❝ တရားမဲ့ သော ဘိုးသူတော် ❞
ဟို ရှေးရှေးတုန်း က ရွာ တစ်ရွာ ရဲ့ ဘုန်းကြီး ကျောင်း တစ်ကျောင်း မှာ အကျင့်သီလ နဲ့ အလွန် ပြည့်စုံတဲ့ ဘုန်းကြီး တစ်ပါး ရှိ သတဲ့ ။ အဲဒီ ဘုန်းကြီး နဲ့ အတူ ဘိုးသူတော် တစ်ပါး လည်း တရား ကျင့်ရင်း ဘုန်းကြီး ရဲ့ ကပ္ပိယ လုပ်နေတယ် တဲ့ ။ ဘုန်းတော်ကြီး ရဲ့ အဆုံးအမ ဩဝါဒ ကို ခံယူ နေတဲ့ သူ တစ်ဦး ဖြစ်တော့ ဘိုးသူတော် ဟာ ရတနာသုံးပါး ကို အင်မတန် ဆည်းကပ် ပူဇော် တဲ့ သူ တစ်ဦး ဖြစ်နေတာပေါ့ ။
ဘုန်ကြီးကျောင်း ရဲ့ အနီးအနား မှာ လည်း ပြောင်းခင်း တွေ ၊ ပဲခင်း တွေ အများကြီး ပဲ ရှိကြတယ် တဲ့ ။
ဆောင်းတွင်း မို့ ချမ်း လည်း ချမ်းတာ နဲ့ ည တိုင်း ဘုန်းကြီး နဲ့ ဘိုးသူတော် ဟာ မီးလှုံ လေ့ ရှိတယ် တဲ့ ။ အဲဒီလို မီးလှုံ ရင်း ဘုန်းကြီး က ဘိုးသူတော် ကို အမြဲ ဆုံးမ ပြီး တရား ဟောလေ့ ရှိတယ် ။ တစ်ည တော့ ဘုန်းကြီး ဟာ အိပ်ချင်တာ နဲ့ ကျောင်း ပေါ် ကို အစောကြီး တက် အိပ်တဲ့ အတွက် ဘိုးသူတော် တစ်ပါး တည်း မီးဖို မှာ မီးလှုံ ရင်း ကျန်ရစ်ခဲ့ တာပေါ့ ။
အဲဒီတော့ ဘိုးသူတော် က မီးလှုံရင်း ငယ်ငယ်တုန်း က အကြောင်းတွေ ကို ပြန်ပြီး တွေးမိ နေတာပေါ့ ။ သူ ငယ်ငယ်တုန်း က သူ့ အမေ က ရိုက်တာ တွေ ၊ ဘုန်းကြီး က သူ့ ကို ရိုက်တာ တွေ ၊ ပြီးတော့ ကျောင်းသား သူငယ်ချင်း တွေ ယာ ထဲ သွားပြီး ပြောင်းဖူး ချိုးစား ခဲ့တာတွေ ကို သတိရ လာ သတဲ့ ။ အခုလို ဆောင်း တွင်း မှာ ချမ်းချမ်း နဲ့ မီး လှုံရင်း ပြောင်းဖူး တို့ ၊ ထန်းပင်မြစ် တို့ ဖုတ် စား ခဲ့တာတွေ ကို ပါ သတိရ လာ တာပေါ့ ။
အဲဒီလို ငယ်ငယ် က အကြောင်းတွေ တွေး မိတော့ ကျောင်း အနီး မှာ ရှိတဲ့ ပြောင်းခင်း ထဲ က ပြောင်းဖူး တွေ ကို သတိရ သတဲ့ ။ “ ငါ ဆာ လည်း ဆာလှပြီ ။ အခုလို မီး ကောင်းကောင်း နဲ့ ပြောင်းဖူး တွေ ဖုတ်စား လိုက် ရရင် သိပ် ကောင်းမှာပဲ ” လို့ သူ တွေး သတဲ့ ။
ဒါနဲ့ ဘိုးသူတော် ဟာ ပြောင်းခင်း ထဲ သွားပြီး ပြောင်းဖူး တွေ ချိုးယူ ခဲ့ သတဲ့ ။ ကျောင်း ကို ပြန် ရောက် လာတော့ ဆာဆာ နဲ့ စားလိုက်မဟဲ့ လို့ တွေးပြီး ပြောင်းဖူးတွေ ကို အခွံ ခွာပြီး ကြည့် တာပေါ့ ။ သူ ချိုးလာ ခဲ့ တဲ့ ပြောင်းဖူးတွေ အားလုံး ဟာ တစ်ဖူး မှ အောင်အောင်မြင်မြင် မရှိဘူး တဲ့ ။ ဒါကြောင့် ဘိုးသူတော် ဟာ ပြောင်းခင်း ထဲ နောက် တစ်ခေါက် သွားပြီး ချိုးယူ ပြန်သတဲ့ ။ အဲဒီ ပြောင်းဖူးတွေ ဟာ လည်း တစ်ဖူး မှ မကောင်းဘူး တဲ့ ။ အဲဒါနဲ့ နောက် တစ်ခေါက် သွား ပြီး ချိုး ပြန်တယ် ။ ဒါပေမယ့် သူ ချိုး လာ သမျှ ပြောင်းဖူးတွေ ဟာ တစ်ဖူး မှ မကောင်းဘူး တဲ့ ။ ဒါကြောင့် ဘိုးသူတော် က သိပ် စိတ်ဆိုးပြီး ပြောင်းပင် ထံ သွား မေး သတဲ့ ။
“ အဆွေ ... ပြောင်းပင် ကျွန်ုပ် ဟာ အလွန် ဆာလောင် မွတ်သိပ် လွန်း လို့ သင့် ထံ မှ ပြောင်းဖူးများ ကို စားဖို့ ချိုးယူ ခဲ့ ပါတယ် ။ ဒါပေမယ့် ... တစ်ဖူး မှ မကောင်းပါ ။ ဘာဖြစ်လို့ ပြောင်းဖူးတွေ ဟာ မအောင်ရတာလဲ ” လို့ မေး တာပေါ့ ။
အဲဒီတော့ ပြောင်းပင် က ...
“ ဘိုးသူတော် ... အခုလို ပြောင်းဖူး မအောင်ရတာ ကျွန်ုပ် ရဲ့ အပြစ် မဟုတ်ပါ ။ မြေဩဇာ အင်မတန် ညံ့ဖျင်း လွန်း လို့ ဖြစ်ပါတယ် ” လို့ ပြန် ပြော သတဲ့ ။
ဒါနဲ့ ဘိုးသူတော် ဟာ မြေစောင့်နတ်မင်း ထံ သွားပြီး ပြော ပြန်တာပေါ့ ။
“ အဆွေ ... မြေစောင့်နတ်မင်း ... ဘာဖြစ်လို့ မြေဩဇာ ညံ့ ရသလဲ ။ မြေဩဇာ ညံ့ တဲ့ အတွက် သစ်ပင်သီးနှံများ ပင် အောင်အောင်မြင်မြင် မဖြစ်ထွန်းတော့ပါ ။ ကျွန်ုပ် ပြောင်းဖူး စားချင်လို့ ပြောင်းခင်း က ပြောင်းဖူးတွေ ချိုးယူ ခဲ့တာ အစေ့ မအောင်လို့ တစ်ဖူး မျှ မစားခဲ့ရပါ ” လို့ ပြော သတဲ့ ။
အဲဒီတော့ မြေစောင့်နတ်မင်း က ...
“ ဘိုးသူတော် အခု သင် ပြောင်းဖူး မစားရတာ ပြောင်းဖူး မအောင်လို့ ဖြစ် ပါတယ် ။ပြောင်းဖူး မအောင်တာ ဟာ မြေဩဇာ ညံ့ လို့ ဆိုတာ လည်း မှန်ပါတယ် ။ ဒါပေမယ့် အခုလို မြေဆီ မြေဥ ခန်းခြောက်ပြီး မြေဩဇာ ညံ့ ရတာ ဟာ ကျွန်ုပ် အပြစ် မဟုတ်ပါ ။ မိုး မှန်အောင် မရွာ တဲ့ အတွက် ကြောင့် သာ ဖြစ်ပါတယ် ” လို့ ပြန်ပြော သတဲ့ ။
နောက် ဘိုးသူတော် ဟာ မြေစောင့်နတ်မင်း ထံ မှ တစ်ဆင့် မိုးနတ်သား ထံ သွား ပြန် တာပေါ့ ။
“ အဆွေ မိုးနတ်သား ။ သင် အဘယ်ကြောင့် မိုး မှန်အောင် မရွာပါ သလဲ ။ မိုး မမှန်တဲ့ အတွက် မြေဩဇာများ ညံ့ဖျင်း နေပါတယ် ။ မြေဩဇာ ညံ့ဖျင်း တဲ့ အတွက် သစ်ပင်သီးနှံများမှာ အောင်အောင်မြင်မြင် မဖြစ်ကြတော့ပါ ။ ကျွန်ုပ် ကိုယ်တိုင် ပြောင်းဖူး စားချင် လို့ ပြောင်းခင်း ထဲ မှ ပြောင်းဖူးတွေ ချိုးယူ ခဲ့တာ အစေ့ မအောင်လို့ တစ်ဖူး မျှ မစားရပါ ။ အဲဒါ မိုး မမှန်တဲ့ အတွက် ဖြစ်ပါတယ် ” လို့ မိုးနတ်သား ကို ဘိုးသူတော် က ပြောပြန် သတဲ့ ။
မိုးနတ်သား က “ အသင် ဘိုးသူတော် သင် ပြောင်းဖူး သွား ချိုးတယ် ဆိုတာ ပိုင်ရှင် ထံ ခွင့် ပန်ပြီး ချိုး ခဲ့တာ ဟုတ်ကဲ့လား ” လို့ မေး သတဲ့ ။
အဲဒီတော့ ဘိုးသူတော် က“ စားရန် အတွက် အနည်းငယ် သာ လိုချင်တာ မို့ ပိုင်ရှင် ထံ မတောင်းတော့ ဘဲ ကျွန်ုပ် ဘာသာ ချိုးယူ ခဲ့ ပါတယ် ” လို့ ပြောတယ် တဲ့ ။
“ ဘိုးသူတော် သင့် လို အကျင့်သီလ နဲ့ ပြည့်စုံရမည့် သူ တစ်ယောက် က မှ တရား မစောင့်ဘဲ ပြောင်းခင်း ထဲ မှ ပြောင်းဖူး ကို ပိုင်ရှင် မသိ အောင် ခိုးယူ စားသောက် ခဲ့တယ် ဆိုရင် ဘယ်လို လူမျိုး က တရား စောင့်ပါဦးတော့ မလဲ ။ တရား စောင့်သင့် သူ တွေ က မှ တရား မစောင့် ခဲ့ ရင် ဘယ်တော့ မိုး မှန်ပါ့မလဲ ။ မိုး မမှန်ခဲ့ရင် ဘယ်မှာ မြေဩဇာ ကောင်းပါတော့ မလဲ ။ မြေဩဇာ မကောင်းရင် ဘယ်မှာ အသီးအနှံတွေ အောင်မြင်ပါတော့ မလဲ ။ သင် ဟာ သင့် အပြစ် ကို တော့ သင် မမြင် ။ သူ တစ်ပါး ရဲ့ အပြစ် ကို သာ မြင် တတ်တယ် ။ အခု လည်း ပြောင်းဖူး မအောင် တာ ပြောင်းပင် အပြစ် လည်း မဟုတ် ။ မြေစောင့်နတ် ၏ အပြစ် လည်း မဟုတ် ၊ ကျွန်ုပ် ၏ အပြစ် လည်း မဟုတ် ။ အကျင့်သီလ နှင့် ပြည့်စုံပြီး သူတော်ကောင်း တစ်ယောက် ဖြစ် ရမည့် သင့် ကိုယ်တိုင် က တရား ပျက် ခဲ့ခြင်း ကြောင့် သာ မိုးလေဝသ မမှန်ဘဲ မြေဆီ ၊ မြေဥများ ခန်းခြောက် ကုန် ရ ခြင်းသာ ဖြစ်ပါတယ် ” လို့ မိုးနတ်သား က ဘိုးသူတော် ကို ပြန်ပြော သတဲ့ ။
အဲဒီတော့ မှ ဘိုးသူတော် ဟာ သူ့ ကိုယ် သူ သတိ ရပြီး ရှက်ရှက်နဲ့ သူ့ နေရာ ကို ပြန် ပြေး သွားတယ် တဲ့ ။
ဒါကြောင့်မို့ “ သူတော်ကောင်းတွေ တရား မပျက် မှ မိုးလေဝသ မှန်တယ် ။ သူတို့ အကျင့်ဖောက်ပြား လို့ တရား ပျက် ခဲ့ရင် မိုးလေဝသ မမှန်တော့ဘူး ” လို့ လူကြီးသူမ တွေ က ပြောခဲ့တာပေါ့ ။
◾မောင်ထွေးလေး
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၆ ၊ ဇူလိုင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment