Sunday, June 18, 2023

ဘိလပ်ပြန် တောသား


 

❝ ဘိလပ်ပြန် တောသား ❞

အဲသည် နေ့ က ဒဏ္ဍာရီ တစ်ခု ထဲ အလည် ရောက်ခဲ့ရ သလို ကျွန်တော် ခံစား ခဲ့ ရတယ် ။

ချောင်းရိုး လျှိုမြောင် တောင်ပေါ် လမ်းကလေး အတိုင်း ကျွန်တော် တို့ တစ်တွေ လျှောက်လှမ်း လာ ချိန် မှာ ရာ နဲ့ ချီ တဲ့ လိပ်ပြာ လို အကောင်ကလေးတွေ က တောင်ပံ တဖျပ်ဖျပ် ခတ် ရင်း ကျွန်တော် တို့ အနား မှာ ဝေ့ကာ ဝဲကာ ပျံနေ ပါသည် ။ သူတို့ အတောင်ပံ တွေ က ပန်းနုရောင် ၊ အနီရင့်ရင့် ၊ ရွှေဝါရောင် အရောင်စုံ မို့ လေ ထဲမှာ ပန်းပွင့်လေးတွေ လွင့်ပျံ နေ သလိုပါပဲ ။ ပျံ နေတဲ့ ရောင်စုံ တောင်ပံတွေ ကြား မှာ စာရေးဆရာမ တွေ ဖြစ်တဲ့ ဂျူး ၊ ခက်မာ ၊ တူးတူးသာ ၊ စုမီအောင် ၊  အေးမြကျော် တို့ က ဒဏ္ဍာရီ ထဲ က နတ်မိမယ်တွေ လို တောပန်း တောင်ပန်း ကလေးတွေ ကို ကြည်ကြည်နူးနူး လိုက် ကြည့် နေ ကြသည် ။ ကျွန်တော် တို့ အုပ်စု က သဘာဝ ပတ်ဝန်းကျင် ပညာရပ် ကို လေ့လာ ဖို့ ပုပ္ပား တောင်မကြီး ပေါ် ရောက် နေ ကြ တာပါ ။ အဲသည် အချိန် က လိပ်ပြာ နဲ့ ဖလံ ကို ပင် ကျွန်တော် ခွဲခြား မသိ သေးပါ ဘူး ။ လေပြည် ထဲ မှာ ပန်းရနံ့ က သင်းပျံ့ပျံ့ မွှေး နေတယ် ။ တစ်ခါတစ်ခါ သစ်ပင် မြင့် ထက် က ပန်းပွင့်ကလေးတွေ ကြွေကျ ပြီး လေ ထဲ မှာ လွင့်ပျံ လာတယ် ။ လက်ကောက်ဝတ် လောက် တုတ် တဲ့ နွယ်ကြီးတွေ က မြေပြင် နဲ့ ပင်မြင့် ယှက်နွယ် သွယ်တန်း နေ ပါတယ် ။ မျောက်တွေ က နွယ်တန်း မှာ ဟီးလေး ခို စီးလို့ ။

နွေဦး နေ့လယ်ခင်း ပေမယ့် နေရောင် မထိုးဘူး ။ နေခြည်နုနု သာ သစ်ရွက်ကြို သစ်ရွက်ကြား က ဖြာကျ နေ ပါတယ် ။ ပုပ္ပားတောင်မကြား ပေါ် မှာ သစ်ရိပ် တောင်ရိပ် ကြောင့် အေးစိမ့် လို့ ၊ ဥသြငှက် ၊ ဖိုးခေါင်ငှက် တွေ သစ်ပင်ထိပ်ဖျား မှာ ဟိုသည် ကူး ပြီး တွန်ကျူး နေ ပါတယ် ။ ပတ်ပတ်လည် အသံစနစ် ( Dolby ) တပ်ဆင် ထားတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံ ထဲ မှာ ရောက် နေ သလိုပါပဲ ။

သည်လို သာယာ လှပတဲ့ ပုပ္ပားတောင်ကြီး ဟာ တစ်ချိန် ချိန် က တောင်ကတုံး ဖြစ်ခဲ့ ဖူး ပါတယ် ။ ပုပ္ပားမောင် ၊ တောင်ကတုံး ကို သျှောင် ထုံး ခဲ့ သူ တွေ ထဲ မှာ ဦးအုန်း ( ယခု ၇၉ နှစ် ) ထိပ်ဆုံး က ပါ ခဲ့တယ် ၊ ဦးအုန်း ဟာ ဗြိတိန်နိုင်ငံ က သစ်တောပညာ သင်ယူ ဘွဲ့ ရရှိ ခဲ့ ပြီး ၁၉၈၂ ခုနှစ် မှ ၁၉၈၆ ခုနှစ် အတွင်း ပုပ္ပားတောင် ဥယျာဉ် ကို တည်ထောင် တယ် ။ သစ်တောဌာန ညွှန်ကြားရေးမှူး အဖြစ် က သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ( FREDA ) မှာ အထွေထွေ အတွင်းရေးမှူး တာဝန် ကို ထမ်းဆောင် နေတယ် ။

သဘာဝပညာ လေ့လာ တဲ့ ကျွန်တော် တို့ အုပ်စု ကို ပုပ္ပားဒေသ မှာ လေ့လာ နိုင်ဖို့ ဦးအုန်း က စီစဉ်ပြီး အကူအညီ ပေးခဲ့တာပါ ။

တစ်ရက် မှာ ပုပ္ပားတောင်ကြီး ကို လာ တဲ့ ကျွန်တော် တို့ အဖွဲ့ သစ်တောရိပ်သာ မှာ ညစာ မစားခင် ထိုင် နေခိုက် ဦးအုန်း လည်း ရောက် လာတယ် ။ ဦးအုန်း နဲ့ အတူ သူ့ ဇနီး ဒေါ်ခင်မြ နှင့် မြေးမလေး မသူဇာ လည်း ပါ လာသည် ။ ဦးအုန်း က ဒီ မိန်းမ ကံကောင်း လို့ ကျွန်တော် နဲ့ ရ တာဗျ ။ ကျွန်တော် ဘိလပ် က ပြန် လာ ရ လို့ ၊ မပြန်ဘဲ ဘိလပ် မှာ ကျွန်တော် ဆက် နေရင် ဘိုမ နဲ့ ရ မှာဗျ ဆိုပြီး ဟက်ဟက်ပက်ပက် ရယ် တယ် ၊ ဘိလပ် မှာ သစ်တောပညာ သွား သင်စဉ် က ကမောက်ကမ ဖြစ်ရပ်တွေ ကို ပြော ပြရင်း သူ က ရယ်တယ် ။ နားထောင် တဲ့ ကျွန်တော် တို့ အဖွဲ့သားတွေ လည်း ပျော်ကြရတာပါပဲ ။

ဦးအုန်း ပြော ပြတဲ့ သူ့ ဘဝ တစ်စိတ် တစ်ပိုင်း က ယခု လို ပါ ။

    •••••   •••••   •••••

ကျွန်တော့် ဘိုးကြီး က ဦးဖိုးကြယ် တဲ့ ... မန္တလေး ဂေါဝိန် ဆိပ်ကမ်း မှာ လှည်း အစီး တစ်ရာ ၊ နှစ်ရာ ထောင် ထား တဲ့ လှည်းခေါင်းကြီး ပေါ့ ။ ကုန်တွေ ကို လှည်း နဲ့ သယ် ပေးတာ ။ အဲသည်တုန်း က တရုတ်ပြည် က ပိုးကုန်သည် တွေ က မြင်းတွေ နဲ့ ပိုးထည်တွေ သယ် ပြီး မန္တလေး လာ ရောင်း တယ် ။ ဗန်းမော် က တစ်ဆင့် လာ တာ ။ ယူနန်တွေ ပေါ့ ။ ပိုးကုန်သည် သမီး က မရာထို တဲ့ ၊ အဲဒါကို ဘိုးကြီး က ကြိုက် တယ် ။ ပိုး တဲ့ အခါ ကျ တော့ ဘိုးကြီး က တော်ပုံ ရတယ် ။ ဟန်ကျ ရော ။ ယောက္ခမ က ဘယ် သဘော တူ မှာလဲ ။ ဒါနဲ့ ခိုးပြေး ရော ။ ဘိုးကြီး က လှည်း တွေ ရော ၊ နွား တွေ ရော အကုန် ရောင်းချ ပြီး စစ်ကိုင်း နဲ့ ငါးမိုင် လောက် ဝေးတဲ့ မန်ကျည်းစင်ရွာ ကို ရှောင်ပြေး ကြတယ် ။ တိုက်တွေ ဘာတွေ တည်ပြီး နေကြ တာ ပေါ့ ။

ဘိုးကြီးတို့ က ကျွန်တော့် အဘိုး ဦးစက်မြ ကို မွေးတယ် ။ ဦးစက်မြ က ဗမာ အမျိုးသမီး ဒေါ်မိ နဲ့ အိမ်ထောင် ကျ ပြီး ကျွန်တော့် အမေ ဒေါ်နှင်းရီ ကို မွေးတယ် ။ ကျွန်တော့် မိဘ မျိုးရိုး က တော်တော် ချမ်းသာ တာ ။ စိန် တို့ ၊ မြ တို့ ၊ ရွှေ တို့ ပေါ့ ရှိတယ် ။ အဖေ က မြေဧက ငါးရာ ၊ အဘွား က မြေဧက ငါးရာ ရှိတော့ တော်တော် အဆင် ပြေ တာပေါ့ ။ စပါး ထွက်တယ် ။ ကြက်သွန် ၊ ငရုတ် ၊ ဂျုံ ၊ ကုလားပဲ ၊ ပဲနီလေး က အစ နှမ်း ၊ မြေပဲ ၊ ဝါ ရတယ် ။ ဂိုထောင်တွေ ဘာတွေ နဲ့ ထား ရတယ် ။

အဖေ က အမြင် ကျယ်တော့ ငါ့ သား ၊ မင်း က ပညာ နဲ့ အကျိုး ပေးမယ် ။ ကျောင်း နေ ပါ တဲ့ ၊ ကျောင်း နေ ရင်း အိမ် အလုပ် တွေ တော့ လုပ် လိုက် ရတာ ။ အမယ်လေး ရေခပ် ၊ တံမြက်စည်း လှဲ ၊ သစ်ပင် တွေ ရေလောင်း ။ ဂျုံ တို့ ၊ ပဲ တို့ ဂိုထောင် လာ သွင်း ရတာ တန်ရာ တန်ကြေး လည်း ပေးတယ် ။ သူများ ငါးမူး ဆို ကျွန်တော် လည်း ငါးမူး ပေါ့ ။ အလုပ် ကို ကျွမ်းကျင် အောင် ခိုင်း တာ ။ ကျွန်တော် က ငါ ဟာ သား အရင်း မှ ဟုတ်ရဲ့ လား ။ မွေးစား သလား မသိဘူး တွေးမိသေးတယ် ။ နောက် မှ အဖေ ၊ အမေ တို့ ကို ကျေးဇူး တင်တယ် ။ သူတို့ သည်လို ခိုင်း ခဲ့လို့ ကိုယ် က မပျင်းမရိ အလုပ် လုပ် တတ် တာ ။

လေးတန်း အောင် တော့ စစ်ကိုင်းကျောင်း မှာ စပါယ်ရှယ် ကလပ်စ် ဆိုတာ သွား တက်တယ် ။ ကျွန်တော်တို့ ရွာ နဲ့ စစ်ကိုင်း က ငါးမိုင် လောက် ဝေးတယ် ။ စက်ဘီး နဲ့ ကျောင်း တက် ရတာ ။ စက်ဘီး တောင် အကောင်းစား မဟုတ်ဘူး ။ စီး ဖြစ် ရုံ ဝယ် ပေးတာ ။ ချည်လုံချည် ဝတ် ၊ ခုံဖိနပ် စီးပြီး ကျောင်း တက် ခဲ့ ရတာ ။ အဖေ က အစားအသောက် အနေအထိုင် သိပ် စည်းကမ်း ကြီးတယ် ။ အင်မတန် ကျေးဇူး တင် ပါတယ် ။ ကျွန်တော့် အမေ က မီးဖို ထဲ ဘာထဲ ဝင် ၊ မျက်ခမ်းစပ် ဘာစပ် ဆိုတော့ အမေ့ ကို သနား တာ နဲ့ ကူ လုပ်တယ် ။ မနက် ၅းဝဝ နာရီ လောက် ကျွန်တော် အိပ်ရာ ထ ၊ ကျောင်း မသွား ခင် မီးဖို ထဲ ဝင် ဆွမ်းချက် ရတယ် ။ ညီတွေ ၊ နှမတွေ ကို ခူးခပ် ကျွေး ပြီး မှ ကျောင်း သွား ရတယ် ။

အင်္ဂလိပ်ကျောင်း စပါယ်ရှယ် ကလပ် မှာ ကျောင်း တက်တော့ ကျန်တဲ့ ဘာသာတွေ ကျွန်တော် အမှတ် ၉၀/၁၀၀ ရတယ် ။ အင်္ဂလိပ်စာ တော့ မဟန် ဘူး ။ တော က ကောင် ကိုး ၊ လေးတန်း အောင် မှ အေဘီစီ မြင်ဖူးတာ ၊ ဘယ် နိပ် မှာလဲ ။ လေးတန်း အောင် လာ ပေမယ့် ငါးတန်း မတက်ဘူး ။ လေးတန်း ပဲ ပြန် နေ ရ တယ် ။ စာ တော့ ကျေ တာပေါ့ ။

စစ် မဖြစ်ခင် မှာ ခြောက်တန်း အထိ ရောက် ခဲ့တယ် ။ စစ် ဖြစ် လာတော့ ကျောင်း မတက်ရ တော့ဘူး ။ အဖေ က ဂျပန်စာ သင် ခိုင်းတယ် ။ အဖေ က အမြော်အမြင် တော်တော် ရှိတယ် ။ Language ဆိုတာ တတ် ရမယ် လို့ သိတယ် ။ ဂျပန် နဲ့  မြန်မာ က သဒ္ဒါ ဖွဲ့စည်းပုံ တူ တော့ သုံးလေးလ နဲ့ ကျွန်တော် တော်တော် တတ် လာတယ် ။ အဖေ့ အတွက် စကားပြန် လုပ် ပေး ရတယ် ။

အဖေ က သူကြီး ။ အဖေ့ အုပ်ချုပ်မှု အောက် မှာ သူကြီး တစ်ပိုင် ရွာ လေး ငါး ရွာ ရှိသည် ။ မန်ကျည်းစင် ၊ တင်းတိတ် ၊ ဖျောက်ဆိပ်ကုန်း စသဖြင့် ပေါ့ ။ ဂျပန် စစ်တပ် က လက်သမား ၂ဝဝ လို ချင်တယ်လို့ ဆင့် တယ် ။ ကျွန်တော် က အိမ်ခြေ ကိုးရာ ရှိတဲ့ ရွာ ၊ လက်သမား ၂ဝ ရ ရင် ကံကောင်းတယ် ပြော တော့ ဂျပန်စစ်သား က ကျွန်တော့် ကို ပါးရိုက် နားရိုက် လုပ်တယ် ။ အဖေ က လည်း မခံဘူး ။ ဂျပန် ဂျင်နရယ်ကြီး ဆီ တန်း သွားပြီး ပြောတယ် ။ ကျွန်တော် တို့ က ခင်ဗျား တို့ ကို ကူ နေ တာ ။ ဘာလို့ သည်လို လုပ်ရတာလဲ ပေါ့ ။ ဂျင်နရယ်ကြီး က လည်း တော်တယ် ။ ကျွန်တော်တို့ ရှေ့ မှာ ပဲ ဟိုကောင် ကို စုတ်ပြတ် သွားအောင် တီး ပစ်ပြီး အင်ဖာ ပို့ ပစ်တယ် ။ ကျွန်တော် တို့ ကျေနပ်အောင် သကြားအိတ်တွေ ၊ စီးကရက်တွေ လက်ဆောင် ပေး တယ် ။ ကျွန်တော့် စိတ် ထဲ မှာ တော့ ဂျပန် ဆိုရင် အတော် မကြည်ညိုချင် ဖြစ် သွားတယ် ။ ဘီအိုင်အေ တို့ ဘာတို့ နဲ့ ကျွန်တော် ဆက် တော့ တာပေါ့ ။

၁၉၄၅ ခုနှစ် ဂျပန် ပြေး ပြီးမှ ကျွန်တော် ကျောင်း ပြန် တက် ရတယ် ။ ၄၅ - ၄၆ မှာ ခုနစ်တန်း ၊ ၄၆ - ၄၇ မှာ ရှစ်တန်း ပေါ့ ။ သုံးနှစ် ပတ်လုံး ပညာ လစ်ဟင်းခဲ့ တော့ ၊ ကျွန်တော် တအား ကြိုးစားတယ် ။ ကြိုးစားတာ မြင် တော့ ကျွန်တော် တို့ ဆရာကြီး ဦးတိုးလူ က ကျွန်တော် နဲ့ သူငယ်ချင်း ( ဦး ) အေးဖေ ကို ဆယ်တန်း ဝင် ဖြေ ပါလား လို့ တိုက်တွန်း တယ် ။ ကြိုးစား ဖြေ တော့ စစ်ကိုင်း တစ်မြို့လုံး မှာ လေး ငါး ခြောက်ယောက် လောက် ပဲ အောင် တာ ၊ ကျွန်တော်တို့ နှစ်ယောက် ပါ ပါ သွားတယ် ။ ဆယ်တန်း မအောင်ခင်ကလေး မှာ အမေ ဆုံး ရှာတယ် ။

ရှစ်တန်းကောင် က ဆယ်တန်း တက် ဖြေပြီး အောင် တာ ၊ စာ မသိ ဘာ မသိ ဖြေတာ ဆိုတော့ ကောလိပ် မတက် ခင် မှာ အဒေါ့်  ယောက်ျား ဆယ်တန်း ဆရာကြီး ဦးထွန်းခင် ဆီ မှာ ဂျော်မတြီ တို့ ၊ ထရီဂိုနိုမယ်ထရီ တို့ ပြန် သင် တယ် ။ ၁၉၄၇ ခုနှစ် မှာ တက္ကသိုလ် သွားတယ် ။ ရှစ်တန်း က လာ ခဲ့တဲ့ ကောင် ဆို တော့ အရမ်း ကြိုးစား တယ် ။ အဲသည် နှစ် က မန္တလေး တက္ကသိုလ် မှာ ကျွန်တော် First ( ပထမ ) ရတယ် ။ အဲသည် အချိန် မှာ နည်းနည်းလေး တော့ ဘဝင် ကိုင် လာ တာပေါ့ ။ ရှစ်တန်း က တက် ဖြေတာ ၊ တက္ကသိုလ် မှာ ပထမ ရတယ်ပေါ့ ။

၄၉ ခု မှာ အင်တာ second year ( ဒုတိယနှစ် ) ဖြေတယ် ။ အောင်စာရင်း တော့ မထွက်သေးဘူး ။ တိုင်းပြည် က မငြိမ်းချမ်းတော့ဘူး ။ ရွာ ပြန် တော့ လည်း အိမ်တွေ က မီး လောင် လို့ ၊ အဖေ စုဆောင်း ထား တဲ့ စပါး တွေ ၊ ဂျုံ တွေ အားလုံး မီးလောင် ပြီး ပျက်စီး သွားတယ် ။ အဖေ့ ရည်ရွယ်ချက် က ကျွန်တော့် ကို ဘိလပ် ပို့ ပြီး ပညာ သင် ပေးမယ် ပေါ့ ။ ဆင်းရဲ သွားတော့ အဖေ က မျက်ရည် ကျ တယ် ။ ငါ့ သား ၊ မင်း ကို ကျောင်း ဆက် မထား နိုင် တော့ဘူး ။ အလုပ် တစ်ခု ခု ဝင် လုပ်ပါ တော့ တဲ့ ။

ကျွန်တော် က လည်း တက္ကသိုလ် ဆက် တက် ချင်တယ် ။ မန္တလေး ပိုက်ကျုံး မှာ နေတဲ့ ကြီးတော် ဒေါ်မှူး က စစ် အတွင်း မှာ ကျွန်တော် တို့ အိမ် လာ နေ ဖူးတယ် ။ သူ က ငါ့ အိမ် လာ နေ ငါ့ အိမ် လာ စားတဲ့ ။ ကျွန်တော် လည်း စက်ဘီး တစ်စင်း နဲ့ ကျောင်း ဆက် တက်တယ် ။ တက္ကသိုလ် က ဆရာကြီး ဦးနက် က ကျွန်တော့် ကို ကျောင်း နေ ဖို့ စာအုပ် တွေ ပေးတယ် ။ လုံချည် ဝယ် ပေးတယ် ။ ငွေ ပေး တယ် ။ သူ့ ကျေးဇူး ကို မမေ့ဘူး ။ သွား သွား ကန်တော့ တယ် ။ ကြီးတော် ရဲ့ အိမ် အလုပ် တွေ လည်း ကျွန်တော် ကူ လုပ် ပေးရတယ် ။ သစ်ပင်ခုတ် ၊ ထုံးသုတ် တာ ကအစ စနေ ၊ တနင်္ဂနွေ မှာ ကြွေး လိုက် တောင်း ပေး ရတာ အထိ ပေါ့ ။

ကျွန်တော် ကျောင်း မတက်ရ ၊ စာ မကျက်ရဘူး ။ အဖေ လည်း အဲသည် နှစ် မှာ ဆုံး ရှာတယ် ။ နှစ်လ သုံးလ ကျောင်း မတက် နိုင်ဘူး ။

ရှိတာလေး ရောင်းချပြီး ကျွန်တော် ကျောင်း ဆက် တက်တယ် ။ ၁၉၅၁ ခု မှာ ကျွန်တော် ဘီအက်စီ ဘွဲ့ ရတယ် ။ အောင်လက်မှတ် တောင် မရသေးဘူး စစ်ကိုင်း က ကျွန်တော် နေ ခဲ့တဲ့ ကျောင်း မှာ အထက်တန်းပြ ဆရာ ဝင် လုပ်တယ် ။ လခ က သုံးရာ မပြည့်ဘူး ။ ၂၉၅ ကျပ် လား ရတယ် ။ ငွေ က များ တယ် ။ စစ်ကိုင်းမြို့ ပေါ်  မှာ အိမ်ငှား နေ တယ် ။ မောင်နှမ လေးယောက် ရှိတာ အတူ ခေါ် ထားတယ် ။

တစ်နှစ် နဲ့ လေးလ ကျောင်းဆရာ လုပ်ပြီး ဘဝ တိုးတက် ဖို့ အစိုးရ ပညာတော်သင် လျှောက် တယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment