❝ ရွှေမန်ကျည်း ခုနစ်စင် ❞
အဲဒီတုန်းက ဒီ တစ်နယ်လုံး ဘယ်မှာ မှ အသံချဲ့စက် မရှိသေးဘူး ။ ကျုပ်တို့ ရွာ မှာ ပဲ ရှိတာ ။ ကျုပ် က အငှား လိုက် တာလေ ။ အလှူတွေ ၊ မင်္ဂလာဆောင်တွေ တော်တော် လိုက်ရတယ် ။ ဖျောက်ဆိပ်ပင် ၊ ဆင်ဖြူကုန်း ၊ ကြက်စိမ့် ၊ ကြက်မြား ၊ ညောင်ပင်ကြီး ၊ ကန်သစ် ၊ မင်းတပ် ၊ လက်ပန် ၊ ရှမ်းကန် ၊ ဖာလင်ပိုး ၊ ညန်ကွေ့ ၊ တောင်နောက် နှံ့လို့ ပါပဲ ။ ဒီ အနား ပတ်ဝန်းကျင် တော့ ကျုပ် နားရွက်ရာ တွေ ချည်းပေါ့ ။ ကျုပ် က ဓာတ်စက် ဖွင့် ရင် မူကလေး ထားပြီး ဖွင့်တယ် ။ ဘယ်တော့ မဆို စစချင်း “ ကြည်နူးဖွယ် ” နဲ့ စ ဖွင့်တယ် ။ သိမ်းလို့ ရှိရင် “ ကြည်နူးဖွယ် ” နဲ့ ပဲ သိမ်းတယ် ။ “ ကြည်နူးဖွယ် ” ဖွင့် တာ တောင် နှစ်မျိုး ဖွင့်တယ် ။ ပွဲ အစ ကို “ ကြည်နူးဖွယ် ” တီးလုံး အစ ဘက် နဲ့ စတယ် ။ ပွဲ ပြီးလို့ သိမ်း ရင် ကြည် နူးဖွယ် အဆို ပါ တဲ့ ဘက် အဆုံး နဲ့ သိမ်းတယ် ။ စာသား ပါတဲ့ ဘက် က ပေါ့ ။ သဘော က တော့ ဓာတ်စက် သိမ်း ပါပြီ ။ နောက်ပွဲ ကူး ပါတော့မယ် ။ နှုတ် ဆက် ပါတယ် ။ ကြည်နူး နိုင်ကြပါစေပေါ့ ။
များသော အားဖြင့်တော့ အသံချဲ့စက် ၊ ဓာတ်စက် ပွဲ တစ်ပွဲ ငှားတယ် ဆိုရင် ညနေ ၄ နာရီ ကနေ နောက် တစ်နေ့ မနက် ၁၀ နာရီ အထိ ငှား တတ် တယ် ။ တစ်ခါတလေ ၁ဝ နာရီ ကျော် သွားလို့ ၁၁ နာရီ ထိုးတဲ့ အခါ လည်း ထိုးပေါ့ ။ မနက် အိပ်ရာ ထ ဘယ်လို ဓာတ်ပြားမျိုး ဖွင့် မယ် ။ ညနေစောင်း ဖွင့် တဲ့ ဓာတ်ပြား က တစ်မျိုး ။ ညပိုင်း ဖွင့် တဲ့ ဓာတ်ပြားတွေ ရယ် လို့ သီးသန့် ခွဲခြား ထား တဲ့ မူ ပါ ။ ညနေ ရောက် တယ် ။ လော်စပီကာ တွေ ဆင် ပြီး လို့ စက် စ ဖွင့် ရင် ကြည်နူးဖွယ် ဖွင့် တယ် ။ ပြီးရင် အဆိုကျော်တွေ ရဲ့ သီချင်းတွေ ဖွင့် ပေး လိုက်တယ် ။ မေရှင် တို့ ၊ ဘိလပ်ပြန်သန်း တို့ ၊ ခင်မောင်ရင် တို့ ၊ ကိုမြကြီး တို့ ၊ မေလှမြိုင် တို့ ဓာတ်ပြားတွေ အကုန် နီးနီး ကျုပ် ဆီ မှာ ရှိတယ် ။ လျော့ လှ နှစ်ချပ် ၊ သုံးချပ် ပဲ ။ ကိုမြကြီး ရဲ့ မခင်နှင်းဆီ တို့ ၊ ကန်သင်းဆည်မှာလား တို့ ၊ မေလှမြိုင် ရဲ့ နွေဦးတေးသံ တို့ ၊ မကြောက်တရား တို့ ... အစုံပါပဲ ။ နောက်ဆုံး တင်တင်မြ ရဲ့ ပေဖူးလွှာ အထိ ကျုပ် မီ လိုက် သေးတယ် ။ သီချင်းတွေ ဖွင့် လို့ နေ ဝင် သွားပြီ ၊ စပါးရိတ် တဲ့ လူတွေ လည်း အိမ် ပြန် ရောက်ပြီ ၊ ချက်ပြုတ် စားသောက်ချိန် ဆိုရင် ကျုပ် ဇာတ်ထုပ်တွေ ဖွင့် တယ် ။ ဖိုးစိန်ကြီး ရဲ့ တာနောယက္ခ ၊ ဦးအောင်မောင်း ရဲ့ ဝိဇယ ၊ ရွှေဘို တင်မောင် ရဲ့ ဆဒ္ဒန်ဆင်မင်း ၊ ပြီးတော့ ဒုတိယဖိုးစိန် ရဲ့ ကျိုက်ထီးရိုး တို့ ၊ ချင်းဖဝေး ၊ ချင်းရွှေလုံး ၊ ပြီးတော့ ရွှေကျီးညို ရဲ့ သဒ္ဓါသုမန ဇာတ်ထုပ် ။ အလျဉ်း သင့် သလို ဖွင့်တာ ၊ ပွဲတောင်း တောင်း သလို ... အနည်းဆုံး သဒ္ဓါသုမန ဇာတ်ထုပ် က ၁၂ ပြား ရယ် ။ ဖိုးစိန်ကြီး ရဲ့ တာနောယက္ခ က ၉ ပြား ရယ် ။ ဦးအောင်မောင်း ရဲ့ ဝိဇယဇာတ်ထုပ် ရယ် လောက် တော့ ဖွင့် ပေး ရတာ ။ များသော အားဖြင့် တစ်ည ကို ဇာတ်ထုပ် သုံးထုပ် လောက် နားထောင် လိုက် ရရင် ပရိသတ် က ကျေနပ် သွားကြ တာပါပဲ ။ တချို့ က တော့ လာ ငှား ကတည်း က ရွှေမန်း ပါ အောင် ယူခဲ့ပါ ၊ ဦးဖိုးစိန်ကြီး ပါအောင် ထည့်ခဲ့ပါ နဲ့ မှာ တတ်တယ် ။ ဇာတ်ထုပ် ပြီးလို့ ရှိရင် ကျိုက်ဝိုင်းဆရာတော် ရဲ့ တရားဟော ဇာတ် တော် ကို ဖွင့် ရတယ် ။ တော်တော်ကို မိုး ချုပ် နေပါပြီ ။ ပြီးတော့ ကြည်နူးဖွယ် ဖွင့် ပြီး တစ်ည အတွက် ဓာတ်စက် သိမ်း လိုက်တယ် ။
တချို့ အရပ်တွေ ကျ တော့ အလှူရှင် ၊ မင်္ဂလာရှင် က အိမ်ရေး အပျက် ခံ ပြီး တော့ ကို နား ထောင် ကြတာ ။ သန်းခေါင်သန်းလွဲ ကျော် လို့ နာရီပြန် တစ်ချက် ထိုး ရင် ထိုးတာ ။ ဇာတ်ထုပ်တွေ အဖွင့် ခိုင်း တာပါပဲ ။ ကြည်နူးဖွယ် ဖွင့်ပြီး လို့ သိမ်း လိုက် ပေမဲ့ ရွာ ထဲ က ဟို လူ က လာ စကား ပြော ၊ ဟို ဟာ မေး ၊ ဒီဟာ စုံစမ်း နဲ့ စကား ထိုင် ပြောရ သေးတယ် ။ မနက် လည်း ၄ နာရီ ထ ရတာ ။ ခဏလေး မှေးတယ် ဆိုရုံ လောက် မှေး လိုက်ရတဲ့ နေ့ တွေ က အများကြီး ။ နေ့လယ် ပွဲ ပြီးလို့ ဓာတ်စက်ဆရာ ၊ လာ .. ထမင်း သုံးဆောင် ရအောင် ၊ ဓာတ်စက်ဆရာ ကြွ ကြွ ဆိုလို့ သွား စား လိုက်ရင် ခုနှစ်လုတ် ၊ ရှစ်လုတ် စားရခါ ရှိသေးတယ် ။ မျက်လုံး စင်း နေ ၊ မှေး နေ ပြီ ။ လှည်း ပေါ် ဓာတ်စက် ပစ္စည်းတွေ တင် ပြီး လို့ နောက် တစ်ပွဲ ကူးတုန်း လေး ငါးခြောက်မိုင် ခရီး မှာ တင် ဓာတ်စက်သေတ္တာ မှီ ၊ လှည်းရံတိုင် ကြား ထဲ အိပ်ပြီး လိုက် ရတာ ။ ငယ် လည်း ငယ် သေးတော့ ဒီလောက် အိပ် လိုက် ရရင် ကို အိပ်ရေး ဝ တာ ။ မနက် ဆိုရင် လေးနာရီ ထ ပြီး ကြည်နူးဖွယ် ဖွင့် ၊ ပြီးတော့ ကျိုက်ဝိုင်းဆရာတော် ရဲ့ တရားတော် ဖွင့် တဲ့ အခါ ဖွင့် ။ ပြီးရင် မေရှင် ရဲ့ အောင် ခြင်း ရှစ်ပါး ၊ ခင်မောင်ရင် ရဲ့ ဘုရားငါးဆူ ပွင့်တော်မူသည် ဆိုတဲ့ သီချင်း တို့ ၊ ပြည်လှဖေ ရဲ့ ရှင်သီဝလိဂါထာ တို့ ၊ ရွာစားစိန်ဗေဒါ ရဲ့ မင်္ဂလာဗျောညွန့် တို့ ဖွင့် ပေး ရတယ် ။ ရွှေမန်း ရဲ့ အောင်ပါစေ လည်း ပါ ရ တာပေါ့ ။ အဲဒါ ဆိုရင် ပတ်ဝန်းကျင် တစ်ခွင်လုံး ၊ ကြားကြားသမျှ ကျက်သရေ မင်္ဂလာ ရှိ သွားပြီ ။ မင်္ဂလာရှင် လည်း ကျေနပ် သွားပြီ ။
ဟိုတုန်းက မင်္ဂလာ သက်သက် မှာ ပဲ ဓာတ်စက် ဖွင့် ကြတာ ။ အခု တော့ တချို့ ကိစ္စ ရှိ ရင်တောင် ကက်ဆက် ဖွင့်ကြ သတဲ့ ။ အံ့ရော ဗျာ ။ ဓာတ်စက် ကတော့ ကိုလံဘီယာ ခွေးတံဆိပ် ပါ ပဲ ။ ကျုပ် မှာ အေအက်စ်အီး ဝပ် နှစ်ဆယ် အင်ပလီဖိုင်ယာ ရှိတယ် ။ ဖန်သီး ခြောက်လုံး နဲ့ ဟာ ။ ဗာဘရိုက်တာ တစ်လုံး ၊ ဖြူစ် နဲ့ ။ သူ က ကားရင့် ရော ၊ ဘက်ထရီ နဲ့ ပါ ဖွင့်လို့ ရတယ် ။ ဗာဘရိုက်တာ တစ်လုံး လည်း အပို ဆောင် သွား ရတယ် ။ ဟွန်းကြီး က နှစ်လုံး ၊ ဟွန်းတွေ နောက်က တပ်တဲ့ ယူနစ် တစ်ခု က အိန္ဒိယ ယူနစ် ၊ တစ်ခု က အင်္ဂလန် ယူနစ် ။ မြည်လိုက် ကြည်လိုက် သမှ အလွန် ပါပဲ ။ တချို့ ရွာ များ ကျုပ် ဟွန်း ဆင် ပြီးလို့ စက် စ ဖွင့် ရင် ဟွန်း ဦးတည်ရာ တောင် တစ်ယောက် ၊ မြောက် တစ်ယောက် စက်ဘီး နဲ့ ဖြစ်ဖြစ် ၊ မြင်း နဲ့ ဖြစ် ဖြစ် ပြေး ပြီး နားထောင် ကြတာ ။ ဆင်ဖြူကုန်း က ဓာတ်စက် ဖွင့် တာ ကန်သစ် ၊ မင်းတပ် က ကို ကြား ရတဲ့ စက်ပေါ့ လို့ ပြော ကျန်ရစ် ခဲ့တာ ။
ဟွန်း ကို အရမ်း မဆင်ပါဘူး ။ ရွာ က ရွာတန်း ရှည်လား ၊ လေးထောင့် ပုံလား ကြည့် တယ် ။ ရွာတန်း ရှည် ရင် သူ့ အလျား လိုက် ဖွင့် ရုံပဲ ။ အနီး အနား မှာ ဘယ် ရွာတွေ ရှိ သတုံး ။ ရှိရင် အဲဒီ ရွာတွေ ဘက် ဟွန်း လှည့်ပေး လိုက်တယ် ။ တောင် ခံ နေသလား ၊ အဆောက်အအုံ မြင့်မြင့် ဟွန်း ရှေ့ က ခံ နေသလား လည်း ကြည့် ရ တာပေါ့ ။ အလှူ လာ တဲ့ လူ ၊ မင်္ဂလာဆောင် လာ တဲ့ လူ တွေ က သီချင်းသံ နားစွင့် ပြီး လာ ကြတာလေ ။ ဓာတ်စက် စ ဖွင့် ကတည်း က စနစ်တကျ ဖွင့် တာ ။ ပြောရင် ယုံမှာ မဟုတ်ဘူး ။ ဓာတ်ပြား တစ်ချပ် ကို အပ် တစ်ခါ လဲ တယ် ။ ဓာတ်ပြား တစ် မျက်နှာ ကို သံပတ် ခုနစ်ပတ် သုံးကြိမ် ပေးတယ် ။ ဘယ်တော့မှ အသံ မတိမ်း တော့ဘူး ။ ထောင် ရတဲ့ နား မှာ အသံ တင်း သွားတာ ၊ အောင့် ပြီး အိတွဲကြီး မျိုး လည်း မဖြစ်တော့ဘူး ။
အင်ပလီဖိုင်ယာ နံပါတ် တစ် ကနေ တစ်ဆယ် အထိ ရေး ထားပေမဲ့ ထစ် ကုန် မဖွင့်ပါဘူး ။ နံပါတ်သုံး ဆိုရင် မြည် လှပြီ ။ အလွန်ဆုံး သုံး ကျော်ကျော် ပေါ့ ။ လေး အထိ တောင် မတင် ရပါဘူး ။
တစ်နေ့ တော့ ညန်ကွေ့ရွာ က လာ ငှားတယ် ။ အလှူ လည်း မဟုတ် ဘူး ။ မင်္ဂလာဆောင် လည်း မဟုတ်ဘူး ။ ကာလသားတွေ ပျော်ချင် ပါးချင် လို့ ၊ သက်သက်မယ့် နားထောင် ချင်လို့ ။ လာ ငှား တဲ့ လူ က တင်တင်မြ ရဲ့ ပေဖူးလွှာဓာတ်ပြား ရှိလား ၊ ယူဖြစ်အောင် ယူခဲ့ပါ လို့ မှာတယ် ။ ညတွင်း ချင်း ပြီးပြီးချင်း ပြန် ပို့ဖို့ ပြောတော့ သူတို့ က လည်း ပို့ပေးပါ့မယ် တဲ့ ။ ဟို တုန်း က တစ်ရွာ တစ်ရွာ အချိန်မရွေး သွားလို့ လာလို့ ကလည်း ကောင်း တယ် ။ တစ်ရွာ တစ်ရွာ အချိန်မရွေး သွားလို့လာလို့ က လည်း ဖြစ်တယ် ။ ညန်ကွေ့ ရောက် တော့ ကြည်နူးဖွယ် စ ဖွင့် တာပါပဲ ။ ကြည်နူးဖွယ် ပြီးတော့ သီချင်းတွေ ဖွင့် ပေး လိုက်တယ် ။ ကျုပ် ဓာတ်ပြားတွေ ဖွင့် နေတုန်း ကာလသား တစ်ယောက် ရောက် လာတယ် ။ ရွာစားစိန်ဗေဒါ ရဲ့ ဆိုင်း တီးလုံးတွေ အဖွင့် ခိုင်းတယ် ။ ကျုပ် က ဖွင့်ပေး မှာ ပါ ပေါ့ ။ ထိုင်ပါဦး ၊ လက်ဖက်ရည် ကြမ်း သောက် ပါဦး ။ အထိုင် ခိုင်း ထားတယ် ။ ဖွင့် လက်စ သီချင်းတွေ ပြီးတော့ သူ အဖွင့် ခိုင်း တဲ့ ဆိုင်း ဖွင့် ပေး လိုက်တယ် ။ အဲဒီတင် သီချင်း ဖွင့် နေတာ ဘာလို့ ရပ် ရတာတုံးပေါ့ ။ မကျေနပ်တဲ့ လူတွေ က လာ ကြ ပြန်ရော ။ ကျုပ် က အထိုင် ခိုင်း ထားတယ် ။ သီချင်း ပြီးရင် ဇာတ်ထုပ် ဖွင့် ပေးရမယ် ဆိုပြီး မူး နေတဲ့ လူတွေ က လည်း ပါ လာ ကြတော့ ကျုပ် သိပ် မဖြေရှင်း လိုက်ရပါဘူး ။ သူတို့ ချင်း ရှင်း လိုက် ကြတာ ။ မျက်ကွင်း ညို တဲ့ လူ က ညို ၊ နှုတ်ခမ်း ပေါက် တဲ့ လူ က ပေါက် ပေါ့ ။
လာ ငှား တဲ့ လူ က ကိုညီညီ တဲ့ ။ အခု ထိ ရှိ သေးတယ် ။ တောင်သူ လုပ် နေတာ ။ သူ ကတော့ တင်တင်မြ မှ တင်တင်မြ ပဲ ။ ပေဖူးလွှာ ကို လေးခါ ကျော့ ပေး ရတယ် ။ ည က သတ်ပုတ် ထားတဲ့ လူတွေ လည်း မနက် ကျတော့ တစ်ယောက် လည်ပင်း တစ်ယောက် ပြန် ဖက် လို့ ပဲ တဲ့ ။ ကျုပ် ဖွင့် ပေးတဲ့ ဓာတ်ဆီ ၊ ဓာတ်ဆန် ရဲ့ ရေနံချောင်း က ဖေကံကောင်း ဓာတ်ပြား ထဲ က ပြက်လုံးတွေ ပြန် ပြောပြီး ရယ် နေကြ သတဲ့ ။ ဖျောက်ဆိပ်ပင် တုန်း က တစ်မျိုး ။ ဖျောက်ဆိပ်ပင် က လာ ခေါ်တဲ့ လှည်း က ကိုထွန်းလှိုင်ကြီး ရဲ့ လှည်း ။ တော်တော်စောစော ကတည်း က လှည်း က ရောက် နေတာ ။ အလှူရှင် က လွှတ် လိုက်တာ ။ ကျုပ် က ကိုထွန်းလှိုင်ကြီး ကို မှာ ထားတယ် ။ ဖျောက်ဆိပ်ပင် ရောက်ခါ နီး ရင် ကျုပ် ကို ပြော နော်လို့ ။ သူ ကလည်း စိတ်ချပါ တဲ့ ။ ဖျောက်ဆိပ်ပင် သွား တဲ့ လမ်း က လှ တယ် ။ တကယ် သာယာတယ် ။ ချိုးကူသံ တနွဲ့နွဲ့ နဲ့ ။ လမ်း မှာ လည်း နေ ပူ တာ က ခပ်နည်းနည်း ပဲ ။ ကုက္ကိုပင်ကြီးတွေ အုပ် လို့ ။ မန်ကျည်းပင်ကြီး တွေ က နှစ်ပေါင်း ဘယ်လောက် ကြာပြီ လဲ မဆိုနိုင်ဘူး ။ ယောက်ျားကြီး နှစ်ဖက် စာ လောက် ရှိမယ် ။ တော် တော်လေး သွား မိတော့ ကိုထွန်းလှိုင်ကြီး က ဟိုရှေ့က ဟာ ဖျောက်ဆိပ်ပင် ပဲ တဲ့ ။ သူ က သာ လှမ်း ပြတာ ။ ကျုပ် က ဘယ်ဟာ မှန်း သိတာ မဟုတ် ဘူး ။ မြင် မှ မမြင်ရသေး ဘဲ ကိုး ။ ဘယ်ဟာတုံး ၊ ခင်ဗျားတို့ ဖျောက်ဆိပ်ပင် ရွာ က ဆိုတော့ .. ဟို ရှေ့က ဟာ ပဲ တဲ့ ။ သူ ပြတော့ တော်တော့် ကို လိုပါ သေး တယ် ။ ဒါနဲ့ ကျုပ် က နည်းနည်း လိုသေးတယ် ဗျာ ။ ရှေ့ က ထန်းပင်တွေ ကျော် လောက် မှ ကျုပ် ကို နှိုး ဆိုပြီး အသာ ပြန် မှေး ပြီး လိုက်လာ ခဲ့တယ် ။ ထန်းပင်တွေ နား ရောက် တော့ ရွာ ကို သဲသဲကွဲကွဲ မြင် နေ ရတယ် ။ နာမည် က သာ ဖျောက်ဆိပ်ပင် ။ အပြင်က မြင် ရတာ ဖြင့် တစ်ရွာလုံး ထနောင်းပင်တွေ ချည်း ပဲ ။ ကျုပ် က အင်ပလီဖိုင်ယာလေး သူ့ တင်ပျဉ်ခွေ ထဲ အသာ ထည့် ၊ ရှေ့ က ဟွန်း နဲ့ ဂျွိုင်း ၊ ဟွန်း က ကျွဲတိုင် မှာ တင် လာတာ ။ ဓာတ်စက် ကို ကျုပ် တင်ပျဉ်ခွေ ထဲ မှာ အသာ တင်ပြီး “ မေလှမြိုင် ” ရဲ့ သီချင်း နာမည်တော့ မေ့ နေပြီ ။ “ ထနောင်းပင် ... ထနောင်းပင် .. လှည့်ပတ်ကာ ၊ ချောင်းစပ် ကို ကျော်ပါလျှင် ... ဖြူဖြူဖွေးဖွေး ထုံးရေးရေး နဲ့ ... ဘုရားစေတီ မြင် ” ဆိုတဲ့ သီချင်းလေး တစ်မျက် နှာ ဖွင့် ပေး လိုက်တာ ။ ရွာ ထဲ က လူတွေ အံ့ဩလို့ ၊ ပျော်လို့ ၊ ရွှင်လို့ ၊ ပြေး ထွက် လာ ကြပြီး ကြိုဆို လိုက်ကြတာ တရုန်းရုန်း နဲ့ ။ အလှူဒကာ က လည်း ကျုပ်တို့ လှည်း ကို ဘုန်းကြီးလှည်း ကြိုဆို သလို ကြို တယ် ။ ခေါင်းအုံး ၊ သင်ဖြူး ၊ ကွမ်း ၊ ဆေး ၊ လက်ဖက် နဲ့ လက်ဖက်ရည်ပွဲ ပါ အစုံအလင် နဲ့ သန့်ပြန့်တဲ့ နေရာ ပေးတယ် ။ ပစ္စည်းတွေ ချ ပြီးတော့ အလှူဒကာ က လာ .. ဓာတ်စက်ဆရာ ၊ ရေ ချိုး တဲ့ ။ ကျွန်တော် က တောင်းပန် ရ တာပေါ့ ။ ဒီ ရွာ မှာ ရေ သိပ် ရှားတာ ကြားဖူးပါတယ် ဗျာ ။ မချိုးပါရစေ နဲ့ တော့ ။ မဟုတ်ဘူး ။ ဒီ ပေပါ ခင်ဗျား အတွက် သီးသန့် လုပ် ထားတာ ၊ ချိုး သာ ချိုးပါ ။ အားမနာပါ နဲ့ တဲ့ ။ ဓာတ်စက်ဆရာ မျက်နှာ ပွင့်ပုံ တွေ ပေါ့ ။
ဥယျာဉ်ကြီးရွာ ကျ တော့ ကျုပ် တောင်းပန်ပြီး ပြန် ခဲ့ ရတယ် ။ ကံ ကောင်း လို့ ဇက် မပြတ်တာ ။ ထမင်းအိုးလေး ကွဲတော့ မလို့ ။ မနည်း တောင်းပန်ပြီး ပြန် ခဲ့ ရတယ် ။ ဥယျာဉ်ကြီး က သူကြီးဦးထူး နဲ့ ကျုပ် က အရင် ကတည်း က သိတော့ အလှူမဏ္ဍပ် ထဲ မနေချင်တာ နဲ့ သူကြီး ရယ် ၊ ဒီ ဧည့်ခံတဲ့ တဲကလေး ထဲ က နေပဲ ဓာတ်စက် ဖွင့်တော့မယ် ဗျာ လို့ ပြောတော့ သူ က ရတယ် ၊ ဖွင့်သာ ဖွင့်ပါ ။ ကိုယ်လက် ချမ်းသာတဲ့ နေရာ သာ နေပါ တဲ့ ။ ဦးထူး က ပြောတယ် ။ ထုံးစံအတိုင်း ကျုပ် က စက် ကို ဖွင့် တာပေါ့ ။ ညနေ ၆ နာရီလောက် နေဝင်ဖျိုးဖျ အချိန် ကျတော့ ရွာ ထဲ က ဖျာတွေ ကျုပ် ရှေ့ လာ ခင်း ကြတယ် ။
ဘာလို့ လာ ခင်း ကြမှန်း ကျုပ် မသိဘူး ။ စားသောက် ပြီးချိန် ကျတော့ အသက်ကြီးကြီး ရော ၊ ငါးဆယ်ကျော် တွေ ၊ ခြောက်ဆယ်ကျော် တွေ ရော ၊ လူလတ်တွေ ရော အစုံပဲ ။ ပြောင်းဖူးဖက်ဆေးလိပ်တွေ နဲ့ ၊ ကွမ်းအစ် ၊ လက်ဖက်အစ် တွေ နဲ့ ခုနက ဖျာတွေ ပေါ် ထိုင် ပြီးတော့ အကျအန ထိုင် ပြီးတော့ ဇာတ်ထုပ် နားထောင် ကြ တာ ကိုး ။ ရှင်မွန်လှ ဇာတ်ထုပ် ဖွင့် တော့ ပြဿနာ တက် တော့တာပဲ ။ ရှင်မွန်လှ ကို စုန်းလို့ စွပ်စွဲခန်း မှာ ပုဏ္ဏား က ကုန်းချော လိုက်တယ်လေ ။ အနော် ရထာမင်း က တိုင်းပြည် က နှင် ပါလေရော ။ ဒီမှာတင် လူ သုံးလေးယောက် ကျုပ် ဆီ ထ လာတယ် ။ လက် ထဲ မှာ လည်း ပုဆိန်ကြီး နဲ့ ၊ ပုဏ္ဏား ကို ထုတ် ပေးရမယ် တဲ့ ။ မပေးရင် ကျုပ် ကို အချ ။ ကျုပ် က မနည်း တောင်းပန် ရတယ် ။ ရှင်း လည်း ရှင်းပြ ရတယ် ။ သူကြီးဦးထူး က လည်း ဝင် ပြော ပေလို့ သာ ပေါ့ ။ မောင်မင်းကြီးသား တို့ ကျေနပ်အောင် ဓာတ်ပြား ကို လက် နဲ့ အကိုင် ခိုင်း ၊ အပ် ကို အကိုင် ခိုင်း ပြီး ဟောဒါ နဲ့ ဟောဒါလေး ဟောဒီလို လုပ်လို့ ဇာတ်ထုပ် မြည်တာပါ လို့ ရှင်း ပြရတယ် ဗျို့ ။
ဟိုတုန်းက ဓာတ်စက် တစ်ခါ လိုက် ရင် တစ်ပွဲ ခုနစ်ဆယ့်ငါးကျပ် ရတယ် ။ ကန်တော့ပွဲ လည်း ရတယ် ။ ကျုပ် က တစ်ပွဲ မှ ငါးကျပ် ရ တာပါ ။ ပိုင်ရှင် ကို ခုနစ်ဆယ် ပေး ရ တာ ။ ရေစင်ဖိုး ငါးမတ် တော့ ကျုပ် ယူတယ် ။ ငှက်ပျောနှစ်ဖီး နဲ့ အုန်း တစ်လုံး လည်း သူ့ ကို ပေး လိုက်တယ် ။ သူ ကလည်း ကျုပ် ကို ငှက်ပျော တစ်ဖီး ပြန် ပေး ပါတယ် ။ အဲဒီတုန်း က ငှက်ပျော က ကျုပ်တို့ တစ်နယ်လုံး စိုက် ကြတာ ။ အခုလို ဈေး မတန်ပါဘူး ၊ နွား နဲ့ ထယ် ထိုးကြတာ နွားရော ၊ လူရော တစ်မနက် မှ နှစ်ကျပ်ခွဲ ရတဲ့ ခေတ် ။ ဆီ က တစ်ပိဿာ သုံးကျပ် ။ ကျုပ် ရတဲ့ ငါးကျပ် က မဆိုးပါဘူး ။
အခုတော့ ကက်ဆက်တွေ က ပေါ လာ လိုက်တာ ။ တစ်ပွဲ မှ သုံးဆယ် ပဲ ရ ကြ သတဲ့ ။ ကျုပ် ဒီ အလုပ် မလုပ်တော့ ပါဘူး ။ အလှူ လည်း ဖွင့် ၊ ကိစ္စ ရှိလည်း ဖွင့် ၊ ကောက်စိုက် လည်း ဖွင့် ၊ လုပ်အားပေး လည်း ဖွင့်ကြ နဲ့ ။ သီချင်းတွေ က ဒီ သီချင်းတွေ ချည်း ပဲ ။ ကိုယ် ဖွင့် တဲ့ သီချင်း နဲ့ မင်္ဂလာ ရှိ ရဲ့ လားလည်း မသိ ။ ရတဲ့ ငွေ သုံးဆယ် က ဈေး တစ်ခါ ထွက် ဝယ် လိုက် ရင် ကုန် ရော ။
ကျုပ် ငါးကျပ် ရ တုန်း က နံနံပင် တို့ ၊ ချဉ်ပေါင်ရွက် တို့ ၊ ငရုတ်သီး တို့ ဆိုတာ နောက် တစ်ခါ ကိုယ့် ဆိုင် ဝယ် ချင်အောင် ဈေးသည် က ပေးတဲ့ လက်ဆောင် ပစ္စည်း ပါ ။ ဝယ် ရင် လည်း တစ်မတ် ဖိုး ဆို လှည်း ကျိုးမယ် ။ အခု ဆို ရင် ဘာ မေးလိုက် မေးလိုက် ၊ တစ်ကျပ် အောက် လျော့တာ မရှိ ဘူး ၊ အရင် က လက်ဆောင် ပေးတဲ့ ပစ္စည်း ကို ဝယ် စား နေရတယ် ။ ကျုပ်တို့ တုန်း က ညနေ ကတည်း က ဆင် ထား တဲ့ ဟွန်း နှစ်လုံး ကို နောက် တစ်နေ့ နေ့လယ် ပြန်ခါနီး ကျ တော့ မှ ဖြုတ် သိမ်း တာ ။ အခု ကက်ဆက် လိုက် ဖွင့်တဲ့ လူတွေ မိုးချုပ်ချုပ် ကျ ရင် ဟွန်းတွေ အောက် ဖြုတ် ချ ပြီး သိမ်းကြရပြီ။ ဟွန်း နောက် က ယူနစ်တွေ ခိုးကြလွန်း လို့ တဲ့ ။
◾ညီပုလေး
📖 စန္ဒာ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၁၉၈၉
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment