❝ ခေတ်သစ် မိဘ မေတ္တာ ❞
တစ်မနက်ခင်း ( ၁၀ ) နာရီ အချိန် ခန့် သာသာ တွင် အိမ်နီးချင်း စာရေးကြီး ကိုလှကြည် ကျွန်တော့် ထံ ပေါက် လာပြီး “ ခင်ဗျား တော့ ဒုက္ခ ရှာရဦးမှာပဲ ဗျာ ။ ကျွန်တော့် မိန်းမ ဆေးရုံ က ပြန်ခေါ် ချင် လို့ တစ်ဆိတ် ကားကလေး မောင်း ပေး နိုင် ရင် လိုက် မောင်း ပေးစမ်းပါ ဗျာ ” ဟု အလောတကြီး လာ ပြော ပါသည် ။ သူ့ မိန်းမ ဘယ်တုန်း က ဆေးရုံ တက် ရပြီး ၊ ဘာ့ကြောင့် တက် ရကြောင်း စသည်တို့ ကို ဘာ တစ်ခု မှ အကြောင်းစုံ မသိရသေး သည့် ကျွန်တော့် မှာ ခပ်ကြောင်ကြောင် ပင် ဖြစ်နေ မိ၏ ။
“ နေပါဦး ကိုလှကြည် ရ ၊ အလန့်တကြား ... ခင်ဗျား မိန်းမ ဘာဖြစ်လို့ ဆေးရုံ တက် ရတာလဲ ”
“ အို ကိုယ်ဝန် ပျက်ကျ လို့ သားဖွားခန်း သွား တင်ရတာပါ ဗျာ ၊ အခု ကိစ္စ ပြီးစီး သွား လို့ အိမ်ပြန် ခေါ်ချင် လို့ပါ ။ ကား ကတော့ ဟိုဘက် အိမ် က ကား ပြောပြီး ပါပြီ ။ တက်စီ ငှား ရရင် တော်တော် ကျမှာမို့ အိမ်နီးချင်းတွေ ဒုက္ခ ရှာ ရတော့ တာပါပဲ ဗျာ ။ အခုပဲ သားဖွားခန်း သုံးလေး ရက် တင် ထားတာ ငွေ တော်တော် ထွက်သွားပြီ ”
ထိုအခါ ကျမှပင် အကျိုးအကြောင်း စုံ သိ ရ သလောက် ရှိသွား ပါသည် ။ ကိုလှကြည် မှာ မြန်မာပြည် မီးရထားရုံး မှ စာရေးကြီး တစ်ဦး ဖြစ်၍ လခ နှစ်ရာ ခန့် ရသူ ဖြစ်၏ ။ သူ့ တွင် အခါလည်ကျော် နီးပါးခန့် သားယောက်ျားကလေး တစ်ယောက် ရှိ၍ ယခု ပျက်ကျရသည့် ကိုယ်ဝန် မှာ ဒုတိယမြောက် ကလေး ပင် ဖြစ်ပေ လိမ့်မည် ။ မော်တော်ကား ငှားရမ်း သည့် သူ မှာ လည်း ကျွန်တော်တို့ နှင့် အိမ်နီးချင်းများ ပင် ဖြစ်၍ ယောက်ျား ရော မိန်းမ ပါ အစိုးရ အမှုထမ်းများ ဖြစ်ကာ အိမ်ပိုင် ၊ ကားပိုင် စသည်တို့ နှင့် တင့်တင့်တယ်တယ် နေနိုင်သူများ ဖြစ်လေသည် ။ ခင်ပွန်း သည် ကိုခင်အုန်း မှာ ကောက်ပဲသီးနှံ ရောင်းဝယ်ရေး ဘုတ်အဖွဲ့ မှ အမှုဆောင် အရာရှိကလေး ဖြစ်၍ ၊ ဇနီးသည် မတင်လှလှ မှာ အတွင်းဝန်များရုံး မှ ရုံးဝန်ထောက် ဖြစ်၏ ။
မကြာမီပင် ကျွန်တော် သည် အဝတ်အစား ကောက်ကာ ငင်ကာ လဲ ပြီး၍ ကား ငှားမည့် အိမ်ဘက် နှစ်ယောက် သား ထွက် ခဲ့ ကြပါသည် ။ ထို နေ့ က အိမ်ရှင်မ မတင်လှလှ မှာ ရုံး သွားဟန် မတူပါ ။ ခြောက်လသား ရွယ် နို့စို့ကလေးငယ် ကို ပွေ့ချီရင်း -
“ ကဲ … ကဲ ကား မှာ သော့ တပ်လျက်ပဲ ။ ယူ သာ ယူ သွားကြပါ ။ ဒီ ကနေ့ ဒရိုင်ဘာ က ရုတ်တရက် နေ မကောင်းလို့ မောင့် ကို ရုံးလိုက် ပို့ပြီး ခွင့်ယူ ပြန် သွားတယ် ။ နို့မို့ရင် ဒီ က ကိုမင်းရှင် ကို ဒုက္ခ ရှာဖို့ လို မှာ မဟုတ်ဘူး ။ ဒီလိုပေါ့ ရှင် ၊ အိမ်နီးနားချင်းတွေ ဆိုတာ တစ်ဦး ကို တစ်ဦး ကိုယ် တတ် နိုင်တဲ့ ဘက် က ကူညီ စောင်မ ကြရစမြဲပေါ့ ” ဟု ထွက် ၍ ပြောပါသည် ။ ကိုလှကြည် က လည်း ကျေးဇူးတင် စကားများ ပြောကြား ပြီး နောက် ကျွန်တော်တို့ နှစ်ယောက် ကိုခင်အုန်း ၏ လင်းရိုဗာ ကားအဖြူကလေး ဖြင့် သားဖွားခန်း ရှိရာ သို့ မောင်းနှင် ထွက်ခဲ့ကြပါသည် ။ စ ထွက်စ အချိန် ၌ ကိုလှကြည် မှာ စကား တစ်ခွန်း မှ မပြောဘဲ တစ်စုံတစ်ခု ကို တွေးတော နေပုံ ရ ပါသည် ။ ကျွန်တော် က စ၍ -
“ ကလေး က ဘယ်နှလ နဲ့ ပျက်ကျ ရတာလဲ ကိုလှကြည် ရ ” ဟု တိတ်ဆိတ်မှု ကို ဖြိုခွင်း မေး လိုက်ပါသည် ။ ကိုလှကြည် က ချက်ချင်း ပြန် မဖြေပါ ။ သူ့စိတ်၌ တစ်စုံ တစ်ခု ကို ထုတ်ပြောသင့် ၊ မပြောသင့် စဉ်းစားနေဟန် တူ၏ ။ နောက်မှ -
“ ကိုမင်းရှင် ကို တော့ ဖုံးကွယ် ထားရမယ့် လူ လည်း မဟုတ်ပါဘူး ဗျာ ။ ကျွန်တော် လည်း ကိုယ့် အဖြစ် ကိုယ် ညာ မနေချင်တော့ပါဘူး ။ အမှန်က မကျင်ရီ ကလေး ပျက်ကျ ရတာ မဟုတ်ပါဘူး ။ တမင်တကာ ကို ဖျက်ချ ပစ် လိုက်တာပါ ။ ကိုယ်ဝန် က နှစ်လ နီးပါးတောင် ရှိပြီ ” ဟု စကား နှင့် သက်ပြင်း ရောထွေး ၍ ပြောချ လိုက်သည် ။
ကျွန်တော့် မှာ ရုတ်တရက် ယောင်၍ ပင် စုတ်သပ် လိုက် မိပြီး မှ အားတုံ့ အားနာ ဖြစ်သွား မိ၏ ။ ဤခေတ် ဤအခါကြီးတွင် လူ တကာ ကလေး တားဆီးနည်း ၊ ကလေး ဖျက်ချနည်း မျိုးစုံ တို့ ဖြင့် ကလေး မရရန် ကြိုးပမ်း နေချိန်မျိုး ၌ ကိုလှကြည် တို့ အဖြစ်အပျက် မှာ မဆန်းလှသည် မှန် သော်လည်း ၊ ကျွန်တော် ၏ စိတ်ရင်း ၌ ဤ ကိစ္စမျိုး ကို စက်ဆုပ် ရွံရှာဖွယ်ရာ အကောင်းဆုံး ဟု နှလုံးပိုက် ထား မိသည် ဖြစ်သော ကြောင့် ဟန် မဆောင် နိုင်တော့ဘဲ စုတ် သပ် လိုက်မိခြင်း ဖြစ်ပါသည် ။ ဤ အဖြစ်အပျက်မျိုး တို့ ကား ယခုတလော ရိုး မတတ် ပင် ရှိခဲ့ပါပြီ ။ ဘယ် အိမ်ထောင်စု နှင့် တွေ့ လိုက် တွေ့လိုက် ကိုယ်ဝန် ဆောင် ပြီးသား ကလေး ကို ဖျောက်ဖျက် လိုသူများ အတွက် နိုင်ငံခြား ဆေးဝါးမျိုးစုံ တို့ဖြင့် ဖျက်ချနည်း ၊ ဆရာဝန် ထံ သွားရောက် ဖျက်ချစေနည်း တို့ ကို လည်းကောင်း ၊ ကလေး ဆို ၍ လေသံ မျှ ပင် မကြား လိုသူများ အတွက်လည်း ယောက်ျား များ အနေ နှင့် အကြော ဖြတ်၍ တားဆီးနည်း ၊ မိန်းမများ သားအိမ် ထုံး ၍ တားဆီးနည်း ၊ ဓမ္မတာ ရာသီလာချိန် ကို ဂဏန်းသင်္ချာ အားဖြင့် တွက်ချက် ၍ တားဆီးနည်း စသည့် ကိုယ်ဝန် တားဆီးနည်း ပေါင်းစုံ ကို လည်းကောင်း ကြားရ ၊ သိရ ပါသည် ။
တစ်အိမ်ထောင် နှင့် တစ်အိမ်ထောင် ဆုံတွေ့ ကြ လျှင်လည်း ကလေး ပေါများသူ ချင်း ဖြစ်ပါက “ ဘယ့်နှယ် ၊ ဆေးရုံကြီး သွား လုပ် လိုက်ရင် တစ်ည ပဲ ငြိမ်ငြိမ် နေရ သတဲ့ ။ သိပ် လွယ်ကူဆိုပဲ ” စသည်ဖြင့် အကြံပေး ဉာဏ်ပေး သလိုလို ၊ အဖော် ညှိ သလိုလို နှင့် ပြောဆို တတ်ကြ သေးသည် ။
ထို တလော တွင် ကျွန်တော်တို့ စာရေးဆရာ တစ်စု တွေ့ ဆုံမိကြလျှင် ပင် ဤကဲ့သို့ ကိုယ်ဝန် တားဆီးနည်းများ နှင့် ပတ်သက်၍ ဇာတ်လမ်း ဖန်တီး ရေးသားကြရန် တိုင်ပင် နှီးနှောမိကြ သေး၏ ။ ထိုကဲ့သို့ စကား စပ်မိ ကြရင်း က ကျွန်တော့် တွင် ဇာတ်လမ်းကလေး တစ်ခုပင် ရမိ သေး၏ ။ လင်ယောက်ျား တစ်ယောက် ၊ ကလေး မလိုချင် လွန်း၍ အကြောဖြတ် တားဆီးမှု ပြုလုပ် ပြီး နောက် မှ မိမိ ဇနီးသည် တွင် မမျှော်လင့်ဘဲ ကိုယ်ဝန် ဖြစ်ပေါ် လာ ရာ ထို လင်ယောက်ျား မှာ ဇနီး ဖြစ်သူ မိမိ အပြင် နောက်မီး ပွင့် မျောက်မ ထားသည် အထင် နှင့် လင်မယား ကွဲကြရ ပုံ ။ အမှန်အားဖြင့် ဆရာဝန် တို့ နှင့် တိုင်ပင် နှီးနှော ကြည့်သော အခါ တွင် မှ ဤကဲ့သို့ အကြောဖြတ် တားဆီးနည်း မျိုး မှာ လုံးဝ စိတ်ချနိုင်သည် မဟုတ်ကြောင်း ၊ တစ်ခါတစ်ရံ မမျှော်လင့်ဘဲ ကိုယ်ဝန် ဖြစ်ပေါ် လာ တတ်ကြောင်း နှင့် သိရတော့ မှ မိမိ အမှား မိမိ နောင်တ ရရှိ ပြီး ဇနီးသည် အား တောင်းပန် ဝန်ချပုံ ၊ သို့ရာတွင် သစ္စာ ကြီးမားခဲ့သော ဇနီးသည် မှာ မိမိ အပေါ် အထင် လွဲရ ကောင်းလား ဟူ၍ လင်ယောက်ျား အား လက်မခံ တော့ဘဲ ငြင်းဆိုလိုက်ပုံ ... စသည်ဖြင့် ဝတ္ထုဇာတ်လမ်း ဆင် ၍ ရေးသားရန် ကြံမိ ပြီးမှ ယခု အထိ မရေးဖြစ်ဘဲ ရှိခဲ့ခြင်း ဖြစ်ပါသည် ။
သို့ ဖြစ်လေရာ ဤခေတ် ဤသမယ တွင် ၊ ဤရွေ့ ဤမျှ ခေတ်စား လျက် ရှိသော အဖြစ်သနစ်မျိုး တို့ တွင် ကိုလှကြည် တို့ လင်မယား ရော ပါသွားရခြင်း မှာ အကယ်စင်စစ် အပြစ်တင် စုတ်သပ်ဖွယ် မရှိပါတကား ဟု တွေးမိ ရာ က ၊ ကိုလှကြည် အပေါ် တွင် အားတုံ့အားနာ ဖြစ်သွားမိခြင်း ဖြစ်ပါသည် ။
“ အပြစ် တင်မယ် ဆိုလည်း တင်သင့်ပါတယ် ကိုမင်းရှင် ရာ ၊ ဒီ ကလေး ကို ဖျက်ချမိတာ ဘာမှ အဓိပ္ပာယ် မရှိပါဘူး ။ အခုခေတ်ကြီး ကို က ဘာတွေ ဖြစ် နေသလဲ မသိပါဘူး ။ ကျွန်တော်တို့ တစ်တွေ ဟာ ကိုယ် ဆုံးဖြတ် ပြုမူမိတဲ့ အလုပ် ကို ဘာ့ကြောင့် ၊ ဘာရည်ရွယ်ချက် နဲ့ ပြုလုပ်မိတယ် ဆိုတာ ကို ပြတ်ပြတ်သားသား နား မလည်နိုင်ကြဘူး ။ အခု ကြည့် ပါလား ၊ ဒီ ကလေး ဖျက်ချဖို့ စိတ်ကူးကြ တုန်း က ကျွန်တော် ရော ၊ မကျင်ရီ ပါ နှစ်ဦး သဘောတူပဲ ။ ဒါပေမဲ့ အခုတော့ ကျွန်တော့် စိတ် ထဲ မှာ အမှားကြီး မှားပြီ လို့ နားလည် လာ မိတယ် ” ဟု ကားဘီးသံ တဝီဝီ ကြား မှ ကိုလှကြည် က ပြောလိုက် ပြန်၏ ။
ကျွန်တော် လည်း ရင် ထဲ က ယားကျိကျိ ဖြစ်လွန်းလာ မိရာ က လူ တစ်ဖက်သား အပေါ် အားနာမှု ၊ ငဲ့ညှာမှုမျိုး လုံးဝ မရှိတော့ပါ ။ ဤ ပြဿနာ သည် ကိုလှကြည် လင်မယား အတွက်သာ မဟုတ် ။ မြန်မာ တစ်နိုင်ငံ လုံး ရှိ လင်မယားတွေ နှင့် ပတ်သက် နေရာ ၊ ကျွန်တော့် ရင် ထဲ မှာ မေးချင် မြန်းချင် စိတ် တွေကို တားဆီး ထားခြင်းငှာ မသင့်ဟု ဆုံးဖြတ်ချက် ချလိုက် မိ ပါသည် ။
“ နေပါဦး ကိုလှကြည် ၊ အခုလို မှားမှန်း သိရင် အစကတော့ ဒီကလေး ကို ဖျက်ချဖို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့ မိတာတုံး ” ဟု မေးလိုက် မိ၏ ။
ကိုလှကြည် မှာ အဖြေရ ခက်နေပုံ ရသည် ။ သူ့ ဟာ သူ လည်း အစက ဘာ့ကြောင့် ဆုံးဖြတ်ချက် ချခဲ့မိသည် ကို သဘော ပေါက် ပုံ မရ ။ အတော်ကလေး ကြာ မှ အကြောင်းရင်း ကို သူ သတိရ မိ ဟန် ဖြင့် -
“ အကြောင်းရယ် လို့ မည်မည်ရရ မရှိပါဘူးဗျာ ။ အပေါင်းအသင်း မှား လို့ ဖြစ်ရ တာပါ ။ ကိုယ့် အပြစ် ကို သူများ လွှဲချတာ တော့ မဟုတ်ပါဘူး ။ ကျွန်တော် တို့ အပြစ် လည်း မကင်းတာ အမှန်ပါပဲ ။ ဒါပေမဲ့ တကယ်လို့ အစ ကတည်း က မကျင်ရီ သာ နားမယောင်ခဲ့ ရင် ဒီ အဖြစ်မျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး ။ ဒီလို ကိုမင်းရှင် ရ ၊ မကျင်ရီ က အစစ အရာရာ အိမ်နီးချင်း မတင်လှလှ တို့ အိမ်ထောင် ကို အတု ခိုး ချင်တယ် ။ သူ့ အပြစ် လည်း မဟုတ်ပါဘူး ။ ကိုမင်းရှင် သိတဲ့ အတိုင်း ဟို လင်မယား ကလည်း တစ်ယောက် က အီးအို ၊ တစ်လ ရှစ်ရာ စား ။ တစ်ယောက် က လည်း ဆူပရီတင်းဒင့် ၊ တစ်လ လေးရာ စား ။ အိမ်ပိုင် ကားပိုင်တွေ နဲ့ ဆိုတော့ အားကျ ချင် စရာ ၊ အထင်ကြီး စရာ ၊ အတုခိုးချင် စရာ ပေါ့ ဗျာ ။ ကျွန်တော်တို့ ဆိုတာက တစ်လ မှ လခလေး ၂ ရာ နီးပါးနဲ့ ။ ကြွေးတင် ၊ ပစ္စည်း ပေါင်ရ ၊ တစ်လ နဲ့ တစ်လ အလျဉ် မီတယ် မှ မရှိဘဲ ။ ကိုယ့် ထက် ၆ ဆ လောက် သာတဲ့ အိမ်ထောင်ကို အားကျ မိတော့ တာပေါ့ ။ ဟို ... မင်းကတော် ကလည်း အမျိုးမျိုး သင် ပေးတယ် ။ တစ်ဖက် က ခုလို အခြေအနေ နဲ့ ယှဉ်ပြီး သုံးနည်း ဖြုန်းနည်း အမျိုးစုံ သင်ပေး သလို တစ်ဖက် က လည်း ကျွန်တော်တို့ ရ တဲ့ ငွေ ၂ ရာ လောက် နဲ့ လူ့ လောက မှာ နေလို့ မှ မဖြစ်တော့အောင် သူတို့ လခတွေ နဲ့ နှိုင်းပြီး ခြောက်လှန့် တော့ တာပဲ ။ မကျင်ရီ က လည်း ဒါတွေ နားထောင် ၊ နားယောင် လာပြီး အမြဲတမ်း စိုးရိမ် ထိတ်လန့် နေတော့တာပဲ ။ တစ်နေ့ တခြား ငွေ ကို မက်မော လာတယ် ။ ငွေမရှိ မှာ ကို ပဲ ကြောက် နေတော့တယ် ။ သူ့ ခေါင်း ထဲ ငွေကိစ္စတစ်ခု ပဲ တွေး နေတော့တာ ပါပဲ ။ နောက်ဆုံးတော့ မတင်လှလှ က ကလေး အကြီး ၂ နှစ် မှ မပြည့်သေး ခင် နောက်ထပ် တစ်ယောက် မယူချင် ဖို့ ၊ ဒီ လခ ဒီ အခြေ နဲ့ ကလေး နှစ်ယောက် ဆိုရင် ဒီ့ထက် ပိုပြီး စိတ်ဒုက္ခ ရောက်စရာ ပဲ ရှိတဲ့ အကြောင်း ၊ သူတို့ နှစ်ယောက်ပေါင်း တစ်ထောင် ကျော် ရတာ တောင် မှ ကလေး နှစ်ယောက် မယူချင် လို့ အခု ဒုတိယ ကလေး တုန်း က အမျိုးမျိုး ဖျက်ချဖို့ ကြိုးစား ခဲ့ကြောင်း ၊ ဘယ်လို ဖျက် လို့ မှ မရတော့ လို့ သာ အခု မွေးလာရတဲ့ အကြောင်းတွေ နဲ့ နှိုင်းနှိုင်း ပြောတော့တာ ကိုး ။ ကျွန်တော့် မိန်းမ ဦးနှောက်ကလေး ၊ ဉာဏ်ကလေး နဲ့ ဘယ် ခံနိုင်ပါတော့မလဲ ကိုမင်းရှင် ရာ ။ ဟို က ဘီအေ ၊ ပညာတတ် ၊ လခစား ။ ဒီ က ၅ တန်း ၆ တန်း ၊ အလုပ်အကိုင် မရှိ ၊ အိမ် ထဲ နေရတဲ့ သူ ၊ ဟိုက ပြောလေ သမျှ အဟုတ်ကြီး ထင်တော့တာပေါ့ ” စသည် ဖြင့် မချိတင်ကဲ ဝမ်းနည်းစွာ ဖြင့် ပြောနေ လေ တော့၏ ။
“ ခင်ဗျား မိန်းမ က ပညာမဲ့ လို့ နားယောင် မိဦး ၊ ဟို လင်မယား ဟာ ငွေ မရှိလို့ ၊ မချမ်းသာ လို့ မှ မဟုတ်ဘဲ ။ သက်သက်မဲ့ သူတို့ နေထိုင် စားသောက် နေရတဲ့ လက်ရှိ စည်းစိမ်တွေ ယုတ်လျော့ သွားမှာ စိုးလို့ ၊ ကလေး တစ်ယောက် တာဝန် ကို မလိုချင်ဘူး ဆိုတာ သူတို့ အမှား ကို ခင်ဗျားတို့ ပါ လိုက် မှား အောင် အဖော် ညှိတယ် ဆိုတာ ခင်ဗျား က နားလည် သင့်ပါတယ် ဗျာ ။ ခင်ဗျာ့း မိန်းမ နားယောင်တိုင်း ခင်ဗျား လို လူ က ဘာကြောင့်များ ... ”
ကျွန်တော့် မှာ စကား ကို ဆုံးအောင်ပင် မပြောနိုင်ပါ ။ ကိုလှကြည် ၏ အကြောင်းပြချက် များ ကို လက်မခံ နိုင်ဘဲ အပြစ် တင်လို ဇော ဖြင့် သာ မောနေ မိ တော့၏ ။
“ မေးသင့်ပါတယ် ၊ မေးသင့်ပါတယ် ။ မကျင်ရီ ဘယ်လိုပဲ မိုက်မိုက် ၊ ကျွန်တော် က မမိုက်သင့်ပါဘူး ။ အမှန် ကို ဝန်ခံရဲပါတယ်ဗျာ ။ တကယ် က တော့ ကျွန်တော် ကိုယ်တိုင် လည်း နားယောင် သွားမိတယ် ။ ကျွန်တော့် မျက်စိ ထဲ မကျင်ရီ အခါလည်ကျော်ကျော် ကလေး တစ်ဖက် ၊ ဗိုက်ကြီး တစ်လုံး နဲ့ ဖတ်သီ ဖတ်သီ ဈေး သွား ရမှာ တွေ ၊ ကိုယ်ဝန် ဆောင် ရတာ က ဒုက္ခ တစ်ဖက် နဲ့ အကြီးကောင် ကို နို့ဖျော် တိုက်ရ ၊ ချေးတယ်ရ ။ ညကြီးမင်းကြီး ထ အနှီးလဲရ ၊ တစ်ခါ မနက် အစောကြီး ထ ပြီး လင် ကို ပြုစုရ ၊ ထမင်း ချက်ရ ပြုတ်ရ နဲ့ ပင်ပန်းမှာ တွေ ၊ လခလေး ၂ ရာ ကို အလျဉ် မီအောင် မှ မသုံးနိုင် တဲ့ ဘဝ မှာ နောက်ထပ် ကလေး တစ်ယောက် မွေးဖွား စရိတ် ၊ နို့မှုန့်ဖိုး ၊ အို .… ဒါတွေကို တွေးလိုက်မိ ပါတယ် ကိုမင်းရှင် ရာ ။ ကျွန်တော် ကိုယ်တိုင်က မကျင်ရီ ဆီ က တစ်ဆင့် မတင်လှလှ ရဲ့ ဆုံးမ သြဝါဒတွေ ကို နားယောင် မိပြီး အလိုတူ အလိုပါ ဖြစ်မိ သွားတာပါပဲဗျာ ” ဟု ကိုလှကြည် က ခေါင်းကြီးငုံ့ ၍ သူ့ အပြစ် သူ ဝန်ခံ လိုက်သော အခါတွင်မူ ကား သနားကရုဏာ သက်သွား မိ တော့၏ ။ သူ့ စကားများ ကို နားထောင်မိရင်း ကလည်း မကြာသေး မီ က ကိုလှကြည် ပြောခဲ့ သလိုပင် “ ကိုယ့် ဆုံးဖြတ်ပြုမူမိတဲ့ အလုပ် ကို ဘာကြောင့် ၊ ဘာရည်ရွယ်ချက် နဲ့ ပြုလုပ်မိတယ် ဆိုတာ ကို ပင် ပြတ်ပြတ်သားသား နားမလည် နိုင်တဲ့ ခေတ်ကြီးပါ တကား ” ဟု ခေတ် ကို ပင် အပြစ် ပုံချ လိုက်မိပါသည် ။
သို့ရာတွင် ဤ ခေတ်ဆိုး ခေတ်ကျပ်ကြီး ထဲ မှာ ပင် မျှော်ကိုးချက် အလင်းရောင်ကလေး များ ကို တွေ့ နိုင်သေးကြောင်း ကို လည်း အမှတ်ရ လိုက်မိသည် ။ တလောကပင် ယခု ကျွန်တော် မောင်းနှင် လျက် ရှိသော ကိုခင်အုန်း ၏ လင်းရိုဘာ ကား ကို မောင်းသူ ဒရိုင်ဘာ ကိုသော် ဆိုသူ နှင့် စကား စပ်မိကြရင်း က ကြားသိ ခဲ့ရသော စကားများကို ပြန်လည် ကြားယောင် မိတော့၏ ။
တစ်နေ့သ၌ ဒရိုင်ဘာ ကိုသော် မှာ မိမိ ကား ကို ရေဆေး တိုက်ချွတ် နေစဉ် ၊ ကျွန်တော် လည်း ပျင်းပျင်း ရှိသည် နှင့် သူ့ အနီးအနား သွား၍ သလ္လာပ အာလာပ စကား ပြောမိကြရင်း က ကျွန်တော် က -
“ ကိုသော် တို့ အခု ရတဲ့ လခ တစ်ရာ နဲ့ စားလောက် သောက်လောက် ရှိရဲ့လား ” ဟု စပ်စု မေးမြန်း မိပါသည် ။
“ ဘယ် လောက်ပါ့မလဲ ဆရာ ရယ် ၊ ကျွန်တော် က လင်ကိုယ် မယား နှစ်ယောက် ထဲ မှ မဟုတ်ဘဲ ။ သားသမီး ပေါင်း ( ၇ ) ယောက် ရှိတယ် ။ အခု ဗိုက်ထဲ က ပါ နဲ့ ဆိုရင် ( ၇ ) ယောက်ခွဲ ပေါ့ ”
“ ဟင် ကလေး ( ၇ ) ယောက် ၊ များလှချည်လား ကိုသော် ရယ် ။ ဒီ ကလေးတွေရဲ့ တာဝန် ကို ကျေပွန်နိုင်ရဲ့လား ၊ ကျောင်း ကော ထားရဲ့လား ”
“ ဒါတော့ စိတ်ချ ဆရာ ၊ ကျွန်တော် သာ ဒရိုင်ဘာ လုပ်မယ် ။ ကိုယ့် သားသမီးတွေ တော့ စာရေး လောက် တော့ ဖြစ်စေရမယ် လို့ ဆုံးဖြတ် ထားတယ် ။ ကျွန်တော်တို့ လင်မယား က ငတ် နေရရင် နေရ ပစေ ၊ သားသမီးတွေ ကို တော့ ပညာ တတ်အောင် သင်ပေး မှာပဲ ။ ရတဲ့ လခကလေး နဲ့ ကတော့ ဘယ် လွယ်ပါ့မလဲ ဆရာ ရယ် ။ ကျွန်တော့် မိန်းမ လည်း စက်ချုပ် ရ ၊ ဈေးရောင်း ရ လုပ်ရသေး တာပေါ့ ။ ကျွန်တော် လည်း ဒရိုင်ဘာ အလုပ် ပြီးလို့ အိမ်ပြန် ရောက် ရင် အဖေ သင် ပေး ထားတဲ့ လက်သမား အတတ်ကလေး နဲ့ ရွာ ထဲ လိုက်ပြီး အလုပ်ကလေးတွေ လုပ် ပေးရင်း ရနိုင် သမျှကလေး ရှာ ရတာပဲ ။ ဒီလို ဒီလိုနဲ့ပဲ တစ်လ တစ်လ ဖြစ် ဖြစ် သွားတာပဲ ဆရာ ရေ ”
ထိုအချိန် ၌ ကလေး ဖျက် ချခြင်း ၊ ကိုယ်ဝန် တားဆီးခြင်း စသည် တို့ ကို အမုန်းကြီး မုန်း ၊ အစက်ဆုပ်ကြီး စက်ဆုပ်ပါသည် ဆိုသော ကျွန်တော် က
“ ကိုသော် ၊ အခု ခေတ်စား နေတဲ့ ကလေး မရအောင် လုပ်တဲ့နည်းတွေ ကြားဖူးရဲ့လား ” ဟု မေးလိုက် မိ ပါသည် ။
“ ကြားဖူးပါသော် ကော ဆရာ ရယ် ၊ ဟိုဟာ ဖြတ် တာတို့ ၊ ဟိုဟာ ထုံး တာတို့ မဟုတ်လား ။ အဲဒါ ဘာဖြစ်လို့လဲ ဆရာ ”
“ ခင်ဗျား မှာ ကလေး ( ၇ ) ယောက် ဆိုတော့ အဲသလို လုပ်ချင်စိတ်များ မပေါက်ဖူးလား လို့ ပါ ”
“ ဟာ ... တစ်ခါတလေ တော့ ပေါက်မိသား ဆရာ ။ ကျွန်တော် နားလည်တဲ့ လူတွေ မေးတောင် ကြည့်မိသေးတယ် ။ တလောက ကျွန်တော် တို့ ဆရာ့ ရုံး က စာရေးကြီး တစ်ယောက် က အဖော် ညှိလို့ တောင် လိုက် လုပ် မလို့ စိတ်ကူး လိုက် မိ သေးတယ် ။ ဒါပေမဲ့ ကျွန်တော့် မိန်းမ တိုင်ပင် ကြည့်တော့ သူ က အတင်း တားပါရော ဆရာ ။ ဒီလို ပါနာတိပါတာ အကုသိုလ်တရားတွေ မလုပ်ချင် ဖို့ ၊ ကလေး တစ်ယောက် သ,တ်ပစ်မယ့် အစား ကလေး တစ်ယောက် မလိုချင်မယ့် အစား နှစ်ယောက် အတူတူ မအိပ်ကြတာ က မှ ကောင်းသေးတယ် လို့ သူ က ပြောတော့ ကျွန်တော် တောင် ရှက်သွားမိတယ် ဆရာ ။ သူ ပြောတာ မှန်တာပဲ ။ ကလေး မွေးအောင် ဖန်တီးတဲ့ အလုပ် ကျ တော့ မရှောင်နိုင်ကြဘဲ သဘာဝ အလျောက် ပေါက်ဖွားလာမယ့် ကလေး ကို တော့ တားဆီးဖို့ ၊ သ,တ်ပစ်ဖို့ ကြံစည်ကြတယ် ဆိုတာ တော်တော် ဆိုးတဲ့ အလုပ်ပဲ ဆရာ ။ ကျွန်တော်တို့ အဖို့ တော့ မထူးပါဘူး ။ ကုသိုလ်ကံ ကြောင့် ရလေ သမျှ ကလေးတွေ ကို တော့ ဘယ်လောက် အထိ ရရ ၊ ကိုယ် ငတ် မသေမချင်း တာဝန် ရှိ သလောက် ပြုစု စောင့်ရှောက် သွားမှာပဲ ။ ဒီ ဒရိုင်ဘာ အလုပ် နဲ့ မလုံလောက် ရင် ဘာလုပ်ရ လုပ်ရ ၊ အဆုံးစွန် သူခိုး လုပ်ရ လုပ်ရပေါ့ ဆရာ ။ ဒီတော့လည်း ဘာ တတ်နိုင်ပါ့မလဲ ” ဟု ကိုသော် က ကရားရေလွှတ် ပြန်ပြော လိုက်သည့် အခါတွင် မူ ကား ဤခေတ် ဤသမယကြီး ကို မျှော်လင့်ချက် ကုန်ဆုံးပြီ ဟု စိတ်ပျက် လက်လျှော့ ထား မိသော ကျွန်တော့် စိတ်မိုက် ၊ စိတ်မှားတွေ ကို ပြန်လည် ဖျောက်ဖျက် ပစ်နိုင်ပြီး မှောင်မိုက်သော ကမ္ဘာ လောကကြီး တစ်ဖက် ဆီ မှ အားကိုး အားထား အလင်းရောင်ကလေး များ သည် ကွန့်မြူး လျက် ပင် ရှိပါသေးတကား ဟု စိတ်အား တက်ကြွ သွားခဲ့မိပါသည် ။
“ ကိုမင်းရှင် ဘာတွေများ တွေးနေ သလဲ ။ ကျွန်တော်တို့ ကို အပြစ်တင် လို့ မဆုံး ဖြစ်နေတယ် ထင်တယ် ။ အပြစ်တင် ထိုက်ပါတယ်ဗျာ ” ဟု ကိုလှကြည် က ပြော လိုက်တော့ မှ ဒရိုင်ဘာ ကိုသော့် အကြောင်း တွေး နေမိခြင်း ကို ဖြတ်ပစ် လိုက်ပြီး -
“ ဪ … ဪ အပြစ် မတင်တော့ပါဘူး ကိုလှကြည် ရာ ၊ ဒီလိုပဲ ပေါ့ ။ ခေတ်ကြီး ကို က ဆင်းရဲ ကျပ်တည်း အခက်အခဲတွေ ဒီလောက် များ နေတော့ လူတွေ လည်း မှားယွင်းကြရတာပေါ့ ။ ဒါပေမဲ့ နောက် တစ်ခါ မမှား ဖို့ သာ ဆင်ခြင် ကြဖို့ လိုတာပဲ ။ သားသမီး များတိုင်း လည်း လူ့ လောက မှာ နေလို့ မဖြစ်တာ မဟုတ်ကြောင်း နားလည် ထားဖို့ နဲ့ ကိုယ့် လောက် မှ မချမ်းသာကြ ဘဲ သားသမီးတွေ တစ်ပုံကြီး နဲ့ တစ်ဝမ်းတစ်ခါး ကျောင်း ကြရတဲ့ မရှိဆင်းရဲ တွေ ကို ပြန် ကြည့်ပြီး သင်ခန်းစာ ယူ ရမှာပေါ့ ” ဟု ခပ်တိုတို မျှ သာ အကြံဉာဏ် ပေးလိုက် မိ တော့၏ ။ ကိုသော် တို့ အကြောင်း ကို ကား အကိုးအကား မပြလိုတော့ပါ ။ ကိုလှကြည် အဖို့ မိမိ တို့ အမှား မိမိ ထပ်ပြန်တလဲ ပြန် တွေးရင်း ယူကျုံးမရ ဖြစ် သထက် ဖြစ်ခါ မိမိတို့ ကိုယ် မိမိ ခွင့်မလွှတ်နိုင် သည် အထိ စိတ် ထိခိုက်သွားမည် ကို လည်း စိုးရိမ်မိပါသေးသည် ။
သို့နှင့်ပင် ကျွန်တော်တို့ မော်တော်ကား သည် မကျင်ရီ တက်ရောက် နေသော သားဖွားခန်း သို့ ဆိုက်ရောက် လာ၏ ။ သားဖွားခန်း ရှေ့ ကားဆိုက် လိုက်သည် နှင့် တစ်ပြိုင်နက် ပင် ကျွန်တော် က -
“ ကဲ ... ကိုလှကြည် ရေ ၊ ဒီ အကြောင်း နဲ့ ပတ်သက်ပြီး မှားတာ မှန်တာ ဘာ တစ်ခု မှ ထပ် မပြောကြတာ အကောင်းဆုံးပဲ ဗျာ ၊ မကျင်ရီ ကို စိတ် မထိခိုက် စေပါနဲ့ တော့ ။ မသိလိုက် မသိဘာသာ နေ သွားပါတော့ ဗျာ ၊ ဟုတ်လား ” ဟု သတိ ပေး လိုက်ရာ ကိုလှကြည် က ပြုံးမဲ့မဲ့ နှင့် ခေါင်း တစ်ချက် ညိတ်ပြ လိုက်လေသည် ။ နောက် ၁၅ မိနစ် ခန့် အကြာ တွင် ကျွန်တော် ၊ ကိုလှကြည် နှင့် မကျင်ရီ တို့ သုံးယောက်သား အိမ်ဘက် သို့ ပြန် မောင်းခဲ့ကြပါသည် ။ မကျင်ရီ ကား တစ်စုံတစ်ရာ ဘာမျှ စိတ် မကောင်း ဟန် ၊ ယူကျုံးမရ ဖြစ်ဟန် မရှိပါ ။ ပြုံးပြုံးရယ်ရယ် နှင့် ပင် သူ့ ခင်ပွန်း သူ အိမ်ကြောင်း ရာကြောင်း ၊ သားကြီးကလေး အကြောင်းတွေ တစ်လမ်း လုံး ပြောလာ လေသည် ။ ကိုလှကြည် က လည်း ဟန်လုပ် ကောင်း ပေသည် ။ သူ့ ဇနီး သူ ပြုံးရွှင်စွာ ပင် ပြန်လှန် ပြောဆို လာ၏ ။
မကြာမီ မော်တော်ကား သည် ကျွန်တော် တို့ လမ်း ထဲ မောင်းဝင် ခဲ့ပြီး ၊ ကိုလှကြည် တို့ အိမ်ရှေ့ ဆိုက်လိုက် ကာ မကျင်ရီ ကို အိမ် ပေါ် တွဲမ ၍ တင် လိုက်ကြပါသည် ။ ထို့နောက် ကျွန်တော် နှင့် ကိုလှကြည် တို့ သည် မတင်လှလှ တို့ အိမ် ဘက် ကား ပြန် အပ်ရန် ဆက် ထွက်ခဲ့ ရာ အိမ်ဝရန်တာ ပေါ် မှ မတင်လှလှ က -
“ ဘယ့်နှယ့် ကိုလှကြည် ၊ မကျင်ရီ တစ်ယောက် ကောင်းကောင်းမွန်မွန် ပဲ နော် ။ ကိစ္စရော ချောချောမွေ့ မွေ့ ပဲ မဟုတ်လား ” ဟု ဆီးကြို မေးမြန်း လိုက်သဖြင့် ကိုလှကြည် က -
“ ဟုတ်ကဲ့ ၊ အားလုံး ချောချောမောမောပါပဲ ခင်ဗျာ ၊ ကားကလေး ရ တာလည်း အင်မတန် အဆင်သင့် သွား ပါတယ် ။ သိပ် ကျေးဇူး တင်တာပဲ ခင်ဗျာ ” ဟု ကျေးဇူး တင် လိုက်ပါသည် ။
မတင်လှလှ က မူ ကျေးဇူးတင် စကား ကို အာရုံ စိုက်မိဟန် မတူ ပါ ။ တစ်စုံတစ်ရာ ကို မျက်မှောင်ကလေး ကုတ်၍ စဉ်းစား နေရာ က -
“ ဒီ ဆရာဝန်တွေ များ တော်တော် ထူးဆန်းတာပဲ ရှင် ၊ မကျင်ရီ ကျ တော့ လည်း လွယ်လွယ်ကူကူ လုပ်ပေး လိုက်ကြတာပဲ ။ ကျွန်မ ဟောဒီ ကလေး တုန်း က များ ခါးခါးသီးသီး ငြင်း လိုက်တာ ၊ ဒီ အလုပ်မျိုး မလုပ်သင့်ဘူးလေး ၊ ဆရာဝန် ထုံးစံ မှာ မရှိဘူးလေး ၊ မကောင်းဘူးလေး နဲ့ ။ ငွေ ဘယ်လောက် ဖြစ်ဖြစ် ပေး ပါ့မယ် ဆိုတာ တောင် မရခဲ့ဘူး ။ အခု သူတို့ လုပ်ပေးချင် တဲ့ လူ ကျတော့ လည်း လွယ် လိုက်တာ ။ ကျွန်မ အကုသိုလ် ပဲ ထင်ပါရဲ့လေ ။ ဒီ ဆရာဝန် မကျင်ရီ ကို မျက်နှာ လိုက်တယ်လို့များ ထင် ရမလား မသိဘူး ”
ကျွန်တော့် မှာ ခေါင်းနားပန်း ကြီး ၍ နား တွေ ၊ မျက်စိ တွေ ပူထူ သွားမိတော့၏ ။ မတင်လှလှ ဘာတွေ ဆက် ပြောနေသည် ကို ပင် မကြား မိ တော့ ။ ကျွန်တော့် ပတ်ဝန်းကျင် တစ်ခု လုံး ချားရဟတ် ကဲ့သို့ လည်ပတ် သွားကာ မိုက်ခနဲ ပင် ဖြစ်သွား မိ တော့သည် ။
အဆိုးဝါးဆုံး အချက် ကား ပြာဝေ နေသော ကျွန်တော့် မျက်လုံး များ ရှေ့ တွင် မတင်လှလှ ပါးစပ် တွေ တလှုပ်လှုပ် တရွရွ နှင့် ပြောဆို နေသည် ကို လည်းကောင်း ၊ သူမ ၏ ရင်ခွင်ထဲ တွင် ရှင့်မီးအင်္ကျီ လှန်တင်ထား သော နို့ တစ်ဖက် ကို တပြွတ်ပြွတ် စုပ်စို့ နေရှာသည့် ၆ လသား အရွယ် ကလေးငယ် ကလေး ကို လည်းကောင်း မျက်ဝါး ထင်ထင် မြင် လိုက်ရခြင်း ပင် ဖြစ်ပါ တော့သည် ။
မှောင်မိုက်သော ကမ္ဘာလောကကြီး တစ်ဖက် ဆီ မှ အားကိုး အားထား ပေါ်ရန် ကြိုးစားရှာမည့် အလင်းရောင်ကလေးများ သည် ကျွန်တော့် စိတ် ထဲ ၌ ပြန်လည် ကွယ်ပျောက် ကာ မှောင် အတိ လွှမ်း သွားတော့သတည်း ။ ။
◾မင်းရှင်
📖 ရှုမဝ မဂ္ဂဇင်း
သြဂုတ် ၊ ၁၉၅၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment