❝ ရွှေရုပ်လွှာ ❞
( ၁ )
“ ဒါကတော့ တို့ လူသားတွေ နေထိုင်ကြတဲ့ မြေကမ္ဘာ ဆိုတာ ပေါ့ ၊ မင်း က တခြား စကြဝဠာ တစ်ခု က လာခဲ့တာ ဆိုတော့ ၊ ခု ရောက် နေတဲ့ ကမ္ဘာဂြိုဟ် အကြောင်း ကို သိချင် မှ သိမယ် ၊ အေး လေ ... တကယ် ဆိုတော့ အခု ငါ သုံးစွဲ ပြောဆိုနေတဲ့ ဒီ ကမ္ဘာ က ဘာသာစကား ကို တောင် မင်း တတ်ကျွမ်း နားလည်မယ် မဟုတ် သေးပါဘူး ”
နားထောင်သူ သည် ပြောသူ ၏ မျက်လုံးများ အတွင်း သို့ နက်ရှိုင်းစွာ စူးစိုက် ကြည့်နေ၏ ။ နားထောင်သူ ၏ ခေါင်း ၌ ဦးထုပ် တစ်လုံး ကို စွပ် ထား၏ ။ ထို ဦးထုပ် မှာ လည်း ဆန်းကြယ်ရှုပ်ထွေး လှသည် ။ ကြောင်နားရွက် ကဲ့သို့ ချွန်ချွန်ထောင်ထောင် အရာ နှစ်ခု လည်း ပါ၏ ။ ဦးထုပ် ၏ အလယ် ၌ မျက်လုံး သဏ္ဌန် အနက်ဝန်း နှစ်ခု တပ်ဆင် ထားသည် ။ ဦးထုပ် အောက်ပိုင်း ၌ ကား လိပ်ပြာဦးမှင် ယောင်ယောင် ၊ နှုတ်ခမ်းမွေး ယောင်ယောင် အမျှင်ရှည်ရှည်များ ဖွာရရာ ထွက်လျက် ရှိကြ၏ ။
“ မစ်လ်ကီးဝေး လို့ ခေါ်တဲ့ နဂါးငွေ့တန်းကြီး ထဲ မှာ ကြယ်တွေ ပြွတ်သိပ် နေအောင် များပြားလှတယ် ။ နေမင်းကြီး ဟာ အဲဒီ ကြယ်တွေ ထဲ က အညတြ ကြယ်လေး တစ်ပွင့် ပေါ့ ။ နေမင်းကြီး ကို ဗဟို ပြုပြီး လှည့်ပတ် နေကြတဲ့ ဂြိုဟ်တွေ လည်း ရှိကြတယ် ။ ဒို့ ရဲ့ မြေကမ္ဘာ ဆိုတာ လည်း အဲသလို နေမင်းကြီး ကို လှည့်ပတ် နေတဲ့ ဂြိုဟ်တွေ ထဲ မှာ အပါအဝင် ဖြစ်တဲ့ ဂြိုဟ် တစ်လုံး ပဲပေါ့ ။ သူ့ မှာ အရန် ဂြိုဟ် ဖြစ်တဲ့ ကိုယ်ပိုင် လ တစ်စင်း လည်း ရှိတယ် ”
ဤနေရာသို့ ရောက်သောအခါ ၌ နားထောင်သူ သည် ပြောသူ အား စူးစိုက် ကြည့် နေရာ မှ သည်းမခံနိုင်တော့သည့် အလား ကျယ် လောင်စွာ အော်ဟစ် ငိုကြွေး လိုက်၏ ။ ငိုသံ ကို လွှမ်းအုပ်လျက် အခြားသော နေရာ မှ ရယ်သံကြီး တစ်ခု က လည်း ရုတ်ခြည်း ထွက် ပေါ် လာခဲ့သည် ။
“ ဟား ဟား ဟား ဟား ဟား ဟား ၊ ဟောဒီမှာ ဟေ့ မမနွဲ့ကြီး ရယ် ၊ သူ့ တူတော်မောင် ကို ဘာတွေ မိန့်ခွန်း ချွေ နေတယ် မသိ ဘူး ၊ မြေကမ္ဘာ တွေ ရော ၊ စကြဝဠာ တွေ ရော ၊ မစ်လ်ကီးဝေး တွေ ရော ရှုပ်ရှက်ခတ် သွားတာတဲ့ ၊ ရှင် ပွေ့ထားတဲ့ ခြောက်လသား ပူတူတူးလေး က ဒီ စကြဝဠာ သဘောတရားတွေ ကို နားလည်မတဲ့လား မမနွဲ့ ရဲ့ ၊ ဒီတော့ ငိုတာပေါ့ လို့ ၊ နောကွယ် နော် ... သားသား လေးရယ် ၊ ပေး ပေး လဲ့ ကို ပေး ”
လဲ့လဲ့ သည် ရယ်မောရင်း ဒေါ်နွဲ့နွဲ့ ၏ ရင်ခွင် ထဲ မှ ကလေး ငယ် ကို ယူ၍ ပွေ့ချီ လိုက်၏ ။ ကလေး ၏ ခေါင်း မှ ကြောင်ခေါင်း ဦးထုပ်လေး သည် လက်ချင်း အကူး တွင် မြေပြင် ပေါ် သို့ ပြုတ်ကျသွား၏ ။ ဒေါ်နွဲ့နွဲ့ ၏ အခြားသော စကြဝဠာ မှ ဂြိုဟ်သားငယ် သည် လဲ့လဲ့ ရင်ခွင် ထဲ ၌ လည်း ဆက်လက် ငိုကြွေးမြဲ ပင် ငိုကြွေးလျက် ရှိလေသည် ။
“ မိသွဲ့ ရေ ... နင့် သား ကို ငါ မချော့တတ်တော့ဘူး ၊ လာ ခေါ်လှည့်ဦး ”
အိမ် ထဲ မှ သွဲ့သွဲ့ ထွက် လာပြီး ကလေး ကို ယူ ၍ နို့ချို တိုက်ကျွေး မှ ပင် အငို တိတ် သွားတော့၏ ။ ရေချိုးခန်း ထဲ ၌ အက လေ့ကျင့် နေစဉ် လူမိ ခံ လိုက်ရသူ ပမာ ဒေါ်နွဲ့နွဲ့ သည် မိမိ က တူတော်မောင် အား ကျီ စယ် ပြောဆို နေသော စကားများ ကို ညီမ လဲ့လဲ့ ကြား သွားခြင်း အတွက် ရှက်အား ပိုကာ မျက်နှာ မထား တတ်အောင် ရှိနေ ရှာ၏ ။
“ ဒီမှာ မိသွဲ့ ရဲ့ ၊ နင့် သား ဘာလို့ ငိုတာလဲ သိလား ၊ မမနွဲ့ကြီး က စကြဝဠာတွေ ၊ ဂြိုဟ်တွေ နဲ့ ချောက် နေလို့ ဟဲ့ ၊ ဟား ဟား ဟား မမနွဲ့ က တော့ကွယ် သဲ ကို သဲတယ် ”
“ တော်စမ်းပါ ဟယ် ၊ နင် လဲ သဲတာပါပဲ ”
ဒေါ်နွဲ့နွဲ့ က မျက်နှာ မထားတတ် ဖြစ်နေရာ မှ လဲ့လဲ့ ကို ပြောလိုက်သည် ။
“ အံမယ် ... ကျွန်မတို့ မသဲရပေါင် တော် ”
“ ဘာ မသည်းရမှာလဲ ၊ သားသားလေး မွေးခါစ တုန်း ကလေ လူ ဟောင်း ထဲ က ဝင်စားတာ နဲ့ တူပါတယ်ကွယ် ၊ သေသေချာချာ စောင့်ရှောက်ကြပါ ဟဲ့ လို့ မိသွဲ့ တို့ လင်မယား ကို ပြောခဲ့တာလေ ၊ ဘာမှ မပြောတတ်သေး တဲ့ ကလေး ကို လူဝင်စား ထင်တာ ဟာ သည်း တာ မဟုတ်လို့ ဘယ်လို ခေါ်ရမတုံး ”
“ ဪ ... ဒါတော့ သားသားလေး ရဲ့ ရုပ်ရည် နဲ့ အမူအရာ ကို ကြည့်ရင်း ကျွန်မ စိတ်ထဲက စွဲလမ်းမိလို့ ပြောတာပါ မမနွဲ့ ရဲ့ .. အဟက် ”
ဒေါ်နွဲ့နွဲ့ ကို ချေပ ပြောဆိုရင်း လဲ့လဲ့ က စိတ် မလုံသလို တစ်ချက် ရယ် လိုက်သည် ။
“ ဟုတ်ပါတယ် ၊ အမှန်တော့ မမနွဲ့ ရော မမလဲ့ ရော ဟောဒီ သားသားလေး အပေါ် မှာ သည်းကြတာချည်းပဲ ၊ ကျွန်မ တစ်ယောက် တည်း မိခင် အရင်း ဖြစ်ရဲ့ နဲ့ ဣန္ဒြေ ရတယ် ”
“ အလို ... ဘုရားရေ ”
ကလေး နို့တိုက်နေရာမှ ပြော လိုက်သော သွဲ့သွဲ့ ၏ စကား ကြောင့် ဒေါ်နွဲ့နွဲ့ ရော လဲ့လဲ့ ပါ တစ်ဦး ကို တစ်ဦး မျက်လုံး ပြူးကြည့် မိ လျက်သား ဖြစ်သွားကြ၏ ။ နှစ်ဦးစလုံး ၏ နှုတ်ဖျား မှ အာမေဋိတ် စကားများ လည်း တစ်ပြိုင် နက် ထွက်ပေါ် လာကြသည် ။
“ ဘိန်းစားချင်း အတူတူ တစ်လုံး ပို မရှုချင် စမ်းပါနဲ့ မိသွဲ့ ရယ် ၊ တို့ သားသားလေး ကို မြင်ရပြီး မှ သည်းကြတာ ၊ နင် က တော့ သားသားလေး မမွေးခင် ကတည်း က သည်းတယ် ”
“ ကျွန်မ သားလေး ဟာ ကြီး လာရင် နိုင်ငံခေါင်းဆောင်ကြီး ဖြစ် မယ် ၊ တခြား ခေါင်းဆောင်ကြီးတွေ ရဲ့ အတ္ထုပ္ပတ္တိတွေ မှာ ကြည့်ရင် သူတို့ ငယ်စဉ် ဘဝ က ဓာတ်ပုံတွေ ပဲ ရှိတယ် ။ ကျွန်မ သား ခေါင်းဆောင်ကြီး ရဲ့ အတ္ထုပ္ပတ္တိ ရေး ရင်တော့ ခေါင်းဆောင်ကြီး ပဋိသန္ဓေ နေစဉ် က ပုံဆိုတာပါ ထည့် နိုင်အောင် ဆိုပြီး မလှမပ ကိုယ်ဝန်ဆောင်ကြီး နဲ့ ဓာတ်ပုံ သွား ရိုက်ခဲ့တာလေ ”
“ အို ... ဒါတော့ သည်းတာ မှ မဟုတ်ပဲ ၊ ကျွန်မ ရွှေကူမေနှင်း ရေးတဲ့ ဝတ္ထု တစ်ပုဒ် ထဲ မှာ ဖတ်ဖူး ထား လို့ တကယ့် ရည်ရွယ်ချက် နဲ့ သွား ရိုက်တာ ၊ ပဋိသန္ဓေနေရခြင်း ဆင်းရဲ ကို သား ကြီး လာရင် မျက်ဝါး ထင်ထင် သဘောပေါက် စေချင်တဲ့ ရည်ရွယ်ချက် လည်း ပါတယ်လေ ၊ သည်း တာ မဟုတ်ပါဘူး မမနွဲ့ ရဲ့ ၊ တကယ့် ရည်ရွယ်ချက် နဲ့ အဓိပ္ပာယ် ရှိရှိ လုပ်တာပါ ”
သွဲ့သွဲ့ က တကယ့် အဘိဓမ္မာရှင်မကြီး ဟန်ပန် ဖြင့် ပြော သည် ။
“ ဟုတ်တယ် မမနွဲ့ ရယ် ၊ မိသွဲ့ အဲသလိုလုပ်တာကို သည်း တာ လို့ မခေါ်ဘူး ၊ အရူး ထ တာလို့ ခေါ်တယ် ၊ သိလား ... အရူး ထ တာ ”
လဲ့လဲ့ ၏ စကားအဆုံး ၌ ညီအမ သုံးဦး စလုံး ရယ်မော လိုက်ကြပြန်သည် ။
“ ဪ .. မိသွဲ့ ၊ ဓာတ်ပုံ ရိုက်တာ ပြောမှ သတိ ရတယ် ။ လာမယ့် ဇွန်လ ( ၂၁ ) ရက် နေ့ ဆိုရင် သားသားလေး ခြောက်လ ပြည့် မယ့် နေ့ပဲ ၊ သားသား ကို ဓာတ်ပုံ သွား ရိုက်ရအောင်လေ ”
“ ကောင်းသားပဲ မမနွဲ့ ရဲ့ ”
“ အင်း ... ကောင်းတယ် ကောင်းတယ် ။ သားသား ရေ ... ဒီမှာ မေမေလဲ့ ကို ကြည့်စမ်း ၊ ဓာတ်ပုံ ရိုက်ပေးမယ် ။ ရယ်ဒီ ... ပြုံးပြုံးလေး နေနော် ၊ ရိုက်မယ် ချောက် ”
“ ဟော ... မမလဲ့ သည်းပြန်ပြီ ”
လက်သီးဆုပ် ကို ကင်မရာ သဖွယ် ချိန်ရွယ်လျက် သားသား အား ဓာတ်ပုံ ရိုက်ဟန် ပြုနေသော လဲ့လဲ့ အား သွဲ့သွဲ့ က ပြောင် လိုက်၏ ။
အိမ်ဘေး မန်ကျည်းပင်ရိပ် ၌ ပက်လက် ကု,လားထိုင် တစ်လုံး နှင့် စာဖတ်နေသော ကိုဘသင်း က မူ ဆေးတံ ကို မီးညှိ လိုက် ရင်း မရီး ဖြစ်သူ အပျိုကြီး နှစ်ဦး နှင့် ဇနီးသည် သွဲ့သွဲ့ တို့ လူသိုက် အား တစ်ချက် လှမ်း ကြည့်လိုက် ကာ ခေါင်း တညိတ်ညိတ် နှင့် ပြုံး နေလေသည် ။
( ၂ )
“ သားသားလေး ဟာ လေ ... ဟောဒီ ဗိုက်ကြီး ကို က မွှေးလိုက် တာ ”
အနှီး ပေါ် တွင် ပက်လက်ကလေး နှင့် ယက်ကန်ယက်ကန် လုပ် နေသော သားသား ၏ ဝမ်းဗိုက် ကို နမ်းရှုပ် လိုက်ရင်း ဒေါ်နွဲ့နွဲ့ ၏ ဥဒါန်း ကျူးရင့်လိုက်သံ ဖြစ်၏ ။ လဲ့လဲ့ က သား ၏ လက်ကလေး တစ်ဖက် ကို ဆုပ်ကိုင် နေသည် ။ သွဲ့သွဲ့ က မူ သား ၏ ခြေဖဝါးလေး များ ကို မိမိ နဖူး ဖြင့် ပွတ်ခွေ့ နေလေသည် ။
သည် သုံးဦး တို့ ၏ သားသား အပေါ် အချစ် သည်းကြပုံ တို့ မှာ ကိုဘသင်း အဖို့ အဆန်း မဟုတ်တော့ပေ ။
သားသား မွေးပြီး စ ကပင် သည် သုံးဦး ၏ ရောဂါ သည် စိုးရိမ် မှတ် သို့ ရောက်လုနီးပါး ပြင်းထန်လျက် ရှိကြောင်း သတိထားခဲ့မိပြီ ဖြစ်၏ ။
“ သားသား ကို ပေးဖို့ နာမည် ငါ ရွေးပြီးပြီဟေ့ ”
သားသား မွေးပြီး ၇ -ရက် မပြည့်မီ က ပင် မြို့နယ်စာတိုက်မှူး ဖြစ်သော ဒေါ်နွဲ့နွဲ့ က ကြွေးကြော်သည် ။ သည်တွင် အလယ်တန်းပြ ဆရာမ တစ်ဦး ဖြစ်သော လဲ့လဲ့ က လည်း အားကျ မခံ ပြန်ပြော၏ ။
“ ကျွန်မ လည်း ရွေးထား ပြီးပြီ မမနွဲ့ ရဲ့ ။ ကဲလေ ... မမနွဲ့ ရွေး ထားတဲ့ နာမည် ကို အရင် ပြောဦး ”
“ သားသား က ကြာသပတေးသား မဟုတ်လား ကွဲ့ ၊ ဒီတော့ နေ့သင့် နံသင့် လည်း ဖြစ်ရမယ် ၊ ပြီးတော့ ခေါင်းဆောင်ကြီး တွေ ဖြစ် တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့ ၊ ကိုဗဟိန်း တို့ ၊ ဗိုလ်ချုပ်အောင်ဆန်း တို့ နာမည်တွေ လည်း ပါ ရမယ် ။ အဲသလို နာမည်မျိုး ဖြစ်အောင် ကို ခက်ခက်ခဲခဲ ရွေး ထားတာ ”
“ ဆိုစမ်းပါဦး ... မမနွဲ့ ရဲ့ ”
“ မှိုင်း ... ဟိန်း ... အောင် ”
“ ဟင် .. နာမည်ကြီး ကလည်း ထောင့်ထောင့်ကြီး ၊ မှိုင်းဟိန်းအောင် ရယ်လို့ပဲ ဟင်း ... ဟင်း ”
ဒေါ်နွဲ့နွဲ့ ရွေးချယ် ထားသော အမည်ကို လဲ့လဲ့ ရော သွဲ့သွဲ့ က ပါ ရယ်မောရင်း ပယ်ဖျက် လိုက်ကြသည် ။
“ ကျွန်မ ရွေးထားတဲ့ နာမည် က မှ ယဉ်တာ မမနွဲ့ ရဲ့ ။ ကျွန်မ လေးစားတဲ့ ဆရာဇော်ဂျီ တို့ ဆရာမင်းသုဝဏ် တို့ ရဲ့ နာမည် တွေ လည်း ပါရမယ် ။ ကလေးအဖေ မောင်ဘသင်း နာမည် လည်း ပါရမယ် ။ မင်းဇော်သင်း လို့ မှည့် ချင်တယ် ၊ မကောင်းဘူလား ”
စာပေဝါသနာ ပါသော လဲ့လဲ့ က သူ ရွေးထားသော အမည် ကို တင်ပြ ပြန်သည် ။
ဤသို့လျှင် ညီအမ သုံးဖော် တို့သည် နေ့ ရှိသမျှ သားသား အတွက်သာ တစ်မျိုး ပြီး တစ်မျိုး စိတ်ကူးဉာဏ် ထုတ်လျက် နေကြ လေသည် ။ ဖွံ့ဖြိုးဆဲ အရွယ် ဖြစ်သဖြင့် အဝတ်အစား အဖိုးတန်များ ကို ချုပ် မပေးရန် ကိုဘသင်း က တားမြစ် သော်လည်း နား မထောင် ကြ ။ တက်ထရွန် ၊ ဖော့ ၊ လှိုင်းကြီးစသော အစများ ဖြင့် သား အတွက် အင်္ကျီတွေ တစ်မျိုး ပြီး တစ်မျိုး ချုပ် ပေးကြ၏ ။ တက်ထရက် ဘောင်းဘီတွေ လည်း အများအပြား ချုပ်ပေး လိုက်သေး၏ ။ သား အတွက် ဗေဒင် မေးကြ ၊ ယတြာ ချေကြနှင့် အဆာ ကျယ်ချင် တိုင်း ကျယ် နေကြ သည် ။
ယင်းသို့ သည် ညီအစ်မတစ်တွေ အဆာ ကျယ် တတ်ကြောင်း ကို တော့ သွဲ့ နှင့် လက်မထပ်မီ က ပင် မြို့ခံ မိတ်ဆွေများ ပြောပြထားချက် အရ ကိုဘသင်း သိ နေ ခဲ့ပါသည် ။
သမဝါယမ အလုပ်သင် အရာရှိကလေး ဘဝ နှင့် ကိုဘသင်း ဤ မြို့ သို့ ရောက်လာခဲ့ ပြီး နောက် သမဝါယမဌာန မှ အထက်တန်း စာရေးမကလေး သွဲ့ နှင့် ချစ်ကြိုးသွယ်နှောင် မိကြ၍ လက်ထပ်မည် ပြု စဉ်တွင်ပင် အချို့ မိတ်ဆွေများ က ဟန်တားခဲ့ကြ၏ ။
“ ဟယ် ... မောင်ဘသင်း စဉ်းစားဦး လော့ ။ ဤ မိသားစု အတွင်း သို့ အသင်သား တစ်ဦး အဖြစ် သင် ဝင်ရောက်သွား ပါက အပျိုကြီး မမ နှစ်ဦး ၏ နှုတ်လျှာ ထမ်းပိုး အောက်ဝယ် သင် ပခုံးပေါက် အောင် ရုန်းရ ချိမ့်မည် ။ ခေါင်း မထောင်နိုင်အောင် ရှိလတ္တံ့ ” ဟူ၍ သတိ ပေး ခဲ့ကြ၏ ။
သို့ရာတွင် ကိုဘသင်း က မူ သွဲ့ ၏ မေတ္တာ ကို အားကိုး လျက် ဤ မိသားစု အတွင်း သို့ ရဲရင့်စွာ ပင် တိုးဝင် ခဲ့၏ ။ တကယ်ဆို တော့ လည်း ဒေါ်နွဲ့နွဲ့ တို့ လဲ့လဲ့ တို့ သည် မြို့ခံ မိတ်ဆွေများ စိုးရိမ်သ လောက် မဆိုးရှာ ကြပါ ။ တစ်ခုတော့ ပြောစရာ ရှိပါ၏ ။ ကိုယ် က လည်း သူတို့ အထာ ကို သိဖို့ တော့ လိုသည် ။ တစ်ကြိမ် က ဒေါ်နွဲ့နွဲ့ သည် ကိုဘသင်း ထံ သို့ လာရောက် လေ့ ရှိသော ကျေးရွာ မှ ဧည့်သည်များ ကို “ ညစ်ညစ်ပတ်ပတ် နဲ့ တော က ဧည့်သည်တွေ အိမ် ကို လာ လာ နေတာ မမနွဲ့ ဖြင့် မကြိုက်ပေါင်ကွယ် ” ဟူ၍ ဝေဖန် စွက်ဖက် ဖူး၏ ။
ထိုအခါမျိုး တွင် ကိုဘသင်း က “ ကျုပ် ဧည့်သည်ပဲ ဗျ ။ ကျုပ် ဆီ လာ မှာပေါ့ ။ သူတို့ ညစ်ပတ်လာ လည်း ခင်ဗျား နဲ့ အနေသာ ကြီးပါ ၊ တကတည်း ကျုပ်တို့ အိမ် မလာခင် ရေချိုး ချေးတွန်း ပြီးမှ လာကြ ပါဗျို့ လို့ မောင်းခတ် ထားရမလို ဖြစ်နေပြီ ” ဟု ပြန်ပြီး ဘု မတော မိအောင် ချုပ်တည်း ရ၏ ။
“ ကျွန်တော် ကျေးရွာတွေ ဆင်းတဲ့ အခါ ကျတော့ လည်း သူတို့ က ပဲ စောင့်ရှောက်ကြတာ မမနွဲ့ ရဲ့ ၊ အပြင်ပန်း က မြင်သာ ညစ်ပတ် တာ ၊ အတွင်းသဘော က တော့ အင်မတန် ဖြူစင်သန့်ရှင်းတဲ့လူတွေ အေးလေ ... ဆုံးသွားပြီ ဖြစ်တဲ့ မမနွဲ့တို့ ဖေဖေ က လည်း မြေစာရင်း အင်စပက်တော် လုပ်ခဲ့တာ ဆိုတော့ တောနေ လူထု ရဲ့ သဘော ဖြူပုံ တွေ ကို မမနွဲ့ က ကျွန်တော့် ထက် တောင် နားလည်ပြီးသား ဖြစ်မှာပါ ” ဟူ၍ စည်းရုံး ပြောဆိုတတ်ဖို့ ကြိုးစား ရ၏ ။ သည်တော့ လည်း ကိုဘသင်း ၏ ကျေးလက် မိတ်ဆွေများ ကို မမနွဲ့ က ထမင်းပွဲ ယပ်ခတ် ကျွေး နေရင်း -
“ ကျွန်မတို့မောင်လေး ရွာ ကို လာတဲ့ အခါ အန္တရယ် မတွေ့ အောင် စောင့်ရှောက်ကြပါ ရှင် ၊ ဦးကြီးတို့ ကို အပ်ပါ တယ် ” ဟု ပြောဆို သည် အထိ ဖော်ရွေချိုသာ လာခဲ့ပေသည် ။ စာ ဖတ် ဝါသနာပါသော ၊ ဆရာမ ဉာဉ်လည်း ရှိသော လဲ့လဲ့ ၏ အထာ ကို သိရ၏ ။
“ မင်း ဆံပင်ကြီး က ရှည် လိုက်တာ မောင်ဘသင်း ရယ် ... ကတုံးဆံတောက် ညှပ်ပါလား ကွဲ့ ၊ နိုင်ငံရေး နိုင်ငံရေး လောက ထဲ ကို ဝင်မယ်လို့ ဆုံးဖြတ် ပြီးတာနဲ့ တစ်ပြိုင်နက် ထမင်း ကို လည်း ဆား နဲ့ တင် စားနိုင်အောင် ကျင့်သတဲ့ ၊ ဆံပင် ကို လည်း ကတုံးဆံ တောက်ပဲ ညှပ်တော့ သတဲ့ ၊ မင်း ဆံပင်ကြီး ကို လည်း ဖြတ်ပစ်လိုက်ပါ ကွယ် ” ဟူ၍ ဩဝါဒစကား မြွက်ကြား လာခြင်းမျိုး ကို သည်းခံ ရ၏ ။ ထိုအခါ မျိုး တွင် ...
“ ဆရာကြီး သခင်ကိုယ်တော်မှိုင်း လဲ နိုင်ငံရေးခေါင်းဆောင်ကြီး ပဲ ဗျ ၊ ကျုပ် ထက် တောင် ဆံပင်ရှည် ပါသေးတယ် ၊ သျှောင်ထုံးကြီးနဲ့ ပါ ” ဟူ၍ ပြန် မပက်မိအော လည်း ချုပ်တည်း ရ၏ ။ ပြီးမှ ....
“ သူ ရဲ့ သန္နိဋ္ဌာန်စိတ် ကို ပြောခဲ့ တာနဲ့ တူပါတယ် မမလဲ့ ရဲ့ ၊ ဆံပင် အတိုအရှည် ကို အဓိကထားပြီး ပြောတာ ဟုတ်ဟန် မတူပါ ဘူး ၊ အေးဗျာ ကရိကထ ဒုက္ခများ လာတဲ့ နေ့ ကျရင်တော့ မမလဲ့ ပြော သလို ကျွန်တော် လည်း ကတုံးဆံတောက် ပဲ ညှပ် ပစ် လိုက်တာ အေးပါတယ် ။ ဖြည်းဖြည်းပေါ့ မမလဲ့ ရာ ” ဟု ဖျောင်းဖျ ပြောဆို တတ် ရသည် ။
သည်တော့ လည်း မြို့ခံမိတ်ဆွေများ စိုးရိမ် ခဲ့ သော ၊ ကိုဘသင်း ကိုယ်တိုင် ကြောင့်ကြ ခဲ့ သော အပျိုကြီးမမ နှစ်ဦး ၏ ပြဿနာ သည် အလိုလို ပင် ပြေလည် သွားခဲ့၏ ။ ယခုကား သည် အိမ်ဂေဟာ ၊ သည် နေရာ မှ သည် မရီး သည် မယား နှင့် သည် သား တို့ အပေါ်တွင် ကိုဘသင်း ချစ်ခင် တွယ်တာ လျက် ရှိနေ ချေပြီ ။
“ ကဲဗျာ ... ဖအေ လုပ်တဲ့ လူ လည်း တစ်လှည့် လောက် ချီစမ်း ပါရစေဦး ၊ လာစမ်းပါဦး ကွဲ့သားသားကြီး ရဲ့ ... ဖေဖေ့ ဆီ ကို ၊ သားသား နာမည်က ဘယ်သူတဲ့ ၊ အဲ ... အဲ ... မှိုင်း ... ဟိန်း ... အောင် ”
သားသား နာမည် အား ကိုဘသင်း က အာလုပ်သံကြီး ဖြင့် တမင် လုပ်၍ ခေါ် လိုက်သည် ကို လဲ့လဲ့ နှင့် သွဲ့သွဲ့ တို့ သဘော ကျပြီး ရယ်မော ကြ၏ ။
ဒေါ်နွဲ့နွဲ့ က မူ နှုတ်ခမ်း စူလျက် ရှိ လေသည် ။
( ၃ )
“ အလို ... ဒါကဘယ်လို မဟာဗျူဟာ ... နည်းဗျူဟာတွေ ဘယ်လို စီမံကိန်းကြီးများ အကောင်အထည် ဖော်နေကြပြန်တာ လဲ ဗျို့ ”
ရုံး မှ အပြန် အိမ် ထဲ သို့ လှမ်း ဝင်သည် ဆိုလျှင်ပင် ကိုဘသင်း က ဤသို့ မေးမြန်း မိတော့သည် ။
မေးမည် ဆိုကလည်း မေးစရာ ပင် ။
ကြမ်းပြင် တစ်ခုလုံး ၌ သားသား အဝတ်အစားများ သည် ဗရနှံ့ ပြန့်ကျဲ စိုးမိုးလျက် ရှိ၏ ။ ထို့ပြင် စားပွဲ ပေါ် ၌ တစ်ထွာခန့် အရွယ် သေတ္တာငယ် တစ်လုံး က ဖွင့် လျက်သား ရှိ၏ ။ သူတို့ မိသားစု ၏ ရှိစု မဲ့စု ရွှေထည် လက်ဝတ်ရတနာများ သည်လည်း စားပွဲ ပေါ် တွင် တချို့ ဖရိုဖရဲ တုံးလုံးပက်လက် ဖြစ်နေ၏ ။
“ သားသား ကို ဓာတ်ပုံ သွား ရိုက်ကြမလို့ ကိုရေ ”
ကိုဘသင်း ၏ မေးခွန်း က ရှည်လျား သလောက် သွဲ့သွဲ့ က တိုတို သာ ဖြေ လိုက်ပြီး ညီအစ်မသုံးယောက် စလုံး ပျားပန်းခတ်မျှ အလုပ် များ နေ ကြ ပြန်သည် ။
“ မိသွဲ့ က လည်း ကွယ် ... သား သည် မအေ သာ ဖြစ်တယ် ၊ ကလေး ကို သနပ်ခါး လိမ်းပေးတာများ အချိုး မကျဘူး ”
ကြီးလေး နက်နဲသော လုပ်ငန်းကြီး တစ်ရပ် ကို လက်မလည် အောင် ဆောင်ရွက် နေကြသော ညီအစ်မ သုံးဦး တို့အား ကိုဘသင်း သည် တစ်စုံတစ်ရာ ထပ်မံ ပြောဆိုခြင်း မပြုတော့ပဲ ကု,လားထိုင် တစ်လုံး တွင် ဝင် ထိုင်၍ ဘေး မှ သာ ကြည့် နေ လိုက်တော့၏ ။ ဒေါ်နွဲ့နွဲ့ က သားသား ၏ မျက်နှာ ပေါ်တွင် ပါးကွက်များ ကွက် ပေး နေသည် ။
“ ဒီလို တော့ လည်း သားသား က ဖိုးဝရုပ် နဲ့ တူ သလိုလို ” ဟု ကိုဘသင်း က စိတ် ထဲ မှ မှတ်ချက် ချမိ၏ ။
“ နှာယောင်လေး လည်း တား ပေးအုံး မှ မမနွဲ့ ရဲ့ ၊ ဒါမှ နှာတံ ပေါ်မယ် ”
လဲ့လဲ့ က ပြောပြောဆိုဆို သနပ်ခါး အနည်းငယ် ကို ကော်ယူ လိုက်ပြီး ကလေး ကို နှာယောင် တား ပေး၏ ။
“ အင်း ... ဒီလို ဆိုတော့လည်း သား က ပုဏ္ဏားလေး နဲ့ တူ ပြန်တယ် ”
ကိုဘသင်း က စိတ် ထဲ တွင် တွေးမိ ပြန်၏ ။
“ ညည်း ဒီ အင်္ကျီကြီး သာ ကလေး ကို ဝတ် ပေးရင်တော့ ငါ မလိုက်ဘူး မိရွှေလဲ့ ၊ ညည်းတို့ ချည်းသာ ကြွတော်မူကြပေတော့ ၊ သွားရမယ့် လမ်း မှာ က ဝန်ထောက်ကတော် အဝင်း တို့ အိမ်ရှေ့ က လည်း ဖြတ်ရ ဦးမယ် ၊ အဝင်း က သူ့ ကလေး ဆိုရင် ကြော့ နေအောင် ဆင် ထားတာ ၊ ကိုယ့် ကလေး အဝတ်အစား က ညံ့ နေရင် ရှက်စရာ ကြီး ၊ ပြီးတော့ တို့ ရုံး က စာရေးမ တင်တင် တို့ က လှမ်း ခေါ် ရင် လည်း သူတို့ အိမ် ဝင် ထိုင်ရဦးမှာ ၊ ကိုယ့် လက်အောက် က အမှုထမ်း ရဲ့ သား သမီး လောက် မှ ကိုယ့် ကလေး က အကြေး မပြောင်ရင် တို့ တော့ မျက်နှာ ကို မထားတတ်ဘူး ”
လဲ့လဲ့ ရွေးချယ် ထားသော သား ၏ အင်္ကျီ ကို မကျေနပ် သဖြင့် ဒေါ်နွဲ့နွဲ့ က တတွတ်တွတ် ပြောဆို နေ၏ ။
“ ကောင်းမလား လို့ ရွေးထားတာပါ မမနွဲ့ ရဲ့ ၊ ဒီလို ဆိုရင်လည်း မမနွဲ့ ကြိုက် တဲ့ အင်္ကျီ ပဲ ရွေးဝတ် ပေးပါ ”
ထို့နောက် ကြမ်းပြင် ပေါ်မှ အဝတ်များ ကို တစ်ထည် ပြီး တစ်ထည် ကောက်ယူ ၍ သား ကိုယ် တွင် ကပ် ကြည့် နေကြ၏ ။ ဟို အင်္ကျီ ကောင်းနိုး ၊ သည် အင်္ကျီ ကောင်းနိုး ၊ ချီတုံချတုံ ဖြစ်နေကြ၏ ။ နောက် ဆုံးတွင် မှ ခရစ်လှိုင်းကြီး အဖြူ နှင့်ဖော့ခရစ် နံ့သာရောင် တို့ ကို စပ်ကြား ချုပ်ထားသော အင်္ကျီ ကို ဝတ်ဆင် ပေးရန် သုံးဦး ကော်မတီ က အတည်ပြု လိုက်ကြ၏ ။ ဘောင်းဘီ ကို မူကား တက်ထရက် ဘောင်းဘီ အပြာရောင်ကလေး ကို ဝတ်ဆင် ပေးရန် ကန့်ကွက်သူ မရှိဘဲ တစ်ကြိမ်တည်း နှင့် အောင်မြင်စွာ ရွေးချယ် ပေး နိုင်ခဲ့ကြ၏ ။ နိုင်လွန်ခြေအိတ် အနီကလေး ကို လည်း သား ၏ ခြေ အစုံ တွင် စွပ် ပေး ကြသည် ။ ဦးထုပ် ရွေးချယ်ရာ တွင် လည်း ပြဿနာ ပေါ်သည် ။ ဒေါ်နွဲ့နွဲ့ က ကြောင်ခေါင်း ဦးထုပ်ချွန်ကလေး ကို ကြိုက်၏ ။ လဲ့လဲ့ က အပြာရောင် ဦးထုပ်ချွန်ကလေး ကို သဘော ကျ၏ ။ ဤ ဦးထုပ် ကို ဆောင်း ပေး မှ ဘောင်းဘီ အပြာရောင်နှင့် လည်း ဟပ်မိမည် ဟု လည်း ဆို၏ ။ အတန်ကြာ အငြင်းအခုံ ဖြစ် နေကြပြီး မှ သွဲ့သွဲ့ ၏ ဆန္ဒမဲ ကို ပါ ရရှိသွား သဖြင့် လဲ့လဲ့ က နိုင် သွားသည် ။
ထို့နောက် သား အတွက် သူ တို့ စိတ်တိုင်း ကျ အထူး ပြုလုပ် ထားသည့်ပတ္တမြားလက်စွပ်ကလေးတစ်ကွင်း နှင့် ရွှေသား လက်ပတ်နာရီကလေး တို့ ကို သား ၏ လက် တွင် ဝတ်ဆင် ပေးကြ၏ ။ သွဲ့သွဲ့ က စားပွဲ ပေါ် ရှိ ဘတ်ကြိုး တစ်ကုံး ကို သား ၏ လည်ပင်း တွင် ဝတ်ဆင် ပေး၏ ။ လဲ့လဲ့ က လည်း ရွှေဒင်္ဂါး တစ်ပြား တပ်ဆင်ထား သည့် ရွှေသံကြိုး တစ်ကုံး ကို ယူပြီး သား အား ဝတ်ဆင်ပေး ပြန်သည် ။ သည်တွင် ဒေါ်နွဲ့နွဲ့ က လည်း သား အတွက် အဆောင်ပစ္စည်း ထည့် ထားသော ရွှေကြုတ်ငယ် တစ်ခု ၊ တွဲရရွဲ ချိတ်ထားသည့် အုန်းဆံလိပ်ရွှေကြိုး တစ်ကုံးကို ထပ်ဆင့် ဝတ်ဆင် ပေး လိုက် ပြန်သည် ။
“ ဓာတ်ပုံ ရိုက်ကြတာ က ကိစ္စ မရှိပါဘူး ၊ သားသား လည်ပင်း များ နာ နေပါဦးမယ် ”
ကလေး အား ရွှေထည်တွေ ဤမျှ ဝတ်ဆင် ပေးကြသည် ကို မနှစ်မြို့ သဖြင့် ကိုဘသင်း က စကား တစ်ခွန်း ဝင် ပြောလိုက်၏ ။ သို့သော် ကိုဘသင်း ၏ တစ်ခွန်း တည်းသော စကား သည် နား ခြောက်ဖက် ရှိသည့် အနက် မည်သည့် နား အတွင်း သို့ မျှ ဝင်ခွင့် ရ ဟန် မတူချေ ။ အရှိန်မပျက် ဆက်လက် မောင်းနှင်မြဲ သာ မောင်းနှင် နေကြ၏ ။
သား အတွက် ပြီးပြန်သော အခါတွင် ကား သူတို့ ညီအစ်မ သုံးဦး အတွက် ဆင်ကြ ပြင်ကြ ပြန်၏ ။ သို့နှင့် လမ်းမီးများ ထွန်းညှိချိန် ညနေ ခြောက်နာရီခွဲ တိတိ တွင် မှ ဓာတ်ပုံဆိုင် သို့ ထွက်ခွာရန် အသင့် ဖြစ် ကြသည် ။
“ မိုးချယ်ရီ မှာ ပဲ ရိုက်မယ် နော် ၊ မမနွဲ့ ပြောတဲ့ လှဆန်းယဉ် ကို မကြိုက်ဘူး ၊ မီး ညံ့တယ် ”
ထွက်ခွာခါနီး တွင် သွဲ့သွဲ့ က ဝမ်နင် ပေး လိုက်၏ ။
“ ကြည့်စမ်းပါဦး ကို ရဲ့ ၊ ကို့ သား ကို ၊ မလှဘူးလားလို့ ”
သွဲ့သွဲ့ က သား ကို မြောက်ချီ ၍ ပြရင်း ကိုဘသင်း အား ပြော၏ ။ ကိုဘသင်း က ရွှေကြိုးသုံးကုံး နှင့် ကသိကအောက် ဖြစ်နေ ရှာသော သား အား မချိပြုံး ပြုံး၍ ကြည့် လျက် သွဲ့သွဲ့ ကို ပြန် ပြောလိုက်သည် ။
“ လှပါသဗျာ ... လှရုံတင် မကဘူး ၊ ဒီလောက်တောင် ဘယက် ဒွါဒရာ များ လွန်းတော့ ပွဲထဲ က နတ် မာတလိ လို အလွန်တရာ ခံ့ညား ထယ်ဝါ လှပါသတဲ့ ဗျာ ... ကဲ လမ်းမီးများ လည်း ထွန်းညှိစ ပြုပြီမို့ အချိန် နာရီ စေ့ ရောက်ပါပေါ့ ၊ မိုးချယ်ရီ ဓာတ်ပုံနန်း ဆီ သို့ ကြွမြန်းတော်မူကြပါတော့ ဗျား ”
သွဲ့သွဲ့ တို့ အားလုံး ထွက်ခွာ သွားကြ၍ မိမိ တစ်ယောက် တည်း အိမ်တွင် ကျန်ရစ်သော အခါ ကိုဘသင်း သည် ‘ ဟင်း ’ ကနဲ သက်ပြင်း ရှည်ကြီး တစ်ချက် ချမိ ရှာ လေသည် ။
( ၄ )
“ သားသား က ဓာတ်ပုံ ထဲ မှာ ကျတော့ အပြင် ထက်တောင် ဝ နေ သလိုပဲ ကိုရေ့ ၊ ရော့ ... ရော့ ... ကြည့်စမ်းပါဦး ”
ဆိုင် မှ ဓာတ်ပုံ ရွေး လာလျှင် လာချင်း သွဲ့သွဲ့ က ကိုဘသင်း အား ပြ၏ ။ ဒေါ်နွဲ့နွဲ့ ရော လဲ့လဲ့ ပါ ဓာတ်ပုံ အနီး သို့ ဝိုင်း လာကြသည် ။ ဝမ်းသာအားရ ပင် ကိုဘသင်း က သား ၏ ဓါတ်ပုံ ကို ယူ၍ ကြည့်လိုက်၏ ။
“ ဟေ ”
အံ့ဩမှု ကို မမျိုသိပ်နိုင်တော့ သော ကိုဘသ င်း၏ နှုတ်ဖျား မှ အာမေဋိတ် တစ်လုံး လွတ်ကျ လာသည် ။
“ သားသား ရဲ့ သနပ်ခါး ပါးကွက်တွေ နှာယောင်တွေ က ဘယ် ရောက်ကုန်တာလဲ သွဲ့ ရဲ့”
“ ဪ .... ကို ကလည်း ဓာတ်ပုံဆိုင် ရောက်တော့ တမင် မျက်နှာ သစ်ပြီး ဖျက် ပေး လိုက်တာ ”
ကိုဘသင်း ၏ မျက်နှာ သည် ပြုံးယောင် ပြုံးတုံ ဖြစ်လာ၏ ။
“ ဓာတ်ပုံ က ဒီလို ရိုက်တာပဲလား သွဲ့ ရာ ”
“ အိုး ခြောက်လသားလေး ကို ဓာတ်ပုံ ရိုက်တာပဲ ၊ ဒီလို မရိုက်လို့ ဘယ်လို ရိုက်ရဦးမှာလဲ ကို ရဲ့ ”
ကိုဘသင်း သည် သား ၏ ဓာတ်ပုံ ကို သေချာစွာ ကြည့် လိုက်၏ ။
ဓာတ်ပုံ ထဲ ၌ သားသား သည် ပိတ်နှီး အခင်း တစ်ခု ပေါ်တွင် ဝမ်းလျား မှောက်လျက် ရှိ၏ ။ အပြစ် ကင်းစင်သော မျက်နှာ ဖြင့် မော့၍ ပြုံး နေသည် ။
သား ၏ မျက်နှာ က အပြစ် ကင်းစင် သလို သား ၏ တစ်ကိုယ်လုံး တွင် လည်း ပကာသန မြူ ကင်းစင် နေသည် ။ သား ၏ ငယ်ထိပ် မှ သည် ခြေဖျား အထိ ကိုယ်ပေါ် တွင် ရွှေ ဟူ၍လည်း တစ်ရွေး သား မျှ မရှိ ၊ အဝတ် ဆို ၍ လည်း ချည်မျှင် တစ်မျှင် မှ ကပ်ငြိခြင်း မရှိပေ ။ ပကတိ အမိ ဝမ်း မှ ကျွတ်စ သဖွယ် သန့်ရှင်း လွတ်လပ်သော ကိုယ်လုံးကလေး နှင့် မှောက် နေသည် ။ သား ၏ ဖြူဝင်းသော ဝဝစိုစို ကိုယ်လုံးလေး သည် ချစ်ချင့်စဖွယ် ကောင်းလှ၏ ။
ကိုဘသင်း သည် ဓာတ်ပုံ ရိုက် ရန် သွားမည့် နေ့ ညီအစ်မ သုံးဦး တို့ တရုန်းရုန်း အလုပ် များနေကြပုံ ကို ပြန်လည် မြင်ယောင် မိ ပြန်၏ ။
“ ဟား ဟား ဟား ဟား ”
ကိုဘသင်း က သား ဓါတ်ပုံ ကို ကိုင်လျက် ဟက်ဟက်ပက်ပက် ရယ်မော လိုက်မိသည် ။ ဒေါ်နွဲ့နွဲ့တို့ က မူ ကိုဘသင်း ရယ်မောရ ခြင်း ၏ အကြောင်းရင်း ကို နားလည်ကြ ဟန် မတူပေ ။
“ အောင်မလေး ဟဲ့ ဖြစ်နေ လိုက်တာ ၊ ကိုယ့် သား ဓာတ်ပုံများ ဒီလောက်တောင် သဘောကျ နေရတယ်လို့ ၊ လူစိမ်းတွေ များ မြင် သွားမှ ဖြင့် ရှက်စရာကြီး ၊ မောင်ဘသင်း တို့ က တော့ လေ တက တည်း သည်း ကို သည်းတယ် ”
ဒေါ်နွဲ့နွဲ့ က ရှုံ့မဲ့ ၍ ပြောသည် ။ ထို့နောက် ကိုဘသင်း အား ညီအစ်မ သုံးယောက် စလုံး က ပြိုင်တူ မျက်စောင်း ထိုး လိုက်ကြလေသည် ။
◾ မြတ်သင်း
📖 ငွေတာရီ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၇၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment