Monday, June 12, 2023

တုပ်ကွေး ဖူးစာ ( ၃ )


 

နောက်တစ်နေ့ တွင်မူ အောင်ဒင် သည် အဘိုးကြီး ချိန်းဆို လိုက်သည့် အတိုင်း ချိုချို ၏ အိမ် သို့ ဒုတိယ အကြိမ် ရောက်ရှိလာ ခဲ့လေသည် ။ ထိုနေ့ အဖို့ သူ ရော ချိုချို ပါ ရုံး မတက်ကြပေ ။ ခွင့်ယူ ထား လိုက်ကြလေ၏ ။

“ ဟော  ... ကိုအောင်ဒင် တောင် ရောက်လာပြီ ။ ဖေဖေ က ဖြင့် ဆယ့်နှစ်နာရီ ကတည်း က တစ်မေးတ ည်း မေး နေတာပဲ ။ ရှင့် ကို တော်တော် သဘော ကျ နေပြီ ထင်တယ် ”

အောင်ဒင်သည် ခရီး ရောက်မဆိုက် ပြော လိုက်သော ချိုချို ၏ စကား ကြောင့် ဝန်ကြီးချုပ်ရာထူး ကို ရရှိလိုက်သည့် လူ အလား အလွန်ပင် ဝမ်းမြောက် သွားမိလေသည် ။

“ ဖြစ်ရမယ်လေ ... ဒါကတော့ ဖြစ်ရမယ် ...  အောင်ဒင် တို့ ကြံ လိုက်ရင် .. ဟန်ရတာချည့် ပဲ ။ အခုလည်း ချို့ဖေဖေ ဟာ မနေ့က ကိုအောင်ဒင် ကုပေးခဲ့လို့ တုပ်ကွေး ပျောက်သွားတဲ့ အတွက် ချီးမွမ်း ချင်လို့ တွေ့ချင်နေတာ ဖြစ်ရမှာပဲ ”

အောင်ဒင်သည် လက်သီး လက်မောင်း တန်း၍ ချိုချို အား ကြွား နေ လေ တော့သည်  ။

“ လေတွေ သိပ်ပြီး ကန်မနေနဲ့ဦး ၊ ဖေဖေ က ရောက်ရင် အမြန်ဆုံး လွှတ်လိုက်ရမတဲ့ ”

ထိုသို့ ပြောပြီး နောက် ချိုချို က အောင်ဒင် ၏ ကျော ကို တွန်း ၍ အပေါ် သို့ လွှတ် လိုက်လေသည် ။

“ ဘယ်နှယ့် တုပ်ကွေး စပယ်ရှယ်လစ်ကြီး ၊ ခုမှပဲ ပေါ်လာတော့သလား ” 

အောင်ဒင် အား မြင်လိုက်သည် နှင့် တစ်ပြိုင်နက် အဘိုးကြီး က မေး လိုက်လေသည် ။

“ ဟုတ် ... ဟုတ်ကဲ့ ဦး .. ဒီပြင့် ကိစ္စကလေး နည်းနည်း ရှိသို့ ဝင် နေရတာ နဲ့ နောက်ကျသွားပါတယ် ။ ဒါထက် ဦး ... ရောဂါ သက်သာသွားပြီ မဟုတ်လား ”

“ မင်း ကုသပေးတဲ့ ကျေးဇူး ကြောင့် အရင်က ထက်တောင် ပိုပြီး ဆိုးနေပြီကွ ခွေးမျိုး ရဲ့ ”

အဘိုးကြီး သည် ပြောရင်း ဒေါသ ဖြစ်လာဟန် ဖြင့် အောင်ဒင် အား ဆဲ လိုက်လေသည် ။ ဒါကြောင့် အောင်ဒင် မှာ အကြီးအကျယ် ထိတ်လန့်ကာ သွား လေတော့သည် ။

“ ဟေ့ကောင်  ...  ငါ့ ခြေထောက်တွေ ကို ကြည့်စမ်း ၊ ဘာဖြစ်နေလဲ ဟင် ...”

အဘိုးကြီး သည် အောင်ဒင် အား ခြုံ ထားသော ဂွမ်းစောင်ကြီး ကို လှပ် ပြရင်း မေး လိုက်လေသည် ။

“ နည်းနည်း ရောင်နေတာ တွေ့ ရပါတယ် ဦး ”

“ အေး အဲဒါ ဘယ်သူ့ကြောင့်လဲ သိလား ”

“ မသိဘူး ... ဦး ၊ မနေ့က ကျွန်တော် ကု တုန်း ကတော့ မရောင်သေး ပါဘူး ”

အောင်ဒင် သည် ကြောက်ကြောက်ရွံ့ရွံ့ နှင့် ပြော နေလေသည် ။

“ ဟုတ်တယ် ၊ မင်း မကုခင် က တော့ မရောင်ဘူး ၊ မင်း လဲ ကု ပြီးရော ငါ့ ခြေထောက်တွေ ဟာ ရောင်ကိုင်း လာပြီ ၊ ငါ အခု လမ်းတောင် မလျှောက်နိုင်တော့ဘူးကွ သိလား ”

အဘိုးကြီး သည် ဒေါသကြီးစွာ ဖြင့် လှမ်း အော်ကာ ပြော လိုက်လေ သည် ။ ထိုအခါ ကျ မှ အောင်ဒင် မှာ သူ ၏ ကုသချက် ကြောင့် အဘိုးကြီး မှာ နဂို အကောင်း ဘဝ မှ ခြေကျိုး ဘဝ ရောက်ကာ နေရသည် ကို ရိပ်မိ တော့၏ ။ ထို့ကြောင့် သူ ၏ တစ်ကိုယ်လုံး မှာ ကြောက်စိတ် ဖြင့် ငှက်ဖျားတက် သလို တုန် ၍ နေလေသည် ။

“ ဟေ့ကောင် ... မင်း ငါ့ ကို မှန်မှန် ပြောစမ်း ၊ မင်း ဟာ တုပ်ကွေး စပယ်ရှယ်လစ် အစစ် ဟုတ်တယ် ၊ မဟုတ်ဘူး ဆိုတာ  ... ” 

အဘိုးကြီး သည် တရားသူကြီး ပီပီ အောင်ဒင် အား စစ်ဆေး လိုက်လေ သည် ။ ထို့ကြောင့် အောင်ဒင် မှာ အမှန်အတိုင်း ဖြေ လိုက်ရတော့၏ ။

“ ကျွန်တော့် ကို ခွင့်လွှတ်ပါ ဦး ရယ် ၊ ကျွန်တော် ဟာ တုပ်ကွေး စပယ်ရှယ်လစ် မဟုတ်ပါဘူး  ...  ညာပြောတာပါ ” 

“ ညာပြောတာ ဟုတ်လား ... ထွီ ... ငါ့ သမီး နဲ့ ခရခင် ကတည်း က ငါ့ ကို လိမ်ညာ နေတဲ့ အကောင် ဟာ နောင် ငါ့ သမီး နဲ့ ရလာတဲ့ အခါ ...  တွံ အသင်သည် ... အဟံ ငါ့ အား မလိမ်ညာဘူးလို့ အဘယ်သို့သော နည်းဖြင့် ယုံ ကြည်ရမှာလဲ ... ငါ့ရှင် ”

အဘိုးကြီး သည် လက်ညှိုး တငေါက်ငေါက် ဖြင့် အောင်ဒင် အား ထိုး ကာ စိတ် ဖောက်ပြန်နေသူ ပမာ ပြောဆို နေ လေ၏ ။

အဘိုးကြီး၏ ဖောက်ပြန် စ ပြု၍ လာသော အမူအရာ တို့ ကြောင့် အောင်ဒင် သည် အခန်း ထဲ မှ နေ၍ ဒိုင်ဗင် ထိုးကာ ထွက်ပြေး ချင် လေသည် ။

“ ဟေ့ ဗိုလ်အောင်ဒင် ”

“ ခင်ဗျာ ”

“ မောင်မင်း သည် ငါ့ အား အဘယ်ကြောင့် မလိမ့်တပတ် ဖြင့် လုပ် ၍ ငါ ၏ ခြေသလုံးတော်နုနု ကို သွေးခြည်တွေ ဥ လာအောင် မောင်မင်း သည် ဖိနပ် ဖြင့် မညှာမတာ ရက်စက်စွာ ရိုက်ရသနည်း ... ငါ့ ကို အမြန်ဖြေစမ်း ” 

အဘိုးကြီး သည် သူ့ ကိုယ် သူ တရားသူကြီး လိုလို ၊ ပွဲ ထဲ က ရှင်ဘုရင် လိုလို ဖြင့် အောင်ဒင် အား မေး နေလေသည် ။

“ ကျွန် ... ကျွန်တော်  ...  ဦး ကို ညာ ပြီး ဖိနပ် နဲ့ ရိုက်တာ မဟုတ်ပါ ဘူး ဦးရယ် ... တကယ့် စေတနာ နဲ့ ရောဂါ ပျောက်အောင် ရိုက်ပေးတာပါ ၊ ယုံပါ ဦးရယ် ။ သွားလေရာ ၊ ပျူစောထီးတွေ သတ်လို့ သေရပါစေရဲ့ ” 

အောင်ဒင် သည် အဘိုးကြီး သဘောကျသည့် ကျိန်နည်း ကို ကျိန်ကာ ပြောပြ လိုက်လေသည် ။

“ နိုး ... နိုး ... မင်း ရဲ့ အားဂူးမင့် ( ဆင်ခြေ ) ကို ငါ ဘယ်နည်းနဲ့ မှ လက်မခံနိုင်ဘူး ။ မင်း လည်း မင်း ရဲ့ ကျိန်စာ အတိုင်း ပျူစောထီး သတ်လို့ သေမှာပဲ သတိသာ ထားပေတော့ ။ ဟေ့ မင်း ငါ့အပေါ်မှာ စေတနာ ထားရဲ့လား ”

“ ဟာ ... ထားပါတယ် ဦး ရယ် ၊ ဦး ရဲ့ အပေါ် မှာ ကျွန်တော် ထားတဲ့ စေတနာ ဟာ .. ကျွန်တော့် အဖေရင်း အပေါ်မှာ ထားတဲ့ စေတနာ အတိုင်းပဲ ၊ ပို ရင် သာ ပိုမယ် ... လို မှာ တော့ မဟုတ်ဘူး ”

အောင်ဒင် သည် အဘိုးကြီး ကျေနပ်စေရန် အားပါး တရ ပြော လိုက်လေသည် ။

“ ဒါဖြင့် ... ငါ့ ကို မနေ့က ကုပေးတာ ဟာ တကယ့် စေတနာ နဲ့ ကုပေးတာပေါ့ ဟုတ်လား ”

“ ဟုတ်ပါတယ် ဦး ရယ် ၊ ဒါတောင် ဦး က နာတယ် ဆိုပြီး အော် နေလို့ ကျွန်တော် ဟာ ကျပ်ပြည့် တင်းပြည့် စေတနာ ထားပြီး မကုလိုက်ခဲ့ရဘူး ” 

“ မြတ်စွာဘုရား ၊ မင်း ရဲ့ စေတနာ အတိုင်းသာ အကု ခံရရင် တော့ ငါ့ ခြေထောက်တွေ ဟာ သွင်သွင် ကို ကျိုးမှာပဲ ။ သွား ... သွား ... ခွေးမသား မင်း မျက်နှာ ကို ငါ ဆက်ပြီး မကြည့်ချင်တော့ဘူး ။ မင်း မျက်နှာ ကို မြင်နေရ လေလေ ငါ့ ခြေထောက်တွေ ဟာ ပိုပြီး နာ လာ လေလေပဲ ။ ထွက်သွားလိုက် စမ်းကွာ ”

အဘိုးကြီး သည် အခန်း ပေါက် သို့ လက်ညှိုး ကို ညွှန်ပြ ကာ အောင်ဒင် အား နှင် နေ လေသည် ။

“ ခွင့်လွှတ်ပါ ဦးရယ် ... တစ်ကြိမ်တစ်ခါ မိုက်မဲမိတာလေး ကို ” 

အောင်ဒင် သည် ထွက်မ သွားသေးဘဲ အဘိုးကြီး ကို ဒူးထောက် ကာ တောင်းပန် နေလေသည် ။

“ ဘာ ခွင့်လွှတ်ရမှာလဲ ။ ခွင့်မလွှတ်နိုင်ဘူး ၊ သွား ဆိုရင် သွားစမ်းကွာ ” 

“ တောင်းပန်ပါတယ် ဦးရယ် ၊ မလိမ်မိုး မလိမ္မာ အရွယ် မို့ တစ်ကြိမ် တစ်ခါ မိုက်မဲမိတာလေး ကို ခွင့်လွှတ်ပါဗျာ ... ရှိခိုးပါရဲ့”

“ အံမာ ဒီ အရွယ်ကြီးများ မလိမ်မိုး မလိမ္မာ အရွယ် တဲ့ ။ နင့် အမေ ကြီး မလိမ်မိုး မလိမ္မာအရွယ်လား ။ ငါ ခွင့် မလွှတ်နိုင်ဘူး ။ နင့် ကို လည်း ငါ့ သမီး နဲ့ မပေးစားဘူး ၊ နင့် မျက်နှာ ကို လည်း ငါ မကြည့်ချင်တော့ဘူး ။ ထွက် သွားလိုက်စမ်းကွာ ”

အဘိုးကြီး သည် အလွန်ပင် ဒေါသ ဖြစ်ဟန် ဖြင့် အောင်ဒင် အား မောင်း ထုတ် နေလေသည် ။ သို့သော် အောင်ဒင် သည် ထွက် မသွားသေးဘဲ နောက် ထပ် စကား ပြောရန် ပြင် လိုက်စဉ်တွင် ...

“ ကဲ ... သွားဆိုတာ မသွားသေးတဲ့ ကောင်တော့ သေပေတော့ ” ဟူ၍ ပြော ကာ အဘိုးကြီး သည် ထွေးခံ ဖြင့် ကောက် ၍ ပေါက် လိုက် လေတော့ သည် ။ သို့သော် အစစ အရာရာ တွင် သူ မတူအောင် လျင်မြန် ဖျတ်လတ် ၍ အရှောင်အတိမ်း ကျင်လည်ပုံ ရသော ကျွန်တော် တို့ ၏ ဇာတ်လိုက်ကြီး အောင်ဒင် သည် အဘိုးကြီး ထွေးခံ ဖြင့် ပေါက်လိုက် လျှင် ပေါက်လိုက်ချင်း ကျင်လည်စွာ ရှောင်တိမ်း လိုက် ရာ ( ဘယ်နှယ့် စာရှုသူ အောင်ဒင် ဟာ လွတ် သွား လိမ့်မယ် လို့ ထင်သလား ။ မထင်နဲ့ စာရှုသူ ရေ့ ) ထွေးခံ မှာ အောင်ဒင် ရှောင် လိုက်သည့် ဘက်သို့ တည့်တည့်ကြီး ဝင် လာကာ အောင်ဒင် ၏ ခေါင်း ကို “ ဒုံ ”  ခနဲ နေအောင် ချစ်ကြည်ရေး မိတ်ဆက် လိုက်လေသတည်း ။

ထို့ကြောင့် အောင်ဒင် ၏ ခေါင်း နှင့် ကျောပြင် တစ်ခုလုံး မှာ အဘိုးကြီး ၏ တံတွေး နှင့် ကွမ်းသွေး တို့ ဖြင့် ပေကျံ ကုန်ကာ ကု,လားသင်္ကြန် ကျ သလို ဖြစ်နေလေသည် ။

အောင်ဒင် လည်း တစ်ရှိန်တည်း အောက် သို့ ဒုန်းစိုင်း ကာ ဆင်း ပြေး လာ လေသည် ။

“ အို ... အို ... ကိုအောင်ဒင် ဘယ်လို ဖြစ်လာတာလဲ ဟင် ၊ ဘယ်လို ဖြစ်လာတာလဲ တစ်ကိုယ်လုံးလည်း ပေလို့ပါလား ”

ချိုချို သည် အောင်ဒင် ကို ကြည့် ၍ ထိတ်လန့်တကြား မေးလိုက်လေသည် ။

“ ဘယ်လို ဖြစ်ရမှာလဲ ချို  ၊ ဖေဖေ အုပ်လွှတ်လိုက်တာပေါ့ ”

ထိုသို့ ပြောပြီး နောက် အောင်ဒင် သည် ဖြစ်ခဲ့သမျှ အကြောင်းတွေ ကို နတ်သံ နှောကာ ပြောပြလိုက် လေသည် ။

“ ကဲပါ ချို ရယ် ၊ ချို ပြောထားတဲ့ စကား အတိုင်းပဲ ချို့ သဘော မတူတဲ့ နောက်တော့ ကိုအောင်ဒင့် အဖို့ မျှော်လင့်ချက် မရှိတော့တာ မို့ ကိုအောင်ဒင် ပြန်ပါရစေတော့နော် ”

အောင်ဒင် သည် တုန်ရီသော အသံ တို့ ဖြင့် ချိုချို အား ပြောပြီးနောက် ချိုချို ၏ အပြော ကို မှ မစောင့်တော့ဘဲ တစ်မျိုး တည်း ထွက်လာ ခဲ့ လေသည် ။ အိမ် သို့ ရောက်လျှင် အဝတ်တွေ ကို လဲပစ် လိုက်ပြီးနောက် အိမ်ဖော်ကောင်လေး အား ရမ်တစ်ပုလင်း ဝယ်ခိုင်း လိုက်လေသည် ။

အောင်ဒင် ကား မိုက်တော့မည် ၊ ရမ်းတော့မည် ။

သူ သည် ချိုချို နှင့် လွဲခဲ့ရ သဖြင့် သူ ၏ ရင်ထဲ တွင် မုံရွာ မီး ထက် ကြီးသော အချစ်မီး သည် တောက်လောင် ၍ နေ လေသည် ။

ထို့ကြောင့် သူ သည် အချစ်မီး ကို ရမ် တည်း ဟူသော အရက် ဖြင့် ငြိမ်း သတ်လေတော့မည် ။ သူ၏ အိမ်ဖော် ကောင်လေး သည် သူ့ အား ရမ်ပုလင်း ကို ဝယ် ၍ ပေး လိုက်၏ ။

သူ သည် ရမ်ပုလင်း ကို ကိုင် ၍ အခန်းတွင်း သို့ ယူလာလေသည် ။ အခန်းတွင်း သို့ ရောက်လျှင် သူ သည် ပုလင်း ကို ဖွင့် ၍ ဖန်ခွက် ထဲ သို့ လက် နှစ်လုံး ခန့် ထည့် လိုက်ပြီးနောက် ရေ ပင် မရော ဘဲ ဇွတ်မှိတ် ကာ သောက် ချ လိုက်လေသည် ။ တစ်ကိုယ်လုံး သည် ပူခနဲ နွေးခနဲ ဖြစ်သွားပြီးနောက် ခေါင်း ထဲ တွင် ရီတီတီ ဖြစ် ၍ လာလေသည် ။

ထို့နောက် သူ သည် ချိုချို ၏ ထံ မှ ခိုးယူ ထားသော သုံးလက်မ အရွယ် ကိုယ်တစ်ပိုင်းပုံကလေး ကို ထုတ် လိုက်ပြီး နောက် ..

“ ချို ... မင်း ကိုယ့် ကို မေ့လိုက်ပြီပေါ့ နော် ၊ ကိုယ် ဟာလေ မင်း ဖေဖေ သဘောကျ အောင် လုပ်ပေမယ့် မင်း အဖေ ဘူတားကြီး က သဘော မကျ တာတော့ မတတ်နိုင်ဘူးကွယ် ၊ တောက် ငါ့ ကိုယ် ကလည်း ကံဆိုး ပါ တယ် ။ အထူးသဖြင့် မိန်းမတွေ ဘက် မှာ သာ ပြီးတော့ တောင် ဆိုးပါသေး တယ် ။ ငါ ဒီ ဘဝ မှာ တော့ မိန်းမ ရ ဖို့ မမြင်တော့ပါဘူး ။ လူပျိုကြီး ဘဝ နဲ့ သာ နေရတော့မှာ ထင်ပါ ရဲ့ ။ ဟို ... မအေပေး ... သတ္တဘာဂ ဖူးစာရေးနတ် က လည်း ဘာဖြစ်လို့များ ငါ့ကို  မိန်းမ ရအောင် မလုပ်ပေးတာလဲ မသိဘူး ။ ဒင်း နဲ့ ငါ ဟာ ဟိုဘဝ က မယား လုဖက် မို့ လို့များ လား အငြိုး နဲ့ ငါ့ ကို ညှင်း နေ ရော့ သလား မသိပါဘူး ”

အောင်ဒင် သည် တကယ့် ရုပ်ရှင် ထဲ က အလွမ်းမင်းသားကြီး စတိုင် ဖြင့် တစ်ကိုယ်တည်း ပြောကာ လွမ်း နေလေသည် ။ ပြီးတော့ သူ သည် ချိုချို ၏ ဓာတ်ပုံ ကို နှစ်ချက် မျှ အားရ အောင် နမ်းရှုတ်လိုက်ပြီး နောက် ...

“ ချို ... မောင့်အချစ်ကလေး ချို ... မောင့် အသည်းကြော်ကလေး ချို ” ဟု ခေါ်လိုက်စဉ် တွင်  ...

“ ရှင် ... ရှင် ... ချို ဒီမှာ ရှိတယ်လေ ” ဟူ၍ နောက် မှ ပြော လိုက်သော အသံ ကြောင့် အောင်ဒင်သည် အထိတ်တလန့် ဖြင့် နောက် သို့ လှည့် ကြည့် လိုက် လေသည် ။

ချိုချို ကား သူ ၏ အခန်းဝ တွင် ပြုံးရွှင်စွာ ဖြင့် ရပ်ကာ နေသည် ကို အောင်ဒင် မြင်တွေ့ရ လေသည် ။

သို့သော် အောင်ဒင် သည် သူ့ မျက်စိ ကို သူ မယုံနိုင်သေးဘဲ အထပ်ထပ် ပွတ် ကာ ကြည့် နေလေသည် ။

“ မျက်စိ ကို ပွတ် မနေပါနဲ့ ကိုအောင်ဒင် ရဲ့ ။ တော်ကြာ မျက်စိ နာ နေပါ ဦးမယ် ။ ချို အစစ်ပါ ရှင့် ”

ချိုချို က ပြော လိုက်မှ အောင်ဒင် သည် ထိုင်နေရာ မှ ခုန်ပေါက် ကာ ထ လိုက်ပြီးနောက် ချိုချို အား ပြေးဖက်လေ တော့၏ ။

“ ဟင် ... ချို ဝမ်းသာလိုက်တာ ချိုရယ် နေပါဦး ချို ဒီကို  ... ဒီကို လိုက်လာတာ ချို့ ဖေဖေ သိရဲ့လား ဟင် ”

အောင်ဒင် သည် ချိုချို အား တင်းကျပ်စွာ ဖက်ထားရင်း မှ မေး လိုက်လေသည် ။

“ သိတာပေါ့ ရှင် ... ဖေဖေ ကိုယ်တိုင် က ခွင့်ပြု လို့ ချို လိုက်လာတာ ” 

“ ဟင် ... ဟိုမှာတုန်း က ကိုအောင်ဒင် နဲ့ သဘော မတူဘူး ဆို ခုတော့ ယောက္ခမကြီး က သဘောတူ သွားလား ။ ပြောစမ်းပါဦး ချို ရယ် ၊ ဒီက ကောင် စိတ် အေးရအောင် ”

အောင်ဒင် သည် နောက်ပိုင်း ကို စိတ်မအေးဟန် ဖြင့် မေးနေ လေသည် ။

“ ဟိုတုန်း က တော့ ဖေဖေ က ကိုအောင်ဒင် နဲ့ သဘော မတူပေမယ့် ခုတော့ တူ သွားပြီလေ ။ ဒီလို သဘောတူ အောင်လည်း ချို က လုပ်ပေးရတာပေါ့ ။ ကိုအောင်ဒင် အိမ် က ထွက်သွားပြီး တဲ့ နောက် ချို ဟာ ဖေဖေ့ ဆီ ကို ငိုယို တက် သွားပြီး ချို နဲ့ ကိုအောင်ဒင် ဟာ တစ်ဦး ကို တစ်ဦး သေမတတ် ချစ်နေကြကြောင်း နဲ့ ကိုအောင်ဒင် နဲ့ မှ မပေးစား ရင် ချို ဟာ ကိုယ့် ကို ကိုယ် သတ်သေလိုက်မယ့် အကြောင်းတွေ ကို ပြောပြ လိုက်တော့ ဖေဖေ က ကိုယ့် ကိုယ် ကို ကိုယ်တော့ သတ်မသေပါ နဲ့ သမီးရယ် ... ငါ့ သမီး သဘော ကျ နေ ရင် ဖေဖေ လည်း သဘော တူ ရ မှာပေါ့လို့ ပြောတဲ့ အတွက် ချို လည်း ဝမ်းသာအားရ နဲ့ ကိုအောင်ဒင့် ဆီ လာခဲ့တာပဲ ” ဟူ၍ ချိုချို သည် ပြန်လည် ၍ အောင်ဒင် အား ရှင်းလင်း ကာ ပြောပြ နေလေသည် ။

“ ဒါဖြင့် ချို လည်း ကိုအောင်ဒင် ချစ်သလို ချစ် နေတာ ကြာပြီပေါ့ နော် ။ ဘယ်တုန်းက စပြီး ကိုအောင်ဒင် အပေါ် မှာ ချစ်မိုးတွေ စွေ ခဲ့တာလဲ ချို ရယ် ၊ ပြောပြစမ်းပါ ”

အောင်ဒင် သည် အလှူရှင်မှန်း သိ အောင် မဏ္ဍပ် တိုင် သို့ ဖက် တက်ကာ နေ လေသည် ။

“ ကိုအောင့် ကို လား ၊ ဟို ... ဟို .. တုပ်ကွေး ဖြစ်တဲ့ နေ့ က စ တာပဲ ။ ချို့ အတွက် ကိုအောင် ဟာ တုပ်ကွေး မဖြစ်သင့် ဘဲ ဖြစ်ရှာတယ် လို့ တွေးပြီး ကရုဏာ သက်မိရာ က မေတ္တာ တွေ တက် လာ ပြီး ကိုအောင့် ကို ချစ်မိတာပါပဲ ရှင့် ။ ကဲ ... သိပလား ”

ချိုချို ၏ စကား ကို ကြား လိုက်ရသော အောင်ဒင် မှာ 

“ အောင်မယ်လေးလေး .. အစက ဒီလိုမှန်း သိ ရရင် ဒီကောင် အစော ကြီး ကတည်း က တုပ်ကွေး ကို ကွေး ခိုင်းပါတယ် ဗျာ ။ ခုတော့ အသိ နောက်ကျ သွား လို့ ကုန်ဆုံးခဲ့တဲ့ ရက် ကို နှမြောလှချည်ရဲ့ ချို ရယ် ”

အောင်ဒင် သည် တကယ်ပင် ကုန်ဆုံးခဲ့သည့် ရက်တွေ ကို နှမြော ဟန် ဖြင့် ပြော နေ လေသည် ။

“ အို ... တော်စမ်းပါ ၊ ဘာတွေ လျှောက်ပြောနေတယ် မသိဘူး ” 

ချိုချို က လှမ်း ၍ ငေါက် လိုက် လေသည် ။

ထိုနောက် အောင်ဒင် သည် ချိုချို အား ဖက်ထား ရာ မှ လွှတ် လိုက်ပြီး နောက် စားပွဲပေါ် သို့ ဝမ်းမြောက်ဝမ်းသာ ဖြင့် လှမ်း ကာ ခုန်တက် လိုက်ပြီးလျှင် ..

“ အို နိုင်ငံတော်အစိုးရ နှင့် တကွ ပြည်သူလူထုကြီး ခင်ဗျာ ၊ ကျွန်တော် ဂေါ်မစွံ မောင်အောင်ဒင် သည် ယနေ့ က စ၍ ချိုချို တည်း ဟူသော လှယမင်းကလေး နှင့် ဗိုလ်တုပ်ကွေး ၏ ဖူးစာ ဖက်ကာ ပေးမှုကြောင့် စွံ သွားပြီ ဖြစ်ကြောင်း ကို ကြေညာမောင်း သတင်း ဖြင့် ထုတ်ပြန်ကာ လွှင့်လိုက်ပါသ ဗျို့ ... ဒူ ... ” 

ဟူ၍ အောင်ဒင် သည် အော်ဟစ်ကာ ပြော နေ သဖြင့် ချိုချို သည် အောင်ဒင် အား စားပွဲ ပေါ် မှ ဆွဲချ လိုက်ပြီး နောက် အောင်ဒင် ၏ ကျောပြင်ကြီး ကို တအုန်းအုန်း ဖြင့် ဗျောတင် ကာ ထုနှက် ၍ နေလေ သတည်း ။

ဤတွင် ပြီးပါပြီဗျား ... ဖူး ... မောလိုက်တာ ... ။

◾ကြူမွှေး
     ၁၆ - ၇ - ၅၇

📖 သွေးသောက် မဂ္ဂဇင်း
      စက်တင်ဘာ ၊ ၁၉၅၇ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment