❝ တုပ်ကွေး ဖူးစာ ❞
( ဤ ဝတ္ထု ဖြင့် ဝါကျွတ်ပွဲတော်ကြီး ကို တင်ကူး ၍ ကြိုဆို လိုက်ပါ၏ )
ယခုနှစ် နိုင်တီး ဖစ် ( ဖ် ) တီ ဆဲဗင်း ကို ဖလူးဆော့ ( ဖ် ) သီယီယား ( တုပ်ကွေး နှစ် ) ဟု ဆိုလျှင် မှားမည် မဟုတ်ပေ ။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံ မှာ လည်း တုပ်ကွေး ... ၊ သည့်ပြင် နိုင်ငံတွေ မှာ လည်း တုပ်ကွေး နှင့် တကွေး တည်း ကွေးနေ သော ကြောင့် ပင် ။
ကျွန်တော် တို့ ၏ ဗလာ ရန်ကုန်မြို့တော်ကြီး အဲလေ ယောင်လို့ ၊ မဟာ ရန်ကုန်မြို့တော်ကြီး ၌ဆိုလျှင် လည်း မိုးဦးကျပြီး ကတည်း က တုပ်ကွေးရောဂါတွေ အနမတဂ္ဂ မပေါ်ပေါက် ခဲ့ကြ၏ ။ ဟို အိမ် မှာ လည်း တုပ်ကွေး ဖြစ် သည် အိမ် မှာ လည်း တုပ်ကွေး ဖြစ် ၊ ဖဆပလ အဖွဲ့ဝင်တွေ မှာလည်း တုပ်ကွေးဖြစ် ၊ ပ - မ - ည - တ အဖွဲ့ဝင်တွေ လည်း တုပ်ကွေး ဖြစ် ၊ နောက်ဆုံးတော့ ဘောလုံးသမားများ နှင့် ကျောင်းသားတွေ ကို ပင် တုပ်ကွေး ဖြစ် နှင့် ဗိုလ်တုပ်ကွေး သည် မည်သူ့ မျှ ချမ်းသာ မပေးခဲ့ပေ ။
အဲ ... အဲ တစ်ခုတော့ ရှိသည် ။ ဝန်ကြီးချုပ် ဦးနု နှင့် အခြား ဝန်ကြီး တွေ ကို တော့ ယနေ့ အထိ တုပ်ကွေး သည်ဟု မကြားမိသေး ပေ ။
ဘာကြောင့်နည်း ... ဗိုလ်ကုပ်ကွေး သည် ဝန်ကြီးချုပ် ဦးနု ၏ စိပ်ပုတီး ကို ကြောက်၍ လော ... သို့မဟုတ် ဝန်ကြီးများ နေထိုင်ကြသော သံဆူးကြိုး ဝင်းခြံ နှင့် ဘော်ဒီဂတ် တို့ ၏ ဘရင်းဂန်း ကို ရွံ့ကြောက်ခြင်း ဖြစ်၍ လော ဟူ၍ ကျွန်တော် သည် အမျိုးမျိုး စဉ်းစား တွေးတော နေမိ၏ ။
တုပ်ကွေး ဤမျှ ခေတ်စား နေရခြင်း အတွက်လည်း လက်သည် တရားခံ ကို ရှာဖွေရမည် ဆိုလျှင် သူတို့ ကိုယ် သူတို့ စတုတ္ထ မဏ္ဍိုင်ကြီး ဟူ၍ ကင်ပွန်း တပ် ထားကြသည့် ပရက် ( စ် ) မင်း ( သတင်းစာဆရာ ) တွေ သည် တစ် တရားခံများ ဖြစ်ကြ ပေသည် ။
သူတို့ သည် သတင်းဆန်းတွေ ကို မရကြဘဲ နေ့စဉ် နှင့် အမျှ လင်ကွာ ၊ မယားကွာ သတင်းတွေ ၊ ကာမသောင်းကျန်းမှု သတင်းတွေ ၊ ပျူစောထီး တို့ ၏ လူသတ်ဝါဒ ကျင့်သုံး နေကြသည့် သတင်းတွေ နှင့် တိုင်းပြည် ၏ ဘဏ္ဍာတော်ကြီး ကို ကိုယ့် အမေ့လင် ပစ္စည်း ကဲ့သို့ သဘော ထားကာ ခြစား နေ ကြသည့် သတင်းတွေ ကို သာလျှင် ထပ် တလဲလဲ ဖော်ပြ နေကြရ သဖြင့် ကြာ တော့ သူတို့ သည် ငြီးငွေ့ လာပုံ ရ ကြသည် ။
ထို့ကြောင့် သူတို့ သည် တော်ပါလျက် နှင့် မြို့မိ ၊ မြို့ဖများ မြှောက်စား ချီးမြှင့်ခြင်း ကို မခံစားရဘဲ တိမ်မြှုပ် နေရသည့် ရုပ်ရှင်မင်းသမီးကလေး တစ်ဦး ကို တိုင်းပြည် တွင် ဟိုးဟိုး ကျော်ကြားအောင် မြေတောင် မြှောက် ကာ ပေးလိုက်သည့် နည်းတူ ယခု တုပ်ကွေး တည်း ဟူသော အညတြ ရောဂါ ကလေး တစ်ခု ကိုလည်း သူတို့ သည် တိုင်းပြည် တွင် သာမက ကမ္ဘာ အနှံ့အပြား သို့ ဟော်ဟော်ကျိုး ဟိုးဟိုးကျော် အောင် လုပ်ဆောင် ပေးလိုက် သဖြင့် တုပ်ကွေး သည် မင်းသား ဇေယျကြီး ကဲ့သို့ ခေတ်စား ကာ နေ လေသည် ။
ထို အကြောင်း တို့ ကြောင့် ယခင့် ယခင် က နာမည်ကြီး ရောဂါများ ဖြစ်ခဲ့ကြသော တီဘီ ခေါ် အဆုတ်နာ ရောဂါ ၊ ဗီဒီ ခေါ် ကာလသား ရောဂါ ... မလေးရီးယားခေါ် ငှက်ဖျားရောဂါ စသည့် နာမည်ကြီး ရောဂါ တွေ မှာ ခေတ် မြှုပ် ကာ သွားခဲ့ပြီး နောက် တုပ်ကွေး သာလျှင် နာမည် ကြီး နေလေသည် ။
ထို့ပြင် ဖျားနာ ၍ နေကြသော သူများ အား မေး လိုက်လျှင် မည်သည့် အဖျား ဖြင့် ဖျား နေကြသည်ဖြစ်စေ ' တုပ်ကွေးဖြစ်လို့ ' ဟူ၍ သာလျှင် ရင်ကော့ ကာ အဖြေ ပေးကြတော့၏ ။
သည်လို ဖြေ လိုက်ရသည်ကို သူတို့ ၏ စိတ် ထဲ တွင် အာရှဖောင်ဒေးရှင်း မှ ဒေါ်လာ ငွေ တွေ ကို ရ လိုက်သည့် အလား အတော်ပင် အရသာ တွေ့ သွားကြပုံ ပေါ်လေသည် ။ လူတိုင်း လူတိုင်း သည် ဝေဒနာ ဖြစ်လျှင် တုပ်ကွေး ပဲ ဖြစ်လို ကြသည် ။ ဖဆပလ အမတ်မှ ဝန်ကြီး ဖြစ်နိုင် သလို တုပ်ကွေး ဖြစ်မှ ခေတ်မီ နိုင်သည် ဟူ၍ ထင်မှတ် နေကြ လေသည် ။
ယခင်က လမ်း တွင် တစ်ဦး နှင့် တစ်ဦး တွေ့ ကြလျှင် ယဉ်ကျေးမှု ထုံးစံအရ ' မာကြနဲ့နော် ' ( သို့မဟုတ် ) ‘ နေလို့ ထိုင်လို့ ကောင်းကြရဲ့နော် ’ ဟူ၍ နှုတ်ဆက် ကြ၏ ။
အဲ ... ယခု တုပ်ကွေးခေတ် တွင်မူ ထို နှုတ်ဆက်နည်း ဖြင့် မနှုတ်ဆက် ကြတော့ပေ ။ ထို နှုတ်ဆက်နည်း မှာ ခေတ် မမီတော့ ။
ထို နှုတ်ဆက်နည်း အစား ... “ ဘယ်နှယ့် ... ခင်ဗျားတို့ အိမ်သားတွေ တုပ်ကွေး ... ကွေးပြီးကြပလား ” ဟူ၍ ခေတ်မီစွာ ဖြင့် ပြောင်းလဲကာ နှုတ်ဆက် ကြလေသည် ။
အဲသည် အထိ လူတို့ သည် တုပ်ကွေး အား အရေးပေး ခဲ့ကြလေသည် ။ အမှန်မတော့ မြန်မာ့ဆေးကျမ်း အရ ပြောရမည် ဆိုလျှင် စိတ္တဇ ... အဟာရနာ ... ဥတုနာ စသည့် အနာ သုံးပါး အနက် ယခု ဖြစ်ပေါ်နေသော တုပ်ကွေး သည် ဥတု နာ သက်သက် သာ လျှင် ဖြစ်ပေသည် ။
ယခုနှစ် သာ မဟုတ် ၊ ကျွန်တော် တို့ ၏ မဟာရန်ကုန်မြို့တော်ကြီး တွင် ယခု လို မိုးဦးလေဦးကလေးများ ကျလာပြီ ဆို လျှင် လူတိုင်း လူတိုင်း ဖဆပလ ရော ၊ ပမညတ ရော ၊ တစ်သီးပုဂ္ဂလ ရော ဖျားကြ နာကြသည် မှာ ဓမ္မတာ ပင် ဖြစ်ပါသည် ။
သို့သော် ယမန် နှစ် များ က တော့ ကြမ်းပိုး ကို လိပ် ဖြစ်အောင် ပမညတ ကို ဖဆပလ အဖွဲ့ကြီး ဖြစ်အောင် ချဲ့ထွင် ရေးသားနိုင်စွမ်း ရှိသည့် စတုတ္ထ မဏ္ဍိုင် သတင်းစာဆရာကြီးများ က တုပ်ကွေး ကို တိုင်းပြည် တွင် ပေါ်ပြူလာ ( ကာတွန်းစာအုပ် အမည် မဟုတ်ပါ ) ဖြစ်အောင် ဖော်ထုတ် ပေးခဲ့ခြင်း မပြု သေး သဖြင့် မည်သူမျှ ခံစားကြရသော ဝေဒနာ ကို တုပ်ကွေး ဟူ၍ မပြောကြ ပေ ။ ပြောရန် လည်း သတိ မရကြ ။ ရိုးရိုး အအေး မိ၍ ဖျားသည့် အဖျား သာလျှင် သာမည အောက်မေ့ ကာ ထား လိုက်ကြ လေသည် ။
ဟော ... ယခုနှစ် တော့ သည်လို မဟုတ်ကြတော့ပေ ။ သောက်သောက်လဲ ဖျားလိုက် ၊ နာလိုက် ကြသည့် တုပ်ကွေးဖျား တွေ မှာ မြို့ ပျက်တော့ မည့် အတိုင်း ဖြစ်သွား ခဲ့လေသည် ။
ဪ ... စာရှုသူမိတ်ဆွေ လည်း ကျွန်တော် ၏ တုပ်ကွေး လက်ချာ ရှည်ကြီး ကြောင့် တော်တော်ပင် စိတ်ဝင်စားစွာ ဖြင့် ဖတ်၍ ငိုက် နေ ပေရော့ မည် ။
ထို့ကြောင့် ကျွန်တော် သည် တုပ်ကွေးလက်ချာ ကို ဤတွင် လိုက်ကာ ချ ဇာတ်သိမ်း လိုက်ပါပြီ ။
ကျွန်တော် ထိုသို့ လေရှည်ကြီး ဖြင့် လက်ချာ ရိုက်နေရသည် မှာ လည်း အခြား ကြောင့် မဟုတ်ပေ ။ ကျွန်တော် ယခု တင်ပြမည့် ဝတ္ထုဇာတ်လမ်း နှင့် သက်ဆိုင် နေသောကြောင့် ဖြစ်ပေသည် ။
ကဲ ... ကဲ ... အောက် ဖော်ပြပါ ဝတ္ထုဇာတ်လမ်းကလေး ကို ဆက်လက် ဖတ်ရှုပါတော့ ခင်ဗျား ။
••••• ••••• •••••
အောင်ဒင် သည် အစိုးရရုံး မှ အထက်တန်းစာရေး တစ်ဦး ဖြစ်သည် ။ အသက် မှာ နှစ်ဆယ့်ခုနစ်နှစ် ကျော် ခန့် ရှိလေပြီ ၊ ကိုယ်လုံးကိုယ်ထည် မှာ တော့ မနိမ့်မမြင့် မဆူမကြုံ ဖြစ်၍ ရုပ်ရည် မှာ မူ အသားဖြူ သဖြင့် တရုတ်ဆင် ဖြစ်နေပါသည် ။ ( ကု,လားဆင် မဟုတ်ဘူးဗျ နော် ) သူသည် အသက် အားဖြင့် သုံးဆယ် နား နီးနေသော်လည်း ယနေ့ အထိ အိမ်ထောင်ရက်သား မပြုရသေးပေ ။ အင် အံမယ် ... မိတ်ဆွေ သည်လို ရေး လိုက်လို့ အောင်ဒင် ကို အလျင်စလို မချီးကျူး ပါ နှင့် ဦး ။
သူ ယခု ကဲ့သို့ အိမ်ထောင် မပြုသေးဘဲ နေခြင်း မှာ “ ဃရာဝါသ ... ကိစ္စ များမြောင် လူတို့ ဘောင် ကို ” စိတ်ရှုပ် ၍ လည်း မဟုတ် ။
“ အိမ်ထောင်မှု ၊ ဘုရားတည် ၊ ဆေးမင်ရည် စုတ်ထိုး ၊ ထို ၃ ချက် မပိုင် လျှင် နောင် ပြင်ရန် ခက်လိမ့်အမျိုး ” ဟူသော ဦးပုည ၏ ကဗျာကလေး ကဲ့သို့ အိမ်ထောင် ပြုခြင်း ကို ရွံ့ကြောက် နေ၍လည်း မဟုတ်ပေ ။
တကယ် ဆိုတော့ သူ သည် လည်း လောကီသား ပေမို့ ခင်ဗျားတို့ ကျွန်တော် တို့ ၊ ညီမလေး တို့ ၊ မမကြီး တို့ ကဲ့သို့ အိမ်ထောင် ပြုလို ချင်ပေသည် ။ ( ဝါ ) ဘဝ ၏ ထာဝရ အဖော်မွန်ကလေး တစ်ဦး ကို သူ သည် အသေရရ အရှင်ရရ မလွတ်တမ်း လိုချင် နေသူ တစ်ဦး ဖြစ်ပေသည် ။
ထို့ကြောင့် သူ သည် လူပျိုပေါက် အရွယ် ... ရိုးရိုး နှင့် ရှင်းရှင်းရေး ရ မည် ဆိုလျှင် မိန်းမ နောက်ပိုး တတ်သည့် အရွယ် မှ စ၍ ( မ ) မြင် လျှင် အပျို သော ၊ အအို သော မရှောင် ဂေါ် ခဲ့လေသည် ။
သူ ဂေါ် ခဲ့သော မိန်းမများ ကို ရေတွက် ၍ ပြ ရလျှင် သူ ၏ ယခု လက်ရှိ အသက် ထက် နှစ်ဆ ပင် ကျော် နေခဲ့လေပြီ ။ သို့သော် သူ သည် ယနေ့ ထက် ထိ မစွံခဲ့သေးပေ ။ မြင်းစကား နှင့် ရေး ရလျှင် လူပျိုကြီး ဘဝမှ ယနေ့တိုင် သူ သည် မေဒင် မပြုတ်နိုင်သေးပေ ။
သူ မို့ မိန်းမ တစ်ဦး ကို ပိုး ရန် မချိန်လိုက် နှင့် ၊ ချိန်လိုက်သည် နှင့် တစ်ပြိုင်တည်း ထို မိန်းမပျို သည် အခြား လူ တစ်ဦး နှင့် စွံ ၍ သွားတတ်သည် သာပင် ။
ထို့ကြောင့် သူ ၏ အကြောင်းသိ ရောင်းရင်းများ က “ ခေတ်မီသူတိုင်း ပင်လယ်ငါးစားသည် ” ဟူသော မုတ္တကွ ၊ အယ် ဟုတ်ပါဘူး ၊ မုတ္တမ ကုမ္ပဏီ၏ ကြော်ငြာဆန်းကလေး ကို ဖျက် ၍ “ အောင်ဒင် ချိန်သည့် အပျိုတိုင်း လင်ရ သွားကြသည် ” ဟူ၍ သာ သူ့ အား ဝိုင်းဝန်း ကာ နောက်ကြ ပြောင်ကြ လေ သည် ။
ထိုအကြောင်း တို့ ကြောင့် အောင်ဒင် သည် အိမ်ထောင် မပြုနိုင်သေးဘဲ လူပျိုကြီး ဘဝ ဖြင့် တစ်ကိုယ်တည်း နေထိုင် နေရခြင်း ဖြစ်ပေသည် ။
ထိုသို့ ဂေါ်မစွံ ဖြစ်၍ နေ သော်လည်း အောင်ဒင် သည် သူ ၏ ဂေါ် လုပ်ငန်း ကို မစွန့်လွှတ်ခဲ့ပေ ။ ပြည်တော်သာ စီမံကိန်း ဖြင့် လုပ်ငန်းများ ကို မအောင် မြင် သော ကြောင့် လေးနှစ် စီမံကိန်း ဟူ၍ အသစ် တစ်ဖန် ပြန်လည် ရေးဆွဲ ကာ လုပ်ငန်းများ ကို လုပ်ဆောင် နေရသော ဖဆပလ အစိုးရအဖွဲ့ကြီး ကဲ့ သို့ အောင်ဒင် မှာ လည်း သူ ၏ ဂေါ်လုပ်ငန်း ကို နှစ်ရှည် စီမံကိန်း ချ၍ အသစ်တစ်ဖန် ပြုပြင် ၍ ဂေါ်မြဲ ဂေါ် နေပေသည် ။
သူ ယခု ဂေါ် နေသော မိန်းမပျို ကား အခြား ရုံး မှ မဟုတ်ပေ ။ လွန်ခဲ့ သော လ မှ စ၍ လက်နှိပ်စက်စာရေးမ အဖြစ် ဖြင့် ဝင်ရောက် လုပ်ကိုင် နေသည့် ချိုချို အမည် ရှိ မြာအနှိပ်ကလေး ဖြစ်ပေသည် ။ ချိုချို သည် အသက် အားဖြင့် တစ်ဆယ့်ရှစ်နှစ် ကျော် ခန့် သာ ရှိဦးမည် ။
အောင်ဒင် သည် ချိုချို အား အလုပ် ဝင်ရောက် ခဲ့သော နေ့ မှ စ၍ အစွမ်း ကုန် ဂေါ် နေလေတော့သည် ။
သို့သော် ချိုချို က မူ အောင်ဒင် အား ဖုတ်လေသည့် ငပိ ရှိသည် ဟု ပင် မမှတ်ခဲပေ ။ ဒါကလည်း တကယ် ဆိုဘော့ မဆန်းပေ ။ အဘယ်ကြောင့် ဆိုသော် လက်နှိပ်စက်စာရေးမကလေး က အောင်ဒင် ကဲ့သို့ သူမ ထက် တစ်ဆင့် မျှ သာ လျှင် ကြီးပြီး အခ အားဖြင့် လည်း ခြောက်ဆယ် သာ သာ လျှင် ပိုသည့် အထက်တန်းစာရေး ကို ဘယ် မှန်း လိမ့် မည်နည်း ။ အနည်းဆုံး သူမ သည် ရုံးအုပ် လောက် ကို သာ လျှင် မှန်းကြပေမည် ။ ဒါကတော့ ပြည်တော်သာ စာရေးမ တိုင်း ၏ ဆန္ဒ ပင် ဖြစ်ကြ လေသည် ။ ( ငြင်းချင်ကြသေးလား အမိ တို့ ) သို့သော် သို့သော် ... ကျွန်တော် တို့ ၏ ဂေါ်ရေး ဘုရင် ဗိုလ်အောင်ဒင် မှာ မူ ကား အလျှော့ ပေးခြင်း မရှိဘဲ သောက်ရှက် နည်းစွာ ဖြင့် ဂေါ် မြဲ ဂေါ် နေလေ သည် ။
တစ်နေ့သော အခါ ရုံး ဆင်းခါနီး ၌ အောင်ဒင် သည် သူငယ်ချင်း ဖြစ်သူ ပေါတာသန်းထွန်း ၏ မြှောက်ပေးချက် အရ ထို စာရေးမချောကလေး ချိုချို ၏ လွယ်အိတ် ထဲ သို့ သူမ ၏ အလစ် တွင် ချစ်စာလွှာကလေး တစ်စောင် ကို ထည့် ၍ ပေး လိုက်သည် ။
ထို့ကြောင့် နောက်တစ်နေ့ နံနက် ရုံး မတက်မီ အချိန် တွင် အောင်ဒင် အား ချိုချို က လက်နှစ်ဖက် ကို ခါး ထောက်၍ မျက်နှာ မှ လည်း ပျူစောထီး ဗိုလ်ကြီး ၏ မျက်နှာပေါက်မျိုး ဖြင့် ခပ်ဆတ်ဆတ်ကလေး မေး လိုက် လေ သည် ။
“ ဒီမှာ ရှင် မနေ့ က ကျွန်မ လွယ်အိတ်ထဲ ဘာ ထည့်ပေးလိုက်တာလဲ ”
ရုတ်တရက် လာ၍ ကောက်ကာငင်ကာ မေး လိုက်သော ချိုချို ၏ အမေး ကြောင့် ပထမ သော် အောင်ဒင် မှာ အနည်းငယ် ထိတ်လန့် သွားမိလေ သည် ။ သို့သော် နောက်တွင် မူ သူ ၏ ဝသီ အတိုင်း မျက်နှာ ကို စပ်ဖြဲဖြဲကြီး ထား ၍ ...
“ စာ လေဗျာ ... စာ ပေါ့ ။ တကယ်လို့ လဒ ဖြစ်နေရင် လည်း ရယ်စရာ သောင်းခြောက်ထောင် ဆီ ပို့ လိုက်ပေါ့ ”
အောင်ဒင် သည် ပြောင်ချော်ချော် ဖြင့် နောက် လိုက် လေသည် ။
“ ရှင် အခု မှ ပြောင်ချော်ချော် နဲ့ ရယ်စရာ လုပ် မနေနဲ့ ။ ကျွန်မ က အတည် မေးနေတာ ”
အောင်ဒင် မည်မျှပင် ပြောင်ချော်ချော် လုပ် နေသော်လည်း စာရေးမကလေး ချိုချို က မူ ခပ်တည်တည် ဖြင့် မျက်နှာ ကို ထား ကာ ပြော လိုက်လေ သည် ။
“ ဗျာ ... ကျွန်တော် က လည်း အတည် ပြောနေတာပဲ ။ ရယ်စရာ လုပ်တယ်လို့ ခင်ဗျား က ပြော ရအောင် ကျွန်တော်ဟာ လူရွှင်တော် ဖိုးပါကြီး မှ မဟုတ်ပဲဗျ ”
အောင်ဒင် က လည်း အလျှော့ မပေးဘဲ ပြောင်ချော်ချော် လုပ်မြဲ လုပ် နေလေသည် ။
“ ရှင် ဟာ ပြောလေ ကဲလေ ဖြစ်နေပြီ ... လူ ကို ကြည့်ပြီး စကား ပြောပါရှင် ”
“ နို့ ... ကျွန်တော် က ကော မျက်စိ စုံမှိတ် ပြီး ပြော နေလို့လား ။ အထူး သဖြင့် ခင်ဗျား လို မိန်းမချောကလေး နဲ့ စကား ပြော နေရရင် ပိုပြီးတော့ တောင် ဂရု စိုက်ပြီး ကြည့်မိ သေးတယ် ၊ အဟီး ...”
“ ဒီမှာ ရှင့် ၊ ရှင့် ကို ကျွန် မက လူလို သူလို မေး နေတာ ကို ရှင် က ပမာမခန့် နဲ့ လုပ်မနေပါနဲ့ ... ။ ကျွန်မ ကို ဘယ်လို မိန်းမစားမျိုး ထဲ က မှတ်နေ လို့လဲ ”
ချိုချို သည် အောင်ဒင် ၏ ပြက်ချော်ချော် စကား ကြောင့် ပိုမို ၍ ဒေါသ ဖြစ် လာ ကာ တစ်ကိုယ်လုံး အသားများ ပင် ဆတ်ဆတ် တုန် နေ လေသည် ။
“ ခင်ဗျား ကို လား အဲ ... အဲနေပါဦး ... မိန်းမ အပြား လေးပါး ထဲမှာ ဆိုရင် ခင်ဗျား ဟာ နံပါတ်ဝမ်းဖက် ( စ် ) ကလပ် ... ပဒုမ္မနီ အစား ထဲ က ဖြစ် မှာပေါ့ ဟုတ်တယ် မဟုတ်လား ...”
အောင်ဒင် သည် ချိုချို က သူ့ အား စိတ်ဆိုး နေသည် ကို တွေ့ရ လေ သဘော ကျ လေ ဖြစ်နေ သဖြင့် စိတ် ပို ၍ မဆိုး လျှင် ဆိုး အောင် နောက် နေ လေ သည် ။
“ ဒီမှာ ရှင် ဟာ ယောက်ျား မို့ လား ဟင် ”
“ အေးလေဗျာ ... ယောက်ျား မို့ ပုဆိုး ဝတ် ထား တာပေါ့ ။ နေပါဦး ... ဒီကနေ့ ကျုပ် ဝတ်လာတဲ့ ပုဆိုး ဟာ ထဘီဆင်ကြီးများ ဖြစ်နေရော့ လား ”
အောင်ဒင် သည် ပြောပြောဆိုဆို နှင့် သူ ၏ ပုဆိုး ကို ငုံ့ ၍ ဟိုကြည့် ဒီကြည့် နှင့် ဖိုးပါကြီး စတိုင်မျိုး လုပ် နေလေသည် ။
“ ရှင် ဟာ ယောက်ျား ဆိုရင် ယောက်ျား ပီပီ ကိုယ့် အပြစ် ကိုယ် ဝန်ခံ ရဲ ရမယ် သိလား ... ခုတော့ ရှင် ဟာ ယောက်ျား မဟုတ် သလိုပဲ ပြက်ချော်ချော် လုပ်နေလို့ ပြောတာရှင့် .. ”
“ ဪ ... ဒီလိုလား ... ဟုတ်တယ် ၊ ခင်ဗျား လွယ်အိတ် ထဲ မှာ ကျွန်တော် ဟာ မနေ့ က စာ ထည့် မိတယ် ။ အဲဒီလို ထည့် မိရတဲ့ အကြောင်း ရင်း က တော့ ယောက်ျား ပီပီ ဝန်ခံရမယ် ဆိုရင် ခင်ဗျား ကို ချစ်လို့ ၊ ကြိုက်လို့ ၊ စုံမက် လို့ ၊ မြတ်နိုးလို့ ပဲ ဗျ သိရဲ့လား ”
အောင်ဒင် ၏ စကား အဆုံးတွင် ချိုချို သည် ထွီခနဲ တံတွေး ထွေး ကာ ချာခနဲ လှည့် ထွက်သွားလေသည် ။
အောင်ဒင် သည် ဆောင့်ကြီး အောင့်ကြီး ဖြင့် သူ ၏ အပါးမှ လှည့်ထွက် သွားသည့် ချိုချို အား နောက် မှ နေ ၍ သဘော ကျစွာ ကြည့် လိုက်ပြီး နောက် “ ဒီ သူငယ်မ အရွယ်လှတော့ တယ် မာနကြီးတယ်နော် ” ဟူ၍ မြကြီး သီဆို လေ့ ရှိသော တေးသီချင်း ကို ချိုချို ကြား အောင် သံနေသံထားဖြင့် အကျယ် ကြီး အော် ကာ သီဆို လိုက်လေသတည်း ။
••••• ••••• •••••
ထိုနေ့မှ စ၍ ချိုချို သည် အောင်ဒင် အား မြင်တွေ့ တိုင်း နှုတ်ခမ်းကြီး ကို ဝက်ဖင် ကဲ့သို့ စူ ၍သာ ထား လေသည် ။
တစ်နေ့ ညနေ ရုံးဆင်း ခါ နီး တွင် မိုး သည် တစ်နေ့လုံး နေသာ ခဲ့ရာ မှ ဗြူးခနဲ သဲမဲ စွာ ဖြင့် ရွာချ လိုက်လေသည် ။ ထို့ကြောင့် နံနက်ပိုင်း မိုးလေဝသ ကို ကြည့်၍ ထီး ကို မယူဆောင်ခဲ့ မိကြသော စာရေးများ နှင့် စာရေးမ တို့ မှာ အကြီးအကျယ် ချောက်ကျ နေတော့၏ ။ ထို အထဲ တွင် ချိုချို လည်း ပါ ခဲ့ လေသည် ။
အောင်ဒင် သည် ရုံး ဆင်း၍ ဆယ်မိနစ်ခန့် ကြာ မှ သူ ၏ ထီး ကို ကိုင် ၍ ရုံး အောက် သို့ ဆင်းခဲ့ လေသည် ။
အောက်သို့ ရောက်လျှင် ရုံး လှေကားရင်း ၌ တစ်ကိုယ်တည်း မိုး ကို ကြည့် ၍ စိတ်ပျက်စွာ ဖြင့် ရပ် နေသော ချိုချို ကို သူ သည် တွေ့ မြင်လိုက်ရလျှင် ...
“ ဪ ... ထီး ပါမလာလို့ မပြန်နိုင်သေးဘူး ထင်တယ် ”
အောင်ဒင် သည် ဤ အကြိမ်တွင် တော့ ပြောင်ချော်ချော် မလုပ်တော့ပေ ။ သူ ၏ တစ်သက် တွင် ပထမဆုံး အကြိမ် မျက်နှာ ကို တည်နိုင် သမျှ တည် အောင် ထားကာ မေး လိုက်လေသည် ။
သို့သော် မအေ မွေး ကတည်း က မျက်နှာပိုး မသေခဲ့ သော သူ ၏ မျက်နှာ ကို ထိုသို့ တည်အောင် ထား လိုက်ကာမှ ချိုချို အား တမင် ပြောင် ပြ သလို ဖြစ် နေ လေတော့သည် ။
“ ရှင် လူ ကို လာပြီး နောက် မနေနဲ့နော် ... ဒါပဲ ”
ချိုချို သည် အောင်ဒင် လာ ၍ နောက်ပြောင် နေသည် မှတ် သဖြင့် ခပ် ဆတ်ဆတ်ကလေး ပြန်ပြော လိုက်လေသည် ။
“ မိုးကြိုး ပစ်ရပါစေရဲ့ ဗျာ .. ကျွန်တော် ခင်ဗျား ကို နောက် နေ တာ မဟုတ်ပါဘူး ။ အကူအညီ ပေးချင်လို့ မေး နေတာပါ ”
အောင်ဒင် က ဖြေရှင်း လိုက် လေသည် ။
“ အို ... မလိုချင်ဘူး ။ ရှင့် ဆီ က အကူအညီ ဆိုရင် ဘာ အကူအညီ မှ မလိုချင်ဘူး ။ ရှင့် ဟာ ရှင် ပြန် မှာ သာ ပြန်ပါ ”
“ ဒီလောက်တောင် လည်း ကျွန်တော့်ကို မုန်း မနေပါနဲ့ မချိုချို ရယ် ... ဟိုနေ့တုန်း က ခင်ဗျား ကို ကျွန်တော် နောက်ခဲ့ ပြောင်ခဲ့တာတွေ ကို တောင်းပန် ပါတယ် ဗျာ .. ကျွန်တော့် ကို ခွင့်လွှတ်ပါနော် ”
အောင်ဒင် သည် သနားစဖွယ် မျက်နှာငယ်ကလေး ဖြင့် လုပ် ကာ ချိုချို အား တောင်းပန် နေလေသည် ။ သို့သော် သူ ၏ သနားစဖွယ် လုပ်၍ ထား သော မျက်နှာ ကို ကြည့်ရသည်မှာ ပွဲ ထဲ က လူပြက် က ပရိသတ်ကြီး ကို လွမ်းပြ နေသော အခါ ပွဲကြည့်ပရိသတ်ကြီး မှာ လူပြက် လွမ်းနေပုံ ကို သနားရမည့်အစား တဝါးဝါး နှင့် ပွဲကျကာ ရယ်မော နေကြရ သလို ယခု အောင်ဒင် ၏ မျက်နှာမှာ လည်း မြင်ရသူ ချိုချို အဖို့ သနားရမည့် အစား ရယ်စရာကြီး ဖြစ် ကာ နေ တော့၏ ။
ထို့ကြောင့် အင်မတန် မှ မျက်နှာထား တင်းမာလှသော ချိုချို သည်ပင် မောင်အောင်ဒင် ၏ မျက်နှာ ကို မြင်ရသော အခါ တွင် မရယ်မိအောင် အတော် ပင် ဣန္ဒြေ လုပ်ကာ ထားလိုက်ရလေသည်။
“ ဘုန်းကြီး ခေါင်း ခေါက်ပြီးမှ ကန်တော့ ဆိုတာနဲ့ ကျေရတော့မှာ လားရှင် ”
“ ဟာ .. ဟိုဟာက ဘုန်းကြီး ပဲ ၊ ခင်ဗျား က ဘုန်းကြီး မှ မဟုတ်တာ ၊ ကျေလိုက်ပါဗျာ ၊ လက်ဘိုင် ဂွန်း ဘီဘိုင်ဂွန်း လို့ သဘောထား လိုက်စမ်းပါ ”
“ အို ... မထားနိုင်ဘူး မထားနိုင်ဘူး ၊ ရှင့် ကို ကျွန်မ ဒီတစ်သက် မကျေဘူး မှတ်ပါ ။ ကဲ ... ဆက်ပြီး လျှာရှည် မနေနဲ့တော့ ကြွ မှာ သာ ကြွပေတော့ ”
“မဟုတ်သေးပါဘူး မချိုချို ရယ် ... ဒီ တစ်ခါတော့ ကျွန်တော့် စေတနာ ကို ယုံစမ်းပါ ။ ကျွန်တော် ခင်ဗျား ကို ညီမလေး အရင်း လို သဘော ထား ပြီး အကူအညီ ပေးချင်လို့ပါ ”
အောင်ဒင် သည် မည်မျှပင် ချိုချို ငြင်းဆန် ၍ နေ သော်လည်း ဇွတ်ပင် ပြောကာ နေလေသည်။
“ ရှင့် ဆီ က အကူအညီ ဆိုရင် ဘာမှ မယူဘူး လို့ ကျွန်မ ဘယ်နှခါ ပြောရမလဲ ”
“ ခင်ဗျား ကလည်း ဇွတ် ချည့်ပါပဲ .. ခင်ဗျား ဒီလို ခေါင်းမာ ပြီး မိုး အတိတ် ကို ရပ်စောင့် နေရင် .... အိမ်ပြန် မိုးချုပ် နေမှာပေါ့ဗျာ ”
“ ချုပ် ချုပ် ရှင် ... ရှင့် အပူ တစ်ပြားသား မရှိဘူး ... ကျွန်မ ဘာသာ ကျွန်မ မိုးချုပ်ရုံ မကလို့ နောက် တစ်နေ့ မနက် မိုးလင်း အထိပဲ စောင့်ရ စောင့်ရ ... စောင့်နေမှာပဲ၊ ရှင် နဲ့ တော့ တွဲပြီး မိုးရေထဲ မှာ ထီးဆောင်း မပြန် ချင်ဘူး .. ။ ရှင် က ကျွန်မ ကို အကူအညီ ပေးချင်တာ ထက် ကျွန်မ နဲ့ နှစ်ယောက် တည်း တွဲ ပြီး သွားရတာ ကို အရသာ ခံချင်လို့ မဟုတ်လား .. ဟင်း .. ဒီက ရှင့် ဉာဏ်တွေ နောကျေပြီးသား ရှင့် ၊ နောကျေပြီးသား ၊ ဒါမျိုးတွေ နဲ့ လာ လှိမ့်လို့ မရဘူး မှတ်လိုက်ပါ ”
ချိုချို ၏ စကား ကြောင့် အောင်ဒင် မှာ စအို ကို လှံ ဖြင့် အထိုး ခံ လိုက်ရ သလို တွန့်ခနဲ ဖြစ်သွားပြီး လျှင် ...
“ အာ .. အာ .. ဒီလို သဘောမျိုး နဲ့ ပြောတာ မဟုတ်ပါဘူးဗျာ ... ကျွန်တော် က သဘောရိုး နဲ့ ပြောတာပါ ။ ပြီးတော့ ကျွန်တော် နဲ့ လည်း တွဲပြီး ထီးဆောင်းဖို့ မလိုပါဘူး ၊ ခင်ဗျား ဘာသာ တစ်ယောက်တည်း သာ ဆောင်းသွား ပါ ”
ဟူ၍ ပျာယီးပျာယာ ပြန် ဖြေရှင်း လိုက်လေသည် ။
သို့သော် ချိုချို က မူ အောင်ဒင်၏ စကား ကို ဆက်လက်၍ နားထောင် မနေတော့ဘဲ မိုးရေ ထဲ သို့ ဇွတ်ပင် ထွက်ကာ ဆင်းသွား လေတော့ ၏ ။ ထို့ကြောင့် အောင်ဒင် မှာ သူ ၏ ထီး ကို ဖွင့် ၍ ချိုချို အား မိုး မစိုရ န် အပြေး အလွှား နောက် မှ လိုက် ကာ မိုး ပေး နေ ရတော့၏ ။
“ အို ... အို ... မချိုချို ... ဒီလို မိုးရေကြီး ထဲ မှာ ထီး မပါ ဘာ မပါ နဲ့ ပြန်လို့ ဘယ် ဖြစ်မလဲဗျာ .. တော်ကြာ တုပ်ကွေးတွေ ဘာတွေ ဖြစ် နေရင် မခက်ပါလား ။ ရော့ပါဗျာ .. ယူသွားစမ်းပါ ... ကျွန်တော် ထီး ကို ...”
အောင်ဒင် သည် အတင်းပင် လိုက်၍ ချိုချို အား ထီး ကို လိုက် ပေး နေလေသည် ။
“ မလိုချင်ပါဘူးလို့ ဆို နေမှပဲ ... ရှင့် ဟာ ရှင် သာ ဆောင်း ပြီး ပြန်ပေတော့ ”
ချိုချို သည် ဇွတ် ပင် ငြင်းဆန်ကာ အောင်ဒင် က မိုး မစိုစေရန် မိုး ပေး နေသော ထီး အောက် မှ အလွတ် ရုန်းကာ ပြေး လေသည် ။ အောင်ဒင် က စိတ် မလျှော့ဘဲ ချိုချို ပြေးရာ သို့ နောက် မှ လိုက်ကာ မလွတ်တမ်း ထီး ကို မိုး ပေး နေ၏ ။ ထို့ကြောင့် သူတို့ နှစ်ဦး ကြည့်ရသည် မှာ ရှင်လောင်း လှည့်နေ သလို လို ... မိုးရေထဲ တွင် စိန် ပြေးတမ်း ကစားနေ သလို လို နှင့် ဖြစ်ကာ အခြား မြင်ရသူတို့ အဖို့ ရယ်စရာကြီး ဖြစ် နေ လေတော့သည် ။
“ ဒီမှာ မချိုချို ... ရှိခိုးပါရဲ့ဗျာ ... ကျွန်တော့် ထီး ကို ယူသွား စမ်းပါ ၊ တော်ကြာ ခင်ဗျား ဖျားနာနေမှာ စိုးလို့ ကျွန်တော်က စေတနာ နဲ့ ပြောတာ ပါ ... ယုံပါဗျာ ... ယုံပါ ... အောင်မယ်လေးဗျ ”
ဤ နောက်ဆုံး စကား မှာ အောင်ဒင် ဘိုင်းခနဲ ချော်လဲ ကျ သွား သဖြင့် အောင်ဒင် ၏ နှုတ် မှ အလန့်တကြား ထွက်ပေါ် လာသော အာမေဋိတ် စကား ပင် ဖြစ်ပါသည် ။
ဖြစ်ရပုံမှာ ... အောင်ဒင် သည် ချိုချိုအား နောက် မှ အပြေးကလေး လိုက် ၍ ထီး ကို မိုး ပေး နေစဉ် လမ်းပေါ်၌ စည်းကမ်းမဲ့ စွာဖြင့် လွှင့်ပစ် ထား သော သရက်ခွံ ကို နင်းမိ ပြီး ချော်လဲ သွားခြင်းပင် ဖြစ်ပေသည် ။
အောင်ဒင် မှာ ခြေထောက် နှစ်ချောင်း မိုး ပေါ် သို့ ထောင် ကာ တော်တော် နှင့် မထနိုင် ဘဲ ဖြစ်နေ လေသည် ။ သူ ကိုင် ထားသော ထီး မှာ လည်း အဝေး သို့ ခြောက်ပေ ခန့် လွင့် ထွက်ကာ သွားလေသည် ။ ချိုချို မှာ လည်း ဤ အကြိမ် တွင် ဣန္ဒြေ ကို လုံးဝ မဆယ်ထား နိုင်တော့ဘဲ အောင်ဒင် ၏ ဖြစ် ပျက်ပုံကို တခစ်ခစ် ဖြင့် ကြည့်ကာ ရယ်မော နေလေတော့၏ ။
ချိုချို က သူ ၏ ဖြစ်ပျက်ပုံ ကို အူလှိုက်သည်းလှိုက် ရယ်မော ကာ နေ သော်လည်း အောင်ဒင် မှာ မူ စိတ် မဆိုးနိုင်ဘဲ လဲကျ နေရာမှ အားယူ ၍ ထ လိုက်ပြီးနောက် လွင့် သွားသော ထီး ကို လိုက်ကောက် နေလေသည် ။ ပြီး လျှင် ချိုချို ထံ သို့ ထော့နင်း ထော့နင်း နှင့် လျှောက်သွား ပြီး နောက် ... “ ကဲ .. ရော့ပါ မချိုချို ရယ် .. ကျွန်တော့် ကို ဒီလောက် နှိပ်စက်ရရင် ကျေနပ်ပါ တော့ဗျာ ” ဟူ၍ ပြော ကာ ထီး ကို ပေး လိုက် လေသည် ။
ဤ အကြိမ် တွင် မူ ချိုချို သည် ငြင်းဆန် ၍ မနေတော့ဘဲ ... အောင်ဒင် ပေးသော ထီး ကို ယူ၍ ထွက်ခွာ သွားလေသည် ။
ချိုချို က မငြင်းဆန်တော့ ဘဲ သူ ပေးသည့် ထီး ကို ယူ သွားသည့် အတွက် အောင်ဒင် သည် အလွန်ပင် ကျေနပ်ဝမ်းမြောက်ခြင်း ဖြစ်ကာ သူ ခံစား လိုက်ရသော ဝေဒနာတွေ ပင် တစ်မုဟုတ်ချင်း ပျောက်ကင်း သွားသည် ဟု ထင်မှတ် လိုက် မိသည် ။
အောင်ဒင် သည် ရွှံ့အလူးလူး ဖုတ်အလူးလူး ဖြစ် နေသော သူ ၏ အဝတ်အစားများ ကို မပြုပြင်နိုင်သေး ဘဲ မိုးရေ ထဲတွင် လက်နှစ်ဖက် ကို ခါး ထောက် ၍ အေးဆေးစွာ ရပ်ရင်း ချိုချို အား ကျေနပ်စွာ နောက် မှ နေ၍ ကြည့် နေ လေသည် ။
◾ကြူမွှေး
( ဒုတိယ ပိုင်း ဆက်ရန် )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment