Friday, June 16, 2023

ကျောက်ပျဉ်ရွက်သူ


 

❝ ကျောက်ပျဉ်ရွက်သူ ❞

စစ် မဖြစ်ခင် က တင်အေး နှင့် ကျွန်တော် သည် တစ်အိမ် ကျော် ကာ အတူတူ ကစားခဲ့ဖူးကြပါသည် ။

သို့သော် သူ့ အမေကြီး က မတင်အေး ကို ညနေ စောင်း ၍ မှောင်စ ပျိုးလျှင် အိမ် ပေါ် ပြန် တက်ခိုင်း ကာ ကွန်တော့် ကို သူတို့ အိမ် လိုက်လာ ဖို့လည်း လက်ခံမည် မဟုတ်သဖြင့် အိမ်နီးချင်း ဆိုသော်လည်း မခွဲမခွာ နေရသည် ဟု မဆိုချေ ။

ထို့ပြင် ကျွန်တော့် မှာ လည်း ညီအစ်ကို မောင်နှမတွေ များပြန်သည် မို့ မတင်အေး နောက် တတန်းတန်း လိုက် နေ စရာ အကြောင်း မရှိလှပါ ။

ကျွန်တော့် ကို ကိုးနှစ်သား ကျ မှ အမေ တို့ က အနားရှိ မြန်မာစာသင်ကျောင်း သို့ ပို့သည် ။ ထို ကျောင်း မှာ မတင်အေး သည် သုံးတန်း ၌ စာသင်လျက် ရှိလေပြီ ။ မတင်အေး က ကျွန်တော် ထက် တစ်လ လောက် ကြီးမည် ထင်သည် ။

ကျွန်တော် သည် ဘယ်လိုနည်း နှင့် ရောက်သည် မသိ ၊ တစ်နှစ် ခန့် ကျောင်း တက် ပြီးသော် မတင်အေး နှင့် တစ်တန်းတည်း စာ သင်လျက်သား တွေ့ ရသည် ။ သို့သော် လည်း ကျောင်း အတူ သွား အတူ ပြန် မဖြစ်ရပြန်ချေ ။

မတင်အေး ကို သူ့ အမေကြီး က မနက် လိုက်ပို့ရုံ မက ကျောင်း မှာ ထိုင်၍ စောင့် သည် ။ နေ့လယ် ကျသော် အိမ် ကမန်းကတန်း ပြန်၍ ထမင်းချိုင့် သယ်သည် ။ သမီး ကို ကျွေးသည် ။ ပြီးတော့ ထမင်းချိုင့် နှင့် ထိုင်၍ ညနေ ကျောင်း လွှတ်သည် အထိ စောင့် သည် ။

သားအမိ နှစ်ယောက် အတူ အိမ် ပြန် ကြသည် ။

နေ့လယ် မုန့်စားလွှတ်ချိန် ၌ မတင်အေး နှင့်ကျွန်တော် သည် စကား တစ်လုံး နှစ်လုံး ပြောခွင့် ရသည် ။ တစ်ခါတစ်ရံ ကစားခွင့် ရသည် ။ ကျွန်တော် က အနည်းငယ် ကြမ်းသည် ထင်သည် ။

မတင်အေး ကို တွန်းထိုးသတ်ပုတ် လုပ်တတ်သည် ။ အတူ ကစားတိုင်း မတင်အေး ကျွန်တော် ကြောင့် လဲကျတတ်သည် ကို မှတ်မိပါသေး၏ ။

ထိုအခါ သူ့ အမေကြီး က ကျွန်တော့် ကို မျက်နှာထား နှင့် မာန်မဲ တတ်၏ ။ ပြီးတော့ သူ့ သမီး ခေါ်ပြီး သူ့ အနားမှာ ငြိမ်ငြိမ် ထိုင်စေ၏  ။

ကျွန်တော် သည် မတင်အေး ကို အနည်းငယ် ခင်မင်သည် ။

ကျွန်တော် က ညှဉ်းဆဲသော် လည်း မတင်အေး သည် ငိုယို လေ့ မရှိ ။ သူ့ အမေ ကို ချွဲနွဲ့သူကလေး လည်း မဟုတ် ။ ၉ နှစ် သမီး အရွယ် ကို ဘာ စိတ်ကူး နှင့် မသိ သူ့ အမေ က အုပ်လုံး သိမ်းပေး ထား သဖြင့် နောက်တွဲထုံး နောက်စေ့ ထုံးကာ ဆံယဉ် ဆံနွယ်များ တဖွားဖွား နှင့် မထုံတက်သေး လူကြီး လည်း မပီ ၊ ကလေး လည်း မမည်သော အမူအရာ နှင့် နေတတ်သော မျက်နှာ ကို မှတ်မိ နေ ပါသည် ။

မတင်အေး သည် ရုပ်ရည် နှင့် ပတ်သက် ပြောရလျှင် လှသည် မလှဘူး လို့ ရုတ်တရက် ပြောလို့ မရဘူး ထင်သည် ။

သို့သော် ဘယ်လို နေသည် ဆိုတာ မှန်းဆ မိအောင်တော့ ပြောပြပါမည် ။ မတင်အေး ကို ရုတ်တရက် ကြည့် လျှင် အသားဖြူဖြူ ၊ ကိုယ်လုံးပြည့်ပြည့် အရပ် အနေ တော် တည်း ။

မျက်လုံး မျက်ဖန် ကောင်းမွန် သော် လည်း သူ့ မျက်လုံး အရောင် မှာ ခပ် မွဲမွဲညိုညို ပင် ။ မျက်တောင်များ ရှည်၍ မကော့ဘဲ စင်း နေသည် ။

မျက်ခုံးမွှေး ထူသည် ။ နှာခေါင်း ပေါ်သည် ။ နှုတ်ခမ်း နည်းနည်း ပြာ ချင်သည် ။ အသား ဖြူ လျှင် နှုတ်ခမ်း နီ တတ်သော်လည်း သူ က ပြာမွဲ ချင်သည် မှာ အံ့စရာ ပင် ။ သူ့ လည်ပင်း နှင့် မေး အောက်မှာ မှဲ့ကလေးများ အတော်များများ ရှိသည် ထင်ပါသည် ။

ထို့ကြောင့် ခြုံ၍ ပြောရလျှင် အသားမညိုမောင်း ပါ ဘဲ လျက် ညစ်ထပ်ထပ် နိုင် သည် လို့ ဆိုနိုင်ကာ အင်္ကျီ ကို ထူထူဖားဖား ဝတ်ပြန် သော ကြောင့် ပျော့စိစိ ရှိပြန်ပြီး လုံချည် ဝတ်ရန် ရွေးပုံ ကလည်း ပန်းပွင့် သေးသေးပျစ်ပျစ် ရောင်စုံ နှင့် ရွက်စိမ်းနု အဆင်မျိုးချည်း ဖြစ်သဖြင့် ထင်းခနဲ လင်းခနဲ ရှိသော အဆင်အပြင် မဟုတ်တာ အမှန်တည်း ။

မြန်မာစာသင်ကျောင်း ၌ မတင်အေး သည် ဘယ်လောက် ကြာကြာ နေသည်ကို တော့ မမှတ်မိချေ ။ သူ စာ ခပ်ဖျင်းဖျင်း ရှိတာ သာ သတိရ ပါတော့သည် ။

မတင်အေး ကို သတိ ရ လျှင် ဗိုက်ပူပူ အင်္ကျီလက်ရှည် ကြေမွမွ တို့ ကို ဝတ်တတ် သော သူ့ သမီး ကို ရင်အုပ် မကွာ စောင့်သော သူ့ အမေကြီး ကို ပါ မျက်စိထဲ မြင် လာတာ သာ ရှိကာ ထပ်ပြီး သတိရ လို့ အရသာ မပေါ်ပါ ။ ကျွန်တော် သည် သုံးတန်း မအောင်ခင် ထို ကျောင်းကလေး မှ ထွက် ၍ အင်္ဂလိပ်ကျောင်း သို့ ပြောင်း ပါသည် ။ အိမ် လည်း ပြောင်းခဲ့ ကြ ကာ မတင်အေး နှင့် ဝေးကွာ ခဲ့၏ ။ ထို့နောက် နှစ်နှစ် ခန့် ကြာ လျှင် စစ် ဖြစ်ပြီး မတင်အေး ကို မေ့ပျောက် ပစ်ခဲ့ပါတော့သည် ။

     •••••   •••••   •••••   •••••

စစ် ပြီး ၍ ရန်ကုန် ပြန်ရောက် သော် ၁၉၄၆ ခုနှစ် မှာ ကျွန်တော် သည် ယူနီဗာစီတီ သို့ ရောက်လေပြီး စစ်အတွင်း မှာ ကျွန်တော် သည် အလျင်စလို ကြီးပြင်းခဲ့၏ ။

ကျွန်တော် နှင့် ရွယ်တူ ယောက်ျားငယ် မိန်းမငယ် များ က မူ သည်လို တစ်လုံးတည်း ဆိုလိုက်ရုံ နှင့် နားလည်ပါ လိမ့်မည် ။ စစ်အတွင်း မှာ ဆယ်နှစ် တစ်ခါ ဖြစ်ပျက် လိုက် သော အရာ တို့ သည် တစ်ပတ် တစ်ခါ သို့မဟုတ် တစ်နေ့ တစ်ခါ ဖြစ်သည် ထင်သည် ။

တစ်ခါတစ်ရံ လူ့ ဘဝ တစ်ခုလုံး သည် စစ် အတွင်း ၂၄ နာရီ ၌ အသစ် စတင်ပြီး တစ်ဖန် ကုန်ဆုံးခြင်း သို့ ပင် ရောက်တာ ရှိသည် ထင်သည် ။

သို့လျှင် စစ် မဖြစ်ခင် က အင်္ဂလိပ် ကျောင်းသား နှစ်တန်း သား ဘိုကေ ခွဲ လို့ ရအောင် မရှည်သေးသော ကျွန်တော် သည် ၁၉၄၆ ခုနှစ် ၌ ယူနီဗာစီတီ မှာ သောင်းကျန်း ဆိုးသွမ်း နေရာ မှ ကျော်ကြားသော ကျောင်းသားတိုင်း ၌ ပါဝင် ကာ နာမည် ထင်ရှားလျက် ရှိသည် ။

ကောလိပ်ကျောင်းသား အကြောင်း ပြန်ပြောင်း ပြောရလျှင် အတန်း တက်သည့် အကြောင်း ၊ စာ ဖတ်သည့် အကြောင်း ၊ စာမေးပွဲ ဖြေသည့် အကြောင်း ကျွန်တော့် မှာ ပြောစရာ မရှိပါ ။

ပြောစရာ ရှိတာတွေ ကို လည်း ပြန် ပြောချင်စိတ် မရှိပြန်တာ အမှန်ပင် ။ အကြောင်းမူကား ထို အကြောင်းများ ကို ဘယ်လို လေသံ နှင့် ပြောရမည် ကို ကျွန်တော် မသိသော ကြောင့်ပင်တည်း ။

ကျွန်တော် နောင်တ တရား နှင့် သည်လိုတော့ ငါ မှားခဲ့မိလေခြင်းရယ် လို့ ဆုံးမ စကား ပွါးများလို ခြင်း လည်း မရှိ ၊ မိုက်မှောင်၍ မီးထွန်းခြင်း ငှာ မဝံ့သော ကိုယ်စိတ် ပျက်စီး သည့် ညဉ့်သုံးယံ တို့ ကို လည်း တပ်မက်စဖွယ် တန်ဆာခြယ်လှယ်လိုခြင်း မရှိ ။

ကျွန်တော်တို့ တစ်သိုက် သူတစ်ပါး အထိန်းအချုပ် ကို လည်း မခံ ၊ ကိုယ့် ဘာသာ လည်း ထိန်းချုပ်နိုင်သော သတ္တိ မရှိ ၊ သတိ လည်း မရဘဲ ကိုယ့် စိတ် ကို အစွမ်းကုန် လိုက် ၍ ပျော်ရွှင်တယ် ထင်ကာ နေခဲ့ကြသည် လို့ သာ တိုတို ပြောချင်သည် ။

စင်စစ် ကျွန်တော် ၏ ကျောင်းသား ဘဝ ကို ကျွန်တော် က ဖန်တီး နိုင်ခဲ့ ခြင်း မရှိဘဲ ကြုံ သလို ဖြစ်ပျက်ခဲ့သည် ကို ပင် ကိုယ့် ဝန်တာ ခံ ကာ ဟန်ကျလှပြီ ဟု ထင်ခဲ့ခြင်း မျှ သာ ဖြစ်ပါပေသည် ။

ထိုအချိန် မှာ မတင်အေး ကို ဗြုန်းခနဲ တွေ့ ရသည် ။ မတင်အေး သည် ကျွန်တော် ဘီအက်စ်စီ ပထမနှစ် ရောက် မှ ကျောင်း သို့ ရောက် လာသည် ။

ကျွန်တော့် အဖို့ ထို အတန်း ရောက်ဖို့ ရာ ကျောင်း မှာ ငါးနှစ် မျှ နေရပါသည် ။ ကျွန်တော်သည် စာကျက်ရန် မက စာမေးပွဲ လည်း မထိုင်ခဲ့ပါ ။ ကျောင်းဆောင် ကို သာ တွယ်တာ ကာ သည်နေရာ က ဘယ်တော့မှ မခွာတော့မည့် ပမာ နေထိုင်ခဲ့ပါသည် ။ ကျွန်တော်တို့ တစ်သိုက်လုံး သည် သန္နိဋ္ဌာန် ကို မသိလိုက် မသိဘာသာ ချလျက် ထားပြီးသား ရှိသည် ထင်ပါသည် ။

ကျွန်တော်တို့ သည် မတိုင်ပင်ရဘဲ စာမေးပွဲ စာသင်ခန်းများ ကို မေ့လျှော့ လိုက် ကြကာ လုံးထွေး လုံးထွေး ဖြင့် သူငယ်ချင်း ချင်း တိုး ၍ သာ ခင်မင် လာ ကြသည် ။ သည် တစ်ခု အမြတ် ထွက် ပါသည် ။

မတင်အေး က ၁၉၅၁ ခုနှစ် မှ ကျောင်းသူသစ် ဖြစ်သည်  ။ သူ့ ကို မြင်မြင်ချင်း မှတ်မိ ၏ ။ သူ ဘာမျှ ပြောင်းလဲခြင်း မပြု ။ သူ့ ကို မြင်ပြန်တော့ စစ်ဖြစ်ခြင်း ကို အပြစ် ဆိုခြင်းငှာ မဝံ့သလို ဖြစ်ရပြန်သည် ။

ဗုံးကျသည် ။ လူသေသည် ။ဓားပြတိုက်သည် ။ လူသတ်သည် ၊ မီးလောင်သည် ၊ မုဒိမ်းကျင့်သည် ဆိုတာတွေ နှင့် ဘယ်လောက် ဝေးရာမှာ ဘယ်လို သွား၍ နေသလဲ လို့ မေးချင် စရာ ပါ တည်း ။ ဂျပန်စစ်သား ကို သူ မြင်ဖူးပါရဲ့လား မသိ ။

သူ့ ကိုယ်ရေး ကိုယ်တာ အဖို့ လည်း ၉ နှစ် သမီး ကတည်း က အုပ်လုံး သိမ်းခဲ့သည် မို့ စစ် အတွင်း မှာ ထူး ၍ ကြီးပြင်းစရာ မရှိဘူးလား အထင် မှား စရာပင် ။ တခြား မိန်းကလေး များက ကိုယ့်အုပ် နှင့် ကိုယ် အခန်း ရှာ ကြသည် ။ ငှား ကြသည် ။

ပျော်စရာကြီး ပင် ။ ကျောင်းသား ကြီးငယ် တို့ က လည်း ရှေ့ မှာ နောက် မှာ ရစ်ဝဲ ကာ ရှိကြသည် ။ မတင်အေး သည် သူ့ အမေကြီး နှင့် ကပ်ကာ ဖဲထီး လတ်လတ်ကလေး ကိုင် ကာ ကချင်လွယ်အိတ် တစ်လုံး နှင့် ငယ်ငယ် က လိုပင် ဆံသဉ်ဆံနွယ် ဖွားဖွား ၊ ဆံပင် နောက်စေ့ထုံး ၊ အင်္ကျီ ထူ ဖားဖား ၊ ထဘီအဆင် ပျစ်ပျစ် ၊ မျက်ခုံး ထူထူ မျက်လုံး မွဲမွဲ ၊ နှာခေါင်း ပေါ်ပေါ် ၊ နှုတ်ခမ်း ပြာချင်ချင် နှင့် ကျောင်း တက်ဖို့ လာသည် ။

သူ့ ကို မမှတ်မိစရာ ဘာမှ မရှိ ။

သို့သော် သူ က ကျွန်တော့် ကို လုံးဝ မှတ်မိခြင်း မရှိချေ ၊ အရင် ဘဝ က တောင် မြင်ဖူးခဲ့သည် ထင်မည် မဟုတ် ။ တစ်ဖန် အပျိုအရွယ် ဖြစ်လာပြီမို့ မျက်လွှာရဲရဲ မပွင့် နိုင် လေရာ သူ့ မျက်လုံး မျက်သားများ ကို ရှည်လျား၍ စင်း နေသော မျက်တောင်များ က ဖုံးကွယ် ၍ ထားပါသည် ။

ကျွန်တော့် ကို ကြာရှည် ကြည့် ၍ မှတ်မိလို မှတ်မိငြား စဉ်စားခွင့် မရှိတော့ချေ ။

“ ဒါ ငါ့ ငယ်ငယ် က ရည်းစား ကွ ၊ အိမ်နီးချင်း မို့ ကြိုက်ဖူးတာ ” ဟု ကျွန်တော် က သူငယ်ချင်းများ ကို နောက်ပြောင် ခဲ့သည် ။

“ ဒါပေမဲ့ သူ က မမှတ်မိတော့ဘူး ” ဟု ကျွန်တော် က ပို ၍ ရယ်စရာ ကောင်းသော ပြက်လုံး ကို ပြက် လိုက်ပါ သေး၏ ။

ထို့ကြောင့် ဘာရယ် မဟုတ်သော်လည်း ကျောင်း တစ်ခါ တစ်ရံ တက်သော သူငယ်ချင်းများ ထံ မှ မတင်အေး သတင်း ကို ကျွန်တော် ရတတ် ပါသည် ။

မတင်အေး သည် ပထမ တစ်ပတ် နှစ်ပတ် မျှသာ အမေ နှင့် ကျောင်း တက်၍ နောက် ၌ ကျောင်းသူ အဖော်များ နှင့် လာသည် ဆိုသည် ။

ကျေနပ်စရာ နည်းနည်း ရှိသည်ပေါ့ ။ မကြာခင်ပဲ နှုတ်ခမ်း ဆိုးသည် ကို မြင်ချင် မြင် ရမည် ။ အဲသည်လို ဆိုလျှင် လှတယ် လို့တောင် ပြောလို့ ရချင် ရ လာမည် ။

မတင်အေး လောက် မှ အကြည့် မခံဘဲ နာမည် ကျော်ကြား နေသော မိန်းကလေး များ ကို သတိ ရ၏ ။ လှသည် ဆိုတာ လည်း လူအပေါင်း တို့ ၏ တစ်ချိန် တစ်ခါ ၌ စိတ်ကူး ပြုလုပ် ထားသော ပစ္စည်း တစ်ရပ်သာ ဖြစ်တတ်သည် ။

မတင်အေး ကို ကျစ်ဆံမြီး နှင့် ဆံပင်အလိမ်အကွေ့ နှင့် အင်္ကျီပါး ဘော်လီပုံ ကျ ဖြင့် ခုံမြင့်ဖိနပ် ဖြင့် စိတ် ထဲ မှာ ဆင် ကြည့်သည် ။ သို့သော် မရပါ ။ သူ့ အမေကြီး နှင့် ကပ်၍ ခပ်ကုပ်ကုပ် သာ လာသည် ။

မတင်အေး ကို နောက် တစ်နှစ် ခန့် ကြာသော် ရည်းစား စာ ပေးမိသည် ။ အကြောင်း ရင်း ကို ခုချိန်ထိ စဉ်းစား လို့ မရသေး ချေ ။

မတင်အေး ကို ပိုးပန်းသူ ရယ် လို့  မရှိသည် ကို သိရပါသည်  ။ သူ့ ဘဝ မှာ ကျွန်တော် ပေး သော စာ သာ ရည်းစားစာ ရယ် လို့ သူ့ မှာ သိမ်းဆည်းစရာ ရှိရှင် ရှိမည် ။ ကျွန်တော် က ဒါ ကို သနားစိတ် ပေါ်လို့ ရယ်လို့ မဆိုနိုင်တာ မှန်သည် ။ ကောက်ကျစ် ယုတ်မာချင် လို့ စ တာလည်း မဟုတ်ပါ ။

မတင်အေး ကို ကောင်းစားပါစေ ဟု နေ့စဉ် မေတ္တာ မပို့သော်လည်း ပျက်စီးသွား သည် ကို မြင်လိုခြင်း မရှိတာ အမှန်ပင်တည်း ။

“ ဒါ ကိုယ့် ရည်းစားပဲ ” လို့ ပြောမိသည် ကို ကျေလည်အောင် ဆပ် လိုသော သဘော ပေါ်မိ လေသလား ဟု သာ တွေးမှားရသည် ။

ကျွန်တော့် စာ မှာ သည်လို ပုံစံ ဖြစ်လေသည် ။

ချစ်သော မတင်အေး -

ကျွန်တော့် ကို မှတ်မိသလား ၊ သံတံတားလမ်း မှာ စစ် မဖြစ်ခင် က အတူတူ နေဖူး တဲ့ ညိုထွန်း လေ ... ကျွန်တော် မှာတော့ ညိုဦး နာမည် ပြောင်း ထားတယ် ။ ကျွန် တော် ဘီအက်စ်စီ ယူထားတယ် ... မနှစ် က မဖြေဘူး ... ဒီနှစ် လည်း အောက်တန်း မှာ ပဲ ပေါ့  ။ မတင်အေး ကို ကျောင်း ရောက်လာ ကတည်း က တွေ့ တယ် ... ကျွန်တော့် ကို တော့ မှတ်မိပုံ မရဘူး ... မျက်နှာချင်းဆိုင် တွေ့တာ တောင် သိပုံ မရဘူး ... ကျွန်တော် နှုတ်ဆက်ရ ခက်လို့ မနှစ်က တစ်နှစ်လုံး မတင်အေး ကို ကျွန်တော် လိုက်ကြည့် နေခဲ့တာ သတိထား မိလား မသိဘူး ... တစ်ခု ပြောစရာ ရှိတာ ပြောပါရစေ မတင်အေး ကို ငယ်ငယ် ကတည်း က ချစ်ခဲ့တာလေ ... အဲဒါ မယုံနိုင်ဘူး ဆိုရင်တောင် ခု ချစ်တာ ကိုတော့ ယုံပါ ... မိတ်ဆွေဟောင်း အနေနဲ့ ဖြစ်ဖြစ် စာတော့ ပြန်ရေးပါဦးနော် ...

ကျွန်တော့် စာ မှာ မုသာဝါဒ ဘယ်လောက် လွတ်သည် ကို တော့ စာဖတ်သူ သိပြီး ဖြစ်ပါလိမ့်မည် ။

ကျွန်တော် က သတိ ရ၍ စာ အောက် နား၌ ချိန်းလိုက် သေး၏ ။ L. C. R နေ့ မှာ ကျောင်း ဆင်းချိန် တစ်နေ့ မှာ လာခဲ့မည် ဟု ဆိုလိုက်၏ ။ စောင့်နေ ခိုင်းလိုက်၏ ။

ကျွန်တော် သွား တော့ သွားပါသည် ။ မတင်အေး က အခန်း ရှေ့ မှာ ရပ် နေသည် ။ ကျွန်တော် ပြုံး၍ မှတ်မိလာကြောင်း ပြသည် ။ ပြီးတော့ သူ့ ကို လာ ကြိုဟန် ရှိသော သူ့ အမေကြီး ကို ပြောသေးသည် မှာ

“ အမေ ဒါ ကိုညိုထွန်း လေ ၊ ကျွန်မတို့ အိမ် ဘေး က လေ ၊ ငယ်ငယ်တုန်း က နေပြီး နောက် ပြောင်းသွားတာ မှတ်မိလား ”

သူ့ အမေ က

“ ကောင်းကောင်း မမှတ်မိပါဘူးဟယ် ” ဟု ဆို၏ ။

“ ဪ အမေ က လည်း ဝန်ထောက် ဦးဘညို သား လေ ”

“ အေး မှတ်မိပြီး မှတ်မိပြီ ” ဟု ဆိုကာ သူ့ အမေကြီး က ပြုံးရယ် လာလေသည် ။ ကျောင်း တွင် ဖြုန်းခနဲ ထွက်ခဲ့ရသည် ။ အပြင် ရောက် မှ ဘီအက်ဖ်စီ အောင်တော့သည် ။ စင်စစ် သား တစ်ယောက် အဖေ ဖြစ်၍ အလုပ် နှင့် အကိုင် နှင့် ဣန္ဒြေရရ နေ ရမှ ကွဲရခြင်း ဖြစ်သည် ။ ဘယ်လို ဘယ်လို နှင့် တည်ငြိမ်သော ဘဝ သို့ ရောက်လာပြန်သည် ကို လည်း ရှင်းလင်းရ ခက် ပြန် ပါသည် ။

ဘယ်လို နက်သော တွင်းဆုံး ကျနေသည် ဖြစ်စေ လူငယ်ဘာဝ မျှော်မှန်းယုံကြည်သော အချစ် ဆိုသည့် ကြယ်ပွင့် ၏ မရေရာသော မှိတ်တုတ်သာ လင်းသည့် ရောင်ခြည်မျှင် က ပင့်ကူမျှင် လို တွဲလဲ လျှောကျ လာ ကာ လက်ကမ်း ခိုခွင့် ပေးခဲ့သည် ထင်ပါသည် ။

ထိုကြောင့် ဘယ်သူ က ဘာ ဆိုဆို လှပဆန်းကြယ် ၍ ရိုးနိုင်အံ့ မထင်သော အနက် အဓိပ္ပာယ် ရှာစရာ အတိ ရှိ သော မျက်နှာ တစ်ကွက် နောက် ကောက်ကောက် လိုက်ခဲ့ပြီး ကျွန်တော် သည် လူ့ ဘဝ ၌ အေးအေးသက်သာ နေနိုင်ရန် ကို ရှာကြံလျက်သား ရှိ လာသည် ။

မတင်အေး ကို သူ့ အမေကြီး နှင့် ကျောင်း မှာ ထားခဲ့ ပါသည် ။

သူ့ အကြောင်း ကို ဇနီးသည် နှင့် ပြောင်နောက် လို့ ပင် မပြောမိပါ ။

သို့သော် ကျွန်တော် ချစ်သော ကောလိပ်ကျောင်း သို့ ပြန် ရောက်သေး၏ ။ အဆောက်အအုံသစ် ၌ မျက်နှာသစ်ကလေး များ ကို မြင် ရ၏ ။

ကိုယ့် အသက် ကို ကိုယ် သတိထား လာ ရ၏ ။ ကိုယ် သည် ကျောင်း ရောက်စ က သူငယ် သူငယ်မလေးများ အရွယ် မှ ဟုတ်ပါလေစ ဟု အံ့ဩ မိ ၏ ။ ထို့နောက် ကိုယ့် အတန်း က လူများ ဆရာ ဆရာမများ ဖြစ်နေသည် ကို သွား၍ တွေ့ဆုံသည် ။

ကျွန်တော့် သူငယ်ချင်းဟောင်း အချို့ မှာ စာမေးပွဲ စောင့်ရန် သွားသည် လို့ သိရကာ အံ့ဩ၏ ။

“ စာမေးပွဲ က စောလှရှည်လား ဗျာ ” ဟု ဆိုသော် အထပ်ထပ် ကျ၍ ကျောင်း မှာ အတန်း တက်ခွင့် မရသူများ ၊ စာရေးစာချီ လုပ်၍ အသက်မွေးရင်း စာမေးပွဲ ဖြေဆိုသူများ အဖို့ စောသော စာမေးပွဲ ရှိသည် ဆိုတာ သိလိုက်ရပါသည် ။

“ လာရကျိုး နပ်အောင် သွားတော့ တွေ့ချင်တယ် ” ဆိုတာ စာမေးပွဲ စစ်ရာ သို့ပင် ရစ်သီလာခဲ့ဆဲ
မတင်အေး ကို တွေ့ ပါသည် ။

လွန်ခဲ့သော ၆ နှစ် ကျောင်း ရောက် စ ။ သို့မဟုတ် သူ့ ကို မှတ်မိသမျှ ကလေးဘဝ အရွယ် က လို ပင် မတင်အေး သည် ဆံယဉ် ဖွာဖွာ ၊ ဆံထုံး နောက်ခွေထုံး ၊ မျက်ခုံး ထူထူ စသည်တို့ နှင့် အပြည့်အစုံ တစ်သဝေမတိမ်း တွေ့ ရပါသည် ။ အသက် ကြီးသွား ပုံ ကို မသိ မသာ မျှ သိမှတ် ရ၏ ။ သူ ဖြေသော စားပွဲ မှာ အိုင်အေ ဒုတိယနှစ် အတွက် ဖြစ်သည် လို့ သိရှိရ ပြန်သည် ။

ပြီးတော့ သူ့ အမေကြီး က ဗိုက်ပူပူ နှင့် ဖဲထီး တစ်လက် ကို ချိုင်းကြား ညှပ် ကာ လှေကား အုတ်ခုံ မှာ ထိုင်လျက် စောင့် သေး၏ ။

ပြန် လာ ရင်း ကျွန်တော် တစ်ချိန်လုံး စဉ်းစားသည် မှာ မူ မတင်အေး သည် သည်လို ကျောင်းစာ ကျက် ကာ စာမေးပွဲ ဖြေကာ ဆံယဉ်ဖွာဖွာ နှင့် ဘယ်လောက် ကြာကြာ နေမလဲ မသိချေ ။ ပြီးတော့ သူ့ သမီး ကို စောင့် တတ်သော ဗိုက်ပူပူ နှင့် သူ့ အမေကြီး လည်း ဘယ်သော အခါ မှာ သေမည်မသိ ချေ ။

◾ ကြည်အေး

📖 ရှုမဝ မဂ္ဂဇင်း

📖 ကြည်အေး ဝတ္ထုတိုပေါင်းချုပ်သစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment