Thursday, June 22, 2023

ဝမ်းမနာ သမီး


 ❝ ဝမ်းမနာ သမီး ❞ 


တနေ့တော့ ဒီ ပုတ် ထဲ က ဒီ ပဲ ပဲ ဖြစ်လာလိမ့်မယ် လို့ အစ ကတည်း က သူ မျှော်လင့် ထားမိတယ် ။  ဒါပေမယ့် ဒီလောက် မြန်မြန်ကြီးတော့ မဟုတ်ဘူး လေ ။ 


ဒီ အကြောင်း ကို တစခန်း ထဲ အတူ နေ လုပ်ဖော်ကိုင်ဖက်တွေ က လာ ပြောချင် ပေမယ့် ဦးသူတော် စိတ်ဆင်းရဲ နေမှာ စိုးလို့ မသိဟန် ဆောင် နေ ကြတယ် ။ 


ဒင်းထိုက် နဲ့ ဒင်းကံ ရှိပစေတော့ လို့ ပေယျာလကန် ပြု ထားလိုက်တယ် ။ 


မကြာပါဘူး ။ နောက် တနေ့ နေ့လယ် ကျတော့ ကိုဆက်မောင်ကြီး အရက်တွေ သောက်လာ လို့ မနေ့ည က လင်မယား သတ်ကြတာဗျ ၊ ဘကြီးသူတော် သိပြီးပလား တဲ့ ။ 


စခန်းထိပ် က ဒရဝမ် ဦးစိန်ဘန်း ရဲ့ မြေးအကြီးလေး က လာ ပြောတယ် ။ ကောင်လေး က သူ့ ဘာသာ လာ ပြောတာလား ။ တယောက် ယောက် က သူ သိစေချင်လို့ တမင်အပြော လွှတ် လိုက်တာလား ဆိုတာကို ဆန်းစစ် နေ မိတယ် ။ ဗြုန်းခနဲ တော့ မဝေခွဲတတ်ဘူး ။ 


“ သိပြီးပြီဟေ့ ” လို့ ပဲ ပြောလိုက်ရ မလား ။ ဒါမှ မဟုတ် မသိသေး ဟန် ဆောင် နေ လိုက်ရ မလား ။ “ သိပြီးပြီဟေ့ ” ဆိုရင် ကလေး ရဲ့ပြောချင်စိတ် ကို ဖျက်ဆီးပစ်ရာ ရောက် တော့မယ် ။ “ မသိသေးဘူးကွ ၊ ဘယ့်နှယ်ဖြစ်တာတုံး ” ဆိုရင် ကလေး က လူကြီးတွေ ပြောလို့ ကြားတဲ့ စကား အပြင် ဘေး က ထင်မြင်ချက်တွေ ရော အပိုတွေ ရော ပါလာတော့ မှာ ။ 


“ ကြားတော့ မကြားမိသေးဘူး ကွာ ၊ တော်ပါတော့ မပြောပါနဲ့တော့ ” လို့ ဦးသူတော် ကလေး ကို မုသား တဝက် သုံး လိုက် ရတယ် ။ 


မနေ့ ည က စိုက်ကွင်းမှူး ခေါ်တယ် ဆိုလို့ ဦးသူတော် စိုက်ကွင်းမှူး ရဲ့ အိမ် ကို အသွား ၊ ဆက်မောင် ရဲ့ အိမ် က ဆူဆူညံညံအသံတွေ ကြား ရတယ် ။ ဆက်မောင် မိန်းမ ရဲ့ အော်သံ ၊ ငိုသံ တွေ ရော ။ ဆက်မောင် က ဘာမှ ပြန် ပြောနိုင်ပုံ မရဘူး ။ အစက အကျိုးအကြောင်း မေးပြီး ပြေရာ ပြေကြောင်း ဝင် ပြောဦး မလို့ ကိုယ့် စကား နားထောင်ရင် နား ဝင် ရင် ကောင်းရဲ့ ။ ကိုယ် က စေတနာ နဲ့ ဝင် ပြောတာ ကို မူးနေတဲ့ ကောင် က အရက်ရှိန် နဲ့ ပြန် ပက် လိုက်ရင် ကိုယ် ပဲ စိတ်ဆင်းရဲ ရ မှာ ။ 


စိုက်ကွင်းမှူး အိမ် ရောက်တော့ စိုက်ကွင်းမှူး က “  ဦးသူတော်ကြီး နေလို့ ကောင်း ရဲ့လား ၊ အိပ်ရာ က ထ လာတာ ထင်တယ် ၊ ဒီ အချိန် အိပ်ရင် ဖျားတတ် နာတတ် တယ်နော် ” လို့ ပြောသေးတယ် ။ 


စိုက်ကွင်းမှူး က ဘာမှ သိသေးတာ မဟုတ်ဘူး ။ 


ဦးသူတော် စိုက်ကွင်းမှူး ရဲ့ ရှေ့ မှာ ဟန်ဆောင် မကောင်းခဲ့ဘူး ။ 


   •••••   •••••   •••••


ဦးသူတော် က စိုက်ကွင်း ကို စ တည် ကတည်း က စက် ဖိုမင် အဖြစ် နဲ့ အောင်သူကြီး စိုက်ကွင်း က နေ ပြောင်း လာ ခဲ့တာ ။ အခု စိုက်ကွင်း နေရာ က ကတ္တရာလမ်း က နေ လှည်းလမ်းကြမ်း အတိုင်း တော ထဲ ကို ဆယ့်နှစ်မိုင် လောက် ဝင် ရ သေးတယ် ။ ဒီ နေရာ မှာ ဝါးရုံကြီးတွေ ချုံကြီးတွေ အရင် က ပိတ်ဆီး နေတာပေါ့ ။ တောဝက်တွေ ၊ ချေတွေ အများကြီး ရှိတဲ့ နေရာ ။  မြွေ ကတော့ အတိုအရှည် အရွယ်စုံ ၊ မြွေပွေး ၊ မြွေဟောက် ၊ စပါးကြီး ၊ စပါးအုံး နဲ့ ငန်းမျိုးစုံ ရှိတဲ့ တောရိုင်း အရပ် ၊ စိုက်ကွင်း ဖော်ဖို့ ရွှေပြည်တော်စိုက်ကွင်း တို့ ၊ အောင်သူကြီးစိုက်ကွင်း တို့ ၊ မိုးလုံးမှိုင်းစိုက်ကွင်း တို့ က နေ ကျွမ်းကျင်သူတွေ ဒီမှာ စုပြီး စိုက်ကွင်း အသစ် ဖော် ကြတာ ။ စိုက်ကွင်း နား က ဓာတ်တော်ရွာ ၊ ကတိုးရွာ ၊ မီးသွေးဖုတ်ရွာ တို့  ရွာသားတွေ ရဲ့ လုပ်အားတွေ နဲ့ ပေါင်းလို့ ဒီ ပြည်တော်ဝင် စိုက်ခင်းရယ် လို့ ဖြစ် လာ ရတာ ။ 


စိုက်ကွင်းမှာ သုံး ဖို့ “  ဇွဲ ”  ထွန်စက်လေး တစင်း ပထမ ရောက် လာတယ် ။ ရောက်ခါ စ က ထွန်စက် မမြင်ဖူး လို့ လာ ကြည့်တဲ့ သူတွေ တောင် ရှိတယ် ။ စက် နှိုး လိုက် ရင် လန့် ပြေးတဲ့ အထဲ မှာ ဆက်မောင် လည်း ပါ သတဲ့ ။ ဒါလည်း နောက် မှ သူ ပြောပြ လို့ ဦးသူတော် သိ ရတာ ။ ကောင်လေး က လူပျိုပေါက်ကလေး ရှိ သေးတာ ။ သတ္တိ က မခေဘူး ။ စိုက်ကွင်းမှူး ဦးအောင်စိန် ကို စိုက်ကွင်း မှာ သူ အလုပ် လုပ်ချင်တဲ့ အကြောင်း သွား ပြောတယ် ။ ဦးအောင်စိန် က သူ့ ခန္ဓာကိုယ်လေး ကို ကြည့် ပြီး မင်း ဘာ လုပ်နိုင်လို့တုန်း ဆိုတော့ ခပ်တည်တည်ပဲ “ အကုန် လုပ်နိုင်တယ်ဗျ ” တဲ့ ။ ဘယ် ရွာ က တုန်း ဆိုတော့ အရှေ့ ထဲ ဆီ လက်ညှိုး ထိုး တဲ့ ပြီး “ ကတိုး က ဗျ ” တဲ့ ။ 


အစက သူ့ ကို ဝါးရုံတွေ ခုတ် ရအောင် ခေါ် လိုက်တာပဲ ။ သူ လည်း ဝါးရုံတွေ တော့ ခုတ်ပါ ရဲ့ ။ အချိန် ရ ရင် ထွန်စက် အနား ပဲ လာ နေတော့တာ ပဲ ။ ထွန်စက် မောင်းတွေ ဘာ ခိုင်းခိုင်း ပြေး လုပ်လိုက်တာပဲ ။ ဆက်မောင် က ထွန်စက်မောင်း ဖြစ်ချင် နေတာ ကိုး ။ နောက်ဆုံးတော့ စိုက်ကွင်းမှူး က “ ထွန်စက်ရူး ” ကို ဦးသူတော် လက် အပ် ရတော့ တဲ့ အဖြစ် ပဲ ။ 


စိုက်ကွင်း တည် စ ဆိုတော့ စခန်း ဖွဲ့စည်းပုံ က မပြည့်သေးဘူး ။ စက်ပြင် ဖိုမင် ဆိုပေမယ့် ထွန်စက် မောင်း တာ ကို ကျွမ်းကျင်တာ ဆိုလို့ ဦးသူတော် ပဲ ရှိတာ ၊  ဦးသူတော် လည်း ထွန်တဲ့ နေရာ ၊ ထယ် ထိုးတဲ့ နေရာ ပါ ရတာပေါ့ ။ ဒီတော့ ဆက်မောင် က ဦးသူတော် နောက် တကောက်ကောက် ပဲ ။ မြင်းကောင်ရေ ငါးဆယ် ရှိတဲ့ ဇွဲထွန်စက် ရဲ့စက်မောင်းသံ နဲ့ ဆက်မောင် ရဲ့ နှလုံးခုန်သံ နဲ့ ထပ်တူထပ်မျှ ဖြစ်နေ ရှာ တယ် ။ 


ဦးသူတော် ဆီ က ပညာ တော်တော်များများ ရတယ် ။ အောက်ခြေ က စပြီး သင် ပေးတာ ။ ဆက်မောင် က လည်း ပညာ လိုချင် စိတ် ရှိတယ် ။ သပ်သပ်ရပ်ရပ် စနစ်တကျ ရှိတယ် ။ ဒါကြောင့် ဆက်မောင် နဲ့ အတူ ရောက်ကြတဲ့ ဖိုးအေး တို့ ကြည်စိုး တို့ မာမွတ် တို့ အထဲ မှာ ဆက်မောင် ကို ဦးသူတော် က ပိုပြီး သံယောဇဉ် တွယ် မိတယ် ။ နေကြတာ လည်း တတဲ တည်း မဟုတ်လား ။ ကွင်း ထဲ က ပင်ပင်ပန်းပန်း နဲ့ ပြန် လာရင် ဆက်မောင် က ဘုန်းကြီးကျောင်းသား တယောက် လို ဝတ်ဖြည့် တတ်တယ် ။ ဦးသူတော် လည်း ဗလ က ခပ် ကောင်းကောင်း ၊ ကျန်းမာရေး က လည်း ကောင်းတော့ တော်ရုံ တော့ ညောင်းခဲ ညာခဲ တယ် ။ ငှက်ဖျားရောဂါ ရှိတဲ့ ဆက်မောင် ကို တောင် ဦးသူတော် က ပြန် ပြုစုရ သေးတယ် ။ မုဆိုးဖိုကြီး အသက်ကြီး မှ သမီး တယောက် ကောက် ရ နေ သတဲ့ ။ လုပ်ဖော်ကိုင်ဘက်တွေ က စ ကြတော့ ဦးသူတော် က ဆေးတံ ခဲပြီး ပြုံံး နေ တတ်တယ် ။ ဆက်မောင် က အသား က ဖြူဖြူ ရုပ်ကလေး က မိန်းကလေး တယောက် လို သွယ်သွယ်ချောချောလေး မဟုတ်လား ။ နေတာ ထိုင်တာ သပ်သပ်ရပ်ရပ်ကလေး လေ ။ ဆက်မောင် က ဆရာ ကို ဆရာ မှန်း သိ တတ်တယ် ။ ကြမ်း တပြေးတည်း မအိပ်ဘူး ။ သူ က အုတ်ခဲတွေ ခု ထားတဲ့ ဘာသာလုပ် ဝါးကွပ်ပျစ်ကလေး ပေါ် မှာ အိပ်တယ် ။ သူ့ ဆရာ ထက် အောက် နိမ့်တဲ့ နေရာ က ပေါ့ ။ အချက်အပြုတ် လည်း သမီး မိန်းကလေး တယောက် လို နိုင်နင်းတယ် ။ အောက်ပြည် က လာတဲ့ ဦးသူတော် လည်း ပြည်တော်ဝင် စိုက်ကွင်း ရောက် မှ အညာဟင်း အညာထမင်း နဲ့ မြိန် နေတယ် ။ ဆက်မောင် က ဦးသူတော် ရဲ့ သား ဆိုလည်း ဟုတ်တယ် ။ သမီး ဆို လည်း ဟုတ် နေတာပေါ့ ။ 


ဦးသူတော် စိတ်ချ လို့ မျက်နှာ တော်တော် လွှဲရ ခါ မှ ဆက်မောင် ထွန်စက် လက်ကိုင်ခွေ ကို တယောက် တည်း ကိုင်ခွင့် ရတာ ။ သူ နဲ့ အတူ ရောက်ကြတဲ့ ကြည်စိုး နဲ့ မာမွတ် တို့ က တယောက်တည်း မောင်း နေကြတာ ကြာ လှပြီ ။  ဦးသူတော် က လည်း သူ့ ကို တယောက် တည်း တော်တော် နဲ့ လွှတ် မပေးဘူး ။ ဆက်မောင် က တယောက်တည်း မောင်းတဲ့ အခါ လည်း သူ့ ဆရာ အနား မှာ ပါ လာ သလို ပဲ ဖြည်းဖြည်းဆေးဆေး ထိန်းထိန်းသိမ်းသိမ်း ပဲ ။ 


ကတက်ချဉ် စိုက်ကွင်း မှာ ထွန်စက်မောင်း ရက်တို သင်တန်း ဖွင့်တော့ ဆက်မောင် တို့ လေးယောက် ဟာ ပြည်တော်ဝင်စိုက်ကွင်း က သင်တန်းသား တွေ အဖြစ် အရွေး ခံ ရတယ် ။ ဒါလည်း နောက် ရောက် လာတဲ့ စိုက်ကွင်းမှူး ဦးထွန်းစော နဲ့ ဦးသူတော် တို့ အဓိက ပါတဲ့ သင်တန်းသား ရွေးချယ်ရေးကော်မတီ က ရွေး လိုက်ကြတာ ။ သူ သင်တန်း သွား တက် ရတော့ စိုက်ကွင်း ကို ရောက် မှ ပထမဆုံး အကြိမ် ဦးသူတော် နဲ့ သူ ခွဲ အိပ် ဖူးတာလေ ။ ဘော်ဒါ သွား နေရတဲ့ ကျောင်းသူ တယောက် လို သူ့ မှာ ဦးသူတော် နဲ့ မခွဲစဖူး ခွဲရတာ ကို အားငယ် နေ မိတယ် ။ သင်တန်း ( ၇ ) ရက် တည်း တက် ရတာ ကို ပဲ ကြာ သလိုလို ။ သင်တန်း က သူ ဘာမှ ထူးပြီး မတတ် ခဲ့ ပါဘူး ။ ဦးသူတော် ပြောပြ နေတာတွေ လောက် ပါပဲ ။ သင်တန်း မှာ တချိန်လုံး စိုက်ကွင်း က အဖော်တွေ နဲ့ ဦးသူတော် ကို သတိရ နေတာပါ ။ 


ဆက်မောင် သင်တန်း သွား နေတော့မှ ကိုယ့် ကောင် အကြောင်း သိတော့တာ ပါပဲ ။ ဆက်မောင် က ဖျောက်ဆိပ်ပင် က ဦးလှမောင် သမီး နဲ့ လူငယ်ချင်း ရည်ငံ နေကြ သတဲ့ ။ သမီး အကြီးဆုံး စိန်စိန်ဥ ဆိုတာလေး နဲ့တဲ့  ။ သိသင့်တယ် ထင်လို့ လာ ပြောတဲ့ လူ ကို အပြစ် မဆိုပါဘူး ။ ဆေးတံကြီး ခဲ လို့ အံ့ဩ နေတဲ့ ဦးသူတော် ရဲ့ မျက်နှာကိုသာ တွေ့သွား ရ ရှာတာ ။ လာ ပြော ရတဲ့ လူ ကလည်း ဦးသူတော်ကြီး မသိသေးဘူး ၊ ကျုပ် ပြောလို့ သိတာ နဲ့ စိုက်ကွင်း ထဲ မှာ မိန်းမ တယောက် လို လည် ပြော နေတော့တာပေါ့ ။ 


ဆက်မောင် က သင်တန်း က ပြန် လာတော့ ဟန် မပျက်ပါဘူး ။ ဦးသူတော် ကလည်း ဘာကို မှ မမေးပါဘူး ။ အသက် နှစ်ဆယ် ဆိုတာ သူ့ အဖို့ ငယ်သေးတယ် လို့ ပဲ ဦးသူတော် တွေးနေ မိတယ် ။ 


ဆက်မောင် က ထွန်စက် ကို ဂရုစိုက် မောင်းရကောင်းတယ် လို့ ပိုပိုပြီး သိလာပြီး ပို ဂရုစိုက် လာတာ သင်တန်း က ရခဲ့တဲ့ အမြတ်ပဲ ။ သူများ ထွန်စက်တွေ က မြင့်မြင့်တင် လို့ နာမည် ပေး နေရချိန် မှာ သူ့ ထွန်စက် က “ ဒေါက်  - ဝူး ” ပဲ ။ 


ဒီပြင် လူ တွေ ရဲ့ထွန်စက်တွေ က ရပ် လို့ ရှိရင် ကုန်းမြင့် မြေမြင့်မြင့်လေး မှာ ထွန်စက် ဖင် သွား တင် ထား ရတယ် ။ ဘက်ထရီ က သုံး မရတော့ စက် နှိုးချင်တဲ့ အခါ တွန်းချပြီး နှိုး ရအောင် လို့ပါ ။ ဒါကြောင့် မြင့်မြင့်တင် လို့ ခေါ် ကြတာ ။ 


သူ ကတော့ သူ့ ဘက်ထရီ ကို မိုးရေ ရော အက်စစ် ပါ ဂရုစိုက်ပြီး ဖြည့်တော့ ဘက်ထရီ က ကောင်း နေပြီး စက် နှိုး လိုက်ရင် တချက်ပဲ ။ မီးပါ ထွန်းလို့ ရတော့ ညရေး ညတာ ခရီး တို့ တော်တော် မိုးချုပ် မှ ပြန်ရမဲ့ ကိစ္စ တို့ ဆိုရင် စိုက်ကွင်းမှူး က ဆက်မောင် ရဲ့ ထွန်စက် ကို သုံးရခိုင်း ရ တော့တာ ။ 


သူ က ပန့်ဆီ ကို ဂရုစိုက် လဲတယ် ။ အင်ဂျင်ဝိုင် မှန်မှန် လဲတယ် ။ အဲရားကလင်နာ အစို ရော အခြောက် ပါ သန့်သန့်ရှင်းရှင်း ထား တတ်တော့ ထွန်စက် က သူများ ထက် သက်တမ်း ပို ရှည်တာပေါ့ ။ ထွန်စက် ကောင်းတော့ အသုံးများ ၊ အသုံးများ တော့ ဆီပိုလေး ဘာလေး ကိုယ့်အတွက် ပို ကျန်တာပေါ့ ။ 


ထွန်စက်မောင်း တွေ က ဒီဇယ်ဆီ ကို ကိုယ့် တွက် ကျန် အောင် လုပ် တတ်တယ် ။ ဆီ ကို ခိုလို့ ရတဲ့ နေရာ ခို ၊ ချွေတာ လို့ ရတဲ့ နေရာ ချွေတာ ။ တွန်း မယ့်လူ ထွန်စက် ပေါ် ပါ လာရင် ၊ အနီးအနား ရှိရင် စက် ကို သတ်ထား တတ်တယ် ။ ပိုတဲ့ ဒီဇယ်လေး တပုလင်း စ နှစ်ပုလင်း စ စု ထားတတ်ကြပြီး မီးထွန်းဆီ အဖြစ် ရွာ ထဲ မှာ ငါး နဲ့ လဲ သူ က လဲ ၊ ပိုးကြေး ပန်းကြေး ပေးတဲ့ လူ က ပေးပေါ့ ။ တချို့ က လည်းဒီဇယ် က နေအရက်ဖြူ ဖြစ်အောင် လုပ် တတ်တယ် ။ ဆက်မောင် ဘာ လုပ်တယ် ဆိုတာ ဦးသူတော် မစုံစမ်းဘူး ။ ကတိုး က လူကြုံ ရှိ ရင်တော့ ပိုက်ဆံလေး ဘာလေး သူ့ အဖေ မုဆိုးဖိုကြီး ကို လှမ်း ပြီး ထောက် တတ်တယ် ။ 


မြို့ တက် ရတဲ့ အခါ သူ့ ဖို့ လက်ဖက်ခြောက် ကောင်းကောင်းလေး ဆေးတံဆေးလေး ဝယ် ဝယ် လာ တတ်တယ် ။ တခါတလေ မဂ္ဂဇင်း စာအုပ် အဟောင်းကလေး ဝယ် လာဖော်ရတာ ကို ဦးသူတော် ကျေးဇူး တင်မိတယ် ။ စိုက်ကွင်း က ခေါင်တော့ ဖတ်စရာ စာအုပ် သိပ် ငတ်တယ် မဟုတ်လား ။ 


ဆေးတံ သောက်ဆေး ပြတ်ခါ နီး လို့ နောက် တထုပ် ဝယ်လာ ခဲ့ ရင် လည်း ဦးသူတော် က ကျေနပ် လို့ ပေါ့ ။ 


   •••••   •••••   •••••


တနေ့တော့ ဦးသူတော် စိုက်ကွင်းမှူး ဆီ က သတင်းကောင်း တခု ကြိုတင် သိ ရတယ် ။ ဇက်တာဆဲဗင်တီးအိလဲဗင်း အသစ် လေးစင်း ပြည်တော်ဝင် စိုက်ကွင်းအ တွက် ရ မယ် ။ မကြာခင် ညောင်ပင်သာစခန်း ကို သွား ထုတ်ရမယ် ။ အခု လက်ရှိ လုပ်နေတဲ့ ထယ်ရေး ဝင်နေတာလေး ပြတ် သွားရင် သွားရမယ် ။ ဦးသူတော် ဦးဆောင်ပြီး သွား ယူချေပါ တဲ့ ။ 


ဦးသူတော် က ဦးဆောင် သွားမယ့် အဖွဲ့ မှာ လိုက်သင့်တဲ့ လူတွေ ကို စိတ်ကူး နဲ့ ရွေး လိုက်တယ် ။ ဆက်မောင် ကို တော့ ထိပ်တန်းလျှို့ဝှက်ချက် တခု အနေနဲ့ ဘယ်သူ့ မှ မပြော ဖို့ ပြောပြီး မှ ပိတ်လိုက် သေးတယ် ။ 


ဖြူးမြို့ က ညောင်ပင်သာ ကို ဆက်မောင် ရဲ့ ဇွဲထွန်စက် နဲ့ သွားကြမယ် ။ စက်ပြင် အဖွဲ့ နဲ့ ထွန်စက် အသစ်တွေ ကို ပြန်မောင်း လာ မဲ့ စက်မောင်းတွေ နဲ့ ၊ ဒီဇယ်ဆီ ပေပါ တွေ တင်ပြီး ထွေလာ တစင်း နဲ့ သွားကြမယ် ။ ဘယ်မှ မရောက်ဖူးသေးတဲ့ ဆက်မောင် ကို ဟောဒါက မိတ္ထီလာကန် ၊ ဟောဒါက ပျဉ်းမနား ၊ ဟောဒါ ကေတုမတီ လို့ ခေါ်တဲ့တောင်ငူမြို့လို့ ပြ ချင် သေးတယ် ။ ဒေသန္တရ ဗဟုသုတ ရ တာပေါ့ ။ 


ဒီလို ပြော ထားတဲ့ ကြား က ဆက်မောင် က စိန်စိန်ဥ ကို ခိုး ပြေးတယ် ။ ချိန်းတွေ့ကြတာ နည်းနည်း မှောင်သွား လို့ ကလေးမလေး က မပြန်ဝံ့တာ နဲ့ ပြေးကြတာ တဲ့ ။ ဦးသူတော် ဆို တာ တောက် တခေါက်ခေါက် နဲ့ ဒင်းလေး နဲ့ ငါ နဲ့ တော့ ဒီ တသက် ပြတ်ကြပြီပေါ့ကွာ တဲ့ ။ သိပ် စိတ်ဆိုးတာပေါ့ ။ ဦးသူတော် က သမီးရှင် တယောက် လို ညတိုင်း အိပ် မပျော်ရှာဘူး ။ 


ဒါကို သိကြတဲ့ မိတ်ဆွေတွေ က လာပြီး စကြ နောက်ကြ တယ် ။ ဆက်မောင် တယောက် စရိတ်ကလေး မှ ပါသွားရဲ့လား   လေးသူတော် လို့ စကား စ လိုက်ရင် ဒီကောင် “ ရီး ” ပဲ ပါမယ့်အကောင်ပါ လို့ ဒေါသ ဖြစ်ဖြစ် နဲ့ ပြော သတဲ့ ။ 


ဇက်တာဆဲဗင်တီး တွေ သွား ယူ ကြတော့ ဆက်မောင် ပါ မလာဘူး ။ ဆက်မောင် က မမြင်ဘူး မူးမြစ် ထင်ပြီး မူးမြစ်ရေတွေ ငတ် မပြေအောင် သောက် နေ ရစ်ခဲ့တယ် ။ 


ဇက်တာ တွေ ရောက်ပြီး အတော် ကြာ မှ ဆက်မောင် ပြန် လာတယ် ။ ဦးသူတော် တဲ ထဲ လည်း မဝင်ဝံ့ ၊ မအိပ်ဝံ့ဘူး ။ အိပ်လို့ ကလည်း မတင့်တယ် လို့ တန်းလျား က လွတ် နေတဲ့ အခန်းကလေး တခန်း ယာယီ စီစဉ် ပေးရတယ် ။ ဦးသူတော် စိတ်ဆိုး နေမှန်း သိလို့ ကျန်တဲ့ ပစ္စည်းလေးတွေ တောင် ကိုယ်တိုင် သွား မယူရဲဘူး ။ 


စိန်စိန်ဥ မိဘတွေ ဆီ ပြန် အပ်ဖို့ ဆက်မောင့် အဖေ “ ကတိုး ” က လိုက် လာတယ် ။ စိုက်ကွင်းမှူး လည်း ပါတယ် ။ စိုက်ကွင်း က ဒိပြင် လူကြီး တချို့လည်း ပါတယ် ။ ဦးသူတော် က တမင် ရှောင် နေလို့ ရှာ မတွေ့ကြဘူး ။ ဆက်မောင် မှာ တင် နေတဲ့ အကြွေး တချို့လည်း သူ့ အဖေ လာ လို့ ပြေလည် သွားတယ်လို့ လည်း ကြား မိရဲ့ ။ 


စိုက်ကွင်းမှူး က နောက် ရောက်တဲ့ ဇက်တာ ထွန်စက်သစ်တွေ ကို ဘယ်သူတွေ ကို ကိုင်ခိုင်း မောင်းခိုင်း ရ ရင် ကောင်းမလဲ လို့ ဦးသူတော် ရဲ့သဘော ကို ခေါ် မေးတယ် ။ 


တကယ်တော့ အဲဒီ ထွန်စက် အသစ်တွေ ထဲ က တစီး တော့ ဆက်မောင် ရ သင့်တာ အမှန်ပဲ ။ ဆက်မောင် နဲ့ အထိုက်တန်ဆုံး ။ ဒါပေမယ့် ဦးသူတော် ဒေါသ က မပြေသေးဘူး ။ ပေးလည်း ပေး ချင်တယ် ။ 


မိန်းမ ရခါစ အကောင်

ထွန်စက် ကို ရိုသေတဲ့ အကောင်

ပြောစကား နားမထောင်တဲ့ အကောင်

ရသင့်ရထိုက်တာတော့ ဆက်မောင်ဘဲ

မိုက်တွင်း နက်တဲ့ အကောင်

ပြောစကား ဆိုစကား နားမထောင်တဲ့ အကောင်


ရှေ့ရှောက် လူ လုပ်ရဦးတော့ မှာ ။ ဆက်မောင် ရဲ့ မိန်းမ စိန်စိန်ဥ နဲ့ နောက် ဖြစ်လာမယ့် အဆွယ်အပွားလေးတွေ မျက်စိ ထဲ မှာ မြင်ယောင် လာတယ် ။ 


ဆက်မောင် ကို သူ လက်ဖွဲ့ ဖို့ အကောင်းဆုံး က ဒါပဲ မဟုတ်လား ။ နောက်ဆုံး ချန် ထားတဲ့ ဇက်တာတစင်း ကို ဆက်မောင် ပေးဖို့ ဦးသူတော် စိုက်ကွင်းမှူး ကို ပြော လိုက်တယ် ။ အဲဒီ အချိန် မှာ သူ့ မျက်နှာ က မိုးအေးအေး နဲ့ အဆက်မပြတ် ဖွာ ထားတဲ့ သူ့ ဆေးတံအိုး လို ပူနွေး နေ ရှာတယ် ။ စိုက်ကွင်းမှူး က လည်း ဆက်မောင် ဆို ကန့်ကွက်စရာ မရှိပါဘူး တဲ့ ။ 


ထွန်စက် အသစ် ရ မှ ဆက်မောင် အရက်တွေ သောက်တယ် ဆိုတဲ့ စကား မကြားချင် ဘူး ။ ဒီကောင် လိမ္မာ သင့်ပြီ လို့ ထင်တယ် ။ မိန်းမ လည်း ရခါ စ ။ အလုပ် ကို ဖိဖိစီးစီး လုပ် ၊ ချွေချွေတာတာ စား မကုန်သင့်တာ မကုန် စေနဲ့ ၊ အရက်တော့ လုံးဝ မသောက် နဲ့ လို့ ခေါ်ပြီး ဆုံးမ ရ ကောင်း မလား လို့ ဆေး လက်ကျန် နည်း နေတဲ့ ဆေးတံ ကို ဖွာ ရင်း စဉ်းစား နေ မိတယ် ။ 


ပြီးတော့လည်း ချစ်လို့ ယူ ထားကြတာ တကျက်ကျက် လည်း ဖြစ် မနေ စေ ချင်ဘူး ။ 


ဆက်မောင် တို့ နဲ့ သင်တန်း အပတ်စဉ် တခုတည်း ဆင်းတဲ့ တောင်ကြီးကုန်း စိုက်ကွင်း က ထွန်စက်မောင်း လူငယ်လေး တယောက် ရိုးစုန်သဲချောင်း အတက် မှာ ဘီးချော် သွားတာ ဆေးရုံ အပို့ လမ်းမှာ တင် ဆုံး သတဲ့ ။ နောက် က တပ်လျက် ထွန်သွား နဲ့ ထိတာ တယောက် က ဒဏ်ရာ ရ သေး သတဲ့ ။ ဒီ သတင်း က ဘယ်လို မှ ဖုံးထားလို့ မရဘူး ။ ပြည်တော်ဝင်စိုက်ကွင်း မှာ လူတိုင်း ပြော နေ ကြတယ် ။ 


ထွန်စက် အသစ်တွေ ကိုယ်စီ နဲ့ မျက်စိ နောက် စရာ ကောင်း နေတဲ့ ဆက်မောင် တို့ အဖွဲ့ ကို ကြည့်ကြည့်ပြီး ငါတို့ စိုက်ကွင်း လည်း ဒါမျိုး ဘယ်တော့ ကြား ရမလဲ မသိဘူး ဆိုတဲ့စ ကားလုံးတွေ က ပြန့် လာ လိုက်တာ ဦးသူတော် နား ရောက် ရော ...


ဒီလို ပြော ကြတာတွေ ကို ဦးသူတော် မကြိုက်ဘူး ။ 


စိုက်ကွင်းမှူး က လည်းမကြိုက်ဘူး ။ 


နောက်ဆုံးတော့ ထွန်စက်တွေ ကို ရိုရိုသေသေ ကိုင်ကြဖို့ ၊ အရက်သေစာ ကို တတ်နိုင်သမျှ ရှောင်ကြဖို့ စိုက်ကွင်းမှူး က ထွန်စက်မောင်း တွေ ကို ခေါ်ပြီး ပြောယူ ရတယ် ။ 


   •••••   •••••   •••••


မနေ့ က မိုး တော်တော် သည်းသည်း ရွာ တယ် ။ ဒီ မနက်တော့ နေ ပွင့် လာတယ် ။ မြို့ ကို တက်ပြီး ဝန်ထမ်းဆန် ထုတ်ဖို့ ထွန်စက်အသစ် နီနီရဲရဲ က ဇောင်း ထဲ က မြင်းလို တကြွကြွ နဲ့ ဖြစ်နေတာ ကို ဦးသူတော် တဲ ထဲ က လှမ်း မြင်နေ ရတယ် ။ 


စိုက်ကွင်း တကွင်းလုံး အတွက် လစာတွေ သွား ထုတ်ရမယ့် ဦးကံကောင်း လည်း ဒီ ထွန်စက် နဲ့ ပဲ လိုက်မှာ တဲ့ ။ 


ဆက်မောင် က ထွန်စက် ကို လီဗာသံ ခပ်ပြင်းပြင်း ပေးပြီး ဖြည်းဖြည်း လှိမ့်မောင်း သွားလိုက် ၊ အရှိန် ရတော့ ဘရိတ် ဆောင့် အုပ်လိုက် နဲ့ ။ ဘရိတ် စမ်း နေတယ် ။ စိုက်ကွင်း ကနေ ထွန်စက် ကြုံ လိုက်မယ့် လူတွေ က ထွေလာ ပေါ် မှာ ယိမ်းထိုး နေကြပြီး သံသေးသံကြောင် နဲ့ အော်လိုက်သံတွေ ရယ်သံတွေ ဦးသူတော် ကြား နေ ရတယ် ။ ထွန်စက် က တော့ အသစ် ပါပဲ ။ ဒါပေမယ့် ထွေလာ က အဟောင်း တွေ ။ ဘရိတ်ပိုက် တွေ ဖြုတ်ထား လိုက် သေးတယ် ။ 


ဆက်မောင် က ဦးသူတော် အိမ် ရှေ့ က ဖြတ်မောင်း သွား ပြီး မှ ဝါး လေးရိုက်လောက် ရောက် မှ ရပ်ပြီး ထွေလာ ပေါ် က လူငယ် တယောက် ကို ဦးသူတော် ဆီ လွှတ်ပြီး မြို့ ကို ဘာ မှာဦးမလဲ လို့ အမေး လွှတ် နေတယ် ။ 


လစာ လည်း ထုတ်မယ့်ရက် ထွေလာ လည်း ပါ နေတော့ ရဲဘော်ကြီး ရဲဘော်လေး ရွာတွေ က ရော ဖျောက်ဆိပ်ပင် က ရော ခရီးသည်တွေ တင်သွားကြဦး မယ့် အဖွဲ့ ။ ငွေကလေး ရွှင်တော့ အရက်နံ့ တသင်းသင်း နဲ့ ပြန်လာကြမယ့် အကြောင်း စဉ်းစားနေရာ က ဘာ မှာ လိုက် ရ ရင် ကောင်းမလဲ ဆိုတာ ပြောင်း စဉ်းစားရတယ် ။ ဆေးတံသောက် ဆေး က ကုန် နေပြီ ။ မဂ္ဂဇင်း က လည်း ဖတ်စရာ မရှိတော့ဘူး ။ ပြီးမှ မာန ခံပြီး ဘာမှ မမှာတော့ဘူး လို့ ကောင်လေး ကို ပြော လွှတ် လိုက်တယ် ။ 


ဆက်မောင် တို့ သွားလို့ တနာရီလောက် နေတော့ မိုးမည်းတွေ ဆင် လာပြီး မိုး တဖွဲဖွဲ ရွာပါလေ ရော ...


ဒီ မိုး လောက် တော့ ကိစ္စ မရှိပါဘူး လို့ ဦးသူတော် တွေး နေ မိတယ် ။ နာရီဝက် လောက် ရွာ ပြီးတော့ မိုး က တိတ် သွားတယ် ။ 


ကောင်းတယ် တနေ့ က ကြဲ ထားတဲ့ နှံစားပြောင်းတွေ အတွက် သိကြားမင်း ကရွာ ခိုင်း လိုက်တဲ့ မိုး လို့ ချီးကျူး နေ မိတယ် ။ မိုး ကို ကျေးဇူး တင်မိတယ် ။ 


ဒါပေမယ့် နေ့လယ်ပိုင်း တသုတ် ရွာ တဲ့ မိုး က တော်တော် သည်းတယ် ။ ဒီဘက် မှာ ဒီလို သည်းတဲ့ မိုးမျိုး မရွာတာ တော်တော် ကြာ နေပြီ ။ 


တောင်ပေါ် က ဒိုက်တွေ မိုးရေတွေ တောင်ကျရေတွေ နဲ့ အတူ မျော လာတယ် ။ မြွေတွေ ပါ တောင်ကျရေတွေ ဒိုက်တွေ နဲ့ အတူ မျောပါ လာတော့ ဦးသူတော် စိတ် ထဲ မှာ သိပ် မကြိုက်ဘူး ။ ဆက်မောင် တို့ အတွက်တွေး ပူ မိတယ် ။ ဒီဘက် တင် ရွာတဲ့ မိုး ဆို ကောင်းရဲ့ ၊ ဒီနယ် တနယ်လုံး ရွာတဲ့ မိုး ဆိုရင် တော့ ဆက်မောင် တို့ အပြန် ခက် နေရော့မယ် ။ ဒီလောက် မိုး သည်း ရင် တော့ ပြန် မလာကြတော့ပါဘူး ။ အိပ်လို့ ဖြစ်တဲ့ တနေရာ ရာဝင် အိပ်ပြီး မနက် ကျတော့ မှ ပြန်လာကြမှာပါ လို့ တွေး နေမိတယ် ။ တကယ်လို့ မူးမူး နဲ့ မြင်းကောင်ရေ ခြောက်ဆယ့်ငါးကွ ဆိုတဲ့ အားကိုး နဲ့ ဇွတ် မောင်းချ လာ ရင် ...


မဖြစ်သင့်တာ တခုခု ဖြစ်လာ နိုင်တယ် ။ 


ဒါပေမယ့် ပြည်တော်ဝင်စိုက်ကွင်း ရဲ့သမိုင်း မှာ ဒီလို အဖြစ်ဆိုးမျိုး မကြုံဘူးသေးပါဘူး လို့ သက်သာရာ သက်သာကြောင်း ပြန် တွေး နေမိတယ် ။ 


ဆက်မောင် နဲ့ အတူတူ ပါ သွားတဲ့ လူတွေ ထဲ က  သောက်တတ် စားတတ် တဲ့ သူတွေ ဘယ်သူတွေ ပါသတုံး လို့ စဉ်းစား ရ သေးတယ် ။ သောက်ခဲ့ စားခဲ့ ကြရင်တောင် မှ အပြန် ပြန်သင့် မပြန်သင့် ချင့်ချိန်တတ်မယ့် သူ က ဘယ်သူ ဖြစ်မလဲ ။ ဒါကိုလည်း ဦးသူတော် စဉ်းစား နေ မိတယ် ။ 


စိုက်ကွင်းမှူး က အဝင်လမ်းကလေး ပေါ် မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေပြီ ။ သူ လည်း ထွန်စက်သံ ကို နားစွင့်နေ ရှာတယ် ။ 


ကိုကံကောင်း ရဲ့ မိန်းမ က ကွင်းထိပ် ထွက် ပြီး မြို့ က ပြန်လာတဲ့ စက်ဘီးစီးတွေ လှည်း နဲ့ ပြန်လာသူတွေ ကို လမ်း အခြေအနေ သွား မေးနေတယ် ။ 


ပြီးတော့ စိုက်ကွင်းမှူး နဲ့ စကားသွား ပြော နေပြန်တယ် ။ 


ဦးသူတော် လည်း ပါးစပ် က သာ ဘာမှ မပြောတာ မျှော်တော့ မျှော် မိတယ် ။ ထွန်စက်သံ လိုလို ကြားလို့ အသေအချာ နား စွင့်ကြည့်တော့ မိုးခြိမ်းသံ ပါလား ။ ဒီ အသံ ကို မကြိုက်လိုက်တာ အလွန်ပဲ ။ 


ဒီကောင် တွေ သောက် မလာပါစေ နဲ့ ။ 


ရာသီဥတု က တော့ အရက်သမား အကြိုက်ပဲ ။ 


သောက် လာရင်လမ်းမှာပဲ ညအိပ် လိုက် စေချင်တယ် ။ လစာတွေ ရော ၊ ဆန်တွေရော ပါ တာမို့ လမ်း မှာ ည အိပ်မှာ ကို စိတ် မချပြန်ဘူး ။ 


မီး မွှေးပြီး ညစာ ချက်တဲ့ အိမ် က ချက် ကုန်ကြပြီ ။ 


မီးခိုးတွေ က မိုးရိပ်တွေကြောင့် အထက် ကို မတက်ဘဲ စိုက်ကွင်း အောက်ခြေ မှာ တင် ပြန့်နေတယ် ။ မြင်ကွင်း က အုံ့မှိုင်းမှိုင်း နဲ့ ၊ စိတ် ကို ပိုပြီး လေးလံစေ တယ်လေ ။ 


ဆက်မောင် က သူ့ အိမ်ရှေ့ လွန် သွားပြီး မှ မြို့ ကို ဘာ မှာ လိုက်ဦးမလဲ ဆင်း အမေး ခိုင်းတာ လာပြီး နှုတ်ဆက်သလိုများ ဖြစ်နေပြီ လား ။ သူ နောက်ဆုံး မြင်လိုက်တဲ့ ဆက်မောင် ရဲ့ ပုံ ကို ပြန် မြင်ယောင် နေတယ် ။ 


ရှမ်းကန် အရှေ့ဘက် သဲချောင်း ထဲ အဆင်း တနေရာ ဂရုစိုက် ရတယ် ။ တောင်ကျရေတွေ သိပ် စီးတဲ့ နေရာလေ ။ ပြီးတော့ အမေဂျမ်းတောင်ကြော အကွေ့ ၊ အမေဂျမ်းနတ်စင်ကွေ့ က စပြီး တောက်လျှောက် အတက်ကြီး ၊ အရှိန် နဲ့ တက်ရမှာ ၊ ပြီးတော့ မူးကြ ရူးကြပြီး ပြောမှားဆိုမှား ရှိ မှဖြင့်


ဦးသူတော် ညစာ ကို သုံးလေးလုတ် ပဲ စား နိုင်တယ် ။ ကျန်တာတွေ မနက် မှ ပဲ ထမင်းချမ်း အဖြစ် စားတော့မယ် ။ စားချင် စိတ် မရှိဘူး ။ မိုး က တဖြောက်ဖြောက် ရွာ ပြန်ပြီ ။ ဦးသူတော် ထိုင်လိုက် ထလိုက် နဲ့ တဲထဲတင် ဟိုလျှောက် ဒီလျှောက် လုပ် ရင်း ထွန်စက်သံ ပဲ နားစွင့် နေ မိတယ် ။ 


စိုက်ကွင်းမှူး ဆီ သွားပြီး ညနေ က စက်ဘီးသမားတွေ ဘာများ ပြောသွားကြသတုံး လို့ သွား မေးရ ကောင်းမလား ။ 


ဆေးတံဆေး မမှာ လိုက် မိလို့ မှာများ မှာ လိုက်လို့ က တော့ ဒိထက် ရင် မော ရမှာ ...


ထွန်စက်သံ က လေကြောင်း မသင့်လို့ မကြားရဘူးပဲ ထား ၊ ရွာ အဝင် ပတ် ကွေ့ ခဲ့ရင် ထွန်စက်မီး ကို အဝေး က လှမ်း မြင်နေရတာ ။ ဦးသူတော် မီးရောင် ထွက် ကြည့်မိတာ လည်း ခဏခဏ ။ 


ရွာ ထဲ က ခွေးဟောင်သံတွေ ကြား ရင်လည်း နားစွင့် နေလိုက် ၊ ခဏနေ ထ ကြည့် နေလိုက် နဲ့ ။ အရေး ထဲ မှဆေးတံဆေး က ကုန် နေလိုက်သေးတယ် ။ ပါးစပ် ထဲ ကိုစေးပိုင်ပျစ်ချွဲ နေပြီ ။ 


ဟော မီးရောင် မြင်ရပြီ ။ ထွန်စက်မီးရောင် ထင်တယ် ။ ဘရိုက်တီးစခန်း က လစာ သွား ထုတ်တဲ့ ကား မဟုတ်ရင် စိုက်ကွင်း က ထွန်စက် ပဲ ။ ဘရိုက်တီး က ကားကိုများ ထွန်စက် မတွေ့ခဲ့ဘူးလား လို့ ဆင်း မေးရ ကောင်း မလား ။ အခုမှ ပြေးဆင်း မေးလို့ မမီတော့ဘူး လေ ။ စောစောက ကြိုပြီး စခန်း ထိပ် က စောင့် နေမှ မီ မှာ ...


ဟွန်းသံ ကြားတယ် ၊ ဟုတ်တယ် ။ ဒါ ထွန်စက် က ဟွန်းသံ ၊ ဆက်မောင် တီး တဲ့ ဟွန်း ။ စိုက်ကွင်းမှူးလ ည်း ကြားမယ် ထင်တယ် ။ ဦးသူတော် အခု မှ နေသာ ထိုင်သာ ရှိ သွားတယ် ။ အမောပြေ ရေ တခွက် သောက် လိုက်တယ် ။ တဲ ထဲ က မီး ကို မှိတ် လိုက်ပြီး ဆေးတံ သောက်ချင်စိတ် ကို မျိုသိပ် နေ လိုက်တယ် ။ 


စခန်းထိပ် လုံခြုံရေးကင်း မှာ ထွန်စက် ခဏ ရပ်တယ် ။ ပြီးတော့ ဆက် မောင်းတယ် ။ ရုံးရှေ့ မှာ ခဏ ရပ်တယ် ။ စက်သံ ကို မှောင်ထဲ က ထိုင်ပြီး နားစွင့် နေ မိတယ် ။ စက်သံ မှန် သားပဲ ။ ဘာမှ ဖြစ်ခဲ့ပုံ မပေါ်ဘူး ။ ဆက်မောင် က သူ့ တဲ ရှေ့မှာ ထွန်စက် ကို ထိုး စိုက် လိုက်တယ် ။ ဆက်မောင် အပြေး လာ နေတာ ကို ကုတင် ပေါ် က မြင် နေ ရတယ် ။ တဖြည်းဖြည်း နီး လာတော့ သူ အိပ်ယာ ထဲ မှာ သာ လှဲ နေ လိုက်တယ် ။ 


“ လေးသူတော် ” ဆက်မောင် အသံ ပြု လိုက်တယ် ။ ဦးသူတော် နှာခေါင်း က အရက် နံ့ ကို ခံကြည့်ရင်း အသံတွေ တုန်နေသလား လို့ အကဲ ခတ် နေ မိတယ် ။ 


“ လေးသူတော် အိပ် သွားပြီ ထင်တယ် ” 


ဆက်မောင် က စားပွဲ ပေါ် ကို တခု ခု တင် သွားပြီး ချာကနဲ လှည့်ပြီး ထွန်စက် ဆီ ကို ပြေး သွား ရှာတယ် ။ ဦးသူတော် က ထွန်စက် လီဗာ နင်းသံ ကြား ရတော့ မှ အသာ ခေါင်း ထောင် ထ ပြီး ကြည့် လိုက်တယ် ။ ထွန်စက် က ဂိုထောင် ဘက် မောင်း သွားပြီလေ ။ ဦးသူတော် က မှောင် ထဲ တင် ဆက်မောင် ထားခဲ့တာတွေ လက် နဲ့ အသာစ မ်း ကြည့် နေ မိတယ် ။ 


◾ညီပုလေး


📖 စံပယ်ဖြူမဂ္ဂဇင်း 

     ဩဂုတ် ၊ ၁၉၈၉ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment