Wednesday, June 14, 2023

ရှင်သန်နေသူ


 

❝ ရှင်သန်နေသူ ❞

[  ဦးတင်ယု ( ယခု အသက် ၄၆ နှစ် ) ကို မြန်မာနိုင်ငံ မှာ စတိန်းလက်စတီး အသုံး တွင်ကျယ် လာ အောင် ဆောင်ရွက်ခဲ့သူ အဖြစ် အသိ များ ပါတယ် ။ မန္တလေး မဟာမုနိဘုရားကြီး ထီးတော် ၊ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ် ၊ ပျဉ်းမနား ခုတင် တစ်ထောင်ဆံ့ ဆေးရုံကြီး ၊ ရွှေမာလာ အဆင့်မြင့်အိမ်ရာ စတဲ့ လုပ်ငန်းကြီးတွေ မှာ သူ့ စတိန်းလက်စတီး လက်ရာတွေ ကို မြင်တွေ့ နိုင်တယ် ။

စတိန်းလက်စတီး နဲ့ ပတ်သက်တဲ့ သူ့ အမြင် ၊ သူ့ အတွေ့ အကြုံ တွေ ကို ဦးတင်ယု နဲ့ တွေ့ဆုံပြီး ကျွန်တော် မေးမြန်းတဲ့အခါ သူ က အခုလို ပြောပြပါတယ် ။ ]

•••••   •••••   •••••   •••••

စတိန်းလက်စတီး ပညာ လိုချင် လို့ စင်ကာပူ ကို ကျွန်တော် သွားတာ ၁၉၉၃ ခု က ၊ မြန်မာပြည် မှာ နေတုန်း က စတိန်းလက်စတီး နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ  ရှိခဲ့တယ် ။ တံခွန်တိုင် နို့ချက်စက်ရုံ ၊ ရေတာရှည်သကြားစက်ရုံ ၊ ဇေယျဝတီ မေ့ဆေးရည်စက်ရုံ တွေ ရဲ့ စတိန်းလက်စတီး ပိုင်း ကို ဩစတြေးလျား ၊ ဂျပန် ၊ ဂျာမနီ ပညာရှင်တွေ နဲ့ တွဲ ပြီး လုပ်ခဲ့ဖူးတယ် ။ စတီး ဂဟေ ဆော် တဲ့ ပညာမျိုး ကျွမ်းကျင် ပေမယ့် အလှ ဆင်တဲ့ အလုပ် ကို တော့ မလုပ်တတ် သေးဘူး ။ မြန်မာပြည် မှာ လည်း အဲသည် အချိန် က ခေတ် မစားသေးဘူး ။ စင်ကာပူ မှာ တော့ အရမ်း ကို တိုးတက် ထွန်းကား နေပြီ ။ ဒါနဲ့ ကိုယ် တတ်တဲ့ ပညာ ကို အခြေခံပြီး ဒီဇိုင်း ပညာ မှာ လည်း ရ အောင် ၊ အလုပ် လည်း လုပ် ရအောင် ဆိုပြီး စင်ကာပူ ကို ကျွန်တော် ထွက် သွားတာ ။

စင်ကာပူ က စတီးလုပ်ငန်း နဲ့ ပတ်သက်ပြီး အမျိုးစုံ လုပ်တဲ့ ကုမ္ပဏီ မှာ နှစ်နှစ် လောက် ဝင် လုပ်တယ် ။ နောက် အလှဆင် တဲ့ ကုမ္ပဏီ တစ်ခု ကို ပြောင်း လုပ်တယ် ။ အဲသည် ကုမ္ပဏီ က အသစ် ဆောက် နေတဲ့ စင်ကာပူလေဆိပ် ရဲ့ တာမီနယ်လ် တူး ကို တာဝန် ယူပြီး ဆောက်လုပ် ပေးနေတာ ၊ သည်မှာ တစ်နှစ် လောက် လုပ် မိတော့ အလှဆင် လုပ်ငန်း ကို ကျွမ်းကျွမ်းကျင်ကျင် သိ သွားတယ် ။ ပြီးတော့ ဩစတြေးလျား ကုမ္ပဏီ တစ်ခု မှာ နှစ်နှစ် ဝင် လုပ် ပြန်တယ် ။ အရေးကြီးတဲ့ စက်ရုံ ပိုက်လိုင်း တွေ ကို high pressure နဲ့ လုံအောင် ဆော်တာတွေ ကို လက်တွေ့ လုပ်ရ ပါတယ် ။

၁၉၉၈ ခု ၊ မြန်မာပြည် ပြန် ရောက် ပြီးတော့ စတိန်းလက်စတီး နဲ့ ပထမဆုံး မိတ်ဆက် ပေး ဖြစ်တာ က ဆီဒိုနားဟိုတယ် မှာ ။ မန္တလေး မှာ ဆီဒိုးနားဟိုတယ် ဆောက် တော့ ကျွန်တော် က စတိန်းလက်စတီး ပိုင်း တာဝန် ယူ ရတယ် ။ ဆီဒိုးနားဟိုတယ် က အဆောက်အအုံသစ် ဆိုတော့ လူတွေ က စိတ်ဝင်စား ကြတယ် ။ အဲသည် အချိန် က မန္တလေး မှာ အဆောက်အအုံသစ်တွေ အများကြီး ဆောက်နေကြတဲ့ အချိန် ။ စတိန်းလက်စတီး ကို သုံးချင် ကြတယ် ။ ဒါပေမဲ့ စတိန်းလက်စတီး က နိုင်ငံခြား မှာ သာ လုပ်လို့ ရတာ ။ ဒီမှာ လုပ်လို့ ရပါ့မလား ။ မယုံ တစ်ဝက် ယုံ တစ်ဝက် ပေါ့ ။ နီကယ် စိမ် ထားတာတွေ ပဲ မြင်ဖူး တော့ အပေါ်  က အရည်အခွံလွှာ ကျွတ် သွားရင် ဘယ်လို လုပ်မလဲ မေး ကြတယ် ။ ဒါနဲ့ စတိန်းလက်စတီး ဆိုတာ ဒီမှာ မြင်ဖူး နေတဲ့ စတီးချိုင့် လို ပစ္စည်း မျိုး ပါ ။ အရည်ခွံလွှာ မကျွတ်ဘူး ။ သံချေး မတက်ဘူး ဆိုတာမျိုး ရှင်းပြ ရတယ် ။

ဆီဒိုးနားဟိုတယ် မှာ ကျွန်တော် လုပ်တာ တွေ့ သွား တော့ မန္တလေး မှာ တံတားဦး နိုင်ငံတကာလေဆိပ်သစ် ဆောက်တော့ ဆောက်လုပ်ရေးပိုင်း တာဝန် ယူ ရတဲ့ နိုင်ငံခြား ကုမ္ပဏီ က စတိန်းလက်စတီး ပိုင်း မှာ ကျွန်တော် လုပ်ဖို့ အပ်တယ် ။ ကုန်ကြမ်း ပဲ သွင်း လာပြီး ကွေးတာ ဆက်တာ ၊ တပ်ဆင်တာတွေ အားလုံး ကျွန်တော့် အလုပ်သမားတွေ နဲ့ လုပ် ရတာ ။

သည့်နောက် ရိုးမ ၊ ကမ္ဘောဇ ၊ အာရှဓန ၊ မြန်မာမေဖလားဝါး ဘဏ်ကြီး လေးခု အဆောက်အအုံ တွေ အတွက် စတိန်းလက်စတီး ပိုင်း ကို ကျွန်တော် လုပ်ပေး ရတယ် ။ ရန်ကုန် မှာ အိမ်ရာ စီမံကိန်းကြီးတွေ ရှိတော့ ရွှေမာလာ မှာ စလုပ်တယ် ။ နောက် မင်္ဂလာဒုံဥယျာဉ်မြို့တော် ၊ ရွှေပုန်းညက် စတာတွေ ကို ဆက် လုပ်တယ် ။

အဲသည် အချိန်မှာ ပဲ မန္တလေး က မဟာမုနိဘုရားကြီး မှာ ပလ္လင်တော် လှေခါးလက်ရန်း ၊ တံခါးတွေ ကို သံ အစား စတိန်းလက်စတီး နဲ့ ပြောင်း တပ် ပြီး ကျွန်တော် လှူ လိုက်တယ် ။ ဒါကို ရန်ကုန် ရွှေတိဂုံဘုရား က လူကြီး တွေ တွေ့ တော့ လုပ်ချင်တယ် ဆိုတာ နဲ့ ရွှေတိဂုံဘုရား မှာ လည်း ကျွန်တော် ထပ် လုပ် လှူပြန်တယ် ။

တစ်ဆက်တည်း မှာပဲ မင်းဓမ္မကုန်း မှာ ကျောက်တော်ကြီးဘုရား အတွက် လုပ် ရတယ် ။ မန္တလေး မဟာမုနိဘုရားကြီး ထီးတော် အသစ် မွမ်းမံ တော့ ထီးတော် ရဲ့ ဖရိမ် တစ်ခုလုံး ကို စတိန်းလက်စတီး နဲ့ လုပ်ပြီး ကျွန်တော် လှူတယ် ။ ဖရိမ် မှာ ရွှေပြားတွေ ကို မူလီ နဲ့ ဆွဲပြီး ဆင် ထားတာ ။

ရန်ကုန် ကျောက်တော်ကြီး ပြီးတဲ့ အချိန် မှာ မန္တလေး က ဒိဗ္ဗာဝါသ သုံးထပ်တိုက် ကျောင်းကြီး ဆောက် ရတယ် ။ ဝိသုဒ္ဓါရုံ ရွှေဘုန်းဝန်း ကျောင်းတိုက် ထဲ မှာ ဆောက်တာ ။ ကျောင်းဒကာ က ဦးဌေးအောင် တဲ့ ၊ သူ က စက်မှုအင်ဂျင်နီယာ ။ သုံးထပ်တိုက်ကျောင်းကြီး ဆောက်လှူမယ် ဆိုတာ ရေရှည် ခိုင်ခံ့အောင် လုပ်ချင်တယ် ။ သစ်သား ဆိုရင် ဆွေး မယ် ။ သံ က သံချေး တက်မယ် ။ စတိန်းလက်စတီး နဲ့ အုတ် နဲ့ ပဲ ဆောက်တာ ။ ငွေရေး ကြေးရေး လုံးဝ မပြောဘူး ။ ကုန် ချင် သလောက် ကုန်ပါစေ ခိုင်ခံ့ ရင် ပြီးရော အပ်တာ ။

ထုပ်တန်းတွေ ၊ တံခါးကျည်းခွေတွေ ၊ ပြတင်းတံခါးရွက်တွေ ၊ တံခါးမကြီးတွေ အားလုံး ကို စတိန်းလက်စတီး နဲ့ ပဲ လုပ် ခိုင်းတာ ။ သစ်သား သုံးရမယ့် နေရာ အားလုံး စတီး နဲ့ ပဲ လုပ်တာ မို့ လက်သမားခန်း မပါတော့ဘူး ။ ကျွန်တော် နဲ့ ပန်းရံဆရာ နဲ့ ပဲ ပြီး သွားတယ် ။ အားလုံး ပြီးသွား လို့ စာရင်း ပြန် ချုပ် ကြည့်တော့ အံ့ဩစရာ ကောင်းတာ က သစ် နဲ့ လုပ်တာ နဲ့ စတီး နဲ့ လုပ်တာ ကုန်ကျစရိတ် က မကွာဘူး ဖြစ် နေတာ တွေ့ ရတယ် ။ အချို့က စတီး တွေ နဲ့ ချည်း လုပ်တာ ဆိုတော့ သိပ် ကုန်မှာပဲ ထင် ကြတာ ။

ရန်ကုန် မှာ သဗ္ဗညု ပုထိုးတော်ကြီး တည်တော့ ဘုရားပလ္လင်တော် က နှစ်ထပ်တိုက် တစ်လုံး လောက် ရှိတယ် ။ အမြင့် ၂၁ ပေ ၊ ဘေး အကျယ် လည်း ၂၁ ပေ ၊ လုံးတော်ပြည့် ပလ္လင် ။ ဘုရား ကို တာဝန် ယူပြီး တည် နေတဲ့ သီလရှင် အဖွားလေး က နှစ်ပေါင်း ရာထောင် ချီပြီး ခိုင်ခံ့ စေ ချင်တယ် ။ အင်္ဂတေ နဲ့ လုပ်ရင် လည်း ကြာရင် ပဲ့တာ ကွာတာ ဖြစ်မယ် ။ သစ်သား နဲ့ လုပ်ရင် လည်း ဆွေး မှာ ၊ သံ နဲ့ လုပ်ရင် လည်း သံချေး တက် မှာ ၊ ဒါနဲ့ အခိုင်ဆုံး ဖြစ်တဲ့ စတိန်းလက်စတီး နဲ့ လုပ်မယ် ဆိုပြီး ကျွန်တော့် ကို တာဝန် ပေးတာပါ ။ ဘုရားဆင်းတု က လည်း ဉာဏ်တော် ၁၅ ပေ မြင့် တဲ့ ရှေးဟောင်း ယွန်းဘုရား ၊ ရွှေဘို ဘက် က ပင့် လာတာ ။ ပလ္လင်တော် အဖု ၊ အဖောင်း အကြွ တွေ လုပ်ရတာ မို့ ၊ မန္တလေး က ထီးတော်ပုံကြွ ခတ် တဲ့ ဆရာတွေ ကို ရန်ကုန် ခေါ်ပြီး လုပ်တာ ။

ဘုရား မျက်နှာကျက်တော် က လည်း ၈၅ ပေ မြင့် တယ် ။ ဒါကိုလည်း ရွှေရောင်စတီးပြား နဲ့ ပဲ လုပ်တယ် ။ ၁၆ ပေ မြင့်ပြီး ရှစ်ပေ ကျယ်တဲ့ တံခါးရွက်ကြီး တွေ လည်း စတီး နဲ့ လုပ်ထားတယ် ။

စတိမ်းလက်စတီး နဲ့ ပတ်သက်ပြီး လုပ်ငန်းကြီး တွေ ကျွန်တော် လုပ်ခဲ့တယ် ။ တောင်ကြီး အေးသာယာ နည်းပညာကောလိပ် ၊ ပခုက္ကူတက္ကသိုလ် ၊ အောင်ပန်း ခုတင် ၇ဝဝ ဆံ့ ဆေးရုံ ၊ မန္တလေး မြို့တော်ဆေးရုံ ၊ ပျဉ်းမနား ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံ တွေ လည်း လောလောဆယ် လုပ်ပြီးပါပြီ ။ ရန်ကုန်လေဆိပ် အသစ်ကြီး မှာ အတွင်းပိုင်း စတိန်းလက်စတီး နဲ့ လုပ်ဖို့ ကျွန်တော် တာဝန် ယူ ထား ပါတယ် ။

စတိန်းလက်စတီး ကို အဆောက်အအုံ တွေ အလှဆင် တဲ့ အပိုင်းသာ မဟုတ်ဘဲ ဆေးရုံသုံးပစ္စည်း ကျွန်တော် လုပ်တယ် ။ ပရိဘောဂတွေ လုပ်တယ် ။ ကား အမိုးကိုင်း တွေ စ လုပ် နေတယ် ။ ကား နဲ့ပတ်သက် တဲ့ parts ( အစိတ်အပိုင်း ) တွေ ကို ရှေ့ မှာ ဆက် ထုတ်ဖို့ စီစဉ် နေတယ် ။

အခုဆိုရင် စတိန်းလက်စတီး လုပ်တဲ့ အဖွဲ့တွေ အများကြီး ရှိလာပြီ ။ ကျွန်တော့် ဆီ မှာ လုပ်ပြီး ခွဲထောင် တဲ့ တပည့် တွေ ရဲ့ လုပ်ငန်းတွေ လည်း ရှိတယ် ။ အခြား က တတ်ကျွမ်း လာပြီး လုပ်နေတဲ့ သူတွေ လည်း ရှိတယ် ။ ကျွန်တော် က ရှေ့ က အသစ်တွေ ထပ်ကာ ထပ်ကာ ဆန်းသစ်အောင် လုပ်သွားဖို့ အမြဲ စိတ်ကူး နေတယ် ။ အဆောက်အအုံ အလှဆင် လုပ်ငန်းတွေ ထဲ မှာ ပဲ ကျွန်တော် ကျေနပ် မနေဘူး ။ ပစ္စည်းသစ် ၊ ဒီဇိုင်းသစ် တွေ ဆက် လုပ်နေတယ် ။ ဒါမှ ပညာရပ် တစ်ခု ဟာ ရပ်တန့် မနေဘဲ ရှင်သန်နေ မှာပေါ့ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment