Wednesday, June 7, 2023

လောက ကို ပညာ ဖြင့် ဝင်ဆံ့လိုသူ


❝ လောက ကို ပညာ ဖြင့် ဝင်ဆံ့လိုသူ ❞


[ ခုံတန်းလျား တစ်ခု မှာ ကလေးငယ်တွေ စု ထိုင်ပြီး ရေဒီယိုကလေး တစ်လုံး ကို ခေါင်းချင်း ဆိုင် ပြီး နားထောင် နေကြပါလား ။ သည် ကလေးတွေ ဟာ အမြင် အာရုံ ချွတ်ယွင်းသူတွေ ဖြစ်ကြတယ် ။ အမြင် အာရုံ ချို့တဲ့ ပေမယ့် အကြား အာရုံ ထက်သန်တယ် ။ အသိပညာ လိုလားကြတယ် ။

 

မျက်မမြင် ဆရာတော် ဦးဉေယျ တည်ထောင် ထားတဲ့ ပြင်ဦးလွင် က ပရဟိတ မျက်မမြင် ပညာသင်ကျောင်း မှာ ကိုဇော်ဇော်နိုင် ( ၃၂နှစ် ) ကို ကျွန်တော် တွေ့ ရတယ် ။ ကိုဇော်ဇော်နိုင် ဟာ ပရဟိတ မျက်မမြင် ပညာသင်ကျောင်း မှာ ကျောင်းသားငယ်တွေ ကို စာ ပြန် သင်ပေးနေတဲ့ လုပ်အားပေး ဆရာ ဖြစ်သလို သူ ကိုယ်တိုင် လည်း ဆယ်တန်း စာမေးပွဲ ကို ဖြေဆို နေတဲ့ မျက်မမြင် ကျောင်းသား တစ်ယောက် ဖြစ်ပါတယ် ။


ကျောင်း ရုံးခန်း မှာ အတူ ထိုင် ရင်း ကိုဇော်ဇော်နိုင် က သူ့ ဘဝ ဇာတ်ကြောင်း ကို ပြန် ပြောပြပါတယ် ။ ]


•••••   •••••   •••••


မျက်မမြင် အများစု က လောက မှာ အပယ်ခံ လို ဖြစ်နေကြတယ်ဗျာ ။ အယူ သည်းတဲ့ လူ အချို့ က ဆိုရင် အမင်္ဂလာ လို့ သတ်မှတ်ပြီး လူရာ မသွင်းဘူး ဗျာ ။ အဲဒါကို ကျွန်တော်တို့ က ကြိုးစားခြင်း ဖြင့် လောက ထဲ ကို ဝင်ရမှာ ။ 


လောက ကို ဝင် ရာ မှာ ကိုယ် က အားနည်းချက် ရှိ နေတော့ နှိမ့်ချ ဆက်ဆံခြင်း နဲ့ ထိုးဖောက် ဝင် နိုင်တယ် ။ ပညာ နဲ့ ထိုးဖောက်ပြီး ဝင် နိုင်တယ် ။ ဒါ ကြောင့်လည်း ကျွန်တော် ကြိုးစားပြီး ဆယ်တန်း ဖြေ နေတာ ။ အခု ဆိုရင် ငါးနှစ် အထိရောက် လာပြီ ။ 


၁၉၉၈ - ၉၉ ခုနှစ် ကတည်း က ကျွန်တော် ဆယ်တန်း ရောက် တယ် ။ နှစ်တိုင်း ဖြေတာ မအောင်ဘူး ။ ကျွန်တော် က သင်္ချာ အားနည်းတယ် ။ ငါးတန်း ကတည်း က အားနည်း ခဲ့တာ ။ ကျွန်တော်တို့ ခေါင်း ထဲ ကို ဝင်အောင် အချိန် ပေးပြီး ရှင်း နိုင်တဲ့ ဆရာ ဆရာမ နဲ့ တွေ့ဖို့ မလွယ်ဘူးလေ ။ ကျွန်တော်တို့ ကို သီးခြား အချိန် ပေး ပြီး သင် နိုင်တာ မဟုတ်တော့ အမြင် ကျောင်းသား ကျောင်းသူတွေ နဲ့ စာသင်ခန်း တစ်ခန်း တည်း မှာ အတူ တက် ရတာ ။ ဆရာမ က ဘလက်ဘုတ် မှာ ပဲ ရေး ပြ ပြီး ရှင်းတာ ၊ ကျွန်တော်တို့ က ပြောပြပါဦး ဆိုတော့ ပါးစပ် နဲ့ ရွတ် သွားတာ ၊ ကျွန် တော် တို့ လိုက် မမီတော့ဘူး ။ ဆရာမ ထွက် သွား ရင် ခေါင်း ထဲ သိပ် မကျန်တော့ဘူး ။ စတိုင် ကျကျ မသင်ရ ဘူးပေါ့ ဗျာ ။ 


ကျွန်တော့် ဇာတိ က ပဲခူးသား ဗျ ။ အဖေ က စည်ပင်သာယာ မှာ ကျ ရာ အလုပ် ဝင် လုပ်ပြီး ကျွန်တော်တို့ ကို ကျွေးမွေး လာခဲ့တာ ။ ကျွန်တော် နှစ်နှစ်သား မှာ မျက်စိ နာ တယ် ။ ဆရာ နဲ့ ပြတော့ ဆေးတောင့်လေး တစ်တောင့် ပေး လိုက် တယ် ။ အဖေ ပြော တာ တော့ အမြှောင်းလေး ခြောက်ထောင့် ပါ တဲ့ ဆေးတောင့် တဲ့  ။ အဲဒါကို သွေးပြီး အိပ်ခါနီး မှာ မျက်စိ ကို ကွင်းပေး ပါလို့ ဆရာ က ညွှန်ကြား တယ် ။ ဆေး က မျက်လုံး ထဲ ဝင် ပြီး မျက်လုံး နှစ်လုံး လုံး ပေါက် သွား တာပေါ့ ။ ရန်ကုန် သွား ပြ တော့ ကလေး က နု သေးတယ် ။ ၄ - ၅ နှစ် သား မှ လာခဲ့ပါ တဲ့ ။ ၄ နှစ် သား မှာ မျက်စိပါရဂူ ကို သွား ပြတော့ ဘာကြောင့် အခုမှ လာရသလဲ ။ နှောင်း သွားပြီ ပြန်တော့ တဲ့ ။


ကျွန်တော် ၉ နှစ် သား ၁၉၈၂ ခု မှာ အစိုးရ မျက်မမြင်ကျောင်း ကို ကျွန်တော် သွားတယ် ။ ရန်ကုန် မှာ ပေါ့ ။ အဲဒီ အချိန် က ပညာ တတ် မှ လောက ကို ဝင်ဆံ့နိုင်မယ် ဆိုတဲ့ ခံယူချက်မျိုး က လည်း ကောင်းကောင်း မရှိသေးဘူး ဗျ ။ အဖေ အမေ့ မေတ္တာရိပ် မှာ ပဲ ပျော် နေတယ် ။ ပဲခူး နဲ့ ရန်ကုန် က လည်း မိုင် ၅ဝ လောက် ပဲ ဝေးတာ မို့ အဖေ နဲ့ အမေ က ရွှတ်ခနဲ ရွှတ်ခနဲ ရောက် ရောက် လာတယ် ။ အဖေ အမေ က ငါ့ သား ပညာ တတ် ရင် ပြီးရော ဆိုပြီး ရန်ကုန် မျက်မမြင်ကျောင်း မှာ ပစ် ထား လိုက် ရင် စာတတ် ဖြစ်ချင် ဖြစ်မယ် ။ ဒါထက် လည်း စောစော ဆယ်တန်း အောင် ချင် အောင် မှာပေါ့ ။ အဖေ အမေ နဲ့ မကြာခဏ တွေ့တွေ့ နေ ရတော့ အဖေ အမေ ရဲ့ အရိပ် အောက် မှာ ပဲ နေချင်တယ် ဆိုပြီး ကျောင်း က နှုတ်ထွက် လိုက်တယ် ။ အလကား သက်သက် အချိန် တွေ ကုန် သွားရတယ် ။ ၁၄ နှစ်သား ကျ မှ ထောက်ပံ့ မယ့် အလှူရှင် ရ လို့ ကျောင်း ပြန် နေရတယ် ။


ထောက်ပံ့ တဲ့ အလှူရှင် ရ လာပုံ လည်း ပြောရဦး မယ် လေ ။ အဖေ က ဆေးလိပ် ကြိုက်တယ် ။ သူငယ်ချင်း တွေ နဲ့ ဆေးလိပ်တွေ တစ်လှည့် စီ ဖွာရင်း တီဘီရောဂါ အကူးစက် ခံ ရတယ် ။ ပဲခူး က မိုး ရွာတာ များတယ် ။ အေးတယ် ။ အဖေ က ချောင်း တဟွပ်ဟွပ် ဆိုး နေတယ် ။ ဆရာဝန် က အဖေ့ ဇာတိ ပုဂံ မှာ ပြောင်း နေ ရင် အသက် ပို ရှည်မယ် လို့ ပြောတယ် ။ ပုဂံ က အပူပိုင်း ဆိုတော့ နှာစေးချောင်းဆိုး သက်သာ မယ် ပေါ့ ။


ဒါနဲ့ ရှိတာလေးတွေ ရောင်းချ ပြီး ပဲခူး က နေ ပုံဂံ ကို မိသားစု လိုက် ပြောင်းရွှေ့ သွားကြ တာပေါ့ ။ ပဲခူး မှာ တုန်း က တော့ လူလတ်တန်းစား ပေါ့ ။ စားနိုင်သောက်နိုင် တယ် ။ အမေ ကလည်း ကြော့ကြော့မော့မော့လေး နေလာခဲ့တာ ဆိုတော့ ပုဂံ မှာ လုပ်ကိုင် မစားတတ်ဘူး ။ ရှိတာလေး ပေါင်စား ၊ ရောင်းစားနဲ့ ကုန် သွား တာပေါ့ဗျာ ။


ပုဂံ မှာ အဖေ က ရ ရာ အလုပ် ဝင် လုပ်တယ် ။ ဘုရား အပျက်တွေ ပြန် ပြင်တော့ ပစ္စည်းတွေ စောင့် တဲ့ ဒလဝမ် အလုပ် အဖေ ရတယ် ။ အဖေ သွား လေရာ ကျွန်တော် က လိုက် လိုက် သွားတယ် ။ ဆော့ တာပေါ့ ။ အဖေ က မင်း ထိခိုက် မိရင် မကောင်းဘူး ဆိုပြီး ဆော့ဖို့ ကျယ်တဲ့နေရာ ပို့ ထားတယ် ။ ပုံဂံ မှာ ဘုရားတွေ က အကျယ်ကြီး ဘုရားပရဝုဏ် မှာ ကျွန်တော် မျက်မမြင် တစ်ယောက် တည်း ပြေး လွှားပျော်ပါး ကစား ပေါ့လေ ။ အချို့ က လည်း အကန်းလေး ဆိုပြီး နှိမ်ကြည့် ကြည့် ကြတာပေါ့ ။ အချို့ က လည်း ကြင်နာတဲ့ အကြည့် နဲ့ကြည့်ပြီးမုန့်ဖိုး ပေး ကြတာပေါ့ ။ အဖေ က ကျွန်တော် ဆော့စရာ ဂျင်ကလေး တစ်လုံး ပေး ထားတယ် ။ ဂျင်ကလေး နဲ့ ဆော့ ။ ပျောက် ရင် လက် နဲ့ လိုက်စမ်းပြီး ရှာ ၊ ရှာ ။ ဘုရား ပေါ် မှာ ကလေး တစ်ယောက် လည်း ကစား နေရ ရှာတယ် ဆိုပြီး သနားတဲ့ သူတွေ က မုန့်ဖိုး ပေးကြတာပေါ့လေ ။


ပဲခူး မှာ တုန်း က ကျွန်တော် တို့ က ဝတ်နိုင် စားနိုင် လူလတ်တန်းစား တွေ ၊ ကျွန်တော့် ကို သနား လို့ ဆိုပြီး မုန့်ဖိုး ပေးတဲ့သူ ရှိရင် မိဘ က မှာ ထားတယ် ။ မယူ နဲ့ လက်မခံ နဲ့ ။ ကျွေး ရင် လည်း မစားနဲ့ ပေါ့ ။ ပုဂံ ရောက်တော့ အဲဒီ မာန မထား နိုင်ကြတော့ဘူး ။ ကျွန်တော် တို့ က ဆင်းရဲ လာပြီ ကိုး ။ ရ တာ နဲ့ မလောက်ဘူးလေ ။ ကြင်နာတဲ့ မေတ္တာရှင်တွေ က မုန့်ဖိုး ပေး သွားရင် ကျွန်တော် က အဖေ့ ကို ပြန် ပေး တယ် ။ အဖေ က သိပ်တော့ မကောင်းဘူးပေါ့ ကွာ ။ ဒါပေမယ့် မင်း ဒီမှာ ကစား နေ ရင် မုန့်ဖိုး ရတယ် ဆိုပြီး မနက်ပိုင်း ဧည့်သည် ကျ တဲ့ အချိန် ဆို ကျွန်တော့် ကို သွား ပို့ ထားတယ် ။ နေ့လယ်ပိုင်း ဧည့်သည် နည်းတဲ့ အချိန် ဆို ကျွန်တော့် ကို ပြန် ခေါ် လာတယ် ။


တစ်နေ့ မှာ တော့ ဆွစ်ဇာလန် က တဲ့ ၊ နာမည် တော့ ကျွန်တော် မေ့ သွား ပြီ ။ သူ က မင်း ကျောင်း နေ ချင်သလား မေးတယ် ။ အဖေ က လည်း မင်း ကျောင်း သွား သင့်တယ် တဲ့ ။ ကျွန်တော့် မှာ မောင်နှမ ၄ ယောက် ရှိတယ် ။ အစ်ကိုတွေ ၊ အစ်မတွေ ၊ သူတို့ က မြင်တယ် ။ ကျွန်တော် က မမြင်ဘူး ။ အဖေ က ငါတို့ က မိဘ ဆိုတော့ မင်း ကို မရှိရင် ရှိတာ ကျွေးမှာပဲ တဲ့ ။ ငါ တို့ မျက်ကွယ် ပြု သွား ရင်တော့ အစ်ကို အစ်မတွေ က ကျွေးထားဖို့ မလွယ်ဘူး ။ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ် တည် နိုင်အောင် ကြိုးစားရမယ် တဲ့ ။


ဒါလည်း ဟုတ်ပါတယ် ။ အိမ် မှာ နေရင်း ထမင်း စား ချင်တယ် ဆိုရင် တောင် ထမင်းအိုးသံ နားထောင် ပြီး မှ စား ရတာ ။ သူတို့ က ရှာဖွေ ကျွေး နေတဲ့သူ တွေ မို့ ထမင်း နည်းပုံ ရ ရင် ကျွန်တော် ညစာ လွှတ်လိုက်တယ် ။ ရေ သောက် ဗိုက် မှောက် ပေါ့ ။ 


ဒါနဲ့ ၁၄ နှစ်သား မှာ ရန်ကုန် ခဝဲခြံ က မျက်မမြင်ကျောင်း ကို ကျွန်တော် တက်ခွင့် ရတယ် ။ 


ကျွန်တော် ၁၄နှစ် သား မှာ စေတနာရှင် နဲ့ တွေ့ လို့ ရန်ကုန်ခဝဲခြံ က မျက်မမြင်ကျောင်း ကို ရောက် သွားတော့ အသက်ကြီး မှ ကျောင်း စ နေရတယ် ဆိုပြီး မရှက်ဘူး ။ မျက်မမြင်ကျောင်း ကို ရောက် လာတဲ့ သူတွေ က ဆယ်နှစ် ကျော် ၊ ၁၃ နှစ် ၊ ၁၄နှစ်တွေ ၊ သုံးလေးတန်း ရောက်တော့ ရောယှက် ပညာရေးစနစ် အရ အပြင်ကျောင်း သွား စာမေးပွဲ ဖြေ ရတယ် ။ အတန်းတူ ကလေးတွေ က ကိုယ်ဒူး လောက် ပဲ ၊ ငယ်ငယ်လေး ။ အချို့က ဦးလေး ခေါ်တဲ့ လူ က ခေါ်တယ် ၊ ရှက်တာပေါ့ ။


အခု ဆယ်တန်း စာမေးပွဲ အတူ ဖြေ တဲ့ ကျောင်းသူ ၊ ကျောင်းသားတွေ က လည်း ကျွန်တော် သာ စောစောစီးစီး အိမ်ထောင် ကျ ခဲ့မယ် ဆိုရင် ကိုယ့် သားသမီး အရွယ် ပဲ ရှိ မှာပေါ့ ။ ရှက်တာပေါ့ ဗျာ ။ ပညာ လို အိုသည် မရှိ ဆိုတဲ့ အတိုင်း စိတ် ကို ဖြေ ရ တာပေါ့ ။


ခဝဲခြံ မှာ ပညာ သင် ရင်း တစ်တန်း ပြီး တစ်တန်း အောင် လာတာ ။ ဆယ်တန်း ရောက် ကရော ။ ဆယ်တန်း ရောက် မှ မအောင် ဘဲ တစ် နေတာ ငါးနှစ် ရှိပြီ ။ ဆယ်တန်း တော့ အောင်ချင်တယ် ။ ဆယ်တန်း အောင် မှ လည်း လူရာ ဝင် တယ် ။ မျက်မမြင် တစ်ယောက် ဖြစ်တဲ့ ဟယ်လင်ကဲလား တောင် ဘွဲ့ ရ သေးတာပဲ ၊ ကျွန်တော် လည်း ကြိုးစား ရ မှာပေါ့ ။ ခဝဲခြံ မှာ ၁၅ နှစ် နေ ပြီးတော့ ပြင်ဦးလွင် မှာ ဆရာတော် ကျောင်း က လုပ်အားပေး ဆရာ လိုတယ် ဆိုတာ နဲ့ ဒီကို ပြောင်း လာတာ သုံးနှစ် ရှိ သွားပြီ ။ 


အရင်က တော့ ကျွန်တော် လူတော မတိုးဘူး ။ မျက်စိ မမြင် တော့ ကြောက်တယ် ။ လူတွေ က ကိုယ့် ကို ခေါ်ချင် ပြောချင်ပါ့ မလား စိုးရိမ် တယ် ။ သူတို့ နဲ့ ကိုယ် နဲ့ ဘဝချင်း ခြားနား တော့ ရှက်တယ် ။ အခုတော့ အဲဒီ အရှက် ကို ဘေး ဖယ် ထား ပြီး ပြည်သူ အများစု နဲ့ မိတ်ဖွဲ့ ဖြစ်အောင် ကျွန်တော် ကြိုးစားတယ် ။ ဒါကြောင့် ပြင်ဦးလွင် တစ်မြို့ လုံး တုတ် တစ်ချောင်း နဲ့ ကျွန်တော် တစ်ယောက် တည်း လျှောက်သွား နေ တာပေါ့ ။


တုတ် တစ်ချောင်း နဲ့ လျှောက် သွား တဲ့ အခါ လမ်း ပေါ် မှာ စက်ဘီးတွေ ဆိုင်ကယ်တွေ နဲ့ အန္တရာယ် တော့ များ တာပေါ့ ။ လူ ကို မတိုက် မိ ခင် တုတ် ကို အရင် တိုက် မိ တာလေ ။ 


တစ်ခါက လမ်း ပြောင်းပြန် စက်ဘီး စီး လာတဲ့ အမျိုးသမီး တစ်ယေက် နဲ့ ကျွန်တော် နဲ့ တိုက် မိတာ ။ သူ့ စက်ဘီး စပုတ်တန်း ကြားထဲ တုတ် က ဝင်သွားတယ် ။ သူ လဲ ကျ မသွားအောင် စက်ဘီး လက်ကိုင် ကို ကျွန်တော် က ဖမ်း ကိုင်ပေး လိုက်တယ် ။ သူ က တစ်ခု ခု ပြော လိုက်တော့ ဘေး က လူ က သူ က မျက်စိ မမြင်ဘူးလေ ၊ နင် က ရှောင်မှ ပေါ့ လို့ ဝင် ပြောတယ် ။ အမျိုးသမီး က မျက်စိ မမြင် ရင် သူ က ရှောင်ပါ့လား တဲ့ ။ ( ရယ်လျက် ) ဒါမျိုး လည်း ကြုံရသေးတယ် ။


ကိုယ် က ရှေ့ မှာ ရှင်းတယ် ထင် လို့ လျှောက် လာတာ ၊ ဆိုင်ကယ် က ဝှီးခနဲ ပေါ် လာ လို့ အမြန်ဆုံး ရပ် ပစ် လိုက် ရတာ လည်း ရှိတယ် ။


ချိုင့်တွေ ကျင်းတွေ သတိ မထားမိတဲ့ အခါ ကျ တာပဲ ။ နဖူး ကွဲတာ လည်း ခဏခဏ ။ ခြေသလုံး တစ်ခု လုံး လည်း ဒဏ်ရာ ချည်း ပဲ ။ အဲဒါတွေ မှုနေ လို့ လည်း မဖြစ်ဘူး လေ ။ လမ်း ပေါ်  မှာ ဆိုင်ကယ် ၊ ကား မတိုက် မိ ရင် ပြီးတာပဲ ။ လမ်းဘေး ကျ တာတော့ ကျချင်သလောက် ကျ စမ်း ပါစေ ။


အချို့က လည်း လမ်းပေါ်  မသွား နဲ့ အန္တရာယ် များ တယ် တဲ့ ။ မှန်ပါတယ် ။ စေတနာ နဲ့ ပြောတာပါ ။ ဒါပေမဲ့ ကျွန်တော်တို့ မမြင် တဲ့ လူ ရဲ့ ဘဝ က ရေရှည် သည်းခံနိုင်တဲ့ သူ မရှိဘူး ။ ကိုယ် သွား ချင်တာ တစ်နေရာ သူ ပို့ ချင်တာ တစ် နေရာ ။ သေ တစ်နေ့ မွေးတစ်နေ့ သဘော ထား ရတာပဲ ။ အိမ် ထဲ ထိုင်ရင်း သေတာ ထက် အလုပ် လုပ်ရင်း သေရတာ ပို ကောင်းပါတယ် ဆိုပြီး လျှောက်သွား နေ ရတာ ပါပဲ ။


ကျွန်တော်တို့ မျက်စိ မမြင်တဲ့ သူ အတွက် သင်္ချာ ဟာ အခက်ဆုံးပဲ ။ အမြင် ကျောင်းသားတွေ နဲ့ တစ်တန်း တည်း သင်ရတာ ဆိုတော့ ဆရာမ က ဘလက်ဘုတ် ပေါ် ရေးပြ သွားရင် ကျွန်တော် တို့ မမြင်ရ ၊ အသံ ထွက် ပြီး ရှင်းပြ ပေးပါ ဆိုတော့ လည်း အခြား ကျောင်းသား ကျောင်းသူ တွေ ကို ငဲ့ ရ ။ ကျွန်တော်တို့ ပရဟိတ မျက်မမြင် ပညာသင်ကျောင်း အနေ နဲ့ လည်း ဆရာမ ငှား ပြီး ဆယ်တန်းကျောင်းသား ကို သင် ပေးဖို့ ဆိုတာ လည်း မလွယ်ဘူး ။ ကျွန်တော်တို့ ဆီ လာပြီး စိတ်ရှည် လက်ရှည် သင်ပေး နိုင်မယ့် ဆရာမ ဆို တာ ရှား လွန်းတယ် ၊ ကျွန်တော်တို့ ကျောင်း မှာ ဆယ်တန်း ဖြေမယ့် မျက်မမြင် က နှစ်ယောက် ရှိတယ် ။ ကျွန်တော် နဲ့ ကိုရာဇာ ။


သား နဲ့ သမီး ဘော်ဒါ မှာ ကျွန်တော် တို့ နှစ်ယောက် သွား တက်တယ် ။ အမြင်တွေ ကြား မှာ မမြင် တာ နှစ်ယောက် ပဲ ရှိတာ ။ ဆရာမ က အချိန် မပေးနိုင်ဘူး ။ ကျွန်တော်တို့ က လည်း လိုက် မမီတော့ဘူး ။


အဲဒါနဲ့ သင်္ချာ သင်ပေး နိုင်တဲ့ ဆရာမ တွေ့ရင် ကောင်းမှာပဲ ဆိုပြီး လိုက် ရှာ တော့ နော်ထူးထူးဝါး ဆိုတဲ့ ကရင် ဆရာမလေး ကို တွေ့တယ် ။ ဆရာမ က လည်း အချိန် မပေးနိုင်တော့ တစ်ယောက် ပဲ သင်ပြနိုင်တာ နဲ့ ကိုရာဇာ ကို ပဲ ကျွန်တော် ဦးစားပေး လိုက်တယ် ။


ကျွန်တော် လမ်း ပေါ် မှာ တုတ်တစ်ချောင်း နဲ့ စမ်းစမ်း စမ်းစမ်း သွား နေတာ တွေ့ တဲ့ လူ တစ်ယောက် က ဘာဖြစ်လို့ လျှောက် သွား နေတာလဲ မေးတယ် ။ ကျူရှင် ရှာ နေတာပါ ဆိုတော့ ငါ့ ဆီ လာခဲ့ ၊ ငါ့ မှာ ရင်းနှီးတဲ့ ဆရာ ၊ ဆရာမ တွေ ရှိတယ် တဲ့ ။ သူ က ပိုက်ဆံ နဲ့ ဆရာမ ငှား ပေးတယ် ။ ဆရာမ က ပိုက်ဆံ မယူဘဲ သင် ပေးတယ် ။


ပညာ ရ ဖို့ အတွက် ဒီ ကနေ လေး - ငါးမိုင် လောက် ဝေးတဲ့ ဘူတာ ဘက် သွားပြီး ကျူရှင် ယူ ရတယ် ။ သင်္ချာ သင် ပေးတာ က ဆရာမ ဒေါ် လင်းလင်းဝေ တဲ့ ။


ဘာသာစုံ ဂိုက် ( Guide ) လုပ် ပေး တာ က ဆရာမ ဒေါ်အေးသီတာဟန် တဲ့ ။ အဲဒါနဲ့ ဆယ်တန်း ဖြေ ခဲ့တယ် ။


ကျွန်တော် ဆယ်တန်း အောင်တယ် ဆိုရင်တော့ ကျွန်တော် ကိုးကွယ်တာ က ခရစ်ယာန်ဘာသာ ဖြစ်လို့ ဓမ္မ နဲ့ ဆိုင်တဲ့ ဘာသာရပ် ကို တက္ကသိုလ် မှာ သင်ယူမယ် ၊ ဘုရား နဲ့ ဆိုင်တဲ့ အလုပ် ကို လုပ်မယ် လို့ ရည်ရွယ်ပါတယ် ။ ဘုရားသခင် အလိုတော် ရှိမယ် ဆိုရင်တော့ ဖြစ်မှာပေါ့ ။


ဆယ်တန်း မအောင်ဘူး ဆိုရင်တော့ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခု ကို သင်ယူ ရ တော့မယ် ။ ကျွန်တော့် ခြေထောက် ပေါ် ကျွန်တော် ရပ်တည် နိုင်အောင် ကြိုးစား ရ မှာပဲ ။ ကျွန်တော်တို့ တစ်သက်လုံး ဒီ ကျောင်း မှာ နေရာ ယူ ထားဖို့ မသင့်တော်ဘူး ခင်ဗျ ။ တော်တဲ့ လူ ရောက် လာရင် ကိုယ် က လက် လွှဲ ပြီး နေရာ ဖယ် ပေးရမယ် ။ ဖယ် မပေးရင် ကိုယ် က ဘယ်မှာ ဆရာကောင်း ပီသ မှာ လဲ ။ ကိုယ့် နေရာ ကို ဝင် မယ့် လူ ရောက် လာရင် နေရာ ပေးပြီး လောက ထဲ ကို ကျွန်တော် ဝင်မယ် ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment