Monday, June 5, 2023

ကိုပီတိ နှင့် ဆုံးဖြတ်ချက်သစ်


 

❝ ကိုပီတိ နှင့် ဆုံးဖြတ်ချက်သစ် ❞

ချောင်းရေပြင် တစ်ခုလုံး မီးဟုန်းဟုန်း တောက်နေသည့် သစ်စ ၊ ဝါးစ ကြိမ်မျှင်ကြိမ်နွယ်များ အထွေးထွေး အယှက်ယှက် ၊ ယိုင်ရွဲ့ ချည့် နဲ့ စွာ တွန်းထိုး မျောပါရင်း လောင်ကျွမ်း နေဆဲ ... ။ ဖြတ်သန်း တိုက်ခတ် လာသည့် လေပူ ၌ ပင် ပြာနံ့ မီးလောင်ညှော်နံ့ တို့ ကို လူးဆွတ် လိမ်းကျံလျက်သား ရှူရှိုက် ရ ဆဲ ... ။ နောက် ကျန် အတိတ် မှန်သမျှ တို့ ကို ခေါင်းမငဲ့ ၊ ဦး မလှည့်စတမ်း ၊ ကျော ခိုင်း၍ ရင်ဆိုင် ပစ္စက္ခ ကို ပြတ်သားစွာ ၊ ရဲဝံ့စွာ အနိုင်ယူ အောင်ပွဲခံရေး ၊ ကူးခတ်ဖြတ်သန်း ခဲ့ ရာ ထိုမှာဘက်ကမ်း ကို မီးတောက်မီးစွယ်တွေ ယိမ်းနွဲ့ လှုပ်ခတ်နေသည့် ကြားမှာ ဝေဝါးစွာ မြင်နေသည် ။ ကြင်သူသက်ထား သားသမီးတို့ သည်လည်း ဟိုမှာ ဘက်ကမ်းမှာ မီးကန့်လန့်ကာ ခြားခဲ့ရပြီ ။ သည်မှာဘက် ၌ အောင်ပွဲ မဆင်နိုင် လျှင် ... အောင်ပွဲ မဆင်နိုင်လျှင် ... ဟိန်းစီလွင်မြ စစ်မောင်းသံ တစ်ချက် ကြား လိုက်ရ၏ ။ လေးပင်တွဲ့ဆိုင်းသော အတွေး မှန်သမျှ ပြတ်တောက်  ရှိခွာကုန်သည် ။ အမြင်အသိ ကိုယ်စီ နှင့် တီးတိုး ပြောဆိုနေသည့် အိုးစားရဲမက်အကြပ် ဗိုလ်မင်း များစွာတို့ ၏ ဖြောဖြော ဖြောက်ဖြောက် စကား မိုးပေါက်သံတွေ ကြား မှာ မိုးကြိုး တစ်ချက် ကျသည် ။

တောနှင်းဆီရိုင်း တစ်ပွင့် နှယ် နွဲ့မယောင် နှင့် မာဆတ်ပြတ်သား သည့် အသွင်လျာ ကို ငေးမောရိုကျိုးရင်း တက်ကြွခက်မာသည့် အမိန့်သံ ကို ကြက်သီးဖြန်းဖြန်းထ သည့် တိုင် နာခံ စူးစိုက်နေကြ မိသည် ။ လက်ကိုယ်စီ ကလည်း ဓားရိုး ကိုယ်စီကို ကျစ်ကျစ်တင်းတင်း ဆုပ် ကာ မျက်လုံး ကိုယ်စီ ကလည်း ရန်သူ ရှိရာ သို့ အကြောက်မဲ့ အကြည့် ကိုယ်စီ ဖြင့် လေပြင်းတဝှေ့ ၌ ပြာမှုန်တွေ ထဲခနဲ ဝဲကျလာသည် ။ နောက်ကြောင်း မရှိပြီ ဆိုသည့် သတိပေးချက် ...  ၊ သေခြင်းတရား သည် ဓားတစ်ကမ်း အကွာ မှာ ရှိနေပြီ ၊ သေခြင်းတရား ကို အစိတ်စိတ် အမွှာအမွှာ ဖွာရရာ ကြဲအောင် ခုတ်ပိုင်း ခြေမှုန်းခြင်း ပြုနိုင်ပါမှ ရှင်သန်ခြင်း သည် ကိုယ်တွင်း မှ မြဲမြံ ပေတော့မည် ။

ဒုတိယ မောင်းသံ ကို ကြားရပြန်သည် ။ တပ်မင်း ၏ မိန့်ခွန်းပြီးဆုံးသွားပြီ ဆိုသည့် သဘော ... ။ သံစဉ် မပြောင်းသော်လည်း အသိ အတွေးတွေ ပြောင်း သွားပြီ ။ ဖျိုးဖျိုးဖျတ်ဖျတ် ကိုယ်ကျပ်တန်ဆာ တွေ ပြင် သူ ပြင် ၊ အဲမောင်း ကို ဆ သူတွေ ဆ ၊ လေးညို့ ကို စမ်း သူ စမ်း နှင့် မွန်းတည့် နေရောင် စူးစူးလက်လက် မှာ ဓားသွားလှံသွား ရောင်ပြန် တွေ ပြိုးပြက်နေပြီ ။ ဇာတိသွေး တွေ လည်း ဆူဝေနေပြီ ၊ ပြင်းထန်သည့် ဝင်သက်ထွက်သက် ရှူရှိုက်သံတွေ ကို ချောင်းရေ စီးလှိုင်းခတ်သံ တို့ ဒူးထောက် အရှုံးပေးရပြီ ၊ မလှမ်းမကမ်း သစ်ရိပ် အောက် ၌ တပ်မင်း နှင့် အကြီးအကဲ တစ်စု တို့ စစ်နေ စစ်ခင်း ဗျူဟာ ကျင်းနေပြီ ။ အရိပ်အခြည် လျဉ်ပါးပြီး ဗိုလ်မင်းအကြပ် တို့ ကလည်း ဦးညွတ် နာခံရင်း လက်အောက်ငယ်သား အစု တို့ကို ရှင်းလင်း ခန့်ခွဲ ဖို့ တွေး နေ ကြပြီ ။

တတိယမြောက် မောင်းသံ မှာ ကြက်လျှာအလံတွေ လွှားခနဲ ထူ လိုက်ကြသည် ။ စစ်နေစစ်ထား ကို ရှင်း ပြကြသည် ။ စစ်မြှူ စစ်သွား ကို တိုတောင်းပြတ်သားစွာ ညွှန်ကြား ကြသည် ။ပြီးတော့ အတွေ့အကြုံရင့် တိုက်ပွဲဝင် ခြေလှမ်းများ က ပေါ့ပါးစွာပင် ... ။ ရန်သူ့ နယ်မြေ သို့ ချဉ်းနင်း ဝင်ရောက်ကုန်သည် ။ မီးခိုးနံ့ သင်းသော လေပြေ ကို ရှိုက် သွင်းလိုက်ပြီး ချောင်းရေပြင် ညစ်ထေးထေး ကို လှည့် ကြည့် ကာ တီးတိုး မှာကြားလိုက်သည် ။

“ နေရစ်ခဲ့ပေဦးတော့ နောင်ရိုးရေ ...”

•••••   •••••   •••••

“ ကိုင်း ... ကျုပ် ပြောချင်တာကတော့ အဲဒါပဲ ၊ ခင်ဗျားတို့ လည်း နားလည် သဘောပေါက်ပြီးသားတွေ ဆိုတော့ ... ဘာမှလဲ ထပ်ပြီး အပို မပြောချင်တော့ဘူး ။ ဒီ အငြိမ့်ထောင် ဟာ ခင်ဗျားတို့ လို လူရွှင်တော် တွေ ကို အိတ်ထောင် ထဲ ထည့်ထားပြီး လူပါး ဝ နေတယ် လို့ ကျုပ် မြင်တယ် ။ ခင်ဗျား တို့ ရှိနေသ၍ ပွဲ မရှားဘူး ၊ ခင်ဗျားတို့ မိတ် ၊ ခင်ဗျားတို့ နာမည် ၊ ခင်ဗျားတို့  အရှိန် တွေ ကို ကြံရည် ညှစ်သလို နောက်ဆုံး တစ်စက် ထိအောင်ညှစ်ထုတ် အပြတ် ရှာသွားမှာပဲ ”

ဩဝါဒ ကို ခဏ ရပ်ပြီး အာစရိဆေးလိပ် ကောက် ဖွာတယ် ။ သူ့ မျက်နှာပြင် မှာ ဒေါသမာနလှိုင်းရိပ်တွေ ဝေနေတုန်း တစ်ချက် တစ်ချက် တွန့်ကွေးသွားတဲ့ မျက်ခုံးထူ နှစ်ခု ရဲ့ အလယ်မှာ အကြင်နာ နဲ့ ညှာတာမှု မျဉ်းဖြောင့် တွေ ကို တွေ့ နေရ သလိုပဲ ။ ကိုပီတိ တို့ အငြိမ့် ရဲ့ ကဇာတ် ပြဇာတ် တွေ ကို ဦးဆောင် စီစဉ်ပေး နေတဲ့ ဆရာ ၊ ခေတ်မီတိုးတက် တဲ့ ပြက်လုံးခွင် တွေ ကို တီထွင် ရှာဖွေတတ် တဲ့ ဆရာ ၊ အမြဲ ရယ်စရာတွေသာ ပြော နေတတ်တဲ့ ဆရာ့ နှုတ်ခမ်း နှစ်လွှာ ဟာ ခုတော့ ဒေါသစကားလုံး တွေ သာ ဗြောင်းဗြောင်း ဗြင်းဗြင်း ခုန်ထွက် စီးဆင်းနေပါပကော ... ။

“ စဉ်းလဲ စဉ်းစားကြပေါ့ဗျာ ၊ ကျွန်တော် ကတော့ အတင်း မစည်းရုံးချင်ဘူး ၊ ပြီးတော့  ... ဒီကိစ္စ က အငြိမ့်ကြီး ပေါ် အငြိမ့်ကလေး ထောင် တဲ့ ကိစ္စမျိုး ၊ ကျွန်တော့် ဖက် ကတော့ နောက် မဆုတ် တော့ဘူး ၊ ဆက်လက် ရင်ဆိုင် တွေ့ မှာပဲ ၊ နောင်ရိုးဖောင်ဖျက်တိုက် ပွဲ ပေါ့ဗျာ ၊ ခု ကျွန်တော့် ကို ခေါ်ပြီး စကား ပြော ထားတဲ့ အဖွဲ့ က လက်ရှိ ခင်ဗျားတို့ အငြိမ့်ထောင် လောက် မချမ်းသာဘူး ၊ ခင်ဗျားတို့ သုံးယောက် ကို တောင် အိမ် ပေါင်ပြီး ခေါ်ရမှာ ၊ ဒီတော့ ခင်ဗျားတို့ သိ ထားဖို့က တစ် ၊ အခွင့်အရေး ပိုမရနိုင်ဘူး ၊ နှစ် ၊ အချိန် မရှိသေးတဲ့ အငြိမ့် အတွက် အလုပ် ပို လုပ်ရမယ် ၊ သုံး ၊ အရာရာ ကိုယ့်ဘက် က အနစ်နာ ခံရမယ် ၊ အဲဒီတော့ ငွေကို ဗန်းပြပြီး ကိုယ့် ဘဝ ကို ရောင်းစား တာ ခံကြမလား ... ၊ ကိုယ့် ခွန်အား နဲ့ ထိုက်တန် တဲ့ ညကြေး ကို မြိန်မြိန်ရှက်ရှက်စား ကြမလား ... ဆုံးဖြတ်ကြပေတော့ ”

ပြောပြောထွက်ထွက် ထ ထွက်သွားတဲ့ ဆရာ့ နောက်ကျော ကို ငေးကြည့် နေကြရင်း ကိုပီတိ တို့ သုံးယောက် ခေါင်းချင်း ဆိုင် ရပြန်တယ် ။

“ နောင်ရိုး ခံယူချက် ကတော့ ပြင်း ပေသကွ ... ငါတို့ တောင် တစ်ချက်ကလေး လှည့် ကြည့်သွားဖော် မရဘူး ...”

“ အာစရိ ပြောသွားတဲ့ အချက်သုံးခု စလုံးကတော့ ငါတို့ နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာအမှန်ပဲ ”

“ အိုကွာ အခွင့်အရေး ဆိုတာ အလုပ် ဖြစ်လာရင်အလိုလို ပေါ်ပေါက် လာမှာပါ ၊ အဲဒီ အခါကျတော့ ငွေ က လူ ကို ရှာ လာလိမ့်မပေါ့ ”

“ ဘာပဲဖြစ်ဖြစ် ငါတော့ လက်ရှိအငြိမ့်ထောင် ကို စိတ် ကုန် လာတာ အမှန်ပဲ ၊ ပြန်ရစေ့မယ်လို့ ကတိ ပေးထားတဲ့ ဟိုဥစ္စာတွေ လဲ မပေးဘူး ၊ ပြီးတော့ ...”

“ ဒါ ထုံးစံပဲကွ ၊ တစ်နှစ် ကနေ နှစ်နှစ် ကူး လာတာနဲ့ ဒီ အချိုးတွေ ပါ လာတာပဲ ၊ သူ မှ မသုံးရင် ငါ တို့ အညွန့် တုံး ပြီ ဆိုတဲ့အခြေအနေ ထိ တွက်ချင် တွက်ထား မှာ ”

“ အာစရိ ကတော့ တို့ ဘက်က လူ ပါ ၊ ရှင်းရှင်း ပြော ၊ ပြတ်ပြတ် လုပ် တတ်တဲ့ သူ့ ဉာဏ် လဲ မင်းတို့ သိရက်သားနဲ့ သူ သာ မရှိရင် ဒီ အဖွဲ့ ဝင်ရိုး တစ်ချောင်း ပြုတ်ပြီ ...”

“ ငါတို့ မရှိရင် ဒေါက်သုံးချောင်းပြုတ်ပြီ ၊ အားကိုးရာ မဲ့ပြီ ...”

“ ငွေ ကိုးကွယ်သူ ကို ငွေ ရှာပေးသူတွေ က ကျောခိုင်းလမ်းခွဲခြင်း နည်းလမ်း နဲ့ ဆုံးမ ရမယ် ၊ ငါတို့ အားလုံး အာစရိ နောက် ကို လိုက်မယ် ...”

“ အာစရိ ဟာ ငါတို့ ဘဝ ရဲ့ အလင်းရောင် ၊ ဦးဆောင်လမ်းညွှန် သူ အာစရိ ရဲ့ နောင်ရိုးထုံး နှလုံးမူကြစို့ ...  ။ အိုအငြိမ့်ထောင် ဟောင်း ၊ သင်ကား သင်မြတ်နိုးသော ငွေစအနည်းငယ် ကို ပိုက် ၊ တိုက်ကလေး တစ်လုံး နှင့် ကားတစ်စီး ကို ပွေ့ဖက်ရင်း သနားစဖွယ်ဟိုမှာဘက် ကမ်း ၌ နေခဲ့ပေတော့ ... ကျွန်ုပ်တို့ပြည်တန်ပတ္တမြား သုံးလုံး ကား သည် မှာ ဘက် ကမ်း သို့ ကူးခတ်တော့မည် ။ ဟားဟားဟား ... အနုပညာသမားတွေ ဗျ ငတ်တာ မဆန်းဘူး ၊ ငတ်ရဲတယ် ၊ ငတ်ဝံ့တယ် ။ အဲ အဆာ မခံနိုင်တာ တစ်ခုပဲ ”

“ ကွီ ... ကွီအိ ... ကွီအိ ...”

ဟ .. ဟ ဘယ်နှယ်တုံး နောင်ရိုး အိပ်မက်တွေ ကို အရသာ ရှိရှိ ကြည်ကြည်နူးနူး မက်ကောင်းနေတုန်း နား ထဲ မှာ ဝက် နာ ခွေး ဆွဲ တဲ့ အသံတွေ ဒုန်းချ ဝင်လာပါလိမ့် ။ လေးပင်စင်းတွဲ နေတဲ့ မျက်ခွံတွေ ကို အတင်း ဖြဲ ကြည့်လိုက်တော့ ... ဟား ... မောင့်မဟေသီ မပွဲကြည် ကိုး ။ ကိုပီတိ ကို အလောသုံးဆယ်သွက်သွက် ခေါ်လိုက်တော့ .. ကွီအိ ကွီအိ နဲ့ ဖြစ် နေတာပေါ့ ။ ကိုပီတိ အိပ်ချင်မူးတူး နဲ့ ထ ထိုင်ပြီး ...

“ ဘာတုံး ဟ ၊ ဒီလောက်အရေး ကြီး ရအောင် ဘယ်မှာ မီး လောင် နေလို့လဲ ...”

“ တော့ ခေါင်းပေါ်  မှာ လောင်နေတာတော် ရေ့  ... တော့် အာစရိလုပ်ပုံ ကောင်းသေးရဲ့လား ကွီအိ ရဲ့ ..”

“ ဟ ... သေသေချာချာအေးအေးဆေးဆေး ပြောစမ်းပါဦး ၊ ဘာတုံး ... ဘယ်လိုတုံး ...”

“ တော့ အာစရိ လေ ... ကောင်းပြီ ကောင်းရက် နဲ့ တော်တို့ ကို စည်းရုံး ၊ တော်တို့ ကလဲ သူ့ ကိုလေးစားတော့ ပေးသလောက်ငွေ ကလေး ယူ ၊ သူ လုပ်တဲ့အဖွဲ့ ကလေးနဲ့ စာချုပ်ကြ ၊ ခုအဲဒါတွေ ပြီးကာ မှ ဟို အငြိမ့်ထောင်ဟောင်း က ကက်ဆက်တစ်လုံး ၊ ငွေနှစ်ထောင် ညကြေး သုံးဆယ် တိုး ပေးလို့ အဲဒီ အဖွဲ့ ကို ပဲ ပြန် လုပ်သတဲ့တော့ ....”

“ ဟိုက် ... ”

ကိုပီတိ ရင်တွေ တဒိုင်းဒိုင်း ခုန်လာတယ် ။ ချွေးသီးချွေးပေါက် တွေ ကလဲ ခုမှ တပျော်တပါးထွက် လာကြတယ် ။ ဆရာဘယ် အပေါက် ဖွင့် လိုက်ပါလိမ့် ၊ လူပြတ်တွေ က အကုန်လက် လွန်ပြီးပြီ ။ လုပ်ရက်လိုက်တာ အာစရိ ရာ ...

“ ရေ ... ရေ တစ်ခွက် ပေးစမ်း ...”

ရေခွက် ကို ယူ ပြီးလင်းတ မျို  မျိုနေတုန်း အာယု နဲ့ ကြာပေါ် ရောက် ချလာတယ် ။ နှစ်ယောက် စလုံး မျက်နှာနီကြီးတွေ နဲ့ ခံလိုက်ရလေးခြင်း ဆိုတဲ့ သဘော ပေါ့ လေ ။

“ ငါ အကုန် စုံစမ်းပြီးပြီ ၊ လူချင်းလဲ သွား တွေ့ပြီးပြီ ကွ ”

ကြာပေါ် က မထိုင်သေးဘဲ ပြောလိုက်တယ် ။

“ မင်း ဘယ်သူ က မေးနေလို့လဲ ”

“ အို ... မဟုတ်လဲ မေးမယ့် ဥစ္စာ ၊ တောက် ... တစ်သက်လုံး ကလီကမာ လုပ် လာခဲ့သမျှ ကလီကမာ့ ကလီကမာ နဲ့ တွေ့တာပဲ ”

“ ဝဋ်လည် တာ ပေါ့ ကွ ၊ ယုံမိတာ ကို က တို့အမှား ...”

အာယု က လေပျော့ကလေး နဲ့ ဝင် ထောက်တယ် ။

“ အံမာ ငါတို့ နဲ့ တွေ့တော့ ပြုံးဖြဲဖြဲလေး ၊ သူ့ ကို ခွင့်လွှတ်ပါတဲ့ ။ သူ့ အခက်အခဲ ကို ငါတို့ နား မလည်နိုင်သေးဘူး တဲ့ ။ ဒီတစ်နှစ် မဆုံ ပေမယ့် နောက်နှစ် ဆုံ မှာပါတဲ့ ။ ထွီ ... တစ်သက်လုံး မဆုံချင်တော့ဘူး ။ ပြီးတော့ ပြောသေးဗျ ... ဒီ အငြိမ့်ထောင်ဟောင်း က သူ့ အဖို့ မိဘ လို ဖြစ် နေတာကလဲ တစ်ကြောင်း ပဲ တဲ့ ”

“ ဒါတွေ အရင်တုန်းက ငါတို့လုပ် နေကျပါ ကွာ ၊ ခုမှ မေ့သွားလို့ ခံ လိုက်ရတာပါ ”

ကိုပီတိ နုံးနုံးကြီး မော နေတယ် ။ ဘာမှ မပြောနိုင်ဘူး ။ လူပြက် သုံးယောက် ကို အလိမ္မာ နဲ့ ပထုတ်ပြီး သူ့ အခွင့်အရေး ကို ပါးနပ်စွာ ယူ ချ သွားတဲ့ ပညာတတ် လူလိမ် ကို ဒေါသ နဲ့ ချီးမွမ်း နေမိတယ် ။ အင်းလေ ကဇာတ် ပြဇာတ် ရေး နေတဲ့ လူ ဆိုတော့လဲ အကွက်ဆင် ကောင်း ပေမပေါ့ ။ ဟို နှစ်ယောက် ကတော့ ဒေါသမီးတွေ ဟုန်းဟုန်း ထ နေကြတုန်း ။

“ ဒီ ခံယူချက်တွေ ၊ ရည်ရွယ်ချက်တွေ တစ်ထွေးကြီး ပြောနေ ကတဲ က လိမ်ဖို့ရာပျိုး နေပြီ ဆိုတာ တို့ သိခဲ့ဖို့ကောင်းတယ် ”

“ ငါတို့လဲ လက် တစ်လုံးခြား လိမ်နေတဲ့ လူတွေပဲ ကွာ ၊ တို့အပေါ် ဆံချည် တစ်မျှင်ခြား လိမ်နေပြီဆိုတာ နည်းနည်းတော့ သိတာပေါ့ ။ ဒါပေမယ့် ဇာတ်လမ်း ကို သွား ယုံလိုက်မိသဟေ့ ၊ သူ က ဖောင် ဖျက် ပြီးပြီ ဆိုတာကိုး ”

“ ဒီတော့ ငါတို့ နဲ့ တစ်ဘက်တည်း ရပ်ပြီး နောက်ကြောင်းမရှိကြေး ဆော်တော့မယ် ဆိုပြီး ယုံ လိုက်မိတာဟေ့ ၊ သူ ဖောင်ဖျက် တာ ကို သက်ဝင် ယုံစားမိတာ ... ထွီ ...”

တစ်လျှောက်လုံး ဘာမှ မပြောဘဲ ငူငူကြီးနားထောင်နေတဲ့ ကိုပီတိ ... ရယ်ကျဲကျဲ မျက်နှာကလေး နဲ့ ခပ်လေးလေး ဝေဖန်ပြလိုက်တယ် ။

“ ဖောင်တော့ ဖျက် တာပဲကွာ ၊ ဖောင် လဲ ပျက်ရော အငြိမ့်ထောင် က ပဲ့ချိတ် နဲ့ လာ ခေါ်တာ နဲ့ အားနာ ပြီး ပြန် ပါသွားတာထင်ပါရဲ့ ကွာ ... ဟီး ...”

◾ချစ်စရာ

📖 ကိုပီတိ

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment