဝ ) နှင့် ( ကွန် ) နှစ်လုံး ကို မြန်မာလို ပြန်တာကို ပိုက်ခဲ့ပါတယ် ” လို့ ဖြေတယ် ။ ဆရာတော် က ပြုံး သတဲ့ ။ 


အခြေအနေ စကားဆန်း ကို စောင့် နားထောင် နေတဲ့ မသောက် ဟာ ဗညားနွဲ့ ထံ အလုံးစုံ ပြန်ကြား လေတယ် ။ ဗညားနွဲ့ ကြားတဲ့ အခါ အဖြေ ကို စဉ်းစားပြီး “ မွန်စကား ( သျှဝ ) မြန်မာ က ( ဟင် ) လို့ ခေါ်တယ် ။ မွန်စကား ( ကွန် ) ကတော့ မြန်မာ က ( သာ ) လို့ ဆိုတယ် ။ ဒါ့ကြောင့် ကိုရင့် သင်းပိုင် ထဲ က “ ဟင်္သာ ” ဖြစ်မယ်လို့ ” ဖြေတယ် ။ ဟုတ် မဟုတ် မသောက် ကို စုံစမ်းတဲ့ အခါ ဗညားနွဲ့ အဖြေ မှန်ကြောင်း သိရတယ် ။ 


ဒါ့ကြောင့် စကားဆန်း သုံးခွန်း လုံး ဖြေနိုင်တာကြောင့် ဗညားနွဲ့ အလွန် ဝမ်းသာလေတယ် ။ ဆရာတော် ထံ မသောက် ကို လွှတ် ပြီး ပိတ်ကောင်း တစ်အုပ် လှူစေကာ ကိုရင် ကို ငါ ဆွေးနွေးလိုကြောင်း ဆရာတော် ကို လျှောက် ၊ ငွေ လို သေးရင် ငါ့ အမိ မွေ့အဲလော ဆီ က ယူသွား ၊ ပါအောင် ခေါ် ခဲ့ ” လို့ မှာ လိုက်တယ် ။ 


မသောက် ဒဂုန် သွားပြီး နိဗ္ဗာန်ခြံကျောင်း ဆရာတော် ထံ လှူဖွယ် ဆက်ကပ်ပြီး အလုံးစုံ လျှောက်တဲ့ အခါ “ ကိုရင် ဗုဒ္ဓညာဏာ ကို မင်းသား ဗညားနွဲ့ တောင်းခံတာ ငါ ဝမ်းသာ လှတယ် ။ ငါ လည်း အသက်ကြီး သွားလို့ နို့ မဟုတ်ရင် လူ ထွက်ပြီး မင်းသား ထံ မှာ အမှုထမ်းတယ် ။ ခုတော့ သာသနာ ရေးပဲ အားစိုက် တော့မယ် ။ ကိုရင် ဟာ တခြားသူ မဟုတ် ။ ငါ့ အစ်မ ရဲ့သား ဖြစ်တယ် ။ စာပေကျမ်းဂန် အလွန် တတ်မြောက်တယ် ။ ဂုဏ်ကျေးဇူး နဲ့ ပြည့် စုံတယ် ။ အရှင့်သား နဲ့ ထိုက်တန်ပါပေတယ် ” လို့ မှာလေတယ် ။ မသောက် လည်း ကိုရင် ဗုဒ္ဓညာဏာ ကို လူထွက် စေကာ ဗညားနွဲ့ ထံ ခေါ်ဆောင်ခဲ့လေ သတဲ့ ။ 


ဆရာတော် မိန့်တဲ့ အတိုင်း မင်းကံစီ ဟာ နောင်အခါ ဗညားနွဲ့ ( ရာဇာဓိရာဇ် ) အားကိုးအားထား ရတဲ့ တိုင်ပင်ဖော် ပညာရှိ အမတ်ကြီး ဖြစ်လာလေတယ် ။ 



❝ မွန်ဧကရာဇ် ရာဇာဓိရာဇ် ❞


ကလေးတို့ ရေ … 


မွန်မင်း ရာဇာဓိရာဇ် ကို မှတ်မိကြရဲ့လား ။ မင်းကြီး စွာစော်ကဲ နဲ့ မဟာ မိတ် ဖွဲ့ခဲ့တဲ့ မွန်မင်း ဗညားဦး ဟာ ရာဇာဓိရာဇ် ရဲ့ ခမည်းတော် ( ဖခင် ) ပဲ ။ ဗညားဦး နဲ့ မိဖုရား မွေ့ဒေါ က မွေးတဲ့ သား ဟာ ( နောင်အခါ ရာဇာဓိရာဇ် ဖြစ်လာမယ့် ) ပသုံပေါင်စက် လို့ ငယ်စဉ် က အမည် ရှိတယ် ။ မွေးဖွားစဉ် ကတည်း က သားတော် ဟာ ရုပ်ရည် ကြမ်းတမ်း လို့ ဖခင် ဗညားဦး က မနှစ် သက်ဘူး ။ နောက် သူ့ လျှာ မှာ လည်း အစက် ပါတယ် တဲ့ ။ ပသုံပေါင်စက် ကို မွေးပြီး သူ့ မိခင် လည်း ဆုံး လေတယ် ။ 


ဒါကြောင့် ပသုံပေါင်စက် ငယ်စဉ် က အရီးတော် မဟာဒေဝီ က ပြုစု မွေးမြူ ခဲ့ရတယ် ။ နို့တိုက် အထိန်းတော် ကတော့ “ မွေ့အဲလော ” လို့ ခေါ်တယ် ။ ပသုံပေါင်စက် ကို နောက်တော့ ဗညားနွဲ့ လို့ ခေါ်ကြတယ် ။ 


ဗညားနွဲ့ လူလားမြောက် လို့ ( ၁၅ ) နှစ် အရွယ် ရောက်တဲ့ အခါ အဖေ တူ အမေ ကွဲ နှမတော် တလမေဒေါ ကို ခိုးပြေးတယ် ။ 


ဖခင် မွန်ဘုရင် ဗညားဦး က အလွန် ဒေါသ ထွက်တာပေါ့ ။ ဒါ့ကြောင့် ဗညားနွဲ့ ကို လက်ရ ဖမ်းစေပြီး အကျဉ်းချ ထားတယ် ။ အရီးတော် မဟာဒေဝီ ဟာ ဗညားနွဲ့ ကို ငယ်စဉ် ကတည်း က မွေးမြူခဲ့ ရ လို့ သံယောဇဉ် ရှိတယ် ။ ဒါ့ကြောင့် အရီးတော် က ဗညားနွဲ့ လွတ်မြောက် အောင် မွန်ဘုရင် ဗညားဦး ထံ အသနားခံ လျှောက်တာ ကြောင့် ဗညားနွဲ့ အကျဉ်း က လွတ်မြောက်တယ် ။ 


မကြာခင်ပဲ အရီးတော် မဟာဒေဝီ က ကြပ်မတ်ပြီး တလမေဒေါ နဲ့ လက်ထပ် ပေးခဲ့တယ် ။ 


ဗညားနွဲ့ ဟာ တလမေဒေါ နဲ့ သား တစ်ယောက် ရတယ် ။ ဗောလောကျန်းတော လို့ အမည် မှည့် သတဲ့ ။ သား တစ်ယောက် ရတယ် ဆိုရင်ပဲ ဗညားနွဲ့ ဟာ ဒဂုန် ( ရန်ကုန် ) ကို ထွက်ပြီး လူသူ အင်အား စုပြီး ဖခင် ကို ပုန်ကန် ပါ ရော ။ အဲဒီအချိန် မှာ မွန်ဘုရင် ဗညားဦး ဟာ နာမကျန်း ဖြစ်နေတယ် ။ ဒါ့ကြောင့် နိုင်ငံ အုပ်ချုပ်ရေး ကို အရီးတော် က ပဲ စီမံ နေလေတယ် ။ 


သို့ပေမယ့် မကြာခင်ပဲ အရီးတော် မဟာဒေဝီ ဟာ တူမတော် တလမေသီရိ ရဲ့ ခင်ပွန်း သမိန်မရူ နဲ့  ငြိစွန်းတယ် လို့ သတင်း ထွက် လာတယ် ။ ဗညားဦး ကွယ်လွန် ရင် သမိန်မရူ ကို နန်းတင်မယ် လို့ မဟာဒေဝီ ကြံထားတယ် ။ သူ က မိဖုရားကြီး လုပ်မယ် ပေါ့ ။ 


အဲဒီ သတင်း ဗညားနွဲ့ ထံ ပေါက်ကြားတယ် ။ သမိန်မရူ က လည်း ဗညားနွဲ့ ကို အကောက်ကြံ ဖို့ နှစ်ကြိမ် ၊ သုံးကြိမ် ဆိုသလို တောကစား ထွက် ဖို့ ခေါ် လေတယ် ။ ဗညားနွဲ့ ကို ဇနီးသည် တလ‌မေဒေါ ကလည်း သတိ ပေး တယ် ။ နို့တိုက် မိခင် မွေ့အဲလော ကလည်း သတိ ပေးတယ် ။ ဗညားနွဲ့ က လည်း သတိ ရှိ ပေတယ် ။ 


ဗညားနွဲ့ မှာ သမိန်မရူ အပြင် ရန်သူ တစ်ယောက် ရှိ သေးတယ် ။ ဦးရီးတော် မြောင်းမြစား လောက်ဖျား ဖြစ်တယ် ။ လောက်ဖျား မှာ က ဆင်မြင်း အလုံးအရင်း ရှိလို့ ဗညားနွဲ့ ကိုလည်း မနာလို သူ ဖြစ်တယ် ။ ဒါ့ကြောင့် ဗညားနွဲ့ ရာဇာဓိရာဇ် ဘွဲ့ ခံပြီး မွန်ဘုရင် ဖြစ်လာတဲ့ အခါ မင်းကြီးစွာ ကို သွေးထိုး ပြီး ရာဇာဓိရာဇ် ကို စစ်ပြုစေခဲ့တာ ဖြစ်တယ် ။ 


ဗညားနွဲ့ ဟာ ဖခင် ဗညားဦး ရှိစဉ် ကတည်း က ဒဂုန် မှာ လူသူဆင်မြင်း အလုံးအရင်း စုဆောင်း ထားတယ် ။ ဟံသာဝတီ အခြေအနေ နန်းတွင်းရေး တွေ လည်း အမြဲ အထောက်တော် တွေ နဲ့ ထောက်လှမ်း နေတယ် ။ မှူးကြီး မတ်ရာ တွေ လည်း သူ့ ဘက် ပါကြအောင် စည်းရုံး ထားတာကြောင့် ဖခင် ဗညားဦး ကွယ်လွန် တာ နဲ့ ထီးနန်း ကို ဆက်ခံ နိုင်ခဲ့တယ် ။ အမတ်ဒိန်က တံခါး တစ်ချပ် သာ ဖွင့် ပေးတယ် ။ သူ့ မျက်စိ ထဲ က ငြောင့် တစ်ခု ဖြစ်တဲ့ သမိန်မရူ ကို လည်း ကွပ်မျက်တော် မူတယ် ။ အရီးတော် မဟာဒေဝီ ကို တော့ ကျေးဇူး ရှိလို့ မသတ်လေဘူး ။ ဗညားနွဲ့ ဟာ ရာဇာဓိရာဇ်ဘွဲ့  ခံ ချိန် မှာ ( ၁၆ ) နှစ် သာ ရှိ သေးတယ် ။ 


အမတ်ဒိန် တို့ ၊ ဗိုလ်မင်းဗြက်ဇ တို့ လို အားကိုးရတဲ့ အမတ် ၊ စစ်သူကြီး တွေ လည်း သူ့ မှာ ရှိတာ တအားပါပဲ ။ မင်းကြီးစွာ နဲ့ စစ် ခင်းပြီး နောက်ပိုင်း မှာ မြောင်းမြစား လောက်ဖျား ကို လည်း တိုက်ပြီး သုတ်သင်တော် မူခဲ့တယ် ။ တလမေဒေါ နဲ့ ရတဲ့ သား ကို လည်း မယုံလို့ သ,တ် လိုက်တယ် ။ အင်းဝ နဲ့ ဟံသာဝတီ စစ် ဟာ မင်းကြီး စွာစော်ကဲ လက်ထက် က နေ သားတော် ဘုရင် မင်းခေါင် လက်ထက် တိုင်ပဲ စစ်ခင်း ကြတယ် ။ 



❝ မွန်ပညာရှိ အမတ်ဒိန် ❞


ကလေးတို့ ရေ ...


ဗညားနွဲ့ ဟာ ရာဇာဓိရာဇ် အမည် နဲ့ သက္ကရာဇ် ( ၇၄၅ ) ခုနှစ် မှာ ဟံသာဝတီ ထီးနန်း ကို သိမ်းပိုက်တယ် ။ သူ့ ရဲ့ ရန်ဆူးရန်ငြောင့် တွေ ကို ရှင်းလေ တယ် ။ မျက်စိ စပါးမွှေး စူးသူ ထဲမှာ အမိတ်ဒိန် လည်း ပါတယ် ။ အမတ်ဒိန် ဟာ မှူးမတ်ပညာရှိ တစ်ဦး ဖြစ်တယ် ။ ရာဇာဓိရာဇ် ရဲ့ ဖခင် ဗညားဦး လက်ထက် ကတည်း က အမှု ထမ်းခဲ့ သူ ဖြစ်တယ် ။ ဗညားဦး အားကိုးရတဲ့ သူ လည်း ဖြစ် တယ် ။ 


ရာဇာဓိရာဇ် နန်းတက် လို့ မကြာခင် ဘဲ “ အမတ်ဒိန်ငယ် ” ကို သတ်စေ အမိန့်ချတယ် ။ ဒီအခါ အမတ်ဒိန် က ပြန် လျှောက် လေတယ် ။ သေဒဏ် ချ ပေမယ့် မတုန်လှုပ်‌လေဘူး ။ 


“ အကျွန်ုပ် ကို ကွပ်မျက်မယ် ဆိုတာ အပြစ် ကို ပြတော် မူပါ ။ အပြစ် စင်စစ် ရှိသူ ကို သာ ကွပ်မျက်တဲ့ မင်း သာ ဘုန်းအာနုဘော် ကြီးရာ ဖြစ်ပါတယ် ။ ကျွန်ုပ် ရဲ့အပြစ် ကို ပြပါဦး ” လို့ တင်လျှောက် တယ် ။ 


ရာဇာဓိရာဇ် က လည်း “ မောင်မင်း အပြစ် ဟာ ငါ ဘုရင် ဖြစ်ရန် ကြိုး စား နေစဉ် က အခြား မှူးမတ်များ ဟာ ကိုယ်တိုင် ရောက်သူ ရောက် ကြတယ် ။ ကိုယ်စား လွှတ်သူ လွှတ်ကြတယ် ။ အကြံဉာဏ် ပေးသူ ပေးကြတယ် ။ သင် ဟာ အဲဒီလို မဟုတ်ဘူး ။ ငါ အခု ဘုရင် ဖြစ် မှ သာ နှုတ်လက်ချိုပြား ပြုလာ တယ် ။ အဲဒါ သင် ရဲ့ အပြစ်ပဲ ” လို့ မိန့်တော် မူတယ် ။ 


အမတ်ဒိန် လည်း ပြန် လျှောက် လေတယ် ။ “ ကျွန်တော် ရှိခိုးသံတော်ဦး တင်ဝံ့ပါတယ် ။ ကျွန်တော် သည် အရှင့် ခမည်းတော် ရဲ့ ကျွန်ရင်း ဖြစ်ပါတယ် ။ ကျွန်တော် လူကောင်း ဖြစ်လို့ အမတ်ဒိန် အမည် နဲ့ သန်လျင်မြို့ ကို စားစေ ပါတယ် ။ ကျွန်တော် ဟာ ထီးဖြူ ဆောင်း တဲ့ ဘုရင်စစ် ကို သာ ခစားပါ တယ် ။ ထီးဖြူ မဆောင်းသေး တဲ့ မင်း ကို မခစားတတ်ပါ ။ အမျက်တော် ရှ လို့ ကွပ်မျက် ရင် ကျွန်တော် သေရပါမယ် ။ အမှန် ဖြစ်ပါတယ် ။ ဒါပေမဲ့ ပြည်ထဲရေး ကတော့ ပျက် လေမယ် ။ အကြောင်းက နောင်အခါ လူများ အထင် အယူ မှားကြမယ် ။ အမတ်ဒိန်ငယ် ဟာ  ထီးဖြူဆောင်း တဲ့ မင်း ကို သာ ခစားတယ် ။ သောင်းကျန်း တဲ့ သူပုန်မင်း ကို မခ,စား မဆည်းကပ် မကူညီ တာကြောင့် ပုန်ကန်သူ မင်း အဖြစ် ရောက်တဲ့အခါ အဲဒီ အမတ်ဒိန်ငယ် ကို သ,တ်လေတယ် ။ ဒါကြောင့် အဲဒီ အမတ် လို မပြုလေ နဲ့ လို့ အယူ မှားကြရင် အရှင်မင်းကြီး လည်း ပင်ပန်း ဆင်းရဲတော် မူမယ် ။ ပြည်ထဲရေး လည်း ပျက် မယ် ။ အဲဒီ အကြောင်းတွေ မြင်တာ ကြောင့် အရှင့် ထံ ထောင်ထား နေစဉ် က မရောက်ဖြစ်ပါ ” လို့ ခြေခြေမြစ်ဖြစ် မတ်ဒိန် တင်လျှောက် တဲ့ အခါ ဘုရင် ရာဇာဓိရာဇ် ဆိတ်ဆိတ် နေလေတယ် ။ 


အဲဒီအခါ မပိုင်ဆရာ နဲ့ မင်းကံစီ တို့ က “ အမက်ဒိန်ငယ် ရဲ့ စကား ဟာ မှန်လှပေတယ် ” လို့ လျှောက်တယ် ။ ထိုအခါ ကျ မှ ဘုရင် က အမတ်ဒိန် အမည်ရင်း နဲ့ သန်လျင်မြို့ ကို ပဲ ထပ် ပေး လေတယ် ။ ဝင်တော် မူကာနီးတဲ့ အခါ မတ်ဒိန် ကို စည်တော် နဲ့ အိမ် သို့ ပို့ စေတယ် ။ 



❝ အမတ်ဒိန် နဲ့ ဘုရင်မင်းခေါင် ❞ 


ကလေးတို့ ရေ .. 


ရာဇာဓိရာဇ် နန်းတက်တဲ့ အခါ အစဉ်အဆက် ထုံးစံ အတိုင်း အင်းဝ ဘုရင်မင်းခေါင် ထံ ပညာရှိ အမတ်ဒိန် အား စေလွှတ်ကာ ချစ်ကြည်ရေး ရာဇသံ နှင့် လက်ဆောင်ပဏ္ဏာများ ကို ဆက်ကပ်စေတယ် ။ ဘုရင်မင်းခေါင် လည်း ကောင်းစွာ ဆီးကြို လေတယ် ။ 


ရှေ့တော် သို့ အမတ်ဒိန် ရောက်တဲ့ အခါ ပညာ အတိမ် အနက် ကို အကျစ် အလျစ် ကို သိလိုတာကြောင့် ထမင်းပွဲ တည် ကျွေးတယ် ။ ထမင်းပွဲ မှာ ငါးဟင်း ၊ အကင် ၊ အဖုတ် တို့ ကို မြင်သာအောင် အပြည့် မြုပ်ပြီး ထည့်ထားပြီး တည်တယ် ။ ဆားလှော် ကန်တော့ ကို ထမင်းပွဲ အလယ် မှာ မြှုပ် ပြီး ထည့် ထား တယ် ။ အမတ်ဒိန်လည်း အဲဒီ ငါးဟင်း တို့ ကို ကျစ်လျစ်စွာ တစ်စစီသတ်လျက် ငါးကင် ၊ ငါးဖုတ် တို့ ကို နှစ်ဖက်လုံး အသား ကို ထွင်ပြီး ထမင်း နဲ့ စားလေတယ် ။ 


အဲဒီလို စားပုံ သေသပ်ကျစ်လစ် တာ မြင်တဲ့ အခါ ဘုရင်မင်းခေါင် က မေးတယ် ။ 


“ အမတ်ဒိန် … ဟံသာဝတီ မှာ ငါး ရခဲ့သလား ” 


“ ဘုန်းကြီးပါသော အရှင်မင်းကြီး ၊ အရှင့် နောင်တော် ( ရာဇာဓိရာဇ် ) ရဲ့ ပြည် မှာ ငါးအမျိုး ( ၄၀ ) ရှိပါတယ် ။ ထူးထူးဆန်းဆန်း လည်း ရှိပါတယ် ။ လဂွန်းတိုင် ဆိုတဲ့ မြို့ မှာ ချောင်း တစ်ဖက် က သရက်တော ရှိပါတယ် ။ ချောင်း တစ်ဖက် က ကြံတော ရှိပါတယ် ။ ဒါကြောင့် အဲဒီ ချောင်း က ငါးတွေ ဟာ တစ်ဖက်က ချဉ်ပြီး တစ်ဖက် က ချိုပါတယ် ။ “ သံ ” ဆိုတဲ့ မြို့ မှာတော့ သစ်ပင် ထက် တက်တဲ့ ငါး ၊ ရေပေါ် သွားတဲ့ ငါး ၊ ဆင်ရုပ် ၊ တံခွန်ရုပ် ၊ မြင်း ရုပ် ၊ တီရုပ် ၊ ဆီမီးတိုင်ရုပ် ၊ ကွမ်းကျပ်ရုပ် ဆိုတဲ့ ငါးတို့ လည်း ရှိပါတယ် အရှင် ။ သာယာ မည် တဲ့ မြို့ မှာ ကား ငါးပိ နဲ့ အရောင်းအဝယ် လုပ်ပါတယ် ။ “ မဟာဂံ ” ဆိုတဲ့ မြို့ မှာ တော့ ဆင် နဲ့ အရောင်းအဝယ် ပြုပါတယ် ။ မုတ္တမမြို့ မှာ တော့ ကြွေ နဲ့ အရောင်းအဝယ် ပြုပါတယ် ။ ရန်စစ်မြို့ မှာတော့ မြေ ကို တူး ရင် ရွှေ ဖြစ်ပါတယ် ။ အဲဒီလို နောင်တော် ( ရာဇာဓိရာဇ် ) ရဲ့ ပြည် မှာ အထူးအဆန်း များပြားလှပါတယ် ” လို့ တင်လျှောက်လေတယ် ။ 


ဒီအခါ ဘုရင်မင်းခေါင် က “ အမတ်ဒိန် ၊ ငါ့ မှာ သံပုရာသီး တစ်လုံး ကို နှစ်ပိုင်း ပိုင်းပြီး အသား ကို ထွင်းပြီး ပင်ကန့် ၊ တကူ တပ် ကာ ငါ နဲ့ မိဖုရား အင်း အလယ် မှာ စီးပြီး ကစားကြတယ် ” 


အဲဒီအခါ အမတ်ဒိန် က


“ အရှင်မင်းကြီး မိန့်တော်မူတိုင်း ဟုတ်မှန်ပါ လိမ့်မယ် ။ နောင်တော် ရာဇာဓိရာဇ် မှာ လည်း ကန်စွန်း တစ်ဆစ် ကို ခွဲပြီး ပင်ကန့် ၊ တကူ တပ်ကာ နောင်တော်မင်း က ပဲ့ ၊ မရီးတော် က ဦး စီးပြီး ဇကြပ်အင်း မှာ ကစားကြပါ တယ် အရှင် ” 


လို့ တင်လျှောက်လေတယ် ။ 


ဘုရင်မင်းခေါင် လည်း လက်ခုပ် တီး ပြီး ရယ် သတဲ့ ။

 

ထိုအခါ အမတ် ဒိန်က


“ အရှင်မင်းကြီး ၊ ယခု သံပုရာသီး နဲ့ ကန်စွန်း ကို နယ်ပြီး လက်သုတ် လုပ် စား ရသော် အလွန် အရသာ ရှိတော် မမူသလော ” 


လို့ လျှောက်လေတယ် ။ 


“ အမတ်ဒိန် ၊ ဟံသာဝတီ မှာ မင်း ကဲ့သို့ မှူးကြီးမတ်ရာ မည်မျှလောက် ရှိသလဲ ”


“ အရှင့် နောင်တော်မင်း မှာ ကျွန်ုပ် ထက် မက အရေးအရာ တတ် လိမ္မာ တဲ့ မှူးမတ်ကြီးများ အလွန် များလှပါတယ် ။ ကျွန်ုပ် မှာ စာရေး မျှ သာ ဖြစ်ပါ တယ် ” 


လို့ လျှောက်တယ် ။ အဲဒီအခါ မင်းခေါင် က ထန်းရွက် နဲ့ ကညစ် ပေး လေတယ် ။ အမတ်ဒိန် လည်း ထန်းရွက် မှာ စာရေး ပြီး ဆက်လေတယ် ။ ကောင်းမွန်သေသပ် တဲ့ လက်ရေး နဲ့ တစ်ရွက်လုံး အပြည့် ရှိ လေတယ် ။ မင်းကြီး လည်း “ အိမ်း ... စာရေး ဖြစ်တန်ရာ၏ ” လို့ မိန့်တယ် ။ အဲဒီလို မေးမြန်း ကြ ပြီးတဲ့ အခါ တဲအုံ ကနား ရိက္ခာ အပြည့်အစုံ နဲ့ အမတ်ဒိန် ကို ကောင်းစွာ ထား သတဲ့ ။



❝ အမတ်ဒိန် ဆုံးဖြတ်တဲ့ မိကျောင်းတရား ❞


ကလေးတို့ ရေ …


တစ်ခါ မှာ တော့ မွန် တစ်ယောက် နဲ့ မြန်မာ တစ်ယောက် ဟာ လှေ စီး ပြီး ကုန်ရောင်း ကုန်ဝယ် ပြုကြသတဲ့ ။ မြစ် မှာ မိကျောင်း ပေါ်တာ ကို နှစ် ယောက်လုံး မြင်တဲ့ အခါ မြန်မာက “ မိကျောင်း ” လို့ ဆိုတယ် ။ မွန် က “ ကျာမ်း ” လို့ ဆိုတယ် ။ ဒါနဲ့ နှစ်ယောက်သား သူ ပြောတာ မှန်တယ် ၊ ငါ ပြောတာ မှန်တယ်လို့ အငြင်းအခုံ ဖြစ်ကြတဲ့ အခါ “ မှန်သူ က ရှုံးသူ ဆီ က ရှိပစ္စည်းကို သိမ်းယူပြီး ကျွန်ပြုစတမ်း ” လို့ အလောင်းအစား ပြုကာ မင်းကြီး ထံ ရောက်လာကြ သတဲ့ ။ အမတ် တစ်ယောက် ကို ဆုံးဖြတ် စေတာ မပြီး တာ နဲ့ အမတ်ဒိန် ကို ဆုံးဖြတ် စေတယ် ။ အမတ်ဒိန် က “ သင်တို့ နှစ်ယောက် မိကျောင်း ကို အဘယ် အရပ် မှာ မြင်လေသလဲ ” လို့ မေးတဲ့ အခါ “ မွန်တို့ ဒေသမှာ မြင်ကြ ၊ လောင်းကြပါတယ် ” လို့ ဖြေလေတယ် ။ အမတ်ဒိန် က “ မွန်ဒေသ မှာ မြင်လို့ လောင်းတယ် ဆိုရင် မွန် အခေါ် နဲ့ လောင်းသူ နိုင်ထိုက် တယ် ။ ဒါ့ကြောင့် မြန်မာ က ပစ္စည်း နဲ့ ကိုယ် အစား ရွှေ တစ်ပိဿာ မွန်ကို ပေးစေ ” လို့ ဆုံးဖြတ်လေတယ် ။ ထို ဆုံးဖြတ်ချက် ကို ဘုရင်မင်းခေါင် အလွန် ဝမ်းမြောက်တာကြောင့် အမတ်ဒိန် အား ဆုလာဘ် များစွာ ပေးသတဲ့ ။ 


ရွှေ ရတဲ့ မွန် က သူ ရတဲ့ ရွှေ ကို မွန်ရွာ အစပ် က ညောင်ပင် တစ်ပင် ရင်း မှာ တူး မြှုပ်တာ ကြောင့် ထို ညောင်ပင် ကို ရွှေညောင်ပင် လို့ ယခုတိုင် ခေါ်ကြသတဲ့ ။ 



❝ အမတ်ဒိန် ဆုံးဖြစ်တဲ့ သားသတ်မှု ❞


ကလေးတို့ ရေ ...


အမတ်ဒိန် အင်းဝဘုရင် ဆီ မှာ တည်းနေစဉ် အတွင်း အမှုတွေ ဆုံးဖြတ် ပေးဖို့ ဘုရင်မင်းခေါင် တောင်းပန် ထား တာကြောင့် ဆုံးဖြတ် ပေးရ လေ တယ် ။ 


တစ်ခါမှာ တော့ ယောက်ျား တစ်ယောက် ဟာ မယား နှစ်ယောက် ယူထား သတဲ့ ။ မယားကြီး က ကလေး မရ ။ မယားငယ် က တော့ သား ယောက်ျားလေး ဖွားမြင် သတဲ့ ။ ဒါပေမဲ့ သား မဖွားတဲ့ မယားကြီး ကို ပဲ လင် ယောက်ျား က ပို ချစ်တာကြောင့် မယားငယ် က သူ့ သားကို သူ သ,တ်ပြီး မယားကြီး သတ်တယ် လို့ ဆို မှ မယားကြီး ကို မုန်းကာ သူ့ ကို ပိုချစ်လိမ့်မယ် လို့ ကြိတ်ကြံ သတဲ့ ။ ဒါနဲ့ ရေခပ် သွားတဲ့ အခါ သူ့ သား ကို ရေတွင်း ထဲ တွန်းချလေ သတဲ့ ။ အဲလို သတ်ပြီးတဲ့ အခါမှာ မိမိ သားငယ် ကို မယားကြီး သတ်ပါတယ်လို့ မင်းကြီး ထံ လျှောက်သတဲ့ ။ ဘုရင်မင်းခေါင် က အမတ်ကြီး လေးယောက် ကို စစ်ဆေး ပေးဖို့ အမိန့်ချ သတဲ့ ။ 


အမတ်ကြီး လေးယောက် စစ်ဆေး စီရင် ရာ မှာ မပြီးနိုင်တာကြောင့် မင်းကြီး အမျက်တော် ရပြီး အမတ် လေးဦး ကို အကျဉ်းချ ထားလေတယ် ။ နောက် အမတ်ဒိန် ဆီ ကို အမှု လွှဲအပ်လေ သတဲ့ ။ 


အမတ်ဒိန် လည်း မယားကြီး နဲ့ မယားငယ် ကို အမျိုးမျိုး စစ်မေး ပေ မယ့် နှစ်ယောက်လုံး က မသတ်ပါ လို့ အမျိုးမျိုး အကြောင်းပြ ထွက်ဆို ကြ သတဲ့ ။ 


အဲဒီအခါ အမတ်ဒိန် က မယားကြီး ကို ဆိတ်ကွယ်ရာ ခေါ် သွားပြီး “ သင် မသတ်ဘူးလို့ သေချာရင် အများတကာ ရှေ့မှာ ထဘီ ချွတ် ဝံ့ ပါ့မလား ၊ ချွတ်ဝံ့ရင် သင့်ကို တရား မစွဲဘူး ၊ သေဒဏ် လည်း မပေးဘဲ ထားမယ် ” လို့ ဆိုရာ မယားကြီး က “ သခင်ဘုရား ၊ ကျွန်မတို့ မှာ ရှေးဘဝ က ကုသိုလ် ကံနည်းပါးတာ ကြောင့် မိန်းမ ဖြစ်လာရုံ မျှ မက လင် ကို တစ်ပိုင်း သာ ရ ပါ တယ် ။ အဲလို ကုသိုလ်နည်း တဲ့ မိန်းမ ဖြစ်လာပြီး မှ အသရေ ကို စွန့်ကာ ထဘီ ချွတ်ရမယ် ဆိုတာ ဘယ်မှာ ကောင်းနိုင်ပါတော့မယ် ။ အကျွန်ုပ် ရဲ့ အသက် ကို သ,တ်လျှင် လည်း ခံရမည် ဖြစ်ပါတယ် ။ အသရေ ကို တော့ မထိ ခိုက်ပါနဲ့ ။ သား ကို လည်း ကျွန်ုပ် မသတ်ပါ ” လို့ ဆိုလေတယ် ။ 


အဲဒီနောက် အမတ်ဒိန် က မယားအငယ် ကို ဆိတ်ကွယ်ရာ ကို ခေါ် သွားပြန်တယ် ။ အထက်က နည်း အတိုင်း ဆိုတဲ့ အခါ ထဘီ ကို ချွတ်ဝံ့ပါတယ် ဆိုကာ ပရိသတ် ရှေ့ မှာ တကယ်ပဲ ချွတ်ချလေ သတဲ့ ။ 


အမတ်ဒိန် ဟာ မယားငယ် ရဲ့ အရှက် အသရေ မရှိတဲ့ အပြစ် ကို သိပြီး မှ မယားငယ် သ,တ်တန်ရာတယ် လို့ မုချ တွက်ပြီး မယားငယ် ကို စစ်ဆေး တဲ့ အခါ မယားငယ် လည်း ဟုတ်မှန်ကြောင်း ဝန်ခံ ရ လေတယ် ။ ဘုရင်မင်း ခေါင် ထို ဆုံးဖြတ်ချက် ကို ကြားရတဲ့ အခါ ပရိသတ် ရှေ့မှောက် မှာ ပဲ အမတ်ကြီး ကို ဆုလာဘ်များစွာ ချီးမြှင့်လေ သတဲ့ ။ 



❝ အမတ်ဒိန် ဆုံးဖြတ်တဲ့ လက်ကောက် အမှု ❞


ကလေးတို့ ရေ .. 


ပညာရှိအမတ် ဆိုတာ တိုင်းရေးပြည်ရေး ၌ သာမက ပြည်သူတွေ ထဲ ဖြစ်ကြတဲ့ အမှုအခင်းတွေ ကို လည်း တရားလမ်းမှန် ရောက်အောင် ဆုံး ဖြတ်နိုင်စွမ်း ရှိကြတယ် ။ ဒါ့ကြောင့် ရှေး က မြန်မာမင်းတွေ ဟာ အမတ် ပညာရှိများ ကို ဆည်းကပ် အကြံဉာဏ် ယူကြရလေတယ် ။ 


တစ်ခါမှာ တော့ အင်းဝ နေပြည်တော် မှာ မုန့် အိုးကင်းကပ် လုပ် တဲ့ မိန်းမ တစ်ယောက် ဟာ ပတ္တမြား ၊ နီလာ စီခြယ်ထားတဲ့ လက်ကောက် ( ၁၅ ) ကွင်း ကို အိတ် တစ်ခု ထဲ ထည့်ပြီး ပေါင်ပေါ် မှာ ထားကာ မုန့် လုပ်နေသတဲ့ ။ အဲဒီအခါ ရဟန်းတစ်ပါး ဟာ မုန့် အလှူခံ လာတယ် ။ ထို မိန်းမ က လှူမယ် လို့ ရုတ်တရက် ထ လိုက်တဲ့အခါ လက်ကောက် အိတ် ကျ တာကို ရဟန်း မြင်လို့ ခြေ နဲ့ ညှပ် ယူပြီး သင်းပိုင် ကြား မှာ ဝှက်ယူသွား သတဲ့ ။ 


မုန့်သည်မ လည်း သတိရလို့ ကြည့်တဲ့ အခါ လက်ကောက်များ ပျောက်ကြောင်း သိရတာ နဲ့ သည်းထန်စွာ ငိုကြွေးပြီး မင်းကြီး ထံ လျှောက်လေ သတဲ့ ။ မင်းကြီး လည်း ထို အမှု ကို အမတ်ဒိန် အား အပ် လေတယ် ။ 


အမတ်ဒိန် လည်း မုန့်သည်မ အား စစ်မေးတဲ့ အခါ မိမိ အနား သို့ ရဟန်း တစ်ပါး အလှူခံ လာကြောင်း ပြောပြလေတယ် ။ အဲဒီ ရဟန်း ကို လည်း သိ ကြောင်း ပြောတဲ့ အခါ ရဟန်း နေ တဲ့ ကျောင်း ကို ပြ ခိုင်းပြီးသွား သတဲ့ ။ အမတ်ဒိန် လည်း ရဟန်း ကို ပင့်ပြီး မေး လေတယ် ။ 


“ အရှင်ဘုရား ကို အဆင်းအရောင် လှပတင့်တယ်တယ် ကြားလို့ ပင့် ပါတယ် ။ ကြားတဲ့ အတိုင်း ကြည်ညိုဖွယ် ရှိလှပါတယ် ။ စာပေကျမ်းဂန် တတ် ပါသလော ”


“ ငါ ဟာ ( ၇ ) နှစ် ရွယ် က ပင် သင်္ကန်း ဝတ် တာမို့ သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာ ။ လောကီလောကုတ္တရာ စုံအောင် သင်ပါတယ် ” လို့ ရဟန်း က ဖြေတယ် ။ 


“ ကောင်းလှပါတယ် ဘုရား ” ဆိုပြီး ရဟန်း အား ကျောင်း ကို ပြန် ပို့တယ် ။ နောက် တစ်ခါ အမတ်ဒိန် က ဒုတိယ အကြိမ် ပင့်ပြီး လျှောက်ထား ပြန်တယ် ။ “ အရှင်ဘုရား ၊ နေပြည်တော် မှာ မင်းကျောင်း ( ၃၀၀ ) ရှိတဲ့ အနက် တစ်ကျောင်း မှာ ကျောင်းထိုင် ပုဂ္ဂိုလ် လိုနေပါတယ် ။ သင့်လျော်တဲ့ ရဟန်းတစ်ပါး ရှာ ပေးဖို့ တပည့်တော် ထံ ဆို လာ ပါတယ် ။ တပည့်တော် အလိုက အရှင်ဘုရား ကို ကြည်ညိုတာကြောင့် အရှင်ဘုရား သာ ရစေချင် ပါတယ် ” လို့ ဆိုတယ် ။ ထိုအခါ ရဟန်း က - 


“ မြို့အရှေ့မြောက် ထောင့် မှာ ကျောင်း တစ်ကျောင်း လစ်လပ်တာ မှန် ပေတယ် ။ အဲဒီ ကျောင်း ကို ရ အောင် အမတ်ကြီး ကြံ ပေးမယ် ဆိုရင် သင့် ကို လက်ဆောင် များစွာ ပေးပါ့မယ် ” လို့ ဆိုလေတယ် ။ 


ထိုအခါ အမတ်ဒိန် က “ ရအောင် ကြံပါ့မယ် ။ ဘာ လက်ဆောင် များ အရှင်ဘုရား က ပေးမှာပါလဲ ” လို့ မေးတဲ့ အခါ ရဟန်း က သူ ခိုးထားတဲ့ လက်ကောက်များ ကို ထုတ်ပြ လေ သတဲ့ ။ အမတ်ဒိန် လည်း “ ဒီ လက်ကောက် တွေ ပေးမယ် ဆိုရင် မုချ ကျောင်း ရပါစေမယ် ” ဆိုတဲ့ အခါ ရဟန်း လည်း ပေး လိုက်လေတယ် ။ 


အမတ်ဒိန် လည်း လက်ကောက်များ ရတဲ့အခါ မုန့်သည်မ ကို ပြလေ တယ် ။ မိမိ ပစ္စည်း မှန်ကြောင်း ဆိုလေမှ လက်ကောက်များ နဲ့ မုန့်သည်မ ရယ် ၊ ရဟန်း ကို အားလုံး ကို မင်းကြီး လက် အပ်လေတယ် ။ 


ဘုရင်မင်းခေါင် လည်း အမတ်ဒိန် အား လက်ဆောင် များစွာ ချီးမြှောက် ပူဇော်လေတယ် ။ 



❝ မင်းခေါင် နှင့် ရာဇာဓိရာဇ် တို့ စစ်ပြင်ခြင်း ❞


ကလေးတို့ ရေ ...


မင်းကြီးစွာစော်ကဲ နဲ့ ရာဇာဓိရာဇ် တို့ ရဲ့ စစ်ပွဲတွေ အကြောင်း ပြောခဲ့ ပြီ နော် ။ နောက် နှစ်ဖက်တူညီ လို့ ငြိမ်းချမ်းရေး စကားတွေ လည်း ဆိုခဲ့ကြ တယ် ။ အင်းဝ နဲ့ ဟံသာဝတီ မွန် - မြန်မာ စစ်ပွဲ ဟာ မင်းကြီးစွာ ရဲ့ သားတော် ဘုရင်မင်းခေါင် လက်ထက် မှာ လည်း ဆက် ဖြစ်ကြ ပြန် တာပါပဲ ။ ဘယ်လို စ ဖြစ်သလဲ ဆိုတာ ကြည့်ရ အောင် .…. ။ 


သက္ကရာဇ် ( ၇၆၆ ) ခုနှစ် မှာ မွန်ဘုရင် ရာဇာဓိရာဇ် ဟာ စစ်သူကြီး အမတ်ဒိန်မဏိရွတ် ၊ သမိန်ဗြတ်စ ၊ သမိန်အဝနိုင် ၊ သမိန်ဇိတ်ဗြဲ စတဲ့ အမတ် စစ်ကဲတပ်မှူး တွေ နဲ့ အတူ အင်အား တစ်သိန်း ခြောက်သောင်း ကျော် ခြံရံ ပြီး ကရဝိက် ရွှေဖောင်တော် နဲ့ ရေ ကြောင်း က ချီ လာတယ် ။ 


အဲဒီအကြောင်း ဘုရင်မင်းခေါင်  ကြားတဲ့ အခါ ဧရာဝတီ မြစ်စဉ် တစ်လျှောက် မြို့တွေ မှာ ရှိတဲ့ မြို့စားပြစား တွေ ဆင်မြင်း အလုံးအရင်း သွင်းပြီး အခိုင်အခံ့ နေတယ် ။ ပြည် ၊ မြေထဲ ၊ စကု ၊ စလင်း ၊ ပုခန်းငယ် ၊ စလေ ၊ ပုဂံ ၊ တလုတ်မြို့ ၊ ပုခန်းကြီး ၊ စစ်ကိုင်း ၊ စဉ့်ကူ စသည် ဖြင့် မြို့တွေ ကို အခိုင် အလုံ ပြု နေကြဖို့ တပ်လှန့် ထားတယ် ။ အင်းဝ နေပြည်တော် မှာ လည်း ဆင် မြင်း အလုံးအရင်း သွင်းပြီး ကတုတ် ၊ ရင်တား ၊ တပ်ထောင်တာ ခိုင်ခံ့အောင် စီရင်လေတယ် ။ 


မွန်မင်း ရာဇာဓိရာဇ် က လည်း သမက်တော် မဟာရတ် ကို သမီးတော် တလမ်ကြို နဲ့ တကွ ခေါင်းလောင်းကျ အရပ် မှာ အခိုင်အခံ့ ဆင်မြင်း အများ နဲ့ နေ စေတယ် ။ ရာဇာဓိရာဇ် ဟံသာဝတီ ကနေ အလုံးအရင်း နဲ့ ချီလာပြီ သတင်း ကြား တာနဲ့ ဂူထွတ်စား ၊ လိုင်စား ၊ သာယာဝတီစား တို့ လည်း ဆင် မြင်း အလုံးအရင်း ယူပြီး ပြည်မြို့ က လက်ျာပျံချီ နဲ့ နေပြီး စစ် ခံဖို့ ပြင်ထား‌ လေတယ် ။ 


ရာဇာဓိရာဇ် လည်း ပြည်မြို့ ကို စ တိုက်တယ် ။ အကြိမ်ကြိမ် လုပ်ကြံ ပေမယ့် ပြည်မြို့ တွင်း က ပြောင်းသေနတ် ၊ အမြောက် နဲ့ ပစ်ခတ် တာ ကြောင့် မြို့ကို မတက်ဝံ့ ။ မွန်တပ် တွေ လည်း အကျအဆုံး များကြတယ် ။ ဒါ့ကြောင့် ပြည် က ခွာပြီး မြေထဲမြို့ ဘက် ဆန်တက် ချီလေတယ် ။ မြေထဲမြို့ကို ရာဇာဓိရာဇ် တပ်တွေ ဝိုင်းရံ တိုက်ကြတယ် ။ မြေထဲမြို့စား လည်း တက် လာတဲ့ မွန်တပ် ကို မြို့ထိပ် ကနေ ပြောင်းသေနတ် နဲ့ ပစ်ခတ် ခုခံတယ် ။ အဲဒီလို ပစ် ခတ် ရာမှာ ရာဇာဓိရာဇ် ရဲ့ အမတ် ဥပါကောင်း သေနတ် ထိကာ ကျဆုံးလေ တယ် ။ 


ရာဇာဓိရာဇ် လည်း မြေထဲ က နေ ဆန် ပြီး မြစ်စဉ် တစ်လျှောက် တွေ့ သမျှ လှေတွေ ကို မီးတိုက် ပစ် ခဲ့တယ် ။ အဲလိုနဲ့ ပုဂံမြို့ ရောက် ခဲ့တယ် ။ ပုဂံ ကို တိုက်မယ် ပြင်တယ် ။ ဒါပေမဲ့ ပုဂံစား ဟာ အစီအမံ ခိုင်ခံ့တာ ကြောင့် မတိုက်ဘဲ ဆန်တက် ပြန်တယ် ။ အင်းဝ ကို ရောက် လာတယ် ။ အင်းဝကို အခြေအနေ အကဲခတ် ကာ မတိုက်သေးဘဲ စစ်ကိုင်းမြို့ ရေဝန် မှာ တပ်ချ နေ လေတယ် ။ 



❝ ပင်းယစကြိုသူမြတ် ❞


ကလေးတို့ ရေ …. 


မြန်မာ့သမိုင်း မှာ ထူးချွန်ထက်မြက် ပြီး ကျမ်းတတ် ပုဂ္ဂိုလ် များစွာ ရှိ ကြတယ် ။ ရဟန်းပုဂ္ဂိုလ်တွေ ဟာ ပြည်သူတွေ ကို တရားဓမ္မ ဟောကြားဆုံးမ ရုံ သာ မက နိုင်ငံ့ အရေး မှာ လည်း အကျဉ်းအကျပ် တွေ့တဲ့ အခါ ပြေလည်အောင် စွမ်းဆောင် တော် မူနိုင်ကြတယ် ။ ပုဂံခေတ် တရုတ်ပြေးမင်း လက်ထက် မောင်းဂွတ်တပ် တွေ စစ်ပြုမယ့် အရေး ဆရာတော် အရှင် ဒိသာပါမောက္ခ က ( တယ်တူ ၊ ပီကင်း ) ကို ခရီးရှည်ကြီး သွားပြီး ကူဗလိုင်ခန် မင်းကြီး နဲ့ စကား ဆိုခဲ့ လို့ ငြိမ်းချမ်းရေး ရ ကာ မောင်းဂွတ်တပ်ကြီး ပြန်လှည့် သွားခဲ့ရတယ် မဟုတ်လား ။ 


အခုလည်း အင်းဝ နဲ့ ဟံသာဝတီ နှစ်ဖက် စစ်ရေး ပြင် နေကြပြီ စစ် ကြီး ဖြစ်ပွား လာရင် ပြည်သူတွေ ကြား ထဲ က မြေဇာပင် လို နင်းချေ ခံရ ကာ အသက်အိုးအိမ် ဆုံးရှုံးကြရတော့မယ် ။ သားတကွဲ မယားတကွဲ နဲ့ စစ်ပြေး ဒုက္ခသည် ဖြစ်ကြတော့မယ် ။ 


အဲဒီ အရေးတွေ တွေး ပြီး မွန်မင်း ရာဇာဓိရာဇ် အလုံးအရင်း နဲ့ ချီ လာ တော့ အင်းဝ ဘက် က လည်း နိုင်ငံ တစ်ဝှန်း တပ်လှန့် ထားပြီး ခံစစ် ပြင် ရတယ် ။ ဘုရင်မင်းခေါင် ဟာ တိုင်းရေးပြည်ရေး အရေး ကြီး လာတဲ့ အခါ မှူးမတ်တွေ နဲ့ တိုင်ပင် ရ တော့တယ် ။ ရဟန်းသံဃာတော် တွေ ကို လည်း ပင့်ရ လေတယ် ။ 


“ ယခု မွန်မင်း အရေး နှုတ်ရေး နဲ့ လည်းကောင်း ၊ လက်ရေး ဖြင့် လည်းကောင်း သူတို့ ပြန်လေအောင် မည်သို့ စီရင်သင့်ပါသနည်း ” လို့ မေး တဲ့ အခါ မှူးမတ်တွေ လည်း နှုတ်ဆိတ် နေကြတယ် ။ ဒီအခါ မှာ ပင်းယစကြိုသူမြတ် က “ မွန်မင်းအရေး ကို မဆိုထား နှင့် ၊ ဇမ္ဗူဒိပ် မြေပြင် မင်း အပေါင်း လာ သော်လည်း နှုတ်ရေး ဖြင့် ပြန် အောင် ငါ စွမ်းဆောင်နိုင်တယ် ” လို့ ဆိုတဲ့ အခါ ဘုရင်မင်းခေါင် အလွန် အားရ သတဲ့ ။ 


အဲဒီအခါ စကြိုသူမြတ် ဟာ သက်တော် ( ၃၁ ) နှစ် ၊ ပဉ္စင်းဝါ ( ၁၁ ) ဝါ ရှိပြီ ဖြစ်တယ် ။ စကြိုသူမြတ် ဟာ မွန်မင်း ရာဇာဓိရာဇ်ထံ ရှေးဦးစွာ “ စကြိုသူမြတ် ၊ နေ့ညမပြတ် ၊ မေတ္တာရည်ညွှန်း ၊ ပို့သွန်းအပ်သော သာသနာ့ ဒါယကာမင်းကြီး ” အစချီ မေတ္တာစာ ကို ဦးစွာ ပို့ဆက် စေတယ် ။ မေတ္တာ စာ ရဲ့ အနှစ်ချုပ် သဘော က တော့ တရားမင်းမြတ် ကို တွေ့လို မြင်လို ပါကြောင်း အပြေအပြစ် ရေးသား ထားတယ် ။ 


ရာဇာဓိရာဇ် လည်း စကြိုသူမြတ် ရဲ့ မေတ္တာစာ ကို ရတဲ့ အခါ “ ငါ ယခု ချီလာတာ ရဟန်းပုဂ္ဂိုလ် တစ်ဦး မှ မတွေ့ရသေးဘူး ။ ဤ ရဟန်းတော် ငါ့ ကို တွေ့ချင် ဟန် တူတယ် ။ ငါ က မတွေ့ချင်ဘူး ဆိုရင် ရိုင်းရာ ကျ တော့ မယ် ” လို့ စဉ်းစားပြီး “ ငါ့ ဆရာ ကို ငါ လည်း မြင်ဖူးလို၏ ” လို့ ပြန်စာ ပေးပို့ ကွမ်းဖိတ် လှူတော် မူလိုက်တယ် ။ 


ပြန်စာ ရတယ် ဆိုရင်ပဲ စကြိုသူမြတ် က ဘုရင်မင်းခေါင် ကို လက်ဆောင်ပဏ္ဏာ အများ စီရင်စေပြီး အခြံအရံများ နဲ့ ထွက်တော်မူ ဖို့ ပြင်တယ် ။ စကြိုသူမြတ် က ဆင်ဟိုင်း ငါးတောင်ပြည် ကို ရွှေက တင်ကာ စီးတော် မူ ပြီး ရာဇာဓိရာဇ် ထံ အခမ်းအနား နဲ့ ထွက်ကြွလေတယ် ။ 


စကြိုသူမြတ် နဲ့ ရာဇာဓိရာဇ် တွေကြတဲ့ အခါ သာယာစွာ နှုတ်ခွန်းဆက် ကြပြီး ပြောဆိုကြတဲ့ အခါ အထူးထူးသော စကား ကို ဆိုကြတယ် ။ 


ရာဇာဓိရာဇ် က သူ ချီလာရတဲ့ အကြောင်း လေးချက်  ပြဆိုတယ် ။ 


( ၁ ) အထူးထူးသော အရပ် ကို ကြည့်ဖို့ ။


( ၂ ) သူ့ ဘုန်းလက်ရုံး ကို ပြဖို့ ။ 


( ၃ ) သူ တိုင်းနိုင်ငံ ပို ကျယ်ဝန်းစေဖို့ ။


( ၄ ) ဘုရားဖူးဖို့ ။


စတဲ့ အကြောင်း ဆိုတဲ့ အခါ စကြိုသူမြတ် က တစ်ချက်ချင်း အကျိုးအကြောင်း သင့် ၊ မသင့် ဝေဖန် သုံးသပ်ပြတယ် ။ ရာဇာဓိရာဇ် ရဲ့ ဖခင် ဗညားဦး လက်ထက် ကတည်း က နှစ်နိုင်ငံ မီးမသေ ရေမနောက် နေထိုင်ခဲ့ကြပုံ မှ စပြီး ရာဇဝင်ထုံးပုံ ၊ ပြည်ရွာမြို့ပြ အရေး ရာဇကြောင်း ၊ ဓမ္မကြောင်း အထူးထူး အပြားပြား စကား ဆိုတဲ့ အခါ မင်းမာန် ကြွ နေတဲ့ ရာဇာဓိရာဇ် ဟာ စိတ်နှလုံး နူးညံ့ လာပြီး သူ့ တပ် ကို ပြန်လှည့် စေတယ် ။ 


“ ငါ သည် မြန်မာနိုင်ငံ ကို လုပ်ကြံမယ် ဆိုပြီး ချီခဲ့တယ် ။ ခု ငါ့ ဆရာ တရား ပြ လို့ ငါ ပြန်တော့မယ် ” ဆိုကာ စိတ်မာန် ကို နှိမ်ချတော် မူ လေတယ် ။ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရား က ဘုရားဝတ် ဆောင်ကြသူ ကျွန်သီး တွေ ကို လည်း ပြန် လွှတ် ပေးလိုက်တယ် ။ ရွှေကြက်ယက်ဘုရား မှာ လည်း ဇရပ် တစ်ဆောင် ဆောက်လုပ်လှူဒါန်း ပြီး စကြိုသူမြတ် နဲ့ ရဟန်း အပါး ( ၁၀၀ ) ကို လည်း ဇရပ် မှာ ဆွမ်း လုပ်ကျွေးတယ် ။ စကြိုသူမြတ်  ကို လည်း ပုဂံ အထိ ပင့် ကာ လှည့် ပြန် လေတယ် ။ စကြိုသူမြတ် ရဲ့ စွမ်းဆောင်ချက် ဟာ မြင့်မြတ် လှတယ် ။ 



❝ ဘုရင်မင်းခေါင် ၏ မင်းစိတ်မင်းမာန် ❞


ကလေးတို့ ရေ … 


ပင်းယစကြိုသူမြတ် က လိမ္မာပါးနပ်စွာ စကား ဆိုပြီး တရားပြ ခဲ့လို့ ရာဇမာန် ထက်တဲ့ မွန်မင်း ဟာ ပြန်လှည့် သွားပေမယ့် တစ်ခါ ဘုရင်မင်းခေါင် က မင်းစိတ် မင်းမာန် ကြွလာပြန်တယ် ။ “ ငါ့ နိုင်ငံ ၊ ငါ့ ဒေသမှာ သူ က ဘာ မို့ လို့ ဇရပ် ဆောက်သတဲ့ လဲ ” လို့ ဒေါ ထ တော့တာပါပဲ ။ 


ဒေါသ ဦးစီးတဲ့ အခါ အကောင်း လုပ်ပေမယ့် အကောင်း လို့ မမြင်နိုင် ပေဘူး ။ ရာဇာဓိရာဇ်  သူ့ တပ် ကို ပြန် ခေါက်လို့ ကျောက်တစ်လုံး အရပ် ကို ရောက်တယ် ဆိုရင်ပဲ ရွှေကြက်ယက်ဘုရား မှာ ရာဇဓိရာဇ် ဆောက် ခဲ့တဲ့ ဇရပ် ကို ဘုရင်မင်းခေါင် မီးတိုက် လေတယ် ။ ရာဇာဓိရာဇ် ဟာ မီးခိုးတွေ ကို မြင်တဲ့ အခါ “ ငါ့ ကောင်းမှု ကို ဖျက်တယ် ၊ အင်းဝ ကို မလုပ်ကြံဘဲ ပြန်တာ စကြိုသူမြတ် ဆုံးမတော် မူ လို့ ဖြစ်တယ် ။ အခုပဲ လှေတက် အပေါင်း လှေဦး ပြန်လှည့်ကြ ” လို့ အမိန့် ပေး သတဲ့ ။ 


အဲဒီအခါ မှာ စကြိုသူမြတ် နဲ့ မွန်စစ်သူကြီး သမိန်ဗြတ်စ ၊ အမတ်ဒိန် မဏိရွတ် တို့ က “ ကောင်းမှုတော် ကို ဖျက်လျှင် ဖျက်သူ မှာ သာ အပြစ် ရှိတယ် ။ အရိယာ သံဃာတော် တို့ ခွင့်ပြုတော်မူပြီး ဖြစ်လို့ တိုက်ဖို့ မသင့်ပြီ ။ လုပ်ကြံတော် မူ လို လျှင် ကျွန်တော်တို့ ပြည်ရွာ နဲ့ စပ်တဲ့ မြို့ပြ တို့ ကို အရင် တိုက်ပါ ဦး ။ ပြီးမှ အင်းဝ ကို တိုက်ပါ ” ဆိုတာ နဲ့ လှေဦး ကို လှည့်ပြီး စုန်တော်မူ လေတယ် ။


အဲဒီအခါ ဘုရင်မင်းခေါင် က မှူးမတ်တွေ ကို ခေါ်ပြီး “ မွန်မင်း ရာဇာဓိရာဇ် ချီတော်မူလာရာမှာ ၊ “ ဓားမကျိုး ၊ လှံမကျိုး ” ပြန်ရလေတယ် ။ နောက်နောင် သည်လို ရေအား ၊ ကြည်းအား ချီလာရင် အရေး များ လိမ့်မယ် ။ အခု ငါတို့ လိုက်ပြီး တိုက်မှ သင့်မယ် ” လို့ မိန့်ပြီး စစ်သူကြီး ဘယကာမဏိ နဲ့ ရာဇသင်္ကြန် ကို ဦးစီးစေကာ မြင်းစစ်သည် ( ၃ဝဝဝ ) နဲ့ ချီစေတယ် ။ 


ဟင်းရွက်ခူး ၊ ထင်းခွေသူ မျှ မတက်ရအောင် အရှေ့ဘက်ကြောင်း ပြည်မြို့ တိုင်အောင် ချီရလေတယ် ။ ဘယကာမဏိ တို့ လည်း အပြင်း တရကြမ်း ချီပြီး ဆီးဆို့ တိုက်လေ သတဲ့ ။ 


ရာဇာဓိရာဇ် လည်း အပြင်း စုန်ပြီး ပုဂံ ရောက်တဲ့ အခါ တန့်ကြည့်တောင် မြတ်စွာဘုရား အပါး မှာ ကျောင်း ဆောက်ကာ ပစ္စည်း လေးပါး နှင့် တကွ စကြိုသူမြတ် ကို လှူလေတယ် ။ 


အင်းဝ စစ်သူကြီး ဘယကာမဏိ နဲ့ ရာဇသင်္ကြန် လည်း ပုဂံ အထိ ချီ ပြီး မြင်းတပ် ကို ( ၁၀၀ ) စု ၊ ( ၂၀၀ ) စု ၊ ( ၃၀၀ ) စု အစု ခွဲပြီး မြင်းရေး စီးကာ ပြလေ သတဲ့ ။ 


အဲဒီလို မြင်းရေး ပြတာ ကို မွန်စစ်သည် တို့ မြင်ရတဲ့ အခါ မြင်းတစ်သောင်း ၊ ကိုးထောင် ထင်ပြီး မြစ်ဆိပ်တွင် မှ မဆိုက်ဝံ့ဘဲ အပြင်း လှော်ခတ် စုန်လေ သတဲ့ ။ အဲသလို စုန်ရင်း စလေ အရပ် ကို မွန်တပ် ရောက်တဲ့ အခါ အနော်ရထာမင်းကြီး လက်ထက် က မွန်ဒေသ က သိမ်းယူခဲ့တဲ့ ဘုရားဆင်းတု တော် တစ်ဆူ တွေ့ သတဲ့ ။ မှူးမတ်တို့ လျှောက်တဲ့ အခါ စလေ မှာ မှူးမတ်အများ ခန့်ထား ခဲ့ပြီး ဆင်းတုတော် ကို ပင့်ဆောင်ခဲ့ လေတယ် ။ စလေ မှာ လည်း တိုက်ပွဲ ဖြစ်တယ် ။ ရာဇာဓိရာဇ် လည်း အပြင်း စုန်ခဲ့တယ် ။ ပြည်မြို့ ကို ရောက်တဲ့ အခါ တွေ့ ရတဲ့ ဖြစ်ရပ်တွေ က ရာဇာဓိရာဇ် ရဲ့ သမက်တော် မဟာရတ် အလုံးအရင်း နဲ့ ခံတာ ကို အင်းဝစစ်ကဲ ပြည်စားပျံချီ  နဲ့ စလင်းစား နော်ရထာ ပူးပေါင်းပြီး အလုံးအရင်း နဲ့ ဝင်တိုက် သတဲ့ ။ အဲဒီ အချိန် က ရာဇာဓိရာဇ် အညာ ( အထက် ) အရပ် မှာ ရှိခိုက် ဖြစ်တယ် ။ သမက်တော် မဟာရတ် ဟာ မခံနိုင်လို့ မြင်း တစ်စီး နဲ့ ကိုယ်လွတ် ရုန်း ပြေးရ သတဲ့ ။ မဟာရတ် ရဲ့ မယား တလမဲကြိုး ကို ပျံချီ တို့ ရပြီး ဘုရင်မင်းခေါင် ကို ဆက် သတဲ့ ။ 


အဲဒီ အကြောင်းတွေ ကို ရာဇာဓိရာဇ် သိရတဲ့ အခါ ဟံသာဝတီ ကို အပြင်း စုန်ပြီး ရောက်တာနဲ့ မဟာရတ် ကို သ,တ်တော် မူတယ် ။ 


အဲဒီ စစ်ပွဲတွေ ဟာ ဘုရင်မင်းခေါင် လက်ထက် အင်းဝ နဲ့ ဟံသာဝတီ နှစ်နိုင်ငံ ကြား ဖြစ်ကြတဲ့ အကျယ် အကျယ် မငြိမ်းဖွယ် အရေးတော် တွေ ပဲ ။ 



❝ ဘတစ်ပြန် ကျားတစ်ပြန် ❞


ကလေးတို့ ရေ ...


ဘုရင်မင်းခေါင် နဲ့ ရာဇာဓိရာဇ် တို့ ရဲ့ ဘတစ်ပြန် ကျားတစ်ပြန် တိုက် ကြတဲ့ စစ်ပွဲတွေ ဟာ သမိုင်း မှာ အထင်ကရ ရှိလှတယ် ။ နှစ် ( ၄၀ ) ကြာ တယ်လို့ ဆိုတယ် ။ အမှန် က ( ၃၈ ) နှစ် သာ ဖြစ် သတဲ့ ။ ကိန်းပြည့် သဘော မှတ်လွယ် အောင် နှစ်လေးဆယ် လို့ သုံးနှုန်းကြ တာပါပဲ ။ 


တောက်လျှောက်ကြီး တိုက် နေကြတာတော့ လည်း မဟုတ်ပေဘူး ။ မိုးတွင်း အခါလိုမျိုး ၊ စစ်နားတာမျိုး ၊ နှစ်ဖက် အင်အား စုရင်း ကြာတဲ့ နှစ်တွေ လည်း ရှိမှာပေါ့ ။ 


ရွှေကြက်ယက် က ရာဇာဓိရာဇ် ရဲ့ ကောင်းမှု ဇရပ် ကို ဘုရင်မင်းခေါင် မီးတိုက် ပြီး အင်းဝတပ် တွေ ဆက် လိုက် တိုက်ကြတယ် ။ ရာဇာဓိရာဇ် ဟံသာဝတီ ကို အပြင်း စုန် သွားပြီးနောက်ပိုင်း အနေအထား ကြည့် ရအောင် ။ သက္က ရာဇ် ( ၇၆၇ ) အဲဒီ နှစ် အတွင်း မှာပဲ ရာဇာဓိရာဇ် ဟာ အလုံးအရင်း ဆင်မြင်း အများ နဲ့ ရေကြောင်း ၊ ကြည်းကြောင်း ချီ ပြန်တယ် ။ မကျေပွဲ နွှဲမယ် ပေါ့ ။ ဘုရင်မင်းခေါင် ရဲ့ နိုင်ငံ ဖြစ်တဲ့ အလွှဲမြို့ ၊ ဂူထွတ်မြို့ တို့ ကို တိုက်ပြန်တယ် ။ အဲဒီအခါ အလွှဲစား တုရင်ပုည ၊ ဂူထွက်စား ဘယကျော်သူ တို့ ဟာ ရာဇာဓိရာဇ်တပ် တွေ ရဲ့ တိုက်ခိုက်မှု ကို ကြံ့ကြံ့ မခံ နိုင် တာကြောင့် စားသုံးအရင်း စုစည်း ပြီး လိုင်မြို့ မှာ သွား ပေါင်း ကာ သုံးမြို့ စုစည်းပြီး ခံစစ် နဲ့ ပြန် ရင် ဆိုင်တယ် ။ 


ရာဇာဓိရာဇ် လည်း လိုင်မြို့ ကို ကြည်းကြောင်း ၊ ရေကြောင်း ဝန်းရံ တိုက်ပြန်တယ် ။ လိုင်မြို့ တွင်း က လည်း ပြောင်းသေနတ်နဲ့  ပြန် ခုခံတာ ကြောင့် မွန်တပ်တွေ အထိအရှ များ လှတယ် ။ မြို့ရိုး ကို ကျော်ပြီး မတက်နိုင် ကြဘူး ။ 


အဲဒီအခါ ရာဇာဓိရာဇ် ရဲ့ စစ်သူကြီး သမိန်ဗြတ်စ ၊ အမတ်ဒိန်မဏိရွတ် တို့ က နားတော် လျှောက်ကြတယ် ။ “ အရှင် လိုင်မြို့ ဟာ ပြောင်းသေနတ် များပုံ ရတယ် ။ ဒါ့ကြောင့် တိုက် ရတာ ခက် လှတယ် ။ ကိုယ့် ဘက် က လည်း အကျအဆုံး များ လှတယ် ။ လိုင်မြို့ ကို ထားပြီး ပြည်မြို့ ကို တိုက်ခိုက် မှ သင့် မယ် ။ ပြည်မြို့ ကို ရရင် လိုင်မြို့ ဟာ ကျွန်တော်တို့ လက် က ပြေး မလွှတ်နိုင် ရာပါ ”


အမတ်စစ်သူကြီး တွေ တင်လျှောက်ချက် အရ ရာဇာဓိရာဇ် ဟာ လိုင် မြို့ ကနေ တပ် နုတ် ပြီး ပြည်မြို့ ကို ချီတက် ပြန်တယ် ။ ပြည်စား ပျံချီ လည်း မြို့ပြ ကျုံးမြောင်း ကတုတ် ၊ ရင်တား ခိုင်ခံ့အောင် စီရင် ထားတယ် ။ ဆင် လုံးမြင်းရင်း ရဲမက်အင်အား အများအပြား ကို လည်း မြို့တွင်း သွင်း ထားတယ် ။ ခံစစ် ပြင် ထား တာပေါ့ ။ 


ရာဇာဓိရာဇ် လည်း ရေအား ၊ ကြည်းအား အလုံးအရင်းများ နဲ့ ပြည် မြို့ ကို ဝန်းရံပြီး တရကြမ်း တိုက်တယ် ။ မြို့တွင်း က ပြောင်းသေနတ် တွေ နဲ့ ခုခံ ပစ်ခတ်တာကြောင့် မြို့ရိုး ကို မကျော်တက် နိုင် ချေဘူး ။ ချဉ်းကပ်ဖို့ တိုး လိုက် ပြောင်းသေနတ် ကျည် ထိလိုက် နဲ့ အကျအဆုံး များ လှတယ် ။ ဓား ၊ လှံ ၊ လေးမြား ခေတ် မှာ ပြောင်းသေနတ် သုံး နိုင်တာဟာ စစ်ရေး မှာ တစ်ပန်း သာတယ် ။ 


ဒါနဲ့ ရာဇာဓိရာဇ် လည်း သူ့ တပ် နဲ့ မြို့ပြင် က သာ ပတ်ပတ်လည် ဝိုင်းရံ ကာ တပ်ကို ခိုင်ခိုင်ချ ထား တော့တယ် ။ 


ပြည်မြို့ တွင်း မှာ လည်း ရဲမက်ဗိုလ်ပါ အလုံးအရင်း များလှတာ ကြောင့် နှစ်လခန့် ကြာ တဲ့ အခါ ရိက္ခာ ပြတ်လပ် ပြီး ငတ်မွတ် လာတယ် ။ အဲဒီ အခြေအနေ အကြောင်းရပ် တွေ ကို အထောက်တော် ခြေမြန်တော်တွေ ဆီ က ဘုရင် မင်းခေါင် ကြားသိ ရတဲ့ အခါ မြို့လှစား သတိုး ကို တပ်မှူး ခန့်ပြီး မြင်း (၂၀၀၀ ) နဲ့ ဆန် သွင်း စေတယ် ။ တပ်မှူး ဟာ မြင်း တစ်ကောင် ၊ ဆန် နှစ်တင်း ကျ စီ တင်ပြီး သန်လျင်စွာ ဆိုတဲ့ ဆင် ကို စီးကာ ဝိုင်းရံ ထားတဲ့ အရံတပ် ကို တိုက်ဖောက်ပြီး ပြည်မြို့ တွင်း ကို မြင်း ( ၂၀၀၀ ) ကို သွင်းတော့တယ် ။ အဲဒီတော့ ပြည်မြို့ တွင်း ရဲမက်တွေနဲ့ မြို့သူမြို့သားတွေ အသက် ဆက် နိုင် ကြတယ် ။ မြို့လှစား သတိုး ဟာ ဆန် သွင်း ပြီးတာ နဲ့ မြင်း ( ၂၀၀၀ ) အား နဲ့ အရံတပ် ကို ပြန် ဖောက်ထွက် ခဲ့တယ် ။ သတိုး ရဲ့ လုပ်ရည်ကြံရည် ဟာ လည်း ပြောင်မြောက် လှတယ် ။ 


ဘုရင်မင်းခေါင် ထံ ရိက္ခာ ထောက် သတိုး ပြန် လျှောက်တဲ့ အခါ အခြေအနေ အရပ်ရပ် လျှောက်တင်တာ ကြောင့် ပြည်မြို့ ကို စစ်ကူ အင်အား ထပ် ဖြည့်လွှတ်တော် မူတယ် ။ ပုခန်းစား ၊ ပုဂံစား ၊ တောင်တွင်းစား ၊ တလုတ်မြို့ စား ၊ မြို့လှစား စသည်ဖြင့် ပေါင်း ငါးတပ် တိုက်ဆင် ( ၂ဝဝ ) ၊ မြင်းစစ် သည် ( ၃၀၀ ) ၊ ဗိုလ် ငါးသောင်း အလုံးအရင်း နဲ့ အပြင်း ချီ စေတယ် ။ 


ဘုရင်မင်းခေါင် ရဲ့ စစ်ကူ တပ်တွေ ချီလာပြီ လို့ ရာဇာဓိရာဇ်  ကြား တဲ့ အခါ ဗိုလ်မင်းသမိန် ဖြတ်စ ၊ သမိန်အဝနိုင် ၊ သမိန်ဇိတ်ဗြဲ ၊ သမိန်ပေါကျော် ၊ သမိန်ဗြပိုက် ၊ ဥပါကောင်းခံ ၊ လဂွန်းအိမ် ကို ဦးစီးကွပ်ကဲ တဲ့ အားလုံး ( ၇ ) တပ် ၊ တိုက်ဆင် ( ၁၀၀ ) ၊ မြင်းစစ်သည် ( ၈၀၀၀ ) ၊ ဗိုလ်ခြေ ( ၄ ) သောင်း အင်အား နဲ့ လဂွန်းအိမ် ကို ကွပ်ကဲ စေပြီး အင်းဝတပ်တွေ အလာ ကို စစ်ကြို နေ လေတယ် ။ 


ဘုရင်မင်းခေါင် တပ်တွေ နီး လာပြီ လို့ မွန်ကင်းစောင့် လာ လျှောက် တင်တဲ့ အခါ လဂွန်းအိမ် တောတွင်း ဝင်ပြီး အသင့် စောင့်တယ် ။ ဗိုလ်မှူးသမိန် ဗြတ်စ က “ စစ်ဖျား မလွန်စေနဲ့ ၊ မြန်မာစစ်သည်တွေ လွင်ပြင် ထဲ ရောက်မှ အင်အား ကြည့် တိုက်မယ် ” လို့ လဂွန်းအိမ် တပ် ကို အကြောင်း ကြားတယ် ။ ဘုရင်မင်းခေါင် ရဲ့ စစ်သည်တွေ လည်း ပုခန်းစား ရှေ့ချီ မြင်းတပ် ကို လဂွန်းအိမ် ထွက် တိုက်တယ် ။ မြင်းသည်တွေ ရွေ့ လေတယ် ။ လွင်ပြင် ရောက် မှ ပုခန်းစား လိုက် တိုက်တယ် ။ လဂွန်းအိမ် တပ်ပျက်လေတယ် ။ နောက် လေးတပ်လုံး ကို လည်း ပုခန်းစား တိုက်ပြန်တယ် ။ မွန် လေးတပ်လုံး ပျက်လို့ တောတွင်း ရှောင်ကြတယ် ။ နောက် တပ်တွေ လည်း လိုက်ပြီး ထပ် တိုက် ပြန် တာကြောင့် မွန်တို့ ရဲ့ ဆင် ၊ မြင်း ၊ သုံ့ပန်း ( စစ်အတွင်း ဖမ်းမိသူ ) အများ ရ လိုက်တယ် ။ 


ဘုရင်မင်းခေါင် ရဲ့တပ် ငါးတပ် လုံး ဟာ စစ်အောင်ပြီး ပျော်ကာ သတိလက်လွတ် နေကြတယ် ။ အဲဒီအခါ ရာဇာဓိရာဇ် ရဲ့ အမတ်စစ်သူကြီး သမိန်ဗြတ်စ ၊ သမိန်အဝနိုင် တပ်တွေ က မြန်မာစစ်သည်တွေ ကို အလစ် ဝင် တိုက် တယ် ။ မြန်မာရဲမက် ငါးတပ်လုံး ကစဉ့်ကလျား နဲ့ ပျက် လေတယ် ။ စစ်တို့ ရဲ့သဘော မှာ အောင်ပြီ ဆိုပြီး သတိ လစ်တာ နဲ့ တစ်ဖက် ရန်သူ ဟာ အငိုက်ဖမ်း တိုက်တော့ ခံလိုက်ရတာပေါ့ ။ အနိုင် က နေ အရှုံး ဖြစ်သွား ရတယ် ။ 


အင်းဝစစ်သည် တွေ ပြန် စုရုံးပြီး တပ်ခိုင် ပြုပြီး အရေးတော် မလှကြောင်း ဘုရင်မင်းခေါင် ထံ လျှောက် ရတယ် ။ စစ်သတင်း ကြားတာ နဲ့ ဘုရင်မင်းခေါင် လည်း စော်ဘွားစော်ကန်များ ကို ချက်ချင်း ဆင့်ခေါ်ပြီး တိုက်ဆင် ( ၃ဝဝ ) ၊ မြင်းစစ်သည် ( ၇ဝဝဝ ) ၊ ဗိုလ်ခြေ တစ်သိန်းနှစ်သောင်း နဲ့ ချီ ပြန်တယ် ။ 


ဘုရင်မင်းခေါင် တပ် အလုံးအရင်း အင်အား အများအပြား နဲ့ အပြင်း ချီ လာကြောင်း ရာဇာဓိရာဇ် ကြားတဲ့ အခါ ပြည်မြို့ မှာ မနေဝံ့ဘဲ တလည်းစီး အရပ်ဒေသ ဘက်ကို ကူး ပြီး သစ်လုံးခံတပ် လုပ်ပြီး တပ်ချ လေတယ် ။ အဲဒီ အရပ် ကို “ ဗာရာဏသီ ” လို့ မှည့်ခေါ် ကာ ရေတပ်သားတွေ ကို လှေတက် အများ နဲ့ မြစ်ဆိပ် မှာ နေ စေတယ် ။ 


ရာဇာဓိရာဇ် လည်း စိတ်မအေး တာ ကြောင့် မှူးမတ်စစ်သူကြီး တွေ နဲ့ တိုင်ပင်တယ် ။ သမိန်ဗြတ်စ လျှောက်တင်တာ က “ နဝင်း ဘက် မှာ ချ ထား တဲ့ တပ် သုံးတပ် ပြန် ရုပ်ပြီး အနောက်ဘက် မှာ နေစေမှ သင့်မယ် ။ ဘုရင် မင်းခေါင် အင်အား များလှတယ် ” လို့ လျှောက်တယ် ။ တပ်မှူး သုံးယောက် က လည်း “ ကျွန်တော်တို့ ပြည်မြို့ ကို တိုက်တာ လေးငါးလ ရှိပြီ ၊ အကြောင်း မထူး ၊ ပြည်မြို့ လည်း အုတ်တံတိုင်း ကာ မြို့ ဖြစ်တယ် ။ ကျုံး လည်း ကျယ် ပြီး နက်လှတယ် ။ ကျွန်ုပ်တို့ က သစ်တပ် သာ ဖြစ်တယ် ။ ကျုံးငယ်ပြီး တိမ် လှတယ် ။ ဘုရင်မင်းခေါင် တပ် ရောက်တော် မူလျှင် ရပ်ခံနိုင်မည် မထင်ပါ ကြောင်း ” နားတော် လျှောက်ကြ လေတယ် ။ 


“ ကျွန်တော်တို့ ကို စစ်ကူ ထပ် ဖြည့်ပါ ၊ ခံနိုင်အောင် ခံမည် ” လို့ လည်း လျှောက်ပြန်တယ် ။ ရာဇာဓိရာဇ် လည်း “ ငါ စစ်ကူ ထပ် ဖြည့် ပေးမယ် ။ မင်းတို့ သုံးတပ် ညီကြစေ ” လို့ မိန့်တယ် ။ ရဲမက်တွေ ကို လည်း ကျုံးမြောင်း တပ်တောင်တာ ထပ် ချဲ့စေတယ် ။ 


ဘုရင်မင်းခေါင် လည်း ညဉ့်သန်းခေါင် ကျော် တာ နဲ့ မြေထဲမြို့ က နေ ချီ‌တော် မူတယ် ။ မလင်းခင် ပြည် ကို ရောက်တဲ့ အခါ နဝင်းရပ် မှာ ခံ နေတဲ့ မွန်တပ်ကြီး သုံးတပ် ကို ဆင်လုံးမြင်းရင်း အင်အား အများ နဲ့ ဝိုင်းရံတယ် ။ အချို့ ကို ကျုံး ကို ဖြတ်ကူး စေတယ် ။ တချို့ ကို လှေကား ထောင် ပြီး သစ်လုံး တပ် ကို တက် စေတယ် ။ ဆင်လုံးမြင်းရင်း နဲ့ မွန်တပ် ကို ပေါက်အောင် တရ ကြမ်း ညာသံ ပေးပြီး တိုက်တယ် ။ ရွပ်ရွပ်ချွံချွံ တိုက်ကြ လို့ မွန် သုံးတပ် လုံး ပျက် လေတယ် ။ သမိန်ပေါကျော် နဲ့ သမိန်ဗြပိုက် တပ်မှူး နှစ်ယောက် လည်း တိုက်ပွဲ ကျတယ် ။ “ သမိန်ဇိတ်ဗြဲ ” ကို လက်ရ ဖမ်းမိတယ် ။ မွန် သုံးတပ် ဆင်လုံး မြင်းရင်း အများ ရတော် မူတယ် ။ 


မွန်ရဲမက်တွေ လည်း ကစဉ့်ကလျား ရေကူး ပြီး အနောက်ဘက် ပြေး ကြတယ် ။ ရာဇာဓိရာဇ် လည်း အဲမွန်ဒရာ အား ပြေးသူတွေ ကို လိုက်သတ် ခိုင်းတယ် ။ ရဲမက်တွေ မှာ အပြစ် မရှိကြောင်း မှူးမတ်တွေ လျှောက် မှ လှေ နဲ့ လိုက် ဆယ်တင် စေတယ် ။ 


ဘုရင်မင်းခေါင် လည်း မွန် သုံးတပ်လုံး ကို အောင်တဲ့ အခါ ပြည်မြို့ နဲ့ တစ်လျှောက် တည်း သစ်တပ်မြို့ ခိုင်ခန့် အောင် လုပ်ပြီး နေလေ သတဲ့ ။ ရာဇာဓိရာဇ် လည်း မှူးမတ်တွေ နဲ့ တိုင်ပင် ပြန်တယ် ။ ဘုရင်မင်းခေါင် တပ် အင်အား ကြီး သော်လည်း ရိက္ခာ မလုံလောက် ။ ဒါကြောင့် ရိက္ခာတပ် အလာ လမ်း က ဖြတ် တိုက်မည် လို့ သဘော ညီ ကြတာ ကြောင့် ဘုရင်မင်းခေါင် ရဲ့ ရိက္ခာတပ် ကို မွန်တပ် တို့ လမ်း က ဖြတ် တိုက်တယ် ။ 


ဘုရင်မင်းခေါင် တပ် တွေ ရိက္ခာ ပြတ်လပ် တာ ကြောင့် ရာဇာဓိရာဇ် ထံ သံတမန် စေရတယ် ။ စစ် ကို ပြီးပြေ လိုကြောင်း ဗိုလ်မင်း သမိန်ဗြတ်စ ရဲ့ သဘော အရ ရာဇာဓိရာဇ် အရေး မပေးနိုင်ကြောင်း ရာဇသံ ပြန်တယ် ။ 


ဒီအခါ ဘုရင်မင်းခေါင် က ရယ်တော် မူပြီး ဖမ်းမိထားတဲ့ မွန်အမတ် သမိန်ဇိတ်ဗြဲ ကို သမီးတော် မိဖုရား နှစ်ပါး ထံ ၊ စာ ရေး စေတယ် ။ ရာဇာဓိရာဇ် အရေး ပေး မှ ဖခင် အသက် ရှင်မည် ။ ဖခင့် စာ မိဖုရား နှစ်ပါး ရတဲ့ အခါ ရာဇာဓိရာဇ် ထံ ငိုယို တောင်းပန်တယ် ။ မွန်ဘုရင် က လည်း စစ်သူကြီးတွေ စကား ငါ မပယ်ရှား သာ ဆိုတာ နဲ့ မိဖုရား တို့ စစ်သူကြီး သမိန်ဗြတ်စ ကို ရွှေ ( ၁ ) ပိဿာ ၊ ငွေခွက် ( ၁ဝ ) နဲ့ လာဘ် ထိုး ပြန်တယ် ။ စစ်သူကြီး က ပယ်ပြန် တယ် ။ မိဖုရားတွေ ငိုယိုကာ မင်းကြီး ထံ လျှောက်ပြန်တာ နဲ့ မင်းကြီး လည်း စစ်သူကြီး နဲ့ ညှိရ ပြန်တယ် ။ “ သမိန်ဇိတ်ဗြဲ ဟာ အသက် ကြီးပြီး နောက် ဗိုလ်မင်း ရဲ့ တိုက်ဖက် ရောင်းရင်း မဟုတ်လော ” လို့ ဆိုတာ နဲ့ နောက်ဆုံး မင်းကြီး သဘောပါ လျှောက်တာ ကြောင့် ဘုရင်မင်းခေါင် ထံ အရေး ပေးရ လေ တယ် ။ ရှေးကကဲ့သို့ နှစ်နိုင်ငံ မီးမသေ ၊ ရေမနောက် နေကြမယ်လို့ သဘော ညီကြ ပြန်တယ် ။ ပြည် ရွှေဆံတော်ဘုရား မှာ သစ္စာ ဆိုကြပြီး အသီးသီး ကိုယ့် နိုင်ငံ ကိုယ်ပြန်ကြ သတဲ့ ။ 



❝ မင်းနှစ်ပါး ချစ်ကြည်ရေး နှင့် ပညာရှိ နှစ်ဦး တွေ့ဆုံပွဲ ❞


ကလေးတို့ ရေ … 


ဘုရင်မင်းခေါင် နဲ့ ရာဇာဓိရာဇ် တို့ မြန်မာ - မွန်မင်း နှစ်ပါး တို့ ချစ်ကြည်ရေး ရလာတဲ့ အခြေအနေ ဟာ ဝမ်းသာစရာ ပါ ပဲ ။ စစ် အတန်ငယ် ပမ်းပန်းလာတာ လည်း ပါတာပေါ့ ။ ရာဇာဓိရာဇ် က အင်းဝ နဲ့ ဟံသာဝတီ နောင် အရှည် သဖြင့် ချစ်ကြည် ကြ အောင် ယခု က ပင် ဆက်ဆံ ထား သင့်တယ် လို့ ယူဆပြီး လက်ဆောင်ပဏ္ဏာအများ နဲ့ ဘုရင်မင်းခေါင် ဆီ ရာဇသံ စေတော် မူ တယ် ။ 


“ အင်းဝ နဲ့ ဟံသာဝတီ မဟာမိတ် ဖြစ်ကြရင် အခြား တစ်ပါး ရန်သူ မထိပါးနိုင် ။ ဒါကြောင့် ငါ့ သမီး တလမည်းကြီး လည်း ဘုရင်မင်းခေါင် အပါး မှာ ရှိပြီ ။ ငါ နှင့် ရွှေနန်းသခင် ရဲ့ နှမတော် မင်းလှမြတ် ကို လည်း စုံဖက် ပေးစေလိုပါကြောင်း ” လို့ ရာဇသံ မှာ ပါရှိတယ် ။ 


ဘုရင်မင်းခေါင် လည်း အကြောင်းစုံ သိရတဲ့ အခါ အမတ်ကြီး မင်းရာဇာ နဲ့ တိုင်ပင်တော် မူတယ် ။ ထိုအခါ မင်းရာဇာ က “ ဗြဟ္မဒတ်မင်းကြီး ဟာ သမီးတော် သမုဒ္ဒဇာ ကို နဂါးမင်း နဲ့  စုံဖက်ပြီး ကျွန်ပြုပုံ ” ကို လျှောက် တင်တယ် ။ အဲဒီအခါ အဖိုးရာဇာ ပဲ သွား စီမံပါ လို့ စေတယ် ။ 


မင်းရာဇာ ဟာ အခြွေအရံ များစွာ နဲ့ မွန်ပြည် ကို သွားရောက်ပြီး ကောလိယမြို့ မှာ လက်ထပ် တဲ နန်း ဆောက် ကာ ဘုရင်မင်းခေါင် ရဲ့ နှမတော် “ မင်းလှမြတ် ” နဲ့ မွန်ဘုရင် ရာဇာဓိရာဇ် ကို စုံဖက် ပေးလေတယ် ။ မင်းလှ မြတ် ကို “ သုပဘာဒေဝီ ” လို့ ဘွဲ့မည် ပေးတယ် ။ ပြီးတဲ့အခါ ဖိုးရာဇာ နဲ့ မွန်ပညာရှိ အမတ်ကြီး သီဟပတေ့ တို့ ဟာ သစ်ကညင် ဆိုတဲ့ အရပ် မှာ တွေ့ ဆုံ ကြတယ် ။ ပညာရှိ နှစ်ဦး တို့ ရဲ့ စကား ကို ကြားနာဖို့ လူများစွာ လည်း လိုက်လာ ကြတယ် ။ နှစ်ဦး ဆုံမိကြတဲ့ အခါ မွန်ပညာရှိ က အတန် ငယ် တာ ကြောင့် နေရာ နိမ့် က နေပြီး ဆောင်ယူ လာတဲ့ ကြံဖြူ ကို မင်းရာဇာ အား ဆက်ကပ် လေတယ် ။ နောက် ပြောဆို လေတယ် ။ 


“ အရှင် မင်းရာဇာ  ၊ လောက မှာ သမီးရတနာ ၊ ကြံ ၊ ပညာရှိသူတော်ကောင်း တို့ ရဲ့ စကား ၊ အဲဒီ သုံးပါး ဟာ အတု မရှိတဲ့ အရသာ သုံးပါး လို့ ဗေဒင်ဆရာ တို့ ဆိုကြပါတယ် ။ ထို သုံးပါး မှာ တစ်ပါး အပါအဝင် ဖြစ်တဲ့ ကြံ ကို အလွန် သုံးဆောင် စေ လိုတာ ကြောင့် ဆက်ကပ်ခြင်း ဖြစ်ပါတယ် ” 


လို့ ဆိုလေတယ် ။ 


ဖိုးရာဇာ လည်း အစားအသောက် ပေးဆက် တာ ကို ပယ် လျှင် မင်္ဂလာ မရှိ ၊ မပယ်အပ်ပေဘူး လို့ စဉ်းစားကာ သတိပြု စားလေတယ် ။ အဲဒီလို စား ရာ မှာ တရွေ့ရွေ့တိုးပြီး အရသာ ခံလိုတာ ကြောင့် နီတိကျမ်း ကို အမှီ ပြုကာ ကြံ ကို အဖျား က စလို့ စုပ်လေ သတဲ့ ။ သီဟပတေ့ မြင်တဲ့ အခါ - 


“ အရှင်မင်းရာဇာ ... ၊ အတုမရှိ ပညာရှိ ဖြစ်ပါလျက် အဘယ်ကြောင့် ကြံ ကို အဖျားက စ ပြီး စုပ်ပါသလဲ ” 


လို့ မေးတယ် ။ ဒီအခါ ဖိုးရာဇာ က -


“ ငါ ဟာ ဗေဒင်ကျမ်း ကို မှီပြီး တရွေ့ရွေ့ အရသာ တိုးကာ ခံစားလို တာကြောင့် ကြံ ကို အဖျား က စပြီး စုပ် ပေတယ် ” 


လို့ ဖြေတယ် ။ 


ဒီအခါ သီဟပတေ့ က - 


“ အရှင်မင်းရာဇာ ... ။ ဘုရားတရားတော် အရ ကွေး သော လက် မဆန့် ခင် ၊ ဆန့်သော လက် မကွေး ခင် အနိစ္စ ဖြစ်တတ်ပါတယ် ။ အရသာ ကောင်း တည် ရာ အရင်း သို့ မရောက်မီ အနိစ္စ ဖြစ်လျှင် အရသာ ကို မခံစားရဘဲ ရှိလေရာ တယ် ” 


လို့ ပြောဆိုတယ် ။ 


ထိုအခါ ဖိုးရာဇာ က 


“ သီဟပတေ့ ၊ ငါ ကား ဗေဒင်ကျမ်း ကို သာ မှီပြီး စားတယ် ။ သင် ကား ဘုရား တရားတော် မှီ ပြီး ဆို တာကြောင့် ငါ့ စကား ထက် သင့် စကား က ပိုပြီး သင့်လှပေတယ် ” 


လို့ အကြည်အသာ ပြောဆို လေတယ် ။ 


ထိုအခါ သီဟပတေ့ က “ အော် ၊ ငါ ကား အတုမရှိ တဲ့ ပညာရှိသူ တော်ကောင်း ကို တွေ့ရပေတယ် ” လို့ နှစ်လို ဝမ်းမြောက်ဖြစ်ကာ မိမိ ကွမ်း စားတဲ့ ရွှေအုပ် တစ်ရာ့ငါးဆယ်ခုတ် ကို ကွမ်း နဲ့ တကွ မင်းရာဇာ ကို ဆက်ကပ် လှူ ကာ ရှိခိုး လေတယ် ။ ပြီးနောက် စကား ဆိုလေတယ် ။ 


“ အရှင်မင်းရာဇာ .. ၊ အချို့ပညာရှိ သော သူတို့ ဟာ မိမိ ဆိုမိသော စကား ကို အနိုင် ရဖို့ အမျိုးမျိုး ကြံဖန်ပြီး မဟုတ်မမှန်တာ ကို ဟုတ်ယောင် ဖြစ် အောင် ဆိုလေ မြဲ ဖြစ်တယ် ။ အလွန် အရှုံးခံ ခဲ ပါတယ် ။ ယခုလို ပညာရှိ သူတော်ကောင်း ကို ကျွန်ုပ် အလွန် တွေ့ရ ခဲ ပါတယ် ။ စင်စစ် အရှင် မင်းရာဇာ ရဲ့ စကား ကို အမှား လို့ မဆိုနိုင်ပါ ။ သုံးစွဲရိုး လည်း ဖြစ်တာကြောင့် လုံးလုံး ပယ် ထိုက်တယ်လို့ မဆိုသာပါ ။ တရားတော် နဲ့ ကွဲလွဲရုံ မျှ သာ ကျွန်ုပ်ဆိုရ ပါတယ် ” 


ဆိုလေတယ် ။ 


ဖိုးရာဇာ က လည်း - 


“ သီဟပတေ့ ၊ လောကဝတ် နဲ့ ဓမ္မဝတ် တို့ ဟာ တူညီတဲ့ နေရာလည်း ရှိတယ် ။ မတူညီသော နေရာ လည်း ရှိပေတယ် ။ သုံးကျွန်းလုံး ကို တစ်ပြိုင်နက် ထွန်းပ စေနိုင်တဲ့ နေမင်း ဟာ ဝါးဆစ် တွင်း ရှိ ဝါးလုံးခေါင်းငယ် အတွင်း ၌ မထွန်းပ နိုင်ကာမျှဖြင့် အရောင်အဝါ မရှိ လို့ ဆိုမလား ။ တစ်နေ့ တစ်ခဏ မျှ သုံးစွဲစရာ ၊ ရွှေ မရှိတာ နဲ့ စကြာဝတေးမင်း ကို သူဆင်းရဲ လို့ ဆိုရလေမလား ။ ဒေဝဒတ် အား ငါ သည် နိဗ္ဗာန် ကို မပေးတတ် ဆိုကာမျှ ဖြင့် ဘုရားရှင် သည် နိဗ္ဗာန် ကို မပေးတတ် လို့ ဆိုရမလား ” 


လို့ ဆိုလေတယ် ။ 


ပညာရှိ နှစ်ဦး တို့ ဟာ ဤသို့ဖြင့် တစ်ယောက် ကျေးဇူး ကို တစ်ယောက် ချစ်ကြည်စွာ ဟောပြောကြလေ သတဲ့ ။ 


ထိုသို့ ပြောဆိုကြပြီး သီဟပတေ့ သည် ရာဇာဓိရာဇ် အား ဖိုးရာဇာ ရဲ့ စကား ကျေးဇူးဂုဏ် တို့ ကို လျှောက်လေတယ် ။ အဲဒီအခါ ဖိုးရာဇာ အား ပင့်ခေါ်ကာ “ အဖိုးရာဇာ  ၊ ပစ္စုပ္ပန် သံသရာ အကျိုးများအောင် မည်သို့ ကျင့်ရမည်နည်း ” လို့ ရာဇာဓိရာဇ် က မေးလေတယ် ။ 


ဒီတော့ ဖိုးရာဇာ က -


“ အရှင်မင်းကြီး ၊ မင်းကျင့်တရား ( ၁ဝ ) ပါး ၊ အပရိဟာနိယတရား ( ၇ ) ပါး တို့ ဟာ ပစ္စုပ္ပန် ( မျက်မှောက်ကာလ ) အတွက် အကျိုး များ ပေတယ် ။ သူတော်ကောင်း ဥစ္စာ ( ၇ ) ပါး သည် သံသရာ ( နောင်ရေး ) အတွက် အကျိုး များ စေတယ် ။ အဲဒီ တရားတွေ ကို အရင်း ပြုတော် မူပါ ” 


လို့ တင်လျှောက် လေတယ် ။ 


သုပဘာဒေဝီ က လည်း 


“ မိဖုရားများ အတွက် လည်း ဟောပြောခဲ့ပါ  အဘိုး ၊ ( သီရိဓမ္မာသောကမင်းကြီး ရဲ့ သား နဲ့သမီး ) မဟိန္ဒ ကဲ့သို့ သော သားထူး သားမြတ် ၊ သင်္ဃမိတ္တာ ကဲ့သို့ သော သမီးထူး သမီးမြတ် များ ရအောင် မည်သို့ ကျင့်ဆောင်ရပါမည်လဲ ” 


ဟု မိဖုရား က မေးလေတယ် ။ 


ထိုအခါ ဖိုးရာဇာ က 


“ အရှင် မိဖုရားမြတ် ထူးမြတ်သော သားသမီး ကို ရ လိုသော် သီရိ သုံးပါး ။ ဂါရဝ သုံးပါး ၊ ဝါရ သုံးပါး တို့ ကို ဆောက်တည်ပါ ” 


သီရိ သုံးပါး ဆိုသည် မှာ ( ၁ ) ကြိုးတန်း ၊ ကြိမ်တန်း အောက် ကို မလျှိုးရာ ၊ မဝင်ရာ ၊ ( ၂ ) အဝတ်ပုဆိုး တို့ ကို အောက် အထက် ပြန်လှန် မဝတ် ရာ ။ ( ၃ ) ခြေ မဆေးဘဲ အိပ်ယာ သို့မဝင်ရာ ။ 


ဂါရဝ သုံးပါး ဆိုရာ မှာ ( ၁ ) အမိ အဖ ၊ ( ၂ ) ယောက္ခမ ၊ ( ၃ ) မိမိ ၏ လင်ယောက်ျား ဤ ( ၃ ) - ဦး ကို မြတ်နိုးစွာ ရိုသေရာ၏ ။ 


ဝါရ သုံးပါး ဟူ သည် ကား ( ၁ ) အခါး ၊ ( ၂ ) အစပ် ၊ ( ၃ ) အဖန် ။ ဤ သုံးမျိုး ကို ပဋိသန္ဓေ ( ကိုယ်ဝန် ) ရှိသော အခါ၌ မစား ၊ မသုံးရာ ။ 


ဤအချက်များ ကို ကျင့်ဆောင်ပါ က ထူးမြတ်တဲ့ သားသမီး ရနိုင် ပေတယ်” လို့ တင်လျှောက်လေတယ် ။ 


မွန်မင်း ရာဇာဓိရာဇ် လည်း အားရလှတာ ကြောင့် ဖိုးရာဇာ အား ဆု လာဘ်များစွာ နဲ့ မွန်အမတ် သမီး တစ်ယောက် ကို ပေး လေတယ် ။ ဟံသာဝတီ မှာ လည်း ငါးလ လောက် ထား ပြီး မှ အင်းဝ သို့ ပြန် ပို့ လေတယ် ။ 



❝ မင်းခေါင် နှင့် ရှင်သိဒ္ဓတ် ❞


ကလေးတို့ ရေ ... 


ဘုရင်မင်းခေါင် ထီးနန်း မရခင် မင်းဆွေ ဘဝ မှာ ခမည်းတော် အနိစ္စ ရောက်လို့ မှူးမတ်တွေ က နန်းတင် တာ ကို လက် မခံဘဲ ဦးရီးတော် ကို သာ တင်ပါ ဆိုတာ မှတ်မိကြရဲ့ လား ။ ညီတော် ရှင်သိဒ္ဓတ် က မခံနိုင် လို့ ဦးရီးတော် မဟာပြောက် ကို လမ်း တစ်ဝက် မှာ တိုက်ခိုက် လုပ်ကြံ ပြီး ဦးရီးတော် သေ မှ နောင်တော် မင်းဆွေ ကို နန်းတင် ခဲ့တယ် ။ ညီတော် ရဲ့ ကျေးဇူး ဟာ ကြီးမား လှတယ် ။ 


သူ ဒီလောက် ကျေးဇူး ပြုတာ ကို နောင်တော် ဘုရင် ဖြစ်ရင် ညီတော် ကို အိမ်ရှေ့မင်း အရာ ပေးလိမ့်မယ် လို့ ယူဆ ထား တာ ရှင်သိဒ္ဓတ် မလွန်ပါဘူး ။ ဒါပေမဲ့ ဘုရင်မင်းခေါင် ဟာ ညီတော် ကို အိမ်ရှေ့ မပေးဘဲ သားတော် မင်းရဲကျော်စွာ ကို သက္ကရာဇ် ( ၇၆၈ ) ခု မှာ ပုခန်းစား သမီး စောမင်းလှ နဲ့ စုံဖက် ပြီး အိမ်ရှေ့အရာ ပေးတော် မူတယ် ။ ဆင်ကောင်း ၊ မြင်းကောင်း အလုံးအရင်း နဲ့ ချီးမြှင့်တယ် ။ 


ညီတော် ရှင်သိဒ္ဓတ် ဟာ အဲဒီ အချိန် မှာ သီရိဇေယျသူရ ဘွဲ့မည် နဲ့ စစ်ကိုင်းစား ဖြစ် နေတယ် ။ သားတော် ကို အိမ်ရှေ့ နှင်းအပ် တဲ့ သတင်း ညီတော် ကြား တော့ “ ငဆွေ .. ၊ ငါ သူကောင်း ပြုလို့ သူကောင်း ဖြစ်တယ် ” ဆိုတဲ့ မချေ မငံ စကား ဆို လေတယ် ။ မှူးမတ်တို့ ကြား တဲ့ အခါ ဘုရင်မင်းခေါင် နား တော် လျှောက်လေတယ် ။ “ သား မရိုသေ သော် ကျွန် မရိုသေ ၊ ကျွန် မရိုသေ  သော် အိမ်နီးချင်း မရိုသေ ဖြစ်မယ် ” လို့ လျှောက်တယ် ။ ဘုရင်မင်းခေါင် လည်း စည်းတပြစ် အမတ်ကြီး မင်းရာဇာ ကို ခေါ်တော် မူပြီး စစ်ကိုင်းစား ကို အဆိုး နိုင်အောင် ဆုံးမပါ ” လို့ မိန့် လေတယ် ။ 


မင်းရာဇာ လည်း “ စစ်ကိုင်းစား ဟာ အမျက်စောင်မာန် ကြီး လှတယ် ။ အသိပညာ လည်း မရှိ ။ တိုက်ရိုက် ဆုံးမ ဖို့ မသင့် ။ ဖြားယောင်း ခေါ်ငင် ဆုံးမ ရ မှ သင့်မယ် ” လို့ စဉ်းစား လေတယ် ။ ဒါနဲ့ စစ်တုရင်္ဂ ဆိုတဲ့ အမတ်ငယ် ကို ခေါ်ပြီး “ စစ်ကိုင်းစား တက် လာလို့ ငါ နဲ့ ဟောပြော နေစဉ် မှာ ပုဂံ မှာ ဖြစ်ဖူး တဲ့ တရုတ်ပြေးမင်း နဲ့ အမတ်ကြီး ရာဇသင်္ကြန် အကြောင်း ကို စုံစေ့ အောင် ငါ့ကို မေးလှည့် ” လို့ စကား ထည့် မှာ ကြား ထားတယ် ။ 


စစ်ကိုင်းစား လည်း မင်းရာဇာ ထံ ရောက် လာတယ် ။ တွေ့ဆုံကြတဲ့ အခါ စစ်တုရင်္ဂ လည်း စကား ထည့် ထားတဲ့ အတိုင်း မင်းရာဇာ ထံ လျှောက် လေတယ် ။ မင်းရာဇာ လည်း တရုတ်ပြေးမင်း မာန်မာန ကြီးတဲ့ အကြောင်း ၊ ပညာရှိ ကို မရိုသေ ဘဲ ဒလ ပို့တဲ့ အကြောင်းတွေ စုံ နေအောင် ပြော ပြတယ် ။ တကယ်တော့ စစ်ကိုင်းစား ရှင်သိဒ္ဓတ် ကို သွယ်ဝိုက် ဆုံးမ တာပါပဲ ။ ကိုယ် နှုတ် နှလုံး ယဉ်ကျေးဖို့ ကို ရည်ညွှန်း ပြောဆို တာ ပါပဲ ။

 

စစ်ကိုင်းစား ရှင်သိဒ္ဓတ် လည်း  မင်းရာဇာ ဟောပြောနေ စဉ် မှာပဲ “ ဒါဟာ အမတ် ၊ အမှုထမ်း ၊ အရာထမ်း စကား သာ ဖြစ်တယ် ” လို့ ပြောပြီး ထ သွားလေ သတဲ့ ။ စစ်ကိုင်း ကို ရောက်တဲ့ အခါ မြောက်ဘက် မြင်းကိုးသင်းလုံး ကို သိမ်းယူပြီး ပုခန်း ဆက် ကူး ကာ ပုဂံ ကို သွား လေ တယ် ။ ကျောင်းဖြူမင်း ရဲ့ ထီးဖြူ ၊ မြှောက်စည် တို့ကို ယူ ပြီး အလုံးအရင်း အများ နဲ့ အင်းဝ ကို ချီ လာတယ် ။ စစ်ကိုင်းစား ညီတော် ဟာ နောင်တော် ဘုရင် ကို ပုန်ကန် လေတယ် ။ ဘုရင်မင်းခေါင် ထံ ဆက်မြဲ အကောက်ခွန် တို့ ကို လည်း မဆက်ဘဲ နေ သတဲ့ ။ 


ရှင်သိဒ္ဓတ် ဟာ အင်းဝ တောင်ဘက် ထောက်ရှည်ကန် မှာ တပ် ချ ပြီး ဘုရင်မင်းခေါင် ထံ စေ လိုက်တယ် ။ “ မင်းဆွေ သည် နန်း ကို တည်း ပေးမည် လော ၊ စီးချင်း တည်း တိုက်မည် လော ” လို့ စာသဝဏ် ကမ်း လိုက်တယ် ။ 


ဘုရင်မင်းခေါင် လည်း ညီတော် မို့ ခပ်အေးအေး ပင် မိန့်တော် မူတယ် ။ 


“ စစ်ကိုင်းစား ဟာ သံ ကို သံချေး ဖျက် သလို မိမိ အကျင့်ဟာ မိမိ ကိုယ် ကို ဖျက် လေတယ် ။ ငါ သည် ပြည်ထဲရေး ကို သာ ကြည့်မည် ။ ညီ ဖြစ်လို့ ညှာ မှာ မဟုတ် ။ ဧလာရ ကျီးမင်း သည် နွား နှင့် သား ကို အညီ ကျင့်ဖူး သကဲ့သို့ လည်း ကောင်း ၊ ဘုရားလောင်း သမင်မင်း သည် ဝမ်း တွင် အသက် နှစ်ခု နှင့် ဖြစ်သော သမင်မ ကိုယ်စား ခံဖူးလေ သကဲ့သို့ လည်းကောင်း ၊ အသက် ကို စွန့်ကာ ပြည် ကို ချစ် ရမည် ။ စစ်ကိုင်းစား က စီးချင်း တိုက်မည် ဆိုရာ မှာ အမတ် ဗိုလ်ပါ တို့ ကြည့်နေကြစေ ၊ ငါ စီးချင်း တိုက်မည် ” လို့ မှာတော် မူ လိုက်တယ် ။ စစ်ကိုင်းစား ဟာ နောင်တော် ဘုရင့် အမှာ စကား ကြားတဲ့ အခါ “ သင့်လှပြီ ” လို့ ဆိုတယ် ။ 


ဘုရင်မင်းခေါင် လည်း ဆင်ကဲ ကို ဆင့် ခေါ်ပြီး “ စစ်ကိုင်းစား စီး တဲ့ သန်လျင်စွာ ကို ဘယ် ဆင် နိုင်လဲ ” လို့ မေးတယ် ။ ဆင်ကဲ လည်း “ ဟိုင်းနီလာ ” ဆင် ဟာ ငယ်နိုင် လို့ နားတော် လျှောက် တယ် ။ 


ဘုရင်မင်းခေါင် ဟာ မိုးသောက် လင်း တာ နဲ့ ဟိုင်းနီလာ ကို က,တင် စေပြီး ရာဇသင်္ကြန် ကို ကုန်းလယ် တင် ကာ မှူးမတ်ဗိုလ်ခြေ အလုံးအရင်း ခြံရံလျက် ထွက်တော် မူတယ် ။ ညီတော် စစ်ကိုင်းစား လည်း “ သံလျင်စွာ ” ကို စီးပြီး အခြံအရံ နဲ့ တပ် က ထွက် လာတယ် ။ မင်း နှစ်ပါး ဆင်ဦးချင်း ယှဉ်ပြီး တိုက်မယ် ဆိုင်ကြတဲ့ အခါ သန်မြန်စွာ ဟာ ဟိုင်းနီလာ ကို ငယ် ကြောက် ဖြစ်တာ မို့ ဆင်ချင်း မဆိုင်ဘဲ ဟည်း ကာ ပြေး လေတယ် ။ ဘုရင် မင်းခေါင် လည်း လိုက် တိုက်ပြီး လက်ရ ဖမ်းတယ် ။ စစ်ကိုင်းစား ကို ဆင် နဲ့ တကွ ရ လေတယ် ။ နောက် ပဲ့ နဲ့ ကုန်းလယ်စီး ကို ကွပ်မျက် ပြီး စစ်ကိုင်းစား ညီတော် ကို နှောင်အိမ် သွင်း ထားလိုက်တယ် ။ 


အဲဒီအခါ အမတ်ကြီး မင်းရာဇာ လျှောက် လေတယ် ။ “ ညီတော် စစ်ကိုင်းစား ဟာ အသိပညာ နည်း လို့ အရေးအရာ မှား ပေ တယ် ။ အပြစ် ပြု တော် မမူသင့်ပါ ။ မင်းကြီး အပေါ် ကျေးဇူး ကြီး သူ ဖြစ် တယ် ။ သင်း ဟာ မင်းကြီး ကို အရောင်အဝါ ညှိုးအောင် ပြု ပေမယ့် မင်းကြီး မှာ အရောင်အဝါ မညှိုးနွမ်း စေပါ ။ ပို လို့ ပင် ထွန်းပြောင် ပါတယ် ။ ထုံး ပုံပြင် တစ်ခု တင်လျှောက် ပါ ရစေ အရှင်မင်းကြီး ။ “ ရှေးအခါ က ဝက် တစ်ကောင် ဟာ ပတ္တမြားဂူ မှာ နေ ပါတယ် ။ တစ်ခါမှာတော့ ခြင်္သေ့မင်း ဟာ အခြွေအရံ နဲ့ ပတ္တမြားဂူ အနီး က သွားတယ် ။ ခြင်္သေ့မင်း ရဲ့ အရိပ် ဟာ ပတ္တ မြားဂူ မှာ ထင် လာတယ် ။ ဝက် လည်း အလွန် ကြောက်လန့် တာ ကြောင့် ပတ္တ မြားဂူ က အရိပ် ပျောက်ကွယ် အောင် မိမိ ကိုယ် ကို ရွှံ့ ညွံ လူးပြီး ဂူနံရံ ကို လူး လေတယ် ။ ပတ္တမြားဂူ ကို ဝက် ကိုယ် နဲ့ ပွတ် ဖန် များတဲ့ အခါ ဂူ မှာ အရောင် အဝါ မညံ့ ပါ ။ ပွတ်လေ တိုး ပြီး အရောင် ထွန်းပြောင် လေ ဖြစ် ပါတယ် ။ အဲဒီ ပမာ အတိုင်း ပါ ပဲ ။ ညီတော် စစ်ကိုင်းစား က မင်းကြီး ကို အရောင် ညှိုး အောင် ပြုပေမယ့် မင်းကြီး မှာ တိုးလို့ သာ ဂုဏ်ပြောင် ပါတယ် ။ မင်းကြီး ရဲ့ ဘုန်းလက်ရုံး အာဏာ ဟာ တက်သစ်စ နေရောင် ကဲ့သို့ ရှိပေတယ် “ ညီတော် ကို အကျဉ်းအမြောင်း မရှိစေသင့်ပါ ” လို့ နားတော် လျှောက် တယ် ။ 


ဘုရင်မင်းခေါင် လည်း အမျက်တော် ပြေ ပြီး ညီတော် ကို လွှတ်စေ တယ် ။ စစ်ကိုင်းစား လည်း နှောင်အိမ် က လွတ် တာ နဲ့ ယောက်ဖတော် ရာဇာဓိရာဇ် ထံ ပြေးသွား ခိုလှုံလေ တော့တယ် ။ ရာဇာဓိရာဇ် လည်း ယောက်ဖတော် ခိုလှုံလာတဲ့ အခါ အဆောင်အယောင် များ နဲ့ တကွ မြို့ကြီးပြကြီး ကို ပေးတော် မူတယ် ။ 



❝ နောက်တစ်ချီ လာပြန်ချေသေး ❞


ကလေးတို့ ရေ ...


ဘုရင်မင်းခေါင် နဲ့ ရာဇာဓိရာဇ် နှစ်နိုင်ငံ ချစ်ကြည်စွာ နေပါတော့ မယ်လို့ သစ္စာ ပြုခဲ့ကြတာ မှတ်မိရဲ့လား ။ “ မင်း မှာ သစ္စာ ၊ လူ မှာ ကတိ ” ဆိုတဲ့ စကား လည်း ရှိတယ် ။ ဒါပေမဲ့ ဘယ်လောက်ပဲ ငြိမ်းချမ်းရေး စကား ဆိုခဲ့ပေမယ့် လောဘ ၊ ဒေါသတွေ နဲ့ အာဏာမာန် ရစ်သူ တွေ ဟာ ပြုပြီး ကတိ သစ္စာတွေ ကို ချိုးဖောက် တတ် ကြတာပါပဲ ။ 


အဲဒီ နှစ် ( သက္ကရာဇ် ၇၆၈ ခုနှစ် ) မှာပဲ ရာဇာဓိရာဇ် ဟာ ရခိုင် ကို ချီတက် လုပ်ကြံတယ် ။ ရခိုင်စား ကြံ့ကြံ့ခံပေမယ့် အင်းဝ က စစ်ကူ မရောက် တာကြောင့် ရခိုင် ကို ပေးလိုက် ရတယ် ။ ရာဇာဓိရာဇ် ဟာ ရခိုင်စား ကို ကွပ် မျက်ပြီး သူ့ ဇနီး ( ဘုရင်မင်းခေါင် သမီး ) ရွှေပြည်ချမ်းသာ ကို ယူ ကာ မိဖုရား မြှောက် တယ် ။ ရခိုင် မှာ တော့ ( တောရာကြီး ရဲ့သား ) နရမိတ်လှ ကို နန်း တင် ခဲ့တယ် ။ 


အဲဒီ အကြောင်း ဘုရင်မင်းခေါင် ကြားတဲ့ အခါ အလွန် ဒေါသ ထွက် တယ် ။ မှူးမတ်တွေ နဲ့ တိုင်ပင်တဲ့ အခါ ရခိုင် ဟာ ယွန်းပြည်ဇင်းမယ် နဲ့ နီး တယ် ။ သူတို့ နှစ်နိုင်ငံ ပေါင်းစည်း ရင် တိုက်ရ ခက်မယ် ။ ဒါ့ကြောင့် ဇင်းမယ်ဘုရင် ဆီ ဘုရင်မင်းခေါင် မဟာမိတ် အရင် ဖွဲ့ စေတယ် ။ သံတမန် လွှတ် တယ် ။ တောင်ငူ ကြောင်း လွှတ် လိုက်တာ ခရီး မှား ပြီး မွန်ဒေသ ဇရပ်မြို့ ရောက် သွားတယ် ။ ခရီး မှာ သံအဖွဲ့ ကို ဖမ်း ပြီး ရာဇာဓိရာဇ် ထံ ဆက်တယ် ။ 


သံအကြီး နှစ်ယောက် ကို ပြန် လွှတ်ပြီး ကျန် လူတွေ ကို ဖမ်း ထားတယ် ။ သံအကြီး နှစ်ယောက် ဘုရင်မင်းခေါင် ထံ ပြန် ရောက်တဲ့ အခါ အကြောင်းစုံ တင်လျှောက် လို့ ဘုရင်မင်းခေါင် အလွန် ဒေါသ ဖြစ်ရပြန်တယ် ။ မြန်မာပြည် အလုံး ရှိသမျှ တပ်တွေ စုရုံး ပြီး ဒီ လ ပဲ ချီမယ် လို့ မိန့်တယ် ။ ထို အခါ မင်းရာဇာ က မိုး နီးလို့ မသင့်ကြောင်း လျှောက်တင် ပေမယ့် နား မဝင် ဘူး ။ ဟံသာဝတီ ကို အလုံးအရင်း နဲ့ စစ်ချီ လေတယ် ။ 


ရာဇာဓိရာဇ် လည်း အင်းဝတပ်ကြီး ချီ လာပြီ ကြား တဲ့ အခါ တပ် ပြင် ပြီး သကျင်မြို့ ကနေ စစ်ခံ တိုက်တယ် ။ အားမတန် တာ ကြောင့် မွန်တပ်တွေ ပန်းကျော် အထိ ဆုတ် ရတယ် ။ အင်းဝတပ် တွေ လည်း ပန်းကျော် အထိ လိုက် တိုက်တယ် ။ အကြိမ်ကြိမ် တိုက် ပေမယ့် မရဘူး ။ အပြင် က ပဲ ဝိုင်း ထားရ တယ် ။ သုံးလခန့် ကြာပေမယ့် ပန်းကျော် ကို မရချေဘူး ။ ဘုရင်မင်းခေါင် တပ်ကြီး မှာ အလုံးအရင်း များလှ တာကြောင့် ရိက္ခာ က လည်း ပြတ်ပြီ ။ ရိက္ခာ ပို့ တပ် ကို လည်း မွန်တပ်တွေ ဖြတ် တိုက် လို့ တပ်မကြီး ဆီ ရိက္ခာ ရောက် မလာ ဘူး ။ ယခုတော့ ဘုရင်မင်းခေါင်တပ်ကြီး က သကျင် ကို အောင်ပါ လျက် ပန်းကျော် ကျ မှ ဒုက္ခ တွေ့ ရပြီ ။ ကြာရင် ခက်ချေမည် ဆိုပြီး ဘုရင်မင်းခေါင် ရာဇာဓိရာဇ် ထံ အင်းပဲစား ကို လွှတ် ကာ စေ့စပ် ရ တော့တယ် ။ အင်းပဲစား သတိုး ဟာ ထက်မြက်သူ ဖြစ်တယ် ။ 


ဘုရင်မင်းခေါင် ရဲ့ ရာဇသံ အချုပ် သဘော က တော့ “ ရခိုင် က သင် သိမ်း သွားတဲ့ ငါ့ သမီး ကို ပြန် ပေးပါ ။ သင့် သမီး ကို ပေး လျှင် ငါ့ သားတော် နဲ့ ထိမ်းမြား ပေးမယ် ။ နောင်တော် သမီး ကို အလို ရှိရင် ငါ ပို့ ပေးမယ် ။ ယခု တော့ ငါ့ သမီး ပြန် ပေးပါ ၊ ငါ ပြန်မယ် ” လို့ စာသဝဏ် ပါး လိုက်တယ် ။ 


အင်းစားသတိုး ရာဇာဓိရာဇ် ထံ ရောက်လို့ ရာဇသံ ကို ဆက်ပြီး အကြောင်း ကို လျှောက်တဲ့ အခါ ရာဇာဓိရာဇ် က မှူးမတ်တွေ နဲ့ တိုင်ပင် တယ် ။ အမတ်တွေရဲ့ တင်လျှောက်ချက် အရ “ ဘုရင်မင်းခေါင် ဘက် က အမတ်ကြီး ( ၁၀ ) ယောက် ၊ ရာဇာဓိရာဇ် ဘက် က အမတ်ကြီး ( ၁၀ ) ယောက် ကျိုက်ထိုဘုရား မှာ သစ္စာ ပြု ကြမယ် ” လို့ စာ ပြန် လိုက်တယ် ။ ရာဇာဓိရာဇ်  အကြံ က သစ္စာပြုပွဲ မှာ အင်းဝအမတ်တွေ ကို လုပ်ကြံမယ် လို့ မှူးမတ်တွေ နဲ့ အတွင်းကျိတ် ကြံ ထားပြီး ဖြစ်တယ် ။ သူ ရခိုင် က သိမ်းယူ ထားတဲ့ ဘုရင် မင်းခေါင် သမီး ရွှေပြည်ချမ်းသာ ကို အင်းပဲစား မြင်စေ လို တာ ကြောင့် ရာဇာဓိရာဇ် စားတော် ကွမ်း တောင်း လို့ ထွက်လာ ပို့ ရတယ် ။ ရာဇာဓိရာဇ် က အင်းဝတမန် အင်းပဲစားသတိုး ကို “ မင်းတို့ ဘုရင့်သမီး သူ့ ဖခင် ထံ ဘာ မှာ မလဲ ၊ မင်း နာခံကြည့်ပါ ” လို့ မိန့်တယ် ။ 


ဒီအခါ အင်းပဲစား သတိုး က “ ကျွန်တော့် ကို စေလိုက်သည် မှာ မင်း နှစ်ပါး အကြည်အသာ ဖြစ်လေ မှ ပြည်သူ တို့ ချမ်းသာမယ့် အကြောင်း သာ အရင်းခံ ဖြစ်ပါတယ် ။ မင်းကြီး သမီး အမှာ ကို နာခံဖို့ မပါပါ ” လို့ ရဲဝံ့စွာ ခပ်ရှင်းရှင်း တင်လျှောက်တယ် ။ ရာဇာဓိရာဇ် လည်း တင်ပြပုံ ကျစ်လျစ် ပြီး မင်းရေးမင်းရာ သိတတ်လှ တဲ့ အင်းပဲစား ကို ဆုလာဘ် ပေးပြီး မှ လွှတ်တော် မူ လိုက်တယ် ။ 


ဘုရင်မင်းခေါင် ထံ အင်းပဲစား ပြန် ရောက်လို့ စေ့စုံစွာ တင်တဲ့ အခါ ဘုရင်မင်းခေါင် က မှူးမတ်တွေ ကို တိုင်ပင်တယ် ။ မင်းရာဇာ လျှောက်တာ က “ မွန်တို့ ဟာ ပရိယာယ် များလှ ပါတယ် ။ သတိ ကြီးစွာ ထားပြီး သစ္စာ ဆိုပွဲ နွှဲကြ မှ တော်မယ် ” လို့ လျှောက်တယ် ။ အင်းဝ မပြန် နိုင် ခင် မှာ သစ္စာ ဆိုပွဲ ကို မဖြစ်မနေ လုပ်ရ တော့မယ် ။ 



❝ မွန် - မြန်မာ သစ္စာပြုပွဲ ❞


ကလေးတို့ ရေ ... 


စစ်အတွင်း ကာလ ဆိုတာ တစ်ဖက် နဲ့ တစ်ဖက် သူ့ ငါ မယုံ ၊ ငါ့ သူ မယုံ စိတ်မချ နိုင်တာ ဓမ္မတာ ပါ ပဲ ။ အခု မွန် - မြန်မာ သစ္စာပြု ကြတဲ့ ပွဲ မှာ လည်း နှစ်နိုင်ငံလုံး က ထိပ်သီး မှူးမတ်တွေ ဖြစ်တယ် ။ 


ဘုရင်မင်းခေါင် ဟာ မနက် မိုးလင်းတယ် ဆိုရင်ပဲ ( ၁ ) မင်းရာဇာ ၊ ( ၂ ) သီဟပတေ့ ၊ ( ၃ ) သရေစည်သူ ၊ ( ၄ ) တရဖျား ၊ ( ၅ ) ဥဇနာ ၊ ( ၆ ) ဘယ သင်္ကြန် ၊ ( ၇ ) နော်ရထာ ၊ ( ၈ ) ရာဇသင်္ကြန် ၊ ( ၉ ) ကျေးတောင်ညို ၊ ( ၁ဝ ) အင်းပဲစား သတိုး အဲဒီ ( ၁၀ ) ယောက် ကို လက်ရွေးစင် ရွေး လိုက်တယ် ။ နှုတ်မှုရေးရာ ကျွမ်းကျင်တဲ့ အမတ် ကော ၊ လုပ်ရည် ကြံရည် ရှိတဲ့ စစ်သူကြီး တွေ ၊ မြို့စားတွေ ချည်း ပဲ ။ တစ်နည်း ဆိုရရင် နှလုံးရည် ကော ၊ လက်ရုံးရည် ပါ ရှိ ကြသူတွေ ဖြစ်တယ် ။ အမတ်ကြီး တွေ ကို ဆင် စီးပြီး အခြွေအရံ နဲ့ ထွက်စေ တယ် ။ 


ရာဇာဓိရာဇ် ဘက် က လည်း ( ၁ ) သမိန်ဗြတ်စ ၊ ( ၂ ) အမတ်ဒိန် ၊ ( ၃ ) ဇိတ်ဗြဲ ၊ ( ၄ ) သမိန်အဝနိုင် ၊ ( ၅ ) သမိန်ရဲသင်ရံ ၊ ( ၆ ) သမိန်မောခွင် ၊ ( ၇ ) သမိန် သံကျယ် ၊ ( ၈ ) သမိန်ဥပါကောင်း ၊ ( ၉ ) သမိန်ဇိတ်မွန် ၊ ( ၁ဝ ) လဂွန်းအိမ် မွန် တို့ ဘက်က လည်း နှလုံးရည် ၊ လက်ရုံးရည် ပြည့် သူတွေ ပါပဲ ။ မွန်အမတ် တို့ လည်း ဆင် စီး ပြီး ပန်းကျော်ချောင်း တစ်ဖက် စီ သွားကြတယ် ။ 


မြန်မာ ဘက် က နောက်ဆုံး ကနေ ရတာ က သတိုး ၊ သူ က ခြေ ခွင် တယ် ။ မွန် ဘက် က နောက်ဆုံး နေရတာ က လဂွန်းအိမ် ၊ သူ က လက် ခွင် တယ် ။ အတွဲညီ ဘက်ညီ လို့ ဆိုရမယ် ။ အမတ်ကြီးတွေ လည်း သူတို့ အတွဲ ကြည့် ပြီး ရယ် ကြတယ် ။ 


မွန် ဘက် က ရာဇာဓိရာဇ် ရဲ့ အစီအမံ အတိုင်း ပန်းကျော်ချောင်း သောင်ပြင် မှာ လက်နက်တွေ ဝှက် ထားတယ် ။ သစ္စာ ပြုပြီးလို့ အပြန် မှာ မြန်မာ အမတ်တွေ ကို လုပ်ကြံကြဖို့ ပဲ ။ 


အဲဒီလို လျှောက် လာရင်း သတိုး က လဂွန်းအိမ် ကို ယွန်းလက်ဖက်ခွက် လက်ဆောင် ပေးတယ် ။ လဂွန်းအိမ် က လည်း သတိုး ကို ပုဝါ နှစ်ပိုင်း ပြန် လက်ဆောင် ပေးတယ် ။ သူတို့ နှစ်ယောက်လုံး ဟာ သူရဲကောင်းတွေ ပဲ ။ လျှောက်လာကြ ရင်း သတိုး က မေးတယ် ။ “ ရောင်းရင်း ... ၊ မင်း လည်း သူရဲ ကောင်း ငါ လည်း သူရဲကောင်း ။ အခု ပြုမယ့် သစ္စာ ဟာ ဖြောင့်မှန်မယ် ထင်သလား ” လို့ မေးတဲ့ အခါ လဂွန်းအိမ် က “ ဟယ် သတိုးအရူး စစ် အတွင်း ပြုကြတဲ့ သစ္စာ ဆိုတာ ဘယ်မှာ မှန်နိုင်ပါ့မလဲ ။ မင်း ဦး ရင် ငါ့ ကို သတ်မယ် ၊ ငါ ဦး ရင် မင်း ကို သတ်မှာ မုချပဲ ” လို့ ဆိုတယ် ။ အင်းပဲစား သတိုး ဟာ အကင်းပါး သူ ဖြစ်တယ် ။ လဂွန်းအိမ် ဖွင့် မပြောခင် တည်း က သူ မသင်္ကာ ဖြစ်ပုံရတယ် ။ 


သတိုး လည်း မင်းရာဇာ ၊ မင်းစည်သူ တို့ ထံ သွားပြီး “ ယခု ပြုမည့် သစ္စာသည် မမှန် ။ မွန်တို့ အကောက်ကြံ လိမ့်မယ် ” ဆိုတာ ကြောင့် မြန်မာ မှူးမတ်တွေ လည်း မွန်တို့ အရိပ်အခြည် ကြည့် ကာ ဘုရား မတက် ကြဘဲ လှည့် ပြန်ကြတယ် ။ မြန်မာ တို့ ပြန်တာ မြင် လျှင် မွန် တို့ လည်း လှည့်ပြန် ကြ လေတယ် ။ သစ္စာဆိုပွဲ လည်း ပျက် လေတယ် ။ 



❝ အာဏာ ၊ သံယောဇဉ် နှင့် ကံကြမ္မာ ❞


ကလေးတို့ ရေ ...


မွန် - မြန်မာ သစ္စာဆိုပွဲ ပျက်တာ ကြောင့် မွန်အမတ်တွေ လည်း ကိုယ့် တပ် ကို ပြန်ခဲ့ ကြတယ် ။ “ ဘာကြောင့် ပြန်ခဲ့သလဲ ” လို့ ရာဇာဓိရာဇ် မေး တဲ့ အခါ မွန်အမတ်တွေ က “ လဂွန်းအိမ် ဟာ မိုးညှင်းသတိုး ကို အထွေထွေ စကား ဆိုတာကြောင့် မြန်မာ အမတ်တွေ ရိပ်မိပြီး ပြန်ကြပါတယ် အရှင် ” လို့ နားတော် လျှောက်တယ် ။ “ နင် ဘာကြောင့် ဆိုသလဲ ” လို့ ရာဇာဓိရာဇ် မေးတဲ့ အခါ လဂွန်းအိမ် က “ ကျွန်တော်တို့ ဟံသာဝတီပြည်ကြီး သည် သာသနာတော် တည်ရာ ရာဇဌာနီ ဖြစ်ပါတယ် ။ ယခု မြန်မာတပ်များ ရိက္ခာ ကုန် လို့ ပြန်ချင် နေပြီ ။ ကျွန်တော်တို့ တပ် နဲ့ နီးလှတာကြောင့် မခွာဝံ့ဘဲ အရေး တောင်းလာခြင်း ဖြစ်ပါတယ် ။ အဲလို အနေအထားမှာ ကျွန်တော်တို့ သူ့ ကို အကောက် ကြံပြီး သတ်မယ်ပြုရာ မှာ သူတော်ကောင်း တို့ အကြံ မဟုတ်ပါ ။ သူယုတ်တို့ ရဲ့ အကြံ မျိုး သာ ဖြစ်ပါတယ် ။ နောက်နောင် ကမ္ဘာ မကျေ သရွေ့ သားတော် အစဉ် ၊ မြေးတော် အဆက် ၊ မြစ်တော်  အညွန့် တိုင် အောင် မွန် တို့ဟာ ကောက်ကျစ်သူတွေ ဖြစ်တယ်လို့ မော်ကွန်း တွင် ရစ် မှာ စိုးလို့ ကျွန်တော် ပြောရခြင်း ဖြစ်ပါတယ် ” လို့ တင်လျှောက်တယ် ။ 


ရာဇာဓိရာဇ် လည်း “ သည်အရေး နင် ဖျက်တာ ဖြစ်တယ် ” လို့ မိန့် ပြီး အဲမွန်ဒရာ ကို ခေါ်ကာ “ လဂွန်းအိမ် ကို သတ်လေ ” လို့ စေတော်မူတယ် ၊ အဲမွန်ဒရာ ခေါ်ထုတ် သွားတယ် ။ အဲဒီအခါ ဗိုလ်မင်းဗြတ်စ က ရာဇာဓိရာဇ် ကို နားတော် လျှောက်တယ် ။


“ သည်အရေး ကို ဘုရင်မင်းခေါင် ကြားရင် သူ့ ကို မြှောက်သကဲ့သို့ ဖြစ်ပါလိမ့်မယ် ။ လဂွန်းအိမ် ကို ကျွန်တော် မေးပါရစေ ။ အမှုတော် ကို အသက်စွန့် ထမ်းမယ် ဆိုရင် ယခုပင် ထမ်းစေရပါမယ် ။ သို့မဟုတ် ရင် တော့ ကွပ်မျက်ပါ ” လို့ လျှောက်တာ ကြောင့် ရာဇာဓိရာဇ် လည်း ဆိတ်ဆိတ် နေ သတဲ့ ။ သမိန်ဗြတ်စ လည်း အဲမွန်ဒရာ ကို လိုက် ခေါ် ရတယ် ။ 


“ လဂွန်းအိမ် - မင်း အသက် လွတ် လို ရင် ဘုရင်မင်းခေါင် ည ဘက် ဆင် စီးပြီး တပ်ကို လှည့် ကြည့် မြဲ ဖြစ်တယ် ။ မင်းဆင် စီးပြီး ဘုရင်မင်းခေါင် ကို တိုက်ပါ ။ ရရင် မင်း အသက် လွှတ်မယ် ” လို့ အင်းဝဘုရင် ကို လုပ်ကြံ ခိုင်း တယ် ။ လဂွန်းအိမ် လည်း “ ဆင်တော်ဗကမတ် ကို သာ စီးခွင့် ပေးပါ ။ ရမက် ( ၅၀၀ ) နဲ့ ကျွန်တော် ရအောင် တိုက်မယ် ။ ဒါပေမဲ့ ဘုရင်မင်းခေါင် ကို မမြင်ဖူးပါ ။ သိ သူ ထည့် ပေးပါ ။ ကုန်းလယ် က စီး ပြီး ပြပါစေ ” လို့ လျှောက်တာ ကြောင့် အသက် လွတ် ရတယ် ။ 


ရာဇာဓိရာဇ် လည်း “ ဆင်တော်ဗကမတ် ကို မင်း စီး ၊ ငါ လည်း ဆင် နဲ့ ကူ မယ် ။ ဘုရင်မင်းခေါင် ကို ပြဖို့ သူ့ ညီတော် ရှင်သိဒ္ဓတ် ကို ထည့်ပေး မယ် ” လို့ မိန့်ပြီး ညချမ်း ထွက် တိုက်ဖို့ တပ်ကို စီမံလေတယ် ။ 


ညချမ်း ဘုရင်မင်းခေါင် သူ့ တပ် လှည့် ကြည့်ခိုက် လဂွန်းအိမ် တို့ စစ်စည်စစ်မောင်း တီးထွက် တိုက်ကြတယ် ။ ရာဇာဓိရာဇ် လည်း ဆင်တော် ရဲမြတ်စွာ စီး ပြီး နောက် တပ်ချီ လိုက်တယ် ။ လဂွန်းအိမ် က တောကွယ်ပြီး အကွက် ချောင်း စောင့် နေတယ် ။ ဘုရင်မင်းခေါင် ထွက် လာတာ မြင်တဲ့အခါ ဆင် ကို ချွန်း ဖွင့် တိုက် လေတယ် ။ ဆင်ချင်း အစွယ် မယှက်ခင် ရှင်သိဒ္ဓတ် လည်း နောင်တော်ဘုရင် ကို အော်ပြောတယ် ။ 


“ ဧကရာဇ်မင်း ဖြစ်ရက် နဲ့ အမှူးအမတ်များ နဲ့ ဆင်စီးချင်း တိုက်ရ သတဲ့ လား ၊ နောက် က ဆင်အကူ လည်း များ လှတယ် ။ ထီးဖြူ လှဲထားလေ ” ဆိုတာ နဲ့ ဘုရင်မင်းခေါင် လည်း ဆင် ချွန်း ဖွင့်ပြီး ခွာ တော် မူ လေတယ် ။ 


လဂွန်းအိမ် လည်း ဆင် နဲ့ လိုက်တဲ့ အခါ ရမည်းသင်းစား ၊ ပုခန်းစား  ၊ ကျေးတောင်ညို နဲ့ သတိုး တို့ ဆင်အစီး ( ၅၀ ) ခန့် နဲ့ လဂွန်းအိမ် ကို ဝိုင်း တိုက် တာကြောင့် လဂွန်းအိမ် ဆုတ်ခွာ သွားတယ် ။ ပြန် ဆုတ် လို့ ပန်းကျော်ချောင်း အနား ရောက်တဲ့ အခါ ရာဇာဓိရာဇ် ထွက် အလာ နဲ့ ဆုံကြတယ် ။ 


“ နင့် ကို ငါ အကူ လာမယ် ပြောထားရက် နဲ့ ဘာကြောင့် ပြန်ခဲ့သလဲ ” လို့ ရာဇာဓိရာဇ် မေးတဲ့ အခါ “ ယောက်ဖတော် စစ်ကိုင်းစား သူ့ နောင်တော် ကို စကားဟစ် ဆိုတာကြောင့် ကျွန်တော် မတိုက်ရ ။ ဘုရင်မင်းခေါင် ခွာတော် မူတယ် ” လို့ လဂွန်းအိမ် လျှောက်တယ် ။ ရာဇာဓိရာဇ် လည်း ရှင်သိဒ္ဓတ် ကို “ ယောက်ဖတော် ဘာကြောင့် ဆိုသနည်း ” လို့ မေးတဲ့ အခါ “ ကျွန်ုပ် အစ်ကို ဘေး ဖြစ်မယ် စိုးရိမ်လို့ ဆိုပေတယ် ” လို့ လျှောက်တယ် ။ “ ငါ သင့် ကို ငါ့ထံ ခိုလှုံလာ လို့ သူကောင်း ပြုမယ် ကြံထားရက် နဲ့ ငါ့ ထက် အစ်ကို ကို ချစ်တယ် ။ နောင်အခါ အတွင်းရန်သူ ဖြစ်မယ် ” ဆိုကာ ရှင်သိဒ္ဓတ် ကို ကွပ်မျက်စေ သတဲ့ ။ ညီနောင် သံယောဇဉ်ကြောင့် အသတ် ခံရ ပေတယ် ။ 



❝ မွန် သူရဲကောင်း လဂွန်းအိမ် ရဲ့ ဆုလာဘ် ❞


ကလေးတို့ ရေ ... 


မွန် - မြန်မာ စစ်ပွဲတွေ အတွင်း မှာ သူရဲကောင်းတွေ ပေါ်ထွက် လာတယ် ။ မြန်မာ ဘက် မှာ မြန်မာ သူရဲကောင်း တွေ ရှိ သလို မွန် ဘက် မှာ လည်း မွန်သူရဲကောင်း တွေ ရှိကြတယ် ။ မွန် သူရဲကောင်း တွေ ထဲ မှာ “ လဂွန်းအိမ် ” ဟာ ပြောစမှတ် ပြုရတဲ့ သူရဲကောင်း တစ်ဦး ဖြစ်တယ် ။ 


“ လဂွန်းအိမ် ” ဆိုတဲ့ အမည် ဟာ ဘုရင် ပေးတဲ့ ဘွဲ့ အမည် ဖြစ်တယ် ။ အဓိပ္ပာယ် က တော့ “ သိကြားမင်း ကဲ့သို့ အစွမ်း ရှိသူ ” လို့ အဓိပ္ပာယ် ရတယ် ။ လဂွန်းအိမ် ရဲ့ အမည်ရင်း က တော့ “ မသလုံ ” လို့ ခေါ်တယ် ။ 


တစ်ခါမှာ တော့ မွန်ဘုရင် ရာဇာဓိရာဇ် ဟာ လဂွန်းဗျည်းမြို့ မှာ တပ် ချနေ သတဲ့ ။ အဲဒီ အချိန်မှာ သံမောက်မြို့စား မဂြိုင်း ဟာ သစ္စာ မစောင့် ဘဲ အပြင် က တပ် ကို ညအခါ စစ်သူရဲ ( ၅၀၀၀ ) နဲ့ တိုက်ခိုက် လာတယ် ။ တပ် ကို မီးလောင် တဲ့အခါ ထမ်းစဉ် ထက် မှာ မဂြိုင်း ကိုယ်တိုင် ဦးစီး ကွပ်ကဲ နေ တာကို ရာဇာဓိရာဇ် မြင် သတဲ့ ။ မဂြိုင်းတပ် နဲ့ ဆိုရင် ရာဇာဓိရာဇ် တပ် က ဆင်မြင်း အလုံးအရင်း သုံးဆ လောက် ပို ကြီးတာပေါ့ ။ 


ရာဇာဓိရာဇ် က “ ဒီ ကျွန်ပျက် မဂြိုင်းငယ် ကို ဘယ်သူ ရအောင် ယူ နိုင်မလဲ ” လို့ ဆိုတဲ့ အခါ မသလုံ က သူ ရအောင် ယူပေးမယ် ဆိုကာ ဓား ကို ထက်မြည့် နေ အောင် သွေး သတဲ့ ။ ပြီးတဲ့ အခါ ဓား နဲ့ လွှား ကိုင် ပြီး ထွက်တယ် ။ မြေထမင်းအိုးဟောင်း တစ်လုံး လည်း ခြင်း နဲ့ ထည့် ယူ ခဲ့ သတဲ့ ။


မဂြိုင်း ရဲ့ တပ်တွေ လည်း လဂွန်းဗြည်း အရံတပ် ပျက် တာနဲ့ ကိုယ့် တပ် ကိုယ် ပြန်ကာ သောက်စား နေကြလေတယ် ။ အဲဒီအချိန် မှာ မသလုံ ဟာ မဂြိုင်း တပ် ထဲ မှောင်ရိပ်ခို ကာ ဝင်ခဲ့တယ် ။ မွန်ရဲမက် ချင်း ဖြစ် နေတော့ မှောင် ထဲ မှာ သူ့ ငါ မသိ ငါ့ သူ မသိ ဖြစ်နေမှာပေါ့ ။ ( လဂွန်းအိမ် ) မသလုံ မဂြိုင်း အနား ရောက်တဲ့ အခါ ရန်သူ့ ခေါင်း ဆိုပြီး အိုးဟောင်း ကို ပြ တော့ အားလုံး မသလုံ ရဲ့ ခြင်း ထဲ ကဲ ကြည့် ကြတယ် ။ အဲဒီ အခိုက်မှာ မသလုံ ဟာ မဂြိုင်း ရဲ့ ဦးခေါင်း ကို လျှပ်တစ်ပြက် ဖြတ် ယူ ကာ ခြင်း ထဲ ထည့်ပြီး ခုန်ထွက် လာတယ် ။ 


အလွန် လျင်မြန် လှတာ ကြောင့် ရုတ်တရက် အငိုက် ခံ လိုက်ရတာပဲ ။ ပြီးမှ ဆူညံအုတ်ကျက် ဖြစ်ကာ လိုက် ကြတယ် ။ အဲဒီအချိန် မှာ မသလုံ တပ် ပြင် ရောက် နေပြီ ။ သူ့ တပ် ပြန် ရောက်တဲ့ အခါ ရာဇာဓိရာဇ် တို့ ဝိုင်း ထဲ မဂြိုင်း ခေါင်း ကို လှိမ့်သွင်း လိုက် သတဲ့ ။ ရုတ်တရက် တော့ ရာဇာဓိရာဇ် လန့် သွား တာပေါ့ ။ “ မဂြိုင်း ရဲ့ ခေါင်းပါ ” လို့ လျှောက် မှ မီးတိုင် နဲ့ ယူကြည့်တော့ “ မဂြိုင်းခေါင်း အစစ်ပဲ ”  ၊ “ ကောင်းတယ် ” လို့ သာ ဆိုပြီး ဘာ ဆုမှ မပေး ဘဲ နေ သတဲ့ ။ မသလုံ လည်း မလျှောက်ရဲ လို့ ဆိတ်ဆိတ်သာ နေ သတဲ့ ။ 


ဒီလိုနဲ့ ရာဇာဓိရာဇ် ဟာ သံမောင်မြို့ ၊ တရည်မြို့ ၊ လဂွန်းဗျည်းမြို့ ၊ ဝန်မြို့  ၊ မုတ္တမ ၊ မော်လမြိုင်မြို့ များ ကို ရပြီး အမတ်သူရဲကောင်း တွေ ကို လည်း ဆုလာဘ် နဲ့ အတူ ရာထူးရာခံတွေ လည်း ထိုက်သင့် သလို ချီးမြှင့်လေ သတဲ့ ။ 


မသလုံ ကို ချီးမြှင့်ပုံ ကတော့ အခြားသူတွေ နဲ့ မတူပေဘူး ။ 


ရာဇာဓိရာဇ် တိုက်ကုလားမြို့ ကို ရောက်တဲ့ အခါ ငါးဆောင်ပြိုင် အိမ်ကြီး ဆောက်စေ သတဲ့ ။ ဝန်မြို့စား ရဲ့ သမီး ကိုယ်လုပ်တော် နှင်းကေသရာ ကို လည်း အဲဒီ အိမ်ကြီး မှာ နေစေတယ် ။ ပြီးမှ ဗိုလ်မင်း ဗြတ်စကို ခေါ်ပြီး “ မသလုံ ကို သင့်အိမ် ကို ခေါ်သွား ၊ အရက် မူးယစ် အောင် တိုက် ။ လူမှန်း မသိ အောင် မူး တော့ မှ ထမ်းစင် နဲ့ ယူသွား ။ ငါးဆောင်ပြိုင် အိမ်ကြီး ထဲ က သလွန် ပေါ် မှာ တင် သိပ် ထား ။ “ လဂွန်းအိမ် ” ဆိုတဲ့ ဘွဲ့သရဖူ ရယ် ၊ တိုက်ကုလားမြို့ နဲ့ ဆင်ပေါက် ငါးစီးကို ပေးပြီး ငါ့ ကိုယ်လုပ်တော် နှင်းကေသရာ နဲ့ ဆောင်နှင်း ပေး ။ အမူးအယစ် ပြေ မှ သိပစေ ” လို့ မိန့်မှာလေတယ် ။ 


ဗိုလ်မင်း ဗြတ်စ လည်း အမိန့် အတိုင်း လုပ်ဆောင်ကာ စောင်းငြင်း အငြိမ့် အတီးအမှုတ် နဲ့ တကွ နှင်းကေသရာ ကို အလုံးစုံ မှာကြားထား ခဲ့တယ် ။ 


ဒါနဲ့ မသလုံ လည်း အမူး ပြေပြီး အိပ်ရာ က နိုး လာ လေတယ် ။ ရာဇဓိရာဇ် ရဲ့ သလွန် ထက် တက်ပြီး မူးမူး နဲ့ အိပ်မိပြီ ထင်မှတ် ကာ ဆင်း ပြေးဖို့ အလုပ် နှင်းကေသရာ က ဖမ်းဆွဲ ထား သတဲ့ ။ နှင်းကေသရာ က “ အို သူရဲ ကောင်း ... ၊ သလွန် ထက် မှား အိပ်မိတာ မဟုတ်ပါ ။ အရှင်မင်းကြီး ဟာ တိုက်ကုလားမြို့ ရယ် ၊ “ လဂွန်းအိမ် ” ဆိုတဲ့ ဘွဲ့သရဖူ နဲ့ ဆင်ပေါက် ( ၅ ) စီး ရယ် ၊ နောက် ကျွန်ုပ် ကို လည်း သင့် ဇနီး အဖြစ် သိမ်းပိုက် ဖို့ ပေးတော်မူခဲ့ ပါတယ် ” လို့ ပြန်ကြားတော့ မှ သူ ဆုရကြောင်း သိ ကာ နဖူး လက်ဝါး နဲ့ ရိုက်ပြီး မင်းကြီး ရှိရာ လက်အုပ် ချီ ဦးခိုက်လေ သတဲ့ ။ 



❝ လဂွန်းအိမ် ရဲ့ အချစ်စမ်းပွဲ ❞ 


ကလေးတို့ ရေ ...


လဂွန်းအိမ် ဘယ်သူ့ ကို များ အချစ် စမ်းလေ သလဲ ။


မွန်မြန်မာ စစ်ပွဲတွေ မှာ သူ့ ပိုင်နက် ငါ တိုက် ၊ ငါ့ ပိုင်နက် သူ တိုက် နဲ့ တစ်ပြန် စီ စစ်တိုက် နေကြတယ် ။ အင်အား ချင်းပြိုင် ၊ စစ်ဆင်ရေးဗျူဟာ ချင်း လည်း ပြိုင် ကြတယ် ။ သူ့ အနေထား ၊ ကိုယ့် အနေအထား အခြေအနေ စောင့်ကြည့်နေတတ်ကြတယ် ။ 


မွန်ဘုရင် ရာဇာဓိရာဇ် မြောင်းမြ ကို တိုက်စဉ် က ပုသိမ်သားတို့ ဟာ လှေတက် အင်အား အများ နဲ့ မြောင်းမြ ဘက် ကို လာ ကူ တိုက်မယ်လို့ ကြား တာကြောင့် ပုသိမ်သားတွေ ကို နှိမ်နင်းဖို့ လဂွန်းအိမ် ကို စေတော် မူတယ် ။ လဂွန်းအိမ် ကို ကြိုးစားပြီး အားတက် စေ လိုတာ ကြောင့် ရာဇာဓိရာဇ် က သူ့ မိဖုရား တလသုတမာယာ ကို ကွမ်းခွက်တော် နဲ့ ကွမ်း ထည့်ပြီး လဂွန်းအိမ် ဆီ ကို ပေးပို့ စေတယ် ။ 


လဂွန်းအိမ် လည်း စဉ်းစားတယ် ။ “ အခု တိုက်မယ့် တိုက်ပွဲ ဟာ ပုသိမ်သားတွေ က လှေတက် အင်အား များတယ် ။ ငါတို့ က သူ့ ထက် အင်အား နည်းတယ် ။ ငါတို့ သခင် ရဲ့ စိတ်တော် ကို စုံစမ်းဦးမယ် ။ ဘုရင် ငါ့ အပေါ် အမှန် ချစ်တယ် ဆိုတာ မှန် မှ ငါ အသက် စွန့် တိုက်မယ် ” ဆိုပြီး စောင်ခေါင်းမြီး ခြုံ ကာ အိပ် နေ လေ သတဲ့ ။ 


နံနက် မိုးသောက် လင်း တဲ့ အခါ လဂွန်းအိမ် ဟာ တပ် ထွက်ဖို့ စစ်အင် ကျင်း ရာ ကို မသွားဘဲ နေ လေတယ် ။ ကွပ်ကဲ တိုက်ရမယ့် လဂွန်းအိမ် ရောက် မလာ တာ ကြောင့် အမတ်ဒိန် နဲ့ သမိန်ဗြတ်စ တို့ က လာပြီး စုံစမ်းကြတယ် ။ ဒီတော့ လဂွန်းအိမ် က “ အရင် နေ့ က မိဖုရား တလသုတမာယာ ကွမ်းခွက် လာပေးစဉ် က ရင်ဝတ်တော် လျှော ကျ တာ ကို အမှတ်မထင် မြင် မိတာ ကြောင့် ကျွန်ုပ် မစားနိုင် ၊ မသောက်နိုင် ဖြစ် နေ ရတယ် ။ သွား လည်း သေတယ် ၊ နေလည်း သေတယ် ။ အတူတူပဲ ဖြစ်တာကြောင့် ဒီ အတိုင်းပဲ နေ တော့မယ် ” လို့ လဂွန်းအိမ် က ဉာဏ် ဆင်ကာ ပြော လိုက် လေတယ် ။ “ ငါတို့ မင်း ပြော တဲ့ အတိုင်းပဲ ဘုရင် ကို လျှောက်လိုက်ရမှာလား ” လို့ သမိန်ဗြတ်စ တို့ ပြောတဲ့ အခါ “ အမှန်ပါပဲ ၊ သည်အတိုင်း လျှောက်ချေပါ ” လို့ ဆိုတာကြောင့် အမတ်ဒိန် နဲ့ သမိန်ဗြတ်စ လည်း ခေါင်းယမ်း ကာ စိတ်ပျက်ပျက် နဲ့ ဘုရင် ရှေ့ မှောက် ခစား ကြတယ် ။ “ လဂွန်းအိမ် တပ် မထွက်ပါ ” လျှောက်တဲ့ အခါ “ ဘာကြောင့်လဲ ” လို့ ရာဇာဓိရာဇ် က မေးတယ် ။ “ ကျွန် စဉ်းလဲ ရဲ့စကားကို မလျှောက်ပါရစေနဲ့ ” လို့ အမတ်ဒိန် က တင် လေတယ် ။ “ ဆိုသာ ဆိုပါ ” လို့ ဘုရင် မိန့်တာ ကြောင့် လဂွန်းအိမ် ပြောလိုက်တဲ့ အတိုင်း ပြန် လျှောက်တင် ရ တော့တယ် ။


အဲဒီအခါ ရာဇာဓိရာဇ် က “ မိဖုရား ကို ငါမနှမြော ။ သင်း ကိုသာ နှမြောတယ် ” လို့ ဆိုကာ သူ့ မိဖုရား ကို ခေါ်ပြီး နားချ ဆုံးမ လေတယ် ။ မိဖုရား တလသုတမာယာ လည်း ဘုရင့် ခြေတော် ဦးခိုက်ကာ ငို လေတယ် ။ ပြီးမှ မိဖုရား ကို ရွှေလောင်းလှေ ပေါ် တင် ပြီး လဂွန်းအိမ် ထံ ပို့ စေတယ် ။ အမတ်ဒိန် နဲ့  ဗိုလ်မင်းဗြတ်စ လည်း နောက်တော် က လိုက်ရတယ် ။ 


လဂွန်းအိမ် လည်း မိဖုရား လာချေပြီလို့ ကြားတဲ့ အခါ လှေဆိပ် သို့ လက်ဆောင် ပဏ္ဏာ အများ နဲ့ ဆင်း လာကာ မိဖုရားကို ဦးခိုက် လေတယ် ။ 


“ ကျွန်ုပ် သခင် ရဲ့ စိတ်တော် ကို စမ်းခြင်း မျှ သာ ဖြစ်ပါတယ် ။ ကျွန်ုပ် ကို ချစ်သနား ကြောင်း သိရ ပါပြီ ။ အရှင် မိဖုရား ၊ ကျွန်တော့် ကို ခွင့်လွှတ်ပါ ” လို့ လျှောက် သတဲ့ ။ 


အဲဒီနောက် လဂွန်းအိမ် တပ် ကို ကွပ်ကဲပြီး ချီကာ ပုသိမ်သား တို့ ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက် တာ ကြောင့် သူတို့ လှေတပ် ကို အောင်နိုင် လေတယ် ။



❝ လဂွန်းအိမ် ၏ စွန့်စားခန်း ❞


ကလေးတို့ ရေ ... 


ရာဇာဓိရာဇ် ဟာ ကျိုက်ထိုဘုရား မှာ မွန် - မြန်မာ သစ္စာပြုပွဲ ပျက်တာ ကြောင့် လဂွန်းအိမ် ကို သတ်မယ် လုပ်တယ် ။ ဗိုလ်မင်းဗြတ်စ တင်လျှောက် လို့ ဘုရင်မင်းခေါင် နဲ့ ဆင် စီးချင်း ထိုး လုပ်ကြံ ခိုင်းတယ် ။ ရှင်သိဒ္ဓတ် ကြောင့် မအောင်မြင် လို့ ရှင်သိဒ္ဓတ် ကို သ,တ်ခဲ့တယ် ။ လဂွန်းအိမ် ကို လည်း မကျေနပ် သေးဘူး ။ ဒါကြောင့် ရာဇာဓိရာဇ် ဟာ လဂွန်းအိမ် ကို စေပြန်တယ် ။ 


“ လဂွန်းအိမ် ဘုရင်မင်းခေါင် ကို ရအောင် တိုက်မယ် ဆို လို့ နင့် ကို ငါ မသ,တ်ဘူး ။ ဘုရင်မင်းခေါင် ကို လည်း မရ ။ နင် ဘယ်လို ကြံမလဲ ” လို့ မေးတယ် ။ 


“ ကျွန်တော်မျိုး ဘုရင်မင်းခေါင် အိပ်ရာတော် တိုင်အောင် ဉာဉ့် ဘက် ဝင်ပြီး လုပ်ကြံမယ် ” လို့ လဂွန်းအိမ် လျှောက်တယ် ။ နောက် သူရဲ ကောင်း ( ၁၂ ) ယောက် ဓားလှံ ကိုင်ကာ အတူ လိုက်စေပြီး ညဉ့် နှစ်ချက် တီးကျော် မှာ မြန်မာတပ် ကို လှည့် ကြည့် တယ် ။ မြောက်ဘက် မျက်နှာ ကျုံး လည်း တိမ်တယ် ။ အဲဒီ ဘက် မှာ တပ် လည်း မခိုင် ၊ တပ်စောင့် လည်း နည်း တာကြောင့် တပ် အပြင် က ပိန္နဲပင် က ခိုပြီး တပ် သစ်လုံးတိုင် နှစ်ချောင်း ကို နုတ် ကာ ခြေသံ ဖျောက် ဝင် ကြတယ် ။ 


လဂွန်းအိမ် တို့ တပ်တွင်း ရောက်တယ် ။ သူရဲကောင်း သုံးယောက် ကို ပိန္နဲပင် မှာ ထားရစ်တယ် ။ နောက် သုံးယောက် ကို စစ်ကဲ သရေနန်သူ ထ လျှင် ခုတ် လို့ မှာတယ် ။ နောက် သုံးယောက် ကို လူ နိုး လျှင် ဆင်ထူး ကို ဖြတ် လို့ မှာ ကာ ဆင်တင်းကုပ် မှာ ထားတယ် ။ လဂွန်းအိမ် နဲ့ ကျန် သုံးယောက် က ဘုရင်မင်းခေါင် ရဲ့ တဲနန်းဆောင် အောက် ဝင်ပြီး လဂွန်းအိမ် က လူ နှစ်ယောက် ပခုံး နင်း တက် ကာ ကြမ်းကွပ်တယ် ။ ကြမ်း ကို ဖွင့်ပြီး မှ အထက် အိပ်ခန်း ဆီ တက်တယ် ။ ဘုရင်မင်းခေါင် အိပ် နေတဲ့ အနီး လဂွန်းအိမ် ရောက်တဲ့ အခါ ရွှေကွမ်းခွက်တော် ကို ယူပြီး အောက် က လူ ကို ကမ်းပေး တယ် ။ နောက် သလွန်တော် အနား မှာ ရှိတဲ့ ဘုရင်မင်းခေါင် ရဲ့ လက်သုံးတော် ပတ္တမြား ကျောက်စီဓား ကို ယူပြီး အိပ် နေတဲ့ ဘုရင် ကို လုပ်ကြံမယ် ပြင် တယ် ။ အဲလို ပြင်စဉ် မှာ ပဲ အပါးတော် က ဉာဉ့်စောင့် ကိုယ်လုပ်တော် တစ်ယောက် နိုးပြီး ဆီမီးရောင် မှာ မြင်တာကြောင့် “ မွန်သူခိုး ” လို့ ဟစ်အော် လေတယ် ။ လဂွန်းအိမ် လည်း ကြမ်းပေါက် က ခုန်ချ ပြေးလေတယ် ။ 


ဘုရင်မင်းခေါင် လည်း နိုး လျှင် ကိုယ်ရံတော်တွေ သောသောညံ ညာ သံ ပေး လိုက်ကြတယ် ။ ဆင်တင်းကုပ် က လူ သုံးယောက် လည်း ဆင်ထူး တွေ ကို ဖြတ် လိုက်တာ နဲ့ ဆင်အများ ထွက် လာတယ် ။ အင်းဝ ရဲမက်တွေ လည်း ဆင် လွတ် လို့ လန့်တာ ဖြစ်မယ် ဆိုကာ နေလေတယ် ။ လဂွန်းအိမ် တို့လည်း ပြေးထွက် ပြီး အပြင်ရောက် ၊ လူ စစ် ( ၁၂ ) ယောက်စေ့ မှ ပြန် ခဲ့တယ် ။ မြန်မာ တပ်ထဲ မှာ လည်း သောသောညံ တပ် လန့် လေတယ် ။ 


လဂွန်းအိမ် တို့ ပြန် ရောက်တဲ့ အခါ ရာဇာဓိရာဇ် က “ ကိစ္စ ပြီးခဲ့ရဲ့ လား” လို့ မေးတော် မူတယ် ။ လဂွန်းအိမ် က “ လျှောက်ပါရစေ အရှင် ဘုန်းကြီး တဲ့ ဧကရာဇ်မင်း တို့ ကို လုပ်ကြံသော သူ ဟာ အသက် လည်း မရှည် ၊ ဘုန်း လည်း မကြီးနိုင် လို့ မိဘ တို့ ပြောဖူးတာ ကြောင့် အသက် ရှည် မှ အမှုတော် ကို ထမ်းရမည် ကြံ ကာ မလုပ်ခဲ့ပါ ။ ဘုရင်မင်းခေါင် ထံ ပါး ရောက် ကြောင်း ကို သက်သေ ဖြစ်ရာ ကွမ်းခွက်တော် နဲ့ လက်သုံးတော် ဓား ယူခဲ့ပါ တယ် အရှင် ” လို့ လျှောက်တင်တဲ့ အခါ ရာဇာဓိရာဇ် က ဘုရင်မင်းခေါင် သမီးတော် ကို ပြတဲ့ အခါ သမီးတော် က လည်း “ ခမည်းတော် ပစ္စည်း မှန်ပါ တယ် ” ဆိုကာ ငိုလေ သတဲ့ ။ 


ရာဇာဓိရာဇ် လည်း အားရတော် မူ တာ ကြောင့် လဂွန်းအိမ် ကို “ နင့် အသက် ငါ လွှတ်တော်မူတယ် ” လို့ မိန့်တော် မူ လေတယ် ။ 



❝ ဘုရင်မင်းခေါင် တပ်ဆုတ်ခြင်း ❞


ကလေးတို့ ရေ  ..


သူရဲကောင်းတွေ ဟာ လုပ်ရည်ကြံရည် သာ မက သစ္စာ လည်း ရှိ ကြ တယ် ။ သူ့ ကျေးဇူး သိတတ်တဲ့ ပုဂံခေတ် အခါ က သူရဲကောင်း ငခင်ညို အကြောင်း ပြောခဲ့ပြီးပြီ ။ မွန်သူရဲကောင်း လဂွန်းအိမ် လည်း မိဘ စကား နာယူ ခဲ့ တာကြောင့် အခွင့် ရပါလျက် ဘုရင်မင်းခေါင် ကို မလုပ်ကြံခဲ့ဘူး ။ ချီးကျူးဖွယ် ဖြစ်ပေတယ် ။ 


ဘုရင်မင်းခေါင် ဟာ အပါးတော် ထိ မွန် သူရဲကောင်း တွေ ရောက်ပေတယ် လို့ စိတ် မချမ်းသာ ဖြစ်တယ် ။ နံနက် မိုး လင်း တဲ့ အခါ ကွမ်းခွက် တော် နဲ့ လက်သုံးတော်ဓား ပျောက်မှန်း သိ ရတော့ ပိုပြီး ထိတ်လန့် တော် မူ တယ် ။ ရဲမက်ဗိုလ်ပါ တွေ လည်း ငတ်လှပြီ ။ ဒါ့ကြောင့် မှူးမတ်တွေ နဲ့ တိုင် ပင် ပြန်တယ် ။ “ စေ့စပ်ရေး လည်း ပျက် ၊ အရေး မ ရပြီ ။ ဘယ့်နှယ် ကြံကြ မတုန်း ” ။ အဲဒီအခါ စစ်သူကြီး ရမည်းသင်းစည်သူ က “ ကျွန်တော်တို့ တပ် ကြီး ရှစ်တပ် နောက် က နေ ခံ ပေးမယ် ။ ကိုယ်တော် ရှေ့က ချီတော် မူ နှင့် ပါ ။ မြား ထိ ပင်ပန်းနေတဲ့ ဆင်လေး ၊ မြင်းလေး တွေ နဲ့ ဖျားသူ နာသူ ၊ မစွမ်းသန်သူ တို့ကို ယခု ညချင်း အရင်လွှတ်တော် မူပါ ။ မိုးသောက် လျှင် အရှင် ချီတော်မူ ပါ ” လို့ လျှောက် တင် တယ် ။ 


ဘုရင်မင်းခေါင် လည်း နောက်ခံ တပ် ရှစ်တပ် ကို လက်ရွေးစင် ရွေးချယ် ကာ တိုက်ဆင် ( ၂၀၀ ) ၊ မြင်း ( ၈ဝဝဝ ) ၊ ရဲမက်ဗိုလ်ခြေ ( ၈ ) သောင်း နဲ့ နောက်ချန် နေစေပြီး ပြန် ဆုတ်ခွာ တော် မူတယ် ။ 


ရာဇာဓိရာဇ် လည်း တပ် ခြောက်တပ် ကို ခန့်ခွဲပြီး ဘုရင်မင်းခေါင် နောက်ခံ တပ်တွေ ကို တိုက်မယ့် ဟန် စစ်ပြိုင် စေတယ် ။ ဘုရင်မင်းခေါင် လည်း နောက်တော် က ခံတပ် ရှိလေတယ် လို့ အမှတ်မဲ့ ချီ လေတယ် ။ အဲဒီ အခါ လဂွန်းအိမ် က တော ထဲ က ထွက်ပြီး ဘုရင်မင်းခေါင် တပ် ကို အလစ် ဝင်တိုက်တယ် ။ ဘုရင်မင်းခေါင် လည်း ဆင်တော် ရဲမြတ်စွာ ကို စီးပြီး စစ် သူရဲ ( ၅၀၀၀ ) နဲ့ လဂွန်းအိမ် တပ် ကို လိုက် တိုက်တယ် ။ လဂွန်းအိမ် တပ် ပျက် လေတယ် ။ နောက် မွန်ဥပါကောင်း တပ် ကို တိုက် ပြန်တယ် ။ ဥပါကောင်း တပ် လည်း ပျက်လေတယ် ။ 


အဲဒီအချိန်မှာ အထိန်းတော် လက်ျာကြီး မြင်း နဲ့ ပြေး လာပြီး လျှောက် တယ် ။ “ အရှင်မင်းကြီး စစ်ဖျား ပေါ်တာ ကို တိုက်ရင် နိုင် ပါမည် ။ နောက် က သူ့ လူတွေ များလှတယ် ။ မွန်မင်း တပ် လည်း ရောက်ပါလိမ့်မယ် ။ ဆင် မြင်းခြေသည် များလှ ပါတယ် ။ သူ နီးလာ လို့ တိုက် လျှင် မခွာနိုင် ရှိပါလိမ့် မယ် ။ တပ်သားတွေ လည်း ရွေ့လို့ အဝေး မှာ ရှိပေတယ် ။ ကျွန်ုပ် သာ အပြင်း စိုင်းခဲ့ လို့ သာ အထောက် ရှိရ ပါတယ် ။ အရင် ခွာ မှ သင့်မယ် ” လျှောက်လေ တယ် ။


ဘုရင်မင်းခေါင် လည်း ဆင်တော် ရဲမြတ်စွာ ပင်ပန်းလှတာကြောင့် ဆင်ကဲ ကို စီးစေတယ် ။ ကိုယ်တိုင် မှာ ဆင်မတော် နလံမ ကို စီး ကာ အပြင်း ခွါတော် မူတယ် ။ လဂွန်းအိမ် နဲ့ ဥပါကောင်း တို့ လည်း မွန်ဒေသ မြေခြား တိုင်အောင် လိုက် တိုက် ပြန်တာကြောင့် သုံ့ပန်းလူသူ အများ ဖမ်းမိ သွားတယ် ။ 


ဘုရင်မင်းခေါင် လည်း စားတော် သုံးနပ် မစားရ ။ ခွာတော် မူပြီး မစုစည်းနိုင် ခင် ဝါး အစည်း ပြေ သလို ကစဉ့်ကရဲ ရှိလေတယ် ။ စစ် ရွေ့ရာ မှာ မိဖုရား ရှင်မိနောက် ကို လည်း ဆင် ရွှေပေါင်းဝန်း နဲ့ တကွ မွန်တို့ ရလေ တာယ် ။ 


ဘုရင်မင်းခေါင် ရဲ့ တောင်နန်း မိဖုရား ရှင်ဘို့မယ် ရဲ့ အခြေအနေ လည်း မသိရသေး ။ ဘုရင်မင်းခေါင် စိတ် မအေးဘူးပေါ့ ။ ဘုရင်မင်းခေါင် လည်း မွန်ဒေသ က နေ အင်းဝ တိုင်အောင် အပြင်း ချီတာ ( ၇ ) ရက် နဲ့ ရောက်လေတယ် ။ စစ်သည် တွေ လည်း စွမ်းသန်သူ သာ ကျန်ပြီး နာသူ တို့ ကို မွန်တို့ ရ လေတယ် ။ 


နောက်ခံ ရမည်းသင်းစည်သူ တို့ တပ်ကြီး ရှစ်တပ် လည်း ဘုရင်မင်းခေါင် တို့ စစ်ရွေ့ပြီ ကြားတာ နဲ့ အရုံးအစု မပျက် စည်းကြပ်ကာ ဆုတ်ခွာ ခဲ့ တယ် ။ မွန်တပ်တွေ လည်း မတိုက်ဝံ့တာ ကြောင့် ပြန် လေတယ် ။ 



❝ ဆင်ကဲ နဲ့ ရှင်ဘို့မယ် ❞


ကလေးတို့ ရေ ...


ရှေး က ဘုရင်တွေ စစ်ချီ ရာ ကို မင်းညီမင်းသား ၊ မင်းသမီးများ နဲ့ မိဖုရားများ ပါ လိုက်ကြရတာဟာ အဲဒီ ခေတ် ထုံးစံ ပဲ ဆိုပါတော့ ။ စစ်ရေး လှ ရင် တော်ရဲ့ ၊ အရေး မလှလို့ တပ် ဆုတ်ရတဲ့အခါ ကစဉ့်ကရဲ ရှိလှတယ် ။ ဘုရင်မင်းခေါင် ရဲ့ မိဖုရား ရှင်မိနောက် ကို မွန်တွေ ရ သွားလို့ ရာဇာဓိရာဇ် က မိဖုရား မြှောက်လေတယ် ။ 


ဘုရင်မင်းခေါင် အနေနဲ့ ကြည့်ရင် လည်း ကိုယ့် မိဖုရား သူ့ နောက် ပါ သွားတာ နာသာခံခက် ဖြစ်လိမ့်မယ် ။ ရှင်ဘို့မယ် ရဲ့ အခြေအနေ လည်း ဘုရင်မင်းခေါင် စိတ် မအေးဘူးပေါ့ ။ 


မိဖုရား ရှင်ဘို့မယ် ဟာ မင်းကြီးစွာစော်ကဲ ရဲ့ မြေးတော် ဖြစ်တယ် ။ ဘုရင်မင်းခေါင် နဲ့ ဆို တူမ တော် တာပေါ့ ။ တူမ ကို မိဖုရား တောင်နန်းစံ အဖြစ် တင်မြှောက် ထား တာပါပဲ ။ 


တကယ်တော့ ရှင်ဘို့မယ် ဟာ ပန်းကျော်ချောင်း သဲပြင် မှာ စစ်ဆုတ် ရင်း ဆင် ထက် က ကျ ကျန်ရစ်တယ် ။ မွန်တို့ ဘက် က မတွေ့ခင် မှာ နောက် ကျန် နေတဲ့ ဆင်ကဲ တွေ့ လို့ ကောက် တင် ခဲ့တယ် ။ ဆင်တော် ရဲမြတ်စွာ နာ နေ လို့ ဖြည်းဖြည်း လာ ရ တာကြောင့် မိဖုရား ကို တွေ့ရတာ ပါပဲ ။ ဆင်ကဲ ဟာ စခန်း ချ တိုင်း ညဉ့် အခါ မှာ ဆင်ဦးစီး ကို စောင့်စေတယ် ။ နေ့ ဘက် မှာ ဆင် ပေါ် တင်ပြီး ခရီး ဆက်တယ် ။ ရွာစခန်း ကြုံ ရင် မိဖုရား ကို အိမ် ပေါ် မှာ အိပ် စေပြီး သူတို့ က မြေကြီး မှာ အိပ် ကြတယ် ။ အဲဒီ အချိန်မှာ ဘုရင်မင်းခေါင် စိတ် မအေးနိုင်ဘဲ မြင်းသည်ကျော် ( ၂၀ ) ကို ပြန် ရှာစေတယ် ။ တစ်ယောက် မှ မတွေ့ကြ ။ “ နောက်မှာ ဘယ်သူ ရှိသလဲ ” လို့ ဘုရင် မေး မှ “ ဆင်ကဲ ရှိပါတယ် ။ ဆင်တော်လေး လို့ နောက်ကျ နေတယ် ” လို့ လျှောက်ကြတယ် ။ ( ၁၀ ) ရက် လောက် ကြာ မှ ဆင်ကဲ နဲ့ မိဖုရား ရှင်ဘို့မယ် တို့ အင်းဝ ကို ပြန် ရောက် ကြတယ် ။ မြို့ပြင် မှာ မိဖုရား ကို ဦးဆံ လျှော်စေ ပြီး မှ နန်းတွင်း ဝင် ကြတယ် ။ 


ဆင်ကဲ လည်း အကြောင်းစုံ ကို ဘုရင် အား လျှောက်တင် လေတယ် ။ ဘုရင်မင်းခေါင် အားရတာကြောင့် ဆင်ကဲ ကို ဆုလာဘ် များစွာ ပေးတယ် ။ ပြဿနာ က နန်းတော် ရောက် လို့ ( ၁၂ ) ရက် ခန့် အကြာ မှာ ရှင်ဘို့မယ် ကွမ်း စား ဖို့ လုပ်ရာ မှာ ကွမ်းညှပ် လွတ်ကျ သွားတော့ “ အို ဆင်ကဲလေ ” လို့ ယောင်မိ သတဲ့ ။ အဲဒီအခါ ဘုရင်မင်းခေါင် သံသယ ဖြစ်တာ နဲ့ ဆင်ကဲ ကို စစ်မေး မြန်းတယ် ။ ဆင်ကဲ လည်း အကြောင်းစုံ လျှောက်တင်တယ် ။ 


“ မိဖုရား ကို ကယ်မိ ကတည်း က ကျွန်တော် သေရမည် ကို သိပါတယ် ။ တွေ့ရက် နဲ့ မကယ်ရင် မွန် ဘက် က ရ သွားမယ် ။ တွေ့ရက် က မကယ်ကောင်း လား ဆိုပြီး မင်းကြီး မျက်မယ် ဆိုတာ အသိပါပဲ ” လို့ လျှောက်တယ် ။ ဘုရင် မင်းခေါင် သံသယ မပြေဘဲ “ စကား တတ်လှတယ် ” ဆိုကာ ဆင်ကဲ ကို ကွပ်မျက် လေတယ် ။ ပြီးမှ ဆင်ဦးစီး ကို စစ်မေးတဲ့ အခါ ဆင်ကဲ လျှောက်တာ နဲ့ တစ်ထပ်တည်း ဖြစ် နေတယ် ။ 


ဒီတော့မှ “ ငါ့ ကျွန် ကို ငါ သတ်မိပြီ ” ဆိုပြီး ဘုရင်မင်းခေါင် နောင်တ ရ လေတယ် ။ ဒါကြောင့် ဆင်ကဲ ရဲ့ သား ကို ခေါ်ကာ သူ့ အဘ စား ရတဲ့ ကျေးရွာမြို့ပြ နဲ့ တကွ ဆင်ကဲ ခန့်တော် မူတယ် ။ ဘုရင်မင်းခေါင် ဟာ စစ်ရေး မလှ လို့ မိဖုရားလည်း သူ့ နောက် ပါရတယ် ။ ညီတော် လည်း အသ,တ် ခံရတယ် ။ ဆင်ကဲ ကို လည်း စိတ် လောပြီး သတ်မိလေတယ် လို့ ကြေကွဲတာ ကြောင့် စက်တော် မခေါ် ၊ စားတော် မဝင် ရှိလေ သတဲ့ ။ 



❝ ဘုရင့် သောက နှင့် မင်းရာဇာလျှောက်ထုံး ❞


ကလေးတို့ ရေ  ... 


စည်းတပြစ် အမတ်ကြီး ဝန်ဇင်းမင်းရာဇာ ကို မှတ်မိရဲ့ မဟုတ်လား ။ မိတ္ထီလာ ဝန်ဇင်းရွာသား လယ်သမား လူငယ် ဟာ စာပေအမြဲ လေ့လာတာ ကြောင့် အသိအမြင် များလေတယ် ။ ဒါ့ကြောင့် မင်းကြီးစွာစော်ကဲ ချီးမြှောက် ကာ စည်းတပြစ် အမတ်ကြီး ဖြစ်လာရတယ် ။ ဝန်ဇင်းမင်းရာဇာ ရဲ့ တင် လျှောက်ချက် ဟာ ကြောင်းကျိုး ကျ နေပြီး ရာဇဝင် ထုံးပုံ သာဓကတွေ အလွန် မှတ်သားဖွယ် ကောင်းလှတယ် ။ “ မဏိရတနာပုံ လျှောက်ထုံး ” ဆိုပြီး မြန်မာစာပေ မှာ အထင်ကရ ရှိလေတယ် ။ 


ဘုရင်မင်းခေါင် သောကစိတ် ဖိစီး နေတဲ့ အခါ မင်းရာဇာ တင်လျှောက် လေတယ် ။ ( အကျဉ်းချုပ် တင်ပြ လိုက် ပါတယ် ။ ) 


“ ဘုန်းတော်ကြီးသော အရှင် ၊ ကျွန်တော်မျိုး အထက်က လျှောက် ပါသည် ကို အရှင် မယူပါသောကြောင့် သည်သို့ ဖြစ်ရပေတယ် ။ နောက် နောင် ကျွန်တော် လျှောက်သည် ကို ယူတော်မူပါ ။ စစ်တို့ ရဲ့ သဘောသည် အင်အား များသည် ဟူ၍ မလေးမစား မပြုရာပါ ။ ကျွန်တော် သာဓကပြ ထုံးပုံ တင်လျှောက်ပါအံ့ ။ 


( ၁ ) နှံစုတ်ငှက်ငယ် တစ်ကောင် သည် နွားခြေခွာရာ တစ်ခု ကို အမှီ ရလေတာကြောင့် စွန်ရဲ ကို အောင်မြင်ဖူးပါသည် ။ 


( ၂ ) ကြောင် တစ်ကောင် သည် ဈာန်အဘိညာဉ် နှင့် ပြည့်စုံသော ရသေ့ ၏ ထိုင်စရာ အောက် ကို အမှီ ရလေသောကြောင့် ကေသရာဇာ ခြင်္သေ့မင်း ကို အောင်မြင်ဖူးလေသည် ။ 


( ၃ ) ပုဇွန် တစ်ကောင် သည် အိုင်ငယ် တစ်ခု ကို အမှီ ရလေသောကြောင့် ဆင်ပြောင်ကြီး ကို စားရဖူးလေသည် ။ 


( ၄ ) ကစ္ဆပ မည်သော လိပ် တစ်ကောင် သည် ချောင်းငယ် တစ်ခုကို အမှီ ရလေသောကြောင့် ကျားထီး ကို အောင်မြင်ဖူးလေသည် ။ 


စစ်တို့ ၏ သဘော သည် ကာလ ၊ ဒေသ ၊ ပယောဂ သာ အရင်းခံ ဖြစ်သည် ။ ဘုရားတရားတော် ၌ လည်း “ ဘုံသုံးပါး ၌ ကျင်လည်သော သတ္တဝါ အပေါင်း တို့ သည် နာနာဘာဝ ၊ ဝိနာဘာဝ မှ မကင်းသာချေလာသည် ” လို့ လျှောက်လေ သတဲ့ ။ 


ဘုရင်မင်းခေါင် လည်း စိတ်နှလုံး သက်သာရာ ရ တာကြောင့် မင်းရာဇာ ကို လက်ကောက် တစ်ရံ ၊ ဆင်မ တစ်စီး ဆုပေးတော် မူ သတဲ့ ။

 

သက္ကရာဇ် ( ၇၇၀ ) ခုနှစ် မှာ တော့ သားတော် သီဟသူ ကို စစ်ကိုင်း ကို စားစေ သတဲ့ ။ ( မူလ စစ်ကိုင်းစား ညီတော် က ကွယ်လွန်ခဲ့ပြီကိုး ။ ) မင်းသင်္ခ ယာ ကို ဝတီမြို့ကို ပေးတော် မူတယ် ။ ငယ်စဉ်က ဆင်းရဲဘက် အထိန်းတော် ငခင်ညို ကို လည်း တောင်ငူ လစ်လပ် နေတာ နဲ့ ပေးတော် မူတယ် ။ စဉ့်ကူး လစ်လပ် နေတာကြောင့် ဘယကာမဏိ ကို ပေးတော် မူတယ် ။ ရာဇသင်္ကြန် ကိုတော့ အမြင့်မြို့ ကို ပေးတော်မူ သတဲ့ ။ 


အဲဒီလို ချီးမြှောက်သင့် သူတွေ ကို ချီးမြှောက် ရတာ က လည်း ဘုရင်မင်းတွေ ကို တစ်နည်း အားဖြင့် စိတ်ချမ်းမြေ့ စေပါတယ် ။ 


ဘုရင်မင်းခေါင် ဟာ ဆင်မတော် “ တိုးခေါင်ယင်းမာ ” ကို စီး ပြီး အင်းဝ ကနေ ပုဂံရွှေစည်းခုံဘုရား ကို တစ်လ နှစ်ခေါက် သွားရောက် ဖူးမြော် တော် မူလေ သတဲ့ ။ 



❝ မင်းရဲကျော်စွာ နှင့် လဂွန်းအိမ် အားစမ်းပွဲ ❞


ကလေးတို့ ရေ … 


ဘုရင်မင်းခေါင် ဟာ ပန်းကျော်တိုက်ပွဲ မှာ အကျအဆုံး များစွာ နဲ့ အထိ နာ ပြီး စိတ် မသက်မသာ ဖြစ်ရတယ် ။ ရင် ထဲ မှာလည်း အခဲ မကျေလေဘူး ။ ဒါကြောင့် သက္ကရာဇ် ( ၇၇၁ ) ခု မှာ မွန်ဒေသ ကို စစ်ချီ ပြန်တယ် ။ ဘတစ်ပြန် ကျားတစ်ပြန် ပါပဲ ။ ငါးလခန့် ကြာပြီး မိုးလ နီးတာ ကြောင့် အင်းဝ ပြန် ခဲ့တယ် ။ နေပြည်တော် ရောက်တော့ မိဖုရား ရှင်ဘို့မယ် ကို မယုံလို့ အဆောင် အယောင် နှုတ်သိမ်းတယ် ။ မင်းရာဇာ ကျိုးကြောင်းပြ တင်လျှောက် လို့ ပြန် အရာ ခန့်ပြန်တယ် ။ အဖိုးရာဇာ ကို ရှင်ဘို့မယ် က ပူဇော် လေတယ် ။ 


နောက် နှစ် မှာ သားတော် မင်းရဲကျော်စွာ မွန်ဒေသ ကို စစ်ချီ ပြန်တယ် ၊ မြောင်းမြတိုက်ပွဲ ၊ ပုသိမ် ၊ ခဲပေါင်မြို့များတိုက်ပွဲ ၊ ရခိုင်တိုက်ပွဲ ၊ သန္နီတိုက်ပွဲ ၊ ပြည်မြို့တိုက်ပွဲကြီး စသည် မင်းရဲကျော်စွာ နဲ့ ရာဇာဓိရာဇ် ဘက် က မွန် သူရဲကောင်းတွေ ရဲ့ တိုက်ပွဲတွေ ဟာ တခြိမ့်ခြိမ့် ဖြစ်နေ ကြတယ် ။ အဲဒီဖြစ်ရပ် ပေါင်း များစွာ ထဲ က နေ မင်းရဲကျော်စွာ နဲ့ လဂွန်းအိမ် တို့ အားစမ်းပွဲ အကြောင်း ကြည့်ရအောင် ။ 


မင်းရဲကျော်စွာ ဟာ မင်းပျိုမင်းလွင် ဖြစ်တယ် ။ စိတ် ထက်တယ် ။ ရဲစွမ်းသတ္တိ ရှိ သူ ဖြစ်တယ် ။ မွန် ဘက် မှာ လည်း ဥပါကောင်း ၊ လဂွန်းအိမ် တို့ လို သူရဲကောင်း တွေ ရှိတယ် ။ အားကိုးရတဲ့ ဗိုလ်မင်းဗြတ်စ ဟာ စစ် အတွင်း မှာ ကွယ်လွန်ခဲ့တယ် ။ 


ပြည်တိုက်ပွဲကြီး အတွင်း နှစ်ဖက် စစ်နား နေချိန် အသီးသီး အင်အား ဖြည့်တင်း အားယူ နေကြချိန် မှာ မင်းရဲကျော်စွာ အစီအစဉ် တစ်ခု လုပ်တယ် ၊ “ ငါတို့ တပ်တွေ အသင့် ပြင်ထား ။ ဘကြီးတော် ( ရာဇာဓိရာဇ် ) စစ်သည်တွေ နား နေတုန်း ပြန် တိုက်မယ် ။ မတိုက်ခင် လှေစီး ချင်း ကျီစယ် ကြမယ် ။ ငါတို့ စီးချင်း တိုက်နေစဉ် နှစ်ဖက်စစ်သည် တို့ ကြည့် နေစေမယ် ” လို့ မင်းရဲကျော်စွာ က ရဲမက် နတ်တော် ကို ရာဇာဓိရာဇ် ထံ အကြောင်း ကြား ဖို့ စေ လိုက်တယ် ။ 


ငနတ်တော် ရာဇာဓိရာဇ် ထံ မှောက် ရောက်လို့ အကြောင်းစုံ သိရတဲ့ အခါ ရာဇာဓိရာဇ် က သူ့ မှူးမတ်တွေ ကို ကြည့်တော် မူတယ် “ စီးချင်း ထိုး ဖို့ ဘယ်သူ ထွက် မလဲ ” ပေါ့ ။ မှူးမတ်တွေ အသံ တိတ် နေကြတယ် ။ အဲဒီအခါ လဂွန်းအိမ် ရှေ့ ထွက် လာတယ် ။ “ ယောက်ျား ဖြစ် က လှေ သော် တစ်စင်း ၊ မြင်း သော် တစ်စီး ၊ ခြေ သော် ကား တစ်ယောက် ချင်း ၊ ဇမ္ဗူဒိပ်ဝယ် ကျွန်ုပ် မရှောင် ” လို့ ရဲဝံ့စွာ တင်လျှောက်တယ် ။ 


အဲဒီ အကြောင်းတွေ ကို ငနတ်တော် မင်းရဲကျော်စွာ ထံ ပြန် လျှောက် တယ် ။ “ မွန်မင်း မှာ ဗိုလ်မင်းဗြတ်စ နဲ့ လဂွန်းအိမ် သာ သူရဲကောင်း ဖြစ် တယ် ။ ဗိုလ်မင်းဗြတ်စ သေလေပြီ ကြားတယ် ။ လဂွန်းအိမ် ကို ငါ ရရင် မွန်မင်း ငါ့ လက် က မလွတ်နိုင် ၊ လဂွန်းအိမ် ဟာ ယောက်ျားကောင်း ဖြစ်ပစေ ။ လှေစင်း ချင်း ကို သာ နိုင်မယ် ။ ငါ က လှေ ( ၄ ) စင်း အုံပြီး တိုက် ရင် သင်း ဘာမို့ ခံနိုင်မလဲ ။ စစ်တို့ ရဲ့ သဘော မှာ အနည်းအများ ကို မဆိုသာ နိုင် သည်သာ ကျေးဇူး ” လို့ မင်းရဲကျော်စွာ မိန့်တယ် ။ 


ဒါကြောင့် ( ၁ ) စုက္ကတေး ၊ ( ၂ ) မြင်စိုင်းစား ၊ ( ၃ ) ဥဇနာ ၊ ( ၄ ) စစ်တုရင်္ဂ တို့ သူရဲကောင်း  လေးယောက် ကို မင်းရဲကျော်စွာ ရွေးတယ် ၊ ဓားရေး ၊ လှံရေး ကျွမ်းသူ တွေ ဖြစ်တယ် ။ လှေလှော်သားတွေ က လည်း ရဲ မက်ကောင်း တွေ ဖြစ်တယ် ။ လှေ ပေါ် ကို တီးမှုတ်စရာ စည် ၊ နရည်း ၊ ခရာ တင် တီး စေပြီး ထွက်တယ် ။ 


မင်းရဲကျော်စွာ နဲ့ စုက္ကတေး က လှေ အံစရာကြီး ကို စီးတယ် ။ ကျန် သုံးစင်း ကို အနောက် ဘက် ကမ်းထောင့် က ကွယ်ပြီး နေ စေတယ် ။ 


မွန် တို့ ဘက် က လည်း စီစဉ်စရာ ရှိတာ စီစဉ်တယ် ။ ရာဇာဓိရာဇ် က ရဲလှေ ကို လဂွန်းအိမ် နဲ့ မရူသမိန်ဗြဲ ကို ပေးတဲ့ အခါ သမိန်အဝနိုင် က “ သည် အရေးသည် စစ်ကြီး မဟုတ် ၊ လူငယ်တို့ အရေး သာ မို့ သူတို့ ချင်း စမ်း ပါစေ ။ လဂွန်းအိမ် နိုင်လည်း မြန်မာတို့ ပျက်မယ် မဟုတ် ။ ရှံး ချေသော် သည် လှေအတု လုပ်လို့ ပြီးမှာ မဟုတ် ” လို့ လျှောက်တာ နဲ့ လဂွန်းအိမ် က ခပ် ပြတ်ပြတ် ဆိုလေတယ် ။ 


“ကျွန်ုပ် နိုင်သော် အင်းဝ တိုင်အောင် လိုက်တော်မူ ၊ ရှုံးရင် ပဲခူး ကို လမ်းဖြောင့် ရှာ ပြေးတော်မူ ၊ ရဲလှေ ကို စီးမယ့် သူ အရည်အသွေး ကျွန် မမြင် လို့ ” လျှောက်ပြီး စီးနေကျ ( ၂၂ ) လံ မိချောင်းရုပ်လှေ ကို စီးတယ် ။ 


ဒါနဲ့ စည်မောင်း တီးကာ နှစ်ဖက် ထွက် လာပြီး တိုက် ကြတယ် ။ မင်းရဲကျော်စွာ ရဲ့ လှေ က လဂွန်းအိမ် လှေ ထက် နှစ်တောင် ခန့် မြင့်တယ် ။ မင်းရဲကျော်စွာ က လှေချင်း နီး တာ နဲ့ သံကြိုး ပစ်ပြီး လှေချင်း တွဲမယ် လုပ်စဉ် ပဲ ။ ကမ်းထောင့် က ရဲလှေ သုံးစင်း ထွက် လာတယ် ။ ရဲလှေ လေးစင်း ဝန်းရံ တိုက် ကြတယ် ။ အင်းဝ မြင်းစစ်သည် ( ၂၀၀၀ ) ပြည်မြို့ ဘက် က လိုက် နေ ရတယ် ။ အရိပ်အခြည် ကြည့် တာပေါ့ ။ 


မွန် လှေစီး သူရဲကောင်းတွေ လည်း ရေ မှာ ကျ ကာ အထွေးထွေး ရှိလေ တယ် ။ ဒါပေမဲ့ လဂွန်းအိမ် က ရွပ်ရွပ်ချွံချွံ တိုက်နေဆဲ ပေါင်ခြံ ကို လှံ ချက် ထိ လေတယ်  ။ 


မင်းရဲကျော်စွာ လည်း “ မသေစေ နဲ့ ၊ မသေစေ နဲ့ ” ဟစ်အော်တာ ကြောင့် သူ့ လှေ ကို ဆွဲယူ ခဲ့ ကြတယ် ။ ဘုရင်မင်းခေါင် ကြားတဲ့ အခါ “ စစ် ကို လိုလားတဲ့ မင်းဧကရာဇ် သား ဟာ သူရဲကောင်း ကို အသေသတ် ရသလား ။ ရှင်အောင် ကုကြ ” လို့ မိန့်တယ် ။ မင်းရဲကျော်စွာ လည်း လဂွန်းအိမ် ထားရာ ဆီ လာပြီး “ ထမင်း စားမလား ” မေးတယ် ။ “ ကျွန်တော် သေခါ မှ အရှင် နှစ်ပါး ထမင်း မသွင်းပြီ ” လို့ ဆိုတယ် ။ “ ကွမ်း စားမလား ” မေးတဲ့အခါ “ ကွမ်းစားမယ် ။ ရေသောက်မယ် ” ဖြေတယ် ။ ဒါ့ကြောင့် လိုရာ ပေးရတယ် ။ “ ရွှေနန်းရှင့် သားတော်ရဲ့ ကွမ်း နဲ့ ရေ ကို သောက်စားမိ ပြီ ။ တစ်ပွဲ တစ်လမ်း မှ ကျေးဇူးတော် ကို မဆပ်ခဲ့ရ ။ တစ်ခု မှာ ခဲ့မည် ၊ သင့် ဘကြီးတော် ( ရာဇာဓိရာဇ် ) ကို လှေချင်း ၊ ဆင်ချင်း ၊ မြင်းတစ်စီးချင်း ရင် မဆိုင်ပါနဲ့ ။ ဝဲယာဆင် ( ၃၀ ) သား တို့ ဟာ ဆွေမျိုး ချည့် ဖြစ်တယ် ။ ကျုပ် တို့ အရှင် ဟာ ဘီလူးသဘက် ပမာ ရန်သူ ကို ရန်သူ မမှတ် ၊ တိုက်စွမ်းရည် ရှိလှ  တယ် ။ မယုံသော် အရေးကြုံလျှင် သိစိမ့်မည် ” လို့ လျှောက်တယ် ။ “ လဂွန်းအိမ် ဟာ သေကာနီး တောင် အဆိပ် မပျက်တဲ့ ‌မြွေ လိုပါပဲလား ” ဆိုကာ မင်းရဲကျော်စွာ ပြုံး လေတယ် ။ 


ညဉ့်သန်းခေါင် မှာ လဂွန်းအိမ်  ဆုံးတယ် ။ ဘုရင်မင်းခေါင် သိတဲ့ အခါ “ သူ့ အလောင်း ကို သူ့ သခင် ဆီ မျှောလိုက် ” လို့ မိန့်တာ နဲ့ ငှက်ပျောတုံးဖောင် ပေါ်တင် ပုဆိုးဖြူ အုပ် ။ ခေါင်းရင်းက ဆီမီး ထွန်းလျက် မျှော လိုက်လေတယ် ။ ရာဇာဓိရာဇ် သိလျှင် ဆယ်ယူ စေပြီး “ ဗိုလ်မင်းဗြတ်စ လည်း ငါ့ ကို စွန့်ပြီး ၊ ယခု ငါ့ ကို မင်း စွန့် သွားပြန်တယ် ။ အစွယ် နှစ်ချောင်း ကျွတ် တာနဲ့ တူ လှတယ် ။ နောင်သော် ငါ ကြံဖော် မရပြီ ” ဆိုပြီး ငို လေတယ် ။ နောက် တပ် ဆုပ်ဖို့ ချက်ချင်း စီစဉ်တယ် ။ 


မကြာခင် တပ်စောင့် မွန် တို့ သူတို့ တပ် မီးရှို့ သွားတာ မြင် လို့ မင်းရဲကျော်စွာ အလုံးအရင်း နဲ့ လိုက် တိုက်တယ် ။ တရုတ်မော် အရပ် မှာ အင်းဝ စစ်သည်တွေ ကို သမိန်အဝနိုင် ခံ တိုက်တယ် ။ အင်းဝ လှော်ကားလှေ လေးစင်း နစ်မြုပ်တယ် ။ မင်းရဲကျော်စွာ လည်း အံ့စရာကြီး လှေ ကို စီးပြီး တိုက် တယ် ။ မွန် ဘက် က ရဲလှေ လေးစင်း ၊ လှော်ကားလှေ ( ၁၀ ) စင်း နဲ့ လူ ( ၃၀၀၀ ) ကျော် သေလေတယ် ။ မြန်မာ ဘက် က လည်း ပြည်စားလက်ျာပျံချီ နဲ့ ရဲမက်တွေ ကျ လေတယ် ။ 


ရာဇာဓိရာဇ် လည်း အပြင်း စုန် သွားတယ် ။ မွန် စစ်ကဲ သံလိုက် ကို ခံစစ် တိုက်ဖို့ စေတယ် ။ အင်းဝတပ် လည်း ရွပ်ရွပ်ချွံချွံ တိုက်တယ် ။ မင်းရဲကျော်စွာ လည်း တရကြမ်း လိုက် တိုက် တာကြောင့် မွန်စစ်ကဲ လှေ ပေါက် တယ် ။ သံလိုက် လည်း လှေ ကို စွန့်ကာ ကြည်းကြောင်း တက်ပြီး ပြေး လေ တယ် ။ အားစမ်းပွဲ က နေ ဆက်တဲ့ စစ်ပွဲ လည်း ဖြစ်တယ် ။ 



❝ သမိန်ဗရမ်း နှင့် ကာမဏိ စီးချင်းထိုးပွဲ ❞


ကလေးတို့ ရေ  ... 


စစ် ဆိုတာ သူသေ ကိုယ်ရှင် ၊ ကိုယ်သေ သူရှင် တိုက်ရတဲ့ ပွဲပဲ ။ စစ် အတွင်း မှာ ရန်သူ ဘက် က ဖမ်း မိရင် သုံ့ပန်း ဖြစ်တယ် ။ ဆင်မြင်း လက်နက် သုံ့ပန်း နိုင်တဲ့ ဘက် က သိမ်းယူ တာပါပဲ ။ ရှုံး ရင် လည်း အားလုံးလိုလို ဆုံးရ တာ ဓမ္မတာ ပါပဲ ။ ကောင်းကျိုး ထက် ဆိုးကျိုး က ပို များ လေတယ် ။ 


မွန် - မြန်မာ တိုက်ပွဲတွေ ဟာ များလှတယ် ။ မင်းရဲကျော်စွာ ဟာ ဒလ တိုက်ပွဲ ပြီးတဲ့ နောက် ပဲခူး ထိ စစ် ချီတယ် ။ ရာဇာဓိရာဇ် က ဘုရင်မင်းခေါင် မှာ တိုက်ရည်ခိုက်ရည် ရှိတဲ့ မင်းရဲကျော်စွာ လို သား ရှိတယ် ။ ငါ့ သား သုံး ယောက်လုံး က တော့ အသုံးမကျဘူး ဆို အပြစ် တင်တော် မူတယ် ။ 


မင်းရဲကျော်စွာ ဒေလနင်ရွာ တိုက်ပွဲ မှာ အရေး နိမ့်တယ် ။ သန်လျင် မှာ လည်း မြန်မာတပ် ကို မွန်တပ်တွေ ဝင် တိုက်တယ် ။ မင်းရဲကျော်စွာ နိုင်တာ များတယ် ။ မွန်ဘက် က စစ်ကူတောင်း လို့ သေဝီစော်ဘွား က အင်းဝ နား အစွန်ရွာဖျား တွေ ကို ဝင် တိုက်ကြောင်း စေလာတာ နဲ့ မြန်မာတပ်တွေ အင်းဝ ပြန်ကြတယ် ။ 


သက္ကရာဇ် ( ၇၇၅ ) ခုနှစ် မှာ မြေဒူးမြို့ ကို မော်တုံ မော်ကယ်စား ရှမ်း တို့ ထိပါး လာ ကြတယ် ။ မင်းရဲကျော်စွာ အလုံးအရင်း နဲ့ တိုက်လို့ မော်တုံ မော်ကယ်စား တပ်ပျက် ပြီး တရုတ်ပြည် သို့ ပြေးဝင် လေတယ် ။ မင်းရဲကျော်စွာ လည်း မွန်ဒေသ ကို စစ်ချီ ပြန်တယ် ။ ပန်းကျော် တိုက်ပွဲ မှာ မွန်သူရဲကောင်း သမိန်ဗရမ်း ကို လက်ရ ဖမ်း မိလို့ အင်းဝ ပြန် ပို့စေ ပြီး ချုပ်နှောင် ထား စေတယ် ။ အဲဒီနောက် ပုသိမ် ၊ မြောင်းမြ ကို ချီတယ် ။ ရာဇာဓိရာဇ် က လည်း မုတ္တမ ကို ချီ လေတယ် ။ 


အဲဒီ အခြေအနေ မှာ အင်းဝ မှာ အရေးအရာ ပေါ်တာပါပဲ ။ 


တရုတ်ပြည် ဥတည်ဘွား ဆီ ပြေး ဝင်တဲ့ မော်တုံ မော်ကယ်စား ဟာ ဥတည်ဘွား ကို ကျိုးကြောင်း လျှောက်ပြီး ဘုရင်မင်းခေါင် ထံ က သူတို့ သား မယား ကို ပြန် တောင်း ပေးဖို့ ပန်ကြားလေတယ် ။ ဒါကြောင့် ဥတည်ဘွား က အဝေးအနီး စော်ဘွားတွေ ကို ဆင့်ခေါ်ပြီး အင်းဝဘုရင် ထံ တပ်တွေ နဲ့ လွှတ် လိုက်တယ် ။ ဆင်မြင်းခြေသည် အလုံးအရင်း လည်း များ လှတယ် ။ အင်းဝ ဒေသ အဝန်းအဝိုင်း ထဲ ရောက်တဲ့ အခါ ယောဝက သည် တပ်ကြီး နောက် ကြေးမြင်တိုင် ၊ တောင်ပလူ ၊ လုံးတော်ပေါက် တိုင်အောင် တပ်ကြီး ချထား တယ် ။


အဲဒီအချိန် ဘုရင်မင်းခေါင် လည်း ပဲခူး မှာ မင်းရဲကျော်စွာ နဲ့ အမှူး အမတ်စစ်သည်တွေ ကွဲနေတယ် ကြား တာကြောင့် မြို့ပြကျုံးမြောင်း ကို အခိုင်အခံ့ ပြင်ဆင်ထား လေတယ် ။ တရုတ်တပ်တွေ အင်းဝကို ဝိုင်းထား တာလည်း တစ်လ ရှိပြီ ။ မျိုးရိက္ခာ လည်း ပြတ်လာပြီ ။ ဒါကြောင့် ဘုရင်မင်း ခေါင် ထံ ရာဇသံ စေလေတယ် ။ 


“ မော်တုံမော်ကယ်စား သားမယား ကို လည်း မပေး ။ တို့ကို လည်း ထွက် မတိုက် ။ ဒီလိုဆိုရင် သုံးနှစ် လောက် တို့ဝိုင်းထားမယ် ။ ထွက်ပြီး အရေး မဆိုရင် တို့ က မြင်း တစ်စီး ၊ ဘုရင် က မြင်း တစ်စီး ၊ စစ်သူရဲ တစ်ယောက် ချင်း ထွက်လာစေ ။ တို့ ရှုံးလျှင် ပြန်မယ် ။ သင်တို့ ရှုံးလျှင် မော်တုံမော်ကယ် စား သားမယား ကို ပြန်ပေးပါ ” လို့ စေလာတယ် ။ 


တရုတ်တို့ စကား ကို ဘုရင်မင်းခေါင် ကြားတဲ့ အခါ အကျပ်ရိုက် တော့ တယ် ။ မြင်းစီး သူရဲကောင်းတွေ ဟာ သားတော် မင်းရဲကျော်စွာ နဲ့ အတူ မွန်ဒေသ ရောက် နေလေတယ် ။ ကျန် မှူးမတ်တွေ မေးသော်လည်း တစ်ဦး မှ မထွက်ဝံ့ ဖြစ်လေတယ် ။ ထိုအခါ ပေါင်းတည်စား က တင်လျှောက်လေ တယ် ။ 


“ အရှင်မင်းကြီး ... ၊ ရာဇာဓိရာဇ်ရဲ့ သမက် သမိန်ဗရမ်း ဟာ လက်ဖျံ တစ်ချောင်းတည်း လို့ သိရပါတယ် ။ ထို သူ ကို အရှင့်သား ရတော် မူလို့ သံချေ ချင်း ခတ်နှောင် အိမ်သွင်း ထားပါတယ် ။ သူ့ ကို မေးလျှင် သင့်ပါမယ် ” လို့ လျှောက်တယ် ။ ဒါကြောင့် သမိန်ဗရမ်း ကို မေးရ လေတယ် ။ သမိန်ဗရမ်း လည်း “ ကျွန်ုပ်ကို သံခြေချင်း နဲ့ ထားထားလို့ ကျဉ်းမြောင်း လှတယ် ။ သူရဲကောင်းချင်း ၊ ဓားတစ်စင်း ချင်း ၊ လွှားတစ်ချပ်ချင်း ၊ ဆင်စီးချင်း ၊ မြင်းစီးချင်း တစ်ယောက်ချင်း တွေ့လျှင် ဇမ္ဗူဒိပ်မြေပြင် မှာ ကျွန်ုပ် ကို ယှဉ်နိုင်သူ မမြင် ” လို့ လျှောက်တာကြောင့် သံခြေချင်း ကို ချွတ်ပေးကာ ခေါင်း ဆေး စေပြီး စားဖွယ်များ ကျွေးမွေး လေတယ် ။ “ တရုတ်စစ်သူရဲ ကို နိုင်ရင် မွန်မင်း ပေး သည် ထက် ပိုပြီး သူကောင်း ပြုမယ် ” လို့ အင်းဝဘုရင် မိန့် တာကြောင့် သမိန်ဗရမ်း လည်း ဦးခိုက် ကာ အာမခံလေတယ် ။ 


တရုတ်သူရဲ ကာမဏိ လည်း ဆင်စီးချင်း ၊ မြင်းစီးချင်း ၊ ယောက်ျား ချင်း တူလျှင် ပြိုင်ဖက် မရှိ ဆိုကာ မြင်းနီကြီး ကို ရွှေက တင်ကာ စီး လေတယ် ။ ကာမဏိ က သံချပ်ကာ ဝတ်ပြီး မျက်နှာမည်းဓား ကို ပတ္တမြားအပြည့် စီ ကာ စွဲပြီး ရွှေလှံအောင်း ( ၇ ) ဆင့် နဲ့ ကိုင်လေတယ် ။ တရုတ်တို့ က နတ်စစ်သည် လို့ မှတ်လေ သတဲ့ ။ 


ဘုရင်မင်းခေါင် လည်း သမိန်ဗရမ်း ကို အင်းဝ မှာ ရှိသမျှ မြင်းတွေ ကို ပြ လေတယ် ။ တစ်စီးမျှ မကြိုက် ။ နောက်မှ ကျုံးနားမှာ စား နေတဲ့ မြင်းနီ မန်ကျည်းစေ့ရောင် တစ်စီး ကို မြင်မှ ကြိုက်ပြီး အလေ့အထ သိအောင် ( ၇ ) ရက် စီး လေတယ် ။ ( ၇ ) ရက် စေ့ တာ နဲ့ ယောက်ျားကောင်း ချင်း တွေ့မယ် လို့ တရုတ် တို့ ဆိုတယ် ။ ကာမဏိ လည်း သောက်စားကြုံးဝါး နေ သတဲ့ ။ 


ချိန်းရက်နေ့ ရောက်လျှင် ဘုရင်မင်းခေါင် က “ သူ ရဲ့ အမှူးအမတ် တို့တွင် တံခိုးသတင်း ရဲရင့်ပေတယ် လို့ အကြား နဲ့ ညီပေတယ် ” လို့ သမိန်ဗရမ်း ကို ချီးကျူးပြီး လက်သုံးတော် ပတ္တမြားကျောက်စီဓား ကို ပေးတော် မူတယ် ။ “ ငါ့ သား ၊ သည်တစ်ခါ မြဲမြံအောင် နှလုံးပြုပါ ” လို့ မှာလေတယ် ။ သမိန်ဗရမ်း လည်း “ ချိတ်စရာချွန်း နှင့် ထည့်စရာ  ခြင်း တစ်လုံး ၊ ကာမဏိ ဦးခေါင်း ဖြတ်ကာ ထည့်ဖို့ ပေးပါ ” လို့ တောင်း လေတယ် ။ “ ယုန် မရခင် သံပုရာ ရှာပေ တယ် ” လို့ မြန်မာ တို့ ဆိုကြတယ် ။ 


သမိန်ဗရမ်း လည်း ဘုရင်မင်းခေါင် ကို ဦးခိုက် ပြီး မြင်း စီး ကာ ကွင်း ပြင် သို့ ထွက်လေတယ် ။ တရုတ်ဘာသာ တတ်သူ တို့ က ဝန်းရံ လိုက်ရတယ် ။ မြို့ဘက် က လည်း ရဟန်းရှင်လူ အပြည့် ထွက် ကြည့် နေ ကြလေတယ် ။ 


သမိန်ဗရမ်း လည်း မြင်းနီ မန်ကျည်းစေ့ ကို စီး ပြီး ရှေ့ တံခါး က ထွက် တာ မြင်လျှင် တရုတ်ကာမဏိ လည်း မြင်းနီကြီး စီး ကာ သူ့ တပ် က ထွက်လာ လေတယ် ။ ရှေ့တံခါး ပြင် ကျုံးနား တိုင်အောင် လာ ကာ စကား ဆိုကြလေတယ် ။ 


“ ငါတို့ နှစ်ယောက် အမှူးအမတ်ကောင်း ဖြစ်ကြတယ် ။ ခြေကာ လက်ကာ စနောင့်စနင်း မပြုနဲ့ ၊ အများ ကြည့်ကြပါစေ ” လို့ ကာမဏိ ဆိုတဲ့ အခါ သမိန်ဗရမ်း လည်း ကိုယ် ကို ချုံ့ ပြီး မြင်း အရင် စီး လေတယ် ။ ကာမဏိ လည်း တုပြီး စီးပြန်တယ် ။ သမိန်ဗရမ်း လည်း လက် နှစ်ဖက် ဆန့် စီးတယ် ။ ကာမဏိ လည်း ဆန့်စီး ပြန်တယ် ။ သို့ စီးရာမှာ ချပ်တစ်ဖက် ကြိုး ပြတ်နေတာ ကို သမိန်ဗရမ်း မြင်လေတယ် ။ “ ငါတို့ နှစ်ယောက် မြင်းရေး စီးကြတာ သုံး ကြိမ် စေ့ပြီ ယခု တိုက်ကြစို့ ” ။ သမိန်ဗရမ်း ဆိုပြီး လှံ ကို နောက် ထားကာ လက် တစ်ဖက် ဆန့်ပြီး စီးတယ် ။ ကာမဏိ လည်း လက် ကို ဆန့်ပြီး လိုက် တယ် ။ သမိန်ဗရမ်း လည်း ကာမဏိ အနား ရောက်တာ နဲ့ မြင်း ကို ချက်ချင်း လှည့် လက်ယာ ပတ်စေတယ် ။ ကာမဏိ လည်း ဓား ကို မြှောက် ကာ ခုတ်မယ် မိုး ရာမှာ ဆန့် တဲ့ လက် အောက် ချပ်ကြိုး ပြတ်ပြီး နံစပ် အသား လက် လေးသစ် မျှ လပ် သတဲ့ ။ သမိန်ဗရမ်း လည်း သူ့ လက်အမြှောက် ရုတ်တရက် လှံ နဲ့ ထိုး လိုက်ရာ လက်ဝဲ ကနေ လကျ်ာ ထိ ပေါက်တယ် ။ ကာမဏိ မြင်း ပေါ် က ကျ တာနဲ့ သမိန်ဗရမ်း က ချွန်း နဲ့  ခေါင်း ဖြတ်ပြီး ခြင်းတောင်း ထဲ ထည့်ကာ မြို့ တွင်း ဝင် လေတယ် ။ 


တရုတ်တို့ လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကာ “ ဒါ လူ မဟုတ် ၊ နတ် ဖြစ် မယ် ” လို့ ဆိုကြ သတဲ့ ။ ဘုရင်မင်းခေါင် လည်း အားရလှတာ ကြောင့် ဆုလာဘ် များစွာ ပေးပြီး တလုတ်မြို့စား ရာဇသူ ရဲ့ သမီးငယ် နဲ့ စုံဖက်ကာ မင်းညီမင်းသား တို့ အဆောင်အယောင် နဲ့ လယ်ကိုင်းမြို့ကို စား စေတယ် ။ ပြည်သူတို့ က လည်း ကောင်းချီး ပေး ကြတယ် ။ တရုတ်တပ် လည်း သူတို့ ကတိ အတိုင်း တပ်ပြန် ရုပ်ကာ ပြန်ကြလေတယ် ။ 



❝ အဲမွန်ဒရာ ၏ လှည့်ဖြားဉာဏ် ❞


ကလေးတို့ ရေ ...


မင်းရဲကျော်စွာ ဟာ တိုက်ပွဲ တွေ မှာ အောင်နိုင်တာ ကြောင့် သူ့ ခမည်း တော် ဘုရင်မင်းခေါင် ဆီ စာ ရေးလိုက် သတဲ့ ။ ရာဇာဓိရာဇ် မုတ္တမ ကို ပြေး တာ သူ့ ကို ကြောက်လို့ ဖြစ်တယ် တဲ့ ။ သားတော် ရဲ့စာ ကို ဖတ်ရတဲ့ အခါ ဘုရင်မင်းခေါင် ရယ်တော် မူတယ် ။ “ ရာဇာဓိရာဇ် ကို အထင် မသေးနဲ့ ။ မင်း ကို မင်း ချင်း ၊ ဆင် ကို ဆင် ချင်း ၊ မြင်း ကို မြင်း ချင်း ၊ လှေ ကို လှေ ချင်း သူ လုပ်ရည်ကိုင်ရည် စွမ်းလှတယ် ။ ဇာတာ မသန့် လို့သာ မုတ္တမ ချီတာ ဖြစ်မယ် ။ သတိ မပေါ့လေနဲ့ ၊ မင်း ညီတော် သီဟသူ နဲ့ သတိုး တို့ ကို တောင်ငူကြောင်း ချီလာစေမယ် ” လို့ ခြေမြန် နဲ့ မှာ လိုက်တယ် ။ 


ပဲခူး မှာ လည်း စစ်ဘေး ကြောင့် ငတ်မွတ် နေပြီး ဒလ တွင် လည်း ဟင်းရွက် မျှ မစားရ ။ ရာဇာဓိရာဇ် လည်း တပို့တွဲလ ကျ မှ ပဲခူး ကို ပြန် ရောက် လေတယ် ။ ဗေဒင်တတ် ဟူးရား လေးဦး ကို မေးရာ တန်ခူးလဆန်း ၊ ဗုဒ္ဓဟူး နေ့ တိုက် မင်းရဲကျော်စွာ ကို နိုင်မယ် လို့ တစ်ညီ တည်း ဆိုကြတယ် ။ မင်းရဲကျော်စွာ ထွက်လာ မှ ဖြစ်မယ် ။ မထွက်လာရင် အရေး နိမ့်ဖို့ ရှိမယ် လို့ ဆို စကား အမတ်ဒိန် ကြား တဲ့ အခါ ကျွန်ုပ် စွမ်းဆောင်နိုင်တယ် လို့ လျှောက်တယ် ။ မင်းရဲကျော်စွာ ထွက် တိုက်အောင် စစ်မြှူ မယ်ပေါ့ ။ 


“ ယခု ဒလ ကို ငါ ချီမယ့် အကြောင်း ၊ မြို့တွင်း ဘသူ သွား ဆိုမလဲ ” မေးတဲ့ အခါ အဲမွန်ဒရာ က သူ သွားမယ် ဆိုလေတယ် ။ “ အပြင် မှာ ဝိုင်းထား တာ နင် ဘယ်လို ဆိုမလဲ ” မေးတဲ့ အခါ မုတ္တမ က နေ မွန်ဘုရင် ပဲခူး ပြန် ရောက်ပြီ ။ ဒလ မှာ သမိန်အဝနိုင် တို့ လည်း ရံလို့ သာ နေသည် ။ ဘာမျှ မတတ် နိုင် ။ အမတ်ဒိန် လည်း သေနာပတိ ဆိုသည် မည်ကာ မတ္တ ။ မွန်မင်း လည်း ကျွန်ုပ် ကို မယုံကြည် ၍ အရှင့်ထံ ခစားပါသည် ” လို့ လှည့်စား ဆိုမယ် ” လို့ တင်တဲ့ အခါ “ မင်း အကြံ ကောင်းတယ် ” ဆို ကာ ဆုပေးပြီး လွှတ်လေ တယ် ။ ဒလမြို့ပြင် က မင်းရဲကျော်စွာ တပ် ဝိုင်းထား တာ ကြောင့် မြို့တွင်း ဝင် နိုင်ရန် အယုံ သွင်း ရပေမယ် ။ အဲမွန်ဒရာ လည်း ကျွန် လေးယောက် နဲ့ အတူ ဒလ သို့ သွားတယ် ။ မြန်မာတို့ လည်း ကြည်းကြောင်း ၊ ရေကြောင်း အထပ် ထပ် ပင် ရှိလေတယ် ။ အဲမွန်ဒရာ လည်း ဒလ ရောက်တဲ့ အခါ ဒလ မြစ်ဆိပ် မှာ ပန်းပဲထောင်မှူး နဲ့ မြို့တောင်စား အနီး မှာ ရပ်နေ လေတယ် ။ မြို့တောင် စား မြင်တဲ့အခါ “ ဘယ်သူလေလဲ ” လို့ မေးတယ် ။ 


အဲမွန်ဒရာ လည်း “ ငါ့ သခင် ကို ငါ ဝမ်းနည်းတာကြောင့် အရှင့်သား ထံ မှာ ကျွန်ခံမယ် လာတယ် ” လို့ ဖြေတယ် ။ မြို့တောင်စား လည်း သေချာ အောင် ထပ် မေးပြီး ပုဆိုး ၊ အင်္ကျီ ၊ ဖောင်းထုပ် ပေးကာ မင်းရဲကျော်စွာ ထံ ဆက် လေတယ် ။ အဲမွန်ဒရာ လည်း မြို့တောင်စား ကို ဆိုခဲ့တဲ့ အတိုင်း လျှောက် လေတယ် ။ ရာဇသင်္ကြန် ကြားတဲ့ အခါ “ အဲမွန်ဒရာ ဟာ ဘကြီးတော် ( ရာဇာဓိရာဇ် ) ထံ မှာ အမှုထမ်း သူရဲကောင်း ဖြစ်တယ် ။ လျှောက်တဲ့ အတိုင်း မှန် ရင် ပဲခူး ကို ရတဲ့အခါ သူ ကြိုက်တဲ့ မြို့ ကို စားပါစေ ” လို့ လျှောက်လေတယ် ။ 


အဲမွန်ဒရာ လည်း “ ကျွန်ုပ် အရှင့်ခြေရင်း ရောက်လာပြီ ၊ ဇာတ်တူ မွန်တို့ ကို ခုတ်မှ ယုံတော်မူမည် သိပါသည် ။ ” လျှောက်တာကြောင့် မင်းရဲကျော်စွာ ဆုလာဘ် ပေးတော် မူတယ် ။ မိုး လင်း တဲ့အခါ တံခါး ၊ ကျုံးပြင် တွင် မွန်တို့ ထွက် နေတာ ကို မြန်မာတို့ မြင်တဲ့ အခါ ဝင် ခုတ် လေတယ် ။ မြန်မာ တို့နှင့် အတူ အဲမွန်ဒရာ ရဲ့လူ လိုက် လာပြီး မွန် နှစ်ယောက် ကို ခုတ် မိလျှင် တွဲကာ မြို့တွင်း ဝင် လေတယ် ။ 


တစ်နေ့မှာ တော့ အဲမွန်ဒရာ ကို ဆင် ဦးစီး စေပြီး စလင်းမင်း က ကုန်းလယ် မှာ စီးကာ တပ် ကနေ မြို့ကျုံး နား လှည့် လာတာ ကို မြို့ ထဲ က မွန်တို့ ထွက် တိုက် လေတယ် ။ စလင်းမင်း မှာ ပါတဲ့ မွန်မြန်မာ အားလုံး ပြေးလေ တယ် ။ အဲမွန်ဒရာ မြင်တဲ့ အခါ “ ငါ ဆင်း ခုတ်မယ် ” ဆိုကာ ဆင် က ဆင်း ပြီး မွန်တို့ ကို လိုက် ခုတ်ဟန် ပြုတယ် ။ မခုတ်ဘဲ ဓား ကို ပစ်ချ ခဲ့ပြီး မြို့တွင်း ဝင် ပြေး ရတယ် ။ 


စလင်းမင်း လည်း အဲမွန်ဒရာ ဒလမြို့ တွင်း ပြေး ဝင်ပုံ လျှောက်တဲ့ အခါ မင်းရဲကျော်စွာ စိတ် မသက်မသာ ရှိလေတယ် ။ ဒါကြောင့် မင်းရဲကျော်စွာ က မြို့တွင်း မှာ ရှိတဲ့ မွန်ဘုရင် သားတော် စစ်ကဲ ဗညားဒလ ကို ဟစ် အော် ပြောလေတယ် ။ “ အဲမွန်ဒရာ ငါတို့ ကို လှည့်ဖြား ကာ မလေးမစား ပြုတယ် ။ အဲမွန်ဒရာ ဒလ က ထွက်ပြီး ဘကြီးတော် ( ရာဇာဓိရာဇ် ) ထံ ပြန် နိုင်ရင် ငါ က ဆုလာဘ် များစွာ ပေးမယ် ” လို့ ဟစ်ကာ ဆို လေတယ် ။ 


ဗညားဒလ လည်း အဲမွန်ဒရာ ကို ပြောကြားတဲ့ အခါ အဲမွန်ဒရာ က မြို့တွင်း က နေ ပြန်ဟစ်ပြန်တယ် ။ “ အရှင့် သားတော် စောင့်ကြည့် နေ ပါ ၊ အဲမွန်ဒရာ နက်ဖြန် ပဲခူး ကို ပြန် ဖြစ်အောင် ပြန်မယ် ” လို့ ပြန် ဟစ်လေ တယ် ။ 


မြန်မာ ဘက် က လည်း ပြန် ဟစ်တယ် ။ “ အဲမွန်ဒရာ နင့် အတောင် ရှိ လို့ ပျံ မှာလား ။ နဂါး လို မြေ လျှိုး မလား ။ နင် လှည့်စား လို့ သာ မြို့တွင်း ဝင် ရတယ် မှတ် ” လို့ ပြန် အော် ပြောတယ် ။ အဲမွန်ဒရာ လည်း “ ငါ ထွက်မယ် ၊ နင် တို့ စောင့် ဖြစ်အောင် စောင့် ကြ ” လို့ ဆိုတာကြောင့် မြန်မာတပ် တွေ လည်း ကြည်းကြောင်း ၊ ရေကြောင်း အထပ်ထပ် စောင့်ကြည့် လေတယ် ။ 


အဲမွန်ဒရာ လည်း ရာဇာဓိရာဇ် ပေး လိုက်တဲ့ ရွှေ ငါးပိသာ ကို သားတော် ဗညားဒလ ထံ ဆက်ပြီး အမှူးအမတ် မြို့သား တို့ ကို ဝေ စေတယ် ။ မိုး မလင်းခင် ငှက်ပျောတုံး ဖောင် လုပ် စေပြီး လက်စွဲတော်ဓား ကို ငှက်ပျော တုံး ထဲ ဝှက် ကာ အဲမွန်ဒရာ ကို လူသေကောင် ဟန် ပြုပြီး နနွင်းပါး နား လိမ်း စေတယ် ။ ပြီး သပေါ့ဖျာစုတ် နဲ့ ပတ်ကာ မိန်းမ ၄ - ၅ ယောက် ကို ဆံပင် ဖားလျား ချကာ ရင်ဘတ် စည်တီး ငို စေတယ် ။ “ သူများ လင် မှာ သားမယား နဲ့ မကောင်းအတူ သည် စစ်ကြီး အတွင်း မှာ ငတ်မွတ် ခံ ရတယ် ။ မင်း က တော့ ငါတို့ ကို ပစ် သွားပြီ ။ ငတ်မွတ်ဘေး ကို ငါတို့ သားမယားတွေ ဘယ်လို တတ်နိုင်ပါ့မလဲ ” လို့ ဖက်ပြီး ငို‌စေ တယ် ။ အဲလို ငိုကြတာ ကို ရှမ်းသေတံခါး အနီး အပါး မှာ ရှိကြတဲ့ မြန်မာရဲမက် တွေ လည်း ကြည့်နေ ကြတယ် ။ အဲမွန်ဒရာ မသာ ကို ဖျာ ပတ်ပြီး ငှက်ပျောဖောင် ပေါ် တင် လေတယ် ။ မြေပန်းကန် နဲ့ ဆန် တစ်ခွက် ၊ ကြက်ငယ် တစ်ကောင် ခေါင်းရင်း မှာ ထားကာ မီးခွက် ထွန်း ပြီး ဖောင် ကို ချောင်းလယ် ဆီ တွန်းမျှော လိုက်တယ် ။ မိန်းမများ က လည်း “ ငါတို့ ကို မင်း ပစ်သွား ပြီလား ” ဆိုကာ ဟစ်အော် ငိုကြတယ် ။ 


ဖောင် မျောလို့ မြန်မာတို့ လှေတပ် နား ရောက်တဲ့ အခါ “ လူသေကောင် ပါလား ” ဆို ကာ ဝါး နဲ့ တွန်းထုတ် ကြတယ် ။ ရေ တက် လည်း ပြင်းတာ ကြောင့် ဖောင်မျော လေတယ် ။ တပေါ့တ‌ငေါက် ဆိုတဲ့ အရပ် ရောက်တဲ့ အခါ မြန်မာတို့ လှေတပ် ကို လွန်လာပြီ ဖြစ်လို့ ငှက်ပျောတုံးက ဓား ကို ဆွဲထုတ် ကာ အဲမွန်ဒရာ ပဲခူး သို့ တက်ခဲ့ သတဲ့ ။ 


နေ အတော် မြင့်လာတဲ့ အခါ မြန်မာရဲမက်တွေ က “ အဲမွန်ဒရာ ... ၊ ထွက်မယ် ဆို ထွက်ခဲ့ပါတော့လား ။ ဘာ့ကြောင့် ထွက် မလာသလဲ ” လို့ ဟစ်အော်ကြတယ် ။ မြို့တွင်း က လည်း “ အဲမွန်ဒရာ မနက် က ပဲ ပဲခူး ကို တက်သွားပြီ ” ဆိုကာ ၊ ပြန် ဟစ်ကြတယ် ။ မြန်မာတို့ လည်း မယုံတာ ကြောင့် ဟက်ဟက်ပက်ပက် ရယ် ကြလေတယ် ။ 


မိုး ချုပ် တဲ့ အခါ မင်းရဲကျော်စွာ က ဘုရင့်သားတော် ဗညားဒလ နဲ့ သမိန်အဝနိုင် တို့ ဆီ လူစေ လိုက်တယ် ။ “ အဲမွန်ဒရာ ပဲခူး တက်မယ်လို့ ငါ တို့ မိုးချုပ်ထိ စောင့် တယ် ။ ဘာ့ကြောင့် မတက်သလဲ ” လို့ မေး လေတယ် ။ 


ဗညားဒလ က “ နောင်တော် မင်းရဲကျော်စွာ မသိ သလော ၊ မနက် ကပင် အဲမွန်ဒရာ ပဲခူး သို့တက်လေပြီ ” လို့ တင်လျှောက် လိုက်တယ် ။ မင်းရဲကျော်စွာလည်း မယုံတာကြောင့် ရာဇာဓိရာဇ် ကို ဆက်ရန် မြင်းကောင်း တစ်စီး ၊ ပတ္တမြား လက်ကောက် တစ်ရံ ဆက်လိုက်သည့် ပြင် “ အဲမွန်ဒရာ ရောက် မရောက် ကြည့်ခဲ့ ၊ တွေ့ရင် မြင်းရွှေက နဲ့ တကွ ကတ္တီပါဝတ်လုံ ကို ဆု အဖြစ် ပေးခဲ့ ” လို့ မှာကာ လက်ျာထောင်မှူး ကို စာ နဲ့ ပဲခူး ကို လွှတ်လိုက် လေတယ် ။ ရောက် လျှင် ရာဇာဓိရာဇ် ကို မင်းရဲကျော်စွာ ရဲ့ လက်ဆောင် နဲ့ စာ ကို ဆက်လေတယ် ။ ရာဇာဓိရာဇ် က “ ငါ့ တူတော် ပဲခူး ကို မတက်လာ နဲ့  ၊ ငါ့ ကို ခံနိုင်အောင် သာ အသင့် ပြင်ထား ၊ ငါ ဆင်း လာခဲ့မယ် ” လို့ မိန့် တယ် ။ လက်ျာထောင်မှူး က အဲမွန်ဒရာ ပဲခူး ကို တကယ် ရောက် ၊ မရောက် သိလိုပါကြောင်း လျှောက်တဲ့ အခါ မင်းကြီး က အဲမွန်ဒရာ ကို ခေါ်ပြလေ တယ် ။ 


လက်ျာထောင်မှူး လည်း အံ့ဩ ကာ မင်းရဲကျော်စွာ ပေး လိုက်တဲ့ လက်ဆောင်များ ကို ဆက်လေတယ် ။ လက်ျာ‌ထောင်မှူး ကို လည်း ရာဇာဓိရာဇ် က ပုဆိုးကောင်း နဲ့ ရွှေဖလား ပေးတော်မူ လို့ ဒလ ကို ပြန်ခဲ့လေတယ် ။ 



❝ ဆင်လိမ္မာ ဗကမတ် ❞


ကလေးတို့ ရေ ...


မွန် မြန်မာ စစ်ပွဲ ဟာ သမိုင်း မှာ ထင်ရှားလှတယ် ။ အနှစ် ( ၄၀ ) လုံးလုံး သူ တစ်ပြန် ကိုယ် တစ်ပြန် တိုက်နေကြတာ မပြီးနိုင်တော့ဘူး ။ စစ် ဖြစ်နေ တော့ ပြည်သူတွေ ဟာ လယ်ယာ ကို လည်း မထွန်ယက်နိုင် ။ ရောင်းဝယ် ဖောက်ကားမှုလည်း မလုပ်နိုင်ဘဲ ဘေးလွတ်ရာ စစ်ရှောင် နေရတာ နဲ့ ပင်ပန်း ဆင်းရဲ လှတယ် ။ 


ရာဇာဓိရာဇ် ပဲခူး ပြန် ရောက်ပြီ ကြားတာ နဲ့ ဘုရင်မင်းခေါင် ဟာ သားတော် သီဟသူ ၊ သတိုး ၊ တုရင်ကျော် တို့ ဦးစီးတဲ့ တပ် သုံးတပ် ကို ဆင်မြင်း ရဲမက် အင်အား အလုံးအရင်း နဲ့ စစ်ချီ စေပြီး စရပ်မြို့ ကို တိုက်စေ တယ် ။ 


ရာဇာဓိရာဇ် လည်း မင်းရဲကျော်စွာ တပ် ဝိုင်း ထားရာ ဒလ ကို အလုံး အရင်း နဲ့ စစ်ချီ ပြန်တယ် ။ သားတော် ဗညားဓမ္မ ၊ ဗညားရံ တို့ လည်း ပါတယ် ။ ရာဇာဓိရာဇ် ချီလာပြီ ကြားတဲ့ အခါ မင်းရဲကျော်စွာ ဟာ မှူးမတ်တွေ နဲ့ တိုင် ပင်ပြီး စစ်ညပ် မှာ စိုးတာ နဲ့ ဒလ ကို ဝိုင်းရံ ထား တဲ့ တပ် ကို ဖြုတ်ကာ ရေတပ် ကြည်းတပ် စုရုံးပြီး “ ဧပဲသကံ ” ဆိုတဲ့ အရပ် ကို ဆုတ်ပြီး တပ်ခိုင်တပ်လုံ ပြုနေ သတဲ့ ။ 


ရာဇာဓိရာဇ် လည်း “ ကျတ်တလည် ” အရပ် မှာ တပ်ချ ပြီး ဆင်ပေါက် စီး ကာ ရဲမက် ( ၁၀၀၀ ) လောက် နဲ့ မြို့တွင်း ဝင်တယ် ။ မြို့တွင်း တပ်တွေ လည်း ပို အားရှိ သွားတာပေါ့ ။ မင်းရဲကျော်စွာ ကို ထွက်လာ အောင် စစ်မြှူ မယ် တိုင်ပင်ကြတယ် ။ ကွမ်းရေကိုင် သွယ်လကွန်းဆန် ကို ရဲမက် ( ၃၀၀၀ ) လောက် နဲ့ စစ်မြှူ စေတယ် ။ “ မင်းရဲကျော်စွာ ထွက် တိုက်ရင် ခံ မတိုက်နဲ့ ၊ လိုက်လာအောင် စစ်မြူခဲ့ ” ဆိုပြီး သေချာကျန မှာ လိုက်တယ် ။ 


မင်းရဲကျော်စွာ လည်း ကလေးမြို့စား ကို ဦးစီး စေပြီး မြင်းစစ်သည် ( ၁၀၀၀ ) လောက် နဲ့ ထွက် တိုက် စေတယ် ။ သွယ်လကွန်းဆန် လည်း မြင်းတပ် ထွက် လာတာ မြင် လို့ ပြန် ဆုတ်တယ် ။ မြင်းတပ် လိုက်လာတော့ ပြန် တိုက် ခိုက်တယ် ။ သူ့ ဆင် အထိ နာ လှတယ် ။ လှံချက် ( ၁ဝဝ ) လောက် ထိတယ် ။ မွန်စစ်ကဲ ဟာ ဒေါသ ဖြစ်ပြီး ပြန် မဆုတ်ဖြစ်ဘူး ။ ဒါ့ကြောင့် ဒလမြို့ တွင်း ပြန် ရောက်တဲ့အခါ ရာဇာဓိရာဇ် က “ အမိန့် လွန်ဆန်တယ် ” ဆိုပြီး သွယ်လကွန်းဆန် ကို သတ်စေတယ် ။ သမိန်အဝနိုင် တောင်းပန် မှ အသက် လွှတ် ပြီး သံခြေချင်း ခတ် ထား လေတယ် ။ 


ရာဇာဓိရာဇ် ဟာ ဆင်လိမ္မာ ဗကမတ် ကို တိုက်ပွဲ မှာ မြန်မာ တို့ ရ သွား တာ ကြောင့် ပြန်ရအောင် လုပ်ဖို့ မှူးမတ်တွေ နဲ့ တိုင်ပင်တယ် ။ ဒီအခါ ဆင် ဦးစီး ငပျန် က အချက် နှစ်ချက် တင်လျှောက်တယ် ။ “ လှံချက်နာ နေတဲ့ ဆင်မ လေးကောင် ယူပြီး တိုက်ပွဲ မှာ ဗကမတ် ကို ပြန်ပါ အောင် လုပ်မယ် ။ ကျွန်ုပ် အသံ ကြား ရင် ဆင်မ ကို သူ မဝှေ့ပါ ။ ယှဉ်မိ လျှင် ဗကမတ် စီး တဲ့ မြန်မာမှူးမတ်တွေ ကို လှံ နဲ့ ထိုးချပြီး ဆင်လိမ္မာ ကို ပါ အောင် ယူ ပါ့မယ် ။ နောက် တစ်နည်း က ညဉ့်အခါ ဝင်ပြီး ဗကမတ် ဖိနပ် နှစ်ဘက် ကို တပ် က မထွက် နိုင်အောင် သံမှို နှက်မယ် ”


ရာဇာဓိရာဇ် ဟာ ဒုတိယ နည်း ကို ပို ကြိုက်တာ ကြောင့် ငပျန် လည်း ကြံ သုံးချောင်း ကို သ,တ်ကာ ဆင်လုပ်သား လူ နှစ်ယောက် ခေါ်ပြီး ညဉ့် အခါ မြန်မာတပ် တွင်း ခိုးဝင် လေတယ် ။ မြန်မာရဲမက်တွေ အိပ်ပျော် နေစဉ် ငပျန် တို့ ဗကမတ် ထားရာ ဆင်တင်းကုပ် ထဲ ရောက်တယ် ။ ဆင်လိမ္မာ ဗကမတ် လည်း လေအနံ့ ရှူပြီး သူ့ အထိန်းဟောင်း မှန်း သိ သတဲ့ ။ ငပျန် ဟာ ယူခဲ့ ကို ကြံ သုံးချောင်း ကို ကျွေးတယ် ။ နောက် ဆင်လိမ္မာ ကို ပြောလေတယ် ။ 


“ အခု ငါတို့ လာရတာ က မင်း ရဲ့ဖိနပ် ကို သံမှို နှက်စေ ဘုရင် က ခိုင်း လို့ လာရတာပဲ ။ အခု မင်း ကို ငါ မြင်ရတော့ ငါ မလုပ်ရက်ဘူး ။ ငါ နဲ့ အခု ပါလာတဲ့ မင့် ညီ နှစ်ယောက် ကို ချစ်ရင် နက်ဖြန် မြန်မာတွေ ထွက် တိုက်တဲ့ အခါ မင်း က အကပ် မခံနဲ့ ။ မင့် ကျော ပေါ်  စီးစရာ က, တင် မခံနဲ့ ၊ တပ် တွင်း က ဆင်မြင်း လူသူ အားလုံး ကို လိုက် ဝှေ့ ပါ ။ ငါတို့ သုံးယောက် ကို ချစ်ရင် ပြောတဲ့ အတိုင်း လုပ်ပါ ။ ဒါမှ ငါတို့ အသက် လွတ်မယ် ” လို့ ဗကမတ် ရဲ့ နား နား ကပ်ပြီး ပြောလေတယ် ။ အဲဒီအခါ ဆင်လိမ္မာဗကမတ် လည်း ခေါင်းညိတ် သတဲ့ ။ မျက်ရည် လည်း ယို သတဲ့ ။ 


ငပျန် နဲ့ လိုက်လာတဲ့ ဗောကဒိုး နဲ့ မပို့ ဆိုတဲ့ ဆင်လုပ်သား နှစ်ယောက် က “ ငပျန် ဘုရင့် အမိန့် အတိုင်း မဆောင်ရွက် တာ မင့် တာဝန်ပဲ ။ ဘုရင် မျက် ရင် ငါတို့ နှစ်ယောက် ကို ဆွဲ မထည့်ပါနဲ့ ” လို့ ဆိုလေတယ် ။ 


ရာဇာဓိရာဇ် လည်း မအိပ်ဘဲ စောင့် နေတယ် ။ ငပျန် တို့ ပြန်ရောက် လာတဲ့ အခါ “ အမိန့်အတိုင်း ပြီးစီးခဲ့ရဲ့လား ” မေးတော် မူတယ် ။ ဆင်ဦးစီး ငပျန် က ဆင်လိမ္မာ ကို သူ ပြောခဲ့တဲ့ အတိုင်း ပြန် လျှောက်တင်တယ် ။ ရာဇာဓိရာဇ် က ငပျန် ရဲ့ပါး ကို ပုတ် ပြီး “ ငါ့ အမိန့် အတိုင်း လုပ် ခဲ့ရင် ငါ သူကောင်း ပြုမယ် ကြံ ထားတယ် ။ အခု နင် ဆိုတဲ့ အတိုင်း ဖြစ် မလာရင် သားမယား နဲ့ တကွ နင့် ကို မီးတိုက် ပစ်မယ် ” လို့ ကြိမ်းမောင်း ပြီး ငပျန် ကို အကျဉ်းချ ထားတော် မူတယ် ။ 



❝ ဒလ တိုက်ပွဲကြီး ❞


ကလေးတို့ ရေ ... 


မွန် - မြန်မာ စစ်ပွဲ ဟာ အနှစ် ( ၄၀ ) ကြာတယ် ဆိုတာ ပြောခဲ့ပြီနော် ။ အစောပိုင်း မှာ ဘုရင်မင်းခေါင် နဲ့ ရာဇာဓိရာဇ် တိုက်ကြပေမယ့် နောက်ပိုင်း ကာလ မင်းရဲကျော်စွာ ( ၁၃ ) နှစ်ရွယ် က စပြီး သူ ဦးစီး တိုက်တဲ့ စစ်ပွဲတွေ က လည်း မနည်းလှပေဘူး ။ နောက်ပိုင်းတော့ ရာဇာဓိရာဇ် လည်း သူ့ သား တော် သုံးပါး ကို စစ်ရေး မှာ ပါဝင်လာစေတာ တွေ့ရတယ် ။ 


ဒလ တိုက်ပွဲကြီး ဟာ မင်းရဲကျော်စွာ ရဲ့ နောက်ဆုံး တိုက်ပွဲကြီး လည်း ဖြစ်တယ် ။ စစ် မချီခင်မှာ နှစ်ဖက် စလုံး က စနစ်ကျန အောင် စစ်ခင်းဗျူဟာ တွေ ကို စီမံ ကြတယ် ။ ဗေဒင်တတ် ဟူးရားတွေ ၊ ပညာရှိမှူးမတ်တွေ ကိုလည်း တိုင်ပင် အကြံဉာဏ် ယူ ကြတယ် ။ မင်းရဲကျော်စွာ ဟာ ငယ်သူ ဖြစ် လို့ မှူးမတ် တွေ စကား နား မထောင်ဘဲ စိတ်လိုက် မာန်ပါ လုပ်ဆောင်တာ တွေ ရှိတယ် ။ 


ရာဇာဓိရာဇ် ဟာ မုတ္တမ ကို ချီပြီး ကတည်း က ဇာတာတော် ကို စစ် ဆေးတယ် ။ သူ့ ရဲ့ ပညာရှိ ဟူးရား လေးဦး တစ်ညီတည်း ဟောတာ ကို သူ လက်ခံပြီး မင်းရဲကျော်စွာ ကို မုချ ရမယ် လို့ ဟောတဲ့ အဲဒီ နှစ် မှာ ပဲ တန်ခူး လဆန်း ( ၄ ) ရက် ဗုဒ္ဓဟူးနေ့ မှာ အရ တိုက်မယ် ။ သတ်မှတ်ရက် မကျော်အောင် အမတ်ဒိန် က မင်းရဲကျော်စွာ ထွက် လာအောင် စစ် မြှူ မယ်လို့ တာဝန် ယူ ထား တယ် ။ သူ ဘယ်လို စစ်မြှူ မှာလဲ ။ 


မင်းရဲကျော်စွာ ဟာ ရာဇာဓိရာဇ် “ ကျပ်တလည် ” မှာ တပ်ချ နေတယ် လို့ ကြားတဲ့ အခါ “ တိုင်ပင်ပွဲ ” တန်ဆောင်းကြီး ထဲ မှာ နေပြီး မှူးမတ်တွေ နဲ့ တိုင်ပင်တယ် ။ စည်ပုတ္တရာစား အမတ်ရာသင်္ကြန် က “ စစ်ရေး ဟာ ကြက်ဥ ထဲ က ကြက်သူငယ် လို အဖြူအမည်း မသိနိုင်တာ ကြောင့် အလော မကြီးပါ နဲ့ ၊ တပ်မင်းတွေ နဲ့ တိုင်ပင်ပါဦး ” လို့ နားတော် လျှောက်တယ် ။ စလင်းစား နဲ့ တုရင်သိန်းစည်း တို့က လည်း ရာဇသင်္ကြန် တင်လျှောက် တာ သဘော တူကြတယ် ။ စစ်ရေး မှာ အလောတကြီး မလုပ်သင့်ဘူးပေါ့ ။ မင်းရဲကျော်စွာ လည်း ဘာမှ မဆိုဘဲ သောက်စား နေတယ် ။ 


ရာဇာဓိရာဇ် လည်း သူ့ တပ်တွေ ကို အစီအမံ အကွပ်အကဲ လုပ်ပြီး အမတ်ဒိန် ကို “ မင်း အာမခံတဲ့ အတိုင်း မင်းရဲကျော်စွာ ထွက် လာအောင် လုပ်တော့ ” လို့ မိန့်တယ် ။ အမတ်ဒိန် လည်း ဆင်မ ရွှေက ကို စီးပြီး ထီးနီ ဖြန့် ကာ ဆင်မ ငါးစီး ၊ လူ ( ၈ဝဝ ) ခန့် ၊ ခြင်း ၊ တူရွင်း ၊ ဓား ၊ ဝါး ၊ ကြိုး နဲ့ အတူ ယူပြီး မင်းရဲကျော်စွာ ရှိတဲ့ “ ဇပဲသကံ ” ကို သွားတယ် ။ တပ် နဲ့ မနီးမဝေး မှာ ရပ်ပြီး တာထိုး ကာ ကြိုး တန်း စေပြီး ပန္နက်တိုင် စိုက်တယ် ။ 


မင်းရဲကျော်စွာ ဟာ မွန် တို့ လုပ်ကိုင်ပုံတွေ ကို တန်ဆောင်း ထဲ က မြင်တယ်  ။ မေးတဲ့ အခါ မွန်အမတ် က “ ဒို့ဘုရင် စေလို့ တာ တုပ်ဖို့ လာတယ် ။ မင်းရဲကျော်စွာ တပ် ကို ဝိုင်းမလို့ ” ဆိုကာ မင်းရဲကျော်စွာ မခံချင်အောင် ပြော လိုက်တယ် ။ 


မင်းရဲကျော်စွာ လည်း မှူးမတ်တွေ ခေါ်ပြီး “ ယခု မွန်မင်း က ငါတို့ ကို လုပ်ကြံဖို့ ဝိုင်းမယ် ကြံတယ် ။ ငါတို့ ငြိမ်ခံ နေ မလား ၊ ငါ အရင် ထွက် တိုက်မယ် ။ မင်းတို့ မီအောင် လိုက်ခဲ့ကြ ” လို့ ဆိုကာ ဆင်တော် ငချစ်ခိုင် ကို စီးတယ် ။ ဆင်တော် ကို လည်း ခါတိုင်း ထက် ပိုပြီး အရက် တိုက် ထား တယ် ။ သူ ကိုယ်တိုင် လည်း ခါတိုင်း ထက် ပို သောက် ထားတယ် ။ “ ငါ့ ဆင်တော် ရဲမြတ်စွာ ” ကြိုးကြာသံ မြည်တယ် ။ အဲလို မြည်သံပြုရင် နိုင်နေ ကျပဲ ” ဆိုကာ ထွက်တယ် ။ မှူးမတ်တွေ လည်း အလျင်စလို ထွက်တာ မကြိုက်ပေမယ့် ဒေါသ ဖြစ်နေတဲ့ မင်းပျို ကို မတားရဲ ကြဘူး ။ 


မင်းရဲကျော်စွာ လည်း မြေဒူးစား ကို မွန်တို့ ဆီ က ရ ထားတဲ့ ဆင်လိမ္မာ ဗကမတ် ကို စီး စေတယ် ။ “ တပ်မှူး ၊ စစ်ကဲတွေ နှေး မနေနဲ့ ငါ့ ကို မီအောင် လိုက်ခဲ့ ” လို့ မှာပြီး ထွက် လေတယ် ။ အမတ်ဒိန် ရဲ့ ကြံစည်ချက် အောင်မြင် တာပေါ့ ။ 


မင်းရဲကျော်စွာ နဲ့ အတူ ရှမ်းရဲမက် (၁၀၀၀) သင်တိုင်းအမည်း လက်တို ဝတ်တယ် ။ ရှမ်းမိုးညှင်းသားတွေ ကို လည်း ရွှေဒိုင်း (၁ဝဝဝ) ၊ လှံတို သုံးစင်း စီ ကိုင် စေတယ် ။ မြန်မာရဲမက် ( ၁ဝဝဝ ) မှာ လည်း ရွှေမောက် တို ၊ ရွှေ လွှား ၊ ဒေါင်းမြီးတပ်လှံတို့ သုံးချောင်း စီ ကိုင် ၊ မောက်တိုမျဉ်းနက်ပြောက် ဝတ် ( ၁ဝဝဝ ) ၊ မြင်းသည် ကျွဲရုပ်ဆောင်းသူရဲ ( ၃၀၀၀ ) အသီးသီး လိုက်ပါ စေပြီး စည်တော် သုံးခါ ရွမ်းပြီး ထွက်တယ် ။ 


မင်းရဲကျော်စွာ ထွက် လျှင် ကလေးမင်း ၊ ရခိုင်မင်း ၊ စလင်းမင်း ၊ မြေဒူးစား တို့ လည်း ပြင်ဆင်ကြတယ် ။ မြေဒူးစား ဆင်လိမ္မာ ဗကမတ် တက် စီးတဲ့ အခါ ဆင် ခါ ချ လို့ အောက် ကျတယ် ။ တပ်တွင်း ရှိတဲ့ ဆင်မြင်း လူသူ တို့ ကို လည်း လိုက်ဝှေ့ လို့ ပရမ်းပတာ ပြိုကွဲတာကြောင့် နောက် တပ် တွေ ကြန့်ကြာ နေကာ မင်းရဲကျော်စွာ ကို လိုက် မမီနိုင် ဖြစ်ရတယ် ။ ဆင် လိမ္မာ ဗကမတ် ဟာ မွန်တို့ ဆင် ဖြစ်တယ် ။ သူ့ သခင် ငပျန် ရဲ့ စကား ကို နား ထောင်ပြီး ငပျန် ခိုင်းခဲ့တဲ့ အတိုင်း လုပ်ဆောင်တာ ကို တွေ့ ရတယ် ။ 


ရာဇာဓိရာဇ် လည်း “ ရံ ” ဆိုတဲ့ ဆင်တော် ကို စီးပြီး ဆင်ဦးကင်း ထက် မှာ သစ္စာ ဆိုတယ် ။ သာသနာစောင့် နတ်တွေ ကို တိုင်တည်တယ် ။ “ ဘုရင် မင်းခေါင် ရဲ့ ဖခင် မင်းကြီးစွာ နဲ့ သူ့ ဖခင် ဗညားဦး သန်လျင် မှာ သစ္စာ ဆိုဖူး တယ် ။ အရေးတော် ပြီးတယ် ။ ဘုရင်မင်းခေါင် နဲ့ ငါ လည်း ပြည် ရွှေဆံတော် မှာ သစ္စာ ဆိုဖူးတယ် ။ မှန်တာ ဆိုခဲ့လို့ ရှိရင် ဒီ ပွဲ မှာ မင်းရဲကျော်စွာ ကို နိုင်ပါစေ မမှန်ရင် ငါ ရှုံးပါစေ ” လို့ သစ္စာ ပြုပြီး နတ်ရေ သွန်းတယ် ။ 


မင်းရဲကျော်စွာ ထွက်ပြီး မြန်မာတပ်တွေ လည်း အမီ လိုက်ကြတယ် ။ ကလေးကျေးတောင်ညို စီးတဲ့ ဆင် ဟာ မုန်ယို နေတာကြောင့် နောက် က မြင်းကတောင်သံ ( မြင်းစစ်သည်တို့ စစ်ချီဆိုသံ ) ကို ကြားတဲ့ အခါ နောက် ပြန်ပြီး ဝှေ့ လေတယ် ။ မြင်းတွေ လည်း ပြိုကာ အထွေးထွေး ရှိကြတယ် ။ ခြေလျင်ရဲမက် ၊ မြင်းသည်ရဲမက်တွေ အလဲလဲ အပြိုပြို ဖြစ်တာကြောင့် မင်းရဲကျော်စွာ ကို မမီကြဘူး ။ 


မင်းရဲကျော်စွာ ဟာ မွန်မင်းသား ဗညားဓမ္မရာဇာ တပ် ကို တိုက်တယ် ။ မွန် တပ် ပျက်တယ် ။ နောက် မွန်မင်းသား ဗညားရံ တပ်ကို တိုက်တယ် ။ မွန်တပ် ပျက် ပြန်တယ် ။ နောက် မွန်မင်းသား ဗညားကျန်း တပ် ကို တိုက်တယ် ။ မွန်တပ် ပျက်ပြန်တယ် ။ နောက် ရာဇာဓိရာဇ်တပ် ကို တိုက်တယ် ။ မွန်တပ် ပျက်ပြန်တယ် ။ မွန်သားတော် သုံးပါး လည်း တပ်ပျက်တာ နဲ့ တောတွင်း ဝင် ပြေးကြတယ် ။ 


မင်းရဲကျော်စွာ နောက် တစ်ခါ သမိန်အဝနိုင် တပ် ကို တိုက် ပြန်တယ် ။ သူ့ ဆင် ငချစ်ခိုင် လည်း ပန်းလှပြီ ။ ဒါ့ကြောင့် ဆက် မထိုးဘဲ ရပ် လေတယ် ။ နောက် က မြန်မာ ဆင်တပ် ၊ မြင်းတပ် လည်း အချိန်မီ ရောက် မလာသေးဘူး ။ ဆင်တော် မှာ လှံချက် ( ၁၀၀ ) လောက် ထိ ထားလို့ မခံနိုင်ဘဲ ဆင် ခါလိုက် တဲ့ အခါ မင်းရဲကျော်စွာ ဆင် ထက် က ပြုတ် ကျ တယ် ။ ပေါင် ကို လည်း ဆင် နင်းမိ သွားတယ် ။ ဒါ့ကြောင့် မတ်တတ် မရပ်နိုင်ဘူး ။ မင်းရဲကျော်စွာ ဟာ တွား သွားပြီး ပိန္နဲပင် အောက် ဝင် လေတယ် ။ 


ကုန်းလယ်စီး အနန္တသူရိယ လည်း တိုက်ပွဲ မှာ ကျ လေတယ် ။ မြင်းသည် ခြေသည်တွေ လည်း အထိအရှ အသေအပျောက် များ လှတယ် ။ 


မွန် တို့ ဟာ ဆင် ထက် မှာ မင်းရဲကျော်စွာ ကို မမြင်တာ ကြောင့် တော ထဲ က ထွက်ပြီး ဆင် ကို ဝိုင်း ဖမ်းတယ် ။ နောက်ထိုင် ငနက်တော် ကို မင်းရဲကျော်စွာ ဘယ်မှာ လဲ မေးကြတယ် ။ ကျွန်ုပ် မသိလို့ ဖြေတဲ့ အခါ ရာဇာဓိရာဇ် က “ ငါ့ တူတော် ကို အပြစ် မပြု ၊ သား အမှတ် ထားတယ် ” လို့ ပြော မှ ငနောက် တော် က “ ကျွန်ုပ် အရှင် ကို တွေ့ လိုလျှင် သစ်ငုတ်သစ်ပင် တိုင်း ကို ကြိုးတန်း တိုက် ရှာကြည့်ပါ ” လို့ လျှောက်တဲ့ အခါ မွန်တို့ ပြောတဲ့ အတိုင်း ကြိုးတန်း ဆွဲ ကာ ပိုက်စိပ်တိုက် ရှာ လေတယ် ။ 


မင်းရဲကျော်စွာ လည်း ဆင်ထိ အနာ ပြင်း တာကြောင့် ထ မလျှောက် နိုင်ချေတူး ။ ဒါ့ကြောင့် မွန်တို့ တွေ့ သွားပြီး ရာဇာဓိရာဇ် ထံ မင်းရဲကျော်စွာ ကို ဆက် လေတယ် ။ ရာဇာဓိရာဇ် လည်း “ မင်းသားသူငယ် ဖြစ်သူ ကို ငါ နှလုံးခံစားမှု အထူး မရှိ ။ ဝမ်း မနည်းဘူး ၊ ဝမ်း လည်း  မသာဘူး ။ အမောင် ဆေးဝါး ကုသ ခံကာ ထမင်း စားပါ ။ ကျန်းမာလို့ ငါ ဆီ မှာ နေရင် ငါ့ သမီးတော် နဲ့ ထိမ်းမြားပြီး အိမ်ရှေ့ အရာ ပေးမယ် ။ အင်းဝ ကို ပြန်လို စိတ် ရှိရင်လည်း အမှူးအမတ်တွေ ကို ပို့စေမယ် ” လို့ ဆိုကာ ဆေး ပေးတော် မူတယ် ။ 


မင်းရဲကျော်စွာ လည်း “ မွန်တို့ ထမင်း ငါ မစားပြီ ။ ဆေးဝါး လည်း မမှီဝဲ လို ။ ဟံသာဝတီ ( ပဲခူး ) ကို မရဘဲ ငါ မပြန်လို ၊ ငါ ဓိဋ္ဌာန်ရင်း ရှိတယ် ။ အခု အခြေအနေ မှာ သူ့ ကျွန် အဖြစ် မခံပြီ ။ ငါ အသက် ရှင် တာထက် သေသော် မြတ်တယ် ၊ စီရင်တော့ ” လို့ ဆိုတယ် ။ 


ရာဇာဓိရာဇ် လည်း “ မင်းရဲကျော်စွာ ဟာ သေကာနီး တောင် စိတ် ကို မလျှော့ ။ နောင်အခါ ငါ့ အသက် ကို ပင် ကြံ နိုင်တယ် ” လို့ မိန့်ပြီး အဲဒီ ညဉ့်တွင်ပဲ လုပ်ကြံ လိုက် လေတယ် ။ မိုး လင်းတဲ့ အခါ ဆင် ထိ တဲ့ အနာသည်း လို့ အနိစ္စ ရောက် ဟန် မှူးမတ် တို့ ကို ကောင်းစွာ သင်္ဂြိုဟ် စေတယ် ။ အရိုး ကို “ ကျပ်တလည် ” မှာ ကောင်းစွာ မြှုပ် စေတယ် ။ 


ဒလ တိုက်ပွဲကြီး ဟာ မင်းရဲကျော်စွာ ရဲ့ နောက်ဆုံး တိုက်ပွဲ ဖြစ် ပေ တယ် ။ 



❝ မြန်မာတို့ ရဲ့ ဇာတိမာန် ❞


ကလေးတို့ ရေ ... 


မင်းရဲကျော်စွာ ဒလ တိုက်ပွဲ မှာ မှူးမတ်တို့ စကား ကို မနာယူဘဲ စိတ် လောအား ကြီး တာကြောင့် နောက် တပ်တွေ နဲ့ အဆက်ပြတ်ပြီး ရေတိမ် နစ် ရရှာတယ် ။ မင်းရဲကျော်စွာ ကျပြီး နောက်ပိုင်း မှာ ဘာတွေဆက် ဖြစ်ကြသလဲ ။


မြန်မာတပ်မှူးစစ်ကဲ အပေါင်း ဟာ မင်းရဲကျော်စွာ ဆုံးပြီးနောက်နေ့ မနက် မှာ ဘုရင်မင်းခေါင် ထံ အင်းဝ ကို စာ စေတယ် ။ စာ စေပုံက ပင်လယ် ကျေးသီဃရာဇာ မွေး ထားတဲ့ လင်းတ ရဲ့လည် မှာ စာခွေ စွပ်ပြီး လွှတ် လိုက် တယ် ။ အင်းဝကို ညနေ သုံးချက်တီး အချိန် မှာ ရောက်တယ် ။ ဘုန်းကြီး ရဲ့ လင်းတ ဆိုတော့ ဘုန်းကြီးကျောင်း ရောက် တာပေါ့ ။ ဘုန်းတော်ကြီး က ဘုရင်မင်းခေါင် ထံ စာ ဆက်လေတယ် ။ 


မွန်တို့ ရဲ့ ဆင်လိမ္မာ ဗကမတ် ဟာ မြေဒူးစား ကို ခါချ ၊ မြန်မာတပ်တွင်း ရှိတဲ့ ဆင်မြင်း လူသူ တွေ လိုက် ဝှေ့ပြီး မွန်တပ်တွင်း ပြေးဝင် လေတယ် ။ ရာဇာဓိရဇ် ဟာ ဆင်လိမ္မာ ဗကမတ် ရဲ့ လုပ်ရပ် ကို မြင်တဲ့ အခါ ဆင်ဦးစီး ငပျန် ကို သံခြေချင်း ခတ်ရာ က လွှတ်ပြီး ဗကမတ် ကို ကြို စေတယ် ။ ဆင်လိမ္မာ ဟာ ဦးစီး ငပျန် ကို မြင်တာနဲ့ နှာမောင်း နဲ့ ပွေ့ပိုက် ချီပြီး မှ တပ်တွင်း ၀င်တယ် ။ ရာဇာဓိရဇ် လည်း အားရတာကြောင့် ဆင်လိမ္မာ ကို ကြံ ၊ ငှက်ပျော ကျွေးမွေးပြီး စစ်တောင်းကျေးတကောင်း ကို ပေးတယ် ။ ( ငပျန် ကို လည်း နာဂပတ္တိ ဆိုတဲ့ အမည် နဲ့ ဇာလမန် ဆိုတဲ့ ရွာ ကို ပေးလေတယ် ။ ) 


နောက် ရာဇာဓိရာဇ် ဟာ “ ဟန်နရဲ ” ကို ခေါ်ပြီး စရပ်မြို့ ကို ဘုရင် မင်းခေါင် ရဲ့ သားလတ်သီဟသူ ဝိုင်းရံ ထားတာ ကို သွား တိုက် ခိုင်းတယ် ။ သူ့ မှာ အလုံးအရင်း မရှိ ဆိုတဲ့ အခါ နတ်တော်စား ကို ခေါ်သွား စေကာ အရေး ဆို ခိုင်းတယ် ။ သူ့ နောင်တော် မင်းရဲကျော်စွာ ကျဆုံးကြောင်း လျှောက်လို့ သီဟသူ လည်း အင်းဝ ပြန် လေတယ် ။ 


သီဟသူ ပြန် ပေမယ့် စလင်းစား က ဒလ မှာ ကြည်းရေ အလုံးအရင်း နဲ့ တပ်ခိုင် ပြု နေလို့ ရာဇာဓိရာဇ် က နှစ်ကြိမ် သုံးကြိမ် တိုက် ပေမယ့် မရလေဘူး ။ ဒါ့ကြောင့် အမတ်ဒိန် က “ ယခု သူတို့ အရှင့်သား မရှိပေမယ့် မြန်မာမှူးမတ် စစ်ကဲတွေ ကြံ့ခိုင်လှတယ် ။ လုပ်ရေး ကြံရေး ထက်မြက်သူတွေ ချည်း ဖြစ်တယ် ။ ဒါ့ကြောင့် စလင်းစား ထံ စာသဝဏ် စေပြီး သိမ်းသွင်းရ မယ် ” လို့ အမတ်ဒိန် လျှောက်ချက် ရာဇာဓိရာဇ် သဘော တွေ့တော် မူ လို့ တမန် စေ လေတယ် ။ 


“ ငါ မိန့်တော်မူတယ် စလင်းစား ... ၊ မင်းတို့ မင်းသား ဆုံးရတာ ဟာ မင်းတို့ တပ်တွေ အဆက် ဖြတ် လို့ မကူညီလို့ ဖြစ်ရတယ် ။ အခု မင်းတို့ ဆက် ဝိုင်း နေ လည်း အချည်းနှီးပဲ ။ မင်းတို့ ခွာဖို့ လည်း ခက်တယ် ။ မင်းတို့ ငါ့ ထံ ခစား ရင် မြောင်းမြ ကို ပေးမယ် ” လို့ စေလိုက်တယ် ။ တကယ်တော့ ရာဇာဓိရာဇ် ဟာ ဒလ မှာ မြန်မာ့တပ် ဝိုင်း ထားလို့ ဒလသားတွေ ကော မွန် တပ်တွေ ပါ အခက်တွေ့ နေတယ် ။ ဘုရင်မင်းခေါင် တပ် ထပ်ချီ ပြီး ပဲခူး ကို လုပ်ကြံ မှာ လည်း ရွံ့တယ် ။ ဒါ့ကြောင့် ဉာဏ် ဆင်ပြီး စလင်းစား ကို သိမ်းသွင်း တာပါပဲ ။ 


စလင်းစား လည်း ပဲခူး က လွှတ် လိုက်တဲ့ သံတမန် ကို တပ် ကို လှည့် ပြပြီး “ ငါတို့ တပ်တွေ အင်အား မင်း အမြင်ပဲ ။ တို့ အရှင့်သား ဟာ မင်းသား မည်ကာ မဟုတ် ။ တိုက်ရည်ခိုက်ရည် သတ္တိရဲစွမ်း ဘယ်သူမှ မယှဉ်နိုင် ။ တို့ အရှင့်သား အရေး မှား လို့ လက်တော် ရောက်တယ် ဆိုတာ ငါ မယုံ ။ မင်း တို့ ဘုရင် နှစ်ခါ ၊ သုံးခါ ငါတို့ကို တိုက်တယ် ၊ မရ ။ မကြာခင် ဘုရင်မင်း ခေါင် ချီလာမယ် ။ ငါတို့ ဟာ မြန်မာမင်း ရဲ့ သစ္စာခံ ဖြစ်တယ် ။ နည်းနည်းမျှ နောက် ဆုတ် မှာ မဟုတ် ။ တို့ ဘုရင် ရဲ့ ကျေးဇူးတော် မဆပ်ရသေး ။ မင်းတို့ ဘုရင် ကို လျှောက်လိုက် ။ ငါတို့ ကို နားငြီး အောင် လာ မလုပ်နဲ့ ” လို့ပြောပြီး ၊ ပဲခူးတမန် ကို ကောင်းစွာ ကျွေးမွေး ကာ လက်ဆောင်ပေးပြီး ပြန် လွှတ် လိုက်တယ် ။ 


စေသူ ရောက် လာပြီး စလင်းစား စကား ကို ကြားရတဲ့ အခါ “ သူတို့ တပ်မှူးစစ်ကဲတွေ ဟာ အလွန် နှလုံး ခိုင်လှတယ် ” လို့ ရာဇာဓိရာဇ် ဆိုလေတယ် ။ 


မင်းရဲကျော်စွာ အစောင့် ထားတဲ့ တောင်ခုတ်စား လည်း ပုသိမ်က ခွာပြီး ဘိုးခေါင်ကြောင်း ချီကာ ပြည်မြို့ ကို သွား လေတယ် ။ ဒလ ကို ဝိုင်းထား တဲ့ တပ်မှူးတွေ လည်း ဘုရင်မင်းခေါင် ဆီ စာ စေတယ် ။ သားတော် ကျဆုံးရ ပုံအကြောင်း နဲ့ ဘုရင်မင်းခေါင် စစ်ချီ လာ ဖို့ ရေး လိုက်တယ် ။ စာ နဲ့ အတူ မင်းရဲကျော်စွာ ရဲ့ မိဖုရား ရှင်မင်းလှ ကို လည်း အမတ် နှစ်ယောက် နဲ့ အတူ လှော်ကားလှေ နဲ့ တင်ပို့ လိုက်တယ် ။ 


ဘုရင်မင်းခေါင် လည်း အလုံးအရင်း နဲ့ စစ်ချီ လာတယ် ။ ရှင်မင်းလှ တို့ နဲ့ တရုတ်မော် အရပ် မှာ ဆုံတယ် ။ အကြောင်းစုံ သေချာ သိ ရလို့ စိတ် ထိခိုက် လေတယ် ။ ရာဇာဓိရာဇ် လည်း စီစဉ်စရာ ရှိတာ စီမံခန့်ခွဲ မှာထား ကာ ဘုရင်မင်းခေါင် ချီလာပြီ ကြား လို့ စစ်ညပ် မှာ စိုး တာနဲ့ ပဲခူး ကို ပြန်လေတယ် ။ 


ဘုရင်မင်းခေါင် အလုံးအရင်း နဲ့ ချီလာ လို့ ဒလ အနား နီးတဲ့ အခါ လှေခတ် သံ ကြား လို့ ရာဇာဓိရာဇ် ရဲ့ သား နှစ်ယောက် လည်း လက်လွတ် ထွက် ပြေးလေတယ် ။ မြန်မာရဲမက် တို့ လိုက်လံ ဖမ်းဆီး လို့ သုံ့ပန်း လူသူ အများ ရ လိုက် တယ် ။

 

ဘုရင်မင်းခေါင် လည်း သားတော် ရဲ့ သင်္ချိုင်း ကို သွားပြီး အရိုး ကို ယူကာ ရွှေအိုး နဲ့ ထည့်ပြီး ရဲမက်အပေါင်း ကို ပူဇော်စေပြီး လှော်ကားလှေ နဲ့ တင်ပြီး “ မထီးအဝ ” မှာ ချ လေတယ် ။ 


ဘုရင်မင်းခေါင် အလုံးအရင်း နဲ့ ချီပြီး မြောင်းမြ ကို လုပ်ကြံတယ် ။ မြောင်းမြစား သမိန်သံလိုက် ထွက်ပြေးတယ် ။ မြောင်းမြ ကို ရလျှင် ပုသိမ် ကို ဆက် ချီတယ် ။ ဘုရင်မင်းခေါင် ပုသိမ်စား ကို မြင်လိုတယ် ဆိုလို့ ထွက် တွေ့ ရတယ် ။ လက်ဆောင်များ ဆက်လေတယ် ။ ဘုရင် ရှေ့တော် ရောက်တဲ့အခါ မင်းရဲကျော်စွာ ရဲ့ သား မင်းငယ်ကျော်ထင် ရဲ့ ကျွန်းတပ်သား ငမြတ်တော် ပုသိမ်စား သမိန်အဝနိုင် ကို လှံ နဲ့ လှမ်း ထိုးတယ် ။ ‌ဝေး လို့ မထိ ။ မြို့စီးကုလား တို့ မြင်တဲ့ အခါ မြို့ထိပ် က လှေတော် ကို စိန်ပြောင်း နဲ့ ပစ်တယ် ။ သမိန်အဝနိုင် က ဘုရင်မင်းခေါင် ဉာဏ်ဆင် ခေါ်လေသလား လို့ ထင် မိတယ် ။ 


ဘုရင်မင်းခေါင် လည်း မြေးတော် ကို ခေါ် စစ်တယ် ။ သူ မထိုးခိုင်းပါ ဖြေတယ် ။ ငမြတ်တော် ကို စစ်တော့ “ ကျွန်ုပ်တို့ အရှင့်သားတော် ကျတာ ကို မကျေနပ်လို့ သူ့ သဘော နဲ့ သူ လှံ နဲ့ ထိုးတယ် ” လို့ ဖြေတယ် ။ ငမြတ်တော် ကို သမိန်အဝနိုင် လက် အပ်ကာ ကွတ်မျက် စေတယ် ။ ငမြတ်တော် မှာ သူရဲ ကောင်း လက္ခဏာ ရှိတယ် ။ အချည်းနှီး မသေသင့် ၊ အခွင့်လွှတ် ပေးဖို့ မွန် အမတ် လျှောက်လို့ အသက်လွှတ် လိုက်တယ် ။ 


ဘုရင်မင်းခေါင် ပုသိမ် မှာ သုံးရက် နေပြီး ရေအား ၊ ကြည်းအား ပြတော် မူပြီး ပြန်လေတယ် ။ မွန်တို့ လည်း ငတ်လှတာကြောင့် မလိုက်ဝံ့ကြ ။ 



❝ စစ်ဘုရင်တို့ ရဲ့ နေဝင်ချိန် ❞


ကလေးတို့ ရေ ...


သက္ကရာဇ် ( ၇၇၈ ) ခုနှစ် မှာ ရာဇာဓိရာဇ် က သားတော် ဗညားမ္မရာဇာ ကို ဗိုလ်မှူး ခန့် ကာ တပ် ( ၇ ) တပ် ၊ တိုက်ဆင် ( ၃၅၀ ) ၊ မြင်းစစ်သည် ( ၅၀၀၀ ) ။ ခြေလျင်စစ်သည် ( ၇ ) သောင်း နဲ့ တောင်ငူမြို့ ကို တိုက် ခိုင်းတယ် ။ 


ဘုရင်မင်းခေါင် ကြားတဲ့ အခါ သားတော် ပြည်စားသီဟသူ ကို တပ် ရှစ်တပ် ကို ဦးစီး စေပြီး အလုံးအရင်း နဲ့ တောင်ငူ ကို ချီစေတယ် ။ သားတော် နှစ်ပါး ရင်ဆိုင် တိုက်ကြတဲ့ အခါ မွန်တပ် ( ၇ ) တပ် လုံး ပျက် လေတယ် ။ ရဲမက် ( ၃ဝဝဝ ) ကျော်သေလေတယ် ။ တိုက်ဆင် ( ၃၀ ) ၊ မြင်း ( ၅၀၀ ) ၊ လူ ( ၃ဝဝဝ ) ကျော် ရ လိုက်တယ် ။ 


မွန်တို့ ကို အောင် လျှင် သားတော် သီဟသူ က စပြီး စစ်ကဲတပ်မှူး အားလုံး ကို ဘုရင်မင်းခေါင် က ပြန် ခေါ်လို့ အင်းဝ ပြန်ကြတယ် ။ ရောက်တဲ့ အခါ အားရတော်မူ လို့ သားတော်ပြည်စားသီဟသူ ကို မင်းရဲကျော်စွာ ရဲ့ မိဖုရား ရှင်မင်းလှ နဲ့ စုံဖက် ပေးတော် မူတယ် ။ အိမ်ရှေ့အရာ လည်း ပေးတော် မူတယ် ။ ဗန့်ကျီ ( ၁၀ ) တိုက် ၊ ရဲလှေ ( ၁၀ ) စင်း နဲ့ တကွ ဗဒုံမြို့ ကို ပေးတော် မူပြီး ၊ ပြည်မြို့ ကို တော့ မင်းရဲကျော်စွာ ရဲ့ သစ္စာတော်ခံ စောရွှေခက် ကို ပေး တယ် ။ 


သက္ကရာဇ် ( ၇၇၉ ) မှာ တော့ စလင်းစား နော်ရထာ လျှောက်တာ ကြောင့် အိမ်ရှေ့မင်း သီဟသူ ဟံသာဝတီ ( ပဲခူး ) ကို ရေအား ၊ ကြည်းအား အလုံးအရင်း နဲ့ ချီပြန်တယ် ။ ဒလ ကို လုပ်ကြံရာ မွန်မင်းသား နှစ်ပါး အခိုင်အလုံ ခံတာကြောင့် ဒဂုန် ကို ဆက် ချီတယ် ။ ဒဂုန် ပျက်တာကြောင့် မွန်မင်းသားတော် ဗညားစက် နဲ့တကွ တစ်မြို့လုံး ကို ရတော် မူတယ် ။ 


ရာဇာဓိရာဇ် လည်း စွယ်ရတော ကို ဆင်ဖမ်း ထွက်ပြီး မုတ္တမ ကို သွား ပြန်တယ် ။ မွန်တို့ လည်း မြို့ ကို သာ အခိုင်အလုံ ပြုပြီး ထွက် မတိုက်ဝံ့ကြ ။ သီဟသူ လည်း ဆက် ဝိုင်း ထားလျှင် ဆင်မြင်းဗိုလ်ပါ ညောင်းညာတာကြောင့် ဗညားစက် နဲ့ အမှူးအမတ် ( ၃၀၀၀ ) ကျော် ကို ယူပြီး အင်းဝ ပြန် လေတယ် ။ ဘုရင်မင်းခေါင် အားရတော် မူ၍ အိမ်ရှေ့မင်း ကို စားတော်ကွမ်းခွက် ၊ လက် ဖက်အိုး ၊ သောက်ရေတော် တကောင်းဖုံး အစုံ ချီးမြှင့်တယ် ။ မွန်မင်းသားတော် ဗညားစက် ကို လည်း ကောင်းစွာ ပြုစုပြီး အဝတ်အစား အစေအပါး ပေးတော်မူပြီး မပြတ် ခစား စေတယ် ။ 


ဘုရင်မင်းခေါင် လည်း “ မွန်မင်းသားတော် ဗညားစက် ကို ရလို့ ငါ နှလုံးတော် ပြေပြီ ။ မွန် နှင့် ငါတို့ နောက် ကို ခိုက်ရန် မပြုတော့ပြီ ” လို့ မိန့် တော် မူတယ် ။ 


ထိုအခါ မှ စပြီး ဘုရင်မင်းခေါင် ဟာ ကောင်းမှု ကို ပဲ အာရုံပြု လုပ်ဆောင် တော့တယ် ။ သက္ကရာဇ် ( ၇၈၃ ) မှာ ပညာရှိ အမတ်ကြီး မင်းရာဇာ ကွယ်လွန် လေတယ် ။ မင်းရာဇာ ဟာ မင်းကြီးစွာစော်ကဲ လက်ထက် မှ စပြီး သားတော် ဆင်ဖြူရှင်တရဖျား ၊ ညီတော် ဘုရင်မင်းခေါင် လက်ထက် ထီးမင်း သုံးဆက် အမှု ထမ်းခဲ့ လေတယ် ။ နှစ်ပေါင်း ( ၅၃ ) နှစ် တိုင်တိုင် ကြံ့ခိုင်တဲ့ သမာဓိ ၊ ပညာ တွေ နဲ့ အကျိုးပြုခဲ့ လေတယ် ။ 


ဘုရင်မင်းခေါင် စစ် မပြုဘဲ ကောင်းမှု လုပ်ကာ ပြည်သူ့ အရေး ရှေး ရှုတော် မူတာကြောင့် စစ်ငြိမ်းကာလ များ မှာ ပြည်သူတွေ ဝပြောစည်ပင် ရှိ ကြလေတယ် ။ ပင်းယရန်အောင်မြင်ဘုရား နဲ့ ကျောင်းတော် သိမ်တော် လည်း တည်တော် မူတယ် ။ နန်းစံ ( ၂၁ ) နှစ် ၊ သက်တော် ( ၄၉ ) နှစ် မှာ ဘုရင်မင်းခေါင် အနိစ္စ ရောက်တော် မူတယ် ။ 


ဘုရင်မင်းခေါင် ကြမ္မာ ကုန်ပြီ ကြားတဲ့ အခါ ရာဇာဓိရာဇ် ကို သူ့ မိဖုရားများ က အင်းဝ ကို ချီပြီး ဘုရင်မင်းခေါင် ရဲ့ မိဖုရားတွေ ကို သိမ်းပါလား လို့ ကျီစယ် တဲ့ အခါ “ ညဲ တို့ ကျီစယ်ကြ ပေတယ် ။ ငါ စစ်မပြုပြီ ။ ပခုံး တစ်ဖက် နဲ့ ညည်းတို့ ကို ငါ လုပ်ကျွေးမယ် ။ ကျန်ပခုံး တစ်ဖက် နဲ့ သံသရာ အကျိုး စီးပွား ကို ဆောင်ရွက်တော့မယ် ” မိန့်လေတယ် ။ 


အဲဒီ နောက်တော့ ရာဇာဓိရာဇ် ဟာ သပွတ်သလွတ်တော မှာ ဆင်ဖမ်း ရင်း လွန်ကျေးရွာ မှာ လွန် ထိ တာ ကြောင့် ပဲခူး ရောက် အောင် လမ်းဖြောင့် ရှာ ကာ သယ်ယူ ကြတယ် ။ လမ်း မှာ တင် ဆုံး လေတယ် ။ မင်းခေါင် နဲ့ ရာဇာဓိရာဇ် ကံကုန်ကြပေမယ့် မွန် - မြန်မာ စစ်ကတော့ မပြီးဆုံးသေး ပေဘူး ။ 



❝ စစ် နဲ့ အချစ် ကြား က သီဟသူ ❞


ကလေးတို့ ရေ ...


ဘုရင်မင်းခေါင် နဲ့ ရာဇာဓိရာဇ် ကွယ်လွန် သွားကြပေမယ့် မွန် မြန်မာ စစ်ပွဲ ဟာ မပြီးဆုံး နိုင် သေးဘူး ။ ဘာ့ကြောင့်လည်း ဆိုတော့ ဘုရင် မင်းခေါင် ရဲ့ မျိုးဆက် နဲ့ ရာဇာဓိရာဇ် ရဲ့ မျိုးဆက်တွေ လက်ထက် မှာ စစ်ပွဲ တွေ ဆက်ကြ ပြန်တယ် ။ 


အင်းဝ မှာ ဘုရင်မင်းခေါင် အနိစ္စ ရောက်တဲ့ အခါ သားတော် အိမ်ရှေ့မင်း သီဟသူ သက္ကရာဇ် ( ၇၈၃ ) မှာ နန်း တက်တယ် ။ သီဟသူ မင်း ဖြစ်တဲ့ အခါ အထိန်းတော် မြေဒူးစား က ဆင်ဖြူ တစ်စီး ဆက် လာတယ် ။ ဒါပေမဲ့ ( ၇ ) လ ပဲ ခံတယ် ။ ဆင်ဖြူတော် သေလေတယ် ။ နောက် တစ်ခါ ပြည်စား စောရွှေခက် က ဆင်ဖြူ တစ်စီး ရ လို့ ဆက်ပြန် တာကြောင့် ဆင်ဖြူရှင် သီဟသူ လို့ တွင် လေတယ် ။ 


သီဟသူ ဟာ မိန်းမကျူးသူ ဖြစ်တယ် လို့ ဆိုတယ် ။ ပဒေသရာဇ် ရှင်ဘုရင် တွေ မှာ မိဖုရား များ ကြတာ အစဉ်အလာ လို ဖြစ် နေတယ် ။ ဒါပေမဲ့ ဆင်ဖြူရှင် သီဟသူ ကျ မှ ဒီလို နာမည် ထွက် ရသလဲ ။


သီဟသူ မှာ ဘုရင်မင်းခေါင် ထိမ်းမြား ပေးခဲ့တဲ့ ( မင်းရဲကျော်စွာ ရဲ့ မိဖုရား ) စောမင်းလှ ။ နောက် သီဟသူ နန်းတက်တော့ ( ခမည်းတော် ရဲ့ မိဖုရား ) မိထွေးတော် ရှင်ဘို့မယ် ကို မိဖုရား ဆက် မြှောက်တယ် ။ ဆင်ဖြူရှင် သီဟသူ ဟာ ရှင်ဘို့မယ် ကို ပဲ ဂရုစိုက် ယုယ နေလို့ မိဖုရား စောမင်းလှ ဟာ ရွှေစေတီ အနောက် မှာ တန်ဆောင်းကြီး ဆောက်ပြီး နေတော့တယ် ။ တစ်ဆောင်းရှင် လို့ အမည် တွင် တယ် ။ 


အဲဒီ အချိန် မွန်ဒေသ ဟံသာဝတီ မှာ လည်း ရာဇာဓိရာဇ် ဆုံးပြီး သားတော် ဗညားဓမ္မရာဇာ မင်း ပြုတယ် ။ ညီတော်တွေ ဖြစ်တဲ့ ဗညားရံ ကို အိမ်ရှေ့ ပေးတယ် ။ ဗညားကျန်း က နောင်တော် ကို ပုန်ကန်ပြီး ဒဂုန် မှာ သွား နေ တယ် ။ 


( ရာဇာဓိရာဇ် ပေးခဲ့တဲ့ ) ဒလ ကို နောင်တော် လုယူ တာ ကြောင့် သူ့ ကို စစ်ကူ ပေးပါလို့ ဒဂုန် မှာနေတဲ့ ဗညားကျန်း က ဆင်ဖြူရှင် သီဟသူ ကို အကူအညီ တောင်း လို့ သီဟသူ က စစ်သူကြီး ရာဇသင်္ကြန် နဲ့ တုရင်ပုည ကို အလုံးအရင်းနဲ့ ချီ စေကာ တိုက် စေတယ် ။ ဒလ ကို ရတယ် ။ ဒလ မှာ ရှိတဲ့ သူဌေးသူကြွယ်တွေ ရဲ့ ပစ္စည်း ဥစ္စာတွေ ပါ အားလုံးသိမ်း ၊ မြို့နေသူများ ကို လည်း ထွက်ခွာ စေ ဖို့ လှေ ပေါ် တက်စေတယ် ။ ဗညားကျန်း က ဒလမြို့စား သမိန်မွန်စည် ၊ သမိန်မောခွင် တို့ ကို သ,တ်တယ် ။ မြို့နေလူတွေ ကို ပစ္စည်း ပဲ ယူပါ ။ လူတွေ ကို မသိမ်းဖို့ တားရာ မှာ အင်းဝစစ်ကဲ တွေ နဲ့ အချင်း များ လို့ တစ်ခါ ဗညားကျန်း က ပဲခူး က နောင်တော် ဘုရင် ဆီ အကူအညီ တောင်းပြန် တယ် ။ ဗညားဓမ္မရာဇာ က စစ်ကူ လွှတ် လို့ တိုက်ကြရာ မှာ အင်းဝစစ်သူကြီး တစ်ယောက် ကျတယ် ။ မြန်မာ စစ်သည်များ လည်း ထိပါး ယိုယွင်း ကြတယ် ။ ဗညားကျန်း က မုတ္တမ သို့ ကူး လေတယ် ။ အိမ်ရှေ့မင်း ဗညားရံ က နောင်တော် ဓမ္မရာဇာ ကို ပုန်ကန်တယ် ။ 


အဲဒီလို မွန် သုံးရပ် လုံး မညီမညွတ် ဖြစ်နေချိန် ဆင်ဖြူရှင် သီဟသူ က မိုးညှင်းသတိုး ကို ဗိုလ်မှူး ခန့် ကာ ကြည်းကြောင်း ၊ ကလေးကျေးတောင်ညို ကို ဗိုလ်မှူး ခန့် ကာ ရေကြောင်း အလုံးအရင်း များစွာ နဲ့ ဟံသာဝတီ ကို ချီ ပြီး ခဲပေါင်မြို့ ကို လုပ်ကြံ စေတယ် ။ အောင်မြင် လေတယ် ။ မြို့စား ခန့်ခဲ့ပြီး ပုသိမ် ကို တိုက်တယ် ။ အောင်မြင် လို့ စလင်းစား နော်ရထာ ကို မြို့စား ခန့်ခဲ့ တယ် ။ နောက် ဒလ ကို သိမ်း ပြန်တယ် ။ 


အဲဒီအချိန် မှာ ဆင်ဖြူရှင် သီဟသူ ဟာ တပ်ကြီး ငါးတပ် နဲ့ ဒဂုံမြို့ ကို ကြည်းရေ ဝိုင်းပြီး တိုက်တယ် ။ ရုတ်တရက် မရ ။ တစ်လ ခန့် ဝိုင်း ထားမှ ဗညားရံ က နှမတော် ရှင်စောပု ကို အမတ်သမီး ကိုယ်လုပ်တော် သုံးကျိပ်နဲ့ အတူ သီဟသူ သို့ ဆက် လာတယ် ။ ဆင်ဖြူရှင် ရဲ့ ဖောင်တော် ဆီ ကို မွန်အမတ် ၊ မြန်မာအမတ် တို့ ကြီးကြပ်ကာ ပို့ဆက် လာတာကြောင့် ဆင်ဖြူရှင် သီဟသူ လက်ကမ်း ကြိုကာ ရှင်စောပု ကို မိဖုရားကြီး အရာ ထား လေတယ် ။ ( ၇ ) ရက် တိုင်တိုင် မင်္ဂလာပွဲ နွှဲကာ ကျွေးမွေးပြီး မှ အင်းဝ သို့ ပြန်တော် မူတယ် ။ 


အဲဒီ အချိန်အခါ ဟာ မွန် - မြန်မာ နှစ် ( ၄၀ ) စစ်ပွဲကြီး ပြီးဆုံးတဲ့ အချိန် လည်း ဖြစ်ပါတယ် ။ ရှင်စောပု ဟာ ရှုချင်စဖွယ် တင့်တယ် တာ ကြောင့် ဆင် ဖြူရှင် သီဟသူ ဟာ ရှင်ဘို့မယ်ကို မေ့လျော့ ထား ကာ ရှင်စောပု ကို ပဲ မြတ်နိုးတနာ ရှိနေလေတယ် ။ 



❝ ဆင်ဖြူရှင် သီဟသူ နဲ့ ရှင်ဘို့မယ် ရဲ့ကြံစည်ချက်များ ❞


ကလေးတို့ ရေ ... 


ဆင်ဖြူရှင် သီဟသူ ဟာ အင်းဝ ကို အပြန် သာယာဝတီ ကို ရောက်တဲ့ အခါ ဆင်ကောင်း ပေါ် တယ် လျှောက်တာ ကြောင့် ဆင် အစီး ( ၁ဝ ) ကျော် ကို ရဲမက်ဗိုလ်ပါ တို့ စီး စေပြီး တော ထဲ ဝင် လေတယ် ။ ဆင် ကို တွေ့ ပေမယ့် အကျော့အဖမ်း မခံဘဲ ပြေး တာကြောင့် လိုက်ရင်း နဲ့ နောက်ပါ အခြံအရံတွေ နဲ့ အဆက် ပြတ် ကာ မွန် သူရဲကောင်း သမိန်ဗရမ်း နဲ့ ဘုရင် နှစ်ဦး တည်း သာ ရှိလေတယ် ။ သမိန်ဗရမ်း က “ သူ ဟာ ဟံသာဝတီ မှာ ရှိတဲ့ မိသားစု ကို ခွဲ ထားပြီး အင်းဝဘုရင် ဆီ မှာ အမှုထမ်း တာ ကြာပြီ  ၊ သွားပါရစေတော့ ” လို့ လျှောက်ပြီး ဆင် တစ်စီး နဲ့ ဟံသာဝတီ ကို ပြေး လေတယ် ။ သူ့ နောက် လိုက် ဖမ်း စေပေမယ့် မမီတော့တာ နဲ့ အင်းဝ ကို ပဲ ပြန်ခဲ့ တော့ တယ် ။ 


ရှင်ဘို့မယ် ဟာ ရှင်စောပု ရောက် ကတည်း က သူ့ ကို မေ့လျော့ ထားတာကြောင့် နှလုံး နာ ပြီး အုန်းပေါင်လယ်သံဘွား ထံ တမန် စေပြီး “ ဆင်ဖြူ ရှင် အောင်ပင်လယ် အရပ် မှာ လယ်ချောင်း လုပ် ကာ ကိုယ်လုပ်တွေ နဲ့ ပျော် ပါး နေတဲ့ အခိုက် အမှုအလျော့ ရှိနေချိန် မှာ အခွင့် ကြည့်ပြီး လုပ်ကြံချေ ” လို့ မှာ လိုက်တယ် ။ “ သီဟသူ မရှိ ရင် အင်းဝရွှေနန်း ကို တက်ပြီး မင်း လုပ်ပါ ” လို့ လည်း ဆို လိုက်တယ် ။ ရှင်ဘို့မယ် အချစ် ကြီး လို့ အမျက် ကြီး လေ ရော့ သလား ။


အဲဒါနဲ့ အုန်းပေါင်သံလယ်ဘွား ဟာ အလုံးအရင်း နဲ့ ချီလေပြီး ည ဘက် မှာ တော ထဲ ဝင်ကာ အရိပ်အခြည် ကြည့်ပြီး လုပ်ကြံ လေတယ် ။ ဆင်ဖြူ ရှင် က ရဲခက်စံလှ ဆို တဲ့ ဆင် စီးပြီး ခံ တိုက်တယ် ။ အုန်းပေါင်သံလယ်ဘွား က ဆင် သုံးလေး စီး နဲ့ ဝိုင်း တိုက်တာ ကြောင့် ဆင်ဖြူရှင် မြား သုံးချက် ထိ လေတယ် ။ 


အဲဒီအခါ အသက် ၁၄ နှစ် သာ ရှိ သေးတဲ့ အင်းပဲစား က ဆင် နဲ့ လာ ပြီး ဘုရင် ကို ကူ လေတယ် ။ သူ့ ဆင် ပေါ် တက်ပါ ဆိုတာ မတက်ဘဲ “ ငါ့ ကံ နဲ့ ငါ ရှိပစေ ၊ မင်း လွတ်အောင် သွားတော့ ” လို့ ဆိုတာ နဲ့ အင်းပဲစား ခွာ ထွက် ရတယ် ။ ရှမ်းတို့ ဝိုင်းတိုက် တာ ကြောင့် ဆင်ဖြူရှင် သီဟသူ ကံတော် ကုန် လေတယ် ။ နန်းစံ လေးနှစ် ၊ သက်တော် ( ၃၁ ) နှစ် သာ ရှိလေတယ် ။ 


အင်းဝ မှူးမတ်စစ်ကဲတွေ ဟာ အုန်းပေါင်လယ်ဘွား ရှမ်းတပ် ကို တွန်းလှန် တိုက်ခိုက် လို့ ရှမ်းတပ် မခံနိုင်ဘဲ ဆုတ်ပြေး လေတယ် ။ ဒါကြောင့် ဆင်ဖြူရှင် ကျ ပေမယ့် ရှင်ဘို့မယ် ရဲ့အကြံ မအောင်ပြန်ဘူးပေါ့ ။ 


ဆင်ဖြူရှင် ကွယ်လွန်တော့ သက္ကရာဇ် ( ၇၈၇ ) မှာ ( သီဟသူ နဲ့ တန်ဆောင်းရှင် မိဖုရား တို့ရဲ့ သားတော် ) မင်းလှငယ် နန်း တက်တယ် ။ အသက် က ကိုးနှစ် ရွယ် ပဲ ရှိ သေးတယ် ။ ဒါနဲ့ ရှင်ဘို့မယ် ဟာ မလိမ်မိုး မလိမ္မာ ကလေးရွယ် ကို နန်း တင် ရ မလား လို့ အခဲမကျေ ရှိ ပြန်တယ် ။ ရှင်ဘို့မယ် နဲ့ တန်ဆောင်းရှင် တို့ ဟာ ရန်စောင်သူချင်း ဖြစ်တာမို့ တန်ဆောင်းရှင် ရဲ့ သား မင်း ဖြစ် တာ ရှင်ဘို့မယ် ဘယ် ကျေနပ်နိုင် မလဲ ။ 


ဒါနဲ့ ရှင်ဘို့မယ် ဟာ သူ နဲ့ ရည်ငံရင်း ရှိတဲ့ ကလေးကျေးတောင်ညို ကို ချီ လာ ဖို့ တမန် စေပြန်တယ် ။ နန်းတွင်း မှာ တော့ ဘုရင်လေး မင်းလှငယ် ကို ရှင်ဘို့မယ် ဆေးခပ် လုပ်ကြံ လို့ နန်းသက် သုံးနှစ် သာ ရှိသေးတဲ့ မင်းလှငယ် ကံ ကုန် ပြန်တယ် ။ အဲဒီအခါ ကလေးကျေးတောင်ညို မင်း ဖြစ်လာ ပြန်တာ ပေါ့ ။ ဒီ တစ်ခါတော့ ရှင်ဘို့မယ် အကြံ အောင် လေတယ် ။ သူ ဟာ မိဖုရားကြီး ပါ ပဲ ။ ပဒေသရာဇ်မင်း တို့ ရဲ့ ထုံးစံအတိုင်း ရှင်စောပု နဲ့ တန်ဆောင်းရှင် တို့ ဟာ လည်း ကလေးကျေးတောင်ညိုမင်း ရဲ့ မိဖုရားတွေ ဖြစ်ပြန်တယ် ။ 



❝ မိုးညှင်းသတိုး ❞


ကလေးတို့ ရေ ...


သတိုး ကို မှတ်မိရဲ့လား ။ မွန် - မြန်မာ သစ္စာပြုပွဲ သွားကြရာ မှာ မြန်မာ ဘက် က သတိုး က ခြေခွင်ခွင် ၊ မွန် ဘက် က လဂွန်းအိမ် က လက်ခွင်ခွင် အတွဲ ညီကြလို့ သူတို့ အတွဲ ကို လူကြီးတွေ က သဘောကျ ကာ ရယ်ကြ တယ်လေ ။ သူတို့ နှစ်ဦး စကား စပ်မိ ရင်း အမှု မမှန်ကန်တာ သိ ရလို့ သစ္စာပြုပွဲ လည်း ပျက်ခဲ့ရတယ် မဟုတ်လား ။ 


မြန်မာမှူးမတ်တွေ သတိုး ကြောင့် မွန်တို့ လက်ချက် နဲ့ အသက် မဆုံးခဲ့ တာ ဖြစ်တယ် ။ မိုးညှင်းသတိုး လို့ အမည် တွင် ရတာ က မိုးညှင်းမြို့ ကို စား ရ တဲ့ အခါမှ တွင် လာတဲ့ အမည် ဖြစ်တယ် ။ သူ့ အမည် ရင်း က “ မင်းနံစီ ” ဖြစ် တယ် ။ နောက်တော့ မင်းဥဒိန် အမည် နဲ့ အင်းပဲ ကို စား ရတယ် ။ နောက်တော့ သတိုး အမည် နဲ့ မြို့လှ ကို စား ရတယ် ။ အဲဒီတော့ “ မြို့လှသတိုး ” ဖြစ်ပြန် တာပေါ့ ။ သတိုး ဆိုတာ မင်း ပေးတဲ့ ဘွဲ့ ဖြစ်တယ် ။ သတိုး ဟာ လုံ့လဝီရိယ ရှိတယ် ။ သတ္တိဗျတ္တိ လုပ်ရည်ကိုင်ရည် ရှိတယ် ။ အမှု ကို စွမ်းစွမ်းတမံ ဆောင်ရွက် တတ်တယ် ။ အင်းဝ ရဲ့ တပ်မှူးကောင်း လည်း ဖြစ်တယ် ။ 


တစ်ခါ မှာ ပြည်မြို့ ကို ရန်သူ ဝိုင်း နေ တာကြောင့် ဘုရင် မင်းခေါင် ဟာ သတိုး ကို တပ်သား ( ၁၀၀၀ ) နဲ့ စေလွှတ်တယ် ။ သတိုး ဟာ မွန်တပ် တွေ ကို ထိုးဖောက် ကာ ပြည်မြို့ တွင်း ဝင် ၊ ရိက္ခာ ပေးပြီး မွန်တပ် ကို ပြန်ဖောက် ထွက် ခဲ့တယ် ။ သတိုး ရဲ့ ရဲ့စွမ်း နဲ့ စွမ်းဆောင်ချက် ပေါ်လွင် လှတယ် ။ 


ဘုရင်မင်းခေါင် ဟံသာဝတီ ကို စစ်ချီရာ မှာ လည်း အင်းပဲစား သတိုး ရဲ့ တပ် ပါဝင် ခဲ့တယ် ။ ဟံသာဝတီ ကို ရောက်တဲ့ အခါမှာ လည်း စစ်သံ အဖြစ် နဲ့ တပ် နှစ်ဖက် ကြား လှုပ်ရှား ခဲ့တယ် ။ ရာဇာဓိရာဇ် က ရာဇပရိယာယ် နဲ့ “ မင့် သခင် သမီးတော် ဘာ မှာ မလဲ နာခံပါ ” ဆိုတော့ “ မင်းဧကရာဇ် နှစ်ပါး ချစ်ကြည်ရေး သာ စေတော် မူ ပါတယ် ။ ကျွန်ုပ်တို့ သခင့် သမီး အမိန့် နာခံဖို့ မစေ ။ ကျွန်တော် ခံတွက် မရှိ ” လို့ ရဲဝံ့စွာ ပြန် ဖြေခဲ့တယ် ။ 


သတိုး ဟာ စစ်သံမှူး အနေ နဲ့ သာ မက စစ်သူကြီး အဖြစ် လည်း အရည်အချင်း ရှိသူ ၊ တိုက်ရည် ကောင်းသူ ဖြစ်တာကြောင့် ဘုရင်မင်းခေါင် အင်းဝ ပြန် ရောက်တဲ့ အခါ မိုးညှင်းမြို့ကို ထပ်မံ ချီးမြှင့်ပြီး တောင်တွင်း သီဟပတေ့ ရဲ့ သမီး ရှင်မြတ်လှ နဲ့ ထိမ်းမြား ပေးခဲ့ပါတယ် ။ 


ဘုရင်မင်းခေါင် နတ်ရွာစံ ပြီးနောက် သားတော် သီဟသူ နန်းတက် လာစဉ် မှာ လည်း သတိုး ဟာ အားထားရတဲ့ စစ်သူကြီး ဖြစ်ခဲ့ပါတယ် ။ 


သက္ကရာဇ် ( ၇၈၇ ) ကလေးကျေးတောင်ညို အင်းဝ မှာ နန်းတက် ပြီး တပေါင်းလ မှာ မိုးညှင်းသတိုး ဟာ ရေအား ၊ ကြည်းအားနဲ့ မိုးညှင်း ကနေ အင်းဝ ကို ချီ လာတယ် ။ ကလေးကျေးတောင်ညို က ရှင်စောပု ကို ပုခန်းတရဖျား အား ပေးပြီး အင်းဝမြို့ က ခံစေတယ် ။ အခြား တပ်မှူးတွေ ကို လည်း ဆုလာဘ်တွေ များစွာ ပေးပြီး မိုးညှင်းသတိုး ကို ခုခံ စေတယ် ။ အုန်းပေါင်လယ်သံဘွား ရှမ်းတပ် ကို လည်း လက်ဆောင်လက်နက် အများ ပေးပြီး အင်းဝ အရှေ့ဘက် တပ်ကြီး အရပ် ကနေ အလုံးအရင်း နဲ့ ခံ စေတယ် ။ သရေစည်သူ ၊ သရေပုညာ တို့ တပ်တွေ ကို လည်း ကြံ့ကြံ့ခံ စေတယ် ။ 


မိုးညှင်းမင်း ရဲ့ သားတော် မိုးရွှေစား ။ ဝန်းသိုစား တို့ လည်း ကလေးကျေးတောင်ညို လွှတ် တဲ့ လှေတပ် ကို ရွပ်ရွပ်ချွံချွံ လုပ်ကြံ လို့ လှေတပ် ပျက် လေတယ် ။ မိုးရွှေစား ဝန်းသိုစား တို့ဟာ သူတို့ ခမည်းတော် ( မိုးညှင်းမင်း ) မရောက်သေးလို့ သစ်ဆိမ့် မှာ ( ၁၀ ) ရက် ခန့် ငံ့ဆိုင်း နေပြီး ခမည်းတော် ထပ် ရောက်လာ တဲ့ အခါ ရေအား ၊ ကြည်းအား ချီတော် မူတယ် ။ ဝတ်ချက် မှာ ခံ တဲ့ လှေတပ် ကို တိုက်တယ် ။ အင်းဝ လှေတပ် ပျက် ပြန်တယ် ။ လူ ( ၁၀၀၀ ) ကျော် နဲ့ တိုက်လှေ (၁၀၀) မိုးညှင်းတပ် ရတယ် ။ 


မိုးညှင်းမင်း က အုန်းပေါင်စော်ဘွား ဆီ လည်း တမန် စေတယ် ။ ကလေးကျေးတောင်ညို ပေးတာ ထက် ပို ပေးမယ် ဆိုကာ ရွှေ သုံးပိဿာ နဲ့ ငွေခွက် ( ၅၀ ) ပို့ လိုက်တာကြောင့် အုန်းပေါင်စော်ဘွား တပ်ပြန် ခေါက်သွားတယ် ။ 


မိုးညှင်းမင်း ဟာ သားတော် နှစ်ပါး ကို အလုံးအရင်းများ နဲ့ ရွှေကြက်ယက် က ကူးစေ ပြီး အင်းဝ အရှေ့ဘက် မှာ တပ်ခိုင်တပ်လုံ တည် စေတယ် ။ မိုးညှင်းမင်း ကိုယ်တိုင် က တော့ မင်းသားကျွန်း က နေ လုံးတော်ပေါက်တိုင် အောင် လှေတပ် နဲ့ အခိုင် နေတယ် ။ စီစဉ် လုပ်ကြံမှု ကောင်းတာ ကြောင့် တောင်ငူ စောလူးသင်္ခယာတပ် ၊ တောင်တွင်း သီဟပတေ့တပ် တို့လည်း တပ် ဆုတ် သွားကြတယ် ။ ပုခန်းတရဖျား လည်း ရှင်စောပု ကို ယူပြီး ပုခန်း ပြန် ခေါက် လေတယ် ။ သူတို့ နေရာ ပြန် ရောက်တာ နဲ့ သုံးတပ်လုံး အင်းဝ ကို ပြန် ပုန်ကန် လေတယ် ။ 


အင်းဝ အားနည်း နေတာ ကြောင့် ကလေးကျေးတောင်ညို ဟာ အမတ် ဘယဂါမဏိ တို့နဲ့ တိုင်ပင်ပြီး ညဘက် မှာ ရှင်ဘို့မယ် ကို ယူပြီး အင်းဝ က နေ ထွက်ပြေး လေတယ် ။ ရခိုင်ဘက် ကို တက်လေရာ မှာ မရောက်ခင် ပဲလွန်တောင် အရပ်မှာ နာမကျန်း ဖြစ်ပြီး ကလေးကျေးတောင်ညိုမင်း အနိစ္စ ရောက် လေတယ် ။ မင်းစည်းစိမ် ( ၇ ) လ သာ နန်းစံပြီး သက်တော် ( ၄၂ ) နှစ် မှာ ကံ ကုန်ခြင်း ဖြစ်တယ် ။ 


မိဖုရား ရှင်ဘို့မယ် လည်း ရခိုင် ကို မဝင်ဘဲ မွန်ပြည် သို့ ဝင်မယ် မိန့် တယ် ။ ဘယဂါမဏိ က ဘိသိက်ခံ မိဖုရား ကို နောက် တက်မယ့် မင်း တို့ မရှုတ်မချဖူးပါ လျှောက်တာ ကြောင့် မန်းစက်တော်ရာ မှာ တပ်ချ နေလေတယ် ။ 


မိုးညှင်းသတိုး အင်းဝ ကို ရတော့ ပုခန်းစား ကို အင်းဝ မှာ အိမ် နဲ့ ထား ခဲ့တယ် ။ မိုးညှင်းမင်းတရား လို့ ဖြစ်လာချိန် မှာ လည်း ချီးမြှောက်သင့် သူတွေ ကို ချီးမြှောက်တယ် ။ သေဒဏ် ကျသူတွေ ကို လည်း အပြစ် လွှတ်ခဲ့တာ အကြိမ် ( ၁၅၀ ) ရှိသတဲ့ ။ ကိုယ်လုပ်တော်တွေ ကို လည်း ချစ်ကြိုက် သူ နဲ့ ထိမ်းမြား ပေးတယ် ။ အမှူးအမတ် မင်းမူထမ်းတွေ ကို လည်း ငွေကြေး လို သမျှ ထုတ်ယူ စေတယ် ။ 


ရှင်ဘို့မယ် ကို လည်း အခေါ်တော် လွှတ် ခဲ့တယ် ။ နန်းတော် အဆင်း ဆီး ကြို တော့ “ ကျွန်စော် နံတယ် ” လို့ ရှင်ဘို့မယ် ပြောတာ ကို သည်းခံ ခဲ့တယ် ။ ရှင်စောပု ကို လည်း ပုခန်းစား ကို လုပ်ကြံပြီး ပြန် သိမ်း ခဲ့တယ် ။ မိုးညှင်းမင်း တရားလက်ထက် မှာ ပြေးခွင့် သာ တာနဲ့  ရှင်စောပု ဟာ သူဆည်းကပ် တဲ့ ရဟန်း နှစ်ပါး ခေါ်ပြီး ဟံသာဝတီ ကို ပြေးလေတယ် ။ 



❝ ရာဇသင်္ကြန် နှင့် ပုခန်းရဲမက် သုံးဦး ❞


ကလေးတို့ ရေ .. 


မိုးညှင်းမင်းတရား ဟာ အင်းဝ ရွှေနန်း ကို သက္ကရာဇ် ( ၇၈၈ ) ခု မှာ သိမ်းပိုက်ပြီး နန်း တက် တော် မူတယ် ။ အဲဒီ အခါ ရဲမက်တော်တွေ က မဟာဂီရိ နတ် ပူဇော်မယ် လို့ နွား ပြင် သတဲ့ ။ အဲဒီအခါ နွား သေ လေတယ် ။ နွားသား‌ရေ ဆုတ်ပြီး မှ တွန်သံ ( ၇ ) ကြိမ် ကြားရ သတဲ့ ။ 


မိုးညှင်းမင်းတရား ကြားတဲ့ အခါ အဲဒီ နိမိတ် ကို ငါ ဖတ်မယ် ဆိုပြီး “ ယခု နိမိတ် ဟာ ငါ ရဲ့ သားတော် အစဉ် ၊ မြေးတော် အဆက် ( ၇ ) ဆက် တိုင် အောင် မင်း ချည်း ဖြစ်လိမ့်မယ် ” လို့ မိန့်တော် မူတယ် ။ 


အဲဒီ နှစ် တော်သလင်းလ မှာ ပုခန်းတရဖျား ကို တိုက်ဖို့ သားတော် အိမ်ရှေ့မင်း မိုးရွှေစား ( မင်းရဲကျော်စွာ လို့ လည်း အမည် ပေးထား ) ဆင်မြင်း အလုံး အရင်း နဲ့ စစ်သည် တစ်သောင်းကျော် ကို ကွပ်ကဲစေ ကာ တောင်ဘက်ကြောင်း တလုတ်မြို့ က နေ မင်းကွန်းဆိပ် ကို ချီစေတယ် ။ သားတော်ငယ် ဝန်းသိုစား ( နော်ရထာ ဟု အမည် ပေးထား ) ကို အလုံးအရင်း နဲ့ မြောက်ဘက် ကြောင်း အမြင့်မြို့ ဆီ ချီ ဖို့ အနိမ့် က ကူး စေတယ် ။ မင်းကြီး ကိုယ်တိုင် က တော့ ရေကြောင်း ချီတယ် ။ ပုဂံစား ၊ စလေစား ၊ ပုခန်းငယ်စား ၊ စကုစား ၊ စလင်းစား ၊ ပြည်စား တို့ကို ခေါ်ကာ အလုံးအရင်း နဲ့ ချီစေတယ် ။ 


မြောင်တူး ကို ရောက်တဲ့ အခါ စစ်သူကြီး ရာဇသင်္ကြန် ကို ပုခန်းမြို့ ကို ရဲမက် ( ၃၀၀ ) ခန့် နဲ့ ညဘက် မှာ သွား စုံစမ်းချေ လို့ စေတယ် ။ ပုခန်းသား တို့ လည်း လူ နည်း မှန်း သိလို့ လိုက် တိုက်တယ် ။ ရာဇသင်္ကြန် ရဲ့ ရဲမက်တွေ လည်း ပြိုကွဲ လေတယ် ။ ရာဇသင်္ကြန် ကို လည်း ဝိုင်းမိ သွားတယ် ။ ရာဇသင်္ကြ လည်း လယ် ထဲ ကို မောင်းတံ နဲ့ ရေသွင်း တဲ့ ရေတွင်း ထဲ ခုန်ချ လေတယ် ။ ပုခန်းစား ရဲမက် သုံးဦး မြင်တဲ့ အခါ ရေတွင်းဝ က နေ ငုံ့ ကြည့် ပြီး ရာဇသင်္ကြ ခေါင်း ကို သူ ယူမယ် ငါ ယူမယ် ငြင်း နေကြ သတဲ့ ။ 


ရာဇသင်္ကြန် လည်း “ ငါ တွင်း ထဲ က တက် မှ ငါ့ ခေါင်း ကို ယူကြပါ ။ ငါ တက်မယ် ၊ လှံ ကမ်းပေးပါ ” လို့ တွင်း ထဲ က အော် ပြောတာ နဲ့ ရဲမက် သုံးယောက် က ဦးအောင် လှံ ကမ်း သတဲ့ ။ ကမ်း တဲ့ လှံ ကို ဆောင့် ဆွဲပြီး ရဲမက် တစ်ဦး တွင်း ထဲ ကျလာတဲ့ အခါ ခေါင်း ဖြတ်ပြီး “ ရော့ဟေ့ ရာဇသင်္ကြန် ခေါင်း ” ဆိုကာ တွင်း ပေါ် ပစ်တင် ပေးပြီး သူ က လှံ ထောက် ကာ တွင်းပေါ် ခုန်တက် ခဲ့တယ် ။ တွင်း ပေါ် က ရဲမက် နှစ်ဦး ဟာ ရာဇသင်္ကြန် ဦးခေါင်း ထင်ပြီး လု နေကြတုန်း ရာဇသင်္ကြန် တပ် ကို အမြန် ပြန် လေတယ် ။ မိုးညှင်းမင်းတရား လည်း အကြောင်းစုံ သိတာ နဲ့ အားရတော် မူလို့ ဆုလာဘ် များစွာ ပေး သတဲ့ ။ 


မိုးညှင်းမင်းတရား ဟာ သားတော် နှစ်ပါး ရောက် လာတဲ့ အခါ ပုခန်းမြို့ ကို တိုက်တော် မူတယ် ။ ပုခန်း ကို အောင်မြင် လို့ တရဖျား နဲ့ မင်းငယ်ကျော်ထင် ကို ယူပြီး ပြန်တော် မူတယ် ။ ရောက်တဲ့ အခါ တရဖျား ကို ရွှေစည်းခုံ တောင်ဘက် ရှိ ဆင်ကျုံး အရပ် မှာ အိမ် ပေးပြီး နေ စေတယ် ။ မင်းသမီး ရှင်စောပု ကို လည်း နန်းတွင်း မှာ အိမ်တော် ဆောက် ကာ သက်သာစွာ နေစေတယ် ။ မင်းငယ်ကျော်ထင် ကို လည်း သစ်ဆိမ့် မှာ နေစေ သတဲ့ ၊ ပုခန်းကြီးမြို့ ကို လည်း တူတော် သီရိဇေယျသူရ ကို ပေးတော် မူတယ် ။ အခြား သူများ ကို လည်း ထိုက်သင့်ရာ ချီးမြှင့်‌လေ တယ် ။ 


မင်းကြီး ဟာ တောင်ငူစား စောလူးသင်္ခယာ ကို လည်း အရေး ပေးတော် မူ ပေမယ့် နောက်ပိုင်း မှာ စောလူးသင်္ခယာ ပုန်ကန် လေတယ် ။ မင်းငယ်ကျော်ထင် လည်း မင်းကြီး ကို ပုန်ကန်တယ် ။ မင်းကြီး လည်း သီဟပတေ့ ၊ ရာဇသင်္ကြန် ၊ ညီတော် မြောက်ဘက်မြင်းမှူး တို့ ကို တပ် သုံးတပ် ကို ကွပ်ကဲ စေကာ ရေနံ့သာ ကို တိုက်ပြီး သိမ်းတော် မူတယ် ။ နောက်ပိုင်း စစ်ကဲ သီဟပတေ့ မင်းကြီး ကို ပုန်ကန် လေတယ် ။ 


နောက်ပိုင်း မှာ တော့ မိုးညှင်းမင်းတရား ဟာ တိုင်းပြည် အရေး အေးဆေး အောင် ဆောင်ရွက်နိုင်ခဲ့တယ် ။ မွန်မင်းဗညားရံ နဲ့ လည်း အဆင်ပြေ အောင် ဆက်ဆံ နိုင်ခဲ့တယ် ။ ကောင်းမှု့တော် တွေ လည်း အများအပြား ပြု တော် မူခဲ့တယ် ။ အပေးအကမ်း လည်း ရက်ရော တယ် ။ မင်းကျင့်တရား နဲ့ အညီ အုပ်ချုပ် တာ ကြောင့် တိုင်းပြည် လည်း စည်ပင် လေတယ် ။ 


မင်းကြီး ဟာ ထီးနန်း စည်းစိမ် ( ၁၃ ) နှစ် ၊ သက်တော် ( ၆၀ ) တွင် ကံ ကုန်လေတယ် ။ 



❝ ဘယဂါမဏိ ❞


ကလေးတို့ ရေ ...


ဘယဂါမဏိ ဆိုတဲ့ သူရဲကောင်း စစ်သူကြီး ကို သတိထား မိ ကြ ရဲ့ လား ။ သူ ဟာ အင်းဝမိုးညှင်း မင်းတရားကြီး အားကိုးရတဲ့ လက်ရုံး တစ်ဆူ လည်း ဖြစ်တယ် ။ 


တစ်ခါမှာ တော့ ဘယဂါမဏိ ကို ကွပ်ကဲ စေပြီး သူရဲ ဆင်ခြေဖုံး ( ၁ဝဝဝ ) နဲ့ ဆင်တံခွန် လှဲပြီး ထွက် သတဲ့ ။ ရှမ်း တို့ က သူတို့ ဘက် ကို ဝင်မယ် မထင် တာကြောင့် အမှတ်မဲ့ နေတဲ့ အခိုက် ဘယဂါမဏိ ဝင် တိုက် လို့ ရှမ်း တပ် ပျက် လေတယ် ။ မိုးညှင်းမင်းတရား လည်း အားရတာ ကြောင့် ပုံ ထားတဲ့ ရွှေပုံ က နေ တစ်နေ့ တစ်ကြိမ် ( ၇ ) ရက် လည်အောင် ကျုံးစေ သတဲ့ ။ အဆောင် အယောင် နဲ့ တကွ ငစဉ့်ကူးမြို့ ကို လည်း ပေးတော် မူတယ် ။ ဘယဂါမဏိ ဟာ အောင်ပွဲ ( ၃ဝ ) တိုင် အောင် ရဖူး သတဲ့ ။ 


တစ်ခါမှာ တော့ ဘယဂါမဏိ စစ်ရှုံး ပြီး ပြန် လာတယ် ။ လမ်း မှာ လင်မယား နှစ်ယောက် ရန် ဖြစ်လို့ လင် က ထွက်ပြေး သတဲ့ ။ မယား က “ မိန်းမကြောက် လာလေရဲ့” လို့ ဟစ် သတဲ့ ။ အဲဒီအခါ ယောက်ျား က “ ငါ့ ကို အဲလို ဆိုရသလား ၊ စစ်သူကြီး ဘယဂါမဏိ တောင် အရပ်အနေ မသင့် ရင် စစ်ရှုံး ရသေးတာပဲ ” လို့ ပြော လိုက်တာ ကို ဘယဂါမဏိ ကြား လိုက်ရသတဲ့ ။ ဘယဂါမဏိ ဟာ ရှက်လှတာ ကြောင့် အဲဒီ နေ့ က စပြီး “ နောက် ဆို စစ်ပွဲ မှာ မနိုင်ဘဲ မပြန် ” လို့ အဓိဋ္ဌာန် ပြုလေ သတဲ့ ။ 


တစ်ကြိမ် မှာ လည်း စစ် ထွက်ပြီး နှစ် စခန်း လောက် ရောက် မှ မယား ကို မယုံ လို့ ရုပ်ဖျောက် ကာ ည ဘက် ပြန် ကြည့်တယ် ။ မိမိ မယား ဟာ လင် ငယ် နဲ့ အတူ အခန်း ထဲ မှာ အိပ် နေတာ တွေ့ရ သတဲ့ ။ ဓား နဲ့ ခုတ်မယ် ပြုပြီး ကာ မှ စိတ် ကို ချုပ်ကာ မခုတ်ဘဲ တိတ်တဆိတ် ပြန်သွားလေ သတဲ့ ။ ဘယဂါမဏိ စစ်ပွဲ က ပြန်လာတဲ့ အခါ စည်းစိမ် နဲ့ တကွ မယား ကို ထို လင်ငယ် အား ပေး တယ် ။ ဘယဂါမဏိ အောင် သမျှ ပွဲတွေ ထဲ မှာ အဲဒီ မယားပွဲ သာ အမွန်မြတ် ဆုံး ပွဲ ပေပဲလို့ ပညာရှိ သူမြတ် တို့ ချီးမွမ်းကြ ကုန် သတဲ့ ။ 


ဘယဂါမဏိ မှာ ညီအစ်ကို သုံးယောက် ရှိတယ် ။ ဘယဂါမဏိ က အကြီး ၊ ရာဇသင်္ကြန် က အလတ် ၊ ရန်လိုကျွဲ က အငယ်ဆုံး ဖြစ်တယ် ။ တောင်ငူ ကို ဝိုင်း ထားတုန်း က အိမ်ရှေ့မင်း နဲ့ သူတို့ ညီအစ်ကို သုံးဦး တပ်တွေ ကို ကွပ်ကဲ ရတယ် ။ ဘယဂါမဏိ တို့ ညီအစ်ကို သုံးယောက် ကျုံး ထိပ် မှာ ထမင်း စား ကြတဲ့ အခါ မြို့တွင်း က လှံပျံ တစ်စင်း ဟာ ထမင်းပွဲ အလယ် ကို ကျ လာတယ် ။ အဲဒီအခါ ဘယဂါမဏိ က ထ ယောင် သတဲ့ ။ ရာဇသင်္ကြန် က လက် ကို ရုပ် မယောင် ပြု သတဲ့ ။ ညီအငယ်ဆုံး ရန်လိုကျွဲ က တော့ ထမင်း စား မပျက်ဘဲ ရှိလေ သတဲ့ ။ ညီအစ်ကို သုံးယောက် လုံး သူရဲကောင်း ချည်း ဖြစ်ကြတယ် ။ ရာဇသင်္ကြန် ဟာ ပွဲ ( ၃၅ ) ပွဲ ရသူ ဖြစ် သတဲ့ ။ 



❝ သူရဲကောင်း ပေါက်လှ ❞


ကလေးတို့ ရေ ... 


အင်းဝ ဘုရင် နရပတိ လက်ထက် မှာ မြေးတော် က လုပ်ကြံ တာ ကြောင့် သားတော်ရှိ ရာ ပြည်မြို့ ကို ပြေး လေတယ် ။ အဲဒီအခါ ရာဇသင်္ကြန် တို့ သား အဖ လည်း ပါ လေတယ် ။ ဖြစ်ပုံ က ဘုရင်နရပတိ ရဲ့ မြေးတော် သတိုးကျော် က သူ နဲ့ စစ်ကိုင်းမင်း သမီးတော် တို့ ရည်ငံ နေတာ ကို စုံဖက် ပေး ဖို့ ဘိုးတော် ဘုရင် နဲ့ ဘွားတော် တို့ ကို အကြိမ်ကြိမ် တင် လျှောက် လေတယ် ။ သဘော မတူ လို့ ဘိုးတော် ဘုရင် နရပတိ က ည အခါ စောင့် ဖမ်းတယ် ။ တွေ့ လေတော့ မြေးတော် ကို ရိုက်နှက် ၊ ရင်ဝ ကို ဖနောင့် နဲ့ ပေါက် တာ ကြောင့် မြေးတော် က သူ့ လူတွေ နဲ့ သူ့ ဖခင် အိမ် ကို လည်း မီးတိုက် ၊ နန်းတွင်း မှာ ရုတ်ရုတ်သဲသဲ ဖြစ်တော့ ဘုရင်နရပတိ ကို ဓား နဲ့ လိုက် ခုတ်တာ နံဘေး ကို ဓား ထိ လေတယ် ။ 


ဘုရင်နရပတိ လည်း သားလတ် ရှိ ရာ ပြည် မှာ သွား နေမယ်ဆိုပြီး ရေ ဆိပ် ကို ထွက် အလာ ရာဇသင်္ကြန် သား အဖ နဲ့ တွေ့ လေတယ် ။ ရာဇသင်္ကြန် က မြေးမိုက် ကို ရအောင် ဖမ်းပြီး သ,တ်မယ် လျှောက်တဲ့ အခါ ဘုရင် နရပတိ က “ ငါ သည် မှာ မနေလို ၊ ပြည် ကို သာ ပို့ပါ ” ဆိုလို့ ပြည် ကို ထွက် လာကြ  ။ 


ပြည် ကို ရောက်တဲ့ အခါ ရာဇသင်္ကြန် နဲ့ သား ပေါက်လှ တို့ ဟာ ပြည်မင်း မင်းကြီးစွာ ကို မပြတ် ခစားကြတယ် ။ ဒါပေမဲ့ ပြည်ဘုရင် မင်းကြီးစွာ က သူတို့ သားအဖ ကို “ မင်း တို့ သားအဖ အင်းဝ မှာ သူရဲကောင်း လို့ ငါ ကြား တယ် ။ ငါ က ဆင်စီး တိုက်မယ် ။ မင်း မြင်း နဲ့ ခံဝံ့ပါ့ မလား ” လို့ ရာဇ သင်္ကြန် ကို မေးတယ် ။ တစ်ကြိမ် ၊ နှစ်ကြိမ် ရာဇသင်္ကြန် က ဘာမှ ပြန် မလျှောက် ဘဲ ရှိခိုး လို့ သာ နေသတဲ့ ။ သုံးကြိမ်မြောက် မေးတဲ့ အခါ ကျ တော့ ပေါက်လှ က “ ကျွန်တော် လိုချင်တဲ့ မြင်း ကို ရရင် ခံ တိုက်မယ် ” လို့ ရဲဝံ့စွာ ဆိုလေတယ် ။ “ ဒါဆို ကြိုက်တဲ့ မြင်း ရွေး ” ဆို ပြီး ဘုရင် က မြင်းဇောင်း ထဲ က မြင်းတွေ ကို ရွေး စေတယ် ။ ပေါက်လှ အကြိုက် မတွေ့  ။ လျှောက် ကြည့် တော့ မြို့ရှေ့ ကျုံး နံဘေး မှာ မြက်စား နေတဲ့ မြင်းနက် တစ်စီး ကို တွေ့ လို့ ကြိုက် တာကြောင့် ဖမ်း ပြီး ရက်လည် အောင် စီးလေ သတဲ့ ။ 


စိတ်ကြိုက် မြင်း ကို ရတဲ့ အခါ ပေါက်လှ က “ နက်ဖြန် တိုက်တော် မူလော့ ။ ကျွန်တော် မြင်း နဲ့ ခံ တိုက်မယ် ” လို့ ဘုရင် ကို လျှောက် လေတယ် ။ ဖခင် ရာဇာသင်္ကြန် က တော့ အထုပ်အပိုး အသင့် ပြင်ထားသတဲ့ ။ ဘုရင် က စတင် စိမ်ခေါ် တဲ့ ပွဲ မှာ နိုင် လည်း အသ,တ် ခံ ရမယ် ။ ရှုံး လည်း အသ,တ် ခံရ မယ် ။ ဒါ့ကြောင့် ကြိုတင် ပြင်ကာ တစ်နေရာ က အသင့် စောင့် နေလေတယ် ။ 


နောက် နေ့ မှာ ပြည် ဘုရင် က ဆင်တော် ရာဟု ကို စီးပြီး ထွက် လာ တယ် ။ ပေါက်လှ လည်း ကျုံး နဖူး ရောက် လာ ကာ ဘယ်ပြောင်း ညာပြန် မြင်း ကို ကျင်လည်စွာ စီးပြီး ထိုးလှံရှည် အသင့် ကိုင်ကာ လယ်ပြင် ဘက် ကို သွေး ဆောင် ခေါ်ခဲ့ သတဲ့ ။ တဲဆိုး တစ်ခု ကို အမှီ ပြု ပြီး ခံစစ် ပြင် သတဲ့ ။ ပြည်ဘုရင် လည်း ဒေါသ ထွက်ပြီး ပေါက်လှ နောက် ကို ဆင် ချွန်း ဖွင့် ကာ လိုက် လေတယ် ။ ချောင်း အကူး မှာ ပေါက်လှ က ပြန် ပြီး လှံ နဲ့ ထိုး လိုက်တယ် ။ ဆင်တော် ရာဟု လက် ကို ထိုး မိပြီး ထုတ်ချင်းပေါက် ကာ မြေ ကို တစ်တောင် လောက် လှံ စိုက်ဝင် သတဲ့ ။ ဆင်တော် ရာဟု လည်း နာလှ တာ ကြောင့် ရှေ့ ဆက် မလိုက် နိုင် ရှိ နေဆဲ ရာဇသင်္ကြန် သားအဖ ဟာ သူတို့ အခြွေ အရံ တစ်စု နဲ့ အင်းဝ ဘက် ကို ပြေး လေ သတဲ့ ။ 


ပြည်ဘုရင် လည်း အလုံးအရင်း နဲ့ လိုက် စေတယ် ။ ဘုရင့် တပ် လိုက် လာကြောင်း သိတဲ့ အခါ ပေါက်လှ က တွေ့ တဲ့ ကညင်ပင် ကို လှံ နဲ့ ထိုးလိုက် တာ ထုတ်ချင်း ပေါက် တယ် ။ ကညင်ပင် ဟာ လူ တစ်ဖက် စာ လောက် လုံးပတ် ရှိ သတဲ့ ။ နောက် က လိုက် လာတဲ့ ပြည်ဘုရင် ရဲ့ ရဲမက်တွေ လည်း ပေါက်လှ ထိုး ခဲ့တဲ့ လှံချက် ကို တွေ့ ကာ ဆက် မလိုက်ရဲ ဘဲ ပြန် ဆုတ် ခဲ့ သတဲ့ ။ 


ပြည်ဘုရင် လည်း “ ပေါက်လှ သားအဖ ကို ရအောင် မဖမ်းကောင်း လော ” လို့ မိန့်ပြီး ခေါင်အကြီးအကဲ တို့ ကို သတ်လေ သတဲ့ ။ 



❝ ဘုရင်မကြီး ရှင်စောပု ❞


ကလေးတို့ ရေ ...


မြန်မာ့သမိုင်း မှာ “ ရှင်စောပု ” ဟာ တစ်ဦး တည်း သော ဘုရင်မ ကြီး ပဲ ။ ရှင်စောပု ဟာ မွန်ဘုရင် ရာဇာဓိရာဇ် နဲ့ မိဖုရား တလသုတမာယာ တို့ ရဲ့ သမီးတော် ဖြစ်တယ် ။ ရှင်စောပု ရှစ်နှစ် ကျော် အရွယ် မှာ သူ့ မိခင် မိဖုရား အရာ က ကျ မလို ဖြစ်ခဲ့တယ် ။ သူ့ အသက် ( ၂၀ ) အရွယ် မှာ တော့ ခမည်းတော် ဟာ တူတော် သမိန်စည်သူ နဲ့ လက်ဆက် ပေး ခဲ့တယ် ။ သမီး နှစ်ယောက် ၊ သား တစ်ယောက် မွေးဖွားပြီး သမိန်စည်သူ ဆုံး ခဲ့တယ် ။ နောက် သုံးနှစ် အကြာ မှာ ခမည်းတော် ရာဇာဓိရာဇ်  ကွယ်လွန် ခဲ့တယ် ။ 


ခမည်းတော် ကွယ်လွန်ပြီး မှာ သားတော်တွေ အချင်းချင်း မညီ မညွတ် ဖြစ်ကြတယ် ။ သီဟသူ လာ တိုက် တော့ မွန် ဘက် က အရေး မလှ ဖြစ်ခဲ့တယ် ။ နောက် ဒဂုံ မှာ နောင်တော် ဗညားရံ မခုခံ နိုင်တာ ကြောင့် ညီမ ရင်း ဖြစ်သူ ရှင်စောပု ကို သီဟသူ ဆီ ဆက်သ လိုက်တယ် ။ သားသမီးတွေ ကို ထားခဲ့ ရပြီး ရှင်စောပု အင်းဝ ကို လိုက်ခဲ့ ရတယ် ။ 


ရှင်စောပု ဟာ ဘုရင် သီဟသူ ရဲ့ မြတ်နိုးမှု ကို ခံရပါတယ် ။ ဒါ့ကြောင့် လည်း ရှင်ဘို့မယ် တို့ က မလိုတမာ ဖြစ်ခဲ့တာပေါ့ ။ အငြိုးအတေး ထား မှာ ပါပဲ ။ ရှင်ဘို့မယ် အကောက် ကြံ လို့ သီဟသူ ကွယ်လွန်ပြီး မင်းလှငယ် နန်း တက် တော့ ရှင်စောပု မင်းလှငယ် ရဲ့ မိဖုရား ဖြစ်ပြန်တယ် ။ မင်းလှငယ် ဆေးခပ် ခံရပြီး ကွယ်လွန် တော့ ကလေးကျေးတောင်ညို မင်း ပြုတယ် ။ ရှင်စောပု ကျေးတောင်ညို ရဲ့ မိဖုရား ဖြစ်ရ ပြန်တယ် ။ 


တစ်ခါ အင်းဝ ကို မိုးညှင်းတပ်တွေ ချီ လာတော့ ကျေးတောင်ညို ဟာ ပုခန်းတရဖျား ကို ရှင်စောပု နဲ့ လာဘ် ထိုးပြီး မိုးညှင်း တပ် ကို ခုခံစေ တာ ကြောင့် မိဖုရား အဖြစ် က အဆင့် လျော ပြီး ပုခန်းစား ရဲ့ဇနီး ဖြစ်ရ ပြန် တယ် ။ 


နောက် မိုးညှင်းမင်း အင်းဝ ကို ရတော့ ပုခန်းစား ကို လုပ်ကြံပြီး ရှင်စောပု ကို ပြန် သိမ်းတာ ကြောင့် မိဖုရား ဘဝ ပြန် ရောက်ရ ပြန်တယ် ။ ပဒေသရာဇ် ခေတ် မိဖုရား ဖြစ်ရတာ မိန်းမသား တစ်ယောက် အနေ နဲ့ စိတ် ချမ်းသာမှု ရှိမယ် မထင်ပါ ။ 


ရှင်စောပု ဟာ သူ့ သားသမီးတွေ ကို လွမ်းဆွတ် သတိရ မှာပါပဲ ။ အဲဒီ အချိန် အညာ အရပ်မှာ ပိဋကတ် စာပေ လာရောက် လေ့လာ သင်ယူ နေတဲ့ မွန် အမျိုးသား ရဟန်း နှစ်ပါး နဲ့ ရှင်စောပု ဆက်သွယ် မိတယ် ။ ရှင်စောပု ဟာ သူ မကျန်းမာဘူး ဆိုပြီး မိုးညှင်းမင်းကြီး ယုံကြည်အောင် လုပ် ကာ ရဟန်း နှစ်ပါး ထံ ဆည်းကပ် ခွင့် ရ ခဲ့တယ် ။ အခွင့် သာ တာ နဲ့ ရေကြောင်း က နေ ဟံသာဝတီ ကို ထွက်ပြေး ခဲ့တယ် ။ မိုးညှင်းမင်း သိ သွားတော့ လိုက် ဖမ်းဖို့ ကြိုးစား သေးတယ် ။ နောက် အမီ မလိုက် နိုင် လို့ လွှတ်ထား လိုက် လေတယ် ။ 


ရှင်စောပု ဟံသာဝတီ ပြန် ရောက် ချိန် မှာ သူ့ မောင်တော်ရင်း ဗညားရံ မင်း ပြု နေတယ် ။ မောင်တော် က ဝမ်းသာအားရ ကြိုဆိုပြီး အိမ်တော် နဲ့ ထား ပေးတယ် ။ ငယ်ငယ် ကတည်း က ခွဲခဲ့ရ တဲ့ သားတော် ဗညားဗရူ က ရှင်စောပု ကို မမှတ်မိလေဘူး ။ ရှင်စောပု ဟာ အင်းဝ က ထွက်ပြေး ဖို့ သူ့ ကို ကူညီခဲ့တဲ့ ရှင်ဓမ္မဓရ နဲ့ ဓမ္မဉာဏ တို့ ကို ပိုပြီး ကိုးကွယ် ဆည်းကပ် ခဲ့တယ် ။ 


ရှင်စောပု ဟာ ထီးနန်း ရေးရာတွေ ကို သုံးသပ် နိုင်ခဲ့တယ် ။ မောင်တော် ဗညားရံ ဟာ အဖေတူ အမေကွဲ နောင်တော် ကို အဆိပ် နဲ့ လုပ်ကြံ ပြီး ထီးနန်း ယူ ခဲ့တာ သူ တစ်နည်း နည်း နဲ့ သိမှာ ပါ ပဲ ။ မွန်ဘုရင် ဗညားရံ  ဟာ နှမတော် ရှင်စောပု ပြန် ရောက်ပြီး ( ၁၆ ) နှစ် အကြာ မှာ ကွယ်လွန် ခဲ့တယ် ။ နောင်တော် ဗညားဓမ္မရာဇာ ရဲ့ သားတော် ဗညားကျန်း ဟာ ဘုရင့် ကိုယ်လုပ် တော် တစ်ဦး နဲ့ ချစ်ကြိုက်မိတာ ပေါက်ကြား သွား လို့ အင်းဝ ဘက် ထွက် ပြေး တိမ်းရှောင် သွား လေတယ် ။ 


ဗညားရံ ရဲ့ အရိုက်အရာ ကို ရှင်စောပု ရဲ့သား ဗညားဗရူ က ဆက်ခံ တယ် ။ မင်း ဖြစ်ပြီး လေးနှစ် အရ မှာ လုပ်ကြံ ခံရတယ် ။ အင်းဝ ဘက် ခိုလှုံ သွားတဲ့ ဗညားကျန်း ဟံသာဝတီ မှာ ထီးနန်း ဆက်ခံ တယ် ။ နန်းစံသက် သုံးနှစ် မှာ ကွယ်လွန် ပြန်တယ် ။ သူ့ သား လိတ်မွတ်ထော နန်း တက် ပြန်တယ် ။ ပြည်သူ ပြည်သားတွေ ကို နှိပ်စက် တဲ့ မင်း ဖြစ် လို့ ( ၇ ) လ သာ နန်းစံခွင့် ရ ခဲ့တယ် ။ ဟံသာဝတီသား တွေ ဟာ စစ်မက် ကို ငြီးငွေ့ နေ ကြ ပါပြီ ။ ဒါ့ကြောင့် အသက်အရွယ် ရပြီး ဘာသာတရား ကိုင်းရှိုင်း တဲ့ ရှင်စောပု ကို ဘုရင်မကြီး အဖြစ် တင်မြှောက်ကြ လေတယ် ။ 


ရှင်စောပု လက်ထက် မှာ တိုင်းပြည် အေးချမ်း သာယာ ပြီး ကူးသန်း ရောင်းဝယ်မှု ဖွံ့ဖြိုး လို့ တိုင်းပြည် ရဲ့ စီးပွားရေး လည်း တိုးတက် လာ ခဲ့တယ် ။ ရွှေတိဂုံစေတီ နဲ့ ရွှေမော်ဓောစေတီ တို့ ကို လည်း တင့်တယ် အောင် ပြုပြင်မွမ်းမံ ခဲ့တယ် ။ 


ရှင်စောပု ဟာ အင်းဝ က နေ ပြေး ဖို့ ကူညီခဲ့တဲ့ ရဟန်း နှစ်ပါးအနက် ရှင်ဓမ္မဓရ ကို လူဝတ် လဲစေပြီး နန်းလျာ ထားမယ် လို့ မှူးမတ် တို့ နဲ့ တိုင်ပင် တယ် ။ မှူးမတ်များ က နန်းရိုး မဟုတ်လို့ ကန့်ကွက် ကြတယ် ။ 


ဒါ့ကြောင့် ရှင်စောပု ဟာ လူများ သွားလာ နေတဲ့ တံတား အောက် က ယက်မ ကို ယူပြီး ဘုရားရုပ်တု ထု စေတယ် ။ နောက် ရွှေချ အနေကဇာ တင် ပြီး မှူးမတ်များ ကို ပြ ခဲ့တယ် ။ မှူးမတ် တို့ ရှိခိုး ဖူးမြော် ကြတယ် ။ အဲဒီ တော့ မှ ရုပ်ပွားတော် ရဲ့ မူလ ကို ရှင်စောပု ပြောပြခဲ့တယ် ။ အဲဒီလို ပဲ ရှင်ဓမ္မဓရ ဟာ ဆင်းရဲသား မုဆိုးမ သား ဖြစ်ပေမယ့် ကျမ်းဂန် တတ်တယ် ။ ရဟန်း လူ ထွက် ဖြစ်ပါစေ ။ အရည်အချင်း နဲ့ ပြည့်စုံသူ ဖြစ်လို့ ရှင်ဘုရင် ဖြစ်ရင် လက်ခံ ကြမှာပဲ လို့ မှူးမတ်တွေကို ပြောပြတယ် ။ 


ဓမ္မဓရ ဟာ ရှင်စောပု ကို စွန့်စား ကူညီခဲ့သူ ဖြစ်လို့ လိုအပ် ရင် လက် ရုံးရည် လည်း ရှိမယ် လို့ ယုံကြည် တော် မူတယ် ။ ဒါကြောင့် လူ ထွက် စေပြီး သမီးတော် မိပကာထော် နဲ့ ထိမ်းမြား ပေးတယ် ။ ရှင်စောပု နန်းစံ ( ၇ ) နှစ် အရ မှာ သမက်တော် ကို ထီးနန်း လွှဲပေးလေတယ် ။ ဓမ္မစေတီမင်း လို့ အမည် တွင် လေတယ် ။ 


ရှင်စောပု ဟာ ( ၈၁၅ ) ခု မှာ နန်း တက်ပြီး ( ၈၃၄ ) ခု မှာ ကွယ်လွန် ခဲ့ လေတယ် ။ 



❝ ဓမ္မစေတီမင်း ❞


ကလေးတို့ ရေ ...


မွန်ဘုရင်မ္မစေတီမင်း ဟာ နန်းစဉ်မျိုးဆက် မဟုတ်ပေမယ့် ဘုရင်မကြီး ရှင်စောပု က အရည်အချင်း ကို ကြည့် ကာ မှူးမတ်များ ကို ကျိုးကြောင်း ပြပြီး တင်မြှောက် လိုက်တဲ့ မင်း ဖြစ်တယ် ။ ရှင်စောပု ရဲ့ သမက်တော် လည်း ဖြစ်တယ် ။ 


ဓမ္မစေတီမင်း ဟာ သက္ကရာဇ် ( ၈၃၃ ) ခုနှစ် ဟံသာဝတီ မှာ နန်း တက် လေတယ် ။ မိဖုရားကြီး ကတော့ ရှင်စောပု ရဲ့ သမီးတော် မိပကာထော် ဖြစ်တယ် ။ ဓမ္မစေတီမင်း ဟာ ပိဋကတ်ကျမ်းဂန် တတ်ကျွမ်းသူ လည်း ဖြစ်တာ ကြောင့် သူ့ လက်ထက် မှာ သာသနာတော် ကို လည်း ကောင်းစွာ ပြုစုလေတယ် ။ ဘုရားပုထိုး များစွာ ကို လည်း တည်တော်မူတယ် ။ သီဟိုဠ် ကို သံဃာတော်များ စေလွှတ်တယ် ။ ဓမ္မကျမ်းဂန်များ စိစစ် သင်ယူ စေတယ် ။ သံဃာတော်တွေ ကို သိက္ခာ ချ ပြီး မှ ကလျာဏီမြစ် မှာ သိက္ခာ အသစ် တင် စေတယ် ။ 


သီဟိုဠ် ကို လွှတ်တဲ့ သံဃာတွေ ပြန် ရောက်တဲ့ အခါ ဟံသာဝတီမြို့ အနောက် မှာ ကလျာဏီသိမ် တည်ပြီး ကမ္ပည်းကျောက်စာ နဲ့ မှတ်တမ်း တင် လေတယ် ။ နိုင်ငံတော် အတွင်းရှိ သံဃာများ လည်း ကလျာဏီသိမ် မှာ ရဟန်း အသစ် ခံကြတယ် ။ 


ဓမ္မစေတီမင်း လက်ထက် သီဟိုဠ် ကို ကူး တဲ့ ရဟန်းတော်တွေ ထဲ မှာ ပါဝင်တဲ့ ရှင်ဗုဒ္ဓဃောသ မထေရ် ဟာ ဝါရီရူဓမ္မသတ် ကို မြန်မာဘာသာ ပြန် ဆိုတော် မူတယ် ။ ဓမ္မစေတီမင်း ဟာ တရားဓမ္မ စီရင် ရာ မှာ လည်း ဖြောင့်မတ်တာ ကြောင့် နောင်အခါ စုဆောင်းပြီး ဓမ္မစေတီ ဖြတ်ထုံး ရယ် လို့ ပြုစုထား ကြတယ် ။ 


ဓမ္မစေတီမင်း ဟာ သီဟိုဠ်မင်း ၊ ကျည်းမင်း တို့ နဲ့ လည်း အပြန်အလှန် ချစ်ကြည်ရေး ရာဇသံ စေ ပါး တယ် ။ ဓမ္မစေတီမင်း ဟာ သူရဲကောင်း တို့ ကို လည်း ချီးမြှောက် လေ့ ရှိတယ် ။ သူ နန်းတက် စ မှာ ပဲ လက်ဖျံ တစ်လုံး တည်း ဖြစ်တဲ့ ငညီတုံး ကို သမိန်ဗရမ်း ဆို တဲ့ ဘွဲ့ အမည် ပေးပြီး စစ်တောင်းမြို့ ကို ပေးတော် မူတယ် ။ ဓမ္မစေတီမင်း ဟာ သမိန်ဗရမ်း လျှောက် တာ ကြောင့် တရုတ်ပြည်ကျေးစပ် ခန္တီးမြို့ ကို စစ်သည် ( ၄၀,၀၀၀ ) လေးသောင်း နဲ့ နယ်ခြား သံတိုင် စိုက်စေတယ် ။ 


ဓမ္မစေတီမင်း ဟာ နိုင်ငံတော် ဖွံ့ဖြိုးစည်ပင်ရေး ကို ရှေးရှုပြီး ကူးသန်းရောင်းဝယ်ရေး ကိုလည်း အားပေးတော် မူတယ် ။ နိုင်ငံခြားသားများ နဲ့ ဆက်ဆံရေး ကို လည်း ဂရုထား လေတယ် ။ အာရပ်လူမျိုး ၊ အိန္ဒိယလူမျိုး ၊ တရုတ် လူမျိုးများ လာရောက် ရောင်းဝယ်ဖောက်ကားကြတယ် ။ တစ်ခါ မှာ တော့ ဓမ္မစေတီမင်း ဟာ နိုင်ငံ တွင်း အမြို့မြို့အိမ် ရှိ စာရင်း ကို ကောက်ယူ ဖို့ အမတ် လေးဦး ကို တာဝန် ပေးတယ် ။ အမတ် လေးဦး ဟာ စာရင်း ကောက်ယူ ရုံ မ က ယုံမှတ်ကြေး လည်း ကောက်ရမည် ထင်ပြီး ကောက်ယူ လေတယ် ။ ကြေး တစ်သန်း ရှစ်သိန်း ရ မှ မင်းကြီး ထံ ဆက် တယ် ။ 


ဓမ္မစေတီမင်း လည်း “ အိမ် ရှိ ကို သာ သိလိုတာ ကြောင့် စာရင်း ကောက် စေတာ ၊ ဆင်းရဲသားတို့ ဆီ က ကြေး ကို ခံယူကောင်း သလား ” ဆို ကာ အမတ် လေးယောက် ကို အပြစ်ဒဏ် ပေးပြီး အသီးသီး ပြန် ပေး စေတယ် ။ အဲဒီအခါ အမြို့မြို့ ကျေးလက်သား တို့ က “ ကျွန်တော်တို့ ပြန် မယူလိုပါ ။ တော်သင့်ရာ ကောင်းမှုတစ်စုံ တစ်ခု ပြုတော်မူပါ ” လျှောက်တာ ကြောင့် ဒဂုံဆံတော်ရှင် မှာ ဆွဲလှူ ဖို့ ခေါင်းလောင်းကြီး သွန်းလုပ်စေတယ် ။ ဗညားအိမ် အမတ်ကြီး ကို ကြပ်မတ် လုပ်ဆောင်စေတယ် ။ 


အမတ်ကြီး လည်း စောက် ( ၁၂ ) တောင် ၊ အဝ ( ၇ ) တောင် ရှိ ခေါင်းလောင်းကြီး ကို သွန်းလုပ်တယ် ။ သွန်းလုပ် ပြီး ဒဂုံဆံတော်ရှင် မှာ ဓမ္မစေမင်း က ဆွဲလှူ လေတယ် ။ 



❝ မွန်ပညာရှိ အမတ် သမိန်ဗရမ်း ❞


ကလေးတို့ ရေ ... 


မွန်အမတ် သမိန်ဗရမ်း ဟာ နှလုံးရည် ကော ၊ လက်ရုံးရည် ပါ ပြည့်စုံ သူ ဖြစ်တာကြောင့် တိုင်းပြည် အုပ်ချုပ်တဲ့ ဘုရင် ရဲ့ အားထားရတဲ့ သူ တစ်ဦး ဖြစ်တယ် ။ 


တစ်ခါမှာ ဓမ္မစေတီမင်း ဟာ ပညာရှိ အမတ် သမိန်ဗရမ်း ကို တမန် အဖြစ် သီဟိုဠ်မင်း ထံ စေလွှတ် လေတယ် ။ ပိဋကတ် သုံးပုံ မှာ ခက်ခဲတဲ့ အနှစ်သာရ တွေ စုပေါင်းပြီး ဓမ္မစေတီမင်း က ကျမ်းပြု ထားတယ် ။ အဲဒီ ကျမ်းစာအုပ် ကို အခြား ပဏ္ဏာ လက်ဆောင်များ နဲ့ အတူ သီဟိုဠ်မင်း ထံ ဆက် ဖို့ သမိန်ဗရမ်း ကို တမန် စေ လိုက်တာပါပဲ ။ 


သီဟိုဠ်မင်း ထံ ရောက်လို့ ဆက်သတဲ့ အခါ ကျမ်းစာအုပ် ကို ကြည့်ပြီး သူ့ မှူးမတ်တွေ ကို ပြ လေတယ် ။ “ ဤစာမျိုး ကို သင်တို့ တွေ့ဖူး သလား ” လို့ မေးတဲ့ အခါ မှူးမတ်တွေ ဘာမှ မပြောနိုင်ကြဘူး တဲ့ ။ အဲဒါနဲ့ သီဟိုဠ် မှာ ရှိတဲ့ ကျမ်းတတ် ဆရာတော်တွေ ကို ပင့် ပြီး ဓမ္မစေတီမင်း ရဲ့ ကျမ်းစာအုပ် ကို ကြည့်စေ ကာ မေးလေ သတဲ့ ။ 


အဲဒီအခါ သံဃာတော်တွေ က ကျမ်း ကို သေချာစွာ စစ်ဆေးပြီး “ ဤ ကျမ်းမှာ ပါရှိတဲ့ အကြောင်းအရာတွေ ဟာ ပိဋကတ် မှာ ပါတဲ့ ခဲရာခက်ဆစ် တွေ ပဲ ။ မှန်ကန်ပြီး ပိဋကတ်တော် နဲ့ ညီညွတ်တယ် ” လို့ မိန့် ပြီး “ ဤကျမ်း ကို အညီအညွတ် ” လို့ အမည် မှည့်ရင် ကောင်းမယ် လို့ မြွက်ဟ လေတယ် ။ 


သီဟိုဠ်မင်း လည်း ဓမ္မစေတီမင်း ကို ချီးကျူး ပြီး “ သမိန်ဗရမ်း ၊ ရွှေတိဂုံဘုရား တည်ရှိရာ သိင်္ဂုတ္တရတောင် မှာ ဘုရားလေးဆူ ကို ထား တဲ့ အထိမ်း အမှတ်ရာ ဟာ တစ်ခု တည်း လား ၊ တခြား တခြား နေရာတွေ ရှိသေးလား ” လို့ မေးတယ် ။ 


သမိန်ဗရမ်း က “ အရှင်မင်းကြီး ... ၊ တစ်ခု တည်း သာ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ဘုရား သုံးဆူ တို့ ရဲ့ အမှတ်ရာ ဟာ ယခု မရှိတော့ပါ ။ ဂေါတမ ဘုရား ရဲ့ အထိမ်းအမှတ် ဆံတော် သာ ရှိပါတယ် ။ ဒါပေမဲ့ မမြင်နိုင်ပါ ” လို့ လျှောက် လေတယ် ။ 


သီဟိုဠ်မင်း လည်း သမိန်ဗရမ်း ကို ကြည်ညိုတာ ကြောင့် ဆုလာဘ် ပေးပြီး ဆက် မေးလေတယ် ။ “ ဂေါတမဘုရား ရဲ့ ဆံတော် ကို ထားတဲ့ အစီအရင် ဘယ်လို ရှိသလဲ ပြောပါဦး ” လို့ မေး တယ် ။ 


“ အရှင်မင်းကြီး ... ၊ ဆံတော် ထား တဲ့ တွင်း အနက် ဟာ ( ၅၇ ) တောင် ဖြစ်ပါတယ် ။ အစောက် ( ၄ ) တောင် မျှ စီ လုပ်ပြီး အုတ် တစ်ထပ် ၊ သံ တစ်ထပ် ၊ ရွှေ တစ်ထပ် ၊ ငွေ တစ်ထပ် စီ ပြုလုပ် ထားပါတယ် ။ တွင်း အဝန်း ပတ်လည် က ( ၄၃ ) တောင် ရှိ ပါတယ် ။ တွင်း ထဲ မှာ တဖုဿ ၊ ဗလ္လိက ညီနောင် တို့ အရုပ် ကို ဆံတော်ရွက် စေပြီး သိကြားစက်ရှင် ( ၇ ) ထပ် ခြံရံလျက် ။ အထက်မှာ လည်း လုံခြုံအောင် လုပ်ပြီး အပေါ် က ကျောက်ဖျာ နဲ့ ပိတ်ထား ပါတယ် ။ ပြီး မှ အတောင် ( ၈ဝ ) ရှိ တဲ့ ရတနာစေတီ ကို တည်ထား ပါတယ် ” လို့ သမိန်ဗရမ်း က သေချာစွာ လျှောက်ထား လေတယ် ။ သီဟိုဠ်မင်း က ဆက်လက် ပြီး လည်း ပဲခူးပြည် ရဲ့ အကျယ်အဝန်း ။ ဓမ္မစေတီမင်း ရဲ့ အလုံးအရပ် ရုပ်သွင်ပုံပန်းတွေ ကို မေး လို့ သမိန်ဗရမ်း ကောင်းစွာ ဖြေဆို ခဲ့တယ် ။ သမိန်ဗရမ်း အပြန် ကို လည်း လက်ဆောင်ပဏ္ဏာ အများလည်း ပါးလိုက်တယ် ။


သမိန်ဗရမ်း ပဲခူး ပြန် ရောက် ပြီး မင်းကြီး ထံ အကြောင်းစုံ လျှောက် ထားညတဲ့ အခါ ဓမ္မစေတီမင်း လည်း သဘောကျ သတဲ့ ။ ဒါပေမဲ့ “ မင်း နှစ်ပါး ကို နှိုင်းယှဉ် ရာ မှာ သီဟိုဠ်မင်း က လပြည့်ဝန်း ကဲ့သို့ ၊ မွန်မင်း က ဆန်းစ လ ကဲ့သို့ ၊ သီဟိုဠ်မင်းက နေ ကဲ့သို့ ၊ မွန်မင်း က လ ကဲ့သို့ လို့ တင်လျှောက်တာ သီဟိုဠ် ထက် ငါ က နိမ့်ကျ မနေဘူးလား ” လို့ မေး တော့ သမိန်ဗရမ်း က 


“မှန်လှပါ .. ၊ လပြည့်ဝန်း က ပြည့် ပြီး ဆက်ပြီး ဆုတ် ဖို့သာ ရှိပါ တယ် ။ ဆန်းစ လ က ရှေ့ဆက် ပြည့်ဖြိုး ဖို့ သာ ရှိလို့ အရှင် က သာ ပါတယ် ။ သီဟိုဠ်မင်း ကို နေ နဲ့ နှိုင်း တာက အခြံအရံ မရှိဘူး လို့ ဆိုလိုပါတယ် ။ လမင်း က တော့ ကြယ် အပေါင်း ခြံရံ တာမို့ မှူးမတ် အခြွေအရံ တွေ ပေါတယ် လို့ ဆိုလို တာ ကြောင့် အရှင်မင်းကြီး က သာလွန်ပါတယ် ” လို့ လျှောက်တင် လေ မှ ဓမ္မစေတီမင်း လည်း အားရ ကာ ဆုလာဘ် များစွာ ပေးလေ သတဲ့ ။ 



❝ သမိန်ဗရမ်း နဲ့ စလုံကျော်ခေါင် စီးချင်း တိုက်ပွဲ ❞


ကလေးတို့ ရေ ... 


ဓမ္မစေတီမင်း နန်းတက် စ က ရဲစွမ်းသတ္တိ ရှိတဲ့ လက်ဖျံ တစ်လုံး တည်း ရှိတဲ့ မင်းညီတုံး ကို သမိန်ဗရမ်း အမည် နဲ့ စစ်တောင်းမြို့ ကို ပေးတာ မှတ်မိ ရဲ့ မဟုတ်လား ။ 


သမိန်ဗရမ်း ဟာ မင်းကြီး ဆီ က ရဲမက် ( ၄၀,၀၀၀ ) လေးသောင်း တောင်း ပြီး တရုတ်နယ်စပ် ခန္တီးမြို့ နယ်ခြား ကျောက်တိုင် စိုက်ဖို့ သက္ကရာဇ် ( ၃၈၉ ) ခုနှစ် မှာ ချီတက် လေတယ် ။ သမိန်ဗရမ်း ဟာ အရပ် ( ၇ ) တောင် မြင့်တဲ့ ဆင်တော် ချစ်နောင်ရင်း ကို စီးပြီး ထွက် လေတယ် ။ သူ ဟာ ရမည်းသင်း ကို ရောက်ပြီး ကင်းတားရေငန် အရပ် ကို တက်တယ် ။ ဒီလိုနဲ့ နောက်ဆုံး မှာ ခန္တီး ရောက်ပြီး ကျောက်တိုင် စိုက် နိုင်ခဲ့တယ် ။

 

တရုတ်မင်း ဥတည်ဘွား ကြား တဲ့ အခါ မြေခြား သံတိုင် ကို နုတ်ပစ် စေတယ် ။ 


သမိန်ဗရမ်း ဟာ နယ်ခြား သံတိုင် စိုက် ပြီး ပြန် အလာ မှာ ကြုံးဝါး လေ တယ် ။ “ ဘယ်သူ ဝံ့မလဲ ” ဆိုတဲ့ သဘော ဖြစ်မှာပေါ့ ။ အဲဒီ သတင်း ကို အင်းဝဘုရင် မဟာသီဟသူရ ကြားတဲ့ အခါ သားတော် အိမ်ရှေ့မင်း သားတော်လတ် နဲ့ သားတော်ငယ် တို့ ကို ဦးစီး စေပြီး အလုံးအရင်း များစွာနဲ့ ရမည်းသင်း က နေ ဆီးကြို ကာ သမိန်ဗရမ်းတပ် ကို တိုက် စေတယ် ။ အင်းဝတပ် တွေ အလုံးအရင်းများ တာကြောင့် သမိန်ဗရမ်း တပ် ပျက် လေတယ် ။ ဆင်တော် ငချစ်ခိုင် ကို ဆင် ( ၃၀ ) နဲ့ တစ်ဖက် က ဝိုင်း တိုက် တာကြောင့် ဆင် လည်း ပန်းလှတယ် လို့ မနည်း ရှောင်ထွက် ရတယ် ။ နောက် အင်းကြီး တစ်ခု တွေ့တာ ကြောင့် ရေ ကို ဆင်းနေ လေတယ် ။ 


အင်းဝတပ် လည်း အင်း ကို ဝိုင်းရံ ထားတယ် ။ သမိန်ဗရမ်း လည်း ထမင်း သုံးနပ် ငတ် တာ ကြောင့် နွမ်းလျ နေတယ် ။ နောက်ဆုံး အင်းဝတပ် ဝိုင်း ဖမ်း လို့ မိ သွားတယ် ။ အင်းဝအိမ်ရှေ့မင်း က ကောင်းမွန်စွာ ဆက်ဆံ ပြီး ထမင်း ကျွေးကာ အင်းဝ သို့ ယူဆောင် သွားလေတယ် ။ အင်းဝမင်း လည်း သမိန်ဗရမ်း ကို အဝတ်အစား ပေး ကာ အပါး မှာ ခစား စေတယ် ။ 


ဥတည်ဘွား ရဲ့ တရုတ်တပ်ကြီး ဟာ နယ်ခြားကျောက်တိုင် ကို နုတ် ပြီး အင်းဝ ကို ဆက် ချီ လာတယ် ။ အမတ် တစ်ဦး ကို မြင်းစီးစစ်သည် တစ်သောင်း နဲ့ ပေါင်း မြင်းစီး နှစ်သိန်း ၊ ခြေလျင်စစ်သည် တစ်သိန်း အင်အား ရှိ သတဲ့ ။ တရုတ်တပ်ကြီး ဟာ အင်းဝ ကို ဝိုင်း ထားပြီး အင်းဝမင်း မဟာသီဟသူရ ထံ တမန် စေတယ် ။ ရှေး ပုဂံ နော်ရထာမင်းကြီး လက်ထက် က လို ရွှေပေါင်းချောင် ၊ ငွေပေါင်းချောင် စသည် ပဏ္ဏာများ ဆက်ဖို့ ရာဇသံ စေတယ် ။ အင်းဝ မင်း က အဲဒီလို ပေးရိုး မရှိ ဆို ကာ ငြင်း လေတယ် ။ မြင်းစီးသူရဲကောင်း တစ် စီးချင်း စီးချင်း ထိုးမယ် ။ အင်းဝ ဘက် က နိုင်ရင် တပ်ခေါက် ပြန်မယ် ။ တို့ နိုင်ရန် တောင်းတာ ပေးရမယ် လို့ တရုတ် ဘက် က အရေး ဆိုလာ လေတယ် ။ 


မင်းကြီး က သားတော်တွေ ၊ မှူးမတ်တွေ နဲ့ တိုင်ပင်တဲ့ အခါ တရုတ် သူရဲ ကို ယှဉ်နိုင် ဖို့ မွန်အမတ် သမိန်ဗရမ်း ကို ခေါ်ပြီး စုံစမ်း ကြည့်ဖို့ လျှောက် တာကြောင့် ခေါ်ရ လေတယ် ။ သမိန်ဗရမ်း က “ ဆင် လည်း တစ်စီး ချင်း ၊ မြင်း ကို တစ်စီး ချင်း ၊ ခြေလျင် တစ်ယောက် ချင်း ယှဉ်ရ လျှင် ဇမ္ဗူဒိပ် မြေပြင် ဝယ် ကျွန်ုပ် ကြောက်သူ မရှိ ” လို့ တင် တာ ကြောင့် ကြိုက်တဲ့ မြင်း ရွေး စေ တယ် ။ မြင်းစောင်း ရှိ မြင်း ( ၇၀၀ ) တစ်ကောင် မှ မကြိုက် ။ ဒါ့ကြောင့် နောက် မြို့ကို လှည့်ကြည့် စုံစမ်းရာ မုဆိုးမ တစ်ယောက် ရဲ့ မြင်းနီမန်ကျည်းစေ့ရောင် ဟာ ကြမ်းလွန်း လို့ မစီးဝံ့ ဘဲ လွှတ်ထား ရတာ သိ ရတယ် ။ စစ်သည်သူရဲ တို့ လည်း မြင်း က ကိုက်တတ်တယ် ဆို ကာ မဖမ်းရဲကြ ။ သမိန်ဗရမ်း လည်း မြင်းနီမ အာစပ် ကိုင် ဇက် ကို ခွံ့ကာ တက် စီး လေတယ် ။ မြင်းကြမ်း လည်း ခုန်ပေါက် ကာ အမျိုးမျိုး ခါ ချ ကာ မရတော့ တအား စွတ် ပြေးတယ် ။ သမိန်ဗရမ်း လည်း မြင်း အလို လိုက် ကာ စီး ပြီး မြင်း မော လေ မှ သူ့ စိတ်ကြိုက် စီး လေတယ် ။ 


ဘုရင် မဟာသီဟသူရ လည်း အားရလှတာ ကြောင့် “ တရုတ်မြင်းစီး သူရဲ စလုံကျော်ခေါင် ကို ရအောင် ယူ နိုင်ရင် ခြေရင်းတော် မှာ မှူးကြီး မတ်ကြီး အရာ ထားပြီး ခရိုင်မြို့ပြ ကို ပေးမယ် ။ ဟံသာဝတီ ပြန် လို က လည်း ငါ လွှတ်တော်မူမယ် ” လို့ မိန့် လေတယ် ။ သမိန်ဗရမ်း က စလုံကျော်ခေါင် ကို ရဖို့ အာမခံ လေတယ် ။ သို့ဖြင့် တရုတ် နဲ့ စီးချင်း ထိုးဖို့ ချိန်း ကြတယ် ။ ရက် စေ့ တဲ့ အခါ မင်းကြီး က သူ့ လက်စွဲ ပတ္တမြားဓား ၊ မြင်းကုန်းနှီး ပတ္တမြား က ၊ ရွှေဖျင်ဝတ်လုံ စသည် တို့ ကို ဝတ်ဆင်ကာ ကိုင်စွဲ စေတယ် ။ သမိန်ဗရမ်း လည်း ဘုရင် ကို ဦးသုံးကြိမ် ချ ပြီး တရုတ် စကားပြန်  ကို ခေါ်ကာ စီးချင်း ထိုး ဖို့ ထွက်ခဲ့ လေတယ် ။ 


တရုတ်အမတ် မြင်းစီးသူရဲ စလုံကျော်ခေါင် လည်း မြင်းဖောင်းဝတ် ကို စီး ပြီး အချိန် သုံးပိဿာ ခန့် လေး တဲ့ အဲမောင်း ( အရှည် ဆယ်ပေခွဲ ၊ လှံ သွား ၊ သုံးလမခွဲ ရှိ အောင်းမွေး ရစ်ထားသည့် အဝေး ပစ် လှံရှည် ) ကို ကိုင် ကာ ထွက်လာတယ် ။ 


နှစ်ဦး ဆုံကြတဲ့ အခါ စလုံကျော်ခေါင် က “ အစ်ကို လည်း မြင်းစီး သူရဲကောင်း ၊ ငါ လည်း မြင်းစီး သူရဲကောင်း ။ သုံးကြိမ်စေ့ အောင် မြင်းရေး စီး ပြီး လက်ဝါး ပြကာ တိုက်မယ် ” ဆို လေတယ် ။ မြင်းရေးပြ စီး ပြီးတဲ့ အခါ သမိန်ဗရမ်း လည်း တိုက်တော့ ဆိုကာ မြင်း ကို ဇက်ကုန် လွှတ်တယ် ။ နီး တဲ့ အခါ စလုံကျော်ခေါင် လည်း ဓားပြား လက်ဝါး လောက် ကို ကိုင် ပြီး ခုတ်မယ် လို့ မိုး လိုက်တယ် ။ စလုံကျော်ခေါင် လက် ကို မိုး တဲ့ အခါ သံချပ်ကြိုး ပြတ် တာ ကို မြင် လို့ လျင်မြန်စွာ သမိန်ဗရမ်း က လှံ နဲ့ ထိုး လိုက်တယ် ။ လျှပ်တစ်ပြက် ဖြစ်လို့ စလုံကျော်ခေါင် မြင်း ထက် က ကျ လေတယ် ။ 


သမိန်ဗရမ်း လည်း ခေါင်း ကို ဖြတ် ကာ ယူပြီး မြင်း ကို ဇက်ကုန် လွှတ် စီး ကာ မြို့တွင်း ဝင်တယ် ။ မြို့ထိပ် ကျုံး နား က ကြည့် နေကြတဲ့ ရဟန်းရှင်လူ အပေါင်း ဟာ ဝမ်းမြောက်လွန်း လို့ ဦးပေါင်း မြှောက် သူ မြှောက် ကြ နဲ့ သြဘာ ပေးကြလေတယ် ။ 


အင်းဝဘုရင် မဟာသီဟသူရ လည်း “ ဘုရင်မင်းခေါင် လက်ထက် မွန်မင်း ရာဇာဓိရာဇ် ရဲ့ သမက် တရုတ်ဂါမဏိ နဲ့ စီးချင်း တိုက်ရာ တရုတ် အမတ်ခေါင်း ကို ရတယ် လို့ သာ ကြား ဖူးတယ် ။ အခု ကိုယ်တွေ့ မြင် ရပြီး အားရတော် မူတယ် ။ ငါ့ ကတိ အတိုင်း ဆောင်ရွက်မယ် ၊ လိုရာ ပြော ” ဆိုတာ နဲ့ သမိန်ဗရမ်း လည်း “ အရှင်မင်းကြီး သနားပါ မှ ကျွန်တော့် သားသမီးများ ရဲ့ မျက်နှာ ကို မြင်ရပါမယ် ” လျှောက်တာ ကြောင့် မင်းကြီး လည်း အဆောင် အယောင် များစွာ ပေးကာ လှေကားလက်ပြည့် လှေ နဲ့ ဟံသာဝတီ ကို ပို့ စေ တယ် ။ ဓမ္မစေတီမင်း လည်း အားရလှတာ ကြောင့် ပို့ လာ သူတွေ ကို လက် ဆောင်ပဏ္ဏာ များစွာ နဲ့ တုံ့ပြန် ပေးတော် မူ လိုက်လေတယ် ။ 



❝ ပဉ္စလက် သေတ္တာကြီး ❞


ကလေးတို့ ရေ ... 


ဟံသာဝတီ မှာ ဓမ္မစေတီမင်း စိုးစံစဉ် ရှိန်းတူပြည် က ထူးဆန်းတဲ့ သေတ္တာကြီး တစ်လုံး လက်ဆောင် ပို့ လိုက် သတဲ့ ။ 


အဲဒီ သေတ္တာကြီး ဟာ အလျား စတုရန်း အတောင် ငါးတောင် ရှိ သတဲ့ ။ သေတ္တာ ဖွင့် လိုက် တာ နဲ့ သေတ္တာ ခြောက်မျက်နှာ စလုံး ပွင့် ပြီး အဆိပ်လူး မြားတွေ တစ်ပြိုင်တည်း ထွက် အောင် စက်လှည့် ခလုတ် တပ် ထား သတဲ့ ။ အဲဒီလို လုပ် ထားပြီး အပြင် က နေ လှပအောင် အရောင်တွေ ခြယ်ထား သတဲ့ ။ သော့ ကို အပြင် က ဆွဲ ဖွင့်တဲ့ နေရာ မှာ “ ကာ - ပ - ရောင် - က ” လို့ အက္ခရာ လေးလုံး ထင်ရှား အောင် ရေး ထား သတဲ့ ။ သံအကြီး လေးယောက် ၊ လူ ငါးကျိပ် နဲ့ ပုသိမ် သင်္ဘောဆိပ် က တစ်ဆင့် ရောက် လာပြီး ဓမ္မစေတီမင်း ကို ဆက် လေတယ် ။ 


မင်းကြီး လည်း တုရင်ဒေသ ၊ ပုညသာရီ စတဲ့ ဆရာတော် တွေ ကို ပင့်ပြီး ဆွမ်း လုပ်ကျွေး တော် မူတယ် ။ ပြီးမှ ဆရာတော်တွေ နဲ့ မှူးမတ် စုံညီ ရှေ့ မှာ သေတ္တာကြီး ကို ပြပြီး ဝိုင်း ကြည့် ကြ သတဲ့ ။ ဖွင့်မယ့် နေရာ က အက္ခရာ လေးလုံး မြင်တဲ့ အခါ မင်းကြီး က “ သည် သေတ္တာ ဟာ ထူးဆန်းလှတယ် ။ ရုတ်တရက် မဖွင့် နဲ့ ။ ကာပရောင်က ဆိုတဲ့ အက္ခရာ လေးလုံး ကို ဆင်ခြင် ကြည့် ရင် ကာပ ကို  လ ရှေ့ တည် ၍ ပ ခေါ် ရမည် ။ ပလ လို့ ဖြစ်မယ် ။ ရောင် က ဆိုတာ ငါး မျှော်ကြည့်သည့် အဓိပ္ပာယ် ဖြစ်တယ် ။ ငါး မျှော်ကြည့်တာ ဟာ ဗျိုင်း ဖြစ်တယ် ။ ဗျိုင်း ကို မွန်ဘာသာ နဲ့  ( ပေါ် ) လို့ ခေါ်တယ် ။ အားလုံး ပေါင်းတဲ့ အခါ ( ပလပေါ် ) လို့ ရတယ် ။ အဓိပ္ပာယ် က “ အန္တရာယ် ပြု မည့် သေတ္တာ ” လို့ ဆိုလိုတယ် ။ ဒါကြောင့် သတိ နဲ့ ဖွင့်သင့်တယ် ” လို့ မိန့်တယ် ။ 


အဲဒီ နောက်မှာ တော့ မင်းကြီး က လူ ရှင်းတဲ့ ကျုံးနဖူး မှာ ထန်း တစ်ဖျား ခန့် ရှိတဲ့ ငြမ်း ကို ဆင် စေတယ် ။ သားရေချပ် ကိုးထပ် ခင်း ပြီးမှ သေတ္တာ ကို ငြမ်း အောက် က ထားကာ ငြမ်းအထက် က နေ လူ ( ၁၉ ) ယောက် တို့ က အုတ်ကျောက်ကြီးများ ကို သေတ္တာ ပေါ်  ပစ်ချ စေတယ် ။ 


မင်းကြီး စေတဲ့ အတိုင်း ပစ်ချ တဲ့ အခါ သေတ္တာကြီး ကွဲပြီး မီးခိုး လို အခိုးတွေ အောက် အထက် လေးမျက်နှာ ထွက် လာတယ် ။ မြားတံတွေ လည်း မရေတွက် နိုင်အောင် ထွက် လာတယ် ။ အထက် က အုပ် ထားတဲ့ သားရေချုပ် ၄ - ၅ ချပ် ပေါက် လေတယ် ။ လေးမျက်နှာ က ထွက် တဲ့ မြားတွေ လည်း အနီး အနား က ရှိတဲ့ သစ်ပင်တို့ ကို တွဲလဲတန်းလန်း စိုက် ကုန်တယ် ။ အောက်ဘက် မြေ ကို လည်း မြား များစွာ စူးနစ် လေတယ် ။  အဲဒီလို အချင်းအရာတွေ ကို မြို့သူမြို့သား တို့ မြင်တဲ့ အခါ “ ရှိန်းတူ ပြည်သားတွေ ဟာ ငါတို့ တစ်မြို့လုံး သေအောင် လုပ်တာပဲ ။ ပညာဉာဏ် ကြီးကျယ်တဲ့ အရှင်မင်းကြီး ကြောင့် သာ သတ္တဝါတို့ အသက် ချမ်းသာပေ တယ် ” လို့ ဓမ္မစေတီမင်းကြီး ကျန်းမာချမ်းသာ သက်တော် ရှည် စေကြောင်း ဆုမွန် တောင်းကြလေတယ် ။ 


ရှိန်းတူပြည်သား သံအမတ်ကြီးများ လည်း မင်းကြီး ရဲ့ ပညာဉာဏ် ကို ချီးမွမ်း ကာ ဆက်သ လိုက်တဲ့ စည်သုံးလုံး ကို တီးမှုတ်သူများ နဲ့ တကွ မိမိတို့မြို့ က ဖြစ်တဲ့ အဝတ်တန်ဆာများ ကို ပါ ဓမ္မစေတီမင်းကြီးအား ဆက်သ ပြီး ပြန်ကြ သတဲ့ ။ 



❝ မင်းညီတုံး နှင့် လူဝံ တိုက်ပွဲ ❞ 


ကလေးတို့ ရေ …


သမိန်ဗရမ်း နဲ့ စလုံကျော်ခေါင်တို့ ပွဲ ပြီးတဲ့ အခါ နောက် တိုက်ပွဲ တစ်ခု လာ သေးတယ် ။ ထူးထူးဆန်းဆန်း တိုက်ပွဲ လို့ ဆိုရပေလိမ့်မယ် ။ 


ဓမ္မစေတီမင်း လက်ထက် မှာပဲ သင်္ဘော ( ၇ ) စင်း နဲ့ ကုလားတွေ ဒဂုံ မြို့ကြီး သို့ ဆိုက်ရောက် တယ် ။ အဲဒီမှာ ဟံသာဝတီမင်း နဲ့ သူ့ သူရဲကောင်း အကြောင်း ကို ကြားရ သတဲ့ ။ ဒါနဲ့ ဟံသာဝတီ ကို လာခဲ့ကြတယ် ။ “ မွန် ပြည်ကြီး ဟာ ရွှေငွေရတနာ ပေါတယ် ။ ရဲမက်ဗိုလ်ပါ လူစွမ်းကောင်း ပေါ တယ် ။ မွန်မင်း လည်း ဘုန်းကြီးသည် လို့ ကြားတာ ကြောင့် လာ ပါတယ် ။ သူရဲကောင်း တစ်ယောက် ချင်း တိုက် လို ပါတယ် ။ ကျွန်တော်တို့ က ရှုံး ရင် ပါ လာတဲ့ ကုန် အပြည့် နဲ့ သင်္ဘော ( ၇ ) စင်း ကို သိမ်းတော် မူပါ ။ ကျွန်တော် တို့ နိုင် ရင် သင်္ဘော နဲ့ ကုန်တန်ဖိုး ပေးပါ ” လို့ အရေး ဆို လာတယ် ။ 


အဲဒီအခါ လက်ဖျံရိုး တစ်ချောင်း တည်း ရှိတဲ့ မင်းညီတုံး က အများ ရှေ့ မှာ ဘုရင် ကို ဦးချ ပြီး “ ကျွန်တော် တိုက်ပါမယ် ” လို့ လျှောက်တယ် ။ ဘုရင် က ခွင့်ပြုတဲ့ အခါ ဝတ်စား ဆင်ယင်ပြီး ဓား ၊ လှံ ၊ လွှား ၊ ကာ ကိုင်စွဲ ပြီး ထွက်လေတယ် ။ 


ကုလားတို့ ဟာ လူဝံကြီး တစ်ကောင် ကို သံကြိုး ချည် ယူ လာတာ ကို မင်းမှူးမတ် စစ်သူကြီး တို့ မြင်ကြတဲ့ အခါ “ လူသားချင်း သာ တိုက် ရမယ် ။ တိရစ္ဆာန် နဲ့ ဘယ်လို တိုက်မလဲ ” ဆို ပြီး ဆီးတား ဟန့် ကြတယ် ။ ဒီအခါ မင်းညီတုံး က “ လူချင်းပင် မ က သင်း တိရစ္ဆာန်ဆိုး ကို လည်း ကျွန်တော် တိုက်ဝံ့ ပါတယ် ။ တိုက်ပါ့မယ် ” လို့ လျှောက်တယ် ။ 


အဲဒီအခါ ကုလား တို့ က “ ကျွန်တော်တို့ သူရဲကောင်း က လက်ချည်း ဖြစ် ပါတယ် ။ ဤ သူရဲကောင်း မှာ က လက်နက် ပါ ပါတယ် ။ ကျွန်တော် တို့ မတိုက်ဝံ့ပါ ” လို့ ဆို ပြန်တယ် ။ အဲဒီအခါ “ ကောင်းပြီ ” လို့ ဆိုပြီး မင်းညီတုံး က ပါတဲ့ လက်နက်တွေ ချ ထား ခဲ့ပြီး လူချည်း ဝင် လေတယ် ။ ကုလား တွေ က လူဝံ ကို သံကြိုး ဖြေ လွှတ် လိုက်တယ် ။ 


လူဝံကြီး လည်း မင်းညီတုံး ဆီ အပြေး လာ လေတယ် ။ မင်းညီတုံး က လက် တစ်ဖက် ကို ကမ်း ပေးတယ် ။ လူဝံကြီး က ကိုက်မယ် အပြင် လိုက် မှာ အောက်မေးစပ် ကို ဆွဲပြီး လက်နဲ့ လွှဲပစ် လိုက်ရာ လူဝံကြီး လဲ ကျ တယ် ။ အဲဒီအခါ မင်းညီတုံး က လူဝံကြီး ရဲ့ ရင်ဘတ် ကြား ကို အင်အား ကြီးစွာ နဲ့ ခြေ နဲ့ ပေါက်ချ လိုက် တာ လူဝံကြီး သေလေ သတဲ့ ။ 


ကုလား တို့ လည်း အံ့အား သင့် လေတယ် ။ “ ကျွန်တော်တို့ အမြို့မြို့ လှည့်လည် တိုက် လာတာ နိုင်တာ များ လှတယ် ။ ဒီမြို့ မှ ရှုံးရတယ် ” လို့ ဆို ပြီး သင်္ဘော နဲ့ ကုန်များ ကို ဆက်လေ သတဲ့ ။ ဓမ္မစေတီမင်း လည်း သင်္ဘော လေးစင်း ကို မင်းညီတုံး အား ပေးပြီး ကျန် သုံးစင်း ကို တော့ ကု,လားတွေ ကို ပြန် ပေး လိုက်တယ် ။ 


ဓမ္မစေတီမင်း လည်း မင်းညီတုံး ကို သမိန်ဗရမ်းဘွဲ့ အမည် နဲ့ စစ်တောင်းမြို့ ကို ပေးတော် မူတယ် ။ 



❝ သစ္စာရှိသူ နှင့် သစ္စာမဲ့သူ ❞


ကလေးတို့ ရေ ... 


ဓမ္မစေတီမင်း မှာ သူ နန်းတက်စဉ် ကတည်း က ကျွေးမွေး ပြုစု လာ တဲ့ မိန်းမစိုး နှစ်ယောက် ရှိ သတဲ့ ။ မိန်းမစိုး ဆိုတာ နန်းတွင်း မှာ ရှိတဲ့ မောင်းမ ကိုယ်လုပ်တော်တွေ ကို ကြပ်မတ် ရ တဲ့ သူ ပဲ ။ မိန်းမလျှာတွေ လည်း ဖြစ်တယ် ။ ဘုရင် အလွန် ယုံကြည်ရသူတွေ လည်း ဖြစ်တယ် ။ 


သက္ကရာဇ် ( ၈၃၂ ) ခုနှစ် မှာ မွန်ဘုရင် ဓမ္မစေတီ ဟာ မြင်းသရိုက် နာ စွဲကပ်လေ သတဲ့ ။ နာတာရှည် ရောဂါမျိုး ဖြစ်တာကြောင့် စ ဖြစ်တဲ့ အချိန် က စပြီး ဘုရင့် အခန်း ထဲ ကို မိန်းမစိုးကြီး နှစ်ယောက် ပဲ တစ်လှည့် စီ ဝင်ကာ ပြုစု ရ သတဲ့ ။ အခြား သူများ မည်သူမျှ မဝင်ရလို့ အမိန့် ထုတ် ထားလေတယ် ။ 


အဲဒီလို အမိန့် ထုတ် ထားတာ ကို ဓမ္မစေတီမင်း ရဲ့ သားတော် ဗညားရံ က မကျေနပ်ဘူး ။ ဒါကြောင့် နာမကျန်း ဖြစ် နေတဲ့ ခမည်းတော် ကို လုပ်ကြံ ဖို့ ကြံစည် လေ သတဲ့ ။ သူ့ အကြံ ကို အကောင်အထည် ဖော် ဖို့ မိန်းမစိုး နှစ်ဦး ကို ချဉ်းကပ် မှ ပဲ လို့ အကြံ ရတယ် ။ ဒါနဲ့ အိပ်လှည့် မကျတဲ့ မိန်းမစိုး တစ် ယောက် ကို တိတ်တဆိတ် အိမ်ကို ခေါ်ပြီး “ ခမည်းတော် ဟာ အသက် လည်း ကြီး ပြီ ။ အခုဖြစ် နေတဲ့ အနာ က လည်း လွတ်နိုင်မှာ မဟုတ်ဘူး ။ အဲဒီလို ဆင်းရဲကြီးစွာ ခံ နေရတာ ထက် သေ တာ က မြတ်တယ် ။ ဒါကြောင့် သင့် အလှည့် ကျ တဲ့အခါ မြင်းသရိုက် ကို ဓား နဲ့ လှီးဖြတ် လုပ်ကြံပါ ။ ငါ မင်းဖြစ် တဲ့ အခါ သင့် ကို ကြီးစွာ ချီးမြှောက်မယ်” လို့ ဆို လေတယ် ။ 


အဲဒီအခါ မိန်းမစိုး က “ အရှင့်သား ၊ အရှင့် ဘိုးတော် လက်ထက် က ပင် အသက် ၇ နှစ် ၊ ၈ နှစ် အရွယ် ကျွန်တော်တို့ ရောက် လာပြီး အတွင်းတော် မှာ လူယုံ အဖြစ် စေပါးခြင်း ခံ ရပါတယ် ။ အရှင့် ဘိုးတော် နတ်ရွာစံပြီး အရှင့် ခမည်းတော် နန်း တက် တဲ့အခါ မှာ လည်း သင့်ရာ သင့်ရာ ကျွေးရွာ ပေးပြီး ချီးမြှောက်တာ ခံရပါတယ် ။ အရှင့် ခမည်းတော် ဟာ ကျွန်တော်တို့ နှစ်ယောက် ကို အထူး နှစ်သက်တော် မူ လို့ အပါး မှာ အမြဲ ခစား ရ ပါတယ် ။ အဝတ်အစား စားဖွယ်တို့ ကို ကျွန်တော်တို့ ကိုယ်တိုင် ဆက်ကပ် မှ စားတော် ခေါ် ပါတယ် ။ သုံးစွဲပါတယ် ။ အမိ နဲ့ သား လို ယခုတိုင် အသက်ရှည် သမျှ မကွဲမကွာ ရှိကြ ပါတယ် ။ ယခု မင်းကြီး ရဲ့ အဆုံးစွန် မှာ သည်လို ကျွန်တော် မပြုရက်ပါ ။ အရှင့်သား သ,တ် လျှင် လည်း သေရပါမယ် ။ ကျွန်တော် သာ အသေခံပါ့မယ် ” လို့ ချေငံစွာ လျှောက်တင် တာ ကြောင့် ဗညားရံ လည်း “ ကောင်းပြီ ... ၊ မင်း နဲ့ ငါ သာ ဆိုတဲ့ စကား ဘယ်သူ့ ကို မှ မပေါက်ကြားစေနဲ့ ။ ပေါက်ကြား ရင် ဆွေ ( ၇ ) ဆက် သတ်ပစ်မယ် ” လို့ ကြိမ်းလေတယ် ။ မိန်းမစိုး လည်း “ အရှင့်သား စိတ်ချတော်မူပါ ၊ ကျွန်တော် ကတိ ပေးပါတယ် ” လို့ အာမခံ လေ သတဲ့ ။ 


အိမ်ရှေ့မင်း ဗညားရံ ဟာ ကျန် မိန်းမစိုး တစ်ယောက် ကို လည်း ယခင် နည်း အတိုင်း ပြောဆိုတဲ့ အခါ “ အရှင့်သား ခိုင်းတဲ့ အတိုင်း လုပ်ပါ့မယ် ” ဆိုပြီး မင်းကြီး ကို လုပ်ကြံလေ သတဲ့ ။ 


ဗညားရံ ဟာ ခမည်းတော် အလောင်း ကို သင်္ဂြိုဟ် ပြီး တဲ့ အခါ “ ဟတ္တိ ရာဇာ ” အမည် နဲ့ နန်းတက် လေတယ် ။ ရက်လည် တဲ့ အခါ မင်းညီမင်းသား မှူးမတ်စစ်သူကြီး ရှိသမျှ တို့ ကို ရှေ့တော် သို့ ဝင်စေ သတဲ့ ။ 


အမိန့် အတိုင်း မင်းကြီး ကို လုပ်ကြံတဲ့ မိန်းမစိုး ဟာ အဝတ်သစ်သစ် လွင်လွင် ဝတ်ပြီး ကြီးစွာသော အချီးမြှင့် ခံရတော့မယ် လို့ ဝမ်းမြောက် ရွှင်လန်း နေ လေတယ် ။ အမိန့် ကို မနာခံဘဲ သစ္စာ ရှိတဲ့ မိန်းမစိုး ဘိမ္မသူရ မြို့စား ကတော့ သူ အသတ် ခံရတော့မယ် လို့ တွေးပြီး အဝတ် ခပ်နွမ်းနွမ်း ဝတ်ကာ ညှိုးငယ် နေ လေတယ် ။ 


မှူးမတ်ဗိုလ်ပါ အားလုံး စုံညီတဲ့ အခါ ဘုရင် အသစ် ဗညားရံ က မိန့် လေတယ် ။ 


“ မှူးမတ် အပေါင်းတို့ .. ၊ ဤ မိန်းမစိုး နှစ်ယောက် ဟာ ဘိုးတော် လက်ထက် သူတို့ ငယ်စဉ် က ပဲ နန်းထဲ ရောက်တယ် ။ အဲဒီနောက် ခမည်းတော် ထံ မှာ ဆက်လက် ခစားပြီး အထိုက်အလျောက် ချီးမြှောက်ခြင်း ခံရတဲ့ အပြင် ယုံကြည်တော် မူ တာ ကြောင့် ကိုယ့် ကိုပင် အပ်နှင်း ထားလေတယ် ။ နောက် ခမည်းတော် မကျန်းမာလို့ အနိစ္စ ရောက်လုဆဲ မှာ ငါဟာ အကုသိုလ် စိတ် နှိုးဆော် တာ ကြောင့် မအပ်မရာ ကြံမိပြီး မိန်းမစိုး ဘိမ္ဘသူရမြို့စား ကို ခမည်းတော် အား လုပ်ကြံပါ ။ သင့် ကို မြို့စားရွာစား ဆုလာဘ်များစွာ ပေး မယ် လို့ ခိုင်းတယ် ။ ဒါပေမဲ့ သူ က ခမည်းတော် ချီးမြှောက်ခဲ့တာ ယခု အသက် ( ၅၀ ) ကျော်ပြီ ။ ယခုမှ မကြံရက်ပါ ။ အရှင့်သား သ,တ် ရင်လည်း အသေခံပါ့မယ် လို့ ဆိုတယ် ။ နောက် မိန်းမစိုး တစ်ယောက် ကတော့ ဆုလာဘ် ပေးမယ် ။ ခမည်းတော် ကို လုပ်ကြံပါ ဆိုတာ နဲ့ သစ္စာတရား ကို မစောင့်ဘဲ ခမည်းတော် ကို ဘီလူးသဘက် ကဲ့သို့ ရက်စက်စွာ လုပ်ကြံလေတယ် ။ ဤ လူမျိုး ကို မထားသင့် ” လို့ မိန့်တော်မူတာ နဲ့ အာဏာသားများ က  ၊ အဝတ်သစ် ဝတ် ထားတဲ့ မိန်းမစိုး ကို ဆွဲထုတ်ကာ ကွပ်မျက် လိုက်လေတယ် ။ 


သစ္စာတရား စောင့်ထိန်းတဲ့ ဘိမ္မသူရမြို့စား မိန်းမစိုး ကို တော့ အများ ရှေ့ မှာ ချီးမွမ်းပြီး သူမြတ် အဖြစ် ဒလမြို့ ကို ပေးသနား လေတယ် ။ ဓမ္မစေတီ မင်း ဟာ သာသနာရေး အတွက် များစွာ လုပ်ဆောင်ခဲ့တယ် ။ သူ့ လက်ထက် မှာ တိုင်းပြည် လည်း စည်ပင် ခဲ့တယ် ။ ရဟန်းရှင်လူ ကြည်ဖြူ တဲ့ မင်း ဖြစ် ပေတယ် ။ သက္ကရာဇ် ( ၈၅၄ ) ခုနှစ် မှာ အနိစ္စ ရောက် လေတယ် ။ 



❝ ဒုတိယ မင်းခေါင် ❞


ကလေးတို့ ရေ ... 


အင်းဝ မင်းဆက် တတိယခေတ် ပိုင်း မှာ ပြည်စုမင်း သီဟသူ အနိစ္စ ရောက်ပြီး တဲ့ အခါ သားတော် ဒုတိယ မင်းခေါင် ဟာ သက္ကရာဇ် ( ၈၄၂ ) ခုနှစ် မှာ နန်း တက်တော် မူတယ် ။ ( ပထမ မင်းခေါင် က တော့ ရာဇာဓိရာဇ် နဲ့ စစ်ခင်း ခဲ့ တဲ့ ဘုရင်မင်းခေါင် ပဲ ။ ) 


ဒုတိမင်းခေါင် လက်ထက် မှာ ညီတော် စလင်းမင်း ၊ ရမည်းသင်းမင်း ၊ ဘထွေးတော် ပြည်မင်း တို့ အသီးသီး ပုန်ကန်ကြ လေတယ် ။ မြောက်ဘက်ပိုင်း မှာ လည်း မြေဒူးမင်း ကို ရှမ်းတို့ လာရောက် တိုက်ခိုက် ကြတယ် ။ 


ဒုတိယ မင်းခေါင် ဟာ တောင်ငူစား စည်သူ‌ကျော်ထင် ကို အဂ္ဂမဟာသေနာပတိ ခန့်ပြီး သူပုန်သူကန် တွေ ကို နှိမ်နင်းစေတယ် ။ 


တစ်ခါမှာ တော့ ယောက်ျား တစ်ယောက် က သူငယ် တစ်ယောက် ကို “ မင်းကြီး သတိုးစလင်း က ဆိုလာတယ် ” ဆိုပြီး အပြောင်အပျက် ခြိမ်းခြောက် တယ် ။ အဲဒီ စကား များ သွားပြီး ပြည်သူတွေ အထိတ်တလန့် ဖြစ်ကြ သတဲ့ ။ ဒါနဲ့ စည်သူကျော်ထင် ဟာ သည် စကား ဘယ် က လာ သလဲ စုံစမ်း ရာ မှ အပြောင်အပျက် ပြောတဲ့ ယောက်ျား ကို ဖမ်းမိ လေတယ် ။ စည်သူကျော်ထင် လည်း ထို ယောကျာ်း ကို စစ်ဆေးပြီး “ ပျား တစ်စက် ကြောင့် ပြည် ပျက်သည် ။ ဆန်ကော ဖျက်၍ ပြည် ပျက်သည် ” ဆိုတဲ့ အကြောင်းတွေ နင် မကြားဘူး သလော လို့ မေးပြီး ထို ယောက်ျား ကို ကွပ်မျက် လေသည် ။ 


ဒုတိယ မင်းခေါင် ရဲ့ ညီအလတ် နဲ့ ညီအထွေး ပုန်ကန် ခြားနား တာ ကို စည်သူကျော်ထင် သွားရောက် တိုက်ခိုက် ရာ မှာလည်း အရေးတော် ပြီးခဲ့တယ် ။ အောင်ခဲ့တယ် ။ တောင်ငူစား စည်သူကျော်ထင် ကို သက္ကရာဇ် ( ၈၄၇ ) ခုနှစ် မှာ တူတော် မင်းကြီးညို လုပ်ကြံပြီး မင်း ပြုလေတယ် ။ ဒုတိယ မင်းခေါင် ထံ ကိုလည်း ဆင်ပေါက် နှစ်စီး နဲ့ တကွ လက်ဆောင်ပဏ္ဍာတွေ ဆက်သ တယ် ။ မင်းကြီး ဟာ ရာဇမာယာ မှာ လိမ္မာသူ ဖြစ်တာကြောင့် ဘယ်လို မှ မိန့်တော် မမူဘဲ နေ လေတယ် ။


ဒုတိယ မင်းခေါင် ဟာ သားတော် ကို မဟာသီဟသူရ အမည် နှင့် မင်း မြှောက် ပြီး နန်း တစ်ခု ထဲ မှာ ထီးဖြူ ဆောင်း စေကာ မင်းပြိုင် ပြု လေတယ် ။ ဒုတိယ မင်းခေါင် ဟာ ပညာရှိသူတွေ ကို လည်း ချီးမြှောက်တော် မူတယ် ။ သူ့  လက်ထက် မှာ မြန်မာစာပေ ပရိယတ္တိ ၊ ပရိပတ္တိ ၊ ပျို့ ၊ ကဗျာ ၊ လင်္ကာ ရေးသားမှု တွေ လည်း ထင်ရှား တိုးပွား လာတယ် ။ ထင်ရှားတဲ့ စာဆိုတွေ ကတော့ ရှင်မဟာရဌသာရ ၊ ရှင်မဟာသီလဝံသ ၊ ရှင်ဥတ္တမကျော် ၊ ရှင်အဂ္ဂသမာဓိ တို့ ဖြစ်ကြတယ် ။ 


ဒုတိယ မင်းခေါင် ဟာ သီလ ၊ သမာဓိ ၊ ပညာ နှင့် ပြည့်စုံတော် မူတယ် ။ အဋ္ဌာရသ ဟူသမျှ လည်း တတ်မြောက် လေတယ် ။ လေးအတတ် ၊ မြင်းစီး အတတ် မှာ သူ့ ကို မီ သူ မရှိလို့ ကျော်ကြားတယ် ။ မြင်းစီးရေး ( ၁၇ ) ရပ် ရှိတယ် ။ မြင်းပြေး နေစဉ် မှာ ခြေစုံ ရပ် ပြီး စီးတယ် ။ ခြေ တစ်ဖက် ရပ် စီးတယ် ။ မှောက်ခုံ ၊ အလျား မြင်းက မှာ ဝပ် စီးတယ် ။ မြင်းပေါ် မှာ ပက်လက် လဲလျောင်း စီးတယ် ။ ပြေး နေစဉ် မြင်းပေါ်မှာ မတ်တတ် ရပ် ပြီး ချပ်ဝတ် တန်ဆာ ဝတ်ဆင်တယ် ။ ဓား ၊ လှံ လက်နှစ်ဖက် ပြောင်းပြီး စီးတယ် စသည်ဖြင့် အမျိုးစုံ မြင်းရေး ( ၁၇ ) ရပ် ကျွမ်းကျင်တော် မူ လေတယ် ။ ဆင် အတတ် လည်း ကျွမ်းကျင်တယ် ။ 


တောင်တွင်း က ရောက်လာတဲ့ ရှင်မဟာသီဝံသ ကို ထူပါရုံဘုရား မြောက်ယွန်းယွန်း မှာ ရတနာဗိမာန်ကျောင်း ဆောက် လှူတယ် ။ တံတားဦး အရပ် မှာ မင်္ဂလာစေတီ နဲ့ ရွှေကျောင်းတော် ၊ အခြား ကောင်းမှုကုသိုလ်တွေ လည်း များစွာ ရှိလေတယ် ။ ဒုတိယ မင်းခေါင် ဟာ သက္ကရာဇ် ( ၈၆၂ ) ခုနှစ် နှစ်ကုန် မှာ အနိစ္စ ရောက်လေတယ် ။ 



❝ ရွှေနန်းကြော့ရှင် နရပတိ ❞


ကလေးတို့ ရေ ...


ထီးပြိုင် မင်းပြိုင် ပြုကြတဲ့ ခေတ် မှာ “ ပြည်တစ်ခု တစ်မင်း ” ဆို သလို မင်း ပြု ကြတယ် ။ ပို အင်အား ကြီးအောင် ၊ နယ်ပယ် ကျယ်အောင် လည်း တိုက်ခိုက် တတ် ကြတယ် ။ 


သက္ကရာဇ် ( ၈၆၃ ) ခုနှစ် မှာ ဒုတိယ မင်းခေါင် ရဲ့သားတော် ဘုရင် နရပတိ နန်း တက်တော် မူတယ် ။ သူ ဟာ အလွန် ကျစ်လျစ် လှပတဲ့ နန်းတော် ဆောက် လုပ် နန်းစံ တာ ကြောင့် ရွှေနန်းကြော့ရှင် လို့ အမည် တွင် လေတယ် ။ 


တစ်ခါမှာ တော့ ( မဟာသီဟသူရ ရဲ့သား ရွှေနော်ရထာ ရဲ့ ) ကျွန် ဖြစ်တဲ့ ငသောကြာ က ရွှေနန်းကြော့ရှင် ကို အမှတ်တမဲ့ ဓား နဲ့ ခုတ် လိုက်တယ် ။ ဒါပေမဲ့ ထီးဖြူအရိုး ကို ပဲ ခုတ်မိ လို့ ထီးရွက် အုပ်မိကာ ဘုရင် ကို မထိ မိ လေဘူး ။ အဲဒီမှာတင် အထိန်းတော်သား ရေနံ့သာစား ငရွှေကျိုင်း က ငသောကြာ ကို အမိအရ နောက် က နေ သိမ်းဖက် ပြီး ဖမ်းချုပ် လိုက်တယ် ။ ငသောကြာ လည်း ဓား ကိုင် လျက် ရုန်းတဲ့ အခါ နှစ်ယောက် စလုံး ပက်လက် လဲ ကျ တယ် ။ ငရွှေကျိုင်း က “ အရှင် …  ၊ ငသောကြာ လွတ်ရင် အရေးတော် ပျက်မယ် ။ ကျွန်တော် သေချင် သေပါစေ ... ၊ ကွပ်မျက်တော်မူ ” လို့ လျှောက်တာ ကြောင့် ဘုရင် ဟာ ငသောကြာ ကို ပဲ ရွေးပြီး ကွပ်မျက် လေတယ် ။ 


ကျွန် မကောင်း တာ ကြောင့် သူ့ သခင် ရွှေနော်ရထာ ကို ရေ မှာ ဖျောက် တယ် ။ ( ခဲ ဆွဲ ကာ ရေနှစ် သ,တ်တယ် ။ ) ရွှေနော်ရထာ ရဲ့ကျွန် ရှင်ထွေးနာသိန် စတဲ့ သူရဲကောင်းတွေ လည်း အလုံးအရင်း နဲ့ တောင်ငူ သို့ ပြေးဝင် ခိုလှုံ လေတယ် ။ 


ရွှေနန်းကြောင့်ရှင် လက်ထက် မှာ မြောက်ဘက် မြေဒူးနယ် ကို မိုးညှင်း ရှမ်း တို့ အကြိမ်ကြိမ် တိုက်ခိုက် လာတယ် ။ ပြည်ဘုရင် သတိုးမင်းစော  ၊ တောင်ငူဘုရင် မင်းကြီးညို တို့ လည်း  ရွှေနန်းကြော့ရှင် ကို ပုန်ကန် ကြတယ် ။ နိုင်ငံတော်တွင်း မြို့ရွာတွေ ကို လည်း အကြိမ်ကြိမ် တိုက်ခိုက် ဖျက်ဆီး ကြတယ် ။ 


( ၈၆၇ ) ခုနှစ် မှာ လည်း ယင်းတော် ၊ ရှစ်ရှားစား မင်းတုံးတာ ၊ မင်းပြည့်ဝ တို့ ဟာ တောင်ငူမင်း ၊ ပြည်မင်း တို့ နဲ့ ပေါင်းပြီး စလေမြို့ကို တိုက်ခိုက် လာတယ် ။ ရွှေနန်းကြော့ရှင် ဟာ ကုန်းဘောင်စော်ဘွား နဲ့ ပေါင်း ကာ ပြန် တိုက် တယ် ။ ပုံတောင် အရပ် မှာ စစ်ကြီး ကို ရွှေနန်းကြော့ရှင် အနိုင် ရတယ် ။ အဲဒီ အကြောင်း ကို ရှင်မဟာရဋ္ဌသာရ က “ ပုံတောင်နိုင် မော်ကွန်း ” လို့ ဖွဲ့ဆို ခဲ့တယ် ။ 


နောက်ထပ် ပုခန်းကြီး ၊ စကု စတဲ့ နိုင်ငံ တွင်း မြို့စားတွေ လည်း ပုန်ကန် ကြတယ် ။ ရွှေနန်းကြော့ရှင် အကြိမ်ကြိမ် နှိမ်နင်း ရတယ် ။ ဘိုးတော် ၊ ညီတော် စတဲ့ မင်းဆွေမျိုးရိုး တို့က လည်း သစ္စာ မစောင့်ကြဘူး ။ ကုန်းဘောင် စော်ဘွား တစ်ဦး ပဲ မဟာမိတ် အနေ နဲ့ စစ်ရေးအခင်း ရှိ တိုင်း ရွှေနန်းကြော့ရှင် ကို လာရောက် ကူညီ လေတယ် ။ 


( ၈၈၆ ) ခုနှစ် မှာ မိုးညှင်းစလုံ တို့ စစ်ကိုင်း ကို ချီလာပြီး ကျောင်းကန် ၊ အိမ်ရာ တို့ ကို မီး တိုက်တယ် ။ ဧရာဝတီမြစ် အနောက် တစ်လွှား မြို့ရွာ တို့ ကို လည်း တိုက်ခိုက် သိမ်းယူ ကြတယ် ။ သရက် ထိ တိုင် ရောက် ပြီး ပြည် သတိုးမင်းစော တို့ နဲ့ ပေါင်း ကာ ရေကြောင်း ၊ မိုးညှင်းစလုံ က ဧရာဝတီ အရှေ့ က ကူးပြီး ကြည်းကြောင်း ပေါင်းကာ အင်းဝ ကို ချီတက် လေတယ် ။ 


ရွှေနန်းကြော့ရှင် က ကုန်းဘောင်စော်ဘွား နဲ့ပေါင်းပြီး ပြန် ခုခံ တယ် ။ တစ်ဖက် က အင်အား များ တာ ကြောင့် ဆင်ကောင်းဝက်ဝံ ( မေမြို့ အနီး ) ထိ ဆုတ် ရတယ် ။ ဒါ့ကြောင့် စလုံ တို့ လည်း သတိုးမင်းစော ကို အင်းဝ မှာ နန်းတင် ခဲ့ပြီး ဆင်ကောင်း ၊ မြင်ကောင်း တို့ ကို သိမ်း ယူ ကာ ပြန် လေတယ် ။ ရဟန်းရှင်လူ တို့ ကို လည်း သိမ်း တာ ကြောင့် စာဆို ရှင်မဟာရဋ္ဌသာရ လည်း ပြည်မြို့ ကို ရောက် ပြန်တယ် ။ အဲဒီ စစ် မှာ ရှင်အဂ္ဂသမာဓိ ရဲ့ ခမည်းတော် နတ်မောက်မြို့စား ဘယကျော်သူ လည်း ကျဆုံး လေတယ် ။ 


အင်းဝ ကို မိုးညှင်းရှမ်း တို့ တိုက် ကြောင်း ကြား တဲ့ အခါ တောင်ငူမင်း ကြီးညို ချီ လာပြီး တောင်ဘက် တစ်လွှား မြို့ရွာတွေ ကို သိမ်းယူ လေတယ် ။ အဲဒီ သတင်း ရတဲ့ အခါ ရွှေနန်းကြော့ရှင် နဲ့ ကုန်းဘောင်စော်ဘွား ခုံမှိုင်း တို့ တောင်ငူ ကို ချီ လာ ကာ အကြိမ်ကြိမ် တိုက်ခိုက် ကြတယ် ။ မရချေ ။ 


ရွှေနန်းကြော့ရှင် ဟာ အင်းဝ ပြန်ပြီး အင်အား အသစ် စုဆောင်း လေတယ် ။ အဲဒီ အတွင်း သက္ကရာဇ် ( ၈၈၈ ) ခု မှာ မိုးညှင်းစလုံ နဲ့ သား သိုဟန်ဘွား တို့ အလုံးအရင်း များစွာ နဲ့ ချီလာ ပြန်တယ် ။ ပုခန်းနယ် က နေ ရှမ်းတို့ ကို ခုခံ တိုက် ခိုက် တဲ့ အိမ်ရှေ့မင်း လည်း စစ် အတွင်းမှာ နာ ပြီး အနိစ္စ ရောက် လေတယ် ။ မိုးညှင်းစလုံ လည်း အင်းဝ ကို ဝိုင်း ပြန်တယ် ။ မြို့ လည်း ပေါက် လေတယ် ။ ရွှေနန်းကြော့ရှင် ဟာ နရပတိ ဆင် နဲ့ ထွက်တဲ့ အခါ အမြောက်ဆံ သင့် ပြီး ဆင် ရဲ့ ဦးကင်း ပေါ် တွင် အနိစ္စ ရောက် လေတယ် ။ 


မိုးညှင်းစလုံ လည်း သား သိုဟန်ဘွား ကို အင်းဝ မှာ မင်း ပြု စေတယ် ။ အလုံးအရင်း ပေးခဲ့ပြီး သူ က မိုးညှင်း သို့ ပြန် လေတယ် ။ 


သက္ကရာဇ် ( ၈၈၈ ) မှာ အင်းဝဘုရင် ရွှေနန်းကြော့ရှင် ၊ ပြည်ဘုရင် သတိုးမင်းစော ၊ ဟံသာဝတီမင်း ဗညားရံ တို့ အနိစ္စ ရောက်ကြ လေတယ် ။ 



❝ သိုဟန်ဘွား နှင့် မင်းကြီးရန်နောင် ❞


ကလေးတို့ ရေ ... 


မြန်မာ ရာဇဝင် မှာ မင်းကောင်းမင်းမြတ်တွေ ရှိ သလို မင်းဆိုးမင်းညစ် တွေ လည်း ရှိကြတယ် ။ မင်းကောင်းတွေ ရဲ့ လုပ်ဆောင်ချက် ၊ တိုင်းပြည်စည်ပင် ထွန်းကားအောင် ဆောင်ရွက်ချက်တွေ ကို စံပြု အတု ယူပြီး မင်းဆိုးတွေ ရဲ့ လုပ်ရပ် ကို တော့ ရှုတ်ချပြီး သင်ခန်းစာ ယူကြရမှာ ဖြစ်တယ် ။ 


အင်းဝ မှာ ရွှေနန်းကြော့ရှင် မရှိတော့ အဲဒီ နှစ် ( ၈၈၈ ) ခု မှာပဲ မိုးညှင်း စလုံ ရဲ့သား သိုဟန်ဘွား နန်းတက် လေသည် ။ သိုဟန်ဘွား ဟာ လူကြမ်း ၊ စိတ်ကြမ်း မို့ ထီးနန်းရေးရာ ၊ ယဉ်ကျေးမှုတွေ လည်း မသိလေဘူး ။ ဒါ့ကြောင့် သိုဟန်ဘွား ကို သွန်သင်ပေးဖို့ မိုးညှင်းစလုံ က မင်းကြီးရန်နောင် ကို အမတ်ကြီး ခန့် ခဲ့တယ် ။ 


သိုဟန်ဘွား ဟာ နိုင်ငံတော် အတွင်း မြန်မာအမတ် ရှမ်းအမတ်တွေ ကို မြို့စားရွာစား ခန့်ထား လေတယ် ။ သိုဟန်ဘွား ရဲ့ ကျွန် မခံလိုတဲ့ မြန်မာအမတ် တွေ က တော့ အင်းဝ က ထွက်ခွာ ပြီး ပြည် ၊ တောင်ငူ စသည် ဖြင့် သွား ပေါင်းကြ လေတယ် ။ 


သိုဟန်ဘွား ဟာ ပြည် ၊ တောင်ငူ တို့ ကို သိမ်းယူမယ် လို့ မင်းကြီးရန်နောင် ကို တိုင်ပင် တယ် ။ မင်းကြီးရန်နောင် စဉ်းစား လေတယ် ။ “ ဤ မင်း သာ တိုက် ရင် ပြည် ၊ တောင်ငူ ခံနိုင် မှာ မဟုတ် ။ မခံနိုင်ဘဲ ပျက် လျှင် မြန်မာနိုင်ငံ ဟူ၍ မရှိပြီ ။ ကျန်သည့် နိုင်ငံ ကျန် ပါစေ ” လို့ စဉ်းစားပြီး “ ပြည် ၊ တောင်ငူ တို့ ကို တိုက်ခိုက် ဖို့ မလိုကြောင်း အင်းဝ ကို ရပြီး စိုးစံ နေပြီ ဖြစ်လို့ သူတို့ အလိုလို ဦးညွတ် လာကြ လိမ့်မယ် ” လို့ အကြံ ပေးတယ် ။ 


ပြည် ၊ တောင်ငူ မင်းတို့ ဆီ ကိုလည်း မင်းကြီးရန်နောင် က “ အားမတန် သေးသည့်အခါ စော်ဘွား နှင့် ချစ်ကြည် လေးမြတ် ရှိအောင် ပြု သင့်ကြောင်း ” အတွင်းစာ ပို့ လေတယ် ။ ပြည် ၊ တောင်ငူမင်း တို့က လည်း လက်ဆောင်ပဏ္ဍာ အများ ပို့ပြီး စော်ဘွား နဲ့ အသင့်အတင့် ရှိကြလေတယ် ။ 


သိုဟန်ဘွား ဟာ ရက်စက် ကြမ်းကြုတ် တဲ့ မင်း ဖြစ်တယ် ။ ရတနာ သုံးပါး ကို မရိုသေ ။ စေတီပုထိုးတွေ ကို ဖောက်ပြီး ဌာပနာတွေ ကို ယူ လေ တယ် ။ ရဟန်းသံဃာ တို့ ကို လည်း “ သူတို့ ဟာ တပည့်တပန်း အခြွေအရံတွေ နဲ့  ဖြစ်တယ် ။ တစ်ချိန်မှာ သောင်းကျန်း ပုန်ကန် နိုင်တယ် ” လို့ ယူဆလေတယ် ။ 


သက္ကရာဇ် ( ၉ဝ၁ ) ခုနှစ် မှာတော့ တောင်ပလူ လယ်ပြင် မှာ မဏ္ဍပ် အဆောင် ဆောင် ဆောက် ပြီး ဆွမ်း လုပ် ကျွေးမယ့် ဟန် နဲ့ စစ်ကိုင်း ၊ ပင်းယ ၊ အင်းဝ ပတ်လည် ရှိ ရဟန်းသံဃာတွေ ကို ပင့် ကာ ဆင်မြင်းဗိုလ်ပါ ဝိုင်းရံ ပြီး သ,တ်လေတယ် ။ အချို့ ရဟန်းများ ပြည် ၊ တောင်ငူ သို့ ပြေးကြ ရတယ် ။ ပြည်သူ ပြည်သားတွေ လည်း အထိတ်တလန့်လန့် ဖြစ်လေတယ် ။ ကျောင်းတွေ မှာ ရှိတဲ့ စာပေကျမ်းဂန် ပေပုရပိုက်တွေ ကို လည်း သိုဟန်ဘွား က မီးတိုက် လေ တယ် ။ ကျောင်းတွေ ကို လည်း မီးရှို့ လေတယ် ။ 


သိုဟန်ဘွား ဟာ ရှမ်းအမတ် ၊ မြန်မာအမတ် တွေ ကိုလည်း နှိပ်စက် လေ တယ် ။ ညှဉ်းပန်းနှိပ်စက်ဖန် များတဲ့ အခါ မြန်မာတို့ သည် မခံနိုင်ကြဘဲ အညီ အညွတ် တိုင်ပင်ပြီး မင်းကြီး ရန်နောင် ထံ လာ ကာ “ မင်းကြီး မကြံပါက ကျွန်တော်တို့ သေရတော့မယ် ” လို့ လျှောက် ကြတယ် ။ မင်းကြီးရန်နောင် က အမတ်တို့ ရဲ့ စိတ် ကို သိလိုတာကြောင့် ဆိတ်ဆိတ် နေလေတယ် ။ အမတ် တို့ လည်း အကြိမ်ကြိမ် တင်လျှောက် ကြတယ် ။ 


အဲဒီအခါ မင်းကြီးရန်နောင် က “ အစ်ကိုတို့ ၊ ဤအရေး အပြီး တိုင် ရောက် အောင် စွန့်နိုင်မှ ကောင်းမယ် ၊ စွန့်နိုင်ပါ့မလား ” လို့ မေးတဲ့ အခါ မှူးမတ်များ က “ မင်းကြီး က သာ ကြံပါ ” ၊ “ ကျွန်တော်တို့ စွန့်နိုင်ပါတယ် ” လို့ ကတိ ပေး ကြတယ် ။ 


သက္ကရာဇ် ( ၉ဝ၄ ) ခု မှာတော့ သိုဟန်ဘွား လက် က လွတ်ဖို့ အကြောင်း ဖန် လာတယ် ။ ထိုနှစ် မှာ သိုဟန်ဘွား မနော်ရမန်ဥယျာဉ် မှာ ယာယီ နန်းစံ တော် မူမည် ။ ထို သတင်း ကို မင်းကြီးရန်နောင် က မှူးမတ်တွေ ကို တိတ်ဆိတ် ရာ ခေါ်ပြီး “ အစ်ကိုတို့ ယာယီစံနန်း ကို အခစား ဝင်ရ လိမ့်မယ် ။ ကိုယ့် နေရာ ကိုယ် မှတ် ပြီး ဓား မြှုပ် ထားကြပါ ။ ငါ ထ ရင် ဓား ကို နုတ် ပြီး သိုဟန်ဘွား ဘက် သားတွေ ကို ခုတ်ကြ ” လို့ စကား ထည့် ထား လေတယ် ။ 


ယာယီ နန်း ပြီးတဲ့ အခါ သိုဟန်ဘွား ဟာ မင်းကြီးရန်နောင် အား အခမ်းအနား သဘော ကို မေးတော် မူတယ် ။ “ မှူးမတ်တို့ ဟာ ဘာသာ အလိုက် ဝတ်စား ဆင်ယင်ပြီး လက်နက် မပါ ၊ အယဉ်အကျေး ခစား ကြရပါတယ် ” လို့ လျှောက် လေတယ် ။ လျှောက်တဲ့ အတိုင်း စီမံ စေတယ် ။ မှူးမတ်တို့ လည်း မင်းကြီးရန်နောင် စကား ထည့် ထားတဲ့ အတိုင်း ကိုယ့် ဓား မြှုပ် ထားရာ မှာ ကိုယ် နေပြီး ခစား နေကြတယ် ။ 


မင်းကြီးရန်နောင် လည်း မိမိ လက် မှာ ဓား မရှိ တာကြောင့် ဓား ရ အောင် သိုဟန်ဘွား နဲ့ ဓား ကောင်း ကြောင်း ကို ဆွေးနွေး ပြောဆို လေတယ် ။ 


သိုဘဟန်ဘွား က “ နရပတိမင်း ရဲ့ ဓား ဟာ ဆင် ပေါ်  က လူ ကို ခုတ် ရင် ဆင် နှင့် တကွ လူ ကို ပြတ်ပြီး ဆင် ကို ထိတယ် ဆိုတယ် ။ အဲဒီ ဓား ကို သိ သလား လို့ မေးတော့ မင်းကြီးရန်နောင် က “ မြင် ရင် သိပါတယ် ” လို့ လျှောက်တာ ကြောင့် သိုဟန်ဘွား က မင်းစဉ်သုံး ဓားစု ကို ယူ ပြီး ပြလေတယ် ။ 


မင်းကြီးရန်နောင် လည်း နရပတိ ရဲ့ ဓား ကို ကောက် ယူပြီး “ သည် ဓား ပဲ ဖြစ်ပါတယ် ” လို့ ညွတ် ကာ ကမ်းဟန် နဲ့ သိုဟန်ဘွား ကို ခုတ် လေတယ် ။ ဝါးပိုးတိုင် နဲ့ ကြမ်း ငါးချောင်းပါ ပြတ် သတဲ့ ။ သိုဟန်ဘွား ဘက်တော်သားတွေ ရုတ်ရုတ်သဲသဲ ဖြစ်စဉ် မှာ ပဲ မင်းကြီးရန်နောင် ရဲ့ အပေါင်းပါ မှူးမတ် တို့ က မြှုပ် ထား တဲ့ ဓား ကိုယ်စီ နုတ်ပြီး ခုတ် ကြတယ် ။ အရေးတော် အောင်မြင်လေတာ ကြောင့် အင်းဝနိုင်ငံသား တို့ မင်းဆိုး မင်းညစ် လက် က လွတ်မြောက် လေတယ် ။ 



        ◾ ဒုတိယ မြန်မာနိုင်ငံတော်



 ❝ မင်းတရားရွှေထီး ❞


ကလေးတို့ ရေ ... 


ပထမ မြန်မာနိုင်ငံတော်ကြီး ကို ပုဂံ - အနော်ရထာမင်းကြီး တည်ထောင် ခဲ့တာ ပြောခဲ့ပြီ ။ ပုဂံ တရုတ်ပြေးမင်း လက်ထက် မှာ ပထမ နိုင်ငံကြီး ပျက်ပြား ပြီးနောက် နိုင်ငံ တစ်ဝန်လုံး အစိတ်စိတ် အမြွှာမြွှာ ဖြစ်ကာ တိုင်းငယ် မင်းငယ် တို့ များစွာပေါ်ပေါက် လာကြတယ် ။ အဲဒီက မှ တစ်ဖန် တောင်ငူမင်းတရား ရွှေထီး လက်ထက် မှာ ဘုန်းကံကြီးမား ထက်မြက်တဲ့ မင်း ဖြစ် လို့ ဒုတိယမြန်မာ နိုင်ငံကြီး စတင် တည်ထောင် ပြန်လေတယ် ။ တပင်ရွှေထီး နှင့် အတူ ဘုရင့်နောင် ကျော်ထင်နော်ရထာ ရဲ့ စွမ်းဆောင်ချက်များ ကို လည်း မေ့ချန် ထားလို့ မရနိုင် ဘူး ။ တပင်ရွှေထီး ကို တော်ငူမင်းကြီးညို နဲ့ မိဖုရား ရာဇဒေဝီ ( ငနွယ်ကုန်း သူကြီးသမီး ) တို့ က သက္ကရာဇ် ( ၈၇၈ ) ခုနှစ် မှာ ဖွားမြင်လေတယ် ။ တပင်ရွှေထီး ဟာ မွန်ဘုရင် ဓမ္မစေတီမင်း ရဲ့ သားတော် မင်းရဲကျော်စွာ ဝင်စားတယ်လို့ အဆို ရှိပေတယ် ။ 


ခမည်းတော် မင်းကြီးညို နတ်ရွာ စံပြီး သက္ကရာဇ် ( ၈၉၂ ) ခု တွင် တပင်ရွှေထီး နန်း တက် လေတယ် ။ နန်း တက် ချိန် ကာလ အင်းဝ မှာ သိုဟန်ဘွား ၊ ပြည် မှာ ရွှေနန်းကြော့ရှင် နရပတိ ၊ ဟံသာဝတီ မှာ သုရှင်တကာရွတ်ပိ မင်း တို့ အုပ်စိုး နေချိန် ဖြစ်တယ် ။ မြန်မာနိုင်ငံကြီး ကွဲပြား ညက်ကျေ နေတဲ့ ခေတ်ဆိုး လည်း ဖြစ်လေတယ် ။ 


ဒါ့ကြောင့် တပင်ရွှေထီး ဟာ နိုင်ငံကြီး တစ်စည်း တစ်လုံး တည်း ဖြစ် အောင် ကြံရွယ် ရင်း ရှိတာ ကြောင့် ရဲမက် စသည် တို့ကို စုဆောင်း ပြင်ဆင် လေ တယ် ။ ( ၈၉၄ ) ခုနှစ် သက်တော် ( ၁၇ ) နှစ် အဝင် မှာ နားထွင်း သင့် ကြောင်း မှူးကြီးမတ်ကြီး တို့ လျှောက် တာကြောင့် ပဲခူး ၊ ရွှေမော်ဓောဘုရား မှာ နား ထွင်းမယ် လို့ မိန့်တော် မူတယ် ။ ရွှေမောဓောစေတီ ဟာ တန်ခိုးကြီး စေတီတစ်ဆူ ဖြစ်တယ် ။ မွန် ၊ ဗမာ ၊ ရှမ်း ၊ ကရင် တို့ အလွန် ကြည်ညိုတဲ့ စေတီ လည်း ဖြစ်တယ် ။ တပင်ရွှေထီး ပာာ သတ္တရုဇေယျ ဆိုတဲ့ မြင်း ကို ပတ္တမြားက တင်ကာ စီး ပြီး အမတ် ( ၄ဝ ) ၊ မြင်းရံ ( ၅ဝဝ ) နဲ့ ရန်သူ့ နယ်မြေ ဖြစ်တဲ့ ဟံသာဝတီ ပဲခူး ကို ချီ လေတယ် ။ ရောက်တဲ့ အခါ မြင်းစီးသူရဲ ( ၅ဝဝ ) ကို ဘုရား ပတ်လည် မှာ ဝန်းရံ စေပြီး တပင်ရွှေထီး က ဘုရား ရင်ပြင် ပေါ် တက် ကာ သျှောင် ထုံးခြင်း ၊ နား ထွင်းခြင်း ပြု လေတယ် ။ ထို သတင်း ကို မွန်မင်း သုရှင်တကာရွက်ပိ  ကြား တဲ့ အခါ အထိန်းတော် ဗညားလော ၊ ဗညားကျန်း တို့ ကွပ်ကဲ ကာ ဆင်မြင်း အလုံးအရင်း နဲ့ ဝိုင်း ထား လေတယ် ။ 


နား ထွင်း ပြီး တဲ့ အခါ မြင်းတော် ကို စီးပြီး “ ငါ မင်းတရားရွှေထီး ၊ နင်တို့ ဝံ့ရဲလား ” လို့ ကြုံးဝါး ပြီး မြင်း ကို ဇက်ကုန် လွှတ် ကာ မြင်း ( ၅၀၀ ) နဲ့ အတင်း ဖောက် ထွက် လေတယ် ။ မွန်တပ် လည်း တစ်ယောက် မှ မလိုက်ဝံ့ ၊ အံ့သြရင်း ကျန်ရစ် လေတယ် ။ မင်းတရားရွှေထီး လည်း သုံးရက် လေးရက် နဲ့ ကေတုမတီ ( တောင်ငူ ) ကို ရောက်လေတယ် ။ 


မင်းတရားရွှေထီး ညာလက်ရုံး လို အားကိုး ရတဲ့ စစ်သူကြီး က တော့ “ ဘုရင့်နောင် ကျော်ထင် နော်ရထာ ( ငယ်အမည် ရှင်ရဲထွဋ်  ) ဖြစ်တယ် ။ နောင်အခါ မင်းတရားရွှေထီး က နှမတော် မင်းသမီး ခင်ကြီး နဲ့ စုံဖက်ပြီး “ ဘုရင့်နောင်ဘွဲ့ ” ပေးအပ်တယ် ။ 



❝ မင်းတရားရွှေထီး ဟံသာဝတီ ကို စစ်ချီခြင်း ❞


ကလေးတို့ ရေ ... 


မင်းတရားရွှေထီး ရဲ့ ပထမဆုံး ပစ်မှတ် က ဟံသာဝတီ ( ပဲခူး ) ဖြစ် တယ် ။ ဒါ့ကြောင့် တိုက်ဆင် ( ၄ဝ ) ၊ မြင်း ( ၈၀၀ ) ၊ စစ်သည်သူရဲ ( ၄၀,၀၀၀ ) လေးသောင်း နဲ့ ကျော်ထင်နော်ရထာ ကို ရှေ့တပ် ခန့်ကာ သက္ကရာဇ် ( ၈၉၆ ) မှာ ဟံသာဝတီ သို့ ချီစေတယ် ။ ရောက် တဲ့ အခါ “ ဆင်မြို့” မှာ တပ် ချ ပြီး မြို့ကို အကြိမ်ကြိမ် တိုက်ခိုက် လေတယ် ။ မွန်ဘုရင် သုရှင်တကာရွတ်ပိ ရဲ့ အထိန်းတော် ဗညားလော နဲ့ အချီတော် ဗညားကျန်း တို့ ရဲ့ အစီအမံ အကွပ် အကဲ ကောင်းမှု ကြောင့် မရလေဘူး ။ မိုး ကျကာ နီး မှာ ပြန် ဆုတ် ခဲ့ရတယ် ။ 


နောက် နှစ် ( ၈၉၇ ) ခုနှစ် မှာ တစ်ကြိမ် ၊ ( ၈၉၉ ) ခုနှစ် မှာ တစ်ကြိမ် ဟံသာဝတီ ကို မင်းတရားရွှေထီး ချီတက် လုပ်ကြံ ပေမယ့် အစီအမံ ခိုင်ခံ့လှ တာကြောင့် မအောင်မြင်လေဘူး ။ ဒါ့ကြောင့် မင်းတရားရွှေထီး ဟာ မှူးမတ် တွေ နဲ့ တိုင်ပင်ပြီး အကြောင်းရင်း ကို ဆန်းစစ်တဲ့ အခါ မွန်ဘုရင် ရဲ့ အထိန်းတော် နဲ့ အချီတော် နှစ်ဦး ဖြစ်တဲ့ ဗညားလော နဲ့ ဗညားကျန်း တို့ ရဲ့ စီမံကွပ်ကဲ ပုံကောင်းတာ ကြောင့် ဟံသာဝတီ ကို မအောင်ကြောင်း ကို ဆန်းစစ် သိရှိ လာ တယ် ။ 


( ၈၉၉ ) ခုနှစ် မှာ ပဲ မွန်ဘုရင် သုရှင်တကာရွတ်ပိ က မင်းတရားရွှေထီး ထံ “ ရှေးက ကဲ့ သို့ မီးမသေ ၊ ရေမနောက် ၊ ငြိမ်းချမ်းစွာ နေဖို့ ” ရွှေပေ မှာ ရေးသား ကာ သံ စေလေတယ် ။ အထိန်းတော် ဗညားလော ၊ ဗညားကျန်း တို့ က လည်း မင်းရဲသိင်္ခသူ ၊ သတိုးမ္မရာဇာ တို့ ထံ တစ်ပါတည်း သံ စေ လိုက်တယ် ။ လက်ဆောင် ပဏ္ဍာများ လည်း ပေးပို့ လိုက်တယ် ။ 


မွန်မင်း သံတို့ ကေတုမတီ ( တောင်ငူ ) ရောက်တဲ့ အခါ ရွှေပေလွှာ နဲ့ လက်ဆောင်များ ကို ဆက် လေတယ် ။ ကွမ်းတစ်ယာ ညက် ခန့် နေ စေပြီး မှ လွှတ် လိုက်တယ် ။ ဝင်း ပြင် ရောက် မှ ဗညားလော နဲ့ ဗညားကျန်း သံ တို့ ကို ခေါ်တော် မူ ကာ “ ရွှေသစ္စာပွင့် နှစ်ပွင့် ” ကို ပေး လိုက်တယ် ။ ပြီး မှ သံတဲ ကို သွား စေတယ် ။ ခွဲခြား ဆက်ဆံ လိုက် တာ ပါပဲ ။

 

မွန် သံတမန် တို့ ဟံသာဝတီ ရောက်တဲ့ အခါ အကြောင်းစုံ တင် လေတယ် ။ ထိုအခါ မွန်မင်း လည်း ဗညားကျန်း နဲ့ ဗညားလော တို့ ကို သံသယ ဖြစ်တော် မူ လေတယ် ။ မင်းတရားရွှေထီး ရဲ့ ပထမ ပစ်မှတ် ဟာ ဒက်ထိ ရောက်တယ် ဆိုရ မယ် ။ မွန်မင်း ရင် ထဲ သူ့ အထိန်းတော် တို့ ကို မယုံကြည်အောင် သံသယ သွင်း ပြီး မှ နောက် တစ်ကြိမ် ကြံစည်တာ က မွန် အထိန်းတော် နှစ်ဦး ထံ မင်းတရား ရွှေထီး လက်ဆောင် နဲ့ စာ ပါး လိုက်ခြင်း ဖြစ်တယ် ။ စာ မှာ “ ဦးရီးတော် တို့ မှာသည့် အတိုင်း အရေးတော် ပြီးလျှင် ဦးရီးတော် ဗညားကျန်း ကို ဟံသာဝတီ ကို စားစေပြီး ၊ ဦးရီးတော်ဗညားလော ကို မုတ္တမ ကို စား စေမယ် ။ စိတ်ချပါ ” ဆို တဲ့ စာ ကို တံဆိပ်လက်သား နဲ့ သွပ်ပြီး မှ ဝါးကျည်တောက် ထဲ ထည့် ကာ ကတ္တီပါ ၊ ပိတ်အုပ် ၊ ရွှေဖျင် အများ ကို စာ နဲ့ အတူ ယူ စေပါတယ် ။ ပြီးမှ လူယုံ နှစ်ယောက် ကို စကား ထည့် ကာ မင်းတရားရွှေထီး စေ လေတယ် ။ 


မှာပုံ က “ မင်းတို့ ဟံသာဝတီ ကျေးလက် တစ်ရွာ နှစ်ရွာ ဝင်သွား ၊ နောက် ရွာသားတွေ နဲ့ အချင်း များ အောင် လုပ် ၊ ရန်ပွဲဖြစ်ရင် စာ နဲ့ ပိတ်အုပ်တွေ စွန့်ပြီး ပြေးခဲ့ ” ဆိုကာ စကား ထည့် လေတယ် ။ လူယုံ နှစ်ယောက် လည်း မင်းတရားရွှေထီး မှာတဲ့ အတိုင်း လုပ်ဆောင် ပြီး ပြန် ပြေး ခဲ့လေတယ် ။ 


ဟံသာဝတီ ကျေးလက်သူကြီး တို့ လည်း ပိတ်အုပ်တွေ နဲ့ စာ ကို မွန်မင်း ထံ ဆက် လေတယ် ။ မွန်ဘုရင် သုရှင်တကာရွတ်ပိ  လည်း အထိန်းတော် နှစ်ဦး ကို သံသယ ဝင် နေရာ က တပင်ရွှေထီး ရဲ့ စာ ကို တွေ့ရတဲ့ အခါ ပို မယုံမကြည် ဖြစ်ကာ သစ္စာဖောက်သူများ လို့ မြင်ပြီး မစုံစမ်း မဆင်ခြင်ဘဲ ဗညားလော နဲ့ ဗညားကျန်း ကို ကွပ်မျက် လေတယ် ။ 


အဲဒီ သတင်း မင်းတရား ရွှေထီး ကြားတဲ့ အခါ ယောက်ဖတော် ကျော်ထင်နော်ရထာ က “ ဟံသာဝတီ အား လျော့ပြီ ။ နိမိတ်ထူးတွေ လည်း ဖြစ်တယ် ကြားတယ် ။ ယခုအချိန် ချီ လျှင် ဟံသာဝတီ ကို မုချ အောင်မယ် ။ ဟံသာဝတီ ( ၃၂ ) မြို့ ရ လျှင် ၊ မုတ္တမ ( ၃၂ ) မြို့ ၊ ပုသိမ် ( ၃၂ ) မြို့ တို့ လည်း လက်နက်နိုင်ငံ ချည်း ဖြစ်ရလိမ့်မယ် ” လို့ တင်လျှောက် လေတယ် ။ 


မင်းတရားရွှေထီး လည်း တင်လျှောက်ချက် သဘောကျ တာကြောင့် တုရင်ရာဇာ ၊ တုရင်ဗလ ၊ စစ်တုရင်္ဂသူ ၊ တုရင်ယော်ဓာ တို့ ကွပ်ကဲ ကာ မြင်း လေးတပ် ရှေ့ က ချီ စေတယ် ။ နောက် က တပ်မကြီး အနေ နဲ့ တိုက်ဆင် ( ၁၂ဝ ) ၊ မြင်း ( ၈၀၀ ) စစ်သည် သူရဲ ( ၇ဝ,ဝဝဝ ) ခုနှစ်သောင်း ကြည်းကြောင်း နဲ့ လှေတပ် မှာ တိုက်လှေ ( ၂ဝဝ ) ၊ အမြောက်ကြီး မြတပူ ၊ လက်နက်များ နဲ့ ရိက္ခာဆန်ရေ တင်ပြီး ရေကြောင်းစစ်သည် ( ၁၀,၀၀၀ ) တစ်သောင်း နဲ့ ချီစေ တယ် ။ သက်ရှည်ကျော်ထင် နဲ့ သင်္ခယာ ကို မြို့စောင့် ထား ခဲ့တယ် ။ 


မွန်ဘုရင် သုရှင်တကာရွတ်ပိ လည်း မင်းတရားရွှေထီး ချီ လာပြီ ကြား တဲ့ အခါ မနေဝံ့ဘဲ ရေကြောင်း ဖောင်တော်စီး အဲမွန်တရာသမိန်စည်သူ ၊ သမိန်သံကျယ် ၊ ပိုက်နရံ စသည် ဦးစီး စေ လျက် လှော်ကားသံလှေ ( ၇ဝဝ ) ၊ စစ်သူရဲ ( ၄ဝ,ဝဝဝ ) လေးသောင်း နဲ့ ယောက်ဖတော် ရှိရာ ပြည် သို့ ဆန်ကာ သွား ပူးပေါင်း လေတယ် ။ 


မင်းတရားရွှေထီး လည်း မွန်ဘုရင် ပြည် သို့ ဆန်လေပြီ ကြားတာ နဲ့ ဟံသာဝတီ ကို ချီတက် လုပ်ကြံလေတယ် ။ အလွယ် နဲ့ ပင် ရ လေတယ် ။ “ မြို့ ကို အခိုင်ပြု ၊ ရိက္ခာ သွင်းကာ ၊ မွန်မင်း ပြန် လာ လည်း တိုက်မယ် ။ မလာ လည်း လူသူ အင်အား ဖြည့်တင်း ထားမယ် ” လို့ သုဓမ္မရာဇာ လျှောက် လေတယ် ။ ရှေ့ ကို မိုးလေ စဲ ရင် မုတ္တမ ကို တိုက်မယ် ။ မုတ္တမ ကို ရ ရင် အလုံးအရင်း အား နဲ့ ပြည် ကို ချီမယ် ။ စီစဉ်ကြလေတယ် ။ 


ဟံသာဝတီမြို့ ကို မင်းရဲသိင်္ခသူ နဲ့ စစ်သူရဲ ( ၁၀,၀၀၀ ) တစ်သောင်း ကျော် အစောင့် ထားခဲ့ လေတယ် ။ 



❝ ဘုရင့်နောင် ရဲ့ နောင်ရိုးတိုက်ပွဲ ❞


ကလေးတို့ ရေ .. 


မင်းတရားရွှေထီး ဟံသာဝတီ ကို အောင်ပြီး ပြည်မြို့ ကို အလုံးအရင်း များစွာ နဲ့ ချီ လေတယ် ။ ချီရာ မှာ မင်းတရားရွှေထီး က ရေကြောင်း နဲ့ နောက် က ချီပြီး ဘုရင့်နောင် ကျော်ထင်နော်ရထာ က ကြည်းကြောင်း နဲ့ ရှေ့ က ချီလေ တယ် ။ 


ဘုရင့်နောင် တို့ နောင်ရိုးချောင်း သို့ ရောက်တဲ့ အခါ မွန်ဘုရင် နဲ့ အမတ် ဗညားဒလ တို့ နောင်ရိုး တစ်ဖက် ကမ်း မှာ တပ်ချ နေတာ တွေ့ ရတယ် ။ ရဲမက် တစ်ယောက် ကို သစ်ပင် ပေါ် တက် ကြည့် စေ ကာ အင်အား ကို ခန့်မှန်း စေတယ် ။ ရဲမက် က “ မွန်တို့ မှာ တိုက်ဆင် ( ၂ဝဝ ) ကျော် ၊ မြင်း ( ၈၀၀ ) ကျော် ၊ ဗိုလ် ( ၈ဝ,ဝဝဝ ) ရှစ်သောင်း ခန့် ရှိမယ် ” လို့ လျှောက်တဲ့ အခါ ဘုရင့်နောင် က ရဲမက်တွေ ကို ဖောင်များ ဖွဲ့ စေတယ် ။ နောင်ရိုးချောင်း ကို ဆင်မြင်း ဗိုလ်ပါ တို့ ကူးဖြတ် လေတယ် ။ တစ်ဖက်ကမ်း သို့ ရောက်တာ နဲ့ ရဲမက်ဗိုလ်ပါ တွေ ကို စိတ်နှစ်ခွ မဖြစ် ရ အောင် ဖောင် ကို ဖျက် စေတယ် ။ တပ်မှူးစစ်ကဲ အပေါင်း တို့ က “ ကျွန်တော် တို့ မှာ ဆင်မြင်း ဗိုလ်ပါ နည်း လှတယ် ။ သူတို့ ဟာ ကျွန်တော်တို့ ထက် ဆယ်ဆ ခန့် ပို များတယ် ။ မအောင်လို့ ဆုတ် ရသော် ဖောင် မရှိတာက မခက်လော ” လို့ လျှောက် လေတယ် ။ 


ဘုရင့်နောင် က “ ဘုန်းတော် ကြောင့် အောင်မြင် လိမ့်မယ် ။ အစ်ကိုတို့ မစိုးရိမ်နဲ့ ” လို့ မိန့် လေတယ် ။ 


အဲဒီလို အခြေအနေ မှာ မင်းတရားရွှေထီး က “ သူ့ လူ ကို တွေ့ရင် မတိုက်နဲ့ဦး ၊ ငါ ရောက် မှ တိုက်တော် မူမယ် ” လို့ တုရင်ရာဇာ ကို မြင်း ( ၁ဝ ) စီး နဲ့ စေတော် မူ လိုက်တယ် ။ စေသူ တို့ ရောက်လာတဲ့ အခါ ဘုရင့်နောင် က “ ဘုန်းတော် ကြောင့် အောင်မြင်လေပြီ ” လို့ လျှောက် လိုက်တယ် ။ ထို အခါ အမတ် ထောမှိုင်းရဲ က “ ကျွန်တော်တို့ သူ့ ကို မအောင်မြင်သေး ။ အောင်ပြီ လို့ လျှောက်လိုက် ရာ မှာ အကယ်၍ အရပ်အနေ မသင့်လို့ မအောင်မြင် ခဲ့ သော် အပြစ်တင် မခံရလော ” လို့ လျှောက်တဲ့ အခါ ဘုရင့်နောင် က “ သည် စစ် ကို အောင်မြင် လျှင် လည်း အသက် ရှင်မယ် ။ မအောင်မြင် ရင် ငါတို့ သေ ရမယ် ။ သေလေပြီး သူ ကို ဘယ်သူ အပြစ် တော် တင်မလဲ ” လို့ တပ်မှူးစစ်ကဲ တို့ စိတ် နှစ်ခွ မရှိ ရ အောင် မိန့်တော် မူ လေတယ် ။ 


ထို့နောက် ဘုရင့်နောင် စီမံ ခန့်ခွဲ လေတယ် ။ “ ထောမှိုင်းရဲ နဲ့ ဆင်စီး အမတ် ( ၁၅ ) ၊ မြင်း ( ၂ဝဝ ) ၊ သူရဲ ( ၃၀၀၀ ) တို့ လက်ယာကြောင်း ခွဲ တိုက် ။ ဘယသင်္ကြန် နဲ့ ဆင်စီး အမတ် ( ၁၅ ) ၊ မြင်း ( ၂၀၀ ) ၊ စစ်သည် သူရဲ ( ၃ဝဝဝ ) လက်ဝဲကြောင်းဝင် တိုက် ” လို့ အမိန့် ပေး လေတယ် ။ ဘုရင့်နောင် ကိုယ်တိုင် က “ စွယ်လမန် ” ဆိုတဲ့ ဆင် ကို စီးကာ ဆင်စီး အမတ် ( ၂ဝ ) ၊ စစ်သည် သူရဲ ( ၄ဝဝဝ ) လေးထောင် နဲ့ အလယ်ကြောင်း ဝင် တိုက်မယ် လို့  စီမံ လေတယ် ။ ပြီး မိန့်ပြန်တယ် ။ “ စစ်တို့ သဘော ဟာ အင်အား နည်းတယ် များတယ် မဆိုရ ။ လုပ်ရည် ၊ ကြံရည် ၊ ရဲစွမ်းသတ္တိ သာ အရင်းခံ ဖြစ်တယ် ။ ဘဝရှင် မင်းတရားကြီး ကျေးဇူး သစ္စာတော် နှစ်ပါး ကို ဦးထိပ် ရွက် ပြီး သည်ပွဲ မှာ အစ်ကို တို့ အသက် စွန့် အမှုထမ်း ရမယ် ” လို့ မိန့်ပြီး စစ်သုံးကြောင်း ချီတယ် ။ 


မွန်အမတ် ဗညားဒလ နဲ့ မင်းရဲအောင်နိုင် တို့ လည်း မြန်မာတို့ စစ်အင်အား နည်းမှန်း သိတဲ့ အခါ မကြောက်ရွံ့ဘဲ စစ်မျက်နှာ ဖြန့် ကြို လေတယ် ။ 


ဘုရင့်နောင် လည်း ဆင် ကို ချွန်း ဖွင့် ဝင်တယ် ။ မွန်တို့ ဆင်ပုံ ၊ မြင်းပုံ ကို ရောက်တဲ့ အခါ ဗညားဒလ စီး တဲ့ ဆင် ကို စူးစိုက် တိုက် လေတယ် ။ ဗညားဒလ လည်း ဆင် ထက် က ဆင်း ကာ မြင်း ကို စီးပြီး ဆုတ်ခွာ လေတယ် ။ လက်ဝဲ ကြောင်း ၊ လက်ယာကြောင်း ချီ တဲ့ ဆင်စီး အမတ်တွေ လည်း ဆင် ချွန်းဖွင့်တိုက် လေတယ် ။ မွန်တို့ လေးစု ကွဲပြီး တပ်ပျက် လေတယ် ။ မွန်ဘက် က မင်းရဲအောင်နိုင် လည်း ဆင်ဦး တွင် ပင် ဆုံး တယ် ။ မွန် ဘက် က အသေအပျောက် များလေ တယ် ။ ဆင် မြင်း သုံ့ပန်း အများ လည်း မြန်မာ ဘက် က ရ လိုက်တယ် ။ 


ဘုရင့်နောင် တို့ စစ် အောင်ပြီး နောက် နေ့ မှ မင်းတရားရွှေထီး ရောက် လာတယ် ။ “ ငါ့ ပွဲ ကို နင် ဖျက်တယ် ” လို့ အပြစ် တင်တဲ့ အခါ ဘုရင့်နောင် က “ ဤ ပွဲ သည် အရှင် နဲ့ မတန်ပါ ။ ကျွန်ုပ်တို့ ကျွန် နဲ့ သာ ထိုက်တန်တာ မို့ တိုက် နှင့် ပေတယ် ။ တိုက်ခိုက်ဖို့ များစွာ ကျန်ပါသေးတယ် ” လို့ လျှောက်ပြီး သုံ့ပန်း ဆင် မြင်း တို့ ကို ဆက်တဲ့ အခါမှ မင်းတရားရွှေထီး လည်း အားရ တာ ကြောင့် ဝတ်တော် မူသော လက်စွပ် ၊ ပတ္တမြား လက်ကောက် ကို ဆုချ လေတယ် ။ ဘုရင့်နောင် အမည် နဲ့ လှိုင်မြို့ ကို လည်း ပေးလေတယ် ။ ပွဲလမ်း ရသူ တို့ ကိုလည်း အထိုက်အလျောက် စားကျေးစားလက် ပေးတော်မူ လေတယ် ။ 



❝ ပြည် လှေတပ် တိုက်ပွဲ ❞


ကလေးတို့ ရေ ...


မင်းတရားရွှေထီး တို့ ဘုရင့်နောင် တို့ ရင်ဆိုင် ရတဲ့ တိုက်ပွဲတွေ ဟာ တိုက်ပွဲကြီး တွေ ဖြစ်တယ် ။ ရဲရင့် စွန့်စားပြီး စီမံကွပ်ကဲမှု ကောင်း လို့ သာ အောင်နိုင် ကြ ရ တာပဲ ။ 


မွန်မင်း သုရှင်တကာရွတ်ပိ ဟာ နောင်ရိုး မှာ ခုခံတဲ့ မိမိ တပ် ပျက်တာ ကြောင့် ပန်းမတီးဝ အရပ် မှာ မနေဝံ့ တော့ ဘဲ ပြည်ဘုရင် နရပတိ နဲ့ ပေါင်းဖို့ ကြံရွယ်ပြီး ပြည် သို့ ဆန်တက် လေတယ် ။ ပြည်ဘုရင် နရပတိ က လည်း ဆီးကြို လေတယ် ။ မင်းတရားရွှေထီး စစ် ကို ရင်ဆိုင် နိုင် ဖို့ တိုင်ပင်ပြီး အညာ မှာ စော်ဘွားများ ကို စစ်ကူ ဖို့ ခေါ်ရ လေတယ် ။ စော်ဘွားများ လည်း အလုံးအရင်း နဲ့ ရောက် လာကြတယ် ။ 


ပြည် ကို အရောက် ညီ ကြတဲ့ အခါ ပြည်မင်း ၊ အင်းဝမင်း ၊ ဟံသာဝတီ မင်း တို့ ဟံသာဝတီ ကို ကြည်းကြောင်း ၊ ရေကြောင်း ချီပြီး မွန်မင်း ကို ပြန်ပြီး နန်း တင်မယ်လို့ စိုင်းပြင်း ကြတယ် ။ 


မင်းတရားရွှေထီး လည်း ရေအား ၊ ကြည်းအား အလုံးအရင်း များစွာ နဲ့ ပြည် သို့ ချီတော် မူတယ် ။ အင်ပျောကျွန်း အရောက် မှာ တပ်ခိုင် တပ်လုံ တည်ပြီး ကြည်း ရေ အင်အားစုံ နဲ့ စစ် ထိုး ဖို့ စိုင်းပြင်း လေတယ် ။ 


ပြည်ဘုရင် ၊ အင်းဝဘုရင် ၊ မွန်ဘုရင် နဲ့ စော်ဘွားများ ဟာ မင်းတရား ရွှေထီး ပြည် ကို ချီလာပြီ ကြားတဲ့ အခါ ပြည် က စစ်ခံ ဖို့ ပြင် ကြတယ် ။ အင်ပျောကျွန်း မှာ မင်းတရားရွှေထီး လည်း ဘုရင့်နောင် နဲ့ တိုင်ပင်ရာ မှာ ဘုရင့်နောင် က “ တိုက်လှေကြီး အပေါင်း ကို အမြောက် ၊ မြတပူ ၊ စိန်ပြောင်း လက်နက်များ ကို တင်ပြီး အင်ပျောကျွန်း နောက် မြစ်နား နှစ်ဖက် မှာ အသင့် နေစေ ပြီး မှ ညဉ့် နက်နက် ကို စစ်ရေး ငင်မယ် ၊ မျှားခေါ်မယ် ။ သူ့ လှေတပ် ထွက် ပြီး လိုက်လာတဲ့ အခါ သူ ကျွံ လာတာ နဲ့ ထွက် တိုက်မယ် ” လို့ တင်တဲ့ အခါ မင်းတရားရွှေထီး သဘောကျတာ ကြောင့် သူ က “ စစ်ရေး ငင်မယ် ” မိန့်ကာ ရွှေလှော်ကား နှစ်စင်း နဲ့ ဗုံမောင်းနှဲခရာ တင်ပြီး မတီးစေဘဲ ည ဘက် ကို ပြည်မြို့ရင်း ရောက် အောင် ဆန် လေတယ် ။ ပြည်မြို့ရင်း ရောက် မှ နှဲခရာဗုံမောင်း တို့ ကို တစ်ပြိုင် နက် တီး စေတယ် ။ ဘုရင့်နောင် လည်း တိုက်လှေကြီးများ ကို အသင့် ပြင် ကာ အင်ပျောကျွန်း က စောင့် နေ လေတယ် ။ 


ပြည် က လှေတပ်သားတို့ လည်း မင်းတရားရွှေထီး လှေတပ် မပါတာ ကို မြင်တဲ့ အခါ အကြောက်ရွံ့ မရှိ ၊ မြစ်လုံးပြည့် မျှ လှေတပ် နဲ့ လိုက်လေတယ် ။ ပြည်အမတ် ၊ အင်းဝအမတ် ၊ ပေါင်းတည်စား ၊ ပန်းတောင်းစား ၊ ကျွန်းဆုံစား ၊ မွန်အမတ် ၊ ဗညားဒလ စသည် အမတ် ခြောက်ဦး ကွပ်ကဲကာ တိုက်လှေကြီးတွေ နဲ့ မင်းတရားရွှေထီး လှေ နောက် လိုက်ကြတယ် ။ မင်းတရား ရွှေထီး လည်း မဝေးမကွာ စေ ဘဲ မျှား ခေါ်ခဲ့ လေတယ် ။ အင်ပျောကျွန်း ရောက်တဲ့ အခါ ဘုရင် နောင် တို့ လည်း ပြည် လှေတပ် အကျွံ ကို ထွက် တိုက်ကြလေတယ် ။ ပြည် က လှေ တပ် ပျက် လေတယ် ။ လှေ နဲ့ တကွ အမတ် ခြောက်ဦး ကို ရတဲ့ အပြင် တိုက်လှေ အစင်း ( ၂ဝဝ ) ၊ သုံ့ပန်းလူ မွန် ၊ မြန်မာ ၊ ရှမ်း ( ၅၀၀၀ ) ကျော် ရလေတယ် ။ ပြည် လှေတပ် ဘက် က အကျအဆုံး လည်း များ လေတယ် ။ 


လှေ က နေ ကုန်း ပေါ်  တက် ပြေးသူတွေ ကို လည်း မင်းတရားရွှေထီး ကြည်းတပ်သားများ က ဆီးဆို့ ပြီး လုပ်ကြံ ကြတယ် ။ မင်းတရားရွှေထီး လည်း ပြည် ရေကြောင်းတပ် ကို အောင်မြင်ပြီး နောက် ဟံသာဝတီ မှာ အနေအထား မကျ သေး တာ ကြောင့် အလျင် ပြန်တော် မူလေတယ် ။ 


ထိုအခါ မွန်မင်း ၊ အင်းဝမင်း ၊ ပြည်မင်း တို့ နဲ့ စော်ဘွားများ လည်း ဟံသာဝတီ ကို ချီပြီး မွန်မင်း သုရှင်တကာရွတ်ပိ ကို ပြန် နန်း တင်ဖို့ စိုင်းပြင်း ကြ ပြန်တယ် ။ 


မွန်မင်း ဟာ လူသူအင်အား စုရုံးဦးမည် ကြံ ကာ ပြည် က နေ အင်္ဂပူရတပ် ကို ပြန် လေတယ် ။ အင်္ဂပူ ရောက်တဲ့ အခါ ဆင်ကောင်း ပေါ် တယ် လျှောက် လာ တာ နဲ့ တိုက်ဆင် ( ၇ဝ ) ၊ ဗိုလ် ( ၁ဝဝဝ ) ခန့် နဲ့ ဆင်ကျော့ ဖို့ တော ထဲ သွား လေ တယ် ။ ဆင် ကို တွေ့ တာကြောင့် အားစိုက် လိုက်ရင်း နောက်ပါတွေ နဲ့ ပြတ်ပြီး တစ်စီး တည်း ဆင် နောက် လိုက် ရာ မှာ တောမှား ပြီး ထိတ်လန့် ဖျားနာ ကာ အနိစ္စ ရောက် လေတယ် ။ ပြည်ဘုရင် နရပတိ ၊ အင်းဝဘုရင် သိုဟန်ဘွား တို့ လည်း အင်္ဂပူရတပ် ကို သွားပြီး မွန်မင်း ကို သင်္ဂြိုဟ် ပေးပြီး မွန်မင်း အမွေ ဆင်မြင်းလူသူ တို့ ကို သိမ်းယူကာ ပြည် သို့ ပြန် လေတယ် ။ သိုဟန်ဘွား လည်း မွန်မင်း ရဲ့ သမီးတော် နဲ့ သားတော် နှစ်ပါး ကို ယူပြီး အင်းဝ ပြန် လေတယ် ။ မွန်မင်း အနိစ္စ ရောက်တဲ့ အခါ မွန်မှူးမတ် အပေါင်း လည်း ဟံသာဝတီ သို့ လာပြီး မင်းတရား ရွှေထီး ထံ သစ္စာ ခံကြလေတယ် ။ မင်းတရားရွှေထီး လည်း ထိုက်သင့်ရာ အဆောင်အယောင် စားကျေးစားလက် ပေးကာ ချီးမြှောက် လေတယ် ။ 



❝ မင်းတရားရွှေထီး ရဲ့ မုတ္တမ တိုက်ပွဲကြီး ❞


ကလေးတို့ ရေ ... 


တစ်ပြည် တစ်မင်း အစိတ်စိတ် ကွဲ နေတဲ့ တိုင်းငယ် ပြည်ငယ်တွေ ကို စည်းလုံး တဲ့ နိုင်ငံတော်ကြီး ဖြစ်အောင် မင်းတရားရွှေထီး ဟာ ဘုရင့်နောင်ကျော်ထင်နော်ရထာ နဲ့ တွဲပြီး တိုက်ခိုက်ကြတာ ဟာ သမိုင်း မှာ ထွန်းပြောင်လှပေ တယ် ။ 


မင်းတရားရွှေထီး ဟာ ဟံသာဝတီ ကို သိမ်းပြီး မွန်ပြည် အနောက် တစ်လွှား ပုသိမ် ( ၃၂ ) မြို့ ကို အနှောင့်အယှက် မရှိရအောင် အလုံးအရင်း နဲ့ ကြေးစား ထည့်တော် မူပြီး ကင်းရှည် ၊ ကင်းတို ထားတော် မူတယ် ။ ဟံသာဝတီမြို့သစ် ကို လည်း တည်တော် မူတယ် ။ မင်းရဲသိင်္ခ ကို လည်း မင်းမြှောက်တန်ဆာ ငါးပါး ပေးပြီး ကေတုမတီ ( တောင်ငူ ) မှာ ဘုရင်ခံ ထား တော် မူတယ် ။ အဲဒီလို စီမံခန့်ခွဲ လုပ်ဆောင်ပြီး မှ သက္ကရာဇ် ( ၉ဝ၂ ) ခု မှာ မုတ္တမ ကို ချီ လေတယ် ။ 


အဲဒီ အချိန် က မုတ္တမ မှာ မွန်ဘုရင် ရဲ့ ယောက်ဖ “ စောဗညား ” စိုးစံ နေလေတယ် ။ သူ့မှာ ဆင်လုံး မြင်းရင်း လည်း များ လှတယ် ။ သင်္ဘောဆိပ်မြို့ ဖြစ်တာ ကြောင့် ကု,လားပန်းသေး တို့ လည်း အဝင် အထွက် ရှိတယ် ။ သူတို့ ဆီ က စိန်ပြောင်း ၊ မြတပူ စတဲ့ လက်နက်တွေ လည်း ရတယ် ။ မင်းတရားရွှေထီး မုတ္တမ ကို ချီတက်စဉ် က မြို့ အရှေ့ မှာ လက်နက် အပြည့်အစုံ နဲ့ သင်္ဘော ( ၇ ) စင်း ကျောက်ဆူး ချ နေတယ် ။ 


အဲဒီလို အခြေအနေ မှာ မင်းတရားရွှေထီး ဟာ တိုက်ဆင် ( ၁၃၀ ) ၊ မြင်း ( ၂၀၀ ) ၊ စစ်သည်သူရဲ ( ၁၃၀,၀၀၀ ) ပါဝင်တဲ့ တပ်ပေါင်း ( ၁၂ ) တပ် နဲ့ ချီ လေတယ် ။ မုတ္တမ ကို အကြိမ်ကြိမ် ကြံပေမယ့် မြို့ ကို မတက်နိုင်ဘူး ။ ကု,လားသင်္ဘော တွေ ပေါ် က လည်း အမြောက် ၊ စိန်ပြောင်း နဲ့ ပစ်တာ ကြောင့် တိုက်လှေတွေ လည်း ကွဲပျက် လေတယ် ။ မြို့စီးပြစီးများ က လည်း လက်နက် ထူထပ် တာ ကြောင့် မင်းတရားရွှေထီး ဘက် မှာ ရဲမက်တွေ့ အထိအရှ များ လှ တယ် ။ 


ဒါနဲ့ မျိုးရိက္ခာ သွင်း မရအောင် ဘုရင့်နောင် ကို ပိတ်ဆို့ စေပြီး အပြင်က ပဲ ဝိုင်းရံ နေ ရတယ် ။ မုတ္တမစား ဟာ သူ့ မြို့ ငတ်ပေမယ့် လက်နက် မချလေဘူး ။ မင်းတရားရွှေထီး ဟာ စစ် ကြာရှည် လာ လို့ ယောက်ဖတော် မော်လမြိုင်ဗညားဦး ထံ စစ်ကူ တောင်းရလေတယ် ။ ဗညားဦး လျှောက်လိုက်တဲ့ စာ ရတဲ့ အခါ သမိန်ဗရူး ကို ခေါ်ကာ မုတ္တမ ကို လုပ်ကြံ ပြန်တယ် ။ မရလေဘူး ။ “ မြစ်ကြောင်း ကျယ် တာကြောင့် မျိုးရိက္ခာ ည ဘက် သွင်းဟန် ရှိတယ် ။ သင်္ဘော ( ၇ ) စင်း ကို လည်း ဖျက် နိုင်မှ မြို့ အရှေ့မျက်နှာ က နိမ့်တယ် ။ သင်္ဘောတွေ ပျက် ရင် အဲဒီ က တက်မယ် ” လို့ ဆွေးနွေးကြရင်း သမိန်ဗရူး လျှောက် တာ ကြောင့် သမိန်ဗရူး ကို လှေတပ်ဝန်ချုပ် ခန့်တော် မူတယ် ။ 


သမိန်ဗရူး က မုတ္တမ မြစ်ညာ ရှိ လဝန်းမြို့ သွား ကာ သစ်ဝါး ခုတ် စေတယ် ။ နောက် ဖောင်အဝ အလံ ( ၅၀ ) ၊ အလျား အလံ ( ၁၀၀ ) ဖွဲ့ပြီး မီးရှူးဝါး ကို စီး စေကာ အတောင် ( ၂ဝ ) ကျော် အထပ်ထပ် ဖောင် ပေါ် တင် စေတယ် ။ ညဉ့် ဘက် မှာ အဲဒီ ဖောင် ကို မျှော ခဲ့ကာ မုတ္တမ အညာ မနီးမဝေး မှာ ဆိုက် ထား လေ တယ် ။ နောက် တစ်ဖောင် မှာ လည်း အဝ အလံ ( ၅ဝ ) ၊ အလျား အလံ ( ၃ဝဝ ) ကို ခိုင်ခံ့အောင် လုပ်ပြီး မုတ္တမမြို့ ထက် မြင့်အောင် သစ်တပ် တည် ကာ လက်ရန်း ၊ သူရဲ ပြေးနိုင်အောင် လုပ် စေတယ် ။ အဲဒီအပေါ် အမြောက်သေနတ် အပြည့် စီစဉ်ပြီး မုတ္တမ မြစ်ညာ မှာ ဆိုက် ထား လေတယ် ။ အဲဒီ လို လုပ်ဆောင်ပြီး ဖောင် နှစ်ဖောင် ပေါ်  မှာ မီးစာ တင် ထားတဲ့ ဖောင်ငယ် ကို တင်ပြီး ဒီရေ တက် ချိန် မှာ ဖောင်ငယ် ကို မထားလေတယ် ။ မိုး လင်းကာ နီး ဒီရေ ကျ ချိန် မှာ မီးရှူးပုံ ကို မီးညှိပြီးတဲ့ အခါ တစ်ပြိုင်နက် မီးရှူးပုံ မီးတောက် ကာ မီးလျှံ ထန်း တစ်ဖျား ခန့် ရှိ မှ ဖောင် ကို သင်္ဘော ဆီ တည့်တည့် မျှော လိုက်တယ် ။ ဖောင် ဖိ မိလို့ သင်္ဘော ကို မီးစွဲလောင် လေတယ် ။ မုတ္တမ မြို့တွင်းသား တွေ လည်း သင်္ဘော မီးစွဲလောင်တာ မြင်တဲ့ အခါ မြို့ က ထွက်ပြီး လှေကြီးလှေငယ် နဲ့ ထွက်လာ ကြ တယ် ။ မီးစွဲရာ ငြိမ်း ဖို့ ဖြစ်တယ် ။ အဲဒီ အခါမှာ ထွက်လာတဲ့ လှေတွေ ကို မင်းတရားရွှေထီး ရဲ့ တပ် က လိုက် တိုက်လေတော့ မြို့တွင်း ပြန် ဝင်ပြေးကြ လေတယ် ။ 


မီးရှူဖောင် ဟာ သင်္ဘောကြီး လေးစင်း ကို ဖိ မိပြီး မီးလောင်တယ် ။ ကျောက်ဆူးကြိုးတွေ လည်း ပြတ် ကုန်တယ် ။ သင်္ဘောသားတွေ လည်း မီး လောင် ခံ ရတယ် ။ တချို့ ရေထဲ ဆင်းသူတွေ ကို လည်း ဘုရင့်နောင်ရဲမက် တွေ က ထိုးခုတ် တိုက်ခိုက်တယ် ။ သင်္ဘော ( ၇ ) စင်း မရှိတဲ့ အခါ မြို့ အရှေ့ မျက်နှာ လပ် လေတယ် ။ လုပ်ထားတဲ့ ဖောင်ကြီး ကို ဒီရေ အကျ မှာ မျှောလိုက် ပြီး မုတ္တမမြို့ ရှေ့ မှာ ကပ်ထား လေတယ် ။ ဖောင် က မြို့ ထက် မြင့် တာ ကြောင့် ရဲမက်တွေ ဟာ မြို့တွင်း ကို အမြောက် ၊ စိန်ပြောင်းတွေ နဲ့ ပစ်ခတ် တိုက်ခိုက်ကြ တယ် ။ မြို့တွင်း က တပ်သားတွေ လည်း မြို့ထိပ် မှာ မနေရဲဘဲ ဆင်းပြေး လေ တယ် ။ 


မင်းတရားရွှေထီး တပ်တွေ ဟာ မြို့တွင်း တရကြမ်း ဝင်ကာ တိုက်ခိုက် လေတယ် ။ စောဗညား ကို လည်း ဆင် နဲ့ တကွ ရ‌ လေ တယ် ။ မင်းတရားရွှေထီး မုတ္တမ ကို အောင် တဲ့ အခါ အားလုံး ကို တဲနန်း ထဲ ခေါ်ပြီး “ သမိန်ဗရူး ” ကို လည်း ချီးမွှမ်းလေတယ် ။ စောဗညား ကို မသက်ဘဲ အဆောင်အယောင် နဲ့ တကွ မြောင်းမြ ကို ပေးတယ် ။ စောဗညား ကို ဆင်စီးချင်း ထိုး အနိုင် တိုက်တဲ့ ရဲ မက် ကို လည်း ဘုရင့်နောင် အား ရှာ စေတယ် ။ နန္ဒကျော်သူ ကို ပြတဲ့ အခါ စောဗညား က သူ ပဲ လို့ ဝန်ခံ တာ ကြောင့် ဘုရင့်နောင် ကို လည်း ကြီးကြပ်ပုံ ကောင်း ကြောင်း ချီးမွမ်း လေတယ် ။ နန္ဒကျော်သူ ကို လည်း မင်းကျော်ထင် အမည် နဲ့ အဆောင်အယောင် ၊ ဆင်မြင်း ကျေးကျွန် ၊ ရွှေခွက် ငွေခွက် များစွာ ချီးမြှင့်လေ တယ် ။ မုတ္တမ ရှိ သူဌေးသူကြွယ် တို့ လည်း မင်းတရား ထံ ရွှေငွေလက်ဆောင် များစွာ ဆက် လေတယ် ။ တိုက်ပွဲဝင် မှူးမတ် ၊ အကြပ် ၊ တပ်သားတွေ ကို လည်း ထိုက်သင့်ရာ ချီးမြှင့် လေတယ် ။ မုတ္တမမြို့ ကို လည်း မွန်ဘုရင် ရဲ့ အရီးတော် သား စောလဂွန်းအိမ် ကို အဆောင်အယောင် နဲ့ တကွ ပေး လေတယ် ။ 



❝ ပြည်မြို့သိမ်း တိုက်ပွဲကြီး ❞


ကလေးတို့ ရေ .. 


မင်းတရားရွှေထီး ရဲ့ တိုက်ပွဲ တွေ ဟာ မပြီးဆုံး သေး ဘူး ။ 


သက္ကရာဇ် ( ၉ဝ၃ ) ခုနှစ် မှာ တော့ မင်းတရားရွှေထီး ဟာ ရေအား ၊ ကြည်းအား နဲ့ ပြည်မြို့ ကို တိုက်ဖို့ ချီ ပြန်တယ် ။ ပြည် မှာ က ပြည်ဘုရင် နရပတိ အနိစ္စ ရောက်ပြီး သူ့ ညီ ရှင်သရက် ဟာ “ မင်းခေါင် ” နာမည် ခံ ပြီး ပြည် မှာ မင်း ပြု နေလေတယ် ။ မင်းတရားရွှေထီး ချီ လာပြီ ကြားတဲ့ အခါ ပြည်ဘုရင် မင်းခေါင် ဟာ အင်းဝမင်း သိုဟန်ဘွား ၊ ကုန်းဘောင်ခုံမှိုင်း စတဲ့ အညာစော်ဘွား တွေ နဲ့ ရခိုင်မင်း ဆီ ပါ စစ်ကူ တောင်း ရလေတယ် ။ 


စစ် အတွင်း မှာ သူ့ သတင်း ကိုယ့် သတင်း အမြဲ ထောက်လှမ်း နေကြရ တယ် ။ အင်းဝသိုဟန်ဘွား ၊ ကုန်းဘောင်ခုံမှိုင်း ၊ မိုးညှင်း ၊ မိုးမိတ်စော်ဘွားတွေ အလုံးအရင်း နဲ့ ပြည် ကို စစ်ကူ ဖို့ ချီတက် လာပြီ ကြားတဲ့ အခါ ဘုရင့်နောင် ကျော်ထင်နော်ရထာ က လမ်း က နေ ဖြတ် တိုက်တယ် ။ စော်ဘွားတပ်တွေ ပျက်ပြီး ဆုတ်ကြရတယ် ။ ဆင် ၊ မြင်း ၊ လက်နက် ၊ သုံ့ပန်း အများ ရလေတယ် ။ ရခိုင် ဘုရင်  ရေကြောင်း ကြည်းကြောင်း နဲ့ ပြည် ကို ကူဖို့ ချီ လာတာ ကို လည်း ဘုရင့်နောင် က လမ်း က နေ ဖြတ် တိုက် ပြန်တယ် ။ သူတို့ ချင်း မပေါင်းမိ ခင် ဖြတ်တိုက် နိုင်တာ တစ်ပန်း သာ တာပေါ့ ။ ရခိုင် ရေကြောင်း တပ်အရေး နိမ့်ပြီး ပြန် ဆုတ် သွားရတယ် ။ ဘုရင့်နောင် ရဲ့ အစီအမံ တိုက်ရည် ခိုက်ရည် ကောင်းမှု ကြောင့် သာ ရခိုင်တပ်တွေ ကို အောင်နိုင်တာ ဖြစ်ကြောင်း မင်းတရားရွှေထီး ချီးမွမ်း ကာ ဘုရင့်နောင် ကို အိမ်ရှေ့မင်း အရာ ပေး လေတယ် ။ 


မင်းတရားရွှေထီး လည်း ရခိုင်စစ် ကို အောင် ကြောင်း စာ ရေးပြီး မြို့ တွင်း ကို စေလေတယ် ။ ရခိုင်အမတ် တစ်ယောက် ကိုလည်း ထည့် လိုက်ပြီး ပြည်မြို့ကို ဝိုင်းထား လိုက်တယ် ။ 


ပြည်ဘုရင် လည်း စစ်ကူ လာ တဲ့ စော်ဘွားများ နဲ့ ရခိုင် က စစ်ကူ လည်း ပျက် ကြောင်း သိလေတယ် ။ ဒါပေမဲ့ မိုး ကျ လျှင် မင်းတရားရွှေထီး ထပ် နေနိုင် မှာ မဟုတ် ဆိုပြီး မြို့ပြ ကို သာ အခိုင် ပြု နေလေတယ် ။ 


မင်းတရားရွှေထီး လည်း ရဲမက်တွေ ကို မြို့ ကို တက် စေတယ် ။ အမြောက် ၊ သေနတ် ၊ လက်နက် ထူထပ် တာ ကြောင့် အရှအန များ လေတယ် ။ ဒါ့ကြောင့် မင်းတရားရွှေထီး က ဘုရင့်နောင် ကို တိုင်ပင် ပြန် တယ် ။ ဘုရင့်နောင် က “ ကျွန်တော်တို့ မြို့ ကို ရံ နေတာ ငါးလ ၊ ခြောက်လ ခန့် ရှိပြီ ။ ပြည်မြို့ က ငယ်တယ် ။ ကျီကြဘဏ္ဍာ နည်းတယ် ။ ဒါပေမဲ့ စားလူ က များတယ် ။ ဒါ့ကြောင့် ရိက္ခာဟင်း တစ်ရွက် မျှ မသွင်းရ အောင် ပိတ်ဆို့ မယ် ။ ဟံသာဝတီ ကို မျိုးရိက္ခာ မှာ ပြီး ကျွန်တော်တို့ စပါး စိုက် လယ် လုပ်မယ် ။ ဝိုင်းမြဲ ဝိုင်းထားမယ် ” လို့ လျှောက် လေတယ် ။ 


မင်းတရားရွှေထီး လည်း ဘုရင့်နောင် စိတ်တိုင်းကျ စီမံ စေတယ် ။ ကြည်းတပ် ၊ ရေတပ် လည်း ထပ် ချတယ် ။ စပါး တစ်လုံး ၊ ဆန် တစ်စေ့ မျှ မြို့ တွင်း သွင်း မရအောင် ပိတ်ဆို့ လေတယ် ။ ဘုရင့်နောင် လည်း နေ့ည မပြတ် ကွပ်ကဲ လုပ်ဆောင် လေတယ် ။ 


နောက် တစ်လ ခန့် ရှိတဲ့ အခါ မြို့တွင်းသား တို့ ငတ်မွတ်လှတာ ကြောင့် မြို့တွင်း က နေ အပြင် တပ် သို့ ဝင် လာ လေတယ် ။ ဝင်ဖန် များတဲ့ အခါ မြို့စီးပြစီး နည်းပါး လာ တာကြောင့် ပြည်ဘုရင် မင်းခေါင် ထိတ်လန့် လာတယ် ။ ဒါ့ကြောင့် အသက် ကို အခွင့် လွှတ် စေ ဖို့ လက်ဆောင်ပဏ္ဍာ အများ ယူ ကာ “ နဂဝရ ” ဆင်ကောင်း နဲ့ ဆရာတော် ရှင်ဓမ္မပါလဂုရု ၊ ရှင်တိသာသန ဘုန်းတော်ကြီး နှစ်ပါး ကို မင်းတရားရွှေထီး ထံ ပန်ကြား စေတယ် ။ 


မင်းတရားရွှေထီး လည်း လူ့ အသက် ရခဲပေတယ် လို့ ပြည်ဘုရင် ကို မသတ် ဘဲ ခွင့်လွှတ် လေတယ် ။ ပြည်ဘုရင် မင်းခေါင် လည်း မှူးတော် မတ်တော် တို့ နှင့် တကွ မြို့တွင်း က ထွက်ကာ မင်းတရားရွှေထီး ထံ ကိုယ် ကို အပ် လေတယ် ။ မင်းတရားရွှေထီး လည်း မင်းခေါင် နှင့် တကွ မိဖုရား ကို ကေတုမတီ ( တောင်ငူ ) မှာ နေ စေတယ် ။ မောင်မမိဿံ ၊ ဆင်ကောင်း ၊ မြင်ကောင်း ၊ မှူးတော် ၊ မတ်တော် တို့ ကို အားလုံး သိမ်းယူပြီး ဟံသာဝတီ သို့ ပို့တော် မူတယ် ။ ပြည် မြို့ ကို တော့ အထိန်းတော် သတိုးဓမ္မရာဇာ ကို ပေးပြီး မင်းပြု စေတယ် ။ 


ကျေးစွန်ရွာလက် တို့ ကို ခန့်ထား ကာ ကင်းတို ၊ ကင်းရှည် ထားပြီးမှ ဟံသာဝတီ သို့ ပြန်တော် မူ လေတယ် ။ ပြည်တိုက်ပွဲကြီး ကား ဘုရင့်နောင် ကျော်ထင်နော်ရထာ ရဲ့ အစီအမံ ၊ အကွပ်အကဲ ၊ လုပ်ရည်ကြံရည် တိုက်စွမ်းရည် ထင်ရှား လှသော တိုက်ပွဲကြီး ဖြစ် ပေတယ် ။ 



❝ စော်ဘွားတပ်ပေါင်းစု ကို ဖြိုခွင်းခြင်း ❞


ကလေးတို့ ရေ … 


ပြည်ဘုရင် စစ်ကူ တောင်း လို့ စော်ဘွားတပ်တွေ ချီ အလာ မှာ ဘုရင့်နောင် လမ်း က ဖြတ်ပြီး ဆီးကြို တိုက် တာကြောင့် စော်ဘွားတပ်တွေ ပျက်ပြီး ပြန်ဆုတ် သွားရတဲ့ အကြောင်း ပြောခဲ့ပြီ နော် ။ ပြည် မှာ လည်း မင်းပြောင်း မင်းလွှဲ ဖြစ်ခဲ့တယ် ။ မင်းတရားရွှေထီး ရဲ့ သစ္စာခံ ဘုရင် ဖြစ်သွားတယ် မဟုတ်လား ။ 


အဲဒီလို ဖြစ်တာကို စော်ဘွားတွေ က မကျေနပ်ဘူး ။ အင်းဝ မှာ လည်း သိုဟန်ဘွား ကို မင်းကြီးရန်နောင် လုပ်ကြံဖို့ ကုန်းဘောင်ခုံမှိုင်း ကို နန်းတင် ကြ တယ် ။ နောက် တစ်ခါ ပြည် ကို ချီတက် လုပ်ကြံဖို့ စော်ဘွားတွေ တိုင်ပင်ကြ ပြန် တယ် ။ ဟိုတစ်ခါ အရောက် မညီကြ လို့သာ သူတို့ ဆုံးရှုံးရတယ် လို့ သုံးသပ် ကြတယ် ။ ဒါ့ကြောင့် ခု တစ်ခါ ချီတက်ရာ မှာ အင်းဝဘုရင် ခုံမှိုင်း နဲ့ ညီ ၊ မိုး မိတ် ၊ မိုးကောင်း ၊ ဗန်းမော် ၊ ညောင်ရွှေ ၊ သိန္နီ ၊ မိုးညှင်း ၊ မိုးနဲ စသည် တစ်စု တစ်စည်း တည်း စော်ဘွားတပ်တွေ ပေါင်းပြီး ကြည်းကြောင်း ၊ ရေကြောင်း ဝိုင်း တိုက် ရင် ပြည်ဘုရင် ခံနိုင်မှာလား ဆိုကာ စစ်ချီ ဖို့ ပြင်ကြတယ် ။ ဆင်လုံး ၊ မြင်းရင်း ၊ တိုက်လှေ ၊ ဗိုလ်ခြေ တို့ ကို ပို ခိုင်ခံ့အောင် စီမံကြ လေတယ် ။ 


ရှမ်းစော်ဘွားတပ်ပေါင်းစုကြီး ပြည် သို့ လာပြီ ကြားတဲ့ အခါ ပြည်စား သတိုး သုဓမ္မာရာဇာ က ခြေမြန် လွှတ်ပြီး မင်းတရားရွှေထီး ထံ အကြောင်း ကြား လေတယ် ။


မင်းတရားရွှေထီး လည်း ဆင် ၊ မြင်း ၊ ကြည်း ၊ ရေ အလုံးအရင်း များစွာ နဲ့ စော်ဘွားတပ်တွေ ကို နှိမ်နင်း ဖို့ ပြည် ကို စစ်ချီ ပြန်တယ် ။ ပြည်မြို့ နဲ့ နီး တဲ့ တရုတ်မော် ၊ ဂူထွတ် ၊ ဟင်္သာတ ၊ ဓနုဖြူ ၊ လှိုင် ၊ မော်ပီ ၊ သာယာဝတီ စတဲ့ မြို့တွေ ပါ အခိုင် ပြုကာ အမြောက် ၊ မြတပူ ၊ စိန်ပြောင်း စသည် လက်နက်များ နဲ့ ပြည်မြို့တွင်း မျိုးရိက္ခာတွေ သွင်းပြီး ပြည်မြို့စား ကို စစ်ခံ ဖို့ စီစဉ် လေတယ် ။ 


စော်ဘွားတပ်ကြီး လည်း ပြည် အထိ ချီ လာပြီး ရေအား ၊ ကြည်းအား နဲ့ ပြည်မြို့ ကို လုပ်ကြံတယ် ။ မြို့ထိပ် က အမြောက် ၊ စိန်ပြောင်း လက်နက် ပစ်ခတ် ထူထပ် တာ ကြောင့် မတက်နိုင်ဘဲ ရှမ်းတပ်တွေ အသေအပျောက် များ လှတယ် ။ ရေကြောင်းဘက် က ရှမ်းတပ်လှေ တွေ လည်း လက်နက်ကြီး တွေ ထိတာ ကြောင့် လှေ တွေ ကွဲပျက် ၊ နစ်ကြပြီး အသေအပျောက် များလေတယ် ။ ဒါ့ကြောင့် မြို့ က ခွာပြီး ပြည်မြို့မြောက် တစ်တိုင် ကျော် အရပ် မှာ တပ်ခိုင် ပြုပြီး ဝိုင်းရံ ထားရ‌ လေတယ် ။ 


မင်းတရားရွှေထီး လည်း ဘုရင့်နောင် အပါအဝင် မုတ္တမစား စောလဂွန်းအိမ် ၊ မြောင်းမြ သမိန်ဗရူး စတဲ့ အမတ်တွေ နဲ့ တိုင်ပင်ပြီး တပ်တွေ ကို အထူး ကြပ်မတ် စေတယ် ။ ပြီးမှ မင်းတရား ကိုယ်တိုင် ရေကြောင်း အုပ်ချုပ် ၊ ကြည်း ကြောင်း ကို တော့ ဘုရင့်နောင် အုပ်ချုပ် ကာ ပြည် ကို တောင်ငူကြောင်း ၊ သာယာဝတီကြောင်း ချီ လေတယ် ။ 


ရေကြောင်း ဘက် မှာ တိုက်လှေကြီးတွေ ပေါ် လက်နက်ကြီးတွေ တင်ပြီး အနောက်ဘက်ကြောင်း ကနေ လုပ်ကြံတာ ကြောင့် ရှမ်းတပ်လှေ အများ ပျက်ယွင်း နစ်မြုပ် ကုန် ကြတယ် ။ အညာ က မျိုးရိက္ခာ ပို့တပ်တွေ ကို လည်း ဘုရင့်နောင် တပ်တွေ က စကု ၊ စလင်း က နေ ဆီးဆို့ တိုက်ခိုက် တာ ကြောင့် ရှမ်းတပ် ရိက္ခာ ပြတ်လေတယ် ။ 


ရှမ်းတပ်တွေ ဆုတ်ခွာတဲ့ အခါ ဘုရင့်နောင် က စစ်ကြောင်း ဖြန့် လိုက် တိုက် လေတယ် ။ ရှမ်းတပ် စစ်ခံထောင် ပြု နေလေရာ ဘုရင့်နောင် ဆင် ချွန်း ဖွင့် ကာ ဆင်ကူ အစီး ( ၃၀ ) နှင့် ဖိပြီး တိုက်တာ ကြောင့် ရှမ်းတပ် လေးစု ကွဲ ပြီး ပျက် လေတယ် ။ စလင်းစား စည်သူကျော်ထင် ၊ ပုဂံစား သတိုး တို့ လည်း ရှမ်း တပ် နဲ့ အတူ အင်းဝ သို့ ပါ လေတယ် ။ 


မင်းတရားရွှေထီး လည်း ဧရာဝတီ အရှေ့အနောက် ပုဂံ ၊ စကု ၊ စလင်း ၊ လယ်ကိုင်း စတဲ့ မြို့ပြကျေးလက် အပေါင်း ကို သိမ်းပြီး မြို့စားပြစား ၊ ကင်းတို ၊ ကင်းရှည် အားလုံး စီမံ ပြီး မှ ဟံသာဝတီ သို့ ပြန် လေတယ် ။



❝ စည်သူကျော်ထင် နှစ်ယောက် စီးချင်းတိုက်ပွဲ ❞


ကလေးတို့ ရေ ... 


မင်းတရားရွှေထီး ဧရာဝတီ အရှေ့အနောက် တစ်လွှား သိမ်းပြီး နောက်ပိုင်း သက္ကရာဇ် ( ၉ဝ၆ ) ခုနှစ် မှာ ဟံသာဝတီ အနောက်ဘက် မှန်ကျောင်း အရပ် မှာ ကျောင်းရံ ( ၇ဝ ) နဲ့ တကွ ဆောက်ပြီး မွန်ဆရာတော် ကို မဟာသံဃ ရာဇာ ဆိုတဲ့ ဘွဲ့တံဆိပ် နဲ့ သာသနာပိုင် ခန့်တော် မူတယ် ။ ကောင်းမှုတွေ လည်း ပြု လေတယ် ။ 


အဲဒီ နှစ် မှာပဲ စလင်းစား အချီတော် စည်သူကျော်ထင် ကို အရင် စလင်းစား ရဲ့ ကျွန်လုလင်ကျော်မှူး ဟာ အင်အား စုပြီး ပုန်ကန် လေတယ် ။ တောင်ငူ ကို ချီတက် လာ လေတယ် ။ မင်းတရားရွှေထီး ခန့် ထားတဲ့ ပဲခူး စည်သူကျော်ထင် ပြေးတဲ့အခါ လုလင်ကျော်မှူး ဟာ သူ့ အရှင် စည်သူကျော်ထင် ကို အင်းဝ က နေ ချီပင့်ပြီး စလင်းမြို့ ကို စားမြဲ စားစေတယ် ။ 


အဲဒီအကြောင်း မင်းတရားရွှေထီး ကြားတဲ့ အခါ တောင်ငူမင်း ၊ ပြည်မင်း ၊ မြေထဲမင်း ၊ စည်သူကျော်ထင် တို့ အသီးသီး ကို တပ် လေးတပ် နဲ့ တိုက်ဆင် ( ၁၅ဝ ) ၊ မြင်း ( ၂၀၀၀ ) ၊ စစ်သည် ( ၇ ) သောင်း ဆင်လုံးမြင်းရင်း ပေးပြီး စလင်း ကို ချီစေတယ် ။ ဟံသာဝတီ က စစ်သည်တွေ ရောက်ကြောင်း သိတဲ့ အခါ စလင်း စည်သူကျော်ထင် က ဆင်တော် ချစ်မြတ်ကဲ ကို စီးပြီး လူ ( ၃ဝဝဝ ) ၊ မြင်း ( ၃ဝဝ ) နဲ့ ထွက် လာလေတယ် ။ ပဲခူး စည်သူကျော်ထင် က ဆင်တော်ပေါက် ကျော်ဇေယျ ကို စီး ပြီး ရင်ဆိုင် တိုက်ကြရာ ပဲခူး စည်သူကျော်ထင် အရပ်အနေ မသင့်တာကြောင့် ရွေ့ လေတယ် ။ 


အဲဒီ အခြေအနေ မှာ စလင်း စည်သူကျော်ထင် က ညဘက် မှာ ပဲခူး စည်သူကျော်ထင် ကြားအောင် တပ် အပြင် က နေ “ နက်ဖန် နင် စည်သူ ထွက်ခဲ့ ၊ ဆင် စီးချင်း တိုက်မယ် ” လို့ စိမ်ခေါ် လေတယ် ။ ပဲခူးစည်သူ က လည်း “ ငါ စည်သူ ၊ ထွက်ဖြစ်အောင် ထွက်ခဲ့မယ် ” လို့ ပြန်ဟစ် လေတယ် ။ 


မနက် မိုးလင်းချိန် မှာ ပဲ ပဲခူး စည်သူကျော်ထင် က သူ့ ဆင် အထိအရှ များ တာ နဲ့ ဓနုဖြူစား ရဲ့ ဆင် ကို စီးပြီး ထွက်တယ် ။ မြင်း ( ၃၀၀ ) ကျော် ၊ လှံရှည် ကိုင် ( ၃၀၀ ) ပါလေတယ် ။ စလင်း စည်သူကျော်ထင် လည်း ဆင် ချစ်မြတ်ကဲ ကို စီးပြီး ရှင်မန်အောင် ကို ကုန်းလယ် စီး စေတယ် ။ လှံရှည်ကိုင် ( ၃ဝဝ ) ၊ မြင်း ( ၃ဝဝ ) နဲ့ ထွက်လာ လေတယ် ။ ဆီးအုပ် အရပ် မှာ စစ်ဆိုင် တိုက် ကြတယ် ။ စလင်း ဘက် က ရှင်မောက်ကျော် ကျတာ ကြောင့် ကစဉ့်ကရဲ ဖြစ် လေတယ် ။ အဲဒီအခါ ပဲခူး စည်သူ က စလင်း စည်သူ ဆင် ကို အပြင်း လိုက် တိုက် လေတယ် ။ စလင်းစည်သူ ဆင် အားမတန် တာ ကြောင့် လှည့် ပြီး ပြေး လေတယ် ။ ပဲခူးစည်သူ လည်း လိုက် တိုက်တယ် ။ လှံ လွှတ် လိုက်ရာ စလင်း ကုန်းလယ်စီး ရှင်မာန်အောင် ကို ထိပြီး ဆင် ပေါ် က ကျတယ် ။ စလင်းစည်သူ ပြန် တိုက် ရာ ပဲခူးစည်သူ ရဲ့ မောက်လူ မောက်တို ကို ဖောက်ပြီး နဖူးမှာ စပါးလုံး တစ်ထောက် စာ ထိ လေတယ် ။ ပဲခူး စည်သူ မျက်နှာ မှာ သွေးဖြာ ကျ ပေမယ့် မလျှော့ဘဲ စလင်း စည်သူ ကို ဖိ တိုက်လေတယ် ။ စလင်းစား မခံနိုင်တာကြောင့် ကို ဆုတ်ခွာ ရ လေ တယ် ။ 


စလင်း စည်သူ လည်း နောက်ပါတွေ နဲ့ ပြတ်ပြီး တစ်ဦး တည်း တော ထဲ ရောက် သွား လေတယ် ။ အလွန် ပင်ပန်းလှတာကြောင့် ဆင် ထက် က ဆင်း ပြီး ရေကန် မှာ ဆင်း ရေသောက် လေတယ် ။ အဲဒီအချိန် မှာ သူ့ ဆင် က အကပ် မခံဘဲ လိုက် ထိုး တာကြောင့် ကိုယ်လွတ် ထွက်ပြေး ရတယ် ။ နောက်မှ စလင်းစည်သူ ကို ချင်းလူမျိုး တို့ တွေ့ပြီး မိုးညှင်းစလုံ ထံ ဆက် လေတယ် ။ မိုးညှင်းစလုံ နဲ့ သွေး သောက် ဖွဲ့ကာ ၊ မိုးညှင်းစလုံ က မစိုးရိမ် နဲ့ ငါ အင်းဝ ကို အရ တိုက်ပြီး ပြန် မင်း တင် ပေးမယ်လို့ ဆိုလေတယ် ။ 



❝ မင်းတရားရွှေထီး နှင့် ရခိုင်အရေး ❞


ကလေးတို့ ရေ ... 


မင်းတရားရွှေထီး ဟာ သက္ကရာဇ် ( ၉၀၈ ) ခု မှာ မြန်မာထုံးစံ ၊ မွန်ထုံးစံ တို့ နဲ့ အညီ ရာဇဘိသိက် ခံ တော် မူတယ် ။ 


အဲဒီ နှစ် မှာ ပဲ ရခိုင်ဘုရင် အနိစ္စ ရောက် တာကြောင့် သားတော်အိမ်ရှေ့ ဥပရာဇာ မင်း ပြုတာကို ရခိုင်ဘုရင် ရဲ့ ညီ သံတွဲစား က မကျေနပ် တာ ကြောင့် ပုန်ကန် လေတယ် ။ အဲဒီအခါ သံတွဲစား အရေး နိမ့် တာကြောင့် မင်းတရားရွှေထီး ကို ကူမပါမယ့် အကြောင်း ချီပင့် လေတယ် ။ မင်းတရားရွှေထီး လည်း ရေအား ၊ ကြည်းအား နဲ့ ရခိုင် ကို ချီတော် မူ လေတယ် ။ 


မင်းတရားရွှေထီး ရဲ့ ရေတပ်တော်ကြီး ရခိုင် မရောက် ခင် နှစ်စခန်း လောက် က နေ ရခိုင်ဘုရင့် သား လည်း ရေအား ၊ ကြည်းအား နဲ့ ကြို တိုက်လေ တယ် ။ စစ်ဖျား ချင်း တိုက် မိတဲ့ အခါ ရွပ်ရွပ်ချွံချွံ တိုက်ကြတယ် ။ ရခိုင်စား ရဲ့ စစ်သည် တို့ လည်း ခံ တိုက်တယ် ။ အတန် ကြာ တဲ့ အခါ ဆင်ခင်း ၊ မြင်းခင်း မသာ တာ ကြောင့် ရခိုင်သား တို့ လွင်လဟာ ကို ထွက် ကြတယ် ။ ဘုရင့်နောင် တပ် ရောက် လာပြီး ထပ်ထပ် တိုက်တဲ့ အခါ ရခိုင်သား တို့ တပ်ပျက် လေတယ် ။ ဘုရင့်နောင် တို့ ဆင် ၊ မြင်း ၊ လက်နက် ၊ သုံ့ပန်း အများ ရ လိုက်တယ် ။ ကြည်း တပ် ပျက်တဲ့ အခါ ရေကြောင်းသား မခံ ဝံ့ တာ ကြောင့် ရခိုင် သို့ ဆုတ် လေတယ် ။ 


မင်းတရားရွှေထီး လည်း ရခိုင် ထိ လိုက် တိုက်တယ် ။ ရခိုင်မြို့ ဟာ တောင်ထိပ်မြို့ ဖြစ်တယ် ။ မြို့ လည်း ခိုင်တယ် ။ ကျုံး လည်း ကျယ်တယ် ။ လက်နက် လည်း ထူထပ်လှတာ ကြောင့် အကြိမ်ကြိမ် လုပ်ကြံ ပေမယ့် မရလေဘူး ။ ဒါ့ကြောင့် မင်းတရားရွှေထီး ရဲ့ တပ်တွေ ဟာ အပြင် က ပဲ ဝန်းရံ နေတယ် ။ မင်းတရား က သစ်တပ် ခိုင်ခိုင် ဆောက် စေပြီး ပြလက်ရန်း ပေါ် က နေ စိန်ပြောင်း ၊ မြတပူ လက်နက်တွေ နဲ့ မြို့တွင်း ကို နေ့စဉ် ပစ် လေတယ် ။ 


မင်းတရားရွှေထီး တပ် ဟာ အလုံးအရင်း ဆင် ၊ မြင်း ၊ လက်နက် အင်အား ကြီးလှတာ ကြောင့် ကြာရင် ခံနိုင်မှာ မဟုတ်ဘူး ဆိုကာ ရခိုင်ဘုရင့်သား လည်း ဆရာတော် လေးပါး ကို လက်ဆောင်ပဏ္ဍာ များစွာ နဲ့ မင်းတရား ထံ မေတ္တာရပ်ခံ အရေး တောင်းခံ လေတယ် ။ ရခိုင်ဆရာတော် တို့ က အကြောင်း ငါးရပ် နဲ့ တင်ပြ ကြတယ် ။ 


( ၁ ) ရခိုင်ဘုရင့်သား နဲ့ မညီညွတ် တာ ကြောင့် မင်းတရား ချီလာ ရ တယ် ။ ရခိုင် မှာ အဖ ပြီး ရင် သား ပဲဆက်ခံ ရတဲ့ ထုံးစံ ရှိပါတယ် ။ ညီတော် သံတွဲစား ဟာ ထုံးစံ ပျက်သူ ဖြစ်တယ် ။ ဒါ့ကြောင့် သူ့ ကို မကူညီသင့်ပါ ။ 


( ၂ ) ရခိုင်ပြည် ဟာ စစ်သည် ၊ ဆင် ၊ မြင်း အလုံးအရင်း များလှတယ် ။ ရခိုင်ဘုရင် နဲ့ မြိုဘုရင် ဟာ သမီးယောက်ဖရင်း ဖြစ်တယ် ။ မြိုဘုရင် ချီ လာပြီး လုပ်ကြံ ရင် မင်းတရား စစ် နှစ်ဖက် ညပ်ပါ လိမ့်မယ် ။ 


( ၃ ) မင်းတရား ရဲ့ နယ်ပယ်ဝန်း ကျယ်လှတယ် ။ တချို့ မြို့ရွာတွေ အတည် မကျသေး ။ တစ်ကြောင်း လည်း စော်ဘွားတို့ မင်းတရား ရဲ့ မြို့စွန်ရွာနား ထိပါးစရာ ရှိ လေတယ် ။ မင်းတရား တပ် ရခိုင် ရောက် နေလို့ အမြန် ပြန် ရန် မဖြစ်နိုင် ၊ ခရီး ကြာ ပါ လိမ့်မည် ။ 


( ၄ ) ဝါဆိုဝါခေါင် ရောက် လျှင် တောင်လေပြင်း လာ ပါမည် ။ အရှင့် နိုင်ငံတော် ကို သူတစ်ပါး လုပ်ကြံသော် အမြန် ပြန် နိုင်မည် မဟုတ် ။ မိုးကြီးလေကြီး လျှင် ရေကြောင်း ခက်လှတယ် ။ ချောင်းမြောင်း ပြည့်လျှံ လျှင် ဆင်ကြောင်း ၊ မြင်းကြောင်း မသာယာ နိုင်ပါ ။ 


( ၅ ) ထိုအကြောင်း များ ကြောင့် ရခိုင်ဘုရင့်သား က သူ့ ဘထွေးတော် သံတွဲစား ဆီ က လုယူ ထားတဲ့ ဆင် ၊ မြင်း စည်းစိမ် တို့ ကို မင်းတရား ထံ ဆက် စေပြီး သံတွဲစား ကို သူ့ စည်းစိမ် နှင့် တောင်စဉ် ( ၇ ) ခရိုင် ကို ပေးသည် ရှိသော် သား ၊ ဘထွေး နှစ်ဦး ချစ်ကြည်လျက် အရှင် က သူကောင်း ပြုသည် မည်ပါ တယ် ။ 


ရခိုင်ဆရာတော် တို့ ရဲ့ တင်လျှောက်ချက် ကို မင်းတရားရွှေထီး ဘုရင့်နောင် နဲ့ တိုင်ပင်ကာ ၊ ရခိုင်ဘုရင့် သား အမှန် ပဏ္ဍာများ ဆက် လာကာ သစ္စာ ခံ မှ အရေး ပေးမည့် အကြောင်း ပြန်ကြား လိုက် လေတယ် ။ ဆရာတော်များ တင်  လျှောက်တဲ့ အတိုင်း ရခိုင်ဘုရင့် သား သစ္စာ ခံ ကာ ဆက်တာ ကြောင့် သံတွဲ စား ကို စည်းစိမ် နဲ့ ( ၇ ) ခရိုင် ကို စား စေ ကာ တူ ဘုရင် နဲ့ ဘထွေး ချစ်ကြည် ကြ စေ တယ် ။ 


အဲမွန်ဒရာတပ် နဲ့ မင်းကျော်ထင်တပ် တို့ ကို ငြိမ်ဝပ်အောင် သံတွဲ ၌ သုံးလ နေ စေကာ ထား ခဲ့ပြီး မင်းတရားရွှေထီး နေပြည်တော် ဟံသာဝတီ သို့ ပြန်ဖို့ ပြင်ဆင် လေတယ် ။ 



❝ မင်းတရားရွှေထီး ယိုးဒယား သို့ စစ်ချီခြင်း ❞


ကလေးတို့ ရေ .. 


မင်းတရားရွှေထီး ရခိုင်အရေး လုပ်ဆောင် နေစဉ် မှာပဲ ယိုးဒယားမင်း စစ်သည်တွေ ဟာ ဆင်လုံးမြင်းရင်း နဲ့ ထားဝယ် ကို ထိပါး လာတယ် ။ ထားဝယ်စား မြို့ က နေ စစ်ခံ ပေမယ့် မခံနိုင် တာကြောင့် ရေးမြို့ သို့ ဆုတ်ခွာ ရတဲ့ အကြောင်း မော်လမြိုင်စား ဗညားဦး က မင်းတရားရွှေထီး ထံ လျှောက် လာ လေတယ် ။ မင်းတရားရွှေထီး လည်း ရေကြောင်း ၊ ကြည်းကောင်း ၊ တပ်များ ကို ခန့်ခွဲပြီး ထားဝယ် ကို ချီ လေတယ် ။ 


ယိုးဒယားတပ် လည်း မင်းတရားရွှေထီး တပ်ကြီး ချီ လာပြီ ကြားတဲ့ အခါ တနင်္သာရီ သို့ ဆုတ်ခွာ လေတယ် ။ ထားဝယ် ကို ရတဲ့ အခါ ထားဝယ်စား ကို ပဲ ပြန် ခန့်ထားခဲ့ပြီး ဆက်လက် ချီတက် လေတယ် ။ သက္ကရာဇ် ( ၉၁ဝ ) ခု မှာ မင်းတရားရွှေထီး ယိုးဒယား သို့ ချီ လေတယ် ။ စစ်ချီရာ လမ်းကြောင်း မှာ မုတ္တမ က နေ မော်လမြိုင် သို့ လှေတံတား ဖွဲ့ ကာ ကူး လေတယ် ။ အဲဒီ က မှ အတ္ထရံမြစ် ကို ဆန် တက်ကာ ဘုရားသုံးဆူလမ်း က နေ ယိုးဒယားနယ် သို့ ကူး လေတယ် ။ 


နောက် မဲခေါင်မြစ်ကြောင်း ကနေ ကံပူရီ ၊ အဲဒီ က မှ အယုဒ္ဓယမြို့ ထိ ချီလေတယ် ။ မင်းတရားရွှေထီး ချီလာပြီ ကြားတဲ့ အခါ ယိုးဒယား ဘုရင် က ထွက် လာ ကာ ကြိုပြီး တိုက်လေတယ် ။ နှစ်ဖက် ရင်ဆိုင် တိုက်ကြ ရာ မှာ ယိုးဒယားမင်း ရဲ့သား နဲ့ ညီ ကို မြန်မာ ဘက် က ရ လေတယ် ။ သူ့ မိဖုရား ဆူရိထိုးထိုင် နဲ့ သမီးတော် တစ်ပါး လည်း ဆုံးပါး လေတယ် ။ 


မင်းတရားရွှေထီး ဟာ တစ်လခန့် ယိုးဒယား ကို လုပ်ကြံတယ် ။ လက်နက် စိန်ပြောင်း နဲ့ ပေါ်တူဂီလူမျိုး မြို့စီး ပြစီး ထူထပ် သောကြောင့် အယုဒ္ဓယ ကို မရလေဘူး ။ ဒါ့ကြောင့် ယိုးဒယား မြို့ရင်း က ခွာပြီး ကမန်ပိုက် သို့ ချီလေတယ် ။ ယိုးဒယား တို့ က နောက် က လိုက် လာတဲ့ အတွက် ရပ် တန့်ကာ ပြန် တိုက်လေတယ် ။ ယိုဒယား တို့ ရှုံးနိမ့် ပြန်တာ ကြောင့် ဆုတ်ခွာ သွားလေ တယ် ။ ယိုးဒယား ဘုရင့် သမက် နဲ့ တကွ အမတ်များ ၊ တိုက်ဆင်ကြီးများ ကို မြန်မာ ဘက် က ရ လိုက်တယ် ။ 


မင်းတရားရွှေထီး ဟာ ကမန်ပိုက် ကို ဆက် ချီတယ် ။ ကမန်ပိုက်စား မခံဝံ့ တာ နဲ့ ပြေးတာကြောင့် ကမန်ပိုက် ကို မတိုက်ရဘဲ အလွယ် နဲ့ ရ လေတယ် ။ အဲဒီနောက် သောက်ကတဲ ၊ ပိတ်သလောက်မြို့ များ ကို ဆက်တိုက် သိမ်းဖို့ စီစဉ် ဆဲ မှာ ယိုးဒယား တို့ က “ နှစ်စဉ် တိုက်ဆင် ( ၃ဝ ) ၊ ငွေ ( ၃ဝဝ ) ၊ တနင်္သာရီ အကောက်ခွန် တို့ ကို ဆက် ပါမယ် ။ ညီ ၊ သား ၊ သမက်တော် တို့ ကို ပြန်လွှတ် ပေးပါ ” လို့ ပန်ကြားပြီး မြတ်ကြီး မြတ်ငယ် ဆင် နှစ်စီး နဲ့ လက်ဆောင်တော်များ ဆက် လာ တာ ကြောင့် စစ်ပြေ ငြိမ်း ကာ ဟံသာဝတီ ပြန် ဖို့ စီစဉ် လေတယ် ။ 


ယိုးဒယား နဲ့ တိုက်တဲ့ ပွဲ မှာ ဘုရင့်နောင် နဲ့ သားတော် ၊ အသက် ( ၁၃ ) နှစ် သာ ရှိသေးတဲ့ “ ဇေယျသီဟ ” ရဲဝံ့စွာ တိုက်တာ ကြောင့် အမည်အရည် နဲ့ ဆုလာဘ် များစွာ မင်းတရားရွှေထီး က ချီးမြှင့်တော် မူ လေတယ် ။ 



❝ အပေါင်း မှား ၍ အသက် ဆုံးရပုံ ❞


ကလေးတို့ ရေ … 


မင်းတရားရွှေထီး ယိုးဒယား က အပြန် မှာ မုတ္တမစား က မုတ္တမဆိပ် ကို စစ်ရှုံး ပြီး ရောက် လာတဲ့ ပိစ္စရာဇ်မင်း တူ ပေါ်တူဂီကုလား နဲ့ လူ ( ၃၀၀ ) ကို ဖမ်း ထားကာ မင်းတရားရွှေထီး သို့ ဆက် လေတယ် ။ အဲဒီ ပိစ္စရာဇ်မင်း တူ ပေါ်တူဂီ ဟာ သနားကမား ရှိ တာကြောင့် မင်းတရား ဟာ နေပြည်တော် ခေါ်ဆောင် ခဲ့ ကာ အိမ် ပေးထားလေတယ် ။ မင်းတရား တောကစား ထွက်ရာ ကုလား ကို လည်း ခေါ် သွားတယ် ။ တော သို့ ရောက်တဲ့ အခါ စစ်တိုင် မှာ စကားပွင့် တင်ပြီး ကုလား ကို သေနတ် နဲ့ ပစ်ခိုင်းတယ် ။ ကုလား က လည်း ချက်တိုင်း မှန်အောင် ပစ် နိုင်တာ နဲ့ မင်းတရား သဘောကျတော် မူတယ် ။ ဒါ့ကြောင့် အတွင်းစေ ကိုယ်လုပ် တစ်ဦး နဲ့ စုံဖက် ပေး လေတယ် ။ 


ကိုယ်လုပ်တော် လည်း ကုလား နဲ့ အတူ နေတဲ့ အခါ ကုလား အစားအစာ တွေကို ကောင်းစွာ ချက်ပြုတ် ကြော်လှော် တတ် လာတယ် ။ ကု,လား အစား အသောက်များ စီမံပြီး မင်းတရား ထံ ဆက် လေတယ် ။ ဒါ့ပြင် ယစ်မူးစေ တတ် တဲ့ စပျစ်ရည် ကို လည်း စီရင် ပြီး ဆက် လေတယ် ။ မင်းတရားကြီး လည်း အလွန် ကြိုက်နှစ်သက်တာ ကြောင့် ကုလား ကို နန်း ထက် ခေါ်ပြီး အတူ စား သောက်လေတယ် ။ 


အဲဒီလို သောက်စား နေကြပြီး ကုလား ဟာ အရက် ကို ပို ကောင်းအောင် ပြန် ချက်ကာ ပျားရည် နဲ့ စီရင် ပြန်တယ် ။ မင်းတရား တပင်ရွှေထီး လည်း ယစ် ရွှေရည် ကို အလွန် ကြိုက်တာ ကြောင့် အလွဲလွဲ အမှားမှား အမှုကိစ္စ တွေ စီရင် မိ တယ် ။ မနာလို လို့ ကုန်းချော တာ ကို ယုံပြီး မဆင်မခြင် ကွပ်မျက် တာတွေ လုပ် လေတယ် ။ 


မင်းတရား ရဲ့ ဖောက်လွဲ ဖောက်ပြန် လုပ်ရပ်တွေ ကို ဘုရင့်နောင် က အကြိမ်ကြိမ် သတိ ပေး လေတယ် ။ မရဘူးလေ ။ မင်းတရား က “ အမှုကိစ္စတွေ ငါ့ ကို မလျှောက်နဲ့တော့ ၊ ဘုရင့်နောင် ပဲ စီစဉ်ပါ ” လို့ လွှဲအပ်ပြီး သောက်စား ယစ်မူး ကာ သာ နေတော့သည် ။ 


ဘုရင့်နောင် လည်း ပြည်ရေးရွာမှုတွေ ကို ကောင်းစွာ စီမံကွပ်ကဲ ဆောင်ရွက် လေတယ် ။ ကြာတဲ့ အခါ မြန်မာအမတ် ၊ မွန်အမတ် တို့ တိုင်ပင်ပြီး ဘုရင့်နောင် ကို ထီးနန်း စံ ဖို့ ပန်ကြားကြတယ် ။ ဘုရင့်နောင် က လက် မခံလေဘူး ။ မင်းတရား ရဲ့ ကျေးဇူးသစ္စာ ကို စောင့်သိ ဖို့ သာ မိန့်ပြီး တိုင်းရေးပြည်ရာ ကို ပို ဂရုစိုက် စီမံ ဆောင်ရွက် လေတယ် ။ 


သက္ကရာဇ် ( ၉၁၁ ) ခုနှစ် မှာ သမိန်ထောရာမ အင်အား စုပြီး သန်လျင် ကို တိုက် တာ ကြောင့် ဘုရင့်နောင် ချီတက် ရ လေတယ် ။ တောင်ငူစား သီဟသူ လည်း ဟံသာဝတီ မှာ ရှိခိုက် ဖြစ်တယ် ။ ဘုရင့်နောင် က မင်းတရား ကို ဂရု စိုက် ဖို့တော့ စောလဂွန်းအိမ် ၊ သမိန်စောထွတ် ၊ သီဟသူ တို့ ကို မှာ ထားခဲ့တယ် ။ ဘုရင့်နောင် သန်လျင် ကို လုပ်ကြံရာ အောင်မြင် လို့ သမိန်ထောရာမ ထွက်ပြေး လေတယ် ။ ဘုရင့်နောင် လည်း ဒလ မှာ တပ်ခိုင် ပြုပြီး တပ်ချ နေတယ် ။ 


မင်းတရားရွှေထီး လည်း ဇာတာတော် မသန့် လို့ ပညာရှိတွေ လျှောက် တာ နဲ့ ဟံသာဝတီ က နေ ပန်းတရော်တပ် ကို ပြောင်းရွှေ့ စံလေတယ် ။ မင်း တရား က ငါ ဆင်ဖြူ ရမယ် ၊ ဒါ့ကြောင့် စောလဂွန်းအိမ် ကို မုတ္တမ ကို ချီပြီး အင်အားစု ခိုင်း လေတယ် ။ စောလဂွန်းအိမ် လည်း မသွားချင် ပေ မယ့် မင်း မိန့် ကို မလွန်သာ လို့ သွား ရပေတယ် ။ 


စောလဂွန်းအိမ် အပါး မှာ မရှိတဲ့ အခါ စစ်တောင်းစား သမိန်စောထွတ် ဟာ ညီတော် လက်ဝဲဓားမှူး ၊ လက်ယာဓားမှူး တို့ နဲ့ တိုင်ပင် ထား ပြီး ဖြစ်လို့ မင်းတရားရွှေထီး စက်တော် ခေါ် စဉ် လုပ်ကြံ လေတယ် ။ ဒါ့ကြောင့် မင်းတရား ရွှေထီး နန်းစံ ( ၂၀ ) နှစ် ၊ သက်တော် ( ၃၅ ) နှစ် အရောက် သက္ကရာဇ် ( ၉၁၂ ) ခု မှာ အနိစ္စ ရောက် ရတယ် ။ 


မင်းတရားရွှေထီး ဟာ ဘုန်းလက်ရုံး အာဏာ နဲ့ ပြည့်စုံ ပေမယ့် မပေါင်း အပ်သူ နဲ့ ပေါင်း ကာ သေအရက် သောက်စား စွဲမြဲ တာကြောင့် အသက် ပါ ဆုံးရ လေတယ် ။



❝ ဘုရင့်နောင် ( ခေါ်  ) ဆင်ဖြူများရှင် မင်းတရားကြီး ❞


ကလေးတို့ ရေ ...


ဘုရင့်နောင် ကျော်ထင်နော်ရထာ ဟာ မင်းတရားရွှေထီး အားကိုးရတဲ့ လက်ရုံး တစ်ဆူ ဖြစ်တယ် ဆိုတာ အထူး ပြောဖို့ မလိုပေဘူး ။ သစ္စာတရား ကို လည်း စောင့်သိ သူ ဆိုတာ ထင်ရှား လှတယ် ။ 


မင်းတရားရွှေထီး အနိစ္စ ရောက်တဲ့ နှစ် မှာပဲ ဘုရင့်နောင် ကျော်ထင်နော်ရထာ နန်း တက်တော် မူတယ် ။ 


ဘုရင့်နောင် ကျော်ထင်နော်ရထာ ဟာ တောင်ငူမင်းကြီး သားတော် မင်းကြီးဆွေ နဲ့ တူရွင်းတိုင်သူ ရှင်မျိုးမြတ် တို့ သင့်ရာမှာ သက္ကရာဇ် ( ၈၇၇ ) ခုနှစ် မှာ မွေးဖွားတဲ့ သားတော် ဖြစ်ပြီး ငယ်မည် ရှင်ရဲထွတ် လို့ ခေါ် ကြတယ် ။ ဖွား မြင်တဲ့အခါ လှေခါး အောက် မှာ ပျား စွဲတယ် ။ ငလျင် ( ၇ ) ကြိမ် လှုပ်တယ် ။ နှင်းတွေ ဝေပြီး တစ်မိုးလုံး မိုက်တယ် ဆိုတဲ့ အတိတ်နမိတ်ကြီး တို့ ဖြစ် လေတယ် ။


ရှင်ရဲထွတ် အရွယ် ရောက်တဲ့ အခါ တပင်ရွှေထီး ထံမှာ ခစား ရတယ် ။ နန်းတော် မြောက်ဘက် မှာ အိမ်တော် နဲ့ နေရတယ် ။ တပင်ရွှေထီး ရဲ့ အစ်မတော် သခင်ကြီး ဟာ မောင်တော် မင်းတရား ကို အိမ် ကို စားတော်ကွမ်း မပြတ် ပြင်ဆင် ပို့ ရလေတယ် ။ ရှင်ရဲထွတ် က မပြတ် ကွမ်း ယူ ဖို့ လာ ရတယ် ။ 


မကြာမီ မှာ ပဲ ရှင်ရဲထွတ် နဲ့ သခင်ကြီး တို့ ချစ်ကြိုက် ကြတယ် ။ ကာလ ကြာတဲ့ အခါ သခင်ကြီး မှာ ကိုယ်ဝန် ရှိတယ် ။ မယ်တော် မေး မှ ရှင်ရဲထွတ် နဲ့ ချစ်ကြိုက် မိကြောင်း သိရတယ် ။ “ အခု မသိစေနဲ့ဦး ၊ သင့် ခမည်းတော် နဲ့ ငါ ဥပုသ်စောင့် လို့ ဆရာတော်တွေ နဲ့ စကား ပြောစဉ် မှာ လာခဲ့ ” ဆိုပြီး မှာ ထား လေတယ် ။ မှာထားတဲ့ အတိုင်း ရောက်လာတဲ့ အခါ “ သမီး မှာ ဘယ်သူ့ သန္ဓေ လဲ ” လို့ မင်းကြီး မေးလေတယ် ။ “ ရဲထွတ် နဲ့ ယဉ်ပါး ပါတယ် ” လို့ မိဖုရားကြီး လျှောက်တဲ့ အခါ မင်းကြီး ဒေါသ ဖြစ်တာ ကြောင့် “ ရဲထွတ် ကို အခုပဲ သတ်စေ ” လို့ မိန့် လေတယ် ။ ထိုအခါ ဆရာတော်တို့ က မင်းကြီးညို  ကို “ မင်းကြီး ဟာ အခုပဲ ရှစ်ပါးသီလ ခံယူ ထားတယ် ။ ဤမျှ အမှု ကို သည်း မခံနိုင်ရင် ဘုရား ဆု ပြည့်ရန် ခက်လှတယ် ” လို့ မိန့် တာ ကြောင့် မင်းကြီး ဟာ တိတ်ဆိတ်စွာ နေလေတယ် ။ 


အဲဒီ အချိန်မှာ ရှင်ရဲထွတ် ဟာ ဘာမှ မသိဘဲ အဝတ်သစ် ဝတ် ၊ ပန်းကုံး ကို ရှေ့ဆွယ် နောက်ဆွယ် ချ ပြီး ညောင်ပင် သွား ကာ ကြက် တိုက် နေ တော့တယ် ။ ထိုအခါ အိပ်ဖန် ထွက် လာ တဲ့ သူတို့ နဲ့ တွေ့လို့ အကြောင်းမျိုးစုံ ကြားတဲ့ အခါ “ လူတို့ မှာ ကံ သာပြဋ္ဌာန်း ရင်း ဖြစ်တယ် ။ မစိုးရိမ် ” လို့ ဆို လေတယ် ။ 


မိုး လင်းတဲ့ အခါ “ ငါ ပြေး ပုန်း လည်း မလွတ်နိုင် ၊ ငါ့ ဇာတာ ကို မင်း ထံ ဆက်မယ် ။ သ,တ် လို သ,တ်စေ ၊ ထား လို ထားစေ ၊ ကံသာ အရင်း မူလ ပဲ ” လို့ ရှင်ရဲထွတ် စဉ်းစားပြီး မင်းကြီးညို ထံ ဇာတာ ကို ဆက် လေတယ် ။ မင်းကြီးညို ဟာ ဇာတာစန်းလာဘ် ကို အလွန် တတ်သိတဲ့ ဘုရင် ဖြစ်တယ် ။ “ ငရဲထွတ် ကို ငါ သ,တ်ရင် ငါ့ မှာသာ သံသရာ ဝန် လေး လိမ့်မယ် ။ သင်း ရဲ့ ဇာတာ လည်း ကောင်းလှတယ် ။ ချမ်းသာစေ ” လို့ မိန့်ပြီး ဇာတာ ကို ပြန် ပေး တယ် ။ 


မင်းကြီးညို အနိစ္စ ရောက်ပြီး သားတော် တပင်ရွှေထီးနန်း တက်တဲ့ အခါ ရှင်ရဲထွဋ် ကို ကျော်ထင်နော်ရထာ အမည် နဲ့ မြို့စားကျေးစား ပေးလေ တယ် ။ အစ်မတော် သခင်ကြီး နဲ့ လည်း စုံဖက် ပေးလေတယ် ။ ဒါ့ကြောင့် ဘုရင့်နောင် လို့ ခေါ်ကြတယ် ။ 


တပင်ရွှေထီး နတ်ရွာ စံ တဲ့ အခါ ဘုရင့်နောင် ဟာ “ ဆင်ဖြူများရှင် ” အမည် နဲ့ နန်း တက် တော် မူတယ် ။ 


မင်းတရားရွှေထီး မရှိပြီ ကြားတဲ့အခါ ဘုရင့်နောင် ရဲ့ ညီ “ သီဟသူ ” ဟာ ဟံသာဝတီ က နေ တောင်ငူ သွားပြီး “ မင်းခေါင် ” အမည် နဲ့ မင်း ပြုတယ် ။ သမိန်စောထွဋ် လည်း ဟံသာဝတီ မှာ သီဟသူ မရှိပြီ ကြားတဲ့ အခါ ဟံသာဝတီ သွားပြီး “ သမိန်စက္ကဝေါ ” အမည် နဲ့ မင်း ပြုတယ် ။ မှူးကြီးမတ်ရာ တို့ မကြည်ဖြူလို့ နန်း ချပြီး မုတ္တမ မှာ ရှိတဲ့ သမိန်ထောရာမ ကို ချီပင့်ပြီး နန်းညတင် တယ် ။ ပြည်မြို့ မှာလည်း သတိုးဓမ္မရာဇာ ဟာ “ သတိုးသူ ” ဘွဲ့ ခံပြီး ပုန်ကန် လေတယ် ။ တလိုင်း သုံးရပ် လည်း အသီးသီး ပုန်ကန် ခြားနား ကြလေတယ် ။ 



❝ ဆင်ဖြူများရှင် ၏ နန်းတက်စ တိုက်ပွဲများ ❞


ကလေးတို့ ရေ ... 


ဘုရင့်နောင် ( ဆင်ဖြူရှင် ) ဟာ နန်း တက် တဲ့ နှစ် မှာပဲ တောင်ငူ ကို တိုက်ခိုက် သိမ်းယူ တော် မူတယ် ။ တောင်ငူ ကို အရင် သိမ်း ရတာ က နေရင်း ဒေသ လည်း ဖြစ်တယ် ။ နောက် အမှုထမ်း တို့ ရဲ့ သစ္စာ ကို ယုံကြည်ရတာ လည်း ပါတယ် ။ နောက် မြန်မာတို့ ရဲ့ အချက်အချာ ဖြစ်လို့ အလုံးအရင်း ကောင်းစွာ ရနိုင် တာ လည်း ပါ တာပေါ့ ။ ဘုရင့်နောင် ဟာ တောင်ငူ မှာ ပဲ ဆင်ဖြူရှင် အမည် နဲ့ ဘိသိက်ခံတော် မူတယ် ။ 


တောင်ငူ ကို မသိမ်းမီ မင်းတရားရွှေထီး ရဲ့ အမှုထမ်းဟောင်း ပေါ်တူဂီ လက်နက်ကိုင် တို့ အမှုထမ်း လာ ကြတယ် ။ ဘုရင့်နောင် ဟာ တောင်ငူ ကို ရတဲ့ အခါ တောင်ငူစား ညီတော်မင်းခေါင် ကို အပြစ် မပြုဘဲ အမှုထမ်းမြဲ ထမ်းရွက် စေတယ် ။ အဲဒီ နှစ် မှာပဲ ပြည်မြို့ ကို တိုက်တယ် ။ မြို့စီး ပြစီး ထူထပ် တာ ကြောင့် မရလေဘူး ။ မြေထဲ သရက် စတဲ့ အညာ တစ်လွှား မြို့တွေ ကို သာ သိမ်း ယူပြီး အလုံးအရင်း ဆင် ၊ မြင်း နဲ့ ထားတော် မူ ခဲ့တယ် ။ 


သက္ကရာဇ် ( ၉၁၃ ) ခုနှစ် မှာ တော့ ဘုရင့်နောင်မင်းကြီး ဟာ ပြည် ကို ဒုတိယ အကြိမ် စစ်ချီ ပြန်တယ် ။ ညီတော် တောင်ငူမင်း မင်းခေါင် က ညဉ့် အချိန် ဆင် နဲ့ မြို့တံခါး ကို တိုက်ဖောက် လို့ မြို့ ပေါက် ပြီး ဝင်ရောက် တိုက်ခိုက် ကြရာ မှာ ပြည်စား သတိုးသူ ကို ရလေတယ် ။ ဘုရင့်နောင်မင်းတရားကြီး ထံ တော့ ကျွန် မခံ ၊ ရခိုင်မင်း ထံ ပြေးဝင်ကာ ကျွန် ခံမယ် ကြံတာ ကြောင့် ကွပ်မျက် တော် မူတယ် ။ ပြည်မြို့ ကို ညီတော် “ သတိုးသုဓမ္မရာဇာ ” ကို ပေးတော် မူတယ် ။ 


ဆင်ဖြူများရှင် ခေါ် ဘုရင့်နောင်မင်းတရား ဟာ ပြည် ကို သိမ်းပြီးတာ နဲ့ အညာ ကို ဆန်တက် ကာ စလေ ၊ ပုခန်းငယ် ၊ ပုဂံ စတဲ့ မြို့များ ကို သိမ်းယူတော် မူတယ် ။ နောက် အင်းဝ ကို ဆက်လက် ချီတက်မယ် လို့ စီစဉ် ဆဲ မှာ နိုင်ငံတော် ဖြစ်တဲ့ “ ဟင်းခ‌နွေ ” ကို ဟံသာဝတီ က တိုက် လာကြောင်း ကြား တာ နဲ့ ပြန်တော် မူတယ် ။ 


ဆင်ဖြူရှင် အပြန် ပုဂံ ကို ရောက်တဲ့ အခါ ဆင်ကြီး ၊ မြင်းကြီးများ ကို ဖောင်တော် ပေါ် တင်ပြီး ရေကြောင်း က အရင် စုန်တော် မူတယ် ။ ကြည်းတပ်သား တို့ ကို လည်း အမြန် ချီ စေတယ် ။ မြေထဲမြို့ ကို ရောက်တဲ့ အခါ ညီတော် အငယ် မင်းရဲကျော်ထင် ကို ဆင်လုံး ၊ မြင်းရင်းများ နဲ့ တောင်ငူ ကို အရင် ချီတယ် ။ 


ဆင်ဖြူမင်းတရား က တော့ သရေခေတ္တရာ ( ပြည် ) ကို အရင် ချီပြီး ဟံသာဝတီ ကို ရေကြောင်း ချီဖို့ စီစဉ်တော် မူတယ် ။ မြေထဲစား ၊ စကုစား ၊ ပုခန်းငယ်စား ၊ သာယာဝတီစား ၊ ဓနုဖြူစား ၊ ပြည်မင်းသတိုးဓမ္မရာဇာ တစ် တပ် ။ သည် ခြောက်တပ် မှာ သတိုးသုဓမ္မာရာဇာ ကို ဗိုလ်ချုပ် ခန့်တော် မူတယ် ။ 


အဲဒီလို စီစဉ် ဆဲ မှာ အင်းဝမင်း မိုးဗြဲနရပတိ ဟာ စစ်ကိုင်းမင်း စည်သူကျော်ထင် တိုက် အလာ ကို မခံနိုင်တာ နဲ့ သားတော် ၊ သမီးတော် နဲ့တကွ ဆင် လုံး ၊ မြင်းရင်း ယူ လာပြီး ဆင်ဖြူရှင် ထံ သစ္စာ ခံ လေတယ် ။ ဆင်ဖြူရှင် လည်း သနားတာ ကြောင့် စီးနင်းမြဲ အဆောင်အယောင် နဲ့ နေ စေတယ် ။ 


ဆင်ဖြူရှင် ဟာ အင်းဝ နရပတိ ကို ခေါ်ပြီး ကေတုမတီ ( တောင်ငူ ) သို့ ချီတော် မူတယ် ။ မြင်းတပ် လေးတပ် ပါ တပ်ပေါင်း ( ၂၀ ) ၊ တိုက်ဆင် ( ၄၀၀ ) ၊ မြင်း ( ၅ဝ၀ဝ ) ၊ ဗိုလ်ခြေ တစ်သိန်းတစ်သောင်း နဲ့ သက္ကရာဇ် ( ၉၁၃ ) ခု မှာ ချီ လေတယ် ။ တောင်ငူ က မှ ဟံသာဝတီ သို့ ( ၁၃ ) စခန်း ချ ချီတော်မူ လေ တယ် ။ “ ရာမညတိုင်း ကို အစိုးရ တဲ့ သမိန်ထောရာမ မှာ စဉ်းလဲ တဲ့ မှူးမတ် များ လှတယ် ။ စိတ် မချရ ။ ရှေ့တပ် နောက်တပ် ခွဲကာ စုံစမ်းမှ သင့်မယ် ” လို့ သီရိဇေယျနော်ရထာ လျှောက် တာ ကို ဆင်ဖြူရှင်မင်းတရား သဘောကျ တာ ကြောင့် ရှေ့ချီ မြင်းတပ် ငါးတပ် မှာ ဥဇာနာ ကို တပ်မှူး ၊ လင်္ကျာစည်သူ ကို စစ်ကဲ ခန့်ကာ မြင်း ( ၅၀၀၀ ) နဲ့ ချီ စေတယ် ။ မော်ကစနု ချောင်း အကူး မှာ စစ်ဖျား ချီလာတဲ့ သမိန်ထောရာမ နဲ့ ရင်ဆိုင် တိုး ပြီး တိုက်ခိုက် ကြတယ် ။ 


မင်းတရား လည်း ဟံသာဝတီ မြို့ တွင်း အိမ်များ ကို ရန်သူ မခို နိုင် အောင် မီးတိုက် စေတယ် ။ ညီတော် မင်းရဲစည်သူ လည်း သမိန်ထောရာမ ကို မြင်တဲ့ အခါ စီးချင်း တိုက်မယ် လို့ ဦးတည် လေတယ် ။ သမိန်ထောရာမ က ရှောင်ပြီး ဆင်ဖြူရှင် ဆီ ကို ဦးတည် လာတယ် ။ သမိန်ထောရာမ  လာ တာ မြင် လျှင် ဆင်ဖြူရှင် လည်း ရွှေကရား နဲ့ ရေ ကို ယူပြီး “ သာသနာ့ အကျိုး ၊ ပြည်သူတို့ အကျိုး ဆောင် နိုင်သော မင်းဧကရာဇ် ဖြစ် လျှင် သမိန်ထောရာမ ကို တစ်ခဏ တွင်း အောင်မြင်သည် ဖြစ်စေသောဝ် ” လို့ ဆင် ဦးကင်း မှာ သစ္စာ ပြု လေတယ် ။ ရေစက် သွန်းချတဲ့ အခါ မိုးအုံ့ ၊ လျှပ်စစ်ပြက် ၊ မြေငလျင် လှုပ်ပြီး ချိုးငှက် ၊ ဆက်ရက် စတဲ့ ငှက်တွေ လည်း သောသောရုတ်ရုတ် ရှိလေတယ် ။ ရွှေကရား လည်း လက် က လွတ်ပြီး မြေ သို့ ကျလေတယ် ။ 



 ❝ ဆင်ဖြူများရှင် နှင့် သမိန်ထောရာမ စီးချင်းထိုးပွဲ ❞


ကလေးတို့ ရေ .. 


ဆင်ဖြူရှင်မင်းတရား ဟာ သစ္စာ ပြုပြီး ရွှေကရား လက် က လွတ်ကာ မြေ သို့ ကျတဲ့ အခါ စိတ် မသက်မသာ ဖြစ်သတဲ့ ။ ထို အကြောင်း ကို မွန်အမတ် သမိန်ဗရူ မြင်တဲ့ အခါ “ ဘဝရှင်မင်းတရား ယခု ပင် သမိန်ထောရာမ ကို တိုက်ပါလော့ ။ အရှင့် အလို ပြည့် ကာ ရေ နဲ့ မြေ ကို အစိုးရတော် မူမည် ” လို့ နားတော် လျှောက်လေတယ် ။ 


ဆင်ဖြူရှင်မင်းတရား လည်း သမိန်ထောရာမ ဆင် နှင့် လွှတ်တာ ကို တိုး ပြီး တိုက်တော် မူတယ် ။ ဆင်ချင်း အား တူပြီး မနည်းကြာ ဝှေ့ နေ လေတယ် ။ အဲဒီ အခြေအနေ မှာ မင်းတရား က ဆင်တော် ဥပေါသထ ကို နောက် ကို ဆုတ် အားယူ ပြီး မှ ချွန်းဖွင့် တိုက်လေတယ် ။ သမိန်ထောရာမ စီး တဲ့ ဆင် ကို အစွယ် နဲ့ ထိုး မိ လေတယ် ။ စွယ်လုံး လည်း ကျွတ် လေတယ် ။ သမိန်ထောရာမ ဆင် လည်း မြေ ပေါ် လဲ ကျ လေတယ် ။ မင်းတရား ဆင် လည်း လက်ယာ အစွယ် တစ်ထောင် ခန့် ကျိုး လေတယ် ။ မင်းတရား လည်း သမိန်ထော ကို ချွန်း နဲ့ ရိုက်တော် မူတယ် ။ သမိန်ထော ကျော ကော့ လေတယ် ။ 


အဲဒီအခါ သမိန်ထောရာမ ရဲ့ ကျွန် သမိန်ဇိပ်ဗြဲ လည်း စွယ်မန်း ဆိုတဲ့ ဆင် နဲ့ အပြင်း ထိုး လာ ပြီး မင်းတရား ဆင် ကို တိုက် လေတယ် ။ ဆင်တော် ဥပေါသထ ပြန် ထိုး တာကြောင့် သမိန်ဇိပ်ဗြဲ ဆင် လဲ သေတယ် ။ အဲဒီအခါ သမိန်ထော ရဲ့ နောက် မင်းမှုထမ်း သမိန်အဲနရဲ က ပျက်ကြီး ဆိုတဲ့ ဆင် ကို ထီးဖြူ တင် ပြီး လွှတ်လာ ပြန်တယ် ။ မင်းတရား ရဲ့ညီ မင်းရဲကျော်ထင် က ရဲလုလင် ဆိုတဲ့ ဆင် နဲ့ ပြန် တိုက် လေတယ် ။ သမိန်အဲနရဲ ရဲ့ ဆင် ပျက်ကြီး မျက်နှာ သုန် ကာ ပြေး လေတယ် ။ 


အဲဒီနောက် မင်းတရား ရဲ့ ရဲမက်တော်တွေ ဟာ လိုက် တိုက်တဲ့ အခါ မွန်စစ်သည် တို့ ကစဉ့်ကရဲ ဖြစ်ကာ ပြေး လေတယ် ။ ဆင်မြင်း သုံ့ပန်း အများ မင်းတရား ဘက် ရလိုက် လေတယ် ။ သမိန်ထောရာမ လည်း ဆင် က နေ မြင်း ပြောင်း စီးကာ သူ့ ရဲမက်တွေ ကို တတ်နိုင်သမျှ စုရုံး ပြီး ဟံသာဝတီ က စစ် ခံမယ် ဆိုကာ အပြင်း ဆုတ်ခွာ ပြေး လေတယ် ။ 


ဟံသာဝတီ မှာ လည်း မင်းတရား ရဲ့ ရဲမက်တော်တွေ မီးတိုက် ထားတာ ကြောင့် တစ်မြို့လုံး လောင်ကျွမ်း နေတယ် ။ ရဲမက် တို့ လည်း ဆီးကြို တိုက်တာ ကြောင့် သမိန်ထော ဟာ မြို့ ထဲ မဝင်ဝံ့ တော့ ဘဲ အနောက် အရပ် ဆီ ပြေး လေ တယ် ။ ဘဝရှင်မင်းတရား လည်း သမိန်ထော ကို တိုက်ထုတ် ရှင်းပြီး တဲ့ အခါ ဟံသာဝတီ မှာ ဝင်ပြီး စံ နေတော် မူတယ် ။ သမိန်ထော ပြေးတဲ့ အခါ မွန် အမှူး အမတ်တွေ လည်း ကစဉ့်ကရဲ ဖြစ် နေတဲ့ ဆင်မြင်း တို့ ကို စုရုံးပြီး ဆင်ဖြူရှင်မင်း တရား ထံ သစ္စာ ခံ လေတယ် ။ မင်းတရား ဟာ ရောက်လာသူ တွေ ကို လည်း ထိုက်သင့် သလို ဆုလာဘ် ပေးပြီး အမှုထမ်း စေတယ် ။ 


အရှေ့ဘက် မုတ္တမ တစ်လွှား ကို စား တဲ့ မြို့စား အပေါင်းလည်း ဆင်ကြီး ၊ မြင်ကြီး ၊ သားသမီး တို့ ကို မင်းကြီး ထံ လက်ဆောင် ဆက်ပြီး သစ္စာခံကြလေ တယ် ။ ထိုသူတို့ ကို လည်း ထိုက်သင့်ရာ လက်ဆောင် ပေးပြီး မိမိ တို့ စားတဲ့ ကျေးစည်းစိမ် ကို လည်း ပေး လေတယ် ။ သမိန်ထောရာမ နဲ့ တိုက် ရာ မှာ ရွပ် ရွပ်ချွံချွံ တိုက် လို့ ပွဲလမ်း ရသူတွေ ကို လည်း အမည်အရည် စားကျေးစားလက် ထိုက်သင့် ရာ ပေး လေတယ် ။ ညီတော် မင်းရဲကျော်ထင် ကို လည်း ရွှေကွမ်းခွက် ရှစ်မြှောင့် ၊ ပတ္တမြားစီ လက်ဖက်ရည်အိုး ၊ ရွှေချက်နှစ်စင်း ၊ ဆင်ပေါင်းဝန်း ရွှေထည့်စီ ( ၇ ) လုံး စသည် များစွာ ချီးမြှင့်တော် မူ လေတယ် ။ 



❝ ဆင်ဖြူများရှင် နှင့် သမိန်ထောရာမ လိုက်တမ်း ပြေးတမ်း ❞ 


ကလေးတို့ ရေ ...

 

ဆင်ဖြူများရှင် မင်းတရားကြီး ဟာ ဟံသာဝတီ မှာ ( ၁ဝ ) ရက် လောက် နေ ပြီး သက္ကရာဇ် ( ၉၁၄ ) သမိန်ထောရာမ ပြေး ရာ ကို ဆင်လုံးမြင်းရင်း အများ နဲ့ လိုက်တော် မူတယ် ။ 


သမိန်ထောရာမ ဟာ ဓနုဖြူ ၊ ပုသိမ် ကို ပြေး လေတယ် ။ ပုသိမ်စား သမိန်ဗြသပိုက် လည်း သမိန်ထောရာမ မှာ ဆင်လုံးမြင်းရင်း အများ နဲ့ ရုံးစု ချီ လာ တာကြောင့် မဖီဆန်ဝံ့ တာ ကြောင့် လက်ခံ ရ လေတယ် ။ 


မင်းတရားကြီး ဟာ ဓနုဖြူ ကို အရင် ချီ လေတယ် ။ ပြည် က ချီ လာတဲ့ ညီတော် သတိုးဓမ္မရာဇာ ဟာ ဒလ မှာ ရေတပ် ချ နေတာ ကို မင်းတရားကြီး ခေါ် တာ ကြောင့် ဓနုဖြူ ကို ကူးပြီး ပုသိမ် ကို ချီ ရတယ် ။ မင်းတရားကြီး က ကြည်း ကြောင်း ချီတော် မူတယ် ။ မင်းတရားကြီး ချီ လာပြီ ကြားတဲ့ အခါ သမိန်ထောရာမ က မြို့ က ထွက်ပြေး လေတယ် ။ ပုသိမ်စား သမိန်ဗြသပိုက် လည်း သမိန်ထောရာမ ကျန်ရစ်တဲ့ တိုက်ဆင် တစ်ရာ ကျော် နဲ့ လက်နက်များ ယူ ပြီး မင်းတရားကြီး ထံ ဆက် လေတယ် ။ မင်းတရားကြီး လည်း အားရ တာ ကြောင့် ပုသိမ်စား ကို ရွှေခွက် ၊ ငွေခွက် စသည် ဆုပေး လေတယ် ။ 


သမိန်ထောရာမ လည်း တမကချောင်း ရေ ကျ မှာ တင် နေတဲ့ လှေ သုံးစင်း ကို တိုက်ပြီး နိုင် လျှင် ဒလ မှာ နေတဲ့ ဥဇနာ ကို တိုက် လေတယ် ။ ဥဇနာ ဆုံး လေတယ် ။


သမိန်ထောရာမ ဒလ ရဲမက်တွေ ကို နိုင် တဲ့ အခါ ပုသိမ် ကို ချီ လာ ပြန် တယ် ။ မင်းတရားကြီး ရဲ့ ညီ မင်းရဲကျော်ထင် တို့ တပ် ရောက် လာပြီး တိုက် တာ ကြောင့် သမိန်ထောရာမ ပျက်ပြီး ပြေး ပြန်တယ် ။ ထိုအခါ မှူးမတ်တို့ က ဆင်မြင်း ဗိုလ်ပါ လက်နက် ယူ ကာ ဆက် လေတယ် ။ ဘဝရှင် မင်းတရားကြီး လည်း ငါးရက် ကြာ မှ ရောက်တော် မူ လာတယ် ။ မှူးမတ်တွေ ကို လည်း အဆောင်အယောင် နဲ့ ကျေးစားကျေးလက် ပေးပြီး သစ္စာတော် ပေး လေတယ် ။ 


မွန်မင်း သမိန်ထောရာမ လည်း ရဟန်း ပြု ပြီး အခြွေအရံ တစ်ကျိပ် ကျော် နဲ့ မုတ္တမ သို့ ပြေး လေတယ် ။ မင်းတရားကြီး ဟံသာဝတီ ရောက် တဲ့ အခါ မုတ္တမ ( ၃၂ ) မြို့ ၊ ပုသိမ် ( ၃၂ ) မြို့ မှာ ရှိတဲ့ မြို့စားပြစား အမှုထမ်းတို့ ကို နေသား ကျ အောင် စီမံ လေတယ် ။ မင်းတရားရွှေထီး သင်္ချိုင်း မှာ လည်း စေတီ တည် ကာ ပူဇော် လေတယ် ။ 


သမိန်ထောရာမ လည်း မုတ္တမကျေး မှာ နေတာ ကို မုတ္တမသားများ ဖမ်းမယ် ပြုလေ တဲ့ အခါ ကဝေါ သို့ ပြေး ပြန်တယ် ။ ကဝေါစား ၊ သွယ်တိုင်စား တို့လည်း သမိန်ထောရာမ ပြေး လာ ကြောင်း သိတဲ့ အခါ ညဘက် ကို ချောင်း ပြီး ဖမ်း လေတယ် ။ ထွက် အပြေး မှာ သမိန်ထော ကျော ကို ဓား ခုတ် မိ သွားတယ် ။ သမိန်ထော ဟာ ရွာငယ် တစ်ရွာ က တော နေ ရဟန်းကျောင်း မှာ အနာ ကု ပြီး တိုက်ကု,လား သို့ သွားကာ လူသူ စုရုံး ပြန်တယ် ။ အဲဒီ အကြောင်း မင်းတရားကြီး သိတဲ့ အခါ တပ် လေးတပ် နဲ့ ချီ ပြန်တယ် ။ 


သမိန်ထော လည်း တိုက်ကု,လား က နေ စစ်တောင်း ကို မြင်း နဲ့ ပြေး ပြန် တယ် ။ စစ်တုရင်္ဂသူ တို့ ည ဘက် လယ်တော က စောင့် ဖမ်း တာ ကြောင့် အဝတ် ကို ချွတ် ကာ သမိန်ထော ပြေး ပြန်တယ် ။ ကျန်ရစ်တဲ့ ကျွန် နှစ်ယောက် နဲ့ လက်စွပ် ကျောက်ကောင်း အကွင်း ( ၂ဝဝ ) ကျော် ရ တာ ကြောင့် မင်းတရား ထံ ဆက် လေတယ် ။ 


မင်းတရားကြီး လည်း ဗေဒင် တတ် ပုဏ္ဏား တို့ ကို မေးရာ သမိန်ထော ကို မုချ ရပါမည် ဟောလေတယ် ။ ဟောတဲ့ အတိုင်း သမိန်ထောရာမ ကို တလခွာသား တို့ ရ လာကာ ဆက် လေတယ် ။ ဗေဒင် တတ် ပုဏ္ဏား ကို လည်း ဟောတိုင်း မှန် တာ ကြောင့် မဟာဓမ္မရာဇာဂုရု အမည် နဲ့ တကောရွာ ကို ပေး လေတယ် ။ ရွှေ ကို ပုံပြီး နှစ်ကြိမ် ကျုံး စေတယ် ။ 


မင်းတရားကြီး ဟာ သမိန်ထောရာမ ကို ရ လျှင် မကောင်း အကြံ ကြံ သူ ဆို၍ ကွပ်မျက် လေတယ် ။ မွန် သုံးရပ် ကို လည်း ညီညွတ် အောင် စီရင်တော် မူ လေတယ် ။ မင်းတရားကြီး ဟာ ရွှေမောဓောဘုရား ကို ထီး ချရားသီး က နေ မြေ တိုင် အောင် ရွှေ ထည့် တော် မူတယ် ။ အလှူကြီး ပေး လေတယ် ။ ပြည်ဘုရင် မင်းခေါင် အမည်ခံ ရှင်သရက် လည်း မှူးမတ် အများ နဲ့ အရောက် အလာ များတယ် ကြား တဲ့ အခါ ကေတုမတီ ( တောင်ငူ ) က နေ ဟံသာဝတီ သို့ ခေါ်ပြီး ရောက် လျှင် ကွပ်မျက် တော် မူတယ် ။ မင်းခေါင် မိဖုရား သီရိဘုန်းထွတ် ကို လည်း စန္ဒာဒေဝီ အမည် နဲ့ သက္ကရာဇ် ( ၉၁၅ ) မှာ မိဖုရား မြှောက် လေတယ် ။ 



❝ သမိန်ထောရာမ ၏ ထူးဆန်းသော အတွေ့အကြုံများ ❞


ကလေးတို့ ရေ ...


သမိန်ထောရာမ ဆိုတာ ( ရာဇာဓိရာဇ် ရဲ့သား ဗညားရံမင်း ) က  သက္ကရာဇ် ၉၁၁ ခု မှာ ဖွားမြင်တဲ့ သား ဖြစ်တယ် ။ သမိန်ထောရာမ ဟာ ဖခင် အနိစ္စ ရောက်ပြီး နောက် တောတောင်ကြီး ရာ အရပ် မှာ ဆင်ဦးစီးတွေ နဲ့ လှည့် လည် နေ တယ် ။ ဆင်ငယ် တစ်ကောင် ကို ဖမ်းပြီး ယဉ်ကျေး အောင် သင် ပေးပြီး ဆင်ငယ် နဲ့ ကစား နေ လေ့ ရှိသတဲ့ ။ သူ့ ဆင် အမည် က “ ချစ်ချင်း ” လို့ ခေါ်တယ် ။ 


တစ်ခါ မှာ တော့ သူ့ ဆင် ကို သူ့ အသိ ဆင်ဦးစီး ထံ အပ်ပြီး သမိန်ထောရာမ ဟာ ဗုဒ္ဓသာရ ဆရာတော် ထံ မှာ ရှင် ပြုတယ် ။ သုံးဝါ ရ တော့ ရဟန်း ခံ သတဲ့ ။ တစ်ည မှာ တော့ ညောင်ပင် တစ်ပင် အောက် မှာ ပရိတ်မေတ္တာ စီးဖြန်း နေ တုန်း အပင် ပေါ် က ရုက္ခစိုးနတ် ဆင်း လာ ကာ ပြော သတဲ့ ။ “ ဟံသာဝတီ မှာ မင်း ပြု ချင်ရင် သီလ ကို စင်ကြယ်အောင် ထိန်းလေ” ဆို သတဲ့ ။ အဲဒီ အချိန် က စပြီး သမိန်ထောရာမ ဟာ သီလ ကို စင်ကြယ် အောင် ထိန်း လေတယ် ။ 


နောက် နှစ်လ ၊ သုံးလ ခန့် ကြာတဲ့ အခါ ရုက္ခစိုး က အိပ်မက် ပေး သတဲ့ ။ အနောက် မြစ်နား ကို သွားပါ ။ မိကျောင်း ပေါ် လိမ့်မယ် ။ အဲဒီ မိချောင်း ကို တက် စီး ပြီး အနောက်ဘက် ကို ကူး သွားရင် ကညစ်ပင် တစ်ပင် ပေါ် က ဥဒေါင်း တွန် လိမ့်မယ် ။ သစ်ပင် ကို လှည့် ပြီး ဇင်ရော် ဝဲ လိမ့်မယ် ။ အဲဒီ သစ်ပင် ရဲ့ အရှေ့ တစ်တောင် ကွာ မှာ အနက် သုံးတောင် တူး ရွှေပေချပ် တွေ့ လိမ့်မယ် ။ အဲဒီ ရွှေပေချပ် မှာ ဂါထာ သုံး ဂါထာ ရေး ထားတယ် ။ ပထမ ဂါထာ အကျိုး က ရှိမ်းဆာယာ ကိုယ်ပြောင်း ကိုယ်ခွာ ရ နိုင်တယ် ။ ဒုတိယ ဂါထာ အကျိုး က တော့ ဓား ၊ လှံ ၊ သေနတ် ၊ တုတ် ပြီးတယ် ။ တတိယ ဂါထာ ကတော့ ခြေကျိုး ၊ လက်ကျိုး ၊ ဓားလှံ ရှနာများ ကို ဂါထာ ရွတ် ရေမန်းသောက် ပကတိ အတိုင်း ကောင်းမယ် ။ နောက် စပါး ၊ ပြောင်း ၊ ပဲ ၊ ဘူး ၊ ဖရုံ စိုက်ပျိုးကြရာ မှာ ရေမန်း ပက် ၊ ဆယ်ဆ ဆယ်ပြန် တိုးပြီး သီးပွင့် ဖြစ်ထွန်း မယ် ။ 


အဲဒီ ဂါထာတွေ ကို နေ့ချင်း ရအောင် ကျက်ပြီး သူ့ နေရာ မှာ ပဲ ပြန် မြှုပ် ထားခဲ့ရမယ် လို့ အိပ်မက် မက် လေတယ် ။ 


သမိန်ထောရာမ ဟာ အိပ်မက် အရ သွားတဲ့ အခါ အမှန် ပဲ မိချောင်း ပေါ် လာ သတဲ့ ။ သူ ဟာ ကြောက်ပြီး မစီးရဲ ဘဲ အချိန် သုံးနာရီ လောက် ကြာတဲ့ အခါ မိကျောင်း ငုပ် သွား သတဲ့ ။ 


နောက် တစ်လ ကြာတဲ့ အခါ အရင် လို ပဲ အိပ်မက် မက် ပြန်တယ် ။ သူ သွားတဲ့ အခါ မိကျောင်း ပေါ်ပြန်တယ် ။ သူ စီးမယ် အလုပ် မှာ ကမ်းနား ရှိတဲ့ လူ သုံးယောက် က ဒီ ရဟန်း စိတ်မနှံ့ဘူး ဆိုပြီး ဝိုင်း ဆွဲ ထားလို့ မစီးရဘဲ မိကျောင်း ပြန် ငုပ်သွားတယ် ။ 


အဲဒီနောက် အတန် ကြာတဲ့ အခါ ဇရွဲဘုံမြို့သား တို့ ဟာ “ မင်း အဖြစ် ကို ယူပါ ။ ကျွန်တော် တို့ အမှုထမ်းပါ့မယ် ” ဆိုတာ ကြောင့် သမိန်ထောရာမ ဟာ ဒလ ဘက် မှာ လူဝတ် လဲ ကာ သန်လျင်မြို့ ကို သွားပြီး လူသူ စုရုံး လျက် ကျိုက်ပေါ ဘုရား မှာ သစ္စာ ပြု သတဲ့ ။ 


နောက် တတိယ အကြိမ် အရင် အတိုင်း အိပ်မက် ပြန်တယ် ။ ညွှန် တဲ့ နေရာ သွားတဲ့ အခါ မိကျောင်း ပေါ်  ပြန်တယ် ။ သမိန်ထောရာမ ဟာ အရဲ စွန့်ပြီး တက် စီး လေတယ် ။ အနောက်ဖက် ကမ်း ရောက်တဲ့ အခါ အိပ်မက် အတိုင်း အလုံးစုံ တွေ့ ရတယ် ။ ဂါထာ သုံးပုဒ် ကို လည်း ရွှေပေချပ် မှာ ရေးထား တာ တွေ့တယ် ။ ( ဂါထာတွေ ဟာ ၃၂ လုံး ဘွဲ့ ဂါထာတွေ ဖြစ်တယ် ။ ) သမိန်ထောရာမ ဟာ နေရာ တွင် ထိုင် ကျက် နေတယ် ။ သုံးပုဒ် စလုံး ရတဲ့ အခါ ရွှေပေချပ် ကို ပြန် မြှုပ်ခဲ့တယ် ။ တစ်ခါ အရှေ့ဘက် ကမ်း ကို အဲဒီ မိကျောင်း ပဲ ပြန် စီး ခဲ့တယ် ။ မြစ်လယ် ရောက်တဲ့ အခါ လေကြီး ၊ မိုးကြီး ကျပြီး တစ်မြစ်လုံး မှောင်မိုက် နေ သတဲ့ ။ အဲဒီ အခါ အလွန် ကြောက် လန့် တာ ကြောင့် ပထမ နဲ့ ဒုတိယ ဂါထာ နှစ်ပုဒ် ကို မေ့သွား သတဲ့ ။ တတိယ တစ်ပုဒ် ကို သာ မှတ်မိ တော့ သတဲ့ ။ 


သမိန်ထောရာမ ဟာ မြို့ပြန် ရောက်တာ နဲ့ အရွဲဘုံမြို့သား တွေ ကို အကြောင်းစုံ ပြန် ပြောပြ သတဲ့ ။ ဒါနဲ့ ဇရွဲဘုံမြို့သားတွေ က ဂါထာတွေ ကို သွားယူမယ် လို့ သွားရောက် ရှာဖွေ ကြတယ် ။ တူး ရာ ကို မဆိုထားနဲ့ ကညင်ပင် ကို တောင် မတွေ့ရတော့ဘူး တဲ့ ။ 


သမိန်ထောရာမ ဟာ အလုံးအရင်း စုပြီး ဆင်ဖြူများရှင် ကို သွား တိုက်တဲ့ အခါ စစ်ရှုံး ပြီး ပြေး ရတယ် ။ တောင်သူကြီး တစ်ဦး အိမ် မှာ ခို နေ လေတယ် ။ တောင်သူကြီး ရဲ့ လယ်ယာတွေ ကို သမိန်ထော က ရေမန်း ပြီး ပက်ပေး သတဲ့ ။ ဆယ်ဆ တိုးပြီး သီးပွင့်တဲ့ အခါ တောင်သူကြီး က သမီးအလတ် နဲ့ ပေးစား သတဲ့ ။ 


တစ်နေ့ မှာ တော့ သမိန်ထောရာမ က ကြံလေ သတဲ့ ။ သူ့ ဒူးတွေ ကို ရိုက်ချိုး ပြီး မင်းတရား ထံ သွားမယ် ။ လက်ဆောင်ပဏ္ဏာ ဆက်ပြီး ရေ တောင်း သောက်မယ် ။ ရေမန်း ပြီး သောက် ရင် ဒူးနာ ပျောက်မယ် ။ အဲဒီ အခါ အနီး ရှိတဲ့ လက်နက် ကို ယူ ပြီး မင်းကြီး ကို လုပ်ကြံမယ် လို့ ကြံ လေတယ် ။ 


ကြံတဲ့ အတိုင်း ပြုလုပ် ကာ ရှေ့တော် ရောက် တော့ ရေ တောင်း ပြီး မန်း ကာ သောက် လေတယ် ။ မပျောက်ဘဲ ရှိတော့ သမိန်ထော ငို လေတယ် ။ မင်းကြီး က “ နင် ယောက်ျား ကောင်း တစ်ယောက် ဖြစ်ပြီး ဘာ့ကြောင့် ငိုသလဲ ” လို့ မေးတဲ့ အခါ သူ့ အကြံ ကို အမှန် အတိုင်း တင် လေတယ် ။ “ အရှင်မင်းကြီး ဘုန်းကံ ကြောင့် ကျွန်တော် မအောင်မြင်ပါ ” လို့ လျှောက် တဲ့ အခါ မင်းကြီး က ဒိုင်းလွှား ပေး ကာ က စေတယ် ။ သမိန်ထော ထ က နိုင် သတဲ့ ။ “ ရပ်တော့ ” လို့ မင်းကြီး အမိန့် ပေး လိုက်တာ နဲ့ သမိန်ထော ရဲ့ ဒူးဟာ ကျိုးမြဲ တိုင်း ကျိုး သတဲ့ ။ ဆင်ဖြူများရှင် မင်းတရားကြီး လည်း နောင် ကို စိတ် မချတာ ကြောင့် ကွပ်မျက်လေ သတဲ့ ။ 



❝ ဆင်ဖြူများရှင် ရဲ့ ဆက်တိုက် တိုက်ပွဲများ ❞


ကလေးတို့ ရေ …. 


ဆင်ဖြူများရှင် မင်းတရားကြီး ရဲ့ သက်တမ်း တစ်လျှောက် မှာ အကွဲကွဲ အပြားပြား တစ်ဗိုလ် တစ်မင်း ဖြစ် နေကြတဲ့ တိုင်းနိုင်ငံတွေ ကို စည်းရုံး သိမ်း သွင်း တိုက်ခိုက် သစ္စာ ပေးပြီး မြန်မာနိုင်ငံကြီး တစ်စည်းတစ်လုံး တည်း ဖြစ် အောင် လုံးပန်း လေတယ် ။ 


သက္ကရာဇ် ( ၉၁၅ ) ခု မှာ ဆင်ဖြူများရှင် မင်းတရား ဟာ သားတော် ညီတော် တို့ ကို အင်းဝ သို့ ရေအား ၊ ကြည်းအား ချီ စေတယ် ။ အားမတန် လို့ မတိုက်ဘဲ ပြန်ခဲ့လေတယ် ။ 


သက္ကရာဇ် ( ၉၁၆ ) ခုနှစ် မှာ တော့ သံတွဲစား ဟာ မင်းတရား ထံ သစ္စာ တော် ခံ လာတယ် ။ အဲဒီ နှစ် မှာ ပဲ မင်းတရားကြီးဟာ အင်းဝ သို့ ဧရာဝတီ ရေ ကြောင်း ၊ တောင်ငူလမ်း ကြည်းကြောင်း အလုံးအရင်း နဲ့ ချီတက် တိုက်ခိုက် အောင်မြင် လေတယ် ။ အင်းဝမင်း စည်သူကျော်ထင် ရုပ်ဖျောက် ကာ ထွက်ပြေး လေတယ် ။ မက္ခရာမြို့ မှာ ဖမ်းမိ တာ ကြောင့် မင်းတရား ထံ ဆက် လာလေတယ် ။ 


ဆင်ဖြူများရှင် မင်းတရား ဟာ အဲဒီ က မှ မြန်မာနိုင်ငံ မြောက်ဘက် တစ်လွှား ရှိ မြို့ကြီးပြကြီး တို့ မှာ ရှမ်းစော်ဘွား တို့ ခုခံ တာ ကို တိုက်ခိုက် သိမ်း ယူပြီး မြေဒူး ၊ ဒီပဲရင်း ၊ ဗဒုံ ၊ စည်ပုတ္တရာ စတဲ့ ရှမ်းနယ်ကျေး နဲ့ စပ်တဲ့ မြို့ တို့ ကို အခိုင်အလုံ ထားခဲ့ကာ အင်းဝ သို့ ပြန် လေ တယ် ။ အင်းဝ က မှ ဟံသာဝတီ ကို ပြန် လေတယ် ။ အင်းဝ မှာ ညီငယ် ကို “ သတိုးမင်းစော ” အမည် နဲ့ မင်း ပြုစေ တယ် ။ သမီးတော် နဲ့ လည်း စုံဖက် ပေးတော် မူတယ် ။ 


မင်းတရားကြီး အညာ မှာ ရှိ နေစဉ် ပုဂံ ၊ ရွာသာ ၊ စလေ ၊ ပုခန်းငယ် ၊ ငသရောက် ၊ တုရွင်းတိုင် ၊ ကျောက်ပတောင်း စတဲ့ အရပ် တွေ မှာ ပုပ္ပားနတ် ကို ကျွဲ ၊ နွား ၊ ဝက် ၊ ကြက် သ,တ်ပြီး တစ်နှစ် တစ်ကြိမ် ပသတဲ့ မိစ္ဆာဒိဋ္ဌိ အယူ ထုံးစံ ဓလေ့ ရှိတာ ကို လည်း အမိန့်တော် နဲ့ အကျပ်အတည်း တားမြစ် တော် မူတယ် ။ 


မင်းတရားကြီး ဟာ သက္ကရာဇ် ( ၉၁၇ ) ခုနှစ် မှာ လည်း အညာ ကို နောက် တစ်ကြိမ် ချီတက် ပြီး သုံးဆယ် ၊ မိုးမိတ် ၊ အုန်းဘောင် ၊ မိုးကောင်း ၊ မိုးညှင်း တို့ ကို သိမ်းယူတော် မူတယ် ။ ရှမ်းပြည် တစ်လွှား မှာ စော်ဘွား သေ ရင် သူ ချစ်တဲ့ ဇနီး ၊ ကျွန် ၊ ကျွဲနွား တို့ ကို သ,တ်ပြီး ထည့် ကြတဲ့ မိစ္ဆဒိဋ္ဌိ အယူတွေ ယူ ကြတာတွေ ကို လည်း တားမြစ် ကာ ဗုဒ္ဓဘာသာအယူ ကို ယူ စေတယ် ။ ကျမ်းဂန်တတ် သံဃာတော်တွေ ကို လည်း ကျောင်း ဆောက်လုပ် လှူဒါန်းကာ သီတင်း သုံးစေတယ် ။ ပိဋကတ် သုံးပုံ ကို လည်း ကျောင်း မှာ ထား ပေးတယ် ။ မူး ပဲ ၊ ကျပ် ၊ ပိဿာ စတဲ့ အလေးချိန်တွေ နဲ့ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် စတဲ့ အသုံး အဆောင် တို့ ကို ဟံသာဝတီ နေပြည် နဲ့ တစ်ညီ တည်း ထားစေတယ် ။ 


သက္ကရာဇ် ( ၉၁၉ ) ခုနှစ် မှာ တစ်ကြိမ် ချီတော် မူပြီး မိုးနဲ ၊ ညောင်ရွှေ ၊ ယပ်စောက် ၊ မိုးဗြဲ ၊ စကား ၊ နောင်မွန် မြို့ များ ကို သိမ်းယူ တော် မူတယ် ။ ထို မြို့နယ်များ ရှိ အယူ မှား တို့ ကို လည်း တားမြစ် ကာ အယူမှန် ကို ယူ စေတယ် ။ 


ဆင်ဖြူများရှင် ဟာ မိုးနဲ ကို ရ တာ နဲ့ ထားစဉ်ဆိပ် က သံလွင်မြစ် ကို ကူး ပြီး သက္ကရာဇ် ( ၉၂၀ ) မှာ ဇင်းမယ် ကို တိုက်ခိုက် လေတယ် ။ မင်း နှင့် တကွ မြို့ ကို ရလေတယ် ။ ဇင်းမယ်မင်း ကို သစ္စာ ပေးပြီး မင်း ပြုမြဲ ပြု စေတယ် ။ မြန်မာတပ်တော် ကို အစောင့် အနေ ထားပြီး ပြန် တော် မူတယ် ။ ဇင်းမယ်သား ပညာသည်တွေ ကို ဆောင်ယူ ပြီး ဟံသာဝတီ မှာ အကွက် ချ ထား လေတယ် ။ ထိုအခါ က ယွန်းထည် အလုပ် တတ်သူ တို့ ရောက် လာတယ်လို့ ဆိုတယ် ။ ဇင်းမယ် ကို သိမ်းပြီးတာ နဲ့ သိန္နီစော်ဘွား လည်း လာရောက် သစ္စာ ခံ လေတယ် ။ မြို့စားရွာစား တို့ က သမီးကညာ ဆက်သ ကြတယ် ။ ညီတော် ၊ သားတော် တို့ ကို လည်း မင်းတရားကြီး ထံ မှာ အမှုထမ်း စေတယ် ။ လက်အောက်ခံ မြို့စား ၊ နယ်စား တို့ က နှစ်စဉ် ကန်တော့ လက်ဆောင်  အခွန်ဘဏ္ဍာ ဆက်ကြရတယ် ။ 


စစ်မက် အရေး ရှိတဲ့ အခါ လက်နက် လူသူ အလုံးအရင်း နဲ့တကွ မင်းတရားကြီး နောက်တော် သို့ လိုက်ကာ အမှုထမ်း ကြ ရတယ် ။ မိမိ စား တဲ့ မြို့ရွာ မှာ တခြား က နှောင့်ယှက် လာရင် လည်း မင်းတရားကြီး ထံ အကူ တောင်းကြရတယ် ။ 


သက္ကရာဇ် ( ၉၂၁ ) ခု မှာ ကလေး ၊ မင်းခင်း နယ်ပယ်များ ကို ကသည်း စော်ဘွား က ထိပါး လာ တာကြောင့် မင်းတရားကြီး ရဲ့ ရဲမက်တော် တို့ ချီတက် နှိမ်နင်းကြ လေတယ် ။ ကသည်းစော်ဘွား က သစ္စာ ခံပြီး သမီးကညာ ဆက်သ လေတယ် ။ 


သက္ကရာဇ် ( ၉၂၄ ) ခု မှာ မိုင်းမော ၊ စည်ခွင့် ၊ ဟိုသာ ၊ လာသာ ၊ မိုးနား ၊ စန္ဒား စတဲ့ အရှေ့တစ်တန်း ရှမ်းတရုတ် နယ်ပယ် တို့ ကို သိမ်းယူ တော် မူလေတယ် ။ 



❝ ဆင်ဖြူများရှင် နှင့် ယိုးဒယား အရေး ❞


ကလေးတို့ ရေ ... 


ဆင်ဖြူများရှင် မင်းတရား ဟာ တကွဲတပြား ဖြစ် နေတဲ့ မြန်မာနိုင်ငံကြီး ကို သိမ်းသွင်းရုံ သာ မက နိုင်ငံ လည်း ချဲ့ထွင် လေတယ် ။ 


ဆင်ဖြူများရှင် မင်းတရားကြီး ဟာ ယိုးဒယားမင်း ဆီ ကို ဆင်ဖြူ တစ်စီး ဆက်စေ လိုကြောင်း စာ စေတော် မူတယ် ။ ယိုးဒယားမင်း က “ ငါ ပေးမည့် သူ ကား လွယ်၏ ။ အပေး ကို ခံရမည့် သူ ကား ခက်၏ ။ ရှေးမင်း အပေါင်း တို့ သည် ဆင်ဖြူများ ကို လှူ၏ ။ ငါ လည်း မြတ်သောဆု ကို တောင်းသည် ဖြစ်၍ ဟံသာဝတီမင်း သည် တရား ( ၁ဝ ) ပါး ကို စောင့် က ငါ ဆင်ဖြူ တစ်စီး လှူအံ့ ” လို့ စကား ပြန် လိုက်လေတယ် ။ ဆင်ဖြူများရှင် က လည်း “ ဆက် လျှင် ငါ့ ဘုန်း လက်ရုံး ကြောင့် သာ ဖြစ် တာမို့ လှူသည် မမည် ” လို့ မိန့်ပြီး ဆင်ဖြူ အယူ လွှတ် ပြန်တယ် ။ ယိုးဒယားမင်း က လည်း “ ဟံသာဝတီ ဘုရင် တရား ( ၁ဝ ) ပါး စောင့် က ဆင်ဖြူ လှူမည် ဟု ငါ မိန့်သည် မှာ မှန်၏ ။ သို့ရာတွင် ယခု လက်ရုံး ကို အားကိုး ၍ တောင်းသည် ဖြစ်သော ကြောင့် ငါ မပေးပြီ ” လို့ ဆိုပြီး ရွှေ ပေလွှာ မှာ အက္ခရာ ရေးပြီး ဆက်လိုက် လေတယ် ။ ရွှေပေ မှာ ကား အခြား ဘာ စာ မျှ မပါ ။ ( ၁ ) ဆို တဲ့ ဂဏန်း တစ်လုံး သာ ပါ သတဲ့ ။ 


ဆင်ဖြူများရှင်မင်းတရား က အမတ်ကြီး ဗညားဒလ အား ပြ လေတယ် ။ အမတ်ကြီး က “ ဤ ဂဏန်း အလို ကို ဘုရားသခင် တရားတော် ဝယ် ဧက ၊ ဗေဒင် မှာ ဆို ဒက် ၊ မြန်မာ မှာ ဆို တစ် ၊ ကျွန်ုပ် တို့ မွန်ဘာသာ မှာ အိုက် ဟု ခေါ်ပါသည် ။ အိုက် ဟူသည့် အလို ကား အိုက်ဟိုဘွယ် ၊ ဘွယ်ဟိုအိုက် ဟု ပြန်၍ “ ငါ မကြောက်ဘူး ” ဟု ဆိုလိုပါသည် ။ 


ဆင်ဖြူများရှင် လည်း ဗညားဒလ အား ချီးမွမ်း လေတယ် ။ ပြီး မှ “ အမတ်ကြီး ၊ ငါ သို့သော မင်း ကို ဘွယ်ဟိုအိုက် ဟု ဆိုသော် ငါ ချီတော် မမူမီ ဘယ်သို့ စာ စေတော် မူမည်နည်း ” လို့ မေးလေတယ် ။ အမတ်ကြီး က “ ယိုးဒယားမင်း က ( ၁ ) ဟူသော ဂဏန်း ကို ပေးသော် ( ၂ ) ဟူသော ဂဏန်း ကို ရေး၍ ပေးမည် ။ ( ၂ ) ဟူသည် တရားတော် မှာ ဒွေး ၊ ဗေဒင် အရ စန္ဒရော ၊ မြန်မာ ဝယ် နှစ် ၊ ကျွန်ုပ်တို့ မွန် ဝယ် ဒွိ ဟု ခေါ်ပါသည် ။ ဒွိ အလိုသော် ကား ဒွိကလက် ၊ ဒွက်ကလိ ဟု ဆိုသည့် အဓိပ္ပာယ် ကား မကြောက် သော် ကြိုး နှင့် ချည်မည် ဆိုပါသည် ” လို့ လျှောက် လေတယ် ။ 


ဆင်ဖြူများရှင် လည်း သဘောကျ တာကြောင့် ( ၂ ) ဟူသော ဂဏန်း ကို ရေးကာ ယိုးဒယားမင်း ထံ စာ စေ လေတယ် ။ ယိုးဒယားမင်း သိတဲ့ အခါ “ ငါတို့ အလို ကို ဟံသာဝတီမင်း သိ လေပြီ ” လို့ ဆိုကာ ထိတ်လန့် လေတယ် ။ 


အဲဒီ နောက် သက္ကရာဇ် ( ၉၂၅ ) ခု မှာ ဆင်ဖြူများရှင် မင်းတရား ဟာ ယိုးဒယား သို့ စစ်ချီ လေတယ် ။ ယိုးဒယားမင်း မှာ ဆင်ဖြူ လေးစီး ရှိတာ ကို တစ်စီး တောင်း တာ မပေး တာကြောင့် စစ်ချီခြင်း ဖြစ် ပေတယ် ။ ယိုးဒယား ဟာ မင်းတရားရွှေထီး လက်ထက် မှာ လက်နက်နိုင်ငံ ဖြစ်ဖူး လေတယ် ။ ယခု ဆင်ဖြူ ဆက်လျှင် လက်နက်နိုင်ငံ ဖြစ်ကြောင်း ထင်ရှား စေလိုတာ ကြောင့် ဖြစ်ပေ မယ် ။ 


ဆင်ဖြူများရှင်မင်းတရား ဟာ ယိုးဒယား သို့ ကမန်ပိုက် ကြောင်း စစ်ကြီး ချီ လေတယ် ။ ဇင်းမယ် က တိုက်လှေကြီး ( ၃၀၀ ) ကျော် နဲ့ ဆန်စပါး တင်ပို့ ရတယ် ။ ဇင်းမယ်မင်း က နောက်တော် မလိုက်ဘဲ သောင်းကျန်း ကျန်ရစ် တယ် ။ မင်းတရားကြီး ဟာ ရှေးဦးစွာ ကမန်ပိုက် ကို ရတယ် ။ နောက် သောက္ကတဲ ၊ ပိဿလောက် ၊ သဝန်ခလောက် မြို့များ ကို သိမ်းယူ လေတယ် ။ ပိဿ လောက် ကို စားတဲ့ ယိုးဒယားမင်း ရဲ့သမက်တော် ဩယာဓမ္မရာဇာ ဟာ မင်းတရားကြီး နောက် လိုက် ရတယ် ။ 


ယိုးဒယားမင်း ကိုယ်တိုင် ဦးစီး ကွပ်ကဲ တဲ့ လုံကလိတပ်ကြီး ကို သင်္ဘော သုံးစင်း နဲ့ တကွ ရ လေတယ် ။ ယိုးဒယားမင်း လည်း လက်နက် ချ လေ တယ် ။ ဆင်ဖြူတော်များ ကို ဆက်ပြီး သစ္စာ ခံ လေတယ် ။ သမီးတော် ကို လည်း ဆက်တယ် ။ 


မင်းတရားကြီး ဟာ ယိုးဒယားမင်း နဲ့  မှူးမတ်များ ၊ သားတော်များ ကို သစ္စာ ပေးပြီး ယိုးဒယားမင်း ရဲ့ သားကြီး ဗြမဟိန် ကို ယိုးဒယား မှာ မင်းပြု စေ တယ် ။ ယိုးဒယားမင်း နဲ့ သားအငယ် ၊ အမတ်ကြီး နဲ့ ဆင်ဖြူ လေးစီး ကို ဆောင်ယူ ခဲ့တယ် ။ အချက်အပြုတ် တတ်သူ ၊ လက်မှုပညာသည် တို့ ကိုလည်း သားမယား နဲ့ တကွ ဆောင်ယူ ခဲ့တယ် ။ မင်းတရားကြီး ဟာ နေပြည်တော် ဟံသာဝတီ မှာ အကွက်အရပ် ချထား ပေးပြီး နေ စေတယ် ။ ယိုးဒယား မြို့ခွန် တစ်နှစ် ကို တိုက်ဆင် ( ၃ဝ ) ၊ ငွေ ( ၃ဝဝ ) တနင်္သာရီသင်္ဘော အကောက်ခွန် တို့ ကို ဆက်ရ လေတယ် ။ 


မင်းတရားကြီး ဟာ လက်ရ သုံ့ပန်းမင်း တို့ ကို နေပြည်တော် မှာ ကောင်းမွန်စွာ ထားလေတယ် ။ 



❝ ဆင်ဖြူများရှင် ဒုတိယ အကြိမ် ယိုးဒယား သို့ ချီခြင်း ❞ 


ကလေးတို့ ရေ ... 


ဆင်ဖြူများရှင်မင်းတရား ယိုးဒယား ကို ပထမ အကြိမ် တိုက်ခိုက် သိမ်း ယူ ကာ နေပြည်တော် ခေါ်ဆောင် ခဲ့တဲ့ ယိုးဒယားမင်းကြီး ဟာ ဟံသာဝတီ မှာ ရဟန်း ပြု နေတယ် ။ တကယ်တော့ ရဟန်း ပြု ကာ အကြံ ထုတ် နေတယ်လို့ ဆိုရမယ် ။ 


ယိုးဒယားမင်းကြီး ဟာ ရဟန်းဝတ် နဲ့ ယိုးဒယား ကို ဘုရားဖူး သွား လို ကြောင်း မင်းတရားကြီး ထံ ခွင့်တောင်း လို့ ခွင့်ပြု တော် မူတယ် ။ ယိုးဒယား ကို ရောက်တာ နဲ့ ရဟန်း က ထွက်ပြီး သားတော် ဗြမဟိန် နဲ့ အတူ ပုန်ကန်လေ တယ် ။ အဲဒီ အကြောင်း ကို ပိဿလောက်စား လာ လျှောက် တာ ကြောင့် ဆင် ဖြူများရှင် မင်းတရား သိ လေတယ် ။ ပိဿလောက်စား ကို အားရတာ ကြောင့် “ စော်ဘွားသောင်ကျည် ” ဆိုတဲ့ ဘွဲ့  ပေး လေတယ် ။ 


သက္ကရာဇ် ( ၉၂၆ ) ခု မှာ တော့ ဇင်းမယ် က သောင်းကျန်းတာ ကြောင့် ချီတက် တိုက်ခိုက် တယ် ။ မင်း နဲ့ တကွ မြို့ ကို ရတယ် ။ “ မဟာဒေဝီ ” ကို မင်း ပြု စေတယ် ။ ယိုးဒယား မင်းသား “ ဗြရာမသွန် ” မင်းတရားကြီး နောက် တော်ပါ အဖြစ် လိုက်ပါရင်း မကျန်းမမာ လို့ ကွယ်လွန် လေတယ် ။ ဇင်းမယ် ကို ရ ပြီး ဇင်းရုံ ကို ရ လေတယ် ။ နောက် လင်းဇင်း ကို တိုက်ရာ လင်းဇင်းမင်း ထွက် ပြေး‌လေ တယ် ။ 


မင်းတရားကြီး ဇင်းမယ် မှာ ရှိနေ ခိုက် သက္ကရာဇ် ( ၉၂၇ ) ခုမှာ ဟံသာဝတီ သို့ ရှမ်းပြည် အရပ်ရပ် က ယူဆောင် ခဲ့တဲ့ သုံ့ပန်းလူ အပေါင်း ဟာ စုရုံး ပုန်ကန် ကြတယ် ။ ကျောင်းကန်ဘုရား နဲ့ အချို့ နန်းတော် တို့ ကို မီးတိုက် လေတယ် ။ 


အဲဒီ အခါ မှာ အင်းဝဘုရင် နရပတိ ဟာ ဟံသာဝတီ မှာ ကျန်ရစ်တဲ့ မှူးမတ်ဗိုလ်ပါ တို့ ကို စုရုံး ကာ သူပုန်တို့ ကို ပြန် တိုက်ခိုက် လေတယ် ။ သူပုန် တို့ ပျက်ပြီး ဒလ မှာ နေ ပြန်တယ် ။ မင်းတရားကြီး သိတဲ့ အခါ ဇင်းမယ် က ပြန် လာပြီး ကိုယ်တိုင် ကြပ်မတ် တိုက်ခိုက် ရာ အောင်မြင်တော် မူတယ် ။ ဖမ်းဆီး ရမိ တဲ့ သူပုန် တစ်သောင်း ကျော် ကို မီးတိုက်မယ် လုပ် ရာ ရဟန်းတော်များ မေတ္တာ ရပ်ခံ တာ ကြောင့် လွှတ်ပြီး အကြီးအကဲ တို့ ကို သာ ကွပ်မျက် လေတယ် ။ 


သူပုန် တို့ မီးတိုက် ဖျက်ဆီး တဲ့ ဘုရားကျောင်းကန် တို့ ကို လည်း အထူး ကြပ်မတ် ကာ ပြုပြင် တည်ဆောက် စေတယ် ။ ဇင်းမယ် မှာ ကျန်ရစ်တဲ့ မြန်မာ တပ် က လင်းဇင်းမင်း ထွက်ပြေး ရာ လိုက် တိုက်တယ် ။ လင်းဇင်းမင်း ကို မမိ ပေမယ့် မိုင်းစံမြို့ ကို သိမ်းယူ ရာ မှာ လင်းဇင်းမင်း ညီ ဥပရာဇ် ကို ရ လေ တယ် ။ ( ၉၂၇ ) မှာ တပ်တော်များ ဟံသာဝတီ ပြန်ကြ လေတယ် ။ တစ်ခါ ပိဿလောက် ကို လင်းဇင်းမင်း လာ တိုက် တာ ကြောင့် တပ်များ ပြန် ချီ ရ ပြန်တယ် ။ လင်းဇင်းမင်း ထွက်ပြေး ပြန်တယ် ။ 


မင်းတရားကြီး ယိုးဒယား သို့ ဒုတိယ အကြိမ် ချီ ဖို့ အထူး ကြပ်မတ် ကာ စနစ်တကျ ပြင်ဆင် လေတယ် ။ စော်ဘွားသောင်ကျည် နဲ့ တပ်တော်အချို့ ကို ပိတ်သလောက် သို့ အလျင် ချီပြီး မြို့ပြ ပြင်ဆင် ၊ စပါးဆန်ရေ တို့ ကို စုဆောင်း ထား ရတယ် ။ မင်းတရားကြီး မချီ မီ ယိုးဒယားမင်း နဲ့ လင်းဇင်းမယ် ပိဿလောက် ကို တိုက် လေတယ် ။ မနိုင်တာ ကြောင့် ပြန် ဆုတ်သွား လေတယ် ။ 


သက္ကရာဇ် ( ၉၃ဝ ) မှာ မင်းတရားကြီး ယိုးဒယား သို့ အလုံးအရင်း နဲ့ ချီတော် မူတယ် ။ ယိုးဒယား ကို ( ၁ဝ ) လ ခန့် ဝိုင်းရံ ပြီး အပြင်း တိုက်ခိုက် ပေ မယ့် မရ ပေ ။ ဤ စစ် မှာ နှစ်ဖက်စလုံး က အမြောက် လက်နက်ကြီး တွေ သုံး ကြတယ် ။ မြို့ မပေါက် နိုင် ဖြစ်နေတာကြောင့် ပထမစစ် က ရခဲ့တဲ့ ယိုးဒယား အမတ်ဟောင်း “ အောက်ဗြစက္ကိ ” ကို ဉာဏ်ဆင် ကာ မြို့တွင်း ဝင် စေပြီး မြို့တံခါး ကို ဖွင့် စေတယ် ။ အဲဒီတော့မှ မြို့ ပေါက်ပြီး မင်း နဲ့ တကွ တစ်မြို့လုံး ကို ရ လေတယ် ။ 


ယိုးဒယားမင်းကြီး ဟာ စစ် အတွင်း မှာ ကွယ်လွန်တယ် ။ ယိုးဒယား မြို့ကို ရတဲ့ အခါ စော်ဘွားသောင်ကျည် ကို မင်း ပြု စေတယ် ။ ဗြမဟိန် နဲ့တကွ ယိုးဒယား က အမြောက်ကြီးများ ကို ဟံသာဝတီ သို့ ပို့ဆောင် တော် မူတယ် ။ ဗြမဟိန် မကျန်းမာ တာ ကြောင့် လမ်း မှာ ဆုံး လေတယ် ။ 


မင်းတရားကြီး ယိုးဒယား ကို ဝိုင်းထား စဉ် မှာ လင်းဇင်းမင်း က ယိုးဒယား ကို ကူညီမယ်  လို့ လာ လေတယ် ။ မြန်မာတပ် က တိုက်ထုတ် လို့ အနိုင် ရ လေတယ် ။ ယိုးဒယား ကို ရပြီးနောက် လင်းဇင်း ကို ချီလေတယ် ။ လင်းဇင်းမင်း တိမ်းရှောင် ပြေး လေတယ် ။ ရဲမက်တော် တို့ ငတ်မွတ် တာ ကြောင့် ( ၉၃၂ ) ခု မှာ ဟံသာဝတီ သို့ ပြန်တော် မူ လေတယ် ။ 



❝ ဆင်ဖြူများရှင် သီဟိုဠ် သို့ စစ်သည်သူရဲများ စေလွှတ်ခြင်း ❞


ကလေးတို့ ရေ ... 


သက္ကရာဇ် ( ၉၃၈ ) ခု မှာ သီဟိုဠ် ဓမ္မပါလမင်း ထံ က ဆင်ဖြူများရှင် မင်းတရားကြီး ထံ သံတမန် ရောက်လာ လေတယ် ။ စာလွှာ ပါး ရာ မှာ “ သီဟိုဠ် မှာ ကွတ်တည်မင်း ၊ ခန်တီမင်း ၊ သီတာဝက်မင်း တို့ ဟာ မိစ္ဆာဒိဋ္ဌိ အယူ ကို ယူပြီး သာသနာတော် ကို ညစ်နွမ်း အောင် ပြု နေကြ ပါတယ် ။ သာသနာတော် ကြီးပွားအောင် ထို မင်း သုံးပါး ကို နှိမ်နင်းပါမည့် အကြောင်း ” စာလွှာ ပါး လိုက် လေသည် ။ 


ထိုအခါ ဆင်ဖြူများရှင် မင်းတရားကြီး က ခက်ထန်ပြီး အမှု ပြီးအောင် ဆောင်ရွက် တတ် သူတွေ ကို ရွေး ပို့ လေတယ် ။ ယိုးဒယား ၊ မွန် ၊ မြန်မာ ၊ ရှမ်း ၊ တရုတ် ၊ ထားဝယ်သား အစုံ ပါ လေတယ် ။ စစ်သည်ပေါင်း ( ၂၅၀၀ ) ခန့် ကို မောက်တို ၊ မောက်ရူ ၊ မိန်ညို သံချပ် နှင့် တကွ ရွှေဒိုင်း ၊ ရွှေလွှား ၊ ရွှေကာ ၊ ရွှေလှံ တို့ကို စွဲကိုင် စေတယ် ။ စန္ဒသူရိယ ကို တပ်မှူး ၊ ရာဇဗညား ကို တပ်စစ်ကဲ ခန့် ကာ သင်္ဘော နဲ့ လွှတ် လိုက် လေတယ် ။ 


သီဟိုဠ် ဓမ္မပါလမင်း က လည်း ကြီးကျယ် ခမ်းနားစွာ ကြိုဆို လေတယ် ။ မဏ္ဍပ်ကန္နား နဲ့ နေရာ ချထား လေတယ် ။ ဓမ္မပါလမင်း လည်း မိမိ စေ လိုက်တဲ့ အမတ်တွေ ကို ဟံသာဝတီ အကြောင်း မေး လေတယ် ။ အမတ် တို့ က ယခု လာရောက်သူ တို့ မှာ စုံစမ်း ဖို့ သာ ဖြစ်ကြောင်း ၊ အရေးတော် မပြီး လျှင် နောက် ထပ် ပို့လွှတ်မယ့် အကြောင်းများ ကို လျှောက် လေတယ် ။ 


ဆင်ဖြူများရှင် လွှတ် လိုက်တဲ့ စစ်သည်များ က လည်း အစွမ်း ပြ လို တာ ကြောင့် သောက်စားကြပြီး ကျွဲ ၊ နွား ၊ ဆိတ် ၊ ဝက် တို့ ကို မြင်တဲ့ အခါ လှံ နဲ့ ထိုး ၊ တချို့က အရေ ဆုတ် ။ တချို့က အသား လှီး ကာ နုတ်နုတ်စင်း ၊ ချင်း ၊ ကြက်သွန် ထည့် သွေးသံရဲရဲ နဲ့ ပဲ စားသောက် ကြတယ် ။ 


အဲဒီလို စားသောက် ကြပြီး ဒိုင်းရေး ၊ လွှားရေး ၊ ကာရေး ၊ လှံရေး ကစား ကြတယ် ။ တစ်ယောက် ကို တစ်ယောက် ထိုးခုတ် ကြတယ် ။ ပြီးစီးသူ တွေ ဖြစ် တာကြောင့် အပေါက် မရှိလေဘူး ။ အဲဒီ အချင်းအရာတွေ ကို သိန်းဃိုသား တို့ မြင်ကြ လေတယ် ။ ဤလူ တို့ ကား လူ မဟုတ် ၊ ဘီလူး တို့ သာ ဖြစ်ကုန်တယ် လို့ အလွန် ကြောက်လန့်ပြီး သိန်းဃိုမင်း အသီးသီး ကို တင်လျှောက် ကြတယ် ။ အစိမ်းစား ဘီလူးများ ဖြစ်တယ် ။ သံတွေခဲ လို မာကျစ်ပြီး အပေါက်အပြဲ မရှိ အညံ့ခံ ကြ မှ သင့်မယ် တင်လျှောက် ကြ ပြန်တယ် ။ 


မြန်မာတပ်မှူး စစ်ကဲ တို့ က သီဟိုဠ်မင်း ဓမ္မပါလ အား “ ယခု ကျွန်ုပ်တို့ ရောက်တာ တစ်လ ကျော် ရှိပြီ ။ မင်း သုံးပါး ထံ က ဘာမှ မကြားရ ။ အရှင်ဓမ္မပါလ နဲ့ ညီညွတ် လို့ သာ သာသနာတော် ကို ပြုစုမယ် ဆိုရင် အရေး ပြီး ပြီ ။ သို့မဟုတ် က မင်း သုံးပါး ကို နန်းတက် ကာ ဖမ်းမယ် ” လို့ လျှောက် လေတယ် ။ 


ဓမ္မပါလမင်း က ကျန် မင်း သုံးပါး ကို အကြောင်း ကြားတဲ့အခါ အရှင် ဓမ္မပါလ မင်း နဲ့ အညီအညွတ် သာသနာ ကောင်းကျိုး ဆောင်ဖို့ ဝန်ခံတဲ့ အတိုင်း ရောက်လာ ဆောင်ရွက်ကြ လေတယ် ။ မြန်မာ စစ်သည်ရဲမက် တို့ လည်း လက်ဆောင်ပဏ္ဍာ များစွာ ယူပြီး ပြန်ခဲ့ လေတယ် ။ ဆင်ဖြူများရှင် လည်း ဗိုလ်မှူးစစ်ကဲ တို့ ကို ဆုလာဘ် ပေးကာ ချီးမြှောက်တော် မူ လေတယ် ။ 



❝ သစ္စာ ကြီးသော ပေါလသိုင်းစား ❞


ကလေးတို့ ရေ ... 


မြန်မာ့ ရာဇဝင် တွေ မှာ အရှင် တစ်ဦး ရဲ့ သစ္စာ ကို ခံပြီး သစ္စာ မဖျက်ဘဲ သက်ဆုံးတိုင် မြဲကြတဲ့ မင်းမှုထမ်းတွေ လည်း ရှိကြတယ် ။ အဲဒီ ထဲ မှာ ပေါ်လသိုင်းစား လည်း ပါ လေတယ် ။

 

ဆင်ဖြူများရှင် ဘဝရှင်မင်းတရားကြီး ဟာ လင်းဇင်းမယ် နှောင့်ယှက် တာ ကြောင့် လင်းဇင်း ကို သိမ်းယူမယ် လို့ ချီတော် မူတယ် ။ မိုးကောင်း ၊ မိုးညှင်း ၊ စော်ဘွားတို့ လည်း နောက်တော် က လိုက်ပါ ရတယ် ။ စော်ဘွားတို့ က တန်ခိုး သေးနုပ် တာ ကြောင့် အမိန့် ကို မဖီဆန်ဝံ့ဘဲ ဘယ်သို့ ကြံရင် သင့်မလဲ လို့ မိုးကောင်းစော်ဘွား ရဲ့ ကျွန် ပေါလသိုင်းစား ကို တိုင်ပင် ကြတယ် ။ အဲဒီအခါ ပေါလသိုင်းစား က “ ဆင်ဖြူများရှင် သည် ဘုန်းတန်ခိုး ကြီး လှတယ် ။ လင်းဇင်း လိုက် တိုက်ရင် သူတစ်ပါး အရပ် မှာ သေရမယ် ။ အာဏာ ဖီဆန် ကာ မလိုက်သော် မိမိ အရပ် မှာ ပင် သေရမယ် ။ ကိုယ့် အရပ် မှာ သေရတာ က ပို မြတ်တယ် ။ ဒါ့ကြောင့် မင်းကြီး ကို ခုခံလော့ ” လို့ ဆိုတယ် ။ 


စော်ဘွားများ ဟာ ပေါလသိုင်းစား စကား ကို နားဝင် တာ ကြောင့် မိုးကောင်းစော်ဘွား ကို အဝေး သို့ နှင် ကာ မိုးညှင်းစော်ဘွား နဲ့ ပေါလသိုင်းစား က မင်းကြီး အလာ ဆင်မြင်းဗိုလ်ပါ အများ နဲ့ ကသာ မိုးကောင်း တက် တဲ့ လမ်းခရီး က တော မှာ ပုန်းအောင်း စောင့် နေ လေတယ် ။ 


မင်းကြီး က သူတို့ စောင့်တဲ့ လမ်း မတက် ၊ အခြား လမ်း က တက်တော် မူပြီး မိုးကောင်း ရောက်တဲ့ အခါ မိုးညှင်းစော်ဘွား နဲ့ ပေါလသိုင်းစား တို့ အကြောင်း ကြား တာ နဲ့  သမက်တော် အမှူး ပြုပြီး ၄င်း တို့ ကို ဖမ်း စေတယ် ။ မိုးညှင်း စော်ဘွား မှာ ဆင်ဦး မှာ တင် ဆုံးပြီး ပေါလသိုင်းစား ကို အရှင် ရ တော် မူတယ် ။ 


မင်းကြီး က ပေါလသိုင်းစား အား “ စော်ဘွားတို့ ငါ့ သစ္စာ ကို မစောင့် ဘဲ ခုလို ခုခံ ပုန်ကန်တာ ဘယ်သူ့ အကြံအစည် လဲ ” လို့ မေးတယ် ။ ပေါလသိုင်းစား က မိမိ အကြံအစည် ဖြစ်ကြောင်း အလုံးစုံ တင်လျှောက်ပြီး “ အရှင် မင်းကြီး လမ်းလွှဲ တက်တော် မူသောကြောင့် သာ ကျွန်တော်တို့ မတိုက် လိုက်ရ ပါ ။ ယခု ဘုန်းတော် ကြောင့် မိုးညှင်းစော်ဘွား လည်း ဆုံးပြီ ။ ကျွန်တော့် ကို လည်း ရပြီ ။ ကျွန်တော့် ကို ကွပ်မျက်သော် လည်း အရှင်မင်းကြီး အပြစ် မကောင်းမှု မဖြစ်ပါ ” လို့ ရဲရင့် တည်ကြည်စွာ လျှောက် လေတယ် ။ 


မင်းကြီး လည်း မည်သို့မျှ မဆိုဘဲ ရွှေတိုက်စိုး ကို အပ်ထား လေတယ် ။ မိုးကောင်းစော်ဘွား ကို ဖမ်းဖို့ ရှိသေးတာ ကြောင့် ပေါလသိုင်းစား ကို ခေါ်ပြီး ဆုလာဘ် ပေးကာ သစ္စာတော် ခံ စေ လို လို့ သစ္စာတော် စာ ကို ဖတ် စေတယ် ။ ပေါလသိုင်းစား က “ ယခု သစ္စာ ပေးသည် မှာ မည်သည့် အမှု အတွက်ပါလဲ ” လို့ သစ္စာ မခံ ခင် မေးလျှောက် လေတယ် ။ “ သင့် ကို ငါ့ ရဲမက်များ နဲ့ သွားပြီး မိုးကောင်းစား ကို ဖမ်းစေ လို လို့ ဖြစ်တယ် ” လို့ မင်းကြီး မိန့် လေတယ် ။ 


အဲဒီအခါ ပေါလသိုင်းစား က မင်းကြီး ကို ဦးသုံးကြိမ် ချပြီး “ မိုး ကောင်းစော်ဘွား ကို ပုန်ကန် စေတာ လည်း ကျွန်တော့် အစီရင် ။ ချီတော် မူလာ ပြီး မိုးကောင်းစော်ဘွား ကို ပြေးစေတာ လည်း ကျွန်တော့် အတတ်ပင် ။ မင်းကြီး ကသာဆိပ် က တက် လျှင် ဆီးကြို တိုက်မယ် ကြံတာ လည်း ကျွန်တော့် အကြံ ပင် ဖြစ်ပါတယ် ။ ဘုန်းကြီး တဲ့ မင်း ဖြစ်လို့ သာ မင်းကြီး ခြေရင်း ကျွန် တော် ရောက် ရ ပါတယ် ။ ယခု ကျွန်တော့် အရှင် ကို ဖမ်း ပေးဖို့ ဆိုတာ မှာ မဖြစ်နိုင်ပါ ။ ကျွန်တော့် အရှင် ပေးတဲ့ သစ္စာ ဟာ စက္ကူ မှာ ရေးပြီး မီးဖုတ် ကာ ပြာ ကို ရေဖျော် သောက်ပြီး ဖြစ်ပါတယ် ။ ထို သစ္စာ ဟာ ဝမ်းတွင်း မှာ မကျေ ရှိ ပါတယ် ။ မိုးကောင်းစော်ဘွား ကို ဖမ်း မပေးလို့ ဤဘဝ တင် မက နောက် ဘဝ ကိုင်အောင် သတ်တော် မူသော်လည်း သေရ မည်သာ ။ ကျွန်တော့် သခင် ရဲ့ သစ္စာ ကို မဖျက်နိုင်ပါ ” လို့ ရဲဝံ့တည်ကြည်စွာ တင်လျှောက် လေတယ် ။ 


ပေါလသိုင်းစား စကား ကို ကြားရတဲ့ အခါ ရှေ့တော် မှာ ခစား နေကြတဲ့ မှူးမတ် အပေါင်း ကို မင်းကြီး မိန့် လေတယ် ။ “ အို ... အမတ်တို့ ၊ ပေါလသိုင်း စားငယ် ဟာ ပေါ်လသိုင်းရွာ အိမ်ခြေ ( ၇ဝ ) ကျော် ( ၈၀ ) ခန့် မျှ ကို မိုးကောင်း စော်ဘွား ပေးလို့ စား ရတယ် ။ ဤမျှလောက် ကျေးဇူး အတွက် ကို ပင် အသက် ကို အသေ ခံပြီး လျှောက်တယ် ။ ဤ ပေါလသိုင်းစား စည်းစိမ် ဟာ သင် အမတ် တို့ မှာ ရှိတဲ့ ကျွန် တစ်ယောက် ရဲ့ စည်းစိမ် ခန့်မျှ မရှိ ။ သင်း ဆိုတဲ့ စကား ကို အမတ်တို့ ကြား ကာ မရှက်ကြပါ သလော ” လို့ ပေါလသိုင်းစား ကို ချီးမွမ်း ပြီး “ မိုးကောင်းစော်ဘွား ကို ဖမ်း မပေးနိုင်ရင် ထားတော့ ၊ နေရာ ကို ပြ ပေးနိုင် မလား ” လို့ မေးရာ “ နေရာ ကို ကား ပြ ပေးပါမယ် ” ဝန်ခံ တာကြောင့် ပေါ်လသိုင်းစား နဲ့ ရွှေဓားမှူး ကို လွှတ် လိုက်လေတယ် ။ 


လမ်းခရီး မိုးကောင်းကလေး စခန်း ရောက်တဲ့ အခါ ပေါလသိုင်းစား ထွက်ပြေး လေတယ် ။ နောက်မှ မင်းကြီး ရဲ့ သားတော် မိုးကောင်းစော်ဘွား ကို ရပြီး ဆက်ရာ အသက် ကို လွှတ်ပြီး ကောင်းစွာ ထားတော် မူတယ် ။



❝ သဘောထား ကြီး သော ဆင်ဖြူများရှင် ❞


ကလေးတို့ ရေ ...


ဆင်ဖြူများရှင်မင်းတရား ဟာ အမှူးအမတ် တို့ ရဲ့ အရည်အသွေး ကို ကြည့်ပြီး အချို့ အရာတွေ မှာ သဘောထား ကြီးကြီး ထားနိုင် လေတယ် ။ သို့သော်လည်း စစ်မက်ရေးရာ နဲ့ ပတ်သက်ပြီး အမှုထမ်း ပေါ့လျော့ ရင် အစိမ်း အကျက် မရွေး ဒဏ်ထား လေတယ် ။ 


ဆင်ဖြူများရှင် ရဲ့ သေနာပတိ အမတ် ဗညားဒလ ဟာ မင်းကြီး အသက် ကို သုံးကြိမ် တိတိ ကြံစည် ဖူးတယ် ။ ဒါပေမဲ့ မင်းကြီး အပြစ် မယူ လေဘူး ။ 


ပထမ အကြိမ် မြို့ လည်တော် မူတဲ့ အခါ ဝေါထမ်း မွန် တို့ နဲ့ တိုင်ပင်ပြီး ဓား ကို မြေ မှာ မြှုပ်ထား စေတယ် ။ ဓား ကို မြှုပ်ထားတဲ့ နေရာ ရောက်တဲ့ အခါ ရဲမက်တော်တွေ ဓား ကို နင်း မိ တာကြောင့် ဓား ပေါ် လေတယ် ။ စစ်ဆေးတဲ့ အခါ ဗညားဒလ ရဲ့ အကြံအစည် ဖြစ်ကြောင်း သိရတယ် ။ “ ဗညားဒလ ဟာ ငါ့ ကို ကြံဝံ့မယ့် သူ မဟုတ် ။ ကြံ ငြား သော်လည်း ငါ့ လို မင်း ကို ဖြစ်နိုင်မယ် မဟုတ် ” လို့ မိန့်တော်မူပြီး ဝေါတော်သား တို့ ကို သာ မျက်တော် မူတယ် ။ ဗညားဒလ ကို သည်းခံ တော် မူတယ် ။ 


ဒုတိယ အကြိမ် မင်းကြီး ရွှေမော်ဓောဘုရား သို့ တက်တော် မူ ရာ မှာ တုတ်ဓား ပြီး တဲ့ မွန်တစ်ကျိပ် ကို လုပ်ကြံလေ လို့ ဗညားဒလ က စေခိုင်း ထား တယ် ။ မင်းကြီးဘုရား တက်ပြီး မဟာရံ မုခ်ဦး ရောက်တဲ့ အခါ ဘုန်းတော် ကြောင့် တံခါး မုခ်ဦး အထက် က နေ နှင့် တဲ့ မွန်တို့ မရပ်တည် နိုင်တာ ကြောင့် ပြုတ်ကျ လေတယ် ။ ကိုယ်တော်တိုင် စစ်မေးတဲ့ အခါ ဗညားဒလ ရဲ့ အကြံအစည် ဖြစ် ကြောင်း ပေါ် လေတယ် ။ သို့ရာတွင် မွန်တို့ ကို သာ ကွပ်မျက်တော် မူပြီး ဗညားဒလ ကို ခွင့်လွှတ် လေတယ် ။ 


တတိယ အကြိမ် ဒဂုံဘုရား သို့ ကြွတော် မူမယ် လို့ ကမ်း က နေ ဖောင်တော် သို့ တက်တော် မူတဲ့ အခါ ရေပလုံ ထ တာ ကို မြင်လို့ စုံစမ်း စေတယ် ။ ရေ ငုပ် သန်တဲ့ မွန် နှစ်ယောက် ဓား နဲ့ တကွ ရ လေတယ် ။ စစ်မေးတဲ့ အခါ ဗညားဒလ လုပ်ကြံ ခိုင်းကြောင်း ပေါ်ပေါက် ပြန်တယ် ။ မွန် နှစ်ယောက် ကို သာ ကွပ်မျက်ပြီး ဗညားဒလ ကို သည်းခံ လေတယ် ။ 


ထိုသို့ ကိုယ်တော် ကို သုံးကြိမ် စေ့အောင် ကြံ သော် လည်း ဗညားဒလ ရဲ့ ဉာဏ်ရည် ၊ နှုတ်ရည် ၊ လက်ရည် ၊ ဂုဏ်သတ္တိ နှင့် ပြည့်စုံသူ ဖြစ်တာကြောင့် နှမြောတော် မူတာ ကြောင့် သည်းခံ ခွင့်လွှတ် လေတယ် ။ နောက်မှ စစ်ရေးစစ်မှု မှာ မကျေပွန် တာ ကြောင့် ဗညားဒလ ကို အမျက် ထား ကာ နာဖျား တတ် တဲ့ ဇနက် ဆိုတဲ့ အရပ် မှာ ထားတော် မူတယ် ။ နောက်မှ ကမန် သို့ ရောက်တယ် ။ ဤ အရပ် မှာ တစ်လ ကြာ တဲ့ အခါ ဗညားဒလ ကြမ္မာ ကုန် လေတယ် ။ ဗညား ဒလ ဟာ ရာဇာဓိရာဇ် အရေးတော်ပုံ ကို ရေး တဲ့ အမတ်ကြီး လည်း ဖြစ်ပေတယ် ။ 



❝ စကားတောင်စား ❞


ကလေးတို့ ရေ .. 


စကား ကြွယ်တဲ့ သူတွေ ကို စကားတောင်စား လို့ တင်စား ခေါ် တတ်ကြ တယ် ။ အဲဒီလို တင်စားရ လောက် အောင် လည်း စကားတောင်စား ဆို သူ ဟာ စကား တတ်ရုံ မက ဗဟုသုတ လည်း ကြွယ်ဝသူ ဖြစ်ပေတယ် ။ 


သက္ကရာဇ် ( ၉၁၃ ) ခု အင်းဝ မှာ စည်သူကျော်ထင် မင်း ပြုတဲ့ကာလ မှာ စကားတောင်စား လို့ နောင်အခါ အမည် တွင် မယ့် သူ လူမည် ငစံလှ ဆိုသူ ရှိ လေ သတဲ့ ။ ရှင်သာမဏေ အမည် က ရှင်ဉာဏ လို့ ခေါ်တယ် ။ ရှင်သာမဏေ က နေ လူ ထွက်ပြီး ကျောင်း က ထွက်တဲ့ အခါ သရပတ်သမ ဆို သူ နဲ့ အိမ်ထောင် ကျ လို့ ယောက္ခမ အိမ် မှာ နေလေ သတဲ့ ။ ထို သူ ဟာ တစ်နေ့ တစ်နေ့ ရာဇဝင်ပုံပြင် စသည် တို့ ကို သာ လေ့လာ နေ သတဲ့ ။ တစ်နေ့ မှာ တော့ ယောက္ခမ က မြည်တွန် တာ ကြောင့် ပိုက်ဆံ ကြေးငွေ ရှာမယ် ဆိုပြီး အိမ် က ထွက်လာ သတဲ့ ။ 


အင်းဝမင်း စည်သူကျော်ထင် ဟာ ရှင်ဖြူရှင်လှဘုရား ကို ထွက်တော် မူ ဖို့ လက်ရွေးကြီး လှေတော်သား တို့ ပြင်ဆင် နေကြတာ ကို ငစံလှ တွေ့ သတဲ့ ။ “ လူ မစေ့ ရင် ကျွန်တော့် ကို ငှားပါ ” လို့ ငစံလှ က သွား ပြော လေတယ် ။ အကြီးအမှူး တို့ က “ သင် ဟာ ပိန်လှတယ် ။ လှော် နိုင်မှာ မဟုတ် ” လို့ ဆိုတဲ့ အခါ ရေပက် လိုက်ပါရစေ ” ဆိုတာနဲ့ “ လိုက်ခဲ့တော့ အခငွေ နှစ်မတ်ပေး မယ် ” ဆို ကာ ခေါ်ခဲ့ သတဲ့ ။ 


ငစံလှ လှေ ပေါ်  ရောက်တဲ့ အခါ လှေဝ ၊ စကျင်း ၊ စောက် ၊ ဦး ၊ ပဲ့ ၊ တက်စွဲ မည်မျှ ရှိသည် ကို လက်သစ် တောင်တာ နဲ့ မှတ်သား ထား လေတယ် ။ ထွက်တော်မူ လို့ အတန် ကြာတဲ့ အခါ “ လှေဝ ၊ စကျင် မည်မျှ ရှိသနည်း ” လို့ မင်း က မေးတော်မူတယ် ။ အကြီးအမှူး တို့ က မမှတ် ထား တာကြောင့် မလျှောက်ထား နိုင်ကြ ။ အဲဒီအခါ ငစံလှ က လှေဝ ၊ စကျင်း ၊ စောက် ၊ ဦး ၊ ပဲ့ ၊ တက်စွဲ မည်၍ မည်မျှ ရှိကြောင်း ကို သေချာစွာ တင်လျှောက် လေတယ် ။ 


ဘုရား ဖူး ပြီး လို့ နန်းတော် သို့ ပြန်မယ် ပြင်ကြတဲ့ အခါ မိုးရိပ် လေသက် ရှိတာ ကြောင့် “ မိုးလေ ကျလိမ့် မလား ” မေးတော် မူတာ ကို အခြား သူများ မလျှောက်တာ ကြောင့် ငစံလှ က “ တိမ်တေ ၊ လေဧက် ၊ လျှပ်စစ် ပဉ္စော ၊ သံ တယော ” ဆိုတဲ့ စကားများ ကို ထောက်ရင် ရွှေနန်းတော် ရောက် ပြီး တစ် မောင်း ခန့် ကြာ လျှင် မိုးလေ ကျပါမယ် ” လို့ လျှောက် လေတယ် ။ စည်သူကျော် ထင် က ဘယ်လို မှ မမိန့်ဘဲ နန်းတော် သို့ ပြန် လေတယ် ။ နန်းတော် သို့ ရောက်ပြီး တစ်နာရီခန့် ကြာ မှ မိုးကျ သတဲ့ ။ လျှောက်တဲ့ အတိုင်း မှန် လေတယ် ။ 


( မှတ်ချက် ။  ။ ဤတွင် တိမ်တေ လေဧက် ၊ လျှပ်စစ် ပဉ္စော  ၊ သံ တယော အဓိပ္ပာယ် မှာ မိုးရွာအံ့ ဟု တက် လတ်သော တိမ် ကို သုံးယူဇနာ အရပ် က မြင်ရသည် ။ မိုးမြူး သော် လေဆင်သည် ကို တစ်ယူဇနာ က ပင် မြင်ရသည် ။ လျှပ်စစ် ကို ငါးယူဇာနာ က ပင် မြင်ရသည် ။ မိုးသံ ကို သုံးယူနာ က ကြားရသည် ဟု ဆိုလိုသည် ။ ) 


နောက်တစ်နေ့ ကျ မှ အင်းဝဘုရင် ဟာ လက်ရွေးကြီးတော်ကဲ တို့ ကို ခေါ် ပြီး “ ယမန်နေ့ က လှေဝ ၊ စကျင်း စသည် ။ မိုးလေ ကျမည် စသည် တို့ ကို လျှောက်သူ ကား အဘယ်သူနည်း ” လို့ မေးတဲ့ အခါ “ လူ မစေ့တာကြောင့် သရပတ်သမလင် ကို ငှားရတဲ့ အကြောင်း ” ၊ အမည် ကို မသိပါကြောင်း လျှောက်တာ ကြောင့် ရှာဖွေ ခေါ်ငင် ခဲ့ ဖို့ မိန့်တော် မူတယ် ။ ရှေ့တော် သို့ ငစံလှ ရောက်လာတဲ့ အခါ ရာဇဝင် ထုံးစံ ၊ ပုံပြင် ၊ ဝတ္ထု စသည် မေးတော် မူတယ် ။ တစ်ခု မကျန် သာယာ ယဉ်ကျေးတဲ့ စကား နဲ့ လျှောက် လေတယ် ။ မင်းကြီး လည်း သုံးရမည့် သူ ဖြစ်ပေတယ် လို့ အပါးတော် မှာ ခစား စေတယ် ။ 



❝ ဗညားဒလ နှင့် စကားတောင်စား ❞


ကလေးတို့ ရေ .. 


တစ်ခါ မှာ တော့ အင်းဝမင်း နရပတိစည်သူကျော်ထင် ဟာ စကားတောင်စား ကို ဟံသာဝတီ ဆင်ဖြူများရှင် ထံ လက်ဆောင်ပဏ္ဍာများ နဲ့ စေလွှတ် တော် မူတယ် ။ စကားတောင်စား ရောက် လာ တဲ့ အခါ ဆင်ဖြူများရှင် က ဗညားဒလ အား “ စကားတောင်စား နဲ့ အမှူးအမတ်များ ကို အသင့် အိမ် ကို လွှတ် ပေးမယ် ။ ပြောဟော ကာ စုံစမ်း လေတော့ ” လို့ မိန့်လေတယ် ။ 


ဗညားဒလ အိမ် သို့ မှူးမတ် အစုံအလင် ရောက်ကြတဲ့ အခါ ဗညားဒလ ထိုင် ဖို့ ဖထိုင် တစ်တောင် သာသာ ကို အုံးဝန်း နဲ့ တကွ ပြင်ဆင် ထားလေတယ် ။ ဖထိုင် ခြေရင်း က စကားတောင်စား နေ စရာ သင်ဖြူး ခင်း ထား ကာ စောင့် နေ ကြတယ် ။ စကားတောင်စား လည်း ပုဆိုး ၊ အင်္ကျီ ၊ ပေါင်းထုပ် အနီ ချည်း ဝတ်ဆင်ပြီး မှူးမတ်ပေါင်း တို့ အလယ် ခင်း ထားတဲ့ သင်ဖြူး မှာ ပေါင် ထောင် လျက် မကြောက်မရွံ့ နေ လေတယ် ။ 


ဗညားဒလ လည်း မထွက်မီ တံခါး က ချောင်း ကြည့် တဲ့ အခါ အံ့ဖွယ် သူရဲ ရှိပေတယ် လို့ အောက်မေ့ပြီး မင်းဝတ်မင်းစား ကောင်းစွာ ဝတ်ဆင် ကာ ထွက် လာတယ် ။ ဖထိုင် ထက် မှာ ထိုင် လေတယ် ။ စကားတောင်စား လည်း ရုတ်တရက် ထပြီး တက်မယ် ပြုတဲ့ အခါ ဗညားဒလ က လက် ကမ်း တယ် ။ စကားတောင်စား လည်း လက် ကို မပေးဘဲ တက် နေတယ် ။ ဗညားဒလ လည်း ထူးဆန်းလှတယ် လို့ အောက်မေ့တယ် ။ 


ဗညားဒလ လည်း သူ့ သခင် နဲ့ ငါ့ သခင် မဖက်စေဘဲ သူ့ သခင် နဲ့ ငါ နဲ့ သာ ဖက်၍ ဆိုမယ်လို့ကြံ လျက် “ အင်းဝမင်း နရပတိစည်သူကျော်ထင် ကျန်းမာ တော်မူပါရဲ့လား ” မေးတယ် ။ စကားတောင်စား လည်း ရိပ်မိ၍ “ ငါတို့ သခင် ကျန်းမာတော် မူ သဖြင့် ဆင်ဖြူရှင်သခင် ကျန်းမာကြောင်း ကို သိတော် မူ လိုတာ ကြောင့် ငါ့ ကို စေတယ် ” လို့ ပြန် ပြော လေတယ် ။ ထိုအခါ ဗညားဒလ လည်း ပြန် ဖြေတဲ့ အဓိပ္ပာယ် ကို သိပြီး အံ့ဩကာ စကားတောင်စား ရဲရင့်ကြောင်း အပြောအဆို လိမ္မာကြောင်း များ ကို မင်းကြီး အား လျှောက် လေတယ် ။ 


ထို့နောက် ဗညားဒလ လည်း “ အရှင်မင်းကြီး စကားတောင်စား ရဲ့ အသိအလိမ္မာ ကို သိရပေပြီ ။ အကျစ်အလှစ် ကို သိလိုပါ သေးတယ် ” လို့ လျှောက်ပြီး စုံစမ်း လေတယ် ။ 


မိုးသောက်တဲ့ အခါ မှူးကြီးမတ်ကြီး တို့ စုရုံး ပြောဟော နေကြတဲ့ နေရာ အနောက်မြောက် ထောင့် နား မှာ သင်ဖြူး ခင်းထား လေတယ် ။ အနား တွင် လည်း ရွှေကရား ၊ ရွှေဖလား အလွတ် တစ်လုံး ၊ ငွေဖလား အလွတ် တစ်လုံး တို့ ကို ထားလေတယ် ။ ထမင်းပွဲ ကို လည်း ငွေလင်ပန်း မှာ အနား မမြင် အောင် ထမင်း ထည့် ပြီး မှ အပေါ် တွင် အမဲအပေါင်း ၊ အကျစ်အကြော် ၊ အကင် စသော အရသာ တို့ ကို အထပ်ထပ် ထမင်း ကို မမြင်ရအောင် အသင့် ထည့် ထားလေတယ် ။ ဟင်းခွက် မှာ လည်း ဟင်းလေးတစ် ကို အထပ်ထပ် အရည် မမြင်သာ အောင် ထည့်ပြီး အသင့် ထားလေတယ် ။ ထိုသို့ ဘုရင့် ရှေ့တော် မှာ ပြင်ဆင် ပြီး မှ စကားတောင်စား ကို ခေါ်တော် မူ ကာ ပြောဟောပြီး အားလုံး ရဲ့ရှေ့တွင် ပင် စားတော်အုပ် ကို ကျွေး စေတယ် ။ 


စကားတောင်စား လည်း မြင် လျှင် မိမိ ကို စမ်းသပ်သည် လို့ သိတာ ကြောင့် သတိ နဲ့ စား လေတယ် ။ ရွှေကရား က နေ ရေ ကို ရေဖလား အလွတ် တွင် ထည့် ၍ ကရား ကို အညှာ ထည့် ထားပြီး မှ လက်ငါးချောင်း ဆန့် ၍ အမဲအသား ကို ပြင်ပြီး စား လေတယ် ။ အမဲ အပေါင်း အကျစ် တို့ ကို ပြင်အပေါ် က မယူဘဲ အထဲ က သာ ထမင်း ပြင် ဟန် ပြုပြီး စား လေတယ် ။ ဟင်းလေးတစ် ကို လည်း အပေါ် က မယူဘဲ လက် နှစ်ပြီး အထဲ ကသာ ယူ ကာ စား လေတယ် ။ စားများ လတ် သော် ထမင်း မပေါ်ဘဲ တရွေ့ရွေ့ နိမ့်ကျ သွား တတ်တယ် ။ ပြီးမှ ရွှေဖလား က ရေ သောက် ကာ ငွေ ဖလား မှာ လက်ဆေးတယ် ။ ထို့နောက် ပြောဟော လျက် နေလေတယ် ။ 


ဗညားဒလ မှာ လည်း ထမင်းပွဲ ကို ကြည့် တဲ့ အခါ ဟင်းလျာ တို့ ဟာ အောက် ထမင်းဘက် က တစ်ခြမ်း စီ ကုန်ပြီး အပေါ် ဘက် က အနည်းငယ်မျှ မလစ်လပ်သည် ကို မြင်ရလေတယ် ။ စကားတောင်စား တဲ သို့ ပြန်တဲ့ အခါ မှ ဗညားဒလ က “ အရှင်မင်းကြီး - စကားတောင်စား ဟာ အစားအသောက် အကျစ်အလျစ် က လည်း ဆိုဖွယ် မရှိ ။ အံ့သြဖွယ်တည်း ” လို့ လျှောက် လေတယ် ။ 


တစ်နေ့မှာတော့ ဆင်ဖြူများရှင် ဟာ မှူးမတ်ဗိုလ်ပါ ပရိသတ်ကြီး နဲ့ သဘင် ခံတော် မူရာ မှာ စကားတောင်စား အား မေးမြန်း လေတယ် ။ 


“ အင်းဝ နရပတိစည်သူ ကျန်းမာပါ၏ လော ”    


“ ရတနာသုံးပါး ဂုဏ်တော် ကြောင့် ကျွန်ုပ် သခင် ကျန်းမာပါ၏ ” 


“ ယခုငါ ခံသော ပွဲ ကဲ့သို့ အင်းဝ ၌ စည်ကားသော ပွဲများ ရှိပါသလော ” 


“ အင်းဝ တွင် ပွဲသဘင် များလှ၏ ။ ထူပါရုံဘုရား ကို ထီးတော် တင်ပြီး ၍ ပွဲစဲသည် မျှလောက် နှင့် ယခု ပွဲသဘင် တူပါ၏ ” 


“ အင်းဝ ရွှေနန်းရင်ပြင် သည် ကျယ်ပါ၏ လော ”

 

“ အရှင်မင်းကြီး ၏ ရွှေနန်းရင်ပြင် ထက် တစ်တာ ကျယ်ပါသည် ”


“ တစ်တာ ကျယ်ကြောင်း မည်သို့ သိသနည်း ” 


“ အကျွန်ုပ် ၏ ခြေလှမ်း တွင် တာ ပါ တာကြောင့် သိပါသည် ” 


ထိုအခါ အင်းဝ သို့ အလျင်အမြန် သွား၍ တိုင်း‌စေ ရာ စင်စစ်ပင် တစ်တာ ကျယ်ကြောင်း တွေ့ရသတဲ့ ။ ထို့နောက် ဘဝရှင်မင်းတရားကြီး က ဆုလာဘ် များ စွာ ပေးသနား ကာ သုံးလ ရှိတဲ့ အခါ အင်းဝ သို့ ပြန် လွှတ်လေတယ် ။ 


စည်သူကျော်ထင် က ပေးတဲ့ အမည် မှာ တမန်ဇေယျ ဖြစ်တယ် ။ ထို့နောက် ဆင်ဖြူများရှင် မင်းတရား အင်းဝ ကို လုပ်ကြံရာ တမန်ဇေယျ ကို ရ ခဲ့သလော လို့ ဦးစွာ မေး လေတယ် ။ ရခဲ့ကြောင်း လျှောက် မှ စကားတောင်ရွာ ကို ပေးကာ ချီးမြှင့်တော် မူ လေတယ် ။ ထိုအခါ မှ စ ကာ “ စကားတောင်စား ” လို့ တွင်လေတယ် ။ 



❝ ရခိုင်ဘုရင် နှင့် စကားတောင်စား ❞


ကလေးတို့ ရေ ...


စကားတောင်စား ဟာ စကား ကြွယ် ရုံ ၊ ဗဟုသုတ ပြည့်စုံ ရုံ သာမက သူတစ်ပါး ပညာ စမ်းတာ ကို လည်း သိ လေတယ်။ ပါးနပ်တယ် လို့ ဆိုရမယ်။ အနေအထိုင် အစားအသောက် လည်း ကျစ်လျစ်တာ ကို မှူးမတ်ဗိုလ်ပုံ အလယ် မှာ ထင်ရှား ပေတယ်။ 


တစ်ခါမှာ တော့ ဟံသာဝတီ ဆင်ဖြူများရှင်မင်းတရားကြီး ဟာ စကားတောင်စား ကို ရခိုင် သို့ စေလေတယ်။ ရောက် လျှင် ရခိုင်မင်း မှာ နှာ ခေါင်း ရှည် တာ ကြောင့် မှူးမတ်တို့ မော်မကြည့် ဝံ့ ရှိကြတဲ့ အကြောင်း စကား တောင်စား ကြား ထားပြီး ဖြစ်လေ သတဲ့။ “ မင်းတို့ အရပ်ဒေသ မှာ မည်သို့ သော အစားအစာများ စားကြသလဲ ” လို့ ဘုရင် က မေးရာ စကားတောင်စား က “ အမဲဟင်းလျာများ ငြီးငွေ့၍ ကန်စွန်းရွက် ကို မဖြတ်ဘဲ ကြော် စားကြပါ တယ် ” လို့  ဖြေ လေတယ်။ 


ရခိုင်ဘုရင် လည်း စကားတောင်စား ရဲ့ အကျစ် အလျစ် ကို သိလိုတာ နဲ့ လင်ပန်း တစ်ခု ထဲ မှာ ထမင်း ထည့် ပြီး အပေါ် က ဟင်းလျာမျိုးစုံ ထည့် အုပ်ကာ ကျွေး လေတယ်။ ကန်စွန်းညွန့်ကြော် လည်း ပါ စေတယ်။ စကားတောင်စား လည်း အရင် က နည်း အတိုင်း အောက် က နှိုက်ပြီး သေသပ်စွာ စား လေတယ်။ ကန်စွန်းညွန့် ကို ကား တစ်စ ကို မြှောက် ကိုင် ပြီး မှ မော့ လျက် အောက် က နေ စားမျို လေတယ်။ 



❝ ဆင်ဖြူများရှင် အက္ကပတ်ပြည် သို့ တမန်စေခြင်း ❞


ကလေးတို့ ရေ ...


ဆင်ဖြူများရှင် မင်းတရားကြီး ရဲ့ ဘုန်းတန်ခိုးကြီးပုံ ၊ သဘောထားကြီးပုံ ၊ တိုက်ရည် ခိုက်ရည် တို့ ကို အတော်အတန် သိခဲ့ရပြီ ။ အကွဲကွဲ အပြားပြား နိုင်ငံတွေ တစ်စုတစ်စည်း ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်မှု ဟာ သမိုင်း မှာ ထင်ရှားလေတယ် ။ 


တစ်ခါမှာ တော့ ဆင်ဖြူရှင် မင်းတရား ဟာ အက္ကပတ်ပြည် သို့ စန္ဒရာသီ နဲ့ ခွေးလင်းစား ဆိုတဲ့ အမတ်တွေ ကို သံတမန် စေတော် မူတယ် ။ ဟံသာဝတီ က သံတမန် ရောက်တဲ့ အခါ အက္ကပတ်မင်းကြီး က သာရေး နာရေး မေး တော် မူပြီးနောက် “ ဆင်ဖြူရှင် ရွှေနန်း နဲ့ ငါ့ ရဲ့နန်းတော် တူ ရဲ့လား ” 


( အက္ကပတ်မင်း ရဲ့ နန်း ဟာ အုတ်နန်းတွင်း ရွှေပုစွန်ခွံ ကပ်ကာ ရတနာ အတိ ပြီးတယ် ။ ) ဟံသာဝတီသံ တို့ က လည်း “ ကျွန်ုပ်တို့ သခင် ရဲ့ နန်းတော် သည် ဤ နန်းလို မဟုတ်ပါ ။ ( ၉ ) ဆင့် ( ၇ ) ဆင့် ( ၅ ) ဆင့် ရှိတဲ့ များလှတဲ့ ရွှေပြာသာဒ် တို့ ဟာ မြေ ကနေ အထွတ်ဖျား တိုင် ရတနာ ကွန်ရွက် မှာ ရတနာ ပုလဲဆိုင် ၊ ရတနာပတ္တမြားဆိုင် တို့ ကို ဆွဲ ထားပြီး ရတနာမှန်ကင်း ၊ ရတနာ တံခွန် ဆောက် ထား တာကြောင့် နေမင်း လို ပဲ ပြိုးပြိုးပြက်ပြက် ရှိလှ ပါတယ် ။ သို့ကလို ရွှေနန်းပြာသာဒ် တို့ ကို မရေမတွက် နိုင်တဲ့ ရွှေအိမ် ရွှေတိုက် တို့ ဟာ ရံ လျက် ရှိကြပါတယ် ။ အဲဒီလို ပြာသာဒ် တို့ ဟာ နေခြည် ထိခြင်း ၊ မိုးရေ ထိခြင်း ၊ လေပြင်း ခတ် တာ တို့ ကြောင့် ရွှေ တို့ လွင့်ကုန်တဲ့ အခါ တစ်ရာ့တစ်ပါး သော မင်း တို့ ဟာ တစ်နှစ် ကို တစ်ကြိမ် ရွှေကို ပါးလျအောင် ခတ်ပြီး မှ ထို ရွှေနန်း ပြာသာဒ် တို့ ကို အသစ် ဖြစ်အောင် မွမ်းမံ ခြယ်လှယ်ကြရပါတယ် ” လို့ လျှောက်လေတယ် ။ 


အက္ကပတ်မင်း လည်း “ အဲဒီလို ဖြစ်ရင် ဆင်ဖြူရှင် မှာ ငါ့ ထက် ရွှေ များ ပေတယ် ” လို့ မိန့်လေတယ် ။ “ အသင်တို့ ဘုရင် ဘုန်းတန်ခိုး ကြီးတယ် ဆိုရာ မှာ မည်သို့ ကြီးလေ သလဲ ” လို့ ဆက် မေးတယ် ။ ဒီအခါ သံတမန် တို့ က “ ကျွန်ုပ်တို့ မင်းကြီး ထွက်တော် မူ တဲ့ အခါ ခပ်သိမ်းသော မင်းအပေါင်း တို့ ကို ထား ကာ ရေနေ သတ္တဝါ ဖြစ်တဲ့ မိကျောင်း ၊ လင်းပိုင် ၊ ငါးမန်း ၊ လိပ် ၊ ငါး တို့ ဟာ လည်း စည်တော်သံ ကို ကြားတဲ့ အခါ ရေပေါ် မြူးတူး ခုန်တက် ကစား ကြ ကုန်တယ် ။ ထိုသို့ ဘုန်းတော် ကြီးပါသည် အရှင် ” 


အက္ကပတ်မင်း လည်း “ ဤသို့ ဖြစ်တယ် ဆိုရင် အံ့ဖွယ်ပေပါ့ ” လို့ မိန့် လေတယ် ။ ပြီးနောက် ပရိသတ် အလယ် မှာ ရွှေလင်ပန်း နဲ့ ထမင်းဟင်း အထူးထူး အမြိန် အရသာ စားဖွယ်သောက်ဖွယ် တို့ နဲ့ ကျွေး လေတယ် ။ မင်း သံတော် နှစ်ယောက် လည်း ပါ သမျှ တစ်ခု မကျန် စား လေတယ် ။ အက္ကပတ် ဘုရင် က အကြောင်း ကို မေးတဲ့ အခါ “ အက္ကပတ်မင်း ရဲ့ သားကင်သည် တို့ အချက်အပြုတ် တတ်ပါ သလော လို့ စုံစမ်း လိုတာ ကြောင့် အနှံ့ စား ပါတယ် ” လို့ ဖြေ လေတယ် ။ 


အက္ကပတ်မင်း က “ ငါတို့ ပြည် မှာ ဤ အသားကင် တို့ ဟာ ၊ အတတ်ဆုံး ဖြစ်တယ် ။ သင်တို့ ပြည် မှာ သာပြီး တတ်သူ ရှိ သလော ” မေးတော် မူတယ် ။ ထိုအခါ သံတို့ က “ ကျွန်ုပ်တို့ ပြည် မှာ သားကင်သည် တို့ တတ်မြောက်လှ ပါ တယ် ။ အပေါင်း ၊ အကျစ် ၊ အကြော် စသည် တို့ ကို တစ်ခြမ်း ကား အပေါင်း ၊ တစ်ခြမ်း ကား အကျစ် ၊ တစ်ခြမ်း က အကြော် ၊ တစ်ခြမ်း ကား အကင် ။ ငါး တစ်ကောင် တွင် တစ်ပိုင်း ကား အကင် ၊ တစ်ပိုင်း ကား အဖုတ် ... ဤသို့ အထူးထူး တတ်ကြပါတယ် အရှင် ” ထိုအခါ အက္ကပတ်မင်း က အံ့ဩ ကာ “ ငါ က လည်း သံတမန် ထည့်လိုက်ဦးမယ် ” ဆိုကာ ထည့် လိုက် လေတယ် ။ 


သံတို့ ပြန် ရောက်တဲ့ အခါ အက္ကပတ်သံ တို့ ကို ကောင်းစွာ ထားလေတယ် ။ မင်း သံ တို့လည်း မိမိတို့ အတန်ပင် ပြောခဲ့ မိကြောင်း လျှောက်တင် တဲ့ အခါ အပြော နဲ့ ညီအောင် ဗညားဒလ ကို စီရင် စေတယ် ။ 


ဗညားဒလ လည်း ကျွမ်းကျင်တဲ့ စဖိုသည် တို့ ကို အထူးထူး ဖြစ်တဲ့ အပေါင်း ၊ အဖုတ် ၊ အကျစ် ၊ အကြော် တို့ ကို လည်းကောင်း တစ်ပိုင်း တစ်မျိုး စီ ၊ တစ်ဖက် တစ်မျိုး စီ စီစဉ် စေတယ် ။ ကြက်ဖို ၊ ကြက်မ ကို သန့်စင်အောင် ဆေး ကာ ငရုတ် ၊ ကြက်သွန် ၊ ချင်းစိမ်း ၊ အမွှေးမျိုး သွပ် ပြီး မှ ကျော က ခွဲ ပြန်ပြီး ဝမ်းဘဲဥ နှစ်လုံး စီ သွပ် ထားကာ ကုလား ကို ခေါ်ပြီး ထောပတ်ဆီဥ ၊ နွားနို့ လူး ပြီး မှ ကြော်ရ လေတယ် ။ ကျက်ပြီး တဲ့ အခါ ဝမ်းဘဲဥ ကို ထုတ်ပြီး ထိုနေရာ မှာ စာသူငယ် နှစ်ကောင် ကို အရှင် သွပ် ကာ ချည် ကို မမြင်ရအောင် ချုပ် စေ တယ် ။ ပြီးမှ နွားနို့ ၊ ထောပတ် ယူပြီး ရွှေလင်ပန်း မှာ ထည့် ကာ ကောင်းစွာ ပြင်ဆင် ထည့်ထား ပေးတယ် ။ 


နောက် အက္ကပတ်သံ တို့ ကို ပရိသတ် အလယ် မှာ ကျွေး လေတယ် ။ သံတို့ လည်း အကျစ်အကြော် ၊ အဖုတ် ၊ အကင် တို့ ကို မြင်တဲ့ အခါ အံ့ဩ လေ တယ် ။ ကြက် ကို လည်း ကျော က ချုပ် ရာ အသား ကို ယူတဲ့ အခါ စာသူငယ်များ ထွက် ပြီး ပျံတာ ကို မြင်တော့ ရင်သပ် အံ့သြလေတယ် ။ “ ဤ လူ့ပြည် မှာ မမြင်ဖူး ၊ မကြားဖူးတကား ” လို့ ဆိုကြတယ် ။ 


အဲဒီနောက် မြစ် မှာ ဒီရေ တက်တဲ့ အခါ မင်းတရားကြီး ဟာ မှူးမတ် အစုံ နဲ့ ကတ္တူလွန်းကြင် ၊ လှော်ကားလှေ စသည် အပြည်အစုံ ခင်းကျင်းကာ အတီးအမှုတ် ၊ အကအခုန် နှင့် ထွက်တော်မူသည် ။ စည်တော်သံ ၊ တံပိုးခရာသံ ၊ ဗုံသံ ၊ မောင်းသံ တို့ကို ကြားတဲ့ အခါ ဒီရေ ကို လိုက်ပြီး ငါးသား တက် ခိုက် ဖြစ် တာကြောင့် မိကျောင်း ၊ လင်းပိုင် ၊ မကန်း ၊ လိပ် ၊ ငါး ၊ ငါးမန်း တို့ မြစ်လုံး ပြည့်မျှ ထိတ်လန့် ရွှင်မြူး ခုန်လွှား ကုန်တယ် ။ 


အက္ကမင်းသံ တို့ မြင်ရတဲ့ အခါ အလွန် အံ့သြပြီး လက်ဆောင်များ ဆက် ပြန်ကြလေတယ် ။ အက္ကပတ်ပြည် ရောက်တဲ့ အခါ မိမိတို့ ဘုရင် ကို တွေ့ မြင်ခဲ့ သမျှ အလုံးစုံ တင်လျှောက် လေတယ် ။ အက္ကပတ် ဘုရင် လည်း ဆင်ဖြူရှင် ကို အလွန်ပင် ကြည်ညို တာ ကြောင့် အဖူးအမြော် သွားမယ် လို့ သင်္ဘော နဲ့ ကူးတော့မယ့် ဆဲဆဲ ဆင်ဖြူများရှင် မင်းတရားကြီး နတ်ရွာ စံ တာ ကြောင့် မရောက်ခင် ပြန်ရလေတယ် ။ 


ဆင်ဖြူများရှင် မင်းတရားကြီး ကား ( ၈၇၇ ) ခုနှစ် တွင် ဖွားမြင်ပြီး သက္ကရာဇ် ( ၉၄၃ ) ခု တွင် ရခိုင်အရေး လုပ်ဆောင်စဉ် ချက်တဖြုတ် နာတော် မူ ကာ နတ်ပြည် စံ လေတယ် ။ 



❝ နန္ဒဘုရင် နှင့် သတိုးမင်းစော စီးချင်း တိုက်ပွဲ ❞


ကလေးတို့ ရေ ...


ဆင်ဖြူများရှင် အနိစ္စ ရောက်တဲ့ အခါ သက္ကရာဇ် ( ၉၄၃ ) ခုနှစ် မှာ ပဲ သားတော် နန္ဒဘုရင် ( ခေါ် ) ဟံသာဝတီ ငါးဆူဒါယကာ နန်း တက် လေတယ် ။ အဲဒီ အချိန် သူ့ လက်အောက်ခံ မင်းတွေ က အင်းဝ မှာ သတိုးမင်းစော ၊ ပြည် မှာ သတိုးဓမ္မရာဇာ ၊ တောင်ငူ မှာ မင်းခေါင် ၊ ညောင်ရမ်း မှာ မင်းရဲနန္ဒမိတ် ၊ မုတ္တမ မှာ သီရိသုဓမ္မရာဇာ ၊ ဇင်းမယ် မှာ နော်ရထာစော တို့ ဖြစ်ကြတယ် ။ အဲဒီ မင်းတွေ ဟာ အားလုံး ဘုရင့်နောင် ( ဆင်ဖြူများရှင် ) ရဲ့ ဆွေမျိုး တွေ ချည်း ဖြစ်ကြတယ် ။ 


ဆွေမျိုး တွေ ချည်း ဖြစ်တာ ကြောင့် ညီညွတ် ကြရင် အင်အား ကောင်း တယ် ။ မညီညွတ် ကြ တဲ့ အခါ စည်းလုံးမှု ပြိုကွဲပြီး ဆိုးကျိုးတွေ နဲ့ ရင်ဆိုင် ရ တယ် ။ 


နန္ဒဘုရင် နန်း တက် တဲ့ နှစ် မှာ ပဲ သားတော် ကို မဟာဥပရာဇာ အမည် နဲ့ အိမ်ရှေ့အရာ ပေးတယ် ။ မိဖုရား က အင်းဝဘုရင် သတိုးမင်းစော ရဲ့ သမီးတော် နတ်ရှင်မယ် ဖြစ်တယ် ။ သူတို့ လင်မယား ရန်ဖြစ် ကြတယ် ။ နတ်ရှင်မယ် က သူ့ ယောက်ျား တခြား မိဖုရား အရေးပေး ၊ သူ့ကို ဂရုမစိုက် တာ ကြောင့် စကား များ ကြရာ က ဥပရာဇာ က တွန်း လိုက်တယ် ။ နတ်ရှင်မယ် သလွန်စောင်း နဲ့ ထိပြီး နဖူး ကွဲတယ် ။ သွေး ကို ဝတ်လဲတော် နဲ့ သုတ် ၊ ဘူး နဲ့ ထည့် ပြီး ဖခင် အင်းဝ ဘုရင် ကို တိုင် တာ ကြောင့် သမီးယောက်ဖ လည်း ဖြစ် ၊ ခမည်းခမက် လည်း ဖြစ်တဲ့ ဟံသာဝတီ နန္ဒဘုရင် နဲ့ အင်းဝဘုရင် သတိုးမင်းစော တို့ စစ် ဖြစ် ကြ လေတယ် ။ သူတို့ ချင်း ဖြစ်ကြတဲ့ အခါ အခြား စော်ဘွား ၊ မြို့စား မင်းငယ် တို့လည်း အသီးသီး သူ့ ဘက် ကိုယ့် ဘက် ပါဝင် လာ ကြရတယ် ။ 


ဟံသာဝတီ ဘက် ဆင်လုံး ၊ မြင်းရင်း လူအင်အား များ တာ ကြောင့် အင်းဝဘုရင် က ဆင် စီးချင်း ထိုးမယ် လို့ ဟံသာဝတီဘုရင် ကို စိန် ခေါ် လေတယ် ။ ဒါ့ကြောင့် အင်းဝ သတိုးမင်းစော နဲ့ ဟံသာဝတီ နန္ဒဘုရင် တို့ စီးချင်း တိုက်ကြ တယ် ။ ဆင် အကူတွေ လည်း တစ်ဖက် လက်ဝဲ လက်ယာ ( ၃၀ ) စီ ပါလေ တယ် ။ ဆင်အကူ တစ်ဖက် ( ၆၀ ) ဖြစ် သွားတာပေါ့ ။ ဆင် စီးချင်း တိုက်တဲ့ အခါ တစ်စီး ပေါ်  မှာ နောက်ထိုင် ၊ ကုန်းလယ် ၊ ဦးစီး သုံးယောက် ပါတယ် ။ စီး ချင်း ထိုးတယ် ဆိုပေမယ့် ဆင် အကူတွေ နဲ့ နောက် တပ်တွေ ကို လည်း အသီးသီး ဖြန့် ထားကြ သေးတယ် ။ 


အင်းဝဘုရင် ဆင် သန်မြန်စွာ စီးပြီး တံတားဦး ကို ထွက်တက်ကြွ လာ တယ် ။ ဟံသာဝတီဘုရင် က ဆင် စောရန်နှင်း ကို စီး ပြီး ထွက် လာတယ် ။ နန္ဒ ဘုရင် ရဲ့ ကျွန် တရုတ်မော်စား ဟာ သူ့ ဆင် ကို ချွန်း ဖွင့်ပြီး သတိုးမင်းစော ဆင် ရှိရာ ချွန်းဖွင့် ဝင်တယ် ။ အဲဒီအခါ သတိုးမင်းစော ကျွန် ပြင်စည်စား က လည်း သူ့ ဆင် ကို ချွန်း ဖွင့်ပြီး တရုတ်မော်စား ဆီ ဝင် တိုက်လေတယ် ။ အင်းဝဘုရင် က လည်း လိုက် တိုက်တဲ့ အခါ တရုတ်မော်စား ဆင် ပြေး လေတယ် ။ အင်းဘုရင် နဲ့ ကုန်းလယ်စီး က လှံ နဲ့ ပစ်လိုက်တာ တရုတ်မော်စား နံဘေး ဖောက် ဝင် ကာ ဆင် ပေါ် က ကျလေတယ် ။ သူ့ ဆင် ကို အင်းဝ ဘက် က ရလိုက်တယ် ။ 


အဲဒီအခါ ဟံသာဝတီဘုရင် က ပြင်စည်စား ဆင် ကို တိုက်တယ် ။ ပြင်စည်စား ဆင် ထွက် အပြေး မှာ ပြင်စည်စား ဆင် ပေါ် က ကျ လို့ ဟံသာဝတီ က အရှင် ဖမ်းမိ လေတယ် ။ အဲဒီနောက် မင်း နှစ်ပါး ရင်ဆိုင် စစ်ထိုး ကြတယ် ။ ဘေး ဆင်ကူတွေ လည်း မဝင်ရဲကြဘူး ။ အင်းဝဘုရင် က ဆင် ကို နောက်ဆုတ် အားယူ ကာ ချွန်းဖွင့် တိုက်တယ် ။ ဟံသာဝတီဘုရင် ရဲ့ ဆင် ကို ထိုးမိတယ် ။ စွယ်လုံး ကျွတ် ပြီး တခိုက်ခိုက် တုံ လေတယ် ။ အင်းဝ လက်ဝဲ လက်ယာ က ဆင် တွေ ဝိုင်းလာတာ နဲ့ ဟံသာဝတီ ဆင် ပင်ပန်း လှတာကြောင့် ဆုတ်ခဲ့ ရတယ် ။ ဟံသာဝတီ နန္ဒဘုရင် ဟာ အခြား ဆင် တစ်စီး ပေါ် ပြောင်း တက်ပြီး ၊ ဆင်တော် စောရန်နှင်း ကို တော့ ဘေး နှစ်ဘက် ဆင် တွဲပြီး ယူ ရတယ် ။ ( ၁၀ ) တာ လောက် အရောက် မှာ ဆင် လဲကျ သေလေတယ် ။ 


အင်းဝဘုရင် လည်း သူ့ ဆင် ပင်ပန်းလှတာ ကြောင့် ရေ ဆင်း စိမ် ရတယ် ။ ဆင်တော် ဆက် မတိုက်နိုင်တော့ဘူး ။ ဟံသာဝတီဘုရင် လည်း ဥပေါသထ ဆို တဲ့ ဆင် ကို စီး ပြီး လက်ဝဲ လက်ယာ ဆင် အကူ နဲ့ ထွက်လာ ပြန်တယ် ။ အင်းဝသတိုး မင်းစော ဆုတ်တာ မြင် လို့ လိုက် တိုက် လေတယ် ။ အင်းဝဘုရင် လည်း သူ့ ရဲမက် တွေ ကို တတ်နိုင် သမျှ ရုံးစု ပြီး အင်းဝမြစ် ကူး ကာ မန္တလေး အရှေ့တောင် ခြေရင်း ဆီ ဆုတ်ခွာ ကာ တပ်ချ နေရ လေတယ် ။ နောက်တော့ ငါ့ မှာ ဆင် ကောင်း မြင်းကောင်း မရှိ ၊ ရဲမက် လည်း အင်အား နည်း လှတယ် ။ ပြန် စစ်ခံဖို့ မသင့်လို့ စဉ်းစား ကာ တရုတ်ပြည် ၊ တရုတ် ဥတည်ဘွားမင်း ဆီ ပြေး လေတယ် ။ မြင်း ( ၇ဝ ) ၊ လူ ( ၂၀ဝ၀ ) ပါ သွားတယ် ။ ဒါပေမဲ့ တရုတ်ပြည် မရောက်ခင် ခန္တီး မှာ အင်းဝဘုရင် သတိုးမင်းစော ကြမ္မာ ကုန် လေတယ် ။ 



❝ ဗြနရစ် နှင့် မဟာဥပရာဇာ စီးချင်းထိုးပွဲ ❞


ကလေးတို့ ရေ ... 


နန္ဒဘုရင် လက်ထက် မှာ သူ့ ဖခင် ဆင်ဖြူများရှင် စုစည်း သိမ်းသွင်းခဲ့တဲ့ လက်နက်နိုင်ငံကြီး ပြိုကွဲ လေတယ် ။ သူရဲ သူခက် အမှုထမ်းတွေ ကို လည်း ဝမ်းနည်း အောင် ပြုမူတယ် ။ အဲဒါကြောင့် စစ်မက် ထိုးတဲ့ အခါ ကြီးကြီးကြပ်ကြပ် အမှု မထမ်း တာ ကြောင့် အရေးတော် မပြီး ဖြစ်ရတယ် ။ ပြည်ထောင်မင်းများ ကို လည်း မသိမ်းသွင်းနိုင် ဝမ်းနည်း အောင် ပြုတာ နဲ့ အသီးသီး သောင်းကျန်း ပုန်ကန် ကြတယ် ။ အရိယာသံဃာ တို့  ကို လည်း မကြည်ညိုလေဘူး ။ ယိုးဒယား နဲ့ လည်း အကြိမ်ကြိမ် စစ် ဖြစ် လေတယ် ။ သူ့ ဆီ သွားတိုက် တာ ရှိ သလို ကိုယ့် ဆီ လာ တိုက် တာ လည်း ရှိတယ် ။ ယိုးဒယား ကို ငါးကြိမ် ချီပြီး လုပ်ကြံတယ် ။ အရေးတော် မပြီးစီးဘဲ ပြန်ခဲ့ရတာ များတယ် ။ ယိုးဒယား က သုံးကြိမ် လောက် လာ တိုက်တယ် ။ ပြည်ထောင်ချင်း မညီတာကြောင့် ယိုးဒယား က မော်လမြိုင် စား နဲ့ ပေါင်း တိုက်တာ ရှိ သလို မွန်တို့ နဲ့ ပေါင်း တိုက်တာ လည်း ရှိတယ် ။ 


သက္ကရာဇ် ( ၉၅၄ ) ခုနှစ် မှာ တပ် ( ၂၉ ) တပ် ၊ တိုက်ဆင် ( ၁၅၀ဝ ) ၊ မြင်း ( ၂ဝ,ဝဝဝ ) ၊ စစ်သည်သူရဲ နှစ်သိန်းလေးသောင်း နဲ့ အိမ်ရှေ့ မဟာဥပရာဇာ အမှူး ပြုပြီး ငါးကြိမ်မြောက် ယိုးဒယား သို့ ချီလေတယ် ။ 


ယိုးဒယား ရောက် တဲ့ အခါ အိမ်ရှေ့မင်း မဟာဥပရာဇာ ဟာ ဆင် ရဲစုံ ကို စီးတယ် ။ လက်ယာ က ညီတော် သတိုးဓမ္မရာဇာ ကို အလုံးအရင်း နဲ့ နေစေတယ် ။ 


လက်ဝဲ က နတ်ရှင်နောင် ကို အလုံးအရင်း နဲ့ နေစေ တယ် ။ မုန်ပြည့် နေတဲ့ ဆင် ကို မျက်နှာ ပုဆိုး အုပ်ပြီး ဇာမရိုးစား က စီးကာ ၊ လက်ယာ မနီးမဝေး က နေစေ တယ် ။ ယိုးဒယားမင်း ဗြနရစ် လည်း ဗြလပုံ ဆို တဲ့ ဆင် ကို စီးပြီး အလုံးအရင်း များ နဲ့ မြို့ က ထွက် လာတယ် ။ ဗြနရစ် က မဟာဥပရာဇာ ကို မြင်တဲ့ အခါ ဆင် ကို အပြင်း လွှတ် လေတယ် ။ ဇာမရိုးစား က ဗြနရစ် ကို တိုက်မယ် ဆိုကာ သူ့ ဆင် မျက်နှာ ပေါ် က ပုဆိုး ကို ဖွင့် လိုက်တယ် ။ အဲဒီမှာ ဇာမရိုးစား ရဲ့ဆင် ဟာ ဗြနရစ် ဆင် ကို မဝှေ့ ဘဲ နောက် ပြန် ကာ မဟာဥပရာဇာ ရဲ့ ဆင် ကို ဝှေ့လေတယ် ။ မုန်ယို တဲ့ ဆင် ကို တိုက်ပွဲ ခေါ် လာတာ မှား တာပေါ့ ။ မုန်ယို နေ တော့ ရန်သူ မိတ်ဆွေ မကွဲ ဘဲ နီးရာ ဆင် ကို ဝှေ့ပြီး ရန်ရှာ တာပေါ့ ။ မဟာဥပရာဇာ ဟာ အပန်းတကြီး တိုက် ရတယ် ။ အဲဒီမှာ ဆင် က လည် သွားရာမှာ ယိုးဒယား က လွှတ် တဲ့ စိန်ပြောင်း ထိ ပြီး ဆင်ဦး ပေါ် တွင် ပင် ကံ ကုန်လေတယ် ။ ကုန်းလယ်စီး တုရင်ဗလ က မဟာဥရာဇာ ကို မပြီး ဆင် ကို ဆောက်ချုံ မှာ မှီပြီး နေ စေတယ် ။ 


ဗြနရစ် က မဟာဥပရာဇာ ဆုံးကြောင်း မသိလေဘူး ။ ဒါ့ကြောင့် လိုက် မတိုက်ဘဲ အမ်း နေစဉ် လက်ဝဲကြောင်း က နတ်သျှင်နောင် က ဥပေါသထ ဆင် ကို စီးပြီး ဗြနရစ် ကို တိုက်တာကြောင့် ယိုးဒယားမင်း ဗြနရစ် ဆုတ်ရ လေ တယ် ။ ဗြနရစ် ရွေ့တဲ့ အခါ သတိုးဓမ္မရာဇာ စတဲ့ တပ်မှူးစစ်ကဲ အပေါင်း ချွန်း ဖွင့် လိုက် တိုက်လေတယ် ။ ကျုံးနား အထိ ရောက်တယ် ။ ဗြနရစ် က အရင် ဆုတ်ခွာပြီး မြို့ က နေ ခံ တိုက်တယ် ။ ထုံးဘိုစား နဲ့ ဝင်ယော်စား စစ်ကျွံ တာ ကြောင့် ဗြနရစ် တို့ ဘက် က ရ သွားလေတယ် ။ ယိုးဒယား အမတ် ဩယား ပတ် နဲ့ ဩယားစက္ကိ ကို လည်း နတ်သျှင်နောင်တပ် က ရ လိုက်တယ် ။ 


မဟာဥပရာဇာ ဆုံးတဲ့ အခါ တစ်တိုင် ကျော် ခန့် ဆုတ်ခွာခဲ့ပြီး အလောင်းတော် ကို ပြန် ယူဖို့ သဘောညီ ကြတာ ကြောင့် ယိုးဒယား က နေ ပြန်တပ်ခေါက် ခဲ့ လေတယ် ။ နန္ဒဘုရင် မင်းတရားကြီး လည်း သားတော် ကျဆုံးတာ ကြောင့် ယူကျုံးမရ ဖြစ်ပြီး စကြဝတေးမင်း ကို သင်္ဂြိုဟ် သလို ကောင်းစွာ သင်္ဂြိုဟ် လေ တယ် ။ 


နောက်ပိုင်း မှာ မော်ပီသားတွေ က လည်း ပုန်ကန် ၊ ယိုးဒယားမင်း က လည်း မော်လမြိုင်စား နဲ့ ပေါင်းပြီး ချီ လာ ၊ ရခိုင်ဘုရင့် သား က လည်း သန်လျင် လာ တိုက် ၊ တောင်ငူဘုရင် က လည်း ဟံသာဝတီ ကို ချီ လာတယ် ။ ဟံသာဝတီမင်း က ရခိုင်မင်း ကို မဟာမိတ် ပြုထား ပေမယ့် ဗြနရစ် နောက် တစ်ကြိမ် ချီ အလာ ဟံသာဝတီမင်း တောင်ငူ ရောက် နေတဲ့ အချိန် ရခိုင်မင်း ဟာ ဟံသာဝတီ လာပြီး ကျောင်းကြီး ၊ အိမ်ကြီး တွေ ကို မီးတိုက် ၊ လူသူရဟန်းတွေ ကို သိမ်းယူ လေတယ် ။ 


အဲဒီလို စစ်ရေး ၊ နိုင်ငံရေး အရှုပ်အထွေး ကြား ထဲ မှာ ဟံသာဝတီဘုရင် နန္ဒ ( ငါးဆူဒါယကာ ) ကို နတ်ရှင်နောင် လုပ်ကြံ လေတယ် ။ ဟံသာဝတီ ဘုရင် ဟာ နန်းစည်းစိမ် ( ၁၇ ) နှစ် ၊ သက်တော် ( ၆၆ ) နှစ် မှာ ကံ ကုန်လေတယ် ။ 


အဲဒီ အခါ ဘုရင့်နောင် ( ဆင်ဖြူများရှင် ) စုစည်းခဲ့တဲ့ နိုင်ငံ အသီးသီး ပုန်ကန် ခြားနား ကြလေတယ် ။ 



❝ ငဇင်ကာ ( ခေါ်  ) ဒီဗရစ်တို နှင့် အနောက်ဖက်လွန်မင်း ❞


ကလေးတို့ ရေ ... 


မင်းတရားရွှေထီး နဲ့ ဘုရင့်နောင်ကျော်ထင်နော်ရထာ တို့ လက်ထက် ပေါ်တူဂီလူမျိုး တို့ အမှုထမ်း ကြကြောင်း ပြောခဲ့တယ် ။ ရခိုင်ဘုရင့် ထံ မှာ လည်း ပေါ်တူဂီ တွေ အမှုထမ်း ဖူးကြတယ် ။ အဲဒီ အခါတုန်း က အရှေ့ဘက် တိုင်းပြည်များ ကို ပေါ်တူဂီလူမျိုး အမြောက်အမြား လာရောက် ဘုန်းတန်ခိုး ဖြစ်တဲ့ အခါ ဖြစ် လေတယ် ။ ကိုချင်မြို့ ၊ မုတ္တမ ၊ မက္ကားမြို့ နဲ့ သီဟိုဠ်ကျွန်း တို့ မှာ ကုန်တိုက်တွေ ဖွင့် ထား ကြတယ် ။ 


ပေါ်တူဂီလူမျိုး ဗိုလ်မှူး ဒီဗရစ်တို ( ခေါ် ) ငဇင်ကာ ဟာ သက္ကရာဇ် ( ၉၆၅ ) ခု မှာ ရခိုင်ဘုရင် မင်းရာဇာကြီး ထံ မှာ အမှုထမ်း လေတယ်။ ရခိုင် ဘုရင် က တောင်ငူဘုရင် ထံ မှာ အခွင့် တောင်းပြီး ငဇင်ကာ ကို သူ့ ရဲ့ကိုယ်စားလှယ် အဖြစ် သန်လျင် မှာ အလုံးအရင်း နဲ့ ထား လေတယ် ။ 


ငဇင်ကာ ဟာ သန်လျင် မှာ ရှိတဲ့ ပေါ်တူဂီလူမျိုးတွေ နဲ့ ပေါင်းပြီး ခံတပ် နဲ့ အကောက်တိုက် ကို သိမ်းတယ်။ နောက် ရခိုင်သားတွေ ကို နှင်ထုတ် လိုက်တယ် ။ သန်လျင် ကို လည်း ငဇင်ကာ အုပ်ချုပ် လေတယ် ။ ငဇင်ကာ ဟာ သန်လျင် မှာ အစောင့် ထားပြီး ဂိုအာ ( Goa ) မြို့ ကို သွားကာ ပေါ်တူဂီ ဘုရင်ခံချုပ် ထံ မှာ အကူအညီ အထောက်အမ ကို တောင်းတဲ့ အခါ ဘုရင်ခံ က သူ့ တူမ နဲ့ ထိမ်းမြား ပေးကာ သန်လျင် မှာ ဗိုလ်မှူး ခန့် လေတယ် ။ 


သန်လျင် မှာ ငဇင်ကာ မရှိခိုက် ရခိုင်သား တို့ သန့်လျင် ကို လာ တိုက်တယ် ။ ပေါ်တူဂီ တပ်သားတွေ ခုခံ တိုက်ခိုက် လို့ ရခိုင်သားတို့ ဆုတ်ခွာ ရတယ် ။ ငဇင်ကာ သန်လျင် ပြန် ရောက်တဲ့ အခါ ရခိုင် နဲ့ တောင်ငူ ပေါင်းပြီး ကြည်းကြောင်း ၊ ရခိုင်ဘုရင့် သား ဥပရာဇာမင်းခမောင်း က ရေကြောင်း ချီ လေတယ် ။ ငဇင်ကာ ဆီး တိုက်တဲ့ အခါ ရခိုင်ရေကြောင်း ပျက် လေတယ် ။ မင်းခမောင်း ကို ငဇင်ကာ ဖမ်းမိတာ ကြောင့် လျော်ကြေး ပေး ကာ ရွေးယူ ရတယ် ။ တောင်ငူမင်း လည်း ငဇင်ကာ ကို သန်လျင် မှာ မင်းကြီး အဖြစ် အသိအမှတ် ပြု ရတယ် ။ ယိုးဒယား လက်အောက်ခံ မုတ္တမစား ဗညားဒလ ရဲ့သား နဲ့ ငဇင်ကာ ရဲ့သမီး ထိမ်းမြား ပေး ကာ မိတ်ဖွဲ့ ထား လေတယ် ။ ငဇင်ကာ သန်လျင် က နေ ဟံသာဝတီ တစ်လွှား ကို အုပ်ချုပ် လေတယ် ။ 


သန်လျင် နဲ့ မုတ္တမ ဟာ စည်ကားတဲ့ သင်္ဘောဆိပ်များ ဖြစ်တယ် ။ သံလျင် ကို ကုန်စည် အများအပြား ရောက်လို့ အကောက်အခွန် များစွာ ရ လေတယ် ။ ငဇင်ကာ မှာ တိုက်သင်္ဘောတွေ ရှိတာ ကြောင့် သန်လျင် မှ လွဲပြီး အခြား သင်္ဘော ဆိပ်တွေ ကို ကုန် မသွင်းရ အောင် ပိတ်ပင် ဖမ်းဆီးပြီး သန်လျင် ကို ပဲ သွင်း ရ တယ် ။ ဒါကြောင့် ငဇင်ကာ ဟာ ကြွယ်ဝချမ်းသာ လာတယ် ။ အထည်အလိပ် တွေ ကို ဈေး တိုးမြှင့် ရောင်း တာကြောင့် ဝယ်သူတွေ မကျေနပ်ကြဘူး ။ 


အရှေ့ဘက် တိုင်းပြည်တွေ ကို လာကြတဲ့ ပေါ်တူဂီတွေ ဟာ သူတို့ ချမ်းသာဖို့ နဲ့ အခြား ဘာသာဝင်တွေ ကို သူတို့ ဗရင်ဂျီဘာသာ သို့ သွတ်သွင်း ဖို့ သာ အရေး ထားကြတယ် ။ ငဇင်ကာ ဟာ ပိုပြီး ကြွယ်ဝ အောင် သန်လျင် ဝန်းကျင် ဘုရား စေတီတွေ ဖျက်ကာ ဌာပနာတွေ ကို ယူတယ် ။ ကြေးခေါင်းလောင်းတွေ ကို အမြောက် လုပ်ဖို့ ယူ လေတယ် ။ ဗရင်ဂျီဘာသာ ကို လည်း အတင်း သွင်း လေ တယ်။ ဒါ့ကြောင့် ပြည်သူတွေ ဟာ ငဇင်ကာ ကို မုန်းတီး နာကြည်း ကြတယ် ။ 


အင်းဝ မှာ ညောင်ရမ်းမင်းတရား လက်ထက် အထက် နိုင်ငံ တစ်လွှား နယ်ပယ် တို့ သစ္စာခံ လာ ကြတယ် ။ ညောင်ရမ်းမင်းတရား ရှမ်းပြည် ဘက် ချီတက် တိုက်ခိုက် သိမ်းယူ ဆဲ မကျန်းတာကြောင့် ကံကုန် လေတယ် ။ သက္ကရာဇ် ( ၉၆၇ ) ခုနှစ် မှာ ညောင်ရမ်း ရဲ့ သားအကြီး “ မဟာဓမ္မရာဇာ ” အမည် နဲ့ အင်းဝ မှာ နန်း တက်တယ် ။ ထို မင်း ဟာ ပဲခူးမြစ် အနောက် မှာ လွန်တာ ကြောင့် အနောက်ဘက်လွန်မင်း ဟာ ပြည်မြို့ကို တိုက်ခိုက် သိမ်းယူတယ် ။ 


( ၉၇၁ ) ခု မှာ တောင်ငူမင်း ကံ ကုန် တာ ကြောင့် သားတော်ကြီး နတ်သျှင်နောင် တောင်ငူဘုရင် ဖြစ် လေတယ် ။ ရာဇဓာတုကလျာ ကို မိဖုရား မြှောက် တယ် ။ ( ၉၇၂ ) ခု မှာ အနောက်ဖက်လွန်မင်း တောင်ငူ ကို တိုက်ခိုက် သိမ်းယူ လေတယ် ။ နတ်သျှင်နောင် ကို တောင်ငူစား ပြန် ခန့် ခဲ့တယ် ။ ( ၉၇၄ ) ခုနှစ် မှာ သန်လျင်စား ငဇင်ကာ နဲ့ မုတ္တမစား ပေါင်းပြီး ကြည်းကြောင်း ၊ ရေကြောင်း အလုံးအရင်း နဲ့ တောင်ငူ ကို ချီတက် တိုက်ခိုက် တာ ကြောင့် တောင်ငူ ကျ လေတယ် ။ တောင်ငူ ဘုရင် နတ်သျှင်နောင် ကို လည်း ကိုယ်လုပ်တော် နှစ်ယောက် ၊ အလုပ်အကျွေးစေ ( ၁၀ ) ယောက် ခန့် နဲ့ လှေ မှာ တင်ပြီး သံလျင် ကို ယူ လေတယ် ။ ငဇင်ကာ တို့ တောင်ငူ ဘုရင့်နန်းမြို့ကျောင်း နဲ့ အိမ်တွေ ကို မီးတိုက် သွားတယ် ။ နတ်သျှင်နောင် ညီ လည်း ငဇင်ကာ တို့ နဲ့ တိုက် ရာ မှာ ဆုံး လေတယ် ။ 


အနောက်ဘက်လွန်မင်းတရားကြီး တောင်ငူ သတင်း ကြားတဲ့ အခါ ရှမ်းပြည်အလုံး ၊ မြန်မာပြည်အလုံး မြို့စားပြစားတပ် အပေါင်းစား စုရုံး ပြီး သန်လျင် ကို ချီတက် တိုက်ခိုက် လေတယ် ။ မြို့ စီးပြစီး လက်နက် အင်အား ထူတာ ကြောင့် မြို့ ကို မတက် နိုင်လေဘူး ။ အပြင်က ပဲ ဝန်းရံ ထားပြီး နောက် ဥမင် တူး ကာ မြို့ တွင်း ဝင် ၊ အပြင် ပင်လယ်ပေါက်တွေ လည်း ပိတ်ဆို့ လုပ်ကြံ တော့ မှ သန်လျင် ကို ရ လေတယ် ။ သုံးလ လောက် လုပ်ကြံ ရ လေတယ် ။ ငဇင်ကာ ကို ရော နတ်သျှင်နောင် ကို လည်း အရှင် ဖမ်းမိ လေတယ် ။ ငဇင်ကာ ကို စစ်မေး ပြီး ဘုရားပုထိုး ကျောင်းကန် ဖျက်ဆီးသူ မိစ္ဆာဒိဋ္ဌိ ဖြစ်တာ ကြောင့် သန်လျင်မြို့လယ် မှာ တံကျင် လျှို ကာ သတ် လေတယ် ။ မြို့လူထု ကို လည်း ကြည့် စေတယ် ။ နတ်သျှင်နောင် ကို လည်း ကုလားဆီ ကျွန် ခံရမလား ဆိုကာ ကွက်မျက် လေ တယ် ။ သန်လျင် ကို သိမ်းပြီး မှ ဝင် လာတဲ့ သင်္ဘော ငါးစင်း ကို တိုက်ရာ တစ်စင်း လွတ် သွားပြီး လေးစင်း ရ လေတယ် ။ 



❝ အနောက်ဘက်လွန်မင်း နှင့် ရှင်တစ်ဆူ လူတစ်ယောက် ❞


ကလေးတို့ ရေ …


အနောက်ဘက်လွန်မင်း ပြည် နဲ့ တောင်ငူ ချီကြောင်း အမြွက်မျှ ပြောခဲ့ တယ် နော် ။ ပြည် ကို ချီတက် လုပ်ကြံရာ မှာ အလွယ်တကူ တော့ မဟုတ်လေဘူး ။ 


အနောက်ဘက်လွန်မင်း နန်းတက် တဲ့ အချိန် မှာ အထက် မြန်မာနိုင်ငံ နဲ့ ရှမ်းပြည် တစ်လွှား ဟာ လက်နက်နိုင်ငံ ဖြစ်နေကြပြီ ။ တောင်ငူ ၊ ပဲခူး စတဲ့ အောက်တစ်လွှား သာ လက်နက်နိုင်ငံ မဖြစ်သေးဘူး ။ ဒါ့ကြောင့် သက္ကရာဇ် ( ၉၇ဝ ) ပြည့် နှစ် မှာ အနောက်ဘက်လွန်မင်း ပြည် ကို ကြည်းကြောင်း ၊ ရေ ကြောင်း ချီ လေတယ် ။ ကြည်းကြောင်း ( ၇ ) တပ် မှာ တိုက်ဆင် ( ၄၀၀ ) ၊ မြင်း ( ၆၀၀၀ ) ၊ စစ်သည်သူရဲ ( ၇ ) သောင်း ပါလေတယ် ။ ရေကြောင်း မှာ လည်း ( ၇ ) တပ် ကတ္တူလွန်ကျင် စတဲ့ နက်လှေ ( ၄၀၀ ) ၊ လှော်ကားသံလှေ ( ၃ဝဝ ) ၊ ရိက္ခာတင်ကုန်လှေ ( ၂၀၀ ) ၊ စစ်သည်သူရဲ ( ၇ ) သောင်း ၊ မင်းကြီး ကတော့ ရွှေဖောင်တော် နဲ့ ကြီးကြပ် လိုက် လေတယ် ။ 


မြေထဲမြို့ ကို ရောက်တဲ့ အခါ မြေထဲမြို့ မှာ စစ်ခံ နေတဲ့ ပြည်လှေတပ် ကို ရွပ်ရွပ်ချွံချွံ တိုက်လေတယ် ။ လှေတပ် ပျက် လေတယ် ။ မြေထဲမြို့ ကို ကြည်း ကြောင်း က ဝန်းရံ ထားတယ် ။ ရွပ်ရွပ်ချွံချွံ တိုက်ကြ ရာ ခဏချင်း မြေထဲမြို့ ကျ လေတယ် ။ အဲဒီကမှ ပြည် ကို ဆက် ချီတက် တယ် ။ ပြည် က ချီလာတဲ့ ရှေ့ဖျား မြင်းတပ် နဲ့ ရင်ဆိုင် တိုးပြီး တိုက်ကြရာ ပြည်မြင်းတပ် ပျက် လေတယ် ။ 


မင်းကြီး ရဲ့ ရဲမက်တော်တို့ လိုက်လံ တိုက်ကြတယ် ။ မြို့ရင်း ကို ရောက်တဲ့ အခါ မြို့ ကို တက်လေတယ် ။ မြို့စီးပြစီးလည်း များကြောင်း သေနတ် ထူတာ ကြောင့် အရှအန များပြီး ဆုတ်ကာ မြို့ အပြင် က ပဲ ကြည်းရေ ဝန်းရံ နေ ရတယ် ။ 


ပြည်ဘုရင် က အင်းဝမင်း ချီလာ စ ကတည်း က ရခိုင်ဘုရင်ကို စစ်ကူ တောင်း ထားတယ် ။ မရောက်လာ သေးဘူး ။ ဒါ့ကြောင့် မြို့ ကို ခိုင်လုံ အောင် လုပ်ပြီး နေတယ် ။ အင်းဝမင်းကြီး က လည်း ရခိုင် ကို ပဏ္ဍာလက်ဆောင် အများ နဲ့ အရေးအရာ စေထား လေတယ် ။ 


အနောက်ဘက်မင်းကြီး ပြည် ကို ဝိုင်းရံ ထားတာ ရှစ်လ ခန့် ရှိပြီး ။ “ အမှုတော် ကို ကြိုးစား မထမ်း တာကြောင့် အရေး မပြီး ၊ မနက်ဖြန် ဆင် ကို ဆင် ချင်း ၊ မြင်း ကို မြင်း ချင်း တိုက် ၊ ခြေသည်တွေ လည်း တူရွင်းလှေကား နဲ့ မြို့ရိုး က တက် ၊ နောက်တွန့် သူ ကို ကွပ်မျက်တော်မူမယ် ” လို့ အမိန့် ချ တယ် ။ တပ်တိုင်း အမိန့်တော် ပြန်ပြီး မိုး လင်းတာ နဲ့ ရွပ်ရွပ်ချွံချွံ တိုက် ကြတယ် ။ အဲဒီအခါ ပြည်မြို့ မခံနိုင်ဘဲ ပျက် လေတယ် ။ 


ပြည်ဘုရင် ဟာ မြို့ ပျက် ပေမယ့် အညံ့ အခံ ။ ရာဇပလ္လင် တက် ပြီး နန်းမြို့ က ခံလေတယ် ။ ပြည်ဘုရင် ရဲ့ ရဲမက်အပေါင်း လည်း နန်းမြို့ တွင်း အင်းဝ စစ်သည်တွေ တရကြမ်း ဝင် မှ အား မတန်တာ နဲ့ လက်နက် ချ လေတယ် ။ အဲဒီ အခါမှာ စစ်သူကြီး ဘယဂါမဏိ ရဲ့ တူ အသက် ( ၁၃ ) နှစ် သာ ရှိသေးတဲ့ ငထင် ဆိုတဲ့ သူငယ် ဟာ “ သူ့ ကျေးဇူးသစ္စာ နဲ့ ဖြစ်ပေတယ် ။ အသက်ပင် သေသော်လည်း ငါ့ အရှင် ရာဇပလ္လင် တွင် သေပါစေတော့ ။ ငါ့ အရှင် ကို ငါ သေ မှ ထိပါးရမည် ” ဆိုကာ ဓား နှစ်လက် နဲ့ တက် လာတဲ့ ရဲမက်တွေ ကို ဆီးကာ တိုက် လေတယ် ။ ဦးရီးတော် ဘယဂါမဏိ မြင်တဲ့ အခါ “ ဟယ် ငထင် ၊ လူပျိုလူရွယ် ၊ မြို့ပျက်ပြီး ။ ပြည်အလုံး ကို သူ့ ရဲမက် ဖြစ် ပြီးမှ တစ်ယောက် တည်း သာ ခံ၍ တတ်နိုင်မည်လော ။ ဓားလက်နက် ချပြီး အညံ့ခံပေ တော့ ” လို့ ဟစ် ပြော မှ “ သူ့ ဆန် ကို စား သောကြောင့် ရဲ ရတော့သည် ” ဆိုကာ လက်နက် ကို ချ လေတယ် ။ 


ပြည်ဘုရင် က လည်း “ ရာဇပလ္လင် ထက် မှာ သေပေစေတော့ ၊ ငါ မဆင်း ပြီ ” လို့ စဉ်းစားပြီး နေတာ ကို ဝန်ရှင်တော် တို့ က အကြိမ်ကြိမ် ခေါ် လေတယ် ။ မရ ။ အဲဒီအခါ မြင်းသည်တော် တစ်ယောက် က “ ကျွန်တော် သာယာစွာ ပါအောင် ခေါ်ပါမည် ” လို့ လျှောက် ကာ ပြည်ဘုရင် ရာဇပလ္လင် အနီး သွား ကာ “ ဘုန်းတော်ကြီးသော အကြည်တော် မင်းကြီး က ကိုယ်တော် ကို ဖူးတွေ့တော်မူ လိုပါသည် ” လို့ လျှောက် မှ “ ဒါမှ ငါ မနေသာပြီ ” ဆိုကာ ကွမ်းရေကိုင် တစ်ကျိပ်ကျော် နဲ့ လိုက်လာလေတယ် ။ ဘဝရှင်မင်းတရားကြီး လည်း ပြည်မင်း နဲ့ မိဖုရား ကို အလုပ်အကျွေး ( ၁ဝဝ ) ခန့် နဲ့ အင်းဝ ကို ပို့ပြီး ကောင်းမွန်စွာ နေစေတယ် ။ 


အနောက်ဘက်လွန်မင်းကြီး ဟာ ပြည်မြို့တွင်း ၊ မြို့ပြင်ဘုရားပုထိုး ၊ တန်ဆောင်း ၊ ဇရပ် ဆောက်လုပ် ၊ အစောင့် အနေ ခန့်ပြီး ပြန်လေတယ် ။ ပုဂံ ရောက်တဲ့ အခါ ရွှေစည်းခုံဘုရား မှာ သံဃာတော် တို့ ကို ဆွမ်း လုပ်ကျွေး လေတယ် ။ မင်းကြီး အင်းဝ နေပြည်တော် ပြန် ရောက်တဲ့ အခါ “ ငါ ပြည်မြို့ ကို သွားတိုက် သိမ်းယူရာ မှာ ရှင် တစ်ဆူ ၊ လူ တစ်ယောက် သာ ရလေတယ် ” လို့ မိန့်တော် မူတယ် ။ ရှင် တစ်ဆူ မှာ တိပိဋကာလင်္ကာရ တောင်ဖီလာဆရာတော် ဖြစ်သည် ။ လူ တစ်ယောက် ကား ( ၁၃ ) နှစ်သား ငထင် ဖြစ်လေတယ် ။ 



❝ သာလွန်မင်း နှင့် မင်းရဲဒိဗ္ဗ ❞


ကလေးတို့ ရေ … 


အနောက်ဘက်လွန် မင်းတရားကြီး ပဲခူးချောင်းသစ် အနောက်ဘက် တဲ နန်း မှာ စံ နေတော် မူ ခိုက် သားတော် မင်းရဲဒိဗ္ဗ လုပ်ကြံ တာ နဲ့ သက္ကရာဇ် ( ၉၉၀ ) မှာ အနိစ္စ ရောက် လေတယ် ။ အမှူးအမတ် တို့ က လည်း ရှေ့ရေး မျှော် တွေး ပြီး မင်းရဲဒိဗ္ဗ ကို နန်း တင် ရ လေတယ် ။ အဲဒီ အချိန် မှာ မင်းတရားကြီး ရဲ့ ညီ သတိုးဓမ္မရာဇာ နဲ့ မင်းရဲကျော်စွာ တို့ ဟာ အရှေ့ ရှမ်းပြည် တို့ ကို လှည့်လည် တိုက်ခိုက် နေကြ ဆဲ ဖြစ်တယ် ။ နောက် မှ နောင်တော် မင်းတရားကြီး မရှိတော့ ကြောင်း ကြား တဲ့ အခါ အမြန် ပြန် လာ ပြီး အင်းဝ ကို တိုက်ခိုက် သိမ်းယူတယ် ။ အဲဒီအခါ မင်းရဲဒိဗ္ဗ ရခိုင် ကို ပြေးမယ် လို့ ကြံတာ ကို သိလို့ မှူးမတ် တို့ ဖမ်းပြီး သတိုးဓမ္မရာဇာ လက် ဆက် တာမို့ ရေ မှာ ဖျောက်ဖျက် တော် မူတယ် ။ 


သက္ကရာဇ် ( ၉၉၁ ) ခု မှာ ညောင်ရမ်းမင်းတရားကြီး သားတော်လတ် ၊ အနောက်ဘက် လွန်မင်းကြီး ရဲ့ ညီ သတိုးဓမ္မရာဇာ ဟာ သီရိသုဓမ္မရာဇာ အမည် နဲ့ နန်း တက်လေတယ် ။ နောက် ဟံသာဝတီ ကို ချီတော် မူပြီး လေးနှစ် တိုင်တိုင် ဘိသိက် မခံသေးဘဲ ဇင်းမယ် ၊ မိုင်းခွန် စတဲ့ လက်နက်နိုင်ငံတော် တို့ ကို နေသားတကျ ရှိအောင် စီမံတော် မူတယ် ။ ( ၉၉၅ ) ခု မှာ မှ ဘိသိက် ခံတော် မူတယ် ။ သာလွန်မင်းတရားကြီး လို့ အများ သိကြ လေတယ် ။ 


ဘိသိက် ခံပြီး နောက် နှစ် မှာ မော်လမြိုင်သား မွန် တို့ ပုန်ကန် ကြတယ် ။ နန်းတော် ထိ ဝင်လာ ကြတယ် ။ ကောင်းဟန်တပ်သား တို့ တိုက်တာ ကြောင့် မွန်တို့ ဆုတ် သွား လေတယ် ။ မော်လမြိုင် ထိ ဆုတ်ကာ တပ်ခိုင်တပ်လုံ နေ ပြန် တာကြောင့် သာလွန်မင်းကြီး ရဲ့ ရဲမက်တော် တို့ လိုက် တိုက် မှ သူပုန် တို့ ပျက် လေတယ် ။ သူပုန် အကြီးအကဲ တို့ ကို လည်း အပြစ် အလျောက် စီရင် လေ တယ် ။ တချို့လည်း ယိုးဒယား ၊ ရခိုင် ဘက် ပြေးကြ လေတယ် ။ အဲဒီ နှစ် မှာ ပဲ မင်းတရားကြီး ဟာ အင်းဝ ကို ပြောင်းပြီး စံ လေတယ် ။ ဘိသိက် လည်း အသစ် ခံတော် မူတယ် ။ 


သာလွန်မင်းတရားကြီး အင်းဝ ပြန် ရောက် တဲ့ အခါ တိုက်ပွဲ မှာ ဖမ်းရမိ တဲ့ သုံ့ပန်းလူ တို့ ကို ကျောက်ဆည် နယ် မှာ နေရာ ချ ပြီး ဆည်မြောင်းတို့ ကို စောင့်ကြည့် ရ စေတယ် ။ စစ်မက်အရေး ရှိ ရင်လည်း လက်နက်ကိုင် အဖြစ် အမှုထမ်း စေတယ် ။ သာလွန်မင်း လက်ထက် ရခိုင် နဲ့ လည်း မဟာမိတ် ဖြစ်ကာ သံတမန် စေလွှတ် ကြတယ် ။ 


သက္ကရာဇ် ( ၁ဝဝ၉ ) ခုနှစ် မှာ သားတော် အမြင့်မြို့စား ရှင်တရုတ် ပုန်ကန် တာ ကြောင့် နန်းတော် က ထွက်ပြီး လေးထပ်ကျောင်း မှာ တစ်လ ခန့် စံ နေတော် မူတယ် ။ ရဟန်းတော်များ တုတ် ၊ တောင်ဝှေး ကိုင် စောင့်ရှောက် ရလေ တယ် ။ နောက် အမြင့်မြို့စား တိုက်ပွဲ မှာ ကျ တာ ကြောင့် နန်းတော် ပြန် ဝင် လေ တယ် ။ 


အဲဒီ နှစ် မှာ ပဲ ကသည်းစော်ဘွား သောင်သွပ် ထိပါး တိုက်ခိုက် လာတယ် ။ ရဲမက်တော် တို့ ချီတက် တိုက်ခိုက် တာ ကြောင့် အတိုက် မခံဘဲ ဆုတ်ပြေး လေ တယ် ။ ထို မင်း လက်တက် မင်းဘူး စက်တော်ရာ နှစ်ဆူ တောချုံ ဖုံးအုပ် နေတာ ကို တောင်ဖီလာဆရာတော် ရှာဖွေ တွေ့ရှိ လေတယ် ။ ဆရာတော် ဟာ “ ဝေဿန္တရာပျို့” ကို ရေးသား တော် မူတယ် ။ သာလွန်မင်း လက်ထက် ရှင်ကရဝိက ၊ ရှင်ကုမာရကဿပ ၊ ရှင်သံခို စတဲ့ စာဆို ပုဂ္ဂိုလ် တို့ ထွန်းကား ကြတယ် ။ တောင်ဖီလာဆရာတော် နဲ့ တရားသူကြီး ကိုင်းရွာစား မနုရာဇာ တို့ “ မနုဿရ ရွှေမျဉ်း ဓမ္မသတ်ကျမ်း ” ကို စီရင် လေတယ် ။ သာလွန်မင်း လက်ထက် အားထား ယုံကြည် ရတဲ့ အမတ် သုံးယောက် ရှိလေတယ် ။ ဗညားကျန်းတော ၊ ဘယဂါမဏိ နဲ့ နန္ဒရော်ဓာ တို့ ဖြစ်တယ် ။ 


သက္ကရာဇ် ( ၁ဝ၁ဝ ) ခု မှာ စစ်ကိုင်း “ ကောင်းမှုတော် စူဠာမဏိ ” စေတီကြီး ကို တည်တော် မူတယ် ။ ထီးတော် မတင်ရ မီ မင်းတရားကြီး နတ်ရွာ စံတော် မူတယ် ။ ဤ မင်း လက်ထက် တိုင်းပြည် ကောင်းမှု သာလွန် တာ ကြောင့် “ သာလွန်မင်းတရား ” လို့ တွင် လေတယ် ။ 



❝ သာလွန်မင်း က ဆင်းရဲသူ နှင့် သမီးတော် ကို ဆုံးမခြင်း ❞


ကလေးတို့ ရေ ...


သာလွန်မင်းတရားကြီး ဟာ စည်းကမ်း ရှိပြီး ချွေတာ တတ်တယ် ။ တစ်ခါ တုန်း က စစ်ကိုင်း ဘက် ကို ဆင်စီး ထွက်တော် မူတယ် ။ သူဆင်းရဲမ တစ်ယောက် ဟာ ထမင်းရည် ငှဲ့ နေတယ် ။ ထမင်းရည်တွေ လမ်း ပေါ်  စီးလာ လေ တယ် ။ သာလွန်မင်းတရားကြီး တွေ့တဲ့ အခါ သူဆင်းရဲမ ကို ခေါ်ပြီး “ သည် ထမင်းရေ ကို ဆား ခတ်ပြီး ထမင်း မကျက်ခင် အဆာပြေ သားသမီးတွေ ကို ဖြစ်ဖြစ် ၊ အိမ်မွေး ထားတဲ့ ခွေး ၊ ဝက်တွေ ကို ဖြစ်ဖြစ် ကျွေးမွေး နိုင်တယ် ဆို တာ သင် မသိ သလော ။ သင် ဟာ အစဉ်းစား မရှိ ၊ အနှမြော မရှိ ၊ အလဟဿ လုပ်ပစ်ရသလား ” ဆိုကာ ကိုယ်တိုင် ဒဏ် ( ၁၀ ) ချက် ရိုက်ပြီး မှ ငွေ ( ၃ဝ ) သနားတော် မူခဲ့ လေတယ် ။ 


တစ်ခါ မှာ လည်း သာလွန်မင်း ရဲ့ သမီးတော် ဟာ ခါသာပိတ် အင်္ကျီ ကို ဝတ် ပြီး ညစ်ပေတဲ့ တိုင် ကို မှီပြီး ထိုင် နေတာ ကို မြင်တဲ့ အခါ မင်းကြီး က “ နင် ဟာ ကောင်မှန်း ဆိုးမှန်း မသိ ၊ အဝတ်အစား ကို ရိုသေခြင်း မရှိ ။ အဲဒီ အင်္ကျီ ဟာ ဆင်းရဲသားတွေ ဆီ က ရ တဲ့ အခွန်တော် နဲ့ ဝယ် ရတယ် ။ နင်တို့ က အဆင်သင့် ထိုင်ဖြုန်း နေရင် တော်ရော့ လား ” လို့ ပရိသတ် အလယ် မှာ ဆုံးမပြီး သမီးတော် ကို သုံးရက် စကား မပြောဘဲ နေသတဲ့ ။ 



❝ ဗညားကျန်းတော နှင့် ဆင်းရဲသား တစ်ယောက် ❞


ကလေးတို့ ရေ … 


သာလွန်မင်းတရားကြီး ရဲ့ အမတ်ကြီး တစ်ဦး ဖြစ်တဲ့ ဗညားကျန်းတော ဟာ အရည်အချင်း ပြည့် သူ တစ်ဦး ဖြစ်တယ် ။ သူ့ အတွေ့အကြုံ တွေ ဟာ လည်း စိတ်ဝင်စား ဖို့ ကောင်းတယ် ။ 


တစ်ခါတော့ ဗညားကျန်းတော ဟာ စစ်ကိုင်း ဘက် မန်ကျည်းတော ကို ရောက်ခဲ့ သတဲ့ ။ မန်ကျည်းရွက် နု ချိန် ဖြစ်တာ မို့ ဆင်းရဲသား တို့ ဟာ အပင် ပေါ် တက် ပြီး မန်ကျည်းရွက် ခူး နေကြ သတဲ့ ။ အဲဒီ အခါ ဗညားကျန်းတော က “ ဤ လူစု ထဲ မှာ ရဲရင့်သူ ပါ နိုင်တယ် ။ ငါ စုံစမ်းလေမှပဲ ” လို့ စဉ်းစားပြီး “ အပင် ပေါ် က လူတွေ ကို ရိုက်နှက်ချ ” လို့ သူ့ ရဲမက် ကိုယ်ရံတော် တွေ ကို အမိန့် ပေး လေ သတဲ့ ။ 


အဲဒီလို အမိန့် ပေးသံ ကြားတဲ့ အခါ အပင် ပေါ် က တချို့ ဆင်းပြေး ကြ လေ သတဲ့ ။ တချို့ ကျန် နေရာ “ လှံ နဲ့ ထိုး ၊ သေနတ် နဲ့ ပစ် ” လို့ အမိန့် ပေး ပြန် တော့ အပင် ပေါ် က အားလုံး ဆင်း ပြေး ကြ သတဲ့ ။ ဒါပေမဲ့ ဆင်း မပြေးတဲ့ တစ်ယောက် ကျန်နေ သတဲ့ ။ အဲဒီ ကျန်နေ သူ က “ ဤ ဝန်ကြီး ဟာ ငါတို့ ဆင်းရဲ သားတွေ ကို မတရား လုပ် တာပဲ ။ မတရားသူ ရဲ့စကား ကို ငါ နားမထောင် ၊ သ,တ်ရင်သေစေ ” လို့ စဉ်းစားပြီး မဆင်းဘဲ ရဲဝံ့စွာ နေ သတဲ့ ။ 


အဲဒီ အခါ ဝန်ကြီး ဗညားကျန်းတော က  “ အသင် ဆင်းရဲသား ... ။ ဘာ့ ကြောင့် မဆင်းသလဲ ။ အသက် သေ မှာ မကြောက်သလော ” လို့ မေးတဲ့ အခါ “ အရှင် ဝန်ကြီးမင်း ကို ဘုရင် က ခန့်ထားသည် မှာ တိုင်းရေးပြည်ရာ အတွက် ကြည့်ရှု ကာ ခိုးသားဓားပြများ ကို စီရင် ရန် ဖြစ်တယ် ။ မန်ကျည်းရွက် ခူးစား နေ ရတဲ့ ဆင်းရဲသားတွေ ကို အာဏာ ပြ ဖို့ မဟုတ် ။ အခု ဝန်ကြီး ပြုလုပ်ပုံ ဟာ ဝတ္တရား နဲ့ မညီ ၊ တရားသည် မထင်ပါ ။ ဒါ့ကြောင့် နားမထောင်ဘဲ အသက် အသေခံတော့မယ် လို့ ကျွန်ုပ် ဆင်း မပြေးဘဲ နေခြင်း ဖြစ်တယ် ” လို့ ပြန် လျှောက် လေတယ် ။ ဝန်ကြီး ဗညားကျန်းတော လည်း ပြုံးရယ် လျက် ငါသည် သင်တို့ ရဲ့ အရည်အချင်း သတ္တိ ကို စုံစမ်းခြင်း သာ ဖြစ်တယ် ။ သင် ကဲ့သို့ အရည်အချင်း သတ္တိ နဲ့ ပြည့်စုံသူ သည် အချည်းနှီး မဖြစ်တန်စကောင်း ” လို့ ပြောပြီး ဆုလာဘ် ၊ အဝတ်အစား ပေးကာ ချီးမြှောက် လေ သတဲ့ ။ 



❝ ဗညားကျန်းတော နှင့် ဆီသည်မ ❞


ကလေးတို့ ရေ .. 


တစ်ခါ မှာ တော့ သာလွန်မင်းတရားကြီး ဟာ အလွန် ကြမ်းတမ်းခက်ထန် တဲ့ ဆင် ကို စီး ပြီး ထွက်ရာ ဗညားကျန်းတော အား ဆင် ကို မောင်းနှင် စေ သတဲ့ ။ ကျောက်အုတ် ၊ ခလုတ် ကြမ်းတမ်း တဲ့ လမ်း မှာ မောင်းနှင် ပြီး လာလို့ အတန် ကြာတဲ့ အခါ ဆင် ချွန်းချက် ကို ဗညားကျန်းတော သိရှိတာ ကြောင့် ဆင် ကို အပြင်း အားသွန် ပြီး မောင်းနှင် သတဲ့ ။ အဲဒီအခါ လမ်း နံဘေး မှာ ဈေးတောင်း နဲ့ ဆီ ရောင်း နေတဲ့ ဆီသည်မ ကို ထိခိုက်မယ့် ဆဲဆဲ အမြန် ဆင် ကို ချွန်းသပ် ၊ ရပ်တံ့ ပြီး မှ “ ကံကောင်းလို့ ဟဲ့ ... ၊ ငါ့ ချွန်းချက် ပိုင်လို့သာ နင့် ကို မနင်းမိတယ် ” လို့ ဗညားကျန်းတော က ဆို လိုက်တယ် ။ ထက်မြက် ဖျတ်လတ် တဲ့ ဆီသည်မ က “ အိုလေ ... ကျွမ်းရာ ကျင်လည်ကြတာပါပဲ ” ပြန် ဆိုလေ သတဲ့ ။ 


ဗညားကျန်းတော ကြားတဲ့ အခါ ထို မိန်းမ ကို မှတ်သား ထား ကာ အရေးကိစ္စ ပြီးတာ နဲ့ ဆီသည်မ ထံ တစ်ဖန် ပြန်သွား လေသတဲ့ ။ “ လေ့ကျွမ်းရာ ကျင်လည်တယ် ဆိုတာ ဘယ်လိုလဲ ” လို့ မေး သတဲ့ ။ ဆီသည်မ လည်း ရဲဝံ့ စွာ နဲ့ ဗညားကျန်းတော အား ဆီဘူးပေါက်ကျဉ်း တစ်ခု အတွင်း အခြား ဆီမှုတ် က ဆီ ကို လောင်းထည့် စေ သတဲ့ ။ အဲဒီအခါ အဖိတ်ဖိတ် အစဉ်စဉ် ရှိ တာပေါ့ ။ ဒီတော့မှ ဆီသည်မ က “ အရှင် ကြည့်ပါ ” ဆိုပြီး ဆီမှုတ် ကို ပင့်မြှောက် ကာ ဆီဘူး ထဲ ကို ကောင်းစွာ လောင်းထည့် ပြလိုက် သတဲ့ ။ လုံးဝ ဘေး ကို မဖိတ် မစဉ် ဘူးတဲ့ ။ သည်တော့ မှ ဗညားကျန်းတော ဟာ ကျေငြိမ်း ကာ ပြန်သွား သတဲ့ ။



❝ ဗညားကျန်းတော နှင့် တံခါးမှူး နှစ်ဦး ❞


ကလေးတို့ ရေ ...


တစ်နေ့ မှာ တော့ ဗညားကျန်းတော ဟာ နောက်လိုက် နောက်ပါတွေ နဲ့ အတူ အင်းဝ က နေ စစ်ကိုင်း ဘက် ကို ကူးခဲ့သတဲ့ ။ အရေးတကြီး ကိစ္စ တစ်ခု ဆောင်ရွက်ဖို့ ဖြစ်တယ် ။ 


အင်းဝ နဲ့ စစ်ကိုင်း ဟာ သိပ် မဝေးလှပါဘူး ။ ဧရာဝတီမြစ် ဟိုဘက်ကမ်း နဲ့ သည်ဘက်ကမ်း ဖြစ်တယ် ။ လုပ်ဆောင်ရမယ့် ကိစ္စ လည်း အချိန်တို အတွင်း ပြီးမယ် လို့ မှန်းထား သတဲ့ ။ ဒါ့ကြောင့် အင်းဝ ကို နေ မဝင်ခင် ပြန် ရောက်မယ် လို့ တွက် ထားတာပေါ့ ။ ဒါပေမဲ့ အလုပ်ကိစ္စ က မျှော်မှန်းသလို ဖြစ် မလာခဲ့ ဘူး ။ အချိန် ကြာ သွားတာကြောင့် အင်းဝ ကို ဉာဉ့်နက် သန်းခေါင် ကျော် မှ ပြန် ရောက် လေ သတဲ့ ။ 


ဗညားကျန်းတော ဟာ နန်းမြို့ ထဲ မှာ ရှိတဲ့ သူ့ အိမ် ကို ပြန်ဖို့ “ မာန်အောင် ” တံခါးဘက် ဆီ ကို ရှေ့ရှု လာခဲ့တယ် ။ မာန်အောင်တံခါးမှူး လည်း မိမိ တံခါးဘက် ကို လျှောက် လာ နေတဲ့ လူတစ်စု ကို ခပ်လှမ်းလှမ်း က ပဲ မပီ ဝိုးတဝါး မြင်နေရလေတယ် ။ “ အချိန် မတော်ကြီး မှာ ဘယ်သူတွေ ဘာအကြံ နဲ့ လာလေသလဲ ” လို့ စဉ်းစားကာ သတိ နဲ့ နေပြီး စောင့်ကြည့်အကဲ ခတ် နေ သတဲ့ ။ အဲဒီအခိုက် မှာ ပဲ အဲဒီ လူစု ဟာ ခပ်လှမ်းလှမ်း ရောက်ပြီး ရပ်တန့် သွားတယ် ။ အဲဒီ ထဲ က လူ တစ်ယောက် တံခါး ဆီ လာ နေတာ ကို တံခါးမှူး တွေ့ ရတယ် ။ 


“ ဟေ့ .… တံခါးမှူး ” 


ထို လူ က အသံ ခပ်မာမာနဲ့ ခေါ်လိုက်တယ် ။ တံခါးမှူး လည်း ပြန် မထူးဘဲ အကဲခတ် ကြည့်နေတယ် ။ 


“ ဟေ့ ... တံခါးမှူး ၊ ခေါ် နေတာ မကြားဘူးလား ” 


“ ကြားတယ် ၊ ဘယ်သူလဲ ၊ ဘာကိစ္စလဲ ” 


“ မေးမနေနဲ့ ၊ တံခါး မြန်မြန်ဖွင့် ၊ ဝန်ကြီး လာ နေတယ် ”


“ ဘယ်က ဝန်ကြီး လဲ ။ ဘာအတွက် တံခါး ဖွင့် ပေး ရမှာလဲ ” 


“ ဟကောင် ၊ ဘယ်သူ ရမလဲ ၊ ဝန်ကြီးဗညားကျန်းတော ကွ ။ စစ်ကိုင်း က ပြန်လာတာ ၊ ခုချက်ချင်း တံခါး ဖွင့် ” 


တံခါးမှူး ဟာ ခဏ စဉ်းစားပြီး ပြတ်ပြတ်သားသား ပဲ အော်ပြော လိုက် တယ် ။ 


“ ဖွင့်မပေးဘူး ဟေ့ ။ ခုလို သန်းခေါင်ဝန်ကြီး မျိုး ငါ မတွေ့ဖူးဘူး ။ ဒီ အချိန် မျိုး မှာ မြို့ထဲ ဝင် ချင်ရင် မြို့ဝန် ဆီ က ခွင့်ပြုချက် ပါ မှ ဖွင့်ပေး နိုင်မယ် ” 


အဲဒီအခါ ဗညားကျန်းတော ဟာ ကိုယ်တိုင် လာပြီး အမိန့် ပေး လေတယ် ။ 


“ ဟေ့ … တံခါးမှူး ရဲ့ ၊ ငါ ပါ ကွ ။ ဝန်ကြီး တစ်ယောက် လုံး က တံခါး ဖွင့် ခိုင်းတာ မြန်မြန် ဖွင့်စမ်းပါ ” 


“ ငါ ပါ ကွ ဆိုတိုင်း ယုံကြည်လို့ မရဘူး ။ တံခါး လည်း ဖွင့် မပေးနိုင်ဘူး ” 


အဲဒီအခါ ဗညားကျန်းတော လည်း “ ဒီ တံခါးမှူး နဲ့ ဆက် ပြော နေ လည်း အကြောင်း ထူးမှာမဟုတ် ” လို့ စဉ်းစားကာ “ အောင်ထွန်း ” တံခါး ဆီထွက် လာ ခဲ့ကြလေတယ် ။ အောင်ထွန်းတံခါး ရောက်တဲ့ အခါ 


“ ဟေ့ .. တံခါးမှူး ၊ ဝန်ကြီးဗညားကျန်းတော စစ်ကိုင်း က ပြန် လာ တယ် ။ တံခါး ဖွင့်စမ်း ။ မြန်မြန် ” 


လို့ အမိန့် ပေးတာနဲ့ အောင်ထွန်း တံခါးမှူး က ဘာမှ ပြန် မပြောဘဲ မြို့တံခါး ကို အလျင်စလို ဖွင့်ပေး လိုက် သတဲ့ ။ 


တံခါးမှူး နှစ်ယောက် ရဲ့ သတင်း ဟာ နောက် နေ့ မှာ အတော်လေး ပြန့် သွား သတဲ့ ။ ဝန်ကြီးဗညားကျန်းတော ဟာ အုပ်ချုပ်ရေး နဲ့ စစ်မက်ရေး မှာ ကျွမ်းကျင်သူ ဖြစ်တယ် ။ ရဲရင့်ဖြောင့်မတ်သူ လည်း ဖြစ်တယ် ။ သာလွန်မင်းတရား အားထား ယုံကြည်ရသူ လည်း ဖြစ်တယ် ။ အင်းဝ မှာ လည်း ဩဇာ ကြီး သူ ဖြစ်တယ် ။ ဒါ့ကြောင့် ဝန်ကြီး ကို မချေမငံ ဆက်ဆံလိုက်တဲ့ မာန်အောင် တံခါးမှူး က တော့ အပြစ် ပေး ခံရတော့ မယ် လို့ ထင်ကြေး ပေး နေကြလေတယ် ။ 


အောင်ထွန်းတံခါးမှူး ကို တော့ ဝန်ကြီး အမိန့် ကောင်းစွာ နာခံသူ မို့ ဆုလာဘ် ရပေ လိမ့်မယ် လို့ ယူဆကြ သတဲ့ ။ 


အဲဒီ မနက် မှာ ပဲ တံခါးမှူး နှစ်ဦး စလုံး ကို ဗညားကျန်းတော က ဆင့်ခေါ် လိုက်တယ် ။ လူ အများ က လည်း စိတ်ဝင်စား လို့ သတင်း နားစွင့် နေ ကြတယ် ။ 


ဝန်ကြီး ဟာ မာန်အောင်တံခါးမှူး ကို အရင် မေးလေတယ် ။ 


“ မောင်မင်း ၊ ည တုန်းက ငါ ကိုယ်တိုင် တံခါး ဖွင့် ခိုင်းတာ ဘာကြောင့် မဖွင့်သလဲ ”


“ ကျွန်တော် အာဏာ မဖီဆန်ဝံ့ပါ ။ ဝန်မင်း ထွက်ခွာ သွားစဉ်က ဘယ် အချိန် ပြန်လာမယ် လို့ အမှာအထား မရှိ ။ ညဘက် မှ ပြန် ရောက်မယ် လို့ လူလွှတ် အမှာ ထား လည်း မရှိ ။ ဒါ့ပြင် အခြား သူပုန်သူကန် တို့ က ဝန်မင်း ယောင် ဆောင်ပြီး ဝန်မင်း လို ပဲ အမိန့် ပေးကာ တံခါး ဖွင့်ခိုင်း ရင် အခက် တွေ့ ပါလိမ့်မယ် ။ ဒါ့ကြောင့် တံခါး ဖွင့် မပေးရခြင်းပါ ” 


လို့ တည်ကြည်စွာ လျှောက် လေတယ် ။ 


“ အေး ... ၊ မောင်မင်း ပြော တာတွေ ငါ ည ကတည်း က စဉ်းစား မိတယ် ။ မောင်မင်း တာဝန် ကျေပွန်ပါပေတယ် ” 


လို့ ချီးမွမ်းပြီး ဆုလာဘ် များစွာ ပေးလေ သတဲ့ ။ 


နောက် ဝန်ကြီး ဟာ အောင်ထွန်း တံခါးမှူး ကို ပြော ပြန်တယ် ။ 


“ မောင်းမင်း က တော့ အင်မတန် တာဝန် ပေါ့လျော့တယ် ။ မိမိ လုပ် ဆောင်မှုကြောင့် ဘာတွေ ဖြစ်လာနိုင်တယ် မစဉ်းစားဘူး ။ သည် တစ်ကြိမ် ခွင့်လွှတ်မယ် ။ နောက် တစ်ကြိမ် ဆိုရင် ကြီးလေးတဲ့ အပြစ် ပေးမယ် ” 


လို့ ကြိမ်းမောင်း ခံရလေတယ် ။ 



         ◾ ဒုတိယ မြန်မာနိုင်ငံကြီး ပျက်စီးခြင်း



❝ ပင်းတလဲ ယိုယွင်း ၊ ပြည်မင်း အဖတ်ဆည် ❞


ကလေးတို့ ရေ ...


သာလွန်မင်းတရား အနိစ္စ ရောက်တဲ့ အခါ သက္ကရာဇ် ( ၁၀၁၀ ) ခုနှစ် မှာ သားတော် ပင်းတလဲမင်း နန်း တက် လေတယ် ။ ထို မင်း လက်ထက် မှာ တရုတ် ရုံလှီ ဥတည်ဘွား တို့ ကို မန်ချူး တို့ တိုက် တာကြောင့် စစ် ရှုံး ပြီး မြန်မာနိုင်ငံ တွင်း ဝင် လာတယ် ။ စစ်ကိုင်း မှာ တပ်ချ နေတယ် ။ နောက် တရုတ်တပ် တွေ ဟာ မိုးနဲ ၊ ညောင်ရွှေ စတဲ့ နယ်တွေ ကို ထိပါး လေတယ် ။ မြန်မာရဲမက် တို့ တိုက်ခိုက် ပေမယ့် အားမတန် လို့ ဆုတ် ရလေတယ် ။ တရုတ် တို့ အင်းဝ အနီး ထိ ပေါက်ရောက် ပြီး ကျောင်းကန်တို့ ကို ဖျက်ဆီး လေတယ် ။ 


ပင်းတလဲမင်း လက်ထက် မှာ မင်း အရည်အချင်း ညံ့တာ ကြောင့် ရဟန်း ရှင်လူ ပြည်သူများ များစွာ ဒုက္ခ ရောက်ရတယ် ။ မှူးမတ် တို့ တိုင်ပင် ပြီး ညီတော် ပြည်မင်း ကို လျှောက်တာ ကြောင့် ပင်းတလဲမင်း ကို လုပ်ကြံ ပြီး ပြည်မင်း နန်း တက် လေတယ် ။ ( ၁ဝ၂၃ ) ခု ပြည်မင်း နန်း တက် တဲ့ အခါ ဆရာတော် ကြီးများ ပင့်ကာ ဆွမ်း လုပ်ကျွေး လေတယ် ။ 


ပြည်မင်း နန်း တက်ပြီး တရုတ် တို့ ရန် ကို ဦးစွာ ရှင်း ရတယ် ။ မြန်မာ ရဲမက် တို့ တိုက်ထုတ် လို့ တရုတ်တပ် တို့ ဆုတ်ခွာ ပြေးရ လေတယ် ။ စစ်ကိုင်း မှာ ထားတဲ့ ရုံလှီ ဦးတည်ဘွား ကျွန် တို့ ကို သစ္စာ ပေးမယ် လို့ ထူပါရုံဘုရား ကို ခေါ် လေတယ် ။ အဲဒီအခါ မိုးဆည်စား ဟာ သူ့ ကို သ,တ်ဖို့ ခေါ်တယ် ထင်ပြီး နီးရာ ရဲမက်ဆီ ကဓား ကို လု ပြီး ခုတ် တာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ပြီး မြန်မာ ရဲမက်တို့ ဝိုင်း ပစ်ခတ်ကြ လို့ တရုတ်တို့ အများပင် ကျဆုံးကြ လေတယ် ။ 


အဲဒီ နှစ် မှာ ပဲ မန်ချူး ( တရုတ် ) တို့ အလုံးအရင်း နဲ့ ချီ လာပြီး ရုံလှီ ဥတည်ဘွား ကို တောင်း တာ ကြောင့် ရှေးထုံးစံ ထောက်ပြီး သားမြေး နဲ့ တကွ ထုတ်ပေး လိုက်တယ် ။ မန်ချူး တို့ ဟာ ရုံလှီစော်ဘွား ကို ဆောင်ယူ ပြီး ယူနန် ဖူးစျေး ရောက်တဲ့ အခါ လည်ပင်း ကြိုး နဲ့ ချီပြီး သတ်လေတယ် ။ 


( ၁၀၂၄ ) ခုနှစ် မှာ ဇင်းမယ် ကို ယိုးဒယား က တိုက်ခိုက် သိမ်းယူ တယ် ။ မြန်မာရဲမက်တွေ ချီတက် တဲ့ အခါ ယိုးဒယား တို့ သိမ်းပြီး တာ ကြောင့် ပြန် ဆုတ် ခဲ့ရတယ် ။ 


သက္ကရာဇ် ( ၁၀၂၄ ) မှာ မုတ္တမ ၊ မော်လမြိုင် ၊ ထားဝယ်မြို့ တို့ ကို ယိုးဒယား က အလုံးအရင်း နဲ့ ချီ လာပြီး တိုက်ခိုက် လေတယ် ။ မုတ္တမမြို့ ကို ဘယသင်္ကြန် ကို ကြည်းကြောင်း ၊ ရေကြောင်း ချီ ဖို့ ပြည်မင်း စီစဉ် လွှတ်လေ တယ် ။ ဇင်းမယ် မှာ လည်း ယိုးဒယား တို့ ချီ လာပြီ လျှောက် လာ တာ ကြောင့် သက်တော်ရှည်အမတ် ကို အလုံးအရင်း အများ နဲ့ ဘယသင်္ကြန် တို့ နဲ့ တစ်နေ့ တည်း ချီ ရ လေတယ် ။ ဇင်းမယ် ပျက် နှင့် တာ ကြောင့် မြို့တွင်း မဝင်နိုင် ဆုတ် ရ လေတယ် ။ သက္ကရာဇ် ( ၁ဝ၂၅ ) ခုနှစ် မှာ မုတ္တမ ချီလာ ပြန် တဲ့ ယိုးဒယား မင်းသား ဗညားဝင်း အလုံးအရင်း နဲ့ ချီ လာ တာ ကို တပ်ဖျားသား ဗြဲသရိုက် ၊ ရဲဘော်ဘယ ၊ အင်းယဉ်တုရင် တို့ အရင် ချီပြီး တိုက်တာ ကြောင့် ယိုးဒယား တပ်ဦး မွန်တပ် ပျက် လေတယ် ။ နောက် ဗညားဝင်း ချီ လာ တာ ကို ဆက် တိုက် ပြန်တယ် ။ ဗညားဝင်း ဆင်ဦး မှာ တင် ဆုံး လေတယ် ။ ဆင် ကို လည်း ရွှေက နဲ့ ရ လိုက်တယ် ။ ဆင် မြင်း သုံ့ပန်း အများ ရ လိုက်တယ် ။ 


ထားဝယ် မှာ လည်း ယိုးဒယား အမတ် နှစ်ယောက် အလုံးအရင်း နဲ့ ချီ လာတာ ကို ထားဝယ်သား တို့ ခုခံ တိုက် လေတယ် ။ ယိုးဒယား အမတ် တစ်ယောက် ကျပြီး ယိုးဒယား တပ် ပျက် လေတယ် ။ ဆင်မြင်း အများ ရ လိုက် တယ် ။ မော်လမြိုင် မှာ လည်း ယိုးဒယား အမတ် နှစ်ယောက် အလုံးအရင်း နဲ့ ချီ လာတယ် ။ ရဲမက်တို့ ဆီးကြို တိုက် လေတယ် ။ အမတ် နှစ်ယောက် လုံး ကို ရပြီး တစ်ယောက် ကို ကွပ်မျက် လေတယ် ။ ကျန် အမတ် တစ်ယောက် ကို ဆင် မြင်း သုံ့ပန်း အများ နဲ့ ပြည်မင်း ထံ ဆက် လေတယ် ။ ယိုးဒယား တို့ ပြေးတဲ့ အခါ မင်းရဲဇေယျသူရ ကို အလုံးအရင်း အများ နဲ့ မုတ္တမ မှာ အခိုင်အလုံ နေ စေတယ် ။


ပင်းတလဲမင်း လက်ထက် ယိုယွင်းခဲ့ သမျှ ကို ညီတော် ပြည်မင်း လက်ထက် အဖတ် ဆယ် နိုင် ခဲ့ လေတယ် ။ ပြည်မင်း ဟာ ကောင်းမှု အများ ပင် ပြုခဲ့ လေတယ် ။ သက္ကရာဇ် ( ၁၀၃၄ ) ခုနှစ် မှာ ပြည်မင်း အနိစ္စ ရောက် လေတယ် ။ 



❝ ပြည်မင်း နောက်ပိုင်း အခြေအနေများ ❞


ကလေးတို့ ရေ ...


ဒုတိယ မြန်မာနိုင်ငံကြီး ကို စုည်း သိမ်းသွင်း ခဲ့တဲ့ မင်းတရားရွှေထီး ၊ ဘုရင့်နောင်ကျော်ထင်နော်ရထာ ( ဆင်ဖြူများရှင် ) တို့ လက်ထက် နောက်ပိုင်း ကာလ တွေ ဟာ သိပ် မတည်ငြိမ် လေဘူး ။ အနောက်ဘက်လွန်မင်း ၊ သာလွန်မင်း တရား တို့ တတ်နိုင် သမျှ ပြန် ထိန်းနိုင် ခဲ့တယ် ။ ပင်းတလဲမင်း လက်ထက် အခြေအနေ ဆိုး ပြီး ပြည်မင်း လက်ထက် ပြန် အဖတ် ဆယ် နိုင် ခဲ့တယ် ။ နောက် ပိုင်း မင်းရဲကျော်ထင် ( ၁ဝ၃၄ - ၁ဝ၆၀ ) လက်ထက် မှာ အင်္ဂလိပ်ကုန်သည် တို့ အဝင် အထွက် ရှိ ကြတယ် ။ ထို မင်း လက်ထက် မြန်မာ မင်းဧကရာဇ် တို့ ရဲ့ သက္ကရာဇ် ကို ပြတဲ့ “ ဇာတာတော်ပုံကျမ်း ” ကို ရေးသား ပြုစု ခဲ့တယ် ။ အဲဒီ နောက် စနေမင်း ( ၁၁၆၀ - ၁ဝ၇၆ ) လက်ထက် မှာ ကျိုင်းတုံစော်ဘွား ပုံကန် ပြန်တယ် ။ မြန်မာရဲမက်တွေ ချီတက် တိုက်ခိုက် လို့ တရုတ်ပြည်တွင်း ပြေး ဝင်လေ တယ် ။ မြန်မာမင်း ရာဇသံ ပေးပြီး ပြန် တောင်း တဲ့ အခါ တရုတ်မင်း က ထုတ်ပေး ရတယ် ။ စနေမင်း ရဲ့သား တနင်္ဂနွေမင်း ( ၁၀၇၆ - ၁ဝ၉၅ ) လက်ထက် မှာ ပုဂံမင်း ပုန်ကန် လို့ နှိမ်နင်းရတယ် ။ ထို မင်း လက်ထက် မှာ ရိုမန်ကက်သလစ် ဘာသာဝင် သာသနာပြုတွေ ရောက်လာ ကြတယ် ။ တနင်္ဂနွေမင်း လက်ထက် စဉ့်ကိုင် ဒေဝသူဌေး နဲ့ မယား မဏိသြဃ တို့ ရဲ့သား 

ဦးကုလား ဟာ အရပ်ရပ် ကျမ်းပေါင်း ( ၇၀ ) ကျော် ကို ကိုးကားပြီး “ မဟာရာဇဝင်ကြီး ” ကို ပြုစု လေတယ် ။ အရေးအသား ကျစ်လျစ် လှတယ် ။  စကားပြေကောင်း အင်္ဂါ နဲ့ ညီတယ် လို့ သမိုင်းဆရာ တို့ က ရှုမြင် ကြတယ် ။ နောက်ပိုင်း ရာဇဝင်ကျမ်းများ ဟာ ဦးကုလား ရဲ့ မဟာရာဇင်ကြီး ကို မှီငြမ်း ပြုစုကြ ရ လေ တယ် ။ 


သက္ကရာဇ် ( ၁ဝ၉၅ ) မှာ တနင်္ဂနွေမင်း ရဲ့သား မဟာမ္မရာဇာဓိပတိ လက်ထက် မှာ မဏိပူရ ကသည်း တို့ အကြိမ်ကြိမ် ချီ လာပြီး နိုင်ငံတော် မြောက် ဘက် တစ်လွှား ကို တိုက်ခိုက် ဖျက်ဆီး ကြတယ် ။ မြေဒူး ၊ ဒီပဲရင်း ၊ ပဒုံ ၊ မုဆိုးဘို ၊ စည်သာ စတဲ့ မြို့တွေ ကို ကသည်း တို့ အကြိမ်ကြိမ် တိုက်ခိုက် ကြတယ် ။ တစ်ကြိမ် မှာ တော့ ကသည်း တို့ ဟာ စစ်ကိုင်း ထိ အောင် ချီ လာပြီး အိမ်ရာ ၊ ကျောင်းကန် တို့ ကို မီးတိုက် ၊ ဖျက်ဆီး ကြတယ် ။ ကသည်းတွေ ဟာ မြင်းစီး အလွန်ကျွမ်းကျင် ကြတယ် ။ ကသည်း တို့ မြန်မာနိုင်ငံ ရောက် လာတဲ့ ရည်ရွယ်ချက် က ဧရာဝတီ မြစ်ရေ ချိုး ဖို့ ဖြစ်တယ် ။ ဧရာဝတီ မြစ်ရေ သောက် ချိုး ရင် ဥပါဒ် ဘေးဒဏ် ရန်မာန် အပေါင်း ပျောက်တယ် လို့ သူတို့ ဆရာ ဟိန္ဒူပုဏ္ဏားကြီး က ဟောပြော ထားတာ ကြောင့် လာ ရတယ် လို့ ဆိုတယ် ။ သက္ကရာဇ် ( ၁၁ဝ၁ ) ခု မှာ ကသည်းဟုံးစော်ဘွား အင်းဝ ကို ချီ လာတယ် ။ အင်းဝ ကို ရောက်တဲ့ အခါ “ မြန်မာစစ်သည် အင်အား ကြီး လှတယ် ။ ငါတို့ တိုက်လို့ မရနိုင် ” ဆို ပြီး ပါ လာတဲ့ သမီးကညာ ကို ဆက်ကာ ပြန် လေတယ် ။ သက္ကရာဇ် ( ၁၁၁၂ ) ခု မှာ ဟံသာဝတီ ပုန်ကန် လေတယ် ။ အင်းဝ ကို ယိုးဒယား က ချစ်ကြည်ရေး သံတမန် ရောက် လေတယ် ။ သက္ကရာဇ် ( ၁၁၁၃ ) ခု မှာ မွန်တို့ အင်းဝ ကို တိုက်ခိုက် သိမ်းလေတယ် ။ အင်းဝမင်း  မဟာဓမ္မရာဇာဓိပတိ ဟာ ဟံသာဝတီ က တိုက်ခိုက် သိမ်းယူ တာ ကြောင့် “ ဟံသာဝတီ ရောက် မင်းတရား ” လို့ တွင် လေ တယ် ။ အဲဒီ အခြေအနေ တွေ ဟာ မတည်ငြိမ် တဲ့ မြန်မာနိုင်ငံ ရဲ့ အခြေအနေ တွေ ပဲ ။ 


           ◾ ကုန်းဘောင်ခေတ်


❝ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ❞


ကလေးတို့ ရေ ... 


ပထမ မြန်မာနိုင်ငံတော်ကြီး ကို ပုဂံ အနော်ရထာမင်းကြီး က စည်းရုံး သိမ်းသွင်း ထူထောင် ခဲ့ပြီး တရုတ်ပြေးမင်း လက်ထက် မှာ ပုဂံ ပျက် လေတယ် ။ အဲဒီ နောက် ထီးပြိုင် ၊ နန်းပြိုင် မင်းများ တစ်ဗိုလ် တစ်မင်း စိုးမိုး နေကြရာက တစ်စု တစ်စည်း တည်း ဖြစ်အောင် တိုက်ခိုက် သိမ်းသွင်းပြီး ဒုတိယ မြန်မာနိုင်ငံတော်ကြီး ကို တစ်ပင်ရွှေထီးမင်းတရား နဲ့ ဘုရင့်နောင်ကျော်ထင်နော်ရထာ တို့ တည်ထောင် ခဲ့တယ် ။ အင်းဝ မဟာဓမ္မရာဇာဓိပတိမင်း လက်ထက် မှာ အစိတ်စိတ် ပြိုကွဲ ကာ တစ်စုတစ်စည်း ဖြစ်အောင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ က တိုက်ခိုက် ကာ တတိယ မြန်မာနိုင်ငံတော်ကြီး ကို တည်ထောင် လေတယ် ။ 


အလောင်းမင်းဘုရား နန်း မတက်မီ က မဟာဓမ္မရာဇာဓိပတိမင်း လက်ထက် မဏိပူရ ကသည်း တို့ မြန်မာနိုင်ငံ တွင်း အကြိမ်ကြိမ် ဝင်ရောက် ဖျက် ဆီး တိုက်ခိုက် ခဲ့တယ် ။ မန္တလေး မြောက်ဘက် မတ္တရာ အုတ်ဖို တွင် လည်း ကွေ့ရှမ်းလူမျိုးများ နဲ့ မွန်လူမျိုး တို့ ပူးပေါင်းပြီး ကွေ့ရှမ်း “ ဂုဏ္ဏအိမ် ” က အုပ်ချုပ် ကာ အင်းဝ မြောက် တစ်လွှား ရှိ ဧရာဝတီ အရှေ့ဘက် မြို့ရွာတွေ ကို ဖျက်ဆီး ကြတယ် ။ 


အင်းဝ အပျက် မှာ မွန်ဗညားဒလ လူတွေ က လည်း မြောက်ဘက် တစ်လွှား မြို့ရွာတွေ ကို သစ္စာ ပေး လေတယ် ။ အဲဒီ အခြေအနေ မှာ အင်းဝဘုရင် ရဲ့ အမှုထမ်းငယ် တစ်ဦး ဖြစ်သူ မုဆိုးဘိုမြို့သူကြီး ဦးအောင်ဇေယျ ဟာ မွန်တို့ ရန် ကို ကာကွယ်တွန်းလှန် နိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ထားလေတယ် ။ မုဆိုးဘိုမြို့ ကို ထန်းလုံးတပ် ပတ်လည် တည်ပြီး အခိုင်အလုံ နေ လေတယ် ။ 


အင်းဝ က မွန်စစ်သူကြီး “ တလပန်း ” က လည်း လူ စေလွှတ် သစ္စာ ပေး လာ တယ် ။ ကွေ့ရှမ်း “ ဂုဏ္ဏအိမ် ” က လည်း သစ္စာ ပေး လာတယ် ။ ဦးအောင်ဇေယျ ဟာ ဘယ်သူ့ သစ္စာ ကို မှ မခံလေဘူး ။ 


ဦးအောင်ဇေယျ ဟာ သက္ကရာဇ် ( ၁၁၁၄ ) ခုနှစ် မှာ မြင်းရည်တက် ( ၆၈ ) ဦး ဖွဲ့ပြီး မိမိ ကိုယ်တိုင် လည်း အလောင်းဘုရား အမည် ခံကာ ဘုရင် အဖြစ် ကြေငြာ ခဲ့တယ် ။ 


မြန်မာနိုင်ငံ မှာ အင်းဝ ထီးနန်း ကို သိမ်းပြီး နိုင်ငံ တစ်ဝန်းလုံး ကို အုပ်ချုပ် လို ကြတဲ့ အုပ်စု နှစ်စု ဟာ သက္ကရာဇ် ( ၁၁၁၄ ) ခု မှာ ပို ထင်ရှား လာ ကြတယ် ။ တစ်စု မှာ ဗညားဒလ ဦးအောင်လှ ခေါင်းဆောင် တဲ့ ဗညားဒလ အုပ်စု နဲ့ တစ်စု မှာ အလောင်းဘုရား ဦးအောင်ဇေယျ ဦးဆောင်တဲ့ အလောင်းမင်း အုပ်စု ဖြစ်တယ် ။ ထို လူစု နှစ်စုလုံး မှာပဲ မွန် ၊ ရှမ်း ၊ မြန်မာ ၊ ကရင် ၊ မှုထမ်း ၊ ရာထမ်း စစ်သည်တွေ ပါဝင်ကြတယ် ။ အလောင်းမင်း လူစု မှာတော့ ချင်း ၊ ကချင် စစ်သည်များ ပါ ပါလေတယ် ။ 


ကနဦး မှာ တော့ ဗညားဒလ စစ်သည်များ ဟာ ဟံသာဝတီ ( ပဲခူး ) မှ အင်းဝ အထိ ဧရာဝတီ မြစ်စဉ် တစ်လျှောက် အောင်မြင် ကြတယ် ။ ထန်းလုံးတပ် ပတ်လည် တည် ထားတဲ့ မုဆိုးဘိုမြို့ ကို တိုက်တဲ့ အခါ အရေး နိမ့် လေတယ် ။ 


မုဆိုးဘိုမြို့ ကို ဝိုင်း ထားစဉ် တစ်ည မှာ တော့ ဗညားဒလ စစ်သည်များ ဟာ အမြောက်သေနတ်များ ကို ပစ်ဖောက်ပြီး ကောက်ရိုး အပြည့် တင် ထားတဲ့ လှည်း ရထားတွေ ကို ထန်းလုံးတပ် ရင်း ဆီ တွန်း လာ ကြတယ် ။ ထန်းလုံးတပ်ရင်း ရောက် ရင် ကောက်ရိုးတွေ ကို မီးရှို့ ကာ ထန်းလုံးတပ် ကို မီး စွဲလောင် စေရန် ဖြစ်တယ် ။ မီး စွဲလောင် လို့ ထန်းလုံးတပ်ပေါက် ရင် တစ်ခဲနက် ဝင်တိုက် ဖို့ ဖြစ်တယ် ။ 


အဲဒီ အခြေအနေ ကို မြင်တဲ့ အလောင်းမင်း ရဲ့ မွန်စစ်သည် တစ်ဦး ဖြစ်တဲ့ သိုက်စပ် ဟာ ဗညားဒလ တပ် သို့ ရုတ်တရက် ဝင်ပြီး သူတို့ တပ် ဆီ လာ နေတဲ့ လှည်းရထား တွေ ကို ထန်းလုံးတပ် မရောက်မီ ကောက်ရိုးတွေ ကို မီး ရှို့ပြီး ပြန် ခဲ့တယ် ။ ကောက်ရိုး မီးရောင် ကြောင့် အလောင်းမင်း စစ်သည်တွေ ဟာ ဗညားဒလ စစ်သည်များ ကို မြင် လာ ကြတယ် ။ အဲဒီ အချိန် မှာ တပ်ထိပ် ကနေ အမြောက်သေနတ်များ ပစ်လွှတ် ကြတယ် ။ ဗညားဒလ စစ်သည်တွေ ဆုတ်ကြ ရတယ် ။ အလောင်းမင်း လည်း အားရ လှ လို့ သိုက်စပ် ကို “ သမိန်ဗရမ်းဘွဲ့ ” ပေး လေတယ် ။ 


တစ်ခါမှာ တော့ အလောင်းမင်း စစ်သည် တို့ ဟာ ထန်းလုံးတပ် က ထွက်ပြီး မုဆိုးဖိုမြို့ မြောက်ဘက် ရှိ ခင်ဦးမြို့ မှာ တပ်ချ ထားတဲ့ လက်ယာပျံချီ ရဲ့တပ် ကို တိုက်ကြတယ် ။ ( လက်ယာပျံချီ ဆိုတာ အင်းဝမင်း လက်ထက် က မင်းကြီး ကျော်စွာ ရဲ့သား မြန်မာသူရဲကောင်း ဦးချစ်ညို ဖြစ်တယ် ။ ) အင်းဝ ကို ဗညားဒလ ရတဲ့ အခါ ဗညားဒလ ထံ မှာ အမှုထမ်း လေတယ် ။ လက်ယာပျံချီ ရဲ့ တာဝန် က မုဆိုးဖို တပ် ကို မြောက်ဘက် က နေ ပိတ်ဆို့ ထားဖို့ ဖြစ်တယ် ။ အလောင်းမင်း ဟာ အဲဒီ အခြေအနေ အခြင်းအရာတွေ ကို သိတဲ့ အခါ မိမိ စစ်သည်တွေ ကို ခင်ဦး ကို လွှတ်ပြီး လက်ယာပျံချီ ရဲ့ အပိတ်အဆို့ ကို တိုက်ဖျက် စေတယ် ။ သို့ပေမယ့် လက်ယာပျံချီ ဟာ ကိုယ်တိုင် ကွပ်ကဲပြီး ရွပ်ရွပ်ချွံချွံ တိုက်တာ ကြောင့် အလောင်းမင်း စစ်သည် တို့ ဆုတ်ကြရ လေတယ် ။ 


အဲဒီ နှစ် မှာပဲ အလောင်းမင်းတရား ကိုယ်တိုင် ဦးစီးပြီး ထိုးစစ် ဆင် လေ တယ် ။ ဗညားဒလ စစ်သည် တွေ မခံနိုင်တာ ကြောင့် မုဆိုးဘို က နေ အင်းဝ အထိ ဆုတ် ရ လေတယ် ။ သက္ကရာဇ် ( ၁၁၁၅ ) ခုနှစ် မှာ အလောင်းမင်း ဟာ မုဆိုးဘို ကို ရွှေဘို လို့ သမုတ်ပြီး ရွှေထီးရွှေနန်း တည် လေတယ် ။ အဲဒီ နောက် အင်းဝ ကို စုန်ပြီး ထပ် ဖိ တိုက်တဲ့ အခါ ဗညားဒလ စစ်သည်များ အင်းဝ က ခွာပြီး ဟံသာဝတီ သို့ စုန်ကြ ရ ပြန်တယ် ။ 


ဗညားဒလ ဟာ အင်းဝ ကို သူ့ စစ်သည်တွေ လွှတ်ပြီး နောက် တစ်ကြိမ် တိုက်စေပြန်တယ် ။ မအောင်မြင် လို့ ဆုတ်ရ ပြန်တယ် ။ ဟံသာဝတီ မှာ လည်း အခြေအနေ တွေ ရှုပ်ထွေး နေတယ် ။ ဟံသာဝတီ က မွန် ၊ မြန်မာ တွေ ဟာ အင်းဝမင်း ဗညားဒလ ကို တိတ်တဆိတ် လုပ်ကြံပြီး ဟံသာဝတီ ရောက် မင်းတရား ကို နန်း တင်မယ် ကြံ ကြတယ် ။ ပေါက်ကြား သွား တာ ကြောင့် ဟံသာဝတီ ရောက် မဟာဓမ္မရာဇာဓိပတိမင်း ကို ရေ မှာ ဖျောက်ကာ ကြံရာပါ တို့ ကို ကွပ်မျက် လေတယ် ။ 


ဟံသာဝတီ မှာ အခြေအနေ ရှုပ်ထွေး တဲ့ အခါ အလောင်းမင်း ဟာ ဟံသာဝတီ တိုင်အောင် ဧရာဝတီမြစ် ကို စုန်ပြီး ချီ လေတယ် ။ ရှေးဦးစွာ ပြည်မြို့ ကို တိုက်ခိုက် သိမ်း ယူ တယ် ။ နောက် ဆက်ပြီး စုန် ရာ လွန်ဆေးမြို့ရောက် သိမ်းပြန် တယ် ။ လွန်ဆေး မှာ အလောင်းမင်းတရား ခေတ္တ စံ နေစဉ် မှာ ပဲ တောင်ငူ ၊ ဟင်္သာတ ၊ ဓနုဖြူ ၊ ပုသိမ် ၊ မြောင်းမြ ၊ သံတွဲ စသည် တို့ က ရာထမ်း ၊ မှုထမ်း တို့ ဟာ လွန်ဆေး ကို လာပြီး အလောင်းမင်း ထံ သစ္စာ ခံယူကြတယ် ။ ထို့ကြောင့် ဗညားဒလ ကို အလျင်အမြန် အောင်တာကို အကြောင်း ပြုပြီး လွန်ဆေးမြို့ ကို “ မြန်အောင်မြို့” လို့ သမုတ် လေတယ် ။ 


နောက် ဆက်လက် စုန် ပြန်ရာ သက္ကရာဇ် ( ၁၁၁၇ ) ခုနှစ် မှာ ဒဂုန် ကို ရောက် ကာ သိမ်း ပြန်တယ် ။ ဒဂုံ မှာ ဆူးလေစေတီ ရဲ့ အရှေ့တောင် အရပ် မြို့ဟောင်း နေရာ မှာ သစ်တပ်မြို့ တည် လေတယ် ။ ဒဂုံ က တပ် စွဲ ပြီး ဗညားဒလ ရန် ကို ကုန် အောင် လုပ်ကြံမယ် လို့ အမိန့် ရှိကာ ဒဂုံမြို့ ကို “ ရန်ကုန်မြို့ ” လို့ သမုတ် လေတယ် ။ 


ဗညားဒလ စစ်သည်များ ဟာ အလောင်းမင်း စစ်သည် တို့ ကို ဧရာဝတီ မြစ် တစ်လျှောက် တတ်နိုင် သမျှ ခုခံကြ သော်လည်း မနိုင်လို့ဆုတ်ကြ ရတယ် ။ တချို့ သန်လျင် ၊ တချို့ ဟံသာဝတီ သို့ ဆုတ်ကြ လေတယ် ။ အလောင်းမင်း ဟာ ရန်ကုန် မှာ သင်္ဘော ၊ တိုက်လှေများ ကို တည်လုပ်ပြီး စစ်သည် တို့ ကို လည်း အင်အား ဖြည့်တင်း လေတယ် ။ နောက် ရေတပ် ၊ ကြည်းတပ် များ နဲ့ သန်လျင် ကို လွှတ် တိုက်စေတယ် ။ ကိုယ်တိုင် လည်း ကြီးကြပ် လေတယ် ။ သက္ကရာဇ် ( ၁၁၁၈ ) ခုနှစ် မှာ သန်လျင် ကို အောင်မြင် လေတယ် ။ အမြောက်ကြီး ( ၈ဝ ) ကျော် ၊ အမြောက်ငယ် ( ၁ဝဝ ) ကျော် ၊ သေနတ် ( ၁၀၀၀ ) ကျော် လည်း ရ လေတယ် ။


အဲဒီနောက် အလောင်းမင်း ဟာ ဟံသာဝတီ ကို အလုံးအရင်း နဲ့ ချီကာ ဟံသာဝတီ ကို ဝိုင်း ထား လေတယ် ။ ကြာမြင့် လာတဲ့ အခါ ဗညားဒလ စစ်သည် တို့ မခံနိုင် ၊ မြို့သူ မြို့သား တို့ လည်း ပင်ပန်း ဆင်းရဲကြတယ် ။ ဒါ့ကြောင့် ဗညားဒလ ဦးအောင်လှ ဟာ သမီးတော် ကို ဆက်ကာ သက္ကရာဇ် ( ၁၁၁၉ ) ခုနှစ်မှာ အညံ့ ခံ လေတယ် ။ 


အဲဒီအခါ က စပြီး ဟံသာဝတီ ဆင်ဖြူများရှင် ရဲ့ သားတော် ၊ မြစ်တော် အဆက် ဖြစ်တဲ့ တောင်ငူ ဟံသာဝတီမင်းဆက် ပြတ် ကာ အလောင်းမင်းတရား အစ ချီတဲ့ ကုန်းဘောင် မင်းဆက် ဟာ နိုင်ငံ သမိုင်း မှာ ထင်ရှား လေတယ် ။ 



❝ အလောင်းမင်းတရားကြီး နှင့် ဥရောပတိုက်သားများ ❞


ကလေးတို့ ရေ .. 


တတိယ မြန်မာနိုင်ငံ တည် အလောင်းမင်းတရားကြီးအကြောင်း အချို့ ကို ပြောခဲ့ပြီ ။ အလောင်းဘုရား ရဲ့ ဆောင်ရွက်ချက် တွေ ဟာ များပြား လှတယ် ။ အင်းဝမြို့ သိမ်း တိုက်ပွဲ ပြီး တာ နဲ့ မြန်မာပြည် တစ်ခွင် စည်းရုံးရေး ခရီးစဉ် လှည့် ခဲ့တယ် ။ သစ္စာခံ လာသူတွေ ကို ကောင်းစွာ သစ္စာ ပေး ၊ ဆန့်ကျင်သူတွေ ကို တိုက်ခိုက် နှိမ်နင်း မြို့စီးပြစီး ၊ မြို့စားရွာစား ခန့် ၊ မြို့တော်ရန်ကုန် သိမ်း ပြီး သန်လျင် ကို တိုက်သိမ်း ၊ ပဲခူး ကို မွန်တို့လက် က နေ တိုက်သိမ်းပိုက် ၊ မဏိပူရ သို့ စစ်ချီ ၊ ဟိုင်းကြီးကျွန်းအရေး ဖြေရှင်း ၊ ယိုးဒယား စစ်ချီ စသည် ဖြင့် ဘဝ တစ်လျှောက် လုံး လုံ့လ ၊ ဝီရိယ ၊ သူရသတ္တိ ၊ လက်ရုံးရည် ၊ နှလုံးရည် နဲ့ ရွပ်ရွပ်ချွံချွံ စီမံကွပ်ကဲ စွမ်းဆောင် နိုင် ခဲ့တယ် ။ ဒါ့ကြောင့်လည်း အလောင်း မင်းတရားကြီး ရဲ့သမိုင်း ဟာ ထွန်းပြောင်ပေတာပဲ ။ 


အလောင်းမင်းတရား ကို ခရစ်နှစ် ( ၁၇၁၄ ) ခုနှစ် ၊ ဖေဖော်ဝါရီ ( ၁၃ ) ရက် မှာ အဖ မင်းညိုစံ နဲ့ အမိ စောငြိမ်းဦး တို့ က ဖွားမြင် ခဲ့တယ် ။ ဖခင် မင်းညိုစံ ဟာ မုဆိုးဘို မြို့စား ဖြစ်တယ် ။ အလောင်းမင်းတရား ဟာ ပုဂံ နရပတိစည်သူ မင်း က နေ တိုက်ရိုက် ဆင်းသက် လာတဲ့ အဆက်အနွယ် လို့ ဆိုပါတယ် ။ မွေးချင်း ရှစ်ဦး ရှိတယ် ။ အမည်ရင်း ဦးအောင်ဇေယျ ဖြစ်တယ် ။ 


“ အလောင်းမင်းတရား ရဲ့ ပုံပန်းသဏ္ဌာန် က အသား ညိုပြီး မျက်နှာ ရှည် တယ် ။ နဖူးကျယ်ကျယ် ၊ ကျောက်ပေါက်မာ သဲ့သဲ့ ရှိတယ် ။ အရပ် ထောင်ထောင်မောင်းမောင်း ၅ ပေ ၊ ၁၁ လက်မ ခန့် ရှိတယ် ” လို့ အင်္ဂလိပ်မှတ်တမ်း တွေ မှာ တွေ့ရ ကြောင်း သမိုင်းဆရာ တို့ အဆို ကို တွေ့ ရတယ် ။

 

အလောင်းမင်းတရား ဟာ မုဆိုးဘို ကို လာ တိုက် တဲ့ မွန်တပ်တွေ ကို သာမက အခြား တိုက်ပွဲတွေ ကို လည်း အောင်နိုင်ခဲ့တယ် ။ 


( ၁ ) မြောင်းဝန် တိုက်ပွဲ ( ခရစ်နှစ် ၁၇၅၂ ဇွန် ၁၉ ) 

( ၂ ) ခင်လတ် တိုက်ပွဲ ( ခရစ်နှစ် ၁၇၅၂ စက်တင်ဘာ ၂၃ ) 

( ၃ ) ခင်ဦး တိုက်ပွဲ ( ခရစ်နှစ် ၁၇၅၂ အောက်တိုဘာ ၁၄ ) ၊ 

( ၄ ) ငါးစို့ တိုက်ပွဲ ( ခရစ်နှစ် ၁၇၅၂ အောက်တိုဘာ ၂၃ ) 

( ၅ ) ရေဦးကုန်းဘက် တိုက်ပွဲ ( ၁၇၅၂ နိုဝင်ဘာ ၆ ) 

( ၆ ) ကျွန်းတောကြီး တိုက်ပွဲ ( ၁၇၅၃ ဧပြီ ၆ ) စတဲ့ တိုက်ပွဲ တွေ ဟာ ထင်ရှား လှတယ် ။


ဥရောပတိုက်သားတွေ ဟာ အလောင်းဘုရား မတိုင်ခင် ကတည်း က မြန်မာပြည် တွင်း ဝင်ထွက် ရောင်းဝယ် ဖောက်ကားမှု တွေ ရှိတယ် ။ ခရစ်နှစ် ( ၁၆၈၈ ) ခု သန်လျင် မှာ ပြင်သစ် တွေ နေ လာတယ် ။ ( ၁၆၈၇ ) ခုနှစ် မှာ အင်္ဂလိပ်တွေ ဟိုင်းကြီးကျွန်း မှာ နေပြီး ပုသိမ် မှာ ကုန်တိုက် ဖွင့်တယ် ။ ( ၁၇ဝ၉ ) ခု မှာ သံလျင် မှာ ကုန်တိုက်ခွဲ ဖွင့်တယ် ။ 


ပြင်သစ် နဲ့ အင်္ဂလိပ် တွေ ဟာ မြန်မာ နိုင်မယ် ထင် ရင် မြန်မာ ဘက် ပင်းပြီး မွန် နိုင်မယ် ထင်ရင် မွန်ဘက် ကို ပင်းတယ် ။ သူတို့ အကျိုး အတွက် ပဲ ကြည့်သူ တွေ ဖြစ်ကြတယ် ။ ခရစ်နှစ် ( ၁၇၅၅ ) မှာ အလောင်းမင်းတရား ဒဂုံ ကို တိုက်တဲ့ အခါ ဒဂုံမြစ် ထဲ မှာ အင်္ဂလိပ်သင်္ဘော လေးစင်း ၊ ပဲခူးမြစ်ဝ မှာ ပြင်သစ်သင်္ဘော သုံးစင်း ရှိကြတယ် ။ ပြင်သစ် ကိုယ်စားလှယ် “ မောရှာ ဗူရ်နို ” ဟာ ဒဂုံ ကို သင်္ဘော သုံးစင်း နဲ့ လာပြီး မင်းတရားကြီး ကို ဖူးမြော် တယ် ။ ဒါပေမဲ့ ပြင်သစ်ကိုယ်စားလှယ် ကုန်း မှာ ရှိစဉ် ပြင်သစ်သင်္ဘော သုံး စင်း သန်လျင် ပြန်သွားတယ် ။ အကင်း ပါး တဲ့ အလောင်းမင်းတရား က ပြင်သစ် ကိုယ်စားလှယ် အဖြောင့် မကြံမှန်း သိတော် မူတယ် ။ နောက် မကြာခင် “ အာကောက် ” အမည် ရှိတဲ့ အင်္ဂလိပ်သင်္ဘော တစ်စင်း ဒဂုံ ကို ရောက် လာတယ် ။ ကပ္ပတိန် ဂျက်ကဆန် စေလွှတ် လိုက် လို့ ကိုယ်စားလှယ် မစ္စတာဝှိုက်ဟီး လက်ဆောင်တော် တွေ နဲ့ မင်းတရားကြီး ထံ မှောက် ရောက်တယ် ။ သင်္ဘော ပျက်စီး တာ ပြင်ဖို့ လိုအပ်ရာရာ ပစ္စည်း ၊ လက်သမား စသည် မင်းတရားကြီး က ပေးတယ် ။ ဒါပေမဲ့ ကိုယ်စားလှယ် ဟာ ဟံသာဝတီ ဥပရာဇာ နဲ့ ဆက်သွယ်ပြီး မွန်တို့ ကို ကူညီ ဖို့ ကြံ တယ် ။ မင်းတရားကြီး ရွှေဘို ပြန်ခိုက် မွန်တို့ ဒဂုန် ကို သုံးကြိမ် တိုက်တယ် ။ မြန်မာတို့ ရှုံးမယ့် အခြေအနေ မြင်လို့ အင်္ဂလိပ် နဲ့ ပြင်သစ် က မွန်တို့ဘက် ကို အတိအလင်း ကူညီလေတယ် ။ ဒါပေမဲ့ မြန်မာတို့ အစီအမံ ကောင်းတာ ကြောင့် ဒဂုံ ကို မွန်တို့ မရလေဘူး ။ 


ခရစ်နှစ် ( ၁၇၅၆ ) ခု ၊ အလောင်းမင်း သန်လျင် တိုက်လို့ မြို့သိမ်းပြီး ပြင်သစ် ကိုယ်စားလှယ် “ ဗူရ်နို ” နဲ့ အကြီးအကဲတွေ ကို မင်းတရားကြီး ဖမ်းဆီး ချုပ် ထား လိုက်တယ် ။ အဲဒီ အတွင်း ပြင်သစ်သင်္ဘော နှစ်စင်း လက်နက်ခဲယမ်း အပြည့်အစုံ နဲ့ မွန်တို့ ကို ကူညီဖို့ ရောက် လာလို့ မင်းတရား သိမ်း လိုက်တယ် ။ ဗူရ်နို နဲ့ အကြီးအကဲတွေ လည်း ကွပ်မျက် ခံရ လေတယ် ။ သူတို့ ရဲ့ သားမယားတွေ နဲ့ သန်လျင် မှာ ဖမ်းမိတဲ့ ပေါ်တူဂီတွေ ကို ရွှေဘိုနယ် ဗရင်ဂျီရွာ ကို ပို့ပြီး နေစေတယ် ။ သူတို့ ယုံကြည်ရာ ကိုးကွယ်ခွင့် ပြု လေတယ် ။ မင်းတရားကြီး ထံ မှာ အမြောက်သား အဖြစ် အမှုထမ်း ကြ လေတယ် ။ 


ခရစ်နှစ် ( ၁၇၅၇ ) မှာ အင်္ဂလိပ်ကိုယ်စားလှယ် “ လက်စတာ ” ရောက် လာပြီး မင်းတရားကြီး နဲ့ စာ ချုပ်တယ် ။ ( ၁ ) ဟိုင်းကြီးကျွန်း နဲ့ ပုသိမ် မှာ ခံတပ် ဆောက်ခွင့် ၊ ( ၂ ) အင်္ဂလိပ်တို့ အား အကောက်ခွန် လွတ်လပ်စွာ ကုန်စည် ရောင်းဝယ်ခွင့် ၊ ( ၃ ) အင်္ဂလိပ်တို့ က မင်းကြီး အား နှစ်စဉ် အမြောက် နှင့် ယမ်းများ ဆက်သမည် ။ ( ၄ ) ရန်ကုန် တွင် လည်း ကုန်တိုက် ဆောက်ခွင့်ပေးရန် ၊ ( ၅ ) အင်္ဂလိပ်ကုမ္ပဏီ က မြန်မာ့ ရန်သူ ကို ကူတိုက် ပေးမည် ။ မြန်မာ ဘုရင် စရိတ် ကျခံရမည် ၊ ( ၆ ) မြန်မာ့ ရန်သူ ကို ကုမ္ပဏီ က အားမပေးရ ။ 


ခရစ်နှစ် ( ၁၇၅၉ ) မှာ ပဲခူး မွန်တို့ ပုန်ကန်တဲ့ အခါ “ အာကောက် ” သင်္ဘော ရန်ကုန် ရောက် လာ ပြန်တယ် ။ မွန်တို့ ကို တိတ်တဆိတ် အားပေးတယ် လို့ ယူဆ တာ ကြောင့် “ မစ္စတာ ဝှိုက်ဟီး ” ကို ဖမ်းတယ် ။ လျော်ကြေး ပေး ရွေး နှုတ်လို့ လွှတ်ပေး လိုက်တယ် ။ မင်းကြီး ရန်ကုန် ကို ချီလာတဲ့ အခါ အာမေနီယံ လူမျိုး “ ဂရီဂူရီ ” နဲ့ ပြင်သစ် ကိုယ်စားလှယ် “ လာဗင်း ” တို့ က “ ဟိုင်းကြီး ကျွန်း ရှိ အင်္ဂလိပ် တို့ ဟာ မွန်တို့ ကို လက်နက် ရောင်းချတယ် ” လို့ လျှောက် တာ ကြောင့် ထောက်လှမ်း စစ်ဆေးပြီး ရဲမက်တွေ ကို ဟိုင်းကြီးကျွန်း သို့ စေလွှတ် ကာ အင်္ဂလိပ်တို့ ကို ကွပ်မျက်ပြီး အမြောက် လက်နက်တွေ ကို သိမ်းယူ စေတယ် ။ မွန် နဲ့ မြန်မာ တို့ အရေး မှာ အင်္ဂလိပ် နဲ့ ပြင်သစ် တို့ မရိုးသား ကြောင်း ထင်ရှား လေတယ် ။ 


ခရစ်နှစ် ( ၁၇၅၉ ) ခုနှစ် မင်းတရားကြီး ရန်ကုန် မှာ ရှိစဉ် ယိုးဒယား မင်း ရဲမက်တွေ ထားဝယ်မြို့ ကျေးစွန်ရွာလက် တွေ ကို ထိပါးကြောင်း ကြား သိတဲ့ အခါ မင်းတရားကြီး ကိုယ်တိုင် ကွပ်ကဲပြီး ချီ လေတယ် ။ မြိတ် ၊ တနင်္သာရီ တို့ ကို အရင် သိမ်းပြီး ယိုးဒယား ရောက် တဲ့ အခါ ဝိုင်းရံ ထားပြီး လုပ်ကြံ လေတယ် ။ ခိုင်ခံ့ တာ ကြောင့် မရလေ ။ ထိုအတွင်း မင်းတရားကြီး နာမကျန်း ဖြစ်လေတယ် ။ ပြန် ဆုတ် ခဲ့ကြရာ ခရစ်နှစ် ( ၁၇၆၀ ) ခု သထုံ ဒီစတြိတ် ၊ ဘီလင်းနယ် ၊ မုတ္တမကျေး “ ကင်းရွာ ” ရောက်တဲ့ အခါ အနိစ္စ ရောက်တော် မူ လေတယ် ။ ကွယ်လွန်ချိန် မှာ အလောင်းမင်း ( ၄၆ ) နှစ်သာ ရှိသေးတယ် ။ အလောင်းမင်းတရား လက်ထက် မှာ နှလုံးရည် ၊ လက်ရုံးရည် ပြည့်စုံတဲ့ သူရဲကောင်းတွေ နဲ့ စာဆိုတွေ ထွက်ပေါ် ခဲ့တယ် ။ မင်းတရား ဟာ သားထိုး ၊ နွားသတ် ၊ နတ်ကိုး ၊ နတ်တင် ဓလေ့ဆိုး တွေ နဲ့ ဘိန်းဘင်း အရက် သေစာ သောက်စားမှုတွေ ၊ တင်မြှောက်မှုတွေ ကို လည်း တားမြစ် ခဲ့တယ် ။ ဥစ္စာ ဓန ခိုးယူ လို့ ပျောက်ရှ ရင် မြို့ရွာ အကြီးအကဲ တွေ က လျော်ပေး ရတယ် ။ 


မင်းတရားကြီး လက်ထက် ထင်ရှားတဲ့ စာဆိုတွေ က ရန်အောင်ဗလ ၊ စိန္တကျော်သူဘွဲ့ခံ ဦးဩ ၊ လက်ဝဲသုန္ဒရဦးမြတ်စံ ၊ မဟာသီရိဥတ္တမဇေယျ သင်္ကြန် အမတ်ကြီး က မနုကျယ်ဓမ္မသတ်ကျမ်း ကို စီရင် လေတယ် ။ တရား သူကြီး “ လက်ဝဲဘိနန္ဒသူ ” က ကမ္မဝိနိစ္ဆယ ဓမ္မသတ်ကျမ်း ကျမ်း ကို ပြုစု လေတယ် ။ 


အလောင်းမင်း လက်ထက် တိုင်းပြည် စည်ပင် ဝပြော တာကြောင့် “ ကုန်းဘောင်ရွှေပြည် ” လို့ တင်စား ခေါ်ဆို ကြလေတယ် ။ 



❝ နောင်တော်ကြီး ( ခေါ် ) ဒီပဲယင်းမင်း ❞


ကလေးတို့ ရေ ...


ကုန်းဘောင် မင်းဆက် ဟာ အလောင်းဘုရား က နေ သီပေါမင်း အထိ ( ၁၁ ) ဆက် ရှိတယ် ။ မြန်မာနိုင်ငံ ပဒေသရာဇ် ခေတ်နှောင်း ကာလ ( ၁၇၅၂ ) ခု အလောင်းမင်း နန်း တက်ချိန် က စပြီး သီပေါမင်း ပါတော်မူ တဲ့ ( ၁၈၈၅ ) ခုနှစ် ထိ ( ၁၃၃ ) နှစ် ကြာမြင့် ခဲ့တယ် ။ ကုန်းဘောင်မင်းဆက် အားလုံး ဟာ အလောင်းမင်းတရား က နေ တိုက်ရိုက် ဆင်းသက် လာသူများ ဖြစ်ကြတယ် ။ 


ဒီပဲယင်းမင်း ဟာ အလောင်းဘုရား နန်းစံစဉ် ကတည်း က အိမ်ရှေ့ အရာ ရခဲ့တယ် ။ အလောင်းမင်းတရား နဲ့ မိဖုရား ခင်ယွန်းစံ တို့ က နေ ( ၁၇၃၄ ) ခုနှစ် မှာ မွေးဖွား ခဲ့တယ် ။ မွေးချင်း ညီအစ်ကို မောင်နှမ ရှစ်ယောက် မှာ အကြီးဆုံး ဖြစ်ပြီး ငယ်မည် မောင်လှောက် လို့ ခေါ်တယ် ။ 


အလောင်းမင်းတရား မင်း ဖြစ်ချိန် မှာ ဒီပဲယင်းမင်း ဟာ သတိုးဓမ္မရာဇာ ဘွဲ့ ကို ရရှိခဲ့တယ် ။ အသက် ( ၁၇ ) နှစ် အရွယ် က ပဲ ဖခင် နဲ့ အတူ တိုက်ပွဲ ပေါင်းစုံ ကို ဆင်နွှဲ ခဲ့တယ် ။ ( ၁၇၅၄ ) ခုနှစ် မှာ သတိုးဓမ္မရာဇာဘွဲ့ နဲ့ နန်းလျာ အဖြစ် ခန့် ခဲ့တယ် ။ အလောင်းမင်းတရား နတ်ရွာစံ တဲ့ နှစ် ( ၁၇၆ဝ ) ခုနှစ် မှာ ပဲ ထီးနန်း ဆက်ခံခဲ့လေတယ် ။.


ဒီပဲယင်းမင်း ကို ရဲရင့် တည်ကြည်သူ ၊ အမှုထမ်း အရာထမ်း တို့ အပေါ် အရည်အသွေး အလိုက် ချီးမြှင့် မြှောက်စားတတ်သူ ၊ လှူဒါန်း ပေးကမ်းရက်ရော သူ လို့ မှတ်တမ်း ပြု ခဲ့ကြတယ် ။ ဒီပဲယင်းမင်း ဟာ ( ၁၇၆၃ ) ခုနှစ် မှာ ညီ ဖြစ်သူ မြေးဒူးမင်းသား ကို သီရိဓမ္မရာဇာဘွဲ့ နဲ့ အိမ်ရှေ့ဥပရာဇာ အဖြစ် နန်းလျာ ခန့်အပ် ခဲ့တယ် ။ 


ဒီပဲယင်းမင်း နန်းတက် စဉ် မှာ မင်းခေါင်နော်ရထာ ပုန်ကန်မှု ဖြစ်ပွား ခဲ့တယ် ။ မင်းခေါင်နော်ရထာ ဟာ အလောင်းမင်းတရား ရဲ့ မြင်းရည်တက် သူရဲကောင်း ( ၆၈ ) ယောက် ထဲ က တစ်ဦး ဖြစ်တယ် ။ မုဆိုးချုံဗိုလ် ဗိုလ်တွန် လို့ ထင်ရှားတယ် ။ အလောင်းမင်းတရား ရဲ့ ( ၁၇၅၆ ) ခု သန်လျင်တိုက်ပွဲ နဲ့ ( ၁၇၅၉ ) ခု ၊ ယိုးဒယားစစ်ပွဲ တို့ ကို ဗိုလ်တွန် ဦးစီး တိုက်ခိုက် ခဲ့တယ် ။ 


မင်းခေါင်နော်ရထာ ( ဗိုလ်တွန် ) ဒီပဲယင်းမင်း လက်ထက် ပုန်ကန် ရ တဲ့ အကြောင်း က ( ၁၇၅၃ ) ခု အလောင်းမင်း က ဂုဏ္ဏအိမ်ကွေ့ ရှမ်း သူပုန် ကို သွားရောက် တိုက်ခိုက်စဉ် က အစ ပျိုးခဲ့တယ် လို့ ဆိုရမယ် ။ ဘုရင့် တပ်မတော် မှာ အိမ်ရှေ့ ဒီပဲယင်းမင်းသား ရဲ့တပ် နဲ့ အတူ ဗိုလ်တွန် ရဲ့ တပ်လည်း လိုက်ပါခဲ့ ရတယ် ။ ရှမ်းတောင်တန်း တစ်နေရာ မှာ မြန်မာတပ် ချုံခို တိုက်ခိုက် ခံရတယ် ။ စစ်သည် အများ ကျဆုံး ခဲ့ရတယ် ။ အဲဒီ အချိန် မှာ ဒီပဲယင်းမင်းသား က ဗိုလ်တွန် ရဲ့တပ် ကို ရှေ့ က ကာဆီး တိုက်ဖို့ အမိန့် ပေးခဲ့တယ် ။ ဗိုလ်တွန် က မတိုက်ဘဲ အခြား တစ်နေရာ ကို ရှောင်သွား ခဲ့တယ် ။ နေပြည်တော် ပြန် ရောက်တဲ့ အခါ အိမ်ရှေ့မင်း တိုင်တန်းချက် အရ ဗိုလ်တွန် သံခြေချင်း ခတ် ခံ ရတယ် ။ အဲဒီ အချိန် က ပဲ ဗိုလ်တွန် ဟာ ဒီပဲယင်းမင်းသား အပေါ် အငြိုး ထား ခဲ့တယ် ။ 


( ၁၇၅၉ ) ခုနှစ် ယိုးဒယား က တပ် ပြန် ဆုတ် လာစဉ် မင်းခေါင်နော်ရထာ ( ဗိုလ်တွန် ) တပ် ဟာ တာဝန် အရ နောက်ချန် ပြီး ခံစစ် နဲ့ ဆုတ်ခဲ့ ရတယ် ။ ဒါကို မြေဒူးမင်းသား က ပုန်ကန်ဖို့ အကြံ နဲ့ တမင် နောက်ချန် နေခဲ့တယ်လို့ ယူဆ ကာ ရိက္ခာ ဖြတ်တောက် ခဲ့တယ် ။ နောင်တော် ဒီပဲယင်းမင်း ကိုလည်း တိုင်ကြား ခဲ့တယ် ။ ဒါ့ကြောင့် မင်းခေါင်နော်ရထာ ဟာ နေပြည်တော် မပြန်ဘဲ တောင်ငူ ကို ဆက်လက် ချီတက် ခဲ့တယ် ။ တောင်ငူ မှာ ရှိတဲ့ ဘထွေးတော် သတိုးသိင်္ခသူ နဲ့ ဗလမင်းထင် တို့ က မင်းခေါင်နော်ရထာ ကို ဖမ်းဖို့ ကြိုးပမ်း ခဲ့ ပေမယ့် မအောင်မြင်လေဘူး ။ ( ၁၇၆၀ ) ခုနှစ် မှာ တော့ မင်းခေါင်နော်ရထာ နဲ့ တပ်များ က အင်းဝ ကို သိမ်းပိုက် လိုက်တယ် ။ အင်းဝမြို့ဝန် ရာဇဓမ္မ ထွက်ပြေး လွတ်မြောက် သွားတယ် ။ ပြင်သစ်စစ်ဗိုလ် “ လီဗင် ” ကျဆုံး ခဲ့တယ် ။ 


ဒီပဲယင်းမင်း ရဲ့တပ်များ ဟာ အင်းဝ ကို ချီတက် ဝိုင်းရံ ထားလေတယ် ။ ရက် အတန် ကြာ ထိ မြို့ ကို မသိမ်းပိုက် နိုင်ဘဲ ရှိတယ် ။ မင်းခေါင်နော်ရထာ တပ် တွေ လည်း ရိက္ခာ တစ်စ ပြတ်လပ် လာပြီ ။ ဒါ့ကြောင့် တစ်ည မှာ မြို့ ကို ဖောက် ထွက် ခဲ့တယ် ။ ပန်းလောင်မြစ် တစ်ဖက်ကမ်း အရောက် မှာ မက္ခရာဗိုလ် သီရိရွှေတောင် ရဲ့တပ် က လိုက်လံ တိုက်ခိုက်တယ် ။ ကျောက်ဆည်နယ် ဝတ်လဲတောင် အနီး မှာ မင်းခေါင်းနော်ရထာ သေနတ် ထိ မှန် ပြီး ကျဆုံး လေတယ် ။ 


( ၁၇၆၁ ) ခုနှစ် ၊ ဒီပဲယင်းမင်း နန်းတက် စ မှာ ဘထွေးတော် တောင်ငူ စား သတိုးသိင်္ခသူ လူသူ စုရုံးပြီး ပုန်ကန် လေတယ် ။ ဒီပဲယင်းမင်း ကိုယ်တိုင် ကြီးကြပ်ပြီး ကြည်းကြောင်း ၊ ရေကြောင်း နဲ့ တောင်ငူ ကိုချီတက်တယ် ။ စစ်သူကြီး ဒလပန်း နဲ့ ဗညားကျန်း တို့ က လည်း တောင်ငူစား ကို စစ်ကူပေး ဖို့ စစ်တောင်းမြို့ က နေ ချီလာတယ် ။ ဒီပဲယင်းမင်း ရဲ့ ဘုရင့်တပ်မတော် က တော်လှန် ပုန်ကန်သူ အားလုံး ကို နှိမ်နင်းနိုင်ခဲ့တယ် ။ ( ၁၇၆၂ ) ခု မှာ တောင်ငူ ကို သိမ်း ပြီး သတိုးသိင်္ခသူ ကို လည်း ဖမ်းဆီး လိုက်နိုင်တယ် ။ 


ဒီပဲယင်းမင်း ဟာ ဘထွေးတော် သတိုးသိင်္ခသူ ကို ခွင့်လွှတ်ပြီး ဝတ်ဖြူစင်ကြယ် ဝတ်ကာ သီတင်းသီလ ဆောက်တည် စေတယ် ။ ဒီပဲယင်း မင်း ဟာ တောင်ငူ အရေး ပြီးပြေ တာ နဲ့ ဇင်းမယ် ကို သွားရောက် တိုက်ခိုက် ဖို့ စီစဉ်တယ် ။ မွန်စစ်သူကြီး ဒလပန်း ဟာ နှစ်အတန်ကြာ ပျောက် နေပြီး ဇင်းမယ်ဘုရင် ထံ မှာ အမှုထမ်း နေကြောင်း သိ ရတယ် ။ ဒီပဲယင်းမင်း ဟာ တပ်ပေါင်း ငါးတပ် နဲ့ ရေကြောင်း ချီပြီး ဒလပန်း ရှိရာ မုတ္တမမြို့ အရှေ့ဘက် “ ကော့ကွန်း ” ဒေသ ကို သိမ်းပိုက် ပြီး ဒလပန်း နဲ့ မိသားစု ကို ဖမ်းဆီး ခေါ် ဆောင် နိုင်ခဲ့တယ် ။ စစ်သူကြီး ဒလပန်း ကို ဒီပဲယင်းမင်း က ခွင့်လွှတ် ကာ သူ့ ထံ အမှုတော် ထမ်း စေတယ် ။ ဒီပဲယင်းမင်း ရဲ့ ကြည်းကြောင်းတပ်တွေ က တော့ ဇင်းမယ် ကို ဆက်လက် ချီတက် ခဲ့တယ် ။ ဇင်းမယ် ကို သိမ်းပိုက် အောင်နိုင်ပြီး မကြာမီ လပိုင်း ( ၁၇၆၃ ) ခုနှစ် မှာ ဒီပဲယင်းမင်း အနိစ္စ ရောက် လေတယ် ။ နန်းစံ ( ၃ ) နှစ် သာ ရှိပြီး အသက် ( ၂၉ ) နှစ် ရွယ် မှာ ကွယ်လွန်ခြင်း ဖြစ်တယ် ။ 



❝ ဆင်ဖြူရှင် ( ခေါ် ) မြေဒူးမင်း ❞


ကလေးတို့ ရေ ... 


မြေဒူးမင်း ဟာ အလောင်းမင်းတရား နဲ့ မိဖုရား ခင်ယွန်းစံ တို့ ရဲ့ ဒုတိယ မြောက် သားတော် ဖြစ်တယ် ။ ( ၁၇၃၆ ) ခု ၊ သြဂုတ် ( ၁၉ ) မှာ မွေးဖွားခဲ့တယ် ။ ငယ်မည် မောင်ရွ လို့ ခေါ် လေတယ် ။ မြေဒူးမင်းသား ဟာ ငယ်စဉ် က ပဲ ဖခင် အလောင်းမင်းတရား နဲ့ လိုက်ပါ ကာ တိုက်ပွဲ များစွာ နွှဲခဲ့သူ ဖြစ်တယ် ။ အသက် ( ၂၇ ) နှစ် ရွယ် မှာ သီရိသုဓမ္မာရာဇာ အမည် နဲ့ အိမ်ရှေ့ဥပရာဇာ အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတယ် ။ ထီးနန်း စိုးစံစဉ် မကွေး မှ ဆင်ဖြူ ဆက် လာတာ ကြောင့် ဆင်ဖြူရှင် လို့ အမည် တွင် လေတယ် ။ 


မြေဒူးမင်း ဟာ ဖခင် ရဲ့ မူအရ ညီနောင် အစဉ်လိုက် နန်း ဆက် ခံရန် ဖြစ် ပေမယ့် သူ့ လက်ထက် မှာ ညီတော် ကို နန်းလျာ မထားဘဲ မိဖုရားခေါင်ကြီး က မွေးတဲ့ သားတော် စဉ့်ကူးမင်းသား ကို နန်းလျာ အဖြစ် အိမ်ရှေ့အရာ ပေး လေ တယ် ။ 


ဆင်ဖြူရှင် ဟာ ပထမ တော့ ရွှေဘို မှာ ပဲ နန်း စံတယ် ။ နောက် အင်းဝ ပြောင်း ပြီး မြို့နန်း အသစ် တည် ကာ စံတော် မူတယ် ။ အမှုထမ်း ကျွန်တော် တို့ ကို အစုအငန်း ဖွဲ့တော် မူတယ် ။ နိုင်ငံတော် အတွင်း မြို့ပြ ၊ တိုင်းခရိုင်တို့ အုပ်ချုပ်မှု ကို နေသားတကျ ရှိအောင် ခန့်ထား စီရင် လေတယ် ။ 


ဆင်ဖြူရှင် နန်းတက် ပြီး မကြာခင် ဘဲ နောင်တော် ဒီပဲယင်းမင်း လက်ထက် က ဇင်းမယ် ကို စေလွှတ် ခဲ့ တဲ့ အဘယဂါမဏိ နဲ့ တပ်များ ဟာ မင်းရဲသီရိ ကို မြို့စောင့် ထားပြီး ပြန်ခဲ့ကြတယ် ။ ( ၁၇၆၄ ) ခု မှာ ရွှေဘို ပြန် ရောက်တယ် ။ သူတို့ နဲ့ အတူ အင်းဝမြို့ ပျက်စဉ် က ထွက်ပြေး တိမ်းရှောင် ခဲ့တဲ့ နန်းတွင်း အနွယ်တော် တချို့ နဲ့ ပဲခူးသား ဆင်ကျားရှင် ဆိုသူလည်း ပါ လာတယ် ။ 


ဇင်းမယ် က နေ အဘယဂါမဏိ တပ် ပြန် ထွက် သွားတာ နဲ့ ယိုးဒယား မြို့စား အချင်းချင်း ပူးပေါင်းပြီး မြန်မာဘုရင် ကို ပုန်ကန် လေတယ် ။ လင်းဇင်း နယ်စား လည်း ပုန်ကန်မှု မှာ ပါ လေတယ် ။ ဒါ့ကြောင့် နေမျိုးသီဟပတေ့ ဘွဲ့ခံ မြင်းစုကြီးဝန် ဦးတုတ်ကြီး မြန်မာတပ်များ ဟာ ခရစ်နှစ် ( ၁၇၆၄ ) ခု မှာ ဇင်းမယ်ကြောင်း ချီပြီး ဇင်းမယ် ( ၅၇ ) ခရိုင် နဲ့ တကွ လင်းဇင်းစား ကို ပါ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တယ် ။ 


ထိုအတွင်း ထားဝယ် - ရွှေတောင်စား ရဲ့ ပုန်ကန်မှု ပေါ်ပေါက် ခဲ့တယ် ။ ရွှေတောင်စား ဟာ ယိုးဒယား တို့ နဲ့ ပေါင်းပြီး ဆင်ဖြူရှင်မင်း ကို ပုန်ကန် လေ တယ် ။ ဒါ့ကြောင့် ( ၁၇၆၄ ) ခုနှစ် မှာ မဟာနော်ရထာ ဦးစီး တဲ့ မြန်မာတပ်မတော် ဟာ နေပြည်တော် က နေ ထားဝယ် စစ်ကြောင်း ချီ ခဲ့တယ် ။ ထားဝယ် ရောက်တဲ့ အခါ ရွှေတောင်စားတပ်တွေ မြိတ်မြို့ ကို ထွက်ခွာ သွားပြီ ဖြစ်တယ် ။ ဒါ့ကြောင့် မြိတ်မြို့ ရှိ ယိုးဒယားဘုရင်ခံ ထံ ရွှေတောင်စား ကို အပ်ဖို့ တောင်းဆို လိုက်တယ် ။ မြိတ်ဘုရင်ခံ ငြင်းဆန် တာ ကြောင့် ( ၁၇၆၄ ) ဒီဇင်ဘာ အတွင်း တိုက်လှေ ( ၆ဝ ) နဲ့ ထားဝယ် က နေ မြိတ် သို့ ချီ လေတယ် ။ အဲဒီ အချိန် မှာ ရွှေတောင်စား ဟာ လှေ တစ်စင်း နဲ့ ယိုးဒယားနယ် ထဲ ထွက်ပြေး လွန်မြောက် သွားတယ် ။ ယိုးဒယား တို့ က ရွှေတောင်စား ကို ချွန်ဗူရီမြို့ မှာ ထိန်းသိမ်း ထား တယ် ။ 


အနော်ရထာ နဲ့ တပ်များ ယိုးဒယားနိုင်ငံ တွင်း ဝင် တိုက်ကာ အောင်ပွဲ ခံ ခဲ့ တယ် ။ ဆင်ဖြူရှင် က အယုဒ္ဓယမြို့တော် ထိ ချီတက် တိုက်ခိုက် ဖို့ အမိန့် ထုတ် ခဲ့ တယ် ။ ထို့ကြောင့် ဇင်းမယ်ကြောင်း ချီ နေမျိုးသီဟပတေ့တပ်များ က မြောက်ဘက် မှ လည်းကောင်း ၊ မဟာနော်ရထာတပ်တွေ က တောင်ဘက်ကြောင်း က လည်းကောင်း ၊ အယုဒ္ဓယမြို့တော် သို့ ချဉ်းကပ် ခဲ့ ကြတယ် ။ ထိုအတွင်း ဗိုလ်ချုပ် မဟာနော်ရထာ နာမကျန်း ဖြစ် ကွယ်လွန် သွားတာကြောင့် စစ်ကြောင်း နှစ်ကြောင်းလုံး ကို နေမျိုးသီဟပတေ့ က ပဲ ဦးစီး ပြီး ( ၁၇၆၆ ) ခုနှစ် မှာ အယုဒ္ဓယ ကို ဝိုင်း ထား လိုက်တယ် ။ တစ်နှစ် နဲ့ သုံးလ အကြာ ( ၁၇၆၇ ) ခု မှာ အပြီးသတ် ချေမှုန်း တိုက်ခိုက် နိုင် ခဲ့တယ် ။ 


၁၇၅၉ ခု နှစ်ဦးပိုင်း လောက် က မဏိပူရကသည်းပြည် ကို အလောင်းမင်းတရားကြီး တိုက်ခိုက် သိမ်းယူခဲ့တယ် ။ မကြာခင် ကသည်း တို့ မြို့ပြထီးနန်း အသစ် တည်ပြီး အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီ အားကိုး ပြုကာ မြန်မာနိုင်ငံ အစွန်အဖျား မြို့ရွာတွေ ကို နှောင့်ယှက် လာတယ် ။ ဒါ့ကြောင့် ( ၁၇၆၄ ) ခု မှာ ကသည်းပြည် ကို ဆင်ဖြူရှင်မင်း ကိုယ်တိုင် မဏိပူရ ကို ကိုယ်တိုင် ချီတက် တိုက်ခိုက်တော် မူတယ် ။ ကသည်းစော်ဘွား ထွက်ပြေး လေတယ် ။ ကသည်း ကို အောင်တဲ့ အခါ တစ်မြို့လုံး ယောကျာ်း မိန်းမ သိမ်းကျုံး ခေါ်ဆောင် ကာ နေပြည်တော် ပြန် ခဲ့တယ် ။ 


ဆင်ဖြူရှင်မင်း ဟာ ( ၁၇၆၄ ) မှာ အင်းဝမြို့ဟောင်း ကို ပြန် မွမ်းမံ ပြီး ( ၁၇၆၆ ) မှာ မြို့တော် ကို သိမ်းပိုက် စိုးစံ လေတယ် ။ ဆင်ဖြူရှင် လက်ထက် မန်ချူးတရုတ် တို့ နဲ့ စစ် လေးကြိမ် ဖြစ်ပွား ခဲ့တယ် ။ ( ၁၇၆၅ ) မှာ ကျိုင်းတုံ ကို ကျူးကျော် ဝင်ရောက် လာတဲ့ မန်ချူးတရုတ်တပ် ကို မြန်မာတပ် က ရွပ်ရွပ်ချွံချွံ တိုက်ထုတ် ခဲ့တယ် ။ ( ၁၇၆၆ ) မှာ တစ်ကြိမ် ၊ ( ၁၇၆၇ ) မှာ တစ်ကြိမ် ၊ ( ၁၇၆၉ ) မှာ တစ်ကြိမ် ၊ ပေါင်း လေးကြိမ်လုံး မန်ချူးတရုတ်တပ် ရှုံးနိမ့် လေ တယ် ။ နောက်ဆုံး တိုက်ပွဲ မှာ တရုတ်တို့ က စစ်ပြေငြိမ်းဖို့ ကမ်းလှမ်း ခဲ့တယ် ။ ကောင်းတုံမြို့ မှာ စစ်ပြေငြိမ်း ကြောင်း စာချုပ် လက်မှတ် ရေးထိုး ခဲ့ ကြတယ် ။ 


( ၁၇၄၄ ) ခုနှစ် မှာ ဆင်ဖြူရှင်မင်းတရား ရန်ကုန် ကို စုန်ပြီး ရွှေတိဂုံ စေတီ ကို ထီးတော်တင်လှူ လေတယ် ။ ရန်ကုန် မှာ ဟံသာဝတီမင်းဟောင်း ဗညားဒလ ကို မွန်လူမျိုး တို့ ပုန်ကန်ရာ ကြံရာ ပါ တဲ့ အတွက် ညီ ဥပရာဇာ နဲ့ တကွ ကွပ်မျက်တော် မူတယ် ။ ဆင်ဖြူရှင်မင်းတရား လက်ထက် လက်ဝဲသုန္ဒရ ကို မဲဇာ ပို့ ခဲ့တယ် ။ “ မဲဇာတောင်ခြေ ” ရတုပိုဒ်စုံ ရေးသား ဆက်သွင်း တာ ကြောင့် အမျက် ပြေ ကာ ပြန် ခေါ်ခဲ့တယ် ။ 


ဆင်ဖြူမင်းတရား ဟာ ( ၁၇၇၆ ) ခု အသက် ( ၄၀ )  မှာ ကံ ကုန် တော်  မူတယ် ။



❝ စဉ့်ကူးမင်း နှင့် ဖောင်းကားစားမောင်မောင် ❞


ကလေးတို့ ရေ … 


ဆင်ဖြူရှင် လက်ထက် သားတော် စဉ့်ကူးမင်း ကို နန်းလျာ ခန့်အပ်ခဲ့ တာ ဟာ အလောင်းမင်းတရား ရဲ့ အစဉ်အလာ ကို ဆန့်ကျင် ခဲ့ တာပါပဲ ။ “ ငါ့ သားတော်များ အစဉ်အတိုင်း မင်း ပြုရမယ် ” လို့ အလောင်းမင်း မိန့် ခဲ့တယ် ။ အမိန့်အရ အစဉ်အတိုင်း ဆိုရင် ဆင်ဖြူရှင် ကံ ကုန် ရင် ညီတော် အမြင့်မင်းသား မောင်ပိုး နန်း တက် ရမှာ ဖြစ်တယ် ။ ဒါပေမဲ့ ဆင်ဖြူရှင် လက်ထက် သားတော် စဉ့်ကူးမင်းသား ကို နန်းလျာ ထားခဲ့ တာ ကြောင့် ဆင်ဖြူရှင် ကံ ကုန်တာ နဲ့ စဉ့်ကူးမင်း နန်း တက် လေတယ် ။ အစဉ်အလာ ကို ဆန့်ကျင်ကာ မင်း ဖြစ် လာတာ ကြောင့် စဉ့်ကူးမင်း လက်ထက် မှာ ထီးနန်း အတွက် ကြံစည်မှု အရှုပ်အထွေး ပေါ်ပေါက် လာ ခဲ့တယ် ။ 


စဉ့်ကူးမင်း ဟာ ( ၁၇၇၆ ) ခုနှစ် မှာ နန်း တက် ခဲ့တယ် ။ မင်း ဖြစ်တာ နဲ့ ယိုးဒယား ချီ တပ်တွေ ကို ပြန် ခေါ်တယ် ။ သူ မင်းသား ဘဝ ရွှေနားတော်သွင်း ဧချင်း ရေးသား ဆက်သွင်း တဲ့ ဆရာ လည်း ဖြစ်တဲ့ ဦးဖျော် ကို “ မင်းရဲရာဇာ ” ဘွဲ့ နဲ့ ပလိပ်ရွာ ကို စား စေတယ် ။ 


စဉ့်ကူးမင်း ဟာ အစဉ်အလာ ဆန့်ကျင် မင်း ဖြစ် လာတာမို့ သူ စိတ်မချတဲ့ အစဉ်အလာ ရှိသူတွေ ကို အရေး မပေးဘဲ နှိမ်ထား လေတယ် ။ အစဉ်အလာ အရ မင်း ဖြစ်ရမယ့် ဘထွေးတော် အမြင့်ဦးပိုး ဟာ စဉ့်ကူးမင်း ကို ပုန်ကန် ခဲ့တယ် ။ ဒါ့ကြောင့် မသင့်တဲ့ အကြံ ကြံတယ် ဆိုပြီး ဦးပိုး နဲ့ ကြံရာပါ တွေ ကို ကွပ်မျက် လေတယ် ။ အရည်အချင်း ရှိတဲ့ ဝန်ကြီး မဟာသီဟသူရ ကိုလည်း ဝန်ကြီး အရာ က ချပြီး စစ်ကိုင်း တွင် ထား လေတယ် ။ ဘထွေးတော် ဗဒုံမင်း ကို လည်း စစ်ကိုင်း မှာ ပို့ထား လေတယ် ။ ဘထွေးတော် ပခန်းမင်း ကို ပင်းယ မှာ နေ စေတယ် ။ ဘထွေးတော် ပင်းတလဲမင်း ကို ရွာသစ်ကြီး မှာ နေ စေတယ် ။ ဘကြီးတော် ( နောင်တော်ကြီးမင်း ရဲ့ သား ) မောင်မောင် ကို လည်း ဖောင်းကားရွာ ကို ပို့ ထား လေတယ် ။ ဗဒုံမင်းသား ဟာ စစ်ကိုင်း မှာ ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ ရတယ် ။ 


စဉ့်ကူးမင်း လက်ထက် မှာ သဿမေဓခွန် ၊ ဈေးပွဲ ၊ ကင်းကူးတို့ခွန် စတဲ့ အကောက်ခွန် မှန်သမျှ လွတ်ငြိမ်းခွင့် ပြုခဲ့တယ် ။ ဘုံသာဝေယံ လို ငါးထပ် ကျောင်းတော်ကြီး ဆောက်လုပ် ပြီး သာသနာ ထွန်းကားရေး ကို အားပေးခဲ့ တယ် ။ ကြေးပိဿချိန် ( ၁၅၅၅၅ ) ရှိတဲ့ ခေါင်းလောင်းကြီး ပြုလုပ်ကာ ရွှေတိဂုံစေတီတော် မှာ လှူ လေတယ် ။ ရဟန်းတော်များ အတင်  ၊ အရုံ ကွဲမှု ကို လည်း စိစစ် ကာ အရုံ ဂိုဏ်း ကို ခွင့်ပြု ခဲ့တယ် ။ သို့သော် စဉ့်ကူးမင်း နန်း တက်ပြီး လေးနှစ် အကြာ မှာ မြေနန်းတော် က ပေါ်တူဂီလူမျိုး အမြောက် အမှုထမ်းတွေ နဲ့ ပေါင်း ကာ အရက်သေစာ သောက်စား မူးယစ် နေ လေတယ် ။ 


စဉ့်ကူးမင်း ရဲ့ ဓလေ့ ဝါသနာ တစ်ခု က မကြာခဏ ဘုရားဖူး ထွက်ခြင်း ဖြစ်တယ် ။ ( ၁၇၈၁ ) ခု မှာ ပင်းယ ရွှေစည်းခုံ ပြိုကျ ပျက်စီး နေတာကို အသစ် ပြန်လည် တည် လုပ်ခဲ့တယ် ။ စဉ့်ကူးမင်း ကိုယ်တိုင် မြောက်ဘက် ၌ ယာယီ နန်း ဆောက်စေ ကာ စံ နေခဲ့တယ် ။ ဗိုလ်လူအများ အုတ်ဟောင်း တို့ ကို သယ်ယူ ရှင်းလင်း နေစဉ် မှာ စဉ့်ကူးမင်း ဟာ သောက်စား မူးယစ် နေ လေတယ် ။ 


( ၁၇၈၂ ) ခု မှာ စဉ့်ကူးမင်း နဲ့ ဘုရားဖူး အဖွဲ့ ဟာ ပင်းယ ကနေ နေပြည်တော် ပြန် ရောက် လေတယ် ။ စဉ့်ကူးမင်း ဟာ နန်းတွင်း မဝင်သေးဘဲ မြောက်ဘက် မာန်အောင်တံခါး ရှိ ရေနန်းတော် ၌ စံပြီး အဲဒီက မှ တစ်ဆင့် အညာသီဟတောဘုရား သို့ ဘုရားဖူး ပြန် ထွက် ကြ လေတယ် ။ 


စဉ့်ကူးမင်း ရဲ့ ဓလေ့စရိုက် ကို သိထားတဲ့ ဖောင်းကားစားမောင်မောင် ဟာ ဖောင်းကားရွာ က ဂါမဏိဦးကြာ အဖွဲ့ နဲ့ ပူးပေါင်းပြီး အဲဒီ နှစ် မှာ ပဲ ၊ မာန်အောင် တံခါး က နေ ညဉ့်အချိန် စဉ့်ကူးမင်း ဟန် ဆောင် ကာ ဝင် ရောက်ပြီး ထီးနန်း သိမ်းပိုက် လေတယ် ။ မှူးမတ်တို့ ကို လည်း ခြိမ်းခြောက် ကာ သစ္စာပေး လေတယ် ။ ဝန်ကြီးဟောင်း မဟာသီဟသူရ ကို ပြန် ခေါ်ကာ အုပ်ချုပ် စီမံ လေတယ် ။ 


ဖောင်းကားစားမောင်မောင် အင်းဝထီးနန်း ကို အလိုတော် ပြည့် တဲ့ အခါ ဘထွေးတော် ဗဒုံမင်း ၊ ပခန်းမင်း ၊ ပင်းတလဲမင်း ၊ စည်သာမင်း တို့ ကို အင်းဝ အိမ်တော်ဟောင်းများ မှာ ပြန်ပြောင်း နေ စေတယ် ။ နောက်တစ်ဖန် ဘထွေးတော် တို့ ကို စိတ်မချ နိုင်တာ နဲ့ ဘထွေးတော် ၊ အကြီးတော်များ ကို ချုပ် ထားပြီး အမှုထမ်းတွေ ကို တောင်း လေတယ် ။ အဲဒီအခါ ဗဒုံမင်း ဟာ ညီတော် သားတော် တို့ နဲ့ တိုင်ပင်ပြီး ဖောင်းကားစား အကောက်ကြံ မှာ စိတ်မချတာ နဲ့ ရုတ်တရက် လူသူ စုရုံးပြီး ခရစ်နှစ် ( ၁၇၈၁ ) ခု မှာ နန်းတော် ကို ဝင် စီးကာ တိုက်ခိုက် လေ တယ် ။ ဖောင်းကားစား ကို မိကာ ကွပ်မျက် လေတယ် ။ ဖောင်းကားစား ( ၇ ) ရက် မျှ နန်းစံ လိုက် ရ လေတယ် ။ 


အညာသီဟတော မှာ ရှိတဲ့ စဉ့်ကူးမင်း လည်း ဖောင်းကားစား အင်းဝ ထီးနန်း စီးမိကြောင်း ကြားတဲ့ အခါ တပ်တော်များ စေလွှတ်ကာ လုပ်ကြံ စေတယ် ။ ဒါပေမဲ့ အရေး ရှုံးနိမ့် လေတယ် ။ ဗိုလ်မှူး ၊ တပ်မှူး တို့ ကလည်း စဉ့်ကူးမင်း ကို စွန့်ခွာ သွား ကြတယ် ။ ဒါ့ကြောင့် စဉ့်ကူးမင်း ဟာ ပါသမျှ အခြွေအရံ နဲ့ ဧရာဝတီမြစ် ကို စုန်ခဲ့တယ် ။ အင်းဝမြို့ ကို ရောက်တဲ့ အခါ ဗဒုံမင်း ( ဘိုးတော်ဘုရား ) က ထုံးစံ နဲ့ အညီ စီရင် လေတယ် ။ သေသောက်ကြူးခြင်း ရဲ့ ရလာဒ် ဟာ အသက် ဆုံးရှုံးရခြင်း ပဲ ဖြစ်တယ် ဆိုတာ မြန်မာရာဇဝင် မှာ တပင်ရွှေထီး နဲ့ စဉ့်ကူးမင်း တို့ က သင်ခန်းစာ ပေးခဲ့တာပါပဲ ။ စဉ့်ကူးမင်း ထီးနန်း ငါးနှစ် စံ ပြီး အသက် ( ၂၆ ) နှစ် ခရစ်နှစ် ( ၁၇၈၂ ) မှာ ကံ ကုန်လေတယ် ။ 



❝ ဘိုးတော်ဘုရား ( ခေါ် ) ဗဒုံမင်း ❞


ကလေးတို့ ရေ ...


ဘိုးတော်ဘုရား ( ခေါ် ) ဗဒုံမင်း ဟာ အလောင်းမင်းတရားကြီး နဲ့ မိဖုရား ခင်ယွန်းစံ တို့ ရဲ့ စတုတ္ထမြောက် သားတော် ဖြစ်တယ် ။ ၁၇၄၅ ခုနှစ် အင်းဝ ကို မွန်တပ်တွေ ဝိုင်းရံ ထားစဉ် မွေး တာ မို့ ငယ်မည် မောင်ဝိုင်း လို့ ခေါ်တယ် ။ ဒါ့ကြောင့် ဘိုးတော်ဦးဝိုင်း လို့ လည်း ခေါ်ကြတယ် ။ ခရစ်နှစ် ( ၁၇၈၂ ) ခု မှာ တူတော် စဉ့်ကူးမင်း နဲ့ ဖောင်းကားစားမောင်မောင် တို့ ကို လုပ်ကြံပြီး နန်း တက် တော် မူတယ် ။ 


ဗဒုံမင်း နန်း တက် စ မှာ ထီးနန်း အန္တရာယ် ကြောင့် မင်းဆွေစိုးမျိုး ၊ မှူး မတ် ၊ အမှုထမ်း တချို့ ကို ကွပ်မျက်တော် မူ ရတယ် ။ ဝန်ကြီး မဟာသီဟသူရ ကို မရှုတ်မချ ဝန်ကြီး အရာ နဲ့ သူကောင်း ပြု ပေမယ့် မကြာမြင့်မီ ညီတော် စည်သာ မင်းသား နဲ့ ပေါင်းပြီး မသင့်တဲ့ အကြံအစည် ကြံစည် တာ ကြောင့် ကြံရာပါ တို့ နဲ့ အတူ စီရင်ခြင်း ခံရ လေတယ် ။ 


ဘိုးတော်ဘုရား ( ခေါ် ) ဗဒုံမင်းသား မြောက်နန်း မိဖုရား ဒေါ်လွန်းသူ က မှားတဲ့ သားတော်အကြီး သတိုးဓမ္မရာဇာ ( ခေါ် ) ဦးပေါ် ကို အိမ်ရှေ့ အရာ ထား တာ နဲ့ ထုံးစံ နဲ့ အညီ စီရင် လေတယ် ။ ကျန်တဲ့ ညီတော် ပုခန်းမင်း က တော့ ဗဒုံမင်း ကြီး မင်းကွန်း မှာ စံတော် မူ စဉ် ကံ ကုန်လေတယ် ။ သတိုးဓမ္မရာဇာ ( ခေါ်  ) ဦးပေါ် ဟာ ဖခင်ဗဒုံမင်း စိုးစံစဉ် ( ၁၈ဝ၉ ) ခု မှာ ကွယ်လွန် ခဲ့တယ် ။ ဒါ့ကြောင့် ဦးပေါ်  ကွယ်လွန်တဲ့ အခါ ပထမ အိမ်ရှေ့ မိဖုရား ဒေါ်ကေ က ဖွားမြင်တဲ့ မြေးတော် စစ်ကိုင်းမင်းသား ဦးစိန် ကို (၁၈ဝ၉) ခုနှစ် မှာ အိမ်ရှေ့ အရာ ထား လေ တယ် ။ 


ဖောင်းကားစား မောင်မောင် ကို နန်းချ ပြီး ကုန်းဘောင် ထီးနန်း ကို ယူ ခဲ့တဲ့ ဗဒုံမင်း အပေါ်  ဖောင်းကား ရွာသား အချို့ က လည်း မကျေနပ် လေဘူး ။ ဒါ့ကြောင့် မင်းမြတ်ဖုန်း ပုန်ကန်မှု မှာ ဖောင်းကားရွာသား တွေ ကူညီ ခဲ့တယ် ။ မင်းမြတ်ဖုန်း ဟာ မိုင်းခိုင်းမြို့ ဇာတိ ဖြစ်တယ် ။ ဟံသာဝတီရောက် မင်း ရဲ့ သား ဖြစ်တယ် လို့ လုပ်ကြံ ပြောဆိုကာ နန်းတွင်း ထိ ဝင်ရောက်သောင်းကျန်းခဲ့တယ် ။ ဗဒုံမင်း ဟာ ငဖုန်း ရဲ့ သောင်းကျန်းမှု ကို ကောင်းစွာ နှိမ်နင်း နိုင် ခဲ့တယ် ။ ဖောင်း ကားရွာသား ( ၁၁၈ ) ဦး ကိုတော့ အပြစ် မှ ခွင့်လွှတ် ကာ အောင်မြေ လောကစေတီ မှာ အရန် အစောင့် အဖြစ် လှူဒါန်းခဲ့တယ် ။ 


ဗဒုံမင်းဟာ ခရစ်နှစ် ( ၁၇၈၃ ) ခု မှာလည်း စလေမြို့စား အင်းမကြီးစား တို့ ကို ရာထူး မှ ထုတ်ပယ် အကျဉ်းချ ထားကာ အင်းယဉ်သိင်္ခကျော်ခေါင်ပျံချီ ၊ ယက္ခရဲ တို့ ကို ကွပ်မျက် ခဲ့တယ် ။ 


ဗဒုံမင်း ဟာ ခရစ်နှစ် ( ၁၇၈၂ ) မှာ မြစ်ငယ်မြစ် ရဲ့ မြောက်ဘက် ထီးပေါင်းကား အရပ် မှာ အမရပူရ မြို့တော်သစ် ကို တည်ဆောက် ခဲ့တယ် ။ မြို့တော် တည်ဆောက် ပြီး စီး ပါ က ပိဋကတ်တော် တို့ ကို တိုးရုပ်ရွှေဖောင် နဲ့ တင်ကာ မင်းအို ၊ မာန်လည် ၊ ဆုံတားမင်းရွာ ဆရာတော် တို့ လိုက်ပါ သီတင်း သုံး ကာ ဦးစွာ ပို့ဆောင်စေ ခဲ့တယ် ။ ( ၁၇၈၃ ) ခု မှာ ဗဒုံမင်း နဲ့ မိဖုရားခေါင် တို့ နန်းသိမ်းပွဲ ကျင်းပ ခဲ့ လေတယ် ။ 


ဗဒုံမင်း ဟာ မန္တလေး အရှေ့ဘက် အောင်ပင်လယ်ကန် နဲ့ မြောက်ဘက် ရှိ မောင်းမကန် ( ခေါ် ) နန္ဒာကန် ကို လည်း ပြုပြင် တော် မူတယ် ။ မိတ္ထီလာကန် ကို လည်း အသစ် ဆည် ဖို့ တော် မူတယ် ။ ထို့ပြင် မြို့ရွာ နယ်ပယ် ၊ လူနေ အိမ်ခြေ ၊ ထွက်ရှိတဲ့အသီးအနှံ ၊ အရောင်းအဝယ် အခွန်အကောက်နှုန်း စသည်တို့ ကို စစ်တမ်း ထုတ်ပြီး ပေ ၊ ပုရပိုက် မှာ ရေးမှတ် စေတယ် ။ အိမ်ခြေ ( ၂၅ ) အိမ် လျှင် တစ်တိုင် စည်းကြပ် စုဖွဲ့တော် မူတယ် ။ ရောင်းဝယ်မှု ကို လည်း စည်းကြပ် စီမံ လေတယ် ။ နိုင်ငံ တွင်း ကျွန်းသစ်တို့ ကို သင်္ဘော တည် လုပ်ခွင့် ပေးတယ် ။ ရွှေငွေ ရတနာ တို့ကို ကား နိုင်ငံ ပြင်ပ သို့ ယူဆောင် ခွင့် မပြု ။ 


ဗဒုံမင်းတရား ဟာ စစ်ကိုင်း အိမ်တော်ရာ မှာ အောင်မြေလောက စေတီတော် ၊ မြစ် ရဲ့အနောက်ဘက် မှာ မင်းကွန်းစေတီတော် နဲ့ ခေါင်းလောင်းတော်ကြီး စသည်တို့ ကို တည်ထား ၊ သွန်းလုပ်တော် မူတယ် ။ စေတီတော်ကြီး ကား မပြီးလေ ။ မြို့ပေါင်း ( ၅၆ ) မြို့ သို့ တစ်မြို့ လျှင် ပိဋကတ်တော် တစ်စုံ နဲ့ သံဃာ ငါးပါး စေလွှတ်တော် မူတယ် ။ သီဟိုဠ် သံဃာများ နှင့် အမတ်ကြီး ရောက်လာ လျှောက်ထားတာ ကြောင့် ရဟန်းတော်များ ပိဋကတ် စာပေများ ပို့တော် မူတယ် ။ 


မင်းတရားကြီး ဟာ အရပ်ရပ် ကျောက်စာဟောင်းများ ကို လည်း စုဆောင်း အသစ် ပြင်ဆင် စိုက်ထူ လေတယ် ။ အနောက် အိန္ဒိယ မဇ္ဈိမဒေသ သို့ လည်း မှူးမတ် တို့ ကို အကြိမ်ကြိမ် စေလွှတ် ကာ လောကီ ၊ လောကုတ္တရာကျမ်းစာ ၊ ဆေး ၊ ဗေဒင် ၊ ဓာတ်ကျမ်း စသည် ဖြင့် ဘင်္ဂလီ ၊ နာဂရီ ဘာသာကျမ်းပေါင်း ( ၁၀၀ ) ကျော် ကို ရှာဖွေ စုဆောင်းပြီး ပါဠိဘာသာ ၊ မြန်မာဘာသာ ပြန်ဆို စေ တယ် ။ ဗောဓိပင်ပွား နှစ်ပင် ကို လည်း ပင့်ဆောင် ခဲ့တယ် ။ 


ခရစ်နှစ် ( ၁၇၈၄ ) ခု မှာ ရခိုင်ပြည် ကို သိမ်းမည် ဟု သားတော် မဟာဥပရာဇာ ကို ကြီးမှူး ပြီး ချီ စေတယ် ။ စစ်ကြောင်း လေးကြောင်း ဖြန့်ချီ လေ တယ် ။ စစ်ကြောင်းတိုင်း မှာ ရခိုင်တို့ အပြင်းအထန် ခုခံ တိုက်ခိုက် ကြတယ် ။ မနိုင်တာ ကြောင့် မြန်မာတပ်တွေ က ပထမ ဦးစွာ သံတွဲ နဲ့ တောင်စဉ် ( ၇ ) ခရိုင်ကို သိမ်း လေတယ် ။ နောက် ရခိုင် တစ်ပြည်လုံး မင်း နဲ့ တကွ ရ လေတယ် ။ မင်းကြီး မင်းခေါင်ကျော် ကို အင်အား တစ်သောင်း ကျော် နဲ့ အအုပ်အချုပ် ခန့် ထားခဲ့တယ် ။ ရခိုင်ဘုရင် နဲ့ တကွ မင်းဆွေစိုးမျိုး ၊ မှူးမတ်ပညာသည်များ အမြောက်ကြီးများ ၊ ခဲယမ်း ၊ မီးကျောက်များ ၊ ယိုးဒယား လုပ် ကြေးရုပ် ( ၃၀ ) ကျော် အပြင် ရခိုင်ဘုရင် အဆက်ဆက် ကိုးကွယ် တဲ့ မဟာမြတ်မုနိရုပ်ပွားတော် ကို လည်း ပင့်ဆောင် ခဲ့တယ် ။ အမရပူရ မြောက်ဘက် မှာ ရွှေပြာသာဒ် နဲ့ တည်ထား ကိုးကွယ် လေတယ် ။ 


ခရစ်နှစ် ( ၁၇၈၅ ) ခု မှာ ယိုးဒယား သို့ မြိတ် တစ်ကြောင်း ၊ ထားဝယ် တစ်ကြောင်း ၊ ဇင်းမယ် တစ်ကြောင်း ၊ အတ္ထရံမြစ် ကို ဖြတ်ပြီး ထားရိုက် ဘုရားသုံးဆူ တစ်ကြောင်း ကိုယ်တော်တိုင် အုပ်ချုပ် ချီတော် မူတယ် ။ မျိုးရိက္ခာ အစီအစဉ် ညံ့တာ နဲ့ တပ်မှူး စကား မနာယူဘဲ အလျင် လုပ်ဆောင်တာ ကြောင့် အရေး မလှဘဲ ပြန်ခဲ့ရတယ် ။ 


( ၁၇၈၆ ) မှာ ယိုးဒယား ကို နောက် တစ်ကြိမ် ချီလေတယ် ။ ယိုးဒယား ဆီးကြို တိုက် တာ ကြောင့် ဆုတ်ခဲ့ ရတယ် ။ ( ၁၇၈၇ ) ခု မှာ တစ်ကြိမ် တပ်ချီ တယ် ။ ဆုတ်ခဲ့ ရ ပြန်တယ် ။ ( ၁၇၉၁ ) ခု နဲ့ ( ၁၇၉၂ ) ခုနှစ်များ မှာ ထားဝယ်ဝန် နေမျိုးကျော်ထင် ယိုးဒယား သို့ ဝင် လေ သဖြင့် အိမ်ရှေ့မင်း ကို အုပ်ချုပ် စေကာ ချီစေ ပြန်တယ် ။ ထားဝယ် နဲ့ မြိတ်မြို့ မှာ ယိုးဒယားမင်း တပ် နဲ့ ရင် ဆိုင် တိုက် ကြတယ် ။ ယိုးဒယားတို့ ဆုတ်ခွာ ရ လေတယ် ။ ဒါကြောင့် အရှေ့ဘက်မြို့ ကျေးရွာ တို့ ကို စည်းကြပ် စီရင်ပြီး မှ ပြန်ခဲ့ ကြတယ် ။ ၁၇၉၅ ခု မှာ အဖွဲ့ဝင် ( ၇၀ ) ကျော် ပါတဲ့ မိုက်ကယ်ဆိုင်း သံအဖွဲ့ ရန်ကုန်မြို့ကို လာ ခဲ့တယ် ။ ကုန်သွယ်ရေး ကိစ္စများ ဆွေးနွေး ကြ လေတယ် ။ ( ၁၇၉၇ ) ခု မှာ ယိုးဒယားသို့ တစ်ကြိမ် ချီ လေတယ် ။ ဇင်းမယ် က ကူ တာကြောင့် အရေး မလှခဲ့ ။ ဇင်းမယ် ကို လည်း လက် လွှတ် ခဲ့ ရတယ် ။ 


မဏိပူရ ကသည်း စော်ဘွား နှစ်ဦး မသင့်တဲ့ အရေး လည်း ဗဒုံမင်း ဖြေရှင်း ပေးတော် မူတယ် ။ ( ၁၈၁၃ ) ခုနှစ် မှာ မဏိပူရ ကသည်း ကို ချီစေပြီး ဇူပရာဇာ ကို နန်းတင် ပေးခဲ့တယ် ။ မဟာရာဇာ ကိုယ်လွတ် ပြေး လေတယ် ။ 


အာသံပြည် အရေး လည်း ခြေတော်ရင်း လာ လျှောက်တာ ကြောင့် ဗဒုံမင်း ပြီးပြေအောင် ဖြေရှင်း ပေးတော် မူတယ် ။ တရုတ်ပြည် နဲ့ လည်း သံ အဆက်သွယ် ရှိလေတယ် ။ ဗဒုံမင်း ရခိုင် ကို သိမ်းတဲ့ အခါ စစ်တကောင်းနယ် ဟာ အင်္ဂလိပ် လက်အောက် ရောက် နေတာ ကြောင့် နယ်ပယ်အရေး နဲ့ ပတ်သက် ပြီး အင်္ဂလိပ် နဲ့ အဆက်ဆံ ရှိ လာတယ် ။ ရခိုင်သား တို့ ထကြွ လို့ နှိမ်နင်း ရာ စစ်တကောင်းနယ် ဝင် ပြေး တာကြောင့် လိုက် ဖမ်းရင်း အင်္ဂလိပ် နဲ့ မသင့်မတင့် ဖြစ်ကြရတယ် ။ 


( ၁၈၁၃ ) ခုနှစ် မှာ အမေရိကန်လူမျိုး ဆရာယုဒသန် နဲ့ ဇနီး မြန်မာနိုင်ငံ သို့ သာသနာပြု ရောက် လာတယ် ။ ဘိုးတော်ဘုရား ( ဗဒုံမင်း ) လက်ထက် မင်းလက်ဝဲသုန္ဒရ ၊ တွင်းသင်းမင်းကြီး မဟာစည်သူ ၊ ရွှေတိုက်စိုး ဦးတိုး ၊ အမတ်ကြီး မဟာဓမ္မသင်္ကြံ ၊ ပြင်စည်မင်းသား ၊ ဒုတိယ နဝဒေး ၊ အမတ်ကြီး ဦးပေါ်ဦး ၊ သာချင်း ဦးအောင်ဖြိုး ၊ မယ်ခွေ ၊ မင်းဘူး ဦးသြဘာသ စတဲ့ ကျမ်းပြု ၊ ပညာရှိ စာဆို တို့ ပေါများ လေတယ် ။ ဘိုးတော်ဘုရား ကား ခရစ်နှစ် ( ၁၈၁၉ ) ခုနှစ် ၊ အသက် ( ၇၄ ) နှစ် အရွယ် တွင် အနိစ္စ ရောက် လေတယ် ။ 



❝ ဘကြီးတော် ( ခေါ် ) စစ်ကိုင်းမင်း ❞


ကလေးတို့ ရေ … 


စစ်ကိုင်းမင်း ဟာ ဘိုးတော်ဘုရား ရဲ့ မြေး ဖြစ်တယ် ။ အိမ်ရှေ့မင်းသား ဦးပေါ် နဲ့ မိဖုရား သီရိမဟာတိလောကရတနာဒေဝီ ( ဒေါ်ကေ ) တို့ က ( ၁၇၈၄ ) ခုနှစ် မှာ ဖွားမြင်ခဲ့တယ် ။ မွေးချင်း ခြောက်ဦး မှာ အကြီးဆုံး ဖြစ်တယ် ။ 


စစ်ကိုင်းမင်းသား ဟာ ပန်းချီ ၊ ပန်းပု စသည် တို့ ကို ဝါသနာ ပါပြီး ကိုယ်တိုင် တတ်ကျွမ်း သူ ဖြစ်တယ် ။ အသက် ( ၂၅ ) နှစ် မှာ အိမ်ရှေ့ အရာ ရပြီး ( ၃၅ ) နှစ် အရွယ် မှာ ဘုရင်ဖြစ် လေတယ် ။ စစ်ကိုင်းမင်း ရဲ့ မိဖုရားခေါင် ဟာ နန်းမတော် မယ်နု ဖြစ်တယ် ။ ထင်ရှားတဲ့ သားသမီးတွေကတော့ ကျောက် ဆောက်မင်းသမီး ၊ ဆင်ဖြူမင်းရှင် ၊ ညောင်ရမ်းမင်းသား ၊ မကွေးမင်းသမီး တို့ ဖြစ်ကြတယ် ။ 


စစ်ကိုင်းမင်း လက်ထက် မှာ နန်းမတော် မယ်နု ရဲ့ အစ်ကို စလင်းမြို့စား ဦးအို ဟာ လွှတ်တက် မင်းသားကြီး ရာထူး ရယူ ထားပြီး အိမ်ရှေ့မင်း အရာ ရဖို့ ကြိုးစား ခဲ့တယ် ။ တစ်ချိန်တည်း မှာ စစ်ကိုင်းမင်း ရဲ့ ညီ သာယာဝတီမင်းသား ဟာ လွှတ်တက်မင်းသားကြီး အဆင့် ရရှိခဲ့ပြီး စလင်းမင်းသားကြီး အုပ်စု နဲ့ အင်အား ပြိုင်ခဲ့ကြတယ် ။ နောက်ဆုံးမှာ သာယာဝတီမင်းသား ဟာ ရွှေဘို သို့ ထွက်ခွာပြီး လူသူ အင်အား စုရုံး ကာ စစ်ကိုင်းမင်း နဲ့ မိဖုရားခေါင် တို့ ကို သာ မက စလင်းမင်းသားကြီး ဦးအို ကို ပါ ရာထူး က ဖယ်ရှား ပစ်ခဲ့တယ် ။ 


စစ်ကိုင်းမင်း နန်းတက်ချိန် မှာ ဗဒုံမင်း ရဲ့ သားတော်များ ဖြစ်တဲ့ တောင်ငူမင်းသား နဲ့ ပြည်မင်းသား တို့ ပုန်ကန်မှု စတင်ခဲ့တယ် ။ စစ်ကိုင်းမင်း ဟာ ဘထွေးတော်များ ပုန်ကန်မှု ကို စစ်ဆေးရာ မှ အကြီးတော်များ က တစ်ဆင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် ခဲ့ ရတယ် ။ အထူးသဖြင့် တောင်ငူမင်းသားကြီး ပုန်ကန်မှု မှာ ယခင် က တစ်ကြိမ် ကျူးလွန် ဖူးတာမို့ စီရင် ကွပ်မျက်ခဲ့ လေတယ် ။ ဘထွေးတော် ပြည်မင်းသား ဟာ တစ်ကြိမ် တစ်ခါ မို့ စစ်ကိုင်းမင်း က အပြစ် လွှတ် ခဲ့တယ် ။ 


စစ်ကိုင်းမင်း နန်း တက် တဲ့ အခါ မြန်မာဘုရင် နန်းတင် ပေး ခဲ့တဲ့ မဏိပူရ စော်ဘွား ဇူပရာဇာ ပဏ္ဏာ မဆက် ၊ သစ္စာ ခံယူခြင်း မရှိ ။ စုံစမ်းစေရာ ကဘော် ချိုင့်ဝှမ်း မြန်မာဘုရင်ပိုင် သစ်ဝါးတို့ ကို မဏိပူရ သို့ ထုတ် ရောင်းချကြောင်း သိရတာ ကြောင့် မဏိပူရ ကို သိမ်းယူဖို့ စစ်ကိုင်းမင်း ဟာ တပ်များ ကို စေ လွှတ် ချီတက် စေတယ် ။ 


တပ်ပေါင်း ငါးတပ် ပါဝင်တဲ့ မြန်မာဘုရင့်တပ် ဟာ မဏိပူရ သို့ စစ်ချီ ခဲ့တယ် ။ ဇူပရာဇာ က လည်း မြန်မာတပ် ကို ခုခံဖို့ ကက်စိန်ဒေသ မှာ ခံကတုတ်များ အခိုင်အမာ စီမံ ထားတယ် ။ မင်းကြီး မဟာဗန္ဓုလ ကိုယ်တိုင် ကွပ်ကဲ တိုက်ခိုက် ရတဲ့ ကက်စိန်တောင် တိုက်ပွဲ ဟာ ပြင်းထန် လှတယ် ။ အကျ အဆုံး လည်း များတယ် ။ စော်ဘွား ဇူပရာဇာ နဲ့ မဏိပူရစစ်သည် တို့ ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ကြ ပေမယ့် အရေး နိမ့်ကာ တောတွင်းဒေသ ကိုယ်လွတ် ပြေး ရလေ တယ် ။ မဏိပူရ ကို မြန်မာတို့ သိမ်းပိုက် နိုင်ခဲ့တယ် ။ 


စစ်ကိုင်းမင်း ဟာ အင်းဝမြို့တော်သစ် ကို နှစ်နှစ် ကြာ တည်ပြီး ( ၁၈၂၄ ) ခုနှစ် မှာ မြို့သိမ်းသဘင် ကျင်းပ ခဲ့တယ် ။ အင်းဝ ကို သတိုးမင်းများ နောက် ညောင်ရမ်းမင်း ၊ တတိယအကြိမ် မြေဒူးမင်း ၊ စစ်ကိုင်းမင်း က စတုတ္ထ အကြိမ် တည်ထောင်သူ ဖြစ်တယ် ။ 


အာသံ မှာ မြန်မာတို့ နန်းတင် ထားတဲ့ စန္ဒရဂန္ဓရှိန် ဟာအင်္ဂလိပ်အရှေ့ အိန္ဒိယကုမ္ပဏီ ရဲ့ သွေးထိုးမှု ကြောင့် ဗြိတိသျှတို့ ထံ က လက်နက်များ ဝယ်ယူ ကာ မြန်မာဘုရင် ကို ပုန်ကန် ဖို့ ပြင် ခဲ့တယ် ။ အင်္ဂလိပ် တို့ ဟာ အိန္ဒိယကြေးစား စစ်ဗာရီတွေ ကို စေလွှတ် ပေး ရုံ မက ၊ အာသံပြည် ဇူးရဟတ်မြို့အနီး ၌ ပင် တပ်များ အခိုင်အမာ ချထားပေး လေတယ် ။ 


မြန်မာမြို့စောင့်တပ်မှူး ရွှေတောင်လက်ဝဲကျော် သတင်း ပို့ တဲ့ အခါ စစ်ကိုင်းမင်း က အာသံ ကို ချီတက်တိုက်ခိုက် ဖို့ အမိန့် ပေးခဲ့တယ် ။ ( ၁၈၂၂ ) ခုနှစ် မှာ လက်ဝဲကြောင်း ဗိုလ်ရာဇာမင်းခေါင် စစ်ဦး ချီပြီး နောက် ဗိုလ်မှူး  မဟာဗန္ဓုလ တပ်မ နောက် က လိုက်ပါ ချီတက်ခဲ့တယ် ။ အာသံဗိုလ်မှူး ရဲ့ တပ်များနဲ့ ပွဲဦးထွက် တွေ့ဆုံ တိုက်ကြရာ အာသံ ဘက် က လက်နက် အင်အား သာ တာကြောင့် မြန်မာတပ် ဆုတ်ရတယ် ။ သို့သော် မင်းကြီး မဟာဗန္ဓုလ ရဲ့ တပ်များ ရောက်လာပြီး ဇူးရဟတ်မြို့တော် ကို ဝိုင်းဝန်း တိုက်ခိုက်တာကြောင့် စော်ဘွား စန္ဒရဂန္ဓရှိန် ထွက်ပြေး လေတယ် ။ မြန်မာတပ် ငါးတပ် ဆက် လိုက် ရှာရာ စော်ဘွား ဟာ ဗြိတိသျှ ပိုင်နက် ထဲ ဝင် ပြေး လေတယ် ။ 


မင်းကြီးမဟာဗန္ဓုလ ဟာ အာသံ မင်းသမီး ရဲ့ မောင် ဇော်ရဟိန် ကို အာသံစော်ဘွား ရာထူး ခန့်အပ် ခဲ့တယ် ။ မဟာသီလဝ ကို အာသံ ဗိုလ်မှူး ခန့်ပြီး နေပြည်တော် သို့ ပြန်ခဲ့ လေတယ် ။ အပြန် ခရီး မှာ မဟာဗန္ဓုလ ဟာ ဗန်းမော် ကို ဝင်ပြီး မြို့ဝန် နဲ့ နိုင်ငံတော် လုံခြုံရေးကိစ္စများ ဆွေး နွေးခဲ့တယ် ။ 


ခရစ်နှစ် ( ၁၈၂၃ ) ခု မှာ အင်္ဂလိပ်တို့ က နတ်မြစ်ဝ ရှိ ရှင်မဖြူကျွန်း ပေါ်  မှာ တပ်ချတာ က စပြီး ကျွန်း ကို မြန်မာနဲ့ သူပိုင် ငါပိုင် ငြင်းခုံပစ်ခတ်ကြတယ် ။ ထိုအကြောင်း စစ်ကိုင်းမင်း ကြားသိတဲ့ အခါ ဗိုလ်မှူး ဝန်ကြီး သတိုးမင်းကြီး မဟာဗန္ဓုလ ကို ရခိုင်ပြည် သို့ တစ်ကြောင်း ၊ ဝန်ကြီး သတိုးသုဓမ္မမဟာ သက်တော်ရှည်ကို အာသံမဏိပူရ တစ်ကြောင်း ချီတက် စေတယ် ။ ( ၁၈၂၄ ) ခု မှာ အာသံမဏိပူရချီ စစ်ကြောင်း က အင်္ဂလိပ်ပိုင် ကချာနယ် တွင်း ဝင်ရောက် ကာ ဗိကရမ်ပူမြို့ကို သိမ်းယူတယ် ။ အင်္ဂလိပ်တို့ နဲ့ အကြိမ်ကြိမ် တိုက်ပြီး ကချာ နယ် က ဆုတ် ကာ အာသံ မဏိပူရနယ် မှာ တပ်ချ အခိုင်အလုံ နေတယ် ။ ( ၁၈၂၄ ) မတ်လ ( ၅ ) ရက်နေ့ မှာ အိန္ဒိယဘုရင်ခံ ချူလော့ဒ်အမ်းမှားစ် က အင်္ဂလိပ် နဲ့ မြန်မာ စစ် ဖြစ်ကြောင်း ကြေငြာ လိုက်တယ် ။ 


အင်္ဂလိပ် နဲ့ မြန်မာတပ်များ အဆင့်ဆင့် တိုက်လာကြပြီး ခရစ်နှစ် ( ၁၈၂၅)  ခု မှာ ဓနုဖြူ ကြည်းကြောင်း ၊ ရေကြောင်း တိုက်ကြရာ ထိုနှစ် ဧပြီလ ( ၂ ) ရက် မှာ မဟာဗန္ဓုလ ဗုံးလက်နက် သင့် ကာ ကျဆုံးတာ ကြောင့် ဓနုဖြူ ပျက် လေတယ် ။ 


နောက်ဆုံး မြန်မာတို့ အရေး မလှတာကြောင့် ( ၁၈၂၆ ) ခု ဖေဖော်ဝါရီလ မှာ အင်းဝ က နေ မိုင် ( ၄ဝ ) ခန့် ကွာတဲ့ ရန္တပို အရပ်မှာ စစ်ပြေငြိမ်း စာချုပ် ချုပ် ရလေတယ် ။ 


၁ ။ အာသံ ၊ ရခိုင် ၊ တနင်္သာရီနယ် တို့ ကို မြန်မာ က အင်္ဂလိပ် ကို ပေးအပ်ရမည် ။ 


၂ ။ စစ်စရိတ် လျော်ကြေးငွေ တစ်ကုဋေ ကို မြန်မာ က အင်္ဂလိပ် ကို ပေး ရမည် ။ 


၃ ။ မဏိပူရ ၊ ကချာနယ်တို့ ကို မြန်မာတို့က အနှောင့်အယှက် မပြုရ ။ 


၄ ။ ယိုးဒယား နှင့် အင်္ဂလိပ်တို့ မဟာမိတ် ဖြစ်ကြောင်း မြန်မာက အသိအမှတ် ပြုရမည် ။ 


စစ်ပြေငြိမ်းဖို့ ပြောဆိုရာ မှာ မြန်မာ ဘက် က ဆရာယုဒသန် နဲ့ ဆရာ ပရိုက် တို့ စကားပြန် အဖြစ် ပါ လာတယ် ။ စာချုပ် လက်မှတ် ထိုးပြီးတဲ့ အခါ အင်္ဂလိပ်တပ် တို့ ရန်ကုန် ပြန်ကြတယ် ။ စစ်စရိတ် ငွေ ကို လေးကြိမ် အရစ်ကျ ပေးဆောင် ရ လေတယ် ။ ဒုတိယ အရစ် ပေးပြီးတဲ့ အခါ အင်္ဂလိပ် တို့ ရန်ကုန် က ခွာ ကြတယ် ။ 


ခရစ်နှစ် ( ၁၈၂၇ ) မှာ သံလျင် မွန်တို့ ကို မွန်ငစပ် အုပ်ချုပ်ပြီး ပုန်ကန် ကာ ရန်ကုန် ကို ချီတက် တိုက်ခိုက်ရာ မြန်မာတပ် က ပြန် တိုက်တာကြောင့် မွန်တို့ ပျက်လေတယ် ။ 


ဘကြီးတော် လက်ထက် ရဟန်းပညာရှိ ၊ လူပညာရှိ တို့ ညှိနှိုင်း တိုင်ပင် ကာ ရာဇဝင် ကို ပြုစုကြတယ်  ။ မဟာဓမ္မသင်္ကြန် က အုပ်ချုပ် ရေးသားတယ် ။ မှန်နန်းတော်ဦး မှာ ရေးတာ ကြောင့် “ မှန်နန်းရာဇဝင် ” လို့ တွင်လေတယ် ။ 


( ၁၈၃၄ ) ခုနှစ် မှာ ဘကြီးတော်မင်း မကျန်းမာတာကြောင့် ညီတော် သာယာဝတီမင်းသား ၊ နန်းမတော်မယ်နု နဲ့ စလင်းစားမောင်အို တို့ကို နိုင်ငံ အုပ်ချုပ်စီရင် ခန့်ထား ကြတယ် ။ မိဖုရားကြီးမယ်နဲ့ စလင်းမင်းသား မောင်အို တို့ အကောက်ကြံ တာ ကြောင့် ( ၁၈၃၆ ) ခုနှစ်မှာ သာယာဝတီမင်း ရွှေဘို ထွက် ကာ ပုန်ကန် လေတယ် ။ ( ၁၈၃၇ ) ခုနှစ် မှာ သာယာဝတီမင်း အလိုတော် ပြည့် တာကြောင့် နန်းမတော် မယ်နု နဲ့ မောင်တော် စလင်းမင်းသား ကို အပြစ် အလျောက် စီရင် လေတယ် ။ ဘကြီးတော် မကျန်းမာတာ ကြောင့် ညီတော် သာယာဝတီမင်း ကို ထီးနန်း လွှဲအပ် လေတယ် ။ ( ၁၈၄၆ ) ခု ၊ အသက် ( ၆၂ ) နှစ် မှာ ဘကြီးတော် ကံကုန်လေတယ် ။ 



❝ သာယာဝတီမင်း နှင့် ပုဂံမင်း ❞ 


ကလေးတို့ ရေ ...


သာယာဝတီမင်း ဟာ စစ်ကိုင်းမင်း ရဲ့ ဒုတိယ မြောက်  ညီ ဖြစ်တယ် ။ ( ၁၇၈၇ ) ခု မှာ အိမ်ရှေ့မင်း ဦးပေါ် နဲ့ အိမ်ရှေ့မိဖုရား ဒေါ်ကေ တို့ က မွေးဖွား ခဲ့ တယ် ။ သာယာဝတီမင်း ဟာ ( ၁၈၇၃ ) ခုနှစ် မှာ နောင်တော် စစ်ကိုင်းမင်း ကို ပုန်ကန် ပြီး နန်း တက် ခဲ့တယ် ။ မင်း ဖြစ်တဲ့ အခါ နောင်တော် စစ်ကိုင်းမင်း ကို ကောင်းစွာ ပြုစု ထား တယ် ။ သာယာဝတီမင်း ဟာ ( ၁၈၃၈ ) ခု မှာ အမရပူရမြို့ ကို အသစ် တည်ထောင် ကာ စံ နေတော် မူတယ် ။ 


နန်း တက် စ မှာ နောင်တော် မင်းတရား ရဲ့ သား ညောင်ရမ်းစား “ စကြာမင်း ” ကို မသင့်တဲ့ အကြံ ကြံစည်တယ် လို့ ထုံးစံ နဲ့ အညီ စီရင် လေ တယ် ။ နောက် တစ်ဖန် နောင်တော် ရဲ့ မိဖုရားခေါင် မယ်နု နဲ့ မောင်တော် စလင်း မင်းသား တို့ ကို ပုန်ကန်မှု မှာ ရောယှက် ပါဝင်နေ လို့ ထုံးစံ နဲ့ အညီ စီရင်တယ် ။ 


သာယာဝတီမင်း ဟာ “ ရန္တပို စာချုပ် ” ကို အသိအမှတ် မပြုလေဘူး ။ ဘိလပ်မင်း နဲ့ တိုက်ရိုက် ဆက်ဆံ လိုတာ ကြောင့် ( ၁၈၃၇ ) ခု မှာ အင်္ဂလိပ် ကိုယ်စားလှယ် မေဂျာဗာရနီ ပြန် သွား ရတယ် ။ နောက် နှစ် မှာ ကာနယ်အင်ဆန် ကို ထား လာ ပြန်တယ် ။ ဘုရင် အသိအမှတ် မပြုတာကြောင့် ကပ္ပတိန် မက်ကလော့ ကို ထားပြီး ပြန် သွားရတယ် ။ ( ၁၈၄၀ ) မှာ အားလုံး ပြန်ကြတယ် ။ 


( ၁၈၄၁ ) ခုနှစ် မှာ သာယာဝတီမင်း ရန်ကုန် ကို စုန် ပြီး ဥက္ကလာပမြို့သစ် ကို တည် ကာ ငါးလ ခန့် စံ နေတယ် ။ ရွှေတိဂုံစေတီ ကို ရွှေသင်္ကန်း ကပ် ပြီး ခေါင်းလောင်းတော်ကြီး လည်း သွန်းလုပ် လှူဒါန်း လေတယ် ။ မင်းကြီး ရန်ကုန် ကို စုန်လာ ချိန် အင်္ဂလိပ် တို့ စိုးရိမ်မကင်း ဖြစ်ပြီး ရခိုင်နယ် ၊ တနင်္သာရီ နယ် တို့ ကို စစ်သည် လုံခြုံရေး ဖြည့်ထားကာ အသင့် နေကြ ရတယ် ။ 


ခရစ်နှစ် ( ၁၈၄၅ ) ခု မှာ မင်းတရားကြီး ကောင်းစွာ မကျန်းမာခိုက် သားတော် ပြည်မင်း မသင့်တဲ့ အကြံ ကို ကြံတာကြောင့် ကြံရာ ပါ တဲ့ အနောက်နန်း မိဖုရား မမြကလေး နှင့် တကွ ထုံးစံ နဲ့ အညီ စီရင် လေတယ် ။ မမြကလေး ကား စာဆိုရှင် လည်း ဖြစ်ပေတယ် ။ 


( ၁၈၄၆ ) ခု နောင်တော် မင်းတရားကြီး နတ်ရွာ စံပြီး မကြာခင် သာယာဝတီမင်း လည်း ကံ ကုန်လေတယ် ၊ နတ်ရွာ မစံမီ စိတ်နှလုံး နောက်တော် မူ လေတယ် ။ ထို မင်း လက်ထက် ပြည်တွင်း ပုန်ကန်မှု အနည်းငယ် သာ ရှိတယ် ။ နိုင်ငံ ငြိမ်းချမ်းစွာ ရှိလေတယ် ။ 


( ၁၈၄၆ ) ခု သာယာဝတီမင်း ကံ ကုန်တဲ့ အခါ သားတော် အိမ်ရှေ့ဥပ ရာဇာ ပုဂံမင်း နန်း တက် လေတယ် ။ ပုဂံမင်း လက်ထက် နိုင်ငံတော် တွင်း သားကြီး ငါးကြီး စသည် မပေါ် ရ အောင် အမိန့် နဲ့ တားမြစ် လေတယ် ။ ဒါပေမဲ့ မဟာမေဒင်ကုလား ဘိုင်ဆတ် နဲ့  မြို့စာရေး မောင်ပိန် တို့ ကို မြှောက်စား တာ ကြောင့် ပြည်သူတွေ ကို မတရား ပြု ညှဉ်းပန်း ကြ လို့ ပြည်သူ တို့ စိတ်နှလုံး ညှိုးနွမ်း ကြတယ် ။ နောက်ပိုင်း မတရား ပြုဖန် များ တာကြောင့် မင်းတရား သိ ကာ ကွပ်မျက် လေတယ် ။ မြို့စာရေး မောင်ပိန် ဟာ အမရပူရ တောင်သမန် အင်းကူးတံတားကြီး ကို ဆောက်လုပ် လှူဒါန်း ခဲ့တယ် ။ ဦးပိန်တံတား လို့ တွင် လေတယ် ။ 


ပုဂံမင်း လက်ထက် ( ၁၈၅၂ ) ၊ ခုနှစ် မှာ အင်္ဂလိပ်တို့ နဲ့ စစ် ဖြစ် ရတယ် ။ ရန်ကုန် - ဟံသာဝတီ ဝန်ကြီး ဦးအုပ် က အင်္ဂလိပ် သင်္ဘော ကပ္ပတိန် လူးဝစ် နဲ့ ရှက်ပဒ် တို့ ကို အကြောင်းမဲ့ အမှု ရှာ ကာ ဒဏ်ငွေ ရိုက်ကြောင်း ၊ ရန်ကုန်မြို့ ရှိ အင်္ဂလိပ်ကုန်သည်ကြီး တို့ ကို လည်း နှိပ်စက်ကြောင်း စသဖြင့် နစ်နာချက် ကို ပြ ကာ သူတို့ ကျေနပ် အောင် ပြုစေ လိုကြောင်း ၊ လျော်ကြေး ပေးစေလိုကြောင်း စသဖြင့် အင်္ဂလိပ်အစိုးရ က ကမ်မိုဒိုလင်းဘတ် ဆိုသူ ရေကြောင်းဗိုလ် ကို သင်္ဘော ခြောက်စင်း နဲ့ စေလွှတ် ကာ တောင်းဆို လေတယ် ။ မြန်မာအစိုးရ က ဤကိစ္စ အတွက် ဟံသာဝတီ ရန်ကုန် ဝန်ကြီး ဦးအုပ် ကို ပြန်ခေါ်ပြီး ရွှေတောင် မြို့ဝန် ဦးမှုံ ကို ရန်ကုန် - ဟံသာဝတီ တွင် ခန့်ထား ကာ အင်္ဂလိပ် တို့ ကျေနပ် အောင် ပြု စေတယ် ။ 


အရေးပိုင် ရွှေတောင်ဝန်ကြီး ရန်ကုန် ရောက်တဲ့ အခါ ဗြိတိသျှကုန်သည် တို့ က လင်းဘတ် အားကိုး ဖြင့် မြန်မာ မြို့ဝန် အပေါ်  မထီမဲ့မြင် ပြု ကြတယ် ။ ကုန်သည် ဘီရယ် ဆိုသူ ရဲ့ နေအိမ် ခြံတွင်း မှာ ယူနီယံဂျက်အလံ ကို လွှင့်ထူ ထား တယ် ။ မြို့ဝန် ဦးမှုံ က ရုပ်သိမ်းစေတဲ့ အခါ လင်းဘတ် ရဲ့ ခွင့်ပြုချက် နဲ့ စိုက်ထူ ကြောင်း မောက်မာစွာ ပြန်ကြား ခဲ့တယ် ။ လင်းဘတ် ရဲ့ ရာဇသံ ကို ဦးမှုံ ထံ လာ ပို့ကြတယ် ။ လာ ပို့ သူ ငါးဦး ဟာ ဘီရယ် အိမ် က မြင်း ကို ယူ ကာ အရက် သောက်စားပြီး ဦးမှုံ အိမ်ခြံ တွင်း မြင်းစီးဝင် တယ် ။ အဲဒီ ည မှာ ပဲ မြန်မာဘုရင် ပိုင် ရေနန်းယာဉ်သာ သင်္ဘော ကို ဟားမီးစ်တိုက်သင်္ဘော ဖြင့် တွဲ ကာ ပင်လယ်ဝ ကို ဆွဲယူ သွားခြင်း နဲ့ ရန်စ လေတယ် ။ မြို့ဝန် ဦးမှုံ ဗြိတိသျှ တို့ ကို စိတ်ရှည် သည်းခံ ဆက်ဆံ ခဲ့တယ် ။ ဒလမြို့ဝန် ကို လွှတ်ပြီး မြန်မာဘုရင် သင်္ဘော ကို ပြန် ပေးဖို့ တောင်းဆို ခဲ့တယ် ။ လင်းဘတ် က ငြင်းလိုက်တယ် ။ အိန္ဒိယ ဘုရင်ခံချုပ် က လည်း ရာဇသံ ပို့ လေတယ် ။ 


ဤသို့ဖြင့် စစ် ဖြစ် လေတယ် ။ စစ်မက် ဖြစ်ပွား နေဆဲ မင်းတုန်း နဲ့ ကနောင် တို့ ရဲ့ အိမ်တော် အမှုထမ်းများ ကို ဓားပြမှု မှာ ပါတယ် ဆိုပြီး ပုဂံမင်း ကျေးကျွန် တို့ က ပြဿနာ လုပ်တယ် ။ ဒါ့ကြောင့် မင်းတုန်း ၊ ကနောင် တို့ ဟာ ရွှေဘို ထွက် အင်အား စု ပြီး ပုန်ကန် လေတယ် ။ ထို့ကြောင့် ပုဂံမင်း ဟာ မြန်မာတပ်များ အားလုံး ကို နေပြည်တော် ပြန် ခေါ် လေတယ် ။ ( ၁၈၅၂ ) ခု မှာ ပဲ မြန်မာဘုရင် ပိုင် ပဲခူးနယ် ကို အင်္ဂလိပ် ပိုင်နက် အဖြစ် သတ်မှတ် လိုက် တယ် ။ 


ပုဂံမင်း ဟာ ( ၁၈၅၃ ) ခု မှာ ညီ ဖြစ်သူ မင်းတုန်းမင်း ကို ထီးနန်း တရားဝင် လွှဲပြောင်း ပေး လေတယ် ။ မင်းတုန်းမင်း က နောင်တော် ကို ကောင်းစွာ စောင့်ရှောက် ထားတယ် ။ သီပေါ နန်း တက်စ ( ၁၈၈ဝ ) ခု ကျ မှ ကျောက်ရောဂါ နဲ့ ပုဂံမင်း အနိစ္စ ရောက် လေတယ် ။ ကံကုန်ချိန် မှာ သက်တော် ( ၆၉ ) နှစ် ရှိ လေတယ် ။ 



❝ မင်းတုန်းမင်း ❞


ကလေးတို့ ရေ .. 


မင်းတုန်းမင်း ဟာ သာယာဝတီမင်း နဲ့ ပဒေသာတိုက်စား မိဖုရား တို့ က ( ၁၈၁၄ ) ခု ၊ ဇူလိုင် ( ၅ ) ရက် မှာ မွေးဖွားခဲ့တယ် ။ အမည်ရင်း ဦးလွင် ဖြစ် တယ် ။ မင်းတုန်းမင်း မှာ မွေးချင်းညီ ကနောင်မင်းသား တစ်ဦး ပဲ ရှိလေတယ် ။ 


မင်းတုန်းမင်း နဲ့ ညီတော် ကနောင်မင်း ဟာ နောင်တော် ပုဂံမင်း လက်ထက် နန်းတွင်း ရှုပ်ထွေး တာကြောင့် ရွှေဘို ထွက် အင်အား စု ကာ ပုန်ကန်တာ ကြောင့် ပုဂံမင်း က ထီးနန်း လွှဲ ပေးခဲ့လို့ ( ၁၈၅၃ ) ခုနှစ် မှာ နန်း တက် ခဲ့တယ် ။ နန်းတက် တဲ့ နေ့ မှာ ပဲ ညီတော် ကနောင်မင်း ကို အိမ်ရှေ့ နန်းလျာ အဖြစ် ခန့်အပ် ခဲ့ လေတယ် ။ 


မင်းတုန်းမင်း ဟာ နောင်တော် ပုဂံမင်း နဲ့ အင်္ဂလိပ် တို့ စစ်ဖြစ်ခြင်း ပြေငြိမ်းခြင်း ကို အသိအမှတ် မပြု ၊ စစ်ပြေငြိမ်း စာချုပ် ကို လည်း လက်မှတ် မထိုး ၊ အင်္ဂလိပ်တို့ ကို တော့ မတိုက်ခိုက် ဖို့ အမိန့်တော် နဲ့ တားမြစ် ထား လေတယ် ။ ဒါ့ကြောင့် အင်္ဂလိပ် တို့ ဟာ မင်းတုန်းမင်း ရဲ့ သဘော ကို အကဲ ခတ်ရ ခက်တယ် ။ စိတ် မချရသေး တာ ကြောင့် မင်းတုန်းမင်း နဲ့ သိကျွမ်းဝင်ဆံ့ တဲ့ သောမတ်စ်စပီးယား ကို အမရပူရ မှာ နေထိုင် စေတယ် ။ နေပြည်တော် သတင်းများ ကို လည်း ရန်ကုန် ရှိ ဝန်ရှင်တော်မင်းကြီး ဖယ်ယာထံ သတင်း ပို့ ရတယ် ။ မင်းတုန်းမင်း က လည်း စပီးယား ကို ဝမ်းမြောက် ဝမ်းသာ လက်ခံ ပြုစုတယ် ။ စပီးယား ဟာ  အမြော်အမြင် နဲ့ ပြည့်စုံသူ ဖြစ်လို့ အင်္ဂလိပ် နဲ့ မြန်မာ နားလည် သင့်မြတ်အောင် ဆောင်ရွက် ခဲ့တယ် ။ 


မင်းတုန်းမင်း ဟာ ( ၁၈၅၆ ) ခုနှစ် မှာ မန္တလေးမြို့တော် ကို စတင် တည် ဆောက် ခဲ့တယ် ။ ( ၁၈၅၇ ) ခု မှာ မန္တလေး ကို ပြောင်းရွှေ့ စံ လေတယ် ။ မြို့တော် က ( ၁၈၅၈ ) ခုနှစ် ကျ မှ ပြီးစီး လေတယ် ။ သာသနာရေး အတွက် လည်း များ စွာ ဆောင်ရွက် ခဲ့တယ် ။ လောကမာရဇိန်ကျောက်တော်ကြီး ၊ ရွှေရင်တော် စတဲ့ ဘုရားစေတီ တွေ တည်တယ် ။ ပထမပြန် စာမေးပွဲ ပြုလုပ် ပေးတယ် ။ ရွှေတိဂုံ ကို ထီး တင်တယ် ။ ပိဋကတ်သုံးပုံ ပါဠိတော် တို့ ကို သံဃာတော် တို့ သင်္ဂါယနာ တင် ပြီး မှ ၊ ကျောက်ထက် အက္ခရာ တင်တော် မူတယ် ။ ကုသိုလ်တော် လောကမာရဇိန် ဘုရား ပရိဝုဏ် အတွင်း စိုက်ထား ကိုးကွယ် လေတယ် ။ ပဉ္စမသင်္ဂါယနာ ကို လည်း တင်တော် မူ ခဲ့တယ် ။ 


မင်းတုန်းမင်း ဟာ ပိဋကတ်ကျမ်းဂန် သင်ကြားရေး အပြင် အင်္ဂလိပ် ဘုန်းကြီးဒေါက်တာမတ် မြေယာ နဲ့ တကွ အင်္ဂလိပ်စာသင်ကျောင်း ဆောက်ပေး ပြီး သားတော်များ ကို အင်္ဂလိပ်စာ သင် စေတယ် ။ ပြင်သစ် ဘုရင်ဂျီဘုန်းကြီး ဘိဂန်ဒေသ ကို လည်း ချီးမြှောက် လေတယ် ။ 


မင်းတုန်းမင်း ဟာ လယ်ယာ ချောင်းမြောင်း တို့ ကို လည်း ပြုစုတယ် ။ လယ်သမား ၊ ဆင်းရဲသား တို့ ကို စရိတ် ထောက် ကာ လုပ်ဆောင် စေတယ် ။ ကျွန်းသစ် ၊ ရေနံ ၊ ကျောက်နီ စတဲ့ ကုန်စည် တို့ ကို မင်းပိုင် ပြုလုပ်ပြီး တူးဖော် ရောင်းချ စေတယ် ။ ကုန်စည် ရောင်းဝယ်ရေး အတွက် အင်္ဂလိပ်တို့ နဲ့ နှစ်ကြိမ် စာချုပ် ချုပ် ဆို တယ် ။ ( ၁၈၆၁ ) ခုနှစ် က စပြီး သဿမေဓ အခွန် တောင်းခံ ပြီး အမှုထမ်းတွေ ကို ရှေးကလို မြို့စား ရွာစား မပေးဘဲ လခ ရိက္ခာ ပေးကမ်း ချီးမြှင့်တယ် ။ ( ၁၈၆၅ ) ခုနှစ် က စပြီး ဒင်္ဂါးပိုက်ဆံ သွန်းလုပ်တော် မူတယ် ။ 


မင်းတုန်းမင်း ဟာ နိုင်ငံခြား နဲ့ ဆက်ဆံရေး ကို သိမ်မွေ့စွာ ကိုင်တွယ် လေတယ် ။ ( ၁၈၅၅ ) မှာ ပဲခူး ကို အုပ်ချုပ် တဲ့ မေဂျာဖယ် အမရပူရ သို့ လာ သဖြင့် ကောင်းစွာ ကြိုဆို လက်ခံတယ် ။ အင်္ဂလိပ် အရာရှိ ၊ မြန်မာ အရာရှိတွေ ကို ကောင်းစွာ ကျွေးမွေး ပြုစုတယ် ။ ( ၁၈၆၂ ) ခု မှာ မင်းကြီးဖယ်ရာ နဲ့ ကုန် စည် ကူးသန်း ရောင်းဝယ်ရေး စာချုပ် ချုပ် ဆို တယ် ။ ( ၁၈၆၇ ) ခု ၊ မေဂျာဖယ်ရာ နောက် ဆက်ခံတဲ့ ကာနယ်ဖိုက် မန္တလေး တက်ကာ မင်းတုန်းမင်း နဲ့ ကုန်စည် ရောင်းဝယ်ရေး စာချုပ် ချုပ် ဆို တယ် ။ ကာနယ်စလေဒင် က တရုတ် တို့ နဲ့ ရောင်းဝယ်ရေး မျှော်ပြီး ဗန်းမော် ကို လမ်း အကြည့် သွားတယ် ။ တိုင်းပြည် မငြိမ်သက် လို့ ပြန်ခဲ့ ရတယ် ။ နောက် နှစ်နှစ် အကြာ မှာ ဗန်းမော် နေ အင်္ဂလိပ် ကိုယ်စားလှယ် ကပ္ပတိန် ထရိုဗာ ဟာ ကချင်လူမျိုး ၊ ရှမ်းလူမျိုး ၊ တရုတ်လူမျိုး တို့ နဲ့ မိတ်ဖွဲ့ အောင်မြင် လေတယ် ။ 


မင်းတုန်းမင်း ဟာ အင်္ဂလိပ်တို့ နဲ့ အသင့်အတင့် ဆက်ဆံ လေတယ် ။ ဒါပေမဲ့ မန္တလေး ရှိ အင်္ဂလိပ် အရေးပိုင် ကိုယ်စားလှယ် တို့ မင်းတရားကြီး ရှေ့ သို့ ဖိနပ် စီး ၊ ဓားလွတ် စွဲ ဝင် လိုကြောင်း တောင်းဆိုတာ က စပြီး အင်္ဂလိပ် ကိုယ်စားလှယ်တွေ ကို ဖူးမြော် ခွင့် မပေးတော့ဘဲ မှူးမတ်တွေ နဲ့ သာ ဆက်ဆံ စေတယ် ။ ( ၁၈၅၄ ) ခု မှာ ကာလကတ္တား ဘုရင်ခံချုပ် လော့ဒ် ဒါလဟိုဇီ ထံ သံ လွှတ် ကာ ပဲခူးနယ် ကို ပြန် ရ ဖို့ တောင်းတယ် ။ အရေး မရ ။ 


( ၁၈၇၂ ) ခု မှာ ကင်းဝန်မင်းကြီး ကို သံအကြီး ခန့်ပြီး အင်္ဂလန် ကို သွား စေတယ် ။ အင်္ဂလန် က ကောင်းစွာ လက်ခံတယ် ။ ပြင်သစ် ၊ အီတလီ တို့ ကို လည်း ဝင်ပြီး စာချုပ် ချုပ်ဆို ဖို့ အကြမ်းတိုင်ပင် ရေးသား ခဲ့တယ် ။ ပြင်သစ်တို့ က ကျောက်နီတွင်း တူးဖော် လုပ်ကိုင်ခွင့် ပေးရန် အချက် ပါဝင်တာကြောင့် မင်းတုန်းမင်းကြီး အတည် မပြုလေ ။ ( ၁၈၇၃ ) ခု မှာ ကင်းဝန်မင်းကြီး ပြင်သစ် သွား လေတယ် ။ ကျောက်နီတွင်း လုပ်ကိုင်ခွင့် မပါ လို့ စာချုပ် ကို ပြင်သစ် က လက်မခံ ။ အီတလီ သံ ရောက် လာ လို့ ကင်းဝန်မင်းကြီး နဲ့ ညှိနှိုင်း ကာ စာချုပ် ချုပ် ဆိုတယ် ။ 


မင်းတုန်းမင်းကြီး နန်း တက်စ ညီတော် ကနောင်မင်း ကို အိမ်ရှေ့အရာ ပေး တာ ကြောင့် သားတော်များ က မကျေလည် ကြဘူး ။ ဒါ့ကြောင့် ( ၁၈၆၆ ) ခု မှာ သားတော် မြင်းကွန်း ၊ မြင်းခုန်တိုင်မင်းသား တို့ ပုန်ကန် လေတယ် ။ အိမ်ရှေ့မင်း ကျဆုံး ခဲ့တယ် ။ နန်းတွင်း ကို သူပုန် တို့ ဝင်လာတဲ့ အခါ အိမ်ရှေ့ မင်း ရဲ့ တပ် လာရောက် တိုက်ခိုက် တာကြောင့် သူပုန် တို့ ပြေး လေတယ် ။ မြင်ကွန်း ၊ မြင်းခုန်တိုင် မင်းသား တို့ ဟာ ဧရာဝတီမြစ်ဆိပ် က သင်္ဘောတော် တစ်စင်း ကို အတင်း ဖမ်းယူ ကာ မြင်းခြံ သို့ စုန်ပြေး လေတယ် ။ တပ်တော်များ လိုက်တဲ့ အခါ ရန်ကုန် ကို ပြေး ပြန်တယ် ။ အင်္ဂလိပ်တို့ က အစောင့်အရှောက် နဲ့ ထား တယ် ။ အဲဒီက မှ မြင်ကွန်းမင်းသား ကရင်နီ နယ် ထွက် ကာ မြန်မာနယ် ကို ဝင်ရောက် တိုက်ခိုက်တယ် ။ နောက် အင်္ဂလိပ်တို့ က ညီနောင် နှစ်ယောက် ကို ဘင်္ဂလား ပို့ ပေးတယ် ။ ဘင်္ဂလား မှာ ညီတော် မြင်းခုန်တိုင် ကွယ်လွန် တယ် ။ မြင်ကွန်းမင်းသား က ပြင်သစ် မှာ ခိုလှုံတယ် ။ ပြင်သစ် က ဆိုင်းဂုံမြို့ ( ဗီယက်နမ် ) သို့ ပို့တယ် ။ ဆိုင်းဂုံ မှာ မြင်ကွန်းမင်းသား ကွယ်လွန် လေတယ် ။ မြင်ကွန်း အရေး မှာ အိမ်ရှေ့မင်း ကျ တာ ကြောင့် အိမ်ရှေ့မင်း သားတော် ပတိမ်းမင်းသား က မင်းတုန်းမင်းကြီး ကို အထင် မှား ကာ ရွှေဘို ထွက် ကာ ပုန်ကန် လေတယ် ။ ဘုရင့်တပ် တို့ လိုက် တိုက်တယ် ။ မနည်း ကြာ မှ ဖမ်းမိ ပြီး အချုပ် နဲ့ ထား လေတယ် ။ နောက် လွှတ်တော် အမိန့် နဲ့ ကွပ်မျက် လေတယ် ။ အဲဒီ အခါက စပြီး မင်းတုန်းမင်းကြီး ဟာ သားတော်တွေ ကို အိမ်ရှေ့ မပေး ၊ အခြွေအရံတွေ ကို လည်း ရုပ်သိမ်း ထားလေတယ် ။ 


( ၁၈၆၇ ) ခု မှာ မြန်မာရာဇဝင် ပြုစုရေး အဖွဲ့ ဖွဲ့ပြီး မှန်နန်းရာဇဝင် ကို ဆက် ရေး စေတယ် ။ ( ၁၈၆၈ ) ခု မှာ အိန္ဒိယ ဘုရင်ခံချုပ် သဘော တူညီချက် ယူ ပြီး ပခန်းမင်းကြီး ဦးရန်ဝေး က စီစဉ်ကာ ဘင်္ဂလား ကို ပညာသင် စေလွှတ် ခဲ့တယ် ။ ပညာသင် ( ၁၈ ) ဦး ၊ အကြပ် နှစ်ဦး ပါ လေတယ် ။ 


၁၈၇၅ ခုနှစ်  ၊ မတ်လ ( ၂၀ ) ရက် မှာ ရတနာပုံနေပြည်တော် သတင်းစာ ကို စတင် ထုတ်ဝေ ခဲ့တယ် ။ တစ်လ လေးကြိမ် ထုတ်ပြီး အယ်ဒီတာ မှာ ဘိုးဝဇီရ ဖြစ်တယ် ။ နိုင်ငံခြားသတင်း ဘာသာပြန် အတွက် ဘာသာ ခြောက်မျိုး တတ် တဲ့ တရုတ်ကပြား ဦးအဟီး က တာဝန်ယူ ဆောင်ရွက် ရတယ် ။ ဦးအဟီး လစာ ဒေါင်းဒင်္ဂါး ( ၁၅ဝ ) ရ ပြီး ဘိုးဝဇီရ က (၆၀) ရတယ် ။ မင်းတုန်းမင်းကြီး က “ ငါ မကောင်း ငါ့ ရေး ၊ ငါ့ မိဖုရား မကောင်း လျှင် မိဖုရား ကို ရေး ” စသဖြင့် လွတ်လပ်ခွင့် ( ၂၆ ) ချက် ပေးထား လေတယ် ။ 


( ၁၈၇၈ ) ခု မင်းတရားကြီး မကျန်းမာတဲ့ အခါ ဆင်ဖြူမရှင် မိဖုရားကြီး နဲ့ အလိုတူ မှူးမတ်တွေ တိုင်ပင်ပြီး သီပေါမင်းသား ကို အိမ်ရှေ့ အရာ ထား တယ် ။ အခြား သားတော် တွေ ကို အမိန့် နဲ့ ဆင့်ခေါ်  ချုပ်ထား လေတယ် ။ ညောင်ရမ်း ၊ ညောင်အုပ်မင်းသား နှစ်ပါး က အင်္ဂလိပ်သံတဲ သို့ ခိုဝင် လေတယ် ။ အချုပ်ခံ မင်းသားတွေ ရဲ့ မယ်တော်များ မင်းတရားကြီး ထံ ဝင်ကာ တိုင်ကြား တာ ကြောင့် အမိန့်တော် နဲ့ လွှတ်စေ တယ် ။ မက္ခရာ ၊ ညောင်ရမ်း ၊ သုံးဆယ် မင်းသား တို့ ကို ဘုရင်ခံ ခန့်တယ် ။ ဒါပေမဲ့ မင်းသားများ မထွက်ခွာ မီ ဆင်ဖြူမရှင် နဲ့ ကြံရာပါ မှူးမတ်တို့ က ဖမ်းဆီး ချုပ်ထား လေတယ် ။ 


( ၁၈၇၈ ) ခု ၊ အောက်တိုဘာ ( ၁ ) ရက် နေ့ သက်တော် ( ၆၄ ) နှစ် မှာ မင်းတရားကြီး နတ်ရွာစံ ကံတော် ကုန် လေတယ် ။ 



❝ သီပေါမင်း ❞


ကလေးတို့ ရေ ...


သီပေါမင်း ဟာ ကုန်းဘောင် မင်းဆက် ( ၁၁ ) ဆက် မှာ နောက်ဆုံး မင်း ဖြစ်တယ် ။ သီပေါမင်း ရဲ့ အမည်ရင်း က ဦးမျိုးဆက် လို့ ခေါ်တယ် ။ ( ၁၈၅၉ ) ခု ဇန်နဝါရီ ( ၁ ) ရက် နေ့ မှာ မင်းတုန်းမင်း နဲ့ လောင်းရှည်မြို့စား မိဖုရား သီရိမဟာမင်္ဂလာသုပဘာဒေဝီ တို့ က ဖွားမြင် လေတယ် ။ မွေးချင်း သုံးဦး ရှိ တယ် ။ အစ်မ ပခန်းကြီးမြို့စား စုဖုရားကြီး ၊ သီပေါမင်း နဲ့ မိတ္ထီလာမြို့စား စုဖရား တို့ ဖြစ်တယ် ။ 


သီပေါမင်း ဟာ ဗုဒ္ဓဘာသာ စာပေ ကို စိတ်ဝင်စားတယ် ။ ပါဠိဘာသာ တတ် တယ် ။ ဆရာမှတ်ကြီး ရဲ့ သံတဲကျောင်း မှာ အင်္ဂလိပ်ဘာသာ ကို သင်ကြား ခဲ့တယ် ။ ခရစ်ကတ် ရိုက် ကျွမ်းကျင်တယ် ။ ( ၁၆ ) နှစ် ရွယ် မှာ သာမဏေ ဝတ် ပြီး တောင်တော် ဆရာတော် ဦးမာလာ ထံ မှာ ပညာ သင် ခဲ့တယ် ။ ပထမကျော် စာမေးပွဲ လည်း အောင်မြင်ခဲ့တယ် ။ 


သီပေါမင်း ဟာ မင်းတုန်းမင်း ကွယ်လွန် တဲ့ ( ၁၈၇၈ ) ခုနှစ် မှာ နန်း တက် ခဲ့တယ်  ယ။ သီပေါမင်း ရဲ့ မိဖုရားခေါင် ဟာ ( သုသီရိပဘာရတနာဒေဝီ ဘွဲ့ခံ ) စုဖုရားလတ် ဖြစ်တယ် ။ သား တစ်ဦး သမီး လေးဦး ထွန်းကားတယ် ။ ( ၁၈၇၉ ) ခုမှာ သား တစ်ဦး ဖွားမြင် ခဲ့တယ်  ။ “ ရွှေကိုယ်တော်လေး ” လို့ အမည် ပေး ခဲ့တယ် ။ ( ၁၈၈၀ ) ခု မှာ ကျောက်ရောဂါ နဲ့ ကွယ်လွန်တယ် ။ 


သီပေါမင်း နန်း တက်ပြီး မကြာမီ မှာ မင်းညီမင်းသား များ အား လုပ်ကြံ သ,တ်ဖြတ်မှု ဖြစ်ပွားခဲ့တယ် ။ လုပ်ကြံမှု ဟာ ( ၁၈၇၉ ) ခု ဖေဖော်ဝါရီ ( ၁၅ ) ညဦးပိုင်း က စတင် ဖြစ်ပြီး သုံးရက် မျှ ကြာညောင်း ခဲ့တယ် ။ မင်းတုန်းမင်း ရဲ့ သားများ ဖြစ်တဲ့ မြင်ကွန်း ၊ မြင်းခုန်တိုင် ၊ ညောင်ရမ်း ၊ ညောင်အုပ်မင်းသား တို့ နိုင်ငံရပ်ခြား ထွက်ပြေး လွတ်မြောက် သွားကြတယ် ။ ကျန် သားသမီးအများစု အသတ် ခံ ရတယ် ။ 


သီပေါမင်း ဟာ မင်းညီ မင်းသား တွေ လုပ်ကြံခံ ရတာ မိမိ မသိကြောင်း ငြင်းဆို ပေမယ့် မင်း ရဲ့တာဝန် သာ ဖြစ်တယ် ။ 


သီပေါမင်း လက်ထက် မှာ စီးပွားရေး ကျဆင်း လို့ ထီရုံ ဖွင့် ခဲ့တယ် ။ နောက်ပိုင်း ပြန် ပိတ် လိုက်ရတယ် ။ ( ၁၄ ) ဌာန ခွဲခြား အုပ်ချုပ်ရေး ကို လည်း လုပ်ဆောင် ခဲ့တယ် ။ 


သီပေါမင်း နန်း တက်စ မှာ အင်္ဂလိပ် - မြန်မာ ဆက်ဆံရေး အခြေအနေ ပြောင်း ခဲ့တယ် ။ သံကိုယ်စားလှယ် တစ်ဦး ပြီး တစ်ဦး ပြောင်းလဲ ခဲ့ ပေမယ့် အဆင် မပြေတာ ကြောင့် ( ၁၈၇၉ ) ခု မှာ ဗြိတိသျှသံရုံး ကို မန္တလေး က နေ လုံးဝ ရုပ်သိမ်း ခဲ့ လေတယ် ။ 


သီပေါမင်း ဟာ နန်းတွင်းရေး အခြေအနေ ငြိမ်သက်တာ နဲ့ အင်္ဂလိပ် မြန်မာ ဆက်ဆံရေး အခြေအနေ ပိုမို ကောင်းမွန် အောင် ကြိုးပမ်း ခဲ့တယ် ။ ( ၁၈၈၁ ) ခု မှာ အောက် မြန်မာနိုင်ငံ ကို တိုင်းခန်း လှည့် လာတဲ့ အိန္ဒိယဘုရင်ခံချုပ် နဲ့ တွေ့ဖို့ မဟာမင်းထင်ကျော် ကို ရန်ကုန် သို့ လွှတ်ခဲ့တယ် ။ သူ ရန်ကုန် ရောက် ချိန် ဘုရင်ခံ ပြန်သွားပြီ ဖြစ်လို့ ဗြိတိသျှ မဟာဝန်ရှင်တော်မင်းကြီး နဲ့ သာ တွေ့  ရတယ် ။ ထူးခြားမှု မရှိ ။ ဝန်ရှင်တော်မင်းကြီး ဟာ မြန်မာနိုင်ငံ ကို လက်နက် ရောင်းချမှု မပြုလုပ် လို ကြောင်း သိ ရတယ် ။ 


ဒါ့ကြောင့် သီပေါမင်း ဟာ ( ၁၈၈၂ ) ခုနှစ် မှာ အိန္ဒိယနိုင်ငံ ကို သံအဖွဲ့ တစ်ဖွဲ့ စေလွှတ် ခဲ့တယ် ။ ဆင်းမလားမြို့ မှာ ဗြိတိသျှတို့ နဲ့ ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေး ခဲ့တယ် ။ ထိရောက် အောင်မြင်မှု မရှိ ။ ဒါ့ကြောင့် သီပေါမင်း ဟာ ပြင်သစ်နိုင်ငံ နဲ့ ဆက်သွယ်ဖို့ ( ၁၈၈၃ ) ခု မှာ သံအဖွဲ့ တစ်ဖွဲ့ စေလွှတ် ခဲ့ တယ် ။ အဲဒီ သံအဖွဲ့ ဟာ ( ၁၈၇၄ ) ခု ကင်းဝန်မင်းကြီး ချုပ်ဆို ခဲ့တဲ့ စာချုပ်ကို ပြင်ဆင်ချက်များ နဲ့ အတည်ပြု လက်မှတ် ထိုး ခဲ့တယ် ။ ပြင်သစ် က မိုးကုတ် ပတ္တမြားတွင်း ကို အမြဲ မျက်စောင်း ထိုး နေ လေတယ် ။ ( ၁၈၈၅ ) ခု မှာ ပြင်သစ် သွား သံအဖွဲ့ မန္တလေး ပြန် ရောက်ခဲ့တယ် ။ 


သီပေါမင်း ဟာ မြန်မာရာဇဝင် ပြုစုရေးအဖွဲ့ တစ်ဖွဲ့ လည်း ဖွဲ့ ခဲ့တယ် ။ အဖွဲ့ဝင် ( ၁၂ ) ဦး ပါဝင်တယ် ။ “ သီပေါမင်း နန်းတက် က စ၍ ရှိသည့် ရာဇဝင် ” လို့ မှတ်တမ်း တင် ထားတယ် ။ ပေမူ နဲ့ သာ ရှိ လေတယ် ။ 


သီပေါမင်း ဟာ တိုင်းပြည် တစ်စစ ယိုယွင်း လာတဲ့ အခြေအနေ ကို ပြောင်းလဲ နိုင် ဖို့ ( ၁၀ ) ခရိုင် အုပ်ချုပ်ရေး ကို သတ်မှတ် ခဲ့တယ် ။ ( ၁၈၈၅ ) ခု သြဂုတ်လ မှာ တောင်ငူမြို့ သစ်ခေါင်း ကိုးဦး က ဘုံဘေဘားမားသစ် ကုမ္ပဏီ က သစ်လုံးရေ ထိန်ချန် ကာ အလုပ်သမားတို့ ကို လုပ်ခ ကုန်စင်အောင် မပေးကြောင်း နေပြည်တော် သို့ တိုင်ကြား ခဲ့တယ် ။ ကုမ္ပဏီ က စာရင်းပြ သစ်လုံးရေ ( ၃ သောင်း ကျော် ) သာ ပြပြီး စာရင်း ကြည့်တဲ့ အခါ ထိန်ချန် သစ်လုံးရေပေါင်း ( ၅ သောင်း ကျော် ) တွေ့ ရတယ် ။ 


မြန်မာဘုရင့်လွှတ်တော် က ဘုံဘေဘားမား သစ် ကိုယ်စားလှယ် ကို ခေါ်ယူ ခဲ့တယ် ။ ပြစ်မှု ထင်ရှား တာ ကြောင့် ထိန်ချိန် သစ်လုံးရေ တန်ဖိုး ရဲ့ နှစ်ဆ ဒဏ်ငွေ ( ၂၃ ) သိန်း ပေးဆောင်ဖို့ လွှတ်တော် က အမိန့် ချမှတ်တယ် ။ ဘုံဘေဘားမား သစ်ကုမ္ပဏီ က အမိန့် ကို လေးစား လိုက်နာခြင်း မရှိတာ ကြောင့် ပထမ အရစ် အချိန်မီ မပေးရင် ကူမ္ပဏီပိုင်ဆင် နဲ့ သစ်တောထွက် ပစ္စည်း ကို သိမ်းယူမည် ဖြစ်ကြောင်း ပြန်ကြားခဲ့တယ် ။ ၁၈၈၅ စက်တင်ဘာလ မှာ သစ်ဖောင် နဲ့ ဆင်များ သိမ်းယူ ခဲ့တယ် ။ ထိုအခါ ဗြိတိသျှတို့ က ကျန်ရှိ နေတဲ့ အထက် မြန်မာနိုင်ငံ ကို အပြီးသတ် သိမ်းယူဖို့ ဆုံးဖြတ် လိုက် တော့တယ် ။ 


အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင် က ( ၁၈၈၅ ) အောက်တိုဘာ ( ၂၂ ) ရက် မှာ အချက် ခြောက်ချက် ပါ ရာဇသံ ကို ပေးပို့ လိုက်တယ်  ။ သီပေါမင်း ဟာ ဝန်ကြီးများ ပါဝင်တဲ့ အရေးပေါ် အစည်းအဝေး ခေါ်ပြီး နိုဝင်ဘာ ( ၆ ) ရက် မှာ ပြန်ကြားစာ ပို့ ခဲ့တယ် ။ ဗြိတိသျှတို့ က တောင်းဆိုချက် ကို လိုက်လျောမှု မရှိ ဆိုကာ ( ၁၅ ) ရက် နိုဝင်ဘာ မှာ အထက် မြန်မာနိုင်ငံ ကို ချီတက် တိုက်ခိုက် ဖို့ အမိန့် ထုတ် လိုက်တယ် ။ ဒါပေမဲ့ နိုဝင်ဘာ ( ၇ ) ရက် က ပင် ပရင်ဒါဂတ် ရဲ့ တပ်များ မန္တလေး ကို ကြိုတင် ရောက်နေ လေတယ် ။ 


သီပေါမင်း ဟာ အင်္ဂလိပ် ကို တိုက်ဖို့ စစ်ကြောင်း သုံးကြောင်း ခွဲပြီး နိုဝင်ဘာ ( ၁ ) ရက် မှာ ချီတက် စေ ခဲ့တယ် ။ ( ၁ ) အောက်မြစ်စဉ် လှေသင်း အတွင်းဝန် ဦးရွှေမောင် ဦးစီး ၊ ( ၂ ) တောင်တွင်းကြီးစစ်ကြောင်း မြို့တော် ဝန်ဦးချုံ ဦးစီး ၊ ( ၃ ) တောင်ငူစစ်ကြောင်း ရွှေလှံဗိုလ်ဦးချက် တို့ ဦးစီး စေ ကာ ချီတက်စေ ခဲ့တယ် ။ မင်းလက်ဝါး က နောက်ကြောင်း အင်အားဖြည့် အရန်တပ် အဖြစ် မင်းလှခံတပ် တစ်ဝိုက် မှာ နေရာ ယူ ခဲ့တယ် ။ 


နိုဝင်ဘာ ( ၁၃ ) မှာ ပရင်ဒါဂတ် အဖွဲ့ သရက်မြို့ မှာ စုရုံးပြီး သင်္ဘော လေးစင်း နဲ့ နိုဝင်ဘာ ( ၁၄ ) မှာ ဆန် တက်တယ် ။ စစ်အောင်ခန့် ခံတပ် မှာ တိုက်ပွဲ ဖြစ်တယ် ။ မြန်မာသင်္ဘော နဲ့ အီတလီ အင်ဂျင်နီယာ အင်္ဂလိပ် လက်အောက် ကျရောက် လေတယ် ။ နိုဝင်ဘာ ( ၁၆ ) ထူးပေါက်ခံတပ် အင်္ဂလိပ် တို့ က သိမ်းတယ် ။ နိုဝင်ဘာ ( ၁၇ ) ဂွေးချောင်းခံတပ် ကျ တယ် ။ မင်းလှခံတပ် တိုက်ပွဲ ပြင်းထန်တယ် ။ နှစ်ဖက်လုံး အကျအဆုံး များတယ် ။ နိုဝင်ဘာ ( ၁၉ ) ညောင်ဦး အနီး မြန်မာခံကတုတ် နဲ့ တိုက်ပွဲ ဖြစ်တယ်  ။ မိုး သည်းထန် တာ ကြောင့် ရပ်ပြီး နိုဝင်ဘာ ( ၂၄ ) ရက် မှာ မြင်းခြံ အနီး လှေသင်းအတွင်းဝန်တပ် နဲ့ တိုက်ပွဲ ဖြစ်တယ် ။ မြန်မာတို့ အရေး နိမ့် ကြောင်း ကြေးနန်း ပို့တဲ့ အခါ နိုဝင်ဘာ ( ၂၅ ) မှာ သီပေါမင်း အရေးပေါ်  အစည်းအဝေး ခေါ်တယ် ။ နိုင်ဝင်ဘာ ( ၂၆ ) ရက်မှာ ကျောက်မြောင်းဝန် ဦးရွှေအိုး နဲ့ ဝက်မစွတ်ဝန်ထောက် ဦးလက် ကို လွှတ် ကာ ကင်းဝန်မင်းကြီး ရဲ့စာ ကို ပရင်ဒါဂတ် ရှိရာ ရွာသစ်ကြီး ကို သွား ပေး ရတယ် ။ စစ်ရပ်စဲ ဖို့ မေတ္တာရပ်ခံစာ ဖြစ်တယ် ။ ပရင်ဒါဂတ် က မန္တလေးထိ ချီ ဖို့ အမိန့် ပါရှိတာ ကြောင့် မြန်မာ ဘုရင်လက်နက် ချခြင်း ရှိ မရှိ နိုဝင်ဘာ ( ၂၇ ) အကြောင်း ပြန် စေတယ် ။ အကြောင်း ပြန်ချက် မရတာ ကြောင့် အင်္ဂလိပ် ရေတပ်စု ဆက် ချီတက် ခဲ့တယ် ။ အင်းဝ သပြေတန်းခံတပ် နဲ့ စစ်ကိုင်းခံတပ် က လက်နက် ချ ဖို့ ငြင်းဆန် ခဲ့တယ် ။ လွှတ်တော် ဘုရင့် အမိန့်တော် ကြေးနန်းစာ ပို့ ပေးခဲ့တယ် ။ အင်္ဂလိပ်တပ် မန္တလေး ကို ချီ ခဲ့တယ် ။ အင်္ဂလိပ်တပ် မန္တလေးမြို့ အနီး ချဉ်းကပ် လာချိန် မှာ ကင်းဝန်မင်းကြီး ဆင် စီး ကာ ကာနယ်စလေဒင် နဲ့ လာရောက် တွေ့ဆုံ တယ် ။ နောက် နန်းတွင်း သို့ အတူ ဝင် ခဲ့တယ် ။ ကာနယ်လေဒင် ဟာ သီပေါမင်း လက်နက် ချကြောင်း ပရင်ဒါဂတ် ထံ အကြောင်း ကြား ခဲ့တယ် ။ နိုဝင်ဘာ ( ၂၉ ) ရက် မှာ ဗြိတိသျှ စစ်ကြောင်း သုံးကြောင်း ခွဲပြီး နန်းတွင်း သို့ ဝင်ရောက် နေရာ ယူကြတယ် ။ ညနေ ( ၃ ) နာရီခွဲ ခန့် မှာ ဘီရိုလှည်း နှစ်စီး ဖြင့် သီပေါမင်း နဲ့မိသားစု ဂေါဝိန်ဆိပ် မှာ ဆိုက်ကပ် ထားတဲ့ သူရိယသင်္ဘော ပေါ် သို့ ခေါ်ဆောင် သွားတယ် ။ နိုဝင်ဘာ ( ၃၀ ) ရန်ကုန် က စတင် ထွက်ခွာ လေတယ် ။ 


၁၈၈၅ ခု ဒီဇင်ဘာ ( ၁၅ ) မှာ သီပေါမင်း မိသားစု အိန္ဒိယ မဒရပ်မြို့ ရောက် တယ် ။ ( ၁၅ ) နှစ် ခန့် မဒရပ် မှာ စံပြီး ( ၁၉၁၀ ) ခု မှာ ရတနာဂီရိ သို့ ပြောင်းရွှေ့ ခဲ့တယ် ။ ( ၁၉၁၆ ) ခု ၊ ဒီဇင်ဘာ ( ၁၂ ) ရက် မှာ သီပေါမင်း နတ်ရွာ စံလေတယ် ။ ကွယ်လွန်ချိန် မှာ သက်တော် ( ၅၇ ) နှစ် ရှိလေတယ် ။ 



❝ စစ်သူကြီး မဟာဗန္ဓုလ ❞


ကလေးတို့ ရေ ... 


မြန်မာ့သမိုင်း မှာ သူရဲကောင်း စစ်သူကြီးတွေ များစွာ ရှိကြတယ် ။ အဲဒီ အထဲ မှာ မဟာဗန္ဓုလ လည်း ပါ လေတယ် ။ 


မဟာဗန္ဓုလ ကို ဘိုးတော်ဘုရား ( ဗဒုံမင်း ) နန်း တက် တဲ့ နှစ် ( ၁၈၁၀ ) ခုနှစ် ၊ မုံရွာခရိုင်း ဘုတလင်မြို့နယ် ထဲ က ငပုရင်းရွာကလေး မှာ မွေးဖွားခဲ့ တယ် ။ ငယ်မည် မောင်ရစ် လို့ ခေါ်တယ် ။ မိဘများ က တော့ သာမန် ဆင်းရဲသူ တွေ ပါပဲ ။ မောင်ရစ် ငယ်စဉ် တည်း က ဖခင် ကွယ်လွန် သွားတာ ကြောင့် မိခင် ကို ကူညီပြီး တောဓလေ့ ကျရာ လုပ်ကိုင် ရ လေတယ် ။ နောက်ပိုင်း မှာ တော့ အမရပူရမြို့တော် မှာ တံခါးမှူး လုပ် နေတဲ့ အဘိုး တော်စပ် သူ ထံ အလုပ်အကိုင် ရှာဖွေ ဖို့ ရောက်ခဲ့ လေတယ် ။ 


မောင်ရစ် ဟာ ငယ်စဉ်တည်း က တိုက်ရေး ခိုက်ရေး စစ်မှုရေးရာ ကို ဝါသနာ ပါခဲ့တယ် ။ မောင်ရစ် ရဲ့အဘိုး က သူ့ ကို အိမ်ရှေ့မင်း ထံ မှာ အပ် ပေးခဲ့ တယ် ။ အိမ်ရှေ့မင်း ဟာ စစ်မှုရေးရာ ကို ထက်သန်သူ ဖြစ်တာမို့ မောင်ရစ် ကံကောင်းတယ် ဆိုရမယ် ။ 


အိမ်ရှေ့မင်း ဟာ ဘိုးတော်ဘုရား ရဲ့ သားတော် ဖြစ်ပြီး ရွှေတောင်စား လို့ ကျော်ကြား လေတယ် ။ မောင်ရစ် ဟာ ဘာပဲ လုပ်ရ လုပ်ရ တက်တက်ကြွကြွ နဲ့ ထက်ထက်သန်သန် လုပ်ကိုင် တာ ကြောင့် အသက် ( ၂၄ ) နှစ်ရွယ် မှာ အိမ်ရှေ့မင်း ရဲ့ ကိုယ်ရံတော် ဖြစ်ခဲ့တယ် ။ မောင်ရစ် ဟာ စစ်ရေး သေနင်္ဂဗျူဟာ အတတ် ကို စာတွေ့ လက်တွေ့ အပတ်တကုတ် သင်ယူ တယ် ။ အိမ်ရှေ့မင်း အားကိုး ရ တဲ့ သူ တစ်ယောက် ဖြစ်လာ ခဲ့တယ် ။ ဒါပေမဲ့ အိမ်ရှေ့မင်း ( ၁၈၀၈ ) ခု မှာ အနိစ္စ ရောက်ခဲ့ လေတယ် ။ 


အိမ်ရှေ့မင်း ဦးပေါ်  ဆုံးတော့ စစ်ကိုင်းမြို့စား မင်းသား က အိမ်ရှေ့ အရာ ကို ဆက်ခံ ခဲ့ ရတယ် ။ ဘိုးတော်ဘုရား ကွယ်လွန် တဲ့ အခါ အသက် ( ၃၅ ) နှစ် ရှိပြီ ဖြစ်တဲ့ အိမ်ရှေ့မင်း စစ်ကိုင်းမင်းသား က ထီးနန်း ဆက်ခံ လေတယ် ။ မောင်ရစ် ဟာ စစ်ကိုင်းမင်း ( ဘကြီးတော်မင်း ) ထံ မှာ ကိုယ်ရံတော် အဖြစ် အမှုထမ်း ရတယ် ။ 


ဘကြီးတော်မင်း လက်ထက် ဟာ ဥရောပသား တို့ ပိုမို ခြေရှုပ် လာတဲ့ အချိန် ဖြစ်တယ် ။ မြန်မာနိုင်ငံ ရဲ့ အနောက်ဘက် အိန္ဒိယ နိုင်ငံ တွင်း မှာ အင်္ဂလိပ် နဲ့ ပြင်သစ် တို့ ဟာ အပြိုင် နယ်ချဲ့ နေ ကြတယ် ။ မြန်မာနိုင်ငံ ရဲ့ သြဇာခံ ဖြစ်တဲ့ မဏိပူရ အရေးအခင်း က လည်း အင်္ဂလိပ် တို့ သွေးထိုး ပေးလို့ အခြေအနေ ပို ဆိုး လာတယ် ။ ဘိုးတော်ဘုရား လက်ထက် နန်း တင် ပေး ခဲ့တဲ့ မဏိပူရ စား မာဂျစ်ဆင်း ဟာ ဘကြီးတော် နန်း တက်တဲ့ အခါ လက်ဆောင် ဆက်ခြင်း ၊ ခစားခြင်း မရှိလေဘူး ။ ဒါ့ကြောင့် ( ၁၈၁၉ ) ခုနှစ် မှာ စစ်ကိုင်းမင်း ညီတော် သတိုးမင်းရဲကျော်ထင် ကို ဗိုလ်ချုပ် ခန့် ကာ တပ်တော်များ ချီ လေတယ် ။ မဏိပူရ ချီ တပ် မှာ အလုံ ဝန်ကြီး မဟာဗန္ဓုလ က လက်ဝဲကြောင်း  ၊ စစ်ကဲမင်းကြီး မင်းခေါင်ကျော် က လင်္ကျာကြောင်း စစ်ချီ ကြလေတယ် ။ မဏိပူရ တစ်မြို့လုံး သိမ်းနိုင် ခဲ့တယ် ။ အစောင့်အနေ ခန့်ပြီး ပြန်ခဲ့ ကြတယ် ။ 


အာသံ အရေး မှာ လည်း ဘိုးတော်ဘုရား လက်ထက် နန်းတင် ပေးခဲ့ တဲ့ စန္ဒရကန္တရှိန် ဟာ သစ္စာ ဖောက် ပြီး အင်္ဂလိပ် အကူအညီ တောင်း ကာ ပုန်ကန်ဖို့ ကြံစည် လေတယ် ။ စစ်ကိုင်းမင်း ( ဘကြီးတော် ) သိတဲ့ အခါ မင်းကြီး မဟာဗန္ဓုလ ကို ဗိုလ်မှူး ခန့်ပြီး ချီတက် လုပ်ကြံစေတယ် ။ စန္ဒရကန္တရှိန် တပ် နဲ့ တိုက်ပွဲ ဖြစ်ရာ မှာ စန္ဒရကန္တရှိန် မခံနိုင်ဘဲ အင်္ဂလိပ် ပိုင်နက် ထဲ ဝင် ပြေးတယ် ။ ပြန်ပေးဖို့ တောင်းဆို ရာ မှာ အင်္ဂလိပ် နဲ့ မသင့်မတင့် ဖြစ်ရတယ် ။ မဟာဗန္ဓုလ ဟာ အာသံ စော်ဘွား ကို အသစ် ခန့်ထား ခဲ့တယ် ။ ဗိုလ်မှူး မင်းဘကြီး မဟာသီလဝ ကို အစောင့်အနေ ထားပြီး ပြန် ခဲ့တယ် ။ နေပြည်တော် ပြန် ရောက်တဲ့ အခါ မဟာဗန္ဓုလ ကို အဂ္ဂမဟာသေနာပတိ ဝန်ကြီး ခန့်အပ်တယ် ။ 


ရှင်မဖြူကျွန်း အရေး မှာ မဟာဗန္ဓုလ ဟာ ရခိုင်ချီ တပ်မတော်ကြီး ဖွဲ့ စည်းပြီး မြဝတီမင်းကြီး ဦးစ ဦးစီး တဲ့ ရှေ့ပြေး တပ်တွေ ကို ရခိုင်ပြည် နတ်မြစ်ဝ အရောက် ချီစေ ခဲ့တယ် ။ မဟာဗန္ဓုလ ရခိုင်ဘက် ကို ကူးခဲ့ တာ ဟာ မင်းဘူးခရိုင် ဆင်ဖြူကျွန်း မှာ တပ် တစ်ထောက် နားပြီး ကူးခဲ့တာ ဖြစ်တယ် ။ တပ်တွေ စနစ်တကျ ဖွဲ့ ၊ ရိက္ခာထောက် တပ်တွေ ကို စီစဉ် စတဲ့ စီမံခန့်ခွဲမှုတွေ လုပ်ပြီး မှ ရခိုင်ရိုးမ ကို ဖြတ်ပြီး ချီတက် ခဲ့တယ် ။ 


အင်္ဂလိပ်တို့ က ပန်းဝါ နဲ့ စစ်တကောင်း မှာ တပ်တွေ အသင့် ထားတယ် ။ ရခိုင် ကို ရောက်တဲ့ အခါ မဟာဗန္ဓုလ ရဲ့ တပ်မတော်ကြီး နဲ့ မဟာသီဟသူရ ( မြဝတီမင်းကြီး ) တပ် ပေါင်းပြီး နယ်စပ် အထိ ချီတက် သွားတယ် ။ အင်္ဂလိပ် တို့ က ပန်းဝါ မရောက်ခင် ဆီးကြို တိုက်တယ် ။ မြန်မာတပ် က အရေး သာတယ် ။ အချက်အချာ ကျတဲ့ တောင်ကုန်းတွေ မှာ တပ်စွဲ ပြီး နေရာ ယူပြီး ဖြစ်တယ် ။ ညပိုင်းမှာ အင်္ဂလိပ်တပ်တွေ ကို မြန်မာတပ် က ( ၃ ) နာရီ ကြာ အပြင်းအထန် တိုက်ခဲ့တယ် ။ ဗိုလ်ကြီး နော်တင် ဦးစီးတဲ့ အင်္ဂလိပ်တပ် ဟာ ညတွင်းချင်း ပန်းဝါ ကို ပြန်ဆုတ် သွားရတယ် ။ မြန်မာတပ် က လက်နက် အများအပြား ရ လိုက်တယ် ။ 


နောက်ထပ် တိုက်ပွဲတွေ ဆက် ဖြစ်တယ် ။ တိုက်ပွဲ အပြီးမှာ အင်္ဂလိပ်ဘက် က ကပ္ပတိန်နော်တင် ၊ ကပ္ပတိန် ထရူးမင်း ၊ ကပ္ပတိန်ရင်ဂလေး ၊ ဗိုလ်ဂရစ် ၊ ဗိုလ်ဆင်းနက် ၊ လက်ထောက်ဆရာဝန် ပေးမိုးတို့ ကျ လေတယ် ။ အင်္ဂလိပ်တပ် တွေ ပန်းဝါ က နေ စစ်တကောင်း ထိ အကျအဆုံး များစွာ နဲ့ ဆုတ်ရ လေတယ် ။ 


အင်္ဂလိပ်တပ်တွေ ဆုတ် တော့ မဟာဗန္ဓုလ က မဟာသီဟသူရ ကို စစ်တကောင်း ထိ အင်္ဂလိပ် ကို လိုက် မတိုက်ရ လို့ အမိန့် ပေးတယ် ။ အမြော် အမြင် ကြီးစွာ နဲ့ အမိန့် ပေး တာပါပဲ ။ မဟာဗန္ဓုလ ကြိုတင် တွေးခေါ် တဲ့ အတိုင်း မဟာဗန္ဓုလတပ် အနောက်ရိုးမ တစ်ဘက် မှာ ရှိ နေစဉ် အင်္ဂလိပ်ရေတပ် က ရန်ကုန် ဝင် သိမ်း လေတယ် ။ မေဂျာကင်းဘဲ ရွှေတိဂုံ မှာ တပ်စွဲ လေတယ် ။

 

မဟာဗန္ဓုလ ဟာ မိုးဖြိုင်ဖြိုင် ကျ နေတဲ့ ဇွန် ၊ ဇူလိုင် လို အချိန်မျိုး မှာ သူ့ တပ် နဲ့ တကွ လက်နက် ရိက္ခာများ သယ်ပိုး ပြီး ရခိုင်ရိုးမ ကျော် ကာ ပြန်ပြီး စစ် ဆုတ် ခဲ့တယ် ။ တပ်များ ကို ဆင်ဖြူကျွန်း မှာ ထားပြီး မဟာဗန္ဓုလ နေပြည်တော် ပြန် ကာ ဘကြီးတော်မင်းတရား နဲ့ တွေ့ လေတယ် ။ အဲဒီနောက် လူသူ စု ဆောင်းပြီး ဆင်ဖြူကျွန်း က တပ် နဲ့ ပေါင်း ကာ ရန်ကုန် ဘက် ကို စုန်ဆင်း ခဲ့တယ် ။ ဒီဇင်ဘာလ ဆန်း တာ နဲ့ ရွှေတိဂုံ တပ်စွဲ ထားတဲ့ အင်္ဂလိပ်တပ် ကို မဟာဗန္ဓုလ တပ် က ထိုးစစ်ဆင် လေတယ် ။ အလွန် ပြင်းထန် တဲ့ တိုက်ပွဲတွေ ဖြစ်တယ် ။ 


မြန်မာတပ် အကျအဆုံး များတာ ကြောင့် မဟာဗန္ဓုလ ဟာ အချက်အချာ ကျ တဲ့ ဓနုဖြူမြို့ ထိ စစ် ဆုတ် လေတယ် ။ ဓနုဖြူ ခံတပ် ကို စနစ်တကျ စီမံ ပြီး မဟာဗန္ဓုလ က ခံစစ်တိုက်ဖို့ ပြင်ဆင်တယ် ။ အင်္ဂလိပ်တပ်များ က ဓနုဖြူ ခံတပ် ရဲ့ အပြင်ဘက်ပိုင်း က အရန်တပ်များ ကို ဝင်ရောက် စီးနင်းတယ် ။ မြန်မာ ဘက် မှာ လက်နက် အင်အား နည်း ပေမယ့် ရွပ်ရွပ်ချွံချွံ တိုက် ကြတယ် ။ 


တစ်နေ့ မှာ တပ်မှူး ၊ စစ်ကဲတွေ နဲ့ တိုင်ပင် နေတုန်း မဟာဗန္ဓုလ အနီး ဗုံး တစ်လုံး ကျ လို့ မဟာဗန္ဓုလ ကျဆုံး လေတယ် ။ ခရစ်နှစ် ( ၁၈၂၅ ) ခုနှစ် ဖြစ်တယ် ။ 



❝ ယောမင်းကြီး ဦးဘိုးလှိုင် ❞


ကလေးတို့ ရေ … 


ပဒေသရာဇ်ခေတ် မှာ ယောမင်းကြီး ဦးဘိုးလှိုင် ဟာ မင်းလို လိုက် မင်းကြိုက် မဆောင် ဘဲ မှန်ရာ ကို ရဲရဲဝံ့ဝံ့ တင်ပြ ရဲတဲ့ နှလုံးရည် ထက်မြက် သူ တစ်ဦး ဖြစ်တယ် ။ 


ဦးဘိုးလှိုင် ကို ၁၈၂၉ ဧပြီ ( ၂ ) ရက် မှာ မြင်းခြံမြို့ အထက် ၊ ရွာပုလဲ ရွာ မှာ ဖွားမြင် ခဲ့တယ် ။ အဖ မှာ ယင်းတောဝန်ကြီး ဦးတုတ်ကြီး ဖြစ်တယ် ။ သာယာဝတီမင်း စိတ် နောက် စဉ် မှာ အသတ် ခံခဲ့ ရတယ် ။ အမိ အမည် မှာ ဒေါ် ငြိမ်း ဖြစ်တယ် ။ 


ဦးဘိုးလှိုင် ငယ်စဉ် တည်း က မင်းတုန်းမင်းသား ထံ မှာ ခစား ခဲ့တယ် ။ မင်းတုန်းမင်းသား ဘုရင် ဖြစ်တဲ့ အခါ အရည်အချင်း အလျောက် သူကောင်း ပြု ခြင်း ခံရတယ် ။ မင်းတုန်းမင်း လက်ထက် အတွင်းဝန် ရာထူး နဲ့ တာဝန် ထမ်းဆောင် စဉ် ယောမြို့ ကို စား ရတယ် ။ အသက် ( ၂၄ ) နှစ် ရွယ် မှာ မကွေးမြို့စား ဝန်ကြီး သမီးခင်ဖြူ နဲ့ ထိမ်းမြား လက်ထပ် ခဲ့တယ် ။ ဦးဘိုးလှိုင် ဟာ မင်းတုန်းမင်း လက်ထက် က နေ သီပေါမင်း လက်ထက် တိုင် အတွင်းဝန် ၊ မြို့စား အတိုင်ပင်ခံ ပညာရှိ စသဖြင့် အမှု ထမ်းရွက် ခဲ့တယ် ။ 


ဦးဘိုးလှိုင် ဟာ မှန်ရာ ကို ရဲရဲဝံ့ဝံ့ တင်လျှောက် တတ်တယ် ။ ရာထူး စည်းစိမ် ကို လည်း မငဲ့ လေဘူး ။ ဒါ့ကြောင့် သုံးကြိမ် ထက် မနည်း ရာထူး ချ ခံ ခဲ့ရတယ် ။ တစ်ခါမှာ ဦးဘိုးလှိုင် က “ ဗျစ်ရည် သည် ဆေးခါးကြီး နှ င့်တူသည် ” လို့ ဆို လိုက်တယ် ။ ဘီယာ သောက် တာ အပြစ် မရှိလို့ ဆို လို တယ် ။ မလိုသူ တို့ က ဦးဘိုးလှိုင် ဟာ သေရည် သေရက် သောက်စား အောင် လှုံ့ဆော်တယ် လို့ မလိုတမာ ပြောတာ ကြောင့် အကျယ်ချုပ် ကျ ကာ ရာထူး ချခြင်း ခံ ခဲ့ရတယ် ။ ဒါပေမဲ့ အရည်အချင်း ရှိသူ မို့ ခြောက်လ ကြာ မှာ ရာထူး ပြန် ပေး ခဲ့တယ် ။ တစ်ခါ မှာ တော့ သမီးနှမ စသည် ပေးပြီး အခွင့်အရေး ယူတဲ့ အမှုထမ်း တစ်ဦး ကို မင်းတုန်းမင်းကြီး အရေး ပေး တာ ကြောင့် မသင့်ကြောင်း မင်းကြီး ကို ဦးဘိုးလှိုင် သတိ ပေး ခဲ့တယ် ။ နောက်ဆုံး သတိပေး မရတာ နဲ့ မှူးမတ်စုံညီ ရှေ့ မှာ “ အစ်မ ၊ နှစ်မ သမီးက ကို ၊ စ၍ ဆက်နှင်း လက်ဆောင် သွင်း၍ ၊ စိုးမင်း ချစ်မြတ် ထို အမတ် သည် အတတ် မရှိ ၊ သတိ ကင်းကွာ ၊ ဘုန်းကြီး လှာ မူ ။ ပြည်ရွာပျက် ကြောင်း တစ်ပါးတည်း ” လို့ လျှောက်တင် လိုက်တယ် ။ 


မင်းတုန်းမင်းကြီး ဟာ အမျက် ပြင်းစွာ ထွက်ပြီး လှံ ကို ကောက် ကိုင်ကာ “ သည် လှံ နဲ့ ငါ့ ခမည်းတော် စီရင်လို့ နင့် အဖ ယင်းတောဝန်ကြီး သေခဲ့တယ် မဟုတ်လော ။ သည် လှံ နဲ့ မောင်မင်း ကို စီရင်ခြင်း ခံလိုသလား ” လို့ မေး လိုက် တယ် ။ ထိုအခါ ဦးဘိုးလှိုင် က “ ထိုးတော်မူပါ ဘုရား ” ဆို ကာ ရင် ကို ကော့ ပေး လေတယ် ။ မင်းတုန်းမင်းကြီး စိတ်မာန် ချ ကာ အတွင်း ဝင် လေတယ် ။ 


ထိုအခါ အခြား မှူးမတ်များ က “ ဝန်ကြီးမင်း မလဲ ရဲ ပဲ ရဲလွန်း သဗျာ ” လို့ ပြောကြတယ် ။ ထိုအခါ ဦးဘိုးလှိုင် က “ ကျွန်ုပ် အဖို့ လှံ နဲ့ ထိုး လို့ သေရခြင်း က မြတ်ပါတယ် ။ နေရာတိုင်း မင်း လို လိုက် တင် ရင် မကောင်းမှု ဖြစ်ပွား ကာ နိုင်ငံ ပျက်စီးခြင်း ရောက် ရ တတ် ပါတယ် ။ ထို နာမည်မျိုး ကျန် ခဲ့ရင် သေရ ကျိုး မနပ် ။ လူ အပေါင်း နှာခေါင်း ရှုံ့ ကြမယ် ။ မှူးမတ် ဆိုတဲ့ အတိုင်း အကြီးအမှူး ဖြစ် ရမယ် ။ တည့်တည့်မတ်မတ် ဖြစ်အောင် စီမံ ခန့်ခွဲ ကာ လျှောက်တင် စရာ ရှိ ရဲရဲတင်းတင်း တင် ရမယ် ။ ဒါမှ မှူးမတ် နဲ့ တူမယ် ” လို့ ပြန် ပြော လေတယ် ။ ဤသို့ ဖြစ်ပြီး နောက် နေ့ မှာ ဦးဘိုးလှိုင် အကျယ်ချုပ် နဲ့ ရာထူး ချခြင်း ခံရ ပြန် တယ် ။ 


( ၁၈၇၄ ) ခုနှစ် မှာ ပတ္တမြား ဓာတ်သတ္တု တူးဖော်ရေး ဆိုင်ရာ မြန်မာ ပြင်သစ် စာချုပ် ကိစ္စ သံတမန်ရေး ပေါ် တဲ့ အခါ စကြာဒေဝီ မိဖုရားကြီး ရဲ့ အကြံပေးချက် အရ ဦးဘိုးလှိုင် ကို ပြန် ခေါ် ရပြန်တယ် ။ အဆောင်အယောင် ပြန် ပေး လေတယ် ။ 


ပတ္တမြားတွင်း ကိစ္စ ဦးဘိုးလှိုင် ကို မင်းတုန်းမင်းကြီး အပ် လေတယ် ။ ဒါ့ကြောင့် ဦးဘိုးလှိုင် ဟာ ငမောက်ပတ္တမြား ခေတ္တ ငှားပြီး သံတမန်ဆောင် မှာ ပြင်သစ် သံတမန်တွေ ကို ဈေးဖြတ် ခိုင်းတယ် ။ ပြင်သစ် ကိုယ်စားလှယ် တွေ ဈေး မဖြတ်နိုင် ။ “ ဒီလို ပတ္တမြား တစ်လုံး ကို တောင် တန်ဖိုး မဖြတ်နိုင် ရင် သည်လို ပတ္တမြား မျိုး မည်မျှ ထွက်မှန်း မသိနိုင်တဲ့ ပတ္တမြားတွင်း ကို ဘယ်လို တန်ဖိုး ဖြတ် မှာလဲ ” ဆိုကာ အမှု ကို ပြီးပြေအောင် ဆောင်ရွက် ခဲ့တယ် ။ 


သီပေါမင်း လက်ထက် မှာ ဦးဘိုးလှိုင် ဟာ အတွင်းဝန် နဲ့ ဝန်ကြီးရာထူး များ ခန့်အပ် ခံ ရပြီး ဝက်မစွတ်မြို့စား အဖြစ် ပေးအပ် ခံ ရတယ် ။ ဦးဘိုးလှိုင် ဟာ သက်ဦးဆံပိုင် ဘုရင် စနစ် အရ အုပ်ချုပ်မှု ကို တော်လှန် ပြီး ပြည်သူ့ အာဏာ ဖြင့် အုပ်ချုပ်မှု ကို ကြိုဆို တဲ့ “ ရာဇဓမ္မ သင်္ဂဟကျမ်း ” ကို ရေးသား ရာ ဘုရင် မနှစ်သက်လေဘူး ။ “ ဘုရင်မင်းမြတ် ဟာ အသုံးအဖြုန်း ကြီးတယ် ။ ဘဏ္ဍာတော် ဆိုတာ ဆင်းရဲသား တို့ ချွေးနှဲစာ ဖြစ်တယ် ။ ကျောက်ခဲ သလဲ လို သဘော မထား သင့် ” လို့ ဘဏ္ဍာရေး ကို ကန့်သတ်ဖို့ ကြိုးပမ်း လေတယ် ။ ဒါ့ကြောင့် မိဖုရား က “ ငလှိုင် ပေးသရွေ့ နဲ့ စား ရမှာ လား ။ ဒီလို ဆိုရင် ရှင်ဘုရင် တောင် မလုပ်ချင်ပါဘူး ” လို့ ဆိုတာ ကြောင့် သီပေါမင်း နားယောင် ကာ ဦးဘိုးလှိုင် ကို ရာထူး က ချ လေတယ် ။ 


ဦးဘိုးလှိုင် ဟာ မြန်မာ့ သမိုင်း မှာ ယောအတွင်းဝန် ၊ ယောမင်းကြီး ၊ ရွှေပြည်ဝန် ၊ ရွှေပြည်မင်းကြီး ၊ ဝက်မစွတ်မြို့စား ၊ မကွေးမြို့စားဝန်ရှင်တော် မင်းကြီး ၊ သတိုးမင်းကြီးမဟာ မင်းခေါင်သီဟသူ စတဲ့ ဘွဲ့ အမျိုးမျိုး နဲ့ ထင် ရှား လေတယ် ။ ဦးဘိုးလှိုင်ဟာ ဆေးကျမ်း ၊ ဂဏန်းကျမ်း ၊ ဘာသာရေးကျမ်း ၊ အလင်္ကာကျမ်း စသဖြင့် ကျမ်းပေါင်း ( ၁၄ ) ကျမ်း စာရင်း တွေ့ ရလေတယ် ။ 


ကနောင်မင်းသားကြီး ရဲ့ စီမံကိန်း အရ အင်္ဂလန် ၊ ပြင်သစ် ၊ အီတလီ နိုင်ငံများ သို့ ပညာသင် လွှတ်တဲ့ အထဲ မှာ ဦးဘိုးလှိုင် ရဲ့ တပည့်များ ပါဝင်တယ် ။ ထိုသူ တို့ အကူအညီ နဲ့ ဝိဇ္ဇာ ၊ သိပ္ပံ ပညာရပ် တို့ ကို ကောင်းစွာ လေ့လာ ဆည်းပူး နိုင် ခဲ့တယ် ။ ဆီလျော် အောင် လည်း ပြန်ဆို တယ် ။ ဝါယာနုပဿနာကျမ်း ဟာ အီတလီဘာသာ နဲ့ ရေးတဲ့ ခန္ဓာဗေဒကျမ်း ကို ဗုဒ္ဓဘာသာတရား နဲ့ ယှဉ်ပြ တဲ့ ကျမ်း ဖြစ်တယ် ။ 


ဦးဘိုးလှိုင် ကွယ်လွန်ကာနီး တစ်လ အလို မှာ ငယ် သူငယ်ချင်း ဦးတူ ကို အိမ် မှာခေါ် ထားပြီး ( ၂ ) ယောက်သား ရှေးဟောင်း နှောင်းဖြစ် ပြော ၊ တရား ဆွေးနွေး ၊ ရွတ်ဖတ်ကြ နဲ့ သေခြင်းတရား ကို ရဲဝံ့စွာ ရင်ဆိုင် သွားတယ် ။ ( ၁၈၈၃ ) အသက် ( ၅၄ ) နှစ် ရွယ် မှာ ကွယ်လွန် လေတယ် ။ 



❝ ကင်းဝန်မင်းကြီး ဦးကောင်း ❞ 


ကလေးတို့ ရေ …. 


ကင်းဝန်မင်းကြီး ဦးကောင်း ဟာ မင်းတုန်းမင်း လက်ထက် ကော ၊ သီပေါမင်း လက်ထက် မှာ ပါ မင်း နှစ်ဆက် အမှုထမ်း ခဲ့ သူ ဖြစ်တယ် ။ ပညာ အရည်အချင်း ရှိပြီး မြော်မြင်ဉာဏ် ရှိသူ ဖြစ်တယ် ။ နိုင်ငံတကာ အတွေ့အကြုံ ရှိသူ လည်း ဖြစ်တယ် ။ သီပေါမင်း ပါတော်မူတဲ့ အရေး မှာ အထင် လွဲမှု ခံရ လေတယ် ။ 


ဦးကောင်း ကို မုံရွာခရိုင် ၊ ဆင်ရှင်မြို့နယ် အတွင်း ရှိ မုန်တိုင်ပင်ရွာ မှာ သွေးသောက်ကြီး ဦးမှို နဲ့ ဒေါ်နှင်းဆီ တို့ က ( ၁၈၂၂ ) ခု ဖေဖော်ဝါရီ ( ၃ ) ရက် တွင် ဖွားမြင် ခဲ့တယ် ။ ( ၁၈၄၉ ) ခုနှစ် မှာ အမရပူရမြို့ ဗားကရာတိုက် တွင် ရဟန်း ဝတ် ခဲ့တယ် ။ ဘွဲ့မည် ဦးအာသက ဖြစ်တယ် ။ ရဟန်း ဝတ် ရာ မှ လူ ထွက် ပြီး မင်းတုန်းမင်းသား အိမ်တော် မှာ အမှု ထမ်း ခဲ့တယ် ။ 


( ၁၈၅၃ ) ခုနှစ် မင်းတုန်းမင်း နန်း တက်တဲ့ အခါ “ မင်းလှသိင်္ခသူ ” ဘွဲ့ ဖြင့် ရွာသစ်ကြီးရွာစား ရွှေတိုက်စိုး ဖြစ် လာတယ် ။ အဲဒီ နောက် သပြေ ငါးရွာစား အမှာတော်ရေး ၊ ( ၁၈၅၇ ) ခုနှစ် မှာ “ မဟာမင်းကျော်စည်သူ ” ဘွဲ့ ဖြင့် လွှတ်တော် စာရေးကြီး ရာထူးများ ရရှိ ခဲ့တယ် ။ 


( ၁၈၅၉ ) ခုနှစ် ရတနာပုံ မြို့တော် တည် စဉ် က ဦးကောင်း ဟာ လွှတ်တော် စာရေးကြီး အဖြစ် အမှုထမ်း ဆဲ ဖြစ်တယ် ။ ( ၁၈၆၁ ) ခု နှစ် မှာ အလုံမြို့ဝန် ဖြစ်ပြီး ( ၁၈၆၅ ) မှာ တောင်ငူ ၊ ရမည်းသင်း နှစ်မြို့ အခွန်ဝန် ဖြစ်လေတယ် ။ ( ၁၈၆၆ ) ခုနှစ် မှာ တော့ “ မင်းကြီးမဟာစည်သူ ” ဘွဲ့ခံ ဝန်ထောက် ဖြစ် လာခဲ့ တယ် ။ ( ၁၈၇ဝ ) ပြည့်နှစ် မှာ ကင်းဝန် ရာထူး ပါ ပူးတွဲ ထမ်းရွက် ရတာ ကြောင့် ကင်းဝန်တော် လို့ အမည် တွင် ခဲ့တယ် ။ ထိုစဉ် က ပင် ကင်းဝန်မင်းကြီး လို့ ထင်ရှား လာ လေတယ် ။ 


ဥရောပနိုင်ငံများ ကို မသွား ရောက် ခင် ( ၁၈၇၂ ) ခု မှာ ကင်းဝန်ထောက် ဦးကောင်း အား “ မင်းကြီးမဟာစည်သူ ” ဘွဲ့ ဖြင့် ဝန်ကြီး အရာ တိုးမြှင့် ခန့် ထား လေတယ် ။ ( ၁၈၇၄ ) ခု မှာ သတိုးဘွဲ့ ဖြည့်စွက် ပေး ခဲ့တယ် ။ ( ၁၈၇၅ ) ခု လယ်ကိုင်းမြို့စား အရာ ပေးအပ် ခံရတယ် ။ 


သီပေါမင်း လက်ထက် မှာ “ သတိုးသုဓမ္မမဟာ သက်တော်ရှည် ” ဘွဲ့ဖြင့် ဝန်ကြီး အရာ ဆက်လက် ခန့်ထား ခံ ရတယ် ။ သီပေါမင်း ပါတော်မူပြီး နောက် ကင်းဝန်မင်းကြီး ဦးကောင်း ဟာ ဗြိတိသျှ အစိုးရ လွှတ်တော် မှာ ဆက် လက် တာဝန် ထမ်းဆောင် ခဲ့တယ် ။ 


ကင်းဝန်မင်းကြီး မှာ ဝန်ကတော် နှစ်ဦး ရှိ ခဲ့တယ် ။ ပထမ ဝန်ကတော် ဆင်ကျန်သခင် မှာ တရားသူကြီး ဦးဘို ရဲ့ ဇနီးဟောင်း ဖြစ်တယ် ။ ဒုတိယ ဝန်ကတော် မှာ အလုံမြို့ဝန် အဖြစ် အမှု ထမ်းစဉ် လက်ဆက် ခဲ့တဲ့ အလုံမြို့သူကြီး ရဲ့နှမ ဒေါ်ရွှေမေ ဖြစ်တယ် ။ 


ပါတော်မူ အရေး မှာ ဦးကောင်း အလိမ် ခံ ရတယ် လို့ တချို့ က ဆိုတယ် ။ ညောင်ရမ်းမင်းသား ( ၁၈၈၅ ) ခု နှစ်ဦး က ကာလကတ္တား မှာ ကွယ်လွန် ခဲ့တာ ကို အင်္ဂလိပ် က ဖုံး ထားတယ် ။ အထက် မြန်မာနိုင်ငံ ကို ပရင်ဒါဂတ် စစ်တပ် တက် တဲ့ အခါ အင်္ဂလိပ် က ညောင်ရမ်းမင်းသား ကို နန်း တင် မယောင်ယောင် ၊ ညောင်ရမ်းမင်းသား အင်္ဂလိပ်တပ် နဲ့ တစ်ပါတည်း ပါ လာ သယောင် သတင်း လွှင့် ခဲ့တယ် ။ အဲဒီ သတင်း ကို ယုံကြည်ပြီး ဦးကောင်း က မြင်းခြံ အထက် အင်္ဂလိပ်တပ် ရောက် တဲ့ အခါ မြန်မာ ရဲမက်တွေ ကို မခုခံကြဖို့ ကြေးနန်း အမိန့် ထုတ် ခဲ့တယ် ။ 


အမြော်အမြင် ရှိတဲ့ မင်း နဲ့ အုပ်ချုပ်ရေး ကို ဦးကောင်း လိုလားတာ အမှန် ဖြစ်တယ် ။ ရေနံချောင်းဝန်ကြီး ဦးစို ၊ မကွေးဝန်ကြီး ဦးဘိုးလှိုင် စတဲ့ မှူးမတ် တို့ က လည်း ဦးကောင်း နဲ့ စိတ် တညီတည်း ဖြစ်တယ် ။ 


အင်္ဂလိပ်အစိုးရ အုပ်ချုပ်ရေး စနစ် ချပြီး နိုင်ငံ ငြိမ်ဝပ်ပိပြားရေး ကို စီမံ လေတယ် ။ ထို ကိစ္စများ ကို ဆောင်ရွက်ဖို့ ဂုဏ်ဒြပ် ရှိတဲ့ ဦးကောင်း နဲ့ ပုဂ္ဂိုလ် အချို့ ရဲ့ အကူအညီ ကို တောင်းခံတဲ့ အခါ ဦးကောင်း ငြင်းပယ် အား မရှိတော့ပေ ။ 


ဒါ့ကြောင့် ဦးကောင်း ဟာ တောင်ခွင် ဝန်ကြီးဟောင်း ဦးသိုင်း ၊ တိုင်တား ဝန်ကြီးဟောင်း ဦးဖိုး တို့ ပါဝင်ပြီး ကာနယ်စလေဒင် ဥက္ကဋ္ဌ လုပ်တဲ့ လွှတ်တော်ဟောင်း မှာ ဝိုင်းဝန်း ကူညီ ခဲ့တယ် ။ ၁၈၈၆ ခုနှစ် အတွင်း ဝန်းသို စော်ဘွား ဦးအောင်မြတ် က အင်္ဂလိပ် ကို ပုန်ကန်တဲ့ အခါ ဦးကောင်း က အင်္ဂလိပ် ဘက် က ကိုယ်စားပြုပြီး ဝန်းသိုစော်ဘွား ဦးအောင်မြတ် ကို စကား ကမ်းလှမ်း ခဲ့တယ် ။ ( ၁၈၉၅ ) မှာ တရားဌာနချုပ် မင်းကြီး ဘားဂျက် ရဲ့ မေတ္တာ ရပ်ခံချက် အရ ( ၃၆ ) စောင်တွဲ အမွေခန်းဓမ္မသတ်ကြီး နဲ့ ( ၃၄ ) စောင်တွဲ အိမ်မှုခန်း ဓမ္မသတ်ကြီး နှစ်တွဲ ကို ပြုစု ပေး ခဲ့တယ် ။ ( ၁၈၉၇ ) ခု မှာ ဒုတိယ ဘုရင်ခံ ရဲ့ ဥပဒေပြု လွှတ်တော် ၌ မင်းတိုင်ပင် အမတ် နေရာ ကို လက်ခံ ခဲ့တယ် ။ ဦးကောင်း ကျေးဇူး အင်္ဂလိပ် တို့ အပေါ် ကြီးမား ပေတယ် ။ 


ဒါ့ကြောင့် အင်္ဂလိပ် အစိုးရ က ဦးကောင်း ကို စီအက်အိုင် ( C.S.I ) ဆိုတဲ့ အိန္ဒိယတာရာ ဘွဲ့တံဆိပ် ပေး ရုံသာ မက ( ၁၉၀၈ ) ခု ဦးကောင်း ကွယ်လွန် တဲ့ အခါ လည်း ရုံး ပိတ် ပေး ပြီး အင်္ဂလိပ်စစ်ရဲ မြင်းတပ် ခြံရံ ပြီး ဘင်ခရာ တီး ကာ သာကဝန် ကျောင်းတိုက် အရောက် မသာ ပို့ခဲ့ လေတယ် ။ 


           ◾ လွတ်လပ်ရေး ဗိသုကာ



❝ ဗိုလ်ချုပ်အောင်ဆန်း ❞


ကလေးတို့ ရေ …. 


ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမည် ကို တော့ လူတိုင်း ကြားဖူးကြပေလိမ့် မယ် ။ မြန်မာနိုင်ငံ ကို ကျွန် ဘဝက လွတ်မြောက်အောင် ကြိုးပမ်းပြီး လွတ်လပ်ရေး ရအောင် စွမ်းဆောင် ခဲ့ တဲ့ စံပြုစရာ ခေါင်းဆောင် တစ်ဦး ဖြစ်တယ် ။ ဒါ့ကြောင့် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာ လို့ ဗိုလ်ချုပ်အောင်ဆန်း ကို တင်စား ဂုဏ်ပြု ခေါ်ကြတယ် ။ 


ဗိုလ်ချုပ်အောင်ဆန်း ဟာ မကွေးတိုင်း ၊ နတ်မောက်မြို့ ဇာတိ ဖြစ်တယ် ။ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ( ၁၃ ) ရက် ၊ စနေသား ဖြစ်တယ် ။ အမိန့်တော်ရ ရှေ့နေ ဦးဖာ နဲ့ ဒေါ်စု တို့ ရဲ့သား ဖြစ်တယ် ။ ဇာတာ အမည် ထိန်လင်း ဖြစ်ပေမယ့် သူ့ အစ်ကို ကို အောင်သန်း လို့ မှည့်တာ ကြောင့် သူ့ ကို “ အောင်ဆန်း ” လို့ အများ က ခေါ်ကြတယ် ။ 


ငယ်စဉ် ကတည်း က ဘကြီး ဦးမင်းဇင် နဲ့ အဘွား ဒေါ်သူဇာ တို့ရဲ့ ပြောပြချက် အရ မောင်အောင်ဆန်း ရဲ့ အဘိုး တော်သူ ရွှေလရောင် ဘွဲ့ခံ ဦးမင်းရောင် အကြောင်း တစ်စွန်း တစ်စ သိခဲ့ ရတယ် ။ အဘိုး ရဲ့သူ့ကျွန် မခံ စိတ်ဓာတ် နဲ့ သတ္တိ အရည်အချင်းတွေ ကို ငယ်စဉ် က ပင် မောင်အောင်ဆန်း အားကျ ခဲ့ ရတယ် ။ 


မောင်အောင်ဆန်း ဟာ ငယ်စဉ် က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း မှာ နေ ခဲ့တယ် ။ ၁၉၂၈ ခုနှစ် မှာ ရေနံချောင်း အမျိုးသား  အထက်တန်းကျောင်း ကို ပြောင်းရွှေ့ ပညာ သင်ခဲ့တယ် ။ ၁၉၃၂ ခုနှစ် မှာ ထို ကျောင်း က နေ ( ၁၀ ) တန်း ကို မြန်မာစာ ၊ ပါဠိဘာသာ တို့ မှာ ဂုဏ်ထူး နဲ့ အောင် ခဲ့တယ် ။ ပညာ ထူးချွန် တာ ကြောင့် စကောလားရှစ်ဆု နဲ့ ဦးရွှေခို ဆု ရ ခဲ့တယ် ။ ဆယ်တန်း အောင်ပြီး ရန်ကုန် တက္ကသိုလ် ဆက် တက် ခဲ့တယ် ။ ၁၉၃၅ - ၃၆ ပညာသင်နှစ် မှ စပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် ဖြစ် လာပြီး အိုးဝေမဂ္ဂဇင်း အယ်ဒီတာ လည်း ဖြစ်ခဲ့တယ် ။ ၁၉၃၆ တက္ကသိုလ် သပိတ်မှောက် ကောင်စီ မှာ အဖွဲ့ဝင် ဖြစ် ခဲ့တယ် ။ ၁၉၃၇ ခု မှာ ဝိဇ္ဇာတန်း အောင်မြင်ပြီး ဥပဒေဝိဇ္ဇာတန်း ဆက် တက် ခဲ့တယ် ။ တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဒုဥက္ကဋ္ဌ ၊ ဥက္ကဋ္ဌ အဆင့်ဆင့် ဖြစ် ခဲ့တယ် ။ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ လည်း ဖြစ်ခဲ့တယ် ။ ကျောင်းသားသပိတ် တွေ မှာ လည်း ဦးဆောင် ပါဝင်ခဲ့တယ် ။ 


၁၉၃၈ ခု အောက်တိုဘာလ မှာ တက္ကသိုလ် က ထွက် ပြီး တို့ဗမာ အစည်းအရုံး ဝင် ကာ သခင်အောင်ဆန်း ဖြစ် လာတယ် ။ ၁၉၃၉ မှာ တို့ဗမာ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး တာဝန် ထမ်းဆောင် ခဲ့တယ် ။ 


ဒုတိယ ကမ္ဘာစစ် ဖြစ်လာတဲ့ အခါ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ဖို့ “ ဗမာ့ ထွက်ရပ်ဂိုဏ်း ” ဝင် ကာ အတွင်းရေးမှူး ဖြစ် ခဲ့တယ် ။ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲ ရန် ပေါ်ပေါက်ခဲ့တဲ့ “ ပြည်သူ့ အရေးတော်ပုံပါတီ ” မှာ လည်း ပြည်ပ ဆက်သွယ်ရေး တာဝန် ယူ ခဲ့တယ် ။ 


၁၉၄ဝ ပြည့် မတ်လ အတွင်း မှာ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့ မှာ ကျင်းပတဲ့ အိန္ဒိယအမျိုးသား ကွန်ဂရက်ညီလာခံ သို့ တက်ရောက် ခဲ့တယ် ။ အင်္ဂလိပ် အစိုးရ က လည်း ဆန့်ကျင်သူတွေ ကို တရကြမ်း ဖမ်း နေတယ် ။ ဟင်္သာတခရိုင် ရာဇဝတ်ဝန် က လည်း သခင်အောင်ဆန်း ကို ဖမ်းဝရမ်း ထုတ် ခဲ့တယ် ။ ဒါ့ကြောင့် နယ်ချဲ့အစိုးရ ရဲ့ ဖမ်းဆီးမယ့် ဘေး က ရှောင်ရင်း လွတ်လပ်ရေး အတွက် နိုင်ငံခြား အကူအညီ ရှာ ဖို့ သခင်အောင်ဆန်း နဲ့ သခင်လှမြိုင် တို့ သြဂုတ်လ အတွင်း မှာ တရုတ်နိုင်ငံ သို့ ထွက်ခွာ သွား ခဲ့တယ် ။ တရုတ်ပြည် အမွိုင်မြို့ ကို ရောက် နေစဉ် မြန်မာနိုင်ငံ က ရဲဘော်များ ရဲ့ ဆောင်ရွက်ပေးမှု နဲ့ ဂျပန်အရာရှိ ဆူဇူကီး နဲ့ အဆက်အသွယ် ရ ကာ ဂျပန်နိုင်ငံ သို့ ရောက် သွားတယ် ။ အဲဒီ နောက် မြန်မာလူငယ် ရဲဘော် သုံးကျိပ် ကို ဂျပန်နိုင်ငံ မှာ စစ်ပညာ သင်ဖို့ စီစဉ် နိုင်ခဲ့တယ်  ။


ရဲဘော် ( ၃ ) ကျိပ် ဦးဆောင် ပြီး ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့ မှာ ဗမာ့ လွတ်လပ်ရေး တပ်မတော် ( ဘီအိုင်အေ ) ကို ဖွဲ့စည်း နိုင် ခဲ့တယ် ။ ထိုအချိန် မှ စပြီး သခင်အောင်ဆန်း ဟာ ဗိုလ်တေဇ အဖြစ် လည်းကောင်း ၊ ဗိုလ်ချုပ်အောင်ဆန်း အဖြစ် လည်းကောင်း ထင်ရှား လေတယ် ။ အဲဒီနောက် ဂျပန်တပ်တွေ နဲ့ အတူ မြန်မာနိုင်ငံ တွင်း ဝင် ခဲ့တယ် ။ ဂျပန်တပ်မတော် က မြန်မာနိုင်ငံ ကိုသိမ်း ပြီး ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို ဗမာ့ ကာကွယ်ရေး တပ်မတော် ( ဘီဒီအေ ) လို့ ပြင်ဆင် ဖွဲ့စည်း ခဲ့တယ် ။ ဗိုလ်ချုပ်အောင်ဆန်း ဟာ ဘီဒီအေ ရဲ့ စစ် သေနာပတိ ဖြစ် လာတယ် ။ ၁၉၄၂ စက်တင်ဘာလ မှာ ဒေါ်ခင်ကြည် နဲ့ လက်ထပ် ခဲ့တယ် ။ 


မြန်မာနိုင်ငံ ကို ဂျပန် က လွတ်လပ်ရေး ပေးတဲ့ အခါ ဗိုလ်ချုပ်အောင်ဆန်း ဟာ စစ်ဝန်ကြီး နဲ့ စစ်သေနာပတိ ဖြစ် လာတယ် ။ ဒါပေမဲ့ ဂျပန် ပေးတဲ့ လွတ်လပ်ရေး ဟာ အတု ဖြစ်တာ ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ကာ ( ဖ - တ - ပ - လ ) ကို ဖွဲ့ပြီး ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲ ခဲ့တယ် ။ ဂျပန်ဖက်ဆစ် တွေ ကို ပြန် တိုက် လေတယ် ။ အဲဒီနောက် ( ဖတပလ ) ကို ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး ( ဖဆပလ ) လို့ အတိအလင်း ကြေငြာ ပြင်ဆင် ဖွဲ့စည်း ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဋ္ဌ ဖြစ် လာတယ် ။ 


စစ်ပြီးတဲ့ အခါ ကန်ဒီ စာချုပ် အရ ဗမာ့တပ်မတော် ကို ပြန်လည် ဖွဲ့စည်း တော့ ဗိုလ်ချုပ်အောင်ဆန်း ဟာ တပ်မတော် က ထွက်ပြီး နိုင်ငံရေး ခေါင်းဆောင် အနေနဲ့  ( ဖဆပလ ) ကို ဦးဆောင် ခဲ့တယ် ။ 


ဒုတိယကမ္ဘာစစ် အပြီး မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ် က ဘုရင်ခံ အမှုဆောင် ကောင်စီ မှာ ရာထူး လက်ခံ ဖို့ ကမ်းလှမ်း ခဲ့ ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း လက် မခံခဲ့ဘူး ။ အဲဒီနောက် အထွေထွေ သပိတ်ကြီး ပေါ် လာ တယ် ။ ဘုရင်ခံသစ် ဆာဟူးဘရန့်စ် က ဗိုလ်ချုပ်အောင်ဆန်း အလို ကျ အစိုးရ ဖွဲ့ ဖို့ ကမ်းလှမ်း လေတယ် ။ ဗိုလ်ချုပ်အောင်ဆန်း က အဖွဲ့ နဲ့ တိုင်ပင်ပြီး လက်ခံ လိုက်တယ် ။ 


၁၉၄၆ ခု စက်တင်ဘာ ( ၂၈ ) ရက် က စပြီး ဘုရင်ခံ ရဲ့ အမှုဆောင် ကောင်စီ မှာ ဗိုလ်ချုပ်အောင်ဆန်း ဒုဥက္ကဋ္ဌ ဖြစ် လာတယ် ။ နောက် ဗြိတိသျှ အစိုးရ ရဲ့ ဖိတ်ကြားချက် အရ လွတ်လပ်ရေး အတွက် ဆွေးနွေး ဖို့ ဗိုလ်ချုပ်အောင်ဆန်း ဟာ မြန်မာ အဖွဲ့ ကို ဦးဆောင်ပြီး ( ၁၉၄၇ ) ခု ၊ ဇန်နဝါရီလ အတွင်း မှာ လန်ဒန် သို့ သွားရောက် ခဲ့တယ် ။ ဆွေးနွေးပွဲ မှာ မြန်မာနိုင်ငံ ကို တစ်နှစ် အတွင်း လွတ်လပ်ရေး ပေးရေး “ အောင်ဆန်း အက်တလီ ” သဘောတူ စာချုပ် ချုပ်ဆို နိုင် ခဲ့တယ် ။ သို့သော် တောင်တန်းဒေသ ကို အင်္ဂလိပ် က ချန်ထား လိုတာ ကြောင့် ဗိုလ်ချုပ်အောင်ဆန်း က တောင်တန်းဒေသ ပါ လွတ်လပ်ရေး ပေးဖို့ တစ်လုံးတစ်စည်း တည်း တောင်းဆို ခဲ့တယ် ။ တိုင်းရင်းသား ပေါင်းစုံ ပါဝင် တဲ့ ပင်လုံညီလာခံကြီး ကျင်းပ နိုင်အောင် စည်းရုံး ဆောင်ရွက် ခဲ့တယ် ။ 


အဲဒီ လုပ်ငန်းများ ပြီးကာ လွတ်လပ်ရေး ရဖို့ သေချာတဲ့ အခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမယ့် တိုင်းပြည်ပြု လွှတ်တော် လူထု ဆန္ဒ ခံယူပွဲကြီး ကို ( ၁၉၄၇ ) ခု ဧပြီလ မှာ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့တယ် ။ ထိုသို့ လွတ်လပ် လာမယ့် မြန်မာနိုင်ငံ အတွက် အခြေခံဥပဒေ ကိစ္စများ ဆက်လက် ဆောင်ရွက် ဆဲ မှာ လူမသမာ တို့ လက်ချက် ကြောင့် ( ၁၉၄၇ ) ခု ၊ ဇူလိုင် ( ၁၉ ) ရက် မှာ လုပ်ကြံ ခံ ခဲ့ရလေတယ် ။ 


ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ကြိုးပမ်းမှု ကြောင့် ( ၁၉၄၈ ) ခု ဇန်နဝါရီလ ( ၄ ) ရက် နေ့ မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြေညာ နိုင်ခဲ့တယ် ။ 


◾ကြည်နိုင် 

   ၈ - ၉ - ၂ဝ၁၅ 


📖 မြန်မာ့သမိုင်း ပုံပြင်ပုံရိပ်များ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment