❝ ၁၂ ပွဲ ဈေးသည် ❞
[ ပိတ်စ ပေါ် မှာ ဆေး နဲ့ ရေးဆွဲထားတဲ့ ခေါင်းနှစ်လုံး နဲ့ မြွေကြီး ရဲ့ပုံ ဟာ မာန် ပါ လှတယ် ။ မီး ဝင်းဝင်းတောက် နေတဲ့ မျက်လုံးတွေ က ကိုယ့် ကို စိုက်ကြည့် နေ သလိုလို ၊ ပါးပြင်း ထောင် ထားရာ က နေ အခုပဲ ဆတ်ခနဲ ပေါက်ချ လိုက်တော့မယ့် ပုံ ။ လေပွေ တစ်ချက်အဝေ့ မှာ ပိတ်ကား က လှုပ်ရှား သွား တော့ မြွေကြီး တွေ က လူးလွန့် သွား သလိုလို ။
ပိုက်ဆံ ပေးပြီး ဝင် ကြည့်ဖို့ မတတ်နိုင်တဲ့ တောသားကလေးငယ် နှစ်ယောက် က ပိတ်ကား ပေါ် က အရုပ် ကို ပဲ အာသာပြေ ကြည့် နေတယ် ။ အိတ်ဇောသံ ညံညံ နဲ့ တရုတ် ဖြစ် မော်တော်ဆိုင်ကယ် တစ်စီး ကို ဂျင်းဘောင်းဘီ ဝတ် ထားတဲ့ ကာလသား နှစ်ယောက် က ခပ်ရမ်းရမ်း စီး လာတယ် ။ ပွဲဈေးတန်း အတွင်း စက်ဘီး ဆိုင်ကယ် မဝင်ရ ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထား ပေမယ့်လည်း လိုက်နာသူ နည်းတယ် ။ ခပ်ထွေထွေ ကာလသား တွေ ခပ်ရမ်းရမ်း စီး လာတဲ့ ဆိုင်ကယ် က ကလေးငယ် တွေ ထိတ်လန့်ပြီး ကျန်ရစ်ခဲ့ ပေမယ့် ဆိုင်ကယ်သမား က စောင်းငဲ့ လို့ တောင် မကြည့်ဘူး ။
ပွဲဈေးတန်း စားသောက်ဆိုင် က ဒယ်ပူ ကို ရေ လောင်း လိုက်လို့ ရှဲခနဲ မြည်တယ် ၊ ခဏ နေတော့ ညှော်နံ့ တွေ ထောင်းထောင်း ထတယ် ။
အသံချဲ့စက်တွေ က လွင့်ပျံ လာတဲ့ သီချင်းသံ ၊ ကိုယ့် ကုန် ကို အမွှမ်း တင် သံ ၊ ကြေညာချက် ဖတ်ပြသံ ၊ ဟောတဲ့ ပြောတဲ့အသံတွေ က လေ ထဲ မှာ ရောထွေး ဆူညံ နေပါတယ် ။
ပွဲဈေးတန်း လမ်းမ ပေါ် မှာ တော့ အရောင်အသွေး စုံ အသက်အရွယ် စုံ လူတွေ ဥဒဟို လျှောက်သွား နေကြတယ် ။ အများစု က တော့ မြင်ရုံ နဲ့ သိသာတဲ့ အခြေခံ လူတန်းစား ၊ တောသူတောင်သား တွေ ပါ ။
နေထွက် က နေဝင် နေ့စဉ် နေ့တိုင်း အလုပ် နဲ့ လက် နဲ့ မပြတ်ခဲ့ရတဲ့ တောသူတောင်သား တွေ ဟာ ပွဲတော် ကို နွှဲပျော်ဖို့ စောင့်နေခဲ့ကြရတာပါ ။ ပွဲတွေ သီးနှံ ပေါ် ချိန် ငွေ ရွှင်ချိန် မှာ ခင်းလေ့ ရှိ တာမို့ တစ်နှစ်ပတ်လုံး ခြိုးခြံ ခဲ့ ပေမယ့် ပွဲတော် မှာ တော့ သုံးကြ စွဲကြလေ့ ရှိတယ် ။
ပွဲတော်တွေ ဟာ ပျော်ပွဲရွှင်ပွဲ သက်သက် မဟုတ်ဘူး ၊ ကုန်စည် ဖလှယ် တဲ့ နေရာ လည်း ဖြစ်တယ် ။ တစ်နှစ် တာ လယ်ယာလုပ်ငန်းခွင် မဝင်မီ လိုအပ်မယ့် ထွန် ၊ ထယ် ၊ တံပြာ လုပ်ငန်းသုံးပစ္စည်းတွေ ၊ ငရုတ်ဆုံ ၊ ကျောက်ပြင် ၊ ဒန်အိုး ၊ ပလတ်စတစ်ခွက် အိမ်သုံးပစ္စည်းတွေ ဝယ်ကြရာ နေရာလည်း ဖြစ်ပါတယ် ။
ပွဲဈေးတန်း ဆိုင်ခန်းတွေ က တော့ ဝါးလုံး တိုင်ထူ ၊ တာလပတ်စ ကို မိုး ၊ ဝါးကပ် ကာ ယာယီ ဆောက်ထားတာတွေ သာ ဖြစ် ပါတယ် ။ ၁၂ ပွဲ ဈေးသည် လို့ ခေါ်တဲ့ ပွဲ တကာ လည်ပြီး ဈေး ရောင်းတဲ့ ပွဲဈေးသည် တွေ က အဲသည် ယာယီ တဲတန်း ဆိုင်ခန်း မှာ ပဲ အိပ် ကြရ ၊ စား ကြရ ၊ နားနေ ကြရ ၊ အလုပ် လုပ် ကြရတယ် ။ ခြေသလုံး အိမ်တိုင် နေထိုင် နေ ရတယ် ။
အညာဒေသ မှာ နာမည်ကြီး ပွဲတော် ဖြစ်တဲ့ မလှိုင် ပန်းအိုင် ဘုရားပွဲ မှာ ၁၂ ပွဲ ဈေးသည် ဖြစ်တဲ့ မသန်းသန်းအေး ( ၄၅ နှစ် ) ကို ဆုံတွေ့ ရတယ် ။
ဝတ်ပုံ စားပုံ က အညာသူ နဲ့ တူပြီး အသား လည်း ညို တဲ့ မသန်းသန်းအေး ဟာ စကားစမြည် ပြော ကြည့်တော့ ရန်ကုန်သူ ဖြစ်တာ တွေ့ ရတယ် ။ အညာဒေသ မှာ လှည့်လည် သွားလာနေထိုင် ရတာ များ လို့ အသား ညို သွားတာလည်း ဖြစ်နိုင်ပါရဲ့ ။ ]
•••••• ••••• •••••
ကျွန်မ ဇာတိ က ရန်ကုန် က ။ အသက် ၃၁ နှစ် က စပြီး ၁၂ ပွဲ ရောင်း တာ ။ အခု ၄၅ နှစ် ဆိုတော့ ၁၄ နှစ် တောင် ကြာပြီပေါ့ ။
ကျွန်မ ငယ်ငယ်ကလေး ကတည်း က အမေ မရှိဘူး ။ အဖေ ပဲ ရှိတာ ။ အမေ မရှိတော့ ဟို အဒေါ် အိမ် လိုက် နေလိုက် ၊ သည် ဦးလေး အိမ် နေလိုက် နဲ့ အဆင် ပြေရာ လိုက် နေရင်း ကြီး လာ ရတာ ။ ငယ်ငယ်တုန်း က ကျောင်း နေတယ် ။ ဆယ်တန်း ကို လေးခါ လောက် ဖြေပြီး မအောင် လို့ လက်လျှော့ လိုက်တယ် ။
အတူ လိုက် နေတဲ့ ဦးလေး နဲ့ အဒေါ် က အိမ်ဆိုင် ၊ အထည် ရောင်း တယ် ။ ဝိုင်းလုပ် ဝိုင်းစား နေတယ် ။ ပွဲဈေး လောက က သူတွေ နဲ့ မိတ်ဆွေ ဖြစ်ပြီး ပဲခူးပွဲ မှာ ပွဲ စ ရောင်း ဖြစ်တယ် ။ စ ရောင်းတုန်း က အလှကုန်လေးတွေ ရောင်း တာ ။ ကိုယ် က မိန်းကလေး လည်း ဖြစ် ပြန် ၊ ကိုယ့် အရပ် ဒေသ မဟုတ်တဲ့ နေရာ မှာ နေရ ရောင်းရ တာ မျိုး လည်း ဖြစ်ပြန် ဆိုတော့ အားငယ် မိတာ အမှန်ပဲ ။ ပြော လည်း မပြော တတ် ရောင်း လည်း မရောင်း တတ် တော့ ကြောက်လည်း ကြောက်တယ် ။ တည်း တာ က တော့ အသိ ဆိုင် မှာ အခြား မိန်းကလေးတွေ နဲ့ အတူ နေရတာ မို့ လုံခြုံမှု တော့ ရှိတယ် ။
ပွဲဈေး ဆို တော့ အရက်မူးသမားတွေ လူရမ်းကားတွေ ရှိပေမယ့် စော်ကားမော်ကား လုပ်တာတော့ မခံရဖူးပါ ။ ဒါကလည်း ကိုယ့် အနေအထိုင် ပေါ် မှာ တည်တာပေါ့ ။ ကိုယ် က အေးအေးဆေးဆေး နေ တတ်တော့ အေးအေး ဆေးဆေး ပါ ပဲ ။ ကိုယ် က ဆန်းဆန်းပြားပြား နေ ရင်တော့ ဆန်းဆန်းပြားပြား ဖြစ်လာ မှာ ။ သဘော ပြော တာပါ ။
ကျွန်မ ပွဲဈေး ရောင်း လာတာ ၁၄ နှစ် လောက် ဆိုတော့ မြန်မာပြည် အနှံ့ ပွဲပေါင်း စုံ ခဲ့ ပါပြီ ။ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် နယ်တကာ ရောက်တယ် ။ ရခိုင်ပြည်နယ် ဆိုရင် တစ်နယ်လုံး အနှံ့ လို့ တောင် ဆိုနိုင်တယ် ။
ကုန် ရောင်းရတာ အကြိုက်ဆုံး က တော့ ကချင်ပြည်နယ် ပဲ ။ သူတို့ က ပိုက်ဆံ ပို သုံးနိုင်တယ် ။ ဒီမှာ ( မလှိုင်ပန်းအိုင်ပွဲ မှာ ) ငါးထောင် ရ ဖို့ တစ်နေကုန် ထိုင် ရောင်း ရတယ် ။ မြစ်ကြီးနား ဘက် မှာ က ညလေး တစ်ည ရောင်း ရုံ နဲ့ ငါးထောင် တစ်သောင်း ပြေး မလွတ်ဘူး ။ ဈေး လည်း ပို ရတယ် ။ အဲသည်မှာ ပင်တိုင်ဈေးသည် လည်း နည်းတယ် ။ ကျွန်မ တို့ က တော့ ပွဲ ရှိတဲ့ နေရာ လိုက် ရောင်းတာပဲ ။ ကြားပွဲလေး တွေ လည်း လိုက်ရောင်းတယ် ၊ ကစားဝိုင်းပွဲ တွေ ၊ အာဝါဒေးပွဲ တွေ လည်း ရောင်း တာပဲ ။
ကုန် ကို တော့ တစ်ခေါက် ပြန် ဝယ် ရတာပေါ့ ။ ရောင်းကြေး တစ်သိန်း ရ တစ်သိန်း ၊ ငါးသောင်း ရ ငါးသောင်း ရ သမျှ စုပြီး ချင့်ချိန် ဝယ် ရတာ ။ ခုခေတ် က လည်း အရင်း များတဲ့ လူ က အကျိုး ပို များတယ် ၊ အထုပ်အထည် ပို ကြီး သွား တယ် ။ ကျွန်မတို့ လို အရင်း နည်း တဲ့ လူ က လုံးပါး ပါး သွားတယ် ။ ဆယ်သိန်း ၊ ဆယ့်ငါးသိန်း ရင်းနိုင်သူ က ပစ္စည်း လည်း အစုံ တင် နိုင်တယ် ။ အရင်း များ တော့ အလုံးအခဲ နဲ့ ဝယ် နိုင်တယ် ၊ ဝယ်ဈေး ချိုချို ရတော့ ကျွန်မတို့ ၃၅၀ ရောင်း တာ သူတို့ က ၃ဝဝ ချ ရောင်း နိုင်တယ် ။ ကျွန်မတို့ ဆယ်ခု ကုန်တဲ့ နေရာ မှာ သူတို့ က ၄ - ၅ဝ ကုန်တယ် ။ ပစ္စည်း စုံ တော့ ဆိုင်ကြီးတွေ ကို ဈေးဝယ် က လည်း စိတ် ပို ဝင်စားတယ် ။
ကျွန်မ အလှကုန် ရောင်း နေရာ က စာအုပ်လိုင်း တွဲ တာ ရှစ်နှစ် လောက် ပဲ ရှိ သေးတယ် ။ အခု အမျိုးသား နဲ့ အိမ်ထောင် မကျခင် ၊ ပထမ အမျိုးသား နဲ့ အိမ်ထောင် ကျ တော့ သူ က စာအုပ် ရောင်း ပါတယ် ။ ကျွန်မ တို့ အဆင် မပြေဘဲ အိမ်ထောင် ပျက် သွားပြီး သူ နဲ့ အိမ်ထောင်ထပ် ကျ တာပါ ။
စာအုပ် ကို မန္တလေး က ထွန်းဦး တို့ ၊ နဂါး တို့ ၊ မြညွန့်ဆွေ တို့ မှာ ဝယ်တယ် ။ အလှကုန် ကို မန္တလေးဈေးချို မှာ ဝယ်တယ် ။ နည်းနည်းချင်း ဆင်း ဝယ် ရတော့ ခရီးစရိတ် တော့ ပွန်းတာပေါ့ ။ အရင်းအနှီး တောင့်လို့ တစ်ဘရိတ် တည်း ဝယ် သွား နိုင်ရင် ပို ကောင်းတယ် ။ ခေါက်ပြန် ခဏခဏ ဆင်း ဝယ်ရင် ကောင်းတာ တစ်ခု တော့ ပေါ်ပင် ပစ္စည်းတွေ ဝယ် တင် နိုင်တာပဲ ။ ပစ္စည်း အသစ် ကလည်း တစ်နေ့ တစ်မျိုး ပေါ် နေတာ လေ ။
မြစ်ကြီးနား လိုင်း က စာအုပ်စာပေ လည်း ရောင်း ရတယ် ။ ဘက်စုံ ရောင်း ရတယ် ။ ကျွန်မတို့ က စာကောင်းပေကောင်း ပဲ ရောင်းတယ် ။ လူငယ်တွေ အကျိုးပြု တဲ့ စာအုပ် ၊ လူကြီးတွေ အကျိုးရှိ တဲ့ စာအုပ်တွေ ပဲ ရောင်းတယ် ။ စာအုပ်စာပေ ဆိုတာ လူတိုင်း လုပ် တဲ့ အလုပ် မဟုတ်ဘူး ။ ကျွန်မ က တော့ ပညာရေး လည်း အားပေး သလို သဘော ထားတယ် ။ အချို့ ဆို ရင် ပညာရေးမဖွံ့ဖြိုးဘူးလေ ။ စာအုပ် ဆိုတာ မရှိ မဖြစ် မဟုတ် လို့ ငွေ ပေါ်တော့ မမြန်ဘူး ။ သည် အထဲ တစ်နေ့ ထက် တစ်နေ့ ဈေးသည် က များများ လာပြီး ဆိုင် အခွန်အခ က လည်း ကြီး လာတော့ ဝေစား မျှစား ဖြစ် သွားတယ် ။
ပွဲဈေး ဆိုတာ က လည်း ချွေချွေတာတာ သုံး မှ ၊ အနေ အထိုင် လည်း ပိပိရိရိ နေ မှ ၊ ကျစ်ကျစ်လျစ်လျစ် စု မှ ဆောင်း မှ ။ ကျွန်မ တို့ ရှာဖို့ အချိန် က ငါးနှစ် လောက် ပဲ ရှိ တော့တာ ။ အသက် တွေ က ကြီး လာ ပြီ လေ ။ ကိုယ့် အိမ် ကိုယ့် ဝိုင်း လေး နဲ့ ကိုယ် ဖြစ်အောင် ကြိုးစား နေရတာ ။ ကိုယ်ပိုင် အိမ် ရယ် လို့ မရှိသေးဘူး ။
အခြေချ နိုင် ရင်တော့ ယောက်ျား ရဲ့ ဇာတိ မြင်းခြံ မှာ နေမယ် စိတ်ကူးတယ် ။ မြေကလေး တစ်ကွက် ဝယ်မယ် ရည်ရွယ်ပြီး ငွေ တော့ စု နေတာပဲ ။ ကျန်းမာရေး မကောင်းတဲ့ အခါ စု ထားတဲ့ ငွေ က ပါ သွား ပြန်ရော ။ ပွဲတော်ဈေး တွေ က လည်း အရောင်းအဝယ် သိပ် မကောင်း လို့ မစုမိတာလည်း ပါ တာ ပေါ့ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment